ကောင်းကင်မှောက်လှန် ဓားဂိုဏ်း
Vol. 15 Ch. 150
ဒီလို အငွေ့အသက်မျိုး ရှိနေတုန်းပါပဲလား...
နားထဲမှာတော့ ဆူးလို စူးရှနေပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင် အဲ့ဒီဆူးပေါ်မှာ ငရုတ်သီးသီတန်းကြီး ချိတ်ဆွဲထားသလိုမျိုးပါပဲ။ (စကားလုံးတွေက စူးရှပေမဲ့ စိတ်ကတော့ ထက်သန်ပြင်းပြနေတုန်းပါပဲ)
"ချင်းဝမ်..."
လက်ရှိအချိန်မှာတော့...
ကျန်းစန်းကျန့် သက်ပြင်းချလိုက်မိသည်။ သူ့မျက်လုံးများထဲတွင် အပြစ်ရှိစိတ်များ ဖြတ်ပြေးသွားသည်။
သူ့ရှေ့က လှပသည့်ပုံရိပ်လေးဟာ သူ့ကို နေ့ရောညပါ တမ်းတနေအောင် လုပ်ခဲ့တာ အမှန်ပါပင်။
သို့သော် တကယ်တမ်း သူ့ရှေ့ကို ရောက်လာတဲ့အခါမှာတော့ ရုတ်တရက် သူ သူရဲဘောကြောင်သွားမိသည်။
စကားပြောရင် အမြဲတမ်း ဆရာကျပြီး လေကြီးတတ်တဲ့ ကျန်းစန်းကျန့်ကို စကားတစ်ခွန်း မပြောနိုင်အောင်၊ စကားထစ်သွားအောင် လုပ်နိုင်ပုံကို ကြည့်ရင် ဤအမျိုးသမီးက သူ့အတွက် မည်မျှ အရေးပါသည်ဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်သည်။
ဟွမ်ချင်းဝမ်ကလည်း သဘောကောင်းတဲ့သူ မဟုတ်ပေ။
ကျန်းစန်းကျန့် စကားထစ်နေသည်ကို မြင်သောအခါ တံတွေးထွေးပြီး သူ့ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
ထို့နောက် သူမ လှည့်ကြည့်လိုက်ပြီး အနန္တမှောင်ထုနယ်ပယ် အထွတ်အထိပ်အဆင့် ပညာရှင်ဖြစ်သူ ကျန်းဖုန်းကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ဒီနေ့ သူ့ကို ဘယ်သူမှ မထိစေရဘူး"
ဟွမ်ချင်းဝမ် ပြောလိုက်သည်နှင့် သူမ၏အမှောင်ထုအရှိန်အဝါများက နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဟွမ်ချင်းဝမ်က ကောင်းကင်ဘုံက ရွေးချယ်သူ တစ်ဦး ဖြစ်သည်။ ဟိုတုန်းကသာ ထိုကိစ္စ မဖြစ်ခဲ့လျှင် သူမက ဂိုဏ်းချုပ် ဒါမှမဟုတ် ဂိုဏ်းချုပ်ကတော် ဖြစ်လာနေလောက်ပြီဖြစ်၏။
ထိုနေရာရှိ ပုဂ္ဂိုလ်ကတော့ ကျန်းဖုန်း ကောင်းကင်ဘုံဓားဂိုဏ်း၏လက်ရှိ ဂိုဏ်းချုပ်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းဖုန်းက မထီမဲ့မြင် ပြုံးလိုက်သည်။
"ငါ ပြောပြီးပြီလေ... စည်းကမ်းဖောက်ဖျက်တာကို သည်းခံလို့ မရဘူး။ သည်းခံလိုက်ရင် ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲတွေ ကွဲထွက်ကုန်ကြလိမ့်မယ်။ ပင်မဂိုဏ်းကြီး အန္တရာယ် ရှိလာလိမ့်မယ်"
"ဒါ့အပြင် အကြီးအကဲကြီး... ဟိုတုန်းက ကျုပ်တို့ သဘောတူထားတဲ့ အချိန် မရောက်သေးဘူး မဟုတ်လား။ မြစ်နက်ထဲက အရာသာ ထွက်လာရင် အကျိုးဆက်ကို ခင်ဗျားတို့ ခံနိုင်မှာ မဟုတ်ဘူးနော်"
ဟွမ်ချင်းဝမ် ဘာမှ ပြန်မပြောပေ။
"ဂိုဏ်းခွဲခေါင်းဆောင် ကျန်းစန်းကျန့်ကို ဖမ်းပြီး ဒီနေရာမှာတင် သတ်ပစ်လိုက်ကြ"
