ကြည့်စမ်းပါဦး၊ ရှင့်အမြှီးလေး ရမ်းခါနေတာ ပြုတ်ထွက်တော့မယ်။"
Vol. 9 Ch. 105
ရှန်းမူမူတစ်ယောက် သစ်ပင်အောက်တွင် စစ်တုရင်ကစားနေသော အဘိုးအိုတစ်ယောက်ဘေးမှ ဖြတ်သွားချိန်တွင် သူမ၏ နာမည်ခေါ်သံကို ရုတ်တရက်ဆိုသလို ကြားလိုက်ရလေသည်။
"ဟေး၊ မူမူလေး၊ သမီးယောက်ျားနဲ့အတူ လမ်းလျှောက်ထွက်လာတာလား။"
သုံးယောက်သား အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် တစ်ခေါင်းလုံး ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က သူတို့ကို ပြုံးပြုံးကြီး ကြည့်နေကြောင်း မြင်လိုက်ရသည်။
သူတို့သုံးယောက်ထဲတွင် ရှန်းမူမူက ပထမဆုံး တုံ့ပြန်လာသူ ဖြစ်သည်။
သူမ တောက်ပစွာ ပြုံးပြလိုက်သည်။ "ဟုတ်ကဲ့ ဦးလေးချန်း။"
ဦးလေးချန်းက ရင်ပြင်တစ်ဝိုက်တွင် အတော်ဆုံး စစ်တုရင်ကစားသမား ဖြစ်ပေသည်။
သူက များသောအားဖြင့် တစ်သီးတစ်သန့်နေတတ်သူ ဖြစ်သော်လည်း တစ်နည်းတစ်ဖုံဖြင့် ရှန်းမူမူအပေါ် ဖော်ဖော်ရွေရွေရှိနေပြီး သူမကို "မူမူလေး"ဟုပင် ချစ်စနိုး ခေါ်ဝေါ်နေခဲ့လေသည်။
ဦးလေးချန်းက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ချီမော့ကို အပေါ်အောက် အစုန်အဆန်ကြည့်နေသည်မှာ စမ်းသပ် စစ်ဆေးနေသည့်အလားပင်။
သူတို့နောက်တွင်ရှိနေသော ချီရှောင်ပိုင်က ဒါကို ကြည့်ပြီး သဘောမကျဘဲ မနေနိုင်တော့ချေ။
သူက အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော သူ၏ဖခင်မှာ သူတို့ ရှန်မြို့ရှိ အပန်းဖြေအိမ်ရာတွင် အပန်းဖြေခရီးထွက်စဉ်ကသကဲ့သို့ ဤပြည်သူ့ရင်ပြင်တွင်လည်း နာမည်မကြီးဘဲ ဖြစ်နေမည်ဟု မထင်ထားခဲ့ချေ။
ချီရှောင်ပိုင်တစ်ယောက် သူ့မျက်လုံးထောင့်မှ သူ့အဖေကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
သူ့အဖေက နာမည်မရှိသောသူတစ်ယောက်ကဲ့သို့ အရှက်တကွဲဖြစ်နေသော်လည်း တည်တည်ငြိမ်ငြိမ်နှင့် မတုန်လှုပ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
အဘိုးအိုကို ယဉ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ပြုံးပင်ပြုံးပြလိုက်သေးသည်။
စစ်တုရင်ကစားချင်စိတ်ဖြင့် လောနေသောကြောင့် ဦးလေးချန်က မေးလိုက်သည်။
"သားမက်လေး၊ ကစားမလား။"
ထိုမေးခွန်းကြောင့် သုံးယောက်သား အနည်းငယ်မျှ တန့်ကနဲ ဖြစ်သွားသည်။
ရှန်းမူမူ ချီမော့ကို ကြည့်လိုက်သည်။
