← Chapters

အခန်း (၁၁၃)

Vol. 9 Ch. 113

အခန်း (၁၁၃)

Vol. 9 Ch. 113

အမျိုးသမီးအတွက် အိတ်သယ်ပေးခြင်းက ချီမိသားစု၏ ရိုးရာဖြစ်သည်

ပန်းကျား၏ ဖခင်က ထိုင်ခုံကိုဆွဲယူကာ ထိုင်ပြီးနောက်တွင် အတန်းပိုင်ဆရာနှင့် ညှိနှိုင်းရန် အသင့်ဖြစ်နေပုံရသည်။

“ဆရာ ဒီလိုဖြစ်လာမှတော့ ကျွန်တော်တို့ ကျားကျားကလည်း နစ်နာသူပဲလေ၊ အပြစ်ပေးခံရရင်တောင် အဲလူက အဲဒီကောင်လေးပဲ ဖြစ်သင့်တယ်။”

ထိုလူက စကားပြောရင်း ချီရှောင်ပိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

ချီရှောင်ပိုင်က စိတ်မရှည်ဖြစ်လာကာ ထိုလူနှင့်အကြည့်ချင်းဆုံလိုက်သည်။

အစောပိုင်းက မောက်မာစွာ စကားပြောဆိုနေသည့်လူက ဆွံ့အသွားခဲ့သည်။ သူက ကျောင်းအာဏာပိုင်များထံလှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် အတန်းပိုင်ကို ပြောလိုက်သည်။

“ကျွန်တော်တို့က မျှော်လင့်ချက်အကြီးကြီးနဲ့ ကောင်းကောင်းမွန်မွန် စာသင်ကြားရအောင်လို့ နံပါတ် ( ၁ ) ကျောင်းကို ပို့လိုက်ပေမယ့် အခု ဒီလိုတွေဖြစ်လာတော့ မိဘဖြစ်တဲ့ ကျွန်တော်တို့ကို ကျောင်းဘက်က ဘာရှင်းလင်းချက်မှ မပေးတော့ဘူးလား။”

ရှန်းမူမူက ဘေးတွင်ရပ်နေကာ ပြန့်ကျဲနေသည့် အပိုင်းများကို ပြန်လည်စုစည်းတွေးဆပြီးသည့်နောက်တွင် ဖြစ်ပျက်နေသည်များကို နားလည်သွားခဲ့သည်။

သူမက ချီရှောင်ပိုင်ထံ သွားလိုက်ပြီးနောက်တွင် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီရည်းစားစာတွေကို တွေ့ဖူးလား။”

ချီရှောင်ပိုင်က မျက်မှောင်ကြုတ်ကာ ပြန်တွေးတောလိုက်သည်။

သူက ယခင်ကရော ယခုထိပါ သူ့အံ့ဆွဲထဲတွင် မိန်းကလေး၏ ရည်းစားစာများ တွေ့ခဲ့သည်။

သို့သော် သူ တစ်ခါမှ မဖွင့်ဖတ်ခဲ့ပေ။

သူ့ရှေ့က ထိုစာများကို သူ ရဖူးသလားဆိုတာ သူ မသိပေ။

သူက နံရံကို ပျင်းရိစွာမှီပြီး သူတစ်ခါမှ မမြင်ဖူးသည့် ငိုနေသည့် မိန်းကလေးကိုကြည့်ပြီး ပြောလိုက်သည်။ “ကျွန်တော် ဒီစာကို တစ်ခါမှ မဖတ်ဖူးဘူး။”

ရှန်းမူမူက သူ့စကားကို ယုံကြည်သည်။

“သိပြီ၊ အခု နားလည်သွားပြီ။”

ထို့နောက် သူမက ပန်းကျားဆိုသော ကောင်မလေးထံ သွားလိုက်သည်။

ထိုင်နေသည့်လူက စိုးရိမ်စွာ ထရပ်လိုက်သည်။ “မင်းဘာလုပ်တာလဲ။”

ရှန်းမူမူက လှည့်ကြည့်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့။ အခြေအနေတွေကို နားလည်ရအောင် ရှင့်သမီးကို မေးခွန်းနည်းနည်း မေးချင်လို့ပါ။”

