← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

အလင်းဓာတ်၏ အကာအကွယ်ကောင်းကင်လုံးပေါ်ထွက်လာခြင်းသည် တော်ဝင်မှော်အကယ်ဒမီ၏ ကျဆင်းသွားသော ဂုဏ်သတင်းကို တစ်နည်းတစ်ဖုံ ပြန်လည်ဆယ်တင်ပေးလိုက်နိုင်ခဲ့သည်။

မှော်ပူးပေါင်းတိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့သော်လည်း မှော်အတတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းမှာ နှမ်းစေ့ပျောက်လို့ ဖရဲသီးရသကဲ့သို့ပင် အလွန်တန်ဖိုးရှိလှသည်။

တောက်ပသော ကောင်းကင်အလင်းလုံးမှာ အခြေခံကာကွယ်ရေးမှော်သာ ဖြစ်သော်လည်း ဤ အကာအကွယ်ကောင်းကင်လုံးမှာမူ မှော်ဆရာတစ်ဦးကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့သည့် ထူးခြားသော မှော်အတတ်သစ်တစ်ခု ဖြစ်သည်။

တော်ဝင်မှော်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးပျော်နေသလို မှော်ဆေးရည်ဌာနမှ ကျောင်းသားများမှာလည်း အံ့အားသင့်နေကြသည်။ အေးအေးဆေးဆေးနေတတ်ပြီး ထူးခြားမှုမရှိဟု ထင်ရသော ဂူဖုန်းက ယခုကဲ့သို့ မှော်အတတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားမှုကြောင့် ဂူဖုန်းမှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။

သူသည် လူအများရှေ့တွင် ထင်ပေါ်ကျော်ကြားရန် လုံးဝ ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ အစောက နတ်ဆိုးကျားသစ် ခုန်အုပ်လာချိန်တွင် ချီက အမြန်ဆုံး တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ဂူဖုန်း ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ဘေးနားမှ ယွင်ရှန်း၏ သတိပေးသံကို ကြားလိုက်ရသည်။

"ဂူဖုန်း... ကောင်းကင်အလင်းလုံး"

ဂူဖုန်းသည် ယွင်ရှန်း၏ စကားကို အမြဲနားထောင်သူဖြစ်ရာ ထိုအခိုက်အတန့်တွင် ဘာမှထပ်မစဉ်းစားတော့ဘဲ သူ၏မှော်ကြိမ်လုံးကို မြှောက်လိုက်ခြင်းသာ ဖြစ်သည်။ ယခုအခါ လူအားလုံးက သူ့ကို ဝိုင်းကြည့်နေကြသဖြင့် သူ အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်နေရသည်။

ချန်လျန်လျန်မှာမူ ဟန်ဆောင်အပြုံးတစ်ခုဖြင့် ဒဏ်ရာရသွားသော ဆုန်းရှန်းရူကို ဆေးကုသဆောင်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

အိမ်ရှေ့မင်းသား ယီပိုင်လျန်၏ မျက်နှာမှာလည်း အတော်ပင် ပျက်ယွင်းနေသည်။ မှော်တိုက်ခိုက်ရေးအသင်း၏ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် တိုက်ခိုက်ရေးအသင်း၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

တော်ဝင်သားရဲထိန်းကျောင်းသူကိုယ်တိုင် ယဉ်ပါးအောင် လုပ်ထားသည့် ဤနတ်ဆိုးကျားသစ်က ဘာကြောင့် ရုတ်တရက် ဒီလောက်အထိ ရိုင်းစိုင်းကြမ်းတမ်းသွားရသလဲပြောလိုက်သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ချန်လျန်လျန်သည် ယနေ့ သရုပ်ပြပွဲအတွက် တိုက်ခိုက်ရေးအသင်း၏ အစီအစဉ်ကို သူ့အား ကြိုတင်အသိပေးထားခဲ့ပြီး ဤနတ်ဆိုးကျားသစ်ကိုလည်း အထူးတလည် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့မင်းသား ယီပိုင်လျန်သည်လည်း အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်နိုင်စွမ်း ရှိသူဖြစ်သည်။ သူသည် ထိတ်လန့်သွားကြသော ကျောင်းသားများကို နှစ်သိမ့်ရန် ထရပ်လိုက်ပြီး ဝူကျိခန်းမဘက်သို့ လှည့်ကာ ချီးကျူးစကားဆိုရန်လည်း မမေ့လျော့ခဲ့ပေ။

"ဝူရွှမ်းဝူကျိခန်းမ က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ။ ပုကျိုရှောင်ရဲ့ ကျိုရှောင်ဓားချက်ကတော့ တကယ့်ကို မဟာဆရာကြီးတစ်ဦးရဲ့ အရှိန်အဝါမျိုး ရှိနေပြီ"

