ချင်ကျီ၏ ကျွမ်းကျင်သော လှောင်ပြောင်ခြင်းစွမ်းရည်
Vol. 7 Ch. 104
"ဒါက သိပ်အရေးမပါတဲ့ အားထုတ်မှုလေးတစ်ခုပါပဲ"
ချင်ချွမ်းလည်း တည်ငြိမ်စွာ ပြုံးပြရင်း အနည်းငယ် ခေါင်းညိတ်ပြခဲ့သည်။
သို့သော်ငြား ကျိုးစန်းကတော့ ထူးဆန်းသော အချက်တစ်ခုကို တွေ့ရှိသွားခဲ့လေ၏။ သူ့အရှေ့က လူသည် သိသာစွာပင် အန္တိမနယ်ပယ်၊ စတုတ္ထအဆင့် တွင်သာ ရှိနေသော်လည်း သူ့ထံ၌ ဖော်ပြ၍မရသော တည်ငြိမ်မှုနှင့် တင့်တယ်မှုတို့ ရှိနေသည်။ ထိုတည်ငြိမ်မှုမှာ ယုံကြည်ချက်ရှိခြင်းမှ မြစ်ဖျားခံလာခြင်းပင်။
ထို့အပြင် ၎င်းသည် မျက်လုံးစုံမှိတ်ထားသော ယုံကြည်ချက်မျိုး မဟုတ်ဘဲ ကြီးကျယ်ခမ်းနားသော တောင်တန်းနှင့် မြစ်ချောင်းများ၏ သဘာဝအလှတရားကို မြင်တွေ့ဖူးသော လူတစ်ယောက် သို့မဟုတ် အမြင့်ဆုံးနေရာမှ အရာအားလုံးကို ငုံ့ကြည့်နေသူတစ်ဦး၏ ယုံကြည်ချက်မျိုး ဖြစ်၏။
အချိန်ခဏတာအတွင်းမှာပင် ချင်ချွမ်းအပေါ်၌ ထားရှိသော ရှင်းပြရခက်သည့် စိုးရိမ်တုန်လှုပ်မှုတစ်ခုက သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာပြီး ထို့နောက်တွင်မူ သူ့ခံစားချက်များက ရင်းနှီးဖော်ရွေမှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
အတိုချုပ်ပြောရလျှင် ဤလူသည် မိတ်ဆွေသာဖွဲ့သင့်ပြီး ရန်မစသင့်ပေ!
ချက်ချင်းပင် သူ နွေးထွေးစွာ ရယ်မောလိုက်လေ၏။
"ဟားဟားဟား! ညီအစ်ကိုချင်က နှိမ့်ချလွန်းပါရောလား၊ ဒါက ညီအစ်ကိုအတွက် အသေးအဖွဲကိစ္စဖြစ်ပေမယ့် ကျုပ်အတွက်တော့ တော်တော်လေးအရေးပါပြီး ကြီးမားတဲ့ကိစ္စပါ...ဘာပဲဖြစ်ဖြစ် ကျုပ်ဆီမှာ ဒီသားလေးတစ်ယောက်တည်းပဲ ရှိတာလေ"
"ညီအစ်ကိုချင် ကျုပ်ရဲ့ဂါရဝပြုမှုကို လက်ခံပေးပါ!"
