အခန်း (၈၆-၉၀)
Vol. 3 Ch. 86-90
လူသားဧကရာဇ်
Chapter 86.
လေးပြည်နယ်သံရုံး
နေ့ရက်များက ကျော်လွန်လာခဲ့သည်။
၀မ်ကလန်၏ ခြံ၀င်းထဲ၌ လူရိပ်တစ်ခုမှာ ခုန်ပျံ လှုပ်ရှားနေ၏။
“ နဂါးတိမ်ပေါ်သက်ဆင်း ”
“ ရေငုပ်လျိူးနဂါး ”
“ နဂါးရေမှုတ် ”
“ နဂါးလှိုင်းလုံး ”
......
၀မ်ချောင်၏ ကိုယ်ခန္ဓာမှာ အသက်၀င်နေပြီး ပျော့ပျောင်းနေ၏။ နဂါးအရိုးလက်သီးနည်းစနစ်အား မယုံနိုင်စရာခွန်အားဖြင့် ထုတ်ဖော်နေရာ စစ်မှန်သည့် ရေလွမ်းမိုးနဂါး ကခုန်နေသည့်အလား တောင်တုများနှင့် ခြံနောက်ရှိသစ်ပင်များအကြား လှုပ်ရှားနေသည်။
ထိုအရာက ပုံမှန်လက်သီးစနစ်များထက် သာလွန်နေခဲ့ချေပြီ။ ၀မ်ချောင် အနေဖြင့် ထိုနည်းစနစ်အား အဆင့်မြင့်မြင့် ကျွမ်းကျင်နေပြီးဖြစ်ရာ သာမန်လှုပ်ရှားမှုဖြင့်ပင် လက်သီးနည်းစနစ်အား ထုတ်ဖော်နေနိုင်ပြီဖြစ်သည်။ ၀မ်မိသားစုမှ ကိုယ်ရံတော်များပင် ၀မ်ချောင်၏ လှုပ်ရှားမှု နည်းစနစ်ကြောင့် မှင်သက်နေကြသည်။
ထိုလက်သီးနည်းစနစ်အား တတိယသခင်လေး မည်သည့်နေရာမှ သင်ယူခဲ့သည်ကို မသိကြသော်လည်း မည်သူမှ ထိုအကြောင်းအရာအား စိတ်မပူကြချေ။ ၀မ်ကလန်အနေဖြင့် ထိုအရာက အချိန်တိုအတွင်း ရွှေတုံး(ရွှေစ) ခြောက်သိန်း ရှာဖွေနိုင်ခဲ့သည့် တတိယသခင်လေးနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
လူတိုင်းက သူ၏ ထူးခြားမှုများနှင့် အသားကျနေပြီ ဖြစ်လေသည်။
၀မ်ချောင်၏ လှုပ်ရှားမှုများက တဖြည်းဖြည်းနှင့် ပို၍ပို၍ မြန်ဆန်လာပြီး ပတ်၀န်းကျင်မှလေထု ဂယက်ထနေသည်မှာ ပင်လယ်တွင်း လှိုင်းလေထန်သည့်အလားပင်။ သစ်ရွက်များက တစ်ရွက်ပြီးတစ်ရွက် လေထဲ ဝေ့ယမ်းနေကာ လှိုင်းကြမ်းထဲမှ ရွက်လှေများအလား၊ လေစီးကြောင်းအတိုင်း ၀မ်ချောင်၏ နံဘေး၌ ဝဲပျံနေလေသည်။
ထိုသည်က ဒေါသလက်သီးအား ကျွမ်းကျင်မှု၏ အမှတ်သညာဖြစ်သည်။
“ အချိန်ကျပြီ ”
၀မ်ချောင်၏ စိတ်ထဲ၌ အတွေးတစ်ခု၀င်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးလှည့်ပတ်မှုက ပိုမိုမြန်ဆန်လာပြီး ယနေ့၌ မူလစွမ်းအင်အဆင့်၆သို့ တက်ရောက်နိုင်မည်ဟု ခံစားနေရသည်။
ဘန်း ဘန်း ဘန်း..
၀မ်ချောင်၏ ပတ်လည်မှ လေစီးကြောင်း ရုတ်ချည်း ပေါက်ကွဲသွားခဲ့သည်။ ဘုန်း... ၀မ်ချောင်၏ ကိုယ်ထဲ၌ မူလစွမ်းအင်များ အလုံးအရင်းနှင့် ပေါက်ကွဲထွက်လာခဲ့သည်။ အတားအဆီးတစ်ခုအား ချိုးဖျက်လိုက်သည့်နှယ် ခံစားလိုက်ရပြီးနောက် ပတ်၀န်းကျင်မှ မူလစွမ်အင်များက ၀မ်ချောင်၏ ကိုယ်တွင်းသို့ မရပ်မအား အရူးအမူး တိုး၀င်လာသည်။
ကချာ.. ကိုယ်ခန္ဓာအနှံ့မှ အရိုးကျိုးသံများ ညံစီနေသည်။ တစ်ချိန်တည်း၌ပင် မူလစွမ်းအင်အထောက်အပံ့ဖြင့် ၀မ်ချောင်၏ ကျင့်ကြံမှုမှာ မူလစွမ်းအင် အဆင့်၅မှ မူလစွမ်းအင် အဆင့်၆သို့ ချိုးဖျက်သွားခဲ့၏။
“ ဟားဟားဟား... နောက်ဆုံးတော့ ကောင်းကင်တံခါးပွင့်သွားပြီလေ.. အဆုံးမှာတော့ မူလစွမ်းအင် အဆင့် ၆ကို ငါရောက်ခဲ့ပြီ.. ”
၀မ်ချောင် ပျော်ရွှင်နေ၏။
၀မ်ချောင် အမှန်ပင် ပျော်နေပြီး ထိုသို့ပျော်ရွှင်သည်မှာလည်း ရှားပါးပေသည်။ သိုင်းပညာလမ်းကြောင်း၌ ‘ ကောင်းကင်တံခါး ’ဟု ခေါ်ဆိုသည့်အရာ ရှိလေသည်။ ကောင်းကင်တံခါးဆိုသည်မှာ ဦးခေါင်းထက်ရှိ ကောင်းကင်ပြင်အား ခေါ်ဆိုခြင်းမဟုတ်ပဲ လူသားခန္ဓာကိုယ်နှင့် ပြင်ပကမ္ဘာအကြား ချိတ်ဆက်ထားသည့် အတားအဆီးကို ဆိုလိုခြင်း ဖြစ်ပေသည်။
မူလစွမ်းအင် အဆင့်၆သို့ ရောက်ရှိသည်နှင့် ထိုအတားအဆီး ကျိုးပျက်သွားပြီး ထိုသူမှာ ပတ်၀န်းကျင်မှ မူလစွမ်းအင်များအား စုပ်ယူနိုင်ပြီ ဖြစ်သည်။
ထိုအချက်က မူလစွမ်းအင်အဆင့်၅ နှင့် မူလစွမ်းအင်အဆင့်၆ အကြားရှိ ကြီးမားသည့် ကွာခြားချက်ပင်။ ဆိုရလျှင် စဦးအဆင့် ငါးဆင့်မှာ ‘ ကောင်းကင်တံခါး ’ဖွင့်ရန် အကြိုပြင်ဆင်ခြင်းအဆင့်များဟု သတ်မှတ်နိုင်သည်။
ကျင့်ကြံသူက မူလစွမ်းအင် အဆင့်၆သို့ ရောက်ရှိခဲ့ပါက ခွန်အား၊ ခံနိုင်ရည်နှင့် အမြန်နှုန်းများ စသည်ဖြင့် လူတစ်ယောက်၏ စွမ်းအားကို အဆပေါင်းများစွာ တိုးတက်စေနိုင်သည့် လျို့ဝှက်ကျင့်စဉ်များအား စတင် ကျင့်ကြံနိုင်ပြီ ဖြစ်လေသည်။
ပမာဆိုရလျှင် အရှေ့ကျွန်းစုမှ လုပ်ကြံသူအမျိုးသမီးအသုံးပြုသည့် တစ္ဆေခြေလှမ်းကဲ့သို့သော လျင်မြန်မှုအသားပေး ကိုယ်ဖော့ကျင့်စဉ်မှာ မူလစွမ်းအင်အဆင့်၆သို့ ရောက်ရှိမှသာ ကျင့်ကြံနိုင်ပေသည်။ မူလစွမ်းအင်အဆင့်၅ဖြင့် ထိုကျင့်စဉ်အား လေ့ကျင့်အောင်မြင်ရန် မဖြစ်နိုင်ချေ။
၀မ်ချောင်အတွက် ထိုမျှသာမကပေ။ မူလစွမ်းအင်အဆင့်၆သို့ ရောက်ရှိသည်က သူ့၏ စွမ်းအားများအား ထုတ်ဖော်ရန် ပိုမိုကျယ်ပြောလာပြီဟု ဆိုရပေမည်။
သူ၏ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင်၏ စစ်သေနာပတိချုပ် ဖြစ်ခဲ့သည်ဆိုသော်လည်း ယခုအချိန်၌ သူ၏ ကျင့်ကြံခြင်းများအား ဆုံးရှုံးထားရသည်။ ထို့ကြောင့် ၀မ်ချောင် အစမှနေ၍ စတင်ရပေမည်။
ကောင်းကင်တံခါးပွင့်သည်က ၀မ်ချောင်အတွက် ကောင်းမွန်သည့်စတင်ခြင်းဖြစ်၏။
ဆိုရလျှင် ယခင်က ၀မ်ချောင်၏ ခြေလက် လေးချောင်းလုံး ချုပ်နှောင်ခံထားရသည်ဟု သတ်မှတ်ထားပါက ယခုမှာတော့ သူ၏ လက်တစ်ဖက်က လွတ်မြောက်သွားပြီဖြစ်သည်။
ဘုန်း........
၀မ်ချောင် ညာဘက်လက်သီးအား ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မယုံကြည်နိုင်လောက်သည့် အရာတစ်ခု ဖြစ်ပွားခဲ့လေသည်။ ကလစ်..ကလစ်.. ၀မ်ချောင်၏ကိုယ်တွင်းရှိ အရိုးများက ကွဲအက်သွားပြီး သူ၏ ညာဘက်လက်မှာ ရုတ်ချည်း တစ်ဆခန့် ရှည်ထွက်လာ၏။ တောင်တု၏ အောက်ခြေအား ထိုးသွင်းလိုက်ပြီး ဘန်း.. ဂျင်တစ်ရာခန့်ရှိ တောင်တုအား မတင်လိုက်သည်။
၀မ်ချောင်၏ လက်ထဲ၌ ဂျင်တစ်ရာခန့် လေးလံလှသည့်တောင်တုမှာ ကျောက်တုံးလေးတစ်တုံးကဲ့သို့ပင်။
----- ဤသည်မှာ မူလစွမ်းအင် အဆင့် ၆၏ စွမ်းအားပင် ဖြစ်လေသည်။
ဤအဆင့်သို့ ရောက်ရှိသည့်နှင့် ကျင့်ကြံသူ၏ ခွန်အားမှာ လွန်စွာ တိုးပွားလာသည်။ သာမန်လူတစ်ယောက်အနေဖြင့် ဂျင်တစ်ရာခန့်ရှိ အရာသတ္ထုအား မတင်ရန် မဖြစ်နိင်ချေ။
“ ဟီးဟီးဟီး... ကြိုးစားသမျှ အရာပေါ်လာပြီပဲ.. သခင်လေးရဲ့ ပါရမီက တကယ်ထူးချွန်လွန်းပါတယ်.. ကိုယ်တော်တို့အနေနဲ့ ပြောင်းလဲလက်သီးကို တစ်ခါနှစ်ခါ သင်ပေးလိုက်တာနဲ့ သခင်လေးက နည်းစနစ်ရဲ့နောက်ကွယ်က ဆိုလိုရင်းကို မူလစွမ်းအင် အဆင့်၆ ရောက်တာနဲ့ နားလည်နေခဲ့ပြီ..”
စင်္ကြံပေါ်မှ အဘလိုဒန်နှင့် အားလော်ဂျားတို့ ဆင်းလာခဲ့သည်။ ခေါင်းငြိမ့်နေကြပြီး သူတို့၏ မျက်နှာပေါ်၌လည်း ကျေနပ်အားရနေဟန်များ ပေါ်လွင်နေသည်။
ပြောင်းလဲလက်သီးမှာ အိန္ဒိယ၏ လျို့ဝှက်နည်းစနစ်ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်မှ သိုင်းပညာများနှင့် အလွန် ခြားနားသည်။ ထိုနည်းစနစ်အား ကျွမ်းကျင်သွားသည်နှင့် ကိုယ်ခန္ဓာက ပျော့ပျောင်းသွားမည်သာမက လက်များအား ရှည်စေတိုစေနိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ တိုက်ပွဲအလည် အရေးကြီးသည့်အချိန်၌ ထိုနည်းစနစ်က တစ်ဖက်ရန်သူအား အငိုက်မိသွားစေလိမ့်မည်။
ထိုနည်းစနစ်မှာ ၀မ်ချောင်၏ ကျင့်ကြံခြင်းအဆင့်အပေါ်မူတည်၍ လွဲပြောင်းပေးခဲ့သည့် အိန္ဒိယသိုင်းပညာဖြစ်လေသည်။ အစ၌ ထိုနည်းစနစ်အား ကျွမ်းကျင်ရန် ၀မ်ချောင် အချိန်တော်များများ ယူရလိမ့်မည်ဟု တွေးထင်ထားခဲ့ကြသော်လည်း ၀မ်ချောင်၏ ကျင့်ကြံခြင်းတိုးတက်မှုက သူတို့တွေးထင်ထားသည်ထက် ကျော်လွန်နေခဲ့လေ၏။
“ ဒါတွေက ဆရာသခင်နှစ်ပါးတို့ရဲ့ သင်ကြားပြသပေးမှုတွေကြောင့်ပါပဲ.. ”
၀မ်ချောင် လမ်းလျှောက်လာကာ အပြုံးနှင့် ပြောလိုက်သည်။
အခြားကမ္ဘာ၌ ဗောဓိဓမ္မမှာ အရှေ့အရပ်သို့ ခရီးသွား၍ သိုင်းပညာများ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် ၀မ်ချောင်သည်လည်း ဤကမ္ဘာ၌ အိန္ဒိယ၏ သိုင်းပညာအား အလွန်သိချင်စိတ် ပြင်းပြခဲ့သည်။
အိန္ဒိယမှာ အလွန်ဆိုးဝါးလှသည့် ငတ်မွတ်ခေါင်းပါး ကပ်ဘေးအား ကြုံနေရရာ သူတို့၏ သိုင်းပညာအခြေခံမှာ အလယ်ပိုင်းလွင်ပြင်ထက် များစွာ နိမ့်ကျပေသည်။ ထိုသို့ဆိုသော်လည်း အားသာသည့်အချက်များရှိပေသည်။ အိန္ဒိယ၏သိုင်းပညာများစွာထဲမှ ၀မ်ချောင်စိတ်၀င်တစား အရှိဆုံးအရာမှာ ‘ လိပ်အသက်ရှူခြင်းကျင့်စဉ် ’ ဖြစ်ပေသည်။
ဆိုကြသည်မှာ ထိုလျှို့ဝှက်ကျင့်စဉ်မှာ ဆာဒူးများ(Saddus) လေ့ကျင့်ခဲ့သည့်ကျင့်စဉ် ဖြစ်သည်ဟု ဆိုကြသည်။ ထိုကျင့်စဉ်အား ကျွမ်းကျင်သွားပါက မြေကြီးထဲ၌ အစာရေစာမရှိပဲနှင့် ဆယ်ရက်ခန့် အသက်ရှင်နေနိုင်သည်။
အလွန်ထူးခြားလှသည့် အိန္ဒိယဆာဒူးများဆိုလျှင် မြေအောက်ထဲ၌ သုံးလခန့်အထိ နေနိုင်ကြ၏။ အချို့ပညာရှင်များဆိုလျှင် မြေကြီးထဲ၌ နှစ်ပေါင်းများစွာ မလှုပ်မယှက် အလောင်းကောင်များကဲ့သို့ နေနိုင်ကြသည်ဟုပင် ဆိုလေသည်။
သူ၏ ယခင်ဘ၀၌ ထိုအိန္ဒိယလျို့ဝှက်ကျင့်စဉ်အား ၀မ်ချောင် အသေအလဲ လိုချင်ခဲ့သော်လည်း သူ့အား ကံကြမ္မာ မျက်နှာသာ မပေးသည့်အတွက် အခွင့်အရေးမရှိခဲ့ချေ။ ယခုမှာတော့ အဘလိုဒန်၊ အားလော်ဂျားတို့နှင့် ပူးပေါင်းခဲ့ကြပြီးဖြစ်ရာ ၀မ်ချောင်အနေဖြင့် ထိုအခွင့်အရေးအား သူ၏ လက်တွင်းမှ မည်သို့ လွဲချော်စေနိုင်မည်နည်း။
အဘလိုဒန်နှင့် အားလော်ဂျားတို့က သူ့အား သင်ပေးချင်သော်လည်း ၀မ်ချောင်၏ ကျင့်ကြံခြင်းက မလုံလောက်သေးချေ။
ခွမ် ခွမ် ခွမ်....
