← Chapters

ဒီလူက အရမ်းမိမိုက်နေတာပဲ

Vol. 9 Ch. 106

ဒီလူက အရမ်းမိမိုက်နေတာပဲ

Vol. 9 Ch. 106

ချီရှောင်ပိုင်လည်း သူ့အဖေက သူ့မိထွေးရှေ့တွင် မတော်တဆ ကြွားဝါပြလိုက်မိ၍လား သုံးယောက်သား ပန်းခြံထဲ အတူလမ်းလျှောက်နေသည်မှာ နွေးထွေးပြီး သက်သောင့်သက်သာရှိ၍လားတော့ မသိတော့ပေ။ သို့သော်လည်း ချီရှောင်ပိုင်၏ စိတ်ထဲတွင် အနည်းငယ် ကြွားဝါပြချင်သော အကြံလေး ပေါ်ထွက်လာခဲ့သည်။ လီဂိုဆက်ရာတွင်တော်ခြင်းနှင့် ဘက်စကတ်ဘောကစားရာတွင်တော်ခြင်းအပြင် သူ့တွင် အခြားသော ကျွမ်းကျင်ရာများ ရှိမှန်း အခြားသူများ သိသင့်ပေသည်။

သွေးနားထင်ရောက်နေသော ကောင်လေးမှာ ကျောင်းလွယ်အိတ်ကိုလွယ်ရင်း ရှန်းမူမူဘေးသို့ လျှောက်လာပြီး အရှေ့တွင်ရှိသောနေရာတစ်ခုကို လက်ညှိုးထိုးကာ ပုံကြီးချဲ့၍ပြောလိုက်သည်။

"အရှေ့နားကလူတွေက လက်ရေးလှရေးနေကြတာ မဟုတ်လား။"

ချီမော့က မထူးမခြားနားဟန် လှမ်းကြည့်လိုက်သည်။ ချီရှောင်ပိုင်၏ အကြံကို သူ ချက်ချင်းဆိုသလို ထွင်းဖောက်မြင်သွားခဲ့သည်။

ချီမော့ မတုန့်ပြန်နိုင်ခင် ရှန်းမူမူက ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်လေ၊ သက်ကြီးပိုင်းလူကြီးအများစုက ပင်လယ်ရေမြှုပ်တွေကို စုတ်တံအဖြစ် သုံးပြီး မြေပြင်ပေါ်မှာ လက်ရေးလှရေးကြတာ၊ ဘာလဲ... အဲ့နားကို သွားပြီး လေ့လာကြည့်ချင်လို့လား။"

ချီရှောင်ပိုင်က အဆိုပါနေရာသို့ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး ဘာမှမဟုတ်သလို ပြန်ဖြေလိုက်သည်။

"တစ်ချက်သွားကြည့်လိုက်ဦးမယ်။"

ချီမော့က သူ၏ အကုန်သိနေပါသည်ဟု ဖော်ပြနေသော မျက်ဝန်းများကို ဖုံးလိုက်ကာ နှစ်ယောက်သားကို ဆက်သွားခွင့်ပြုလိုက်သည်။

"မင်္ဂလာပါ အဘိုး၊ ကျွန်တော် တစ်ခုခု စမ်းရေးကြည့်လို့ရမလားဗျ။" ချီရှောင်ပိုင်၏ အမူအရာက သွေးနားထင်ရောက်နေပုံ ပေါ်နေသေးသော်လည်း သူ၏ လေသံက ရုတ်တရက်ဆိုသလို လိမ္မာနာခံကာ ကျိုးနွံဟန်ပေါက်သွားတော့သည်။

သူက လက်ရေးလှ ရေးသားနေသော အဘိုးအိုကို ပြောလိုက်ခြင်းဖြစ်သည်။

အဘိုးအိုက လန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ယောက်က လက်ရေးလှရေးသားရန် အစပြု၍ ပြောလာမည်ဟု မထင်ထားခဲ့ချေ။ ဤသည်က ရှားပါးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

သူ ပြုံးပြီး စုတ်တံကို ကမ်းပေးလိုက်သည်။

"စမ်းကြည့်ပေါ့ကွာ။"

