အခန်း (၆၁-၆၅)
Vol. 3 Ch. 61-65
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 61.
ထပ်မံ ငြင်းပယ်ခြင်း
“ ရွှေတုံး ၃၂၀၀၀ ကွာ.. ”
မုတ်ဆိတ် ကမ်းလှမ်းလိုက်သည်။
“ ရွှေတုံး ၃၅၀၀၀... ”
ကျောက်ဖုန်းချန် မဆိုင်းမတွ စျေးတင်လိုက်သည်။
“ ရွှေတုံး ၃၇၀၀၀ ”
မုတ်ဆိတ် အံကြိတ်လျက်ပင် နေချေပြီ။ အလယ်ပိုင်းလွင်ပြင်၌ အနောက်တိုင်းကုန်သည်များက ကြွယ်၀ချမ်းသာမှုကြောင့် ကျော်ကြားသည်။ သို့တိုင် ရွှေတုံး ၃၀၀၀၀ သည် မုတ်ဆိတ်အတွက်ပင် များ၍ နေချေပြီ။
သူ့ရှေ့၌ ရှိနေသည့် လူက အဘယ်ကြောင့် ဓားတစ်ချောင်းအတွက် သူနှင့် ဖက်ပြိုင်နေသည်လည်း မသိတော့ပေ။
“ ရွှေတုံး ၄၀၀၀၀ ”
ကျောက်ဖုန်းချန်သာ ပုံမှန်သာ ပြောလိုက်ပြီး ရွှေတုံး ၄၀၀၀၀ ဟု ပြောလိုက်သည်ဟုပင် မထင်ရပဲ တွေ့ကရာ ကိန်းဂဏန်းတစ်ခု ရေရွတ်လိုက်ဟန်သာ ရသည်။
ကျောက်ကလန်မှာ ငွေကြေး မချို့တဲ့ပေ။
မည်သို့ပင် ဖြစ်လာပါစေ ကျောက်ဖုန်းချန်အနေဖြင့် အနောက်တိုင်း ခဲရပ်စပါစီနူကုန်သည်အား ရှုံးနိမ့်ရန် မဖြစ်နိုင်ပေ။ ပို၍ အရေးပါသည်က နန်းတွင်းစစ်တပ်၏ တပ်မှူးတစ်ယောက်၏ ရာထူးမှာ ငွေဖြင့် တိုင်းတာ၍ မရခြင်း ဖြစ်၏။
နန်းတွင်းစစ်တပ်အတွင်း တပ်မှူးရာထူးမှာ အကန့်အသတ်ရှိပြီး နေ့ရက်တိုင်း၌ လူတိုင်းက ထိုအခွင့်အရေးအား မရနိုင်ကြချေ။ ကျောက်ဖုန်းချန် နန်းတွင်းစစ်တပ်အတွင်း၌ တပ်မှူး ဖြစ်လာသည့် အချိန်မှစ၍ သူကိုယ်တိုင်အတွက် တံခါးတစ်ချပ် ဖွင့်ပြီးသား ဖြစ်ပေသည်။ သူ အမြင့်သို့ တက်လှမ်းနိုင်ရန်အတွက် ပိုမို များပြားသည့် ကျင့်ကြံခြင်းနည်းစနစ်များနှင့် အရင်းအမြစ်များအား အသုံးပြုခွင့် ရရှိခဲ့သည်။
ထိုအရာက သာမာန်စစ်သည်တို့ လက်လှမ်းမမှီနိုင်သည့်အရာ ဖြစ်၏။
ထို့အပြင် ဟွမ်ရှောင်းထျန်ကြောင့် သူရှုံးနိမ့်၍ မဖြစ်ပေ။
“ ရွှေတုံး ၄၁၀၀၀ ကွာ... ”
မုတ်ဆိတ် အံကို တင်းနေအောင် ကြိတ်လျက် သွားကြားမှ ထွက်လာသည့် လေသံဖြင့် ပြောလိုက်သည်။
“ ခင်ဗျားတို့ ယှဉ်ပြိုင်မနေကြနဲ့တော့.. ကျုပ် ဘယ်သူ့ကိုမှ ရောင်းမှာ မဟုတ်ဘူး.. ”
ကျောက်ဖုန်းချန်မှ စျေးတင်မည် ပြုနေစဉ်၌ ၀မ်ချောင် နောက်လှည့်လာကာ ပြောလိုက်သည့် စကားက သူတို့ နှစ်ယောက်စလုံးအား မှင်သက်သွားစေကာ သူတို့ ထိုအရာကို မမျှော်လင့်ထားချေ။
၀မ်ချောင် ထိုစကား ပြောလိုက်သည်နှင့် ဆူညံနေသည့် လမ်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း လူတိုင်း ၀မ်ချောင်အား ကြည့်လိုက်ကြသည်။
“ ဘာလို့လဲ.. ”
မှင်သက်နေရာမှ နှစ်ယောက်သား တစ်ပြိုင်နက် မေးလိုက်မိသည်။
ရွှေတုံး လေးသောင်းမှာ အံ့အားသင့်ဖွယ် ပမာဏဖြစ်သည်။ ၀မ်ချောင်၏ သတ်မှတ်စျေးထက် နှစ်ဆပင် များသေးသည်ဖြစ်ပြီး သာမန်လူသာဆိုလျှင် အပျော်လွန်၍ ချက်ချင်း ရောင်းချလိုက်မည် ဖြစ်သည်။
သို့တိုင် ၀မ်ချောင်သည်က သူတို့၏ ကမ်းလှမ်းမှုအား ငြင်းပယ်လိုက်သည်။
“ မင်း သလင်းပြာစံအိမ်မှာ ဓားချိတ်ဆွဲထားတာက ရောင်းဖို့ မဟုတ်ဘူးလား.. ”
ကျောက်ဖုန်းချန် မေးလိုက်လေ၏။
“ မှန်တယ်.. ကျုပ်တို့ စျေးဘယ်လောက်မြင့်မြင့် ကမ်းလှမ်းနေတာ အသာထား ၀မ်ကုန်းကျီက ဘာလို့ ရောင်းဖို့ ငြင်းဆန်ရတာလဲ.. ဒါက ၀မ်ကုန်းကျီအတွက်လည်း အကျိုးအမြတ်ရှိမှာပဲ မဟုတ်လား... ”
မုတ်ဆိတ် မေးလိုက်သည်။
၀မ်ချောင်၏ စကားများက သူတို့အား အကူအညီမဲ့စေသည်။ မုတ်ဆိတ်က လေလံပစ်မှရသာ ၀ယ်ယူနိုင်လိမ့်မည်ကို မှန်းဆမိသည့်တိုင် ဓားပိုင်ရှင်ဖြစ်သူ ၀မ်ချောင်မှ ဓားရောင်းရန် ငြင်းဆန်လိမ့်မည်ဟု မထင်ထားပေ။
“ ကျုပ်ပြောခဲ့သလိုပဲ.. ဓားကို ခုနစ်ရက်တိတိပဲရောင်းမှာ.. ဘယ်သူမှ ထိခွင့် ကြည့်ခွင့် မရှိဘူး.. ပြီးတော့ တစ်ရက်ကို နှစ်နာရီပဲ ရောင်းမှာလေ.. အခုကြည့် ခုနစ်ရက်ရော ရောင်းမဲ့ နှစ်နာရီရော ကျော်သွားပြီ မဟုတ်လား.. ”
၀မ်ချောင် သလင်းပြာစံအိမ်အား ညွှန်ပြလျက် ပြောလိုက်သည်။
တစ်ချိန်တည်း၌ ကျောက်ဖုန်းချန်၊ မုတ်ဆိတ်သာမက ချမ်ယိုချင်း၊ ဟွမ်ကျောင်းနှင့် စံအိမ်ရှိ အခြားလူအားလုံး အံ့အားသင့်မိသွားသည်။ ပထမဆုံးနေ့၌ပင် ၀မ်ချောင် ထိုစကားများအား ပြောခဲ့ကြောင်း အမှတ်ရလိုက်ကြသည်။
သူ၏ ဓားကို ခုနစ်ရက်သာ ရောင်းချမည်ဖြစ်ပြီး မည်သူမျှ ထိခွင့် ကြည့်ခွင့်မရှိပေ။ ထို့အပြင် တစ်ရက်လျှင် နှစ်နာရီသာ ရောင်းချမည် ဖြစ်သည်။
လူတိုင်း ထိုစည်းမျဉ်းအား မရေမတွက်နိုင်အောင် ကြားခဲ့ကြသော်လည်း မည်သူမျှ အလေးအနက်မထားခဲ့ကြပေ။ ယခုအချိန်မှ ၀မ်ချောင်က ထိုအချက်အကြောင့် ငြင်းဆန်လိမ့်မည်ဟု မည်သူမျှ မတွေးမိခဲ့ကြချေ။
“ ဝေဟောင် သွားရအောင်.... ”
ထိုနှစ်ယောက်အား လျစ်လျူရှူလိုက်ပြီး ၀မ်ချောင်မှ ဝေဟောင်အား လှမ်းခေါ်လိုက်ကာ လှည့်ထွက်သွားသည်။ ဤတစ်ကြိမ်၌ ဝေဟောင် ၀မ်ချောင်အပေါ် သံသယ စိုးစဉ်းမျှ မရှိပေ။ သူ ပြုံးလျက်သာနေပြီး ၀မ်ချောင်နှင့်အတူ ထွက်ခွာသွားလိုက်သည်။
“ ခနစောင့်ပါဦး... စည်မျဉ်းဆိုတာ ပြောင်းလဲလို့ ရပါတယ်.. ၀မ်ကုန်းကျီ.. ကျုပ်အနေနဲ့ စျေးပိုပေးဖို့ ၀န်မလေးပါဘူး.. ”
မုတ်ဆိတ် လှမ်းတားလိုက်လေ၏။
၀မ်ချောင်က မုတ်ဆိတ် ပြောသည်အား မကြားလေဟန်ဖြင့် ရယ်လျက်သာနေသည်။ ထိုအချိန်၌ သူက အတော်ဝေးဝေးသို့ ရောက်နေချေပြီ။ ၀တ်ရုံအား ခါလိုက်ကာ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။
ဝုန်း...........
နောက်မှာတော့ လူအုပ်ကြီးက ရုတ်ခြည်း ဆူညံပွက်လော ရိုက်နေတော့သည်။
“ အရူး.. ဒီလူ အရူးပဲ.. ဒီကမ္ဘာမှာ ဒီလိုလူ ရှိသေးတာလား.. အိပ်ကပ်ထဲရောက်နေတဲ့ ငွေကို တောင် ပုတ်ထုတ်ပစ်တယ်.. ”
“ ရွှေတုံး လေးသောင်း.. အဲ့တာ ရွှေတုံး လေးသောင်းတောင်.. ဒီလူ ဘာထင်နေလဲ မသိ.. ”
“ ဓားလုပ်တာ ရောင်းဖို့ မဟုတ်ဘူးလား.. တစ်ဖက်လူကတောင် ၀ယ်ဖို့ ဆန္ဒရှိနေပြီးပြီ.. တကယ်လို့ မင်းမလိုချင်ဘူးဆိုရင် ဒီအခွင့်အရေးကို ငါ့ကို ပေးလိုက်စမ်းပါ.. ”
“ အား........ ငါအရမ်းနောင်တရနေပြီ.. တကယ်လို့ ငါသာ ဒီဓား အခုလောက်ထိ အဖိုးတန်မယ်မှန်းသိရင် ပထမနေ့ကတည်းက ငါ၀ယ်လိုက်ပါတယ်ကွာ. ”
.......
လူအုပ်ကြီးထံမှ ‘ နောင်တ ’ရသံများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိပြီး ကမ္ဘာပျက်နေသလိုပင်။ ၀မ်ချောင် မည်သို့ တွေးနေသည်ကို မည်သူမျှ မသိနေပေ။ သူတို့ အနေဖြင့်ဆိုလျှင် ဤအရာမှာ အိပ်မက်ဆန်သည့် အခွင့်ကောင်းကြီးဖြစ်သည့်တိုင် ၀မ်ချောင်မှာတော့ အဝေးသို့ တွန်းထုတ်လိုက်ပြီး ညှိနှိုင်းခြင်းပင် မရှိချေ။
ဓားပေါ်၌ ပုံထွင်းထားသည့် အဖိုးတန်ကျောက်မျက်များအကြောင်း စဉ်းစားမိလျှင် ရင်ထုမနာ ဖြစ်ကြကုန်သည်။
ဓားအပေါ်၌ ပုံထွင်းထားသည့် ကျောက်မျက်များပင် ရွှေတုံး ၆၀၀ ခန့်ရှိမည် မဟုတ်ပါလား။ လူတိုင်းက ဤနေရာသို့ ရောက်ခဲ့သည့်တိုင် မည်သူမျှ ၀ယ်ယူခဲ့ခြင်း မရှိပေ။
မည်သူကမှလည်း အဆုံး၌ ထိုဓားက အဖိုးထိုက်တန်လွန်းမည်ဟုပင် စိတ်မကူးခဲ့ဖူးကြချေ။
ထိုသို့တွေးမိပြီးနောက် လူအုပ်ကြီး၏ နှလုံးသား တဖြုတ်ဖြုတ် ကြွေလျက်နေချေပြီ။
“ ဒီမြင့်မြတ်တဲ့သူတွေက ငွေအတော်များများရလိုက်တာပဲ.. ဘာမှတောင်မလုပ်လိုက်ရဘူး.. ငွေထုပ်ပိုက်ပြီး အိမ်ပြန်သွားပြီ.. ”
လူတိုင်းက ၀မ်းနည်းပူဆွေးနေချိန်၌ အသက်လေးခန့်ရှိ မုတ်ဆိတ်မွှေးရှည်နှင့် အင်္ကျီမသပ်မရပ် ၀တ်ထားသည့်လူက ထောင့်နေရာ၌ ရှိနေသည်ကို မည်သူမျှ သတိမထားမိကြပေ။ ထိုက သူတောင်းစားတစ်ဦး ဖြစ်ပုံရပြီး လက်ရှိ၌ ၀မ်ချောင် ရှိရာသို့ တိတ်ဆိတ်စွာ ကြည့်နေသည်။
မည်သူမှ ထိုသူ မည်သည့်အချိန်ကတည်းမှ ရောက်နေမှန်းမသိကြသလို မည်သည့်နေရာမှ လာမှန်းလည်း မသိကြချေ။ သူတို့က ဤသူသည်လည်း ဓားစီးချင်းထိုးပွဲတစ်ခုလုံးအား မျက်မြင်လိုက်ရသည်ဟုသာ မှန်းဆနိုင်ကြသည်။
“ .... ဓား သုံးဆယ့်နှစ်လက်.. ပိုင်ရှင်တိုင်းက ရွှေတုံး ၁၂၀၀စီ ပေးရမယ်ဆိုရင် စုစုပေါင်း ရွှေတု့း ၃၈၂၀၀ ပဲ.. တကယ့်ကိုများတဲ့ ပမာဏပဲ.. ”
ထိုလူက ၀မ်ချောင်၏ မြင်းလှည်းအား နောက်မှနေ၍ ခန့်မှန်မရသည့်အမူအရာဖြင့် ကြည့်နေသည်။
ဤခေတ်ကာလမှာ ၀မ်ချောင် လာခဲ့သည့် မျက်မှောက်ကာလလောက် သင်္ချာပညာ မထွန်းကားသေးပေ။ လူအတော်များများက လက်ချောင်းများကို အသုံးပြု၍ တစ်မှတစ်ဆယ်အထိ ရေတွက်နေကြဆဲဖြစ်ကာ ဤ သူတောင်းစားနှင့် တူသည့်လူမှာ ၀မ်ချောင်၏ အမြတ်ငွေအား အားချင်း အလွယ်တကူ တွက်ချက်နိုင်နေသည်။
တီးတိုးရယ်လိုက်ကာ နံရံအား အမှီပြုလျက် မတ်တပ်ရပ်လိုက်ပြီး ၀မ်ချောင် ရှိရာသို့ ဦးတည် ထွက်သွားခဲ့သည်။
မြင်းလှည်း ရပ်တန့်နေသည်။
ရှန်းဟိုင်နှင့် မုန့်လုံတို့က လက်ရှိ၌ သလင်းပြာစံအိမ်မှ ကိုယ်စားလှယ်နှင့်အတူ မြင်းလှည်းအတွင်းသို့ သေတ္တာများ တစ်လုံးပြီးတစ်လုံး တင်နေသည်။ တစ်ဖက်၌ ၀မ်ချောင်နှင့် ဝေဟောင်မှာတော့ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။
ရွှေတုံး သောင်းချီက အတော်များပေသည်။ သို့သော် အမတ်မင်းဝြေခံ၀င်းမှ ကိုယ်ရံတော်များ စောင့်ကြပ်နေသည့်အတွက် မည်သူမျှ ပြဿနာ မရှာရဲချေ။ ရှန့်ဟိုင်နှင့် မုန့်လုံတို့ အလုပ်ပြီးမြောက်မည်ကို ၀မ်ချောင်နှင့် ဝေဟောင် စိတ်ရှည်လက်ရှည် စောင့်နေဆဲ။
“ ရွှေတုံး ၃၈၂၀၀.. ဒါလဲပြီးရော ငါ့ရည်မှန်းချက်ဖြစ်တဲ့ ရွှေတုံး ၉သောင်း က သိပ်မလိုတော့ပါဘူး.. ”
ဓားစီးချင်းထိုးပွဲပြီးနောက် ၀မ်ချောင် စိတ်လက် ပေါ့ပါးနေသည်။
ဓားတစ်ချောင်းပင် မရောင်းလိုက်ပဲနှင့် လောင်းကြေးမှ ရွှေတုံး ၄သောင်းခန့် ရရှိလိုက်သည် မဟုတ်ပါလား။ ထိုမျှလောက်ထိ ၀မ်ချောင် မမျှော်မှန်ထားချေ။
ရွှေတုံး ၉သောင်းပြည့်ရန် အလှမ်းဝေနေသေးသော်လည်း ၀မ်ချောင် အလောမကြီးပေ။ အရာတိုင်းအတွက် သူ၌ အကြံအစည်များ ရှိပေသည်။
“ ဒီဟာတွေ အားလုံး ပြီးသွားပြီ ဆိုတော့.. ငါ့အနေနဲ့ သိုင်းပညာကျင့်ကြံခြင်းကို အားကုန်ထည့်နိုင်ပြီ.. ”
၀မ်ချောင် တွေးနေသည်။ နောက်သို့လှဲချလိုက်ပြီး လက်အား ခေါင်းနောက်ပို့လိုက်ကာ မြင်းလှည်းအိမ်အား မှီထား၍ အပန်းဖြေလိုက်သည်။
၀မ်ချောင်၏ နောက်၌ သူ၏ကလန်ရှိနေသည်ဖြစ်ရာ ထိုအရာက ၀မ်ချောင်အတွက် ဖိအား အလွန်များစေသည်။ သူ့အား အန္တရာယ်ပေါင်းများစွာ စောင့်ကြိုနေသည်ဖြစ်ပြီး ခြေတစ်လှမ်းမှားလိုက်သည်နှင့် ကစားပွဲတစ်ခုလုံးအား ရှုံးနိမ့်သွားပေမည်။
ဤကဲ့သို့ အခြေအနေမျိုး၌ ၀မ်ချောင် သူ၏ စိတ်အာရုံ မပျံ့လွင့်ရဲချေ။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း၌ အာရုံမစိုက်နိုင်ပဲ ဖြစ်ရသည်။
သို့သော် ယခုတွင်တော့ အဓိကပြဿနာအား ဖြေရှင်းပြီးချေပြီ။ ထို့အတူ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိုလည်း ပိုင်ဆိုင်ရပေတော့မည်။ သူ့လက်ထဲမှ အပေးအယူဖြစ်သည်နှင့် အနာဂတ်အတွက် ခိုင်မာသည့် အခြေခံဖြစ်စေရန် တည်ဆောက်ရပေမည်။
အရာအားလုံး ပြီးစီးမှသာ ၀မ်ချောင် စိတ်လက်ချမ်းသာစွာ အနားယူနိုင်ပေလိမ့်မည်။
“ ၀မ်ချောင်.. သလင်းပြာစံအိမ်မှာ မင်းဘယ်သူဘယ်ဝါဖြစ်ကြောင်း ဘာလို့ ထုတ်မပြောရတာလဲ.. တကယ်လို့ မင်းအဲ့လိုသာ လုပ်ခဲ့ရင် ပြဿနာအတော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ မဟုတ်လား.. ”
မြင်းလှည်းထဲ ဝေဟောင် မေးခွန်းထုတ်နေသည်။ ထိုမေးခွန်းက သူ့အား ယခင်ကတည်းက ခေါင်းခဲစေသည့် အရာလည်း ဖြစ်သည်။ အကယ်၍ ထိုသူတို့သာ ၀မ်ချောင်မှာ ၀မ်ကလန်မှ ဖြစ်ကြောင်း သိခဲ့ကြလျှင် သူ့အား အတိအလင်း ပြဿနာရှာရဲကြမည် မဟုတ်တော့ပေ။
“ အဲ့လို လုပ်ဖို့ မလိုပါဘူး...... ”
၀မ်ချောင် ရယ်လိုက်ပြီး.....
