← Chapters

သူမကိုပဲ ဆူပါ

Vol. 7 Ch. 101

သူမကိုပဲ ဆူပါ

Vol. 7 Ch. 101

ချင်ချွမ်းတို့သားအဖ အရှေ့ပိုင်နက်သို့ ဦးတည်သွားရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မထွက်ခွာခင်တွင် ဘယ်ရောက်နေမှန်းမသိသည့် အဆိုးအပေလုပ်နေသော ကျိုးမော့ကို အကြောင်းကြားရန်အတွက် ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို အသုံးပြုခဲ့ရ၏။

မတိုင်ခင်က သူတို့ထွက်ခွာသည့်အခါ ထိုကလေးကို အတူခေါ်သွားမည်ဟု ကတိပေးခဲ့သည်။ ပြောပြီးသား သူ့စကားကို မဖျက်နိုင်ချေ။

သို့သော်ငြား သုံးရက်စောင့်ဆိုင်းပြီးတာတောင် ထိုကလေးက ပြန်မပေါ်လာသေးပေ။

ကျောက်စိမ်းအဆောင်ပေါ်က တုံ့ပြန်မှုက ရောက်တော့မည်...ရောက်တော့မည်ဟု ပြောနေသော်လည်း ၎င်းမှာ ချစ်သူကောင်မလေးမှ သူမ ရောက်တော့မည်ဟု ပြောနေခြင်းနှင့် တူလှသည်။ တကယ်တမ်းမှာတော့ သူမက အိမ်ထဲကနေတောင် မထွက်ရသေးတာ ဖြစ်နိုင်ပေ၏။

ချင်ချွမ်းကတော့ မစိုးရိမ်နေပေ။ သူ့ဆီမှာလည်း အရေးတကြီးကိစ္စများ မရှိသေးသောကြောင့် နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ဆိုင်းခြင်းက ဘာမှမဖြစ်ချေ။

ဒါ့အပြင် ထိုနေ့၌ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ဦးက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ရောက်ရှိလာသေးသည်။

သူမက အဘွားအိုတစ်ဦးပင်။

အဘွားအိုသည် အညိုရင့်ရောင်ဝတ်ရုံကို ဝတ်ဆင် ထားပြီး သူမ၏ဆံပင်များမှာမူ နှင်းကဲ့သို့ ဖြူဖွေးသန့်စင်နေလေ၏။ သို့သော်ငြား သူမ၏မျက်နှာပေါ်မှာ တော့ အရေးအကြောင်းများ မရှိနေဘဲ အလွန်အေးချမ်းသော အော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်။

ထိုအဘွားအိုမှ တောင်ဂိတ်တံခါးသို့ ရောက်လာသောအခါ စောင့်ကြပ်နေသော တပည့်များသည် ချက်ချင်းပင် ဒူးထောက်ကြလေ၏။

မည်သည့်အကြောင်းပြချက်မှ မမေးနေဘဲ ဒူးထောက်လိုက်ကြခြင်းပင်။

ဒူးထောက်ပြီးနောက် သူတို့ကိုယ်တိုင်ပင်လျှင် ကြောင်အသွားကြသည်။ ဘာကြောင့် သူတို့ ဒီလိုလုပ်ခဲ့မိလဲဆိုတာကို မသိကြပေ။

အရာအားလုံးက ဖြစ်သင့်သည့်အလား ဖြစ်သွားသကဲ့သို့ပင်။

အဘွားအိုက သူတို့အား ညင်သာစွာ ပြုံးပြပြီးနောက် သူမကိုယ်တိုင် ဂိုဏ်းထဲသို့ ဆက်လျှောက်သွားလေ၏။

ဂိုဏ်းထဲတွင်လည်း ဂိုဏ်းတပည့်များက နေရာမှာတင် ရပ်နေကြကာ သူမအား တားရန်၊ မေးမြန်းရန် သို့မဟုတ် နှုတ်ဆက်ရန်ပင် မဝံ့ရဲကြပေ။ သူမ အဝေးသို့ လျှောက်သွားပြီးမှသာလျှင် သူတို့သည် ကျောက်စိမ်းအဆောင်ကိုအသုံးပြု၍ ဂိုဏ်းကို အစီရင်ခံရန် သတိရကြလေသည်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ခေါင်းဆောင်ပိုင်းမှ လူများ တုန်လှုပ်သွားကြရ၏။