ရှန်းမူမူတစ်ယောက် ဖြစ်ပျက်နေသည်ကို မတုန့်ပြန်နိုင်သေးမီ ချီရှောင်ပိုင်ဟု "ဟုတ်"ဟု ခပ်တိုးတိုး ပြန်ဖြေသံကိုကြားလိုက်ရသည်။

သူက ပင်လယ်ရေမြှုပ်စုတ်တံကို ယူကာ ဘေးနားမှ ရေပုံးထဲနှစ်ပြီး ဟန်ပန်အပြည့်ဖြင့် လက်ရေးလှ စတင်ရေးသားလေတော့သည်။

သူမ အံ့ဩသွားရပြီး သူမဘေးမှ လူကို ခပ်သာသာတို့၍ မေးလိုက်သည်။

"ချီလေးက လက်ရေးလှကို ဘယ်လိုရေးရမလဲဆိုတာကို သိတာလား။"

ချီမော့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး မျက်ဝန်းများက နူးညံ့ငြင်သာသွားခဲ့သည်။

"အွန်း၊ သူ ငယ်ငယ်တုန်းက အဘွားနဲ့ ကြီးပြင်းလာရတာလေ၊ အဘွားက လက်ရေးလှပညာမှာ အရမ်းကိုတော်တာဆိုတော့ နည်းလမ်းတစ်ခု နှစ်ခုတော့ သင်ယူနိုင်ခဲ့တာပေါ့။"

ရှန်းမူမူ ဖြေးဖြေးချင်း ခေါင်းငြိမ့်လိုက်သည်။

အိုး အခြေခံလောက်ပဲပေါ့လေ။ အခြေခံဆိုပေမဲ့လည်း အရမ်းကိုတော်နေပါပြီ။ အခုခေတ်မှာ လူငယ်တွေက ဖုန်းပေါ်မှာ စာရိုက်ဖို့လောက်ပဲသိတာ ကိုယ့်နာမည်ကိုယ် လှလှလေးရေးတတ်တဲ့သူတောင် အတော်လေးကို ရှားနေပြီ။

အထူးသဖြင့် စိတ်မရှည်နိုင်ကြတဲ့ ကောင်လေးတွေပဲ။ အများစုရဲ့ လက်ရေးက ကြက်ယက်ထားတာနဲ့တောင် တူတယ်။

ဘာကြောင့်လဲမသိသော်လည်း ချီကော်ပိုရေးရှင်း အဆောက်အဦးတွင် သူမကားအောက်သို့ စာရေးပြီး ထားခဲ့သော ကောင်လေးကို ရုတ်တရက်ဆိုသလို တွေးမိသွားခဲ့သည်။

စာကြောင်းတစ်ကြောင်းထဲ၌ပင် စာလုံးပေါင်း သုံးခု မှားနေပြီး လက်ရေးကလည်း ဆိုးရွားလှချေသည်။

သူမ ထိုအကြောင်းတွေးနေချိန်တွင် သူမရှေ့ရှိ ပိန်ရှည်ရှည်ဆယ့်ခုနစ်နှစ်သားကောင်လေးက စတင်၍ ကိုယ်နေဟန်ထား ချိန်ညှိနေပြီဖြစ်လေသည်။

စုတ်တံအကြီးကြီးကို ကိုင်ထားသော်လည်း သူ၏ ကိုင်ထားပုံအရ လေ့ကျင့်ထားသည်ဖြစ်ကြောင်း ဖော်ပြလျက် ရှိသည်။

သူ့နှုတ်ခမ်းများကို ခပ်ဖွဖွစေ့ထားသည်မှာ အနည်းငယ် ဆူထော်နေပုံပေါက်ကာ အတော်လေး အာရုံစိုက်ထားကြောင်း သိသာလှသည်။

သူ၏ထိန်းချုပ်မှုအောက်တွင် ပင်လယ်ရေမြှုပ်စုတ်တံက မြေပြင်ပေါ်၌ တိမ်သော နက်သော စုတ်ချက်များစွာ ပေါ်လာစေသည်။

စုတ်ချက်များမှာ သန်မာလှပြီး အမျိုးစုံကာ ချောမွေ့စွာ စီးဆင်းနေသည်။

သူ မြေပြင်ပေါ်တွင် စာလုံးကြီးခုနစ်လုံးကို ရေးသားလိုက်သည် :

ချီရှောင်ပိုင်က ပြိုင်ဘက်ကင်း...