အခြားသူကို အရှက်မကွဲစေချင်သော သူမ၏ အကျင့်ကလေးကလည်း ချက်ချင်းဆိုသလို ထကြွလာတော့သည်။
သူမ ချီမော့၏ စစ်တုရင်အဆင့်ကို မသိသော်လည်း ဦးလေးချန်းက ဤရင်ပြင်တစ်ဝိုက်တွင် မည်သူကမျှ အလဲမထိုးနိုင်သည့် ဘုရင်တစ်ပါးဖြစ်ကြောင်း သူမသိသည်။
ချီမူ ဦးလေးချန်းရဲ့ ဖိတ်ခေါ်တာကို လက်ခံကစားပြီး ချီရှောင်ပိုင်ရှေ့မှာ ရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒါဆို ချီရှောင်ပိုင်၏ စိတ်ထဲက သူ့အဖေရဲ့ ဂုဏ်သရေကြီးတဲ့ ပုံရိပ်ပျက်စီးသွားလောက်လား။
ရှန်းမူမူ ချီမော့ကို သူမနားသို့ ဆွဲလိုက်ပြီး ဦးလေးချန်းကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူမဘေးမှလူက သူမ မည်မျှပင်ဆွဲဆွဲ ထိုက်တောင်ကြီးသကဲ့သို့ပင် မလှုပ်မယှက်ဖြစ်နေမည်ဟု မထင်ထားမိခဲ့ချေ။
ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူက ဦးလေးချန်းကို နှိမ့်ချသော အမူအရာဖြင့် ငြင်သာစွာပြောလိုက်သည်ကို ကြားလိုက်ရသည်။
"အရမ်းတော့ မကျွမ်းကျင်ဘူးဗျ။"
ဦးလေးချန်းက ကျောက်ထိုင်ခုံပေါ်တွင် ချက်ချင်းထိုင်ချလိုက်ပြီး သူ့ကို အပြုံးဖြင့် လက်ယပ်ခေါ်လေသည်။
"အရမ်းမကျွမ်းကျင်ရင်လည်း ရပါတယ်ကွာ၊ လာလာ လာကစားလှည့်၊ မင်းကိုငါ တစ်ကွက် အကျောပေးမယ်။"
ရှန်းမူမူ : "....."
ရှန်းမူမူ သူမဘေးမှလူ၏လက်မောင်းကို ညှစ်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ရှင်သွားမကစားဖို့ အကြံပေးချင်တယ်၊ ဦးလေးချန်းက ဒီရင်ပြင်မှာ စစ်တုရင်နဲ့ ပတ်သက်ပြီး လွှမ်းမိုးထားတာ၊ 'အရှုံးပွဲကိုရှာနေတဲ့ အထီးကျန်လူ'လို့တောင် နာမည်ပြောင်ရထားသေးတယ်။"
သူမ ပြောပြသည့် သဘောကျစရာ ဖော်ပြချက်လေးကြောင့် ချီမော့ ငြင်သာစွာ ရယ်မောလိုက်မိသည်။
သူ့မျက်ဝန်းများထဲတွင် မီးပွားလေးများ တောက်လောင်လာသကဲ့သို့ လင်းလက်လာပြီး မျက်ခုံးနှစ်ဖက်ကိုပင့်၍ သူမကို ပြန်မေးလိုက်သည်။
"ကိုယ့်ကို တစ်ခါလောက် ယုံကြည်ပေးဖို့ ဘာလို့များ မကြိုးစားကြည့်ရတာလဲ။"
ရှန်းမူမူ မှင်သက်သွားရသည်။
ဒီတော့ ဒါက.. ယောက်ျားတစ်ယောက်ရဲ့ ရှင်းပြလို့ မရနိုင်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ပေါ့လေ။
သူမ ပထမဆုံးအကြိမ် နှဖူးတွေ့ဒူးတွေ့ကြုံဖူးသွားပြီဖြစ်သည်။
ချီရှောင်ပိုင်၏ ရှေ့တွင် ချီမော့၏ ပုံရိပ်ကို မပျက်စီးစေချင်၍ သူမ တောင့်တင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။
