အထုတ်သိမ်း
Vol. 9 Ch. 108
ရှန်းမူမူ၏ စိတ်မသက်မသာဖြစ်ခြင်းက ရက်အနည်းငယ်သာ ကြာမြင့်သည်။
သိပ်မကြာခင်မှာပင် သူမ၏ စိတ်ကို မူလအတိုင်း ပြန်ထိန်းညှိနိုင်ခဲ့သည်။
အလုပ်တွေလုပ်ခြင်း၊ ချီရှောင်ပိုင်ကို အင်္ဂလိပ်စာ သင်ပြခြင်းနှင့် သူမယောက္ခမ ဖုန်းယောင်ချင်အတွက် အချိန်ပေးခြင်း စသည်တို့ဖြင့် အလုပ်များနေလေသည်။
ထိုအရာတွေက သူမ၏ စွမ်းအင်တွေကို တခြားဆီ မလွင့်ထွက်သွားစေခဲ့ပေ။
တစ်ဖက်တွင်လည်း ချီမော့၏ တည်ငြိမ်အေးဆေးလှသည့် အမူအရာကြောင့်လည်း ပါဝင်သည်။
သူတို့နှစ်ဦးကြားတွင် ပွင့်လင်းမှုများ ရှိသွားသော်လည်း သူမ စိတ်ဖိစီးရအောင် သူ မလုပ်ခဲ့ပေ။
သူမထံ ချဉ်းကပ်ခြင်း သို့မဟုတ် မတူညီသည့်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းလည်း မရှိပေ။
ထိုအရာက ရှန်းမူမူကို သက်သာရာရစေခဲ့သည်။
သူမက လူတစ်ယောက် အလွန်ပြောင်းလဲသွားခြင်းကို ကြောက်ရွံ့သူ ဖြစ်သည်။
အထူးသဖြင့် လူနှစ်ဦးကြားက ဆက်ဆံရေးပြောင်းလဲသွားမည်ကို စိုးသည်။
သူမ အမျိုးသားတစ်ယောက်ကို မချစ်မိရသည့် အကြောင်းအရင်းက အမျိုးသားတွေက သူတို့၏ ခံစားချက်ကို ဖွင့်ဟပြီးပါက ပြောင်းလဲသွားတတ်သောကြောင့်ဖြစ်သည်။
ထိုအရာက သူမမျက်လုံးထဲတွင် ဆွဲဆောင်မှု လျော့ပါးသွားစေသည်။
သူမ၏ စိတ်ဝင်စားမှုကလည်း ကင်းဝေးသွားစေသည်။
ချီမော့၏ တည်ငြိမ်မှုက ယခင်လို မပြောင်းမလဲ ရှိနေလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူမကို သံသယစိတ်လည်းဖြစ်စေသည်။
အဖိုးကြီးက ရယူရခက်ခဲသလို လုပ်နေတာလား ဟမ်။
'ငါ့ကိုဘယ်လိုဆွဲဆောင်မလဲဆိုတာ ကြည့်ရသေးတာပေါ့'ဟူသော ပုန်ကန်သည့် အတွေးလေးလည်း သူမစိတ်ထဲ ပေါ်လာခဲ့သည်။
တည်ငြိမ်အေးချမ်းသောဘဝတွင် ရေစီးကြောင်းများ စိမ့်ဝင်နေခြင်းနှင့် တူသည်။
ထိုနေ့တွင် ရှန်းမူမူက ဖုန်းယောင်ချင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
ဖုန်းထဲတွင် ဖုန်းယောင်ချင်က သူမ အကအဖွဲ့က ညီအစ်မများဖြင့် ခရီးသွားဖို့ စီစဉ်ထားကြောင်း ပြောခဲ့သည်။
မကြာသေးမီနှစ်များက သူမက နိုင်ငံခြားခရီးစဉ်များစွာကို သွားခဲ့သည်။
သို့သော် သူမက အမိမြေ၏ သာယာလှပမှုကို သေချာ မခံစားရသေးပေ။
ယခုတစ်ကြိမ်တော့ သူမတို့က အနောက်ဘက်ကိုသွားဖို့ ပြင်ထားခဲ့သည်။