အကြီးအကဲများနှင့် မဟာအကြီးအကဲများအားလုံး ပေါ်လာကြသော်လည်း အဘွားအိုကို မြင်သည့်အခါ သူတို့ ဘာပြောရမှန်းမသိ ဖြစ်နေကြလေသည်။

တပည့်များကဲ့သို့ သူတို့က ဒူးမထောက်ကြသော်လည်း စကားမပြောနိုင် ဖြစ်နေကြပြီး သူတို့၏စိတ်ထဲ၌ ပွက်လောရိုက်နေလေ၏။

"ငါ တပည့်ခေါ်ဖို့ လာခဲ့တာ"

အဘွားအိုက ပြုံး၍ ပြောကာ သူမကိုယ်တိုင်ပင် ချိုင့်ဝှမ်းတစ်ခုဆီသို့ လျှောက်သွားလေသည်။ ထိုနေရာမှာ ရွှေ့ချင်းရို နေထိုင်ရာဖြစ်၏။

အဘွားအိုက ချိုင့်ဝှမ်းထဲသို့ ဝင်သွားပြီးနောက် လူတိုင်းမှာ သက်ပြင်းချမိကြသည်။ သူတို့၏မျက်လုံးများထဲ၌ အံ့သြမှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေ၏။

ဒေါသမထွက်ပြသော်လည်း ရှိန်ရသော အော်ရာ။

နှိုင်းယှဉ်၍မရသည့် ထည်ဝါမြင့်မြတ်မှု။

၎င်းမှာ သိုင်းဘုရင်တစ်ဦး၏ တည်ရှိမှုပင်။

ဘုရားရေ!!

ကျယ်ပြန့်သော အရှေ့ပိုင်နက်မှာပင် သိုင်းဘုရင်သည် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုဖြစ်ပြီး သူတို့က ကောင်းကင်များ ပြိုကျမှသာလျှင် ထွက်ပေါ်လာလေ့ရှိသည်။

ယခု သိုင်းဘုရင်နယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ မြေသေးသေးလေး၌ ပေါ်လာခဲ့၏။

ထိတ်လန့်စရာပင်။

ချင်ကျီလည်း ထိုအကြောင်းကိုကြားသောအခါ အမြန် ပြေးလာလေသည်။ ချင်ချွမ်းကမူ အေးအေးဆေးဆေးပင် သူ့အနောက်ကနေ လိုက်လာခဲ့၏။

သူ့အတွက်တော့ ယခုအချိန်မှာ အလွန်အေးချမ်းနေသော အချိန်ပင်။

"အကြီးအကဲချင်ချွမ်း ခင်ဗျား လုံးဝမစိုးရိမ်ဘူးလား...ဒါက သိုင်းဘုရင်နယ်ပယ်က ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာတာနော်"

မဟာအကြီးအကဲကျောက်ဖူလုံက အံ့အားတကြီး မေးလာသည်။

"ကျုပ်က ဘာဖြစ်လို့ စိုးရိမ်ရမှာလဲ"

ချင်ချွမ်းက တည်ငြိမ်စွာ ဆို၏။

ကျောက်ဖူလုံမှာ သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားမပြောနိုင် ဖြစ်နေသည်ကို သူ့ကိုယ်သူ တွေ့ရှိခဲ့ရသည်။ သူ ခါးသီးစွာ ပြုံးမိပေ၏။ သူ့အရှေ့မှ လူကို သူ အထင်သေးခဲ့မိကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။

