← Chapters

အခန်း (၃၁-၃၅)

Vol. 2 Ch. 31-35

အခန်း (၃၁-၃၅)

Vol. 2 Ch. 31-35

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 31.

မြို့တော် ကျန်းကလန်

ညစာစားပြီးနောက် အကျယ်ချုပ်ကျနေသော သူ့ညီမလေးထံ အလည်သွားပြီးမှပင် အခန်းသို့ပြန်ကာ အနားယူနေလိုက်သည်။ ထိုစဉ် ရုတ်တရက် တံခါးပွင့်သွားကာ ရှန့်ဟိုင်နှင့်မုန့်လုံ အပြင်မှ တရကြမ်း ၀င်ချလာသည်။

“ ဘာဖြစ်နေလို့တုန်း.. ”

၀မ်ချောင် မျက်မှောင်ကြုတ်ကာ ခေါင်းမော့လိုက်သည်။

“ ကုန်းဇီ သင့်ကို တစ်ယောက်ယောက် လာရှာနေတယ်.. ”

၀င်ပေါက်၌ ၀မ်ကလန်ခြံ၀င်းသို့ မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ယောက်ရောက်လာကာ သူတို့က ၀မ်ချောင်နှင့် အထူးတွေ့ဆုံလိုကြောင်း ပြောလေသည်။ အချိန်က ၀မ်သခင်မမှနေ၍ ရှန့်ဟိုင်နှင့်မုန့်လုံအား အပြစ်ပေးသည့် အနေဖြင့် ၀င်ပေါက်တွင် အစောင့်အဖြစ် အပြစ်ပေးထားသည်ဖြစ်ရာ သူတို့နှစ်ယောက်မှလွဲ၍ အခြားမည်သူမျှ ထိုအကြောင်းအား မသိရှိကြသေးပေ။

အစတွင် ရှန့်ဟိုင်နှင့်မုန့်လုံတို့နှစ်ယောက် ဤကိစ္စအား သခင်မထံတင်ပြရန် ကြံရွယ်သေးသော်လည်း ၀မ်သခင်မက ယခုအတောအတွင်း သခင်လေး အပြင်တွင် ထပ်တစ်ကြိမ် ပြဿနာရှာမည်ကို အစိုးရိမ်လွန်နေလေရာ သူမ သိလျှင်သိခြင်း ဒေါကန်ပေလိမ့်မည်။ ထို့ကြောင့် သူတို့က သူမထံမှ ယခုကိစ္စအား ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

“ တတိယသခင်လေး.. သူတို့ကို အပြင်မှ လက်ခံတွေ့ဆုံတာက အကောင်းဆုံးဖြစ်မယ်လို့ ကျုပ်ထင်တယ်.. ၀မ်သခင်မသာ သိသွားရင် ကျုပ်တို့ အပြစ်ပေးခံနေရဦးမယ်.. ”

နှစ်ဦးသား တရိုတသေဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။

၀မ်ချောင် ရယ်လိုက်သည်။ ရှန့်ဟိုင်နှင့်မုန့်လုံတို့ ကိုယ်တိုင်ပင် သူ့အပေါ်ထားရှိသော သူတို့သဘောထားများ ပြောင်းလဲသွားသည်ကို သတိထားမိပုံမရပေ။ ယခင်ကဆိုလျှင် သူတို့ ထိုစကားများအား ပြောမည် မဟုတ်ပေ။

ကြည့်ရသည်မှာ ‘ စုန့်ဘုရင် ’ ၏ သူ့အား ချီးမွမ်းမှုက အမြင့်တစ်နေရာသို့ ရောက်စေသည်က အံ့သြစရာ မဟုတ်တော့ပေ။ အနည်းဆုံးအနေဖြင့် ဤနှစ်ယောက်က သူ့အား သောက်စားသုံးဖြုန်းသော သခင်လေးတစ်ယောက် အဖြစ် မမြင်တော့သည် မဟုတ်လော။

ခြံ၀င်းမှ အပြင်သို့ထွက်လိုက်သည်တွင် ၀မ်ချောင်မှ ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ယောက်အား မြင်လိုက်ရသည်။ အမှန်အတိုင်းဆိုရလျှင် ထိုနှစ်ယောက် မည်သည့်နေရာမှ လာသည်ကိုပင် သူ မသိရှိလေရာ သူတို့က အဘယ်ကြောင့် သူ့အား လာရှာရသနည်း။

“ သင်က ၀မ်ချောင် ဟုတ်ပါသလား .. ”

၀မ်ချောင် စကားတစ်ခွန်းပင် မပြောရသေးခင်မှာပင် အပြင်ဘက်မှ နှစ်ယောက်ကဦးစွာ မေးခွန်းထုတ်လေသည်။ ဆိုရလျှင် ၀မ်ချောင် ခြံ၀င်းမှ ထွက်လာစဉ်ကတည်း ထိုနှစ်ယောက်က သူ့အား အဝေးမှနေ၍ အကဲဖြတ်နေသည်ဖြစ်သည်။

ထိုအကြီးအကဲနှစ်ယောက် သိချင်နေသည်က ၀မ်ချောင်မှာ မည်ကဲ့သို့သောသူ ဖြစ်သောကြောင့် သူတို့၏ အစီအစဉ်များအား နှောင့်နှေးအောင် ပြုလုပ်နိုင်သနည်း ဟူ၍ပင်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍ သိရှိထားသောသူမှာ လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်သည်ဖြစ်ရာ လူသာမန်တစ်ယောက်မှနေ၍ ထိုသတ္ထုရိုင်းများအား ထင်မထားလောက်သောစျေးဖြင့် သူတို့ထက်အရင် ၀ယ်ယူသွားခြင်းက သူတို့ စဉ်းစားနိုင်သည်ထက် ကျော်လွန်နေပေသည်။

ထိုသူနှစ်ယောက်က သူတို့၏ ပြိုင်ဘက်မှာ မည်ကဲ့သို့သောသူ ဖြစ်သည်ကို စိတ်၀င်စားမိသည်။ တစ်ခုသာ.. ၀မ်ချောင်က ငယ်ရွယ်လွန်းမည်ဟုတော့ သူတို့ မထင်ထားချေ။

ဟိန္ဒူဘုန်းကြီးနှစ်ပါးက တစ်ဖက်လူမှာ ကလေးတစ်ယောက်သာသာ ဖြစ်သည်ဟု ပြောခဲ့သလိုပင်..

ကျန်းကလန်နှင့် ကလန်ခေါင်းဆောင်အတွက် အလွန်တန်ဖိုးကြီးများသော အခွင့်အရေးကြီးအား လူမမယ် ကလေးတစ်ယောက်မှ ဖျက်လိုဖျက်ဆီးလုပ်သွားခြင်းကို ယုံကြည်နိုင်ရန် ခက်ခဲလှပေသည်။

“ သင်တို့နှစ်ယောက်က ဘယ်သူတွေလဲ.... ”

ထပ်တူညီစွာပင် ၀မ်ချောင်ကလည်း ထိုသူတို့က မည်သူမည်ဝါဖြစ်ကြောင်းကို သိချင်နေပြန်သည်။ ၀မ်ချောင်မှာ ထိုသူတို့နှင့် မည်သည့်နေရာတွင် တွေ့ဆုံဖူးသည်ကို မမှတ်မိသော်လည်း အဝေးမှပင် ထိုသူတို့ထံမှ သတ္ထု၊ ကန့်နှင့် ကျောက်မီးသွေးတို့၏ စူးရှသောအနံ့အား ရရှိနေလေသည်။

ထိုသို့သော ကိုယ်နံ့များ ပိုင်ဆိုင်ထားသည့်သူများမှာ အသေအချာပင် ထူးကဲသောအခြေအနေအောက်တွင် နာရီပေါင်းများစွာ အလုပ်လုပ်သူများပင် ဖြစ်ရပေမည်။ ၀မ်ချောင်မှ ထိုသူနှစ်ယောက်၏ နောက်ခံအား အကြမ်းဖျဉ်း တွက်ဆမိသော်လည်း အတည်ပြုရန်တော့ လိုအပ်နေသေးသည်။

“ ကျုပ်က ကျန်းကျန့်ပါ ”

“ ကျုပ်က ကျန်းခုံးပါ.. ၀မ်ကုန်းဇီက ကျုပ်တို့ကို မသိလောက်ပေမဲ့.. ကျုပ်တို့က မြို့တော်ရဲ့ ကျန်းကလန်ကပါ ”

သူတို့နှစ်ယောက်ပြောလိုက်သည်။ မြို့တော်၏ ကျန်းကလန်မှာ လက်နက်သွန်းလုပ်ခြင်း၊ မိုင်းတွင်းများ၊ လက်နက်နှင့် ချပ်၀တ်များ အဓိက ရောင်းချသော ကလန်ဖြစ်ပေသည်။ သူတို့က လက်နက်လုပ်ငန်းတွင် နာမည်ကျော်ကြားလျှင်တောင်မှ ဆယ်လေး ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်မှ သိရှိမည်မဟုတ်ဟု တွက်ဆထားကြသည်။

(ငါထင်ထားတဲ့အတိုင်း.. သူတို့ပဲ ဖြစ်နေတာကိုး.. )

၀မ်ချောင်မှာ အပြင်ပန်းကကြည့်လျှင် တည်ငြိမ်သယောင်နှင့် မထူးခြားသော်လည်း သူ့စိတ်ထဲတွင်တော့ စိုးရိမ်ကြောင့်ကြမှုကြောင့် နှလုံးခုန်မြန်နေသည်။ မြို့တော်၏ ကျန်းကလန်မှ သူ့အား အဆောတလျင် လာရှာလိမ့်မည်ဟု သူ မတွေးထားပေ။

ယခင်ဘ၀တွင် အလယ်ပိုင်းလွင်ပြင်တွင် ဟိန္ဒူဘုန်းကြီးများ ချန်ထားခဲ့သော သတ္ထုရိုင်းမှ ပြုလုပ်သော ဝုဒ်သံမဏိလက်နက် အနည်းငယ်မှာ မြို့တော်၏ ကျန်းကလန်မှ ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။

အကယ်၍ သူသာ ၀င်မရှုပ်ခဲ့လျှင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ရောင်း၀ယ်ရန် ကျန်းကလန်မှ ဟိန္ဒူဘုန်းကြီးများနှင့် ဆွေးနွေးလိမ့်မည် ဖြစ်ပေသည်။

လက်နက်သွန်းလုပ်သည့်လောကတွင် ကျန်းကလန်မှာ ထင်ပေါ်ကျော်ကြား၏။ သူတို့က လက်နက်သွန်းလုပ်ခြင်းတွင် မယိုင်လဲနိုင်သော အနေအထားတစ်ခုရှိပြီး သူတို့ကြောင့်သာ မဟုတ်လျှင် အလယ်ပိုင်းလွင်ပြင်မှ ဝုဒ်သံမဏိလက်နက်အား လက်၀ယ်ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ သာမာန်သတ္ထုရိုင်းများနှင့် မတူညီကြောင်း သူတို့သိသော်လည်း ထိုအရာ၏ အစစ်အမှန် အဖိုးတန်မှုအား မဆုံးဖြတ်နိုင်ကြသည်က ၀မ်းနည်းစရာပင်။

သူတို့က ဟိန္ဒူဘုန်းကြီးတို့ထံမှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းနမူနာ အနည်းငယ်အား ၀ယ်ယူခဲ့သော်လည်း သူတို့၏ လက်နက်သွန်းလုပ် သန့်စင်သည့် နည်းစနစ် အားနည်းချက်များကြောင့် သတ္ထု၏ မူလအရည်အသွေးအား ပေါ်လွင်အောင် မစွမ်းဆောင်နိုင်ကြပေ။ ထိုအရာက အမှန်တကယ် နောင်တရစရာပင်။

“ သင်တို့ အလည်အပတ် လာရောက်ရတဲ့ အကြောင်းရင်းများ သိခွင့်ရှိမလား ”

၀မ်ချောင် ပြုံးကာမေးလိုက်သည်။

“ မြင်တဲ့အတိုင်းပါပဲ.. ကျုပ်တို့က ကုန်းဇီ ဟိန္ဒူဘုန်းကြီးတို့ဆီကနေ သတ္ထုရိုင်းအတော်များများ ၀ယ်ယူသွားခဲ့တယ်လို့ ကြားထားတယ်.. ”

ထိုနှစ်ယောက်က သူတို့ပြောမည်စကားလုံးများအား သတိထားနေကာ အတတ်နိုင်ဆုံး ယဉ်ကျေးစွာ ပြောဆိုနေလေသည်။

ကလန်ခေါင်းဆောင်မှ ဟိုက်ဒရာလတ်သတ္ထုရိုင်းနှင့်ပက်သက်၍ သတင်းများ အပြင်သို့ ပြန့်သွားမည်ကို မလိုလားပေ။ ယခုတွင်မူ ၀မ်ချောင်မှ ထိုသတ္ထုရိုင်းအား တန်ဖိုးဖြတ်နိုင်သည်လား အရူးထခြင်းသက်သက်လား သူတို့ မပြောနိုင်သေးပေ။

ချုံပြောရလျှင် သူတို့က ၀မ်ချောင်၏ အခြေအနေအား နားမလည်မချင်း တစ်ဖက်လူအပေါ် များစွာ မပြောမိစေရန် သတိထားနေကြသည်။

(ဟားဟား.. ငါထင်ထားတဲ့အတိုင်းပါပဲလား )

ထိုစကားများအား ကြားလျှင်ကြားချင်း ၀မ်ချောင် စိတ်ထဲမှနေ၍ ပြုံးလိုက်မိသည်။ ထိုသူနှစ်ယောက်က ဟိုက်ဒရာဘတ်သတ္ထုကြောင့် ဤနေရာသို့ရောက်နေရခြင်းပင်။ ထို့အပြင် သူ့အကြောင်းသိရရန် ဟိန္ဒူဘုန်းကြီး နှစ်ပါးနှင့်ပင် တွေ့ခဲ့ပြီး ဖြစ်လောက်ပေမည်။

“ ဟုတ်ပါတယ်.. ကျုပ် သတ္ထုရိုင်းပမာဏ အတော်များများ ၀ယ်ခဲ့တယ်.. ဘာလို့လဲ ခင်ဗျားတို့ရော သတ္ထုရိုင်းကို စိတ်၀င်စားနေတာပဲလား ”

၀မ်ချောင် သူ၏င်္အကျီလက်အား ခါလိုက်ကာ သူ့လက်အား ကျောနောက်သို့ပို့လျက် ဂရုမစိုက်သော အမူအရာဖြင့် မေးလိုက်သည်။

(အတော်များများ၀ယ်တယ်ဟုတ်လား.. မင်း၀ယ်သွားတာ အကုန်လုံးကွ.. မင်းက အလယ်ပိုင်းလွင်ပြင်ရဲ့ ဟိုက်ဒရာဘတ်ရောင်း၀ယ်ရေးကို ချယ်လှယ်ဖို့ ဖြန့်ဖြူးခွင့်ကိုတောင် ၀ယ်ထားသေးတာ.. မင်းဘကြီးကို အတော်များများ ၀ယ်ထားလိုက်ပါလား)

စိတ်ထဲတွင် ဖြစ်ပေါ်လာသော စကားလုံးများအား ထုတ်ပြောလျှင် မကောင်းရှိရော့မည်။ အကယ်၍ သူတို့နှစ်ယောက်သာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား ဟိန္ဒူဘုန်းကြီးထံမှ အနည်းငယ် ၀ယ်ယူနိုင်လျှင်ပင် သူတို့ ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။

“ ဒါက.... ကျုပ်တို့ ကျန်းကလန်က မိုင်းတွင်းကို တကယ်စိတ်၀င်စားနေတာပါ.... ဒါပေမဲ့ ကုန်းဇီက အကုန်၀ယ်သွားပြီလို့ ကျုပ်ကြားထားတယ်.. သင့်ရဲ့ဖခင်က မဟာထန်ရဲ့ အရေးပါတဲ့ စစ်သူကြီး မဟုတ်လား.. ပြီးတော့ရှိသေးတယ်.. ကျိုးအမတ်ကြီးကလည်း ကျုပ် အမြဲလေးစားအားကျရတဲ့ ပုံရိပ်တစ်ခုပါပဲ..သို့ပေမဲ့ သင့်ရဲ့ကလန်က လက်နက်ရောင်း၀ယ်ရေးလုပ်ငန်းမှာ ပါ၀င်ပက်သက်တယ်လို့ ကျုပ်တစ်ခါမှ မကြားဖူးပါဘူး။.. ကျုပ် ဒီကိုရောက်နေရတာက ကုန်းဇီက ကျုပ်တို့ ကလန်ကို သဘောတူညီချက်စာချုပ် ရောင်းပေးနိုင်မလားလို့ပါ.. ဒါပေါ့ ကုန်းဇီအတွက် အရှုံးမရှိစေရပါဘူး.. ပြီးတော့ ကျုပ်တို့က ရွှေပမာဏအတော်များများကိုလဲ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အလျော် ပေးဦးမှာပါ.. ”

သူတို့နှစ်ယောက်လုံး ပြောနေရင်းပင် တလေးတစားနှင့် ဦးညွှတ်လိုက်သည်။

ထိုနှစ်ယောက်က သူတို့၏ စကားလုံးများက သဘာ၀ကျပြီး ရိုးသားမှုအပြည့်ရှိသည်ဟု ခံစားရသည်။ ကျိုးအမတ်ကြီး၏ ကျော်ကြားမှုက ပန်းပဲပညာရပ်တွင် မဟုတ်သလို ၀မ်ယန်နှင့် သူ့မိသားစုမှာလည်း ပန်းပဲလုပ်ငန်းနှင့် ပက်သက်သည့်အရာ တစ်ခုမှပင် မရှိပေ။

ထိုမျှတန်ဖိုးကြီးလှသော ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ၀မ်ကလန်လက်ထဲတွင် အပ်လိုက်ရခြင်းက အလဟဿဖြစ်ခြင်းပင်။ ကျန်းကလန်သာလျှင် ထိုအရာ၏ အမြင့်ဆုံး စွမ်းဆောင်ရည်အား ပြသနိုင်ပေလိမ့်မည်။

ဟုတ်၏။ ကျန်းကလန်မှ ထိုအရာအား အခမဲ့ရရှိမည်ဟုတော့ မတွေးထားပေ။ ၀မ်ကလန်နှင့် ထိုက်တန်သော နှုန်းထားအား ဆွေးနွေးဦးမည် ဖြစ်သည်။ ထို့ကြောင့် ထို ရောင်း၀ယ်မှုက ကျန်းကလန်ကိုရော ၀မ်ကလန်ကိုပါ အမြတ်စွန်းရရှိစေမည်ဖြစ်သည်။

သူတို့အမြင်တွင် ၀မ်ချောင်က ဟိုက်ဒရာဘတ်သတ္ထုရိုင်းစျေးကွက်အား ချုပ်ကိုင်ထားချင်လျှင်တောင်မှ သူက ကလေးသာရှိသေးသည်။ ထို့အပြင် ၀မ်ကလန်၏ မြို့တော်တွင် ထင်ပေါ်ကျော်ကြားမှုအရ သတ္ထုရိုင်း၏ တန်ဖိုးအား ပေးချေနိုင်လိမ့်မည်မဟုတ်ပေ။

၀မ်မိသားစု၏ ကုန်းဇီ ထိုသို့သော ကတိက၀တ်အား ပြုလုပ်ရခြင်းမှာ ကလေးတစ်ယောက်၏ ခေါင်းမာခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“ ဟားဟား...... ”

အထက်ပါစကားများအား ၀မ်ချောင်ကြားလျှင် သူသည် ဥမမယ်စာမမြောက် တောင်မရောက် မြောက်မရောက် ကလေးအရွယ်သာရှိသောကြောင့် ထိုသတ္ထုရိုင်း၏ တန်ဖိုးအား မသိရှိဟု ထိုသူတို့ အထင်ရောက်နေပုံရလေသည်။

“ သင်တို့က ကျုပ်ကို ဘယ်လောက် အလျော်ပေးမယ်လို့ စဉ်းစားထားတုန်း ”

“ အတုံးတစ်ထောင်တိတိ... ရွှေတုံးနဲ့ပါ ..”