တင်းအားကို ပျောက်သွားစေရန်အတွက် ဟာသနှောသည့်အနေဖြင့် ချီမော့ကို လက်မထောင်ပြလိုက်ပြီး ဦးလေးချန်းကို နောက်တီးနောက်တောက်ဖြင့် ပြောလိုက်သည်။
"ဦးလေးချန်းတော့ သွားပြီပဲ၊ သမီးယောက်ျားက ငယ်ငယ်ကလေးကတည်းက သမိုင်းအတန်းမှာ စစ်တုရင်ကစားပြီး စစ်တုရင်သမိုင်းကို လေ့လာထားတာ၊ ဦးလေးက သူ့ရဲ့ ပြိုင်ဘက်ကင်း ရွှေ့ကွက်တွေရဲ့ ပြိုင်ဘက် မဟုတ်ဘူး။"
ဦးလေးချန်းက သူမ၏ တစ်မူထူးသော ဟာသဉာဏ်နှင့် ပတ်သက်ပြီး နေသားကျနေဟန်တူသည်။
ရယ်ရုံသာရယ်လိုက်ပြီး လက်ခါရမ်း၍ အလိုက်သင့်ပြန်ပြောလာသည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း တစ်ကွက်အကျောမပေးတော့ဘူးပေါ့ကွာ။"
ရှန်းမူမူ တောင့်ခဲသွားရသည်။
ဟေး ဦးလေးချန်းရေ၊ ဇာတ်ညွှန်းအတိုင်း ဘာလို့ လိုက်မလုပ်တာလဲလို့။
အခုတော့ သမီးလုပ်တာ ပိုဆိုးသွားတဲ့ပုံ ပေါက်သွားတယ်မဟုတ်လား။
သိပ်မကြာခင်တွင် အဆိုပါ လက်တန်း စစ်တုရင်ကစားပွဲ စတင်လေသည်။
ချီမော့လည်း ကျောက်တန်းလျားပေါ် ထိုင်ချလိုက်တော့သည်။
တန်းလျားက အနည်းငယ် ပုနေသဖြင့် သူ၏ ခြေတံရှည်များကို သက်သောင့်သက်သာမရှိသော အနေအထားဖြင့် ကွေးနေစေသည်။ သို့သော်လည်း သူ၏ ကိုယ်နေဟန်ထားမှာ သက်တောင့်သက်သာဖြစ်နေပြီး ရိုသေလေးစားမှုအပြည့်ရှိနေသည်။
ဂျူနီယာတစ်ယောက်အနေဖြင့် ဦးလေးချန်း၏ အရင်ကစားခိုင်းသော ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည်။
သူ့လက်ကို ငြင်သာစွာ မြှောက်ပြီး ဦးလေးချန်းကို ပထမဆုံး ရွှေ့ရန် အချက်ပြလိုက်သည်။
ဦးလေးချန်း ခဏမျှ တွေးလိုက်သည်။ သူ့ရှေ့တွင်ရှိနေသူက မူမူလေး၏ ခင်ပွန်းသည် ဖြစ်သည်။
သူ့ဘက်က စာအုပ်များထဲမှ မရိုးဖြောင့်သော သို့မဟုတ် ခက်ခဲသော နည်းလမ်းများကို မသုံးလိုက်သင့်ပေ။
ထို့ကြောင့် သူ ရိုးရိုးရှင်းရှင်းသာ စလိုက်သင့်ပေသည်။
"အမြှောက်ဆန် နှစ်ကို နံပါတ်ငါးဆီ ရွှေ့ပြီ။" ဦးလေးချန်းက စတင်၍ အကွက်ရွှေ့ရင်း ပြောလိုက်သည်။
သူစရွှေ့လိုက်ပြီးသည်နှင့် ချီမော့၏ သွယ်လျကာ ကြည့်ကောင်းလှသော လက်ချောင်းများက ကျောက်စားပွဲပေါ်ရောက်လာပြီး အနက်ဘက်မှ ပထမဆုံးအကွက်ကို စရွှေ့တော့သည်။
ဦးလေးချန်း၏ လည်ပင်းက နောက်ပြန်ရုတ်သွားပြီး မေးစေ့ကိုမပွတ်ဘဲ မနေနိုင်တော့ချေ။
သူ့စိတ်ထဲတွင် ဤသို့တွေးနေသည် : ပွန်းရုပ်သုံးက နံပါတ်ငါးဆီရွှေ့သွားတယ်။
