ပုလိစ့် ဂျူတီ
Vol. 9 Ch. 113
လင်ကျဲ တစ်ယောက် ကျောင်းသူမွန်းကို လမ်းညွှန်ပြသခြင်းဖြင့် သူ့ သင်ကြားရေး ပရော်ဖက်ရှင်နယ်ကို ပြန်လည် စတင်ခဲ့သည်။ သို့သော်လည်း... သုံးရက်မြောက်နေ့တွင် သူ့ သင်ကြားမှုက ပေါက်မြောက်ခြင်းထက် ကျောင်းသူမွန်းမှာ ထူးထူးခြားခြား ဉာဏ်ကောင်းလွန်းနေကြောင်း ရှာဖွေ တွေ့ရှိခဲ့ရသည်။ ထိုကလေး၏ အိုင်ကျူလယ်ဗယ်က ဘယ်လောက်တောင် ရှိနေမည်ကို သူ တွေးတောကာ အံ့အားသင့် နေခဲ့မိသည်။
သုံးရက်မျှ အတွင်းမှာပင် ကျောင်းသူမွန်းမှာ အင်္ဂလိပ်နှင့် တရုတ်စာများကို ကျွမ်းကျွမ်းကျင်ကျင်ပင် တတ်မြောက် သွားခဲ့သည်။ သူမက ထိုမျှဖြင့် ကျေနပ် နေခဲ့ခြင်း မရှိခဲ့ပဲ လင်ကျဲ နော်ဇင်မြို့သို့ ရောက်ရှိပြီးနောက် ရေးသားထားခဲ့သည့် အဇီးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှတ်စုအမျိုးမျိုးကိုပင် လေ့လာခဲ့သည်။
သူမက တကယ့်ကို ပါရမီရှင်ပင်။ ထို့အပြင်... မွန်း၏ တတ်မြောက်မှုနှုန်းကလည်း အံ့မခမ်း လိလိ ဖြစ်သည်။ သူမကို ရေမြှုပ် တစ်ခုနှင့်ပင် တင်စားနိုင်မည်လား မသိချေ။
ဒုတိယမြောက်ညတွင် မွန်းမှာ လင်ကျဲ အသစ်ဖန်တီးပေးထားသည့် ခုတင်ကို ပြန်လည် ပြုပြင်ခဲ့ပြီး အကြမ်းထည် အဖြစ်မှ ပရိဘောဂအချောထည် အဖြစ်သို့ ပြောင်းလဲ ပစ်ခဲ့သည်။
လင်ကျဲ ပေးထားသည့် အဝတ်အစားများကိုလည်း အပ်နှင့်ချည်ကို အသုံးပြု၍ ပြန်လည် ပြင်ဆင်ကာ သူမနှင့် လိုက်ဖက်သည့် ဝတ်စုံများ၊ ထူးထူးဆန်းဆန်း ဒီဇိုင်းများ အဖြစ် ဆန်းသစ်ပြင်ဆင်ခဲ့သည်။
သူမက စာအုပ်ဆိုင်ကိုလည်း သန့်ရှင်းရေးလုပ်ခဲ့သည်။ ဆိုင်မှာ ယခင်က ယိုယွင်းနေပြီး အမြဲတစေ မှိုင်းညို့ညို့ ပုံပန်းသဏ္ဌာန် ရှိသော်လည်း ယခုအခါ အရင်ကထက် ပိုမို သပ်ရပ်လာခဲ့သည်။
သို့သော်လည်း... မွန်းမှာ နှင်းဆီပန်းကို တွေ့သောအခါ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် အပင်များအား မည်ကဲ့သို့ ဂရုစိုက်ရမည်ကို မသိကြောင်း လင်ကျဲကို ပြောပြခဲ့သည်။
ထိုအရာကပင် လင်ကျဲကို တိတ်တဆိတ် စိတ်သက်သာရာ ရစေခဲ့သည်။ နောက်ဆုံး၌ ထိုကလေး မသိသည့် အရာတစ်ခု ရှိလာခဲ့ပြီ မဟုတ်ပါလား။
လင်ကျဲက လျှောက်သွားရင်း ပန်းကို လှည့်၍ ပွင့်ဖတ်များကို ပြသလိုက်ကာ ကြော့ရှင်း လှပသော အနီရောင် နှင်းဆီကို မသိမသာ ကြွားလုံးထုတ်လိုက်သည်။
မွန်းတစ်ယောက်ကတော့ ဆွံ့အ တိတ်ဆိတ်သည့် အမူအရာဖြင့် ရှိနေ၏။ သို့သော်လည်း သူမက လင်ကျဲကို တစ်ချက်ကြည့်ပြီးနောက် ပန်းကို နောက်တစ်ကြိမ် ထပ်ကြည့်ကာ လှသည်ဟု ခေါင်းညိတ်ရင်း ပြောလိုက်သည်။
‘အင်း... ဒါက ချီးကျူးတာ ဖြစ်လောက်တယ်’ ဟု လင်ကျဲ တွေးနေမိသည်။
မွန်းက ချက်ပြုတ်နည်းပေါင်း သုံးရာနီးပါးကိုလည်း ကိုယ်တိုင် လေ့လာသင်ယူခဲ့ကာ လင်ကျဲထံမှ စာဖိုမှူး အလုပ်ကို လက်လွှဲ ရယူခဲ့သည်။ ထိုအရာကပင် လင်ကျဲ အချိန်အတော်ကြာ မခံစားခဲ့ရသည့် 'အိမ်ချက် အရသာ' ကို ပေးစွမ်းခဲ့သည်။
ဤနည်းဖြင့် ကျောင်းသူမွန်းမှာ အိမ်ဆိုင် ကလေး၏ 'ကျောထောက်နောက်ခံ' ဖြစ်လာခဲ့သည်။
မွန်း၏ ပါရမီများ အပေါ် လင်ကျဲ တစ်ယောက် မအံ့ဩပဲ မနေနိုင်အောင် ဖြစ်ရသည်။ အခြားလူ တစ်ယောက် ဆိုပါက ထိုကလေး အပေါ် သံသယပင် ဝင်ကောင်း ဝင်ပေလိမ့်မည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် လင်ကျဲ၏ အတိတ်ဘဝတွင် ပါရမီရှင်ပေါင်း များစွာနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့်ပင် မွန်း၏ အဆင့်က လက်ခံနိုင်ဆဲ အနေအထား တစ်ခုတွင် ရှိနေသေးဆဲ ဖြစ်သည်။
တစ်ခါတစ်ရံ၌ ပါရမီရှင်များ၏ လုပ်ဆောင်ချက်များမှာ ဆင်ခြင်တုံတရားကိုပင် ကျော်လွန်သွားတတ်ကြသည်။
အသက် ၂၄ နှစ်... မဟုတ်သေး...။
ဤလောကကြီးသို့ မကူးပြောင်းမီ အသက် ၂၁ နှစ်အရွယ်တွင် လင်ကျဲသည် စာအုပ်ငါးအုပ် ထုတ်ဝေခဲ့ပြီး ဆက်စပ် စာတမ်းပေါင်း ဆယ်ချီကို ရေးသားခဲ့သည်။ ပါရဂူဘွဲ့ အတွက် စာလေ့လာဆဲတွင်ပင် လက်ထောက်ပါမောက္ခ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် လင်ကျဲကိုလည်း အခြားသူများက ပါရမီရှင်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
သို့သော်လည်း... လင်ကျဲကတော့ ဤအောင်မြင်မှုများမှာ ပျမ်းမျှထက် အနည်းငယ် ပိုမို ကောင်းမွန်သော မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းအပြင် သူကိုယ်တိုင်၏ ကြိုးစား အားထုတ်မှု၊ ထူးချွန်သော ဆရာများကြောင့် ဖြစ်သည်ဟု ယူဆခဲ့သည်။
မွန်းလို ဆင်ခြင်တုံတရားကို ဆန့်ကျင်နေသည့် အစစ်အမှန် ပါရမီရှင် တစ်ဦးနှင့် ကြုံတွေ့ရသည့် အခါ လင်ကျဲမှာ သူ့ကိုယ်သူ တကယ်တမ်း ထူးချွန်သည်ဟု မယူဆတော့ပေ။
မည်သို့ပင်ဆိုစေ... လောကကြီးသည် ကျယ်ပြန့်ပြီး ဖြစ်နိုင်ခြေများက အကန့်အသတ်မရှိပေ။ အရာရာအား လုပ်ဆောင်နိုင်သည့် လက်ထောက်တစ်ဦးကို ရရှိခြင်းမှာ ကောင်းသော ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
သို့သော် လင်ကျဲ၏ ပျော်ရွှင်မှုများမှာ ရက်အနည်းငယ်ကြာပြီးနောက် ရပ်တန့်သွားခဲ့ရပေသည်။ အဘယ်ကြောင့်နည်း။
မွန်းကို ကယ်တင်ခဲ့ပြီးနောက် သုံးရက်မြောက်နေ့တွင် လင်ကျဲ သူ့ စီးပွားရေး လုပ်ငန်း အတွက် နံနက်ပိုင်း၌ ဆိုင်ဖွင့်ခဲ့သည်။ ထိုအခါ တံခါး အပြင်ဘက်တွင် ရဲတပ်ဖွဲ့က အဝါရောင် ကြိုးများ တားထားသည်ကို ရုတ်တရက် တွေ့ရှိခဲ့ရသည်။
"ဗဟိုခရိုင် အမြင့်ဆုံး ရဲတပ်ဖွဲ့၏ တိုက်ရိုက် စီမံခန့်ခွဲမှု..."
လင်ကျဲ မျက်လုံးများကို မှေးလိုက်ရင်း အဝါရောင်ကြိုးပေါ်တွင် ရိုက်နှိပ်ထားသည့် စာလုံးငယ်များကို ဖတ်လိုက်သည်။
ဆိုလိုသည်က ပိတ်ဆို့ထားသော ကြိုးများမှာ ဗဟိုခရိုင် အမြင့်ဆုံး ဥပဒေစိုးမိုးရေး ဌာနချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသည်။ အများအားဖြင့် သူတို့မှာ အာဏာပိုင်များ၏ ကိုယ်ရံတော်များဖြစ်ကြပြီး ပုံမှန်အားဖြင့် အလွယ်တကူ စေလွှတ်ခြင်း မခံရပေ။
သူတို့ ဤနေရာတွင် ရှိနေရသည့် အကြောင်းရင်းမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော မီးလောင်မှုနှင့် သက်ဆိုင် နေနိုင်သည်။
ဤသုံးရက် အတွင်း၌ လင်ကျဲမှာ ဆိုင်နီးနားချင်း၏ ရုပ်မြင်သံကြားစက်မှ မီးလောင်မှုနှင့်ပတ်သက်သော သတင်းအမျိုးမျိုးကို ကြားခဲ့ရသည်။
မီးလောင်မှုမှာ ဤနေရာနှင့် သိပ်မဝေးချေ။ သို့သော်လည်း... လမ်းအနည်းငယ်သာ ကွာဝေးသည့် ယခင် ဓာတ်ငွေ့ပေါက်ကွဲမှုလောက်တော့ နီးကပ်ခြင်း မရှိခဲ့ပေ။
ပျက်စီးဆုံးရှုံးမှုမှာ အမှန်ပင် ကြီးမားလှပြီး အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းဆဲဖြစ်သည်။ သို့သော်လည်း... စုံစမ်းစစ်ဆေးမှုများအရ အရင်းအမြစ်နှစ်ခုကို အတည်ပြုထားပြီး ဖြစ်သည်။ တစ်ခုမှာ ကီလိုမီတာများစွာ ကွာဝေးသည့် မိလ္လာပိုက်နေရာတစ်ခုဖြစ်ပြီး၊ နောက်တစ်ခုကတော့ ဗဟိုခရိုင် ဓာတ်ခွဲခန်းတစ်ခု တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်သည်။
သူတို့၏ မျက်လုံးအောက်တွင်ပင် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ခြင်းကြောင့် အဆင့်မြင့် အာဏာပိုင်များ ဒေါသထွက်နေသည်မှာ အံ့သြစရာ မရှိပါချေ။
"ဘာဖြစ်တာလဲ..."
မွန်းက တံခါးနားသို့ လျှောက်လာရင်း မေးလိုက်၏။ လင်ကျဲ ချက်ချင်းပင် သူမကို အထဲသို့ ဝင်ရန် အချက်ပြလိုက်ရင်း ပြောလိုက်သည်။
"ပြန်ဝင်နေ... ဗဟိုခရိုင်ရဲ့ အမြင့်ဆုံး ရဲတပ်ဖွဲ့က မီးလောင်မှု စုံစမ်းစစ်ဆေးဖို့ လူတွေ လွှတ်လိုက်တာ... ငါ့ အထင် သူတို့က တရားခံကို ခြေရာခံဖို့ ကြိုးပမ်းနေတာ ဖြစ်လိမ့်မယ်... မင်း ငါ့ရဲ့ မှတ်စုထဲက အမြင့်ဆုံး ဥပဒေစိုးမိုးရေး အကြောင်း ဖတ်ထားပြီးပြီမလား..."
မွန်းက ခေါင်းညိတ်သည်။ လင်ကျဲ တံခါးကို တစ်ဝက် ပြန်ပိတ်လိုက်ရင်း မွန်းကို ကြည့်ကာ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
“သိပ်လည်း မကြောက်နဲ့... အားလုံးကို ငါ ကိုင်တွယ် ဖြေရှင်းလိုက်မယ်”
မွန်း ခေါင်းညိတ်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက...
"သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မ ဖြစ်နိုင်ချေ နည်းပါတယ်..."
လင်ကျဲ ခေါင်းညိတ်လိုက်၏။ သို့သော်လည်း စိတ်ထဲတွင်တော့ သူ ပြုံးလိုက်မိသည်။ ဖြစ်နိုင်ချေ နည်းသည် ဟူသော စကားမှာ ဖြစ်နိုင်ချေ အနည်းငယ် ရှိနေသည်နှင့် အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။ နောက်ဆုံးတွင်တော့ ကျောင်းသူမွန်းမှာ သူမ၏ ကိုယ်ရေးကိုယ်တာ တစ်ချို့ကို ထုတ်ဖော်လာတော့မည့်ပုံ ရသည်။
"ဒါပေမယ့်... မင်းက ခုထိ နေထိုင်ခွင့်ကို မှတ်ပုံ မတင်ရသေးဘူးလေ... အဖမ်းခံရတာမျိုးတော့ မလိုချင်ဘူး မလား”
မွန်း၏ ဒဏ်ရာများမှာ လည်ကုပ်နှင့် မျက်နှာပေါ်ရှိ အနည်းငယ် နက်သော ဒဏ်ရာများမှလွဲ၍ အားလုံးနီးပါး ပျောက်ကင်းနေပြီဖြစ်သည်။ ၎င်းတို့ကိုတော့ ပတ်တီးစီးထားဆဲ ဖြစ်သည်။ အပြင်ပန်းကြည့်လျှင် သူမ၏ ပုံစံက ထိခိုက်ဒဏ်ရာရထားသည့် သာမန် ဆိုင်အကူတစ်ဦးနှင့် တူပေသည်။ ထို့အပြင်... မွန်းမှာ မကြာသေးမီကပင် ခန္ဓာကိုယ်၏ အီသာစွမ်းအင်လှိုင်းနှုန်းများအား မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို သင်ယူခဲ့သည်။
အမှန်တရား အသင်းတော်မှာ သူမ ထွက်ပြေးသွားကြောင်း သိချင်မှတောင် သိပေလိမ့်မည်။ သူတို့က ဓာတ်ခွဲခန်းအား ဖောက်ခွဲပြီး အဖိုးတန် ဉာဏ်ရည်တု လူသုံးယောက်အား ယူသွားခဲ့သူကိုသာ အဓိက ဦးစားပေး ရှာဖွေလိမ့်မည် ဖြစ်သည်။
သို့သော် အမှန်တရား အသင်းတော်သည် အမှန်တကယ် စုံစမ်းစစ်ဆေးရန် လာပါက၊ သူတို့၏ အဓိက အာရုံစိုက်မှုသည် အဖိုးတန်သော လူလုပ် သတ္တဝါ သုံးဦးကို ယူဆောင်သွားသူကို ရှာဖွေခြင်း ဖြစ်နိုင်သည်။ ဗဟိုခရိုင် ရဲတပ်ဖွဲ့ ကိုယ်တိုင် ပေါ်ပေါ်ထင်ထင် ဆင်းလာခြင်းကို ကြည့်ပါက ပြုသူလူထုအား နှစ်သိမ့်ပေးရန် ဖြစ်နိုင်ချေ ရှိသည်။
လင်ကျဲ ပြောသည်မှာ မှန်ကန်သည်။ သူမ အဓိက စိုးရိမ်ပူပန်ရမည့် အရာမှာ သဘာဝလွန် သတ္တဝါဖြစ်ခြင်းကြောင့် မဟုတ်ဘဲ၊ မှတ်ပုံမတင်ရသေးသော နေထိုင်သူ တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။
ကလောင်... ကလောင်...
