← Chapters

အခန်း (၁၃၁)

Vol. 13 Ch. 131

အခန်း (၁၃၁)

Vol. 13 Ch. 131

မှော်ဆေးပညာအသင်း၏ ယခုတစ်ကြိမ် မှော်ဆေးရည်ဖော်စပ်မှုသည် အင်အားအလုံးအရင်းဖြင့် ပြင်ဆင်ထားခြင်းဖြစ်ပြီး ယွင်ရှန်းကို အဖွဲ့ဝင်သစ်အဖြစ် ထည့်သွင်းကာ လနတ်သမီး၏ ချီးမွမ်းခြင်းအတွက် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

"အိမ်ရှေ့မင်းသားနဲ့ ဝူရွှမ်းဝူကျိခန်းမက လူတွေအားလုံး ဒီမှာရှိနေကြတာ။ ဒီတစ်ခါတော့ ငါတို့ မှော်ဆေးပညာအသင်း ဂုဏ်ယူဝင့်ကြွားနိုင်တော့မှာပါ"

အန်ကျဲက နောက်ဆုံးပိတ် စိတ်ဓာတ်မြှင့်တင်ရင်း ပြောလိုက်သည်။

ဒီတစ်ကြိမ်တွင် ကံတရားကပင် သူတို့ကို ကူညီနေသည်ဟု သူ ခံစားနေရသည်။ တိုက်ခိုက်ရေးအသင်း၏ ပူးပေါင်းတိုက်ခိုက်မှုမှော်မှာ ကျရှုံးသွားခဲ့ပြီဖြစ်ရာ သူတို့၏ စွမ်းအားမြင့်ဆေးရည်က မှော်ဆေးပညာအသင်း ထိုက်တန်သော ဂုဏ်သိက္ခာကို ရရှိစေရန် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်။

မှော်ဆေးပညာအသင်းဘက်တွင် အစောပိုင်းက ဒဏ်ရာရသွားသဖြင့် မပါဝင်နိုင်တော့သော မှော်ဆရာတစ်ဦးကို ဖယ်ထုတ်လျှင် ကျန်ရှိနေသူများမှာ ယွင်ရှန်းနှင့်အတူ ယခင်ပြင်ဆင်မှုများ၌ အကြိမ်ကြိမ် ဆုံတွေ့ဖူးသူများ ဖြစ်ကြသည်။ သူတို့မှာ အလွန်အမင်း ရင်းနှီးခြင်းမရှိသော်လည်း တစ်ဦးနှင့်တစ်ဦး မှတ်မိနေကြသည်။

ကျန်ရှိသော အဖွဲ့ဝင်နှစ်ဦးမှာ အသက် ၁၁ နှစ်အရွယ် အခြေခံကျောင်းသား ဝမ်ဟွာနှင့် အန်ကျဲကဲ့သို့ပင် အလယ်အလတ်အဆင့်ကျောင်းသူဖြစ်သော ဟွာခေါ့ခေါ့တို့ ဖြစ်ကြသည်။

သူတို့ ငါးဦး၏ လုပ်ငန်းတာဝန် ခွဲဝေမှုကိုလည်း အစောကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။ မှော်ဆေးဝါးပညာရှင်နှင့် ဆရာဝန်တို့မှာ ကွဲပြားသည်။ အကြောင်းမှာ မှော်ဆေးရည် ဖော်စပ်ခြင်းသည် မှော်ဓာတ်အမြောက်အမြားကို ကုန်ဆုံးစေသောကြောင့် ဖြစ်သည်။

လနတ်သမီး၏ ချီးမွမ်းခြင်းကို ဖော်စပ်ရန် ခက်ခဲရခြင်းမှာ မှော်ဓာတ်များစွာ အသုံးပြုရခြင်းကြောင့် ဖြစ်ပြီး ပုံမှန်အားဖြင့် မှော်အရှင်သခင်သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိသူမှသာ အောင်မြင်စွာ ဖော်စပ်နိုင်သည်။ သို့သော် အန်ကျဲသည် သူ၏ဆရာထံမှ လမ်းညွှန်မှုနှင့် နှစ်ရှည်လများ သုတေသနပြုမှုများကြောင့် ဤဆေးရည်ဖော်စပ်ပုံကို အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

"ငါတို့အားလုံး ဒီဆေးရည်ဖော်စပ်ပုံကို ရင်းနှီးပြီးသားပါ။ ခဏနေရင် ဝမ်ဟွာက ကုန်ကြမ်းပစ္စည်းတွေကို အကြိုပြင်ဆင်မယ်။ ငါက မှော်ပစ္စည်းတွေကို သန့်စင်မယ် ဂူဖုန်းရဲ့ အလင်းဓာတ်က ဆေးရည်ဖြည့်စွက်ဓာတ်အဖြစ် ဆောင်ရွက်မယ်။ ခေါ့ခေါ့က ဆေးရည်တွေကို ရောစပ်မယ်။ ပြီးရင် နောက်ဆုံးအဆင့်မှာ ယွင်ရှန်းက ဆေးရည်ရဲ့ မှော်ဓာတ်ကို တည်ငြိမ်အောင် လုပ်ပေးရမယ်"

