အခန်း (၃၆-၄၀)
Vol. 2 Ch. 36-40
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 36.
မြို့တော်တစ်ခုလုံးအား ပွင့်ထွက်လာသောသတင်း
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
အအေးခံသွန်းလုပ်ခြင်းနည်းပညာဖြင့် ဝုစ်သံမဏိလက်နက်များ သွန်းလုပ်ပြီးစီးရန် ၀မ်ချောင် ကျင့်ကြံနေရင်းဖြင့်သာ အချိန်ဖြုန်းရင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။ သို့သော် ဆယ်ရက်မြောက်နေ့တွင် ရုတ်တရက် နယ်စပ်မှ သတင်းတစ်ခုက မြို့တော်တွင် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်စေခဲ့သည်။
မဟာထန်၏ စီမံချက်ရေးရာပြောင်မြောက်၍ ဇာဝဏဉာဏ်ရွှင်သည့် ‘ ယောင်လူအိုကြီး ’၏ တတိယသားဖြစ်သူ ယောင်ကွမ်းရီ။ ဟူများက နယ်စပ်အားဖြတ်ကျော်ကာ မဟာထန်၏နယ်မြေအား ထိပါးလာသည်တွင် ရုတ်ချည်း သူ၏စစ်တပ်ကို ဦးဆောင်ကာ သူတာ၀န်ထမ်းဆောင်နေရသည့်နယ်မြေကို ကျော်လွန်၍ ‘ ကျိုးအမတ်ကြီး ’၏ ဒုတိယသား ၀မ်ယန်၏ စစ်တပ်မြေသို့ အကြောင်းကြားခြင်း မရှိ ရောက်လာခဲ့လေသည်။
သို့သော် ထိုအခြေအနေထက် ပို၍ ဆန်းကြယ်သည်မှာ ကျူးကျော်ခံသည်နှင့် အနီးဆုံးတွင်ရှိကာ သူ့ပိုင်နယ်မြေအား စောင့်ရှောက်ကာကွယ်ရမည့် စစ်သူကြီး၀မ်ယန်ကတော့ ဟူတို့ မကျူးကျော်ခင်တွင် သူ၏စစ်စခန်းအား နောက်သို့ လီငါးဆယ်တိတိ ဆုတ်ခွာခဲ့လေသည်။
တစ်လီ=၀.၅ကီလိုမီတာ
ထို့ကြောင့်ပင် နယ်စပ်၌ ပထမဆုံးအကြိမ်အဖြစ် ဆန်းကြယ်သောမြင်ကွင်းတစ်ခု ဖြစ်ခဲ့လေတော့သည်။
မိမိကိုယ်ပိုင်နယ်မြေအား စောင့်ရှောက်နေသင့်သည့် စစ်သူကြီးက စစ်ပွဲအား ဘေးမှ ရပ်ကြည့်နေသည်တွင် ထိုနေရာတွင် ရှိမနေသင့်သည့် စစ်သူကြီးက ထိုစစ်သူကြီး၏နေရာအား အစားထိုးယူကာ ကျူးကျော်လာသော ဟူတို့အား တိုက်ခိုက်ဖျက်ဆီးခဲ့လေသည်။
မဟာထန်တည်ထောင်လာသည့် ရာစုနှစ်တစ်ခုလုံးအတွင်း၌ပင် ထိုသို့သောမြင်ကွင်း မဖြစ်ပေါ်ခဲ့ဘူးပေ။
တစ်ယောက်က ထိုဖြစ်ရပ်တွင်ပါ၀င်ပက်သက်ခဲ့သူ ယောင်ကွမ်းရီနှင့် ၀မ်ယန်မှာတော့ ထိုကိစ္စအား နှုတ်ဆိတ်၍သာ ရပ်ကြည့်နေခဲ့သူ။ မည်သို့ပင်ဆိုစေ ထိုဆန်းကြယ်သော ‘ စစ်သတင်း ’က မြို့တော်ကို အုတ်အုတ်ကျက်ကျက် ဖြစ်စေတော့သည်။
ဟူများ၏ ကျူးကျော်ခြင်းမတိုင်မှီ၌ပင် မဟာထန်၏ စစ်တပ်မှ အထိအခိုက်တစ်စုံမရှိ ဖျက်ဆီးနိုင်လိုက်သည်။ ထိုအချက်အား ထောက်ချင့်လျှင် ‘စစ်သတင်း ’ မှာ နယ်စပ်ရှိ အရေးမပါသော တိုက်ပွဲငယ်တစ်ခုသာဖြစ်ပြီး စကားထဲ ထည့်ပြောရန်ပင် မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ မြို့တော်တွင် ရှိသောသူများက အရူးများ မဟုတ်ကြပေ။ ‘ ယောင်လူအိုကြီး ’၏ တတိယသား ယောင်ကွမ်းရီနှင့် ‘ ကျိုးအမတ်ကြီး ’၏ဒုတိယသား ၀မ်ယန်တို့မှာ ထိုဖြစ်ရပ်တွင် ပါ၀င်နေပြီး ထိုအခိုက်တွင် စုန့်ဘုရင်နှင့် ချီဘုရင်မှာလည်း နိုင်ငံရေးစစ်ပွဲ ဆင်နွှဲနေကြသည်ဖြစ်ရာ ထိုအခြေအနေက သေချာပေါက်ပင် မြင်နေသလောက် မရိုးရှင်းပေ။
အရူးအနှမ်းပင် ယောက်ကွမ်းရီပေါ်မလာခင် ၀မ်ယန်မှ သူ့စစ်စခန်းအား နောက်သို့ လီငါးဆယ် ဆုတ်ခွာခိုင်းခဲ့ခြင်းမှာ မတော်တဆမှု မဟုတ်ကြောင်း ပြောနိုင်ရာ ထိုဖြစ်ရပ်၏ အရေးပါမှုက လုံး၀ပင် ကွာခြားသွားပြီဖြစ်သည်။
အမှန်တရားတွင် မျက်စိမရှိလေရာ ယောင်နှင့်၀မ်ကလန် အတူပူးပေါင်းလုပ်ဆောင်ကာ ကျူးကျော်သူများအား တွန်းလှန်ခဲ့သည်ဟူသော သတင်းက နိုင်ငံရေးလောကအရ ထိုကလန်နှစ်ခု၏ ဆက်ဆံရေးအား အဓိပ္ပာယ်များစွာ ဖြစ်ပေါ်စေနိုင်သည်။
လူများက သင်ပြောသည်ကို ယုံကြည်မည်မဟုတ်ပဲ သူတို့ကြားသည်ကိုသာ ယုံကြပေမည်။
သို့သော် ယခုတွင် ယောင်ကွမ်းရီ၏ စစ်တပ်က စစ်ပွဲနယ်မြေတွင် ထွက်ပေါ်လာချိန်၌ ၀မ်ယန်မှာလည်း သံသယများအား ရှောင်ရှားရန် စစ်မြေပြင်မှ လီငါးဆယ် နောက်ဆုတ်ကာ နေခဲ့လေသည်။
ထိုအရာက ဖြစ်ရပ်တစ်ခုလုံးကို ယောင်ကွမ်းရီ၏ တစ်ဖက်သတ်ပြဇာတ်တစ်ပုဒ် ဖြစ်စေခဲ့ကာ ၀မ်ယန်၏ နေရာတွင် ဟူများအား အပြုတ်ဖြုတ်နိုင်ခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့လေသည်။
အရူးတစ်ယောက်ကပင် ထိုအရာနောက်ကွယ်၌ အစီအစဉ်တစ်ခုရှိကာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောနိုင်လေသည်။
၀မ်ကလန်သည် မည်သည့်ဖက်မှ ရပ်တည်သည်ကို ၀မ်ယန်မှ သူ့အပြုအမူအားဖြင့် ၀မ်ကလန်၏ ရပ်တည်မှုအား အတိအလင်း ဖော်ပြလိုက်သည်။
ယောင်ကွမ်းရီ တော်၀င်ရုံးတော်၏ မြေခွေးအိုကြီးမှာ အတိတ်တွင် တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သူက လက်တစ်ဖက်တည်းနှင့်ပင် စုန့်ဘုရင်နှင့်ချီဘုရင်အကြား ရန်ငြိုးဟောင်းကို ပြန်စခဲ့ကာ စုန့်ဘုရင်၏ ယုံကြည်ရသည့် ဘက်တော်သားများအား မီးမွှေးခဲ့သူပင်။ ပထမဆုံးအကြိမ်အနေဖြင့် နယ်စပ်တွင် သူကျွမ်းကျင်သော နယ်ပယ်၌ ရှုံးနိမ့်မှုအား ခံစားခဲ့ရလေသည်။
----ထို့အပြင် အလွန်အမင်း ရူးနှမ်းလွန်းသော နည်းလမ်းဖြင့် ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ သူ့ကိုယ်သူ လူအများ၏ ဟားတိုက်စရာတစ်ခု ဖြစ်စေခဲ့သည်။
“ ဟားဟားဟား.... ကောင်းတယ်ဟေ့ ”
သတင်းစကားက စုန့်ဘုရင်ခြံ၀င်းသို့ ရောက်ရှိသည်တွင် စုန့်ဘုရင်က ရုတ်ချည်းပင် စားပွဲခုံအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထိုအချိန်တွင် စုန့်ဘုရင်က အလွန်စိတ်သက်သာရာရနေသည်။
“ ၀မ်ယန်.. မင်းအပေါ် ငါ့ရဲ့အမြင် မမှားခဲ့ဘူးပဲ... ၀မ်ကလန်အပေါ်ကိုလဲ ငါအမြင် မမှားခဲ့ဘူး.. ကျိုးအမတ်ကြီးနဲ့ ၀မ်ကလန်က အထောက်အကူပေးနေသမျှ ကာလပတ်လုံးမှာ တကယ်လို့ လူတိုင်းက ငါ့ကို ဆန့်ကျင်ပြီး စွန့်ခွာသွားကြမယ်ဆိုရင်တောင် ငါဘာကို ကြောက်နေရဦးမှာလဲ ”
ပင်မဆောင်တွင် ထိုင်နေရင်း စုန့်ဘုရင်၏ မျက်နှာတွင် ကျေနပ်အားရမှုဖြင့် ပြည့်နှက်နေသည်။ လ၀က်အတွင်း သူကြားရသည့် သတင်းများထဲမှ ပထမဆုံးသော သတင်းကောင်း ဖြစ်သောကြောင့်ပင်။
၀မ်ယန်မှ သူ့အပြုအမူအားဖြင့် ၀မ်ကလန်၏ ထောက်ခံချက်နှင့် စိတ်သဘောထားအား ဖွင့်ပြလိုက်ပြီဖြစ်သည်။ ထိုအချိန်တွင် သူ့အပေါ် စုန့်ဘုရင် ထားရှိသော သံသယများက နေလာ နှင်းပျောက်သကဲ့သို့ပင်။
“ ဟားဟား.... သခင်ကြီးကို ကျုပ်မပြောခဲ့ဘူးလား ၀မ်ယန်က အရှင့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူးလို့ ”
စုန့်ဘုရင်၏ ထိုင်ခုံ အောက်ခြေတွင် လူထင်က စုန့်ဘုရင်အား ပြုံးလျက် ကြည့်နေသည်။ သူက အပြာရောင် ၀တ်ရုံအား ၀တ်ဆင်ထားပြီး လက်ထဲ၌ ယပ်တောင် တစ်ချောင်းအား ကိုင်ဆောင်ထားသည်။
“ ဟားဟားဟား.. ပါမောက္ခလူ ဒီကိစ္စအပေါ်မှာ မင်း ကြိုက်သလိုသာပြောပါတော့ကွာ.... ”
စုန့်ဘုရင်မှ ထိုင်ခုံ ပလ္လင် လက်ကိုင်အား အမှီပြုကာ ထရပ်လိုက်သည်။
“ ချီဘုရင် ဒီဖြစ်ရပ်ကို ဘယ်လိုစဉ်းစားမယ်ဆိုတာ ငါသိချင်မိတယ်.. ခွေးကောင် သူ့လှည့်ကွက်ထဲ ၀င်မိတော့မလို့ပဲ ”
ဖြစ်ပျက်ခဲ့သမျှအား ပြန်စဉ်းစားနေရင်း စုန့်ဘုရင် စိတ်ဒုက္ခရောက်နေလေသည်။ ချီဘုရင်နှင့် ယောင်ကွမ်းရီက သူ့ဘက်တော်သား အများအပြားအား သွေးဆောင်သွားခဲ့သည်။ တစ်ခါတစ်ရံ၌ မတတ်သာပဲနှင့် သူ့ဘေးရှိ လူအားလုံးအား သံသယ၀င်နေမိကာ မစားနိုင် မသောက်နိုင်ပင်ဖြစ်ရသေးသည်။
တော်၀င်ရုံးတော်တွင် အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးနောက် စုန့်ဘုရင်မှ သူ့ဘက်တွင် ရပ်တည်သူများက သူတို့ကိုယ်သူတို့ သူ၏လှည့်စားမှန်းဆမှုများအတွက် အသုံးချခံ ပစ္စည်းများ ဖြစ်ကြောင်း တွေးထင်နေသည်ကို ကောင်းစွာ သိနားလည်ခဲ့ရသည်။
ထိုအတွက်ကြောင့် လူတိုင်းက သူ့အား စွန့်ခွာသွားကြသည်ဟု ပြောလျှင် လွန်မည် မထင်ပေ။
သူက ထိုသို့သာ တစ်လှမ်းချင်း လျှောက်နေရင်း ချောက်ကမ်းပါးရှေ့ရောက်ချိန်၌ ၀မ်ယန်မှ သူ့အား လှုပ်နှိုးလိုက်ပေသည်။ ၀မ်ယန်နှင့် ၀မ်ကလန်မှ သူ့အား ထောက်ခံနေသမျှ ကာလပတ်လုံး သူမရှုံးနိမ့်သေးပေ။ သူ့အတွက် တစ်ကျော့ပြန်နိုင်ရန်အတွက် အခွင့်အရေး ရှိနေသေးသည်။
ထိုအရာက ဤတိုက်ပွဲတွင် ချီုဘုရင်ဘက်မှ ထင်မှတ်မထားသော ရှုံးနိမ့်ခြင်းပင်ဖြစ်လေ၏။
ထိုသို့တွေးလိုက်ပြီး နောက်လှည့်ကာ အိမ်တော်ထိန်းအိုကြီးအား ကြည့်လိုက်သည်။ စုန့်ဘုရင်မှာ မျက်နှာသေနှင့်လူ ဖြစ်သောကြောင့် သူ့ခံစားချက်အား မျက်နှာတွင် မမြင်နိုင်သော်လည်း များမကြာမှီပင် သူ့သခင်၏ အကြည့်အား နားလည်သဘောပေါက်သွားသည်။
“ အရှင်... သင့်ရဲ့ အစေခံအိုကြီးက အမှားကို ကိုယ်တိုင် ၀န်ခံပါတယ်.. ဒီဖြစ်ရပ်မှာ သံသယလွန်ကဲပြီး ၀မ်ကလန်ကို အထင်မှားယွင်းခဲ့မိတယ်.. တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ၀မ်စစ်သူကြီးဆီကို ကိုယ်တိုင်သွားပြီး တောင်းပန်ချင်ပါတယ်.. ”
အိမ်တော်ထိန်းအိုကြီးက တည်ငြိမ်စွာပြောလိုက်သည်။
ပြန်စဉ်းစားကြည့်ပါက သူသာလျှင် ၀မ်ယန်အား စုန့်ခြံ၀င်းကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။ စုန့်ဘုရင်မှ ၀မ်ယန်အား ယုံကြည်ရန် ရွေးချယ်ချိန်တွင်လည်း တစ်ဖက်လူအား ယုံကြည်မှု မလွန်ကဲစေရန်နှင့် အချိန်တန်လျှင် အဖြစ်မှန် ပေါ်လာလိမ့်မည်ဟု ပြောဆိုခဲ့သူမှာလည်း သူပဲ ဖြစ်နေပြန်သည်။
အချက်အလက်များအားလုံးက ယောင်ကွမ်းရီနှင့်ချီဘုရင်မှ ၀မ်ကလန်အား အကွက်ချစီစဉ်ထားခြင်း ဖြစ်ကြောင်း သက်သေပြနေကာ ၀မ်ယန်က အမှန်ပင် ယုံကြည်ထိုက်သော နောက်လိုက်တစ်ဦးပင် ဖြစ်ချေသည်။
သူမှားခဲ့သော်လည်း အိမ်တော်ထိန်းအိုကြီးမှ စိတ်ဓါတ်ကျရမည့်အစား စုန့်ဘုရင်အတွက်ပင် ၀မ်းသာမိနေသေးသည်။
“ ဟားဟား.... ဘာလိုများ တွေးလိုက်တာလဲ.. ပြန်ပြောရရင် ဒါတွေက ကျုပ်ရဲ့ ရည်ရွယ်ချက်တွေပဲမလို့ မင်းနဲ့ ဘာမှမဆိုင်ပါဘူး.. ကျုပ်ပြဿနာ ကျုပ်ရှင်းပါ့မယ်.. ဒါကြောင့် မင်းက ၀မ်ယန်ကို သွားတွေ့ဖို့ မလိုအပ်ဘူး.. ကျိုးအမတ်ကြီးရဲ့ မွေးနေ့လဲရောက်တော့မယ်.. သူ့ကို ကျုပ်ကိုယ်တိုင်ပဲ ရှင်းပြပြီး တောင်းပန်လိုက်ပါ့မယ် ”
စုန့်ဘုရင် လက်ဝှေ့ယမ်းလိုက်သည်။
ပြောရလျှင် ၀မ်ယန်မှ လီငါးဆယ် တပ်ဆုတ်ရမည်အား သိနေခဲ့သည်က ဤကိစ္စတွင် ၀မ်ကလန်အပေါ် သူ့အမြင် မကြည်လင်သေးပေ။ အနည်းဆုံးအနေဖြင့် စုန့်ဘုရင်မှာလည်း သူတို့အပေါ် သံသယ ၀င်နေသေးကြောင်း သူသိနေသည်။
စုန့်ဘုရင်က တာ၀န်မသိတတ်သောသူ မဟုတ်ပေ။ သူကိုယ်၌ကလည်း အမှားလုပ်ခဲ့သည်ဖြစ်ရာ သူ့အစား အခြားသူအား ခေါင်းခံခိုင်းလိမ့်မည်မဟုတ်ပေ။
“ ဟားဟား... အရှင် ဒီကိစ္စကို စိတ်မပူပါနဲ့.. ကျိုးအမတ်ကြီးက စိတ်ထဲထားမှာမဟုတ်ပါဘူး.. အချိန်ကျလာတဲ့အခါ ကျုပ်ကလဲ အရှင့်ဘက်ကနေ ၀င်ပြောကူပေးပါ့မယ် ”
ထိုမြင်ကွင်းအား မြင်သည်တွင် လူထင် သူ့လက်အောက်တွင် ဖုံးကွယ်၍ ရယ်လိုက်မိသည်။ ထိုသူက သူသိခဲ့သော စုန့်ဘုရင်ပင်ဖြစ်၏။ သူက မိုက်မဲမှုကြောင့် တစ်ခဏမျှ အမြင်ကျဉ်းမြောင်းခဲ့သော်လည်း များမကြာမှီပင် သူမှားခဲ့သည်များကို သိမြင်ကာ ကိုယ်အမှားကို မရှက်မရွံ ၀န်ခံရဲလေသည်။
တော်၀င်ရုံးတော်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ဤကဲ့သို့သော အရည်အသွေးမှာ အလွန့်အလွန် ရှားပါးလှပေသည်။ ထိုအရာပင် သူ စုန့်ဘုရင်အား သစ္စာရှိရသည့် အကြောင်းရင်း ဖြစ်ချေ၏။
“ ဘယ်လိုပဲဖြစ်ဖြစ်.. အရှင်က ဒီကိစ္စမှာ တစ်ခုခု မှားနေသေးတယ်လို့ မထင်မိဘူးလား ”
ရယ်နေလျက်ပင် လူထင် ရုတ်ချည်း ဆက်ပြောသည်။
“ ၀မ်ယန်ရဲ့ သဘောသဘာ၀ကိုက ဖြောင့်မတ်ပြီး ကွေးလွယ်ညွှတ်လွယ် ရှိတာမဟုတ်ဘူး.. ဒါဆိုရင် ယောင်ကွမ်းရီက သူ့တပ်သားတွေကို ခေါ်ပြီး သူ့နေရာကို ရောက်လာမယ်လို့ ဘယ်လိုသိနိုင်မှာလဲ.. ပြီးတော့ ရန်သူလာတိုက်မှာကိုလဲ ကြိုသိနေပြီး နောက်ကို လီငါးဆယ် တပ်ဆုတ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုပဲ... ဒါတွေက သူလုပ်နိုင်တဲ့ အရာတွေမှ မဟုတ်တာ ”
“ တကယ်လို့သာ ၀မ်ယန်က ယိမ်းယိုင်လွယ်ပြီး လူရည်လည်မယ်ဆိုရင် ယောင်ကွမ်းရီက ၀မ်ကလန်ကို တိုက်ခိုက်ဖို့ သူ့ကို ရွေးချယ်ခဲ့မှာမဟုတ်ဘူး ပြီးတော့ နယ်စပ်မှာ ဒီလို အရှုံးကြီးရှုံးခဲ့ရပြီး လူတိုင်းရဲ့ ရယ်စရာ ဖြစ်ခဲ့ရသေးတယ်.. ”
“ သင်ပြောချင်တာက............ ”
စုန့်ဘုရင်၏ကိုယ် သိမ့်သိမ့်တုန်သွားသည်။ လူထင်၏ ထောက်ပြမှုက သူ့အား ငေးငိုင်ကျသွားစေသည်။ သူက ဤကိစ္စအပေါ်တွင်သာ အပျော်လွန်နေကာ ထိုဖြစ်ရပ်၏ ဆန်းကြယ်သော အပိုင်းအား နည်းနည်းမျှပင် မစဉ်းစားမိချေ။