သူ စုတ်တံကိုအောက်ချပြီး ခါးကိုမတ်လိုက်ကာ နှုတ်ခမ်းများကို ကွေးညွတ်ရင်း သူ့ဘေးမှ အဖေနှင့် မိထွေးကို ကြည့်လိုက်သည်။

သူ ဘာမှပြောမလာသော်လည်း သူ့အမူအရာက ထင်ထင်ရှားရှား ပြောနေသည်မှာ : ကျွန်တော့်ကို မြန်မြန်လေး ချီးကျူးပေးလိုက် ။

ရှန်းမူမူ ဖြေးဖြေးချင်း ခေါင်းလှည့်လာပြီး ချီမော့နှင့် အကြည့်ချင်း ဆုံလိုက်ကာ စကားပြောရန် ခက်ခဲနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

"မစ္စတာချီ၊ ရှင်နဲ့ ပတ်သက်ပြီး ကျွန်မ မှားသွားခဲ့ပြီ။"

ချီမော့ မျက်ခုံးပင့်ရင်း သူမ ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်ဟန်ဖြင့် ပြောလာသည်။ "ရပါတယ်။"

ရှန်းမူမူ : "သွေးနားထင်ရောက်ပြီး ကြွစောင်းစောင်းနိုင်တဲ့နေရာမှာဆိုရင် ချီရှောင်ပိုင်ကမှ အဖေတွေထဲက အဖေပဲ။"

ချီမော့၏ မျက်ဝန်းများက ခဏမျှ မဲမှောင်သွားသည် : "...."

ချီရှောင်ပိုင် : "???”

သူမ သူ့ကို ချီးကျူးနေတာများလားနော်။

မျှော်လင့်ထားသလို ချီးကျူးခြင်းကို မခံရ၍ ချီရှောင်ပိုင်တစ်ယောက် စိတ်ပျက်အားလျော့သွားသော်လည်း မြေပြင်ပေါ်တွင် အခြား ခြောက်သွေ့နေသော နေရာတစ်ခုကို တွေ့သွား၍ မေးငေါ့ပြီး ပြောလိုက်သည်။

"ကျွန်တော် 'ထာဝရ'ဆိုတဲ့ စကားလုံးကို ရေးတာကိုကြည့်ထား၊ ကျွန်တော့် အဘွားက 'ထာဝရ'ဆိုတဲ့ စကားလုံးကို ကောင်းကောင်းရေးတတ်ရင် လက်ရေးလှကောင်းကောင်းရေးတတ်ပြီလို့ အမြဲပြောလေ့ရှိတယ်၊ ကျွန်တော် အစွမ်းနည်းနည်းပြမှာကို ကြည့်နေလိုက်။"

ရှန်းမူမူ မျက်လုံးပြူးလေးဖြင့် စိုက်ကြည့်နေမိသည်။ "ချီလေး၊ ဒီလိုထူးဆန်းတဲ့ စကားပုံတွေကို ဘယ်က သင်လာတာလဲ။"

ချီရှောင်ပိုင်၏ ထိန်းမနိုင်သိမ်းမရသော မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။ "ခင်ဗျားဆီက သင်တာလေ။"

ရှန်းမူမူ ခဏတာမျှ အဆုံးအစွန်အထိ ဆွံ့အသွားပြီးမှ ဖြေးဖြေးချင်း ပြောလိုက်သည်။

"ရှောင်ပိုင်က သင်ယူတဲ့နေရာမှာ အရမ်းတော်တာပဲ၊ အနာဂတ်မှာ ဆက်မသင်နဲ့တော့နော်။"

ချီရှောင်ပိုင် : "အိုး။"

ထိုသို့ပြောပြီးနောက်တွင် တက်တက်ကြွကြွဖြင့် စတင်ရေးသားပြန်တော့သည်။

ရှန်းမူမူ သက်ပြင်းဖွဖွချလိုက်ပြီး သူမဘေးရှိ သန်မာလှသောအမျိုးသားထံမှ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရသည်။

