အခန်း (၆၆-၇၀)
Vol. 3 Ch. 66-70
လူသားဧကရာဇ်
ဘာသာပြန်သူ - Ifrit
Chapter 66.
တပ်မဟာစစ်တုရင်ပုံစံခင်းခြင်း
၀မ်ချောင်၏ စိတ်ထဲ၌ ကျင့်ကြံခြင်းနည်းစနစ်ပေါင်းများစွာ ရှိနေသော်လည်း သေနာပတိဟောင်း ဆုကျန့်ချန် ဖန်တီးခဲ့သည့် { ကောင်းကင်ပျက်သုန်းခြင်းအနုပညာ } ဝါ { နတ်ဘုရားနှင့်နတ်ဆိုး ပျက်သုန်းခြင်းအနုပညာ } နှင့် နှိုင်းယှဉ်နိုင်သည့် နည်းစနစ် တစ်ခုမှ ရှိမနေပေ။
ယခုဘဝ၌ သိုင်းပညာနည်းစနစ်များအတွင်း ၀မ်ချောင်၏ အမြင့်ဆုံး ပန်းတိုင်မှာ ဖျက်စွမ်းအား အပြင်းဆုံး အဆင့်တစ်ဖြစ်သည့်အပြင် ယခင်ဘ၀၌ လက်၀ယ်ပိုင်ဆိုင်ခွင့် မရခဲ့သည့် { ကောင်းကင်ပျက်သုန်းခြင်းအနုပညာ }အား ပိုင်ဆိုင်ခွင့်ရရန်သာ ဖြစ်ပေတော့သည်။
သို့ပေမင့် အပြောထက် အလုပ်က ပိုခက်ခဲသည်မဟုတ်လား။
စစ်သေနာပတိဟောင်း ဆုကျန့်ချန်၏ အသိအမှတ်ပြုမှုအား ရရှိနိုင်ရန်အတွက် ၀မ်ချောင် အနေဖြင့် စမ်းသပ်မှုများစွာအား ကျော်ဖြတ်ရပေလိမ့်မည်။ ခံယူချက်ဖြစ်စေ၊ ကိုယ်ကျင့်တရားဖြစ်စေ၊ ခွန်အားဖြစ်စေ မည်သည့်နေရာတွင်မှ နိမ့်ကျနေ၍ မဖြစ်နိုင်ပေ။ ထို့ထက်ပို၍ အထက်ပါအချက်များအားလုံးနှင့် ပြည့်စုံနေသည့်တိုင်အောင် သူ၏ အောင်မြင်မှုအတွက် အာမခံချက် မရှိသေးချေ။
ဆိုရသော် ယခင်မျိုးဆက်၌ ရေမြေ့ရှင် အင်ပါယာအရှင်မင်းမြတ်မှ မင်းသားတစ်ပါးအား ဆုကျန့်ချန်၏ လက်အောက်တွင် တပည့်ခံ၍ သူ၏ အထွတ်အထိပ်နည်းစနစ်အား သင်ကြားပေးရန် ပြောဆိုခဲ့သည့်တိုင် ဆုကျန့်ချန်မှ ချက်ချင်း ငြင်းပယ်ခဲ့လေသည်။
ထို့ကြောင့် ကြုံတွေ့ရမည့် အခက်အခဲအား အတိုင်းသား မြင်ရနိုင်သည်။
ထို့အပြင် ဆုခြံ၀င်း၏ ၀င်ပေါက် ဖွင့်လှစ်ခြင်းမရှိတော့သည်မှာလည်း နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့ပြီဖြစ်လေရာ ခြံ၀င်းအတွင်း ၀င်ရောက်၍လည်း ထူးမည် မဟုတ်တန်ရာ။ ထိုအချက်အားဖြင့် ဤလုပ်ငန်းစဉ်မှာ ပိုမိုခက်ခဲကြောင်း သိနိုင်သည်။
သို့တိုင် ၀မ်ချောင်မှာ အခွင့်အရေးတစ်ခု ကျန်သေးမှန်းသိထားပြီး သူသာလျှင် ပြီးမြောက်နိုင်ကာ မဟာထန်၏ ကြီးမြတ်သော စစ်သေနာပတိဟောင်းနှင့် ဆက်သွယ်နိုင်လိမ့်မည် ဖြစ်သည်။
အဖြစ်မှန်မှာ လူတိုင်းထင်မြင်ထားသည်နှင့် ကွဲပြားနေခြင်းသာ ဖြစ်လေသည်။ ဆုကျန့်ချန် တပည့် လက်မခံလိုခြင်းမဟုတ်ပေ။ ကပ်ဘေးကာလ၌ သူ၏ သက်တမ်းကုန်ဆုံးခါနီးတွင် သူကိုယ်တိုင် ထိုက်တန်မည့် တပည့်အား ရှာဖွေခဲ့သေးသည် မဟုတ်ပါလား။
အစေခံအိုကြီးတစ်ဦးမှ ပြောပြခဲ့ခြင်းမရှိလျှင် မြို့တော် အနောက်ဘက်ရှိ နှစ်ထောင်ချီသက်တမ်းရှိသည့် စကားဝါပင်အောက်သို့ နေ့စဉ်လာရောက်တတ်သော စစ်တုရင်ခုံနှင့် ရိုးရိုးရှင်းရှင်း ဆံပင်ဖြူနေသည့် ပုဂ္ဂိုလ်မှာ နာမည်ကျော်ကြားသည့် စစ်သေနာပတိဟောင်း ဆုကျန့်ချန်ဖြစ်မှန်း မည်သူမှ သိလိမ့်မည် မဟုတ်ချေ။
ဆုကျန့်ချန် ထိုနေရာသို့ ဆယ်နှစ်တိုင်တိုင် မပျက်မကွက် သွားရောက်နေခဲ့သော်လည်း မည်သူမှ သူ့အား သတိထားမိခြင်းမရှိပေ။ သူနှင့် စစ်တုရင် ထိုင်ကစားခဲ့သူများပင် ဆုကျန့်ချန်၏ ရာထူးဂုဏ်သိမ်အား ခန့်မှန်နိုင်ခြင်းမရှိသည်မှာ သူသေဆုံးချိန်အထိပင်။
ထိုအရာသည်သာ ဆုကျန့်ချန်ထံသို့ ချဉ်းကပ်ရန် ၀မ်ချောင်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။
“ ဝိဉာဏ်သစ်ပင်စီရင်စုကို သွားမယ်.. ”
လမ်းပေါ်၌ ၀မ်ချောင် မြင်းလှည်းတစ်ခုအား တားလိုက်ကာ မြို့တော်၏ အနောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
........
မြို့အနောက်ဘက် ဝိဉာဏ်သစ်ပင် စီရင်စုရှိ လမ်းများပေါ်တွင် လူများဖြင့် ပြည့်သိပ်နေသည်။ သက်ကြီးပိုင်းနှင့် ကလေးငယ် အများအပြားက ဆော့ကစားနေကြသည်။ အခြားကမ္ဘာတစ်ခုမှ ဝေါဟာရအရဆိုလျှင် ကစားကွင်း သို့မဟုတ် ပန်းခြံနှင့် ဆင်တူသည်။
၀မ်ချောင် မြင်းလှည်းထဲမှ ခေါင်းပြူ၍ စကားဝါပင်အိုကြီးအား လှမ်းကြည့်လိုက်သည်။
“ ဆုကျန့်ချန်က ဘယ်သူလဲ မသိဘူး... ”
၀မ်ချောင် ခေါင်းခြောက်နေသည်။
ပန်းခြံအတွင်း စစ်တုရင်ထိုးနေသည့်သူ များစွာရှိသည့်အနက် မည်သူက ဆုကျန့်ချန်ဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲလှ၏။ ပိုဆိုးသည်မှာ ၀မ်ချောင်အနေဖြင့် ဆုကျန့်ချန်အား လူချင်း မတွေ့ဖူးခြင်းပင်။
ယခင်ဘ၀မှ ကပ်ဘေးကာလ၌ တိုင်းတစ်ပါးမြင်းစီးစစ်သည်များ မြို့တော်အား ကျူးကျော်လာစဉ်တွင် ၀မ်ချောင်မှာ စစ်မြေပြင်မှ အတော်ဝေးဝေး၌ ရှိနေသည်ဖြစ်ရာ ဆုကျန့်ချန်၏ ပုံရိပ်အား ၀မ်ချောင် ကောင်းစွာ မြင်တွေ့နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
“ ကံဆိုးချက်ပဲ.. အရင်ကတည်းက ငါသူ့အကြောင်းအများကြီး မေးခဲ့ရမှာ... ”
၀မ်ချောင် အနည်းငယ် နောင်တရမိသည်။ (ဂျင်းကောင် အချိန်ခရီးသွားတာမှ အားမရသေးဘူး ထီပေါက်ချင်နေသေးတယ် )
စစ်သေနာပတိအား လေးစားမိသည့်အလျောက် အစေခံအိုကြီးအား ၀မ်ချောင် အနည်းငယ် မေးမြန်းခဲ့သည်တော့ ရှိသည်။ ထို့ကြောင့် ဆုကျန့်ချန်၏ စစ်တုရင်ခုံမှာ အခြားသူများနှင့် ခြားနားကြောင်း သိခဲ့ရသည်။ သူ၏ စစ်တုရင်ခုံအား ရွှေရည်စိမ်ထားသည့်အတွက် ၀မ်ချောင်အတွက်တော့ ထင်ရှားသည့် အမှတ်အသားတစ်ခုအဖြစ် မှတ်မိကျန်ရစ်သည်။
သို့နှင့် ဝိဉာဏ်သစ်ပင်စီရင်စုအား အနည်းငယ် လှည့်ပတ်ပြီးနောက် ၀မ်ချောင် တစ်နေရာ၌ ရပ်တန့်သွားသည်။
“ သူ ဒီမှာ မဟုတ်ဘူးပဲ... ”
ထို့နောက် စကားဝါပင်အိုအောက်ရှိ စားပွဲပေါ်၌ ချထားသည့် ရွှေရောင်စစ်တုရင်ခုံအား ၀မ်ချောင် ဝိုးတဝါး လှမ်းမြင်လိုက်သည်။ စစ်တုရင်ခုံ ရှိနေသည့်အတွက် ဆုကျန့်ချန်သည်လည်း အနီးအနားတွင် ရှိပေလိမ့်မည်။ ထိုအစား လေးငါးနှစ်ခန့်သာ ရှိသည့် စစ်တုရင်ခုံဘေး၌ ပျင်းရိစွာ သမ်းဝေရင်း စောင့်နေလျက်ရှိသည်။
“ ကောင်လေး... စစ်တုရင်ကစားတဲ့ အဘိုး ဘယ်နားမှာလဲ.. ”
“ ကျွန်တော် မသိဘူး.. ဒီကိုလာတဲ့ သူတိုင်းကို ဒီကျောက်တုံးလေး ပေးလိုက်ဖို့ပဲ သားကို မှာထားတာ.. တစ်ယောက်ယောက်က ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် သူပေါ်လာလိမ့်မယ်တဲ့.. ”
ကလေးငယ်မှာ ၀၀ကစ်ကစ်နှင့် ချစ်ဖွယ်ကောင်းသည်။ တစ်စုံတစ်ယောက်မှ စစ်တုရင်ခုံနှင့် ပက်သက်၍ မေးခွန်းထုတ်လာတော့မှ မျက်စိပွင့်လာပြီး လက်တုတ်တုတ်လေးဖြင့် အမဲရောင်ကျောက်တုံးအား ထုတ်ပေးကာ စကားဆိုသည်။ ကျောက်တုံးမှာ ကလေး၏ ချွေးတို့ဖြင့် စေးကပ်နေသည်။
၀မ်ချောင် ချွေးပေနေသည့် အမဲရောင်ကျောက်တုံးအား ကြည့်နေရင်း အံ့အားသင့်နေမိသည်။ မကြာမှီ သူနားလည်သွားတော့သည်။ ထိုအရာမှာ စမ်းသပ်မှုဖြစ်ပြီး စမ်းသပ်ခြင်းမှာ စစ်တုရင်ဖြစ်ပေသည်။
ကျောက်တုံး တစ်တုံးသာရှိရာ သူရွေ့ရန် တစ်ကွက်သာလိုကြောင်း သိနိုင်သည်။
အကယ်၌ မှန်ကန်သည့် အကွက်အား သူရွေ့နိုင်ခဲ့လျှင် သေနာပတိဟောင်း ဆုကျန့်ချန် ထွက်လာလိမ့်မည်။ မည်သို့ဆိုစေ အကယ်၌ သူအကွက်ရွေ့မှားခဲ့လျှင်တော့ ထုတ်ပယ်ခံရခြင်းနှင့် မထူးပေ။ ယေဘုယျအားဖြင့် ဆုကျန့်ချန်လဲ ထွက်လာမည် မဟုတ်တော့။
“ ကောင်လေး. ဒီငွေတုံးက မင်းအတွက်ပဲ.. ”
၀မ်ချောင် စစ်တုရင်ခုံအား အာရုံမစိုက်မှီ ကလေးငယ်အား ငွေတုံး တစ်တုံး ထုတ်ပေးလိုက်သည်။ ထိုစစ်တုရင်ခုံပေါ်၌ ကျောက်တုံးလေးများက တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင်နေကြပြီး အရေအတွက်အားဖြင့်လည်း များများစားစားမရှိချေ။
အဖြူနှင့်အမဲရောင်ကျောက်တုံးများက ထောင့်တစ်ဖက်စီ၌ စုနေကြပြီး အမြင်အရ နှစ်ဖက် စစ်သည်များက သက်ဆိုင်ရာ အားသာချက်များအား အပိုင်ယူထားပုံရသည်။
“ ဒီ အခင်းအကျင်းကို ကြည့်ရတာ နှစ်ဖက်ကြားက အခက်အခဲပဲ... ”
၀မ်ချောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ထိုအရာမှာ အခြေခံ ‘ တပ်မဟာစစ်တုရင်ပုံစံခင်းခြင်း ’သာဖြစ်လေသည်။ သိသာစွာ သေနာပတိဟောင်းမှ တစ်ဖက်လူ၏ စစ်မြေပြင်၌ တပ်သားများအား ဦးဆောင်နိုင်သည့် အရည်အချင်းအား စမ်းသပ်လိုဟန်ရသည်။
မဟာထန်လိုအပ်နေသည်မှာ အတိုက်အခိုက်ကျွမ်းကျင်သူမဟုတ်ပဲ စစ်မြေပြင်၌ ဦးဆောင်နိုင်သည့် ဉာဏ်ပညာပြည့်၀သည့် စစ်သူကြီးသာ ဖြစ်ပေသည်။ မဟာထန်၏ ဒဏ္ဍာရီလာ သေနာပတိ တစ်ဦးအနေဖြင့် ဆုကျန့်ချန်သည်လည်း စစ်မှုရေးရာ၌ ကောင်းစွာကျွမ်း၀င်သည့်သူအား ရှာတွေ့ရန် မျှော်မှန်းထားပုံရသည်။
အဆုံးသတ်နီးလာပြီကို ခံစားမိနေခြင်း သို့မဟုတ် သူ၏ အထွတ်အထိပ်နည်းစနစ်အား ဆက်ခံနိုင်သူ မရှိမည်ကို စိုးရိမ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် ဆုကျန့်ချန် စမ်းသပ်ခြင်းအား ခက်ခဲစေရန် မပြုလုပ်ထားချေ။
တပ်မဟာစစ်တုရင်ပုံစံချခြင်း၌ အမဲရောင်မှာ အလယ်မှနေ၌ အနောက်မြောက်ဘက်တွင် နေရာယူရမည်ဖြစ်ပြီး အဖြူရောင်မှ အလယ်မှနေ၍ စစ်တုရင်ခုံအား တစ်ပတ်ပတ်ရပေမည်။ ပြီးနောက် အဆုံးသတ်တွင် အမဲရောင်မှ အနိုင်ရလိမ့်မည်။ ထို့ကြောင့် ပထမစမ်းသပ်မှုအား ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်လေသည်။
မည်သို့ဆိုစေ ၀မ်ချောင်၌ အခြားသော အမြင်တစ်ခု ရှိနေသည်။
ယခင်ဘ၀၌ ၀မ်ချောင်သည်လည်း မဟာထန်၏ စစ်သေနာပတိချုပ် ဖြစ်ခဲ့သည် မဟုတ်လော။ သို့ဆိုစေ စွမ်းအားကောင်းသည့် အကြီးအကဲများက သူ၏ သိုင်းပညာနယ်ပယ်အား အခြေပြု၍ ရွေးချယ်ခဲ့ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်ပင် ၀မ်ချောင်၏ ကျင့်ကြံခြင်းစမှတ်မှာ နောက်ကျလွန်းခဲ့ကာ အခြေခံတည်ဆောက်ခြင်း ကာလအား ကျော်လွန်ခဲ့ပြီး သူ၏ ကျင့်ကြံမှုက အနိမ့်ဆုံး ဖြစ်ခဲ့သည်။
ကပ်ဘေး ကျရောက်နေသည့် ခက်ခဲသည့် အချိန်ကာလ၌ အခြားသော အစွမ်းထက်သည့် သစ္စာတော်ခံစီနီယာများထက် ၀မ်ချောင်အား မဟာထန်၏ စစ်သေနာပတိချုပ်အဖြစ် တင်မြောက်ခဲ့ကြခြင်းမှာ သူ၏ စစ်ပွဲပါရမီကြောင့် ဖြစ်ပေသည်။
ထို့နောက် ၀မ်ချောင်သည်လည်း သူနှင့် ထိုက်တန်ကြောင်း စစ်ပွဲတောက်လျောက် ပြသခဲ့ပေသည်။ မဟာထန်၏ စစ်တပ်အား ၀မ်ချောင် ဦးဆောင်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သတ်ဖြတ်ခဲ့သည့် နယ်ခြားမြင်းစီးစစ်သည် အရေအတွက်မှာ ကပ်ဘေးကာလ ဆယ်စုနှစ်အတွင်း သတ်ဖြတ်ခဲ့သည်နှင့် တူညီကာ အထင်ကရ အလယ်ပိုင်းလွင်ပြင်၏ စစ်ဗျူဟာနတ်ဘုရားအဖြစ် ကျော်ကြားခဲ့လေတော့သည်။
အကယ်၌ ဆုကျန့်ချန်သာ ဤ စစ်တုရင်ပုံစံကွက်ဖြင့် သူ့အား စမ်းသပ်သည်ဆိုပါက သူ့အား အထင်သေးခြင်းပင်။ အရှုံးပေးခြင်းနှင့် အညံ့ခံခြင်းမှာ ၀မ်ချောင်၏ မူ မဟုတ်ပေ။
တစ်ဖက်လူအား စတင်လှုပ်ရှားခွင့်ပေးပြီး ခံစစ်ကစားရန်မှာ သူ့သမိုင်းတွင် မရှိ။
ဒါဒါ...