ထိုသူနှစ်ယောက် စိတ်လိုလက်ရဖြင့် ဖြေကြားလိုက်သည်။ သူတို့ ‘ ရွှေတုံး ’ ဟူသော စကားလုံးအား အသားပေးပြောဆိုလိုက်သည်။

“ ကုန်းဇီက ဟိန္ဒူဘုန်းကြီးနှစ်ပါးနဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ကျုပ်တို့ဆီရောင်းပေးမယ်လို့ဆိုရုံနဲ့ ရွှေတုံးတစ်ထောင်တိတိကို သင့်ရဲ့ ခြံ၀င်းရှေ့ ချက်ချင်းအရောက်ပို့ပေးပါ့မယ် ”

‘ ရွှေတုံးတစ်ထောင် ’ ထိုပမာဏမှာ ကလန်ခေါင်းဆောင်နှင့်ဆွေးနွေးပြီးနောက် သူတို့ လာရာလမ်းတစ်လျှောက်လုံး ဆွေးနွေးခဲ့သည့် အရာဖြစ်ပေသည်။ သူတို့အမြင်အရ ၀မ်ချောင်မှာ အလွယ်တကူ ညှိနှိုင်း၍ရပြီး ထိုကဲ့သို့သော ညှိနှိုင်းမှုမှ ရွှေတုံးတစ်ထောင် အမြတ်ရဦးမည်ဆိုလျှင် သူတို့အား လက်လွဲပေးလိမ့်မည်ဟု တွေးထားကြသည်။

သူတို့ ၀မ်ကလန်ကဲ့သို့သော စစ်သူကြီးကလန်များမှာ တစ်နှစ်လုံးနေမှ ရွှေတုံးတစ်ထောင်ခန့်သာ ၀င်ငွေရှိကြောင်း စုံစမ်းထားပြီးဖြစ်သည်။ သူတို့ ထိုမျှ ကြီးမားသော ငွေပမာဏအား ထုတ်ပေးရန် ဆုံးဖြတ်ရခြင်းမှာ ‘ ကျိုးအမတ်ကြီး ’ အပေါ် လေးစားသမှုရှိသောကြောင့် ဖြစ်လေကာ ထိုအရာက သူ့အား အလေးပေးခြင်းတစ်မျိုးပင်။

“ ဟားဟား... တကယ်လို့ ဒီပမာဏက သင်တို့တတ်နိုင်တာအကုန်ပဲဆိုရင် နှစ်ယောက်လုံးကို လှည့်ပြန်သွားဖို့ပဲ ပြောပါရစေ.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းသဘောတူစာချုပ်ကို ကျုပ်ရောင်းမှာ မဟုတ်ဘူး.. အခုကိစ္စကို သေချာ ပြန်စဉ်းစားပြီး တစ်ခြားပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်ဖို့ နောက်မကျသေးပါဘူး ”

၀မ်ချောင် နှာခေါင်းရှုံ့လိုက်ကာ လက်ယမ်းလိုက်သည်။

၀မ်ချောင်က ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား သိန်းနှင့်ချီ၍ မှန်းထားသည်ဖြစ်ရာ တစ်ထောင်ခန့်မျှသော ရွှေတုံးက သူ့အတွက် လျော်ကြေးဟု မည်ကဲ့သို့ သတ်မှတ်နိုင်မည်နည်း။

၀ုစ်သံမဏိလက်နက်တစ်ခုအား ရောင်းလိုက်လျှင်ပင် ရွှေတုံးတစ်သောင်းနှင့်အထက် ရနိုင်ပေသည်။

ထိုနှစ်ယောက်က သူ့အား အတွေ့အကြုံမရှိသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်းသာ ဖြစ်ပေမည်။ ရွှေတုံးတစ်ထောင်ဟုတ်သလား။ ထိုအရာအား သဘောတူရလောက်အောင် သူ မရူးသွပ်သေးပေ။

“ ဘာကြောင့်လဲ... ”

နှစ်ယောက်သား မျက်လုံးဝိုင်းစက်သွားကာ အံ့သြသွားလေသည်။

သူတို့ပေးသည့် စျေးနှုန်းမှာ သင့်တော်သည်ဟုသာ သူတို့တွေးထင်ထားသည်ဖြစ်ရာ သူတို့၏ နားလည်သဘောပေါက်ခြင်းများအရ ၀မ်ကလန်သည် အဂတိကင်းသောကလန်ဖြစ်ပြီး ၀မ်ချောင်ကဲ့သို့သော သခင်လေးများမှာ တစ်လလျှင် ငွေတုံးဆယ်တုံးခန့်သာ အများဆုံးအနေဖြင့် အသုံးစရိတ် ရရှိကြသည်ဖြစ်သည်။

(မင်းကအရူးမို့လို့ ရွှေတုံး တစ်ထောင် အလကားနီးနီးရမှာကို ငြင်းရတာလားဟ)

“ ကျုပ်ရဲ့ ပွင်းလင်းမှုကို ဗွေမယူပါနဲ့ ရွှေတုံးတစ်ထောင်ကလဲ နည်းတာတော့ မဟုတ်ဘူးမလား.. တကယ်လို့ ကုန်းဇီက ပိုမြင့်တဲ့ ပမဏကို လိုချင်တယ်ဆိုရင်တော့ ကျုပ်တို့ မတတ်နိုင်မှာကို စိုးရွံမိပါတယ် ”

သူတို့၏ မျက်နှာများ လငပုပ်ဖမ်းသွားသည်။

သူတို့၏ကလန်ခေါင်းဆောင်နှင့် တိုင်ပင်ထားသည်မှာလည်း ၀မ်ချောင်အား အများဆုံးအနေဖြင့် ရွှေတုံးတစ်ထောင်သာ ပေးရန်ဖြစ်သည်။ ၀မ်ချောင်မှ မလုံလောက်ဟု ပြောလိမ့်မည်ဟု မတွေးမိပေ။ ထိုအရာက သူတို့ မထင်မှတ်ထားသောအရာဖြစ်ပြီး ငွေပမာဏ တိုးပေးရန်လည်း သူတို့အတွက် မဖြစ်နိုင်ပေ။

မြို့တော်ကျန်းကလန်မှာ နာမည်သတင်း ကျော်ဇောသည့်ကလန် ဖြစ်သော်လည်း သူတို့ စိတ်ရှိတိုင်း သုံးဖြုန်းနိုင်သည်ဟု မဆိုလိုပေ။

“ ပြီးတော့ ကျုပ်တို့မမှားဘူးဆိုရင် သင်က ဟိုက်ဒရာဘတ်ရောင်း၀ယ်ခွင့်ကို လက်၀ယ် မပိုင်ဆိုင်ရသေးဘူးမဟုတ်လား တကယ်လို့ သင်သာ တစ်လအတွင်း ရွှေတုံး ၉သောင်း မရှာနိုင်ဘူးဆိုရင် ဟိုက်ဒရာဘတ်မိုင်းတွင်းကို မပိုင်ဆိုင်ရရုံသာမကဘူး အတော်များတဲ့ ငွေပမာဏကို အလျော်ပေးရမှာနော်..--- ဒီလိုတွေးမယ်ဆိုရင် ကျုပ်တို့မမှားဘူး ဟုတ်တယ်မလား ”

ထိုနှစ်ယောက်က ပွင့်လင်းစွာ ပြောလေသည်။

တစ်လအတွင်း ရွှေတုံး ၉ သောင်းရှာရမည်ဟူသည်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။ ကျန်းကလန်ကဲ့သို့သော ထင်ရှားကာ ချမ်းသာကြွယ်ဝသော မိသားစုအတွက်ဆိုလျှင်တောင်မှ အလွန်ခက်ခဲပေသည်ဖြစ်ရာ အဂတိမလိုက်စားသော မိသားစုမှ လစဉ်ထောက်ပံ့ကြေးသာရရှိသော ၀မ်ချောင်အတွက်ဆိုလျှင် ပို၍ မဖြစ်နိုင်ပေ။

၀မ်ချောင် ထိုလုပ်ငန်းဆောင်တာအား လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ ယုံကြည်ပေး၍ မရပေ။ ထိုအကြောင်းရင်းကြောင့်ပင်လျှင် ဤနေရာသို့လာ၍ ၀မ်ချောင်နှင့် လာရောက်ဆွေးနွေးရခြင်း ဖြစ်လေသည်။

အတိအကျဆိုရလျှင် ၀မ်ချောင်ထံမှ သဘောတူစာချုပ်အား ရလျှင် သူတို့က ဟိန္ဒူဘုန်းကြီးများနှင့် တစ်ဖန် ဆွေးနွေးဦးမည်ဖြစ်သည်။ သူတို့ ပေးချေရမည့် ပမာဏအား လျော့ချပေးရန် တောင်းဆိုမည်သာမက ရက်ချိန်းကိုလည်း တိုးပေးရန် တောင်းဆိုဦးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တစ်လအတွင်း ရွှေတုံး ၉သောင်း သုံးရမည်ဆိုသည်အား ကြွယ်၀ချမ်းသာသည်ဟူသော ကလန်များပင် ပေါ့ပေါ့မတွေးရဲပေ။

“ ကြည့်ရတာ သင်တို့ကလန်က မိုင်းတွင်းကို အတော်စိတ်၀င်စားနေပုံပဲ.. ဒါပေမဲ့ ကျုပ် မေးပါရစေဦး တကယ်လို့ ကျုပ်က ခင်ဗျားတို့ ကျန်းကလန်ကို သဘောတူစာချုပ် ရောင်းလိုက်မယ်ဆိုရင် သင်တို့ရဲ့ စွမ်းဆောင်ရည်အရ သတ္ထုရိုင်းတစ်ဂျန်ကို ဘယ်လောက် အမြတ်ရနိုင်မလဲ ”

တစ်ဂျန် - ၁၂.၅မှ ၁၃ကီလိုဂရမ်

လှေကားပေါ်တွင်ရပ်နေရင်း ၀မ်ချောင်က လက်မောင်းအိုးအား ခါလိုက်ကာ ယုံကြည်ချက်မြင့်မားစွာဖြင့် သူတို့နှစ်ယောက်အား မေးလိုက်သည်။

“ ဒါက....... ”

နှစ်ယောက်သား မှင်သက်သွားကြသည်။ ၀မ်ချောင်က ထိုသို့သော မေးခွန်းအားေ မေးလိမ့်မည်ဟု သူတို့ မထင်မှတ်ထားပေ။

“ ဒါက.. မြို့တော်မှာ ကျုပ်တို့ ကျန်းကလန်ရဲ့ နာမည် ဂုဏ်သတင်းနဲ့ဆိုရင် လက်နက်အားလုံးက တံစဉ်ပဲ ဖြစ်နေပါစေဦး ပုံမှန်ထက် နှစ်ဆလောက်အထိ ရောင်းလို့ရနိုင်တယ်.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို သန့်စင်ပြီးတော့ ပန်းပဲပညာရှင်တွေက လက်နက်အဖြစ် သွန်းလုပ်ပြီးနောက်မှာ တစ်ဂျန်ကို ရွှေတုံး ၃၀၀ လောက်ထိ အမြတ်စွန်း ရနိုင်လောက်ပါတယ် ”

ကျန်းကျန့်နှင့်ကျန်းခုံးက ယုံကြည်ချက် မြင့်မားစွာဖြင့် ပြောလိုက်သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 32.

၀မ်ချောင်၏ မိမိကိုယ်ကို ယုံကြည်မှု

အမှန်တွင် ထိုသူနှစ်ယောက်က ရွှေတုံး ၆ရာဟု ပြောချင်နေကြသည်ဖြစ်ပြီး ကျန်းကလန်၏ ရာထူးမြင့်သူများက ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ ထိပ်တန်းအရည်အသွေးရှိသော သတ္ထုရိုင်းဖြစ်ကြောင်း သေချာ စိစစ်လေ့လာ ဆုံးဖြတ်ထားပြီးဖြစ်ရာ ထိုသတ္ထုအား ပုံမသွင်းခင် သန့်စင်ရာ၌ အလွန်အမင်း အားထုတ်ရန်မလိုကြောင်း သိရှိထားကြသည်။

ထိုသို့ မြင့်မားလှသောအရည်အသွေးနှင့်သတ္ထုရိုင်းအား ကျန်းကလန်၏ သွန်းလုပ်ခြင်းနည်းစနစ်များ ကျန်းကလန်၏ အမှတ်တံဆိပ်များဖြင့် ပေါင်းစပ်လိုက်လျှင် ထိုလက်နက်များအား တန်ဖိုးကြီးမြင့်စွာဖြင့် ရောင်းချနိုင်ပေလိမ့်မည်။

ပုံမှန် သံမဏိဓားတစ်ချောင်းအား ငွေတုံး ဒါဇင်အနည်းခန့်ဖြင့်သာ ရောင်းချနိုင်သည်။ တစ်ဖက်တွင် ထင်ရှားသော မိသားစုများမှ နာမည်ကျော်ကြားသော ရတနာဓားများ၏ စျေးနှုန်းက တစ်ဒါဇင်မှ ဒါဇင်ပေါင်းများစွာသော ရွှေတုံးအထိ စျေးတင်ရောင်းချနိုင်သည်။

ထိုမျှသော စျေးနှုန်းမှာ ချမ်းသာသော ကုန်သည်များပင် ခေါင်းခံရန် ခဲယဉ်းပေသည်။

သို့သော်လည်း မြို့တော်ကျန်းကလန်မှာမူ ထူးခြားသည်။ သူတို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်းဖြင့် ပြုလုပ်ထားသော ဓားများအား ရွှေတုံး ၆ရာ ၇ရာ ခန့်ထိ ရောင်းချနိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။ အကယ်၍ အရည်အသွေးကသာ သာလွန်နေမည်ဆိုလျှင် စျေးနှုန်းက ရွှေတုံး တစ်ထောင်အထိပင် ဖြစ်သွားနိုင်သေးသည်။

မြို့တော်ကျန်းကလန်သာလျှင် ရွှေတုံး တစ်ထောင်ခန့်တန်ကြေးရှိသော ဓားအား သွန်းလုပ်နိုင်ပေလိမ့်မည်။

ထိုအရာကြောင့်ပင် သူတို့နှစ်ယောက် ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်။

အကယ်၍ ဤအပေးအယူသာ အဆင်သင့်ခဲ့မည်ဆိုလျှင် ကျန်းကလန်မှ ရွှေတုံး ၃သောင်းမှ ၅သောင်းအထိ အကျိုးအမြတ်ရနိုင်ပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ သူတို့သာ ထိပ်တန်းစာရင်း၀င်လက်နက်များအား သွန်းလုပ်နိုင်လျှင် ကျန်းကလန်၏ ဂုဏ်သတင်းသည်လည်း မိုးထိုးသွားမည် မဟုတ်ပါလား။

ထိုအရာကြောင့်ပင် သူတို့က ကျန်းကလန်၏ လေးစားရသော အကြီးအကဲများဖြစ်နေသည်ပင် ယခုအပေးအယူအား ဝီရိယရှိရှိဖြင့် ကောင်းမွန်စွာ ပြီးဆုံးသွားစေရန် ကြိုးစားနေရသည့် အကြောင်းရင်း ဖြစ်ပေသည်။

“ ဟမ့်... ဒါဆို သင်တို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ဘယ်လောက်နဲ့ ရောင်းထားတယ်ဆိုတာ မသိကြဘူးပေါ့.. ”

၀မ်ချောင် ရယ်လိုက်သည်။ ဒီနှစ်ယောက်က အရမ်းရိုးသားတာတော့ မဟုတ်ဘူးပဲ။

“ အာ............ ”

သူတို့နှုတ်ခမ်းအားဖွင့်ကာ စကားပြောရန်ပြင်လိုက်သော်လည်း ပြန်သာ ပိတ်ထားလိုက်ရသည်။ တစ်ဒင်္ဂမျှ ရပ်တန့်သွားကြသည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား ၀မ်ချောင်မှ ၀ယ်ယူသွားသည်ဟုသာ သူတို့ သိရှိထားသည်ဖြစ်ပြီး အကြောင်းအရာ အသေးစိတ်အား သူတို့ မေးမြန်းခဲ့ခြင်းမရှိချေ။ ပြောရလျှင် တစ်ဖက်လူမှ သူတို့အား ရောင်းပေးရန် မကျန်တော့သည်ဖြစ်ရာ စျေးနှုန်းအား အဘယ်ကြောင့် မေးမြန်းနေရဦးမည်နည်း။

၀မ်ချောင်၏ စကားများက သူတို့အား ငုတ်တုတ်မေ့သွားစေသည်။

“ ဒီ..... သတ္ထုရိုင်းရဲ့အရည်အသွေးက ထိပ်တန်းအဆင့်ရှိပြီးတော့ လက်နက်အဖြစ်ထုလုပ်ရာမှာ မီးထိုးဖို့နဲ့ထုနှက်ဖို့လဲ သိပ်အပင်ပန်းခံစရာမလိုဘူး.. ဒါကြောင့်မို့လို့ စျေးနှုန်းက တစ်ခြားတွေထက်ပိုပြီး စျေးမြင့်မှာတော့ အသေချာပါပဲ.. ပြီးတော့ ဟိန္ဒူဘုန်းကြီးနှစ်ပါးကလဲ သူတို့မွေးရပ်မြေကနေ သတ္ထုရိုင်းတွေကို သင်္ဘောနဲ့ တင်ဆောင်လာရတာမဟုတ်လား.. ဒါတွေကို အခြေခံပြီးတွက်ကြည့်မယ်ဆိုရင် အများဆုံးအနေနဲ့ ရွှေတုံး တစ်ရာလောက်တော့ တန်ကြေးရှိပါလိမ့်မယ် ”

ထိုသူနှစ်ယောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

နာမည်ရှိသော ပန်းပဲပညာရှင် သွန်းလုပ်ထားသော အဆင့်လွန်ဓားများပင် ရွှေတုံး တစ်ရာခန့်သာ တန်ကြေးရှိသည်ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ထဲတွင် သာမန်မိသားစုခြောက်ခုပေါင်းလျှင်ပင် ထိုမျှ များပြားသော ငွေများအား တစ်နှစ်လုံး သုံး၍ကုန်မည်မဟုတ်ပေ။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများမှာ အဆင့်လွန်အရည်အသွေးရှိပြီး ထိုနှစ်ဦးကလဲ သတ္ထုအား ထိုက်သင့်သော မြင့်မားသည့်ပမာဏဖြင့် ကမ်းလှမ်းထားပြီးဖြစ်လေသည်။ ကျန်းကျန့်နှင့်ကျန်းခုံးတို့၏ အတွေးထဲတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ မည်မျှ တန်ကြေးမြင့်သည် ဖြစ်ပါစေ သူတို့ခန့်မှန်းထားသော ပမာဏကိုတော့ ကျော်လွန်မည် မဟုတ်။

“ ဟမ့်.. ”

ထိုစကားများအားကြားလျှင် ၀မ်ချောင် ထီမထင်ဟန်ဖြင့် ရယ်လေတော့သည်။ သိသာစွာပင် ကျန်းကလန်မှာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းက သာမန်ထက်ကျော်လွန်သည်ကို သိနေသော်လည်း ထိုအရာ၏ အစစ်အမှန် တန်ဖိုးအား ပိုင်းခြားဆုံးဖြတ်နိုင်စွမ်း မရှိသေးပေ။

ထိုအချက်ကြောင့်ပင် ဟိန္ဒူဘုန်းကြီးတို့ထံသို့ ကျန်းကလန် ရောက်ရှိခဲ့သော်လည်း အလယ်ပိုင်းလွင်ပြင်သည် ဝုစ်သံမဏိအနည်းငယ်ကိုသာ ရရှိခဲ့သည့် အကြောင်းရင်းအား နောက်ဆုံးတော့ ၀မ်ချောင် သဘောပေါက်သွားလေသည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်း ပေါ်ပေါက်လာသည်ကို သူတို့က ဦးစွာ သိရှိခဲ့ကြသည်။ ထိုအရာမှာ ရခဲလှသော အခွင့်အရေးဖြစ်ကာ ကျန်းကလန်မှ ထိုအရာအား လက်လွှတ်ခဲ့လေသည်။

“ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို ထိမ်ချန် မထားတော့ဘူး ”

၀မ်ချောင် သူ့လက်အား မလိုက်ကာ လက်သုံးချောင်း ထောင်ပြလိုက်ပြီး..

“ ဟိန္ဒူဘုန်းကြီးနှစ်ပါးက ရောင်းဖို့ သတ်မှတ်ထားတဲ့ စျေးကတောင်မှ သင်တို့ကမ်းလှမ်းတဲ့ စျေးထက် သုံးဆလောက်များနေသေးတယ်.. ဟိုက်ဒရာဘတ်သတ္ထုရိုင်း တစ်ဂျန်ကို ရွှေတုံး ၃ရာ တန်ကြေးရှိတယ် ”

“ အာ..... ”

ထိုသူနှစ်ယောက်၏မျက်လုံး ပြူးကျယ်သွားသည်။ သူတို့ အမှန်ပင် အံ့သြသွားသည်ဖြစ်သည်။ သူတို့တစ်ဦးမှ ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ စျေးနှုန်းမှာ ထိုမျှ မြင့်မားမည်ဟု စိတ်ကူးပင် မယဉ်ဖူးပေ။ ထိုစျေးနှုန်းက အလယ်ပိုင်းလွင်ပြင်မှ သတ္ထုရိုင်းအားလုံးထက်ပင် ကျော်လွန်နေပေပြီ။

“ သင်တို့ကို ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်.. ဟိုက်ဒရာဘတ်သတ္ထုရိုင်း သဘောတူညီချက်စာချုပ်ကို သင်တို့ဆီ ရောင်းပေးဖို့ စိတ်ကူးလုံး၀မရှိဘူး.. သင်တို့ ကမ်းလှမ်းတဲ့ ရွှေတုံး တစ်ထောင်ဆိုတာ ကျုပ်အတွက် မဖြစ်စလောက်လေးပဲရှိတယ်.. ကျုပ်သာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို လက်နက်ထုပြီး တစ်ခုလေးပဲရောင်းမယ်ဆိုရင်တောင် ရွှေတုံးတစ်သောင်းကတော့ အသာလေးရတယ်.. လက်နက် နည်းနည်းလေး လုပ်ရောင်းလိုက်တာနဲ့တင် ရွှေတုံး ၉ သောင်းဆိုတာ စကားထဲ ထည့်ပြောဖို့တောင် မတန်တော့ဘူး ”

၀မ်ချောင် လှေကားပေါ်မှနေ၍ သူတို့အား ငုံ့ကြည့်လိုက်ပြီး ဘ၀င်ခိုက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဘယ်လိုဖြစ်နိုင်မှာလဲ..... ”

နှစ်ဦးသား ထိတ်လန့်မှုဖြင့် အော်ဟစ်လိုက်မိသည်။

“ ၀မ်ကုန်းဇီ.. ကျုပ်တို့ကို ဟာသလုပ်နေတာမလား.. အလယ်ပိုင်းလွင်ပြင်မှာတောင် ဘယ်သတ္ထုရိုင်းမှ တစ်ဂျန်ကို ရွှေတုံး ၃ရာနဲ့မရောင်းကြဘူး.. ဒီလောက်စျေးကြီးတဲ့ သတ္ထုရိုင်းကို ဘယ်သူမှ ၀ယ်မှာ မဟုတ်ဘူး.. တကယ်လို့ သင်ပြောတာကသာ အမှန်ဆိုရင်တော့. ကျုပ်တို့ ဒီကိစ္စကို ပြန်စဉ်းစားရဦးမယ် ”

“ ပြီးတော့ လက်နက်တစ်ခုကို ရွှေတုံးတစ်သောင်းနဲ့ရောင်းဦးမယ်ဟုတ်လား.. ၀မ်ကုန်းဇီ ကျုပ် သင့်ရဲ့အဘိုးကို တော့လေးစားပါတယ်.. သင်က ဒီစကားတွေကို စိတ်၀င်စားရာကောင်းပြီး သဘောကျနေတယ်ဆိုရင်တောင် တစ်ခြားဘယ်သူ့ကိုမှ ဒီအတွေးကို မပြောပြသင့်ဘူးနော့.. အလယ်ပိုင်းလွင်ပြင်မှာ ဒီလောက် စျေးမြင့်မြင့်နဲ့ ရောင်းချနိုင်မဲ့သူ ရှိမှာ မဟုတ်ဘူး.. --------- သင့်ရဲ့ ဟာသက ရယ်စရာမကောင်းပါဘူး... ”

သူတို့နှစ်ယောက်လုံး မျက်နှာထားတင်းမာသွားသည်။ သူတို့ ၀မ်ချောင်နှင့် ပြေလည်စွာ စေ့စပ်ဆွေးနွေးရန် ကြံရွယ်ထားသော်လည်း ၀မ်ချောင်၏ ခံယူချက်မှာ သူတို့အား မလေးမစားနှင့် ကလေးကစားသကဲ့သို့ ပြုမူ နေသည်ဟု ခံစားရစေသည်။

“ ကျုပ် ဟာသ လုပ်နေတာမဟုတ်ဘူး ”

