မြေခွေးအိုကြီး
Vol. 9 Ch. 109
ရှန်းမူမူက သူမ၏ ဖုန်း အားကုန်ရခြင်းမှာ မကြာခဏ စာပို့နေသည့် မျိုးရိုးနာမည်ချီဟူသော လူကြောင့်ဖြစ်မည်ဟု သံသယဝင်မိသည်။
မနက် ၈ နာရီ ၄၅ မိနစ်တွင် ဖြစ်သည်။
ချီမော့။ “မနက်စာ(ဓာတ်ပုံ)။”
ရှန်မူမူက အိပ်ချင်မူးတူး နိုးလာပြီး မနက်စာပုံကို တွေ့လိုက်ကာ ဗိုက်ဆာလာခဲ့သည်။
ဓာတ်ပုံက ဈေးကြီးသည့် အဆောက်အဦးအမြင့်၏ အပြင်တွင် ရိုက်ထားခြင်း ဖြစ်သည်။ သူမ ရှေ့တွင် ဟိုတယ်၏ စားဖိုမှူးပြင်ဆင်ထားသော စားချင်စဖွယ် မနက်စာပုံ ရှိနေသည်။
ဖြူသွယ်သည့် လက်ချောင်းလေးတွေ၏ ဘေးတွင် နာမည်ကြီးတံဆိပ် နို့လက်ဖက်ရည် ရှိနေသည်။
ရှန်းမူမူက ဒေါသဖြင့် အံကြိတ်လိုက်သည်။
သူမက အမြန်ဆုံး စာရိုက်ပို့လိုက်သည်။
“မစ္စတာချီ အသိတရားလေးကော ရှိသေးလား၊ မနက်စာပုံပြတာက ထားပါတော့၊ နို့လက်ဖက်ရည်ပုံပါ ပြစရာလား။”
သူမ စာပို့ပြီး မကြာခင်တွင် သူမ၏ဖုန်းက တုန်ခါလာခဲ့သည်။
ချီမော့။ “ထပြီး သွားတိုက်တော့။”
ရှန်းမူမူ။ “???”
ဘာကိုဆိုလိုတာလဲ။
ဒီလောက်အဝေးကြီးကနေတောင် အမိန့်ပေးနေတာလား။
သူမ ရှုပ်ထွေးနေစဉ်မှာပင် အပြင်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။
အိမ်တော်ထိန်းကျန်းက တွန်းလှည်းလေး တွန်းလာခဲ့သည်။
“သူဌေးကတော်အတွက် သူဌေးက မနက်စာ ပြင်ခိုင်းထားတာပါ။”
ရှန်းမူမူက အံ့ဩစွာ စိုက်ကြည့်နေခဲ့သည်။
“ကျွန်မအတွက် မနက်စာပြင်ခိုင်းတာလား၊ ဘယ်တုန်းကလဲ။”
အိမ်တော်ထိန်းကျန်းက ခေါင်းငုံ့ကာ ပြုံးချင်စိတ်ကို ဖုံးကွယ်ပြီး ပြောလိုက်သည်။ “သူဌေးက မနက်က ပြင်ခိုင်းတာပါ၊ သူဌေးကတော် နိုးလာရင် ဗိုက်ဆာနေလိမ့်မယ်လို့ ပြောပါတယ်။”
အစာလှည်းပေါ်တွင် အိမ်က စားဖိုမှူးပြင်ထားသော ဝက်ပုံစံပေါက်စီများ၊ ပုဇွန်ဖက်ထုတ်၊ ကြက်ဥမွှေကြော်များပါသည်။
နို့လက်ဖက်ရည်က ဓာတ်ပုံထဲကအတိုင်း တစ်ပုံတည်းတူအောင် ပြုလုပ်ထားသည်။
အိမ်တော်ထိန်းကျန်းက စားပွဲပေါ်သို့ စားစရာများ တစ်ခုပြီးတစ်ခု ချပေးပြီးနောက်တွင် ပြန်ထွက်သွားခဲ့သည်။
