← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အခန်း (၂၃၅)။

“ဒီတစ်ကြိမ်မှာ ငါတို့ စကြာဝဠာအိတ်ကို မရရှိခဲ့ပေမယ့်၊ ကြီးမားတဲ့ အောင်ပွဲကြီးတစ်ခု ရယူနိုင်ခဲ့တယ်။ ရန်သူ ၁၀,၀၀၀ ကို သုတ်သင်နိုင်ခဲ့ပြီး၊ ၂၀,၀၀၀ ကို ဖမ်းဆီးခဲ့တယ်။ စစ်သင်္ဘော ၂၀၀ နဲ့ ယွန်မင်နိုင်ငံရဲ့ နိုင်ငံပြယုဂ်ဖြစ်တဲ့ စစ်သင်္ဘောကြီး စိတ်ကူးနတ်ဘုရားသင်္ဘောကြီးတောင် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါက နိုင်ငံတည်ထောင်ချိန်ကစပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးကဲတဲ့ အောင်မြင်မှုပဲ။ အောင်ပွဲသတင်းကို ဧကရာဇ်မင်းမြတ် လက်ခံရရှိချိန်မှာ ဘယ်လောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်လိုက်မလဲ…။”

“ငါ့သား…..၊ အခုလောလောဆယ် ကျောက်စိမ်းမြို့တော်မှာတော့ တရားဝင် အမိန့်ပြန်တမ်းကို ထုတ်ပြန်ထားပြီးပြီ။ အိမ်တိုင်းအိမ်တိုင်း မီးရှူးမီးပန်းများ ဖောက်ကြပြီး အောင်ပွဲခံနေကြလိမ့်မယ်…။”

“ဟုတ်တယ်၊ အခု ဆောင်းရာသီဆိုတော့ ကျောက်စိမ်းမြို့တော်မှာ နှင်းကျနေမှာပဲ။”

“စိတ်ကူးနတ်ဘုရားသင်္ဘောကြီးက အန်မတန် ကြီးမားလှတယ်။ ငါတို့ရဲ့ သွားငါးချောင်း စစ်သင်္ဘောကြီး ၁၀ စင်း ပေါင်းစည်းလိုက်ရင်တောင် ဒီသင်္ဘောကြီးရဲ့အရွယ်အစား ထက်ဝက်တောင် မမီဘူး။ ကြည့်လိုက်စမ်း…။ သင်္ဘောကုန်းပတ်ကို သံမဏိနဲ့ တည်ဆောက်ထားတယ်။ သံချေးလည်း မတက်ဘူး။ ဒီသံမဏိက ဘာသံမဏိအမျိုးအစားလည်း မသိဘူး..။”

“စိတ်ကူးနတ်ဘုရားသင်္ဘောကြီးက ကြီးမားပြီး ခိုင်ခံ့တယ်။ မြောက်ပိုင်းပင်လယ်ထဲမှာ ရေခဲတောင်နဲ့ တိုက်မိရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သင်္ဘောကြီးက အလွန်နှေးကွေးပြီး လူအင်အားများစွာ လိုအပ်တယ်။”

“ဘာသံမဏိအမျိုးအစား ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ နှေးနှေး ငါတို့ ဂရုစိုက်စရာ မလိုဘူး။ ဒီကိစ္စက တရားရုံးရဲ့ကိစ္စပဲ။ ဘာပဲဖြစ်ဖြစ်, ဒီတစ်ကြိမ်မှာ ငါတို့က ကြီးမားတဲ့ကမ္မကုသိုလ်ကြီးကို စွမ်းဆောင်နိုင်ခဲ့တယ်။ ချန်ပီယံမြို့စားက အောင်ပွဲအစီအရင်ကို တင်ပြပြီးနောက်၊ တရားရုံးက ငါတို့အောင်မြင်မှုကို ဂုဏ်ပြုဖို့ တရားဝင်စာတမ်း ပေးပို့လိမ့်မယ်။ ငါ့ကို မြင့်မြတ်တဲ့ဘွဲ့တစ်ခုခု ချီးမြှင့်ပေးရင်ကို ငါ ကျေနပ်ပါပြီ။ ငါ ချန်ပီယံမြို့စားနဲ့အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး စည်းစိမ်ဥစ္စာများစွာလည်း စုဆောင်းမိပြီ။ ဒီနောက်ပိုင်း အနားယူပြီး စစ်တိုက်မထွက်ချင်တော့ဘူး။ ကျောက်စိမ်းမြို့တော် အပြင်ဘက်မှာ သဘာဝပါတ်ဝန်းကျင် ကောင်းမွန်တဲ့ နေရာတစ်ခုကို ရှာဖွေမယ်။ စံအိမ်အချို့ဝယ်ယူပြီး၊ အိမ်ဖော်အချို့ ငှားရမ်းမယ်။ ဇနီးငယ်လေး ခုနစ်ယောက် ရှစ်ယောက်လောက်နဲ့ လက်ထပ်ပြီး အင်မော်တယ်ဘဝလို နေထိုင်ခံစားဦးမယ်…။”

ကျွန်းတစ်ကျွန်းအလား ကြီးမားသော စိတ်ကူးနတ်ဘုရားသင်္ဘောပေါ်တွင် စစ်သူကြီးများစွာသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

ယခုအခါ သူတို့သည် အောင်ပွဲခံပြန်လာခဲ့ပြီ ဖြစ်သောကြောင့် ချန်ပီယံမြို့စား၏ သင်္ဘောစုတစ်ခုလုံးသည် မည်သည့်သတ်ဖြတ်ခြင်း အငွေ့သက်မှ မရှိတော့ဘဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

မည်မျှတင်းကြပ်ပြီး စစ်ရေးကျွမ်းကျင်သူများပင် ဖြစ်စေကာမူ ဤမျှ ကြီးမားသည့် အောင်မြင်မှုကြီးနှင့် စစ်လက်နက်ပစ္စည်းများစွာ သိမ်းဆည်းရရှိထားသည်ကို ကြုံတွေ့ရသောအခါ မျက်နှာကြီး နှားနှစ်ဖက်ချိတ်သည်အထိ မပြုံးဖြဲဘဲ မနေနိုင်ကြပေ။ လူတိုင်းသည် လှပသော အနာဂတ်ကို စိတ်ကူးယဉ်နေကြသည်။

ဤတစ်ကြိမ်တွင် ချန်ပီယံမြို့စား၏ သင်္ဘောအုပ်စုသည် တောရိုင်းဒေသသို့ ခရီးထွက်ခဲ့ပြီး ယွန်မင်နိုင်ငံ၏ သင်္ဘောများစွာကို အနိုင်ယူကာ ကျွန်များစွာကို ဖမ်းဆီးခဲ့ပြီး ယွန်မင်သင်္ဘောအုပ်စုမှ ရတနာများစွာကို လက်ခံရရှိခဲ့သည်။ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော စစ်သည်များ အားလုံးနီးပါးသည် အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

သို့သော် စိတ်လှုပ်ရှားနေသော တပ်မှူးများနှင့် စစ်ဗိုလ်များနှင့်မတူဘဲ၊ စိတ်ကူးနတ်ဘုရားသင်္ဘောထိပ်တွင် ဤသင်္ဘောအုပ်စုကြီး၏ အဆင့်မြင့် ပုဂ္ဂိုလ်များဖြစ်သည့် စစ်သူကြီးများ၊ စစ်ဗိုလ်ချုပ်များနှင့် တစ္ဆေအင်မော်တယ်များပင်လျှင် စုဝေးနေကြပြီး အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးနေပုံရသည်။

ဤသူများ ဆွေးနွေးနေစဉ် အပြင်ဘက်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး၊ လှံရှည်များကို ကိုင်ဆောင်ထားသော စကြာဝဠာနဂါးစောင့်များ သည် ရွှေဖြင့်သွန်းလောင်းထားသည့် စစ်နတ်ဘုရားများအလား မတ်တပ်ရပ်နေကြသည်။

“ဒီကိစ္စက ယွန်နိုင်ငံနဲ့ ပတ်သက်နေတာ သေချာရဲ့လား။ ဒီကိစ္စက အလွန်အရေးကြီးတယ်။ သတင်းအချက်အလက် တစ်ခုတစ်လေတောင် လွဲချော်လို့မရဘူး..။ မင်း နားလည်ရဲ့လား။”

ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော မျက်နှာ၊ ပန်းထိုးအဝတ်အစားနှင့် ခရမ်းရွှေရောင် သရဖူကို ဆင်မြန်းထားသည့် လူငယ်တစ်ဦး။ သူ့ပုံစံက ကျောက်စိမ်းမြို့တော်တွင် ကောင်းစွာပြုစုစောင့်ရှောက်ခံထားရသော ချောမောသည့် လူငယ်တစ်ဦးနှင့် တူသည်။ သူသည် အလယ်တွင်ထိုင်နေပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကစားနေသည်။

ဤလူငယ်သည် ချန်ပီယံမြို့စားမှလွဲ၍ အခြားမည်သူမျှ မဖြစ်နိုင်ပေ။

ဤအချိန်တွင် သူသည် စစ်ဝတ်စုံကို ချွတ်ထားပြီး၊ လွှမ်းမိုးနိုင်စွမ်း ကြီးမားပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော စစ်သူကြီးဆန်ဆန် အမူအရာကို ပြန်လည် သိမ်းဆည်းထားသည်။ သူသည် ထူးချွန်ထက်မြက်သော စာပေပညာရှင်ပုံစံ လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် မျက်လုံးများ တောက်ပနေသည့် သူလျှိုတစ်ဦး၏စကားကို နားထောင်နေသည်။ ထိုသူလျှိုသည် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်သည် သန့်စင်ထားသော သံမဏိနှင့်တူသည်။

“မြို့စား၊ ကျွန်တော့်ရဲ့ သတင်းအချက်အလက်တွေက မှန်ကန်ပါတယ်။ ဖူဘိုရေတပ်ရဲ့ ဗိုလ်ချုပ်ကြီး ရှောင်ထျန်ယောင်းရဲ့ သင်္ဘောအုပ်စုဟာ နတ်ဘုရားလေနိုင်ငံကို ရောက်ရှိခဲ့တယ်။ သူတို့က ကျွန်တွေနဲ့ မဟူရာနတ်ဆိုးချီလင်မြင်းတွေကို ရောင်းချပြီးတဲ့နောက်၊ မက်မွန်နတ်ဘုရား သင်္ဘောတစ်စင်းနဲ့ လဲလှယ်ခဲ့တယ်။ ဒီနောက် သူတို့က ပင်လယ်ထဲသို့ ထွက်ခွာသွားပြီး နတ်ဘုရားလေနိုင်ငံနှင့် ယွန်နိုင်ငံကြားရှိ ပင်လယ်ထဲမှာ ပျောက်ကွယ်သွားခဲ့တာ။ တစ်ချိန်တည်းမှာပဲ၊ ယွန်နိုင်ငံရဲ့ မင်းသမီး ချန်ယင်းရှာကလည်း ပစိတ်ဖိတ်ရေတပ်ရဲ့ ကင်းလှည့်သံတမန်နဲ့အတူ မက်မွန်နတ်ဘုရားသင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့တယ်။ သဲလွန်စအားလုံးက ဖူဘိုရေတပ်ရဲ့ ဗိုလ်ချုပ်ကြီး ရှောင်ထျန်ယောင်းရဲ့ ပျောက်ကွယ်မှုကို ညွှန်ပြနေတယ်။ ဒီကိစ္စမှာ ယွန်နိုင်ငံနဲ့ ပစိတ်ဖိတ်ရေတပ်တို့ ပါဝင်ပတ်သက်နေရမယ်။”