ခေါင်းလောင်းသံ မြည်လာကာ ယူနီဖောင်းဝတ် ရဲအရာရှိ သုံးဦး ဝင်လာ၏။ သူတို့ ဝတ်ဆင်ထားသည့် ဘွတ်ဖိနပ်သံများက ပြတ်သားစွာ ထွက်ပေါ်လာသည်။
ခေါင်းဆောင်မှာ အသက်နှစ်ဆယ်အရွယ်ခန့် ရှိပြီး ခပ်ကောက်ကောက် နှာခေါင်း၊ အညိုရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ သူက ပထမဦးစွာ စာအုပ်ဆိုင်အတွင်းပိုင်းကို စစ်ဆေးပြီးနောက် ကောင်တာနှင့် လင်ကျဲကို လှမ်းကြည့်လိုက်သည်။
"ပုလိစ့် ဂျူတီပါ... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သံသယ ဖြစ်စရာ လူတစ်ဦးဦး တွေ့ခဲ့သေးလားဗျ"
***
အပိုင်း(၁၁၄) ဆန်ဒါလိုင်ယွန်
စာအုပ်ဆိုင်အတွင်းသို့ ဝင်ရောက်လာသည့် လူငယ်မှာ အဆင့်မြင့်ရဲတပ်ဖွဲ့မှ တတိယတန်းစား အရာရှိတစ်ဦးဖြစ်သူ ဆန်ဒါ လိုင်ယွန် ပင် ဖြစ်သည်။
အထက်ပိုင်းခရိုင်နှင့် ဗဟိုခရိုင် ရဲတပ်ဖွဲ့များအကြား အဆင့်အတန်း ခွဲခြားထားခြင်း မရှိဟု ဆိုသော်ငြားလည်း၊ ဗဟိုခရိုင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော အဆင့်မြင့်ရဲတပ်ဖွဲ့မှာ ဆင်ခြေဖုံးအရပ်ရှိ ရဲတပ်ဖွဲ့များထက် အဆင့်အတန်း ပိုမိုမြင့်မားသည်မှာ ဓမ္မတာပင် ဖြစ်သည်။
အဆင့်မြင့် ရဲတပ်ဖွဲ့ဟူသည် ဗဟိုခရိုင်ရှိ အာဏာရှိသူတို့၏ အလိုဆန္ဒကို ကိုယ်စားပြု၏။ ထိုနေရာတွင် တာဝန်ထမ်းဆောင်ခွင့်ရသူများမှာ အလွန်ထူးချွန်သူများ ဖြစ်ကြသလို၊ နောက်ခံ အဆက်အသွယ်ကောင်းသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့်ပင် အဆင့်မြင့်ရဲတပ်ဖွဲ့ဝင်များမှာ ပြင်ပသို့ တာဝန်ဖြင့်ထွက်သည့်အခါတိုင်း မာန်တတ်တက်ကြစမြဲပင်။
သူတို့က မောက်မာရိုင်းစိုင်းသည့် အဆင့်အထိ မရောက်သော်လည်း၊ အထက်ပိုင်းခရိုင်ရှိ လူထုကို ဝန်ဆောင်မှုပေးနေသူများဟု ဘယ်သောအခါမျှ သဘောမထားကြချေ။ သူတို့ အလုပ်အကျွေးပြုရသူများမှာ ဗဟိုခရိုင်မှ အာဏာပိုင်များနှင့် တော်ဝင်မျိုးနွယ်များသာ ဖြစ်သည်။
ထို့ကြောင့်လည်း အထက်ပိုင်းခရိုင်ရှိ သာမန်အရပ်သားများ၊ ဆင်းရဲသားများနှင့် ဆက်ဆံရသည့်အခါ ထိုရဲအရာရှိများ၌ စိတ်ရှည်သည်းခံမှု မရှိခြင်းက အထူးအဆန်းတော့ မဟုတ်ပေ။ အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် ပိုင်ဆိုင်မှု အခိုင်အမာရှိသည့်၊ ဆုတ်ယုတ်ခြင်းမရှိသေးသည့် တော်ဝင်မျိုးနွယ်စုမှ ဆင်းသက်လာသူ လိုင်ယွန် အဖို့ ပို၍ပင် ဆိုးသေးသည်။
ထို့ပြင် နောက်ခံမျိုးရိုးရှိသူတစ်ဦးအနေဖြင့် လိုင်ယွန် အတွင်းသတင်းအချို့ကိုလည်း သိရှိထားပြီး ဖြစ်သည်။ ဤဖြစ်ရပ်မှာ ရဲတပ်ဖွဲ့အနေဖြင့် လိုက်လံစုံစမ်းဖြေရှင်းနိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။ သူတို့၏ တာဝန်မှာ ဗဟိုခရိုင်၏ 'ပြတ်သားထိရောက်သော' လုပ်ဆောင်ချက်ကို ပြသရန်နှင့် အထက်ပိုင်းခရိုင်သားများ စိုးရိမ်စိတ် ပြေပျောက်စေရန် ဟန်ပြလုပ်ဆောင်ပေးရခြင်းမျှသာ ဖြစ်သည်။
လွန်ခဲ့သော (၁၂) နာရီခန့်ကပင် လိုင်ယွန် နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ယနေ့ညပိုင်း၌ ကလပ်သွားမည့် အစီအစဉ်များကို ပေါ့ပေါ့ပါးပါး ပြောဆိုနေခဲ့ကြသေးသည်။ သို့သော်လည်း... မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် စိုစွတ်ညစ်ပတ်လှသော ဤအထက်ပိုင်းခရိုင်သို့ တာဝန်ဖြင့် ရောက်ရှိလာခဲ့ရသည်။ ဤကဲ့သို့သော အလုပ်မျိုးမှာ ပင်ပန်းရုံသာရှိပြီး အရာမထင်သလို အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။
လိုင်ယွန် တစ်ယောက် အဓိပ္ပာယ်မရှိသည့် ဤတာဝန်ကို အမြန်ဆုံး အဆုံးသတ်ကာ၊ အိမ်သို့ပြန်၍ တစ်ကိုယ်လုံးရှိ ဖုန်နှင့် ရွှံ့နွံများကို စင်ကြယ်သွားစေရန် ရေပူဖြင့် ချိုးချလိုက်ချင်နေပြီ ဖြစ်သည်။
စေးကပ်၍ ဖုန်ထူလှသော လေထုကြောင့် သူ အသက်ရှူပင် ကျပ်လာသလို ခံစားနေရသည်။ ဤခံစားချက်မှာ မြောက်ပိုင်းကုန်းမြင့်ဒေသမှ နာမည်ကြီး အစားအစာတစ်ခုဖြစ်သော... ကောက်ညှင်းထုပ်နှင့်ပင် ဆင်တူလှတော့သည်။
"ဟူး... ဒီအလကား တာဝန်... ငါသာ ပထမတန်းစား အရာရှိ ဖြစ်သွားလို့ကတော့ ဒီလမ်းထဲကို ပြန်လာပြီး သိုးထိန်းခွေးတစ်ကောင်လို အချိန်ဖြုန်းနေမှာ မဟုတ်ဘူး"
လိုင်ယွန် စိတ်ထဲမှ ကြုံးဝါးနေမိ၏။
"ဒါနဲ့... ဒီလမ်းက ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ လမ်း မလား"
လမ်းဘေးရှိ ပျက်စီးယိုယွင်းနေမှုများကို ကြည့်ရင်း လိုင်ယွန် ၏ အာရုံက ထိုဘက်သို့ ရောက်သွားသည်။ လမ်း၏ တစ်ဖက်ခြမ်းမှာ သာမန် လမ်းများအတိုင်းသာ ဖြစ်သော်လည်း၊ အခြားတစ်ဖက်မှာမူ လုံးဝပျက်စီးနေသည့် အပျက်အစီးပုံကြီး ဖြစ်နေခဲ့သည်။ ဝန်းရံတားဆီးထားသော အဝါရောင် တားမြစ်တိပ်များမှာမူ လေထဲ၌ လွင့်ကာလွင့်ကာ ရှိနေခဲ့သည်။
"ဟုတ်ပါတယ် ဆရာ... လွန်ခဲ့တဲ့ လဝက်လောက်က နော်ဇင်နေ့စဉ်သတင်းစာ မှာ ပါလိုက်သေးတယ်လေ"
လက်အောက်ခံ ရဲအရာရှိတစ်ဦးက ဖြေကြားလိုက်၏။
"လဝက်တောင် ရှိပြီလား"
လိုင်ယွန်က မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်၏။ ထို့နောက်... အထက်စီးလေသံဖြင့် ဝေဖန်လိုက်လေ၏။
"အခုထိ ဒီအတိုင်းပဲ ရှိသေးတာလား... ဒါက အထက်ပိုင်းခရိုင်ရဲ့ အမြင့်မားဆုံး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပေါ့လေ..."
“...”
အထက်ပိုင်းခရိုင်မှ ရဲအရာရှိ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ ပြန်မပြောမိကြပေ။ အမှန်စင်စစ် ဤပျက်စီးမှုမှာ ဗဟိုခရိုင်သားတို့အတွက် ပြီးခဲ့သည့်လအတွင်း စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်ခဲ့သည်။ မီဒီယာများကလည်း တကူးတက လာရောက်ရိုက်ကူးနေကြသောကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီကမှ ရိုးလ် ကော်ပိုရေးရှင်း (မြေအောက် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း) က တည်ဆောက်ရေးစာချုပ် ရရှိခဲ့ပြီးနောက် လုပ်ငန်းများ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းအားဖြင့် ပြန်လည်တည်ဆောက်ရေး နှောင့်နှေးရခြင်းမှာ ဗဟိုခရိုင်ရှိ လူများကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း အထက်လူကြီးကို မလေးမစား မဖြစ်စေရန် အရာရှိနှစ်ဦးမှာ နှုတ်ဆိတ်နေလိုက်ကြသည်။ မဟုတ်လျှင် နောင်တစ်ချိန်တွင် ဒုက္ခရောက်နိုင်သလို ရဲတံဆိပ်ပင် အသိမ်းခံရနိုင်သည်။
"ဘာပဲ ဖြစ်ဖြစ် လမ်းတစ်ဖက်က ဆိုင်တွေကိုပဲ မေးစရာ လိုတော့တာပေါ့..."
လိုင်ယွန် က ကျေနပ်အားရစွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့အလုပ်က အများကြီး သက်သာသွားပြီ..."
အမှန်အတိုင်းဆိုရသော် ဤကဲ့သို့သော အလုပ်မျိုးမှာ အလွန်ပင် ပေါ့ပါးလှသည်။ အထက်ပိုင်းခရိုင်သို့ ရောက်လာလျှင် လိုင်ယွန် ကို လူတိုင်းက ရိုရိုသေသေ ဆက်ဆံကြသည်။
အရပ်သားများမှာ အစစ်အဆေးခံရမည်ကို စိုးရိမ်သဖြင့် သူ့ကို အလိုလိုက် အကြိုက်ဆောင်နေကြစမြဲ။
မေးခွန်းအနည်းငယ် မေးလိုက်ရုံနှင့်ပင် အိမ်တွင်းရေး ကိစ္စများအဆုံး အကုန်အစင် ပြောပြတတ်ကြသလို၊ မြှောက်ပင့်လွန်းလှသဖြင့် သူပင် စိတ်ပျက်ရသည်။
သို့သော်လည်း... အဆိုးဆုံးမှာ ရုပ်မြင်သံကြား ဆိုင်ရှင်ပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်က သူ့ ဘေးကပ်လျက်ရှိ စာအုပ်ဆိုင်ပိုင်ရှင်မှာ မိစ္ဆာတစ်ကောင်၏ အစားထိုးခံထားရသည်ဟု အခိုင်အမာ ပြောဆိုနေသည်။
"အဲဒီဆိုင်က လူက မိစ္ဆာပဲဗျ... သူက နံရံတွေကိုလည်း ဖောက်ထွက်နိုင်သလို၊ စိတ်အာရုံနဲ့တင် ကြောက်စရာကောင်းတဲ့ အရာတွေကို လုပ်နိုင်တယ်"
ကိုလင် အမည်ရှိ ထိုအလယ်အလတ်တန်းစား အမျိုးသားက တုန်ရီနေသော လေသံဖြင့် အတည်အပေါက် ပြောနေသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက မိုးမလင်းခင် အချိန်ကြီးမှာ သူ လျှပ်စစ်လွှကို သုံးနေတာ ကျွန်တော် ကြားလိုက်တယ်ဗျ... လူရိုးတွေ၊ အသားတွေကို လွှနဲ့ တိုက်ဖြတ်နေတာနေမှာ... နောက်ပြီး သူက ရူးသွပ်နေသလိုမျိုး တဟားဟားနဲ့ ရယ်နေတာဗျာ... ကြောက်စရာကြီး... သူ ကျွန်တော့်ကို အချိန်မရွေး လာသတ်မလားလို့ စိုးရိမ်နေရတယ်"
ရဲအရာရှိတစ်ဦးက...
"ဒါဆို ခင်ဗျားရဲ့ ပြဿနာကို အသင်းတော်ဆီသွားပြီး ဖြေရှင်းခိုင်းလိုက်ပါလား"
ဟူ၍ လှောင်ပြောင်သည့်သဘောဖြင့် ပြောလိုက်သည်။
"ကျွန်တော် လုပ်ပြီးပြီလေ"
ကိုလင်က ပြန်ဖြေသည်။ သို့သော်လည်း... သူ့ကို လူအနုံ့အအ တစ်ယောက်လို ကြည့်နေသော ရဲအရာရှိ သုံးဦးကို ကြည့်ကာ စိတ်ပျက်သွားသည်။
"ဘုန်းတော်ကြီး လာနေပါပြီ... သူ ကျွန်တော့်ကို ကူညီလိမ့်မယ်"
"အေးပါ... အေးပါ... ဒါဆိုရင်လည်း ဘုန်းတော်ကြီးကိုပဲ စောင့်နေလိုက်တော့... မေးမြန်းတာကတော့ တော်ပြီ... ဒီမှာပဲ အဆုံးသတ်ရအောင်"
ရဲအရာရှိများမှာမူ ကိုလင်၏ တိုင်ကြားမှုကို ပြက်လုံးတစ်ခုကဲ့သို့သာ မှတ်ယူကြသည်။ အစပိုင်းတွင် လိုင်ယွန်မှာ စိတ်ဝင်တစား နားထောင်နေသော်လည်း သေသေချာချာ မေးလိုက်သည့်အခါတွင်မူ ကိုလင်က ထိုဆိုင်ရှင်ကို လုံးဝ ရှောင်ရှားရမည် ဖြစ်ကြောင်း၊ မဟုတ်လျှင် ဘေးဒုက္ခကြီးစွာ ရောက်လိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့် အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောဆိုနေတော့သည်။
ထို့ကြောင့် ဤလူမှာ ဦးနှောက် သိပ်မမှန်သူဟု လိုင်ယွန် သံသယဝင်သွားသည်။
"အထက်ပိုင်းခရိုင်က လူတွေကတော့ ဒီလိုပါပဲ..."