“အခြေအနေတွေက ဒီလောက် ရှင်းလင်းနေတာပဲ၊ မေးစရာရှိရင် ငါ့ကိုမေး။” ထိုလူက ပြောလိုက်သည်။

ရှန်းမူမူက မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။ “ရည်းစားစာက ရှင်ရေးထားတာမှ မဟုတ်တာ၊ အဲ့တော့ မေးဖို့ မသင့်လျော်ဘူး။”

သူမက စကားပြောပြီးသည်နှင့် ထိုလူကို လျစ်လျူရှုကာ ပန်းကျားထံ သွားလိုက်သည်။

သူမ လေသံက ပိုနူးညံ့သွားသည်။ သူမက တစ်ရှူး ကမ်းပေးလိုက်လေသည်။

“စိတ်မပူပါနဲ့။ မိဘတစ်ယောက်အနေနဲ့ အခြေအနေတွေကို နားလည်ချင်ရုံပါ။”

ပန်းကျားက တစ်ရှူးယူကာ တုန်ယင်နေသည်။ သူမ၏ ကိုယ်ခန္ဓာက မတည်မငြိမ်ဖြစ်နေကာ ရှန်းမူမူ၏ အကြည့်ကို ရင်မဆိုင်ရဲပေ။

ရှန်းမူမူ၏ အကြည့်တွေက စူးရှနေကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အန်တီတို့ ရှောင်ပိုင်နဲ့ တွဲနေတာလို့ ပြောခဲ့တယ်နော်။”

“အမ်…” ပန်းကျားက အမ်အင်းလုပ်နေချိန်တွင် သူမ၏ လက်မောင်းက ဆွဲလှုပ်ခံလိုက်ရလေသည်။

ဘေးရှိ သူမ အမေက ပြောလိုက်လေသည်။ “နင့်မိဘတွေ ဒီမှာရှိတယ်၊ ရဲရဲပြောလိုက်။”

ပန်းကျားက နှုတ်ခမ်းကိုက်လိုက်သည်။ သူမက သတ္တိများအားလုံး စုစည်းပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

ရှန်းမူမူက ထပ်မေးခဲ့သည်။ “သမီးပေးသမျှစာတိုင်းကို ချီရှောင်ပိုင်က စာပြန်ခဲ့သလား။”

ပန်းကျားက ပို၍ ပို၍ ခေါင်းငုံ့သွားခဲ့သည်။ “ဟင့်အင်း၊ တစ်ခုမှ မပြန်ခဲ့ပါဘူး။”

“မစ်ချီ ခင်ဗျားရဲ့ မေးခွန်းတွေ ပြီးပြီလား။” ပန်းကျား၏ ဖခင်က ကျယ်လောင်စွာ ဖြတ်ပြောလိုက်သည်။ “စာမပြန်တာနဲ့ပဲ ခင်ဗျားသားက အပြစ်ကင်းတယ်ဆိုတာ သက်သေမပြနိုင်ဘူး၊ ကျားကျားက ညတိုင်း အခန်းထဲ ဖုန်းပြောနေတာကို ကျုပ်တို့ မိခဲ့တယ်။”

ရှန်းမူမူက ပြောလိုက်သည်။ “အဲဒါ ချီရှောင်ပိုင်နဲ့ ပြောနေတယ်ဆိုတာ ရှင်ဘယ်လိုသိလဲ။”

“မင်း…ဒါက…” ထိုလူက မေးခွန်းကို မဖြေနိုင်ဘဲ လက်ယမ်းပြကာ မေးခွန်းကိုရှောင်လိုက်သည်။ ထိုအစား သူက ပြန်ချေပလိုက်သည်။ “ဘာစကားပြောတာလဲ၊ ငါတို့က နစ်နာသူပါ ဘာမပြောရဲစရာရှိလဲ။”

