← Chapters

စုန်းနတ်ဘုရား

Vol. 1 Ch. 354

စုန်းနတ်ဘုရား

Vol. 1 Ch. 354

"ထင်ထားသလိုပဲ"

ဟဲလောင်ခန့်မှန်းမိသလို ကျန်းရီလည်း တွေးခဲ့သည်သာ။

ကျန်းရီသည် အဖြူရောင်အလင်းတစ်ခု လက်သွားသည်ကို ခံစားလိုက်ရပြီး နန်းတော်တစ်ခုထဲတွင် ပြန်ပေါ်ထွက်လာခဲ့သည်။ သူသည် ခပ်ရေးရေး ပြုံးလိုက်မိသည်။ နောက်ဆုံးသော တစ်ခဏတွင် သူအလောင်းအစား လုပ်လိုက်ခြင်းဖြစ်ပြီး ယခု သူနိုင်သွားခဲ့ကြောင်း သက်သေပြနေခဲ့သည်။

ကျန်းရီသည် ထူးချွန်သလို ဉာဏ်လည်းကောင်းခဲ့သည်။ သူငယ်စဉ်က ကျန်းယွင်ဟိုင်သည် သူ့အား အမြဲလိုလို ချီးကျူးခဲ့လေ့ရှိသည်။ နတ်ဆိုးသားရဲဘုရင် ပေါ်ထွက်လာခဲ့ပြီး ယွင်လုကို သတ်လိုက်ခြင်းအတွက် သူ့အား ချက်ချင်းမသတ်ဖြတ်ချိန်မှစ၍ တစ်ခုခုထူးခြားနေကြောင်း သူသတိပြုမိခဲ့သည်။ ထိုနတ်ဆိုးသားရဲဘုရင်သည် ယွင်လုမှာ စုန်းနတ်ဘုရား၏ မျိုးဆက်ဖြစ်ကြောင်း အတိအကျ သိထားခဲ့သည်။ သို့သော် သူနှင့်စကား လက်ဆုံလာပြောနေသေးသည်။ ထိုအချက်မှာ ပုံမှန်မဟုတ်ခဲ့ပေ။

ဥပမာဆိုရသော် ကျန်းရီသည် လက်ရှိအချိန်တွင် ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်နှင့် တွေ့သည်ဆိုပါစို့။ ထိုနတ်ဆိုးသားရဲနှင့် စကားပြောရင်း သူအချိန်ဖြုန်းနေပါမည်လော။ နတ်ဆိုးသားရဲအား ဒူးထောက်ခိုင်း၍ ညှာတာပေးရန် တောင်းပန်ခိုင်းနေပါမည်လော။

လုံးဝလုပ်မည်မဟုတ်ပေ။

နတ်ဆိုးသားရဲသည် လူသားများနှင့် အမြဲတစေ မတည့်ခဲ့ကြပေ။ ပုံမှန်အားဖြင့် အနှီနတ်ဆိုးသားရဲဘုရင်သည် ကျန်းရီကဲ့သို့ မဖြစ်စလောက် အင်အားလေးသာ ရှိသည့်လူအား လုပ်စရာမရှိတိုင်း လာစနောက်နေမည်မဟုတ်။

ထူးဆန်းသည့် အပြုအမူတိုင်းတွင် အကြောင်းအရင်း ရှိကြသည်သာ။ ထို့ကြောင့် ထိုခဏတွင် ကျန်းရီသည် အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။ လောင်းကြေးမှာ သူ့အသက်ဖြစ်လေသည်။

ဟဲလောင်သည် သူ့အား စုန်းနတ်ဘုရား၏ အကြောင်းများ ပြောပြခဲ့သည်။ ထိုစုန်းနတ်ဘုရားသည် ထီးနန်းရရန် ကျရှုံးသွားပြီးနောက် လိုက်လံသတ်ဖြတ်ခံခဲ့ရသည်။ သူသည် တမလွန်တောအုပ်ထဲသို့ ထွက်ပြေးလာခဲ့ပြီး နတ်ဆိုးသားရဲဘုရင်ကို ယဉ်ပါးအောင်လုပ်ကာ နှစ်သုံးဆယ်ကြာ တံခါးပိတ်ကျင့်ကြံခဲ့သည်။ နောက်ဆုံးတွင် ဗာဂျရာအဆင့် အမြင့်ဆုံးသို့ သူတက်လှမ်းနိုင်ခဲ့ပြီး နတ်ဆိုးသားရဲဘုရင်နှင့်အတူ ပြန်သွား၍ သူ့ရန်သူကို သတ်ဖြတ်ကာ ရှန်မိနိုင်ငံ၏ ဘုရင်ဖြစ်လာခဲ့သည်။ ထို့နောက်တွင် သူသည် နန်းသိမ်းပြီးကြောင်း ကြေငြာလိုက်ပြီး တမလွန်တောအုပ်ထဲသို့ ကျင့်ကြံရန် ပြန်လာခဲ့သည်။ သူသည် တာအိုများကို လေ့လာရန်သာ စိတ်နှစ်ထားခဲ့ပြီး သိုင်းတာအို၏ အထွတ်အထိပ်သို့ ကြိုးစားတက်လှမ်းခဲ့သည်။