ပထမဆုံးအနေဖြင့် ရှင်ကျန်းမြို့ရှိ လှပသည့် ချကာဆားကန်ကို သွားမည်ဖြစ်ပြီး နောက်တစ်နေရာအဖြစ် လန်ကျုံးကိုသွားကာ အမဲသားခေါက်ဆွဲစားမည်ဖြစ်သည်။
ထို့နောက် မြောက်ပိုင်းကိုဆက်သွားကာ ချင်ကျန်းက သစ်သီးတွေကိုသွားစားမည်ဖြစ်သည်။
အပြည့်အဝပျော်ပြီးပါက အိမ်မပြန်ချင်သေးပါက တောင်ပိုင်း၊ စီချွမ်းနှင့် တောင်ချန်ယားတင်ကို သွားဦးမည်ဖြစ်သည်။
အကယ်၍ စိတ်ပါသေးပါက လီကျန်းနှင့် ယွီနန်က အာ့ဟိုင်ရေကန်မှာ ရက်အနည်းငယ်နေဦးမည်ဖြစ်သည်။
ရှန်းမူမူ။ “အမေ ဒီလိုသွားမယ်ဆိုရင် အနည်းဆုံး လအနည်းငယ်တော့ကြာမယ်မလား။”
ဖုန်းယောင်ချင်က အတွေ့အကြုံပေါ် မူတည်ကာ ခန့်မှန်းလိုက်သည်။ “အဲ့ထက်ပိုတယ်၊ နှစ်ဝက်လောက် ကြာလိမ့်မယ်၊ ဒါကြောင့် အစ်မတွေနဲ့ ညီမတွေက မိသားစုကို ပြောကြတာ။”
ရှန်းမူမူက သူမရုံးခန်းက စားပွဲပေါ်ရှိနာရီကို ကြည့်လိုက်သည်။ “အမ် ဒါဆို ပစ္စည်းတွေ အများကြီး လိုလိမ့်မယ်၊ အမေ့အတွက် သမီး အွန်လိုင်းပေါ်ကနေ မှာပေးမယ်၊ ရောက်လာရင် ကူထုတ်ပေးမယ်။”
ဖုန်းချပြီးသည့်နောက်တွင် သူမက အွန်လိုင်းပေါ်မှာ ခရီးသွားပစ္စည်းများ မှာယူခဲ့သည်။
နောက်တစ်နေ့တွင် သူမ အိမ်ရှေ့ထံ အထုတ်ကြီး အထုတ်ငယ်များ လာပို့ခဲ့လေသည်။
သူမက သေတ္တာ ၇ လုံး၊ ၈ လုံးကို အပေါ်ထပ်သို့ သယ်သွားပြီး အထုတ်ဖောက်ကြည့်ခဲ့သည်။
သူမ အထုတ်တွေကို ပျော်ရွှင်စွာ ဖောက်နေတုန်း ချီမော့က အခန်းတံခါးဖွင့်ကာ ဝင်လာခဲ့သည်။
ရှန်းမူမူက လှည့်ကြည့်လိုက်တော့ အကြည့်ချင်းဆုံပြီး တစ်ခဏ တောင့်ခဲသွားကြလေသည်။
“ပြန်လာပြီလား။”
အချိန်က နေ့လည် ၂ နာရီသာ ရှိသေးသည်။
ချီမော့ အချိန်ပို မဆင်းခြင်းကအလွန်ရှားကာ နေ့လည် နှစ်နာရီ အိမ်ပြန်ရောက်ခြင်းက အလုပ်ပြေးတမ်း ကစားနေသည်ဟုပင် ယူဆနိုင်သည်။
“ဒီည အလုပ်ကိစ္စနဲ့ ခရီးထွက်စရာရှိလို့ အထုတ်လာထုတ်တာ။”
“ဪ။” ရှန်းမူမူက ပြန်ဖြေပြီးနောက် သူမ ထုတ်ပိုးမှုကို ဆက်လုပ်ခဲ့သည်။
ချီမော့က ကြမ်းပြင်ပေါ်က ပစ္စည်းများကို ကြည့်လိုက်သည်။ “ဒါက ဘာတွေလဲ။”
ရှန်းမူမူက ပြုံးကာ ခရီးသွားလျှင် လိုအပ်သည့် ပစ္စည်းများကို ရှင်းပြလိုက်သည်။
သူမက သူမဘယ်ဘက်က ပစ္စည်းကို ညွှန်ပြလိုက်သည်။ “ဒါက အဝတ်ချိတ်တဲ့ဟာလေ၊ ဟိုတယ်က ပေးတဲ့ ချိတ်တွေက အလုံအလောက် မရှိလို့ ကိုယ်တိုင်ထည့်သွားတာက ဒုက္ခနည်းစေလိမ့်မယ်။”