အမဲရောင်ကျောက်တုံးလေးမှာ ပုံမှန် ကစားကွက်အတိုင်း အနောက်မြောက်ထောင့်ရှိ အဖြူရောင်အတုံးလေးများအလယ်သို့ ကျဆင်းသွားခြင်းမရှိပေ။ ထိုအစား လုံး၀ ထင်မှတ်မထားသည့် နေရာ၌ ချထားလိုက်သည်။
ဝိဉာဏ်သစ်ပင်စီရင်စုမှ ထွက်ခွာပြီး မြို့တစ်ပတ်ပတ်ပြီးမှသာ သိုင်းပညာလေ့ကျင့်ရန် စံအိမ်သို့ ပြန်ခဲ့သည်။
သူ့ ဘိုးဘိုးကြီး၏ မွေးနေ့ကျရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။
၀မ်ကလန်သည် ပညာရှိ(ကျောင်းတော်သား)နှင့်စစ်သူကြီးမျိုးရိုး ကလန်ဖြစ်ပေရာ ၀မ်ချောင်သည်လည်း သူ၏ သိုင်းပညာတိုးတက်ရေးအား ဦးတည်ခြင်းမှာ မဆန်းကြယ်ချေ။ ထို့ကြောင့် လေ့ကျင့်ရန်အတွက် အမြဲ အာရုံထားသည်။
မသိလိုက်ဘာသာဖြင့် ညနေချိန် နေစောင်းချေပြီ။ ၀မ်ချောင် ကြယ်စေစားရာခြေလှမ်းအား ထုတ်ဖော်ရင်း နဂါးအရိုးနည်းစနစ်အား ကျင့်ကြံနေချိန်၌ ဆူညံသံအချို့အား ကြားလိုက်ရသည်။
“ ခဲအို.. ဘယ်လိုလုပ် ဒီရောက်လာတာလဲ... ”
အိမ်ရှေ့ဆင်၀င်အောက်မှ အံ့အားသင့်သည့်အသံ ထွက်လာသူမှာ ၀မ်ချောင်၏ မိခင်ဖြစ်လေသည်။
“ ရှူဟွာ.. ချောင်အာ ပြန်ရောက်ပြီလား.. ငါဒီမှာ ချောင်အာကို လာရှာတာ.... ”
“ ချောင်အာဟုတ်လား.. သူ အထဲမှာ သိုင်းလေ့ကျင့်နေလေရဲ့... ”
၀မ်သခင်မကြီးမှ ဖြေလိုက်ပြီး ၀မ်ချောင်၏ဦးလေးဖြစ်သူ အလည်လာသည့် အကြောင်းအရာအား သူမ စိတ်၀င်စားပုံ မပေါ်ပေ။
“ .ဒါ.. ဦးလေးပဲ.. ”
( ၀မ်ချောင့်ဒေါ်ကြီးရဲ့ ယောက်ျား)
၀မ်ချောင် ကျင့်ကြံခြင်းအား ရပ်နားလိုက်သည်။ သူ့ဦးလေးဖြစ်သူ လီလင်း၏ အသံမှာ ပျော်ရွှင်နေဟန်ရပြီး ဦးလေး အလည်လာခြင်းက ၀မ်ချောင်အား ဇဝေဇဝါဖြစ်စေသည်။
ဦးလေးမှာ သူ့အိမ်သို့ အလည်လာခဲပြီး လာခဲ့လျှင်တောင် ဒေါ်ကြီး ၀မ်ယူရှန်း အမြဲပါတတ်သည်။
သို့ဆိုစေ ယခု ဒေါ်ကြီး၏ အသံအား မကြားရချေ။ ယခုအခြေအနေအား သူ မကြုံဖူးပေ။
“ ငါ သွားကြည့်ဦးမှပဲ... ”
၀မ်ချောင် အသံလာရာသို့ ဦးတည်လိုက်သည်။
..............
၀မ်မိသားစု၏ ပင်မခန်းမအတွင်း၌ သူ့ဦးလေး လီလင်းအား ၀မ်ချောင် တွေ့လိုက်ရသည်။
“ ချောင်အာ... ကမ္ဘာအဆင့်တစ် ဓားလိုမျိုး ပစ္စည်းတစ်ခုခု မင်း ပိုင်ဆိုင်ထားသလား.. ”
၀မ်ချောင်အား မြင်သည်နှင့် ဦးလေးလီလင်းတစ်ယောက် မဆိုင်းမတွ လာရင်းခေါင်းစဉ်အား ပြောချလိုက်သည်။ သူ၏ အသံက ယခင်ကထက်အနည်းငယ် ကျယ်နေပြီး မျက်နှာလဲ နီနေ၏။ ဤကိစ္စအပေါ် သူအလွန် ပျော်ရွှင်နေမှန်း သိသာနေသည်။
ဦးလေးလီလင်းမှာ နှုတ်နည်းသူဖြစ်ကာ စကားနည်းလှသည်။ ထိုသူ ယခုလောက် စိတ်လှုပ်ရှားနေခြင်းအား ၀မ်ချောင် မမြင်ဖူးခဲ့ချေ။
“ ဦးလေး.... တစ်ယောက်ယောက်က ဦးလေးကို လာရှာလို့လား.. ”
ထိုစကားအား ကြားသည့်နောက် ၀မ်ချောင်၏ ခေါင်းထဲ၌ အကြောင်းအရာတစ်ခုအား ခန့်မှန်းမိလိုက်သည်။
“ ချောင်အာ.. မင်း ဘယ်လိုသိနေတာလဲ... ”
လီလင်း အံ့အားသင့်မိသွားသည်။ မည်သို့ဆိုစေ ၀မ်ချောင်၏ ယခင်မှ ထူးခြားသော အပြူအမူများအရ သူ၏ အံ့အားသင့်မှုများ ပြန်လည် ပျောက်ကွယ်သွားကာ..
“ ချောင်အာ.... မင်း ဘယ်လိုမှ တွေးမိမှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်.. သူတို့က တပ်စုမှူး ကျောက်ဖုန်းချန်နဲ့ တပ်ခွဲမှူး စွန်းတို့ပဲ.. ”
မည်သည့်အရာကိုမှ ဖုံးကွယ်မနေတော့ပဲ ဖြစ်ပျက်သမျှ အားလုံးကို ၀မ်ချောင်အား ပြောပြလိုက်သည်။ ထိုအရာက ယနေ့ နေထွက်ချိန်၌ ဖြစ်ခဲ့ခြင်းဖြစ်ပြီး လီလင်း သူ့အခန်ထဲ ရှိနေချိန်တွင် ကျောက်ဖုန်းချန်မှ သူ့အခန်းတံခါးအား ခေါက်ကာ ၀င်ခဲ့ခြင်းမှ စတင်သည်။
ထိုသူနှင့် အတူပါလာသည့်သူမှာလည်း တော်၀င်စစ်တပ်၏ တပ်ခွဲမှူး ရှန့်ဟွိုင် ဖြစ်နေပြန်သည်။
ကျောက်ဖုန်းချန် သူ့အား လာရောက်တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရှန်းဟွိုင်မှာတော့ သူ၏ အထက်အရာရှိ ဖြစ်ပေသည်။ တော်၀င်စစ်တပ်၌ တာ၀န်ထမ်းဆောင်နေသည့် နှစ်ပေါင်းများစွာအတွင်း အထက်အရာရှိဖြစ်သူမှ သူ့အား ပထမဆုံး လာရောက် တွေ့ဆုံခြင်း ဖြစ်ပေသည်။
ရှန်းဟွိုင်မှာ လီလင်း၏ တာ၀န်ကျေပွန်ပုံအား ဦးစွာ ချီးကျူးခဲ့သည်။ ထို့နောက် သူ့အား အနောက်၀င်ပေါက်၌ နေရာချထားပေးလိုကြောင်း စကားဆိုသည်။
ပြီးနောက် ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်ကာ လီလင်းအား ရွှေတုံး ၄၂၀၀၀ တန်ကြေးရှိသည့် ဓားတစ်ချောင်း ၀ယ်လိုကြောင်း စကားစလိုက်ပြီး ထိုဓားအား ရောင်းချသူမှာ သူ လုံး၀ ထင်မထားသည့် ၀မ်ချောင် ဖြစ်နေတော့သည်။
ထိုအချိန်၌ လီလင်း သူ့ကိုယ်သူ ရူးကြောင်ကြောင် ဖြစ်သွားသည်ဟု ထင်မိနေသည်။ မည်သည့်ဓားက ရွှေတုံး ၄၂၀၀၀ တန်ကြေးရှိမည်နည်း။ ပို၍ ရယ်စရာကောင်းသည်မှာ ထိုဓားအား ရောင်းချသူမှာ သူ၏ တူအရင်းဖြစ်သူ ၀မ်ချောင် ဖြစ်နေပြန်သည်။
ထိုအချိန်၌ လီလင်း ဆွံအသွားခဲ့သည်။ သူ့ဦးနှောက်မှ ထိုအကြောင်းအရာအား လက်ခံနိုင်ခြင်း အလျဉ်းမရှိပဲ သူပထမဆုံး တွေးမိသည်မှာ ထိုအရာသည် ဟာသတစ်ပုဒ်သာ ဖြစ်ရပေမည်။ နောက်ဆုံး ၀မ်ချောင်မှာ ဆယ့်ငါးနှစ်သားသာ ရှိသေးသည်ဖြစ်ပြီး ရွှေတုံးလေးသောင်းကျော် တန်ဖိုးရှိသည့် ဓားအား မည်သို့ ပိုင်ဆိုင်ထားမည်နည်း။
“ ချောင်အာ... ဘာတွေဖြစ်နေတာလဲ ပြောပါဦး... သူတို့ ပြောတာ အမှန်တွေပဲလား... ”
လီလင်းမှ ၀မ်ချောင်၏ ပုခုံးအား ကိုင်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ မှန်ပါတယ်... ”
တစ်ဖက်တွင်တော့ ၀မ်ချောင်မှ တည်ငြိမ်နေပြီး ခေါင်းငြိမ့်လိုက်သည်။
“ ဟူး... ”
လီလင်း လက်လွှတ်လိုက်ပြီး ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ကာ သက်ပြင်းမောကြီး ချလိုက်သည်။ ထိုအရာက အလွန် ထိတ်လန့်စေခဲ့သည်။ လီလင်းမှ ၀မ်ချောင်အား မျက်လုံးပြူးကြီးဖြင့် ကြည့်နေရင်း သူ့ရှေ့၌ ရှိနေသည့် လူရွယ်အား ပြန်လည် စမ်းစစ်နေတော့သည်။
၀မ်ချောင်၏ အတွေးမှာတော့ ကမ္ဘာပတ်နေလေ၏။ ကျောက်ဖုန်းချန်မှ သူ၏ ဦးလေးလီလင်းအား တွေ့ဆုံ၍ သူ့အား နားချစေမည်ကို သူ မတွေးထားမိချေ။
ကျောက်ဖုန်းချန် ကိုယ်တိုင်သာ လာလိမ့်မည်ဟု ၀မ်ချောင် တွေးထားသည် ဖြစ်လေသည်။
မည်သို့ဆိုစေ ယခုက ၀မ်ချောင်အတွက် အချိုပေါ် သကာဆင့် ဆိုသလိုပင်။
ကျောက်ဖုန်းချန်မှ ဦးလေးလီလင်းအားဖြင့် ခြေလှမ်းစခဲ့သည်ဖြစ်ရာ ၀မ်ချောင်၏ ခေါင်းထဲ၌ အတွေးတစ်ချို့ ဖြစ်ပေါ်လာခဲ့သည်။
“ ဦးလေး... ဦးလေး စစ်သေနာပတိ ဖြစ်ချင်လား.. ”
၀မ်ချောင် ရုတ်တရက် မေးလိုက်သည်။
“ ဘာ.............. ”
၀မ်ချောင်၏ စကားလုံးကြောင့် လီလင်း မျက်ဖြူလန်ချေပြီ။ ရုတ်ချည်း လက်ကာပြကာ...
“ အဓိပ္ပာယ်မရှိတာ လျှောက်မပြောနဲ့.. စစ်သေနာပတိဆိုတဲ့ ရာထူးက ငါတို့ စနောက်လို့ ကောင်းတဲ့အရာ မဟုတ်ဘူး... ”
၀မ်ချောင် ရယ်၍သာနေပြီး ထိုကိစ္စအား စိတ်မရှိချေ။
“ ဗိုလ်ချုပ်ဆိုရင်ရော.... ”
“ ဒါက..... ငါ့မှာ အဲ့လောက် အရည်အချင်းမရှိဘူးလေ... ”
ဦးလေးလီလင်း ပြောလိုက်သည်။
ထိုစကားအား ကြားပြီးနောက် ၀မ်ချောင် ဆက်၍ ရယ်နေသည်။ သံသယဖြစ်ဖွယ်မရှိ သူ့ဦးလေး၏ ရည်မှန်းချက်အား သိလိုက်ရလေပြီ။ သူ့ဦးလေး၏ မျက်လုံးမှနေ၍ ထိုအခြင်းအရာအား ၀မ်ချောင် ခံစားမိနေသည်။
မဟုတ်လျှင် ကျောက်ဖုန်းချန်၏ စကားအား နားထောင်၌ သူ့အား လာရောက် တွေ့ဆုံမည် မဟုတ်ပေ။
...........................
Herculeam Puch ကို ဒေါသလက်သီးလို့ ပြန်လိုက်ပါတယ်.. ခေါ်ရလွယ်တာပေါ့ ဟီး...
ပြီးတော့ နတ်ဘုရားနှင့်နတ်ဆိုး ပျက်သုန်းခြင်းအနုပညာဆိုတဲ့
{ Art of God and Demon Obliteration}ရဲ့ နာမည်အရင်းက { Life, God and Demon Obliteration Technique }ဖြစ်ပါတယ်.. မသိဘူး ကျွန်တော်တို့ ရွာမှာတော့ ကောင်းကင်ပျက်သုန်းခြင်းလို့ပဲ ခေါ်တယ်.. okနော်.. 😜
စကားဝါပင်ကို တရုတ်ရိုးရာပုံပြင်တွေမှာက ဝိဉာဏ်သစ်ပင်အဖြစ် ဖော်ပြလေ့ရှိတယ်.. ဒါကြောင့် စကားဝါစီရင်စုအစား ဝိဉာဏ်သစ်ပင်စီရင်စုလို့ သုံးလိုက်တာပါ..
စစ်ဖက်ဆိုင်ရာ ရာထူးရာခံတွေနဲ့ ပက်သက်ရင်ကျ ကျွန်တော်က အတော်လေး အားနည်းပါတယ်.. အမှားယွင်းပါခဲ့ရင် ခွင့်လွှတ်ပေးပါ......
လူသားဧကရာဇ်
ဘာသာပြန်သူ - Ifrit
Chapter 67.
၀မ်ချောင် တပည့်လက်ခံတော့မှာလား...