၀မ်ချောင် ဟိန္ဒူဘုန်းကြီးများအား စကားပြောရန် ပြင်လိုက်စဉ်တွင် ခြံ၀င်းအပြင်ဘက်၌ မြင်းလှည်းသံ ထွက်ပေါ်လာသည်။ ၀မ်ချောင် ညီမငယ်ဖြစ်သူ၏ အသံစူးစူးအား နံရံခြားနေသည့်တိုင် အတိုင်းသား ကြားလိုက်ရသည်။
“ အစ်ကို.. သွားဖို့အချိန်ရောက်ပြီ.. ဘိုးဘိုးကြီးရဲ့မွေးနေ့လေ.. အမေက အခုချက်ချင်း လေးပြည်နယ်သံရုံးသွားတော့တဲ့.. ”
“ ... ဟုတ်ပါပြီ.. အခုပဲ လာပြီ...... ”
၀မ်မိသားစုခြံ၀င်းတစ်ခုလုံးကြားနိုင်လောက်သည့် ညီမငယ်ဖြစ်သူ၏ အသံအား ကြားလိုက်ချိန်၌ ၀မ်ချောင် ရယ်မိသည်။
အပြင်ဘက်၌ မငြိမ်မသက်ဖြစ်နေသည့်တိုင် ၀မ်ကလန်မှာတော့ ယနေ့၌ ပျော်ရွှင်နေကြသည်။ မီးအိမ်နီကြီးများစွာအား အိမ်ခေါင်မိုးများ၌ ချိတ်ဆွဲထားကြသည်။
ထို့ထက်ပို၍ ခြံ၀င်း၏ အစိတ်အပိုင်းအတော်များများကိုလည်း အနီရောင် ဆေးခြယ်ထားသေးပြီး ထိုအရောင်က ပျော်ရွှင်ခြင်းအား ကိုယ်စားပြုလေသည်။
ဘိုးဘိုးကြီး၏ ခုနစ်ဆယ်ပြည့်မွေးနေ့မှာ ၀မ်ကလန်တစ်ခုလုံးအား သက်ရောက်မှု ကြီးမားသည်။ နယ်စပ်၌ စောင့်ကြပ်ရင်း အလုပ်များနေသည့် ၀မ်ချောင်၏ ဖခင်မှလွဲ၍ ဦးကြီး၊ ဒေါ်ကြီးနှင့် ဦးငယ်တို့အားလုံး လေးပြည်နယ်သံရုံးသို့ သွားကာ ဘိုးဘိုးကြီးအား ဆုမွန်ကောင်း တောင်းပေးရန် သွားနေကြပြီ ဖြစ်သည်။
ဟုတ်ပေသည်။ ၀မ်ချောင်သည်လည်း ထို့အတူပင်။
တစ်နှစ်၏ ၃၆၅ရက်၌ ဘိုးဘိုးကြီးအား တွေ့ရန်အတွက် လေးပြည်နယ်သံရုံးအား ၀မ်ချောင် ၀င်ခွင့်ရသည့် တစ်ရက်တည်းသောနေ့လည်း ဖြစ်သေးသည်။
ထိုအရာက မသက်မသာဖြစ်စေသည့်တိုင် လေးပြည်နယ်သံရုံးမှာ သူတို့နှင့် မသက်ဆိုင်ချေ။ စစ်သူကြီးနှင့်၀န်ကြီးများ၏ ကလန်ဖြစ်သည့်အလျောက် များစွာသော အခွင့်ထားများအား ပိုင်ဆိုင်ထားသော်လည်း အချို့အရာများအား ပြန်လည် ပေးဆပ်ရပေမည်။
“ ဆရာသခင်တို့ ကျုပ်သွားလိုက်ပါဦးမယ်.. ”
၀မ်ချောင် သူတို့အား ဟိန္ဒူဘာသာစကားဖြင့် ပြောလိုက်သည်။
“ အာ.. သခင်လေး... ကျုပ်တို့က ဆွဲမထားတော့ပါဘူး.... ”
အဘလိုဒန်နှင့် အားလော်ဂျားမှ လေးစားစွာ ပြောလိုက်သည်။ လေးပြည်နယ်သံရုံးမှာ မဟာထန်၏ တားမြစ်နယ်မြေဖြစ်သည့်အတွက် နန်းတွင်းစစ်တပ်၏ ကျင့်ကြံသူများစွာက စောင့်ကြပ်ထားသည်။ ၀မ်ကလန်၏ မျိုးဆက်ဖြစ်သည့် ၀မ်ချောင်ပင်လျှင် အလွယ်တကူ ၀င်ခွင့်မရှိရာ အဘလိုဒန်နှင့် အားလော်ဂျားတို့ကဲ့သို့ ဟိန္ဒူဘူန်းကြီးများဆိုလျှင် ပြောစရာပင် မလိုချေ။
၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။ သူ၏ညီမငယ်နှင့်အတူ ၀မ်မိသားစုခြံ၀င်း၏ ကိုယ်ရံတော်များသာမက နန်းတွင်းစစ်တပ်မှလည်း စောင့်ရှောက်ပေးနေသည်ဖြစ်ရာ ၀မ်ချောင် မည်သည့် မတော်မဆမှုကိုမှ စိုးရိမ်နေရန် မလိုအပ်ပေ။
၀မ်ချောင် အပြင်သို့ ထွက်သွားလိုက်သည်။
ကြီးမားသည့်အနီရောင် မြင်းလှည်းကြီးက ၀မ်မိသားစုခြံ၀င်း၏ ရှေ့၌ ရပ်ထားပြီး ၀မ်ချောင်၏မိခင်နှင့် ညီမငယ်တို့မှာ အတွင်းထဲ ရောက်ရှိနေပြီးဖြစ်သည်။ ၀မ်ချောင် မြင်းလှည်းထဲသို့ ၀င်လိုက်သည်နှင့် စတင်ကာ ထွက်ခွာတော့သည်။
“ ချောင်အာနဲ့ ရှောင်းယောင်... သေချာနားထောင်.. ဒီနေ့က ဘိုးဘိုးကြီးရဲ့ မွေးနေ့ တစ်ခြားသူတွေထက် ဘိုးဘိုးကြီးရဲ့ နောက်လိုက်တွေ မိတ်ဆွေတွေက အဲ့ဒီမှာ ရှိနေလိမ့်မယ်.. ဟိုကို ရောက်တာနဲ့.. နည်းနည်းပဲပြော များများစား များများသင်ယူ.. အမေ့ကို ပြဿနာတက်အောင် မလုပ်နဲ့နော်.. ”
ကျောက်ရှုဟွာမှာ ယောက္ခထီးဖြစ်သူ၏ မွေးနေ့ကြောင့် အလွန် စိတ်လှုပ်ရှားနေ၏။
သူမ၏ စကားများက ခြံ၀င်းထဲ၌ အာဏာရှိသော်လည်း ၀မ်ကလန်၏ ကျောရိုးလည်းဖြစ်သလို ဦးဆောင်နေသူမှာ သူမ၏ ယောက္ခထီးသာဖြစ်ကြောင်း လူတိုင်း သိရှိထားကြပေသည်။
သူမ၏ ယောက်္ခထီးမှာ ခမ်းနားကြီးကျယ်သည့် ဘ၀၌ နေထိုင်ပြီး အင်ပါယာပြည့်ရှင်၏ သဘောကျမှုအား ရရှိထားသည်။ ၀မ်ကလန်အနေဖြင့် ယခုအနေအထားထိ အောင်မြင်မှု ရရှိထားသည်မှာလည်း သူမ ယောက္ခထီး၏ သြဇာကြောင့်သာ ဖြစ်ပေသည်။
၀မ်ကလန်၌ သူမ၏ ယောက္ခထီးသာလျှင် တစ်သွေး တစ်သံ တစ်မိန့် ဖြစ်သည်။
ကျောက်ရှုဟွာမှာ သခင်ကြီးအား အစဉ် လေးစား ကြောက်ရွံပြီး သူမသာလျှင်မဟုတ်ချေ။ သူမ၏ ယောင်းမဖြစ်သူလည်း ပါ၀င်ပေသည်။
“ အမေ.. စိတ်မပူပါနဲ့.. သားဘာလုပ်သင့်လဲ သားသိပါတယ်.. ”
၀မ်ချောင် သူ့မိခင်၏ ကျောအား အသာပုတ်ပေးလိုက်ပြီး သူမအား စိတ်သက်သာရာ ရစေလိုက်သည်။
“ ဘိုးဘိုးကြီးက ကြောက်စရာကောင်းလို့လား.. သမီးတော့ မကြောက်ပါဘူး..”
၀မ်ရှောင်းယောင် ခွန်းတုံ့ပြန်သည်။
သူမ၏ စကားအား ကြားလျှင် ၀မ်ချောင်နှင့်သူ၏မိခင်တို့ နှစ်ယောက်လုံး ပြုံးမိကြသည်။ ၀မ်ချောင်၏ ဘိုးဘိုးကြီးမှာ ၀မ်ကလန်၌ အတော် တင်းကြပ်သည့်သူဖြစ်သည်။ သူ၏ အစ်ကိုကြီး၊ အစ်ကိုငယ်နှင့် ၀မ်းကွဲများသည်လည်း ဘိုးဘိုးကြီး၏ ဝေဖန်ပြစ်တင်မှုများစွာအား ခံကြရသည်။
ယခင်ဘ၀၌ ၀မ်ချောင်သည်လည်း ထူးမခြားနားပင်ဖြစ်သည်။
သူ၏ ညီမငယ်သာလျှင် ချွင်းချက်ဖြစ်ပေသည်။
အကြောင်းရင်းတစ်ချို့ကြောင့် ဘိုးဘိုးကြီးဖြစ်စေ ဘွားဘွားကြီးဖြစ်စေ ဤစွမ်းအားကောင်းသည့် ညီမငယ်အား အလွန် ချစ်ခင် နှစ်သက်ကြသည်။ အဆော့မက်လှသည့်သူမအား ဘိုးဘိုးကြီးမှ တစ်ကြိမ်တစ်ခါပင် ဆူငေါက်ခြင်းမရှိပေ။
ဘိုးဘေးနှစ်ဦးမှာ သူမအား တွေ့သည့်အချိန်တိုင်း ပြုံး၍သာနေသည်က ၀မ်ချောင်၊ သူ၏ အစ်ကိုများနှင့် ၀မ်းကွဲများက မနာလိုကြရသည်။
သို့သော် အခြားနည်းလမ်းမရှိချေ။ ဘိုးဘေးနှစ်ဦးမက သူမအား ချစ်မြဲ ချစ်ဆဲသာ။
ပြီးလျှင် သူမသည် အဆော့မက်သော်လည်း မည်သည့်အခါမှ ပြဿနာ မဖြစ်စေခဲ့ပေ။
..........
မြင်းလှည်းမှာ လမ်းမပေါ်မှတစ်ဆင့် အရှေ့ဘက်သို့ ဦးတည်၍ မောင်းနှင်နေသည်။ နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် ၀မ်ချောင် မြင်းလှည်းပေါ်၌ ထိုင်နေစဉ်၌ပင် စွမ်းအားကြီးမားလှသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ကြီးမားသည့်လှိုင်းလုံးကဲ့သို့ သူ့အပေါ် ရိုက်ခတ်လာခဲ့သည်။
တစ်ချိန်တည်း၌ ၀မ်ချောင် ကမ္ဘာ့ရေစီးကြောင်းအား နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်လိုက်ရသကဲ့သို့ပင်။
“ လေးပြည်နယ်သံရုံးကို ရောက်ပြီ... ”
၀မ်ချောင် ချက်ချင်း အမှတ်ရလိုက်သည်။ ယခင်က လေးပြည်နယ်သံရုံးအား အလည်လာခဲ့ဖူးပြီး ထိုအငွေ့အသက်နှင့် အလွန်ရင်းနှီးပေသည်။ ရွပ်... ခန်းဆီးစအား ပင့်မလိုက်ကာ ခပ်လှမ်းလှမ်းမှ ကြီးမားလှသည့် စံအိမ်အား ၀မ်ချောင် လှမ်းကြည့်လိုက်သည်။ မြေနေရာတည်ဆောက်ပုံမှာ လေးထောင့်ဆန်ပြီး ပုံမှန် စစ်သူကြီးနှင့်၀န်ကြီးများအိမ်ယာထက် ခုနစ်ဆ ရှစ်ဆခန့် ကျယ်၀န်းသည်။ ရိုးရိုးရှင်းရှင်းနှင့် စိတ်ကြည်နူးဖွယ်ရာကောင်းပေသည်။
ဤစံအိမ်မှာ လူတစ်ဦးတစ်ယောက်သာ နေထိုင်သည့် စံအိမ်မဟုတ်ပေ။ စံအိမ်ထက်၌ စကားလုံး သုံးလုံးသာပါသည့် အဖြူရောင်သန့်သန့် ဆိုင်ဘုတ်နှင့် အနက်ရောင်စာသားများအား မြင်လိုက်ရသည်။
[ လေး ပြည်နယ် သံရုံး ]
စာလုံးများက စွမ်းအားပြည့်၀လှပြီး မဟာဆန်သည်။ ဆိုင်းဘုတ်မှတစ်ဆင့် နဂါးတစ်ကောင်ကဲ့သို့ အသံပြု၍ ကောင်းကင်ယံထက် ပျံတက်တော့မတတ်ပင် ကမ္ဘာလောကကြီးအား ခွန်အားဖြင့် သက်သေပြနေသည်။
ဤသည်မှာ လေးပြည်နယ်သံရုံး ဖြစ်ချေသည်။
တော်၀င်နန်းတော်မှလွဲ၍ မဟာထန်၌ အခမ်းနားဆုံးနယ်မြေပင် ဖြစ်၏။
..........
ဗောဓိဓမ္မ( Bodhidharma ဗောဓိဒါမား)ဟာ ၅ရာစု ၆ရာစုလောက်က အနောက်တိုင်းရဲ့ ဗုဒ္ဓဘုန်းတော်ကြီးဖြစ်ပြီးတော့ တရုတ်နိုင်ငံကို ဒေသစာရီလှည့်လည်လာပြီး ချန်ဗုဒ္ဓဘာသာ(Chan Buddhism)ကို ဖြန့်ဝေခဲ့သူပဲ ဖြစ်ပါတယ်။ တရုတ်ဒဏ္ဍာရီတွေအရ သူဟာ ရှောင်လင်ဘုန်းကြီးတွေရဲ့ သိုင်းပညာကို စတင်ခဲ့သူဖြစ်ပြီး ရှောင်လင်ကိုယ်ခံပညာ(Shaolin Kungfu)ရဲ့ ရှေ့ဆောင် ဖြစ်ပါတယ်တဲ့။
လူသားဧကရာဇ်
Chapter 87.
စက်ဆုပ်ဖွယ်ရာ ကြီးတော်
လေးပြည်နယ်သံရုံးမှာ တိတ်ဆိတ်နေသော်လည်း ဤသည်မှာ မဟာထန်၏ အစောင့်အကြပ်အထူပေါဆုံး နေရာတစ်ခုဖြစ်မှန်း ၀မ်ချောင် သိထားပေသည်။
ဤနေရာ၌ နန်းတွင်းစစ်သည်မည်မျှ တပ်ချထားမှန်း မည်သူသိနိုင်မည်နည်း။ အဝေးမှ မျှော်ကြည့်လျှင် လေးပြည်နယ်သံရုံး၏ အထက်အာကာယံမှာ ပုံရိပ်ယောင်ဆန်နေပြီး ထိုနေရာမှ နေနှင့် ကြယ်များပင် ထူးဆန်းနေချေသည်။
လေးပြည်နယ်သံရုံး၏ တည်ဆောက်ပုံမှာ ရိုးရှင်းလှပြီး လူတစ်ယောက်သည် နံရံအား ကျော်တက်လိုက်သည်နှင့် အတွင်းသို့ ရောက်နိုင်ပေလိမ့်မည်။ ထို့အတူ ထိုသူမှာလည်း ငရဲပြည်သို့ အလည်တစ်ခေါက် ရောက်သွားမည်ဖြစ်သည်။
အတွင်းသို့ ၀င်ရန် လွယ်သလောက် ပြန်ထွက်လာရန်တော့ ခက်ခဲလှပေမည်။
၀မ်ချောင် သံရုံးသို့ ရောက်သည့်အချိန်တိုင်း သံတံတိုင်းအား ကျော်ဖြတ်ရသည့်နှယ် ခံစားရစမြဲပင်။
“ ငါ ဒီကို ပြန်ရောက်လာပြီပဲ... ”
လေးပြည်နယ်သံရုံးအား ကြည့်နေရင်း ၀မ်ချောင်၏ အတွေးထဲ၌ စိုးရိမ်မှုများ စိတ်ကျေနပ်မှုများ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ ၀မ်ချောင်အနေဖြင့် လေးပြည်နယ်သံရုံးအား မည်သည့်အခါကမှ သဘောကျခဲ့ခြင်းမရှိချေ။
အကြောင်းပြချက်မှာ ရိုးရှင်းပေသည်။ ဤနေရာရှိ လေထုမှာ တည်ငြိမ်အေးစက်လှပြီး မိသားစုတွေ့ဆုံခြင်းနှင့် လားလားမှမဆိုင်ပေ။ ထို့ထက်ပို၍ သူ့အနေနှင့် ‘ ရုံးတော်ညီလာခံ ’အား တက်ရောက်ရသကဲ့သို့သာ ခံစားရစေသည်။
ထို့အပြင် သူ၏ဘိုးဘိုးကြီးနှင့် လူအိုကြီး(၀မ်ချောင်ရဲ့စိတ်ထဲက ယောင်ကွမ်းရီရဲ့အဖေကို ပေးထားတဲ့နာမည်)တို့မှာ အလွန်ပင် တည်ကြည်၍ ဖြောင့်မတ်လှသည်။
၀မ်ချောင်မှာ ပုန်ကန်တတ်သူ(စကားနားမထောင်သူ)ဖြစ်ပြီး တစ်ခါတစ်ရံ ပြဿနာများ ဖြစ်စေသည်။ ထိုအချက်ကြောင့် ဘိုးဘိုးကြီးမှနေ၍ သူ့အား အလိုမကျ ဖြစ်ရသည်။ ထို့ကြောင့် ၀မ်ချောင် ဤနေရာသို့ လာတိုင်း မိမိကိုယ်ကို ဖုံးကွယ်ကာ ဘေး၌သာ နေသည်က များသည်။
မည်သူမှ သူ့အား သတိပြုမိခြင်း အလျဉ်းမရှိသလို မည်သူမှလည်း သူ့အား အဖတ်မလုပ်ကြပေ။
ထိုအကြောင်းအရာများကြောင့် ၀မ်ချောင် အနေဖြင့် ဤနေရာသို့ လာရန် စိတ်အလိုမကျ ပို၍သာ ဖြစ်လာရသည်။
လောက၌ ဆုံးရှုံးသွားပြီးမှသာ အလွန်အရေးကြီးကြောင်း သိရှိရသည့် အရာများစွာ ရှိပေသည်။
၀မ်ချောင် ထိုအခြင်းအရာအား ဘိုးဘိုးကြီး ကွယ်လွန်သွားမှသာ သိခဲ့ရသည်။ ၀မ်ကလန်တစ်ခုလုံး ထောက်တိုင်အား ဆုံးရှုံးသွားခဲ့ပြီးနောက် ကောင်းကင်တစ်ခုလုံး ပြိုကျလာသကဲ့သို့ အလူးအလဲ ခံစားခဲ့ရသည်။
ထိုအချိန်မှသာ ဘိုးဘိုးကြီးမှာ ကလန်၌ မည်မျှ အရေးပါကြောင်း နားလည် သဘောပေါက်ခဲ့သည်။
လူသားဆိုသည်မှာ ၎င်းတို့၏ အမှားများမှ သင်ခန်းစာယူ၍ ရှင်သန်ကြရမည်ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ ကုန်လွန်၍ ၀မ်ချောင်မှာလည်း ငယ်တော့သည့်အရွယ် မဟုတ်သည့် အချိန်မှသာ ဘိုးဘိုးကြီး၏ ရည်ရွယ်ချက်များအား နားလည်ခဲ့သည်။
ဘိုးဘိုးကြီးမှာ ဖြောင့်မတ်ပြီး တရားမျှတစွာဆက်ဆံသည့် ဘ၀၌ နေထိုင်ခဲ့သည်။ ချမ်းသာမှု၊ ရပ်တည်မှုနှင့် အခွင့်အာဏာ မည်သည်ကမှ သူ့အား ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိချေ။ သို့ဆိုစေ မည်သူက သားသမီးမြေးမြစ်များနှင့် ပျော်ပျော်ရွှင်ရွှင် မနေချင်မည်နည်း။ မည်သူကများ လောကချမ်းသာအား ခံစားကာ ပင်စင်ယူ၍ အေးအေးချမ်းချမ်း မနေချင်မည်နည်း။
ဘိုးဘိုးကြီးမှာ သူ၏ ကျချိန်ရောက်သည့်အချိန်တိုင်အောင် အနားမယူပဲ လေးပြည်နယ်သံရုံး၌ ဆက်လက် တာ၀န်ထမ်းဆောင်နေသည်မှာ ဤမိသားစုအတွက်သာ ဖြစ်ပေသည်။ ၀မ်ကလန်၏ မျိုးဆက်များအတွက် ဖြစ်ပေသည်။
ထို့ကြောင့် ယခင်ဘ၀၌ ဘိုးဘိုးကြီး ကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာ ကြာခဲ့ချိန်၌ မဟာထန်၏ မြို့တော်အား လှည့်လည်ရင်း အစောင့်မရှိ ခြုံနွယ်ထူထပ်နေသည့် လေးပြည်နယ်သံရုံးအား တွေ့ခဲ့ကာ သာမန်စံအိမ်နှင့် ထူးမခြားနားတော့ပဲ ဦးကြီးနှင့် ဦးငယ်မှာ မြေပြင်ထက် ခေါင်းအပ်၍ ရှိုက်ကြီးတငင် နောင်တများစွာဖြင့် ငိုကြွေးလေတော့သည်။
၀မ်ချောင် ထိုမြင်ကွင်းအား မည်သည့်အခါမှ မေ့နိုင်လိမ့်မည် မဟုတ်ချေ။
အတိတ်၌ ၀မ်ချောင် ဤနေရာအား ကြောက်ရွံခဲ့သော်လည်း ယခုတစ်ဖန် ရှင်သန်လာချိန်၌ ဤနယ်မြေအပေါ် သူ၏ အမြင်မှာလည်း ပြောင်းလဲသွားပြီ ဖြစ်သည်။
ထိုအရာက သူ၏ သွေးကြောထဲရှိ သွေးမျိုးဆက်ကြောင့်မဟုတ်ပေ။ ၀မ်ချောင်အတွက် ထိုအရာမှာ အင်ပါယာ၏ ငွေရောင်မျှော်လင့်ချက် အမျှင်တန်းလေးတစ်ခုလည်း ဖြစ်ပေသည်။
အကယ်၍ ၀မ်ချောင်မှာ အင်ပါယာ၏ ကံကြမ္မာအား ပြောင်းလဲ၌ အလယ်ပိုင်းလွင်ပြင်အား ကယ်တင်ချင်သည်ဆိုပါက လေးပြည်နယ်သံရုံးရှိ ဘိုးဘိုးကြီး၏ အသိအမှတ်ပြုမှု ခံရရန် အထူးအရေးကြီးလှသည်။
ထိုသည်က ၀မ်ချောင်၏ တစ်ခုတည်းသော ရွေးချယ်မှုလည်းဖြစ်၏။
ကျား...
