← Chapters

ဘာအရမ်းနှေးတာလဲ

Vol. 9 Ch. 111

ဘာအရမ်းနှေးတာလဲ

Vol. 9 Ch. 111

“အာ၊ ကျွန်မရဲ့လောင်ချီက အရမ်းနှေးတယ်။”

ရှန်းမူမူက မေးစေ့ကို လက်ဖြင့် ထောက်ကာ မကျေမနပ် ပြောဆိုခဲ့သည်။

“ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် ပြီးဖို့ အရမ်းကြာပြီး ထွက်ဖို့ ကြာတယ်။”

“အရမ်းအချိန်ဆွဲတာ။”

စုထင်းရန်၊ မစ်ချန်နှင့် မစ်စွင်းတို့က ရှုပ်ထွေးကုန်ကြသည်။

သူတို့က နားထောင်ရင်း မျက်နှာတွေ ပိုနီရဲလာကြသည်။

ဒါက အခကြေးငွေပေးစရာ မလိုဘဲ နားထောင်လို့ရောဖြစ်ရဲ့လား။

ဘာနှေးတာလဲ။

ဘာတွေကြာနေတာလဲ။

အတွေ့အကြုံ ကြွယ်ဝသည့် အိမ်ထောင်သည် အမျိုးသမီး သုံးဦးပင် ရှန်းမူမူ၏ ရဲတင်းသည့် မှတ်ချက်ကြောင့် ထိတ်လန့်သွားခဲ့သည်။

စုထင်းရန်က ရှန်းမူမူ၏ အင်္ကျီလက်ကိုဆွဲကာ ချောင်းဟန့်ခဲ့သည်။

“မူမူရယ် ရပါတယ်၊ အခုက နေ့ခင်းပဲ ရှိပါသေးတယ်။”

ရှန်းမူမူက ကြောင်တောင်တောင်ကြည့်ကာ မေးလိုက်လေသည်။ “ဟမ်၊ နေ့ခင်း ပြောလို့ မရဘူးလား။”

“ဘုရားရေ။” မစ်ချန်က စုထင်းရန်ကို အပြစ်တင်သလို ကြည့်လိုက်သည်။ “ငါနဲ့ မစ်စွင်းက ကလေးအမေတွေပါ၊ ခွေးစာစားရလို့ နင်ပြီး သေမသွားဘူး၊ ဆက်ပြော ဆက်ပြော။”

မစ်စွင်းက ထောက်ခံလိုက်လေသည်။ “မှန်တယ်၊ မစ်ချီ ဆက်ပြောပါ။”

မစ်စွင်းနှင့် မစ်ချန်က သံတူပြောလိုက်လေသည်။

သူတို့ကြောင့် ရှန်းမူမူက လုံးဝ ကြက်သေသေနေသည်။

သူတို့ ပြောနေသည်များကို သူမ နားမလည်ပေ။

သူတို့စကားဝိုင်းကို ဘယ်ချိန်က လွတ်သွားတာ များလဲ။

ဆက်ပြောမည့် ဇာတ်လမ်းကို မျှော်လင့်နေသည့် မျက်ဝန်းနှစ်စုံက သူမကို စိုက်ကြည့်နေသည်။

နောက်ဆုံးတော့ သူမက ထုတ်မေးလိုက်လေသည်။ “ကျွန်မက မုတ်ဆိတ်မွေးရိတ်တဲ့အကြောင်းကို ပြောနေတာ၊ ရှင်တို့က ဘာထင်နေတာလဲ။”

မစ်ချန်။ “....”