လိုင်ယွန် ရေရွတ်ရင်း ခေါင်းကိုခါယမ်းကာ လက်အောက်ငယ်သားများကို ဦးဆောင်၍ ထွက်လာခဲ့သည်။
ထို့နောက် သူက ဘေးရှိ စာအုပ်ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကိုလင်၏ အဓိပ္ပာယ်မရှိသော စကားများကြောင့်လားတော့ မသိ၊ ထိုဟောင်းနွမ်းလှသော ဆိုင်မျက်နှာစာမှာ မဖော်ပြနိုင်သည့် ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်ဟု သူ ခံစားနေရလေတော့သည်။
တံခါးဝတွင် ချိတ်ဆွဲထားသည့် ကြေးခေါင်းလောင်းလေး ဖြစ်စေ၊ ဖုန်အလွှာလိုက် တက်နေသော မှန်ပြတင်းမှန်များ ဖြစ်စေ... အားလုံးက သူ့ကို ဆွဲဆောင်နေသကဲ့သို့ ရှိသည်။ ဤသည်မှာ လုပ်ထုံးလုပ်နည်းအရ လာရောက်ခြင်းသာ ဖြစ်သည်ဟု လိုင်ယွန် မိမိကိုယ်ကိုယ် ပြန်လည်သတိပေးရင်း ဆိုင်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
ကောင်တာနောက်ဖက်တွင် ထိုင်နေသော စာအုပ်ဆိုင်ပိုင်ရှင်မှာ သူထင်ထားသည်ထက်ပင် ငယ်ရွယ်နေသေးသည်။ သို့သော်လည်း... မထင်မှတ်ထားသည်က ထိုသူ၏ဘေးတွင် ဆိုင်အကူတစ်ဦး ရှိနေခြင်းပင်။
ဆိုင်အကူမှာ မိန်းမငယ်လေး တစ်ဦး ဖြစ်ပုံရသည်။ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ပတ်တီးများ ပတ်ထားသည်ကို တွေ့ရသဖြင့် ဒဏ်ရာများမှာ မကြာသေးမီကမှ ရရှိထားခြင်း ဖြစ်ဟန်တူသည်။
"ကျုပ် မှတ်မိသလောက်တော့ ဒီဆိုင်ရဲ့ အချက်အလက်မှာ ဆိုင်ရှင်တစ်ယောက်ပဲ ရှိတယ်လို့ ရေးထားတယ်..."
လိုင်ယွန်က ၂၃ လမ်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်များ၏ အခြေခံအချက်အလက်များ ပါရှိသော ဖိုင်တွဲကို လှန်လှောကြည့်ရင်း ပြောလိုက်သည်။
စာအုပ်ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ကာ ပုံမှန်အတိုင်းပင် ပြန်လည်ဖြေကြားလိုက်၏။
"သူက ကျွန်တော် အခု ရက်ပိုင်းလေးကမှ ငှားထားတဲ့ ဆိုင်အကူပါ... အခုတလော အလုပ်တွေ နည်းနည်းများလာလို့ တစ်ယောက်တည်း မနိုင်တော့တာနဲ့လေ"
"ဒါဆိုရင် သူရဲ့ မှတ်ပုံတင် ဒါမှမဟုတ် နေထိုင်ခွင့် အထောက်အထားတွေကို ပြလို့ရမလား... ကျုပ်တို့ မှတ်တမ်းတင်ရမှာမို့လို့ပါ"
"အဲဒါကတော့ နည်းနည်း အခက်အခဲရှိမယ်ဗျ"
ဆိုင်ရှင်က ဆိုသည်။
"သူက ကျွန်တော့် မိတ်ဆွေနဲ့ ဆွေမျိုးသားချင်း တော်စပ်တဲ့သူ တစ်ယောက်ရဲ့ သမီးပါ...ဗဟိုခရိုင်ကနေ ဒီကို အခုမှ ပြောင်းလာတာ... တော်ဝင်မျိုးနွယ်ကနေ သာမန်အရပ်သားအဖြစ် ပြောင်းလဲဖို့ လုပ်ထုံးလုပ်နည်းတွေက ဘယ်လောက် ရှုပ်ထွေးတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ... အခု အဲဒီကိစ္စတွေ လုပ်နေတုန်းဆိုတော့ အထောက်အထား အားလုံးက သက်ဆိုင်ရာဌာနမှာ ရောက်နေတယ်လေ"
"ဪ... ဒီလို အခြေအနေမျိုးတွေကို ကြားဖူးပါတယ်... ဒါနဲ့ ကောင်မလေးရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကကော ဘယ်လိုဖြစ်တာလဲ"
"အဲဒါကတော့ သူတို့မိသားစု မျိုးရိုး ဘယ်လောက်အထိ ဆုတ်ယုတ်သွားရသလဲဆိုတဲ့ အကြောင်းကနေ စပြောရလိမ့်မယ်..."
စာအုပ်ဆိုင်ပိုင်ရှင်က ခေါင်းခါရင်း ပြောလိုက်လေ၏။
***
အပိုင်း(၁၁၅) ဆန္ဒ စားသုံးခြင်း
လိုင်ယွန် လင်ကျဲအား မေးမြန်း နေစဉ်တွင် ကောင်တာရှေ့တွင် ရပ်နေသော ရဲအရာရှိနှစ်ဦးကတော့ ကျောက်ရုပ်များ အလား တောင့်တင်း ငြိမ်သက် နေကြ၏။ သူတို့၏ မျက်လုံးများက ကောင်တာပေါ်ရှိ တောက်ပလွန်းသော နှင်းဆီနီတစ်ပွင့်ထံ၌ စွဲလန်းစွာ ကျရောက်နေကြသည်။
လိုင်ယွန်က ဆိုင်အတွင်းပိုင်းသို့ လှည့်ပတ်ကြည့်ရှုလိုက်ရင်း...
"ဒါနဲ့ ခင်ဗျားရဲ့ ဘေးအိမ်ကလူက ခင်ဗျားအပေါ် အမြင်စောင်းနေပုံပဲနော်... ခင်ဗျားကို မိစ္ဆာတစ်ကောင်လို့တောင် ထင်နေတာ"
ဟု အမှတ်မထင် ပြောလိုက်သည်။
စာအုပ်ဆိုင်ပိုင်ရှင်မှာ အံ့အားသင့်သွားဟန်ဖြင့်...
"မိစ္ဆာ ဟုတ်လား... သူ ကျွန်တော့်ကို အဲဒီလို ထင်နေမယ်မှန်း လုံးဝမသိခဲ့ဘူး... အရင်က သူ့ကို ကူညီပေးခဲ့ဖူးပေမဲ့ ဒီလောက်အထိ အထင်လွဲနေလိမ့်မယ်လို့ မထင်ထားမိဘူး... ဆန်းကြယ်လိုက်တာဗျာ... သူ နည်းနည်းလောက် စဉ်းစားကြည့်ရင် သိနိုင်တာပဲ... ကျွန်တော်က ဘယ်လိုလုပ် မိစ္ဆာ ဖြစ်နိုင်မှာလဲ"
ထိုစဉ် လိုင်ယွန် ၏ ခြေလှမ်းများမှာ ရုတ်ချည်း ရပ်တန့်သွား၏။ နောက်မှီ ထိုင်ကုလားထိုင်ပေါ်တွင် မထင်မရှား စွန်းထင်းနေသည့် သွေးကွက်များကို သူ ရုတ်တရက် တွေ့လိုက်ရပေသည်။
ကျောရိုးထဲအထိ စိမ့်တက်သွားသော အေးစက်စက် ခံစားချက်ကြီး ဖြစ်ပေါ်လာခဲ့၏။ သူ နောက်သို့ အမြန်လှည့်ကြည့်လိုက်သည့် အခါတွင်မူ... လုပ်ဖော်ကိုင်ဖက် ရဲအရာရှိနှစ်ဦးမှာ ကျောက်ရုပ်ပမာ တောင့်တောင့်ကြီး ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
ကောင်တာပေါ်ရှိ နှင်းဆီပွင့်၏ အသားမျှင်ကဲ့သို့သော ပွင့်ချပ်များမှာ တစ်လွှာချင်း ပွင့်အာလာပြီး ငမန်းစွယ်ကဲ့သို့ သွားများနှင့် ကြောက်မက်ဖွယ် မျက်လုံးတစ်လုံး ပေါ်ထွက်လာလေ၏။
ထိုအခိုက်တွင်ပင်... ကောင်တာနောက်ဖက်မှ စာအုပ်ဆိုင်ပိုင်ရှင်က ပါးစပ်ကြီးကို ပြဲအောင် ဖြဲ၍ ပြုံးလိုက်ရင်း...
"ကျွန်တော်က... တကယ့်ကို သက်ရှိထင်ရှား လူသားတစ်ယောက်ပါဗျာ"
...
"ခင်... ခင်ဗျား..."
လိုင်ယွန်မှာ တစ်ကိုယ်လုံး ထုံကျင်လာသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့နေသည့် ဤမြင်ကွင်းကြောင့် သူ၏ စိတ်အာရုံမှာ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသကဲ့သို့ ရှိနေခဲ့သည်။
သူ၏ ဦးခေါင်းခွံကို တစ်စုံတစ်ယောက်က ခွာထုတ်လိုက်ကာ ဦးနှောက်များကို အတင်းအဓမ္မ မွှေနှောက်နေသကဲ့သို့ ခံစားချက်မျိုးပင်။
ပျို့အန်ချင်စိတ်နှင့်အတူ သူ၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားခဲ့၏။ မြင်ကွင်းများက စတင် ချာချာလည်လာသည်။ သူ၏ အမြင်အာရုံထဲတွင် ထိုပြုံးနေသော မျက်နှာနှင့် 'ပါးစပ်ကြီးဖြဲထားသော' နှင်းဆီပွင့်သာ ကျန်ရစ်တော့သည်။
အချိန်ကာလ မည်မျှကြာသွားသည်မသိ... စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ တဖြည်းဖြည်း ဝေဝါးကာ ဝေးကွာသထက် ဝေးကွာသွားသည်။
ငါးမန်း သွားစိပ်ကလေးများ ပြည့်နှက်နေသည့် ဟပြဲနေသော ပါးစပ်ကြီးမှာ ပို၍ ပို၍ ကျယ်လာခဲ့သည်။ လက်လှမ်းမီလုနီးပါး ရှိနေသည့် အသားမျှင် ပွင့်ချပ်များနှင့် စိုက်ကြည့်နေသည့် မျက်လုံးကြီးကိုသာ လိုင်ယွန် မြင်နေရတော့သည်။
"မင်း... မင်းက လူမဟုတ်ဘူး... မင်း လိမ်နေတာ... မင်းက ဘယ်လိုလုပ် သက်ရှိလူသား ဖြစ်နိုင်မှာလဲ..."
လိုင်ယွန်၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်ကလေးက အတင်းအဓမ္မ အော်ဟစ်နေမိ၏။ အခြားရဲအရာရှိနှစ်ဦး၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို သူ ဝေဝါးစွာ မြင်နေရသည်။ သူတို့ သုံးဦးစလုံးကို ထူးခြားသည့် ရေစက်ကြိုး တစ်ခုဖြင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေပြီး တစ်ယောက်ချင်းစီ၏ အတွေးစများကို စုပ်ယူကာ ရောမွှေလိုက်သည့်နှယ်ပင်။
ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ အံ့အားသင့်မှု၊ လမ်းပျောက်မှုနှင့် ရူးသွပ်မှု...
ထိုအရာအားလုံးမှာ ရောယှက်ကာ ပျော်ဝင်သွားကြသည်။ သို့သော်လည်း... ဤကဲ့သို့ ထူးဆန်းသည့် အာရုံခံစားမှုမျိုးမှာ ခဏတာမျှသာ ကြာလိုက်ပြီးနောက် စတင် 'စုပ်ယူ' ခခြင်း ခံလိုက်ရတော့သည်။
ဂျွတ်... ဂျွတ်... ဂျွတ်...
ကိုက်ဝါးသံများနှင့် တဂွတ်ဂွတ် မျိုချသံများကို ဝေဝါးစွာ ကြားလိုက်ရပြီးနောက် သူ၏ အသိစိတ်များမှာ ပြိုကွဲပျက်စီးလာခဲ့သည်။ ဟာလာဟင်းလင်းဖြစ်မှုက အမြစ်တွယ်လာလေသည်။
ကလပ်များ၊ ပါတီပွဲများနှင့် သူ ပိုင်ဆိုင်လိုခဲ့သည့် အခြားသော အလိုဆန္ဒများမှာမှာ စတင် ပျောက်ကွယ်သွားသည်...။
အလုပ်အကိုင်၊ မိသားစု... သူ၏ ရည်မှန်းချက်များမှာလည်း နောက်ကွယ်မှ ထပ်ချပ်မကွာ ပျောက်ဆုံးသွားရသည်။
ကလောင်...
ထိုအခိုက်တွင်ပင် စာအုပ်ဆိုင် တံခါးဝရှိ ကြေးခေါင်းလောင်းလေးမှာ နောက်တစ်ကြိမ် ထပ်မံ မြည်ဟည်းသွားသည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"
စိမ်းလှသော်လည်း သြဇာညောင်းကာ ပြတ်သားလှသည့် အသံတစ်သံ ပေါ်ထွက်လာသည်။ ထိုအသံမှာ ပုံသဏ္ဌာန်မဲ့ အတားအဆီးကြီးကို ရိုက်ခွဲလိုက်သည့် တူတစ်လက် အလား ရှိပေသည်။
သွေးများ၊ အသားမျှင်များဖြင့် ပြည့်နှက်နေသော ပွင့်ချပ်များမှာ လိုင်ယွန်တို့ သုံးယောက်၏ အမြင်အာရုံထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ နှင်းဆီမှာ ပုံမှန် နှင်းဆီပွင့်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
ခရက်...
ဖန်သားပြင်တစ်ခု ကွဲအက်သွားသကဲ့သို့ အသံမျိုး ကြားလိုက်ရသည်။ လိုင်ယွန် တစ်ယောက် တောင့်တင်းနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ထုံကျင်နေသည့် အာရုံများမှာ ပြန်လည် ထိန်းချုပ်နိုင်လိုက်ပြီးနောက် ကမ္ဘာကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သို့သော်လည်း... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာမူ ချွေးစေးများဖြင့် ရွှဲနစ်နေသည်။ သူက နောက်သို့ ဟန်ချက်ပျက်စွာ ဆုတ်ခွာသွားခဲ့ပြီး၊ ကြောက်လန့်လွန်းသဖြင့် လဲကျတော့မည့်အလား အသက်ကို ပြင်းပြင်းရှူနေရသည်။
ဘုန်း... ဘုန်း...
လိုင်ယွန်၏ လက်အောက်ငယ်သား နှစ်ဦးမှာမူ ဖင်ထိုင်လျက် လဲကျသွားပြီး မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာများဖြင့် နောက်သို့ ဖင်တရွတ်တိုက် ဆုတ်ခွာနေကြသည်။ သူတို့၏ အမူအရာများမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသည့်အလားပင်။
နောက်သို့ ဆုတ်နေရင်းမှပင် သူတို့က အတင်းရုန်းထကာ အပြင်သို့ ပြေးထွက်ရန် ကြိုးစားနေကြရင်း...
"ဟင့်အင်း... ဟင့်အင်း...”
“အနားမလာနဲ့..."