ချင်ချွမ်း ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ…

သူ့နှလုံးသားထဲ၌ ချင်ချွမ်းအပေါ် ထားရှိသော လေးစားမှုက ပို၍ နက်ရှိုင်းလာခဲ့၏။

တစ်ချိန်တည်းမှာပင် ချင်ကျီသည် ပတ်ဝန်းကျင်က လူများဆီမှ အခြေအနေကို မေးမြန်းပြီးနောက် ချင်ချွမ်း အား စိုးရိမ်တကြီး ကြည့်၍ မေးလာသည်။

"အဖေ ဒါက အဖေပြောခဲ့တဲ့ ညီမချင်းရိုအတွက် ကံကြမ္မာဆိုတဲ့အရာလား"

ချင်ချွမ်းက လျှို့ဝှက်စွာ ပြုံးလျက် မျက်လုံးများ မှေးစင်းကာ ပြောလာ၏။

"ဟုတ်ရင်လည်းဟုတ်မယ် မဟုတ်ရင်လည်း မဟုတ်နိုင်ဘူး… မင်းရှေ့မှာပေါ်လာတဲ့သူက သူတော်ကောင်း လား နတ်ဆိုးလားဆိုတာကို မင်း ဘယ်တော့မှ မသိနိုင်ဘူး!"

သူ ရည်ရွယ်ချက်ရှိရှိပင် မရှင်းမလင်း ပြောခဲ့သည်။

သူကိုယ်တိုင်ကလည်း မသေချာသလို အကယ်၍ သူသာ မှားယွင်းစွာ ပြောခဲ့မိလျှင် ၎င်းထံမှ တန်ပြန်တိုက်ခိုက်ခံရပြီး သူ့ပုံရိပ်ကို ထိခိုက်သွားမည်ကို ကြောက်ပေ၏။

နောက်တစ်ဖက်မှာလည်း ထိုနက်နဲသော အဘွားအိုက လူဆိုးဖြစ်ရန် သူ မျှော်လင့်မိသည်။ ထိုသို့သာဆိုလျှင် သူ တိုက်ရိုက်ပင် သိုင်းဘုရင်အဖြစ်သို့ တိုးမြှင့်ပေးခံရနိုင်၏။

"အဖေ အဲ့ဒီအဘွားအိုကသာ လူဆိုးဖြစ်နေပြီး ညီမချင်းရိုကို ခေါ်သွားရင်ရော"

ချင်ကျီမှာ ချက်ချင်းပင် စိတ်ပူပန်လာသည်။

ချင်ချွမ်းက ခေတ္တတိတ်ဆိတ်သွားခဲ့၏။ သူက မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာပေါ်၌ ရုန်းကန်နေရသော ရှားပါးသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ မျက်နှာအမူအရာမှာလည်း ပြေလျော့သွားခဲ့၏။ သို့သော်ငြား သူ့မျက်လုံးများက လုံးဝတည်တံ့ခိုင်မာနေသည်မှာ ဆုံးဖြတ်ချက်တစ်ခုအား ချ လိုက်သကဲ့သို့ပင်။

ချင်ချွမ်း လက်လှမ်း၍ သူ့သား၏ပခုံးကို ပုတ်ကာ နွေးထွေးစွာ အားပေးလိုက်သည်။

"စိတ်ချပါ အဲ့ဒီတစ်ယောက်က တကယ်ပဲ လူဆိုးဖြစ်နေရင်…မင်းအဖေက ဒီမှာရှိတယ်"

ချင်ကျီ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားလေ၏။ ကြီးမားသော စိတ်ခံစားမှု လှိုင်းလုံးတစ်ခုက သူ့နှလုံးသားထဲ၌ ပြည့်လျှံလာကာ သူ့မျက်လုံးများကို စိုစွတ်စေခဲ့သည်။

"အဖေ… ကျေးဇူးတင်ပါတယ်…"

သူ့အသံက တုန်ယင်နေခဲ့၏။

အကြောင်းမှာ အဖေ့အနေဖြင့် ထိုသိုင်းဘုရင်နယ်ပယ်နှင့် တစ်ကယ်ထိပ်တိုက်ရင်ဆိုင်ရပါက ပေးဆပ်ရမည့် တန်ဖိုးမှာ စိတ်ကူး၍မရနိုင်ဘူးဆိုတာကို သူသိသောကြောင့်ပင်။