“ ဒီလို ကိစ္စတွေကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်သင့်တယ်လေ.. တကယ်လို့ ငါသာ ကလန်ကို အမှီပြုပြီး ပြဿနာတွေအားလုံးကို လိုက်ရှင်းနေရင် ငါ့ကိုယ်ငါ အသုံးမကျဘူးလို့ ပြောတာနဲ့ မတူသွားဘူးလား ”
ဝေဟောင် တွေဝေသွားသည်။ ထိုကဲ့သို့ အထင်ရောက်သွားမည်ကို သူ မတွေးမိပေ။
“ ကျောက်ဖုန်းချန်ကို ဘယ်လိုလုပ်မလဲ.. ရွှေတုံး ၄၀၀၀၀ တောင်မှ.. ဒီအခွင့်အရေးကြီးကို မင်း မယူတာ အတော်နှမြောဖို့ ကောင်းတယ်.. ”
ဝေဟောင် နှမြောတသ ဖြစ်လျက်နေသည်။
၀မ်ချောင်၏ ဆုံးဖြတ်ချက်အား သူယုံကြည်သည့်တိုင်အောင် ရွှေတုံး လေးသောင်းအား လက်မခံခဲ့ခြင်းအပေါ် စိတ်မပြတ်သေးချေ။
ဝေဟောင်၏ စကားသံအား ကြားလိုက်ရသည်နှင့် ၀မ်ချောင် ရယ်ကျဲကျဲဖြင့်..
“ မပူပါနဲ့.. ဒီလူ ငါးစာကို ဟပ်နေတုန်းပါပဲ.. ”
၀မ်ချောင် ပြောလိုက်သည်။
၀မ်ချောင် ဟောင်အား ရှင်းရှင်လင်းလင်း မပြောထားသည့်အရာများ ကျန်ရှိနေသေးသည့်အတွက် သဘာ၀ကျကျပင် ဝေဟောင်၏ နားလည်မှုက လိုက်မမှီသေးပေ။ ၀မ်ချောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဓားအား ဖုံးအုပ်ထားကာ ထိခွင့် ကြည့်ခွင့်မပေးခြင်းမှာ ဓားကို သူ မရောင်းချလိုသေး၍ ဖြစ်ပေသည်။
‘ စားသုံးသူ စျေးကွက် ချဲ့ထွင်ခြင်း ’၏ အခရာမှာ ၀ယ်သူ၏ အာသီသအား အလွယ်တကူ ဖြည့်ဆည်းပေးရန် မဟုတ်ပေ။ အကယ်၍ ၀မ်ချောင် အနေဖြင့် ကျောက်ဖုန်းချန်၏ တောင်းဆိုမှုအား လွယ်လင့်တကူ လက်ခံလိုက်လျှင် ရွှေတုံး လေးသောင်းအား ရရှိပေလိမ့်မည်။ မည်သို့ဆိုစေ ထိုသို့ပြုလုပ်လိုက်လျှင် အနာဂတ်၌ ဝုစ်သံမဏိဓား၏ စျေးနှုန်းကို တင်နိုင်တော့မည် မဟုတ်ချေ။ ဆိုရလျှင် အနာဂတ်၌ ထိုစျေးနှုန်းနှင့်ပင် ရောင်းနိုင်မည် မဟုတ်သည်လည်း ဖြစ်နိုင်သေးသည်။
ထိုအရာအား ၀မ်ချောင် အဖြစ်မခံနိုင်ချေ။
၀မ်ချောင်က ကျောက်ဖုန်းချိန်နှင့် ပက်သက်၍ စိုးရိမ်ခြင်း အလျဉ်းမရှိ။ ထိုသူ၏ ဝုစ်သံမဏိဓားနှင့် နက်ရှိုင်းသည့် ကံတရားအား မှတ်ယူ၍ ဆိုရလျှင် ထိုသူ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
မည်သို့ဆိုစေ ထိုအရာအားလုံးက လက်ရှိ အချိန်ကာလမှ မဟုတ်သည့်အတွက် ဝေဟောင်အား အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍ မဖြစ်နိုင်ပေ။
ရှန်းဟိုင်နှင့် မုန့်လုံမှာ အလွန်အားကိုးရသည်။ အချိန်အနည်းငယ်အတွင်း ရွှေတုံး ၃၈၂၀၀ အား ပြောင်းရွေ့ပြီးစီး သွားခဲ့သည်။ တစ်၀က်အား ၀မ်ချောင်၏ မြင်းလှည်းအတွင်းထည့်ထား၍ ကျန်တစ်၀က်မှာ ဝေဟောင်၏ မြင်းလှည်းထဲ၌ ဖြစ်ပေသည်။ တစ်ဖက်တစ်ချက်၌ ဝြေခံ၀င်းမှ ကိုယ်ရံတော်များက အစီအရီ စောင့်ကြပ်လျက် ရှိသည်။
“ သခင်လေး.. ပြီးသွားပါပြီ.. ”
ရှန်းဟိုင်နှင့် မုန့်လုံ ပြတင်းတံခါးအား ဆွဲဖွင့်ကာ အပြင်မှ အထဲသို့ ၀င်လိုက်သည်။ ၀မ်ချောင် ခေါင်းငြိမ့်ကာ လက်မြှောက်လိုက်ပြီး မြင်းလှည်းအား သလင်းပြာစံအိမ်မှ ထွက်ခွာရန် ညွှန်ကြားလိုက်သည်။
“ အာ..... မင်းဘာလုပ်နေတာလဲ... လမ်းကြည့်လျှောက်လေ.. မင်းမှာ မျက်စိမပါဘူးလား .. ”
မြင်းလှည်းထွက်ခွာပြီး ဆယ်မီတာခန့်အရောက်တွင် မြင်းလှည်းမောင်းသမားထံမှ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်လာခဲ့သည်။ ကြည့်ရသည်မှာ မြင်းလှည်းရှေ့သို့ တစ်စုံတစ်ယောက် ပြေး၀င်လာဟန်ရသည်။
ဂုန်း.. ၀မ်ချောင်နှင့် ဝေဟောင် တုန့်ပြန်ချိန်မရခင်၌ မြင်းလှည်း၏ တံခါးသည် အပြင်မှ လူတစ်ယောက်၏ အားဖြင့် ဆွဲဖွင့်ခြင်းခံလိုက်ရသည်။ ၀မ်ချောင်နှင့် ဝေဟောင်၏ မြင်ကွင်းထဲသို့ ညစ်ပေနေသည့်လက် နံစော်နေသည့်အ၀တ်အစားနှင့် သူတောင်းစားတစ်ယောက် ပေါ်လာလေသည်။
“ ကုန်းကျီ.. ကျုပ်ကို ပိုက်ဆံ နည်းနည်း ချေးပေးပါဦး.. စိတ်ချပါ.. ကျုပ် အကြွေးစာရင်း ရေးပေးမယ်.. နောက်ကျရင် ကျုပ်သေချာပေါက် ပြန်ဆပ်မှာပါ.. ”
ထိုလူက လက်အုပ်ချီလျက် မျက်နှာပြုံးလေးဖြင့် ၀မ်ချောင်နှင့် ဝေဟောင် ကြည့်နေသည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 62.
အနာဂတ်
“ ထွက်သွားစမ်း... ”
ဝေဟောင် ဒေါကန်သွားလေသည်။ အားနည်းဟန်ယူ၍ အခွင့်ကောင်းယူတတ်သည့် သူတောင်းစားများကို ဝေဟောင် အကောင်းမြင်စိတ်မရှိပေ။ အကြွေးစာရင်း ဟုတ်သလော.. ထိုအရာက ငွေ အလကား ရယူချင်သည့် အကြောင်းပြချက်တစ်ခုသာ မဟုတ်လော။
ဝေဟောင်မှ ထိုသူတောင်းစားသည် ၀မ်ချောင်၏ မြင်းလှည်းအား ထူးထူးဆန်းဆန်း အတင်းအကျပ် ၀င်လာကာ ငွေတောင်းလိမ့်မည်ဟု ထင်မထားပေ။
“ မြန်မြန်ဒိုးလိုက်တော့.. မသွားရင်တော့ အကြင်နာတရားမရှိဘူးလို့ အပြစ်မတင်နဲ့ .. ”
ရှန်းဟိုင်နှင့် မုန့်လုံ မတ်တပ်ရပ်လိုက်သည်။ သူတို့သည် ၀မ်မိသားစု၏ သစ္စာရှိကိုယ်ရံတော်များဖြစ်သည့် အားလျော်စွာ သူတို့ သခင်လေး၏ မြင်းလှည်းအား သူတောင်းစားတစ်ယောက်မှ အတင်းအကျပ် ဖွင့်ခံလိုက်ရသည်ကို မြင်လျှင် ဒေါသ ဆူဝေသွားခဲ့သည်။
ထိုသို့သော အလုပ်မလုပ်ပဲ ကြင်နာသနားတတ်သည့်သူများအပေါ် အခွင့်ကောင်းယူတတ်သည့် သူတောင်းစားများအပေါ် အကောင်းမမြင်နိုင်ပေ။
ရှန်းဟိုင်နှင့် မုန့်လုံ ဒေါသထွက်နေပြီး လူရိုက်ရန်ပြင်ချိန်တွင် ထိုသူတောင်းစား၏ အမူအရာက အားနည်းဟန်ပေါ်ပြီး တစ်ဖက်လူအား ကြောက်ရွံနေဟန်ရသည်။
သို့သော် မကြာမှီ ကျိတ်ရယ်တော့သည်။ ထိုကိုယ်ရံတော်နှစ်ယောက်အား ဘဝြမင့် အထက်စီးဆန်ဆန် ကြည့်လိုက်သည်။ မည်သို့ဆိုစေ သူတောင်းစား၏ အထင်သေးဟန်က ခေတ္တသာ ဖြစ်ပေါ်ခဲ့သည်။ ထိုလူက ခေါင်းတစ်ဘက်သို့ လှည့်လိုက်ပြီး ညှိနှိုင်းရန် အကောင်းဆုံးဖြစ်သူ ၀မ်ချောင်အား ကြည့်ပြီး ရယ်လိုက်ကာ..