စသည်ဖြင့် အဓိပ္ပာယ်မရှိသည်များကို တတွတ်တွတ် ပြောဆိုနေကြသည်။
လိုင်ယွန် တစ်ယောက် ထိုမြင်ကွင်းကို ကြည့်ကာ လည်ချောင်းများ ခြောက်ကပ်နေ၍ နဖူးတွင်လည်း ချွေးများဖြင့် ပြည့်နှက်နေ၏။
ဤသည်မှာ အာရုံချောက်ခြားခြင်း မဟုတ်ပေ။ သူတို့ သုံးဦးစလုံးမှာ လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်း ထိုထူးဆန်းသော ပန်းပွင့်ကြီး၏ 'ဝါးမျိုခြင်း' ကို ခံရလုနီးပါး အထိ အမှန်တကယ် ဖြစ်ခဲ့ခြင်းပင်။
သို့သော်လည်း... လက်အောက်ငယ်သား နှစ်ဦးမှာ ဘာကြောင့် ပိုမို ဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့နေရသနည်း။
ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် လိုင်ယွန် တစ်ယောက် ရင်ဘတ်အတွင်းမှ ပူလောင်မှုကို ခံစားလိုက်ရ၏။ သူသည် အင်္ကျီအတွင်းသို့ လက်နှိုက်ကာ ငယ်စဉ်ကတည်းက ဝတ်ဆင်လာခဲ့သော ဆွဲကြိုးလေးကို ဆွဲထုတ်ကြည့်လိုက်သည်။ ဤဆွဲကြိုးမှာ သူတို့မိသားစုတွင် မျိုးဆက်ပေါင်း များစွာ လက်ဆင့် ကမ်းလာသည့် ပစ္စည်းဖြစ်ပြီး ဆွဲသီးပေါ်တွင်မူ အမည်မသိ ဘာသာစကားဖြင့် စာလုံးအချို့ ရေးထွင်းထားသည်။
ယခုအခါ ထိုစာလုံးများမှာ မီးလောင်ထားသကဲ့သို့ မည်းနက်နေပြီး ထိလိုက်လျှင်လည်း အလွန်ပူလောင်လှသည်။ ထို့နောက်တွင်မူ... ဆွဲသီးပေါ်ရှိ စာလုံးများမှာ လျင်မြန်စွာ ကွယ်ပျောက်သွားခဲ့ပြီး ချောမွေ့သည့် သတ္တုပြားလေးအဖြစ်သာ ကျန်ရစ်တော့လေသည်။
"..."
သတ္တုဆွဲသီးလေးမှာ အက်ကွဲသံသဲ့သဲ့နှင့်အတူ နှစ်ခြမ်းကွဲသွားလေသည်။
လိုင်ယွန် သူ၏ အဖိုးတန် အမွေအနှစ်ဆွဲသီးလေးကို ကိုင်ထားရင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။ ထို့နောက် စာအုပ်ဆိုင်ပိုင်ရှင်ကို သရဲတစ်ကေောင်၊ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်လန့်တကြား လှမ်းကြည့်မိတော့သည်။
‘ဘုရားသခင် ကယ်တော်မူပါ... ဟို ရုပ်မြင်သံကြား ဆိုင်ပိုင်ရှင် ပြောခဲ့တာတွေက အမှန်တွေချည်းပဲ...’
‘မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဒီလူက မိစ္ဆာတစ်ကောင်ထက် အဆရာပေါင်း၊ ထောင်ပေါင်း ပိုပြီး ကြောက်စရာကောင်းတယ်... သူ့ဆီက ပန်းတစ်ပွင့်တောင်မှ 'လူသားစား' နိုင်နေတာပဲ’
လိုင်ယွန်မှာ သူ၏ အသိစိတ် တစ်စိတ်တစ်ပိုင်းက 'အဝါးခံလိုက်ရပြီ' ဟု ခံစားနေရသော်လည်း၊ အတိအကျ မည်သည့်အရာမှန်းကိုမူ မပြောနိုင်ချေ။ သူ၏ အနာဂတ်မှာ ပြင်းထန်သော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီဖြစ်ကြောင်းသာ သူ ခံစားနေရသည်။
ထိုကဲ့သို့ ထိတ်လန့်နေစဉ်အတွင်းမှာပင်... ပန်းပွင့်၏ ဝါးမျိုမှုဖြစ်စဉ်အား ကံကောင်းထောက်မစွာ ရပ်တန့်ပေးလိုက်သည့် အသံပိုင်ရှင် လူငယ်ကို လိုင်ယွန် သတိထားမိသွားသည်။
ထိုသူမှာ ရွှေရောင်ဆံပင်၊ ပြာလွင်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦး ဖြစ်သည်။ အနက်ရောင် လေကာအင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ၊ စကျင်ကျောက်ရုပ်တု တစ်ခု ကဲ့သို့ ထင်ရှားပြတ်သားသော ရုပ်ရည်အင်္ဂါရပ်များက ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။ သူ၏ မျက်ဝန်းများမှာလည်း ထူးခြားသော တောက်ပမှုတို့ဖြင့် ပြည့်နှက်နေ၏။
လူငယ်က အသိစိတ် ကင်းလွတ်ကာ အတင်းအဓမ္မ ထွက်ပြေးရန် ကြိုးစားနေသည့် အရာရှိနှစ်ဦးကို တားဆီးလိုက်ပြီးနောက်၊ တစ်ချက်တည်းဖြင့် သတိမေ့သွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူတို့ကို ဘေးနံရံတွင် သေသေချာချာ မှီထားပေးပြီးမှ ပြန်လည် မတ်တတ်ရပ်လိုက်သည်။
သူ၏ ပုံရိပ်မှာ အလွန်ပင် တင့်တယ်လွန်းလှသည်။ ရုပ်ရှင်များ၏ အဆုံးသတ် အရေးကြီးဆုံးအချိန်တွင် ပေါ်ထွက်လာတတ်သော ကယ်တင်ရှင်တစ်ဦးနှင့်ပင် ဆင်တူလှသည်။
လိုင်ယွန် 'ကယ်တင်ခြင်းခံလိုက်ရပြီ' ဟု ခံစားလိုက်ရသည်။ သို့သော်လည်း... စက္ကန့်အနည်းငယ်မျှ ကြောင်ကြည့်နေပြီးနောက်တွင်မူ၊ ဤလူငယ်ကို တစ်နေရာရာတွင် တွေ့မြင်ဖူးသကဲ့သို့ ရင်းနှီးနေကြောင်း သူ သတိပြုမိသွားသည်။
ပို၍ ကြည့်လေ၊ ပို၍ ရင်းနှီးလေ ဖြစ်လာသည်။ ဝေဝါးနေသည့် အသိစိတ်ထဲတွင် အသည်းအသန် စဉ်းစားရင်း လိုင်ယွန် တစ်ယောက် ရုတ်တရက် လျှပ်စီးလက်သွားသကဲ့သို့ မှတ်မိသွားတော့သည်။
ဤသူမှာ မကြာသေးမီနှစ်များအတွင်းကမှ ရာထူးတိုးမြှင့်ခံထားရသော လူငယ် ရဲ ကပ္ပတိန်ပင် မဟုတ်ပါလား။
***
အပိုင်း(၁၁၆) ကလောက်
ကလောက်...
ဟုတ်သည်။ သူ၏အမည်မှာ ကလောက်ဖြစ်ကြောင်း လိုင်ယွန် မှတ်မိသွားသည်။ ကလောက်မှာ အခြေခံလူတန်းစားဘဝမှ စတင်ခဲ့ကာ ကိုယ်ပိုင် အရည်အချင်းသက်သက်ဖြင့်သာ တရစပ် ရာထူးတိုးလာသူဖြစ်သည်ဟု သတင်းကြီးသည်။
ထို့ပြင်... အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ဗဟိုခရိုင် အာဏာပိုင်များက သူ့ကို အထက်ပိုင်းခရိုင်၌ အရေးပါသော ရာထူးတစ်ခု ခန့်အပ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင် ထပ်တူကျနေခဲ့သည်။
လိုင်ယွန် တွေးနေစဉ်မှာပင် ကယ်တင်ရှင် လူငယ်ရဲ ကပ္ပတိန်မှာ သူ့ကို တစ်ချက်သာ ကြည့်ကာ သက်ပြင်းချလိုက်ပြီး၊ စာအုပ်ဆိုင် ပိုင်ရှင် 'မိစ္ဆာ' ဘက်သို့ လှည့်၍ စနစ်တကျ ဦးညွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရလေတော့သည်။
"မင်္ဂလာပါ မစ္စတာ လင်... ကျွန်တော့်နာမည်က ဟယ်ရီ ကလောက်ပါ... ဂျိုးဇက် ရဲ့ တပည့်ပါ... ဗဟိုခရိုင်ရဲ့ ပထမ တန်းစား ရဲကပ္ပတိန်လေး တစ်ဦးလည်း ဖြစ်ပါတယ်... ကျွန်တော့်ဆရာက မစ္စတာလင်ကို နှုတ်ခွန်းဆက်စကား ပါးလိုက်ပါတယ်ခင်ဗျာ"
ဘုန်း...
လိုင်ယွန် တစ်ယောက် ဤအရှိန်အဝါကို ထပ်မံ မတောင့်ခံနိုင်တော့ဘဲ ချက်ချင်းပင် သတိလစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
လင်ကျဲ တစ်ယောက် လဲကျနေသည့် ရဲအရာရှိ သုံးဦးကို ကြည့်ရင်း နှုတ်ခမ်း အနည်းငယ် တွန့်သွား၏။
"သူတို့ အဆင်ပြေရဲ့လား"
သူ စိုးရိမ်တကြီး မေးလိုက်သည်။ အထက်လူကြီးနဲ့ မမျှော်လင့်ဘဲ ဆုံလိုက်ရလို့ ဒီလောက်တောင် ထိတ်လန့်သွားကြတာလား...။
"သူတို့က နည်းနည်းတော့ သူရဲဘောကြောင်လွန်းတယ် ထင်တယ်..."
လင်ကျဲ မချိတင်ကဲ ရေရွတ်မိသည်။
ကလောက်မှာမူ ပြုံးမြဲပြုံးလျက်၊ တိတ်တဆိတ် လေချဉ်တက်နေပုံရသော ငြိမ်သက်နေသည့် နှင်းဆီပွင့်ကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ ကျိတ်၍ တွေးနေမိသည်။
‘ခင်ဗျားကတော့ ကျွန်တော့်ဆရာထက်တောင် ကိုယ်ကိုယ် အသိစိတ်ကင်းမဲ့နေပါလား...’
သို့သော်လည်း ဆရာဖြစ်သူနှင့် ဆက်ဆံခဲ့ရသည့် အတွေ့အကြုံများကြောင့်ပင် ကလောက်က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
"သိပ်ပြီး ပြဿနာမရှိနိုင်ပါဘူး... သူတို့ ပြန်ကောင်းလာဖို့ လပိုင်းလောက်ပဲ လိုမှာပါ... ကျွန်တော် သူတို့ကို ခွင့်ပေးလိုက်ပါ့မယ်... သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တော့ စိတ်မပူပါနဲ့ မစ္စတာ လင်"
အထက်လူကြီး ကိုယ်၌ကပင် ထိုသို့ပြောမှတော့ အမှန်တကယ်ပင် အဆင်ပြေသွားလောက်ပြီဟု လင်ကျဲ တွေးလိုက်မိသည်။ သူ သက်ပြင်းတစ်ချက် အသာလေးချလိုက်ရင်း...
"အဲဒီလိုဆိုရင်တော့ စိတ်အေးရတာပေါ့"
ဟု ဆိုလိုက်သည်။
ကလောက်မှာလည်း စိတ်ထဲမှ သက်ပြင်းချနေမိသည်။ ဤသုံးဦးမှာ ဒုက္ခအကြီးအကျယ် တွေ့သွားပြီဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်။ လအနည်းငယ် မဆိုထားနှင့်... တစ်သက်လုံး ပြန်လည်ကုသသော်ငြားလည်း ပုံမှန်စိတ်အခြေအနေသို့ ပြန်ရောက်ရန် လမ်းစမရှိတော့ပေ။
သူ သတိမေ့အောင် လုပ်လိုက်သည့် ရဲအရာရှိနှစ်ဦးမှာ ပြင်ပရုပ်ပိုင်းဆိုင်ရာအရ အကောင်းအတိုင်း ရှိနေသော်ငြားလည်း၊ သူတို့၏ အတွင်းစိတ်ထဲတွင်မူ နက်ရှိုင်းလှသည့် ကြောက်ရွံ့စိတ်ကြီး ကိန်းအောင်းသွားပြီ ဖြစ်သလို ဆန္ဒအာရုံ အတော်များများမှာလည်း ရိုက်ထုတ်ခံလိုက်ရပြီဖြစ်သည်။
လိုင်ယွန်မိသားစုမှ ဆန်ဒါ လိုင်ယွန် မှာမူ အခြေအနေ အနည်းငယ် သာပုံရသော်လည်း၊ သူ၏ မည်သည့်အပိုင်း အခိုးခံလိုက်ရသည်ဆိုသည်ကိုမူ ကလောက်အနေဖြင့် အတိအကျ မခန့်မှန်းနိုင်ချေ။
ကလောက်သာ အချိန်မီ ဝင်မတားခဲ့လျှင် ယခုအချိန်တွင် သူတို့ သုံးယောက်မှာ ကြမ်းပြင်ပေါ်၌ အသိစိတ်မဲ့နေသော 'ဖုတ်ကောင်' သုံးကောင် လဲလျောင်းနေမည်သာ ဖြစ်သည်။
ကောင်တာပေါ်ရှိ အလွန်တရာ လှပလှသော နှင်းဆီပွင့်မှာ ရှေးဟောင်း အဲ့လ်ဖ် (Elf) ဘုရင်နိုင်ငံတွင် စိုက်ပျိုးခဲ့ကြသည့် 'ဆန္ဒမျိုးစေ့' ဟု လူသိများသော ထူးခြားဆန်းပြားသည့် အပင်မျိုးစိတ်ဖြစ်သည်။ ၎င်းတွင် ပုံသေကားကျ ပုံသဏ္ဌာန်မရှိဘဲ စိုက်ပျိုးသူ၏ အလိုဆန္ဒအလိုက် မည်သည့်အပင် ပုံစံမဆို ကူးပြောင်းနိုင်သည်။
သို့သော်လည်း... ၎င်းမှာ သဘာဝအရ ဆန္ဒအာရုံများကို စားသုံးတတ်သည့် အလွန်အမင်း ရန်လိုသော သက်ရှိမျိုးစိတ် တစ်ခု ဖြစ်သည်။ ခွေးကလေး တစ်ကောင်နီးပါး ရှိသည့် ဉာဏ်ရည်ကြောင့် တစ်ခါတစ်ရံတွင် အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူတတ်ကြသည်။
ဤအပင်များမှာ စုပ်ယူလိုက်ရသည့် ဆန္ဒအာရုံများအပေါ် မူတည်၍ ပိုမိုသန်မာလာတတ်ကြပြီး၊ ၎င်းတို့၏ အဆင့်အတန်းမှာလည်း မျိုးရိုးနှင့် ပြုစုပျိုးထောင်မှုအပေါ်တွင် မူတည်နေသည်။ ယခု မြင်တွေ့နေရသော အပင်မှာမူ အလွန်မြင့်မားသော အဆင့်တွင် ရှိနေသည်။
အမှန်စင်စစ် ကလောက်ကိုယ်တိုင်ပင် ဤရှေးဟောင်းအပင်မျိုးစိတ်ကို မသိရှိချေ။ ထိုနယ်ပယ်ကို သုတေသနပြုထားကြသည့် ပညာရှင် အချို့ ရှိသော်လည်း၊ ဤမျိုးစိတ်အကြောင်းကို သိသူမှာ အလွန်နည်းပါးလှသည်။
စာအုပ်ဆိုင်ပိုင်ရှင်ကို မတော်တဆ စော်ကားမိခြင်းနှင့် ဆိုင်အတွင်းရှိ အရာများကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိစေရန်အတွက် အတွက် မဟာ ရောင်စဉ် သူရဲကောင်းဟောင်း ဂျိုးဇက် က အထူးတလည် မှာကြားညွှန်ကြားခဲ့သောကြောင့်သာ ဤအချက်အလက်ကို ကလောက် သိထားခြင်းဖြစ်သည်။
ယခုတွင်တော့ ကလောက် ထိုအရာကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဗဟိုခရိုင်၏ အဆင့်မြင့်ရဲတပ်ဖွဲ့က တစ်အိမ်တက်ဆင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ကြားကြားချင်းပင် သူ အပြေးအလွှား လာခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် စာအုပ်ဆိုင်ပိုင်ရှင်ကို အနှောင့်အယှက်မဖြစ်စေရန်နှင့် စိတ်အနှောင့်အယှက် မဖြစ်စေရန် အတွက် ဤခရိုင်အတွင်း မည်သည့် ကန့်သတ်ချက်မှ ချမှတ်ထားစေခြင်း မရှိခဲ့ပေ။ ပညာရှင် ကယ်ရိုလိုင်း ၏ ခွဲခြမ်းစိတ်ဖြာချက်အရ စာအုပ်ဆိုင်ပိုင်ရှင်မှာ အေးဆေးတည်ငြိမ်သည့် စရိုက်ရှိသူဖြစ်ပြီး မေးမြန်းစုံစမ်းမှု အတော်များများက သူ့အပေါ် ဆိုးကျိုးသက်ရောက်နိုင်ခြေ မရှိဟု ဆိုထားသည်။
သို့သော်လည်း... ရဲတပ်ဖွဲ့၏ အစိတ်အပိုင်း တစ်ခု အနေဖြင့် ကလောက်မှာ အဆင့်မြင့်ရဲတပ်ဖွဲ့၏ အပြုအမူများက မည်မျှအထိ ရိုင်းစိုင်းနိုင်သည်ကို ကောင်းကောင်းကြီး သိထားပေသည်။
ထူးခြားသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသော လောကတွင် ကလောက်မှာ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ၏ ငရဲဘုံအဆင့် သူရဲကောင်းတစ်ဦးဖြစ်သလို၊ ဂျိုးဇက် ၏ တပည့်လည်းဖြစ်၊ လက်ထောက်လည်း ဖြစ်ကာ၊ ထောက်လှမ်းရေးဌာန၏ ဒုတိယဌာနမှူးလည်း ဖြစ်သည်။
သို့သော်လည်း... သာမန်လူသားများ၏ လောကတွင်မူ သူက ဗဟိုခရိုင် အဆင့်မြင့်ရဲတပ်ဖွဲ့တွင် ကိုယ်ပိုင် အရည်အချင်းဖြင့် ရာထူးတက်လာသည့် လူငယ်ထူးချွန် ကပ္ပတိန် တစ်ဦး ဖြစ်နေပြန်သည်။ ထိုအမှတ်အသားကို အသုံးချ၍ သူ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အတွက် အရေးကြီး သတင်းအချက်အလက်များကို အလွယ်တကူ စုဆောင်းနိုင်ခဲ့ပေသည်။
ဤရဲအရာရှိများမှာ စာအုပ်ဆိုင်ပိုင်ရှင်ကို မည်ကဲ့သို့ စော်ကားခဲ့ကြောင်း သူ မသိသော်လည်း၊ ဆိုင်ရှင်က သူတို့ကို အချိန်ဖြုန်းစရာ၊ ကစားစရာများအဖြစ်သာ သဘောထားလိုက်ခြင်းက ကံကောင်းလှသည်ဟု ဆိုရပေမည်။ ဆန္ဒမျိုးစေ့မှာ သူတို့၏ ဆန္ဒများကို ဝါးမြိုရုံသာ ဝါးမြိုလိုက်ခြင်းဖြစ်ကာ အခြားသော ဘေးဥပဒ်ပြုရန် ရည်ရွယ်ချက် ရှိပုံ မရပေ။
ကလောက် မိမိကိုယ်ကိုယ် ထပ်မံသတိပေးလိုက်၏။ သူ၏ စိတ်ထဲ၌ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းနေတော့သည်။ စာအုပ်ဆိုင်ပိုင်ရှင်မှာ ဖော်ရွေသူဟု သတ်မှတ်ခံထားရသော်လည်း၊ အခရာအဆင့် သက်ရှိများကို လူသားတို့၏ စံနှုန်း၊ ကိုယ်ကျင့်တရားများဖြင့် တိုင်းတာ၍ မရနိုင်ချေ။
ယခုလို 'နည်းနည်းလောက် ခြောက်လိုက်ခြင်း' ဟူသည့် ဖော်ရွေသည့် ပြက်လုံးတစ်ခုသည်ပင် သာမန်လူသားများအတွက် ပြန်လည် ပြင်ဆင်လို့ မရနိုင်သည့် ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ဆက်ဆံရသည့်အခါ သူတို့ဘက်မှ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်ပင် အကန့်အသတ် ရှိလှသည်။ သို့သော်လည်း လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ၏ သူရဲကောင်းတစ်ဦးအနေဖြင့် မည်သို့ပင် အခက်အခဲရှိပါစေ ကူညီရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။
ကလောက်က စာအုပ်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်ရင်း...