ထိုသို့ ညွှန်ကြားပြီးနောက် အန်ကျဲသည် ပစ္စည်းအားလုံး အဆင်သင့်ဖြစ်မဖြစ် တစ်ခေါက် ထပ်မံစစ်ဆေးကာ ရင်ပြင်သို့ ထွက်ခွာရန် တိုက်တွန်းလိုက်သည်။

"မမ ခေါ့ခေါ့... ပစ္စည်းတွေ သယ်တာ ကျွန်တော် ကူပါရစေ"

ဂူဖုန်းက ဟွာခေါ့ခေါ့ ကိုင်ထားသော လေးလံပုံရသည့် မှော်ပစ္စည်းများကို မြင်သောအခါ ကူညီရန် ကမ်းလှမ်းလိုက်သည်။

ဟွာခေါ့ခေါ့နှင့် ဂူဖုန်းတို့မှာ ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ နှစ်ဦးစလုံးမှာ တောင်ပေါ်ရွာလေးများမှ လာကြသော ဆင်းရဲသားကျောင်းသားများ ဖြစ်ကြသည်။ ဂူဖုန်း မှော်ဆေးရည်ဌာနသို့ စတင်ဝင်ရောက်စဉ်ကတည်းက ဟွာခေါ့ခေါ့သည် သူ့ကို အမြဲတမ်း ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

"ရပါတယ် မမဘာသာ သယ်နိုင်ပါတယ်"

ဟွာခေါ့ခေါ့ က သူမကိုင်ထားသော မှော်ပစ္စည်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဂူဖုန်းကို ငြင်းပယ်လိုက်သည်။ သူမ ကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေပုံရသည်။

အခြားသူများကမူ သူမကို သတိမမူမိကြပေ။ အဖွဲ့ဝင် ၅ ဦးအနက် တည်ငြိမ်နေသော ယွင်ရှန်းမှလွဲ၍ ကျန်သူအားလုံးမှာ ရင်တထိတ်ထိတ်ဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သူတို့အားလုံးသည် ဤမှော်ဆေးရည်ကို ယခင်က အကြိမ်ကြိမ် ဖော်စပ်ဖူးကြသော်လည်း၊ မှော်တိုက်ခိုက်ရေးနှင့် မတူဘဲ ဆေးရည်ဖော်စပ်ခြင်းမှာ ခန့်မှန်းရခက်ခဲလှသည်။ အသေးငယ်ဆုံး အမှားတစ်ခုကြောင့်ပင် မထင်မှတ်ထားသော မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။

ထို့အပြင် သူတို့သည် ပုံမှန်အားဖြင့် ဓာတ်ခွဲခန်းအတွင်း၌သာ ဖော်စပ်လေ့ရှိကြပြီး ယခုကဲ့သို့ အကယ်ဒမီရှိ ဆရာ၊ ကျောင်းသားအားလုံး၏ ရှေ့မှောက်တွင် လူသိရှင်ကြား ဖော်စပ်ရခြင်းမှာ မှော်ဆေးပညာအသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ အောင်မြင်မှုမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

ရင်ပြင်၌ ဆရာများနှင့် ကျောင်းသားများသည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ဆေးရည်ဖော်စပ်မှု အဆင်ပြေစေရန်အတွက် မှော်ဆေးရည်ဌာနမှ နည်းပြအချို့က ဆေးရည်ဖော်စပ်သည့် အိုးများနှင့် စားပွဲရှည်ကြီးတစ်လုံးကို ပြင်ဆင်ပေးထားကြသည်။

ယွင်ရှန်းနှင့် အခြားသူများသည် မိမိတို့၏ သက်ဆိုင်ရာနေရာများတွင် အသီးသီး နေရာယူလိုက်ကြသည်။ စားပွဲရှည်ပေါ်တွင် မှော်ပစ္စည်း အမျိုးပေါင်း ၂၀ ကျော်ကို ခင်းကျင်းထားသည်။

"ကျွန်တော်ကတော့ မှော်ဆေးပညာအသင်းရဲ့ ဥက္ကဋ္ဌ အန်ကျဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ စွမ်းအားမြင့်ဆေးရည်ကို ဖော်စပ်ပြသသွားမှာပါ။ ဒီဖော်စပ်မှုမှာ ပါဝင်သူ ၅ ဦးရှိပြီး မတူညီတဲ့ မှော်ပစ္စည်း ၂၃ မျိုးကို အသုံးပြုသွားမှာ ဖြစ်ပါတယ်... အဲဒါတွေကတော့..."