မြင်းအား နှင်တံနှင့် ရိုက်ကာ မောင်းနှင်လိုက်သည့်အသံက ၀မ်ချောင်အား လက်ရှိလောကထဲသို့ ပြန်လည်ခေါ်ဆောင်လာသည်။ လေးပြည်နယ်သံရုံးသို့ သွားနေသည့်တစ်လျောက် ၀မ်ချောင်မှာ သူ့မိခင်၏ ဘေး၌ တိတ်ဆိတ်စွာ ထိုင်နေရင်း လိုက်ပါလာခဲ့သည်။
၀မ်မိသားစုခြံ၀င်း၏ မြင်းလှည်းမှာ လေးပြည်နယ်သံရုံးသို့ ပထမဆုံအကြိမ် ၀င်ဖူးခြင်း မဟုတ်သလို မြင်းလှည်းရှိ ကြီးမားလှသည့် အမှတ်အသားများကလည်း မဟာထန်၏ ၀မ်မိသားစုမှန်း သိသာနေစေသည်။ သို့တိုင် မြင်းလှည်းအား ရပ်တန့်စေပြီး အထက်အောက် အပြန်ပြန် အလှန်လှန် စစ်ဆေးခံရသေးသည်။ နှစ်ကြိမ် နှစ်ခါ စစ်ဆေး အတည်ပြုပြီးမှသာလျှင် အမှားအယွင်း မတွေ့သည့်အတွက် ၀င်ထွက်ရန် ခွင့်ပြုပေးခဲ့ကြသည်။
“ ဒီမှာ ခဏစောင့်ပေးကြပါ.. ကျိုးအမတ်ကြီးက ဆင့်ခေါ်ပြီဆိုတာနဲ့ ကျုပ်တို့ လာခေါ်ပေးပါ့မယ်.. ”
လေးပြည်နယ်သံရုံးသို့ မရောက်ခင် ခပ်လှမ်းလှမ်း၌ အနက်ရောင်ချပ်၀တ်နှင့် နန်းတွင်းစစ်သည်များက တားဆီးလိုက်သည်။ တည်ကြည်သည့်အကြည့်များနှင့် မြင်းလှည်းအား ဓားဖြင့် ကြက်ခြေခတ်ကာ လမ်းကြောင်းအား ပိတ်လိုက်ကြသည်။
ယခု သူတို့က လေးပြည်နယ်သံရုံး၏ အပြင်အိမ်တော်၌ပင် ရှိသေးခြင်းဖြစ်သည်။ သူတို့သည် ၀မ်ကလန်မှ ဖြစ်သည့်တိုင် ဤနေရာမှစ၍ လမ်းလျှောက်ရမည် ဖြစ်သည်။ ထို့နောက် ကျိုးအမတ်ကြီး၏ ဆင့်ခေါ်မှု ရောက်ရှိလာမှသာ ၀င်ခွင့်ရမည်ဖြစ်သည်။
စည်းမျဉ်းများမရှိလျှင် ကြီးမြတ်သည့်အရာများအား လုပ်ဆောင်ရန် မဖြစ်နိုင်ချေ။ ၀မ်ချောင်အနေဖြင့် ထိုစည်းမျဉ်းများနှင့် အသားမကျသည့်တိုင် ထိုအရာမှာ ကျူးကျော်သူများ၏ ရန်မှ ကာကွယ်ရန် အင်ပါယာမင်းတရားကြီးမှ ချမှတ်ထားကြောင်း ၀မ်ချောင် သိလေသည်။
အင်ပါယာပြည့်ရှင်မှာ လေးပြည်နယ်သံရုံးအား အလွန် အလေးထားသည်။
“ ဒီမှာ ခဏစောင့်ရအောင်.. ဒေါ်ကြီးနဲ့တစ်ခြားသူတွေ ရောက်လာမှပဲ အားလုံးတူတူ ၀င်ကြတာပေါ့.. မှတ်ထားနော်.. လျှောက်ပြေးမနေကြနဲ့.. ”
၀မ်သခင်မကြီးမှ မှာတမ်းခြွေနေ၏။ ဤနေရာရှိ စည်းမျဉ်းများအား သူမက ရင်းနှီးနေသည့်အတွက် သူမအနေဖြင့် အံ့အားသင့်ခြင်း မရှိချေ။
၀မ်ချောင်နှင့် ညီမငယ်တို့ ခေါင်းငြိမ့်လိုက်ကြသည်။ မြင်းလှည်းတံခါးအား ဖွင့်ကာ အပြင်သို့ ထွက်လိုက်ကြသည်။
လေးပြည်နယ်သံရုံးမှာ အလွန်ပင် အစောင့်အကြပ် ထူပြောလှသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ခြေငါးလှမ်းတိုင်း၌ အစောင့်တစ်ယောက် ရှိနေပြီး ခြေဆယ်လှမ်းတိုင်း၌ ကင်းလှည့်သူတစ်ယောက်ရှိသည်။ ဆိုရလျှင် အတွင်းအိမ်တော်မှာ နန်းတွင်းစစ်သည် ကိုယ်ရံတော်များနှင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။
အရပ်မျက်နှာပေါင်းစုံမှ အေးစက်သည့်အကြည့်များက ခြေတစ်လှမ်းမှားသည်နှင့် အရေခွံနွာတော့မည့် အလား။
သူ၏ ယခင်ဘ၀၌ ၀မ်ချောင်မှာ ထိုအကြည့်များအောက်၌ နေမထိ ထိုင်မသာဖြစ်ခဲ့သော်လည်း နေရာမျိုးစုံ နိုင်ငံမျိုးစုံအား ကျင်လည်ပြီးနောက်မှာတော့ ထမင်းစားရေသောက် ဖြစ်ခဲ့လေပြီ။
“ အမေ... သားကူပေးမယ်.. ”
မြင်းလှည်းအနီး၌ ရပ်နေရင်း ၀မ်ချောင်မှာ သူ၏မိခင် ဆင်းလာစေရန် ကူညီပေးလိုက်သည်။ ၀မ်သခင်မကြီး ခေါင်းငြိမ့်နေကာ ၀မ်းမြောက်မှုက ရင်ထဲ ပြည့်လျှံလို့နေသည်။
သူမ၏သားမှာ ရင့်ကျက်လာခဲ့ချေပြီ။ ယခင်ကဆိုလျှင် ထိုသို့သော အပြုအမူအား လုံး၀ ပြုလုပ်လိမ့်မည် မဟုတ်ပေ။
အကယ်၌ အိမ်တော်တစ်ခုလုံးရှိ နန်းတွင်းစစ်သည်များအား တပ်ဖြုတ်ကာ ဖယ်ရှားလိုက်မည်ဆိုပါက လေးပြည်ထောင်သံရုံးမှာ အတော်ပင် နေချင့်စဖွယ် ဖြစ်နေပေလိမ့်မည်။ သစ်ပင်ပန်းမာန်များက စိမ်းစိုနေပြီး သစ်ပင်အများအကြား အပြာရောင်ကျောက်တုံးများဖြင့် လမ်းခင်းထားသေးသည်။
ဘေးတစ်ဖက်တစ်ချက်စီ၌လည်း အစိမ်းရောင် တောင်တုများနှင့် ကျောက်ဆောင်တုများ ထားရှိထားသေးသည်။ ကြည်လင်နေသည့် စမ်းချောင်းငယ်လေးတစ်ခုသည်လည်း ကွေ့ပတ်စီးဆင်းကာ နေသေးသည်။
လှည့်ပတ်ကြည့်ရင်း ၀မ်ချောင်မှာ အသေအချာ စီတန်း စိုက်ပျိုးထားသည့် ဝါးပင်များကိုလည်း တွေ့လိုက်ရသည်။ စိမ်းလန်းကာ ခန့်ညားထည်ဝါနေပြီး အိမ်တော်အား အသက်၀င်စေသည်။
---- ဘိုးဘိုးကြီးမှာ ငြိမ်သက်အေးချမ်းသည်အား နှစ်သက်ပြီး ငယ်ရွယ်စဉ်ကပင် သိုင်းပညာနှင့်စာပေများအား လေ့လာခဲ့သူဖြစ်သည်။ ဤအရာများမှာလည်း သူ ပျိုးထောင်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ဂူး ဂူး လူး...
များမကြာမှီ မြင်းလှည်း ဆိုက်ရောက်လာသည့်အသံအား ကြားလိုက်ရသည်။
“ အိုး... ဒါ ကျောက်ရှုဟွာမလား.. နင်လာတာ စောတာပဲ.. ရှုဟွာ ယောက္ခထီးရဲ့ မွေးနေ့အတွက် နင်တော်တော်ပြင်ဆင်ထားတာပဲ.. ”
လူမမြင်ခင်ကပင် အစိမ်းရောင်မြင်းလှည်းထဲမှ ခနဲ့သံက ဦးစွာ ထွက်ပေါ်လာသည်။ ၀မ်ချောင် နောက်လှည့်ကြည့်လိုက်သည်တွင် အလွန်အကျွံ ၀တ်စားဆင်ယင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းကိုလည်း လွန်မင်းစွာ ဆေးခြယ်ထားသေးသည်။
“ ကြီးတော်... ”
၀မ်ချောင်၏ ခေါင်းထဲ၌ လျှပ်စီးတစ်ချက် လက်သွားခဲ့သည်။ ထိုမြင်းလှည်းထဲမှသူမှာ ၀မ်ချောင်၏ ကြီးတော်ဖြစ်သူ ရှင်းယွမ်ချွန်းမှလွဲ၍ မည်သူမှ မဖြစ်နိုင်ချေ။
အကယ်၍ သူ၏ယခင်ဘ၀၌ သူ့အား ဦးကြီးမှ သဘောမကျဟုဆိုပါက ဤကြီးတော်မှာတော့ သူ့အား မုန်းတီးသူဟု ဆိုရပေမည်။ ထိုအမုန်းတရားက သူ့ထံ၌သာ အဆုံးသတ်ခြင်းမဟုတ်ပဲ ၀မ်ချောင်၏ အစ်ကိုကြီး၊ အစ်ကိုငယ်၊ ဖခင်၊ မိခင်နှင့် ညီမငယ်တို့အပါအ၀င် ၀မ်မိသားစုတစ်ခုလုံးအား မုန်းတီးနေခြင်း ဖြစ်ပေသည်။
ဆိုရသော် ၀မ်ကလန် ကျဆင်းသည့်အချိန်ထိတိုင်အောင် ကြီးတော်၏ စိတ်ထားက ပြောင်းလဲခြင်းမရှိချေ။
မိသားစုတစ်ခုအနေဖြင့် ချစ်ခင်ကာ အတူတကွ ပေါင်းစည်းရမည်ဆိုသော်လည်း ကြီးတော်မှာတော့ အရာအားလုံးအား မည်တွန်တောက်တီးလျက်သာ နေသည်။
စားသောက်ပွဲ၌ သူမက အကောင်းဆုံးနေရာကိုယူသည်။ ဟင်းပွဲများ လာချသည့်အချိန်၌လည်း အကြီးဆုံးဝေစုကိုယူသည်။
၀မ်ကလန် ကျဆင်းကာ စီးပွားရေးပျက်ချိန်၌ လူတိုင်းမှာ အရိုးပေါ်အရေတင် ပိန်ချုံးလာကြချိန်၌ ကြီးတော်မှာ ကိုယ်အလေးချိန်ပင် တက်လာသေးသည်။
ထိုအကြောင်းများကြောင့် သူမ သူ့အား မုန်းတီးသလောက် ၀မ်ချောင်လည်း မုန်းတီးပေသည်။
“ အစ်မ.. နင်က ဟာသ တော်တော်ပြောတတ်တာပဲ... ဒီနေ့က ယောက္ခထီးရဲ့ မွေးနေ့လေ.. ငါဘယ်လို နောက်ကျရဲမှာလဲ.. ”
ထို လင်ညီအစ်မ၏ စကားအား ကြားလိုက်ချိန်၌ ၀မ်သခင်မကြီး၏ မျက်နှာ မှောင်သွားသည့်တိုင် သူမနှင့် အချေအတင် မပြောရဲပေ။ ရှင်းယွမ်ချွန်းမှာ ၀မ်ကလန် အကြီးဆုံးသား၏ ဇနီးဖြစ်ပြီး သူမ၏ နေရာက ၀မ်သခင်မကြီးထက် သာလွန်သည်။ မြေရှင်ပဒေသရာဇ်စနစ်နှင့် ဓလေ့ထုံးတမ်းများ ကြီးစိုးရာကာလ ဖြစ်သည့်အတွက် ကျောက်ရှုဟွာအနေဖြင့် ရွေးချယ်စရာမရှိ ခေါင်းငုံ့၍သာ နေရပေမည်။
“ အမေ.. သူ့အပေါ် ယဉ်ကျေးနေစရာမလိုဘူး.. ကြီးတော်.. ဒီနေ့က ဘိုးဘိုးကြီးရဲ့ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့နော်.. ဒီလို အရေးကြီးတဲ့ နေ့မျိုးမှာတောင်မှ အကြီးတစ်ယောက်အနေနဲ့ ခင်ဗျားက နောက်ကျနေသေးတယ်.. ခင်ဗျားက တော်တော် လေးစားသမှု မရှိတာပဲ.. ”
၀မ်ချောင် သူ့မိခင်၏ လက်အား ဆွဲကာ စဉ်းစားချင့်ချိန်ခြင်းပင်မရှိ ခွန်းတုံ့ပြန်လိုက်သည်။ သူ့မိခင်၏ နေရာမှာ ပြန်လည် ပြောဆိုရန်မသင့်သော်လည်း ကလေးတစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် များများစားစား တွေးတောနေရန် မလိုချေ။
အကယ်၍ ဘိုးဘိုးကြီးမှ သူ့အား ယခုကိစ္စနှင့် ပက်သက်၍ အပြစ်တင်သည့်တိုင် သူ၏ မရင့်ကျက်မှုကြောင့်ဟုသာ မှတ်ယူမည်ဖြစ်ပြီး ခွင့်လွှတ်ပေးလိမ့်မည် ဖြစ်သည်။
“ မှန်တယ်.. ရှင် ကျွန်မအမေကို ဆူငေါက်စရာ အကြောင်းမရှိဘူး.. ”
ညီမငယ်မှာလည်း လက်သီးတစ်ပြင်ပြင်နှင့် ဘေးမှ ၀င်ထောက်သည်။
“ နင်တို့......... ”
ရှင်းယွမ်ချွန်းမှာ ၀မ်ချောင်က သူမအား နှောင့်ယှက်ကာ ဝေဖန်အရှက်ခွဲမည်ကို မထင်ထားချေ။ ဒေါသတကြီးနှင့် ၀မ်ချောင်အား လက်ညှိုးထိုးကာ အေးစက်နေသည့် မျက်နှာနှင့်..
“ နင်တို့ နင်တို့ ကလေးနှစ်ကောင်... နင်တို့ အကြီးတွေကို လေးစားရကောင်းမှန်းမသိဘူးလား.. စကားပြော ဆင်ခြင်စမ်း.. ငါ နင့်တို့ အမေနဲ့ စကားပြောနေတာ နင်တို့ ၀င်ပြောရမဲ့နေရာမဟုတ်ဘူး..--- ကျောက်ရှုဟွာ ဒါက နင်ကလေးတွေကို နင်ပြုစုပျိုးထောင်ပေးတဲ့ ပုံစံပေါ့လေ.. ”
“ တော်စမ်း... ”
ထိုအချိန်၌ အေးစက်ကာ အာဏာရှင်ဆန်သည့် အသံက မြင်းလှည်းထဲမှ ထွက်ပေါ်လာသည်။ အပြင်ဘက်မှ အခြေအတင်ဖြစ်နေသည့် သုံးဦးသား ငြိမ်ကျသွားခဲ့၏။
“ ဒီနေ့က အဖေ့ရဲ့မွေးနေ့ပဲ.. ဘယ်သူပဲဖြစ်ပါစေ ဒီမှာ ဆူဆူညံညံလုပ်တာကို ငါခွင့်ပြုမှာ မဟုတ်ဘူး.. ရှင်းယွမ်ချွန်း.. ပါးစပ်ပိတ်လိုက်တော့.. ၀မ်ချောင် မင်းလည်း တိတ်တိတ်နေပေးပါ... ”
ထိုအသံပိုင်ရှင်မှာ ၀မ်ချောင်၏ ဦးကြီးဖြစ်သူ ၀မ်ကျန်၏ အသံ ဖြစ်ပေသည်။ တော်၀င်ရုံးတော်၏ အာဏာရမင်းမှုထမ်းတစ်ဦး အနေဖြင့် သူ၏ စကားသံက စွမ်းအားပြည့်ဝနေသည်။
“ ဟုတ်ကဲ့ပါ.. ဦးကြီး.. ”
၀မ်ချောင် ရိုသေစွာ ဦးညွှတ်လိုက်သည်။ ယခင်နှင့်မတူညီစွာ ဦးကြီး၏ လေသံက အနည်းငယ် သိမ်မွေ့လို့နေသည်။ ဤကိစ္စနှင့် ပက်သက်၍ ၀မ်ချောင်အား အပြစ်တင်ခြင်း မရှိချေ။
သိသိသာသာပင် ဦးကြီးနှင့် ၀မ်းကွဲအတွက် သူ၏ အကြံပြုချက်မှာ အလဟဿဖြစ်ပုံမရချေ။ သို့သော် တစ်ချို့အကြောင်းများကြောင့် ထိုလေသံထဲမှ စိုးရိမ်မှု တစ်ချို့အား ၀မ်ချောင် ခံစားလိုက်ရသည်။
“ အစ်ကိုကြီးမှန်ပါတယ်.. ရှုဟွာ အပြုအမူက ရိုင်းစိုင်းသွားပါတယ်.. ”
၀မ်ချောင်၏မိခင် ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ ၀မ်ချောင်၏ ဦးကြီး ၀မ်ကျန်မှာ ခက်ထန်ကာ၊ ခေါင်းမာပြီး ၀မ်မိသားစုနှင့် ယခင်က ပြဿနာများရှိခဲ့ဖူးသော်လည်း စက်ဆုပ်ဖွယ်ရာ တစ်ပါးသူအား အစဉ် ခနဲ့တတ်သည့် ရှင်းယွမ်ချွန်းနှင့် လုံး၀ မတူညီပေ။
ထိုအချက်ကြောင့်ပင် ၀မ်ချောင်၏ မိခင်မှာ သူနှင့် တင်းမာမှုများ မရှိခြင်းဖြစ်သည်။
“၀မ်ကျန်.. နင်ကဘယ်လိုလုပ် အပြင်လူကို ကူညီနေတာလဲ.. သူမက ငါ့ကို ပြန်ခံပြောနေတာလေ.. ”
အသံစူးစူးနှင့် အနိမ့်အမြင့် စည်းချက်မညီသည့်အသံက မြင်းလှည်းထဲမှ ထွက်လာခဲ့သည်။ ဦးကြီး၀မ်ကျန် ပိတ်ပင်နေသည့်တိုင် ကြီးတော် ရှင်းယွမ်ချွန်းမှာတော့ စိတ်ထဲအခဲမကျေသေးပဲ မကျေနပ်ချက်များအား ထုတ်လွှတ်နေဆဲပင်။
“ အမေ... အသံ နည်းနည်း လျော့ပါဦးလား... ”
ထိုအချိန်၌ မြင်းလှည်းထဲမှ အခြားအသံတစ်ခု ထွက်လာကာ တားဆီးလိုက်သည်။
“ ဒါ ၀မ်းကွဲအစ်မပဲ.. ” ( ၀မ်ကျူးယန်)
၀မ်ချောင် ထိုအသံအား မှတ်မိပေသည်။ ဘိုးဘိုးကြီး၏ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့မှာ ကြီးမားသည့် အကြောင်းအရာဖြစ်သည့်အတွက် ၀မ်ကျူးယန်အနေဖြင့် မလာပဲ မည်သို့ နေမည်နည်း။
“ ကောင်းပြီလေ.. နင်တောင်မှ သူတို့ဖက်မှာ နေတယ်ပေါ့ဟုတ်လား.. သမီးမိုက်.. ငါနင့်ကို ဘယ်လိုဆုံးမမလဲ စောင့်ကြည့်နေလိုက်.. ”
ကြီးတော်မှာ ဒေါသတကြီး ကြိမ်းမောင်းလို့နေသည်။ သူမ၏ အသံဆုံးသည်နှင့် သူမ၏ လက်ညှိုးဖြင့် တစ်ဖက်သူအား ထိုးလိုက်ရာ ၀မ်ကျူးယန်၏ အော်သံက လေထဲ၌ ပျံလွင့်လာသည်။
ပြီးနောက်....