"သူတို့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေအတွက် ကျွန်တော်ပဲ တောင်းပန်ပါတယ်"
ဟု ဆိုလိုက်၏။ လင်ကျဲ က လက်ခါပြရင်း...
"ကိစ္စမရှိပါဘူး... သူတို့က ပုံမှန်အတိုင်း မေးမြန်းစုံစမ်းတာပါပဲ... ကျွန်တော့် ဆိုင်အကူလေးရဲ့ အထောက်အထားက အခုမှ လုပ်နေတုန်းဆိုတော့ သူတို့က နည်းနည်း ပိုမေးသွားတာပါ"
ဟု ခပ်ပေါ့ပေါ့ပင် ပြန်ဖြေသည်။ ကလောက်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် မိန်းမငယ်လေးကို နှုတ်ဆက်သည့်အနေဖြင့် ကြည့်လိုက်ပြီး၊ ဤဆိုင်တွင် ဆိုင်အကူတစ်ဦး ရှိနေပြီဖြစ်ကြောင်း မှတ်သားထားလိုက်သည်။
အသေးစိတ် မေးမြန်းလိုသော်လည်း... စာအုပ်ဆိုင် ပိုင်ရှင်က 'သူ့ရဲ့ အထောက်အထားကို လုပ်ဆောင်နေတုန်း' ဟု အတိအလင်း ပြောထားလေရာ ၎င်းက ထပ်မမေးရန် တားမြစ်လိုက်ခြင်းပင် ဖြစ်သည်။ သူသည်လည်း ဟိုသုံးယောက် နောက်သို့ လမ်းဟောင်းအတိုင်း မလိုက်ချင်ပေ။
သို့သော်လည်း... လင်ကျဲမှာ ဂျိုးဇက် ၏ တပည့်အပေါ် မည်သည့်ဆိုးကျိုးမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ထိုသူမှာ အလားအလာရှိသည့် ဖောက်သည်သစ်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း... ဂျိုးဇက် ၏ တပည့်ဖြစ်သူမှာ ဗဟိုခရိုင် အဆင့်မြင့်ရဲတပ်ဖွဲ့မှ ပထမတန်းစား ကပ္ပတိန်လေး တစ်ဦး ဖြစ်နေခြင်းကမူ လင်ကျဲ ကို တကယ်ပင် အံ့အားသင့်စေခဲ့လေသည်။
သို့သော်လည်း ဂျိုးဇက် ပေးအပ်ခဲ့သော ဓားအကြောင်းကို ပြန်လည်စဉ်းစားမိသည့်အခါတွင်မူ ထိုအဘိုးကြီးမှာ သာမန်ရဲအရာရှိဟောင်းတစ်ဦး မဟုတ်နိုင်ကြောင်းနှင့် ယခုလို အဆင့်မြင့် ရာထူးရ တပည့်တစ်ဦး ရှိနေခြင်းမှာလည်း ဖြစ်နိုင်ချေရှိသည်ဟု လင်ကျဲ တွေးလိုက်မိသည်။
ထိုစဉ်မှာပင် မွန်းက ဖျတ်လတ်စွာနှင့် ဖန်ခွက်နှစ်ခွက်အတွင်းသို့ ရေနွေးများ ငှဲ့ထည့်လိုက်ကာ ကောင်တာ၏ တစ်ဖက်တစ်ချက်တွင် နေရာယူထားသည့် လင်ကျဲနှင့် ကလောက်ရှေ့သို့ တိုးပေးလိုက်သည်။
လင်ကျဲက ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်မိ၏။ ဤဆိုင်အကူလေးကို ခေါ်ထားရသည်မှာ တကယ်ပင် တန်လှသည်ဟု သူ စိတ်ထဲမှ မှတ်ချက်ပြုနေမိသည်။ အရာရာကို ကိုယ်တိုင်လုပ်စရာ မလိုတော့သည့်အခါမှပင် မိမိကိုယ်ကိုယ် ဆိုင်ရှင်သူဌေးတစ်ဦးပမာ အမှန်တကယ် ခံစားလိုက်ရတော့သည်။
လင်ကျဲက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ လည်ချောင်းရှင်းလိုက်ရင်း မေးလိုက်သည်။
"ဒါနဲ့... ခင်ဗျား ဒီကိုလာတာ တခြားကိစ္စလည်း ရှိဦးမှာပေါ့ ဟုတ်လား... ဂျိုးဇက်ရော အခုတလော ဘယ်လိုနေသေးလဲ... ကျွန်တော့်ကို ဓားပေးပြီးကတည်းက သူ့ကို ကြည့်ရတာ ပိုပြီး စိတ်ပေါ့ပါးသွားပုံရတယ်နော်"
***
အပိုင်း(၁၁၇) လာရင်းကိစ္စ
လူငယ်မှာ သူ့ကိုယ်သူက ဂျိုးဇက်၏ တပည့်ဖြစ်ကြောင်း မိတ်ဆက် လာလေရာ ဂျိုးဇက် ကပင် လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း... လင်ကျဲ ၏ အမြင်တွင်မူ ကလောက်၏ အမူအရာက နှစ်သစ်ကူးကာလတွင် လူကြီးမိဘများကို အတင်းအကျပ် သွားရောက်ကန်တော့ခိုင်းခံရသည့် ကလေးငယ်တစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
ကလောက်က မွန်းကို ကျေးဇူးတင်စကားဆိုလိုက်ရင်း ဖန်ခွက်ကို လှမ်းယူကာ ခေါင်းညိတ်ပြလိုက်သည်။
"ဆရာက ကျေးဇူးတင်စကား ပြောခိုင်းလိုက်လို့ လာခဲ့တာပါ... သူ အခုတလော နေကောင်းပါတယ်... ပြီးတော့ သူ ကျင့်ကြံ အားထုတ်မှုမှာလည်း အဆင့်တစ်ခု ထပ်တက်ဖို့ အရိပ်အယောင်တွေ ပြနေပါတယ်ခင်ဗျာ"
လင်ကျဲ က မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ဒါဆိုရင်တော့ ဂုဏ်ပြုရမှာပေါ့... အဲဒီလောက် အသက်အရွယ်မှာ စိတ်ဓာတ်ခွန်အား အဆင့်တက်ဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပဲ"
‘ဟူး... အဘိုးကြီး ဂျိုးဇက် ဒီလောက်မြန်မြန် အမြင်မှန်ရသွားလိမ့်မယ်လို့ မထင်ထားဘူ... အတွေ့အကြုံ မရှိဘဲနဲ့ စိတ်အခြေအနေကို မြှင့်တင်ဖို့ဆိုတာ တကယ်ခက်တာ... ကြည့်ရတာ ဟိုဓားကို စွန့်လွှတ်လိုက်တာက သူ့ကို တကယ့်ကို အသိတရား ရစေခဲ့ပုံပဲ...’
ကလောက်က ဆက်လက်၍...
"မစ္စတာ လင် ရဲ့ အကူအညီကြောင့်လည်း နော်ဇင် မြို့ရဲ့ လုံခြုံရေးအဆင့်အတန်းက သိသိသာသာ တိုးတက်လာခဲ့တာပါ"
ဟု တရိုတသေ ပြောလိုက်၏။
စာအုပ်ဆိုင်ပိုင်ရှင်မှာ ထိုနေ့က လူကိုယ်တိုင် ထွက်ပေါ်လာခြင်း မရှိလေရာ... ဤကိစ္စကို မည်သူ့ကိုမျှ မသိစေချင်ဟု ကလောက်က ယူဆထားသည်။ သူက အကဲဆန်းသည့်အနေဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း၊ စိတ်ထဲတွင်မူ အမှန်တရားကို အပိုင်တွက်ထားပြီးသား ဖြစ်သည်။
အဘယ်ကြောင့်နည်း။ ဂျိုးဇက် ပေးအပ်ခဲ့သည့် မိစ္ဆာဓား ကန်ဒယ်လ်သည်သာ ရှေးဟောင်းအဲ့လ်ဖ်ဘုရင်နှင့် ဆက်နွှယ်နေသည့် တစ်ခုတည်းသောအရာ ဖြစ်သောကြောင့်ပင်။
လင်ကျဲ မျက်တောင်တဖျတ်ဖျတ် ခတ်သွားမိသည်။
‘နော်ဇင်မြို့ရဲ့ လုံခြုံရေးက ငါနဲ့ ဘာဆိုင်လို့လဲဟ...’
သို့သော် ဂျိုးဇက်နှင့် သက်ဆိုင် နေနိုင်သည် ဟူ၍သာ သူ လိုရာဆွဲ၍ တွေးလိုက်နိုင်သည်။ ဂျိုးဇက်မှာ မူလက အတော်လေး အစွန်းရောက် နေခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူ့ထံမှ လမ်းညွှန်မှုများ ရရှိပြီးနောက်ပိုင်း 'တိုးတက်မှုများ' ရရှိလာသလို တရားမျှတမှု စိတ်ဓာတ်များလည်း ပြန်လည်နိုးထလာခြင်း ဖြစ်ရမည်ဟု လင်ကျဲ အတတ်မှတ်လိုက်သည်။
သွယ်ဝိုက်သောအားဖြင့် သူက နော်ဇင် အတွက် ပိုမို စွမ်းစွမ်းတမံ လုပ်ဆောင်လာလေရာ နော်ဇင်၏ လုံခြုံရေးမှာလည်း တိုးတက်လာရပေမည်။ ထို့ကြောင့်ပင် ဂျိုးဇက်၏ တပည့်မှာ သူ့ကို ကျေးဇူးတင်နေခြင်း ဖြစ်ရပေမည်။
အရာရာကို သဘောပေါက် သွားလေရာ လင်ကျဲက ရယ်မောရင်း...
"မဟုတ်တာဗျာ၊ တကယ် ကြိုးစားခဲ့တာက ဂျိုးဇက် ပါ... ကျွန်တော်က သူ့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် နည်းနည်းပဲ လမ်းညွှန်ပေးခဲ့တာပါ"
ဟု ဆိုလိုက်၏။
‘ဒါပဲလေ...’
အခြားတစ်ယောက်၌ ကလောက်မှာလည်း သူ လိုချင်သည့် အဖြေကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့က လှုပ်ရှားခဲ့သူမှာ စာအုပ်ဆိုင်ပိုင်ရှင်ပင်။ သူက ဂျိုးဇက် ပေးအပ်ခဲ့သည့် မိစ္ဆာဓားကို မှော်ပစ္စည်းတစ်ခုအဖြစ် အသုံးချကာ ရှေးဟောင်း အဲ့လ်ဖ် ဘုရင်ကို ဆင့်ခေါ်ပြီး 'နတ်ဘုရားသတ်ခြင်း' တည်းဟူသော စွမ်းဆောင်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း စာအုပ်ဆိုင် ပိုင်ရှင်မှာ အလုပ်အားလုံးကို ဂျိုးဇက် က လုပ်ဆောင်ခဲ့သည်ဟု နှိမ့်ချပြောဆိုနေခြင်း ဖြစ်သည်။
‘စာအုပ်ဆိုင်ပိုင်ရှင်က တကယ်ကို နှိမ့်ချပြီး လူမသိအောင် နေထိုင်တတ်သူပဲ...’