သို့သော် သူ၏စကားများထဲတွင် မှော်ဆေးရည်ဌာနကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ဂူဖုန်း၏ မှော်အတတ်သစ်ကို သူ လုံးဝ မမြင်လိုက်သကဲ့သို့ပင်။

အစောက ပုကျိုရှောင် အသုံးပြုသွားသော ဓားသိုင်းပညာမှာ ကျိုရှောင်တိုက်ကွက်ဟု ခေါ်သည်။ စစ်သည်တော်များနှင့် မှော်ဆရာများမှာ ကွဲပြားကြသည်။ မှော်ဆရာများသည် အဆင့်တက်တိုင်း ဂါထာအသစ်များကို နားလည်သဘောပေါက်လာကြသော်လည်း စစ်သည်တော်များသည် မဟာစစ်သည်တော်အဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်များကို ကိုယ်တိုင် သုတေသနပြု ဖန်တီးလေ့ရှိကြသည်။

ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ပုကျိုရှောင်၏ ကောင်းကင်ခွဲဓားသိုင်းမှာ သူ၏ အမှတ်အသားဖြစ်ပြီး ဒဏ္ဍာရီအရ ၎င်းတွင် တိုက်ကွက် ၉ ကွက် ပါဝင်သည်။ ယခုအချိန်အထိ သူသည် ဒုတိယမြောက် တိုက်ကွက်ကိုသာ နားလည်

သဘောပေါက်ထားသေးသော်လည်း အဆင့် ၅ နတ်ဆိုးကျားသစ်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ရန် လုံလောက်ခဲ့သည်။ ၎င်း၏ စွမ်းအားမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်ကို ချီးကျူးကြသည်မှာ မဆန်းလှပေ။ သို့သော် ပုကျိုရှောင်မှာမူ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

နတ်ဆိုးကျားသစ်ကို အိမ်ရှေ့မင်းသား၏ အခြွေအရံများက သယ်ဆောင်သွားကြပြီဖြစ်သဖြင့် သူ၏ စိတ်ထဲတွင် ရှိနေသော သံသယများကို ရှင်းထုတ်ရန် အခွင့်အရေး မရှိတော့ပေ။

သူသည် မိမိဓားချက်၏ အင်အားကို ကောင်းစွာ သိသည်။ သူသည် နတ်ဆိုးကျားသစ်ကို နောက်သို့ လွင့်ထွက်သွားအောင်သာ ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ ထိုခဏ၌ နတ်ဆိုးကျားသစ်၏ လှုပ်ရှားမှုမှာ ပုံမှန်ထက် များစွာ နှေးကွေးနေပြီး သူ၏ ဓားချက်ကို မရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ နတ်ဆိုးကျားသစ်သည် ပြင်းထန်သော ဒဏ်ရာတစ်ခု ရရှိထားသကဲ့သို့ပင်။

ပုကျိုရှောင်၏ စူးရှသော အမြင်အရ တော်ဝင်အကယ်ဒမီမှ မဟာမှော်ညွှန်ကြားရေးမှူး နှစ်ဦးသည် နတ်ဆိုးကျားသစ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ကြောင်း သူ အတတ်ပြောနိုင်သည်။ မှော်အကာအကွယ် ပျက်စီးသွားသည့် စက္ကန့်ပိုင်းအတွင်း၌ပင် နတ်ဆိုးကျားသစ်မှာ ပုံမှန်အတိုင်း လှုပ်ရှားနေခဲ့သေးသည်။

သို့သော် မှော်ဆေးရည်ဌာန ကျောင်းသားများဆီသို့ ခုန်အုပ်လိုက်ချိန် တောက်ပသော ကောင်းကင်အလင်းလုံးနှင့် ထိတွေ့ပြီးနောက်တွင်မူ ၎င်း၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့သည်။

အလင်းဓာတ်မှော်ဆရာတစ်ဦးသည် တိုက်စစ်နှင့် ခုခံရေး မှော်နှစ်မျိုးကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ပေ။ ထို့ကြောင့် ဂူဖုန်းနှင့်အတူရှိနေသော အခြားနှစ်ဦးထဲမှ တစ်ဦးဦးက အခြေအနေကို တစ်ခုခု ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ကောက်ချက်ချနိုင်သည်...

