အခန်း (၅၁-၅၅)
Vol. 2 Ch. 51-55
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 51.
ခဲရပ်စပါစီနူကုန်သည် မုတ်ဆိတ်
“ ၀မ်ချောင် ၀မ်ချောင်.... နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့.. မင်းသာ အချိန်မှီရောက်မလာရင် ငါ ပြဿနာတက်တော့မှာ.. ”
၀မ်ချောင် သလင်းပြာစံအိမ်အတွင်းသို့ ခြေချလိုက်သည်နှင့် ဝေဟောင် ချွေးတလုံးလုံးဖြင့် ပြေးထွက်လာခဲ့သည်။
“ ဘာဖြစ်နေလို့လဲ.. ”
၀မ်ချောင် ကြောင်အသွားသည်။ သူမှနေ၍ ဝေဟောင်အား အူကြောင်ကြောင့်ဖြင့် ကြည့်နေမိသည်။
ဝေဟောင်သည် ရိုးဖြောင့်သောသူ ဖြစ်သည့်အတွက် သူ့အနေဖြင့် စိုးရိမ်ရမည့်ကိစ္စ မရှိသလောက်ပင်။ ယခုလောက် ပြာယာခတ်နေခြင်းမျိုး ယခင်က မဖြစ်ဖူးခဲ့ပေ။
“ ပြဿနာကြီး ပြဿနာကြီးတက်တော့မယ်.. လူတစ်ယောက်က မင်းရဲ့ စီးပွားရေးကို တုတ်နဲ့ လာထိုးနေတယ်.. ”
ဝေဟောင် ကြောက်ကြောက်လန့်လန့်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်သည်။
“ စိတ်လျော့လိုက်ဦး.. စကားကို ဖြေးဖြေးပြော.. ကောင်းကင်ကြီးပြိုကျလာရင်တောင် ငါ့ပုခုံးနဲ့ ထမ်းထားပေးမယ်.. ငါ့စီးပွားရေးကို လာနှောက်ယှက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ အရင်ပြောပြ ”
၀မ်ချောင်ကိုယ်တိုင်က တည်ငြိမ်နေသလို သူ၏ အသံသည်လည်း တည်ငြိမ်လျက်ရှိသည်။
၀မ်ချောင်၏ အေးချမ်းတည်ငြိမ်သည့် ခံယူချက်ကြောင့် ဝေဟောင်သည်လည်း တည်ငြိမ်စပြုလာသည်။ ထို့နောက် ဖြစ်ခဲ့သမျှအား ၀မ်ချောင်ထံ ပြန်ပြောင်းပြောပြလိုက်သည်။ ထိုအဖြစ်အပျက်မှာ ပြီးခဲ့သည့်ရက် ညနေခင်း၌ ဝေဟောင် အိမ်ပြန်မည်ပြုစဉ်၌ ခဲရပ်စပါစီနူကုန်သည် မုတ်ဆိတ် ရုတ်တရက် ရောက်လာခြင်းမှ အစပြုလေသည်။
ထိုလူက မပီမသ သဲကွဲမှုမရှိသည့် တရုတ်စကားအား ပြောဆိုလေသည်။ အစဦး၌ ထိုသူသည် အလယ်ပိုင်းလွင်ပြင်မှ ဓားများသည် စိတ်ကူး၍ပင် မမှီနိုင်ကြောင်း ထိုဓားများက အနောက်တိုင်းမှ ဓားများကိုပင် ယှဉ်နိုင်ကြောင်း စသည်ဖြင့် အမျိုးစုံ ချီးကျူးပြောဆိုနေသည်။
ဝေဟောင်သည်လည်း သူ့စိတ်အစဉ်အား ကြည်နူးစေသည့် စကားများ ပြောဆိုသည့် သူတစ်ယောက်အား နောက်ဆုံးတော့ တွေ့ခဲ့လေပြီဟု ပျော်ရွှင်နေသေးသည်။ မည်သို့ဆိုစေ မျက်တောင်တစ်ခတ်အတွင်း၌ တစ်ဖက်လူမှ သူ၏ ဆေဘာဓားအား ထုတ်ယူလိုက်ကာ ၀မ်ချောင်နှင့် ယှဉ်ပြိုင်ခွင့်ပြုရန် တောင်းဆိုလေတော့သည်။
ထိုအခါမှာသာ ဤခွေးကောင်မှာ မိမိထမင်းအိုးအား တုတ်နှင့် ထိုးမည့်သူမှန်း သိရတော့သည်။
ဝေဟောင်၏ သဘောသဘာ၀အရ တစ်ဖက်လူအား ချက်ချင်းပင် ထွက်သွားရန် အမိန်ပေးလေတော့သည်။ ထိုအချိန်မှ တစ်ဖက်လူသည် သူ၏ စကားများအား နားမလည်ဟန်ပြုကာ ‘ ငါ တရုတ်စကား အရမ်းမပြောတတ်ဘူး. မင်းဘာပြောနေလဲ ငါမသိဘူး ’ဟူ၍ အဓိပ္ပာယ်ရသည့် စကားများကိုသာ တွင်တွင် ပြောနေတော့သည်။
အားလုံးပြီးနောက် သူက ခေါင်းမာမာဖြင့် သလင်းပြာစံအိမ်၌ ဆက်ထိုင်နေကာ စံအိမ်ရှိ ၀မ်ချောင် ချိတ်ဆွဲထားသည့် ဓားနှင့် မျက်နှာချင်းဆိုင်တွင် မှင်သေသေဖြင့် ဆက်နေနေသည်။ ဝေဟောင်သည် ထိုသူနှင့် အချိန်အတန်ကြာအောင် အချေအတင် ပြောခဲ့ကြသည်ဖြစ်ရာ ဘေးပတ်၀န်းကျင်ရှိ လူများပင်လျှင် သူတို့အား သတိထားမိသွားခဲ့သည်။ ပြောရမည်ဆိုလျှင် သလင်းပြာစံအိမ်၏ လည်ပတ်စီးဆင်းမှုကို သက်ရောက်မှု ရှိသွားခြင်း ဖြစ်ပေသည်။
ဝေဟောင် ထိုသူအား ဆွဲထုတ်ပစ်ချင်သော်လည်း ကြည့်ရသည်မှာ ထိုသူက လက်နက်ကုန်သည်ဖြစ်ပုံရသည်။ ထပ်မံပေါင်းထည့် ပြောဆိုရလျှင် သူ၌ ငွေ အမြောက်အမြား သယ်ဆောင်ထားမည် အမှန်ပင် ဖြစ်ပေသည်။ ထိုသူမှ စည်းကမ်း မချိုးဖောက်သရွေ့ ဝေဟောင်၌လည်း ကန်ထုတ်ပစ်ရန် အကြောင်းပြချက် ကောင်းကောင်း မရှိနေပေ။
“ ၀မ်ချောင်.. မင်းသာ ထပ်နောက်ကျနေရင် ငါ့တော့ ဒီဖိအားနဲ့ သေမှာပဲ.. အဲ့လူက သူ့ရဲ့လက်နက်ကို လူတိုင်း မြင်တွေ့နိုင်စေဖို့ သလင်းပြာစံအိမ်မှာ ချိတ်ဆွဲချင်တယ်လို့ပဲ တွင်တွင်ပြောနေတာ.. မင်းတောင် လုပ်နိုင်သေးရင် သူက ဘာလို့ မလုပ်နိုင်ရမှာလဲတဲ့.. ပြီးတော့ ဒီလို အခြေအတင်ပြောနေရင်းက အလယ်ပိုင်းလွင်ပြင်နဲ့ ခဲရပ်စပါစီနူရဲ့ နိုင်ငံရေးဆက်ဆံရေးကိုတောင်ဦးတည်လာသေးတယ်.. ငါသူ့ကို တကယ် ထိန်းမနိုင်ဘူး ”
ဝေဟောင် သူ့၀မ်းတွင်း၌ သိမ်းဆည်းထားခဲ့ရသည့် မကျေနပ်ချက်များအား အားကုန် သွန်ထုတ်လေတော့သည်။ သူက ၀မ်ချောင်၏ ဓားရောင်း၀ယ်ရေးမှာ အခြားလက်နက်များထက် ပိုကောင်းမွန်သည့်အတွက် ၀ယ်သူ၏ ငွေအား သိမ်းယူယုံပင် ဟုသာ ရိုးရိုးရှင်းရှင်း တွေးထားသည်။ ဤမျှလောက် ရှုပ်ထွေးပွေလီလိမ့်မည်ဟု ထင်မထားပေ။
“ ခဲရပ်စပါစီနူကကုန်သည် ဘယ်မှာလဲ ”
၀မ်ချောင် မေးလိုက်သည်။
“ သူ အထဲမှာပဲ.. မင်းရောက်တာနဲ့သူကို လာပြောမယ်လို့ပြောပြီး အချိန်ဆွဲထားတယ်.. ”
၀မ်ချောင် လူလုံးပြသည်က ဝေဟောင်အတွက် သေရာမှ ပြန်ရှင်လာရသလို ဖြစ်ကာ သူ၏စိတ်အစဥ်မှာလည်း တည်ငြိမ်သွားလေသည်။
“ သွားကြစို့.. ငါ့ကို သူ့ဆီခေါ်သွားပေး ”
၀မ်ချောင်က ဝေဟောင်နောက် မလိုက်သွားခင် အစေခံအချို့အား ဟိန္ဒူဘုန်းကြီးနှစ်ပါးအတွက် အခန်းပြင်ဆင်ပေးရန် ပြောလိုက်သည်။
................
သလင်းပြာစံအိမ်ရှိ အခန်းတစ်ခန်းထဲ၌ ဝေဟောင်ပြောသည့် ခဲရပ်စပါစီနူမှကုန်သည်နှင့် ၀မ်ချောင် နောက်ဆုံးတော့ တွေ့ဆုံကြပြီဖြစ်သည်။
“ ခင်ဗျားက မုတ်ဆိတ်ဟုတ်တယ်မလား ”
၀မ်ချောင် သူ့ရှေ့ရှိ မုတ်ဆိတ်ထူလပျစ်နှင့်လူအား စိုက်ကြည့်နေသည်။
“ မင်းက ဓားပိုင်ရှင်လား ”
မုတ်ဆိတ်က ၀မ်ချောင်အား အထိတ်တလန့် ကြည့်နေသည်။ ဓားပိုင်ရှင်မှာ ဆယ်ကျော်သက်သာ ဖြစ်နေမည်ဟု ထင်မှတ်မထားချေ။
မည်သို့ဆိုစေ ၀မ်ချောင်အား မြင်သည်နှင့် ခေါင်းညိမ့်လိုက်ကာ ၀မ်ချောင်၏ မေးခွန်းအား ဖြေကြားလိုက်သည်။ သူ၏ အတွေးများ ထင်မြင်ချက်များအားလုံးကို ပစ်ပယ်ထားလိုက်သည်။ သူ၏ ဓားအပေါ်ထားရှိသည့် စွဲလမ်းမှုက အရာအားလုံးကို ဥပေက္ခာပြုနိုင်ခဲ့လေသည်။ အသက်အရွယ်သာမက မည်သို့ပင်ဖြစ်စေ သူ ခေါင်းထဲ ထည့်မည် မဟုတ်ပေ။
“ ကောင်းတယ်.. ငါမင်းရဲ့ဓားကို တော်တော် သဘောကျတယ်.. မင်းက တကယ်ကိုတော်တဲ့ ပန်းပဲပညာရှင်ပဲ ဖြစ်ရမယ်.. ဒါက ငါတို့ ခဲရပ်စပါစီနူရဲ့ ထိပ်တန်း ဆေဘာဓားဖြစ်သလို ငါကိုယ်တိုင်က အလွန်အမင်း တန်ဖိုးထားရတဲ့ ဓားလည်း ဖြစ်တယ်.. ငါမင်းနဲ့ အတိအလင်း ယှဉ်ပြိုင်ချင်တယ်.. ”
မုတ်ဆိတ် ထင်းရှူးသားကုလားထိုင်ပေါ်မှ စိတ်ဆန္ဒ ပြင်းပြနေဟန်ဖြင့် မတ်တပ်ရပ်လိုက်သည်။
“ ငါမင်းကိုပြောပြီးပြီလေ.. ဒါကို ခွင့်မပြုနိုင်ဘူး ”
ဝေဟောင် စိတ်လွတ်သွားသည်။ အဘယ်ကြောင့် ထိုသူက သူပြောခဲ့သမျှအား နားဝင်ခြင်း အလျဉ်းမရှိသနည်း။ အကယ်၍ အိမ်တော်၀န်သံရုံးမှ နိုင်ငံခြားသားဧည့်သည်များနှင့် ကုန်သည်များအား လေးလေးစားစား ဆက်ဆံရန် အမိန့်ပေးထားခြင်း မရှိပါက ဝေဟောင် ထိုသူအား သေလောက်အောင် ရိုက်နှက်ပြီးသည်မှာ ကြာလှချေပြီ။
“ သေချာတာပေါ့.. ရတာပေါ့ ”
၀မ်ချောင် ပြန်ပြောလိုက်သည်။
သူ၏ ရိုးရှင်းသောစကားက မြောက်မြားလှစွာသော မှော်စွမ်းအားများ ပါ၀င်ဟန်ရသည်။ အခန်းတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။
ဝေဟောင်မှာ ၀မ်ချောင်အား ပြဲအာနေသည့် ပါးစပ်၊ မယုံနိုင်သည့် မျက်လုံးဖြင့် ကြည့်လျက်နေသည်။
သူ အချိန်ဆွဲ၍ ၀မ်ချောင်ရောက်လာရန် စောင့်နေခြင်းမှာ ၀မ်ချောင် ရောက်လာသည်နှင့် ထိုသူအား ငြင်းဆန်နိုင်အောင် ဖြစ်လေသည်။ သို့မဟုတ်ပါက မနေ့ကတည်းကပင် ထိုသူ၏ တောင်းဆိုမှုအား သူလက်ခံပြီး ဖြစ်ချေမည်။
မည်သို့ဆိုစေ တစ်ဖက်လူအား အားကုန်ထုတ်၍ သူငြင်းဆန်ထားသမျှ တစ်ဖက်လူ၏ တောင်းဆိုချက်အား ဝမ်ချောင်မှ တုံးဆိုင်းခြင်းအလျဉ်းမရှိ ချက်ချင်း လက်ငင်း လက်ခံလိုက်ချေပြီ။
မုတ်ဆိတ်သည်လည်း အံ့သြနေမိသည်။
သူက အခြားလက်နက်အရောင်းဆိုင်များသို့ ရောက်သည်နှင့် တစ်ဖက်လူမှာ သူ့အား အလွန်ပျူငှာစွာ ကြိုဆိုကြလေသည်။ သို့ဆိုစေ သူ့ဖက်မှနေ၍ ထိုသို့သော တောင်းဆိုမှုအား ပြုလိုက်သည်နှင့် သူတို့အားလုံးက သူနှင့် အချေအတင်ပြောဆိုကြကာ သူတို့ ဆိုင်မှ မောင်းထုတ်ကြသည်ချည်းဖြစ်သည်။
ယခုမတိုင်ခင်၌လည်း ဤသခင်လေး(ဝေဟောင်)သည် နည်းလမ်းမျိုးစုံ အသုံးပြုလျက် သူ့၏ တောင်းဆိုမှုအား ငြင်းဆိုခဲ့လေသည်။ မုတ်ဆိတ်သည်လည်း ပန်းပဲပညာရှင်နှင့်တွေ့လျှင် ပြိုင်ဆိုင်ခွင့်ရရန်အတွက် အချိန်အတော်ကြာအောင် နားချရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ကွဲပြားစွာပင် တစ်ဖက်လူမှ သူ၏ တောင်းဆိုမှုအား မတုံးမဆိုင်း လက်ခံလိုက်သည်။
ထိုအရာက မုတ်ဆိတ်အား ကြောင်အသွားစေလေသည်။
“ ၀မ်ချောင်... မင်းရူးနေတာလား ”
နောက်ဆုံး၌ ဝေဟောင်သူ၏ ငေးကြောင်နေခြင်းမှ သတိ၀င်လာခဲ့ကာ မုတ်ဆိတ်၏ တည်ရှိမှုကိုပင် အမှုမထားနိုင်တော့ပဲ ၀မ်ချောင်၏ လက်မောင်းအား ဆွဲကာ အတွင်းခန်းသို့ ခေါ်သွားလိုက်သည်။
“ ဒီလူက ငါတို့ စီးပွားရေးကို သက်သက် လာနှောင့်ယှက်နေတယ်ဆိုတာ အသိသာကြီးကို.. ဒီလူက ကောင်းသော လာခြင်းမဟုတ်တာ မင်းသိနေရက်နဲ့ ဘာလို့ သူ့တောင်းဆိုမှုကို လက်ခံလိုက်ရတာလဲ ”
ဝေဟောင် ထိတ်ထိတ်ပြာပြာဖြင့် အသံထိန်းကာ ပြောလိုက်သည်။
“ စိတ်လျော့ထားစမ်းပါ ”
၀မ်ချောင် လက်ဝှေ့ယမ်းကာ ပြုံးပြလိုက်ပြီး ဝေဟောင်အား စိတ်ငြိမ်ငြိမ်ထားရန် လက်ဟန်ပြလိုက်သည်။
အမှန်တိုင်း ဆိုရလျှင် ၀မ်ချောင်သည် အစ၌ နန်းတွင်းစစ်တပ်အား ဦးတည်လှုပ်ရှားရန် ကြံရွယ်ထားသည်ဖြစ်ပြီး အနောက်တိုင်းမှလာသည့် ကုန်သည်မှာ သူ၏ အတွေးထဲ၌ မပါ၀င်ပေ။
မည်သို့ဆိုစေ မုတ်ဆိတ် ထွက်ပေါ်လာခြင်းမှာ ၀မ်ချောင်အတွက် အခွင့်ကောင်းတစ်ခုပင်ဖြစ်လေသည်။ ထိုသူအား သူက ကောင်းကောင်း ကိုင်တွယ်နိုင်သရွေ့ အရှုံးမရှိယုံမက အမြတ်ပင် ပေါ်လိမ့်ဦးမည်။
“ ဒီမုတ်ဆိတ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုမှ မရှိဘူး... မင်းထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ.. သူက ငါတို့စီးပွားရေးကို နှောင့်ယှက်မဲ့သူ မဟုတ်ဘူး ”
၀မ်ချောင် ပြုံးပြုံးလေးဖြင့်သာ ရှင်းပြလိုက်သည်။
ဝေဟောင်သည် မုတ်ဆိတ်အကြောင်း သိမည်မဟုတ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ မှတ်ဉာဏ်များ ရှိသည့် ၀မ်ချောင် အတွက်မူ မုတ်ဆိတ်ထံ၌ မည်သည့် မကောင်းသည့် ရည်ရွယ်ချက်မှ မရှိကြောင်း ကောင်းစွာ သိလေသည်။
ထိုအရာက ခဲရပ်စပါစီနူ၊ အာဘတ်စစ်စော်ဘွားနယ်နှင့် အလယ်ပိုင်းလွင်ပြင်တို့အကြား တစ်ဦးနှင့်တစ်ဦး စမ်းသပ်သည့် မတူညီသည့် ဓလေ့များကြောင့် ဖြစ်လေသည်။
ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်များ၌ လူများစုသည် ဓားမ၀ယ်ယူခင်၌ သူတို့၏ ကိုယ်ပိုင်ဓားဖြင့် တစ်ဖက်ဓားအား စမ်းသပ်သည့် အလေ့အထ ရှိပေသည်။
အကယ်၍ တစ်ဖက်လူ၏ ဓားအရည်အသွေးမှာ မြင့်မားသည်ဆိုလျှင် သူ၏ ကိုယ်ပိုင်ဓားအား ဖြတ်တောက်နိုင်ပေလိမ့်မည်ဖြစ်ကာ ထိုဓားကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ၀ယ်ယူပေလိမ့်မည်။ သို့သော် ဆန့်ကျင့်ဘက် ရလဒ် ထွက်ပေါ်လာလျှင်တော့ လျစ်လျူရှုကာ ၀ယ်ယူတော့မည် မဟုတ်ပေ။
ထိုအရာက ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်တို့ ကျင့်သုံးသည့် ဓလေ့ထုံးတမ်းပင်ဖြစ်ပြီး ထိုသို့သော ဓလေ့အား တစ်နိုင်ငံလုံးရှိ လက်နက်အရောင်းဆိုင်များအားလုံးကလည်း လက်ခံထားကြလေသည်။
ထိုသို့သော နည်းလမ်းဖြင့် အရည်အသွေးနိမ့်သည့် ဓားများက အလိုအလျောက် နည်းပါးသွားပေမည်။ ထိုသို့အားဖြင့် ကျန်ရှိခဲ့သည့် ဓားအများစုမှာလည်း အရည်အသွေးမြင့် ဓားများသာ ဖြစ်ပြီး ဓားတစ်လက်နှင့် တစ်လက် ကွာခြားမှုလည်း ကြီးမားတော့မည် မဟုတ်ပေ။
ထို့ကြောင့် ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်တို့မှ လက်နက်သွန်းလုပ်ခြင်းနည်းပညာမှာလည်း တိုးတက်သည်ထက် တိုးတက်လာသည်ဖြစ်ပြီး အနောက်တိုင်းမှ ထုတ်လုပ်သည့် လက်နက်တိုင်း၏ အရည်အသွေးမှာလည်း ကောင်းသည်ထက်ကောင်းလာကာ လက်နက်စျေးကွက်အား ချုပ်ကိုင်နိုင်ခဲ့ကြလေတော့သည်။
ထိုသို့သော ဓလေ့ကြောင့် ထိပ်တန်းအရည်အသွေးရှိသည့် ဓားများမှာလည်း ထိုက်သင့်သည့်တန်ကြေးထက် ပိုမို၍ ရရှိကြလေသည်။ ထိုဓလေ့ကြောင့် ပန်းပဲပညာရှင် ဆရာသခင်များသည် လူအများအကြား၌ မြင့်တက်လာပြီး အနောက်တိုင်း၌ လေးစားခံ အဆင့်အတန်းတစ်ခု ဖြစ်လာခဲ့သည်။
အချိန်များ ပြောင်းလဲလာသည့်နှင့်အတူ အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူမှ လက်နက်သွန်းလုပ်ခြင်း နည်းလမ်းများက တိုးတက်လာပြီး အလယ်ပိုင်းလွင်ပြင်ထက်ပို၍ တိုးတက်သွားခဲ့သည်။
ပြီးနောက် နှစ်နိုင်ငံလုံးရှိ လူတိုင်းသည်လည်း ထိုဓလေ့ထုံးတမ်းမှ အကျိုးအမြတ်များ ရရှိကြလေသည်။
၀မ်ချောင်၏ မှတ်ဉာဏ်မှတစ်ဆင့် လာမည့် နှစ်အနည်းငယ်အတွင်း၌ ထိုနှစ်နိုင်ငံမှ ကုန်သည်များသည် အလယ်ပိုင်းလွင်ပြင်သို့ စတင်စွန့်စားသွားလာကြပြီး ထိုဓလေ့အား သူတို့နှင့်အတူ ဆောင်ယူခဲ့ကြမည် ဖြစ်သည်။
အရှေ့နှင့်အနောက်မှ လက်နက်များ အတူတကွ အားပြိုင်ကြမည်။ သန့်စင်ခြင်းနည်းစနစ်နှင့် အလှဆင်ခြင်းနည်းစနစ်များ အားပြိုင်ကြမည်။ ဓလေ့ထုံးတမ်းနှင့် အမူအကျင့်များ အားပြိုင် ကြပေလိမ့်မည်။