သူလျှိုက ပြောရင်း သတင်းအချက်အလက် စာရွက်တစ်ခုကို ထုတ်ယူပြီး ချန်ပီယံမြို့စားထံ ပေးအပ်လိုက်သည်။

ချန်ပီယံမြို့စားသည် လက်ထဲရှိ ခေါက်ယပ်တောင်ကို ချထားပြီး စာရွက်ကို လှမ်းယူလိုက်သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သတင်းအချက်အလက် အားလုံးကို မှတ်မိသွားပုံရသည်။ သူက မျက်လုံးများကို မှိတ်ထားပြီး ခဏစဉ်းစားလိုက်သည်။ “ဒီစာရွက်ကို ဖြန့်လိုက်ပါ။ အားလုံး ဖတ်ကြည့်ကြပါစေ။”

“ဟုတ်ကဲ့။”

သူလျှိုသည် ချက်ချင်း သတင်းအချက်အလက်များကို အစည်းဝေး တက်ရောက်နေသူ အားလုံးထံ ဖြန့်ဝေလိုက်သည်။

အစည်းအဝေး တက်ရောက်နေသူများမှာ ရှောင်အန်ရန်၊ ကျန်းဘိုဟန်၊ ယောင်ချင်းဟွေ၊ ယောင်ယွဲ့ရှင်း၊ နတ်လင်းယုန်ဘုရင်၊ တစ္ဆေအင်မော်တယ်ငါးဦး၊ ဝေတိုင်ကန်၊ ဝူအိမ်တော်ထိန်းနှင့် သိုင်းသူတော်စင် ဗိုလ်ချုပ်နှစ်ဦးတို့ ဖြစ်သည်။ ကျန်ရှိသူများသည် စစ်သည်တစ်သိန်းကို ဦးဆောင်အမိန့်ပေးနိုင်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည့် ဗိုလ်ချုပ်ဝတ်စုံဖြင့် ဗိုလ်ချုပ်သုံးဦးဖြစ်သည်။

ဤဗိုလ်ချုပ်သုံးဦးသည် နာလန်ယန်လူးထက်ပင် ဂုဏ်သိက္ခာကြီးမားပြီး တည်ငြိမ်သည်။

၎င်းတို့သည် တော်ဝင်ချန်ရေတပ်ရှိ ဇန်ဟိုင်ရေတပ်ဗိုလ်ချုပ်ကြီး ယွဲ့ဒွမ်ဟန်၊ ဒင်ဟိုင်ရေတပ် ဗိုလ်ချုပ်ကြီး ကျီကျင်ယန်နှင့် ဖျင်ဟိုင်ရေတပ်ဗိုလ်ချုပ်ကြီး လျူဂျွန်ဒေါင်တို့ ဖြစ်ကြသည်။

ဤရေတပ်ဗိုလ်ချုပ်ကြီး သုံးဦးသည် ပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး ယန်ကျန်း၊ ဖူဘိုရေတပ်၏ ဗိုလ်ချုပ်ကြီး ရှောင်ထျန်ယောင်းတို့နှင့်အတူ ထင်ပေါ်ကျော်ကြားသူများ ဖြစ်သည်။ အင်ပါယာတရား၏ စစ်တပ်တွင် သူတို့သည် “ပဒေသရာဇ်ဘုရင်ခံများ” အဖြစ်လည်း နာမည်ကျော်ကြားသည်။ ၎င်းတို့၏လက်ထဲရှိ အာဏာသည် ပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးများကဲ့သို့ ကြီးမားသည်။

ဤအချိန်တွင် ချန်ပီယံမြို့စားသည် ဖူဘိုရေတပ်ဗိုလ်ချုပ်ကြီး ရှောင်ထျန်ယောင်း၏ သင်္ဘောအုပ်စုသည် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားမှုကို စုံစမ်းစစ်ဆေးရန် လူတိုင်းကို စုဝေးစေခဲ့ခြင်း ဖြစ်သည်။

ဤကိစ္စစည် ကြီးမားသော ကိစ္စကြီးတစ်ခုဖြစ်ပြီး သူတို့သည် စုံစမ်းစစ်ဆေးရမည်။ သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိရမည်။

ဖူဘိုရေတပ်၏ ဗိုလ်ချုပ်ကြီး ရှောင်ထျန်ယောင်းသည် ဒုတိယအဆင့် အမတ်တစ်ဦးဖြစ်ပြီး၊ သူ၏စစ်ရေး ရာထူးသည် ပြည်နယ်အုပ်ချုပ်သူတစ်ဦးနှင့် ညီမျှသည်ဟူသော စကားကို မပြောနှင့်ဦး။ အုပ်ချုပ်သူတစ်ဦးသည် သင်္ဘောအုပ်စုကြီးအပါဝင် စည်းစိမ်ဥစ္စာများစွာနှင့်အတူ ပျောက်ကွယ်သွားသည် ဆိုသော သတင်းသာ ပျံ့နှံ့သွားပါက၊ ထိုကိစ္စသည် အင်ပါယာတရားရုံးကို ထိတ်လန့်စေမည့် ကြီးမားသောကိစ္စကြီး ဖြစ်နေပြီ။

ထို့ပြင်၊ ထိုသင်္ဘောအုပ်စုမှာ နဂါးအလံတော်၊ ဧကရာဇ်ဓားနှင့် ရွှေတံဆိပ်တုံတို့ ပါရှိပြီး၊ သူတို့သည် ဧကရာဇ်စေတမန်များနှင့် ညီမျှသည်။

ထို့ပြင်၊ အင်ပါယာတရားရုံးမှ “အင်မော်တယ်သခင်လေး” ဘွဲ့အမည်ဖြင့် တတိယအဆင့် မှူးမတ်အဖြစ် ချီးမြှင့်ထားသော တာအိုပညာရှင် ရှောင်ရှောနန်၊ နတ်ဘုရားဓားတပ်စခန်း၏ တာအိုပညာရှင် ၁၈ ဦး၊ ဘီအန်တပ်စခန်း၏ တပ်ရင်းမှူး ၇ ဦးနှင့် လက်ထောက် တပ်မှူးများ၊ စစ်သည် ထောင်ချီ အားလုံး သုတ်သင်ခံလိုက်ရသည်။ ဤကိစ္စသည် အမှန်ပင် ကြီးမားလွန်းပါသည်။

ဤစစ်ဆင်ရေးကိစ္စ၏ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် ချန်ပီယံမြို့စားသည် ဤကိစ္စနှင့်ပတ်သက်၍ အင်ပါယာတရားရုံးကို ရှင်းလင်းချက် ပေးရပါလိမ့်မည်။

မဟုတ်လျှင် သူ၏ရာထူးသည် အဆင့်မြင့်မားပြီး ဧကရာဇ်မင်းမြတ်ထံမှ မျက်နှာသာရရှိထားသည့်တိုင်, ဧကရာဇ်တရားရုံး၏ စွပ်စွဲပြစ်တင်မှုများကြား တွင် နစ်မွန်းသွားရမည် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် ၎င်းကို ခုခံကာကွယ်ပေးရန် အကြောင်းပြချက် မရှိတော့ပါ။

“ဘယ်လိုထင်ပါသလဲ။ ဒီကိစ္စကို လွှတ်ထားလို့မရဘူး။ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရမယ်။”

ချန်ပီယံမြို့စား၏ မျက်လုံးများက တက်ရောက်နေသူ အားလုံးကို ဖြည်းဖြည်းချင်း စူးစိုက်ကြည့်ရှုလိုက်သည်။

တက်ရောက်နေသူများသည် တစ္ဆေအင်မော်တယ်များ၊ သိုင်းသူတော်စင်များ ဖြစ်ကြပြီး၊ ကမ္ဘာတစ်ခုလုံးတွင် လွတ်လပ်စွာ သွားလာနိုင်သော်လည်း၊ ချန်ပီယံမြို့စား၏ အကြည့်အောက်တွင် ၎င်းတို့အားလုံးသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ဝူအိမ်တော်ထိန်းသည် မျက်လုံးများကို မှိတ်ထားပြီး အနားယူနေသလို ဖြစ်သည်။ ဝေတိုင်ကန်၏ ရှည်လျားသော မျက်ခုံးများက အတွေးနက်နေသည့်အလား တုန်ခါနေပြီး သူ တွေးနေသည့်အရာကို မည်သူမျှ မသိပေ။

ယောင်ချင်းဟွေနှင့် ယောင်ယွဲ့ရှင်းတို့ သမီးနှင့်မိခင်နှစ်ဦးသည် တစ္ဆေအင်မော်တယ်အဆင့် ကျွမ်းကျင်သူများ ဖြစ်သော်လည်း၊ သူမတို့သည်လည်း စကားမပြောကြဘဲ တိတ်ဆိတ်နေကြသည်။ သူမတို့သည် ယောင်ချီဂိုဏ်းမှ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင် သူမတို့သည် တော်ဝင်ချန်ရေတပ်ကို ကူညီရန် ရောက်ရှိလာခဲ့သည်။ ယခု ဤမျှကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာသောအခါ တာဝန်မယူဘဲနေခြင်းက ပိုမိုကောင်းမွန်သည်။

