ကိုယ်မင်းကို သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်လေ။"
Vol. 9 Ch. 107
"
ထိုညတွင် ရှန်းမူမူ ချီမော့စကားများ၏ အမှန်တကယ် ဆိုလိုသည့် အဓိပ္ပါယ်ကို အဆက်မပြတ် တွေးနေမိသည်။
သူ သူမကို သဘောကျနေတာများ ဖြစ်နေမလား။
ထိုအတွေးက သူမခေါင်းထဲတွင် သူ့အလိုလို ပေါ်ထွက်လာ၍ ခေါင်းတွင်တွင် ခါယမ်းမိလိုက်တော့သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ငါတို့နှစ်ယောက်က သန့်သန့်ရှင်းရှင်း စာချုပ်ဆက်ဆံရေးသက်သက်ပဲ ရှိတာလေ။
သူမသာ မရေမရာတဲ့ ခံစားချက်ဆိုတဲ့ အရာတွေဆီကနေ သက်ရောက်ခံလိုက်ရရင် သူ့ရဲ့ပိုက်ဆံတွေကို ဘယ်လိုလုပ် အပြစ်ကင်းကင်းနဲ့ လက်ခံနိုင်ဦးမှာတဲ့လဲ။
သူမအိပ်ခန်းထဲတွင်ရှိသော မျက်နှာကြက်မှ ကြမ်းပြင်ထိအောင် ရှည်လျားသည့် ပြတင်းပေါက်၏ အရှေ့တွင် ရှေ့နောက် လူးလာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
သူမ၏ ဦးနှောက်ကို မည်မျှပင် အရည်ညှစ်၍ တွေးနေပါစေ အဖြေရှာ၍ မရနိုင်ခဲ့ချေ။
အချိန်အတော်ကြာမှ အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်ကို ချပြီးဟန်ဖြင့် နှုတ်ခမ်းတင်းတင်းစေ့၍ သူမ၏ဖုန်းကို ထုတ်လိုက်တော့သည်။
"ရှင်ပြောခဲ့တဲ့ စကားတွေက အတိအကျ ဘာကိုဆိုလိုတာလဲ။"
ထိုမေးခွန်းကို ရိုက်လိုက်ပြီးနောက်တွင် မျက်လုံးမှိတ်ကာ ဖုန်းမျက်နှာပြင်ကို အားဖြင့် ဖိချလိုက်သည်။
မက်ဆေ့ပေးပို့လိုက်ပြီဖြစ်သည်။
ရုတ်ခြည်းဆိုသလို သူမ၏နှလုံးသားက ထိန်းမနိုင်သိမ်းမရ ခုန်လာတော့သည်။
ချီမော့က ဘေးခန်းရှိ စာကြည့်ခန်းထဲတွင် ရှိနေသည်။ သူ ထိုမက်ဆေ့ကို လက်ခံရရှိလိုက်ချိန်တွင် အဓိပ္ပါယ်ဖော်မရသော အလင်းတန်းအချို့က သူ၏ မှင်ရည်ကဲ့သို့ နက်မှောင်နေသော မျက်ဝန်းများအတွင်း ဖြတ်ကနဲ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူ မတ်တတ်ထရပ်လိုက်သည်။
သူမ၏ မေးခွန်းကို မျက်နှာချင်းဆိုင်ဖြေရန် ပြင်လိုက်ခြင်းဖြစ်သည်။
ရှန်းမူမူ သူမ၏ ဖုန်းကို စိတ်လှုပ်ရှားစွာကိုင်ထားပြီး ဖုန်းမျက်နှာပြင်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် "စာရိုက်နေသည်..."ဟု၍ ပေါ်နေခြင်း မရှိချေ။
ထူးဆန်းလိုက်တာ၊ သူ မမြင်မိတာများလား။
ရုတ်တရက် သူမဘေးဘက်ရှိ စာကြည့်ခန်းတံခါး ပွင့်သွားသည့် အသံသဲ့သဲ့ကို ကြားလိုက်ရသည်။
သူမ မျက်မှောင်ကြုတ်သွားရပြီး ကသုတ်ကရက်ဖြင့် စာထပ်ရိုက်လိုက်သည်။
"ဝီချက်ကနေပဲ ပြောပါ။"
ရှန်းမူမူ အသက်ရှူပင်အောင့်ထားမိပြီး ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာမိတော့သည်။
အမြဲတစေ သူမ၏အကြောက်တရား ကင်းမဲ့မှုကို ကြွားဝါနေတတ်သော သူမမှာ ယခုအချိန်တွင် မဝံ့မရဲဖြင့် ရှက်ကြောက်နေလေသည်။