၀မ်ချောင်၏ အသိဉာဏ်အရ အလယ်ပိုင်းလွင်ပြင်မှ လက်နက်ကုန်သည်များက ထိုဓလေ့အား လက်ခံပြီးသည့်နောက် အလယ်ပိုင်းလွင်ပြင်၏ လက်နက် စျေးနှုန်းသည်လည်း ခုန်ပျံ တိုးတက်ခဲ့သည် ဖြစ်သည်။
ယှဉ်ပြိုင်ခြင်းသည်သာ တိုးတက်ခြင်း၏ လမ်းစဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်မှ စတင်လက်ခံ၍ ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် အလယ်ပိုင်းလွင်ပြင်၏ လက်နက်သွန်းလုပ်ခြင်းနယ်ပယ်သည် ခုန်ပျံကျော်လွှား တိုးတက်လာကာ လက်နက်သွန်းလုပ်ခြင်း ခေတ်သစ် တစ်ခုအား ဖွင့်လှစ်နိုင်ခဲ့ကြသည်။
ပန်းပဲပညာရှင်များက သူတို့၏ လက်နက်များအပေါ် အချိန်ပိုမိုပေးဆပ် အားထုတ်ကြပြီးနောက် သူတို့ကိုယ်တိုင် ထင်မှတ်မထားသည့် အရည်အသွေးမြင့် လက်နက်များအား သွန်းလုပ်နိုင်ခဲ့ကြလေသည်။ အလယ်ပိုင်းလွင်ပြင်၏ လက်နက်အရည်အသွေးများ တိုးတက်လာသည်နှင့်အတူ တစ်ခုနှင့်တစ်ခုလည်း အရည်အသွေး မတိမ်းမယိမ်း ဖြစ်လာခဲ့သည်။
ထိပ်တန်းအရည်အသွေးရှိသည့် လက်နက်များအား ထုတ်လုပ်နိုင်သည့် ပန်းပဲဖိုသည် စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပြီး ထိုအရာက သူတို့၏ အားထုတ်မှုအတွက် ဆုလာဘ်တစ်မျိုးပင်ဖြစ်ကာ ဆက်လက်၍ ထိပ်တန်းလက်နက်များ သွန်းလုပ်ရန် တွန်းအားလည်း ဖြစ်စေခဲ့သည်။
ထိုအရာက ကောင်းမွန်သည့် လည်ပတ်မှု စက်၀န်းတစ်ခုဖြစ်ပြီး ထိုအထဲ၌ ပါ၀င်အားလုံးသည်လည်း အကျိုးအမြတ်များ ရရှိကြလေသည်။
အလယ်ပိုင်းလွင်ပြင်၏ အနာဂတ်အား သိရှိထားသည့် ၀မ်ချောင်အနေဖြင့် ခဲရပ်စပါစီနူ ကျင့်သုံးသည့် ဓလေ့အား ပစ်ပယ်ရန် ခံနိုင်ရည် မရှိပေ။ သူ့အနေဖြင့် ထိုကိစ္စအား အပြည့်အ၀ အကောင်ထည်ဖော်ရန်ပင် ကြိုးစားလိုပြီး ထိုအရာသာ အောင်မြင်ပါက သူ၏ အကြံအစည်အား မြင့်မားစွာ အထောက်အပူပြုနိုင်မည့် အရာလည်း ဖြစ်နေသောကြောင့်ပင်။
“ အဲ့ဒီလိုဆိုရင်တောင်မှ မင်းသူ့ရဲ့တောင်းဆိုချက်ကို လက်မခံလိုက်သင့်ဘူး ”
ခဲရပ်စပါစီနူ၏ ဓလေ့ထုံးတမ်းအား ရှင်းပြပြီးလျှင်တောင်မှ ဝေဟောင်၏ အမူအရာမှာ မတည်ငြိမ်သေးပေ။ စိုးရိမ်ခြင်းများက သူ့မျက်နှာတစ်ခွင်လုံး၌ နေရာယူထားဆဲပင် ဖြစ်၏။
“ ခဲရပ်စပါစီနူနဲ့ အာဘတ်စစ်စော်ဘွားနယ်က ဓားတွေ ဘယ်လောက်ထက်တယ်ဆိုတာ မင်းမသိတာလဲ မဟုတ်ဘူး..အဲ့ဒီ ဓားတွေက လေထဲက ဆံပင်ကိုတောင် အသာလေး ဖြတ်ပစ်နိုင်လောက်အောင် ထက်တယ်.. အနောက်တိုင်းကုန်သည်တစ်ယောက်က ငါ့အဖေကို ဆေဘာတစ်လက် လက်ဆောင်ပေးခဲ့ဖူးတယ်.. အဲ့ဒီဆေဘာဓားက ငါ့အဖေ နှစ်ပေါင်းများစွာ အမြတ်တနိုးထားထားတဲ့ ဓားကို အလွယ်တကူ ခုတ်ဖြတ်နိုင်တယ်ကွ.. ငါအဲ့တာကို ကိုယ်တိုင် တွေ့ခဲ့တာ အာပလာမဟုတ်ဘူး.. ဒီလူတွေရဲ့ဓားက ဘယ်လောက်တောင် အံ့မခမ်းတယ်ဆိုတာ ငါသိလို့ပဲ သူတို့ရဲ့ တောင်းဆိုချက်ကို လုံးဝ သဘောမတူခဲ့တာ ”
ဝေဟောင် အလွန်အမင်း စိုးရိမ်နေဆဲပင် ဖြစ်၏။ အလယ်ပိုင်းလွင့်ပြင်၌ အနောက်တိုင်း၏ ဓားများက နာမည် မကြီးသေးပေ။ မည်သို့ဆိုစေ သူ၏ ဖခင် အမတ်မင်းဝေကြောင့် ဝေဟောင်မှာ ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်မှ ဓားများ မည်မျှ ထက်ကြောင်း သိထားလေသည်။
“ မင်းက ငါသူ့ကို ရှုံးမှာ ကြောက်နေတာလား ”
၀မ်ချောင် ရယ်လျက်နေသည်။
“ ဒါက............ ”
ဝေဟောင် ပြောစရာ မရှိနေပေ။
“ စိတ်အေးလက်အေးသာနေ.. ငါသွန်းလုပ်ထားတဲ့ဓား ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ငါပဲသိတယ်.. ငါသူ့ကို ရှုံးမှာ မဟုတ်ဘူး ”
၀မ်ချောင် ပြုံးနေလေသည်။
အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူမှ ဓားများ မည်မျှ ထက်မြက်ကြောင်း ၀မ်ချောင် ကောင်းစွာ နားလည်သည်။ သူ၏ယခင်ဘ၀၌ ထိုသို့သော ဓား မြောက်မြားစွာအား မြင်ခဲ့ဖူးသည် မဟုတ်လား။ မည်သို့ဆိုစေ သူ၏ ကိုယ်ပိုင်လက်နက်အပေါ်၌ ၀မ်ချောင်၏ ယုံကြည့်ချက်မှာလည်း တစ်ပြားမှ မလျော့ပေ။
ယခုခေတ်ကာလ၌ ဝုစ်သံမဏိဖြင့် သွန်းလုပ်ထားသည့် လက်နက်ထက် ပို၍ စွမ်းအားကြီးသည့် လက်နက် ထွက်ပေါ်ရန် မဖြစ်နိုင်သေးပေ။
.....................
ဝေဟောင်အား နားချပြီးသည်နှင့် ၀မ်ချောင် မုတ်ဆိတ်ရှိရာ အခန်းသို့ ပြန်လည် ရောက်လာခဲ့သည်။
" ပန်းပဲပညာရှင် သင် သဘောတူတယ်မဟုတ်လား ”
၀မ်ချောင် ၀င်လာသည့်နှင့် မုတ်ဆိတ်၏ မျက်လုံးများ မြှောက်တက်သွားပြီး ဆက်ပြောလိုက်ရာ..
“ စိတ်မပူပါနဲ့.. အလယ်ပိုင်းလွင်ပြင်နဲ့ ခဲရပ်စပါစီနူတို့ရဲ့ နည်းလမ်းတွေ မတူညီတာကို ငါနားလည်ပါတယ်.. တကယ်လို့ စမ်းသပ်နေစဉ်အတွင်း မင်းရဲ့ဓား ပျက်စီးသွားရင် ငါပေးလျော်ပါ့မယ်.. တစ်ခြားအနေနဲ့ မင်းရဲ့ဓားက ငါ့ ဆေဘာဓားကို ဖျက်ဆီးနိုင်ရင် ပိုတောင်ကောင်းဦးမယ်..--- ဒီလိုသာဖြစ်ခဲ့ရင် ငါက မင်းရဲ့ ဓားကို ပေါက်စျေးထက် ပိုများတဲ့ စျေးနဲ့ကို ၀ယ်ယူပါ့မယ်.. ”
“ အလျော်ပေးစရာမလိုပါဘူး.. ငါ့လက်နက်ကို ၀ယ်မယ်ဆိုရင်တော့........အင်း.. ငါတို့ နောက်မှ ပြောကြတာပေါ့.. ”
၀မ်ချောင် ရယ်လိုက်ပြန်သည်။ ရွှေတုံး ၂၄၀၀ မှာ တတိယရက်၏ စျေးနှုန်းသာ ဖြစ်လေသည်။ ဆိုင်းဘုတ်ပေါ်မှ စျေးနှုန်းအား ယနေ့ မပြောင်းလဲရသေးပေ။ အကယ်၍ ၀မ်ချောင်၏ ဓားအား ထိုစျေးနှုန်းဖြင့် ၀ယ်ယူနိုင်လိမ့်မည်ဟု ခဲရပ်စပါစီနူကုန်သည်မှ ထင်နေလျှင် အတော်ကို အထင်အမြင်လွဲမှားနေလေပြီ။
၀မ်ချောင်မှာ အစစ်အမှန်ဝုစ်သံမဏိဓားအား ထိုမျှလောက် စျေးပေါပေါဖြင့် ရောင်းချရန် ရည်ရွယ်ချက် မရှိပေ။
သူ့အနေဖြင့် အရှုံးသာ များပေလိမ့်မည်။
“ မင်းရဲ့ ဆေဘာကို ကျုပ်ကြည့်ခွင့် ရှိမလား ”
ဝေဟောင်၏ စကားအား ကြားပြီးနောက် ၀မ်ချောင်သည်လည်း မုတ်ဆိတ်လက်ထဲမှ ခဲရပ်စပါစီနူ၏ ထိပ်တန်းဆေဘာဓားအား ရုတ်ချည်း စိတ်၀င်စားလာခဲ့သည်။
...........
အိမ်တော်၀န်သံရုံး.. ဒီအိမ်တော်၀န်ဆိုတဲ့သူက တစ်ခြားနိုင်ငံက မြို့တော်ကို လာတဲ့ ဧည်သည်တွေ ကုန်သည်တွေကို သံတမန်ရေးရာအရ တာ၀န်ယူရတဲ့သူပါ။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 52.
ဓားစီချင်းပွဲ၌ လောင်းကြေးတင်ခြင်း
“ ဒါပေါ့... မင်းကြည့်နိုင်ပါတယ် ”
မုတ်ဆိတ်က ၀မ်ချောင်၏ တောင်းဆိုချက်အား စိတ်မရှိပေ။
ရွှမ်း.... သူ၏ ဆေဘာအား ညာဘက်လက်ဖြင့် ဆွဲထုတ်လိုက်သည်။ ဆေဘာဓားထွက်ပေါ်လာသည်နှင့် အေးစက်စက် အလင်းရောင်များက အခန်းတစ်ခုလုံး ပြည့်နှက်သွားသည်။ ထိုအလင်းရောင်နှင့်အတူ အခန်းတွင်းရှိ အပူချိန်ပင် ကျဆင်းလာလေတော့သည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ဝေဟောင်၏ မျက်နှာမှာမူ မဲမှောင်နေလျက်ရှိသည်။
ထို ဆေဘာမှာ သူ၏ဖခင်ဖြစ်သူ အမတ်မင်းဝေထံမှ သူမြင်ခဲ့သည့်တစ်ခုထက် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းနေသေးသည်။
ခဲရပ်စပါစီနူကုန်သည် မုတ်ဆိတ်က လိမ်ပြောနေခြင်းမဟုတ်ပေ။ သူ၏ လက်ထဲရှိ ဆေဘာဓားမှာ ထိပ်တန်းအရည်အသွေးရှိပေသည်။ ထိုဆေဘာမှ ထုတ်လွှတ်နေသည့် အေးစက်စက် အငွေ့အသက် တစ်ခုတည်းကိုပင် အခြားဓားများက ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အလယ်ပိုင်းလွင်ပြင်မှ ဓား အတော်များများက ထိုဓားနှင့် တုယှဉ်နိုင်မည် မဟုတ်။
“ ဒီဟာ.......... ”
“ ကောင်းလိုက်တဲ့ ဆေဘာ.. ”
၀မ်ချောင် လုပ်ထုံးလုပ်နည်းကိုတော့ မပယ်ပေ။ မုတ်ဆိတ်၏ ဆေဘာအား သူလှမ်းယူလိုက်ကာ သုံးသပ်ကြည့်လိုက်သည်။ ပြန်လည်မွေးဖွားလာပြီးနောက် ခဲရပ်စပါစီနူမှ ထိပ်တန်းအရည်အသွေးရှိသည့် ဆေဘာအား ပထမအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။
အလယ်ပိုင်းလွင်ပြင်သည် ဓားရှည်အား အသုံးများပြီး အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူတို့မှာမူ ဆေဘာ အသုံးများသည်။ ထို့ထက်ပို၍ ၎င်းတို့၏ ဆေဘာ တည်ဆောက်ပုံမှာလည်း အလယ်ပိုင်းလွင်ပြင်နှင့် ခြားနားလှလေ၏။ ဦးစွာ ၎င်းတို့၏ ဆေဘာများက ရှည်လျားခြင်းမရှိ တစ်ချီခန့်သာရှိသည်။ ဆေဘာပုံစံမှာလည်း လခြမ်းကွေးပုံစံနှင့် ဆင်တူသည်။
ထိုနေရာများ၌ လအား ၀တ်ပြုဆုတောင်းသည့် ယဉ်ကျေးမှုရှိ၍ကြောင့်လား ၀မ်ချောင် အတပ်မသိပေ။
မုတ်ဆိတ်၏ ဆေဘာ အသွားမှာ အလွန်ထက်လွန်းလှသည်။ ထိုဆေဘာအား အပင်ပန်းခံ အားသွန်ခွန်စိုက် သွန်းလုပ်ထားကြောင်း မြင်နိုင်သည်။ ဆိုကြသည့် အတိုင်းပင် ‘ ဆောင်းဦး၀င်တော့မှာကို သစ်ရွက်ကြွေတာကို ကြည့်ပြီး သိနိုင်တယ် ’။ ဤဆေဘာမှနေ၍ အနောက်တိုင်း၏ လက်နက်သွန်းလုပ်ခြင်းနည်းပညာမှာ အလွန် အဆင့်မြင့်နေပြီကို သိနိင်သည်။ တစ်ချို့နေရာများ၌ အလယ်ပိုင်းလွင်ပြင်ထက်ပင် သာလွန်နေသေးသည်။
ရွှမ်း... ၀မ်ချောင်၏ လက်ကောက်၀တ် တစ်ချက် အလှည့်၌ အေးစက်စက်အလင်းရောင်တစ်ခုက လေထုအား ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် မာကျော ခိုင်ခံ့လှပါသည်ဆိုသော စန္ဒကူးသားစားပွဲခုံစောင်းအား အသံပင်မထွက်ပဲ ပိုင်းဖြတ်သွားခဲ့သည်။
ဂလုံး.. စားပွဲခုံ၏ အစွန်း မြေပေါ်သို့ ကျသွားလေ၏။
“ ကောင်းလိုက်တဲ့ ဆေဘာ.. ”
၀မ်ချောင် ချီးကျူးစကားဆိုလိုက်သည်။ တစ်ဖက်၌ ၀မ်ချောင်၏ ဘေး၌ရပ်နေသည့် ဝေဟောင်မှာတော့ မျက်စိမျက်နှာ ပျက်လျက်ရှိသည်။
ဆေဘာအား ပြန်မပေးခင် လက်ထဲ၌ အချိန်အတန်ကြာအောင် ဝှေ့ယမ်း ကြည့်လျက်နေသည်။
“ အရှင်မုတ်ဆိတ်.. စည်းမျဉ်းနည်းနည်း ပြောင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ.. အခုက ဓားရှည်နဲ့ ဆေဘာအကြားက အားပြိုင်မှုဖြစ်တဲ့အတွက် ဒီစီးချင်းပွဲအတွက် စည်းမျဉ်းတော့ ရှိသင့်တယ်လေ.. တကယ်လို့ ခင်ဗျားသာ အနိုင်ရမယ်ဆိုရင် ကျုပ်ဓားရဲ့ ကျသင့်ငွေအတိုင်း ခင်ဗျားကိုပေးမယ်.. ပြီးတော့ ခင်ဗျားရှုံးခဲ့ရင်တော့ ဓားရဲ့ စျေးနှုန်းအတိုင်း ပေးစရာမလိုပါဘူး.. ရွှေတုံး ၁၂၀၀ ပဲပေးပါ.. ဘယ်လိုလဲ.. ”
“ ဝေဟောင် ငါ့ကို လာစိန်ခေါ်တဲ့သူတိုင်းကို တွေ့ဖို့ ငါမအားဘူး.. ဒီတော့ ဒီ စည်းမျဉ်းကို ထုတ်ပြန်လိုက်ပါ.. ”
“ ၀မ်ချောင်............. ”
ဝေဟောင် ထိတ်လန့်သွားလေသည်။ အကြည့်တစ်ချက်နှင့်ပင် မုတ်ဆိတ်၏ ဆေဘာမှာ သာမာန်မဟုတ်ကြောင်း သိနိုင်၏။ သူ့အနေဖြင့် ၀မ်ချောင်အား ထိုစိန်ခေါ်မှုကို လက်မခံရန် သတိပေးနေသည့် ကြားကပင် ၀မ်ချောင်မှ ထိုအခြေအနေအား အဆောတလျင် အကြံပေးလိုက်သေးသည်။
“ ဟားဟား.. ကောင်းတယ်.. ”
မုတ်ဆိတ် ပျော်ရွှင်သွားသည်။ ၀မ်ချောင်၏ အကြံပေးချက်က မည်သို့ဖြစ်စေ သူနှင့် ပြိုင်ဆိုင်ရန် သဘောတူလျှင် ရွှေတုံး ၁၂၀၀မှာ ဘာမှမဟုတ်တော့ပေ။ ခဲရပ်စပါစီနူမှ ကုန်သည်အများစုမှာ အရည်အချင်းရှိကြပြီး အလွန်ချမ်းသာ ကြွယ်ဝလေသည်။ သူ၏ ရည်ရွယ်ချက်အား ဤနေရာ၌ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ထို ‘ မုန့်ဖိုးပဲဖိုး ’အား မုတ်ဆိတ် စိတ်ထဲပင် မရှိချေ။
ပြီးလျှင် ၀မ်ချောင်၏ စည်းကမ်းအရ သူ့ဖက်၌ အလေးသာပေသည်။ သူရှုံးနိမ့်ခဲ့လျှင် တစ်ဖက်လူအား သူ့ဓား ပေးစရာမလိုပေ။ အကယ်၍ သူနိုင်ခဲ့လျှင်---- မုတ်ဆိတ်မှာ သူ၏ ဆေဘာအား ယှဉ်နိုင်သည့်သူကို မတွေ့ခဲ့ဖူးသည်မှာ ကြာမြင့်လှချေပြီ။
ဆိုရလျှင် မုတ်ဆိတ်မှနေ၍ ၀မ်ချောင် အနိုင်ရရန် မျှော်လင့်လျက်ရှိသည်။ ဤနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သည့် ဓားရှည်အား ၀ယ်ယူနိုင်မည် မဟုတ်ပါလား။
“ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတစ်ခုရှိသေးတယ်.. ကျုပ်အနေနဲ့ အခု ခင်ဗျားနဲ့ မယှဉ်ပြိုင်သေးဘူး.. နောက် ခုနစ်ရက်တိတိ ကြာမှပဲ ပြိုင်ကြမယ်.. ”
၀မ်ချောင် ပြောလိုက်သည်။
“ ဒါက ပြဿနာမဟုတ်ပါဘူး.. စိတ်မပူပါနဲ့.. ”
မုတ်ဆိတ် ရယ်လျက်နေကာ ထိုအရာအပေါ် စိုးရိမ်စိတ် စိုးစဉ်းမျှ မရှိချေ။ ၀မ်ချောင်မှ သူ၏ တောင်းဆိုချက်အား လက်ခံမည်ဆိုပါက ခုနစ်ရက် စောင့်ရမည်ကို စိတ်ရှိမည် မဟုတ်ပေ။
“ ကောင်းပြီ.. ကျုပ်စိတ်၀င်စားတာ တစ်ခုရှိသေးတယ်.. ကျုပ်၀င်လာတုန်းက မင်းရဲ့ တံခါး၀မှာ သတ္ထုတိုင် အကြီးကြီးတစ်ခု တွေ့ခဲ့တယ်.. ဘာအတွက်လဲဆိုတာ ကျုပ်သိခွင့်ရှိမလား.. ကျုပ်တို့ ခဲရပ်စပ်စီနူမှာ အဲ့လိုမျိုး ထုံးတမ်းမရှိဘူးလေ.. ”
“ ဟားဟား... ခုနစ်ရက်ပြည့်တဲ့နေ့ကျရင် သိရပါလိမ့်မယ်.. ”
၀မ်ချောင် ရယ်မောကာဖြင့် လှည့်ထွက်သွားလိုက်သည်။
“ ကောင်းပြီလေ.. မင်းစိတ်မရှိဘူးဆိုရင်.. ကျုပ်ရဲ့ ခဲရပ်စပါစီနူဆေဘာကို စံအိမ်မှာ ချိတ်ထားတဲ့ မင်းရဲ့ဓားဘေးမှာ ချိတ်ထားချင်တယ်.. အဆင်ပြေတယ်မလား ”
၀မ်ချောင် အဝေးသို့ မရောက်ခင်၌ မုတ်ဆိတ်၏ စကားသံ ထွက်ပေါ်လာသည်။ မရိုးသားသည့် ဟန်ပန်များအား ထိုအသံမှ တစ်ဆင့် ကြားသိရနိုင်သည်။ သူ အလယ်ပိုင်းလွင်ပြင်သို့ လာရောက်ရသည့် အကြောင်းရင်းမှာ အခြားဓားများနှင့် ယှဉ်ပြိုင်ရန်သက်သက်သာ မဟုတ်ပေ။
၀မ်ချောင် ကျိတ်ပျော်သွားလေသည်။ ဤအရာက သူ ခန့်မှန်းထားသည့်အတိုင်းပင် မဟုတ်ပါလား။ အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူမှ ကုန်သည်တိုင်းက သူတို့၏ လက်နက်များအား ကိုယ်တိုင် ကြေငြာ လိုကြသည်ပင်။
မည်သို့ဆိုစေ မုတ်ဆိတ်မှာ ၀မ်ချောင်၏ အကြံအစည်အတွင်း သက်ဆင်းလိုက်ရသည်ကို သူ့ကိုယ်သူ မသိနေချေ။
၀မ်ချောင်မှာ မုတ်ဆိတ်ကိုယ်တိုင် ထိုအကြံဉာဏ်အား ထုတ်ပြောစေရန် စောင့်ဆိုင်းနေခြင်း ဖြစ်လေ၏။
“ ဒါပေါ့.. ချိတ်ထားလို့ရတာပေါ့ ”
ဓားအား ထားခဲ့ပြီးနောက် ၀မ်ချောင် အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။
..............