မစ်စွင်း။ “မုတ်ဆိတ်မွေးရိတ်တာလား။”

မစ်ချန်။ “မုတ်ဆိတ်မွေးရိတ်တာ နှေးတာလား။”

မစ်စွင်း။ “မုတ်ဆိတ်မွေးရိတ်တာ ပြီးဖို့ အချိန်ကြာတာလား။”

မစ်ချန်။ “ထွက်မလာဘူးဆိုတာကရော၊ ရေချိုးခန်းထဲက ထွက်မလာတာလား။”

ရှန်းမူမူက မျက်တောင်ရှည်များကို ပုတ်ခတ်လိုက်သည်။ “ဟုတ်တယ်လေ၊ စောနက ကျွန်မ မေးစေ့တောင် ကိုင်ပြခဲ့သေးတယ်မလား၊ မုတ်ဆိတ်မွေးရိတ်တာကိုပြောတာ၊ ကျွန်မရဲ့ ဟန်ပန်ကပဲ မလုံလောက်တာလား ဒါမှမဟုတ် ဟန်လုပ်ပြဖို့ ပညာချို့တဲ့တာများလား။”

မစ်ချန်က အသက်ပြင်းပြင်းရှူကာ သူမ ပခုံးကို ပုတ်လိုက်သည်။ “မဟုတ်ပါဘူး၊ မစ်ချီက ပြဿနာ မဟုတ်ဘဲ ငါတို့ကိုက ပြဿနာဖြစ်နေတာပါ။”

မစ်စွင်းက ပြုံးလိုက်သည်။ “အင်း ကျွန်မတို့ နားလည်မှု လွဲသွားတာပါ။”

ရှန်းမူမူက ရှုပ်ထွေးနေဆဲဖြစ်သည်။ “ရှင်တို့က ဘာထင်နေတာလဲ၊ စားသောက်တာ နှေးတယ် ထင်နေတာလား။”

“အဟား။” စုထင်းရန်က ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။ ဒါကမှ သူမ သိသည့် မူမူ ဖြစ်သည်။

အလှအပ ပြုပြင်ရေး ပြုလုပ်ပြီးမှ မစ်ချန်နှင့် မစ်စွင်း ကလေးကြိုဖို့ ထွက်သွားသည့်အခါမှသာ စုထင်းရန်က နားလည်မှုလွဲသည့်အကြောင်းကို ရှင်းပြလိုက်သည်။

ရှန်းမူမူ၏မျက်နှာ နီရဲသွားကာ ထစ်ငေါ့စွာ ပြောလိုက်သည်။ “ဒါက…ကျွန်မ…သူ…”

သူမက ကျိန်ဆဲလိုက်မိလေသည်။

သူမတွင် အိပ်ရာထဲကအကြောင်းများ ပြောဆိုဖို့ တကယ်ကို ရည်ရွယ်ချက် နည်းနည်းလေးပင် မရှိခဲ့ပေ။

ထို့နောက် သူမ ဖုန်းက နှစ်ကြိမ် တုန်ခါလာခဲ့သည်။

ချီမော့။ “ဓာတ်ပုံ။”

ပုံထဲတွင် ရှပ်အင်္ကျီတစ်ထည်ကို ဖြန့်ထားကာ ဘေးတွင် နက်ကတိုင် နှစ်ခု ရှိနေပြီး တစ်ခုက အရောင် ခပ်ရင့်ရင့် ဖြစ်ကာ နောက်တစ်ခုက အကွက်ပုံ ဖော်ထားသည့် အရာ ဖြစ်သည်။

ချီမော့။ “ညကျရင် သူငယ်ချင်းရဲ့ ညစာပါတီ ရှိတယ်၊ ဘယ်နက်ကတိုင်က ပိုကောင်းလဲ။”

ရှန်းမူမူက မျက်စံ လည်လိုက်သည်။

သူမ ရှက်ရွံ့နေချိန်မှာ ထိုအမျိုးသား ပေါ်လာခြင်းကြောင့် သူ့ကို အပြစ်တင်လိုက်ပြီး စိတ်မရှည်စွာ စာပြန်လိုက်လေသည်။ “နှစ်ခုလုံး ကောင်းတယ်၊ အချိန်ဆွဲမနေနဲ့၊ သွားချင်ရင် အပြင်သွားပြီး ပျော်လိုက်။”

