မင်းက ငါ့ကို သေအောင်ရိုက်မလို့လား
Vol. 1 Ch. 357
"သေစမ်း..."
ကျန်းရီမှာ မျက်လုံးလှန်လိုက်မိသည်။ ဤစုန်းနတ်ဘုရားသည် သူ့အား တစ်ချိန်လုံး ကစားနေခဲ့ခြင်းဖြစ်သည်။ မူလက မလှုပ်မရှားရှိနေခဲ့သော ပုံရိပ်မှာလည်း အယောင်ပြသက်သက်သာ ဖြစ်သည်။
ထိုခဏတွင် သူတစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှသည် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ၎င်းမှာ သူ့စိတ်နေစိတ်ထားကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ သူသာ သံပူပြားပေါ်မှ ကြောင်တစ်ကောင်လို ခုန်ဆွခုန်ဆွ လုပ်နေမိလျှင်သော်လည်းကောင်း၊ ဒေါသထွက်၍ စုန်းနတ်ဘုရား၏ ရုပ်ကြွင်းကို ဖျက်စီးရန် ကြံစည်မိလျှင်သော်လည်းကောင်း သူယခုသေနေလောက်ပြီ ဖြစ်သည်။ သူသည် တရေးအိပ်၍ သေဆုံးရန် အေးအေးလူလူ စောင့်ဆိုင်းနေခဲ့သောကြောင့်သာ စမ်းသပ်မှုကို သူအောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
စုန်းနတ်ဘုရားသည် ကျန်းရီ အလေးအနက် တွေးတောနေသည်ကိုကြည့်ရင်း နှုတ်ခမ်းများ ကွေးတက်သွားခဲ့ပြန်သည်။
"ကျင့်ကြံသူတစ်ယောက်က အမြင့်ဆုံးနေရာကို ရောက်ဖို့ဆိုရင် ထူးခြားတဲ့အရည်အချင်းက မဖြစ်မနေ လိုအပ်တယ်။ ဒုတိယကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို သေခြင်းတရားကို ရင်ဆိုင်နိုင်နေရမယ်။ သိုင်းသမားတစ်ယောက်ရဲ့ တာအိုဆိုတာက ကောင်းကင်ကိုဆန့်ကျင်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲရတာပဲ"
"အတိုချုပ်ပြောရရင် ကျရှုံးတာက သေဆုံးခြင်းပဲ။ သေခြင်းတရားကို ရင်မဆိုင်ရဲတဲ့သူတွေက အမြင့်ဆုံးနေရာကို ဘယ်တော့မှ မရောက်နိုင်ဘူး။ နောက်ထပ်အရေးကြီးတာ တစ်ခုလည်း ရှိသေးတယ်။ အဲ့ဒါက မယိမ်းယိုင်တဲ့ နှလုံးသားပဲ။ ခိုင်မာတဲ့ စိတ်ထားနဲ့ မယိမ်းယိုင်တဲ့ နှလုံးသားမရှိဘဲ လူတစ်ယောက်က အခိုက်အတန့်တစ်ခုမှာ အောင်မြင်နိုင်တယ်ဆိုပေမယ့် အနာဂတ်မှာတော့ မအောင်မြင်နိုင်ဘူး။ လူတစ်ယောက်က သူ့ရဲ့ စိတ်ကို မထိန်းချုပ်နိုင်ဘဲ မှားယွင်းတဲ့ဘက်ကို ခြေလှမ်းလိုက်ရင် ပြန်လမ်းမဲ့တဲ့ အမှောင်ချောက်ထဲကို အပြီးကျဆင်းသွားလိမ့်မယ် "
ကျန်းရီသည် စုန်းနတ်ဘုရား၏ စကားများကို သေသေချာချာ နားထောင်နေခဲ့ပြီး နှလုံးသားထဲတွင် မှတ်သားထားလိုက်သည်။ ထိုကဲ့သို့ လမ်းညွှန်မှုမျိုးသည် ဘယ်နေရာတွင်မှာမှ ဝယ်မရနိုင်ချေ။ ထို့ပြင် ထိုဆုံးမစကားတို့သည် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ရန် လုံလောက်လေသည်။
စုန်းနတ်ဘုရားသည် စကားပြောပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ သူသည် ကျန်းရီ၏ မျက်ဝန်းများ ပြန်လည်တည်ငြိမ်သွားမှ စကားဆက်လိုက်သည်။
"ငါ့ရဲ့ ဝိဉာဉ်အပိုင်းအစစွမ်းအားက သိပ်မကျန်တော့ဘူး။ အများဆုံးမှ နှစ်ဝက်လောက်အထိပဲ ခံတော့မယ်။ ကောင်လေး...ဒီနန်းတော်ကို စိတ်ဝိဉာဉ်နဲ့ အမှတ်အသားပြုလိုက်...မင်းမှာ အပြင်ထွက်စရာ အရေးကြီးကိစ္စတွေ ရှိနေတယ်ဆိုရင် သွားပြီး မင်းကိစ္စတွေ အရင်ရှင်းချေ၊ ပြီးမှ ဒီစကြဝဋ္ဌာနန်းတော်ကို ပြန်လာခဲ့။ ငါ့ဘဝမှာ တီထွင်ခဲ့တဲ့ မှော်ကျင့်စဉ်ရှစ်မျိုးကို မင်းကို လွှဲပေးလိုက်မယ်။ မှော်အစီအရင်တွေအကြောင်းလည်း ငါမင်းကို အသေးစိတ် သင်ပေးမယ်။ မင်းဘယ်လောက် နားလည်နိုင်မလဲဆိုတာက မင်းကံပေါ် မူတည်တယ်"
ဝှစ်...