ပုကျိုရှောင်သည် မှော်ဆေးရည် အဖွဲ့ ၁၃ မှ အခြားအဖွဲ့ဝင်နှစ်ဦးကို တိတ်တဆိတ် အကဲခတ်နေမိသည်။

တစ်ချက်ကြည့်ရုံဖြင့် မှော်ဝတ်ရုံကို တင်းကျပ်စွာ ဝတ်ဆင်ထားသော မှော်ဆရာချီမှာ တစ်ခုခု လုပ်ဆောင်ခဲ့သူဖြစ်ရန် အလားအလာ အရှိဆုံးပင်

ပုကျိုရှောင် စဉ်းစားနေစဉ်မှာပင် ယွင်ရှန်းမှာမူ နတ်ဆိုးကျားသစ်ကို သယ်ဆောင်သွားသည်ကို မြင်မှပင် သက်ပြင်းချနိုင်တော့သည်။

အစောက အခြေအနေမှာ အမှန်တကယ်ပင် အန္တရာယ်ကြီးမားခဲ့သည်။ မှော်အကာအကွယ် စတင်တုန်ခါလာကတည်းက ယွင်ရှန်းသည် တစ်ခုခုဖြစ်တော့မည်ကို ကြိုတင်ရိပ်မိနေခဲ့သည်။

ဂူဖုန်းကို တောက်ပသော ကောင်းကင်အလင်းလုံးထုတ်ရန် သတိပေးလိုက်သည့် တစ်ခဏမှာပင် သူမသည် လွန်ခဲ့သောရက်များက အကြိမ်ကြိမ် လေ့ကျင့်ထားသည့် အမှောင်ဆူးကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။

ဆေးဝိညာဉ်အပ်နှင့် အမှောင်ဆူးတို့ကို ပေါင်းစပ်လိုက်ခြင်းကြောင့် အမှောင်ဓာတ်၏ အငွေ့အသက်ကို အကုန်အစင် ဖျောက်ဖျက်ထားနိုင်ခဲ့သည်။ မမြင်နိုင်သော အမှောင်ဆူးအပ်တစ်ချောင်းသည် နတ်ဆိုးကျားသစ်၏ နဖူးတည့်တည့်ကို ထိမှန်သွားခဲ့သည်။

ထိုအပ်သည် သားရဲ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် အမှောင်အတွင်းအားများ ပါဝင်နေသဖြင့် သွေးများအတွင်း ဖြည်းဖြည်းချင်း အရည်ပျော်သွားမည် ဖြစ်သည်။ ထို့အပြင် ပုကျိုရှောင်၏ နောက်ဆုံးဓားချက်ကြောင့်လည်း ပါဝင်ရာ အိမ်ရှေ့မင်းသား ယီပိုင်လျန်က နတ်ဆိုးကျားသစ် သေဆုံးရခြင်းအကြောင်းရင်းကို နောက်မှ စုံစမ်းစစ်ဆေးလျှင်ပင် ကျိုရှောင်ဓားချက်ကြောင့်ရသော ဒဏ်ရာကိုသာ တွေ့ရှိရမည်ဖြစ်ကြောင်း ယွင်ရှန်း အတတ်သေချာနေသည်။

"အစောက အဖြစ်အပျက်ကြောင့် အိမ်ရှေ့မင်းသားနဲ့ ဝူကျိခန်းမက လူတွေ အတော်လေး အံ့ဩသွားကြပုံပဲ။ တိုက်ခိုက်ရေးဌာနရဲ့ သရုပ်ပြပွဲကို ခေတ္တရပ်နားထားပါမယ်။ ခဏလောက် အနားယူပြီးရင်တော့ ကျွန်မတို့ရဲ့ မှော်ဆေးပညာအသင်း က မှော်ဆေးရည် ဖော်စပ်မှုကို လူသိရှင်ကြား ပြသသွားမှာပါ"

ထိုသို့ကြေညာချက် ထွက်ပေါ်လာသည်။

ဂူဖုန်းသည်လည်း အံ့အားသင့်နေမှုများမှ ပြန်လည်သတိဝင်လာကာ ချီနှင့် ခေတ္တခွဲခွာပြီး လနတ်သမီး၏ ချီးမွမ်းခြင်းဆေးရည်ကို လူအများရှေ့ ဖော်စပ်ပြသရန်အတွက် မှော်ဆေးပညာအသင်းနှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ဆေးကုသဆောင်အတွင်း၌မူ ဆုန်းရှန်းရူမှာ အလွန်စိတ်ဓာတ်ကျနေသည်။ သူမသည် ယနေ့ ပုကျိုရှောင်ရှေ့တွင် ထင်ပေါ်ချင်ခဲ့သော်လည်း အစီအစဉ်များက ပြောင်းပြန်ဖြစ်သွားကာ တိုက်ခိုက်ရေးအသင်း၏ မျက်နှာကိုသာ အိုးမည်းသုတ်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

သူမ ပို၍ သည်းမခံနိုင်သောအချက်မှာ မှော်ဆေးရည်ဌာနမှ ထိုကောင်လေးဂူဖုန်းက မှော်အတတ်သစ်တစ်ခုကို တကယ်ပဲ တတ်မြောက်သွားခြင်း ဖြစ်သည်။ အကယ်၍ မှော်ဆေးပညာအသင်းကသာ မှော်ဆေးရည်အသစ်ကို အောင်မြင်စွာ ဖော်စပ်ပြနိုင်ခဲ့လျှင် တော်ဝင်အကယ်ဒမီတွင် တိုက်ခိုက်ရေးဌာနက နှစ်ရှည်လများ ကြီးစိုးလာခဲ့သည့် အခြေအနေမှာ ယနေ့မှစ၍ ပြောင်းလဲသွားနိုင်ပေသည်။