ကျန်းဖုန်း၏မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။
သူ့ရည်ရွယ်ချက်က ရှင်းသည်။ သူ ဒီနေ့ ကျန်းစန်းကျန့်ကို သတ်ကို သတ်မည်။ အမှားအယွင်း ခံမည် မဟုတ်ပေ။
သိသာထင်ရှားသည်က သူသည် ကျန်းစန်းကျန့်ကို သတ်ချင်နေတာ ကြာပြီဖြစ်သည်။
ယခုမှ အခွင့်အရေး ရသွားခြင်း ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ဂိုဏ်းခွဲခေါင်းဆောင်က စစ်မှန်စွာ နောင်တရပါက သာမန်တပည့်အဖြစ် ရာထူးချခံရရုံသာ ရှိပြီး အသက်ဆုံးရှုံးစရာ အကြောင်းမရှိပေ။
ဘေးပတ်ဝန်းကျင်ရှိ ကျွမ်းကျင်ပညာရှင်များစွာက ကျန်းစန်းကျန့်ကို ဖမ်းဆီးရန် ရှေ့တိုးလာကြသည်။
"ဘယ်သူရဲမလဲ ကြည့်ရသေးတာပေါ့"
ဝုန်း
ဟွမ်ချင်းဝမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး သူမ၏အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
အခြေအနေတစ်ခုလုံး တင်းမာသွားသည်။
ကျန်းဖုန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ တိုက်ခိုက်ချင်သော်လည်း ဟွမ်ကျီထျန်းက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ နားလည်လိုက်သည်။
အကယ်၍ သူသာ အထူးနည်းလမ်းတချို့ မသုံးဘူးဆိုလျှင် ယနေ့ ကျန်းစန်းကျန့် သေချာပေါက် သေမည် မဟုတ်တော့ပါဘူး။
သို့သော်..
ရုတ်တရက် သူ ပြုံးလိုက်သည်။
"ကျန်းစန်းကျန့်... မင်းကို သတ်ချင်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးကွ"
သူ ထိုသို့ ပြောလိုက်သည်နှင့် ဟွမ်ကျီထျန်းနှင့် ဟွမ်ချင်းဝမ်တို့ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့မျက်လုံးများ လေးနက်သွားပြီး မကောင်းသော ခံစားချက်တစ်ခု ရလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဝုန်း
အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ဟွမ်ချင်းဝမ် မျက်နှာပျက်သွားပြီး ကျန်းဖုန်းကတော့ ပြုံးလိုက်သည်။
"ကောင်းကင်မှောက်လှန် ဓားဂိုဏ်း ရဲ့ လက်ရှိ ဂိုဏ်းချုပ်က မင်းကို ဖျက်ဆီးချင်နေတာ ကြာလှပြီ"
ကောင်းကင်မှောက်လှန် ဓားဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်သည် ဟိုယခင်က ပူးပေါင်းလက်ထပ်ပွဲအတွက် သတ်မှတ်ထားသော သတို့သားလောင်း ဖြစ်သည်။
သို့သော် ထိုစဉ်က နှစ်ဖက်စလုံး အခြေအနေ မကောင်းဘဲ ပြတ်ဆဲခဲ့ကြရပြီး ထိုလူသည် ကျန်းစန်းကျန့်ကို အရိုးထဲထိ မုန်းတီးနေခဲ့သည်။
ထို့ကြောင့် သူ့ဂိုဏ်းခွဲ ပြန်လာတော့မည့် သတင်းကို ကြားသည်နှင့် ကျန်းဖုန်းက ကောင်းကင်မှောက်လှန် ဓားဂိုဏ်းကို သတင်းပေးပို့လိုက်ခြင်း ဖြစ်သည်။
သူက ဟွမ်ကျီထျန်း သားအဖနှင့် တိုက်ရိုက် ထိပ်တိုက်မတွေ့ချင်သော်လည်း တခြားသူကတော့ တွေ့ချင်နေသည်။
သူများလက်ကို ငှားပြီး လူသတ်ရတာ သူ့အကြိုက်ဆုံး အလုပ်ပင်။
ထိုအချိန်တွင်...
