အခန်း (၄၆-၅၀)
Vol. 2 Ch. 46-50
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 46.
ကမ္ဘာ့ပထမဆုံး ဝုစ်သံမဏိလက်နက်
၀ုစ်သံမဏိမှာ အခြားသံမဏိပစ္စည်များနှင့် မတူညီပဲ လူတစ်ယောက်က ဝုစ်သံမဏိလက်နက်အပေါ် ရေထဲပစ်ထည့်သည့် နည်းလမ်းအား အသုံးပြု၍ မရပေ။ ထိုသို့ ပြုခဲ့မည်ဆိုပါက တန်ဖိုးကြီးလှသည့် သတ္ထုမှာ ပျက်ဆီးသွားပေလိမ့်မည်။
ဟိုက်ဒရာဘတ်အား သိမ်းယူနိုင်မည့် အစီအစဉ်က သူ့အကြံအစည်ထဲ၌ အရေးကြီးသည့် နေရာမှ ပါ၀င်လျက်ရှိရာ ၀မ်ချောင်မှ ထိုအရာအား အခြားသူ လက်ထဲသို့ ထည့်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ အပြင်ဘက်မှ ဆွေးနွေးသံများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ၀မ်ချောင်မှာတော့ ပန်းပဲဖိုထဲ၌ တည်ငြိမ်သည့်နှလုံးသားဖြင့် ငြိမ်သက်စွာ ထိုင်နေလျက်ပင် ရှိသေးသည်။
ယခင်ကဆိုလျှင် ၀မ်ချောင် အပြင်၌ တစ်ညလုံးနေနေရန် မဖြစ်နိုင်သော်ငြားလည်း နယ်စပ်မှ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်တွင် ၀မ်ကလန်တစ်ခုလုံး၏ ၀မ်ချောင်အပေါ် သဘောထား လုံး၀ ပြောင်းလဲသွားခဲ့လေပြီ။
၀မ်ချောင်၏ မိခင်ကိုယ်တိုင်ပင် သူ၏ အရေးကိစ္စများအား ယခင်ကကဲ့သို့ မတင်းကျပ်တော့ပေ။
“ အချိန်ကျပြီ ”
ရုတ်တရက် ၀မ်ချောင် တစ်စုံတစ်ခုအား ခံစားမိကာ မျက်စိဖွင့်လိုက်သည်။ သူ့မျက်လုံးထဲ၌ တောက်ပသည့် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ မကြာမှီ နေ၀င်တော့မည်ကို သူ ခံစားမိလိုက်သည်။
မတ်တပ်ရပ်လိုက်ကာ ၀မ်ချောင် ရှေ့သို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး ဝေဟောင် စုထားပေးသည့် ထင်းရှူးသားထင်းပုံ အား စက်ဝိုင်းသဏ္ဍာန် နေရာချထားလိုက်သည်။ ချလပ်... မီးခတ်ကျောက် တစ်ခုနှင့်တစ်ခု ပွတ်တိုက်သွားသည့်မှ ထွက်လာသည့်အသံက ပန်းပဲဖိုထဲ၌ ပဲ့တင်ထပ်နေကာ မကြာမှီပင် ထင်းပုံအား မီးစွဲလာလေတော့သည်။
ထင်းရှူးသားများအား စွဲနေသည့်မီး အနီရောင်သို့ ပြောင်းလဲသွားချိန်၌ ၀မ်ချောင်က မပြီးပြတ်သေးသည့် နက်မှောင်နေသည့် ဝုစ်သံမဏိဓားကို ဆုပ်ကိုင်လိုက်ကာ မီးညှပ်ဖြင့်ညှပ်၍ အနီရောင်မီးတောက်အဖြစ် တောက်လောင်နေသည့် ထင်းရှူးသားထဲသို့ ထိုးထည့်ထားလိုက်သည်။
ဓားပေါ်၌ ဝါးမြိုနေသည့် မီးတောက်အား ၀မ်ချောင် စူးစိုက်ကြည့်နေသည်မှာ သူ၏ အာရုံစိုက်မှု အလုံးစုံအား ဓားအပေါ်တွင် မြုပ်နှံထားသကဲ့သို့ပင်။
၀ုစ်သံမဏိ၏ ဆေးသားတင်ခြင်း ဖြစ်စဉ်အတွင်း၌ ဓားပေါ်မှ မီးတောက်အား စောင့်ကြည့်ခြင်းသည်လည်း အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုပင်။
၀မ်ချောင်မှ နေ၀င်ရီတရောအချိန်အား ရွေးချယ်ရသည့်အကြောင်းရင်းမှာ ယခုအချိန်သည် မီးတောက်၏ အရိပ်ယောင်ကို ကြည့်၍ အပူပေးသည့်ဖြစ်စဉ်အား အလွယ်တကူ ခွဲခြားနိုင်ခြင်းကြောင့်ဖြစ်လေသည်။
မတူညီသည့်မီးတောက် အရိပ်ယောင်များက လက်နက်၏ မတူညီသည့် အပူချိန်ကို ရောင်ပြန်ဟပ်ပေးနေသည်။
အကယ်၍ အလွန်လင်းနေခြင်း သို့မဟုတ် အလွန်မှောင်နေခြင်းက ဝုစ်သံမဏိ၏ ကြီးထွားမှုအပေါ် သက်ရောက်မှု ဖြစ်စေနိုင်သည့်အတွက်ကြောင့် ၀မ်ချောင်၏ အပူပေးခြင်းဖြစ်စဉ်အား အဆုံးအဖြတ်ပေးမှု အပေါ်တွင်လည်း သက်ရောက်မှု ဖြစ်စေလိမ့်မည်။ ဓား၏ အရည်အသွေးမှာ အပူပေးခြင်းဖြစ်စဉ်၌ အသုံးပြုခဲ့သော အပူချိန်အပေါ်တွင် များစွာ မူတည်လေသည်။
အပူချိန် တစ်ဒီဂရီ ခြားနားခြင်းသည် လက်နက်အပေါ် သက်ရောက်မှု တစ်ခုလုံး ခြားနားသွားစေနိုင်သည်။
မည်သို့ဆိုစေ ယခုမျက်မှောက်ခေတ် နည်းပညာများအရ အပူချိန်အား တိုင်းတာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မီးတောက်၏ အရောင်များက အပူချိန်ခွဲခြားရာ၌ အလွန် အရေးပါနေခြင်းပင်။
“ ဒီနားလောက်ပဲ ”
၀ုစ်သံမဏိအပေါ်ရှိ မီးတောက်က ပိုမိုတောက်ပသည့် အနီရောင်အဖြစ်ပြောင်းလဲလာရာ စတော်ဘယ်ရီ အရောင်ကဲ့သို့ ဖြစ်လာသည်တွင် ၀မ်ချောင် မျက်ခုံးမြင့်တက်သွားပြီး ဝုစ်သံမဏိဓားအား ကောက်ယူလိုက်ကာ ဓားနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွေ့လျားသွားပြီး သနပ်ခါးရောင်ဆီအရည်များ ဖြည့်ထားသည့် သတ္ထုပုံစံခွက်ထဲ ထည့်လိုက်သည်။
----- ထိုအရာက ၀မ်ချောင် ကြိုတင်ပြင်ဆင်ထားသည့်အရာပင်။
အနီတောက်တောက်ဖြစ်နေသည့် ဝုစ်သံမဏိအား ရေခဲတမျှဖြစ်နေသည့် ဆီထဲ၌ နှစ်လိုက်သည်တွင် အပူချိန် အလွန်ကွာခြားမှုကြောင့် အမဲရောင် မီးခိုးလုံးများ ဓားကိုယ်ထည်ပေါ်မှ ဖြစ်ပေါ်လာသည်။
“ အစစ်အမှန် ဝုစ်သံမဏိလက်နက်အဆင့်ကို ရောက်ဖို့ဆိုရင် ဒီတစ်ဆင့် အပေါ် မူတည်နေပြီ ”
၀မ်ချောင် သတ္ထုခွက်အား စိတ်ထဲ၌ လေးကန်စွာဖြင့် စိုက်ကြည့်နေလေသည်။
အရည်ကြိုရန် ဆွေးနွေးခြင်းပြီးနောက် ပုံသွင်းခြင်း မှ ယခု နောက်ဆုံး ဆေးသားတင်ခြင်းတွင် သူက နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့လေပြီ။ သူက ယုံကြည်ချက်မြင့်မားစွာဖြင့် ပြောဆိုခဲ့သည့်တိုင် အနည်းငယ်တော့ သံသယ ၀င်မိသေးသည်။
သတ္ထုပုံစံခွက်ထဲမှ ဆီအရည်မှာ ပုံမှန် ဆေးသားတင်ခြင်းတွင် အသုံးပြုနေကျအရာမဟုတ်ပေ။ ထိုအရာက နှမ်း၊ သိုးဆီ၊ ထောပတ်၊ အနောက်ပိုင်းမှလာသည့် နိုင်လွန်ကတ္တရာနှင့် အခြားသော အရည်များစွာအား ရောနှောထားခြင်းဖြစ်သည်။
ထိုအရာသည် စစ်မှန်သည့် ဝုစ်သံမဏိလက်နက် သွန်းလုပ်ရာတွင် ဖြေရှင်းရ အခက်ဆုံးသော အရာပင်။
သူ၏ ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင်သည်လည်း ဝုစ်သံမဏိအနည်းငယ်အား ပိုင်ဆိုင်ခဲ့သည်။ မည်သို့ဆိုစေ ထိုမှ သွန်းလုပ်ထားသည့် လက်နက်များက ဒမတ်စကပ်နှင့်အာဘတ်စစ်စော်ဘွားနယ်များမှ သွန်းလုပ်သည့် လက်နက်များကို မယှဉ်နိုင်ပေ။ အတိအကျဆိုရလျှင် အလယ်ပိုင်းလွင်ပြင်မှ ဝုစ်သံမဏိလက်နက်၏ အပြင်ပိုင်း သွင်ပြင်မှာ အလွန်အင်မတန်မှပင် အရုပ်ဆိုးလေသည်။ အဘယ်ကြောင့်ဆိုသော် ထန်မင်းဆက်သည် ဝုစ်သံမဏိအား ဆေးသားတင်ရမည့် နည်းပညာအား မပိုင်ဆိုင်ထားသည့် အတွက်ကြောင့်ပင်။
အမှန်တွင် ဟိန္ဒူဘုန်းကြီးများမှ အလယ်ပိုင်းလွင်ပြင်အား သတ္ထုရိုင်းအတုများ ပေးခဲ့ခြင်းမဟုတ်ပဲ အလယ်ပိုင်းလွင်ပြင်ကသာ ‘ ဟိုက်ဒရာဘတ်ဆေးသားတင်ခြင်းနည်းပညာ ’ကို မဆုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က ဝုစ်သံမဏိပေါ်မှ သဘာ၀ အရေးအကြောင်းများကို ဖျောက်ဖျက်နိုင်ခဲ့သည်ဆိုလျှင် ဓားသွားပေါ်မှ ထက်မြလှသည့် လွှသွားများလည်း ပေါ်ထွက်လာတော့မည် မဟုတ်ပေ။ ထိုကဲ့သို့သော ဝုစ်သံမဏိလက်နက်များမှာ အခြား ထိပ်တန်းဓားများထက် အနည်းငယ်သာ ထက်မြနိင်မည်ဖြစ်သည်။ ထိုသို့သောဓားက ကမ္ဘာ့မဟာဓားသုံးလက်၏ ကျော်ကြားမှုနှင့် မထိုက်တန်ပေ။
သူ၏ ယခင်ဘ၀၌ အာဘတ်စစ်စော်ဘွားနယ်သည် ဝုစ်သံမဏိ အထောက်အပံ့အား ခြယ်လှယ်နိုင်ခဲ့ပြီးနောက် ‘ ဟိုက်ဒရာဘတ်ဆေးသားတင်ခြင်းနည်းပညာ ’ကို ပိုင်ဆိုင်ခဲ့သော်လည်း ယခုဘ၀တွင် ၀မ်ချောင်မှ တစ်ဖက်လူအား အောင်မြင်ခွင့် မပြုရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
စစစစစစ.......
အမဲရောင်မီးခိုးများ ပြယ်လွှင့်သွားချိန်၌ ဝုစ်သံမဏိဓားက သတ္ထုပုံစံခွက်အတွင်းတွင် အအေးခံပြီးဖြစ်ကာ ၀မ်ချောင်မှ ညှပ်အား အသုံးပြု၍ ဝုစ်သံမဏိဓားအား အရည်ထဲမှ ဆွဲထုတ်လိုက်သည်။
ဟူးလားလား.. အရည်များက ပတ်၀န်းကျင်အား စင်သွားသည်။
၀ုစ်သံမဏိဓား အရည်ထဲမှ ထွက်လာသည့်နှင့် တစ်ပြိုင်နက် တောက်ပသည့် ငွေရောင်အလင်းများက သတ္ထုပုံစံခွက်အတွင်းရှိ အရည်မျက်နှာပြင်ပေါ်သို့ လျှံကျလာသည်။
တစ်ချိန်တည်း၌ အေးစက်သည့်အလင်းရောင်၊ ငွေရောင်လ၏ အလင်းရောင်ကဲ့သို့ အမှတ်အသားများက ပန်းပဲဖို တစ်ခုလုံးအား ငွေရောင်အလွှာတစ်ခုအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
“ အောင်မြင်ပြီကွ ”
မယုံကြည့်နိုင်လောက်အောင် သိမ်မွေ့လှပသည့် ငွေရောင်ဓားကိုကြည့်နေရင်း ၀မ်ချောင် ဖော်ပြမရနိုင်အောင် ပျော်ရွှင်နေသည်။ ဓားပေါ်မှ လှပသည့် အရေးအကြောင်းများကလည်း တိမ်များနှင့် မြစ်များကဲ့သို့ ထင်မှားစေလျက် ရှင်းပြရန်မလွယ်လောက်သည်အထိ လှပသည့်မြင်ကွင်းအား ပေးစွမ်းနေသည်။ ဓားအသွား၏ အစွန်း၌ပင် လွှသွားနှင့် သဏ္ဍန်တူသည့် အရေးအကြောင်းများကို တွေ့နိုင်သေးသည်။ ထိုဓားမှ ထုတ်လွှတ်နေသည့် အငွေ့အသက်များက နက်ရှိုင်းသည့် ပင်လယ်ထဲမှ ငါးမန်းသွားများကဲ့သို့ပင် အညှာအတာမရှိ သွေးဆာနေလျက် သို့သော် လှပလွန်း၏။
ကမ္ဘာ့ပထမဦးဆုံးသော ဝုစ်သံမဏိလက်နက်အား အလယ်ပိုင်းလွင်ပြင်မှ သွန်းလုပ်နိုင်ခဲ့လေပြီ။
၀မ်ချောင်မှာလည်း ဤလက်နက်တို့၏အရှင်သခင်အား ပုဂ္ဂိုလ်ရေးအရ ပထမဆုံး သွန်းလုပ်ပြီးစီး နိုင်ခဲ့သူ ဖြစ်လာခဲ့သည်။
ထိုအချိန်၌ ၀မ်ချောင်၏ စိတ်ထဲတွင်ရှိနေသည့် အနှောင့်အယှက်ကြောင့် မတည်ငြိမ်နေပေ။
ဟူးလားလား..........
သူ့နောက်မှ ခန်းဆီးစ ပွင့်သွားသည်။ ပန်းပဲဖိုထဲမှ လှုပ်ရှားသံများအား ကြားပြီးနောက် ဝေဟောင်က ၀မ်ချောင်၏ ညီမငယ်နှင့်အတူ ပြေး၀င်လာခဲ့ခြင်းဖြစ်သည်။
“ ဟာ....... ဒါ ဘာ လက်နက်ကြီးလဲ ”
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဝေဟောင် လှပလွန်းသည့် လက်နက်အား ၀မ်ချောင်၏ လက်ထဲတွင် မြင်လိုက်ရရာ ထိတ်လန့်သွားကြသည်။
ဝေဟောင် ထိုကဲ့သို့သော လက်နက်အား တစ်ခါမှ မမြင်ဖူးပေ။ ဓား၏ကိုယ်ထည် တောက်ပနေသည်မှာ ပြဒါးကဲ့သို့ ဖြစ်နေပြီး ထိုအပေါ်၌ ဆန်းကြယ်သည့် သဘာ၀ အစင်းကြောင်းများကလည်း ဓားပေါ်တွင် လမ်းကြောင်းဖော်ထားသေးသည်။ သို့တိုင် ထိုအရာက လက်နက်၏ တောက်ပမှုအား ဖုံးကွယ်စေခြင်းငှာ မစွမ်းသာသေးပေ။
လူတစ်ယောက်၏ အာရုံစိုက်မှုအား အဆွဲဆောင်နိုင်ဆုံးမှာ ဓား၏ အသွားပင်ဖြစ်သည်။ ဓား၏ ထက်မြမှုက ကြည့်မိသူ၏ မျက်စိပင် ထိခိုက်စေနိုင်သကဲ့သို့ပင်။ အကြည့်တစ်ချက်နှင့်ပင် ဝေဟောင် ပြုစားခံလိုက်ရသည်။ သူ့အကြည့်အား ဓားပေါ်မှ မဖယ်ရှားနိုင်တော့ပေ။
“ ဘယ်လိုတောင်လှပပြီး ကြောက်ဖို့ကောင်းလိုက်တဲ့ လက်နက်လဲ ”
ဝေဟောင် မြည်တမ်းလိုက်သည်။
အမတ်မင်း မိသားစုတွင် မွေးဖွားသည့်ဖြစ်ရာ သူက အရာများစွာအား မြင်တွေ့ဖူးသော်ငြား ထိုမျှကြမ်းတမ်း၍ လှပနိုင်လွန်းသည့် လက်နက်အား သူမမြင်ဖူးချေ။ ထိုဓားမှာ လူသတ်ရန်အတွက် သီးသန့် ရည်ရွယ်၍ သွန်းလုပ်ထားသည့်အလား ခံစားရကာ ကြည့်မိရုံနှင့် ကြောက်စိတ်၀င်မိစေနိုင်သည်။
အကြည့်တစ်ချက်နှင့်ပင် ဝေဟောင် ဖမ်းစားခံလိုက်ရသည်။
“ ဘယ်လိုတောင် လှနိုင်ရတာလဲဟာ ”
ကလေးအသံက ဘေးမှပေါ်ထွက်လာသည်။ ဝေဟောင်တစ်ယောက်တည်းသာ လက်နက်၏ ဖမ်းစားခြင်းအား ခံနေရသည်မဟုတ်။ ၀မ်မိသားစု၏ ညီမငယ်သည်လည်း ဓားအား အသိစိတ်ကင်းမဲ့စွာ ငေးကြည့်နေလေသည်။
ရုတ်ချည်းပင် အလင်းရောင်ပျောက်သွားလေသည်။ ၀မ်ချောင်မှ ပြီးစီးသွားသည့် ဝုစ်ဓားကို သစ်သားဓားအိမ်အတွင်း ထည့်လိုက်သည်။ ထို့နောက် အခြားအနက်ရောင်ပိတ်စ တစ်ခုဖြင့် ဓားအား ရစ်ပတ်ထားလိုက်သည်။
“ ဝေဟောင် ဖမ်းထားလိုက် ”
၀မ်ချောင်က ဝုစ်သံမဏိဓားအား အသိစိတ်မကပ်တကပ် ဖြစ်နေသည့် ဝေဟောင်ထံ သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။ ထိုဓားအား ပွေ့ဖက်လိုက်ပြီး သူ့လက်ပေါ်သို့ ရောက်ရှိလာသည့် အရာအား ဝေဟောင် စိုက်ကြည့်နေမိပြန်သည်။
“ ၀မ်ချောင် ဒါ ဘာလက်နက်ကြီးလဲ ”
ဝေဟောင်မှ ထပ်မံ မေးခွန်းထုတ်လိုက်သည်။
“ ဒါက ငါမင်းကို ပြောခဲ့တဲ့ ဝုစ်သံမဏိဓားပဲ ”
၀မ်ချောင် တည်တည်ငြိမ်ငြမ်ဖြင့်သာ ပြန်ဖြေလိုက်သည်။ ဝေဟောင်၏ အမူအရာက သူ့အတွက် အံ့သြစရာ မဟုတ်တော့ပေ။ ဓား၏အလှတရားများအားလုံးကို သူမြင်ခဲ့ဖူးသည့်တိုင်အောင် ဝုစ်သံမဏိလက်နက်၏ ကြောက်မက်ဖွယ်ကောင်းလှသည့် အဖျက်စွမ်းအားကို မျက်မြင်တွေ့ခဲ့ချိန်၌ တုန်လှုပ်မိခဲ့သေးသည် မဟုတ်ပါလား။
ဝေဟောင်၏ ထိတ်လန့်မှုက တိုက်ပွဲအတွင်း ဝုစ်သံမဏိလက်နက်၏ ခွန်းအားကို သူမြင်တွေ့ချိန်တွင် ဖြစ်ပေါ်ခဲ့သည်နှင့် မနှိုင်းယှဉ်နိုင်ပေ။
၀ုစ်သံမဏိသည် စစ်ပွဲများအတွင်း ပထမဆုံး ထွက်ပေါ်ခဲ့သည့်အချိန်၌ ဖြစ်ပေါ်ခဲ့သည့် ကသောင်းကနင်း ဖြစ်ရပ်ကို ၀မ်ချောင် ယခုထိ မှတ်မိနေဆဲပင် ဖြစ်လေ၏။
ဟိုက်ဒရာဘတ်သတ္ထုရိုင်း အကြံအစည်နှင့် ပက်သက်၍ သူ ဝေဟောင်အား ပထဆုံး ပြောပြခဲ့သည့်အချိန်၌ ဝေဟောင် ထိတ်လန့်သွားပြီး သူ၏ ပထမဆုံးသောအတွေးမှာ ၀မ်ချောင် ရူးသွားပြီ ဟူ၍ပင်ဖြစ်သည်။ ဤသတ္ထုရိုင်းက ထိုမျှလောက် တန်ကြေးရှိမည်ဟု သူ မထင်ထားပေ။
သို့သော် ယခုတွင်တော့ ဝေဟောင် သူ၏ ထင်မြင်ချက်အား ပြန်လည် သုံးသပ်နေရလေပြီ။
“ ဝေဟောင်.. ဒါက ပထမဆုံး သွန်းလုပ်ထားတဲ့ ဓားပဲ.. တစ်ခြားဘယ်သူ့ကိုမှ မမြင်စေနဲ့.. ငါ့အကြံအစည်ရဲ့ ပထမခြေလှမ်းကတော့ ပြီးသွားပြီ ငါတို့ အရင်က သဘောတူထားတဲ့အတိုင်းပဲနော်.. ရှေ့ဆက်ပြီးတော့ မင်းအပေါ်ပဲ မူတည်တော့မယ် ”
၀မ်ချောင်ပြောလိုက်သည်။
“ အင်း ”
အံ့သြထိတ်လန့်နေမှုမှ ပြန်လည် နိုးထလာပြီးနောက် ဝေဟောင် ခေါင်းငြိမ့်လိုက်သည်။
ခန်းဆီးစအား မလိုက်ပြီး ၀မ်ချောင် ထွက်သွားလိုက်သည်။ ပထမဆုံးဝုစ်သံမဏိအား သွန်းလုပ်ပြီးပြီဖြစ်သော်လည်း ထိုအရာက သူ၏ ပထမခြေလှမ်းသာ ရှိသေးသည်။
လတစ်၀က် ကုန်ဆုံးသွားခဲ့ရကာ အကယ်၍ ၀မ်ချောင်သာ လကုန်သည့် အချိန်၌ ရွှေတုံး ၉သောင်းအား မစုဆောင်းခဲ့နိုင်လျှင် သူ၏ အားကုန် ကြိုးစားခဲ့မှုများက သဲထဲရေသွန် ဖြစ်ပေတော့မည်။
ထိုအရာများအား တရားရေးရာရုံးတော်တွင် အတိအလင်း ရေးသား သဘောတူခဲ့ကြပြီးဖြစ်လေသည်။ ၀မ်ချောင်မှ သူ၏နောက်ခံအား အသုံးချ၍ ဟိန္ဒူဘုန်းကြီးနှစ်ပါးအား ချည်နှောင်ထားသည့်တိုင် ထိုအရာက ၀မ်ချောင်၏ ‘ အာခီးလိစ် ဖနောင့် ’ ဖြစ်သွားနိုင်သည်။
“ အဲ့ဒီ ဟိန္ဒူဘုန်းကြီးတွေ... ခုချိန်လောက်ဆို သူတို့လဲ စိုးရိမ်နေလောက်ပြီ ”
၀မ်ချောင် ပြုံးကာ လမ်းလျှောက်သွားလိုက်သည်။
........