စုန်းနတ်ဘုရား၏ ပုံရိပ်သည် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ နံရံထက်မှ အစီအရင်များ ထပ်မံလင်းလက်လာခဲ့ပြန်သည်။ ကျန်းရီ၏ရှေ့မှ ကျောက်ပြားတစ်ချပ်သည် ရွေ့လျားသွားခဲ့ပြီး အနက်ရောင်အပေါက်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအထဲမှ တံဆိပ်ပြားတစ်ခုသည် သူ့ထံသို့ ပျံသန်းရောက်ရှိလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်...စီနီယာ"
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး တံဆိပ်ပြားကို လက်ဖြင့် ဖမ်းလိုက်သည်။ ထိုတံဆိပ်ပြားသည် ယွင်လုရထားခဲ့သည့် တံဆိပ်ပြားနှင့် တူသယောင်ရှိကြောင်း သူသတိပြုမိလိုက်သည်။ တံဆိပ်ပြားသည် အနီရောင်နှင့် အနက်ရောင်ရောစပ်ထားသည့် အရောင်ရင့်ရင့်ဖြစ်ပြီး တံဆိပ်ပြားပေါ်တွင် 'စုန်း(巫)'ဟူသည့် စကားလုံးကို ရေးထွင်းထားခဲ့သည်။ တံဆိပ်ပြားမှ မဖော်ပြနိုင်သော အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေခဲ့သည်။ ကြည့်လိုက်ရုံနှင့်ပင် ထိုအရာမှာ သာမန်ပစ္စည်းမဟုတ်ကြောင်း သိနိုင်လေသည်။
"မင်းဒီတံဆိပ်ပြားကို စိတ်ဝိဉာဉ်အမှတ်အသား ပြုပြီးသွားရင် ဒီနန်းတော်ထဲက အစီအရင်တွေ၊ နတ်ဆိုးသားရဲတွေနဲ့ ရုပ်သေးတွေ အားလုံးကို ထိန်းချုပ်နိုင်သွားလိမ့်မယ်။ ဒီနေရာကိုလည်း စိတ်ရှိသလို ဝင်ထွက်သွားလာနိုင်တယ်။ မှတ်ထားပါ...နှစ်ဝက်အတွင်း မင်းပြန်လာရမယ်။ နှစ်ဝက်အတွင်း မင်းပြန်ရောက်မလာရင် ငါ့ရဲ့ဝိဉာဉ်အပိုင်းအစ ကွယ်ပျောက်သွားလိမ့်မယ်"
စကားဆုံးသည်နှင့် စုန်းနတ်ဘုရား၏အသံမှာ ဆက်လက်ထွက်ပေါ်မလာတော့ပေ။ ကျန်းရီသည် စုန်းနတ်ဘုရား၏ ရုပ်ကြွင်းအား သုံးကြိမ်အရိုအသေ ပေးလိုက်ပြီးနောက် ထိုင်ကာ အတွင်းအားများကို ထုတ်ဖော်၍ တံဆိပ်ပြားအား သူ၏ကိုယ်ပိုင်အဖြစ် စတင်အမှတ်အသားပြုလိုက်သည်။
အနီရောင်အတွင်းအားများသည် တံဆိပ်ပြား၏ ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။ တစ်နာရီမပြည့်ခင်တွင် တံဆိပ်ပြား လင်းလက်လာခဲ့သည်။ ထိုသို့ဖြစ်ပေါ်လာချိန်တွင် သူနှင့် တံဆိပ်ပြားအကြား ဆက်သွယ်မှုတစ်ခု ရှိလာမှန်း ကျန်းရီခံစားမိလိုက်သည်။