ယခုတော့ ရှန်းမူမူက အစောပိုင်းက ချီမော့ပြောသည့် ‘ထပြီး သွားတိုက်တော့’ ဟူသော စကားကို နားလည်သွားခဲ့သည်။
သူမက ပြတင်းပေါက်နား သွားကာ လိုက်ကာ ဖွင့်လိုက်သည်။
နေရောင်ခြည်က အခန်းထဲရှိ အဖြူရောင်ကောဇောထက် ဖြာကျခဲ့သည်။
သူမက ခြေဗလာဖြင့် ကောဇောထက် လမ်းလျှောက်ခဲ့သည်။
သူမ၏ ဖြူဖွေးသော ခြေချောင်းများက နေပူဆာလုံနေသည်။
နွေးထွေးသည့် ခံစားချက်က သူမ တစ်ကိုယ်လုံး ပြန့်သွားခဲ့သည်။
နေရောင်အောက်တွင် သူမ မျက်လုံးက ကြည်လင်တောက်ပနေကာ တောက်ပကာ နူးညံ့ပုံပေါ်နေသည်။
သူမ၏ ဖြူသွယ်သော လက်တစ်ဖက်ဖြင့် မေးထောက်ပြီး နောက်လက်တစ်ဖက်က စာရိုက်လိုက်သည်။ “မပြောနိုင်တော့ဘူး။ အဟက်…”
တစ်ဖက်တွင် ဟောင်ကောင်ရှိ အမျိုးသားတစ်ဦးက မနက်စာ စားပြီး၍ အလုပ်စားပွဲဝိုင်းတွင် လုပ်ငန်းရှင်များနှင့် အလုပ်ကိစ္စ ဆွေးနွေးနေသည်။
သူ့ဖုန်းထဲကစာကို သူတွေ့လိုက်သည်။
မနက်ပိုင်း ဆွေးနွေးမှုပြီးကတည်းက သူ အလွန်စိတ်ရှုပ်ထွေးနေသည်။
သူ ဘာပြောတာလဲ။
ဘာကို မပြောနိုင်တာလဲ။
အနောက်က အဟက် ဆိုတာကကော ဘာသဘောလဲ။
သူ့အတွေးတွေကို ရှုပ်ထွေးစေခဲ့သည့် လက်သည်တရားခံကတော့ မနက်စာကို အရသာရှိစွာ စားပြီးသည့်နောက်တွင် အိတ်ကိုယူကာ ကုမ္ပဏီကိုသွားခဲ့သည်။
သူမ တစ်ဝက်တစ်ပြတ် ချန်ထားခဲ့သည့်စာကို ရှင်းပြလိုစိတ် မရှိပေ။
နေ့လည် ၁၂ နာရီတွင် ဖြစ်သည်။
လုပ်ငန်းရှင်များကို နှုတ်ဆက်ပြီးသည့်နောက်တွင် ချီမော့က မျက်မှောင်ကြုတ်ကာ ဖုန်းကို ထုတ်လိုက်သည်။
တစ်မနက်လုံး သူ့ကို စိတ်ရှုပ်စေသည့် မေးခွန်းအကြောင်း မေးလိုက်သည်။ “ဘာကို မပြောနိုင်တာလဲ။”
ထိုအချိန်တွင် ရှန်းမူမူက ထုတ်ကုန်ဌာနနှင့်အတူ အစည်းအဝေးခန်းထဲ ရောက်နေခြင်း ဖြစ်သည်။
သူမက ဖုန်းကို အသံပိတ်ထားကာ စားပွဲပေါ်တင်ထားသည်။
သူမက လက်နောက်ပစ်ကာ ရပ်နေပြီး သူမ ဝန်ထမ်းတင်ပြချက်ကို နားထောင်ကာ စခရင်ကို ကြည့်နေသည်။
ဖုန်းမျက်နှာပြင်က လင်းလာပြီး ပြန်မှိန်သွားခဲ့သည်။
ထို့နောက် ထပ်လင်းလာခဲ့သည်။
နောက်ဆုံးတွင် အစည်းအဝေး ပြီးသွားသည့်နောက်တွင် သူမက ဖုန်းဖွင့်ကြည့်ခဲ့ရာ စာအစောင်များစွာကို တွေ့လိုက်သည်။
ချီမော့။ “?”