တံခါးအောက်ခြေရှိ အဟလေးမှ အပြင်ဘက်ရှိ အလင်းရောင်နှင့် အရိပ်မှိန်မှန်လေးကို တွေ့နေရသည်။
နောက်ဆုံးတွင် ဖုန်းနိုတီဝင်လာသည့် 'တင်'ကနဲမြည်သံနှင့်အတူ အခန်းအပြင်ရှိ အရိပ်က ဆက်လက်ရွေ့လျားလာခြင်း မရှိတော့ချေ။
သူမလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သွားခဲ့လေသည်။
ထို့နောက်တွင် သူမလက်ထဲရှိဖုန်းက တုန်ခါသွားသည်။
ဖုန်းမျက်နှာပြင် လင်းလာတော့သည်။
"ကိုယ်မင်းကို သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်လေ။"
ထိုအချိန်တွင် သူမ၏ ခုန်ပေါက်ပြေးလွှားနေသော အတွေးများက ငြိမ်ကျသွားလေတော့သည်။
ဖုန်းမျက်နှာပြင်ပေါ်ရှိ အဆိုပါ ခပ်တိုတိုစာလေးကို စိုက်ကြည့်ရင်း ရှန်းမူမူတစ်ယောက် သူမ၏ လည်ချောင်း တင်းကြပ်လာပြီး ပါးပြင်နှစ်ဖက်တွင် အပူလှိုင်းများ ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။
ရှင်းပြ၍မရနိုင်သော စိတ်ခံစားချက်လှိုင်းတစ်ခုက သူမ၏ နှလုံးသားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူမ၏ ခေါင်းထဲတွင် ရုပ်ရှင်ဇာတ်လမ်းတစ်ခု ပြနေသကဲ့သို့ သူမတို့အတူရှိခဲ့သည့် အချိန်အပိုင်းအစများကို ပြန်လည်မြင်ယောင်လာမိသည်မှာ သူ အမှန်တရားကို ဆိုနေကြောင်း ရှင်းလင်းအောင် ပြနေသကဲ့သို့ပင်။
သက်သေအဖြစ် အသုံးပြုနိုင်မည့် အမှတ်တရအပိုင်းအခြားများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
မိုးရွာသည့်နေ့က ဖုန်းဆက်ချိန်တွင် သူ သူမကို လာကြိုပေးရန် ဈေးဝယ်စင်တာသို့ လာချင်ခဲ့ပုံ။
သူ၏ လက်ဖြင့် သူမ၏ ဆံပင်များကို ပွတ်သပ်ပြီး လက်ကို ကားနောက်ခုံတွင် အသာအယာတင်ထားခဲ့ပုံ။
Gymတွင် သူ သူမကို အဝတ်အစားများဖြင့် ခြုံလွှမ်းပေးခဲ့ပုံ။
သူမကို ထပ်ကာထပ်ကာ ရင်ခွင်ထဲ ထိုးသိပ်ခဲ့ပုံ။
ဖွင့်ဟပြောရန် အကြိမ်ကြိမ် အခါခါ တုန့်ဆိုင်းနေခဲ့ပုံ။
ဒါဆို သူမကရော။
သူမ တွေးနိုင်သမျှ အမှတ်တရ အပိုင်းအခြားထဲမှာ ဘယ်လိုနေရာကနေ ပါဝင်နေခဲ့တာလဲ။
တစ်လျှောက်လုံး တမင်တကာဖြစ်ပါစေ မတော်တဆဖြစ်ပါစေ သူမတို့နှစ်ယောက်ကြားက သိမ်မွေ့တဲ့ခံစားချက်တွေကို လျစ်လျူရှုနေခဲ့တာ မဟုတ်လား။
သူမက ဒီလို မဖော်ပြနိုင်လောက်တဲ့ခံစားချက်တွေကို ကြုံသလို စုပုံပြီး သူတို့ရဲ့ "စာချုပ်အိမ်ထောင်ရေး"ဆိုတဲ့ ခေါင်းစဉ်အောက်ကို ပစ်ထည့်ထားခဲ့တာလေ။
တခြား ဖြစ်နိုင်ခြေတွေကို လုံးဝကို မတွေးခဲ့တာ။
သူမ ပိုတွေးလေလေ ပို၍ စိတ်ရှုပ်ထွေးလာမိလေလေ ဖြစ်သည်။
ဖုန်းမျက်နှာပြင်ပေါ်ရှိစာက သူမ၏ နားသန်သီးလေးများကိုပင် လောင်ကျွမ်းနေစေပြီဖြစ်သည်။
သူမ စာပြန်မပို့ခင် အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့မိသည်။
တံခါးအပြင်ဘက်တွင်...