ထိုခဏ၌ နန်းတော်အတွင်းရှိ မြင်ကွင်းများအားလုံးသည် သူ့စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ပထမထပ်ရှိ သူမီးရှို့ခဲ့သည့် အပေါက်ကိုလည်း သူမြင်နေရသည်။ ဒုတိယထပ်ရှိ အတွင်းနန်းဆောင်၊ ပင်လယ်ပြင်ထဲတွင် ကူးခတ်ခုန်လွှားနေကြသော ငါးများ၊ ပင်လယ်အောက်တွင် ပုန်းကွယ်နေကြသော မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးသားရဲများကိုလည်း သူမြင်နေရသည်။ စတုတ္ထထပ်ရှိ ရေခဲပင်လယ်ပြင်အောက်တွင် မျက်လုံးများမှိတ်၍ အိပ်စက်နေသော နတ်ဆိုးသားရဲဘုရင်ကိုပါ သူတွေ့လိုက်သေးသည်။
"ဟဲလောင်"
မြင်ကွင်းသည် ပြောင်းလဲသွားခဲ့ပြီး ရေခဲပင်လယ်အနီးရှိ ရေခဲလွင်ပြင်ထက်တွင် သန္ဓေပြောင်းသားရဲများနှင့် တိုက်ခိုက်နေသည့် ဟဲလောင်ကို သူတွေ့လိုက်ရသည်။ ဟဲလောင်၏ တစ်ကိုယ်လုံးမှာ သွေးများ စိုရွှဲနေလေသည်။ သူ့ခြေထောက်တစ်ဖက်မှာ တွဲလောင်းဖြစ်နေပြီး အရိုးကျိုးသွားသည်လော၊ မသန်မစွမ်း ဖြစ်သွားသည်လောကို မသိရပေ။
တံဆိပ်ပြားအား ကိုယ်ပိုင်အမှတ်အသား ပြုပြီးနောက် နန်းတော်အတွင်းရှိ အစီအရင်များအားလုံးကို သူထိန်းချုပ်နိုင်ပြီဖြစ်သည်။ သူသည် တံဆိပ်ပြားကို အသက်သွင်းလိုက်သည်နှင့် သူ့ခေါင်းအထက်ရှိ အစီအရင်မှာ လင်းလက်လာခဲ့သည်။ ထို့နောက် သူ့ကိုယ်မှာ မူလနေရာမှ ကွယ်ပျောက်သွားခဲ့သည်။
***
"ဝေါင်း...ဝေါင်း"
"ဂူး...ဂူး..."
စတုတ္ထထပ်ရှိ ရေခဲလွင်ပြင်တွင် သန္ဓေပြောင်းသားရဲ ထူးထူးဆန်းဆန်းများသည် ဟဲလောင်အား ဝိုင်း၍ ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်။ ဟဲလောင်၏ မျက်လုံးများမှာ နီရဲနေပြီဖြစ်ပြီး သူ့ကိုယ်ပေါ်မှ အရှိန်အဝါမှာလည်း ပိုမိုမှိန်ဖျော့လာခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကို အတင်းအားပေး၍ တိုက်ခိုက်နေခြင်း မဟုတ်ပါလျှင် သေသွားသည်မှာ ကြာလှပြီဖြစ်သည်။
"ဟူး...ဟူး..."
သန္ဓေပြောင်းသားရဲတစ်ကောင်သည် အာငွေ့ဖြူဖြူများကို ဟဲလောင်ထံ မှုတ်ထုတ်လိုက်သည်။ ဟဲလောင်သည် ဘေးဘက်သို့ အလျင်အမြန် ခုန်ရှောင်လိုက်ပြီး သူ၏လေဓာတ်အထူးပြု တာအိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ဝှစ်...ဝှစ်...
