အခန်း (၁၃၄)
Vol. 13 Ch. 134
မှော်ဆေးရည် အဖွဲ့ ၁၃ မှ အဖွဲ့ဝင်သုံးဦးသည် တိုက်ခိုက်ရေးနှင့် မှော်ဆေးရည်ပညာရပ် နှစ်ခုစလုံးကို တွဲဖက်သင်ယူရမည့် နှစ်ဘာသာတွဲအဖြစ် ပြောင်းလဲလိုက်ပြီး အလယ်အလတ်အဆင့် မှော်ကျောင်းသားများနှင့်အတူ တန်းတူပညာသင်ကြားရမည်ဆိုသည့် သတင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ တော်ဝင်မှော်အကယ်ဒမီတစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေတော့သည်။
ဤသတင်းအပေါ် အပြင်းထန်ဆုံး တုံ့ပြန်သူများမှာ ချန်လျန်လျန်နှင့် တိုက်ခိုက်ရေးဌာနမှ
အခြားအလယ်အလတ်အဆင့် ကျောင်းသားများပင်။
အကယ်ဒမီ၏ ဤကဲ့သို့ ထူးခြားသော စီစဉ်မှုနောက်ကွယ်မှ အကြောင်းရင်းအမှန်ကိုမူ နည်းပြများအားလုံးက နှုတ်လုံစွာ ထိန်းသိမ်းထားကြပြီး မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိကြပေ။
တိုက်ခိုက်ရေးအသင်းအနေဖြင့်မူ ဤကိစ္စကို ကြီးမားသော အရှက်ရမှုတစ်ခုအဖြစ် မှတ်ယူထားကြသည်။
"တကယ်တော့ အကယ်ဒမီရဲ့ ဒီစီစဉ်မှုက ငါတို့အတွက် ပိုတောင် အခွင့်အရေးသာသေးတယ်လို့ ငါထင်တယ်။ သူတို့က အလင်းမှော်ပဲတတ်တတ်ဆေးပဲဖော်တတ်တတ် ဘာအရေးလဲ။ သူတို့က မှော်ဆရာတွေပဲလေ။ ငါတို့လက်ထဲရောက်ရင်တော့ သူတို့ကို သင်ခန်းစာကောင်းကောင်းပေးဖို့က ငါတို့အလိုကျပဲပေါ့"
ချန်လျန်လျန်က သတင်းကြားပြီးနောက် အထင်သေးစွာ ရယ်မောရင်း ပြောပြောလိုက်သည်။
နည်းပြများက အမှန်တရားကို ဖုံးကွယ်ထားသော်လည်း သူမသည် အိမ်ရှေ့မင်းသားထံမှ တစ်ဆင့်စကားဖြင့် အချို့အချက်များကို ဝေဝေဝါးဝါး သိရှိထားပြီးဖြစ်သည်။
နောက်ဆုံးအဆင့် ဆေးရည်ဖော်စပ်မှုတွင် တစ်ခုခု ထူးခြားခဲ့သည်မှာ သေချာသည်။ အရင်က မှော်ဆေးပညာအသင်းနှင့် ပတ်သက်လျှင် သူမ၏အလိုကျ လိုက်လျောခဲ့သော အိမ်ရှေ့မင်းသား ယီပိုင်လျန် ပင်လျှင် ယခုတစ်ကြိမ်တွင် သဘောထား ပြောင်းလဲသွားခဲ့သည်။ သူသည် ချန်လျန်လျန်ကို ထိုအဖွဲ့နှင့် ဝေးဝေးနေရန် သတိပေးခဲ့ပြီး အထူးသဖြင့် ယွင်ရှန်း ဆိုသည့် မိန်းကလေးကို လုံးဝ မထိပါးရန် အလေးအနက် ပြောကြားခဲ့သည်။
အသက် ခုနစ်နှစ်ခန့်သာရှိသေးသော ထိုမိန်းကလေးက အိမ်ရှေ့မင်းသား၏ အထူးအာရုံစိုက်မှုကို မည်သို့ရရှိသွားသည်ပြောလိုက်သည်မှာ သူမအတွက် စဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။
