ကြောက်စရာကောင်းသောဓား
Vol. 7 Ch. 100
အင်ပါယာမြို့တော်၌ တော်ဝင်မိသားစုကို နှုတ်ဆက် ပြီးနောက် ချင်ချွမ်းသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။ ထို့နောက် "မြစိမ်းရောင်ကြာပန်းသိုင်း"ကို ကျင့်ကြံလေ့ကျင့်ရန်အတွက် တိတ်ဆိတ်စွာ နေထိုင်ခဲ့လေ၏။
ယခု သူ့ဆီ၌ အခြားသော အဆင့်မြင့်ကျင့်ကြံခြင်းသိုင်းပညာရပ်များ သို့မဟုတ် လျှို့ဝှက်သိုင်းကျမ်းများ မရှိသောကြောင့် သူ ဤဓားသိုင်းပညာကိုသာ လေ့ကျင့်ရန် လိုအပ်သည်။
လက်ရှိတွင် သူ့မှာရှိနေသော နတ်ဘုရားပညာရပ်များမှာ နဂါးကိုးကောင်တိုက်ပွဲကျင့်စဥ်၊ ငရဲကြာပန်းနီသိုင်း၊ အင်မော်တယ်ရွှေခေါင်းလောင်းကာကွယ်ရေးပညာနှင့် ပန်းသုံးပွင့်အပေါ်သို့စုစည်းခြင်းပညာရပ်တို့ ဖြစ်၏။
သို့သော် ထိုနတ်ဘုရားသိုင်းပညာရပ်များအား စနစ်က တိုက်ရိုက်ပေးအပ်ခဲ့သည်ဖြစ်ရာ ၎င်းတို့၌ လိုအပ်သည့် ထိုးထွင်းသိမြင်မှုနှင့် စွမ်းအင်များအားလုံးက သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ထိုးထည့်ခံခဲ့ရခြင်းဖြစ်ပြီး ချက်ချင်းဆိုသလိုပင် သူ ထိုပညာရပ်များကို ပြီးပြည့်စုံစွာ တတ်မြောက်ခဲ့လေသည်။
ထို့ကြောင့် သူ့အနေဖြင့် လေ့ကျင့်ရန် မလိုအပ်ခဲ့ပေ။
ထို့အပြင် ဆင်းရဲနွမ်းပါးမှုကိုလည်း သူ ခံစားနေရ၏။ သူ့ထံ၌ အဆုံးမရှိသည့် ဘဏ္ဍာအရင်းအမြစ်များ ရှိနေသော်လည်း အဆင့်မြင့် ရတနာများနှင့်အမွေအနှစ်များမှာ အလွန်ချို့တဲ့လေသည်။
"မဟုတ်သေးဘူး...ငါ စနစ်ကပေးတဲ့ ဆုလာဘ်တွေကိုပဲ ဆက်ပြီး အားကိုးနေလို့မရဘူး၊ ငါ ကိုယ်တိုင် လုပ်ဆောင်ပြီး ရတနာတွေနဲ့ လျှို့ဝှက်ကျမ်းတွေကို ပို ရယူရမယ်!"
မိမိကိုယ်တိုင် လုပ်ဆောင်မှသာလျှင် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အားကိုးနိုင်မည်ဖြစ်၏။
ရုတ်တရက်!
သူ နေရာတစ်ခုကို စဥ်းစားမိသွားသည်။
ထိုနေရာသည် ချင်ကျီက မင်းသားနန်အိမ်တော်မှ မင်းသမီးချူယွင်ကို ပြန်ပေးဆွဲခဲ့သောအချိန်က နတ်ဆိုးအိုကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည့် ထူးဆန်းသော ဂူတစ်လုံး ဖြစ်လေ၏။
ဂူထဲ၌ ထူးခြားသော ကျောက်တံခါးတစ်ခုလည်း ရှိနေသည်။ ထိုအချိန်က သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားဖြင့် စမ်းသပ်ကြည့်ခဲ့သောအခါ တန်ပြန်တိုက်ခိုက်မှုအား ခံခဲ့ရလုနီးပါးပင်။
"ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ငါ သွားကြည့်နိုင်လောက်တယ်"
ထိုသို့တွေးရင်း သူ ချက်ချင်း ထွက်ခွာလာခဲ့၏။ သူ၏ လက်ရှိအရှိန်နှင့်ဆိုလျှင် အသက်တစ်ခါရှူမျှ အချိန်အတွင်း၌ မိုင်တစ်ထောင်အကွာအဝေးကို ဖြတ်သွားနိုင်လေရာ အင်မတန် မြန်ဆန်ပေသည်။
မကြာခင်မှာပင် ထိုထူးဆန်းသောဂူဆီသို့ သူ ရောက်ရှိ လာခဲ့၏။
"ဘုန်း!"