မှန်ပေသည်။ သူနှင့်လူထင် ၀မ်ယန်အား သိကျွမ်းခဲ့ကြသည်မှာ ပထမဆုံးနေ့ရက်မဟုတ်တော့ပေရာ ၀မ်ယန် မည်ကဲ့သို့ ပြုမူတတ်သည်ကို သူကောင်းစွာ နားလည်ထားလေသည်။
၀မ်ယန်၏ အပြူအမူများက ယောင်ကွမ်းရီအား အတိအကျပင် သိက္ခာကျစေကာ သူ၏ ပုံစံနှင့် မတူညီနေပေ။
“ ဒါက ကျိုးအမတ်ကြီးရဲ့ အကြံအစည်များ ဖြစ်နေမလား ”
ကိစ္စရပ်အား ပြန်စဉ်းစားနေရင်း သူ၏ ထင်မြင်ချက်များအတွက် ၀မ်ကလန်၏ လေးစားရသော လူအိုကြီးထံသာ ပုံချရန် တတ်နိုင်တော့သည်။ အကယ်၍ ထိုအရာက ၀မ်ယန်၏ အကြံမဟုတ်လျှင် သူ့နောက်ကွယ်မှနေ၍ ထိုလူအိုကြီးမှ သင်ကြားပြသပေးနေခြင်းသာ ဖြစ်ရပေမည်။
ပြီးလျှင် ၀မ်ယန်ကလည်း လူအိုကြီး၏ စကားများအား မြေ၀ယ်မကျ နားထောင်လေသည် မဟုတ်ပါလား။
“ ဟားဟား.... ကျိုးအမတ်ကြီးက တော်၀င်ရုံးတော်မှ နှစ်အတော်ကြာအောင် ရှင်သန်ခဲ့ပြီး အားလုံးရဲ့ အပေါ်မှာ ရပ်တည်နေတာ.... သူ အနားယူသွားတာတောင်မှ လေးပြည်နယ်အစည်းအရုံးကို ဖိတ်ကြားခြင်းခံပြီး အင်ပါယာက အမြဲတမ်း သူနဲ့ နိုင်ငံ့ အရေးအကြောင်းတွေ ဆွေးနွေးနေကျလေ.. ကျုပ်ကလဲ သူပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်.. ဒါပေမဲ့ နိုင်ငံရေးနဲ့အကွက်ချအစီအစဉ်တွေက ကျိုးအမတ်ကြီး ကျွမ်းကျင်တဲ့နယ်ပယ် မဟုတ်ပြန်ဘူး.... ပြီးတော့ လူအိုကြီးက ဘယ်လောက်ပဲ အံ့ဖွယ်ဖြစ်နေပါစေ သူက လေးပြည်နယ်အစည်းအရုံးမှာပဲ တစ်ချိန်လုံး နေနေပြီး အပြင်ထွက်တာတောင် ရှားတယ်မဟုတ်လား.. ဒါဆိုရင် ယောင်ကွမ်းရီက စစ်တပ်ကို ဦးဆောင်ပြီး ၀မ်ယန် တာ၀န်ကျတဲ့အပိုင်းကို သွားမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ.. ”
လူထင်ကပြောလိုက်သည်။
“ ဒါဆို လူအိုကြီးလဲ မဟုတ်ပြန်ဘူးလား ”
စုန့်ဘုရင် ကြောင်အသွားသည်။ သူအဖြေကို ရရှိလိုက်ပြီဟု ထင်မှတ်ထားသော်လည်း လူထင်၏ စကားများက ငြင်းဆိုနေပြန်သည်။ လူအိုကြီးမှ မဟုတ်လျှင် မည်သူဖြစ်နိုင်ဦးမည်နည်း။
ယောင်ကွမ်းရီမှာ လူသာမန်တစ်ယောက် မဟုတ်သည့်အပြင် လူတိုင်းက သူ၏ဟာသဉာဏ်အား အနိုင်ယူပြီး သူ့အား ရယ်စရာတစ်ခုအဖြစ် လုပ်နိုင်ရန် မလွယ်ကူလှပေ။ ပြောနေစရာမလိုအောင်ပင် ထိုအမည်မသိလူက လုပ်ခဲ့သော ကိစ္စကြီး၏ နောက်ဆက်တွဲရလာဒ်ကား လက်ကုန်ပင်။
၀မ်ကလန်မှ မည်သူကမှ ထိုသို့သောစွမ်းရည်အား ပိုင်ဆိုင်နိုင်မည့်ပုံ မပေါ်ပေ။
ကျိုးအမတ်ကြီး၏ အကြီးဆုံးသား ၀မ်ကန်မှာ တော်၀င်ရုံးတော်၏ အရာရှိဖြစ်သည်နှင့်အတူ တော်၀င်သူလည်း ဖြစ်သေးသည်။ သူက တော်၀င်ရုံးတော်သို့ မကြာခဏသွားလာတတ်၍ နိုင်ငံရေးတွင် စွမ်းရည်အနည်းငယ် ရှိသောကြောင့် သူသာလျှင် ဖြစ်နိုင်ချေ အရှိဆုံးသူ တစ်ယောက်ပင်။ သို့သော် သူက နန်းတွင်းအရာရှိ တစ်ယောက်သာဖြစ်ပြီး စစ်သည်တော်တစ်ယောက် မဟုတ်ပေ။ စစ်တပ်ဆိုင်ရာများနှင့်ပက်သက်လျှင် နကန်းတစ်လုံးမှပင်သိသူ မဟုတ်ပေရာ ပြောစရာမလိုပေ ၀မ်ယန်ပင် သူ့ထက် ဖြစ်နိုင်သေးသည်။
အငယ်ဆုံးသား ၀မ်တျန်းမှာ ကောင်းကင်နဂါးတောင်တန်းတွင် နည်းပြလုပ်နေသည်ဖြစ်ရာ ထိုသူက ငဒူ ငအ တစ်ယောက်ပင်။ ကျန်သူများမှာလည်း အမျိုးသမီးများသာ ဖြစ်ကြသည်။
၀မ်ယန်အား မည်သူက အကြံပေးနိုင်မည်နည်း။ ထို့အပြင် ထိုသူ၏ နည်းစနစ်မှာ ရိုးရှင်းကာ နက်နဲပြန်သည်။ လီငါးဆယ်သာ တပ်ဆုတ်ခြင်းဖြင့် ဉာဏ်ရည်ထက်သော ယောင်ကွမ်းရီ၏ အစီအစဉ်များအားလုံး ကမောက်ကမ ဖြစ်သွားခဲ့ယုံမက လူအများ တံတွေးခွက်တွင်ပါ ပက်လက်မျောနေရသည်။ ထပ်ရှိသေးသည်။ ယောင်ကွမ်းရီမှ ထိုကိစ္စအား အတွန့်တက်စရာ အခွင့်အရေးပင်မရှိခဲ့ချေ။
ထိုသူ၏ သိသာမြင်သာသောစွမ်းရည်၊ အတွေးများနှင့် ထိုသူ၏ နည်းစနစ်များက ထိပ်တန်းပင်ဖြစ်ချေသည်။ အကယ်၍ ထိုသို့သောသူတစ်ယောက်ကသာ သူ့အား ကူညီခဲ့လျှင် သူ့ကို အတောင်တပ်ပေးသည်နှင့် တူညီမည်ဖြစ်ကာ ပိုမြင့်သော နေရာသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ယောင်ကွမ်းရီနှင့် ချီဘုရင်တို့၏ သုတ်ချီမှုများကြောင့် အနားရှိ သူ့ဘက်တော်သားအားလုံးနီးပါး ထိုသူတို့ထံ သစ္စာခံနေကြသည်။ ထိုအရာက စုန့်ဘုရင်အား သူ့ဘက်တွင် ယောင်ကွမ်းရီကဲ့သို့ စွမ်းရည်ရှိသောသူ နည်းပါးနေခြင်းဖြစ်ကြောင်း ကောင်းစွာ သဘောပေါက် နားလည်စေခဲ့သည်။
လူထင်က ပြောင်မြောက်လှသော ဗျူဟာပညာရှင်ဖြစ်သော်လည်း ခွဲခြမ်းစိတ်ဖြာခြင်းတွင်သာ ကျွမ်းကျင်လေသည်။ သူ့တွင် အကြံအစည်ချခြင်းနှင့် အခြားသူများအပေါ် ဖော်ဆောင်ခြင်းတွင် အားနည်းလေသည်။ ထို့ကြောင့် ၀မ်ယန်အား လမ်းပြနေသောသူနှင့်ယှဉ်လျှင် အလှမ်းဝေးကွာနေသေးသည်။
မည်သူဖြစ်နိုင်မည်နည်း။
စုန့်ဘုရင်က ဖြစ်နိုင်ချေရှိမည့်သူ အယောက်စီတိုင်းအား မီးခိုးကြွက်လျှောက် အပြန်အလှန် သုံးသပ်နေလေသော်လည်း တစ်ယောက်မှ စိတ်ထဲ ပေါ်မလာချေ။
“ အရှင်.... ၀မ်ယန်ဘေးမှာ ရှိနေတဲ့ လူတစ်ယောက်ကို မေ့နေတယ်ထင်တယ်... ”
လူထင် ပြောလိုက်ပြန်သည်။
“ ဘယ်သူလဲ.... ”
စုန့်ဘုရင် ခေါင်းမော့လိုက်ကာ ရုတ်ချည်း ပြန်မေးလိုက်သည်။
“ အရှင်က ၀မ်မိသားစုရဲ့ တတိယသခင်လေးကိုများ မေ့နေတာလား.... မကြာသေးခင်ကပဲ အရှင်ကိုယ်တိုင် သူ့ဆီ လက်ဆောင်ပို့ထားသေးတယ်လေ ”
လူထင် အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးနေသည်။
“ မင်းဆိုလိုတာက သူလား..... ”
စုန့်ဘုရင် တွေဝေသွားသည်။ နောက်ဆုံးတော့ လူထင် ဆိုလိုသည့်သူအား သူသိလိုက်သည်တွင်...
“ မဖြစ်နိုင်ဘူး ”
လူထင်မှ တစ်ဖက်သူမှာ လူအိုကြီး(ကျိုးအမတ်ကြီး)သာ ဖြစ်ကြောင်း ပြောမည်ဆိုလျှင်ပင် သူယခုလောက် အံ့သြမည်မဟုတ်ပေ။ ပြီးနောက် လူထင်ပြောနေသည်က ဆယ်ကျော်သက်ကလေးတစ်ယောက်မှာ ထိပ်တန်းဗျူဟာချသူနှင့် ယှဉ်နိုင်သည်ဟူသည့် သဘောဖြစ်နေပေသည်။
စုန့်ဘုရင်မှ အခြေအနေများအား ယုံကြည်ရ ခက်ခဲနေသည်။ ဆယ်ကျော်သက်ကလေးတစ်ယောက်မှ ယောင်ကွမ်းရီ၏ အကြံအစည်များအား ဖောက်မြင်နိုင်ကာ မည်ကဲ့သို့ သူ၏ဖခင်အား မိုင်အတော်များများသို့ ဆုတ်ခွာစေခဲ့သနည်း။
“ ဟီးဟီး.... ကျုပ်က ဖြစ်နိုင်ချေကို နည်းနည်း မြင့်ပေးပါ့မယ် ”
လူထင်ပြောလိုက်ကာ....
“ ပေါင်းရွှမ်နဲ့ ဖြစ်ရပ်မှာ သူပြောခဲ့တဲ့.... ‘ အဆုံးသတ်မှာ အနိုင်ရသူကပဲ ရယ်မောနိုင်လိမ့်မယ် ’ဆိုတာကို အရှင် မေ့နေတယ် ထင်ပါတယ်.. ဒီဖြစ်ရပ်နှစ်ခုစလုံးကို ဆယ်ကျော်သက်ကောင်လေး တစ်ယောက်က လုပ်နိုင်မယ်လို့ ထင်ပါသလား .... ”
ဘုန်း.....................
လူထင်၏ စကားလုံးများက စုန့်ဘုရင်၏ ဦးနှောက်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ တစ်ချိန်တည်းတွင် စုန့်ဘုရင် ဖော်မပြနိုင်အောင် ထိတ်လန့်သွားမိသည်။ အမှန်စင်စစ်အားဖြင့် လူတစ်ယောက်က ဆယ်ကျော်သက် ကလေးတစ်ယောက်မှ ထိုကိစ္စများအား လုပ်ဆောင်ရန် မဖြစ်နိုင်ဟုဆိုခဲ့လျှင် ၀မ်မိသားစု၏ တတိယကုန်းကျီ(ကုန်းဇီ) ပြုလုပ်ခဲ့သည်မှာ သာမန်ကလေးတစ်ယောက်နှင့် တူပါ၏လော။
စုန့်ဘုရင်မှ လူထင်တစ်ခါက ပြောခဲ့သော စကားများအား ပြန်အမှတ်ရမိသည်။ ကြိုးကြာပျံဝဲစံအိမ်မှ ၀မ်နှင့်ယောင်တို့၏ ရန်ပွဲမှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်အမှန် ဖြစ်ပါ၏လော။
အကယ်၍ ထိုအရာသာ မှန်ကန်မည်ဆိုလျှင် ထိုဖြစ်ရပ်မှာ အမှန်ပင် ကြောက်မက်ဖွယ်ရာပင်။
ဟုတ်ပေ၏။ ထိုအရာမှာ ထင်မြင်ယူဆချက်သာ ရှိသေးသည်။ လူထင်ပြောသလိုဆိုရလျှင် ‘ ဖြစ်နိုင်ခြေလေးပါပဲ ’ ဟူ၍ပင်။ ထိုသို့ဆိုသော်လည်း ‘ ၀မ်ချောင် ’ဟူသော အမည်နာမမှာတော့ စုန့်ဘုရင်၏ ဦးနှောက်ထဲတွင် စွဲထင်သွားပြီး ဖြစ်ချေတော့သည်။
“ ကျိုးအမတ်ကြီးရဲ့ မွေးနေ့က မကြာခင် ရောက်တော့မယ်... ဘယ်လိုပဲဖြစ်နေနေ.. ဒီကောင်လေး ၀မ်ချောင်ကိုတော့ လူချင်းတွေ့ဦးမှပါ... ”
ထိုအချိန်တွင် ၀မ်ချောင်၏အကြောင်းအား ပိုမိုသိလိုစိတ်က စုန့်ဘုရင်၏ စိတ်ထဲတွင် အားသန်သည်ထက် အားသန်လာတော့သည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 37.
မုန်ယိုနေသော ချီဘုရင်
“ ချီးထုပ်ပါကွာ.... တစ်ခုမှ ကောင်းတာ မရှိဘူး ”
တစ်ချိန်တည်းတွင် ချီဘုရင်၏ ခံ့ညားထည်ဝါသော ရွှေရောင်ခြံ၀င်းထဲမှ ဒေါသတကြီး အော်ဟစ်သံက ရွှေရောင်ခန်းဆောင် အများအပြားအား ဖြတ်ကျော်ကာ ကောင်းကင်သို့တိုင် ညံစီသွားသည်။
ထိုသို့ဖြစ်သည်နှင့် တစ်ပြိုင်နက် ချီဘုရင်ခြံ၀င်း၏ ကောင်းကင်ပေါ်တွင် လျှပ်များပြက်လာပြီး မိုးကြိုးများ ဝုန်းဒိုင်းကျလာသည်။ ဆန်းကြယ်စွာပင် လျှပ်စီးလက်နေသည်များက ချီဘုရင်ခြံ၀င်း၏အထက် ကျန်းတစ်ရာ ပတ်လည်တွင်သာ ကွက်၍ ဖြစ်ပေါ်နေခြင်းဖြစ်ကာ ထိုဘေးပတ်၀န်းကျင်အား သက်ရောက်မှု မရှိပေ။
တစ်ကျန်း=၃.၃၃မီတာ
“ ယောင်ကွမ်းရီ.......... မင်းငါ့ကို အရမ်းစိတ်ပျက်စေတယ်..... ----- ”
ချီဘုရင် စိတ်ပျက်လက်ပျက်ဖြစ်နေကာ သူ၏ စကားများမှ ဒေါသအရိပ်အယောင်များအား ဖုံးကွယ်ရန် မစွမ်းသာပေ။ ယောင်ကွမ်းရီ ထွက်ခွာမသွားမှီ၌ သူ၏ အကြံအစည်နှင့် ပက်သက်၍ အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်နိုင်ကြောင်း တစ်ကြိမ်ပြီးတစ်ကြိမ် အာမခံခဲ့လေသည်။
လွန်ခဲ့သော အချိန်များမှ ယောင်လူအိုကြီးနှင့် ယောင်ကွမ်းရီ၏ ထင်ပေါ်မှုများအားကြောင့် ကြိုးကြာပျံဝဲစံအိမ်မှ ရှုံးနိမ့်မှုအား ချီဘုရင် လျော်ပေးခဲ့ပြီးဖြစ်သည်။ ဤအကြိမ်သည် ယောင်ကွမ်းရီမှ သူ၏ လုပ်ဆောင်မှုများအား ပြန်လည် သက်သေပြရမည့်အချိန်ပင်။
ယောင်ကွမ်းရီမှ သူပြောခဲ့သလို ၀မ်နှင့်စုန့်ကလန်အား သွေးမခွဲနိုင်ခဲ့ယုံမျှမက သူ၏ ရယ်ရွှင်ဖွယ်လုပ်ဆောင်ချက်ကြောင့် မြို့တော်၏ ဟားတိုက်မှုထဲတွင် ချီဘုရင်တစ်ယောက် အပါအ၀င် ဖြစ်ခဲ့ရသည်။
ယောင်ကွမ်းရီမှာ သူ၏ သစ္စာခံဖြစ်သည့်အတွက် သူ့ကို သူ၏ ခြေလက်များအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့သည်။ ယောင်ကွမ်းရီ၏ ရှုံးနိမ့်မှုမှာ သူ့ကိုယ်ပိုင်ရှုံးနိမ့်မှုသာ ဖြစ်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ယခုတွင်တော့ မြို့တော်ရှိ အုပ်စုများက သူ့ကိုလည်း ဟာသတစ်ခုအဖြစ် ရှုမြင်နေကြပြီ ဖြစ်လေသည်။
ချီဘုရင်က အလွန်မာနကြီးသူ ဖြစ်သည့်အားလျော်စွာ ရှုံးနိမ့်မှုအား လက်သင့်မခံပေ။ ထိုသို့သော အရှက်ကွဲမှုအား သူမည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
“ ယောင်ကွမ်းရီ ဘယ်ရောက်နေတာလဲ... ဒီကို ခေါ်လိုက်စမ်း.. ”
ချီဘုရင်၏ ဒေါသက ကျေလည်ရန် မလွယ်ကူပေ။ ချီဘုရင်ခြံ၀င်းမှ တစ်ရာခန့်မျှရှိသော လူအားလုံး ဒေါသမုန်ယိုနေသော ချီဘုရင်ရှေ့တွင် စကားတစ်ခွန်းပင် မပြောရဲကြချေ။
“ ငါ့ရဲ့ တံဆိပ်ပြားကိုသုံးပြီး ယောင်ကွမ်းရီကို ဆင့်ခေါ်လိုက်စမ်း.. ဒီအရှင် သူ့ခေါင်းကို ဖြတ်ချင်နေပြီ ”
ချီဘုရင်၏ ဒေါသတကြီး ဟစ်ကြွေးလိုက်သံက ခြံ၀င်းတစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။
များမကြာမှီ စစ်မြင်းတစ်ကောင်က ခြံ၀င်းမှ ထွက်ခွာ၍ နယ်စပ်သို့ ဦးတည်ကာ အပြင်းစိုင်းလေတော့သည်။
ဝေအမတ်မင်းခြံ၀င်း၊ ဆုအမတ်မင်းခြံ၀င်း၊ လင်းအမတ်မင်းခြံ၀င်း၊ ကျန့်အမတ်မင်းခြံ၀င်း၊ ဟန်ဘုရင်ခြံ၀င်း၊ ချူးဘုရင်ခြံ၀င်း၊ အမတ်ချုပ်ကြီးခြံ၀င်း .............. ထိုဖြစ်ရပ်က မဟာထန်၏ အထက်တန်း အရာရှိများအကြားနှင့် တော်၀င်မျိုးနွယ်များကြားတွင် ကြီးမားသော ဂယက်အား ဖြစ်ပေါ်စေခဲ့လေသည်။
သို့ဆိုစေ ယခုအချိန်တွင် ထိုဖြစ်ရပ်၌ ပါ၀င်ပက်သက်ခဲ့သူ ယောင်ကွမ်းရီမှာ ထိုဖြစ်ရပ်၏ အကျိုးဆက်အား အခြားသူများထက် နက်ရှိုင်းစွာ ခံစားနေရသည်ကို မည်သူမျှ သိမည် မဟုတ်ပေ။
“ မဖြစ်နိုင်ဘူး..... ဒါလုံး၀ မဖြစ်နိုင်ဘူး .. ”
နယ်စပ်တွင် ယောင်ကွမ်းရီက မြင်းတစ်ကောင်အပေါ်တွင် ထိုင်နေ၏။ သူ၏ မြို့တော်သို့ ပြန်သည့် ခရီးစဉ်တွင် တောအုပ်များ တစ်အုပ်ပြီးတစ်အုပ် ဖြတ်သန်းခဲ့သော်လည်း သူ့မျက်၀န်မှာတော့ အသက်မဲ့နေခဲ့သည်။
သူက ဟူများနှင့် တိုက်ပွဲတွင် အောင်နိုင်သူဖြစ်သည်။ ပိုင်ယွဲ့တိုင်းတစ်ပါးသားများအား အထိအခိုက်နည်းစွာဖြင့် နှိမ်နှင်းနိုင်ခဲ့လေသည်။
ထိုသူတို့၏ သေဆုံးချိန်တွင် သူတို့ မျက်နှာပေါ်မှ နားမလည်နိုင်သော အကြည့်များအား ယောင်ကွမ်းရီ ရှင်းလင်းစွာ မြင်ခဲ့ရသည်။
ထိုသူတို့နှင့် ရင်ဆိုင်တွေ့ရမည့်သူမှာ သူ ဖြစ်မနေသင့်ပေ။
ထိုအရာက ဤကဲ့သို့ မဖြစ်သွားသင့်ပေ။
ထိုအရာက သူတို့အား ပေးထားသည့်ကတိအတိုင်း မဟုတ်ပေ။
...................
