← Chapters

အပိုပစ္စည်းလေးအဖြစ် ချီရှောင်ပိုင်လေးရဲ့ နောက်ထပ်နေ့ တစ်နေ့

Vol. 9 Ch. 104

အပိုပစ္စည်းလေးအဖြစ် ချီရှောင်ပိုင်လေးရဲ့ နောက်ထပ်နေ့ တစ်နေ့

Vol. 9 Ch. 104

ပန်းခြံထဲတွင် ဧရိယာများစွာ ခွဲထားသည်။

အကအဖွဲ့က တစ်နေရာနေကာ ကျားကွက်ကစားကာ စကားပြောနေသည့် အဖွဲ့က တစ်နေရာနေကြသည်။

စုတ်တံဖြင့် မြေပေါ်တွင် တရုတ်စာလုံးအလှ ရေးဆွဲသူများက ထောင့်ကျသည့်နေရာတွင် နေကြသည်။

အရိပ်ရသည့်အပင်အောက်တွင် ယပ်ခတ်ကာ စကားပြောနေသူက တစ်အုပ်စု နေကြသည်။

နေရာတိုင်းတွင် တက်ကြွသည့် လေထုများ ပြည့်နေသည်။

ထိုသို့သော လေထုမျိုးကို ရှန်းမူမူ တကယ်သဘောကျသည်။

သူမက ဖုန်းယောင်ချင်ကို တစ်ခါတစ်ရံ အဖော်ပြုကာ ပန်းခြံကို လိုက်လာပေးတတ်ပြီး အလျင်စလို အိမ်ပြန်လေ့ မရှိဘဲ အေးအေးဆေးဆေး ပတ်သွားလေ့ ရှိသည်။

သူမကို လူအများစုက မှတ်မိနေပြီဖြစ်သည်။

“ဟေး ဖုန်းမိသားစုရဲ့ ချွေးမလေးက ဒီရောက်နေတာကို။”

သူမ လမ်းလျှောက်နေတုန်း ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ ညအချိန်တွင် ကြက်တူရွေးကို လှောင်အိမ်ထဲ ထည့်ကာ လမ်းလျှောက်ထွက်လေ့ရှိသည့် အဖိုးကျုံးဖြစ်နေကြောင်း သိလိုက်လေသည်။

“မင်္ဂလာပါ အဖိုးကျုံး။”

“အေးကွယ်။”

ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက်တွင် နောက်ထပ်ခေါ်သံကြားလိုက်ရလေသည်။ “အစ်မဖုန်းရဲ့ချွေးမလေးမူမူ ဒီမှာ ဖရဲသီးရှိတယ်။ လာစားပါဦးလား။”

ဝါးထိုင်ခုံတွင်ထိုင်ကာ ရေဒီယိုနားထောင်နေသည့် အန်တီယန်က သူမကို ခေါ်လိုက်သည်။

ရှန်းမူမူ၏ သဘာဝဆွဲဆောင်မှုလေးကို လူတွေက သဘောကျနေပုံရသည်။

သူမကို မသိသည့်လူတွေတောင်မှ သူမနှင့်စကားအနည်းငယ်ပြောဖူးရုံဖြင့် သူမကို သဘောကျသွားတတ်သည်။ တစ်ဖက်လူက သူမထက် အသက် ၂၀၊ ၃၀ကြီးသည့်လူတွေတောင် ပါသည်။

ထိုသို့သော သိတတ်လိမ္မာသည့် ချွေးမလေး ရှိသောကြောင့် ပန်းခြံထဲတွင် ဖုန်းယောင်ချင်က လူအများ အားကျဖွယ် ဖြစ်ခဲ့သည်။