၀မ်ချောင်မှ ထူးမခြားနားပင် ပြန်ပြောလိုက်သည်။ ကျန်းကလန်မှာ ထိုမျှကောင်းမွန်သော အခွင့်အရေးကြီးက သူတို့ မျက်စိရှေ့ရောက်ခဲ့သည့်တိုင်အောင် လက်လွှတ်ခဲ့ရသည်ကို ၀မ်ချောင် နောက်ဆုံး နားလည်သွားသည်။ အကယ်၍ သူ ပေါ်မလာခဲ့လျှင်တောင် ကျန်းကလန်မှ ထိုစျေးနှုန်း၏ ထိုရိုက်ခတ်မှုအား ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

သူတစ်ယောက်တည်းသာလျှင် မဟာထန်နှင့် ဝုစ်သံမဏိ၏ ကံကြမ္မာအား တန်းညှိပေးနိုင်လိမ့်မည်ဖြစ်သည်။

“ ကြည့်ရတာ သင်တို့မလာခင် အိမ်စာ ကောင်းကောင်းမလုပ်ခဲ့ဘူးပဲ.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို တစ်ဂျန် ရွှေတုံး ၃ရာနဲ့ ရောင်းတာက အပေးအယူတစ်ခုတည်းသက်သက် မဟုတ်ဘူးဆိုတာပဲ.. စျေးနှုန်းက သင်တို့ လက်မခံနိုင်ရင်တောင်မှ ကျုပ်လက်ခံနိုင်တယ်..----- နောက်တစ်ခုက ရွှေတုံး ၉သောင်းကို ကျုပ်ရှာနိုင် မရှာနိုင် သင်တို့စိုးရိမ်နေတယ်ဆိုရင် လုံး၀မလိုဘူးလို့ ပြောပါရစေ.. ကျုပ်လိုအပ်တဲ့ ငွေကို အချိန်အတိုအတွင်း ကျုပ်ရှာနိုင်လိမ့်မယ် ”

“ တကယ်လို့ ကျုပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ စဉ်းစားထားရင် သင်တို့ကို တစ်ခု အကြံပေးလိုက်မယ်.. ကျုပ်ရှေ့ကို မလာခင် အရင်ဆုံး ကိစ္စအားလုံးကို ကြိုတင်ပြင်ဆင်ခဲ့ပါ... ”

၀မ်ချောင်ပြောလိုက်သည်။ ဤအရာက မာနကြီးခြင်းမဟုတ်ပေ။ မိမိကိုယ်ကို ယုံကြည်ချက် မြင့်မားခြင်းသာ ဖြစ်ပေသည်။

ကျန်းကလန်က စစ်ပွဲစတင်ချိန်တွင် လက်နက်ထုတ်လုပ်ခြင်းလုပ်ငန်း မည်မျှ ပြောင်းလဲသွားမည်ကို သိရှိထားခြင်း မရှိပေ။ မဟာထန် ငြိမ်၀မ်ပိပြားနေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ တန်ပြန်တိုက်ခိုက်မှု မခံရသည်မှာ ကြာညောင်းလှပြီ ဖြစ်လေသည်။

ကြီးမားများပြားသော စစ်သည်အင်အားနှင့်အတူ အချိန်ကြာမြင့်စွာ အေးချမ်းသာယာနေခြင်းက အလယ်ပိုင်းလွင်ပြင်တွင် မှီတင်းနေထိုင်သူများ၏ လက်နက်သွန်းလုပ်ခြင်းအပေါ် ခံယူချက်မှာ အိန္ဒိယ၊ အာရပ်တို့နှင့် ကွာခြားစေသည်။

အလယ်ပိုင်းလွင်ပြင်ထဲတွင် လက်နက်တစ်ခုက တော်ရုံအရည်အသွေးရှိကာ စစ်သည်တစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းအား တိုးမြင့်ပေးနိုင်လျှင် လုံလောက်နေပြီဖြစ်သည်။ ကျန်းကလန်ကဲ့သို့ ကျော်ကြားထင်ရှားသော ကလန်ကြီးပင်လျှင် သူတို့ သွန်းလုပ်သည့် လက်နက်တစ်ခုချင်းစီတိုင်းအား ထိပ်တန်းအရည်အသွေးရှိနေစေရန် ခံယူချက် မထားရှိပေ။

သူတို့သွန်းလုပ်သော ရတနာလက်နက်များအား အများသူငှာ လက်ခံနေသမျှ သူတို့လဲ ကျေနပ်ရောင့်ရဲနေကြသည်။ ထို့ကြောင့်ပင် အလယ်ပိုင်းလွင်ပြင်မှ လက်နက်စျေးနှုန်းမှာ စျေးနှုန်းမြင့်မားခြင်း မရှိပေ။

တစ်ခြားတစ်ဖက်၌ အိန္ဓိယကိုကျော်လွန်၍ အနောက်သို့ဆက်သွားပါက အာရပ်ကမ္ဘာတို့တွင်မူ အကန့်အသတ်ရှိသော လူဦးရေနှင့် စစ်မက်မကြာခဏ ဖြစ်ပွားသောကြောင့် လက်နက်များ၏ အရည်အသွေးများက ပိုမိုကောင်းမွန်ကြသည်။

အလယ်ပိုင်းလွင်ပြင်နှင့် နှိုင်းယှဉ်ရလျှင် အိန္ဒိယနှင့် အခြားနိုင်ငံများက လက်နက်သွန်းလုပ်ရာတွင် အချိန်ပိုယူကြလေသည်။

ထို့ကြောင့်ပင် အိန္ဓိယနှင့် အာဘတ်စစ် စော်ဘွားနယ်များမှာ လက်နက်များက အလယ်ပိုင်းလွင်ပြင်ထက်ပို၍ စျေးမြင့်မားကာ သတ္တုရိုင်းစျေးနှုန်းမှာလည်း ထို့အတူပင် မြင့်တက်လာပြီး ထိုအသုံးအဆောင်များအား အလယ်ပိုင်းလွင်ပြင်ထက်ပို၍ စျေးကြီးစေသည်။

ကျိုးကြောင်းဆက်စပ်၍ ပြောရမည်ဆိုလျှင် အနောက်တိုင်းနိုင်ငံများမှ ပန်းပဲပညာအဆင့်အတန်းမှာ အလယ်ပိုင်းလွင်ပြင်ထက် သာလွန်ခြင်းမရှိပေ။ သို့သော်လည်း သူတို့လက်မှုပညာသည်များ၏ မိမိလုပ်ငန်းအပေါ် စိတ်၀င်စားမှု ပြင်းပြခြင်းက အနောက်တိုင်းနိုင်ငံများမှ လက်နက်များသည် အလယ်ပိုင်းလွင်ပြင်မှ လက်နက်များထက် သာလွန်နေရခြင်း အကြောင်းရင်းဖြစ်ပေသည်။

အကယ်၍ မဟာထန်ကသာ သူတို့အား အမှီလိုက်ချင်လျှင် လက်နက်သွန်းလုပ်ခြင်းအား ပြန်လည် အကဲဖြတ်ရန် ပထမ စစ်ပွဲများစွာအား ရှုံးနိမ့်ရပေမည်။

ထိုအခါမှသာ ဆရာသခင်အဆင့်ပန်းပဲဆရာများက သူတို့၏ အဆင့်မြင့်အရည်အသွေးပြည့်မှီသော လက်နက်များအား အချိန်၊ အားထုတ်မှု၊ သွေး၊ ချွေးနှင့် မျက်ရည်များ အသုံးပြုကာ သူတို့၏ လက်နက်များအတွက် အားထုတ်ကြလိမ့်မည်ဖြစ်သည်။

အလယ်ပိုင်းလွင်ပြင်၏ လက်နက်ထုတ်လုပ်မှုက ထိုအခါတွင်မှ မြွေအရေခွံလဲသကဲ့သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

နှစ်အနည်းငယ်အကြာတွင် ထိုကဲ့သို့သော အကြောင်းအရာများ ဖြစ်ပေါ်လာလိမ့်မည်ဆိုသည်ကို ကျန်းကလန် သိနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ၀မ်ချောင်က သူတို့ရှေ့မှနေ၍ ဖြတ်စီးထားပြီးဖြစ်သည်။ သူ့အနေဖြင့် မည်ကဲ့သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအတွက်ဆိုလျှင် မထိုက်တန်သည် မရှိချေ။

“ ၀မ်ကုန်းဇီ.. သင်က ရောင်းဖို့ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်တို့လက်လျော့လိုက်ပါတော့မယ် တစ်လအတွင်း ကျုပ်တို့ သင့်ဆီ တစ်ခေါက် လာပါဦးမယ်.. အချိန်ကျရင်တော့ ဟိန္ဒူဘုန်းကြီးနှစ်ပါးကို သွားတွေ့ဖို့ ကျုပ်တို့အတွက် ပိုလွယ်ကူသွားမယ် မဟုတ်လား.. ”

ထိုလူနှစ်ယောက်လုံး ဒေါသထွက်နေလေသည်။ ရှင်းလင်းစွာပင် သူတို့ ၀မ်ချောင်၏စကားများအား စိတ်ထဲထားသည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုအရာအား သူတို့ ခွင့်လွှတ်ပေးနိုင်ပေသည်။

ထင်ရှားကျော်ကြားသော ကလန်မှ အကြီးအကဲများ ပီသစွာ သူတို့က သင့်တော်သော စျေးနှုန်းဖြင့် ယဉ်ကျေးစွာ ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ ၀မ်ချောင်၏ အရူးလုပ်ခြင်းက သူတို့အား အတော်လေး မကျေမနပ်ဖြစ်စေလေသည်။

“ နှုတ်ဆက်ပါတယ် ၀မ်ကုန်းဇီ.. ”

ထို့နောက် သူတို့နောက်လှည့်ကာ ထွက်သွားလိုက်ကြသည်။

“ ဟီးဟီး.. ကျုပ်လိုက်မပို့တော့ဘူးနော်.. ”

၀မ်ချောင် ထိုသူနှစ်ယောက်၏ အရိပ်အား ကြည့်နေကာ အားနည်းစွာ ပြုံးလိုက်သည်။ ကျန်းကလန် မပါလျှင်ပင် လက်နက်သွန်းလုပ်ရန် လိုအပ်သော ကျွမ်းကျင်သူများအား သူရှာနိုင်ပေသေးသည်။ မြို့တော် ကျန်းကလန်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ တန်ဖိုးကြီးသည်ကို သိထားသော်လည်း ၀မ်ချောင်မှ မရိုးမသားဖြင့် စျေးတင်နေသည်ဟု အထင်ရောက်နေလေသည်။

တစ်လအကြာတွင် သူက ဝုစ်သံမဏိလက်နက်အား ဟိုက်ဒရာဘတ်သတ္ထုရိုင်းဖြင့် သွန်းလုပ်ပြီးမှသာလျှင် ကျန်းကလန်မှ သူလိမ်ညာနေသည်မဟုတ်မှန်း သိသွားပေလိမ့်မည်။

သူတို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ တန်ဖိုးအစစ်အမှန်အား သိရှိသွားခဲ့လျှင် သူတို့ သူ့ထံလာ၍ တောင်းပန်တိုးလျှိုးပေလိမ့်မည်။ ထိုအခါတွင်တော့ စျေးနှုန်းက အခရာမဟုတ်တော့ပေ။

ပြီးအရာများ ဖြစ်ပျက်အပြီးတွင် ကျန်းကလန်မှာ မြို့တော်၌ အထင်ပေါ်အကျော်ကြားဆုံး ပန်းပဲကလန် ဖြစ်မည် မဟုတ်တော့ပေ။

၀မ်ချောင် ရယ်မောနေကာ သူ့ခြံ၀င်းအတွင်းသို့ ပြန်၀င်သွားလိုက်သည်။

...................

“ ဒီကောင်လေးက အတော်အတွေးလွန်နေတာပဲ.. ငါတို့က သူ့ကို ကူညီချင်လို့ဆိုတာ သူမသိတာလားဟ.. တစ်လအတွင်း ရွှေတုံး ၉သောင်း သူတို့ဘယ်လိုရှာမလဲ စောင့်ကြည့်ရအောင်.. တရားရေးရာရုံးတော်ဆိုတာ ဟာသတစ်ခုမှ မဟုတ်ပဲ .. ”

“ လက်နက်တစ်ခုကို ရွှေတုံးတစ်သောင်းနဲ့ ရောင်းဦးမယ်ဆိုပဲ.. ဘယ်လိုဟာသမျိုးတုန်း ရွှေနဲ့ငွေကိုများ မှားပြောနေတာလား... ဘယ်လိုလက်နက်မျိုးက အဲ့လောက်ထိ စျေးရနိုင်မှာလဲ ”

လမ်းလျှောက်နေရင်းပင် သူတို့နှစ်ဦးသား အပြင်းအထန် ငြင်းခုန်နေကြသည်။

သူတို့က ၀မ်ချောင်နှင့် ပြေလည်စွာ ဆွေးနွေးရန် လာရောက်ခဲ့သော်လည်း ၀မ်ချောင်မှ ထိုမျှလောက်ထိ မာနကြီးကာ သူတို့အား မချေမငံ ဆက်ဆံမည်ဟု သူတို့ မထင်ထားပေ။

“ လာပါ အရင် ပြန်ပြီး ကလန်ခေါင်းဆောင်ဆီ အစီရင်ခံရအောင်.. ရွှေတုံးတစ်သောင်းတန်တဲ့ လက်နက်မျိုးကို သူဘယ်လို သွန်းလုပ်မယ်ဆိုတာ ငါသိချင်မိတယ်... ဟမ့် .. တစ်လပြည့်ရင်တော့ ဟိန္ဒူဘုန်းကြီးတွေဆီ တိုက်ရိုက် သွားဆွေးနွေးဖို့ပဲ ပြင်ထားလိုက်တော့မယ်ဟေ့.. ”

သူတို့ပြောနေရင်းပင် မြင်းလှည်းတစ်ခုအတွင်းသို့ ၀င်သွားကာ ကျန်းကလန်ဆီသို့ ပြန်သွားကြလေသည်။

...........

ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့်ပက်သက်သည့် ကိစ္စများက စိတ်ကူးရုံဖြင့် ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ ဝေဟောင်မှ ၀မ်ချောင်လိုအပ်သော ကျွမ်းကျင်ပန်းပဲပညာရှင်များအား ရှာဖွေရန် အချိန်လိုအပ်ပေသည်။

၀မ်ချောင်မှ ယခုကြားကာလအတွင်း သူ၏ သိုင်းပညာကျင့်ကြံခြင်းတွင်သာ နှစ်မြုပ်ထားရန် ဆုံးဖြတ်ချက် ချလိုက်သည်။

အကယ်၍ သူ့အတွေးသာ မမှားလျှင် တော်၀င်ရုံးတော်မှာလည်း မဟာလေ့ကျင့်ရေးစခန်းသုံးခုနှင့် ပက်သက်၍ အကျေအလည် ဆွေးနွေးနေကြမည်ဖြစ်ပြီး သုံးလအတွင်း မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခုလုံး ပေါ်ထွက်လာပေမည်။

၀မ်ချောင်က ကွန်းဝူလေ့ကျင့်ရေးစခန်းအား ၀င်ရောက်လိုသော်လည်း သူဖြစ်ချင်သည့်စိတ် တစ်ခုတည်းနှင့် မလုံလောက်ပေ။ ထို့ထက်ပို၍ သူ့တွင် အခြားသူများအား ကျော်လွန်နိုင်သော စွမ်းရည်ရှိရန် လိုအပ်ပေသည်။ ပြီးနောက် ကွန်းဝူလေ့ကျင့်ရေးစခန်းမှာ ၀င်ချင်သည့်သူတိုင်း အလွယ်တကူ ၀င်ရောက်နိုင်သော နေရာ မဟုတ်ပေ။

တစ်ဘက်တွင် ယောင်ဖုန်းမှာ ၀မ်ချောင် လက်ချက်ဖြင့် ကြိုးကြာပျံဝဲစံအိမ်တွင် အရှက်တကွဲ အကျိုးနည်းထားသည်ဖြစ်ရာ ယောင်ဖုန်းက ထိုအရာအား အလိမ်အညာတစ်ခုသာဖြစ်ကြောင်း လက်ခံလိမ့်မည်မဟုတ်မှန်း သူသိထားလေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အခြားသူများထက် ပိုမိုသာလွန်သော စွမ်းအား ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။

“ ဒီ ကိုယ်ခန္ဓာတည်ဆောက်ခြင်းဆေးလုံးက ကွန်းဝူလေ့ကျင့်ရေးစခန်းကို ငါ ၀င်ရောက်နိုင် မရောက်နိုင် ဆိုတာကို အဆုံးဖြတ်ပေးမဲ့ အဓိက သော့ချက် ဖြစ်လိမ့်မယ်.. ”

၀မ်ချောင် လေးလံသော ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးအား လက်မနှင့်လက်ညှိုးဖြင့် ဖိချေလိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်ကာ ပါးစပ်ဖွင့်လျက် ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးအား ပါးစပ်အတွင်း နေရာချထားလိုက်တော့သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 33.

နဂါးအရိုးနည်းစနစ်

ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးမှာ လူတစ်ယောက်၏ သက်လုံနှင့် ခွန်းအားကို အနည်းငယ် မြင့်တင်ပေးနိုင်သည်။ သို့သော်လည်း ၀မ်ချောင်က ထိုဆေးလုံးအား လိုအပ်နေသည့် အကြောင်းရင်းအမှန်မှာ နဂါးအရိုးနည်းစနစ်အား ကျင့်ကြံရန်အတွက်သာ ဖြစ်ပေသည်။

လူတစ်ယောက်၏ အရိုးအား ကျင့်ကြံရာတွင် အမျိုးအစားသုံးခုရှိပြီး ထိုအရာများက နဂါးအရိုး၊ ကျားအရိုးနှင့် ကျားသစ်အရိုးတို့ ဖြစ်ကြသည်။ ထိုသုံးခုမှလွဲ၍ အခြားနည်းလမ်းများအား အောက်လမ်းနည်းစနစ်အဖြစ် သတ်မှတ်ထားကြသည်။

ထိုအရိုး တည်ဆောင်ခြင်းနည်းစနစ်သုံးမျိုးတွင် ကျားသစ်အရိုးမှာ အခြေခံအကျဆုံးနည်းစနစ်ဖြစ်ကာ အလွယ်တကူရှာတွေ့နိုင်သည်။ နှိုင်းယှဉ်ရလျှင် ကျားအရိုးနည်းစနစ်မှာ ပိုမိုမာကျောပြီး တော်၀င်မျိုးနွယ်များနှင့် မြင့်မြတ်၍ အာဏာကြီးသူများသာ ပိုင်ဆိုင်နိုင်ကြသည်။ ထိုအရာအား ရတနာတစ်ပါးအဖြစ်သတ်မှတ်ထားကြပြီး ကလန်နှင့် မိသားစု၀င်များမှလွဲ၍ အပြင်သို့ ပေါက်ကြားခြင်းမရှိပေ။

နဂါးအရိုးနည်းစနစ်မှာ ပို၍ပင်ရှားပါးပြီး အမတ်မင်းများရှိသော ကလန်များပင် ထိုအရာအား လက်၀ယ်ပိုင်ဆိုင်နိုင်ခြင်းမရှိပေ။ ထိုအရာက တော်၀င်မိသားစုအတွက် သီးသန့်လို ဖြစ်နေကာ ထိုနည်းစနစ်အား အပြင်သို့ ပေါက်ကြားခြင်းမရှိစေရန် အလွန့်အလွန် တင်းကြပ်ထားကြသည်။

ကောလဟာလများအရ နဂါးအရိုးနည်းစနစ်မှာ ရှေးဟောင်း မဟာယုမှ သူ့သားစဉ်မြေးဆက်များအတွက် တီထွင်ထားခဲ့သည်ဟု အဆိုရှိသည်။ ရှမင်းဆက် နန်းကျပြီးနောက်တွင် ရှန့်မင်းဆက်က ပလ္လင်အား ဆက်ခံခဲ့သည်။ ထိုမှစ၍ ကျိုးမင်းဆက်၊ ပြီးနောက် ဟန်မင်းဆက်တိုင်အောင် လက်ဆင့်ကမ်းလာကာ ယခု ထန်မင်းဆက်တိုင်အောင်ပင် ဖြစ်ပေသည်။

လူအများက ထိုအဆုံးစွန်သော နည်းစနစ်အား ကြားပင်ကြားဖူးမည် မဟုတ်ပေ။

၀မ်ချောင် တစ်ဦးတည်းသာလျှင် ထိုမျှ ရှားပါးသော နဂါးအရိုးနည်းစနစ်နှင့် ကံစပ်သည့်ပုံပေါ်သည်။ ထိုအရာမှာ ကိုယ်ခန္ဓာတည်ဆောင်ခြင်းနည်းစနစ်၏ အခြေခံမျှသာ ဖြစ်သော်လည်း လူတစ်ယောက်၏ သိုင်းပညာရပ်များကို ကောင်းမွန်စွာ ဖော်ထုတ်ပြနိုင်ရန် ကိုယ်ခန္ဓာကျင့်ကြံခြင်းက အရေးပါသည်။

သူ၏ ယခင်ဘ၀တွင် သူ၏ အပျင်းထူမှုကြောင့် လေးနှစ်လုံးလုံးအား အလဟဿ ဖြစ်စေခဲ့ပြီး အရိုးတည်ဆောက်သင့်သည့် အရွယ်ကောင်းအား ကုန်လွန်စေခဲ့မိသည်။ အဆုံးတွင် အလယ်ပိုင်းလွင်ပြင်၏ ကျွမ်းကျင်ပညာရှင်များမှ မည်မျှပင် လေ့ကျင့်ပေးသည်ဖြစ်စေ မည်မျှပင် ခက်ခဲကြမ်းတမ်းမှုများအား ရင်ဆိုင်တွေ့ဆုံခိုင်းဖြစ်ပါစေ သူက အကန့်အသတ်ရှိနေသည်။ တဖြည်းဖြည်းနှင့် သူက သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သည့်အခါ ရှေ့သို့ ခြေတစ်လှမ်းပင် မတိုးနိုင်တော့မှန် သူ့ကိုယ်သူ သိရှိလိုက်ရသည်။

ထိုအရာက ၀မ်ချောင်၏ အကြီးမားဆုံးသော နောင်တများထဲမှ တစ်ခုပင်။ သူ၏ ယခင်ဘ၀မှ ကျရှုံးမှုက သူ့အား ရှေ့ဆက်ရန် လမ်းစပျောက်စေခဲ့သည်။

ယခုဘ၀တွင်မူ ဘ၀သစ်ပြန်စရန် အခွင့်အရေးရှိပြီဖြစ်ရာ ၀မ်ချောင် သူ၏ နောင်တအား အကောင်အထည်ဖော်နိုင်ပေတော့မည်။ နဂါးအရိုးနည်းစနစ်ဖြင့်သာဆိုလျှင် သူ့အရင်ဘ၀မှ အကန့်အသတ်အား ကျော်လွန်နိုင်မည်သာမက ပို၍မြင့်မားသော အခြေအနေတစ်ခုသို့ပင် ရောက်ရှိနိုင်သေးသည်။

ဘုန်း..............