ယောင်ကွမ်းရီက သူတို့စိတ်ထဲမှ ဖြစ်ပေါ်နေသည်များအား သူတို့မျက်လုံးထဲမှပင် သိမြင်နေရသည်။ အကယ်၍ အခြားတစ်ချိန်တွင်ဆိုလျှင် ထိုသူများ၏ အံ့သြနေမှုအား သူ နှစ်ခြိုက်ကောင်း နှစ်ခြိုက်ပေလိမ့်မည်။
သို့တိုင်အောင် အောင်နိုင်သူ တစ်ယောက်အနေဖြင့် ယောင်ကွမ်းရီ နှမ်းတစ်စေ့မျှပင် ပျော်ရွှင်နေခြင်း မရှိချေ။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ဆိုသော် ယောင်ကွမ်းရီမှ အခြားသော စစ်မြေပြင်တစ်ခုဖြစ်သည့် ၀မ်ယန်နှင့်၀မ်ကလန်၏ တိုက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သောကြောင့်ပင်။
ထို့အပြင် ယောင်ကွမ်းရီက သူ၏ ခြောက်ပြစ်ကင်း သဲလဲစင်သောဗျူဟာများအပေါ် အစဉ်အမြဲ ဂုဏ်ယူလေ့ရှိကာ ဤတစ်ကြိမ်တွင်မူ သူမည်ကဲ့သို့ ရှုံးနိမ့်သွားခဲ့သည်ပင် သူ မသိလိုက်ရပေ။
“ ဒါ မဖြစ်နိုင်ဘူး.. ဒီလိုမဖြစ်ရဘူး.... ငါဘယ်လို ရှုံးနိမ့်သွားတာလဲ... ”
ယောင်ကွမ်းရီ အသိစိတ်ကင်းမဲ့စွာ ရေရွတ်နေမိသည်။ အတွေးလှိုင်းလုံးများက တစ်လုံးပြီးတစ်လုံး သူ့အသိစိတ်အား တိုက်စားနေကြပြီး ထိုအရာများအားလုံးက ယခုဖြစ်ရပ်နှင့် ဆက်စပ်နေပေသည်။
ယခုအစီအစဉ်အား အကောင်အထည်မဖော်မှီ အခြေအနေများအား မရေမတွက်နိုင်အောင် သူစိတ်ကူးပုံဖော်ခဲ့ကာ ဖြစ်လာနိုင်သော အကြောင်းအရာအားလုံးကို နှစ်ကြိမ်တိုင်တိုင် အသေးအမွှားမကျန် အတည်ပြုထားပြီးဖြစ်သည့်အတွက် သူ့အစီအစဉ်တွင် အပြစ်အနာအဆာ တစ်ခုပင် မရှိနေချေ။
၀မ်ယန်က မည်မျှပင် အံ့ဖွယ်ကောင်းနေပါစေ နယ်စပ်တွင်ဖြစ်ပွားမည့် တိုက်ပွဲငယ်လေးမှာ သူကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်ကြောင်း သဘောပေါက်နားလည်သွားရန် မဖြစ်နိုင်ပေ။
ယောင်ကွမ်းရီက ၀မ်ယန်၏အခြေစိုက်စခန်းသို့ သူ့စစ်တပ်အား ဦးဆောင်၍ ထွက်ခွာသည့်အချိန် နေ့တစ်၀က်ရှိသည်တွင် သူ၏ကင်းထောက်တပ်သားတစ်ယောက်က သူ့အား အစီရင်ခံခဲ့သေးသည်။
အရာအားလုံးက ပုံမှန်အတိုင်းပင်။ ၀မ်ယန်၏ စစ်တပ်မှာလည်း အခြေစိုက်နေရာတွင်သာ ရှိနေပြီး ထိုနေရာ၌ ထူးဆန်းသော လှုပ်ရှားမှုများ တစ်ခုပင် မရှိချေ။
ထိုကင်းထောက်များက အတွေ့အကြုံကြွယ်၀သူများဖြစ်ကာ သူ့အား သစ္စာရှိခဲ့သည်မှာ နှစ်ဆယ်ချီပင်ကြာခဲ့ပြီ ဖြစ်သည်။ ထိုသတင်းကြောင့်ပင် သူ့အကြံအစည် အောင်မြင်လိမ့်မည်ဟု သူ တစ်ထစ်ချ ပြောနိုင်ခြင်း ဖြစ်လေသည်။
မည်သို့ဆိုစေ ယောင်ကွမ်းရီမှ ၀မ်ယန်၏ အခြေစိုက်စခန်းသို့ ရောက်စဉ်တွင် သူ့အားစောင့်ကြိုနေသည်မှာ ပြောင်ရှင်းနေသော တစပြင်ကြီး ဖြစ်နေလိမ့်မည်ဟု လုံ၀ မထင်မှတ်ထားပေ။
သူ့အား မယုံမကြည်နိုင် ဖြစ်စေသည့် သူတစ်ယောက်ရှိရာ ထိုသူမှာ သူ့အား လီငါးဆယ်အကွာမှ ရပ်ကြည့်နေသည့် ၀မ်ယန် ဖြစ်လေသည်။
ယောင်ကွမ်းရီ ထိုအခါ၌ အံ့အားသင့်သွားခဲ့သည်။
သူ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဟူများက သူရှေ့တွင် ထွက်ပေါ်လာစဉ်၌ သူ့တွင် ရွေးချယ်စရာမရှိတော့ကြောင်း ယောင်ကွမ်းရီ သိလိုက်ရသည်။ ၀မ်ယန်၏ နေရာကို ယူထားသည် ဖြစ်သောကြောင့် တိုင်းတစ်ပါးသားများအား သူ့စစ်တပ်ဖြင့်သာ ပြန်လည်တိုက်ခိုက်ရပေတော့မည်။
တိုက်ပွဲတစ်ခုတွင်တော့ သူရှုံးနိမ့်ခဲ့ရသည်။
စုန့်နှင့်၀မ်ကလန်အား သွေးခွဲရန် ယောင်နှင့်၀မ်ကလန်၏ ပူးပေါင်းမှုအား အယောင်ပြမည့် အကြံအစည်က သိသိသာသာပင် ကျရှုံးခဲ့လေပြီ။ သူ့အတွက် ချီဘုရင်၏ ဒေါသအား စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။
မည်သူက ထိုကဲ့သို့သော ထောင်ခြောက်အား သူ့အတွက် ပြင်ဆင်ထားခဲ့လေသနည်း။
ယောင်ကွမ်းရီ အထူးပင် စိတ်လှုပ်ရှားနေသည်။
၀မ်ယန်လား...
မဖြစ်နိုင်ပေ။ အကယ်၍ သူသာ ထိုမျှလောက် စွမ်းဆောင်ရည်ရှိလျှင် စုန့်ဘုရင်၏ နောက်လိုက်အုပ်စုအား ချီဘုရင်မှ ဆက်တိုက် ဖျားယောင်းသွေးဆောင်မှု ပြုနေသည်ကို ထိုင်ကြည့်နေမည် မဟုတ်ပေ။ ဆိုရာတွင် မည်သူ ဖြစ်နိုင်သေးသနည်း။ မည်သို့သောသူက နောက်ကွယ်တွင် ရှိနေကာ သူ့အကြံအစည်များအား ဖောက်မြင်၍ ၀မ်ယန်အား လမ်းပြလျက် လျို့ဝှက်ထောင်ခြောက်တစ်ခုအား သူ့အတွက် ထားခဲ့လေသနည်း။
တစ်ချိန်တည်းတွင် ယောင်ကွမ်းရီ၏နောက်ကျောတွင် ချွေးစေးများ ကျလာတော့သည်။ တော်၀င်ရုံးတော်၌ နှစ်ပေါင်းများစွာ နိုင်ငံရေးတိုက်ပွဲများ တိုက်ခိုက်ခဲ့သူ ဖြစ်သည့်အားလျော်စွာ ယခုတစ်ကြိမ်သည် ပထမဆုံးသောအကြိမ် ကြီးစွာသော စိုးရိမ်စိတ် ၀င်မိခြင်းပင်။
နောက်ကွယ်တွင် ဉာဏ်ရည်မြင့်မားသော ဗျူဟာရှင်တစ်ယောက် ရှိနေကာ သူ့ထက် မည်သို့မျှ နိမ့်ကျပုံမရသည့် ထိုလူက အရိပ်ထဲမှနေ၍ ၀မ်ယန်အား ကူညီနေသည်ဟု သူတွေးမိချိန်တိုင်း ယောင်ကွမ်းရီ ကြောက်စိတ်၀င်မိရာ သူ့နောက်တွင် ဓားမြောင်တစ်ချောင်း အချိန်တိုင်းရှိနေသည်ဟု ထင်နေမိပြီး သူ့အား အအိပ်အစားပျက် ဖြစ်စေတော့သည်။
.................
“ ဟားဟားဟား.... ယောင်ကွမ်းရီ မင်းတော့ တွက်ကိန်းမှားသွားပြီကွ... ”
ထိုအချိန်တွင် တစ်ခြားတစ်ဖက်၌ ၀မ်ယန်မှာတော့ ပျော်မဆုံး မော်တပြုံးပြုံးနှင့်ဖြစ်နေတော့သည်။ ၀မ်ယန်၏ စစ်စခန်းက ၀က်ကောင်လုံးကင်၊ နွားကောင်လုံးကင်များနှင့် အထူးကောင်းမွန်သော ဝိုင်များဖြင့် ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေလေသည်။
၀မ်ယန်မှ ထိုသူများအား ဆုချရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပေသည်။
စစ်ပွဲတွင် တိုက်ခိုက်ခဲ့သူမှာ ယောင်ကွမ်းရီပင် ဖြစ်လင့်ကစား ၀မ်ယန်က ယောင်ကွမ်းယီကိုယ်တိုင်ထက်ပင် စိတ်လှုပ်ရှားနေသည်။ လူတိုင်းက ၀မ်ယန်နှင့်ယောင်ကွမ်းရီမှာ တော်၀င်ရုံးတော်၏ အရာရှိများဖြစ်သောကြောင့် ၀မ်ယန်မှ ယောင်ကွမ်းရီအတွက် ပျော်ရွှင်နေသည်ဟု ထင်မြင်နေကြသော်လည်း ထိုအရာမှာ ၀မ်ယန် စိတ်ထဲရှိနေသည့် အကြောင်းအရာ မဟုတ်ပေ။
၀မ်ယန်မှာ နိုင်ငံရေးနှင့်အစိုးရရေးရာတွင် များစွာပါရမီမရှိပေ။ ထို့ကြောင့်ပင် ယောင်ကွမ်းရီ၏ ကြိုးကြာပျံဝဲစံအိမ်၌ အကွက်ချခြင်းနှင့်အတူ သူနှင့်ရင်ဆိုင်ရန် မြို့တော်မှ နယ်စပ်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်ကို ၀မ်ယန် တစ်ခုမှ မသိနေခဲ့ခြင်းဖြစ်လေသည်။
မည်သို့ဆိုစေ ဟူများက နယ်စပ်ကျူးကျော်လာစဉ်တွင် သူ့၏ကင်းထောက်တပ်သားက ယောင်ကွမ်းရီ စစ်တပ်စည်းမျဉ်းကို ဖောက်ဖျက်ကာ သူ၏စစ်စခန်းသို့ လာနေသည်ကို ထောက်လှန်းမိခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟုလည်း မဆိုလိုပေရာ သူလုပ်ခဲ့သည့်အရာကို သူပင် သတိမမူမိပေ။
မဟာထန်အင်ပါယာ၏ စစ်တပ်များအတွင်း၌ တင်းကျပ်သော စစ်တပ်စည်းမျဉ်းမှာ တိုင်းတစ်ပါး ကျူးကျော်သူများ ချီတက်လာသည်နှင့် ရင်ဆိုင်ရချိန်တွင် တပ်မဆုတ်ရန်ဖြစ်သည်။ ထိုကျူးကျော်သူများအား ချေမှုန်းရန် ပခုံးထမ်း တာ၀န်ယူရမည်ဖြစ်ပြီး ရန်သူများအား မဟာထန်ပိုင်မြေပေါ်မှ နှင်ထုတ်ပစ်ရန်ပင်။
ထိုအမိန့်အား လွန်ဆန်သည့်သူကို သေဒဏ်အထိပင် ချမှတ်နိုင်ပေသည်။
သူ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ယောင်ကွမ်းရီ၏ စစ်တပ်သာ ဟူများ ကျူးကျော်လာချိန်တွင် အချိန်ကိုက်ရောက်လာမည်ဆိုလျှင် ၀မ်ယန်မှ ယောင်ကွမ်းရီနှင့် ပူးပေါင်းကာ ကျူးကျော်လာသူများအား မဟာထန်၏ စစ်သည်အင်အားဖြင့် တိုက်ထုတ်ရပေမည်။
---- သူက ယောင်ကွမ်းရီနှင့်ပက်သက်၍ မကျေလည်မှုများမရှိသော်လည်း သူတို့နှစ်ယောက်က အရမ်းရင်းနှီးသည်လဲ မဟုတ်ပြန်ရာ ယောင်ကွမ်းရီ၏ လုပ်ဆောင်ချက်က တမင်လုပ်သည်မှန်း သိသာနေသည်။
အကယ်၍ သူ၏ တတိယသား ၀မ်ချောင်၏ သတိပေးမှုကြောင့်သာမဟုတ်လျှင် ထိုအခြေအနေအား ကင်းလှည့်လာသည်ဟုသာ သဘောထားမိကာ ယောင်ကွမ်းရီ၏ လက်တွင်း သက်ဆင်းရပေလိမ့်မည်။
‘ ယောင်နဲ့၀မ်ကလန် အရင်က မကျေလည်မှုတွေကို ခဝါချပြီး အလုပ် အတူတူ တွဲလုပ်နေကြပြီ ’ ထိုသို့သော ကောလာဟာလက မြို့တော်တွင် ပြန့်နှံ့သွားမည်ကို တွေးကြည့်ရုံနှင့်ပင် ၀မ်ယန် ချွေး အပြိုင်းပြိုင်းကျလာသည်။
သူ၏ တတိယသား ၀မ်ချောင်မှ ယောင်ကွမ်းရီသည် ကြိုးကြာပျံဝဲစံအိမ်နှင့်ပက်သက်၍ နှုတ်ဆိတ်နေခြင်းမှာ သူ့အား နောက်တစ်ကြိမ် အကောက်ကြံရန် ကြံစည်နေကြောင်း ပြောခဲ့သည့်တိုင်အောင် သူ မယုံကြည်ခဲ့ပေ။ သို့ဆိုစေ ယခုအဖြစ်အပျက် ဖြစ်လာသည့်နောက်တွင် ၀မ်ချောင်၏ စကားများအား အပေါ် သံသယများ ကင်းစင်သွားခဲ့သည်။
“ ချောင်အာ.... ငါ့သား ဒီကိစ္စတွေကို ဘယ်လိုများ သိနေပါလိမ့်.... ”
စစ်၀တ်စုံအား အပြည့်အစုံ၀တ်ဆင်ထားရင်းဖြင့် ၀မ်ယန် မြောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ အစောက သူခံစားနေရသည့် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့က စုပ်စမြုပ်စ ပျောက်ကွယ်သွားကာ အခြားသော အတွေးတစ်ခုသာ အစားထိုး ကျန်ရှိနေတော့သည်။
ယခုတွင် ရိုးရိုးရှင်းရှင်းပင် ၀မ်ယန်၏ ခေါင်းထဲ၌ သံသယများစွာ ဖြစ်ပေါ်နေပေသည်။
သူ၏ တတိယသား ၀မ်ချောင်မှာ ဆယ့်ငါးနှစ်သာ ရှိသေးသည်။ သူက မိဘအုပ်ထိန်းမှုကို လက်မခံကာ တစ်သီးတစ်သန့်သာနေတတ်သည်။ မိန်းမပျိုတစ်ယောက်အား အဓမ္မကျင့်သူ ဟူသော သတင်းသာမက သူ့အား စိတ်ပျက်စေလောက်သည့် အကြောင်းအရာ များစွာအား သူပြုလုပ်ခဲ့လေသည်။
၀မ်ယန်မှ ၀မ်ချောင်ကဲ့သို့သော လူမမယ် ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်မှ ယောင်ကွမ်းရီ သူ့အား အကွက်ချထားသည်ကို မည်သို့ သိရှိနေကြောင်း နားမလည်နိုင်သည့်အပြင် ယောင်ကွမ်းရီ၏ အကြံအစည်ကိုပင် ယူ၍ ထောင်ခြောက်ပြန်ဆင်လိုက်သေးသည်။
ယောင်ကွမ်းရီမှာ သာမန်ဆန်သော လူတစ်ယောက် မဟုတ်ပေ။
၀မ်ယန်မှ ၀မ်ချောင်ကဲ့သို့သော ကလေးတစ်ယောက်က ထိုကဲ့သို့သော စစ်တပ်လျှို့ဝှက်ချက်များကို သိရှိနေသည်အား စဉ်းစားမပေါက်ပေ။ အကယ်၍ သူ့အား စစ်တပ်စခန်းတွင်သာ ဆက်နေရန် စစ်တပ်အမိန့်မရှိပါက ၀မ်ချောင်အား မေးခွန်းထုတ်ရန် မြို့တော်သို့ အတောင်ပေါက်၍ ပျံသွားရန်ပင် ဧကန်အမှန် ဆန္ဒ ရှိနေပေသည်။
“ ဒီအချိန်လောက်ဆို မြို့တော်ကို ငါပို့လိုက်တဲ့စာ ရောက်လောက်ပြီ... ”
အတွေးများက အစွမ်းကုန်ရွက်လွင့်နေသလို ၀မ်ယန်၏ ၀တ်ရုံကလည်း လေအဝှေ့တွင် တဖျတ်ဖျတ်လွင့်နေသည်။ ကောင်းကင်အား ငေးကြည့်နေရင်း သူ့မျက်လုံးများက မသေချာခြင်းများဖြင့် မှိတ်လိုက် ဖွင့်လိုက်ဖြစ်နေသည်။ ရက်အနည်းငယ်ခန့်ကတည်းက မြို့တော်သို့ သူ စာတစ်စောင်ပို့ခဲ့ကာ ယခုအချိန်လောက်ဆိုလျှင် ၀မ်ချောင် ထိုစာအား လက်ခံရရှိလောက်ပေပြီ။
................
၀ုစ်သံမဏိအား လက်နက်အဖြစ် သွန်းလုပ်ခြင်းက ဆက်လက်လုပ်ဆောင်စဉ် အတောအတွင်းသာ ရှိသေးသည်။
ယခင်နှင့်မတူ အအေးခံသွန်းလုပ်ခြင်းလုပ်ငန်းစဉ်အား သုံးသပ်အပြီးတွင် ၀မ်ချောင် အိမ်သို့ ပြန်ခဲ့လေသည်။
“ အမေ.......... ”
၀မ်ချောင် တံခါးအား တွန်းဖွင့်လိုက်သည်ပြီး သူ့အမေအား နှုတ်ဆက်ကာ ခြံ၀င်းအတွင်းသို့ ၀င်လိုက်သည်တွင် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ၀မ်ချောင် ကြက်သေသေသွားသည်။ ပုံမှန်အားဖြင့် ခြောက်ကပ်နေတတ်သည့် ပင်မခန်းမကြီးက ယခုတွင်တော့ လူရိပ်လူယောင်များဖြင့် ပြည့်နှက်နေလေသည်။
ထိုလူများက စကားတစ်ခွန်းမှ မပြောဆိုနေကြပေ။ ၀မ်ချောင်၏ အော်သံအား ကြားလိုက်သည်တွင် သူတို့ အားလုံး၏ အကြည့်က သူ့ထံ စုပြုံကျလာသည်။
“ အမေ..... ”
“ ဦးကြီး..... ”
“ ဒေါ်ကြီး..... ”
“ ဦးငယ်..... ”
“ ၀မ်းကွဲ( ၀မ်ကျူးယန် )..... ”
ဤနေရာသို့ လာရောက်ခဲကြသော ထိုမျက်နှာများအား မြင်သည်တွင် ၀မ်ချောင်၏ နှလုံးခုန်နှုန်းပင် တစ်စက္ကန့်မျှ ရပ်တန့်သွားလေသည်။ ရုတ်တရက်ပင် တုန်လှုပ်ခြောက်ခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဤနေရာတွင် လူအများအပြားရှိနေသော်လည်း အလွန်တိတ်ဆိတ် နေပြန်သည်။
ဤမတိုင်ခင်တွင်သူ့အဘိုးဖြစ်သူ၏ မွေးနေ့ပွဲမှလွဲ၍ ထိုမျှလောက် များပြားသောသူများ ၀မ်မိသားစုခြံ၀င်းတွင် စုဝေးသည်ကို ၀မ်ချောင် မတွေ့ခဲ့ဖူးပေ။
အထူးသဖြင့် ခန်းမ၏ အဓိကထိုင်ခုံတွင် ပုံမဖော်နိုင်သော အမူအရာနှင့် ထိုင်နေသည့် သူ၏ ဦးကြီးဖြစ်သူပင်။
( ယောင်ကလန် လူအိုကြီးရဲ့ အင်ပါယာအရှင်ကို လျှောက်တင်ထားတာက တိုးတက်မှု တစ်ချို့ ရှိလာလို့လားပဲ )
၀မ်ချောင်၏ နှလုံး ပြင်းထန်စွာ ခုန်နေသည်။ သူ့ရှေ့ရှိ များပြားသောလူ အစုအဝေးကြီးအားမြင်၍ သူ ချောက်ချားနေချိန်၌ သူ့မြင်ကွင်းက အမှောင်ဖုံးသွားလေသည်။ ရုတ်တရက်သူ့ထံသို့ ပြေး၀င်လာသည့် ပုံရိပ်မှာ သူ့ခန္ဓာကိုယ်အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်ကို သိလိုက်ရသည်။
“ ချောင်အာ..... ”
၀မ်ချောင် ရုန်းကန်ကာ တန်ပြန်တိုက်ခိုက်မည့်ဟန် ပြင်လိုက်သော်လည်း ထို နူးညံ့သည့်အသံအား နားထဲတွင် ကြားလိုက်ချိန်၌ သူ့ တစ်ကိုယ်လုံး ပြေလျော့သွားသည်။ ထိုသူက သူ၏ မိခင်ဖြစ်သူပင်။
“ ချောင်အာ... သားအဖေက စာထဲကနေ အားလုံးရှင်းပြထားတယ်.. သားလေး.. နောက်ဆုံးတော့ ရင့်ကျက်လာပြီနော်.. အမေ သားကို အရင်က အထင်မှားခဲ့မိတယ်....... ”
၀မ်သခင်မကြီး ကျောက်ရှုဟွာ၏ မျက်ရည်များက ပါးပြင်ပေါ်မှ ၀မ်ချောင်၏ ရင်ဘတ်ပေါ်သို့ ကျဆင်းသွားလေသည်။ ထိုအရာက ပြန်လည်မွေးဖွားလာပြီးနောက် ၀မ်ချောင် စိတ်ခံစားမှု အလွန်ပြင်းထန်လာသည့် ပထမဆုံးအကြိမ်ပင်။
၀မ်ချောင် တွေဝေနေဆဲ။ သူ့မိခင်၏ ပုခုံးပေါ်မှ ကျော်၍ ကြည့်လိုက်သည်တွင် မလှမ်းမကမ်းရှိ စားပွဲပေါ်၌ စာတစ်စောင်အား တွေ့လိုက်ကာ ထိုစာပေါ်တွင် ရင်းနှီးလှသော လက်ရေးတစ်ခုအား တွေ့လိုက်ရသည်။
“ ဒါ အဖေ့ရဲ့ လက်ရေးပဲ ”
၀မ်ချောင်၏ ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဖြစ်တည်လာလေသည်။ သူ တစ်စုံတစ်ခုကို ကောက်ချက်ဆွဲမိကာ သူ့လက်အား ဆန့်တန်း၍ သူ့မိခင်အား တစ်ဖန် ပြန်ဖက်ထားလိုက်သည်။
“ အမေ.... ”
ဤနေရာတွင် အဘယ်ကြောင့် လူအများအပြား လာရောက် စုဝေးနေသည်ကို နောက်ဆုံး၌ ၀မ်ချောင် သဘောပေါက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ့ဖခင်ဆီမှ သတင်းစကား ရောက်ရှိလာပြီလော။
သူ့မိခင်၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် သူအားထုတ်ခဲ့သည်များက အချည်းနှီး မဖြစ်ခဲ့မှန်း သိလိုက်သည်။ နောက်ဆုံးတော့ သူ့ဖခင်က သူ၏ အကြံဉာဏ်အား နားထောင်ရန် ရွေးချယ်ခဲ့လေပြီ။
သူ့စိတ်နှလုံးတွင် နွေးထွေးသောလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်နေသည်။ သူ့စိတ်နှလုံးထဲတွင် အချိန်တိုင်း ဖိစီးနေသော သိပ်သည်းလွန်းသည့်ဖိအားက နောက်ဆုံးတော့ ပြေလျော့သွားပြီ ဖြစ်သည်။
.......................
တရုတ်နိုင်ငံရဲ့တောင်ဘက် ဗီယက်နမ်မြောက်ဘက်မှာရှိတဲ့ နိုင်ငံတွေက BC ရဲ့ ပထမထောင်စုနှစ်( 1000BCကနေ 1 BC)နဲ့ AD ရဲ့ ပထမထောင်စုနှစ် ( AD 1 ကနေ AD 1000) အတွင်း ဟန်ယဥ်ကျေးမှု လွမ်းမိုးခြင်း မခံရပါဘူး..
ထန်မင်းဆက်ဟာ AD ရဲ့ ပထမထောင်စုနှစ်မှာ တည်ထောင်ခဲ့တာပါ...
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 38.