မည်သူမှ နောက်လိုက် မဖြစ်ချင်ပေ။
မည်သူမှ ရာထူးတိုးခြင်းနှင့် လစဉ်ကြေးတိုးလာခြင်းအား ငြင်းပယ်မည် မဟုတ်ပေ။
မြောက်၀င်ပေါက်၏ ခေါင်းဆောင်ခွဲဖြစ်သူ ဦးလေးလီလင်းသည်လည်း ထပ်တူပင်။
၀မ်ကလန်တစ်ခုလုံး၌ ဦးလေးလီလင်းအား အားအနည်းဆုံး ကလန်သားဖြစ်ပေသည်။ စစ်တပ်အား ဦးဆောင်ခြင်းနှင့် နောက်လိုက်များအား စုစည်းခြင်း၌ ၀မ်ချောင်၏ ဖခင်အား သူ မယှဉ်နိုင်သလို သိုင်းပညာအရလည်း ဦးငယ်ထက် နိမ့်ပါးပြီး နိုင်ငံရေးလှည့်ကွက်များအား ကစားရာ၌ ဦးကြီး၏ ခြေဖျားကို မမှီပြန်ချေ။
ထို့ကြောင့် နန်းတော်၀င်ပေါက်၏ ခေါင်းဆောင်ခွဲဖြစ်လာသည့်နောက် ဘိုးဘိုးကြီးမှနေ၍ သူ့အတွက် ရာထူးတိုးရန် လုပ်ဆောင်မပေးတော့ခြင်း ဖြစ်လေသည်။
ဘိုးဘိုးကြီးက သားမက်တော်မှာ ကိစ္စကြီးများအား လုပ်ဆောင်ရန် အဆင့်သင့်မဖြစ်နေဟု ထင်မှတ်ထားပြီး မြောက်၀င်ပေါက်၏ ခေါင်းဆောင်ခွဲ ဖြစ်နေခြင်းက အရှုပ်အရှင်းများမှ ကင်းကင်းရှင်းရှင်းနေနိုင်ကာ သူ၏ သမီးကြီးဖြစ်သူနှင့် အေးချမ်းသည့် ဘ၀ကို ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ထားလေသည်။
မည်သို့ဆိုစေ ၀မ်ချောင်၏ အတွေးမှာတော့ သူ့ဘိုးဘိုးကြီး၏ အတွေးနှင့် ဆန့်ကျင်ဘက်ပင်။
၀မ်ချောင်မှာ ဒေါ်ကြီးနှင့်ဦးလေးအပေါ် အစဉ်သဖြင့် ကျေးဇူးတင်ခဲ့သည်။ သူ၏ ယခင်ဘ၀၌ ၀မ်ချောင်၏ မိသားစု ဂြိုလ်ဆိုး၀င်ချိန်တွင် ဒေါ်ကြီးနှင့် ဦးလေးမှ လက်ကမ်းကာ ကူညီခဲ့သည်။
သူ့ဦးလေးမှာ ထူးချွန်သည့်သူ မဟုတ်သည့်တိုင် ရိုးဖြောင့်ပြီး အရည်အချင်းပြည့်မှိသည့် စစ်သားတစ်ဦး ဖြစ်ပေသည်။ ယခင်က ကပ်ဆိုးကာလအတွင်း တော်၀င်စစ်တပ်မှ များစွာသော စစ်သားများ တပ်ပြေးသွားသော်လည်း မြောက်၀င်ပေါက်၏ မဆိုစလောက် ခေါင်းဆောင်ခွဲလေး ဦးလေးလီလင်းမှာတော့ စစ်ပွဲမှ ထွက်ပြေးခြင်းမရှိချေ။ သူ၏ တပ်သားများအား စုစည်းကာ နောက်ဆုံးအချိန်ထိ တိုက်ပွဲ၀င်ခဲ့သည်။
၀မ်ချောင် လွတ်မြောက်သွားသည့်အချိန်၌ အနောက်၌ ကျန်ခဲ့သည့် ကျယ်ပြန့်သည့်ပုခုံးနှင့် ယုံကြည်စိတ်ရသည့် ပုံရိပ်အား အမြဲ မှတ်မိနေသည်။
လူတစ်ဦး၏ စွမ်းဆောင်ရည်မှာ ငုပ်လျှိုးနေတတ်သည်။ ဘိုးဘိုးကြီးမှာ ဦးလေးလီလင်း၏ တစ်ဖက်ခြမ်းကိုသာ မြင်တွေ့ခဲ့ပြီး ပုန်းကွယ်နေသည့် တစ်ခြားတစ်ဖက်ကို မြင်ခဲ့ခြင်းမရှိချေ။
အကယ်၍ ဦးလေးလီလင်းသာ အခွင့်ရေးရပြီး လုံလောက်သည့် အထောက်အပံ့နှင့်သာဆိုလျှင် ထင်ရှားသည့်ပုံရိပ်တစ်ခု ဖြစ်လာလိမ့်မည်။
ပြီးလျှင် ကျောက်ဖုန်းချန်ကိုယ်တိုင် ၀မ်ချောင်၏ လက်တွင်းသို့ ထိုအခွင့်အရေးအား လာရောက် အပ်နှံနေပြီ မဟုတ်ပါလား။
အနာဂတ် သေနာပတိလောင်းနှင့် တစ်ဖက်တည်း ဖြစ်နေခြင်းထက်ပို၍ မည်သည်က ပိုကောင်းနိုင်မည်နည်း။
“ ဦးလေး.. ကျုပ်ကိုယုံလား... ”
ဦးလေးလီလင်းအား စိုက်ကြည့်ရင်း ၀မ်ချောင် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
လီလင်းအနည်းငယ် တုန်လှုပ်သွားသည်။ အကယ်၍ ယခင်ကဆိုလျှင် ၀မ်ချောင်၏ အသက်အရွယ်အားဖြင့် ထိုစကားများပြောမည်ဆိုပါက လှောင်ရယ်မိမည် ဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သည်များအရ သူ၏ တူဖြစ်သူ ၀မ်ချောင်အား သူ့အနေဖြင့် စိုးစဉ်းမျှ အထင်မသေးရဲချေ။
ဆိုရလျှင် ၀မ်ကလန်တစ်ခုလုံး၌ ၀မ်ချောင်အား နှိမ့်ချဆက်ဆံရဲသည့်သူ တစ်ယောက်မှ မရှိတော့ပေ။ အကယ်၍ ၀မ်ချောင်ကြောင့်သာ မဟုတ်လျှင် ၀မ်ကလန်တစ်ခုလုံး ပျက်သုန်းသွားခဲ့ပြီ မဟုတ်ပါလား။
ပြီးလျှင် ကျောက်ဖုန်းချန် သူ့အား လာရောက်တွေ့ဆုံသည့် အကြောင်းရင်းမှာလည်း ၀မ်ချောင်ပင် ဖြစ်လေသည်။
“ ချောင်အာ... မင်း ဘာပြောချင်တာလဲ... ”
လီလင်း မေးလိုက်သည်။
“ ဦးလေး.... ဖြစ်နိုင်ရင် အနောက်၀င်ပေါက်ကို မသွားနဲ့တော့.. ကျောက်ဖုန်းချန် နောက်ကို လိုက်တာက အနောက်၀င်ပေါက်ကို စောင့်ကြပ်ရတာထက် ပိုကောင်းတယ်.. ”
၀မ်ချောင် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ ဒါပေမဲ့.. ကျောက်ဖုန်းချန်က သဘောမတူရင်ရော... ”
အနောက်၀င်ပေါက်အား စောင့်ကြပ်ရသည်ဖြစ်စေ ကျောက်ဖုန်းချန်နောက် လိုက်ရသည်ဖြစ်စေ နှစ်ခုလုံးက လီလင်းအတွက် ကောင်းသည့်အရာများပင် ဖြစ်သည်။ သူ့ကိုယ်သူ ထိုနှစ်ခုအကြား ရွေးချယ်နိုင်ခြင်းအား အယုံကြည်မရှိပဲ ဖြစ်နေသည်။
“ စိတ်ချပါ... သူ သဘောတူပါလိမ့်မယ်.... ”
၀မ်ချောင် ပြုံးလိုက်ကာ သူ၏ဓားအား ဆွဲထုတ်လိုက်သည်။ သူ၏ ဓားအား ဓားအိမ်မှ ချွတ်လိုက်သည်နှင့် လေအေးက အခန်းတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။ ထက်မြသည့် အငွေ့အသက်တစ်ခုက လေထုအတွင်း ဖြစ်တည်လာပြီး အခန်းတစ်ခုလုံးအား နှစ်ခြမ်း ခွဲတော့မလားပင် ထင်ရသည်။
“ ရှီး...... ”
ဓားမှ ထွက်ပေါ်လာသည့် အေးစက်စက်အလင်းရောင်အား မြင်လိုက်ရချိန်တွင် လီလင်း ဆွံအသွားသည်။ တစ်လျောက်လုံး ကျောက်ဖုန်းချန်မှ အဘယ်ကြောင့် ဓားတစ်လက်အတွက် ရွှေတုံး ၄၂၀၀၀ အသုံးပြုလိုခြင်းကို နားမလည်နိုင်ပဲ ၀မ်ချောင်သည်လည်း အဘယ်ကြောင့် ကျောက်ဖုန်းချန်မှ သူ၏ တောင်းဆိုချက်ကို လိုက်လျောလိမ့်မည်ဟု အသေအချာပြောနေခြင်းကို နားမလည် နေခဲ့ချေ။
သို့ဆိုစေ ၀မ်ချောင်၏ လက်တွင်းမှ ဝုစ်သံမဏိဓားအား မြင်လိုက်ရချိန်၌ နေလာနှင်းပျောက် လီလင်း အလင်းပေါက်သွားခဲ့သည်။ သူသည် ဓားရေးထူးချွန်သူ မဟုတ်သော်လည်း ဤဓားနှင့် အရောင်းဆိုင်များမှ ဓားမှာ အလွန်ကွာခြားကြောင်း ပြောနိုင်သည်။
ဓားဆွဲထုတ်လိုက်သည်ကိုပင် လီလင်း ကြောက်စိတ်၀င်မိသည်။
“ ချောင်အာ..... မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလို ဓားမျိုး ရှိနေရတာလဲ... ”
လီလင်း ကူကယ်ရာမဲ့စွာ မေးခွန်းထုတ်လိုက်လေ၏။
“ ဟီးဟီး..... ဦးလေး ဒီအကြောင်းတွေးပြီး ခေါင်းခြောက် မခံပါနဲ့.. ကျောက်ဖုန်းချန်ကို ကျုပ် ရွှေတုံး ၄၂၀၀၀ မယူဘူးလို့့ ပြောလိုက်ပါ.. သူအရင်က ကမ်းလှမ်းထားတဲ့ ရွှေတုံး ၃၅၀၀၀ နဲ့ပဲ ရောင်းပေးလိုက်တယ်လို့ ပြောရင်ရပါပြီ.. ကျောက်ဖုန်းချန်က ဦးလေးကို ချဉ်းကပ်ရမယ်ဆိုတာ နားလည်တယ်ဆိုတော့ သူ့ဉာဏ်ရည်အရ ကျုပ်ရဲ့ဆိုလိုရင်းကို နားလည်ဖို့ မခဲယဉ်းလောက်ပါဘူး.. ”
၀မ်ချောင် ရယ်နေလေသည်။
ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ပက်သက်၍ ရှင်းပြရမည်ဆိုလျှင် ၀မ်ချောင်အတွက် အခက်တွေ့ပေလိမ့်မည်။ အချိန်ကျလာမှသာ အလိုလိုသိကြပေလိမ့်မည်။
“ ချောင်အာ.. ကျေးဇူးတင်ပါတယ်... ”
လီလင်း ထိုကိစ္စအား စပ်စုလိုခြင်း မရှိတော့ပေ။
ဤတူလေးက သူ့အား အံ့အားသင့်စရာများစွာအား လုပ်ပြခဲ့ပြီ မဟုတ်ပါလား။ ထိုစကားများအား ကြားပြီးနောက် လီလင်း အနည်းငယ်မှ မအံ့သြတော့ပေ။ ၀မ်ချောင်၏ ဝုစ်သံမဏိဓားအား သူနှင့်အတူ သယ်ဆောင်သွားပြီးနောက် ၀မ်မိသားစုခြံ၀င်းမှ ထွက်ခွာသွားလိုက်သည်။
.........
ဟူးလားလား....
ဦးလေးလီလင်း ဝုစ်သံမဏိဓားအား ယူ၍ ၀မ်မိသားစုခြံ၀င်းမှ ထွက်ခွာသွားသည့်နောက် အနက်ရောင်လွှမ်းခြုံနေသည့် ညကောင်းကင်ပြင်၌ ရေတွက်မရနိုင်သည့် စာပို့ခိုများက အရပ်မျက်နှာ ပေါင်းစုံမှ ပျံလာကြပြီး တည်းခိုဆောင်များ နေအိမ်များသို့ ၀င်သွားကြသည်။
“ ဘယ်လိုလဲ... ဘာသိရပြီလဲ... ”
“ ဘာမှ ရှာမတွေ့ဘူး ဟုတ်လား.. ”
“ ဓားနဲ့ ပက်သက်ပြီး ဘာမှ စုံစမ်းလို့ မရခဲ့ဘူး ဟုတ်စ.. ”
“ မင်းက ဓားရဲ့ မူရင်းဇစ်မြစ်ကို မရှာနိုင်ခဲ့ဘူးလား.. အဲ့ဒီလို ဓားမျိုးကို မြင်ဖူးတဲ့ ပန်းပဲသခင်ကိုတောင် ရှာမတွေ့ဘူး ဟုတ်လား.. ”
“ ဒီဓားကို ဘယ်လိုလုပ်ပြီး သတင်းတစ်ခုတောင် မထွက်ပဲ သွန်းလုပ်နိုင်ခဲ့တာလဲ... ”
.........
၀မ်ချောင် သက်တောင့်သက်သာဖြင့် သိုင်းလေ့ကျင့်နေသည့် အချိန်၌ မရေမတွက်နိုင်သည့်ပန်းပဲကလန်များနှင့် ထင်ရှားသည့် မိသားစုများက အားကုန်သုံး၍ ဝုစ်သံမဏိဓား၏ သတင်းအား စုံစမ်း နေကြလေသည်။
အစ၌ မဟာပန်းပဲကလန်ကြီးလေးခုပင် ဝုစ်သံမဏိဓားအကြောင်း သိရှိမထားသည့်အတွက် ဓားမှာ မြို့တော် ပြင်ပမှ လာခြင်းဖြစ်လောက်မည်ဟု မှန်းဆမိကြသည်။
ဓားသွန်းလုပ်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရှည်ကြာခြင်းများကြောင့် သတင်းတစ်ခုခုတော့ ထွက်ခဲ့လိမ့်မည်ဟု လူတိုင်းက တွေးထားကြသည်။
ထောင်ချီသည့် ပန်းပဲကလန်များက ၀မ်ချောင်၏ ဝုစ်သံမဏိဓား သတင်းအား ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာမှ မသိခဲ့ကြချေ။
ကြည့်ရသည်မှာ ထိုဓားက တစ်လက်တည်းသာရှိပြီး ၀မ်ချောင် လက်ထဲမှ ဓားသာ ရှိလိမ့်မည်။
“ မဖြစ်နိုင်ဘူး.. ”
လူအများက ထိုအချက်နှင့် ပက်သက်၍ မယုံနိုင်ကြပဲ ဖြစ်နေသည်။
သတင်း ပြန့်နှံ့သွားသည်နှင့် ညတွင်းချင်း ၀မ်ချောင်၏ ဝုစ်သံမဏိဓားမှာ တန်ဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်လာတော့သည်။
........
“ မင်း ဘာရှာတွေ့ခဲ့လဲ... ”
တစ်ချိန်တည်း၌ မြို့ပြင်ရှိ တောင်ကုန်းထိပ်တွင် လရောင်ဖြူလွှလွှအောက်၌ လူတစ်ယောက် ထိုင်နေသည်။ မျက်နှာအား မျက်နှာဖုံးဖြူဖြင့် ဖုံးအုပ်ထားပြီး သူ၏ ဘေးပတ်ပတ်လည်၌ အခြားလူရိပ်များစွာရှိသည်။
“ အရှင့်ကို လျှောက်တင်ပါတယ်.. သူ့ကိုရှာတွေ့ခဲ့ပါပြီ.. အဲ့ဒီ ၀မ်ချောင်ဆိုတာ မဟာထန်အင်ပါယာ ကျိုးအမတ်ကြီးရဲ့ မြေးဖြစ်ပြီး သူနေထိုင်တဲ့ ခြံ၀င်းကိုလည်း ရှာတွေ့ခဲ့ပါတယ်.. ဒါပေမဲ့ အစောင့်အကြပ်များလွန်းပြီးတော့ တော်၀င်စစ်တပ်ကလဲ မြို့တော်အနှံ့ ကင်းလှည့်နေတာမို့ အထဲကို အလွယ်တကူ ၀င်လို့ မရခဲ့ပါဘူး.. ”
အသံတစ်ခု လေထဲသို့ ထွက်ပေါ်လာသည်။ သို့သော် သူ၏ စကားလုံးများက အလယ်ပိုင်းလွင်ပြင်မှမဟုတ်ပဲ အနောက်တိုင်း စကားလုံးများ ဖြစ်နေသည်။
လရောင်အောက်၌ နှာတံရှည်ရှည်နှင့် မျက်တွင်းပေါက်ကျယ်သည့် မျက်နှာဖုံးကိုသာ မြင်ရသည်။ အယောက်စီတိုင်း၏ ခါး၌ ဓားမတစ်ချောင်းစီရှိနေပြီး အားလုံးက ခဲရပ်စပါစီနူမှ ဖြစ်ကြောင်း သိသာသည်။
“ အရူး... ငါတို့က ၀မ်ကလန်တစ်ခုလုံးကို သတ်ပစ်မယ်လို့ မင်းထင်နေတာလား.. ဓားက တစ်ခြားနေရာကလာတာ မဖြစ်နိုင်ဘူး.. သူကိုယ်တိုင် ဓားသွန်းလုပ်နိုင်တယ်ဆိုတော့ တစ်ချောင်းထက်ပိုပြီး ရှိနေနိုင်တယ်.. သွန်းလုပ်ပြီးကျန်တဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ဓားအပိုတွေ ရှိနေနိုင်သေးတယ်.. ငါတို့ရဲ့ ဦးတည်ချက်က အဲ့ဒီဓားနဲ့ ကုန်ကြမ်းတွေပဲ.. ငါတို့သာ မြန်မြန်လုပ်မယ်ဆိုရင် တော်၀င်စစ်တပ်လဲ ဘာမှ သိလိုက်မှာ မဟုတ်ဘူး.. ”
“ ဒီဓားက ငါတို့ ခဲရပ်စပါစီနူအတွက် အရမ်းအရေးကြီးတယ်.... ငွေဘယ်လောက်ပဲကုန်ကုန် မင်းတို့ အဲ့ဓားတစ်လက်လက်ကိုတော့ ငါ့ဆီ ယူလာရမယ်.. ”
မျက်နှာဖုံးဖြူနှင့် ခေါင်းဆောင်ဖြစ်သူမှ ကြိမ်းမောင်းလိုက်သည်။ သူ၏ နောက်ဆုံး စကားများက သူမည်သူ ဖြစ်ကြောင်း သက်သေခံနေလေ၏။ ၀မ်ချောင်နှင့် တွေ့ဆုံခဲ့သည့် ခဲရပ်စပါစီနူကုန်သည် မုတ်ဆိတ်မှ လွဲ၍ မည်သူက ထိုအရာအား လုပ်ဆောင်ရဲမည်နည်း။
“ ဟုတ်ကဲ့ပါ.. အရှင်... ”
လရောင်အောက်၌ လူတိုင်း ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ကြသည်။ ထို့နောက် အမှောင်ထုအား အကာအကွယ်ယူ၍ ပျောက်ကွယ်သွားကြလေတော့သည်။
.........
မျက်တောင်တစ်ခတ်အတွင်း လနေရာတွင် နေက အစား၀င်ကာ တစ်လောကလုံးအား အလင်းရောင်ပေးလေတော့သည်။
ဖပ်.....ဖပ်...
၀မ်မိသားစုခြံ၀င်းထဲ၌ ၀မ်ချောင်၏ လက်က မြွှေနှစ်ကောင် လိမ်ယှက်နေသည့်အလား ထုတ်ဖော်လိုက်သည်။ လက်သီးတစ်ချက်စီတိုင်းက အလွန်ပြင်းထန်ပြီး လူလုပ်တောင်တုတစ်ခုလုံး ၀မ်ချောင်၏ လက်သီးရာများဖြင့် ပြည့်နှက်နေကာ ကျောက်ခဲအပိုင်းအစများကလည်း ပျံဝဲနေသည်။
ယခု ၀မ်ချောင် သိုင်းပညာလေ့ကျင့်ရန်အချိန် ပိုယူခဲ့သည့် အားလျော်စွာ သူ၏ စွမ်းအားသည်လည်း ဆတိုး တိုးတက်လာခဲ့သည်။
ဒေါသလက်သီးနှင့် နဂါးအရိုးနည်းစနစ်အား ဖြည့်စွက်ပြီးနောက် သူ၏ တိုးတက်မှုက နေ့စဉ်အမျှ ကြီးမားလာသည်ကို ၀မ်ချောင် ခံစားမိလေသည်။ မူလစွမ်းအင် အဆင့်၆ သို့ ရောက်ရှိရန်မှာ သူ့အတွက် မခက်ခဲတော့ချေ။ လူတစ်ယောက်၏ ကျင့်ကြံခြင်းမှာ မူလစွမ်းအင် အဆင့်၆ သို့ ရောက်ရှိသည်နှင့် အရာအားလုံးက တစ်ဖန် ပြောင်းလဲသွားပေဦးမည်။ ခွန်အား၊ လျင်မြန်မှု သို့မဟုတ် သက်လုံအား ချက်ချင်း တိုးမြင့်နိုင်သည့် ကျင့်စဉ်များအား ကျင့်ကြံနိုင်ပြီ ဖြစ်လေသည်။
၀မ်ချောင်၏ လက်ရှိ အခြေအနေနှင့် လုံး၀ ကွာခြားသည့် ကမ္ဘာသစ်တစ်ခုအား ရောက်ရှိသွားပေလိမ့်မည်။
“ သခင်လေး... မကောင်းတော့ဘူး... ”
၀မ်ချောင် လေ့ကျင့်နေစဉ်အတွင်း လျင်မြန်သည့် ခြေသံများအား ကြားလိုက်ရကာ ရှန့်ဟိုင်နှင့် မုန့်လုံ ရောက်ချလာသည်။
“ ဘာဖြစ်နေလို့လဲ.. ”
၀မ်ချောင် ပါးစပ်အပြည့် လေရှူသွင်းလိုက်ကာ ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။ သူက ရှန့်ဟိုင်နှင့် မုန့်လုံအား လေ့ကျင့်နေစဉ်အတွင်း လာရောက် နှောက်ယှက်ခြင်းမပြုရန် ပြောဆိုထားသည် မဟုတ်လား။
“ သခင်လေး... အပြင်မှာ လူတစ်ယောက် ရောက်နေတယ်.. ”
ရှန့်ဟိုင် ပြောလိုက်သည်။
“ ဒါလေးနဲ့ ငါ့ကိုလာရှာဖို့ လိုလို့လား... ”
၀မ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။
“ သခင်လေး.. ကိုယ်တိုင် ထွက်ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်.. ”
ရှန့်ဟိုင်နှင့် မုန့်လုံ ထိုစကားပြောရန် အနည်းငယ် တွန့်ဆုတ်နေသေးသည်။
နောက်ဆုံး ၀မ်မိသားစုခြံ၀င်း၏ ပင်မခန်းမအတွင်းသို့ ၀မ်ချောင် ရောက်ရှိလာချိန်၌ သူတို့နှစ်ဦး ပြောဆိုခဲ့သည့် လူအား တွေ့လိုက်ရလေသည်။ ၀မ်မိသားစုခြံ၀င်း၏ ၀င်ပေါက်ရှေ့၌ ၇ချီခန့် အရပ်အမောင်းရှိသည့် လူတစ်ဦးက ဒူးထောက်ကာ ခေါင်းငုံ့နေ၏။
“ သခင်လေး.. ဒီလူ ဒီမှာရောက်နေတာ အတော်ကြာနေပြီ.. သခင်လေးနဲ့ တွေ့ခွင့်ပေးဖို့ပဲ တတွတ်တွတ် တောင်းဆိုနေတာ.. သခင်မကြီး နိုးလာမှာစိုးလို့ မတတ်နိုင်ပဲ သခင်လေးကို လာခေါ်ရတာပါ... ”
ရှန်းဟိုင်နှင့် မုန့်လုံ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၀မ်ချောင် မည်သည့်အရာကိုမှ သတိမထားမိချေ။ သို့သော် ထိုလူအား နောက်တစ်ကြိမ် စမ်းစစ်ကြည့်လိုက်ရာ နှလုံးခုန် ခေတ္တရပ်သွားသည်။
“ သူပါလားဟ... ”
၀မ်ချောင် ဆွံအသွားခဲ့သည်။ ထိုလူအား ၀မ်ချောင် သိရှိပေသည်။ ထိုသူမှာ သလင်းပြာစံအိမ်၌ တတိယထပ်မှ ခုန်ချ၍ ဝေဟောင်အား ဓားနှင့် ပိုင်းခဲ့သူဖြစ်ပြီး နောက်ဆုံး သူ့ဓားသာ နှစ်ပိုင်းပြတ်သွားရသည်။ တစ်ဖက်မှ ထိုလူမှာတော့ ထိုအခြင်းအရာအားမြင်၍ သွေးအန်ပြီး မြေပေါ်လဲကျသွားခဲ့လေသည်။
ထိုသူမှာ ဓားစီးချင်းထိုးပွဲ၌ ပါ၀င်ခဲ့သူတစ်ဦး ဖြစ်ပေသည်။
၀မ်ချောင် နားမလည်သည်မှာ အဘယ်ကြောင့် ထိုသူက သူ၏ ခြံ၀င်းရှေ့၌ ရုတ်တရက် လာရောက် ဒူးထောက်နေရလေသနည်း။
“ သခင်လေး... ကျေးဇူးပြုပြီး ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ.. သခင်လေးသာ လက်မခံရင် ကျုပ်ဒီမှာ ထာဝရ ဒူးထောက်နေမယ်.. ”
မုတ်ဆိတ်ဗလပျစ်နှင့်လူမှ ခေါင်းငုံ့ချ၍ အလွန် ဆုံးဖြတ်ချက်ပြတ်သားဟန်ဖြင့် ပြောဆိုလိုက်သည်။
ဟွား..........
