ရှေးဟောင်းမှော်ကျင့်စဉ်
Vol. 1 Ch. 355
"ဒါ..."
ကျန်းရီသည် အတော်လေး ထိတ်လန့်သွားခဲ့သည်။ လူသေက မည်သို့မည်ပုံ ပုံရိပ်ထုတ်ဖော်ပြသနည်း။ ထိုပုံရိပ်သည် စကားပါ ပြောနေသေးသည်။ ထို့ပြင် ပုံရိပ်မှာ ရွှေ့ယို့လန် ထုတ်ပြလေ့ရှိသည့် ပုံရိပ်နှင့် ပုံစံတူနေသေးသည်။
နှစ်ပေါင်းသုံးထောင်...
ကောင်းကင်ဧကရာဇ်အဆင့်အောက်မှ သိုင်းပညာရှင်များသည် ထိုမျှလောက် အသက်မရှည်ကြပေ။ နဂါးတစ်သောင်းတောင်ကြား ကောင်းကင်ဧကရာဇ်၊ သတ်ဖြတ်ခြင်းဧကရာဇ် စသည့် နယ်မြေ၏ သမိုင်းရှိ ကောင်းကင်ဧကရာဇ်များမှာ နောက်ဆုံးတွင်တော့ သေဆုံးသွားကြသည်သာဖြစ်သည်။ သူတို့သည် အများဆုံးမှ အနှစ်ငါးရာ ခြောက်ရာခန့်အထိသာ အသက်ရှင်ခဲ့ကြသည်။
ကျန်းရီသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် တံတွေးနှစ်ကြိမ်ခန့် မြိုချပြီးနောက် စကားပြောလိုက်သည်။
"စီနီယာ...စီနီယာက အသက်ရှင်နေသေးတာလား"
"..."
စုန်းနတ်ဘုရားသည် ဘာမှ ပြောမလာခဲ့ချေ။ သူ့မျက်လုံးများသည် ကျန်းရီထံတွင်သာ ရှိနေခဲ့သည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက် ကျန်းရီသည် စိတ်ငြိမ်အောင်ထိန်း၍ စုန်းနတ်ဘုရား၏ စကားများကို ပြန်စဉ်းစားကြည့်လိုက်သည်။ သူနောက်တစ်ကြိမ်ထပ်မေးလိုက်သည်။
"စီနီယာ...ကျွန်တော် ရှေးဟောင်းမှော်ကျင့်စဉ်တစ်ခုကို တစ်ရက်အတွင်း သင်ယူနိုင်ရင် သေစရာမလိုဘဲ တားမြစ်နယ်မြေထဲကနေ ထွက်သွားနိုင်တယ်လို့ ပြောနေတာလား"
"...."
ကျန်းရီမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ ဤစုန်းနတ်ဘုရား၏ စိတ်နေစိတ်ထားမှာ အလွန်ထူးဆန်းလှသည်။ အဘယ့်ကြောင့် ကျန်းရီအား သူပြန်မဖြေသနည်း။ စုန်းနတ်ဘုရား၏ပုံရိပ်ကို မသိမသာခိုးကြည့်လိုက်ပြီးနောက် တစ်ခုခုလွဲနေသည်ကြောင်း ကျန်းရီသဘောပေါက်သွားခဲ့သည်။ စုန်းနတ်ဘုရား၏ မျက်လုံးအိမ်များမှာ လှုပ်ရှားမှုမရှိပေ။ ၎င်းတို့သည် သူထံတွင်သာ အကြည့်ရောက်နေကြသည်။
သူသည် ဖြည်းဖြည်းချင်း ဘေးဘက်သို့ ခြေလှမ်းလိုက်သည်။ ထို့နောက်တွင်မှ ဘာမှားနေသည်ကို သူသေချာသိသွားခဲ့သည်။ ပုံရိပ်သည် အေးခဲနေသည့်အလားပင်။ ၎င်းသည် ရုပ်တုပမာ အရှေ့သို့သာ စိုက်ကြည့်နေခဲ့သည်။
"စီနီယာ"
"စီနီယာ...ကျွန်တော်ပြောတာကို ကြားရလား"
"စီနီယာ..."