အလွန်ချောမောခန့်ညားပြီး ထည်ဝါသော အသွင်အပြင်ရှိသည့် လူတစ်ယောက် ပေါ်လာသည်။
သူသည် လူငယ်တစ်ယောက် မဟုတ်တော့သော်လည်း ဟိုတုန်းက သားနားသော သခင်လေးတစ်ယောက် ဖြစ်ခဲ့မှန်း သိသာနေသည်။
သူ့အရှိန်အဝါက အလွန်အားကောင်းပြီး အနန္တမှောင်ထုနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မော့ဝမ်ကွေ့ ပြန်ရောက်လာခဲ့လေပြီ။
ကောင်းကင်မှောက်လှန် ဓားဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်သည် အတိတ်က အောင်မြင်ကျော်ကြားခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ပြီး ကျန်းစန်းကျန့်နှင့် နာမည်ဂုဏ်သတင်း တူညီခဲ့သူဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ကျန်းစန်းကျန့်က ကျရှုံးခဲ့ရပြီး သူကတော့ အရင်းအမြစ်မြောက်မြားစွာ၏ ပံ့ပိုးမှုကို ရရှိကာ အနန္တအမှောင်ထုနယ်ပယ် အလယ်အလတ်အဆင့် ပညာရှင်အဖြစ် ကြီးထွားလာခဲ့သည်။
သူ့ဘေးတွင် လူငယ်နှစ်ယောက် ရပ်နေသည်။တစ်ယောက်ချင်းစီက အလွန်မောက်မာနေပုံရပြီး စူးရှသော အရှိန်အဝါများ ရှိသည်။
သူတို့က ကျန်းစန်းကျန့်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေကြသည်။
"ဆရာ... သူလား"
"သာမန် နတ်တံတားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခေါင်းကို ဆရာ့အတွက် ကျွန်တော် ဖြတ်ပေးနိုင်ပါတယ်"
ထိုအချိန်တွင် မော့ဝမ်ကွေ့က ဘာမှ မပြောပေ။
ကျန်းစန်းကျန့်ကို အထင်သေးသော အကြည့်ဖြင့်သာ ကြည့်နေသည်။ ဤလူက တစ်ချိန်တုန်းက သူ့ကို အသာစီးရခဲ့သော ကောင်းကင်ဘုံရွေးချယ်ခံ ဖြစ်ခဲ့သော်လည်း အခုတော့ သူက အနန္တအမှောင်ထုနယ်ပယ် အလယ်အလတ်အဆင့် ရောက်နေလေ၏။
ဤဒေသတွင် အမြင့်ဆုံး အထွတ်အထိပ် ရောက်နေပြီလို့ ပြောလို့ရသည်။ တစ်ဖက်မှာတော့ ကျန်းစန်းကျန့်က ဟိုအရင်က အဆင့်အတိုင်း နတ်တံတားအဆင့် အစောပိုင်းအဆင့်မှာပဲ ရှိနေသေးသည်။
"ကျန်းစန်းကျန့်... နေကောင်းလား"
မော့ဝမ်ကွေ့က ကျန်းစန်းကျန့်ကို ကြည့်ပြီး အထင်သေးစွာ ပြုံးလိုက်သည်။
သူ့မျက်လုံးထဲမှ အလင်းရောင်သည် ကျန်းစန်းကျန့်ကို ဖိနှိပ်ထားသဖြင့် ခေါင်းပင် မမော့ရဲရှာပေ။