သို့သော်ငြား သူ ကာကွယ်လိုသူများကို ကာကွယ်ပေးရန်နှင့် သူ၏နူးညံ့သော စိတ်နှလုံးကို ကာကွယ်ပေးရန်အတွက် အဖေသည် ထိုကဲ့သို့သော စွန့်လွှတ်မှုမျိုးကို ပြုလုပ်ရန် ဆန္ဒရှိနေပေသည်။

ကြီးမားလိုက်တဲ့မေတ္တာတရား!

ချင်ချွမ်းက သူ့ဆံပင်ကို ဖွ၍ တိုးတိုးလေး ပြောလာ၏။

"သူ ထွက်လာတဲ့အခါကျရင် သူ့ကို စမ်းသပ်ကြည့်"

"ကျွန်တော် ဘယ်လို စမ်းသပ်ကြည့်ရမလဲ"

ချင်ချွမ်းသည် ခဏတာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့အားသာချက်ကို သုံးပြီး သူ့ကို ဒေါသထွက်အောင် လုပ်ကြည့်...မင်းပြောဖို့ လိုအပ်တာ ဘာမဆို ပြောကြည့်ပေါ့"

"သူမလို အဆင့်ရှိသူတစ်ဦးက စိတ်ထားဖြောင့်မတ်နေရင် မင်းကို အာရုံစိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သူမသာ လူဆိုးဆိုရင်တော့ တစ်ခုခုပြန်လုပ်လောက်တယ်၊ သူ လှုပ်ရှားလာရင်တော့ အဖေ သူမကို ကိုင်တွယ်လိုက်မယ်"

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ ယုံကြည်မှုရှိစွာ ပြောလိုက်၏။

သိုင်းဘုရင်နယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးက သူ့အတွက် ဘာမှမဟုတ်သကဲ့သို့၊ သူ တစ်ခါ ဆုံးဖြတ်လိုက်သည်နှင့် နှိပ်ကွပ်နိုင်သကဲ့သို့ပင်။

သူ အခုလိုပြောရဲနေတာကလည်း ထိုအဘွားအိုက လူကောင်းဖြစ်ဖို့များနိုင်သည်ကို သူ ခန့်မှန်းမိသောကြောင့်ပင်။

ထိုစကားများ ပြောရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့သားနှင့် သူ့သား၏ လှပသော ဆရာအရှေ့၌ ကြွားဝါရန်ပင်။

ထိုနည်းဖြင့် သူ့ပုံရိပ်ကိုလည်း ခိုင်မာစေနိုင်မည်ဖြစ်သည်။

ကြည့်! ငါက သိုင်းဘုရင်နယ်ပယ်ကို တကယ် မကြောက်ဘူး...ငါက သူမကို ရိုက်မယ်လို့ ပြောရင် ငါ ရိုက်နိုင်လို့ပဲ!

ထိုစကားကိုကြားသောအခါ ချင်ကျီ၏နှလုံးသားက ခွန်အားအပြည့် ဖြစ်လာခဲ့၏။ မတိုင်ခင်က စိတ်ပူပန်နေခဲ့သော သူ့နှလုံးသားက ချက်ချင်း လုံခြုံမှု များဖြင့် ပြည့်လျှံလာခဲ့သည်။

အဖေသာ ဒီမှာရှိနေလျှင် သူ ကြောက်စရာမရှိပေ။

တစ်ချိန်တည်းမှာပင် ချင်ကျီသည် သူ့လက်ပေါ်ရှိ လက်စွပ်က အနည်းငယ် စိုစွတ်လာသည်ကို သတိထားမိခဲ့၏။

မကြာခင်မှာပင် အဘွားအိုက ပြန်ပေါ်လာသည်။ အနောက်မှာမူ ကောင်မလေး ရွှေ့ချင်းရိုက လိုက်ပါ လာခဲ့၏။