တစ်ဖက်လူ၏ တောင်းဆိုချက်အား ကြားလိုက်ရချိန်၌ ၀မ်ချောင်ခေါင်းထဲ၌ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ရှင်းပြမရနိုင်သည့် အမူအရာက မျက်နှာ၌ ပေါ်လွင်နေသည်။ နောက်ဆုံးတော့ ရှန့်ဟိုင်နှင့် မုန့်လုံ သူ့အား လာရောက် ခေါ်ဆောင်သည့် အကြောင်းရင်းအား သိရှိလိုက်ပြီ ဖြစ်လေသည်။
ဒီလူကို တပည့်အဖြစ် လက်ခံရမှာလား.. ဘယ်လို ဟာသတုန်း.. ငါက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာလေ။ ငါ့အရွယ်က သူများဆီ တပည့်ခံနေရမှာကွ။ ဒါတောင်မှ ဘယ်လိုလူကများ ငါ့တပည့် ဖြစ်ချင်နေတာလဲ။
“ သခင်လေး.. ကျုပ်က ခင်ဗျားကို သိုင်းပညာသင်ပေးဖို့ ဆရာတင်တာ မဟုတ်ပါဘူး.. ကျုပ်ကို ပန်းပဲပညာ သင်ပေးဖို့ပဲ ကျုပ်မျှော်လင့်တာပါ.. သခင်လေးသာ သဘောတူမယ်ဆိုရင် အခုကစပြီး သခင်လေးအပေါ် စိတ်နှလုံး အကြွင်းမဲ့ သစ္စာရှိပါ့မယ်.. ”
အညိုရောင် မုတ်ဆိတ်ထူလပျစ်နှင့်လူ၏ အသံမှာ နက်နဲလှသည်။ ပြောနေရင်း တလေးတစားဖြင့် ဓားကျိုးတစ်ခုအား ခေါင်းပေါ်မြောက်လိုက်ကာ စကားဆက်မဆိုတော့ချေ။
“ ဒါက ၄ချီရှည်တဲ့ ဓားကြီးပဲ... ”
၀မ်ချောင် ဓားအား ကြည့်နေရင်းမှ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားခဲ့သည်။ အညိုရောင်မုတ်ဆိတ်မွေး ထူထူနှင့်လူ ကိုင်ထားသည့် ဓားကြီးမှာ ဝုစ်သံမဏိဓားအား စိန်ခေါ်ခဲ့သည့် ဓားဖြစ်ပြီး ယခုတော့ နှစ်ပိုင်း ဖြစ်နေချေပြီ။
တစ်ချို့အရာများကြောင့် ထိုလူ၏ လက်ထဲမှ ဓားမှာ အလွန်လေးလံကြောင်း သိနိုင်သည်။ ၇ချီ မြင့်သည့် ခန္ဓာကိုယ်မှ ၀မ်းနည်းခြင်းကိုလည်း ၀မ်ချောင် ခံစားမိလိုက်သည်။
ထိုသို့သော် ၀မ်နည်းမှုအား ၀မ်ချောင် လူများစွာထံမှ ခံစားခဲ့ရဖူးသည်။ သူ၏ ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင် ကျဆုံးခဲ့ပြီး ကမ္ဘာလောက အက်ကွဲသည့်အချိန်၌ ၀မ်ချောင် ကိုယ်တိုင်လည်း ထိုခံစားချက်အား ခံစားဖူးခဲ့သည်။
တစ်ချိန်တည်း၌ ၀မ်ချောင် နားလည်သွားလေသည်။
ထိုသူ၏ ရည်ရွယ်ချက်မှာ သူပင်ဖြစ်ပြီး ကြမ်းပြင်၌ ဒူးထောက်ကာ သူ့အား တောင်းဆိုနေသည့် ခုနစ်ချီ အရပ်မြင့်သည့်လူ၏ အိပ်မက်မှာ ပန်းပဲပညာသာ ဖြစ်၏။
သလင်းပြာစံအိမ်၌ ပျက်စီးခဲ့သည့်အရာမှာ သူ၏ ဓားမဟုတ်ပဲ သူ၏ယုံကြည်ချက်နှင့် အိပ်မက်သာ ဖြစ်လေတော့သည်။
...............
လူသားဧကရာဇ်
သာဘာပြန်သူ - Ifrit
Chapter 68.
ထောင်ပါးကိုင်းယွမ်
“ ခင်ဗျားရဲ့နာမည် ဘယ်လိုခေါ်လဲ.. ”
၀မ်ချောင် မေးလိုက်သည်။
“ ကျုပ်က ထောင်ပါးကိုင်းယွမ်ပါ သခင်လေး... ကျုပ်ကို ကျန်းကိုင်းယွမ်လို့လဲ ခေါ်လို့ရပါတယ်.. ”
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရင်း ထောင်ပါးကိုင်းယွမ်မှ ပြောလေသည်။
“ သူပဲဟ... ”
ထိုစကားလုံးအား ကြားလိုက်သည်နှင့် ၀မ်ချောင် တုန်လှုပ်သွားခဲ့သည်။ မုတ်ဆိတ်မွေးနှင့် လူညိုကြီးအား ၀မ်ချောင် ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ သူ၏ယခင်ဘ၀၌ ထောင်ပါးကိုင်းယွမ်နှင့် ဆုံတွေ့ဖူးခြင်းမရှိသော်လည်း ထိုသူ၏ နာမည်ကို ကြားဖူးခဲ့လေ၏။
သူ၏ယခင်ဘ၀ လောကကြီးပျက်သုန်းခါနီး၌ ထိုသူ၏ အမည်က အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး ကျော်ကြားခဲ့ပြီး အထင်ရှားဆုံး ပန်းပဲသခင် ဖြစ်ခဲ့သည်။ ထိုသူက မည်သည့် အဖွဲ့အစည်းကိုမှ ပူးပေါင်းခဲ့ခြင်းမရှိပဲ ကျန်း၊ လူ၊ ချမ်နှင့် ဟွမ် ကလန်တို့ကိုလည်း ငြင်းပယ်ခဲ့သည်။ ထိုအချက်ကြောင့် ထင်ရှားသည့်ပန်းပဲကလန်များက သူ့အား အမျက်ထွက်ခဲ့ပြီး ဆန့်ကျင်ဖိနှိပ်လေတော့သည်။
သို့သော် သူ၏ စွမ်းရည်ကို အားပြု၍ မြို့တော်၌ ကိုယ်ပိုင်ခြေကုပ်တစ်ခု ရယူခဲ့ကာ ‘ ကိုင်းယွမ် ’ဟူသည့် စာလုံးရေးထွင်းထားသည့် ထိုသူ၏ ဓားက အခြားကျော်ကြားသည့် ပန်းပဲကလန်များ၏ ဓားများထက် အဆပေါင်းများစွာ စျေးရခဲ့ပေသည်။
ကပ်ဘေးကြီး မကျရောက်ခင်၌ ထိုသူမှာ အလယ်ပိုင်းလွင်ပြင်၏ အဆင့်တစ်ပန်းပဲသခင်ဖြစ်ကြောင်း လူတိုင်းက လက်ခံခဲ့ကြသည်။ ဝုစ်သံမဏိ နာမည်ကျော်ကြားလာသည့်တိုင် ‘ ကိုင်းယွမ်ဓား ’အား အလွယ်တကူ အလဲထိုးနိုင်ခဲ့ခြင်း မရှိသောကြောင့် ထိုအချက်ကလည်း သူ၏ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခု ဖြစ်ပြန်သည်။ ထိုအချက်များထက် ပိုအံ့အားသင့်စရာကောင်းသည်မှာ သူ၏ ကုန်ကြမ်းများက သာမန်သာ ဖြစ်နေခဲ့သည်။
ဓားသွန်းလုပ်ရာ၌ အကြီးမားဆုံးအခက်အခဲမှာ ကောင်းမွန်သည့်အရည်အချင်းနှင့် များပြား ရှုပ်ထွေးသည့် နည်းလမ်းများ ဖြစ်ပေသည်။ ထို့ကြောင့် ထောင်ပါးကိုင်းယွမ်ကိုယ်တိုင် ထိုသို့သော ဓားအား များများစားစား ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ဟူး.. ဝုစ်သံမဏိဓားနှင့် နှိုင်းယှဉ်နိုင်သည့် ပြည့်စုံသည့် ဓားအား အမြောက်အမြား သွန်းလုပ်နိုင်ခဲ့ချိန်မှာတော့ ကမ္ဘာလောကကြီးမှာ ကပ်ဆိုက်နေခဲ့ချေပြီ။
၀မ်ချောင် ထင်မထားခဲ့သည့်က သူ၏ ရှေ့၌ ဒူးထောက်နေခဲ့သူမှာ အနာဂတ် ကမာ့္ဘအဆင့်တစ် ပန်းပဲသခင် ဖြစ်နေသည်ကိုပင်။
“ ဟင်း........ ”
၀မ်ချောင် သက်ပြင်းမော ချမိသည်။ ထိုအရာက မထင်ထားသည့် ဆုလာဘ်တစ်ခု ဖြစ်နေသည်။ ကြည့်ရသည်မှာ ‘ ကမ္ဘာ့အဆင့်တစ်ဓား ’ဟူသည့် စိန်ခေါ်မှုက ပန်းပဲကလန်များနှင့် ကုန်သည်များကိုသာမက အနာဂတ် အဆင့်တစ်ပန်းပဲသခင်ကိုလည်း ဆွဲဆောင်နိုင်ခဲ့ဟန်ရသည်။
ထိုအရာမှာ ၀မ်ချောင် တွေးထင်နိုင်သည်ထက် ကျော်လွန်နေခဲ့ချေပြီ။
သိထားရမည်မှာ ထောင်ပါးကိုင်းယွမ်သည် ဒေါသအိုးဖြစ်လေ၏။ ထိုသူက ပုံသွင်းမရသည့် မြင်းရိုင်းတစ်ကောင်နှင့်တူညီကာ မည်သည့်ကလန်မှ သူ့အား သိမ်းသွင်းနိုင်ခဲ့ခြင်း မရှိပေ။ သူ့အား သိမ်းသွင်းရန် လာရောက်သည့် များစွာသော ကလန်များအား ငြင်းဆန်ခဲ့ခြင်းကိုကြည့်၍ ထိုအချက်အား သိရနိုင်သည်။
အကယ်၌ သလင်းပြာစံအိမ်မှ ၀မ်ချောင်၏ စျေးကွက်တင် ရောင်းချခြင်းကြောင့် မဟုတ်လျှင် အနာဂတ် အဆင့်တစ်ပန်းပဲသခင်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်လာရန် အခွင့်အရေးအား ဆုံးရှုံးခဲ့ရပေလိမ့်မည်။
ရေကန်အသင့်ကြာအသင့်ပဲ ဝုစ်သံမဏိဓားကို ငါကိုယ်တိုင် သွန်းလုပ်ခဲ့တာဆိုပေမဲ့ အရင်ဘ၀က မှတ်ဉာဏ်တွေကိုပဲ အခြေခံထားတာ ပန်းပဲသခင်ပညာရပ်က ငါ့ရဲ့ အဓိကပညာရပ်မဟုတ်ဘူး.. တကယ်လို့ ငါသာသူ့ကို လက်ခံခဲ့ရင် ငါ့၀န်ထုပ်တွေ အတော်ပေါ့သွားမှာပဲ..
၀မ်ချောင်၏ နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်။ တစ်ဖက်လူ၏ တောင်းဆိုချက်အား လက်ခံရန် သူပြင်ဆင်ထားသည့် ဖြစ်သော်လည်း ထိုသူ၏ ကိုယ်ရေးအချက်အလက်က သူ့အား အလွန်နှစ်သက် အံ့သြမိစေသည်။
အကယ်၌ အနာဂတ်အဆင့်တစ် ပန်းပဲသခင်မှာ သူအား ကူညီနေသည်ဆိုပါက သူ၏ ရှေ့ဆက် အစီအစဉ်များအား အကောင်အထည်ပေါ်ရန် အပြည့်အ၀ အားစိုက်နိုင်ပေတော့မည်။ ထောင်ပါးကိုင်းယွမ်ထက် ပိုသင့်တော်သည့် နောက်လိုက်ဟူ၍ မရှိနိုင်တော့ချေ။
“ ထလိုက်ပါ... ”
၀မ်ချောင် ပြောလိုက်သည်။
“ သခင်လေး.. ကျုပ်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးဖို့ တောင်းဆိုပါတယ်.. ”
ထောင်ပါးကိုင်းယွမ် ပြတ်သားစွာ ပြောလိုက်ပြီး မတ်တပ်ရပ်ရန် ငြင်းဆိုလိုက်သည်။
“ မင်းရဲ့တောင်းဆိုချက်ကို လက်ခံတယ်.... ”
၀မ်ချောင် ပြောလိုက်သည်။
“ အန်........ ”
ထောင်ပါးကိုင်းယွမ် မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့လိုက်သည်။ ပန်းပဲနည်းစနစ်နှင့် နည်းပညာများမှာ ပန်းပဲသခင်များနှင့် ပန်းပဲကလန်များ၏ ထိပ်တန်း လျှို့ဝှက်များ ဖြစ်ပေသည်။ အပြင်လူအား ထိုအရာများအား လွဲပြောင်းပေးရန်မှာ မဖြစ်နိုင်လုနီးနီးပင်ဖြစ်၏။
ဤနေရာသို့မလာခင်၌ ထောင်ပါးကိုင်းယွမ်သည် ၀မ်ချောင်၏ နောက်ခံအား စုံစမ်းခဲ့ရာ ၀မ်ကလန်မှာ ပညာရှိနှင့် စစ်သူကြီးများရှိရာ ကလန်ဖြစ်ကြောင်း သိခဲ့ရသည်။ ဆိုလိုသည်မှာ ထင်ရှားသည့် ပန်းပဲကလန်များထက်ပို၍ နာမည်သတင်း ထင်ရှားပေသည်။ ထို့ကြောင့် ၀မ်ကလန်နှင့် ပူးပေါင်းခွင့်ရရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း သူနားလည်ထားပြီး မည်သည့် အခက်အခဲနှင့် ကြုံရပါစေ သူ၏ ပန်းတိုင်မရောက်မချင်း တောင့်ခံထားရန် ပြင်ဆင်ထားခဲ့သည်။
ထောင်ပါးကိုင်းယွမ်မှာ ထိုအရာက ဤမျှလောက် လွယ်ကူနေလိမ့်မည်ဟု မထင်မှတ်ထားပေ။ တစ်ခဏမျှ ဒူးထောက်နေရုံဖြင့် တစ်ဖက်လူက ချက်ချင်းလက်ငင်း သူ၏ တောင်းဆိုမှုအား လက်သင့်ခံခဲ့သည်။ ဖြစ်ပျက်သွားသည်က မြန်ဆန်လွန်းလှပြီး သူယုံကြည်ရန် ခက်ခဲနေ၏။
“ သခင်လေး.... အတည်ပြောနေတာလား.. ”
ထောင်ပါးကိုင်းယွမ် လက်ရှိ အခြေအနေအား မယုံကြည့်နိုင်သေးပေ။
“ ဒါပေါ့.... ”
၀မ်ချောင် ရယ်နေသည်။ သူ၏ လက်ဆန့်တန်းလိုက်ကာ ထောင်ပါးကိုင်းယွမ် မတ်တပ်ရပ်ရန်အတွက် ကူညီပေးလိုက်သည်။ မည်သို့ဆိုစေ ထောင်ပါးကိုင်းယွမ်မှာ အနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိ မြေကြီး၌ အမြစ်စွဲနေသည့် အလားပင်။
“ ဒီလူကလည်း ကျွမ်းကျင်သူပဲ... ”
၀မ်ချောင်ထိုသို့ တွေးမိသည်နှင့် မျက်လုံး ပြူးကျယ်သွားခဲ့သည်။ မူလစွမ်းအင် အဆင့်၅ ကိုသာ ပိုင်ဆိုင်ထားသည် ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းမှာ သာမန်မဟုတ်ပဲ ကျောက်တုံးများကိုပင် အစိတ်စိတ်အမွာမွာ ခွဲချေနိုင်သည်။
ဒူးထောက်နေသည့် ထောင်ပါးကိုင်းယွမ်အား ၀မ်ချောင် ထစေနိုင်ခြင်းမရှိသည်က တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူ့ထက် သာလွန်ကြောင်း သက်သေခံပြန်သည်။ ယခင်အကြောင်းအရာများအား ထောက်ရှုခြင်းအားဖြင့် ထောင်ပါးကိုင်းယွမ်၏ ကျင့်ကြံခြင်း မြင့်မားနေခြင်းက အံ့အားသင့်စရာမဟုတ်ပေ။ ပန်းပဲကလန်များ၏ ဖိနှိပ်ခြင်းမှ အသက်ရှင်ကာ မဟာထန်အင်ပါယာ၏ အဆင့်တစ်ပန်းပဲသခင် ဖြစ်သည်မည်သူက အားနည်းနေ၍ ဖြစ်ပါမည်လား။
“ ကျေးဇူးတင်ပါတယ်.. သခင်လေး.. ကျေးဇူးတင်ပါတယ်.. သခင်လေးသာ ကျုပ်ကို ပန်းပဲနည်းစနစ်တွေ လက်ဆင့်ကမ်းပေးမယ်ဆိုရင် ကျုပ် ကိုင်းယွမ်က သခင်လေးရဲ့ အစေခံအဖြစ် တစ်သက်လုံး အမှုထမ်းပါ့မယ်.. ”