ချီမော့။ “စာကိုတစ်ဝက်တစ်ပြတ် ချန်ခဲ့တာ ကောင်းတဲ့အကျင့်လား။”
ချီမော့။ “အလုပ်ရှုပ်နေတာလား။”
ချီမော့။ “ဒါဆိုလည်း လုပ်စရာရှိတာလုပ်ပါ။”
ရှန်းမူမူက ရယ်လိုက်သည်။
အေးစက်ခက်ထန်သည့်လူက ထိုစကားတွေ ပြောလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
သူမအတွေးထဲ တစ်စုံတစ်ခု ဝင်လာကာ သေချာသည့်အဖြေ မပေးဘဲ နေလေသည်။
မျက်ခုံးပင့်ကာ သူမက ပြန်ဖြေလိုက်သည်။ “ရှင်ကသာ စကားကို တစ်ဝက်နဲ့ ရပ်ခဲ့တာလေ၊ အနာဂတ်မှာ လက်တွဲဖော် မရှိဘဲ နေမယ်။”
သူမ စာပို့ပြီးသည်နှင့် တစ်ဖက်လူက လိုင်းပေါ်မှ ချက်ချင်း ဖုန်းခေါ်လာခဲ့သည်။
သူ့အသံကဩရှနေကာ ပုံမှန်ထက် မြန်နေသည်။
“အစကတော့ ဆက်မေးဖို့မရည်ရွယ်ပါဘူး၊ မင်းက ဒီလိုလုပ်နေမှတော့ ဆက်မေးမှရမယ်၊ အနာဂတ်မှာ မင်းကို လက်တွဲဖော် မရှိတာမျိုး မဖြစ်စေချင်ဘူး။”
ရှန်းမူမူက ရယ်ချင်စိတ်ဖြင့် ပြောလိုက်သည်။ “ကျွန်မ မကြောက်ပါဘူး။”
“ကိုယ်ကတော့ ကြောက်တယ်။” သူမ စကားဆုံးသည်နှင့် သူက ချက်ချင်း ပြန်ဖြေခဲ့သည်။
သူ့စကားသံက သူမနားထဲ ပဲ့တင်ထပ်နေကာ သူမ နားဖျားတွေ နီရဲသွားခဲ့သည်။
သူမက ဘောပင်ကို ကောက်ကိုင်ကစားကာ မေးလိုက်သည်။ “ချီမော့ ရှင့်ရဲ့လွှမ်းမိုးမှုကို အရင်က ဘာလို့ သတိမထားမိခဲ့ရတာလဲ၊ ရှင်ကြောက်လို့ ကျွန်မကို အတင်းဖြေခိုင်းနေတာလား။”
တစ်ဖက်က ရယ်သံထွက်လာပြီး ပြန်ဖြေလေသည်။ “လွှမ်းမိုးချုပ်ကိုင်တာ မဟုတ်ဘူး၊ ရှေ့လျှောက် မင်းမှာ လက်တွဲဖော် မရှိရင် ကိုယ့်ရဲ့ ဆက်ခံသူနေရာမှာ ဘယ်သူ့နာမည် ထည့်ရမှာလဲ။”
ရှန်းမူမူက ချက်ချင်း တောင့်ခဲသွားခဲ့သည်။ “....”
ဒီလူကတော့။
သူမတွင် အော်ဟစ်ခြင်း သို့မဟုတ် ပျော့ပျောင်းသည့် နည်းပရိယာယ်များ မရှိသည်ကို သူသိထားပြီး သူကတော့ ငွေရှာခြင်းနှင့် အသုံးရပုံကို ခုံမင်သူ ဖြစ်သည်။
သူက ထိုနည်းကိုသုံးခဲ့ခြင်းဖြစ်ကာ အလွန်ကောက်ကျစ်သည်။
သူမက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ “တော်စမ်းပါ၊ ရှင် ကောက်ကျစ်တာပဲ။”
တစ်ဖက်ကလူက သူမ အဖြေကိုကြိုတွေးထားပုံရသည်။ သူက ဩရှသည့်အသံဖြင့် ရယ်ကာပြောခဲ့သည်။ “ခန့်မှန်းချက်ကလည်း ခြွင်းချက် ဖြစ်သွားနိုင်တယ်မလား။”
ထိုလူ၏ ဆွဲညှို့ဖွယ်ကောင်းသည့်အသံက သူမကို ယာယီ ဆွံ့အစေခဲ့သည်။
အချိန်ခဏကြာပြီးနောက်တွင် သူမက ပြန်ဖြေခဲ့သည်။
ထို့နောက်တွင် အလုပ်သရဲနှစ်ဦးက ထိုအဓိပ္ပာယ်မဲ့စကားဝိုင်းကို နာရီများစွာ ဆွေးနွေးပြီးမှ ဖုန်းချခဲ့ကြလေသည်။
ဖုန်းချပြီးသည့်နောက်တွင် သူမရဲ့ ဖုန်းက အနည်းငယ် နွေးနေသည်။
ဖုန်းဖြင့် ထိထားသည့် ရှန်းမူမူ၏ ပါးကလည်း အနည်းငယ်နွေးနေသည်။
သူမက ဆမ်းဒဝှစ်နှင့် ဆလတ်ကို နေ့လည်စာအဖြစ်စားရန် ဖုန်းဖွင့်ပြီး မှာယူဖို့ လုပ်ခဲ့သည်။
သူမ အော်ဒါမတင်ရသေးခင်မှာပင် ချီမော့ထံမှ စာဝင်လာခဲ့သည်။