နက်ရှိုင်းသောဂူထဲသို့ သူ့လက်ဝါးဖြင့် တိုက်ရိုက်ထိုးနှက်ခဲ့ရာ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော မီးတောက်လှိုင်းလုံးကြီးတစ်လုံးက ဖြတ်သန်းသွားခဲ့သည်။
ထိုမီးလုံးမှာ အမှောင်ထုကို ဖယ်ရှားပေးခဲ့ပြီး အမှောင်ထဲ၌ ရှိနေသော အဆိပ်ရှိပိုးကောင်များ သို့မဟုတ် လင်းနို့များအားလုံးမှာ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲကုန်ကြ၏။
ရှည်လျားသော ဂူထဲကို သူ အေးအေးဆေးဆေး လျှောက်သွားပြီးနောက် နောက်ဆုံးတွင် ကျောက်တံခါး၏အရှေ့ကို ပြန်ရောက်ရှိလာခဲ့သည်။
ဤကျောက်တံခါးမှာ မြင့်မားပြီး ခမ်းနားလှပေ၏။ ၎င်း၏မျက်နှာပြင်ပေါ်၌ ထူးခြားသော သားရဲပုံမျိုးစုံကို ထွင်းထုထားကာ ကြောက်စရာကောင်းလှပြီး အလေးချိန်စီးသည့်ပုံပင်။
"ဝှစ်!"
သူ့နဖူးက တောက်ပသွားခဲ့ပြီး စွမ်းအားမြင့်သော အန္တိမနယ်ပယ်နတ်ဘုရားဝိညာဥ်က ကျောက်တံခါးဆီသို့ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
"ဝုန်း!"
ယခင်တစ်ခါကဲ့သို့ပင် သူ့နတ်ဘုရားဝိညာဥ်က ကျောက်တံခါးကို ထိလိုက်သည်နှင့်တပြိုင်နက် တန်ပြန်တိုက်ခိုက်မှု စွမ်းအားက တောင်ကျရေနှင့် ဆူနာမီကဲ့သို့ ဖြတ်သန်းလာခဲ့၏။
ချက်ချင်းပင် သူ့နတ်ဘုရားဝိညာဥ်က မီးလျှံပင်လယ်ကြီးဖြင့် ဖုံးအုပ်ခံလိုက်ရသည်ကို ချင်ချွမ်း ခံစားလိုက်ရသည်။ သို့သော်ငြား သူသည် ယခင်ကကဲ့သို့ မကြောက်ရွံ့တော့ပေ။ အနည်းငယ်မျှ ပူသွားသည်ကိုသာ ခံစားနေရပြီး တခြားမည်သည့်အရာကိုမှ မသက်မသာ မခံစားရပေ။
ထို့ကြောင့် သူ့နတ်ဘုရားဝိညာဥ်က မီးလျှံပင်လယ်ထဲမှာပင် အရှေ့သို့ ဆက်လက်တိုးသွားခဲ့ပြီး နောက်ဆုံးမှာတော့ ကျောက်တံခါးကို ထိုးဖောက်နိုင်ခဲ့ရာ ၎င်းရဲ့အတွင်းပိုင်းနေရာထဲသို့ ချဲ့ထွင်ဝင်ရောက်နိုင်ခဲ့၏။
သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ကြည်လင်သွားလေသည်။ ၎င်းမှာ မီးခိုးရောင်သန်းနေသော နေရာတစ်ခု ဖြစ်၏။ ကောင်းကင်တစ်ခုလုံးက အဆုံးမရှိ၊ မည်းမှောင်နေသော တိမ်များဖြင့် ဖုံးလွှမ်းနေကာ အမှောင်ထုကို ထွန်းလင်းပေးနေသည့် လျှပ်စီးများကလည်း တိတ်ဆိတ်နေသောမြေပေါ်ဆီသို့ ရံဖန်ရံခါ ဖြတ်သန်းသွားလေသည်။
ထိုနေရာမှာ အနာအဆာများဖြင့် ပြည့်နှက်နေသော စစ်မြေပြင် ဖြစ်၏။
အလောင်းအမျိုးမျိုးမှာ ထူးဆန်းသောပုံစံမျိုးစုံဖြင့် ကျောက်ရုပ်ထုများကဲ့သို့ ပုံထားခံရသည်။ မြေပြင်ထဲသို့ ထိုးစိုက်ထားသော ဓားများ၊ မြဲမြံစွာ ထောင်မတ်နေသော ကောင်းကင်လှံများနှင့် မြေပြင်ပေါ်မှာလဲနေသော ခန္ဓာကိုယ်များအား ထိုးဖောက်ထားသည့် လှံများ ပင် ရှိနေရာ အလွန်ကြေကွဲဖွယ်ရာပင်။
"သတ်!"