ထောင်ပါးကိုင်းယွမ်သည် ၀မ်ချောင် အတွေးများအား သတိမထားမိချေ။ ၀မ်ချောင်မှ သူ၏ တောင်းဆိုချက်အား လက်ခံလိုက်သည်နှင့် အလွန်ပျော်ရွှင်နေလေည်။ ချက်ချင်း ဦးညွှတ်လိုက်ကာ သူ၏ ဦးခေါင်းနှင့် မြေကြီး ထိသံက လေထဲ၌ ထွက်ပေါ်လာခဲ့သည်။
ထောင်ပါးကိုင်းယွမ်၏ ပင်ကိုယ်သဘာ၀မှာ အခြားသူအား အလွယ်တကူ ဦးညွှတ်မည့်သူ မဟုတ်သော်လည်း သူကိုယ်တိုင် မည့်သို့ သတ်မှတ်ထားသည်ကသာ အရေးပါသည်။ အကယ်၌ သူသာ အသာလွန်ဆုံးသော ပန်းပဲနည်းပညာများအား သင်ကြားနိုင်မည်ဆိုပါက သူပိုင်ဆိုင်သမျှအား ထုတ်ပေးရန် ဆန္ဒရှိပေသည်။
အရိုအသေပေးပြီးသည့်နောက် ၀မ်ချောင်၏ အကူအညီမပါပဲ ထောင်ပါးကိုင်းယွမ် ကိုယ်တိုင် မတ်တပ်ရပ်လိုက်သည်။
“ ရှန့်ဟိုင်.. ဒီအကြောင်းကို အမေ့ဆီ တင်ပြလိုက်ပါ.... ”
၀မ်ချောင် နောက်လှည့်လျက် ပြောလိုက်၏။
ယောင်ကွမ်းရီ၏ ပြဿနာပြီးသည့်နောက် ၀မ်ချောင်၏ မိခင်မှာ သူ့အပေါ် ယုံကြည်စိတ်ချနေချေပြီ။ ကလန်အား ထိခိုက်မှု မရှိသရွေ့ သူ၏ ကိစ္စများအား မိခင်ဖြစ်သူမှ ၀င်ရောက်စွက်ဖက်မည် မဟုတ်ပေ။
“ ဟုတ်ကဲ့ပါ.. သခင်လေး.. ”
ရှန့်ဟိုင် တုန့်ပြန်လိုက်သည်။
“ ထောင်ပါးကိုင်းယွမ်.. မင်းက ကျုပ်နောက်ကို လိုက်မယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့.. အခုကစပြီး မင်းက ၀မ်ကလန်သား ဖြစ်သွားပြီ.. မုန့်လုံ သူ့အတွက် အခန်းပြင်ဆင်ပေးလိုက်... ”
၀မ်ချောင် ပြောလိုက်သည်။
အချို့ကိစ္စများအား ညွှန်ကြားပြီးနောက် ၀မ်ချောင် ဝိဉာဏ်သစ်ပင်စီရင်စုသို့ ဦးတည်လိုက်သည်။
လက်ရှိအချိန်၌ ဆုကျန့်ချန်၏ နောက်ကြောင်းမှာ လျှို့ဝှက်ချက်အနေနှင့်သာ ရှိနေပြီး သိရှိသူ မရှိသလောက် ဖြစ်နေ၏။ မည်သည့်တိုးတက်မှုမှ မရှိသေးသည့်အတွက် လူအများ၏ အာရုံစိုက်မှုအား ၀မ်ချောင် မခံယူလိုသေးချေ။ ထို့ကြောင့် ရှန့်ဟိုင်၊မုန့်လုံနှင့်ထောင်ပါးကိုင်းယွမ် တစ်ယောက်ကိုမှ သူ မခေါ်ခဲ့ပေ။
၀မ်ချောင် အရာအားလုံးကို ဂရုတစိုက် လုပ်ဆောင်နေခဲ့သည်။
ဝိဉာဏ်စီရင်စုသို့ ၀မ်ချောင် ရှေးရှုမသွားခဲ့ပေ။ ထိုအစား မြို့တော်အား တစ်ပတ်ပတ်ပြီး သူ့နောက် မည်သူမှ နောက်ယောက်ခံနေခြင်းမရှိသည်ကို အတည်ပြုပြီးခါမှ ဝိဉာဏ်စီရင်စုသို့ ခိုးထွက်ခဲ့တော့သည်။
ပန်းခြံ၏ အလယ်၌ စကားဝါပင်အိုကြီး၏ အကိုင်းအခက်များက ထီးတစ်ချောင်းသဖွယ် အရိပ်အာဝါသ ပေးနေလေသည်။
ဤနေရာ၌ လူကြီးပိုင်းများနှင့် ကလေးငယ်များက ဆိုင်ရာ ကစားနည်းများအား ကစားလျက်ရှိကြသည်။ သူတို့အနားမှ ဖြတ်လျောက်သွားပြီး မည်သူမှ ၀မ်ချောင်အား သတိမထားမိကြချေ။ သစ်ပင်အောက်ရှိ ယခင်နေရာ၌ တူညီသည့် ရွှေရောင် စစ်တုရင်ခုံအား တွေ့လိုက်ရလေသည်။
ဆုကျန့်ချန်မှာတော့ ဤနေရာ၌ ရှိမနေပဲ စစ်တုရင်ခုံပေါ်၌ အဖြူရောင်အစေ့လေးတစ်စေ့ ပိုနေခဲ့ချေပြီ။
“ ကောင်လေး.. မင်းနာမည် ဘယ်လိုခေါ်လဲ.. ”
၀မ်ချောင် စစ်တုရင်ခုံးနားတွင် ရှိနေသည့် ကလေးငယ်၏ ခေါင်းအား ပုတ်လိုက်ကာ မေးလိုက်သည်။
“ သိုက်ကျန့်ကျန့်.. သားကို ကျန့်ကျန့် လို့လဲခေါ်ကြတယ်.. ”
စကားဝါပင်အား မှီနေရင်း ကလေးငယ်လေးမှ တုတ်ထိုးချိုချဉ်အား လျက်နေကာ အလုပ်များနေသည်။
“ ကျန့်ကျန့် ဟုတ်လား.. ”
၀မ်ချောင် ရယ်သွမ်းသွေးလိုက်သည်။ ကလေးငယ်မှာ ချစ်ဖွယ်ကောင်းသည့်အတွက် ချီးကျူးဟန်ပြင်မည့်အချိန်၌ သူ၏ ခေါင်းထဲသို့ အတွေးတစ်ခု ၀င်လာခဲ့သည်။ ၀မ်ချောင် ရုတ်ချည်း ကြောင်အသွားသည်။
ထိုနာမည်အား သူကြားဖူးပေသည်။
ပြန်တွေးကြည့်ရလျှင် အစေခံအိုကြီးမှ ဆုခြံ၀င်း၏ သမိုင်းကြောင်းအား ပြန်လှန်၍ ဆုကျန့်ချန်၏ အြေ့ာင်းအား ပြောပြသည့်အချိန်၌ ထိုနာမည်အား ပြောဆိုဖူးလေသည်။ ဆုကျန့်ချန်မှာ တပည့်လက်ခံရာ၌ ဂျေးများသူဖြစ်လေရာ လူအနည်းငယ်သာ သူ၏ သတ်မှတ်ချက်နှင့် ပြည့်မှီခဲ့သည်။
ထိုအထဲမှ အနည်းငယ်သာလျှင် သူ ကျေနပ်အားရခဲ့ပေသည်။ သူတို့အားလုံးအား ဆုကျန့်ချန် ငြင်းပယ်ခဲ့သော်လည်း သိုင်းပညာနှင့် ပက်သက်၍ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှု ပေးခဲ့သေးသည်။ တဖြည်းဖြည်းနှင့် အယောက်စီတိုင်းက အောင်မြင်မှု ကိုယ်စီ ရရှိခဲ့ကြည်။
ဤ ‘ သိုင်ကျန့်ကျန့် ’မှာ ထိုသူများထဲမှ တစ်ယောက် ဖြစ်လေ၏။
‘ ကောင်းကင်ပျက်သုန်းခြင်းအနုပညာ ’မှာ မြင့်မြတ်သည့် ကျင့်စဉ်အဖြစ် ကျော်ကြားသည်။ မသေမျိုးအင်မော်တယ်များပင် ရှောင်တိမ်းရန် ခက်ခဲလှသည့် အဖျက်စွမ်းအားများကြောင့် ဤကျင့်စဉ်မှာ လူတစ်ယောက်၏ အရိုးအုတ်မြစ်နှင့် ပါရမီအပေါ် ကန့်သတ်ချက် မြင့်မားလေသည်။
ဆုကျန့်ချန်မှ သူ၏ ကျင့်စဉ်အား တစ်ပါးသူကို လွဲပြောင်းသင်ပေးရန် ကြိုးပမ်းခဲ့သည့် အချိန်တိုင်း တစ်ဖက်လူမှာ ထိုကျင့်စဉ်၏ လိုအပ်ချက်အား မပြည့်မှီခဲ့ပေ။ အတင်းအကျပ် ကြိုးစားပြန်ပါကလည်း ထိခိုက်ဒဏ်ရာသာ ရရှိစေမည်ဖြစ်ပြန်သည်။
အဘိုးဆုမှာ သိုင်ကျန့်ကျန့်အား တပည့်အဖြစ် လက်မခံခဲ့သော်လည်း သိုင်ကျန့်ကျန့်၏ ပါရမီက သူ၏ အာရုံစိုက်မှုအား ရရှိခဲ့သည်။ ထို့ကြောင့် သူ့အား အနီးကပ်ခေါ်ထား၍ သိုင်းပညာ သင်ကြားပေးခဲ့သည်။
“ ဒါက သူ့ရဲ့ တံခါးမှူးပေါက်စလေးပဲ.... ”
၀မ်ချောင် နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ အစေခံအိုကြီး၏ အပြောအရ ဆုကျန့်ချန် တပည့်လက်ခံခဲ့ခြင်းအား ၀န်မခံပဲ ထိုကလေးအား ခေါ်ယူ၍ တံခါးမှူးအဖြစ် ထားခဲ့သည်ဟု ဆိုသည်။
ဤကလေးငယ်မှာ နှစ်များစွာ ကုန်လွန်လာမည့် အချိန်၌ ဆုကျန့်ချန်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့လေသည်။ မည်သို့ဆိုစေ သိုင်ကျန့်ကျန့် မှာ ကပ်ဘေးအတွင်း ဆုကျန့်ချန်အတူ ကျဆုံးခဲ့ရသည်။
ဤကလေးငယ်မှာ ဆုကျန့်ချန်အား သူ၏အဘိုးဟုသာ အစဉ်မှတ်ယူထားခဲ့၏။ မြို့တော်၌ ရုန်းရင်းဆန်ခတ်ဖြစ်လာချိန်တွင် အစေခံအိုကြီးမှ သူ့အား ဆွဲထုတ်သွားရန် ကြိုးပမ်းခဲ့သော်လည်း သိုင်ကျန့်ကျန့်မှာ ဆုကျန့်ချန်၏ ခန္ဓာကိုယ်အား တင်းတင်းဆုပ်ကိုင်ထားပြီး ထွက်သွားရန် ငြင်းဆန်ခဲ့သည်။
ထို့နောက် သူ၏အဘိုးဟု မှတ်ယူထားသူ နောက်သို့ လိုက်ပါသွားခဲ့တော့သည်။
အစေခံအိုကြီးမှ ထိုအကြောင်းအား ပြောပြသည့်အချိန်၌ မျက်ရည်သွင်သွင် စီးကျနေကာ သူ၏မျက်နှာ၌လည်း ၀မ်းနည်းမှု ယူကြုံးမရဖြစ်မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။
၀မ်ချောင်သည်လည်း ထိုပုံပြင်အား ကြားရချိန်၌ ၀မ်းနည်းမှုအား အနည်းနှင့်အများ ခံစားခဲ့ရသည်။
၀မ်ချောင် သိုင်ကျန့်ကျန့်အား ဤကဲ့သို့သော်နေရာ၌ တွေ့ဆုံးရလိမ့်မည်ဟု ထင်မှတ်မထားပေ။ ယခုတွင်တော့ တုတ်ထိုးချိုချဉ်အား စုပ်ရန်သာ အာရုံ၀င်စားနေသည့် ကလေးငယ် အပေါ် ၀မ်ချောင်၏ အတွေးအမြင်များက ပြောင်းလဲသွားခဲ့လေပြီ။
“ အဲ့ဒီကိစ္စကြီး ဖြစ်တဲ့အချိန် သူက ဆယ်ကျော်သက်လေးပဲ ရှိဦးမယ်.. ”
၀မ်ချောင် တွေးနေသည်။
ထိုအချိန်က ဆုကျန့်ချန်မှာ တပည့်ရှာဖွေရန် ကြိုးစားနေဆဲဖြစ်ပြီး ဤကလေးငယ်သူ သူသတိထားမိသည့်အချိန်မှာတော့ နောက်ကျနေခဲ့ချေပြီ။ ဘ၀က တိုတောင်းလှသည် အစဉ်သဖြင့် အမှားပြုလုပ်ပြီးနောက်မှသာ နောင်တရတတ်ကြသည်မဟုတ်လား။
၀မ်ချောင်အနေဖြင့် ဆုကျန့်ချန်နှင့် ဤကလေးငယ်၏ ကံကြမ္မာအား ပြောင်းလဲဖို့ ကြိုးပမ်းရန် တွေးမိလိုက်သည်။
“ ကောင်လေး... ငါ့ကို တစ်ခု ကူညီပါဦး.. ”
“ ဘာကြီးလဲ... ”
ကလေးငယ် ခေါင်းမော့လာသော်လည်း သူ၏ အာရုံက ၀မ်ချောင်ဆီ၌ မရှိနေပဲ တုတ်ထိုးချိုချဉ်ကိုသာ ငမ်းနေသည်။
“ မင်းရဲ့အဘိုးကို ရယ်မောအောင်လုပ်နိုင်ခဲ့ရင် မင်းကိုနေ့တိုင်း ငွေတစ်တုံပေးမယ်.. ”
“ အမ်...... ”
ကလေးငယ်၏ မျက်လုံးက နောက်ဆုံးမှာတော့ ချိုချဉ်မှ ထွက်ခွာလာခဲ့ချေပြီ။ ခေါင်းလှည့်ပြီး ၀မ်ချောင်အား မျက်လုံးဝိုင်းဖြင့် စိုက်ကြည့်နေသည်။ သူက ငယ်ပင်ငယ်သော်ငြား ငွေတစ်တုံးဖြင့်ဆိုလျှင် ချိုချဉ် အမြောက်အမြား ၀ယ်၍ ရကြောင်း သဘောပေါက်ပေသည်။
“ တကယ်ပြောတာလား.... ”
ကလေးငယ်က မယုံရဲသေးချေ။
“ ဒါပေါ့...... ”
၀မ်ချောင် ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။ ၀မ်ချောင်၏ မျက်၀န်းထဲ၌ ပူဆွေးမှုအား အသက်တစ်ခါရှူချိန်ခန့် ပေါ်ပေါက်လာခဲ့သည်။
တော်၀င်ရုံးတော်၏ အသက်ရွယ်အကြီးဆုံး အကျော်ကြားဆုံးအမှုထမ်းတစ်ဦးဖြစ်ပြီး စစ်ရေး၌ ယှဉ်နိုင်သူမဲ့သည့် သူ၏ ဘ၀ခရီးလမ်းမှာ ဒဏ္ဍာရီတွင်ခဲ့သလို တစ်ဖက်မှာတော့ ၀မ်းနည်းစရာ အတိ ဖြစ်လေသည်။
သူ၏ ဘ၀တစ်လျောက်လုံး ပျော်ရွှင်ခြင်းအား မခံစားခဲ့ရချေ။
ကံကြမ္မာဆိုးနှင့် ပူဆွေးမှုသာ သူမွေးဖွားခဲ့ချိန်မှစ သေဆုံးချိန်အထိ လိုက်ပါခဲ့သည်။
ဆုကျန့်ချန်သည် ယခင် မဟာစွေ့မင်းဆက်မှ မင်းသမီး၏ တော်၀င်သွေးမျိုးဆက်အား ဆက်ခံထားလေသည်။ သို့တိုင် သူ၏ စစ်မြေပြင်မှ ရလဒ်များက ကျေနပ်ဖွယ်အတိဖြစ်သော်လည်း ထိုအရာသည်ပင်သူ၏ စိတ်ဆင်းရဲခြင်း အရင်းခံ ဖြစ်ခဲ့ရသည်။
သူ သာမာန်နောက်လိုက်သာ ဖြစ်ခဲ့စဉ်က မည်သူမှ သူ၏ သွေးမျိုးဆက်အား မပြောဆိုခဲ့ကြသော်လည်း သူ၏လုပ်ဆောင်ချက်များဖြစ်သည့် တာဂစ်ကာဂါနိတ်၊ တိဗက်နှင့် ဂိုဂူလျောတို့ကို အနိုင်တိုက်ကာ မဟာထန်၏ ပိုင်နက်အား ရင်တောင်တန်းအထိ တိုးချဲ့ပေးခဲ့ခြင်းကြောင့် ရာထူးမြင့်လာသည့်နောက် မဟာစွေ့တော်၀င် သွေးမျိုးဆက်မှာ သူ့အား ထိုးနှက်စရာ အားနည်းချက်ကြီး ဖြစ်လာခဲ့သည်။
သူ၏ တစ်ဘ၀လုံး လူပေါင်းများစွာက မဟာထန်မှ နှင်ထုတ်လိုကြပြီးသည့်အတွက် သူက မဟာထန်မင်းဆက်အား နန်းချကာ မဟာစွေ့မင်းဆက်ကို ပြန်လည် ထူထောင်လိုနေသည်ဟု အကွက်ဆင် ချောက်ချခဲ့ကြသည်။
ထိုစကားများက မည်သည့်မင်းဆက်တွင် ဖြစ်ပါစေ မပြောဆိုသင့်သည့်အရာပင်။
ထို့အပြင် ဆုကျန့်ချန်မှာ မဟာစွေ့မင်းဆက်မှ မင်းသမီး၏ တော်၀င်သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့်အချက်မှာ မှန်ကန်ပေသည်။ စစ်တပ်အတွင်း သူ၏ ထူးချွန်လှသည့် တပ်တွင်းအောင်မြင်မှုများက သူ့အတွက် ခြေထိုးခံရသည့် အကြောင်းရင်းဖြစ်ခဲ့ကာ သူ့နှလုံးအား လာစိုက်သည့် မြားတစ်စင်း ဖြစ်ခဲ့လေတော့သည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - Ifrit
Chapter 69.