၀မ်ချောင် ခေတ္တခဏအနားယူပြီးချိန်တွင် ရှေ့သို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ ထိုလက်သီးနှင့်အတူ ၀မ်ချောင်၏ ပါးစပ်မှနေ၍ အပူစီးကြောင်းတစ်ခုက အောက်ဆင်းသွားကာ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးသို့ ပြန့်နှံ့သွားသည်။

ခြေကန်ချက်များ၊ လက်ဝါးရိုက်ချက်များ၊ ကိုယ်နှင့်တိုက်ခိုက်မှုများ၊ ခြေဆန့်လက်ဆန့်မှုများ......

၀မ်ချောင် လေ့ကျင့်နေသည်က သာမာန်လက်သီးတိုက်ကွက်များနှင့် မတူညီပေ။ ထိုအရာထက် သူကိုယ်တိုင်က နဂါးတစ်ကောင် သူ၏ခန္ဓာကိုယ်အားမြေပေါ်တွင် ဆွဲဆန့်နေသည်နှင့် တူနေသည်။

{ နဂါးအရိုးအနုပညာ } ဟူသည်မှာ နဂါးတစ်ကောင်၏ လှုပ်ရှားမှုများအား တုပယူကာ လူတစ်ယောက်၏ သွေးများအား ဆူပွက်စေလျက် အပြင်ဘက်မှ မူလစွမ်းအင်များအား ခန္ဓာကိုယ်အတွင်းသို့ လမ်းပြပေးပြီး ခန္ဓာကိုယ် တစ်ခုလုံးအတွင်း ပြေပြစ်စွာ စီးဆင်းသွားစေရန်ဖြစ်သောကြောင့် သိုင်းပညာရှင်တစ်ယောက်၏ အပြင်ပိုင်းကို ပြောင်းလဲပေးပြီး ‘ သေမျိုးအရိုး ’ မှ ‘ နဂါးအရိုး ’ သို့ ပြုပြင်ပေးမည်ဖြစ်သည်။

‘ အရိုးအုတ်မြစ်ချခြင်း ’ ဆိုသည်မှာ သိုင်းပညာကျင့်ကြံခြင်း၏ အခြေခံဖြစ်ကာ လူတစ်ယောက်၏ အနာဂတ်အား အဆုံးအဖြတ်ပေးလေသည်။ ကောင်းမွန်သော အရိုးအုတ်မြစ်ရှိသူတစ်ယောက်က အခြားသော အခြေခံ အရိုးအုတ်မြစ် နိမ့်ကျသူများထက် မြင့်မားသောအဆင့်ကို သက်သက်သာသာနှင့် ရောက်ရှိနိုင်ကာ သူတို့၏ အနာဂတ်မှာလည်း အကန့်အသတ်မရှိပေ။

ထိုကြောင့် { နဂါးအရိုးနည်းစနစ် } မှာ ကမ္ဘာလောကကို ကိုင်လှုပ်စေနိုင်သည့် အဆုံးစွန်သောနည်းစနစ်လည်း မဟုတ်၊ ကျင့်ကြံသည်သူအား တောင်များကိုချနင်း ပင်လယ်ကိုနှစ်ခြမ်းခွဲနိုင်သော အစွမ်းများ မပေးစွမ်းနိုင်သည့်တိုင် အလွန် တန်ဖိုးကြီးနေပေသေးသည်။

ဘမ်း.........

မျက်တောင်တစ်ခတ်အတွင်း၌ပင် ၀မ်ချောင်၏ လက်သီးက လက်ဝါးအဖြစ်သို့ ပြောင်းလဲသွားကာ အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူ၏လှုပ်ရှားမှုက ကျားတစ်ကောင် တောင်ပေါ်မှ ခုန်ဆင်းလာသကဲ့သို့ပင်။ ရုတ်တရက် နောက်ထပ်လက်သီးတစ်လုံးက အောက်ဘက်မှနေ၍ လေထုအားထိုးခွဲလိုက်သံ ထွက်ပေါ်လာကာ အားကောင်းသောခွန်အားက ၀မ်ချောင်ထံတွင် ဖြစ်ပေါ်နေသည်။

ထိုလှုပ်ရှားမှုအား နဂါး၀င်သက်လက်သီးဟု ခေါ်ဆိုလေသည်။

နဂါး၀င်သက်လက်သီး၏ အနှစ်သာရမှာ နဂါးတစ်ကောင် အသက်ရှူသွင်းသည်ကို တုပ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုလှုပ်ရှားမှု တစ်ခုတည်းကပင် အရိုးပေါင်း ၂၈ခုနှင့် ကြွက်သား ၆၄ခုအား ခန္ဓာကိုယ်တွင်း၌ နိုးထစေကာ လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ ဆေးလုံး၏ အဆီအနှစ်များအား စီး၀င်စေရန် ကွက်လပ်တစ်ခု ဖြစ်ပေါ်စေပြီး လူတစ်ယောက်၏ တိမ်မြုပ်နေသော ဆုံချက်များအား ဖွင့်ရန် ပိုမိုလွယ်ကူစေသည်။

ထိုလက်သီးစနစ်နှင့်ပက်သက်၍ အကြီးမားဆုံးပြဿနာတစ်ခုမှာ လူတစ်ယောက်၏ လှုပ်ရှားမှုက ရှင်းလင်းမှုနှင့် တိကျမှု မပိုင်နိုင်လျှင်ဖြစ်စေ သို့မဟုတ်လူတစ်ယောက်က နဂါးအသက်ရှူခြင်း၏နောက်ကွယ်မှ စည်းချက်အား တုပမှု လွဲချော်သွားလျှင်ဖြစ်စေ ထိုအရာက ဆေးဝါးအဆီအနှစ်များစီး၀င်မည့် လမ်းကြောင်းကို မဖြစ်ပေါ်စေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားနှင့်အရိုးများကိုပင် ထိခိုက်သွားစေပေမည်။

ထိုအရာမှာ ကျွမ်းကျင်မှုမရှိသည့် လူတစ်ယောက်မှ ထိုကဲ့သို့သော နည်းစနစ်အား လေ့ကျင့်ခြင်းက သူတို့အား အလွယ်တကူ ဒဏ်ရာရစေနိုင်သည်ဟု ပြောနိုင်သည်။

သို့သော်လည်း ၀မ်ချောင်မှာတော့ မတူညီပေ။ သူသည် အသက်ဆယ့်ငါးနှစ်သာရှိသေးကာ သူ၏ကျင့်ကြံခြင်းကလည်း မည်မျှပင် ဆိုးဝါးနေသည်ဟုဆိုကာမူ သူသည် တစ်ချိန်က မဟာစစ်သူကြီးချုပ်တစ်ယောက်ဖြစ်ပြီး မဟာထန်၏ စစ်တပ်များအားလုံးကို ကွပ်ကဲခဲ့သည့်သူ မဟုတ်ပေလော။ ၀မ်ချောင်အတွက်မူ { နဂါးအရိုးတည်ဆောက်ခြင်းနည်းစနစ် }ကဲ့သို့သော အဆီအနှစ်များအား စုပ်ယူရမည့်နည်းစနစ်မှာ သူ့အတွက် ထမင်းစာရေသောက်သကဲ့သို့ပင်။

“ အတော်ထူးဆန်းတာပဲ..... ”

အတန်ကြာ လေ့ကျင့်အပြီးတွင် ၀မ်ချောင်က ရုတ်ချည်း ရပ်တန့်လိုက်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ၀မ်ချောင် သူ၏ လှုပ်ရှားမှုများက ဤတစ်ကြိမ် နဂါးအရိုးတည်ဆောင်ခြင်းတွင် ထင်မထားလောက်အောင် လွယ်ကူနေသည်ကို ခံစားလိုက်ရသည်။ ထိုအရာက သူ့အတွက် ခက်ခဲသောပြဿနာတစ်ခု မဟုတ်နေပေ။ ထို့အပြင် သူ့လက်သီးများက မြစ်အတွင်းသို့ ရေများစီးဆင်းနေသကဲ့သို့ ခံစားနေရကာ သူ့ခန္ဓာကိုယ်ကလည်း ရေစီးကြောင်းအတိုင်း ရိုးရှင်းစွာ ရွေ့လျားနေသည်ဟု ခံစားနေရသည်။

၀မ်ချောင် သူ့အခြေအနေများအား ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိနေပေ။ ယခင်က သူသည်နေ့ရက်များအား အဓိပ္ပာယ်မဲ့ ဖြတ်သန်းနေခဲ့သည် မဟုတ်လား။

တရားနည်းလမ်းကျကျပြောရမည်ဆိုလျှင် ထိုမျှလောက်အချိန်ကြာအောင် ကျင့်ကြံခဲ့ခြင်းမရှိသည်က သူ ပြန်လည်လေ့ကျင့်ရာ၌ အခက်အခဲအနည်းငယ် ရှိသင့်ပေသည်။ သို့သော် ၀မ်ချောင်က ထိုသို့ မခံစားနေရသည်သာမက သူ့နှင့်တန်းတူ ကျင့်ကြံသူများတွင် မရှိသင့်သေးသည့် နားလည်သိမြင်မှုများကိုပင် ပိုင်ဆိုင်နေသေးသည်။

ထိုအတွေးက သူ့ခေါင်းထဲ လျှပ်တစ်ပြက်ပေါ်လာသော်လည်း ၀မ်ချောင် ခေါင်းခါလိုက်ကာ ထိုအတွေးများအား သူ့ဦးနှောက်သို့သာ ပြန်ခေါက်သိမ်းထားလိုက်သည်။

“ နဂါးတိမ်ပေါ်ခုန်တက် ”

ယခုအချိန်က ထိုသို့သောအရာများအား စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ ၀မ်ချောင် တစ်ပတ်လှည့်လိုက်ကာ သူ့ခြေတစ်ဖက်က အပြင်သို့ ဆန့်ထွက်လာသည်။ ထိုလှုပ်ရှားမှုအား နဂါးတိမ်ပေါ်သို့ခုန်တက်ခြင်းဟု ခေါ်ဆိုလေသည်။ သူ့ခြေထောက်များက မြေပြင်မှ ကြွတက်မသွားသော်လည်း ၀မ်ချောင်ထံမှ လက်သီးမှာတော့ အလွန်လျင်မြန်လှသည်။ သူ့ကိုယ်နေဟန်ထားက နေသားတကျဖြစ်နေပြီး ဆိုလိုသည်မှာ သူ့လက်သီးနောက်တွင် သူ့ကိုယ်က နေသားတကျဖြစ်နေသည်ဟုဆိုလိုကာ သူ့လက်သီးနှင့်လက်များကလဲ နေသားတကျပင်၊ ကြည့်ရသည်မှာ စစ်မှန်သောနဂါးတစ်ကောင်မှ ကောင်းကင်ကိုထိုးဖောက်၍ တိမ်ပေါ် ခုန်တက်တော့မည် ကဲ့သို့ပင်။

“ နဂါးအမြီးရိုက်ချက် ”

“ နဂါးလက်သည်းကုပ်ချက် ”

..............

၀မ်ချောင်၏ လှုပ်ရှားမှုများက ဆက်စပ်နေကာ နဂါးတစ်ကောင် ကောင်းကင်ကို ထိုးခွဲတော့မယောင်ပင်။ လှုပ်ရှားမှုတစ်ခုစီတိုင်းက ခက်ခဲပြီး လူတစ်ယောက်၏ ကြွက်သားနှင့်အရိုးများကို တိကျစွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။ { နဂါးအရိုးတည်ဆောက်ခြင်းနည်းစနစ် }ကို ၀မ်ချောင်မှနေ၍ သက်တောင့်သက်သာဖြင့် လှပစွာ တစ်ဆက်တည်း လှုပ်ရှားပြနေသည်။ အားအလွန်ကောင်းသည် တစ်ချိန်တည်းမှာပင် သွက်လက်လွန်းလှသည်။

၀မ်ချောင် မြေပြင်တစ်လျှောက်လုံးတွင် သွားလာလှုပ်ရှားနေသော်လည်း ခြေရာ ခုနစ်ခုသာ မြေပြင်တွင် ထင်ကျန်နေသည်။ အနီးကပ်ကြည့်လျှင် ထိုခြေရာများက ကောင်းကင်ပေါ်မှ ခုနစ်စင်ကြယ် နေရာချထားမှုနှင့် တူညီနေကြာင်း သတိထားမိပေမည်။

ထိုအရာကို { ကြယ်တာရာခြေလှမ်း } ဟုခေါ်ဆိုပြီး { နဂါးအရိုးနည်းစနစ် }တွင် ပါ၀င်သော ခြေလှမ်းကွက်ပင်ဖြစ်သည်။

‘ ခုနစ်စင်ကြယ်ပေါ်တွင် ခြေချရင်း နဂါးတစ်ကောင်က ရှေ့တိုးနောက်ငင် ပျံသန်းနေသည် ’ ထိုစကားလုးံများက ‘ ကြယ်တာရာခြေလှမ်း ’ အား ဆိုလိုပုံရသည်။

၀မ်မိသားစု၏ခြံ၀င်းမှာ တိတ်ဆိတ်နေပြီး အသံတစ်ခုပင် မကြားရပေ။ ၀မ်ချောင်က နဂါးအရိုးနည်းစနစ်အား တစ်ယောက်တည်းသာ ဆက်လက် လေ့ကျင့်နေလေသည်။

၀မ်ချောင်လေ့ကျင့်သော အရိုးတည်ဆောက်ခြင်းနည်းစနစ်မှာ အခြားသူများနှင့် အလွန်ကွာခြားပေသည်။

အခြားသူများဆိုပါက ကျင့်ကြံနေစဉ်အတွင်း ကိုယ်ခန္ဓာတည်ဆောက်ခြင်းဆေးလုံးအား တစ်တည်းမြိုချပစ်မည် ဖြစ်သည်။ တစ်ဖက်တွင် ၀မ်ချောင်က ပါးစပ်အတွင်းထည့်ထားကာ ဖြေးဖြေးချင်းသာ စုပ်ယူနေသည်။ ထိုအရာက ကိုယ်ခန္ဓာတည်ဆောက်ခြင်းနည်းစနစ်အား ကျင့်ကြံနေစဉ်တွင် ပြုလုပ်၍ရနိုင်သော လှည့်ကွက်လေးတစ်ခုပင်။

တစ်ခါတည်းမြိုချခြင်းက စွမ်းအင်များစွာအား ပွင့်အန်လာစေပြီး လေ့ကျင့်ရာတွင် ပို၍ အကျိုးဖြစ်ထွန်းစေသော်လည်း ရလဒ်အရဆိုလျှင် ထိုအရာက ဆေးစွမ်းအား အတော်များများ လျော့ကျစေသည်။

သို့သော်လည်း ပါးစပ်ထဲတွင် ထည့်ထား၍ စုပ်ယူနေခြင်းကတော့ မတူညီပေ။ လုံလောက်သောစွမ်းအင် ပမာဏကိုသာ အရှိန်နှေးနှေးဖြင့် ထုတ်လွှတ်ပေးကာ ဆေးအဆီအနှစ်အား လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ အပြည့်အ၀ စုပ်ယူနိုင်စေပြီး ဆေးစွမ်းအားလုံးကို အသုံးပြုနိုင်စေသည်။

၀မ်.........

အချိန်များက တတိတိနှင့် ကုန်ဆုံးသွားသည်။ ၀မ်ချောင်က ယနေ့တွင် သူ့အား မည်သူမျှ လာမနှောင့်ယှက်ရန် အမိန့်ပေးထားသည်ဖြစ်ရာ သူက ဆိတ်ငြိမ်ခြင်းနှင့် လွတ်လပ်မှုအား အပြည့်အ၀ ခံစားနေနိုင်သည်။

ဆေးလုံး၏ အဆီအနှစ်များက တစ်ဖြည်းဖြည်းနှင့် ဆက်လက်ထုတ်လွှတ်ပေးနေရာမှ ၀မ်ချောင်က သူ၏ ခန္ဓာကိုယ်ပူသည်ထက် ပူလာသည်ကို ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားများကလည်း တရိပ်ရိပ်နှင့် တိုးပွားလာနေသည်။

------ ကိုယ်ခန္ဓာတည်ဆောက်ခြင်းဆေးလုံးက သိုင်းပညာကျင့်ကြံသူ၏ ခွန်အားကို တိုးမြင့်ပေးနိုင်သည်။ ထိုအရာက အဓိက အသုံး၀င်မှုပင်။

“ ဘယ်လိုပဲပြောပြောလေ.. နဂါးအရိုးတည်ဆောက်ခြင်းနည်းစနစ်ကိုတော့ ငါအောင်မြင်အောင် ကျင့်ကြံနိုင်သွားပြီ ဒီ ကိုယ်ခန္ဓာတည်ဆောင်ခြင်းဆေးလုံးကို စားပြီး အချိန်အတော်များများ လေ့ကျင့်လိုက်တာ ငါတောင်မှ မူလစွမ်းအင် အဆင့် ၄ကို ရောက်တော့မှာပဲ ”

၀မ်ချောင်မှ ကြယ်တာရာခြေလှမ်းအား သူတတ်မြောက်သွားပြီဟု တွေးမိသည်။

သိုင်းပညာကျင့်ကြံရာ မူလစွမ်းအင်နယ်ပယ်တွင် အဆင့်ကိုးဆင့်ရှိသည်။ လက်ရှိ၌ ၀မ်ချောင်မှာ မူလစွမ်းအင် အဆင့်၃ သာရှိသေးပြီး သူက မူလစွမ်းအင်အဆင့်၄တွင်ရှိသော ဝေဟောင်ကိုပင် မယှဉ်နိုင်ရာ မူလစွမ်းအင် အဆင့်၉ တွင်ရှိနေသော ယောင်ဖုန်းဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

လက်ရှိ ကျင့်ကြံခြင်းဖြင့် ကွန်းဝူလေ့ကျင့်ရေးစခန်းသို့ ၀င်ရောက်ခွင့် ရရှိရန်မှာ သူ့အတွက် အလွန်ခက်ခဲနေသေးသည်။

မဟာလေ့ကျင့်ရေးစခန်းကြီး သုံးခုမှာ လက်ရှိတွင် အစပျိုးနေချိန်သာ ရှိသေးသည်။ လူအများက မဟာလေ့ကျင့်ရေးစခန်းကြီးသုံခုအား သခင်လေးများအတွက်သာ အထူးပြုလုပ်ထားသည်ဟု တွေးထားကြပြီး ထိုသခင်လေးများသာ ၀င်ရောက်နိုင်ပေလိမ့်မည်ဟုသာ လက်ခံထားကြသည်။ သူ၏ဖခင် ၀မ်ယန်ပင် ထိုအထဲတွင် ပါ၀င်လေသည်။

သို့သော်လည်း ၀မ်ချောင်က မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခု၏ ၀င်ရောက်ခွင့်လိုအပ်ချက်အား ကြေငြာသည့်အခါ လူအများ အံ့သြသွားကြမည်ကို သိထားသည်။

ဆင်းရဲချမ်းသာမရွေး လူတစ်ယောက်က မူလစွမ်းအင်အဆင့်၄ သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့လျှင် မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခုသို့ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်လေသည်။ ထိုအရာက ကြီးမားသော ဆူပူမှုအားဖြစ်ပေါ်စေပြီး မြင့်မြတ်နွယ်၀င်များနှင့် အရာရှိအများအပြားက ကန့်ကွက်ကြသော်လည်း တော်၀င်ရုံးတော်၏ ထိပ်ဆုံးတွင် ရပ်တည်နေသူမှ ထိုအကြောင်းအရာအား ပြတ်သားစွာ အမိန့်ချမှတ်လိုက်သည်။ မည်သူမှ သူ့စိတ်အား မပြောင်းလဲနိုင်ပေ။

ထိုအရာကပင် ပြီးမြောက်အောင်မြင်စေသော စည်းကမ်းဖြစ်ပြီး ထိုစည်းမျဉ်းက သူတို့အပေါ် ပို၍ပင်တင်းကြပ် လိုက်သေးသည်။

လေ့ကျင့်ရေးစခန်းများမှ ပထမအသုတ်စုဆောင်းခြင်းတွင် အဆင့်၃ ကျင့်ကြံခြင်းနယ်ပယ်သာ လိုအပ်သော်လည်း တဖြည်းဖြည်းနှင့် အဆင့်၅၊ ထိုမှတစ်ဆင့် အဆင့်၆ထိရောက်သွားသည်။ အကယ်၍ ၀မ်ချောင်သာ ပထမအသုတ်စာရင်းတွင် ပါ၀င်အောင် မစွမ်းဆောင်နိုင်ပါက သူ့အတွက် ၀င်ရောက်ရန် ပို၍ ပို၍ပင် ခက်ခဲပေတော့မည်။

ထိုကဲ့သို့သော ကိစ္စများအား စဉ်းစားမိသည်တွင် ၀မ်ချောင်၏ ခေါင်းက ချာချာလည်လာပြီး မကြာခင်တွင် အသိစိတ်ကင်းလွှတ်သော အခြေအနေသို့ ရောက်ရှိသွားသည်။

၀မ်.... အချိန်မည်မျှကြာသွားသည် မသိ နောက်ဆုံးတွင် ၀မ်ချောင် မျက်လုံးပွင့်လာသည်။

“ အမ်............... ”

နေလုံးကြီးက ကောင်းကင်တွင် ထိန်ထိန်ညီးနေသေးသည်ကို ကြည့်ခြင်းအားဖြင့် ၀မ်ချောင် အနည်းငယ် ဆွံအသွားသည်။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး၏ နောက်ဆုံးအဆီအနှစ်အား ချေဖျက်ရာတွင် ညမှသာ ပြီးမြောက်မည်ဟု ၀မ်ချောင် ခန့်မှန်းထားသည် မဟုတ်လော။

သို့ရာတွင် တစ်ချို့သော အကြောင်းအရင်းများကြောင့် သူ၏ လေ့ကျင့်ခြင်းက ထင်ထားသည်ထက် ပိုမို မြန်ဆန်နေလေသည်။ ကြည့်ရသလောက်ဆိုလျှင် သူ့ခန္ဓာကိုယ်က ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး၏ အဆီအနှစ်များအား ထင်မထားလောက်အောင် မြန်ဆန်စွာ စုပ်ယူလိုက်နိုင်သည့်ပုံရသည်။

