← Chapters

သူဌေးကတော်များ တွေ့ဆုံခြင်း

Vol. 9 Ch. 110

သူဌေးကတော်များ တွေ့ဆုံခြင်း

Vol. 9 Ch. 110

ချီမော့ အလုပ်ခရီးထွက်သွားသည့် ဒုတိယနေ့ ဖြစ်သည်။

ရှန်းမူမူက အလှပြုပြင်ရေးများလုပ်ရန်အတွက် စုထင်းရန် အိမ်ကို သွားခဲ့သည်။

မစ်စွင်းနှင့် မစ်ချန်လည်း ပါလာခဲ့သည်။

အမျိုးသမီး လေးဦးက တူညီသည့် အလှပြုပြင်ရေးဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာပေါင်းတင်လျက် သီးခြားကုတင်တစ်ခုဆီတွင် လဲလျောင်းနေသည်။

သူတို့နောက်တွင် ကျွမ်းကျင်အလှပြုပြင်ရေးကလူများက သူတို့ ခေါင်းကို ကျွမ်းကျင်စွာ နှိပ်နယ်ပေးနေသည်။

ပန်းဆိုင်စတင်ဖွင့်လှစ်ပြီးကတည်းက ရှန်းမူမူက ချမ်းသာကြွယ်ဝသည့် သူဌေးကတော်၏ လူနေမှုဘဝကို သေချာမခံစားရသည်မှာ ကြာပြီ ဖြစ်သည်။

အလှပြုပြင်ပေးသူက သူမ မျက်နှာထက်က ပေါင်းတင်ထားသည့်အရာကို ဖယ်ကာ ရေနွေးပူအဝတ် ကပ်ပေးလိုက်သည်။

အပူ‌ငွေ့လေးက အလွန်သက်သောင့်သက်သာဖြစ်စေသည်။

ထို့နောက် အလှပြုပြင်ပေးသူများက အခန်းထဲက ထွက်သွားပြီးနောက် နောက်တစ်ဖွဲ့က တစ်ကိုယ်လုံး ပေါင်းတင်ရန်အတွက် လိုအပ်သည့် အဆီများကို ပြင်ဆင်ခဲ့သည်။

သူတို့က အမျိုးသမီးတွေအတွက် အချိန်သီးသန့်ပေးသည်။

အိမ်သို့လာကာ အလှပြုပြင်ပေးသူများက ချမ်းသာကြွယ်ဝသည့် သူဌေးကတော်များ၏ အကျင့်ကို အကျွမ်းတဝင် ရှိကြသည်။

အလှပြုပြင်ရေးလုပ်သည်ဆိုတာ ဆင်ခြေတစ်ခုသာ ဖြစ်သည်။ ထိုချမ်းသာကြွယ်ဝသည့် သူဌေးကတော်များက အတူတူရှိနေချိန်တွင် စကားပြောဆိုရသည်ကို ကြိုက်နှစ်သက်သည်။

သူတို့လေးဦးပဲ အခန်းထဲကျန်ခဲ့ချိန်တွင် မစ်ချန်က အိပ်ရာမှထကာ ဒေါသဖြင့် အိပ်ရာကို ရိုက်ကာ ပြောခဲ့သည်။ “ကျွန်မ တအားစိတ်တိုတယ်။”

ထိုအော်သံက အလှပြုပြင်ရေးအဖွဲ့ထဲ ယခုမှပထမဆုံးလာဖူးသည့် ရှန်းမူမူကို ထိတ်လန့်သွားစေခဲ့သည်။

သူမက ထိတ်လန့်စွာ မျက်တောင်ခတ်လိုက်သည်။

တစ်ခုခု အကြီးအကျယ် ဖြစ်နေသည်ဟု သူမ ထင်လိုက်သည်။

“ဘာဖြစ်တာလဲ အစ်မချန်။”ဟု သူမ မေးမည့်အချိန်မှာပင် စုထင်းရန်နှင့် မစ်စွင်း၏ အမူအရာကြောင့် သူမ ပါးစပ်ပိတ်လိုက်သည်။