သူမက နေ့တိုင်း ပျော်ရွှင်နေကာ တက်ကြွစွာ ကခုန်လေ့ ရှိသည်။

သူမက သူမချွေးမကို ပိုသဘောကျလာသော်လည်း သားဖြစ်သူကိုတော့ သဘောမတွေ့တော့‌ပေ။

ထိုနေ့တွင် ဖုန်းယောင်ချင်က ချီမော့ကို ဖုန်းခေါ်ခဲ့သည်။

ချီမော့၏ တည်ငြိမ်သည့်အသံက ဖုန်းထဲက ထွက်လာခဲ့သည်။ “ဟုတ်ကဲ့ အမေ။”

ဖုန်းယောင်ချင်က လိုရင်းကို ပြောလိုက်သည်။ “နင်က ဘာဖြစ်နေတာလဲ။”

ချီမော့က ရှုပ်ထွေးစွာဖြင့် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

ဖုန်းယောင်ချင်က ဆက်ပြောခဲ့သည်။ “အလုပ်များတဲ့မူမူတောင် ငါ့ကို အချိန်ပေးပြီး ပန်းခြံကို အဖော်ပြုပြီး လိုက်ပေးတယ်၊ နင်က ငါ့ကို အချိန်မပေးဘူး၊ ငါပြန်ရောက်တာပဲကြာပြီ၊ နင် ဘယ်တုန်းကများ ငါ့ကို….”

“အမေ ကျွန်တော် ဒီည လာခဲ့ပါ့မယ်။” ချီမော့က သူမကို နူးညံ့စွာ ချော့‌ပြောခဲ့သည်။ “ဒီည မူမူနဲ့လာပြီး အဖော်ပြုပေးမယ်။”

ဖုန်းယောင်ချင်က ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခဲ့သည်။

သူမကို အဖော်ပြုစေချင်သော်လည်း သူမ၏ သားဖြစ်သူက အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်မိခဲ့‌ပေ။

ချက်ချင်းပင် သူမ၏ မျက်နှာက ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့သည်။ “ကောင်းတယ်၊ ပျော်စရာကြီးနေမှာ။”

ဖုန်းမချခင် ဖုန်းယောင်ချင်က ထပ်ပြောခဲ့သည်။ “ရှောင်ပိုင်ပါ ခေါ်ခဲ့၊ သူ့ကို အိမ်မှာပဲ မေးခွန်းဟောင်းတွေ လုပ်ခိုင်းမနေနဲ့၊ ပျင်းလို့ သေလိမ့်မယ်၊ ဒီနေ့က စနေနေ့ပဲ၊ သူ နားပါစေ။”

“ဟုတ်ကဲ့ပါဗျာ။”

ထိုညနေခင်းတွင်ဖြစ်သည်။

အိမ်တော်ထိန်းကျန်းက ချီမော့ထံမှ ဖုန်း‌ရခဲ့သည့် အကြောင်းတွေကို ချီရှောင်ပိုင်ထံ ပြန်ပြောပြခဲ့သည်။

“ဘာ…၊ အဖေက ကျွန်တော့်ကို အဖွားနဲ့ အကအဖွဲ့ထဲ လိုက်သွားခိုင်းတယ် ဟုတ်လား။” ချီရှောင်ပိုင်က မျက်မှောင်ကြုတ်ကာ နားပွတ်လိုက်သည်။

သူ နားကြားမှားနေသည်ဟုထင်နေသည်။

အိမ်တော်ထိန်းကျန်းက ပြောလိုက်သည်။ “ဟုတ်ပါတယ် သခင်လေး၊ ဥက္ကဌချီရဲ့ ဖုန်းထဲကစကားအရဆိုရင် ဒီညအားရင် သွားခိုင်းတာပါ၊ ကျွန်တော်ထင်တာတော့ အကအတွက်ပဲထင်တယ်။”

“ကျွန်တော် စာလုပ်စရာ ရှိသေးတယ်။” ချီရှောင်ပိုင်က တံခါးပိတ်ဖို့ဟန်ပြင်လိုက်သည်။ “မသွားဘူး။”