ရှောင်အန်ရန်က ရုတ်တရက် ပြောလိုက်သည်။ “တကယ်လို့, ဒီကိစ္စက ယွန်နိုင်ငံနဲ့ ပတ်သက်နေရင်, မြို့စားက ချက်ချင်း တပ်တွေကို ဦးဆောင်ပြီး ယွန်နိုင်ငံရဲ့ ကျွန်းပေါ် တက်ရောက်ကာ၊ သူတို့နိုင်ငံကို တိုက်ခိုက်ပြီး၊ သူတို့ဘုရင်ကို ဖမ်းဆီးပြီး အင်ပါယာတရားရုံးကို ခေါ်ဆောင်ကာ စစ်ဆေး မေးမြန်းနိုင်တယ်။ ဟမ့်…၊ အခြားသူတွေ မသိပေမယ့် ဖန်ရှင်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်တော်က ယွန်နိုင်ငံရဲ့ မင်းသမီးချန်ယင်းရှာဟာ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်တဲ့ ငွေငါးမန်းဘုရင်ဆိုတာ သိထားတယ်။ ဒီကိစ္စကို ဒီနတ်ဆိုးမက လုပ်ဆောင်ခဲ့တာ ဖြစ်ရမယ်။ မြို့စား,… ဘယ်လိုပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေအရဆို ဒီကိစ္စမှာ ယွန်နိုင်ငံက အကြီးမားဆုံး သံသယရှိသူပဲ။ ကျွန်တော်တို့တပ်တွေကို ယွန်နိုင်ငံဆီ ဦးဆောင်သွားကြစို့။ ယွန်နိုင်ငံက လူဦးရေ ရှစ်သိန်းလောက်ပဲ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပြီး၊ စစ်သည်နှစ်သောင်းအောက်ပဲရှိတယ်။ သူတို့ကို ဖျက်ဆီးဖို့က ကျွန်တော်တို့အတွက် အလွန်လွယ်ကူပါလိမ့်မယ်..။”

“ငါတို့ အဲဒီလို လုပ်လို့မရဘူး…။”

ဖျင်ဟိုင်ရေတပ်ဗိုလ်ချုပ် လျူဂျွန်ဒေါင်က ပြောသည်။ “ဂိုဏ်းချုပ်ရှောင်၊ သင်က တာအိုဂိုဏ်းကို ဦးဆောင်နေသူ ဖြစ်တော့ နိုင်ငံရေးကိစ္စတွေကို နားမလည်နိုင်ဘူး။ ယွန်နိုင်ငံမှာ လူဦးရေရှစ်သိန်းနဲ့ စစ်သည်နှစ်သောင်းအောက်ပဲ ရှိတယ်။ ကျွန်တော်တို့ သူတို့ကို သေချာပေါက် ဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် တော်ဝင်ချန်နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒအရ၊ ဧကရာဇ်မင်းမြတ်က အိမ်နီးချင်းနိုင်ငံတွေကို ကရုဏာ၊ ဖြောင့်မတ်မှုတွေနဲ့ အုပ်ချုပ်နေတယ်။ ကျွန်တော်တို့ ယွန်နိုင်ငံကို ဖျက်ဆီးလိုက်ရင်, ပင်လယ်ပြင်ရှိ အခြားနိုင်ငံလေးတွေက ဘာတွေးလာမလဲ။ နတ်ဘုရားလေနိုင်ငံလည်း စိတ်မသက်မသာ ဖြစ်လာနိုင်သလို၊ လျှိုဇူ၊ ဘိုင်ယူ၊ ရီမူနဲ့ လျှိုရှီယာနိုင်ငံလေးတွေကရော ဘာတွေးမလဲ။ သူတို့က တော်ဝင်ချန်ကို ဆန့်ကျင်ဖို့ ပိုမိုစုစည်းသွားမှာ စိုးရိမ်ရတယ်။ ဒါက ဧကရာဇ်မင်းမြတ်ရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒကို ထိခိုက်စေနိုင်တယ်။ အရာရှိတွေနဲ့ ဧကရာဇ်သံတမန်တွေ လည်း ကျွန်တော်တို့အားလုံးကို စစ်ဆေးမေးမြန်းဖို့ အင်ပါယာတရားရုံးကို တဟုန်ထိုး ရောက်လာကြလိမ့်မယ်။ ကျွန်တော်တို့အားလုံး ရာထူးမှ ဖယ်ရှားခံရပြီး စစ်ဆေးမေးမြန်း ခံရလိမ့်မယ်။”

“ဒါဆိုရင် ဒီအတိုင်း လွှတ်ထားရမှာလား။ ကျွန်တော့် စီနီယာအစ်ကိုရဲ့သား ရှောင်ရှောနန်လည်း သေလား ရှင်လား မသိရသေးဘူး။ သူသေသွားရင်တောင် ဘယ်လိုသေဆုံးသွားလဲ မသိရဘူး။ ကျွန်တော်တို့ ဖန်ရှင်းတာအိုဂိုဏ်းက မှော်ရတနာဖြစ်တဲ့ အင်မော်တယ်ပစ္စည်း အဝါရောင် ကျောက်စိမ်းကိုလည်း ဒီအတိုင်းကြီး ပျောက်ဆုံးခံလိုက်ရမှာလား။”

ရှောင်အန်ရန်သည် သဘာဝအားဖြင့် အလွန်စိတ်မရှည်သူ ဖြစ်သည်။

ရှောင်ရှောနန်သည် သူ့စီနီယာအစ်ကိုကြီး၏ သားဖြစ်ပြီး ဖန်ရှင်းတာအိုဂိုဏ်း၏ တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်လာရန် အလားအလာအရှိဆုံး လူငယ်တစ်ဦး ဖြစ်သည်။ ယခုအခါ သူသည် ပျောက်ဆုံးနေပြီး သေဆုံးသွားဖွယ် ရှိသည်။ အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းသည် ဖန်ရှင်းတာအိုဂိုဏ်းပင် သည်းမခံနိုင်သည့် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

“ဒီအတိုင်းထားလို့တော့ မရဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ခိုင်မာတဲ့ သက်သေမရှိဘူး။ ဒါကြောင့် ယွန်နိုင်ငံကို စွပ်စွဲမေးမြန်းဖို့ တပ်တွေ စေလွှတ်လို့မရသေးဘူး။” ချန်ပီယံမြို့စား၏ မျက်လုံးများက တဖျတ်ဖျတ်ခတ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

“ဒီလိုဆိုရင်ရော…၊ ဝေဘုရင်ခံရယ်၊ ဝူအိမ်တော်ထိန်းရယ်၊ ဂိုဏ်းချုပ် ချင်းဟွေရယ်၊ မိန်းကလေး ယွဲ့ရှင်းရယ်၊ ဇန်ဟိုင်၊ ဖျင်ဟိုင်၊ ဒင်ဟိုင်ရေတပ်က ဗိုလ်ချုပ်ကြီးသုံးဦးရယ်၊ သင်္ဘောစုအုပ်စုကို ဦးဆောင်ပြီး၊ တော်ဝင်ချန်နယ်မြေကို ပြန်ရွက်လွှင့်ပါ။ နတ်လင်းယုန်ဘုရင်၊ ရှောင်ဂိုဏ်းချုပ်နဲ့ ကျုပ်က သင်္ဘောတစ်စင်းကို ဦးဆောင်ပြီး ယွန်နိုင်ငံကို သွားရောက်မယ်။ ယွန်နိုင်ငံဘုရင်နဲ့ တွေ့ဆုံပြီး ဒီကိစ္စကို မေးမြန်းစုံစမ်းကြည့်မယ်။”

ချန်ပီယံမြို့စားသည် တခဏစဉ်းစားပြီးနောက် အကြံတစ်ခု ထွက်လာသည်။

“မြို့စားက မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်တဲ့ ငွေငါးမန်းဘုရင်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပြီ။ သူမက ဘယ်လိုအမျိုးသမီးမျိုး ဖြစ်မလဲ ကျွန်တော် သိချင်ပါတယ်။ သူမက ညှို့ငင်မြေခွေးဘုရင် ကြင်ယာတော်ယွမ်နဲ့ နှိုင်းယှဉ်လျှင် ဘယ်လိုရှိမလဲ။”

နတ်လင်းယုန်ဘုရင်က ရုတ်တရက် ပြောလိုက်သည်။

“ဟုတ်တယ်။” ချန်ပီယံမြို့စားသည် ဆုံးဖြတ်ချက်ချပြီးနောက်၊ လက်ထဲရှိ ခေါက်ယပ်တောင်ကို ပြန်လည်ကစားလိုက်သည်။

ဤအချိန်တွင် ယွန်နိုင်ငံတွင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ပင်လယ်ပြင်မှ ဖြစ်ပျက်နေသည်များကို အာရုံမထားခဲ့ပေ။ ပင်လယ်ပြင်သည် အလွန် ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ သူတို့၏ စိတ်ဝိညာဉ်များသည် ၁၀ ဆ ပိုမိုအားကောင်းနေလျှင်ပင်၊ သူတို့၏ စိတ်ဝိညာဉ်များကို နေ့စဉ် ခွဲထုတ်ပြီး ပင်လယ်ပြင် မိုင်ထောင်ချီတစ်လျှောက် စူးစမ်းကြည့်ရှုရန်နှင့် အမျိုးမျိုးသော အရာများကို သိရှိရန်မှာ မဖြစ်နိုင်ပေ။

ဤအချိန်တွင် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တာအိုပညာရပ်များကို လေ့ကျင့်နေကြသည်။ သူတို့သည် သူတို့သိမ်းဆည်းရထားသော နတ်ဆိုးနတ်ဘုရားသွေးတစ်စက်ကို စုပ်ယူပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် အခွင့်အရေးကို စောင့်မျှော်နေကြသည်။

ထိုအချိန်တွင် လက်ဖဝါးအရွယ်ရှိ ကြည်လင်သော ကျောက်တုံးတစ်ခုသည် လေထဲတွင် မျှောလွင့်နေပြီး၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ အတွေးများဖြင့် ရစ်ပတ်ထားသည်။

ကျင်းရွှမ်အာသည် အလယ်တွင် ရူးမိုက်စွာ ရပ်နေသည်။ သူမပါးစပ်တွင် ခရင်မ်အစအနများနှင့် သူမခန္ဓာကိုယ်ပေါ်တွင် နို့လက်ဖက်ရည် အစွန်းအထင်းများ ရှိနေသည်။ သူမသည် စားသောက်ပြီး၊ နို့လက်ဖက်ရည်ဖြင့် ရေချိုးထားသည်မှာ ထင်ရှားသည်။

“ကျင်းရွှမ်အာ၊ မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ မိုးကြိုးကပ်ဘေးဒဏ် ဖြတ်ကျော်ဖူးသူ ကျွမ်းကျင်သူတစ်ဦးရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူခြင်းဆိုတာမျိုးက ဒီကမ္ဘာကြီး စတင်ဖန်ဆင်းတဲ့ အချိန်ကစပြီး ယနေ့အထိ မရှိခဲ့ဖူးသေးတဲ့အရာပဲ။ ဒါ့ပြင်၊ ငါတို့က ဒီဝိညာဉ်ကို သန့်စင်နိုင်စွမ်း မရှိဘူး။ သူတော်စင်တူယွမ်ရဲ့ ဝိညာဉ်ထဲမှာ လျှို့ဝှက်အတွေးအချို့ ရှိနေသေးရင်, အဲဒီအတွေက မင်းကို ထာဝရပျက်သုဉ်းအောင် လုပ်ဆောင်နိုင်တယ်။ ယင်းရှာနဲ့ငါတောင် ဒါကို အတင်းမစုပ်ယူရဲဘူး။ မင်း သေချာစဉ်းစားရမယ်။”