သုံးကြိမ်ဆက်တိုက် ခေါ်နေသော်လည်း ပုံရိပ်မှာ တုပ်တုပ်မျှတောင် မလှုပ်ပေ။ ကျန်းရီမှာ စိတ်အေးသွားခဲ့သည်။ ပုံရိပ်နှင့် စကားသံသည် စုန်းနတ်ဘုရား အသက်ရှိစဉ်က မှော်စွမ်းအင်တစ်မျိုးဖြင့် ချန်ထားခဲ့ခြင်း ဖြစ်ရမည်။ ကျန်းရီရောက်လာသောကြောင့် မှော်အစွမ်းမှာ အလိုအလျောက် အသက်ဝင်သွားခြင်း ဖြစ်သည်။
"ဟူး..."
ကျန်းရီသည် နဖူးထက်မှ ချွေးစေးများကို သုတ်လိုက်သည်။ ၎င်းမှာ ပုံရိပ်ယောင်တစ်ခု ဖြစ်နေ၍သာ တော်သေးသည်။
"အမ်"
သတိပေးချက်မရှိပါဘဲနှင့် လေထုအလယ်မှ ပုံရိပ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီမှာ မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရပြန်သည်။ သူသည် အနားယူရန် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ ရုတ်တရက်ထခုန်ကာ အလန့်တကြား ပြောလိုက်မိသည်။
"စီနီယာ...မဟုတ်သေးဘူးလေဗျာ။ ကျွန်တော့်ကို ရှေးဟောင်းမှော်ကျင့်စဉ်တစ်ခု နားလည်အောင်လုပ်ဆိုပြီးတော့ ကျင့်စဉ်တွေက ဘယ်နေရာမှာလဲ...ကျင့်စဉ်တွေမရှိဘဲ ကျွန်တော် ဘယ်လိုလုပ်ပြီး အလိုလို ဉာဏ်အလင်းရမှာလဲ"
သို့သော် ကျန်းရီ၏ အသက်ရှူသံများမှလွဲ၍ ခန်းမထဲတွင် မည်သည့်အသံမှ မကြားရချေ။ ကျန်းရီအား ကျင့်စဉ်များ ရှိနေသောနေရာနှင့် မည်သို့လေ့လာသင့်ကြောင်း မည်သူကမှ လာပြောမပြခဲ့ပေ။ ကျန်းရီသည် မှော်ပညာဆိုသည်မှာ ဘာမှန်းတောင်မသိသည့် အခြေအနေဖြစ်သည်။ သူသိသည်မှာ ယွင်လု၏ လူနှစ်ယောက်မှ တစ်ယောက်သည် 'သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း'ကို တတ်မြောက်ထား၍ ကျန်တစ်ဦးသည် 'ကျောက်တုံးရုပ်သေးများ ဖန်တီးခြင်း'ကို တတ်မြောက်ထားကြောင်းလောက်သာ ဖြစ်သည်။
ရှေးဟောင်းမှော်ပညာများမှာ တတ်မြောက်ရန် အလွန်ခက်ခဲသည်။ ဥပမာအားဖြင့် ရာထောင်ချီနေသော ယွင်မိသားစုအဖွဲ့ဝင်များထဲတွင် ယွင်ဖေးနှင့် လုလောင်နှစ်ဦးသာ 'သစ်ပင်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း'ကို တတ်မြောက်ထားသည်။ ရှေးဟောင်းမှော်ပညာကို တတ်မြောက်ရန် မည်မျှခက်ခဲကြောင်း ခန့်မှန်းကြည့်နိုင်ပါသည်။
ယခု ကျန်းရီသည် ရှေးဟောင်းမှော်ပညာကို ကျင့်စဉ်စာအုပ်မရှိဘဲ သင်ယူရမည့် အခြေအနေသို့ ရောက်နေသည်။
သေစမ်းကွာ...
