← Chapters

ချီရှောင်ပိုင် စွပ်စွဲခံရခြင်း

Vol. 9 Ch. 112

ချီရှောင်ပိုင် စွပ်စွဲခံရခြင်း

Vol. 9 Ch. 112

“လီလီ ဘယ်မှာလဲ၊ ညစာသွားစားကြမလား၊ ငါဝယ်ကျွေးမယ်။” ရှန်းမူမူက တက်ကြွစွာဖြင့် ချောင်လီကို ဖုန်းခေါ်ကာ ပြောလိုက်သည်။

သူမ စကားဆုံးသည်နှင့် တစ်ဖက်လူက စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးမှ တုံဆိုင်းစွာ ပြောလိုက်သည်။ “အမ်၊ တောင်းပန်ပါတယ် အစ်မရေ၊ ဒီနေ့ ချန်ကျိုးနဲ့ သွားစားဖို့ ချိန်းထားပြီးပြီမလို့။”

“ကောင်းပါပြီ၊ နောက်တစ်ခေါက်မှ အတူတူ စားကြတာပေါ့။” မူလတုန်းက ရှန်းမူမူက ထူးဆန်းမှုကို မခံစားခဲ့ရပေ။

သူမက အိမ်ပြန်ရောက်ပြီး ဆိုဖာထက် မှီနေရာမှ ရုတ်တရက်ဆိုသလို အတွေးတစ်ခု ဝင်လာကာ ဆတ်ခနဲ ထထိုင်လိုက်လေသည်။

တစ်ခုခုတော့ မူမမှန်ဘူး။

ယောက္ခမဖြစ်သူက ခရီးထွက်သွားပြီဖြစ်သည်။

ချောင်လီက ချန်ကျိုးနှင့် တွဲနေသကဲ့သို့ ဟန်ဆောင်စရာ မလိုတော့ပေ။

သူတို့က ဘာလို့ အတူတူ သွားစားကြမှာလဲ။

ရှန်းမူမူက သဘောပေါက်သွားဟန် ပြုံးလိုက်သည်။

ဧကန္တ…..

“သူဌေးကတော် သခင်လေးရဲ့ ကျောင်းက မိဘကို ခေါ်နေပါတယ်။” အိမ်တော်ထိန်းကျန်း၏ စကားသံက သူမ အတွေးတွေကို ဖြတ်တောက်လိုက်လေသည်။

အိမ်တော်ထိန်းကျန်း၏ မျက်နှာကိုကြည့်လိုက်တော့ စိုးရိမ်မှုတွေ ပြည့်နှက်နေသည်ကို တွေ့လိုက်လေသည်။

“ဘာဖြစ်တာလဲ။” သူ့အမူအရာကြောင့် ရှန်းမူမူက မကောင်းသည့် ခံစားချက်ကို ရလိုက်လေသည်။

“ကျောင်းက ဖုန်းထဲမှာတော့ သိပ်မပြောဘူး…” အိမ်တော်ထိန်းကျန်းက စကားကို ခဏရပ်ပြီးမှ ဆက်ပြောခဲ့သည်။ “သူတို့ပြောတာက…သူတို့ပြောတာက…”

“ဘာပြောတာလဲ။” ရှန်းမူမူက အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။

“ဆယ်ကျော်သက် အချစ်ကိစ္စလို့ပြောတယ်။” ထိုစကားကိုပြောပြီးသည်နှင့် အိမ်တော်ထိန်းကျန်းက လက်ကိုအရှေ့ယှက်ပြီး ဆုပ်ကိုင်ထားကာ အိမ်၏ သခင်မကို ကြည့်နေသည်။

အတိတ်တုန်းက သခင်လေးက ပြဿနာများစွာ ရှာခဲ့သော်လည်း အတန်းဖော်များ၊ ဆရာများနှင့် ကတောက်ကဆဖြစ်ခြင်းလောက်သာ ရှိသည်။

