ဟွကျီထျန်း နှင့် ဟွမ်ချင်းဝမ်
Vol. 15 Ch. 149
ထိုဝတ်စုံနက်ဝတ်လူသည် အံ့အားသင့်နေမိသည်။
သူ၏ရှေ့မှ လူငယ်သည် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။
သူသည် ကောင်းကင်ဘုံဓားဂိုဏ်းပင်မဂိုဏ်း ကို တကယ်ပင် မကြောက်သည်လော၊ ကောင်းကင်ဘုံဓားဂိုဏ်းဆိုသည်မှာ တစ်ချိန်က နယ်မြေတစ်ခုလုံး၏အရှင်သခင်၊ စစ်မှန်သော နတ်ဘုရားသဖွယ် တည်ရှိခဲ့ခြင်း မဟုတ်ပါလော။
ယခုတိုင်အောင်လည်း သူတို့သည် ထိပ်တန်းအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
ဤလူငယ်မှာ ဂိုဏ်းခွဲမှ ဖြစ်သော်လည်း အဘယ်ကြောင့် ပင်မဂိုဏ်းအပေါ် ရိုသေမှု အစအနမျှ မရှိရသနည်း။
ဤလူငယ်ကို ကြည့်ရင်း သူသည် ဖော်ပြမရနိုင်သော ထိတ်လန့်မှုကို ခံစားနေရသည်။
ထိုလူငယ်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟု စိတ်ထဲက ထင်မြင်နေမိသည်။
၎င်းမှာ အတော်လေးကို အဓိပ္ပာယ်မရှိလှပေ။ သူကိုယ်တိုင်မှာ ကူးပြောင်းခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤလူငယ်၏အဆင့်အတန်းကိုမူ ထိုးဖောက်မမြင်နိုင်ချေ။
ဤမျှ ငယ်ရွယ်သည်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်က မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားနေသည်တော့ မဖြစ်နိုင်ဘူးမလား။
ထိုအချိန်တွင်...
ကောင်းကင်ဘုံဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်မှာ ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကြားရတာတော့... အဘိုးကြီးက အရင်က ပါရမီ အရမ်းထူးချွန်ပြီး ဓားဂိုဏ်းရဲ့ အလေးပေးမှုကို ခံခဲ့ရတယ်လို့ ဆိုတယ်။ နောက်ပိုင်းမှာ သူက သူတော်စင်မိန်းမပျို နဲ့ ချစ်ကြိုက်ခဲ့ပြီး သူတို့ဟာ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံဓားဂိုဏ်း နဲ့ တခြား ဓားဂိုဏ်းကြီးတစ်ခုကြားက ပူးပေါင်းလမ်းကြောင်းမှုအရ လက်ထပ်ထိမ်းမြားဖို့ ကိစ္စက ကြီးမားတဲ့ ဆူပူမှုတွေ ဖြစ်စေခဲ့တယ်။ သူတော်စင်မိန်းမပျိူက တခြားဂိုဏ်းက ပညာရှင်နဲ့ လက်မထပ်ချင်ပေမဲ့ ဂိုဏ်းရဲ့ သဘောထားက အရမ်းကို တင်းမာခဲ့တယ်။
ဒါနဲ့ပဲ အရမ်းကို ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ သူတော်စင်မိန်းမပျိူက သူမရဲ့ တစ်သက်လုံးမှာ ဘယ်သူ့ကိုမှ လက်မထပ်ဘဲ ဂိုဏ်းရဲ့ အာဏာအချက်အခြာနေရာကနေ ဝေးရာကို ထွက်ခွာသွားခဲ့တယ်။ သူမက ဂိုဏ်းအကြီးအကဲ ဖြစ်လာပြီး မြစ်နက်ကြီးဘေးမှာ ထာဝရ စောင့်ကြပ်နေခဲ့တယ်။ ကျန်းစန်းကျန့် ကတော့ ဂိုဏ်းခွဲဆီကို ရာထူးချခံရပြီး ဂိုဏ်းချုပ် ဖြစ်လာခဲ့တာပါပဲ။"