“ ၀မ်ချောင်.. မင်းရူးသွားပြီလား.. ဒီကနေ ပြဿနာအကြီးကြီး တက်လာနိုင်တယ်နော်.. ”
ဝေဟောင် အခန်းထဲမှ အလျင်အမြန် ပြေးထွက်လာပြီး ၀မ်ချောင်အား အမှီလိုက်ကာ မြည်တွန် တောက်တီးလိုက်သည်။
“ တကယ်လို့ မင်းရှုံးရင် မင်းဓားရဲ့စျေးအတိုင်းပေးရမှာ.. ဘယ်လောက်လဲဆိုတာ မင်းသိလား.. ရွှေတုံး ၂၄၀၀ တောင်ကွ.. မဟုတ်ဘူး...ရွှေတုံး ၄၈၀၀ ဖြစ်နေပြီ. မင်းနိုင်ပြီပဲထား မင်းရမှာက စျေးတစ်၀က်ပဲ.. မင်းဖက်က အရှုံးကြီးပဲကို.. မင်းဘာလုပ်ဖို့ စဉ်းစားနေတာလဲ.. ”
“ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအတွက် ပေးချေရမဲ့ ရွှေတုံး ၉သောင်း ဘယ်နေမှန်းမသိသေးဘူး နတ်ဘုရားရှစ်ပါးစံအိမ်မှာ ချေးထားတဲ့ ရွှေတုံး ၁၇၀၀ အတွက် ရက်ချိန်းကလည်း ပြည့်တော့မယ်.. ဒါတောင်မှ မင်းက ဒီလို စိန်ခေါ်ပွဲ လုပ်နေနိုင်သေးတယ်..----- မင်းရဲ့ကလန်ကို ကပ်ဆိုးကျနိုင်တယ်ဆိုတာ မင်းသိနေရဲ့လား ”
ဝေဟောင် စိတ်ဆိုးမာန်ဆိုးဖြင့် မာန်မဲနေရာ မျက်နှာပင် နီလျက်ရှိသည်။
၀မ်ချောင် မုတ်ဆိတ်၏ဆေဘာအား စမ်းသပ်ချိန်၌ ထိုဆေဘာမှာ အနောက်တိုင်းကုန်သည်မှ သူ၏ဖခင်အား ပေးခဲ့သည့် ဆေဘာထက်ပင် ပိုမို ထက်သည်ကို သူသိလိုက်ရသည်။ ၀မ်ချောင်မှာ တစ်ဖက်လူ၏ လက်နက်အား မျက်မြင်တွေ့ရသည့်တိုင် စိန်ခေါ်မှုအား လက်ခံလိုက်သေးသည်။ ထိုသို့ ပြုလုပ်ရသည့်လုပ်ရပ်များ၏ နောက်ကွယ်မှ သင့်တော်သည့် အကြောင်းပြချက်အား ဝေဟောင် မသိတော့ပေ။
အဆုံး၌ ငယ်စဉ်ကပင် အတူကြီးပြင်းခဲ့သည့် ညီအစ်ကိုများဖြစ်သည်မဟုတ်လား။ သူ့အနေဖြင့် ၀မ်ချောင် ချောက်ထဲခုန်ချသည်အား မတားပဲနေမည် မဟုတ်ပေ။
သို့သော် ဝေဟောင်အနေဖြင့် အဖြစ်အပျက်များက မြန်လွန်းလှသည့်အတွက် တားချိန်ပင် ရလိုက်မည်မဟုတ်ဟု မထင်ထားပေ။ အကယ်၍ အခြေအနေများက မှားယွင်းခဲ့သည်ဆိုလျှင် ၀မ်ချောင် တစ်ယောင်တည်းသာ ငွေများ ဆုံးရှုံးမည် မဟုတ်ပဲ ၀မ်ကလန်တစ်ခုလုံးကို အကြွေးနွံနစ်စေမည်ဖြစ်သည်။
ပြီးလျှင် ဝေဟောင်က အလိုတူအလိုပါ ဖြစ်နေလိမ့်မည်။
ပထမဆုံးအကြိမ် ဝေဟောင် နောင်တရလျက်နေသည်။
“ ထားလိုက်တော့.... မင်း ဒီစည်းမျဉ်းတွေ ထုတ်တာက ဘာအတွက်လဲ.. တကယ်လို့ လူပိုများလာရင် မင်းပေးရမဲ့ငွေ ပိုများလာမှာ မဟုတ်ဘူးလား ”
၀မ်ချောင် ထုတ်ခဲ့သည့် စည်းမျဉ်းအား ပြန်စဉ်းစားမိရာတွင် ဝေဟောင် ကြောက်လန့်နေပေပြီ။
“ မပူပါနဲ့.. သူနိုင်မှာ မဟုတ်ဘူး.. ”
၀မ်ချောင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်သည်။
“ မင်း.... မင်း ဘာပြောလိုက်လဲဆိုတာ မင်းသိနေရဲ့လား ”
ဝေဟောင် မှင်သက်သွားသည်။
“ ငါပြောတာက သူနိုင်မှာ မဟုတ်ဘူး.. ”
၀မ်ချောင် ရယ်နေရင်းပင် သူ၏ စကားအား ထပ်မံပြောလိုက်ပြန်သည်။
ဝေဟောင် ၀မ်ချောင်အား အသိစိတ်ကင်းမဲ့စွာ ကြည့်နေမိသည်။ တစ်ခဏကြာအောင် သူ့ဆီမှ စကားတစ်ခွန်းမှ မထွက်လာပေ။ ဤမတိုင်ခင်က ဒေါသမုန်တိုင်းထန်နေသည့်သူမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ငြိမ်သက်သွားခဲ့သည်။
“ သူ မနိုင် နိုင်ဘူး ဟုတ်လား... ”
ဝေဟောင် မယုံမကြည်နိုင်ဖြစ်လျက်နေသည်။ အခန်းထဲ၌ ဆေဘာ မည်မျှ ထက်သည်ကို သူမြင်ခဲ့ရသည်။
“ အင်း.. ”
၀မ်ချောင် အေးအေးသက်သာပြောလိုက်သည်။ သူ၏ မျက်နှာ၌ ယုံကြည်ချက်များ ပြည့်နှက်နေသည်။ ထိုအရာက သူ့ကိုယ်သူ ယုံကြည်မှုပြည့်ဝြခင်းဖြစ်သလို ဝုစ်သံမဏိဓားအပေါ် ယုံကြည်ချက် ရှိခြင်းလည်း ဖြစ်လေသည်။
ဝေဟောင် မှင်သက်သွားပြန်သည်။ သူအနေဖြင့် ၀မ်ချောင်အား စကားလုံးပေါင်းများစွာဖြင့် ပြောဆိုနေခဲ့သော်လည်း ၀မ်ချောင်၏ အထက်စီးဆန်သည့် စကားလုံးအနည်းငယ်အောက်၌ ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။
၀မ်ချောင်၏ မိမိကိုယ်ကို ယုံကြည်မှုက မည်သည့်အရာကို အခြေခံထားသည် မသိသော်လည်း သူ့အနေဖြင့် အနိုင်ရပြီးသူလိုဖြစ်နေသည်။
မုတ်ဆိတ်၏ ဆေဘာအား ၀မ်ချောင်ကိုယ်တိုင် စမ်းသပ်ထားသည် မဟုတ်လား။ ထိုဆေဘာမှာ ထိပ်တန်းအရည်အသွေးရှိသည်မှာ အမှန်ပင်။ ဆေဘာ၏ ထက်မြမှုက မြင်သူကိုပင် ကြက်သီးထစေသည်။
တစ်ချက်ကြည့်မိယုံနှင့်ပင် အိပ်မက်ဆိုးမျာပင် မက်သွားနိုင်သည်။
သူ့အနေဖြင့် ၀မ်ချောင်အား ငြင်းဆန်လိုက်ရန် အကြောက်အကန် တိုက်တွန်းနေရခြင်းမှာ ထိုအကြောင်းအရင်းများကြောင့် ဖြစ်လေသည်။ ၀မ်ချောင်၏ ဓားသည်လည်း နှစ်လိုဖွယ်ကောင်းပေသည် သို့သော် ဝေဟောင် ထိုဓားအပေါ်၌ ယုံကြည်ချက် သိပ်မရှိချေ။
“ မင်းနိုင်မယ်ဆိုတာ သေချာလား ”
အနည်းငယ် တုံးဆိုင်နေပြီးနောက် ဝေဟောင်မေးခွန်းထုတ်လိုက်သည်။
“ ဒါပေါ့... ”
၀မ်ချောင် ယုံကြည်ချက်ပြည့်၀သည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
သူက အရူးတစ်ယောက်မဟုတ်ပေ။ ခဲရပ်စပါစီနူမှာ ဓားအား သူရည်ရွယ်ချက်ရှိရှိဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ဆေဘာ၏ အစွန်းအား လက်ဖြင့် လျို့ဝှက်စွာခေါက်ကြည့်ခဲ့သသည်။
တစ်ဖက်လူ၏ ဆေဘာမှာ အမှန်ပင် ထက်ပေသည် သို့သော် အသုံးပြုထားသည့် ကုန်ကြမ်းမှာတော့ သာမာန်သာ ဖြစ်သည်။ ထို့အပြင် လက်နက်သွန်းလုပ်သည့် အဆင့်သုံးဆင့်၌ တစ်ဖက်လူမှာ တစ်ဆင့် နှစ်ဆင့်ကိုသာ ကျွမ်းကျင်သေးသည်။
ထို့အတွက်ကြောင့် အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူမှ ပန်းပဲပညာရှင်များ၏ အရည်အချင်းမှာ သူ့ထက် အနည်းငယ် နိမ့်ကျနေသေးကြောင်း ၀မ်ချောင် ကောက်ချက်ချနိုင်သည်။
အနည်းဆုံး သူတို့အနေဖြင့် သူ့အား ယှဉ်နိုင်ရန် နှစ်အနည်းငယ် လိုအပ်ပေလိမ့်မည်။
ထိုကဲ့သို့ နည်းလမ်းဖြင့် သွန်းလုပ်ထားသည့် ဓားက သူ၏ ဝုစ်သံမဏိဓားအား တုယှဉ်နိုင်မည်လား။
“ ကောင်းပြီလေ.. ငါမင်းကို ယုံလိုက်မယ် ”
ဝေဟောင် အလျော့ပေးလိုက်သည်။ အကြောင်းပြချက် အချို့ကြောင့် ၀မ်ချောင်၏ လုပ်ရပ်များက အလျင်စလိုနိုင်သည်ဟု သူထင်မိသော်လည်း ၀မ်ချောင်မျက်နှာပေါ်ရှိ ယုံကြည်မှုက စကားဖြင့်ပြောစရာမလိုအောင်ပင် သူ့အား စိတ်ဖြေလျော့ပေးနိင်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းရမဲ့ ပိုက်ဆံတွေကိုတော့ မငြင်းသင့်ဘူး မဟုတ်လား.. အလောင်းအစားလုပ်တာက နှစ်ဖက်စလုံးအတွက် သာတူညီမျှရှိရမယ်လေ.. ပြီးတော့ အဲ့ဒီ ခဲရပ်စပါစီနူကုန်သည်က ချမ်းသာတာပဲကို. မင်းအနေနဲ့ သူ့ကို အလျော့ပေးဖို့ လိုလို့လားကွာ.. သူ့ဆီကနေ တစ်ခါတည်းနဲ့ ရွှေတုံးထောင်ချီရအောင် လုပ်ရမှာ.. ”
၀မ်ချောင် ခင်းကျင်းခဲ့သည့် အခြေအနေအရပ်ရပ်အား ပြန်စဉ်းစားရင်း ဝေဟောင် စောဒက တက်လိုက်သည်။
“ စိတ်မပါနဲ့.. ငါဘာလုပ်နေလဲ ငါသိတယ်.. ဒါက ငါးကြီးကြီးဖမ်းဖို့ ဆင်ထားတဲ့ ငါးစာ.. ”
၀မ်ချောင် ဝေဟောင်၏ ပုခုံးအား ပုတ်လိုက်သည်။ သူအရူးထနေခြင်းမဟုတ်ပဲ ထိုထက်ပို၍ ကြီးမားသည့် အကြံအစည် သူ့ထံ၌ ရှိခြင်းကြောင့်သာဖြစ်သည်။ မုတ်ဆိတ်၏ ရွှေတုံး ထောင်ဂဏန်းခန့်က သူ၏ လက်ရှိအခြေအနေအား ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။
သူ့အနေဖြင့် ဝုစ်သံမဏိစျေးကွက်အား ဖော်ဆောင်နိုင်ခဲ့လျှင် ယခုအလောင်းအစား ပြုလုပ်သည့် မဆိုစလောက် ငွေပမာဏမှာ ဘာမှ မဟုတ်တော့ပေ။
“ ငါသွားလိုက်ဦးမယ်.. ဒီမှာရှိတဲ့ ကိစ္စ အဝဝကို မင်းပဲ တာ၀န်ယူထားလိုက်ဦး.. ဝေဟောင် သေချာမှတ်ထားနော်.. တကယ်လို့ ဒီလိုမျိုး ထပ်ဖြစ်ခဲ့ရင် ငါဒီနေ့ လုပ်သလိုပဲ လုပ်ထားလိုက် ”
၀မ်ချောင် ထွက်ခွာမသွားခင် လက်ဖက်ရည်သောက်နေသည့် ဟိန္ဒူဘုန်းကြီးနှစ်ပါးအား သွားရောက် နှုတ်ဆက်လိုက်သည်။
သလင်းပြာစံအိမ်မှ အဖြစ်အပျက်အား လူအများသိစေရန် ၀မ်ချောင် မဖြစ်ချင်ပေ။ ခဲရပ်စပါစီနူမှ လက်နက်ကုန်သည်မှာ စကားကိုပင် လေလုံးကွဲအောင် ပြောနိုင်သူ မဟုတ်သောကြောင့် ၀မ်ချောင် မည်သူမည်ဝါဖြစ်ကြောင်း သိမည် မဟုတ်ပေ။
၀မ်ချောင် သလင်းပြာစံအိမ်မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဓား၏ စျေးနှုန်းမှာလည်း နှစ်ဆ မြင့်တက်သွားပြီး ရွှေတုံး ၄၈၀၀ ဖြစ်သွားလေသည်။ မုတ်ဆိတ်၏ ဆေဘာမှာလည်း သလင်းပြာစံအိမ်၏ ခေါင်မိုး၌ ချိတ်ဆွဲထားသည်။
သုံးရက်အတွင်း အခြားဓားတစ်လက် သလင်းပြာစံအိမ်၌ ချိတ်ဆွဲလိုက်ခြင်းပင် ဖြစ်လေသည်။
ထို့ထက်ပို၍ ဓား၏ ပုံပန်းသွင်ပြင်အရ အလယ်ပိုင်းလွင်ပြင်မှ မဟုတ်ကြောင်း သိသာနေသည်။ ထိုအရာမှာ ခဲရပ်စပါစီနူ၏ အစစ်အမှန်ထိပ်တန်းဆေဘာပင် ဖြစ်ချေသည်။
ထိုသို့သော ပြောင်းလဲမှုက လူထု၏ စိတ်၀င်စားမှုအား သိမ်းယူသွားပြန်သည်။
ဓားစီးချင်းထိုးပွဲ၏ သတင်းအား ကြေငြာလိုက်သည်နှင့် တစ်ပြိုင်နက် ၀မ်ချောင် ထင်မှတ်ထားသည့်အတိုင်းပင် ကျွတ်စီညံလာလေတော့သည်။
‘ ကမ္ဘာ့နံပါတ်တစ် ဓား ’ .. ‘ အလယ်ပိုင်းလွင်ပြင်၊ ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်တို့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း ’ ... ‘ မဟာထန်၏ နံပါတ်တစ်ဓားနှင့် အလောင်းအစား ’ မြို့တော်အတွင်း၌ သတင်းမျိုးစုံ ပြန့်နှံ့နေလေတော့သည်။
အလယ်ပိုင်းလွင်ပြင်၌ ခဲရပ်စပါစီနူနှင့် အာဘတ်စစ်စော်ဘွားနယ်မှ ကုန်သည် အများအပြားရှိနေကြသော်လည်း ကိုယ့်အကန့်အသတ်နှင့်သာ ကိုယ်နေကြသဖြင့် ယခုအကြိမ်သည် အရှေ့နှင့်အနောက်မှာ လက်နက်များ ထိပ်တိုက်တွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုဖြစ်စဉ်တစ်ခုလုံးက လူအများအကြား အလွန်ပင် အာရုံစိုက်စရာဖြစ်လာခဲ့သည်။
ထိုသတင်းက ထင်ရှားကျော်ကြားသည့် ကလန်များသို့ ရောက်ရှိသွားချိန်၌ ချမ်ကလန်သည် ပထမဆုံး လှုပ်ရှားလာသည့် ကလန်ဖြစ်လေသည်။ အပြင်ပန်း၌ ယဉ်ကျေးပျူငှာဟန်ရပေသည့် ‘ ကမ္ဘာ့နံပါတ်တစ် ပန်းပဲကလန် ’ ဖြစ်ရေးအတွက် အတွင်း၌ ကျိတ်၍ ပြိုင်ဆိုင်နေကြခြင်းသာ ဖြစ်၏။
ထို့ကြောင့် အမည်မသိသူ တစ်ယောက်မှ သူတို့အား နှာတစ်ဖျားအသာဖြင့် နှပ်ချသွားသည်အား လက်ခံမည် မဟုတ်ပေ။
သလင်းပြာစံအိမ်၌ ဖြစ်နေသည့် ဖြစ်ရပ်နှင့် ပက်သက်၍ ပန်းပဲကလန်တိုင်း၏ သဘောထားက တစ်ညီတစ်ညွှတ်တည်းသာ ဖြစ်ကြသည်။ ထို ကိစ္စသေးလေးမှာ သူတို့ အာရုံစိုက်ရန်ပင် မထိုက်တန်ပေ။ မည်သို့ဆိုစေ ယခုတွင်တော့ ဖြစ်စဉ်တစ်ခုလုံး၏ ဆိုလိုရင်းမှာ လုံး၀ ကွဲပြားသွားလေပြီ။
သလင်းပြာစံအိမ်ရှိ အမည်မသိလူမှ ရည်ရွက်ချက်ရှိ၍ဖြစ်စေ မတော်မဆဖြစ်စေ ပြုလုပ်လိုက်သည့် သတင်းက အပြင်သို့ ပြန့်နှံ့သွားချိန်၌ အလယ်ပိုင်းလွင်ပြင်၏ နံပါတ်တစ် ပန်းပဲပညာရှင် ဟူသည့် ဂုဏ်ပုဒ်အား အလိုလို ကိုယ်စားပြုသွားခဲ့လေသည်။ ထိုအရာက အခြား ပန်းပဲကလန်များ လက်သင့်ခံနိုင်သည့် အရာ မဟုတ်တော့ပေ။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 53.