သူက မြင်းပျံအပြောင်းအလဲကို တကယ်ဖွင့်လိုက်တာပဲ။
ဒါက မူမူလေးရဲ့ ခင်ပွန်းမှာ တည်ငြိမ်ပြီး အေးချမ်းတဲ့ စိတ်နေစိတ်ထားရှိတာကို ပြနေတယ်။
နှစ်ယောက်သား ဆက်ဆော့နေကြပြီး တစ်ကွက်ပြီး တစ်ကွက် ရွှေ့လာကြရာ ဂိမ်းပွဲအလယ်သို့ပင် ရောက်လာကြသည်။
ဖြတ်သွားဖြတ်လာများစွာက တဖြေးဖြေး သူတို့အနား ဝန်းရံလာခဲ့ကြသည်။
လူများစွာက တက်ကြွစွာဖြင့် စတင်ဆွေးနွေးလာကြသည်။
ချီမော့နောက်တွင် ရပ်နေကြသော ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့ တောင့်တင်းလာကြပြီဖြစ်သည်။
တန်းလျားတွင်ထိုင်နေသော အမျိုးသားကို စိုက်ကြည့်နေကြသော်လည်း ထိုအမျိုးသား၏ ချောမောလှသော မျက်နှာတွင် ထိတ်လန့်မှုတို့ အလျဉ်း မရှိချေ။
သူ့ရှေ့ရှိ ဦးလေးချန်းမှာမူ အစပိုင်းက ယုံကြည်မှုအပြည့် ရှိနေသော်လည်း တဖြေးဖြေးဖြင့် အလေးအနက်ဖြစ်လာခဲ့သည်။
ချီမော့၏ နောက်ဆုံး တိုက်ခိုက်သည့် ရွှေ့ကွက်နှင့်အတူ ဦးလေးချန်းက မယုံကြည်နိုင်ဟန်ဖြင့် ပခုံးများ လျော့ကျသွားသည်။
ချီမော့ ခေါင်းငြိမ့်လိုက်သည်။
"ကစားပွဲအတွက် ကျေးဇူးပါ။"
"ငါ စစ်ရထားနှစ်ခု နှစ်ဖက်ညှပ်တိုက်တာကို တကယ်ကြီး ရှုံးသွားတာတဲ့လား။" ဦးလေးချန်း သူ့ရှေ့မှ လူငယ်လေးကိုကြည့်ပြီး မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ "မင်း အစကတည်းက ဒီအကွက်ကိုသုံးဖို့ ပြင်ဆင်ထားတာ မဟုတ်လား ကောင်လေး၊ ငါ့ကို မင်းထောင်ချောက်ထဲ တစ်လှမ်းချင်း ခေါ်သွားတာပဲ။"
ချီမော့က မငြင်းဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
ဦးလေးချန်းလည်း လှည့်စားခံလိုက်ရသဖြင့် မအီမသာမျက်နှာထားဖြင့် ပြန်ပြောသည်။ "အိုက်ယား ငါတကယ်အိုလာပြီ၊ ငါ့ဦးနှောက်က မင်းတို့လို လူငယ်တွေလောက် မသွက်တော့ဘူးပဲ။"
ချီမော့ သူ၏ တံတောင်နှစ်ဖက်ကို ဒူးပေါ်တင်ရင်း ခပ်ဖျော့ဖျော့လေးပြုံးရင်း ပြောလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူးဗျာ၊ ကောင်းကင်မှာ အောင်ပန်းတွေနဲ့ ပြည့်နေသေးတာကို အောင်ပန်းတွေ နောက်ကျလှတယ်လို့ မပြောပါနဲ့။"
ထိုစကားကြောင့် ဦးလေးချန်း သိသိသာသာ အံ့အားသင့်သွားရသည်။ သူ့ကို အနိုင်ယူခဲ့သော လူငယ်လေးက ဦးဆောင်ဦးရွက်ပြု၍ သူ့ကို နှစ်သိမ့်ပေးမည်ဟု မထင်ထားခဲ့ချေ။
ရှန်းမူမူလည်း ချီမော့နှင့်အတူ ပခုံးချင်းယှဉ်နိုင်သည်အထိ ခါးကိုင်းလိုက်ပြီး ဦးလေးချန်းကို ပြောလိုက်သည်။