သူ၏ယခင်ဘ၀တွင် ၀မ်ချောင်က မဟာစစ်သူကြီးချုပ်ဖြစ်ခဲ့ကာ သူ၏လက်မောင်းအား တစ်ချက် ဝှေ့လိုက်သည်နှင့်ပင် သူရှေ့တွင်ရှိသော အတားအဆီးများအားလုံးအား ဖယ်ရှားပစ်နိုင်လေသည်။ သူကဲ့သို့သောသူမှ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးလေးအား စုပ်ယူရာတွင် အမှားအယွင်းဖြစ်စေမည်ဆိုသည်က မဖြစ်နိုင်သည့်အရာပင်။

အနည်းငယ်သော အမှားလေးတစ်ခုပင် သဘာ၀မကျနိုင်ရာ ပြောစရာမလိုအောင်ပင် ထိုအရာက အလွန်ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်နေပေသည်။

ထိုတစ်ခုတည်းမဟုတ်ပေ လူတစ်ယောက်က မြင်းထိုင်နည်းစနစ်အား အချိန်ကြာမြင့်စွာ ပြုလုပ်နေလျှင် ကိုက်ခဲ ညောင်းညာလာမည်ဖြစ်သော်လည်း ၀မ်ချောင်မှာတော့ ထိုသို့ပြုလုပ်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သော်လည်း ပင်ပန်းမှုအား စိုးစိမျှပင် မခံစားနေရချေ။

“ ဘယ်လိုဖြစ်လို့ပါလိမ့် ”

၀မ်ချောင် ကောင်းကင်ပေါ်သို့မော့ကြည့်နေကာ အတွေးနက်နေသည်။

ယခင်ကလည်း ထိုသို့သော ခံစားချက်အား ကြိုးကြာပျံဝဲစံအိမ်တွင် ယောင်ဖုန်းအား စိန်ခေါ်စဉ်တုန်းက တစ်ကြိမ် ကြုံကြိုက်ဖူးလေသည်။ သူ၏ ခန္ဓာကိုယ်မှာ ယခင်ဘ၀မှ အချိန်နောက်ပြန်ဆုတ်ပြီး ယခုအချိန်သို့ ရောက်ရှိလာချိန်တွင် အနည်းငယ် ပြောင်းလဲသွားပုံရသည်။ သူ့လှုပ်ရှားမှုများက ပိုမိုလျင်မြန်နေပြီး သူရှောင်လွဲရန် မဖြစ်နိုင်သော တိုက်ခိုက်မှုများကိုပင် ရှောင်တိမ်းနိုင်ခဲ့သည် မဟုတ်လော။

ပြန်စဉ်းစားကြည့်လျှင် ထိုအထိအတွေ့မှာ ပေါ်ပေါ်ထင်ထင်မဟုတ်သောကြောင့် ၀မ်ချောင်မှ ထိုအရာအပေါ် အာရုံစိုက်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အညီ ပြောင်းလဲမှုများက ပို၍ပို၍ သိသာလာသောအခါတွင် ၀မ်ချောင် သတိပြုမိသွားသည်။

“ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးက လူတစ်ယောက်ရဲ့ ခွန်အားကိုပဲ မြင့်တင်ပေးတာလေ.. ပိုပြီး လျင်မြန်လာတယ်လို့ ခံစားမိစရာအကြာင်း မရှိဘူးမဟုတ်လား.. တကယ်လို့သာ ကိုယ်ခန္ဓာတည်ဆောက်ရေး ဆေးလုံးကို လူတစ်ယောက်က အသာအယာစုပ်ယူနိုင်တယ်ဆိုရင် ငါက ဆေးလုံးစုပ်ယူဖို့ လူအများကြီးကို ဆေးပင်တွေ သွား၀ယ်ခိုင်းဖို့ ဘယ်လိုတော့မလဲ... ဘာမှားနေပါလိမ့်.... ”

၀မ်ချောင်၏ ခေါင်းထဲတွင် သံသယပူပေါင်းလေးများစွာ ဖြစ်ပေါ်နေသည်။

ယခုလက်ရှိ သူကိုယ်တိုင်နှင့် ယခင်ဘ၀ သိုင်းပညာလမ်းကြောင်းမှ သူကိုယ်တိုင်မှာ ထပ်တူညီနေပုံ မရတော့ပေ။ ၀မ်ချောင် ထိုအခြင်းအရာအား သဘောတွေ့ မနောခွေ့နေသော်လည်း ထိုအရာမှ မည်သည့် ရလဒ်များ ဖြစ်ပေါ်လာမည်ကိုတော့ သူ ရှာမတွေ့သေးပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ တစ်ခုခု ပြောပြပါဆိုလျှင် သူ၏ ပြန်လည်မွေးဖွားလာခြင်းကိုပင် လက်ညိုးထိုးပြရပေမည်။

“ ဒါက အဲ့ဒီ ကြွယ်ကြွေတာကြောင့်လား ”

၀မ်ချောင် အတွေးခေါင်နေပြန်သည်။

အကယ်၍ ကြယ်ကြွေခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ဤနေရာတွင် ပြန်လည်မွေးဖွားလာမည် မဟုတ်ပေ။ တစ်ခုခု၌ ပြဿနာရှိနေလျှင် ထိုအရာမှာ သေချာပေါက်ပင် ထူးဆန်းသော ကြယ်ကြွေမှုကြောင့်သာ ဖြစ်ရပေမည်။

ထို့အပြင် ၀မ်ချောင်မှ မပြတ်မသားသော အသံတစ်ခုကိုလည်း သူမသေခင် သူ့နားအတွင်းတွင် ကြားလိုက်ရသေးသည် ဖြစ်ရာ ယခုအချိန်တွင် ထိုမှတ်ဉာဏ်များက သူ့အတွက် ဝိုးတစ်ဝါးဖြစ်နေဆဲပင်။

“ ဆန်းကြယ်တဲ့ ကြယ်ကြွေကျတာက ငါ့ကိုယ်ကို ပြန်လည်ပြုပြင်လိုက်တာ ဖြစ်နိုင်တယ် ”

၀မ်ချောင် တွေးနေသည်။

သို့သော်လည်း သူ၏ ပြန်လည်မွေးဖွားခြင်းနောက်တွင် ၀မ်ချောင် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား စစ်ဆေးကြည့်ပြီး သူ့၌ မူမမှန်သည့်အရာ တစ်ခုမျှ မရှိနေပေ။

“ ငါ့အထင်အရတော့ ဒီကိစ္စက ဆန်းကြယ်မှုတစ်ခုအနေနဲ့ပဲ ထာ၀ရ ရှိနေတော့မယ် ထင်ပါတယ် ”

၀မ်ချောင် သက်ပြင်းချလိုက်သည်။ မကြာမှီပင် တည်ငြိမ်လာသည်။ သူ အတွက်အချက်မှားခဲ့လျှင်တောင်မှ သူ၏ ခန္ဓာကိုယ်မှာ ထင်မှတ်မထားသော ဆုလာဘ်ကြီးတစ်ခုဖြစ်ကြောင်း သူသိလိုက်ရသည်။

“ မဆိုးပါဘူး..... မူလစွမ်းအဆင့်၃ အထွတ်အထိပ်ဆိုပဲ.. ခြေတစ်လှမ်းဆိုရင်ပဲ မူလစွမ်းအင်အဆင့်၄ ကို တက်လို့ရပြီ.. ရက်နည်းနည်းလောက် ကြိုးစားလိုက်တာနဲ့ နောက်တစ်ဆင့်ကို ငါချက်ချင်း ရောက်သွားနိုင်တယ်.. ”

၀မ်ချောင် သဘောကျစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးမှ သူထင်ထားသည်ထက်ပင် အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့လေသည်။

ပုံမှန်အခြေအနေအောက်တွင် ‘ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး ’မှာ မူလစွမ်းအင်အဆင့်၃၏ အလယ်အလယ်လောက်သာ ရောက်ရှိနိုင်သော်လည်း သူ၏ မဖြစ်စလောက် လှည့်ကွက်လေးကြောင့် ၀မ်ချောင်က ထိုအရာမှ သာမန်ထက်ပိုသော အရာများအား လက်ခံရရှိခဲ့လေသည်။

“ မူလစွမ်းအင် ၉ဆင့်ထဲမှာ.. ပထမသုံးဆင့်ဖြစ်တဲ့ ကြွက်သား၊ အကြောနိုးထခြင်းနဲ့ အရိုးနိုးခြင်းတို့ဆိုတာ အခြေခံသာသာပဲ ရှိသေးတာ.. မူလစွမ်းအင် အဆင့်၄ကို ရောက်တဲ့သူကိုပဲ အစစ်အမှန်သိုင်းပညာ ကျင့်ကြံသူအဖြစ် သတ်မှတ်နိုင်တယ်.. ပြီးရင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ် အာရုံခံနိုင်စွမ်းက အဲ့အဆင့်မှာ မြင့်တက်လာပြီး မူလစွမ်းအင်တွေကို သွေးအတွင်းကနေ ဖြစ်ပေါ်စေနိုင်လာမယ်.. အဲ့ဒီအရာကို အမှီပြုပြီး ကျင့်ကြံတာကပဲ လူတစ်ယောက်ကို သန်မာသည်ထက် ပိုသန်မာအောင် လုပ်ဆောင်ပေးနိုင်တာ ... အဲ့အဆင့်ကို ရောက်တဲ့သူကိုမှပဲ စစ်မှန်တဲ့သိုင်းပညာရှင်လို့ ခေါ်ဆိုထိုက်တယ် ”

၀မ်ချောင် တွေးတောနေသည်။

လူတစ်ယောက် အရောက်ရှိချင်ဆုံးအဆင့်ကို ပြောပါဆိုလျှင် မူလစွမ်းအင် အဆင့်၄သာ ဖြစ်ပေမည်။ ထိုနယ်ပယ်တွင် လူတစ်ယောက်၏ အသွေးအသားများက သန်မာလာပြီး သွေးများက မူလစွမ်းအင်အား ထုတ်လုပ်နိုင်ပေမည်။ ထိုမူလစွမ်းအင်ဖြင့် လူတစ်ယောက်၏ ကျင့်ကြံခြင်းက ပိုမိုချောမွေ့လာကာ လျင်မြန်သော အမြန်နှုန်းဖြင့် သန်မာလာမည် ဖြစ်သည်။

နောက်ရက်အနည်းငယ်အတွင်း မည်သူ့ကိုမှ လာရောက်နှောင့်ယှက်ခြင်းမပြုရန် ပြောထားပြီး ၀မ်ချောင် အိမ်နောက်ဘက်တွင် ဆက်လက်ကျင့်ကြံနေလေတော့သည်။

ယခင်ဘ၀တွင် ၀မ်ချောင် မကြာခဏ ရေသာခိုလေ့ရှိကာ ယခုတစ်ခါတွင်တော့ ၀မ်ချောင်က နှိုင်းယှဉ်မရသည့် အာရုံစိုက်မှုနှင့် အလေးအနက် ကျင့်ကြံနေလေသည်။

ဘုန်း.............

သုံးရက်လွန်မြောက်ပြီးနောက် ၀မ်ချောင်က { နဂါးအရိုးနည်းစနစ် }အား လေ့ကျင့်နေစဉ် အတောအတွင်း သူ့ခန္ဓာကိုယ် တုန်လှုပ်သွားကာ ဆည်ကျိုးသွားရာမှ ဖြစ်ပေါ်လာသော လှိုင်းလုံးကဲ့သို့ပင် ပြင်းထန်သော လှိုင်းလုံးက ကမ်းခြေအား တိုက်စားသွားသကဲ့သို့ ထင်မှတ်ရသည်။ ၀မ်ချောင် မမြင်ရသော ကြိုးတန်းလေးများ ပျက်ဆီးကုန်သည်ကို ခံစားမိနေကာ သူ့ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်များ တိုးထွက်လာသည်ဟုလည်း ခံစားနေရသည်။

၀မ်ချောင် သူ၏ခွန်အားများ သိသာထင်ရှားစွာ တိုးပွားလာသည်ကိုလဲ အာရုံခံမိလေသည်။

“ အောင်မြင်သွားပြီ... ”

သူ၏ သွေးများနှင့် ခြေလက်လေးဘက်ရှိ မရေမတွက်နိုင်သော သွေးကြောပေါင်းများစွာထဲတွင် စွမ်းအင်များအား အာရုံခံနေနိုင်ကာ တစ်ဖြည်းဖြည်းနှင့် တိုးထွက်လာသော အားနည်းသည့် အထိအတွေ့ တစ်ခုကိုလည်း သူခံစားမိသည်။

“ ဘယ်လောက်တောင် လွမ်းနေရတဲ့ အထိအတွေ့လဲကွာ.... ”

မွေးခါစကလေးနှင့်တူသော မူလစွမ်းအင်အား သူ့ခန္ဓာကိုယ်တွင် ခံစားမိပြီး ၀မ်ချောင် စိတ်လှုပ်ရှားမှုကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ဤအရာမှာ ၀မ်ချောင်အတွက် ပထမဆုံးအကြိမ် မူလစွမ်းအင်အဆင့်၄သို့ ရောက်ဖူးခြင်းမဟုတ်သကဲ့သို့ သူ၏ယခင်ဘ၀မှ လောကကို ကိုင်လှုပ်နိုင်သော စွမ်းအားဖြင့်ယှဉ်လျှင် မူလစွမ်းအင်အဆင့်၄ ဆိုသည်မှာ စကားထဲ ထည့်ပြောနေရန်ပင် အကြောင်းမရှိပေ။ သို့သော်လည်း ၀မ်ချောင်အတွက်မူ ထိုအရာက အလွန် အရေးပါသည်ဟု ထင်မှတ်စေတုန်းပင်။

ဆယ့်ငါးနှစ်အရွယ်နှင့် မူလစွမ်းအင် အဆင့်၄.....

သူ၏ယခင်ဘ၀တွင် မစွမ်းနိုင်ခဲ့သော အရာတစ်ခုအား သူလုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်လေသည်။ ဆယ့်ငါးနှစ်သားအရွယ် လူတစ်ယောက်၏ အရိုးအားတည်ဆောက်ရန် အကောင်းဆုံးသောအချိန်၌ သူက ခိုင်မာသော အခြေခံအား ချထားနိုင်လေပြီ။

သူ့ယခင်ဘ၀မှ အကန့်အသတ်အား ကျော်ဖြတ်နိုင်ရန် ယခုမတိုင်မှီက မည်သည့်အကြံဉာဏ်မှ မရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ယခုအချိန်တွင်တော့ ဖြစ်နိုင်ခြေ ရှိလာပြီဖြစ်သည်။

၀မ်..............

ယင်းကိစ္စအပေါ်တွင် ၀မ်ချောင် သာယာနေချိန်၌ပင် ထင်မှတ်မထားသော အခြေနေတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ လေထဲမှနေ၍ မဖော်ပြနိုင်သော ရန်လိုမှုနှင့် အန ္တရယ်တစ်ခုအား သူခံစားမိသည်တွင် ၀မ်ချောင်၏ စိတ်ထဲမှ တင်းကျပ်သွားသည်။

“ ဘယ်သူလဲ.......... ”

၀မ်ချောင် မျက်နှာမဲသွားကာ အော်ဟစ်လိုက်သည်။ ဘွန်း............. ၀မ်ချောင်အား ပြန်လည် ဖြေကြားလိုက်သည်မှာ အရိုင်းဆန်သော လက်သီးတစ်လုံးပင်။ ထိုလက်သီးက ကမ္ဘာမြေကိုထိုးခွဲကာ ၀င်းတစ်ခုလုံးရှိ လေထုအား ထိုလက်သီးလာရာလမ်းလျှောက် ပေါက်ကွဲစေပြီး ၀မ်ချောင်ထံသို့ တန်းတန်းမတ်မတ် ပြေး၀င်သွားသည်။

“ အစ်ကို.... ငါ့လက်သီးကို မြည်းကြည့်ပါဦး.... ”

လက်သီးနှင့်အတူ နုနယ်သေးသည့်အသံတစ်ခု လိုက်လာသည်။ ထိုအသံအား ကြားလျှင်ကြားချင်း ၀မ်ချောင် ထိတ်လန့်သွားကာ:

“ ညီမလေး..... ”

သူ့အား ခြုံခိုတိုက်ခိုက်သူမှာ သူ၏ညီမငယ်ဖြစ်နေလိမ့်မည်ဟု သူမထင်ထားပေ။ ဤကလေးမက သူ့မိခင်ကြောင့် အကျယ်ချုပ်ကျနေသည်မဟုတ်လော။ သူမ မည်ကဲ့သို့ သူ့၀င်းထဲ ရောက်လာသနည်း။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စအား စဉ်းစားနေရန် သူ့တွင် အချိန်မလုံလောက်ပေ။ လက်သီးသေးသေးလေးက သူ့မျက်နှာရှေ့ တည့်တည့်သို့ ရောက်နေပြီဖြစ်သည်။ ၀မ်ချောင်က သူ့ညီမငယ်မှန်း သေချာသိလိုက်ပေသည်။

သူမ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အလွန်မြင့်မားသည်ဟု မဆိုနိုင်သော်လည်း သူမက ကြောက်မက်ဖွယ်ကောင်းသော ခွန်းအားကို ပိုင်ဆိုင်ထားကာ သူ့အား နာကျင်စေနိုင်ပေသည်။ မူလစွမ်းအင် အဆင့်၉သို့ ရောက်နေသည့် ယောင်ဖုန်းပင် သူမရှေ့တွင် ဒူးထောက်သွားရသည် မဟုတ်လော။ ထိုအရာက ၀မ်ချောင်၏အတွေးထဲတွင် သူ၏ညီမငယ်မှာ လွယ်လွယ်နှင့် ကိုင်တွယ်၍ ရမည့်သူ မဟုတ်မှန်း သေချာစေသည်။ သူသာ သူမကြောင့် အခက်ကြုံရလျှင်ဖြစ်စေ ထိုအရာကို သူကျော်ဖြတ်နိုင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သူအိပ်ယာထဲလှဲနေရမည်ကတော့ အသေအချာပင်။

.................................................................

ကြယ်တာရာခြေလှမ်း..

ဒါက ခုနစ်စင်ကြယ်ပုံစံကွက်ကို တုပထားတာပါ.. ခုနစ်စင်ကြယ်ကိုတော့သိကြတယ်မဟုတ်လား.. မသိရင် ညဆို ကောင်းကင်ကိုကြည့်ကြည့်ပါ တုတ်ထိုးချိုချဉ်လိုမျိုး ကြယ်လေးလုံးက ဝိုင်းပတ်နေပြီး သုံးလုံးက အမြီးလိုဖြစ်နေတာ ခုနစ်စင်ကြယ်လေးပါ...

သူတော်စင်တစ်ယောက်က ခုနစ်စင်ကြယ်ပုံစံကွက်အတိုင်း ကခုန်ရာကနေ မြင့်မြတ်တဲ့နတ်ဘုရားကို ဆင့်ခေါ်နိုင်ခဲ့တယ်လို့ တရုတ်တွေရဲ့ ဒဏ္ဏာရီမှာ အဆိုရှိပါတယ်.... ဒါကြောင့် ကြယ်စင်များပေါ်ကခုန်ခြင်းလို့ နာမည်ပေးမလို့ပဲ ဖတ်ရထောက်နေလို့ ကြယ်တာရာခြေလှမ်းလို့ပဲ နာမည်ပေးလိုက်ရပါကြောင်း…

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 34.

ဝေကလန် ပန်းပဲဖို

ဘန်း......

အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်းဖြစ်သွားကာ ၀မ်ချောင် အတွေးလွန်နေရန် အချိန်မရှိပေ။ ဘယ်ခြေအား တစ်လှမ်းလှမ်းလိုက်ကာ နဂါးအရိုးနည်းစနစ်မှ မကြာသေးခင်က သူလေ့လာထားသည်ဖြစ်သော ‘ နဂါး ချောက်နက်သက်ဆင်း ’အကွက်ကိုခင်းကျင်းလိုက်ကာ ကြယ်တာရာများနှင့်အတူ ကခုန်ခြင်းကို ထုတ်ဖော်လိုက်သည်။ ရှူး...... တစ်ချိန်တည်းတွင် သူ အရှေ့သို့ လျှောထွက်သွားသည်။

အတိတ်မှ ၀မ်ချောင်မှာ ထိုကဲ့သို့ ရှောင်တိမ်းမှုအား ပြုလုပ်နိုင်ရန် မဖြစ်နိုင်သော်လည်း မူလစွမ်းအင် အဆင့်၄သို့ ရောက်ရှိနေသည်တွင် ၀မ်ချောင်၏ အမြန်နှုန်းနှင့် လျင်မြန်မှုကလည်း အတော်လေး တိုးတက်လာပေသည်။

ဟူး.... ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားက ၀မ်ချောင်၏ ခန္ဓာကိုယ်အား အနည်းငယ်သာ ကပ်၍ လွဲချော်သွားသည်။ အတိအကျဆိုလျှင် ၀မ်ချောင်က သူမ၏ လက်သီးမှ ဖြစ်ပေါ်လာသော အားလှိုင်းထဲမှ လေပြင်းများ သူ့မျက်နှာဘေးမှ ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသေးသည်။

ထိုအားလှိုင်းက သူ့အပေါ်ယံရည်ပြားကို ဓားမြောင်များနှင့် ထိုးခွဲနေသလိုပင် လူတစ်ယောက်အား အလွန်အမင်း နာကျင်မှုကို ပေးစွမ်းနိုင်သည်။

“ ညီမငယ်လေး... နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ”

သူမ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် ၀မ်ချောင် ဒေါသပင်လယ်ဝေသွားသည်။ သူက ယောင်ဖုန်းမဟုတ်သလို ယောင်ခြံ၀န်းမှ ကျွမ်းကျင်ကိုယ်ရံတော်လည်း မဟုတ်ပေရာ အကယ်၍ ထိုလက်သီးသာ သူ့အား ထိုးမိခဲ့လျှင် လတစ်၀က်လောက် ဆန်ပြုတ်သောက်နေရပေမည်။

သို့ဆိုစေ ၀မ်ချောင်၏ စကားလုံးများက လုံး၀ပင် လျစ်လျူရှုခံလိုက်ရသည်။

( ဒီလိုမျိုး မဖြစ်နိုင်ဘူးမလား ... နင်ပိုင်ဆိုင်ထားတဲ့ စွမ်းအား နည်းနည်းလေးနဲ့ ငါ့လက်သီးကို နင် မရှောင်နိုင်သင့်ဘူးလေ ဟုတ်တယ်မလား )

ဆယ်မီတာခန့်တွင် ၀မ်မိသားစုညီမငယ်၏ မျက်နှာက လငပုပ်ဖမ်းနေသည်။ သူမ၏ လက်သီးစွမ်းအားကို ထုတ်လွှတ်ပြီးသည့် အချိန်မှစ၍ တစ်ချက်မှပင် မလှုပ်ရှားသေးပေ။ ၀မ်ချောင်ပြောသော စကားများကို သူမ မကြားနေသလိုပင် သူမကိုယ်ကိုသာ ပြန်မေးနေလေသည်။

“ အစ်ကို... နင်ရဲ့ အမြန်နှုန်းက ဘယ်တုန်းက ဒီလောက်ထိ တိုးတက်သွားတာလဲ ”

၀မ်မိသားစု၏ ညီမငယ်က ခေါင်းမော့ကာ ၀မ်ချောင်အား မေးလိုက်သည်။ သူမက ၀မ်ချောင်၏ ကျင့်ကြံခြင်းနယ်ပယ်အား သိနေသောကြောင့် ရုတ်တရက်ပင် ၀မ်ချောင်၏ တုန့်ပြန်မှုအမြန်နှုန်းနှင့် ပေါ့ပါးဖျတ်လတ်မှုမှာ ယခင်ကထက် အတော်များများ ပိုမိုလျင်မြန်နေကြောင်း သူမ သိနေသည်။

“ ဒီကလေးမကတော့လေ...... ”

၀မ်ချောင် ဒေါသထွက်နေသလို သဘောလဲကျနေ၏။ တစ်နည်းအားဖြင့် သူ့ဒေါသများအား သူမအပေါ် ပုံချရန် မတတ်နိုင်ပေရာ..