တစ်ဖက်တွင် ဖြစ်သည်။

အိပ်ရာဘေးတွင် ပြုံးကာရပ်ရင်း စာစောင့်နေသည့် အမျိုးသားက တောင့်ခဲသွားလေသည်။

သူက ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ထို့နောက် ဟိုတယ်အခန်းတံခါး၏ ဘဲလ်သံမြည်လာခဲ့လေသည်။

ချီမော့က မက်ဆေ့ချ်၏ အဓိပ္ပာယ်ကို စဉ်းစားနေရင်း ပြန်ဖြေလိုက်သည်။ “ဝင်ခဲ့။”

လက်ထောက်သုန်းက အခန့်သော့ကတ်ဖြင့် ဖွင့်ကာ ဝင်လာပြီး ဖိုင်များကိုကိုင်လာခဲ့သည်။

“ဥက္ကဌချီ ပြန်ကြည့်ဖို့အတွက် လိုအပ်တာတွေအကုန် စီပြီး ယူလာပါတယ်။”

ချီမော့လေသံက အသက်မဲ့‌နေသည်။ “ခဏနေရင် ကြည့်လိုက်မယ်၊ ချထားလိုက်။”

“ဟုတ်ကဲ့။” လက်ထောက်သုန်းက အရေးကြီးသည့်ဖိုင်များကို ချထားလိုက်သည်။

သူလှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့သူဌေးက နက်ကတိုင်နှစ်ခုရှေ့တွင် ခက်ထန်စွာ ရပ်နေသည်ကို တွေ့လိုက်လေသည်။

သူက အံ့ဩသွားခဲ့သည်။

သူ့သူဌေး၏ စိုးရိမ်မှုကို မျှဝေပေးရန်အတွက် သူက လျှောက်သွားလိုက်သည်။

“ဥက္ကဌချီကို ကူညီနိုင်တာများရှိလားခင်ဗျ။”

ထိုစကားကြောင့် ခက်ထန်နေသည့် မျက်နှာနှင့် ချီမော့က လှည့်လာကာ လက်ထောက်သုန်းကို စက္ကန့်အနည်းငယ် စိုက်ကြည့်ပြီးမှ ပြောလိုက်သည်။ “မင်းမှာ ရည်းစားရှိလား။”

လက်ထောက်သုန်းက ဇဝေဇဝါဖြစ်သွားခဲ့သည်။ သူက အမှန်အတိုင်း ဖြေလိုက်သည်။ “အရင်က ရှိခဲ့ဖူးပါတယ်။”

သူ့ရင်ထဲ ထူးဆန်းသလို ခံစားလိုက်ရလေသည်။

ယခင်က ဥက္ကဌချီက အလုပ်နှင့် မပတ်သက်သည့် ကိုယ်ရေးကိုယ်တာ အကြောင်းများ မေးလေ့မေးထ မရှိပေ။

ဘာလို့ ရုတ်တရက်ကြီး မေးတာလဲ။ ဘာရည်ရွယ်ချက်ရှိလို့လဲ။

သူက အသက်အောင့်ကာ သူဌေးဖြစ်သူ၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် ကြည့်နေခဲ့သည်။

ထို့နောက် ချီမော့အသံကို သူကြားလိုက်သည်။ “ထားလိုက်ပါတော့၊ မင်းကို မေးလည်း အကူအညီ ရမှာ မဟုတ်ဘူး။”

ထို့နောက် ချီမော့က ပြတင်းပေါက်နား လျှောက်သွားသည်ကို သူမြင်လိုက်သည်။

သူက ထိုနေရာတွင် မိနစ် အနည်းငယ် ရပ်ကာ အသံတိုးတိုးဖြင့် ပြောဆိုနေသည်။

သူက စကားတွေကို သေချာမကြားရပေ။

ညစာ စားပွဲကိုတက်မည့် လူစာရင်းကို ရွတ်နေပုံရသည်။

မစ်ကျန်းနှင့် မစ်ယွမ် နာမည်ကိုသာ သူကြားလိုက်သည်။

ဥက္ကဌချီ၏ အသံက ရပ်သွားခဲ့သည်။

သူက တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ ခပ်တိုးတိုး ရယ်လိုက်သည်။

