← Chapters

အခန်း (၄၁-၄၅)

Vol. 2 Ch. 41-45

အခန်း (၄၁-၄၅)

Vol. 2 Ch. 41-45

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 41.

ယောင်ကလန်လူအိုကြီး

“ တကယ်လို့ ဦးကြီးက ၀မ်းကွဲအစ်ကိုကို ပိုမြင့်တဲ့ နေရာတွန်းပို့ချင်တယ်ဆိုရင် ဒီကိစ္စကို ကိုယ်တိုင် မြန်မြန်အခြေကျအောင် လုပ်တာက ပိုကောင်းလိမ့်မယ်.. နည်းနည်းနောက်ကျတာကနေ အများကြီး ပြောင်းလဲသွားနိုင်တယ်နော်.. ပြီးတော့ တူလေးရဲ့အမြင်အရ ၀မ်းကွဲ၀မ်လီရဲ့ ပါရမီက စစ်တပ်ရေးဆိုင်ရာထက် အစိုးရပိုင်းဆိုင်ရာမှာ ပိုအားသာတယ်လို့ မြင်မိတယ်.. ဦးကြီးက ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ဒီတူလေး မျှော်လင့်ပါတယ် ”

၀မ်ချောင် ပြောလိုက်သည်။

သူ၏ ယခင်ဘ၀၌ ယောင်ကလန်က ၀မ်ကလန်၀င်တိုင်းအား ဂုဏ်သိက္ခာ ကျဆင်းစေမည့် အကြံအစည်များ ချခဲ့ကာ တော်၀င်ရုံးတော်ရှိ ၀မ်ကလန်၏ လွှမ်းမိုးမှုအား လုံးပါးပါးစေခဲ့သည်။ ၀မ်ချောင်၏ဖခင်၊ ဦးကြီး၊ ဦးလေး၊ ဦးငယ်၊ ၀မ်းကွဲ၀မ်လီတို့သာမက ၀မ်ချောင်၏အစ်ကို အကြီးဆုံးဖြစ်သူ ၀မ်ဖူပါ ထိုစာရင်းတွင် ပါ၀င်ခဲ့သည်။

အစ်ကိုကြီး၀မ်ဖူသည် သူ၏နေရာ၌ အခြေကျနေပြီဖြစ်ရာ ယောင်ကလန်မှ သူ့အပေါ် လှုပ်ရှားရန်မဖြစ်နိုင်တော့ပေ။ သို့ဆိုစေ ၀မ်းကွဲ၀မ်လီမှာတော့ မတူညီပေ။

သူ၏ ယခင်ဘ၀မှတ်ဉာဏ်များအရ ဦးကြီးသည် အလွန်ဆန္ဒစောကာ ၀မ်လီ၏နာမည်အား တော်၀င်ရုံးတော် ရာထူးတိုးစာရင်းတွင် ထည့်ခဲ့လေသည်။ ထို့ကြောင့် ယောင်ကလန်မှ ထိုအခွင့်အရေးအား ကောင်းကောင်းအသုံးချခဲ့လေတော့သည်။

ယောင်ကွမ်းရီက စစ်တပ်ရေးဆိုင်ရာ ပြန်လည်နေရာချထားရေးဌာနကို ကြားခံ၍ ၀မ်လီအား သူ့လက်အောက်သို့ ဆွဲသွင်းလိုက်သည်။ ပြီးနောက် ၀မ်လီ အမှားများစွာ ပြုမိစေရန် တရစပ် လုပ်ဆောင်လေတော့သည်။ သိပ်ပင်မကြာလိုက် ၀မ်လီထံ၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ကာ ၀မ်ကလန်နှင့်ရင်ဆိုင်ရာတွင် သူက ယောင်ကလန်၏ လှံတစ်လက် ဖြစ်ခဲ့လေတော့သည်။

သို့သော် ပြန်တွေးကြည့်ပါက ဦးကြီးနှင့်ဖခင်တို့မှာလဲ ထိုအချိန်၌ အာဏာကျဆင်းနေပြီဖြစ်ရာ ၀မ်လီနှင့် ပက်သက်၍ ဘာမှ မတတ်သာပဲ ရှိလေတော့သည်။

မည်သို့ဆိုစေ ယခုအခြေအနေများက မတူညီတော့ပေ။ ယောင်ကွမ်းရီမှာ နယ်စပ်၌ ကိုယ့်အတတ်ကိုယ်စူးခဲ့ရပြီး သူ၏ဖခင်နှင့်ဦးကြီးဖြစ်သူမှာလည်း တော်၀င်ရုံးတော်တွင် မားမားရပ်ရပ် ရပ်တည်နိုင်နေဆဲပင်။ ၀မ်ကလန်အား ရင်ဆိုင်ချင်သည်ဆိုရာ၌ ယောင်ကလန်မှ ခြေလှမ်းစလှမ်းပေတော့မည်။

‘ လီတစ်ထောင်ကျယ်၀န်းတဲ့ ရေကာတာကြီးတောင်မှ ပုရွက်တစ်အုံကြောင့် တာကျိုးသွားနိုင်တယ် ’ ယောင်ကလန်၏ မြေခွေးအိုကြီးနှင့်မြေခွေးပျို(ယောင်ကွမ်းရီ)တို့၏ ချယ်လှယ်နိုင်စွမ်းများအရ ယခု အခြေအနေ၌ ထိုကဲ့သို့သော အခွင့်အရေးကြီးက သူတို့၏ လက်တွင်းကျရောက်လာလျှင် ၀မ်ကလန်အား တိုက်ခိုက်နိုင်ရန် သူတို့က တတ်နိုင်သမျှ အင်တိုက်အားတိုက် လုပ်ဆောင်မည် သေချာပေသည်။

၀မ်ချောင်မှ ထိုဖြစ်လာနိုင်သည့်အရာအား ၀မ်ကျန်ကို သတိပေးလိုက်သည်။ ဦးကြီးက ၀မ်ချောင်မိသားစု၏ အရေးကိစ္စများအား စိတ်မ၀င်စားပဲ နေနိုင်သော်လည်း သူ့သားအရင်း အကျဉ်းအကျပ်ကြုံရမည်ကိုတော့ မျက်နှာလွဲ ခဲပစ် လုပ်မနေနိုင်တော့ပေ။

၀မ်ချောင်က သူ့အား အကူအညီတစ်ခု ကမ်းလှမ်းနေသည်ဖြစ်ပြီး တစ်ချိန်တည်း၌ပင် သူ့အပေါ်ထားရှိသော သူ့ဦးကြီး၏ သဘောထားကို ပြောင်းလဲရန်လည်း ကြိုးပမ်းနေခြင်း ဖြစ်လေသည်။

“ ဘာလုပ်ရမလဲ ငါသိပြီ.. ဒါကြောင့် ဒါကိစ္စကို မင်းစိတ်ပူစရာမလိုတော့ဘူး.. ပြီးတော့ ယောင်ကလန်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ငါတို့လက်ထဲပဲ အပ်ထားလိုက်ပါ.. ငါ့အနေနဲ့ ကိစ္စရပ်တိုင်းကို လူအိုကြီးဆီ အမှန်အတိုင်းပဲ ပြန် အစီရင်ခံပေးမယ် ”

ဦးကြီး၀မ်ကျန် ပြောလိုက်သည်။ သူ့မျက်နှာက ယခင်ကထက် ပို၍ နူးညံ့လာသည်မှာ သိသာနေသည်။

ဘုန်း..........

ဦးကြီး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ၀မ်ချောင်၏ ခေါင်းထဲ၌ ခံစားချက်မရှိသည့် စက်ရုပ်သံကဲ့သို့သော အသံတစ်ခုက အကြောင်းအကြား ဘာမကြားနှင့် ထွက်ပေါ်လာသည်။

【 ဆက်ခံသူ အသက်သွင်းလိုက်ပြီ.. သင်က သင့်ကလန်ရဲ့ ကံကြမ္မာကို အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပြီး ကလန်သားတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ.. ဒါကြောင့် သင့်ကို ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ဆိုတဲ့ ဂုဏ်ပုဒ်ကို အပ်နှင်းလိုက်ပြီ.. 】

၀မ်ချောင် ရုတ်တရက် ထိတ်လန့်သွားလေသည်။ အသံသည် ထွက်ပေါ်လာစဉ်ကကဲ့သို့ပင် အလျင်အမြန် ပျောက်ကွယ်သွားပြန်ရာ ၀မ်ချောင် သူ့ကိုယ်သူ သွေးလေချောက်ချားနေသည်လားဟုပင် သံသယ ၀င်မိလိုက်သည်။

( ဘာဖြစ်သွားတာလဲဟ )

ရုတ်တရက်ထွက်ပေါ်လာသော ခေါင်းထဲမှ အသံကြောင့် ထိတ်လန့်နေပြီး ၀မ်ချောင်၏ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့သည်။

ထို ရုတ်ချည်း ထွက်ပေါ်လာသော အသံမှာ ခန်းမအတွင်း၌ရှိနေသော သူများထဲမှ မဟုတ်သည်မှာ သိသာလှသည်။ အတိအကျဆိုရလျှင် ထိုအသံကို သူ့ခေါင်းထဲမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်းပင်။

၀မ်ချောင် ထိုအသံအား မှတ်မိလိုက်သည်။ သူ၏ယခင်ဘ၀တွင် သေခြင်းနှင့် လက်တစ်ကမ်း အလို၌ ထိုအသံအား သူတစ်ခါ ကြားခဲ့ဖူးပေသည်။ ထိုစဉ်က မည်သည့်အရာ ပြောခဲ့သည်ကို မမှတ်မိသော်လည်း ထိုစက်ရုပ်သံကိုတော့ မှတ်မိလိုက်သည်။

၀မ်ချောင် ထိုအရာအား ယခုအချိန်၌ နောက်တစ်ဖန် ကြားရလိမ့်မည်ဟု လုံး၀ မထင်ထားပေ။

“ ချောင်အာ သားအဆင်ပြေရဲ့လား ”

၀မ်ချောင်၏ မိခင်ဖြစ်သူက ၀မ်ချောင်ထံ၌ တစ်ခုခု မူမမှန်သည်ကို ပထမဆုံး သတိပြုမိသည့်သူ ဖြစ်လေသည်။

“ သား အဆင်ပြေပါတယ် ”

၀မ်ချောင် အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။ ဘာဖြစ်နေသည်ကို သူ မသိနေသော်လည်း တစ်ခုခု ဖြစ်ပျက်ခဲ့သည်ကိုတော့ သူသေချာလေသည်။ ထို့ထက်ပို၍ ထိုအရာက အလွန် အရေးကြီးသည့် တစ်စုံတစ်စုံ ဖြစ်ရပေမည်။

၀မ်သခင်မကြီး ခေါင်းငြိမ့်လိုက်သည်။ ၀မ်ချောင် စိတ်လှုပ်ရှားလွန်း၍ ဖြစ်သွားသည်ဟုသာ သူမ မှတ်ယူလိုက်၏။

“ ကျူးယန်.. သွားကြစို့ ”

မလှမ်းမကမ်းမှ ဦးကြီး၀မ်ကျန် လက်ဝှေ့ယမ်းလိုက်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။ သားအကြီးဆုံးဖြစ်သူနှင့် ပက်သက်၍ ရတက်မအေးနေသည် ဖြစ်ရကာ ဤနေရာတွင် တစ်စက္ကန့်ပင် ဆက်နေချင်စိတ် မရှိနေတော့ပေ။

အမှန်တွင် ၀မ်ချောင်မှလွဲ၍ ပင်မခန်းဆောင်အတွင်းမှ မည်သူမျှ ၀မ်ချောင်၏ တစ်မူထူးနေသော အခြေအနေအား သတိမထားမိကြပေ။ အကယ်၍ သတိထားမိလျှင်တောင် ၀မ်သခင်မကြီးကဲ့သို့ ၀မ်ချောင် စိတ်လှုပ်ရှားနေ၍သာ ဖြစ်လိမ့်မည်ဟု ရိုးရိုှးရှင်းရှင်း မှတ်ယူကြပေလိမ့်မည်။

“ ကောင်းကောင်းလုပ်ခဲ့သားပဲ ၀မ်ချောင်... ဒီတစ်ခါတော့ နင့်အစ်မကို အံ့သြအောင် နင်လုပ်နိုင်ခဲ့တယ်.. နင့် အစ်မနှစ်ဆီကို မကြာခဏ လာလည့်ဖို့ မမေ့နဲ့ဦး ”

၀မ်းကွဲ ၀မ်ကျူးယန်မှ ၀မ်ချောင်၏ ဆံနွယ်အား ယုယုယယ ပွတ်သပ်ပေးလိုက်ကာ သူ့ဖခင်နောက်သို့ လိုက်ပါသွားခဲ့သည်။

“ လူကလေး.. သားတစ်ကယ် ပြောင်းလဲသွားပြီပဲ.. ဒေါ်ကြီးကတော့ သားအတွက် ပျော်မဆုံးဘူးဟေ့.. တကယ်လို့ သားမှာ အချိန်ရရင် ဒီ အဒေါ်ကြီးဆီ လာလည်ပါဦး ”

ဒေါ်ကြီး ၀မ်ရူရွှမ်းလည်း မတ်တပ်ရပ်လိုက်ကာ...

“ ရှုဟွာ.. ငါသွားနှင့်တော့မယ်... တကယ်လို့ နင်အားရင် ကလေးတွေကို ခေါ်ပြီး လာလည်ပါဦး ”

“ ဟုတ်ကဲ့ပါ.. လိုက်ပို့ပေးပါရစေ.. ”

၀မ်သခင်မကြီး ကျောက်ရှုဟွာ မတ်တပ်ရပ်လိုက်ကာ လိုက်ပို့လိုက်သည်။ သူမမျက်နှာပေါ်မှ အပြုံးမှာ တောက်ပလျက်ရှိနေသော်လည်း ၀မ်ချောင်မှာတော့ ထိုအရာအား အလေးအနက်မထားပေ။ သူ့စိတ်က ရှုပ်ထွေးနေပြီး သူ၏ အာရုံစိုက်မှုက သူ ခုဏလေးတင်မှ ကြားလိုက်ရသော ခံစားချက်မဲ့သည့် စက်ရုပ်သံ၌သာ ရှိနေသည်။

သူ့မိခင်နှင့် အခြားသူများ ထွက်ခွာသွားသည့်အချိန်တွင် ၀မ်ချောင် ပင်မခန်းဆောင်အတွင်းမှ ချက်ချင်း ပြေးထွက်သွားကာ သူ့အခန်းထဲသို့ အလျင်အမြန် ၀င်လိုက်သည်။

.........

“ သွားကြမယ်.. ငါဒီကနေ မထွက်တာကြာလှပြီ.. ဒီ လေးပြည်နယ်သံရုံးကို ရောက်စကတည်းကပဲ.. အပြင်ထွက်ပြီး လမ်းလေး ဘာလေး လျှောက်ကြရအောင် ”

၀မ်ချောင်၏ဦးကြီး ၀မ်ကျန်၊ ဒေါ်ကြီး ၀မ်ရူရွှမ်းနှင့် အခြားသူများက ၀မ်မိသားစုခြံ၀င်းမှ ထွက်ခွာသွားသည့်အချိန်၌ လေးပြည်နယ်သံရုံးတွင် တစ်ခေါင်းလုံးဖြူနေကာ တောက်ပနေသည့် မျက်လုံးအစုံပိုင်ဆိုင်ထားသည့် လူအိုကြီးတစ်ယောက်က ယခုအချိန်တွင် နဂါးခေါင်းပုံ ပလ္လင်ပေါ်၌ ထိုင်လျက်နေသည်။ သက်ပြင်းချလိုက်ပြီး ထိုင်နေရာမှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထိုလူအိုကြီးမှာ အမြင်တွင် သိုင်းပညာရှင်နှင့် မတူသော်လည်း ထိုင်ခုံမှ မတ်တပ်ရပ်လိုက်သည်တွင် ပင်လယ်လှိုင်းလုံးများ ရိုက်ခတ်သွာသကဲ့သို့ အငွေ့အသက်က သူ့ဆီမှ ထွက်ပေါ်လာသည်။

လေးပြည်နယ်သံရုံး၏ အရှေ့ဘက်အခြမ်းမှာ ထိုလူအိုကြီး၏ ခြေထောက်အောက်တွင် တုန်ခါနေပုံရပြီး ကမ္ဘာမြေကြီးပင် ထိုလူအိုကြီးအား ထမ်းထားရန် ရုန်းကန်နေရပုံပေါ်သည်။

၀မ်း........

ထိုလူအိုကြီး မတ်တပ်ရပ်လိုက်သည်နှင့် ပတ်၀န်းကျင်တွင်ရှိနေသည့် အင်ပါရီယာစစ်တပ်၀င်များ၊ အစောင့်များ၊ အိမ်စေများနှင့် အစေခံများအားလုံး ဒူးထောက်လိုက်ပြီး အောက်သို့ငုံ့ထားလျက်ရှိသည့် သူတို့၏ မျက်နှာများတွင် လေးစားခြင်းနှင့် ကြောက်ရွံခြင်းများ ပြည့်နှက်နေသည်။

သူတို့၏ အမူအရာများမှာ တောနက်နက်ထဲရှိ ပိုးမွှားလေးတစ်ကောင်မှ ဧရာမဆင်ကြီးတစ်ကောင်အား တွေ့လိုက်သကဲ့သို့ပင်။ အမှန်၌လည်း အိုမင်း၍ ထိလွယ်ရှလွယ်ပုံရသည့် ဤမုတ်ဆိတ်ဖြူလူအိုကြီးသည် အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးရှိ သြဇာအာဏာအကြီးဆုံးသူများထဲမှ တစ်ယောက်ပင် ဖြစ်လေသည်။

သူက ယောင်ကလန်၏ ထောက်တိုင်ကြီးဖြစ်သော ယောင်ကလန်၏ လူအိုကြီး ယောင်အမတ်ကြီးပင်ဖြစ်ချေသည်။

“ သခင်ကြီး.. ချီဘုရင်နဲ့ သွားတွေ့မှာလား ”

လေးလေးပင်ပင်နှင့် အားအင်ပြည့်ဝသော အသံက ဘေးမှ ထွက်ပေါ်လာသည်။ ယောင်အမတ်ကြီး၏ ဘေး၌ အသက်အရွယ်အားဖြင့် ခြောက်ဆယ်ခန့်ရှိပြီဖြစ်သော လူအိုကြီးတစ်ယောက် မတ်တပ်ရပ်နေသည်။ နဖူးပြင်၌ အရေးအကြောင်း ပြည့်နေပြီ ဖြစ်သော်ငြားလည်း တိုင်းတာမရနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် လက်ရွေးစင်တစ်ယောက်၏ အငွေ့အသက်အား ထုတ်လွှတ်ထားသည်။ အန္တရာယ်များမည့်ဟန်ရသည့် လူအိုကြီးက ခန္ဓာကိုယ်အား ကွေးညွှတ်၍ မတ်တပ်ရပ်နေရာ သူ၏ ကိုယ်နေဟန်ထားနှင့် ဟန်ပန်အမူအရာ၌ လေးစားခြင်းများ ပြည့်နှက်လျက်ရှိသည်။

“ ယောင်ကွမ်းရီက တောင်ဘက်နယ်စပ်မှာ သူ့အကြံနဲ့သူ ပြန်ခံလိုက်ရပြီလေ ဒါက သူကိုင်တွယ်နိုင်တဲ့ အရာ မဟုတ်တော့ဘူး.. ”

ယောင်လူအိုကြီးလည်း မတတ်သာပဲ သက်ပြင်းချလိုက်ကာ...