ချန်လျန်လျန်သည် မနာလိုစိတ်များ တားမရအောင် ဖြစ်ပေါ်လာပြီး ယွင်ရှန်းကို ရှင်းပစ်ရန် ပို၍ပင် သန္နိဋ္ဌာန်ချလိုက်တော့သည်။ သူတို့ သုံးယောက်သာ တော်ဝင်မှော်အကယ်ဒမီအတွင်း ရှိနေသရွေ့ သူတို့ကို နှိပ်ကွပ်ရန် အခွင့်အရေး မရမှာကို သူမ လုံးဝ မစိုးရိမ်ပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ ချန်လျန်လျန်၏ အစီအစဉ်များမှာ လွဲချော်သွားခဲ့ရသည်။
အကြောင်းမှာ အခြားတစ်စုံတစ်ယောက်က ဦးဦးဖျားဖျား လက်ဦးမှုယူကာ မှော်ဆေးရည် အဖွဲ့ ၁၃ မှ အဖွဲ့ဝင်သုံးဦးကို ပစ်မှတ်ထားလိုက်သောကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ တော်ဝင်မှော်အကယ်ဒမီ ကျောင်းအုပ်ကြီးပင်လျှင် သူတို့ကို တားဆီးနိုင်စွမ်း မရှိခဲ့ပေ။
"ကျွန်မတို့က အကယ်ဒမီကိုယ်စားပြုပြီး ဝူရွှမ်းဝူကျိခန်းမ ကို အပြန်အလှန်ဖလှယ်ရေးကျောင်းသားတွေအဖြစ် သွားရမယ် ဟုတ်လား"
ဆရာမမေလီမှာ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ဒေါသထွက်သွားပုံရသည်။ သူမသည် ယွင်ရှန်းတို့ သုံးဦးကို ခုနစ်ရက်တိတိ အကျယ်ချုပ်ချထားပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယွင်ရှန်းတို့ အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးလုပ်ရသည့်အလုပ်မှာ စီမံခန့်ခွဲရေးရုံး၏ ဆင့်ခေါ်မှုကို ခံရခြင်းပင်။ ထိုနေရာတွင် သူတို့သုံးဦးသည် လာမည့်နှစ်တွင် ဝူရွှမ်းဝူကျိခန်းမသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း အသိပေးခြင်း ခံလိုက်ရသည်။
အဖြစ်အပျက်မှာ လွန်ခဲ့သော ၅ ရက်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ လနတ်သမီး၏ ချီးမွမ်းခြင်းဆေးရည် ပေါ်ထွက်လာပြီး မကြာမီမှာပင် ဝူရွှမ်းဝူကျိခန်းမ၏ တိုက်ခိုက်ရေးစွမ်းရည်ဆိုင်ရာ ဒုတိယခန်းမမှူးကိုယ်တိုင် ရောက်ရှိလာပြီး ကျောင်းအုပ်ကြီးနှင့် သုံးနာရီကြာ ဆွေးနွေးခဲ့သည်။ သူတို့ ဘာတွေဆွေးနွေးခဲ့သည်ကို မည်သူမျှမသိသော်လည်း ဒုတိယခန်းမမှူး ပြန်သွားပြီးနောက် ကျောင်းအုပ်ကြီးသည် ဆရာမမေလီကို ချက်ချင်းခေါ်ယူတွေ့ဆုံခဲ့သည်။