ထို့နောက် လှည့်ကြည့်ကာ ညွှန်ကြားလိုက်လေသည်။ “ဒီည ပါတီ မတက်တော့ဘူးလို့ မစ်စတာအိုကို ပြောလိုက်၊ နောက်တစ်ခါ ဟောင်ကောင်ရောက်မှ တွေ့မယ့် အကြောင်း ပြောလိုက်။”

“ဟုတ်ကဲ့ ဥက္ကဌချီ။”

သူ့အမိန့်ကို ရပြီးသည်နှင့် လက်ထောက်သုန်းက ထွက်သွားခဲ့သည်။

သူက တံခါးကို ပိတ်ပြီးနောက် နားမလည်နိုင်စွာ ခေါင်းကုတ်လိုက်သည်။

သူက ဥက္ကဌချီထံ အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်သော်လည်း ဥက္ကဌချီ၏ အတွေးတွေကို သူ မသိတာ များသည်။

ဥက္ကဌ၏ စိုးရိမ်မှုတွေကို မျှဝေခံစားနိုင်မည့် လက်ထောက်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုနေသေးပုံရသည်။

သူ အလုပ်ကြိုးစားဖို့ လိုနေသေးသည်။

ရှန်းမူမူက စုထင်းရန်၏ အိမ်မှပြန်လာကာ သူမ ဗီလာတံခါးသို့ ရောက်သည့်အခါ မက်ဆေ့ချ် ရခဲ့လေသည်။

ချီမော့။ “အပြင်မသွားတော့ဘူး။”

ရှန်းမူမူ။ “???”

နက်ကတိုင် ရွေးခိုင်းနေတာက အပြင်သွားမလို့ မဟုတ်လား။ ဘာလို့ မသွားတော့တာလဲ။

အပြောင်းအလဲမြန်တဲ့လူပဲ။

သူ မသွားတော့သည့် အကြောင်းအရင်းကို ရှန်းမူမူက မတွေးတော့ဘဲ သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ “အင်း၊ မသွားချင်ရင်လည်း မသွားနဲ့ပေါ့၊ ကျွန်မ လီလီနဲ့ ညစာစားဖို့ ပြင်ထားတယ်၊ အမေကလည်း ခရီးသွားတော့ အိမ်မှာ သူတစ်ယောက်တည်း ပျင်းနေတာ။”

ချီမော့။ “အင်း၊ သွားလေ။”

အမြန်ရောက်လာသည့် ပြန်စာကြောင့် ရှန်းမူမူက ရှုပ်ထွေးနေသည်။

ထူးဆန်းတယ်။

အိမ်မှာ ကျန်တဲ့ဇနီးက အလုပ်ခရီးသွားတဲ့ ယောက်ျားကို သူလုပ်မယ့်အရာတွေကို လှမ်းတင်ပြနေတာနဲ့ တူတယ်။

ထိုအချိန်တွင် မမြင်နိုင်သည့် လှိုင်းများက သူတို့၏ ဖုန်းကို ဆက်သွယ်ထား‌သည်။

ချီမော့၏ မျက်ဝန်းနက်ထဲတွင် အပြုံးရိပ်များ ပေါ်လာပြီး ပြန်ပျောက်သွားသည်။

ထို့နောက် သူက ဖိုင်များထားခဲ့သည့်နေရာသို့သွားကာ သွယ်လျသည့် လက်ချောင်းများဖြင့် ဖိုင်များကို လှန်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်တွင် ယုံကြည်မှုရှိသည့် အပြုံးများ ဖြစ်ထွန်းနေသည်။

***

All Chapters