“ ဟီးဟီး.. ကုန်းကျီ.. မင်းကိုကြည့်ရတာ အရည်အချင်းရှိတဲ့သူလိုပဲ.. အနာဂတ်မှာ မင်းက တိုင်းပြည်ရဲ့ အားထားရတဲ့ ထောက်တိုင်ကြီး သေချာပေါက် ဖြစ်လာလိမ့်မယ်.. ဘာလို့ ကျုပ်ကို ငွေနည်းနည်း မချေးပေးတာလဲ.. ကျုပ်သေချာပေါက် ပြန်ဆပ်မှာပါ.. ”
“ ရဲတင်းလိုက်တာ.. ”
ရှန်းဟိုင်နှင့် မုန့်လုံ၏ အမူအရာများ အေးစက်သွားပြီး သူတို့၏ ဒန်တျန်ထဲမှ စွမ်းအင်များ ပေါ်ထွက်လာပြီး သူတို့ ခန္ဓာကိုယ်မှ စွမ်းအားပြည့်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူတောင်းစားအား ဂုတ်မှကိုင်၍ ဆွဲထုတ်မည့် ဟန် ပြင်လိုက်သည်။
ရှန်းဟိုင်နှင့် မုန့်လုံတို့မှာ စစ်တပ် လက်ရွေးစင်များ ဖြစ်ကြ၏။ ထိခိုက်ဒဏ်ရာမရှိပဲနှင့် သူတို့၏ ကြောက်မက်ဖွယ်စွမ်းအားများအား နှိမ့်ချကာ ၀မ်မိသားစုထံ၌ သစ္စာခံကိုယ်ရံတော်များ ဖြစ်နေရသော်လည်း သူတို့၏ စွမ်းအားက အခြား သာမာန်သိုင်းပညာရှင်များ မမှီနိုင်ချေ။
တစ်ချက် လွင့်ပစ်လိုက်သည်နှင့် တစ်ဖက်လူမှာ အတော်ဝေးဝေးသို့ လွင့်စင်သွားမည်သာမက အရိုးများ ကျိုးကြေကုန်ပေလိမ့်မည်။
“ ခနနေဦး.... ”
၀မ်ချောင် ကိုယ်ရံတော်နှစ်ယောက်အား ချက်ချင်း တားဆီးလိုက်သည်။
၀မ်ချောင် မကြာသေးမှီက အတွေးထဲ နစ်မြောနေခြင်းဖြစ်သည်။ သူတောင်းစားက သူ၏ လမ်းအား ပိတ်ထားလျှင်တောင်မှ ဝေဟောင်၊ ရှန်းဟိုင်နှင့် မုန့်လုံတို့ ရှိနေသည့်အတွက် သူ စိုးရိမ်နေစရာမလိုပေ။ မည်သို့ဆိုစေ ထိုသူတောင်းစား၏ လေယူလေသိမ်းအား ကြားလိုက်ရသည်၌ ၀မ်ချောင် နှလုံးခုန်သံပင် တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။
ထိုအသံရှင်က ၀မ်ချောင်နှင့် အတော် ရင်းနှီးလျက်ရှိသည်။
‘ ဟီးဟီး.. ကုန်းကျီ.. မင်းကိုကြည့်ရတာ အရည်အချင်းရှိတဲ့သူလိုပဲ.. အနာဂတ်မှာ မင်းက တိုင်းပြည်ရဲ့ အားထားရတဲ့ ထောက်တိုင်ကြီး သေချာပေါက် ဖြစ်လာလိမ့်မယ် ’ ထိုသူက မည်သည့် သခင်လေးတို့နှင့် တွေ့သည်မဆို တောက်ပစွာပြုံးကာ လေယူလေသိမ်း မပြောင်းလဲပဲ ထိုစကားကိုသာ ထပ်ခါထပ်ခါပြောပေလိမ့်မည်။
ထိုစကားက ချီးကျူးဟန်ရသော်လည်း ထိုစကားများအား ကြားရသည့်သူတိုင်းက ထိုသူတောင်းစားက ချီးကျူးနေမှန်း မဟုတ်ကြောင်း သိနိုင်ပေသည်။
သူက ထိုစကားများအား ဆယ်ချီ ရာချီသည့် သခင်လေးများအား ပြောခဲ့သည့်တိုင်း စကားလုံး တစ်ခုပင် မပြောင်းလဲခဲ့ချေ။
၀မ်ချောင် ထိုစကားလုံးများကို တစ်ခါ ကြားခဲ့ဖူးကြောင်း မှတ်မိလိုက်သည်။ တစ်ကြိမ်သာဖြစ်သည့်တိုင်တောင် ထိုလူက သူ့အား မေ့မရသည့် ခံစားချက်တစ်ခု ပေးစွမ်းခဲ့ပေသည်။
--- ထိုတစ်ကြိမ်မှလွဲ၍ ထိုသူအား ၀မ်ချောင် ထပ်မံ မဆုံတွေ့တော့ချေ။
၀မ်ချောင် ခေါင်းလှည့်လိုက်ပြီး ထိုသူအား စမ်းစစ်ကြည့်လိုက်လေ၏။ တစ်ချက်ကြည့်လိုက်သော်လည်း ၀မ်ချောင်မှ သူ့ရှေ့ရှိ သူတောင်းစားနှင့်တူသည့် လူထံမှ မည်သည့် အရိပ်အမြွက်ကိုမှ မဖမ်းမိခဲ့သလို မည်သည့် မှတ်ဉာဏ်ကိုမှ သတိမရပေ။ ဒုတိယအကြိမ် ထပ်မံ ကြည့်လိုက်သည့်အခါ ရှုပ်ပွနေသည့် ဆံပင်များအောက်မှ အေးစက်စက် နှုတ်ခမ်းတစ်စုံအား ၀မ်ချောင် တွေ့လိုက်ပြီး နှုတ်လမ်းအောက်ရှိ မှဲ့ကို သတိထားမိသွားသည်။ နှလုံးခုန်မြန်လာပြီး ယခု သူ့ရှေ့၌ ရှိနေသည့်သူမှာ ထိုသူပင် ဖြစ်လေသည်။
“ တကယ်ပဲ သူပါလား.. ”
သူ့ရှေ့ရှိလူအား ကြည့်နေရင်း ၀မ်ချောင် သူ၏ စိတ်လှုပ်ရှားနေမှုအား တားဆီးမရနေချေ။
သူ၏ မှတ်ဉာဏ်ထဲရှိ လူတစ်ယောက်အား ယခုကဲ့သို့သော ပုံစံဖြင့် ပြန်လည် မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားမိပေ။
သူ့ရှေ့၌ ရှိနေသည့် စုတ်တီးစုတ်ပြတ်လူမှာ သူ့မှတ်ဉာဏ်ထဲမှ မာနကြီးကာ ရည်မှန်းချက်ကြီးသည့်လူနှင့် လားလားမှ မသက်ဆိုင်ချေ။
“ ၀မ်ချောင်.. ဘာမှားနေလို့လဲ.. ”
ဝေဟောင် အံ့သြနေမိသည်။ အတော်ကြာသည်အထိ ၀မ်ချောင် ထိုနေရာ၌ တိတ်တဆိတ်ထိုင်နေကာ တစ်စုံတစ်ခုအား တွေးတောနေပုံရသည်။ ဝေဟောင်၏ အသိအမြင်များအရ ဤကဲ့သို့သော သူတောင်းစားများနှင့် အိမ်ခြေရာမဲ့များအပေါ် ဆက်ဆံနေရန် မလိုချေ။ သို့တိုင် အကြောင်းရင်းတစ်ချို့ကြောင့် ၀မ်ချောင်မှ ရှန်းဟိုင်နှင့် မုန့်လုံအား တားဆီးခဲ့သည်။
၀မ်ချောင် လက်မြောက်လိုက်သည်က သူ၏ အထင်မြင်အား ပိုသေချာစေခဲ့သည်။
“ ရှန်းဟိုင်.. မုန့်လုံ သူ့ကို လွှတ်ပေးလိုက်ပါ... ”
၀မ်ချောင် ပြောလိုက်သည်။
သူတို့နှစ်ယောက် ၀မ်ချောင်၏ စကားအား ဇဝေဇဝါဖြစ်သည့်တိုင် ၀မ်ချောင်၏ စကားအား နားထောင်၍ ထိုလူအား လွှတ်ပေးလိုက်သည်။
“ မင်း ငါ့ဆီကနေ ငွေ ဘယ်လောက် ချေးချင်တာလဲ.. ”
၀မ်ချောင် သူတောင်းစားနှင့်တူသည့်လူအား ကြည့်ကာ မေးလိုက်သည်။ ထိုသူက သူ၏ မှတ်ဉာဏ်ထဲမှ လူနှင့် ခြားနားနေသည့်တိုင် အချိန်အား ရေတွက်ကြည့်လျှင် မြို့တော်၌ ထိုသူ ထင်ရှားချိန် မတန်သေး၍ ဖြစ်ပေလိမ့်မည်။ နယ်ဝေးတစ်နေရာ၌ အဆက်အသွယ်မရှိသည့်အတွက် ထိုသူ၏ အခက်ခဲဆုံး အချိန် ဖြစ်နေပေလိမ့်မည်။
ရိုးသားစွာပြောရလျှင် ၀မ်ချောင် သူ့ရှေ့၌ ရှိနေသည့်သူအပေါ် အကောင်းမြင်သည်တော့ မဟုတ်ချေ။ ထိုသူက သူတော်ကောင်းယောင်ဆောင်သည်၊ မရိုးသားသလို လက်စားချေလိုစိတ် ကြီးမားသည်။ ထိုအချက်များကြောင့် ဤသူက ကောင်းကွက်တစ်ခုမှ မရှိချေ။
အကယ်၌ ယခုအချိန်၌ အကူအညီ ပေးခဲ့သည်ရှိသော် ၀မ်ချောင်အနေဖြင့် ၀မ်ကလန်၊ မဟာထန်တစ်ခုလုံးနှင့် သူ၏ အကြံအစည်များအတွက် အကျိုးရှိပေလိမ့်မည်။
“ ကျုပ် ရွှေတုံး ၁၀တုံးလိုချင်တယ်.. မဟုတ်ဘူး.. သုံးဆယ်.. လေးဆယ်.. မဟုတ်ဘူး..... ကျုပ်ကို ရွှေတုံး ၁၀၀ ပေးပါ.. ”
သူတောင်းစားက စဦးစွာ ရွှေတုံး ၁၀ တုံး တောင်းဆိုလိုက်သော်လည်း ၀မ်ချောင် ငြင်းပယ်ခြင်းမရှိသည်ကို မြင်လိုက်သည်တင် တဖြည်းဖြည်း တိုး၍တောင်းလိုက်ပီး ရွှေတုံး ၁၀၀ အထိပင် ရောက်သွားသည်။
“ ရဲတင်းလိုက်တာ.... ”
၀မ်ချောင် မပြောနိုင်ခင်၌ ဝေဟောင်၏ ဒေါသတကြီး ပြောဆိုသံ ထွက်လာခဲ့သည်။ ရွှေတုံး ၁၀၀ ဟုတ်စ။ ထိုအရာအား ကြေးပြားများ၏ အထင်ရောက်နေသည်လား။
( မင်းက ဘာကောင်မှလဲမဟုတ်ပဲ မင်းကိုလဲ ငါတို့ သိတာမဟုတ်.. ဒါတောင်မင်းက ရွှေတုံး ၁၀၀ တောင်းရဲတယ်လား.. ဘယ်လောက် ရဲတင်းလိုက်သလဲ.. )
ဤနေရာ၌ ရှိနေသည့် သူတောင်းစားမှာ သလင်းပြာစံအိမ်မှ ၀မ်ချောင် ရရှိလာသည့် ရွှေတုံး ၃၈၄၀၀ ကြောင့် ဖြစ်ကြောင်း ဝေဟောင် လောင်းကြေးပင် တင်လိုက်ချင်သေးသည်။
ဤသူတောင်းစားမှာ ထူးထူးဆန်းဆန် ၀မ်ကလန်နှင့် ဝေကလန်ထံမှ ငွေညှစ်ရဲသည်။
“ ဝေဟောင်..... ”
၀မ်ချောင် တားဆီးလိုက်သည်။ ထို့နောက် နောက်လှည့်ကာ မြင်းလှည်းအတွင်း ကြည့်လိုက်ပြီး အ၀တ်မဲအား ဖယ်ရှားလျက် ရွှေတုံး တစ်ပုံအား ယူလိုက်သည်။
“ ဒီမှာ ရွှေတုံး တစ်ထောင်.. ပြန်ပေးစရာမလိုပါဘူး ... ”
၀မ်ချောင် ရွှေတုံးများအား ထိုလူကို ပေးလိုက်သည်။
တစ်ချိန်တည်း၌ မြင်းလှည်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဝေဟောင်၊ ရှန်းဟိုင်၊ မုန့်လုံနှင့် ၀မ်မိသားစုမှ မြင်းလှည်းမောင်းသမားပင် တိတ်ဆိတ်သွားသည်။ သူတို့အားလုံး ၀မ်ချောင်အား အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။
၀မ်ချောင်မှ သူနှင့်ပင် မသိကျွမ်းသည့် သူတောင်းစား တစ်ယောက်အား ရွှေတုံး တစ်ထောင် အလွယ်တကူ ပေးလိုက်မည်ဟု မည်သူမှ မထင်ထားပေ။
“ မင်း ငါ့ကို ဒီတိုင်း ပေးလိုက်တာလား... ”
သူတောင်းစားကိုယ်၌ကလည်း အံ့သြလျက်နေသည်။ ၀မ်ချောင်မှ သူ့အား ထိုမျှလောက်ထိ ပေးလိမ့်မည်ဟု မယုံကြည်နိုင်ပေ ပြောမပြနိုင်အောင်ပင် သူ တောင်းဆိုထားသည်ထက် အလွန် များလွန်းနေသည်။
“ ကျုပ်ပုံစံက မင်းကို လိမ်နေတဲ့ ပုံပေါက်နေလို့လား.. ”
၀မ်ချောင် ပြုံ၍ ပြောလိုက်သည်။
“ ၀မ်ချောင်........ ”
ဝေဟောင် ကြောင်အသွားသည်။ ၀မ်ချောင်ထံ၌ ငွေများ မည်မျှထိရှိသည်ဖြစ်စေ သူတောင်စား တစ်ယောက်အား အလွယ်တကူ မပေးလိုက်သင့်ပေ။ ထိုအရာက လွင့်ပစ်လိုက်သည်နှင့် အတူတူပင် မဟုတ်လား။
“ ကျေးဇူးပါပဲ.. ကျေးဇူးတင်ပါတယ်.. ”
ဝေဟောင်၏ အသံအား ကြားလိုက်သည်နှင့် ထိုသူက ရွှေထုပ်အား ချက်ချင်း သိမ်းဆည်းလိုက်သည်။ လောက၌ ဤမျှလောက်ရူးသည့်လူ ရှိနိုင်ပါ့အံလော သူ့အား ရွှေတုံး တစ်ထောင် အလွယ်တကူ ပေးလိုက်သည်။ ထိုအရာသည် ကောင်းကင်ဘုံ၏ ကြင်နာသနားခြင်းပင် ဖြစ်ရမည်။
“ ... တကယ်လို့ မင်းရဲ့ ငွေအကုန်လုံးကို မဆုံးရှုံးချင်ဘူးဆိုရင်.. ငါမင်းကို အကြံပေးလိုက်မယ်..ရွှေခြင်္သေ့ လောင်းကစားရုံကိုသွား အမှတ်စဉ်နှစ် စားပွဲဝိုင်းမှာ မထင်မရှား စက်လေးတစ်ခုရှိတယ်.. မင်းအဲ့တာကို ဖျက်ဆီးလိုက်ရင် ဘယ်သူကမှ အံစာကို ကူလီကူမာ လုပ်လို့ ရတော့မှာ မဟုတ်ဘူး.. ”
ထိုလူ ရွှေထုပ်အား ယူလိုက်သည်နှင့် တစ်ပြိုင်နက် ၀မ်ချောင် သည်လည်း ပြုံးပြုံးနှင့် ပြောလိုက်သည်။
ဟွား........
ရွှေတုံးများ ထိခတ်နေသံ ရပ်တန့်သွားသည်။ သူတောင်းစားနှင့် တူသည့်လူက ပါးစပ် ကျယ်လျက်နေပြီး သရဲတစ်ကောင်အား တွေ့လိုက်ရသည့်နှယ်။
“ မင်း ဘယ်လိုသိနေတာလဲ.. ”
အစမှ အဆုံးတိုင် သူက လောင်းကစား ခုံမင်သည်ဟု မပြောခဲ့ဖူးချေ။ ထို့အပြင် သူက ရွှေခြင်္သေ့လောင်းကစားရုံသို့ သွားလေ့ရှိသည်ကိုလည်း မပြောခဲ့ဖူးချေ။ ဤဆယ်ကျော်သက် ကလေးမှ သူသည် လောင်းကစားရုံသို့ သွားလေ့ရှိကြောင်း မည်သို့ပြောနိုင်သနည်း သူနားမလည်တော့ပေ။
ထို့အပြင် ရွှေခြင်္သေ့လောင်းကစားရုံမှာ မြို့တော်၌ နာမည်ကောင်းဖြင့် ကျော်ကြားသည်။ ထိုအချက်သည်ပင် သူထိုနေရာသို့ မကြာခဏ သွားနေခြင်း ဖြစ်လေ၏။
သို့တိုင် ဤလူငယ်လေးမှ ရွှေခြင်္သေ့ လောင်းကစားရုံမှာ လိမ်လည်နေသည်ဟု ဆိုနေပြန်သည်။
သူ့ကိုယ်သူ ငတုံးတစ်ယောက်မှန်းသိသည်ဖြစ်ပြီး ရွှေခြင်္သေ့လောင်းကစားရုံ၌ အချိန်အတော်ကြာ လောင်းကစားခဲ့သည့်တိုင်အောင် မည်သည့် မူမမှန် မှုမျိုးကိုမှ သူ မတွေ့ခဲ့ရချေ။ ထို့အပြင် ရွှေခြင်္သေ့ လောင်းကစားရုံရှိ လူအိုလောင်းကစာသမားများပင် သတိမထားမိသည်ဖြစ်ရာ ဤဆယ်ကျော်သက် လူငယ်မှ ထိုကိစ္စအား အဘယ်သို့ သိရှိနေသနည်း။
“ မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. မြို့တော်မှာ ငါတို့သခင်လေး မသိနိုင်တဲ့အရာ ရှိသေးလို့လား.. ”
ရှန်းဟိုင်နှင့် မုန့်လုံ အပြစ်ရှာလိုက်သည်။ သူတောင်းစားနှင့်တူသည့်လူက အံ့သြနေသော်လည်း ရှန်းဟိုင်နှင့် မုန့်လုံတို့မှာတော့ အံ့သြခြင်း အလျဉ်းမရှိပေ။
သူတို့၏ သခင်လေး မသိရှိသည့်အရာဟူ၍ မရှိသလောက်ပင် မဟုတ်လော။
“ ရှန်းဟိုင် မုန့်လုံ ထားလိုက်တော့.. ”
ပြုံးလျက်ဖြင့် ၀မ်ချောင် လက်ဝှေ့ယမ်းပြလိုက်ကာ ထိုနှစ်ယောက်အား တားဆီးလိုက်သည်။ ရွှေခြင်္သေ့လောင်းကစားရုံနှင့် ပက်သက်သည့် ကိစ္စက အရေးကြီးကိစ္စ မဟုတ်ပေ။ ကမ္ဘာ ပျက်ခါနီး၌ လျို့ဝှက်ချက် အများအပြား ကျန်ရှိမည် မဟုတ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် မေးခွန်းထုတ်သည့်သူပင်လျှင် သူ၏ အတွင်းကျသည့် လျို့ဝှက်ချက်များအား ထုတ်ဖော်မိပေလိမ့်မည်။
သို့သော် ယခု၌ ထိုလျို့ဝှက်ချက်များအား သတိမထားမိကြသေးချေ။
“ ကျုပ်သိသလောက်တော့ သလင်းပြာစံအိမ် အနီးအနားမှာ လောင်းကစားရုံတစ်ခုပဲရှိတာမလား.. ရွှေခြင်္သေ့ လောင်းကစားရုံကလွဲပြီး ကျုပ် မစဉ်းစားမိဘူး.. ပြီးတော့ မင်းရဲ့ ငွေအားလုံးကို မဆုံးရှုံးချင်ရင် လောင်းကစားလုပ်တာကို ရပ်လိုက်တာ ပိုကောင်းမယ်.. ”
ထိုစကားများအား ပြောပြီးနောက် မြင်းလှည်းအား ပုတ်လိုက်ရာ မြင်းလှည်းက တရွေ့ရွေ့ ထွက်ခွာသွားသည်။
အနာဂတ်မှ ‘ လွမ်းမိုးနိုင်စွမ်းကြီးမားသည့် ပုံရိပ် ’ရှိသူနှင့် ပထမအကြိမ် ဆုံတွေ့ရသည်တွင် ရွှေတုံး တစ်ထောင် ပေးခဲ့သည်က လုံလောက်ချေပြီ။ အကယ်၍ သူ့အနေဖြင့် ထို့ထက်ပို၍ ပေးလိုက်လျှင်လည်း ထိုသူအတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။
“ ဒီလူက ဘယ်ကလန်ကလည်း.. ဘယ်လိုတောင် ထူးဆန်းတဲ့လူလည်း.. ”
ထိုသူတောင်းစား မတ်တပ်ရပ်ကာ ၀မ်ချောင်၏ မြင်းလှည်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ အချိန်အတော်ကြာသည်အထိ မည်သည့်စကားမှ မဆိုပေ။
သူကိုယ်တိုင်က မျှော်လင့်ချက်မဲ့နေသည့်တိုင် ထိုသခင်လေးများအား သူလုံး၀ မလေးစားချေ။
သို့သော် ဤလူငယ်လေးမှာမူ အခြား ဆယ်ကျော်သက်များနှင့် ကွာခြားလှသည့် ခံစားချက်တစ်ချို့ သူ့အား ပေးစွမ်းခဲ့သည်။
“ ဘာကို ဂရုစိုက်နေရမှာလဲ.. ဒီလို အရူးမျိုးနဲ့ နေ့တိုင်း တွေ့ရတာမဟုတ်ဘူး.. အရင်ဆုံး သွားဆော့လိုက်ဦးမယ်.. ”
ရွှေထုပ်အား ၀တ်ရုံအတွင်း သိမ်းဆည်းလိုက်ပြီး ထွက်သွားလိုက်သည်။
“ ဟားဟား.. လူတိုင်း ကြည့်လိုက်စမ်း ဘယ်သူရောက်နေတာလဲလို့... ဒါ ဘုရင့်ယောက်ဖတော်ကြီး မဟုတ်လား.. ”
“ ဟားဟား... တကယ်လို့သူသာ ဘုရင့်ယောက်ဖဆိုရင် ငါက တော်၀င် မိသားစုကပဲကွ.. ”
..........