ဟာသပဲ။ အသက် ၁၇ နှစ်က ဘာလို့ အကအဖွဲ့ဆီ သွားရမှာလဲ။

သူ အသက် ၇၀ ရောက်လျှင်တောင် မသွားနိုင်ပေ။

အိမ်တော်ထိန်းကျန်းက တံခါးကို တွန်းထားကာ ပြောလေသည်။ “သူဌေးကတော်က ဒီည နောက်မကျဖို့ မှာလိုက်ပါတယ်၊ သူနဲ့ ဥက္ကဌကြီးက ပန်းခြံမှာ စောင့်နေမယ်တဲ့။”

ချီရှောင်ပိုင်က တံခါးကို နည်းနည်းကျယ်ကျယ် ပြန်ဖွင့်လိုက်သည်။

“သူတို့ရော သွားမှာလား။”

အိမ်တော်ထိန်းကျန်းက အမှန်အတိုင်း ဖြေလိုက်သည်။ “သေချာတော့ မသိဘူး၊ ဖြစ်တော့ဖြစ်နိုင်တယ်။”

သူဌေးကတော်က သခင်လေးကို လှည့်စားတာလည်း ဖြစ်နိုင်သည်။

သူဌေးကတော်က လူတွေ ခန့်မှန်းရခက်သည့်အရာများကို ပြုလုပ်တတ်သူ ဖြစ်သည်။

ချီရှောင်ပိုင်က ရှုပ်ထွေးနေသည်။

သူ၏ ကြည်လင်သည့် မျက်ဝန်းထဲတွင် အမေးသင်္ကေတများ ပေါ်နေသည်။

မဖြစ်နိုင်ဘူး။

သူတို့ ဘာတွေတွေးနေတာလဲ။

လုံလောက်တဲ့ပိုက်ဆံရှိနေပြီဖြစ်လို့ စောပြီး ပင်စင်ယူကာ အကအဖွဲ့ထဲ ဝင်ကြတော့မလို့လား။

သူတို့၏ များပြားလှသည့် အလုပ်ကြောင့် ထိုသို့တော့ မဖြစ်နိုင်ပေ။

ချီရှောင်ပိုင်၏ ရှုပ်ထွေးနေသည့် အမူအရာကြောင့် အိမ်တော်ထိန်းကျန်းက ပြုံးလိုက်သည်။

အလုပ်ဖြစ်သားပဲ။

ငါ့ရဲ့ အိမ်တော်ထိန်းစွမ်းရည် တိုးတက်ခဲ့ပြီ။

ပန်းခြံထဲတွင် ရုပ်ချောလှသည့် လူသုံးဦးက ဦးလေး၊ အန်တီတို့၏ အာရုံကို ဆွဲဆောင်ထားလေသည်။

ဖုန်းယောင်ချင်က သူတို့သုံးဦးရှေ့တွင် ဂုဏ်ယူစွာရပ်ကာ အကအဖွဲ့ဖြင့် မိတ်ဆက်ပေးခဲ့သည်။

သူမက ရှန်းမူမူကို အရင်ကြည့်လိုက်သည်။

“ဒါကတော့ ရှင်တို့ ရင်းနှီးပြီးသား ကျွန်မ ချွေးမပါ။”

သူမဘေးမှ လူတွေက ရယ်မောကာ ထောက်ခံခဲ့သည်။ “ရင်းနှီးတာပေါ့။ မူမူကို ပန်းခြံကလူတိုင်း သိတယ်။”

ဖုန်းယောင်ချင်က ဂုဏ်ယူစွာဖြင့် မျက်လုံးများ မှေးကျဉ်းအောင် ရယ်မောလိုက်သည်။

သူမက ရှန်းမူမူဘေးက အရပ်ရှည်သည့် အမျိုးသားနှစ်ဦးကို ထပ်ကြည့်လိုက်သည်။ “ဒါကတော့ ကျွန်မရဲ့သား ချီမော့နဲ့ မြေးလေး ချီရှောင်ပိုင်ပါ။”