ထိုသို့ပြောပြီးသည်နှင့် သူက ချင်ချွမ်းအား လေးနက်စွာပင် ဦးညွှတ်ဂါရဝပြုလေသည်။
"ညီအစ်ကိုကျိုး အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ"
ချင်ချွမ်းလည်း ပြုံးကာ သူ့အား ထူပေးလိုက်၏။ပတ်ဝန်းကျင်တစ်ခုလုံးက ကြည်နူးစရာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"အဖေ စားသောက်ပွဲရော အဆင်သင့်ဖြစ်ပြီလား"
ထိုအချိန်တွင် ဘေးမှရပ်နေသော ကျိုးမော့က ပြုံးစိစိဖြင့် ဝင်မေးလာလေ၏။
"မင်းက မင်းအဖေရဲ့အစီအစဥ်ကို စိတ်မချသေးလို့လား"
ကျိုးစန်းက သူ့သားအား ချစ်စနိုးဖြင့် မျက်စောင်းထိုးကာ ချင်ချွမ်းနှင့် ချင်ကျီတို့အား ဖိတ်ခေါ်လာသည်။
"လူကြီးမင်းတို့ အထဲကို ကြွပါဗျာ"
ဧည့်ခံပွဲတွင် ကျိုးစန်း၏မိခင်ကလည်း ရောက်ရှိလာပြီး ချင်ချွမ်းအား ဝိုင်ဖြင့် ဧည့်ခံလေ၏။ သို့သော်ငြား အချို့သော အသေးစိတ်အချက်အလက်များအရ သူမသည် မွေးမိခင် မဟုတ်ဘဲ မိထွေး ဖြစ်ပုံရသည်။
ကျိုးစန်းက သူ့မှာ ဒီသားတစ်ယောက်တည်းပဲ ရှိတော့တယ်ဟု ဘာကြောင့်ပြောခဲ့လဲဆိုတာကို နားလည်နိုင်ပေသည်။
အကြောင်းမှာ သူ အချစ်ရဆုံးအမျိုးသမီးက မရှိတော့သောကြောင့် သူ့မှာ နောက်ထပ်သားသမီး ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာလောက် ရှိနေပါစေ ဒီသားလေးနှင့် တူညီသော အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းပင်။
ထို့ကြောင့် သူက ချင်ချွမ်းအား တကယ်ကျေးဇူးတင်နေခြင်းပင်။
စားသောက်ပြီးနောက် ကျိုးစန်းက မိသားစုဝင် အကြီးအကဲတစ်ဦးကို ရှာ၍ တစ်စုံတစ်ရာကို တိုးတိုးတိတ်တိတ် မှာကြားခဲ့လေ၏။
ချင်ချွမ်းသည် သူ ဘာပြောနေလဲဆိုတာကို အတိအကျ မကြားရသော်လည်း "မီးလျှံဇာမဏီဂူ" ဟူသော စကားလုံးများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ချင်ချွမ်း တွေးတောကြည့်မိ၏။
၎င်းက နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်ဖို့ များသည်။
ကျိုးစန်းသည် ချင်ချွမ်းမှာ ကျိုးမော့အား ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြောင့် ချင်ကျီအတွက် စီစဉ်ပေးခြင်း ဖြစ်နိုင်သလို၊ ရင်းနှီးမှုတည်ဆောက်လိုခြင်းကြောင့်လည်း ဖြစ်နိုင်ပေ၏။
သို့သော်ငြား သူ မမေးမြန်းခဲ့ပေ။
သူ ဘာမှမသိသလို ဟန်ဆောင်ကာ တစ်ခုခု ဖြစ်လာတော့မည့် အချိန်ကို ထိုင်စောင့်နေခဲ့သည်။
တစ်စုံတစ်ယောက်က ပြဿနာရှာလာလိမ့်မည်ဟု သူ မလွဲမသွေ ယုံကြည်ထားလေ၏။
မည်သို့ပင်ဆိုစေကာမူ ကျိုးမိသားစုသည် ရှုပ်ထွေးသော အတွင်းရေးကိစ္စများရှိသည့် မိသားစုကြီးတစ်ခုဖြစ်ပြီး ကျိုးစန်းကသာ မိသားစုအရင်းအမြစ်များကို ပုဂ္ဂိုလ်ရေးရာရင်းနှီးမှုအတွက် အသုံးပြုလိုက်ပါက တစ်စုံတစ်ယောက်အား မကျေမနပ်ဖြစ်စေမည်မှာ အသေအချာပင်။ ဆန့်ကျင်နေသည့် တခြားသောအဖွဲ့များသည်လည်း ဤအခွင့်အရေးကို အသုံးချကာ တိုက်ခိုက်လာနိုင်သည်။
တကယ်တော့ ကျိုးစန်းက ထိုပြဿနာများကို ကြိုတင်စဉ်းစားထားကာ ဖြေရှင်းနည်းများ ထုတ်ထားနိုင်လောက်၏။
သို့သော်ငြား သူ့သားချင်ကျီသာ ပါးစပ်သွက်နေသရွေ့ ကျိုးစန်းမှ မတုံ့ပြန်ရသေးခင်မှာပင် ရန်ငြိုးရန်စများထွက်လာအောင် ချက်ချင်း မီးမွှေးပေးနိုင်လိမ့်မည်။
လူတိုင်းသိကြသည့်အတိုင်းပင် နှုတ်ဖြင့် ပစ်ခတ်ခြင်း ၏ ပြင်းအားက အနည်းဆုံး ၆၀ မီလီမီတာခန့်ရောက်နိုင်ပြီး တစ်စက္ကန်လျှင် ပစ်ခတ်နှုန်း ၁၈ကြိမ်ရှိသော အမြောက်နှင့်တူလေရာ မည်သူကမှ မရှောင်တိမ်းနိုင်ကြပေ။
သူ ထင်ထားသည့်အတိုင်းပင်!