ရုတ်တရက် မိုးထစ်ချုန်းသံကဲ့သို့ အသံတစ်ခုက မြည်ဟိန်းလာပြီး ထိုအသံထဲ၌ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်နှင့် တိုက်ပွဲစိတ်ဓာတ်များ ပြည့်နှက် နေကာ ကြားရသူအား အရိုးထဲအထိ အေးခဲစေလေသည်။
"ဝှစ်!"
ထို့နောက် ဧရာမခြေတစ်စုံက တောက်ပလာပြီး ထိုခြေရာများကို ချန်ထားခဲ့သူအလား ကြီးမားသည့် အရိပ်ကြီးတစ်ခု ပုံပေါ်လာလေ၏။
ထိုပုံရိပ်မှာ မားမားမတ်မတ်ရပ်နေသော အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည်။ သူ့ပုံစံမှာ အလွန်မသဲကွဲလှသော်လည်း ဓားကြီးတစ်ချောင်းကိုကိုင်ထားကာ ၎င်းအား အရှေ့ကို အလျားလိုက် ခုတ်လှဲလာသည်။
"ဝုန်း!!"
ဓားစွမ်းအင်မှာ ပြိုင်ဘက်ကင်းလှပြီး ကြီးမားသော အန္တရာယ်တစ်ခုကို ထုတ်ဖော်လာခဲ့၏။ ထို့နောက် ၎င်းဓားစွမ်းအင်သည် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ကို ဖျက်ဆီးကာ ယင်နှင့်ယန်ကို ဖြတ်သန်းလျက် အချိန်နှင့်နေရာကိုပင် ပုံပျက်စေခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်နေသော ချင်ချွမ်းသည် ထိုဓားက သူ့ဆီသို့ လှဲချလာသည့်အလား ခံစားလိုက်ရ၏။
"ဖောင်း!"
သူ ထုတ်လွှတ်ထားသော နတ်ဘုရားဝိညာဥ်တစ်စိတ်တစ်ပိုင်းမှာ ချက်ချင်း ပျက်စီးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း တန်ပြန်တိုက်ခိုက်မှုကို ခံရကာ သွေးအန်မိပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တဲ့ဓား"
"လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကြာက ကိုင်ဆောင်ခံခဲ့ရတဲ့ ဓားတစ်ချောင်းဆီကနေ ဒီလောက်အချိန်ကြာပြီးတာတောင် ထုတ်လွှတ်နိုင်သေးတဲ့ စွမ်းအားက ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကိုတောင် ထိခိုက်စေနိုင်တယ်"
သူ ထိတ်လန့်သွားရ၏။
ဒါက သိုင်းအင်ပါယာနယ်ပယ်ကများလား။
"ဒီဓားက ဒီလောက်တောင် ကြောက်စရာကောင်းတယ်ဆိုရင် ငါသာ သူ့ရဲ့အနှစ်သာရအနည်းငယ်ကို နားလည်နိုင်ခဲ့လို့ကတော့ အဲ့ဒါက စွမ်းအားကြီးတဲ့ နတ်ဘုရားပညာရပ်တစ်ခုကို ရလိုက်တာနဲ့ တူမှာပဲ"
ထိုအကြောင်းကို တွေးရင်း သူ့အသက်ရှူနှုန်းက မြန်ဆန်လာခဲ့သည်။
သို့သော်ငြား သူ စဉ်းစားမိ၏။ အကြိမ်တိုင်းသာ တန်ပြန်တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့လျှင် သူ နားလည်ရန်အတွက် ဘယ်နှစ်ခါလောက် လုပ်ရမည်နည်း။
ထို့အပြင် ဤဒဏ်ရာများက ကုသမှု လိုအပ်သည်မဟုတ်ပါလော။
ထို့နောက် သူ့သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်ရာ နတ်ဘုရားဝိညာဉ် ပြန်လည်ကောင်းမွန်ရေးအတွက် ဆေးလုံးပေါင်းတစ်ရာကျော်အပြင် အလားတူ အကျိုးသက်ရောက်မှုများရှိသော စိတ်ဝိညာဥ်အပင်ပေါင်းတစ်ရာကျော်ကို တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ အကြိမ်နှစ်ရာခန့် စိတ်ဝိညာဥ်ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန် လုံလောက်၏။
"ဒါ့အပြင် ဒီဒဏ်ရာတွေက အရမ်းမပြင်းဘူး၊ ပြီးတော့ အကြိမ်တိုင်း ကုသဖို့လည်း မလိုအပ်ဘူး၊ ဒါဆို တစ်ခါကုပြီးရင် တန်ပြန်တိုက်ခိုက်မှုသုံးခုအထိ ခံနိုင်လောက်တယ်!"