"ဒါတွေအကုန် သမီးရဲ့ အကြံတွေပဲလေ ဦးလေးချန်းရဲ့၊ သမီး ဦးလေးရဲ့ စစ်တုရင်ကစားပုံကို သေချာလေ့လာပြီး ဦးလေးကို စိန်ခေါ်ဖို့ သမီးယောက်ျားကို တမင်ခေါ်လာခဲ့တာ။"
ဤသည်က ဟာသတစ်ခုမှန်း သိသာလှသည်။
သို့သော်လည်း ယခု လောလောလတ်လတ်မှ ရှုံးထားသော ဦးလေးချန်းကို စိတ်သက်သာရာရသွားစေခဲ့သည်။
သုံးယောက်သား ထွက်သွားချိန်တွင် အဘိုးအိုတစ်ယောက်က သူ့ခေါင်းသူကုတ်ရင်း ထွက်ခွာသွားနေပြီဖြစ်သော ချီမော့၏ ဖြောင့်တန်းနေသည့် ကျောပြင်ကို ကြည့်ပြီး တုန့်ဆိုင်းစွာ ပြောလာသည်။
"ချန်းကောရေ၊ မူမူခေါ်လာတဲ့ သားမက်လေးကြည့်ရတာ ရင်းနှီးနေသလိုပဲနော်။"
ဦးလေးချန်းက လှည့်ကြည့်လိုက်သည်။ "အိုး၊ မင်း သူ့ကို ဘယ်မှာမြင်ဖူးတာလဲ။"
"အိုက်ယား အခုမှ မှတ်မိသွားတယ်။" တစ်ဖက်လူက ရုတ်တရက် ထပြောလာသည်။ "လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကျုပ် ဂိုပြိုင်ပွဲတစ်ခုကိုသွားကြည့်ခဲ့သေးတယ်၊ အဲ့တုန်းက ဒီလူငယ်လေးက ဆယ်ကျော်သက်လေးပဲ ရှိသေးပေမဲ့ အတော်လေး ကျွမ်းကျင်နေခဲ့တာ။"
ဦးလေးချန်း : "ဒီတော့ သူက ကျွမ်းကျင်ကစားသမားပေါ့လေ၊ သူ့ရဲ့ ပညာကိုလျှိုထားတာပေါ့။"
"မဟုတ်ပါဘူး အပျော်တမ်း ဝါသနာရှင်ပါ၊ ကျုပ် သေသေချာချာ မှတ်မိသေးတယ်၊ အပျော်တမ်းတွေနဲ့ ကျွမ်းကျင်ကစားသမားတွေ ပြိုင်ကြတော့ ကျောက်သုံးပွင့်အပျော်တမ်းတစ်ယောက်အနေနဲ့ ကျောက်ငါးပွင့်ကျွမ်းကျင်ကစားသမားနဲ့ ပြိုင်တာကို အမှတ်ဝက်ပဲ ရှုံးခဲ့တာ။"
ဦးလေးချန်း အံ့အားသင့်သွားပြီးမှ အသိဝင်သွားပြီး ရယ်လိုက်မိသည်။
ငါကတော့ ငါ့ကိုယ်ငါ မူမူလေးရဲ့ ခင်ပွန်းကို စစ်ဆေးနေတယ်ထင်တာ။
တကယ်တမ်းတော့ မထင်မှတ်ထားပဲ သံပြားကို ကန်နေမိတာပဲ။
ဂိုကစားနည်းနှင့် ရင်းနှီးနေသူတစ်ယောက်က စစ်တုရင်ကစားလျှင် ကစားနည်းပြောင်းသွားခဲ့သည်ဆိုလျှင်တောင် နည်းလမ်းများကို အလျင်အမြန် ဆုပ်ကိုင်နိုင်ပေသည်။
အိုက်ယား အဆုံးမှာတော့ ငါ့ကိုယ်ငါ အရှက်ခွဲနေမိတာပါပဲလား။
တဖြေးဖြေး ဝေးကွာသွားသော မူမူလေးတို့ မိသားစုသုံးယောက်ကိုကြည့်ပြီး ဦးလေးချန်း သူ့ကိုယ်သူ ယပ်ခတ်ရင်း မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
တဖြေးဖြေးချင်း သူ့နှလုံးသားက တည်ငြိမ်လာခဲ့သည်။
လူတစ်ယောက်၏ စစ်တုရင်ကစားပုံက ထိုလူ၏ စိတ်နေစိတ်ထားကို ထင်ဟပ်ပေါ်လွင်စေသည်။