အန်ကျဲက ပရိသတ်ကို ရှင်းပြလိုက်သည်။

ရှင်းပြပြီးနောက် ဝမ်ဟွာ က ပထမအဆင့်ဖြစ်သော မှော်ပစ္စည်းများကို ပြုပြင်ခြင်းကို ချက်ချင်းစတင်သည်။ သားရဲအရေခွံများ၊ ဆေးဖက်ဝင်အပင်များ၊ သစ်သီးများနှင့် မှော်ပုံဆောင်ခဲကျောက်တုံးများကို မှော်ပညာဖြင့် သေသေသပ်သပ် လှီးဖြတ်ကာ အစီအစဉ်အတိုင်း ခင်းကျင်းလိုက်သည်။

အန်ကျဲသည် အသုံးအများဆုံးဖြစ်သော မီးဖြင့်သန့်စင်ခြင်းနည်းလမ်းကို အသုံးပြု၍ ပစ္စည်းများကို စတင်သန့်စင်သည်။ မီးဓာတ်သည် ပစ္စည်းများအတွင်းရှိ မလိုအပ်သော အညစ်အကြေးများကို ဖယ်ရှားပေးပြီး မှော်ပစ္စည်းများ၏ အရည်အသွေးကို မြှင့်တင်ပေးသည်။

အန်ကျဲ၏ အလုပ်ပြီးဆုံးသွားသောအခါ ဟွာခေါ့ခေါ့မှာ မလှုပ်မယှက် ရှိနေသည်ကို မြင်သဖြင့် ဂူဖုန်းက သူမကို အသာအယာ သတိပေးလိုက်သည်။ ယွင်ရှန်းသည် ဟွာခေါ့ခေါ့ကို မသင်္ကာသဖြင့် လှမ်းကြည့်လိုက်ရာ ဂူဖုန်း ခေါ်လိုက်သည့် တစ်ခဏ၌ သူမ၏ အသက်ရှူသံများ ရုတ်တရက် မြန်ဆန်သွားသည်ကို သတိပြုမိလိုက်သည်။

"ဟွာခေါ့ခေါ့ တစ်ခုခုတော့ မှားနေပြီ"

ယွင်ရှန်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။

"သူ စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ ယွင်ရှန်း... ငါလည်း စိတ်လှုပ်ရှားနေတာပဲ"

ဂူဖုန်းက အမှတ်မထင် ပြောလိုက်သည်။ သူသည်လည်း ခဏနေလျှင် အလင်းဓာတ်ထည့်သည့်အခါ အမှားမပါစေရန်သာ ဆုတောင်းနေမိသည်။

ဒါက သာမန် စိတ်လှုပ်ရှားတာမျိုး မဟုတ်ဘူး။

"ဂူဖုန်း... ဟွာခေါ့ခေါ့ရဲ့ မိသားစုမှာ မကြာခင်က တစ်ခုခု ဖြစ်ခဲ့တာရှိလား"

ယွင်ရှန်းသည် ဆရာဝန်တစ်ဦး၏ အလိုလိုသိမြင်သော စိတ်အာရုံဖြင့် မေးလိုက်သည်။

သူမ၏ အမြင်တွင် ဟွာခေါ့ခေါ့သည် စိတ်လှုပ်ရှားနေခြင်းထက် အပြစ်ရှိသကဲ့သို့ ခံစားနေရသော ပုံသဏ္ဌာန်မျိုး ဖြစ်နေသည်။ အထူးသဖြင့် အစောပိုင်းက အန်ကျဲ ဆေးသန့်စင်နေစဥ်အတွင်း ဟွာခေါ့ခေါ့သည် ပွဲကြည့်စင်ထက်၌ ထိုင်နေသော ချန်လျန်လျန်နှင့် အကြည့်ချင်း ဆုံခဲ့သည်ကို ယွင်ရှန်း သတိပြုမိလိုက်ခြင်းပင်။

"ဟုတ်တယ်... ခေါ့ခေါ့ရဲ့ မိသားစုက သိပ်မချမ်းသာဘူး။ သူ့အဖေက ကျောက်ဆစ်သမားလေ။ လွန်ခဲ့တဲ့ သုံးလက ကျောက်ဆစ်ရင်း မတော်တဆဖြစ်ပြီး ခြေထောက်ကျိုးသွားတယ်လို့ ကြားတယ်။ ဆေးကုဖို့ ပိုက်ဆံမရှိလို့ အခုတော့ လေဖြတ်သလို ဖြစ်နေရှာပြီ။ ခေါ့ခေါ့က ဒီလနတ်သမီးရဲ့ ချီးမွမ်းခြင်းဖော်စပ်ပွဲပြီးရင် ကျောင်းထွက်ပြီး မိသားစုကို လုပ်ကျွေးမယ်လို့ ပြောထားတယ်"