မကြာခင်မှာပင် တစ်စုံတစ်ယောက်က တံခါးဝသို့ ရောက်ရှိလာလေသည်။
"ဘုန်း!!"
အဓိကတံခါးမကြီးသည် အားဖြင့် ကန်ဖွင့်ခံလိုက်ရပြီး ဆံပင်အနီရောင်နှင့် ထွားကြိုင်းသော အကြီးအကဲတစ်ဦးက သက်လတ်ပိုင်း လူတစ်ချို့နှင့်အတူ ဝင်လာလေ၏။
သူတို့၏အရှိန်အဝါမှာ အင်မတန် ကြီးမားလှသည်။
"ကျိုးစန်း ဒါက ဘာအဓိပ္ပာယ်လဲ! မင်းက မိသားစုခေါင်းဆောင်ဖြစ်နေရုံနဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး မိသားစုရဲ့အဖိုးတန်အရင်းအမြစ်တွေကို အပြင်လူတွေဆီ ပေးနိုင်ပြီလို့ ထင်နေတာလား"
ထိုဆံပင်အနီရောင်နှင့် အကြီးအကဲသည် အဆင့်မြင့်ပုံရပြီး ခွန်အားလည်း ကြီးမားသဖြင့် မိသားစုခေါင်းဆောင် ကျိုးစန်းကိုပင် အရေးမစိုက်သည့်ပုံပင်။
"ဒုတိယအကြီးအကဲ မီးလျှံဇာမဏီဂူအတွက် နေရာကို ကျုပ်မိသားစုအတွက် သတ်မှတ်ထားတဲ့ နေရာငါးနေရာထဲက ယူထားတာပါ၊ ဒုတိယအကြီးအကဲက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
ကျိုးစန်းက တည်ငြိမ်စွာ ပြော၏။
"ဟက်! မီးလျှံဇာမဏီဂူအတွက် နေရာက အယောက် ၃၀စာပဲရှိတာ၊ မိသားစုထဲမှာတင် မလောက်မင ဖြစ်နေတာကို မင်းက အပြင်လူကို ပေးတယ်ဆိုတော့ ဒါက ကိုယ့်အမျိုးအနွယ်ကို သစ္စာဖောက်နေတာပဲ!"
ဆံပင်အနီရောင်နှင့် အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့လေသည်။
"ချင်ကျီက ကျိုးမော့ရဲ့အသက်သခင်ကျေးဇူးရှင်ပါ၊ သူ ရောက်လာတဲ့အချိန်က ဒီလိုအခွင့်အရေးနဲ့ ကြုံကြိုက်သွားတော့ ကျုပ် သူ့ကို လျစ်လျူမရှုနိုင်ဘူး၊ ကျုပ်ပိုင်တဲ့အရာနဲ့ ချင်ကျီအတွက် နေရာတစ်ခု ပေးခဲ့ရုံပဲ၊ ဒုတိယအကြီးအကဲက ဒီအထိတောင် ဝင်စွက်ဖက်ချင်နေတာလား"
ကျိုးစန်း၏ လေသံသည် အေးဆေးတည်ငြိမ်ဆဲပင်။
ဆံပင်အနီရောင်နှင့်အကြီးအကဲက ခဏတာမျှ ဆွံ့အသွားသော်လည်း ရုတ်တရက် လှောင်ပြောင်လာခဲ့၏။
"ဟက်! အသက်သခင်ကျေးဇူးရှင်တဲ့လား...ဒီလောက်တောင် တိုက်ဆိုင်တာလား!"