နန်းတွင်းစစ်တပ် လူလုံးထွက်ပြခြင်း
“ အမိန့်ထုတ်ပြန်လိုက်စမ်း.. ကလန်ရဲ့ အကောင်းဆုံးဓားကို သလင်းပြာစံအိမ်ကို ပို့လိုက်.. အကောင်းဆုံးဓားရဲ့ အရည်အသွေးက ဘယ်လိုလဲဆိုတာ လူတိုင်းကို သက်သေပြလိုက်စမ်း ”
ထိုသလင်းအားကြားသိရသည်နှင့် ချမ်ကလန်အကြီးအကဲ ချမ်ယိုချင်းမှ အမိန့်ပြန်တမ်းတစ်ခုအား ချက်ချင်း ထုတ်ပြန်လိုက်သည်။
“ ဒါပေမဲ့ အကြီးအကဲ.. အဲ့တာက ရွှေတုံး ၁၂၀၀ တောင်မှ.. ”
စီးချင်းပွဲ၏ ယှဉ်ပြိုင်ကြေးမှာ မြင့်မားလွန်းလှသည်။ ချမ်ကလန်သားတစ်ယောက်မှ သတိပေးရန် ပြင်လိုက်သော်လည်း သူ၏ စကားပင် ဆုံးအောင် မပြောလိုက်ရပေ။
“ ဟမ့်... မင်းက ငါတို့ ရှုံးမယ်လို့ ထင်နေတာလား ”
ချမ်ယိုချင်း မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
“ မလုပ်ရဲပါဘူး.. ”
ချမ်ကလန်သားမှ ကြောက်ရွံစွာဖြင့် အလျင်အမြန် ခေါင်းငုံ့လိုက်လေသည်။
“ အာရုံစူးစိုက်ခံချင်တဲ့ အမည်မသိလူရဲ့ နောက်ခံက ဘာပဲဖြစ်နေပါစေ ဒီတစ်ခုက ငါတို့ ချမ်ကလန်အတွက် အခွင့်ကောင်းတစ်ခုပဲ.. ရွှေတုံး ၁၂၀၀ တည်းနဲ့ တစ်ခြားကလန်အားလုံးကို ကျော်လွန်ပြီး ‘ ကမ္ဘာ့နံပါတ်တစ် ပန်းပဲကလန် ’ ဆိုတဲ့ နေရာအတွက် ပြိုင်ရမှာ.. ဒီလို အခွင့်အရေးကြီးမျိုး ဘယ်မှာ သွားရှာချင်သေးတာလဲ.. ဒါနဲ့ယှဉ်ရင် ရွှေတုံး ၁၂၀၀ ဆိုတာ ဘာမှ မဟုတ်ဘူးကွ.. ”
ချမ်ယိုချင်း ပြောလိုက်သည်။
ချမ်ကလန် မပြောနှင့် ကျန်းကလန်၊ လူကန်နှင့် ဟွမ်ကလန်တို့ပင် ယခုကဲ့သို့သော ဖြစ်စဉ်အား ဦးဆောင်ရဲလိမ့်မည် မဟုတ်ပေ။ သို့မဟုတ်လျှင် ကျန်ကလန်များက အတူတကွ စုစည်းကာ ဆန့်ကျန်ကြမည် ဖြစ်ပေသည်။
သို့သော် ယခု သလင်းပြာစံအိမ်က ခြေတစ်လှမ်းဦးသွားပြီဖြစ်ကာ ဖြစ်စဉ်၏ လမ်းကြောင်းမှာ သွေဖည်သွားပြီး သူတို့အတွက် အခွင့်ကောင်းကြီးတစ်ခု ဖြစ်လာချေပြီ။
အတိတ်တွင် ချမ်ကလန်သည် သူတို့ ရသမျှ သတင်းများအား အခြားကလန်များသို့ ပေးပို့မြဲ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ချမ်ကလန်မှ မည်သည့်သတင်းကိုမှ မပေးပို့တော့ချေ။ တိတ်တဆိတ်ပင် သလင်းပြာစံအိမ်၌ ချိတ်ဆွဲရန် အကောင်းဆုံး ဓားကို ပေးပို့လိုက်လေသည်။
ထိုသို့ ထပ်တူညီသည့် အခြေအနေများက မြို့တော် လူကလန်၊ ဟွမ်ကလန်၊ လီကလန်နှင့် အခြား ထင်ရှားသည့် ပန်းပဲကလန်များအကြား ဖြစ်ပေါ်လျက်ရှိသည်။ ထိုသူတို့အားလုံးက ၎င်းတို့၏ အကောင်းဆုံး ဓားအား သလင်းပြာစံအိမ်သို့ လျို့ဝှက်စွာ ပို့ဆောင်လိုက်ကြသည်။
လူတိုင်းက တိတ်တဆိတ် စစ်ရေးဆင်နေသကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မည်သည့်အရာကိုမှ ပြောဆိုကြခြင်းလည်း မရှိကြချေ။
“ ဟားဟား.. ငါတို့ရဲ့ ပိတ်ဆို့သတ္ထုဓားအလုပ်ရုံမှာတောင်မှာ လက်ရွေးစင်ဓားတစ်ချောင်းကို ရွှေတုံး ၆၀၀ ကနေ ၇၀၀ အထိပဲ ရောင်းတာ.. မြို့တော်မှာ ဓားတစ်လက်ကို ရွှေတုံး ၄ထောင် ၅ထောင်လောက်နဲ့ ရောင်းချခွင့်ကို ဒီကောင် ဘယ်က ရခဲ့တာလဲ.. ငါတို့တောင် အဲ့လိုမျိုး မလုပ်ရဲဘူး ”
“ တကယ်လို့ ဒီကောင်ကသာ ဒီစည်းမျဉ်းကို မထုတ်ပြန်ခဲ့ဘူးဆိုရင် ငါတို့အတွက်သူ့ကို စိန်ခေါ်ဖို့ ခဲယဉ်းနေလိမ့်ဦးမယ်.. အခုတော့ ဒီကောင် ကိုယ့်သေတွင်း ကိုယ်တူးမိတာပဲ... ”
ထင်ရှားကျော်ကြားသည့် ကလန်များသာမက လက်အရောင်းဆိုင်များနှင့် အလုပ်ရုံးတို့ကလဲ ကျော်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မကျေနပ်ချက်မှားအား အတော်သိမ်းဆည်းထားခဲ့ဟန်ရသည်။
၀မ်ချောင်မှာ သူကိုယ်တိုင်က မသိရှိနေသော်လည်း သူ၏ဓားနှင့်ပက်သက်၍ အုတ်အော်သောင်းနင်း ဖြစ်စေပြန်ပြီဖြစ်ကာ အတိအကျဆိုရလျှင် ယခုတစ်ကြိမ်၌ ပန်းပဲကလန်များတင်မဟုတ် လက်နက်အလုပ်ရုံကြီးများပင် ပါ၀င်လာကြပြီ ဖြစ်သည်။ မြို့တော်၌ မဖိတ်ခေါ်ထားသည့် ဧည့်သည်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက သူတို့၏ ဒေါသအား ဆွမိချေပြီ။
“ သွား.. ငါတို့ ပိတ်ဆို့သတ္ထုလက်နက်အရောင်းဆိုင်ရဲ့ အကောင်းဆုံး ဓားကို ယူခဲ့စမ်း.. ကမ္ဘာ့နံပါတ်တစ်ပန်းပဲကလန်ဆိုတဲ့ ဂုဏ်ပုဒ်ကို မရရင်တောင်မှ ငါတို့က အဲ့ဒီကောင်ကို သင်ခန်းစာတော့ ပေးနိုင်သေးတယ်ကွ.. ”
ထိုကိစ္စ အပေါ် ရှုမြင်ချက်တူညီသည့် လက်နက်အရောင်းဆိုင်အားလုံးက သူတို့၏ အကောင်းဆုံး ဓားများ ဆေဘာများကို ပွဲထုတ်ကာ သလင်းပြာစံအိမ်သို့ အပြိုင် ပို့ကြလေတော့သည်။
အကယ်၍ သူတို့သာ စီးချင်းပွဲ၌ အနိုင်ရရှိပါက တစ်ဖက်လူမှ ရွှေတုံး ၄၀၀၀ ထက်မနည် ပေးချရမည်ဖြစ်ပြီး လူဆယ်ယောက်သာ အနိုင်ရခဲ့သည်ဆိုလျှင် ရွှေတုံး ၄၀၀၀၀ ပေးချေရပေလိမ့်မည်။ ထိုအရာက ဤကဲ့သို့ မလေးမစာလုပ်သည့် သူအတွက် အကောင်းဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်သွားချေမည်။
လူတိုင်း မည်သို့တွေးနေကြသည်ဖြစ်စေ အလယ်ပိုင်းလွင်ပြင်မှ ပန်းပဲကလန်များက စီးချင်းပွဲ၌ တိုး၍သာ ပါ၀င်လာကြသည်ဖြစ်ပြီး လောင်းကြေးနှင့် စီးချင်းပွဲ၏ ဂုဏ်သတင်းမှာလည်း တဖြည်းဖြည်း တိုး၍သာ မြင့်၍သာ နေလေတော့သည်။
“ သွားကြရအောင်... အလယ်ပိုင်းလွင်ပြင်ရဲ့ ဟန်လူမျိုးတွေကို ငါတို့ ခဲရပ်စပါစီနူနဲ့ အာဘတ်စစ်စော်ဘွားနယ်တို့ရဲ့ ဆေဘာ စွမ်းအားကို ပေးမြည်းစမ်းခိုင်းလိုက်ရအောင်.. ဒါလိုမျိုးနဲ့ အလယ်ပိုင်းလွင်ပြင်က ငါတို့ကို လာရှုပ်လို့ မရဘူးဆိုတာ သိသွားစေရမယ်.. ”
အနောက်တိုင်းမှ ကုန်သည်များသည်လည်း ထိုစီးချင်းပွဲ၌ ပါ၀င်လာကြလေတော့သည်။
ထို ဖြစ်စဉ် ကြီးမားလာသည့်နှင့်အမျှ ပြိုင်ဆိုင်မှုများကလည်း ပြင်းထန်လာကာ ထိန်းချုပ်၍ မရတော့ပေ။ ဆိုရလျှင် ပန်းပဲကလန်များ၊ လက်နက်အရောင်းဆိုင်များနှင့် သက်ဆိုင်ခြင်းမရှိသည့် တစ်သီးပုဂ္ဂလ ပန်းပဲပညာရှင်များလည်း ပါ၀င်လာခဲ့သည်။
“ ဟမ့်... မင်းတို့ရဲ့ဓားတွေက ကမ္ဘာ့အကောင်းဆုံးလက်နက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနိုင်မယ်လို့များ ထင်နေကြတောလားကွ.. ”
ဖြစ်စဉ်က ကြီးမားလာသည်နှင့်အညီ သလင်းပြာစံအိမ်၏ ဓားနှင့်ဆေဘာ ချိတ်ဆွဲထားသည့် နေရာရှိ လူအုပ်ကြီး၏ အထဲမှ ကိုယ်ကာယကြံ့ခိုင်သည့် မုတ်ဆိတ်ထူလဗျစ်နှင့် လူတစ်ယောက် တီးတိုးပြောဆိုလိုက်သည်အား မည်သူမှ သတိမထားမိကြပေ။
သလင်းပြာစံအိမ်သည် ဖြတ်သွားဖြတ်လာများအား ပြတ်တောက်ခြင်း အလျဉ်းမရှိချေ။ ဆန့်ကျင်ဘက်ပင် တော်၀င်နန်းတော်၏ အရေးပါသည့် လမ်းကြောင်း၌ တည်ရှိသောကြောင့် လူအများဖြင့် ပြည့်နှက်မြဲဖြစ်သည်။ ဤနေရာသို့ လာရောက်သည့် သူများမှာလည်း လူကုံထန်များ၊ အာဏာရှိသည့်သူများသာ ဖြစ်ကြသည်။
သလင်းပြာစံအိမ်၏ ကြီးမားသည့် အဖြစ်အပျက်ကြီးက လူများ၏ အာရုံစိုက်စရာ ဖြစ်လာတော့သည်။
မုတ်ဆိတ်ထူလဗျစ်နှင့် လူမှာလည်း ထိုသူတို့ထဲမှ အပါအ၀င် ဖြစ်လေသည်။
“ ငါ့ကိုယ်ငါ လက်နက်သွန်းလုပ်ခြင်းမှာ နှစ်ပေါင်းများစွာ မြုပ်နှံထားခဲ့တာက လောကကြီးကို ငါ့ဓားနဲ့ အံ့သြအောင် လုပ်ဖို့ပဲ.. ငါ့ရဲ့ အဆုံးမဲ့ဓားကို သွန်းလုပ်ပြီးတဲ့အခါကျရင် ကမ္ဘာ့နံပါတ်တစ် ဓားက ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ကို ငါပြပေးမယ် ”
မုတ်ဆိတ်မွေးထူထူနှင့်လူ၏ မျက်လုံးများ၌ မခံမရပ်နိုင်မှုများ ရောင်ပြန်ဟပ်နေသည်။ စံအိမ်၌ ချိတ်ဆွဲထားသည့် ဓားအား စိုက်ကြည့်ပြီးနောက် သူ့အကြည့်အား ရုတ်သိမ်းကာ တိတ်တဆိတ်ထွက်သွားလိုက်သည်။ သူ၏ ထွက်ပေါ်လာမှုနှင့် ထွက်ခွာသွားမှုအား မည်သူမျှ သတိမထားမိလိုက်ကြပေ။
မြို့၀င်ပေါက်အား ဖြတ်ကျော်၍ လမ်းခင်းကျောက်ပြားပေါ်မှ နင်းဖြတ်ကာ တောင်များရှိရာသို့၊ ထိုမှတစ်ဆင့် တောအုပ်ကြီး ပြီးနောက် ဝေးလံလှသည့် တောင်ဆီရောက်သည်အထိ ခရီးနှင်လေတော့သည်။
တောင်ထိပ်၌ ရှင်းလင်းနေပြီး အဝေးမှပင် ပန်းပဲဖို၏ လေးလံသည့် အနံ့အသက်များအား ရရှိနိုင်သည်။
တစ်စုံတစ်ယောက်က တောင်ထိပ်သို့ ရောက်ခဲ့လျှင် နေရာအနှံ့ပြန့်ကျဲနေသည့် ဓားကျိုးများစွာအား တွေ့ရပေလိမ့်မည်။ ဓားကျိုးများစွာ၏ အလယ်၌ ဓားအလုပ်ရုံတစ်ခု တည်ရှိနေသည်။
ဓားအလုပ်ရုံ၏ ဘေး၌ မြင့်မားသည့် သတ္ထုပန်းပဲဖိုတစ်ခု ရှိနေပြီး ခေါင်းတိုင်မှ မီးခိုး တလူလူ ထွက်နေသည်။
မုတ်ဆိတ်ကျင်စွယ် အပြည့်နှင့်လူက ၀င်လာပြီး ဒူးထောက်လိုက်ကာ ညှပ်ကြီးအား အသုံးပြု၍ နီရဲနေသည့် ဓားအား ထုတ်ယူလိုက်ကာ သတ္ထုပြားအပေါ်သို့ တင်လိုက်သည်။ ဒင် ဒင် ဒင် ဒင်.. အားမာန်အပြည့်ဖြင့် စတင် ထုနှက်လေတော့သည်။
ဓား၏ ဗျက်မှာ လက်လေးလုံးခန့်ရှိပြီး ငါးချီခန့်ရှည်သည်။ ထိုအရာက အပြီးမသတ်ရသေးသည့် သံတိုပတ်စတစ်ခုသာ ဖြစ်သော်လည်း အလွန် အားကောင်းသန်မာသည်ကို ခံစားရနိုင်သည်။
“ ကြေးနီ၊ ခရိုမီယံနဲ့ သံဖြူ..... ငါဆယ်နှစ်လောက် ကြိုးစားရှာဖွေခဲ့ရတဲ့ လျို့ဝှက်နည်းလမ်း.. နောက်ဆုံးတော့ ကမ္ဘာ့အသန်မာဆုံး အထက်ဆုံး ဓားကို ငါသွန်းလုပ်နိုင်တော့မယ်ကွ.. လောကကြီးမှာရှိတဲ့ ပန်းပန်ကလန်အားလုံးကို တကယ်စစ်မှန်တဲ့ ပန်းပဲပညာရှင်ဆိုတာ ဘယ်လိုလဲဆိုတာ ပြရဦးတော့မှာပေါ့ကွာ.. ”
ထိုအတွေးက သူ့ခေါင်းထဲ၀င်လာသည်နှင့်အတူ သူ့လက်ထဲရှိ သတ္ထုတူ ကြီးမှာလည်း ပို၍မြန်လာကာ အားအင်များပိုမို ပါ၀င်လာခဲ့သည်။ တူတစ်ချက်ထုတိုင်း ရေတွက်မရနိုင်သည့် မီးပွားများ လွင့်စင်လျက်ရှိသည်။
ဝေးလံလှသည့်တောင်ထိပ်တွင် အမည်မသိပန်းပဲပညာရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည် မဟုတ်ပေ။
ရှေးဟောင်းပန်းပဲပညာရှင်၏ အဆက်အနွယ် မျိုးဆက်ဖြစ်သည့် အလျောက် မုတ်ဆိတ်ကျင်စွယ်အပြည့်နှင့်လူမှာ ရှေးဟောင်းပန်းပဲမျိုးနွယ်စု ရိုရန်မျိုးနွယ်စု၏ သွေးမျိုးဆက်အား ပိုင်ဆိုင်ထားလေသည်။ တိုက်ဆိုင်စွာပင် ထိုရှေးဟောင်းမျိုးနွယ်စုမှာ ကမ္ဘာပေါ်၌ ပထမဆုံး သတ္ထုလက်နက်များအား တီထွင်ခဲ့သည့်သူများပင် ဖြစ်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ရသော်လည်း မုတ်ဆိတ်ကျင်စွယ်နှင့်လူမှာ ရှေးဟောင်းရိုရန် လျို့ဝှက်မှတ်တမ်းအား အမွေရရှိခဲ့လေသည်။
မုတ်ဆိတ်အပြည့်နှင့်လူ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ ဘိုးဘေးများ၏ ဆန္ဒအတိုင်း ကမ္ဘာ့အကောင်းဆုံးနှင့်အထက်ဆုံး ဓားအား သွန်းလုပ်နိုင်ရန်ပင်ဖြစ်လေသည်။ တစ်ဖက်လူ မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ သူ၏ ဓားအား ချိုးဖျက်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုအရာအားဖြင့် သူ၏ ဘိုးဘေးများ အရှက်ရမှုအား ပြန်လည် အဖတ်ဆယ်နိုင်ပေမည်။
ပြီးလျှင် ယခုသည် အခါအခွင့်သင့်သည့် အချိန်ပင် ဖြစ်တော့သည်။
တောင်တန်းကြီး၏ အတွင်းနက်နက်ထဲ၌ ဖားဖိုထံမှ လေများ တဝီ၀ီထွက်နေပြီး မီးတောက်မှာလည်း ကျန်းအတော်များများအထိပင် ထောင်တက်လျက်ရှိသည်။ တစ်ညလုံး တောက်လောင်လျက်ရှိပြီး ရောင်နီလာသည် အထိ တောက်လောင်နေဆဲဖြစ်၏။
ပန်းပဲဖို အပေါ်တည့်တည့်သို့ နေလုံး ရောက်သည့်အခါမှသာ တောနက်ထဲရှိ မီးတောက်မှာ လျော့ကျလာလေသည်။
မုတ်ဆိတ်ကျင်စွယ် အပြည့်နှင့်လူမှာလည်း လောလောလတ်လတ် သွန်းလုပ်ပြီးစီးထားသည့် ဓားအား ကျေနပ်မှုအပြည့်ဖြင့် ကြည့်နေသည်။ မောပန်းနွမ်းနယ်ခြင်းကိုပင် အမှုမထားနိုင်တော့ပဲ သူ၏ ဓားအလုပ်ရုံမှရှိရာ တောင်မှ ထွက်ခွာသွားသည်။ မကြာခင်၌ သလင်းပြာစံအိမ်တွင် ဓားတစ်ချောင်း တိုးလာလေတော့သည်။
.................