ကလန်၏ အသိအမှတ်ပြု ခံရခြင်း
“ ရှုဟွာ.. နင်တို့ သားအမိနှစ်ယောက် ပြောစရာရှိတာ နောက်မှပြောကြပါ.. ငါတို့ ချောင်အာကို အရေးတကြီး မေးခွန်းထုတ်စရာတွေ ရှိသေးတယ်.. ငါတို့ သူ့ကို ယောင်ကလန်၊ ၀မ်ကလန်နဲ့ စုန့်ဘုရင်တို့အကြားက အကြောင်းအရာတွေကို ရှင်းပြဖို့ ပြောရဦးမယ် ”
ရုတ်တရက် စွမ်းအားပြည့်၀ကာ အာဏာပြည့်ဝသော အသံအား သူ့နားထဲတွင် ကြားလိုက်ရသည်။ ၀မ်ချောင် ခေါင်းမော့လိုက်ရာတွင် ပင်မခန်းမကြီး၏ အလည်တည့်တည့်ရှိ အာဏာအမြင့်ဆုံး ထိုင်ခုံနေရာတွင် ထိုင်နေသော အသက်လေးဆယ်ခန့်ရှိသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်အား တွေ့လိုက်ရသည်။
သူ့လေသံက တင်းမာကာ ထိုနေရာတွင် ထိုင်နေသည်ကပင် ခြိမ်းခြောက်သည့် အငွေ့အသက်များ ဖြစ်ပေါ်စေသည်။ ထိုသူက အလွန်ဆင်ခြင်တုံတရား ရှိသည့်ဟန်ပေါ်ကာ တော်၀င်ရုံးတော်တွင် များပြားသော အခွင့်အာဏာနှင့် အရေးပါသောရာထူးအား ရယူနိုင်မည့်ပုံ ရသည်။
အမှန်တွင်လည်း ထိုသူလုပ်နိုင်ခဲ့လေသည်။
“ ဦးကြီး ”
ထိုသူမှာ ၀မ်ချောင်၏ ဦးလေးအကြီးဆုံးဖြစ်သူ ၀မ်ကျန်ပင်။ သူ၏ယခင်ဘ၀၌ ဤကမ္ဘာသို့ ကူးပြောင်းလာသည်တွင် သူနှင့် နီးစပ်ခြင်းမရှိသည့် ထိုဦးကြီးမှလွဲ၍ မည်သူ့ကိုမှ သူ ကြောက်ရွံခြင်းမရှိပေ။
ကမ္ဘာကြီးထဲမှ လူတစ်ချို့မှာ ဒေါသထွက်ချိန်၌ အခြားသူများအား ကြောက်ရွံစေသည့် အငွေ့အသက်များ ထုတ်လွှတ်တတ်ကြသည်။ တစ်ချိန်တည်း၌ပင် အချို့မှာတော့ သာမန်သာ ပြုမူနေထိုင်နေသော်လည်း အခြားသူများအား ကြောက်ရွံနေစေသည်။
ထို ဒုတိယအမျိုးအစားမှ လူများမှာ ရယ်မောခြင်းသည် သူတို့နှင့် မသက်ဆိုင်သလိုပင်ဖြစ်ကာ သူတို့ ရယ်သည်ဆိုတွင်လည်း ကြောက်စရာကောင်းနေကာ ငိုသည်ထက်ပင် ဆိုးလေသည်။
သူ၏ ဦးကြီးမှာ ထိုသို့သော လူစားမျိုးပင်။
ပြောရလျှင် သူ၏၀မ်းကွဲ ကျူးယန်ကလည်း ထိုမျိုးဗီဇအား သူ့ဖခင်ထံမှ ဆက်ခံထားရာ ထို့ကြောင့်ပင် သူမအား တွေ့တိုင်း ကြောက်လန့်မိသည် ဖြစ်နိုင်ချေများသည်။
“ သားရဲ့ ဦးကြီးကတောင်မှ ပြောနေပြီဆိုတော့လဲ နောက်မှ အေးဆေးပြောကြမယ်လေ ”
၀မ်သခင်မကြီးက ဖက်တွယ်ထားသည်အား ဖြေလျော့လိုက်ကာ အနည်းငယ် ရှက်ယောင်သန်းသွားသည်။ သူမသည်လည်း ၀မ်ချောင်၏ ဦးကြီးအား ကြောက်ရွံသည်မှာ သိသာနေသည်။ ပဒေသရာဇ်စနစ်တွင် အစ်ကိုအကြီးဆုံးဖြစ်သူက ကျန်ရှိသော ငယ်ရွယ်သည့် မောင်နှမများအကြားတွင် အကြွင်းမဲ့ ရပ်တည်ချက်တစ်ခုဖြစ်ပေရာ ဖခင်အရာနှင့် ညီမျှသည်။ အကြီးဆုံးသားဖြစ်သည့် ၀မ်ကျန်မှာ ၀မ်ကလန်တွင် အကြီးမားဆုံးသော အာဏာကို စွဲကိုင်ထားသည် ဟူ၍လည်း ပြောနိုင်ပေသည်။ ထိုအရာက ၀မ်ချောင်၏ ဒေါ်ကြီး၊ ဦးလေး၊ ဦးငယ်နှင့် အခြားသူများအားလုံးအပေါ် သက်ရောက်ပေသည်။
မည်သူမျှ ဦးကြီး၏ စကားအား ခွန်းတုံ့ပြန်ရဲခြင်းမရှိပေ။ တည်ငြိမ်လျက်ရှိသည့် ၀မ်ကျူးယန်မှလွဲ၍ လူအားလုံးက စိုးရိမ်ကြောင့်ကြနေကြသည်။ သူမက ကလူကျီစယ်သည့်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ကာ တိတ်တခိုးဖြင့် ၀မ်ချောင်အား လက်မထောင်ပြလိုက်ပြီး သူ့အား အားပေးလျက်ရှိသည်။
“ ၀မ်ချောင်.. မင်းကို မေးခွန်းနည်းနည်းလောက် မေးပါဦးမယ်.. ယောင်ကွမ်းရီရဲ့ အကွက်ချမှုကို ရှောင်ဖို့ မင်းအဖေက သူ့စစ်စခန်းကို ရုတ်တရက် နောက်ကို လီငါးဆယ် တပ်ဆုတ်ခဲ့တယ်.. မင်းအဖေပြောတာအရဆိုရင် ဒါက မင်းနဲ့ပဲသက်ဆိုင်ပြီး သူ့ကို ဒီလိုလုပ်ဖို့အတွက် မင်းတောင်းဆိုခဲ့တာဆို.. အဲ့တာ အမှန်ပဲလား ”
၀မ်ကျန်မှ ၀မ်ချောင်အား လေးလေးနက်နက် စိုက်ကြည့်နေကာ နယ်စပ်မှဖြစ်ရပ်နှင့် ပက်သက်၍ မေးခွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် အခန်းအတွင်းရှိ ၀မ်ကလန်တစ်ခုလုံးမှ မျက်လုံးအစုံတိုင်းက ၀မ်ချောင်အပေါ် ကျရောက်လာသည်။
လူတိုင်းက ထိုမေးခွန်းအား ၀မ်ချောင် မည့်သို့မည်ပုံ ပြန်လည် ဖြေကြားမည်ကို သိချင်စိတ်ပြင်းပြနေကြသည်။
၀မ်ချောင်၏ မိခင်ဖြစ်သူမှ အရာရာတိုင်းအား ရှင်းပြခဲ့ပြီးဖြစ်သော်လည်း လူအုပ်ကြီးမှ သူ၏လုပ်ဆောင်ချက်များအား ယုံကြည်နိုင်သည့်ပုံ မရသေးပေ။ ပြောရလျှင် သူ၏၀မ်ကွဲ ၀မ်ကျူးယန်ပင် ထိုအရာအား အနည်းငယ် သံသယ၀င်နေတုန်းပင်။
“ ဒါအမှန်ပါပဲ.. သူ့ကို ဒီလိုလုပ်ဖို့ ပြောခဲ့တာ ကျွန်တော်ပါပဲ ”
၀မ်ချောင် စက္ကန့်အနည်းငယ် နှုတ်ဆိတ်နေပြီးမှ သူ့ခေါင်းအား မော့လိုက်ကာ လူတိုင်း၏ အကြည့်များအား ခံယူလျက် လေးလေးနက်နက်ခေါင်းညိမ့်ကာ ပြောဆိုလိုက်သည်။
ထို စကားလုံးအနည်းငယ်လေးက နားထောင်သူ အယောက်စီတိုင်း၏ စိတ်ထဲတွင် မုန်တိုင်း ကိုယ်စီ ဖြစ်ပေါ်စေသည်။ ဘေးမှဝိုင်းကြည့်နေသူများ၏ မျက်လုံးများ၌ ရှုပ်ထွေးနေကြလေသည်။ ၀မ်ချောင်၏ ဖခင်ကိုယ်တိုင် အခြားစာတစ်စောင်ရေး၍ သူတို့အား ရှင်းပြထားသည် ဖြစ်သော်လည်း ထိုရှင်းပြချက်က သူတို့ လက်ခံနိုင်ရန် ခဲယဉ်းနေကြပုံရသည်။
၀မ်ချောင် ကိုယ်တိုင် ၀န်ခံနေသည့်တိုင်အောင် အလွန်ထိတ်လန့် အံ့သြနေပုံ ရနေကြသေးသည်။
“ ဘောက်မဲ့ကြောင့် ပြောခဲ့ရတာလဲ ”
၀မ်ချောင်၏ဦးကြီးမျက်နှာမှာ မပြောင်းမလဲရှိနေကာ အေးစက်စက်သာ မေးခွန်းထုတ်လိုက်သည်။
“ ၀မ်ချောင်.. သား ကြောက်နေစရာမလိုဘူးနော်.. သားရဲ့ ဦးကြီးက သားကို သူခိုးစစ် ပုလိပ်စစ် စစ်ဆေးနေတာမှ မဟုတ်တာ ”
ဘေးဘက်တွင်ရှိနေသည့် ၀မ်ချောင်၏ အဒေါ်အကြီးဆုံး(မိန်းကလေးထဲတွင် အကြီးဆုံး)ဖြစ်သူ ၀မ်ရူရွှမ်းမှ ပြောဆိုလိုက်ပြီး....
“ သားတော့သိမှာမဟုတ်ဘူး.. ဒါပေမဲ့ နယ်စပ်မှာ ဖြစ်သွားတဲ့ကိစ္စက မြို့တော်တစ်ခုလုံးမှာ အုတ်အော်သောင်းနင်းဖြစ်နေပြီ.. ပြီးခဲ့တဲ့ ရက်အနည်းငယ်က ယောင်ကွမ်းရီက သူ့ရဲ့စစ်တပ်ကို ဦးဆောင် သားအဖေရဲ့ စစ်စခန်းချထားတဲ့နေရာဆီ ချီတက်လာပြီး ၀မ်ကလန်နဲ့ယောင်ကလန် ပူးပေါင်းနေပါတယ်ဆိုတဲ့ သဘောသက်ရောက်စေမဲ့ အယောင်ပြအစီအစဉ်တစ်ခုကို လုပ်ခဲ့တယ် ”
“ သားရဲ့အဖေက သားရဲ့စကားကို နားထောင်ပြီး သူ့ရဲ့စစ်တပ်ကို အနောက်ဘက် လီငါးဆယ် ကြိုတင် ဆုတ်ခွာစေခဲ့တာက ကံကောင်းသွားတာပဲ.. ဒါကြောင့်မို့လို့ ယောင်ကွမ်းရီနဲ့ ယောင်ကလန်က အငိုက်ဖမ်းခံလိုက်ရပြီး သားအဖေအပေါ် သံသယတွေအားလုံး ရှင်းလင်းသွားစေခဲ့တယ်.. သားအဖေက ဒီကိစ္စတွေ အကုန်လုံးကို စာရေး ရှင်းပြထားခဲ့တာကြောင့် သားရဲ့ ဒီလုပ်ရပ်ကပဲ ယောင်ကလန်နဲ့ တိုက်ပွဲမှာ ဒေါ်ကြီးတို့ ၀မ်ကလန်ကို ဆွဲထုတ်ပေးနိုင်ခဲ့တာပဲ ”
“ ၀မ်ချောင်.. သားက ၀မ်ကလန်အပေါ် ကောင်းကောင်းကြီး အကျိုးပြုနိုင်ခဲ့ပါတယ် ”
၀မ်ချောင်မှာ ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်သာဖြစ်ပြီး ၀မ်ကလန်တွင် ၀မ်ရူရွှမ်း၏ အစ်ကိုကြီး ၀မ်ကျန်အား မကြောက်ရွံသည့်သူ တစ်ယောက်မှ မရှိပေ။ ထိုအချက်အား ကောင်းစွာ သိထားသူဖြစ်သောကြောင့် ၀မ်ရူရွှမ်းမှ ရွှင်ပျသောအပြုံးဖြင့် လေးလံနေသော အခြေအနေအား သက်သာစေရန် ဆောင်ရွက်ရန် ကြိုးပမ်းလိုက်သည်။
“ ပြီးတော့ ရှိသေးတယ်.. ဒေါ်ကြီးတို့အားလုံးကို ဒီမှာ လာစုဝေးစေပြီး သားဆီကနေ အခြေအနေအားလုံးကို သဘောပေါက်အောင်လုပ်ဖို့ ခိုင်းခဲ့တာက သားရဲ့ အဘိုးကိုယ်တိုင်ပဲ.. သားက ၀မ်ကလန်ရဲ့ အကျိုးပြုသူတစ်ယောက် ဖြစ်နေပြီ.. ဒါကြောင့်မို့လို့ သားကို ဘာမှ ကြောက်လန့်နေစရာမလိုဘူးလို့ ဒေါ်ကြီးက ပြောရတာပဲ ”
ဒေါ်ကြီးဖြစ်သူ၏ စကားများအား ကြားလျှင်ကြားချင်း ၀မ်ချောင် နှလုံးခုန် ခေတ္တရပ်တန့်သွားပြန်ကာ သူ့အာရုံစိုက်မှု ပြန်လည်နိုးကြားလာသည်။ အကယ်၍ သူသာ အမှတ်မမှားလျှင် ယခုကာလ၌ သူ၏ အဘိုးဖြစ်သူက လေးပြည်နယ်သံရုံးတွင် အခြေချနေထိုင်ကာ အင်ပါယာ၏ နိုင်ငံ့အရေးများအား ကူညီဆောင်ရွက်ပေးနေမည် ဖြစ်သည်။ တစ်လျှောက်လုံး ဤကဲ့သို့ သေးငယ်သောကိစ္စရပ်လေးများတွင် သူကိုယ်တိုင် ပါ၀င်ပက်သက်ခြင်း မရှိချေ။
သိသိသာသာပင် နယ်စပ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်က သူ၏ အာရုံစိုက်မှုအား ဆွဲဆောင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ် အတိအကျဆိုရလျှင် ၀မ်ချောင်က သူ၏ အာရုံစိုက်မှုအား ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။
၀မ်ကလန်၏ လက်ရှိ လူငယ် မျိုးဆက်သစ်များထဲ၌ ၀မ်ချောင်၏ အစ်ကိုကြီးနှင့် ၀မ်းကွဲအစ်ကိုကြီးတို့သာ အဘိုးဖြစ်သူ၏ အာရုံစိုက်မှုကို ဆွဲယူနိုင်ခဲ့သည်။ ဤတစ်ကြိမ်မှာ သူ့အဘိုး၏ အသိအမှတ်ပြုခြင်း ခံရသော ပထမဆုံးအကြိမ် ဖြစ်၏။
( ၀မ်းကွဲအစ်ကိုကြီး= ၀မ်ကျန်၏သား )
၀မ်ချောင် သူ၏မိခင်အား လှမ်းကြည့်လိုက်ရာ သူမ၏မျက်နှာ နီမြန်းနေသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူမက ထိုအကြောင်းအရာအား ကြိုတင် သိထားပြီးပုံ ရသည်။
( ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့ )
၀မ်ချောင် စိတ်လှုပ်ရှားမှုကြောင့် လက်သီးပင် ဆုပ်ထားမိသည်။ ထိုအရာက အမှန်ပင် သူ မထင်ထားသော ဆုလာဘ်တစ်ခု ဖြစ်လေသည်။ သူ့အဘိုးဖြစ်သူမှာ အသက်အရွယ်အရ အိုမင်းလှပြီ ဖြစ်သော်လည်း ၀မ်ကလန်တွင် နှိုင်းယှဉ်မရနိုင်သော နေရာတစ်ခုအား ပိုင်ဆိုင်ထားဆဲဖြစ်၏။
၀မ်ကလန်၏ အာဏာစက်၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် လွှမ်းမိုးမှုအားလုံးမှာ အဘိုးဖြစ်သူ၏ အင်ပါယာအရှင်အား နန်းတင်ပေးခဲ့ခြင်းကြောင့် ရရှိလာခဲ့ခြင်း ဖြစ်ပေသည်။ တော်၀င်ရုံးတော်၌လည်း အဘိုးက နက်နဲလှသော လွှမ်းမိုးမှုအား ပိုင်ဆိုင်ထားဆဲ ဖြစ်ပြန်သည်။
၀မ်ချောင်၏ ဦးကြီးနှင့်ဖခင်တို့ ယခုလက်ရှိ ရာထူးရာခံများအား ရရှိပိုင်ဆိုင်ထားခြင်း အကြောင်းရင်းမှာ သူ့အဘိုး၏ အရှိန်အဝါကြောင့်သာ ဖြစ်၏။
ယောင်ကလန်မှ ယောင်ကွမ်းရီ၊ ယောင်လူအိုကြီးနှင့် ချီဘုရင်၊ တော်၀င်မျိုးနွယ်၏ ဆွေတော်မျိုးတော်များက ၀မ်ကလန်အား ကြောက်ရွံကာ ၀မ်ကလန်အား စုန့်ဘုရင်ထံမှ ခွဲထုတ်ပစ်ချင်သည့် အကြောင်းအရင်းမှာ သြဇာတိက္ကမကြီးမားသော အဘိုးဖြစ်သူကြောင့်သာ ဖြစ်၏။ သူကိုယ်၌က လေးပြည်နယ်သံရုံးတွင်သာ သီးခြားနေထိုင်လျက်ရှိကာ လူလုံးပြခဲသည့်တိုင်အောင် သူ၏ပြိုင်ဘက်များကို ကြောက်ရွံ စေနိုင်ဆဲပင်။
မည်သို့ဆိုစေ ၀မ်ချောင်က ထိုအရာ ဟုတ်၏ မဟုတ်၏ကို လေပန်းနေမည့် သူများအထဲ မပါ၀င်ပေ။
“ ကျနော် စားပွဲပေါ်ကစာကို အရင်ဖတ်လို့ရမလား ”
၀မ်ချောင် စားပွဲခုံပေါ်မှ အဖြူကောင်စာအား ညွှန်ပြလိုက်သည်။
“ ဒါပေါ့... ဒါက သားအတွက် ပို့ထားတဲ့စာပဲ ”
ခန်းမအတွင်းရှိ လူများက ခေါင်းညိမ့်ပြကြသည်။
၀မ်ချောင်မှ စာအိတ်အား လှမ်းယူလိုက်ပြီး တစ်ချက် စစ်ဆေးကြည့်လိုက်ရာ စည်းသပ်ထားသည်က ဖယ်ရှားခြင်း ခံထားရသည်ကို သတိထားမိလိုက်သည်။ ကြည့်ရသလောက် ဤခန်းမထဲ၌ ရှိနေသည့် သူအားလုံးက အထဲတွင် ပါ၀င်သော အကြောင်းအရာများအား ဖတ်ထားပြီးပုံရသည်။
၀မ်ချောင် နည်းနည်းမှ အံ့သြခြင်း မဖြစ်ပေါ်မိပေ။
စုန့်ဘုရင်နှင့် ချီဘုရင်မှာ ယခုလက်ရှိအချိန်၌ မဟာထန်အင်ပါယာတွင် ဂုဏ်သတင်း အကျော်ဇောဆုံး ဘုရင်များ ဖြစ်ကြသည်။ မရေမတွက်နိုင်သော စွမ်းအားကြီးသည့် သစ္စာတော်ခံများနှင့် စစ်သူကြီးများစွာကလည်း အာဏာလုသည့် စက်ဝိုင်းတွင် ပါ၀င် ပက်သက်နေကြလေသည်။
ထိုကဲ့သို့သော အုပ်စုနှစ်စုအကြားရှိ အတွင်းစစ်ပွဲများမှာ နဂါးခံတွင်းသို့ လည်စင်းပေးထားရသည်နှင့်တူပြီး ထိုအထဲတွင် ပါ၀င်ပက်သက်မိခြင်းက ရေခဲလွှာ ပါးပါးအပေါ်၌ လမ်းလျှောက်နေရသလိုပင်ဖြစ်သည်။
၀မ်ကလန်အတွက်လည်း ချွင်းချက်မရှိပေ။ ခြေလှမ်းလေးတစ်လှမ်း မှားယွင်းသွားခြင်းကြောင့် အာဏာ၊ ကံတရားနှင့် ချမ်းသာကြွယ်မှုအားလုံး ညတွင်းချင်း ပျက်ပြယ်သွားနိုင်လေသည်။
စာအိတ်ကို ဖွင့်လိုက်ကာ အတွင်းထဲမှ စာအား ထုတ်ယူလိုက်သည်တွင် စွမ်းအားပြည့်၀လှသည့် စုတ်ချက်ဖြင့် ရေးသားထားသော စကားလုံးအတွဲလိုက်က သူ့ရှေ့တွင် ပေါ်လာသည်။ ထိုလက်ရေးထဲမှ စိုးရိမ်ကြောင့်ကြစိတ် အနည်းငယ်အား သူ အာရုံခံမိလိုက်သည်။
“ ဒါ အဖေ့ရဲ့ လက်ရေးလက်သားပဲ ”
စာထဲတွင် သူ၏ဖခင် ၀မ်ယန်က အခြေအနေအလုံစုံအား ရှင်းပြထားသည်။ ၀မ်ချောင်၏ စကားလုံးများအား နားထောင်ထားအပြီး သူ၏ ကင်းထောင်တပ်သားထံမှ ယောင်ကွမ်းရီ၏ လှုပ်ရှားမှုသတင်းအား လက်ခံရရှိသည်နှင့် သူ၏ စစ်စခန်းအား အလျင်အမြန် နောက်သို့ လီငါးဆယ် ကြိုတင်ဆုတ်ခွာစေခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပက်သက်သည်က အနည်းငယ်သာပါ၀င်ကာ စာအထဲတွင် ၀မ်ယန်မှ ၀မ်ချောင်အား ဖြစ်ရပ်အပေါ် မေးခွန်းထုတ်ထားသည်ကသာ အများစု ဖြစ်နေသည်။
သူ့စကားလုံးများထဲမှပင် ၀မ်ချောင် သူ့ဖခင်၏ စိတ်ရှုပ်ထွေးနေမှုကို ခံစားမိသည်။