မည်သည့်တစ်ခုမှ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။

မကြာသေးမီက သခင်လေးက စာတွေ အလွန်ကြိုးစားခဲ့ကာ လူသစ်တစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။

အိမ်တော်ထိန်းကျန်းက ကျောင်းက မိဘခေါ်ဖို့ ဆက်သည့် ဖုန်းတွေကို မလက်ခံရသည်မှာ ကြာပြီဖြစ်သဖြင့် သခင်လေးက ထင်ရာစိုင်းသူ ဖြစ်သည်ကိုပင် သူမေ့နေပြီဖြစ်သည်။

“ဘာ။” ရှန်းမူမူက သူမ နားကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။ “ဆယ်ကျော်သက်အချစ် ဟုတ်လား၊ ဘယ်လိုဖြစ်နိုင်မှာလဲ။”

မူလဝတ္ထုထဲတွင် ချီရှောင်ပိုင်က တက္ကသိုလ် မတက်ခင်အထိ အချစ်ဇာတ်လမ်း မစခဲ့ပေ။

ယခုကာမူ သူက ၁၂တန်းပင် မပြီးသေးပေ။

သူက ဘယ်သူ့ကို ချစ်နေတာလဲ။ ဘယ်သူနဲ့လဲ။

ရှန်းမူမူက အပေါ်ထပ် တက်ကာ သင့်လျော်သည့် အဝတ်အစား လဲပြီး ပေကျင်းမြို့၏ အမှတ် ( ၁ ) အထက်တန်းကျောင်းကို ကားမောင်းသွားခဲ့သည်။

ကျောင်းသို့အသွားလမ်းတွင် ဖြစ်သည်။

သူမက ချီမော့ကို ဖုန်းဆက်အကြောင်းကြားရန် တွေးခဲ့သည်။

သို့သော် တစ်စက္ကန့်အတွင်းပင် သေချာမသိသေးသော အကြောင်းအရာကို ပြောပြပါက အလုပ်ခရီးကလူကို စိုးရိမ်စိတ်သာ ဖြစ်စေမည် ဖြစ်ပြီး အိမ်က ကလေးလည်း ရင်ဖိုနေမည်ဖြစ်သဖြင့် သူမက မပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

အရင်ဆုံး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိရအောင် လုပ်ရမည် ဖြစ်သည်။

ရှန်းမူမူက ကားကို စာသင်ခန်းအဆောက်အဦးရှေ့တွင် ရပ်လိုက်သည်။

ရုံးခန်းတံခါးကို နှစ်ချက်ခေါက်ပြီး ဝင်လာခဲ့‌ဟူသော အသံကိုကြားမှ သူမက တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် အထင်သေးသည့် မျက်နှာထားနှင့် ချီရှောင်ပိုင်က ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် လက်ပိုက်ကာ နံရံကိုမှီနေသည်။

ဘေးဘက်တွင် ဆံပင်ကို အနောက်တွင် ခပ်မြင့်မြင့် စည်းထားသော ကောင်မလေးတစ်ဦးက ခေါင်းငုံ့ကာ နှာတရှုံ့ရှုံ့လုပ်နေသည်။

သူမဘေးတွင် သူမ၏ မိဘများဖြစ်ဟန်တူသော သက်လတ်ပိုင်း စုံတွဲက ရပ်နေသည်။

ရှန်းမူမူ ဝင်လာသည်ကိုမြင်တော့ ချီရှောင်ပိုင်က လှည့်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် စိတ်အေးသည့် အမူအရာ ဖြတ်သန်းသွားလေသည်။

သူ့အကြည့်တွေက ခင်ဗျားရောက်လာလို့ တော်သေးတာပေါ့ဟူသော အကြည့်ဖြစ်နေသည်။

ထိုအချိန်တွင် မျက်မှန်ထူထူ တပ်ထားသော ဆရာက ရောက်လာခဲ့သည်။ လူအသစ်ရောက်လာသည်ကိုမြင်တော့ ဆရာက မျက်မှန်ကို နှာခေါင်းထက် ပင့်တင်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

“ချီရှောင်ပိုင်ရဲ့….”