စုထင်းရန်က ဘေးနားရှိ စားပွဲပေါ်က လက်ဖက်ရည်အိုးကိုယူကာ ပန်းလက်ဖက်ရည်ကို ခွက်လေးခွက်ထဲ ထည့်လိုက်သည်။

မစ်စွင်းက ရေခဲသေတ္တာထဲက သစ်သီးပန်းနှင့် ကွာစေ့ကိုယူကာ လက်ဖက်ရည်စားပွဲပေါ် ကျွမ်းကျင်စွာ တင်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးက မစ်ချန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သူတို့မျက်လုံးတွေက ဆက်ပြောလေ အစ်မချန်ဟု ပြောနေဟန်ရသည်။

ထိုမြင်ကွင်းက ရှန်းမူမူကို ကြက်သေသေသွားစေခဲ့သည်။

ယခုတော့ တိတ်ဆိတ်ခြင်းက အော်ဟစ်ခြင်းထက် ပို၍ အသံကျယ်နေသည်။

ရှန်းမူမူက သက်ပြင်းရှိုက်ကာ ကွာစေ့စားလျက် တိတ်တဆိတ်ပင် ကျန်လူ‌များအတိုင်း နေလိုက်သည်။

သူမကလည်း ဆက်ပြောတော့ ကျွန်မလည်း အသင့်ဖြစ်ပြီဟူသောဟန်ဖြင့် မျက်လုံးအမူအရာ ပြလိုက်သည်။

မစ်ချန်က ပန်းလက်ဖက်ရည်ကိုသောက်ပြီးနောက် လက်သီးဆုပ်ကာ ဆက်ပြောခဲ့သည်။ “ကျွန်မတို့ လက်မထပ်ခင်က လောင်ချန်က ဟန်နီမွန်းအတွက် UKကို ခေါ်သွားမယ်လို့ပြောခဲ့တယ်၊ အဲမှာ ခရီးထွက်ရင် ဈေးဝယ်ထွက်တဲ့အခါ ဒုက္ခရောက်မှာစိုးလို့ ကျွန်မ အင်္ဂလိပ်စာတောင် ကြိုသင်ခဲ့သေးတယ်….”

မစ်စွင်းနှင့် စုထင်းရန်က ထိုဇာတ်လမ်းကို အကြိမ်များစွာ ကြားဖူးထားပုံရသည်။ မစ်ချန် စကားရပ်လိုက်သည့်အခါတွင်လည်း သူတို့က ဘာမှ ဆက်မမေးခဲ့ပေ။

ယခုမှ ပထမဆုံးတွေ့ကြုံဖူးသည့် ရှန်းမူမူကတော့ မေးလိုက်လေသည်။ “ပြီးတော့ ဘာဖြစ်တာလဲ။”

“ဘာဖြစ်ရမှာလဲ။” မစ်ချန်က မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မတို့သားတောင် အမြှောက်နဲ့ အစား သင်ရမယ့် အရွယ် ရောက်တော့မယ်၊ သူပြောတဲ့ ဟန်းးနီးမွန်းကြီးက အခုထိ ဘယ်ဆီနေမှန်း မသိဘူး။”

“ဪ…”

မစ်ချန် စကာဆုံးသည်နှင့် မစ်စွင်းနှင့်စုထင်းရန်က တစ်ပြိုင်တည်း ပင့်သက်ရှိုက်လိုက်ကြလေသည်။

ရှန်းမူမူ။ “...”

ဒေါသဖြေပြီးသည့်နောက်တွင် မစ်ချန် အလှည့်ပြီးတော့ မစ်စွင်း အလှည့်ရောက်လာခဲ့သည်။ မစ်စွင်းက ရှန်းမူမူလက်ကိုဆွဲကာ ပြောလိုက်သည်။ “လောင်စွင်းရဲ့ ဘယ်အချက်ကို အမုန်းဆုံးလဲ သိလား။”

ရှန်းမူမူက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။ “အမ်…အကုန်လုံးလား။”

မစ်စွင်း။ “...”