သူ့နောက်ဘက်တွင် သန္ဓေပြောင်းသားရဲတစ်ကောင်၏ လက်သည်းကြီးများသည် လေကိုခွင်း၍ သူ့နောက်ကျောထံ ချည်းကပ်လာနေခဲ့သည်။ ဟဲလောင်သည် ကိုယ်ကိုယိမ်း၍ အတင်းရှောင်တိမ်းလိုက်ရပြန်သည်။ သို့သော် အခြားဘက်မှ သန္ဓေပြောင်းသားရဲတစ်ကောင်သည် သူ့ထံဦးတည်၍ ပြေးလာခဲ့သည်။ လွှသွားပုံ သွားချွန်ချွန်များမှာ အေးစိမ့်သည့် အရှိန်အဝါတို့ ဖော်ထုတ်ရင်း ဟဲလောင်အား တစ်စစီကိုက်ရန် ကြိုးစားလာခဲ့သည်။
"ဟူး..."
ဟဲလောင်သည် လေးလံစွာ သက်ပြင်းချလိုက်သည်။ သူ့အင်အားသည် အတော်လေးကောင်းသည်ဟု သတ်မှတ်နိုင်ပြီး သန္ဓေပြောင်းသားရဲ အတော်များများကို ကိုင်တွယ်ရမည်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ သို့သော် တစ်ရက်ကြာ မရပ်မနား တိုက်ခိုက်ပြီး၍ သူ့ကိုယ်မှာ ဒဏ်ရာဗရပွ ဖြစ်နေခဲ့သည်။ သူသည် သူ၏အတွင်းအားနှင့် သက်လုံအားတို့ကိုလည်း အလွန်အကျွံ သုံးစွဲပြီးသွားပြီဖြစ်သည်။ သူ၏လှုပ်ရှားမှုနှုန်းမှာ အလွန်အမင်းလျော့ကျနေပြီဖြစ်ပြီး သူ့တွင် စိတ်အင်အားလည်း မကျန်တော့ပေ။
ဝှစ်...
လေဟာနယ်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အဖြူရောင်အလင်းတစ်ခု ကျဆင်းလာခဲ့သည်။ ထို့နောက် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အနီရောင်ဆံပင်ရှည်များနှင့် လူငယ်တစ်ဦး လေထုအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ဟဲလောင်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"သခင်လေးရီ"
"ဟဲလောင်...မင်းပင်ပန်းသွားရပြီ"
ကျန်းရီသည် အသာပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ တံဆိပ်ပြားသည် လင်းလက်လာခဲ့ပြီး သူ့အော်သံ ထွက်ပေါ်လာခဲ့သည်။
"မင်းတို့တွေ အကုန်လုံး ထွက်သွားကြစမ်း"
"ဝူး...ဝူး..."
"ဝေါင်း...ဝေါင်း.."
ဟဲလောင်အား ဝါးစားပစ်ရန် ကြံနေသည့် သန္ဓေပြောင်းသားရဲကြီးသည် ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် ၎င်းသည် နာနာခံခံနှင့် ခြေလှမ်းကျဲကြီးများလှမ်းကာ လှည့်ထွက်သွားခဲ့သည်။ အခြားသော သန္ဓေပြောင်းသားရဲကြီးများမှာလည်း ကျန်းရီအား အလန့်တကြားကြည့်ကာ ခပ်မြန်မြန် ထွက်သွားကြလေသည်။ မြေပြင် တုန်ခါမှုများနှင့်အတူ သန္ဓေပြောင်းသားရဲများသည် မိမိတို့၏ တောင်အသီးသီးအောက် ပြန်တိုးဝင်သွားကြသည်။
"အာ့..."
ဟဲလောင်၏ကိုယ်သည် မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ပတ်ဝန်းကျင်အား သေချာပင် မကြည့်ရဲတော့ပေ။ သူသည် ကျန်းရီ မြေပြင်သို့ ဆင်းသက်ပြီးသည်အထိ စောင့်ဆိုင်းလိုက်ပြီး ဝမ်းသာအားရ ပြောလာခဲ့သည်။
"သခင်လေးရီ...သခင်လေး တကယ်သေမသွားဘူးနော်။ အခု ဘာဖြစ်သွားတာလဲ။ စုန်းနတ်ဘုရားရဲ့ အမွေအနှစ် ဆက်ခံခွင့်ကို သခင်လေး ရသွားတာလား"
"အင်း...ငါ တံဆိပ်ပြားတစ်ခု ရခဲ့တယ်။ အဲ့ဒါက နန်းတော်ထဲမှာရှိတဲ့ အစီအရင်တွေ အားလုံးကို ထိန်းချုပ်နိုင်တယ်"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး မီးဝိဉာဉ်ပုလဲထဲမှ ဒဏ်ကြေဆေးတစ်လုံး ထုတ်ယူကာ ဟဲလောင်အားပေးရင်း ပြောလိုက်သည်။
"ဟဲလောင်...မစိုးရိမ်နဲ့၊ မင်းဒဏ်ရာတွေကို အရင်ကုစားလိုက်ဦး။ ငါတို့ ဒီနေရာကနေ အချိန်မရွေး ထွက်သွားနိုင်တယ်"
"ကျွန်တော် သိနေတယ်။ သခင်လေးရီက အံ့ဖွယ်တွေကို ဖန်တီးနိုင်တဲ့ တကယ့်ပါရမီရှင်ပဲ"
ဟဲလောင်သည် ပျော်ရွှင်လွန်း၍ စကားပင် ကောင်းကောင်း မပြောနိုင်တော့ဘဲ ဆေးလုံးကို တုန်ယင်စွာ လက်ခံလိုက်သည်။ အချိန်အတော်ကြာသွားမှ သူတည်ငြိမ်သွားကာ တင်ပျဉ်ချိတ်ထိုင်ရင်း ဒဏ်ရာများကို ကုစားလိုက်သည်။
"ဟူး..."