၀မ်ချောင်၏ ထင်မြင်ချက်အတိုင်းပင် ဟိန္ဒူဘုန်းကြီးနှစ်ပါးက သူထင်ထားသည်ထက်ပင်ပို၍ စိုးရိမ်နေကြသည်။
“ အော်မီတော်ဖော ”
အခန်းထဲ၌ အဘလိုဒန်၏ လက်များက တစ်ခုခုနှင့်တစ်ခု ပူးကပ်နေရာ ဗုဒ္ဓဘာသာ၀င်များ လက်အုပ်ချီထားသည့်နှယ်ဖြစ်နေသော်ငြား သူ၏ မျက်ခုံးများ ထိစပ်နေပြီး မသက်မသာဖြင့် ကတုန်ကယင်ဖြစ်နေဟန်ရသည်။
“ အားလော်ဂျား.. အလယ်ပိုင်းလွင်ပြင်ရဲ့ ကုန်းကျီက သူ့ကတိကို သူတည်နိုင်မယ်လို့ မင်းထင်လား ”
အချိန်အတန်ကြာအောင် အဘလိုဒန်မှ သူ့စိတ်အစဉ်အား ထိုးနှက်နေသည့် ထိုမေးခွန်းကိုသာ ဆက်တိုက် မေးမြန်းနေလေသည်။
“ တော်တော်တောင်ကြာနေပြီ ဒါပေမဲ့ သူ့ဖက်က သတင်းတွေ တစ်ခုမှ မကြားမိသေးဘူး ”
သူတို့နှစ်ပါးလုံး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည်မှာ ရက်နှစ်ဆယ်ပင် ကုန်လွန်သွားခဲ့ပြီဖြစ်လေသည်။ ယေဘုယျကျကျပြောရမည်ဆိုလျှင် သူတို့ စောင့်ရမည့်အချိန်မှာ ရက်အနည်းငယ်သာ ကျန်တော့သည်ဖြစ်ပြီး သူတို့ မတည်မငြိမ် မဖြစ်နေသင့်ပေ။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူတို့ မသက်မသာဖြစ်နေကြသည်။
အချိန်က လူကိုမစောင့်ပေ။ အိန္ဒိယရှိ ငတ်မွတ်ခေါင်းပါးကပ်ဘေးသည် ဆိုးသည်ထက် ဆိုးလာနေသည်။ လူအများစုမှာ အစာရေစာ ငတ်ပြတ်သည့်အတွက် သေဆုံးခဲ့ကြပြီးဖြစ်ရာ လွန်ခဲ့သည့် ရက်အနည်းကပင် သူတို့နှစ်ပါးမှာ အဆင့်မြင့်သူတော်စင်ထံမှ အိန္ဒိယသို့ ပြန်လာရန် စာပို့လာသည်အား လက်ခံရရှိခဲ့လေသည်။
ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဤလအတွင်း ခုနစ်ကြိမ်မြောက်ပင်။
“ သူ့ကို သုံးရက် ထပ်စောင့်ကြည့်ရအောင်.. တကယ်လို့ သူ့ဆီက ဘာသတင်းမှ ထပ်မကြားဘူးဆိုရင် အိန္ဒိယကိုပြန်ပြီး အဆင့်မြင့်သူတော်စင် ပြောတဲ့အတိုင်း ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေကို အာဘတ်စစ်စော်ဘွားနယ်ကိုပဲ ရောင်းလိုက်ကြတာပေါ့ ”
အားလော်ဂျား သက်ပြင်းချလိုက်သည်။
သဘောတူစာချုပ်ပါ အကြောင်းအရာများနှင့် ပက်သက်၍ တစ်ဖက်လူထံမှ မည်သည့် တိုးတက်မှုများအား မကြားသိရသည့်တိုင် ၀မ်ချောင်အပေါ်၌ အမှန်ပင် မျှော်လင့်ထားကြသေးသည်။ မည်သို့ဆိုစေ ထိုအရာက ပင်လယ်ထဲသို့ ခဲတစ်လုံး ပစ်ချလိုက်သည့်နှယ်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍ မည်သည့်သတင်းမှ မကြားရသေးပေ။
လမ်းပေါ်ထွက်၍ အနည်းငယ် စုံစမ်းကြည့်သော်လည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်း သို့မဟုတ် လက်နက်များနှင့် ပက်သက်၍ သူတို့ သတင်းအတိုအထွာပင် မရရှိကြပေ။
အစတွင် ၀မ်ချောင်အပေါ် သူတို့ နှစ်ဦးသား ယုံကြည်ချက် မြင့်မားသည်ဆိုသော်လည်း ယခုတွင်တော့ သူတို့ အနည်းငယ် စိုးရိမ်လာလေပြီ။ အားလော်ဂျားမှ ၀မ်ချောင်အား သုံးရက် အချိန်ပေးမည်ဟု ပြောခဲ့သည့်တိုင် သူကိုယ်၌ကပင် အများကြီး မျှော်လင့်ထားသည် မဟုတ်တော့ပေ။
“ ဒီဟာလဲ ကျရှုံးသွားခဲ့မယ်ဆိုရင် ”
အားလော်ဂျား သက်ပြင်းချလိုက်ရာ ယခင်က သူစိတ်ဓာတ်ကျနေသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ သူတို့က အလယ်ပိုင်းလွင်ပြင်၌ ဟိုက်ဒရာဘတ်သတ္ထုရိုင်းရောင်းချရသည်မှာ ယခုမျှလောက် ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ ဒါပေမဲ့.... အလယ်ပိုင်းလွင်ပြင်ရဲ့ တစ်ခြား ထင်ရှားတဲ့ မိသားစုတွေကရော် သတ္ထုရိုင်းကို စိတ်မ၀င်စားကြတော့ဘူးလား.. ငါတို့ သူတို့ကို ဆက်သွယ်ကြည့်ဖို့ ကြိုးစားကြည့်သင့်လား ”
အဘလိုဒန်က မြို့တော်ကျန်းကလန်အား ဆိုလိုနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ရက်များက သူ့ထံ လာရောက်ခဲ့သည့် ထိုလူများအပေါ် သူ အနည်းငယ် စိတ်၀င်စားမိလေသည်။
“ မလုပ်ဘူး ”
အားလော်ဂျား ခေါင်းခါလိုက်ကာ...
“ အဲ့ဒီ တော်၀င်သူတွေက ယုံကြည်လို့ရတဲ့ပုံ ပေါက်နေပေမဲ့.. သူတို့ ငါတို့လိုချင်တဲ့ စျေးနှုန်းကို ပေးမှာ မဟုတ်ဘူး.. အလယ်ပိုင်းလွင်ပြင်ရဲ့ ဓားတစ်ချောင်းတန်ဖိုးက အရမ်းစျေးနိမ့်တယ်.. သူတို့က ငါတို့ ရှာနေတဲ့ ပူးပေါင်းဆောင်ရွက်မဲ့သူ မဟုတ်ဘူး.. အဆင့်မြင့်သူတော်စင်ကိုယ်တိုင် ငါတို့နဲ့ ရေရှည် လက်တွဲ လုပ်နိုင်မဲ့သူကို ရှာဖို့ ပြောခဲ့တာလေ.. ဒါပေမဲ့ အလယ်ပိုင်းလွင်ပြင်မှာ ငါတို့ရှာနေတဲ့သူ မရှိနိုင်တာ သိသာပါတယ် ”
အဘလိုဒန် နှုတ်ဆိတ်သွားသည်။ သူတို့နှစ်ပါးလုံး၏ ကောက်ချက်ချသည်က တူညီနေသည် မဟုတ်လား။ အလယ်ပိုင်းလွင်ပြင်သို့ သူတို့လာရောက်ရသည့် အဓိက ပန်းတိုင်မှာ လက္ကားရောင်းချသူ ရှာဖွေရန်နှင့် ရိက္ခာများ စုဆောင်းရန် မဟုတ်ပါလား။
သူတို့က ချယ်လှယ်မှုကိုလဲ ကာကွယ်နိုင်ပေလိမ့်မည်။
အကယ်၍ သူတို့က သတ္ထုရိုင်းများအား အာဘတ်စစ်စော်ဘွားနယ်အား ရောင်းချခဲ့လျှင် သူတို့၏ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား တန်ဖိုးမြင့်မြင့်ဖြင့် ရောင်းချနိုင်မည် မဟုတ်ပေ။ ထို့ကဲ့သို့ ဖြစ်ရခြင်းမှာ သူတို့က ကုန်ပစ္စည်းအားလုံးကို လူတစ်ဦးသို့မဟုတ် အဖွဲ့အစည်းတစ်ခုထဲ၌သာ ရောင်းချခြင်းကြောင့်ဖြစ်လေသည်။
အဆင့်မြင့်သူတော်စင်မှ ထိုအရာများအား မမြင်ချင်၍ သူတို့အား ကမ္ဘာတစ်ဖက်ခြမ်းသို့ ပို့ဆောင်၍ ပူးပေါင်းမည့်သူ ရှာဖွေစေလိုခြင်းဖြစ်ကြောင်း သိသာပေသည်။
သို့သော် ကြည့်ရသည်မှာ အာဘတ်စစ်စော်ဘွားနယ်သာလျှင် သူတို့ အတွက် သင့်တော်သည့် လုပ်ဖော်ကိုင်ဖက် ဖြစ်ပုံရသည်။ ၎င်းထံမှ သူတို့ အများကြီး မျှော်လင့်၍ မရသော်လည်း ထိုသူများက ယုံကြည်၍ရပြီး သစ္စာရှိသည်။
အလယ်လွင်ပြင်အနေဖြင့်မူ သူတို့နှင့် အလှမ်းဝေးလွန်းလှသည်။
သူတို့နှစ်ပါးလုံး မသိရှိထားသည်မှာ ယခုအချိန်၌ ၀မ်ချောင်၏ လှုပ်ရှားမှုများအား ထောက်လှမ်းနေသည်မှာ သူတို့သာလျှင် မဟုတ်ကြောင်းပင်။
.................
အာခီးလိစ်ရဲ့ဖနောင့် ဒါကို တစ်ချို့ကတော့ သိလောက်မှာပါ.. အားနည်းချက်ဆိုတာကိုပဲ ပြောချင်တာပါ..
တပ်မဟာကြီးတစ်ခုလုံးနဲ့ ထရွိင်မြို့ကို တက်သိမ်းတာတောင် ခံစစ်ကောင်းလွန်းလို့ နှစ်ချီကြာခဲ့ပြီးနောက် လက်လျှော့ဟန်နဲ့ ထရိုဂျန်မြင်းရုပ် လုပ်ပြီး ၀င်သိမ်းခဲ့တဲ့ အာခီးလိစ်ဆိုတဲ့ ဂရိသူရဲကောင်းရဲ့ အကြောင်းမလှတဲ့ ဇာတ်သိမ်းပေါ့..
အမေဖြစ်သူဟာ သူ့ကို မွေးဖွားစဉ်တုန်းက စတိဒ်မြစ်ထဲ ချခဲ့ပြီး မသေမျိုးစွမ်းအားနဲ့ လျင်မြန်မှုကို ရရှိစေခဲ့တယ်လို့ ဆိုပါတယ်..သူ့အမေဖြစ်သူဟာ ခြေထောက်ကနေကိုင်ပြီး မြစ်ရေထဲ စိမ်ခဲ့တဲ့အတွက် မြစ်ရေနဲ့ မထိတွေ့ခဲ့တဲ့ ဖနောင်က သူ့အားနည်းချက်ဖြစ်ခဲ့ရတာပါ.. ဒီလိုပဲ စစ်ပွဲတစ်ခုမှာ ရန်ငြိုးကြောင့် အပိုလိုနတ်ဘုရားက အာခီးလိစ်ရဲ့ အားနည်းချက်ဖြစ်တဲ့ ခြေဖနောင့်ကို မင်းသားပဲရစ်ကို ပြောပြပြီး ဖနောင့်မြားမှန် စေခဲ့ပါတယ်.. အာခီးလိစ် မသေခဲ့ပေမဲ့ အဲ့စစ်ပွဲကိုတော့ ရှုံးခဲ့ပါတယ်.. ဂရိနတ်ဘုရားသမိုင်းဖြစ်တာကြောင့် မူကွဲတွေများစွာ ရှိနိုင်လို့ အမှားပါရင်ကောင်းပါပါလိမ့်မယ်
သေချာတာကတော့ ဖနောင့်ကတော့ သူရဲကောင်း အာခီးလိစ်ရဲ့ အားနည်းချက်ပါပဲ..
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 47.
၀မ်ချောင်၏အကြံအစည်
“ ရက်နှစ်ဆယ်တောင် ကျော်နေပြီ.. အဲ့ဒီကောင်လေး ဘာမှ မလှုပ်ရှားသေးဘူး ”
လက်ရှိတွင် ကျန်းကကလန်၏ ခြံ၀င်းထဲ၌ ကျန်းကျန့်နှင့်ကျန်းခုံးတို့က ကျောက်စားပွဲဝိုင်း၏ ဘေးတွင် ထိုင်နေကြသည်။ သူတို့က လက်ရည်အား အရသာခံသောက်နေကြပြီး ပါးစပ်ထဲ၌ ရနံ့စွဲကျန်ခဲ့သည်ကို ပျော်ရွှင်စွာ အရသာခံနေကြသည်။
“ ဘယ်လိုလုပ် လွယ်လွယ်နဲ့ အလုပ်ဖြစ်နိုင်မလဲကွ... ရွှေတုံး ၉သောင်းဟ.. နည်းနည်းနောနော မဟုတ်ဘူး.. သူဖြစ်ချင်တယ်ဆိုတာနဲ့ပဲ ဥုံဖွဆိုပြီး ဖြစ်ရောလားတဲ့.. ”
သူ၏ လက်ဖက်ရည်ခွက်အား ကိုင်ထားရင် ကျန်းခုံး ခေါင်းမော့လိုက်ကာ စိတ်ကျေနပ်သည့်ဟန်ဖြင့်..
“ ပြီးတော့ ကျိုးအမတ်ကြီးရဲ့ အရှိန်အဝါအောက်မှာ ၀မ်ကလန်က လာဘ်မစားဘူးလေ.. သူတို့ဆီမှာ ဘယ်လိုလုပ် ငွေအများကြီး ရှိနိုင်မှာလဲ.. ငါတို့ ကျန်းကလန်က ရာစုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်း နောက်ခံရှိတာတောင်မှ ငါတို့ရဲ့ ကြွယ်၀မှုအားလုံး ထည့်တွက်မှပဲ ရွှေတုံး ၉ သောင်းလောက် ရှိနိုင်လိမ့်မယ်.. ဒါတောင်မှ ဒီပမာဏကို တစ်လအတွင်း ထုတ်ပေးရမယ်ဆိုရင် ငါတို့လဲ တတ်နိုင်မှာ မဟုတ်ဘူး.. သူတို့ဆို ပြောမနေနဲ့တော့.. အဲ့ဒီကောင်လေးက ဘယ်လိုလုပ် အောင်မြင်အောင် လုပ်နိုင်မှာလဲ ”
ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချခြင်းနှင့် ပက်သက်၍ တရားရေးရာရုံးတော်၌ ချုပ်ဆိုထားသည့် မပြီးပြတ်သေးသည့် စာချုပ်အပေါ် သူတို့ မျက်စိဒေါက်ထောက် ကြည့်နေဆဲပင်။
သူတို့၏ အမြင်တွင် ၀မ်ချောင်၏ အပေးအယူမှာ ကျရှုံးမည်သာ ဖြစ်သည်။
“ ဒီကလေးက အရမ်းမာနကြီးလွန်းတယ်.. သနားစရာပဲ.. တကယ်လို့ ငါတို့ သူ့ဆီသွားလည်တုန်းက သူသာ ငါတို့ရဲ့ အပေးအယူကို လက်ခံခဲ့မယ်ဆိုရင် သူ ဒီလိုအခြေအနေမျိုးရောက်မှာ မဟုတ်ဘူး.. ခုတော့ ကြည့်စမ်း.. သူက စီးပွားပျက်ရုံတင်မဟုတ်ဘူး စာချုပ်ကို ဖောက်ဖျက်တဲ့အတွက်လည်း ဒဏ်ကြေးဆောင်ရဦးမယ် ”
ကျန်းကျန့်က မထီလေးစားဟန်ဖြင့် ကောင်းကင်ကို ကြည့်နေရင်း ခေါင်းခါလိုက်သည်။
ပြန်စဉ်းစားကြည့်ပါက သူတို့ ဖြူနက်သင်္ဘောကျောက်မျက်ရနာ အရောင်းဆိုင်သို့ ရောက်ရှိချိန်၌ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား သူတို့ထက်ဦးစွာ တစ်စုံတစ်ယောက်မှ ၀ယ်ယူသွားခဲ့ပြီးဖြစ်ကာ ၀ယ်ယူသွားသူမှာလည်း ၀မ်ကလန်ဖြစ်ကြောင်း ကြားသိရချိန်၌ သူတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်။
မည်သို့ဆိုစေ လွန်ခဲ့သည့်ရက်များစွာအတွင်း အခြေအနေအား စောင့်ကြည့်ခဲ့ပြီးနောက် သူတို့ စိတ်သက်သာရခဲ့လေသည်။
အလယ်ပိုင်းလွင်ပြင်ထဲ၌ ကျိုးအမတ်ကြီး၏ ဂုဏ်သတင်းမှာ လူသိများသည်။ အကယ်၌ ၀မ်ကလန်မှ သတ္ထုရိုင်းအား ၀ယ်ယူလိုသည့် ဆန္ဒရှိရိုးမှန်လျှင် သူတို့ ကံဆိုးမည် အမှန်ပင်။ သို့ဆိုစေ စာချုပ်ထဲအတိုင်း ရွှေတုံး ၉သောင်းဟူသည့် ပမာဏအရ ၀မ်ကလန်သည် သူတို့ လမ်းတွင်ပိတ်နေသည့် ကျောက်စရစ်ခဲ တစ်လုံးထက် မပိုတော့ပေ။
၀မ်ကလန် မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ အကယ်၍ သူတို့သာ ရွှေတုံး ၉သောင်းအား အချိန်မှီ မပေးနိုင်ခဲ့လျှင် ဟန်သာရှိပြီး အဆံမရှိဖြစ်ပေတော့မည်။ ထိုအခါ ဟိုက်ဒရာဘတ်သတ္ထုရိုင်းသည်လည်း သူတို့ လက်တွင်း ရောက်လာပေမည်။
ထိုကိစ္စများက အနှေးနှင့်အမြန် ဖြစ်လာလိမ့်မည်။
“ သူတို့ လုပ်နေတာတွေရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို ငါတကယ် သဘောမပေါက်ဘူး.. ကျိုးအမတ်ကြီးရဲ့ အဆက်အနွယ်တွေအားလုံးက တော်၀င်ရုံးတော်နဲ့ စစ်တပ်မှာပဲ အချိန်ပေး မြုပ်နှံကြတာပါ.. သူတို့က သတ္ထုရိုင်းတွေကို စိတ်၀င်စားတယ်ရယ်လို့ ကြားမကြားဖူးပေါင်.. ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေကို ၀မ်ကလန်က ၀ယ်သွားခဲ့တယ်လို့ ငါကြားလိုက်ရတုန်းက ဘုန်းကြီးတွေ နောက်နေတယ်လို့တောင် ထင်မိသေးတာ.. သူတို့က ဘာကြောင့် အိန္ဒိယရဲ့ သတ္ထုရိုင်းတွေကို လိုမှာလဲ ”
ခေါင်းရှုပ်နေဟန်ဖြင့် ကျန်းကျန့် နှုတ်မှ ရုတ်ချည်း ပြောလိုက်မိသည်။
“ ကျိုးအမတ်ကြီးဆိုတာ ဂုဏ်သိက္ခာနဲ့ ပြည့်ဝြပီး လူတိုင်းက လေးစားရတဲ့သူပဲ.. ငါ့အနေနဲ့ ပြောရမယ်ဆိုရင် သူက ဒီကိစ္စမှာ အမှောင်ထဲမှာပဲ နေနေတယ်ဆိုတော့ ဖြစ်နိုင်တာက သူ့မြေးက သူ့ဟာသူ လုပ်နေတယ်လို့ပဲ ထင်တယ် ”
“ တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ငါတို့ ကျန်းကလန်က သူတို့ဖက်မှာ ရပ်တည်ပေးပြီး ကူညီသင့်တယ်.. ကျိုးအမတ်ကြီးရဲ့ ဂုဏ်သတင်းကို ဒီကိစ္စ အသေးအမွှားကြောင့် သိက္ခာကျစေလို့ ဘယ်ဖြစ်မလဲ ”
ကျန်းခုံး အလေးအနက်ထား ပြောလိုက်သည်။
“ အင်း.. ဒါက ငါတို့ကလန်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ဆိုလဲ မမှားဘူး ”
ကျန်းကျန့် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
ကျိုးအမတ်ကြီးသည် တာ၀န်၀တ္တရား များစွာအား ပုခုံးထမ်း တာ၀န်ယူထားရသည့် အမှုထမ်းဖြစ်လေသည်။ သူက တိုင်းပြည်နှင့် ကမ္ဘာကြီးအတွက် ကြီးမားစွာ အကူအညီပေးခဲ့သည်။ အကယ်၍ သူ၏ အားထုတ်မှုကြောင့်သာ မဟုတ်လျှင် လက်ရှိလောကကြီးက ဗြောင်းဆန်နေလောက်မည်။
ထိုအရာမှာ လူတိုင်းက ကျိုးအမတ်ကြီးအား လေးစားရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင်။
ဒါဒါ........