ဤအရာက တကယ့်ကို ဒရမ်မာဆန်လွန်းသည့် အဖြစ်အပျက်ပင်။
အဘိုးအို ကျန်းစန်းကျန့်၏အတွေ့အကြုံကတော့ "မြစ်တစ်စင်းဆိုတာ အရှေ့ဘက်ကို အနှစ် ၃၀ စီးဆင်းပြီးရင် အနောက်ဘက်ကို အနှစ် ၃၀ ပြန်စီးဆင်းတတ်တယ်" (ကံကြမ္မာဆိုတာ အလှည့်အပြောင်း ရှိတတ်တယ်) ဆိုသည့် စကားပုံအတိုင်းပင်။
သို့သော် ရှန်းချန်ကောရှေ့မှာတော့ အဘိုးအိုက သနားစရာကောင်းနေပြီး ပြန်လာလက်စားချေမည့် ပုံစံမျိုး မရှိပေ။
"ထားလိုက်ပါတော့ အဘိုးကြီးရာ.. ဒီနေ့ ခင်ဗျားကို 'လူမွဲလေးဆိုပြီး အထင်မသေးနဲ့' ဆိုတဲ့ ဇာတ်ကွက်မျိုးဖြစ်အောင် ကျုပ် ကူညီပေးပါ့မယ်"
ရှန်းချန်ကော ပြုံးလိုက်မိသည်။
ဤကိစ္စက အဘိုးကြီး၏ရင်ထဲက အဖုအထစ်တစ်ခု ဖြစ်နေခဲ့တာ ကြာပြီ။ ပြောစကားတွေအရ အဘိုးအိုဟာ အသက် ၃၀ မှာတင် နတ်တံတားအဆင့် ကို ရောက်ရှိခဲ့သူ ဖြစ်သည်။
ထိုခေတ်တုန်းကတော့ အတော်လေး ထူးချွန်သည်ဟု ပြောလို့ရသည်။
သို့သော် နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေကြောင့် စိတ်ဓာတ်ကျပြီး တိုးတက်မှု ရပ်တန့်သွားခဲ့ရသည်။
နတ်တံတားအဆင့်ဆိုတာ အစပျိုးမှုတစ်ခုလို့ သူထင်ခဲ့ပေမဲ့ ထိုအဆင့်က သူ့ဘဝ၏အမြင့်ဆုံးအဆင့် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဒါကြောင့်... ရှန်းချန်ကော ဆုံးဖြတ်လိုက်သည်။
အဘိုးအို မျက်နှာပန်းလှအောင် သူ ကူညီပေးရမည်။
ထိုအချိန်တွင်...
ရင်းနှီးနေသော မြင်ကွင်းများကို ကြည့်ရင်း ကျန်းစန်းကျန့်၏ရင်ထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
သူ့မျက်နှာထားက ရှုပ်ထွေးနေပြီး ကျောပြင်က ပိုမို ကိုင်းညွတ်သွားသယောင် ရှိသည်။
ဤအချိန်မှာ သူ့ခေါင်းထဲ အတွေးပေါင်းစုံ ဝင်ရောက်နေသည်။ နေ့တိုင်း လွမ်းဆွတ်တမ်းတနေရတဲ့ လှပတဲ့ ပုံရိပ်လေးတစ်ခု သူ့စိတ်ထဲ ပေါ်လာပေမဲ့ အချိန်အကြာကြီး အတင်းအဓမ္မ ဖိနှိပ်ထားခဲ့ရသည်။
သူ သတိမရရဲခဲ့ပေ။
အပြစ်ရှိစိတ်နှင့် မကျေနပ်ချက်များ ရောပြွန်းနေသည်။
သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပါ။
သူ့နောက်ခံက ကောင်းကင်ဘုံဓားဂိုဏ်း၏ သာမန်တပည့်တစ်ယောက်သာ ဖြစ်သည်။
အမြစ်မတွယ်သေးသာ့် ဒိုက်ပင်လေးတစ်ပင်လိုပင်။
ဓားဂိုဏ်းကြီးနှစ်ခုကြားက ပူးပေါင်းလက်ထပ်ပွဲကို စစ်ရထားကြီးအား တားဆီးချင်သည့် ပုရွက်ဆိတ်တစ်ကောင်လိုမျိုး သူ မည်သို့တားဆီးနိုင်မည်နည်း။
လက်ရှိအချိန်မှာတော့...