“ဪ ဪ။”။ ရှန်းမူမူက ဖြည်းညှင်းစွာ ခေါင်းငြိမ့်ပြီးနောက်တွင် သူမ အမူအရာက အလေးအနက် ဖြစ်သွားခဲ့သည်။ သူမက မစ်စွင်းကို ကြည့်လိုက်သည်။ “ဘယ်ဟာလဲ။”

မစ်စွင်းက သက်ပြင်းချပြီး သူမ မျက်နှာတစ်ခုလုံးက ညှိုးငယ်မှုဖြင့် ပြည့်နှက်နေသည်။ “လောင်စွင်းက အပြင်သွားတိုင်း မင်္ဂလာလက်စွပ်ကို ဘယ်တုန်းကမှ မဝတ်ခဲ့ဘူး၊ သူ ဘာတွေတွေးနေလဲ သိလား၊ သူက ကျွန်မကို စိတ်ရှုပ်အောင်လုပ်ဖို့ကြံနေတာ။”

အခြေအနေက အလွန်အရေးကြီးဟန်ဖြင့် မစ်ချန်ကပြောလိုက်သည်။ “ဒီလို မလုပ်သင့်ဘူးလေ၊ အပြင်မှာ မြေခွေးမတွေ ဒီလောက်များတာ၊ အိမ်ထောင်ရှိကြောင်း လက်စွပ်ဝတ်မထားရင် ဒါ သူ့ဆီ ချဉ်းကပ်လို့ရတယ်ဆိုတဲ့သဘော ဖြစ်နေမှာပေါ့။”

မစ်စွင်းက ခေါင်းငြိမ့်လိုက်သည်။ “မှန်တယ်၊ မှန်တယ်၊ ရှင်လည်း အဲလိုထင်တယ်မလား။”

မစ်ချန်။ “ဒါ တကယ့်ကို ကိစ္စအကြီးကြီးပဲ။”

မစ်စွင်းက ထိုအကြောင်းတွေးလေလေ ပိုပြီး စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ သူမ ချက်ချင်း အိမ်ပြန်ပြီး ခင်ပွန်းဖြစ်သူကို ဖမ်းကာ စစ်ဆေးမေးမြန်းချင်မိသည်။

ရုတ်တရက်ပင် အသံတစ်ခုက သူမ၏ အတွေးတွေကို ဖြတ်လိုက်သည်။

“သူ ဝလာလို့ လက်စွပ်က မတော်တော့တာရော မဖြစ်နိုင်ဘူးလား။”

ရှန်းမူမူက စတော်ဘယ်ရီကို ပါးစပ်ထဲထည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားတွေက ကိုယ်အလေးချိန် တက်လာတတ်သည်။

အမ် ဒါတော့ အကုန်လုံးတော့ မမှန်သေးဘူး။

သက်လတ်ပိုင်းအများစုက ကိုယ်အလေးချိန် တက်လာတတ်သော်လည်း တစ်စုံတစ်ယောက်လို အနည်းစုသောလူတွေက ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းထားနိုင်သည်။

ဟောင်ကောင်သို့ အလုပ်ခရီးထွက်သွားသော အမျိုးသားတစ်ဦး၏ ပုံရိပ်က သူမ အတွေးထဲ ဝင်လာခဲ့သည်။ ရှန်းမူမူက စိတ်မလုံစွာဖြင့် မျက်လုံးကို ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

သူမက လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

ရှန်းမူမူ၏စကားကိုကြားတော့ မစ်စွင်းက ဖြစ်နိုင်ခြေရှိသည်ဟုတွေးမိကာ သူမ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“အာ၊ လောင်စွင်းက ဒီနှစ်ထဲ ၁၀ ကီလို တက်လာတာ၊ အဲဒါ ဖြစ်နိုင်ခြေ ရှိတယ်။”