ကျန်းရီသည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူသည် ခန်းမထဲတွင် ဟိုဟိုသည်သည် လျှောက်သွားကြည့်လိုက်သည်။ သူသည် ဒေါသထွက်နေသော်လည်း နောက်ဆုံးအချိန် မတိုင်ခင်အထိ လက်လျှော့လိုက်မည် မဟုတ်ပေ။
သူသည် အချိန်ဖြုန်းမနေဘဲ ကျင့်စဉ်စာအုပ်ကို သေချာရှာဖွေတော့သည်။ စာအုပ်ကို တွေ့မှသာ သူစတင်လေ့လာနိုင်မည် ဖြစ်သည်။
ခန်းမအနှံ့ ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် သူလျှောက်ကြည့်ပြီးသွားပြီ ဖြစ်သည်။ သူသည် ရုပ်ကြွင်းများ၏ အစိတ်အပိုင်းတိုင်းကို သေချာအကဲခတ်၍ ထိမတတ်အနေအထားအထိ ရောက်အောင် တိုးသွား၍ ကြည့်လိုက်သည်။ သို့သော်လည်း ကျင့်စဉ်စာအုပ်နှင့် သက်ဆိုင်သည့်အရာ ဘာဆိုဘာမှ သူမတွေ့ပါချေ။
"သေစမ်း...စုန်းနတ်ဘုရားက ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်။ ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်ပါတော့လား။ ငါ့ကို ဒီလိုအရူးလုပ်နေတာ ပျော်ဖို့ကောင်းနေလို့လား"
ကျန်းရီသည် မျက်လုံးလှန်လိုက်ပြီး တီးတိုးပြောနေလိုက်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ ကျင့်စဉ်စာအုပ်များကို သူရှာမတွေ့လျှင် သူသေရုံသာမက ဟဲလောင်ပါ သူနှင့်အတူ သေရလိမ့်မည်ဖြစ်သည်။
ဝှစ်...
သူသည် အပြင်ဘက်သို့ ပြေးထွက်သွားလိုက်သည်။ တံခါးမှာ ပွင့်နေဆဲဖြစ်သည်။ သူသည် တံခါးအပြင်ရှိ အခန်းထဲတွင် စတင်ရှာဖွေလိုက်သည်။ သူသည် လက်တွင် အနီရောင်အတွင်းအားကို ထုတ်ဖော်၍ နေရာလပ်မကျန်ရအောင် သေချာစစ်ဆေးနေခဲ့သည်။
တစ်နာရီခန့်ကြာပြီးနောက် ခန်းမထဲသို့ စိတ်ပျက်လက်ပျက်ဖြင့် သူပြန်ရောက်လာခဲ့သည်။ တံခါးအပြင်ဘက်တွင် ဘာမှမရှိပေ။ သူ မနည်းစိတ်အားတင်းထားခဲ့ရသည်။ ကျန်းရီသည် အတွင်းခန်းမထဲ၌လည်း အနီရောင်အတွင်းအားကိုသုံး၍ သေချာရှာဖွေနေခဲ့သည်။ ထိုအတွင်းအားသည် တံခါးအား ပွင့်စေခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်ယန္တရားများ ရှိနေပါက ၎င်းသည် ယန္တရားကို အသက်သွင်းပေးလိမ့်မည်ဖြစ်သည်။
နောက်တစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။ ကျန်းရီသည် ခန်းမကြီး၏ အတွင်းအပြင် နေရာနှံ့အောင် ရှာဖွေပြီးသွားခဲ့ပြီဖြစ်သည်။ သို့သော် မည်သည့်ယန္တရားမှ အသက်ဝင်မလာခဲ့ပေ။
"မှားနေပြီ...နေရာနှစ်ခု ကျန်နေသေးတယ်"