"အပြန်အလှန်ဖလှယ်ရေးကာလက ၅ နှစ်ပဲ။ အဲဒါက အလယ်အလတ်အဆင့် မှော်ကျောင်းသားတစ်ယောက်ရဲ့ သင်တန်းကာလတစ်ခုလုံးနဲ့ ညီမျှတယ်။ အဲဒီအချိန်အတောအတွင်း မင်းတို့ဟာ ဝူရွှမ်းဝူကျိခန်းမက စစ်သည်တော်တွေရတဲ့ အကျိုးခံစားခွင့်အားလုံးကို ရရှိမှာဖြစ်ပြီး နေထိုင်စားသောက်ရေး အစီအစဉ်အားလုံးကိုလည်း စစ်ပညာနန်းဆောင်က တာဝန်ယူပေးသွားမှာပါ"
စီမံခန့်ခွဲရေးရုံးမှ နည်းပြတစ်ဦးက ရှင်းပြသည်။
"ဒါပေမဲ့... ဒါပေမဲ့ ဆရာကြီးခင်ဗျာ ကျွန်တော်တို့က မူလကတည်းက မှော်ဆရာတွေပဲလေ။ စစ်သည်တော်တွေရဲ့ လေ့ကျင့်ခန်းတွေကို လုပ်နိုင်စွမ်းရှိရင် ကျွန်တော်တို့ မှော်အကယ်ဒမီကို လာမှာမဟုတ်ပါဘူး"
ဂူဖုန်းက ရုတ်တရက်ကြားလိုက်ရသော သတင်းကြောင့် မူးဝေနောက်ကျိစွာဖြင့် ပြောလိုက်သည်။
သူသည် ဝိညာဉ်ကျောက်တုံးနှင့် ပေါင်းစပ်ပြီးမှ ခက်ခက်ခဲခဲ မှော်ဆရာဖြစ်လာကာ သူငယ်ချင်းကောင်းများလည်း ရရှိထားခါစတွင် ဝူရွှမ်းဝူကျိခန်းမသို့ ပြောင်းရွှေ့ရမည်ပြောလိုက်သည်ကို လက်မခံနိုင်အောင် ဖြစ်နေရသည်။
"ကျောင်းသားလေး... ဒါပေမဲ့တွေ လုပ်မနေစမ်းပါနဲ့။ ရခဲတဲ့အခွင့်အရေးကို ကျေးဇူးမကန်းပါနဲ့။ ဒီအပြန်အလှန်ဖလှယ်ရေး အစီအစဉ်ဆိုတာ အကယ်ဒမီ စတင်တည်ထောင်ကတည်းက တစ်ခါမှမရှိခဲ့ဖူးတဲ့ ထူးခြားတဲ့ အခွင့်အရေးပဲ။ ဒါက မဟာကျိုးနိုင်ငံရဲ့ မှော်ဆရာတွေနဲ့ စစ်သည်တော်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှု တိုးတက်ဖို့ အထောက်အကူပြုလိမ့်မယ်။ မင်းတို့သွားရမယ့် ဝူရွှမ်းဝူကျိခန်းမဆိုတာ မဟာကျိုးနိုင်ငံမှာ အကောင်းဆုံးဖြစ်သလို ဝူကျိတိုက်ကြီးပေါ်မှာလည်း ထိပ်တန်း အဆင့် (၅) အတွင်းဝင်တဲ့ စစ်ပညာနန်းဆောင်ကြီးပဲ"
စီမံခန့်ခွဲရေးဆရာက ဤသည်မှာ ကောင်းကင်မှ ကျလာသည့် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်း အားတက်သရော နားချနေတော့သည်။
"ဆရာကြီး... ကျွန်မတို့က စစ်ပညာနန်းဆောင်က ကျောင်းသားတွေနဲ့အတူ လေ့ကျင့်ရမှာဆိုတော့ သူတို့နဲ့အတူ စစ်ဆေးမှုတွေကိုလည်း ခံယူရမှာ အသေအချာပါပဲ။ အကယ်၍ ကျွန်မတို့က စစ်ပညာနန်းဆောင်ရဲ့ စစ်ဆေးမှုတွေမှာ ကျရှုံးခဲ့ရင် ဘာဖြစ်မလဲ"
ယွင်ရှန်းက ဂူဖုန်း၏ စိုးရိမ်ပူပန်မှုကို ထောက်ပြကာ မေးမြန်းလိုက်သည်။