အချက်အလက်သည် ရိုးရှင်းလှသော်ငြား အလုံးစုံမှန်မည်တော့ မဟုတ်ပေ။ သို့သော် ထိုရိုးရှင်းသော အချက်အလက်မှသည် စုန်းနတ်ဘုရား၏ ဆုံးဖြတ်ချက် ခိုင်မာသော၊ ဇွဲကြီးသော၊ အရှုံးမပေးတတ်သော စိတ်နေစိတ်ထားကို ကျန်းရီ ခန့်မှန်းနိုင်ခဲ့သည်။

ထိုသို့ ပြတ်သားသည့် စိတ်နေစိတ်ထား မရှိပါဘဲ လူပေါင်းများစွာ လိုက်လံသတ်ဖြတ်နေသည့်ကြားမှ တမလွန်တောအုပ်သို့ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်လော။ နှစ်သုံးဆယ်ကျော် တံခါးပိတ်ကျင့်ကြံနိုင်ပါမည်လော။

ထို့ကြောင့် ကျန်းရီသည် နောက်ဆုံးသောအချိန်အထိ မတောင်းပန်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် သူ့အသက်အား ကယ်သွားခဲ့သည်။ ယခု နန်းတော်ထဲသို့ အောင်အောင်မြင်မြင် ပြန်ရောက်လာခြင်းသည် စမ်းသပ်မှုကို သူအောင်မြင်သွားကြောင်း သက်သေပြနေခဲ့သည်။

ကျန်းရီသည် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာ မီးဝိဉာဉ်ပုလဲထဲမှ ဆေးတစ်လုံးထုတ်၍ မြိုချလိုက်သည်။ ထို့နောက် ဘေးပတ်လည်ကို အကဲခတ်လိုက်သည်။

ဤနန်းတော်သည် ယခင်အထပ်များနှင့် ကွဲပြားလေသည်။ ဤအထပ်တွင် တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်များ တစ်ခုမှ ရှိမနေဘဲ သတ္တဝါဆန်းပုံများ ထွင်းထုထားသည့် တံခါးတစ်ချပ်သာ ရှိနေခဲ့သည်။ ယခင်အထပ်များနှင့် တူညီသောအချက်မှာ နန်းတော်ထဲတွင် ဘာဆိုဘာမှ ရှိမနေခြင်းပင်။

ဟူး...ဟူး...

သူသည်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး တံခါးဆီ အနိုင်နိုင်အားယူ၍ လျှောက်သွားလိုက်သည်။ ဟဲလောင်သည် စတုတ္ထထပ်တွင်သာ ကျန်နေခဲ့သည်။ သူအချိန်ဆွဲနေပါက ဟဲလောင်အသက်ရှင်နိုင်မည် မဟုတ်ပေ။

"ဟား..."

သူသည် တံခါးအား အားသုံး၍ တွန်းလိုက်သော်လည်း တံခါးမှာ တစ်လက်မလေးတောင် ရွေ့မသွားခဲ့ပေ။ သူသည် တစ်ခဏစဉ်းစားလိုက်ပြီး နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်သည်။ တံခါးနှင့် မီတာသုံးရာခန့် အကွာအဝေးသို့ ရောက်သောအခါ သူ့လက်ထဲမှ မီးနဂါးဓားသည် လင်းလက်လာခဲ့သည်။ သူသည် အံကြိတ်ရင်း ခပ်တိုးတိုး အော်ဟစ်လိုက်သည်။

"ကွဲစမ်း"