သူမသည် ရှက်ရွံ့နေသော ကောင်မလေးတစ်ဦးကဲ့သို့သို့မဟုတ် အပြစ်လုပ်ထားသော ကလေးမလေးတစ်ဦးကဲ့သို့ ခေါင်းငုံ့ကာ အဘွားအို၏အနောက်ကနေ လိုက်ပါလာသည်။

"ညီမချင်းရို"

ချင်ကျီ ပြေးသွားလိုက်၏။

"အစ်ကိုချင်ကျီ"

ရွှေ့ချင်းရိုကလည်း ခေါ်လာသည်။ ထို့နောက် သူတို့၏မျက်လုံးများက ချက်ချင်း ဆုံမိသွားကြကာ တစ်ဦးပေါ်တစ်ဦးထားသော မေတ္တာကို ဖော်ပြနေလေ၏။

"ချင်းရို သူက ဘယ်သူလဲ"

အဘွားအိုက ရွှေ့ချင်းရိုဘက်ကို လှည့်မေးလာသည်။ သူမ၏ အမူအရာက တည်ငြိမ်နေသော်လည်း ရွှေ့ချင်းရိုးမှာ စိတ်ပူပန်မှုကို မထိန်းနိုင်ခဲ့ချေ။

"သူက…သူက"

သူမ ထစ်အနေပြီး တိုက်ရိုက် မထုတ်ပြောရဲခဲ့ချေ။

"ကျွန်တော်က သူမနဲ့သက်ဆိုင်တဲ့လူ"

ထိုအချိန် ချင်ကျီက မတ်တပ်ရပ်၍ အဘွားအိုကို မကြောက်မရွံ့ ကြည့်လာခဲ့၏။

"ဘာ!"

အဘွားအို၏မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ချက်ချင်းပင် ပေါက်ကွဲထွက်လာကာ ထိုဖိအားမှာ နေ၊ လနှင့် ကြယ်များအားလုံးက အတူတကွ ဖိအားပေးနေသကဲ့သို့ အားကောင်းလှ၏။ ၎င်းက တောင်များနှင့် မြစ်များကို ကြေမွဖြိုခွဲနိုင်ပြီး လူတိုင်းအား အသက်ရှူမရအောင် ဖြစ်စေခဲ့သည်။

သို့သော်ငြား ကံကောင်းစွာဖြင့် ထိုဖိအားက အမြန် မှေးမှိန်သွားခဲ့၏။ မဟုတ်လျှင် ဘေးမှာကြွားဝါနေခဲ့သော ချင်ချွမ်းတောင်မှ နေရာမှာတင် မျက်နှာပျက်ရလိမ့်မည်။

အဘွားအိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ရွှေ့ချင်းရိုကို ကြည့်ကာ စိုးရိမ်တကြီး မေးလာသည်။

"နင်တို့နှစ်ယောက် ဖြစ်ပြီးသွားပြီလား"

ရွှေ့ချင်းရိုသည် သူမ၏နှုတ်ခမ်းကိုတင်းတင်းစေ့၍ ချင်ကျီအား ကြည့်လိုက်မိ၏။ ထို့နောက် သူ သူမအပေါ်ထားရှိသော ခိုင်မာသည့်အကြည့်ကို သူမ မြင်လိုက်ရသည်။

ထို့ကြောင့် သူမ ခေါင်းညိတ်ပြလိုက်၏။

ချင်ကျီက ဘာကြောင့် ထုတ်ပြောခဲ့လဲ သို့မဟုတ် ဘာရည်ရွယ်ချက်နှင့်လဲဆိုတာကို သူမ မသိသော်လည်း သူ ပြောသမျှကို သူမ သဘာဝကျစွာပင် နာခံတတ်ပေသည်။

သူမ၏ဂုဏ်သတင်းက ဘာမှအရေးမကြီးပေ။

ချင်ကျီကတောင် သူ့အသက်ကို လောင်းနေသည် မဟုတ်ပါလော။

"ဒါ… ဒါက…"

ထိုကဲ့သို့မြင်လိုက်ရသောအခါ အဘွားအို၏အသွင်အပြင်က ခက်ထန်သွားခဲ့၏။ နောက်ဆုံးမှာတော့ နက်ရှိုင်းသော နာကျင်မှုနှင့်အတူ ပြောလာသည်။

"မိုက်မဲလိုက်တာ!!"