ဂူဖုန်းက သက်ပြင်းချရင်း ပြောပြသည်။

အလယ်အလတ်အဆင့် ကျောင်းသားဖြစ်လာပြီးနောက် ကျောင်းက ပညာသင်ဆု ထောက်ပံ့ကြေး မပေးတော့ပေ။ မှော်ဆေးဝါးပညာကို လေ့လာခြင်းက မှော်ပစ္စည်း အမြောက်အမြား ကုန်ကျသဖြင့် မိသားစုကို ထောက်ပံ့နေရသော ခေါ့ခေါ့အတွက် ဆက်လက်ပညာသင်ရန် မတတ်နိုင်တော့ခြင်းမှာ အလွန်နှမြောစရာကောင်းလှသည်။

ယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ဂူဖုန်း... ဒီမှာ တရားမှတ်ဆေးရည်တစ်ပုလင်း အခုပဲ သောက်လိုက်။ ခဏနေရင် မထင်မှတ်တာ တစ်ခုခုဖြစ်လာရင် ချက်ချင်း အကာအကွယ်ကောင်းကင်လုံးကို အသုံးပြုလိုက်ပါ"

"ဟင် ဘာလို့လဲ။ ငါတို့ အကြိမ်ကြိမ် လေ့ကျင့်ထားတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး"

ထိုစကားကြားသော် ဂူဖုန်းမှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

"ကြိုတင်ကာကွယ်တာပါ"

ယွင်ရှန်းက ဂူဖုန်းဆီသို့ ဆေးရည်တစ်ပုလင်း ပစ်ပေးလိုက်ပြီး သူမကိုယ်တိုင်လည်း တစ်ပုလင်း သောက်လိုက်သည်။ ဤဆေးရည်က ဆေးဖော်စပ်မှုအပေါ် အကျိုးရှိစေရုံသာမက ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။

"အခု ၁၈ မျိုးမြောက် ရောက်ပြီ"

အန်ကျဲနှင့် ဝမ်ဟွာတို့က ယွင်ရှန်းတို့၏ အပြုအမူကို သတိမထားမိဘဲ ဟွာခေါ့ခေါ့ ဆေးပစ္စည်းများ ပေါင်းစပ်နေသည်ကိုသာ စိုက်ကြည့်နေကြသည်။ နောက်ထပ် ၅ မျိုး ပေါင်းစပ်ပြီးပါက ဂူဖုန်းက အလင်းဓာတ်ကို ထည့်သွင်းရမည်ဖြစ်ပြီး နောက်ဆုံးတွင် ယွင်ရှန်းက ဆေးရည်ကို တည်ငြိမ်အောင် လုပ်ရမည်ဖြစ်သည်။

"၂၃ မျိုးမြောက် ရောက်ပြီ"

ဂူဖုန်း ဆေးရည်သောက်ပြီးချိန်တွင် ဟွာခေါ့ခေါ့က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ ဂူဖုန်းက သူ၏မှော်ကြိမ်လုံးကို မြှောက်ကာ အလင်းဓာတ်အချို့ကို ဆေးရည်ထဲသို့ ထည့်သွင်းလိုက်သည်။

ဟွာခေါ့ခေါ့သည် ဂူဖုန်းကို အပြစ်ရှိသလို တစ်ချက်ကြည့်ပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်သည်။ နို့နှစ်ရောင် အလင်းဓာတ်များ ရောဝင်သွားပြီးနောက် ဆေးရည်၏အရောင်မှာ တဖြည်းဖြည်း ဖြူလာသည်။ ဂူဖုန်းက သက်ပြင်းချကာ ယွင်ရှန်းကို လွှဲပေးရန် ပြင်လိုက်စဉ်မှာပင်...

မှော်ဆေးရည်ပုလင်းအတွင်း၌ မူမမှန်မှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။

ဂူဖုန်း၏ မျက်နှာမှာ ထိတ်လန့်သွားပြီး အန်ကျဲနှင့် ဝမ်ဟွာတို့လည်း အလွန်အမင်း တုန်လှုပ်သွားကြသည်။ မှော်ပစ္စည်းများ၏ ဓာတ်သဘာဝများမှာ ပေါက်ကွဲတော့မည့် မုန်တိုင်းတစ်ခုကဲ့သို့ တဂျိဂျိနှင့် ပွက်လောရိုက်လာတော့သည်။

ဒါက... မှော်ဆေးရည်ဓာတ်မတည့်မှုပဲ။

All Chapters