သူ၏ ဆယ်စုနှစ်ချီသော အတွေ့အကြုံများအရ ထိုလူငယ်လေးက အကြံအစည်များ အစီအစဉ်များပြုလုပ်ရာတွင် ကျွမ်းကျင်ပြီး အမြင်ကောင်းရှိသလို သဘောကျစရာ အကောင်းဆုံးမှာ အချိန်တိုင်း ယဉ်ကျေးတည်ငြိမ်ကာ လေးစားမှုအပြည့် ရှိပေသည်။
ယုံကြည်မှုနှင့်ထိုက်တန်သော အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်သည်။
မူမူလေးအတွက် အများကြီး ပူပန်ပေးစရာ မလိုအပ်တော့ချေ။
တစ်ဖက်တွင် ချီမော့ စစ်တုရင်ကစားသည်ကို ကြည့်နေခဲ့သော ရှန်းမူမူက တစ်ဖက်လူကို ခိုးမကြည့်ဘဲ မနေနိုင်တော့ချေ။
သူမရှေ့တွင် ကြည်လင်ကာ စူးရှလှသော မျက်ဝန်းတစ်စုံရှိနေပြီး သူ၏ ချောမောက တစ်သီးတစ်ခြားဆန်လှသော မျက်နှာချောချောတွင် မသိသာ မထင်ရှားသော ဂုဏ်ယူမှုတို့ ပြည့်နှက်နေသည်။
သူမ၏ အကြည့်များကို အာရုံခံမိဟန်ဖြင့် ထိုယောက်ျား၏ မျက်ဝန်းအစုံက သူမရှိရာဆီ ရောက်ရှိလာပြီး မျက်ခုံးများပင့်၍ အပြုံးတစ်ပွင့်ကို ပေးလာသည်။
သူ့စကားသံက ဩရှကာ ဆွဲဆောင်မှုအပြည့်ရှိနေဆဲဖြစ်သော်လည်း စိတ်ကျေနပ်နေသော လေယူလေသိမ်းတို့ လျှံထွက်နေသည်။
"မင်းကိုယ့်ကို ယုံနိုင်ပါတယ် တွေ့တယ်မဟုတ်လား၊ ကိုယ်ပြောတာ မမှားဘူးနော်။"
ရှန်းမူမူ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရပြီးမှ ငြင်သာစွာ ရယ်မောလိုက်သည်။ "မစ္စတာချီရှင့်၊ ကျွန်မကြည့်ရအောင် တစ်ပတ်လောက် လှည့်ပြပါဦး။"
အကြောင်းအရင်းကို သေချာမသိသော်လည်း ထိုလူ၏ အရပ်ရှည်ရှည်ခန္ဓာကိုယ်က တစ်ပတ်လှည့်ပြလိုက်သည်။
ရှန်းမူမူ ပြုံးလိုက်ပြီး မျက်လုံးများက လခြမ်းကွေးသဏ္ဌာန် ကွေးညွတ်သွားခဲ့သည်။
"ကြည့်စမ်းပါဦး၊ ရှင့်အမြှီးလေး ရမ်းခါနေတာ ပြုတ်ထွက်တော့မယ်။"
အထုပ်သယ်၍ အနောက်မှလိုက်လာနေသော ချီရှောင်ပိုင် တောင့်ခဲသွားရသည်။
ချီရှောင်ပိုင် : "....."
သူ့အရှေ့က သူ့အဖေရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ တီးတိုးရယ်သံအပြင် သူ့မိထွေးရဲ့ ရွှတ်နောက်နောက် ကျီစယ်နေသံကို ကြားနေရတယ်။
"ကိုယ့်ကို ချီးကျူးနေတယ်လို့ သတ်မှတ်လိုက်ရမှာလား။"
"ဒါ ချီးကျူးနေတာပဲလေ၊ နှိမ့်ချမနေပါနဲ့။"
"ကျေးဇူးပါ။"
ချီရှောင်ပိုင် : "....."
ဆယ့်ခုနစ်နှစ်သားလေး၏စိတ်ထဲတွင် : "အချစ်ငှက်စုံတွဲ"ဆိုတာနဲ့ "အပြန်အလှန်လေးစားမှုရှိခြင်း"ဆိုတဲ့ စကားနှစ်ခုအပေါ် နားလည်မှုအသစ်တွေတိုးသွားခဲ့ပြီ။
***