“ အိုး... ဒါ ကျောက်ရှုဟွာမလား.. ပြီးတော့ ဒါက ယွမ်ချွန်းလား.. ”
အခြား မြင်းလှည်းတစ်စီး ဆိုက်ရောက်လာရာ ၀မ်ချောင် လှည့်ကြည့်လိုက်သည်တွင် ရွှေရောင်သစ်ရွက်သုံးခုနှင့် မြင်းလှည်းအား တွေ့လိုက်ရသည်။ ပြတင်းပေါက်၌လည်း ရင်းနှီးသည့် မျက်နှာအား တွေ့လိုက်ရပြန်သည်။
လူသားဧကရာဇ်၏ ရာဇ၀င်
Chapter 88.
၀မ်ကလန်
“ ဒေါ်ကြီး.. ”
မျက်နှာများအား မြင်လိုက်သည်နှင့် ၀မ်ချောင် ပျော်ရွှင်သွားရသည်။ ထိုသူတို့မှာ ဒေါ်ကြီး၀မ်ယုရှန်းနှင့် ဦးလေးလီလင်းတို့ ဖြစ်ပေသည်။
“ ဟီးဟီး... ချောင်အာ.. သားရောက်နေပြီလား.. ရှောင်းယောင် သမီးလဲ ရောက်နေတာပဲ.. ”
ဒေါ်ကြီးမှာ ၀မ်ချောင်နှင့် ညီမငယ်အား သူမ၏ သားသမီးရင်းချာကဲ့သို့ အသေအချာကြည့်နေ၏။
“ ကဲ... ချွန်းယွမ်.. သူတို့က ကလေးပဲ ရှိသေးတာကို.. ကလေးတွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်မနေပါနဲ့.. ခွင့်လွှတ်ပေးလိုက်ပါ.. ဒီနေ့က အဖေ့ရဲ့မွေးနေ့လေ.. ငါတို့က ပြဿနာ တက်နေရမယ့်အစား ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပဲ တွေးနေရမှာ မဟုတ်လား.. ”
ဒေါ်ကြီးမှာ အလျင်အမြန်ပင် စကားအလှဆင်၍ အခြေအနေအား ထိန်းချုပ်လိုက်သည်။ သူမ ပြောပြီးသည်နှင့် ၀မ်ချောင်အား တိတ်တဆိတ် မျက်လုံးမှိတ်ပြလိုက်သည်။
ဒေါ်ကြီး၏ ရည်ရွယ်ချက်အား နားလည်သည့်အတွက် ၀မ်ချောင် ပြုံးနေကာ ညီမငယ်အား လက်ဆွဲ၍ ဘေးထွက်နေလိုက်၏။
သူ၏ယခင်ဘ၀၌ ဒေါ်ကြီး၀မ်ယုရှန်းနှင့် ကြီးတော် ရှင်းယွမ်ချွန်းတို့မှာ အလွန်နီးစပ်ကြသည်။ မည်သို့ဆိုစေ ယခုမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ၀မ်ချောင်၏ အကူအညီဖြင့် ဦးလေးလီလင်းမှာ မြောက်တံခါးမှ ပြောင်းရွေ့ခွင့်ရသည်သာမက ကျောက်ဖုန်းချမ်၏ လက်အောက်၌လည်း အမှုထမ်းခွင့် ရခဲ့ပြီဖြစ်ပြီး ရာထူးတိုးခဲ့လေသည်။
ထို့ကြောင့် ၀မ်ယုရှန်းမှာ ၀မ်ချောင်အား သူမ၏ သားအရင်းနှင့်မခြား ချစ်ခင်နေပြီဖြစ်သည်။
ဦးကြီး၏ မြင်းလှည်းထဲမှ ဆူညံသံများက ချက်ချင်း ငြိမ်ကျသွားခဲ့သည်။
“ ဟားဟား...ယုရှန်းလဲ ရောက်လာပြီပဲ.. ”
ကြီးတော်ရှင်းယွမ်ချွန်း၏ ဦးခေါင်းက ပြတင်းပေါက်မှ ထွက်ပေါ်လာသည်။ ၀မ်ယုရှန်း၏ မြင်းလှည်းအား ကြိုသည့်နေသည့်အလား ထွက်ကြည့်နေသည်။ သူမ၏ ပြောဆိုဆက်ဆံမှုက ၀မ်ချောင်၏ မိခင်အား ပြောဆိုခဲ့ချိန်နှင့် မတူညီစွာ အလုံးစုံ ပြောင်းလဲသွားခဲ့လေပြီ။
၀မ်ချောင်၏ ဘိုးဘိုးကြီး၌ စုစုပေါင်း သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိပြီး ဒေါ်ကြီးမှာ တစ်ဦးတည်းသောသမီး ဖြစ်၏။ သူမ၏ ကိုယ်ထဲ၌ ကျိုးအမတ်ကြီး၏ သွေးများ စီးဆင်းလို့နေသည်။
ပြီးနောက် ဒေါ်ကြီး၀မ်ယုရှန်းမှာ လက်ထပ်ပြီးသွားပြီဖြစ်၍ သူမနှင့် အမွေခံမှုမှာ သက်ဆိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့်ပင် သူမနှင့် ရှင်းယွမ်ချွန်းအကြား မည်သည့် ပြဿနာမှ မရှိပေ။
ထိုအချက်ကြောင့် သူမသည် ၀မ်ချောင်၏ မိခင်အား မတူညီစွာ ရန်သူအနေနှင့် ဆက်ဆံနေခြင်း ဖြစ်လေသည်။
“ ဟီးဟီး... ငါတို့ မတွေ့တာတောင် အတော်ကြာနေပြီပဲ.. ယွမ်ချွန်း နင်ကတော့ လှသထက် လှနေတာပဲနော်.. နင့်ကိုကြည့်ရတာ ငါတို့နဲ့ တစ်ရွယ်တည်းလို့တောင် မထင်ရဘူး.. ငါ့ကို ကြည့်ပါဦး ဆံပင်တွေတောင် ဖြူနေပေါ့.. ”
“ ဟုတ်လို့လား.. အစ်မကြီးရယ် နင့်ကိုယ်နင့် အဲ့လိုမပြောပါနဲ့... နင်က ပြောသလောက်လဲ မအိုသေးပါဘူး.. ”
ရှင်းယွမ်ချွန်း၏ မျက်နှာမှာ ပန်းယောင်သန်းလာပြီး အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းပေါ်၌ ချိတ်ဆွဲထားလေသည်။ ရုတ်တရက် နှာရှုံ့သံ ထွက်ပေါ်လာပြီး ဘန်း.. အစိမ်းရောင်မြင်းလှည်း၏ တံခါးပွင့်သွားကာ အရပ်မြင့်မြင့်နှင့် အေးစက်စက်လူတစ်ယောက် ထွက်လာသည်။
ရုတ်တရက် အပြောင်းအလဲက လူတိုင်းအား ကြောင်အသွားစေသည်။
“ ၀မ်းကွဲအစ်ကို.. ”
မြင်းလှည်း၏တံခါးပေါက်ရှေ့၌ စိတ်မရှည်သည့်ဟန်ဖြင့် လူတစ်ယောက် မတ်တပ်ရပ်နေပြီး ထိုသူမှာ ၀မ်ချောင်၏ ၀မ်းကွဲအစ်ကို ၀မ်လီပင်ဖြစ်လေသည်။
“ ဒီကလေးကတော့.. နင့်ဒေါ်ကြီးရှေ့မှာ ဘယ်လိုပြုမူနေတာလဲ.. မြန်မြန် နှုတ်ဆက်လိုက်စမ်း... ”
ကြီးတော် ရှင်းယွမ်ချွန်း လှမ်းအော်လိုက်သည်။
သို့ဆိုစေ ၀မ်လီမှာ သူမ၏ စကားအား ကြားဟန်ပင်မရပဲ ဒေါ်ကြီး ၀မ်ယုရှန်းအား တစ်ချက်ပင် စောင်းမကြည့်ချေ။ မြင်းလှည်းထဲမှ ထွက်လာသည်နှင့် ရှေ့ဆက်သွားခဲ့သည်။
၀မ်လီမှာ မိသားစုနှစ်ခု၏ ပင်မမိသားစုမှ သားဖြစ်ပြီး တော်၀င်ရုံးတော်၏ အမှုထမ်းဖြစ်ပေသည်။ ဘိုးဘိုးကြီးက သူ့အား အထူးအခွင့်အရေပေးထားသည့်အတွက် နန်းတွင်းစစ်တပ်မှ မည်သူမှ သူ့အား တားဆီးခြင်းမရှိချေ။
မျက်စိတစ်မှိတ်အတွင်း ၀မ်လီမှာ ဝါးရုံးတောထဲ၀င်ရောက်သွားပြီး ပျောက်ကွယ်သွားချိန်အထိ မည်သည့်အစောင့်မှ သူ့အား တားဆီးခြင်းမရှိပေ။
ဒါက ဟိုကိစ္စ မတိုင်ခင်ပဲမလား..
၀မ်ချောင်၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာသည်။ ၀မ်လီ မည်မျှအထိ ရည်မှန်းချက်ကြီးမားသည်အား မည်သူမှ မသိရှိချေ။
တတိယမျိုးဆက်များထဲ၌ ၀မ်းကွဲအစ်ကို ၀မ်လီမှာ ၀မ်ချောင်၏ အစ်ကိုနှစ်ယောက်နှင့် ယှဉ်ပြိုင်လေ့ရှိပြီး အထူးသဖြင့် သူ၏ အစ်ကိုကြီး ဖြစ်လေသည်။ မည်သို့ဆိုစေ ပင်မမိသားစု၏ သားအကြီးဆုံး ဖြစ်သည့်တိုင် အစ်ကိုကြီး၀မ်ဖူအား မယှဉ်နိုင်ပေ။
သူ၏ မင်းမှုထမ်းရာထူးပင်လျှင် ၀မ်ဖူထက် နိမ့်ကျပေသည်။
ဤတစ်ကြိမ်၌ ယောင်ကလန်၏ ပါ၀င်လာမှုကြောင့် သူ၏ ရာထူးတက်မည် အခွင့်အရေး ပျက်ဆီးသွားခဲ့သည်။ ၀မ်းကွဲ၀မ်လီမှာ ထိုကိစ္စကြောင့် လာကြောင်း ကျိန်းသေနေသည်။
“ ဒီကလေးတော့.. ”
ကြီးတော်ရှင်းယွမ်ချွှန်းမှာ မလုံမလဲဖြင့် ဝါးရုံပင်များအကြား ပျောက်ကွယ်သွားသည့် သူမ၏သားအား ကြည့်နေသည်။
“ ကောင်းပြီ... စကားကြောဖြတ်ကြတာပေါ့.. မြင်းလှည်းထဲကဆင်းပြီး ငါတို့ သွားကြရအောင်.... ”
ထိုသည်မှာ ဦးကြီး၀မ်ကျန်၏ အသံဖြစ်ပေသည်။ သူ ထိုစကားများအား ပြောပြီးသည်နှင့် မြင်းလှည်းထဲမှ ထွက်လိုက်သည်။ ဆင်းနေရင်း ၀မ်ချောင်အား လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သေး၏။ ပြီးနောက် စိုးရိမ်သည့်အမူအရာက သူ၏ မျက်နှာ၌တစ်ဖန် နေရာယူသွားပြီး ရှေ့ဆက်သွားခဲ့လေသည်။
၀မ်ကလန်၏ သားကြီးအနေဖြင့် တော်၀င်ရုံးတော်၌ အရေးပါသည့်ရာထူးအား ရရှိထားသူ ဦးကြီးမှာ လေးပြည်နယ်သံရုံးအား မကြာခဏ ရောက်ရှိပြီး ဘိုးဘိုးကြီးအား အချို့သော နိုင်ငံရေးကိစ္စများ၌ အကူအညီ တောင်းလေ့ရှိသည်။
ထို့ကြောင့် သူသည်လည်း လေးပြည်နယ်သံရုံး၏ အခြားသော ချွင်းချက် ဖြစ်ပေသည်။
မကြာမှီ ဦးကြီးသည်လည်း တာ၀န်ကျအစောင့်အား ဖြတ်ကျော်ကာ ဝါးရုံတောအတွင်း ၀င်ရောက် ပျောက်ကွယ်သွားခဲ့သည်။
“ ယုရှန်း.. ငါတို့လဲ သွားကြမလား.. ”
“ ငါ စောင့်နေဦးမယ်.. စတုတ္ထမောင်လေး ထျန်းကျူးတောင်ပေါ်က ဆင်းလာဖို့က အဖေ့ရဲ့ မွေးနေ့တစ်ရက်ပဲ ရှိတာ... ဒါကြောင့် သူ့ကိုစောင့်ပြီးပဲ အထဲ၀င်တော့မယ်.. ”
၀မ်ယုရှန်း ခေါင်းခါလိုက်သည်။ သူမက ၀မ်ချောင်အား တမင်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
ရှန်းယွမ်ချွန်း ထိုကိစ္စအား မပြောတော့ပေ။ မြင်းလှည်းပေါ်မှ အသာအယာဆင်းကာ ဝါးတောဆီသို့ မသွားခင် ၀မ်ချောင်၏မိခင်ဘေး၌ အေးစက်စက် နှာခေါင်းရှုံ့လိုက်သေးသည်။
၀မ်ကျူးယန်မှာ နောက်ဆုံးသောသူ ဖြစ်၏။ ကြီးတော်ရှင်းယွမ်ချွန်း၏ပုံရိပ် ပျောက်ကွယ်သွားသည့်အခါမှသာ မြင်းလှည်းထဲမှ ထွက်လာခဲ့သည်။ ရှင်းယွမ်ချွန်း မရှိသည့်နှင့် လေထုသည်လည်း သက်သက်သာသာ ဖြစ်သွားခဲ့သည်။
“ ဒေါ်လေး.. ”
၀မ်ကျူးယန်မှာ ၀မ်ချောင်၏မိခင်ထံသို့ လျှောက်လှမ်းသွားပြီး တောင်းပန်လိုက်သည်။
“ အမေက နည်းနည်းလေး စိတ်သဘောထားမကောင်းပေမဲ့ သူမက ဆိုးတဲ့သူမဟုတ်ပါဘူး... သူမအစား သမီးက တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး သူမရဲ့စကားကို မှတ်မထားပါနဲ့.. ”
“ ဟင်းဟင်း.. သမီးလေး... တောင်းပန်စရာမလိုပါဘူး ဒေါ်လေး အဆင်ပြေပါတယ်.. ”
၀မ်ချောင်၏မိခင် ခေါင်းခါကာ ပြုံးပြလိုက်သည်။
“ အဟုတ်ပဲ.. ရှုဟွာ.. အဲ့ဒီ ယွမ်ချွမ်းရဲ့ ပင်ကိုယ်စရိုက်ကိုက အဲ့လိုပဲ.. သူ့စကား ဘယ်ဘက်နားက၀င်လာရင် ညာဘက်နားကနေ ထုတ်ပစ်လိုက်.... ”
ဒေါ်ကြီး ၀မ်ယုရှန်းလည်း ၀င်ရောက်ပြောဆိုလေသည်။
ဒေါ်လေးနှင့် တူမလေးတို့နှစ်ဦးသား အချိန်အတော်ကြာ စကားပြောဆိုကြပြီးနောက် သူမတို့၏ အကြည့်က ၀မ်ချောင်ထံ ကျရောက်လာခဲ့သည်။ ဒုန်း.. ဒုန်း ၀မ်ချောင်၏ နှလုံးခုန်သံ တစ်စက္ကန့်မျှ ရပ်တန့်သွားလေ၏။ ဒေါ်ကြီး၏ အကြည့်က မထူးခြားသည့်တိုင် ၀မ်းကွဲအစ်မ ၀မ်ကျူးယန်၏ မျက်လုံးထဲမှာတော့ မကောင်းသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေပြီး အဆီတစ်ထပ် အသားတစ်ထပ်နှင့် အသားတုံး ခပ်ကြီးကြီးအား စိုက်ကြည့်နေသည့်နှယ်။
“ တင်...တင်... ဒါက ငါတို့ မိသားစုရဲ့ ထောင်ကျူးကုန်းလေး မဟုတ်လား.. ဘယ်လိုလဲ ငွေလေးနည်းနည်း ရှာနိုင်တာနဲ့ ဒီက ဒုတိယအစ်မကို မေ့သွားတယ်ပေါ့လေ.. ”
( ထောင်ကျူးကုန်းဆိုတာက နွေဦးနဲ့ဆောင်းဦးကာလ(Sprign and Autumn)မှာ ထင်ရှားကျော်ကြားခဲ့တဲ့ စီးပွားရေးသမားကို ဆိုလိုတာပါ )
“ ငါ ဘယ်လိုလုပ် မေ့ရဲမှာလဲ.. ”