ရှန်းမူမူက ပြုံးလိုက်သည်။ “ကျွန်မက သူ့အမေပါ။”

သူမကိုယ်သူမ မိထွေးဟု ခေါ်ဆိုသုံးနှုန်းခြင်းက မသင့်လျော်ပေ။

ရှန်းမူမူက အခြေအနေကို စူးစမ်းရန် ရုံးခန်းကို ဝေ့ကြည့်လိုက်သည်။

သူမရှေ့က ဆရာက ချီရှောင်ပိုင်၏ အတန်းပိုင် မဟုတ်ပေ။

သူမ မျက်လုံးထောင့်မှနေ၍ ဆရာ၏အနောက် စားပွဲပေါ်က စာအုပ်ပေါ်တွင် ရေးထားသည့် အတန်းကို တွေ့လိုက်လေသည်။

ရေးထားသည်က စီနီယာနှစ် အခန်း ( ၉ ) ဖြစ်သည်။

သူမ မှတ်မိသလောက်ဆိုလျှင် ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတုန်းက ကျောင်းအုပ်ကြီး ပြောခဲ့သည်မှာ စီနီယာနှစ် အခန်း ( ၁ ) မှ ( ၈ ) အထိက သိပ္ပံအတန်းဖြစ်ကာ အခန်း ( ၉ ) မှ ( ၁၁ ) က အနုပညာအတန်း ဖြစ်သည်။

သူမ ခန့်မှန်းရသလောက်ဆိုလျှင် သူမ ရှေ့က ဆရာက အနုပညာအတန်း အခန်း ( ၉ ) ၏ အတန်းပိုင် ဖြစ်မည်။

“ချီရှောင်ပိုင်ရဲ့ အမေ မင်္ဂလာပါခင်ဗျာ၊ ဒီနေ့ ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ သားဖြစ်သူ ချီရှောင်ပိုင်နဲ့ ကျွန်တော်တို့အတန်းက ပန်းကျားက ချစ်ကြိုက်နေ‌တယ်လို့ တွေ့ရှိရလို့ဖြစ်ပါတယ်။” အတန်းပိုင်က ပြောလိုက်သည်။

သူက စကားပြောပြီးသည်နှင့် အံဆွဲကိုဖွင့်ကာ စာအိတ်တစ်ခုကို ယူပြီး ရှန်းမူမူကို ပေးလိုက်သည်။

ရှန်းမူမူက ခဏလောက် ဆွံ့အနေခဲ့သည်။

ချီရှောင်ပိုင်က အလွန်တည်ငြိမ်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။ “ကျွန်တော်တို့ ချစ်ကြိုက်နေတာ မဟုတ်ဘူး။”

သူစကားပြောပြီးသည်နှင့် မိန်းကလေးဘက်က သက်လတ်ပိုင်းဖခင်က ဖြတ်ပြောလိုက်သည်။ “ဒီမှာကောင်လေး လက်ပူးလက်ကြပ်မိနေတာကို ဆင်ခြေတွေပေးနေလည်း အသုံးမဝင်ဘူး။”

ရှန်းမူမူက အသံလာရာကိုကြည့်လိုက်တော့ ဆံပင်ကိုအနောက်တွင် ခပ်မြင့်မြင့်စည်းထားသည့် ကောင်မလေးက ချီရှောင်ပိုင်ကို မျက်ရည်များဝဲစွာ ကြည့်နေပြီး တစ်ခုခု ပြောချင်ဟန်ဖြင့် နှုတ်ခမ်းများ လှုပ်နေသော်လည်း သူမ မိဘများကို ပြန်ကြည့်ပြီးနောက်တွင် မျက်ရည်များထိန်းပြီး ခေါင်းပြန်ငုံ့သွားခဲ့သည်။