“ ကြည့်ရတာ ၀မ်ကလန်ကို အထောက်အကူပေးနေတဲ့ ပညာရှိတစ်ယောက် ရှိနေပုံပဲ ”

ပြီးနောက်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ တည်ငြိမ်လျက်ရှိသော အခြေအနေက အလွန်အမင်းခြိမ်းခြောက်နိုင်စွမ်းအား ပေးနေလေသည်။

လူအိုကြီးမှ အတိုင်းထက်အလွန် မျှော်လင့်ထားသည့် သားဖြစ်သူ ယောင်ကွမ်းရီသည် နယ်စပ်တွင် ကျရှုံးခဲ့သည်။ ထိုသတင်းက အတောင်ပံ ပေါက်နေသကဲ့သို့ပင် မြို့တော်တစ်ခုလုံးအား ပျံ့နှံ့သွားကာ လူတိုင်းကလည်း ၀မ်ကလန်သည် သူတော်စင်တစ်ယောက်၏ အကူအညီအား ရရှိခဲ့သည်ဟု ပြောဆိုနေကြသည်။

‘ သူတော်စင် ’ဆိုသည့် သူက မြေခွေးအိုကွမ်းရီထက်ပင် ပို၍ ထက်မြက်ပုံရသည်။ မြေခွေးအိုကွမ်းရီအား သူ၏ လက်ထဲ၌ သွန်လိုသွန် မှောက်လိုမှောက် ကစားနေနိုင်သည်။

အတိအကျဆိုရလျှင် လူတိုင်းက ကြိုးကြာပျံဝဲစံအိမ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှာလည်း တစ်ဖက်လူ၏ အကြံအစည်သာဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြပြန်သည်။

ယနေ့အချိန်ထိ ၀မ်ကလန်အား လမ်းပြနေသည့် ‘ သူတော်စင် ’ဆိုသူ အား မည်သူမျှ မသိရှိကြပေ။ ၀မ်ကလန်၌ ‘ ကျိုးအမတ်ကြီး ’မှစ၍ ၀မ်ယန်အထိ မည်သူမျှ နိုင်ငံရေးကစားပွဲများတွင် ထိုမျှလောက် ကျွမ်းကျင်မှုမရှိကြပေ။

အကြီးဆုံးသားတစ်ယောက်သာ ထိုနေရာတွင် အနည်းငယ် ကျွမ်း၀င်မှုရှိသော်လည်း သူ၏ လုပ်နိုင်စွမ်းများက တော်၀င်ရုံးတော်၌သာ အကန့်သတ်ရှိသည်။ စစ်တပ်ဆိုင်ရာကိစ္စရပ်များတွင် သူက ဖြစ်ဖြစ်မြောက်မြောက် မရှိချေ။ သူ့အမျှော်အမြင်များက မြေခွေးအိုကွမ်းရီနှင့် ယှဉ်လျှင် ဆင်နှင့် ပုရွက်ဆိတ်လိုပင်။

၀မ်ကလန်သည် ထိုကဲ့သို့သော ဗျူဟာရှင်၏ အထောက်အပုံအား ရရှိထားလျှင် ပို၍ အမြင့်သို့ ရောက်ရှိသွားပေမည်။ ထိုအချင်းအရာက ယောင်ကလန်အတက် ကောင်းသောအရာမဟုတ်ပေ။

အစေခံအိုကြီး ယောင်ချွန်းသည် ယောင်လူအိုကြီးထံတွင် ယခုဆိုလျှင် နှစ်အတန်ကြာအောင် ခစားခဲ့သည်ဖြစ်သောကြာင့် ဤကိစ္စ၌ ထူးထူးဆန်းဆန်း လူအိုကြီးထံ၌ မည်သည့် သံလွန်စမှ မရှိနေကြောင်း သူသိနေသည်။

“ သခင်ကြီး ဒုတိယခင်လေးက သင့်ကို မယှဉ်နိုင်ဘူးဆိုပေမဲ့ တစ်ချို့နေရာတွေမှာတော့ သင့်အဆင့် အရည်အသွေးတွေ ပိုင်ဆိုင်နေပါပြီ.. သူတောင်မှ တစ်ဖက်လူ လက်တွင်းကျရောက်ပြီး ဒီလိုမျိုး အရှုံးမျိုး ခံစားလိုက်ရတယ်ဆိုတော့.. တစ်ဖက်လူက သူ့ရည်ရွယ်ချက်အားလုံးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားပုံရတယ်.. ဒီလိုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး.. ပြီးတော့ ကျုပ်တို့လူတွေကလဲ တစ်ဖက်ရန်သူအကြောင်း ဘာသဲလွန်စမှ ရှာမတွေ့နေဘူးလေ.. ”

“ သခင်ကြီး ဒုတိယသခင်လေးရဲ့ပြိုင်ဖက်က တော်တန်ရုံတော့မဟုတ်ဘူးနော်.. သင် သူ့ကို ကူညီမှ ရလိမ့်မယ် ”

ယောင်ကွမ်းရီမှာ အသက်လေးဆယ်ပြည့်ပြီးဖြစ်သော်လည်း ဤအစေခံအိုကြီး၏ ပါးစပ်ကမူ ‘ ဒုတိယသခင်လေး ’ဟုသာ ခေါ်ဆိုနေဆဲပင်။

“ ကြည့်ရတာ တစ်ဖက်လူက ကောင်းသောလာခြင်းနဲ့ ဟုတ်ပုံမရဘူး.. ဒီကိစ္စအပေါ် ငါကိုယ်တိုင် ၀င်လုပ်ပေးမှ ရတော့မယ်..---- ကွမ်းရီကို ပြန်ခေါ်လိုက် ပြီးရင် ငါ့အမိန့်ပေးလိုက်တယ်လို့ပြော.. လက်ရှိ ၀မ်ကလန်နဲ့ ပက်သက်ပြီး ဘာမှ ၀င်မပက်သက်တော့ဖို့ ပြောထားလိုက် ”

ယောင်အမတ်ကြီး မျက်လုံးမှိတ်လိုက်သည်နှင့် တိတ်ဆိတ်ခြင်းက အခန်းတစ်ခုလုံးအား အချိန်အတန်ကြာ စိုးမိုးသွားသည်။

အစေခံအိုကြီး ယောင်ချွန်း အံ့သြသွားလေသည်။ လူအိုကြီးထံ၌ အမှုထမ်းခဲ့သည့် နှစ်ပေါင်းများစွာ တစ်လျောက် ယခုကဲ့သို့ တစ်ဖက်ပြိုင်ဘက်အား ခုခံသည့်ပုံစံ ပြုမူနေသည်အား ပထမဦးဆုံး ကြုံတွေ့ဖူးခြင်းပင်။

ယောင်လူအိုကြီးကိုယ်၌ကပင် ယခုကိစ္စအား ကိုင်တွယ်ရခက်ခဲမည်ကို သိထားမှန်း သိသာနေသည်။

“ ဒါပေမဲ့.. သခင်ကြီး ချီဘုရင်ကို ကျေရာကျေကြောင်း တောင်းပန်တာက လွယ်ကူမှာ မဟုတ်ဘူး.. ဒုတိယသခင်လေးက တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးနိမ့်ခဲ့တာ ပြီးတော့ နယ်စပ်ကကိစ္စ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ချီဘုရင် ဒေါသူပုန်ထနေပြီလေ.. သုံးရက်အတွင်းမှာကို ဒုတိယသခင်လေးကို ဆင့်ခေါ်ဖို့ တံဆိပ်ပြား ဆယ့်ခြောက်ခု ပို့ခဲ့ပြီးပြီ.. ဒီအချိန်မှာ ဒုတိယသခင်လေးကို ပြန်ခေါ်မယ်ဆိုတာက အကြံကောင်းတော့ မဟုတ်ဘူး ”

ယောင်ချွန်းမှ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“ ကွမ်းရီကို အဲ့ဒီကိစ္စ စိတ်မပူဖို့ပြောလိုက်.. ချီဘုရင်ကို ငါကိုယ်တိုင်တွေ့ပြီး ပြောလိုက်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ အနောက်ဘက်အခြမ်းကို ခနသွားပြီး ၀မ်ကလန်က ငါ့ရဲ့ပြိုင်ဘက်ဟောင်းကို သွားတွေ့ဖို့ လိုနေပြီ.. ”

“ အင်း...... ”

ထိုစကားများအားကြားလျှင် အစေခံအိုကြီး ခေတ္တတွေဝေသွားသည်။ ယောင်လူအိုကြီးအား အထိတ်တလန့် လှမ်းကြည့်လိုက်မိသည်။ ယောင်လူအိုကြီးမှ ထိုကဲ့သို့ အကွက်ရွေ့လိမ့်မည်ဟု သူ မထင်ထားသည်မှာ သိသာနေသည်။

ထို၀မ်ကလန်မှ လူပုဂ္ဂိုလ်မှာ သခင်ကြီးနှင့် ငယ်စဉ်ကတည်းကပင် ဖက်ပြိုင်လာကြသူများဖြစ်သောကြောင့် အင်ပါယာ၏ အမိန့်တော်အရ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကတည်းက လေးပြည်နယ်သံရုံး၌ အခြေချနေထိုင်ကြခဲ့ကြကာ တစ်ဦးနှင့်တစ်ဦး အိမ်နီးချင်းများဖြစ်လာသော်လည်း နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုတွင် သခင်ကြီးမှ ၀မ်ကလန်မှ ထိုလူနေထိုင်သော အနောက်ခြမ်းသို့ ဦးစွာ သွားရောက်ပေတော့မည်။ ယောင်ချွန်းပင် အငိုက်မိသွားသည်။ တစ်ခဏကြာအောင် သူမည်သို့ ပြောရမည်ကိုပင် မေ့လျော့သွားလေ၏။

“ ဘာမှ ပြောနေစရာမလိုဘူး.. လက်ဆောင်ပြင်ဆင်ဖို့ လုပ်လိုက်တော့.. ငါတို့ အခုပဲ သွားကြမယ် ”

ယောင်အမတ်မင်းမှ အစေခံအိုကြီးအား ကြည့်လိုက်ကာ သက်ပြင်းချမိသည်။ ထိုအစေခံအိုသည် သိုင်းပညာတွင် ပြိုင်စံရှားသည့်တိုင် နိုင်ငံရေးတွင်တော့ အသိအမြင် နည်းလွန်းလှသည်။

သူ၏ ဒုတိယသားဖြစ်သူ ယောင်ကွမ်းရီသည် နယ်စပ်တွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ လူတိုင်း၏ ဟားတိုက်စရာ ဖြစ်ခဲ့ရသည်။ ယခုအချိန်၌ သူ ဆန္ဒရှိသည် မရှိသည်က အဓိက မကျတော့ပဲ နန်းတော်၌ ရှိနေသည့် ထိုလူအား ကျေနပ်စေရန် ယောင်ကလန် လုပ်နိင် မလုပ်နိုင်အပေါ်၌သာ မူတည်တော့သည်။

အကယ်၍ သူသာ ငယ်ရွယ်နေဆဲဖြစ်လျှင် သူ၏ ခွန်အားအရာအားဖြင့် အနောက်ခြမ်းမှ ထိုလူအား သူ ဦးညွှတ်မည် မဟုတ်ပေ။ သို့သော် ယခုအချိန်၌မူ သူ့ သားစဉ်မြေးဆက်များနှင့် ယောင်ကလန်၏ ရှေ့ရေးအတွက်ကြောင့် သူ့တွင် ရွေးချယ်စရာမရှိ လုပ်ကို လုပ်ရပေတော့မည်။

ဘန်း......

သူ၏ ပလ္လင်ကို အားယူချက် ယောင်အမတ်ကြီး တံခါးမှနေ၍ ထွက်သွားလိုက်သည်။

.........

တစ်ချိန်တည်း၌ စစ်တပ်ရေးဆိုင်ရာဌာနထဲတွင်...

“ ငါ့ကို နာမည်စာရင်းစာရွက် ပြစမ်း ”

၀မ်မိသားစုခြံ၀င်းမှ ထွက်လျှင်ထွက်ပြီးချင်း ၀မ်ချောင်၏ ဦးကြီးဖြစ်သူ ၀မ်ကျန်က သူ့ခြံ၀င်းရှိရာသို့ ချက်ချင်း ပြန်မသွားခဲ့သည့်အပြင် ဆန္ဒစောလျက် စစ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာဌာနသို့ တစ်ခါတည်း ဦးတည်သွားခဲ့သည်။

၀မ်ချောင်၏ ဦးကြီး၀မ်ကျန်သည် တော်၀င်ရုံးတော်တွင် အဆင့်၂ရှိသော အမှုထမ်းဖြစ်သည်။ သူက ၀န်ကြီးဌာန ခြောက်ခုလုံး၏ စာရွက်စာတမ်းများအား ဖတ်ရှုခွင့်ရှိလေသည်။ စစ်ရေးဆိုင်ရာ ကိုယ်ရေးဌာနမှ အမှုထမ်းများက သူ့အား မည်သို့ တားဆီးရဲမည်နည်း။

တာ၀န်ကျ အမှုထမ်းမှ စာရွက်စာတမ်းများအား မွှေနှောက်အပြီး မကြာမှီပင် ၀မ်ကျန်လိုချင်သည့် စာရွက်စာတမ်းအား ပြည့်သိပ်လျက်ရှိနေသည့် စာအုပ်စင်ထဲ၌ ရှာတွေ့သွားသည်။

၀မ်ကျန်မှ စာလိပ်အား အလျင်အမြန်ဖြည်လိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ များမကြာမှီ သူ့သားကြီး၏ နာမည်အား စာလိပ်ထဲ၌ တွေ့လေပြီ။ သို့ဆိုစေ စာရင်းထဲမှ ကွင်းထားသော စက်ဝိုင်းများအား တွေ့လိုက်သည်တွင် နှလုံးခုန်နှုန်းပင် ခေတ္တရပ်တန့်သွားသည်။

“ ငါကလွဲပြီးတော့ ဒီစာရင်းတွေကို ဘယ်သူ လာကြည့်သေးလဲ.. ”

၀မ်ကျန် မေးလိုက်သည်။

စစ်ရေးဆိုင်ရာကိုယ်ရေးဌာန စာရင်းပေါ်မှ စက်ဝိုင်းများက အခြားသူတစ်ယောက် ဖတ်ရှုထားပြီးဖြစ်ကြောင်း သက်သေပင်။ ယခင်ကဆိုလျှင် သူက စစ်ရေးဆိုင်ရာကိုယ်ရေးဌာနမှ ရာထူးတိုးခြင်းစာရင်းကိုသာ အာရုံစိုက်ထားကာ သူ့သားက စစ်ရေးဆိုင်ရာ ကိုယ်ရေးဆိုင်ရာဌာနနှင့် သက်ဆိုင်သွားပြီး သူတို့က သူ့သားအား ရာထူးတိုးပေးခြင်း နေရာပြောင်းရွေ့ဖြင်းများ လုပ်ဆောင်ခွင့်ရှိသွားမည့်အချက်ကို သူပစ်ပယ်ထားမိသည်။

“ ဒီကြားထဲမှာတော့..စစ်ရေးဆိုင်ရာ ကိုယ်ရေးဌာနရဲ့ ကျန်းသခင်၊ ပိုင်သခင်၊ ဖေးသခင်၊ လျှိုသခင်နဲ့ ယောင်သခင်တို့က ဒီကိုလာပြီးတော့ ကြည့်ခဲ့ကြတယ်.. မကြာခင်တုန်းကပဲ ယောင်သခင်က ချီဘုရင် အမိန်နဲ့အတူ လာခဲ့တာကြောင့် စစ်ရေးဆိုင်ရာကိုယ်ရေးဌာနရဲ့ ရာထူးတိုးစာရင်းကို သူ့ကိုပေးခဲ့ရသေးတယ်.. ဘာကြောင့်လဲမသိရပေမဲ့ ကျုပ်တို့ကို ထွက်သွားဖို့ ပြောခဲ့ပြီး အထဲမှာ အချိန်အတော်ကြာ သူနေခဲ့ပါသေးတယ် ”

စွင်း......

အထက်ပါစကားများအား ကြားလိုက်ရချိန်၌ ဦးကြီး၀မ်ကျန်၏ မျက်နှာ ဖြူလျော့သွားလေတော့သည်။ သူ၏ လက်ဝါးအား စားပွဲပေါ်တင်ထားလိုက်ရာ သူ့ကိုယ်သူ မတ်မတ်ရပ်နေရန် အကူအညီ ယူနေရသလိုပင်။ သူ့နဖူးပေါ်မှ ပုတီးစေ့ခန့်မျှသော ချွေးသီးများ ကျဆင်းလာ၏။

ရှူး..........

ဦးကြီး၀မ်ကျန်မှ အသက်ပြင်းပြင်းရှူလိုက်ပြီး အတန်ကြာချိန်အထိ မလှုပ်မရှားပဲနေနေသည်။ သူ၏ အကြောက်အလန့်မရှိခြင်းက သူ့အား ကပ်ဘေးကြီးအတွင်းသို့ ကျရောက်စေတော့မယောင်ပင်။

သူက လျှို့ဝှက်စွာပင် သူ့သားကြီး၏ နာမည်အား ရာထူးတိုးစာရင်းမှ မည်သူ့မှ မပြောပဲ ဖယ်ရှားပစ်လိုက်ပါက မည်သူမျှ ထိုအရာအား သိရှိမည် မထင်ပေ။ အစ၌ သူသည် အချိန်ကျသည်နှင့် လျှို့ဝှက်စွာဖြင့် ၀မ်လီ၏ ရာထူးတိုးခြင်းအား ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဟု ကြံရွယ်ထားသည်။ ယောင်ကလန်မှ ထိုအရာအား စောစောစီးစီး သတိထားမိလိမ့်မည်ဟု သူ မထင်ထားပေ။

အကယ်၍ ၀မ်ချောင်၏ သတိပေးမှုကြောင့်သာ မဟုတ်ခဲ့လျှင် သူ၏သားအား သူကိုယ်တိုင်ပင် ယောင်ကလန်လက်ထဲ အပ်မိသလို ဖြစ်ပေတော့မည်။

၀မ်ကျန်သည် စစ်ရေးဆိုင်ရာ ကိစ္စရပ်များအား အကျွမ်းတ၀င်မရှိလှသော်လည်း ယောင်ကလန်၏ ရာထူးတိုးခြင်းစာရင်းအား အာရုံစိုက်နေခြင်းမှာ သူ၏ သားကြီးကို သူတို့လက်အောက်သို့ လွဲပြောင်းနိင်ချေ အလွန်များကြောင်း သူသိလေသည်။

၀မ်လီမှာ ငယ်ရွယ်သေးပြီး ယောင်ကလန် သားအဖ၏ ဉာဏ်နီဉာဏ်နက်များအရ ၀မ်လီအား အနေအထိုင်ကျပ်အောင် ပြုလုပ်မည်ဖြစ်ပြီး ၀မ်ကလန်အား အကျပ်ကိုင်နိုင်ရန် ကြိုးပမ်းပေလိမ့်မည်။

အကယ်၍ ဤအခြင်းအရာသာ ထိုအခြေအနေအထိ ရောက်သွားခဲ့လျှင် နောင်တရရန်ပင် အလွန်နောက်ကျသွားပေလိမ့်မည်။

“ လီအာ... အဖေ သားကို ထိခိုက်မိစေတော့မလို့ပဲ..... ”

၀မ်ကျန် ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ အကယ်၍ ၀မ်ချောင်၏ အချိန်ကိုက် သတိပေးမှုကြောင့်သာ မဟုတ်လျှင် သူ အမှားကြီးတစ်ခု ကျူးလွန်မိလုနီးပါးပင်။

သူ စားပွဲထောင့်စွန်းရှိ မှင်ဖျက်သည့် ပစ္စည်းအား ကောက်ယူလိုက်ကာ ၀မ်လီ၏နာမည်အား စစ်တပ်ဆိုင်ရာ ကိုယ်ရေးဌာန၏ စာရင်းထဲမှ ဖျက်ပစ်လိုက်သည်။

..........................

ကျနော်သိထားတာအရ အဆင့်၂ အရာရှိဆိုတာက လက်ရွေးစင်အမှုထမ်းလိုပါပဲ.. သူတို့က အမြင့်ဆုံးရာထူးကို ရောက်နိုင်ချေအများဆုံးသူပေါ့ နန်းရင်း၀မ်ကြီး(၀န်ကြီးချုပ်)လိုမျိုး ဒါမှမဟုတ် ၀န်ကြီးချုပ်မရှိရင် ဘယ်၀န်ကြီး ညာ၀န်ကြီး ဘာညာပေါ့..

၀န်ကြီးဌာနခြောက်ခုဆိုတာက....

ကိုယ်ရေးအချက်အလက်ဆိုင်ရာဌာန၊

ဘဏ္ဌာရေးဆိုင်ရာဌာန၊

ဘာသာရေးဆိုင်ရာဌာန၊

တိုက်ပွဲဆိုင်ရာဌာန၊

တရားစီရင်ရေးဆိုင်ရာဌာနနဲ့၊

အလုပ်သမားဆိုင်ရာဌာနတို့ပဲ ဖြစ်ပါတယ်..

ဒီ ဌာနတွေအကုန်လုံးကို ပြည်နယ်၀န်ကြီးဌာန လက်အောက်မှာ ထားရှိပါတယ်..

စစ်ရေးဆိုင်ရာဌာနဆိုတာက စစ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာ ဌာနကို ပြောတာပါ.. တိုက်ပွဲဆိုင်ရာဌာနနဲ့ မတူသလို ကိုယ်ရေးအချက်အလက်ဆိုင်ရာဌာနဲ့လဲ မတူပါဘူး..

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 42.

ကံကြမ္မာကျောက်တုံး

၀မ်ချောင်၏အခန်း ပြတင်းပေါက်များအားလုံး ပိတ်ထားလျက်ရှိကာ အ၀င်တံခါးကိုပင် မင်းတုံးချထားသေးသည်။ ထိုအချိန်၌ သူ၏ အခန်းမှာ သီးသန်ကမ္ဘာတစ်ခုနှယ်။

၀မ်ချောင်မှာမူ ထို ‘ ကမ္ဘာ ’၏ ဗဟိုချက်မဖြစ်၏။

“ ပြန်တွေးစမ်း.. ပြန်တွေးစမ်း... ငါဘာကြားလိုက်တာလဲ... ကံကြမ္မာ ဘာဆိုလားပဲ... ”

၀မ်ချောင် ကုတင်စွန်းတွင် ထိုင်နေကာ မျက်စိမှတ်ထားလျက်ရှိသည်။ သူ အတတ်နိုင်ဆုံးကြိုးစား၍ ပင်မခန်းဆောင်အတွင်း သူကြားလိုက်ရသည့် စကားများအား ပြန်အစဖော်လျက်ရှိသည်။ သတိပင်မထားမိပဲ သူ့လက်အား ပေါင်ပေါ်ချထားမိသည်။

၀မ်ချောင်က ယခင်ဘ၀၌ ထောင်ပေါင်းများစွာသော တပ်သားများကို ဦးဆောင်ခဲ့ရသည့်တိုင် ဤမျှလောက် စိတ်လှုပ်ရှားမိခြင်း မရှိဖူးချေ။

သို့သော် ယခုတွင်တော့ ၀မ်ချောင် စိတ်အိုက်နေလေပြီ။

“ ဟုတ်ပြီ.. ကံကြမ္မာကို ရုန်းကန်လှုပ်ရှားတယ်.. ဒါပဲ ကံကြမ္မာ ရုန်းကန်လှုပ်ရှားသူ.. ”

၀မ်းးးးးးးးး.... ၀မ်ချောင်၏ စိတ်အတွင်း၌ ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ဟူသည့် စကားလုံး လျှပ်တစ်ပြက် ပေါ်လာချိန်တွင် ထိုအရာက တံခါးပေါက်အား ဖွင့်ရမည့်သော့အား တွေ့သွားသည့်အလား ၀မ်ချောင်၏ စိတ်ထဲ၌ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သည်။

များပြားလှစွာသော သတင်းအချက်အလက်များက ၀မ်ချောင်၏ စိတ်အတွင်း စီး၀င်လာပြီးနောက် ခံစားချက်မဲ့သော စက်ရုပ်သံအား ၀မ်ချောင် နောက်တစ်ဖန် ထပ်ကြားလိုက်ရသည်။ ထိုအချိန်၌ပင် သူယခင်က ကြားခဲ့ရသည်ထက် များပြားသော အကြောင်းအရာများက...