ကလောက် စိတ်ထဲမှ တွေးနေမိ၏။ ထို့နောက် သူက ထူထဲလှသော စာရွက်စာတမ်း ဖိုင်တွဲကြီးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ရင်း ယနေ့လာရင်း အဓိကရည်ရွယ်ချက်ကို ပြောပြလိုက်လေသည်။
"မစ္စတာလင် အရင်က ပြောခဲ့ဖူးတဲ့ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆရာကိုယ်တိုင် မှတ်တမ်းတိုက်တွေမှာ သွားရှာပေးထားတာပါ... ဒါပေမဲ့ ဒီဘာသာစကားတွေက အရမ်းဟောင်းနေပြီဖြစ်လို့ သုတေသနပြုချက်တွေက တော်တော်လေး အဆင်မပြေပါဘူး... ကိုးကားစရာလည်း သိပ်မရှိဘဲ ကျောက်စာတချို့ရဲ့ မူရင်းစာသားတွေပဲ ပါပါတယ်... ဒါတွေက ခင်ဗျားအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
....
လင်ကျဲ၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ အဇီး၏ ပျောက်ကွယ်နေသည့် ဘာသာစကားဆိုင်ရာ အချက်အလက်များ...
ဂျိုးဇက် အမွေအနှစ်ဓားကို လာရောက် ပေးအပ်ခဲ့စဉ်က လင်ကျဲမှာ ဓားသွားပေါ်ရှိ စာသားများကို စိတ်ဝင်စားမိလေရာ လေ့လာချင်သည်ဟု အမှတ်မထင် ပြောမိခဲ့ခြင်း ဖြစ်သည်။ ဂျိုးဇက်က အချက်အလက်များ ကူညီရှာဖွေပေးမည်ဟု ပြောခဲ့သော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ရလိမ့်မည်ဟု လင်ကျဲ မထင်ထားခဲ့ပေ။
‘အဘိုးကြီး ဂျိုးဇက် ကတော့ တကယ့်ကို အားကိုးရတဲ့သူပဲ...’
လင်ကျဲ မှတ်တမ်းဖိုင်တွဲကို လှမ်းယူရင်း အမြန်လှန်ကြည့်လိုက်သည်။ 'သုတေသနပြုချက်တွေက အတော်လေး အဆင်မပြေ’ ဟု ကလောက်ပြောရသည့် အကြောင်းရင်းကို သူ ချက်ချင်းပင် နားလည်သွားသည်။
ဤထူထဲလှသော ဖိုင်တွဲကြီးထဲ၌ အများစုမှာ ကျောက်စာမူရင်းများ၏ မှတ်တမ်းများနှင့် ကျောက်စာ ကူးယူချက် များသာ ဖြစ်သည်။ နောက်ဆုံးပိုင်းရှိ စာရွက်အနည်းငယ်မှာသာ နောက်မျိုးဆက်များ၏ သုတေသနရလဒ်များ ပါရှိသည်။ ထို့အပြင် ထိုသုတေသနများမှာလည်း စနစ်တကျ မရှိလှပေ။
မတူညီသော လူများက အပိုင်းအစများကို အသီးသီး သုတေသနလုပ်ပြီး ပြန်လည်ပေါင်းစပ်ထားသကဲ့သို့ ရှိသည်။ လင်ကျဲ မည်သို့ပင် ကြည့်စေကာမူ ထိုသုတေသနများမှာ 'ခန့်မှန်းချက်' များနှင့် 'ထင်မြင်ချက်' များသာ ဖြစ်ပြီး၊ အမှန်တကယ် ဘာသာပြန်ဆိုနိုင်သော အပိုင်းမှာ အလွန်ပင် နည်းပါးလှသည်။
အမြန်လှန်ကြည့်ရုံမျှဖြင့် လင်ကျဲ တစ်ခုကို အတတ်သိလိုက်၏။ ဤမှတ်တမ်းတင်သူများနှင့် ဘာသာပြန်သူများ (ဤသမိုင်းဝင်အကြွင်းအကျန်များကို တူးဖော်ခဲ့သူများ ဖြစ်နိုင်ချေရှိ) မှာ ပညာရှင်အစစ်အမှန်များ မဟုတ်ကြခြင်းပင်။
တူးဖော်သူများထဲတွင် ပညာရှင်များ မပါဝင်ဟု မဆိုလိုသော်လည်း... မှတ်တမ်းများမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေသည်။ ဤလူများမှာ ကျောက်စာကူးယူချက်များကို ရရှိပြီးနောက် သူတို့၏ စိတ်ထဲပေါ်လာသော အတွေးများကို ပေါ့ပေါ့တန်တန် ရေးမှတ်ထားခဲ့ကာ၊ နောက်ဆက်တွဲ သုတေသနများကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ကြပုံရသည်။
အကယ်၍ နောက်ပိုင်းခေတ် ပညာရှင်များကသာ ရေးသားခဲ့ခြင်းဖြစ်လျှင် ထူးခြားသော အခြေအနေတစ်ရပ်ရပ်နှင့် မကြုံတွေ့ရပါက ဤကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားလိမ့်မည် မဟုတ်ကြောင်း လင်ကျဲ အပိုင်တွက်ထားသည်။ သို့မဟုတ်လျှင်လည်း ၎င်းတို့မှာ အလုပ်အပေါ် စေတနာမရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ဤအသုံးမဝင်သော သုတေသနမှတ်စုများကို ဖယ်ထုတ်လိုက်လျှင်ပင် ကျောက်စာကူးယူချက် စာမျက်နှာ (၁၂) မျက်နှာခန့် ကျန်ရှိနေသေးသည်။ ဤသည်မှာ မထင်မှတ်ထားလောက်အောင် များပြားလှသော ပမာဏဖြစ်သဖြင့် လင်ကျဲ အလွန်ကျေနပ်သွားမိသည်။
လင်ကျဲ သည် စာရွက်စာတမ်းများကို သေသေချာချာ စုစည်းကာ စားပွဲပေါ်တင်လိုက်ပြီးနောက် ကလောက်ကို ပြုံးပြလိုက်၏။
"ဒါတွေကို အရောက်ပို့ပေးရတာ တော်တော် ပင်ပန်းသွားမှာပဲ... ခဏလောက် အနားယူရင်း စာအုပ်ဖတ်ချင်သလား... ကျွန်တော် အကြံပြုပေးနိုင်ပါတယ်"
စာအုပ်ဆိုင်ပိုင်ရှင်က ဤသို့ ပြောလာလိမ့်မည်ဟု ကလောက်ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း... စာအုပ်စင်များနှင့် လင်ကျဲ ၏ နောက်ကွယ်ရှိ အရိပ်များကို ကြည့်ကာ သူ ခဏမျှ တွန့်ဆုတ်နေမိသည်။
"ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... ဒါပေမဲ့ ကျွန်တော် ဒီမလေးမစားလုပ်တဲ့ လူသုံးယောက်ကို အရင် ကိုင်တွယ်ရဦးမှာမို့လို့ အခုလောလောဆယ်တော့ အချိန်မပေးနိုင်သေးပါဘူး"
ကလောက်က ကြမ်းပြင်ပေါ်တွင် လဲကျနေသော ရဲအရာရှိသုံးဦးကို ညွှန်ပြလိုက်ရင်း စာအုပ်ဖတ်ချင်သော်လည်း အချိန်မရသေးကြောင်း ပြောလိုက်သည်။ သူ ငြင်းဆိုလိုက်ခြင်းမှာ ကိုယ့်အခြေအနေကို သိသောကြောင့်သာမက၊ ဆရာဖြစ်သူ၏ မှာကြားချက်များကို လိုက်နာနေခြင်းလည်း ဖြစ်သည်။
စာအုပ်ဆိုင်အတွင်းရှိ စာအုပ်များမှာ သာမန်မဟုတ်ကြောင်း သူ သိထားသလို၊ ဆိုင်ရှင်၏ စွမ်းပကားကိုလည်း သူ နားလည်သည်။ ထို့အပြင်... စာအုပ်ဆိုင်ပိုင်ရှင် ပေးအပ်မည့် လက်ဆောင်ကို သူကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်း ရှိ၊ မရှိကိလည်း သူ ထည့်သွင်းစဉ်းစားရပေမည်။
ဆရာဖြစ်သူ၏ သမီး မေလီဆာမှာ မကြာသေးမီကပင် ဤဆိုင်မှ စာအုပ်တစ်အုပ်ကို ငှားခဲ့ပြီး အဆက်မပြတ် စာဖတ်နေသည့် ဝေဒနာ ခံစားခဲ့ရသည်။ မိမိကိုယ်ကိုယ် ရပ်တန့်နိုင်စွမ်း မရှိခဲ့ချေ။ အကယ်၍ ဂျိုးဇက် သာ အတင်းအကျပ် ဝင်မတားခဲ့လျှင် မည်မျှ ဆိုးရွားလှသည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မသိနိုင်ချေ။
ကံကောင်းထောက်မစွာဖြင့်... ထိုစဉ်က မေလီဆာမှာ အစားမစား၊ အိပ်ရေးမဝခြင်းကြောင့် သတိလစ်သွားခဲ့သည်။ သို့တိုင်အောင် သူမ တစ်ပတ်လုံးလုံး အိပ်ရာထဲတွင် လဲနေခဲ့ရပြီး ယခုထက်တိုင် ပြန်လည်ကျန်းမာလာစေရန် ပြုစုနေရဆဲ ဖြစ်သည်။ ထို့ပြင် သူမ၏ စရိုက်မှာလည်း အနည်းငယ် ပြောင်းလဲသွားပုံရလေသည်။
ဆရာဖြစ်သူက မေလီဆာ ရရှိခဲ့သည့် အကျိုးကျေးဇူးမှာ ပေးဆပ်လိုက်ရသည့် ရင်းနှီးမှုထက် များစွာသာလွန်သည်ဟု ပြောခဲ့သော်လည်း၊ ကလောက်အနေဖြင့်မူ မသိစိတ်ထဲမှ စိုးရိမ်ထိတ်လန့်မှုကို မဖျောက်ဖျက်နိုင်သေးချေ။
ထို့ကြောင့်ပင်... ဤနေရာသို့ မလာမီ ဂျိုးဇက်က ကလောက်အား စာအုပ်ဆိုင်ပိုင်ရှင် စာအုပ်များ အကြံပြုလာပါက ပါးနပ်စွာ ငြင်းဆိုရန် သင်ကြားပေးခဲ့သည်။
အကယ်၍ ငြင်းဆို၍မရဘဲ လက်ခံလိုက်ရပါကလည်း အလွန်အမင်း သတိထားရန်၊ စာအုပ်၏ အသုံးဝင်ပုံကို မေးမြန်းရန်နှင့် ဆိုင်ရှင်ရှေ့တွင်ပင် စာအုပ်ကို ဖွင့်ကြည့်ရန် မှာကြားခဲ့သည်။ သို့မဟုတ်လျှင်လည်း ဆရာဖြစ်သူထံသို့ ပြန်ယူလာပြီးမှ အတူတကွ ဖတ်ရှုရမည်ဖြစ်ပြီး၊ မည်သည့်အခြေအနေမျိုးတွင်မဆို တစ်ဦးတည်း သီးသန့်ဖတ်ရှုခြင်း မပြုရန် ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့သည်။
ထို့ကြောင့်ပင် သူ သင့်လျော်သည့် အကြောင်းပြချက်ဖြင့် ငြင်းလိုက်ခြင်းပင် ဖြစ်သည်။
***
အပိုင်း(၁၁၈) သုတေသန စာတမ်းများ
"တကယ် နှမြောစရာပဲ... နောက်တစ်ခါပေါ့လေ”
လင်ကျဲမှာ ပိုက်ကွန်ထဲမှ ငါးကြီး လွတ်မြောက်သွားသလို နှမြောတသဖြစ်သွားသော်လည်း အမူအရာမပျက်စေဘဲ ကြမ်းပြင်ပေါ်မှ ရဲအရာရှိသုံးဦးကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့... ဒီတစ်သုတ်ရဲတွေက ကျွန်တော်မြင်ဖူးသမျှထဲမှာ အညံ့ဆုံးပဲ... ခင်ဗျားတို့ ဗဟိုခရိုင် ရဲတပ်ဖွဲ့အနေနဲ့ လူသစ်စုဆောင်းတဲ့ စံနှုန်းတွေနဲ့ အရည်အသွေးကို မြှင့်တင်ဖို့ တကယ် လိုအပ်နေပြီ ထင်တယ်"
ဒီတစ်သုတ်...
ကလောက်သည် ထိုအရေးကြီးသော စကားလုံးကို ဖမ်းဆုပ်လိုက်မိသည်။ ထိုစကားအရ စာအုပ်ဆိုင် ပိုင်ရှင်မှာ ယခင်ကလည်း ဗဟိုခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ဆက်ဆံဖူးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူက ထိုအချက်အလက်သစ်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
"မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်တော် အထက်လူကြီးတွေကို တင်ပြလိုက်ပါ့မယ်"
ကလောက်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။
"ဒါ့အပြင် တခြား လိုအပ်တာရှိရင်လည်း ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်... ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ"
"ဒါပေါ့... ဆက်သွယ်ရမှာပေါ့"
လင်ကျဲ က ယဉ်ကျေးပျူငှာစွာ ဆိုရင်း သူ သိပ်အသုံးမပြုဖြစ်သည့် ဆက်သွယ်ရေးကိရိယာထဲသို့ နံပါတ်အသစ်တစ်ခုကို ထည့်သွင်းလိုက်သည်။
ထိုစဉ် လင်ကျဲ၏ ဆက်သွယ်ရေးကိရိယာ နောက်ကျောဘက်တွင် မထင်မရှား ရှိနေသော ဂျူးဝှစ် တံဆိပ် အမှတ်အသားကို ကလောက် သတိပြုမိသွားသည်။
သူ သိရှိထားသလောက် သတင်းအချက်အလက်များအရ ဆိုလျှင်... ဤစာအုပ်ဆိုင်မှာ အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လက်အောက်တွင် ရှိနေခဲ့သည်မှာ အတိအကျဆိုလျှင် သုံးနှစ်ပင် ရှိတော့မည်။ လွန်ခဲ့သော သုံးနှစ်ဆိုသည်မှာ ချက်ပ်မန်း မိသားစုက ထို 'ကပြားမ' လေးကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည့် အချိန်ပင်။
အကယ်၍ ဤစာအုပ်ဆိုင်၏ တည်ရှိမှုကိုသာ မည်သူမျှ မသိရှိခဲ့လျှင် 'ချက်ပ်မန်း စုန်းမ' ၏ ကိစ္စမှာ ဖော်မရသော ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပေလိမ့်မည်။ သို့သော် အချက်အလက်များကို ဆက်စပ်ကြည့်လိုက်သည့်အခါတွင်မူ အရာအားလုံးက ရုတ်ချည်း ရှင်းလင်းသွားတော့သည်။
စာအုပ်ဆိုင်ပိုင်ရှင်၏ သြဇာလွှမ်းမိုးမှုမှာ လွန်ခဲ့သော သုံးနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသုံးနှစ်အတွင်း သူက မည်မျှသော နယ်ရုပ်များကို ချထားခဲ့သည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ကလောက် တစ်ယောက် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ ဝယ်လ် အပါအဝင် ဤစာအုပ်ဆိုင်၏ တည်ရှိမှုကို သိရှိသူ ယခုထက်တိုင် အလွန်နည်းပါးနေသေးခြင်းပင်။
အမှန်တရား အသင်းတော် မှ လူများပင်လျှင် မသိနားမလည်သေးသည့် အဆင့်တွင်သာ ရှိနေကြသေးသည်။
ဤသည်မှာ ကောင်းသော အချက်ပင်...။
လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် စာအုပ်ဆိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ပိတ်ဆို့ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန်ပင် အချိန်ကိုက်လှသည်။ နောင်တစ်ချိန်တွင် အမှန်တရား အသင်းတော် အတွင်း အကွဲအပြဲများ ဖြစ်ပေါ်လာသည့်အခါ သူတို့အနေဖြင့် ကိုယ့်သေတွင်းကိုယ် တူးမည့်လမ်းကို မရွေးချယ်မိရန် မျှော်လင့်ရုံသာ ရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ဘက်မှ လုံလောက်သော သတိပေးချက်များကို ပေးထားပြီး ဖြစ်သောကြောင့်ပင်။
"ဪ... ဒါနဲ့"
စာအုပ်ဆိုင်ပိုင်ရှင်က ရုတ်တရက် မော့ကြည့်လိုက်သဖြင့် ကလောက်၏ အတွေးစများ ပြတ်တောက်သွား၏။
"တခြား ညွှန်ကြားစရာ ရှိသေးလို့လားဗျ...."