ရွှေခြင်္သေ့လောင်းကစားရုံအတွင်းသို့ သူတောင်းစားနှင့် တူသည့်လူ ၀င်လိုက်သည်နှင့် ရယ်သံများ သောသောညံလာခဲ့သည်။ လောင်းကစားသမားများ အားလုံးနီးပါး ထိုသူအား သိနေဟန်ရပြီး ဟာသ လုပ်လျက်နေသည်။
ထိုသူတို့၏ ရယ်သံများအား ကြားလျှင် မျက်နှာနီလာပြီး ခြေလှမ်များ ရပ်တန့်သွားသည်။
“ ခွေးကောင်.. ငါ့ကိုများ ပျက်ရယ်ပြုရဲတယ်.. တစ်နေ့ကျရင် မင်းတို့အားလုံး ငါ ယန်ကျောက်ရဲ့ ခြေထောက်အောက်မှာ ဒူးထောက်နေစေရမယ်..”
သူတောင်းစားမှ စိတ်ဆိုး မာန်ဆိုး ပြောလိုက်သည်။
သူ၏ ဒေါသများအား ချိုးနှိမ်လျက် စားပွဲပေါ်သို့ ရွှေထုပ်အား တင်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်အတွင်း အတွေးတစ်ခု၀င်လာကာ အမှတ်စဉ်နှစ် စားပွဲဝိုင်းသို့ သွားလိုက်သည်။ ထိုအချိန်မှ ၀မ်ချောင် ထွက်မသွားခင် ပြောခဲ့သည့်စကားများအား ပြန်အမှတ်ရလိုက်သည်။
..........
ဘုရင့်ယောက်ဖတော်ဆိုတာက အင်ပါရီယာဘုရင်မရဲ့ အစ်ကိုကို ပြောတာပါ... ဦးရီးတော်လို့လဲ ခေါ်ပါတယ်..
အင်ပါယာရဲ့ ညီအစ်ကိုတွေကိုတော့ မင်းသားကြီး ဒါမှမဟုတ် ဘုရင်လို့ ခေါ်ကြပါတယ်..
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 63.
ချမ်ကလန်၏ ကလန်ခေါင်းဆောင်
သူတို့အား လမ်းလည်ခေါင်၌ တားဆီးခဲ့သည့်သူမှာ အရေးမပါသည့်သူသာ ဖြစ်သည်။ ၀မ်ချောင်မှ တစ်ဖက်လူအား ရွှေတုံး တစ်ထောင် ပေးလိုက်သည့်နောက် ဝေဟောင် မည်သို့မျှ စကားမဆိုတော့ပေ။
သလင်းပြာစံအိမ်မှ ထွက်ခွာပြီး ဝေဟောင်၊ ရှန်းဟိုင်နှင့် မုန့်လုံတို့အား စားသောက်ဆိုင်တစ်ခုသို့ ၀မ်ချောင် ခေါ်ဆောင်သွားပြီး အောင်မြင်မှုအထိမ်းအမှတ်အနေဖြင့် အောင်သေအောင်သား စားသောက်ကြကာ ပွဲခံလေတော့သည်။
ပြီးလျှင် ၀မ်မိသားစုခြံ၀င်းသို့ ပြန်ရမည့်အစား မြင်းလှည်းမှာ ဟိန္ဒူဘုန်းကြီးများ စတည်းချရာ ဖြူနက်သင်္ဘော လက်၀တ်ရတနာအရောင်းဆိုင်သို့ မရောက်ခင်အထိ မြို့တော်အား ပတ်မောင်းနေလိုက်သေးသည်။
“ ဆရာသခင်တို့ ဒီမှာ ရွှေတုံး စုစုပေါင်း ၃၇၀၀၀ ပါ.. လောလောဆယ် ဒါကို သင်တို့ဆီ ပေးထားခဲ့မယ်.. ကျန်တဲ့ ငွေပေးချေစရာကိုတော့ ကျုပ်တို့ရဲ့ အရင်က သဘောတူညီချက်အတိုင်းပဲ အိန္ဒိယကို ရိက္ခာ ပို့လိုက်ပါ့မယ်.. သင်တို့ ဘယ်လိုသဘောရလဲ.. ”
၀မ်ချောင် အာဘလိုဒန်နှင့် အာလော်ဂျားအား ရွှေတုံး ၃၇၀၀၀ ပေးအပ်လိုက်သည်။ အခန်းထောင့်ရှိ ရွှေပုံကြီးမှာ သြချရလောက်အောင်ပင်။
“ ဒါပေါ့.. ဒါပေါ့.... ”
ဟိန္ဒူဘုန်းကြီးနှစ်ပါး ပျော်ရွှင်လို့နေသည်။ ယနေ့သည် နောက်ဆုံးနေ့ ဖြစ်သည့်အလျောက် သူတို့က သလင်းပြာစံအိမ်သို့ လျို့ဝှက်သွားရောက်ခဲ့ကာ ဓားစီးချင်းထိုးပွဲအား ကြည့်ရှူခဲ့လေသည်။ မည်သို့ဆိုစေ သူတို့က လူအုပ်ကြီးနှင့် ရောနှောနေသည့်အတွက် ၀မ်ချောင်မှ သူတို့အား သတိမထားမိခဲ့ချေ။
ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ အပိုင်းအစလေးမျှဖြင့် ဓားသွန်းလုပ်ပြီးနောက် ရွှေတုံး ထောင်ဂဏန်းဖြင့် ရောင်းချခဲ့ပြီး နောက်ဆုံး သုံးသောင်း လေးသောင်းအထိပင်စျေးခုန်သွားခဲ့သည်။ ထို့အပြင် အဆုံး၌ ၀မ်ချောင်မှ ထိုဓားအား မရောင်းချခဲ့ပေ။ ထိုဖြစ်ရပ်က ကိုယ်တော်နှစ်ပါးအား မယုံကြည်နိုင် ဖြစ်စေခဲ့သည်။
ထိုအရာက သူတို့အား အမြင်ကျယ်စေခဲ့သည်။
၀မ်ချောင်၏ လုပ်နိုင်စွမ်းက သူတို့နှစ်ပါးအား အံ့အားသင့်စေခဲ့သည်။ မကြာသေးခင်မှပင် သူတို့က အိန္ဒိယရှိ အဆင့်မြင့်သူတော်စင်ထံသို့ စာပို့ထားကာ ၀မ်ချောင်နှင့် အလုပ်တွဲလုပ်ရန် အပြင်းအထန် တိုက်တွန်းထားကြလေတော့သည်။
လက်ရှိ၌ ၀မ်ချောင်အနေဖြင့် ရွှေတုံး ၉၀၀၀၀ အား မထုတ်ပေးနိုင်သေးသော်လည်း သူတို့က ၀မ်ချောင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိချေသည်။
ထိုသို့သော ပါရမီရှိသည့်သူနှင့် အလုပ်တွဲလုပ်ပါက သူတို့၏ ဟိုက်ဒရာဘတ်သတ္ထုရိုင်း တန်ကြေးအား အဆုံးစွန် မြင့်တင်နိုင်မည် မဟုတ်ပါလား။ ၀မ်ချောင်မှာ အိန္ဒိယမှ ရှာဖွေနေသည့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သူ ဖြစ်ပြီး အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူတို့ပင် မယှဉ်နိုင်သည့် ပုံရိပ် ရှိလေသည်။
ထိုကိုယ်တော်နှစ်ပါးမှ သူ၏ တောင်းဆိုချက်အား လက်ခံလိုက်သည်ကို မြင်လျှင် ၀မ်ချောင် ရယ်လိုက်သည်။ အရာအားလုံးက သူ၏ အကြံအစည်အတိုင်းပင်။ ဟိန္ဒူဘုန်းကြီးနှစ်ပါးမှ သဘောတူလိုက်သည်နှင့် ယခုမှစ၍ သူ ဖြေးဖြေးမှန်မှန် လုပ်ဆောင်သွားရန် အချိန် လုံလောက်သွားချေပြီ။
ပြီးလျှင် ရွှေတုံး သောင်းနှင့်ချီ၍ ရိက္ခာ ၀ယ်ယူကာ အိန္ဒိယသို့ သင်္ဘောဖြင့် ပို့ဆောင်၍ ထိုနေရာရှိ ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးအား ကယ်ဆယ်ရန် လုပ်ဆောင်ရမည်ကလည်း ပြဿနာတစ်ခုအဖြစ် ကျန်နေသေးသည်။ ထို လုပ်ငန်းစဉ်က ကြီးလွန်းလှသည့်အတွက် အချိန်နှင့် လူအား အမြောက်အမြား လိုအပ်ပေလိမ့်မည်။
ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိစ္စအား ဖြတ်ပြီးသကာလ ထိုအရာက ၀မ်ချောင် ဆက်လက်လုပ်ဆောင်မည့် အရာဖြစ်လေသည်။
“ ဆရာသခင်တို့ ကျုပ်အနေနဲ့ အခုချိန်မှာ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ဂျန် ၃၀၀ ကို သုံးဖို့ လိုဦးမယ် မထင်ဘူး.. ဒါကြောင့် သင်တို့နဲ့ပဲ ထားခဲ့လိုက်ပါ့မယ်.. ပြီးတော့ ကျုပ်မှာလဲ လူအင်အား သိပ်မရှိဘူးလေ အနာဂတ်မှာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေကို လူအများက လိုချင်တပ်မက်လာလိမ့်မယ်.. တကယ်လို့ ကျုပ်တို့ သဘောတူညီချက် ပြီးဆုံးသွားရင်တောင်မှ သင်တို့ ဆရာသခင်နှစ်ယောက် ကျုပ်နောက်မှာနေပြီး ကူညီပေးနိုင်မလား.. ”
၀မ်ချောင် တရိုတသေမေးလိုက်သည်။
“ လိုချင်တပ်မက်လာကြမယ်.. ”
၀မ်ချောင်၏ စကားလုံးက ဟိန္ဒူဘုန်းကြီးနှစ်ပါး၏အတွေးနှင့် ထပ်တူကျနေဟန်ရသည်။ အားလော်ဂျား၏ ခန္ဓာကိုယ် တုန်ယင်နေကာ မျက်ခုံးများ ပင့်သက်လျက်ရှိသည်။ သူ၏ နက်မှောင်ကာ အ၀တ်ဗလာနှင့် ခန္ဓာကိုယ်မှ ရုတ်တရက် အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းအားများ ထုတ်လွှတ်လိုက်သည့်အတွက် ရှန်းဟိုင်နှင့် မုန့်လုံတို့ မထိန်းချုပ်နိုင်ပဲ အထိတ်တလန့် နောက်သို့ ဆုတ်လိုက်ရသည်။
“ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ဘယ်လိုလူကများ လိုချင်တာလဲဆိုတာ ကျုပ်သိချင်မိတယ်... သခင်လေး.. စိတ်အေးအေးထားပြီး ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ကျုပ်တို့နဲ့ ထားခဲ့လိုက်ပါ.. ကျုပ်တို့ လုံလုံခြုံခြုံ သိမ်းထားပေးပါ့မယ်.. ”
ကိုယ်တော်နှစ်ပါးလုံး ယုံကြည်နိုင်လောက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှာ အိန္ဒိယရှိ သန်းဆယ်ချီသည့် လူများ၏ အသက်ရှင်သန်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်ဖြစ်ပြီး လူတိုင်းက ဟိုက်ဒရာဘတ်သတ္ထုရိုင်းမှ အကျိုးအမြတ်အားဖြင့် ဒုဗ္တိက္ခန္တကပ်အား ဖြေရှင်းနိုင်ရန် မျှော်လင့်နေကြလေသည်။
ထို့ကြောင့် ဤဝေးလံခေါင်ဖျား ဒေသသို့လာ၍ တာ၀န်ထမ်းဆောင်သည့်သူတို့က ဘုန်းကြီးများအကြားမှ လက်ရွေးစင်များ ဖြစ်ကြလေသည်။
ရွှေတုံး ၉၀၀၀၀ တန်သည့် သတ္ထုရိုင်းများအား သယ်ဆောင်ထားကာ ဤနေရာ၌ လာရောက် ရောင်းချသည့် သူတို့က အဘယ်ကြောင့် အဆင့်မြင့်စွမ်းရည်များ မရှိပဲနေမည်နည်း။
၀မ်ချောင် ပြောလိုက်သည့် အကြောင်းအရာက ထိုကိုယ်တော်တို့ လက်သင့်မခံနိုင်သည့်အရာ ဖြစ်ပုံရသည်။ ကိုယ်တော်နှစ်ပါးလုံးက ထိုသို့ ဖြစ်ပျက်လာရန် လက်မခံနိုင်ပုံရလေ၏။
“ ဒီဘုန်းကြီးနှစ်ပါးရဲ့ ကျင့်ကြံခြင်းက တကယ် သြချလောက်စရာပဲ.. ”
ထိုကိုယ်တော်နှစ်ပါးထံမှ ထွက်ပေါ်လာသည့် အငွေ့အသက်တို့က ၀မ်ချောင်အား မသက်မသာခံစားရစေသည်။
အိန္ဒိယမှလာသည့် ဘုန်းကြီးနှစ်ပါး၏ ကျင့်ကြံခြင်း အတော်မြင့်မားလိမ့်မည်ဟု သူတွေးထားမိသော်လည်း ထိုနှစ်ပါးလုံး ဤမျှလောက်ထိ သန်မာလိမ့်မည်ဟု မထင်မိခဲ့ချေ။
ရှန်းဟိုင်နှင့်မုန့်လုံတို့ပင်လျှင် ထိုကိုယ်တော်နှစ်ပါးအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ပေမင့် ထိုအရာက အကောင်းဘက်ကသာ ဖြစ်ပေသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍ လွမ်းမိုးခြယ်လှယ်ရာ၌ ထိုသို့သော ထိပ်တန်းလက်ရွေးစင်နှစ်ဦးက သူ့အား ထောက်ပံ့ပေးနေမည် မဟုတ်လော။ သူ့အတွက် သတင်းကောင်းသာ ဖြစ်၏။
“ ဆရာသခင်တို့ကို ကျေးဇူးတင်ပါတယ်.. ကျုပ် ဒါတွေကို ကိုယ်တော်တို့နဲ့ ထားခဲ့လိုက်တော့မယ်.. ”
၀မ်ချောင် လေးစားစွာဖြင့် ဂါ၀ရပြုလိုက်သည်။ ထို့နောက် ရွှေတုံးများအား ၀မ်းပန်းတနည်းကြည့်နေသည့် ဝေဟောင်အား ဆွဲကာ ဖြူနက်သင်္ဘော လက်၀တ်ရတနာအရောင်းဆိုင်မှ ထွက်ခဲ့လိုက်သည်။
..........