၀မ်ချောင် ရှက်ရွံစွာ မလုံမလဲ ပြုံးလိုက်မိသည်။ ထိုအချင်းအရာအား မြင်လိုက်ရချိန်တွင် ၀မ်ချောင်၏ ဒေါ်ကြီးနှင့်ဦးလေး၊ ၀မ်ချောင်၏ မိခင်တို့ မထိန်းနိုင်ပဲ ရယ်လိုက်ကြသည်။ ၀မ်ချောင်မှာ ၀မ်ကလန်အား ကပ်ဘေးမှ ကယ်ဆယ်၍ ငွေအမြောက်အမြား ရှာဖွေနိုင်သည့်တိုင် ၀မ်းကွဲအစ်မ ၀မ်ကျူးယန်ရှေ့၌မူ ထိုအံ့အားသင့်ဖွယ် ပုံရိပ်အား ထိန်းသိမ်းနိုင်ခြင်း မရှိသေးချေ။ ငယ်ကြောက်ဟုပင် ဆိုနိုင်သည်။
“ ငါ့ဝေစု ဘယ်မှာလဲ.. ငွေအတော်ရှာနိုင်ပြီဆိုတော့.. နင့်ရဲ့ ဒုတိယအစ်မကို ဘေးထုတ်ထားချင်တာတော့ မဟုတ်ပါဘူးနော်.. ”
၀မ်ကျူးယန် လက်ဆန့်ထုတ်ကာ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်အား ပွတ်သပ်လိုက်သည်။
“ ဘယ်လိုလုပ် မေ့ထားမှာလဲ.. နင့်အတွက်ဆိုပြီး သီးသန့် သိမ်းထားပေးတယ်.. နင်လိုပြီဆိုတာနဲ့ ငါ့ကို အသိပေးလိုက် ချက်ချင်း ပို့ပေးလိုက်မယ်.. ”
၀မ်ချောင် ပြောလိုက်သည်။
“ ဒီလိုမွေပါ့.... ”
၀မ်ကျူးယန်ပြောပြီး မကြာခင်မှာပင် သူမကိုယ်သူမ မထိန်းနိုင်တော့ပဲ ရယ်လေတော့သည်။
၀မ်ကျူးယန်ရယ်နေသည့် အချိန်၌ အခြားသူများလည်း လိုက်ရယ်လေသည်။ ၀မ်ချောင် တစ်ဦးတည်းသာလျှင် သူ၏ နှာခေါင်းအား ပွတ်သပ်ပြီး အနေထိုင်ခက်နေသည်။
“ ကောင်းပါပြီ... မွေးနေ့စားသောက်ပွဲ ပြီးရင် ချက်ချင်း မပြန်သေးနဲ့ဦး.. ငါနင့်ကို ပြောစရာရှိသေးတယ်.. ”
ရုတ်တရက် ၀မ်ကျူးယန်ပြောလိုက်သည်။
၀မ်ချောင် အံ့သြသွားခဲ့သည်။
၀မ်းကွဲအစ်မအနေဖြင့် သူ့အား လိုအပ်သည်က ရှားပေသည် ပြောစရာမလိုပင် ထိုသည်က အရေးကြီးသည့်အရာ ဖြစ်ပေလိမ့်မည်။
“ ကောင်းပြီလေ... ”
၀မ်ချောင် မှင်သက်သွားသည့်တိုင် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
၀မ်းကွဲအစ်မမှာ ပြုံးနေသည့်တိုင် ထိုအရာက အလွန်အရေးကြီးသည်အား ၀မ်ချောင် သဘောပေါက်လေသည်။ အမြဲလိုလို သူမ ထိုသို့ ပြုမူနေသည်ဆိုပါက အလွန်အရေးကြီးသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
၀မ်ချောင် အရေးမစိုက်ပဲ မနေနိုင်ပေ။
“ ပြီးရင် ငါ့ကိုစောင့်နေ.. မမေ့လိုက်နဲ့.. ”
ထိုအချိန်မှသာ ၀မ်ကျူးယန် ကျေနပ်သွားကာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ၀မ်ချောင်၏ မိခင်နှင့် ဒေါ်ကြီး၀မ်ယုရှန်းအား နှုတ်ဆက်ကာ ဝါးရုံတောထဲ ၀င်ရောက်သွားခဲ့သည်။
၀မ်ကျူးယန် ထွက်သွားသည်နှင့် ၀မ်ယုရှန်းမှာ ၀မ်ချောင်ထံသို့ လှမ်းလာခဲ့သည်။ သူမ၏ အကြည့်က သိမ်မွေ့ကာ အလေးထားဟန် ပေါ်လွင်နေသည်။
“ သားလေး.. ကျေးဇူးပါပဲ.. ”
၀မ်ယုရှန်း အထူးတလည် ပြောဆိုလိုက်သည်။ သူမ၏အစ်ကိုနှင့်ဇနီး မရှိတော့သည့်အတွက် မည်သည်ကိုမှ ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ သူမ၏ ယောက်ျားနှင့် ပက်သက်၍ သူမ၏ ဖခင်ဖြစ်သူအား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ဖူးသည်။
သို့ဆိုစေ ဘိုးဘိုးကြီးမှာ ခေါင်းမာလွန်းလှသည်။ သူချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လုံး၀မပြင်ခဲ့သည့်အတွက် ၀မ်ယုရှန်းမှာ အလွန် စိတ်ဓါတ်ကျခဲ့ရသည်။ သူမ၏ယောက်ျားမှာ မြောက်တံခါး၌သာ အရိုးထုတ်ရတော့မည်ဟုသာ ထင်မှတ်ထားခဲ့သည်။
အပြောင်းအလဲမှာ မြန်ဆန်လွန်းလှပေသည်။
၀မ်ယုရှန်းမှာ သူမ၏ အိမ်မက်အား အကောင်အထည်ဖော်ပေးခဲ့သူမှာ ဆိုးသွမ်းလှသည်ဟု သူမသတ်မှတ်ထားသည့် တူတော်မောင် ဖြစ်နေခဲ့ချေသည်။
အချိန်တိုလေးအတွင်း သူမ၏ ယောက်ျားမှာ မြောက်တံခါးမှ ပြောင်းရွေ့နိုင်ခဲ့သည်သာမက ရာထူးလဲ တိုးခဲ့သည်။
ယခုအချိန်ထိတိုင်အောင် ထိုအရာသည် အိပ်မက်မဟုတ်ဟု သူမ ယုံကြည်ရန် ခက်ခဲနေဆဲပင်။
“ ဒေါ်ကြီး.. ကျွန်တော့်ကို ကျေးဇူးတင်နေစရာမလိုပါဘူး.. မိသားစုတွေပဲလေ.. ပြီးတော့ ဦးလေးကလည်း ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ပါတယ်.. ”
၀မ်ချောင်မှ ဒေါ်ကြီး၀မ်ယုရှန်းနောက်၌ ရှိနေသည့် ဦးလေးလီလင်းအား လှမ်းကြည့်လိုက်သည်။ ၀မ်ချောင် အမှန်ကိုသာ ပြောခြင်း ဖြစ်ပေသည်။ သို့သော် ထိုစကားလုံးများက ၀မ်ယုရှန်း၏ နားထဲရောက်သွားချိန်၌ ၀မ်ချောင် မိမိကိုယ်ကို နှိမ့်ချပြောဆိုနေသည်ဟု ခံစားလိုက်ရသည်။ ထိုသည်ကပင် သူမ ပို၍ ကျေးဇူးတင်မိပြန်သည်။
“ ဒီကလေးကတော့... ချောင်အာ.. သား ဒေါ်ကြီးဆီကို မကြာခဏ လာလည်သင့်တယ်.. ဒါမှ သားရဲ့၀မ်းကွဲအစ်ကို ၀မ်လျန့်နဲ့လည်း ပိုရင်းနှီးတာပေါ့..---- ၀မ်လျန့်.. သားရဲ့ ၀မ်းကွဲ ရှိနေတယ်.. ဆင်းလာခဲ့.. ”
အဆုံး၌ မြင်းလှည်းဆီသို့ လှမ်းအော်လိုက်သည်။
“ ခနစောင့်ပေးဦး.. ဒီငှက်ရုပ်လေးထွင်းတာ ပြီးတော့မယ်.. ဒါက လက်ရှိ မြို့တော်မှာ ရေပန်းစားနေတဲ့ အရာပဲ.. တစ်ခုကို ငွေစ ငါးခုတန်တယ်.. တကယ်လို့ ဒီဟာသာ ပျံသန်းနိုင်မယ်ဆိုရင် ငွေစ ဆယ်စတောင် တန်ဦးမယ်.. ဒီလိုငှက်တွေ ထပ်လုပ်နိုင်ခဲ့ရင် သား ငွေအတော်များများ ရမှာသေချာတယ်.. ”
မြင်းလှည်းထဲရှိ လူမှာ လက်ရှိ၎င်းပြုလုပ်နေသည့်အလုပ်ပေါ်၌ အလွန် အာရုံစိုက်နေဟန်ရသည်။
“ ၀မ်.. လျန့်...... ”
၀မ်ယုရှန်း၏ မျက်နှာထား တင်းမာလာပြီး ဒေါသထွက်စပြုလာသည်။
ထိုစကားများအား နားထောင်ပြီးနောက် ၀မ်ချောင် ထိန်းမနိုင်ပဲ ရယ်လိုက်မိသည်။ ထိုစကားလုံးများမှာ သူ၏ ၀မ်းကွဲအစ်ကိုဖြစ်သူ ၀မ်လျန့်၏ နှုတ်မှ ထွက်လာသည့်စကားများသာ ဖြစ်ရပေမည်။ ၀မ်လျန့်မှာ သိုင်းပညာနှင့်စာပေအား စိတ်၀င်စားခြင်းမရှိပဲ သူစိတ်နှစ်မြုပ်ထားသည့် တစ်ခုတည်းသောအရာမှာ စီးပွားရေးနှင့် ငွေရှာရန်သာ ဖြစ်ပေသည်။
စျေးကွက်အပြောင်းအလဲအား သိရှိပြီး စီးပွားရေးအခွင့်အလမ်းများအား သူအမြဲသိရှိကာ ငွေများ ရှာဖွေနိုင်သည်။ တစ်ခုတည်းသော ပြဿနာမှာ..
သူပြောလိုက်သကဲ့သို့ပင် တစ်ကြိမ်လျှင် ငွေစ ဆယ်စခန့်သာ ရှာဖွေနိုင်ခြင်းဖြစ်သည်။ မုန့်ဖိုးပဲဖိုးမျှသာ ရှိ၏။
မြင်းလှည်းထဲမှ သစ်သားထွင်းထုသံများ ကြားနေရရာ သိသိသာသာပင် သူ၏ ၀မ်းကွဲအစ်ကို ၀မ်းလျန့်မှာ အတော် အလုပ်များနေဟန်ရသည်။
“ ဒီကလေးကတော့လေ.... ”
၀မ်ယုရှန်း ကူကယ်ရာမဲ့စွာ ခံစားလိုက်ရကာ..
“ ထားလိုက်တော့.. ရှုဟွာ.. အချိန်ကျပြီ.. စတုတ္ထမောင်လေးလဲ ခနနေရင် လာတော့မှာပဲ.. လာ အရင်၀င်ကြရအောင်... ”
မလှမ်းမကမ်းမှ နန်းတွင်းစစ်သည်များ ရှောင်ဖယ်လိုက်ပြီး လမ်းတစ်ခု ပြုလုပ်ပေးလိုက်ကြသည်။
ဘိုးဘိုးကြီးမှ သူတို့အား ၀င်ခွင့်ပြုရန် ပြောဆိုထားပြီး ဖြစ်လေသည်။
........
တစ်အုပ်စုလုံး လေးပြည်နယ်သံရုံးထဲသို့ ၀င်လာကြ၏။
ဘိုးဘိုးကြီးနေထိုင်သည့်အိမ်တော်အား ‘ အသိပညာစံအိမ် ’ဟု ခေါ်တွင်ပြီး အိမ်တော်တစ်ခုလုံးအား မရေမတွက်နိုင်သည့် သိုင်းပညာရှင်များက စောင့်ကြပ်ထားသည်။ ၀မ်ချောင်နှင့် သူ၏မိခင်တို့ ၀င်ရောက်လာချိန်၌ ဦးကြီးနှင့်ကြီးတော်မှာ ၀မ်ကျူးယန်နှင့် ၀မ်လီတို့နှင့်အတူ ရောက်နှင့်နေပြီး ဖြစ်၏။ သူတို့သည် မျဉ်းကြောင်းအတိုင်း မတ်တပ်နေခြင်းဖြစ်ပြီး လေထုတစ်ခုလုံးက အေးစက်နေသည်။
၀မ်းကွဲအစ်ကို ၀မ်လျန့်မှာ အငြိမ်မနေနိုင်သူ ဖြစ်သော်လည်း ယခုအချိန်၌မူ ခေါင်းငုံ့ကာ စကားတစ်လုံးမှ မဆိုပဲ ငြိမ်ချက်သား ကောင်းလို့နေသည်။
...............................
ကျိုးအမတ်ကြီး သခင်ကြီး၊ ၀မ်မိသားစု၏ ဘိုးဘိုးကြီး..
၀မ်ကျန်- ဦးကြီး(ကျိုးအမတ်ကြီး၏ သားအကြီးဆုံး)
ရှင်းယွမ်ချွန်း- ကြီးတော်(၀မ်ကျန်၏ ဇနီး)
၀မ်လီ- ၀မ်းကွဲအစ်ကို(၀မ်ကျန်နှင့် ရှင်းယွမ်ချွန်းတို့၏သားကြီး )
၀မ်ကျူးယန်- ၀မ်းကွဲအစ်မ(၀မ်ကျန်နှင့်ရှင်းယွမ်ချွန်းတို့၏ သမီး)
၀မ်ချောင်အား ဒုတိယအစ်မဟု အတင်းခေါ်ဆိုခိုင်းသူ
၀မ်ယုရှန်း- ဒေါ်ကြီး(ကျိုးအမတ်ကြီး၏ သမီးအကြီးဆုံး)
လီလင်း- ဦးလေး(၀မ်ယုရှန်း၏ လင်ယောက်ျား)
၀မ်လျန့်- ၀မ်းကွဲအစ်ကို(၀မ်ယုရှန်းနှင့်လီလင်းတို့၏သား)
၀မ်ယန်- ကျိုးအမတ်ကြီး၏ ဒုတိယသား၊ ၀မ်ကျန်၏ညီ ၀မ်ယုရှန်း၏မောင်
ကျောက်ရှုဟွာ- ၀မ်ချောင်၏ မိခင်
၀မ်ဖူ- အစ်ကိုကြီး(၀မ်ယန်နှင့်ကျောက်ရှုဟွာတို့၏ သားအကြီးဆုံး)
၀မ်ပေ- အစ်ကိုငယ်(၀မ်ယန်နှင့်ကျောက်ရှုဟွာတို့၏ ဒုတိယသား)
၀မ်ချောင်- ၀မ်ယန်နှင့်ကျောက်ရှုဟွာတို့၏ တတိယသား
၀မ်ရှောင်းယောင်- ညီမငယ်(၀မ်ယန်နှင့် ကျောက်ရှုဟွာတို့၏ အငယ်ဆုံး သမီး)
၀မ်မီ- ဦးငယ်(ကျိုးအမတ်ကြီး၏ တတိယသား) လည်း ရှိသေး၏..
နောက်ထပ် အရေးကြီးတာတစ်ချက်က တစ်ချို့မှာ မိသားစုနာမည်အပြင် နောက်ထပ်နာမည်တစ်ခု ရှိကြပါသေးတယ်.. အလျဉ်းသင့်မှပဲ တစ်ခါထဲ ရှင်းပြပေးပါ့မယ်..
ဟဲဟဲ ဆွေမျိုးစပ်တာ တစ်အားတော်တာဆိုတော့လေ... တကယ်တော့ ဒီဟာက စာဖတ်သူတွေအတွက်မဟုတ်ဘူးဗျ.. ကျနော်မှတ်ဖို့ မှတ်စုထုတ်နေတာရယ် ဟီး............
လူသားဧကရာဇ်၏ ရာဇ၀င်
Chapter 89.
သခင်ကြီး၏ လျို့ဝှက်ချက်
ခန်းမ၏ အဆုံး၌ ခရမ်းရောင်သစ်သားထိုင်ခုံ နှစ်လုံးရှိနေပြီး ဆံနွယ်ဖြူနေသည့် သက်ကြီးပိုင်း လူနှစ်ဦးအား တွေ့လိုက်ရ၏။
“ ဘိုးဘိုးကြီး.. ”
အသံသေးသေးလေးမှာ ခန်းမထဲ၌ ထွက်ပေါ်လာခဲ့သည်။ ၀မ်ချောင် မတုံပြန်နိုင်ခင်၌ပင် ညီမငယ်မှာ ပြေးထွက်သွားပြီး အကြီးအကဲနှစ်ဦး၏ ၀တ်ရုံထဲသို့ တိုး၀င်ပြီး ဖြစ်နေသည်။
“ ဟားဟား.... ဒါ ဘယ်သူလေးလဲ.... ”
“ ဒါ ငါတို့ ရှောင်းယောင်လေးမဟုတ်လား... ”
“ ကောင်မစုတ်လေး.. နင့်အဘိုးဆီ လာလည်ဖို့ သတိရသေးတယ်ပေါ့.. ”
.........