"ဒါဆိုရင် ငါ နားလည်နိုင်ဖို့ အခွင့်အရေးက ခြောက်ရာကျော် ရှိတယ်၊ အကြိမ်ခြောက်ရာကျော် ကြိုးစားပြီး မအောင်မြင်သေးရင်တော့ ယာယီ အရှုံးပေးရလိမ့်မယ်"
ထိုအကြောင်းကိုတွေးရင်း ဆေးတစ်လုံးကို ယူကာ သူ့ဒဏ်ရာများကို စတင်ကုသလိုက်သည်။ ထို့နောက် သူ၏နတ်ဘုရားဝိညာဥ်တစ်စိတ်တစ်ပိုင်းကို ကျောက်တံခါးထဲသို့ ဆက်လက်ထိုးဖောက်စေခဲ့၏။
"သတ်!"
"ဖောင်း!"
"သတ်!"
"ဖောင်း!"
…
သူ နားလည်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ ထို့အပြင် ဓား၏စွမ်းအားကလည်း သူ့ကို အကြိမ်ပေါင်းများစွာ တန်ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် သူ့ဒဏ်ရာများကို ကုသကာ တစ်ဖန် ပြန်လည်စတင်ခဲ့လေသည်။
သံသရာလည်နေသည့် ပုံစံအတိုင်းပင်။
သိပ်မကြာခင်မှာပင် တစ်လခွဲ ကြာသွားခဲ့၏။
သူ အကြိမ်ကြိမ် ဒဏ်ရာရခဲ့ပြီး အကြိမ်ကြိမ် ကုသခဲ့ရသည်။ နောက်ဆုံး၌ သူ၏ နတ်ဘုရားဝိညာဉ်က ပို၍ ခိုင်မာလာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရ၏။
ယခုဆိုလျှင် သူ တန်ပြန်တိုက်ခိုက်မှု ကိုးကြိမ်တိတိကို ဆက်တိုက် ခံနိုင်နေလေပြီ။
ဤသို့အချိန်ကြာကြာ ခံနိုင်ရည်ရှိလာတာကြောင့် ဆေးလုံးနှင့်စိတ်ဝိညာဥ်ဆေးပင်သုံးစွဲမှုက သုံးပုံနှစ်ပုံအထိ လျော့ကျသွားခဲ့သည်။
မဟုတ်လျှင် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ အိမ်ပြန်ခဲ့ရလိမ့်မည်။
"ဝှစ်!"
အကြိမ်ပေါင်း တစ်ထောင့်ငါးရာကျော် ကြိုးစားပြီးနောက်မှာ သူ သွေးထပ်အန်သွားခဲ့၏။ သို့သော်ငြား ဤတစ်ကြိမ်တွင် သူ့စိတ်ထဲ၌ အရိပ်တစ်ခု ပေါ်ပေါက်လာသည်။
၎င်းမှာ ထိုဓား၏တန်ခိုးစွမ်းအင်ပင်။
သူ့စိတ်ထဲ၌ မသဲကွဲသော ပုံသဏ္ဍာန်တစ်ခုက မတ်မတ်ရပ်နေကာ တူညီသောစည်းချက်နှင့်အတူ စွမ်းအားအပြည့်ဖြင့် ဓားကို ခုတ်လှဲချလာခဲ့၏။
"သတ်!!"
