← Chapters

ဝိဉာဉ်အပိုင်းအစ

Vol. 1 Ch. 356

ဝိဉာဉ်အပိုင်းအစ

Vol. 1 Ch. 356

"အလုပ်မဖြစ်ဘူး...ဒါလည်း မဟုတ်သေးဘူး"

ဆယ့်နှစ်နာရီ ကုန်လွန်သွားခဲ့သည်။ တစ်ရက်တွင် နှစ်ဆယ့်လေးနာရီသာ ရှိသည်။ နေ့တစ်ဝက်ကုန်သွားပြီဖြစ်သော်လည်း ကျန်းရီမှာ ဘာဆိုဘာမှ နားမလည်သေးချေ။

၎င်းသာ သာမန်မြေကမ္ဘာအဆင့် အဆင့်နိမ့်သိုင်းကျင့်စဉ်ဆိုပါက သူအလွယ်တကူ တတ်မြောက်နိုင်သည်။ မြေကမ္ဘာအဆင့် အဆင့်မြင့်ကျင့်စဉ် သို့မဟုတ် ကောင်းကင်အဆင့် ကျင့်စဉ်ဆိုလျှင်တောင် သူ့တွင် အခွင့်အရေးရှိနေသေးသည်။

ဤမှော်ကျင့်စဉ်တွင် တာအိုဖွဲ့စည်းပုံများပါ ပါဝင်နေသည့်အတွက် ကောင်းကင်အဆင့် ကျင့်စဉ်များထက်တောင် အဆတစ်ရာခန့် ခက်ခဲနေသေးသည်။ ကျန်းရီ မှော်ပညာကို သင်ယူသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် အချိန်တိုအတွင်း ဉာဏ်အလင်းရသွားရန် မလွယ်ကူပေ။

နေ့တစ်ဝက် ကျန်နေသေးရာ ကျန်းရီမှာ ရုန်းကန်ကြိုးစားနေခဲ့သည်။ အခြားမှော်ကျင့်စဉ်နှစ်ခုကို သူပြောင်းကြည့်သင့်သည်လော။ ထိုနှစ်ခုက ပိုလွယ်နေလျှင် မည်သို့လုပ်မည်နည်း။

"ထားပါ...ဒီတစ်ခုကိုပဲ အာရုံစိုက်မယ်။ ဒီကျင့်စဉ်တွေ အကုန်လုံးက ခက်ခဲမှု တန်းတူအခြေအနေမှာပဲ ရှိလိမ့်မယ်။ ငါဒါကိုပဲ ဆက်ပြီး ကြိုးစားလေ့လာသင့်တယ်"

ကျန်းရီသည် အနှောင့်အယှက် အတွေးဟူသမျှကို ခေါင်းထဲမှ ထုတ်လိုက်ပြီး လက်ရှိကျင့်စဉ်ထံတွင်သာ အာရုံစူးစိုက်ထားလိုက်သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျန်းရီ၏ အလျင်စလိုနိုင်စိတ်မှာ ပိုမိုကြီးထွားလာခဲ့သည်။ ခေါင်းထက်တွင် ဓားမိုးခံထားရသည့်ပမာ ခံစားချက်သည် သူ့အား စိတ်ဖိစီးစေသည်။ ဤအခြေအနေမျိုးတွင် ကျန်းရီမဆိုထားနှင့် ဗာဂျရာအဆင့်ပုဂ္ဂိုလ်များတောင် စိတ်အေးအေး မထားနိုင်လောက်ပေ။

သေခြင်းရှင်ခြင်း လွန်ဆွဲမှုနှင့် ကြုံတွေ့ရာတွင် ထိတ်လန့်၍ သွေးပျက်နေကြသည်မှာ လူ့သဘာဝဖြစ်သည်။ ထိုသို့သော အခြေအနေများကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ရန် စိတ်ခိုင်သော လူများအတွက်တောင် မလွယ်ကူပေ။

ကျန်းရီအပါအဝင် သေရမည်ကို မကြောက်သော လူများရှိသော်လည်း သေခြင်းတရားနှင့် တကယ်တမ်း ရင်ဆိုင်ရသောအခါတွင် အတွေးမျိုးစုံသည် ခေါင်းထဲရောက်လာတတ်ကြသည်သာ။