"လျန်လျန်... ငါ တောင်းပန်ပါတယ်။ ငါ တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး"

ဆုန်းရှန်းရူကို ဆေးကုသဆောင်သို့ ပို့ဆောင်ပေးပြီးနောက် ချန်လျန်လျန် သည် သူမကို ဆူပူခြင်းလည်းမရှိ နှစ်သိမ့်ခြင်းလည်းမပြုဘဲ တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံရသည်။

"တောင်းပန်နေလို့ ဘာထူးမှာလဲ။ ဖြစ်ပြီးတာတွေက ဖြစ်ကုန်ပြီ။ အခု ငါတို့လုပ်နိုင်တာက မှော်ဆေးပညာအသင်းလည်း နင့်လိုပဲ အမှားအယွင်း ဖြစ်ပါစေလို့ ဆုတောင်းဖို့ပဲ ရှိတော့တယ်"

ချန်လျန်လျန်က အေးစက်စွာ ပြောလိုက်သည်။ သူမသည် အပြင်ပန်းတွင် ယဉ်ကျေးပျူငှာပုံရသော်လည်း တကယ်တမ်းတွင် စိတ်ကျဉ်းမြောင်းပြီး အရာရာတွင် နံပါတ်တစ် ဖြစ်ချင်သူ ဖြစ်သည်။

သူမသည် မှော်ဆေးပညာအသင်းကို ဤအခွင့်အရေးအား အသုံးချပြီး အခြေအနေကို ပြောင်းပြန်လှန်ခွင့် လုံးဝပေးမည်မဟုတ်ပေ။

"ဒါပေမဲ့ ငါကြားတာတော့ ဒီတစ်ခါ မှော်ဆေးရည်ဌာနက လူ ၅ ယောက် ပူးပေါင်းပြီး ဖော်စပ်မှာတဲ့ အတော်လေး ယုံကြည်မှုရှိနေကြပုံပဲ။ သူတို့ ဆေးရည်အသစ်ကို အကြိမ်ကြိမ် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တယ်လို့လည်း သိရတယ်။ ဒါပေမဲ့ ဖော်စပ်ပုံကိုတော့ လျှို့ဝှက်ထားတာမို့ ဘာဆေးရည်လဲဆိုတာ ဘယ်သူမှ မသိကြဘူး"

ဆုန်းရှန်းရူက ပြောလိုက်သည်။ ချန်လျန်လျန်၏ လေသံကြောင့် သူမအပေါ် ရန်ငြိုးထားနေပြီကို သိလိုက်သဖြင့် ဆုန်းရှန်းရူမှာ စိုးရိမ်မကင်း ဖြစ်နေရသည်။

"နင်တို့လို အသုံးမကျတဲ့သူတွေကိုပဲ အားကိုးနေရင် ငါတို့ တိုက်ခိုက်ရေးအသင်း ပြိုလဲသွားတာ ကြာလှပြီ။ ကံကောင်းလို့ ငါက အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားတာရှိတယ်"

ချန်လျန်လျန်က ပြောပြီး လက်ခုပ်တီးလိုက်ရာ မှော်ဆေးရည်ဌာန ဝတ်စုံဝတ်ထားသည့် အလယ်အလတ်အဆင့် ကျောင်းသူတစ်ဦး ဝင်လာသည်။

သူပါလား။

ထိုသူကို မြင်လိုက်ရသောအခါ ဆုန်းရှန်းရူမှာ မှင်တက်သွားသည်။ ချန်လျန်လျန်တွင် ဤကဲ့သို့ အရန်အစီအစဉ် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုကျောင်းသူမှာ အနည်းငယ် တွန့်ဆုတ်နေပုံရသည်။

"မစိုးရိမ်ပါနဲ့။ ဒီနေ့ အလုပ်သာ ပြီးမြောက်အောင် လုပ်ပေးနိုင်ရင် နင့်ကို တော်ဝင်ဆေးရုံမှာ အလုပ်ရအောင် ငါ့အဖိုးကို အကူအညီတောင်းပြီး ထောက်ခံပေးမယ်။ အဲဒီကျရင် နင့်မိသားစုလည်း တောင်ပေါ်ရွာလေးမှာ ဆင်းရဲဒုက္ခခံပြီး ငတ်ပြတ်နေဖို့ မလိုတော့ဘူးပေါ့"

ချန်လျန်လျန်က အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

All Chapters