ကောင်းကင်ထိုးဖောက်လေးနှင့် အကန့်အသတ်မဲ့မြှားကို ထုတ်ယူပြီးနောက်၊ ဟုန်ယွိက မက်မွန်နတ်ဘုရားဂိုဏ်း၏ ရတနာတွေကို ချစ်ခင်စွာ ပွတ်သပ်လျက် ရူးမိုက်မိုက်ပုံစံဖြင့် ရပ်နေသော ကျင်းရွှမ်အာကို ပြောလိုက်သည်။

“ဒီလောက်တဲ့ပစ္စည်းကို မလိုချင်သူ ဘယ်သူရှိမလဲ။ ကျွန်မ ကြိုးစားကြည့်မယ်။” ကျင်းရွှမ်အာသည် ခုန်ပေါက်နေရင်း၊ သူမ၏ တောက်ပြောင်နေသော ရွှေရောင်ဖျော့ဖျော့ အရေပြားကို လှုပ်ခါလိုက်သည်။ ၎င်းကြောင့် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ နို့လက်ဖက်ရည် အစွန်းအထင်းများသည် လေထဲသို့ လွင့်စင်သွားသည်။

“တကယ်ပဲ စဉ်းစားပြီးပြီလား။ ဒါက ရုတ်တရက် စိတ်လှုပ်ရှားမူကြောင့် လုပ်မယ်လို့ ပြောတာ မဟုတ်ဘူးမလား။ တကယ်လို့, မင်းရဲ့စွမ်းအားကို မြှင့်တင်ချင်ရင်တောင်၊ လုံခြုံစိတ်ချဖို့ ကြိုးစားပြီး ကျင့်ကြံအားထုတ်ရမယ်လေ။” ချန်ယင်းရှာက ကျင်းရွှမ်အာကို ကလေးဆိုးတစ်ဦးကို ကြည့်နေသည့် အလား ကြည့်လိုက်ပြီး သူမမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ငွေငါးမန်းအစ်မ၊ ကျွန်မ စဉ်းစားပြီးပြီ။ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျင့်ကြံနေမယ်ဆိုရင် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရောက်ဖို့ ဘယ်လောက်ကြာကြာ ကျင့်ကြံရမယ်မှန်း မသိတော့ဘူး။ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ဆို ပြောစရာတောင် မလိုဘူး။ စိတ်ဝိညာဉ်ခွဲထုတ်ခြင်း၊ နောက်ပြီး ရှင်ခြင်းသေခြင်း အတားအဆီးကို ကျော်လွှားရမယ့် တစ္ဆေအင်မော်တယ်နယ်ပယ်ဆို ပိုပြီးတော့တောင် ပြောစရာမလိုဘူး။ ဒါ့အပြင်၊ တစ္ဆေအင်မော်တယ်နယ်ပယ်ရောက်အောင် ကျင့်ကြံဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ကျွန်မတစ်သက်လုံး အဲဒီနယ်ပယ်ကို မရောက်နိုင်မှာ စိုးရိမ်ရတယ်။ ရွှေပင့်ကူရဲ့သက်တမ်းဟာ လူသားတွေလောက် မရှည်ဘူး။ အများဆုံးမှ နှစ် ၂၀ ကနေ ၃၀ လောက်ပဲ ရှိတယ်။ အခုဆိုရင် ကျွန်မ အသက် ၇ နှစ်ကနေ ၈ နှစ်လောက် ရှိနေပြီ။ တစ္ဆေအင်မော်တယ်နယ်ပယ်ကို မဖြတ်ကျော်နိုင်ရင် သေချာပေါက် သေမှာပဲ။ ဒါကြောင့်ပဲ ကျွန်မအဘိုးက ကျွန်မအပေါ်မှာ ဝိညာဉ်ကူးပြောင်းခြင်းအတတ်ကို လုပ်ဆောင်ပေးခဲ့တာ။ ဒါပေမယ့် ဝိညာဉ်ကူးပြောင်းခြင်းအတတ်ကို အသုံးပြုပြီးနောက်မှာ ကျွန်မဟာ သာမန်လူသားတစ်ယောက် ဖြစ်သွားပြီး ဆက်လက်ကျင့်ကြံလို့ မရတော့ဘူး။ ဒီနေ့ ဒီလိုအခွင့်အရေး ရှိလာတော့၊ ဘာလို့ မကြိုးစားကြည့်ရမှာလဲ။ မြန်မြန်လုပ်ပါ၊ မြန်မြန်လုပ်ပါ။”

ကျင်းရွှမ်အာက ထပ်မံ ခုန်ပေါက်လိုက်သည်။ သူမ၏ ရွှေရောင်ဖျော့ဖျော့ အရေပြားသည် တွန့်လိမ်နေပြီး၊ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။

ဝိညာဉ်ကူးပြောင်းခြင်းအတတ်သည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်း တာအိုပညာရပ်တစ်မျိုးနှင့် ညီမျှသည်။ ရွှေပင့်ကူဘုရင်က ကျင်းရွှမ်အာ အပေါ်တွင် ဝိညာဉ်ကူးပြောင်းခြင်းအတတ်ကို လုပ်ဆောင်ခဲ့ရခြင်းမှာ ကျင်းရွှမ်အာ၏ သက်တမ်း ကုန်ဆုံးသွားပြီး၊ သူမ တစ္ဆေအင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးသည့်အခါ၊ သူမ၏ဝိညာဉ်ကို ပြောင်းရွှေ့ပြီး အခြားခန္ဓာကိုယ်တစ်ခုထဲသို့ အတင်းထည့်သွင်းရန် ဖြစ်သည်။

သို့သော်၊ ဝိညာဉ်ကူးပြောင်းပြီးနောက်၊ ကျင်းရွှမ်အာသည် သာမန်လူသားတစ်ဦး ဖြစ်လာပြီး ဆက်လက်ကျင့်ကြံလို့ မရတော့ပါဘူး။ သူမ၏ မှော်စွမ်းအားသည် ပိုမိုအားနည်းလာကာ နောက်ဆုံးတွင် သေဆုံးသွားမည် ဖြစ်သည်။ သို့သော်၊ ရွှေပင့်ကူ၏သက်တမ်း ကုန်ဆုံးသွားပြီး၊ သူမ၏စိတ်ဝိညာဉ် သေဆုံးရမည့်အရေးကို စောင့်ဆိုင်းနေရခြင်းထက် များစွာ သာလွန်ပါသေးသည်။

“ကောင်းပြီ၊ ဒါဆိုရင် ငါတို့အရင်ဆုံး နတ်ဆိုးနတ်ဘုရားရဲ့ သွေးတစ်စက်ကို စုပ်ယူကြမယ်။ ငါတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကြီးမားလာပြီးနောက်၊ သူတော်စင်တူယွမ်ရဲ့ ဝိညာဉ်ကို အပြည့်အဝသန့်စင်ပြီး ကျင်းရွှမ်အာကို အတင်းစုပ်ယူစေမယ်။”

ဟုန်ယွိ၏ နတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားသည် ၎င်းကို ရစ်ပတ်ထားပြီး၊ ချန်ယင်းရှာနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

“ဖျစ်….။”

နတ်ဆိုးနတ်ဘုရား သွေးတစ်စက်ကို ချိတ်ပိတ်ထားသော သလင်းကျောက်တုံးသည် အက်ကွဲသွားပြီး၊ ပြင်းထန်ပြီး၊ ရှေးကျကာ ရိုင်းစိုင်းသော အငွေ့အသက်များ ထုတ်လွှတ်နေသော သွေးတစ်စက်သည် လေထဲတွင် မျှောလွင့်လာသည်။ ၎င်းသည် သုံးပိုင်းခွဲထွက်သွားပြီး၊ အပိုင်းနှစ်ခုသည် ဟုန်ယွိနှင့် ချန်ယင်းရှာ၏ နဖူးအလယ်သို့ ပျံသန်းသွားလေသည်။

အခန်း (၂၃၆)။

“ဘုန်း….”

နတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက်မှ သုံးပုံတစ်ပုံသည် သူ့နဖူးကို ထိလိုက်သောအခါ၊ ဟုန်ယွိသည် သူ့နဖူးတွင် ပြင်းထန်စွာ တုန်ခါမှုကို ချက်ချင်း ခံစားလိုက်ရ၏။ အနှစ်သာရစွမ်းအင် အထက်ပိုင်းသန္ဓေသား၏ ဝင်ပေါက်သည် ပြင်းထန်စွာ လှုပ်ခတ်နေပြီး၊ ကာလကြာရှည် မိုးခေါင်ပြီးနောက် မိုးရွာသွန်းခြင်း၏ သဘောတရားမျိုး ခံစားမှုကို ပေးစွမ်းနေသည်။

ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရားသွေးက အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်မြတ်ဆုံး ဆေးဝါးတစ်မျိုး ဖြစ်ကြောင်း သိရှိထားသည်။ ဤသွေးစက်သည် တိုင်ရှင်တာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး အထွဋ်ထိပ် အဂ္ဂိရတ်ကျမ်း၌ ဖော်ပြထားသော “ကောင်းကင်အနှစ်သာရဆေးလုံး” ကဲ့သို့ တာအိုပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ကို လူသားအင်မော်တယ်နယ်ပယ်အထိ ရောက်အောင် သန့်စင်ပေးနိုင်သည့်အဆင့်မျိုး မဟုတ်သော်လည်း၊ ထိုသွေးစက်သည် လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို များစွာ တိုးမြှင့်ပေးနိုင်ပြီး၊ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို စုစည်းပြီး၊ သန့်စင်ပေးနိုင်ကာ အတွင်းနတ်ဆိုးများကို ဖိနှိပ်နိုင်သည်။

နတ်ဆိုးနတ်ဘုရားသွေးစက်၏ အကျိုးသက်ရောက်မှုသည် ယွမ်ယန်ကောင်းကင်ပုလဲထက် များစွာသာလွန်သည်။

ယခုအခါ ဟုန်ယွိသည် “အနှစ်သာရချီ အထက်ပိုင်းသန္ဓေသားကျင့်စဉ်” ၏ ကျင့်ကြံမှုနည်းလမ်းကို အသုံးပြု၍ နတ်ဆိုးနတ်ဘုရားသွေးစက်ကို ပေါင်းစည်းနေသည်။

ဤကျင့်စဉ်သည် အနှစ်သာရနတ်ဘုရားကျောင်း၏ စစ်မှန်သော တာအိုပညာရပ်တစ်ခုဖြစ်ပြီး၊ နတ်ဆိုးနတ်ဘုရားသွေးကို သန့်စင်ရန်အတွက် အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်။

သူသည် သူ၏အတွေးအားလုံးကို စုစည်းပြီး၊ သူ့နဖူးအလယ်တွင် အနှစ်သာရချီ အထက်ပိုင်းသန္ဓေသားကျင့်စဉ်အတိုင်း ကလေးငယ်တစ်ဦး၏ပုံစံကို ဖန်တီးလိုက်သည်။