ဖြစ်ရပ်တစ်ခုလုံးတွင် သူနားလည် သဘောပေါက်ခြင်းမရှိသည့် အရာများစွာ ရှိနေသေးကြောင်း သိသာနေသည်။ ၀မ်ချောင်မှ ယောင်ကွမ်းရီ သူ့အား တိုက်ခိုက်ဦးမည်ကို မည်ကဲ့သို့ သိနေသနည်း။ စုန့်ဘုရင်မှ သူ့ထံသို့ လူယုံတစ်ယောက် စေလွှတ်နေမည်ကို မည်သို့ သိနေပြန်သနည်း။ အဘယ်ကြောင့် ဟူများ ကျူးကျော်လာမည်ကို ကြိုသိနေသကဲ့သို့ ယောင်ကွမ်းရီမှ စစ်တပ်တစ်ခုလုံးဖြင့် သူအထိုင်ချရာ အခြေစိုက်စခန်းသို့ လာရောက်မည်ကိုလည်း မည်သည့်အကြောင်းကြောင့် သိရှိနေကာ သူ့အား လီငါးဆယ် ကြိုတင် နောက်ဆုတ်ရန် ပြောဆိုခဲ့ရလေသနည်း။
အကယ်၍ ၀မ်ချောင်က ကလန်ကပင် အသိအမှတ်ပြုရလောက်သော ထူးချွန်မှုများနှင့် ဉာဏ်ပညာကြီးမြင့်မှုများအား မကြာခဏ ပြသခဲ့လျှင် ထိုသို့ မယုံနိုင်လောက်သည့် အမျှော်အမြင်ကြီးမှုက ၀မ်ယန်အား အငိုက်မိ ထိတ်လန့်စေမည် မဟုတ်ပေ။ သို့ရာ၌ ၀မ်ချောင်၏ လုပ်ရပ်များက သူ့အား အစဉ်အမြဲ စိတ်ပူပင်မှုကိုသာ ပေးစွမ်းခဲ့သည် မဟုတ်လော။
ပြောရမည်ဆိုလျှင် များမကြာမှီကပင် ၀မ်ချောင်မှ မိန်းမပျိုတစ်ဦးအား အဓမ္မ ကျင့်ပါသည်ဟူသော ကောလာဟလပင် ထွက်ခဲ့သေးသည်။ ထိုအရာမှာ မြို့တော်ရှိ အသုံးအဖြုန်းကြီး ပျက်ဆီးလှပါသည်ဟူသော သခင်လေးများပင် လက်ရှောင်သည့်အရာ ဖြစ်၏။
ထိုအကြောင်းအရာကို ပြန်တွေးကြည့်လျှင် ၀မ်ချောင်မှ ရုတ်ချည်း အမျှော်အမြင်နှင့် ဉာဏ်ပညာများ ထက်မြက်လာခြင်းအား မည်သူက သံသယ မရှိပဲ နေနိုင်မည်နည်း။
၀မ်ချောင် ခေါင်းမော့လိုက်ကာ ပင်မခန်းမအတွင်းရှိ မျက်နှာအားလုံးကို စေ့စေ့ကြည့်ရှုလိုက်သည်။ ဦးကြီး၊ ၀မ်းကွဲ၊ ဒေါ်ကြီး၊ ဦးလေးနှင့် လူအားလုံးက တိတ်ဆိတ်နေကြသည်။ သူတို့၏ အကြည့်များအားလုံးက သူ့အပေါ်၌သာ ကပ်တွယ်နေကြသည်။
၀မ်ချောင် ကလန်မှ လူအများအပြား၏ အသိအမှတ်ပြုခြင်းခံရသည်က ယခုသည် ပထမဆုံးအကြိမ်ပင်။ မရေမတွက်နိုင်သော အတွေးပေါင်း မြောက်မြားစွာက ၀မ်ချောင်၏ ခေါင်းထဲတွင် ပြည့်လျှံလာသော်လည်း မသိမသာဖြင့် စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်ရာ တဖြည်းဖြည်းနှင့် သူ့အတွေးများ ကြည်လင်သည်ထက် ပိုမို ကြည်လင်လာသည်။
သူ၏ ယခင်ဘ၀၌ ၀မ်ကလန်၏ မီးစာကုန် ဆီခမ်းသည့် အချိန်ထိတိုင်အောင် ၀မ်ချောင်မှ ကလန်၏ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ ကလန်တစ်ခုလုံး၏ အမြင်တွင် ၀မ်ချောင်ဆိုသည်မှာ ကြီးမြတ်သော အရာများအား ဘယ်တော့မှ နားလည်မည့်သူ မဟုတ်သည့်သူတစ်ယောက်ပင်။
၀မ်ကလန်မှာ သာမညောင်ည ကလန်တစ်ခုမဟုတ်ပေ။ အလယ်ပိုင်းလွင်ပြင် တစ်ခုလုံး၌ ၀မ်ကလန်၏ အောင်မြင်မှုနှင့် စွမ်းအားကို တုယှဉ်နိုင်မည့်ကလန် များစွာ မရှိချေ။
အကယ်၍ ကလန်၏ သဘောတူထောက်ခံမှုအား ရရှိထားလျှင် အနာဂတ် အစီအစဉ်များ၌ အလွန် အသုံး၀င်လိမ့်မည်ကို ၀မ်ချောင် သိရှိထားလေသည်။ သူသာ ၀မ်ကလန်ကို သူ၏ အင်အားစုအဖြစ် ခေါင်းစဉ်တပ်နိုင်ခဲ့မည်ဆိုလျှင်၊ သူ၏အဘိုး၊ ဦးကြီး၊ ဒေါ်ကြီး၊ ဦးငယ်၊ ဖခင်၊ အစ်ကိုကြီး၊ ၀မ်ကွဲများ အပါအ၀င် လူအားလုံး၏ ခွန်အားများကို ပေါင်းစပ်လိုက်ပါက အလွန် များပြားသော ပမာဏအား သူတို့ဆီမှ ထပ်မံ ရရှိပေလိမ့်မည်။
၀မ်ချောင်၏ တစ်ဦးတည်းခွန်အားက ထိုအရာနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် မြင့်မိုရ်တောင်နှင့် ဇီးစေ့လိုပင်။
သို့သော် ထိုမတိုင်ခင်တွင် ပထမဆုံးအနေဖြင့် ထိုသူတို့အားလုံး၏ ယုံကြည်မှုအား အောင်နိုင်ရန် လိုအပ်သေးသည်။ ကလန်တစ်ခုလုံးမှ ကလန်၀င်တိုင်း၏ ထောက်ခံမှုအား သူလိုအပ်လေသည်။ ၀မ်ကလန်၏ ကံကြမ္မာအား ပြောင်းပြန်လှန်ပစ်မည့် ၀မ်ချောင်၏ ပထမဆုံးအစီအစဉ်မှာ အထမြောက်ခဲ့လေပြီ။ သူ နောက်ထပ် လုပ်ဆောင်ရန်လိုအပ်သည်မှာ ကလန်အတွင်းသို့ ထဲထဲ၀င်၀င် ၀င်ရောက်ရန်ဖြစ်ကာ ယခုအချိန်သည် အကောင်းဆုံးသော အခွင့်အရေးပင် မဟုတ်ပါလော။
လေးပြည်နယ်သံရုံးတွင် သီးသန့်နေထိုင်လျက်ရှိသူ သူ၏အဘိုးမှာ လူငယ်များ၏ အရေးကိစ္စများအား မေးခွန်းထုတ်ခဲလှသည်။ ယခုအချိန်၌ သူ့ထံလာရောက်၍ မေးခွန်းထုတ်နေသူမှာ တစ်ခြားသူဖြစ်နေသည့်တိုင် ထိုသူ၏ နောက်တွင် သူ၏အဘိုး ရှိနေကြောင်း ၀မ်ချောင် အတပ်ပြောနိုင်သည်။
နယ်စပ်ဖြစ်ရပ်မှ ဖြစ်လာသည့် အကျိုးသက်ရောက်မှုက ရိုးရိုးရှင်းရှင်းပင် ကောင်းမွန်လှ၏။ ယောင်ကွမ်းရီ၏ အကွက်ချမှုထံမှ ဖခင်၏ ‘ မတော်တဆ ’ လွတ်မြောက်ခြင်းက ဖြစ်ပေါ်လာမည့်ကပ်ဘေးမှ ၀မ်ကလန်အား ကယ်ဆယ်လိုက်နိုင်သည်။
ထိုသို့သော လုပ်ဆောင်မှုက အလွန် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။ ထိုအရာက သူ၏ အသက်အရွယ်ဖြင့် ပြုလုပ်နိုင်စွမ်းရှိသော အရာ မဟုတ်နေပေ။
ယခုအချိန်၌ သူ၏အဘိုး တစ်ယောက်တည်းသာမဟုတ်ပဲ လူအားလုံးက ထိုမဖြစ်နိုင်သော တာ၀န်အား သူမည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သိချင်နေကြပေလိမ့်မည်။
၀မ်ချောင်မှနေ၍ ကမ္ဘာကူးပြောင်းလာသည့် ၀တ္ထုရှည်များထဲကကဲ့သို့ မရေမတွက်နိုင်သော ဆင်ခြေဆင်လက် ဆင်နားရွက်များ လွယ်လွယ်ကူကူ ပေးလို့ရ၏။ ဥပမာအားဖြင့် ပါရဂူတစ်ယောက်မှ ယောင်ကလန်၏ အကွက်ချမှုအား သူ့ကို ပြောပြခဲ့သည်ဟူ၍၎င်း သို့မဟုတ် ယောင်ကလန်မှ ၀မ်ကလန်အား တိုက်ခိုက်ရန် ကြံစည်နေသည်အား မတော်တဆ ကြားသိခဲ့ရခြင်းကြောင့် သူ၏ဖခင်အား ကြိုတင် သတိပေးခဲ့သည် ဟူ၍တစ်ဖုံ အမျိုးမျိုး လုပ်ကြံဇာတ်ခင်း၍ ရနိုင်သည်။
ထိုသို့သော ဆင်ခြေများကို သူတို့ လက်ခံကြမည်ဖြစ်သော်လည်း သူ၏ နဂိုအကြံအစည်ဖြင့်မူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။
သူက ကလန်အတွင်းသို့ ထဲထဲ၀င်၀င် ၀င်ရောက်ချင်၍ အထူးအသိအမှတ်ပြုခံရသည့် ကလန်၀င်တစ်ယောက် ဖြစ်ချင်သည်ဖြစ်ရာ သူ၏ လုပ်နိုင်စွမ်းအပြည့်အ၀နှင့် ပါရမီအလုံးစုံအား ထုတ်ပြရပေမည်။ သို့မှသာ ထိုသူတို့၏ စိတ်ထဲ၌ ဖျောက်ဖျက်မရနိုင်သော ခံစားမှုတစ်ချို့ အား ချန်ခဲ့နိုင်ပေလိမ့်မည်။
“ ဦးကြီး... သိပ်မကြာသေးခင်က မာကျောက်ဆိုတဲ့သူက ကျွန်တော့်နာမည်ကို အသုံးပြုပြီး မိန်းမပျိုတစ်ယောက်ကို အဓမ္မ ကျင့်ခဲ့တယ်ဆိုတာ ဦးကြီး မှတ်မိသေးလား သိချင်မိရဲ့ ”
၀မ်ချောင် ခေါင်းမော့လိုက်ကာ အလယ်ထိုင်ခုံတွင် ထိုင်နေသော သူ၏ ဦးကြီး၀မ်ကျန်အား ကြည့်လိုက်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ ငါ မှတ်မိတယ်... ”
၀မ်ကျန် ပြောလိုက်ကာ သူ့မျက်နှာမှာတော့ ထူးမခြားနားပင်ဖြစ်နေသော်လည်း သူ့နှလုံးခုန်နှုန်းပင် ခေတ္တ ရပ်တန့်သွားကာ ဆန်းကြယ်သော ခံစားချက်တစ်ခုက သူ့စိတ်ထဲ၌ ဖြတ်ပြေးသွားသည်။
၀မ်ကလန်ထဲ၌ သူသည် အကြီးဆုံးသားဖြစ်သည်။ လူအိုကြီးကပင် ယုံကြည်စိတ်ချကာ အာဏာနှင့် လွှမ်းမိုးမှု အားလုံးနီးပါး သူ့ကို လွဲအပ်ထားသည်ဖြစ်ရာ သူ့အား ၀မ်ကလန်ထဲတွင် နှိုင်းယှဉ်မရနိုင်သည့် အနေအထားတစ်ခုကို ရရှိစေသည်။ ၀မ်ကလန်ထဲ၌ သူ့အား မကြောက်ရွံသည့်သူဟူ၍ မရှိသလောက်ပင်။
၀မ်ချောင်ကို အသာထား ၀မ်ကျူးယန်နှင့်ကလန်၏ အခြား လူငယ်မျိုးဆက်များအားလုံး၊ ၀မ်ရူရွှမ်းအပါအ၀င်၊ ကျောက်ရှုဟွာနှင့် အခြားကလန်အကြီးအကဲများကပင် သူ့အား ကြောက်ရွံ့ကြလေသည်။
၀မ်ချောင်က သူနှင့် အကြိမ်အနည်းငယ်ခန့် တွေ့ဆုံဖူးပြီး အကြိမ်တိုင်း သူ၏တည်ရှိမှုအောက်တွင် အသက်ပင် ရဲရဲမရှူရဲကာ သတ္တိကြောင်၍ နောက်ဆုတ်သွားမြဲပင်။ သို့သော် ယခုတစ်ကြိမ်၌မူ ၀မ်ကလန်၏ အသုံးမကျသော ‘ အရှုံးသမား ’က သူ့အား တည့်တည့်စိုက်ကြည့်နေသည်သာမက ကြောက်ရွံ့နေပုံလည်း မရချေ။
ထိုအရာမှာ ၀မ်ချောင်၏ အစ်ကိုကြီးဖြစ်သူပင် မလုပ်ဝံ့သည့်အရာဖြစ်ပေရာ.....
“ ဒီကောင်လေးက.............. ”
၀မ်ကျန် ငေးငိုင်သွားသည်။ အမှန်အားဖြင့် သူ ဤနေရာသို့ မလာခင်က ၀မ်ယန် ပြောခဲ့သည့် အကြောင်းအရာ အလုံးစုံအား သူ မယုံကြည်ပေ။ ၀မ်ချောင်၏ လုပ်နိုင်စွမ်းအရဆိုလျှင် ဤကလေးမှ ၀မ်ယန်အား ညွှန်ကြားနိုင်လိမ့်မည်ဟု ၀မ်ကျန် စိတ်ကူးယဉ်ကြည့်၍ပင် မရခဲ့ချေ။
ဖြစ်နိုင်သည်က ၀မ်ယန်မှ သူ့သားအား လူအိုကြီး၏ စိတ်၀င်စားမှုခံရစေရန် ပြုလုပ်သည်သာ ဖြစ်နိုင်ချေများပေသည်။ ထို့ကြောင့်သာ ယခုဖြစ်ရပ်အား နောက်ခံအဖြစ် အသုံးချခဲ့ခြင်း ဖြစ်ရပေမည်။
သို့သော် ၀မ်ချောင်၏ တည်ငြိမ်မှုနှင့် မထင်ထားသော ခံယူချက်တို့ ၀မ်ကျန်အား ရုတ်ချည်း မသေချာ မရေရာ ဖြစ်သွားစေသည်။ နိုင်ငံရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် မည်သူက အမှန်တကယ် စိတ်တည်ငြိမ်သည် မည်သူက တည်ငြိမ်ဟန်ဆောင်နေသည်ကို သူ ကောင်းစွာ ခွဲခြားနိုင်သည်။
သူ့ရှေ့၌ရပ်နေသည့် ၀မ်ချောင်မှာ သူ၏မှတ်ဉာဏ်ထဲမှ ၀မ်ချောင်နှင့် တစ်နေရာမှ တူညီမနေပေ။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 39.
လူတစ််ဦး၏ ထက်မြက်မှုအကြောင်း ဖွင့်ဟပြခြင်း
၀မ်ချောင်က သူ့ဦးကြီး၏ အတွေးထဲတွင် ဖြစ်ပေါ်နေသည်များကို ကောင်းစွာနားလည်သည်။ အရိုးသားဆုံး ၀န်ခံရလျှင် ၀မ်ချောင်မှာလည်း သူ့ဦးကြီးအား သဘောကျသည် မဟုတ်ပေ။ ထိုသူက အမြဲတမ်းလိုလို အထက်စီးမှနေ၍ သူ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုလျက် မိသားစု၀င်များအား နှိမ့်ချ ဆက်ဆံလေ့ရှိသည်။
၀မ်ချောင်၏ မိဘများရှေ့တွင်လည်း မာနထောင်လွှားကာ သူတို့အား အထင်မြင်သေးပြန်သည်။
၀မ်ချောင် သူ့အား သဘောမကျသလို ဦးကြီးကလည်း ၀မ်ချောင်အပါအ၀င် သူ့မိဘများသာမက သူ၏အစ်ကိုကြီး၊ သူ၏ဒုတိယအစ်ကို၊ သူ၏ညီမငယ်မှစ၍ သူ၏မိသားစုတစ်ခုလုံးအား သဘောမကျကြောင်း သူသိထားလေသည်။
အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ၀မ်ချောင်မှ သူရှေ့၌ ထိုလူအား ပေါ်မလာစေချင်ပေ။
မည်သို့ပင်ဆိုစေ သူ၏ မုန်းတီးသည့် ခံယူချက်ကို ဘေးဖယ်ထားလျှင်တောင် ၀မ်မိသားစုက သူနှင့် ကတောက်ကဆပင် မဖြစ်ဖူးလေရာ အာဃာတတရားဆိုလျှင် ပြောနေစရာမလိုအောင် မရှိချေ။
ဤဖြစ်ရပ်ကိုပင် ဥပမာထား၍ ပြောရမည်ဆိုလျှင် အကယ်၍ ၀မ်ချောင်၏ဖခင်သာ ယောင်ကွမ်းရီ၏ အကွက်ချမှုအောက် သက်ဆင်းခဲ့ရပါက ၀မ်ယန်တစ်ယောက်ထဲသာ ရာထူးပြုတ်မည်မဟုတ်ပဲ သူ့ဦးကြီး အပါအ၀င် ၀မ်ကလန်တစ်ခုလုံး ထိုကိစ္စရပ်တွင် ပါ၀င်သွားပေလိမ့်မည်။
ထိုကြောင့် သူ့ဦးကြီးမှာ သူ၏မိဘများအား မုန်းတီးနေသည်ဆိုသော်လည်း ဤနေရာသို့ အပြေးအလွှား လာရောက်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အချိန်ကိုက်နေသည်ကို သူက အနာပေါ် ဆားမပက်ခဲ့သည့်အပြင် သူ တတ်စွမ်းသမျှ ကိုယ်စွမ်းဉာဏ်စွမ်းအား အသုံးပြုလျက် ၀မ်ချောင်၏ ဖခင်အား ကူညီရန် ကြိုးစားခဲ့သေသည်။
ထိုအရာမှာ ၀မ်ကလန်၏ အမှန်တရားပင် ဖြစ်၏။ သူတို့စိတ်ထဲတွင် အမှောင်ခြမ်းများကိုယ်စီကိုယ်ငှ ရှိကြသော်လည်း လူတိုင်းက သွေးမျိုးဆက် တစ်ခုတည်းမှ ဆင်းသက်လာသူများဖြစ်ရာ လူတိုင်းက ၀မ်ကလန်၏ သားစဉ်မြေးဆက်များပင် ဖြစ်လေသည်။ တစ်လှေတည်းစီး တစ်ခရီတည်းသွားသူများ ဖြစ်သည့်အတွက် အရေးအကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာရာ၌ လူတိုင်းအပေါ် သက်ရောက်ခံရပေလိမ့်မည်။
ထိုအကြောင်းများကြောင့် ၀မ်ချောင် သူ၏ဦးကြီးအား သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ၀မ်ချောင်မှ ၀မ်ကလန်၏ ကံကြမ္မာအား ပြောင်းလဲချင်သည်နည်းတူ အလယ်ပိုင်းလွင်ပြင်၏ ကံကြမ္မာကိုပါ ပြောင်းလဲချင်သည်ဆိုပါက သူ့ဦးကြီးနှင့် ပူးပေါင်းကာ သူ့ထံမှ အထောက်အပံ့ကို လိုအပ်ပေသည်။
“ ကျွန်တော် မာကျောက်နဲ့ သိကျွမ်းခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ.. ပြီးတော့့ ကျွန်တော် သူနဲ့ ပေါင်းသင်းနေတုန်းကလည်း သူ့ကို စိတ်တူကိုယ်တူ သဘောထားပြီး ဆက်ဆံခဲ့တယ်.. ကျွန်တော် တတ်စွမ်းသမျှ ရိုးရိုးသားသား ပြုစုပေးခဲ့တယ်.. ဒါပေမဲ့ သူကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်လို့ မထင်မိခဲ့တဲ့ အပြင် သူက နေ့ခင်းကြောင်တောင် မိန်းမပျိုတစ်ယောက်ကို အဓမ္မပြုကျင့်ပြီးတော့ သူမကို ကျွန်တော့ဆီခေါ်ခဲ့ဖို့ ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကို အမိန့်ပေးခဲ့တာပါလို့တောင် ထွက်ဆိုလိုက်သေးတယ်.. နောက်မှ တစ်ဖြည်းဖြည်းနဲ့ မာကျောက်ဆိုတာ ယောင်ဖုန်းရဲ့ အမိန့်နဲ့ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ ချည်းကပ်လာတဲ့ နယ်ရုပ်တစ်ရုပ်မှန်း သိလိုက်ရတယ် ”
၀မ်ချောင်မှ ‘ မခံမရပ်နိုင်သော ’အမူအရာဖြင့် ပြောဆိုနေသည်။ တစ်ချိန်တည်း၌ သူ့စိတ်မှာလည်း ကဆုန်ပေါက် ပြေးလွှားနေကာ သူ ပြောသင့်သည့် စကားလုံးများအား စီလိုက်ရင်း...