ထို့နောက် သူမက ညာဘက်ကို ညွှန်ပြလိုက်သည်။ “ဒါက ယူပုံစံခေါင်းအုံး၊ ဒါက မျက်လုံးအုပ်တဲ့ဟာ၊ အသက်ကြီးတဲ့လူတွေက အအိပ်ဆတ်ပြီး ဟိုတယ်မှာ အိပ်ရတဲ့အခါ ပိုဆိုးတယ်။”
ထို့နောက် သူမက အိတ်တစ်ခုကို ပုတ်ပြကာ ပြောလိုက်သည်။ “အမေ့အတွက် ခေါင်းအုံးလည်း ဝယ်ထားသေးတယ်၊ ဟိုတယ်က ခေါင်းအုံးနဲ့ဆို သူ အိပ်တတ်မှာ မဟုတ်ဘူး။”
သန့်စင်ခန်းထဲချိတ်လို့ရသည့် သုတ်စရာ အဝတ်များနှင့် အကန့်များပါသည့် အိတ်များလည်း ပါရှိသေးသည်။
အခြေခံအားဖြင့် သူမ တွေးလို့ရသမျှ အကုန်ပြင်ဆင်ထားသည်။
ယခင်တုန်းက သူမ လုပ်စရာမရှိပါက အခန်းသန့်ရှင်းရေး လုပ်တတ်သည်။
ပစ္စည်းများ စီရီအောင် သန့်ရှင်းရေးလုပ်ခြင်းက သူမ အတွေးတွေကို တခြား ဘယ်မှ မရောက်စေဘဲ စိတ်လက်ပေါ့ပါးစေသည်။
ယခုနေရာကိုရောက်ကတည်းက ထိုအလုပ်အားလုံးကို အိမ်တော်ထိန်းက လုပ်ခဲ့သည်။
သူမကိုယ်တိုင် ပစ္စည်းများ မသိမ်းရသည်မှာ ကြာပြီဖြစ်သည်။
ယခု အခွင့်အရေးကိုအသုံးချကာ ယောက္ခမဖြစ်သူအတွက် ပစ္စည်းထုတ်ပိုးပေးခြင်းက ပစ္စည်းထုတ်သိမ်းချင်သည့် သူမ ဆန္ဒကို ပြည့်စုံစေခဲ့သည်။
ချီမော့က ဗီရို၏ တံခါးနား မှီရပ်ကာ သူမ၏ နောက်ကျောကို ကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ခေါက် သွားတာ ၅ ရက် ကြာမယ်။”
ရှန်းမူမူက လှည့်မကြည့်ခဲ့ပေ။ ”ဪ၊ အင်းပါ။”
သူ ရုတ်တရက် အလုပ်ခရီးထွက်သွားတတ်ခြင်းကို သူမ အသားကျနေပြီဖြစ်သည်။
သူမက ထုတ်ပိုးမှုကို မရပ်တန့်ခဲ့ပေ။
ထိုလူက သူမနားက ဗီရိုထံ လမ်းလျှောက်ဝင်လာကာ အဝတ်ထည့်သည့်အိတ်ကို ဆွဲထုတ်လိုက်သည့်အခါ သူမ မျက်လုံး မှေးကျဉ်းလိုက်မိသည်။
နေပါဦး။
သူမကို အချက်ပြနေတာလား။
ရှန်းမူမူက အနောက်ကို လှည့်ကြည့်လိုက်သည်။
ချီမော့က မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်လေသည်။
ကြမ်းပြင်ပေါ်တွင် ဖွင့်ထားသည့် အဝတ်ထည့်အိတ်ရှိသည်။
ရှပ်အင်္ကျီတချို့ကို မခေါက်ဘဲ ထည့်ထားသည်။
ရှန်းမူမူ၏ မျက်လုံးတွေ တုန်လှုပ်သွားလေသည်။
အဝတ်တွေကို ထိုသို့ ထည့်ထားခြင်းက သူမကို စိတ်အား ယားယံစေသည်။
ထိုလူက အံဆွဲထဲက နက်ကတိုင်များကိုယူကာ လုံးပြီး အပေါ်သို့ ဖြစ်သလို ထည့်လိုက်သည်။
ရှန်းမူမူက မျက်မှောင်ကြုတ်ကာ သည်းမခံနိုင်သည့်အဆုံးတွင် ထကာ လမ်းလျှောက်သွားလိုက်သည်။
သူမ၏ လေသံထဲတွင် မနှစ်မြို့မှုများ ပါရှိနေသည်။
“ဒီလို ထုတ်ပိုးလို့ မရဘူးလေ၊ ကျွန်မ ကူပေးမယ်….”