ရုတ်တရက် သူ ပင်မဂိုဏ်းကြီးဆီသို့ တယ်လီပို့ လုပ်ခြင်း ခံလိုက်ရသည်။
ခဏတာမျှ သူ့ရင်ထဲ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပြည့်နှက်သွားသလို တစ်ဖက်မှာလည်း တမ်းတမှုတွေ ဖြစ်ပေါ်လာသည်။
"ကျန်းစန်းကျန့်... မင်း အပြစ်ကို မင်းသိလား"
ရုတ်ခြည်းပင် ကျယ်လောင်သော အသံတစ်သံ ဟိန်းထွက်လာပြီး ဂိုဏ်းခွဲမှ လူများအားလုံး တုန်လှုပ်သွားကြသည်။
ထိုအသံထဲတွင် အားပြင်းသော စွမ်းအား၊ ခမ်းနားထည်ဝါမှုနှင့် ပြင်းထန်သော ချီစွမ်းအင်များ ပါဝင်နေသည်။
ထိုအသံက ကျန်းစန်းကျန့်အပေါ် တမင် သက်ရောက်လာခြင်း ဖြစ်သည်။
ကျန်းစန်းကျန့်၏ မျက်နှာက အလွန်အရုပ်ဆိုးသွားသည်။
"ဆရာ..."
"မင်း ငါ့ကို ဆရာလို့ ခေါ်တတ်သေးတာပဲ"
ထိုအချိန်တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ဖြစ်သော်လည်း ကျန်းမာသန်စွမ်းပုံရသော သိုင်းပညာရှင်တစ်ဦး ကောင်းကင်ယံကို ခွင်းလျက် ပျံသန်းလာသည်။
ကြည့်ရသည်မှာ ရဲရင့်သော လူလတ်ပိုင်းအရွယ်နှင့် တူသည်။ သူ့မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
"ဂိုဏ်းခွဲက ခွင့်ပြုချက်မရှိဘဲ တခြားဂိုဏ်းတွေကို ဝါးမျိုပြီး စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်။ ဒါ ဘာအပြစ်လဲဆိုတာ မင်းသိလား"
သူကတော့ ကောင်းကင်ဘုံဓားဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်ဟောင်း၊လက်ရှိ အကြီးအကဲ ဟွမ်ကျီထျန်းပင် ဖြစ်သည်။
မြူခိုးသမုဒ္ဒရာထဲမှ ကျမ်းများကို မကျင့်ကြံနိုင်ခဲ့ကြသောကြောင့် သူတို့သည် မြူပခိုးသမုဒ္ဒရာ၏ စစ်မှန်သော စွမ်းအားကို မပိုင်ဆိုင်နိုင်ခဲ့ကြပေ။
ကျန်းစန်းကျန့်သည် ရင်းနှီးသော မျက်နှာကို ကြည့်ရင်း ရုတ်တရက် ဒူးထောက်လိုက်သည်။
သူ့ဆရာ၊ ကောင်းကင်ဘုံဓားဂိုဏ်း၏ဂိုဏ်းချုပ်ဟောင်းသည် တစ်ချိန်က ပူးပေါင်းလက်ထပ်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူ ဖြစ်သည်။
သူက ကျန်းစန်းကျန့်ကို ကာကွယ်ပေးခဲ့သလို လက်ထပ်ပွဲ ပျက်သွားအောင်လည်း လုပ်ခဲ့သည်။
ထို့အတွက်ကြောင့် အခြားအကြီးအကဲများ၏ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး ဂိုဏ်းချုပ်ရာထူးမှ ဆင်းပေးခဲ့ရသည်။
ကျန်းစန်းကျန့် အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ့မျက်လုံးထဲမှ အပြစ်ရှိစိတ်ကို မြင်နိုင်ပါသည်။
သူ့ဆရာသာ မရှိခဲ့လျှင် သူက အကြီးအကဲများ၏ တိတ်တဆိတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
"ကျွန်တော် မှားမှန်း သိပါတယ်"