ဖြည်းဖြည်းချင်း နှိပ်စက်ခံရခြင်းသည် အနာကျင်ရဆုံးဖြစ်သည်။ ထိုခဏတွင် ကျန်းရီသည် အနှောင့်အယှက် အတွေးများကို ကျော်လွန်၍ မှော်ကျင့်စဉ်ထံတွင်သာ အာရုံစိုက်ထားရသည်။ သူ့ကိုယ်မှာ ဒဏ်ရာများ ရထားခဲ့ပြီး သူ့စိတ်မှာလည်း ယွင်လုကို လိုက်လံသတ်ဖြတ်ရာ၌ ဆက်တိုက်နေရာရွှေ့ပြောင်းထားခဲ့ခြင်းကြောင့် မောပန်းနေပြီဖြစ်သည်။ သူ့စိတ်မတည်ငြိမ်လေလေ မှော်ကျင့်စဉ်ကို နားလည်ရန် ပိုမိုခက်ခဲလာလေလေဖြစ်သည်။

ကျန်းရီသည် ပို၍စိတ်လှုပ်ရှားလာခဲ့ရာ အနှောင့်အယှက်အတွေးများ ပိုဝင်လာခဲ့ပြီး အချိန်ပိုကုန်နေခဲ့သည်။ ဤသို့ ဆက်ဖြစ်နေပါက ကျန်နေ့တစ်ဝက်သည်လည်း မျက်စိတစ်မှိတ်အတွင်း ကုန်သွားလိမ့်မည်ဖြစ်သည်။

"တော်ပြီ...ဆက်မလေ့လာတော့ဘူး။ ငါသေရမယ်ဆိုရင်လည်း သေပါစေတော့"

နောက်တစ်နာရီခန့် လေ့လာပြီးနောက် ကျန်းရီသည် မျက်လုံးများ ပြန်ဖွင့်လာခဲ့ပြီး ဘေးတစ်စောင်းလှဲချလိုက်သည်။ သူသည် စိတ်ကိုရှင်းလင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

သူသည် ပင်ပန်းလွန်းနေ၍ အနားယူရန် လိုအပ်နေသည်။ သူဆက်လေ့လာနေပါက သေချာပေါက် သေသွားလိမ့်မည်။ စိတ်မော၊ လူမောနှင့် သေရမည်ထက်စာလျှင် ငါးနာရီ၊ ခြောက်နာရီခန့် အိပ်စက်လိုက်သည်က ပိုကောင်းပေလိမ့်မည်။ သို့မှသာ သူ့စိတ်ရှင်းလင်းသွားပြီး နောက်ဆုံးတစ်ကြိမ် စိတ်အေးအေးနှင့် ကြိုးစားကြည့်နိုင်ဦးမည်။

ကျန်းရီသည် အထူးအဆန်းကောင်ဟု ပြော၍ရနိုင်သည်။ ထိုသို့ သေဘေးနှင့်နီးကပ်နေသည့် အချိန်အတောအတွင်း သူအိပ်ပျော်သွားသည်ဟုဆိုလျှင် မည်သူမှ ယုံကြမည်မဟုတ်ပေ။

သူအအိပ်လွန်သွားလျှင် မည်သို့လုပ်မည်နည်း။ အချိန်စေ့၍ အစီအရင်များ အသက်ဝင်လာခဲ့လျှင် သူသည် သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့လိမ့်မည်။

သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အပြင် ဟောက်သံသဲ့သဲ့ပါ ထွက်လာခဲ့သေးသည်။ သူအိပ်ပျော်သွားခဲ့ပြီး နှစ်နာရီခန့်အကြာတွင် ခန်းမထဲရှိ အစီအရင်များ ရုတ်တရက် လင်းလက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ အလျင်အမြန် စုစည်းသွားကြပြီး ပုံရိပ်တစ်ခု ဖြစ်တည်သွားခဲ့သည်။ ထိုပုံရိပ်မှာ စုန်းနတ်ဘုရား ဖြစ်သည်။

စုန်းနတ်ဘုရား၏ ပုံရိပ်မှာ လူအစစ်ပမာ ထင်ရလေသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် လှုပ်ရှားလာခဲ့သည်။ သူ၏ဦးခေါင်းသည် ကျန်းရီအား ငုံ့ကြည့်ပြီးနောက် ပုံရိပ်မှာ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ မြင်ကွင်းမှာ အလွန်အမင်း ထူးဆန်းလှချေသည်။

"ဟူး...ဟူး.."