မီးနဂါးငယ်လေးများ တံခါးထံသို့ ပြေးထွက်သွားကြသည်။ ၎င်းတို့သည် အရာရာကို ဖျက်ဆီးနိုင်သည့် စွမ်းအားဖြင့် တံခါးထံ ကျဆင်းသွားကြသည်။

ဘန်း...ဘန်း...ဘန်း...ဘန်း

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး ကြမ်းပြင်မှာ တုန်ခါလာခဲ့သည်။ သို့သော် ကျန်းရီအား စိတ်ပျက်စေသည်မှာ တံခါးသည် အဖြူရောင်အလင်းသာ တောက်ပသွားခဲ့ပြီး မူလအတိုင်း အရာမယွင်း ရှိနေခဲ့သည်။ ထိခိုက်သွားသည့် အရိပ်အယောင် အစအနလေးတောင် ရှိမနေခဲ့ပေ။

"ဘယ်လို ဝင်ရပါ့မလဲ"

ကျန်းရီ၏မျက်နှာမှာ မှုန်မှိုင်းနေခဲ့သည်။ သူ့တွင် မီးဝိဉာဉ်ကျောက်တုံး မကျန်တော့ပေ။ အားအကောင်းဆုံး တိုက်ခိုက်မှုမှာလည်း ဤတာအိုတိုက်ကွက်သာဖြစ်သည်။ သို့သော် တံခါးအား မဖွင့်နိုင်ခဲ့ချေ။ သူ ဤနေရာတွင် ပိတ်မိနေတော့မည်လော။

"စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်"

သူသည် အခြားသော နည်းလမ်းနှစ်ခုကို ကြိုးစားကြည့်လိုက်သည်။ ကမ္ဘာ့မီးလျှံကသာလျှင် တံခါးအား အနည်းငယ် မည်းသွားစေပြီး ဘာဆိုဘာမှ ဆက်ဖြစ်မလာခဲ့ပေ။ နေရာရွှေ့ပြောင်းကျင့်စဉ် သူသုံးခဲ့စဉ်ကလည်း တံခါးအား ဆိုးဆိုးဝါးဝါး ဝင်ဆောင့်မိခဲ့သေးသည်။ တံခါး၏ တားမြစ်အစီအရင်မှ တွန်းကန်အားကြောင့် သူ့ဒဏ်ရာများ ပြန်ပွင့်သွားခဲ့ပြီး နာကျင်လွန်းသဖြင့် ချွေးသီးချွေးပေါက်များပင် ကျဆင်းလာခဲ့သည်။

"ဘာလုပ်ရမလဲ...ငါဘာလုပ်ရမလဲ...ငါဘာလုပ်သင့်လဲ"

ကျန်းရီသည် အလွန်အမင်း စိတ်လောနေခဲ့သည်။ ဟဲလောင်မှာ အန္တရာယ်ကြားထဲတွင် ကျန်နေခဲ့သည်။ သို့သော် နတ်ဆိုးသားရဲဘုရင်သည် ဟဲလောင်တိုက်ခိုက်မည်ဟု သူမထင်ပေ။ နတ်ဆိုးသားရဲဘုရင်သည် ကျန်းရီကိုတောင် မသတ်ခဲ့ရာ ဟဲလောင်ကို သတ်နိုင်ချေ မရှိချေ။ သို့သော် စတုတ္ထထပ်တွင် ထူးထူးဆန်းဆန်းသားရဲများ အမျိုးစုံ ရှိနေသည်။ ၎င်းတို့က ဟဲလောင်အား ချမ်းသာပေးပါမည်လော။

"အိုး...ဟုတ်သားပဲ"

ရုတ်တရက် တစ်စုံတစ်ခုအား သူတွေးမိသွားခဲ့သည်။ သူသည် ရှေ့သို့ ပြန်တိုးသွားလိုက်ပြီး လက်တစ်ဖက်အား တံခါးပေါ် တင်လိုက်သည်။ ပထမကြယ်ထဲမှ အနီရောင်အတွင်းအားများသည် တံခါးထံ စိမ့်ဝင်သွားခဲ့သည်။

၎င်းသည် အလွန်ထူးခြားသည့် အတွင်းအားဖြစ်သည်။ ကောင်းကင်သတ္ထုကြောထဲတွင် ရှိစဉ်က သလင်းကျောက်တုံးကို ထိုအတွင်းအားဖြင့် သူအလွယ်တကူ ခွဲနိုင်ခဲ့သည်။ ဤအတွင်းအားကမှ တံခါးမဖွင့်နိုင်လျှင် သူ့တွင် အကြံကုန်ပြီဖြစ်သည်။

ရွှစ်...