{ ဆက်ခံသူ အသက်သွင်းလိုက်ပြီ.. သင်က သင့်ကလန်ရဲ့ ကံကြမ္မာကို အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပြီး ကလန်သားတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ.. ဒါကြောင့် သင့်ကို ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ဆိုတဲ့ ဂုဏ်ပုဒ်ကို အပ်နှင်းလိုက်ပြီ.. }

{ ကံကြမ္မာသူရဲကောင်း : လူတိုင်းဟာ ကံကြမ္မာပိုးအိမ်ထက်က အသေးငယ်ဆုံးသော အရေးမပါတဲ့ပုရွက်ဆိတ်သာသာပဲ }

{ ဂုဏ်ပုဒ် : ကံကြမ္မာရုန်းကန်လှုပ်ရှားသူ.. ရမှတ် : ကံကြမ္မာစွမ်းအင် ၅၀ }

..........

ထိုစကားများအားကြားလိုက်ရလျှင် ၀မ်ချောင်၏ မျက်လုံးထဲ၌ ပုံရိပ်ယောင်ပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ ထိုအရာများက ၀မ်ချောင်၏ ပြန်လည်မွေးဖွားလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အစုံပင်ဖြစ်ကာ : သူ့မိဘများရှေ့၌ အမှား၀န်ခံခြင်း၊ ကြိုးကြာပျံဝဲစံအိမ်၌ ခိုက်ရန်ဖြစ်ပွားခြင်း၊ သူ၏ ဖခင်အား ဖျောင်းဖျခြင်း စသည်ဖြင့်.......... အားလုံးက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူလုပ်ဆောင်ခဲ့သည်များအား ဘေးမှ ထိုင်ကြည့်နေရသည်ဟု ၀မ်ချောင် ခံစားနေရသည်။

အအအအ.....

ထိုမြင်ကွင်းအား မြင်သည်တွင် ၀မ်ချောင် ပင့်သက်ရှိုက်လိုက်မိသည်။ သူ၏ မှန်းဆချက်က မမှားခဲ့သည့်အပြင် သူ့ထံ၌ တစ်စုံတစ်ခု ဖြစ်ပွားနေပေသည်။

ထို ဆန်းကြယ်သည့်အသံနှင့် ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ဟူသည်မှာ သိသိသာသာပင် ပုံမှန်မဟုတ်နေပေ။ ပြန်လည်မွေးဖွားလာပြီးနောက် သူ့ခန္ဓာကိုယ် ပို၍ သွက်လက် ထက်မြက်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူ၏ နဂါးအရိုးနည်းစနစ်အား လေ့ကျင့်ရာတွင် ယခင်ဘ၀ထက် အတော်အတန်လွယ်ကူနေသည်ကိုလည်း မအံ့သြတော့ပေ။ ကိုယ်ခန္ဓာတည်ဆောက်ရေးဆေးလုံးအား သူစုပ်ယူရာတွင် သူ ထင်ထားသည်ထက် ပိုမြန်နေခြင်းကိုလည်း မအံ့သြတော့ပေ......။

တစ်ချိန်တည်း၌ ၀မ်ချောင်က ထိုအရာများသည် ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ ထူးခြားဆန်းကြယ်သောစွမ်းအား တစ်စုံတစ်ရာ အမှန်ပင် ကိန်းအောင်းနေပေပြီ။

သို့သော် ယခင်က အဘယ်ကြောင့် မခံစားမိလေသနည်း။

၀မ်ချောင်၏ စိတ်ထဲ၌ မုန်တိုင်းထန်နေလေတော့သည်။ နောက်ပြန်စဉ်းစားကြည့်ရာ သူ့အား မနှစ်သက်သည့် သူ့ဦးကြီး၏ အသိအမှတ်ပြုမှုအား ရရှိသည့်အချိန်၌ ထိုအသံ ပေါ်ထွက်လာဖြင်း ဖြစ်ပေသည်။

“ ဒါဆို.. ဒီ ဆန်းကြယ်တဲ့စွမ်းအား အသက်၀င်လာဖို့ သတ်မှတ်ထားတဲ့ အခြေအနေတစ်ခု ကြုံဖို့လိုတာပေါ့ ”

၀မ်ချောင် ကုတင်ပေါ်၌ လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသည်။

ယနေ့ဖြစ်ရပ်များက ၀မ်ချောင်အတွက် အလွန် ထိတ်လန့်ဖွယ်ကောင်းနေသည်။ သူ့ထံ၌ မည်သို့သောအရာ ဖြစ်ပျက်နေသည်ကို သူနားလည်သဘောပေါက်ရန် အချိန်ပေး ချင့်ချိန်ရန် လိုအပ်နေသေးသည်။

“ ဆက်ခံသူ နိုးထလာပြီဆိုတော့.. ဒါက ငါ့ကို ဆိုလိုတာများလား.. ဒါက ငါ့ဆီမှာ ပေါ်လာတာဆိုတော့ ငါက သူရဲ့ လက်ခံသူ ဖြစ်သွားပြီလို့ ဆိုလိုတာပဲမဟုတ်လား.. ဒါပေမဲ့ ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ဆိုတာ ဘာလိုဆိုလိုတာလဲ.. ဒီဟာက ငါ့ကလန်နဲ့ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တဲ့ ငါ့လုပ်ရပ်တွေကြောင့် ပေါ်လာတာများလား ”

၀မ်ချောင်၏ ခေါင်းထဲ၌ မရေမတွက်နိုင်သော အတွေးများ ဖြစ်ပေါ်လာသည်။ ထိုစာကြောင်းသုံးကြောင်းက သူ့ထံ၌ ဖြစ်ပျက်နေသည်များနှင့် ပက်သက်၍ သတင်းအချက်အလက် အနည်းငယ်သာပေးစွမ်းနိုင်ကာ ၀မ်ချောင် တတ်နိုင်သမျှ ဆက်တူးဖော်ရန်သာ တတ်နိုင်တော့သည်။

ထို့အပြင် ဆန်းကြယ်သော အသံက မည့်ကဲ့သို့ ထွက်ပေါ်လာသည်ဖြစ်စေ သူ၏ ပြန်လည်မွေးဖွားခြင်းနှင့် သက်ဆိုင်လိမ့်မည်ဟု ၀မ်ချောင်၏ မသိစိတ်က ပြောလျက်ရှိသည်။

သူ၏ယခင်ဘ၀၌ ထိုကဲ့သို့ဖြစ်ရပ် တစ်ကြိမ်ဖြစ်ခဲ့ဖူသည် မဟုတ်လော။

ထိုအရာအားလုံးက သူ၏ ပြန်လည်မွေးဖွားခြင်း ပြီးနောက်တွင် စတင်ခဲ့ခြင်းဖြစ်ပေသည်။

“ ဒီလိုဆိုရင် ဖြစ်နေသမျှအားလုံးက အဲ့ဒီ ကြယ်ကြွေတာကြောင့်ပဲလား ”

တစ်နည်းနည်းဖြင့် ထိုကြယ်ကြွေကျခြင်းက ၀မ်ချောင်၏ အတွေးထဲ၌ ပေါ်ထွက်လာပြန်သည်။ သူ့ယခင်ဘ၀၏ သေဆုံးခြင်း၌ နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းဖြစ်သလို ထိုစဉ်ကတည်းက သူ့အတွက် ဖြေရှင်းမရနိုင်သော ပုစ္ဆာတစ်ခု ဖြစ်နေခဲ့သည်မဟုတ်လား။

၀မြးးးးးး........

ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ၀မ်ချောင်၏ မျက်စိရှေ့ရှိ အရာအားလုံး ရုတ်ချည်း မှောင်အတိကျသွားကာ ၀မ်ချောင်မှာ သူ့ကိုယ်သူ ဘာဆိုဘာမှမရှိသည့် အဆုံးမရှိသော ဟင်းလင်းပြင်ထဲ၌ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

အမှောင်ထုသည် မျဉ်းဖြောင့်အတိုင်း ကျယ်ပြန့်နေပြီး ထိုအမှောင်ထု၏ ဗဟိုထဲ၌ အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် တစ်ဖြည်းဖြည်းနှင့် အဆရာချီ ကျယ်ပြန့်လာကာ တောင်တစ်လုံးနှင့် ဆင်တူသော အလင်းစုတစ်စုအဖြစ် ဖွဲ့စည်းသွားသည်။

“ ဒါက ကြွေကျခဲ့တဲ့ ကြယ်ပဲ ”

၀မ်ချောင်၏ စိတ်နှလုံး တင်းကျပ်သွားပြီး ထိုအလင်းစုအား သူမှတ်မိသွားသည်။

အလင်းစုလေးသည် ၀မ်ချောင် မသေခင် နောက်ဆုံးမြင်ခဲ့ရသည့် ကြွေကျလာသည့် ကြယ်၏ အလင်းတန်းပင်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် ထိုအရာက ပူလောင်လောင်နွေရက်လေးရက်၌ သူ့အား အခြား အချိန်နှင့်ဟင်းလင်းပြင် ခြားနားသည့် ဤကမ္ဘာသို့ သူ့အား ခေါ်ဆောင်ခဲ့သည့် အရာလည်းဖြစ်ပြန်သည်။

ကြယ်တံခွန်တစ်ခုကဲ့သို့ တောက်ပနေသည့်အရာအား ကြည့်နေရင်း အချိန်တစ်ခုတိုင်အောင် ၀မ်ချောင် ပြောစရာ စကားကင်းမဲ့နေလေသည်။

အရာများစွာအား ကျော်ဖြတ်ခဲ့ပြီးနောက် ထိုအရာအား ယခုကဲ့သို့သော အခြေအနေအောက်တွင် ပြန်မြင်ရလိမ့်မည်ဟု သူ မတွေးခဲ့မိချေ။

“ တကယ်တော့.. အရာအားလုံးက သူ့ဟာနဲ့သူ ချိတ်ဆက်နေပြီးသားပဲ.. ”

၀မ်ချောင် နက်နက်နဲနဲ ဆင်ခြင်နေရင်း ရေရွတ်လိုက်သည်။ ကြွေကျလာသည့် အပေါ် ၀မ်ချောင်၏ ခံစားချက်များက မတည်ငြိမ်သေးပေ။ တစ်ဖက်တွင် ထိုအရာ၀တ္ထုအား အလွန်စက်ဆုပ် ရွံရှာသည်။ သူ၏ ပထမအသက်တာအား ဤကမ္ဘာသို့ အတင်းအကျပ် ဆွဲယူခဲ့သည့် အရာ ဖြစ်နေသည် မဟုတ်လော။

သို့သော် တူညီစွာပင် သူ့အား ဘ၀သစ်တစ်ခု ပေးခဲ့ပြီး သူ၏ အတိတ်နှင့် သူ့အမှားများအား ပြင်ဆင်နိုင်ခွင့် ရခဲ့ပြန်ကာ သူ၏ နောင်တများကို ပြင်ဆင်ခွင့်လည်း ရခဲ့သည်။

ထိုရှုထောင့်မှကြည့်လျှင် ၀မ်ချောင် ထိုအရာအား အလွန် ကျေးဇူးတင်မိပြန်သည်။

ခြုံပြောရလျှင်မူ ထိုအရာသည် ၀မ်ချောင်အတွက် ဆန်းကြယ်သောတိမ်တိုက် တစ်ခုလိုဖြစ်နေ၏။ မြင်တွေ့နိုင်သည် ကိုင်တွယ်စမ်းသပ်၍ကား မရဖြစ်နေသည့်တိုင် တစ်ချိန်တည်း၌ ထိုအရာက ဆန်းကြယ်သည့် စွမ်းအားများကို ကိုင်စွဲထားပြန်သည်။ ထို့အပြင် ယခုအချိန်ထိတိုင် ၀မ်ချောင်က ထိုကြွေကျလာသည့်ကြယ်သည် အဘယ်ကြောင့်သူ့အား ဤနေရာသို့ ခေါ်ဆောင်ခဲ့သည်ကို သူနားမလည်သေးသည့်အပြင် ထိုအရာက အဘယ်ကြောင့်များ ဆန်းကြယ်သည့်စွမ်းအားများ၊ အချိန်နှင့်ဟင်းလင်းပြင်ကိုပင် အ၀တ်အထည်ကဲ့သို့ ဆွဲဖြဲနိုင်ခြင်းများနှင့်အတူ သူ့အား အသက်ပြန်သွင်းပေးခြင်းကဲ့သို့သော အရာများအား စွမ်းဆောင်နိုင်သည်ကို နားမလည်နေပေ။

ထိုကဲ့သို့ အတွေးများ ၀မ်ချောင်၏ ခေါင်းထဲ ပေါ်လာချိန်၌ သူ့ခေါင်းထဲ၌ အခြားအသံ တစ်ခုအား ကြားလိုက်ရပြန်သည်။

{ ကံကြမ္မာကျောက်တုံး }

၀မ်းးးးးးး........ တည်ငြိမ်နေသည့် ရေပြင်ထဲသို့ ခဲလေးတစ်လုံး ကျသွားသည့်နှယ် များပြားစွာသော လှိုင်းဂယက်များ ထွက်ပေါ်လာပြီး ၀မ်ချောင်ရှေ့ရှိ မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ မဆုံးနိုင်သော အမှောင်ထုထဲ၌ တောင်တစ်လုံးကဲ့သို့ အရွယ်အစားရှိသည့် ကြယ်က ရုတ်တရက် အလျင်အမြန် ကျုံ့၀င်သွားပြီး အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်၀င်သွားသည့်အလား။

မျက်တောင်တစ်ခတ်အတွင်း ကြယ်ကြွေ၏အလင်းရောင်သည် ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် လက်မအရွယ် သာမန်ဆန်သော ဆန်းကြယ်သည့် ကျောက်မျက်တစ်ခုက အစားထိုးလျက်ရှိသည်။ ထိုအရာက ၀မ်ချောင်ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် မျောလွှင့်နေပြီး စွမ်းအားပြင်းထန်သည့် အချိန်နှင့်ဟင်းလင်းပြင်ကြိမ်နှုန်းများ ထုတ်လွှတ်ပေးနေသည်။

ထိုကျောက်မျက်လေးမှာ ‘ ကံကြမ္မာကျောက်တုံး ’ဖြစ်မှန်း ၀မ်ချောင် အလိုလိုသိရှိနေလေသည်။

{ ကံကြမ္မာကို ဘယ်သူကမှ ချယ်လှယ်လို့မရဘူး }

၀မ်ချောင်၏ စိတ်ထဲ၌ စကားလုံးများ ပေါ်ထွက်လာပြန်သည်။ တစ်ချိန်တည်းတွင် ‘ ကံကြမ္မာကျောက်တုံး ’၏ ဘေး၌ မှုန်ဝါးဝါးအရိပ်တစ်ခု ထွက်ပေါ်လာသည်။

၀မ်ချောင် ထိုအရိပ်အား မှတ်မိလေသည်။ ထိုအရာမှာ သူပင်ဖြစ်သည်။

{ ကံကြမ္မာရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့သူသာ ကံကြမ္မာရဲ့သားတော်ဖြစ်လာလိမ့်မယ်.. သို့ပေမဲ့လဲ ကံကြမ္မာရဲ့သားတော်ဆိုတာက အားကျစရာကောင်းတဲ့အရာတော့ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ဘယ်လို တန်ဖိုးမျိုး ပြန်ပေးဆပ်ရလိမ့်မယ်ဆိုတာကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပဲ }

အေးစက်စက် စက်ရုပ်ဆန်သည့်အသံက ထိုနေရာတွင် ပြတ်တောက်သွားသည်။ ထို့နောက် အခန်းထဲတွင် တိတ်ဆိတ်ခြင်းကြီးစိုးလာကာ အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားသည်။

အခန်းထဲ၌ ထိုင်နေရင်း ၀မ်ချောင်၏ နှလုံးခုန်နှုန်းမြန်လာကာ သူလုပ်ခဲ့သည့်အရာကြောင့် သူ့ကိုယ်သူ ငြိမ်သက်အောင် မစွမ်းဆောင်နိုင်ပေ။ ထိုတိုတောင်းသော သတင်းအချက်အလက် အနည်းငယ်သည် သူ့အား အကြီးအကျယ် ထိုးနှက်လျက်ရှိသည်။

ထိုစကားများအထဲ၌ ၀မ်ချောင် ခြိမ်းခြောက်မှုအား ခံစားနေရသည်။

( ကံကြမ္မာရဲ့သားတော်.. ပြောရမယ်ဆိုရင် ငါက ကံကြမ္မာရဲ့သားတော်ပေါ့လေ.. ငါက ကံကြမ္မာကျောက်တုံးရဲ့ ရွေးချယ်ခံဖြစ်တာကြောင့်ပဲ ငါက ကံကြမ္မာရဲ့သားတော်ဖြစ်လာတယ်လို့ ဆိုလိုတာမလား.. ဒါပေမဲ့ ပေးဆပ်ရမဲ့တန်ဖိုးက ဘာကြီးလဲဟ.. သူက ဘာလို့ ‘ သင်ပြန်ပေးဆပ်ရမဲ့ တန်ဖိုးကို သင်ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး ’ဆိုပြီး ပြောခဲ့ရတာလဲ.. )

၀မ်ချောင် အလွန်အမင်း မသက်မသာခံစားနေရသည်။

လူသားများသည် မသိရှိ မနားလည်သည့် အရာများအား ကြောက်ရွံသည့် ဓလေ့ ရှိသည် မဟုတ်ပါလား။

ပြန်လည်မွေးဖွားခြင်း။ ၀မ်ချောင် ထိုအရာအား ကောင်းကင်ဘုံ၏ ကောင်းချီးတစ်ခုဟုသာ အမြဲ မှတ်ယူထားခဲ့သည်။ မည်သို့ဆိုစေ သူက ရုတ်တရက် နမိတ်တစ်ခုအား အာရုံခံမိသည်။ ဖြစ်နိုင်သည်က ကံကြမ္မာကျောက်တုံးသည် ထင်သလောက် ပြီးပြည့်စုံမှု မရှိဟူ၍ပင်။

အိပ်ယာပေါ်၌ လှဲနေရင်း ကံကြမ္မာကျောက်တုံး၏ စကားလုံးများက သူ၏ စိတ်ထဲ၌ တဝဲ၀ဲလည်နေသည်။ ထိုအပေါ်၌ သူ စျာန်၀င်စားနေပြီး ထိုစကားလုံးများမှ အချက်အလက်များ ပိုမိုရရှိရန် ကြိုးပမ်းနေလိုက်သည်။

သို့သော် ယခုတစ်ကြိမ်၌ ၀မ်ချောင် ထိုစကားလုံးများမှ မည်သည့်အရာကိုမှ ညှစ်ထုတ်၍ မရတော့ပေ။

“ ဟုတ်ပြီ..... ကံကြမ္မာစွမ်းအင်ဆိုတာဘာလဲ.. ကံကြမ္မာစွမ်းအင်က ဘာလုပ်တဲ့ဟာလဲ.. ”

၀မ်ချောင် ရုတ်ချည်း တွေးလိုက်မိကာ ကျယ်လောင်စွာ ထုတ်ပြောမိလိုက်သည်။ ယခင်အကြိမ်များမှနေ၍ ဆန်းကြယ်သည့်အသံအား ထွက်ပေါ်လာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းကို ၀မ်ချောင် စတင် သဘောပေါက်လာပြီဖြစ်သည်ဟုဆိုနိုင်သည် သို့မဟုတ် ဆန်းကြယ်သော ကံကြမ္မာကျောက်တုံးနှင့် ဆက်သွယ်ရမည့်နည်းလမ်းအား သိရှိသွားပြီဟု ဆိုလိုသည်။

သူ မေးလိုက်သည့် မေးခွန်းများက မှန်ကန်နေသမျှ ဆန်းကြယ်သည့် ကံကြမ္မာကျောက်တုံးကလဲ ပြန်လည် ဖြေကြားလိမ့်မည်။

၀မြးးးးး.....

၀မ်ချောင်၏ မေးခွန်း အဆုံးသတ်သွားသည့်အချိန်၌ အချက်အလက်အသစ်များက သူ၏ စိတ်ထဲသို့ လှိုင်းလုံးများကဲ့သို့ တိုး၀င်လာသည်။ ထူးမခြားနားစက်ရုပ် အသံသည်လည်း နောက်ဆုံး၌ တစ်စုံတစ်ခုအား ပြောလိုက်ရာ..