ရှန်းမူမူက မျက်ခုံးပင့်လိုက်သည်။ သူမက ဆက်ပြောလိုက်သည်။

“ကျွန်မ နားမလည်နိုင်တာတစ်ခုရှိတယ်၊ ရှင်ပြောသလိုဆိုရင် ရှင့်သမီးနဲ့ကျွန်မသား ခိုးတွဲတာကို သိတာကြာပြီလို့ပြောတယ်နော်၊ ဒါဆို ဘာလို့ ကျွန်မတို့နဲ့ ကျောင်းကို စောစော မဆက်သွယ်ခဲ့တာလဲ၊ ကျောင်းက ရည်းစားစာ ရှာတွေ့တဲ့အထိ စောင့်ပြီးမှ တစ်စုံတစ်ယောက်ကို တာဝန်ယူစေချင်နေတာလား။”

သူမ စကားဆုံးသည်နှင့် ပန်းကျား မိဘ၏ ကိုယ်ခန္ဓာများ တောင့်တင်းသွားခဲ့သည်။

ရှန်းမူမူက မျက်လုံးကို မှေးကျဉ်းပြီးနောက်တွင် သူမ၏ အကြည့်များက ပိုစူးရှလာခဲ့သည်။

“ရှင့်ရဲ့သမီး စကားပြောမယ့်အခါတိုင်း ဖြတ်ပြောခံရတယ်၊ ဒါက မရည်ရွယ်ဘဲ လုပ်မိတာလား ဒါမှမဟုတ် သူအမှန်တွေ ပြောလိုက်မိမှာကို စိုးရိမ်နေတာလား။”

သူမရှေ့ကလူက စိတ်မလှုံစွာဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာကာ လေသံကို မြှင့်ပြောလိုက်သည်။ “ဘာစကားပြောတာလဲ၊ ဒီနေရာမှာ ငါတို့က နစ်နာသူပဲ၊ ဘာမှ မပြောရဲစရာ အကြောင်း မရှိဘူး။”

ရှန်းမူမူက သူမ အထင်ကို‌ ပြောလိုက်သည်။

“ကျောင်းဘက်က ရည်းစားစာကိုတွေ့ပြီး ရှင်တို့ကို ကျောင်းခေါ်လိုက်တယ်၊ ဒီလိုအရေးကြီးတဲ့ ( ၁၂ ) တန်းမှာ ကျောင်းစည်းမျဉ်းအရ ရှင်တို့သမီး အပြစ်ပေးခံရမှာကို ရှင်တို့ကို စိုးရိမ်နေတယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ ကျွန်မသားကို အပြစ်ပုံချတာမလား။”

သူမရဲ့စကားဆုံးသည်နှင့် ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

သူမစကားကြောင့် ကျောင်းအုပ်ကြီး၏ မျက်လုံးပိုပြူးကျယ်လာကာ သူမစကားက မှန်ကန်သည်ဟု ခံစားလိုက်ရလေသည်။

ပန်းကျား၏မိဘများက အချင်းချင်း အကြည့်ချင်းဆုံပြီးသည့်နောက်တွင် ရှန်းမူမူကို လှည့်ကြည့်ကြပြီး စကားပြောမည့်အချိန်တွင် ပန်းကျား၏ အသံကို ကြားလိုက်ရလေသည်။

“အန်တီ ….သမီးတောင်းပန်ပါတယ်။”

ထိုမိန်းကလေး၏ မျက်ရည်များက ရုံးခန်းကြမ်းပြင်ပေါ် တစ်စက်တစ်စက်ကျနေသည်။

အမှန်တရားအားလုံး ပေါ်ပေါက်သွားချိန်တွင် သူမ နှလုံးသားနှင့် ချစ်ရသည့် ကောင်လေးကို ထပ်မကြည့်ရဲတော့ပေ။

သူမက ရုံးခန်းထဲက ကြမ်းခင်းထဲသို့ လျှိုဝင်၍ မရသဖြင့် သူမ၏ မျက်နှာက ပိုနီရဲလာကာ သူမက ငိုနေသည်။

“မှန်ပါတယ်…ချီ…ချီရှောင်ပိုင်က မှားယွင်းစွပ်စွဲခံရတာပါ၊ အစကနေ အဆုံးအထိ သမီးဘက်ကသာ ဖြစ်ခဲ့တာပါ။”