သလင်းပြာစံအိမ်မှ ဓားစီးချင်းထိုးပွဲ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း လူများအကြားတွင် ထိုအကြောင်းအရာက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေဆဲပင်။
၀မ်မိသားစုခြံ၀င်းသို့ ၀မ်ချောင် ပြန်ရောက်သည့် အချိန်၌ မြို့တော်ချမ်ကလန်၏ ခြံ၀င်ထဲတွင်တော့ လူတစ်ရပ်ခန့်မြင့်မားသည့် သတ္ထုတောင်တစ်ခြမ်းအား လူများစွာက ၀န်းရံလျက်ရှိပြီး စူးစိုက်ကြည့်နေကြသည်။
ထို သတ္ထုတောင်တစ်ခြမ်းမှာ သလင်းပြာစံအိမ်ရှေ့၌ ၀မ်ချောင် စိုက်ထူထားသည့်အရာမှလွဲ၍ အခြားမဖြစ်နိုင်ချေ။ နှစ်ခြမ်းကွဲသွားသည့်နောက် သူနှင့်အတူ ပြန်သယ်သွားရန် လေးလံလှသည်ဟု ၀မ်ချောင်တွေးမိပြီး အမှိုက်တစ်စဟုသာ မှတ်ယူကာ ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယနေ့ ဝုစ်သံမဏိ၏ ထိတ်လန့်ဖွယ် စွမ်းဆောင်ရည်အား မျက်မြင်တွေ့ရပြီးသည့် လူအုပ်ကြီး၏ အမြင်၌ ထိုသတ ္ထုအပိုင်းအစသည်ပင် တန်ဖိုးမဖြတ်နိုင်သည့် ရတနာဟု ထင်မှတ်မိကြလေသည်။ ထို့ကြောင့် ၀မ်ချောင်ထွက်သွားလျှင် ထွက်သွားချင်း မြို့တော်ချမ်ကလန်မှ တစ်၀က်အား အလျင်အမြန်သိမ်းယူလိုက်ပြီး ကျန်တစ်၀က်ကိုမူ တစ်စုံတစ်ယောက်မှ ယူဆောင်သွားခဲ့သည်။
“ ဘယ်လိုလဲ စမ်းစစ်လို့ပြီးပြီလား... ”
လူအုပ်ကြီးက သတ္ထုတောင်ကြီးအား ဝိုင်းရံနေကြသည်။ အကြီးအကဲများ၊ လူရွယ်များသာမက ချမ်ကလန်မှ ပန်းပဲသခင်အိုကြီးများကိုယ်တိုင် ရောက်ရှိနေပြီး ကလန်ခေါင်းဆောင်ပင်လျှင် ဤကိစ္စအပေါ် အာရုံစိုက်လျက်ရှိလေသည်။
များပြားလှစွာသော ပန်းပဲကလန်များသာမက ဂုဏ်ရှိန်ကြီးမားသည့် အနောက်တိုင်းမှ လက်နက်ကုန်သည်ပင် ပါ၀င်ယှဉ်ပြိုင်ခဲ့သော်လည်း ထူးမခြားနားသည့် လူရွယ်လေးကသာ အနိုင်ရသွားခဲ့သည်။
ထိုဓား၏ ထက်မြမှုက ကြောက်ခမန်းလိလိပင်။ ရာစုနှစ်နှင့်ချီ၍ သမိုင်းကြောင်းရှိသည့် ချမ်ကလန်ကဲ့သို့သော ပန်းပဲကလန်ပင် ထိပ်တန်းဓားများစွာအား တစ်ချက်တည်းဖြင့် ခုတ်ပိုင်းနိုင်သည့် ဓားသွန်းလုပ်နိုင်မည်ဟု ကံသေကံမ ပြောဆိုရဲခြင်းမရှိချေ။
မည်သို့ဆိုစေ သူတို့ လက်မခံနိုင်သည့်အရာမှာ ဤ သတ္ထုတောင်ကြီးဖြစ်လေသည်။
တစ်ဖက်လူ၏ ဓားက ထိပ်တန်းဓားများစွာအား ပိုင်းဖြတ်နိုင်သည်ကို သူတို့ လက်ခံ၍ ရသေးသည်။ ချမ်ကလန်၏ စွမ်းရည်များအရ အကယ်၍ သူတို့သာ စိတ်နှလုံးနှစ်၍ အားထုတ်မည်ဆိုပါက ထိုသို့သော ပန်းတိုင်အား အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ပေသည်။
သို့သော် လူတစ်ရပ်ခန့် မြင့်မားသည့် သတ္ထုတောင်ကြီးအား နှစ်ခြမ်းခွဲပစ်သည်မှာတော့ အခြားအကြောင်းအရာတစ်ခု ဖြစ်သွားပေပြီ။ ဆိုလိုသည်က တစ်ဖက်လူမှာ အထွတ်အထိတ် မည်သူမျှ မရောက်ရှိနိုင်သည့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်လေသည်။
လက်ရှိ အချိန်ကာလ၌ ချမ်ကလန်သာမက ကျန်း၊ လူနှင့် ဟွမ်ကလန်အပါအ၀င် မည်သည့်ကလန်မှ ထိုနေရာသို့ မရောက်ရှိကြသေးချေ။
ဤအခြင်းအရာက ထိုပန်းပဲနည်းစနစ်မှာ လက်ရှိခေတ်ကာလအား ကျော်လွန်နေပြီဖြစ်ကြောင်း သက်သေခံနေချေသည်။
ထိုနည်းစနစ်ကွာခြားချက်က ထိပ်သီးပန်းပဲကလန်များ ပိုင်ဆိုင်ထားသည့် နည်းစနစ်များအား အခြား သာမန်ပန်းပဲလန်များ ရာစုနှစ်နှင့်ချီ၍ လိုက်လျှင်ပင် မမှီနိုင်သည့် အခြေအနေနှင့် တူညီနေပေသည်။
ချမ်ကလန်မှ ထိုရလဒ်အား လက်သင့်ခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ ဦးဆုံး တုံ့ပြန်ချက်မှာ မယုံကြည်နိုင်ခြင်းနှင့် မဖြစ်နိုင်ခြင်းသာ ဖြစ်ခဲ့သည်။ သူတို့က ၀မ်ချောင်အနေဖြင့် သတ္ထုတောင်ကြီးအား အကြံအဖန်လုပ်ထားလိမ့်မည်ဟု ယုံကြည်ထားကြသည်။
ထို့ကြောင့် စီးချင်းထိုးပွဲပြီးသည်နှင့် ချမ်ကလန်၏ အကြီးအကဲ ချမ်ယို့ချင်းကိုယ်တိုင် သတ္ထုတောင် တစ်ပိုင်းအား ချမ်ကလန်ခြံ၀င်းသို့ အပြေးယူဆောင်ခဲ့ခြင်း ဖြစ်တော့သည်။
“ ကလန်ခေါင်းဆောင် ကျုပ်တို့ ဒါကို အချိန်အတော်ကြာ လေ့လာခဲ့ပြီးတဲ့အခါ ဖြတ်ခံထားရတဲ့ သတ္ထုတောင်ကြီးဟာ မှန်တစ်ချပ်လို ချောမွေ့နေတာကို တွေ့ရတယ်.. မျက်နှာပြင် ဒီလောက်ထိ ချောမွေ့နေတာကို ကြည့်ချင်းအားဖြင့် ဒါက တစ်ချက်တည်းနှင့် ခုတ်ဖြတ်ထာမှန်းသိသာတယ်.. တစ်ခြားဘယ်နည်းလမ်းသုံးသုံး ဒီလိုဖြစ်သွားဖို့ဆိုတာ မဖြစ်နိုင်လုနီးနီးပါပဲ.. ”
မုတ်ဆိတ်ဖြူနှင့် ချမ်ကလန်အကြီးအကဲမှ ရှင်းပြလိုက်သည်။ သူသည် အထက်အောက် ဘေးထောင့် တစ်နေရာမကျန် စိစစ်ခဲ့သည့်တိုင် မည်သည့် အဖုအထစ်မှ မတွေ့ခဲ့ရချေ။
ပန်းပဲပညာ၌ သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သတ္ထုနှင့် ပက်သက်လျှင် အမြင်စူးရှလှသည်။ ဤသတ္ထုတောင်ကြီးအား မည်သူမျှ အကြံအဖန်မလုပ်ထားမှန်း သူ အာမခံနိုင်သည်။
“ ဒါတင်ပဲ ဘယ်ဟုတ်မလဲ.. ကျုပ် ဒီပိုင်းရာကို သေချာလေ့လာကြည့်ပြန်တော့ အပေါ်ကနေ အောက်အထိ ထစ်ရာစောင်းရာ မတွေ့ခဲ့ရဘူး.. လမ်းကြောင်းတစ်လျောက် ဓားခုတ်ရာက နှေးသွားခြင်း ထင့်သွားခြင်းမရှိဘူးလို့ ပြောလို့ရတယ်.. ပြောရရင် ဒီသတ္ထုတောင်ကြီး ပိုမြင့်ရင်တောင် ပိုင်းဖြတ်နိုင်ဦးမှာပဲ... ”
အခြား ချမ်ကလန်အကြီးအကဲမှ ၀င်ရောက်ထောက်ပြလိုက်ပြန်သည်။ ထိုသူက ခါးအနည်းငယ်ကုန်းနေပြီး မျက်နှာ၌ အရေးအကြောင်းများဖြင့် ပြည့်လျက်နေသည်။ ချမ်ကလန်၏ ဝါအကြီးဆုံး အကြီးအကဲအနေဖြင့် သူ့ထံ၌ ပြောရေးဆိုခွင့် အပြည့်အ၀ရှိလေသည်။
ရှူးးးးးးးးးး
လူတိုင်း လူတိုင်း လေအေးများ မှုတ်ထုတ်မိလိုက်ကြသည်။ မိသားစု၏ အရေးကိစ္စများကြောင့် ဤနေရာရှိ လူအများစုက ဓားစီးချင်းထိုးပွဲအား ကြည့်လိုက်ရခြင်း မရှိချေ။
သို့သော် သတ္ထုတောင်ကြီးအား ကြည့်ရုံဖြင့်ပင် သူတို့ ထိတ်လန့်အံ့သြနေရန် လုံလောက်နေပေပြီ။ ပန်းပဲသခင်အိုကြီးများသာမက လူရွယ်ပန်းပဲသခင်များပင် လက်နက်သွန်းလုပ်ခြင်း၌ သူတို့ဘ၀အား မြုပ်နှံထားကြသည်။ ဓားတစ်ချောင်းအရည်အသွေးက ထိုမျှလောက်ထိ မြင့်မားနေမည်အား သူတို့ စိတ်ကူး၍ပင် မယဉ်ဖူးချေ။
ထိုသို့ တစ်ချက်တည်းဖြင့် ထိပ်တန်းဓားများစွာနှင့် သတ္ထုတောင်ကြီးအား ပိုင်းဖြတ်ပြီးနောက် ဓား၌ မည်သည့် အပွန်းအပဲ့မျှ မကျန်ရှိ ဟူသည့် ကောလာဟလအား ပြန်တွေးမိချိန်၌ ပို၍ပင် အံ့အားသင့်မိကြပြန်သည်။
ပန်းပဲပညာ၌ ဘ၀တစ်ခုလုံး မြုပ်နှံထားသည့် သူတို့အတွက်ပင် ထိုအခြင်းအရာက သဘာ၀အား ကျော်လွန်နေချေပြီ။ ထိုအရာက သူတို့၏ နားလည်ဆင်ခြင်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။
ခြံ၀င်းတစ်ခုလုံး တိတ်ဆိတ်လျက်ရှိသည်။
ထိုအခြင်းအရာနှင့် ပက်သက်၍ အကြီးအကဲနှစ်ဦးမှ သူတို့၏ စမ်းစစ်ထားမှုအား ထုတ်ပြန်လိုက်ချိန်၌ ချမ်ကလန်၏ လက်ရွေးစင်ပန်းပဲသခင်များလည်း ဆွံအသွားခဲ့သည်။ ချမ်ယို့ချင်းနှင့် ကလန်ခေါင်းဆောင် ချမ်ဟုန်ကိုယ်တိုင် ဝေခွဲမရပဲ ရှိနေသည်။
ချမ်ကလန်၏ ရည်ရွယ်ချက်မှာ အခြားပန်းပဲမိသားစုများအား ကျော်လွန်၍ အလယ်ပိုင်းလွင်ပြင် တစ်ခုလုံး၌ အထူးချွန်ဆုံး ပန်းပဲကလန်ဖြစ်လာရန်ဖြစ်ပေသည်။ တစ်လျှောက်လုံး သူတို့၏ ပြိုင်ဘက်မှာ ကျန်း၊ ဟွမ်၊ သို့မဟုတ် လူကလန်တို့သာ ဖြစ်သည်ဟု မှတ်ယူထားခဲ့ကြသည်။
သို့သော် ၎င်းတို့အားလုံးအား ကျော်လွန်၍ အနိုင်ယူသွားသူမှာ နောက်ခံမသိရသည့် လူရွယ်တစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့ကြပေ။
“ ဘိုးဘေးဓားကို သွားယူခဲ့စမ်း.. ”
ကလန်ခေါင်းဆောင ချမ်ဟုန်မှ ရုတ်တရက်ပြောလိုက်သည်။
“ ကလန်ခေါင်းဆောင်.... ”
ထိုစကားအားကြားလိုက်သည်နှင့် လူတိုင်း၏ မျက်စိများပြာဝေသွားသည်။ အကြီးအကဲချမ်ယိုချင်းပင် ထိတ်လန့်သွားကာ အလျင်အမြန် နားချလိုက်သည်။
“ ကလန်ခေါင်းဆောင်.. မလုပ်သင့်ဘူးနော်.. ကျုပ်တို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ ဓားကို ဒီကိစ္စအတွက်နဲ့ ပျက်စီးစေမလို့လား ”
ချမ်ကလန်ထဲတွင် ကလန်ခေါင်းဆောင်များ မျိုးရိုးစဉ်ဆက် လက်ကမ်းလာခဲ့သည့် ရတနာဓားတစ်ချောင်း ရှိလေသည်။ ထိုဓားအား ချမ်ကလန်အား တည်ထောင်ခဲ့သည့်သူမှ သွန်းလုပ်ခဲ့ခြင်းဖြစ်ကာ ကလန်၏ အခွင့်အာဏာအား ကိုယ်စားပြုလေသည်။ ထိုဓားမှာ ကလန်ခေါင်းဆောင်၏ ကိုယ်ပိုင်အသုံးအဆောင်ဟု မှတ်ယူနိုင်သော်လည်း ကလန်ခေါင်းဆောင်များ အစဉ်အဆက်က ဘိုးဘေးဓားအား အထွတ်အမြတ်ထားကာ ကိုင်ဆွဲဖို့ မဆိုထားနှင့် ဓားအိမ်မှပင် မချွတ်ခဲ့ကြချေ။
ထိုအရာက ကလန်၏ ပင်မအူတိုင် ဖြစ်လေသည်။ သစ်သားပုံကြီးကို ခုတ်ရန်ပင် ချမ်ကလန် ထိုဓားအား အသုံးမပြုဝံ့ချေ။ တစ်နည်းအားဖြင့် အကယ်၍ ဓားပေါ်၌ ခြစ်ရာထင်ခဲ့လျှင် ချည်မျှင်တစ်ထောက်စာဆိုလျှင်တောင် ထိုအရာက အလွန်ကြီးမားသည့် ပြစ်မှုဖြစ်ပေလိမ့်မည်။
“ ဘိုးဘေးဓားကို ယူခဲ့ဖို့ ငါပြောနေတယ်မလား.. ”
ကလန်ခေါင်းဆောင် ချမ်ဟုန် လက်မြောက်ကာ ထပ်မံ ပြောဆိုလိုက်သည်။ သူ၏ လေသံက ပြောင်းလဲသွားပြီဖြစ်ပြီး ကလန်ခေါင်းဆောင်တစ်ယောက်၏ အမိန့်သံ ထွက်ပေါ်နေသည်။
ကလန်ထဲ၌ ကလန်ခေါင်းဆောင်၏ အမိန့်အား မည်သူမျှ လွန်ဆန်ခွင့် မရှိချေ။
များမကြာမှီ ကလန်သားတစ်ဦးမှ သုံးချီ ရှည်လျားသည့် ရှေးဟောင်းဓားတစ်ချောင်းအား သယ်ဆောင်လာပြီး ဓားထံမှ သန်မာအားကောင်းသည့် အနံ့အသက်များ ထွက်ပေါ်နေသည်။
ဓားအား မြင်သည်နှင့် ချမ်ကလန်သားတိုင်း ချက်ချင်း ဦးညွတ်လိုက်ကြသည်။
ချွမ်း.................
ဓားအားဆွဲထုတ်လိုက်သည်နှင့် နဂါးတစ်ကောင် ထွက်ပေါ်လာသည့်အလား လေထု နှစ်ခြမ်းကွဲသွားသည်။ တစ်ချိန်တည်း၌ ခြံ၀င်းတစ်ခုလုံး၏ အပူချိန်သည်လည်း ကျဆင်းသွားခဲ့သည်။ ဓားမှထွက်ပေါ်နေသည့် အေးစက်စက်အလင်းရောင်မှ ချောက်ချားဖွယ်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်မိကြသည်။
ချမ်ကလန်၏ ဘိုးဘေးအမွေဖြစ်သော ရေခဲချောက်နက်ဓားရတနာပင် ဖြစ်ပေသည်။ ထိုဓားအား ချမ်ကလန်အား တည်ထောင်သူမှ သွန်းလုပ်ခဲ့ပြီး အလွန်ထက်သည်။ ထိုဓားမှာ ချမ်ကလန်မှ သွန်းလုပ်ထားသည့် အဆင့်မြင့်ထိပ်တန်းဓားတစ်လက် ဖြစ်ချေတော့သည်။
ချွမ်း..........
ရေခဲချောက်နက်၏ဓားရိုးအား ကိုင်ကာ ချမ်ဟုန် အံတင်းတင်းကြိတ်လိုက်ပြီး အောက်သို့ ခုတ်ချလိုက်ရာ...................
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 64.