ယောင်ဖုန်း၏ သတ်ဖြတ်လိုစိတ်
သံသယများအား ပယ်ဖျက်ရန် သူ၏ အောင်မြင်မှု မြင့်တက်လာချိန်၌ အနားယူလိုက်ရန် ဆုကျန့်ချန် ရွေးချယ်ခဲ့သည်။ သူ၏ လက်တွင်းမှ စစ်တပ်အာဏာများကို လွဲပြောင်းပေးခဲ့ပြီး သီးခြားနေထိုင်လေ၏။ သူ့ကိုယ်သူ ဆုခြံ၀င်းအတွင်း၌သာ ပိတ်ထားလျက် ဧည့်သည်များနှင့် စစ်တပ်တွင်းမှ အသိမိတ်ဆွေများသာမက တော်၀င်ရုံးတော်မှ ရာထူးကြီးအမှုထမ်းများကိုလည်း လက်ခံတွေ့ဆုံရန် ငြင်းပယ်ခဲ့လေသည်။
သူ အချိန်ကြာလျှောက်လှမ်းခဲ့သည့် ကျင့်ကြံခြင်းလမ်းစဉ်ကိုပင် စွန့်လွှတ်ခဲ့လေသည်။ ထို့ကြောင့် ဆုခြံ၀င်းအတွင်း၌ စစ်တပ်သည့်သက်ဆိုင်သည့် မည်သည့်စကားလုံးမှ မကြားရတော့သလို မည်သည့် မူလစွမ်းအင်စီးဆင်းခြင်းကိုမှ မခံစားရတော့ချေ။ လူသာမာန်တစ်ဦးကဲ့သို့သာနေထိုင်ပြီး အသက်မီးစာကုန်ဆုံးမည်ကို ထိုင်စောင့်နေတော့သည်။
ဆုခြံ၀င်း၏ ၀င်ပေါက်တင် ပိတ်ထားသည်မဟုတ် ဆုကျန့်ချန်အပါအ၀င် ဆုခြံ၀င်းအတွင်းနေထိုင်သည့်သူများ ပါ အပြင်လောကနှင့်အဆက်အသွယ် ဖြတ်ထားကြသည်။ သို့သော်ငြား ထိုအရာမှာ သူ၏ ကံဆိုးမှု အစပြုခြင်းဖြစ်လေသည်။
ဆုကျန့်ချန်က သူ၏ အာဏာနှင့်ရာထူးအား အတိုက်အခံများကြောင့် စွန့်လွှတ်ခဲ့သည့်တိုင် သူ၏ အရွယ်ကောင်းသာရှိသေးသည့် တစ်ဦးတည်းသောသားဖြစ်သူအား ဆုံးရှုံးလိုက်ရသည်က သူ့အတွက် အပြင်းထန်ဆုံး ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့သည်။
ဆုကျန့်ချန်မှာ တော်၀င်ရုံးတော်မှ ထွက်ခွာခဲ့သော်လည်း သူ့သားကိုတော့ နှုတ်ထွက်စေခြင်း မရှိခဲ့ချေ။ ထိုအချက်က သူ၏ နောင်တ အရဆုံး ဖြစ်လေသည်။
ဆုကျန့်ချန်၏ တစ်ဦးတည်းသော မြေးဖြစ်သူပါ သေဆုံးသွားသည့်အခါ၌ ဆုကျန့်ချန်၏ နှလုံးသားမှာ မတည်ငြိမ်တော့ပေ။ ထိုအချိန်မှစ၌ သူ၏အမျိုးသမီးမှာလည်း နေ့စဉ်နှင့်အမျှ ပူဆွေး ၀မ်းနည်းနေလေတော့သည်။
ထိုကာလလွန်ပြီးနောက် အစေခံအိုကြီးမှ ဆုကျန့်ချန်၏ ရယ်မောခြင်းအား မတွေ့ဖူးတော့ချေ။ အစေခံအိုကြီး၏ ပြောစကားအရ မျက်ရည်သာ သွင်သွင်ကျနေသည်ဟု ဆိုသည်။
အလယ်ပိုင်းလွင်ပြင်၏ ပိုင်နက်အား တိုးချဲ့ပေးနိုင်ခဲ့သည့် ဆုလာဘ် ခံစားထိုက်သည့် စစ်နတ်ဘုရားဟောင်းတစ်ဦးအနေဖြင့် ထိုသို့သော အဆုံးသတ်မှုနှင့် မကြုံတွေ့သင့်ပေ။
ဆုကျန့်ချန်အတွက် ထိုနေ့ရက်မှစ၍ ပျော်ရွှင်မှုများ အဆုံးသတ်ခဲ့လေတော့သည်။
သူ၏ လက်ကျန်ဘ၀၌ ချိုချဉ်စုပ်နေသည့် ဤကလေးငယ်သည်သာ သူ၏ ပျော်ရွှင်ခြင်း အရင်းခံဖြစ်လာခဲ့ပြီး ထိုပျော်ရွှင်မှုကလည်း နှစ်အနည်းသာ ခံလိမ့်မည် ဖြစ်သည်။
ဘ၀က တိုတောင်းလှပြီး ၀မ်ချောင်အနေဖြင့် ဆုကျန့်ချန်၏ အသိအမှတ်ပြုမှုအား ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ စစ်နတ်ဘုရားဟောင်းကိုတော့ ပျော်ရွှင်စေချင်သည်။ အနည်းဆုံး သူ၏ ယခုလုပ်ရပ်ကြောင့် ဆုကျန့်ချန် ပျော်ရွှင်မှုအား နှစ်အနည်းငယ်စော၍ ခံစားရပေလိမ့်မည်။ ထိုအရာက ၀မ်ချောင် အနေဖြင့် မြင့်မြတ်သူတစ်ဦးအား ပြသသည့် လေးစားမှုပင် ဖြစ်ပေသည်။
“ မှတ်ထားနော်.. ဒီကိစ္စကို ဘိုးဘိုးကို ပြန်မပြောနဲ့ဦး.. ”
၀မ်ချောင် ကလေးငယ်၏ ခေါင်းအား ပုတ်ကာ ငွေတုံးတစ်တုံး ထည့်ပေးလိုက်သည်။ ထို့နောက် ဒုတိယမြောက် အမဲရောင်ကျောက်တုံးအား ရွှေရောင်စစ်တုရင်ခုံပေါ်သို့ ချလိုက်လေ၏။
ဆုကျန့်ချန်၏ ကစားပွဲ၌ ၀မ်ချောင်အနေဖြင့် အခွင့်အရေးတစ်ကြိမ်သာ ရှိလေသည်။ ခြေတစ်လှမ်းမှားသည်နှင့် အရှုံးကိုသာ ရင်ဆိုင်ရမည်ဖြစ်ပြီး ထို အထွတ်အထိပ်နည်းစနစ်အား လက်လွှတ်ရပေလိမ့်မည်။
၀မ်ချောင် အနေဖြင့် ပထမလှုပ်ရှားမှုမှ ထုတ်ပယ်ခံရခြင်းမရှိပဲ ဒုတိယကျောက်တုံးကို ထပ်မံရရှိခဲ့ရာ သေနာပတိဟောင်း၏ အာရုံစိုက်မှုအား ရရှိခဲ့ပြီဟု ဆိုနိုင်သည်။
ကျောက်တုံးအား နေရာချပြီးနောက် ၀မ်ချောင် နောက်လှည့်ကာ ဝိဉာဏ်သစ်ပင်စီရင်စုမှ ထွက်ခွာခဲ့သည်။
ဆုကျန့်ချန်၏ ကောင်းကင်ပျက်သုန်းအနုပညာမှာ ရရှိနိုင်ရန် အခက်ခဲဆုံးဟု ကျော်ကြားပြီး များပြားလှသည့် သေနာပတိဟောင်းများနှင့် ယခင်မင်းဆက်ကိုပင် သူ ငြင်းပယ်ခဲ့ရာ ပြောနေစရာမလိုအောင်ပင် သူ့လို လူငယ်တစ်ဦးအတွက်တော့ ပိုခက်ခဲပေလိမ့်မည်။
၀မ်ချောင်အနေဖြင့် စစ်နတ်ဘုရားဟောင်း၏ အမွေအား အလွယ်တကူရရှိလိမ့်မည်ဟု မတွေးထားပေ။ မည်သို့ဆိုစေ သူက ဆုကျန့်ချန်၏ အာရုံစိုက်မှုအား ဖမ်းစားနိုင်ခဲ့ပြီဖြစ်ရာ အခြေအနေကောင်းသည်ဟုတော့ ပြောနိုင်သည်။
.........
၀မ်ချောင် ဝိဉာဏ်သစ်ပင်စီရင်စုမှ ထွက်သွားသည့်အချိန်၌ ယောင်ခြံ၀င်းရှိ ယောင်ဖုန်းမှာလည်း ပျင်းရိနေခြင်းမရှိပေ။
“ ၀မ်ယန်.. ၀မ်ပေ.. ၀မ်ချောင်.. တစ်နေ့ ငါ ၀မ်ကလန်တစ်ခုလုံကို နင်းခြေပြမယ် ယောင်ကလန်ကို မင်း အရှက်ခွဲခဲ့တာထက် ဆယ်ဆပိုပြီး ခံစားရစေမယ်.. ”
ယောင်ဖုန်း လက်သီးတင်းတင်းဆုပ်ထားကာ စားပွဲပေါ်မှ အရာအားလုံးအား တွန်းချလိုက်သည်။
ယောင်ခြံ၀င်း၌ ကံဇာတာ ကျဆင်းနေသည်ဟု ဆိုနိုင်သည်။
သူ၏ ဖခင်ဖြစ်သူ ယောင်ကွမ်းရီမှာ ၀မ်ချောင်ကြောင့် နယ်စပ်၌ ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ယောင်ကလန်တစ်ခုလုံး မွန်းကျပ်နေလျက်ရှိသည်။ လေးပြည်နယ်သံရုံးရှိ လူအိုကြီးကိုယ်တိုင် ယောင်ကလန်တစ်ခုလုံးအား တင်းကျပ်ထားပြီး အပြင်၌ မည်သည့်ပြဿနာမှ မဖြစ်စေရန် မှာထားသည်။
ထိုနေ့မှစ၍ ယောင်ကလန်၏ တံခါးမှာလည်း ပိတ်ထားတော့သည်။ ယောင်ဖုန်းပင်လျှင် အထိန်းသိမ်းခံနေရပြီး စိတ်ရှိတိုင်း အပြင်ထွက်ခွင့် မရှိတော့ပေ။ ငယ်စဉ်မှစ၍ ဤအခြေအနေမျိုးအား ယခုမှ ကြုံဖူးခြင်းဖြစ်ပေသည်။
မာနကြီးသည့် ယောင်ဖုန်းအတွက်တော့ ထိုအရာက ပြင်းထန်သည့် ထိုးနှက်ချက် ဖြစ်လေသည်။
ဤသည်မှာ ၀မ်ကလန်နှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် မည်သည့် နောက်ဆက်တွဲမှ ဖြစ်မလာစေရန် ကာကွယ်သည့် လူအိုကြီး၏ အကြံအစည်မှန်း ယောင်ဖုန်းသိပေသည်။
ယခုမှာတော့ အပြင်သို့ထွက်ခွင့်မရှိသည်သာမက အခြားသခင်လေးများ၏ တံတွေးခွက်၌ သူ ပက်လက်မျောနေရပြီဖြစ်မှန်းလည်း နားလည်ထားသည်။
ယောင်ဖုန်းကဲ့သို့ ဂုဏ်သတင်းအား တန်ဖိုးထားသည့်သူ တစ်ယောက်အဖို့ ထိုအရာက အလွန်အရှက်ရမှုပင်။
“ ဘယ်လိုပဲဖြစ်ဖြစ်ဖြစ် ငါတို့ ယောင်ကလန်က ဒီတိုင်းတော့ ငြိမ်ခံနေလို့ မဖြစ်ဘူး.. ”
ယောင်ဖုန်း၏ စိတ်ထဲ၌ ဒေါသလှိုင်းလုံး ထန်နေလေပြီ။
ကြိုးကြာပျံဝဲစံအိမ်၌ ၀မ်ကလန်မှမောင်နှမ၏ အရှက်ခွဲခြင်း ခံခဲ့ရသည့်တိုင် ယောင်ဖုန်း လက်တုံ့ပြန်ခြင်း မရှိခဲ့ချေ။
မှန်ပေသည် ယောင်ဖုန်းက သဘောထားကြီးလွန်း၍ မဟုတ်ပဲ သူ၏ ဖခင်မှ မလိုအပ်သည့် ပြဿနာ မဖြစ်စေရန် ပြောဆိုထားသည့်အတွက်သာ ဖြစ်ပေသည်။
သူ၏ဖခင်နှင့် ချီဘုရင်၏ အကြံအစည်များအား ယောင်ဖုန်းသိထား၏။ သူ၏ ဖခင်အောင်မြင်သည်နှင့် ၀မ်ကလန်တစ်ခုလုံး အပျောက်ရှင်းခံရပေလိမ့်မည်။
ထိုအကြောင်းပြချက်ကြောင့် ယောင်ဖုန်း မိမိကိုယ်ကို ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။ ကိစ္စကြီးလုပ်မည့်သူက အသေးအဖွဲများအပေါ် ခံစားနေ၍ မဖြစ်ချေ။
ယောင်ဖုန်း စောင့်ဆိုင်းနေခဲ့သော်လည်း နယ်စပ်မှ ၀မ်ကလန်နှင့် စုန့်ဘုရင်အပေါ် သူ့ဖခင်၏ အောင်မြင်မှု သတင်းစကားအား မကြားလိုက်ရပေ။ ထိုအစား နယ်စပ်၌ သူ၏ ဖခင်မှာ အတွက်မှားပြီး ကျားစားခံလိုက်ရသလို ရှုံးနိမ့်ခဲ့ကာ မြို့တော်၌ လူပြောစရာသာ ဖြစ်ခဲ့ရသည်။
သူငယ်စဉ်ကတည်းက လေးစားခဲ့ရသည့် သူ၏အဘိုးကိုယ်တိုင် ပထမဆုံးအကြိမ် နှိမ့်ချကာ ၀မ်ကလန်နှင့် ထိုကိစ္စအား ညှိနှိုင်းခဲ့ရသည်။
ယောင်ဖုန်း ထိုသတင်းအား ကြားရချိန်၌ သွေးအန်လုလုပင်။
ယောင်ကလန်မှာ လက်ရှိအချိန်၌ ချီဘုရင်၏ အကာအကွယ်ကြောင့် တန်ခိုးထွန်းပြောင်နေချိန်ဖြစ်ပြီး ထိုသို့သော အရှက်ရမှုအား ကြုံခဲ့ရခြင်း မရှိချေ။
ထို့ထက်ပို၍ အဖြစ်အပျက်များက ထိုနေရာ၌သာ ရပ်တန့်မသွားပေ။ မကြာမီ သူ၏ ဖခင်မှ ခြံ၀င်းတံခါးအား ပိတ်ထားရန် အမိန့်ထုတ်လိုက်လေသည်။ ဧည့်သည်အ၀င်လည်း လက်မခံတော့ပဲ လူမြင်ကွင်းမှ ပုန်းရှောင်နေတော့သည်။
ဆယ်ရက်ခန့် မိမိကိုယ်ကို ချုပ်တီးနေရပြီးနောက် ယောင်ဖုန်း၏ သည်းခံနိုင်မှု ကုန်ဆုံးသွားလေပြီ။
“ ငါ သည်းမခံနိုင်တော့ဘူး.. အဖေနဲ့ စကားပြောမှ ဖြစ်တော့မယ်.. ငါတို့ ယောင်ကလန်က အခုလိုမျိုး အရှက်ခွဲခံရတာကို နှိမ့်ချနေစရာလား.. ”
ထို့ကြောင့် ယောင်ဖုန်း အခန်းထဲမှ ထွက်ကာ သူ့ဖခင်၏ စာကြည့်ခန်းသို့ ဦးတည်လိုက်သည်။ ၀မ်ကလန်နှင့် ပက်သက်၍ ရှေ့ဆက်ရန် သူ၏ ဖခင်ဖြစ်သူနှင့် ဆွေးနွေးသင့်ပြီဟု ယောင်ဖုန်း တွေးမိသည်။
“ အရှင်... ၀မ်ကလန်က ၀မ်ချောင်ဟာ သလင်းပြာစံအိမ်မှာ ထွက်ပေါ်လာတယ်လို့ ကျုပ်အခုပဲ သတင်းရလိုက်ပါတယ်.. ”
ယောင်ဖုန်း သူ့ဖခင်၏ စာကြည့်ခန်းအနီးသို့ ရောက်ချိန်၌ ရင်းနှီးသည့်အသံအား ကြားလိုက်ရသည်။
“ ဒါ ကိုယ်ရံတော်ကျိုးပဲ... ”
ယောင်ဖုန်း ခြေလှမ်းများ ရပ်တန့်သွားသည်။ ကိုယ်ရံတော်ကျိုးမှာ သူ့ဖခင်၏ လူယုံဖြစ်ပြီး မြို့တော်တစ်ခုလုံးမှ သတင်းများ စုဆောင်းခြင်း၌ တာ၀န်ရှိသူဖြစ်သည်။ ထိုသူ၏ နှုတ်မှ ၀မ်ချောင်၏ သတင်းအား ကြားရလိမ့်မည်ဟု ယောင်ဖုန်း ထင်မထားပေ။
၀မ်ချောင်နှင့် ပက်သက်သည့် သတင်းအား ကြားရချိန်မှ ယောင်ဖုန်း သက်ပြင်းချလိုက်သည်။
“ မပြောနဲ့တော့.. အဖေက ဒီအချိန်မှာ ငါတို့ယောင်ကလန်ကို ၀မ်ကလန်နဲ့ သွားမရှုပ်ဖို့ မှာထားတယ်.. အခုချိန်မှာ ၀မ်ကလန်နဲ့ ပက်သက်တာတွေ ငါ့ကို အစီရင်ခံစရာမလိုဘူး.... ”
စာကြည့်ခန်းအတွင်းမှ သူ့ဖခင်၏ မောပန်းနေသည့် အသံအား ကြားလိုက်ရသည်။
“ ဟုတ်ကဲ့ပါ..... ”
ကိုယ်ရံတော်ကျိုး တိတ်ဆိတ်သွားကာ ခေါင်းငြိမ့်လိုက်သည်။
တံခါး၀၌ ရပ်နေရင်း ယောင်ဖုန်း၏ အမူအရာက ဖြူလျော့သွားသည်။ အကယ်၌ သူသာ ပက်ပင်းကြုံရသည် မဟုတ်လျှင် သူ၏ ဉာဏ်ပညာကြီးမားပြီး တည်ငြိမ်ကာ ယုံကြည်ချက်မြင့်မားသည့် မည်သည့်ကိစ္စမဆို ဖြေရှင်းနိုင်သည့် သူ၏ ဖခင်ဖြစ်သည်ဟု ယုံကြည်နိုင်မည် မဟုတ်ချေ။
ထိုသို့ ပြုမူနေရခြင်း၏ နောက်ကွယ်မှ အကြောင်းပြချက်အား ယောင်ဖုန်း နားလည်ပေသည်။
နယ်စပ်မှ တိုက်ပွဲအရ သူ၏ဖခင်မှ တစ်ဖက်သတ် ရှုံးနိမ့်ခဲ့ရသည်။ ၀မ်ချောင်၏ ဖခင်အပေါ် မြင့်မြင့်မားမား မျှော်မှန်းထားခြင်းမရှိသည့်တိုင် ဤတစ်ကြိမ်၌ သူ၏ ဖခင်မှာ သူကျွမ်းကျင်သည့် နယ်ပယ်ဖြစ်သည့် အကွက်ချခြင်း၌ လုံး၀ ရှုံးနိမ့်ခဲ့ရသည်။
ဤဖြစ်ရပ်ကြောင့် သူ၏ ဖခင်မှာ ထိုအကြောင်းအရာအား အပြင်သို့ ပေါက်ကြားစေခြင်းမရှိစေရန် တင်းကြပ်ထားခဲ့သည်။ ထိုကြံစည်မှုအား ၀မ်ကလန်အနေဖြင့် ကြိုတင်သိရှိနေရန် မဖြစ်နိုင်သောကြောင့် ထိုအချက်သည်ပင် သူ၏ဖခင်အား ပို၍ ထိုးနှက်ခဲ့လေသည်။
အကယ်၍ သူ၏ ဖခင်သာ ၀မ်ကလန်၏ နောက်ကွယ်မှ ကူညီနေသည့်သူနှင့် မည်သည့်အတွက်ကြောင့် ရှုံးနိမ့်ခဲ့သည်အား မဖော်ထုတ်နိုင်ပါက ဤထိုးနှက်ချက်မှ ပြန်လည် ရုန်းထနိုင်တော့မည် မဟုတ်ပေ။
“ ၀မ်ယန်.. ကျုပ်က ခင်ဗျားကြီးနဲ့ ခင်ဗျားရဲ့ သားကြီးနှစ်ယောက်ကို ဘာမှ မလုပ်နိုင်ဘူးဆိုရင်တောင်မှ ခင်ဗျားရဲ့ သားအငယ်ဆုံး ကိုတော့ ကိုင်တွယ်နိုင်သေးတယ်ကွ.... ”
ယောင်ဖုန်း ၀မ်ချောင်မှ ကြိုးကြာပျံဝဲစံအိမ်၌ သူ့အား ယောင်ကိုင်းနေအောင် ဆော်လွှတ်လိုက်ခြင်းအား ပြန်တွေးမိသော် ၀မ်ချောင်အပေါ် ပို၍ပင် မိစ္ဆရိယစိတ် တိုးပွားလာခဲ့သည်။
သူ၏ အဘိုးဖြစ်သူမှ သူတို့၏ အပြုအမူအား ထိန်းချုပ်၍ ခြံ၀င်းတစ်ခုလုံးအား ပိတ်ဆို့ထားစေခဲ့သည်။ လူအိုကြီး၏ ရည်ရွယ်ချက်မှာ ဤအချိန်အတွင်း ၀မ်ကလန်နှင့် ပြဿနာမဖြစ်လိုမှန်း သိသာပေသည်။ ဤကာလ၌ ၀မ်ချောင်အပေါ် ထောင်ခြောက်ဆင်ခြင်းက အသိဉာဏ်ရှိသည့်လုပ်ရပ် မဟုတ်မှန်း ယောင်ဖုန်း နားလည်ပေသည်။
သို့သော် မည်သည့်အတွက်ကြောင့် ၀မ်ချောင်နှင့်သူ ထိပ်တိုက်ရင်ဆိုင်ရမည်နည်း။
ထိုသို့တွေးမိသည်နှင့် ယောင်ဖုန်း အေးစက်စက်လှောင်လိုက်သည်။ နောက်လှည့်ကာ ယောင်ကလန်မှ ထွက်သွားလိုက်၏။ တာ၀န်များအား လျှို့ဝှက်ကာ အပြီးသတ်နိုင်သည့် လုပ်ကြံသတ်ဖြတ်သူများရှိရာ နေရာတစ်ခုအား သူ သိထားပေသည်။
.............