ထိုသူနှစ်ယောက် စကားပြောနေချိန်၌ အဖြူ၀တ် ကျန်းကလန်သားတစ်ယောက်က အလျင်အမြန်ပြေး၀င်လာပြီး ကျန်းကျန့် နားကပ်၍ တီးတိုးပြောဆိုလိုက်သည်။
“ ဘယ်လို.... တစ်ယောက်ယောက်က သလင်းပြာစံအိမ်မှာ ဓားရောင်းနေတယ် ဟုတ်လား.. ”
ကျန်းကျန့် အံ့သြသွားမိသည်။
“ တစ်ယောက်ယောက် ဓားရောင်းတာက ပုံမှန်ပဲ မဟုတ်ဘူးလား ”
ကျန်းခုံး ရေနွေးကြမ်းအား ဆက်လက်၍ သောက်လိုက်ကာ ထိုကိစ္စကို စိတ်၀င်စားမိခြင်း အလျဉ်းမရှိချေ။ မြို့တော်၏ ကြွယ်ဝြခင်းကြောင့် တစ်စုံတစ်ယောက်မှ ဓားရောင်းလိုခြင်းမှာ အထူးအဆန်း မဟုတ်တော့ချေ။
“ ဓားတစ်လက်ကို ရွှေတုံး အတုံး ၆ရာတဲ့ .... ကြော်ငြာစာကို သလင်းပြာစံအိမ်ရဲ့ နဖူးစည်းမှာ ချိတ်ဆွဲထားပြီး ဘယ်သူမှ ဓားကို ကြည့်ခွင့်မရှိဘူးပြောတယ် ”
“ ဘယ်လို.... ”
ကျန်းခုံး၏ ပါးစပ်မှ ရေနွေးကြမ်းများ ပြန်ထွက်လာသည်။ မြို့တော်တွင် ဓားပေါင်းများစွာ ရှိသောကြောင့် တစ်စုံတစ်ယောက်မှ ဓားရောင်းလိုခြင်းက မထူးဆန်းပေ။ မည်သို့ဖြစ်စေ တစ်စုံတစ်ယောက်မှ ဓားတစ်ချောင်းကို ရွှေတုံးခြောက်ရာဖြင့် ရောင်းချလိုခြင်းမှာတော့ မတူညီတော့ပေ။
ထိုကဲ့သို့ အရည်အသွေးရှိသည့် ဓားအား သွန်းလုပ်နိုင်သည့် အင်အားစုမှာ အနည်းငယ်သာရှိသည်။ မြို့တော် ကျန်းကလန်မှာလည်း သူတို့ထဲ၌ ပါ၀င်သည်။
“ ဘယ်ထင်ရှားတဲ့မိသားစုကများ သူတို့ရဲ့နယ်ကို ကျော်ပြီး မြို့တော်ကို ရောက်လာတာလဲ.. ဒါငါတို့ ပိုင်နက်ဆိုတာ သူတို့ မသိဘူးလား ---------- မြို့တော်ရဲ့ ဟွမ်ကလန်၊ ချန်ကလန်၊ လီကလန်နဲ့ လူကလန်တို့က ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာပြောသေးလဲ ”
ကျန်းကျန့်မှ ပြောလိုက်သည်။
ကျန်းခုံးသည်လည်း နဖူးကြောများ ရှုံ့နေကာ မျက်မှောက်ကြုပ်လျက်ရှိ၏။
ပန်းပဲကလန်များအကြားတွင် စည်းမျဉ်းများရှိကြသည်။ ကမ္ဘာကြီးထဲရှိ ပန်းပဲကလန်များအားလုံးက သူတို့၏ ကိုယ်ပိုင် ပိုင်နက်နှင့် ချုပ်ကိုင်ထားသည့် အာဏာစက်၀န်းများကိုယ်စီ ရှိကြသည်။ သူတို့အကြား ကတိက၀တ်များ ထားရှိခြင်းကြောင့်မဟုတ်ပဲ ထိုအခြေအနေက ရာစုနှစ်ပေါင်းများစွာ ဖြတ်ကျော်လာပြီးနောက် သဘာ၀အတိုင်း ပိုင်နက်များ ကွဲပြားသွားကြခြင်းသာ ဖြစ်လေသည်။
မြို့တော်၌ရှိသည့် လက်နက်ထုတ်လုပ်ရုံ အများစုအား ကျန်း၊ ဟွမ်၊ ချမ်၊ လီနှင့် လူကလန်များက ထိန်းချုပ်ထားကြသည်။
မြို့တော်၌ အခြားသော ကလန်များမှ လက်နက်ရောင်းချခြင်း မပြုနိုင်သည်မဟုတ်ပေ။ အခြားစွမ်းအားကြီးသူများက သူတို့၏ ပိုင်နက်များ ချဲ့ထွင်မည်ဆိုပါမှသာ သူတို့အား ဖြစ်ကြောင်း ကုန်စင် အကြောင်းကြားရမည်ဖြစ်လေသည်။
သူတို့က အထက်စီးမှ ဆက်ဆံခြင်း သွေးကြီးနေခြင်းမဟုတ်ပဲ ထိုအရာက လက်နက်ထုတ်လုပ်သည့်လုပ်ငန်း လည်ပတ်နေသည့် စည်းမျဉ်းများကြောင့်သာ ဖြစ်သည်။
အကယ်၍ သူတို့သည်လည်း အခြားသူ၏ ပိုင်နက်ထဲ၌ လက်နက်များ ရောင်းချမည်ဆိုပါက သူတို့ ကိုယ်၌ကလည်း ထိုပိုင်နက်ရှိ လက်နက်ထုတ်လုပ်ရုံအား အကြောင်းကြားမည်ဖြစ်၏။
ထိုစည်းကမ်းက လက်နက်ထုတ်လုပ်သည့်နယ်ပယ်သားတိုင်း လိုက်နာသည့် စည်းမျဉ်းဖြစ်သည်။
ယခုကလန်သည်တော့ အလွန်တောဆန်ပုံရသည်။
“ သွားကြစို့ တစ်ချက် သွားကြည့်ရအောင် ”
ကျန်းခုံး သူ့၀တ်ရုံအား ခါလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ တစ်ချိန်တည်း၌ပင် ကျန်းကျန့်သည်လည်း သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ချလိုက်သည်။
...................
စံအိမ်မှာ အထူးကောင်းမွန် သေသပ်သော လက်ရာရှိသည့် အဆောက်အဦဖြစ်ပြီး ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။
အကယ်၍ စံအိမ်အား ခေါင်းမော့ကြည့်လိုက်လျှင် အဆောက်အဦများ၏ နေရာချထားမှုက ကြီးမားသည့် သလင်းပြာ လိပ်ပြာတစ်ကောင် တောင်ပံဖြန့်ကာ ကောင်းကင်သို့ ပျံတက်တော့မည့်ဟန် ဖြစ်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။
ကြိုးကြာပျံဝဲစံအိမ်နည်းတူ ဤစံအိမ်သည်လည်း အရှေ့ဖက်ရှိ အချက်အချကျသည့်နေရာတွင် တည်ရှိပြီး တန်ဖိုးကြီးသည့်လက်ဖက်ရည်သောက် အနားယူရာ စံအိမ်ဖြစ်လေသည်။ မည်သို့ဆိုစေ စားသုံးသူများ၏ သဘောသဘာ၀အရ ဤနေရာတွင် လာရောက်စားသောက်သည့် သူများထက် လက်ဖက်ရည်သုံးဆောင်ရန် လာရောက်ကြသည်ကသာ ပိုများလေသည်။
ယနေ့ သလင်းပြာစံအိမ်တွင် ထူးခြားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လျက်ရှိ၏။
သလင်းပြာစံအိမ်၏ ၀င်ပေါက်ရှေ့တွင် နှစ်မီတာမြင့်ပြီး တစ်မီတာ အကျယ်ရှိသည့် သတ္ထုတောင်တစ်ခု ဖြစ်ပေါ်နေချေသည်။
သတ္ထုတောင်၏ ထိပ်တည့်တည့်တွင်တော့ သုံးချီရှည်လျားသည့် ဓားတစ်ချောင်းအား အ၀တ်မဲဖြင့် အထပ်ထပ်ပတ်ထားကာ ခေါင်မိုး၌ ချိတ်ဆွဲထားသည်။
ဓား၏ရှေ့၌ သစ်သားဆိုင်းဘုတ်တစ်ခုရှိကာ စာလုံးအချို့အား ရေးထွင်းထားပြီး..
[ ရွှေတုံး ၆၀၀ ]
ထိုသတ္ထုတောင်ကြီး၊ ဓားနှင့် သစ်သားဆိုင်းဘုတ်တို့က လူအများ၏ အာရုံအား ဖမ်းစားလျက်ရှိ၏။ ထိုသူတို့၏ အနီးကပ်သွားလျှင် ထိုလူအုပ်ကြီးထံမှ ညည်းညူသံများအား ကြားရမည်ဖြစ်ပြီး..
“ ကြည့်ခွင့်မရှိဘူး ထိခွင့်မရှိဘူး.. သူတို့က ဓားကို ဘယ်လိုများ ရောင်းနေတာလဲဟ ”
“ ရွှေတုံး ၆၀၀အတိ... ရူးများနေသလား ဘယ်သူကများ ဓားတစ်ချောင်းအတွက် ဒီလောက်အများကြီး သုံးမှာလဲ.. ငွေစုဆောင်းရေးဌာနကိုပဲ ဓားပြသွားတိုက် ပါတော့လားကွာ ”
“ သလင်းပြာစံအိမ်က ဘာလုပ်ဖို့ စဉ်းစားနေတာလဲ.. လူသတ်တဲ့ ဓားတစ်ချောင်းကို စားနေသောက်နေတဲ့ နေရာမှာ လာချိတ်ထားတယ်.. ဒီလူတွေ စီးပွားရေးလုပ်ဖို့ရော အတွေးရှိကြသေးရဲ့လား ”
................
သလင်းပြာစံအိမ်၏ ဒုတိယထပ်၌ ဝေဟောင်သည် အပြင်ဘက်မှ လူအုပ်ကြီးအား ကြည့်နေသည်။ ထို တွတ်ထိုးနေကြသည့် စကားလုံးများက သူ၏ ကျောပြင်အား ဓားထက်ထက်ဖြင့် မွန်းနေသည့်နှယ်။
သလင်းပြာစံအိမ်၏ သခင်လေးမှာ သူဖြစ်သည့်အပြင် ထိုနေရာတွင် ဓားအားချိတ်ဆွဲထားရန် အမိန့်ပေးသည့်သူမှာလည်း သူဖြစ်သည့်အတွက်ကြောင့် ထိုစကားလုံးများမှတစ်ဆင့် သူ အရှက်ရမှုများအား ခံစားနေရသည်။
“ ၀မ်ချောင် မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ ”
ဝေဟောင် နောင်တရနေဟန် အပြည့်ဖြင့်..
“ သလင်းပြာစံအိမ်က စားဖို့ သောက်ဖို့ အနားယူဖို့နေရာပါ.. သင့်တော်တဲ့ လက်နက်အရောင်းဆိုင် တစ်ခုခုကို ငါတို့ ပြောင်းဖို့ ရှာလို့မရဘူးလား ”
“ အဲ့လိုလုပ်ဖို့ မလိုဘူး.. ဒီနေရာက အကောင်းဆုံးပဲ ”
၀မ်ချောင် ပြတ်ပြတ်သားသား ခေါင်းခါလိုက်လေသည်။ ဆုံးဖြတ်ချက်ပြတ်သားသည့်ဟန်နှင့် တည်ငြိမ်သည့်ဟန် အမူအရာများက သူ၏ မျက်လုံးတွင် ထင်ဟပ်လျက်ရှိသည်။ တစ်ခါတစ်ရံ ဝေဟောင် သူ့အား အလွန် အားကျမိသည်။ ပတ်၀န်းကျင်၏ သက်ရောက်မှုများက ၀မ်ချောင်အပေါ် သက်ရောက်မှု မရှိပုံရသည်ဟု ဝေဟောင် ခံစားမိလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လုပ်တာ မှန်ရော မှန်ပါ့မလားကွ.. ဒီကိုလာပြီး လက်ဖက်ရည်လာသောက်တဲ့သူက ဓား၀ယ်ဖို့ မစဉ်းစားလောက်ဘူးလို့ပဲ ငါတော့ မြင်တယ်.. ပြီးတော့ ဓားတစ်ချောင်းကို ရွှေတုံး ၆၀၀ ပဲထားပါဦးတော့.. ငါတို့တကယ်ပဲ ရွှေတုံး ၉သောင်း စုဆောင်းနိုင်ပါ့မလား ”
၀မ်ချောင်၏ ခံယူချက်နှင့် ဆန့်ကျင်စွာ ဝေဟောင်မှာ ယုံကြည်ချက် လုံး၀မရှိနေပေ။ ၀မ်ချောင် ရွေးချယ်လိုက်သည့် နေရာမှာ လုပ်ရိုးလုပ်စဉ်နှင့် ကွဲပြားလျက်ရှိနေသည်။ ဤနေရာက ဓားရောင်းရန် ရွေးချယ်သင့်သည့် နေရာတစ်ခု မဟုတ်ပေ။ ထို့ထက်ပို၍ ဓားတစ်လက်၏ စျေးနှုန်း ရွှေတုံး ၆၀၀ ဆိုသည်အား စျေးနည်းသည် များသည်ဟု ဝေဟောင် မပြောတတ်ပေ။
မည်သို့ဖြစ်စေ ၀မ်ချောင်မှာ သူ့ကိုယ်သူတော့ အကြွေး ရွှေတုံး ၉သောင်းကြောင့် နစ်မွန်းခံမည့်သူတော့ မဟုတ်တန်ရာ၏။
“ စိတ်မပူပါနဲ့.. ငါတို့ လိုအပ်တဲ့ ပမာဏရောက်အောင် သေချာပေါက် မြင့်တင်နိုင်ပါလိမ့်မယ် ”
စားနေ သောက်နေလျက်ပင် အပြင်ဘက်ရှိ လမ်းမကြီးပေါ်မှ လူအုပ်ကြီးအား မပြောင်းလဲသော အမူအရာဖြင့် ၀မ်ချောင် လှမ်းကြည့်လိုက်သည်။
ယခုအခြေအနေအတိုင်းဆိုလျှင် ရွှေတုံး ၉ သောင်းစုနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သာမာန်အခြေအနေအောက်တွင် နာမည်ကြီး ဓားတစ်ချောင်းအား ရွှေတုံး ၆၀၀၊ ၇၀၀ ခန့်ဖြင့် ရောင်းချနိုင်သည်။ ထိပ်တန်းအရည်အသွေးရှိသည့် ဓားများမှာတော့ ရွှေတုံး တစ်ထောင်နီးပါး ရနိုင်လောက်သည်။
အကယ်၍ ဓားအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မရှိသူ ဓားအကြောင်းကို နားမလည်သည့်သူ တစ်ယောက်ဆိုလျှင်တော့ သာမန်သတ္ထု ဓားတစ်လက်အား ရွှေတုံးအနည်းငယ်မှ တစ်ဒါဇင်ခန့်အထိ ပေးနိုင်ချေတော့ ရှိသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝုစ်သံမဏိလက်နက်များအား မိုးထိလောက် မြင့်မားသော စျေးဖြင့် ရောင်းချရန် မဖြစ်နိုင်သေးပေ။
ဝုစ်သံမဏိလက်နက်များက စျေးကွက်တွင် အနည်ကျရန် အနည်းဆုံး ခြောက်နှစ်မှ ခုနစ်နှစ်အထိ လိုအပ်ပေသည်။
ထို့ကြောင့် အစကတည်းကပင် ၀မ်ချောင်က ပုံမှန်နည်းလမ်းများအား အသုံးမပြုရန် ဆုံးဖြတ်ထားသည်။ သူက တမူထူးခြားသော နည်းလမ်းကို အသုံးပြုရပေလိမ့်မည်။
ပြီးနောက်တွင် သလင်းပြာစံအိမ်သည် ၀မ်ချောင်အကြံအစည်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့သည်။
ဤနေရာသည် ဓားရောင်းချရန် နေရာကောင်း မဟုတ်ပေ။ မည်သို့ဆိုစေ ဤနေရာသည် အခြား လက်နက်အရောင်းဆိုင်များ နှိုင်းယှဉ်မရနိုင်သည့် အဆပေါင်းများစွာ သာလွန်သည့် ကောင်းကွက်များ ရှိသည်ကိုတော့ ၀မ်ချောင် သေချာပေါက် သိထားလေသည်။
--------- နန်းတွင်းစစ်တပ်
သလင်းပြာစံအိမ်၏ ထောင့်ဖြတ်ကျသည့် ကျန်းတစ်ရာခန့် ဝေးသည့်နေရာတွင် တော်၀င်နန်းတော်၏ ၀င်ပေါက်ရှိလေသည်။ နန်းတွင်းစစ်တပ်သည်လည်း ထိုနေရာတွင် အခြေချထားသည်။
ထို့ကြောင့် သလင်းပြာစံအိမ်သည် နန်းတွင်းစစ်တပ်၏ စစ်သူကြီးများ၊ ခေါင်းဆောင်များနှင့် တပ်ဖွဲ့၀င်များ စတည်းချရာ နေရာတစ်ခု ဖြစ်လာတော့သည်။
သလင်းပြာစံအိမ်သည် အစားအသောက်များ ရောင်းချသော်လည်း ကြိုးကြာပျံဝဲစံအိမ်နှင့် မတူညီစွာ အရက်ထက် လက်ဖက်ရည်ကို အသားပေးသည့်ဆိုင် ဖြစ်နေရသည့် အကြောင်းရင်းမှာလဲ နန်းတွင်းစစ်တပ် တပ်ဖွဲ့၀င် အများစုက သူတို့၏ တာ၀န် အားလပ်ချိန်၌ ဤနေရာသို့လာ၍ အနားယူသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
တော်၀င်နန်းတော်သည် အရက်သောက်ခြင်းအား တားမြစ်ထားသောကြောင့် နန်းတွင်းစစ်တပ် တပ်ဖွဲ့၀င်များက တာ၀န် လဲလှယ်သည့် အချိန်ခနလေး၌ ဤနေရာသို့ လာရောက်၍ လက်ဖက်ရည်သောက် အနားယူကြခြင်းဖြစ်လေသည်။
သူတို့က ငွေများကို ဖောဖောသီသီ သုံးစွဲသည့်အတွက် သလင်းပြာစံအိမ်၏ စီးပွားရေးမှာလဲ ပို၍ ကောင်းလာတော့သည်။
ဟုတ်ပေသည်။ ထိုအရာက ၀မ်ချောင်နှင့် သက်ဆိုင်သည် မဟုတ်ပေ။ သူ၏ ယခင်ဘ၀မှ မှတ်ဉာဏ်များအား ပိုင်ဆိုင်ထားခြင်းကြောင့် မဟာထန်တစ်ခုလုံးနှင့် အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးအား ၀မ်ချောင်ထက်ပို၍ နားလည်မည့်သူ ရှိအံ့မထင်။ ထိုဓားများအား နန်းတွင်းစစ်တပ်၏ စစ်သူကြီးများထက် ပိုကောင်းသည့် ၀ယ်သူ ရှိမည်မဟုတ်ပေ။
သူ၏ယခင်ဘ၀၌ အာဘတ်စစ်စော်ဘွားနယ်မှ ဝုစ်သံမဏိလက်နက် တစ်ခုခြင်းစီ၏ စျေးနှုန်းက သိန်းနှင့်ချီ၍ စျေးမြင့်တက်သွားရခြင်းမှာ နန်းတွင်းစစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များက ထိုဓားများအား သူတို့၏ အသက်ကဲ့သို့ ရှုမြင်ကြသောကြောင့် ဖြစ်လေသည်။
အစစ်အမှန် လှပ၊ သေသပ်၊ ထက်မြ၍ တော်၀င်ဆန်သည့် ဓားများသာလျှင် ထိုသူတို့၏ မြင့်မြတ်သောရာထူးရာခံများနှင့် လိုက်ဖက်ပေလိမ့်မည်။ နန်းတွင်းစစ်တပ်၏ ခေါင်းဆောင်များမှာ ထိုစျေးနှုန်းအား တတ်နိုင်သည့် ဖြစ်နိုင်ချေ အရှိဆုံး သူများပင် ဖြစ်သည်။
ထိုရှုထောင့်မှကြည့်လျှင် ဝုစ်သံမဏိအား အထူးပြု ရောင်းချသည့် ကလန်များသည်ပင် ထိုသူများနှင့် ဖက်ပြိုင်နိုင် လိမ့်မည် မဟုတ်ပေ။
အမှန်တရားအရလည်း နန်းတွင်းစစ်တပ်၏ ခေါင်းဆောင်များ၏ နောက်တွင် အခြေခိုင်မာသည့် ကျောထောက်နောက်ခံများရှိသည့်အတွက် သူတို့အတွက် ငွေ မရှားပေ။
အချိန်တိုအတွင်း သူလိုအပ်သည့် ရွှေတုံး ၉သောင်းအား ဖြည့်တင်းရန်မှာ နန်းတွင်းစစ်တပ် ခေါင်းဆောင်များမှ လွဲ၍ အခြား မရှိတော့ကြောင်း ၀မ်ချောင် ကောင်းစွာ သိထားလေသည်။
အမှန်တွင်လည်း အစကတည်းကပင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား အမှီပြု၍ ချမ်းသာအောင် ပြုလုပ်မည့် လမ်းတွင် နန်းတွင်းစစ်တပ် ခေါင်းဆောင်များကို ၀မ်ချောင် ဦးတည်ထားခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ထုတ်ကုန်များက အရည်အသွေးကောင်းနေသမျှ နန်းတွင်းစစ်တပ်ကလည်း သူတို့ ပေးနိုင်သည်ထက် ပို၍ ပေးနေမည်ပင် ဖြစ်သည်။
မည်သို့ဆိုစေ တော်၀င်နန်းတော်နှင့် နန်းတွင်းစစ်တပ်အပေါ် မတူညီသည့် အမြင်များကြောင့် များစွာသော လက်နက်ကုန်သည်များက နန်းတွင်းစစ်တပ်အား လက်ရှောင် ကြလေသည်။ ၀မ်ချောင်မှလွဲ၍ ထိုအုပ်စုသည် စည်းစိမ်အားလုံးကို အသုံးပြုကာ ၀ယ်ယူတတ်သည့် သူများဖြစ်ကြောင်း မည်သူမှ သတိမထားမိကြပေ။
ထိုအရာသည် ၀မ်ချောင်၌ရှိသည့် တစ်ခုတည်းသော အားသာချက်ဖြစ်သလို မည်သူ့ကိုမှလည်း ၀မ်ချောင် ပြောပြမည် မဟုတ်ပေ။
.................