အရပ်ရှည်ကာ ချောမောသော ယောက်ျားက နံရံပေါ်မှီနေရင်း မျက်လွှာကိုချထားကာ ဖုန်းမျက်နှာပြင်ကိုကြည့်နေသော သူ၏မျက်လုံးများက နက်ရှိုင်းနေခဲ့သည်။
ခပ်မှိန်မှိန်မီးအလင်းရောင်က သူ၏ ပန်းပုထုထားသကဲ့သို့ မျက်နှာချောချောပေါ်သို့ ဖြာကျနေပြီး သူ၏မျက်နှာအမူအရာက တည်ကြည်နေလျက်ရှိသည်။
သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။
စီးပွားရေးနယ်ပယ်တွင် အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေတတ်သည့် ထိုယောက်ျားအဖို့ ယခုလို ညှဉ်းပန်းမှုမျိုး တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။
အချိန်က တစ်စက္ကန့်ချင်း ကုန်ဆုံးလာခဲ့သည်။
စကားပြောခန်းတွင် နောက်ဆုံးရှိနေသည့် မက်ဆေ့မှာ သူ ပို့ထားသည့် မက်ဆေ့သာ ဖြစ်နေဆဲ ဖြစ်သည်။
သူ နက်ခ်တိုင်ကို ဖြေလျှော့လိုက်မိသည်။
သို့မဟုတ်ပါက ကူကယ်ရာမဲ့နေသည့်ခံစားချက်များကြောင့် အသက်ရှူကြပ်တော့မည်မှာ သေချာပေါက်ပင်။
ထိုကဲ့သို့ အချိန်မည်မျှကြာအောင် စောင့်နေမိသလဲ သူမသိတော့ချေ။
နောက်ဆုံးတွင် သူ့ဖုန်း လင်းလာခဲ့သည်။
သို့သော်လည်း မက်ဆေ့ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် မှင်သက်သွားမိတော့သည်။
"ရှင် နောက်ဆို ကျွန်မကို ပိုက်ဆံမပေးရတော့အောင် ကြိုးစားနေတာလား။"
ချီမော့ : "....."
နံရံအရှေ့ရှိ အခန်းထဲတွင်...