ချီမော့။ “ကိုယ်စားသောက်ဆိုင်ကနေ စားဖိုမှူးဆီကနေ မင်းအတွက် နေ့လည်စာ မှာပေးထားတယ်၊ သူတို့က ရုံးကို လာပို့ပေးလိမ့်မယ်၊ တခြားဟာတွေ မမှာစားထားနဲ့ဦး။”
ရှန်းမူမူက မျက်လုံးပြူးကာ ဘေးဘယ်ညာကို လှည့်ကြည့်လိုက်သည်။
သူမကို စောင့်ကြည့်နေသည့်အရာများရှိနေလားဟု သံသယဝင်မိနေသည်။
တကယ့် အံ့ဖွယ်ပဲ။
မိုင်ပေါင်းများစွာဝေးတဲ့နေရာက လူက စိတ်ကို ဖတ်နိုင်တာလား။
သူမ ရိုးရိုးရှင်းရှင်း မှာစားမည်ကို သူ မည်သို့သိနေသနည်း။
သူတို့က အစောပိုင်းလေးကမှ ဖုန်းပြောပြီးခြင်း ဖြစ်သည်။
ဘယ်အချိန် စားဖို့ မှာပေးလိုက်တာလဲ။
ဆယ်မိနစ်ကြာပြီးသည့်နောက်တွင် ဖြစ်သည်။
ယခင်တစ်ခေါက် စားသောက်ဆိုင်သွားတုန်းက တွေ့ခဲ့သည့် မန်နေဂျာ ကိုယ်တိုင် စားစရာ လာပို့လေသည်။
ဟင်း ၆ မျိုးနှင့် စွပ်ပြုတ် တစ်ပွဲ ဖြစ်သည်။ အကုန်လုံးက အိမ်တွင် သူမ အကြိုက် ဖြစ်သည်။
“သူဌေးကတော် ညစာအတွက် စားချင်တာရှိရင်လည်း ကျွန်တော်တို့ကို ကြိုပြောထားလို့ ရပါတယ်ဗျ။” ဥက္ကဌချီက သူ့ဇနီးကို အလိုလိုက်ကြောင်း လူတိုင်း သိထားသဖြင့် အစားအသောက်ပို့သည့် အခွင့်အရေး ရတုန်း အမြင်ကောင်းရအောင် ယူထားချင်သည်။ သူမထံ နေ့တိုင်း စားစရာပို့ပေးခွင့်ရဖို့ သူဆုတောင်းမိသည်။
ရှန်းမူမူက ခေါင်းခါကာ မန်နေဂျာ၏ ကြင်နာမှုကို ငြင်းပယ်ခဲ့သည်။
ရုံးခန်းထဲ သူမ တစ်ယောက်တည်း ရှိနေသည့်အချိန်တွင် ချီမော့ကို စာပြန်လိုက်သည်။
“မစ္စတာချီ ဒီမနက်က မပြီးခဲ့တဲ့ စကားကို ပြန်ဖြေပေးမယ်၊ ရှင်က မိန်းကလေးတစ်ယောက်ကို ပျော်အောင်လုပ်ပေးနိုင်မယ်လို့ မထင်ခဲ့ဘူးလို့ အဟက်၊ ရှင်ကတော့ တစ်ခုခုတော့ တစ်ခုခုပဲ။”
သူမက စာပို့ပြီးသည်နှင့် တူကိုကိုင်ကာ စတင်စားသောက်ခဲ့သည်။
အနည်းငယ်စားပြီးသည့်နောက်တွင် သူမရဲ့ ဖုန်း မီးလင်းလာခဲ့သည်။
ချီမော့။ “သိတာပေါ့။”
ထိုစာကြောင့် ရှန်းမူမူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုတာ သူမ မရှင်းပြတတ်ပေ။
နောက်စက္ကန့်အတွင်းမှာပင် စာထပ်ဝင်လာခဲ့သည်။
ချီမော့။ “အမေနဲ့ အဖွားကလည်း မိန်းကလေးပဲဟာ။”
ထိုအခါမှ ရှန်းမူမူ၏ မျက်ဝန်းထဲ နူးညံ့သည့် အပြုံးတို့ အစားထိုးဝင်ရောက်သွားခဲ့သည်။
အချိန်ခဏအတွင်း သူမ၏စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့သည်ကို သတိထားမိတော့ တူကိုင်ထားသည့် လက်များ ရပ်တန့်သွားခဲ့သည်။
ရုတ်တရက်ပင် ထိုကောက်ကျစ်သည့်မြေခွေး၏ စကားတွေအောက်တွင် သူမ ကျရှူံးသွားကြောင်း နားလည်လိုက်သည်။
သူက သူ့နည်းလမ်းအတိုင်း တစ်ဆင့်ချင်း ဆောင်ရွက်နေသည်။
သူမက ထိုသို့တွေးကာ နှုတ်ခမ်းကို ဖိလိုက်မိသည်။
ထို့နောက် ဖုန်းကိုဘေးချကာ သူမကိုယ်သူမ သတိပေးလိုက်သည်။
အလုပ်မဆင်းခင်အထိ ဒီလူ့ဆီကစာတွေကို လျစ်လျူရှုထားရမယ်။
ကောက်ကျစ်တဲ့မြွေခွေးအိုကြီး။
သူမက ပိုးပန်းဖို့ မလွယ်ကူကြောင်း ထိုလူ သိစေရမည်။
***