သလင်းပြာစံအိမ်၏ ဓားစီးချင်းထိုးပွဲ အလောင်းအစားမှာ များသည်ထက် ပိုများလာခဲ့သည်။ နေ့တစ်ပိုင်းမရှိတရှိလေး၌ သလင်းပြာစံအိမ်တွင် ဓားအလက်နှစ်ဆယ်ခန့် တိုးလာခဲ့ပြီဖြစ်သည်။ ထိုဓားများသည်လည်း အသေအချာ စိစစ်ရွေးချယ်ထားသည့် ဓားများသာ ဖြစ်သည်။
၀င်ကြေး ရွှေတုံး ၁၂၀၀ မှာ ထိုသူတို့အား ရပ်တန့်နိုင်ခြင်းမရှိချေ။
မြို့တော်၏ မဟာပန်းပဲကလန်ကြီးလေးခု၊ အနောက်တိုင်းမှကုန်သည်များ၊ လက်နက်အရောင်းဆိုင်များနှင့် မြို့တော်ရှိ လက်နက်အလုပ်ရုံများ( မြို့တော်ရှိ နာမည်ကျော်ကြားခြင်းမရှိသည့် ပန်းပဲပညာရှင်များ) စသည်ဖြင့်.. ဝေဟောင်မှာ လူပေါင်းများစွာဖြင့် ပြောဆိုဆက်ဆံနေရပြီး တစ်နေ့လုံး အားလပ်သည်ဟူ၍ မရှိနေပေ။
သူကိုယ်တိုင်ပင် ဤဖြစ်စဉ်အား ယခုလောက်ထိ ပေါက်ကွဲသွားလိမ့်မည်ဟု ထင်မှတ်မထားပေ။ မုတ်ဆိတ်၏ ထွက်ပေါ်လာမှုက မီးစလေးတစ်စလိုပင် မြို့တော်၏ လက်နက်ထုတ်လုပ်ရေးနယ်ပယ် တစ်ခုလုံးအား အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားစေသည်။
ထင်ရှားသည့်ကလန်များ၊ လက်နက်အရောင်းဆိုင်များ၊ အလုပ်ရုံများနှင့်အတူ တစ်သီးပုဂ္ဂလပန်းပဲပညာရှင်များ၏ ဓား အမြောက်အမြားက ပါ၀င်လာကြသည်။ ဤအဖြစ်အပျက်က ဆည်ကျိုးသွားသလိုပင် မည်သူမျှ တားဆီးရန် မဖြစ်နိုင်တော့ချေ။
နှင်းတောင်ပေါ်မှ နှင်းလုံး လိမ့်လာသကဲ့သို့ အချိန်ကြာလေ သလင်းပြာစံအိမ်ရှေ့ရှိ ဓားစီးချင်းထိုးပွဲအား လာရောက်ကြည့်ရှုသည့် လူအုပ်ကြီးမှာလည်း ပိုများလာခဲ့သည်။
“ ကျွတ်ကျွတ်.. ရွှေတုံး ၄၈၀၀ အခု ရွှေတုံး ၄၈၀၀ တောင်ဖြစ်သွားပြီ ”
“ ကျွတ်ကျွတ်... ဒီမှာ ချိန်ထားတဲ့ဓား ဘယ်နှစ်ချောင်းရှိလဲ ကြည့်ရအောင်.. ၂၀.. ၃၀... တကယ်လို့ သလင်းပြာစံအိမ်ရဲ့ ဓားပိုင်ရှင်သာ ရှုံးသွားရင်တော့ တစ်သက်လုံး ခေါင်းဖော်နိုင်မှာ မဟုတ်တော့ဘူး ”
“ ဟမ့်... ဒီလူ ရှုံးသွားရင် အတွင်းခံတောင် ကျန်မှာ မဟုတ်ဘူး ”
“ ဟားဟား.. ဒီခွေးကောင် အခုတော့ သံတုံးကို ကန်မိပြီလေ.. မြို့တော် ကျန်းကလန်၊ ဟွမ်ကလန်၊ လူကလန်နဲ့ ချမ်ကလန်တို့ဆိုတာက ထိပ်တန်းပန်းပဲကလန်တွေပဲ.. ဒါတောင်မှ ဒီကောင်က သူ့ကိုယ်သူတောင် အလောင်းအစားလုပ်လိုက်သေးတယ်.. သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိပါဘူးကွာ.. ”
“ ဟားဟား.. ငါမင်းကိုပြောပြမယ်.. ဒါက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာရဲ့ရလဒ်ပဲ.. မြို့တော်လိုနေရာမျိုးမျာ အပြင်ပန်းကနေကြည့်ရင်တောင် အရည်အချင်းရှိတဲ့သူတွေ ဒုနဲ့ဒေး.. ဒီနေရာက တစ်ခြားနေရာတွေနဲ့ နှိုင်းယှဉ်လို့မရနိုင်လောက်အောင် ပါရမီရှင်တွေ ပေါများတယ်.. ဒါပေမဲ့.. အဲ့လူရှုံးလို့ ကိုယ့်ကိုယ်ကို သက်သေလိုက်မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ.. ”
...............
သလင်းပြာစံအိမ်၏ရှေ့၌ လူအုပ်ကြီး၏ စကားနာထိုးသံများ ညံစီလျက်ရှိသည်။ ‘ ကမ္ဘာ့နံပါတ်တစ် ဓား ’ ဟူသည့် အကြောင်းအရာကသာ ဆူပူနေမှုအား တိတ်ဆိတ်စေနိုင်ပေလိမ့်မည်ဖြစ်ကာ လက်နက်သွန်းလုပ်သည့် နယ်ပယ် တစ်ခုလုံကလဲ ထိုအရာအား သိချင်နေသည် မဟုတ်ပါလား။
ဤသာမာန်လူများအနေဖြင့် အခြားအကြောင်းအရာများကိုသာ စိတ်၀င်စားနေကြသည်။
သလင်းပြာစံအိမ်၏ နောက်ကွယ်မှလူမှာ ဤကိစ္စရပ်အား ဖြစ်ပွားစေသူဖြစ်သည့်အတွက် လူအများက ထိုလူကိုသာ စိတ်၀င်စားနေကြသည်။ ထိုအရာက သူ၏ ဓားမည်မျှ အံ့ဖွယ်ကောင်းသည်ကို သိရှိလို၍ မဟုတ်ပဲ ထိုသူရှုံးနိမ့်လျှင် မည်ကဲ့သို့ ကိုင်တွယ်မည်ကို သိချင်ကြ၍ ဖြစ်သည်။
ထိပ်တန်း ဓား အလက်သုံးဆယ်မှာ ဟာသ မဟုတ်ပေ။ ထိုဓားများက တစ်ဖက်လူအား ဒေဝါလီခံရစေရန်ထက်ပင် ပိုနေသေးသည် မဟုတ်လား။
တစ်ချို့ဆိုလျှင် သလင်းပြာစံအိမ်ရှေ့တွင် လောင်းကစားဒိုင်ပင် ထောင်ထားကြသေးသည်။
ဖြစ်စဉ်က တစ်ဖြည်းဖြည်းနှင့် မတူညီသည့် လူအများ၏ အာရုံအား ဆွဲဆောင်လျက်ရှိသည်။
“ ဟီးဟီး.... သလင်းပြာစံအိမ်တော့ ကျွတ်စီကိုညံနေတာပဲ.. အဲ့မှာ လူတွေ အရမ်းများနေပြီ.. တစ်ထောင်လောက်ကို ရှိမယ်ထင်တယ် ”
“ ကမ္ဘာ့နံပါတ်တစ် ဓား.. ဘယ်လိုတောင် ကြီးမြတ်လိုက်တဲ့ ဂုဏ်ပုဒ်လဲကွာ.. ”
“ အဲ့ဒီ ဓားကို ကြည့်လိုက်စမ်း.. တကယ် မဆိုးဘူး.. တစ်ခုပဲ စျေးအရမ်းကြီးလွန်းတယ် ”
“ ဟမ့်.. တကယ်လို့ အဲ့ဒီဓားကသာ ထိပ်တန်းဓားတစ်လက်ဆိုရင် ငွေက ဘာမှမဟုတ်တော့ဘူး.. ငါစိတ်ပူတာက အဲ့ဓားက ထင်သလောက် မကောင်းမှာကိုပဲ ”
“ ဒါပေါ့.. ရွှေတုံး ၆၀၀.. ၇၀၀ ပဲတန်တဲ့ ဓားတစ်လက်ကို ဘယ်လိုလုပ် ထိပ်တန်းဓားလို့ သတ်မှတ်လို့ရမှာလဲ.. လူကုံထန်တွေတောင် ၀ယ်ဖို့ တတ်နိုင်တယ်.. ဒါပေမဲ့ ဒီ ဓားတွေကို နန်းတွင်းစစ်တပ်လိုမျိုးကတော့ ကိုင်မှာတောင် မဟုတ်ဘူး.. ”
........
ကျန်းတစ်ရာခန့်အကွာအဝေးမှ မဟာထန် တော်၀င်နန်းတော်၏ ရွှေရောင်တံတိုင်းကြီး ထိပ်တွင် မဟာနန်းတွင်းစစ်တပ်မှ စစ်သည်များက တံတိုင်းတစ်လျောက် စီတန်းကာ ရပ်နေကြပြီး သလင်းပြာစံအိမ်အား ကြည့်နေကြသည်။
မြင့်မားလှသည့် တံတိုင်းပေါ်မှကြည့်လျှင် သလင်းပြာစံအိမ်မှာ သေးကွေးနေတော့သည်။ ထိုသို့တောင်မှ ထိုနေရာရှိ လူအုပ်ကြီးမှာ အလွန်သိသာထင်ရှားနေသည်။
သလင်းပြာစံအိမ်သည် မဟာထန်အင်ပါယာနန်းတွင်းနှင့် မနီးမဝေး၌ တည်ရှိသည်။ ထိုနေရာရှိ အုတ်အော်သောင်းနင်း ဖြစ်နေမှုက နန်းတွင်းစစ်တပ်ကိုပါ စိတ်၀င်စားစေခဲ့သည်။ တံတိုင်းနောက်ရှိ နန်းတွင်း၌ နေရသည်မှာ ပျင်းစရာကောင်းလှသည်ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်မှ ဓားများနှင့် အနောက်တိုင်းမှ ထွက်ပေါ်လာသည့် ဆေဘာဓားအကြား ဓားစီးချင်းထိုးမှုက နန်းတွင်းစစ်တပ်၏ စစ်သည် အများအပြား၏ အာရုံအား ဆွဲဆောင်နိုင်ခဲ့သည်။
“ ဟမ်.... ဘယ်သူကြီးလဲ.. ကြည့်လိုက် အဲ့တာ တပ်မှူးလီ မဟုတ်လား.. ”
စကားပြောဆိုနေစဉ် အချိန်တွင်း လူတစ်ယောက်၏ ရုတ်တရက် ပြောဆိုလိုက်မှုကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိုသူ ကြည့်နေရာဘက်သို့ ခေါင်းလှည့်လိုက်ကြသည် ။ တံတိုင်း၏ရှေ့၌ ရင်းနှီးဟန်ရသည့် လူရိပ်အချို့က သလင်းပြာစံအိမ်သို့ ဦးတည်လျက် လာနေကြသည်။
“ ရှီး... အဲ့တာ ကျောက်သခင်မဟုတ်လား.. ”
“ တိတ်တိတ်နေစမ်း.. စကားမပြောနဲ့.. ”
နန်းတွင်းစစ်တပ်မှ စစ်သည်များ၏ မျက်နှာထား ရုတ်တရက်တင်းမာသွားလေရာ လူအားလုံး တိတ်ဆိတ်သွားခဲ့သည်။
ကျန်းတစ်ရာခန့် ဝေးကွာနေသည် ဖြစ်သော်လည်း ထိုသူတို့ သလင်းပြာစံအိမ်သို့ ရောက်လာရန် အချိန်သိပ်မယူလိုက်ရပေ။ နန်းတွင်းစစ်သည်များ၏ အကြည့်အောက်၌ လူရိပ်သုံးခုက သလင်းပြကာစံအိမ်သို့ ချက်ချင်းရောက်လာခဲ့သည်။
“ ငါတို့က နန်းတွင်း စစ်တပ်ကပဲ ”
သုံးဦးသား တံဆိပ်ပြားကိုယ်စီထုတ်ကာ သူတို့၏ အဆင့်အတန်းအား ထုတ်ဖော်ပြောကြားလိုက်သည်။
“ ဘာ........ ”
ဝေဟောင်မှာ သလင်းပြာစံအိမ်မှ ဓားစီးချင်းထိုးပွဲအနီး၌ တာ၀န်ကျနေသည့် အစေခံတစ်ယောက်ထံမှ သတင်းစကား ကြားသိလိုက်ရသည်။ ထိုစကားများအား ကြားပြီးနောက် မျက်လုံးပြူးကျယ်သွားကာ အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ ထိုသူသုံးဦးနှင့် တွေ့လိုက်ရမှသာ သူ ပြန်လည် တည်ငြိမ်နိုင်တော့သည်။
ထိုသုံးဦးလုံး စကားစ မပြောခင်၌ပင် ဝေဟောင် အသက်ပြင်းပြင်းရှူလိုက်ကာ ထိုသုံးဦးအား တည့်တည့်ကြည့်လိုက်ပြီး ထိုသူတို့ ရှိရာ စားပွဲသို့ သွားလိုက်ကာ..
“ ခနစောင့်ပေးပါဦး... ကျုပ် လူတစ်ယောက်ကို ခေါ်လာပေးပါ့မယ်.. ”
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 54.
နန်းတွင်းစစ်တပ် တပ်မှူးချုပ် အလောင်းအလျာ
“ ၀မ်မချောင်.. မင်းပြောထားတဲ့အတိုင်း အတိအကျပဲ.. နန်းတွင်းစစ်တပ်က တကယ် ရောက်လာခဲ့ပြီ ”
၀မ်မိသားစုခြံ၀င်းသို့ ဝေဟောင်ရောက်သည်နှင့် ထိုစကားများအား ဦးစွာ ပြောလေတော့သည်။ ယခင်က သလင်းပြာစံအိမ်၌ ဓားချိတ်ဆွဲရန်ပြောချိန်၌ ၀မ်ချောင်မှ ဝေဟောင်အား နန်းတွင်းစစ်တပ် ရောက်လာလျှင် သူ့အား လာခေါ်ရန် ပြောထားခဲ့သည် မဟုတ်လား။
နန်းတွင်းစစ်တပ်မှ စစ်သည်များ အမှန်တကယ် ရောက်လာလိမ့်မည်ဟု ဝေဟောင်ထင်မထားပေ။
သလင်းပြာစံအိမ်၏ အမြင့်ဆုံးအထပ်၌ ဝေဟောင်ပြောခဲ့သည့် နန်းတွင်းစစ်သည် သုံးဦးအား ၀မ်ချောင် တွေ့လိုက်ရသည်။ သူ၏ ပြန်လည်မွေးဖွားလာပြီးနောက် အင်ပါယာအရှင်၏ ကိုယ်ရံတော်များအား မြင်တွေ့ဖူးခြင်းပင် ဖြစ်၏။
နန်းတွင်းစစ်တပ်သည မြို့တော်အား ကာကွယ်ရန်နှင့် အင်ပါယာအရှင်၏ လုံခြုံရေးအား အပြည့်အ၀ တာ၀န်ယူထားရလေသည်။ စစ်တပ်အတွင်း၌ ထိုတည်ရှိမှုအား မြင့်မြတ်သည်ဟု ဆိုရနိုင်သည်။ တော်၀င်မိသားစု၏ အမှတ်အသားအား ကိုင်စွဲခွင့်ရလျှင်တောင် လူတိုင်းက ထိုသူများနှင့် တွေ့ဆုံခွင့်ရရန် မလွယ်ကူပေ။
ထိုအရာက ၀မ်ချောင် အပေါ်၌လည်း ထိုနည်း၎င်းပင်။
ထိုအချက်ကြောင့် ဝေဟောင်အလွန် အံ့သြနေခြင်းလည်း ဖြစ်သည်။
“ ဘယ်လိုတောင် သန်မာတဲ့ အာဏာစက် အငွေ့အသက်တွေလဲ.. သခင်လေးတွေတောင် နန်းတွင်းစစ်တပ်ကို မဆန့်ကျင်ရဲတာ မထူးဆန်းတော့ဘူး ”
သူ့ရှေ့၌ ရပ်နေသည့် လူများအား ကြည့်နေရင်း ၀မ်ချောင် တွေးလိုက်မိသည်။
အင်ပါယာအရှင်နှင့်တော်၀င်မိသားစု၏ ကိုယ်ရံတော်များအနေဖြင့် လုပ်ပိုင်ခွင့်ကြီးမားသည့် တော်၀င်သူများနှင့် နန်းတော်တွင်း နေ့တဒူဝ ဆုံတွေ့နေရသည်ဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ထိုသူတို့၏ အငွေ့အသက်များကလည်း အားကောင်းလာခဲ့သည်။ သူတို့နှင့်ယှဉ်လျှင် အခြား အရာရှိများနှင့် စစ်သည်များက သေးနုတ်သွားပြီး ၎င်းတို့၏ တံဆိပ်ပြားမရှိလျှင်ပင် အငွေ့အသက်ဖြင့် မည်သူဖြစ်နိုင်ကြောင်း ခွဲခြားနိုင်ပေသည်။
တစ်ခြားတစ်ဖက်၌ ထိုနန်းတွင်းစစ်သည်များက လူတစ်ယောက်အား အသေးစိတ် လေ့လတတ်ပြီး မည်သူပင်ဖြစ်စေ အမြဲတစေ ဦးစွာ လေ့လာစမ်းစစ်ကြသည်။ ထိုအရာက သာမာန်ပြည်သူများကို ထိုသူများရှေ့၌ အလွယ်တကူကြောက်ရွံ၊ ထိတ်လန့်ကာ နေရထိုင်ရ ခက်ခဲစေနိုင်သည်။
ထိုသူများ၏ တည်ရှိမှုမှာ သာမာန်လူများအဖို့ မည်သို့မှ ပိုင်ဆိုင်ရန် မဖြစ်နိုင်သည့် အရာပင်ဖြစ်တော့သည်။
“ အင်ပါယာအရှင်ရဲ့ ကိုယ်ရံတော်တွေကို တကယ်ကို မယုံနိုင်စရာကောင်းလှပါတယ်.. ထင်ထားတဲ့အတိုင်းပဲ တကယ့်ကမ္ဘာ့အကောင်းဆုံး အသန်မာဆုံး စစ်တပ်တစ်ခုပဲ ”
၀မ်ချောင် စိတ်ထဲမှနေ၍ ထိုသူတို့အား ချီးကျူးထောမနာ ပြုလိုက်သည်။
၀မ်ချောင်၏ ယခင်ဘ၀၌ နန်းတွင်းစစ်တပ်အား သူတွေ့ဆုံဖူးလေသည်။ သူ့ယခင်ဘ၀မှ ကြုံခဲ့ဖူးသည့် အခြေအနေနှင့် နှိုင်းယှဉ်ရလျှင် ယခု၌လည်း နန်းတွင်းစစ်တပ်သည် အံ့အားသင့်ဖွယ် အသန်မာဆုံး စစ်သည်များ ဖြစ်နေဆဲပင်။
နန်းတွင်းစစ်တပ်သည် သူတို့၏ တိုက်ပွဲစွမ်းရည်ဖြင့် နာမည်ကျော်ကြားသည်နည်းတူ သူတို့၏ အသက်ကိုလည်း ထိုအပေါ်၌သာ လောင်းကြေးထပ်ထားကြလေသည်။ သူတို့၏ သန်မာမှုမှာ ရှုပ်၍ရသည့် အရာ မဟုတ်ပေ။ မည်သို့ဆိုစေ နှစ်အနည်းငယ်အတွင်း မဟာထန်၏ ဆုတ်ယုတ်လာမှုကြောင့် သခင်လေးများက နန်းတွင်းစစ်တပ်ထဲသို့ စိမ့်၀င်နိုင်ရန် ကြိုးပမ်းလာကြကာ သူတို့၏ ရာထူးအဆင့်အတန်းများအား ငွေနှင့် ပစ်ပေါက်၍ ၀ယ်ယူခဲ့ကြသည်။ တစ်ခြားတစ်ဖက်၌ ထိုက်တန်သည့်သူများမှာတော့ နန်းတွင်းစစ်တပ်မှ ထုတ်ပယ်ခြင်းခံရကာ ကမ္ဘာ့အသန်မာဆုံး စစ်တပ်သည်လည်း ယိုင်နဲ့ လာရတော့သည်။
မြို့တော်နှင့် လောကကြီးအား ကာကွယ်ရန် နန်းတွင်းစစ်တပ်အား အလိုအပ်ဆုံးအချိန်၌ သူတို့မှာ တစ်ချက်တည်းနှင့်ပင် ဖြိုခွင်းခံလိုက်ရပြီး လီတစ်ထောင်အတွင်း ရှင်သန်သူမကျန်ရှိအောင် တိုက်ခိုက်ခံခဲ့ရသည်။ ထိုအရာမှာ မဟာထန်၏ အကြီးမားဆုံး အရှက်ရမှု ဖြစ်ခဲ့သလို ၀မ်ချောင်အပါအ၀င် လူတိုင်းအတွက်လဲ အတူတူပင် ဖြစ်ခဲ့ရသည်။
“ ... ဒီလို ကံဆိုးမိုးမှောင်ကျတာက တစ်ခါဆိုလုံလောက်ပြီ... နန်းတွင်းစစ်တပ်ကို ဒီလိုမျိုးနောက်တစ်ခါ ထပ်အဖြစ်မခံနိုင်တော့ဘူး ”
၀မ်ချောင် သူ၏ နှာခေါင်းထဲ၌ ချဉ်စုပ်စုပ် အထိအတွေ့အား ခံစားလိုက်ရသည်။ သူ၏ ယခင်ဘ၀ ကံဆိုးမိုးမှောင် ကျချိန်တွင် သူသည် မြို့တော်၌ သူလည်း ရှိနေခဲ့သည်။ နန်းတော်၏ လမ်းများအကြား နန်းတွင်းစစ်သည်များ ပိတ်မိနေပြီး အလောင်း တောင်လိုပုံနေသည်ကို သူမျက်စိဖြင့်တပ်အပ် မြင်ခဲ့ရသည်။ ထိုမြင်ကွင်းမှာ မေ့ဖျောက်လွယ်သည့်အရာ မဟုတ်ပေ။
ကတ္တီပါရောင်သွေးများက လမ်းတစ်လျှောက် စီးဆင်းနေပြီး သွေးမြစ်တစ်စင်းကဲ့သို့ ဖြစ်နေကာ ၀မ်ချောင်အား နေရာမှပင် မရွေ့နိုင်လောက်တော့အောင် ကြက်သေသေစေခဲ့သည်နည်းတူ သောကဗျာပါသ များစေခဲ့သည်။ ထိုကာလသည် ၀မ်ချောင် သူ၏ သွေးချင်းဖြစ်သည့် ဒေါ်ကြီးနှင့်ဦးလေးအား ဆုံးရှုံးခဲ့ရသည့် အချိန်လည်း ဖြစ်ပြန်သည်။
“ ရှူးးးးးးးးး ”
အသက်ပြင်းပြင်းရှူလိုက်ကာ ၀မ်ချောင် စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူ၏ယခင်ဘ၀၌ နန်းတွင်းစစ်တပ် မည်သို့ဖြစ်ခဲ့စေကာမူ ထိုအရာက ပြီးဆုံးသွားပြီးခဲ့သည့် အရာတစ်ခုသာဖြစ်သည်။
လက်ရှိဘ၀၌ ၀မ်ချောင်မှာ ၀မ်ကလန်၏ ကံကြမ္မာကိုပင် ပြောင်းလဲနိုင်ခဲ့လေပြီ။ ယခင်ဘ၀၌ ဖြစ်ခဲ့သည့်အရာများက ယခုတွင် ထပ်ဖြစ်ရန် မရှိတော့ပေ။
တည်ငြိမ်လာပြီးနောက် ၀မ်ချောင် ထိုသူသုံးဦးအား ဖြေးညှင်းစွာ ကြည့်လိုက်သည်။ နဖူးပြင်နှင့် မျက်ခုံးအကြား၌ မိုးကြိုးသွားသဏ္ဍန် ဓားအမာရွတ်ရှိနေသည့်သူကို မြင်လျှင် ၀မ်ချောင် အလွန် ပျော်ရွှင်သွားလေသည်။
“ သူပဲ... ”
၀မ်ချောင် သူ့ရှေ့၌ မတ်တပ်ရပ်နေသည့်သူအား မှတ်မိလိုက်သည်။
----- ကျောက်ဖုန်းချန်...