ချင်ချွမ်းလည်း သူ့ညာလက်ဖြင့် မြစိမ်းရောင်ကြာပန်းဓားကို ဆွဲထုတ်ကာ သူ့စိတ်ထဲမှာရှိနေသည့် ပုံသဏ္ဌာန်နောက်ကိုလိုက်၍ ဓားချက်တစ်ချက်ကို သူ ခုတ်လှဲလိုက်သည်။ သူ၏ ဓားအလင်းက ချက်ချင်းပင် ခွန်အားကြီးမားလာခဲ့၏။
"ဘုန်း!!"
ဓားအလင်းက ကျောက်တံခါးကို တိုက်ခိုက်မိရာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လွင့်ထွက်လာသည့် ကျောက်စများပင်လျှင် လေထဲ၌ ပေါက်ကွဲကုန်ကြကာ ပတ်ပတ်လည်၌ ဖုန်မှုန့်များ ပျံ့နှံ့သွားခဲ့သည်။
ဖုန်မှုန့်များ ရှင်းသွားပြီးနောက် တစ်ချိန်က သူ မဖျက်စီးနိုင်ခဲ့သော ကျောက်တံခါးပေါ်တွင် မှေးမှိန်သော ဓားရာတစ်ခု ကျန်နေခဲ့၏။
ထို့အပြင် ထိုဓားချက်ကို ထုတ်လွှတ်ပြီးနောက် ချင်ချွမ်းသည် မကြုံစဖူးသော အားနည်းမှုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးက ထိုဓားချက်နှင့်အတူ ထွက်သွားသကဲ့သို့ ဖြစ်ခဲ့ရာ သူ၏ နတ်ဘုရားဝိညာဉ်ပင်လျှင် မူးဝေမှုကို ခံစားနေရ၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဗလာသက်သက် ဖြစ်သွားသကဲ့သို့ပင်။
"ဒီဓားချက်က အရမ်းအားကောင်းတယ်၊ ဒါပေမဲ့ ငါ့ရဲ့လက်ရှိ ခွန်အားနဲ့ဆိုရင် တစ်ခါပဲ ထုတ်နိုင်ဦးမယ်...ငါပေါ့ပေါ့ဆဆ ထုတ်သုံးလို့မရဘူး"
ထိုသို့ အကဲဖြတ်ပြီးနောက် ဤသိုင်းကွက်အား သူ့ဝှက်ဖဲအဖြစ် ထားရှိရန် ဆုံးဖြတ်လိုက်ပေသည်။ လူတိုင်းလူတိုင်း၌ ဝှက်ဖဲတစ်ခုကတော့ ရှိကိုရှိရမည်ပင်။
ထို့နောက် သူ့ခွန်အားကို ပြန်လည်စုစည်းရန်အတွက် ဆေးလုံးအချို့ကို ထုတ်ကာ သူ့ကိုယ်သူ ခဏတာမျှ အနားယူစေခဲ့၏။ ပြီးမှသာ သူ ဂူထဲကနေ ထွက်လာခဲ့သည်။
ကျောက်တံခါးနောက်ကွယ်မှာရှိသော နေရာက ကျယ်ပြန့်ကာ လျှို့ဝှက်ချက်များ ပိုရှိလေ၏။ သို့သော်ငြား သူ ဆက်လက်၍ စူးစမ်းချင်စိတ် မရှိပေ။
တပ်မက်ခြင်းက နယ်နိမိတ်စည်း မရှိပေ။
သူ ထိုဓားချက်၏ ကျန်နေသော စွမ်းအားကို နားလည်ရန်ပင် တော်တော်ပေးဆပ်ခဲ့ရသည်။ နောက်ထပ်အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့လျှင် သူ သေဆုံးသွားနိုင်မလားဆိုတာကို မပြောနိုင်ပေ။
တကယ်တော့ သူသာ အနည်းငယ်အားနည်းနေခဲ့လျှင် သို့မဟုတ် ထိုဓား၏စွမ်းအားက အနည်းငယ်ပိုအားကောင်းနေခဲ့လျှင် သူ တစ်လခွဲနေဖို့မပြောနှင့် ထိုနေရာမှာတင် သေဆုံးခဲ့ရလိမ့်မည်။
အသက်ရှင်သန်နိုင်ခဲ့ခြင်းနှင့် ထိုဓား၏စွမ်းအားအချို့ကို နားလည်နိုင်ခဲ့ခြင်းကပင် သူ့အတွက် မယုံနိုင်စရာကောင်းသော ကံကောင်းခြင်းတစ်ခု ဖြစ်နေလေပြီ။
…
မကြာခင်မှာပင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ချင်ချွမ်း ပြန်ရောက်လာခဲ့၏။