"ငါတို့မိသားစုက မီးလျှံဇာမဏီဂူကို တွေ့တဲ့အချိန်ကျမှ ဘယ်က အသက်သခင်ကျေးဇူးရှင်က ပေါ်လာရတာလဲ၊ ပြီးတော့ အဲ့ဒီကျေးဇူးရှင်က ငါတို့ ကျိုးမိသားစုဆီ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတယ်ပေါ့"
"မိသားစုခေါင်းဆောင် ဒီလူအိုကြီးသာ ထင်တာမမှားဘူးဆိုရင် ဒီနောက်ကွယ်မှာ လျှို့ဝှက်အပေးအယူ တစ်ခုခု ရှိနေတာပဲ"
ထိုသို့ပြောပြီးသည်နှင့် သူ့အကြည့်များက စူးရှကာ ရန်လိုလာခဲ့သည်။
"ခင်ဗျား လျှောက်ပြောမနေနဲ့!"
ထိုအချိန်တွင် ဒေါသတကြီး အော်ဟစ်သံတစ်သံက ထွက်ပေါ်လာလေ၏။
၎င်းမှာ ချင်ကျီ၏အသံပင်။
သူက ဆံပင်အနီရောင်နှင့်အကြီးအကဲကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလာသည်။
"နိမ့်ကျတဲ့လူတွေက လူတိုင်းကို သူတို့လိုပဲ ယုတ်ညံ့တယ်လို့ အမြဲ ထင်တတ်ကြတယ်! ခင်ဗျားက အဲ့ဒီလိုလုပ်ရပ်မျိုး လုပ်တတ်တယ်ဆိုတိုင်း သူများတွေကိုလည်း လုပ်လိမ့်မယ်လို့ မထင်နေနဲ့!"
"လျှို့ဝှက် အပေးအယူဟုတ်လား...ဒါဆိုရင် ကျုပ်က ခင်ဗျားအမေနဲ့ လျှို့ဝှက်အပေးအယူတစ်ခုလုပ်လိုက်လို့ ခင်ဗျား လူဖြစ်လာတာလို့ ပြောရင်ရော!"
ချင်ကျီကတော့ သူ၏ နှုတ်ဖြင့်ပစ်ခတ်ခြင်းအား ဆက်တိုက်ထုတ်လွှတ်လိုက်လေပြီ။
၎င်းမှာ သူ့အတွက်မဟုတ်ဘဲ ကျိုးစန်းအတွက်ပင်။
ဤအဘိုးအိုက သူ့ကြောင့် ကျိုးစန်းကို လာရောက်မေးခွန်းထုတ်နေခြင်းဖြစ်သည်ကို ချင်ကျီ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသဖြင့် သူ ရှေ့ထွက်ရပ်တည်ပေးရခြင်းပင်။
"မိုက်ရိုင်းလှချည်လား!!"