ဤပြန်စာက ရယ်ဖွယ်ကောင်းကြောင်း ရှန်းမူမူလည်း သိနေပါသည်။
သို့သော်လည်း ယခုအချိန်တွင် လေထုအခြေအနေကို ကိုးယိုးကားယားနိုင်မှု လျော့ပါးသွားစေရန် မည်သို့ ပြန်လည်တုန့်ပြန်ရမလဲ သူမ မသိတော့ပေ။
အရာအားလုံးကို ပွင့်ထွက်သွားအောင် ဖွင့်ထုတ်ပစ်ပါက သူတို့ နောက်ဆို နေ့ရော ညပါ မည်သို့ ဆက်ဆံကြရတော့မည်နည်း။ ယခုအချိန်တွင် သူမကိုယ်သူမ အခြားသူထံတွင် မြှုပ်နှံပစ်ရန် အဆင်သင့်မဖြစ်သေးချေ။
သို့သော်လည်း ဤပြန်စာက အခြေအနေကို တားဆီးနိုင်မည်တော့ မဟုတ်ပေ။
သူမ နှုတ်ခမ်းများကိုစေ့ထားပြီး တစ်ကိုယ်လုံးကို စောင်ပုံထဲဖွက်ထားကာ မျက်နှာကို ခေါင်းအုံးထဲ နှစ်ပြီးမှ သူမ နှလုံးသား၏ အလိုဆန္ဒကို ဖြည့်တင်းပေးမည့် ပြန်စာကို ပို့လိုက်ခြင်း ဖြစ်သည်။
သူမ၏ နားသန်သီးလေးများက အနည်းငယ် နီမြန်းနေပြီး ပါးပြင်နှစ်ဖက်က ပူလောင်နေလျက် ရှိသည်။
ကုတင်ပေါ်တွင်လှဲနေရင်း သူမ၏ ခြေထောက်များကို လေထဲကို အကြိမ်ရေ အနည်းငယ်မျှ ကန်လိုက်သည်။
သူမ၏ ကနွဲ့ကလျဆန်ပါသော အတွေးများ အနည်းငယ်ပင် ဖော်ထုတ်မိမည်ကို စိုး၍ အခြား မည်သည့်အသံမှ မထွက်မိအောင် လုပ်နေသည်။
စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆူပူနေမိပြန်သည်။
သူမက အသက် နှစ်ဆယ့်ရှစ်နှစ်ပင်ရှိနေပြီဖြစ်သော်လည်း ယခုလိုအချိန်မျိုးတွင် ပျာယာခတ်ကာ စိတ်လှုပ်ရှားနေမိသေးလေသည်။
ရှန်းမူမူရေ ရှန်းမူမူ၊ နင်တော့ သွားပြီပဲဟေ့။
တံခါးအပြင်ဘက်တွင်...
အဆိုပါယောက်ျား၏နှုတ်ခမ်းပေါ်ရှိ အပြုံးက ပို၍ ပို၍ ကြီးမားလာခဲ့သည်။
နက်မှောင်နေပါသော မျက်စိသူငယ်အိမ်နှစ်ခုကလည်း တောက်လောင်လာသည်မှာ မီးပွားနှစ်ခုကဲ့သို့ပင်။
အောက်ထပ်ရှိ ဧည့်ခန်းထဲတွင်...
ရေခဲတုံးအနည်းငယ်စားရန် မီးဖိုချောင်သို့သွားသော ချီရှောင်ပိုင်တစ်ယောက် အပြန်တွင် အပေါ်ထပ်ကို တစ်ချက်ကြည့်လိုက်မိသည်။
သူ နေရာတွင်ပင် ရပ်တန့်သွားပြီး တောင့်ခဲသွားမိသည်။
အဖေက အပြစ်ပေးခံရတဲ့ပုံနဲ့ အခန်းပြင်မှာ ဘာလို့ ရပ်နေရတာလဲ။
သူထိုသို့တွေးနေချိန်တွင် အပေါ်ထပ်မှ တံခါးခေါက်သံ ဖွဖွလေးနှစ်ချက်ကို ကြားလိုက်ရသည်။
တံခါးခေါက်သံနောက်တွင် အဖေ၏ ရယ်သံစွက်နေသော မေးသံကို ကြားလိုက်ရသည်။
"ကိုယ် အခု ဝင်လာလို့ ရပြီလား။"
ချီရှောင်ပိုင်၏ မျက်လုံးများ ပြူးထွက်သွားတော့သည်။
"....."