ဒီစာစဉ်မှာ ပါ၀င်တဲ့ နိုင်ငံတွေကို စာရင်းပြုစုရမယ်ဆိုရင်..
ခဲရပ်စပါစီနူ ( လက်ရှိ အီရတ် တစ်ချို့တွေက သူတို့ကို ပါရှန်းတွေလို့လဲ ခေါ်ကြပါတယ် )
အာဘတ်စစ် စော်ဘွားနယ် ( အာရတ်)
ဟိုက်ဒရာဘတ် ( မဟာထန်တွေက ဟိန္ဒူလို့ သိထားပြီး လက်ရှိ အိန္ဒိယ )
မဟာထန် ( အလယ်ပိုင်းလွင်ပြင်လို့လဲခေါ်တဲ့ လက်ရှိ တရုတ် )
မဟာထန်ရဲ့ အဖွဲ့အစည်းတွေကတော့...
နန်းတွင်းစစ်တပ် ( မြို့တော်မှ တပ်စွဲခွင့်ပြုထားတဲ့ တစ်ခုတည်းသော စစ်တပ်၊ အင်ပါယာအရှင်ရဲ့ ထိန်းချုပ်အောက်မှာ တိုက်ရိုက် တည်ရှိတဲ့ စစ်တပ်)
စစ်ရေးဆိုင်ရာဌာန ( နေရာချထားခြင်း ရာထူးတိုးခြင်းတို့မှာ အာဏာရှိ )
လေးပြည်နယ်သံရုံး ( ပြည်ပရေးရာ ကိစ္စရပ်များကို ကိုင်တွယ်တဲ့ဌာန.. အဘိုး၀မ်နဲ့ အဘိုးယောင်တို့ နေနေတဲ့ နေရာ)
မဟာထန်ရဲ့ မတူညီတဲ့ အင်အားစုတွေ..
၀မ်ကလန်
ယောင်ကလန်
အမတ်မင်းဝေကလန်
စုန့်ဘုရင်
ချီဘုရင်..
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 48.
မဟာပန်းပဲကလန်လေးခု၏ အထင်သေးခြင်း
“ ဝေဟောင် ဒီကိစ္စကို ငါမင်းကိုပဲ လွဲထားလိုက်တော့မယ်.. ငါ့နာမည်ဂုဏ်သတင်းက ထိလွယ်ရှလွယ် ဖြစ်နေတုန်းပဲ.. ဒါကြောင့် လက်ရှိအနေအထားအရ ငါ့နာမည်ကို သုံးလို့မဖြစ်ဘူး.. လက်ရှိမှာ ငါ့အစား ဒီကိစ္စကို ကိုင်တွယ်ဖို့ ကူပေးပါဦး ”
၀မ်ချောင် လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ရင်း ခေါင်းစဉ်ပြောင်းလိုက်သည်။
“ ငါနားလည်ပါတယ်.. မင်းက ယောင်ဖုန်းကို စိုးရိမ်နေတာပဲ.. ဟုတ်တယ်မလား.. ပူမနေနဲ့ ဒီကိစ္စကို ငါနဲ့ လွဲထားလိုက်တော့.. ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ငါအာမခံတယ် ”
ဝေဟောင် သူ့ရင်ဘတ်အား ပုတ်ရင်း ပြောလိုက်သည်။
သူက ၀မ်ချောင်၏ အစီအစဉ်နှင့် ပက်သက်၍ မတင်မကျ ဖြစ်နေသေးသော်လည်း သူ စွမ်းနိုင်သမျှ ကူပေးရန်တော့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်လေသည်။ ဆိုရလျှင် ညီအစ်ကို ဟူသော စကားလုံးမှာ မည်သည်အတွက်နည်း။ ညီအစ်ကိုများက လိုအပ်ချိန်၌ အစွမ်းကုန် ကူညီပေးကြရမည် မဟုတ်လော။
ယောင်ကလန်သည် စွမ်းအားကြီးသည် မှန်လိမ့်မည် သို့သော် ဝေကလန်သည်လည်း သံပုရာသီးမဟုတ်ပေ။ အမတ်တစ်ဦး၏ ကလန်အနေဖြင့် ယောင်ကလန်အား ကြောက်ရွံနေရန် မလိုပေ။
“ ယောင်ဖုန်း တစ်ယောက်ထဲ မဟုတ်ဘူး...... ”
၀မ်ချောင် ပြက်ရယ်ပြုနေ၏။ သူက ကြိုးကြာပျံဝဲစံအိမ်မှ ဖြစ်ရပ်နှင့်သာ ဆက်နွယ်နေသည် မဟုတ်ပေ။ အကယ်၍ ယောင်ကွမ်းရီသာ သူ၏အကြံအစည်အား ၀မ်ချောင်မှ ဖျက်ဆီးခဲ့သည်ကို သိရှိခဲ့သော် သူ့အား အရှင်လတ်လတ် မီးကင်ပေလိမ့်မည်။
ဝေဟောင်၏ကလန် ပိုင်ဆိုင်ထားသည်ဖြစ်သော သလင်းပြာစံအိမ်အား ၀မ်ချောင် အငှားချ အသုံးပြုရသည့် အကြောင်းရင်းမှာ သူ၏ အကြံအစည်များ မအောင်မြင်ခင် လူအများ၏ အာရုံစိုက်မှုအား မခံချင်၍ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ယောင်ကလန်သည် သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီအား နောက်ယောင်ခံနေသည်ရှိသော် ဒုက္ခများပေလိမ့်မည်။
“ ထားလိုက်တော့.. လာလာ လက်ဖက်ရည်ပဲ ဆက်သောက်ရအောင် ”
ဝေဟောင်၏ လက်ဖက်ရည်ခွက်ထဲသို့ ၀မ်ချောင် ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်သောက်နေရင်း စံအိမ်၏ ခြံ၀င်းတစ်ခုလုံးအား အပေါ်စီးမှ နေ၍ အကဲခတ်နေလိုက်သည်။
ဓားရောင်းချသည့် ပထမနေ့သာ ရှိသေးသည် ဖြစ်ရာ ထိုအရာက လူအများ၏ အာရုံအား ဖမ်းစားနိုင်ခြင်း မရှိသေးချေ။ လက်ရှိတွင် ဤနေရာ၌ ရောက်ရှိနေသည့် လူအရေအတွက်မှာ သူ့အကြံအစည် အောင်မြင်နိုင်ရန်အတွက် မလုံလောက်သေးပေ။
မည်သို့ဆိုစေ ၀မ်ချောင်မှ ဓားအား ပထမနေ့၌ပင် အောင်အောင်မြင်မြင် ရောင်းချနိုင်လိမ့်မည်ဟု ခံယူမထားသည်ဖြစ်ရာ ထို့ကြောင့် ဤကိစ္စအား သူအလေးအနက်မထားခြင်းဖြစ်လေ၏။
“ တစ်ယောက်ယောက်တော့ ရောက်လာပြီ ”
ရုတ်တရက် ဝေဟောင်ထံမှ စကားသံအား ကြားလိုက်ရသည်။
၀မ်ချောင် သတိပြန်၀င်လာ၏။ ခေါင်းမော့လိုက်ကာ ဝေဟောင် ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်နေပြီး လမ်းထိပ်မှနေ၍ သလင်းပြာစံအိမ်သို့ ဦးတည် ချီတက်လာနေသည့် ကြီးမားသည့် လူအုပ်ကြီးအား တွေ့လိုက်ရသည်။
ထိုလူများက အုပ်စုသုံးစုကွဲနေ၏။ သိသာစွာပင် သူတို့က မတူညီသော စွမ်းအားများကို ကိုယ်စားပြုကြလိမ့်မည်ဖြစ်သော်လည်း ထိုသူတို့က တစ်ညီတစ်ညွှတ်တည်း အုပ်စုတစ်ခုတည်းအဖြစ် ချီတက်လာကြကာ သူတို့၏ ရည်ရွယ်ချက်ချင်း တူညီကြသည်ကို ဖော်ကျူးလျက်ရှိသည်။
“ မကောင်းတော့ဘူး.. အဲ့ဒါ မြို့တော် ချမ်ကလန်၊ ဟွမ်ကလန် နဲ့ လူကလန်ကလူတွေပဲ.. သူတို့က ဒီဖြစ်ရပ်ကို အရေခွံဆုတ်ဖို့ လာနေတာပဲ ဖြစ်ရမယ် ”
ဝေဟောင်မှာ တော်၀င်မျိုးနွယ်တွင် မွေးဖွားလာသည်ဖြစ်ပြီး သူ့မိသားစု၏ကလန်နှင့် အတွင်းအပြင် ဆက်နွယ်ကြသူများမှာလည်း တော်၀င်မျိုးနွယ်ကလန်များသာဖြစ်သည်။ ထို့ထက်ပို၍ ဝေကလန်သည်လည်း ကိုယ်ပိုင်ပန်းပဲဖို ပိုင်ဆိုင်ထားသည်ဖြစ်၏။ ထို့ကြောင့် မဟာပန်းပဲကလန်ကြီးသုံးခုအား ရုတ်ချည်းပင် ဝေဟောင် အမှတ်ရလိုက်သည်။ သူ၏ မျက်ခုံးပင် တွန့်ကွေးသွားပြီး ထိန်းမနိင်သိမ်းမရ စိုးရိမ်ပူပန်စိတ်များ မြင့်တက်လာသည်။
ထိုသူတို့ ထုတ်လွှတ်နေသည့် ရန်လိုနေသည့် အငွေ့အသက်များအရ ဓား၀ယ်ရန် လာရောက်သည့်သူများ မဖြစ်နိုင်မှန်း ဝေဟောင် မှန်းဆမိသည်။
“ မင်းဘာလို့ ကြောက်နေတာလဲ ”
၀မ်ချောင် တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်ကာ..
“ မြို့တော်မှာ စည်းမျဉ်းတွေရှိတယ်.. ထင်ရှားတဲ့ ပန်းပဲကလန်တွေတောင်မှ မလွန်ဆန်ရဲကြဘူး.. ------ ငါတို့က တစ်ခြားမြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ကလန်က မြို့တော်ကို ဓားရောင်းဖို့ လာတယ်လို့ သူတို့ အထင်ရောက်နေပုံရတယ်.. တကယ်သာဆိုရင်တော့ ဒီလိုလုပ်ရပ်က သူတို့ပိုင်နက်ကို ကျူးလွန်လိုက်တယ်လို့ ဆိုလိုတာပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မြို့တော်က ဖြစ်တဲ့အတွက် ဒီစည်းမျဉ်းက ငါတို့အပေါ် သက်ရောက်မှုမရှိဘူး.. ဒါကြောင့် ငါတို့ ကြောက်နေဖို့ မလိုဘူး... ”
“ အာ... အဲ့လိုလဲ ရှိသေးတာလား.. ”
ဝေဟောင် အံ့သြသွားလေ၏။ သူ့မိသားစု၏ ပန်းပဲလုပ်ငန်းများတွင် သူပက်သက်ခြင်း မရှိလေရာ ထိုသို့သော စည်းမျဉ်းများ ရှိကြောင်း သူ မသိထားသည်မှာ ဖြစ်နိုင်၏။
“ မင်းဟာက သေချာရဲ့လားကွာ.. ”
“ အင်း... ”
၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။ တစ်ဘ၀စာ ရှင်သန်ခဲ့ပြီးဖြစ်ရာ သူ့အနေဖြင့် သိမြင်ထားခဲ့ ကြုံကြိုက်ဖူးခဲ့သည်များက ပြောမဆုံးပေါင် တောသုံးထောင်ပင်။ အခြားသူများ၏ အမြင်တွင် သူ၏ ပုံပန်းသွင်ပြင်မှာ ဆယ့်ငါးနှစ်သားအရွယ်သာ ရှိနေစေကာမူ သူသိထားသည်များက ဝေဟောင် ဉာဏ်မမှီနိုင်လောက်အောင် များပြားပေသည်။
ပြီးလျှင် သူ၏ ယခင်ဘ၀မှ ကပ်ဘေးကြီးအတွင်း၌ ပန်းပဲအကြီးအကဲများနှင့် သူဆက်သွယ်ခဲ့ဖူးသည်ဖြစ်ရာ လက်နက်ထုတ်လုပ်ခြင်းနှင့် ပက်သက်သည့် စည်းမျဉ်းစည်းကမ်း များစွာအား တီးမိခေါက်မိ ရှိထားသည်။
“ ဒါ မကောင်းဘူး.. သူတို့က ဒီကိစ္စကို နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်.. ငါ မြန်မြန် အောက်ဆင်းပြီး သူတို့ကို ရှင်းပြလိုက်မှပဲ.. ”
ဝေဟောင် ကြောက်ချေးပန်းနေလေချေပြီ။
“ မလိုဘူး.. ငါ့အတွက် သူတို့ကို အသုံးချစရာရှိသေးတယ်.. ”
လက်ဖက်ရည်ခွက်အား ကိုင်ထားလျက်ပင် ၀မ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ အမ်....... ”
ဝေဟောင် တွန့်ဆုတ်သွားလေ၏။ ၀မ်ချောင်အား အမှုမဲ့ အမှတ်မဲ့ ကြောင်ကြည့်နေမိပြီး သူ့ခေါင်းက ဖြစ်ပျက်နေသည်များအား လိုက်မမှီနိုင်တော့ပေ။
ဝေဟောင် အတွေးလွန်နေသည့် အချိန်၌ပင် ချမ်၊ ဟွမ်နှင့် လူကလန်တို့က သလင်းပြာစံအိမ်၏ ၀င်ပေါက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ဆိုက်ရောက်လာပေပြီ။ သူတို့ ခေါင်းအား မော့လိုက်ပြီး စံအိမ်၏ ထိပ်တွင် ချိတ်ဆွဲထားသည့် အ၀တ်မဲဖြင့် အထပ်ထပ် ရစ်ပတ်ထားသော ဓားအား ကြည့်လိုက်ကြသည်။
“ ဟမ့်.. မင်းတို့က ဓားရောင်းတယ်လဲဆိုသေးတယ်.. ငါတို့ကို ကြိုဆိုမဲ့သူ မရှိဘူးလားကွ ”
အထက်စီးဆန်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည့် ပုခုံးဗျက်ကျယ်ကျယ်နှင့် လူတစ်ယောက်မှနေ၍ စံအိမ်အတွင်းသို့ ကြည့်ပြီး အော်လိုက်သည်။ သူ၏ စကားလုံးများက အသွားထက်လှပြီး သူ၏လေသံအားဖြင့် ‘ ငါဒီမှာ ပြဿနာရှာဖို့ ရောက်နေပြီ ’ ဟူသည့် သဘော သက်ရောက်နေသည်။
“ ဒီဆရာသခင်က ဓား ၀ယ်ယူချင်လို့လား ခင်ဗျာ... ”
သလင်းပြာစံအိမ်ထဲမှ အနက်ရောင်၀တ်စုံဖြင့် လူငယ်အစေခံတစ်ယောက်က အလျင်အမြန် ပြေးထွက်လာပြီး တရိုတသေ မေးခွန်းထုတ်လိုက်သည်။
“ ဒါ မင်းရဲ့ ဓားလား ”
တုတ်ခိုင်သည့်ခန္ဓာကိုယ်နှင့်လူမှ အစေခံအား ကြည့်လိုက်သည်။ အစေခံထံမှ ထွက်ပေါ်လာမည့် စကားအား လူကလန်၊ ဟွမ်ကလန်နှင့် ချမ်ကလန်များမှ အသက်ပင် မရှုပဲ စောင့်ဆိုင်းနေကြ၏။
ထို ခန္ဓာကိုယ်ကြီးမား တုတ်ခိုင်သည့်သူမှာ ဟွမ်ကျောင်းဖြစ်ပြီး ဟွမ်ကလန်၏ အဖွဲ့၀င် ဖြစ်လေသည်။ ကျော်ကြားသည့် ပန်းပဲကလန်များတွင် ဓားသွန်းလုပ်သူများ၊ ရောင်းချသူများ ရှိသည်နည်းတူ ပြင်ပကိစ္စရပ်များနှင့် သူတို့၏ စီးပွားရေးအား တုတ်နှင့်လာထိုးသူများကိုပါ ကိုင်တွယ်ဖြေရှင်းပေးသည့်သူလဲ ထားရှိပေသည်။ ထိုအထဲ၌ ဟွမ်ကျောင်းမှာ ထင်ပေါ်ကျော်ကြားသူ တစ်ယောက်ဖြစ်လေသည်။
မြို့တော်သည် အစဉ်တစိုက် တိုးတက်နေသည်နည်းတူ မြို့တော်သို့လာရောက်၍ စည်းမျဉ်းမလိုက်နာသည့် သူတို့နှင့် ယှဉ်ပြိုင်လိုသည့် ကလန်များလဲ မကြာခဏ ပေါ်လာတတ်သည်။
ထိုသို့သော လူများအား စည်းမျဉ်းကို လိုက်နာစေရန်နှင့် မိမိကလန်၏ အကျိုးအမြတ်များကို ကာကွယ်ရန် ဟွမ်ကလန်၊ ချမ်ကလန်နှင့် လူကလန်းများက ဟွမ်ကျောင်းကဲ့သို့သော သူများအား လက်သပ်မွေးထားကြသည်။
“ မဟုတ်ရပါဘူး.. ဒီဓားက ကျွန်တော့သခင် ပိုင်တာပါ.. ”
“ အိုး.. ငါသိထားတာအရ မင်းတို့ကလန်က ဓားတစ်ချောင်းကို ရွှေတုံး ၆၀၀ နဲ့ရောင်းနေတယ်ဆို ဟုတ်စ ”
ဟွမ်ကျောင်းပြောဆိုနေသည့် လေသံထဲ၌ အထင်သေးသည့်လေသံအား အတိုင်းသား မြင်ရနိုင်သည်။ မြို့တော်၏ မဟာပန်းပဲကလန်ကြီးသုံးချဖြစ်သော ဟွမ်ကလန်၊ ချမ်ကလန်နှင့်လူကလန်တို့၏ မျက်မှောက်တွင် ဓားရောင်းရဲသည့်အတွက် ထိုသူများက ဇက်ကောင်းသည့် သူများဖြစ်ပေလိမ့်မည်။
“ ဟုတ်ပါတယ်.. ”
အစေခံမှ ရိုသေစွာဖြင့် ပြုံးပြလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
“ မင်းတို့ဓားကို ဖြေချလိုက်.. ငါတစ်ချက် ကြည့်ကြည့်မယ် ”
ဟွမ်ကျောင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ တကယ်လို့ ငါက နှစ်သက်တယ်ဆိုရင်.. မင်းတို့ ဓားကို ၀ယ်ယူမယ် ”
ပတ်လည်ဝိုင်းနေသည့် ဟွမ်ကလန်၊ ချမ်ကလန်နှင့် လူကလန်တို့ကလည်း အထင်သေးဟန်ဖြင့် ဘေးမှ ရပ်ကြည့်နေကြသည်။ ထိုအရာက ပြင်ပမှလာသူမျာအား ထင်ရှားကျော်ကြားသည့် ကလန်များမှ အသုံးပြုသည့် နည်းလမ်းတစ်ခုပင်ဖြစ်လေသည်။ တစ်ဖက်လူ၏ လက်နက်အား အငှားယူ ကြည့်ရှုပြီးနောက် သူတို့၏ ခွန်အားကို အသုံးပြု၍ ဖျက်ဆီးခြင်း၊ ချိုးခြင်း သို့မဟုတ် အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေခြင်းက သူတို့ လုပ်နေကျပင်ဖြစ်၏။ လူအများ၏ ရှေ့မှောက်၌ သွန်းလုပ်ထားသည့်ဓား ဖျက်ဆီးခံလိုက်ရမည်မှာ ရှက်ဖွယ်လိလိပင်ဖြစ်ချေသည်။
ထိုအရာက အခြားသူ၏ စီးပွားရေးအား တုတ်ဖြင့်ထိုးခြင်းဟု ခေါ်ဆိုလေသည်။
ပန်းပဲနယ်ပယ်ထဲတွင် ထင်ပေါ်ကျော်ကြားသည့်ပန်းပဲကလန်များအား ကျော်ဖြတ်နိုင်သူများ မြို့တော်တွင် မြင်ရခဲလှသည်။
“ တောင်းပန်ပါတယ်.. ကျွန်တော်တို့ရဲ့ ဓားကို ကြည့်ခွင့် ထိခွင့် မပေးထားပါဘူး.. အရင်ဆုံး ၀ယ်ယူရပါလိမ့်မယ် ”
အစေခံမှ အပြုံးဖြင့်သာ ပြေပြေလည်လည် ပြောဆိုလိုက်သည်။
“ ဘယ်လို.... ငါ ကြည့်လို့မရဘူး ဟုတ်လား.. ဓားကို ထိခွင့်တောင် မပေးထားဘူး ဟုတ်လား ”
“ ဟုတ်ပါတယ် ”
တစ်ချိန်တည်း၌ ကလန်ကြီးသုံးခုမှ လူအားလုံး ရုတ်ချည်း တွေဝေသွားလေ၏။ ရွှေတုံး ၆၀၀ဆိုသည်မှာ အတော်များသည့် ပမာဏ ဖြစ်သည်။ ထိုအရာက ငွေတုံး ကြေးတုံးများ မဟုတ်ပေ။ သို့တိုင်အောင် ထိုဓားအား ကြည့်ခွင့် ထိခွင့်ပင် မရှိလေရာ လက်နက်သွန်းလုပ်သည့် သမိုင်းကြောင်း၌ပင် မကြားဖူးသေးချေ။
သူတို့ လာစဉ်၌လည်း ထိုစကားအား အမှန်ဖြစ်သည်ဟု ထင်မှတ်မထားကြပေ။
“ ငါ့အနေနဲ့ ကြည့်ခွင့် ထိခွင့်တောင် မရှိဘူးဆိုတာ မင်းသေချာရဲ့လား ”
ဟွမ်ကျောင်း နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ သူကြားလိုက်ရသည်ကို မယုံနိုင်ပဲ ဖြစ်နေ၏။ လူတိုင်းက သူတို့၏ ဓားများ၏ ကောင်းကြောင်းကို အပြိုင်ကြွားလုံးထုတ်၍ လူအများ၏ အာရုံစိုက်မှုအား ဆွဲဆောင်ကြသည် မဟုတ်လော။
ဤနောက်ပေါက်လေးက တန်ဖိုးမြင့်မားသည့်ဓားအား ရောင်းချနေသည် ဖြစ်သည့်တိုင်အောင် ဓားအား ထိကြည့် ကိုင်ကြည့်ရန် မည်သူ့ကိုမှ ခွင့်ပြုမထားပေ။
“ ဟုတ်ပါတယ်.. ”
အစေခံလေးမှ မပြောင်းလဲသည့်လေသံဖြင့် ဆိုလိုက်သည်။
“ မင်းရဲ့သခင်က ဘယ်သူမို့လို့လဲ.. မင်းရဲ့သခင်ကို ထွက်လာဖို့ ပြောလိုက်.. ဘယ်လိုတောင် လှပတဲ့ ဓားမျိုးမို့လို့ ကြည့်ခွင့် ထိခွင့်တောင် မပေးတာလဲဆိုတာ ငါသိချင်မိရဲ့ ”
ဟွမ်ကျောင်း ဒေါကန်နေချေပြီ။
“ ကျွန်တော် မသိပါဘူး.. ”
အစေခံ၏ အသံ ထပ်မံထွက်လာပြန်သည်။ အသံနေအသံထားအရ စကားပြောနေရင်းပင် လည်ချောင်း၌ အသံတစ်ဆို့နေဟန်ရသည်။
“ မင်းမသိဘူးဟုတ်လား.. မင်းဘာကိုပြောချင်တာလဲ ”
ဟွမ်ကျောင်း တွေဝေသွားလေသည်။ ပြီးနောက်ချက်ချင်းပင် လှောင်ပြောင်ဟန်ဖြင့်...