အတိတ်တုန်းက ကျန်းစန်းကျန့်က သူ့ကို အသာစီးရခဲ့သည်။ သို့သော် အောင်မြင်မှုနှင့် ကျရှုံးမှု ခဏတာ အခိုက်အတန့်က နောက်ခံအင်အားကြီးမားမှု၏ဖိအားကို မတားဆီးနိုင်ကြောင်း လက်တွေ့ဘဝက ကျန်းစန်းကျန့်ကို သင်ပေးလိုက်ပြီ ဖြစ်သည်။
ကျန်းစန်းကျန့် လက်သီးကို တင်းတင်း ဆုပ်ထားလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ မိုချင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းစန်းကျန့်၏ ရှေ့သို့ ချက်ချင်း တိုးထွက်ကာ ရပ်လိုက်သည်။
"ယုတ်မာလိုက်တာ"
ဖြစ်ကြောင်းကုန်စင်ကို သိပြီးနောက် မိုချင်းချန် ဆဲရေးချင်သော်လည်း သူ၏ရိုးအသော သဘာဝကြောင့် 'ယုတ်မာလိုက်တာ' ဆိုသည့် စကားတစ်ခွန်းသာ ထွက်လာသည်။
မော့ဝမ်ကွေ့ ကြောင်အသွားပြီး မိုချင်းချန်ကို ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ"
"ကျန်းစန်းကျန့်က ကျုပ်ဆရာပဲ"
ဩော်... ဒီကောင်ရဲ့ တပည့်ကိုး။
အင်အားက လွတ်မြောက်ခြင်းအဆင့် လောက်ပဲ ရှိတာကိုး။
သူ ပြုံးလိုက်ပြီး သူ့တပည့်နှစ်ယောက်ထဲမှ တစ်ယောက်ကို ညွှန်ပြလိုက်သည်။
"သွား... သူ့ကို အနိုင်ယူလိုက်"
ထိုတပည့်က ချက်ချင်း ရှေ့ထွက်လာပြီး လက်သီးလက်မောင်း တန်းလိုက်သည်။
သူ့ကျောပေါ်မှ ဓားသည် နောက်တစ်ခဏတွင် ကျွတ်ထွက်တော့မည့်အတိုင်း "ကလစ် ကလစ်" မြည်သံများ ထွက်ပေါ်လာသည်။
"ငါတို့ဆရာက ဟိုတုန်းက သူ့ပြိုင်ဘက် ဖြစ်ခဲ့တာ။ အခု အခြေအနေတွေ ကွာခြားသွားတာ နှမြောစရာပဲကွာ။ ငါက နတ်တံတားအဆင့် ၊ မင်းက လွတ်မြောက်ခြင်းအဆင့် ပဲ ရှိသေးတာ။ ကွာခြားချက်က ကြီးလွန်းတော့ မင်းကို နိုင်လိုက်ရင်တောင် တရားမျှတမှု မရှိဘူး ဖြစ်နေဦးမယ်။ ကံဆိုးတာက ဒီနေ့ မင်းဆရာ သေရတော့မယ်"
ထိုတပည့်က လေသံနိမ့်ကာဖြင့် ပြောလိုက်သည်။
ထိုစဉ် မိုချင်းချန်၏ မျက်လုံးများတွင် အနီရောင် အလင်းတန်းများ တောက်ပလာသည်။
သူ အရမ်း ဒေါသထွက်နေပြီ။
ကလစ်
ကလစ်
သူ့ကျောပေါ်မှ ဓား ပေါက်ကွဲထွက်လာပြီး မိုချင်းချန်၏အရှိန်အဝါက ခမ်းနားထည်ဝါလာသည်။
သူ့၏လွတ်မြောက်ခြင်းအဆင့် စွမ်းအားကြောင့် တပည့်များစွာ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
ဤအရွယ်နှင့် ဒီအဆင့် ရောက်နေတာက စစ်မှန်တဲ့ ပါရမီရှင်လို့ ခေါ်လို့ရသည်။
ကံဆိုးစွာဖြင့်...