ထိုအခါမှသာ ချင်ကျီ ပြန်ရောက်နေတာ ရက်အနည်းငယ်လောက် ရှိပြီဆိုတာကို သိရှိခဲ့ရလေသည်။ ထို့အပြင် သူ့သားက ညတိုင်းညတိုင်း ရွှေ့ချင်းရိုရှိရာနေရာသို့ သွားရောက်လည်ပတ်နေသည်ဟု ပြောကြလေ၏။
မျိုးစုံသော ကျင့်ကြံခြင်း ဉာဏ်အလင်းများကို ဆွေးနွေးနေခြင်းပင်။
သူ့ကို ပို၍အံ့အားသင့်စေသည်မှာ ထိုကလေး၏ ကျင့်ကြံမှုသည် ကောင်းကင်တက်လှမ်းနယ်ပယ်ကိုရောက်ရှိနေပြီး ဒုတိယအဆင့်ပင် ရရှိထားလေသည်။
ထိုအရှိန်မှာ… သူ့ထက် မမြန်သော်ငြားလည်း သာမန် ကျင့်ကြံနိုင်မှုအရ ၎င်းက အလွန် အထင်ကြီးစရာပင်။
"ရှောင်ကျီ မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် နယ်မြေခုနစ်ခုက လူငယ်မျိုးဆက်တွေထဲမှာ မင်းရဲ့ပြိုင်ဘက်တွေကို ရှာဖို့ ခဲယဥ်းသွားပြီ"
"ဒါပေမဲ့ ကျင့်ကြံမှုဆိုတာ ရေဆန်ကို လှော်ခတ်နေရသလိုပဲ၊ မင်း ရှေ့မတိုးလို့ကတော့ နောက်ကို ပြန်ဆုတ်နေမှာပဲ၊ မင်းသာ ဒီထက်ပိုပြီး အားကောင်းချင်ရင် ပိုပြီးထူးချွန်တဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရလိမ့်မယ်"
"ဒါကြောင့်… အဖေတို့ အရှေ့ပိုင်နက်ကို သွားသင့်ပြီ"
ချင်ချွမ်းက သူ့သားအား လေးနက်စွာ ကြည့်နေခဲ့၏။
"အာ..."
ချင်ကျီမှာ အနည်းငယ် အံ့အားသင့်သွားရပြီး သတိတကြီး မေးမိသည်။
"ကျွန်တော် ညီမချင်းရိုကိုရော ခေါ်သွားလို့ရလား"
"မင်း ဘယ်လိုထင်လဲ"
ချင်ချွမ်းက အပြုံးဖြင့် ပြန်ဖြေလေ၏။
ဒီကလေးနှင့် ရွှေ့ချင်းရိုက အလွန်ရင်းနှီးနေကြပြီ ဆိုတာကို သူ သိသည်။ သူတို့နှစ်ဦးကြား ဘာတွေဖြစ် ပျက်ခဲ့လဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပေ။
လူတိုင်းမှာ သူတို့၏ကိုယ်ပိုင်ဇာတ်လမ်းများ ရှိကြသည်ပင်။
"အဲ့ဒါက..."
ချင်ချွမ်း၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ချင်ကျီတစ်ယောက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး အရှက်ရစိတ်ပင် ပါလေ၏။
အရှေ့ပိုင်နက်သို့သွားခြင်းသည် လေ့ကျင့်ရေးတစ်ခု သာ ဖြစ်ပြီး ခရီးသွားခြင်း မဟုတ်ပေ။
ထိုအချိန်၌ ချင်ချွမ်းသည် လျှို့ဝှက်စွာ ပြုံး၍ ပြော လိုက်သည်။
"ရွှေ့ချင်းရိုကို မစိုးရိမ်ပါနဲ့၊ သူမမှာလည်း သူမရဲ့ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်လေ၊ သူမရဲ့ကံကြမ္မာက လမ်းပေါ်ရောက်နှင့်နေပြီးသားတောင် ဖြစ်နေနိုင်တယ်"
"အာ..."
ချင်ကျီမှာ ချက်ချင်းပင် အံအားသင့်သွားရ၏။ သူ့အဖေ၏ နက်နဲသော မျက်လုံးများနှင့် လျှို့ဝှက်သော အပြုံးကို မြင်သော်လည်း သူ နားမလည်နိုင်ခဲ့ချေ။
***********