ခန်းမအတွင်း၌ တည်ကြည်သည့်မျက်နှာထားနှင့် လူအိုကြီးတစ်ဦးက ၀မ်မိသားစု၏ ညီမငယ်အား ပွေ့ဖက်ထား၏။ ထိုအချိန်၌ အကြီးအကဲမှာ သာမာန် လူအိုကြီးအလားပင်။
၀မ်မိသားစု၏ ရှောင်းယောင်လေးသည်လည်း ဦးညွှတ်ခြင်းမရှိ။ ထိုသူတို့၏ ပွေ့ဖက်မှုကြား၌ သူမက ရှက်ကိုးရှက်ကန်းဖြင့် ဘိုးဘိုးနှင့်ဘွားဘွားအား ချိုသာသောအသံဖြင့် တီတီတာတာ တွတ်ထိုးနေလေသည်။
ထိုမြင်ကွင်းက လူတိုင်းအား စိတ်မသက်မသာ ဖြစ်စေသည်။ ၀မ်ချောင်၏ ၀မ်းကွဲအစ်ကိုဖြစ်သည့် ၀မ်လီပင် မနာလိုဖြစ်မိသည်။
သခင်ကြီးမှာ မျက်နှာထားတင်းတင်းနှင့်လူဖြစ်ပြီး သူရှေ့မှောက်၌ မည်သူမှ အသက်ပင် ရဲရဲ မရှူရဲချေ။ ၀မ်ချောင်၏ ဦးကြီး ၀မ်ကျန်သည်လည်း အပါအ၀င်ဖြစ်သည်။
၀မ်ကလန်တစ်ခုလုံးတွင် ၀မ်မိသားစု၏ ရှောင်းယောင်လေးသည်သာ ထိုသို့ ပြုမူရဲပေသည်။ သူတို့အား သူမ လာတွေ့သည့်အချိန်တိုင်း သူမ ပြဿနာရှာလျှင်ပင် သခင်ကြီးနှင့် သခင်မကြီးမှာ စိတ်ထဲ ထားဟန်ပင် မရချေ။ သူမအား ပို၍ပင် ချစ်ခင် နေပေသေးသည်။
ထိုသည်မှာ ၀မ်ချောင်ညီမငယ်၏ နှိုင်းမရသည့် စွမ်းရည်တစ်ခုဖြစ်ပြီး မည်သူမှ သူမအား မကျော်ဖြတ်နိုင်ပေ။
“ အဖေ... သမီးက အဖေ့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်.. အရှေ့ပင်လယ် ကျယ်ပြောသလို ပျော်ရွှင်နိုင်ပါစေ တောင်ဘက်ကတောင်တန်းတွေ ရှည်လျားသလို အသက်ရှည်ပါစေ.. ”
၀မ်ချောင်၏ ဒေါ်ကြီးနှင့်ဦးကြီးတို့က မက်မွန်ခြင်းနှင့်အတူ ရှေ့ထွက်ကာ အတူတူပင် မွေးနေ့ ဆုတောင်း ချွေလိုက်ကြသည်။ သခင်ကြီးမှာ ရိုးရှင်းသည့်ဘ၀၌သာ နေထိုင်ပြီး အဖိုးတန်ပစ္စည်းများနှင့် အဆင်တန်ဆာများအား နှစ်သက်ခြင်း အလျဉ်းမရှိပေ။
တစ်စုံတစ်ဦးမှ ထိုသို့သော တန်ဖိုးကြီး ပစ္စည်းများ လက်ဆောင်ပေးခဲ့သည်ရှိသော် ပြန်ပေးလိုက်သည့်အပြင် ထိုသူကိုလည်း ကောင်းစွာ ကျိန်းမောင်းလွှတ်စမြဲပင်။
ထို့ကြောင့် နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့ဖြစ်သော်ငြား မည်သူမှ ထိုတဘောင်အား ချိုးဖျက်၍ အဖိုးတန်အရာများ မပေးအပ်ရဲချေ။ လက်ဆောင်ပစ္စည်းများအားလုံးက ရိုးရှင်းကာ သဘာ၀ကျသည့်အရာများသာ ဖြစ်ပေသည်။
“ အင်း.. ကျေးဇူးတင်ပါတယ် သမီးလေး.. ”
သခင်ကြီးမှ ခေါင်းမော့ကာ မက်မွန်ခြင်းအား သာမာန်ကာလျှံကာ ကြည့်လိုက်သည်။ ၀မ်ကလန်ရှိ လူတိုင်းက သခင်ကြီး၏ အကြိုက်မှာ မက်မွန်သီးဖြစ်ကြောင်း အားလုံး သိထားကြသည်။
သူသည် မျက်နှာထားတင်းတင်းဖြင့်သာ နေကာ ရယ်ခဲပြုံးခဲသည်။ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့ ကဲ့သို့သော ပျော်ရွှင်ဖွယ်သမယမှာပင် သူ၏ မျက်နှာထားအား ထိန်းသိမ်းထားနေလေသည်။
ဒေါ်ကြီးနှင့်ဦးကြီးတို့က အသီးသီး ဆုမွန်ကောင်းတောင်းပေးပြီးသည်နှင့် ၀မ်းကွဲ၀မ်လီအား ခေါ်ဆောင်ကာ ဘေးတစ်ဖက်၌ မတ်တပ်ရပ်နေကြသည်။
သခင်ကြီးမှ မည်သည့်စကားမှ မပြောသဖြင့် မည်သူမှ မစကားမစရဲချေ။
“ ဘိုးဘိုး.. အရှေ့ပင်လယ်ထဲကို စီး၀င်နေတဲ့ မဆုံးနိုင်တဲ့ ရေတွေလို ပျော်ရွှင်ရပြီး တောင်အရပ်က တောင်တန်းတွေမှာရှိတဲ့ နှစ်ထောင်ချီထင်းရှူးပင်တွေလို အသက်ရှည်ပါစေကြောင်း မြေး ၀မ်ချောင်မှ ဆုတောင်းပေးပါတယ်.. ”
သူ့မိခင်၏ ဆုတောင်းပေးရန် အလှည့်ကျသည်တွင် ၀မ်ချောင်မှ အလျင်အမြန်ထကာ ပြောလိုက်သည်။
“ အိုး......... ”
၀မ်ချောင်၏ စကားများက သခင်ကြီးနှင့် သခင်မကြီး အပါအ၀င် လူတိုင်း၏ သိချင်စိတ်အား ဆွဲဆောင်သွားခဲ့သည်။ သူတို့အနေဖြင့် ၀မ်ချောင်အား ယခုမှသာ စတင် သတိထားမိခြင်းဖြစ်ပြီး သူတို့၏ မျက်၀န်းထဲ၌ အလင်းရောင်တစ်ချို့ဖြတ်ပြေးသွားခဲ့သည်။
ဤအချိန်၌ လူတိုင်းမှာ ‘ အရှေ့ပင်လယ် ကျယ်ပြောသလို ပျော်ရွှင်နိုင်ပါစေ တောင်ဘက်ကတောင်တန်းတွေ ရှည်လျားသလို အသက်ရှည်ပါစေ ’ဟု တစ်ညီတစ်ညွှတ်တည်း ဆုတောင်းပေးခဲ့ကြသော်လည်း ၀မ်ချောင်သည်လည်း ထို့အတူပင်။ သို့သော် စကားလုံးအနည်းငယ် ဖြည့်သွင်းလိုက်ခြင်းဖြင့် စကားစုတစ်ခုလုံး၏ အနှစ်သာရအား ပြောင်းလဲ ပစ်ခဲ့သည်။
သူတို့နှစ်ဦးမှာ များစွာသော ဆုတောင်းစကားများအား ကြားခဲ့ဖူးသည့်တိုင် ထိုသို့ ဆန်းကြယ်သည့်အရာအား ယခုမှ ကြားရခြင်း ဖြစ်သည်။
“ ဟင်းဟင်း... အဘိုးကြီး.. ဒီကလေးက နင်ငယ်ငယ်တုန်းကပုံစံကို သွားသတိရစေတယ်.. ”
ဘွားဘွားကြီးမှ ပြောလိုက်သည်။
“ မဆိုးဘူး.... ”
ပြုံးနေကာ သခင်ကြီးမှ ခေါင်းငြိမ့်လိုက်သော်လည်း ထို့ထက်ပို၍ မည်သူ့ကိုမှ မပြောဆိုတော့ချေ။ တစ်ဖက်တွင် ၀မ်ချောင်၏ဦးကြီး၊ ဒေါ်ကြီး၊ ဦးလေးနှင့် အခြားသူတို့မှာ စိတ်လှုပ်ရှားသွားကြသည်။
၀မ်ကလန်၌ သခင်ကြီးမှာ လာရောက်ဆုတောင်းပေးသူများအား ခေါင်းငြိမ့်အသိအမှတ်ပြုကာ စကားပြောဆိုခြင်းမရှိသည်ကို သိထားကြသည်။ အချိန်တိုင်းပင် ထိုသို့သာဖြစ်ပြီး ၀မ်ကျန်ပင်လျှင် ခေါင်းငြိမ့်၍သာ အသိအမှတ်ပြုခံရသည်။
ဤ ‘ မဆိုးဘူး ’ဟူသည့် စကားမှာ မည်သည်ကိုမှ ဆိုလိုခြင်း မဟုတ်သည့်တိုင် သခင်ကြီး၏ တုံ့ပြန်မှုများနှင့် အသားကျနေသည့် သူများအတွက်တော့ အကောင်းဆုံးသော ချီးကျူးမှုပင် ဖြစ်သည်။
“ .. ပြီးတော့ မြေးဆီမှာ အဘိုးအတွက် လက်ဆောင် ပါလာပါသေးတယ်.. ”
ထိုအချိန်၌ ခန်းမအတွင်းရှိ လေထုမှာ ငြိမ်သက်သွားခဲ့သည်။ ၀မ်ချောင်၏ ဒေါ်ကြီး ၀မ်ယုရှန်းမှာ သူ့အား အလျင်စလို မျက်ရိပ်ပြကာ ၀မ်ချောင်၏ ဦးကြီးသည်လည်း တိတ်တိတ်နေရန် လက်ဟန်ပြသည်။
တစ်ဖက်၌ ၀မ်ချောင်၏ကြီးတော် ရှင်းယွမ်ချွန်းမှာမူ နှာခေါင်းရှုံ့လိုက်သည်။
၀မ်ကလန်ရှိ လူတိုင်းက သခင်ကြီးမှာ မည်သည့်အခါမှ လက်ဆောင်ပေးခြင်းအား မနှစ်သက်သည်ကို သိထားကြသည်။
ထိုသည်က အပြင်လူများအတွက်သာ မဟုတ်ပေ။ နှစ်သစ်ကူးပွဲတော်မှလွဲ၌ မည်သူ့ထံကမှ လက်ဆောင် လက်ခံခြင်း မရှိချေ။ ထိုအချိန်၌လည်း ၀မ်ချောင်၏ဖခင်တို့ မျိုးဆက်များမှ ပေးသည့် မက်မွန်ခြင်းလက်ဆောင်များကိုသာ လက်ခံသည်။
ငယ်ရွယ်သည့် မျိုးဆက်များအနေဖြင့် သူတို့မှ ပေးသည့် လက်ဆောင်များအား လုံး၀ လက်ခံခြင်းမရှိချေ။ နိုင်ငံရေးလောက၏ တံစိုးလက်ဆောင် ပေးအပ်သည့် အလေ့အထအား ငယ်ရွယ်စဉ်ကပင် ထိတွေ့ခြင်းမရှိစေရန် ရည်ရွယ်သည်။
၀မ်ချောင်မှာ ရှားပါးသည့် ချီးကျူးမှုအား လက်ခံပြီးပြီးချင်း သခင်ကြီး၏ စည်းမျဉ်းများအား ချိုးဖောက်မည်ဟု မည်သူမှ ထင်မှတ်ထားခြင်း မရှိကြပေ။
“ ဒီကလေးက ချီးကျူးလိုက်တာနဲ့ အရူးဘုံမြှောက်ဖြစ်တော့တာပဲ.. ”
ရှင်းယွမ်ချွန်း အေးစက်စက် ခနဲ့လိုက်သည်။
သစ်သားထိုင်ခုံပေါ်၌ ထိုင်နေသည့် သခင်ကြီးမှာ ၀မ်ချောင်အား ထူးမခြားနားစွာ ကြည့်နေသော်လည်း နံဘေးရှိ ဘွားဘွားကြီးမှာတော့ သူမ၏ အပြုံးအား ပြန်လည် ရုတ်သိမ်းသွားခဲ့ချေပြီ။
“ ဘယ်လို လက်ဆောင် ပေးဖို့များ စဉ်းစားထားတာလဲ... ”
လူတိုင်း၏ ခန့်မှန်းချက်များနှင့် ဆန့်ကျင်စွာ သခင်ကြီးမှ ၀မ်ချောင်၏ ဘက်ထဲရှိ ထောင့်မှန် စတုဂံသဏ္ဍာန် သေတ္တာပုံးလေးအား ကြည့်လိုက်ပြီး မေးလိုက်သည်။ သူ မည်သည်ကို တွေးတောနေမှန်း မည်သူမှ မသိကြပေ။
“ ဓားတစ်ချောင်းပါ... ”
ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ရင်း ၀မ်ချောင် စိတ်ရင်းဖြင့် ပြောဆိုလိုက်သည်။
ဘုန်း........
၀မ်ချောင် စကားဆိုလိုက်သည်နှင့် ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
“ ချောင်အာ.... သား ဘာတွေလုပ်နေတာလဲ.. ”
၀မ်ချောင်၏မိခင်မှာ အလွန်ပင် စိုးရိမ်သွားခဲ့သည်။ ၀မ်ချောင်သည် ထောင့်မှန်စတုဂံသဏ္ဍာန် အရာ၀တ္ထုအား အ၀တ်စနှင့် တင်းကျပ်စွာ ထုပ်ကာ ကိုင်ထားသည်ကို ရှေးမဆွကပင် သူမ သတိထားမိပြီးဖြစ်သည်။
သို့ဆိုသော်လည်း ကျောက်ရှုဟွာအနေဖြင့် ထိုသည်မှာ ဓားတစ်ချောင်းဖြစ်ကြောင်း မည်သို့မှ မတွေးမိခဲ့ချေ။
ဓားဟူသည်မှာ သွေးထွက်သံယိုဖြစ်မှုအား ကိုယ်စားပြုပြီး ထိုသို့သောအရာအား သခင်ကြီး၏ မွေးနေ့၌ ပေးအပ်ခြင်းသည် လုံး၀ဥဿုံ မပြုအပ်သည့် အပြုအမူဖြစ်လေသည်။
“ ၀မ်ချောင်... အခုချက်ချင်း ပြန်လာခဲ့စမ်း.. ”
ဦးကြီး ၀မ်ကျန်မှ လှမ်း၍ ကြိမ်းမောင်းလိုက်သည်။ ယခင်က ၀မ်ချောင်၏ အကြံပြုချက်ကြောင့် သူ၏ အကြီးဆုံးသားမှာ ယောင်ကလန်၏ ရုပ်သေးရုပ် ဖြစ်တော့မည် ဘ၀မှ ကာကွယ်နိုင်ခဲ့သည့်အတွက် ၀မ်ချောင်အပေါ် သူ၏ အမြင်ကောင်းများ ရှိနေသည်။ ထို့အတွက်ကြောင့်လည်း မြင်းလှည်းအတွင်း၌ သူ၏ဇနီးဖြစ်သူအား တားဆီးခဲ့ခြင်းဖြစ်သည်။
သို့ဆိုစေ ပျော်ပွဲရွှင်ပွဲ အခါသမယ၌ ဓားတစ်ချောင်း လက်ဆောင်ပေးသည်ဆိုခြင်းက အထူးသဖြင့် သခင်ကြီး၏ နှစ်ခုနစ်ဆယ်ပြည့်မွေးနေ့၌ ပေးအပ်ခြင်းက လုံး၀ အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်ပင် ဖြစ်သည်။
၀မ်ချောင်သည် ငယ်ရွယ်သည်ဆိုသော်ငြား ယခုကိစ္စမှာ အသက်အရွယ်ငယ်သည်ဟု အကြောင်းပြ၍ ရနိုင်သည့်အရာ မဟုတ်တော့ချေ။
“ ချောင်အာ... သား ဘာလို့ ကလေးဆန်ဆန် လုပ်နေတာလဲ.. သားရဲ့ဘိုးဘိုးကြီးကို ကျိန်စာတိုက်နေတာလား.. မြန်မြန် အဲ့ပစ္စည်းကိုသိမ်းပြီး ဘိုးဘိုးကြီးကို တောင်းပန်လိုက်.. ”
ဒေါ်ကြီး ၀မ်ယုရှန်းမှ စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
ဤကောင်လေးမှာ ငယ်သည့်အပြင် ခြေမြန်လက်မြန်ရှိလွန်းလှသည်။ ယခုမတိုင်မှီကပင် အလွန်ထူးခြားသည့် အပြောအဆိုကြောင့် သခင်ကြီး၏ စိတ်၀င်စားမှုအား ရရှိကာ ထူးထူးခြားခြား သူ့အား ချီးကျူးခဲ့သည်။ အဘယ်ကြောင့်များ ထိုမျှ ရူးနှမ်းသည့်လုပ်ရပ်အား ဆိုင်းမဆင့် ဗုံမဆင့် ပြုလုပ်ရလေသနည်း။
မိမိအနာဂတ်အား မိမိကိုယ်တိုင် ဖျက်ဆီးပစ်ခြင်းပင် မဟုတ်လော။
အမှန်အားဖြင့် ၀မ်ယုရှန်းမှာ ၀မ်ချောင်အပေါ် အလွန်ပင် ကောင်းမွန်သည့် သဘောထားရှိပေသည်။ မွေးနေ့ စားသောက်ပွဲ၌ ၀မ်ချောင်မှာ ဓားတစ်လက်အား ရည်ရွယ်ချက်ရှိရှိ ပေးလိမ့်မည်ဟု မထင်ခဲ့မိသောကြောင့် ၀မ်ချောင်၏ ငယ်ရွယ်မှုနှင့် မရင့်ကျက်မှုအား ထောက်ပြကာ ထိန်းသိမ်းပေးလိုက်သည်။
သခင်ကြီးနှင့် မတူသည်က သခင်မကြီး၏ ပင်ကိုယ်မှာ တည်ငြိမ်လွန်းလှသည်။ သို့တိုင် ၀မ်ချောင်မှ ဓားတစ်လက်အား လက်ဆောင်ပေးလိုသည်ကို ကြားလိုက်ရသည်နှင့် သူမ ဆက်လက် ပြုံးနေသည့်တိုင် နှုတ်ခမ်းအား တင်းတင်းစေ့ထားသည်။
၀မ်းကွဲ ၀မ်လီမှာ မည်သည်ကိုမှ ပြောဆိုခြင်းမရှိသည့်တိုင် နဖူးကြောတွန့်နေပြီး ၀မ်ချောင်အား စိုက်ကြည့်နေသည်။ တစ်ဖက်၌ ၀မ်ကျူးယန်မှာတော့ ၀တ်ရုံထဲမှနေ၍ ၀မ်ချောင်အား နောက်ဆုတ်လာရန် လက်ဟန်ပြနေသည်။
“ မြေးက ဘာလို့ အဘိုးကို ဓားတစ်ချောင်း လက်ဆောင်ပေးချင်တာလဲ.. ”
သခင်ကြီးမှ လေးနက်သည့်အသံဖြင့် မေးလိုက်သည်။
ခန်းမအတွင်းရှိ လေထုမှာ ပို၍ပင် လေးလံလာသည်။
ဓားအား သယ်ဆောင်ထားရင်း ၀မ်ချောင်မှာ ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက်သား ရှိနေသေးသည်။ ပတ်၀န်းကျင်မှ တုံ့ပြန်မှုများနှင့် မတူညီစွာ သူ၏ မျက်နှာမှာ တည်ငြိမ်နေ၏။
“ မြေး လက်ဆောင်ပေးချင်တဲ့ ဓားက ဓားကြီးတစ်လက်ပါ.. ဒီဓားဟာ ဘိုးဘိုးနဲ့ အလွန်ကိုမှပဲ လိုက်ဖက်တယ်လို့ မြေး မျှော်လင့်မိပါတယ်.. ပြီးတော့ ဒီဓားဟာ မြေးရဲ့ နှလုံးသားထဲကဆန္ဒတွေကို အပြည့်အ၀ ဖော်ကျူးပေးနိုင်တဲ့ လက်ဆောင်ပါပဲ... ”
လူတိုင်းက မတုံ့ပြန်နိုင်ခင်၌ပင် သခင်ကြီးမှာ ၀မ်ချောင်၏ စကားများထဲမှ တစ်စုံတစ်ခုအား နားလည်သွားဟန်ရသည်။ တစ်ချိန်တည်း၌ ဦးကြီး၀မ်ကျန်သည်လည်း သူ့အား အံ့အားသင့်နေဟန်ဖြင့် ငေးကြည့်နေသည်။
ဤ တူလေးမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။
‘ အသွားမရှိတဲ့ ဓားကြီးဟာ အနုစိတ် သွန်းလုပ်စရာမလိုဘူး.. ’ သံသယရှိရန်ပင်မလို ၀မ်ချောင် လက်ဆောင်ပေးလိုသည့် ဓားမှာ အသွား ရှိမည်မဟုတ်။ စစ်မှန်သည့်စွမ်းအားနှင့်ဓားမှာ စွမ်းအားထက်မြက်ရန်အတွက် အသွားမလိုအပ်သလို စစ်မှန်သည့်လက်ရာတစ်ခုအတွက် အနုစိတ်ဖန်တီးထားရန် မလိုအပ်ချေ။ ‘ နှလုံးသားထဲကနေ စာပေလိုက်စားတဲ့သူသာ ဗဟုသုတပြည့်စုံသူဖြစ်မယ်၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့သူဟာ ယဉ်ကျေးသိမ်မွေ့တဲ့သူ ဖြစ်မယ်’ ဟူ၍ ဆိုရိုးရှိသည် မဟုတ်လော။
၀မ်ချောင်မှာ သခင်ကြီးသည် အနားယူခဲ့သည့်တိုင်၊ သူ၏ နိမ့်ကျလာသည့်အချိန်သို့ ရောက်နေသည့်တိုင်၊ ဤကဲ့သို့ ရိုးရှင်းသည့်ဘ၀၌ လက်တွေ့ကျကျ နေထိုင်နေသည့်တိုင် အင်ပါယာ၌ သြဇာအာဏာရှိနေဆဲ ဖြစ်ကာ မင်းမှုထမ်းများ၏ လေးစားခံ ဖြစ်နေသေးကြောင်းကို ဆိုလိုသည် ဖြစ်နိုင်မည်လား။
သခင်ကြီး၏ ဖြစ်တည်မှုတစ်ခုတည်းကပင်လျှင် အခြားသော မင်းမှုထမ်းများက သူ့အား အလွန် လေးစားကြသည်။
----- ၀မ်ချောင်၏ လက်ထဲမှ ဓားကြီးကဲ့သို့ပင်။
အကယ်၌ ထိုသည်မှာ သူ၏ တူလေး တွေးနေသည့်အတိုင်း ဆိုပါက ၀မ်ချောင်ပေးလိုက်သည့် ဓားကြီးမှာ သခင်ကြီးအတွက် အလွန်ပင် ထူးခြားလှသည့် လက်ဆောင် ဖြစ်နေပေလိမ့်မည်။
၀မ်ကျန်ပင်လျင် ထိုဖြစ်နိုင်ချေအား ဤအချိန်မတိုင်ခင်ထိ သတိမမူမိခဲ့ချေ။ မက်မွန်သီးများနှင့် အခြားအရာများပင် သခင်ကြီးအတွက် ဤအရာလောက် စိတ်ကျေနပ်စေနိုင်မည် မဟုတ်တော့မည်မှာ သေချာလှသည်။
“ ယူလာခဲ့ပါဦး... ”
သခင်ကြီးမှ စကားဆိုလိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။ ၀မ်ချောင် လျှောက်လှမ်းသွားကာ ရိုသေစွာဖြင့် ဓားအား ဘိုးဘိုးကြီးထံ ကမ်းပေးလိုက်သည်။
ဤသည်မှာ ၀မ်ချောင်၏ ဆန္ဒလည်း ဖြစ်ပေသည်။
၀မ်ချောင်သည် ကလန်၏ ဘိုးဘေးဖြစ်သူ သခင်ကြီးအား စိတ်ရင်းထဲမှနေ၍ အလွန်ပင် လေးစားမြတ်နိုးပေသည်။ အချို့အရာများသည် လူတစ်ယောက် နားလည်ရန်အတွက် နှစ်ပေါင်းများစွာ လိုအပ်နိုင်သည်။
၀မ်ချောင် ထိုအချင်းအရာအား ဘိုးဘိုးကြီး ကွယ်လွန်သွားသည့်အခါမှသာ နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။
မဟာထန်အင်ပါယာ၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် နှစ်ဦးရှိလေ၏။
တစ်ဦးမှာ ယောင်ဖုန်း၏ အဘိုးဖြစ်သူ၊ ယောင်ကလန်၏ ပင်မကျောရိုး ယောင်သခင်ကြီးဖြစ်လေသည်။ ကျန်တစ်ဦးမှာ ၀မ်ချောင်၏ အဘိုးဖြစ်သူ လက်ရှိ လူတိုင်းက ‘ ကျိုးအမတ်ကြီး ’ဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသူ ဖြစ်ပေသည်။
သူ၏ ဘ၀၌ များစွာသော ဆင်းရဲဒုက္ခများနှင့် လောကဒဏ်မုန်တိုင်းများအား ကြံ့ကြံ့ခံခဲ့ရပြီးဖြစ်သည်။
သူသည် မြောက်ဘက်နယ်စပ်၌ မွန်ဂိုများနှင့် တိုက်ပွဲ ဆင်နွဲခဲ့သူ ဖြစ်သည်။
သူသည် တစ်ခါက တော်၀င်ရုံးတော်၏ အကျပ်အတည်းကာလအတွင်း ရှေ့ထွက်ပြောဆိုခဲ့သူဖြစ်ပြီး အကျင့်ပျက်ခြစားခြင်းအား အတိအလင်း ဆန့်ကျင်ခဲ့ကာ တော်၀င်ရုံးတော်၏ ဥပဒေအသစ်အား ချမှတ်ခဲ့သူဖြစ်လေသည်။
ပြီးလျှင် အင်ပါယာ၌ နိုင်ငံရေးတိုက်ပွဲများ ပြင်းထန်လာပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်စဉ်၌လည်း လက်ရှိ အင်ပါယာမင်းတရားကြီးအား ရှေ့ဆုံးမှနေ၍ ထောက်ခံခဲ့ပြီး ယခင်က မရှိခဲ့ဖူးသည့် ယနေ့ ငြိမ်းချမ်း ပြည့်စုံ ကြွယ်၀သည့် ခေတ်သစ်တစ်ခုအား မွေးဖွားပေးခဲ့သူ ဖြစ်သည်။
သူ၏ တပည့်များနှင့် နောက်လိုက်များမှာ ကမ္ဘာအဝှမ်း၌ ရှိနေ၏။
သူ၏ အထွတ်အထိပ်ချိန်၌ နိုင်ငံ၏ ရှေ့တန်း၌နေ၍ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ၀င်ခဲ့သူ ဖြစ်သည်။
သူ၏ ဘ၀တစ်ခုလုံးအား အဂတိလိုက်စားခြင်း အလှဉ်းမရှိပဲ ပေးဆပ်ခဲ့သည့်အတွက် အင်ပါယာ၌ ပြည်သူပြည်သားတိုင်းက လေးစားကြသည့် ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။
........