“ ဒီတစ်ကြိမ်က ကျွန်တော့ရဲ့ စိတ်နှလုံးတံခါးကို ဖွင့်ပြီး မိတ်ဆွေရှာတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလိုနဲ့ အဆုံးသတ်သွားရလိမ့်မယ်လို့ ဘယ်ထင်ခဲ့မိမှာလဲ ”
“ ယောင်ကလန်ရဲ့ကုန်းကျီ ယောင်ဖုန်းက မာကျောက်ကို ဒီလိုကိစ္စမျိုးလုပ်ဖို့ စေခိုင်းခဲ့တာလား.. ဒီဖြစ်ရပ်မှာ ဒီလိုနောက်ကြောင်းမျိုး ရှိနေတယ်ဆိုတာ ဒေါ်ကြီး မသိထားခဲ့ဘူး.. သားက ကြိုးကြာပျံဝဲစံအိမ်ကို အဆင်ခြင်မဲ့ ပြေး၀င်သွားတာ အံ့သြစရာ မဟုတ်တော့ပါဘူး ”
ဒေါ်ကြီး ၀မ်ရူရွှမ်းမှ ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်။ သူမက အမျိုးသမီးဖြစ်သည့်အတွက် လက်ထပ်ထိမ်းမြားပြီးချိန်၌ သူမအား ၀မ်ကလန်၀င်တစ်၀က်ဟုသာ သတ်မှတ်ထားနိုင်တော့သည်။ ထို့အတွက်ကြောင့် ကလန်ရေးရာကိစ္စရပ်များနှင့် ပက်သက်၍ သူမကိုယ်သူမ စိတ်အနှောင့်အယှက် အဖြစ်ခံလေ့မရှိပေ။
၀မ်ချောင်နှင့်ယောင်ဖုန်း၏ ရန်ပွဲက အင်ပါယာအရှင့်နားတော်ပါးထိ ပေါက်ရောက်ခဲ့သည်ကို သူမ နားလည်သော်လည်း ထိုဖြစ်ရပ်တွင် နောက်ကြောင်းရာဇ၀င်များ ရှိသေးသည်ကို သူမ မသိရှိခဲ့ပေ။
“ မင်း အဓိက ပြောချင်တာက ဘာလဲ..... ”
ဦးကြီး ၀မ်ကျန်မှ ပြောင်းလဲခြင်းမရှိ မေးလိုက်ပြန်သည်။
မာကျောက်ပါ၀င်သည့် ထိုကိစ္စ၏ နောက်ကွယ်မှ လက်မဲကြီးအား သူအစောကတည်းကပင် သိထားပြီးဖြစ်သည်။ ထိုဖြစ်ရပ် ဖြစ်လျှင်ဖြစ်ပြီးချင်း ထိုသူများအပေါ် သင့်တင့်လျောက်ပတ်စွာ စစ်ဆေး မေးမြန်းခဲ့ပြီး အကယ်၍ သူသာ ထိုအကြောင်းအရာများအား ပိတ်ဆို့ထားခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ၀မ်ချောင် အဖမ်းဆီးခံရကာ မိန်းမပျိုတစ်ယောက်ကို အဓမ္မပြုကျင့်သည့်အတွက် ထောင်နန်းစံနေရပေလိမ့်မည်။
မည်သို့ဆိုစေ ထိုအကြောင်းအားလုံးကို သူပြောပြမည်မဟုတ်။
၀မ်ကျန်က ၀မ်ချောင်သည် အပြစ်သား ဟုတ်၏ မဟုတ်၏ကို နည်းနည်းမှ ဂရုမစိုက်။ ယောင်ဖုန်းသာ ၀မ်ချောင်အား ထိခိုက်နစ်နာစေရန် ဦးစွာ ပြုခဲ့သည် မပြုခဲ့သည်ကိုလည်း စိတ်ထဲမထား။ သူ့စိတ်ထဲရှိသည်က ကြိုးကြာပျံဝဲစံအိမ်တွင် ၀မ်ချောင်မှ ယောင်ဖုန်းအား ရိုက်နှက်လိုက်သည့်အတွက် ယောင်လူအိုကြီးမှ အင်ပါယာအရှင်ထံ အစီရင်ခံလိုက်သည်ကိုသာ ဖြစ်သည်။
ထို မကြေလည်မှုထဲမှ ကောင်းကျိုးမပြုနိုင်သော အကျိုးသက်ရောက်မှု ရှိမရှိကိုသာ ၀မ်ကလန် စိတ်၀င်စားလေသည်။
ထိုအရာကသာ သူနှင့် သက်ဆိုင်သောအရာပင်။
ဖြစ်စဉ်တစ်ခုလုံးထက် အဆုံးသတ်ကသာ အရေးပါလေသည်။
ထိုအကြောင်းကြောင့်ပင် တော်၀င်ရုံးတော်၏ အစည်းအဝေး ပြီးလျှင်ပြီးချင်း ၀မ်မိသားစုထံ ဒေါကြီးမောကြီး ရောက်လာခဲ့ရခြင်းဖြစ်၏။ ၀မ်ချောင် ချောက်ချခံရခြင်း ဖြစ်သည် မဖြစ်သည်မှာ အရေးပါသောအရာ မဟုတ်ပေ။
၀မ်သခင်မကြီးမှ ရှက်ရွံနေသော အမူအရာဖြင့် ဘေးမှ ထိုင်၍သာ ကြည့်နေသည်။ သူမ၏ နှုတ်ခမ်း လှုပ်ရှားသွားသော်လည်း ဤနေရာ၌ သူမ စကား၀င်ပြောရန်မသင့်ဟု ခံစားလိုက်ရပြန်သည်။
“ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ ဒီအသုံးမကျတဲ့ တူလေးက နိုးထခဲ့ပြီး အတိတ်မှာ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်ဆိုတာကို နားလည်ခဲ့တယ် ”
၀မ်ချောင်မှ ၀မ်ကျန်၏ အတွေးများအား နားလည်နေသော်လည်း သူ အလေးမထားပဲ သူ့ပုံပြင်ကိုသာ ဆက်ပြောဆိုနေလိုက်သည်။
၀မ်ကျူးယန်နှင့် ၀မ်ရူရွှမ်းတို့မှာ ခေါင်းတညိမ့်ညိမ့်နှင့်။ သူတို့က ၀မ်ချောင်၏ ပြောင်းလဲလာမှုများအား မြင်နေရသည် ဖြစ်သော်လည်း ထိုပြောင်းလဲမှု နောက်ကွယ်မှ အကြောင်းပြချက်အား သူမတို့ မသိထားကြပေ။
၀မ်ချောင်၏ စကားများအား သူတို့ လက်သင့်ခံနိုင်ကြသည်။ မာကျောက်၏ လက်ထဲတွင် ၀မ်ချောင် အရှက်တကွဲ အကျိုးနည်းခဲ့သည်ကိုပင် ထိုကိစ္စကြောင့် မပြိုလဲသွားသည့်အပြင် နိုးထခဲ့လေသည်။ ထိုသို့သော အချင်းအရာက ၀မ်ကလန် ၀မ်းမြောက်ဂုဏ်ယူရမည့် အရာဖြစ်၏။
အကြောင်းအရာများအား ဖွင့်ဟအပြီး ဖြစ်ပေါ်လာသော အကျိုးဆက်အား ၀မ်ချောင် ကျေနပ်နေလျက် စကာဆက်လိုက်သည်တွင်....
“ ယောက်ဖုန်းက တူလေးကို ဒီလိုဆက်ဆံခဲ့တာ.. သဘာ၀ကျကျပြောရရင် တူလေးလဲ ဒီကိစ္စ လွယ်လွယ်နဲ့ အဆုံးသတ်သွားတာကို ဘယ်ကျေနပ်နိုင်မလဲ.. ဒါကြောင့် သူ့ကို အနီးကပ် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ဆီ အရောက်သွားပြီး ပါးနားဆွဲရိုက်ပေးလိုက်တယ်.. အဖြစ်သနှစ် အမှန်ကတော့ ဒီအတိုင်းပါပဲ.. မထင်ထားတာ တစ်ခုက ယောင်ကွမ်းရီက တူလေးရဲ့အဖေကို ကြိုးကြာပျံဝဲစံအိမ်ကိုလာဖို့ ဖိတ်ခေါ်တယ်ဆိုတာက စုန့်ဘုရင်ဆီကနေ အဖေ့ကို ခွဲထုတ်ဖို့ အကွက်ချမှုဖြစ်တယ်ဆိုတာ အမှတ်မထင် ကြားခဲ့ရတာပဲ.. ”
ပင်မခန်းဆောင်ထဲ၌ ၀မ်ချောင်၏ ဦးကြီးဖြစ်သူ ၀မ်ကျန်၊ ဒေါ်ကြီး ၀မ်ရူရွှမ်း၊ ဦးလေး လီလင်းနှင့် ၀မ်းကွဲ ၀မ်ကျူးယန်တို့အားလုံး တုန်လှုပ်သွားကြသည်။ ၀မ်ချောင်၏မိခင်ဖြစ်သူပင် မျက်နှာပေါ်မှ အံ့သြ ထိတ်လန့်နေမှုအား ဖုံးကွယ်မထားနိုင်ပေ။ သိသာထင်ရှားစွာ ၀မ်ချောင်ထံမှ ထိုဖြစ်ရပ်၏ နောက်ကွယ်မှ ‘ အမှန်တရား ’ အား ကြားသိရသည့် ဦးဆုံးအကြိမ် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။
ယောင်ဖုန်းမှ မာကျောက်အား စေခိုင်း၍ ၀မ်ချောင်အား အပုပ်ချခိုင်းခြင်း၊ ထို့အတွက် ၀မ်ချောင်မှ ယောင်ဖုန်းကို ဒေါကန်သွားကာ ယောင်ဖုန်းအား ရည်ရွယ်ချက်ရှိရှိ သွားရောက် ရိုက်နှက်ခဲ့ခြင်း၊ ထိုသို့ လုပ်ခဲ့စဉ် သူက မမျှော်လင့်ပဲ ယောင်ကလန်မှ ၀မ်ကလန်အား အပြုတ်နှံချင်နေသည်ကို ကြားသိခဲ့ရခြင်း။ ထိုရှင်းပြချက်တစ်ခုလုံးက ကျိုးကြောင်းဆီလျော်နေကာ လူတိုင်း လက်ခံနိုင်ကြသည်။
အကယ်၍ ယောင်ကလန်သာ ဤဖြစ်ရပ်များကြောင့် ပြိုလဲသွားခဲ့လျှင် ကိုယ့်ရှူးကိုယ်ပြန်ပက်ခြင်း ကြောင့်သာ ဖြစ်ပေမည်။ ယောင်ကွမ်းရီ၏ အရှုံးတရားက အံ့သြစရာတစ်ခု မဟုတ်တော့ပေ။
သူတို့၏ တုံ့မြန်မှုများအား မြင်နေရသည်တွင် ၀မ်ချောင် ကျေနပ်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ထိုဆင်ခြေမှာ သူ့ခေါင်းထဲမှ ညှစ်ထုတ်ထားခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ သူသာ အခြားသခင်လေးတစ်ချို့နှင့် လည်ပတ်ခဲ့ပြီး ထိုသူများထံမှ ကြားသိခဲ့ရသည်ဟု ပြောမည်ဆိုလျှင် သူ၏ ဦးကြီးက ထိုအရာမှ ကံကောင်းခြင်းဟုသာ မှတ်ယူမည်ဖြစ်ပြီး သူ့ကိုယ်ပိုင် စွမ်းရည်တစ်ခုအဖြစ် အသိအမှတ်ပြုမည် မဟုတ်ပေ။
မည်သို့ဆိုစေ အကယ်၍ သူက ကလဲ့စားချေရန် ယောင်ဖုန်းထံ ပြေး၀င်သွားခဲ့ပြီးနောက် ယောင်ကလန်၏ အကြံအစည်များအား ကြားသိခဲ့ရသည်ဟုဆိုလျှင် ထိုအရာက ဖြစ်ရပ်တစ်ခုလုံးအား အခြား အဓိပ္ပာယ်တစ်ခု သက်ရောက်သွားစေလိမ့်မည်။ ----- အနည်းဆုံးအနေဖြင့် ထိုအရာမှာ သူ၏ ‘ ကြိုးစားမှု ’ကြောင့်သာ ဖြစ်ပြီး ကံကောင်းခြင်းကြောင့် မဟုတ်ကြောင်း အဖြေထွက်ပေလိမ့်မည်။
“ ယောင်ကွမ်းရီဆိုတာ ဉာဏ်နီဉာဏ်နက်များတဲ့သူ.. သူ့လိုလူက အဖေ့ကို တွေ့ဆုံဖို့ ဖိတ်ခေါ်တယ်ဆိုတာ ဘယ်လိုမှ သဘောရိုး မဖြစ်နိုင်ဘူးလေ.. ဒါကို တူလေးက သိလို့ပဲ သူတို့ရဲ့ တွေ့ဆုံမှုကို ဘယ်လိုပဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိ သွားဖျက်ဆီးချင်ခဲ့တာ... ဒါပေမဲ့ ကြိုးကြာပျံံစံအိမ်ဆိုတာကလည်း ယောင်ကလန်ရဲ့ လက်ရွေးစင်တွေ စောင့်ကြပ်ထားတဲ့နေရာမဟုတ်လား.... အပြင်လူတစ်ယောက်က ၀င်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ.. ဒါကြောင့် အထဲ၀င်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေတာကြောင့် မာကျောက်ကို အစားထိုး အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်.. ”
ထို့နောက် ၀မ်ချောင်မှ မာကျောက်နှင့် ပက်သက်၍ ဖြစ်ပျက်ခဲ့သည်များအား ဖြစ်ကြောင်းကုန်စင် ပုဆိုးရေညှစ် ပြောပြလိုက်သည်။ လူတိုင်းက မာကျောက်နှင့် ပက်သက်သည့် သတင်းများအား အနည်းအကျဉ်း ကြားသိထားကြရာ ထိုအကြောင်းအရာအား ပြောဆိုရာတွင် လှည့်စားရန် မလိုအပ်တော့ပေ။
“ ဒါကမှ အဓိပ္ပါယ်ရှိသေးတယ်.. မင်းအနေနဲ့ မာကျောက်ကို အသုံးချဖို့ စဉ်းစားနိုင်တယ်ဆိုတာ.. ကြည့်ရတာ မင်းဆီမှာ သုံးစားလို့ရသေးတဲ့ ဦးနှောက်တစ်ခြမ်း ကျန်သေးသားပဲ ”
ဦးကြီး၀မ်ကျန်မှ ခေါင်းတဆတ်ဆတ်ညိမ့်နေကာ ရှားရှားပါးပါး ၀မ်ချောင်အား ချီးကျူးလိုက်သည်။
ထူးဆန်းနေသော မျက်နှာ အမူအရာများက ၀မ်ချောင်၏ ဒေါ်ကြီးနှင့် ၀မ်ကွဲတို့ထံ၌ ဖြစ်ပေါ်နေသည်။ တစ်ဖက်တွင် ၀မ်ချောင်၏မိခင်ဖြစ်သူမှာ ၀မ်းသာနေမိသည်။
လူတိုင်းက ဦးကြီး၀မ်ကျန်မှာ စည်းကမ်းတင်းကျပ်သည့်သူ ဖြစ်ကာ ပြုံးခဲရယ်ခဲလှပြီး အခြားသူအား ချီးကျူးရန်ဆိုလျှင် မဖြစ်နိုင်ကြောင်း သိထားကြသည်။ ထိမ်းမြားအပြီး ၀မ်ကလန်သို့ လိုက်နေခဲ့သည့် တစ်သက်တာလုံး၌ ၀မ်သခင်မကြီးမှ သူ့သားအား အခြားသူတစ်ယောက်မှ ချီးကျူးခြင်းကို ပထမဆုံး ကြားဖူးခြင်းဖြစ်လေသည်။
သိသိသာသာပင် ၀မ်ချောင်၏ ကြိုးကြာပျံဝဲစံအိမ်ရှိ လုပ်ရပ်ကို ဦးကြီးမှ လက်ခံခဲ့သည်။
( ဘယ်လိုတောင် ပေါကြောင်ကြောင် ခံစားမှုကြီးလဲဟ )
၀မ်ချောင်က သူ့၀မ်ကွဲ ၀မ်ကျူးယန်မှ သူ့အား မျက်စိတစ်ဖက် မှိတ်ပြနေသည်ကို မြင်လိုက်ရသည်။ မတတ်သာပေ အခြေအနေများက အံ့သြဖွယ်ပင်။ အချိန်အတော်ကြာသည့်တိုင်အောင် သူနှင့် သူ၏ ဦးကြီးတို့က အချင်းချင်း အပြန်အလှန် အမြင်စောင်းမှုများသာ ဖလှယ်ခဲ့ကြသည်ဖြစ်ရာ တစ်ဖက်လူ၏ ချီးကျူးခံလိုက်ရခြင်းက ဆန်းကြယ်သည့် ခံစားမှုအား ပေးစွမ်းနေသည်။
မည်သို့ပင်ဖြစ်စေ သွေးက ရေထက် ပျစ်သည်မဟုတ်လော။ သူတို့က သွေးမျိုးဆက်တစ်ခုတည်းမှ ဆင်းသက်ခဲ့ခြင်းဖြစ်ရာ ၀မ်ချောင်မှ အကြီးတစ်ယောက်၏ အသိအမှတ်ပြုခြင်းအား ခံရသည်တွင် ၀မ်းသာမိသည်။ သို့သော် ၀မ်ချောင်မှ သူ၏တင်ဆက်မှုအား ပီတိဖြစ်၍ပင်မဆုံးသေး သူ့ဦးကြီး၏ သြဇာပြည့်ဝသောအသံအား တစ်ဖန်ကြားလိုက်ရကာ.....
“ ငါမင်းကို ကြိုးကြာပျံဝဲစံအိမ်မှာ ဘာဖြစ်ခဲ့လဲ မေးနေတာမဟုတ်ဘူးနော်... ကြိုးကြာပျံဝဲစံအိမ်မှာ ယောင်ဖုန်းဆီကနေ အဲ့ဒီကိစ္စကို အမှတ်တမဲ့ ကြားခဲ့သလို စုန့်ဘုရင် မင်းအဖေကို ဆင့်ခေါ်တဲ့ ကိစ္စကိုလဲ ဒီအတိုင်းပဲ တွက်ပေးလိုက်မယ်ကွာ.. ဒါဆိုရင် နယ်စပ်ကအကြောင်းကရော ဘယ်လိုလဲ.. ဒါလဲ မင်း အမှတ်တမဲ့ကြားခဲ့တာပဲလားကွ.. ”
“ ယောင်ကွမ်းရီကို ငါသိခဲ့တာ နှစ်ပေါင်းမနည်းတော့တဲ့အပြင် တော်၀င်ရုံးတော်မှာလဲ သူနဲ့ ခဏခဏ အချေအတင် ဖြစ်ခဲ့ဖူးတယ်.. သူ့ရဲ့ ဦးတည်ချက်နဲ့ စရိုက်ကို ငါ ကောင်းကောင်းလေး သိထားတယ်.. ကြိုးကြာပျံဝဲစံအိမ်နဲ့ စုန့်ဘုရင်ခြံ၀င်း နှစ်ခုလုံးက မြို့တော်ထဲမှာပဲရှိပြီး ယောင်ဖုန်းကလဲ ကြိုးကြာပျံဝဲစံအိမ်ကို နေ့တိုင်းသွားနေတဲ့ကောင်ဆိုတော့.. သူ့ဆီကနေ ကြားခဲ့တယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ဘူး ”
“ ဒါပေမဲ့ နယ်စပ်ကအကြောင်းအရာကတော့ လုံး၀ မတူတော့ပြန်ဘူး.. ယောင်ကွမ်းရီရဲ့ အကြံက လူနည်းနည်းပဲသိလေ အောင်မြင်နိုင်ချေများလေဆိုတဲ့ အကြံမျိုး..ယောင်ကွမ်းရီရဲ့ စရိုက်အရဆိုရင် သူနဲ့ အရင်းနှီးဆုံး သူတွေကိုတောင် သူ့အကြံအစည်အကြောင်း အသိပေးမှာမဟုတ်ဘူး..သူ့သားဆို ပိုတောင်ဝေးသေးတယ်.. ဒါဆိုရင် မင်းက ဘယ်လိုလုပ် သူ ဒီနည်းလမ်းကို သုံးလိမ့်မယ်ဆိုတာ သိနေပြီး မင်းအဖေကို နောက်ကို လီငါးဆယ် ကြိုတင်နောက်ဆုတ်စေဖို့ ပြောနိုင်ရတာလဲ ”
ယောင်ကွမ်းမှာ သာမညောင်ည လူတစ်ယောက်မဟုတ်ပေ။ ၀မ်ကျန်မှ ထိုအချက်အား အခြားသူများထက် ကောင်းစွာ နားလည်ထားသည်ဖြစ်သလို ၀မ်ချောင်ထက်ပို၍ ကျွမ်း၀င်မှု ရှိထားသည်။ ထိုသူက သူ၏အကြံအစည်များအား အမြဲတမ်းလိုလို လျှို့ဝှက်စွာဖြင့် အသေးစိတ် စီစဉ်ထားတတ်ရာ ထိုသူ၏ ကြိုတင်ပြင်ဆင်တတ်မှုများကြောင့် တစ်ခါမှ လွဲချော်ဖူးသည်ဟူ၍ မရှိချေ။
အကယ်၍ ၀မ်ချောင်မှ ကြိုးကြာပျံဝဲစံအိမ်မှ အဖြစ်အပျက်အား ယောင်ဖုန်းထံမှ မတော်တဆ ကြားသိခဲ့သည်ဆိုလျှင် ထိုအရာက နားလည်ပေးနိုင်သေးသည်။ မည်သို့ဖြစ်စေ ယောင်ကွမ်းရီမှ နယ်စပ်တွင် ၀မ်ယန်အား အကွက်ဆင်ရန် ရည်ရွယ်ထားသည်ကို ၀မ်ချောင် နားစွန်နားဖျား ကြားမိရန်မှာတော့ လုံး၀ မဖြစ်နိုင်ပေ။
တော်၀င်ရုံးတော်၌ အာဏာကြီးမားသည့်သူ ဖြစ်သည့်အားလျော်စွာ ၀မ်ကျန်က မြို့တော်၌ နားနှင့် မျက်စိ အများအပြားရှိသောကြောင့် သတင်းများအား သူ့ထံ မရောက်ရှိစေရန် လုပ်ဆောင်မည်ဆိုပါက လွယ်ကူမည် မဟုတ်ပေ။ သို့တိုင်အောင် ယောင်ကွမ်းရီ မြို့တော်မှ တိတ်တဆိတ် ထွက်ခွာသွားသည်ဟု သူ ယောင်ရမ်း၍ပင် မကြားမိချေ။
တူညီစွာပင် စစ်တပ်ထဲမှ လူအိုကြီး၏ အသိအကျွမ်းဟောင်းများနှင့် တပည့်တပန်းများထံမှလည်း သတင်းထွက်ပေါ်လာခြင်း အလျဉ်းမရှိ။
သူတို့ နှစ်ဦးပင်လျှင် မသိရှိသော သတင်းတစ်ခုအား ၀မ်ချောင် မည်သည့်နေရာမှ ကြားသိခဲ့လေသနည်း။
“ လာမယ်လေဗျာ...... ”
၀မ်ချောင်၏ ဦးခေါင်းထဲ၌ လျှပ်စီး တစ်ချက်လက်သွားသည်။ ဤအရာမှာ ယနေ့ တင်ဆက်ခဲ့သည့် ပြဇာတ်၏ အထွတ်အထိပ်ပင် ဖြစ်လိမ့်မည်။ ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေး၊ ဖခင်နှင့်အခြားသူများက ယောင်ကွမ်းရီ၏ ခြေလှမ်းအား အတိအကျမသိနေသော်လည်း ထိုသူ၏ စရိုက်လက္ခဏာကိုတော့ ကောင်းစွာ သိနားလည်ထားကြသည်။
မြို့တော်ရှိ အရေးကိစ္စများကို အတော်များများ တီးမိခေါက်မိရှိသော ဦးကြီးပင် ယောင်ကွမ်းရီမှ နယ်စပ်တွင် ၀မ်ချောင်၏ ဖခင်အား အကောက်ကြံမည်ကို မသိထားလေရာ ၀မ်ကလန်၏ ‘ အသုံးမကျသောသူ ’ကမူ ကြိုတင် သိမြင်နေလေသည်။ ထိုအချက်ကပင် ၀မ်ချောင်၏ အဘိုးဖြစ်သူ အပါအ၀င် လူများစွာအား ဦးနှောက်ခြောက် စေခဲ့ခြင်း ဖြစ်သည်။
နယ်စပ်တွင် တာ၀န် ဆက်လက်ထမ်းဆောင်နေရသည့် သူ့ဖခင်ပင်ဖြစ်စေ၊ လေးပြည်နယ်သံရုံးတွင် ရှိနေသည့် သူ့အဘိုးပင်ဖြစ်စေ၊ သူ့ရှေ့၌ ရှိနေသည့် ဦးကြီးပင်ဖြစ်စေ လူတိုင်းက ထိုအဓိက အချက်အား စိတ်၀င်စားနေကြမည်မှာ မလွဲဧကန်ပင်။ သူက သူတို့အား သိမ်းသွင်းကာ ၎င်းတို့ သူ့အပေါ်ထားရှိသော ခံစားချက်အား ပြောင်းလဲနိုင်ပြီး ကလန်မှ အထူးအသိအမှတ်ပြုရသောသူ ဖြစ်လာမည် မဖြစ်လာမည်က ယခုအချက်အပေါ်တွင် မူတည်နေပေသည်။
“ ဒီတူလေးက ကြားခဲ့တာမဟုတ်ဘူး... ခန့်မှန်းလိုက်တာ ”
၀မ်ချောင်ပြောလိုက်သည်။
“ ခန့်မှန်းလိုက်တယ် ဟုတ်လား... ”
၀မ်ချောင်၏မိခင်မှလွဲ၍ လူတိုင်း အလွန်အံ့သြသွားကြသည်။ ဦးကြီး၏ ထူထဲသော မျက်ခုံးမွှေးပင် နဖူးအလယ်တွင် စုနေကာ ၀မ်ကလန်၏ ‘ အသုံးမကျသောသူ ’အား ယခုမှ စတွေ့ဖူးသည်လားဟုပင် အတွေး၀င်စေသည်။
“ မင်းဘယ်လို ခန့်မှန်းလိုက်တာလဲ ”
ဦးကြီး၀မ်ကျန်မှ မေးခွန်းထုတ်လိုက်သည်။ အကယ်၍ ၀မ်ချောင် ထုတ်ပြောလိုက်သည့် ဖြေကြားမှုက ယောင်ဖုန်းထံမှ နားစွန်နားဖျား ကြားခဲ့ခြင်း ဖြစ်နေပြန်မည်ဆိုလျှင်ပင် ယခုလောက် သူ အံ့သြထိတ်လန့် မိမည် မဟုတ်ချေ။
“ ယောင်ကွမ်းရီက သူ လုပ်မဲ့အရာတွေကို အမြဲစေ့စပ်သေချာအောင် လုပ်တတ်တဲ့သူဖြစ်တယ်.. သူရဲ့အကြံအစည်က အဖေ့ကို ချောက်တွန်းပြီး ၀မ်ကလန်နဲ့ ယောင်ကလန်အကြား ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဖို့ကြံတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ဒါက စုန့်ဘုရင်နဲ့ချီဘုရင်ကြားက နိုင်ငံရေး မကျေလည်မှု တစ်မျိုးပဲလေ.. ဒီလို ကိစ္စကြီးရဲ့ ရိုက်ခတ်မှုက တော်တော်ကို ခရီးပေါက်လိမ့်မယ် ”
“ ကြိုးကြာပျံဝဲစံအိမ်က ဖြစ်ရပ်မှာ တူလေးတို့ မောင်နှမနှစ်ယောက်က ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ယောင်ကွမ်းရီဆိုတဲ့လူက လွယ်လွယ်နဲ့ လက်လျော့ခဲ့မယ်ဆိုရင် ဒါက သူ့ရဲ့ ခံယူချက်ကို စော်ကားလိုက်သလိုပဲမဟုတ်လား.. ပြန်စဉ်းစားကြည့်တော့မှ သူ့မှာ တစ်ခြားအကြံအစည် ရှိနေဦးမယ်ဆိုတာ တူလေး သဘောပေါက်လိုက်တယ် ”
“ မြို့တော်က သူ့ရဲ့ အစီအစဉ်က ကျရှုံးသွားတဲ့အတွက် ဒီမှာ သူ ဘာမှ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ.. ဒါကြောင့် အဖေသာ မြို့တော်အပြင်ဖက် ရောက်နေမယ်ဆိုရင် ရင်ဆိုင်ရမှာ အကောင်းဆုံးနည်းလမ်းပဲ.. ဒါကြောင့်မို့လို့ ယောင်ကွမ်းရီ အကွက်ချချင်တယ်ဆိုရင် သူလုပ်လို့ရမဲ့နေရာ တစ်နေရာပဲ ရှိတော့တယ် အဲ့ဒါက အဖေ့ရဲ့ အခြေစိုက်စခန်းပဲ.. ”
“ ဒီတူလေးက မြေပုံကို သေချာလေ့လာကြည့်တဲ့အခါမှာ ယောင်ကွမ်းရီရဲ့ တာ၀န်ကျရာနေရာနဲ့ အဖေ့ရဲ့ စခန်းချရာနေရာက တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးတာ သိလိုက်ရတယ်.. ဒါ့ကြောင့် ဒီတစ်နေရာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ တူလေးက ကောက်ချက်ချလိုက်တာပဲ.. ယောင်ကွမ်းရီ လှုပ်ရှားလောက်မဲ့ အဖြစ်နိုင်ဆုံးနေရာပေါ့... ”
၀မ်ချောင်မှ သူ၏စကားကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပင်မခန်းဆောင်တစ်ခုလုံး အတိ တိတ်ဆိတ်သွားသည်။ အကယ်၍ ယခုအချိန်၌ အပ်တစ်ချောင်း ပြုတ်ကျသွားလျှင်ပင် မိုးခြိမ်းသကဲ့သို့ ကျယ်လောင်စွာ အသံထွက်လာပေလိမ့်မည်။ အချိန်အတန်ကြာသည်အထိ ၀မ်ချောင်အား ကြည့်နေသည့် လူတိုင်း အံ့သြထိတ်လန့်နေဆဲပင်ဖြစ်ကာ ပြောစရာ စကားလုံးများ ပျောက်ရှနေကြသည်။
၀မ်ချောင်၏ စကားများက ယုတ္တိရှိလေသည်။ အကယ်၍ ၀မ်ချောင်၏ အစ်ကိုကြီး သို့မဟုတ် အခြား ပါရမီထူးချွန်သည့် လူငယ်တစ်ယောက်မှ ထိုစကားများအား ပြောမည်ဆိုလျှင် ထိုလူအုပ်မှ အံ့သြမည်မဟုတ်ပေ။
သို့သော်... ၀မ်ချောင်က........................
