← Chapters

နယ်မြေခုနစ်ခုမှ ထွက်ခွာလာခြင်း

Vol. 7 Ch. 103

နယ်မြေခုနစ်ခုမှ ထွက်ခွာလာခြင်း

Vol. 7 Ch. 103

နယ်မြေခုနစ်ခုက ယိုယွင်းမြေ ဖြစ်လေသည်။ ဤဒေသ၏အစွန်းပိုင်းကို အက်ကွဲနေသော ချောက်နက်ကြီးတစ်ခုက ဝန်းရံထားခြင်းဖြစ်ကာ ထိုချောက်နက်ကြီးထံမှ ထိတ်လန့်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအင်များ ပေါက်ကွဲထွက်လာခြင်းဖြစ်၏။

ထို့အပြင် ဒီနေရာ၌ အားကောင်းသော ဆွဲငင်ခြင်းစက်ကွင်း တစ်ခုရှိသေးသည်။ ၎င်းက အန္တိမနယ်ပယ်အောက်အဆင့်မှာ ရှိသော သိုင်းပညာရှင်များအား ပျံသန်းနိုင်စွမ်းကို ဆုံးရှုံးစေ၏။

ထို့ကြောင့် အန္တိမနယ်ပယ်မှ ခွန်အားကြီးသူတစ်ဦးက ဦးဆောင်ခြင်းမရှိဘဲ နယ်မြေခုနစ်ခုထဲသို့ အသက်ရှင်လျက် ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း မပြုလုပ်နိုင်ပေ။

တစ်ခါတရံမှာ တချို့ကလည်း နယ်မြေခုနစ်ခုကနေ ထွက်ခွာနိုင်ကြသည်။

ထိုလူများသည် များသောအားဖြင့် ဤဒေသကို ဖြတ်သန်းသွားလာနေသော ခွန်အားကြီးအန္တိမနယ်ပယ်သိုင်းပညာရှင်များနှင့် အမှတ်မထင် တွေ့ဆုံခဲ့ကြသည့် ကံကောင်းသူများ ဖြစ်ကြ၏။

ပိုင်နက်လေးခုဖြစ်သော အရှေ့၊ အနောက်၊ တောင် နှင့် မြောက်တို့တွင် ခွန်အားကြီးအန္တိမနယ်ပယ် သိုင်းပညာရှင်များက ထူးခြားဆန်းကြယ်သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ တချို့က နယ်မြေခုနစ်ခုကို ခဏခဏဝင်လာတတ်ကြပြီး ၎င်းကလည်း အံ့သြစရာ သိပ်မရှိပေ။

မိမိကိုယ်ကို ကျေနပ်မှုရှိပြီး စိတ်ဓာတ်မြင့်မားကြသော အန္တိမနယ်ပယ်သိုင်းပညာရှင်များက အလားအလာရှိသော လူငယ်များနှင့် ခင်မင်ရင်းနှီးမှုများ ဖန်တီးရခြင်းကို နှစ်သက်ကြလေသည်။

လက်ရှိအချိန်၌ အသေးစားအကူအညီတစ်ခုပေးခဲ့ခြင်းက အနာဂတ်တွင် ကြီးမားသော အကျိုးအမြတ်များ ရရှိစေနိုင်လေရာ ဘာကြောင့် မလုပ်ရမည်နည်း။

သူတို့၏အထောက်အထားများကို ဖုံးကွယ်ထားကာ ကြင်နာသော အဘိုးအိုများအဖြစ်သို့ ပြောင်းလဲ၍ အန္တရာယ်ကျရောက်နေသည့် လူငယ်များကိုကယ်ဆယ်လေ့ရှိသော နတ်ဆိုးအိုကြီးများပင် ရှိ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် ထိုလူငယ်များ အားကောင်းလာသောအခါ ဆိုးယုတ်သည့် နတ်ဆိုးအိုကြီးများက သူတို့ အားနည်းခဲ့စဥ်နှစ်များ၌ သူတို့၏ကျေးဇူးရှင်များ ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ကြရာ ညည်းတွားသံများနှင့် အာမေဋိတ်များစွာကို ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိအချိန်၌ ချင်ချွမ်းသည် ချင်ကျီ၊ ကျိုးမော့တို့နှင့်အတူ နယ်မြေခုနှစ်ခုနှင့် အရှေ့ပိုင်နက်ကြားရှိ နယ်နိမိတ်ကို ရောက်ရှိနေကာ ချောက်ကြီး၏အရှေ့မှာရပ်နေကြ၏။

"ဝှစ်! ဝှစ်! ဝှစ်!"