ကျန်းရီသည်လည်း သက်ပြင်းချ၍ ထိုင်ချလိုက်သည်။ တားမြစ်နယ်မြေမှ အသက်ရှင်လျက် ထွက်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူနှင့်ဟဲလောင်သည် သေရန်ပင် ပြင်ဆင်ထားခဲ့ကြသည်။ မမျှော်လင့်ထားစွာ သူတို့ ကပ်သီလေး အသက်ရှင်သွားကြပြီး အောင်အောင်မြင်မြင် ထွက်သွားနိုင်တော့မည်။ ထို့ပြင် သူသည် စုန်းနတ်ဘုရား၏ အမွေအနှစ်ကိုပါ ရရှိခဲ့သေးသည်။
သူသည် ရေခဲလွင်ပြင်ပေါ်တွင် ထိုင်၍ ကောင်းကင်မှ ကျဆင်းလာနေသော နှင်းပွင့်များကိုကြည့်ရင်း ရူးကြောင်ကြောင် ပြုံးလိုက်မိသည်။ တစ်ချိန်လုံး အနားမယူနိုင်ခဲ့သည့် သူ့နှလုံးသားမှာ နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။
အချိန်အတော်ကြာ ထိုင်နေပြီးနောက် သူ့အကြည့်များသည် ရေခဲပင်လယ်ပြင်ထံ ရောက်ရှိသွားခဲ့သည်။ သူ့မျက်လုံးများ ချက်ချင်းတောက်ပသွားခဲ့သည်။ သူသည် တံဆိပ်ပြားကိုကိုင်ကာ အော်ဟစ်လိုက်သည်။
"နတ်ဆိုးသားရဲဘုရင်...ထွက်လာခဲ့"
ဘန်း...
ရေခဲပင်လယ်ပြင် တုန်ခါသွားခဲ့ပြီး ရေလှိုင်းများ လှုပ်ရှားသွားခဲ့သည်။ သားရဲကြီးသည် ဦးခေါင်းကိုဖော်၍ ကျန်းရီအား မထီတထီစိုက်ကြည့်ကာ ပြောလာခဲ့သည်။
"ကောင်စုတ်လေး...မင်းငါ့ကို ဘာအတွက် ရှာနေတာလဲ။ ငါမင်းကို ပြောထားမယ်။ မင်းက ငါ့သခင်ရဲ့ ဆက်ခံသူဖြစ်သွားတာနဲ့ ငါ့ကို ဟိုဟိုဒီဒီ အမိန့်ပေးလို့ရတယ်လို့ မဆိုလိုဘူးနော်။ မင်းငါ့ကို ရန်စရင် ငါမင်းကို သေအောင် ရိုက်သတ်မှာ"
"ဟမ့်..."
ကျန်းရီသည် နတ်ဆိုးသားရဲဘုရင်၏ မျက်နှာအား တည့်တည့်ကြည့်လိုက်ပြီး အကြောက်အလန့်မရှိစွာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မထီတရီ ပြန်တုံ့ပြန်လိုက်သည်။
"မင်းက ငါ့ကို သေအောင် ရိုက်ချင်တယ်ဟုတ်လား။ မင်းစမ်းကြည့်လို့ရတယ်။ ငါတို့ ကြည့်ကြတာပေါ့...သေမှာက မင်းလား၊ ငါလားဆိုတာ"
*****