ကလောက်က ချက်ချင်းပင် ကိုယ်ကိုမတ်လိုက်ရင်း တုန့်ပြန်လိုက်သည်။ ဂျိုးဇက် တပည့်ဖြစ်သူ၏ အမူအရာကို ကြည့်ရင်း လင်ကျဲ ရယ်မောလိုက်မိသည်။ သူတို့ နှစ်ဦးမှာ အသက်အရွယ်ချင်း သိပ်မကွာလှသော်လည်း၊ တစ်ဖက်လူက သူ့ကို လူကြီးတစ်ဦးသဖွယ် ဆက်ဆံနေပုံရသည်။
‘ဟူး... ဒါပေမဲ့ ငါက သူ့ဆရာနဲ့ ခင်တာဆိုတော့ ဒီလို အထင်လွဲတာမျိုးကလည်း သဘာဝကျပါတယ်လေ...’
"အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဗျာ... ကျွန်တော်က လူသားစားတဲ့သူ မဟုတ်ပါဘူး"
လင်ကျဲ က ပေါ့ပေါ့ပါးပါး စနောက်လိုက်၏။
"ဒါနဲ့ မေလီဆာရော ဘယ်လိုနေလဲ... စာတွေရော ပုံမှန်လုပ်ရဲ့လား"
"ခင်ဗျားဆရာရဲ့ သမီးအကြောင်း ပြောတာပါ... အရင်တစ်ခါက သူ ဒီကိုလာတုန်းက ဂျိုးဇက် နဲ့ စိတ်ကောက်လာတယ် ထင်တယ်... ကျွန်တော်နဲ့ လက်မောင်းလှဲပြီး အားစမ်းသွားသေးတယ်... ပြီးမှ လေ့ကျင့်ခန်းစာအုပ်တချို့ ဝယ်သွားတာ... အခုပြန်စဉ်းစားကြည့်တော့ အဲဒီစာအုပ်တွေက သူ့အဆင့်နဲ့ နည်းနည်း ခက်နေမလားလို့လေ... သူ စာလုပ်ရတာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
‘အခက်တွေ့နေတာမှ တကယ့်ကို အကြီးအကျယ်ပဲ... သူ အိပ်ရာထဲလဲနေတာ တစ်ပတ်တောင် ရှိပြီ... ခင်ဗျား လူသားစား၊ မစားဆိုတာကတော့ ဒီမှာ လဲနေတဲ့ သုံးယောက်ကို မေးကြည့်ရင် အသိဆုံး ဖြစ်လိမ့်မယ်...’
ကလောက်က စိတ်ထဲမှ ကျိတ်၍ ရေရွတ်လိုက်သော်လည်း အပြင်တွင်တော့ ယဉ်ကျေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ... သူ တကယ်ပဲ စာကို စွဲစွဲမြဲမြဲ လုပ်နေပါတယ်... အခုတလော သိပ်နေမကောင်းဖြစ်နေပေမဲ့ တိုးတက်မှုတွေကို သိသိသာသာ မြင်နေရပါတယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့... သူ့ကို ပြောလိုက်ပါ... အကောင်းဆုံး ရလဒ်တွေ ရဖို့အတွက် အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် လုပ်ရမယ်လို့"
လင်ကျဲက မှာကြားလိုက်၏။
"ကျွန်တော် သတင်းစကား ပါးလိုက်ပါ့မယ်"
ကလောက် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိ၏။ စာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင်ပြောလိုက်သည့် စကားဖြစ်သဖြင့် မေလီဆာလည်း နားထောင်ပေလိမ့်မည်။
"တခြား ညွှန်ကြားစရာ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး..."
စာအုပ်ဆိုင်ပိုင်ရှင်ထံမှ ခေါင်းညိတ်ခွင့်ပြုချက် ရသည်နှင့် ကလောက် ထရပ်လိုက်၏။ ထို့နောက် အသိစိတ်များ ဝေဝါးနေဆဲဖြစ်သော ရဲအရာရှိသုံးဦးကို မကာ ဆိုင်ပြင်သို့ ခေါ်ဆောင်သွားလေတော့သည်။
…
လင်ကျဲ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် အနည်းငယ် ဆင်ယင်လျက် ကလောက်ကို လက်ယမ်းနှုတ်ဆက်လိုက်သည်။
ဆိုင်တံခါး ပြန်လည်ပိတ်သွားသည်နှင့် သူ၏ အကြည့်တို့က ကောင်တာပေါ်ရှိ ထူထဲလှသော သုတေသန စာတမ်းများပေါ်သို့ ကျရောက်သွားတော့သည်။ ဤလောကသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်ပိုင်း လင်ကျဲအနေဖြင့် ယခုကဲ့သို့ အရာမျိုးနှင့် ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှေးဟောင်း နယ်မြေများသို့ သွားရောက်ခြင်း၊ ဝေးလံခေါင်ဖျားသော ကျေးရွာများသို့ ခရီးနှင်ခြင်း၊ သုတေသန အချက်အလက်များကို စနစ်တကျ ပြုစုခြင်းနှင့် အလုပ်ရှုပ်လှသော လှုပ်ရှားရုန်းကန်မှုတို့မှာ သူ၏ အတိတ်ဟောင်းမှ အမှတ်တရများသာ ဖြစ်နေခဲ့ချေပြီ။
ဤလောကသို့ စတင်ရောက်ရှိစက အဇီး၏ သမိုင်းကြောင်းနှင့် ဓလေ့ထုံးစံများကို လေ့လာရင်း နေသားတကျရှိစေရန် ကြိုးပမ်းခဲ့သည့် ကာလမှလွဲ၍ သူ၏ ပရော်ဖက်ရှင်နယ် အလုပ်ကို လင်ကျဲ လုံးဝ မလုပ်ဖြစ်ခဲ့ပေ။ အကျိုးအမြတ်မပါဘဲ အဲ့လ်ဖ် မလေး၏ မိသားစု အဆောင်အယောင် တံဆိပ်ကို အဓိပ္ပာယ်ဖော်ထုတ်ပေးဖို့ ကိစ္စမှာလည်း အစပျိုးရုံသာ ပျိုးရသေးကာ ပြင်ဆင်မှုအဆင့်တွင်သာ ရှိနေသေးသည်။ မိသားစု မျိုးနွယ်စုထံမှ လိုအပ်သော အချက်အလက်များအား ဒိုရစ် ယူဆောင်လာမည့် အချိန်ကိုသာ သူ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
အမှန်စင်စစ် လင်ကျဲမှာ သူစိမ်းတရံစာ နယ်မြေသစ်တွင် ရောက်ရှိနေသူဖြစ်ရာ စိတ်ပါသည့်တိုင် သုတေသနပြုရန် အထောက်အထား ရှာဖွေဖို့ပင် ခဲယဉ်းလှသည်။ သို့သော် ယခုအခါတွင်မူ ကလောက်က သူ့အတွက် အဖိုးတန်သော အရာများကို ယူဆောင်လာပေးခဲ့လေပြီ။
လင်ကျဲသည် စာရွက်စာတမ်းများကို သေချာစွာ စီထပ်လိုက်ရင်း စိတ်ထဲတွင် ကြည်နူးမှုများကို အတိုင်းသား ခံစားလိုက်ရသည်။ ဂျိုးဆက်၏ တပည့်ဖြစ်သူမှာ ပထမတန်းစား ရဲအရာရှိတစ်ဦး ဖြစ်သည့်အပြင် မွန်းက မည်သူမည်ဝါဖြစ်ကြောင်း ပြဿနာကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အက်ရှ် ကုန်သည်ကြီးများအသင်းထံမှ မွန်းအတွက် မှတ်ပုံတင်အသစ် ရောက်မလာခင် အချိန်အထိ ယနေ့ကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကိစ္စရပ်မျိုး ထပ်မံကြုံတွေ့ရတော့မည် မဟုတ်ဟု လင်ကျဲ ယုံကြည်လိုက်သည်။
ဤသည်မှာ အဆက်အသွယ် ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်တော့သည်။
နေ့စဉ်နှင့်အမျှ ‘စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စကားများ’ ကို ဆက်လက်ဝေမျှကာ ရေရှည်အတွက် ရည်မှန်း၍ ငါးကြီးကြီးရအောင် ငါးမျှားချိတ်ချထားရမည်ဟု လင်ကျဲ တွေးလိုက်မိသည်။ သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး ဖောက်သည်တိုင်း၏ အရင်းအမြစ်များကို အသုံးချကာ... မဟုတ်သေး၊ အပြန်အလှန် အကျိုးရှိအောင် ဖော်ဆောင်နိုင်မည် မဟုတ်ပါလော။
“ဒါတွေက ဘာတွေလဲဟင်... ဘော့စ်”
မွန်းက အနားသို့ တိုးကပ်လာရင်း သုတေသန စာတမ်းများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ထိုဉာဏ်ရည်တု လူသား မိန်းမငယ်လေးတွင် မွေးရာပါ စူးစမ်းလိုစိတ် ရှိနေသည်။ လွန်ခဲ့သည့် သုံးရက်တာ ကာလ အတွင်း ဗဟုသုတများစွာ ဆည်းပူးခွင့်ရခဲ့ခြင်းကပင် သူမ၏ အသိဉာဏ် ဗလာနတ္ထိဖြစ်မှုကို သတိပြုမိစေခဲ့ပြီး ပညာရပ်များကို ပိုမိုငတ်မွတ်လာစေခဲ့ခြင်း ဖြစ်သည်။
“ဒါက ရှေးဟောင်း အဇီးရဲ့ ပျောက်ကွယ်သွားတဲ့ ဘာသာစကားဆိုင်ရာ အချက်အလက်တွေလေ... ငါ့အိပ်ခန်းထဲက ဓားပေါ်မှာ ထွင်းထားတဲ့ စာသားတွေနဲ့ ဘာသာစကား တူတူပဲ”
လင်ကျဲက မွန်း၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်ရင်း တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“ကလေးမ... ဒါတွေက မင်းကြည့်ရမယ့် အရာတွေ မဟုတ်သေးဘူး... မင်းရဲ့ အဆင့်က ဒါတွေကို နားလည်ဖို့ လိုသေးတယ်... ခုနက လူသုံးယောက်လို ခေါင်းတွေမူးပြီး ဒီနေရာမှာတင် မေ့လဲသွားချင်လို့လား”
မွန်းက သူမ၏ နဖူးကို အသာအယာ ကိုင်လိုက်ရင်း ညည်းတွားလိုက်သည်။ သို့သော် လင်ကျဲက ဓားပေါ်ရှိ စာသားများအကြောင်း ပြောလိုက်သောကြောင့် သူမ မြင်တွေ့ခဲ့ဖူးသော ထိုစာသားများကို မသိစိတ်ဖြင့် ပြန်လည်အမှတ်ရသွားပြန်သည်။
မျက်လုံးအစွန်မှ ဝိုးတဝါး မြင်လိုက်ရသော သုတေသန မှတ်တမ်းများပေါ်ရှိ အက္ခရာတို့သည် ထိုဓားပေါ်မှ စာသားများနှင့် ဆက်နွှယ်နေပုံရ၏။ ထိုအက္ခရာများကြားတွင် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သော ယဉ်ကျေးမှုကြီးတစ်ခု၏ ဝိညာဉ်ကို သူမ မှေးမှိန်စွာ ခံစားလိုက်ရသည်။
ဟူး... ဟူး...
တစ်ခေတ်တစ်ခါက အကြွင်းအကျန်များနှင့် ရေတွက်၍မရနိုင်သော သတင်းအချက်အလက် အပိုင်းအစများသည် သူမ၏ မျက်စိရှေ့တွင် အလွန် လျှင်မြန်စွာ ဖြတ်သန်းသွားကြ၏။ ထိုပုံရိပ်ယောင်များက ခဏတာမျှသာ ဖြစ်သော်လည်း သူမကို အကြီးအကျယ် တုန်လှုပ်စေရန် လုံလောက်လှပေသည်။
မွန်းသည် ခဏမျှ ကြောင်အသွားပြီးနောက် ဤသည်မှာ မကြည့်သင့်သော အရာဖြစ်ကြောင်း သဘောပေါက်သွားသည်။ တစ်ခဏလေး ထိတွေ့လိုက်ရုံနှင့်ပင် စိတ်ကူးယဉ် အာရုံများက လက်တွေ့ အလား သက်ဝင်လာသယောင် ခံစားရသည်ဆိုလျှင်... အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိပါက မည်သို့ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
သူမ လက်ဖက်ရည်အိုးနှင့် ခွက်များကို အမြန်ကောက်ယူကာ အပေါ်ထပ်သို့ ခပ်သွက်သွက် တက်သွားတော့၏။
***
အပိုင်း(၁၁၉) သုတေသန စာတမ်းများ (၂)
“စားပွဲပေါ်က ဓားနဲ့ ငါ့ရဲ့ မှတ်စုစာအုပ်ကိုပါ တစ်ခါတည်း ယူလာခဲ့ဦးနော်...”