ထိုကလေးသည် ညင်သာစွာ အသက်ရှူလျက်၊ သူ့နဖူးအလယ်ရှိ အနှစ်သာရချီ အထက်ပိုင်းသန္ဓေသား အပ်စိုက်မှတ်ကို ကလေးငယ်၏ မိခင်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထို့နောက်၊ ကလေး၏ပုံစံသည် ထပ်မံပြောင်းလဲသွားပြီး အတိတ်အမိတ္တဘဗုဒ္ဓပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဆိုးနတ်ဘုရားသွေးသည် ဟုန်ယွိ၏ နဖူးထဲသို့ ထိသွားပြီး၊ သူ၏ဝိညာဉ်ထဲသို့ ပေါင်းစည်းသွားသည့်အခါ၊ ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွား သည်။ ကြီးမားကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော စိတ်ဆန္ဒတစ်ခုသည် ဟုန်ယွိ၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ ရုတ်တရက် ဟုန်ယွိ၏ ဝိညာဉ်ထဲတွင် ပုံရိပ်များစွာ ပေါ်ထွက်လာသည်။

ဤပုံရိပ်များသည် မြင်ကွင်းအပိုင်းအစများသာ ဖြစ်သော်လည်း၊ အစစ်မှန်များနှင့်မခြား ကွက်ကွက်ကွင်းကွင်းရှိလှပြီး အသက်ဝင်လှသည်။

လျှပ်တပြက်အတွင်းမှာ ဟုန်ယွိသည် ရုတ်တရက် အမည်မသိ ရှေးခေတ်တစ်ခု၊ အမည်မသိ နေရာတစ်ခုသို့ ပြန်လည်ရောက်ရှိသွားပြီး၊ အမည်မသိ နတ်ဘုရားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။

ဤနတ်ဘုရားသည် အဝတ်ဗလာနှင့် ကြံ့ခိုင်သော အမျိုးသားတစ်ဦး ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် ထူထဲကျယ်ပြန့်ပြီး၊ လက်ထဲတွင် တူကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထိုတူကြီးပေါ်တွင် ဦးခေါင်းတစ်ခု ထွင်းထုထားပုံရသည်။

“ဒီတူကြီးက နတ်ဆိုးနတ်ဘုရားတူ မဟုတ်လား…” ဟုန်ယွိသည် သူအသွင်ပြောင်းလဲသွားသော နတ်ဘုရားကြီး၏လက်ထဲရှိ တူကြီးသည် သခင်ကျိုးထံမှ သူ အတင်းသိမ်းယူခဲ့သော နတ်ဆိုးနတ်ဘုရားတူနှင့် အနည်းငယ် ဆင်တူသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။

“ဒါက နတ်ဆိုးနတ်ဘုရားလား…၊ နတ်ဆိုးနတ်ဘုရားသွေးထဲမှာ ပါဝင်တဲ့ စိတ်ဆန္ဒလား။ ဒီစိတ်ဆန္ဒကို လက်ခံပြီးရင် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်တယ်လား။ ရှင်ခြင်းသေခြင်း အတားအဆီးကို ဖြတ်ကျော်နိုင်တာလား….”

ဟုန်ယွိသည် သူ့ဝိညာဉ်ထဲတွင်၊ သူကိုယ်တိုင်မှ ပြောင်းလဲသွားသော နတ်ဘုရားသည် နတ်ဆိုးနတ်ဘုရားဖြစ်ကြောင်း သိရှိသည်။

ထိုနတ်ဆိုးနတ်ဘုရား၏ သွေးတွင် ထိုအချိန်တုန်းက အနှစ်သာရနတ်ဘုရားကျောင်း တည်ထောင်သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော နတ်ဆိုးနတ်ဘုရား၏ သွေးများပါဝင်သည်။ ထိုသွေးထဲတွင် နတ်ဆိုးနတ်ဘုရား၏ သန့်စင်သော စိတ်ဆန္ဒ ပါဝင်သည်။

“ဒါက… စစ်မြေပြင်ပဲ….။”

ဤအရာအားလုံးကို သိရှိပြီးနောက်၊ ဟုန်ယွိသည် ထူးဆန်းသည်ဟု မခံစားရတော့ပေ။ သူသည် နတ်ဆိုးနတ်ဘုရား၏သွေးကို သူ့ဝိညာဉ်ထဲသို့ စိတ်အားထက်သန်စွာ ပေါင်းစည်းလိုက်ပြီး၊ ထိုသန့်စင်သော စိတ်ဆန္ဒကို ခံစားလိုက်သည်။

ထိုစိတ်ဆန္ဒအတွင်း၊ ကြီးမားပြီး ကျယ်ပြန့်သော စစ်မြေပြင် မြင်ကွင်းကြီးတစ်ခုက ဟုန်ယွိရှေ့တွင် ပြည့်စုံစွာ ဖြစ်ပေါ်လာသည်။

မရေတွက်နိုင်သော စစ်သည်များ၊ မြင်းများ၊ လှံများ၊ ဓားများနှင့် လေးများသည် သူ့ကို ဝိုင်းရံထားသည်။ ရထားများသည် လေးထောင့်ပုံစံဖြင့် သူ့ကို ဝိုင်းထားသည်။ မြင်းတပ်၊ ခြေလျင်တပ်၊ လေးသမားတပ်နှင့် တပ်ဖွဲ့မျိုးစုံ ပါဝင်သည်။

ထိုနေရာသည် ကြီးမားပြီး အကန့်အသတ်မရှိသော သဲကန္တာရကြီး ဖြစ်သည်။ အနည်းဆုံး စစ်သည်တစ်သောင်းမှ သိန်းဂဏန်းအထိ သူ့ကို ဝိုင်းရံထားသည်။ မျက်စိတစ်ဆုံး လူအုပ်ကြီး, အလံများဖြင့် ထူထပ်နေသည်။

သဲကန္တာရမြေပြင်တွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး၊ သဲများသည် သွေးများဖြင့် စိုစွတ်နေပါသည်။

“ဒါက ပြိုင်ဘက်ကင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ လမ်းဆုံးအချိန်ပဲ..” ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် ကြီးမားသော တပ်ကြီးကို ဦးဆောင်နေသော စစ်ဗိုလ်ချုပ်တစ်ဦး၏ တည်ကြည်သော ခံစားမှုနှင့် သူရဲကောင်းတစ်ဦး၏ အလျှော့မပေးသော စိတ်ဓာတ်ကို ခံစားလိုက်ရသည်။

စစ်သည်တစ်သောင်းဖြင့် ဝိုင်းထားပြီးနောက်၊ ဤနတ်ဘုရားသည် အကြိမ်ကြိမ် ဟိန်းဟောက်ပြီး လက်ထဲရှိ ဧရာမတူကြီးကို ဝှေ့ယမ်းကာ ပြင်းထန်စွာ တိုက်ခိုက်နေသည်။

သံမဏိဒိုင်းများသည် ထိုတူကြီး၏ ထုချက်အောက်တွင် ကွဲအက်သွားသည်။ ဧရာမရထားတစ်စီးပင်လျှင် သူ့တူကြီးကို ဝှေ့ယမ်းလိုက်သောအခါ သစ်ရွက်တစ်ရွက်ကဲ့သို့ လွင့်စင်သွားသည်။

သူသည် ပြေးလွှားဟိန်းဟောက်ပြီး သွေးလှိုင်းများကို ဖန်တီးလိုက်သည်။ ထို့နောက်၊ ကျိုင်းကောင်များသဖွယ် လေးမြှားများက သူ့ထံသို့ ပစ်ခတ်လာသည်။ မြှားများသည် သူ့ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းလိုက်သော်လည်း၊ သူ့အသားဖြင့် ညှပ်ထားခံရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သောအခါ၊ မြှားများသည် ပြန်လည် ထွက်ခွာသွားပြီး သူ့ခန္ဓာကိုယ်မှ သွေးတစ်စက်မျှ မထွက်လာပေ။

“အံ့ဩစရာပဲ။ ဒီလူက….၊ ဒီလူဟာ လူသားအင်မော်တယ် ဖြစ်ရမယ်။ သူဟာ အစောပိုင်း လူသားအင်မော်တယ်တောင် မဟုတ်လောက်ဘူး….” ဟုန်ယွိသည် သူက ဤနတ်ဘုရားနှင့် တစ်သားတည်းဖြစ်သွားသည်ဟု ခံစားရသည်။ စစ်သည်နှင့် မြင်းထောင်ပေါင်းများစွာကို ရင်ဆိုင်ရင်း၊ သူသည် လွတ်လပ်စွာ တိုက်ခိုက် သုတ်သင်နေသည်။ သူသည် ဤနတ်ဘုရား၏စွမ်းအားကို ခံစားနိုင်ပြီး၊ ၎င်း၏စိတ်ထဲတွင် ပြင်းထန်သော အံ့ဩခြင်းများဖြင့် ပြည့်နှက်နေ၏။

ဤလူသည် အလွန်သန်မာလွန်းသည်။ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ချက်ဖြင့်၊ အချင်းဝက် မီတာ ၃၀ အတွင်းရှိ စစ်သည်များသည် မျက်လုံးနှင့်နှာခေါင်းများမှ သွေးများစီးထွက်ကာ၊ သူတို့၏ နှလုံးများ ပြိုကွဲသွားသည်။ တစ်ချိန်တည်းမှာပင်၊ အဝေးမှ စစ်မြင်းများသည်လည်း မြေပြင်ပေါ် ပျပ်ဝပ်ပြီး မလှုပ်ရှားရဲတော့ပေ။

ဤအခိုက်အတန့်တွင်၊ စစ်တပ်အားလုံးသည် ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားသည်။ စစ်တပ်အလယ်တွင်၊ ရွှေဖြင့်ပြုလုပ်ထားပုံရသော ရွှေရောင်ရထားတစ်စီးရှိပြီး၊ ထိုပေါ်တွင် ရွှေပလ္လင်တစ်ခုရှိသည်။

ထိုရွှေပလ္လင်ပေါ်တွင်၊ ဝတ်ရုံရှည်ပွပွ ဝတ်ဆင်ထားပြီး၊ ခေါင်းပေါ်တွင် သရဖူဆောင်းထားကာ၊ လက်ထဲတွင် ရာဇလှံတံကို ကိုင်ဆောင်ထားသည့် အလွန်အန္တရာယ်များသော ဧကရာဇ်တစ်ဦး ထိုင်နေသည်။

ဤဧကရာဇ်ကို မြင်သောအခါ၊ ဟုန်ယွိသည် သူ့စိတ်နှလုံးထဲမှ ပင်ကိုယ်ဗီဇအရ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် မတွန်းလှန်နိုင်သော စွမ်းအားနှင့် ဖိအားတစ်ခုကို ခံစားရသည်။