{ ကံကြမ္မာဆိုတာက ဧရာမကျောက်တုံးနဲ့တူပြီး ကံကြမ္မာရဲ့သားတော်ဟာ အဲ့ဒီ ဧရာမကျောက်တုံးကြီးရဲ့ရှေ့မှာ ရပ်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ.. ကံကြမ္မာရဲ့ သဘာ၀လှုပ်ရှားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတိုင်းက ကမ္ဘာတစ်ခုလုံးရဲ့ အင်အားနဲ့ အပြစ်ပေးခြင်း နှောင့်ယှက်ခြင်းခံရလိမ့်မယ်.. ကံကြမ္မာစွမ်းအင် တစ်ခုတည်းကသာ အပြစ်ပေးခြင်းကို ပြန်လည်တိုက်ခိုက်နိုင်တယ်.. ဒီဟာက ကံကြမ္မာရဲ့သားတော်တွေ တည်ရှိခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ }

အေးစက်နေသည့် စက်ရုပ်သံ ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်စတင် တုန်ခါလာသည်။ ၀မ်ချောင်၏ ရှေ့ရှိ မြင်ကွင်းက တစ်ဖန် ပြောင်းလဲသွားပြီး သူရှိနေသည့် နေရာရှိ အခန်းကလည်း ခြေရာခံမရအောင် ပျောက်ကွယ်သွားသည်။ ရုတ်တရက် ၀မ်ချောင်ရှေ့ရှိမြင်ကွင်းက တိုးချဲ့လာလျက် ကျယ်ပြန့်သွားသည်။

ထိုနေရာတွင်ခမ်းနားသော ခြံ၀င်းများမရှိ အိမ်များလည်းမရှိ၊ မြို့တော်လည်းမရှိ နန်းတော်လည်းမရှိတော့ပေ။ တောင်များနှင့်မြစ်များပင် လက်စလက်နမကျန် ခြေရာပျောက်သွားသည်။ ထိုနေရာ၌ မရေမတွက်နိုင်သော ပါးလွှာသည့် အဖြူရောင် ပိုးမျှင်များက ပင့်ကူအိမ်သဖွယ်ဖြစ်နေကာ ကမ္ဘာလောကကြီးအား မျဉ်းဖြောင့်အတိုင်း လွှမ်းခြုံထားလျက်ရှိသည်။ ထိုအရာက ၀မ်ချောင်အား ပိုးအိမ်၏ အလည်၌ ဖျက်ဆီးမရနိုင်သည့် ပိုးမျှင်များကဲ့သို့သော အမျှင်များဖြင့် တင်းကျပ်စွာ ဆက်နွှယ်ထားသည်။

ထို အပ်ချည်မျှင်နှင့်တူသော ပိုးအိမ်ထံမှ အားကောင်းသည့် လက်ခံခြင်းနှင့် ငြင်းဆိုခြင်းများအား ၀မ်ချောင် ခံစားနေရကာ ထိုအမျှင်များက ကိုယ်ပိုင်အသက်ရှိနေသကဲ့သို့ပင်။

ထို ပိုးမျှင်အိမ်နှင့် အမျှင်များက ဆက်တိုက်ပင် ဖြေးညှင်းစွာ ကျုံ့၀င်နေပြီး ၀မ်ချောင်အား အပိုင်းပိုင်း အတစ်တစ် လုပ်ပစ်မည်ကဲ့သို့ဖြစ်နေသည်။

၀မြးးးးး......

ထိုမြင်ကွင်းအား မြင်သည့်အချိန်၌ ၀မ်ချောင်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထောင်ထလာသည်။ သူက ဆယ့်ငါးနှစ်အရွယ်သို့ ပြန်လည်၀င်စားခွင့်ရခြင်းသည် ကောင်းကင်ဘုံ၏ ချီးမြှောက်ခြင်းဟု ထင်ထားခဲ့သည်။

၀မ်ချောင်က ဖြစ်ပျက်ခဲ့သမျှနှင့် ဖြစ်လာသမျှအား လက်ခံခဲ့လေသည်။

သို့သော် ယခုအခြေအနေအရ ထိုအတွေးများက အဓိက မကျတော့ပေ။

စက်ရုပ်ဆန်သည့်အသံက သူ့အား ထိုသို့သော မြင်ကွင်းအား ရှင်းမပြခဲ့သည့်တိုင်အောင် ထို ထူထဲသည့် အမျှင်နှင့်တူသော ပိုးမျှင်နှင့် ပိုးကောင်အိမ်သည် ကံကြမ္မာကျောက်တုံး အရိပ်အမြွက်ပြောခဲ့သည့် ‘ ကမ္ဘာလောက၏စွမ်းအား ’ဖြစ်နိုင်ကြောင်း ၀မ်ချောင် ပြောနိုင်သည်။

နေရာတိုင်း၌ ရှိနေသည့် ကမ္ဘာလောက၏ တည်ရှိမှုစွမ်းအားကို ကြည့်ခြင်းအားဖြင့် ၀မ်ချောင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူ၏ ပြန်လည်၀င်စားခြင်းက အခမဲ့မဟုတ်ပေ။ အမှောင်ထုကြီးပြောသည်များအရ အရာအားလုံး၏ သဘာ၀အား ဆန့်ကျင်ရမည်။ ကမ္ဘာလောကကြီး၏ကံကြမ္မာက ခိုင်မာအောင် ချည်နှောင်ထားပြီးဖြစ်ရာ လူတစ်ယောက်က ထိုအရာအား ပြောင်းလဲရန် ကြိုးစားခဲ့လျှင် ထိုအရာက ကမ္ဘာလောကကြီးတစ်ခုလုံးကို ဆန့်ကျင်ခြင်းနှင့် တူညီပေလိမ့်မည်။

ထိုအရာသည် ကံကြမ္မာကျောက်တုံး အရိပ်အမြွက်ပြောခဲ့သည့် ‘ ကမ္ဘာလောကကြီး၏ အင်ပြည့်အားပြည့် နှောင့်ယှက်ခြင်းနှင့် အပြစ်ပေးခြင်းပင် ’ ဖြစ်ပေသည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 43.

ဆုလာဘ်များ

ထိုကဲ့သို့သော အတွေးများ သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာချိန်၌ အပြောင်းမလဲမရှိသည့် စက်ရုပ်သံက သူ့ခေါင်းထဲမှ နောက်တစ်ကြိမ် ကြားလိုက်ရပြီး....

{ကိုယ့်ကိုယ်ကို ကူညီချင်တဲ့သူဟာ ကောင်းကင်ဘုံရဲ့ အကူအညီကိုလိုအပ်တယ်... ဒါပေမဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်တဲ့သူတစ်ဦးတည်းသာလျှင် ကံကြမ္မာရဲ့ ချစ်ခင်မှုကို ခံရလိမ့်မယ်.. သာမာန်ကမ္ဘာမှာဆိုရင် သင်က သေဆုံးသွားခဲ့ပြီးပြီ.. ကံကြမ္မာကျောက်တုံးကလည်း သင့်အတွက် သက်တမ်းတစ်နှစ်ပဲ ပေးနိုင်တာ.. လုံလောက်တဲ့ ကံကြမ္မာစွမ်းအင်တွေကို စုစည်းနိုင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာချုပ်နှောင်ခြင်းကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ပြီး သင့်ရဲ့ သက်တမ်းကို တိုးနိုင်ခဲ့မယ်ဆိုရင်... ဒါဆိုရင်တော့ သင့်ရဲ့တာ၀န်ပြီးဆုံးပြီး အသက်ရှင်မှာပါ }

အသံနှင့်အတူ အလင်းနှင့်အရိပ်များက ၀မ်ချောင်၏ မြင်ကွင်းတွင် ဖြတ်ပြေးသွားပြီး ရုတ်ချည်း သူ့ဝိဉာဏ်အား သူ ပြန်တွေ့လိုက်ရသည်။ ထိုဝိဉာဏ်အပိုင်းအစလေးများ ထောင်ပေါင်းများစွာက တစ်ခုလုံးဖြစ်တည်လာရန် တည်ဆောက်နေကြသည်။

ထို အပိုင်းအစလေးများကြားတွင် ချည်မျှင်ကဲ့သို့သော တမူထူးခြားသည့် စွမ်းအင်တစ်ခုက ကြားခံ ချိတ်ဆက်ပေးထား၏။ ထိုတမူထူးခြားသောစွမ်းအင်မှ အပိုင်းအစလေးများအား ကုသပေးနေသည့်ပုံရပြီး..

“ ဒါဆို ပြဿနာက ဒီဟာပေါ့ ”

သူ့ ဝိဉာဏ်အားပြန်ကြည့်နေရင်း ခါးသီးခြင်းကို ၀မ်ချောင် ခံစားလိုက်ရလေသည်။ ရုတ်ချည်းပင် သူတစ်ခါ သေဆုံးခဲ့ပြီးဖြစ်ကြောင်းကို နားလည်သွားကာ ထိုဝိဉာဏ်အပိုင်းအစလေးများက အကောင်းဆုံးသက်သေပင်။

အသံက သူ့အား တစ်နှစ်သာ အသက်ရှင်နိုင်မည်ဟု ပြောသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။

{ သတိပေးချက် : ပထမကမ္ဘာ့အချုပ်အနှောင်က တစ်လအတွင်း ဖြစ်လိမ့်မယ်.. လက်ကျန်ရက် ၉ရက် }

{ သတိပေးချက် : ကမ္ဘာချုပ်နှောင်ခြင်းက သင့်ရဲ့ ခန္ဓာနဲ့စိတ်ဝိဉာဏ်ကိုတိုက်စားသလိုပဲ သင့်ရဲ့ သက်တမ်းကိုလဲ သေသည်အထိ ရိတ်သိမ်းလိမ့်မယ်.. ကမ္ဘာ့အချုပ်အနှောင်ကို သင်တားဆီးနိုင်တဲ့အခေါက်တိုင်း သင့်ရဲ့ ခန္ဓာကိုယ်က ပိုသန်စွမ်းလာလိမ့်မယ်.. တစ်ချိန်တည်းမှာပဲ သင့်ရဲ့ သက်တမ်းကလဲ နည်းနည်းချင်းစီ တိုးလာမယ် }

{ သတိပေးချက် : ပထမကမ္ဘာ့အချုပ်အနှောင်ကို တားဆီးကာကွယ်ဖို့ဆိုရင် ကံကြမ္မာစွမ်းအင် အမှတ် ၂၀ လိုအပ်မယ်.. သင်လက်ရှိမှာ ကံကြမ္မာစွမ်းအင် ၅၀ ပိုင်ဆိုင်ထားတယ် }

...........

သတိပေးချက်များ တစ်သီတစ်တန်းကြီး သူ့ဦးနှောက်ထဲ၌ ပဲ့တင်ထပ်လာသည်။ စက်ရုပ်ကဲ့သို့သောအသံ ထွက်ပေါ်နေသည်နှင့်အတူ ၀မ်ချောင်သည်လည်း သတင်းအချက်အလက်များစွာအား ပိုမိုဆုပ်ကိုင်နိုင်လာသည်။

သူ့စိတ်ထဲရှိ အချက်အလက်များအား ဆန်းစစ်ကြည့်လိုက်ပြီး ၀မ်ချောင် အိပ်ရာပေါ်ထိုင်နေရင်းပင် အတွေးနက်နေတော့သည်။

မြင်ရသလောက်အားဖြင့် အချိန်နှင့်ဟင်းလင်းပြင်အား နောက်ပြန်ဆုတ်ခြင်းမှာ လွယ်ကူသည့်အရာတော့ မဟုတ်ပေ။

ဆန်းကြယ်သော ‘ ကံကြမ္မာကျောက်တုံး ’ကဲ့သို့ ဖော်မပြနိုင်လောက်သည့် အချိန်နှင့်ဟင်းလင်းပြင် စွမ်းရည်များ ပိုင်ဆိုင်ထားသည့်အရာပင်လျှင် အချိန်နှင့်ဟင်းလင်းပြင်အား နောက်ဆုတ်၍ တစ်နှစ် ဆွဲဆန့်ရာတွင် စွမ်းအား ပမာဏ မြောက်မြားစွာအား အသုံးပြုထားရသည်။

ကျန်ရှိသည်များကို ၀မ်ချောင် ကိုယ့်အားကိုယ်ကိုး ရပေတော့မည်။

ကမ္ဘာလောက၏ ကံကြမ္မာကို ပြောင်းလဲချင်သည်မှာ သူထင်ထားသည်ထက် ခက်ခဲနေပေသည်။ ဤကမ္ဘာ၌ သူသည် တိုင်းတစ်ပါးသားတစ်ဦးဖြစ်ပြီး ကမ္ဘာလောက၏ ‘ ရန်သူတော် ’ပင်။

ထို့အပြင် ကံကြမ္မာ၏ ‘ ရန်သူတော် ’များအား ရင်ဆိုင်ရမည်သာမက နောက်ထပ် ရန်သူတော်ဟု သတ်မှတ်၍ ရနိုင်သည့် ‘ ကမ္ဘာလောက ’ကိုလည်း သူရင်ဆိုင်ရပေဦးမည်။ အကယ်၍ သူကျရှုံးခဲ့မည်ဆိုလျှင် ခွေးဖြစ်လေပြီ။

ထိုအကြောင်းအရာမှာ သတင်းအချက်အလက်များအနေဖြင့် သူ့အား သိရှိစေလိုသည့် အရာများဖြစ်ပေသည်။

ဤ ‘ လမ်းကြောင်း ’ပေါ်တွင် သူ့ထံ၌ နောက်ဆုတ်ပြေးစရာ မြေမရှိပေ။

----- ထိုသည်က ကံကြမ္မာကျောက်တုံး အရိပ်အမြွက်ပြောခဲ့သည့် တန်ဖိုးဆိုသည့်အရာဖြစ်၏။

ကံအားလျော်စွာ ကံကြမ္မာကျောက်တုံးသည် သူ့အား လမ်းကြောင်းတစ်ခုတော့ ချပေးခဲ့သေးသည်။ ကမ္ဘာ့အချုပ်အနှောင် သို့မဟုတ် ကမ္ဘာလောက၏ အပြစ်ပေးခြင်းအား သူကျော်ဖြတ်နိုင်သည့်အကြိမ်တိုင်း သူ့ခန္ဓာကိုယ်သည်လည်း သန်မာလာပေလိမ့်မည်။

သူသာ လုံလောက်အောင် သန်မာခဲ့မည်ဆိုလျှင် ကမ္ဘာ့အချုပ်အနှောင်အား သူလုံးလုံးလျားလျား ဥပေက္ခာပြုနိုင်ကောင်း ပြုနိုင်ပေလိမ့်မည်။

----- ဤအရာက သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

“ ကမ္ဘာ့အချုပ်အနှောင်ဆိုတာ ဘာကြီးလား.. ဘယ်လိုပုံစံလဲ ချိုနဲ့လားမှမသိ ဘယ်လိုပဲဖြစ်ဖြစ်လေ တားဆီးကာကွယ်ဖို့အတွက် ကံကြမ္မာစွမ်းအင် ၂၀တည်းလိုတာဆိုတော့ ငါ့မှာ လိုတာထက်ပို ပိုနေသေး.. အဟေးဟေး.. တစ်၀က်တောင် မကုန်ဘူး.. ကျန်တဲ့ ကံကြမ္မာစွမ်းအင် ၃၀ နဲ့ ငါဘာလုပ်လို့ရနိုင်ဦးမလဲ.. ”

၀မ်းးးးးး........ ထိုအကြောင်းအရာကို တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့ရှိမြင်ကွင်း ထပ်မံ ပြောင်းလဲသွားပြီး.......

အဆုံးအစမဲ့အမှောင်ထဲ၌ ကံကြမ္မာကျောက်တုံးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား အလင်းမီးတောက် ၅ခုသည် ၀မ်ချောင် ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

“ နှလုံးသား၊ ကိုယ်ခန္ဓာ၊ ၀င်သက်၊ နည်းစနစ်နှင့် သတ်မှတ်ချက် ”

ထိုတောက်ပနေသည့်အလင်းမီးတောက် ငါးခုအား ကြည့်နေရင်း ၀မ်ချောင် သူတို့နောက်ကွယ်မှ ဆိုလိုရင်းအား ချက်ချင်း သဘောပေါက်သွားသည်။

‘ သိုင်းပညာရဲ့ မဟာလမ်းကြောင်းကြီးငါးခု : နှလုံးသား၊ ကိုယ်ခန္ဓာ၊ ၀င်သက်၊ နည်းစနစ်နဲ့ သတ်မှတ်ချက် ’ ဤ အလင်းမီးတောက်ငါးခုသည် သိုင်းပညာ၏ အရေးပါလှသော လိုအပ်ချက်ငါးခုအား ကိုယ်စားပြုနေသည်။

‘ နှလုံးသား ’ဟူသည်မှာ ‘ ယုံကြည်မှု ’အား ကိုယ်စားပြုသည်။

‘ ကိုယ်ခန္ဓာ ’ဟူသည်မှာ လူတစ်ယောက်၏ ‘ ကိုယ်ခန္ဓာတည်ဆောင်ခြင်းနည်းစနစ် ’အား ကိုယ်စားပြုသည်။

‘ ၀င်သက် ’ဟူသည်မှာ ထာ၀ရတည်ရှိနေသည့် မူလစွမ်းအင်ကို ကိုယ်စားပြုသည်။

‘ နည်းစနစ် ’ဟူသည်မှာ တိုက်ခိုက်ရေး ‘ လှုပ်ရှားမှုများ ’နှင့် ‘ ကျင့်စဉ်များ ’အား ကိုယ်စားပြုသည်။

‘ သတ်မှတ်ချက် ’ဟူသည်မှာ ‘ ကံကောင်းမှု ’ ‘ စိတ်နေစိတ်ထား ’နှင့် ‘ အခြေအနေအားလုံးကို ခြုံငုံ၍ ’ ကိုယ်စားပြုသည်။

................

သိုင်းပညာလမ်းကြောင်းတွင် လူတစ်ယောက်၌ မယိမ်းယိုင်သည့်စိတ်ထား၊ စွမ်းအားပြည့်ဝသည့် ခန္ဓာကိုယ်၊ လွှမ်းမိုးနိုင်စွမ်းရှိသည့် မူလစွမ်းအင်၊ နက်နဲသည့် ကျင့်ကြံခြင်းကျင့်စဉ်များနှင့် ကောင်းကင်ဘုံမှလာသည့် ကံကောင်းမှုများ ရှိရန် လိုအပ်ပေသည်။

‘ သူရဲကောင်းတွေဟာ အချိန်ကျလာရင် ကောင်းကင်ဘုံရဲ့ အထောက်အပံ့ကို ရှာတွေ့ကြတယ်.. ဒါပေမဲ့ အချိန်လွန်သွားရင်တော့ ချုပ်နှောင်ခံရမယ် ’ ယခုအချိန်၌ ထိုအချက်က ၀မ်ချောင်အား ဖော်ပြနိုင်သည့် အရှင်းလင်းဆုံသော စကားစုပင်။

“ ဒါဆိုရင် ကံကြမ္မာကျောက်တုံးက သိုင်းပညာတွေရဲ့ မဟာလမ်းကြောင်းကြီးငါးခုနဲ့လဲ ဆက်နွယ်နေသေးတာလား.. ဒါဆိုလိုဆိုတာက အလင်းမီးတောက် ငါးခုဆိုတော့ မတူညီတဲ့ ဆုလာဒ်ငါးခုကို ဆိုလိုတာပေါ့ ”

၀မ်ချောင် ရုတ်ချည်း နားလည်သဘောပေါက်သွားသည်။

မီးတောက်ငါးခုထဲ၌ အမြင့်ဆုံးသုံးခုဖြစ်သည့် ‘ ၀င်သက် ’၊ ‘ နည်းစနစ် ’နှင့် ‘ သတ်မှတ်ချက် ’များမှာ မီးခိုးရောင်များ ဖြစ်နေကြသည်။ သူတို့ စည်းပိတ်ထားသည့် အခြေအနေ၌ပင် ရှိသေးကြောင်း သိသာသည်။

‘ယုံကြည်မှု ’နှင့် ‘ ကိုယ်ခန္ဓာ ’ကို ကိုယ်စားပြုသည့် အလင်းမီးတောက်နှစ်ခုသာ တောက်လောင်လျက်ရှိသည်။

လက်ရှိတွင် ‘ ယုံကြည်မှု ’ဟူသည်မှာ ၀မ်ချောင်အတွက် အသုံးမ၀င်သေးသလို : ကိုယ်ခန္ဓာတည်ဆောက်ခြင်းနည်းစနစ် တစ်ခုတည်းသာလျှင် ၀မ်ချောင်အတွက် အရေးပါလေသည်။ ထို့ကြောင့် ၀မ်ချောင်က သူ့အသိစိတ်အား ဒုတိယမြောက် အလင်းမီးတောက် အပေါ်၌သာ ဦးတည်လိုက်သည်။

၀မ်းး........

တစ်ခဏအတွင်း၌ အလင်းရောင်က တောက်ပသည်ထက် တောက်ပလာသည်။ လုံး၀မတူညီသည့် ပန်းချီကားတစ်ချပ်က ၀မ်ချောင် ရှေ့၌ ပေါ်လာပြီး.....

{ ကံကြမ္မာလဲလှယ်ခြင်း : အရိုးအုတ်မြစ် }

{ ကံကြမ္မာလဲလှယ်ခြင်း : သွေးသစ်လောင်းခြင်း.. သိုင်းပညာရှင်၏ ပါရမီအား ပြောင်းလဲခြင်း (စည်းပိတ်ထားသည်) }

...........