ဘုရားရေ။
သူ ဘာကို မြင်လိုက်ရတာလဲ။
အဖေက မိထွေးဆီကနေ အခန်းပြင်ထုတ်ပြီး တံခါးပိတ်ထားတာ ခံနေရတာလား။
ချက်ချင်းဆိုသလို သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ရေခဲပုံးကိုဖက်ကာ သူ၏ တည်ရှိမှုကို သေးငယ်နိုင်သမျှ သေးငယ်အောင် လုပ်လိုက်သည်။
သူ့စိတ်ထဲတွင် တိုးတိုးတိတ်တိတ်လေး ရေရွတ်နေသည်မှာ : အဖေ ငါ့ကိုမမြင်ရဘူး၊ ငါ့ကိုမမြင်ရဘူး၊ ငါ့ကိုမမြင်ရဘူး...
"နွေရာသီမှာ ရေခဲရေတွေအများကြီးသောက်တာ မကောင်းပါဘူး သခင်လေး။"
မြေအောက်ဝိုင်သိုလှောင်ခန်းထဲတွင် စာရင်းမှတ်ပြီး၍ ပြန်ထွက်လာသော အိမ်တော်ထိန်းကျန်း ချီရှောင်ပိုင်တစ်ယောက် ရေခဲပုံးကို ပိုက်ထားကြောင်း မြင်လိုက်၍ တာဝန်သိစွာဖြင့် သတိပေးလေသည်။
ချီရှောင်ပိုင် တောင့်တင်းသွားရပြီး သူ့ရင်ထဲတွင် မြင်းပေါင်းထောင်ချီ ခုန်ပေါက်ပြေးလွှားသွားသလို ခံစားလိုက်ရသည်။
သူ့အဖေ မတ်တတ်ရပ်ပြီး အပြစ်ပေးခံထားရသော နေရာသို့ သူ့အလိုလိုပင်လှည့်ကြည့်မိသွားပြီး သတိလက်လွတ်ဖြင့် သူ့အဖေနှင့် အကြည့်ချင်း ဆုံသွားတော့သည်။
ချီရှောင်ပိုင် ကြောင်တောင်တောင်ဖြင့် ခေါင်းလေးကုတ်ပြီး ခေါ်လိုက်သည်။ "အဖေ။"
ချီမော့ ပြန်ထူးခါနီးတွင် အခန်းထဲမှ သူမ၏ နူးညံ့ငြင်သာသော ပြန်ပြောသံကို ကြားလိုက်ရသည်။ "ရှင် အခု ဝင်လာလို့ ရပြီ။"
သူ၏ အေးစက်နေသော မျက်နှာမှာ ချက်ချင်းဆိုသလို ငြင်သာသွားကာ ဩရှရှအသံဖြင့် ပြန်ဖြေလိုက်သည်။ "ကောင်းပြီလေ။"
ချီရှောင်ပိုင် လုံးဝ မှင်သက်သွားရတော့သည်။
သူ အခန်းထဲမှ ရှန်းမူမူ၏ အသံကို မကြားရသလို သူ့အဖေ အပြစ်ပေးခံရသည့် အကြောင်းပြချက်ကိုလည်း မသိပေ။
သို့သော်လည်း ကြုံတွေ့လိုက်ရသည့်ကိစ္စကို မအံ့ဩမိဘဲ မနေတော့ချေ။
အခန်းပြင်မှာ မတ်တတ်ရပ်ဖို့ အပြစ်ပေးခံထားရတာတောင် အဖေက တကယ်ကြီး ပြုံးနေသေးတယ်တဲ့လား။
ကျစ်၊ ကျစ်၊ တွယ်ကပ်နေလိုက်တာများနော်။
အံ့ပါရဲ့။
သူ့အဖေကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး အခန်းဆီသို့ အားကြိုးမာန်တက် ပြေးလိုက်တော့သည်။
သူ့နောက်သို့ နားပူနားဆာလုပ်နေသော အိမ်တော်ထိန်းကျန်းက မမောနိုင်မပန်းနိုင်လိုက်နေဆဲ ဖြစ်သည်။
"သခင်လေး အခု ရေခဲရေတွေ မသောက်သင့်ဘူးနော်။"
"သခင်လေး တံခါးဖွင့်ပါဦး၊ ရေနွေးသောက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို ပြောပြချင်လို့ပါ။"
***