အာရုံစိုက်ခံရခြင်း
ရေခဲချောက်နက်သည် လူတစ်ရပ်မြင့်သည့် သတ္ထုတောင်ကြီးအား ရွံ့တစ်တုံးအလား ပိုင်းဖြတ်သွားလေ၏။ သို့သော် လမ်းတစ်၀က်အရောက်၌ ကလစ် ဟူသည့်အသံ ထွက်ပေါ်လာပြီး ရေခဲချောက်နက်မှ ဆက်လက် ပိုင်းဖြတ်နိုင်ခြင်း မရှိတော့ချေ။
လူတိုင်း မျက်လုံးများ ပြာဝေသွားရသည်။ ကလန်ခေါင်းဆောင် ချမ်ဟုန် သည်လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေလေ၏။ လက်ရုတ်သိမ်းလိုက်ကာ သတ္ထုတောင်ကြီးပေါ်မှ ရေခဲချောက်နက်အား အလျင်အမြန် ဆွဲထုတ်လိုက်သည်။ လျင်မြန်စွာ တုံ့ပြန်လိုက်သည် ဖြစ်သော်လည်း ရေခဲချောက်နက်၏ ပြီးပြည့်စုံသည့် မျက်နှာပြင်ပေါ်၌ ပွန်းရာများ ထင်ကျန်ရစ်ခဲ့သေးသည်။
ထို ပွန်းရာများက သေးငယ်လွန်းသောကြောင့် ရေခဲချောက်နက်၏ စွမ်းဆောင်ရည်အား ထိခိုက်ခြင်းမရှိသော်လည်း လူအုပ်ကြီးမှာတော့ နှလုံးရောဂါ ရလုနီးနီးပင်။
ထိုဓားမှာ ချမ်ကလန် အစဉ်အဆက် ရာစုနှစ်နှင့်ချီ၍ လက်ဆင့်ကမ်းလာခဲ့သည့် ဘိုးဘွားအမွေ ဖြစ်သည် မဟုတ်လော။ အစင်းရာလေးတစ်ခုပင်လျှင် လက်သင့်ခံ၍ မရနိုင်ပေ။
“ ကလန်ခေါင်းဆောင်...... ”
ချမ်ယိုချင်း ကူကယ်ရာမဲ့စွာ ခေါ်လိုက်သည်။ ထိုအရာမှာ ဓားတစ်လက်၏ စွမ်းရည်ထက်ကျော်လွန်သည့် ပစ္စည်းနှင့် အနီးကပ် စမ်းသပ်သည့် ရလဒ်သာဖြစ်ပေသည်။ အကယ်၍ သူ့အနေဖြင့် ဓားအား အတင်းအဓမ္မ သတ္ထုတောင်အဆုံးထိ ခုတ်ချလျှင်လည်း ဓားအား ပိုထိခိုက်ရုံသာ ရှိလိမ့်မည်။
တရားခံဖြစ်သည့် ချမ်ဟုန်မှာတော့ လက်ထဲ၌ ဓားအား ကိုင်ထားကာ တွေတွေကြီး မိန်းမောနေလျက်ရှိသည်။ လှုပ်ရှားမှု ကင်းမဲ့လျက် အသက်မရှူနေဟု ထင်ရလောက်အောင် ငြိမ်သက်နေသည်။
“ တစ်၀က်.. ဒါတောင်မှ တစ်၀က်ပဲ ဖြတ်နိုင်တယ်လား.. ရေခဲချောက်နက်က ကလန်တည်ထောင်သူကိုယ်တိုင် သွန်းလုပ်ထားတာ ဒီဓားအပေါ် ဆယ်စုနှစ်နဲ့ချီပြီး သွေးတစ်လုံးလုံး ချွေးတစ်လုံးလုံးနဲ့ အားစိုက်ခဲ့တာ.. ခံနိုင်ရည်အား ကောင်းလှပါတယ်ဆိုတဲ့ ချပ်၀တ်တွေကိုတောင် ဖောက်နိုင်တဲ့ ဒီဓား.. ဆယ်နှစ်ကျော် သွန်းလုပ်ခဲ့ရတဲ့ ဒီဓားတောင်မှ.......... ဝူး... ငါတို့ရဲ့ ဘိုးဘေးကိုယ်တိုင် သွန်းလုပ်ထားတဲ့ဓားထက် ပိုကောင်းဓား ဘယ်လိုလုပ် ရှိနေရတာလဲ... ”
“ မဖြစ်နိုင်ဘူး..... ငါမယုံဘူး... စုံစမ်းလိုက်စမ်း.. ထဲထဲ၀င်၀င်စုံစမ်းကြ.. အဲ့ဒီ ၀မ်ချောင်ဆိုတာ ဘယ်သူလဲဆိုတာ ငါသိမှ ဖြစ်မယ်... ”
ကလန်ခေါင်းဆောင် ချမ်ဟုန်၏အသံက ခြံ၀င်းတစ်ခုလုံအား ဖုံးလွမ်းသွားခဲ့သည်။
..........
တစ်ချိန်တည်းတွင် ကျန်းကလန်ခြံ၀င်းထဲ၌လည်း လူအများ စုဝေးလျက်ရှိသည်။ လူအများက စက်ဝိုင်းကဲ့သို့ တစ်လွှာပြီးတစ်လွှာ ၀န်းရံနေပြီး ယင်တစ်ကောင်ပင် ဖြတ်ပျံသွားရန် မလွယ်ကူချေ။ သို့သော် ချမ်ကလန်နှင့် မတူညီစွာ ထိုနေရာ၌ နက်မှောင်ကာ ထူးမခြားနားသည့် လက်ချောင်းအရွယ် သတ္ထုအပိုင်းအစလေးတစ်ခုသာ စားပွဲပေါ်တွင် ရှိနေသည်။
“ မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ.. ”
ကျန်းကလန်၏ ကလန်ခေါင်းဆောင်မှာ အသက်လေးဆယ်ခန့်ရှိသည်။ အဖြူရောင်၀တ်ရုံအား ၀တ်ဆင်ထားကာ သူ၏သွင်ပြင်က ခန့်ညားတည်ကြည်လျက် ကျောင်းတော်သားအသွင် ရှိနေ၏။ ပန်းပဲသခင်ဟု မထင်ရပဲ ဆရာတစ်ယောက်ဟုသာ ထင်ရနိုင်သည်။
သလင်းပြာစံအိမ်မှ ဖြစ်ရပ်မှာ လူအများအား လှုပ်ခတ်စေခဲ့ပြီး ကျန်းကလန်သည်လည်း ချွင်းချက်မဟုတ်ချေ။
ယခုအချိန်ထိ အခြားကလန်များက မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိကြသေးသော်လည်း ကျန်းကလန်မှာတော့ မတူညီပေ။ အစကတည်းက ၀မ်ချောင်၏ နောက်ခံအား သူတို့ သိရှိထားပြီးဖြစ်လေသည်။ ထိုဓားကိုလည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်းဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်းကိုလည်း သိရှိထားကြသည်။
“ ဒီ သတ္ထုရိုင်းနဲ့ ထုလုပ်ထားတဲ့ ဓားက ခုလောက် ထက်နေတာတော့ ယုံရခက်ကြီး... ကြည့်ရတာ တစ်ဂျန်တည်းကို ရွှေတုံး ၃၀၀ ပေးရတာ စျေးကြီးတယ်လို့ ပြောလို့ မရဘူးပဲ.. ”
“ .. ဒါတင်ပဲ ဘယ်ဟုတ်မလဲ.. ကျုပ်အနေနဲ့ ၀မ်ကလန်က သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလို သိသာထင်ရှားခြင်းမရှိတဲ့ ကိစ္စကို သိနေလဲဆိုတာ သိချင်စိတ်ပြင်းပြမိတယ်.. အသက်ဆယ့်ငါးနှစ်လောက်ပဲရှိဦးမယ် အသိဉာဏ် ဗဟုသုတကြွယ်၀ပုံလဲ မပေါ်ပါဘူး... ဒါ့အပြင် ဟိန္ဒူဘုန်းကြီးနှဏ်ပါးကလဲ သူတို့ သတ္ထုရိုင်းကို ဘယ်သူ့ကိုမှ ပေးမထိဘူး.. ငါတို့ ကျန်းကလန်တောင်မှ နည်းနည်းလေးပဲ တောင်း၀ယ်နိုင်ခဲ့လို့ သတ္ထုရိုင်းရဲ့ လျှို့ဝှက်ချက်ကို မရှာဖွေနိုင်ခဲ့ဘူး.. သူ့လို ကလေးတစ်ယောက်က ဘယ်လိုများ အကုန်လုံး သိနေရတာလဲ.. ”
ကျန်းကလန်၏ အကြီးအကဲချုပ် ကျန်းချီမှ မုတ်ဆိတ်အား ပွတ်သပ်နေရင်း ပြောလိုက်သည်။
လုံ၀ဥဿုံ တိတ်ဆိတ်သွားသည်။ ကျန်းခုံးနှင့် ကျန်းကျန့်တို့ပင် ထိုမေးခွန်းအတွက် အဖြေ ရှိမနေကြချေ။ သလင်းပြာစံအိမ်မှ အဆုံးသတ်အား သူတို့နှစ်ဦးသား အံ့အားသင့်နေဆဲပင်။
“ တကယ်တော့... အခုအချိန်မတိုင်ခင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းက အရမ်းအစွမ်းထက်တယ်လို့ လာပြောရင် ကျုပ်ယုံမှာ မဟုတ်ဘူး.. ”
ကျန်းကျန့် ရိုးသားစွာ ၀န်ခံလိုက်သည်။
၀မ်ကလန်မှ လူရွယ်သည် တစ်ခုခု ထူးခြားနေသည်ကိုတော့ ကျန်းကျန့် ၀န်ခံရပေလိမ့်မည်။
ကျန်းကျန့်အနေဖြင့် အတိအကျ မပြောဆိုနိုင်သော်လည်း ၀မ်ချောင်အား တွေ့သည့် အခါတိုင်း ကလေးတစ်ယောက်ဟု မမြင်မိချေ။
“ တကယ်တော့ ဒါကို အတည်ပြုဖို့က မခက်ခဲပါဘူး.... ”
ကလန်ခေါင်းဆောင်သည် စားပွဲပေါ်မှ သတ္ထု အပိုင်းအစလေးအပေါ် အကြည့်ရောက်သွားပြီး...
“ ငါတို့မှာလဲ ရှိနေတာပဲ မဟုတ်လား.. ဒါက ဓားတစ်ချောင်းလုပ်ဖို့ မလုံလောက်ဘူးဆိုပေမဲ့ ဓားမြောင်လုပ်ဖို့တော့ လုံလောက်ပါတယ်.. ဒါပြီးရင်တော့ ငါတို့ကိုယ်တိုင်ပဲ အဖြေရှာရတော့မှာပေါ့.. ”
လူတိုင်း ခေါင်းညိမ့်ကာ သဘောတူလိုက်ကြသည်။
ဆိုရလျှင် အကန့်အသတ်ရှိနေသည့် သတ္ထုအပိုင်းအစဖြင့် သေးငယ်သည့် ဓားမြောင်အား ဖန်တီးယူကာ အမြင့်ဆုံးအခြေအနေရောက်အောင် သွန်းလုပ်ရမည်က ပန်းခြံထဲ လမ်းလျှောက်နေရခြင်းမဟုတ်ပေ။
မည်သည့်ကလန်မှ ထိုအရာအား တတ်နိုင်စွမ်း ရှိမည် မဟုတ်။
သို့သော် ကျန်းကလန်မှာ မတူခြားနားပေသည်။ ပန်းပဲလောက၏ ဦးဆောင်ကလန်ဖြစ်သည်နှင့်အညီ ကလန်ပိုင်ဆိုင်ထားသည့် နည်းပညာများက အခြားကလန်များထက် သာလွန်သည်။
“ အကြီးအကဲချုပ်.. ကျုပ် ဒါကိုပေးလိုက်မယ်.. နေမထွက်ခင် ကျုပ် ဓားမြောင်တစ်လက် မြင်ချင်ပါတယ်.. ”
ကလန်ခေါင်းဆောင် ပြောလိုက်သည်။
“ ဟုတ်ပြီ.. ”
တောင်းဆိုချက်အား လက်ခံပြီးသည့်နောက် အကြီးအကဲချုပ်မှ စားပွဲပေါ်မှ ဟိုက်ဒရာဘတ်သတ္ထု အပိုင်းအစအား အရေးမပါသည့်ဟန်ဖြင့် သူ၏ ခြံ၀င်းသို့ ယူဆောင်သွားခဲ့သည်။
သွန်းလုပ်သည့် လုပ်ငန်းစဉ်မှာ တစ်ညလုံးရှိနေပြီး ရောင်နီမလာခင်အထိပင်။ လူတိုင်း၏ ရှေ့မှ စားပွဲပေါ်သို့ လေးလက်မခန့်အသွားရှိသည့် ဓားမြောင်တစ်လက် ညတွင်းချင်း ရောက်ရှိလာခဲ့သည်။
မည်သို့ဆိုစေ ထိုဓားမြောင်အားကြည့်ရင်း ဝုစ်သံမဏိအား မျက်မြင်တွေ့ခဲ့ဖူးသည့် ကျန်းခုံး၊ ကျန်းကျန့်နှင့် အခြား ကျန်းကလန်သားများက ထူးဆန်းနေကြသည်။
“ အကြီးအကဲချုပ်... ဒါဓားမြောင်ကို ဟိုက်ဒရာဘတ်သတ္ထုရိုင်းနဲ့ သွန်းလုပ်ထားတာ သေချာပါတယ်နော်.. ”
ကျန်းကျန့် စားပွဲပေါ်မှ နက်မှောင်နေသည့် ဓားမြောင်အား မင်္သကာဟန်ဖြင့် ကြည့်နေသည်။
သူတို့အနေဖြင့် ၀မ်ချောင် သွန်းလုပ်ထားသည့် ဝုစ်သံမဏိအား မြင်ခဲ့ဖူးပြီး အသွားပေါ်၌ ရေလှိုင်းသဖွယ် အရေးအကြောင်းများအား ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြရသည်။ ထိုအရာက ထူးခြားလွန်းပြီး အခြား မည်သည့် ဓားများတွင်မှ မတွေ့နိုင်ချေ။
သို့သော် အကြီးအကဲချုပ် သွန်းလုပ်ထားသည့် ဓားမြောင်မှာတော့ မည်သည့် အရေးးအကြောင်းမှ မရှိနေပေ။
“ အာ.... မင်းတို့ပြောနေတဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းဆိုတာက ငါထင်တာနဲ့ အတူတူပဲလားဆိုတာမသိပေမဲ့ ဒီဓားမြောင်ကိုတော့ ကလန်က ပေးထားတဲ့ ပစ္စည်းကိုပဲ အသုံးပြုပြီး သွန်းလုပ်ထားတာပါ.. ဒီ ဓားမြောင်လေးရဖို့ ကျုပ်သိသမျှ တတ်သမျှ အကုန် ထုတ်သုံးခဲ့ရတာ.. ”
“ ကလန်ရဲ့ ပန်းပဲပညာရပ်အားလုံးကိုလည်း ဒီဓားမြောင်အတွက် ငါအသုံးပြုခဲ့ရတယ်.. ”
အကြီးအကဲချုပ်၏ အသံက နွမ်းနယ်နေပြီး ကြည့်ရသည်မှာ ဤဓားမြောင်အတွက် တစ်ညလုံး မနားမနေ သွန်းလုပ်ခဲ့ဟန်ရသည်။
ကျန်းခုံးနှင့် ကျန်းကျန့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ပြောစရာ စကားများ ပျောက်ဆုံးနေလေ၏။
ဓားမြောင်မှာ ၀မ်ချောင် ပြသခဲ့သည့်ဓားနှင့် လားလားမှ မဆိုင်ချေ။ တူညီသည့် သတ္ထုရိုင်းကိုသာ အသုံးပြု၍ ပြုလုပ်ထားပါသည်ဟု ပြောဆိုရန်ပင် မဖြစ်နိုင်ပေ။
“ ဒီကိစ္စအပေါ် အငြင်းပွားနေစရာမလိုပါဘူး.. အကြီးအကဲချုပ်ရဲ့ ပန်းပဲပညာရပ်အပေါ် ငါအပြည့်အ၀ ယုံကြည်တယ်.. ”
ကလန်ခေါင်းဆောင် ရှေ့ထွက်လာကာ ဓားမြောင်အား ဆုပ်ကိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ ဓား ယူခဲ့ ”
မကြာမှီ သလင်းပြာစံအိမ်သို့ သူတို့ ပို့ဆောင်ခဲ့သည့် ဓားနှင့် အရည်အသွေးထပ်တူကျသည့် ဓားတစ်ချောင်းအား ကလန်သားတစ်ဦးမှ ယူလာခဲ့သည်။
ခလွမ်း.....
လက်နက်နှစ်ခု တစ်ခုနှင့်တစ်ခု ခုတ်ပိုင်းလိုက်ကြပြီး နားကျိန်းဖွယ် အသံတစ်ခု လေထုထဲ၌ ဖြစ်ပေါ်လာသည်။ ဓားမြောင်မှာ ဓားထဲ နစ်၀င်သွားသော်လည်း နှစ်ပိုင်းတော့ ဖြစ်မသွားချေ။
လက်ရှိနေရာ၌ ရှိနေသည့်သူများမှာ ကျန်းကလန်၏ လက်ရွေးစင်များ ဖြစ်ပေသည်။ တစ်ချက်ကြည့်ရုံဖြင့် အကြီးအကဲချုပ် သွန်းလုပ်ထားသည့် ကလန်ခေါင်းဆောင်၏ ညာဘက်လက်ထဲရှိ ဓားမြောင်မှာ အဆင့်မြင့် အရည်အသွေး ရှိသည်ကို မြင်နိုင်သည်။ မည်သို့ဆိုစေ ၀မ်ချောင်၏ ထိပ်တန်းဓား အလက်နှစ်ဆယ်ခန့်အား တစ်ချက်တည်း ခုတ်ပိုင်းခဲ့သည့် ဓားနှင့်တော့ ယှဉ်ရန် ဝေးကွာနေဆဲဖြစ်သည်။
အကြီးအကဲချုပ်ကိုယ်တိုင်လည်း ပြောစရာ မရှိတော့ပေ။ သလင်းပြာစံအိမ်၏ ဓားစီးချင်းထိုးပွဲအား သူ မမြင်လိုက်ရသော်လည်း ကလန်သားများထံမှ အတော်များများ ကြားသိထားရသည်။
သိသိသာသာပင် သူသွန်းလုပ်ထားသည့် လက်နက်က ‘ ကမ္ဘာ့အဆင့်တစ်ဓား ’ကို ယှဉ်နိုင်ရန် များစွာ လိုအပ်နေသေးသည်။
“ ကလန်ခေါင်းဆောင်.. တကယ်လို့ သလင်းပြာစံအိမ်က သတင်းကလဲမှန်ပြီး သတ္ထုရိုင်းကလည်း တူညီနေတယ်ဆိုရင် ၀မ်ချောင်ဟာလည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိုပဲ သုံးပြီး သွန်းလုပ်ထားတာဖြစ်တဲ့အတွက် ဓား အစွမ်းထက်နေခြင်းဟာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကြောင့်ပဲ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်တယ်.. ဒါက မယုံနိုင်စရာ ပန်းပဲနည်းစနစ်ပဲ.. ”
“ ပြီးတော့ ဒီနည်းစနစ်တစ်ခုတည်းကတောင် ကျုပ်တို့ ကျန်းကလန်ထက် အပုံကြီးသာနေပြီ... ”
အကြီးအကဲချုပ်မှာ ပင်ပန်းနေသော်လည်း မျက်လုံးမှ အလင်းရောင်တစ်ချက် လက်သွားပြီ အခြားသူများအား သူ့ထံမှ အကြည့်လွဲသွားစေသည်။
“ ၀မ်ချောင်နဲ့ ပက်သက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါလို့ပဲ ငါအကြံပေးချင်တယ်.. တကယ်လို့ သူ့ဆီက ပန်းပဲပညာကိုသာ ရရှိနိုင်မယ်ဆိုရင် ငါတို့က တစ်ခြားကလန်အားလုံကို ကျော်လွန်ပြီး အလယ်ပိုင်းလွင်ပြင်ရဲ့ အဆင့်တစ် ပန်းပဲကလန်ဖြစ်လာလိမ့်မယ်.. ”
အကြီးအကဲချုပ်၏ စကားလုံးများက ကျန်းကလန်၏ ဦးတည်ချက်အား ဖော်ပြလျက်နေသည်။
...............