“ သွေးသစ်လောင်းခြင်းဟုတ်လား... ဒီလိုအရာမျိုးလဲ ရှိသေးတာလားဟ ”

ဒုတိယရွေးချယ်စရာကို မြင်လိုက်သည်နှင့် ၀မ်ချောင် မှင်သက်သွားသည်။ သို့သော်ငြားလည်း သူ့ညာလက် လှုပ်ရှားသွားပြီး { အရိုးအုတ်မြစ် }အား တုံ့ဆိုင်းခြင်းမရှိ ဖိလိုက်သည်။

{ အရိုးအုတ်မြစ် : ကျားသစ်အရိုး ၁ ဒန်( ပထမအလွှာ) }

{ ကံကြမ္မာစွမ်းအင် : ၂၅မှတ် }

......

“ ဒါပဲလေ ”

ရွေးချယ်နိုင်သည့်စာရင်းအား ကြည့်၍ ၀မ်ချောင် အူလှိုက်သဲလှိုက် ရယ်နေတော့သည်။

သူက ‘ နဂါးအရိုးနည်းစနစ် ’အား ကျင့်ကြံရန် ရွေးချယ်ထားပြီး ဖြစ်သည့်အတွက် လူတစ်ယောက်မှနေ၍ နည်းစနစ်၏ အဆုံးစွန်သော စွမ်းရည်အား ထုတ်ဖော်ပြသချင်လျှင် ထိုနည်းစနစ်အား အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံထားပြီး နဂါးနှင့် အဆင့်တူသည့် အရိုးတည်ဆောက်မှုအား ပြောင်းလဲထားရန် လိုအပ်ပေသည်။

နဂါးအရိုးနည်းစနစ်အား သူ မကျွမ်းကျင်ခင်၌ သူ၏ အရိုးအုတ်မြစ်မှာ ပျက်ပြယ်နေသည့် အခြေအနေ၌သာ ရှိသေး၍ အားအနည်းဆုံးဖြစ်သည့် ကျားသစ်အရိုးကိုပင် မနှိုင်းယှဉ်နိုင်ပေ။

မည်သို့ဆိုစေကာမူ အကယ်၍ သူသာ ကံကြမ္မာကျောက်တုံး၏ အကူအညီဖြင့် ကျားသစ်အရိုး အဆင့်သို့ ရောက်ရှိခဲ့လျှင် ထိုအရာက အခြေခံဖြစ်သော ပထမအလွှာဆိုစေဦးတော့ သူ့အတွက် အလွန်ကို အသုံး၀င်ပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ ထိုအရာက နဂါးအရိုးနည်းနစ်အား ကျင့်ကြံရာ၌ အချိန်များစွာ လျော့ချပေးနိုင်ခြင်းပင်။

ယခု သူ့အတွက်ဆိုရလျှင် ဤအရာက သူရရှိနိုင်သည့် အသုံးအ၀င်ဆုံး၊ အကူအညီအဖြစ်ဆုံး ဆုလာဘ်တစ်ခုဖြစ်၏။

၀မွးးးးးးး..........

၀မ်ချောင် ထိုအခွင့်အရေးအား ဖိလိုက်ပြီး လဲလှယ်မှုအား အတည်ပြုလိုက်သည်။ တစ်ခဏအတွင်း၌ လင်းလက်တောက်ပသည့် အလင်းရောင်သည် ထိုအလင်းမီးတောက်မှ ဖြာထွက်လာခဲ့သည်။ မကြာမှီ၌ နွေးထွေးသည့်စွမ်းအင်များက ၀မ်ချောင်ကိုယ်ထဲသို့ ဒီလှိုင်းများသဖွယ် တိုး၀င်လာကြပြီး သူ့ ခန္ဓာကိုယ်အား တစ်လွှာပြီးတစ်လွှာ သန့်စင်ပေးနေကြသည်။

၀မ်ချောင် မျက်စိမှိတ်ထားကာ နွေးထွေးသည့်စွမ်းအင်အား သူ၏ အသွေး၊ အသားနှင့် အရိုးများထဲသို့ စီး၀င်ခွင့်ပြုထားသည်။ ကချာကချာ... သူ့အရိုးများအားလုံးထံမှ ကွဲကြေသံများ အတန်းလိုက်ထွက်ပေါ်လာသည်။ ၀မ်ချောင်၏ အရိုးများသည် ပူလောင်လှသည့်သတ္တုပျော်ရည်ထဲ၌ ထိုးသွင်းထားသလို ဖြစ်နေပြီး ထိုအရိုးများ၏ သန်မာမှုအား မြင့်တင်ပေးလျက်ရှိသည်။ များမကြာမှီ၌ပင် သူ၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် တိုးတက်လာခဲ့သည်။

“ ဒီလောက်များပြားတဲ့စွမ်းအားတွေ... ကြည့်ရသလောက်တော့ အချိန် ခဏအတွင်းမှာကို သိုင်းပညာရှင်တစ်ယောက်ရဲ့ အရိုးကို ပြောင်းလဲပေးနိုင်တာပဲ ”

၀မ်ချောင် လက်အား ဆန့်ထုတ်လိုက်သည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး မကုန်ဆုံးနိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားသည်ဟု ခံစားနေရသည်။ သူ၏ စွမ်းအားများ သိသာသည့်ပမာဏဖြင့် တိုးပွားလာကြောင်း အာရုံခံမိသည်။

မူလစွမ်းအင်သည် အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးမှသာ လူတစ်ယောက်အား ‘ ကျားသစ်အရိုး ’နယ်ပယ်သို့ ရောက်ရှိစေသည်။ ယခုအရာသည် ၀မ်ချောင်အတွက် မယုံကြည်နိုင်လောက်အောင်ပင်။

နွေးထွေးသည့်စွမ်းအင်စီးကြောင်းက ဆက်လက်စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်အတွင်း၌ နောက်ဆုံးလက်ကျန်စွမ်းအင် ပျောက်ကွယ်သွားချိန်၌ သူ၏ ကျင့်ကြံခြင်းနယ်ပယ်သည်လည်း အနည်းငယ်တိုးတက်လာသည်ဟု ၀မ်ချောင် သိရှိလိုက်ရကာ မူလစွမ်းအင် အဆင့် ၄နှင့် အဆင့်၅ အကြားရှိ အမှတ်တစ်နေရာအထိ တိုးတက်သွားခဲ့သည်။

သူ၏ အရိုးသန်မာမှုအားဖြင့် မူလစွမ်းအင် အဆင့် ၉ သို့မဟုတ် ကျားသစ်အရိုးသိုင်းပညာရှင်များထက် နှိမ့်ကျစရာအကြောင်း မရှိတော့ပေ။

သူက မူလစွမ်းအင် အဆင့် ၅သို့ ချိုးဖောက်နိုင်ခြင်း မရှိသေးသော်လည်း သူ့အား သာမန်မူလစွမ်းအင် အဆင့်၅ သိုင်းပညာရှင်တစ်ဦးမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ငါ့မှာ ကံကြမ္မာစွမ်းအင် ၅မှတ်ကျန်နေသေတယ်.. ဒါပေမဲ့ ဒါလေးနဲ့တော့ ဘာမှလဲလှယ်နိုင်တော့မှာ မဟုတ်လောက်ဘူး ”

သူ၏ တိုက်ခိုက်ရေးစွမ်းအားများ တစ်ဆင့်လုံးနီးပါး ခုန်တက်သွားခြင်းကြောင့် ၀မ်ချောင် စိတ်အခြေအနေ ကောင်းမွန်လျက် ရှိသည်။ ကျန်ရှိနေသော ကံကြမ္မာစွမ်းအင်ဖြင့် သူဘာမှလုပ်မရသည့်အတွက် ဖြုန်းတီးရန် မစဉ်းတော့ပဲ ထားလိုက်သည်။

အခြား ကံကြမ္မာစွမ်းအင် အမှတ် ၂၀ ကိုမူ မည်ကဲ့သို့သော ပုံစံဖြင့်လာမည်ကို မသိသေးသည့် ‘ ကမ္ဘာ့အချုပ်အနှောင် ’အား ရင်ဆိုင်ရန် သိမ်းထားလိုက်သည်။

“ ဘာကြီးလဲဟ.. ချပ်၀တ်တန်ဆာလား... ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ”

သူ၏ ရမှတ်များအား ဒုတိယအလင်းမီးတောက်ထဲတွင် ‘ ကျားသစ်အရိုး ’ဖြင့် လဲလှယ်ပြီးချိန်၌ ရှေးကျကာ လှပလွန်းသည့် သွေးနီရောင် ချပ်၀တ်တန်ဆာက ၀မ်ချောင်အမြင်အာရုံ၌ ပေါ်ထွက်လာသည်။

၀မ်ချောင် ထိုအရာအား မြင်လိုက်ချိန်တွင် ထိုအရာ၏ နာမည်အား သူ့စိတ်ထဲမှနေ၍ အလိုလိုသိရှိလိုက်သည်။ ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’ပင်ဖြစ်၏။

ထိုသည်က ချပ်၀တ်တန်ဆာအား ခေါ်ဆိုသည့် အမည်ပင်။

“ ကံကြမ္မာစွမ်းအင် အမှတ် ၈၀တောင်မှ ဒါက ငါတတ်နိုင်တဲ့အရာ မဟုတ်တော့ဘူး ”

သွေးနီရောင် ချပ်၀တ်တန်ဆာအတွက် လိုအပ်သည့် ရမှတ်တန်ကြေးအား မြင်လိုက်သည်တွင် ၀မ်ချောင် စိတ်ပျက်မှုကြောင့် ခေါင်းခါလိုက်မိသည်။ သူ့တွင် ကံကြမ္မာရမှတ် ၅မှတ်သာ ကျန်ရှိတော့သည်ဖြစ်ရာ ထို ‘ ကံကြမ္မာရုန်းကန်လှုပ်ရှားသူ ’အား ၀ယ်ယူနိုင်ရန် လိုအပ်သည့် ပမာဏ သူ့ထံ၌ မကျန်ရှိတော့ပေ။

‘ ကိုယ်ခန္ဓာတည်ဆောက်ခြင်းနည်းစနစ် ’ဆုလာဘ်မှ သူ၏ အသိစိတ်အား ပြန်လည် ဆွဲခေါ်လိုက်ပြီးနောက် ၀မ်ချောင်က အဆုံးအစမဲ့ အမှောင်ထုအတွင်း လွင့်မြောနေသာ ကံကြမ္မာကျောက်တုံးဘေးရှိ ပထမအလင်းမီးတောက်အား အာရုံစိုက်လိုက်သည်။

‘ နှလုံးသား ’သည် ‘ ယုံကြည်မှု ’အား ကိုယ်စားပြုသည်ဖြစ်သလို ဆိုရိုးစကားအတိုင်းပင် ‘ စိတ်ကိုတိုက်ခိုက်ရန် အကြံထုတ်ခြင်းက ခံတပ်တစ်ခုလုံးအား တိုက်ခိုက်ရန် အကြံထုတ်ခြင်း ’ထက် ပိုကောင်းသည် မဟုတ်ပါလား။ ‘ နှလုံးသား ’ဟူသည်က လူတစ်ယောက်၏ အပြင်ပိုင်းဆိုင်ရာ သန်မာမှုများအား မမြင့်တင်ပေးနိုင်သလို သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားကိုလည်း မတိုးမြင့်ပေးနိုင်ပေ။ သို့သော်ငြားလည်း မဟာသိုင်းပညာလမ်းကြောင်းကြီး ငါးခု၏ အခြေခံတစ်ခုအဖြစ် ဖြစ်တည်နေဆဲပင်။

မဟာလမ်းကြောင်းကြီး ငါးခုဖြစ်သည့် နှလုံသား၊ ကိုယ်ခန္ဓာ၊ ၀င်သက်၊ နည်းစနစ်နှင့် သတ်မှတ်ချက် များထဲတွင် နှလုံးသား၏ ရပ်တည်မှုက အထူးခြားဆုံးပင်။ ထိုအရာက တစ်၀က်တစ်ပျက် တံဆိပ်ခတ်ထားခြင်းသာ ခံထားရသည်။

၀မ်ချောင် သူ၏ အသိစိတ်အား တစ်၀က်တစ်ပျက် တံဆိပ်ခတ်( စည်းခတ် )ထားသော အလင်းမီးတောက်အပေါ် လမ်းကြောင်းပြောင်းလိုက်ရာ သူတွေ့မည် မထင်ထားသော စကားလုံးအား တွေ့လိုက်ရပြီး ထိုအရာမှာ....

{ တာ၀န် အာရုံ ခံစားမှု }

ထိုစကားလုံး သုံးလုံးမှာ မီးခိုးရောင်ဖြစ်နေကာ အလင်းရောင်ကင်းမဲ့နေဆဲ။ ထိုစကားများမှလွဲ၍ အခြားဘာကိုမှ မမြင်တော့ပေ။

“ ငါသိပြီ ”

ထိုစကားလုံး သုံးလုံးအား မြင်လျှင် သူ၏ အသိစိတ်အား ပြန်မခေါ်မှီ ၀မ်ချောင် တစ်ခဏအကြာ တိတ်ဆိတ်နေသည်။

အရာအားလုံးပြီးဆုံးသွားပြီးနောက် ၀မ်ချောင် ကုတင်စွန်း၌ ထိုင်နေချက် လက်နှစ်ဖက်လုံး သူ၏ နဖူးအား ထောက်ကန်ထားသည်။ ဖြစ်ပျက်ခဲ့သည်များအားလုံးကို သူ ချေဖျက်နေလေသည်။

ကံကြမ္မာကျောက်တုံး ပေါ်ပေါက်လာခြင်းသည် သူလုံး၀ ထင်မထားသည့်အရာဖြစ်ပြီး သူ့အတွက် အလွန် ဆန်းကြယ်နေဆဲပင်။ ဤကမ္ဘာလောကတွင် ပေါ်မလာသင့်သည့် အရာတစ်ခုအလား ခံစားနေရပြီး သို့သော် အခြား အချိန်နှင့်ဟင်းလင်းပြင်ကွာခြားသည့်နေရာတွင်တော့ ‘ ဉာဏ်ရည်တု ’အဖြစ် သူ သိရှိထားသည်နှင့် တူနေပြန်သည်။

ထိုအရာက သူသည် ခြားနားသော အချိန်နှင့်ဟင်းလင်းပြင် မတူညီသည့် နေရာမှ လာသည့်သူဖြစ်သောကြောင့် ကံကြမ္မာကျောက်တုံးသည်လည်း သူနှင့်ပူးပေါင်းရန် ပိုရင်းနှီးဟန်ရသည့် ၀မ်ချောင်အား ရွေးချယ်ရန် ဆုံးဖြတ်လိုက်ခြင်း လိမ့်မည်ဟုသာ ၀မ်ချောင် ခန့်မှန်းမိသည်။

မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ ၀မ်ချောင် သေချာသည့် အချက်တစ်ချို့ ရှိသေးသည်။

ပထမအနေဖြင့် ကံကြမ္မာ၏ သဘာ၀တရားအား ဆန့်ကျင်သည့် လှုပ်ရှားမှုအားလုံးသည် ကမ္ဘာလောက၏ နှောင့်ယှက်ခြင်းနှင့် ဟန့်တားခြင်းအား ခံရပေလိမ့်မည်။ ထို့ကြောင့် ထိုကိစ္စက သူ့အတွက် အလွန် အန္တရာယ်များသလို အကျိုးအမြတ်လည်း ရနိုင်သည်။

ဥပမာဆိုရလျှင် သူသည် ကျားသစ်အရိုး တည်ဆောက်ခြင်းသို့ ရောက်ရှိခဲ့ပြီ မဟုတ်ပါလား။

ဒုတိယအဖြင့် အကယ်၍ သူသည် ကမ္ဘာလောက၏ ငြင်းဆိုခြင်းနှင့် ချုပ်နှောင်ခြင်းအား ရှောင်ဖယ်ချင်သည်ဆိုပါက အလွန်များပြားသည့် ကံကြမ္မာစွမ်းအင် ရမှတ်များအား လိုအပ်ပြီး ကံကြမ္မာစွမ်းအင် ရမှတ်သည်လည်း ကံကြမ္မာအား ပြောင်းလဲခြင်းနှင့် ကမ္ဘာလောကကို ကယ်တင်ခြင်းမှသာလျှင် ရရှိနိုင်သည်။

မည်သို့ဆိုစေ ကံကြမ္မာကျောက်တုံးမှ ထိုအကြောင်းအရာအား တစ်ခွန်းမှ မဟသည့်တိုင်အောင် ကမ္ဘာကြီးအား သူပိုပြီး ပြောင်းလဲလေလေ ကမ္ဘာလောက၏ သူ့အပေါ် ငြင်းဆိုခြင်းကလည်း ပိုကြီးမားလေလေ ဖြစ်မည်ကို ၀မ်ချောင် မှန်းဆနိုင်သည်။

အခြားစကားလုံးဖြင့် ဖော်ပြရလျှင် ဤကမ္ဘာ၌ သူရှင်သန်နေထိုင်ရန်အတွက် ကံကြမ္မာစွမ်းအင်များ ရရှိရန် လိုအပ်ပေသည်။

( တကယ်လို့ လူတစ်ယောက်က သရဖူနဲ့ပလ္လင်ကို လိုချင်တယ်ဆိုရင် အဲ့ဒါနဲ့ ညီမျှတဲ့ ဖိအားကို ခံနိုင်ရမှာပဲလေ.. ဒီကမ္ဘာမှာ ငါက အသက်တစ်နှစ်ပဲ ရှင်နိုင်တော့မယ်ဆိုတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါလိုချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆီးနိုင်ပြီး ဒီကမ္ဘာရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဘယ်လိုပေးဆပ်မှုပဲ ပေးရပါစေ ငါသောက်ဂရုမစိုက်ဘူးကွ )

၀မ်ချောင် အသက်ပြင်းပြင်းရှူလိုက်ကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် တိတ်တဆိတ်သာ နေနေတော့သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 44.

လျှို့ဝှက်ချက် ပေါက်ကြားခြင်း

‘ စစ်တပ်တစ်တပ်ကို လျင်မြန်မှုနဲ့ တိုင်းတာနိုင်တယ်.. နောက်ကျတာထက် စောတာက ပိုကောင်းတယ်လေ ’ ၀မ်ချောင် သူ့အခန်းထဲ၌ပင် ရှိနေသေးကာ ကံကြမ္မာကျောက်တုံးနှင့် ပက်သက်၍ ရှုပ်ထွေးနေသော်လည်း သူ၏၀မ်းကွဲ ၀မ်ကျူးယန်ထံမှ သတင်းစကားအား ရရှိလိုက်သည်။

ဤရှူထောင့်မှကြည့်လျှင် သူမ၏ နောက်၌ ဦးကြီးကလည်း ထောက်ပံ့ထားရာ သူမ၏ ဦးနှောက်ကလည်း သူ့ထက်တော့ မနိမ့်ပေ။

၀မ်ချောင် ထိုအချက်အား နားလည်သွားသည်။

ယောင်ကလန်၏ ယောင်လူအိုကြီးသည် သူ၏ မာန်မာနအား အမှန်တကယ် ခဝါချကာ ယနေ့ည၌ အဘိုးဖြစ်သူ နေထိုင်သည့် လေးပြည်နယ်သံရုံးသို့ အလည်လာခဲ့လေသည်။

ယောင်နှင့်၀မ်ကလန်တို့က တရား၀င် ငြိမ်းချမ်းစွာ ဆွေးနွေးခဲ့ကြသည်။

၀မ်ချောင်၏ သတိပေးချက် ရရှိပြီးနောက်တွင် ဦးကြီး၀မ်ကျန်သည်လည်း ဆွေးနွေးပွဲသို့၀င်၍ ၀မ်းကွဲ၀မ်လီ၏ နာမည်အား ရာထူးတိုးစာရင်းတွင် တစ်စိတ်တစ်ဒေအဖြစ် ပေါင်းထည့်ပေးရန် အခြေပြုဆွေးနွေးပြီး ယောင်ကလန်ကိုလည်း ၀မ်လီ၏ ရာထူးတိုးခြင်းအား ကူညီပေးရန် တောင်းဆိုခဲ့သည်။

ဤ အကြောင်းအရာအား ယောင်လူအိုကြီးမှ ရွေးချယ်စရာမရှိပဲ သဘောတူခဲ့ရလေတော့သည်။ ပြီးနောက် ဆက်လက်ဆွေးနွေးသည်များက နိုင်ငံရေး အရေးကိစ္စများ ဖြစ်သွားသည်။

ယောင်ကလန်မှ စတင်၍ ယာယီစစ်ပြေငြိမ်းရန် ပြောဆိုသည်မှာ ရှားပါးဖြစ်စဉ် ဖြစ်သောကြောင့် အဘိုးနှင့်ဦးကြီးတို့မှ ရသမျှ အခွင့်အရေးအား အသုံးချ၍ ကျောက်ခဲရေညှစ်ကာ နိုင်ငံရေးရှုထောင့်များ၌ လိုအပ်ချက်များ ထပ်ပေါင်းထည့်ပြီး ယောင်ကလန်၏ အပေါ်ယံအလွှာတစ်ခုအား ခွာချနိုင်ခဲ့သည်။

၀မ်ချောင်၏၀မ်းကွဲ ၀မ်ကျူးယန်ကိုယ်တိုင်ပင် စာထဲ၌ ထိုကိစ္စနှင့် ပက်သက်၍ မယုံမကြည်နိုင်ဖြစ်နေသေးပြီး အလွန်ထိတ်လန့်နေသေးကြောင်း ရေးထားလေသည်။

“ ဒီ မြေခွေးအိုကြီးက လှုပ်ရှားတာ မြန်သားပဲ ”