"ဒါပေမဲ့ မြူခိုးသမုဒ္ဒရာထဲမှာ ရှေ့ဆက်မတိုးရင် ပျက်စီးခြင်းပဲ ရှိပါလိမ့်မယ်။ ဂိုဏ်းခွဲက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒါကို လုပ်ခဲ့ရတာပါ"
ကျန်းစန်းကျန့်က အပြစ်ရှိကြောင်း ခံယူသော်လည်း သူ့ဂိုဏ်းခွဲ တပည့်များ၏အသက်ရှင်ရပ်တည်ရေးနှင့် ပတ်သက်လာလျှင် နောက်ဆုတ်မည် မဟုတ်ပေ။
တိုးတက်မှု မရှိလျှင် ပျက်စီးသွားလိမ့်မည်။ သူတို့သည် ခေတ်ရေစီးကြောင်းက တွန်းပို့လိုက်သော လှေငယ်တစ်စင်းသာ ဖြစ်သည်။
ဟွမ်ကျီထျန်း သက်ပြင်းချလိုက်သည်။
"မင်းကတော့ ဒီလို ခေါင်းမာတဲ့ စိတ်ဓာတ် ဘယ်တော့မှ မပြောင်းလဲပါလား" ဟု တီးတိုး ရေရွတ်လိုက်သည်။
"ဂိုဏ်းခွဲက တခြား နတ်ဓားသခင်ရုပ်တု နှစ်ခုကို ဖယ်ရှားပြီး ပင်မဂိုဏ်းကြီးနဲ့ ပေါင်းစည်းရမယ်။ မင်းလည်း ပြန်လာပြီး အပြင်စည်း အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရမယ်"
သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့အသံက အလွန်ကျယ်လောင်ပြီး ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံး ကြားအောင် ပြောလိုက်သကဲ့သို့ ရှိသည်။
ကျန်းစန်းကျန့် ရင်တုန်သွားသည်။
သူ့ဆရာက သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေမှန်း သူ နားလည်လိုက်သည်။
"ဟဲဟဲ... မင်း ကိုယ့်အကျိုးစီးပွားအတွက် စည်းကမ်းတွေ ဖောက်ဖျက်ခဲ့တယ်။ ဂိုဏ်းခွဲက တခြားဂိုဏ်းတွေကို ဝါးမျိုခဲ့တယ်။ ဒါက အာဏာရှိသူတွေကို သတ်ဖြတ်တာနဲ့ အတူတူပဲ။ အကြီးအကဲကြီး... ခင်ဗျားက သူ့ကို သိပ်ကာကွယ်ပေးလွန်းနေသလိုပဲနော်..."
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
ဟွမ်ကျီထျန်း၏ အနောက်တွင် မျက်နှာထား တင်းမာနေသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။
သို့သော် သူက ဟွမ်ကျီထျန်းထက် ခြေတစ်လှမ်း နောက်ကျနေသည်။ အကယ်၍သာ သူ စောစောရောက်လာခဲ့လျှင် ကျန်းစန်းကျန့် ခေါင်းပြတ်နေလောက်ပြီ ဖြစ်သည်။
စည်းမျဉ်းဖောက်ဖျက်မှု ဆိုသည့် ခေါင်းစဉ်တစ်ခုတည်းနှင့်တင် အနန္တအမှောင်ထု အထွတ်အထိပ် အဆင့်ရောက်နေသော သူက အရာအားလုံးကို စီရင်နိုင်သည်။
ကံဆိုးစွာဖြင့်... ဟွမ်ကျီထျန်းက သူ့ထက် တစ်လှမ်း ဦးသွားခဲ့သည်။
အခြေအနေတွေက နည်းနည်း ရှုပ်ထွေးလာခဲ့ပြီ။
ဟွမ်ချင်းဝမ် ကလည်း အနန္တအမှောင်ထုအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။အကယ်၍သာ ဒီသားအဖနှစ်ယောက် အတူတူ ပေါ်လာရင်တော့ ဒီနေ့ ကျန်းစန်းကျန့်ကို သတ်ဖို့ မလွယ်ကူတော့ပေ။