ကောင်းကင်မှောက်လှန် ဓားဂိုဏ်း၏ တပည့်နှစ်ယောက်စလုံးက နတ်တံတားအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤတိုက်ပွဲက မကြာခင် ပြီးဆုံးသွားတော့မည်ဟု ထင်ရသည်။
သူတို့နှစ်ဦး ချက်ချင်း ထိပ်တိုက်တွေ့ကြသည်။ သူတို့၏ ပျံသန်းနေသော ဓားများ လေထဲတွင် ရိုက်ခတ်သွားသည်။
ဓားနှစ်ချောင်း ပွတ်တိုက်မှုကြောင့် မီးပွားများ လွင့်စင်လာသည်။ သို့သော် သတ်ဖြတ်ခြင်း ဓားချက်က အနောက်မှာ ကျန်နေသေးသည်။
ကြောက်မက်ဖွယ် ဓားသိုင်းကွက်တစ်ခုကို ထုတ်သုံးရန် စွမ်းအား စုစည်းနေသကဲ့သို့ပင်။
သို့သော် တိုက်ပွဲက ချက်ချင်း ပြီးဆုံးသွားမည့်ပုံ မပေါ်ပေ။ မိုချင်းချန်က ရှုံးနိမ့်မည့်ပုံ လုံးဝမပေါ်ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် သူ့လှုပ်ရှားမှုတိုင်းတွင် ထူးဆန်းသော အရှိန်အဝါများ ပါဝင်နေသည်။
သူက အသာစီးပင် ရနေသလားလို့ ထင်ရသည်။
"နေပါဦး သူက မြူခိုးသမုဒ္ဒရာကျမ်းကို နားလည်သဘောပေါက်ထားတာလား"
လူအများ၏မျက်နှာထား ပြောင်းလဲသွားသည်။ ဤလူငယ်က မြူခိုးသမုဒ္ဒရာကျမ်းစာကို တတ်မြောက်ထားသည်လော။
ကောင်းကင်ဘုံဓားဂိုဏ်းဖြစ်စေ ကောင်းကင်မှောက်လှန် ဓားဂိုဏ်းဖြစ်စေ နှစ်ခုစလုံးက မြူခိုးသမုဒ္ဒရာထဲသို့ ဝင်ရောက်ခဲ့သည်မှာ ၃ နှစ်သာ ရှိသေးသောကြောင့် ဘယ်သူမှ မြူခိုးသမုဒ္ဒရာကျမ်းစာကို နားလည်သဘောပေါက်ခြင်း မရှိသေးဘူးဆိုတာ သိထားရမည်။
သို့သော် ဤလူငယ်က မြူခိုးသမုဒ္ဒရာကျမ်းစာကို တကယ် နားလည်ထားသည်။
ထိုအချိန်တွင် သူ ဓားတစ်ချက်ချင်း ခုတ်ပိုင်းလိုက်တိုင်း သူ့အနောက်တွင် အနက်ရောင် မြူခိုးများ စုဝေးလာသကဲ့သို့ ဖြစ်နေပြီး သူ့အရှိန်အဝါကို နှိုင်းယှဉ်မရအောင် လေးလံသွားစေသည်။
မထင်မှတ်ဘဲ သူက သူ့ပြိုင်ဘက်ကို ဖိနှိပ်ထားလိုက်နိုင်သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုအခိုက်အတန့်တွင်...
မော့ဝမ်ကွေ့၏ မျက်နှာက အလွန်အရုပ်ဆိုးသွားတော့သည်။
စာစဉ်၁၅ပြီး#