ထိုအရာက အလွန်ထိတ်လန့်ဖွယ်ရာပင်။
ထိုအချိန်၌ ၀မ်ချောင်၏ ဦးကြီးဖြစ်သူမှအစ စကားပြောရန် မေ့လျော့နေကြသည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 40.
အံ့ချီးမကုန်နိုင်ရာ အနုပညာတစ်ခု
“ သားလိမ္မာလေး.. သားလိမ္မာလေး.. သားက တကယ့်ကိုပဲ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ ”
၀မ်ချောင်၏မိခင်မှာ မျှော်လင့်မထားသည့်အရာကြောင့် ပျော်ရွှင်၀မ်းသာနေလေသည်။ သူမ အစိုးရိမ်လွန်သည်မှ မျက်မှာပေါ်သို့ ကျဆင်းလာသော မျက်ရည်များအား သုတ်လိုက်သည်။ ကြည့်မနေလျှင်ပင် သူမ၏သား စွမ်းဆောင်မှုက ၀မ်ကလန်၀င်တိုင်း၏ အသိအမှတ်ပြုမှုအား ရရှိခဲ့ပြီဖြစ်ကြောင်း သူမ အတပ် ပြောနိုင်သည်။
သူမတွင် ကလေးလေးယောက်ရှိကာ သားသုံးယောက်နှင့် သမီးတစ်ယောက်အထဲ၌ အငယ်ဆုံးသားအား သူမ စိတ်အပူဆုံးပင် ဖြစ်၏။
အဘယ်မိခင်မှ သူ့သား အောင်မြင်နေသည်ကို မလိုချင်ပဲ နေမည်နည်း။ ထိုအရာ မိခင်တိုင်း၏ အိပ်မက်ပင် မဟုတ်ပါလော။
ဤအချိန်လေး၌ပင် နောက်ဆုံးတော့ သူ့သား ကြီးပြင်းလာကာ ရင့်ကျက်လာချေပြီး။ ထိုအရာကပင် သူမအား အနည်းငယ် သက်သာရာရစေကာ ကြည်နှုး နှစ်သိမ့်စေသည်။
“ အဲ့ဒါပြီးတော့ ဘာရှိသေးလဲ...... ”
ဦးကြီး၀မ်ကျန်မှ မေးလိုက်ပြန်သည်။ သူ၏အသံမှာ ယခင်ကလောက် တင်းမာခက်ထန်ခြင်း မရှိတော့ပေ။
သိသာစွာပင် ၀မ်ချောင်၏ စကားများက သူ့အား တို့ထိစေသည်ဖြစ်ပြီး သူ့စိတ်ထဲမှ ၀မ်ချောင်မှာ အသုံးမကျဟူသော အတွေးများက လုံး၀ပင် ပြောင်းလဲသွားပြီဖြစ်သည်။
“ ဒီတူလေးက နယ်စပ်မှာရှိတဲ့ မြေမျက်နှာသွင်ပြင်ကို လေ့လာကြည့်လိုက်တော့ ယောင်ကွမ်းရီ အသာယူ လှုပ်ရှားနိုင်မဲ့နေရာ သိပ်မရှိဘူး.. အဖေက သူ့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေပြတ်ခံမှာမဟုတ်လို့.. အဖေနဲ့ပက်သက်ရင် သူအကူညီမဲ့နေမှာပဲ.. တစ်ချိန်တည်းမှာပဲ ယောင်ကွမ်းရီက သူ့ရဲ့ အခြေစိုက်စခန်းမှာ လှုပ်ရှားဖို့လဲ မဖြစ်နိုင်ပြန်ဘူး.. ဒီတော့ ဖြစ်နိုင်ချေအရှိဆုံးက ဟူတွေဖက်ကပဲ ကျန်တော့တယ် ”
၀မ်ချောင် ပြောလိုက်သည်။ သူ့အကြည့်က တောက်ပကာ တည်ငြိမ်နေပြီး သူစကားပြောလိုက်သည်တွင် သူတော်စင်တစ်ပါး၏ အငွေ့အသက်များက ထွက်ပေါ်လာသည်။
သူတို့မျက်စိအောက်မှ ကြီးပြင်းလာခဲ့သော ၀မ်ချောင်ထံ၌ ထိုသို့သော အရည်အချင်းများအား တစ်ကြိမ်မျှ မမြင်ဖူးခဲ့ချေ။
“ ဒီကလေး နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီ ”
ဒေါ်ကြီး၀မ်ရူရွှမ်း အတွေးကျွံနေရင်း သူမ၏စိတ်ထဲမှပင် အသိအမှတ်ပြုလိုက်ကာ ခေါင်းညိမ့်လိုက်မိသည်။ ၀မ်ချောင်၏ ပြောင်းလဲလာမှုအပေါ် သူမ ပျော်ရွှင်နေသည်။ ယခင်က ၀မ်ချောင်သည် ကြိုးကြာပျံဝဲစံအိမ်၌ ပြဿနာကြီးဖြစ်စေခဲ့သည်ဟု ကြားခဲ့စဉ်က သူမ ဒေါသဆူဝေသွားခဲ့ရသည်။ သူမအနေဖြင့် ဤကလေးငယ်မှာ မရင့်ကျက်နိုင်မည့်အပြင် ဘယ်တော့မှ ကြီးပြင်းလာမည်မဟုတ်ဟုပင် ခံစားခဲ့မိသေးသည်။
သို့သော် ယခုတွင်မူ ထိုအတွေးများအား သူမ လက်သင့်ခံမည် မဟုတ်တော့ပေ။
“ လူတွေက နောက်တီးနောက်တောက်နဲ့ မပြည့်၀တဲ့ ကောင်လေးတွေတောင်မှ တစ်ရက်ရက်မှာ နိုးထလာနိုင်ဆိုပြီး ပြောတတ်ကြတယ်.. ကြည့်သလောက် နောက်ဆုံးတော့ ချောင်အား နိုးထလာခဲ့ပြီ ”
ဒေါ်ကြီးမှ အပျော်လွန်နေသည်။
သူမက အခြားမိသားစုတစ်ခုနှင့် လက်ဆက်ပြီးသည်ဖြစ်ရာ သူမအား ၀မ်ကလန်၀င်တစ်၀က် အဖြစ်သာ သတ်မှတ်နိုင်သည် ဖြစ်သော်လည်း သူမနှင့်သူမ၏ခင်ပွန်းမှာ ၀မ်ကလန်၏ ကံကြမ္မာကိုသာ လက်ခံထားကြလေသည်။
၀မ်ကလန်၏ အငယ်ဆုံးနှင့် မပြည့်၀ဆုံးသောသားမှာ ရုတ်ချည်း နိုးထလာခဲ့သည့်အပြင် သူက ထူးချွန်ပြောင်မြောက်သော ပါရမီများကိုလည်း ထုတ်ပြခဲ့သည်။ ထိုအရာက ၀မ်ကလန် ပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်လောက်သည့်အရာ တစ်ခုပင်။
“ ဒီတူလေးက အဲ့ဒီကိစ္စကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါမှာ ဒီတစ်ခုကပဲ ယောင်ကွမ်းရီ အသုံးပြုမဲ့ နည်းလမ်း ဖြစ်နိုင်ချေ အများဆုံးဖြစ်နေတယ်.. တကယ်လို့ တူလေး မှန်းတာ လွဲခဲ့ရင် ဒီအကြောင်းတွေကို ပြောပြဖြစ်မှာမဟုတ်ဘူး.. ဒါပေမဲ့ တူလေးခန့်မှန်းတာက မှန်ခဲ့မယ်ဆိုရင် ယောင်ကွမ်းရီက မကြာခင်ပဲ နယ်စပ်ကို ဦးတည်ထွက်ခွာလိမ့်မယ်... ဒီအချက်လေးတွေကပဲ တူလေးရဲ့ မှန်းဆချက်တွေကို မှန်စေခဲ့တာပဲ ”
ဤအချိန်၌ ထိုသူတို့၏ စမ်းသပ်ချက်အား သူအောင်မြင်သင့်ပေပြီ။ ဦးကြီး၏ အမူအရာကိုကြည့်ခြင်းအားဖြင့် ဤစစ်မေးခြင်းရလဒ်အား သူ ကျေနပ်နေသည်ကို မြင်နိုင်သည်။ ဤနည်းလမ်းဖြင့်ပင် အခြေအနေများအား အဘိုးထံ၌လည်း ရှင်းပြပြီးသား ဖြစ်သွားလိမ့်မည်။
မည်သို့ဆိုစေ ဤမျှလောက်သော အကျိုးပြုခြင်းက ကလန်တစ်ခုလုံး၏ ထောက်ခံချက်အား ရရှိရန် မလုံလောက်သေးကြောင်း ၀မ်ချောင် သိထားသည်။ အတိအကျဆိုရလျှင် ကလန်၏ ပင်မနေရာသို့ သူရောက်ရှိရန် မလုံလောက်သေးပေ။
အလွန်ဆုံးအနေဖြင့် သူ့ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေး၊ဖခင်နှင့် အခြားသူများ၏ စိတ်နှလုံးကိုသာ ဆုပ်ကိုင်နိုင်သေးသည်။ အကယ်၍ ထိုသူအားလုံးကို သူ၏အမြင်အား လေးစားစေချင်သည်ဆိုလျှင် သူ၏ ပါရမီများအား ပွင့်ပွင့်လင်းလင်း ထုတ်ပြရမည်ဖြစ်ပြီး သူ၏လုပ်နိုင်စွမ်းများကို ပို၍ ချပြရပေဦးမည်။
“ ဦးကြီး.. နယ်စပ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်က ပြီးဆုံးသွားပြီဖြစ်ပြီးတော့ ယောင်ကွမ်းရီက နှစ်ခါဆက်တိုက် အရှုံးကို ရင်ဆိုင်ထားရတာတောင်မှ ယောင်ကလန်ရဲ့ အုတ်မြစ်ပြိုလဲသွားဖို့ကတော့ အဝေးကြီးလိုနေသေးတယ်.. တကယ်လို့ တူလေးသာ မမှားဘူးဆိုရင် ယောင်ကလန်ရဲ့ လူအိုကြီးက အဘိုးဆီကို ယာယီစစ်ပြေငြိမ်းဖို့ တောင်းဆိုလိမ့်မယ်လို့ ထင်မိတယ် ”
၀မ်ချောင်ပြောလိုက်သည်။
“ ဘယ်လို..... ယောင်လူအိုကြီးက ငါတို့ရဲ့ လူအိုကြီးကို ယာယီစစ်ပြေငြိမ်းဖို့ တောင်းဆိုလာနိုင်တယ် ဟုတ်လား.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. ”
၀မ်ချောင်၏ အထက်ပါစကားများအား ကြားလိုက်ချိန်တွင် လူတိုင်း၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပေါ်လာပြန်သည်။
“ ၀မ်ချောင်... နင်နောက်နေတာပဲဖြစ်ရမယ်.. ယောင်လူအိုကြီးက ကောက်ကျစ်စဉ်းလဲလွန်းတဲ့ မြေခွေးတစ်ကောင်ပဲဟာ.. ပြီးတော့ သူ့ရဲ့ ရပ်တည်မှုနဲ့ ထင်ပေါ်ကျော်ကြားမှုအရ.. ငါတို့ရဲ့အဘိုးကို သူက ယာယီစစ်ပြေငြိမ်းခွင့် တောင်းလိမ့်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်.. ဒါက အဘိုးဆီမှာ အညံ့ခံတာနဲ့ အတူတူပဲ မဟုတ်ဘူးလား.. သူက ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ”
၀မ်ချောင်၏၀မ်းကွဲ ၀မ်ကျူးယန်က ပထမဆုံး ပြန်လည် မေးခွန်းထုတ်သူပင်ဖြစ်သည်။ ပြီးနောက် အခန်းတစ်ခုလုံးရှိ မျက်လုံးများက ၀မ်ချောင်ထံ ကျရောက်လာပြန်သည်။ သူက အဘယ်ကြောင့် ယောင်လူအိုကြီးမှ ယာယီစစ်ပြေငြိမ်းလိမ့်မည်ဟု အသေအချာ ပြောဆိုနေမှန်း သူတို့ သဘောမပေါက်နိုင်ကြပေ။
ထိုအရာသာ အမှန်ဖြစ်ခဲ့လျှင် ယောင်ကလန်မှာ လူများ၏ ဟာသတစ်ပုဒ် ဖြစ်ရပြန်ဦးမည်ဖြစ်သော်လည်း ထိုအရာက ယောင်ကလန်၏ သြဇာအာဏာနှင့် လွှမ်းမိုးမှုအား သက်ရောက်မှု ရှိမည်မဟုတ်ပေ။ အများဆုံးအနေဖြင့် ၀မ်ကလန်နှင့်သက်ဆိုင်သည့် စစ်ဆင်ရေးတစ်ခု၌သာ ကျဆုံးမည်ဖြစ်သည်။
အနားယူခဲ့ပြီးဖြစ်သည့် စဉ်းလဲသောမြေခွေးအို၏ ယောင်ကလန်မှာ မြို့တော်တစ်ခုလုံးအား လှုပ်ခတ်စေနိုင်သောပုံရိပ် ရှိသည့်တိုင်အောင် သူတို့၏ လူအိုကြီးအား စစ်ပြေငြိမ်းရန် တောင်းဆိုလိမ့်မည်ကို ၀မ်ချောင် အတပ်သိနေသည်။ ထိုအကြောင်းအရာမှာ ဤနေရာရှိလူများ နားလည်နိုင်စွမ်း မရှိသည့် အရာပင်။
မည်သို့ဆိုစေ ၀မ်ချောင်၏ တည်ကြည်နေသော အမူအရာက ဤကိစ္စအပေါ်တွင် အလွန် အလေးအနက်ထားကြောင်း ပြသနေပြန်သည်။ ထို့ကြောင့် လူတိုင်းက သူ၏ရှင်းပြချက်အား တိတ်တဆိတ်သာ စောင့်နေကြ၏။
“ ဟမ့်... ၀မ်းကွဲ.. နင်က ဒီကိစ္စအပေါ် လုံလောက်တဲ့အထိ ထဲထဲ၀င်၀င် မတွေးထားလို့ပါ.. တကယ်လို့ ငါတို့အနေနဲ့ ယောင်ကလန်က ၀မ်ကလန်ကို ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ တွေးမယ်ဆိုရင် ဒါက ဘာမှ မဟုတ်တော့ဘူး.. ယောင်လူအိုကြီးကိုယ်တိုင် ဒီကိစ္စကို လူလုံးပြ ထွက်ရှင်းဖို့ လိုမှာ မဟုတ်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ်လေ နင်တစ်ခု မေ့နေတာရှိတယ်မထင်ဘူးလား.. ယောင်လူအိုကြီးက မကြာသေးခင်ကမှ ငါတို့ ၀မ်ကလန်ကို အင်ပါယာအရှင်ဆီ အစီရင်ခံထားသေးတယ်လေ.. ”
၀မ်ချောင် အေးစက်စက်ဖြင့် လှောင်ရယ်လိုက်သည်။
၀မ်း............