‘ အစ်မနှစ် ’ ၀မ်ကျူးယန် လွှတ်လိုက်သည့် အစေခံအား ပြန်လွှတ်လိုက်ပြီးနောက် ယောင်လူအိုကြီးအပေါ် ၀မ်ချောင်ပင် မထိန်းနိုင်ပဲ သြချမိလေတော့သည်။

ထိုယောင်လူအိုကြီးက သူ၏အဘိုးထံသို့ ဤမျှလောက် လျင်မြန်စွာ လာတွေ့လိမ့်မည်ဟု ၀မ်ချောင် မတွေးမိပေ။ ထိုသူ၏ ကိစ္စရပ်များအပေါ် ကြိုတင်မြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့က တော်တန်ရုံ တုယှဉ်၍ မရနိုင်တော့ပေ။

ယောင်လူအိုကြီးမှာ သူ၏အဘိုးနှင့် နှစ်ဆယ်ချီ တိုက်ပွဲများတစ်လျောက် တစ်ကြိမ်မှ ဦးမညွှတ် မနှိမ့်ချခဲ့ပေ။ သို့သော် ဤမျိုးဆက်အတွက်မူ သူကိုယ်တိုင် ချွင်းချက်မရှိ တုံ့ဆိုင်းမနေပဲ ဆုံးဖြတ်ချက် ချခဲ့သည်။

ထိုအချက်မှာလည်း ယောင်ကလန် ကြောက်စရာကောင်းနေရသည့် အချက်ပင်။

ယောင်လူအိုကြီး အသက်ရှင်နေသမျှ ကာလပတ်လုံး ယောင်ကလန်သည် ဖြိုခွဲမရနိုင်သည့် ကျောက်တုံးဖြစ်၏။ မည်သူမျှ ယောင်ကလန်အား ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

မည်သို့ဆိုစေ ထိုအရာက ၀မ်ချောင် စိတ်ပူနေရမည့်အရာ မဟုတ်ပေ။

၀မ်ချောင်က သူ၏ တင်ဆက်မှုအပေါ် ယုံကြည်ထားပြီး လူတိုင်း၏ သူ့အပေါ်ထားရှိသော အတွေးအမြင်များပင် ပြောင်းလဲသွားလေပြီ။ ဒေါ်ကြီး၏ မျက်လုံးမှ ထိတ်လန့် အံ့သြနေခြင်းကို သူမ ပြန်ခါနီး နှုတ်ဆက်နေချိန်ထိ တွေ့နေရသေးသည်ကိုပင် ၀မ်ချောင် မှတ်မိနေသလို သူ၏မိခင်၏ သူ့အား ကြည့်သော အကြည့်များထဲ၌ပင် ၀မ်းမြောက်ပျော်ရွှင်နေသည်အား တွေ့နေရသည်။

ဖခင်ဖြစ်သူ ၀မ်ယန်သည်လည်း သူ၏စာထဲ၌ ပျော်ရွှင်သည့် အရိပ်အယောင်နှင့် ဖြစ်ရပ်များအပေါ် မယုံကြည်နိုင်ဟန်များ အပြည့်ဖြစ်နေ၏။ ၀မ်ယန်က သူ့သား အပေါ် သဘောမကျသည့်ဟန်ရပြီး ၀မ်ချောင်သည်လည်း သူ့ဖခင်၏ သူ့အပေါ်ထားရှိသော ခံစားချက်အား ပြောင်းလဲရန်မှာ အခက်ခဲဆုံး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ စုန်ု့ဘုရင်နှင့်ယောင်ကွမ်းရီအကြားရှိ ဖြစ်ရပ်ပြီးနောက်တွင် သူ့ဖခင်၏ သူ့အပေါ်ထားရှိသော သဘောထားအား အပြည့်အ၀ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ကြောင်း ၀မ်ချောင် ယုံကြည်မိသည်။

ကလန်အနေဖြင့်ဆိုလျှင်..........

၀မ်ချောင် စားပွဲပေါ်မှစာအား လှမ်းကြည့်လိုက်သည်။ စာထဲ ၀မ်ကျူးယန်က သူ့အား ထိုကိစ္စနှင့် ပက်သက်၍ မေးမြန်းထားရာ သူမ၏ မယုံသင်္ကာဖြစ်ခြင်းများအား စကားလုံးများမှ မြင်နေရသည်။ ထိုအရာက ကလန်မှ သူ့အပေါ် သဘောထားအား ညွှန်ပြနေလေသည်။

ထိုလုပ်ဆောင်ချက်များက မိသားစု၏ အရေးပါသောသူ ဖြစ်မလာနိုင်သော်လည်း သံယသဖြစ်စရာမလိုအောင်ပင် သူက လူတိုင်း၏ အသိအမှတ်ပြုမှုကိုတော့ ရရှိခဲ့လေပြီ။

“ အခုလောလောဆယ်တော့.. လုပ်စရာ တစ်ခုပဲ ရှိတော့တယ် ”

၀မ်ချောင် ရယ်နေလိုက်သည်။ ပြောစကားများအရ ‘ ပျော်ရွှင်ခြင်းများက အစုံလိုက်လာတယ် ’ ဆိုသလိုပင် ဝေဟောင်ထံမှ စာကိုလည်း ၀မ်ချောင် ရရှိထားကာ ဝုစ်သံမဏ်လက်နက် သွန်းလုပ်ခြင်းက ရက်အနည်းငယ်အတွင်း ပြီးဆုံးတော့မည်ဟု ဆိုထားလေသည်။

သူတို့ သွန်းလုပ်ပြီးသည်နှင့် ငွေများအား ထိုင်၍ ရေတွက် နေရုံပင်။

ဟွား.......

၀တ်ရုံကို မတင်လိုက်ပြီး ၀မ်ချောင် အခန်းထဲမှ ထွက်သွားလိုက်သည်။ ညကောင်းကင် မဟူရာလွင်ပြင်ထဲ၌ ချိတ်ဆွဲထားသည့် လစန္ဒာမှ လောကတစ်ခွင်အား ငွေရောင်ဖြန်းပက်လျက်ရှိသည်။ လရောင်ဖြူလွှလွှအောက်ရှိ ၀မ်မိသားစုခြံ၀င်း၏ စင်္ကြန်လမ်းများတစ်လျောက် မီးပုံးများ အစီအရီ ချိတ်ဆွဲထားချေသည် တမုံ့။

လူသွားစင်္ကြန်လမ်းများတစ်လျောက် ၀မ်ချောင် မည်သည့်နေရာ ရောက်သည်ဖြစ်စေ သူ့အား ရိုသေလေးစားခြင်း အားကျခြင်းများဖြင့် ကြည့်နေသည့် အကြည့်ပေါင်း မြောက်မြားစွာအား ၀မ်ချောင် အာရုံခံမိလေသည်။ အတိတ်တွင် အစောင့်များ၊ အစေခံများနှင့် အိမ်စေများ သူ့ကို ဆက်ဆံခဲ့သည်ဖြင့်ဆိုလျှင် ရေနှင့်ဆီ လိုပင် ပြောင်းလဲသွားခဲ့သည်။

ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ပြီးချိန်တွင် ၀မ်ကလန်၏ ကံကြမ္မသာ ပြောင်းလဲသွားသည်မဟုတ် ကလန်ရှိ ၀မ်ချောင်၏ အဆင့်အတန်းသည်လည်း ပြောင်းလဲခဲ့လေ၏။

“ ငါ စလေ့ကျင့်ဖို့ အချိန်တန်ပြီပဲ... ”

၀မ်ချောင် အခန်းသို့ ပြန်ရောက်လျှင် အခန်းထောင့်သို့သွားပြီး စာအုပ်စင်ဖြင့် အခန်းတံခါးအား ပိတ်လျက် နဂါးအရိုးနည်းစနစ်အား အသက်သွင်းလိုက်ကာ ကြယ်တာရာများနှင့်အတူ စတင်ကခုန်လေတော့သည်။ ‘ လုံ့လဝီရိယက လူတစ်ယောက်ရဲ့ အပြစ်အနာအဆာတွေကို အစားထိုးပေးနိုင်တယ် ’ သူ၏ အကြံအစည်များအား ရပ်နားခြင်းမပြုနိုင်သလို သူ၏ သိုင်းပညာကျင့်ကြံခြင်းကိုလည်း ဥက္ခောပြု၍ မနေနိုင်ပေ။ အလွန်ကြိုးစားလေ့ကျင့်ပြီးနောက် သူ၏ ခွန်အားများ နောက်တစ်ဖန် တိုးတက်လာသည်ကို ခံစားမိသည်။

..............

နယ်စပ်မှ ဖြစ်ရပ်သည် မြို့တော်၌ ဆက်၍ ပျံ့နှံ့နေဆဲဖြစ်ကာ ကောလာဟလများက လူတစ်ချို့ကြောင့် ပိုမို ကျယ်ပြန့်လာသည်မှ မပြီးဆုံးသေး ယောင်ကလန်၏ ယောင်လူအိုကြီးမှ လေးပြည်နယ်သံရုံးရှိ ‘ သဟဇာတဥယျာဉ် ’သို့ အလည်အပတ်သွား၍ ကျိုးအမတ်ကြီးအား လည်ပတ်ခဲ့ပြီး ယောင်နှင့်၀မ်ကလန် ငြိမ်းချမ်းစွာဖြင့် လက်ချင်းဆွဲ နှုတ်ဆက်ခဲ့သည်ဟူသည့် သတင်းက မြို့တော်အား တစ်ဖန် အုတ်အော်သောင်းနင်း ဖြစ်စေပြန်သည်။

နှစ်ပေါင်းများစွာ ယောင်ကလန်နှင့် ၀မ်ကလန် တိုက်ခိုက်ခဲ့ကြရာ၌ ဤအချိန်၌ ၀မ်ကလန်မှ ပထဦးဆုံးအကြိမ် ပေါ်စီးသို့ ရောက်ရှိသွားလေပြီ။

ယောင်ကွမ်းရီ၏ နယ်စပ်မှ ကျရှုံးမှုသည် သူတို့အကြားရှိ တိုက်ပွဲရေချိန်အား ပြောင်းလဲစေခဲ့ခြင်းဖြစ်၏။ လှည်းနေလှည်းဇောင်း မြင်းနေမြင်းဇောင်းမကျန် ထိုအခြင်းအရာက ဆွေးနွေးပွဲတိုင်း၏ ခေါင်းစီးဖြစ်ခဲ့ပြီး ယောင်ကွမ်းရီ၏ အံ့မခမ်းသော အမျှော်အမြင်နှင့် အနာအဆာကင်းသည့် အကြံအစည်များက ဟားတိုက်စရာ အရာပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။

လူအများစုက ၀မ်ကလန်၏ ကျိုးအမတ်ကြီးသည် ယောင်ကွမ်းရီထက် မနိမ့်ကျသည့် ဗျူဟာပညာရှင်တစ်ဦးအား လျို့ဝှက်ခေါ်ဆောင်ထားကာ သူ့အား အကူအညီပေးစေသည်ဟု ဆိုကြသည်။ အချိန်အတော်ကြာသည်အထိ လူတိုင်းက ထို အံ့မခမ်း ‘ လျို့ဝှက်သည့် ဗျူဟာရှင် ’မှာ မည်သူဖြစ်နိုင်လောက်ကြောင်း တိတ်တဆိတ် ဆွေးနွေးကြလေတော့သည်။

အပြင်လောကတွင် မုန်တိုင်းထန်နေသော်လည်း ထို ကျော်ကြားသောမိသားစုများနှင့် တော်၀င်မျိုးနွယ်များ ပြောဆိုနေကြသည့် ‘ လျို့ဝှက်သည့် မဟာဗျူဟာရှင် ’ဖြစ်သူ ၀မ်ချောင်မှာတော့ ဆိတ်ငြိမ်အေးချမ်းသည့် ဘ၀အား ပျော်ရွှင်စွာ ဖြတ်သန်းနေသည့်အလား သူ၏ ချမ်းသာကြွယ်ဝအောင် စုဆောင်းမည့် အကြံအစည်ကို ဖော်ဆောင်နေလေသည်။

ပြီးလျှင် ထိုအကြံသည်လည်း ပြီးပြည့်စုံတော့မည်။

“ ဟားဟား..... ၀မ်ချောင် ကြည့်လိုက်ပါဦး.. မင်းပြောထားတဲ့ ဝုစ်သံမဏိလက်နက်ကို နောက်ဆုံးတော့ သွန်းလုပ်ပြီးသွားပြီကွ ”

မြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ မိုင်းတွင်းဟာင်း ဂူကြီးထဲ၌ ဝေဟောင်မှ ၃ချီ ရှည်လျားသည့် မပြည့်စုံသေးသောဓါးကို စိတ်လှုပ်ရှားစွာဖြင့် ပင့်မလိုက်သည်။ ထိုအရှည်က အလယ်ပိုင်းလွင်ပြင်၏ စံနှုန်းဖြစ်သည့် နှစ်ဖက်သွားဓားပင်ဖြစ်သည်။ ဖြောင့်စင်းနေသည့် ဓားကိုယ်ထည်၊ လက်နှစ်လုံးခန့်ကျယ်သောဗျက်တို့ဖြင့် ဓား၏ အနက်ရောင်ကိုယ်ထည်မှာ ခိုင်ခံ့ပုံပေါ်သည်။

၁ချီ=၀.၃၃မီတာ(ပေဖွဲ့ရင် ၁ပေကို ကျော်တယ်ဆိုရုံလေးဆိုတော့ နားလည်လွယ်အောင် နောက်ကျရင် မူရင်းမီတာအစား ၁ချီ=၁ပေလို့ပဲ မှတ်ထားပေးကြပါ အလျဉ်းသင့်သလို ပြင်ပေးသွားပါမယ်)

“ ဒါနဲ့ ၀မ်ချောင် မင်းဘာလို့ ဓားရဲ့နှစ်ဖက်စလုံးမှာ လမ်းကြောင်း(မြောင်း)နှစ်ခု ပေါင်းထည့်ဖို့ အဆိုပြုရတာလဲ.. ငါမှတ်မိသလောက်ဆိုရင် အလယ်ပိုင်းလွင်ပြင်ရဲ့ဓားတွေမှာ လမ်းကြောင်းတွေပါလို့လား ”

ဝေဟောင် ဓားပေါ်မှ ဓားအသွားနှစ်ဖက်လုံးတွင် ထွင်းထားသော လမ်းကြောင်းများကို ကြည့်နေရင်း နားမလည်နိင်ဟန်ဖြင့် ခေါင်းကုတ်နေသည်။

“ အဲဒါကို သွေးလမ်းကြောင်းလို့ခေါ်တယ်ကွ ပြီးတော့ အဲ့ဒါက တစ်ဖက်ရန်သူကို အသေသတ်ဖို့ ပုံဖော်ထားတာ.. ဓားက လူတစ်ယောက်ရဲ့ကိုယ်ထဲကို ဖောက်၀င်သွားပြီးနောက်မှာ အဲ့ဒီလမ်းကြောင်းတွေက သွေးထွက်နှုန်းကို ပိုမြန်စေလိမ့်မယ် အချိန်ခဏလေးနဲ့ သွေးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေနိုင်တယ်.. ”

၀မ်ချောင် ပြုံးလိုက်သည်။

“ အာ... ”

ဝေဟောင် မှင်သက်သွားကာ သူ့လက်ထဲမှ ဓားပင် လွတ်ကျလုလုဖြစ်သွား၏။

“ သွေးလမ်းကြောင်းဟုတ်လား..... ရန်သူကို အသေသတ်ဖို့.. ၀မ်ချောင် ဒီဓားက တကယ်ကို ရက်စက်တဲ့ ဓားပဲ ”

၀မ်ချောင် စကားမပြောပဲ ပြုံး၍သာနေသည်။ ဝုစ်သံမဏိဖြင့် ပြုလုပ်ထားသည့် လက်နက်များ ဒမတ်စကပ်ဓားကောက်များ အပါအ၀င် အားလုံးသည် သွေးဆုံးရှုံးမှုများစေရန် ပြုလုပ်ထားခြင်းဖြစ်လေသည်။ အတိအကျဆိုရလျှင် ထိုလက်နက်များက လူသတ်ရန်သီးသန့်ပင်ဖြစ်၏။ ဤအချင်းအရာက ထိုဓားများ တည်ရှိခြင်း၏ အခြေခံအကျဆုံးအယူအဆပင်။

‘ ချမ်းသာကြွယ်၀ချင်ရင် ဖြောင့်မတ်နေလို့မရဘူး.. တပ်သားတွေကို အမိန့်ပေးချင်ရင် သဘောထားကြီးနေလို့ မရဘူး ’ အကယ်၍ လူတစ်ယောက်သည် လုံလောက်သော ရဲစွမ်းသတ္တိမရှိလျှင် ထိုလူက လက်နက်များနှင့် အဝေးတွင် နေသင့်သည်။

“ ငါ့ကိုပဲ လွဲထားလိုက်စမ်းပါ ”

ဝေဟောင်ထံမှ ဓားအား ၀မ်ချောင် ဆွဲယူလိုက်သည်။ အလေးချိန်အား ဆကြည့်ရာ ဝုစ်သံမဏိဓားမှာ ပုံမှန်ဓားများထက် အလေးချိန်စီးကာ ၂၀မှ ၃၀ဂျင်အထိ အလေးချိန်ရှိသည်။

အကယ်၍ လူတစ်ယောက်သည် သာလွန်သော ခွန်အားမပိုင်ဆိုင်ထားလျှင် အလေးချိန် ၂၀မှ၃၀ဂျင်အကြားရှိသည့် လက်နက်အား ကိုင်စွဲရန် ခက်ခဲပေလိမ့်မည်။

“ ဝုစ်သံမဏိလက်နက်က နောက်ဆုံးတော့ သွန်းလုပ်ပြီးသွားပြီပဲ ”

၀မ်ချောင် တွေးနေသည်။ သာမန်သာလျှံကာ ဝှေ့ယမ်းကြည့်လိုက်ရာ အနက်ရောင်အရိပ်များက လေထဲ၌ ထွက်ပေါ်လာပြီး ကချာ.. ပန်းပဲဖိုနံရံရှိ ကျောက်တုံးအတော်များများ ပိုင်းပြတ်သွားကာ မြေပေါ်ကျသွားသည်။

“ ဝိုး..... ထက်လိုက်တာ.. မင်းရဲ့ဓားက တကယ်ကို ပုံမှန်မဟုတ်တော့ဘူး ”

ဝေဟောင် ကြောက်လန့်တကြား အော်လိုက်မိသည်။ ဝုစ်သံမဏိဓားမှာ သွန်းလုပ်ပြီးစသာ ရှိသေးသောကြောင့် သူမစမ်းသပ်ရသေးသည်ဖြစ်ရာ ထိုဓား မည်မျှ ထက်မြက်ကြောင်း သူ မသိထားပေ။

ပန်းပဲဖို၏ နံရံ မည်မျှ ထူထဲသည်ကို သူကောင်းစွာသိထားသည်။ ဝေကလန် ဤနေရာအား ရွေးချယ်ရသည့် အကြောင်းရင်းမှာလည်း ကျောက်တုံးနံရံက ပန်းပဲဖိုတည်ဆောက်ရန် လုံလောက်အောင် ခိုင်ခံ့ ထူထဲသောကြောင့် ဖြစ်လေသည်။

နေရာမကျယ်၀န်သော်ငြား ဤနေရာကျဉ်းလေး ရအောင်ပင် ဝေကလန်မှ အချိန်နှစ်၀က်ခန့် အသုံးပြုကာ တူးဖော်ထားရသည်။ ခြံဝင်း၏ ဆရာသခင်များက သူတို့၏ ကာယစွမ်းအားကို အသုံးပြု၍ နံရံအား အထက်ဆုံးသော ဓားတို့ဖြင့် ပိုင်းဖြတ်ခဲ့သည့်တိုင် အပေါ်ယံ အစအန အနည်းကိုသာ ပိုင်းဖြတ်နိုင်ခဲ့သည်။

၀မ်ချောင်၏ ဓားသည် တစ်ချက်သာ ဝှေ့ယမ်းလိုက်သည် ဖြစ်သော်ငြား ကျောက်တုံးအား အလွယ်တကူပင် ပိုင်းဖြတ်နိုင်ခဲ့သည်။

“ ဒါက ပြီးလုပြီးခင် လေးပဲရှိတာတယ်.. ထပ်ပြီး သန့်စင်ထွင်းထုပြီးရင် ထက်မြမှုက ဒီလောက်နဲ့ ရပ်သွားမှာ မဟုတ်လောက်ဘူး.. ”

၀မ်ချောင် အေးဆေးသက်သာစွာ ပြောလိုက်သည်။

ဝေဟောင်မှာတော့ ထိတ်လန့်နေဆဲဖြစ်ကာ စကားမပြောနိုင်သေးပေ။ အရိုးသားဆုံးဆိုရလျှင် ၀မ်ချောင် ထိုဓားအား မည်သို့ ပြုလုပ်နိုင်ခဲ့သည်ကို သူ မသိထားပေ။ သူတင်မဟုတ် သူ့ဘေး၌ရှိနေသည့် လက်နက်ပညာရှင်များသည်လည်း အအေးခံသွန်းလုပ်ခြင်းနှင့် အလားသဏ္ဍာန်တူသည့် မည်သည့်နည်းလမ်းကိုမှ မသိထားကြပေ။

၀မ်ချောင် ထိုအရာအားလုံးကို သိရှိနေသည်က အလွန်ပင် ဆန်းကြယ်လှသည်။

“ ရိုးရိုးသားသားပြောရမယ်ဆိုရင် ၀မ်ချောင်ရေ ဟိန္ဒူဘုန်းကြီးတွေ တောင်းဆိုထားတာက အတော်များနေတယ်နော်.. ဒီ ဓား သုံးလေးလက်ထဲနဲ့ အဲ့လောက်များတဲ့ ငွေတွေ ရှာနိုင်မယ်လို့ မင်းတကယ်ထင်လား... မင်းရဲ့ လုပ်အားတွေကို မှားယွင်းတဲ့ဖက်မှာ လောင်းကြေးထပ်မိမှာကို စိုးရိမ်တယ်”

ဝေဟောင် စိုးရိမ်တကြီးပြောလိုက်သည်။

ဝေဟောင်မှလွဲ၍ ဟိန္ဒူဘုန်းကြီးများထံ၌ ၀မ်ချောင် ရွှေတုံး ၉သောင်း အကြွေးတင်နေသည်ကို မည်သူမျှ မသိရှိထားပေ။ ထိုကိစ္စက သူ့စိတ်အား အစဉ် ကြီးစိုးနေပြီး အမြဲ တွေးပူနေမိသည်။

“ ဟားဟား.... အသာနေစမ်းပါ.. အချိန်တန်ရင် မင်းနားလည်သွားလိမ့်မယ် ”

၀မ်ချောင် အမူအရာပင် မပြောင်းလဲပဲ ပြောလိုက်သည်။ လက်ထဲတွင် ဝုစ်သံမဏိဓားကို ကိုင်ထားရင်း သူ၏ ၀မ်းကွဲ ၀မ်ကျူးယန်အကြောင်း စဉ်းစားမိလိုက်ကာ သူ၏ နှလုံးခုန်နှုန်းကိုပင် ထိန်းချုပ်မထားနိုင်တော့ပေ။

ဝေကလန်၏ လက်နက်ပညာရှင်များ အကူအညီဖြင့် ဝုစ်သံမဏိလက်နက်များ သွန်းလုပ်ပြီးချိန်၌ ယခုအချိန်မှာ သူ၏၀မ်းကွဲ ၀မ်ကျူးယန် လှုပ်ရှားရမည့် အချိန်ရောက်လေပြီ။

..................