အကြီးအကဲက ကြိမ်းမောင်း၍ အန္တိမနယ်ပယ်တစ်ဦး၏ လွှမ်းမိုးနိုင်သော ဖိအားများကို ထုတ်လွှတ်ကာ ချင်ကျီအား နေရာမှာတင် ဒုက္ခိတဖြစ်သွားစေရန် ရည်ရွယ်၍ ဖိနှိပ်လာလေ၏။
သို့သော်ငြား ကျိုးစန်းက အရှေ့ကိုတက်ကာ ချင်ကျီ ကို ထိုဖိအားများရန်မှ ကာကွယ်ပေးလာခဲ့သည်။
ချင်ကျီသည် ခေတ္တမျှ ထိတ်လန့်သွားသော်လည်း သူ့စိတ်ကို ချက်ချင်းပြန်စုစည်းပြီးနောက် ပို၍ပင် ဒေါသထွက်လာသောကြောင့် လှောင်ပြောင်လိုက်၏။
"အဘိုးကြီး ခင်ဗျား အရှက်ရပြီး ဒေါသထွက်သွားတာလား၊ တကယ်ပဲ ခင်ဗျားအမေရဲ့အပေးအယူတွေကြောင့် လူဖြစ်လာတာများလား"
"ပြောစမ်းပါဦး အဲ့ဒီတုန်းက ခင်ဗျားအမေနဲ့ ဖောက်ပြန်ခဲ့တဲ့ လိပ်အိုကြီးက အခု ဘယ်တံတားအောက်မှာ နေနေတာတဲ့လဲ"
"မင်း... သေချင်နေတာလား"
ဆံပင်အနီရောင်နှင့်အကြီးအကဲ၏မျက်နှာတစ်ခုလုံးက မည်းမှောင်သွားတော့သည်။
သူ ဖိအားများထုတ်လွှတ်ထားသော်လည်း ထိုလူငယ်သည် မကြောက်ရွံ့သွားသည့်အပြင် သူ့အား ရိုင်းရိုင်းစိုင်းစိုင်း ဆက်ပြောနေရဲသေး၏။
တကယ့်ကို မသိတတ်တဲ့ကောင်ပဲ!
သူ့အား ပို၍ဒေါသထွက်စေသည်မှာ ထိုလူငယ်သည် ကျိုးစန်း၏ အနောက်တွင် ပုန်းကွယ်၍ ကျိုးစန်း၏ အကာအကွယ်ကို အားကိုးကာ သူ့ကို အရေးမစိုက်နေခြင်းပင်။
ထိုလူငယ်ပြသနေသော မထီမဲ့မြင်ပြုမှုက ကျိုးစန်းမှ သူ့အပေါ် ထားရှိသော မထီမဲ့မြင်ပြုမှုနှင့် အတူတူပင်။
အချိန်ခဏတာအတွင်းမှာပင် ကျိုးစန်း အပေါ်ထားရှိသော အာဃာတများကို ချင်ကျီအပေါ်သို့ သူ လွှဲပြောင်းလိုက်တော့သည်။
ထို့ကြောင့်... သူ့ထံ၌ လူသတ်ချင်စိတ်များ ပြင်းထန်လာလေ၏။
ငါ ကျိုးစန်းကို မသတ်နိုင်ရင်တောင်မှ ကောင်းကင်တက်လှမ်းနယ်ပယ်မှာပဲရှိသေးတဲ့ မင်းလို ကလေးတစ်ယောက်ကို သတ်နိုင်သေးတယ်!
ထိုအချိန်တွင် ဘေး၌ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ပွဲကြည့်နေသော ချင်ချွမ်းဆီသို့ စနစ်၏အချက်ပေးသံ ရောက်ရှိလာသည်။
"ဒင်! အန္တိမနယ်ပယ် အဆင့်ခြောက်မှာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်က မင်းရဲ့သားအပေါ်မှာ လူသတ်ချင်စိတ် ဖြစ်ပေါ်နေတယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' အခြေခံမူအရ မင်းရဲ့ကျင့်ကြံမှုအဆင့်ကို အန္တိမနယ်ပယ်၊ အဆင့်ခြောက်ထိ မြှင့်တင်ပေးမှာဖြစ်ပြီး အဲ့ဒီအဆင့်အတွင်းမှာဆို မင်းက ပြိုင်ဘက်ကင်းပါပဲ"
ထိုအသံကို ကြားလိုက်ရသည့်အခါမှသာ ချင်ချွမ်း၏ နှလုံးသားထဲ၌ ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့၏။
ထို့ကြောင့် သူ့လက်ဖက်ရည်ခွက်ကို ချကာ မတ်တပ်ရပ်ပြီး ကျိုးစန်းကို ပြောလိုက်သည်။
"ညီအစ်ကိုကျိုး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်"
"ချင်ကျီအပေါ် ထားရှိတဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ သူ့ကြောင့်နဲ့တော့ မိသားစုထဲမှာ ပြဿနာမတက်စေပါနဲ့၊ အဲ့ဒီနေရာဆိုတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါ"
ကျိုးစန်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။
ဆံပင်အနီရောင်နှင့်အကြီးအကဲကတော့ ချင်ချွမ်းအား လှောင်ပြောင်သလို ကြည့်လာပြီး...