၀မ်ချောင် သူ့ရှေ့၌ ရှိနေသည့်သူမှာ နန်းတွင်းစစ်တပ်၏ ဒဏ္ဍာရီလာ အထူးချွန်ဆုံး အဆင့်သုံး စာရင်း၀င် လက်ရွေးစင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိချေ။ သူ၏ ယခင်ဘ၀၌ ထိုလူသည် နန်းတွင်းစစ်တပ်၏ တပ်မှူးချုပ် ဖြစ်လာခဲ့လေသည်။
ထိုသူ၏ ထင်ရှားသည့် အမှတ်အသားမှာ နဖူးနှင့် မျက်ခုံးမွေးကြားရှိ မိုးကြိုးသွားသဏ္ဍာန် ဓားအမာရွတ်ပင် ဖြစ်၏။
ယခင်ဘ၀၌ ထိုသူမှာ ဆေဘာနှစ်လက်အသုံးပြု၍ နာမည်ကျော်ကြားခဲ့သူဖြစ်ကာ တစ်လက်မှာ ခါးမှဖြစ်ပြီး နောက်တစ်လက်မှာ နဖူးနှင့်မျက်ခုံးကြားမှ ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ၀မ်ချောင် ထိုသူအား ချက်ချင်း မှတ်မိသွားခြင်း ဖြစ်လေသည်။
၀မ်ချောင် မှတ်မိသည့် ကျောက်ဖုန်းချန်နှင့်ယှဉ်လျှင် ယခု သူ့ရှေ့၌ ရှိနေသည့်သူများ အနည်းငယ် ငယ်ရွယ်ပုံရသည်။ ငယ်မူငယ်သွေးများ မပျောက်သေးသည်သာမက သူ၏ယခင်ဘ၀မှ ကြီးမြတ်သည့်ပုံရိပ်တဖြစ်လဲ ဟင်းလင်းပြင်တစ်ခုလုံးအား ဆုပ်ကိုင်ထားနိုင်သည့် အငွေ့အသက်လည်း မရှိသေးချေ။
ထိုသို့ပင်လျှင် လက်ရှိ ကျောက်ဖုန်းချန်၌ ထင်ရှားသည့် အရာများစွာ ရှိနေပါသေးသည်။ လူသုံးဦးအနက် သူ၏ တည်ရှိမှုနှင့် ခန့်ထည်မှုအငွေ့အသက်မှာ သိသိသာသာ ကွဲထွက်ချက်ရှိသည်။
အကယ်၌ သူသာ အမှတ်မမှားပါက လက်ရှိ ကျောက်ဖုန်းချန်မှာ နန်းတွင်းစစ်တပ်၏ တပ်မှူးဖြစ်မည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခုအား ဦးဆောင်နေသည့်သူ ဖြစ်ရပေမည်။
အနာဂတ်၌ သူက ပိုမိုရာထူးမြင့်မားလာပေလိမ့်မည်။ အစစ်အမှန် တောက်ပသည့် အနာဂတ်နှင့် လူတစ်ယောက်ဖြစ်လေသည်။ နန်းတွင်းစစ်တပ်အပေါ် နှိုင်းယှဉ်ရသည့် အာဏာစက်က သူ့အပေါ်၌ မူတည်လျက်ရှိသည်။
“ ငါတွေ့ရမဲ့သူက သူဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး ”
ထိုအချိန်၌ ၀မ်ချောင်၏ နှလုံးခုန်သံ ပြင်းထန်လျက်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ သူ့အနေဖြင့် ကျောက်ဖုန်းချန်အား မှတ်မိလိုက်ခြင်းကြောင့် မဟုတ်ပေ။ ၀မ်ချောင်က ထိုသူ၏ အခြား ဖြစ်တည်မှုတစ်ခုအား အမှတ်ရသွားခြင်းကြောင့်ပင်။
---- အလယ်ပိုင်းလွင်ပြင်၏ နာမည်အကျော်ကြားဆုံး ဝုစ်သံမဏိလက်နက်စုဆောင်းသူ.....
၀မ်ချောင် ယခင်ဘ၀၌ သိရှိခဲ့သည့် ရာဇ၀င်တွင်သည့် လးများစွာအနက် ဝုစ်သံမဏိနှင့် ပက်သက်မှု ရှိသည့်သူ ဖြစ်သည်။
ကျောက်ဖုန်းချန်မှာ ‘ သိုင်းရူး ’တစ်ဦဖြစ်သလို ထိပ်တန်းလက်နက်များအား အရူးအမူးစွဲလမ်းသည် အထူးသဖြင့် ဝုစ်သံမဏိလက်နက်များ ဖြစ်သည်။ သူ၏ ယခင်ဘ၀၌ ဝုစ်သံမဏိ၏ စျေးအမြင့်ဆုံးများထဲမှ တတိယအဆင့်ချိတ်သည်ကိုပင် သူရအောင် ၀ယ်ယူခဲ့ဖူးသည်။
ကျောက်ဖုန်းချန်၏ စိတ်၀င်စားမှုမှာ မာကျောမှု၊ ထက်မြမှုနှင့်အတူ ဝုစ်သံမဏိ၏ အလွန်အမင်းလှပလှသည့် ဓားပေါ်မှ အရေးအကြောင်းများကြောင့် ဖြစ်သည်။ ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင်ရှိ ဝုစ်သံမဏိအား အရူးထ စွဲလမ်းသူများအား ဦးဆောင်သူမှာ ကျောက်ဖုန်းချန်ပင် ဖြစ်လေသည်။
နှိုင်းယှဉ်မရနိုင်သည့် ဝုစ်သံမဏိဓားနှင့် သူ၏ ထူးချွန်လှသည့် ကျင့်ကြံမှုအား ပေါင်းစပ်၍ နန်းတွင်းစစ်တပ်အတွင်း၌ သူ၏ စွမ်းအားသက်သက်ဖြင့် သမိုင်းတွင်ခဲ့လေသည်။
“ ကြည့်ရတာ ငါ့ရဲ့ ငါးစာက ငါးကြီးကြီး ဖမ်းမိပြီပဲကွ... ”
၀မ်ချောင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလာကာ လေထဲ ပျံဝဲနေရသည်ဟုပင် ခံစားနေရသည်။
ထိုအရာက အမှန်ပင် ကံတရားသာဖြစ်သည်။ ၀မ်ချောင် အနေဖြင့် နန်းတွင်းစစ်တပ်၏ ချမ်းသာသည့် စစ်သည်များအား သူ၏ ဝုစ်သံမဏိလက်နက်ကို ၀ယ်ယူရန်အတွက် ဆွဲဆောင်ရန် ရည်ရွယ်ထားသော်လည်း သမိုင်း၀င်ငါးကြီး ကျောက်ဖုန်းချန်က ငါးစာလာဟပ်လိမ့်မည်ဟု သူ မထင်ထားချေ။
ကျောက်ဖုန်းချန်၏ ဝုစ်သံမဏိလက်နက်များအပေါ် ရူးသွပ်မှုက လူသိရှင်ကြားပင်ဖြစ်ကာ အရူးခေါင်းစဉ် တပ်ရလောက်သည် အထိဖြစ်လေသည်။ အကယ်၍ ဝုစ်သံမဏိလက်နက်များကို အဆိပ်အဖြစ် သတ်မှတ်မည်ဆိုလျှင်တောင် ကျောက်ဖုန်းချန်မှာ အဆိပ်သင့် နောက်ဆုံးအဆင့်ရောက်ရှိနေမည်ဖြစ်ကာ မည်သည့်ဆေးမှ သူ့အား ကယ်တင်နိုင်လိမ့်မည် မဟုတ်။
၀မ်ချောင်၏ အကြံအစည်အတွင်း ထိုမျှလောက် ကျော်ကြားသည့်သူတစ်ယောက် ပါ၀င်လာခြင်းကြောင့် ၀မ်ချောင် သူ၏ အနာဂတ်အစီအစဉ်များအပေါ် ပို၍ ယုံကြည်ချက်ရှိလာပြီ ဖြစ်လေသည်။
“ မင်းက ဓားပိုင်ရှင်လား ”
ကျောက်ဖုန်းချန် ပြောလိုက်သည်။ ဤသူငယ်အပေါ် သူခံစားရသည်များက ထူးဆန်နေ၏။ အခြားသူများသာဆိုလျှင် သူသည် နန်းတွင်းစစ်တပ်မှလာသူဖြစ်ကြောင်း သိရသည်နှင့် အနည်းနှင့်အများဆိုသလို ကြောက်ရွံသွားတတ်ကြသည်။ သို့သော် ဤသူငယ်သခင်လေးမှာ သူ့အား တိတ်တဆိတ်ပင် ကြည့်နေသေးသည်။ ထိုအရာမှာ သူ့အနေဖြင့် တစ်ဖက်လူအား ခန့်မှန်းမရနိုင်သည့်အတွက် သူပင် အတော်လေး အံ့အားသင့်မိသွားသည်။
“ ဟုတ်ပါတယ်... ”
သူ၏ အတွေးများအား ရုတ်သိမ်းလိုက်ပြီး ၀မ်ချောင် ပြုံးလိုက်သည်။ သူ၏ သွင်ပြင်ဟန်ပန်နှင့် အမူအရာတို့အား သဘောထားကြီးဟန် ထုတ်ဖော်ထားလိုက်သည်။
ကျောက်ဖုန်းချန်မှ သူ့နာမည်အား ဝေဟောင်အား ပြောပြမထားသည်သာမက သူ၏ အပြုအမူများကိုလည်း ဖုံးကွယ်ထားပြန်သေးသည်။ ထိုသို့တောင်မှ ၀မ်ချောင်သည် သူ၏ ယူဆချက်များအား သိရှိနေသလိုပင်။ ၀မ်ချောင်အတွက်လည်း တစ်ဖက်လူ၏ တည်ရှိမှုအား သိထားပြီးသည်ဖြစ်ရာ အဘယ်သို့ ငါးမျှားချိတ်မှ အလွယ်တကူ လွတ်ပေနိုင်လိမ့်မည်နည်း။
“ မင်းရဲ့စံအိမ်ရှေ့မှာ ချိတ်ထားတဲ့ ဓားကို ငါ၀ယ်ချင်တယ်.. ဖုံးထားတဲ့ အ၀တ်မဲကို ဖယ်ပြီး ကြည့်ခွင့်ရမလားလို့ ငါသိချင်တယ်.. တကယ်လို့ ဓားက ငါသဘောကျလောက်တယ်ဆိုရင် မင်းကျေနပ်လောက်တဲ့ စျေးအထိ ငါပေးပြီး ၀ယ်မယ်..--- မင်းတောင်းထားတဲ့ စျေးထက် များကိုများစျေရမယ်ကွာ... ”
ကျောက်ဖုန်းချန် ရုတ်ချည်းပင် ခေါင်းစဉ်ပြောင်းလိုက်ပြီး သူလာရောက်ရသည့် အကြောင်းရင်းအား အတိအလင်းပင် ဖွင့်ဟလိုက်သည်။ သူ၏ လုပ်ဆောင်ချက်များအားလုံးက တဲ့တိုးဆန်သည်ချည်းပင်။
“ မင်းဘယ်လောက် စျေးပေးနိုင်သလဲ ”
၀မ်ချောင်သည်လည်း ထိုသူ၏နည်းလမ်းအတိုင်း ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“ ငါမင်းကို အာမခံနိုင်တာက အဲ့တာက ရွှေတုံး ၈၀၀၀ အောက် မနည်းစေရဘူး... ”
ကျောက်ဖုန်းချိန်၏ လက်ဟန်အမူအရာကိုကြည့်ရင်း ဝေဟောင် သူ၏မျက်လုံးက သူ့ကို လိမ်နေသည်ဟုပင် ခံစားနေရသည်။
“ ငါရူးသွားပြီလား... သူတို့က ဘယ်သူတွေမလို့လဲ.. အပြင်မှာ ကပ်ထားတဲ့ စျေးနှုန်းတောင်မှ ရွှေတုံး ၄၈၀၀ ပဲရှိတာကို.. ဒီလူက တကယ်ကြီး ရွှေတုံး ၈၀၀၀ ပေးမယ်ပြောနေတာလား....--- နန်းတွင်းစစ်တပ်ရဲ့ ကိုယ်ရံတော်တွေအားလုံး သူ့လိုပဲ ချမ်းသာကြတာလားဟ ”
ဝေဟောင်၏ အောက်မေးရိုးမှာလည်း ကြမ်းပြင်ကို ထိလုလုပင် ဖြစ်နေသည်။ သူ၏လစဉ်သုံးငွေမှာ ရွှေတုံး အနည်းငယ်ရှိပြီး ရွှေတုံး ၈၀၀၀ ဆိုသည်မှာ သူ၏ အသုံးစားရိတ်နှင့်တွက်လျှင် တစ်သက်လုံး လုံလုံလောက်လောက် သုံးဖြုန်းနေနိုင်လောက်ပေသည်။
ဘယ်ဟာက ရက်ရောတာလဲ... ဒါပဲ။ ဒီဟာပဲ။
ချမ်းသာတယ်ဆိုတာ ဒါပဲဖြစ်မယ်။
“ မြန်မြန် လက်ခံလိုက်တော့လေ... ”
ဝေဟောင် သူ၏ဘေး၌ရှိနေသည့် ၀မ်ချောင်အား လောဆော်လိုက်သည်။
အရူးသာလျှင် ရွှေတုံး ၈၀၀၀ အား ငြင်းပယ်ပေလိမ့်မည်။ အကယ်၍ ဓားတစ်ချောင်းအား ရွှေတုံး ၈၀၀၀ ဖြင့်ရောင်းချနိုင်သည် ဆိုပါက ဟိန္ဒူဘုန်းကြီးများထံ ၀မ်ချောင် အကြွေးတင်နေသည့် ရွှေတုံး ၉၀၀၀၀ မှာ ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။
ယခုတစ်ကြိမ်တော့ သူ အမှန်တကယ် ချမ်းသာပေပြီ။
“ မရဘူး... ”
၀မ်ချောင်မှ ကျောက်ဖုန်းချန်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီး ငြင်းပယ်လိုက်သည်။ ထိုစကားလုံးလေးသည် ဝေဟောင်၏ အိပ်မက်ကမ္ဘာအား အစိတ်စိတ်အမွှာမွှာ ချေမွှပစ်လိုက်လေသည်။
“ ဘာလို့လဲ... ”
ဝေဟောင်နှင့် ကျောက်ဖုန်းချန်တို့၏ စကားလုံးများက တစ်ချိန်တည်းလိုလို ထွက်လာခဲ့သည်။
“ ၀မ်ချောင်... မင်းရူးနေပြီလား... ဒီလောက်ကောင်းတဲ့ အပေးအယူကို မင်းဘယ်လိုလုပ် ငြင်းနိုင်ရတာလဲ ”
ဝေဟောင် ဒေါသကြောင့် အရူးမီးဝိုင်း ဖြစ်နေချေပြီ။
ထိုအရာက ရွှေတုံး ၈၀၀၀ ဖြစ်သည်။
အကယ်၍ သူသာ ဓားအား ထိုမျှလောက်သော စျေးနှုန်းဖြင့် ရောင်းချလိုက်လျှင် အတိုးနှင့် ပေးရမည့် ရွှေတုံး ၁၇၀၀ ကိုပေးချေနိုင်မည်ဖြစ်သလို ဟိန္ဒူများနှင့် ချုပ်ဆိုထားသည့် ဟိုက်ဒရာဘတ် စာချုပ်ဖောက်ဖျက်မိသည့် အတွက်ပေးဆောင်ရမည် ဒဏ်ကြေးကိုလဲ ကာမိပေမည်။
သူတို့ နှစ်ယောက်လုံးက လစဉ်အသုံးစားရိတ်ဖြင့် ယှဉ်လျှင် နှစ်ပေါင်းဆယ်ချီ အလုပ်မလုပ်ပဲ သက်တောင့်သက်သာ နေနိုင်ပေလိမ့်မည်။
ထောင်နှင့်ချီသည့် ရွှေတုံးများ..