“ မင်းရဲ့သခင် ဘယ်မှာလဲဆိုတာ မသိဘူးဟုတ်လား.. ဒါမှမဟုတ် မင်းရဲ့သခင် ဘယ်သူလဲဆိုတာတောင် မင်း မသိနေတာပဲ ဖြစ်ရမယ်.. ”
“ ငါ့သခင်ဘယ်သူလဲဆိုတာ ငါတကယ်မသိပါဘူး.. ”
အစေခံ၏ တုံ့ပြန်စကားက ဤနေရာတွင်ရှိသည့် လူတိုင်း၏ ထင်မြင်ချက်အား ချိုးဖျက်သွားခဲ့သည်။ ဟွမ်ကျောင်း အပါအ၀င် လူတိုင်းမှာလည်း အံ့အားသင့်သွားသည်။
“ သောက်ရေးမပါလိုက်တာ.. ဒီကမ္ဘာမှာ ကိုယ့်သခင် ဘယ်သူလဲဆိုတာ မသိတဲ့လူ ရှိနိုင်လို့လား ”
ဟွမ်ကျောင်း ဒေါသမုန်တိုင်း ထန်နေချေပြီ။
“ ကောင်းပြီလေ.. မင်းကိုယ်တိုင်က ဖော်ထုတ်ဖို့ ငြင်းဆိုနေမှတော့ ဖိအားမပေးတော့ဘူး.. တစ်ခုပဲမေးတော့မယ်.. မင်းရဲ့ကလန်က ဘယ်လို မဟာဓားကို ရောင်းချချင်နေတာလဲ.. ဘယ်အချက်ကို အခြေခံပြီး ဓားရဲ့စျေးနှုန်းကို ရွှေတုံး ၆၀၀ အဖြစ် သတ်မှတ်ရဲရတာလဲ.. ”
“ ကျွန်တော် မသိပါဘူး.. ”
“ ဘယ်လို ပါ၀င်ပစ္စည်းတွေကို သုံးထားတာလဲ.. ဘယ် သတ္တုရိုင်းကို သုံးထားတာလဲ.. မင်း ဒါတွေကိုလဲ မသိဘူးလို့တော့ မပြောဘူးမဟုတ်လား ”
“ ကျွန်တော် မသိပါဘူး.. ”
“ ဒါဆိုလဲ ဒီဓားက ဘယ်လောက် ထက်လဲ.. ဓားတစ်ချက်နဲ့ သတ္တုဘယ်နှမီတာကို ပိုင်းဖြတ်နိုင်မလဲ.. ”
“ ကျွန်တော် မသိပါဘူး.. ”
.........
အစေခံ၏ အဖြေအားလုံးက ‘ မသိပါဘူး ’ဆိုသည်မှလွဲ၍ အခြား မထွက်ပေါ်လာပေ။ သူ၏ အဖြေများအားလုံးသည် ၀မ်ချောင်၏ ညွှန်ကြားချက် အတိုင်းသာ ဖြစ်လေသည်။ ဓားတစ်ချောင်းလျှင် ရွှေတုံး ၆၀၀ ကျသင့်မည် ဆိုသည်ကလွဲ၍ အခြား မည်သည့်မေးခွန်းကိုမှ သူဖြေစရာမလိုပေ။
“ မသိဘူး.. မသိဘူးနဲ့.. ဘူးခံငြင်းနေတာလွဲလို့ မင်းဘာသိသေးကွ.. ”
“ ကျွန်တော် မသိပါဘူး.. ”
အစေခံ၏ ဖြေကြားမှုကို ကြားရလျှင် ဟွမ်ကျောင်း၏ ဒေါသရေဆူမှတ်ကို ကျော်လွန်သွားလေပြီ။ အပြင်းအထန် ရှုံ့ချဟန်ဖြင့်..
“ တကယ်လို့ မင်းမှာ တတ်နိုင်စွမ်းမရှိဘူးဆိုရင်.. မင်း စားနိုင်တာထက် ပိုမဝါးသင့်ဘူး.. ဒီကမ္ဘာမှာ ဘယ်သူကများ ဓားရောင်းပြီး ဓားကို ပေးမကြည့်တာ ရှိဖူးလို့လဲ.. ဘယ်သူ့ကိုမှ ကြည့်ခွင့် ထိခွင့်လဲ မပေးထားဘူး.. ဓားကို ဘုရင့်သမီးတော်လို့များ မင်းတို့ထင်နေတာလား.. ---- အလကား လူစိတ်၀င်စားအောင် လုပ်နေတဲ့ကောင်တွေပါကွာ... ”
၀မျးးးးးး..........
ဟွမ်ကျောင်း၏ စကားလုံးများက လူအုပ်ကြီးအား အုံကြွသွားစေလေသည်။ မဟာကလန်ကြီးသုံးခုမှ လူများထံမှလည်း လှောင်ပြောင်သံများ ညံစီလာတော့သည်။ အပြင်လက်မှ ရပ်ကြည့်နေသူမျာပင်လျှင် ထို သရော်ပွဲတွင် ၀င်ရောက် ဆင်နွဲလျက်ရှိသည်။
“ ငါဘာပြောခဲ့လဲ.. ဒီလူတွေက အာရုံစိုက်ခံချင်လို့ ဒီကိုရောက်နေတာပဲ.. ပြီးတော့ ကြည့်ရတာ ငါပြောခဲ့တာ မမှားနေဘူးပဲ.. ”
ဟွမ်ကျောင်းမှ အစေခံအား လက်ညှိုးထိုးကာ အူလှိုက်သဲလှိုက် ရယ်နေတော့သည်။ သူ၏ အကြည့်ထဲတွင် အထင်မြင်သေးမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
“ ငါ ဒီကိုမလာခင်က မြို့တော်မှာ တုနှိုင်းမရတဲ့ နောက်ပေါက် ပေါ်လာပြီလားလို့တောင် စိုးရိမ်မိခဲ့သေးတယ်.. ကြည့်ရတာ ငါ အတွေးလွန်သွားတယ်ပဲ ထင်ပါတယ်.. ဟွမ်ကျောင်းရဲ့စကားက ဆိုးရွားနေတယ်ဆိုရင်တောင်မှ သူလဲ မမှားဘူး.. ဒီနောက်ပေါက်တွေက သူတို့အလုပ်ကို လူတိုင်း စိတ်၀င်စားလာအောင် ဆွဲဆောင်နေရုံသက်သက်ပဲ ”
ချမ်ကလန်၏လူအုပ်မှ ခေါင်းညိမ့်ထောက်ခံလိုက်သည်။ သူတို့၏ မျက်လုံးများက ရန်လိုစိတ် အလျဉ်းမရှိတော့ပဲ စက်ဆုပ်ရွံရှာဟန်များ အစားထိုးလျက်ရှိသည်။ အခြားသော ထင်ရှားသည့် ပန်းပဲကလန်များသည်လည်း သူတို့၏ လုပ်ငန်းမျာအား ကြေငြာရန် ထိုသို့သော နည်းလမ်းကို အသုံးပြုမည် မဟုတ်ပေ။
မြို့တော်ကျန်းကလန်အတွက်မူ သူတို့၏ လုပ်ငန်းအား ကြေငြာရန် ထုတ်ကုန်အပေါ်၌ သူတို့၏ နာမည်ကိုသာ ရေးထိုးလိုက်ရန် လိုအပ်ပြီး ထိုအရာကပင် ကြေငြာရန် လုံလောက်နေချေပြီ ဖြစ်သည်။ ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းအား အသုံးပြုရန် မလိုအပ်ပေ။ သိသာထင်ရှားစွာပင် အသစ်ရောက်လာသူများ၌ မှန်ကန်သည့် တတ်နိုင်စွမ်းများ မပိုင်ဆိုင်ထားပေ။
အခြားသော ကလန်များကလည်း စကားတစ်ခွန်းမှ ၀င်မပြောသည့်တိုင်အောင် သူတို့၏ အကြည့်များထဲ၌ ချမ်ကလန်နှင့် အတူတူပင် ဖြစ်ကြောင် ဖော်ပြနေကြသည်။ အကယ်၍ တစ်ဖက်လူသာ တတ်နိုင်စွမ်းရှိလျှင် သူတို့၏ ဓားအား ထုတ်ပြရန် စိုးရွံနေမည် မဟုတ်ပေ။ ထိုအချက်အပြင် သူတို့၏ ဓားအား တတ်နိုင်သမျှ အမွန်းတင်ကာ လူများ၏ အမြင်တွင် သူတို့၏ဓားမှာ မည်မျှ အံ့မခမ်းဖြစ်ကြောင်း ပြသချင်ပုံရလေသည်။
ထိုကဲ့သို့သော နည်းလမ်း၊ ထိုကဲ့သို့သော ယုံကြည်ချက်ကို အသုံးပြုသည့် ဒုတိယကလန် တစ်ခု ရှိအံ့မထင်။
လူအုပ်ကြီး၏ အမြင်သည်လည်း ဟွမ်ကျောင်း ပြောသည်နှင့် ထပ်တူပင်ဖြစ်၏။ ဤကလန်မှာ လူစိတ်၀င်စားစေရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုသို့သော နည်းလမ်းဖြင့် ဓားအား ရောင်းချနိုင်ရန်မှာ အံ့ဖွယ်ရာဖြစ်ရပ် တစ်ခုခု ဖြစ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
“ သလင်းပြာစံအိမ်ဆိုတာက စားဖို့ သောက်ဖို့ နေရာတစ်ခုဖြစ်နေတာတောင်မှ တစ်ယောက်ယောက်က ဒီမှာ ဓားရောင်းချင်နေသေးတယ်.. ပြီးတော့ စျေးနှုန်းကိုလဲ ကြည့်ဦး.. ကြည့်ရတာတော့ ငါတို့က ပြိုင်ဘက်ကို အထင်ကြီးမိပြီထင်တယ်.. သူတို့က ခုမှ အပျံသင်စပဲ ရှိပါသေးတယ်... ”
လူကလန်မှ အထင်မြင်သေးသည့် ဝေဖန်သံ ထွက်ပေါ်လာသည်။
သလင်းပြာစံအိမ်သည် သိမ်မွေ့လှပသည့် အဆောက်အဦများဖြင့် ဖွဲ့စည်းထားပြီး အတွင်း၌လည်း အဖိုးတန် အသုံးအဆောင်များဖြင့် တန်ဆာဆင်ထားသေးသည်။ ဤစားသောက်ဆိုင်အား မြို့တော်၏ စျေးအကြီးဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။ ဤဆိုင်တွင် ဖောက်သည်အဖြစ် သုံးဆောင်ကြသူများမှာ အလွန်ချမ်းသာပြီး ထင်ရှားသည့်မိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြလေသည်။
တစ်ဖက်လူမှ ဓားတစ်လက်အား ရွှေတုံး ၆၀၀ ဖြင့် ရောင်းချမည်ဆိုသည်ကို ကြားသိရချိန်၌ သူတို့က ထင်မှတ်မထားသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပြီဟု ထင်မှတ်မိကြသည်။
သို့သော်.. လက်ရှိ အခြေအနေများအရ သူတို့ အတွေး ချော်သွားပုံရ၏။
အမှန်တရားအား သိမြင်ပြီးချိန်၌ သူတို့က ဥပါယ်တံမျဉ် ထားလိုက်ကြတော့သည်။
“ လူခွဲလိုက်တော့.. ဒီကလန်က တမင်သက်သက် လူစိတ်၀င်စားအောင် လုပ်နေတာသိသာတယ်... လူစု ခွဲလိုက်ရအောင် ”
“ စည်းမျဉ်းကို ချိုးဖောက်ရဲတဲ့ ဒီသကောင့်သား ဘယ်ကလာလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်.. အချိန်ကုန်တာပဲ အဖတ်တင်တယ်.. ”
ဟွမ်၊ချမ်နှင့်လူကလန် အဖွဲ့၀င်များက ဤကိစ္စအပေါ် စိတ်၀င်စားမှု မရှိတော့ချေ။ ထွက်သွားရာ လမ်းတစ်လျှောက် တစ်ဗျစ်တောက်တောက် ရေရွတ်သွားကြပြီး အခြား စိတ်၀င်စား၍ လာရောက် ကြည့်ရှုသူများကိုပင် အဝေးသို့ မောင်းထုတ်လိုက်ကြသည်။
“ ဒီခွေးကောင်တွေ ”
ဝေဟောင်မှာ အပေါ်မှနေ၍ အကြောင်းအရာ အလုံးစုံအား ကြားသိနေရရာ စားပွဲခုံအား လက်ဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး...
“ မြို့တော်မှာ ငါတို့ ဓားရောင်းတာ သူတို့အလုပ်လား.. ပါးစပ်ကနေ ပေါက်ပန်းလေးဆယ် လျှောက်ပြောနေရအောင် အဲ့ဒီ ဟွမ်၊ ချမ်နဲ့ လူကလန်က ကောင်တွေကို သူတို့ကိုယ်သူတို့ အကောင်ကြီးကြီး အမြီးရှည်ရှည်များ ထင်နေကြတာလား.. ဒီနေ့တော့ ဒီကောင်တွေကို ငါဘယ်လို သင်ခန်းစာ ပေးမလဲဆိုတာ ကြည့်ထားလိုက် ”
ဝေဟောင်မှာ ၀မ်ချောင်နှင့်အတူ ကြီးပြင်လာခဲ့သည် ဖြစ်သည့် အလျောက် သူ၏မိတ်ဆွေကောင်းအား ရတနာတစ်ပါးကဲ့သို့ သူအလေးထားလေသည်။
ဝေဟောင်သည် အခြားသူများက သူ၏ သူငယ်ချင်းအား အပြစ်သားသဖွယ် ပြောဆိုနေသည်ကို ကြားနေရရာ ဒေါသရေချိန် မြင့်သည်ထက် မြင့်လာခဲ့သည်။ မြို့တော် ချမ်၊ဟွမ်နှင့် လူကလန်များသည် ထင်ပေါ်ကျော်ကြားသည် မှန်သော်လည်း ဝေဟောင် အတွက်မူ ဘာမှ မဟုတ်ပေ။
အမတ်မင်းဝေကလန်မှ သခင်လေးတစ်ယောက်အနေဖြင့် မလောက်လေးမလောက်စား ပန်းပဲကလန်များအား အလေးထားနေရမည်လား။
“ ခနစောင့်ပါဦး ”
၀မ်ချောင် တည်တည်ငြိမ်ငြိမ်ဖြင့် ဝေဟောင်အား တားဆီးလိုက်ကာ..
“ ဒါက အသေးအမွှားလေးပါ.. ဒေါသထွက်နေစရာ မလိုပါဘူး. ဘယ်လိုပဲဖြစ်ဖြစ် အခု သူတို့ လူစုကွဲသွားပြီပဲ မဟုတ်ဘူးလား ”
၀မ်ချောင် ပြောလိုက်ပြီးနောက် သူ၏ ခံတွင်းအတွင်း၌ ကျန်ရစ်ခဲ့သည့် လက်ဖက်ရွက်၏ အရသာအား ဖြေးဖြေးချင်း အရသာခံနေလိုက်သည်။ ထိုအရာက ၀မ်ချောင် ပြန်လည်မမွေးဖွားမှီ ကမ္ဘာ၌ ရှိနေစဉ် ကာလကတည်းက ရှိခဲ့သည့် အလေ့အကျင့် တစ်ခုလည်း ဖြစ်သေးသည်။ လက်ဖက်ရည်သောက်ပြီးနောက် ခံတွင်းအတွင်းမှ လက်ဖက်ရွက်အား ဇိမ်ခံ ဝါးတတ်သည်။
၀မ်ချောင်မှာ အချိန်နှင့်ဟင်းလင်းပြင်ကွာခြားသည့် ဤကမ္ဘာသို့ မရောက်ရှိခင်ကတည်းက ရှိခဲ့သည့် အမူအကျင့်များကို ယခုတိုင် ထိန်းသိမ်းထားဆဲပင် ဖြစ်လေ၏။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 49.