တူညီသောနေ့၏ နေ့လည်ခင်း၌ ကျောက်ဖုန်းချန်မှ ၀မ်ချောင်ထံသို့ ရွှေတုံး ၃၅၀၀ လွဲပြောင်းပေးခဲ့သည်။ ပို့ဆောင်ပြီးနောက် ဦးလေးလီလင်းမှ ၀မ်ချောင်အား ထပ်ကာ ထပ်ကာ ကျေးဇူးတင်စကား ဆိုနေခဲ့လေသည်။
ဦးလေးလီလင်းမှာ ဤအချိန်၌ ၀မ်ချောင်အား အလွန်အမင်း သဘောကျနေမိသည်။
၀မ်ချောင် ရွှေတုံး ၃၅၀၀၀ လုံးအား သူ့အတွက်သာ မသိမ်းထားပဲ တစ်၀က်အား သူ့ဦးလေးထံ ပြန်ပေးအပ်လိုက်ပြီး သူ့အစား ထိန်းသိမ်းထားပေးရန် အပ်နှံလိုက်သည်။
တစ်ဖက်မှ မလိုလားအပ်သည့် အာရုံစိုက်ခံရခြင်းမှ ကာကွယ်ရန် သူ့အစား ဦးလေးလီလင်းမှနေ၍ လုပ်ဆောင်စေလိုသည့် ကိစ္စရပ်များ ရှိသောကြောင့်ဖြစ်သည်။
ဦးလေးလီလင်းမှ ၀မ်ချောင်၏ တောင်းဆိုချက်အား ငြင်းပယ်ခြင်း မရှိသည်မှာ သဘာ၀ကျပေသည်။
“ ချောင်အာ.. အခုဆိုရင် မင်းမှာ ၀မ်ကလန်တောင်မှ မမှီနိုင်လောက်တဲ့ ချမ်းသာကြွယ်ဝြခင်းတွေ ရှိနေပြီ.. ဒါတွေကို ဘယ်လိုအသုံးပြုမယ်လို့ စဉ်းစားထားလဲ.. ပြီးတော့ ၀မ်မိသားစုခြံ၀င်းမှာ ဆက်နေတာ မင်းအတွက် နေရမခက်ဘူးလား.. မရည်ရွယ်ထားတဲ့ ပြဿနာတွေ ပေါ်လာနိုင်တယ်နော်... တစ်နေရာရာကို ပြောင်းနေဖို့ စဉ်းစားထားတာ ပိုကောင်းမယ်.. ”
မြင်းလှည်းထဲ၌ ဦးလေးလီလင်းမှ ရုတ်တရက် ထိုကိစ္စအား ပြောဆိုလိုက်သည်။ သူက အရူးမဟုတ်ပေရာ ၀မ်ချောင်၌ ပြောပြ၍ မဖြစ်နိုင်သည့် အရာများစွာ ရှိကြောင်း နားလည်ပေသည်။ မည်သို့ဆိုစေ ထိုလျှို့ဝှက်ချက်များက ၀မ်ကလန်အတွက် ကျိန်စာဆိုးမဟုတ်ပဲ ကောင်းချီးပေးခြင်းသာ ဖြစ်ပေရာ ထိုအတွက် သူ လျစ်လျူရှုထားနိုင်ပေသည်။
ထို့အပြင် လီလင်းက သူ၏တူလေးမှာ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားကြောင်း မြင်နိုင်သည်။ ဤကလေး လုပ်ဆောင်မည့် ကိစ္စများက ကြီးကျယ်သည်ထက် ကြီးကျယ်လာရန်သာ ရှိသည်။
သူ၏ အတွေ့အကြုံများအရ လီလင်းက ၀မ်ချောင် ပြဿနာတက်လာနိုင်သည်များအား ခန့်မှန်းမိသည်။ ၀မ်ချောင် ကိုယ်တိုင် ထိုအရာများအား သတိမထားမိသော်လည်း လီလင်းမှာတော့ သတိထားမိသည်။
ဥပမာအားဖြင့် ကျိုးအမတ်ကြီး၏ မျိုးဆက်များမှာ သူတို့၏ လာဘ်စားမှု ကင်းဝေးခြင်းအပေါ် ဂုဏ်ယူကြပြီး ၀မ်ချောင်၏ ရုတ်ချည်း ကြွယ်ဝလာမှုက ကောလာဟလများအား ဖြစ်ပေါ်စေနိုင်၏။ ၀မ်ချောင်၏ ငွေကြေးများက ခိုင်လုံသည့် ရင်းမြစ်များမှ လာသည် ဖြစ်သည့်တိုင် ၀မ်ကလန်အတွက် မလိုလားအပ်သည့်အရာများအား ဖြစ်လာစေနိုင်သည်။
ထိုအချက်များအတွက် ဆုံးဖြတ်ချက်တစ်ခုချရန် လိုအပ်ပေသည်။
“ ကောင်းသားပဲ.... ဦးလေး ကျုပ်ဒီကိစ္စကို ဦးလေး လက်ထဲပဲ လွဲထားလိုက်တော့မယ်... ”
၀မ်ချောင် ပြောလိုက်သည်။ အမှန်အားဖြင့် သူသည်လည်း ထိုကိစ္စအား တွေးတောထားပြီးဖြစ်လေသည်။ ခြံ၀င်းအတွင်း ဆက်လက်နေထိုင်ခြင်းက သူ၏ အကြံအစည်များအား အကောင်အထည်ဖော်ရန် အဆင်မပြေ ဖြစ်မည်က များသည်။ ထို့အပြင် သူ၏ ဦးလေးပြောသည့်အတိုင်း သူသာ ကောင်းစွာ ကိုင်တွယ်နိုင်ခြင်းမရှိလျှင် သူ့ကလန်အား ထိခိုက်စေပေလိမ့်မည်။
အခြားအရာများအား လျစ်လျူရှု၍ ရနိုင်သော်လည်း ဤရွှေတုံး ၃၅၀၀၀ မှာ အခြားသူများအတွက် သွားရည်ယိုနိုင်လောက်သည့် ပမာဏဖြစ်ပေသည်။ ထို့ကြောင့်လည်း ဦးလေးလီလင်းအား ငွေအပ်ထားရခြင်းဖြစ်ပေသည်။
“ ပြီးတော့.. ဒီအကြောင်းတွေကို အမေ့ကို မပြောပြပါနဲ့.. ”
၀မ်ချောင် ပြောလိုက်သည်။
“ စိတ်ချပါ... ”
လီလင်း ပြုံးပြလိုက်သည်။
လီလင်းမှတော့ သူ၏ တူဖြစ်သူအား ပို၍ ပို၍ သဘောကျနေမိချေပြီ။ အကယ်၍ ၀မ်ချောင်ကြောင့်သာမဟုတ်လျှင် သူသည် အနောက်၀င်ပေါက်၏ ခေါင်းဆောင်ခွဲမှူးအဖြစ် နှစ်ပေါင်းများစွာ ရှိနေပေဦးမည်။ ထို့ကြောင့် ဆွေမျိုးအချင်းချင်း ကျေးဇူးတင်ရန် မလိုသော်လည်း ၀မ်ချောင် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လီလင်းမှာတော့ ၀မ်ချောင်အား အလုံးစုံ အသိအမှတ်ပြုထားလေပြီ။
အကယ်၍ ကလန်မှ ၀မ်ချောင်၏ လုပ်ရပ်အချို့အား သိရှိခဲ့သော် ကန့်သတ်ပြီး စောင့်ကြည့်ပေလိမ့်မည်။ သူ၏မိခင်ဖြစ်သူ ကျောက်ရှုဟွာပင်လျှင် သူ့အား စိုးရိမ်နေချေလိမ့်မည်။
ထိုသို့ဆိုသော် ၀မ်ချောင်လည်း လွတ်လပ်စွာ လုပ်ကိုင်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ၀မ်ချောင်၏ ထိုကိစ္စများအား ဦးစွာ ဖုံးကွယ်ထားရန် ဆုံးဖြတ်ချက်အား လီလင်း လက်သင့်ခံခဲ့ခြင်း ဖြစ်သည်။
“ ဒီကိစ္စကို မင်းအမေကို စောစောပြောလိုက်တာဖြစ်နေ နောက်ကျမှ ပြောတာဖြစ်စေ ဘာမှထူးခြားမှာမဟုတ်ဘူး.. ပြီးတော့ အရှင်ကျောက်ကလဲ မင်းကို စာတစ်စောင် ပေးခိုင်းလိုက်သေးတယ်.. တကယ်လို့ မင်းမှာ အချိန်ရှိရင် နန်းတွင်းစစ်တန်းလျားကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်တဲ့.. ”
လီလင်း သူ၏ လက်မောင်းအိုးအတွင်းမှ ဖိတ်ခေါ်စာတစ်စောင်အား ထုတ်ကာ ပေးလိုက်လေ၏။ ဤအရာသာ သူ လာရောက်ရခြင်း၏ ရည်ရွယ်ချက် ဖြစ်ပေတော့သည်။
လူသားဧကရာဇ်
ဘာသာပြန်သူ - Ifrit
Chapter 70.
ကျန်းမုနန်
ဖိတ်ခေါ်စာအား ၀မ်ချောင်ထံ ပေးအပ်ပြီးနောက် ဦးလေးလီလင်း ထွက်ခွာသွားခဲ့သည်။
တစ်ခဏမျှ စဉ်းစားလိုပ်ပြီး ၀မ်ချောင်မှ ကျန်ရှိသည့် ရွှေတုံး ၁၇၀၀၀ အား အမတ်မင်းဝေခြံ၀င်းသို့ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ ၀မ်ကလန်နှင့် မတူသည်က အမတ်မင်းဝေခြံ၀င်းမှာ ကျယ်ပြန့်သည့် စီးပွားရေး အဆက်အသွယ်များရှိပေသည်။ သူတို့က ဟိန္ဒူဘုန်းကြီးနှစ်ပါးကို ကူညီ၍ အိန္ဒိယသို့ ရိက္ခာများ တင်ပို့ရန်အတွက် ကောင်းစွာ အထောက်အကူပြုနိုင်ပေသည်။ ထိုသို့ တင်ပို့ရာ၌ လုပ်ငန်းဆောင်တာများနှင့် ဆုံးဖြတ်ချက်များစွာ ချရမည်ဖြစ်ရာ ၀မ်ချောင် တစ်ဦးတည်းဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
ဝေဟောင်မှာ ထိုနယ်ပယ်၌ သူ့ထက်ပို၍ နှံ့စပ်ပေသည်။
ဝြေခံ၀င်း၌ ဝေဟောင်၏ စကားသက်ရောက်မှုက မကြီးမားသည့်တိုင် ဝေကလန်၏ သခင်လေးတစ်ဦးအနေဖြင့် အခြားသူများနှင့် ကုန်စည်ဖောက်ကားခြင်းနှင့် သလင်းပြာစံအိမ်၌ ဓားရောင်းချခြင်းကဲ့သို့ သေးငယ်သည့် ကိစ္စများအား အမတ်မင်းဝေထံ တင်ပြနေရန် မလိုအပ်ချေ။
ပြီးလျှင် ၀မ်ချောင်သည်လည်း ဝေကလန်အား အလိုအပ်ကြီး မဟုတ်ပေ။ လိုအပ်သည့် ရိက္ခာများအား သူတို့၏ အဆက်အသွယ်များဖြင့် ရောင်း၀ယ်လိုခြင်းသာ ဖြစ်ပေသည်။
မြို့အနောက်ဖက်သို့ ဦးတည်သွားနေရင်း မကြာမှီ ခမ်းနားလှသေသပ်လှသည့် ဆိုင်းဘုတ်ပေါ်၌ ဝေဟူသည့် အမည်အား ရွှေရောင်စာလုံးဖြင့် ရေးထားသည့် ရှေးဟောင်းစံအိမ်တစ်ခုအား တွေ့လိုက်ရသည်။
ဤသည်မှာ အမတ်မင်းဝေ၏စံအိမ်ခြံ၀င်းသာ ဖြစ်တော့သည်။
၀မ်ချောင်နှင့် ဝေဟောင်မှာ ငယ်ပေါင်းကြီးဖော်များသာ ဖြစ်သော်ငြား အမတ်မင်းဝြေခံ၀င်းသို့ ၀မ်ချောင် လာရောက်ခဲလှသည်။ အကြောင်းပြချက်မှာတော့ ရိုးရှင်းပြီး ၀မ်ချောင်၏ဖခင် ၀မ်ယန်နှင့် ဝေဟောင်၏ဖခင် ဝေယွမ်တို့က ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိသောကြောင့်ပင်။
၀မ်ချောင်နှင့် ဝေဟောင် ငယ်စဉ်က နှစ်ဖက် မိသားစု၏ ဆက်ဆံရေးက မဆိုးရွားလှပေ။ သို့ဆိုစေ ဝေဟောင်၏ ဖခင်မှာ အမတ်မင်းဝေဟူသည့် ဂုဏ်ပုဒ်အား ရရှိပြီးချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
အမတ်မင်းဝေနှင့် ၀မ်ချောင်၏ဖခင်တို့ နှစ်ဦးစလုံးက ခေါင်းမာသည့်စရိုက်ရှိသည်။ ထို့အပြင် ယခင်က အမတ်မင်းဝေမှာ တော်၀င်ရုံးတော်၌ ၀မ်ချောင်၏ ဦးကြီး၀မ်ကျန်နှင့် အတိုက်အခံရှိခဲ့လေသည်။ ထို့ကြောင့် ကလန်နှစ်ခု၏ ဆက်ဆံရေးက တစ်ဖြည်းဖြည်း သွေးအေးလာတော့သည်။
မည်သို့ဖြစ်စေ ထိုကိစ္စများကြောင့် ၀မ်ချောင်နှင့် ဝေဟောင်၏ ဆက်ဆံရေးတွင် သက်ရောက်မှု မရှိခဲ့ပဲ လူကြီးများက သူတို့ဆိုင်ရာ ဖြစ်ပျက်နေစဉ်တွင် ကလေးများမှာတော့ ကစား၍သာနေသည်။
ထို့ကြောင့် ၀မ်ချောင်အနေဖြင့် အမတ်မင်းဝြေခံ၀င်းသို့ အလည်လာသည်က ရှားပါးပေသည်။
အမတ်မင်းဝေ၏ ခံယူချက်မှာ ၀မ်ချောင်၏ဖခင်နှင့် မတူညီပေ။ ၀မ်ယန်မှာ အမတ်မင်းဝေနှင့် ဆက်ဆံရေး ဆိုးဝါးနေသည့်တိုင် ဝေဟောင် မိမိစံအိမ်သို့ အလည်လာသည်အား ကြိုဆိုလျက်သာ။
၀မ်ချောင်၏မိခင်ဖြစ်သူမှာလည်း ဝေကလေးဟု တတွင်တွင်ခေါ်ကာ သူ့အတွက် မုန့်များပင် ပြင်ပေးသေးသည်။
၀မ်ကလန်၌ လူကြီးများ၏ ကိစ္စရပ်များက လူငယ်မျိုးဆက်များအပေါ် သက်ရောက်စေခြင်း မရှိပေ။
သို့သော် အမတ်မင်းဝေမှာတော့ မတူညီချေ။ သူက ကလန်တစ်ခုလုံးအား တစ်သားတည်းသာ ရှုမြင်သည်။ ၀မ်ချောင်၏ဖခင် ၀မ်ယန်အား သူ သဘောမကျသည့်အလျောက် ၀မ်ချောင်အပေါ်၌လည်း အမြင်မကြည်ပေ။
ထို့ကြောင့် ၀မ်ချောင်၏ အဓမ္မမှုသတင်း ပျံ့နှံ့လာချိန်၌ ဝေဟောင်အား တစ်ပတ်တိတိ အကျယ်ချုပ်ထားခြင်း ဖြစ်ပေသည်။
မည်သို့ဆိုစေ ၀မ်ချောင်အတွက်တော့ ထိုအရာက မျက်စိထဲထည့်စရာ မဟုတ်။ ဝေဟောင် လာဘ်ထိုးသည့် အစောင့်အား မြင်သည်နှင့် စာတစ်စောင် ထည့်ပေးလိုက်သည်။ မကြာမှီ ဝေဟောင် ရောက်ချလာခဲ့သည်။
“ ၀မ်ချောင်.. မင်းဘယ်လိုလုပ် ဒီရောက်လာတာလဲ.... ”
ဝေဟောင် အလျင်အမြန် ပြေးထွက်လာခဲ့သည်။ မျက်နှာ၌ အံ့အားသင့်နေခြင်းကို အတိုင်းသား မြင်နေရသည်။ ယခင်က ၀မ်ချောင်သူ့အား တွေ့ချင်သည့် အချိန်တိုင်း နတ်ဘုရားရှစ်ပါးစံအိမ်သို့သာ လာရောက်လေ့ရှိပြီး သူ၏အိမ်သို့ ရောက်ချလာသည်က ရှားပါးပေသည်။
ဆိုရလျှင် အမတ်မင်းဝေစံအိမ်သို့ တစ်ခေါက်ပင် မရောက်ဖူးဟု ပြောပါက ပိုမှန်ပေလိမ့်မည်။
“ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့... မြန်မြန် မြင်းလှည်းထဲကိုလာ.. ငါမင်းကို အကူအညီတစ်ချို့တောင်းစရာ ရှိတယ်.. ”
၀မ်ချောင် ပြုံးကာ လက်ယပ်ခေါ်လိုက်သည်။
“ ဟားဟား.. မင်းအချိန်ကိုက်ရောက်လာတာပဲ.. ငါမင်းကို ပြောပြစရာရှိတယ်.. ”
ဝေဟောင်ပြောလိုက်သည်။
“ အိုး...... ”
၀မ်ချောင် အံ့သြသွားခဲ့သည်။
ငယ်ပေါင်းနှစ်ယောက် မြင်းလှည်းထဲ ရောက်သည်နှင့် တံခါးပိတ်လိုက်ကာ မကြာမှီ မြင်းလှည်းမှာလည်း အဝေးတစ်နေရာသို့ ထွက်ခွာသွားခဲ့သည်။
“ ၀မ်ချောင်.. မင်းတစ်ခါပြောဖူးတဲ့ ကျန်းမုနန်(ယခင်က ကျန်းမူနျန်ဟုရေးခဲ့သည်)ဆိုတဲ့ လူကို ရှာပေးဖို့ ပြောတာ မှတ်မိသေးလား.. မင်းသူ့ကို ရှာရတဲ့ အကြောင်းရင်းကိုတော့ အရင်ပြောပြရမယ်.. ”