ဤခုခံနိုင်စွမ်းမရှိသော စွမ်းအားသည် ကောင်းကင်ဘုံ၏ဆန္ဒအလား ထင်မှတ်ရပြီး၊ မည်သူမျှ တွန်းလှန်နိုင်မည် မဟုတ်ပေ။ အတိတ်ကျမ်းကို တင်းတင်းကြပ်ကြပ် နားလည်ထားရုံသာမက၊ လှုပ်ရှားမှုမရှိ၊ ယိမ်းယိုင်မှုမရှိဘဲသော ဟုန်ယွိပင်လျှင် တွန်းလှန်ရန် မေ့လျှော့နေခဲ့သည်။

“ဒါက ရှေးခေတ်စစ်မြေပြင်တစ်ခုရဲ့ အပိုင်းအစတစ်ခုပဲ။ နတ်ဆိုးနတ်ဘုရားသွေးထဲမှာ ပါဝင်တဲ့ မှတ်ဉာဏ်တစ်ခုလည်းဖြစ်တယ်။ ဒီဧကရာဇ်က ဘယ်သူလဲ။ ဒီလိုပြင်းထန်တဲ့ ဖိအားက မိုနိုဂိုတာရီရဲ့ မီးလျှံနဂါးကိုးကောင်ထက်တောင် ပိုသန်တယ်။ မှတ်ဉာဏ်အပိုင်းအစတစ်ခု ဆိုပေမယ့်၊ ဒီဧကရာဇ်ဟာ ကောင်းကင်ဘုံရဲ့ အစစ်မှန်ဆန္ဒကို ကိုယ်စားပြုတယ်လို့တောင် ခံစားမိနေတုန်းပဲ။ ဒါ… ဒါက ယန်နတ်ဘုရား အင်မော်တယ် ဖြစ်နိုင်မလား…”

ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရားသွေးကို ပေါင်းစည်းပြီး၊ သူ့စိတ်ဖြင့် မှတ်ဉာဏ်အပိုင်းအစများကို ခံစားရကာ၊ သူ့စိတ်နှလုံးထဲတွင် မကြုံစဖူး အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ဝုန်း…၊ ဝုန်း….!

မှတ်ဉာဏ်ထဲတွင်၊ ထိုဧကရာဇ် ပေါ်ထွက်လာသည်နှင့်တပြိုင်နက်၊ သူသည် လက်ထဲရှိ ရာဇလှံတံကို မြှောက်ကာ၊ ထိုနတ်ဘုရားကို ညွှန်ပြသည်။ ဘုန်း….၊ ရုတ်တရက်၊ ထိုနတ်ဘုရားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချည်နှောင်ခံထားရသည့်အလား လှုပ်ရှား၍ မရတော့ပေ။

ဧကရာဇ်သည် ဟုန်ယွိသည် နားမလည်သော ဘာသာစကားဖြင့် ဆက်လက် ပြောဆိုနေပြီး၊ ဤနတ်ဘုရားကို လက်အောက်ခံရန် ကြိုးစားနေပုံရသည်။ သို့သော်၊ ဤနတ်ဘုရားသည် ဟိန်းဟောက်ပြီး အစွမ်းကုန် ရုန်းကန်နေသည်။

ထိုမှတဆင့်၊ ဟုန်ယွိသည် လက်တွေ့ဆန်သော ပြင်းထန်သော စိတ်ဆန္ဒတစ်ခုကို ခံစားနိုင်သည်။

ဤစိတ်ဆန္ဒသည် ဘယ်တော့မှ အရှုံးမပေးသည့် စိတ်ဆန္ဒ ဖြစ်သည်။

ထို့နောက်၊ ချီ၊ ချီ၊ ချီ၊ ချီ၊ ချီ! ဟူသော အသံငါးချက် ထွက်ပေါ်လာပြီး၊ နတ်ဘုရားသည် ချက်ချင်း အပိုင်းငါးပိုင်းအဖြစ် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။

သို့သော်၊ ဘယ်တော့မှ အရှံးမပေးသည့် ထာဝရစိတ်ဆန္ဒတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြား တွင် ကျန်ရစ်ခဲ့သည်။

ဒါဆို အဖြစ်ပျက်က ဒီလိုပေါ့။ တကယ်ကို ဒီလိုပဲပေါ့။ ဒီလိုချည်း အဆုံးသတ်ခဲ့တာလား။ ဒီနတ်ဘုရားဟာ ရှေးခေတ်စစ်နတ်ဘုရားတစ်ပါး ဖြစ်ရမယ်။ သူဟာ ဧကရာဇ်ကို ရှုံးနိမ့်ခဲ့ပြီး၊ သူထားခဲ့တဲ့ သွေးထဲမှာ ဘယ်တော့မှ အရှုံးမပေးလိုတဲ့ စိတ်ဆန္ဒတစ်ခု ပါဝင်နေခဲ့တယ်။

ဧကရာဇ်သည် သွေးများကို စုဆောင်းပြီးနောက်၊ မသန့်စင်မှု အားလုံးကို ဖယ်ရှားပြီး၊ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်နှင့် ပေါင်းစည်းရန် သန့်စင်ဆုံးသော စိတ်ဆန္ဒကို ချန်ထားခဲ့သည်။ ဤစိတ်ဆန္ဒအနည်းငယ်ဖြင့်၊ ကျင့်ကြံသူသည် ရှင်ခြင်းသေခြင်းအတားအဆီးကို ဖြတ်ကျော်ပြီး တစ္ဆေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ပုံရသည်။

ဟုန်ယွိသည် နောက်ဆုံးတွင် နတ်ဆိုးနတ်ဘုရား သွေးတစ်စက်သည် ကျင့်ကြံသူတစ်ဦးအား တစ္ဆေအင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ကူညီပေးနိုင်သည်ဟူသော အဓိပ္ပာယ်ကို နားလည်လိုက်သည်။

နတ်ဆိုးနတ်ဘုရားသွေးတွင် ရှေးခေတ်စစ်နတ်ဘုရား၏ အလျှော့မပေးလိုသော စိတ်ဆန္ဒ ပါဝင်နေသည်။

ရှေးခေတ် စစ်နတ်ဘုရားသည် ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး၊ မည်သည့် ဖြစ်တည်မှုမျိုးကိုမဆို ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပေ။ သူသည် ဖျက်ဆီးခံခဲ့ရသော်လည်း၊ သူ့စိတ်ဆန္ဒသည် ကျန်ရစ်ခဲ့သည်။ ကျင့်ကြံသူတစ်ဦးသည် ဤအမျှအင်အားကြီးမားသော စိတ်ဆန္ဒကို စုပ်ယူလိုက်သည်နှင့် သဘာဝအတိုင်း ရှင်ခြင်းသေခြင်းအတားအဆီးကို ဖြတ်ကျော်ပြီး တစ္ဆေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်သည်။

“ဒါကလည်း ရှေးခေတ်စစ်နတ်ဘုရားတစ်ဦးပဲ။ စုန်းတစ္ဆေဂိုဏ်းရဲ့ စစ်နတ်ဘုရားမှော်ပညာကျမ်းက နတ်ဆိုးကလည်း ရှေးခေတ်စစ်နတ်ဘုရားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ယောက်ဟာ အတူတူ မဟုတ်မှန်း သိသာတယ်။ ဒါပေမယ့် သူတို့မှာ တူညီတဲ့အရာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အလျှော့မပေးလိုတဲ့ စိတ်ဆန္ဒပဲ။”

ရှေးခေတ်ကတည်းက၊ ရှည်လျားသော သမိုင်းရေစီးကြောင်းထဲတွင်၊ စစ်နတ်ဘုရားဟု ခေါ်နိုင်သူများ သည် များများစားစား မရှိခဲ့ပေ။ သို့သော် သူတို့သည် တစ်ဦးတည်းလည်း မဟုတ်ပေ။ ဤလူမျိုးသည် နှစ်ငါးရာတိုင်း တစ်ကြိမ်ပေါ်ထွက်လာသော ကွန်ဖြူးရှပ်ပညာရှင်များနှင့် ဆင်တူသည်။

(အကယ်၍ ယန်နတ်ဘုရားစာစဉ်မှာပါသည့် “စစ်နတ်ဘုရား” ကို နားမလည်ပါက၊ ၎င်းကို လက်တွေ့ဘဝတွင် ထင်ရှားရှိသည့် ချီယူ၊ ရှန်းယုနှင့် အခြာပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သည်။ နတ်ဆိုးနတ်ဘုရားသွေးသည် ဤပုဂ္ဂိုလ်များ၏ အလျှော့မပေးသော စိတ်ဆန္ဒကို သန့်စင်ပေးခြင်းနှင့် ညီမျှသည်။ ထို့ကြောင့် တာအိုပညာရှင်များသည် ဤစိတ်ဆန္ဒကို အသုံးပြု၍ ၎င်းတို့၏ စိတ်နှလုံးကို ခိုင်မာစေပြီး တာအိုနှလုံးသားကို ခိုင်မြဲစေနိုင်ကြသည်။ သို့သော်၊ ယန်နတ်ဘုရား၏ ကမ္ဘာသည် ဤကမ္ဘာမြေကြီး၏ ကမ္ဘာမဟုတ်ပေ။ ၎င်းသည် ဥပမာတစ်ခုမျှသာ ဖြစ်ပါသည်။)

၎င်းတို့၏ အလျှော့မပေးလိုသည့် သန့်စင်သော စိတ်ဆန္ဒသည် ကျင့်ကြံသူများ၏ ဝိညာဉ်ကို ကူညီနိုင်ပြီး၊ သဘာဝအားဖြင့် ၎င်းတို့သည် တစ္ဆေအင်မော်တယ် အတားအဆီးကို ဖြတ်ကျော်နိုင်သည်။

ဤအလျှော့မပေးလိုသည့် သန့်စင်သော စိတ်ဆန္ဒကို သူ့ဝိညာဉ်ထဲသို့ ပေါင်းစည်းပြီးနောက်၊ ဟုန်ယွိသည် သူ၏ဝိညာဉ်က အလွန်ခိုင်မြဲသည်ဟု ခံစားရပြီး၊ သူ၏တာအိုနှလုံးသားသည် ခိုင်မာလာသလို ခံစားရသည်။ သူ၏ကျင့်စဉ်အဆင့်သည် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပုံရပါသည်။

သူ့စိတ်ဝိညာဉ်ကို အနည်းငယ် လှည့်ပတ်လိုက်သည်နှင့်, သူသည် နတ်ဆိုးနတ်ဘုရားငါးပါးကို စိတ်ကူးပုံဖော်လိုက်ပြီး၊ မမျှော်လင့်ဘဲ၊ သူသည် ၎င်းတို့ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။ အနည်းငယ်မျှ အဟန့်အတား မရှိခဲ့ပေ။