"ဘာဖြစ်လို့လဲ"

ရွှေ့ချင်းရိုမှာ တွန့်ဆုတ်ဆုတ် မေးမိ၏။

"နင့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ဆိုရင် နင် အထွတ်အထိပ်မရောက်ခင် အပျိုစင်ဘဝကို ဆုံးရှုံးခဲ့လို့ကတော့ နင့်ရဲ့ ကျင့်ကြံမှုအရှိန်က အများကြီးကျဆင်းသွားလိမ့်မယ်!"

အဘွားအိုက သက်ပြင်းချ၍ ပြောလာသည်။

"အဘွား ကျင့်ကြံမှုအရှိန် ကျခြင်းမကျခြင်းက ကျွန်တော်တို့ရဲ့ကိစ္စပါ၊ ဘာလို့ အဘွားက ဒီလောက်တောင် စိုးရိမ်နေရတာလဲ၊ အဘွားနဲ့ ဘာဆိုင်နေလို့လဲ"

ချင်ကျီ အထင်အမြင်သေးစွာ လှောင်ပြောင်လာ၏။

"ရှီး!!"

"ဒါက…"

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အသက်ရှူရပ်သွားကာ သတိမေ့လုနီးပါးပင်။ လူအနည်းငယ်ဆိုလျှင်တကယ်ပင် မေ့လဲသွားခဲ့သည်။

သောက်ကျိုးနည်းဟ! ချင်ကျီ ရူးနေတာလား!

သူ ဘယ်သူ့ကို စကားပြောနေလဲဆိုတာကို သူ့ကိုယ်သူရော သိရဲ့လား။

သိုင်းဘုရင်အား ထိုကဲ့သို့ရန်စခြင်းသည် သေရန် ဆန္ဒရှိနေခြင်းပင်။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကိုပါ ဆွဲသွင်းမိပြီး ပျက်စီးစေလိမ့်မည်။

"ဆူညံလိုက်တာ"

အဘွားအိုက လှမ်းကြည့်လာပြီး ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုက ချင်ကျီအပေါ်သို့ ကျရောက်လာကာ သူ့အား မြေပြင်ပေါ်လဲကျအောင် ဖိအားပေးလာခဲ့၏။

သူမက ချင်ကျီကို ငုံ့ကြည့်၍ အေးစက်စွာ ပြောလာသည်။

"ဒီလို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့ပြီးတာတောင် ယုံကြည်ချက်ရှိနေသေးတယ်လား...တကယ်ပဲ ရှက်စရာ ကောင်းတယ်"

"ဖီး! ကျွန်တော့်မှာ ယုံကြည်ချက်ရှိ၊မရှိက အဘွားနဲ့ ဘာဆိုင်လို့လဲ! ဒါပေမဲ့ အဘွားကတော့ သိုင်းဘုရင်တစ်ဦးရဲ့ဂုဏ်သိက္ခာနဲ့မှ မလိုက် ကျွန်တော့်လိုလူငယ်ကို ကိုယ်တိုင် တိုက်ခိုက်ခဲ့တယ်! အဘွားက ရုပ်ဆိုးလွန်းတယ်ဆိုတာကိုရော သိရဲ့လား ကိုယ့်ရဲ့အိုမင်းနေတဲ့ မျက်နှာကိုပဲ ဂရုစိုက်နေလိုက်ပါ!"

မျက်နှာ မြေပြင်နှင့်ထိအောင် ဖိနှိပ်ခံထားရသည့် ချင်ကျီက သွေးပါသော တံတွေးကို ထွေးထုတ်၍ ဆက်လက် လှောင်ပြောင်လာခဲ့၏။

All Chapters