ချီမော့က တည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြခဲ့သည်။

ရှန်းမူမူက ရယ်ချင်စိတ်ကို ထိန်းထားလေသည်။

လူအများရှေ့တွင် အေးစက်စွာ နေတတ်သူက သူ့မိခင်၏ မိတ်ဆွေများရှေ့တွင် ယဉ်ကျေးနေပုံက ထူးဆန်းနေသည်။

စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။

ချီရှောင်ပိုင်ကို ကြည့်လိုက်သည့်အခါမှာတော့ သူမ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ အသံထွက်ကာ ရယ်လိုက်မိလေသည်။

သူ့ရှေ့ရှိ အဖိုးအဖွားတို့၏ နွေးထွေးသည့် နှုတ်ဆက်မှုကြောင့် ချီရှောင်ပိုင်၏ မျက်နှာတွင် ပုံမှန်မကျသည့်အပြုံးတို့ ဖြစ်ပေါ်နေသည်။ သူက ခပ်တောင့်တောင့် ပြုံးကာ ပြန်နှုတ်ဆက်နေသည်။ “မင်္ဂလာပါ အဖိုးတို့ အဖွားတို့။”

ရှန်းမူမူက အိတ်ကိုဆွဲကာ သူ့ကို ကယ်တင်လိုက်သည်။ “ရှောင်ချီ ငါက ဒီနေရာနဲ့ ရင်းနှီးတယ် လိုက်ပြပေးမယ်၊ အိတ်ကိုင်ပေးပါဦး။”

“ဟုတ်ကဲ့။” ချီရှောင်ပိုင်က သူမကို ကျေးဇူးတင်စွာကြည့်ပြီး အိတ်ကိုင်လိုက်သည်။

ထိုအချိန်မှာပင် အကအဖွဲ့မှ သီချင်းသံ ထွက်လာခဲ့သည်။

ည ၈ နာရီရှိပြီဖြစ်ကာ AI ရှောင်အိုင်မှ သီချင်းစဖွင့်ပြီဖြစ်သည်။

ယခင်က ပြန့်ကျဲနေသည့်လူတွေက ယခုတော့ တစ်နေရာထဲ စုဝေးသွားသည်။

သူတို့က လက်တွေခြေတွေကိုလှုပ်ကာ ကဖို့အသင့်ဖြစ်နေသည်။

သူမနောက်က လူက သူမဘေး အနည်းငယ် ရွေ့လာခဲ့သည်။

ချီမော့က အနည်းငယ် လက်ဆန့်ပေးပြီး သူမကို အနည်းငယ် စောင်းကြည့်ကာ ပြောခဲ့သည်။ “ကိုယ့်ကိုလည်း ခေါ်သွားပေးပါဦး၊ သွားရအောင်။”

ရှန်းမူမူက သူ၏ နွေးထွေးသည့်အကြည့်ကိုကြည့်ပြီးနောက်တွင် ဆန့်တန်းထားသည့် လက်ကို ကြည့်လိုက်သည်။

သူမက တစ်က္ကန့်လောက် တွေဝေနေပြီးမှ လက်ကို ချိတ်လိုက်ပြီး ပြုံးလိုက်သည်။

“ကောင်းပြီ၊ သွားစို့။”

ချီရှောင်ပိုင်က အနည်းငယ် ကြက်သေသေနေပြီးမှ သူတို့နောက် အမှီလိုက်ခဲ့လေသည်။

ပျင်းရိစွာဖြင့် အိတ်ကိုသယ်ကာ သူတို့နောက်မှ လိုက်ခဲ့လေသည်။

ယခု‌တစ်ခါတော့ အမှန်တရားကိုလက်ခံဖို့ သူ့အတွက် အချိန်မိနစ်ဝက်သာ လိုခဲ့သည်။

ရပါတယ်။

တတိယဘီးလေးပါပေါ့ အသားကျနေပါပြီ။

***

All Chapters