တိုးတိမ်သော်လည်း သာယာလှသော ရယ်သံလးပင်။

သူတို့နှစ်ယောက် ချီရှောင်ပိုင် အားကြိုးမာန်တက် ရေးနေသည်ကို ကြည့်နေခဲ့ကြသည်။

လေညင်းလေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး အပူရှိန်ကလည်း အနေတော် ကွက်တိဖြစ်နေသည်။

ရှန်းမူမူက သူမ၏ အိတ်မှာ ချီမော့၏ လက်ထဲတွင် ရှိနေသည်ကို ရုတ်တရက်ဆိုသလို သတိပြုမိသွားတော့သည်။

ထိုယောက်ျား၏ လက်ချောင်းရှည်ရှည်တို့က ကွေးညွတ်နေလျက်ရှိပြီး အိတ်၏ လက်ကိုင်ကို သာမန်ကျစွာ ပျင်းရိစွာဖြင့် ကိုင်ထားခဲ့သည်။ သူ၏ ဘေးဘက်ပုံရိပ်မှာ ချောမောလှပြီး ဆွဲဆောင်မှုရှိလှသည်။

ရှန်းမူမူတစ်ယောက် သူမဘေးမှ ယောက်ျားမှာ သူမ၏ ခင်ပွန်းသည်ဖြစ်ပြီး သူမရှေ့မှကောင်လေးမှာ သူမ၏ သားဖြစ်သည်ဟု ခဏတာမျှ ထင်ယောင်ထင်မှား ဖြစ်မိသွားခဲ့ရသည်။

အရာအားလုံး သဘာဝကျနေသည်မှာ နေ့စဉ်ဖြစ်နေကျ ကိစ္စရပ်တစ်ခုလိုပင်။

သူမ မစ္စချီဟူသော ဇာတ်ကောင်အဖြစ် နေသားကျသွားသည့်ဟန်ပေါ်သည်။

ထိုသို့နေရသည်ကိုပင် ပျော်နေဟန်ပင်။

သိပ်မဝေးသည့်နေရာတွင် ကလေးများက စိန်ပြေးတမ်းကစားနေကြပြီး ရင်ပြင်၌ ကျယ်လောင်စွာ ရယ်မောနေကြသည်။

အနည်းငယ်လှမ်းသည့်နေရာတွင် တွန်းလှည့်ဖြင့် ရောင်းချနေသည့် ဈေးသည်က သူ၏ တွန်းလှည်းကို တွန်းရင်း ပဲစွပ်ပြုတ်အေးကို အော်ဟစ်ရောင်းချနေသည်။

လူအနည်းငယ်က စွပ်ပြုတ်အေးကို ဝယ်ရန် သစ်ပင်အရိပ်အောက်သို့ ပြေးလွှားနေကြသည်။

ထိုသူများ၏ ရုတ်တရက် ထပြေးမှုကြောင့် သစ်ပင်အောက်တွင် အိပ်ပျော်နေသည့် ခွေးပေါက်လေးမှာ လန့်နိုးသွားခဲ့ရတော့သည်။ အနည်းငယ်မျှ သတိအပြည့်ဖြင့် ဟောင်လိုက်ပြီးနောက်တွင် မှားယွင်းနေသည့်အရာမရှိ၍ ပြန်လည်လှဲချ၍ အိပ်စက်သွားပြန်သည်။

ပိုဝေးသည့်နေရာတွင် ရင်ပြင်အကအဖွဲ့က သီချင်းဖွင့်နေသည်။

နာမည်ကြီး သီချင်းဟောင်းတစ်ပုဒ်ကိုဖွင့်နေခြင်းဖြစ်ပြီး သီချင်းကပြီးဆုံးခါနီး ဖြစ်သည်။

တေးသွားမှာ ငြင်သာပြီး သိမ်မွေ့လှသည်။

"ကိုယ်တွေးနိုင်တဲ့ ရိုမန့်တစ်အဆန်ဆုံးအရာကတော့~~

မင်းနဲ့အတူ ဖြေးဖြေးချင်း အိုမင်းသွားခြင်းပါပဲ~~

ဘဝလမ်းတစ်လျှောက်လုံး ရယ်မောစရာတွေ နည်းနည်းချင်း စုဆောင်းပြီး~~

အနာဂတ်မှာ ကိုယ်တို့အတူ လှုပ်ကုလားထိုင်တွေအပေါ် ထိုင်ရင်း တဖြေးဖြေးချင်း ပြန်ပြောင်းတွေးကြရအောင်ပေါ့~~~"