ချီရှောင်ပိုင်က အသံလာရာကို အေးစက်စွာ ကြည့်လိုက်တော့ တစ်ဖက်လူက လေသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “မင်းက ဘာကြည့်တာလဲ၊ ငါပြောတာ ဘာမှားလို့လဲ။”

ရှန်းမူမူ၏ အသံက မာထန်သွားလေသည်။ “လူကြီးမင်း ကျေးဇူးပြုပြီး ဒေါသထိန်းပါ၊ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကျွန်မသားကို အပြစ်တင်နေစရာ အကြောင်း မရှိဘူး။”

“မင်း….” ထိုလူက စကားဆက်ပြောမည့်အချိန်တွင် သူ့ဘေးက ဇနီးဖြစ်သူက ဆွဲလိုက်လေသည်။

“ကောင်းပါပြီ၊ လူကြီးမင်းပန်း ဒီဘက်က အမေဖြစ်သူကို အခြေအနေတွေ အရင်နားလည်အောင် လုပ်ပါစေဦး။”

ရှန်းမူမူက အကြည့်ပြန်ရုတ်သိမ်းပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ သူမလက်ထဲက စာအိတ်ကို ကြည့်လိုက်သည်။

သူမ စာအိတ်ဖွင့်ကြည့်လိုက်တော့ ရည်းစားစာတွေ ဖြစ်နေသည်။

စာစောင်စုစုပေါင်း ၇ စောင်၊ ၈ စောင်လောက် ရှိသည်။

သူမက စာတွေကို အသေးစိတ် မဖတ်ဘဲ အကြမ်းဖျင်း ကြည့်လိုက်သည်။

စာတစ်စောင်စီ၏ နောက်ဆုံးတွင် ထိုးထားသည့်လက်မှတ်က ပန်းကျား ဖြစ်သည်။

ထိုငိုရှိုက်နေသည့် မိန်းကလေးဖြစ်သည်။

ကတောက်ကဆ မဖြစ်စေရန်အတွက် အတန်းပိုင်က အလယ်တွင် လာရပ်ပြီး ပြောလိုက်သည်။ “ချီရှောင်ပိုင်ရဲ့မိခင်ခင်ဗျ ဒါက ချီရှောင်ပိုင်နဲ့ပန်းကျားရဲ့ အချစ်သက်သေပါ၊ ကျွန်တော်တို့ကျောင်းမှာ ကျောင်းတွင်း အချစ်ရေးကို တင်းကြပ်စွာ တားမြစ်ထားတယ်၊ အထူးသဖြင့် အခုလို အရေးကြီး ( ၁၂ ) တန်းနှစ်မှာပေါ့…”

“နေပါဦး ဆရာ။” ရှန်းမူမူက စာထဲရှိ နာမည်များကို အတည်ပြုရန် ထပ်ကြည့်ပြီးနောက်တွင် မေးလိုက်သည်။ “ဒါက ရည်းစားစာသက်သေ ဟုတ်လား။”

ထိုအရာက ချီရှောင်ပိုင်ကို ကောင်မလေးပေးသည့် ရည်းစားစာသာ ဖြစ်သည်။

ရည်းစားစာဆိုသည်ထက် တစ်ဖက်သတ်ပေးသည့် ရည်းစားစာသာ ဖြစ်သည်။

ဆရာက ရှင်းပြလိုက်သည်။

“ဒီစာကို ပန်းကျားဆီကနေ တွေ့ခဲ့တာပါ၊ အစတုန်းက သူတို့တွေ စနောက်ပြီး ပေးခဲ့တယ်လို့ ထင်ခဲ့တာ၊ ပန်းကျားကို ခေါ်မေးလိုက်မှ သူတို့တွေ တွဲနေကြတာကြာပြီဖြစ်တဲ့အကြောင်း သိခဲ့ရတာ။”