ယခင်တုန်းက ဤကောင်လေးက သူတို့၏ အစီအစဉ်ပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။
ယခု သူ့ကို သတ်ရန် အကြောင်းပြချက် ကောင်းကောင်းရတုန်းမှာ သေကို သေမှ ဖြစ်မည်။
"မြူခိုးသမုဒ္ဒရာက ရက်စက်ပြီး ကရုဏာမဲ့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ငါတို့ မြူခိုးသမုဒ္ဒရာရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရဖူးတော့ ဘယ်လောက် အန္တရာယ်များလဲဆိုတာ သိကြတာပဲ။ ဒီလို ရက်စက်တဲ့ ထင်ယောင်ထင်မှား နယ်မြေအောက်မှာ တိုးတက်မှု မရှိရင် သေမှာပဲ။ သေရေးရှင်ရေး အခိုက်အတန့်မှာ လူတွေက အမှားလုပ်တတ်ကြစမြဲ။ ကောင်းကင်ဘုံဓားဂိုဏ်းဆိုတာ လူသားဆန်တဲ့ ဂိုဏ်းတစ်ခုပါ။ အချိန်မီ ပြန်လှည့်လာပြီး အပြစ်ဝန်ခံမယ်ဆိုရင်... ပြီးတော့ စစ်မှန်တဲ့ နောင်တရတယ်ဆိုရင် ပြဿနာ မရှိပါဘူး"
ဟွမ်ကျီထျန်း ပြောလိုက်သည်။
ကျန်းစန်းကျန့်သည် တစ်ချိန်က သူ့အချစ်ဆုံး တပည့်ဖြစ်ခဲ့သည်။ ထို့အပြင် ဟိုတုန်းက ဖြစ်ရပ်သည် ကျန်းစန်းကျန့်အတွက် မတရားလွန်းသည်ဟု သူ ခံစားရသည်။
ဂျူနီယာလေး တစ်ယောက်ကို ဓားဂိုဏ်းကြီးနှစ်ခုပေါင်းပြီး ဖိနှိပ်ခဲ့ကြတာ သိပ်ကို ညစ်ပတ်လွန်းသည်။
ထို့ကြောင့် ယနေ့...
ကျန်းစန်းကျန့်ကို သူ မဖြစ်မနေ ကာကွယ်ပေးရမည်။
ဤအရာက သူ့သမီးအတွက်လည်း ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်သည်။
လေထဲတွင် ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မွှေးပျံ့သော ရနံ့များ လေထုထဲ ပြည့်နှက်သွားသည်။
ကောင်းကင်ဘုံဓားဂိုဏ်း ပင်မဂိုဏ်းကြီးက မြူခိုးသမုဒ္ဒရာထဲသို့ ယခုမှ ဝင်ရောက်လာခြင်းဖြစ်သဖြင့် သူတို့၏ကျင့်ကြံခြက်းတွင် အင်မော်တယ် အငွေ့အသက်အနည်းငယ် ပါရှိနေသေးသည်။
ထိုအချိန်တွင် လှပသော ပုံရိပ်တစ်ခု ဆင်းသက်လာသည်။
သူမသည် ယခင်အတိုင်း ခမ်းနားထည်ဝါပြီး ကျက်သရေရှိကာ ရင့်ကျက်သော ညှို့ဓာတ်များ ရှိနေဆဲ ဖြစ်သည်။
လှပသော မျက်ဝန်းတစ်စုံက ပေါ်လာသည်နှင့် ကျန်းစန်းကျန့်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ အသံတွင် အပြစ်တင်သံ အနည်းငယ် ပါဝင်နေသည်။
"ရှင် ပြန်လာတတ်သေးတယ်ပေါ့"
"ဟမ့်... ဒီလောက်ကြာတာတောင် နတ်တံတားအဆင့် မှာပဲ ရှိသေးတာလား။ ရှိသမျှ ခွန်အားတွေ မိန်းမတွေရဲ့ ဗိုက်ပေါ်မှာပဲ ကုန်ဆုံးလိုက်တာလား။ အသုံးမကျတဲ့ကောင်"
ဤစကားတစ်ခွန်းကြောင့်...
ယခင်က တည်ဆောက်ထားသမျှ လွမ်းမောဖွယ် အငွေ့အသက်တွေ အကုန် ပျက်စီးသွားတော့လေ၏။
ကျန်းစန်းကျန့် ချောင်းဟန့်လိုက်မိသည်။