ကျန်းရီ၏ ဟောက်သံများမှာ စည်းချက်ညီညီ ထွက်ပေါ်နေခဲ့သည်။ သူသည် ခြောက်နာရီကြာ အိပ်စက်ခဲ့ပြီး ရွှင်ရွှင်လန်းလန်း နိုးထလာခဲ့သည်။

သူသည် မျက်နှာကို ပွတ်သပ်လိုက်ပြီးနောက် နုပျိုသွားသလို ခံစားလိုက်ရသည်။ သူမည်မျှကြာအောင် အိပ်စက်ခဲ့မှန်း သူမသိပေ။ သူသည် ခြေလက်များအား အကြောဆန့်လိုက်ပြီး မှော်ကျင့်စဉ်ကို အလျင်စလို မလုပ်ဘဲ ပုံမှန်နှုန်းအတိုင်း စတင်လေ့လာလိုက်သည်။

အချိန်ကုန်ဆုံးနေသော်လည်း ကျန်းရီမှာ ကြောက်လန့်ခြင်း မရှိတော့ပေ။ သေရန်နီးကပ်လာလေလေ သူပို၍တည်ငြိမ်လေလေ ဖြစ်နေသည်မှာ မထင်မှတ်ထားသည့် အခြေအနေဖြစ်သည်။ လေးနာရီကြာပြီးနောက် သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး လေ့လာနေခြင်းကို ရပ်တန့်လိုက်သည်။

အချိန်အတိအကျအား သူမသိသော်လည်း တစ်ရက်ကျော်သွားပြီဟု သူခံစားနေရသည်။ သူသည် မှော်ကျင့်စဉ်ကို နားလည်အောင် မလုပ်နိုင်ခဲ့သောကြောင့် သေရမည်ကို အေးအေးချမ်းချမ်း စောင့်ဆိုင်းနေလိုက်သည်၊

သူသည် စုလောရွှယ်၊ ကျန်းရှောင်နူ၊ ကျန်းယွင်ဟိုင်၊ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်း၊ နတ်ဆိုးဧကရီ၊ မြေခွေးလေးနှင့် ရီဖျောင်ဖျောင်၏ ဝိုးတဝါးပုံရိပ်တို့ကို တစ်ခုချင်း ပြန်မြင်ယောင်နေခဲ့သည်။ သူ့တွင် နောင်တတစ်ခုသာ ရှိသည်။ ထိုသည်မှာ ရီဖျောင်ဖျောင်၏ တည်နေရာကို သူသေချာမသိခဲ့ခြင်း ဖြစ်သည်။ သူမ အသက်ရှင်နေသေးပါက သူမကို နောက်ဆုံးအနေနှင့် တွေ့ဆုံပြီးလျှင် သူနောင်တမရဘဲ သေနိုင်ပြီဖြစ်သည်။

သိပ်မကြာခင်တွင် နန်းတော်ထဲမှ အစီအရင်များ လင်းလက်လာခဲ့ပြန်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်တို့ စုစည်းသွားပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စုန်းနတ်ဘုရား၏ပုံရိပ် ပြန်ပေါ်လာပြီဖြစ်သည်။ မတိုးလွန်း မကျယ်လွန်းသော အသံတစ်သံသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ကောင်လေး...အချိန်စေ့ပြီ။ ရှေးဟောင်းမှော်ပညာတစ်ခုကို မင်းတတ်သွားပြီလား။ မတတ်ရင် မင်း ငါနဲ့အတူ ဒီနေရာမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်"