သို့သော် ၀မ်ချောင်က ယတိပြတ် ငြင်းဆိုလိုက်သည်။ ဝေဟောင်၏ အိပ်မက်ကမ္ဘာပင် အသက်မ၀င်သေး ၀မ်ချောင်မှ ဖျက်ဆီးလိုက်သည်။
“ သခင်လေး... ငါပေးတဲ့ စျေးက မလုံလောက်သေးလို့လား ”
ကျောက်ဖုန်းချန်၏ တုန့်ပြန်မှုက ဝေဟောင်ထင်သည့်နှင့် ဆန့်ကျင်ဘက်ပင်။
အမှန်အတိုင်း ဆိုရလျှင် သူ့ရှေ့ရှိ လူငယ်က သူ့အား အလွန် အံ့အားသင့်စေသည်ဖြစ်သည်။ လူအတော်များများမှာ ရွှေတုံး ၈၀၀၀ ဟုကြားရသည်နှင့် ခံနိုင်ရည်များ ပျောက်ဆုံး ကုန်ကြမည်ဖြစ်ပြီး ဤသူငယ်မှာတော့ တုန့်ဆိုင်းခြင်းမရှိ ယတိပြတ် ငြင်းငယ်ခဲ့သည်။
ကျောက်ဖုန်းချန် အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်း၌ အခြေအနေများအား သူနားမလည်သေးကြောင်း သဘောပေါက်လိုက်သည်။
“ ခင်ဗျားက ဒီကို ပထမဆုံး ရောက်လာတာဖြစ်ရမယ်.. ဒါကြောင့် ဒီက ဓားရောင်းတဲ့ ကျုပ်ရဲ့စည်းမျဉ်းတွေကို ခင်ဗျားမသိသေးတာ ဖြစ်လိမ့်မယ်.. ၀ယ်သူက ထိခွင့် ကြည့်ခွင့်မရှိရုံမက ဓားအပေါ်မှာ အုပ်ထားတဲ့ အ၀တ်မဲကိုလည်း ဖယ်ပေးမှာ မဟုတ်ဘူး.. ကျုပ်ပြောတာ နားလည်ရဲ့လား ”
၀မ်ချောင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
၀မ်ချောင်မှာ ကျောက်ဖုန်းချန်၏ ရက်ရောမှုအား အံ့သြခြင်း အလျဉ်းမရှိပေ။
ယခင်ဘ၀၏ မှတ်ဉာဏ်များအား ပိုင်ဆိုင်ထားခြင်းကြောင့် ကျောက်ဖုန်းချန်၏ နောက်ခံအား ၀မ်ချောင် ကောင်းစွာ သိရှိထားသည်။
သူ့ရှေ့၌ ရပ်နေသည့်သူမှာ မြို့တော်၏ အချမ်းသာဆုံးကလန် အဓိကမိသားစု၏ သား ဖြစ်လေသည်။ တစ်ချိန်တည်းပင် ထိုအရာကို ကျောက်ဖုန်းချန်က အကောင်းဆုံး လျို့ဝှက်ထားသေးသည်။
------- ကျောက်ဖုန်းချန်သည် တော်၀င်မျိုးဆက်သွေး ငွေရောင်အား ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
သူ၏ ဘိုးဘေးဖြစ်သူ၏ မျိုးဆက်သည် ကျောက်ကလန်နှင့် လက်ဆက်လိုက်သည့် မင်းသမီးဖြစ်သည်။ ထိုကြောင့်ပင် ကျောက်ဖုန်းချန်၏ ဘိုးဘေးမင်းသမီးမှာ တော်၀င်မျိုးနွယ်ဟု ဆိုနိုင်သည်။ ငွေရောင် တော်၀င်သွေးမျိုးဆက်မှာ ကျောက်ဖုန်းချန်အတွက် ထူးခြားသည့် နေရာတစ်ခုအား ပေးစွမ်းပြီး ကလန်အတွင်း၌ သူ့အား အလွန်ပင် တန်ဖိုးထားကြသည်။ ကျောက်ကလန်မှ သူ့အား ရှိသမျှ ပုံအော၍ ထောက်ပံ့ပေးထားသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ကျောက်ဖုန်းချန် လိုအပ်သည်ဆိုပါပါက မည်သည့်အရာဖြစ်စေ ကျောက်ကလန်မှ သူ့အား ထောက်ပံ့ပေးမည် မလွဲချေ။
အနာဂတ်တွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် နန်းတွင်းစစ်တပ်၏ တပ်မှူးချုပ်ဖြစ်လာခဲ့သည်အထိ အမြင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူ့ကလန်၏ ထောက်ခံမှုများကြောင့်ဆိုလျှင်လည်း မမှားပေ။
ကျောက်ကလန်သည် ထိုလျို့ဝှက်ချက်အား နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီး အချိန်တန်မှသာ ထုတ်ဖော်ခဲ့ကြသည်။
ကျောက်ကလန်၏ ချမ်းသာကြွယ်၀မှုမှာ တိုင်းသိပြည်သိပင်ဖြစ်ပြီး မြို့တော်၏ အချမ်းသာဆုံး ကလန်တစ်ခုလည်း ဖြစ်ပြန်သည်။
ကျောက်ဖုန်းချန်အတွက်ဖြစ်စေ ကျောက်ကလန်အတွက်ဖြစ်စေ ရွှေတုံး ၈၀၀၀ ဆိုသည်မှာ စာမဖွဲ့ပေ။ ထို့ကြောင့် ဤအရာက ၀မ်ချောင်အတွက် အခွင့်ကောင်းကြီး တစ်ခုပင် ဖြစ်လေသည်။
မည်သို့ဆိုစေ ထိုအရာက ၀မ်ချောင် လိုချင်သည့် အရာလည်းဖြစ်ပြန်သည်။
အနာဂတ်၌ ဝုစ်သံမဏိ မည်မျှလောက်ထိ နာမည်ကျော်ကြားမည်ကို ၀မ်ချောင်မှလွဲ၍ မည်သူမှ မသိရှိထားပေ။ ရွှေတုံး ၈၀၀၀ မှာ သာမန်ပြည်သူများအတွက် အတော်များသည့် ငွေကြေး ဖြစ်ချင်ဖြစ်နေလိမ့်မည် သို့သော် ဝုစ်သံမဏိလက်နက်နယ်ပယ်နှင့် ယှဉ်လျှင် ထိုအရာက အရှုံးပေါ်မည့် စီးပွားရေးသာ ဖြစ်နေသေးသည်။
ထိုမျှလောက် သေးငယ်သည့် ပမာဏက ၀မ်ချောင်အား စိတ်လှုပ်ရှားစေနိုင်မည်နည်း။
“ စည်းမျဉ်းတွေက ပြောင်းလဲလို့ရတယ်.. ရွှေတုံး ၈၀၀၀ က သခင်လေးရဲ့ ဆုံးရှုံးမှုတွေကို ကာပေးနိုင်မှာပါ ဟုတ်တယ်မလား.. ကျုပ်က တစ်ချက် ကြည့်ချင်ရုံလေးပါ.. သခင်လေးအတွက် အရှုံးမရှိပါဘူး.. ”
ကျောက်ဖုန်းချန် ၀မ်ချောင်အား နားချနေပြီး ၀မ်ချောင်၏ စိတ်အား ပြောင်းလဲရန် ကြိုးစားလိုက်သည်။
“ ဟားဟား... ဒါဆို ကျုပ် မေးခွန်းတစ်ခုမေးမယ်.. တကယ်လို့ ခင်ဗျားက ဓားကိုကြည့်ပြီး စိတ်ကျေနပ်မှု မရှိဘူးဆိုရင် ရွှေတုံး ၈၀၀၀ ကိုပေးဦးမှာလား.. ”
၀မ်ချောင်၏ စကားလုံးက ပြဿနာ၏ အရေးကြီးဆုံးအပိုင်းအား ထောက်ပြလိုက်သည်။
“ ဒါကတော့........ ”
အချိန်တစ်ခဏတိုင်သည်အထိ ကျောက်ဖုန်းချန် ပြောစရာ စကားမရှိသေးချေ။
ကောင်းမွန်သည့် ဓားအတွက်ဆိုလျှင် ရွှေတုံး ၈၀၀၀ ပေးရန် သူ၀န်မလေးသော်လည်း သာမာန် ဟင်းလှီးဓားအတွက်တော့ သူ ထိုမျှ အသုံးပြုမည် မဟုတ်ပေ။
.........
အဓိကမိသားစုရဲ့သား..
ဒါလေးရှင်းချင်လို့ပါ.. ကလန်ရဲ့မျိုးဆက်အတွက် မွေးထုတ်ထားတဲ့ မျိုးဆက်ကို အဓိက မိသားစုပေါ့ ကျန်တာက မိသားစုခွဲပေါ့..
ဥပမာအနေနဲ့ ၀မ်ကလန်မှာဆိုရင် ၀မ်ကျူးယန်ကို အဓိကမိသားစု၀င်လို့ သတ်မှတ်လို့ရတယ်.. ၀မ်ချောင်ရဲ့ မိသားစုကတော့ မိသားစုခွဲပေါ့.. ဘာလို့လဲဆိုရင် ၀မ်ကျန်က ဘိုးဘိုးကြီး၀မ်ရဲ့ လွမ်းမိုးမှု ချမ်းသာမှုနဲ့ အာဏာစက်အောက်ကို ခိုလှုံထားလို့လေ.. သူက အနာဂတ် ၀မ်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာမည့်သူပေါ့.. ဒါကြောင့် သူတို့ကိုအဓိက မိသားစုလို့ခေါ်တာပါ..
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 55.
ငြင်းပယ်ခြင်း
“ ကြည့်ရတာ ခင်ဗျားက ကျုပ်ဓားကို ၀ယ်ဖို့ စိတ်၀င်စားနေတာမှ မဟုတ်တာ.. ခင်ဗျားက ရွှေတုံး ၈၀၀၀ တန်တဲ့ ဓားကို ၀ယ်နိုင်ဖို့ မျှော်လင့်နေတာပဲ.. ”
၀မ်ချောင် ခေါင်းခါလိုက်သည်။
“ သခင်လေးကိုယ်တိုင်ကရော သင့်ရဲ့ဓားက ရွှေတုံး ၈၀၀၀ တန်တယ်လိုပ ထင်ပါသလား ”
၀မ်ချောင် ပြုံးပြုံးဖြင့်သာ ထပ်မံခေါင်းခါလိုက်ပြီး ထိုသူနှင့်ဆက်လက်၍ ငြင်းခုံခြင်း မပြုတော့ပေ။
“ ကျုပ်ကတော့ ဒီစကားကိုပဲ ထပ်ပြောရဦးတော့မှာပဲ.. ခင်ဗျားအနေနဲ့ ဓားကို ကြည့်ခွင့် ထိခွင့်မရှိဘူး.. တကယ်လို့ ၀ယ်ချင်စိတ်ရှိရင် ရွှေတုံး ၄၈၀၀ နဲ့ ၀ယ်ယူနိုင်တယ်.. မနက်ဖြန်ဆိုရင်တော့ ဒီစျေးနဲ့ ရမှာ မဟုတ်တော့ဘူး ဒါပါပဲ.. ”
ထိုစကားများအား ပြောပြီးနောက် ၀မ်ချောင် လက်မောင်းအိုး ခါလိုက်ကာ တုံ့ဆိုင်းခြင်းအလျဉ်းမရှိ ထွက်ခွာသွားလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း အခန်းပြင်သို့ပင် ရောက်ရှိနေပြီးဖြစ်လေသည်။
“ အရှင် ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ.. ဒီကလေးက ဆွေးနွေးညှိနှိုင်းဖို့ကိုတောင် စိတ်၀င်စားပုံမပေါ်ဘူး ”
၀မ်ချောင် ထွက်သွားပြီးနောက် ကျောက်ဖုန်းချန်၏ ဘေး၌ရပ်နေသည့် ပိန်ရှည်ရှည် နန်းတွင်းစစ်သည်တစ်ဦးမှ သူ၏ မကျေနပ်နေမှုအား ထိန်းချုပ်မထားနိုင်တော့ပဲ ပြောလိုက်သည်။
“ ငါစဉ်းစားကြည့်ဦးမယ် ”
ကျောက်ဖုန်းချန် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ စဉ်းစားခန်း၀င်နေလိုက်သည်။
ရွှေတုံး ၈၀၀၀ မှာ ၀မ်ချောင် စတင်စျေးခေါ်သည်ထက် ဆယ်ဆခန့် ပိုမိုများပြားပေသည်။ သို့တိုင် ၀မ်ချောင်က သူ၏ ကမ်းလှမ်းမှုအား တုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုက ကျောက်ဖုန်းချန်ထင်ထားသည်ထပ်ပင် ကျော်လွန်နေ၏။
ဤအရာက ကျောက်ဖုန်းချန် မလာခင်က စဉ်းစားထားခဲ့သည်များမှ ကွဲထွက်နေသည်။
“ အရှင်.. ကျုပ်တို့က အဲ့ကလေးနဲ့ ဘာလို့ ငြင်းခုံနေမှာလဲ.. တကယ်လို့ သူ သဘောမတူဘူးဆိုရင်လဲ သလင်းပြာစံအိမ်မှာ ချိတ်ဆွဲထားတဲ့ ဓားကို အတင်းအကြပ် ဖြုတ်ယူလိုက်မယ်လေ ”
ပိန်ရှည်ရှည် စစ်သည်မှ အကြံပြုလိုက်သည်။ ၀မ်ချောင်၏ ထောင်လွှားမှုက သူ့အား မကျေမနပ်ဖြစ်စေခဲ့သည်။ သူတို့သည် နန်းတွင်းစစ်တပ်မှ ဖြစ်သည့်တိုင် ထိုကလေးမှ မချေမငံဆက်ဆံသွားခဲ့သေးလေသည်။
“ မလုပ်ဘူး.. သလင်းပြာစံအိမ်က အမတ်မင်းဝေ ပိုင်ဆိုင်ထားတာပဲ.. တစ်ခြားလူတွေ မသိတာ အသာထား မင်းက သတိမထားမိဘူးလား.. ရက်တွေအများကြီးကြာနေပြီ ဘယ်သူကများ ဓားလာခိုးသေးလို့လဲ.. ”
ကျောက်ဖုန်းချန် ထိုသူ၏ အကြံပေးချက်အား ချက်ချင်း ငြင်းပယ်လိုက်သည်။
“ ပြီးတော့.. မင်းက နန်းတွင်းစစ်တပ်ရဲ့ နာမည်ဂုဏ်သတင်းကိုတောင်မှ ဂရုမစိုက်တော့ဘူးလားကွ.. တကယ်လို့ ဒီလိုအဖြစ်မျိုးသာ လုပ်ခဲ့ရင် ကျန်တဲ့ ငါတို့ရဲ့ ညီအစ်ကိုတွေ သူတို့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လိမ့်မယ်.. ”
“ ဒါပေမဲ့... ဟွမ်သခင်က..... ”
ပိန်ရှည်ရှည်စစ်သည်မှ အတွန့်တက်လိုက်သော်လည်း သူ၏ပါးစပ်မှ ထိုစကားလုံးထွက်သွားသည်နှင့် သူ့ကိုယ်သူ စကားပြောမှားသွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ့ပါးစပ်သာ အလျင်အမြန် အုပ်လိုက်သည်ပင် နောက်ကျနေခဲ့ချေပြီ။ ကျောက်ဖုန်းချန်ရှိရာသို့ ခေါင်းငှဲ့ကြည့်လိုက်ရာ တစ်ဖက်လူ၏ အမူအရာက သူ့အား အလွန်အမင်း အံ့သြစေသည်။
“ ဟွမ်သခင်နဲ့ ပက်သက်ပြီး မင်းဘာမှ စိုးရိမ်နေစရာမလိုပါဘူး.. ငါကိုယ်တိုင်ပဲ ကြည့်ရှင်းလိုက်မယ် ”
‘ ဟွမ်သခင် ’ ဟူသည့် နာမည်အား ကြားလိုက်ရသည်နှင့် ကျောက်ဖုန်းချန် ဒေါသထွက်လေတော့သည်။ ထိုကိစ္စအပေါ် သူ အတော်ပင် ထိလွယ်ခိုက်လွယ်ဖြစ်နေဟန် ရသည်။
“ ငါ့ရဲ့ ဒီရှေးဟောင်းဓားကို မင်းဆီမှာ ထားခဲ့မယ်.. သူတို့ ပြန်လာရင် ပေးလိုက်ပြီး စံအိမ်မှာ ချိတ်ထားခိုင်းလိုက်ပါ.. ငါက ဓားကို မ၀ယ်ရင်တောင် ဓားစီးချင်းထိုးပွဲကိုတော့ ပါ၀င်ရမှာပေါ့ ”
....