"အဲဒီလိုဆိုရင်တော့ မင်းတို့ကို စစ်ပညာနန်းဆောင်ကနေ ထုတ်ပယ်မှာပေါ့။ ဝူရွှမ်းဝူကျိခန်းမဟာ ဧကရာဇ်မင်းမြတ်ရဲ့ စစ်သည်တော်တွေကို မွေးထုတ်ပေးတဲ့နေရာဖြစ်ပြီး နိုင်ငံတော်က ထောက်ပံ့ကြေးပေးထားတာ။ နိုင်ငံတော်က အသုံးမကျတဲ့သူတွေကို အလကား အစာကျွေးမှာမဟုတ်ဘူး"
စီမံခန့်ခွဲရေးဆရာက ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
"ဒါဆိုရင် ကျွန်မတို့ စစ်ပညာနန်းဆောင်ကနေ အထုတ်ခံရရင် မှော်အကယ်ဒမီက ပြန်လက်ခံမှာလား"
ယွင်ရှန်းက ဘဝနှစ်ခုစာ အတွေ့အကြုံရှိသူပီပီ အရာရာကို အစအဆုံး တွေးတောပြီးမှ မေးလိုက်ခြင်းဖြစ်သည်။
"ဝူရွှမ်းဝူကျိခန်းမက ငြင်းပယ်လိုက်တဲ့သူကို မှော်အကယ်ဒမီကလည်း ဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ဘူး"
ဆရာက မှော်ဆရာတို့၏ မာန်မာနအတိုင်း ပြန်ဖြေသည်။ မှော်ဆရာအများစု၏ အမြင်တွင် စစ်သည်တော်များပြောလိုက်သည်မှာ ချွေးထွက်ခံ အလုပ်လုပ်ရုံသာသိသည့် ဦးနှောက်မရှိသော လူကြမ်းများသာ ဖြစ်သည်။
"အဲဒီလိုဆိုရင်တော့ ကျွန်မတို့ ဝူရွှမ်းဝူကျိခန်းမကို မသွားတော့ဘူး။ ဒီအဖိုးတန်တဲ့ အခွင့်အရေးကို တခြားသူတွေကိုပဲ ပေးလိုက်ပါတော့။ ဂူဖုန်း၊ ချီ... နင်တို့ရော ဘယ်လိုလဲ"
ယွင်ရှန်းက ပြောလိုက်ရာ ကျန်နှစ်ဦးကလည်း ထောက်ခံကြသည်။
"ဟောဗျာ... မင်းတို့ကလေးမလေးက တကယ့်ကို ပါးနပ်တာပဲ။ ငယ်ငယ်လေးနဲ့ ဘယ်လိုတောင် တွက်ကပ်နေတာလဲ။ အပြန်အလှန်ဖလှယ်ရေး ကျောင်းသားစာရင်းကို စိတ်ကြိုက်ပြောင်းလို့မရဘူးလေ"
စီမံခန့်ခွဲရေးဆရာမှာ ပျာပျာသလဲ ဖြစ်သွားသည်။ ဝူရွှမ်းဝူကျိခန်းမက ဤအဖွဲ့ ၁၃ မှ အဖွဲ့ဝင် သုံးဦးကိုသာ နာမည်တပ် တောင်းဆိုထားသည်ဟူသောအချက်ကို သူ ထုတ်မပြောနိုင်ပေ။
"ဆရာကြီး... အဲဒါကတော့ အကယ်ဒမီဘက်က ဖြေရှင်းရမယ့်ပြဿနာပါ။ ကျွန်မတို့ သုံးယောက်က ထူးချွန်တဲ့ မှော်ဆရာတွေဖြစ်ချင်လို့ တော်ဝင်အကယ်ဒမီကို လာခဲ့တာ။ ကျွန်မတို့က အစိုးရထောက်ပံ့တဲ့ကျောင်းသားတွေ ဖြစ်ပေမဲ့ ပညာသင်ဖို့အတွက် ကိုယ်ပိုင်ရင်းနှီးမှုတွေ ရှိခဲ့ပါတယ်။ အကယ်ဒမီအနေနဲ့ အကြောင်းမဲ့ ထုတ်ပယ်လို့မရသလို အတင်းအဓမ္မ စေလွှတ်လို့လည်း မရပါဘူး"
ယွင်ရှန်းက ပြတ်သားစွာ ပြောလိုက်သည်။ သူမသည် ဤအစီအစဉ်နောက်ကွယ်တွင် ရိုးသားမှုမရှိသည်ကို ရိပ်မိနေသည်။