လင်ကျဲက မွန်းကို လှမ်းအော်ပြောလိုက်ပြီးနောက် ပါးလျသည့် သူမ၏ ကျောပြင်လေး ပျောက်ကွယ်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“သူ ဒီလောက်တောင် ကြောက်သွားတာလား... ကလေးဆိုတော့လည်း ကလေးပဲပေါ့လေ... ပါရမီတော့ ရှိပါရဲ့ ဒါပေမဲ့ စာသင်ရမှာကိုတော့ ကြောက်နေတုန်းပဲ... ဟူး... တစ်နေ့ကျလို့ သူက သူ့အလိုအလျောက် စာသင်ဖို့ တောင်းဆိုလာတဲ့အခါမှပဲ တကယ် လူလားမြောက်ပြီလို့ ပြောရမယ်... အဲဒီအချိန်ကျရင် ငါ့မှာ စာအုပ်ဆိုင် ဝန်ထမ်းတင်မကဘူး၊ သုတေသန လက်ထောက်တစ်ယောက်ပါ ရပြီပေါ့”
ဆိုင်အပြင်ဘက် လေထုထဲ၌ လွင့်နေသည့် ရဲတပ်ဖွဲ့၏ တားမြစ်တိပ်အဝါရောင်ကို ကြည့်ရင်း လင်ကျဲ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိ၏။
ယနေ့လို အခြေအနေမျိုးတွင် ဖောက်သည်များ ထပ်မံလာရောက်မည် မဟုတ်ကြောင်း တွေးတောမိကာ ဆိုင်တံခါးကို မင်းတုတ်ချလိုက်ရင်း ဆိုင်းဘုတ်ကိုလည်း ‘ပိတ်သည်’ ဘက်သို့ လှန်လိုက်တော့သည်။
ထို့နောက်... သူ ကောင်တာနောက်ကွယ်ရှိ ထိုင်ခုံတွင် ပြန်လည်ထိုင်လိုက်ပြီး စားပွဲတင် မီးအိမ်ကို ဖွင့်ကာ သုတေသန မှတ်တမ်းများကို သေချာစွာ စတင်ဖတ်ရှုတော့သည်။
ဂျိုးဆက် စုဆောင်းပေးထားသော စာရွက်စာတမ်းများတွင် မူရင်းစာသား၏ မိတ္တူ၊ သက်ဆိုင်ရာ သုတေသန မှတ်စုများနှင့် အခြား ဆက်စပ်အထောက်အထားများ ပါဝင်သည်။ စုစုပေါင်းအားဖြင့် မူရင်းစာသား ၂၁ မျက်နှာ၊ သုတေသန မှတ်စု ၁၅ မျက်နှာနှင့် ဆက်စပ်အထောက်အထားအဖြစ် စာအုပ်တစ်အုပ်၏ အမည်သာ ပါရှိသည်။
ဤဘာသာစကားအား အသေးစိတ် သုတေသနပြုထားခြင်း မရှိသေးသည်မှာ ထင်ရှားလှပေသည်။
လင်ကျဲ သူ၏ အရှေ့မှ ပညာရှင်များ ရေးသားထားသော စာတမ်းများကို အရင်ဆုံး ဖတ်ရှုလိုက်သည်။
သုတေသန ပြုလုပ်သူများမှာ ‘ပရစ် ဟောလ်’ နှင့် ‘ထရိုလော့ပ် ရူးပတ်’ အမည်ရှိ ပညာရှင် နှစ်ဦး ဖြစ်ပြီး မူရင်းစာသားများမှာလည်း ကဏ္ဍ လေးခု ကွဲပြားနေသည်။
ရူးပတ်၏ သုတေသနမှာ သမိုင်းနှင့် သက်ဆိုင်သော အပိုင်းသုံးခုလုံးအပေါ် အခြေခံထားပြီး လင်ကျဲက ထိုအပိုင်းများကို ‘ဘာသာရေး အစွန်းရောက်မှု’ ၊ ‘နိုင်ငံတော် ထွန်းကားခြင်း’ နှင့် ‘တူညီသော ကလဲ့စားချေမှု’ ဟု အမည်တပ်လိုက်သည်။ ဟောလ်၏ သုတေသနမှာမူ ‘ဓလေ့ထုံးစံများ’ ဟုခေါ်သည့် ကြွင်းကျန်ရစ်သည့် အပိုင်းအစငယ်လေးများအပေါ်တွင်သာ ဖြစ်သည်။
အနှစ်သာရ မရှိသည့် အယူအဆများကို ဖယ်ထုတ်လိုက်ပါက အသုံးဝင်သော အချက်အလက် သုံးချက်ကိုသာ တွေ့ရသည်။
ပထမ တစ်ချက်... ဤရှေးဟောင်း စာအက္ခရာများကို မြို့အောက်ပိုင်းရှိ အပျက်အစီးများကြားမှ တူးဖော်တွေ့ရှိခြင်းဖြစ်သည်။ ၎င်းတို့မှာ ရှေးဟောင်း အဇီး၏ ဒုတိယခေတ်၊ ဆိုလိုသည်မှာ မှောင်မိုက်သော ကာလအတွင်းရှိ ‘အဲလ်ဖို့ဒ်’ ဘုရင့်နိုင်ငံတော် လက်ထက်က ဖြစ်သည်။ ထိုစာသားများမှာ ပျောက်ကွယ်သွားသည့် သမိုင်းကာလတစ်ခုအကြောင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်... သုတေသီနှစ်ဦး ဖော်ထုတ်ခဲ့သော အချက်အလက်များမှာ လင်ကျဲ အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသည်များနှင့် အံ့သြဖွယ်ကောင်းလောက်အောင် တူညီနေခြင်းဖြစ်သည်။
‘ဘုရားသခင်’ တစ်ပါး ဆင်းသက်လာရာမှ ကိုးကွယ်ယုံကြည်မှုနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပုံ...
အဲလ်ဖို့ဒ် ဘုရင့်နိုင်ငံတော် အရှိန်အဟုန်ဖြင့် အာဏာစက် ကြီးမားလာပုံ...
နောက်ဆုံးတွင် အဲလ်ဖို့ဒ်၏ နောက်ဆုံးဘုရင်က ထို ‘ဘုရားသခင်’ ကို စိန်ခေါ်ရာမှ နိုင်ငံတော်နှင့်အတူ ပျက်သုဉ်းသွားပုံတို့ပင် ဖြစ်သည်။
ထို့အပြင် ‘ခန်းမဖြူကြီးအတွင်းရှိ အခမ်းအနားများ’ နှင့် ‘ဘုရင် ဆောင်းမြန်းသော လော်ရယ် ဥသျှောင်’ စသည့် ဓလေ့ထုံးစံ အသေးစိတ်များမှာလည်း ပါဝင်နေသေးသည်။
ဤသည်မှာ လင်ကျဲ အိပ်မက်ထဲတွင် တွေ့ကြုံခဲ့ရသော အဲ့လ်ဖ်ဘုရင် ‘ကန်ဒယ်လာ’ ၏ ဘဝဇာတ်ကြောင်းနှင့် တစ်ထပ်တည်း ကျနေလေသည်။
တတိယအချက်... အထောက်အထား စာအုပ်၏ အမည်မှာ ‘မှောင်မိုက်သောကာလ - အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း’ ဖြစ်သည်။
ဆက်စလောလောဆယ်တွင် ၎င်းကို အမှန်တရား အသင်းတော် ဟုခေါ်သော အဖွဲ့အစည်းက သိမ်းဆည်းထားသည်။ အထက်ပါ သုတေသီနှစ်ဦးမှာမူ ထိုစာအုပ်ကို ကြည့်ရှုခွင့် မရခဲ့ကြချေ။
လင်ကျဲသည် နားထင်ကို အသာအယာ ဖိနှိပ်လိုက်မိသည်။ ဤကိစ္စက အတော်လေး ထူးဆန်း နေသယောင် ထင်ရသည်။
သူ မက်ခဲ့သည့် အိပ်မက်က ရှေ့ဖြစ်ဟော အိပ်မက်လော။ သို့မဟုတ် ယခင်က ကြုံတွေ့ဖူးသည်ဟု ထင်မှတ်မှားခြင်း (Deja vu) သာလော။
သို့သော်လည်း... အိပ်မက်ထဲမှ အရာအားလုံးက သူ၏ မှတ်ဉာဏ်ထဲတွင် ယခုထက်တိုင် ရှင်းလင်းစွာ ရှိနေဆဲ ဖြစ်သည်။ ဤစာရွက်စာတမ်း အထောက်အထားများမှာလည်း အတုအယောင်များ ဖြစ်နိုင်စရာ မရှိချေ။
လင်ကျဲ ဤလောကသို့ စတင်ရောက်ရှိစက အဇီးနှင့် ပတ်သက်၍ ကိုယ်တိုင်လေ့လာခဲ့စဉ်ကပင် ယခုလို အက္ခရာမျိုးများကို မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ဓားကို စတင်ရရှိချိန်၌ ဓားပေါ်ရှိ စာသားများမှာ ရှေးဟောင်းအဇီးဘာသာစကားပင် ဖြစ်ကြောင်း သူ ချက်ချင်းပင် ခွဲခြားသိမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူရရှိခဲ့သည့် အထောက်အထား အများစုမှာလည်း အက်ရှ် ကုန်သည်ကြီးများအသင်းက ပံ့ပိုးပေးထားခြင်းဖြစ်ရာ အတုအယောင်များ ဖြစ်နိုင်စရာ မရှိပေ။
အခြေအနေအရ ‘အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း’ စာအုပ်ကို လက်ဝယ်ရရှိမှသာ လင်ကျဲအနေဖြင့် ဖြစ်ပျက်သမျှ အမှန်တရား အားလုံးကို သိရှိနိုင်ရန် ခြေတစ်လှမ်း ပိုနီးစပ်လာမည် ဖြစ်သည်။
လင်ကျဲ စာရွက်စာတမ်းများကို ပြန်လည် ချလိုက်၏။ ထိုအချိန်သို့ ရောက်မှ မွန်း သူ့အနားတွင် ဓားကို လာရောက်ထားပေးသွားသည်ကို သတိပြုမိတော့သည်။
သူ ဓားကို ကောက်ယူကာ မှန်ချပ်ကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသော ဓားသွားကို အရင်ဆုံး စစ်ဆေးလိုက်သည်။ ပြီးနောက်... ဓားပေါ်ရှိ စာသားများကို သေချာစွာ စူးစမ်းလိုက်၏။
မွန်းကို ကယ်တင်ပြီးနောက်ပိုင်း သူမ ထိတ်လန့်သွားမည် စိုးသဖြင့် ထိုဓားကို သူ သိမ်းဆည်းထားခဲ့သည်။ ထို့ကြောင့်... အတန်ကြာအောင် သေသေချာချာ မကြည့်ဖြစ်ခဲ့ပေ။
အိပ်မက်ထဲတွင် ‘ဘုရားသခင်’ ကို သုတ်သင်ခဲ့ပြီးနောက် သူ နိုးထလာခဲ့သည်မှာ ရက်အနည်းငယ်မျှ ကြာခဲ့ပြီ ဖြစ်သည်။
ထိုအဖြစ်အပျက်ပြီးနောက် ဤဓားကို ပထမဆုံးအကြိမ် ပြန်လည်ကြည့်ရှုလိုက်ချိန်တွင်မူ ရင်းနှီးကျွမ်းဝင်သည့် အာရုံတစ်ခုက သူ့ စိတ်အစဉ်ထဲသို့ ရုတ်ချည်း စီးဝင်လာတော့၏။
ရုတ်ချည်းဆန်သလား... ကမောက်ကမ ဆန်လေသလား မသိ။ ဓားပေါ်တွင် ထွင်းထုထားသော စာသားများ၏ အဓိပ္ပာယ်ကို သူသည် အလိုအလျောက်ပင် နားလည်သဘောပေါက်သွားခဲ့သည်။
ထိုစာသားများမှာ... “ရှည်လျားလှသော ညတာအဆုံး၌ သင်သည် အလင်းရောင် ဖြစ်လာလိမ့်မည်” ဟူ၍ အဓိပ္ပာဉ် ရပေသည်။
ထို့အပြင် ကျောက်စာမိတ္တူများ၏ အနှစ်သာရကိုလည်း သူ သဘောပေါက်သွားပြန်၏။ သုတေသီ ‘ဟောလ်’ လေ့လာခဲ့သည်မှာ ‘ဓလေ့ထုံးစံများ’ မဟုတ်ဘဲ မြင့်မြတ်သော ဓားတော်ကို လက်ဆင့်ကမ်းနှင်းအပ်သည့် ‘ဓမ္မထုံးတမ်း အခမ်းအနား’ သာ ဖြစ်ချေသည်။
ရေအဆို့ရှင်တစ်ခုကို ဖွင့်ချလိုက်သကဲ့သို့ပင် လင်ကျဲ တစ်ယောက် ကန်ဒယ်လာ၏ တည်ရှိမှုကို တစ်ဖန် ပြန်လည်ခံစားလိုက်ရ၏။ ဓားသွားပေါ်တွင် ထင်ဟပ်နေသည့် သူ၏ ပုံရိပ်မှာ တောက်ပသည့် ရွှေရောင်ဆံနွယ်များနှင့် သံလွင်စိမ်းရောင် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည့် ခန့်ညားထည်ဝါသော အဲ့လ်ဖ်ဘုရင်ကြီးအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ဤသည်မှာ အဲလ်ဖို့ဒ်၏ နောက်ဆုံးသော ဝိညာဉ်က မချုပ်ငြိမ်းမီ ပေးအပ်ခဲ့သည့် နောက်ဆုံးလက်ဆောင်... သူ၏ စင်ကြယ်သော ဝိညာဉ်ပင် ဖြစ်တော့သတည်း။
...
ဓားသွားပေါ်တွင် ပေါ်လာသော ထိုပုံရိပ်ယောင်မှာ ခဏတာမျှသာ ဖြစ်သည်။
အလင်းရောင် တစ်ချက်လက်သွားသည်နှင့် ကန်ဒယ်လာ၏ ပုံရိပ်သည်လည်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ သို့သော် လင်ကျဲမှာမူ မိမိမျက်စိမှားခြင်း မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။
'ဒါက... တစ္ဆေခြောက်နေတာလား...’
သူ ထိုင်ခုံကို နောက်သို့ အနည်းငယ် မှီလိုက်ရင်း ဓားကို အသာအယာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက်... ဓားပေါ်ရှိ စာသားများကို တစ်ဖန်ပြန်၍ စစ်ဆေးနေမိ၏။ ပြောပြ၍ မရနိုင်သည့် ထိုရင်းနှီးကျွမ်းဝင်မှု အာရုံက လျော့ပါးသွားခြင်း မရှိချေ။
သိသင့်သိထိုက်သည့် အရာများကဲ့သို့ပင် သတင်းအချက်အလက် အမြောက်အမြားက သူ၏ စိတ်အာရုံထဲသို့ တိုးဝှေ့စီးဝင်လာနေသည်။
ဤဓားမှာ ခန်းမဖြူကြီး၏ အလယ်ဗဟိုတွင် စိုက်ထူထားရမည့် အရာဖြစ်ကြောင်း၊ အဲလ်ဖို့ဒ်၏ မြင့်မြတ်သော ဓားတော်နှင့် လော်ရယ် ဥသျှောင် သရဖူတို့မှာ ဘုရင်၏ အာဏာစက် သင်္ကေတများ ဖြစ်ကြောင်း စသည်ဖြင့် အမျိုးအမည် စုံလင်လှသည်။
လွန်ခဲ့သည့် သုံးရက် အိပ်မက်ထဲမှ လင်ကျဲ နိုးထလာစဉ်က ဤဓားကို ကြည့်ရုံဖြင့်ပင် သူကိုယ်တိုင် စစ်တလင်းများစွာ၌ ဤဓားကို ကိုင်စွဲတိုက်ပွဲဝင်ခဲ့သကဲ့သို့ ခံစားခဲ့ရသည်။ ယခုမူ ထိုခံစားချက်မှာ စိတ်ကူးယဉ် အထင်မှားမှု မဟုတ်တော့သည်မှာ ထင်ရှားလှသည်။ အကြောင်းမူကား သူတစ်ခါမျှ မသင်ယူခဲ့ဖူးသော ဘာသာစကားတစ်ခုကိုပင် အလိုအလျောက် နားလည်သဘောပေါက်သွားခြင်းကြောင့် ဖြစ်သည်။
ဤသို့ ဖြစ်ရခြင်းတွင်... ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက် တစ်ခုခု ရှိနိုင်သည်ဟု လင်ကျဲ တွေးမိသည်။ ဥပမာ - ထူးခြားသော အာရုံခံနိုင်စွမ်းရှိသည့် ရောဂါ (Savant syndrome) တစ်မျိုးပင်။ သို့သော်လည်း... သူ၏ ဦးခေါင်းမှာ မကြာသေးမီက ထိခိုက်ဒဏ်ရာရထားခြင်း မရှိလေရာ သူ့ ဦးနှောက်မှာလည်း ပုံမှန်အတိုင်းပင် အလုပ်လုပ်နေသည်ဟု လင်ကျဲ ယုံကြည်သည်။
ထို့အပြင် ဘာသာစကားတစ်ခုကို ရုတ်ချည်း နားလည်သွားရန်အတွက် အတိတ်ကာလက ထိုဘာသာစကားကို လေ့လာဖူးခြင်း သို့မဟုတ် ထိတွေ့ဖူးခြင်းမျိုး ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အကြောင်းပြချက်မှာ သူနှင့် သက်ဆိုင်ပုံမရပေ။
ရုတ်တရက်... ကန်ဒယ်လာက သူ့ကို ပစ္စည်းတစ်ခု ပေးခဲ့ဖူးကြောင်း လင်ကျဲ သတိရသွားသည်။ ၎င်းမှာ ‘လော်ရယ် ဥသျှောင်’ ပင် ဖြစ်သည်။
လင်ကျဲ မိမိ၏ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သော်လည်း ထူးခြားသည့်အရာကို မတွေ့ရပေ။
“ဟုတ်သားပဲ... တကယ်လို့ အဲဒါ ရှိနေရင်လည်း ဒီရက်ပိုင်းအတွင်းမှာ ငါ သတိထားမိမှာပေါ့”
သူ လက်ကောက်ဝတ်ကို အသာအယာ ပွတ်သပ်လိုက်ရင်း သက်ပြင်းချရမလား၊ နောင်တရရမလား မဝေခွဲနိုင်ဘဲ ဖြစ်နေတော့သည်။
***