တံခါးမှ အလင်းသည် ပို၍သိပ်သည်းလာခဲ့သည်။ ထို့နောက် တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။ အဖြူရောင်အလင်းတို့သည် သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေပြီး သူ၏ပျော်ရွှင်နေသောမျက်နှာကို မီးမောင်းထိုးပြနေခဲ့သည်။

"ပွင့်သွားပြီ"

ကျန်းရီ၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့သည်။ သူသည် အသက်အောင့်၍ တံခါးနောက်သို့ ကြည့်လိုက်သည်။ တံခါးနောက်ဘက်တွင် နံရံတစ်ချပ်ရှိနေပြီး နံရံ၏ အစွန်းတစ်ဖက်စီတွင် တံခါးတစ်ခုစီ ရှိနေခဲ့သည်။ သူသည် ဘယ်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ပြီး အတွင်းခန်းထဲသို့ ခြေချလိုက်သည်။

ကျန်းရီသည် ဘာမှမရှိသော ခန်းမကျယ်ကြီးအား အကဲခတ်လိုက်သည်။ သူသည် ခန်းမကြီး၏ အလယ်တည့်တည့်ရှိ အရိုးစုတစ်ခုကို တွေ့သောအခါ 'ထင်ထားတဲ့အတိုင်းပဲ'ဟူသည့် အမူအရာ ဖြစ်သွားခဲ့သည်။ ဤနေရာသည် စုန်းနတ်ဘုရား နေထိုင်ခဲ့သော နန်းတော်၏ ပဉ္စမထပ်သာ ဖြစ်ရမည်။ အရိုးစုသည်လည်း စုန်းနတ်ဘုရား၏ ရုပ်ကြွင်းသာ ဖြစ်ပေလိမ့်မည်။

"ဟမ်...ဟိုမှာ နောက်ထပ် ရုပ်ကြွင်းတစ်ခုပါလား"

ကျန်းရီသည် ခန်းမကြီး၏ ကျန်နေရာများသို့ အကြည့်ရောက်သွားသည့်အခါ နောက်ထပ်အရိုးစုတစ်ခုကို မြင်သွားခဲ့သည်။ ထိုအရိုးစု၏ တစ်ဝက်ခန့်သည် ကြေမွနေပြီဖြစ်ပြီး ရင်ဘတ်နေရာ၌ လက်ဝါးချက်တစ်ခုဖြင့် အရိုက်ခံထားရကြောင်း ပေါ်လွင်နေခဲ့သည်။

"ဒါက တားမြစ်နယ်မြေထဲကို ဝင်လာခဲ့တဲ့ ရှားနိုင်ငံရဲ့ ဗာဂျရာအဆင့်ပုဂ္ဂိုလ်ဖြစ်ရမယ်"

အရိုးစုနှစ်ခုလုံးသည် အဖြူရောင်အလင်း တစ်လက်လက် တောက်ပနေခဲ့ပြီး အရှိန်အဝါကြီးသော လေထုကို ဖန်တီးနေခဲ့သည်။ ကျန်းရီသည် စုန်းနတ်ဘုရား၏စွမ်းဆောင်ရည်အား အမှန်တကယ် လေးစားနေခဲ့သည်။

သူသည် ထိုစဉ်အချိန်က မြင်ကွင်းကို စိတ်ကူးကြည့်လိုက်သည်။ ဗာဂျရာအဆင့်ပုဂ္ဂိုလ်သည် လမ်းတစ်လျှောက်ရှိ သားရဲများကို တိုက်ခိုက်အနိုင်ယူရင်း ဤနန်းတော်အတွင်းသို့ အခက်အခဲ ကြီးကြီးမားမားမရှိဘဲ ရောက်လာခဲ့လိမ့်မည်။ ထို့နောက် တင်ပျဉ်ချိတ်ထိုင်၍ ကျင့်ကြံနေသော စုန်းနတ်ဘုရားအား သူတွေ့ခဲ့လိမ့်မည်။ စုန်းနတ်ဘုရားသည် သူဝင်လာကြောင်း သတိထားမိပုံ မပြခဲ့လောက်ပေ။ ဗာဂျရာအဆင့်ပုဂ္ဂိုလ်သည် စတင်တိုက်ခိုက်ရန် ပြင်သောအခါ စုန်းနတ်ဘုရားသည် လက်ဝါးတစ်ချက်ဖြင့်သာ သူ့အား အလွယ်တကူ အဆုံးသတ်ခဲ့လိမ့်မည်။ ဤခန်းမထဲတွင် တိုက်ပွဲဖြစ်ခဲ့သည့် အရိပ်အယောင် လုံးဝမရှိရာ တစ်ချက်တည်းဖြင့်သာ သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