ကျန်းခုံးနှင့်ကျန်းကျန့်၏ စိုးရိမ်ပူပန်မှု
“ ဒါပေမဲ့ သူတို့က ဖြတ်သွားဖြတ်လာ အကုန်လုံးကိုတောင် မောင်းထုတ်နေတာ မင်းက ဒါကို သည်းခံဦးမလို့လား ”
ဝေဟောင်မှ ထိုအရာအား သည်းမခံလိုဟန်ဖြင့် ရှူးရှူးရှဲရှဲ ဖြစ်နေလေသည်။ ထိုသူတို့က သူတို့အား အပြစ်တင်လိုသည်ကို လက်ခံ၍ ရသေးသည်။ ဖြတ်သွားဖြတ်များကိုပင် တားဆီး ပိတ်ပင်ရန် လိုအပ်ပါ၏လော။ ၀မ်ချောင်မှနေ၍ ဓားအား သလင်းပြာစံအိမ်၏ ထိပ်တွင် ချိတ်ဆွဲထားခြင်းမှာ လူအများအား ဆွဲဆောင်ရန် မဟုတ်လော။
အကယ်၍ ထိုသူများက အပေါက်၀မှနေ၍ မောင်းထုတ်နေလျှင် ၀မ်ချောင်၏ ဓားအား ၀ယ်ယူမည့်သူ ရှိတော့မည် မဟုတ်ပေ။
ထိုအခါ ၀မ်ချောင်၏ အကြံအစည် ဖျက်ဆီးခံရပေမည် မဟုတ်ပါလား။
“ မင်းပဲ ပြောပီးတော့.. သူတို့က ဖြတ်သွားဖြတ်လာ သက်သက်ပဲဆို.. ဒီမှာ ဘာဖြစ်နေလဲဆိုတာ သိချင်လို့ လာစပ်စုတဲ့သူတွေသာသာပဲ.. သူတို့က ဓားကို ၀ယ်လိမ့်မယ်လို့ ထင်လို့လား ”
၀မ်ချောင် မေးခွန်းပြန်ထုတ်လိုက်သည်။
“ ဒါက....... ”
ဝေဟောင် ခွန်းတုံ့မပြန်နိုင်တော့ပေ။
“ အေးဆေးသာ နေစမ်းပါ.. ဒါက ပြဿနာကြီး မဟုတ်ဘူး.. ငါ့မှာလဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပါတယ်ဟ ”
၀မ်ချောင်မှ ဝေဟောင်၏ ပုခုံးအား ပုတ်လိုက်သည်။ ပန်းပဲကလန်များ၏ လုပ်ရပ်များအပေါ် သူဗွေမယူချေ။ သူရောင်းချမည့် ဝုစ်သံမဏိလက်နက်၏ စျေးနှုန်းကြောင့် ပန်းပဲကလန်များမှ မလှုပ်ရှားပဲနေရန်မှာ မဖြစ်နိုင်ပေ။
၀မ်ချောင်က ထိုသူတို့၏ တုံ့ပြန်မှုအား ကြိုတင် တွက်ဆမိပြီး ဖြစ်၏။
အကြောဆန့်လိုက်ပြီး ပိုမိုသက်တောင့်သက်သာဖြစ်မည့် ကိုယ်နေဟန်ထားသို့ ၀မ်ချောင် ပြောင်းလဲလိုက်သည်။ ထို့နောက် အခြေအနေအား လေ့လာရန် နောက်သို့ မှီချလိုက်သည်။ ဤနည်းလမ်းဖြင့် အဝေးမှ အခြေအနေ အရပ်ရပ်အား ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်ပေသည်။
“ အမ်....... ”
ရုတ်တရက် ၀မ်ချောင်၏ အာရုံစိုက်မှုအား တစ်စုံတစ်ရာမှ ဆွဲဆောင်သွားလေ၏။
“ ဘာဖြစ်လို့လဲ.. ”
ဝေဟောင်မှ မေးလိုက်သည်။
“ ငါ မိတ်ဆွေဟောင်း နှစ်ယောက်ကို တွေ့လိုက်လို့ ”
၀မ်ချောင် အတော်လှမ်းလှမ်းသို့ စိုက်ကြည့်နေရင်း ရယ်လျက်နေသည်။ လမ်းမအလည်ရှိ လူအုပ်ကြီးထဲ၌ မြို့တော်ကျန်းကလန်မှ ကျန်းခုံးနှင့် ကျန်းကျန့်အား ၀မ်ချောင် တွေ့လိုက်ရသည်။ သလင်းပြာစံအိမ်မှ ဖြစ်ရပ်သည် ချမ်ကလန်၊ ဟွမ်ကလန်နှင့် လူကလန်အား အချက်ပေးခဲ့သကဲ့သို့ ကျန်းကလန်မှ ထိုဖြစ်ရပ်အား မသိရှိသည်မှာ လုံး၀ မဖြစ်နိုင်သည်မှာ သိသာပေသည်။
သို့လင့်ကစား ယခုနေရာရှိ အခြေအနေအား ကျန်းခုံးနှင့် ကျန်းကျန့်တို့ ကိုယ်တိုင် လာရောက် လေ့လာလိမ့်မည်ဟု ၀မ်ချောင် မျှော်လင့်မထားပေ။
“ မိတ်ဆွေဟောင်း ဟုတ်လား.. ဒါဆို မင်း ဘာလို့ အောက်ဆင်းပြီး သူတို့ကို သွားမတွေ့ရတာလဲ ”
ဝေဟောင် သာမန်ကာလျှံကာ မေးလိုက်သည်။
“ မလိုပါဘူးကွာ.. အချိန်ကျရင်တော့ ငါသူတို့ကို ထွက်တွေ့မှာပေါ့.. ”
ကျန်းခုံးနှင့် ကျန်းကျန့်အား တွေ့ဆုံရန် အချိန်မတန်သေးပေ။ သူ၏တည်ရှိနေမှုအား ထိုနှစ်ယောက် သတိမထားမိချိန်၌ ၀မ်ချောင်မှ ဝေဟောင်အား ဆွဲခေါ်ကာ အလျင်အမြန် ထွက်သွားလိုက်သည်။
.............
“ ဘာလဲဟ.. အဲ့ကလေးက ဒီမှာ ဘာလို့ရှိနေတာလဲ ”
၀မ်ချောင်၏ ပေါ့ဆမှုကြောင့် သူထွက်သွားလျှင် ထွက်သွားချင်း ကျန်းခုံးနှင့်ကျန်းကျန့်မှ သူတို့အား သတိထားမိသွားလေသည်။
လူအုပ်ကြီးထဲရှိ သူတို့၏ မျက်နှာပေါ်၌ အံ့သြမှုများ ဖြတ်ပြေးသွားသည်။
၀မ်ချောင် အလျင်အမြန် ထွက်ခွာခဲ့သည်ဖြစ်သော်လည်း ထိုနှစ်ယောက်သည် ၀မ်ကလန်မှ သခင်လေးအား မြင့်မားသည့် မှန်းဆချက်များ ထားရှိလေသည်။ ထိုနေ့က သူတို့နှစ်ယောက်အား ၀မ်ချောင် ပြောခဲ့သည့် စကားလုံးများက သူတို့ စိတ်ထဲ၌ ထင်ကျန်နေဆဲပင်ဖြစ်၏။
ဖျတ်ခနဲ့သာ တွေ့လိုက်ရသည် ဖြစ်သော်လည်း စားသောက်နေကြသူ များစွာထဲမှ ၀မ်ချောင်အား သူတို့ နှစ်ဦးသား မှတ်မိနေဆဲ ဖြစ်သည်။
သလင်းပြာစံအိမ်၌ တစ်စုံတစ်ယောက်မှ ဓားရောင်းနေသည် ဟူသည့် သတင်းကိုသာ သူတို့ ရရှိခဲ့ခြင်းဖြစ်ပြီး ဤနေရာ၌ ၀မ်ချောင်အား တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
ထိုအရာက သူတို့နှစ်ယောက်လုံး မယုံကြည့်နိုင်လောက်အောင်ဖြစ်နေသည်။
“ ဒီကလေးက ဓားရဲ့ပိုင်ရှင် ဖြစ်နေမလား ”
ကျန်းကျန့် စိတ်နှင့်ကိုယ်နှင့်ပင် မကပ်နေပဲ ပြောလိုက်မိသည်။
“ ဘယ်လိုမှ မဖြစ်နိုင်ဘူး ....... ”
ကျန်းခုံးမှနေ၍ တစ်ချက်ပင် မစဉ်းစားပဲ ပြန်ပြောလိုက်လေသည်။ သူ၏ နှုတ်မှ ထိုစကားထွက်သွားသည့် အခါမှပင် သူ၏ တုံပြန်မှုမှာ အလျင်စလိုနိုင်နေသည်ကို သတိထားမိသွားပြီး အလျင်အမြန် ထည့်ဖြည့်ပြောလိုက်သည်။
“ ငါက.... ဒါ တိုက်ဆိုင်တာပဲ ဖြစ်မယ်လို့ ပြောချင်တာပါ.. ပြောရရင် သူက ဒီမှာ လက်ဖက်ရည် လာသောက်တာလဲ ဖြစ်နိုင်တာပဲလေ ”
“ အင်း....... ”
ကျန်းကျန့် ပြန်ဖြေလိုက်သည်။ ထင်မထားလောက်အောင် သူ့ထံမှနေ၍ မည်သည့်စကားမှ ထွက်မလာတော့ပေ။
သူတို့က ချမ်၊ ဟွမ်နှင့် လူကလန် ရှိရာသို့ ရုတ်တရက် သွားလိုက်ကြသည်။
“ ကျန်းခုံး ကျန်းကျန့် မင်းတို့လဲ ရောက်လာတာလား ”
ထိုနှစ်ယောက်အား မြင်လျှင် ကလန်သုံးခုမှ မှတ်မိသူများက အလျင်အမြန် လာရောက်ကာ ကြိုဆို နှုတ်ဆက်ကြပြီး..
“ ဘယ်ကမှန်းမသိတဲ့ လူစိတ်၀င်စားအောင် လုပ်ချင်တဲ့သူတွေပါ.. ခင်ဗျားတို့ရဲ့ ကလန်ခေါင်းဆောင်ကို ဒီက ကိစ္စကို စိတ်မပူဖို့ ပြောလိုက်ပါဦး.. လာ ပြန်ကြရအောင် ”
“ ဒါဆို ဘာမှ မဟုတ်ဘူးပေါ့ ”
လက်ရှိ အကြောင်းအရာကို သူတို့ထံမှ မေးမြန်းပြီးနောက်မှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။ ၎င်းတို့၏ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့..
“ ငါတို့ ကလန်ခေါင်းဆောင်ကို ဒီကိစ္စ ပြန်တင်ပြမှရမယ် ”
သူတို့ ပြောသာပြောလိုက်ရသော်လည်း ကြည့်ရသည်မှာ သူတို့လဲ ဝေခွဲမရဖြစ်နေဟန်ရပေသည်။ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်မိကြပြီး သလင်းပြာစံအိမ်၌ ၀မ်ချောင်အား တွေ့လိုက်ရသေးသည်ကို တိုင်ပင်မထားပဲ တွေးလိုက်မိကြသည်။
၀မ်ချောင်၏ ပုံပန်းသွင်ပြင်က သူတို့အား ဝေခွဲမရဖြစ်စေသည်။
“ ငါထင်ထားတဲ့အတိုင်း မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မှာပဲ.. ”
တွေးနေရင်း နောက်လှည့်ကာ ပြန်သွားကြသည်။ စံအိမ်၏ရှေ့၌ နန်းတွင်းစစ်တပ်ဦးစီးတစ်ယောက်မှ မုတ်ဆိတ်မွေးအား ပွတ်သပ်လျက်ရှိသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။ စံအိမ်၏ ထိပ်၌ ချိတ်ဆွဲထားသည့် ဓားအား ငေးကြည့်နေရင်း သူ၏ မျက်နှာပေါ်၌ စိတ်၀င်စားသည့် အမူအရာများ ထွက်ပေါ်နေလေသည်။
..........
ပန်းပဲကလန်သုံးခုမှ စတင်လိုက်သည့် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ရပ်ကြောင့် သလင်းပြာစံအိမ်ရှေ့၌ စုဝေးနေသည့် လူအုပ်ကြီးမှာလည်း အချိန်ခဏအတွင်းပင် လူစုကွဲသွားခဲ့သည်။ ထင်ရှားကျော်ကြားသည့် ကလန်များ၏ အမြင်၌ ထိုဖြစ်ရပ်မှာ ပြီးဆုံးသွားလေပြီ။
မည်သို့ဆိုစေ သလင်းပြာစံအိမ်မှ ဖြစ်ရပ်အား လူအများစု မေ့လျော့သွားချိန် နောက်တစ်ရက်၌ လူအများ၏ အာရုံအား ဖမ်းစားပြန်သည့် ပိုထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပြန်လေသည်။
ရွှေတုံး ၁၂၀၀..
ထိုစျေးနှုန်းက သလင်းပြာစံအိမ်၌ ချိတ်ဆွဲထားသည့် ဓား၏ စျေးနှုန်းအသစ်ပင် ဖြစ်လေတော့သည်။
ပထမရက်မှ စျေးနှုန်း၏ နှစ်ဆတိတိပင်ဖြစ်၏။ ထို့ထက်ပို၍ ဓားပိုင်ရှင်မှ သလင်းပြာစံအိမ်အား ကြားခံ၍ စကားတစ်ခွန်း ချန်ထားခဲ့ပြန်သည်။
စံအိမ်ရှိလက်နက်အား တစ်ရက်လျှင် နှစ်နာရီသာ ရောင်းချမည် ဟူ၍ပင်။ ပြီးသည်နှင့် ရောင်းချမှုအား ရပ်ဆိုင်းမည်ဖြစ်၏။ ထို့အပြင် ယခင်စည်းကမ်းချက်အတိုင်း မည်သူ့ကိုမှ ထိခွင့် ကြည့်ခွင့် မပြုထားချေ။
“ ရွှေတုံး ၁၂၀၀ ဟုတ်လား.. ရူးများနေသလား ”
စျေးနှုန်းအား ကြားသိလိုက်ရသည်နှင့် ချမ်ကလန်၏ အကြီးအကဲတစ်ယောက် မျက်လုံးမျက်ဆံ ပြူးလျက်ရှိပြီး အချိန်မရွေး ထွက်ကျတော့မယောင်ပင် ဖြစ်သွားသည်။
“ ဒီခွေးကောင်.. သူ့ကိုယ်သူ ဘာများထင်နေတာလဲ.. လက်နက်တစ်ခုက ဘယ်လောက် စျေးရှိလို့လဲ.. ဒါတောင်မှ ရွှေတုံး ၁၂၀၀ နဲ့ ရောင်းချရဲသေးတယ်.. ငါတို့ ချမ်ကလန်လိုမျိုး ရာစုနှစ်နဲ့ချီပြီး သမိုင်းကြောင်း ရှိတဲ့ ကလန်တောင်မှ အဲ့လောက် စျေးမြင့်မြင့်နဲ့ မရောင်းရဲဘူး.. သူ့ကိုယ်သူ အတော် အထင်ကြီးနေပုံရတယ်.. မြို့တော်မှာရှိတဲ့ လူတွေ အကုန်လုံးကို အရူးတွေလို့များ ထင်နေသလားပဲ.. သလင်းပြာစံအိမ်ကလဲ ဘာဖြစ်ချင်နေတာလဲ.. အဲ့ဒီလူ ပြောသမျှ ပေါက်တက်ကရ အကုန်လိုက်လုပ်နေတယ်.. ”
ယမန်နေ့မှ သလင်းပြာစံအိမ်သို့ ချီတက်သည့် အုပ်စုထဲ၌ သူပါ၀င်ခဲ့သေးသည်။ ဓားပိုင်ရှင်မှ လူများ၏ အာရုံ၀င်စားမှုအား ဆွဲဆောင်ချင်သည် ဆိုလျှင်ပင် အကန့်အသတ်ရှိသင့်ပေသည်။ ယခုကိစ္စ၌ ထိုလူ၏ နောက်၌ရှိသည့် သလင်းပြာစံအိမ်၏ ရပ်တည်ချက်သည်လည်း အကျပ်ရိုက်စရာပင်။ သလင်းပြာစံအိမ်မှာ မြို့တော်၌ နာမည်ကြီးသည့် နေရာတစ်ခုဖြစ်သည်။ ဤကိစ္စကြောင့် သူတို့၏ စီးပွားရေး နိမ့်ကျသွားမည်ကို စိုးရိမ်စိတ် မရှိကြလေသလား။
“ ဘယ်လိုလဲ.. ငါမင်းကို ခိုင်းထားတဲ့ကိစ္စ စုံစမ်းလို့ရပြီလား ”
ချမ်ကလန်ရဲ့ အကြီးအကဲဖြစ်သူ ချမ်ယိုချင်းမှ စာလိပ်အား ချထားလိုက်ပြီး သူ့ထံသို့ စာလိပ် သယ်ဆောင်လာသည့် ကလန်သားတစ်ယောက်အား အလျင်စလို မေးလိုက်သည်။
“ အကြီးအကဲကို တင်ပြပါတယ်.. ကျွန်တော် စစ်ဆေးပြီးပါပြီ.. ရထားတဲ့ အချက်အလက်တွေအရတော့ ဓားရောင်းချတဲ့သူဟာ သလင်းပြာစံအိမ်ပိုင်ရှင်ရဲ့ မိတ်ဆွေဖြစ်မယ်လို့ ကောက်ချက်ချလို့ရပါတယ်.. သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်ပဲ အဲ့ဒီနေရာမှာ ဓားရောင်းဖို့ ခွင့်ပြုထားပုံရတယ်.. ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ.. သူတို့ စီးပွားရေးကို တုတ်နဲ့ထိုးရမလား.. နောက်တစ်ခေါက် ထပ်သွားပြီး သူတို့ကို သတိပေးလိုက်ရမလား.. ”
ချမ်ကလန်သားမှ ပြန်လည် ပြောဆိုလိုက်သည်။
“ ဟာသလုပ်နေတာလား.. ”
ချမ်ကလန်အကြီးအကဲ ချမ်ယိုချင်းမှ သူ့အား စိုက်ကြည့်လိုက်ပြီး အပြစ်တင်ဟန်ဖြင့်..
“ ကလေးတစ်သိုက် ပြဿနာရှာနေတာနဲ့ပဲ ငါတို့က လိုက်ဆော့စရာလား.. ငါတို့က ဘာဖြစ်သွားမလဲ.. ဓားတစ်ချောင်းကို ရွှေတုံး ၁၂၀၀.. ဒါကို ရောင်းထွက်မယ်လို့ မင်းထင်နေတာလား.. သူစိတ်ရှိသလို လုပ်ပလေ့စေ.. အချိန်ကြာလာတာနဲ့အမျှ သူ့လုပ်ရပ်သူသိပြီး ရပ်သွားလိမ့်မယ်.. ”
“ ဟုတ်ကဲ့ပါ.. အကြီးအကဲ ”
ကလန်သားမှာ အကြီးအကဲ၏ တုံ့ပြန်မှုကြောင့် ကြောက်ရွံသွားလေသည်။ အလျင်အမြန် ခေါင်းငုံ့လိုက်ကာ စကားတစ်ခွန်းမှ မဆိုတော့ပေ။
..........
ဓား၏ အခြေအနေ အရပ်ရပ်အား မသိရှိရသည့်သာမက ထိုဓား၏ စျေးနှုန်သည်လည်း လက်ရှိ စျေးကွက်ထဲရှိ ဓားများ၏ ပေါက်စျေးထက် အဆမတန်များနေသေးသည်။
လူသာမာန်တစ်ယောက်ဆိုလျှင် ထိုဓားအား ၀ယ်ယူမည် မဟုတ်ပေ။
မည်သူမျှ မ၀ယ်ယူလျှင် အချိန်တန်ပါက ဟာသတစ်ပုဒ်အနေဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။
ထိုအရာမှာ ချမ်၊ ဟွမ်နှင့်လူကလန်တို့၏ ဤကိစ္စအပေါ် သဘောထားပင် ဖြစ်ပေတော့သည်။
သူတို့အနေဖြင့် သလင်းပြာစံအိမ်မှ ဖြစ်ရပ်မှာ အသေးအမွှားသာဖြစ်ပြီး သူတို့ အာရုံစိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် ဤကိစ္စအပေါ်၌ သူတို့၏ ဂုဏ်သတင်းအား နိမ့်ချမည် မဟုတ်ကြချေ။
မည်သိုပဆိုစေ မြို့တော်ထဲ၌ အခြားကလန်တစ်ခုရှိ အခြေအနေမှာတော့ မတူညီလျက်ရှိသည်။
“ ဘယ်လိုလဲ.. မင်း တစ်ခုခု ရှာတွေ့ပြီလား ”
ကျန်းကလန်၏ ခြံ၀င်းထဲ၌ ကျန်းခုံးနှင့် ကျန်းကျန့်တို့၏ မျက်နှာ မသာယာနေပေ။ ဤခြံ၀င်းထဲရှိ အခြေအနေမှာ အခြားကလန်မှားနှင့် တူညီခြင်း မရှိ။
“ ကျွန်တော်တို့ ရှာတွေ့တာကတော့ သလင်းပြာစံအိမ်ဟာ အမတ်မင်းဝေကလန်က ပိုင်ဆိုင်ထားတဲ့ စီးပွားရေးတစ်ခုဆိုတာပါပဲ.. စံအိမ်မှာ ဓားချိတ်ဆွဲထားတာနဲ့ ပက်သက်ပြီး သိရသလောက်ကတော့.. အမတ်မင်းဝေကလန်ရဲ့ သခင်လေးကနေပြီးတော့ ချိတ်ဖို့ တောင်းဆိုထားတယ်လို့ ယူဆလို့ရပါတယ်.. ”
မေးခွန်းအားကြားလျှင် ကျန်းကလန်သားမှ ခေါင်းငုံ့ကာ လက်သီးဆုပ်လျက် တလေးတစား ဖြေကြားလိုက်သည်။
“ အမတ်မင်းဝေကလန်ရဲ့ သခင်လေး ဟုတ်လား.. ဘယ်သူလဲဆိုတာ မင်းသိလား ”
ကျန်းကျန့် စိတ်လှုပ်ရှားနေပြီး အလျင်စလို မေးလိုက်ပြန်သည်။
“ ကြည့်ရတာတော့ ဝေဟောင်သခင်လေးပါပဲ ”
ကျန်းကလန်သားမှ ဖြေကြားလိုက်သည်။
၀မ်းးးးးးး...........