“ နင်တစ်ယောက်ပဲ တိုးတက်နေတယ်လို့များ ထင်နေတာလား.. စုန့်ဘုရင်က ငါ့ကို ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံး တစ်လုံး ပေးခဲ့တယ်.. ဒါပေါ့ ငါ့စွမ်းအားကလဲ ပိုတိုးလာပြီလေ ”

“ အိုး.. အဲ့လိုလား....... ပျင်းစရာကြီး ”

၀မ်မိသားစု၏ညီမငယ် သူ့လက်အား ဝှေ့ယမ်းလိုက်သည်။ မကြာမှီပင် ၀မ်ချောင်အပေါ်ထားရှိသော သူမ၏ စူးစမ်းချင်စိတ်များ ပျောက်ကွယ်သွားသည်။

“ ဒီကလေးမတော့..... အမေနင့်ကို အကျယ်ချုပ်ထားတာမလား.. နင်ဒီကိုဘယ်လိုရောက်လာတာလဲ ”

၀မ်ချောင် စိတ်မရှည်စွာပြောလိုက်သည်။ မူလစွမ်းအင် အဆင့်၄သို့ရောက်ရှိခြင်းက သူ၏ ခွန်အားများကိုသာ မြင့်တင်ပေးသည်မဟုတ်ပဲ သူ့အမြန်နှုန်းနှင့် ပေါ့ပါးမှုကိုလည်း မြင့်တင်ပေးလေသည်။

“ သုံးရက် ပြည့်သွားပြီလေ ငါဘာလို့ အခန်းထဲ ဆက်အောင်းနေရမှာလဲ................. ”

၀မ်ရှောင်းယောင် သူမ၏အစ်ကိုအား မကျေမနပ်ဖြင့် ပြန်ကြည့်လိုက်ရင်း ပေါက်ပေါက်ဖောက်လေတော့သည်။ သို့စေကာမူ သူမ ထွက်ခွာရန် ပြင်နေရင်း နောက်ပြန်လှည့်ကာ ပြောလိုက်သည်။

“ ပြီးတော့ ဟိုဖက်တီး ဝေကလေး အိမ်မှာရောက်နေတယ်.. သူနင့်ကို လာရှာလို့တာ မဟုတ်ရင် နင့်ဆီကို ငါရောက်လာမှာ မဟုတ်ဘူး ”

“ ဘယ်လို.. ဝေဟောင် ဒီကိုရောက်နေတယ် ဟုတ်လား.. ”

၀မ်ချောင် မျက်နှာ ပြုံးရွှင်သွားကာ တုန့်ဆိုင်းခြင်းမရှိ အလျင်အမြန် ပြေးသွားလိုက်သည်။

...................

အမှန်တွင်လည်း ဝေဟောင်က သတင်းကောင်းနှင့် ရောက်လာခြင်းဖြစ်ပေသည်။

၀မ်ချောင် နတ်ဘုရားရှစ်ပါးစံအိမ်သို့ သွားရောက်ခဲ့သည်မှာ သုံးရက်၊ လေးရက်မျှရှိပြီဖြစ်ရာ ဝေဟောင်ကလည်း ထိုအချိန်အတွင်း သူ့မိသားစု၏ အဆက်အသွယ်ကို အသုံးချ၍ ၀မ်ချောင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား သန့်စင်ရန်နှင့်သွန်းလုပ်ရန် လိုအပ်သော လူအင်အားကို ရှာဖွေနေခဲ့လေသည်။

“ မိသားစုစီးပွားရေးနဲ့ ပက်သက်ရင် အဖေက ငါ့ကို တော်တန်ရုံ ခွင့်ပြုတာမဟုတ်ဘူး.. ဒီလူနည်းနည်းလေး ရဖို့ အဖေမသိအောင် ငါအများကြီး ကြိုးစားထားရတာ.. ဒီ ပန်းပဲပညာရှင်တွေက အတော်တကာ့ အတော်ဆုံး မဟုတ်ပေမဲ့ မင်းလုပ်ချင်တာကိုတော့ အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိကြပါတယ်..၀မ်ချောင် ဘယ်လိုလဲ.. တစ်ချက်လောက် ကြည့်ကြည့်ပါဦး ”

ဝေဟောင်မှ ၀မ်ချောင်နှင့်သူ့ညီမအား မြို့တော်အနောက်ဘက် ဆင်ခြေဖုံးရှိ ဖုံးကွယ်ထားသော မိုင်းတွင်းဟောင်းဂူကြီးထံသို့ ခေါ်ဆောင်ခဲ့လေသည်။ အပေါ်ပိုင်းဗလာကျင်းထားသော ကြီးမားတုတ်ခိုင်သည့် လူကြီး ဆယ့်နှစ်ယောက်အား သူက ပျော်ရွှင်နေသော အမူအရာဖြင့် ညွှန်ပြလိုက်သည်။

အကြည့်တစ်ချက်နှင့်ပင် လူဆယ့်နှစ်ယောက်က သံတောင်များကဲ့သို့ တောင့်တင်းသည်ဟု ထင်ရကာ သူတို့၏ခန္ဓာကိုယ်တွင် ကြီးမားသောခွန်အားများ ပိုင်ဆိုင်ထားကြောင်း မြင်နိုင်သည်။ လက်တွင်လည်း အသားမာကြီးများအား အတိုင်းသား မြင်နေရရာ ထိုအရာများကို ထောက်ချင့်၍ သူတို့က ကျွမ်းကျင် ပန်းပဲပညာရှင်( လက်နက်ပညာရှင်)များ ဖြစ်ကြောင်း သိနိုင်သည်။

ဝေဟောင်က သူတာ၀န်ချပေးထားသော အရာအား အထူးတလည် လုပ်ဆောင်ထားကြောင်း သိသာလှသည်။

“ မဆိုးဘူး.... လက်ခံနိုင်လောက်ပါတယ် ”

၀မ်ချောင် အလေးအနက်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။

“ ဟားဟား... ငါမပြောခဲ့ဘူးလား ငါတို့က ညီအစ်ကိုတွေလေ.. ငါ့ရဲ့လုပ်နိုင်စွမ်းကို မင်းစိတ်ပူစရာမလိုပါဘူးကွ ”

ဝေဟောင် ပျော်ရွှင်စွာဖြင့် ပြုံးနေသည်။ ထို့နောက် ၀မ်ချောင်အား လက်ညှိုးထိုးပြကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ချောင်သခင်လေးကို နှုတ်ဆက်လိုက်ကြဦး.. ”

“ ချောင်သခင်လေး.... ”

ကြေးနီရောင်တောက်နေသော လူဆယ့်နှစ်ယောက်က ရိုသေလေးစားသော အမူအရာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့သခင်လေး၏ ညီအစ်ကို ဖြစ်သည့်အားလျော်စွာ သခင်လေးဘေးတွင်ရှိသည့် လူငယ်သည် မြင့်မားသော အဆင့်အတန်းရှိမည်မှာ မလွဲဧကန်ပင်။

“ ဝေဟောင်.. အပြန်အလှန်နှုတ်ဆက်တာကို ကျော်လိုက်ရအောင်... ကျေးဇူးတင်ပါတယ် ”

၀မ်ချောင်မှ ဝေဟောင်၏ ပုခုံးအား ပျော်ရွှင်ဟန်ဖြင့် ပုတ်လိုက်သည်။ ‘ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ’ မှာ သူ့အစီအစဉ်တွင် အလွန်အရေးပါလှသည်။ ဝေခြံ၀င်းမှ ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်နှင့်သာဆိုလျှင် သူ့အကြံအစည်များအား ရွက်လွှင့်နိုင်ပေတော့မည်။ ၀မ်ချောင်၏ စိတ်နှလုံးက မျှော်လင့်ချက်တို့ဖြင့် စိတ်လှုပ်ရှားလျက်ရှိသည်။

ထိုဝုစ်သံမဏိမှ ငွေအမြောက်အမြား ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။ ထိုအချက်အား ၀မ်ချောင်ထက် မည်သူမျှ ပိုမသိနိုင်ကြပေ။

ယခုတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ အကျိုးအမြတ်မှာ ထိုသဘောတူညီချက်စာချုပ်အား အတည်ပြုနိုင်သည်နှင့် ကြွယ်၀မှုက ဒီရေအလား တိုးတက်လာပေလိမ့်မည်။

ဝေဟောင်က အရာအားလုံးအား ၀မ်ချောင်ကို လက်လွဲပေးလိုက်သည်။

၀မ်ချောင်က ထိုလူတစ်စုကို အဖတ်ပင်မလုပ်ပဲ နောက်ဆုတ်ကာ လက်မောင်းအိုးအား ခါလိုက်သည်။ ဟူးလားလား....... မဲနက်နေသော ဟိုက်ဒရာဘတ်သတ္ထုရိုင်းများက သူ့လက်မောင်းအိုးအတွင်းမှ ကြမ်းပြင်ပေါ်သို့ တစ်တုံးပြီးတစ်တုံး ကျဆင်းလာ၏။

“ အခုကစပြီးတော့.. ခင်ဗျားတို့ကို အဖွဲ့လေးဖွဲ့ခွဲလိုက်မယ်.. ကျုပ်ဖက်က တောင်းဆိုချက် တစ်ခုပဲရှိမယ်.. အဲဒါက မီပြင်းဖိုထဲကမီးတောက်က နှစ်ဆယ့်လေးနာရီပတ်လုံး တောက်လောင်နေရမယ်..------ ကဲ အခု စတော့ ”

၀မ်ချောင်မှ အမိန့်ပေးလိုက်သည်။

အသက်ဆယ့်ငါးနှစ်အရွယ် ၀မ်ချောင်က ရင့်ကျက်သေးသည့်အသွင်အပြင် မရှိသော်လည်း အတိတ်တွင် သူက မဟာထန်၏ စစ်တပ်များကို အမိန့်ပေးခဲ့သူ ဖြစ်လေသည်။ အင်ပါယာအရှင်ကပင် သူ့စကားပြီးလျှင် ၀မ်ချောင်စကားအား လိုက်နာရန်အထိ အာဏာကုန်လွဲအပ်ခဲ့သေးသည်။

“ ဟုတ်ကဲ့ပါ.. ချောင်သခင်လေး ”

ပန်းပဲပညာရှင်(လက်နက်ပညာရှင်)များက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

ဘုမှးးးးးး......

သံကြိုးအားဆွဲလိုက်လျှင် အ၀င်တံခါးပွင့်သွားသည်။ ကြက်သွေးရောင် အပူမီးတောက်များက မီးပြင်းဖိုထဲမှထွက်လာရာ မီးခိုးလုံးများက အခန်းတစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ လက်နက်ပညာရှင်ဆယ့်နှစ်ယောက်ကလည်း နေရာယူလိုက်ကြ၏။ ထိုနည်း၎င်းပင် ဝေခြံ၀င်း၏ ပန်းပဲဖိုမှာလည်း အသက်၀င်လာလေတော့သည်။

၀မ်ချောင်က အတွေ့အကြုံကြွယ်၀သည်ဟု ထင်ရသော်လည်း အမှန်မှာမူ ယခုဘ၀တွင် လက်နက်ပြုလုပ်ခြင်းအား သူ ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပေသည်။

“ မီးအပူချိန် ဘယ်လောက်ရှိလဲ ”

မီးပြင်းဖို၏ခေါင်းတိုင်ထ်ိပ်မှ ထွက်ပေါ်နေသော ကြက်သွေးရောင် မီးတောက်အား ကြည့်နေရင်း ၀မ်ချောင် လမ်းလျှောက်လာကာ မေးခွန်းထုတ်လိုက်ရာ...

“ ၂၃၀၀ ဒီဂရီရှိပါတယ်.. ”

ခေါင်းတိုင်နားမှ အသက်လေးဆယ်ခန့်ရှိ ကြေးနီရောင်လူကြီးမှ ၀မ်းပမ်းတသာ ဖြေကြားလိုက်သည်။ ဝေကလန်က ဖုန်းရွှေဆရာသခင်ကို ပင့်ခေါ်ထားကာ မြေအောက်ချော်ရည်စီးကြောင်းအား အထူးဂရုစိုက် ပုံဖော်ထားခြင်းဖြစ်လေသည်။

ထိုမြေအောက်ချော်ရည်စီးကြောင်းဖြင့်ဆိုလျှင် အခြားနည်းလမ်းများကို အသုံးပြု၍ ထုတ်ဖော်နိုင်သည့် အပူချိန်ထက်များအောင် ဖော်ဆောင်နိုင်ပေသည်။ မြို့တော်တစ်ခုလုံး၌ပင် ဝေကလန် ပိုင်ဆိုင်ထားသကဲ့သို့သော မြေအောက်ချော်ရည်စီးကြောင်းမှာ ငါးခုထက် ပိုမရှိပေ။

အကယ်၍ ပုံမှန်အခြေအနေ၌ အခြားသခင်လေးများက အကူအညီတောင်းလျှင်ပင် ဤပန်းပဲဖိုအား အပြင်လူအတွက် လုံး၀ ဖွင့်ပေးမည် မဟုတ်ချေ။

“ အပူချိန် အရမ်းများလွန်းတယ်.. ၁၅၀၀ ဒီဂရီအောက်ကို လျော့ချလိုက် ”

၀မ်ချောင်မှ ထိုကဲ့သို့သော အရာအား အမိန့်ပေးလိမ့်မည်ဟု ထိုသူ မထင်မှတ်ထားပေ။

“ အန်....... ”

လက်နက်ပြုလုပ်သူခေါင်းဆောင်ပင် တွေဝေသွားသည်။ ၀မ်ချောင်၏ ရုတ်တရက်ဆန်သော အမိန့်ပေးမှုအား သူနားမလည်သည့်အတွက်ကြောင့် အလျင်အမြန် အတွန့်တက်လိုက်ကာ......

“ ဒါပေမဲ့ ချောင်သခင်လေး.. ဒီလို ချော်ရည်စီးကြောင်းဆိုတာက ရဖို့လွယ်တာမဟုတ်ဘူးနော်.. ထင်ရှားတဲ့မိသားစုတွေ အတော်များများကတောင် လက်၀ယ်ရရှိနိုင်ဖို့ စိတ်ကူးယဉ်နေကြတာ.. ပြီးတော့ လက်နက်သန့်စင်ဖို့ဆိုရင် အပူချိန်ပိုမြင့်လေ ပိုကောင်းလေ မဟုတ်ဘူးလား.. ”

“ ကျုပ်ပြောတာကိုပဲ လုပ်ပါ...... ”

၀မ်ချောင်မှ လုပ်ပိုင်ခွင့် အပြည့်အဝဖြင့် ပြောလိုက်သည်။

“ ဒါက........ ”

လက်နက်ပြုလုပ်သူ တွေဝေနေပြန်သည်။ ပုံမှန်အားဖြင့် ဓားနှင့်ဓားရှည်တို့မှာ အပူချိန်မြင့်မားမှုအောက်တွင် သွန်းလုပ်ရသည်ဖြစ်ကာ အပူချိန်မြင့်လေ သတ္ထုရိုင်း၏ သန့်စင်မှု မြင့်မားရန် လွယ်ကူလေပင်ဖြစ်ပြီး ဓားသွန်းလုပ်မှုအား ပိုမိလွယ်ကူစေလျက် အရည်အသွေး သာလွန်စေလေသည်။

ထိုအရာမှာ လက်နက်သွန်းလုပ်ခြင်း၏ အခြေခံသဘောတရားပင်မဟုတ်ပေလော။

ချောင်သခင်လေးဟု အမည်ရသော ဤသောက်ကလေးမှာ ထိုအရာအား သိရှိမည့် အရိပ်အယောင်ပင် မပေါ်ချေ။ လူတိုင်းက မြေအောက်ချော်ရည်စီးကြောင်းအား မြင်လျှင် ၀မ်းသာပီတိ ဂွမ်းဆီထိကြသော်လည်း ဤသောက်ကလေးက အပူချိန်များလွန်းသည်ဟုပင် ပြောနေသေးသည်။ သူ့ကိုယ်သူ မည်သည့်အရာကို ပြောနေမှန်းမှ သိပါလေစ။

“ အတွန့်တက်နေတာ ရပ်လိုက်တော့.. ချောင်သခင်လေး ပြောသမျှကိုပဲ လုပ်ပေးလိုက် ”

ဝေဟောင် ထိုသို့ ပြောလိုက်ကာ သူသည် လက်နက်ပြုလုပ်ခြင်းတွင် အကျွမ်းတ၀င် မရှိလှသော်လည်း ၀မ်ချောင်က အကြောင်းမရှိပဲ ပြုလုပ်မည့်သူ မဟုတ်မှန်း သူသိထားလေသည်။

“ ဟင်း............. ”

အထက်ပါစကားများအားကြားလျှင် လူလတ်ပိုင်းလက်နက်ပြုလုပ်သူမှ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ထို သတ္ထုရိုင်းများ အလဟဿဖြစ်သွားတော့မည်ကို သူနှမြောနေမိ၏။ လက်နက်ပြုလုပ်နိုင်ခဲ့လျှင်တောင်မှ အရည်အသွေးကောင်းမွန်မည် မဟုတ်တော့ပေ။

သူပိုင်ဆိုင်သည့် သတ္ထုရိုင်းမဟုတ်သလို သူစိုးရိမ်နေစရာမလိုသေည်လည်း နှမြောနေမိသည်ကတော့ အမှန်ပင်။

“ သဲနုတွေ လွှတ်ချလိုက်တော့ ”

လက်နက်ပညာရှင်ခေါင်းဆောင်မှ အခြား လက်နက်ပညာရှင်အား အော်ပြောလိုက်သည်။ ဘုမ်း.... မီးပြင်းဖို၏ ထိပ်မှ သံချိန်းကြိုး လှုပ်ရှားသွားပြီး ကြီးမားသော သတ္ထုသဲပုံးအား စောင်းစေလျက် ပမာဏများစွာသော သဲများအား ခေါင်းတိုင်အတွင်း ကျဆင်းစေလိုက်သည်။

မီးပြင်းဖို၏ အပူချိန်အား ရေကိုအသုံးပြု၍ လျော့ချ၍ မရနိုင်ပဲ သဲတစ်ခုတည်းဖြင့်သာ ရနိုင်ပေသည်။ ထိုအရာမှာ အလယ်ပိုင်းလွင်ပြင်မှ လက်နက်ပညာရှင်များ၏ အတွေ့အကြုံနှင့် စမ်းသပ်မှုများစွာထဲမှ ရရှိလာခြင်းဖြစ်ကာ ထိုအချက်ကြောင့်ပင် သူတို့၏ နည်းစနစ်များက အနောက်တိုင်းဒေသ ပန်းပဲဖိုများထက် သာလွန်နေရခြင်းပင်။

သဲများ သွန်ကျသွားသည့်အချိန်တွင် မီးခိုးလုံးများ အူတက်လာသည်။ အပူချိန်ကလည်း သိသိသာသာ ကျဆင်းသွားရာ ၀မ်ချောင်မှ ကျေနပ်မှုကြောင့် ခေါင်းငြိမ့်လိုက်သည်။

၀မ်ချောင် လက်နက်ပြုလုပ်ခြင်းအား မသိရှိသော်လည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ ဂုဏ်သတ္တိများကိုတော့ သူကောင်းစွာ သိရှိထားသည်။

ဤကဲ့သို့သော သတ္ထုရိုင်း အမျိုးအစားမှာ အခြားသတ္ထုများနှင့် များစွာ ကွာခြားပေသည်။ အခြားသတ္ထုရိုင်းများက အပူချိန်များလေ ပိုကောင်းလေဖြစ်သော်လည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား သန့်စင်ရမည့် အပူချိန်မှာ ၁၅၀၀ ဒီဂရီကို ကျော်လွန်၍ မရပေ။

အပူချိန်လွန်ကဲခြင်းက ဝုဒ်သံမဏိအတွင်းမှ ကာဗွန်အား အငွေ့ပျံစေကာ ပုံဆောင်ခဲပုံစံအား ပျက်ဆီးစေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဝုစ်သံမဏိမှာ အခြား သာမန်သံမဏိများနှင့် ထူးမခြားနား ဖြစ်သွားပေလိမ့်မည်။

ထိုအရာအား လူအများက မသိရှိကြသောကြောင့် အာဘတ်စစ်စော်ဘွားနယ်မှ ထိုအကြောင်းအား ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထားကာ မဖြစ်မြောက်သော ဓားများစွာနှင့် မပြည့်မစုံသော ဝုစ်သံမဏိထုတ်ကုန်များက အခြားတိုင်းပြည်များတွင် ဖြစ်ပေါ်ခဲ့ရသည်။

၀ုစ်သံမဏိအား ထိုသို့ မီးပြင်းပေး၍ ထုလုပ်ခြင်းက ထိုအရာ၏ အရည်အသွေးအား များစွာ ကျဆင်းစေလေသည်။ ထိုဖြစ်အင်က ရှားပါးသောကုန်ပစ္စည်းအား အချည်းနှီးဖြစ်စေခြင်းပင်။

ထိုကြောင့် သူ၏ ယခင်ဘ၀တွင် အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရတ်စင်းများမှလွဲ၍ တိုင်းပြည်အနည်းငယ်သာ စစ်မှန်သော ဝုစ်သံမဏိလက်နက်အား ဖန်တီးနိုင်ခဲ့လေသည်။

ယခုတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ သူ့လက်ထဲ၌ ရှိနေပြီဖြစ်သည်။ ၀မ်ချောင်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်း တစ်၀က် ရောင်းထုတ်ပြီးဖြစ်သည်အား အလဟဿ ဖြစ်နေမိသေးသည်။

လျှို့ဝှက်ချက်အား သူထုတ်ဖော်မပြမချင်း အခြားသူများထက် သာလွန်နေသော အနေအထားအား ပိုင်ဆိုင်နေဦးမည်ဖြစ်လေသည်။ အနည်းဆုံးအနေဖြင့် နှစ်အနည်းငယ်အတွင်း အာဘတ်စစ်စော်ဘွားနယ်ထက်တော့ သာလွန်ပေလိမ့်မည်။

ပြီးနောက် ဤနောက်ပေါက်က သူ့တို့အတွက် အကြီးကျယ်ဆုံးသော ပြိုင်ဘက်တစ်ယောက် ဖြစ်လာလိမ့်မည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှ ဝုစ်သံမဏိအား သန့်စင်ရာတွင် လျှို့ဝှက်ပေါင်းများစွာ ရှိပေသည်။ လူတစ်ယောက်က သတ္ထုရိုင်းအပေါ် လက်တင်လိုက်သည်နှင့် ဝုစ်သံမဏိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ပြောစရာပင်မလို ၀မ်ချောင်မှ ထိုလျှို့ဝှက်ချက်အား ဘယ်တော့အခါမှ ထုတ်ပြောမည်မဟုတ်ပေ။

ဘုမ်း.....................