"ငါအခု ဘာလုပ်ရမလဲ"

ကျန်းရီသည် နောက်ဆုံးထပ်သို့ ရောက်လာ၍ စုန်းနတ်ဘုရား၏ ရုပ်ကြွင်းကို မြင်ပြီးနောက် လမ်းစပျောက်သွားခဲ့သည်။ ခန်းမထဲတွင် အခြားဘာဆိုဘာမှ ရှိမနေပေ။ ဟဲလောင်ကို သူမည်သို့ကယ်တင်ရမည်နည်း။ တားမြစ်နယ်မြေထဲရှိ အစီအရင်များကို သူမည်သို့ ထိန်းချုပ်ရမည်နည်း။ ဤနေရာမှ မည်သို့ထွက်သွားရမည်နည်း။

ကျန်းရီသည် အချိန်ယူ၍ အသေအချာရှာဖွေကြည့်သော်လည်း ဘာကိုမှ မတွေ့ခဲ့ရပေ။ ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းတောင် ရှိမနေပေ။ စုန်းနတ်ဘုရားနှင့် ဗာဂျရာအဆင့်ပုဂ္ဂိုလ် နှစ်ယောက်လုံးသည် မည်သည့်ရတနာမှ ကိုယ်နှင့်မကွာ ဆောင်ထားကြသည်။

"ဆုံးသွားတဲ့သူကို လေးစားရမယ်။ စုန်းနတ်ဘုရားကို အရင်အရိုအသေ ပေးဦးမှ"

သူသည် စုန်းနတ်ဘုရား၏ ရုပ်ကြွင်းရှိရာသို့ လျှောက်သွားလိုက်ပြီး သုံးကြိမ်တိုင်တိုင် တလေးတစားနှင့် အရိုအသေပေးလိုက်သည်။ စုန်းနတ်ဘုရားကဲ့သို့ အမှန်တကယ် အားကောင်းသော ပုဂ္ဂိုလ်သည် သူ၏လေးစားမှုဖြင့် ထိုက်တန်သည်။

ကျန်းရီသည် တစ်ဖက်ရှိဗာဂျရာအဆင့်ပုဂ္ဂိုလ်ထံ လှည့်ကြည့်တော့မည့်ဆဲဆဲတွင် စုန်းနတ်ဘုရား၏ရုပ်ကြွင်းမှ အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ကျန်းရီမှာ မှင်တက်သွားခဲ့သည်။ သူသည် သက်ရှိမှန်သမျှကို မကြောက်သော်လည်း သေဆုံးပြီးသူများမှာ သူ့အား ကြောက်လန့်စေနိုင်စွမ်းသည်။

ဟူး...ဟူး...

ခန်းမထဲရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာ စီးဆင်းသွားကြပြီး ရုပ်ကြွင်းအထက်တွင် စုစည်းသွားကာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးပုံ ဖြစ်လေသည်။ ပုံရိပ်သည် ကျန်းရီအား ကြည့်ကာ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ ခပ်သြသြအသံတစ်ခုသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ကောင်လေး...မင်း တကယ်ကံကောင်းတယ်။ ဒီအထပ်ကို ရောက်လာနိုင်တာကိုက မင်းက ဒီစကြဝဋ္ဌာခန်းမကို ဆက်ခံပြီး ငါ့ခြေရာနင်းဖို့ အရည်အချင်း ပြည့်မှီတယ်ဆိုတာကို သက်သေပြနေတယ်။ ဒါပေမယ့်...တစ်ချိန်တည်းမှာ မင်းက တော်တော့်ကို ကံဆိုးတယ်။ ရှေးဟောင်းမှော်ကျင့်စဉ်တစ်ခုကို တစ်ရက်အတွင်း နားလည်အောင် မလုပ်နိုင်ရင် မင်း ချက်ချင်း အသတ်ခံရမယ်"

*****

All Chapters