ပန်းကျား၏လည်ချောင်းများ တင်းကြပ်နေကာ နှာခေါင်းများ စူးနေသည်။ သူမက ရှိုက်ငင်နေပြီး ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။

သူမ ဝန်ခံလိုက်သဖြင့် သူမဘေးက မိဘများက တုန်လှုပ်သွားခဲ့သည်။ သူတို့က သူမကို လက်မောင်းတစ်ဖက်ဆီ ဆွဲထားကြသည်။

ဖခင်ဖြစ်သူ၏လေသံက ခက်ထန်နေသည်။ “ကျားကျား နင်ဘာဖြစ်နေတာလဲ၊ ( ၁၂ ) တန်းမှာ အပြစ်ပေးခံရရင် တကယ်မလွယ်ဘူး၊ နင့်ကို ဘာမှ ဝင်မပြောဖို့ မှာထားတယ်လေ။”

သူမ မိခင်ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကျားကျား နင်တော့နော်….”

ရှန်းမူမူက ဖြည်းညှင်းစွာ ခေါင်းခါပြီးနောက်တွင် ချီရှောင်ပိုင်ထံ သွားလိုက်သည်။ “အိမ်ပြန်ရအောင်။”

ချီရှောင်ပိုင်က လက်ပိုက်ထားသည်ကို ဖြည်ချလိုက်သည်။ သူ့မျက်ဝန်းထဲက စူးရှမှုတို့က တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ သူက ခေါင်းငြိမ့်ပြပြီးနောက်တွင် သူမ အနောက်မှ လိုက်လာခဲ့လေသည်။

ရုံးခန်းထဲတွင် ကောင်မလေး၏ ရှိုက်သံနှင့် မိဘများ၏ စကားသံက မတိတ်သေးပေ။

ရှန်းမူမူက တံခါးပေါက်နားရောက်သည့်အချိန်တွင် ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သူမက ဖြည်းညှင်းစွာ နောက်ပြန်လှည့်ကြည့်လိုက်သည်။

သူမ၏ စကားတွေက ရှင်းလင်းနေသည်။

“ပြဿနာကို တိုက်ရိုက်ရင်မဆိုင်နိုင်ဘဲ သမီးဖြစ်သူကို လိမ်ခိုင်းတဲ့ ရှင်တို့လိုမိဘရှိတာ သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်ပဲ။”

သူမက စကားဆုံးသည်နှင့် လှည့်မကြည့်ဘဲ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။

ကျောင်းအဆောက်အဦးမှ ကားထိုးထားသည့်နေရာအထိ ချီရှောင်ပိုင်က ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အေးဆေးလျှောက်နေသည်။

ရှန်းမူမူက သူ့ကိုလှည့်ကြည့်လိုက်ရာ သူ၏ ဂရုမစိုက်သောဟန်ပန်ကိုမြင်တော့ သူမက ပြောလိုက်သည်။

“ဘယ်လိုဖြစ်တာလဲ၊ အမြဲတမ်း စကားသွက်ရဲ့သားနဲ့ ဒီနေ့ စွပ်စွဲခံရတော့ သေချာမရှင်းနိုင်ဘူးလား။”

ချီရှောင်ပိုင်က ပျင်းရိစွာ ကြည့်လိုက်သည်။

သူ၏ အေးစက်သော မျက်ဝန်းထဲတွင် ရယ်ချင်စိတ်များ ဖြတ်သွားခဲ့သည်။

“ခင်ဗျားလာမယ်ဆိုတာ သိတယ်လေ။ အဲဒါကြောင့် ဘာမှ ပြောစရာ မလိုတာပေါ့။”

ရှန်းမူမူ။ “.....”