အကျယ်အဝန်း မီတာထောင်ချီရှိသော ချောက်ကြီးက လုံးဝ မည်းမှောင်နေကာ ကြောက်စရာကောင်းလှသည်။ ထို့အပြင် ချောက်ကြီး၏အပေါ်တွင် လေနံရံကဲ့သို့အလား အောက်မှထွက်လာသည့် မီးခိုးရောင်အငွေ့များလည်း ရှိနေ၏။

"ဒီက ဆွဲငင်ခြင်းစက်ကွင်းက အားကောင်းတယ်လို့ ကျွန်တော် ကြားဖူးတယ်၊ အန္တိမနယ်ပယ်အောက်မှာရှိတဲ့ ကိုယ်ခံပညာရှင်တွေက ချောက်ကြီးထဲကို ကျပြီး မဖြတ်ကျော်နိုင်ကြဘူး...ကျွန်တော် စမ်းကြည့်ဦးမယ်"

ချင်ကျီသည် လူတစ်ယောက်အရွယ်ထက်ပိုမြင့်သော ကျောက်တုံးကြီးတစ်ခုကို ကောက်ယူ၍ ချောက်ကြီး၏ တစ်ဖက်ခြမ်းကို ပစ်ပေါက်လိုက်သည်။

ချင်ကျီ၏ခွန်အားက ကြီးမားပေ၏။ သာမန်အခြေအနေအောက်မှာဆိုလျှင် သူသည် ကျောက်တုံးအား ကြယ်တံခွန်ကဲ့သို့ မိုင်ထောင်ချီဝေးသောနေရာထိ ပစ်ပေါက်နိုင်လေသည်။

သို့သော်ငြား ယခုလက်ရှိ၌ ကျောက်တုံးက ချောက်ကြီးပေါ်ကနေ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာလောက် ပျံသန်းပြီးသွားသောအခါ မမြင်နိုင်သည့် စွမ်းအားတစ်ခုဖြင့် ဆွဲငင်ခံလိုက်သကဲ့သို့ လျင်မြန်စွာပင် ကျဆင်းသွားခဲ့၏။

ဆယ်မီတာလောက် ကျဆင်းသွားပြီးနောက် အောက်ကနေထွက်လာသော မီးခိုးရောင်အငွေ့များက ၎င်းကို တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး အရိပ်အယောင်ပင် မထားရစ်ခဲ့ချေ။

ချင်ကျီမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူ့ကျောရိုးထဲကနေပင် တုန်လှုပ်လာသလို ခံစားခဲ့ရ၏။ ၎င်းက ကျောက်တုံးသာ ဖြစ်ခဲ့သောကြောင့် သူ စိတ်သက်သာရာရမိသည်။ အကယ်၍ သူသာဖြစ်ခဲ့လျှင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

"အစ်ကိုချင်ကျီ အန္တိမနယ်ပယ်ကသိုင်းပညာရှင်တွေပဲ လုံလုံခြုံခြုံကျော်ဖြတ်နိုင်မှာလို့ ကျွန်တော် ပြောခဲ့တယ်လေ၊ အန္တိမနယ်ပယ်ကို အခုမှ ရောက်ရှိပြီးတဲ့သူတွေတောင်မှ မလုပ်နိုင်ဘူး၊ အနည်းဆုံး အဆင့်နှစ်မှာ ရောက်နေဖို့ လိုတယ်"

ကျိုးမော့က ရယ်မော၍ ပြောလာ၏။

ထိုစကားကိုကြားသောအခါ ချင်ကျီလည်း သူ၏မသိနားမလည်မှုကို ခံစားမိကာ ရှက်ရွံ့စွာ ပြုံးမိသည်။ ကံကောင်းစွာဖြင့် ညီမချင်းရိုက ဒီနေရာမှာ မရှိနေခဲ့ပေ။