ဓားစီးချင်းထိုးပွဲ၌ ပါ၀င်ခဲ့သည့် မဟာပန်းပဲကလန်ကြီးလေးခုဖြစ်သည့် ကျန်း၊ ဟွမ်၊ ချမ်နှင့် လူကလန်တို့ အဖို့ ယနေ့ညအား ကျော်ဖြတ်ရန် ခက်ခဲနေကြပြီး မိုးလင်းပေါက် ဆွေးနွေး ငြင်းခုန်နေကြသည်။
ထိုသို့သော အခြင်းအရာက တော်၀င်စစ်တပ်(နန်းတွင်းစစ်တပ်) အတွင်း၌လည်း ဖြစ်ပေါ်လျက်ရှိသည်။
ဓားအား ပြုလုပ်ထားသည့် ပစ္စည်းအကြောင်း ဆွေးနွေးနေကြသည့် ပန်းပဲကလန်များနှင့် မတူညီစွာ ကျောက်ဖုန်းချန်မှာ အခြားအရာတစ်ခုကိုသာ တွေးတောနေလေသည်။
ကျောက်ဖုန်းချန်အတွက် အကောင်းဆုံးဆုလဒ်မှာ ဓားစီးချင်းထိုးပွဲ၌ အစွမ်းထက် ဓားတစ်လက်အား မြင်တွေ့ခွင့် ရခဲ့ခြင်းသာ ဖြစ်သည်။ မည်သို့ဆိုစေ သူ မထင်ထားမိသည်မှာ သူ့အနေဖြင့် ရွှေတုံး ၄၀၀၀၀ အထိ စျေးပေးခဲ့သည့်တိုင် ရောင်းချခဲ့ခြင်း မရှိပေ။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်ကလိုပင် ၀မ်ချောင်ဟု ခေါ်တွင်သည့် လူရွယ်က တုံးဆိုင်းခြင်း အလျဉ်းမရှိ ငြင်းပယ်ခဲ့သည်။
ယခုဆိုလျှင် ဒုတိယအကြိမ် ဖြစ်ပေသည်။
တော်၀င်စစ်တပ်၏ တပ်မှူးဟူသည့် သူ၏ ဂုဏ်ပုဒ်အား ထုတ်ပြခဲ့သည့်တိုင် အငြင်းခံလိုက်ရခြင်းက သူ့အတွက်ရှက်ဖွယ် လိလိပင်။
အကယ်၌ အခြားအရာဆိုလျှင် ကျောက်ဖုန်းချန် လက်လျော့ရန် ၀န်မလေးသော်လည်း ဝုဒ်သံမဏိဓားမှ ထိပ်တန်းဓား အလက်နှစ်ဆယ်ခန့်နှင့် လူတစ်ရပ်ခန့်မြင့်သည့် သတ္ထုတောင်ကြီးအား ပိုင်းချလိုက်သည့် မြင်ကွင်းအား ပြန်မြင်ယောင်မိချိန်၌ ကျောက်ဖုန်းချန် စား၀င် အိပ်ပျော်ရန်ပင် မနည်းကြိုးစားနေရတော့သည်။
သိုင်းပညာအပေါ် ရူးသွပ်သူဖြစ်သည့် အားလျော်စွာ ကောင်းမွန်သည့်လက်နက်၏ အရေးပါပုံအား သူနားလည်ထားသည်။
ထိုအရာမှာ ငွေဖြင့် တန်ဖိုးဖြတ်၍ ရသည့်အရာမဟုတ်ပေ။
၀မ်ချောင်၏ ဓားမှာ ကျောက်ဖုန်းချန် မြင်ခဲ့ဖူးသည့် မည်သည့် ဓားနှင့်မှ မတူညီချေ။ အကြောင်းအရင်းတစ်ချို့ကြောင့် ထိုဓားအား သူမြင်လိုက်သည့်အချိန်၌ ထိုဓားမှာ သူနှင့်သက်ဆိုင်ပြီး သူ့ ဘ၀ တစ်လျောက်လုံး ရှာဖွေနေခဲ့သည့်အရာ ဖြစ်သည်ဟူသည့် အတွေး၀င်ခဲ့သည်။
ဟောင်ရှောင်တျန်နှင့် စိန်ခေါ်ပွဲ မရှိခဲ့လျှင်ပင် ကျောက်ဖုန်းချန် ထိုဓားအား အရူးအမူး လိုချင်နေမည် ဖြစ်သည်။
ကျောက်ဖုန်းချန်သည် ၀မ်ချောင်ကိုသာမက သူ၏နောက်ခံကိုလည်း သိရှိထားခြင်းမရှိသော်လည်း ထိုလူရွယ်မှာ စိတ်ထဲ၌ သူ၏နာမည်အား ထွင်းချန်ရစ်ခဲ့သည်။ တစ်ဖက်လူမှာ အမတ်မင်းဝေ၏သားနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်ကို ကြည့်ချင်းအားဖြင့် သူ့အနေဖြင့် ထိုသူ၏ နောက်ခံအား စုံစမ်းရန် မခက်ခဲတော့ချေ။
“ အရှင်... အရှင်... ”
ဖယောင်းတိုင်အား မီးကျွမ်းလောင်ကာ ကုန်ဆုံးသွားချိန် အရှေ့အရပ်မှ ရောင်နီပေါ်လာချိန်၌ အပြင်ဘက်မှ ပြေးလာနေသည့် ခြေသံအား ကြားလိုက်ရသည်။ ထို့နောက် တံခါးပွင့်သွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ ဘယ်လိုလဲ... ”
ထိုင်ခုံပေါ်မှ ကျောက်ဖုန်းချန် မေးဆတ်လိုက်ပြီး မေးမြန်းလိုက်သည်။
“ အရှင်.... ကျနော် စုံစမ်းကြည့်တဲ့အခါမှာ ၀မ်ချောင်ဆိုတာ ကျိုးအမတ်ကြီးရဲ့ မြေးဖြစ်ကြောင်း သိခဲ့ရပါတယ်.. ”
မုတ်ဆိတ်နှင့် တော်၀င်စစ်သည်မှ ဖြေကြားလိုက်သည်။
“ ဘာ........... ”
ထိုစကားအား ကြားလိုက်ရသည်နှင့် ကျောက်ဖုန်းချန်၏ မျက်နှာမဲ့သွားပြီး နှလုံးမှပင် နာကျင်လာခဲ့သည်။ ၀မ်ချောင်မည်သူဖြစ်သည်ကို မသိလျှင်တောင် အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး၌ ကျိုးအမတ်ကြီးအား မသိရှိသည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။
ကျောက်ဖုန်းချန်အနေဖြင့် ဓားရောင်းသည့်သူ၏ နောက်ခံမှာ အမတ်မင်းဝေ၏ သားထက် ဂုဏ်ရှိန်ကြီးမားနေမည်ဟု ထင်မထားခဲ့ချေ။
လူသားဧကရာဇ်
ဘာသာပြန်သူ - Ifrit
Chapter 65.
ဆုကျန့်ချန်
အကယ်၍ တစ်ဖက်လူသာ ကျိုးအမတ်ကြီး၏ မြေးဆိုပါက တော်၀င်စစ်တပ်နှင့် ကျောက်ကလန် နောက်ခံရှိနေလျှင်ပင် မည်သည့်မကောင်းသည့် ရည်ရွယ်ချက်ကိုမျှ မတွေးဝံ့ပေ။
ထို့အပြင် ဤအခြင်းအရာက သူ့အတွက် ပိုမိုခက်ခဲစေသည်။ ထိုကဲ့သို့ မြင့်မြတ်သည့် သခင်လေးများအတွက် ငွေကြေးပြတ်လပ်ခြင်းမရှိသလို ခေါင်းမာလေ့ရှိသည်။ ပုံမှန်အနေအထားဖြင့် သူတို့၏ အာရုံစိုက်ခံရရန် မလွယ်ကူချေ။
ရှေ့မှ ဖြစ်ခဲ့သည်အရ ထိုသခင်လေးက ရွှေတုံး ၄၀၀၀၀ ကိုပင် လွယ်လင့်တကူ ငြင်းပယ်ခဲ့ပေသည်။
ကျောက်ဖုန်းချန်မှာတော့ တစ်ဖက်လူ သူ့အား ဓားရောင်းချစေရန် ယုံကြည်ချက် မရှိတော့ပေ။
မုတ်ဆိတ်နှင့်လူက ကျောက်ဖုန်းချန်ထံ၌ နှစ်ပေါင်းများစွာ တာ၀န်ထမ်းဆောင်ခဲ့သည် ဖြစ်လေရာ သူ၏ အတွေးများအား ချက်ချင်း ရိပ်မိလိုက်သည်။ ဆိုရလျှင် သူ စုဆောင်းရမိခဲ့သည့် သတင်းက ကျောက်ဖုန်းချန်အား သူပြောပြခဲ့သည်ထက် ပိုမိုဆိုးဝါးသည်။
ထိုလူရွယ်မှာ မြို့တော်၌ ထင်ရှားသည့် ပြဿနာအိုးဖြစ်ပေသည်။ မောက်မာရုံသာမက ပုန်ကန်တတ်သေးကာ သူ့မိသားစုအား အစဉ် ဆန့်ကျင်တတ်သည်။ ကျောက်သခင်ကိုယ်တိုင် တောင်းဆိုလျှင်ပင် ငြင်းပယ်ခံရနိုင်သည်ဖြစ်ရာ ကျောက်ဖုန်းချန်အတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ချေ။
“ အရှင်.. ကျိုးအမတ်ကြီးရဲ့ ဂုဏ်ရှိန်က ကြီးမားလွန်းတဲ့အတွက် သူ့မြေးကို ကျွန်တော်တို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး.. ကြည့်ရတာ ဘာနည်းလမ်းမှ မရှိတော့ဘူးလို့ ထင်ရတယ် ဆိုပေမဲ့.. ”
မုတ်ဆိတ်နှင့်လူ ရုတ်တရက် ပြောဆိုလိုက်သည်။
“ အိုး....... ”
အံ့အားသင့်ဟန်ဖြင့် ကျောက်ဖုန်းချန်၏ မျက်လုံးထဲ၌ အလင်းရောင် လက်သွားပြီး...
“ မင်းမှာ အကြံတစ်ခုခုရှိလား... ”
“ ကျွန်တော့ ညီအစ်ကိုတစ်ယောက်က ၀မ်ချောင်ရဲ့ ဦးလေးဟာ တော်၀င်စစ်တပ်မှာ တာ၀န်ထမ်းဆောင်နေတယ်ဆိုတာကို မတော်တဆ သိခဲ့ရတယ်.. အခုသူက မြောက်၀င်ပေါက်ကို စောင့်ကြပ်နေတဲ့ ခေါင်းဆောင်ခွဲပဲ.. ကျုပ်တို့အနေနဲ့ ဓားကို အောင်အောင်မြင်မြင် မ၀ယ်နိုင်ဘူးဆိုရင်တောင် တကယ်လို့ အရှင်ကသာ သူ့ဦးလေးကို သွားတွေ့ခဲ့ရင် ၀မ်ကလန်ကို အလည်အပတ်သွားတာထက်တောင် ပိုပြီး အကျိုးဖြစ်နိင်တယ်နော်.. ”
မုတ်ဆိတ်နှင့်လူမှ အကြံပေးလိုက်သည်။
ဤအချိန်၌ ကျောက်ဖုန်းချန် အတော် အံ့အားသင့်နေမိသည်။ တော်၀င်နန်းတော်၌ ၀င်ပေါက်လေးခုရှိပြီး မြောက်၀င်ပေါက်၊ တောင်၀င်ပေါက်၊ အနောက်၀င်ပေါက်နှင့် အရှေ့၀င်ပေါက်တို့ ဖြစ်ကြသည်။ အင်ပါယာအရှင်မှာ နန်းတော်၏ မြောက်ဘက်တွင် နန်းစံသည် ဖြစ်သည့်အလျောက် မည်သူက သွားရောက် နှောက်ယှက်ဝံ့သနည်း။ ထို့ကြောင့် မြောက်၀င်ပေါက်မှာ အမြဲတစေ ပိတ်ထားလျက်ရှိသည်။
နန်းတော်၏ ထိုနေရာ၌ တာ၀န်ကျသည့် ခေါင်းဆောင်ခွဲဟူသည်မှာ တော်၀င်စစ်တပ်၏ အနိမ့်ဆုံး ရာထူးသာ ဖြစ်ချေတော့သည်။ ကျောက်ဖုန်းချန်သည် ကျိုးအမတ်ကြီး၏ သားမက်တော်မှာ နန်းတော်၏ အရေးမပါသည့် အဆင့်နိမ့်ရာထူးကိုသာ ရထားလိမ့်မည်ဟု ထင်မှတ်မထားပေ။
“ ဒါ ယောင်ကလန်လက်ချက်ပဲ ဖြစ်ရမယ်.. ”
ကျောက်ဖုန်းချန် တွေးမိလိုက်သည်။ တော်၀င်စစ်တပ်သည် အင်ပါယာအရှင်၏ ကိုယ်ရံတော်များဖြစ်သည်။ ယောင်ကလန်မှ မယုံနိုင်လောက်သည့် အဆက်အသွယ်များ မြို့တော်၌ ရှိလျှင်ပင် သူတို့ လက်ဆန့်နိုင်သည့် အတိုင်းအတာ ရှိပေသည်။
၀မ်ကလန် လူအိုကြီး၏ ဟန်ပန်အရ သားမက်တော်၏ အရည်အသွေးမှာ ထွန်းထွန်းပေါက်ပေါက် မရှိသည့်အတွက် သူ့အား ရာထူးတိုးပေးရန် ကြိုးစားခြင်း မရှိဟန်ရသည်ဟု ကျောက်ဖုန်းချန် မှန်းဆမိသည်။
ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဘာမှ တတ်နိုင်မည်မဟုတ်ပေ။
ထိုအတွေး ခေါင်းထဲ၀င်လာသည်နှင့် ကျောက်ဖုန်းချန်ခေါင်းထဲ၌ အကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်ဖက်ရည်ခွက်အား ဘေးဖယ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ထွက်သွားလိုက်သည်။
ဟူးလားလား......
ကျောက်ဖုန်းချန် အခန်းထဲမှ ထွက်ခွာသွားသည့် တစ်ချိန်တည်း၌ ညအမှောင် မြို့တော်ထက်၌ စာပို့ခိုများ တောင်ပံချင်း လိမ်နေတော့သည်။
“ စုံစမ်းကြစမ်း... စုံစမ်းကြစမ်း... စုံစမ်းကြစမ်း.. ”
“ ဒီလို အစွမ်းထက်တဲ့ ဓားကို သွန်းလုပ်တဲ့အကြောင်း ဘာမှ မကြားသိရဘူးဆိုတာ မဖြစ်နိုင်ဘူး.. ”
“ မြို့တော်ထဲမှာ ပန်းပဲကလန်တွေအပေါ် ဘာမှ ဖုံးကွယ်ထားလို့ မရစေရဘူး.. ဓားက သူ့ကိုယ်ပိုင် မဟုတ်ဘူးဆိုရင် သက်ဆိုင်တဲ့ဟာ တစ်ခုခုတော့ရှိရမယ်.. ကျွန်းဆွယ်ကပဲ ဖြစ်စေ တောင်တန်းကပဲ ဖြစ်စေ ရွာငယ်ကပဲဖြစ်စေ ဓားရဲ့နောက်ခံကို ငါသိချင်တယ်.. ”
.............
မရေမတွက်နိုင်သည့် စာပို့ခိုများက သတင်းစုဆောင်း ပေးပို့လျက်နေပြီး ၀မ်ချောင်၏ ဓားမှာ မည်သည့်နေရာမှ လာကြောင်း ရှာဖွေနေကြသည်။ ဓားစီးချင်းထိုးပွဲ၏ အကြီးမားဆုံးအံ့အားသင့်စရာမှာ မဟာပန်းပဲကလန်းများပင်လျှင် ဓား၏ ရင်းမြစ်အား မသိရှိကြခြင်း ဖြစ်ပေသည်။
ပန်းပဲလောကထဲ၌ ဓားသွန်းလုပ်ရာတွင် အလုပ်ရုံ၊ သတ္ထုရိုင်းများနှင့် ပန်းပဲကလန်၊ သွန်းလုပ်ခြင်း၊ ကျောက်မီးသွေး.... စသည်ဖြင့် များစွာ လိုအပ်ပေသည်။ ထိုဓားအား သွန်းလုပ်ခဲ့သည့် နေရာ၏ သဲလွန်စအား ရှာဖွေနိုင်ခြင်းမရှိသည်မှာ ဖြစ်နိုင်ချေ မရှိပေ။
ဓား၏ ဇာစ်မြစ်အား သိရှိခဲ့လျှင် ၀မ်ချောင် လက်ထဲရှိ ဓားမှာ အပိုသက်သက်သာ ဖြစ်ပေလိမ့်မည်။ မြို့တော်အတွင်းရှိ ထင်ရှားသည် ပန်းပဲကလန်များအားလုံးအတွက် ဤအရာမှာ အခြား ကလန်များအားလုံးအား ကျော်လွန်နိုင်မည့် အခွင့်အရေးထူး တစ်ရပ် ဖြစ်လာခဲ့သည်။
.............
ဘန်း...ဘန်း...ဘန်း.......