မီးပြင်းဖိုအတွင်းရှိ အပူချိန်မှာ ၁၅၀၀ ဒီဂရီအောက် လျော့နည်းနေပြီဖြစ်၏။ နောက်ဆုံးတော့ ဟိုက်ဒရာဘတ်သတ္ထုရိုင်း သန့်စင်ခြင်းက ဧကန်အမှန် စတင်ပြီ ဖြစ်လေတော့သည်။ အလွန်ဝေးကွာလှသော အိန္ဒိယမိုင်းတွင်းမှလာသော သတ္ထုရိုင်းများက ပေဆယ်ချီမြင့်မားသော မီးပြင်းဖိုအတွင်းသို့ ပစ်ထည့်ခြင်း ခံရလေသည်။ ထို့နောက်တွင် ခေါင်းတိုင် အောက်ခြေမှ မီးတောက် ဖြာထွက်လာပြီး ကွဲအက်အက်အသံတစ်ခုက ပန်းပဲဖိုတစ်ခုလုံးအား ပဲ့တင်ထပ်သွားသည်။

..............

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား လျှို့ဝှက်သန့်စင်နေချိန်တွင် ၀မ်ချောင် မသိလိုက်သောအရာတစ်ခု ရှိလေသည်။ အခြားသော နေရာတစ်ခု၌ ယောင်ကွမ်းရီမှာ သတ္ထုချပ်၀တ်တန်ဆာအား ၀တ်ဆင်ထားကာ ခါးတွင် ဓားကိုချိတ်ဆွဲထားလျက်ရှိသည်။ သူ့အကြံအစည်၏ နောက်ဆုံးခြေလှမ်းအား စတင်ရန် အဆင့်သင့် ဖြစ်နေပေသည်။

“ စုန့်ကလန်ကနေ ၀မ်ကလန်ကို ခွဲထုတ်ပစ်နိုင်ဖို့ဆိုတာ အခု ငါလုပ်မဲ့အရာအပေါ်မှာပဲ မူတည်တော့မယ် ”

ယောင်ကွမ်းရီ၏ မျက်လုံးက အပေါ်သို့ ကြည့်နေသည်။ မြင်း၏ ကျောပေါ်သို့ တက်လိုက်ရာ၌ သူ့မျက်၀န်းထဲတွင် မျှော်လင့်ရောင်ချည်များ ဖြတ်ပြေးသွားသည်။

နွေဦးနှင့်ဆောင်းဦးအချိန်များကဲ့သို့ တရားမျှတသောစစ်ပွဲများ ရှိနိုင်မည် မဟုတ်သလို ထပ်တူညီစွာပင် တော်၀င်ရုံးတော်၌လည်း သနားကြင်နာမှုဆိုသည်မှာ ဦးချိုနှင့်လားဟု မေးရမလို။ ကြိုးကြာပျံဝဲစံအိမ်၌ သူ၏အကြံအစည်အား ၀မ်မိသားစု၏ မောင်နှမ နှစ်ယောက်မှ ဖျက်ဆီးသွားသော်လည်း ယောင်ကွမ်းရီတွင် အရံအကြံအစည် ကျန်ရှိနေသေးသည်။

နယ်စပ်၌ သူကြံစည်ထားသည့်အတိုင်းသာ ဖြစ်ပျက်ခဲ့လျှင် စုန့်ကလန်နှင့်၀မ်ကလန်မှာ သေချာပေါက်ပင် သွေးကွဲသွားပေလိမ့်မည်။

စုန့်ဘုရင် ကျဆုံးသွားလျှင် ချီဘုရင်က ရုံးတော်တွင် အာဏာစက်အမြင့်ဆုံး ဖြစ်လာမည်ဖြစ်ကာ ထိုအပင်ကြီးအား မှီခိုနေသူအားလုံး ကောင်းကင်တမျှခမ်းနားစွာ နေထိုင်နိုင်ပေလိမ့်မည်။

အကယ်၍ လူအိုကြီး(ယောက်ကွမ်းရီ၏ဖခင်) သေဆုံးသွားခဲ့လျှင်တောင် ယောင်ကလန်က ဂုဏ်သိက္ခာနှင့် ကြွယ်၀မှုအား အချိန်အတော်ကြာသည်အထိ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

သူ၏ သားစဉ်မြေးဆက်များအတွက် အလို့ငှာ လူအိုကြီးနှင့်သူက ၀မ်ကလန်အား တိုက်ထုတ်ရန် ယခုအကြံအစည်အား ပင်ပန်းကြီးစွာ စီစဉ်ထားခဲ့လေသည်။

ကျား................

ယောင်ကွမ်းရီမှ ၀မ်းခေါင်းသံဖြင့် မြင်းကို ဖျစ်ညှစ်အော်လိုက်ပြီး မြင်းနှင့်အတူ အဝေးသို့တိုး၀င် ပျောက်ကွယ်သွားခဲ့သည်။

.....................................................

ပုံမှန် မီးပြင်းဖိုတွေက ၁၀၀၀ ဒီဂရီဆိုတာ အလွန်ဆုံးပါ။

နွေဦးနဲ့ဆောင်းဦးလိုပဲ တရားမျှတဲ့စစ်ပွဲဆိုတာ ရှိမှာမဟုတ်ဘူး...

နွေဦးနဲ့ဆောင်းဦးကာလဆိုတာက 771 BCကနေ 476 BC အထိကို ဆိုလိုတာပါ..

(Before Christ BC ခရစ်တော်မပေါ်မှီ ခုနှစ်သက္ကရာဇ်ကို 5000 BCကနေပြီး 1BCအထိ နောက်ပြန်တွက်ရပါတယ်.. After Christ ဖြစ်တဲ့ AD ကိုတော့ AD 1 ကနေ လက်ရှိကျနော်တို့ ရောက်နေတဲ့ AD 2020 အထိ ရှေ့တိုးပြီး တွက်ရပါတယ်ဗျ.. ဂေါတမမြတ်စွာဘုရားဟာဆိုရင် 563BC /480BC မှာ ဖွားမြင်ခဲ့ပြီး 483BC / 400BC သက်တော် ၈၀မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်.. သခင်ယေရှုကတော့ 4BC မှာ ဖွားမြင်ခဲ့ပြီး AD 30/33 မှာ သေဆုံးခဲ့ပါတယ်.. စကားချပ်)

စစ်ပွဲကာလကို မုန့်ကျီဆိုတဲ့သူက ပြောဆိုခဲ့တာဖြစ်ပြီး.... နွေဦးနဲ့ ဆောင်းဦး ကာလဟာ အလယ်ပိုင်းလွင်ပြင်မှာ ပဋိပက္ခတွေ၊ သူတစ်လူ ငါတစ်မင်းဖြစ်မှုတွေနဲ့ စစ်ပွဲတွေ ဝေနေခဲ့တာပါ....

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 35.

အအေးခံ လက်နက်သွန်းလုပ်ခြင်း ရှေ့ဆောင်လမ်းပြသူ

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာသည်။ နေ့ရက်စီတိုင်း၌ ဟိုက်ဒရာဘတ်သတ္ထုရိုင်း သန့်စင်မှုကလည်း ပိုမို ပီပြင်လာ၏။

၀မ်ချောင်က လက်နက်ထုလုပ်ခြင်းအား နားမလည်သော်လည်း ဝေဟောင် ခေါ်ယူထားသော ပန်းပဲပညာရှင်များကို ယုံကြည်စိတ်ချထားသည်။ သူတို့၏ စွမ်းရည်များကို အမှီပြု၍ သူအမိန့်ပေးသည်များအား ဧကန်မုချ ဖော်ဆောင်ပေးနိုင်ပေလိမ့်မည်။

ငါးရက်လွန်မြောက်ပြီးနောက်....

“ ပြီးပြီ... ကျုပ်တို့ လက်နက်သွန်းလုပ်ဖို့ သတ္ထုတုံးရပြီ ”

ပန်းပဲဖိုအတွင်းရှိ လေထုက ပူနွေးနေသည်။ စိတ်လှုပ်ရှားနေသော လက်နက်ပညာရှင်ခေါင်းဆောင်မှ ရုတ်တရက် ထအော်လိုက်ရာ သူ့စကားလုံးများက ပန်းပဲဖိုအတွင်းရှိ လူအားလုံး၏ အာရုံစိုက်မှုအား ဆွဲယူသွားသည်။

၀မ်...........

မီးပြင်းဖိုအား ဖွင့်လိုက်သည်တွင် အားကောင်းမောင်းသန် လက်နက်ပညာရှင်လေးယောက်မှ သူတို့ ညှပ်များအား မီးပြင်းဖိုထဲသို့ ပြိုင်တူထိုးထည့်ကာ သူတို့၏ အောင်မြင်မှု အသီးအပွင့်ဖြစ်သော ဟိုက်ဒရာဘတ်သတ္ထုရိုင်း(ခေါ်)ဝုစ်သံမဏိများကို ညှပ်ထုတ်ကာ သတ္ထုပြားပေါ်သို့တင်လိုက်သည်။

“ ဒါက တကယ် ဆန်းကြယ်တာပဲ ”

“ ဘယ်လိုတောင် လေးနေရတာလဲ.. သတ္ထုရိုင်းတစ်ခုထဲကနေ ဒီလောက် ထုထည်များတဲ့ သတ္ထုတုံးကြီးဖြစ်လာဖို့ဆိုတာ တွေးတောင်မတွေးဖူးဘူး.. ဒီသတ္ထုရိုင်းထဲမှာ သတ္ထုပါ၀င်မှုက တကယ် အံ့သြစရာပဲ.. ”

“ အဲ့ဒီမှာ အပြာရောင်မီးတောက်လေးတောင် ပေါ်နေသေးတယ်.. ကျုပ် သတ္ထုသန့်စင်လာတဲ့ နှစ်ပေါင်းဆယ်ချီတစ်လျောက်လုံး ရေတွက်မရနိုင်တဲ့ သတ္ထုရိုင်းတွေကို ကိုင်တွယ်ခဲ့ရပေမဲ့.. ဒီလို သတ္ထုရိုင်းမျိုးကိုတော့ ဒီတစ်ခါ ပထမဆုံး ပက်ပင်းကြုံဖူးတာပဲ ”

“ ကြည့်လိုက်ဦး... သတ္ထုတုံးအဆင့်ပဲ ရှိသေးတာတောင်မှ အခေါက်ရေရာချီ သန့်စင်ပြီး အခေါက်ရေထောင်ချီ ထုနှက်ထားတဲ့ သတ္ထုလိုအရောင်မျိုးတောင် ထွက်နေသေးတယ်.. ဒါက တကယ့်အံ့ဖွယ်ပဲ.. ”

...............

လူအုပ်ကြီးက သတ္ထုပြားပေါ်တွင် တင်ထားသော ဝုစ်သံမဏိတုံး လေးတုံးအား ၀န်းရံနေကြသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်နေပြီး အံ့ချီးမကုန်နေသော စကားလုံးများက သူတို့ နှုတ်ခမ်းများမှ အဆက်မပြတ် ထွက်ပေါ်နေကြသည်။ ၀မ်ချောင်က အနက်ရောင်သတ္ထုတုံးလေးတုံးအား သူတို့ထံ လွဲပေးလိုက်ပြီး ထိုအကြောင်းကို စကားတစ်ခွန်းပင် မပြောခဲ့ပေ။

မည်သို့ဆိုစေ သူတို့၏ သတ္ထုရိုင်း အရည်ကျိုခြင်းအတွေ့အကြုံအား အသာထား သူတို့မည်မျှပင် သင်ယူမှု နှေးသည်ဆိုဆို ၀မ်ချောင်သူတို့အား ပေးအပ်သော သတ္ထုရိုင်းနှင့်သတ္ထုသန့်စင်ခြင်း လုပ်ငန်းစဉ်မှာ အလယ်ပိုင်းလွင်ပြင်မှ မဟုတ်ကြောင်းတော့ သိကြလေသည်။

အလယ်ပိုင်းလွင်ပြင်တွင် ထိုကဲ့သို့ မီးပြင်းဖိုမှ မီးတောက်အား အပြာရောင်သို့ ပြောင်းစေနိုင်သော သတ္ထုရိုင်း ရရှိနိုင်ရန် မဖြစ်နိုင်ပေ။ သတ္ထုအရည်ကြိုပြီးသည်နှင့် သတ္ထုအရောင်တောက်နေသော သတ္ထုရိုင်းဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။

ထိုသို့သော မြင်ကွင်းအား သူတို့အသက်ရှင်နေခဲ့သည့် နှစ်ပေါင်းများစွာ တစ်လျှောက်လုံး မမြင်ခဲ့ဖူးကြချေ။

( ဒီကလေး ငါ့ကို အပူချိန် ၁၅၀၀ ဒီဂရီအောက်ကိုချခိုင်းတာ အံ့သြစရာမဟုတ်တော့ဘူးပဲ )

အသက်လေးဆယ်အရွယ် လက်နက်ပညာရှင်ခေါင်းဆောင်မှ နားလည်စပြုလာသည်။

“ ကောင်းတယ်... ဒါမှ တကယ့် ဝုစ်သံမဏိပဲ ”

ထိုအချိန်တွင် ၀မ်ချောင်မှာမူ အလွန် စိတ်လှုပ်ရှားနေသည်။

အတိတ်တွင် ဝုစ်သံမဏိလက်နက်များအား သူမြင်ခဲ့ဖူးသော်လည်း သန့်စင်ပြီးစ သတ္ထုတုံးကိုတော့ သူတစ်ခါမှ မမြင်ဖူးပေ။ ဤတစ်ကြိမ်က ဝုစ်သံမဏိ အလယ်ပိုင်းလွင်ပြင်တွင် သူ၏ တောက်ပမှုအား ထုတ်ဖော်ပြသသော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။

ထိုအရာမှာ သူ့ယခင်ဘ၀ထက် များစွာတိုးတက်လာခြင်း၏ သင်္ကေတ တစ်ခုပင်။

“ ကျုပ်တို့ အခုကစပြီး လက်နက်သွန်းလုပ်လို့ရပြီ ”

၀မ်ချောင်လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ယခု ပထမအဆင့် သန့်စင်မှုပြီးဆုံးသွားသည်တွင် နောက်တစ်ဆင့်အနေဖြင့် သတ္ထုတုံးအား လက်နက်ပုံစံသွင်းရန် အချိန်ကျရောက်လာပေပြီ။ ဤအဆင့်မှာ သတ္ထုရိုင်း သန့်စင်ခြင်းထက်ပို၍ အရေးပါ၏။ လက်နက်ပညာရှင်များက မည်သည့် အမှားအယွင်းမှ ဖြစ်ပေါ်မလာစေရန် ပိုမို ဂရုစိုက်ရမည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

“ မီးပြင်းဖိုကို ပိတ်လိုက်တော့.. ထင်းရှူးသားတွေသုံးပြီး မီးကို အားဖြည့်ထားလိုက်.. ဖားဖိုကို တန်းညှိထားပါ.. အပူချိန်ကို ၃၀၀ ဒီဂရီကို မကျော်စေနဲ့.. ”

၀မ်ချောင် အမိန့်ပေးလိုက်သည်။

သူ့စကားများက လူအားလုံး၏ အာရုံအား ပြန်လည် ဖမ်းစားသွားပြန်သည်။ လက်နက်ပညာရှင် ဆယ့်နှစ်ယောက်က ထူးဆန်းသောအမူအရာများ ဖြစ်ကုန်သွားကြပြန်သည်။ ၀မ်ချောင်၏ အမိန့်က သူတို့အတွက် မယုံကြည်နိုင်စရာ ဖြစ်နေသည်။

.

“ ချောင်သခင်လေး.. အပူချိန်က နည်းနည်း နိမ့်မနေဘူးလား ”

“ ပြောရရင်.. မဟာထန်တစ်ခုလုံးမှာတောင် အဲ့လောက် အပူချိန်နည်းနည်းနဲ့ လက်နက်သွန်းလုပ်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး.. ဒီလိုလုပ်တာက ရလာဒ်ကို ဆိုးရွားစေရုံမကဘူး တစ်ပတ်လုံးအချိန်ယူမယ်ဆိုရင်တောင် လက်နက်တစ်ခု သွန်းလုပ်နိုင်တော့မှာ မဟုတ်ဘူးနော်.. ”

လက်နက်ပညာရှင်များစွာက သူတို့၏ သတ္တိအား စုစည်းကာ ပြောလိုက်ကြသည်။ အပူချိန် ၂၀၀၀ ဒီဂရီမှ ၁၅၀၀ သို့ တစ်ခါ လျှော့ချခဲ့ပြီးဖြစ်ကာ ယခုတွင် အပူချိန် ၁၅၀၀ ဒီဂရီကသာ ကျန်ရှိတော့သည်။

သို့သော် ယခု ၀မ်ချောင်မှ သူတို့အား အပူချိန် ၃၀၀ ဒီဂရီတွင် လက်နက်ထုလုပ်ရန် အမိန့်ပေးနေပြန်သည်။ ထိုအရာက သူတို့ တစ်ခါမှ မကြားဖူးသောအရာဖြစ်ပြီး သူရူးတစ်ယောက်မှ တောင်းဆိုနေသကဲ့သို့ပင် အဓိပ္ပာယ်မရှိပေ။

၀မ်ချောင်က သူတို့ထက် အဆင့်အတန်းပိုမြင့်မားလျှင်ပင် မတတ်နိုင်ပဲ ပြန်လည်ချေပရပေမည်။ ထိုအရာက လက်နက်သွန်းလုပ်သည့် မှန်ကန်သော လုပ်ငန်းစဉ်မဟုတ်ပေ။

“ ဒါကို အအေးခံ သွန်းလုပ်ခြင်းလို့ခေါ်တယ်.. ကျုပ်ပြောတဲ့အတိုင်းသာလုပ်ပါ ”

၀မ်ချောင်မှ ထူးမခြားနားသာ ပြောလိုက်သည်။ သူ့အကြည့်က လက်နက်ပညာရှင်ဆယ့်နှစ်ယောက်၏ မျက်လုံးများနှင့် ထိပ်တိုက် ဆုံတွေ့နေသော်လည်း အပြောင်းအလဲမရှိပေ။ အအေးခံ သွန်းလုပ်ခြင်းမှာ ထူးခြားသော နည်းစတစ်တစ်ခုဖြစ်ကာ လက်နက်၏စွမ်းအားကို အဆုံးစွန်မြင့်တင်ပေးပြီး အဆုံးစွန် ထက်မြမှုကို ပေးစွမ်းနိုင်သည်။

မည်သို့ဆိုစေ ယခုကာလတွင်မူ အအေးခံသွန်းလုပ်ခြင်းက ပေါ်ပေါက်ခဲ့ခြင်းမရှိသေးရာ လက်နက် အများစုအား မြင့်မားသော အပူချိန်အောက်တွင်သာ ထုလုပ်နေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် မြင့်မားသော အပူချိန်မှာ သတ္ထုအား ပျော့ပျောင်းစေပြီး သတ္ထုအား အလွယ်တကူ ပုံကြမ်းယူ၍ ရစေကာ ပုံသွင်းလွယ်စေသည်။ ထို့အပြင် လက်နက် ထုလုပ်ချိန်ကိုလည်း လျော့ချပေးသေးသည်။

မည်သို့ဆိုစေ အအေးခံသွန်းလုပ်ခြင်းက အချိန်ပိုကြာသော်လည်း ထိုကဲ့သို့ ထုလုပ်ထားသော လက်နက်က အလွန်အစွမ်းထက်ကာ အပူချိန်မြင့်မြင့်အောက်တွင် သွန်းလုပ်ထားသော လက်နက်များထက် ပိုမို ထက်မြက်သည်ကို သိထားသည့်သူ များစွာ မရှိပေ။

အကယ်၍ ၀မ်ချောင်မှ ထိပ်တန်းဝုစ်သံမဏိလက်နက်တစ်ခုအား သွန်းလုပ်ချင်သည်ဆိုလျှင် အအေးခံ သွန်းလုပ်ခြင်းအား သူ အသုံးပြုရပေလိမ့်မည်။

ဟုတ်ပေ၏။ အအေးခံသွန်းလုပ်ခြင်းဆိုသည်မှာ အေးခဲနေသည့် ပတ်၀န်းကျင်တွင် သွန်းလုပ်ခြင်းကို ဆိုလိုခြင်းမဟုတ်ပဲ ပုံမှန်အသုံးပြုကြသည့် အပူချိန်၂၀၀၀ ဒီဂရီထက် များစွာ နည်းပါးခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ဝုစ်သံမဏိအား သွန်းလုပ်ရန် အသင့်တော်ဆုံးအပူချိန်မှာ ၃၀၀ ပတ်ချာလည် ဖြစ်လေသည်။

အကယ်၍ တစ်ယောက်ယောက်က ထိုအရာအား သိမြင်နားလည်မှုမရှိလျှင် ဝုစ်သံမဏိဖြင့် ထုလုပ်ထားသော လက်နက်က သူ၏စွမ်းရည်အပြည့်အ၀အား ဖော်ဆောင်နိုင်တော့မည် မဟုတ်ပေ။ အာဘတ်စစ်စော်ဘွားနယ်က အိန္ဒိယနှင့် နီးကပ်ပြီး ၀မ်ချောင်ထက်အရင် ဟိုက်ဒရာဘတ်သတ္ထုကို လက်၀ယ်ပိုင်ဆိုင်ထားလျှင်တောင်မှ သူတို့၏ ဝုစ်သံမဏိလက်နက်များက ၀မ်ချောင်၏ လက်နက်အရည်အသွေးကို အမှီလိုက်နိုင်ရန် ငါးနှစ်မှ ခြောက်နှစ်ခန့် အချိန်ယူရပေဦးမည်။