ကျန်းရီသည် ပုံရိပ်ကို မော့ကြည့်လိုက်သော် ၎င်းမှာ လုံးဝမရွေ့လျားပဲ မျက်လုံးများသည် ယခင်နေရာကိုသာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူသည် ထိုပုံရိပ်အား မှော်အစီအရင်များဖြင့် လုပ်ထားသည့် ပုံရိပ်တစ်ခုဟုသာ တွေးလိုက်သည်။ သူသည် ပုံရိပ်ကို အာရုံသိပ်မထားဘဲ မကျေမနပ် ပြောလိုက်သည်။

"စီနီယာ...လုပ်စရာ ရှိတာသာလုပ်ပါ။ ကျွန်တော်က အရည်အချင်း မမှီလို့ ဘာကိုမှ နားမလည်လိုက်ပါဘူး...ကျွန်တော်သေဖို့ ဆန္ဒရှိပါတယ်"

ထိုပုံရိပ်သည် သူ့စကားကို နားလည်မလည်နှင့် မှော်ပညာကို သူတတ်မတတ် မည်သို့ ဆုံးဖြတ်မည်ကို သူနားမလည်ချေ။ ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ချိတ်ထိုင်၍ သေရန် အဆင်သင့်ပြင်ထားလိုက်သည်။

"သေဖို့ဆန္ဒရှိတယ် ဟုတ်လား။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့ကို တမ်းတနေတာလား ဒါမှမဟုတ် အသက်ရှင်နေရတာကို မပျော်တော့လို့ မြန်မြန်အဆုံးသတ်လိုက် ချင်နေတာလား"

စကားသံသည် ထပ်မံထွက်ပေါ်လာခဲ့ရာ ကျန်းရီဆွံ့အသွားခဲ့ရသည်။ ပုံရိပ်သည် သူ့အား စကားပြောနေပုံပေါ်သည်။ သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်၍ ပုံရိပ်အား မဝံ့မရဲလှမ်းကြည့်လိုက်သည်။ ပုံရိပ်သည် သူ့ဘက်သို့လှည့်မလာဘဲ အရှေ့သို့သာ ကြည့်နေခဲ့သည်။

စုန်းနတ်ဘုရားသည် သေပြီဖြစ်သည်။ ပုံရိပ်သည် စုန်းနတ်ဘုရားက မှော်အစီအရင်များသုံး၍ ချန်ထားခဲ့ခြင်းဖြစ်သည်။ ထိုအသံသည် မည်သူ့အသံပေနည်း။ မည်သူက သူ့အား စကားပြောနေသနည်း။

သူ့စိတ်သည် ရှုပ်ထွေးနေသော်လည်း အလျင်အမြန် သတိပြန်ဝင်သွားကာ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

"ကျွန်တော်လည်း ဘယ်သေချင်ပါ့မလဲ၊ အသက်ရှင်ချင်သေးတာပေါ့။ ကျွန်တော့်မှာ မပြီးပြတ်သေးတဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကာကွယ်ပေးရမယ့် လူတွေရော၊ သတ်ပစ်ရမယ့် ရန်သူတွေရော အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်က လုံလောက်တဲ့ အရည်အချင်း မရှိလို့ ရှေးဟောင်းမှော်ပညာကို မတတ်မြောက်နိုင်ခဲ့ဘူး။ ဒါကြောင့် စီနီယာ ကျွန်တော့်အသက်ကို အဆုံးသတ်ချင်ရင်လည်း လုပ်လိုက်ပါတော့"

"သိပ်ကောင်းတယ်"

ထိုအသံသည် မြန်မြန်ဆန်ဆန် ထွက်ပေါ်လာခဲ့သည်။ စုန်းနတ်ဘုရား၏ ပုံရိပ်သည် လှုပ်ရှားသွားခဲ့ပြီး ကျန်းရီဘက်သို့ လှည့်ကြည့်လာခဲ့သည်။ သူသည် ခေါင်းငြိမ့်ကာ ပြောလာခဲ့သည်။