“...” ရှန်းမူမူက နားထောင်ရင်း ပိုမိုရှုပ်ထွေးလာခဲ့သည်။

သူမက ခေါင်းကို ဖြည်းညင်းစွာ လှည့်ပြီး ချီရှောင်ပိုင်ကို ကြည့်လိုက်သည်။

ချီရှောင်ပိုင်က တည်ငြိမ်စွာပင် ခေါင်းခါပြခဲ့သည်။

ရှန်းမူမူက တစ်ဖက်ကို အကြည့်ပြောင်းလိုက်သည်။

သူမရဲ့အကြည့်ကိုမြင်တော့ ပန်းကျားဆိုသော ကောင်မလေးက စိတ်ရှုပ်ရှားစွာ မျက်လုံးများ မငြိမ်မသက်ဖြစ်လာပြီး လက်ချောင်းများကို လိမ်ယှက်နေလေသည်။

ထိုအချင်းအရာကိုမြင်တော့ ပန်းကျား၏မိခင်က ရှေ့တိုးလာကာ သူမ သမီးကို အရှေ့မှ ကာလိုက်သည်။

“မစ္စချီ ကျွန်မရဲ့ သမီးက အလွန်သိတတ်တဲ့ကလေးပါ၊ တစ်စုံတစ်ယောက်ရဲ့ မကောင်းတဲ့ လွှမ်းမိုးမှုကြောင့်သာ မဟုတ်ရင် ဒီလိုကိစ္စဖြစ်မှာ မဟုတ်ဘူး၊ အစောပိုင်း စသိတုန်းက ကျားကျားက သူ့အခန်းထဲ တံခါးလော့ချပြီး တစ်နာရီ၊ နှစ်နာရီလောက် ဖုန်းပြောနေခဲ့တယ်၊ သူ့အဖေက သံသယဝင်ပြီး ဝန်ခံခိုင်းမှ ရှင့်သားနဲ့ တကယ်တွဲနေကြောင်း သူဝန်ခံခဲ့တာ။”

တစ်ဖက်က ဇာတ်လမ်းကို နားထောင်ပြီးသည့်နောက်တွင် တစ်ခုခု မှားယွင်းနေကြောင်း ရှန်းမူမူ သတိထားမိခဲ့သည်။

ထို့နောက် အတန်းပိုင်ဆရာက စကားပြောခဲ့သည်။ “ကျောင်းစည်းကမ်းအရ ကျောင်းမှာ ရည်းစားထားတဲ့အခါ နှစ်ဖက်လုံးကို အပြစ်ပေးရမှာပါ။”

ထိုစကားကြားတော့ ပန်းကျားဖခင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

“ဆရာက ကျားကျားက ဒီကောင်လေးကြောင့် လမ်းမှားရောက်ရတာ၊ သူက အပြစ်ပေး မခံရသင့်ဘူး၊ တကယ်လို့ တစ်ယောက်ယောက်က အပြစ်ပေးခံရမယ်ဆိုရင်တောင် အဲဒါက အဲဒီကောင်လေးပဲ ဖြစ်သင့်တယ်။”

သူ့စကားဆုံးသည်နှင့် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ပန်းကျားက မျက်ရည်များကိုသုတ်ကာ သူမ ဖခင်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။

“အဖေ သမီး….”

“ပါးစပ်ပိတ်ပြီး ဘေးမှာရပ်နေစမ်း၊ ကျက်သရေမရှိတဲ့ ကလေး။”

ပန်းကျား၏စကားမဆုံးခင်မှာပင် သူမ ဖခင်က ဖြတ်ပြောလိုက်သဖြင့် သူမက ကြောက်လန့်ကာ တုန်သွားခဲ့သည်။

သူမ မိခင်က သူမကို ဆွဲဖက်ကာ ကျောသပ်ပေးခဲ့သည်။

“ဘာမှထပ်မပြောနဲ့၊ နင့်အဖေကို ပို‌စိတ်‌တိုစေလိမ့်မယ်။”

***

All Chapters