ဂူဖုန်းက အကယ်ဒမီကို အာခံမိသဖြင့် အရေးယူခံရမည်ကို စိုးရိမ်ကာ ယွင်ရှန်းကို မျက်ရိပ်ပြသော်လည်း ယွင်ရှန်းကမူ "ငါ့ကိုယုံလိုက်" ဟူသော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
"မင်းပြောတာလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အကယ်ဒမီက စစ်ပညာနန်းဆောင်ရဲ့ ဖိတ်ကြားမှုကို လက်ခံပြီးသားဖြစ်နေပြီ။ မင်းတို့လည်း အခြေအနေအရပ်ရပ်ကို ငဲ့ညှာပေးသင့်တယ်"
ဆရာက ပြောသည်။ သူသည် ယခုကဲ့သို့ ခေါင်းမာသော ကျောင်းသားမျိုး တစ်ခါမှ မကြုံဖူးပေ။
"ကျွန်မတို့ ငဲ့ညှာပေးလို့ရပါတယ်။ ဒါပေမဲ့ အကယ်ဒမီဘက်က ကျွန်မတို့ရဲ့ တောင်းဆိုချက်
အချို့ကို သဘောတူရပါမယ်"
ယွင်ရှန်းက သိသည်။ သူတို့ သွားရမည်မှာ ရှောင်လွှဲ၍မရမှန်း သိသလို ချန်လျန်လျန်နှင့် အိမ်ရှေ့မင်းသားအုပ်စုကို ရန်စမိထားသဖြင့် ဤနေရာတွင် ဆက်နေလျှင်လည်း အနှိပ်စက်ခံရမည်မှာ အသေအချာပင်။ ထိုအစား မဟာကျိုးနိုင်ငံ၏ အကောင်းဆုံး စစ်ပညာနန်းဆောင်တွင် ပညာသွားသင်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သူမ၏ဖခင် ယွင်ချန်းဟိုင် ပြောပြချက်အရ သူမ၏အဘိုး ယန်ပါးဟိုနှင့် ဒုတိယဦးလေး ယန်ချန်လန်တို့သည်လည်း ဝူရွှမ်းဝူကျိခန်းမတွင် ပညာသင်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
အတန်ကြာ တွန့်ဆုတ်နေပြီးနောက် အထက်လူကြီးများနှင့် တိုင်ပင်ကာ စီမံခန့်ခွဲရေးဆရာက သူတို့၏ တောင်းဆိုချက်များကို သဘောတူလိုက်သည်။ တော်ဝင်အကယ်ဒမီသမိုင်းတွင် ကျောင်းသားများက အကယ်ဒမီကို အာခံကာ စည်းကမ်းချက်များ ညှိနှိုင်းသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
ယွင်ရှန်း၏ တောင်းဆိုချက် ၃ ခုမှာ မှော်ဆေးပညာအသင်းနှင့် တိုက်ခိုက်ရေးအသင်းတို့ကို အကယ်ဒမီ၏ တန်းတူအခွင့်အရေးရှိသော အသင်းကြီးနှစ်ခုအဖြစ် သတ်မှတ်ရန်၊ ပြီးခဲ့သော မှော်ဆေးရည်မတော်တဆမှုကို သေချာစုံစမ်းစစ်ဆေးပြီး ဟွာခေါ့ခေါ့ နှင့် နောက်ကွယ်က ကြိုးကိုင်သူကို ပြင်းထန်စွာ အပြစ်ပေးရန်၊ သူတို့ ယာယီထွက်ခွာသွားသော်လည်း အကယ်ဒမီသို့ အခါအားလျော်စွာ ပြန်လာပြီး ဗဟိုမှော်မျှော်စင်ရှိ အရင်းအမြစ်များကို အသုံးပြုကာ လေ့ကျင့်ခွင့်ပြုရန်ပင်။