အတိတ်တုန်းကဆို၊ ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရားငါးပါးကို လည်ပတ်ရာတွင်၊ သူ့အတွင်းနတ်ဆိုးများကို ဖိနှိပ်ရန်အတွက် သူ့စွမ်းအားအားလုံးကို အသုံးပြုရ၏။ သို့သော် ယခုအခါ၊ သူသည် သူ့စွမ်းအား၏ ထက်ဝက်သာလိုအပ်ပြီး ၎င်းတို့ကို ဖိနှိပ်နိုင်သည်။

ဆိုလိုသည်မှာ, ယင်းက သူ့စိတ်ဝိညာဉ် စွမ်းအားသည် နှစ်ဆတိုးလာသည်ဟု ဆိုလိုသည်။

နတ်ဆိုးနတ်ဘုရားသွေး၏ စွမ်းအားတွင် စစ်နတ်ဘုရား၏ အလျှော့မပေးသော စိတ်ဆန္ဒ ပါဝင်နေသည်။ ထိုစိတ်ဆန္ဒသည် တာအိုနှလုံးသားကို တည်ငြိမ်စေနိုင်ပြီး၊ လူတစ်ယောက်၏ ပင်ကိုယ်သဘာဝကို သန်မာစေမည့် အထိရောက်ဆုံးအရာ ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဤစိတ်ဆန္ဒကို စုပ်ယူပြီးနောက် ထူးကဲသော အောင်မြင်မှုများရရှိမည် ဖြစ်သည်။

“ငါ့ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားက တိုးလာခဲ့ပြီ။ ငါ့ခန္ဓာကိုယ်ကရော ဘယ်လိုနေမလဲ။ နတ်ဆိုးနတ်ဘုရားသွေးရဲ့ စွမ်းအားက ငါ့ခန္ဓာကိုယ် အတွက်လည်း အကျိုးရှိတယ်။” နတ်ဆိုးနတ်ဘုရားသွေးထဲမှ စိတ်ဆန္ဒကို စုပ်ယူပြီးနောက်၊ ဟုန်ယွိသည် သူ့တာအိုနှလုံးသားသည် တည်ငြိမ်လာပြီး၊ သူ၏ပင်ကိုယ်စိတ်သဘာဝက ခိုင်မြဲလာကာ၊ တာအိုပညာရပ်အားလုံးကို လုံလောက်စွာ ကိုင်တွယ်နိုင်သည်ဟု ခံစားရသည်။ သူသည် ယခုပင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်သည်ဟု ခံစားရသည်။

ကောင်းမွန်သော စိတ်ခံစားချက်နှင့်အတူ ဟုန်ယွိသည် သူ့အတွေးများကို လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်ကာ သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်သည်။

သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို ဖြန့်ကျက်ပြီးနောက်၊ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်က အနှိုင်းမဲ့ သန်မာလာပုံသည်ဟု ခံစားရသည်။ သူ အသက်ရှူသွင်း လိုက်သည်နှင့် ပျံသန်းနေသလို ခံစားရ၏။ တစ်ချိန်တည်းမှာပင်၊ သူသည် လက်သီးပညာရပ်များကို စဉ်းစားကြည့်သောအခါ၊ လှုပ်ရှားမှုအားလုံး သည် သူ့လက်ထဲသို့ စီးဆင်းလာနေသလို ခံစားရသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်၊ လက်သီးပညာရပ်ထဲရှိ လှုပ်ရှားမှုများသည် မြစ်ကြီးတစ်စင်း ဖွင့်လှစ်သည့်အလား ပြင်းထန်စွာ စီးဆင်းလာပြီး တဟုန်ထိုး ထိုးထွက်လာခဲ့သည်။

လက်သီးဆန္ဒကို ပြန်လည် သိမ်းဆည်းလိုက်သောအခါ၊ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို ဥတစ်လုံးကဲ့သို့ စုစည်းနိုင်သည်ဟု ခံစားရသည်။

တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် အနည်းငယ် အားထုတ်လိုက်သောအခါ၊ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် တုန်ခါလှုပ်ရှားသွားပြီး၊ အရိုးတွင်းခြင်ဆီသို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။

“ဒါက ဝိညာဉ်ချီစွမ်းအင်ပဲ။ လက်သီးဆန္ဒကို ပြန်လည်သိမ်းဆည်းလိုက်တာနဲ့ ခွန်အားက အရိုးတွင်းခြင်ဆီအထိ ရောက်တယ်ဆိုတော့ ဒါက မဟာဆရာသခင်အဆင့်ပဲ။ ဒါက နတ်ဆိုးနတ်ဘုရားသွေးတစ်စက်လုံး မဟုတ်ဘူး။ ထက်ဝက်တောင် မဟုတ်ဘူး။ ဒါကြောင့်ပဲ သူတော်စင်တူယွမ်ဟာ မိုးကြိုးကပ်ဘေးတစ်ကြိမ်သာ ဖြတ်ကျော်ထားခဲ့တဲ့ တာအိုပညာရပ်လေးနဲ့ မိုးကြိုးကပ်ဘေး ခုနစ်ကြိမ်ရှစ်ကြိမ် ဖြတ်ကျော်ခဲ့တဲ့ မိုနိုဂိုတာရီကို လိုက်ဖမ်းရဲခဲ့တာပေါ့…။”

ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို စမ်းသပ်ရင်း သဘာဝအတိုင်း ပျော်ရွှင်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူ့ခွန်အားသည် အရိုးတွင်းခြင်ဆီအထိ ရောက်ရှိပြီး အရိုးအတွင်းပိုင်းကို တုန်ခါစေနိုင်သည့် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူသည် သူ့အရိုးတွင်းခြင်ဆီများကို စတင်လေ့ကျင့်နိုင်ပြီ ဖြစ်သည်။

“ဟုန်ယွိ…၊ သိုင်းပညာရပ်ကို မစမ်းသပ်နဲ့ဦး။ မင်းခန္ဓာကိုယ်အပေါ် နတ်ဆိုးနတ်ဘုရားသွေးရဲ့ အကျိုးသက်ရောက်မှုက အမြင့်မြတ်ဆုံးတာအိုဆေးကျမ်းတွထဲက ဒြဗ်စင်ဝိညာဉ်ဆေးနီးနီးပဲ။ မင်း အဲဒီသွေးကို သောက်သုံးပြီးနောက်၊ မဟာဆရာသခင်အဆင့်ထဲ ဝင်ရောက်နိုင်တာ အံ့ဩစရာမဟုတ်ဘူး။ သူတော်စင်တူယွမ်ရဲ့ ဝိညာဉ်ကို မြန်မြန် သန့်စင်ကြစို့။”

ချန်ယင်းရှာသည်လည်း နတ်ဆိုးနတ်ဘုရားသွေးကို သန့်စင်ပြီး ဖြစ်သည်။ ဟုန်ယွိသည် ထရပ်ပြီး၊ ခန္ဓာကိုယ်ကို လှုပ်ရှားနေသည်ကို မြင်သောအခါ၊ သူသည် မဟာဆရာသခင်အဆင့်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။

“ဒြဗ်စင်ဝိညာဉ်ဆေးလား….”

ဟုန်ယွိသည် သူ့ခြေလက်များ လှုပ်ရှားမူကို ရပ်တန့်လိုက်ပြီး မေးလိုက်သည်။

“အမြင့်မြတ်ဆုံး တာအိုဆေးကျမ်းထဲမှာ နတ်ဆေးသုံးမျိုး ရှိတယ်။ ပထမတစ်မျိုးကတော့ ကောင်းကင်အနှစ်သာရဆေးလုံးပဲ၊ ဒုတိယက ဒြဗ်စင်ဝိညာဉ်ဆေးလုံး၊ တတိယကတော့ လူသားအနှစ်သာရဆေးလုံးကြီးပဲ။”

နင်ဂျာဘုန်းတော်ကြီးက ပြောသည်။

ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ကျင့်ကြံနေစဉ်၊ နင်ဂျာဘုန်းတော်ကြီးသည် သူတို့ကို စောင့်ကြပ်နေသည်။ ဤသိုင်းသူတော်စင်သည် ယခုအခါ ဟုန်ယွိကို ဒိုင်ဇင်ဘုရားကျောင်း၏ ဆရာတော်အဖြစ်ပင် အနည်းငယ် ဆက်ဆံလိုပုံရသည်။ ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားသော်လည်း၊ နင်ဂျာဘုန်းတော်ကြီးသည် ဂရုစိုက်ပုံမပေါ်ချေ။ အရာအားလုံးသည် ကံကြမ္မာအတိုင်း ဖြစ်လာမည်ဟု သဘောထားပုံရသည်။

“တစ္ဆေတသောင်းအမိန့်အလံကို လွှင့်ထူလိုက်ပါ။ တစ္ဆေတသောင်းအမိန့်ပေးအလံမှာ ဝိညာဉ်တွေ၊ နတ်ဆိုးတွေ အများကြီး ပါဝင်နေတယ်။ အဲဒါတွေကို ကောင်းကင်တုန်ခါလေးထဲ စုပ်ယူပြီး ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ကို အသက်သွင်းဖို့ အသုံးပြုနိုင်တယ်။ အဲဒီစွမ်းအင်နဲ့ဆိုရင်၊ သူတော်စင်တူယွမ်ရဲ့ ဝိညာဉ်စိတ်ကို တစ်ကြိမ်တည်းနဲ့ အပြည့်အဝ သန့်စင်နိုင်မယ်။”

နင်ဂျာဘုန်းတော်ကြီးက ရုတ်တရက် အကြံပြုလိုက်သည်။

“အိုး….၊ ကောင်းလိုက်တဲ့အကြံပဲ…” ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် အံ့ဩစွာ အော်ဟစ်လိုက်ကြသည်။

စုန်းတစ္ဆေဂိုဏ်း၏ တစ္ဆေတသောင်းအမိန့်ပေးအလံသည် ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်ခဲ့ပြီ ဖြစ်သည်။ ဤအလံတွင် နာကျည်းဝိညာဉ်များ၊ နတ်ဆိုးများနှင့် တစ္ဆေများစွာ ပါဝင်နေပြီး၊ တစ်ချိန်တည်းမှာပင် အံ့ဖွယ်အသုံးဝင်မူများစွာလည်း ရှိနေပါသည်။

သို့သော်၊ ဤရတနာသည် ရက်အနည်းငယ် တစ်ကြိမ် လူ့သွေးအမြောက်အမြားဖြင့် ကျွေးမွေးရန် လိုအပ်သည်။ ဟုန်ယွိသည် စုန်းတစ္ဆေဂိုဏ်းကဲ့သို့ လူသတ်ပြီး ဤရတနာကို ကျွေးမွေးရန် သင်ယူနိုင်စွမ်း မရှိခဲ့ပေ။

ဤသည်မှာ ၎င်းကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

မည်းမှောင်နေသော တစ္ဆေတသောင်းအမိန့်ပေးအလံသည် လေထဲတွင် မျှောလွင့်နေသည်။ ဟုန်ယွိသည် လက်ထဲတွင် ကောင်းကင်တုန်ခါလေးကို ကိုင်ဆောင်ထားပြီး လှုပ်ယမ်းလိုက်သည်။ အကန့်သတ်မဲ့မြှားကိုးချောင်းသည် ပျံတက်သွားပြီး အလံကို ထိုးဖောက်သွားသည်။

ချီ! ချီ! ချီ!