သူ အနားယူခဲ့သည့် အချိန်မှာပင် အင်ပါယာမင်းတရားကြီးကိုယ်တော်တိုင် လေးပြည်နယ်သံရုံးအား တည်ဆောက်ခဲ့ပြီး သူ့အနား၌သာ ဆက်နေစေသည်။
ကမ္ဘာပေါ်တွင် သမိုင်း၀င် ပုဂ္ဂိုလ်များအားလုံသည် စံပြများ ဖြစ်ကြကာ သခင်ကြီးသည် တော်၀င်ရုံးတော်၌ အလွန်ပင် သြဇာကြီးမားသည့်တိုင် သမိုင်းမှတ်တမ်းထဲ၌ သူ့အား အဘယ်ကြောင့် မတွေ့ရှိသနည်းကို ၀မ်ချောင် လုံး၀ နားမလည်နိုင်ချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် နာမည်တစ်ခုအား ၀မ်ချောင် အမှတ်ရမိကာ ထိုအခါမှပင် သခင်ကြီးမှာ မည်သူ ဖြစ်ကြောင်း ၀မ်ချောင် သိရတော့သည်။
ကျန်း ကျိုး လင် (Zhang Jiu Ling)....
မဟာထန်၏ ခက်ခဲကြမ်းတမ်းသည့်အချိန်မှ အလွန်ကျော်ကြားသည့် ၀န်ကြီးချုပ် တစ်ဖြစ်လည်း နောက်ဆုံးသော ၀န်ကြီးချုပ်လည်း ဖြစ်လေသည်။ ဤကမ္ဘာ၌ သူသည် ‘ ၀မ်ကျိုးလင် ’ အဖြစ် ထင်ရှားပြီး လူများက သူ့အား..
ကျိုးအမတ်ကြီး.. ဟု သမုတ်ကြလေသည်။
...........
‘ အရှေ့ပင်လယ် ကျယ်ပြောသလို ပျော်ရွှင်နိုင်ပါစေ တောင်ဘက်ကတောင်တန်းတွေ ရှည်လျားသလို အသက်ရှည်ပါစေ ’ ဆိုတဲ့ စကားစုက ပွဲတော်တွေမှာ ဆုတောင်းပေးနေကျ စကားစုပါ.. ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ဘာညာပေါ့.. ဒါကြောင့်ပဲ ၀မ်ချောင်ရဲ့ စကားစုအသစ်က သူတို့အတွက် အထူးအဆန်း ဖြစ်သွားခဲ့တာပါ။ မဟာထန်မင်းဆက်အုပ်စိုးစဉ်ကာလမှာ ယဉ်ကျေးမှုထွန်းကားပြီး ပညာရှိတွေဟာ အထူးလေးစားခံရပါတယ်။ ၀မ်ချောင်ရဲ့ အလှဆင်လိုက်တဲ့ စကားစုကြောင့် လူတိုင်း အံ့သြသွားရတာဖြစ်ပါတယ်။
‘ အသွားမရှိတဲ့ ဓားကြီးဟာ အနုစိတ် သွန်းလုပ်စရာမလိုဘူး.. ’ ဒီ စကားစုက ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ သိမ်းငှက်သူရဲကောင်း ထဲက စကားလုံးပါ။ အဲ့ဒီထဲမှာ ရန်ကော်ရဲ့ လက်မောင်းကို ကော်ဖူက ဖြတ်လိုက်တဲ့နောက် သူဟာ သိမ်းငှက်တစ်ကောင်နဲ့တွေ့ခဲ့ပြီး သိမ်းငှက်က သူ့ကို ဓားသူတော်စင် တုကူးချိုးပိုက်အုတ်ဂူကို ခေါ်သွားခဲ့ပါတယ်။ ရန်ကော်အဲ့ဒီမှာ ရွေးချယ်လိုက်တဲ့ ဓားကြီးဟာ လေးလံတယ်၊ အသွားတုံးတယ်၊ မဲနက်နေတယ် ဆိုတာထက်ပိုပြီး ဘာမှ မထူးခြားပါဘူး။ ဒါပေမဲ့ သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူ့လမ်းမှာ ပိတ်ဆို့တဲ့သူ မှန်သမျှကို ရန်ကော်ဟာ သူ့ရဲ့ဓားကြီးနဲ့ ဖယ်ရှားပစ်ခဲ့ပါတယ်။
လူသားဧကရာဇ်၏ ရာဇ၀င်
Chapter 90.
မျိုးချစ်
ခန်းမထဲ၌ လူတိုင်း ဆွံအနေကြသည်။ ဖြစ်ပျက်နေသည်များအား မည်သူမှ နားမလည်နိုင်ကြချေ။ အတိတ်၌ သခင်ကြီးမှာ ခက်ထန်ခဲ့သလောက် ယခုမှာတော့ ၀မ်ချောင်အား တည်တည်ငြိမ်ငြိမ်နှင့် ၀မ်ချောင်၏ လက်ဆောင်ဖြစ်သည့် ဓားကြီးအား ယူလာရန် ပြောဆိုနေလေသည်။
ခန်းမတစ်ခုလုံးထဲ၌ ၀မ်းကွဲ၀မ်လီမှာ ပထမဆုံး တုံ့ပြန်လာသူဖြစ်၏။ သူသည် တစ်စုံတစ်ခုအား ရိုးတိုးရိပ်တိတ် နားလည်သည့်ဟန်ရပြီး သူ၏မျက်နှာပေါ်၌ အတွေးနက်နေသည်ကို အရှင်းသာ မြင်နိုင်သည်။
ဦးကြီး၀မ်ကျန်သည် သူ့သားဖြစ်သူ၏ မျက်နှာရိပ် မျက်နှာကဲအား အမှတ်တမဲ့ သတိထားမိလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ သူ၏ မျက်၀န်းထဲ၌ ဝေခွဲမရနေပေ။
“ အိုး... ဓားပေါ်မှာ စာလုံးတွေ ရှိနေတာပဲ.. ”
သခင်ကြီးသည် ဓားပေါ်မှ ဖုံးအုပ်ထားသည့် အ၀တ်မဲအား ဖယ်ရှားလိုက်ချိန်တွင် ဓားလက်ကိုင်ပေါ်၌ ရှေးကျသည့်စကားလုံးအနည်းငယ်အား တွေ့လိုက်ရသည်။ သူ၏ စိတ်၀င်စားမှုက ထိန်းမရတော့ချေ။
“ ဟုတ်ပါတယ်.. ဒါက မြေးကိုယ်တိုင် ဒီဓားကို နာမည်ပေးထားတာပါ.. ”
ခေါင်းငုံ့လိုက်ရင်းဖြင့် ၀မ်ချောင် ပြောလိုက်သည်။
အ၀တ်နက်ဖုံးအုပ်ထားသည့် ဓားကြီးအား ဆွဲထုတ်လိုက်သည်နှင့် သခင်ကြီးသည် ထိုဓားပေါ်၌ မည်သည့် ကျောက်မျက်ရတနာများကိုမှ မြင်ရခြင်းမရှိပေ။ ဓားကြီး တစ်ခုလုံးမှာ အနက်ရောင်ဖြစ်သည်။ ရိုးရှင်းကာ သဘာ၀ဆန်သည်။
ဓားအိမ်ပေါ်မှ စကားလုံးများက သခင်ကြီး၏ မျက်လုံးအား တလက်လက်တောက်ပစေသည်။
{ မျိုးချစ် }
“ ဒီဓားကို မျိုးချစ်ဓားလို့ ခေါ်ပါတယ်.. ”
( TL Note:သူ့အဘိုးကို ဒီဓားကြီးနဲ့ အလားသဏ္ဍာန်တူတယ်ပြောပြီး ဓားကြီးကို မျိုးချစ်ဓားလို့ နာမည်ပေးလိုက်တယ်.. ငိငိ ၀မ်ချောင်ဟုခေါ်သည် )
တစ်ချိန်တည်း၌ ၀မ်ချောင်၏ အသံက အခန်းထဲ၌ ပျံ့လွင့်လာသည်။
“ ချောင်အာ.. မင်း ဘယ်လိုလုပ် ဒီလိုနာမည် ပေးရတာလဲ.. အဖေဟာ တော်၀င်ရုံးတော်ရဲ့ အမြင့်ဆုံးသော ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး အလွန်ကိုမှ အကျိုးပြုခဲ့တယ်.. သူဟာ တိုင်းပြည်ရဲ့အခြေခံကို ခိုင်မာစေခဲ့သူဖြစ်ပြီးတော့ စောင့်ရှောက်ပေးခဲ့သူလဲဖြစ်တယ်.. အရှင်မင်းကြီးကိုယ်တိုင် သူ့ကို အရမ်းလေးစားရတယ်.. ဒီလို ရိုးရှင်းတဲ့ ‘ မျိုးချစ်ပုဂ္ဂိုလ် ’ ဆိုတဲ့ စကားလုံးလေးက သူ့ရဲ့ ပေးဆပ်မှုကို ဘယ်လိုလုပ် ဖော်ကျူးနိုင်မှာလဲ.. မင်းရဲ့ဓားနဲ့ မထီလေးစား ပြုမူနေတာလား.. ”
သခင်ကြီးထံမှ စကားသံ ထွက်မလာခင်မှာပင် ဦးကြီး၀မ်ကျန်သည် ဓားအိမ်ပေါ်မှ စာလုံးအားမြင်ကာ မှင်သက်သွားရသည်။ ၀မ်ချောင်၏ ယခင်လုပ်ရပ်များက သူ့အာ အလွန်ပင် အံ့အားသင့်စေခဲ့ပြီးဖြစ်သည့်အတွက် ဤဓားကြီးအပေါ်၌လည်း ၀မ်ချောင် အလွန် အားထုတ်ထားမှန်း သိသာသည်။
သို့ဆိုစေ ၀မ်ချောင်၏ အားထုတ်မှုမှာ ဤနေရာ၌ အဆုံးသတ်ပေတော့မည်။
၀မ်ကျန်၏ဖခင်မှာ မဟာထန်အင်ပါယာ၏ လေးစားရသည့် ၀န်ကြီးချုပ်ဖြစ်ပြီး ယောင်ကလန်မှ လူအိုကြီးယောင်နှင့် နှိုင်းယှဉ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ ‘ မျိုးချစ်ပုဂ္ဂိုလ် ’ဟူသည့် စကားလုံးမှာ သူ့ဖခင်၏ မဟာထန်အင်ပါယာအပေါ် ပေးဆပ်မှုနှင့် ခံယူချက်အား အထင်သေးရာရောက်နေသည်။
အဆုံး၌ ၀မ်ချောင်မှာ ဆယ့်ငါးနှစ်သားအရွယ် ကလေးငယ်သာ ဖြစ်ပေသည်။ အခြားရှုထောင့်များ၌ ထူးချွန်ပေသော်ငြား နိုင်ငံရေး၌မူ အတွေ့အကြုံနုနယ်သေးသည်။
“ ဦးကြီး.. မှားနေပြီ.. တူလေးက ဘိုးဘိုးကြီးရဲ့ ပေးဆပ်မှုကို ဒီဓားကို အစွဲပြုပြီး ကန့်သတ်လိုက်တာမဟုတ်ပဲ ဘိုးဘိုးကြီးရဲ့နှလုံးသားထဲက စကားလုံးကို ဖော်ကျူးထားတာပါ... ”
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရင်း ၀မ်ချောင်သည် သူ့အဘိုးရှိရာသို့ လှည့်လိုက်ကာ...