တစ်ချိန်တည်း၌ သလင်းပြာစံအိမ်၏ အပြင်ဘက်တွင် ၀မ်ချောင်နှင့် ဝေဟောင် ဘေးချင်ကပ် လမ်းလျှောက်လျက်ရှိသည်။
“ ဒီခွေးကောင်.. ငါကသူ့ကို သဘောထားအရမ်းကြီးတာပဲလို့ထင်နေတာ.. သူလဲ တစ်ခြားသူတွေနဲ့ အတူတူပါပဲ.. ”
သလင်းပြာစံအိမ်မှ သူတို့ ထွက်လာပြီးသည့်အချိန်မှစ၍ ယခုအထိ ဝေဟောင် ကျိန်ဆဲနေသည့်က မပြီးဆုံးသေးချေ။
အကယ်၍ ၀မ်ချောင်၏ မေးခွန်းကြောင့်သာမဟုတ်လျှင် ကျောက်ဖုန်းချန်မှ ရွှေတုံး ၈၀၀၀ အသုံးပြု၍ ၀ယ်ယူခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းအား သူသိရလိမ့်မည် မဟုတ်ချေ။
“ သူ့ကိုလဲ အပြစ်တင်လို့ မရဘူး.. ဓားရဲ့အရည်အသွေးကို သူကိုယ်တိုင် မကြည့်ရပဲ ဒီလောက် စျေးကြီးပေး၀ယ်မှသာ မေးခွန်းထုတ်စရာ ဖြစ်နေမှာ.. ”
၀မ်ချောင် ပုခုံးတွန့်လိုက်ကာ ထိုအကြောင်းအရာအား အလေးနက် မထားနေပေ။
သူ၏ယခင်ဘ၀၌ ကျောက်ဖုန်းချန်သည် ငွေအား အမှိုက်များကဲ့သို့သာ သဘောထားသူ ဖြစ်၏။ ဝုစ်သံမဏိလက်နက် တစ်ခုတည်းအတွက်ပင်ရွှေတုံး သိန်းချီ အသုံးပြုခဲ့သူဖြစ်ပြီး သူ၏ ကြွယ်၀မှုက သူ့ခေါင်းအား ပျက်ဆီးစေခဲ့ပြီဟု လူပေါင်းများစွာ၏ ထင်မြင်စရာဖြစ်စေခဲ့ကာ သူကတော့ ငွေကို ဖောဖောသီသီ သုံးစွဲမြဲပင်။
သို့သော် အမှန်တရားမှာတော့ ဆန့်ကျင်ဘက်သာဖြစ်သည်။ ကျောက်ဖုန်းချန်အပေါ် ၀မ်ချောင်၏ မကြာသေးခင်မှ သုံးသပ်ချက်အရ ကျောက်ဖုန်းချန်မှာ ငွေအကြောင်း သိပ်မစဉ်းစားပဲ သူက တန်ဖိုးရှိသည်ဟု ထင်သည့်ပစ္စည်းအား ၀ယ်ယူခြင်းသာ ဖြစ်သည်။
ထို ‘ တန်ဖိုးမရှိသည့် ’အရာများအတွက်မူ ကျောက်ဖုန်းချန်မှ အခြားသူများထက်ပို၍ ရှောင်ဖယ်ပေလိမ့်မည်။
ဆိုရလျှင် နန်းတွင်းစစ်တပ်၏ အနာဂတ် တပ်မှူးချုပ်အလျောင်အလျာမှာ အရူးတစ်ယောက် ဖြစ်နေလိမ့်မည်လား။ မဖြစ်နိုင်ပေ။
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းထွက်လာတာ တစ်ဆိတ် မမြန်လွန်းဘူးလား.. မင်းအနေနဲ့ ဂယ်ပေါက်လေးတစ်ခုတောင် မထားခဲ့ဘူး.. ဘယ်လိုပြောပြောလေ အဲ့တာ ရွှေတုံး ၈၀၀၀ တောင်မှ မဟုတ်လား.. ဒီလောက် မြင့်တဲ့စျေးကိုခေါ်တဲ့သူက ၀ယ်နိုင်ခြေရှိတဲ့သူ ဖြစ်နိုင်တာပဲကို ”
၀မ်ချောင်၏ ဘေးမှ လမ်းလျှောက်နေရင်း ဝေဟောင် အပြစ်တင်လျက်နေသည်။ ထိုသို့ ငါးကြီးတစ်ကောင်လွတ်သွားခြင်းအပေါ် သူနောင်တရလျက်ရှိသည်။
“ မပူပါနဲ့ သူက ငါးစာကို ဟပ်နေတုန်းပါပဲ.. မကြာခင် သူပြန်လာလိမ့်မယ် ”
၀မ်ချောင် ပြုံးလိုက်သည်။
ကျောက်ဖုန်းချန်နှင့် ဝုစ်သံမဏိ၏ ဆက်နွယ်မှုမှာ ကံကြမ္မာအတိုင်းသာ ဖြစ်လေသည်။ သူတို့အကြား ဆက်နွယ်မှုအား ပိုင်းခြားပစ်ရန်မှာ မဖြစ်နိုင်ပေ။ ၀မ်ချောင်မှ ဝုစ်သံမဏိလက်နက်ပေါ်မှ အ၀တ်မဲအား ဖယ်ရှားလိုက်ပြီး ဝုစ်သံမဏိဓားအား ထုတ်ဖော်ပြလိုက်သည်နှင့် လက်နက်၏ လှုံ့ဆော်မှုအား ကျောက်ဖုန်းချန် အတိအကျ အာရုံခံမိပေလိမ့်မည်။
“ ကျောက်ဖုန်းချန်.... ကျောက်ဖုန်းချန် ”
၀မ်ချောင် ရေရွတ်နေသည်။ ရုတ်တရက် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု၀င်လာပြီး တစ်ခုခုအား သူအမှတ်ရလိုက်သည်။
သူ၏ ယခင်ဘ၀၌ ကျောက်ဖုန်းချန်မှာ ရာဇ၀င်တွင်ခဲ့သည်။ ဝုစ်သံမဏိနှင့် ပက်သက်သည့် မှတ်တမ်းများသာမက သူ၏ ကျင့်ကြံခြင်း သို့မဟုတ် ထိုတိုင်းတစ်ပါးကျူးကျော်သူများအား အသက်သေသည်အထိ တွန်းလှန်ခဲ့မှုတို့က ကမ္ဘာလောကကြီးတစ်ခုလုံးမှ သူ့နာမည်အား အမှတ်ရစေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုပြောင်မြောက်လှသည့် ဂုဏ်သတင်းနှင့်ယှဉ်လျှင် လက်ရှိကျောက်ဖုန်းချန်မှာ နာမည်ပင် မရှိသေးချေ။ နန်းတွင်းစစ်တပ်၏ တပ်မှူးဖြစ်နေသည့်တိုင် သူနှင့် တူညီသည့်အဆင့်အတန်းရှိသည့် သူများက နန်းတွင်းစစ်တပ်အတွင်း ဒုနှင့်ဒေးပင်။
၀မ်ချောင်၏ ယခင်ဘ၀မှ အသိဉာဏ်များအားအခြေခံ၍ ကြည့်လျှင် ကျေက်ဖုန်းချန်မှာ လက်ရှိရာထူး၌ပင် ခြောက်နှစ်မှ ခုနစ်နှစ်ခန့်အထိ ကြန့်ကြာနေခဲ့ကာ ထိုအရာမှာလည်း သူ မကျော်ဖြတ်နိုင်သည့် ဒုက္ခကြောင့် ဖြစ်လေသည်။
“ ဟွမ်ရှောင်ထျန်း... ”
နာမည်တစ်ခု ၀မ်ချောင်၏ အတွေးထဲ၌ ပေါ်လာခဲ့သည်။
ကျောက်ဖုန်းချန်သည် သမိုင်းအတွင်းမှ နန်းတွင်းစစ်တပ် ဒဏ္ဍာရီသုံးယောက်ထဲ၌ ပါ၀င်ကြောင်း လူသိရှင်ကြားရှင်ကြား အသိအမှတ်ပြုခံရခြင်းက သူ၏ မယုံနိုင်လောက်သည့် ခွန်အားနှင့်ပါရမီအား သက်သပြေနေခြင်းပင်ဖြစ်၏။ သို့တိုင် ထိုသို့ ထူးချွန်လှသည့်လူတစ်ယောက်က အသက်လေးဆယ်၌ တပ်မှူးချုပ်ကြီး ဖြစ်လာခြင်းမှ စိတ်ကူး၍ပင် မရနိုင်သည့်အရာဖြစ်လေသည်။
သူ့ဘ၀၏ အချိန်များအားလုံးကို သူ၏ နာမည်အား တည်ဆောက်ရန်သာ အသုံးချခဲ့သည်။
ထိုအကြောင်းအရင်းမှာလည်း အခြားထူးချွန် ပါရမှီရှိသည့် နန်းတွင်းစစ်တပ် တပ်မှူးတစ်ယောက်ကြောင့်လည်း ဖြစ်ပေသည်။
ထိုသူမှာ ဟွမ်ရှောင်ထျန်းဟု ခေါ်ဆိုသည့်သူပင် ဖြစ်၏။
ထိုသူက ကျောက်ဖုန်းချန်၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်၍ မရသော်လည်း ဟွမ်ရှောင်ထျန်းမှာလည်း ကျောက်ဖုန်းချန်ထက် မသာရင်သာနေမည် မလျော့ပေ။
နန်းတွင်းစစ်တပ်အတွင်း၌ လက်ရှိ တပ်မှူးချုပ်ကြီးမှလွဲ၍ ထိုသူ၏ ခွန်အားမှာ ထိပ်တန်း၀င်လေသည်။
ပြောကြသည့်အတိုင်း ‘ ဂူတစ်လုံးထဲမှာ ကျားနှစ်ကောင် အောင်းလို့မရ ’ဆိုသလိုပင် စိတ်၀င်စားသည့်အရာ တူညီသည့် လူနှစ်ယောက်မှာ မိတ်ဆွေများ ဖြစ်လာနိုင်သည် သို့သော် ထပ်တူညီသည့် အရည်အချင်းရှိသည့် လူနှစ်ယောက်မှာတော့ ရန်သူများသာ ဖြစ်နိုင်ပေသည်။
ကျောက်ဖုန်းချန်နှင့် ဟွမ်ရှောင်ထျန်းတို့ မိတ်ဆွေများ ဖြစ်လာရန်က လုံး၀ဥဿုံ မဖြစ်နိုင်သည့်အရာ ဖြစ်လေ၏။
ဟွမ်ရှောင်ထျန်းကြောင့်လည်း ကျောက်ဖုန်းချန် တပ်မှူးရာထူး၌ ခြောက်နှစ် ခုနစ်နှစ်ခန့် ကြန့်ကြာနေရခြင်း ဖြစ်လေသည်။ တဖြည်းဖြည်းနှင့် သူ၏ ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းများနှင့် ပေးဆပ်မှုများ ပြသပြီးနောက် ကျောက်ဖုန်းချန်က ခေါင်းတစ်လုံးသာသွားပြီး ဟွမ်ရှောင်ထျန်းအား ဖြတ်ချနိုင်ခဲ့သည်။ ထို့နောက် သူ့ သမိုင်းအား သူကိုယ်တိုင်ရေးထိုးနိုင်ခဲ့လေတော့သည်။
ထို အာဃာတ၏ မူလအစမှာ နန်းတွင်းစစ်တပ် တပ်မှူးချုပ်ရွေးချယ်ပွဲမှ ဖြစ်လေသည်။ ထိုအချိန်က ဟွမ်ရှောင်ထျန်းနှင့် ကျောက်ဖုန်းချန်မှာ ထိုရာထူးအတွက် အကောင်းဆုံး ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။
သို့သော် တိုက်ပွဲ၌ ကျောက်ဖုန်းချန်က ဟွမ်ရှောင်ထျန်းအား ရှုံးနိမ့်သွားကာ သူ့အတွက် အရေးပါလှသည့် အခွင့်အရေးကြီးအား လက်တွင်းမှ လွဲချော်စေခဲ့သည်။ ထို့နောက ဟွမ်ရှောင်ထျန်းသည် သူ၏ အထက်လူကြီးရာထူးအား အသုံးပြု၍ ကျောက်ဖုန်းချန်အား ဖိနှိမ်ခဲ့ကာ သူ့အား ရှိမြဲရာထူး၌သာ ထားထားသည်။
ထိုနေ့ရက်အား ခန့်မှန်ရလျှင် နန်းတွင်းစစ်တပ် ရွေးချယ်ပွဲက စတင်ရန် သိပ်မလိုတော့ချေ။
၀မ်းးးး.....
ထိုအတွေး သူ့ခေါင်းထဲ ၀င်ရောက်လာသည်နှင့် ၀မ်ချောင် မှင်သက်သွားခဲ့သည်။ ရုတ်တရက် ကျောက်ဖုန်းချန် ကိုယ်တိုင် သူ့အား အဘယ်ကြောင့် လာရောက်တွေ့ဆုံသည်ကို သူ သိသွားခဲ့သည်။
“ ၀မ်ချောင်.. ဘာဖြစ်လို့လဲ ”
သူ့နားထဲ၌ အသံတစ်ခုအား ကြားလိုက်ရသည်။ ဝေဟောင်သည်လည်း ၀မ်ချောင်အား ကြည့်နေရင်း အဘယ်ကြောင့် ၀မ်ချောင် လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်တန့်လိုက်သည်ကို နားမလည်နိုင်ပဲ ရှိနေသည်။
“ အာ.... ဘာမှ မဟုတ်တော့ဘူး ”
၀မ်ချောင် သူ့ကိုယ်သူ ပြန်လည် ထိန်းသိမ်းလိုက်ကာ ခေါင်းခါလိုက်သည်။ လမ်းပေါ်မှ မြင်းလှည်း၏တံခါးအား ဖွင့်လိုက်ကာ ၀မ်ချောင်နှင့်ဝေဟောင်ပါ တက်လိုက်ကြသည်။ ကြာပွတ်ရိုက်သံ တစ်ချက်နှင့်အတူ မြင်းလှည်းမှာလည်း အဝေးသို့ ထွက်ခွာသွားလေတော့သည်။
“ သခင်လေး.. ခနစောင့်ပါဦး.. ”
ရုတ်တရက် ယောက်ယက်လတ်နေသည့် ခြေသံအား အနောက်ဘက်မှ ကြားလိုက်ရပြန်သည်။
၀မ်ချောင်နှင့် ဝေဟောင်က နန်းတွင်းစစ်တပ်မှ စစ်သည်တစ်ယောက် အပြေးလာနေသည်လားဟု လှည့်ကြည့်လိုက်သည်တွင်..
အသက်ရှည်ဦးမယ်( Speak of the Devil)။ ၀မ်ချောင် ကြည့်နေရာဘက်သို့ တစ္ဆေတစ်ကောင်အား မြင်လိုက်ရသည့်နှယ် ဝေဟောင် ယင်၀င်ဥ၍ ရလောက်သည့် ပါးစပ်ဖြင့် ကြည့်လျက်နေသည်။ သူတို့က ထိုအကြောင်းအား ပြောနေရင်းသာရှိသေး တစ်ဖက်လူက ရောက်ချလာလေသည်။ ၀မ်ချောင်၏ စကားလုံးများက သူတို့အား ဤမျှလောက် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် ပြောင်းလဲစေခဲ့သည်လား။ အကယ်၍ ထိုသို့သာဆိုလျှင် ၀မ်ချောင်မှာတော့ အံ့ဖွယ်လူသားပင် ဖြစ်ချေမည်။
သို့သော် သူတို့ နှစ်ယောက်လုံး၏ ထင်မြင်ချက်မှားနှင့် ဆန့်ကျင်စွာ နန်းတွင်းစစ်တပ် ကိုယ်ရံတော်မှ အခြားအကြောင်းအရာအား မေးမြန်းခဲ့သည်။
“ သခင်းလေ.. သလင်းပြာစံအိမ်အပြင်ဘက်မှာရှိတဲ့ သတ္ထုတောင်အကြောင်း မေးလို့မလား.. အဲ့တာက ရောင်းဖို့လား ”
နန်းတွင်းစစ်တပ် ကိုယ်ရံတော်မှ မေးခွန်းထုတ်ရင်း လူတစ်ရပ်ခန့်ရှိသည့် သတ္ထုတောင်ရှိရာသို့ ညွှန်ပြလိုက်သည်။
သလင်းပြာစံအိမ်မှာ တော်၀င်နန်းတော်မှ သိပ်မဝေးသည့်နေရာ၌ တည်ရှိသည်။ ဤနေရာရှိ ဖြစ်စဉ်မှာ နန်းတွင်းစစ်တပ်ကိုပင် အုန်းအုန်းကြွပ်ကြွပ် ဖြစ်စေခဲ့သည်။ နန်းတွင်းစစ်တပ်ထက်ပို၍ ဓားအား ချစ်မြတ်နိုးသည့်သူ ရှိနိုင်မည်လား။
သလင်းပြာစံအိမ်မှ ကြီးမှူးကျင်းပမည့် ဓားစီးချင်းထိုးပွဲသည် နန်းတွင်းစစ်တပ်အား စိတ်၀င်စားစေခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် သူတို့က ယနေ့ ဤနေရာ၌ ပေါ်ထွက်လာမည် မဟုတ်ပေ။
စံအိမ်ရှိချိတ်ဆွဲထားသည့် ဓားအကြောင်းကိုသာ မည်သူမျှ မသိရှိကြသည်မဟုတ် တံခါးအပြင်ဘက်၌ ‘ သတ္ထုမျှော်စင် ’ ဝါ ‘ သတ္ထုတောင် ’ ကြီး ထားရှိရသည့် ရည်ရွယ်ချက်သည်လည်း ပဟေဠိတစ်ခု ဖြစ်နေဆဲပင် ဖြစ်၏။
တော်၀င်နန်းတွင်း၌ နန်းတွင်းစစ်တပ်မှာ ကိုယ်ရံတော်များက အရာအားလုံးအား မှန်းဆတတ်ကြကာ အချို့ဆိုလျှင် ထိုအပေါ်၌ လောင်းကြေးများပင် ထပ်ကြသည်က ရှိသေးသည်။
ဤ နန်းတွင်းကိုယ်ရံတော်မှာလည်း စိတ်ရှုပ်ထွေးနေဟန် ရသည်။ ထိုကြောင့် အခွင့်အရေးရသည်နှင့် အပြေးလေး လာရောက်မေးမြန်းခြင်း ဖြစ်လေတော့သည်။
“ ဟားဟား.... ”
၀မ်ချောင် မည်သို့ ဖြစ်လျက်နေသည်ကို သိနေသည့်အတက် ရယ်လိုက်ပြီး..
“ မင်းဘာလို့ ကိုယ့်ဟာကိုယ် မှန်းမကြည့်ရတာလဲ ”
ထိုစကားအားပြောပြီးနောက် မြင်းလှည်းသည်လည်း သလင်းပြာစံအိမ်မှ ထွက်ခွာသွားသည်။
.......
သလင်းပြာစံအိမ်မှ ထွက်ခွာပြီးနောက် အိမ်ပြန်ရောက်သည်နှင့် သူ၏ သိုင်းပညာလေ့ကျင့်ခြင်း၌သာ အစွမ်းကုန် အားထည့်ပြန်သည်။ အချိန်အား တွက်ဆကြည့်လျှင် မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခု၏ ရွေးချယ်ပွဲသည်က စတင်နေလောက်ပြီ ဖြစ်သည်။
အစ၌ပင် မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခုအတွင်း ၀င်ရောက်ရန် လိုအပ်ချက်မှာ မြင့်မားလှသည်။ ထို့အပြင် အနာဂတ်၌ ပို၍ပင် မြင့်မားလာပေဦးမည်။ လုံလောက်သည့်အရည်အချင်းနှင့် လိုအပ်သည့်ကျင့်ကြံခြင်းနယ်ပယ် မရှိပါက ၀င်ရောက်ခွင့်ရရန် မဖြစ်နိုင်ပေ။
ဤတစ်ခုတည်းသာမဟုတ် ၀မ်ချောင် အနေဖြင့် ဘိုးဘိုးကြီး၏ မွေးနေ့ပွဲအတွက်လဲ စဉ်းစားရပေဦးမည်။
၀မ်ကလန်၏ ပင်မထောက်တိုင်ကြီးဖြစ်ပြီး ကလန်၌ အာဏာစက်အပြင်းဆုံးသူတစ်ယောက်မှာ ဘယ်တော့ခါမှ သူ၏ ဖခင် ၀မ်ယန်မဟုတ်သလို သူ၏ဦးကြီး ၀မ်ကျန်လဲမဟုတ် သူ၏ဒေါ်ကြီးနှင့် ဦးလေးပင် မဟုတ်ချေ။
၀မ်ကလန်၏ ထောက်တိုင်ကြီးမှာ တစ်ဦးတည်းသာဖြစ်ပြီး ထိုသူမှာလည်း သူ၏ ဘိုးဘိုးကြီး ဖြစ်ပေသည်။
ထင်ရှားကျော်ကြားသည့် စစ်သူကြီးများနှင့်ကျောင်းတော်သားများ၏ ကလန် ဖြစ်သည့်နှင့်အညီ ၀မ်ကလန်သည် မြောက်မြားလှစွာသော အရင်းအမြစ်များအား ပိုင်ဆိုင်ထားသည်။ မည်သို့ဆိုစေ ပုံမှန်အားဖြင့် အခြားကလန်သားများက ထိုအရင်းအမြစ်များအား သတိထားမိမည်မဟုတ်ပေ။
ကံတရားကြောင့် ၀မ်ကလန်၏ ပိုင်ဆိုင်မှုမှာ မြို့တော်ကျန်းကလန်ကိုပင် မမှီပေ။ အာဏာအားဖြင့်ဆိုလျှင်လည်း ယောင်ကလန်ကို မမှီပြန်ပေ။ ဆိုရလျှင် ယောင်ဖုန်း၏ ပိုင်ဆိုင်မှုသည် ၀မ်ချောင်ထက် သာပေသည် မဟုတ်လား။
သို့တိုင် ၀မ်ကလန်သည် မဟာထန်အင်ပါယာ၏ ထိပ်သီးကလန်အဖြစ် သတ်မှတ်ခြင်းခံထားရပေသည်။
ထိုအခြင်းအရာ ထူးဆန်းနေရခြင်းမှာ ၀မ်ချောင်၏ ဘိုးဘိုးကြီး အသိမှတ်ပြုထားသူမှသာ ကလန်၏ အရင်းအမြစ်များအား ယူငင်သုံးစွဲနိုင်ခြင်းကြောင့်သာ ဖြစ်သည်။
ထိုအရာကပင် ဦးကြီး၀မ်ကျန် တော်၀င်ရုံးတော်သို့ ၀င်ဆန့်နိုင်ပြီး ဖခင်ဖြစ်သူ ၀မ်ယန်က စစ်သူကြီးသာ ဖြစ်နေရခြင်း အကြောင်းရင်းလည်း ဖြစ်ပေသည်။ ဒေါ်ကြီးနှင့် ဦးလေးအတွက်လည်း အတူတူပင်။
ထို့ကြောင့် သူ၏ယခင်ဘ၀၌ ဘိုးဘိုးကြီး ဆုံးပါးသွားသည့်နောက် ဦးကြီးမှ ဘက်မှား၍ ရပ်တည်မိသည့်အတွက် ၀မ်ကလန် အလျင်အမြန် ကျဆင်းသွားရခြင်းပင် ဖြစ်သည်။
‘ ၀မ်ကလန်က အဆင့်နိမ့်ပါရမီတွေကို လက်မခံဘူး ’ ဤအရာက ဘိုးဘိုးကြီး၏ လက်သုံးစကားဖြစ်သည်။
ထို့ကြောင့် ၀မ်ကလန်သားတိုင်းက ဘိုးဘိုးကြီး၏ အသိအမှတ်ပြုခံရန် လုံလောက်သည့် စွမ်းဆောင်ရည်များအား မပြသနိုင်မချင်း ထိုသူက သာမန် ကလန်သားသာ ဖြစ်နေပေဦးမည်။
အကယ်၍ ၀မ်ချောင်သာ ကံကြမ္မာအား ပြောင်းလဲ၍ ကလန်၏ အရင်းအမြစ်များအား အသုံးပြုလိုလျှင် ဘိုးဘိုးကြီး၏ အသိအမှတ်ပြုမှုအား အရင်ဆုံး ရယူရန် လိုအပ်ပေသည်။
ထို့အပြင် လေးပြည်နယ်သံရုံးမှာလည်း အရှင်မင်းတရားကြီးမှနေ၍ ၀မ်ချောင်၏ ဘိုးဘိုးကြီးနှင့် အခြားတစ်ယောက်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်ပေသည်။ ထိုနေရာသည် ညီလာခံကျင်းပရာနှင့် အစိုးရပိုင်းဆိုင်ရာများ ဆွေးနွေးသည့်နေရာ ဖြစ်သည့်အတွက် နန်းတွင်းစစ်တပ်ကိုယ်တိုင် စောင့်ကြပ်ထားသည်။ ၀မ်ကလန်၀င်တို့ပင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်သာ ထိုနန်းတော်သို့ ၀င်ခွင့်ရကြသည်။
ထိုအချိန်သည် ဘိုးဘိုးကြီး၏ မွေးနေ့ဂုဏ်ပြုပွဲပင် ဖြစ်ချေသည်။
ထိုအရာက တစ်နှစ်လုံး ၀မ်ချောင်၌ရှိသည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။
၀မ်ချောင် အနေဖြင့် ဘိုးဘိုးကြီး၏ အသိအမှတ်ပြုမှုအား ရရှိရန် မည်သို့ အကောင်းဆုံး လုပ်ဆောင်ရမည်ကို သေချာ စဉ်းစားခန်း၀င်နေလိုက်သည်။
..........
အသက်ရှည်ဦးမယ်.. ( Speak Of The Devil ) ဒီတစ်ခုက ကျနော်တို့အနီးမှာ မရှိတဲ့ သူတစ်ယောက်အကြောင်း ပြောနေကြရင်း အဲ့လူက ရုတ်တရက်ကြီး ရောက်ချလာတယ်ဆိုပါတော့.. အဲ့အခါ မင်းတော့ အသက်ရှည်ဦးမယ်လို့ ပြောကြတယ်မလား.. ဒါကို English လို Speak of the Devil လို့ သုံးပါတယ်.. တိုင်းရင်းသားတွေ ဆီမှာလဲ အလားတူ ကျားအကြောင်းပြောနေရင်း ကျားက တစ်ကယ်ရောက်လာတယ် စတဲ့ အသုံးအနှုန်းတွေရှိပေမဲ့ ကျနော့ရဲ့ အားနည်းချက်ကြောင့် မြန်မာလို စကားလုံးကိုမသိပါဘူး နောက်ဆက်တွဲ အသက်ရှည်ဦးမယ်ဆိုတဲ့ စကားလုံးကိုပဲ ယူသုံးလိုက်ပါတယ်.. နားလည်ကြမယ်ထင်ပါတယ်ဗျ....