သန်မာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါရှိသည့် သူမဘေးရှိ အမျိုးသားမှာ သူမ၏အကြည့်များကို မျက်ဝန်းထောင့်မှတဆင့် သတိထားမိသွားခဲ့သည်။

သူ့ခေါင်းကိုလှည့်မလာဘဲ ရှေ့ကိုဆက်ကြည့်နေဆဲဖြစ်သော်လည်း မျက်လုံးထောင့်များကတော့ တဖြေးဖြေးချင်း ကွေးညွတ်လာခဲ့သည်။

ဆောင်းဦး၏ လေညင်းတို့ သယ်ဆောင်လာသော သူ၏ ဆွဲဆောင်မှုရှိသည့် ဩရှရှစကားသံတို့မှာ သူမ၏ နားစည်အတွင်းသို့ ငြင်သာစွာ ဝင်ရောက်လာခဲ့တော့သည်။

"ဒီလိုနေ့ရက်တွေက ကောင်းတယ်နော်၊ အဲလိုမထင်ဘူးလား။"

ရှန်းမူမူ ခဏမျှ တောင့်ခဲသွားရသည်။

သူမ သူ့ကို အလိုလို လှည့်ကြည့်မိသွားခဲ့သည်။

ထိုယောက်ျား၏ မှင်ရည်ကဲ့သို့ နက်မှောင်နေသော မျက်ဝန်းများမှာ နက်နဲသိမ်မွေ့လွန်းနေသည်။

ထိုစကားများက သာမန်ကာလျှံကာ ပြောလိုက်ခြင်းမျိုးလား ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်ကို ဆောင်နေသလား သူမ မပြောနိုင်ချေ။

ရှန်းမူမူ စက္ကန့်အနည်းငယ်မျှ တိတ်ကျသွားပြီး သူမ၏ ပတ်ဝန်းကျင်မှ လေထုပင် နူးညံ့သွားသလို ခံစားလိုက်ရသည်။

သူမ၏ မျက်ဝန်းများကို ကွေးညွတ်ကာ ပြန်လည်တုန့်ပြန်လိုက်သည်။

"အင်း ကျွန်မလည်း အဲ့လိုထင်တယ်၊ လေညင်းခံရင်း လမ်းလျှောက်ထွက်ကြမယ်၊ ညနေခင်းဆိုရင် နေဝင်ချိန်ကိုရှုစားရင်း ရွှေရောင်အနားကွပ်နဲ့ တိမ်တွေကိုတောင် ကြည့်လို့ရဦးမယ်။"

ထို‌ယောက်ျား၏မျက်ဝန်းများက အနည်းငယ် လှုပ်ခါသွားပြီး သူ့နှလုံးသားထဲရှိ အနူးညံ့ဆုံးနေရာတွင် အဆုံးမရှိသော သိမ်မွေ့မှုတို့ ပြည့်လျှံသွားရသည်။

ရုတ်တရက်ဆိုသလို သူ့ခေါင်းကိုလှည့်လာပြီး သူမ၏ တောက်ပနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။

"လမ်းလျှောက်ထွက်တယ်၊ လေညင်းခံတယ်၊ နေဝင်ချိန်ကို ရှုစားတယ်တဲ့လား၊ မင်းနဲ့ မတွေ့ခင်ကတော့ ဒါတွေကို လမ်းလျှောက်တာ၊ လေတိုက်တာနဲ့ ညရောက်လာတာလို့ပဲ ခေါ်ခဲ့တာ။"

သူ၏ ကြည်လင်ကာ ဩရှနေသော စကားသံများ ငြိမ်သက်သွားချိန်တွင် ရှန်းမူမူ၏ခေါင်းထဲတွင် တဝီဝီမြည်သံများသာ ကြားရလေတော့သည်။

ဘုရားရေ။

ဒီလူက ဘာလို့ ဒီလောက်တောင် ချောမွေ့နေအောင် ပြောတတ်နေရတာလဲလို့။

အရမ်းမိုက်တာပဲ။

***

All Chapters