ကျန်းရီသည် အရိုးစုနှစ်ခုထံ အကြည့်ရောက်သွားခဲ့သည်။ ထိုနှစ်ခု၏အောက်သို့ သူမကြည့်ရသေးပေ။ သူသည် အချိန်အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အံကြိတ်၍ ရှားနိုင်ငံမှ ဗာဂျရာအဆင့်ပုဂ္ဂိုလ်၏ ရုပ်ကြွင်းထံ လျှောက်သွားလိုက်သည်။ သူသည် လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။
"စီနီယာ...မရိုမသေ လုပ်မိတဲ့အတွက် ခွင့်လွှတ်ပါ"
သူသည် အရိုးစုထံ လက်လှမ်းလိုက်သည်။ သူလက်နှင့် ထိတွေ့သွားသည်နှင့် အရိုးစုမှာ လင်းလက်လာခဲ့သည်။ ထို့နောက်တွင် နန်းတော်၏ နံရံသုံးချပ်မှာ အလင်းရောင်များ တောက်ပလာခဲ့ပြီး စာလုံးသေးသေးလေးများ ပေါ်လာခဲ့သည်။
"မှော်ကျင့်စဉ်တွေ"
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဘယ်ဘက်ခြမ်းရှိ နံရံထံ တိုးသွားလိုက်သည်။ သူသည် ထိုနံရံအား စိတ်ဝင်တစား လေ့လာလိုက်သည်။
"ကျောက်တုံးရုပ်သေးများ ဖန်တီးခြင်း"
ကျန်းရီမှာ ပိုမိုစိတ်လှုပ်ရှားသွားခဲ့သည်။ သူဤမှော်ပညာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ၎င်းသည် အလွန်အားကောင်းသည့် မှော်ပညာဖြစ်သည်။
ရွှံ့ရုပ်သေးများသည် ထိုးဖောက်၍ မရနိုင်ပေ။ သာမန်စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်တစ်ယောက်သည် ၎င်းတို့ကို ဖျက်ဆီးပစ်ရန် မလွယ်ကူပေ။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များသာ ၎င်းတို့ကို နာကျင်အောင် လုပ်နိုင်သည်။ မဟုတ်သေး...၎င်းတို့မှာ သက်ရှိများမဟုတ်၍ မနာကျင်နိုင်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များတောင် ၎င်းတို့အား မသတ်နိုင်ပေါယ
"ဒါပဲ"
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။ ကျန်းရီသည် ကျန်ကျင့်စဉ်နှစ်ခုကို လှည့်တောင်မကြည့်ခဲ့ပေ။ သူသာ ဤတစ်ခုကို တတ်မြောက်သွားပါက သူ့တိုက်ခိုက်နိုင်စွမ်းမှာ မယုံနိုင်စရာကောင်းအောင် တိုးတက်သွားမည်ဖြစ်သည်။
ထိုကျင့်စဉ်ကို အလွတ်မှတ်မိရန် ကျန်းရီအတွက် သိပ်မကြာခဲ့ပေ။ သူသည် တင်ပျဉ်ချိတ်ထိုင်၍ စတင်ဆင်ခြင်လိုက်သည်။ ၎င်းမှာ သာမန်သိုင်းကျင့်စဉ်များနှင့် မတူဘဲ အလွန်ရှုပ်ထွေးလေသည်။ ၎င်းမှာ နားလည်ရန် ခက်ခဲလွန်းသဖြင့် အကြမ်းဖျင်းကို နားလည်ရန်ပင် အချိန်နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့သည်။