ထိုနာမည်အားကြားလျှင် ကျန်းခုံးနှင့် ကျန်းကျန့်တို့ အကြည့်ချင်း ဖလှယ်လိုက်ကာ သူတို့၏ မျက်နှာပေါ်၌ ထိတ်လန့်နေမှုအား အရှင်းသား တွေ့နိုင်သည်။
“ မင်း သွားလို့ရပြီ ”
ကျန်းကျန့် လက်ယမ်းပြလိုက်သည်။ ကျန်းကလန်သား ထွက်သွားသည်နှင့် နှစ်ဦးသား အချိန်အတော်ကြာအောင် တွေဝေနေကြလေသည်။ တင်းမာနေသည့် အခြေအနေမှာ အနည်ထိုင်သွားပြီး မည်သူမျှ မည်သည့်စကားမှ မပြောနေကြပေ။
“ ဒါ မကောင်းတော့ဘူး.. ဝေဟောင်ဆိုတဲ့ ဒီကလေးက ၀မ်ချောင်နဲ့ တော်တော်နီးစပ်တယ် မဟုတ်လား ”
အဆုံး၌ ကျန်းခုံးမှနေ၍ တိတ်ဆိတ်နေမှုအား ဖြိုခွင်းလိုက်၏။ သူ၏ နဖူးကြောများ ရှုံ့တွနေသည်ကို မြင်နိုင်ပြီး စိတ်ပူပန်နေသည်မှာ သိသာလှသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ကိစ္စနှင့် ပက်သက်၍ သူတို့သည် ၀မ်ချောင်အား အနီးကပ် လေ့လာနေသည်ဖြစ်ပြီး မည်သူနှင့် တွေ့ဆုံး ဆက်သွယ်တတ်သည်ကို သူတို့ ကောင်းစွာ သိထားလေသည်။
ဝေဟောင်မှာ ၀မ်ချောင်နှင့် တပူးပူး တတွဲတွဲ ရှိနေသူ တစ်ဦးပင် ဖြစ်လေသည်။
လက်နက်သွန်းလုပ်သည့်နယ်ပယ်အား လွမ်းမိုးချင်သည့်အတွက် ၀မ်ကလန်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား ၀ယ်ယူခဲ့သည်ဟု ထိုသူနှစ်ယောက် မယုံကြည့်နိုင်ပေ။
၀မ်ကလန်သည် ထိုမျှလောက် အတွေ့အကြုံမရှိချေ။ ထို့ကြောင့် သူတို့နှစ်ဦးက ၀မ်ချောင်အား အလေးအနက် မထားပဲနှင့် အထင်အမြင်သေးခဲ့လေသည်။
မည်သို့ဆိုစေ အကယ်၍ သလင်းပြာစံအိမ်၌ ဓားချိတ်ဆွဲထားသည့်သူမှာ ၀မ်ချောင်သာ ဖြစ်နေလျှင် ဖြစ်ရပ်တစ်ခုလုံး၏ ဆိုလိုရင်းမှာလည်း လုံး၀ဥဿုံ ပြောင်းလဲသွားပေမည်။
၀မ်ချောင် အောင်မြင်သည်ဖြစ်စေ သူပြုခဲ့သည့် အကြောင်းအရာများက မည်မျှ ဟာသဆန်ခဲ့သည်ဖြစ်စေ ၀မ်ချောင်သာ ဓားအား သွန်းလုပ်နိုင်ခဲ့သည်ဆိုသည့် တစ်ချက်တည်းဖြင့်ပင် သူတို့နှစ်ဦးအား မသက်မသာဖြစ်စေရန် လုံလောက်နေသည်။ ဆိုရလျှင် ထိုတစ်ချက်တည်းဖြင့်ပင် ကြောက်စိတ် ၀င်မိစေလေသည်။
ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေများအား မည်သူမျှ သဘောကျမည် မဟုတ်ပေ။ သံသယရှိစရာမလိုအောင်ပင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍ သူတို့စိတ်အား မတင်မကျဖြစ်စေသည့် အကြောင်းအရာမှာ ပေါ်ထွက်လာပေပြီ။
“ ဒါ မကောင်းတော့ဘူး... သူ တကယ်ပဲ ဓားသွန်းလုပ်နိုင်ခဲ့တာလား ”
ကျန်းကျန့်သည်လည်း မသက်မသာဖြစ်လျက်ရှိသည်။
“ ဘာပဲဖြစ်ဖြစ် ငါတို့ သတိထားမှ ရတော့မယ်.. အဲ့ဒီ သောက်ကလေး သေးသေးလေးက မဖြုံလောက်ဘူးဆိုရင်တောင်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းက ငါတို့ အတွက် အရမ်းအရေးကြီးနေတယ်.. ဒီကိစ္စကို ငါတို့ ကလန်ခေါင်းဆောင်ကို မြန်မြန်တင်ပြမှရမယ် ”
နှစ်ဦးသား ပြိုင်တူ မတ်တပ်ရပ်လိုက်ကာ အတွင်းခြံ၀င်းထဲသို့ ပြေး၀င်သွားလေတော့သည်။
............
ရွှေတုံး ၁၂၀၀..
အလယ်ပိုင်းလွင်ပြင်ထဲ၌ ထိုပမာဏမှာ လူတစ်ယောက် နှစ်ပေါင်းများစွာ အလုပ်မလုပ်ပဲ အေးအေးသက်သာ နေထိုင်စားသောက်ရန် လုံလောက်ပေသည်။ ယခုတွင်တော့ ထိုပမာဏမှာ ဓားတစ်ချောင်း၏ စျေးနှုန်းသာ ဖြစ်နေတော့သည်။
လူတိုင်းက မိုးထိမြင့်နေသည့် ထိုစျေးနှုန်းအား တီးတိုးတီးတိုး သဖန်းပိုး လုပ်နေ၍မှ မပြီးသေး သလင်းပြာစံအိမ်ရှိ ဓား၏ပိုင်ရှင်မှာ တစ်လောကလုံး၏ အမြင်အား ရိုက်ချိုးလိုက်ပြန်သည်။
ရွှေတုံး ၂၄၀၀..
ထိုအရာမှာ သလင်းပြာစံအိမ်ရှိ သစ်သားဆိုင်းဘုတ်ပေါ်ရှိ ဓား၏ စျေးနှုန်း အသစ်ပင် ဖြစ်တော့သည်။
သလင်းပြာစံအိမ်ပိုင်ရှင်မှ ဤကိစ္စအား တစ်ပြားသားမှ အလျော့ပေးမည့်ပုံ မရချေ။ သူ့အနေဖြင့် ထိုအရာမှာ စကားလုံး အနည်းငယ် ပြောင်းလဲသည့်ဟန်သာ ရနေသည်။ စျေးနှုန်းအသစ်အား ထုတ်ပြန်လိုက်သည်နှင့် မြို့တော်တစ်ခုလုံးရှိ လက်နက်စျေးကွက်များ၌ ပွက်လောရိုက်သွားပြန်သည်။
သလင်းပြာစံအိမ်မှလူသည် မည်သူပင်ဖြစ်နေပါစေ သူ၏ လုပ်ရပ်မှာ ဟာသတစ်ခုပင်ဖြစ်နေပါစေ သေချာသည်ကတော့ သူ၏ လုပ်ရပ်သည် လူတိုင်း၏ အာရုံစိုက်မှုအား သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်လေသည်။
မြို့တော်ရှိ လက်နက်အရောင်းဆိုင် ထောင်ချီထဲ၌ ထိုစျေးနှုန်းအား ချိတ်ဆွဲရဲသည့်ဆိုင် တစ်ဆိုင်မျှ မရှိပေ။ သလင်းပြာစံအိမ်၌ ချိတ်ဆွဲထားသည့် ဓား၏ အမည်မသိပိုင်ရှင်မှာတော့ တွေး၍မှ မမှီတော့ချေ။
ထိုမျှသာမဟုတ်..
ပထမရက် - ရွှေတုံး ၆၀၀..
ဒုတိယရက် - ရွှေတုံး ၁၂၀၀..
တတိယရက် - ရွှေတုံး ၂၄၀၀..
လူတိုင်းက မြင့်တက်လာသည့် စျေးနှုန်း၏ ပုံစံအား ပြောနိုင်လေသည်။ နေ့ရက်တိုင်း၏ စျေးနှုန်းအား နှစ်ဆ တိုးနေခြင်းပင်ဖြစ်၏။
ထိုသို့ပြုလုပ်ရန် လူတစ်ယောက်သည် မည်မျှ သတ္တိရှိရန် လိုအပ်သနည်း။
“ သောက်ရူး... အဲ့ကောင် တကယ် အရူးတစ်ယောက်ပဲ ဖြစ်ရမယ် ”
“ ဒါပေါ့ သူကသောက်ရူးပဲ.. ဘယ်လိုဓားမျိုးကများ ရွှေတုံး ၂၄၀၀ တန်ကြေးရှိနိုင်မှာလဲ.. ဒါက ရူးနေတဲ့လူတွေမှ လုပ်မဲ့အလုပ်ပဲ.. ”
“ ပိုအရေးကြီးတာက သူက ဘယ်သူ့ကိုမှ ဓားကို ထိခွင့် ကြည့်ခွင့် မပေးထားဘူး.. ဒီကမ္ဘာမှာ ဒီလိုမျိုး ဓားရောင်းတဲ့သူ ရှိရောရှိလို့လား.. ”
“ ဒီလိုမှ မဟုတ်ရင် သူ့ကို သောက်ရူးလို့ ဘယ်သူက ခေါ်တော့မတုန်းဟ.. ”
.......
သလင်းပြာစံအိမ်၏ အပြင်ဘက်၌ လူအုပ်ကြီးသည် ဓားအား လက်ညှိုးထိုး၍ လှောင်ပြောင်နေကြသည်။ မည်သို့ဖြစ်စေ ဘေးထိုင်ဘုပြောခြင်းက ငွေကုန်ကြေးကျ မရှိသည် မဟုတ်လော။ ထို့အပြင် သလင်းပြာစံအိမ်သည်လည်း လာရောက်ကြည့်ရှုသူများအား သရေစာများ ကျွေးမွေး နေသည်ဖြစ်၏။
ပွဲကြည့်ပုရိသတ်များက အချိန်နှင့်အမျှ တိုး၍လာသည်။ ဤနေရာရှိလူများမှာ ပထမနှစ်ရက်ပေါင်းသည့် လူအရေအတွက်ထက်ပင် များနေသေးသည်။ ဆိုရလျှင် ယခုထက်တိုင် ပို၍ ပို၍ တိုးနေဆဲပင်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 50.
ဟိန္ဒူဘုန်းကြီးများအား ဖျောင်းဖျခြင်း
အကယ်၍ အခြားသူဆိုလျှင် မည်သူမျှ အာရုံစိုက်ကြမည် မဟုတ်သော်လည်း သလင်းပြာစံအိမ်မှာ ဓားရောင်းချသည့် အကြောင်းရင်းအား ထောက်ပံ့နေသည် ဖြစ်သောကြောင့် ဤဖြစ်ရပ်မှာ လုံး၀ ကွဲပြားသွားပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ စိတ်၀င်စားဖွယ်ကောင်းသည့် ဖြစ်ရပ်က မြို့တော်ရှိ လူများ၏ စိတ်အာရုံအား ပို၍ ပို၍ ဖမ်းစားထားနိုင်ခဲ့သည်။
ထိုသတင်းက ချမ်၊ဟွမ်နှင့်လူကလန်ထံသို့ ရောက်လျှင် ထင်ရှားကျော်ကြားသည့် ပန်းပဲကလန်သုံးခုလုံး ယခင်က ကဲ့သို့ မတုန်မလှုပ် ကျောက်ဆစ်ရုပ် လုပ်မနေနိုင်တော့ချေ။
ထိုသူတို့ ကိုယ်၌ကလည်း တတိယမြောက်ရက် ညနေခင်းတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာက သူတို့အား ထိတ်လန့်စေမည်ဟု မတွေးမိကြပေ။ ထင်မှတ်မထားသည့် ကိစ္စလေးတစ်ခုသည် ထိုသူတို့၏ အထင်နှင့် အမြင်အား ပြောင်းလဲစေခဲ့ပြီး ထိုကလန်များ၏ သလင်းပြာစံအိမ်အပေါ် အမြင်သည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။
“ ရွှေတုံး ၂၄၀၀.. ဒါက အလယ်ပိုင်းလွင်ပြင်ရဲ့ စျေးအကြီးဆုံး ဓားတစ်လက်ပဲ ဖြစ်လိမ့်မယ်.. ”
နေ၀င်ခါနီးအချိန်၌ သလင်းပြာစံအိမ်၏အောက်တွင် အနောက်တိုင်းကုန်သည်တစ်ဦး ပေါ်ထွက်လာသည်ကို မည်သူမျှ သတိမထားမိကြချေ။ ဤအနောက်တိုင်းသားကုန်သည်မှာ မုတ်ဆိတ်ဟု လူသိများသူ တစ်ဦးပင်ဖြစ်ပြီး ခဲရပ်စပါစီနူမှ လက်နက်ကုန်သည် တစ်ဦး ဖြစ်လေသည်။ ( လက်ရှိ အီရတ် )
ပုံမှန် ကုန်သည်များဖြင့် မတူညီစွာ မုတ်ဆိတ်သည် ဓားများအား စီးပွားဖြစ်ရောင်း၀ယ်ခြင်း မရှိပေ။ ဝါသနာအနေဖြင့် အမြတ်တနိုး စုဆောင်းတတ်သူ တစ်ဦးဖြစ်သည်။
ဓားအား ချစ်မြတ်နိုးသည့် မုတ်ဆိတ်၏ အဆင့်မှာ အတော်မြင့်မားပေသည်။
ထိပ်တန်းအရည်အသွေးရှိသည့် ဓားများအပေါ် စွဲလမ်းစိတ်လည်း ပြင်းထန်သည်။ အကယ်၍ ထိုသို့သော ဓားအား သူတွေ့ရှိခဲ့လျှင် သူပိုင်ဆိုင်သည့်အရာများ အားလုံးကို ပုံအော၍ပင် ရအောင် ၀ယ်ယူပေလိမ့်မည်။
မုတ်ဆိတ်၏ အကြီးမားဆုံး ရည်မှန်းချက်မှာ ကမ္ဘာ့အကောင်းဆုံးဓားအား ကြည့်ရှူခွင့် ရရေးပင်ဖြစ်လေသည်။
ထို့ကြောင့် အလယ်ပိုင်းလွင်ပြင်သို့ သူရောက်လျှင် ရောက်ချင်း ပထမဆုံး လုပ်သည့်အရာမှာ မဟာထန်၏ မြို့တော်ရှိ လက်နက်အရောင်းဆိုင်အားလုံးကို လှည့်လည် စနည်းနာခြင်းပင်ဖြစ်သည်။
မည်သို့ဆိုစေ သူ့မျက်စိအား ဖမ်းစားနိုင်သည့် ဓားတစ်လက်မှ မတွေ့ခဲ့ချေ။
“ဒီဟာက အလယ်ပိုင်းလွင်ပြင်ရဲ့ အကြီးကျယ်ဆုံး လက်နက်အရောင်းဆိုင်ပဲ ဖြစ်ရမယ်.. ”
မုတ်ဆိတ်မှာ အလယ်ပိုင်လွင်ပြင်အား အသိအမြင်နည်းလေသည်။ သို့သော် ခဲရပ်စပါစီနူမှ သတ်မှတ်ချက်အရ အကောင်းဆုံးပန်းပဲဖိုနှင့် လက်နက်အရောင်းဆိုင်သာလျှင် အမြင့်ဆုံးစျေးအား သတ်မှတ်နိုင်သည်။
ထိုအချက်အပေါ်မူတည်၍ ဤဆိုင်သည် သံသယရှိစရာမလိုအောင်ပင် အလယ်ပိုင်းလွင်ပြင်၏ အကောင်းဆုံး လက်နက်အရောင်းဆိုင်ပင် ဖြစ်လိမ့်မည်။ ဤနေရာ၌ လက်နက် ရောင်းချရဲသည့်သူမှာလည်း အကောင်းဆုံးသော ပန်းပဲပညာရှင်သာ ဖြစ်ရပေမည်။
“ ငါ ဒီကိုမလာခင်တုန်းက အလယ်ပိုင်းလွင်ပြင်ရဲ့ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာက အာဘတ်စစ်စော်ဘွားနယ်နဲ့ ခဲရပ်စပါစီနူကို မမှီဘူးလို့ ကြားဖူးတယ်.. ကြည့်ရတာတော့ အမှန်မဟုတ်ဘူးထင်တယ်.. လက်နက်အရောင်းဆိုင်ရှင်က ဓားတစ်ချောင်းအတွက် ရွှေတုံး ၂၄၀၀ စျေးခေါ်ထားရုံမက ယုံကြည်ချက်ရှိလွန်းလို့ ဓားကိုတောင် အ၀တ်မဲ ပတ်ထားသေးတယ်.. ”
မုတ်ဆိတ်သည် အလယ်ပိုင်းလွင်ပြင်မှ အက္ခရာများကို လေ့လာဖူးလေသည်။ ထို့ကြောင့် စံအိမ်ရှိ ဆိုင်းဘုတ်ပေါ်မှ ရေးထားသည့် စာများအား သူဖတ်နိုင်ပြီး ပန်းပဲပညာရှင်အား မချီးကျူးပဲ မနေနိုင်အောင် ဖြစ်နေတော့သည်။
အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူရှိ ပန်းပဲပညာရှင်များ၌လည်း ထိပ်တန်းဓားများစွာ ရှိကြပြီး သူတို့၏ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာမှာလည်း အဆင့်မြင့်ကြသည်။ မည်သို့ဆိုစေ အကြီးကျယ်ဆုံး ပန်းပဲပညာရှင်ပင်လျှင် ဤပန်းပဲပညာရှင် ပြုသကဲ့သို့ ဓားအား ဖုံးကွယ်၍ မရောင်းချရဲချေ။
ခဲရပ်စပါစီနူမှလူ၏ အမြင်၌ ဤဆရာသခင်မှာ အလယ်ပိုင်းလွင်ပြင်၏ အကြီးကျယ်ဆုံး ပန်းပဲပညာရှင် ဖြစ်ကို ဖြစ်ရပေမည်။
ရုတ်တရက်ပင် မုတ်ဆိတ်သည် အလယ်ပိုင်းလွင်ပြင်၏ တုနှိုင်းမရသည့် ‘ ပန်းပဲအရှင်သခင် ’နှင့် ဆုံတွေ့လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်လာလေတော့သည်။ ( သွားပြီ ဒီဘဲ ဆေးမမှီတော့ဘူး.. ရှင်းပြလိုက်ဦးလို့ )
ဒါ.............
ထိုသို့သော အတွေးပေါ်လာသည့်နှင့် တစ်ပြိုင်နက် သလင်းပြာစံအိမ်သို့ ဦးတည်၍ ၀င်မည့်ဟန် ပြင်လေတော့သည်။ သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်နှင့် လေပြင်း တစ်ချက် ဝှေ့သွားလေ၏။
“ အဲ.... ကျွန်မရဲ့ ပဝါ.. ”
မနီးမဝေးမှ အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ လေထဲ၌ အစိမ်းရောင် ပဝါတစ်ထည် မျှောလွင့်နေလေသည်။
အစတွင် မုတ်ဆိတ် ထိုကိစ္စအား ဂရုမထားပေ။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းအပြီး၌ ထိုအစိမ်းရောင် ပဝါစမှာ သူ၏ မျက်နှာပေါ်သို့ ကျတော့မည်ကို သိရှိလိုက်သည်။
“ အရှင် သတိထားပါ.. ”
ခဲရပ်စပါစီနူမှစ၍ သူ့နောက်လိုက်လာခဲ့သည့် သစ္စာရှိသည့် အစောင့်များမှ သတိပေးသံများထွက်ပေါ်လာပြီး ပြေး၀င်လာကြသည်။
“ ဟားဟား..... ”
ထိုမြင်ကွင်းအား မြင်လျှင် မုတ်ဆိတ် အူတက်အောင် ရယ်လိုက်သည်။ သူ၏ ခြေလှမ်းအား ရပ်တန့်လိုက်ပြီး ပြေး၀င်လာသည့် သူ၏အစောင့်များကိုပင် မစောင့် သူ၏လက်အား အင်္ကျီထဲသို့ သွင်းလိုက်သည်။
ရွှမ်း... အေးစက်စက်အလင်းရောင်တစ်ချက် လက်သွားပြီး ပဝါစမှာ နှစ်ပိုင်းဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ညင်ညင်သာသာ ကျသွားလေသည်။
ခဲရပ်စပါစီနူအစောင့်များလည်း သူတို့၏ ခြေလှမ်းများအား ရပ်လိုက်ကြသည်။
အဝေးမှ အမျိုးသမီး၏ အော်ဟစ်သံမှာလည်း တိတ်ဆိတ်သွားသည်။ သူမက မုတ်ဆိတ်အား ကြောက်ရွံစွာဖြင့် ကြောင်ကြည့်နေသည်။
လေထဲ၌ပင် ဆံချည်မျှင်အား ဖြတ်တောက်ခြင်း..
ထိုအရာမှာ ခဲရပ်စပါစီနူ၏ ထိပ်တန်းဆေဘာဓားပင် ဖြစ်တော့သည်။ ( ဆေဘာဓား - အသွားတစ်ဖက်တည်းရှိ၍ အဖျား အနည်းငယ် ကော့သည့်ဓား )
ဓားတစ်ချက်တည်းဖြင့် အစိမ်းရောင် ပဝါစအား လေထဲ၌ပင် ပိုင်းဖြတ်ပြီးနောက် မုတ်ဆိတ် အူလှိုက်သဲလှိုက်ရယ်နေကာ ဆေဘာဓားအား ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။
ဤဓားမှာ သူ၏ပိုင်ဆိုင်မှုထဲမှ အကောင်းဆုံး ဓားဖြစ်ပြီး သူ အနှစ်သက်ဆုံးဓားဆိုလဲ မမှားပေ။
“ ဒီ အမျိုးသမီးကို ရွှေနှစ်တုံး ပေးလိုက်ပါ ”
ထိုသို့ပြောပြီးနောက် မုတ်ဆိတ် သလင်းပြာစံအိမ်တွင်းသို့ ၀င်ရောက်သွားလေသည်။ သူ့နောက်၌ အစောင့်နှစ်ယောက်သည်လည်း အလျင်အမြန်ပင် ကြောက်လန့်နေဆဲဖြစ်သည့် အမျိုးသမီးအား ရွှေတုံး နှစ်တုံး ပေးလိုက်သည်။
......................