ပင်မခန်းဆောင်ကြီးအား မိုးကြိုးပစ်ချလိုက်သည်ကဲ့သို့ လူတိုင်း၏ မျက်ခုံးများ မြင့်တက်သွားကြသည်။ ရုတ်တရက်ပင် ၀မ်ချောင်၏ စကားနောက်ကွယ်မှ ဆိုလိုရင်းအား သူတို့ ဆုပ်ကိုင်မိသွားကြသည်။
“ အခုလက်ရှိအရ.. ယောင်ကလန်က ၀မ်ကလန်ရဲ့ မကျေနပ်မှု တစ်ခုတည်းကိုပဲ စာရင်းရှင်းဖို့ လိုနေမယ်လို့ထင်နေတာလား.. ဘယ်ဟုတ်မလဲ.. သူတို့က အရှင်မင်းကြီးရဲ့ စိတ်ပျက်မှုကိုလဲ စာရင်းရှင်းဖို့ လိုဦးမယ်.. နယ်စပ်က ယောင်ကွမ်းရီ လုပ်ဆောင်ခဲ့တဲ့ကိစ္စမှာ ယောင်ကလန်လည်း ပါ၀င်နေလိမ့်မယ်ဆိုတာ လူတိုင်း သိနေတာပဲဟာ.. အရှင်မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဘယ်လိုဖြစ်ပျက်နေတယ် သူ မသိနိုင်ဘူးလို့များ အားလုံး တွေးထားကြတာလား.. ”
“ ဒီအချိန်မှာ.. ယောင်မြေခွေးအိုကြီးက သူ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယောင်ကွမ်းရီရဲ့ အနေအထားက ဒီအခြေအနေထိ ရောက်သွားခဲ့ပြီ.. ဒါကြောင့်မို့လို့ မြေခွေးအိုကြီးဆီမှာ ရွေးချယ်စရာ မကျန်တော့ဘူး.. ”
“ ဟမ့်..... သူတို့ မိုက်ပြစ်နဲ့ သူတို့ ခံရတာပဲ.. အဲ့ဒီ စဉ်းလဲတဲ့ မြေခွေးအိုကြီးက ဒီရွေးချယ်မှုကို လုပ်ကို လုပ်ရလိမ့်မယ် ”
၀မ်ချောင် ရေခဲတမျှ အေးစက်သော လေသံဖြင့် လှောင်ရယ်နေသည်။
၀မ်ချောင်က တောင်စဉ်ရေမရ ပြောဆိုနေခြင်း မဟုတ်ပေ။ ယောင်ကွမ်းရီ၏ အကွက်ချမှု ကျရှုံးသွားသည်ကို ကြားသိရကတည်းကပင် ဤအကြောင်းအရာအား သူစဉ်းစားထားပြီး ဖြစ်သည်။ လက်ရှိအချိန်၌ ယောင်ကွမ်းရီက အင်ပါယာအရှင်၏ အမျက်ဒေါသအား ပြေငြိမ်းစေရန် စွမ်းဆောင်နိုင်မည် မဟုတ်ရာ ယောင်ကလန်တစ်ခုလုံးတွင် ယောင်လူအိုကြီးသာ ထိုသို့ လုပ်နိုင်စွမ်းအား ကိုင်စွဲထားလေသည်။
ယောင်ကလန်မှ သူတို့၏ အာဏာနှင့်ချမ်းသာမှုအား စွန့်ပစ်မည်မဟုတ်လျှင် ယောင်လူအိုကြီးထံ၌ ရွေးချယ်စရာ တစ်ခုသာကျန်တော့လေသည်။ ယခုအခြေအနေများအရ သူကိုယ်တိုင် ၀မ်ချောင်၏အဘိုးထံ အလည်အပတ်သွားရောက်၍ ယာယီစစ်ပြေငြိမ်းရန် တောင်းဆိုသည်က အကောင်းဆုံးသော ဖြေရှင်းနည်းပင် ဖြစ်သည်။
ယောင်ကလန်၏ လူအိုကြီးက အပြင်ပန်းတွင် တောင်းပန်စကား တစ်လုံးပင် မဆိုချင်လျှင်တောင်မှ သူ့တွင်ရှိသော သေးငယ်သည့် အခွင့်အရေးမှာ လေးပြည်နယ်သံရုံးမှ ၀မ်ချောင်၏ အဘိုးဖြစ်သူထံ အလည်အပတ်သွားရောက်ရန်ပင် ဖြစ်လေတော့သည်။ သူက တော်၀င်နန်းတွင်းသို့ အခစား၀င်၍ သူ့အမှားများအား ခွင့်လွှတ်ပေးရန် အင်ပါယာအရှင်ထံ၌လည်း တောင်းပန်ရပေဦးမည်။
ထိုအရာက သူ့တွင် ရွေးချယ်စရာမရှိသောကြောင့် လုပ်ကိုလုပ်ရမည့် အရာများပင်။
“ တကယ်လို့ ဒီတူလေး မမှားဘူးဆိုရင် ယောင်ကလန်ရဲ့ လူအိုကြီးက သူ့လှုပ်ရှားမှုကို ဒီနှစ်ရက် အတောအတွင်း စလိမ့်မယ် ”
၀မ်ချောင် ဟန်လုပ်၍ ပြုံးလိုက်သည်။
အစ၌ လူတိုင်းက ၀မ်ချောင် တောင်စဉ်ရေမရ ရောက်တတ်ရာရာ ပြောဆိုနေသည်လားဟု တွေးထင်နေကြပြီး သူ့စကားများအား စိတ်ထဲပင် မရှိကြပေ။ သို့နှင့် ဆက်၍ နားထောင်ကြရာမှပင် သူတို့၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကာ သူတို့၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာကြသည်။
“ ချောင်အာ.... တူလေးတကယ် ပြောင်းလဲသွားပြီဆိုတာ ဒေါ်ကြီး နားလည်သွားပြီ.. ”
ဒေါ်ကြီး ၀မ်ရူရွှမ်းမှ ၀မ်ချောင်အား ခြေအစခေါင်းအဆုံး စမ်းစစ်နေကာ စစ်မှန်သော ၀မ်ချောင်နှင့် ယခုမှပင် ပထမဆုံး ကြုံဖူးသလိုလို စူးစမ်းချင်စိတ်အပြည့်ဖြင့် ကြည့်နေလျက်ရှိသည်။
“ အတိတ်တုန်းကဆိုရင် သားက စကားတောင် များများပြောတာမဟုတ်ဘူး.. ကြည့်ရတာ မာကျောက်နဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က အဆိုးထဲက အကောင်းဖြစ်လာတဲ့ ကောင်းချီးတစ်ခုပဲ.. အနည်းဆုံး တူလေး အဲ့ဒီကနေ ရင့်ကျက်ခဲ့ပြီလေ... ”
“ ဟီးဟီး... ရူရွှမ်းကလဲ ဘယ်လိုဖြစ်နေပါစေ ချောင်အာက လူအိုကြီးရဲ့ သွေးမျိုးဆက်ပဲလေ.. သူ တစ်ကြိမ်တစ်ခါ မိုက်မဲခဲ့တယ်ဆိုရင်တောင်မှ သူ့မှာ ချို့ယွင်းချက် မရှိပါဘူး.. ငါ့အထင်အရတော့ အခုသူကမှပဲ တကယ့်အစစ်အမှန်ဖြစ်လိမ့်မယ်.. အတိတ်မှာ သူရဲ့ အတွေးတွေကို တစ်နေရာရာ ပို့ထားတာ ဖြစ်နိုင်တယ်ကွ.. ”
မုတ်ဆိတ်ထူလဗျစ်နှင့်လူမှာ ၀မ်ချောင်၏ဦးလေးဖြစ်သူ လီလင်း ဖြစ်ပေသည်။ သူ ထိုင်နေသည့်အချိန်၌ပင် သူ့နောက်ကျောက တည့်မတ်နေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူက စစ်တပ်မှ လာကြောင်း သိသာသည်။
လက်တွေ့တွင်လည်း ဦးလေးလီလင်းမှာ အမှန်စင်စစ်ပင် စစ်သားတစ်ယောက်ဖြစ်၏။ မည်သို့ဆိုစေ ၀မ်ချောင်၏ဖခင်နှင့် မတူညီစွာ သူက အင်ပါရီယာစစ်တပ်မှ ဖြစ်လေသည်။ သူသည် ကိုယ်ကာယ အလွန်ကြံ့ခိုင်သောသူဖြစ်သည့်အားလျော်စွာ သူထမ်းဆောင်နေရသည့် တာ၀န်၀တ္တရားများကြောင့် သူ နှုတ်ဆိတ်နေသည်ကများပြီး စကားနည်းလေသည်။
ဒေါ်ကြီးနှင့်ဦးကြီးတို့နှင့် ဆန့်ကျင်လျက် ဦးလေးလီလင်းမှာ ၀မ်ချောင်အပေါ် ဘက်လိုက်ခြင်းအလျဉ်းမရှိချေ။ ဆိုရိုးစကားအတိုင်း ကြီးမြတ်သည့်သူမှ သန္ဓေယုတ်သောသားအား မွေးဖွားမည်မဟုတ်ပေ။ သူ၏ကိုယ်ပိုင်အမြင်၌ ယခု၀မ်ချောင်မှသာလျှင် ၀မ်ချောင် အစစ်အမှန်ဖြစ်လေသည်။
“ ဟီးဟီး.. ဦးလေးက ဒီတူလေးကို အရမ်းမြောက်ပင့်လွန်းနေပြီ.. သူ့ကိုယ်သူ ဘ၀င်တွေ မြင့်နေပါဦးမယ် ”
၀မ်သခင်မကြီးမှ ထိုသို့သာ ပြောနေသော်လည်း သူမကိုယ်တိုင်ပင် အလွန် ပျော်ရွှင်နေသည်။
အဘယ်သို့သောမိဘများက မိမိတို့၏သားသမီး ချီးမွမ်းခံရသည်အား မနှစ်သက်မည်နည်း။ ၀မ်ချောင်၏ ယခုတစ်ခေါက် လုပ်ဆောင်မှုက လူတိုင်းအား ကျေနပ်အားရစေကာ သူ၏ဦးကြီးကဲ့သို့ သူ့အား မနှစ်သက်သူပင် ထိုအကြောင်းအရာအား စကားပင်မစသည် မဟုတ်ပါလော။
ယနေ့တွင် သူ၏မိခင် ဂုဏ်ယူရစေရန် သူအမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
“ အဖေ.. တကယ်လို့ မောင်ငယ်လေးပြောတာသာ အမှန်ဆိုရင် အဘိုးတော့ တကယ် ပျော်နေတော့မှာပဲ ”
၀မ်ကျူးယန် သူမ၏လက်နောက်မှ ရယ်လျက်နေသည်။
၀မ်ချောင်၏အဘိုးမှာ အချိန်အတော်ကြာကတည်းကပင် ယောင်ကလန်လူအိုကြီး၏ ဂြိုလ်ဆိုးဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ပင်မရ တစောင်းစေးနှင့်မျက်ချေးပင် ဖြစ်ကြသည်။ မည်သည့်ဖက်ကမှ တစ်ဖက်လူအား အညံ့ခံမည် မဟုတ်ပေ။
အကယ်၍ ယောင်ကလန်လူအိုကြီးမှ အဘိုးထံ လာရောက်၍ သူ့သားအတွက် တောင်းပန်ကာ ယာယီစစ်ပြေငြိမ်းခွင့် တောင်းဆိုမည်ဆိုလျှင် အဘိုးမှာ မြောက်တက်မှုကြောင့် လကမ္ဘာကိုပင် ကျော်လွန်သွားပေလိမ့်မည်။
၀မ်ချောင်၏ဦးကြီး ၀မ်ကျန်မှာတော့ တိတ်ဆိတ်စွာဖြင့် ထိုင်မြဲတိုင်း ထိုင်နေကာ ၀မ်ကျူးယန်၏ စကားများအား သဘောတူသည်ဟုလည်းမဆို သဘောမတူဟန်လဲမပြချေ။
၀မ်ချောင်၏ စကားများက သူ၏ တစ်ဖက်သတ် ကောက်ချက်ဆွဲထားခြင်းသာ ဖြစ်သည်ဟု ဆိုသော်လည်း ၀မ်ကျန်မှ ၀မ်ချောင်ပြောခဲ့သလို ဖြစ်လာနိုင်ချေ များသည်ကို သိနေသည်။ ယောင်ကွမ်းရီမှာ ၀မ်ယန်ကြောင့် နယ်စပ်တွင် တန်ပြန်သက်ရောက်ခံခဲ့ရသည်ဟု ကြားလျှင်ကြားချင်း ၀မ်ကျန် ပထမဆုံး ခိုင်းစေခံရသည်မှာ ၀မ်မိသားစုထံ လာရောက်၍ ထိုကိစ္စအား အကျိုးအကြောင်းမေးရန်သာဖြစ်သည်။
အကယ်၍ ၀မ်ချောင်မှ ထုတ်ဖော်ပြောကြားခြင်းကြောင့်သာ မဟုတ်လျှင် ယောင်လူအိုကြီးအား သူ လုံး၀ မေ့လျော့နေမည် ဖြစ်လေသည်။
( လူအိုကြီး ငါ့ကို ဒီလွှတ်လိုက်တာ အံ့သြစရာ မဟုတ်တော့ဘူး.. ကြည့်ရတာ သူက ယောင်ကလန်မှာ ဖြစ်နေတဲ့ အရာ အားလုံးကို သိနေပြီးသားဖြစ်လောက်တယ် )ယ
ရုတ်တရက် ၀မ်ကျန်၏ စိတ်ထဲ၌ အရာအားလုံး ရှင်းလင်းသွားခဲ့သည်။ သူ ၀မ်ချောင်အား နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သော်လည်း သူ့စိတ်ထဲ၌ များစွားသော ရှုပ်ထွေးမှုများသာ ဖြစ်ပေါ်လာသည်။
သူ၏တတိယညီဖြစ်သူ ၀မ်ယန်မှာ သားသုံးယောက်နှင့်သမီးတစ်ယောက်ရှိလေသည်။ အကြီးနှစ်ကောင်ကို ဘေးဖယ်ထားလိုက်လျှင်တောင် ယခုအချိန်၌ အသုံးမကျဆုံးသော တတိယသားပင်လျှင် သူ၏ အသုံး၀င်မှုများအား သက်သေပြနေချေပြီ။ ထိုအခြင်းအရာက ၀မ်ကလန်၏ အကြီးဆုံးသားဖြစ်သော သူ၏ ရာထူးနှင့် အာဏာများကို မတည်မငြိမ် ဖြစ်စေနိုင်သည်။
လူအိုကြီးမှ သူ့ထံလွဲပြောင်းပေးထားသည့် အာဏာနှင့် လွှမ်းမိုးမှုတို့မှာ စတင် လျော့နည်းလာမည်ဖြစ်ပြီး ထိုအရာက သူ့အတွက် ကောင်းသော အခြင်းအရာ မဟုတ်တော့ပေ။
သို့သော် တစ်ခြားဖက်ကကြည့်လျှင်မူ ၀မ်ကလန် ရှင်သန်ရပ်တည်နိုင်ရန် တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်စိတ်ချကာ မှီခိုအားထားရပေမည်။ သူဖြစ်စေ ၀မ်ယန်ဖြစ်စေ တစ်ဖက်မှ မည်သူပြိုလဲသည်ဖြစ်စေ ကောင်းသည့်အရာ မဟုတ်ပေ။
ယခုအချိန်၌ အကယ်၍ ၀မ်ချောင်မှ ယောင်ကွမ်းရီ၏ အကွက်ချ ကြံစည်မှုအား ရုတ်ချည်း တားဆီးနိုင်ခဲ့သည့် ပါရမီကို ပြသနိုင်ခဲ့သည်မဟုတ်လျှင် ၀မ်ကလန်သည် ရှောင်လွဲမရနိုင်သော ကပ်ဆိုးကြီးအား မကြာသောအချိန်တွင် ရင်ဆိုင်ရပေမည်။
အချုပ်ဆိုရပါက ၀မ်ကလန်၌ ပါရမီရှိသောသူ ပေါ်ထွက်လာသည်နှင့်အမျှ ၀မ်ကလန်သည်လည်း ကြီးပွားတိုးတက်လာပေမည်။ ထိုအချက်ကို ထောက်ချင့်၍ ထိုအရာက သူ့အတွက်လည်း ကောင်းသည့် လက္ခဏာပင်။
အချိန်အတန်ကြာအောင် ၀မ်ကျန် စိတ်ရှုပ်ထွေးနေလေသည်။
“ ဦးကြီး.. ယောင်ကလန်က ဒီတစ်ခေါက်မှာ ရှုံးနိမ့်သွားခဲ့ပြီး ယောင်လူအိုကြီးက အဘိုးဆီမှာ ယာယီစစ်ပြေငြိမ်းမယ် ဆိုရင်တောင်မှ တူလေးတို့က အကာအကွယ်ကို မလျော့ချသင့်သေးဘူး ”
၀မ်ချောင်က မျက်နှာဖတ်ရာတွင် ပါရဂူဖြစ်သည့်အတွက် သူ့ဦးကြီး ၀မ်ကျန်တွေးနေသည်အား သူသိနေပြန်သည်။ အကယ်၍ ယခင်ဘ၀၌သာဆိုပါက သူ့ဦးကြီး၏ ယခုကဲ့သို့သော ခံယူချက်အား မြင်လျှင် ၀မ်ချောင် သူ၏တာ၀န်ယူမှု တာ၀န်ခံမှုအား ရုတ်သိမ်းကာ ထိုဖြစ်ရပ်အား အဝေးမှ ရပ်ကြည့်နေမည် ဖြစ်သော်လည်း ယခုဘ၀တွင်မူ မဟာထန်အပေါ် ကပ်ဆိုးကြီး ကျရောက်တော့မည်ကို ၀မ်ချောင် သိရှိထားသည်။
ကပ်ဆိုးကြီး မတိုင်ခင်၌ ၀မ်ကလန်သည် မည်သည့် အတွင်းရေး ပဋိပက္ခအတွက်ကြောင့်မှ ရှုပ်ရှုပ်ထွေးထွေး ဖြစ်မနေသင့်ပေ။
၀မ်ချောင်မှ လက်လှမ်းမှီသမျှ ခွန်အားများအားလုံးကို စုစည်းရမည်ဖြစ်ကာ ထိုအထဲ၌ သူ့ဦးကြီးလည်း အပါအ၀င်ဖြစ်သည်။ ထိုရည်ရွယ်ချက်အတွက်ဆိုလျှင် သူ၏ လုပ်နိုင်စွမ်းများကိုသာ ပြသနေခြင်းက မလုံလောက်တော့ပေ။ သူ့ဦးကြီး၏ သူ့အပေါ်ထားရှိသော သဘောထားအား ပြောင်းလဲရမည်ဖြစ်ကာ သူ့အပေါ် အကောင်းမြင်နေစေရန် လိုအပ်သည်။ အနည်းဆုံး သူ့ဦးကြီးမှ သူ့အား မဆန့်ကျင်ဖို့တော့ လိုသည်။
“ ယောင်ကလန်က ဒီတစ်ခေါက် ရှုံးနိမ့်တယ်ဆိုပေမဲ့ လိုလိုလားလား ရှုံးခဲ့တာ မဟုတ်တဲ့အတွက်ကြောင့် တူလေးရဲ့အမြင်အရဆိုရင် ယာယီစစ်ပြေငြိမ်းဖို့ စောင်းဆိုနေရင်းနဲ့ တိတ်တဆိတ် ကြိုးတစ်ချို့ ချည်ထားလိမ့်မယ်လို့ တွေးမိတယ် ”
“ အရှင်မင်းကြီးကလဲ ဒီကိစ္စကို စောင့်ကြည့်နေမှာ ဖြစ်တဲ့အတွက် အဖေ၊ ဦးကြီး၊ ဦးလေးနဲ့ ဦးငယ်တို့ ဆီကိုတော့ ခြေတစ်လှမ်းမှ လှမ်းရဲမှာ မဟုတ်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် တစ်ခြားကလန်သားတွေကို အပေါ်ကိုတော့ မလုပ်ဘူးလို့ မဆိုလိုဘူးမဟုတ်လား... ဦးကြီးက ၀မ်းကွဲကို အာဏာရှင် ရာထူးရအောင် လုပ်ပေးဖို့ စီစဉ်နေတယ်လို့ တူလေး ကြားထားတယ် ဟုတ်ရဲ့လား ”
၀မ်ချောင်က အဓိပ္ပါယ်အပြည့်ပါ၀င်သော အကြည့်ဖြင့် ဦးကြီးဖြစ်သူ ၀မ်ကျန်အား ကြည့်လိုက်သည်။
၀မ်.............
၀မ်ကျန်က တစ်ချိန်လုံး ပင်မခန်းဆောင်ရှိ ထိုင်ခုံပေါ်၌သာ တည်ငြိမ်စွာထိုင်နေလေသည်။ သို့သော် ၀မ်ချောင်ပြောသည့် စကားများအား ကြားလိုက်လျှင် လျှစ်စစ်လျှော့ရိုက်ခံရသကဲ့သို့ သူ့တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာလေတော့သည်။ သူမတ်တပ်ရပ်လိုက်မိပြီး ရှေ့သို့ပင် ယိုင်မလိုဖြစ်သွားကာ ၀မ်ချောင်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။
သူက နိုင်ငံရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးသည်ဖြစ်ရာ ၀မ်ချောင်၏စကားအား တစ်ကြိမ်ကြားယုံနှင့်ပင် သိမြင်သွားသည်။ တစ်ချိန်တည်း သူ့ကျော၌ ချွေးစေးများဖြင့် စိုရွှဲ လာတော့သည်။
လူတိုင်း၌ ကိုယ့်တစ်ဘို့သာကြည့်သော လှုပ်ရှားမှုများရှိကြသည်။ စစ်တပ်တွင်း၌ ၀မ်ယန်၏ လွှမ်းမိုးမှုအား အနှောင့်အယှက်ပေးရန် သူ၏ သားကြီးဖြစ်သူ ၀မ်လီအား လျှို့ဝှက်စွာဖြင့် တော်၀င်ရုံးတော်၏ ရာထူးတိုးစာရင်းတွင် နေရာချထားရန် ကြံနေသည်ဖြစ်ပေသည်။
သူက လူအိုကြီးနှင့် သူ၏ကိုယ်ပိုင်လွှမ်းမိုးမှုအား အသုံးချလျက် သူ့သားကြီး ၀မ်လီအား ပိုမိုမြင့်မားသော ရာထူးရာခံ ရရှိစေရန် မျှော်လင့်နေခဲ့သည်။ ထိုကိစ္စအား သူမည်သူ့ကိုမှ အသိမပေးထားပဲ တိတ်တဆိတ်ဖြင့် စစ်တပ်ရေးရာဌာန၌ ထည့်သွင်းထားပြီး ဖြစ်လေသည်။
အကယ်၍ ယောင်ကလန်သာ ထိုကိစ္စအပေါ် လှုပ်ရှားမည်ဆိုလျှင် ထိုအရာက ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းအရာအား တွေးမိသည်နှင့် ၀မ်ကျန် ထိုင်ပင် မထိုင်နိုင်တော့ချေ။
..............................................
Wikipidia မှာ တင်ထားတဲ့ ထန်မင်းဆက်ရဲ့ အစိုးရဖွဲ့စည်းပုံ အကြမ်းပါ ( တစ်ချို့ အကြောင်းအရာများက အနည်းငယ် ကွဲလွဲနိုင်ပါတယ်.. ဒါက အနီးစပ်ဆုံး သဘောပေါက်အောင် ရှင်းပြတာပါ )
နယ်မြေအုပ်ချုပ်သူတွေမရှိပဲ ပြည်နယ်တစ်ခုလုံးကို ပိုင်နက် အများအပြား ခွဲခြမ်း အာဏာပိုင် စေလွှတ်ပြီး အုပ်ချုပ်စေပါတယ်.. နယ်စားလိုပါပဲ .. တစ်ချိန်တည်းမှာပဲ နယ်မြေတွေ အပိုင်စားရထားတဲ့ အင်ပါရီယာနယ်လှည့်စစ်ဆေးရေးရေးမှူးတွေလည်း ရှိပါတယ်.. အဲ့ဒီ အာဏာပိုင်တွေက ဗဟိုအစိုးရဖြစ်တဲ့ အင်ပါယာအရှင်ဆီကို တိုက်ရိုက် လျှောက်တင်ရပြီး ကိုယ်ပိုင်စစ်တပ် ထူထောင်ခြင်းကိုတော့ အာဏာရှင်တွေကို အထူးတားမြစ်ထားပါတယ်.. နယ်မြေတွေကို အပိုင်းငယ်တွေအဖြစ် ခွဲခြမ်းလိုက်ပြီး အုပ်ချုပ်စေလိုက်တာက တော်လှန်ပုန်ကန်ဖို့ အခွင့်အရေး မရှိသလောက်ကို ဖြစ်သွားစေပါတယ်..
ပြီးတော့.. အင်ပါရီယာစစ်တပ်...
ကျနော်သိသလောက်ကတော့ မြို့တော်မှာ တပ်စွဲ နေထိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော စစ်တပ်က အင်ပါရီယာစစ်တပ်ပဲ ဖြစ်မယ်ထင်ပါတယ်.. သူတို့က အင်ပါယာပြည့်ရှင်ကိုသာ ပြန်လည်ဖြေကြားပြီး အင်ပါယာအရှင်ရဲ့ အမိန့်တစ်ခုတည်းသာ လက်ခံတဲ့ စစ်တပ်ပေါ့.. အင်ပါယာအရှင်က ကိစ္စအသေးအမွှားလေးတွေကို ကိုယ်တိုင်မလုပ်ပဲ ယုံကြည်ရတဲ့သူကို ဘေးမှာထားပြီး အလုပ်အကျွေးပြုခိုင်းသလိုမျိုးပါပဲ.. အမိန့်ပေးပိုင်ခွင့်ကတော့ အင်ပါယာအရှင်ဆီမှာပဲ ရှိပါတယ်.. ကျနော့်မှတ်မိတာ မမှားရင် စစ်သူကြီးတွေက မြို့တော်ကို စစ်တပ် ခေါ်လာခွင့်မရှိပါဘူး.. ဖြစ်လာနိုင်တဲ့ ပုန်ကန်ခြင်းတွေကို ကြိုတင်ကာကွယ်တဲ့သဘောပါ..
ထန်မင်းဆက်က AD အစောပိုင်းကာလမှာ ရှိခဲ့တာဖြစ်တဲ့အတွက် ဒီစာစဉ်ကို ဖတ်မယ်ဆိုရင် ရှေးဟောင်းတရုတ်နန်းတွင်းကို မြင်ယောင်၍သော်၎င်း တရုတ်နန်းတွင်းဇာတ်ကားများကို အခြေခံ၍သော်၎င်း ဖတ်မယ်ဆိုရင် ပိုပြီး အနှစ်ကျပါလိမ့်မယ်.. ကျနော့အနေနဲ့လဲ လိုအပ်မယ်ထင်ရင်ထင်သလို ရှင်းလင်းချက်တွေ ထည့်ပေးနေမှာ ဖြစ်လို့ ဒီရဲ့ သမိုင်းအခြေခံ သိုင်းစာစဉ်ကို ဖတ်ရ ပိုအဆင်ပြေစေမယ်ထင်ပါတယ်..