ကျောက်တုံးရုပ်သေးများ ဖန်တီးခြင်းသည် မြေဓာတ်တာအိုမှ ဆင့်ကဲဖန်တီးထားသည့် ကျင့်စဉ်တစ်မျိုးဖြစ်သည်။ ရွှံ့ရုပ်သေးများတွင် မြေကြီး၏ စွမ်းအင်များ ပါဝင်နေသည်။ ၎င်းတို့အား မာကျောစေရန်အတွက် အထူးအက္ခရာသင်္ကေများကို ရွတ်ဆိုထည့်သွင်းပေးရသည်။ ထို့ပြင် ရုပ်သေးများ၏ ခုခံနိုင်မှု၊ တိုက်ခိုက်နိုင်မှုသည် မှော်ဆရာ၏ အင်အား၊ သူနားလည်ထားသည့် အတိုင်းအတာတို့နှင့်လည်း သက်ဆိုင်လေသည်။
ကျန်းရီသည် ရုပ်သေးများ၏ အင်အားအတွက် စိုးရိမ်နေရန် မလိုပေ။ သူလောလောဆယ် လိုအပ်သည်မှာ အသက်ရှင်၍ ဤနန်းတော်နှင့် စုန်းနတ်ဘုရား၏ မှော်ကျင့်စဉ်များကို ဆက်ခံနိုင်ရန်အတွက် ဤမှော်ကျင့်စဉ်ကို တတ်မြောက်သွားရန်သာဖြစ်သည်။
ထူးဆန်းသည့် သီးသန့်နယ်မြေများ ပြည့်နေသည့် ဤနန်းတော်သည် နတ်ဆိုးဧကရီ၏နန်းတော်ကဲ့သို့ ရှားပါးရတနာ ဖြစ်လိမ့်မည်။ ဤနန်းတော်၏ သခင်ဖြစ်ခြင်းသည် ရတနာအိမ်တစ်လုံး ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။
စုန်းနတ်ဘုရားလိုလူက လုပ်ထားတဲ့ ဒီနန်းတော်ထဲက အစီအရင်တွေအားလုံးက ကြောက်ဖို့ကောင်းမှာပဲ။ ဒီနန်းတော်ထဲကို ဝင်လာတဲ့ သာမန်ဗာဂျရာအဆင့်တွေတောင် အရှုံးပေးသွားလောက်တယ်...မဟုတ်သေးဘူး...နတ်ဆိုးသားရဲဘုရင် ကျန်သေးတယ်...
ကျန်းရီသည် နတ်ဆိုးသားရဲဘုရင်ကို တွေးလိုက်မိရာ ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ စုန်းနတ်ဘုရား၏ အမွေအနှစ်ကို သူဆက်ခံရလျှင် နတ်ဆိုးသားရဲဘုရင်၏ သခင်မှာလည်း သူမဖြစ်သွားပေဘူးလော။
ထိုအချက်သာ မှန်ပါက နတ်ဆိုးဧကရီမှလွဲ၍ မည်သူမှ သူ့အား ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ ထိုနတ်ဆိုးသားရဲဘုရင်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ တစ်ပိုင်းရောက်နေပြီဖြစ်သည်။ သူ့တိုက်ပွဲဝင်စွမ်းအားသည် ရွှေ့ယို့လန်နှင့်တောင် နှိုင်းယှဉ်၍ ရလောက်သည်။
ထိုနတ်ဆိုးသားရဲဘုရင်ကို သူသိမ်းသွင်းပြီးလျှင် အင်အားစုကြီးခြောက်ခုနှင့် ထားခဲ့သည့် သုံးနှစ်ကတိအား ဖျက်သိမ်းပစ်ရန် အကြောင်းပြချက် ရှာနိုင်လောက်သည်။
ဖပ်...
ကျန်းရီသည် သူ့ခေါင်းသူ ပြန်ရိုက်လိုက်မိသည်။ သူသည် မချိပြုံးပြုံး၍ တီးတိုးရေရွတ်လိုက်သည်။
"ဒါက စိတ်ကူးယဉ်အိပ်မက်ပဲ။ လေးနာရီကျော်တောင် ကြာသွားပြီ။ ငါဒီမှော်ပညာကို မတတ်မြောက်ရင် အသတ်ခံရမှာ"
သူသည် သူ့စိတ်သူငြိမ်အောင် ထားလိုက်သည်။ သူသည် မှော်ကျင့်စဉ်ကို နားလည်အောင် ကြိုးစားရာတွင်သာ အာရုံစိုက်ထားလိုက်သည်။ သူအသက်ရှင်နိုင်မနိုင်မှာ ထိုအပေါ်တွင်သာ မူတည်နေသည်။
*****