"သိပ်ကောင်းတယ်..ကောင်လေး...ငါ မင်းရဲ့ စိတ်ဓာတ်ကို အရမ်းသဘောကျတယ်။ စမ်းသပ်မှုတွေ အကုန်လုံးကို အောင်မြင်သွားလို့ ဂုဏ်ပြုပါတယ်။ မင်းက ငါ့ရဲ့ဆက်ခံသူ ဖြစ်သွားပြီ။ မင်း ငါ့ရဲ့နာမည်ကို မပျက်စေဖို့ မျှော်လင့်တယ်။ ပြီးတော့ မင်း ငါ့ကို ကတိတစ်ခုပေးရမယ်။ မင်းအသက်ရှင်နေသရွေ့ ငါ့ရဲ့ ယွင်မိသားစုကို အကောင်းဆုံး ကြိုးစားပြီး ကာကွယ်ပေးပါ"

"အမ်..."

ဤတစ်ကြိမ် ကျန်းရီသည် အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။ သူ့ကိုယ်သည် လဲကျသွားခဲ့ပြီး စုန်းနတ်ဘုရား၏ ပုံရိပ်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။ အချိန်အတော်အသင့်ကြာမှ တံတွေးမြိုချ၍ သူမေးလိုက်သည်။

"စီနီယာ...ခင်ဗျားက လူသားလား...အာ...မှားလို့...ကျွန်တော်မေးချင်တာက စီနီယာ အသက်ရှင်နေသေးတာလား"

"ဘာတွေကြောက်နေတာလဲ"

စုန်းနတ်ဘုရားသည် ကျန်းရီအား တစ်ချက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ဆက်ပြောလာခဲ့သည်။

"ဒါပေါ့...ငါကသေပြီးသားလေ။ ငါအသက်ရှင်တုန်းက ကောင်းကင်ဧကရာဇ်ကို ရောက်ခဲ့ပေမယ့် နောက်ဆုံးအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ဘူး၊ တစ်နည်းအားဖြင့် မသေမျိူးအဖြစ် ရောက်အောင် မကျင့်ကြံနိုင်ခဲ့ဘူးပေါ့။ ငါအသိစိတ်ရှိနေသေးတဲ့ အကြောင်းအရင်းက ငါမသေခင် မှော်အစီအရင်တွေကိုသုံးပြီး ငါ့ဝိဉာဉ်တစ်ပိုင်းတစ်စကို ချန်ထားခဲ့လို့ပဲ။ နှစ်နှစ်ထောင်ကျော် ကြာသွားခဲ့ပြီမို့ ဒီဝိဉာဉ်အပိုင်းအစကလည်း ကွယ်ပျောက်သွားတော့မှာ...အများဆုံး နှစ်ဝက်လောက်ကြာရင် ငါအပြီးသေဆုံးသွားပြီ"

"အရမ်း စွမ်းအားကြီးတာပဲ...ဝိဉာဉ်အပိုင်းအစတစ်ခုက နှစ်နှစ်ထောင်ကျော်တောင် ကြာရှည်ခံနိုင်တယ်"

ကျန်းရီသည် စိတ်ထဲတွင် အံ့သြတကြီး ဖြစ်နေခဲ့သည်။ သူ့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေခဲ့ရာ စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။

"စီနီယာ...ကျွန်တော် နားမလည်ဘူး။ ကျွန်တော် ရှေးဟောင်းမှော်ပညာကို မတတ်မြောက်ခဲ့ပဲနဲ့ ဘာလို့ စမ်းသပ်မှု အောင်သွားတယ်လို့ ပြောတာလဲ။ ပြီးတော့ ကျွန်တော့်ကို ဘာလို့ မသတ်တာလဲ"

"ဟွန်း..."

စုန်းနတ်ဘုရား၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့သည်။ သူသည် ရုပ်တည်ကြီးနှင့် ဆက်ပြောလာခဲ့သည်။

"ဒီရှေးဟောင်းမှော်ပညာကို တတ်မြောက်ဖို့က မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျင့်စဉ်က အမှားကြီးမလို့ပဲ။ တစ်ရက်မပြောနဲ့ နှစ်တစ်ထောင်၊ နှစ်တစ်သောင်းလောက် အချိန်ရရင်တောင် တတ်သွားမှာ မဟုတ်ဘူး"

*****

All Chapters