"သွားကြစို့"

ထိုအချိန် ချင်ချွမ်းက တည်ငြိမ်စွာ ဝင်ပြောလာ၏။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကြည်လင်သော ရွှေရောင်အလင်းတန်းများက ပျံ့နှံ့သွားပြီး သူတို့သုံးဦးကို ဖုံးအုပ်ထားနိုင်သည့် ရွှေရောင် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ သို့နှင့် သူတို့ တစ်ဖက်ခြမ်းဆီသို့ ပျံသန်းသွားခဲ့ကြ၏။

"ဝှစ်! ဝှစ်! ဝှစ်!"

ချောက်ကြီး၏အောက်မှ ထွက်လာသော ဖျက်ဆီးခြင်းစွမ်းအင်များက ရွှေရောင်စက်ဝိုင်းကို တိုက်ခိုက်လာကာ မီးလျှံနှင့်ထိတွေ့သော ဖယောင်းကဲ့သို့ အရည်ပျော်လာစေ၏။

ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အား ကလည်း ချောက်ကြီးထဲမှ ထွက်ပေါ်လာပြီး ရွှေရောင် စက်ဝိုင်းအား အောက်သို့ ဆွဲချရန် ကြိုးစားလာသည်။ သို့သော်ငြား ချင်ချွမ်း၏စွမ်းအားက တော်တော်လေး အားကောင်းလေရာ ရွှေရောင်စက်ဝိုင်းအား စဉ်ဆက်မပြတ် အားဖြည့်ပေးနိုင်ခဲ့သောကြောင့် ဆွဲငင်အားကို တွန်းလှန်နိုင်ခဲ့၏။

သို့သော်ငြားလည်း အင်အားနှစ်ခုလုံး၏ နှောင့်ယှက်မှုကို ခံရသောကြောင့် ရွှေရောင်စက်ဝိုင်း၏ရွေ့လျားမှုက သိသိသာသာ နှေးကွေးသွားခဲ့သည်။

မုန်တိုင်းထဲရှိ တံငါလှေငယ်တစ်ခုကဲ့သို့ပင်။

မီတာထောင်ချီရှိသော ချောက်ကြီးအား ဖြတ်ကျော်ရာ၌ အမွှေးတိုင်တစ်တိုင်စာ ကြာသွားပြီးနောက် နောက်ဆုံးတွင် သူတို့သုံးယောက်စလုံး တစ်ဖက်ကမ်းကို ဆင်းသက်လာကြသည်။

"ဟားဟားဟား! အရှေ့ပိုင်နက်က ကျိုးမော့ ပြန်ရောက်လာပြီ! ဒါက ကျွန်တော့်ရဲ့လောကကြီးပဲ...အောင်မြင်မှုကြီးကြီးမားမားတွေ စောင့်ကြိုနေတဲ့ ပိုင်နက်ကျယ်ကြီးတစ်ခုပဲ"

ကျိုးမော့က အသက်ပြင်းပြင်းရှူသွင်း၍ နယ်မြေခုနစ်ခုနှင့် မတူညီသောလေကို အပြည့်အဝ ခံစားကာ ပျော်ရွှင်စွာ ရယ်မောနေလေ၏။ သူက သူ့လက်မောင်းများကို ကျယ်ပြန့်စွာ ဖြန့်ထားခဲ့သည်။

ဒီနေရာရောက်တော့ သူ့စိတ်နေသဘောထားက ပြောင်းလဲသွားပုံပင်။

ယခင်က သူသည် ကျယ်ပြန့်သော အရှေ့ပိုင်နက်၌ အရေးမပါသည့် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်၏။ စဉ်းစားကြည့်လျှင် သူ၏တည်ရှိမှုက တန်ဖိုးမရှိသလောက်ပင်။

သို့သော်ငြား ယခု သူ၏ကိုယ်ပိုင်တာအိုကို ဖန်တီးပြီးနောက်တွင် သူသည် အရှေ့ပိုင်နက်တစ်ခုလုံးအား သူပိုင်ဆိုင်သည့်အရာကဲ့သို့ ရုတ်တရက် ခံစားခဲ့ရပေ၏။