“ ဒီကလေးကတော့.. နင်ဒီလိုဟာတွေလုပ်ပြီး ဘာလုပ်ဖို့ကြံနေတာလဲ.. ”

မြို့တော် အနောက်ဘက်ရှိ ရှီးရှစ်စံအိမ်အတွင်း၌ ကြမ်းပြင်အား ကော်ဇောနီခင်းထားပြီး ကုတင်အား ကျောက်စိမ်းရွှေဖြင့် ပြုလုပ်ထားသည်။ ၀မ်ချောင်၏၀မ်းကွဲ ၀မ်ကျူးယန်မှာ ထိုအိပ်ယာပေါ်၌ သက်တောင့်သက်သာ လဲလျောင်းနေ၏။

လက်တစ်ဖက်က ၀မ်ချောင်၏ ဝုစ်သံမဏိလက်နက်အား ဆော့ကစားနေရင်း နောက်တစ်ဖက်ကမူ လက်သွယ်သွယ်လေးဖြင့် ခရမ်းနီရောင် စပျစ်သီးများအား ဆိတ်ယူလိုက်ပြီး သူမ၏ နှုတ်ခမ်းအပေါ်သို့ လှပသေသပ်စွာ တင်ထားလိုက်ကာ ဖြေးဖြေးချင်း စုပ်နေလျက်ရှိသည်။

၀မ်ချောင်ပင်လျှင် ဤ၀မ်းကွဲမှာ နှိုင်းယှဉ်မရနိုင်သည့်ပုံရိပ် ရှိကြောင်း ၀န်ခံရပေမည်။ သိုင်းပညာအရဆိုလျှင်လည်း မြို့တော်ရှိ ပါရမီရှင် အတော်များများကို သူမအနိုင်ယူနိုင်ကာ စီမံခန့်ခွဲမှုကိုဆိုဦးမလား သူမက သိမ်မွေ့ကာ ရည်မွန်သည်။ တော်၀င်နန်းတော်၏ နူးညံ့သိမ်မွေ့လှပါသည်ဆိုသော မင်းသမီးများပင် သူမအား ကြည့်မိလျှင် အားကျသွားရသည်ချည်း ဖြစ်သည်။

မြို့တော်တစ်ခုလုံးတွင်လည်း သူမ အရောတ၀င် မလုပ်နိုင်သည့် နေရာဟူသည့် မရှိပေ။(ပေါင်းသင်းဆက်ဆံရေးကာင်းတာကို ပြောတာပါ)

“ အစ်မနှစ် နင်ငါ့ကို မကြာသေးခင်က ကတိပေးထာတာကို မေ့သွားပြီလား.. ”

၀မ်ချောင် ရှေ့သို့ ဦးညွှတ်လိုက်ကာ ယဉ်ကျေးစွာ ပြုံးထားသည်။ ကလန်၌ သူ့ရပ်တည်မှုမှာ အတည်ပြုပြီး ဖြစ်သော်လည်း ဤ၀မ်းကွဲရှေ့တွင် မောက်မောက်မာမာ မပြုရဲသေးချေ။

သူမသာ စင်္ကြာမုနိဗုဒ္ဓဆိုလျှင် သူက သူမ၏လက်အတွင်း၌ အဖမ်းခံလိုက်ရသည့် မျောက်ကလေးပင်။ သူ၏ လုပ်နိုင်စွမ်းများအား ပြန်လည်မရရှိသေးမှီ သူ့ကိုယ်သူ နှိမ့်ချနေခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“ ဟမ့်....... နင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအရ ငါနင့်ကို ကူညီပေးနိုင်ပါတယ်.. တစ်ခုရှိတယ်.. တစ်ခြားတော့မဟုတ်ပါဘူး နင်ငါ့ကို ပြောဖို့ မေ့နေတာ တစ်ခုခုရှိနေတယ်လို့ မထင်ဘူးလား ”

၀မ်ကျူးယန် လှည့်လာကာ ၀မ်ချောင်အား စိုက်ကြည့်နေရင်း မေးလိုက်သည်။

“ တစ်ခုခုဟုတ်လား......... ”

၀မ်ချောင် စိတ်ရှုပ်ထွေးသွား၏။ သူမပြောသည့် စကားကို သူ နားမလည်နိုင်စွာဖြင့်...

“ တစ်ခုခုဆိုတာ နင်ဘာကို ဆိုလိုတာလဲ ”

“ ဟမ်... နင်က ငါ့ရှေ့မှာတောင် သရုပ်ဆောင်ဖို့ ကြိုးစားနေတုန်းပဲလား ”

၀မ်ကျူးယန် မကျေမနပ်ဟန်ဖြင့် မျက်နှာလွဲလိုက်ပြီး....

“ ငါနင့်ကို သဲလွန်စ ပေးရဦးမှာလား... နတ်ဘုရားရှစ်ပါးစံအိမ်မှာ ဘာဖြစ်ခဲ့တာလဲ ”

ရွှမ်း..............

သူ့အား မိုးကြိုးပစ်ချလိုက်သလိုပင်။ တစ်ချိန်တည်း၌ ၀မ်ချောင်၏ ကျောတွင် ချွေးစေးများ စို့တက်လာသည်။

လခွမ်း...........

သူမ မည်ကဲ့သို့ သိသွားလေသနည်း။ သူမ သူ့အား စက္ကန့်မလပ် မျက်စိဒေါက်ထောက် စောင့်ကြည့်နေသည်လား။ နတ်ဘုရားရှစ်ပါးစံအိမ်မှ ဖြစ်ရပ်အား သူမထံမှ ဖုံးကွယ်ထားနိုင်မည်ဟု သူတွေးထင်ထားရာ ယခုတော့ ဆန့်ကျင်ဘက်ပင် သူမ အရာအားလုံးအား တစ်လျောက်လုံး သိနေခဲ့ကာ သူမ မသိယောင်ဆောင်နေခဲ့သည်။

တစ်ချိန်တည်းပင် ၀မ်ချောင် ဆွံအသွားသည်။ သူ၏ ၀မ်းကွဲရှေ့၌ ကိုယ်တုံးလုံးဖြစ်နေသကဲ့သို့ပင် သူမထံမှ ဖုံးကွယ်ထားနိုင်သည့် လျို့ဝှက်ချက်ဟူ၍ မရှိသလောက်ပင်။

.......................

ရှီးရှစ်ဆိုတာက တရုတ်နိုင်ငံရဲ့ လှထိပ်ခေါင်တင် လေးပါးထဲက နာမည်တစ်ခုပါ...

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 45.

အနာဂတ်မှ ဆေးသားတင်ခြင်းနည်းပညာ

“ ဟမ့်... နင့်ကိုယ်နင် အပြစ်လုပ်ထားတဲ့ပုံစံ ဖြစ်နေတာကို ကြည့်ဦး ”

၀မ်ကျူးယန် မျက်နှာလွှဲလိုက်သည်။ သူမ၏မျက်နှာ အမူအရာမပြောင်းလဲသော်လည်း သူမ၏ နှုတ်ခမ်းထောင့် ကွေးညွှတ်သွားရာ သူမ အနည်းငယ် ကျေနပ်နေသည်ကို မြင်တွေ့ရပြီး..

“ ငါက အမတ်မင်းကျောက်ရဲ့သမီးဖြစ်တဲ့ မင်းသမီးချမ်ချမ်နဲ့ သူငယ်ချင်းကောင်းတွေလေ.. သူမကပဲ ဒီအကြောင်း ငါ့ကို သတင်းပေးတာ.. တကယ်လို့ သူမက ဒီကိစ္စ ငါ့ကို မပြောပြဘူးဆိုရင်တောင် ဒီကိစ္စကို နင်ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်မယ်လို့များ ထင်နေတာလား.. ”

“ အစ်မနှစ်.. ငါနင့်ကို ဘယ်လိုလုပ် ဖုံးကွယ်ရဲမလဲ ”

၀မ်ချောင် အလျင်အမြန်ပင် လက်နက်ချလိုက်သည်။

“ တကယ်လို့ ငါ့မှာ ဒီထက် ဆယ်ဆပိုပြီး သတ္တိရှိမယ်ဆိုရင်တောင် ငါနင့်ကို လိမ်ညာရဲမှာ မဟုတ်ပါဘူး ”

သူ၏၀မ်းကွဲက မြို့တော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များအားလုံးကို သူမ လက်တစ်ချက်ယမ်းလိုက်သည်နှင့် သိနိုင်သည့် အကြောင်းရင်းအား ဘုရားမှသာ သိနိုင်ပေလိမ့်မည်။ သူမသည် သူ့ထက် ပို၍ ဝါစဉ်ကြီးပြီး သူက သူမအား တလေးတစားဖြင့် အစ်မနှစ်ဟု ခေါ်ဆိုရကာ အတိုက်အခိုက်တွင်လည်း သူမအား သူ မယှဉ်နိုင်ပေ။

ထက်မြက်သည့်သူက ဒီရေနှင့်အတူ မည်သို့ ရှေ့တိုးနောက်ဆုတ်ရမည်ကို သိသည်။ ထို့ကြောင့် ၀မ်ချောင် သူ၏ အမှားကို အလျင်အမြန် ၀န်ခံလိုက်ခြင်းပင်။

“ နင်သိတာ ကောင်းတယ်.. ”

၀မ်ကျူးယန် မထိန်းနိုင်တော့ပဲ ၀မ်ချောင်၏ ကြောက်လန့်နေသည့် အမူအရာကို ကြည့်နေကာ ရယ်လိုက်သည်။ ဤကောင်လေးကတော့.. အကယ်၍ သူမသာ သူ့အား အကြိမ်တိုင်း သင်ခန်းစာ မပေးခဲ့လျှင် မြောက်ကြွမြောက်ကြွ ဖြစ်နေမည် အမှန်ပင်။

“ အစကတော့ ငါဒီကိစ္စကို နင့်အမေဆီ သွားတိုင်မလို့ပဲ.. ဘယ်လိုပဲဖြစ်ဖြစ်လေ နင့်ရဲ့ အရင်က ပြသခဲ့တဲ့ လုပ်ဆောင်မှုတွေအရ ဒီကိစ္စကို ငါလျှော်ပေးလိုက်မယ်.. ဒါပေမဲ့ ဒီလောက်ငွေအများကြီး နင်သုံးစရာလိုလို့လား.. နင်ဘာကြောင့် ငွေအများကြီး ချေးယူရတာလဲ.. ရွှေတုံး ၂၀၀ က နည်းနည်းနောနော မဟုတ်ဘူးဆိုတာ နင်သိတယ်မလား.. ငါ့မှာတောင် အဲ့လောက်မရှိဘူး ”

( ရွှေတုံး ၂၀၀ ဟုတ်လား.. )

၀မ်ချောင် တွေဝေသွားခဲ့သည်။ သူ အထိတ်တလန့် ရုတ်ချည်း ခေါင်းမော့လိုက်ကာ တွေးလိုက်သည်။

( ရွှေတုံး ၁၇၀၀ မဟုတ်ဘူးလား ငါ့၀မ်းကွဲ အမှန်ကို မသိတာ ဖြစ်နိုင်မလား )

၀မ်ချောင်၏ စိတ်အာရုံပင် တုန်လှုပ်သွားသည်။ သူ့ဖက်က မသေချာနေသည့်တိုင် သူ့၀မ်းကွဲက အကြောင်းအရာများကို များစွာ မသိထားကြောင်း သိသာနေသည်။

( အမတ်မင်းကျောက်ဆိုပဲ.. ဒါဆိုရင် ကျောက်လင်းများ ဖြစ်နေမလား.. သူငါ့ကို ကူညီ ဖုံးကွယ်ပေးစရာ အကြောင်းမှမရှိတာ.. ဒါတောင်မှ ဘာလို့ ရွှေတုံး ၂၀၀ လို့ပဲ ပြောရတာလဲ... ဖြစ်နိုင်တာက..... စုပိုင်လား )

၀မ်ချောင် နောက်ဆုံး သဘောပေါက်သွားသည်။ နတ်ဘုရားရှစ်ပါးစံအိမ်၌ သူငွေချေးယူခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည့်တိုင် အပြင်ဘက်တွင် သတင်းပျံ့နေပုံ မရပေ။

ဖြစ်နိုင်သည်က သူမ ထိုအကြာင်းအရာအား နားစွန်နားဖျား ကြားခဲ့ခြင်းသာ ဖြစ်ရမည်။

၀မ်ချောင်၏ မသိစိတ်က စုပိုင်နှင့်အခြားသူများက ဤကိစ္စတွင် ပက်သက်နေကြောင်း အလိုလိုသိနေသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများက ထိုကိစ္စဖြင့် သူ့အား အနာဂတ်၌ တိုက်ခိုက်ရန် ကြံစည်နေဟန်ရသည်။

ပြီးလျှင် ထိုကိစ္စက ကြာလေ သူတို့အပေါ် ၀မ်ချောင်ပေးရမည့် အတိုးနှုန်းများလေပင် မဟုတ်ပါလား။

( ဒီကောင်တွေ တော်တော် အရှက်မဲ့တာပဲ )

၀မ်ချောင် တွေးနေသည်။ အကယ်၍ သူသာ ယခင်က ကဲ့သို့ အသုံးမကျသည့် သခင်လေးသာ ဖြစ်နေခဲ့လျှင် ထိုသူများ၏ အကွက်ထဲ ၀င်သွားပေလိမ့်မည်။

သို့ဖြစ်စေကာမူ စုပိုင်နှင့်ကိစ္စအား ဘေးဖယ်ထားလိုက်ပြီး ပိုအရေးကြီးသည်မှာ သူ၏၀မ်းကွဲသည် အရာရာကို သိမြင်နေသည့်ဟန်ရသည့် အကြောင်းဖြစ်လေသည်။

“ ဟီးဟီး... ၀မ်းကွဲ.. ငါသူတို့ဆီက ငွေချေးထားတာက မြို့တော်မှာ စီးပွားရေးလုပ်ချင်လို့ပါ.. တကယ်လို့ နင်မကြိုက်ဘူးဆိုရင် ဒီရွှေတုံး နှစ်ရာကို သူတို့ ဆီပြန်ပေးလိုက်မယ်လေ ”

၀မ်ချောင် ပြုံးနေကာ အားတက်ဟန်ဖြင့် သူမအနားကပ်ကာ ၀မ်ကျူးယန်၏ ပုခုံးအား နှိပ်ပေးမည့်ဟန်ပြုလိုက်သည်။

“ ဒီကောင်လေး.. မြန်မြန် ပြန်ပေးလိုက်.. အမတ်မင်းကျောက်ခြံ၀င်းရဲ့ ပိုက်ဆံကို ချေးယူတာက အဖိုးအခပေးရမယ်ဆိုတာ မသိဘူးလား ”

၀မ်ကျူးယန်က ၀မ်ချောင်၏ လက်အား အပြစ်တင်သည့်ဟန်ဖြင့် ဖယ်ရှားလိုက်သည်။

“ ဟုတ်ပါပြီ..ဒါနဲ့ အစ်မနှစ်. ငါ့မှာ နင့်ကို ပေးဖို့ လက်ဆောင် သေးသေးလေးတစ်ခု ရှိတယ် ”

၀မ်ချောင် အလျင်အမြန်ပင် သူမစိတ်ကျေနပ်စေရန် ကြိုးပမ်းလိုက်သည်။

သူ၏ အစ်မနှစ်ဖြစ်သူ၏ စိတ်နေစိတ်ထားမှာ အမှန်ပင် ခန့်မှန်း၍ မရပေ။ သူမရှေ့၌ အရာအားလုံးကို ထုတ်ပြောမိတော့မယောင်ပင်ဖြစ်ကာ ထိုအတွေးက သူ့အား ချွေးစေးပျံစေလေသည်။

သူက အခွင့်အရေးအားလုံးကို အသုံးချပြီး သူမအား သူ့ဖက်ပါအောင် လာဘ်ထိုးရပေမည်။ တစ်နည်းအားဖြင့် သူမအား စိတ်ကျေနပ်စေရန် ခက်ခက်ခဲခဲ စွမ်းဆောင်ရပေမည်။

“ အိုး.... ”

၀မ်ကျူးယန်က ကုတင်ပေါ်၌ ထိုင်နေလျက်သားပင် ရုတ်တရက် သူမ၏ သိချင်စိတ် တဖွားဖွားဖြစ်လာသည်။ သူမ၏ ညာလက်အား ဆန့်ထုတ်လိုက်ပြီး..

“ ဘာကြီးလဲ.. ဒီကို ယူလာခဲ့ ”

၀မ်ချောင် သူမအား စောင့်နေရရန် အချိန်မဆွဲရဲပေ။ သူ၏ င်္အကျီလက်အတွင်းမှ တစ်စုံတစ်ခုအား ထုတ်ယူလိုက်ရာ မဲနက်တောက်ပြောင်နေသည့် ပစ္စည်းက သူ့ထဲတွင်ပေါ်လာသည်။

“ ဘာကြီးလဲ.. ”

၀မ်ကျူးယန်က ၀မ်ချောင်၏ လက်ထဲမှ အထင်ကြီးစရာမရှိသည့် ပစ္စည်းသေးသေးလေးကို ကြည့်လိုက်ရင်း မည်သည့်အရာဖြစ်ကြောင်း သူမ ခန့်မှန်း မရပေ။

“ ဒါကို မျက်တောင်ကော့တံ လို့ခေါ်တယ်.. ဒါကို ကြည့်ရရုပ်ဆိုးတယ်ဆိုပြီး အထင်တော့ မသေးလိုက်နဲ့နော်.. တစ်ချက် ညှစ်လိုက်တာနဲ့ မျက်တောင်ကို ပုံစံကျကျ ကော့သွားစေပြီး အခြားမိန်းကလေးတွေ အကုန်လုံး မနာလို အားကျသွားရလိမ့်မယ် ”

၀မ်ချောင် တည်တည်ငြိမ်ငြိမ်နှင့် မိတ်ဆက်ပေးလိုက်သည်။

ဤ၀မ်းကွဲမှာ အခြားသူများနှင့် ကွာခြားလှသည်။ သူမက ရွှေနှင့်ငွေများကို မနှစ်သက်ပဲ ထိုမိန်းကလေး အသုံးအဆောင်ပစ္စည်းများကိုသာ အရူးအမူးဖြစ်လေသည်။

ဥပမာအနေဖြင့် ယခင်ကဆိုလျှင် လက်သည်းတိုက်တံစဉ်း ယခုဆိုလျှင် မျက်တောင်ကော့တံ..