သူမက ချီရှောင်ပိုင်၏ လွယ်အိတ်ကို ဆွဲထားလိုက်သည်။

သူမက သူမထက် ခေါင်းတစ်လုံး ပိုမြင့်သည့်သားကိုကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။ “ကောင်စုတ်လေး၊ ငါက ရှေ့ကရပ်ပြီးပြောဆိုပေးတာကို အနောက်ကကြည့်ပြီး ပျော်နေတာပေါ့လေ၊ အဲဒါ နင့်ကိစ္စလား ငါ့ကိစ္စလား။”

ချီရှောင်ပိုင်က ပုခုံးတွန့်လိုက်သည်။ “မသိတဲ့လူတွေနဲ့ စကားပြောရမှာ ပျင်းတယ်။”

ရှန်းမူမူ။ “....”

သူမက သူ့ကိုလက်ညှိုးထိုးကာ အပြစ်တင်ပစ်ချင်နေသည်။

သို့သော် ယခုမှ စွပ်စွဲခံရခြင်းမှ လွတ်မြှောက်လာသည့် ကောင်လေးကို သနားမိသွားသည်။

သူမက သက်ပြင်းရှိုက်ပြီးနောက်တွင် ဆွဲထားသည့် လွယ်အိတ်ကို လွှတ်ပေးလိုက်လေသည်။ “ထားပါတော့၊ သွားရအောင်။”

ချီရှောင်ပိုင်၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားခဲ့သည်။ သူက ကျောပိုးအိတ်ကို သေချာပြန်လွယ်လိုက်သည်။

သူက ရှန်းမူမူ၏လက်ထဲကအိတ်ကိုကြည့်ပြီးနောက်တွင် မေးပင့်ကာ ပြောလိုက်သည်။

“အလုပ်ရှုပ်နေတဲ့ကြားကနေ လာပေးလို့ ကျေးဇူးတင်ပါတယ်၊ အိတ်ကူသယ်ပေးပါရစေ။”

ရှန်းမူမူက စက္ကန့်အနည်းငယ် ဆွံ့အနေပြီးမှ သူ့ကိုကြည့်ပြီးနောက်တွင် အိတ်ကမ်းပေးလိုက်သည်။

“သိတတ်သေးတယ်။”

ကျောင်းသူကျောင်းသားများက ကျောင်းဝန်းအတွင်း သွားလာလှုပ်ရှားနေကြသည်။

ထိုအထဲတွင် ချီရှောင်ပိုင်နှင့် သိသည့် အတန်းဖော်များလည်း ပါသည်။

ထိုမြင်ကွင်းကိုမြင်ကြတော့ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩနေသော်လည်း သိသာအောင် မလုပ်ရဲပေ။ သူတို့က တိတ်တခိုး ကြည့်နေကြသည်။

ချီရှောင်ပိုင်က တကယ်ကြီး သူ့မိထွေးရဲ့ အိတ်ကို သယ်ထားပေးတာလား။

မယုံနိုင်စရာပဲ။ တကယ့်ကို မယုံနိုင်စရာပဲ။

သို့သော် ချီရှောင်ပိုင်ကတော့ ထိုကိစ္စကို အမှုမထားပေ။

အမျိုးသမီးတွေ၏ အိတ်ကို သယ်ပေးခြင်းက ချီအိမ်တော်၏ ရိုးရာ ဖြစ်သည်။

သူ့ဖခင်လည်း ထိုအရာကို လုပ်သည်။

သူက အထက်တန်းကျောင်းသားသာ ဖြစ်သည်။ အိတ်သယ်ပေးခြင်းက ပြဿနာကြီး မဟုတ်ပေ။

တစ်ကျောင်းလုံး၏ အာရုံစိုက်ခြင်းကို ခံနေရသည့် သူတို့နှစ်ဦးကတော့ သူတို့ကို ကြည့်နေသည့် အကြည့်တွေကို သတိမမူမိပေ။

သူတို့က စကားပြောရင်း ကားထားသည့်အနား သွားခဲ့သည်။

“ချီအာ နင်အရပ်ရှည်လာတာလား။”

“မတိုင်းကြည့်တော့ မသိဘူး။”

“ဒီကို တန်းလာတာနဲ့ ဘာမှ မစားရသေးဘူး၊ တစ်ခုခု သွားစားရအောင်။”

“သွားမယ်လေ။”

“ဆိုင်ရွေးလိုက်မယ်။”

“ကောင်းပြီ။”

***

All Chapters