ဖြစ်နိုင်ခြေရှိသည်များကို ကူတွေးပေးသော မစ်ချောင်ကလည်း တွေးတွေးဆဆကြည့်နေသည်။

ထိုအကြောင်းကို မစ်စွင်းက တွေးတောလေလေ သူမ ခင်ပွန်းအပေါ် မှားယွင်းစွပ်စွဲမိသည်ဟု ခံစားမိခဲ့သည်။ သူမ၏ မျက်မှောင်ကြုတ်ထားမှုများ ပြေသွားကာ သက်ပြင်းချလိုက်လေသည်။

မစ်စွင်း၏ စိုးရိမ်မှုများ လျော့ကျသွားသည်ကိုမြင်သည်နှင့် မစ်ချန်က စုထင်းရန်ကို မေးလိုက်သည်။ “မစ်စု ရှင့်ယောက်ျား နိုင်ငံခြားက မပြန်လာသေးဘူးမလား။”

ထိုစကားကြားတော့ စုထင်းရန်က ခေါင်းငုံ့လိုက်ပြီးနောက်တွင် ပုခုံးတွေ တုန်လှုပ်လာခဲ့လေသည်။

ခဏကြာပြီးသည့်နောက်တွင် သူမက စိတ်မပါစွာ ပြုံးလိုက်သည်။

“ကျွန်မ နေသားကျနေပါပြီ၊ တစ်နှစ်ကို ၃၆၅ ရက်ဆိုရင် ရက်ပေါင်း ၃၆၀က သူက အဝေးရောက်နေတာလေ။”

မစ်စွင်းက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။ “အဲလောက်တောင် အလုပ်များတာလား၊ ကျွန်မ လျှောက်ခန့်မှန်းတာ မဟုတ်ပေမယ့် နိုင်ငံခြားမှာများ သူ မယားငယ် ရနေတာများလား၊ ရှင် စုံစမ်းကြည့်သေးလား။”

မစ်စွင်း၏ စကားကို ရှန်းမူမူပင် စိတ်ဝင်စားသွားခဲ့သည်။

စုထင်းရန်၏ ခင်ပွန်းက နိုင်ငံခြားရောက်နေသည်ကို သူမ သိသော်လည်း အိမ်ပြန်လာသည့်အချိန်က ထိုလောက် နည်းနေလိမ့်မည်ဟု မထင်မိခဲ့ပေ။

စုထင်းရန်က သူမ ခင်ပွန်းရှေ့‌တွင် အမြဲပြုံးနေကာ ထိုကိစ္စကို ညည်းညူခြင်းလည်း မရှိခဲ့ပေ။

သူမက ခါးသီးမှုတွေကို သူမ ကိုယ်တိုင် မြိုသိပ်ထားခြင်း ဖြစ်နေသည်။

သူမက စုထင်းရန်၏ လက်ကို စိုးရိမ်စွာကိုင်လိုက်သည်။

အမျိုးသမီးနှစ်ဦးက အကြည့်ချင်း ဖလှယ်ပြီးသည့်နောက်တွင် စုထင်းရန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အလုပ်ကိစ္စကြောင့် သူက ကျွန်မနား အမြဲမနေနိုင်ကြောင်းကို လက်မထပ်ခင်ကတည်းက သူကျွန်မကိုပြောခဲ့တယ်၊ အဲဒါကို ကျွန်မ နားလည်ပြီး လက်ခံပါတယ်၊ နှစ်နှစ်၊ သုံးနှစ်လောက်နေပြီးရင်တော့ နိုင်ငံခြားက သူ့ပရောဂျက်က အခြေကျသွားမယ်လို့ ထင်ခဲ့ပေမယ့် ဒါပေမယ့် တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားခဲ့တယ်လေ၊ သူ နိုင်ငံခြားမှာ နောက်တစ်ယောက် ရှိနေပြီလားဆိုတာ ကျွန်မ မသိဘူး၊ တကယ်လို့ ယောက်ျားတစ်ယောက်က လိမ်လည်ချင်ရင် သူ့ဆီက အမှန်ကို မေးလို့ ရမှာ မဟုတ်ဘူး၊ ပြီးတော့ သူ မသိအောင်လည်း တိတ်တိတ်လေး မစုံစမ်းချင်ဘူး၊ ကျွန်မတို့ကြားမှာ အိမ်ထောင်ရေး သံယောဇဉ်က ရှိသေးတယ်လေ၊ ကျွန်မ အဲလိုလုပ်လိုက်ရင် သူ့ကို မယုံကြည်ရာကျသွားမှာပေါ့။”