ကျယ်ပြန့်သောအရှေ့ပိုင်နက်၌ သူ မရောက်နိုင်သောနေရာ မရှိပေ။

ထိုအချိန် ချင်ချွမ်းကလည်း အရှေ့ပိုင်နက်နှင့် နယ်မြေခုနစ်ခုကြားရှိ ကွဲပြားခြားနားမှုများကို ခံစားနေလေသည်။ ဤနေရာရှိ လေထုက ပို၍သန့်စင်ကာ စိတ်ဝိညာဉ်စွမ်းအင်များက ပို၍ကြွယ်ဝပြီး ပတ်ဝန်းကျင်ကလည်း ပို၍ သက်ဝင်လှုပ်ရှားနေပေ၏။

ဆန့်ကျင်ဘက်အားဖြင့် နယ်မြေခုနစ်ခုမှ လေထုသည် ဖျက်ဆီးခြင်းစွမ်းအင်ဟု ခေါ်သော မထိတွေ့နိုင်သည့် စွမ်းအားတစ်ခုကို သယ်ဆောင်လာတတ်သည်။

"ဒါက ကျင့်ကြံခြင်းအတွက် တစ်ကယ်သင့်လျော်တဲ့ နေရာပဲ"

ချင်ကျီက ခံစားချက်များနှင့်အတူ ထိုသို့မှတ်ချက်ပေးခဲ့၏။ သို့သော် ချင်ချွမ်းကတော့ ဘာမှမပြောခဲ့ချေ။ နေရာအသစ်တစ်ခုကို ရောက်သောအခါ သို့မဟုတ် အရာဝတ္ထုအသစ်တစ်ခုကို မြင်သည့်အခါတိုင်း သူသည် သူ၏တည်ငြိမ်မှုကို အမြဲတစေ ထိန်းသိမ်းထားရမည်ပင်။

မကြာခဏဆိုသလိုပင် သူသည် ဆယ်ပုံပုံလျှင် သုံးပုံကိုက မထီမဲ့မြင်ပြုသည့်ပုံစံကို ဖော်ပြခဲ့ပြီး ခုနစ်ပုံကိုမူ ပေါ့ပေါ့ပါးပါးရှိသော သဘောထားကို ပြသခဲ့ပေသည်။

စိတ်လှုပ်ရှားမှုကြောင့် သူ့ဒူးများ တုန်ယင်လာပြီး ဒူးထောက်ချင်လာသည့် အခါမျိုးမှာပင် သူ့အမူအရာက 'ဒီလောက်ပဲလား'ဟူသော အမူအရာကို အမြဲဖော်ပြ ခဲ့၏။

ထိုသူမှာ ချင်ချွမ်းပင်။ မိမိကျွမ်းကျင်သောအမူအရာကို အမြဲတစေ ထိန်းသိမ်းထားတတ်သည့် ပရော်ဖက်ရှင်နယ်ကစားသမား ဖြစ်သည်။

"အကြီးအကဲ၊ အစ်ကိုချင်ကျီ...အရှေ့ပိုင်နက်ကို ရောက်တာ ခင်ဗျားတို့ရဲ့ပထမဆုံးအကြိမ်ဆိုတော့ ကျွန်တော့်အိမ်မှာ အရင်တည်းလိုက်ပါလား၊ ကျွန်တော့်ကို ဧည့်ခံခွင့်ပြုပါဦးဗျ"

ကျိုးမော့က ထိုအချိန်မှာ နွေးထွေးစွာ အကြံပြုလာခဲ့၏။ သူသည် ချင်ချွမ်းအား တစ်ကယ် စိတ်ရင်းနှင့် ကျေးဇူးတင်ကာ လေးစားပေသည်။ ချင်ချွမ်းက သူ့ကို ဒုတိယအကြိမ် အသက်ပြန်ရှင်သန်လာနိုင်ရန် အခွင့်အရေးပေးခဲ့သည်မဟုတ်ပါလော။