"မင်းက ဒီကောင့်အဖေလား...ဒီမှာ လာပြီး ဟန်ဆောင်မနေနဲ့၊ မင်းတို့ အဲ့ဒီနေရာကို တကယ်စွန့်လွှတ်နိုင်မယ်လို့ ငါ မယုံဘူး!"
"ခင်ဗျား ယုံတာ မယုံတာက ကျုပ်တို့ကိစ္စ မဟုတ်ဘူး!"
ထိုလူက သူ့အဖေကိုပါ ပစ်မှတ်ထားလာသည်ကို မြင်သောအခါ ချင်ကျီမှာ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လိုက်လေသည်။
"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ...ဘယ်လိပ်ဥထဲကနေ ပေါက်လာမှန်းမသိဘဲနဲ့ တကယ်ကို အရေးပါလှပြီလို့ ထင်နေတာလား!"
"သေချင်နေတယ်ပေါ့! ငါ လူအိုကြီးက မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်!"
ဆံပင်အနီရောင်နှင့်အကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့လာ၏။ သူ့မျက်ခုံးကြားထဲမှ အလွန်ထက်ရှသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ကျီဆီ ပစ်လွှတ်လာလေသည်။
"ဖျက်ဆီးပစ်စမ်း!"
ကျိုးစန်းမှ လက်သီးဖြင့် ထိုးလိုက်ရာ ထွက်ပေါ်လာသော ရွှေရောင်လက်သီးရိပ်များက အလွန်အားကောင်းလှသဖြင့် ရွှေရောင်အလင်းတန်းအား ရိုက်ခွဲနိုင်ခဲ့၏။
သို့သော်ငြား ထိုရွှေရောင်အလင်းတန်းသည် ပေါက်ကွဲသွားပြီးနောက် သေးငယ်သော ရွှေအပ်ပေါင်း သောင်းချီအဖြစ်သို့ ပြောင်းလဲသွားကာ ကျိုးစန်းကို ကွေ့ဝိုက်၍ ချင်ကျီဆီသို့ ပြေးဝင်သွားသည်။
"မဖြစ်ဘူး!"
ကျိုးစန်းသည်လည်း တစ်ဖက်လူ၌ ထိုကဲ့သို့သော အကွက်မျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုရွှေရောင်အပ်များသည် အလွန်မြန်လွန်းလှသဖြင့် သူ အချိန်မီ တားဆီးနိုင်ရန် နောက်ကျသွားလေပြီ။
"ဒေါင်! ဒေါင်! ဒေါင်!"
သို့သော်ငြား နောက်တစ်စက္ကန့်အတွင်းတွင် ချင်ကျီ၏ ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းလွှာတစ်ခု ပေါ်ပေါက်လာပြီး ရွှေအပ်များအားလုံးသည် ထိမှန်ပြီးပြီးချင်း ကြေမွကုန်ကြ၏။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဆံပင်အနီရောင်နှင့်အကြီးအကဲ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
ထိုအချိန်တွင် တည်ငြိမ်သော်လည်း အေးစက်နေသော အသံတစ်သံက ပဲ့တင်သံထပ်ကာ ထွက်ပေါ်လာခဲ့၏။
"ဟက်! ငါ့ရှေ့မှာတင် ငါ့သားကို သတ်ဖို့ ကြိုးစားရဲတယ်...ကြည့်ရတာ ခင်ဗျားလို လိပ်အိုကြီးက... ကျုပ်ကို မျက်လုံးထဲ တစ်ကယ်မထည့်ထားတာပဲ"