“ ‘ အင်ပါယာရဲ့ စိုးရိမ်မှုဟာ နောက်လိုက်ငယ်သားတွေ အရှက်ကွဲတာဖြစ်ပြီး.. အင်ပါယာဟာ အရှက်ရခဲ့ရင် နောက်လိုက်ငယ်သားတွေဟာ အသေခံကြတယ်.. ’ တကယ်လို့ အင်ပါယာဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် စိုးရိမ်စိတ် ၀င်နေရပြီဆိုရင် နောက်လိုက်ငယ်သားတွေဟာ အရှက်ရကြတယ်.. တကယ်လို့ အင်ပါယာဟာ အရှက်ခွဲခံရင် နောက်လိုက်ငယ်သားတွေဟာ သူတို့အပြစ်အတွက် သေခြင်းနဲ့ ဖော်ပြကြတယ်.. ဒါကြောင့်ပဲ အနောက်ဟန်ကြီးစိုးစဉ်ကာလမှာ အိမ်ရှေ့စံမင်းသား လိုင်တန် အသတ်ခံချိန်၊ ချန်ဟွေဟာ အန္တရယ်ကိုမမှုပဲ အနောက်တိုင်းကို စစ်ချီပြီး ခူချာ(Kucha)ကို ဖျက်ဆီးခဲ့တယ်.. ဒါကို မျိုးချစ်လို့ ခေါ်တယ်.. ”( အနောက်ဟန် BC 77 )
“ ကူးကျိ အသတ်ခံရချိန်မှာလည်း ချန်ထန်ဟာ အင်ပါယာအရှင်ဆီ ‘ ဟန်များအား အရှက်ခွဲသူများသည် မည်မျှပင် ဝေးကွာစေကာမူ အဖျက်ဆီးခံရမည် ’လို့ အစီရင်ခံစာတင်ခဲ့ပြီးနောက် ကျစ်ကျစ်ချန်ယွီကို သိမ်းပိုက်ခဲ့တယ်.. ဒါကို မျိုးချစ်လို့ခေါ်တယ် ”
( အနောက်ဟန် နှင့် ရှုံးနူ BC 36 )
“ အရှေ့ဟန်ရဲ့ မင်အင်ပါယာလက်ထက်မှာ ပန်ချောင်းဟာ အနောက်တိုင်းကို စစ်ချီဖို့ စစ်တပ်ကို ညွှန်ကြားခဲ့တယ်.. ရှန်ရှန်စီရင်စုကို ရောက်တဲ့အခါ ရှုံးနူသံတမန်ကို တွေ့ဆုံခဲ့တယ်.. ရှုံးနူရဲ့ စစ်တပ်ဟာ တောင့်တင်းပြီး ခံစစ်မှာ အလွန်ကိုပဲ ထူးချွန်တယ်.. ပန်ချောင်က ‘ ကျားရဲတွင်းကို မ၀င်ပဲနဲ့ ကျားပေါက်လေးကို မရနိုင်ဘူး ’လို့ပြောခဲ့တဲ့နောက်.. ဟန်စစ်သား ၇၂ယောက်ကို စေလွှတ်ပြီး ရှုံးနူကို တိုက်ခိုက်ခဲ့လို့ ရှုံးနူ စစ်တပ်ဟာ တာရင်မြစ်ဝှမ်းကနေ ဆုတ်ပြေးကြရတယ်.. ဒါကို မျိုးချစ်လို့ခေါ်တယ်.. ”
( အရှေ့ဟန် AD 28-75 )
“ တကယ်လို့ လူတိုင်းဟာ မျိုးချစ်တွေဖြစ်မယ်ဆိုရင် ဘိုးဘိုးကြီးဟာ သူ့ကိုယ်သူ အလုပ်ရှုပ်ခံတော့မှာမဟုတ်ပဲ အနားယူနိုင်လိမ့်မယ်.. အရှင်မင်းကြီးဟာလည်း ဒီလေးပြည်နယ်သံရုံးကို တည်ဆောက်မှာမဟုတ်သလို ကျွန်တော်တို့ရဲ့ မဟာထန်ဟာလည်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ စိုးရိမ်နေစရာလိုမှာ မဟုတ်တော့ဘူး.. ”
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရင်း ၀မ်ချောင် အလေးအနက် ပြောလိုက်လေသည်။
ထိုစကားလုံးများက သခင်ကြီးအား ဦးတည်နေသည့်တိုင် ထိုစကားများက ၀မ်ချောင်ကိုလည်း လေးလေးနက်နက် ဆင်ခြင်မိစေသည်။
၀မ်ချောင်မှာ သူ၏ အဘိုးဖြစ်သူအား နားလည်သိရှိခြင်း မရှိခဲ့ချေ။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့် အနာဂတ်အချိန်တွင် ကပ်ဘေးကျရောက်သည့် ကာလ၌ အလယ်ပိုင်းလွင်ပြင်၏ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည့်အခါမှသာ နောက်ဆုံး သူ့အဘိုးဖြစ်သူ၏ အတွေးအမြင်များအား နားလည်သွားခဲ့သည်။
တူညီသည့် အနေအထားသို့ ရောက်သည့်အချိန်မှသာ ထိုရာထူး၌ ရှိနေသည့် တာ၀န်နှင့် ၀တ္တရားများအား သိရှိနိုင်ပေသည်။
အဆုံး၌ ၀မ်ချောင် ထိုရာထူးအား ဆက်ခံခဲ့သည့်အချိန်မှသာ သူ၏ နှလုံးသားထဲမှ ဆုံးဖြတ်ချက်များမှာ သူ၏ ကိုယ်ကျိုးအတွက်မဟုတ်ပဲ အင်ပါယာ တည်ငြိမ်အေးချမ်းရေးအတွက်သာ ဖြစ်ကြောင်း သဘောပေါက်တော့သည်။
သူ၏ ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင်သည် ရှောင်လွဲမရနိုင်သည့် ကပ်ဆိုးနှင့် ကြုံခဲ့ရသည်။ ၀မ်ချောင် လက်လွဲယူသည့်အချိန်၌ မဟာထန်သည် အစိတ်စိတ် အမွှာအမွှာ ပြန့်ကျဲနေလေပြီ။ ၀မ်ချောင် ရှိသမျှ ခွန်အားအလုံးစုံအား ထုတ်ယူအသုံးပြုခဲ့သည့်တိုင် အဆုံး၌ သူသာလျှင် ကျန်ရစ်သည်။ နှစ်ပေါင်းဆယ်ချီ တိုက်ပွဲအလီလီ ဆင်နွဲခဲ့သည့်တိုင် အလယ်ပိုင်းလွင်ပြင်၏ ကံကြမ္မာဆိုးအား မဖယ်ရှားနိုင်ခဲ့ပေ။
ထိုသည်မှာ ၀မ်ချောင်၏ နှလုံးသားထဲရှိ အကြီးမားဆုံးသော နောင်တတရားဖြစ်ပြီး ယခင်ဘ၀တွင်မဆို ဤဘ၀၌လည်း ထို့အတူပင်ဖြစ်သည်။
အတိတ်တွင် သူပခုံးထမ်းထားရသည့် တာ၀န်အား တွေးမိတိုင်း မရေမတွက်နိုင်သည့် ညပေါင်းများစွာ မအိပ်စက်နိုင်ပဲ ဖြစ်ရသည်။
သူတစ်ယောက်တည်းသာ ကျန်ခဲ့ပြီး ဆက်လက်မလုပ်ဆောင်နိုင်တော့ချိန်၌ အကယ်၍ ဤကမ္ဘာပေါ်ရှိ လူသားတိုင်း သူနှင့်အတူ ရပ်တည်ကာ အတူတူဆောင်ရွက်ကြမည် ဆိုပါက မည်မျှပင် ၀မ်းမြောက်ဖွယ်ဖြစ်လိမ့်မည်နည်းဟု ၀မ်ချောင် တွေးမိသေးသည်။
၀မ်ချောင် ဆိုသကဲ့သို့ အကယ်၍ လူတိုင်းသည် မျိုးချစ်များဖြစ်ကြပါက ၀မ်ချောင် ရှုံးနိမ့်ခဲ့လိမ့်မည်မဟုတ်သလို အလယ်ပိုင်းလွင်ပြင်သည်လည်း ပြိုလဲသွားလိမ့်မည် မဟုတ်ပေ။
အကယ်၍ လူတိုင်းသည် မျိုးချစ်များ ဖြစ်ကြလျှင် အရာအားလုံးမှာ တူညီတော့မည် မဟုတ်။
၀မ်ချောင် ထိုအရာများအား လူသိရှင်ကြား ထုတ်ဖော်ပြော၍ မရနိုင်။ သူ့အဘိုးဖြစ်သူ၏ မွေးနေ့အား အကြောင်းပြု၍ သူ၏ အတွေးအမြင်များအား ထုတ်ဖော်ခြင်းငှာ တတ်နိုင်သည်။ ဤကမ္ဘာထဲ၌ အဘိုးဖြစ်သူအား နားအလည်နိုင်ဆုံးသူမှာ သူသာလျှင် ရှိနိုင်ပြီး သူ၏အဘိုးဖြစ်သူမှာ.... သူ့အား နားလည်ရန် လိုအပ်မည် မဟုတ်ပေ။
အစ၌ အားလုံးသည် ၀မ်ချောင်၏ စကားများအား ကြားရချိန်၌ စိတ်ရှုပ်ထွေးနေကြသေးသည်။ သို့ဆိုစေ ၀မ်ချောင် အဆုံးသတ်စကားလုံးအား ပြောလိုက်သည်နှင့် လူတိုင်း၏ အသွင်အပြင်များက ရုတ်ချည်း တက်ကြွ လှုပ်ရှားလာကြသည်။
“ ဟားဟားဟား.. ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်.. ချောင်အာ.. ပြောတာကောင်းတယ်.. ပြောတာကောင်းတယ်ကွာ........ ”
သခင်ကြီးမှာ အစဦး၌ ၀မ်ချောင်၏ စကားများအား ငြိမ်သက်စွာ နားထောင်နေသော်လည်း ယခုမှာတော့ ၀မ်ချောင်၏ ဓားကြီးအား ကိုင်ထားရင် ကူကယ်ရာမဲ့ အားပါးတရ ရယ်မောလျက်နေသည်။
“ တွေးကြည့်စမ်း.. ငါ ၀မ်ကျိုးလင်လို.. စိတ်တူကိုယ်တူရှိသူကို ငါ့မြေးဆီမှာ လာတွေ့ရတယ်.. ဒါ အရမ်းကို ၀မ်းမြောက်၀မ်းသာဖြစ်စေတယ်.. ကျန်အာ.. မင်းနားမလည်ပါဘူး.. မင်းတို့အားလုံး ဘယ်သူမှ နားလည်မှာ မဟုတ်ဘူး.. မဟုတ်သေးဘူး ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ချောင်အာပဲ နားလည်လိမ့်မယ်... ”
ဦးကြီး၀မ်ကျန် ကြောင်အသွား၏။ သခင်ကြီးမှာ အရောတ၀င်နေလေ့မရှိပဲ အရယ်အပြုံး နည်းလွန်းသည်။ ဤသည်မှာ သူ၏ဖခင် အူလှိုက်သည်းလှိုက် ပျော်ရွှင်နေသည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
“ ပြီးတော့.. ကျန်အာ.. မင်းပြောတဲ့ထဲမှာ မှားနေတာ တစ်ခုရှိတယ်.. { ကုန်ရဲ့မှတ်စု.. အမတ်မင်းလူချန်.. ၁၆နှစ်မြောက်} မှာ : ‘ တကယ်လို့ တစ်နေ့မှာ မျိုးချစ်တွေများစွာ စုပေါင်းခဲ့ရင် သူတို့ကို တားဆီးနိုင်မဲ့အင်အား ဘယ်သူ့ဆီမှာမှ ရှိမှာ မဟုတ်ဘူး ’တဲ့ .. ချောင်အာရဲ့ စာလုံးဟာ ငါ့ကို မသိမ်ငယ်စေဘူး.. ပြောင်းပြန်ပဲ ငါ့အတွက်တော့ ဒါဟာ သူ့ဆီက အကောင်းဆုံးသော ဂုဏ်ပြုမှုပဲ---- ချောင်အာ မတ်တပ်ရပ်ပါဦး.. အဘိုးက မြေးလေးရဲ့ မျိုးချစ်ဓားကို လက်ခံတယ်... ”
သခင်ကြီးသည် ခုံပေါ်မှထကာ လူတိုင်း၏ အံ့အားသင့်သည့် အကြည့်များရှေ့၌ပင် ကိုယ်ကိုင်းကာ ၀မ်ချောင်အား မတ်တပ်ရပ်စေရန် ကူညီလိုက်၏။
“ အဖေ.......... ”
၀မ်ယုရှန်း၏ မျက်၀န်းများ ဝိုင်းစက်နေလေသည်။ ၀မ်ချောင် မတ်တပ်ရပ်ရန် ဖေးကူနေသည့် သူမ၏ ဖခင်အား ငေးကြည့်နေရင်း သူမ မြင်နေရသည်အား သူမပင် မယုံနိုင် ဖြစ်နေရသည်။
ဘိုးဘိုးကြီးသည် တိုင်းပြည်၏ သြဇာအာဏာအရှိဆုံး မင်းမှုထမ်းတစ်ဦး ဖြစ်ပြီး တိုင်းပြည်၏ ထောက်တိုင်လည်းဖြစ်သည်။
သူမ ငယ်စဉ်ကတည်းမှစ၍ သူမဖခင်ထံမှ ထိုမျှ အလေးပေး ဆက်ဆံသည်အား မမြင်ခဲ့ဖူးသလို သူမအပါအ၀င် အခြား အစ်ကိုမောင် သုံးဦးကိုပင် ထိုသို့ မဆက်ဆံ ဖူးချေ။
၀မ်ယုရှန်း အနေဖြင့် သူမ၏ဖခင်သည် အဘယ်ကြောင့် ၀မ်ချောင်မှ ဓားတစ်လက် လက်ဆောင်ပေးသည်နှင့် ၀မ်ချောင်အပေါ် အမြင်ကောင်းများ ရှိသွားကြောင်း လုံး၀ နားမလည်နိုင်ပဲ ဖြစ်နေသည်။
“ ဒီကောင်လေးကတော့....... ”
၀မ်ယုရှန်းသည် ၀မ်ချောင်အား စိုက်ကြည့်နေပြီး ဤတစ်ကြိမ်တွင်တော့ ထိတ်လန့်တုန်လှုပ်မှုနှင့် ဖြစ်သည်။ အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် ရုံးတော်ကိစ္စများအား နားလည်ခြင်းမရှိသော်လည်း ၀မ်ယုရှန်းမှာ ၀မ်ချောင်သည် မယုံနိုင်စရာကောင်းသည့် တစ်စုံတစ်ခု လုပ်ဆောင်ခဲ့မှန်း အတပ်သိလိုက်သည်။
သူမ၏ နံဘေးရှိ လီလင်းသည်လည်း မှင်သက်နေလေ၏။
သူကိုယ်တိုင်နှင့် ပက်သက်၍ ၀မ်ချောင်၏ စွမ်းဆောင်ရည်အား မျက်မြင်တွေ့ခဲ့ဖူးပြီး သူ၏ အထက်အရာရှိဖြစ်သူ ကျောက်ဖုန်းချန်သည် သူ့အား ဖူးဖူးမှုတ်ထားသည် မဟုတ်လော။ မည်သို့ဆိုစေ ကျောက်ဖုန်းချန်နှင့် သခင်ကြီး၏ ရာထူးရာခံက မိုးနှင့်မြေလိုပင် အလှမ်းကွာလှသည်။
“ ချောင်အာရဲ့ စကားလုံးတွေက ယောက္ခထီးရဲ့ အညှာကို ထိသွားတယ်ထင်ပါတယ်.. ”
တွေးနေရင်း လီလင်း မြည်တမ်းမိသည်။ သူ၏ ၀မ်ချောင်အပေါ် အမြင်များသည်လည်း နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်လေပြီ။
တစ်ဖက်၌ ၀မ်ချောင်၏ ကြီးတော် ရှင်းယွမ်ချွန်းမှာမူ ထိုနှစ်ယောက်နှင့် ကွဲပြားခြားနားသည်။ သခင်ကြီးကိုယ်တိုင် ၀မ်ချောင်အား မတ်တပ်ရပ်စေရန် ဖေးမလိုက်သည်တွင် သူမ၏ အမူအရာမှာ အလွန် ဆိုးဝါးသွားခဲ့သည်။
ဤကဲ့သို့သော မွေးနေ့အခါ၌ ၀မ်ချောင်မှ ရည်ရွယ်ချက်ရှိရှိ ဓားတစ်လက် လက်ဆောင်ပေးသည်ကို ကြားလိုက်ရချိန်၌ မျက်မှောင်ကြုတ်နေသည့် သခင်ကြီးဘေးရှိ သခင်မကြီးသည်ပင် ယခု အခါမှာတော့ ကူကယ်ရာမဲ့စွာ ပြုံးနေမိသည်။
“ ရေး...ရေး....ရေး........... ”
၀မ်မိသားစု၏ ညီမငယ်သည် ဖြစ်ပျက်နေသမျှအား သိရှိခြင်းမရှိသလို ၀မ်ချောင်ပြောသည်များကိုလည်း နားမလည်ပေ။ သို့တိုင် ဘိုးဘိုး၊ ဘွားဘွားနှင့် လူတိုင်း ပျော်ရွှင်နေသည်ကိုမြင်လျှင် လက်သီးဆုပ်လေးအား မြောက်လိုက်ပြီး အောင်ပွဲခံနေတော့သည်။
----- ယခုမတိုင်ခင်ကဆိုလျှင် တင်းမာနေသယောင်ရှိသည့် လေထုကြောင့် သူမ ကြောက်ရွံနေကာ လှုပ်ပင် မလှုပ်ရဲချေ။
“ ဒီကောင်လေးကတော့.......... ”
၀မ်ချောင်၏မိခင်မှာလည်း ၀မ်းသာမှုကြောင့် မျက်လုံးအား ပွတ်သပ်လိုက်သည်။ ယခုဖြစ်ပျက်သွားသည့် အရာကြောင့် သူမ ကြောက်လန့်လွန်း၍ မျက်ရည်များပင် ထွက်လုထွက်ခင်ထိ ဖြစ်ခဲ့လေသည်။
“ လာ.. ချောင်အာ... မြေးရဲ့ ဦးကြီးဘေးမှာ ဘိုးဘိုးနဲ့အတူတူ လာထိုင်....”
၀မ်ချောင်အား ပြောလိုက်သည့် စကားမဆုံးခင်မှာပင် သခင်ကြီးမှ ဆက်လက်၍..
“ ရှုဟွာ.. နင်လည်း သက်သာသလိုနေပါ..... ”
“ ဟုတ်ကဲ့ပါ ယောက္ခမကြီး.... ”
၀မ်ချောင်၏မိခင် အလွန် စိတ်လှုပ်ရှားနေပြီး ဂုဏ်ယူမိသည်။ သူမယောက္ခထီး၏ မွေးနေ့သို့ လာသည့်အချိန်တိုင်း သူမ အစဉ်ကြောက်ရွံကာ အမှားလုပ်မိမည်ကို စိုးရိမ်နေရသည်။
၀မ်ကလန်သို့ လက်ထပ်ပြီးချိန်မှစ၍ သခင်ကြီးမှ သူမအား ကောင်းမွန်စွာ အသိအမှတ်ပြုဖူးခြင်းဖြစ်ပြီး သူမ၏ နာမည်ကိုပင် ခေါ်လေသည်။
“ အဘိုး... အမေ့ ဘေးမှာပဲ မြေး ရပ်နေသင့်တယ်လို့ ထင်ပါတယ်.. ”
သူ့မိခင်အား ကြည့်လိုက်ပြီး ၀မ်ချောင် ပြောလိုက်သည်။
“ ဟားဟား.... စိတ်တိုင်းကျနေပါ.... ”
သခင်ကြီးမှာ တစ်ခဏမျှ ကြောင်အသွားသော်လည်း တားဆီးခြင်း မရှိချေ။ သားသမီး ၀တ္တရားသည် ကိုယ်ကျင့်တရားတို့၏ ထိပ်ဆုံး၌ ရပ်တည်နေသည် မဟုတ်လော။ ၀မ်ချောင်၏ အပြုအမူအား မတားဆီးသည့်အပြင် အလွန် ကျေနပ်၍ပင် နေသေးသည်။
“ အစောင့်တွေ... ဒီ ဓားကို လာယူလိုက်.. ငါ့စာကြည့်ခန်းရဲ့ အမြင့်ဆုံးနေရာမှ သေချာ ထားထားပါ.... ”
နံဘေးရှိ စောင့်ကြပ်နေသည့် နန်းတွင်းစစ်သည်များအား သခင်ကြီးမှ လှမ်း၍ အမိန့်ပေးလိုက်သည်။
သူ၏ မျက်နှာမှာ မော်တပြုံးပြုံးဖြစ်နေပြီး ယခင်ကနှင့် ယှဉ်လျှင် သိသိသာသာပင် စိတ်လက် ပေါ့ပါးနေမှန်း သိနိုင်သည်။
ဤနေရာ၌ လာရောက် စုဝေးနေသည့် ၀မ်ကလန်၏ မျိုးဆက်များသည်လည်း ဘိုးဘိုးကြီး စိတ်ချမ်းသာနေချိန်၌ စတင်၌ ကလန်၏ အရေးကိစ္စများအကြောင်း တင်ပြကြလေသည်။ တိတ်တဆိတ်သာနေတတ်သည့် ဘွားဘွားကြီးပင် အခြားသူများနှင့် ဖော်ဖော်ရွေရွေ စကားပြောဆိုနေသည်။
ဤသည်မှာ ကလန်၏ အရေးပါသည့်သူများ အကြား ဆွေးနွေးကြသည့် အကြောင်းအရာများဖြစ်ရာ တတိယမျိုးဆက်များအကြား ပြောရေးဆိုခွင့်ရှိသည့် ၀မ်လီမှလွဲ၍ ၀မ်ချောင်၊ ၀မ်လျန့်နှင့် ၀မ်ကျူးယန်တို့မှာ နံဘေး၌သာ ခပ်မဆိတ် ရပ်နေကြသည်။
“ မင်းက တော်တော် အံ့သြဖို့ကောင်းတာပဲ... ”
မလှမ်းမကမ်းမှ ၀မ်းကွဲ၀မ်လျန့်သည် ၀မ်ချောင်အား ကြည့်လိုက်ကာ လက်မထောင်ပြသည်။ ၀မ်ချောင် ရယ်လိုက်ပြီး လက်မပြန်ပြလိုက်၏။
“ ဘယ်လိုလဲ.. အပြင်သွားပြီး ပျော်စရာသွားရှာကြမလား.. ”
“ ငါ မလိုက်တော့ဘူး... ”
၀မ်ချောင် လျို့ဝှက်စွာ လက်ဟန်ပြလိုက်သည်။
“ လေကောင်းလေသန့် သွားရှူဖို့ရော.. ”
“ ဒါလည်း ငါမလိုက်တော့ဘူး.... ”
၀မ်ချောင် ခေါင်းခါပြလိုက်သည်။ ယခင်ကဆိုလျှင် ၀မ်လျန့်မှာ ဤသို့သော နေရာ၌ အချိန်ကြာမြင့်စွာ မနေနိုင်ချေ။ ထို့ကြောင့် ၀မ်ချောင်အား ခေါ်ကာ အပြင်ထွက်နေကျ ဖြစ်သည်။
သို့ဆိုစေ ဘ၀နှစ်ခု ရှင်သန်ပြီးသည့်နောက် ၀မ်ချောင်၏ စိတ်အခြေအနေမှာ ရင့်ကျက်နေပြီ ဖြစ်သည်။
၀မ်ချောင်အတွက်မူ ရိုးရှင်းသည့် မိသားစုတွေ့ဆုံးပွဲသည်ပင် အလွန် အရေးကြီးပေသည်။
ဆုံးရှုံးဖူးမှသာ နောင်တဆိုသည်အား နားလည်လိမ့်မည်။
ပြန်လည်ပိုင်ဆိုင်ခွင့် ရမှသာ တန်ဖိုးထားတတ်လိမ့်မည်။
၀မ်ချောင် သူ့အား လျစ်လျူရှူထားသည်ကိုမြင်လျှင် ၀မ်လျန့် စိတ်ပျက်သွားပြီး နောက်လှည့်လိုက်သည်။ လာမည့်အဖြစ်အပျက်အား တွေးမိပြီး ရယ်လို့သာနေသည်။
“ အား........ ဗိုက်နာလိုက်တာ... ဘိုးဘိုးကြီး.. ဘွားဘွားကြီး မြေးသွားနှင့်တော့မယ်.. ”
ဗိုက်အား ဖိနှိပ်ရင်း သူ အော်လေတော့သည်။ မည်သူမှ စကားမပြန်နိုင်ခင်၌ ၀မ်လျန့်မှာ အပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုစကားသံထွက်ပေါ်လာလျှင် ခန်းမအတွင်းရှိ ဆူညံသံများ ရပ်တန့်သွားခဲ့၏။ သခင်ကြီးနှင့် သခင်မကြီးတို့မှာ ကိုယ်စီခေါင်းယမ်းလိုက်ကြသည့်တိုင် တားဆီးခြင်းအလျဉ်း မရှိပေ။
တစ်ဖက်၌ ၀မ်ယုရှန်း၏ မျက်နှာထား တင်းမာနေချေပြီ။
ဦးလေးလီလင်းသည်လည်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။
..............
ဒီ မဟာထန်မင်းဆက်မှာလည်း အမျိုးသမီးတွေဟာ နိုင်ငံရေးတွေမှာ ပါ၀င်ခွင့် မရသေးပါဘူး...