ချင်ချွမ်းက ချက်ချင်း သဘောမတူခဲ့ချေ။

သူ ခဏတာ စဉ်းစားပြီးနောက် မေးလိုက်၏။

"မင်းရဲ့ကျိုးမိသားစုအတွင်းပိုင်း ဆက်ဆံရေးတွေက ဘယ်လိုလဲ...မင်း မိသားစုရဲ့လက်ရှိအခြေအနေကရော ဘယ်လိုလဲ"

ထိုကဲ့သို့ရှေးကျသောမိသားစုများသည် အတွင်းပိုင်း၌ မိသားစုခွဲများစွာရှိနေပြီး ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိလိမ့်မည်ဆိုတာကို သူ ခန့်မှန်းမိပေသည်။

"အာ..."

ကျိုးမော့က မျက်နှာပူပူဖြင့် ပြုံးလာပြီး သူ့မျက်လုံးများက ထိပ်တိုက်ဆုံရမည်စိုး၍ ရှောင်ရှားနေခဲ့၏။

"ကျွန်တော်တို့ရဲ့ကျိုးမိသားစုမှာ မိသားစုခွဲပေါင်းဆယ်ခုကျော် ရှိပေမယ့် ကျွန်တော့်မိသားစုကတော့ ထိပ်ဆုံးသုံးခုထဲက တစ်ခုပါ၊ ဒါကြောင့် ကျွန်တော်တို့မိသားစုက အကြီးအကဲကို လျစ်လျူရှုမှာ မဟုတ်ပါဘူး"

သူ့အသံထဲ၌ ယုံကြည်မှုမရှိနေပေ။

ချင်ချွမ်းကလည်း ကျိုးမော့မိသားစု၏အခြေအနေကို ခန့်မှန်းမိပေသည်။ အတွင်းပိုင်းပဋိပက္ခများက ပြင်းထန်ပုံရ၏။ သို့သော်…

သူကလည်း ဒါမျိုးကိုမှ သဘောကျတာ!!!

အားလုံး အဆင်ပြေနေသော သဟဇာတဖြစ်သည့် နေရာတစ်ခုကို သူ သွားခဲ့လျှင် သူ၏ ပါးစပ်စွမ်းသောသားက ဘယ်လိုလုပ်ပြီး အခြားသူများကို လှုံ့ဆော်ကာ ရန်ငြိုးများ ဖန်တီးနိုင်မည်နည်း။

သူ့မှာ ကိုယ်ပိုင်မူ တစ်ခုရှိသည်။

ဘယ်နေရာသွားသွား လက်ဗလာနှင့် မပြန်လာရပေ။

မဟုတ်လျှင် ဘာကြောင့်သွားရမည်နည်။

"အင်း မင်းဘက်က ဒီလိုရိုးသားမှုကို ပြသလာမှတော့ ငါ့ဘက်ကလည်း ငြင်းပယ်ဖို့ မသင့်တော်တော့ဘူး၊ ဆိုတော့ ချင်ကျီနဲ့ငါတို့ မင်းရဲ့နေရာမှာ ရက်နည်းနည်းလောက် နေလိုက်ပါ့မယ်"

ချင်ချွမ်းက ဟန်ဆောင်စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်၏။

"အာ...တကယ်လား"

အစက မျှော်လင့်ချက်မဲ့နေသော ကျိုးမော့သည် ချင်ချွမ်းမှ လက်ခံလိုက်သောအခါ အလွန်ဝမ်းမြောက်သွားတော့သည်။

သူ နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားခဲ့ရ၏။

အကြီးအကဲက သူ့မိသားစု၏ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အရာများကို တွေးဆနေခဲ့သော်လည်း ၎င်းကို လျစ်လျူရှုကာ သူ့ဖိတ်ခေါ်မှုကို လက်ခံခဲ့သည်။

၎င်းက သိသာစွာ သူ့အား မျက်နှာသာပေးနေခြင်းပင်။

သူ့အပေါ်မှာထားသော လေးနက်သည့် ယုံကြည်မှုဖြစ်၏။

လက်ရှိအချိန်၌ သူ အလေးစားရဆုံး အကြီးအကဲထံမှ အသိအမှတ်ပြုခံလိုက်ရသလို ခံစားခဲ့ရပေသည်။ သူ့နှလုံးသားတစ်ခုလုံးက များပြားသော ကျေနပ်မှုများနှင့်အတူ စိတ်အခြေအနေမြင့်တက်လာခဲ့၏။