“ အအေးခံသွန်းလုပ်ခြင်းဟုတ်လား... ”

၀မ်ချောင်၏ စကားက လက်နက်ပညာရှင်များအတွက် ရယ်စရာကောင်းနေသော်လည်း ၀မ်ချောင် ပြောသည်ကိုတော့ သူတို့ တစ်ခုမျှ နားလည်နိုင်ခြင်း မရှိချေ။

“ တော်လောက်ပြီ....ခင်ဗျားတို့အနေနဲ့ ဒီကိစ္စကို အများကြီး တွေးနေဖို့ လိုလို့လား.. ခင်ဗျားတို့ကိုပြောတဲ့ အတိုင်းပဲ လုပ်ပါ ”

ဟောင်မှာ ၀မ်ချောင်လောက် စိတ်မရှည်နိုင်ပေ။ ရုတ်တရက်ပင် သူက သူတို့အားလုံးကို အပြစ်တင် ပြောဆိုလိုက်သည်။

( မင်းတို့ဘာတွေ သောက်ဂရုစိုက်နေတာလဲ.. ပြောတဲ့အတိုင်း လက်နက်လုပ်နေရင် ပြီးပြီမဟုတ်ဘူးလား.. မင်းပိုင်တဲ့ လက်နက်မို့လို့ ပွစိပွစိ လုပ်နေရတာလား )

၀မ်ချောင်ရယ်နေသည်။ ဝေဟောင်က သူတို့နှင့် အဆီအငေါ်တည့်ပုံမရပေ။ ထိုအရာကပင် ဝေဟောင်၏ ကိုယ်ရည်သွေးတစ်ခုလည်းဖြစ်သေးသည်။ မည်သို့ဆိုစေ ဝေဟောင်မှ အော်ငေါက်လိုက်ပြီးနောက် ထိုလက်နက်ပညာရှင်များအားလုံး အတွန့်တက်ခြင်းအား အဆုံးသတ်လိုက်ကာ အလုပ်ခွင်သို့ တစ်ဖန် ပြန်၀င်ကြလသည်။

“ သုံးယောက်တစ်ဖွဲ့စုမယ်.. ပြီးတော့ အဖွဲ့အားလုံး အတူတူစုပြီး အလုပ်လုပ်ကြရမယ်.. တကယ်လို့ ခုနစ်ရက်က မလောက်ဘူးဆိုရင် ကျုပ်တို့ ဆယ်ရက်လုပ်မယ်.. ဒါက ပထမလက်နက်အတွက် ပုံကြမ်းပဲ.. စလိုက်ကြစို့ ”

၀မ်ချောင်မှ ပုံကြမ်းစာရွက်အား ထုတ်ပြကာ လက်နက်ပညာရှင်များအား အလုပ်စရန် မျက်ရိပ်ပြလိုက်သည်။

၀မ်ချောင်က မည်ကဲ့သို့ လက်နက်သွန်းလုပ်ရမည်ကို မသိသော်လည်း ထိုလူများအားလုံးမှာတော့ အကောင်းဆုံးများထဲမှ အကောင်းဆုံးဖြစ်ကြလေသည်။ ၀မ်ချောင်က လူအများထဲမှ သူတို့အား သီးသန့် ရွေးထားသည်ဖြစ်ရာ သူတို့က အဆင့်အတန်းနိမ့်ကျမည် မဟုတ်ပေ။ ထို့အပြင် သူတို့ ၀မ်ချောင်အား သန့်စင်ခြင်းနှင့် သွန်းလုပ်ခြင်းတွင် များစွာသော မေးခွန်းများအား ချစ်တီးခေါင်းပေါ် သန်းရှာနေသကဲ့သို့ တန်ပြန်မေးခဲ့ကြသေးသည်။ အကယ်၍ သူတို့သာ ထိန်တန်းလက်နက်ပညာရှင်များမဟုတ်လျှင် ထိုသို့သော မေးခွန်းများ စစ်စစ်ပေါက်ပေါက်မေးရန် ယုံကြည်ချက်ရှိမည် မဟုတ်ပေ။

လက်နက်သွန်းလုပ်ရာတွင် အရည်ချင်းရှိရှိလေလေ မာနက မိုးထိုးလေလေပင် မဟုတ်ပါလား။ သူတို့၏ လက်ထဲတွင် အဆင့်အတန်းနိမ့်ကျသော ပစ္စည်းအား ဖန်တီးလိုခြင်း မရှိသည်ကြောင့်ပင်။ ထိုအချက်ကြောင့်ပင် သူ့အား စစ်စစ်ပေါက်ပေါက် မေးမြန်းခြင်းမှာ သူတို့ တတ်နိုင်ကြောင်း ပြသခြင်းတစ်မျိုးပင် ဖြစ်ချေသည်။

မကြာမှီပင် လက်နက်ပညာရှင်များမှ နောက်တစ်ကြိမ် လုပ်ငန်းစလိုက်ကြပြန်သည်။ ၀မ်ချောင်မှလွဲ၍ မည်သူမျှ အအေးခံသွန်းလုပ်ခြင်း နည်းစနစ်အား မသိရှိကြရာ လက်နက်သွန်းလုပ်ခြင်းနည်းစနစ် လောကသစ် တစ်ခုပင်ဖြစ်ချေသည်။ ပထမဆုံးအကြိမ်အဖြစ် လောကတွင် ပေါ်ပေါက်လာခဲ့ချေပြီ။

“ ညီမလေး... လက်နက်လုပ်ပြီးသွားရင် ငါနင့်ကို အကူအညီတောင်းစရာရှိသေးတယ်.. ”

အဆောတလျင် ၀မ်ချောင် နောက်လှည့်ကာ ထိုစကားများအား ပြောလိုက်သည်။

“ ဘာလုပ်ရမှာလဲ ”

၀မ်မိသားစု၏ညီမငယ်မှ ပျင်းသယောင်နှင့် သမ်းလိုက်သည်။ သူမက ‘ အိန္ဒိယ ’ ‘ ဟိုက်ဒရာဘတ် ’ဟု ကြားသည်တွင် ပျော်စရာကောင်းမည်ဟုထင်ခဲ့သော်လည်း အဆုံးမှာတော့ ‘ လက်နက်သွန်းလုပ်ခြင်း ’ဖြစ်နေသည်။ မည်မျှ ပျင်းစရာကောင်းသနည်း။

“ ဒီလက်နက်တွေကို တူနဲ့ ခပ်နာနာလေး ထုပေးစမ်းပါ..... လက်နက်တစ်ခုကို အချက် သုံးရာစီလေးပဲ..... ”

၀မ်ချောင်ပြောလိုက်သည်။

ရွှယ်..... ဝေဟောင် သလောကျစွာဖြင့် လက်မထောင်ပြလိုက်သည်။

( ၀မ်ချောင် မင်းက ဘုရားသားပဲ.. မင်းမို့လို့ပဲ ရှောင်းယောင်ရဲ့ ကြောက်မက်ဖွယ်ခွန်အားကို သတ္ထု ထုဖို့ အကြံထွက်နိုင်တယ် )

သူမ၏ ခွန်အားနှင့်သာဆိုလျှင် ထိုလက်နက်များ၏ အရည်အသွေးများက နောက်တစ်ဆင့်သို့ပင် ရောက်ရှိသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက နှစ်ယောက်သား တစ်ဖက်သတ် စိတ်ကူးယဉ်မှုသပ်သပ်ပင်။

“ မလုပ်ဘူး ”

၀မ်မိသားစု၏ ညီမငယ်မှ မျက်လုံးအား ဝှေ့ဝှိုက်ကာ ပြောလိုက်သည်။ ထိုအကြောင်းအား စဉ်းပင်မစားပဲ အပြတ်ငြင်းလိုက်သည်။

( ဘာလဲဒါ.. ငါ့ကိုများ လုပ်အားပေးခိုင်းချင်နေသေးတယ်.. သုံးနှစ်ကလေးများ မှတ်နေလားမသိဘူး.. အိပ်မက်သာ ဆက်မှတ်နေလိုက်.. )

“ ရွှေတုံးတစ်ရာနော်... ငါ အလကားတော့ မလုပ်ပေးနိုင်ဘူး ”

တုံ့ဆိုင်းမှုအလျှင်းမရှိ ၀မ်ချောင် သူမအား လက်မထောင်ပြလိုက်သည်။

“ အင်း....”

၀မ်မိသားစု၏ညီမငယ်လေး မျက်တောင် ကော့တက်သွားသည်။ ရုတ်ချည်းပင် သူမ၏ မျက်လုံးက လပြည့်၀န်းကဲ့သို့ တဖန် ဝုိင်းစက်သွားပြန်သည်။ ကြည့်ရသည်မှာ သူမအစ်ကို၏ စကားများကြောင့် သူမ တုန်လှုပ်သွားပုံပင်။ ရွှေတုံးတစ်ရာ... သူမက ငယ်ပင်ငယ်သော်ငြား ရွှေနှင့်ငွေအကြား ကွာခြားမှုကိုတော့ ပြောနိုင်ပေသည်။

သူမက လတိုင်း ငွေတုံးဆယ်တုံးသာ ရကာ ၀မ်ချောင်မှ သူမအား ရွှေတုံးတစ်ရာပေးရန် ကတိပေးနေလေသည်။ အကယ်၍ သူမသာ ထိုငွေများအား ရရှိလျှင် သူမ ချမ်းသာပြီ မဟုတ်လော။

အတွေးနှင့်ပင် စိတ်လှုပ်ရှားစေသည်။

“ ငါ ငြင်းတယ် မလုပ်နိုင်ဘူး ”

၀မ်မိသားစု၏ ညီမငယ်မှ နှုတ်ခမ်းဆူကာ ရုတ်ချည်း နောက်လှည့်လိုက်ပြီး ၀မ်ချောင်၏ ကမ်းလှမ်းမှုအား ငြင်းပယ်လိုက်သည်။ ၀မ်ချောင်နှင့် ဝေဟောင် ဆွံအသွားသည်။ သူမက အမှန်တကယ်ပင် အလုပ်လုပ်ချင်စိတ်မရှိသည်ကို သိလိုက်ရကာ သူမအပေါ် အတွက်အချက်လွဲသွားပြီဟု ထင်နေစဉ်၌ သူတို့နားမှ အသံတစ်ခုအားကြားလိုက်ရသည်။

“ အတုံးနှစ်ရာမှ လုပ်မယ်.. တစ်ပြားမှ မလျော့နိုင်ဘူးနော်..------ မဟုတ်ရင်တော့ .. မဟုတ်ရင်တော့.... အမေ့ကို ပြောပြပြီး နင့်ကို ကောင်းကောင်းဆုံးမခိုင်းမယ်..... ”

“ ......... ”

၀မ်ချောင်နှင့်ဝေဟောင်၏ အံ့သြခြင်း အရင်းခံက ထူးဆန်းသောအမူအရာအဖြစ်သို့ ပြောင်းလဲသွားသည့် အဓိကအကြောင်းရင်းမှာ သူမ နောက်ဆုံးပြောလိုက်သော စကားပင်ဖြစ်သည်။ ဝေဟောင် ထိန်းမနိုင်တော့ပဲ ဗိုက်နှိပ်ရယ်လေတော့သည်။ ဗိုက်ကို နှိပ်နေရင်း သေတော့မတတ်ပင်။

“ ဟားဟားဟား.... တကယ်ရယ်ရတယ်ကွာ.. ၀မ်ချောင် မင်းမှာလဲ ဒီလိုနေ့မျိုးရှိသေးတာပဲလားကွ.. ဟားဟား.. ရှောင်းယောင် နင်ဘာမှ ကြောက်နေစရာမလိုဘူး.. အခု နင့်အစ်ကိုက တကယ်ချမ်းသာတဲ့သူနော်. တကယ်လို့ သူပေးဖို့ ငြင်းတယ်ဆိုရင် နင့်အမေနဲ့တိုင်ပြီး သင်ခန်းစာ ကောင်းကောင်းပေးခိုင်းလိုက် ”

၀မ်ရှောင်းယောင်၏ အလေးအနက်ဖြစ်နေသော အမူအရာအားမြင်လျှင် ရယ်ခြင်းကြောင့် သူ၏ အဆုပ် ခုန်ထွက်လာတော့မလိုပင်။

၀မ်ချောင် ကိုးရိုးကားယားနှင့် ခေါင်းရမ်းလိုက်သည်။ ယခုအချိန်ကတော့ သူအား ဝေဟောင် ဟာသလုပ်သည့်အလှည့်ပင်။ ထင်ထားသည့်အတိုင်းပင် ညီမငယ်လေးမှာ ယခင်ကအတိုင်း မပြောင်းလဲသည့် ငွေမက်လွန်းသူတစ်ယောက်ပင်။

“ သဘောတူတယ်.. ”

သူ့လက်ထဲတွင် ငွေအများအပြားရှိနေလေရာ ဝေဟောင်၏ စကားအရဆိုလျှင် ယခုတွင်သူက ဆရာကြီးပင်ဖြစ်နေသည်မဟုတ်လော။ ရွှေတုံးနှစ်ရာမှာ သူ့အတွက် ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။

“ ယေး............. ”

၀မ်မိသားစု၏ညီမငယ်က စိတ်လှုပ်ရှားမှုကြောင့် သူမ၏ လက်သီးအား တင်းတင်းကျပ်ကျပ်ဆုပ်ထားကာ သူမ၏ မျက်နှာမှာလည်း နီစွေးနေသည်။ သူမက သူ့အား အနိုင်ယူရန်သာ ကြိုးပမ်းလိုက်ခြင်း ဖြစ်သော်ငြား သူမ အောင်မြင်သွားခဲ့သည်။ သို့သော် မကြာမှီပင်သူမ တစ်စုံတစ်ခုအား တွေးမိသွားဟန်ရပြီး ရုတ်တရက် ငြိမ်ကျသွားသည်။ သူမ ၀မ်ချောင်အား နှစ်ကျော့ပြန်ကြည့်လိုက်ပြီး......

“ ရွှေတုံး နှစ်ရာနော်..... ရွှေဆိုတာ ငွေနဲ့ မတူဘူးနော် အဝါရောင်လေး.... တတိယအစ်ကို နင်ငါ့ကို လိမ့်ဖို့တော့ မစဉ်းစားနဲ့ ဟွန့်... ”

၀မ်ချောင် ဝါးလုံးကွဲ ထိုးရယ်လေတော့သည်။ ဤသူငယ်မ ဆိုသည်မှာလည်း သူမသာလျှင် သူ့အား ရွှေတုံး နှစ်ရာပေးရန်တောင်းဆိုသည့်သူ ဖြစ်သည့်အားလျော်စွာ သူက သူမအား ကတိပေးသည်ကိုပင် မယုံမကြည်ဖြစ်နေပြီး သူ့အား သံသယပင် ၀င်လိုက်သေးသည်။ ဤ ကံကောင်းမှုကြီးက သူမအတွက် လွယ်ကူလွန်းနေသည်။

“ ဒါပေါ့....နင့်အစ်ကိုက ဘယ်တုန်းက လိမ်ဖူးလို့လဲ.. ရော့ ဒီမှာ ရွှေတုံး နှစ်ရာ.. တကယ်လို့ နင်မယုံဘူးဆိုရင် နင့်ကို အရင်ပေးထားလိုက်မယ် ဟုတ်ပြီလား.. ”

၀မ်ချောင် သူ့င်္အကျီအတွင်းမှ ရွှေတုံးများအား ထုတ်ယူလိုက်သည်။

ရွှေတုံးနှစ်ရာမှာ အတော်များသော ပမာဏ ဖြစ်သော်ငြားလည်း ဟာကျူလီကဲ့သို့သန်မာပြီး မူလစွမ်းအင် အဆင့်၉ သို့ရောက်နေသည့် သူ့ညီမငယ်အတွက်တော့ ဝါဂွမ်းလိုပင် ဖြစ်နေသေးသည်။

သူ၏ယခင်ဘ၀တွင် ဝုစ်သံမဏိလက်နက်များအား တစ်သောင်းခန့် တစ်ခါတစ်လေ တစ်သိန်းခန့်မျှအထိ ရောင်းချနိုင်ခြင်းမှာ ဝုစ်သံမဏိက တန်ဖိုးကြီးခြင်းသက်သက် မဟုတ်ပေ။ ပို၍ အရေးပါသည်မှာ ထိုလက်နက်ပိုင်ဆိုင်ထားသော ပြင်ပန်းသွင်ပြင်ဆိုင်ရာအလှအပကြောင့်ပင်။

၀ုစ်သံမဏိ လက်နက်တိုင်းမှာ ပြီးပြည့်စုံမှုရှိစေရန် ကျားကုတ်ကျားခဲ ပြုလုပ်ထားရသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများက အာဘတ်စစ်စော်ဘွားနယ်နှင့် ဒမတ်စကပ်တို့အတွက် ဝုစ်သံမဏိ မူလအစပင်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများ ပေါ်ထွက်လာသည်က ပထမအဆင့်ခန့်သာ ရှိသေးသည်။ ၀မ်ချောင်တွင် ပြိုင်ဘက်များ မရှိသေးပေ။ ၀မ်ချောင် လိုအပ်သည်က ဟိုက်ဒရာဘတ်သတ္ထုများအား ရောင်းချရန်မဟုတ်ပဲ သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ် ပြုလုပ်ရန်ပင်။

ထိုဝုစ်သံမဏိလက်နက်များအား သောင်းချီ သိန်းချီ ပေး၍ ၀ယ်ယူသောသူများမှာ အရူးများ မဟုတ်ကြပေ။ အကယ်၍ ဝုစ်သံမဏိသာ အခြားသောလက်နက်များထက် လက်နက်အဆင့်နှင့် သွန်းလုပ်ရာတွင် သာလွန်သော နည်းစနစ်များ မလိုအပ်လျှင် မည်သူမျှ ထိုကဲ့သို့ ငွေများစွာအား ဖြုန်းတီးလိမ့်မည် မဟုတ်ပေ။

အအေးခံသွန်းလုပ်ခြင်းမှာ လက်နက်သွန်းလုပ်ခြင်းအတွက် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကာ ပန်းပဲပညာရှင်တိုင်းက ထောင်ချီသော ထုချက်များ တစ်ချက်စီတိုင်းတွင် သူတို့၏ ခွန်အား အလုံးစုံအား အသုံးပြုရလေသည်။ ထိုအရာထဲသို့ ခွန်အား ပိုထည့်လေလေ လက်နက်က ပိုအစွမ်းထက်လေလေပင်။

ထိုအချက်ကြောင့် သူ့ညီမငယ်၏ ရှာမှရှားသော မူလစွမ်းအင်အဆင့် ၉နှင့်ညီမျှသည့် ခွန်အားကို အသုံးပြုလျှင် ဝုစ်သံမဏိဖြင့်သွန်းလုပ်ထားသော လက်နက်များက မှန်းဆမရနိုင်သောအရည်အသွေးနှင့် သိမ်မွေ့လှသော အလှတရားများ ပိုင်ဆိုင်မည်ဖြစ်ကြောင်း ၀မ်ချောင် အတပ်ပြောနိင်သည်။

“ သဘောတူတယ်... နင်ပေးထားတဲ့ကတိကို ရုပ်သိမ်းရဲ ရုပ်သိမ်းကြည့် ”

ရွှေတုံး နှစ်ရာအားမြင်သည်တွင် ၀မ်မိသားစုညီမငယ်၏ မျက်လုံးများက ထွက်ကျလုလုပင်။ ၀မ်ချောင်၏ လက်တွင်းမှ ဆွဲယူလိုက်ကာ သူ့အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပြီး ၀မ်ချောင် သူ့စကားများအား ပြန်ရုပ်သိမ်းမည်ကို စိုးရိမ်နေသည့်အလားပင်။

“ ဒါပေမဲ့.... နင်ဒီလောက် ငွေအများကြီး ဘယ်ကရလာတာလဲ ”

၀မ်မိသားစု၏ညီမငယ်မှ ပုံမှန်မဟုတ်သော အရာတစ်ခုအား သတိထားမိသွားသည်။ ထိုဖက်တီး ဝေကလေးက သူမ၏အစ်ကို၌ ငွေအများအပြားရှိသည်ကိုသာပြောပြီး ထိုငွေများ မည်သည့်နေရာမှ လာသည်ကို ပြောပြခဲ့ခြင်းမရှိချေ။

“ ရော့ နောက်ထပ် ရွှေဆယ်တုံး.. အမေ့ကို ဘာမှ သွားမပြောနဲ့ ”

၀မ်ချောင် က္ကန္ဒြေမပျက်ပင် အခြား ရွှေတုံးအား ထုတ်ပေးလိုက်သည်။

“ သဘောတူတယ်.. ”

ရွှေတုံး အမြောက်အမြား ပိုင်ဆိုင်လိုက်ရသည်တွင် ၀မ်မိသားစု၏ ညီမငယ်မှာ အလွန် ပျော်ရွှင်နေလေသည်။ ထိုအချက်ကြောင့် ၀မ်ချောင် ငွေများ မည်သည့်နေရာမှ ရရှိလာသည်ဖြစ်စေ စိတ်၀င်စားခြင်းအလျဉ်းမရှိတော့ပေ။

“ သောက်ကျိုးနည်း... တကယ်ငွေမက်တဲ့ ကလေးမပဲဟ ”

ထိုမြင်ကွင်းအား မြင်သည်တွင် ဝေဟောင် ဇောချွေးများပင် ပျံလာလေတော့သည်။

ညီမငယ်၏ ကျွမ်းကျင်မှုတစ်ချို့အား ပေါင်းထည့်လိုက်သည့်အခါ ဝုစ်သံမဏိ၏ သွန်းလုပ်ခြင်း လုပ်ငန်းစဉ်က အတော်ပင် မြန်ဆန်လာလေသည်။ ၀မ်ချောင်ကလည်း အလျင်မလိုပေ။ သူ၏ နေ့ရက်များအား ကျင့်ကြံခြင်းနှင့် လက်နက်ပညာရှင်များ၏ တိုးတက်မှုအခြေအနေများအား သုံးသပ်ခြင်းဖြင့်သာ ဖြတ်သန်းနေရာ အအေးခံ သွန်းလုပ်ခြင်းနည်းစနစ်ဖြင့် ဝုစ်သံမဏိ သွန်းလုပ်ပြီးစီးမည်ကို စိတ်ရှည်ရှည်ဖြင့် စောင့်နေလေသည်။

All Chapters