ထိုသို့သော ပစ္စည်းများအား လက်ဆောင်ပေးခြင်းထက် သူမအား စိတ်ကျေနပ်စေမည့် အရာမရှိတော့ပြီ။

ထိုအရာက လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ၀မ်ကျူးယန်အား ရင်ဆိုင်ရင်းမှ သူ၏ ဉာဏ်ဖြင့် ရှာဖွေတွေ့ရှိခဲ့သော အကြောင်းအရာပင်။ ဤကမ္ဘာတွင် မရှိလောက်သည့် ထိုပစ္စည်းလေးအား သူထုတ်ပြလိုက်သည်နှင့် အစ်မနှစ်ကို ရုတ်ချည်း ကျေနပ်သွားစေသည်။

၀မ်ချောင် သူမအား လက်ဆောင်ပေးသည့် ရတနာအား ရရှိပြီးနောက် အချိန်အတော်ကြာ မတွေ့ဖြစ်သည့် သူမနှင့် ရင်းနှီးသည့်မိတ်ဆွေများထံ အလည်အပတ်သွားကာ ကြွားလုံးထုတ်ပေတော့မည်။ သူမ ပျော်ရွှင်နေသည့်အတွက် ၀မ်ချောင်၏ ကိစ္စအား မေ့လျော့သွားမည် ဖြစ်ပြီး ၀မ်ချောင်လည်း ပျော်ရွှင် ရပေလိမ့်မည်။

ယခုပင်ကြည့်.. သူမထံမှ ထိုသတင်းအား ဖုံးကွယ်လိုက်နိုင်ပြီ မဟုတ်ပါလား။

၀မ်ချောင် တွေးထားသည့်အတိုင်းပင် အစ်မနှစ်သည် ၀မ်ချောင်၏ လက်တွင်းမှ မျက်တောင်ကော့တံအား ယူလိုက်ပြီးသည်နှင့် သူမချက်ချင်ပင် ကြေးဝါမှန်ရှေ့၌ စမ်းသပ်ကာ ပျော်ရွှင်လျက်ရှိသည်။

“ လူကောက်ကလေး.. အနည်းဆုံးတော့ နင်က အလိုက်သိသားပဲ.. ဒီပစ္စည်းကို ထားခဲ့လိုက်တော့.. ပြီးတော့ နင့်ဓားတွေကို ပုံသွင်းမဲ့ကိစ္စ အစ်မနှစ်ရဲ့တာ၀န်ထားလိုက်ပါ.. နောက်ရက် နည်းနည်းကြာမှ ဓားပြန်လာယူ ”

ကျေနပ်သွားသည်နှင့် ၀မ်ကျူးယန် ယခင်ကိစ္စအား ချက်ချင်းပင် မေ့လျော့သွားသည်။ ၀မ်ချောင်အား ထွက်သွားရန် သူမ လက်ဟန်ပြလိုက်သည်။

“ ဟုတ်သားပဲ.. အဘိုးရဲ့မွေးနေ့က လ၀က်အတွင်းရောက်တော့မှာနော်.. ဒီကိစ္စအပေါ် အခွင့်အရေးကိုရအောင်အသုံးချပါ ငါသတိပေးတယ်နော်.. ငါတို့ အဘိုးကို တစ်နှစ်မှ တစ်ခါတွေ့ခွင့်ရတာ.. စကားမှားမပြောမိဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ ”

နောက်ဆုံးအချိန်လေး၌ ၀မ်ကျူးယန် ၀မ်ချောင်အား တားလိုက်ကာ အလေးအနက်ထား၍ အကြံပေးလေသည်။

“ ငါသိပြီ ”

၀မ်ချောင် ပြုံးပြလိုက်ကာ ဝုစ်သံမဏိဓားများအား သူမထံ၌ ထားခဲ့လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။

................

၀မ်ကျူးယန်၏ လုပ်ဆောင်ချက်က ၀မ်ချောင် ထင်ထားသည်ထက် မြန်ဆန်ပေသည်။ သုံးရက်မျှကြာပြီးနောက် ပုံသွင်းပြီးသည့် အားကောင်းသည့် ဝုစ်သံမဏိဓား လေးချောင်းကို လက်ခံရရှိခဲ့သည်။

“ လေးလိုက်တာ.. ”

ထိုထဲမှ ဓားတစ်လက်အား လက်နှစ်ဖက်ဖြင့် မလိုက်ရာ ဓား၏ အလေးချိန်က အတော်များများ တိုးပွားလာသည်ကို သိသိသာသာ ခံစားရသည်။

ဓားကို ဆန်းစစ်လေ့လာပြီးနောက် သုံးချီရှည်သည့် ဓားကိုယ်ထည်ပေါ်တွင် ဆန်းကြယ်သည့် စာလုံးများ ရေးထွင်းထားသည်ကို တွေ့လိုက်ရပြီး ပန်းနွယ်ပင်များကဲ့သို့ဖြစ်နေသည်။ မဲနက်နေသည့် ဓားကိုယ်ထည်အောက်တွင် လူတစ်ယောက်က အသာအယာလှုပ်ရှားလိုက်လျှင်ပင် မီးပွင့်သွားနိုင်သည်။

၀ုစ်သံမဏိလက်နက်များက ယခင်သုံးရက်ကနှင့်ယှဉ်လျှင် ခြားနားမှု သိပ်မရှိသော်လည်း ၀မ်ချောင်ကမူ သူဆုပ်ကိုင်လိုက်သည်နှင့် ကွာခြားမှုများအား ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

၀မ်းး.........

သူ၏ ဘယ်ဘက်လက်အား ဆန့်ထုတ်လိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ခွန်အား အများအပြားက သူ့ထံသို့ စီး၀င်လာခဲ့သည်။ ကချာကချာ... ၀မ်ချောင်၏ ခန္ဓာကိုယ်ထဲမှ အရိုးကွဲအက်သံများပင် ထွက်ပေါ်လာရာ တစ်နည်းအားဖြင့် ဓားက သူနှင့်အတူတကွ ပေါင်းစည်းသွားသည့်အတိုင်းပင် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ဟု ထင်ရသည်။

“ ဘယ်လောက်တောင် အံ့မခမ်းတဲ့ စွမ်းအားလဲ ”

အသက်ရှူချိန် အနည်းငယ်အတွင်း ၀မ်ချောင်မှာ သူ၏ ကျင့်ကြံခြင်းက အတော်များများ တိုးတက်သွားသည်ကို ခံစားလိုက်ရပြီး မူလစွမ်းအင် အဆင့် ၅သို့ ရောက်ရှိသွားသည်။

ထိုအရာအားလုံးက သူ ဓားကို ကိုင်လိုက်သည့်အချိန်၌ပင် ဖြစ်ပွားသွားခဲ့ခြင်းဖြစ်လေသည်။

“ လက်ရွေးစင် လက်နက်ပညာရှင်တွေက တကယ် ကြောက်ဖို့ကောင်းတာပဲ ”

၀မ်ချောင် ခံစားမိသည့် ခွန်အားကြောင့် ပန်းပဲဆရာများအပေါ် လေးစားခြင်းနှင့် ကြောက်ရွံခြင်း နှစ်ခုလုံးကို ဖြစ်ပေါ်စေခဲ့သည်။

လက်နက်ပညာရှင်ဆရာသခင်အဆင့်သို့ ရောက်ခဲ့သည့်သူတိုင်းက မယုံနိုင်စရာကျွမ်းကျင်သူ လက်ရွေးစင်များ ဖြစ်လာသည်ဟုပင် ဆိုကြလေသည် မဟုတ်ပါလော။ ယောင်ဖုန်းသည် မြို့တော်၏ ပါရမီရှစ်ပါး လက်ရွေးစင်ထဲတွင် တစ်ယောက် အပါအ၀င်ဖြစ်သော်လည်း ထို လက်နက်ပညာရှင် ကျွမ်းကျင်သူများကို မယှဉ်နိုင်သေးပေ။

ဤအရာမှာ သူ၏၀မ်းကွဲဖြစ်သူ၏ ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်းကြောင့် လုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။ သူမက တော်၀င်မျိုးနွယ်များ၏ ငယ်ရွယ်သည့် သခင်မလေးများ၊ ကျော်ကြားသော မိသားစုများနှင့် ပေါင်းသင်းထားနိုင်သည့် အတွက်ကြောင့်သာ ဤကဲ့သို့ မဖြစ်နိုင်လောက်သည့် အရာအား ပြုလုပ်နိုင်ခဲ့ခြင်းပင်။

“ ၀မ်ချောင်.. မင်းတောင်းဆိုထားတဲ့အတိုင်း ပန်းပဲဖိုတစ်ခုလုံးကို ငါပြင်ဆင်ထားပြီးပြီ.. မင်းစိတ်ထဲ ရှိသလိုသာ အသုံးချပေတော့ ပြီးတော့ အစောင့်တွေကလည်း စောင့်ပေးနေလိမ့်မယ်.. ဒီကိစ္စနဲ့ ပက်သက်ပြီး အထဲမှာ မင်း ဓားကို ဆေးသားတင်နေချိန် အတောအတွင်း သေသေရှင်ရှင် ပန်းပဲဖိုထဲကို ဘယ်သူ့ကိုမှ ပေးမ၀င်ဖို့လဲ အမိန့်ပေးထားတယ်.. ”

၀မ်ချောင် သူ့နောက်မှ အသံတစ်ခုအား ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ဝေဟောင် သူ့ထံသို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရပြီး ဤအကောင်က သူပြောသမျှအား ကောင်းမွန်စွာ စီမံထားပေသည်။

“ အင်း.... ကျေးဇူးပဲ ”

သူ အတွေးလွန်နေရာမှ ပြန်သတိ၀င်လာပြီး ၀မ်ချောင် ခေါင်းငြိမ့်ပြလိုက်သည်။

ယခုတွင် ဓားအား ပုံသွင်းရာ၌လည်း ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံး ခြေလှမ်းဖြစ်သည့် ဆေးသားတင်ရန်သာ ကျန်တော့သည်။

“ ငါ့ကို စောင့်ကြည့်ထားပေးပါဦး.. မနက်ဖြန် မိုးသောက်ချိန်ရောက်ရင် ပြီးမှာပါ ”

၀မ်ချောင်မှ ဝေဟောင်နှင့် သူ၏ညီမငယ်အား ခြေဟန်လက်ဟန်ပြလိုက်သည်။ ပြီးနောက် ပန်းပဲဖိုအား ကာရံထားသည့် ၀င်ပေါက်ရှိ ခန်းဆီးစ အနက်ရောင်အား ဖယ်လိုက်ရင်း အထဲသို့ ၀င်သွားလိုက်သည်။

ကြီးမားသော ပန်းပဲဖိုကြီးက ရှင်းလင်းနေပြီး လူတစ်ယောက်မှ မရှိနေပေ။

ဝေဟောင်မှ ၀မ်ချောင် အေးဆေးသက်သာ အလုပ်လုပ်နိုင်ရန်အတွက် ပန်းပဲဖိုတစ်ခုလုံးအား ရှင်းလင်းထားပုံရသည်။

လက်နက်သွန်းလုပ်ခြင်း၏ နောက်ဆုံး အဆင့်အနေဖြင့် လက်နက်တိုင်းက ဆေးသားတင်ရသည်။ မည်သို့ဆိုစေ ၀မ်ချောင်မှ ဝုစ်သံမဏိအား ဆေးသားတင်ရာတွင် မည်သူ့ကိုမှ မျက်မြင်သက်သေအဖြစ် မရှိစေချင်ပေ။ ဝုစ်သံမဏိအား ဆေးသားတင်ခြင်းက အခြားသတ္ထုများနှင့် မတူညီပေ။ ဤအရာက အာဘတ်စစ်စော်ဘွားနယ်နှင့် ၀မ်ချောင်တို့၏ ဟိုက်ဒရာဘတ်သတ္ထုရိုင်းဖြန့်ဖြူးခွင့် အကြားတိုက်ပွဲ၌ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။

ပန်းပဲဖိုထဲ၌ မီးတောက်များအားလုံး တောက်လောင်လျက်ရှိ၏။ ၀မ်ချောင်က လုပ်ဆောင်ရန် စေခိုင်းထားခြင်းပင်။ မြေပြင်ပေါ်၌ ထင်းရှူးသားထင်းပုံကြီးကလည်း သုံးချီမျှမြင့်သည်။

၀မ်ချောင် ဆေးသားတင်ခြင်းလုပ်ငန်းစဉ်အား အဆောတလျဉ် မပြုလုပ်သည့်အပြင် ရေခဲတမျှအေးစက်နေသည့် ကြမ်းပြင်ပေါ်၌ပင် အေးအေးသက်သာ ထိုင်၍ စိတ်ရှည်ရှည်ဖြင့် စောင့်နေလေသည်။ နေ၀င်ရန် နာရီပေါင်းများစွာ လိုအပ်နေသေးပြီး ဝုစ်သံမဏိအား သန့်စင်ရန် အကောင်းဆုံး အချိန်မှာ နေမ၀င်ခင် အလင်းနှင့်အမှောင် တစ်ခုကိုတစ်ခု ရောယှက်နေသည့် အချိန်ပင်။

အခြေခံသန့်စင်ခြင်းဖြစ်သော အရည်ကျိုခြင်းနှင့် အအေးခံသွန်းလုပ်ခြင်းတို့ဖြင့် မတူညီစွာ ဆေးသားတင်ခြင်းက ယခင် လုပ်ငန်းစဉ်များလောက် အချိန်သိပ်မပေးရပေ။ မည်သို့ဖြစ်စေ ဤလုပ်ငန်းစဉ်က အားလုံးထဲ၌ အရေးအပါဆုံးပင် ဖြစ်၏။

“ ညီမလေး.. နင့်အစ်ကို အထဲမှာ ဘာလုပ်နေတယ်ထင်လဲ.. ဒါက ဆေးသားတင်တဲ့လုပ်ငန်းစဉ်ပဲ မဟုတ်လား သူက ဘာလို့ ရှုပ်ထွေးအောင် လုပ်နေရတာလဲ.. ငါ့တို့ကိုတောင် အထဲပေးမ၀င်ဘူး.. ဒီအကြောင်း ငါ တစ်ခြား လက်နက်ပညာရှင် အတော်များများကို မေးပြီးပြီး.. သူတို့အားလုံးက ဒီအဆင့်က အရိုးရှင်းဆုံးပဲလို့ တစ်ညီတစ်ညွှတ်တည်း ပြောကြတာ.. ဓားကို အပူပေးပြီး ရေခဲမှတ်အောက်ရောက်နေတဲ့ ရေထဲ ထည့်လိုက်ရုံပဲတဲ့.. ဒါတောင်မှ နင့်အစ်ကိုက ဘာတွေ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေသေးတာလဲ မသိရ ”

အပြင်ဘက်မှ အသံထွက်ပေါ်လာသည်။ ၀မ်ချောင်က ထိုအသံမှာ ဝေဟောင်နှင့် သက်ဆိုင်ကြောင်း ပြောနိုင်၏။

ထိုအသံအားကြားလျှင် ၀မ်ချောင် ပြုံးမိသည်။

ဝေဟောင်၏ သံသယက လက်ရှိခေတ် လက်နက်ပညာရှင်များ၏ အတွေးများကို ဖော်ပြနေပေသည်။ လက်ရှိတွင် နားလည်ထားသည့် ဆေးသားတင်ခြင်း လုပ်ငန်းစဉ်မှာ ‘ လက်နက်ကို အချိန်အနည်းငယ်အတွင်း အပူချိန် ရုတ်တရက် ချလိုက်ခြင်းက ဓားရဲ့ အရည်အသွေးကို မြင့်တင်ပေးတယ် ’ဟူသည့် အဆင့်၌သာ တစ်နေသေးသည်။

အမှန်တွင်လည်း လက်နက်ပညာရှင်အများစုက သွန်းလုပ်ပြီးသည်နှင့် ဓားအား ရေခဲရေထဲသို့ ချက်ချင်း စိမ်တတ်ကြသည်။ အချို့သူများက ထိုအဆင့်အား အရေးမပါဟု ယူဆကာ သာမန်ကာလျှံကာ ကျော်ပစ်တတ်ကြသည်။ တစ်ချို့ကလည်း ဓားအား သူ့အလိုလို အေးစေခြင်းက လုံလောက်သည်ဟု တွေးကြပြန်သည်။

အလွန်နည်းပါးသော လူနည်းစုသည်သာ နောက်ဆုံး ဆေးသားတင်ခြင်းက အလွန် အရေးကြီးကြောင်းကို သိထားကြသည်။

“ အစစ်အမှန် ဆေးသားတင်ခြင်းကို နားလည်ဖို့ သူတို့အတွက် ခြောက်နှစ် ခုနစ်နှစ်လောက်လိုသေးတယ်လေ ”

အတွေးတစ်ခု ၀မ်ချောင်၏ ခေါင်းထဲ ပေါ်လာချိန်၌ ခေါင်းယမ်းလိုက်သည်။

လက်နက်သွန်းလုပ်ခြင်းဟုဆိုရာ၌ ၀မ်ချောင်က ယခုလက်ရှိခေတ်ကာလကို ကျော်လွန်သည့် တတ်သိနားလည်ဖြင်းများအား ပိုင်ဆိုင်ထားသည်။

လူအနည်းစုက ဓားတစ်ချောင်းသည် ဆေးသားတင်ရန်လိုအပ်သည်ကို သိရှိကြသော်လည်း အလွန့်အလွန် နည်းပါးသည့်လူများသာ ထိုဖြစ်စဉ်က အားလုံးထဲတွင်အရေးအကြီးဆုံး ဖြစ်သည်ကို သိရှိထားကြသည်။

ဆေးသားတင်ခြင်းက စွမ်းအား၊ ကြာရှည်ခံခြင်း၊ အမာခံခြင်းနှင့် အချိန်၏တိုက်စားသည့်ဒဏ် ခံနိုင်ခြင်းတို့အား မြင့်တင်ပေးနိုင်သည်။ ထိုအဆင့်က သွန်းလုပ်သည့်လက်နက်အား အချိန်တိုအတွင်း နောက်ထပ်တစ်ဆင့်လုံးလုံး ခုန်တက်သွားစေနိုင်ပေသည်။

မတူညီသည့် လက်နက်များအတွက် မတူညီသည့် ဆေးသားတင်ခြင်း နည်းလမ်းများ ရှိပေသည်။

ကမ္ဘာပေါ်ရှိ ထိပ်သီးလက်နက်ပညာရှင်များအားလုံး၌ ကိုယ်စီ ပြိုင်ဖက်ကင်း ဆေးသားတင်ခြင်း နည်းလမ်းများအား ပိုင်ဆိုင်ထားကြသည်။

မည်သို့ပင်ဖြစ်စေ ထိုသူတို့၏ အသိအမြင်နည်းပါးခြင်းကြောင့် ယခုအချိန်၌ လက်နက်ပညာရှင်အများစု နားလည်ထားသည့် ဆေးသားတင်ခြင်း အသိဉာဏ်များက ရေထဲပစ်ထည့်သည့် အဆင့်၌သာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲ နိမ့်ကျနေဆဲပင်။ သူတို့က ရေဖြင့် ငြိမ်းသတ်ခြင်းသည် သံမဏိဓားအတွင်းရှိ ကာဗွန် ပါ၀င်မှုအား အကြီးအကျယ် ထိုခိုက်စေနိုင်သည်ကို မသိရှိကြသေးချေ။

အပြင်ဘက် အသွင်အပြင်မှာ ပြည့်စုံသည့် အနေအထား၌ ရှိနေနိုင်သော်လည်း အရည်အသွေး မနိမ့်ကျသွားသော်လည်း အတွင်းထဲ၌ သေးငယ်သည့် အက်ကြောင်းပေါင်းများစွာ ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော ဓားများက ခံနိုင်ရည်နည်းပြီး ကြာကြာအသုံးပြု၍ မရချေ။

အတိအကျပြောရမည်ဆိုပါက အချို့ဆိုလျှင် ရေစိမ်လိုက်သည်နှင့် ချက်ချင်း ပျက်စီးသွားသည်လည်း ရှိသေးသည်။

ဆေးသားတင်နေစဉ်၌ ဓားပေါင်းများစွာ ကျိုးပျက်ရသည့် အကြောင်းရင်း၊ သွန်းလုပ်ရာ၌ ကျရှုံးခြင်း သို့မဟုတ် သာမန်လက်နက်သာဖြစ်ခြင်းမှာ ထိုအချင်းအရာကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ လက်နက်ပညာရှင်အများစုက ထိုသို့ဖြစ်ရသည်ကို သတိမထားမိခြင်းမှာ သနားဖွယ်ကောင်းလှသည်။ သူတို့ ရိုးရိုးလေးပင် သူတို့ အသုံးပြုသည့် သတ္ထုအရည်အသွေး သို့မဟုတ် သွန်းလုပ်သည့် နည်းပညာ မကောင်းခြင်းကြောင့်ဟုသာ အပြစ်တင်လိုက်ကြသည်။

ထိုအရာက ကမ္ဘာ့အရှေ့ပိုင်းအတွက်သာ မှန်ကန်သည်မဟုတ်ပဲ လက်နက်ရောင်း၀ယ်ခြင်းဖြင့် စီးပွားဖြစ်နေသည့် အနောက်ပိုင်း အာဘတ်စစ်စော်ဘွားနယ်အတွက်လည်း ထိုနည်း၎င်းပင်။

ကမ္ဘာတစ်ခုလုံး၌ ဆေးသားတင်ခြင်းနည်းပညာတွင် ၀မ်ချောင်အား လိုက်မှီနိုင်သည့်သူဟူ၍ မရှိချေ။

.............

တောက် ဒါမှမဟုတ် ဆေဘာဓားမှာ အသွားတစ်ဖက်ပဲ ရှိပါတယ်... နည်းနည်းကောက်ပြီး ခုတ်ပိုင်းရာမှာ ပိုအသုံး၀င်ပါတယ်..

ကျင်း ဆိုတာက နှစ်ဖက်သွားဓားဖြစ်ပြီးတော့ ဖြောင့်တန်းပါတယ်..

သွေးလမ်းကြောင်းဖော်တာက ဓားကို ပေါ့ပါးစေပြီး ဓားရဲ့ ခွန်အားကိုလည်း တင်ပေးပါတယ်..

သမိုင်းမှတ်တမ်းများအရ ဒမတ်စကပ်ဓားတွေကို ပိုပြီး ကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းကတော့ ပိုပြီး စွမ်းအားကောင်းလို့၊ အသွားပိုထက်လို့ ပြီးတော့ တစ်ခြားဓားတွေထက် ပိုပေါ့ပါးလို့ပါတဲ့...

All Chapters