မြင်းလှည်းအတွင်း ထိုင်ပြီးသည်နှင့် ၀မ်ချောင်ထက်အရင် စကားစလိုက်ကာ စပ်စုလိုသည့်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ မင်းသူ့ကို တွေ့ပြီလား..... ”
၀မ်ချောင်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။ ပြုံးနေသည့် သူ၏ ဟန်မူရာက တည်ကြည်သည့်ဟန်သို့ ပြောင်းလဲသွားတော့သည်။
ကျန်းမုနန်မှာ သူ၏ အကြံအစည်၌ အရေးကြီးသည့်နေရာမှ ပါ၀င်ပေသည်။ ထိုကိစ္စက ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ကောင်းကင်ပျက်သုန်းအနုပညာအား ရရှိနိုင်ရန်ထက် ပိုအရေးပါသည်။
၀မ်ချောင်မှာ ကျန်းမုနန်နှင့် ပက်သက်သည့်ကိစ္စရပ်များအား ဝေဟောင်ထံ လွဲပေးထားသော်လည်း အချိန်နှင့်အမျှ ထိုကိစ္စအပေါ် သူ စိတ်ပူနေဆဲပင်။
“ ဟုတ်တယ်.. ငါတွေ့ပြီ... ”
ဝေဟောင် ခေါင်းငြိမ့်လိုက်သည်။
၀မ်ချောင်နှင့်သူက အတူကြီးပြင်းခဲ့ကြသည်ဖြစ်သည့် အားလျော်စွာ ၀မ်ချောင်အကြောင်း မည်သူမျှ သူ့ထက် ပိုမသိနိုင်ချေ။ ၀မ်ချောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းကို ချက်ချင်း သတိထားမိလိုက်သည်။
မည်သို့ဆိုစေ ၀မ်ချောင်မှ ထိုသေးနုတ်သည့် ကျန်းမုနန်အကြောင်း စိတ်၀င်စားနေခြင်းကိုတော့ နားမလည်ချေ။
“ ဒါပေမဲ့.. ငါမင်းကိုတစ်ခုတော့ ကြိုပြောထားရမယ်.. ငါသူ့ကို အမှုထမ်းစာရင်းမှာ ရှာတွေ့ခဲ့တာမဟုတ်ဘူး... ပိုဆိုးတယ်.. ငါသူ့ကို သေမိန့်ပေးစာရင်းထဲမှာ တွေ့ခဲ့တာ.. ”
ဝေဟောင်ပြောလိုက်သည်။
“ သေမိန့်စာရင်းဟုတ်လား....... ”
၀မ်ချောင်ဆွံအသွားခဲ့သည်။
“ ဟုတ်တယ်... အဲ့လိုမှ မဟုတ်ရင် အဲ့လူကိုရှာဖို့ ငါအချိန် ဒီလောက်ထိပေးဖို့လိုပါ့မလား.. ငါသာ နာမည်စာရင်းအားလုံးကို တစ်ခုမကျန် အသေးစိတ် မစစ်ဆေးခဲ့ရင် ဒီလူကို ရှာတွေ့မှာ မဟုတ်ဘူး.. ဒီမှာ အဲ့လူနာမည်ပါတဲ့စာရင်း ငါကူးထားပေးတယ်.. ကြည့်လိုက်ဦး.... ”
ဝေဟောင် စာလိပ်တစ်ခုအား အင်္ကျီတွင်းမှ ထုတ်ပြီး ပေးလိုက်သည်။ အဝါရောင်သားရေဖြင့် ဖုံးအုပ်ထားပြီး ထိုအရာအား ရယူရန် အတော်အားထုတ်ထားမှန်းသိနိုင်သည်။
ပုံမှန်အားဖြင့် ဝေဟောင်က ထိုကိစ္စများအား စိတ်၀င်စားသူမဟုတ်ချေ။ သူစိတ်၀င်စားသည်က သိုင်းပညာသာဖြစ်ကာ ၀မ်ချောင်၏ တောင်းဆိုမှုကြောင့် အစွမ်းကုန် ကြိုးစားထားခြင်းသာ ဖြစ်ပေသည်။
“ ၀မ်ချောင် မင်းလုပ်မဲ့ကိစ္စကို ငါက ၀င်မစွက်ဖက်ချင်ပေမဲ့ ဒီလူကတော့ အတော်ထူးခြားတယ်.. အရေးမပါတဲ့ အမှုထမ်းပဲဖြစ်တာတောင် ရွှေတုံး နှစ်ထောင်ကျော် ဖြတ်စားရဲတယ်.. သူ့နည်းလမ်းက မသိသာလွန်းဘူးလား.. တော်၀င်ရုံးတော်က ဖမ်းဆီးထားတဲ့ သူ့လိုလူမျိုးကို ကိုင်တွယ်ဖို့ မင်းအတော် သတိထားမှ တော်ရာကျမယ်.. ”
“ ပြီးတော့.. ဒီလူက သူကျူးလွန်ခဲ့တဲ့အပြစ်ကို တရားစီရင်ရေဌာနကို ဖြောင့်ချက်ပေးထားပြီးပြီ.. သူ့ကို လာမယ့် ဆောင်းဦးမှာ သတ်မိန့် ပေးထားတယ်.. တကယ်လို့ တစ်ယောက်ယောက်သာ ဒီစာရင်းထဲ ပါနေရင် ငါ့အဖေရဲ့အမတ်မင်း ရာထူးနဲ့တောင်မှ သူ့ကို ကယ်လို့ရမှာ မဟုတ်ဘူး... မင်းဘာလို့ သူ့ကို ရှာနေမှန်း ငါမသိပေမဲ့.. ၀မ်ချောင် ငါ့စကားကိုနားထောင်ပြီး ဒီကိစ္စကို လက်ရှောင်လိုက်ပါ... ”
“ ဘယ်သူကမှ အကြောင်းရင်းမရှိပဲ သေမိန့်မကျဘူး.. တော်၀င်ရုံးတော်မှာ ဒီလိုလူမျိုးတွေကို စံပြအဖြတ် သတ်မိန့်ပေးလေ့ရှိတယ်.. ဒီလိုလူနဲ့ အဆက်အဆံလုပ်တာက မင်းအတွက်ရော မင်းရဲ့ ကလန်အတွက်ပါ ကောင်းကျိုး မရှိဘူးနော်... ”
၀မ်ချောင် ရှာဖွေနေသည့်သူမှာ သေမိန့်ချထားပြီးသားဖြစ်နေမည်ဟု ဝေဟောင်ထင်မထားခဲ့ချေ။ သူ့အတွက်သူ စိတ်မပူလျှင်တောင်မှ ၀မ်ကလန်၏ ဂုဏ်သတင်းမှာ အထိခိုက်ခံ၍ မရပဲ ကျိုးအမတ်ကြီးမှာ ကောင်းသတင်းနှင့် ကျော်ဇောသူဖြစ်သည် မဟုတ်လား။
အကယ်၍ ၀မ်ချောင်မှ ထိုကိစ္စထဲ ၀င်ပါခဲ့ပါက ၀မ်ကလန်အား အခြားသူများ တိုက်ခိုက်ရန် လမ်းစပွင့်သွားမည်ကိုသာ ဝေဟောင် စိုးရိပ်နေခြင်းဖြစ်သည်။
ဝေဟောင်သည် ငယ်စဉ်ကပင် မတူညီသည့်အုပ်စုများ၏ နိုင်ငံရေးလှည့်ကွက်များအား မျက်မြင်ခဲ့သူဖြစ်ရာ ဤကိစ္စ မည်မျှထိ ဖြစ်သွားနိုင်ကြောင်း ကောင်းစွာ နားလည်ထားသည်။
သစ်ပင်ကြီးလေ မုန်တိုင်းဒဏ်ခံရလေပင်။ ၀မ်ကလန်၏ အရွယ်အစားအရ ရန်သူများစွာ ရှိနှင့်ပြီးဖြစ်သည်။ ၀မ်ချောင်မှ သေမိန့်ကျသူ တစ်ယောက်၏ အရေးကိစ္စအား ၀င်ရောက်စွက်ဖက်သည်က မည်သို့မှ မကောင်းနိုင်ချေ။
တည်ကြည်သည့် အမူအရာနှင့် ၀မ်ချောင် မည်သည့်စကားမှ မဆိုပေ။ စာလိပ်အား ဖြန့်လိုက်ပြီး ကျန်းမုနန်၏ နာမည်အား ဂရုတစိုက်ရှာဖွေလိုက်သည်။ မဟာထန်မင်းဆက်မှာ လက်ရှိအချိန်၌ ကြွယ်၀ချမ်းသာလေသည်။ ထို့ကြောင့် မြို့တော်၏ တရားစီရင်ခြင်းမှာ အလွန်အသေးစိတ်သည်။ သတင်းအချက်အလက်အားလုံးအား ထပ်ကာထပ်ကာ စစ်ဆေးပြီးမှသာ တရားစီရင်ရေးဌာနက သေမိန့်အား တံဆိပ်နှိပ်ခြင်းဖြစ်လေသည်။ ထို့ကြောင့် ကျန်းမုနန်၏ မှတ်တမ်းမှာ အလွန် အသေးစိတ်ကျလှသည်။
“ ကြည့်ရတာ သူက ဒီနှစ်ဆိုရင် အသက် ငါးဆယ့်လေးနှစ်ရှိပြီပဲ... ”
စာလိပ်ပေါ်မှ သတင်းအချက်အလက်များအရ ကျန်းမုနန်မှာ သူထင်ထားသည်ထက် အရွယ်ကြီးရင့်မှန်း သတိထားမိလိုက်သည်။ သူ၏ ဇရာကျချိန်သို့ပင် ရောက်လုချေပြီ။
စာလိပ်ထဲ၌ ပြည်သူ့ဘဏ္ဍာ ရွှေတုံး နှစ်ထောင်ကျော်အား ခိုးယူခဲ့ကြောင်း သက်သေပင် ပါရှိသည်။ ထိုသူ၏ နိမ့်ကျသော ရာထူးအရ ထိုမျှသော ငွေပမာဏအား ခိုးယူရဲခြင်းက သြချလောက်စရာဖြစ်ပြီး ထိုအတွက်ကြောင့် သေမိန့်ချခံရခြင်းလည်း ဖြစ်ပေသည်။
မည်သို့ဆိုစေ စာလိပ်ထဲ၌ မည်သည့် မျက်မြင်သက်သေကိုမှ ဖော်ပြထားခြင်းမရှိပေ။ ရွှေတုံးနှစ်ထောင်ဆိုသည့် ပမာဏမှာ များလှပေသည်။ အိမ်ထောင်စု ဆယ်ခုခန့်အား တစ်သက်သာ ဖူလုံအောင် ထောက်ပံ့ပေး၍ ရနိုင်သည်။
ကျန်းမုနန်မှာ မြောက်မြားလှစွာသောငွေအား ခိုးယူခဲ့သည့်တိုင် သူ၏နေအိမ်၌ မည်သည့် ရွှေတုံး ငွေတုံးကိုမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။ သူသည် ရိုးရှင်းစွာသာ ၀တ်ဆင်ပြီး နှိမ့်ချနေထိုင်ကာ အခြား လုပ်ဖော်ကိုင်ဖက်များနှင့် ထူးမခြားနားပင်။
ပြီးလျှင် ထိုသူ၏ နေအိမ်အား ၀င်ရောက်စီးနင်းသည့်အခါမှသာ ထိုသူနေထိုင်သည့်အိမ်မှာ ရွံအိမ်အိုလေးဖြစ်ကြောင်း သိလိုက်ကြရသည်။ ထမင်းအိုးတစ်လုံး အ၀တ်နှစ်စုံ အိပ်ရာတစ်ခုမှလွဲ၍ မည်သည့်အရာမှ ရှိမနေပေ။
တရားစီရင်ရေးဌာနမှ အမှုထမ်းများက မြေအောက် သုံးပေအထိ တူးဖော်ခဲ့သည့်တိုင် မည်သည့်အရာကိုမှ တွေ့ရှိခဲ့ခြင်းမရှိပဲ ရွှေတုံးနှစ်သောင်းမှာ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။ ထိုငွေများအား မည်သည့်နေရာ၌ သိုဝှက်ထားသည်ကို မည်သူမှမသိရှိချေ။
ထိုဖြစ်ရပ်က တရားစီရင်ရေးဌာနအား ဦးနှောက်ခြောက်စေသော်လည်း ကျန်းမုနန်မှ ထိုကိစ္စအား ၀န်ခံခဲ့ပြီး အခြားသူများအား သတိပေးရန်အတွက် သေမိန့်ချခဲ့ခြင်း ဖြစ်ပေသည်။
စာလိပ်ပါ အကြောင်းအရာများအား ဖတ်ရှုပြီးနောက် ၀မ်ချောင် နားလည်သွားခဲ့သည်။ ကျန်းမုနန်အပေါ် သူ၏ အမြင်က ပြောင်းလဲသွားခြင်းမရှိပဲ ထိုအစား ကျိန်းသေပေါက် ကယ်တင်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
မည်သို့ဆိုစေ ဝေဟောင်၏ စကားများက မှန်ကန်ပေသည်။ ကျန်းမုနန်၏ အခြေအနေမှာ သတ်မှတ်ထားပြီးဖြစ်ပြီး သေခြင်းအား ရှောင်လွဲရန် မဖြစ်နိုင်ချေ။ ဝေကလန်ဖြစ်စေ ၀မ်ကလန်ဖြစ်စေ ထိုသူအား သေမိန့်မှ လွတ်မြောက်စေရန် မတတ်နိုင်ပေ။
သို့သော် ၀မ်ချောင်မှာတော့ မျှော်လင့်ချက်ရောင်ခြည် အမျှင်တန်းလေး ရှိသေးကြောင်း သိထားသည်။
“ ကြည့်ရသလောက် စုန့်ဘုရင်ကိုပဲ အပူကပ်ရတော့မှာပဲ...”
၀မ်ချောင်၏ စိတ်တွင်း၌ လူတစ်ယောက် ပေါ်လာခဲ့သည်။
တော်၀င်မိသားစု၀င်အနေဖြင့် စုန့်ဘုရင်၏ နှုတ်ထွက်စကားက တော်၀င်ရုံးတော်၌ အာဏာစက်ပြင်းထန်သည်။ ထိုအရာအား ၀မ်ချောင်၏ဖခင် ၀မ်ယန်၊ ဦးကြီး ၀မ်ကျန်နှင့် ဝေဟောင်၏ဖခင် ၀မ်ယွမ်တို့ တုယှဉ်နိုင်သည့်အရာ မဟုတ်ချေ။
ပို၍ အရေးပါသည်က စုန့်ဘုရင်မှာ တရားစီရင်ရေးဌာအပေါ် လွှမ်းမိုးမှု ကြီးမားကြောင်း ၀မ်ချောင် သိထား၍ ဖြစ်သည်။ ၀မ်ချောင်အနေဖြင့် သူ့အား ဤကိစ္စထဲ ဆွဲထည့်လိုက်ပါက ပိုမို အဆင်ပြေမည်ကို သိထားသည်။
“ ဝေဟောင်... မင်းဒီကိစ္စကို စိတ်ပူနေဖို့ မလိုပါဘူး.. ဘာလုပ်ရမလဲ ငါသိပြီးသားပါ... ”
၀မ်ချောင် ကျန်းမုနန်၏မှတ်တမ်း စာလိပ်အား သိမ်းဆည်းလိုက်သည်။
“ ဟုတ်ပါပြီ.. ”
ဝေဟောင် ခေါင်းငြိမ့်လိုက်သည်။ ၀မ်ချောင်အနေဖြင့် ကျန်းမုနန်၏ ကိစ္စရပ်အား လက်လျော့သွားကြောင့် ဝေဟောင် စိတ်သက်သာရာ ရသွားပြီး...
“ ဟုတ်သားပဲ... မင်းဘာလို့ ငါ့ကိုလာရှာတာလဲ.. ”
ဝေဟောင်မေးသည့်အခါမှ ၀မ်ချောင် ရယ်လိုက်ကာ...
“ ဝေကလေး.. ငါ ဒီကိစ္စကို လုံး၀မပြောချင်ပေမဲ့ မင်းရိုက်ခံလာရပြန်ပြီ မဟုတ်လား... မင်းအစ်ကိုငါက ဒါလေးတောင် သတိမထားမိဘူး ထင်နေတာလား... ”
၀မ်ချောင် ပြုံးလိုက်ကာ ဝေဟောင်၏ မျက်လုံးထောင့်ရှိ အညိုအမည်စွဲနေသည့်နေရာအား ကြည့်လိုက်သည်။ ထိုဒဏ်ရာက လတ်လတ်ဆတ်ဆတ်သာရှိသေးပြီး ဝေဟောင် မြင်းလှည်းပေါ်သို့ ရောက်စဉ်ကတည်းက ၀မ်ချောင် သတိထားမိပေသည်။ ဝေဟောင်မှ သူ၏ ဆံပင်ဖြင့် ဖုံးကွယ်လိုက်သည့်တိုင် ၀မ်ချောင်၏ မျက်လုံးအား မည်သို့ လှည့်စားနိုင်မည်နည်း။
သူ ဖုံးကွယ်ရန် ကြိုးပမ်းထားသည့်အရာ ထွက်ပေါ်သွားသည်နှင့် ဝေဟောင် မျက်နှာပျက်သွားခဲ့သည်။
“ မင်းဘာတွေ လျောက်ပြောနေတာလဲ.. ငါအပြင်ထွက်လာတုန်းက တံခါးနဲ့ တိုက်မိထားတာ... ”
ဝေဟောင်မှ ၀မ်ချောင်၏ စကားအား ဖာထေး ပြောဆိုလိုက်သည်။ မည်သို့ဆိုစေ ထိုအရာက ၀မ်ချောင်အား အူတက်အောင် ရယ်စေလေသည်။
“ ရော့.. ဒါက မင်းအတွက်ပဲ.. သေချာလေ့ကျင့်ပြီး ကောင်းကောင်း ကျင့်ကြံပါ.. ”
၀မ်ချောင် စာအုပ်တစ်အုပ်အားထုတ်ကာ ဝေဟောင်ထံ ပစ်ပေးလိုက်သည်။
“ ဒါ ဘာကြီးလဲ.. ”
ဖမ်းယူလိုက်ရင်း ဝေဟောင် သိချင်စိတ် ပြင်းပြစွာဖြင့် ဖတ်လိုက်ရာ တစ်မုဟုတ်ချင်း ထခုန်လိုက်သည်။
“ သိုင်းပညာကျင့်ကြံခြင်းနည်းစနစ်... မင်းမှာ ဘယ်လိုလုပ်ရှိနေတာလဲ... ”
ဝေဟောင် ပျော်ရွှင်နေလေသည်။ ၀မ်ချောင် သူ့အား ပေးခဲ့သည်က သိုင်းပညာကျင့်စဉ်ဖြစ်နေမည်ဟု သူ ထင်မထားခဲ့ပေ။ ၀မ်ချောင်အား လျစ်လျူရှုလိုက်ပြီး ချက်ချင်း စာအုပ်အားဖွင့်ကာ တစ်လုံးချင်း သေချာဖတ်နေတော့သည်။