ထိုစကားကြားတော့ ဗီရိုထဲ မွှေနှောက်နေသည့် ချီမော့၏ လက်များ ရုတ်သိမ်းသွားကာ နူးညံ့စွာ ပြန်ဖြေလိုက်သည်။ “ကောင်းပြီ။”
ရှန်းမူမူက စတင်ကာ ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့သည်။ “ဘယ်နှရက်ကြာမှာလဲ။”
ချီမော့။ “၅ ရက်။”
“အဲမှာ အပူချိန်ဘယ်လောက်ရှိလဲ။” ရှန်းမူမူက မေးခဲ့သည်။
“ကြည့်လိုက်ဦးမယ်။” ချီမော့က ပြန်မဖြေခင် ဖုန်းထုတ်ကာ ကြည့်လိုက်သည်။
“သိပြီ၊ ဘေးဖယ်။” ရှန်းမူမူက စိတ်မရှည်စွာ လက်ခါပြပြီး လမ်းဖယ်ခိုင်းလိုက်သည်။
ချီမော့၏ မျက်လုံးများ ကွေးညွှတ်သွားကာ လမ်းဖယ်ပေးပြီး ထိုင်ခုံတွင် ဝင်ထိုင်ကာ သူမ ထုတ်ပိုးနေသည်ကို ကြည့်နေသည်။
ရှန်းမူမူက ထုတ်ပိုးရင်း ကိုယ့်ကိုယ်ကို ပြောနေသည်။ “တစ်ရက်ကို ရှပ်အင်္ကျီ တစ်ထည်၊ ငါးရက်ဆိုတော့ ငါးထည်၊ အပိုမပါဘူး။”
သူမက ရုတ်တရက် လှည့်ကာ မေးလိုက်သည်။ “ကူပြီးရော ထုတ်ပေးစေချင်ရဲ့လား။”
ချီမော့ကြည့်ကာ လေသံနိမ့်နိမ့်ဖြင့် ပြန်ဖြေခဲ့သည်။ “အင်း။”
ရှန်းမူမူက ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပြီ။”
နောက်ဆုံးတော့ သူမက နာရီတွေထည့်ထားသည့်နေရာကို ကြည့်လိုက်သည်။
သူမက ထိုအရာကို မျှော်နေခြင်း ဖြစ်သည်။
သူမက ဘရန်းပေါင်းစုံသော နာရီများ ကြည့်လိုက်သည်။ သူမက မေးစေ့ကိုထိကာ ဘယ်အဝတ်အစားနဲ့ ဘယ်လိုနာရီ လိုက်ဖက်မလဲဆိုတာကို တွေးတောနေသည်။
သူမ စိတ်ကြိုက်များကို ထုတ်ကာ သပ်ရပ်စွာ စီလိုက်သည်။
သူမက စိတ်ကျေနပ်စွာ သက်ပြင်းရှိုက်လိုက်သည်။ “ပြီးပြီ။”
ထို့နောက် ရှန်းမူမူက သူမနှင့်စကားပြောချင်နေသည့် ချီမော့၏ အမူအရာကို လျစ်လျူရှုကာ ကမန်းကတန်းဖြင့် ထုတ်ပိုးထားသည့် ခရီးဆောင်အိတ်ကို ဆွဲလိုက်သည်။ “ကျွန်မ အမေ့ဆီ သွားရဦးမယ်။”
ရှန်းမူမူ ထွက်သွားပြီး မကြာခင်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
တံခါးဖွင့်လိုက်တော့ အပြင်တွင် အိမ်တော်ထိန်းကျန်း ရပ်နေသည်ကို တွေ့လိုက်သည်။
“သူဌေးအတွက် အထုတ်အပိုး လာပြင်ဆင်ပေးတာပါ။”
သူဌေးဖြစ်သူ အလုပ်ခရီးသွားတိုင်း သူကသာ အထုတ်အပိုး ပြင်ဆင်ပေးသူ ဖြစ်သည်။
မည်သည့်ပစ္စည်းတွေ လိုအပ်မည်ဆိုတာကို သူအကျွမ်းတဝင်သိသည်။
အစောပိုင်းက လက်ထောက်သုန်းထံမှ သူဌေးဖြစ်သူ မနက်ဖြန် အလုပ်ခရီးထွက်မည့်အကြောင်း ကြားသိလိုက်ရသဖြင့် သူ ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူက အဝတ်ဗီရိုထံ သွားတော့မည့်အချိန်တွင် ဖြတ်ပြောသံကို ကြားလိုက်ရသည်။
“မလိုတော့ဘူး။”
အိမ်တော်ထိန်းကျန်းက ကြက်သေသေသွားပြီးနောက်တွင် တံခါးနားက ခရီးဆောင်အိတ်ထံ အကြည့်ရောက်သွားသည်။
ဪ၊ သူဌေးက ဒီနေ့ စိတ်ကြည်နေတာနဲ့ ကိုယ်တိုင် ထုတ်ပိုးထားလိုက်တာလား။
သူပြန်ထွက်တော့မည့်အချိန်တွင် သူ့ဘေးရှိ တည်ကြည်လှသော သူဌေး၏ ကြွားလုံးထုတ်သော လေသံဖြင့် ပြောသံကို ကြားလိုက်ရသည်။ “မူမူက သေသေချာချာလေး အကုန်ပြင်ဆင်ပေးသွားတာလေ။”
***