နေမထွက်မှီ၌ ၀မ်မိသားစုခြံ၀င်း၏ နောက်ဖေး၌ လက်သီးသံများအား အတိုင်းသား ကြားရနိုင်သည်။
၀မ်ချောင်မှာ အညိုရောင် သိုင်းလေ့ကျင့်ရေး၀တ်စုံ ၀တ်ဆင်ထားပြီး ခါးပတ်ဖြင့် ချည်ထားသည်။ သင့်တင့်လျောက်ပတ်စွာ ၀တ်ဆင်ထားကာ လက်သီးနည်းစနစ်အား ကျင့်ကြံလျက်ရှိသည်။ ကလန်၏ ကပ်ဘေးအား ဖြေရှင်းပြီးသည်သကာလ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကိစ္စသည်လည် အခြေကျသွားပြီ ဖြစ်ပြီး ၀မ်ချောင် ခံစားခဲ့ရသည့် ဖိအားများအားလုံး ပြေလျော့သွားခဲ့ပြီဖြစ်သည်။ နောက်ဆုံး၌ သိုင်းပညာကျင့်ကြံခြင်းအား အားစိုက်နိုင်ခဲ့လေပြီ။
ဘန်း...... ဘန်း....... ဘန်း.........
ကြယ်စေစားရာခြေလှမ်း(ကြယ်ကြွေခြေလှမ်း)အား ဖော်ထုတ်ရင်း သူ၏ ခြေလှမ်းများက သွက်လက်စွာ လှုပ်ရှားနေသည်။ သူထုတ်ဖော်လိုက်သည့် လိုက်သီးများက လေထုအား တုန်ခါစေသည်။ သူ့လက်သီးမှ ထွက်ပေါ်လာသည့် ခွန်အားက လေထုအား တုန်ခါစေပြီး ပဲ့တင်လှိုင်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
သုံးချီအကွာခန့်ရှိ လက်မောင်းလုံးအရွယ်ရှိ အပင်များမှာ လက်သီးမှ လာသည့် လှိုင်းများကြောင့် ယိမ်းထိုးလျက်ရှိသည်။
ဒေါသလက်သီးအား ကျင့်ကြံရာ၌ ထိုသူသည် သူ၏ခွန်အားများအားလုံးကို လက်သီး၌ စုစည်းထားရန် လိုအပ်သည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပတ်၀န်းကျင်လေထုအတွင်း လှိုင်းများဖြစ်ပေါ်လာမှသာလျှင် လက်သီးသိုင်း၏ အနှစ်သာရအား ဖမ်းဆုပ်နိုင်သည့် စဦးအဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်နိုင်သည်။
ဒေါသလက်သီး၏ ခွန်အားကိုထုတ်ဖော်ရန် အကြောများ ဖြန့်ကျက်ဖိနှိပ်ခြင်းနှင့် သူ၏ ကိုယ်တွင်းမှ မရီဒျန်များအား ထုတ်ဖော်ရန် ၀မ်ချောင် အနည်းငယ် အချိန်ယူလိုက်သည်။
“ ပိုအထာကျသွားပြီ.. ”
၀မ်ချောင် သဘောပေါက်သွားသည်။
၀မ်ချောင် ဒေါသလက်သီးနှင့်အတူ နဂါးအရိုးနည်းစနစ်အား ကျင့်ကြံရန် တွဲရက် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ လက်သီးနည်းစနစ်များက အစွမ်းထက်လွန်း၍ ပိုင်ဆိုင်ထားသည့် စွမ်းအားထက်အဆ များစွာ စုစည်းနိုင်သည့်အတွက် မဟုတ်ပေ။
အဓိကကျသည်မှာ တစ်စုံတစ်ဦးသည် ပတ်၀န်းကျင်မှ လေထုအား ထိန်းချုပ်ပြီး အသံလှိုင်းများ ထုတ်ဖော်နိုင်သည့်အဆင့်ရောက်သည့်အချိန်တွင် ဒေါသလက်သီး၏ စွမ်းအားဖြင့် သွေးလည်ပတ်ခြင်းအား ထိန်းချုပ်ကာ နဂါးအရိုးနည်းစနစ်အား မြန်ဆန်အောင် တွန်းပို့နိုင်ခြင်းကြောင့် ဖြစ်ပေသည်။
ပြောရမည်ဆိုလျှင် ထိုနှစ်ခုက တစ်ခုနှင့်တစ်ခု ထောက်ပံ့နေခြင်း ဖြစ်ပေသည်။
၀မ်ချောင် ထိုလှည့်ကွက်လေးအား ယုတ်ချည်း အသုံးပြုလိုက်သည်။
၀မ်......
၀မ်ချောင် မျက်လုံးမှိလိုက်သည့်နောက် ခန္ဓာကိုယ်အတွင်းမှ သွေးများ လှိုင်းထန်လာခဲ့သည်။ ထိုလှိုင်းလုံးကြီးများက သူ၏ သွေးကြောများအား တိုက်စားချဲ့ထွင်လျက်နေသည်။ သူ့ခန္ဓာကိုယ်တစ်လျောက် သွေးဖြတ်သန်းသွားသည့် အားနည်းသည့်နေရာများအား လေထဲမှ မူလစွမ်းအင်များ ၀င်ရောက်လာပြီး အေးစိမ့်စိမ့်ခံစားချက် ရရှိလိုက်သည်။
သွေးအတွင်းပျော်၀င်ပြီး သွေးကြောများတစ်လျောက် ဖြတ်သန်းကာ မူလစွမ်းအင်များက ၀မ်ချောင်၏ အရိုးများထဲသို့ စိမ့်၀င်နေသည်။
ခွန်များတိုးပွားလာသည့်နှင့် သူ၏ နဂါးအရိုးနည်းစနစ်၏ ကျင့်ကြံနှုန်းသည်လည်း တိုးတက်လာသည်ဟု ၀မ်ချောင် ခံစားမိလိုက်သည်။
ဘမ်း..........
၀မ်ချောင် လက်သီတစ်လုံး ပစ်သွင်းလိုက်သည်။ မည်သည့် လှုပ်ရှားမှုမှ မပါပဲ သာမန် ဒေါသလက်သီးကိုသာ နဂါးအရိုးနည်းစနစ်အား ကျင့်ကြံနေရင်း ထုတ်လွတ်လိုက်သည်။ ထိုသို့သော ပုံစံဖြင့် ၀မ်မိသားစုခြံ၀င်း၏ နောက်ဖေးတွင် ဆက်လက် ကျင့်ကြံနေလေ၏။
အချိန်များက တဖျတ်ဖျတ် ကုန်လွန်သွားသည်။ မည်သည့်အနှောင့်အယှက်မရှိသည့်အတွက် များမကြာမှီ ၀မ်ချောင် စျာန်၀င်သွားလေတော့သည်။
အချိန် မည်မျှ ကုန်လွန်သွားသည်မသိ.....
ဟူး........
၀မ်ချောင် လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ တစ်ကိုယ်လုံး ချွေးများ စိုရွဲနေပြီး အ၀တ်များလဲ စိုနေသည်။ ပြီးခဲ့သည့် လေ့ကျင့်ရေးမှ သူ၏ ခွန်အား အတော်တိုးတက်လာသည်ကို ၀မ်ချောင် အာရုံခံမိသည်။
“ ငါတွေးတာ မှန်သွားတဲ့ပုံပဲ.. နဂါးအရိုးနည်းစနစ်ကို ဒေါသလက်သီးနဲ့ အားဖြည့်လိုက်တာက နဂါးအရိုးနည်းနစ် ကျင့်ကြံတာကို အတော်လေး အထောက်အကူပေးလို့ အရမ်းမြန်လာပြီ... ”
၀မ်ချောင် စဉ်းစားလိုက်သည်။
ဤအချိန်၌ သူ၏ ကျင့်ကြံခြင်းသည်လည်း ယခင်ကထက် ပိုမို လျင်မြန်လာပြီး နှစ်ရက်ခန့် ကျင့်ကြံနှုန်းနှင့် ညီမျှပေသည်။ ထိုအရာက ဒေါသလက်သီး၏ ကောင်းကျိုးဖြစ်၏။ မည်သို့ဆိုစေ ဒေါသလက်သီးကျင့်ကြံခြင်းက သက်လုံအား အားဖြည့်ပေးသည် ဖြစ်သည်။
ယမန်နေ့ညမှ ယခုအချိန်ထိ လေ့ကျင့်နေခဲ့ခြင်းကြောင့် ၀မ်ချောင် ပင်ပန်းနေချေပြီ။
“ ငါအခန်းပြန်ပြီး သန့်ရှင်းရေး လုပ်ဦးမှပဲ... အမေနဲ့ ညီမလေးတောင် ခနနေ နိုးလာတော့မယ်.. ”
၀မ်ချောင် ခန္ဓာကိုယ်အတွင်းမှ လေဆိုးများ မှုတ်ထုတ်လိုက်ပြီး ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်သည်။ မလှမ်းမကမ်းရှိ သစ်ပင်ပေါ်၌ ချိတ်ထားသည့် သဘက်အား ယူလိုက်ကာ ချွေးသုတ်လိုက်ပြီး သူ၏ အခန်းရှိရာသို့ ခြေဦးလှည့်လိုက်သည်။ လမ်း၌ လူလုပ်တောင်တစ်ခုအား ရုတ်တရက် ထိုးချလိုက်သည်။
ဘုန်း..........
လူလုပ်တောင်တုအား ထိလိုက်သည်နှင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးဖြစ်ပေါ်လာကာ တောင်တုမှာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားသည်။
“ မဆိုးဘူး.. တောင်တုကိုတောင် ထိုးခြေနိုင်တယ်ဆိုတော့ ငါ့လက်သီးက မူလစွမ်းအင် အဆင့်၆ အဆင့်၇တွေနဲ့ ယှဉ်လို့ ရနေပြီပဲ... ”
၀မ်ချောင် သဘောကျနေသည်။
လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ လူလုပ်တောင်တုအား ထိုးခြေရန် မလုံလောက်သေးပေ။ မည်သို့ဆိုစေ ဒေါသလက်သီး၏ ခွန်အားအရ တောင်တုတစ်ခုလုံအား အလွယ်တကူ ထိုးခြေနိုင်ပြီဖြစ်ပြီး အဆင့်၆ အဆင့်၇ ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်နေလေပြီ။
“ ငါ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်တာ အရမ်းတိုသေးတယ်.. အချိန်သာရမယ်ဆိုရင် ငါဒီထက်ပိုမြင့်တဲ့ နယ်ပယ်ကိုရောက်နိုင်တယ်... ”
၀မ်ချောင် ၀မ်းသာလျက်နေသည်။
သူ၏ စွမ်းအင်လိုအပ်ချက်ကြောင့် တောင်တုအား ဒေါသလက်သီးဖြင့်ထိုးခဲ့သည့် သူ၏ လက်သီး ဒဏ်ရာရခဲ့သည်။ လက်ဆစ်များချိုးပြီးသည့်နောက် အခန်းသို့ ပြန်သွားလိုက်သည်။
လက်ရှိ သလင်းပြာစံအိမ်မှ အရေးအခင်းမှာ တည်ငြိမ်နေဆဲရှိသေးသည်။ ထိုအရာမှာ ပေါက်တော့မည် မီးတောင် ငြိမ်နေသည်နှင့် တူလှသည်။ မနေ့က အုတ်အော်သောင်းနင်း ဖြစ်ခဲ့သော်လည်း ၀မ်ကလန်မှာတော့ ဆိတ်ငြိမ်နေဆဲပင်။
၀မ်ချောင် အလျင်အမြန် ကိုယ်လက်သန့်စင်လိုက်ပြီး မနက်စာစားကာ ခြံ၀င်းထဲမှ တစ်ယောက်ထဲ ထွက်ခွာခဲ့သည်။
“ အရင်ကလို ဒီကိစ္စ ရှိနေမယ်ဆိုရင်.. ”
လမ်းလည်ခေါင်၌ ရပ်နေရင်း အတွေးတစ်ခု ရုတ်ချည်း ၀င်လာခဲ့သည်။
သူ၏ ယခင်ဘ၀၌ မဟာထန်သည် မရေမတွက်နိုင်သည့် စစ်ဦးစီးချုပ်များနှင့် သေနာပတိများစွာအား ပိုင်ဆိုင်ခဲ့သည်။ ထိုသူများက သောက်ရှူးကြယ်များလိုပင် ကပ်ဘေးအတွင်း၌ တစ်ဦးပြီးတစ်ဦး ကျဆုံးသွားကြသည်ကာ သမိုင်းထဲမှ မေ့ပျောက်ခြင်း ခံခဲ့ကြရသည်။
သေနာပတိများနှင့်စစ်သူကြီးများအကြား ၀မ်ချောင် နှမြောတသ အဖြစ်ရဆုံးသူရှိပေသည်။ ထိုသူ၏ အမည်မှ ဆုကျန့်ချန်။
လက်ရှိကမ္ဘာကြီးထဲ၌ ၀မ်ချောင် မှတ်မိထားသည့်အရာများစွာမှာ ပြောင်းလဲနေခဲ့ပြီဖြစ်၏။ ဆုကျန့်ချန်မှာ ထိုသူများထဲမှ တစ်ဦးဖြစ်သည်။
ထိုသူမှာ တစ်ချိန်က တော်၀င်ရုံးတော်၏ အသက်အကြီးဆုံး သြဇာအရှိဆုံး အမှုထမ်းတစ်ဦးဖြစ်ခဲ့သလို မဟာထန်အင်ပါယာ၏ ဒဏ္ဍာရီလာ သေနာပတိကြီးတစ်ဦးလည်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်က ဆုကျန့်ချန်ဆိုသည့် ထိုနာမည်မှာ မဟာထန်ပိုင်ဆိုင်ထားသည့် နယ်မြေများအတွင်း ပြန့်နှံ့ခဲ့ပြီး မှန်းဆမရနိုင်သည့် လွှမ်းမိုးမှုအား ပိုင်ဆိုင်ခဲ့သည်။
သို့သော် သူ၏ နာမည်မှာ အချိန်များကုန်လွန်လာချိန်တွင် ပျောက်ကွယ်လာခဲ့ကာ ယနေ့လက်ရှိတွင် သူ၏ အမည်နာမမှာ လူတိုင်း၏ မှတ်ဉာဏ်များထဲမှ ပျောက်ကွယ်နေခဲ့ပြီဖြစ်သည်။ မဟာထန်ရှိ လူအများအပြားက သူ့အား သေဆုံးသွားပြီဟု မှတ်ယူထားကြသည်။ နောက်ဆုံး ထိုသူက ၀မ်ချောင်၏ ဘိုးဘိုးကြီးထက်ပင် အရွယ်ကြီးရင့်သည် မဟုတ်ပါလား။
၀မ်ချောင်၏ ဘိုးဘိုးကြီးနှင့် ယောင်ကလန်မှ လူအိုကြီးတို့ အာဏာရလာချိန်တွင် ထိုသူက အနားယူသွားခဲ့ပြီဖြစ်ပြီး သီးသန့်သာ နေထိုင်တော့သည်။ ထိုအရာမှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၀မ်ချောင်၏ ဘိုးဘိုးကြီးသည်လည်း လေးစားစရာကကောင်းသည့် ကျိုးအမတ်ကြီး ဖြစ်နေခဲ့ချေပြီ။ ဤအခြင်းအရာအားဖြင့် ထိုလူ မည်မျှအိုမင်းနေပြီ ဖြစ်ကြောင်းသိနိုင်သည်။
၀မ်ချောင် ထိုသူအား သတိရသည့်အကြောင်းရင်းမှာ လာမည့်နှစ်ပေါင်းများစွာ ကပ်ဘေးကြီးကျရောက်လာချိန်၌ ထောင်နှင့်ချီသည့် တိုင်းတစ်ပါးမြင်းစီးစစ်သည်များက မြို့တော်သို့ ချီတက်လာခဲ့ချိန်တွင် ကျူးကျော်လာသည့် မြင်းစီးစစ်သည်များအား တစ်ကိုယ်တော် တွန်းလှန်ခဲ့ပြီး တိုင်းသူပြည်သားများနှင့် မြို့တော်အား ကာကွယ်ပေးခဲ့သည်။
သို့သော် ထိုတိုက်ပွဲ၌ သူ၏ ခံနိုင်ရည်များ ကုန်ဆုံးသွားခဲ့ပြီး ကျဆုံးခဲ့ရသည်။
သူ့အား မဟာထန်၏ ဖျက်စွမ်းအားအပြင်းဆုံး သိုင်းပညာအမြင့်ဆုံးသူအဖြစ် သတ်မှတ်ခဲ့ကြသည်။
ထိုသို့သော ကပ်ဘေးကာလ နောက်ဆုံးအချိန်၌ ကျန်ရှိနေသည့် အကြီးအကဲများက ၀မ်ချောင်အပေါ် မျှော်လင့်ချက်များအားလုံး စုပုံထားပြီး နည်းစနစ်နှင့် ခွန်အားများကို အိတ်သွန်ဖာမှောက် လွဲပြောင်းပေးခဲ့ကြပြီး ထိုသူတို့ ပြောသည့် စကားများကိုလည်း မမေ့နိုင်ပေ။
“ ငါတို့ရဲ့ တစ်သက်တာ စွမ်းအားတွေအားလုံးကို မင်းရထားတယ်ဆိုပေမဲ့ ဆုကျန့်ချန်ရဲ့ အထွတ်အထိပ်နည်းစနစ်ကို မင်းမရနိုင်တာ ၀မ်းနည်းစရာပဲ.. တကယ်လို့ အဲ့လူအို အရူးကြီးသာ တစ်ကိုယ်ကောင်းမဆန်ခဲ့ဘူးဆိုရင် အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်.. ဒါပေမဲ့ အခုတော့.. မင်းကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်တည်ရတော့မယ်.. ”
ထိုစကားလုံးများက ၀မ်ချောင်အပေါ် ကြီးမားစွာ သက်ရောက်မှု ဖြစ်စေခဲ့သည်။