…

ကျိုးမိသားစုက ကျိုးထျန်းမြို့မှာ တည်ရှိပေသည်။

မြို့တစ်ခုလုံးက တောက်ပစွာ လင်းထိန်နေပြီး စံအိမ်တစ်ခုပြီးတစ်ခု တည်ဆောက်ထားကြသည်မှာ ခမ်းနားသော ကောင်းကင်ဘုံနန်းကြီးတစ်ခုကဲ့သို့ပင်။

ကျိုးမော့ ပြောပြထားသကဲ့သို့ ကျိုးမိသားစုသည် ဒုတိယအဆင့်မိသားစုတစ်ခုမျှသာ ဖြစ်၏။ သို့သော်ငြား ၎င်းက အရှေ့ပိုင်နက်တစ်ခုလုံးကို ခြုံငုံ၍ ပြောထားခြင်းဖြစ်သည်။

တကယ်တော့ ကျိုးမိသားစု အုပ်ချုပ်နေသော နယ်မြေသည် ပုံမှန်နယ်မြေဆယ်ခုကျော်နှင့်ညီမျှကာ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မြင့်မြတ်သော မိသားစုများဖြင့် ပြည့်နှက်နေလေသည်။

၎င်းက အလွန်ကြီးမားသော အရာတစ်ခုပင်။

သို့သော်ငြား...

ထိုအရွယ်အစားအပေါ်ထားရှိသော ဆွေးနွေးငြင်းခုံမှုများက အမြဲတစေ အမျိုးအနွယ်များမှ စတင်လေ၏။

နေကိုးလုံးနယ်မြေကဲ့သို့ပင်...ထိုနေရာ၌ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသည် ကြီးမားသောအဖွဲ့အစည်းတစ်ခုပင်။ သို့သော်ငြား အရှေ့ပိုင်နက်မှာမူ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက အနိမ့်ဆုံးအဆင့်မှာ ရပ်တည်ပေသည်။

ကျိုးမော့၏ မတိုင်ခင်က နိမ့်ကျနေသော ခံစားချက်များသည် ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်တတ်သော သူ့အကျင့် ကနေ ဖြစ်ပေါ်လာခြင်းဖြစ်၏။ ကမ္ဘာပေါ်မှာရှိသော တော်ဝင်မိသားစုများမှ အံ့ဖွယ်ပုဂ္ဂိုလ်များပင်လျှင် သူတို့ထက် သာသူများနှင့်ဆုံပါက ကြီးမားသော စိတ်ပျက်အားငယ်မှုကို ခံစားရလိမ့်မည်။

ချင်ချွမ်းတို့အဖွဲ့ ကျိုးမိသားစုကို ရောက်ရှိသောအခါ သက်လတ်ပိုင်းလူတစ်ဦးက နောက်လိုက်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ဧည့်ဝတ်ပြုလာသည်။

"ဟားဟားဟား ညီအစ်ကိုချင် ကြိုဆိုတာနောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ၊ ကျုပ်က ကျိုးမော့ရဲ့အဖေ ကျိုးစန်းလို့ခေါ်ပါတယ်၊ ကျုပ်သားရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ညီအစ်ကိုချင်ကို တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ"

ကျိုးမော့က သူ့မိသားစုအား ကြိုတင်အကြောင်းကြား ထားခဲ့တာ သိသာပေ၏။ ထို့အပြင် သူတို့၏ဆက်ဆံရေးအား အသက်ကယ်ကျေးဇူးရှင်ဆိုသည့်ခေါင်းစဥ်အောက်မှာ ထားခဲ့သည်။

ဒီပုဂ္ဂိုလ်က ကျွန်တော် ခိုးယူခြင်းတာအို ရလာအောင် လမ်းပြပေးခဲ့တဲ့ ဆရာပါလို့ ပြောလို့မရဘူးလေ...ဟုတ်တယ်မလား။

*********************

All Chapters