စုထင်းရန်၏ အမူအရာက ပိုလေးလံလာကာ မျက်လုံးတွေ နီရဲပြီး အားတင်းကာ ပြုံးနေသည်။

ရှန်းမူမူက စုထင်းရန်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး မေးလိုက်သည်။ “ထင်းရန် သူ နောက်တစ်ခါ ဘယ်အချိန် ပေကျင်းကို ပြန်လာမှာလဲ။”

စုထင်းရန်က ကြည့်လိုက်သည်။ “အမ်…နှစ်သစ်ကူးလောက်ပေါ့။”

“အင်း။” ရှန်းမူမူက တွေးတောပြီးနောက် ပြောလိုက်သည်။ “ဒါဆို နှစ်သစ်ကူး ရှင့်အိမ် လာလည်သလိုနဲ့လာပြီး ခန့်မှန်းပေးမယ်၊ ကျွန်မက ခန့်မှန်းတဲ့နေရာမှာ တော်တယ်လေ။”

စုထင်းရန်၏ မျက်ဝန်းထဲတွင် နူးညံ့ရိပ်များ ပေါ်လာခဲ့သည်။ “ကောင်းပြီ မူမူ၊ ကျေးဇူးတင်ပါတယ်။”

ရှန်းမူမူက ပြောလိုက်သည်။ “ညီအစ်မတွေပဲဟာ ဘာကျေးဇူးတင်စရာရှိလဲ။”

စုထင်းရန်၏ကိစ္စပြီးသွားတော့ မစ်ချန်နှင့် မစ်စွင်းက အချင်းချင်း ကြည့်လိုက်သည်။

မစ်ချန်ကပြောလိုက်သည်။ “မစ်ချီကော ဘယ်လိုလဲ၊ လွတ်လွတ်လပ်လပ် ဒေါသဖြေလိုက်၊ ကျွန်မတို့က ညီအစ်မတွေပဲလေ၊ ကူပြီးတော့ နည်းလမ်းစဉ်းစားပေးမှာပေါ့။”

မစ်စွင်းကပြောလိုက်သည်။ “အိမ်ထောင်သည်တွေဆိုပေမယ့် ယောက်ျားတွေကို မကောင်းမပြောရဘူးဆိုတာမှမရှိတာ၊ ကျွန်မတို့က သည်းခံမြိုသိပ်ထားတာပဲရှိတယ်၊ ပြောစရာရှိတာ ထုတ်ပြောလိုက် မစ်ချီ။”

ရှန်းမူမူက ကြက်သေသေသွားခဲ့သည်။ “....”

ယခုတော့ လေထုက ထူးဆန်းလာခဲ့သည်။

အကယ်၍ သူမသာ ချီမော့ မကောင်းကြောင်း မပြောနိုင်ပါက တော်တော်လေး သိမ်ငယ်စရာ ဖြစ်လိမ့်မည်။

သို့သော် အတင်းပြောဆိုခိုင်းမည်ဆိုပါက မည်သည်ကိုပြောရမည်ကို သူမ မသိပေ။

သူမက မျက်လုံးလည်ကာ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။

သူမက ခေါင်းခါပြီး ပေါင်ကိုရိုက်ကာ သက်ပြင်းချလိုက်သည်။ “ကျွန်မရဲ့ လောင်ချီက….”

***

All Chapters