တစ္ဆေတသောင်းအမိန့်ပေးအလံသည် ထိုးဖောက်ခံလိုက်ရသည်။

အကန့်အသတ်မဲ့ မည်းမှောင်နေသော အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း၊ အနက်ရောင်ချီ စွမ်းအင်များသည် စမ်းချောင်းတစ်စင်းကဲ့သို့ အူမြူးနေသည့်အသံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အကန့်အသတ်မဲ့မြှားထဲသို့ စုပ်ယူခံလိုက်ရပါသည်။

“ယင်ယန်ဖရိုဖရဲ တွင်းနက်အစီအရင်ကို အသက်သွင်းစမ်း” ချန်ယင်းရှာသည် အတွေးတစ်ချက်ဖြင့် သူမ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသက်သွင်းလိုက်ပါသည်။ နတ်ဆိုးနတ်ဘုရားသွေးကို စုပ်ယူပြီးနောက်၊ သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် များစွာ ပိုမိုအားကောင်းလာခဲ့သည်။ သူမသည် သူတော်စင်တူယွမ်နှင့် နှိုင်းယှဉ်နိုင်သည်ဟု ဟုန်ယွိ ခံစားရသည်။ သို့သော်၊ သူမသည် မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသောကြောင့်၊ သူတော်စင်တူယွမ်တွင်ရှိသော သန့်စင်သော ယန်လေပြင်းကို မပိုင်ဆိုင်ခဲ့ပေ။

“အား! အား! …”

ချန်ယင်းရှာသည် ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ကို အစွမ်းကုန် လှည့်ပတ်လိုက်သောအခါ၊ အကန့်သတ်မဲ့မြှားများမှ ပြင်းထန်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအသံသည် ကျားဟိန်းဟောက်သံနှင့်တူသော်လည်း၊ မကြာမီတွင် အလွန်သနားစရာကောင်းသော အော်သံများအဖြစ်သို့ ပြောင်းလဲသွားပါသည်။

အကန့်အသတ်မဲ့မြှား၏ ကိုယ်ထည်သည် မရပ်မနား တုန်ခါနေပြီး၊ တဝှီးဝှီးဟစ်ကြွေးသံဖြင့် လေထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်စေသည်။

သူတော်စင်တူယွမ်၏ နောက်ဆုံးမှတ်ဉာဏ် အပိုင်းအစသည် သူ၏ ဧရာမ နတ်ဘုရား စိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ နောက်ဆုံးရုန်းကန်မှုကို ပြုလုပ်နေသည်ကို တွေ့ရပါသည်။

“ဒီသူတော်စင်တူယွမ်က တကယ်ကို အားကောင်းတယ်။ အခုချိန်ထိအောင် မှတ်ဉာဏ်အပိုင်းအစတစ်ခုအဖြစ် ကျန်ရှိနေပြီး လုံးဝ မသေသေးဘူးလား။ ဒီအခြေအနေမှာတောင် သူ့မှာ ထွက်ပေါက်တစ်ခု ရှိနေသေးတာလား..” သူတော်စင်တူယွမ်၏ သူ၏ယှဉ်နိုင်လုနီးပါး ဖြစ်နေသော သန်မာသော အသက်စွမ်းအားကို ကြည့်ရင်း၊ ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကျွမ်းကျင်သူ၏ စွမ်းအားကို မအံ့ဩဘဲ မနေနိုင်ပေ။

မြှားသည် ပြင်းထန်စွာ တုန်ခါနေသည်နှင့်အမျှ၊ ဟုန်ယွိသည် သူတော်စင်တူယွမ်နှင့် တစ်ပုံစံတည်းဖြစ်သော ပုံရိပ်တစ်ခုသည် မြှားထဲမှ မျှောလွင့်ထွက်လာသည်ကို မြင်လိုက်ရသည်။

သို့သော်၊ ဤပုံရိပ်တွင် သူတော်စင်တူယွမ်တွင်ရှိသော အငွေ့အသက်မျိုး ရှိမနေခဲ့ဘဲ၊ ၎င်း၏အသိစိတ်သည် အနည်းငယ် ဝိုးတဝါး ဖြစ်နေပုံရသည်။

ဟုန်ယွိသည် ဤမျှပြင်းထန်သော ဒဏ်ရာများနှင့်အတူ ယင်ယန်ဖရိုဖရဲတွင်းနက်အစီအရင်ထဲတွင် နေ့စဉ် သန့်စင်ခံရမှုကြောင့်၊ သူတော်စင်တူယွမ်၏ မှတ်ဉာဏ်များသည် လုံးဝနီးပါး ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သိရှိသည်။

“ဟုန်ယွိ၊ ငါ့ကို ကူညီဦး။ ချီဝိညာဉ်ဝဲဂယက်ကို သုံးပြီး သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို ချေမှုန်းလိုက်ပါ…” ချန်ယင်းရှာက ပြောသည်။

“ကောင်းပြီ!” ဟုန်ယွိသည် တွန့်ဆုတ်မနေဘဲ၊ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ နတ်ဆိုးနတ်ဘုရား ငါးပါးပေါ်ထွက်လာပြီး ပေါက်ကွဲသွားခဲ့သည်။ ဧရာမချီဝိညာဉ် ဝဲဂယက်ကြီးတစ်ခုသည် သူတော်စင်တူယွမ်၏ ကျန်ရစ်သော နတ်ဘုရား စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်လာသည်။

ဘန်း…. ကျန်ရစ်သော စိတ်ဝိညာဉ်သည် ချေမှုန်းခံလိုက်ရသည်။ ထို့နောက်၊ ၎င်းသည် အကန့်သတ်မဲ့မြှားထဲသို့ ဆွဲယူခံလိုက်ရသည်။

သန့်စင်သော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားတစ်ခုသည် မြှားထဲမှ စီးဆင်းထွက်လာပြီး၊ ကျန်းရွမ်အာ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်း ရစ်ပတ်လိုက်သည်။ ဤနတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် သူတော်စင်တူယွမ်၏ မှတ်ဉာဏ်အားလုံးကို သန့်စင်ပြီးနောက် ကျန်ရစ်သော အသန့်စင်ဆုံး စွမ်းအားဖြစ်သည်။

ဤစွမ်းအားကို ရရှိပြီးနောက်၊ ကျန်းရွမ်အာ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် ရှင်းယုဆန်၏ စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာမည် ဖြစ်သည်။ အကြောင်းမှာ ရှင်းယုဆန်သည် တစ္ဆေအင်မော်တယ်တစ်ဦးကိုသာ သန့်စင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ ကျန်းရွမ်အာသည် မိုးကြိုးကပ်ဘေးကျွမ်းကျင်သူတစ်ဦးကို သန့်စင်နေခြင်း ဖြစ်သည်။

“ဘယ်လောက် အံ့ဩစရာကောင်းတဲ့ ချီဝိညာဉ်ဝဲဂယက်လဲ။ ဟုန်ယွိ၊ မင်းက တာအိုပညာမှာ တကယ့်ထူးချွန်သူပဲ။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံးကျမ်းကို အခြေခံအဖြစ်အသုံးပြုပြီး၊ လျှို့ဝှက်ယင်တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို လေးလေးနက်နက် နားလည်ထားခဲ့တယ်။ ဒီချီဝိညာဉ်ဝဲဂယက်က ငါ့စိတ်ကိုတောင် မငြိမ်မသက် ဖြစ်စေတယ်။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ နံပါတ်တစ် တာအိုပညာရပ်ဖြစ်တဲ့ မဟာလေဟာနယ်လက်ဝါးနဲ့ ယှဉ်နိုင်လုနီးပါးပဲ…” နင်ဂျာဘုန်းတော်ကြီးက ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“မဟာလေဟာနယ်လက်ဝါးလား…” ဟုန်ယွိက မေးလိုက်သည်။

“မဟာလေဟာနယ်လက်ဝါးဟာ အရာအားလုံးကို ချေမှုန်းနိုင်တယ်။ ဒါဟာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အသက်မဲ့အနာဂတ်ကျမ်းထဲက ဒဏ္ဍာရီဆန်ဆန် တိုက်ခိုက်ရေး တာအိုပညာရပ်တစ်ခုပဲ။ ဒီပညာရပ်ကို အသုံးပြုဖို့အတွက် မင်းကိုယ်တိုင် အမွှေးနံ့သာတိုင်နဲ့ ယုံကြည်ခြင်းစွမ်းအင်တွေကို စုဆောင်းပြီး ပြင်ပခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းရမယ်။ ဒါပေမယ့် ဒါဟာ ဒဏ္ဍာရီတစ်ခုလည်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒိုင်ဇင်ဘုရားကျောင်းမှာ နှစ်ရာပေါင်းများစွာကတည်းက အသက်မဲ့အနာဂတ်ကျမ်းကို ကျင့်ကြံနိုင်သူ မရှိခဲ့လို့ပဲ။”

“အသက်မဲ့အနာဂတ်ကျမ်းကို ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့ဘူးလား…။ အတိတ်ကျမ်းကို ကျောင်းထိုင်ဆရာတော်တစ်ဦးတည်းပဲ ကျင့်ကြံနိုင်တယ်။ ဒါဆိုရင် ဒိုင်ဇင်ဘုရားကျောင်းမှာ ပစ္စုပ္ပန်ကမ္ဘာဗုဒ္ဓကျမ်းကို ကျင့်ကြံဖူးသူ ရှိလား…” ဟုန်ယွိက ထပ်မံမေးလိုက်သည်။

“အခုလက်ရှိအချိန်ထိ ဆရာဦးလေး ယင်ယွဲ့ကလွဲလို့ ပစ္စုပ္ပန်ကမ္ဘာဗုဒ္ဓကျမ်းကို ကျင့်ကြံနိုင်သူ မရှိဘူး။ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ?” နင်ဂျာဘုန်းတော်ကြီးက လက်အုပ်ချီလိုက်ပါသည်။

“အမြင့်မြတ်ဆုံးကျမ်းတွေ ရှိပြီး မကျင့်ကြံနိုင်မှတော့, ဒိုင်ဇင်ဘုရားကျောင်း မပျက်စီးပါမှ ထူးဆန်းဦးတယ်။” ဟုန်ယွိသည် ခေါင်းခါလိုက်မိပါသည်။

All Chapters