၀ုစ်သံမဏိနှင့် ပက်သက်သည့် ကိစ္စအရပ်ရပ်အား ဝေဟောင်ထံ လွဲအပ်ပြီးသည့်သကာလ ၀မ်ချောင်မှာ သူ၏ သိုင်းပညာကျင့်ကြံမှု အပေါ်၌သာ အပြည့်အ၀ စတင်အာရုံစိုက်လေတော့သည်။
“ ငါ့ရဲ့ ကျားသစ်အရိုးနဲ့ဆိုရင် အရင်ဘ၀က နည်းစနစ်တစ်ချို့ကို လေ့ကျင့်နိုင်ကောင်းပါရဲ့ ”
မနက်စောစော ၀မ်ကလန်၏ နောက်ဖေး ခြံ၀င်းထဲ၌ ၀မ်ချောင် ငြိမ်သက်စွာ ပုတီးစိပ်ဟန်ဖြင့် ထိုင်နေရာ ခဏအကြာတွင် အတွေးများစွာ သူ့ခေါင်းထဲ၌ ဖြစ်တည်လာခဲ့သည်။
၀မ်ချောင်မှာ ယခင်ဘ၀၏ မှတ်ဉာဏ်ထဲ၌ များစွာသော နည်းစနစ်များ၏ အသိပညာများ ပိုင်ဆိုင်ထားသည်။ မည်သို့ဆိုစေ သူ့အရိုးများ၏ ကန့်သတ်ချက်များကြောင့် ကမ္ဘာတုန်စေနိုင်သည့် နည်းစနစ်များအား ကျင့်ကြံခွင့် မရှိခဲ့ချေ။
သို့သော် ယခုအခြေအနေမှာ မတူတော့ပေ။ ၀မ်ချောင်၏ အရိုးများက သန်မာနေပြီဟု မဆိုနိုင်သော်လည်း ကျားသစ်အရိုးနှင့် ယခင်ဘ၀၏ အခြေခံ အသိပညာများဖြင့် အနည်းငယ်အဆင့်မြင့်သည့် နည်းစနစ်များအား စတင် လေ့လာနိုင်ပြီ ဖြစ်သည်။
“ ပြင်းထန်လက်သီးနဲ့ အရင် စသင့်တယ်.. ”
၀မ်ချောင် ဆုံးဖြတ်ချက် မချသေးခင် အချိန်အတော်ကြာ အတွေးရေယာဉ်ကြော၌ နစ်မြောနေသေးသည်။
သူ၏ယခင်ဘ၀၌ နယ်ခြားတိုင်းပြည်များမှ သံမဏိမြင်းစီးစစ်သည်များ မဟာထန်တွင် ပေါ်ထွက်လာချိန်၌ သူတို့၏ ချိုးဖျက်မရသည့် ခုခံအားကြောင့် နိုင်ငံတစ်ခုလုံး၏ ခြေလျင်တပ်များ ဒုက္ခပင်လယ် ဝေခဲ့ရသည်။
ထိုအရာမှာ ပြင်းထန်လက်သီးအား မဖန်တီးခင် အချိန်ထိပင်ဖြစ်၏။
ဤကဲ့သို့သော လက်သီးထိုးချက်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများကို သူ၏ လက်သီးထဲ၌ စုစည်းလိုက်ခြင်းမျိုးဖြစ်ပြီး အဆင့်နိမ့်စစ်သည်တော် တစ်ယောက်အား သူ့ထက် အပြင်အား သာလွန်သည့် သူထက် ကျော်လွန်သွားစေသည်။ ထိုကဲ့သို့သော အနီးကပ် ဖန်တီးမှုပင် အခြေအနေ အရပ်ရပ်အား တစ်ဖန် ပြောင်းလဲစေခဲ့သည်။
အရိုးသားဆုံး ပြောဆိုရလျှင် ထိုအရာက အစစ်အမှန် နက်နဲသည့် လှုပ်ရှားမှု သို့မဟုတ် စွမ်းအားပြည့်၀သည့် လှုပ်ရှားမှုမျိုး မဟုတ်ပေ။
သို့သော် မူလစွမ်းအင်နယ်ပယ်အတွင်းမှာတော့ အလွန်အမင်း စွမ်းအားပြင်းသည့် စွမ်းရည်တစ်ခုပင်ဖြစ်သည်။ လက်ရှိ ၀မ်ချောင်၏ အခြေအနေများအရ ဤစစ်ဖက်ဆိုင်ရာစွမ်းရည်မျိုးသာလျှင် သူ့အတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။
“ သခင်လေး... သင့်ကို တစ်ယောက်ယောက် လာရှာနေပါတယ် ”
၀မ်ချောင် စတင်လေ့ကျင့်ရန် ပြင်နေသည့် အချိန်၌ပင် ရှန်းဟိုင်၏ အသံအား နားထဲမှ ကြားလိုက်ရသည်။
“ အဲ့တာက ဟိန္ဒူဘုန်းကြီးနှစ်ပါးပါ.. ”
“ အိုး...... ”
၀မ်ချောင် အတန်ကြာအောင် တွေးဆနေပြီးနောက် ပြုံးလိုက်သည်။ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သူနားလည်သွားလေပြီ။ အချိန်အတန်ကြာအောင် ပျောက်နေပြီးနောက် သူတို့ အနေဖြင့် လူလုံးပြရန် အချိန် ရောက်လာပြီ ဖြစ်လေသည်။
“ သူတို့ကို အထဲ ဖိတ်ခေါ်လိုက်ပါ ”
“ ဟုတ်ပါပြီ ”
ရှန်းဟိုင် နောက်လှည့်ကာ ထွက်သွားခဲ့သည်။
တစ်ခဏအကြာ၌ လူရိပ်နှစ်ခု ၀င်လာလေသည်။
“ သခင်လေး ”
အဘလိုဒန်နှင့် အားလော်ကျားမှ နှုတ်ဆက်လိုက်သည်။ ဟိန္ဒူဘာသာဖြင့် ပြောလိုက်ကြခြင်း ဖြစ်လေသည်။
“ ဆရာသခင်တို့ မစောင့်နိုင်ကြတော့ဘူးလားဗျို့ ”
၀မ်ချောင် သူတို့၏ လာရင်းကိစ္စအား သိရှိနေဟန်ဖြင့် ပြုံးလျက် မေးလိုက်သည်။
“ သခင်လေး.. တကယ်ကို တောင်းပန်ချင်ပါတယ်.. ဒါပေမဲ့လည်း ကိစ္စက ကိုယ်တော်တို့အတွက် တကယ်ကို အရေးကြီးနေလို့ပါ..နောက်ပြီး သခင်လေးသာ ရွှေတုံး ၉သောင်း ရှာနိုင်ခဲ့ရင် ကျုပ်တို့ လက်ထဲရှိနေတဲ့ သတ္ထုရိုင်း ၃၀၀ ဂျင်နဲ့အတူ အလယ်ပိုင်းလွင်ပြင်ရဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်း၀ယ်ခွင့်ကိုလည်း ရရှိမယ်လို့ ကျုပ်တို့ အပေးအယူလုပ်ထားတယ် မဟုတ်လား ”
“ အချိန်လဲ အတော်ကြာခဲ့ပြီ.. သတ်မှတ်ရက်ကလဲ ပြည့်တော့မယ်.. သခင်လေးဘက်က ဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာ သိချင်လို့ပါ ”
ပြိုင်တူ လက်အုပ်ချီလိုက်ပြီး တောင်းတောင်းပန်ပန်ဖြင့် မေးလိုက်ကြလေသည်။
“ ဟားဟား.. ဒါဆိုရင် ဆရာသခင်တို့က ကျုပ် အနေနဲ့ ရွှေတုံး ၉သောင်းကို ပေးချေနိုင်ပါ့မလားဆိုတာကို သံသယရှိနေကြတယ် ဟုတ်စ ”
၀မ်ချောင် ရယ်လျက်နေရင်းပင် သူတို့၏ လာရင်းကိစ္စအား ဖွင့်ချလိုက်သည်။
“ ကျုပ်တို့ရဲ့စကားကြောင့် သခင်လေး စိတ်မပျက်သွားဖို့ မျှော်လင့်ပါတယ်.. ကျုပ်တို့အတွက်လဲ ဒီကိစ္စက အရမ်းအရေးကြီးနေလို့ပါ ”
သူတို့၏ ရည်ရွယ်ချက်အား ဖွင့်ချခံလိုက်ရသောကြောင့် နှစ်ဦးသား ကိုးရို့ကားယားဖြင့် ရှက်ရွံမိကြသည်။ သို့သော်လည်း အတန်ငယ် တွန့်ဆုတ်ကြပြီးနောက် အမှန်အတိုင်း ဖွင့်ပြောလိုက်ရာ..
“ သခင်လေး.. ကျုပ်တို့ ကွယ်ဝှက်မထားတော့ပါဘူး.. အိန္ဒိယက လက်ရှိမှာ ငတ်မွတ်ခေါင်းပါးဘေး ဆိုက်နေတယ်.. ကျုပ်တို့ အချိန်ဆွဲလေလေ အစာရေစာပြတ်ပြီး သေတဲ့ ကျုပ်တို့လူတွေ ပိုများလေလေပဲ.. ဒီအတောအတွင်းမှာကို ဟိုက်ဒရာဘတ်ဆီ အားချင်း ပြန်လာဖို့ ကျုပ်တို့ဆီ အကြောင်းကြားစာပေါင်း မြောက်မြားစွာကို လက်ခံရရှိခဲ့တယ်.. ကျုပ်တို့လဲ သခင်လေးကို လောယုံမှတစ်ပါး တစ်ခြားရွေးစရာ မရှိတော့ဘူး ”
ပြောရင်းပင် သူတို့၏ မျက်နှာပေါ်၌ စိုးရိမ်သည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။ ထိုအရာက သရုပ်ဆောင်နေသည် မဟုတ်ပေ။ သံသယဖြစ်ဖွယ် မလိုအောင်ပင် အိန္ဒိယ၌လည်း အမှန်တကယ် ငတ်မွတ်နေကြပေပြီ။ အကယ်၍ အခြေအနေများက အရေးပေါ်မဟုတ်လျှင် သူတို့လည်း ၀မ်ချောင်အား လာရောက်လောဆော်မည် မဟုတ်ပေ။
“ ကိုယ်တော်တို့ စိတ်မပူပါနဲ့.. မကြာခင်မှာပဲ ရွှေတုံး ၉သောင်း စုပြီးတော့ ကျုပ်ပေးပါ့မယ်.. တကယ်လို့ စိုးရိမ်နေသေးတယ်ဆိုရင်လည်း ကျုပ်ကနေ တားဂစ်ကုန်သည်တွေကို အရင်ဆက်သွယ်ပြီး အိန္ဒိယကို နွားနဲ့ ကုလားအုတ်တွေ အရင်ပို့ပေးဖို့ ပြောပေးမယ်လေ.. ”
၀မ်ချောင်၌ ငွေများစွာ မကျန်ရှိနေသော်လည်း နွားများနှင့် ကုလားအုတ်များမှာ ဓားလောက်ပင် စျေးမကြီးပေ။ ရွှေတုံး ၁၀၀ တည်းနှင်ပင် နွားနှင့် ကုလားအုတ် အတော်များများ ၀ယ်ယူနိုင်ပေသည်။
“ သင် ဆိုလိုတာက.... ”
ကိုယ်တော် နှစ်ပါးလုံး အံ့သြသွားကာ ပျော်ရွှင်သွားလေ၏။ ၀မ်ချောင်၏ တုံ့ပြန်မှုကြောင့် သူတို့စိတ်နှလုံး လှုပ်ခတ်သွားရသည်။ တားဂစ်ဂါကာနိတ်သည် အလယ်ပိုင်းလွင်ပြင်ထက် အိန္ဒိယနှင့် ပို၍ နီးပေသည်။ အကယ်၍ ၀မ်ချောင်မှ တားဂစ်ကုန်သည်များအား ဆက်သွယ်၍ နွားနှင့်ကုလားအုတ်များအား အိန္ဒိယသို့ အချိန်မှီ ပေးပို့နိုင်သည် ဆိုလျှင် အိန္ဒိယအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အိန္ဒိယ၏ လက်ရှိ အခြေအနေအရ ၀မ်ချောင်မှ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ထိုအရာက ကြီးမားစွာ ကူညီပေးခြင်း တစ်မျိုး မည်ပေသည်။
“ ကောင်းပြီလေ... ”
၀မ်ချောင် ပြုံးလျက်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ လက်ရှိအချိန်၌ အိန္ဒိယ၏ အရေးပေါ် အခြေအနေအား သူ့ထက် မည်သူမျှ ပိုမသိနိုင်ပေ။ အကူအညီအနည်းငယ်ကပင် ၎င်းတို့၏ ကျေးဇူးတင်ခြင်း ခံရမည်ဖြစ်ကာ ဤအချိန်သည် သူတို့၏ စိတ်နှလုံးအား ဖမ်းစားနိုင်မည့် အကောင်းဆုံးအချိန်ပင် ဖြစ်တော့သည်။
‘ ရေငတ်နေတဲ့သူကို ရေကြည်တစ်ပေါက်ပဲ တိုက်ခဲ့ရင်တောင် သူကနေပြီးတော့ ရေကန်တစ်ခုစာ ပြန်ပြီး ပေးဆပ်လိမ့်မယ် ’ ထိုစကားက ကမ္ဘာတစ်ခုလုံးသိရှိထားသည့် အမှန်တရားတစ်ခုဖြစ်သည်။ ထိုအရာအား အနာဂတ်၌ ဟိုက်ဒရာဘတ်မိုင်းတွင်းများနှင့် ပက်သက်၍ ဆွေးနွေးကြသည့် အခါ၌ သက်သေပြပေလိမ့်မည်။
“ ရွှေတုံး ၉သောင်း အတွက်ကတော့.. တကယ်လို့ စိတ်မရှိရင် ကျုပ်နောက် လိုက်ခဲ့ပေးကြပါ.... ”
နွားနှင့် ကုလားအုတ်များ ၀ယ်ယူတင်ပို့မည့် ကိစ္စက ဝုန်းဒိုင်း ထလုပ်၍ရသည် မဟုတ်ပေ။ အိန္ဒိယသို့ အရောက်တင်ပို့ရန် တစ်ပတ် ဆယ်ရက်ခန့် ကြာပေဦးမည်။ မည်သို့ဆိုစေ ရွှေတုံး ၉သောင်းသာလျှင် လက်ရှိ အရေးပါသည့် ကိစ္စဖြစ်သည် မဟုတ်လော။
အပြောက စျေးပေါလွန်းသည်။ ဟိန္ဒိူဘုန်းကြီးနှစ်ပါးမှ ၀မ်ချောင်၏ စွမ်းဆောင်ရည်အား သံသယ၀င်နေပြီးသည် ဖြစ်သောကြောင့် သူ့အနေဖြင့် သူ၏စွမ်းအောင်ရည်အား သက်သေပြမည့် လုံလောက်သည့် သက်သေ အထောက်မထားမရှိလျှင် ထိုကိုယ်တော်နှစ်ပါး စား၀င်အိပ်ပျော်မည် မဟုတ်ပေ။
ထိုအရာအားလုံးက ၀မ်ချောင်၏ ကြိုတင် တွေးတောထားခြင်းမှ မထွက်သေးပေ။
ထို့ကြောင့် သူက မြင်းလှည်းတစ်စီးအား ခေါ်လိုက်ကာ ကိုယ်တော်နှစ်ပါးအား သလင်းပြာစံအိမ်သို့ ခေါ်ယူခဲ့လေတော့သည်။
“ ....... အ အတုံးပေါင်း ၂၄၀၀ ”
“ ရွှေ.. ရွှေတုံး ”
၀မ်ချောင် ဘေးမှနေ၍ စပ်ဖြီးဖြီးဖြင့်သာ ကြည့်နေလိုက်သည်။
လူအုပ်ကြားထဲ၌ ရပ်နေကြရင်း ဟိန္ဒူဘုန်းကြီး နှစ်ပါးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ အံ့သြနေကြသည်။ တစ်ခြားတစ်ဖက်၌ ၀မ်ချောင်မှာတော့ ရယ်လျက်သာနေသည်။ ယနေ့ သူတို့ စောစောရောက်သည့်အတွက် သူတို့ မြင်နေရသည့် စျေးနှုန်းမှာလည်း မနေ့က စျေးနှုန်းသာ ရှိသေးသည်။
နေ့လည်ရောက်သည်နှင့် သစ်သားဆိုင်းဘုတ်ပေါ်ရှိ စကားလုံးများ ပြောင်းလဲသွားမည်ဖြစ်ပြီး ရွှေတုံး ၄၈၀၀ ဖြစ်သွားမည်ဖြစ်သည်။ ထိုအခါ၌ ဖြစ်ပေါ်လာမည့် သူတို့၏ အံ့သြနေမည့် မျက်နှာအား ၀မ်ချောင် မခန့်မှန်းနိုင်တော့ပေ။
“ ရွှေတုံး ၂၄၀၀တောင်မှ.. အလယ်ပိုင်းလွင်ပြင်ရဲ့ ဓားတွေက ဒီလိုပဲ စျေးကြီးတာလား.. ”
သူတို့ နှစ်ပါးလုံးသည် အလယ်ပိုင်းလွင်ပြင်၏ စကားလုံးများနှင့် မရင်းနှီးသော်လည်း ‘ ၂၄၀၀ ’ကိုတော့ မှန်အောင် ဖတ်တတ်သေးသည်။ သူတို့ရှေ့ရှိ စာလုံးကြီးဖြင့် ရေးထားသည့် အက္ခရာများက သူတို့အား ထိတ်လန့်စေသည်။
သူတို့က အလယ်ပိုင်းလွင်ပြင်မှ လက်နက်စျေးကွက်မှာ ထိုမျှလောက် စျေးမြင့်လိမ့်မည်ဟု မထင်ထားပေ။
“ အဲ့ဒီလက်နက်ကို သင် သွန်းလုပ်ထားတာလား ”
“ ဟုတ်ပါတယ်.. ”
၀မ်ချောင် ခေါင်းငြိမ့်ပြလိုက်ပြီး ငြင်းဆိုသည့်အမူအရာ အလျဉ်းမရှိချေ။
“ သင်တို့က ကျုပ်အနေနဲ့ ရွှေတုံး ၉သောင်း စုမပေးနိုင်လောက်ဘူးလို့ စိတ်ပူနေတုန်းပဲလား ”
“ မဟုတ်ပါဘူး.... မဟုတ်ပါဘူး ”
နှစ်ပါးလုံး အလျင်အမြန် ခေါင်းယမ်းလိုက်ကြသည်။ ယခုလက်ရှိ၌ သူတို့ အလွန် စိတ်လှုပ်ရှားနေကြသည် ဖြစ်လေ၏။ အကယ်၍ ဓားတစ်ချောင်းလျှင် ရွှေတုံး ၂၄၀၀ ရမည်ဆိုပါက သူတို့ ရှေ့မှ သခင်လေးအနေဖြင့် ရွှေတုံး ၉သောင်း ရှာနိုင်ရန်မှာ ပြဿနာ တစ်ခု မဟုတ်တော့ပေ။
၀မ်ချောင်သာ တစ်လအတွင်း ရွှေတုံး ၉သောင်း ရှာဖွေနိုင်ပါက ထိုအရာသည် အိန္ဒိယအတွက် ကောင်းချီးမင်္ဂလာတစ်ခုပင် ဖြစ်ပေလိမ့်မည်။
၀မ်ချောင်မှနေ၍ ရွှေတုံး ၉သောင်း ရှာဖွေနိုင်မည်လားဟူသည်ကို သံသယ၀င်မိသည့် သူတို့ နှစ်ပါးလုံး ရှက်ရွံမိကြသည်။
ထိုမြင်ကွင်းအား ကြည့်နေရင်း ၀မ်ချောင် ရယ်လျက်သာနေသည်။
သစ်သားဆိုင်းဘုတ်ပေါ်၌ ရေးထားသည့် ရွှေတုံး ၂၄၀၀ နှင့် လက်နက်တစ်ခုအား ရွှေတုံး ၂၄၀၀ ဖြင့် ရောင်းချခြင်းက မတူညီသည့် အရာပင် မဟုတ်ပါလား။ ဟိန္ဒူဘုန်းကြီးနှစ်ပါးသည် အလယ်ပိုင်းလွင်ပြင်၌ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချရန် ပုခုံးပြောင်း တာ၀န်ယူထားရသော်လည်း ဤနေရာ၏ လက်နက်စျေးကွက် အခြေအနေများအား အလုံးစုံ လစ်လျူရှုထားလေသည်။
“ သူတို့က တစ်ခြားသူတွေနဲ့ ဆက်သွယ် စကားမပြောနိုင်ကြတာ ကံကောင်းမှုတစ်ခုပဲ.. တော်သေးတယ် အိန္ဒိယစကားပဲ ပြောတတ်ကြလို့.. မဟုတ်ရင် သူတို့ကို နားချဖို့က လွယ်ကူမှာ မဟုတ်ဘူး ”
၀မ်ချောင် သူ၏ ကံကောင်းမှုကိုသာ ပျော်ရွှင်လိုက်မိသည်။
“ ဆရာသခင်တို့ အပေါ်ထပ်ကိုတက်ပြီး လက်ဖက်ရည် သုံးဆောင်ပါဦး ”
ထိုသို့ ပြောလိုက်ပြီး ၀မ်ချောင်မှ ကိုယ်တော်နှစ်ပါးအား သလင်းပြာစံအိမ်၏ အပေါ်ထပ်သို့ ဦးဆောင် ခေါ်သွားလိုက်သည်။
......................
ဟိန္ဒူတွေက အသားနဲ့ငါး မစားကြပါဘူး.. အသက်ရှိတဲ့ အကောင်တိုင်းကို ဘာသာရေးအရ တားမြစ်ထားပါတယ်တဲ့..စာရေးသူပြောတာနော် ကျနော် မသိပါ.. စာစဉ်အရ ငတ်မွတ်ခေါင်းပါး ကပ်ဘေးကို ရင်ဆိုင်နေရတာကြောင့် အသားစားခွင့်ပြုထားတယ်လို့ ပြောပါတယ်.. မဟုတ်ရင်လည်း သစ်သား သစ်ခေါက်ကိုပဲ ရေလုံပြုတ်စားနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား..