အခန်း (၉၁-၉၅)
Vol. 4 Ch. 91-95
လူသားဧကရာဇ်
Chapter 91.
၀မ်ကလန်၏ တားမြစ်ချက်
“ အရှင် စတုတ္ထသခင်လေး ရောက်လာပါပြီ.. ”
လူတိုင်းကိုယ်စီ စကားပြောဆိုနေကြချိန်၌ အနက်ရောင်ချပ်၀တ်နှင့် လှံရှည်ကိုင်ဆောင်ထားသည့် နန်းတွင်းစစ်သည်မှ ကြမ်းပြင်ပေါ် ဒူးထောက်၍ ရိုသေစွာ ပြောလိုက်၏။
“ အိုး.... ”
ထိုသည်အား ကြားလျှင် လူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သခင်ကြီးသည်ပင် လှမ်းမျှော်ကြည့်မိသည်။
“ သူ့ကို ၀င်ခွင့် ပေးလိုက်.. ”
“ နောက်ဆုံးတော့ ဦးငယ် ရောက်လာပြီပဲ ”
ဘေး၌ ရပ်နေရင်း ၀မ်ချောင် ထိုအသံအား ကြားချိန်၌ သူသည်လည်း စိတ်၀င်စားမိသည်။ ၀မ်ကလန်၌ ညီအစ်ကိုမောင်နှမ လေးဦးရှိသည်ဖြစ်ရာ ဦးကြီး၊ ဒေါ်ကြီး၊ ဖခင်နှင့် ဦးငယ်တို့ဖြစ်လေသည်။
ဦးငယ်နေထိုင်သည့် နေရာမှာ မဝေးကွာလှသည့်တိုင် သူ၏ အခြေအနေမှာ ထိုလေးဦးထဲ၌ အထူးခြားဆုံးဖြစ်၏။ ဦးငယ်သည် နန်းတွင်းစစ်သည်လေ့ကျင့်ရေးစခန်မှ တပ်မမှူးဖြစ်ပြီး များစွာသော နယ်မြေများမှ ကျွမ်းကျင်စစ်သည်များအား စုဆောင်ကာ ထျန်းကျူးတောင်တန်း၌ လေ့ကျင့်ပေးရသည့်တာ၀န် ယူထားရသည်။
များစွာသော နန်းတွင်းစစ်သည်လက်ရွေးစင်များသည်လည်း သူ၏ တာ၀န်ယူမှုအောက်၌သာ ရှိပေသည်။
ထို့ကြောင့် သူက မြို့တော်နှင့် မဝေးလှသည့်နေရာ၌ ရှိနေသည့်တိုင် အင်ပါယာပြည့်ရှင်၏ နန်းတွင်းစစ်သည်တစ်ဦးဖြစ်သည့်အတွက် သူ၏ လွတ်လပ်မှုက အတိုင်းအတာရှိလေသည်။
“ ဟားဟားဟား... အစ်ကို.. မရီး.. အစ်မကြီး.. ယောက်ဖ.. မင်းတို့အားလုံး ရှိနေကြတာပဲ.. ”
လေးပြည်နယ်သံရုံး၏ အ၀င်၀၌ ပေါ့ပါးသည့်ရယ်သံ ထွက်ပေါ်လာသည်။ မကြာမှီ စွမ်းအားပြည့်၀ဟန်ရကာ ငယ်ရွယ်ပြီး အသားညိုသည့် စစ်သူကြီးတစ်ဦး ၀င်လာခဲ့သည်။
“ အဖေ.. သားပြန်ရောက်လာပြီး အဖေ့အတွက် ဆုတောင်းပေးပါတယ်... ”
အိမ်တော်ထဲသို့ ၀င်လာရင်းနှင့် ငယ်ရွယ်သည့်စစ်သူကြီးမှာ သခင်ကြီးနှင့် သခင်မကြီးအား လေးစားစွာ ဦးညွှတ်လိုက်၏။
“ မီအာ သားပြန်လာတာ အရမ်းကောင်းတယ်... ”
သခင်မကြီးမှာ လူရွယ်စစ်သူကြီးအား မြင်သူနှင့် ချက်ချင်း စိတ်လှုပ်ရှားလာခဲ့သည်။ နေလောင်ထားသည့် အသားအရည်အား မြင်ရသည်တွင် သူမ၏ စိတ်နှလုံး ကြေကွဲရသည်။
၀မ်ချောင်၏ ဦးငယ်မှာ ၀မ်ကလန် ဒုတိယမျိုးဆက်၏ အငယ်ဆုံးသူဖြစ်သလို တစ်ဦတည်းသော လူပျိုလူလွတ်လည်း ဖြစ်၏။ ထိုအရာက သခင်မကြီး၏ အဆုံးစွန်သော စိုးရိမ်ရမှုလည်း ဖြစ်ပြန်သည်။
“ ၀င်လာလေ.... မင်းက ထျန်းကျူးတောင်တန်းမှာ တော်တော်ကြိုးစားခဲ့တာပဲ... ”
သခင်မကြီးနှင့် ခြားနားသည်က သခင်ကြီးမှာ တည်ငြိမ်နေဆဲပင်ရှိသည်။
ဦးငယ်မှာ ခေါင်းငြိမ့်ကာ လှမ်းကြည့်လိုက်သည်။ မကြာမှီ သူ၏ အကြည့်က ၀မ်ချောင်ပေါ်၌ ကျရောက်လာပြီး တိတ်တဆိတ် မျက်စိမှိတ်ပြလိုက်သည်။
၀မ်ချောင် ကူကယ်ရာမဲ့စွာ ပြုံးမိသည်။
လူကြီးပိုင်းများထဲ၌ ၀မ်ချောင်နှင့် အနီးစပ်ဆုံးသူမှာ ဤဦးငယ်သာဖြစ်၏။ ဒုတိယမျိုးဆက်၏ အငယ်ဆုံးသောသူ ဖြစ်သည်နှင့်အညီ သူနှင့် ၀မ်ချောင်အကြား အသက်အရွယ်ကွာခြားမှုသည်လည်း အနည်းဆုံးဖြစ်သည်။
ပို၍အရေးပါသည်က ဦးငယ်မှာ လူပျော်တစ်ဦးဖြစ်ပြီး ငယ်ရွယ်သည့်သူများအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိချေ။ သူ၏ ယခင်ဘ၀၌ ၀မ်ချောင် ဆိုးမိုက်ခဲ့စဉ်၌ လူကြီးများအားလံုးက သူ့အား စိတ်ပျက်ကာ အပြစ်ပေးကြသော်လည်း ဦးငယ်မှာ သူ့အား အပြစ်မဆိုပဲ ဟာသများသာ ပြောဆို၍ နေတတ်သည်။
ထို့ကောင့် ကလန်ရှိ လူကြီးပိုင်းများထဲ ၀မ်ချောင်နှင့် ပနံအသင့်ဆုံးမှာ ဦးငယ်ဖြစ်ပြီး သူအတွက်သည်လည်း ဦးငယ်မှာ အရင်းနှီးဆုံးလူ ဖြစ်၏။
ဦးငယ် လမ်းလျှောက်သွားကာ ဦးလေးလီလင်း၏ ဘေး၌ မတ်တပ်ရပ်လိုက်သည်။
“ အခုတော့ ယန်အာ တစ်ယောက်ပဲ ဒီမှာ မရှိနေတာပဲ.. ”
၀မ်ကလန်၏ မျိုးဆက်များအားလုံး ဤနေရာ၌ စုဝေးနေကြချိန်တွင် သခင်ကြီးမှာ အလွန်ပျော်ရွှင်နေပြီး မျက်နှာ၌ အပြုံးအား အစဉ် ချိတ်ဆွဲထားသည်။ သို့ဆိုစေ ထိုစကာသံက ရှင်းယွမ်ချွန်း၏ နားထဲ ရောက်လာချိန်၌ အေးစက်စက်နှင့် ရေရွှတ်လိုက်သည်။
“ ဟမ့်... တစ်ယောက်ကတော့ ထောင်ကျနေတုန်းပဲမလား.... ”
၀မ်....
၀မ်ချောင်ကြီးတော်၏ စကားသံ ထွက်လာချိန်၌ ခန်းမတစ်ခုလုံးရှိ် လေထုမှ အေးစက်သွားပြန်သည်။ လူတိုင်းတိတ်ဆိတ်သွားပြီး အကြည့်များအားလုံးက ရှင်းယွမ်ချွန်းထံ ကျရောက်လာ၏။
ကျောက်ရှုဟွာ စိတ်ထဲ၌ မသက်မသာခံစားလိုက်ရပြီး မျက်၀န်းမှ မျက်ရည်များပင် စီးကျလာသည်။
၀မ်ချောင်ပင်လျှင် မသက်မသာ ခံစားနေရသည်။
ကြီးတော်ရှင်းယွမ်ချွန်းပြောသည့် အကြောင်းအရာမှာ သူ၏ အစ်ကိုငယ် ၀မ်ပိုင်ဖြစ်ကြောင်း ၀မ်ချောင် သိလေသည်။ သူ၏ညီမငယ်အပြင် ၀မ်ချောင်၌ အစ်ကိုနှစ်ယောက်ရှိသေး၏။
အစ်ကိုကြီးမှာ ဖခင်ဖြစ်သူ၏ ခြေရာကိုနင်း၍ လက်ရှိ၌ စစ်တပ်အား ဦးဆောင်နေလေသည်။ သို့ဆိုစေ အစ်ကိုငယ်၏ အခြေအနေမှာ အတန်ငယ် ထူးခြားပြီး လက်ရှိ၌ အကျဉ်းကျနေသည် ဖြစ်သည်။
ထိုအရာမှာ သူ့မိခင်၏ ၀မ်နည်းခြင်းအရင်းအမြစ်လည်း ဖြစ်သည်။
သို့သော် လူတိုင်းက ထိုသည်မှာ အစ်ကိုငယ်၏ အမှားမဟုတ်မှန်း သိထားကြသည်။
၀မ်ကလန်ရှိလူတိုင်းသည် ၀မ်ချောင်၏ အစ်ကိုငယ်နှင့် ပက်သက်သည့် အကြောင်းအရာများအား မပြောသင့် မဆိုသင့်ဟု သတ်မှတ်ထားကြသည်။
“ ဘာ.. ဘာလို့ ငါ့ကို အားလုံး စိုက်ကြည့်နေကြတာလဲ... ငါပြောတာ ဘာမှားနေလို့လဲ.. ”
ကြီးတော်ရှင်းယွမ်ချွန်းမှာ သူမ စကားမှားသွားမှန်း သိလိုက်သော်လည်း သူမသည် ပင်မမိသားစု၏ သခင်မ ဖြစ်သည့်အတွက် ဤလူအုပ်ကြီးရှေ့၌ သူမ၏ အမှားအား ၀န်မခံလိုပေ။
“ တော်လောက်ပြီ..... ”
ဦးကြီး၀မ်ကျန်မှာ စိတ်ပျက်လို့နေသည်။
သခင်ကြီးသည် ထိုစကားများအား မကြားချင်မှန်းသိသည့်တိုင် သူမက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောခဲ့သေးသည်။ ထိုသည်က သခင်ကြီး၏ စိတ်ခံစားမှုအား နှောင့်ယှက်လိုမှန်း သိသာလွန်းနေ၏။
“ ကျုပ်အမေက အမှန်တရားကိုတောင် ထုတ်ပြောလို့မရဘူးလား... ”
မကျေမနပ်နှင့် သူ၏မိခင်ဘေး၌ ရပ်နေသည့် ၀မ်လီက ရှေ့ထွက်ကာ ဒေါသတကြီးပြောလိုက်သည်။
၀မ်ချောင် ထိုသူတို့အား လျစ်လျူရှုလိုက်ပြီး ထိုအစား အခြားအကြောင်းအရာသာ သူ၏ ခေါင်းထဲ၌ ရှိနေ၏။
“ တွက်ကြည့်ရင် သုံးလလောက်တောင် ရှိနေပြီပဲ.. ”
၀မ်ချောင် တွေးတောနေသည်။
“ ... ငါသူ့ကို သွားကြည့်သင့်တယ်... ”
၀မ်ချောင်၏ အမျိုးများထဲ၌ ၀မ်ချောင်နှင့် စိမ်းကားလှသလို အအေးစက်ဆုံးနှင့် မာနအကြီးဆုံးမှာ ၀မ်းကွဲအစ်ကို ၀မ်လီမဟုတ်ပဲ အစ်ကိုငယ် ၀မ်ပိုင်သာ ဖြစ်ပေသည်။
၀မ်းကွဲအစ်ကို ၀မ်လီမှာ မောက်မာသလို ၀မ်ချောင်၏ မိခင်ကိုပင် စေ့စေ့မကြည့်သော်လည်း အစ်ကိုငယ်၀မ်ပိုင်နှင့် နှိုင်းယှဉ်လျှင် တောင်တန်းရှေ့မှ ကုန်းမြေလေးသာသာပင်။
အစ်ကိုငယ်၀မ်ပိုင်မှာ မည်သူနှင့်မှ ရင်းရင်းနှီးနှီး မနေချေ။
ငယ်ရွယ်စဉ်မှမစ၍ ၀မ်ချောင်နှင့် အခြားသူများအား အပေါင်းအဖော်မလုပ်။ စကားလည်းနည်းကာ မည်သူနှင့်မှ ဆော့ကစားခြင်းမရှိပေ။ ၀မ်ချောင်၏ အစ်ကိုကြီးကိုပင် စကားတစ်ခွန်းစ နှစ်ခွန်းစသာပြောသည်။
မည်သို့ဆိုစေ ၀မ်ချောင်သည် သူ၏ အစ်ကိုငယ်အား အပြစ်တင်၍ မရမှန်း အတပ်သိသည်။ ထိုသည်မှာ သူ၏ ပင်ကိုယ်စရိုက်မဟုတ်ချေ။
“ တော်စမ်း.... ”
ခန်းမထဲ၌ သခင်ကြီးမှာ စားပွဲခုံအား ရိုက်ချလိုက်၏။ ထိုသူအား သူ သည်းမခံနိုင်တော့ချေ။
“ မင်းတို့အားလုံး ထွက်သွားကြ... ”
သခင်ကြီး၏ မျက်နှာထားမှာ ရေခဲကဲ့သို့ အေးစက်နေ၏။ ကြောက်မက်ဖွယ် အငွေ့အသက်သည် သူ့ထံမှ ထွက်ပေးလာပြီး ဦးကြီး၀မ်ကျန်ပင်လျှင် နှုတ်ဆိတ်ကာ အသံမထွက်ရဲတော့ပေ။
သခင်ကြီးသည် စာပေနှင့် သိုင်းပညာ နှစ်မျိုးလုံး၌ ထူးချွန်သူဖြစ်ကာ ငယ်ရွယ်စဉ်မှပင် ထိပ်တန်းလက်ရွေးစင် ဖြစ်ပေသည်။ တော်၀င်ရုံးတော်၌ ကမောက်မကဖြစ်ခဲ့စဉ်တွင် သခင်ကြီးမှာ သူ၏ ကိုယ်ပိုင်စွမ်းအားနှင့်သာ အခြေအနေအား ထိမ်းသိမ်ခဲ့ပြီး လက်ရှိ အင်ပါယာမင်းတရားကြီးအား ရာဇပလ္လင်ပေါ်တင်ခဲ့သူ ဖြစ်သည်။
ထိုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ထိုအချိန်ကတည်းက ပဋ္ဌိပက္ခ ဖြစ်နေသည့် စစ်တပ်အား ထိန်းသိမ်း အမိန့်ပေးခဲ့စဉ်က အကြီးအကျယ် ထိခိုက်ခဲ့သည့်အတွက် သူ၏ ကျင့်ကြံခြင်းအား ဆိုးရွားခဲ့သည့်တိုင် အခြားမျိုးဆက်များက သူနှင့် နှိုင်းယှဉ်၍ မရနိုင်သေးပေ။
သခင်ကြီးမှာ မည်သည့်အခါမှ အလွယ်တကူ ဒေါသမထွက်တတ်သော်လည်း သူ ဒေါသထွက်ပြီဆိုပါက အခြားသူများက နှလုံးသားအောက်ခြေမှနေ၍ ကြောက်စိတ်၀င်ကြရသည်။ ၀မ်ချောင်သည်လည်း ထူးမခြားနား ခေါင်းငြိမ့်နေလိုက်ရသည်။
ကြီးတော်ရှင်းယွမ်ချွန်းမှာ ယခင်က မောက်မာစွာ ပြောဆိုနေခဲ့သည့်တိုင် သခင်ကြီး၏ အမျက်ဒေါသအောက်၌ အသံတစ်သံပင် မထွက်ဝံ့တော့ချေ။
“ သခင်ကြီး... စိတ်လျော့ပါ.. ကလေးတွေက နင့်ကို လာတွေ့ဖို့ လွယ်တာမဟုတ်ဘူး.. ပြီးတော့ ယွမ်ချွန်းကလည်း အဲ့သဘောနဲ့ ပြောတာ မဟုတ်လောက်ပါဘူး... ”
သခင်မကြီးမှ အခြေအနေအား ထိန်းသိမ်းရန် ကြိုးပမ်းနေ၏။
“ ကျန်အာ.... မီအာ.. ယုရှန်း မင်းတို့ ထွက်မသွားသေးဘူးလား... ”
သခင်ကြီး ဒေါသထွက်နေသည်ကို မြင်လျှင် အခြားသူများက မည်သို့ စကားပြန်ပြောရဲမည်နည်း။ သူတို့က မြန်မြန်ဆန်ဆန်ပင် ခန်းမအပြင်သို့ ပြေးထွက်သွားကြသည်။
“ ယောင်အာ.. မြေးလေးနေခဲ့.. ဘိုးဘိုးကြီးက မြေးလေးကို အချစ်ဆုံးပဲ.. သူ့ကို ပျော်အောင်လုပ်ထား.. ဒေါသထပ်မထွက်စေနဲ့နော်.... ”
၀မ်မိသားစု၏ ညီမငယ်မှာ ဘိုးဘေးနှစ်ဦး၏ လက်ထဲမှနေ၍ ခုန်ထွက်တော့မည် အချိန်၌ သခင်မကြီးမှနေ၍ တားဆီးလိုက်သည်။ ၀မ်ကလန်၌ အမျိုးသမီး အနည်းငယ်သာရှိပြီး ညီမငယ်သည် ထိုအထဲမှ အငယ်ဆုံး ဖြစ်၏။ သူမသာ အပြစ်ကင်းစင်ကာ တည့်တိုးဆန်သည့် စရိုက်ရှိပြီး သခင်ကြီးနှင့် သခင်မကြီးအား ရယ်မောစေရန် စွမ်းဆောင်နိုင်သူလည်း ဖြစ်သည်။ ယခုမှာတော့ သူမသည်သာလျှင် ခန်းမထဲ၌ကျန်ရှိရန် အခွင့်ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
.......
“ ဒီနေ့က သခင်ကြီးရဲ့ နှစ်ခုနစ်ဆယ်ပြည် မွေးနေ့ကွ.. ဒါတောင် မင်းက လူတိုင်းကို မပျော်မရွှင် ဖြစ်စေရတယ်လို့ကွာ... ”
အသိပညာအိမ်တော်မှ ထွက်လာသည့် ဦးကြီး ၀မ်ကျန်၏ အမူအရာက ပျက်ယွင်းနေသည်။ ၀မ်ကလန်သည် စည်းကမ်းတင်းကျပ်ပြီး သခင်ကြီးနှင့် သခင်မကြီးတို့မှာ တစ်သက်လုံး ရန်မဖြစ်ကြပေ။
ထို့ကြောင့် သူတို့အား စံနမူနာထား၍ ၀မ်ကျန် သူ၏ ဇနီးဖြစ်သူ ရှင်းရှီ ပြောသမျှအား သည်းခံပေးခဲ့သည်။ ထို့ထက်ပို၍ ရှင်းရှီသည် မိသားစု၏ ဘဏ္ဍာရေးအား ကောင်းမွန်စွာ ကွပ်ကဲနိုင်ပြီး မိသားစု၏ များစွာသည့် ကိုယ်ရံတော်များ၊ အစေခံများ၊ အထိန်းတော်များ စသည်တို့အား လစာများ ပေးရသည့် ခက်ခဲသည့် လုပ်ငန်းစဉ်အား ကောင်းစွာ လုပ်ဆောင်နိုင်လေသည်။
အဆုံး၌ ၀မ်ကလန်အတွင်းတွင် စီမံခန့်ခွဲမှု၌ ကျွမ်းကျင်သည့်သူ အခြားသူ မရှိတော့ချေ။ အကယ်၍ ရှင်းရှီ၏ စွမ်းရည်ကြောင့်သာ မြို့တော်၏ စီးပွားရေးလုပ်ငန်းများစွာအား ခန့်ခွဲကာ မိသားစုအား ခွဲဝေပေးနိုင်ခြင်းကြောင့်သာ မဟုတ်လျှင် ၀မ်ကျန်၏ ကြွယ်၀မှုဖြင့် မိသားစုအား ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းရင်းများကြောင့် ၀မ်ကျန်သည် ရှင်းရှိ၏ လုပ်ရပ်များအား ခွင့်လွှတ်ကာ သည်းခံပေးခဲ့ခြင်းဖြစ်သည်။
“ ငါမင်းကို လီအာ အကြောင်း ပြောပြပြီးပြီ မဟုတ်လား.. တကယ်လို့ ချောင်အာရဲ့ အကြံပေးမှု ကြောင့်သာ မဟုတ်ရင် ယောင်ကလန်ရဲ့အကွက်ထဲ ရောက်နေလောက်ပြီ.. ယောင်ကလန်က နင့်သားကို အသုံးချမှာပဲ.. ဒီကောင်လေးက ငါ့တို့ကို ကူညီခဲ့တာ ဒါတောင်မှ နင်က သူ့ကို ဆန့်ကျန်နေသေးတယ် ဟုတ်လား.. ပြီးတော့ မြင်းလှည်းထဲမှာတုန်းကလည်း ငါတို့ ဒီကို ရောက်လာကတည်းက ကျောက်ရှီကို နင်အရှက်ခွဲဖို့ ကြိုးစားနေခဲ့သေးတယ်.. ခန်းမထဲမှာလည်း နင်က တမင်သက်သက် ပြဿနာတက်အောင် ပြောဆိုခဲ့ပြီး သခင်ကြီး ပျော်ရွှင်နေတာကို ပျက်ပြားအောင် လုပ်သေးတယ်.. မင်း ဘာတွေ အရူးထနေတာလဲ.... ”
၀မ်ကျန် ရှင်းရှီအား ဆူပူသည်မှာ ရှားပါးသည့်တိုင် ဤအချိန်တွင်တော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
“ ငါ လုပ်တာ ဘာမှားနေလို့လဲ.. ”
၀မ်ကျန်၏ ပြစ်တင်ကျိန်းမောင်းမှုအား ခံရလျှင် ရှင်းရှီ မှားယွင်းပြစ်တင်ခံရသည်ဟု ခံစားမိပြီး မကျေမနပ် ဖြစ်ရသည်။
“ ၀မ်ကျန်.. တကယ်လို့ နင်သာ လီအာရဲ့ အနာဂတ်ကို သေချာ စဉ်းစားတယ်ဆိုရင် ငါ ဒီလိုလုပ်စရာလိုမလား.. နောက်ဆုံး ယောင်ကလန်က လီအာကို အသုံးချခွင့်ရသွားတာကလဲ နင်ပဲ စခဲ့တာလေ.. တကယ်လို့ နင်သာ သေသေချာချာ အစီအစဉ်ချခဲ့မယ်ဆိုရင် ဒီလိုတွေ ဖြစ်လာမလားပြော.. လီအာက ၀မ်ကလန်ရဲ့ အကြီးဆုံးသားပဲ... သားအကြီးဆုံး.. ဒါပေမဲ့ သူအခု ဘယ်လိုဖြစ်နေပြီလဲ ရှင် ကြည့်လိုက်ဦး.. ”
“ ၀မ်ဖူရဲ့ ရာထူးက သူ့ထက် မြင့်တာ အသာထား.. ဒုတိယသား ၀မ်ပိုင်ကရော.. သူထောင်ထဲရောက်နေတာတောင် ဘိုးဘိုးကြီး ကိုယ်တိုင်က သူ့ကို ကာကွယ်ပေးနေတာ မဟုတ်လား.. ဒါတောင်မှ ငါ့ဘာမှ ပြောခွင့် မရှိတော့ဘူးလား.. ”
“ ပြီးတော့ ၀မ်ကျန် နင်မမေ့လိုက်နဲ့... နင့်တတိယညီရဲ့သားတွေဟာ လီအာရဲ့ ပြိုင်ဘက်တွေပဲ.. သခင်ကြီးရဲ့ နေရာနဲ့ရာထူးကို လီအာကပဲ ဆက်ခံရမယ်.. ဘာလို့ ငါတို့က ၀မ်ဖူနဲ့ ၀မ်ပိုင်ကို ခွဲပေးနေရဦးမှာလဲ.. တစ်ခြားသူတွေက လီအာအတွက် မတိုက်ပေးချင်ဘူးဆိုရင်တော့ သူ့အမေဖြစ်သူအနေနဲ့ ငါ့သားကိုငါ ကူညီလို့ မရဘူးလား ဟမ်..... ”
ရှင်းရှီ၏ မျက်လုံးများ နီရဲနေပြီး သူမ၏ ကိုယ်သည်လည်း ဒေါသကြောင့် တုန်ယင်နေသည်။ မှန်ပေသည်။ သူမက ရွံရှာဖွယ်ကောင်းပေသည်။ သူမက တည်ငြိမ်နေသည်အား ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်။ သို့ဆိုစေ အရာအားလုံးမှာ သူမ၏ သားအတွက်သာ ဖြစ်ပေသည်။
၀မ်ကျန်မှာ ထိုသည်အား မမြင်နိုင်သည့်တိုင် သူမ မြင်နိုင်၏။ အကယ်၍ လီအာသာ သခင်ကြီးရဲ့ ကြီးမားလှသည့်လွမ်းမိုးမှုနှင့် ကြွယ်၀မှုအား ဆက်ခံချင်သည်ဆိုပါက တတိယညီ၏ မိသားစုမှာ လီအာ၏ အကြီးမားဆုံး ရန်သူများပင် ဖြစ်သည်။
ဤသည်က မပြောင်းလဲသည့် အမှန်တရားပင်။
အစ၌ ၀မ်ကျန် ဒေါသမုန်ယိုနေသော်လည်း ရှင်းရှီ၏ စကားလုံးများအား ကြားရလျှင် သူ ငြိမ်သက်သွားသည်။
တစ်ချိန်တည်း၌ လေးပြည်နယ်သံရုံးဘက်တွင် ၀မ်ချောင်မှာ သူ၏ ဦးငယ်အား ရှာတွေ့လိုက်ပြီ ဖြစ်သည်။
“ ခွေးကောင်လေး... မဆိုဘူးပဲ ဟမ့်.. ငါ ထျန်းကျူးတောင်တန်းမှာ ရှိကတည်းက မင်းအကြောင်းတွေ ကြားထားတယ်နော်.. ”
၀မ်ချောင်၏ဦးငယ် ၀မ်မီ လမ်းလျှောက်လာကာ ၀မ်ချောင်၏ ပုခုံးအား ပုတ်လိုက်သည်။ သူတို့ နှစ်ဦးကြားတွင် နှစ်ပေါင်းနှစ်ဆယ်မျှ အသက်ကွာခြားနေသည့်တိုင် ဦးငယ်မှာ ၀မ်ချောင် အပေါ် အကြီးတစ်ဦးအနေဖြင့် မည်သည့်အခါကမှ မဆက်ဆံခဲ့ဖူးချေ။
“ ဦးငယ်.. အသားညိုလာပြန်ပြီ... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဦးငယ် လူမဲ ဖြစ်တော့မယ်... ”
၀မ်ချောင် ဟာသလုပ်လိုက်သည်။ အကြီးနှင့် တွေ့ဆုံချိန်၌ ရှိရမည့် ကြောက်ရွံစိုးထိတ်မှုများ တစ်စိုးတစ်စိမျှ ရှိမနေချေ။
“ လူမဲ ဟုတ်လား.... ”
ဦးငယ် စိတ်ရှုပ်ထွေးသွားသည်။
၀မ်ချောင် စိတ်ထဲမှ ရယ်လိုက်လေ၏။ ဤကမ္ဘာ၌ လူမဲများ မရှိသည့်အတွက် ဦးငယ်မှာ သူ၏ ဟာသအား နားလည်လိမ့်မည် မဟုတ်ချေ။
..............
ရှင်းရှီ.. ကျောက်ရှီဆိုတာက မျိုးရိုးနာမည်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်. ချောင်အာ လီအာ ကျန်အာ မီအာ ယန်အာ ဆိုတာမှာ အာဆိုတဲ့စကားလုံးက ချောင်လေး ချောင်ကလေးပေါ့... သားသမီးနဲ့ အငယ်တွေကို ခေါ်တာပါ..
လူသားဧကရာဇ်၏ ရာဇ၀င်
Chapter 92.
နန်းတွင်းစစ်သည် နည်းပြ စုဆောင်းရန် အကြံအစည်
“ ခွေးကောင်လေး.. မင်းက မင်းရဲ့ ဦးငယ်ကို ခနဲ့ နေတာ ဟလား.... ”
ဦးငယ်သည် ၀မ်ချောင်၏ စကားများအား နားမလည်သည့်တိုင် ၀မ်ချောင်မှာ သူ၏ အညိုရောင်အသားအရည်အား ပျက်ရယ်ပြုခြင်း ဖြစ်ကြောင်းကိုတော့ နားလည်သည်။ ထို့ကြောင့် သူ၏ လက်ဖြင့် ၀မ်ချောင်၏ ခေါင်းအား ထုလိုက်သည်။
၀မ်ချောင် ဇက်ပုကာ ညိမ်နေလိုက်သည်။
“ မင်းရဲ့ အစ်ကိုငယ် သခင်ကြီးရဲ့ မွေးနေ့ကို မလာနိုင်တာ ၀မ်းနည်းစရာပဲ.. တကယ်တော့ အတိတ်တုန်းကဆိုရင် မင်းအစ်ကိုငယ်က ဒီလိုမဟုတ်ဘူးကွ.. ”
ဦးငယ် ရုတ်တရက် ပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ ငါတို့ ကလန်ရဲ့ ဒေါသသွေးကြောက မင်းတို့ မျိုးဆက်ထဲက သူ့ဆီမှာ ဖြစ်တည် လာမယ်လို့ ဘယ်သူထင်မိမှာလဲ.. ”
၀မ်ချောင် ခပ်မဆိတ်သာနေသည်။ သခင်ကြီးနှင့် သခင်မကြီးတို့ ရှိနေသည့် ခန်းမထဲ၌ ထိုအကြောင်းအရာအား ပြောဆိုရ မရသည့်တိုင် ဤနေရာ၌ မည်သူမှ မရှိသည့်အတွက် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သည်။
၀မ်ကလန်၌ အထူးထိန်းသိမ်းထားသည့် လျို့ဝှက်ချက်တစ်ခု ရှိပြီး ထိုသည်မှာ ‘ ဒေါသသွေးကြော ’ ဖြစ်ပေသည်။
အစ၌ မည်သူမှ မသိခဲ့ကြသော်လည်း ‘ ဒေါသသွေးကြော ’အား ၀မ်ကလန်၏ မျိုးဆက်တိုင်းလျှင် တစ်ဦးကျ ဆက်ခံလာရသည်။
ဒေါသသွေးကြော နိုးထလာခဲ့လျှင် ထိုသူသည် သူ၏ သွေးထဲမှ ဒေါသနှင့် သတ်ဖြတ်လိုစိတ်အား မထိန်းချုပ်နိုင်တော့ချေ။ မျက်တောင့်များနီလာပြီး အရိုးဆန်သည့်သဘာ၀အဖြစ် ပြောင်းလဲသွားကာ ၀ရုန်းသုန်းကား အခြေအနေသို့ တွန်းပို့ ခံရလေသည်။
၀မ်ချောင်၏ အစ်ကိုငယ် ၀မ်ပိုင်မှာ ထို ‘ ဒေါသသွေးကြော ’အား ပိုင်ဆိုင်ထားသည်။
ထိုသွေးကြောမှာ မျိုးရိုးလိုက်ခြင်းသာ ဖြစ်ပြီး ထို့အတွက်ကြောင့် သခင်ကြီးနှင့် သခင်မကြီးမှာ မြေးဖြစ်သူ ၀မ်ပိုင်အပေါ် အပြစ်ရှိသည်ဟု ခံစားနေရခြင်းဖြစ်သည်။
“ ကျွန်တော် အကျဉ်းထောင်ကိုသွားပြီး အစ်ကိုငယ်ကို သွားတွေ့ဦးမယ်..”
၀မ်ချောင် ရုတ်တရက် ပြောလိုက်သည်။
“ အိုး... ”
ဦးငယ် ခေါင်းမငြိမ့်ခင် မျက်ခုံးလှုပ်သွားသည်။
“ ဒါလဲ ကောင်းသားပဲ.. မင်းရဲ့ လက်ရှိ ကျောက်ဖုန်းချန်ရဲ့ အကူအညီနဲ့ဆိုရင် သူ့ကို သွားတွေ့လို့ ရနိုင်လိမ့်မယ်... ”
ဦးငယ်သည် ထျန်းကျူးတောင်တန်း၌ နန်းတွင်းစစ်သည်များအား လေ့ကျင့်ပေးရသည် ဖြစ်၏။ အဆက်အသွယ်နှင့် သတင်းအချက်အလက်များအရ သူက ၀မ်ချောင်ထက်ပို၍ သိထားသည်။
သူက ထျန်းကျူးတောင်တန်း၌ များစွာသော စစ်မှုရေးရာများနှင့် လုံးပန်းနေရသည့်အတွက် ထျန်းကျူးတောင်ပေါ်မှ ဆင်းလာရန် မလွယ်ကူချေ။
“ ဟားဟား... ပြောရရင် ဝုစ်သံမဏိဓားဆိုလား ဘာဆိုလား ဘာနေနေကွာ.. မင်းငါ့ကို ဘယ်တော့ တစ်လက်လောက် ပေးမှာလဲ.. ထျန်းကျူးတောင်မှာ တစ်နေ့ တစ်နေ့ ငါ့ကို အဲ့ဓားပဲ လာလာမေးနေကြတယ်.. ”
ဦးငယ် ရုတ်ချည်း ပြုံးလိုက်သည်။
“ သေချာတာပေါ့.. တစ်လက်ကို ရွှေစတစ်သိန်းပါပဲ... ”
၀မ်ချောင် ရယ်မောကာ ငွေကြေးလက်ဟန် လုပ်ပြလိုက်သည်။
“ ဘာ... အဲ့လောက်တောင် စျေးကြီးတယ်လား.... ”
ဦးငယ် မှင်သက်သွားခဲ့သည်။ ထိုဓားမှာ စျေးမြင့်ကြောင်း သိထားသည့်တိုင် ထိုကိစ္စအား အလေးအနက်မထားသည့်အတွက် တိကျသည့် စျေးနှုန်းအား မသိထားပေ။
“ ဒါပေ့ါ.. တစ်ခြားသူတွေ အတွက်ဆိုရင် ရွှေစတစ်သိန်းနဲ့ ရောင်းတယ်.. ဒါပေမဲ့ ဦးငယ်အတွက်ဆိုမှတော့... အရင်ကတည်းက ပြင်ထားပေးပြီးသားပါဗျာ..... ”
၀မ်ချောင် ပြုံးကာ နောက်ပြောင် လိုက်သည်။
“ ဟားဟားဟား.. အနည်းဆုံးတော့ မင်းက သိတတ်သေးတာပဲ.. ဒီလိုပဲ ဖြစ်ရမှာပေါ့.... ”
၀မ်ချောင်မှာ သူ့အတွက် ရွှေစတစ်သိန်းတန်ဖိုးရှိသည့် ဝုစ်သံမဏိဓားအား ရှေးမဆွကပင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြားသိရလျှင် ချက်ချင်းပင် အားပါးတရ ရယ်မောလိုက်သည်။
“ ဒါပေါ့.. ဦးငယ် ကျွန်တော် နည်းနည်း ဒုက္ခပေးစရာရှိသေးတယ်.. ”
၀မ်ချောင် လေးလေးနက်နက် ပြောလိုက်၏။
ဦးငယ်မှာ မြို့တော်သို့ ပြန်လာသည်က ရှားပါးသည့်အတွက် ၀မ်ချောင် ထိုအရာအား အလေးအနက်ထား၍ ပြောဆိုနေခြင်း ဖြစ်သည်။
“ ဘာအကြောင်းလဲ... ”
ပြုံးနေရင်း ဦးငယ်မှ မေးလိုက်သည်။
“ ကျွန်တော်သိချင်တာက ထျန်းကျူးတောင်တန်းကနေ အနားယူသွားတဲ့ နည်းပြတွေကိုများ သိသလားလို့... ”
၀မ်ချောင် လေးနက်စွာ ပြောလိုက်သည်။
၀မ်.. ၀မ်ချောင်၏ ထိလွယ်ရှလွယ်သည့် အကြောင်းအရာအား ကြားလိုက်ရချိန်၌ ဦးငယ်၏ မျက်နှာ ပျက်ယွင်းသွားသည်။
“ ချောင်အာ... မင်းဘာလုပ်ဖို့ မေးတာလဲ.. ”
ဦးငယ် သတိ၀င်လာသည်။ နန်းတွင်းစစ်တပ်နှင့် တော်၀င်မိသားစုတို့နှင့် ပက်သက်သည့် အကြောင်းများအားလုံးသည် ထိပ်တန်း လျို့ဝှက်ချက်များ ဖြစ်ပေသည်။
“ ငါမင်းကို အရင်ဆုံး သတိပေးထားမယ်နော်.. ငါတို့က ၀န်ကြီးနဲ့ စစ်သူကြီး ကလန်ဆိုပေမဲ့.. ငါတို့ မထိသင့် မလုပ်သင့်တဲ့ အရာတွေ ရှိသေးတယ်.. ”
“ ဦးငယ်.. ဘာတွေ လျှောက်တွေးနေတာလဲ.. ကျွန်တော် ပုန်ကန်ဖို့ ပြင်နေတယ် ထင်နေတာလား... ”
၀မ်ချောင် ရယ်သွမ်းသွေးလိုက်သည်။
နန်းတွင်းစစ်တပ်အား လွမ်းမိုး၍ နန်းတွင်းစစ်သည်များအား အသုံးပြု၍ ကိုယ်ပိုင်စစ်တပ် တည်ထောင်လိုသည့် သခင်လေးတစ်ချို့ရှိခဲ့ဖူးသည်။
မည်သို့ဆိုစေ နန်းတွင်းစစ်တပ်သည် ထိုသူများအား လက်စဖျောက်ခဲ့သည်ချည်းသာ။
ထိုအရေးကိစ္စနှင့် စပ်လျဉ်း၍ ယခင်အင်ပါယာအရှင်သည် များစွာသော ကလန်တို့၏ ကြွယ်၀မှုများအား နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။
“ ကျွန်တော်က ထျန်းကျူးတောင်တန်းကနေ အနားယူသွားတဲ့ ကျွမ်းကျင်သူနည်းပြတွေကို သိုင်းပညာရှင်အချို့ကို လေ့ကျင့်ပေးဖို့ ဖိတ်ခေါ်ချင်တာပါ.. အသက်အရွယ် ကန့်သတ်ချက်မရှိဘူး.. အသက် ခုနစ်ဆယ် ရှစ်ဆယ်ဖြစ်ပါစေ ကိစ္စမရှိဘူး.. သူတို့အနေနဲ့ လေ့ကျင့်ပေးနိုင်တယ်ဆိုရင်ကို အဆင်ပြေတယ်.. ”
၀မ်ချောင် ပွင့်ပွင့်လင်းလင်း ပြောချလိုက်၏။
ဦးငယ်မှာ ထျန်းကျူးတောင်တန်း၏ နည်းပြဖြစ်သည့်အတွက် နန်းတွင်းစစ်တပ်များအား ကိုယ်တိုင် တာ၀န်ယူ လေ့ကျင့်ပေးရသည်။ ထိုသည်က ကြီးမားသည့် ဗျူဟာပိုင်းဆိုင်ရာ အားသာချက်ဖြစ်ပြီး သူ၏ ယခင်ဘ၀၌ မည်သူမှ ထိုအားသာချက်အား သတိမပြုမိသည်က ၀မ်းနည်းစရာပင်။
နန်းတွင်းစစ်တပ်အား လေ့ကျင့်ပေးနိုင်သည့်သူများ ဖြစ်သည့်အတွက် ထိုသူများ၏ ခွန်အားမှာ သံသယ၀င်စရာမလိုပေ။ ထိုအရာထက်ပို၍ အရေးကြီးသည်က သူတို့ထံ၌ များပြားသည့် ကျွမ်းကျင်သူများအား ထိန်းကျောင်းရန် နည်းစနစ်များ ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးနောက် ၀မ်ချောင်သည် အနာဂတ်၌ ကြုံကြိုက်ရမည် ကပ်ဆိုးအတွက် ရှေးမဆွကပင် စဉ်းစားတွေးတောထားပြီးဖြစ်သည်။ အဆုံး၌ သူ၏ အဖြေမှာ လုံလောက်သည့် စွမ်းအားပြည့်၀သည့် နောက်လိုက်ငယ်သားများစွာအား စုဆောင်းရန် ဖြစ်ပေသည်။
အချိန်တိုင်း အခြားသူများအား အကူအညီတောင်းနေရန်လည်း မဖြစ်နိုင်သလို စစ်တပ်၌လည်း စည်းမျဉ်းစည်းကမ်းများစွာ ရှိသေးသည်။ ထို့ကြောင့် ၀မ်ချောင် သူ၏ ကိုယ်ပိုင် စစ်တပ်အား ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။
စစ်တပ်အား ထိန်းချုပ်ခြင်းနှင့်ဆိုင်ရာတွင် ထျန်းကျူးတောင်တန်းမှ နန်းတွင်းစစ်တပ်နည်းပြများထက် မည်သူမှ ပိုမသင့်တော်နိုင်တော့ချေ။
၀မ်ချောင်မှာ လက်ရှိ နန်းတွင်းစစ်တပ်နည်းပြများအား မစည်းရုံးရဲသည့်တိုင် အနားယူသွားသည့် နည်းပြများမှာတော့ အခြားအကြောင်းအရာ တစ်ခု ဖြစ်သွားလေပြီ။
ထျန်းကျူးတောင်တန်းမှ အနားယူသွားသည့် နည်းပြများမှာ တစ်နှစ်ပြီးတစ်နှစ် ပိုများလာပြီး တော်၀န်ရုံးတော်၌ ပင်စင်စားကာ အလုပ်လက်မဲ့ နေနေကြသည်ဖြစ်သည်။
ထိုသည် ကြီးမားသည့် လူ့အရင်းအမြစ် ဖြုန်းတီးမှု တစ်ခုပင်။
ထို့ကြောင့် ၀မ်ချောင် ထိုသူတို့အပေါ် အာရုံစိုက်ခြင်း ဖြစ်သည်။
အကယ်၌ သူသာ ထိုလူအုပ်ကြီးအား ကောင်းမွန်စွာ အသုံးပြုနိုင်ပါက အနာဂတ်၌ ထိုအုပ်စုသည် သူ၏ ယူဆချက် မှန်ကန်ကြောင်း သက်သေပြပေလိမ့်မည်။
မည်သူက စွမ်းအားပြည့်၀သည့် နန်းတွင်းစစ်တပ်ထပ် ပိုမို အားကောင်းနိုင်မည်နည်း။
ထိုသည်မှာ ၀မ်ချောင်၏ ရင်ထဲ၌ ပုန်းအောင်းနေသည့် ရည်မှန်းချက် ဖြစ်ပေသည်။
သို့သော် ၀မ်ချောင်၌ ထိုကိစ္စနှင့်ပက်သက်၍ အဆက်အသွယ် မရှိသည့်အတွက် ထိုသူများကလည်း သူ၏ စကားအား နားထောင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ၏ အကြံအစည် အောင်မြင်ချင်သည်ဆိုပါက သူ၏ ဦးငယ်အား အလွန်ပင် လိုအပ်ပေသည်။
ဦးငယ်သာလျှင် ထိုတာ၀န်အား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
“ ထျန်းကျူးတောင်တန်းရဲ့ နည်းပြတွေအားလုံးကို စာအုပ်နဲ့ မှတ်တမ်းတင်ထားတယ်.. နှစ်တိုင်း ငါတို့က အဲ့စာအုပ်တွေကို ချိတ်ပိတ်လိုက်တယ်.. အဲ့တာအပြင် ကလန်နဲ့ အုပ်စုကြီးတွေဟာ နည်းပြတွေကို ငှားယမ်းတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားသေးတယ်.. တကယ်လို့ တစ်ယောက်ယောက်က ဒီစည်းမျဉ်းကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် မြို့တော်ဥပဒေအရ အရေးယူခံရမယ်.. ဒါပေမဲ့ မင်းက ဒီအပေါ်မှာ အရမ်းမျှော်လင့်ထားပြီး အသက်အရွယ် ကန့်သတ်ချက်မရှိဘူးဆိုရင်တော့ ငါ လူနည်းနည်းလောက် ရှာပေးနိုင်မှာပါ.... ”
“ တော်၀င်ရုံးတော်က ချမှတ်ထားတဲ့ ဥပဒေအရ နှစ်ပေါင်းနှစ်ဆယ် အနားယူပြီးတဲ့သူတွေကို နန်းတွင်းစစ်တပ်နဲ့ မသက်ဆိုင်တော့ဘူးလို့ သတ်မှတ်ထားတယ်.. ဒီအတိုင်းဆိုရင် အဲ့လူတွေဟာ အနည်းဆုံး အသက်ငါးဆယ်လောက်ရှိနေမှာပဲ.. ဒီလိုဆိုရင်တော့ မင်းအတွက် အဆင်ပြေသေးလား.. တကယ်လို့ အဆင်ပြေတယ်ဆိုရင် မင်းအတွက် လူတစ်ချို့ရအောင် ငါရှာပေးနိုင်တယ်.. ”
မျက်မှောင်ကြုတ်ကာ ဦးငယ်မှ ပြောလိုက်သည်။
“ ဟားဟားဟား.... အကောင်းဆုံးပေါ့ ဦးငယ်ရာ... ”
လက်ဝါနှစ်ဖက်အား ပွတ်သပ်ရင်း ၀မ်ချောင် ရယ်နေ၏။ အသက်ငါးဆယ်၌ ထိုသူသည် သူ၏ကျင့်ကြံခြင်း၌ အဆင့်မတက်နိုင်တော့ပါက သူ၏ တိုက်ခိုက်စွမ်းရည်နှင့် ခံနိုင်ရည်တို့မှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာမည်ဖြစ်သည်။
သို့ဆိုစေ ၀မ်ချောင် ထိုသည်အား ပူပန်ခြင်း မရှိပေ။ အသက်ငါးဆယ်ခန့်ရှိသည့် သိုင်းပညာရှင်အများစုမှာ အတွေ့အကြုံရင့်ကျက်နေကြပြီး သိုင်းပညာအပေါ် သိမြင်မှုများလဲ များပြားမည်ဖြစ်သည်။
၀မ်ချောင် ပူပန်သည်က ထိုသူတို့၏ နည်းစနစ်များနှင့် အတွေ့အကြုံများကိုသာ ဖြစ်၏။ ပြီးလျှင် ထိုသူတို့သည်လည်း စစ်ပွဲအတွင်း၀င်ရောက်၍ ရန်သူများအား သတ်ဖြတ်ရန်အတွက် မဟုတ်ပေ။ အကယ်၍ သူသာ ကံကောင်းနေလျှင် ထင်မထားသည့် အလွန်ထူးချွန်သည့် နည်းပြကိုပင် ရရှိလိုက်နိုင်သေးသည်။
“ မင်း ဘာလုပ်ချင်နေလဲဆိုတာတော့ ငါမသိဘူး.. ဒါပေမဲ့ မင်းကို ငါ သတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့နော်.. ဒီလူတွေဟာ အဆင့်တန်းမြင့်မြင့် နေထိုင်နိုင်ပြီး တစ်လကို ရွှေစ တစ်ထောင်လောက် သုံးစွဲနိုင်တဲ့သူတွေ.. သူတို့ကို ရဖို့ဆိုတာ လွယ်မှာတော့ မဟုတ်ဘူး.. ”
ဦးငယ်က ဆိုသည်။
“ ဟားဟား.. ဒါဆို ပိုတောင်မှလွယ်ဦးမယ်.. ငွေက ပြဿနာ မဟုတ်ပါဘူး.. ကျွန်တော့ကိုယ်စား သူတို့ကို မေးပေးပါ.. တစ်နှစ်ကို ရွှေစ တစ်သိန်းဆိုရင် သူတို့ စိတ်၀င်စားလာမလားဆိုတဲ့ အကြောင်းလေး.... ”
၀မ်ချောင် ပြန်ပြောလိုက်သည်။
“ ဘာ.................... ”
ဦးငယ် မှက်သက်သွားကာ သူ၏ မျက်လုံးပင် ထွက်ကျတော့မတတ်ပင်။ တစ်လလျှင် ရွှေစ ၈၀၀၀ ရသည့် သူသည့်ပင် သူ့ကိုယ်သူ အတော်အတန် ဟုတ်လှပြီနေ၏။
သို့ဆိုစေ ၀မ်ချောင် ပြောလိုက်သည့် နှုန်းထားအား စဉ်းစားကြည့်လျှင် လုံး၀ မဖြစ်နိုင်စရာမရှိချေ။ လက်ရှိ ၀မ်ကလန်မှာ ယခင် ၀မ်ကလန်နှင့် မတူညီတော့ပေ။
“ ၀မ်ချောင်... မင်း သေချာ ဆုံးဖြတ်ပြီးပြီလား.. သူတို့ကို ငှားယမ်းဖို့က အတော်ကို ငွေကုန်ကြေးကျ များမယ်နော့... ”
“ ဟီးဟီး.. ဦးငယ် ‘ မြင်းအရိုး ၀ယ်ဖို့အတွက် ရွှေစ တစ်ထောင် အသုံးပြုတယ် ’ ငွေအတွက် စိတ်မပူပါနဲ့ တကယ့်ပြဿနာက ကျွန်တော်တို့ လူရ မရ အပေါ်ပဲ မူတည်တယ်.. ”
၀မ်ချောင် ပြောလိုက်၏။
၀မ်ချောင်မှာ ငွေအား အသည်းအသန် ရှာဖွေခဲ့သည့်တိုင် ထိုငွေများအား အလေးထားခြင်းတော့ မရှိချေ။
နန်းတွင်းစစ်တပ်၏ နည်းပြဟောင်းများအား တစ်နှစ်လျှင် ရွှေစ တစ်သိန်းဖြင့် ငှားယမ်းခြင်းက ယခုခေတ်ကာလ၌ မကြားဖူးသည့် အရာ ဖြစ်သည့်တိုင် လာမည့်လေးနှစ်အကြာ၌ ကပ်ဆိုးကျရောက်လာပြီး ယခု ငွေများက အမှိုက်သဖွယ် ဖြစ်သွားမည်ကို ၀မ်ချောင်လောက် မည်သူမှ ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ၀မ်ချောင် ငွေကြေးသုံးစွဲမှု အပေါ် လုံး၀ တွန့်တိုခြင်း မရှိပေ။
သူ့အနေဖြင့် ငွေမည်မျှ သုံးစွဲရသည် ဖြစ်စေ ထိုငွေများအား ခွန်အားအဖြစ် ပြောင်းလဲနိုင်ပါက သူကုန်ကျသလောက် ထိုက်တန်ပေသည်။
လက်ရှိ ၀မ်ချောင် လိုအပ်သည့်အရာမှာ ကျရောက်လာမည့် ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။
“ မြင်းအရိုး ၀ယ်ဖို့အတွက် ရွှေစတစ်ထောင် အသုံးပြုတယ်.. စိတ်ချသာနေ ငါ့တူ.. မင်း မြင်းရိုး၀ယ်ဖို့အတွက်နဲ့တော့ ငွေ ဒီလောက်သုံးစရာမလိုပါဘူး.. ဒီ် နန်းတွင်းစစ်တပ်က နည်းပြဟောင်းတွေကို မင်း ခေါင်းခေါက် ရွေးလို့ရနိုင်စေရမယ်.. ”
ဦးငယ် ခေါင်းငြိမ့်ကာ ပြောသည်။ ဦးငယ်မှာ ၀မ်ချောင်အား အသုံးအဖြုန်းကြီးသည့် သူဋ္ဌေးသားအား ကြည့်နေသကဲ့သို့ ကြည့်နေလေည်။
“ ဒါကို ငါ့တာ၀န်ထားလိုက်.. တစ်ခုခု အကြောင်းထူးရင် မင်းကို လှမ်း အကြောင်းကြားလိုက်မယ်.. ”
“ ဟုတ်ကဲ့.. ”
၀မ်ချောင် ပြုံးကာ ခေါင်းငြိမ့်လိုက်၏။
......
ခန်းမထဲ၌ သခင်ကြီးမှာ တည်ငြိမ်နေပြီ ဖြစ်သည်။ လူတိုင်းအား ဆင့်ခေါ်၍ စကားအနည်းငယ်ပြောဆိုကာ ပြန်လွှတ်လိုက်သည်။
အားလုံးမှာ သခင်ကြီး၏ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့သည့် သေးငယ်သည့်အရာ မဟုတ်မှန်း သိထားကြသည်။ မိသားစု၀င်များ တွေ့ဆုံပြီးသည်နှင့် နောက်လိုက်ဟောင်းများက သခင်ကြီးအား လာရောက် နှုတ်ဆက်ကြမည် ဖြစ်သည်။
သခင်ကြီးသည့် အတွေ့အကြုံမရှိသေးသည့် ပါရမီရှင်များအား သိမ်းသွင်းကာ ထိုသူတို့နှင့် ထိုက်တန်သည့် ရာထူးများ၌ နေရာချထားခြင်းအား အလွန်နှစ်သက်သည်။ ထို့ကြောင့် သခင်ကြီး၏ တပည့်များနှင့် နောက်လိုက်ဟောင်းများက ရေတွက်မရနိုင်သကဲ့သို့ ထိုသူတို့သည်လည်း အင်ပါယာတစ်ခုလုံးအနှံ့ ကဏ္ဍ အမျိုးမျိုး၌ တာ၀န်ထမ်းဆောင်နေကြသည်။
စုန့်ဘုရင်သည် သခင်ကြီးအား အလွန် အားကိုးနေသည်မှာ သူ၏ ဖြစ်တည်မှုအပြင် သူ၏တပည့်များနှင့် နောက်လိုက်များကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ယောင်ကလန်မှ စုန့်ဘုရင်လက်အောက်ရှိ သူများအားလုံးအား သိမ်းသွင်းသွားခဲ့သည့်တိုင် ၀မ်ကလန်နှင့် သခင်ကြီးသာ စုန့်ဘုရင်အား ထောက်ပံ့နေသမျှ ကာလပတ်လုံး စုန့်ဘုရင် အလွယ်တူ လဲပြိုမည် မဟုတ်ချေ။
ထို တပည့်များနှင့် နောက်လိုက်များသည် သခင်ကြီးအား အလွန်အမင်း ချစ်ကြောက်ရိုသေကြသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း သခင်ကြီး၏ မွေးနေ့၌ သူတို့သည် လေးပြည်နယ်သံရုံးသို့ အလည်အပတ် လာကြလေသည်။
ထို့ထက်ပို၍ ယနေ့သည် နှစ်ခုနစ်ဆယ်ပြည့်မွေးနေ့ဖြစ်ကာ နေ့ရက်ကြီးဖြစ်သည့်အတွက် အကြောင်းပြချက်မရှိလျှင်ပင် လာရောက်ကြလိမ့်မည်ဖြစ်သည်။
ဟူး.... ဟူး.... ဟူး....
တစ်ခဏအတွင်း လေးပြည်နယ်သံရုံး၏ အပြင်ဘက်၌ မြင်းလှည်းများစွာ၏ အသံများ ထွက်ပေါ်လာရာ ငလျင်လှုပ်နေသကဲ့သို့ပင်။ အလွန်ခမ်းနားကာ ကြီးကျယ်လှပလှသည့် မြင်းလှည်းပေါင်းများစွာသည် အတူတကွ လေးပြည်ထောင်သံရုံးရှိရာသို့ မောင်းနှင်လာကြသည်မှာ တိုင်ပင်ထားသည့်အလားပင်။
လေးပြည်ထောင်သံရုံးသည် ဆိတ်ငြိမ် ရပ်၀န်းဖြစ်သော်လည်း တစ်ခဏချင်းပင် အသက်၀င်လာခဲ့သည်။ မြင့်မားသည့်နေရာမှ နေ၍ ၀မ်ချောင် မတူညီသည့် လူများစွာသည် အပြင်ဘက်၌ လှုပ်ရှား သွားလာနေသည်ကို မြင်နေရသည်။ ထိုနေရာ၌ ဆံနွယ်ဖြူနေသည့် အကြီးအကဲများ၊ တည်ကြည်ခန့်ညားသည့် လူလတ်ပိုင်းများ၊ လန်းဆန်းတက်ကြွသည့် လူငယ်ပိုင်းများ၊ သူနှင့် သက်တူရွယ်တူများသာမက သူ့ထက် ငယ်ရွယ်သူများပင် ရှိနေသည်။
သို့သော် သူတို့ မည်သူ ဖြစ်စေကာမူ ထိုသူအားလုံးက ကြွယ်၀ချမ်းသာကြသည်။ ထိုသူများထံမှ အားကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ထိုသူများအကြား ခါးပေါ်၌ ခရမ်းရောင် ငါးသဏ္ဍာန် တံဆိပ်ပြား ချိတ်ဆွဲထားသည့် မင်းမှုထမ်းများကိုပင် ၀မ်ချောင် မြင်နေရသည်။
---- ထိုသူတို့မှာ လွှမ်းမိုးမှု မြင့်မားသည့် တော်၀င်ရုံးတော်၏ အဆင့် ၁ အမှုထမ်းများ ဖြစ်ကြပေသည်။ ထိုသူ တစ်ဦးချင်းစီတိုင်းသည် အင်ပါယာ၌ နှိုင်းဆမရသည့်သူများ ဖြစ်ကြပေသည်။
...............
မြင်းရိုး၀ယ်ဖို့ ရွှေစ တစ်ထောင် အသုံးပြုတယ်
ဒီဆိုရိုးဟာ ပုံပြင်လေးရှိပါတယ်..
အရင်တုန်းက ယန်မင်းဆက်ရဲ့ ကျောက်ဘုရင်ဆီဟာ ပါရမီရှိပြီး ဗျူဟာကောင်းတဲ့ ကောခွိုင်လို့ ခေါ်တဲ့သူကို အခစားစေတယ်..
အင်ပါယာအရှင်ဟာ မြင်းတွေကို အလွန်နှစ်သက်ပြီး လီတစ်ထောင်ပြေးနိုင်တဲ့ မြင်းကို ၀ယ်နိုင်ဖို့ ဆန္ဒပြင်းပြလို့နေပြီး ရွှေစ တစ်ထောင်နဲ့ ၀ယ်ယူမယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ ဒါပေမဲ့ သုံးနှစ်သာ ကုန်သွားတယ် ရောင်းမဲ့သူ တစ်ယောက်မှ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် သစ္စာရှိပြီး အမျှော်အမြင်ရှိတဲ့ ကောခွိုင်ဟာ ဒီ တာ၀န်ကို ယူလိုက်တယ်။
သူရဲ့ ဉာဏ်ပညာကြောင့် သုံးလအတွင်း လီတစ်ထောင်မြင်းကို ရှာနိုင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ရောင်းနေစဉ်တွင်းမှာပဲ မြင်းဟာ သေသွားတယ်။ ဒါတောင်မှ ကောခွိုင်ဟာ ရွှေစ ငါးရာပေးပြီး ၀ယ်ယူခဲ့ပါတယ်။
အင်ပါယာအရှင်ဟာ ဒီသတင်းစကားကို ကြားရချိန်မှာ ကောခွိုင်ကို မြင်းသေအတွက် ရွှေစ ငါးရာ သုံးပစ်ရသလားဆိုပြီး အပြစ်တင် ဒေါသထွက်လေတော့တယ်။ နောက်ဆုံး ကောခွိုင်ဟာ “ အရှင်မင်းကြီးဟာ လီတစ်ထောင် မြင်းသေအတွက်တောင်မှ ရွှေစငါးရာကို နှမြောခြင်းမရှိ အသုံးပြုတယ်ဆိုတဲ့ သတင်းစကားသာ အပြင်ကို ပြန့်သွားခဲ့ရင် တစ်ခြားသူတွေဟာလည်း အရှင်မင်းကြီးဟာ အမှန်တကယ် မြင်းချစ်သူတစ်ဦးဖြစ်ကြောင်း ယုံကြည်လာကြမှာဖြစ်ပြီး အရှင်မင်းကြီး လိုချင်တဲ့အတိုင်း တစ်ခြားသူတွေက အရှင်မင်းကြီးအတွက် မြင်းတွေကို ကိုယ်တိုင် ဆောင်ယူလာကြလိမ့်မယ် ”ဆိုပြီး ရှင်းပြလိုက်တယ်။
ကောခွိုင် ပြောသလိုပဲ တစ်ခြား မြင်းပိုင်ရှင်တွေဟာ လီတစ်ထောင်မြင်းကို အင်ပါယာအရှင်ဆီ စတင် ပို့ဆောင်ပေးကြတယ်။
ဆိုလိုတာက သာမန်အရည်အချင်းရှိတဲ့သူတွေကိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံရင် တကယ်အရည်အချင်းရှိတဲ့သူတွေက ကိုယ်တိုင် တံခါးလာခေါက်လိမ့်မယ်တဲ့...
လူသားဧကရာဇ်
Chapter 93.
စမ်းသပ်မှု
အပြင်ဘက်မှ လူရိပ်များအား ကြည့်ရင်း ၀မ်ချောင် ဆွံအနေသည်။
ဤသည်မှာ ၀မ်ကလန်၏ အကြီးမားဆုံးသော အထောက်အပံ့ဖြစ်ပြီး ဘိုးဘိုးကြီး၏ အစစ်အမှန် အင်အားလည်း ဖြစ်သည်။
၀မ်ကလန်သည် ဆင်းရဲ၍ မျိုးဆက်များ၏ လစဉ်၀င်ငွေသည်ပင် ကြိုးကြာပျံဝဲစံအိမ်ရှိ ဟင်းတစ်ပွဲ၀ယ်ယူရန်ပင် မလုံလောက်သော်လည်း အလယ်ပိုင်းလွင်ပြင်ရှိ မည်သူမှ အထင်သေးရဲခြင်းမရှိပေ။
သခင်ကြီးသည် မဟာထန်အင်ပါယာ၏ ကြီးမြတ်လှသည့် ပုံရိပ်ကြီးဖြစ်ပေသည်။ တော်၀င်ရုံးတော်၌ အလွန် လေးစားခံရပြီး သူ၏ တပည့်များနှင့် နောက်လိုက်ဟောင်းများသည် မဟာထန်အင်ပါယာအနှံ့ ပြန့်နှံ့နေသည်။ ထိုသူများသည် နေ့စဉ်နေ့တိုင်း မဟာထန်အင်ပါယာ လည်ပတ်ရေးအတွက် စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ သင်ကြားရေး၊ ကျောင်းသားများ စသည့်ဖြင့် ရှုထောင့်အစုံမှ ပါ၀င်နေသည်။
စုရုံးနေသည့် ထိုသူများမှာ အလွှာအတန်းအစား စုံလင်ပြီး ထိုသူတစ်ဦးချင်းစီတိုင်းသည်လည်း သက်ဆိုင်ရာ နယ်ပယ်များ၌ အမြင့်ဆုံးသောသူများ ဖြစ်ကြသည်။
၀မ်ကလန်၏ ခွန်အားမှာ စကားနှင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ ယောင်ကလန် တန်ခိုးအထွားဆုံးကာလ၌ပင် ၀မ်ကလန်အား နှိမ့်ချ မဆက်ဆံရဲချေ။ ထို့အတွက် သူတို့၏ အမြင်၌ မျက်စိ စပါးမွှေးစူးစရာ ဖြစ်နေပြီး တတ်နိုင်သမျှ နည်းလမ်းမျိုးစုံ အသုံးပြု၍ နောက်တစ်ဖန် မြင့်တက်လာမည်ကို တားဆီးနေကြခြင်း ဖြစ်သည်။
၀မ်ချောင် ပြန်လည်ရှင်သန်လာပြီးနောက် အဖြစ်ချင်ဆုံး ဆန္ဒသည်လည်း သခင်ကြီး၏ ထိုတပည့်များနှင့် နောက်လိုက်များမှ အသိအမှတ်ပြုခြင်း ဖြစ်ပေသည်။ ထိုအုပ်စု၏ အသိအမှတ်ပြုခြင်းအား ခံရသည့် မည်သည့်သူမဆို ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။
သို့ဆိုစေ ထိုစွမ်းအားကို ရရှိရန် မလွယ်ကူသည့်အပြင် ၀မ်ချောင်၏ ဘိုးဘိုးကြီး ကိုယ်တိုင် သူ၏ လွှမ်းမိုးမှုအား အသုံးပြု၍ ထိုသို့ ရရှိနိုင်ရန် ပြုလုပ်နိုင်သည့် စွမ်းအား မရှိနေပေ။ ထိုသည်က ဘိုးဘိုးကြီး သဘောတူ လက်ခံသည် လက်မခံသည်နှင့် မသက်ဆိုင်တော့ပေ။ ထိုသူကိုယ်တိုင်သာ လူအားလုံး၏ အသိအမှတ်ပြုမှုအား ရယူရပေမည်။
လူတစ်ဦး နှစ်ဦးထံမှ အသိအမှတ်ပြုခံရခြင်းမှာ လွယ်ကူသော်လည်း အရေးပါသည့် လူများ၏ လေးစားမှုအား ရရှိရန်မှာ လွယ်ကူသည့် လုပ်ငန်းစဉ် မဟုတ်ချေ။
၀မ်ချောင်၏ အစ်ကိုကြီး၀မ်ဖူ မအောင်မြင်ခဲ့ချေ။ ၀မ်ချောင်၏ အစ်ကိုငယ်၀မ်ပိုင် သည်လည်း မအောင်မြင်ခဲ့သလို ၀မ်းကွဲအစ်ကို ၀မ်လီသည်လည်း ထို့နည်း၎င်း ဦးကြီး၊ ဦးလေး၊ ဖခင်၊ ဦးငယ်နှင့် အခြားသူများအားလုံးသည်လည်း အသီးသီး ကျရှုံးခဲ့ကြရသည်။
၀မ်ကလန် တစ်ခုတည်းသာလျှင်မဟုတ် စွမ်းအားကြီးသည့် ကလန်တစ်ခုအား ဆက်ခံရသည်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ယောင်ကလန်သည်လည်း တူညီသည့် ပြဿနာအား ရင်ဆိုင်နေရပြီး ခက်ခဲမှုများမှာ သူ့နည်းသူ့ဟန်နှင့်သူ များပြားနေဆဲပင်။
အနာဂတ် သခင်ကြီး ကွယ်လွန်သွားချိန်၌ ဦးကြီးဖြစ်သူအား ဆက်ခံသူ အဖြစ် သတ်မှတ်ပေးခဲ့သည်။ သို့ဆိုစေ ထိုသူများက ဦးကြီးအား ဦးဆောင်သူအဖြစ် အသိအမှတ်ပြုမည် မပြုမည်မှာတော့ အခြားအကြောင်းအရာ တစ်ခု ဖြစ်ပေသည်။
သခင်ကြီးအား လေးစားသည့်အနေဖြင့် ထိုသူများအားလုံးက အပေါ်ယံတွင် လက်ခံကြပေလိမ့်မည်။ မည်သို့ဆိုစေ ဦးကြီးမှာ သခင်ကြီးကဲ့သို့ တူညီသည့် လွှမ်းမိုးမှုအား ထိုသူများအပေါ် သက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသည်မှာ ၀မ်ကလန်၏ အမွေဆက်ခံခြင်းမှ အကြီးမားဆုံးသော ပြဿနာ ဖြစ်ပေသည်။
ဤသည်မှာ သခင်ကြီး၏ အကြီးမားဆုံးသော ဝိရောဓိလည်း ဖြစ်ပေသည်။
ဘုန်း..
၀မ်ချောင် ထိုအကြောင်းအရာအား ခွဲခြမ်းစိတ်ဖြာနေစဉ်၌ လေးပြည်ထောင်သံရုံး၏ တံခါးမှာ ပွင့်သွားခဲ့သည်။ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အိမ်တော်ထဲသို့ လှမ်းလာကြသည်။
ထိုသူတို့သည် ဆူညံခြင်းမရှိသလို အလျင်လိုခြင်းလည်း မရှိပေ။ အစဉ်အတိုင်းတန်းစီ၍ အသိပညာအိမ်တော်သို့ သွားနေကြသည်။ သူတို့သည် ပျော်ရွှင်နေပြီး သူတို့၏ လုပ်ဆောင်ချက်များအား အချင်းချင်း ပြောဆိုနေကြသည်။ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို ထောက်ချင့်ကြည့်မပါက မသိလျှင် ၀မ်ချောင်၏အဘိုး နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့အား ဆင်နွဲနေသည်နှင့်မတူညီပဲ မိမိသားချင်း၏ ပွဲတော်အား ဆင်နွဲနေသကဲ့သို့ပင်။
ထိုမြင်ကွင်းအားမြင်လျှင် ၀မ်ချောင် သက်ပြင်းမောကြီး ချလိုက်မိသည်။ သူ၏ ဘိုးဘိုးကြီးသည်သာလျှင် ထိုသူများ အားလုံး၏ လေးစားမှုနှင့် ထိုက်တန်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။
တောင်တုပေါ်မှ ဆင်းလိုက်ပြီး ၀မ်ချောင်မှာ ထိုသူတို့ အသိပညာအိမ်တော်သို့၀င်၍ သခင်ကြီးအား ဆုတောင်းပေးကြသည်ကို ကြည့်နေလိုက်သည်။
သခင်ကြီး၏ ခွင့်ပြုချက်မရှိပဲ ၀မ်ကလန်သားများသည် ဤတပည့်များနှင့် နောက်လိုက်ငယ်သားများအား ချဉ်းကပ်ကာ စကားပြောဆိုခွင့် မရှိချေ။ ဤသည်မှာ မဖြစ်မနေ လိုက်နာရမည့် တားမြစ်ချက်ဖြစ်သည်။ ထို့ကြောင့် ထိုသူများ ရှေ့ထွက်ကာ ဆုတောင်းစကား ပြောဆိုလာကြချိန်၌ ၀မ်ချောင်အပါအ၀င် ဦးငယ်နှင့် အခြားသူများသည်လည်း ထွက်လာခဲ့ကြသည်။
သခင်ကြီး၏ စည်းကမ်းများကြောင့် မည်သူမှ လက်ဆောင် မယူလာခဲ့ကြပေ။ တစ်တန်းပြီးတစ်တန်း ရှေ့ထွက် ဆုမွန်ခြွေကာ အိမ်တော်ထဲမှ အစီအရီ ပြန်လည် ထွက်ခွာသွားကြသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ အစဉ်တကျဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက်မှာတော့ လူအုပ်ကြီးထဲမှ လူတိုင်း ဆုတောင်း စကား ပြောဆိုပြီး ဖြစ်သည်။
တစ်ချိန်တည်း၌ အိမ်တော်ထဲရှိ လေထုသည်လည်း လေးလံလာသည်။ အားလုံး၏ အကြည့်များသည်လည်း အသိပညာအိမ်တော်ထံ၌ ကျရောက်နေသည်။ ထိုအချိန်၌ ၀မ်ယုရှန်း၊ ရှင်းယွမ်ချွန်းနှင့် ကျောက်ရှုဟွာတို့ အလွန် စိတ်လှုပ်ရှားနေကြလေသည်။
၀မ်ချောင်၏ ဦးငယ်တစ်ဥိးသာလျှင် သူနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။ လွတ်လပ်စွာ ပြုံေးနေပြီး လက်အား ဂုတ်ပေါ်တင်ထားကာ တောင်တုအား စိတ်အေးချမ်းသာစွာ မှီထားသည်။
“ ကောင်စုတ်လေး.. ဘိုးဘိုးကြီးက နင့်ကို အထဲကို ခေါ်မယ်လို့ ထင်လား.. ”
မသိမသာဖြင့် ၀မ်းကွဲ၀မ်ကျူးယန်မှာ ဝါးတောအား ကျော်ဖြတ်ကာ ၀မ်ချောင်ထံ လှမ်းလာခဲ့သည်။
“ ဟမ့်... ဒုတိယအစ်မ နင်ဒီမှာ ရှိနေတာ ကြီးတော်သိသွားရင် နင့်ကို မျက်ရည်တောက်တောက် ကျအောင် ဆိတ်မှာ မကြောက်ဘူးလား... ”
၀မ်ချောင် ရယ်နေသည်။
“ ကောင်စုတ်လေး... နင်တော်တော် အသားနာချင်နေတယ် ဟုတ်လား... ”
၀မ်းကွဲ ၀မ်ကျူးယန်သည် ဝါးရုံတောအား အကာအကွယ်ယူ၍ သူမမိခင်၏ မြင်ကွင်းမှ ပုန်းရှောင်နေလေသည်။ ထိုအချိန်၌ သူမ၏ လက်သီးဖြင့် ၀မ်ချောင်အား ချိန်ရွယ်ထားသည်။
၀မ်ချောင်သည် သူ၏ ကြီးတော်မှာ သူမ၏ သားသမီးများ ၀မ်ချောင်၏ မိသားစုနှင့် ပက်သက်ဆက်ဆံမည်ကို ခွင့်မပြုကြောင်းသိထားသည်။ သို့ဆိုစေ သူမ၏ တားမြစ်မှုက ၀မ်းကွဲ၏ စရိုက်အပေါ် သက်ရောက်မှု အနည်းငယ်သာရှိသည်။
၀မ်ကျူးယန်၏ အသက်အရွယ်အရ ကြီးတော်မှာ သူမအား ထိန်းချုပ်ထားရန် မတတ်နိုင်ပေ။ သို့တိုင် သူမသည်လည်း ကြီးတော်၏ အပြစ်ပေးခြင်းမှ မလွတ်မြောက်နိုင်သေးချေ။
“ နင်တို့အားလုံး ဘာလို့ ဒီကိစ္စကို စိတ်စွဲနေကြလဲ ငါနားမလည်နိုင်ဘူး.. ငါ့အစ်ကိုကြီးလည်းအတူတူပဲ.. နင့်အစ်ကိုကြီးလည်းအတူတူပဲ.. အခုကြည့် နင့်ပါ ဒီထဲပါနေပြီ.... ”
၀မ်ကျူးယန်မှာ ဝါးရွက်အား ခြွေနေရင်း အဝေးသို့ ပြေးထွက်သွားခဲ့သည်။ သူမ၏ မျက်နှာပေါ်၌ အနည်းငယ်စက်ဆုပ်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းများ ဖြစ်ပေါ်နေသည်။
နိုင်ငံရေးနှင့် စစ်ရေးတို့မှာ ယောက်ျားသားများ၏ လုပ်ငန်းဆောင်တာများဖြစ်သည်။
အသိပညာအိမ်တော်ထဲ၌ ဆွေးနွေးကြသည့် အကြောင်းအရာများမှာ မြေးမများ၊ ချွေးမများနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် ဘိုးဘိုးကြီးသည် သူမတို့အား မည်သည့်အခါကမှ ဆင့်ခေါ်ခြင်း မရှိချေ။
အထဲ၌ မြေးများနှင့် သားများသာ အချင်းချင်း ပြိုင်ဆိုင်ကြရသည်ဖြစ်ပြီး ထိုသည်က သူမအား စိတ်မသက်မသာဖြစ်စေကာ အားမလိုအားမရ ဖြစ်စေသည်။
၀မ်ချောင် ပြုံးနေရင်း ခေါင်းယမ်းလိုက်သည်။
အသိပညာအိမ်တော်ထဲ၌ သူကိုယ်တိုင်အတွက် တိုက်ခိုက်ရပေလိမ့်မည်။ သူ့တွင် ရှိသမျှသော အရာအားလုံးအား အသိအမှတ်ပြုမှု ရရှိရန်အတွက် ထုတ်သုံးရပေမည်။ သို့ဆိုသော်လည်း ထိုသည်အား သူ၏ ကိုယ်ကျိုးအတွက် ပြုလုပ်ခြင်း မဟုတ်ခဲ့ချေ။
၀မ်ချောင် ထိုအတွက် အကြောင်းပြချက် ရှိပေသည်။
သူ ပခုံးထမ်းထားသည့် လုပ်ဆောင်ရမည့် တာ၀န်များနှင့် အိပ်မျက်များအား သိနားလည်ထားသည့်အတွက် ၀မ်ချောင်အနေဖြင့် ဘိုးဘိုးကြီး၏ တပည့်များနှင့် နောက်လိုက်ငယ်သားများ၏ အသိအမှတ်ပြုခြင်းအား ရရှိမှသာ သူရှေ့ဆက်နိုင်ပေလိမ့်မည်။
သို့ဆိုစေ ထိုအကြောင်းအရာများအား သူမကို ၀မ်ချောင် ရှင်းပြလိမ့်မည် မဟုတ်ပေ။
၀မ်ကလန်သားများအားလုံးသည် အသိပညာအိမ်တော်၏ အပြင်ဘက်၌ ဖြန့်ကျက် စောင့်ဆိုင်းနေကြသည်။ မကြာမှီ စွမ်းအားပြည့်၀သည့် ခြေသံများနှင့်အတူ တိုက်ပွဲ၀င်ချပ်၀တ် ၀တ်ဆင်ထားသည့် နန်းတွင်းစစ်တပ် တပ်မှူးမှာ အသိပညာအိမ်တော်၏ အ၀င်၀၌ ထွက်ပေါ်လာသည်။
နန်းတွင်းစစ်တပ် တပ်မှူးသည် ဝှေ့ယမ်းကြည့်လိုက်ပြီး လူအုပ်ဆီသို့ ဦးတည် လျှောက်လှမ်းလာသည်။
မသိလိုက်ဘာသာနှင့် လူတိုင်း၏ အကြည့်များသည် ထိုတပ်မှူးထံ၌ ကပ်ညှိနေကြသည်။ ထိုအချိန်၌ ၀မ်ချောင်သည်ပင် အသိစိတ်ကင်းမဲ့စွာ အသက်ရှူရပ်တန့်နေ၏။
“ လီသခင်လေး(Young Master Li).. ကျိုးအမတ်ကြီးက အစည်းအဝေးခန်းမထဲကို လာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်.. ”
၀မ်ချောင်နှင့် ရှစ်ပေ ကိုးပေခန့်အဝေးရှိ ၀မ်ချောင်၏ ၀မ်းကွဲအစ်ကို ၀မ်လီထံ၌ ရပ်ကာ နန်းတွင်းစစ်သည်မှ ပြောလိုက်သည်။
“ လီအာ.. မြန်မြန်သွားလေ.. သားအဘိုးက ခေါ်နေတယ်.. ”
ပျော်ရွှင်စွာဖြင့် ကြီးတော်မှာ သူမ၏သားအား လောလိုက်လေ၏။
၀မ်ချောင်၏ နှလုံးသား နာကျင်သွားရသည်။ စိတ်ပျက်မှုနှင့် ဟာလာဟင်းလင်းဖြစ်နေမှုကို ခံစားနေရသည်။
“ ဒါဆို.. အခေါ်ခံရတာ ငါမဟုတ်ဘူးပေါ့... ”
နန်းတွင်းစစ်တပ်မှ တပ်မှူးမှာ သူ့အား လာရှာခြင်းဖြစ်မည်ဟု တွေးထင်ထားခဲ့သည် မဟုတ်လား။
၀မ်းကွဲ၀မ်လီသည် အလျင်အမြန်ပင် အသိပညာအိမ်တော်အတွင်း ၀င်ရောက်သွားခဲ့၏။
ထိုသည်မှာ သူ၏ ပထမဆုံး ရောက်ဖူးခြင်းမဟုတ်ပေ။ သို့တိုင် ၀မ်ချောင်မှာ ၀မ်လီ စိတ်လှုပ်ရှားနေခြင်းအား အာရုံခံမိလိုက်သည်။
ထို့နောက် နန်းတွင်းစစ်တပ်မှ တပ်မှူးသည်လည်း လိုက်၀င်သွားခဲ့သည်။ သို့ဆိုစေ များမကြာမှီ ပြန်ထွက်လာကာ ၀မ်ချောင်ဆီသို့ ဦးတည် လှမ်းလာသည်။
“ ချောင်လူကြီးမင်း(Chong Gongzi=လူကြီးမင်း) ကျိုးအမတ်ကြီးက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်... ”
( Young Master သခင်လေး.. Gongzi=Gentalman လူကြီးမင်း အရင်က ကျွန်တော်က ရှုပ်ထွေးမှာစိုးလို့ သခင်လေးလို့ပဲ ယူသုံးထားတာပါ.. ရှေ့မှာလည်း ယောင်ဖုန်းနဲ့ ၀မ်ချောင် စကားပြောခန်းတွေမှာ အချင်းချင်း Gongzi လို့ ထည့်ပြောခဲ့ကြတာပါ.. ဆိုရရင် စွမ်းအားကြီးတဲ့ ကလန်က သခင်လေးတွေကိုလည်း ခေါ်ဆိုသလို စွမ်းဆောင်ရည်ရှိတဲ့သူတွေကိုလဲ လေးစားသမှုနဲ့ ခေါ်ကြတာပေါ့.. အခု တပ်မှူးကတော့ ၀မ်ချောင်ကို လေးစားလို့ ခေါ်တာပါ.. )
နန်းတွင်းတပ်မှူး၏ အပြုအမူမှာ အလွန် ရိုကျိုးနေ၏။
တစ်ချိန်တည်းတွင် လေးပြည်ထောင်သံရုံး၏ လေထုမှာ အေးစက်သွားသည်။ ရှင်းရှီမှာ ဆယ့်ငါးနှစ်သား ၀မ်ချောင်အား တအံ့တသြ ငေးကြည့်နေမိပြီး သူမ၏ စိတ်အစဉ်မှာလည်း ဆိုးဝါးနေသည်။
အသိပညာအိမ်တော်ထဲသို့ ဆယ့်ငါးနှစ်သားလူငယ်တစ်ဦးအား တစ်ကြိမ်မှ ဖိတ်ခေါ်ဖူးခြင်း မရှိပေ။ ၀မ်ချောင်မှာ ကလေးသာသာ ရှိသေးပြီး သခင်ကြီး၏ လုပ်ရပ်မှာ သူမ၏ ထင်မြင်ချက်များ အားလုံးကို ရိုက်ချိုးသွားခဲ့သည်။
“ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ.. သခင်ကြီးက အရမ်း မျက်နှာလိုက်လွန်းတယ်.. ”
ရှင်းရှီ၏ ၀တ်ရုံထဲ၌ သူမ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
၀မ်ချောင်မှာ ရှင်းရှီ၏ ဆိုးဝါးလှသည့် အပြုအမူအား လျစ်လျူရှုထားလိုက်၏။ ဤအချိန်၌ သူ သိနေသည်မှာ ပျော်ရွှင်မှုသာဖြစ်ပြီး သူ၏ ရပ်တန့်နေသည့် နှလုံးခုန်မှုပင် တစ်ဖန် ပြန်လည် အသက်၀င်လာခဲ့သည်။
“ နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပီ..... ”
၀မ်ချောင် ပီတိဖြာဝေနေကာ စိတ်လှုပ်ရှားနေသည်။
အခြားသူများမှာ သခင်ကြီး၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အံ့အားသင့်နေကြသော်လည်း ၀မ်ချောင်မှာတော့ မဖြစ်ပေ။ ဤအရာအတွက် သခင်ကြီး၏ အသိအမှတ်ပြုမှုအား ရရှိနိုင်ရန် များစွာ လုပ်ဆောင်ခဲ့ရသည် မဟုတ်ပါလား။
ကြိုးကြာပျံဝဲစံအိမ်၌ မိသားစုအား အကျပ်အတည်းမှ ဆွဲထုတ်ခဲ့ခြင်းဖြစ်စေ၊ နယ်စပ်၌ ယောင်ကွမ်းရီအား ပြန်လည် အကွက်ဆင်ခြင်းဖြစ်စေ၊ ဟိုက်ဒရာဘတ်သတ္ထုရိုင်း အကြံအစည် သို့မဟုတ် သခင်ကြီး၏ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့၌ ဓားလက်ဆောင်ပေးခြင်းဖြစ်စေ..
၀မ်ချောင် သူတတ်နိုင်သမျှ စွမ်းရည်ရှိသမျှ နည်းလမ်း အားလုံးကို အသုံးပြုကာ လျှောက်လှမ်းခဲ့ရပြီး ဤအခြေအနေသို့ အလွယ်တကူ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ ကြီးတော်မှာ သခင်ကြီးသည် ၀မ်ချောင်အပေါ် မျက်နှာလိုက်သည်ဟု ထင်မြင်နေစကာမူ ဤသည်မှာ နှစ်သက်သဘောကျယုံနှင့် ဖြစ်နိုင်သည့် အရာ မဟုတ်မှန်း သိထားပြီးဖြစ်သည်။ ဤသည်မှာ ၀မ်ချောင်ကိုယ်တိုင် ထုဆစ်ယူထားရသည့် ပန်းတိုင်ဖြစ်လေ၏။
“ အမေ... သား ၀င်သွားလိုက်ဦးမယ်.. ”
၀မ်ချောင် လှမ်းလာကာ သူ့မိခင်၏ လက်အား ဆုပ်ကိုင်ထားလိုက်သည်။
“ အင်း..အင်း... ”
၀မ်သခင်မမှာ ၀မ်ချောင်၏ ဆံပင်အား ကျေနပ်နှစ်သက်စွာဖြင့် ပွတ်သပ်နေသည်။
“ ဒုတိယအစ်မ ငါသွားလိုက်ဦးမယ်.. ”
၀မ်ချောင် ဝါးရုံတောအား တိတ်တဆိတ် ညွှန်ပြလိုက်သည်။ သူမ မြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ ၀မ်ချောင် အသိပညာအိမ်တော်သို့ ဦးတည် လမ်းလျှောက်သွားလိုက်သည်။
ခန်းမအတွင်း၌ မည်သူမှ ရှိမနေပဲ ခန်းမ၏ နောက်ဘက်မှ ထွက်လာသည့် အသံကိုသာ ကြားရသည်။ သခင်ကြီးနှင့်သူ၏ နောက်လိုက်များမှာ ခန်းမအတွင်း၌ မည်သည့်အခါမှ ဆွေးနွေးခြင်းမရှိ၊ မည်သူ့ကိုမှ ခိုးနားထောင်ခြင်း ခွင့်မပြုပေ။
နန်းတွင်းစစ်တပ်မှ အစောင့် စစ်သည်များပင်လျှင် အတွင်းခန်းမ၏ ပတ်ပတ်လည်၌ စောင့်ကြပ်နေခြင်းမရှိချေ။
“ ဒီဟာက သခင်ကြီးရဲ့ ယုံကြည်မှုကို ရရှိဖို့ အရေးအကြီးဆုံး ခြေလှမ်း ဖြစ်လိမ့်မယ်.... ”
၀မ်ချောင် အသက်၀၀ရှူလိုက်သည်။ တစ်ကျန်းခန့်မျှ မြင့်ကာ ငှက်များဖြင့် ပြည့်နေသည့် ရှေးဟောင်းသစ်ပင်အား လှည့်ပတ်သွားလိုက်ကာ ၀မ်ချောင်သည် အစည်းအဝေးခန်းထဲ ၀င်သွားလိုက်သည်။
အစည်းအဝေးခန်မမှာ လူများဖြင့် ပြည့်နှက်နေ၏။
၀င်လိုက်သည်နှင့် သခင်ကြီးမှာ ထိပ်ဆုံးထိုင်ခုံ၌ ထိုင်နေသည်ကို ၀မ်ချောင် တွေ့လိုက်ရသည်။ လှုပ်ရှားမှုတိုင်းက တည်ငြိမ်ကာ၊ ခန့်ညားပြီး အထက်တန်းဆန်သည့် ဆံပင်ဖြူလူအိုကြီးများစွာက ၀န်းရံထားသည်။
၀မ်ချောင် ၀င်လာသည်ကို ခံစားမိကြသည်တွင် ဆံပင်ဖြူလူအိုကြီးများ၏ အကြည့်များက ရုတ်ချည်း ၀မ်ချောင်အပေါ် ကျရောက်လာသည်။
၀မ်ချောင်မှာ ဤအခြေအနေအား စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြင်ဆင်ထားခဲ့သည့်တိုင် ခန်းမအတွင်းရှိ လူအိုကြီးများ၏ အကြည့်နှင့် ရင်ဆိုင်ရချိန်၌ ရင်ထဲ တင်းကျပ်လာသည်။
များစွာသော တပည့်များနှင့် နောက်လိုက်များက ပြန်သွားပြီ ဖြစ်ရာ ကျန်နေခဲ့သူများမှာ သခင်ကြီး၏ စွမ်းအားအကောင်းဆုံး သြဇာအကြီးဆုံး နောက်လိုက်ဟောင်းများသာ ဖြစ်ပေသည်။ ဆုမွန်ကောင်း လာရောက်ပေးသည့် လူများထဲတွင် ဤသူများသာလျှင် အမြင့်မားဆုံးသော ကျော်ကြားမှု၊ လွှမ်းမိုးမှုနှင့် ယုံကြည်ခံထိုက်သူများ ဖြစ်ပေသည်။
သခင်ကြီး၏ တပည့်များနှင့် နောက်လိုက်များ၏ လေးစားမှုအား ရရှိနိုင်ရန်မှာ ထိုဆံဖြူလူအိုကြီးများ၏ အမြင်က သက်ရောက်မှု ကြီးမားသည်။
သူတို့အား အနိုင်ယူကာ ယုံကြည်မှု ရရှိမှသာလျှင် သခင်ကြီး၏ တပည့်များနှင့် နောက်လိုက်ဟောင်းများ၏ နှစ်သက်မှုအား ရရှိလိမ့်မည်ဖြစ်သည်။
ဤသည်မှာ စမ်းသပ်မှုပင်။
သခင်ကြီးသည်ပင် ထိုကိစ္စနှင့် စပ်လျဉ်း၍ ၀င်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ သူ့အနေဖြင့် ဆက်ခံသူအား သတ်မှတ်နိုင်သော်လည်း သူ့တွင် ၀င်ရောက်စွက်ဖက်နိုင်သည့် အာဏာ မရှိချေ။ သခင်ကြီးကိုယ်တိုင်ပင် သူရွေးချယ်လိုက်သည့် ဆက်ခံသူမှာ ထို နောက်လိုက်ဟောင်းများ၏ အသိအမှတ်ပြုခြင်းအား ရရှိမည်လား ဆိုသည်အား ကံသေကံမ မပြောနိုင်ပေ။
လူသားဧကရာဇ်
Chapter 94.
အခြေအနေများ(၁)
“ အားလုံးပဲ.. သူကတော့ ကျုပ်ရဲ့ တတိယသား ၀မ်ယန်ရဲ့ သား ၀မ်ချောင်ပါ.. ”
ထိုအချိန်တွင် အမြင့်ဆုံးခုံ၌ ထိုင်နေသည့် သခင်ကြီးမှာ ယခုမှ ခန်းမအတွင်း ၀င်လာသည့် ၀မ်ချောင်အား ညွှန်ပြကာ ပြောလိုက်သည်။
“ အိုး... ”
“ လူငယ်လေးချောင် ”
“ လူငယ်လေးချောင် ၀င်လာလေ.. ”
.....
ဆံဖြူလူအိုကြီးများမှာ ၀မ်ချောင်အား နှုတ်ဆက်လိုက်သော်လည်း အထူးတလည် အာရုံစိုက်ခြင်း မရှိကြချေ။ သခင်ကြီးအား လေးစားသည့်အတွက်သာ စကားဆိုကြခြင်း ဖြစ်ပေသည်။ ဤခန်းမအတွင်း ၀င်လာသည့်သူများစွာအား သူတို့ မြင်ခဲ့ဖူးပြီးဖြစ်သည်။
၀မ်လီဖြစ်စေ ၀မ်ဖူသို့မဟုတ် ၀မ်ပိုင်ဖြစ်စေ သူတို့က အားလုံးနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ဤသည်မှာ စတုတ္ထမြောက်ဖြစ်သည့်အတွက် ၀မ်ချောင်အပေါ် မျှော်လင့်ထားခြင်း မရှိကြသည် ဖြစ်၏။
“ ၀မ်ချောင်မှ အကြီးအကဲများကို ဂါ၀ရပြုပါတယ်.. ”
၀မ်ချောင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး သူ၏ အဆုံးစွန်သော လေးစားမှုအား ပြသလိုက်သည်။
သခင်ကြီးနှင့် လက်ရှိ အတူတူထိုင်နေကြသည့် သူအားလုံးမှာ သူ၏ နောက်လိုက်ဟောင်းများ ဖြစ်ကြ၏။ ထိုသူများသည် တော်၀င်ရုံးတော်၏ နိုင်ငံရေးအလှည့်အပြောင်းများစွာအား ကြုံကြိုက်ခဲ့ကြဖူးပြီး ကစဉ့်ကလျားဖြစ်စဉ်ကာလ၌ သခင်ကြီးနောက်လိုက်၍ လက်ရှိ အင်ပါယာမင်းတရားကြီးအား ပလ္လင်ပေါ် တင်ပေးခဲ့ကြသူများဖြစ်သည်။ သူတို့ နုစဉ်ကဆိုလျှင် တော်၀င်ရုံးတော်သို့ မကြာခဏ တက်ရောက်ပြီး အရေးပါသည့်သူများဖြစ်ကြကာ.. ယခု အသက်ခြောက်ဆယ်နား နီးနေကြပြီ ဖြစ်သည့်တိုင် သူတို့၏ လွှမ်းမိုးမှုများက ကျမသွားသေးပေ။
တစ်ယောက်ချင်းစီတိုင်းမှာ စွမ်းအားကောင်းသည့်ကလန်၏ ခေါင်းဆောင်များ သို့မဟုတ် သက်ဆိုင်ရာနယ်ပယ်များ၏ သူရဲကောင်းများ ဖြစ်ကြသည်။ အများစုမှာ အသက်ခြောက်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ထိုသည်က သူတို့၏ လွှမ်းမိုးမှုများအပေါ် သက်ရောက်မှု မရှိပေ။
သူတို့၏ ဖြစ်တည်မှုကြောင့် ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ဦးအား အလွန်အမင်း ရိုသေနေရန် မလိုအပ်ချေ။ ဆိုရလျှင် သခင်ကြီး၏ လောင်းရိပ်ကြောင့်သာ မဟုတ်ပါက ထိုသူတို့က သူတို့၏ လေများကို နှုတ်ဆက်ရာ၍ အကုန်မည်ပင် မဟုတ်။
“ ထိုင်ပါဦး... အစောင့်တွေ သူ့ကို ခုံတစ်လုံး ပေးလိုက်.. ”
သခင်ကြီး အမိန့်ပေးလိုက်သည်။
ခန်းမအတွင်းရှိ လူအားလုံးမှာ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၀မ်ချောင်မှာ သခင်ကြီး၏ မြေး ဖြစ်သော်ငြား ရာထူးရာခံအရ အစွန်၌သာ ထိုင်ရန် အရည်အချင်းပြည့်မှီသည်။ ဆိုရလျှင် သူသည် ခန်းမထောင့်၌ ခုံသေးလေးတစ်လုံး ရရှိလိုက်ခြင်းပင်။
သူ့အား သခင်ကြီး အခေါ်လွှတ်ရသည့် အဓိကရည်ရွယ်ချက်မှာ အရေးကိစ္စများအား ဆွေးနွေးရာတွင် နားထောင်၍ အတွေ့အကြုံရယူစေရန် ဖြစ်၏။ ဤသည်က သူ့အတွက် အနာဂတ်၌ အလွန် အကျိုးရှိစေပေလိမ့်မည်။
၀မ်ချောင် နေရာတကျဖြစ်သွားသည်နှင့် အစည်းအဝေးခန်းမသည် တစ်ဖန် ပြန်လည်၍ ပွက်လောရိုက်ပြန်သည်။
ထောင့်၌ ထိုင်နေရင်း ၀မ်ချောင် ခန်းမအား စမ်းစစ်လိုက်သည်။ သခင်ကြီး၏ နောက်လိုက်များသာမက ဦးကြီးသည်လည်း သခင်ကြီး၏ဘေး၌ ထိုင်နေ၏။
ဦးကြီးမှာ ကလန်၏ သားအကြီးဆုံးဖြစ်သလို တော်၀င်ရုံးတော်၌လည်း အတော် သြဇာညောင်းသည်။ ထိုနောက်လိုက်ဟောင်းများ၏ အသိအမှတ်ပြုမှုအား ရရှိသည် မရရှိသည်အပထား သူ၏ ထိုင်ခုံမှာ သခင်ကြီး၏ အနီး၌သာ ဖြစ်ပေလိမ့်မည်။
ဦးကြီးသာမက ၀မ်းကွဲအစ်ကို ၀မ်လီသည်လည်း ရှိနေ၏။ ရှေ့တွင် လေးပြည်နယ်သံရုံးသို့ ရောက်စဉ်က မောက်မာကာ မာနကြီးခဲ့သော်လည်း ယခုမှာတော့ သူမဟုတ်သည့်အတိုင်း ပြောင်းလဲလို့နေသည်။ သခင်ကြီှးနှင့် သူ၏နောက်လိုက်ဟောင်းများ ဆွေးနွေးနေသည်များအား အာရုံတစ်စိုက် နားထောင်နေပြီး ဤအခြေအနေ၌ သူ ပါ၀င်ဆွေးနွေးချင်နေသည့် ရည်ရွယ်ချက်အား သူ၏ မျက်နှာထားက သစ္စာဖောက်နေသည်။
ထိုသည်မှာ ၀မ်ချောင်၏ ယခင်က အသိအမြင်များအား ချိုးဖျက်သွားသည်။
“ ၀မ်းကွဲအစ်ကို ၀မ်လီကလည်း ဒီ နောက်လိုက်ဟောင်းတွေရဲ့ အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ရှိတာပဲ.. ”
၀မ်ချောင်၏ ခေါင်းထဲ၌ အတွေးတစ်ခု ၀င်လာခဲ့သည်။
ဘိုးဘိုးကြီးသည် ထိုနောက်လိုက်များ၏ ဆုံးဖြတ်ချက်အား ချမပေးနိုင်ပဲ ဆက်ခံသူကိုသာ ရွေးချယ်နိုင်သည်။ အဆုံး၌ တစ်စုံတစ်ဦးအား အတင်းအကြပ် အသိအမှတ်ပြုစေရန် မဖြစ်နိုင်သည်မဟုတ်ပါလား။ နှလုံးသားထဲမှ ကိုယ်တိုင် လက်ခံမှသာလျှင် အမှန် အသုံး၀င်ပေလိမ့်မည်။
၀မ်းကွဲ၀မ်လီမှာ အကြိမ်တိုင်း အကောင်းဆုံး လုပ်ဆောင်ခဲ့ပေလိမ့်မည်ဖြစ်သော်လည်း သခင်ကြီး၏ နောက်လိုက်ဟောင်းများ အသိအမှတ်ပြုကြရန်ဆိုသည်မှာ ၀မ်လီ မည်မျှလောက်ပင် ကြိုးစားစေကာမူ မဖြစ်နိုင်မှန်း ၀မ်ချောင် သိနေသည်။
ထိုသည်က ၀မ်လီ၏ အားနည်းမှုကြောင့်မဟုတ်ပေ။ ထိုနောက်လိုက်ဟောင်းများက ဝါရင့်သဘာရင့်များဖြစ်ပြီး သူတို့၏ သက်တမ်းတစ်လျှောက် အရာများစွာအား ကြုံခဲ့ကြဖူးပြီးဖြစ်သည်။ မည်သည့် စွမ်းရည်ကို ထုတ်ပြစေကာမူ သူတို့၏ ရှေ့၌မူ ‘ မပြောပလောက်တဲ့ လှည့်ကွက် ’အဖြစ်သာ မြင်လိမ့်မည် ဖြစ်သည်။
ထိုသူများအား ‘ အနိုင်ယူခြင်း ’မှာ မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဦးကြီး၊ ဖခင်၊ ဦးလေး၊ ဦးငယ်၊ အစ်ကိုကြီး၊ အစ်ကိုငယ်နှင့် ၀မ်းကွဲအစ်ကိုတို့ ကျရှုံးလိမ့်မည် မဟုတ်ချေ။
အလွန်ဆုံးအနေဖြင့် သူတို့က ထို နောက်လိုက်ဟောင်းများထဲမှ တစ်ဦးစ နှစ်ဦးစ၏ အသိအမှတ်ပြုခြင်းကိုသာ ရရှိခဲ့ကြသည်။ ယနေ့ထိတိုင်အောင် မည်သူမှ ဤအခန်းထဲရှိ လူအားလုံး၏ အသိအမှတ်ပြုမှုအား မရရှိသေးချေ။
အစည်းအဝေးခန်းမအား လှည့်ပတ်ကြည့်နေရင်း နောက်ဆုံး ၀မ်ချောင်၏ အကြည့်က သခင်ကြီးထံ၌ အဆုံးသတ်သွား၏။ သူ၏ မျက်၀န်း၌ ၀မ်းနည်းမှု တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
“ သခင်ကြီးက ကပ်ဆိုးဆိုက်ရောက်တဲ့ အချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. ”
၀မ်ချောင်၏ အတွေးထဲ၌ မှတ်ဉာဏ်တစ်ခု ထွက်ပေါ်လာသည်။ လေးနှစ်ကြာပြီးနောက် သခင်ကြီး ကွယ်လွန်လေမည်ဖြစ်သည်။ အစောပိုင်းနှစ်များအတွင်း ရရှိခဲ့သည့် အတွင်းဒဏ်ရာများ၊ စစ်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် အကြီးစား ထိခိုက်မှုများနှင့် သူပခုံးထမ်းထားရသည့် ၀န်ထုပ်၀န်ပိုးများက သူ အနားယူခဲ့သည့်တိုင် သူ့အား ဖိအားပေးနေဆဲပင်။ အသက်ခုနစ်ဆယ်ရှိသည်အထိ အင်ပါယာ၏ ကျောရိုးအဖြစ် အမှုထမ်းနေခဲ့ကာ ထိုသည်က ဘိုးဘိုးကြီးအား ကြီးမားသည့်ဖိအားကို အစဉ်သဖြင့် သက်ရောက်နေခဲ့သည်။
လာမည့်နှစ်အနည်းငယ်အတွင်း သခင်ကြီးမှာ ဂူသွင်း၍ မြေချခံရလိမ့်မည် ဖြစ်၏။
သို့သော် ၀မ်ကလန်မှာ ထိုသည်အား သိရှိခြင်းမရှိသလို ဦးကြီးနှင့် ဖခင်တို့သည်လည်း ထို့အတူပင်။
ဘိုးဘိုးကြီးမှာ သူ၏ ၀န်ထုပ်၀န်ပိုးအား ကောင်းစွာ ဖုံးကွယ်ထားသည့်အတွက် အားလုံးမှာ သူ့အား မသေမျိုးကဲ့သို့ မည်သည့်အခါမှ သေဆုံးမည် မဟုတ်ဟု မှတ်ထင်ထားကြသည်။
သို့သော် ဤကမ္ဘာ၌ မည်သူမှ ထာ၀ရ မတည်ရှိနိုင်သလို ဘိုးဘိုးကြီးသည်လည်း ချွင်းချက်မဟုတ်ပေ။
ထို့ကြောင့် ဘိုးဘိုးကြီး၏ လဲပြိုမှုက ထိချက် ပြင်းလှသည်။ ၀မ်ကလန်တစ်ခုလုံး ထိတ်လန့်သွားကာ အစဉ်တည်ငြိမ်နေတတ်သည့် ဦးကြီးသည်ပင် ကတုန်ကယင် ဖြစ်ခဲ့သည်။
၀မ်ချောင် ထိုနေ့ရက်မှ ဆိုးရွားလှသည့် ခံစားချက်ကြီးအား အစဉ် မှတ်မိနေခဲ့သည်။
၀မ်ချောင်မှာ သခင်ကြီး၏ စိတ်အား ဆက်ခံနိုင်ရန် ၀မ်ကလန်အတွက် အခွင့်အရေး နည်းပါးနေပြီမှန်း သိနေသည်။ သူ့အတွက် လေးနှစ်သာ ကျန်တော့သည်ဆိုခြင်းက သူကြိုးစားရန် လေးကြိမ်သာ ကျန်တော့ကြောင်း ဆိုလိုသည် မဟုတ်ပါလား။
လူအားလုံးအား စုစည်းရန် ပင်မပုံရိပ်တစ်ခု မရှိပါက သခင်ကြီး ထိုတပည့်များနှင့် နောက်လိုက်ဟောင်းများက လျင်မြန်စွာပင် စွန့်ခွာသွားကြပေလိမ့်မည်။
တစ်ချိန်တည်း၌ သခင်ကြီး၏ ဘ၀တစ်လျှောက်လုံး ကြိုးစားတည်ဆောက်ခဲ့ရသည့် ဖြစ်တည်မှုနှင့် လွှမ်းမိုးမှုများက ပျယ်လွင့်သွားပေလိမ့်မည်။ လူအချို့မှာ ၀မ်ကလန်အား သစ္စာစောင့်သိမည် ဖြစ်သော်လည်း ၀မ်ကလန်၏ လွှမ်းမိုးမှုက ယခင်နှင့် တူညီနိုင်တော့မည် မဟုတ်ပေ။
ထင်ရှားကျော်ကြားသည့် ကလန်များ၏ အမွေဆက်ခံခြင်းမှာ မည်သည့်အခါကမှ လွယ်ကူခြင်း မရှိသည့်အတွက် ဤအရာမှာ သခင်ကြီး၏ အကြီးမားဆုံးသော စိုးရိမ်မှု ဖြစ်နေသည်။
ဘယ်လိုပဲဖြစ်ပါစေ.. နည်းလမ်း ရအောင်ရှာပြီးတော့ ဒီနောက်လိုက်လူအိုကြီးတွေရဲ့ အသိအမှတ်ပြုမှုကို ရအောင်လုပ်နိုင်မှ ဖြစ်မယ်..
ခန်းမထောင့်၌ ထိုင်နေရင်း ၀မ်ချောင် လက်သီးအား တင်းနေအောင် ဆုပ်ထားမိသည်။
ခန်းမထဲ၌ ၀မ်ကလန်သားများအပြင် ဘိုးဘိုးကြီး၏ နောက်လိုက်များထဲ၌ ငယ်ရွယ်သည့်အုပ်စုလည်း ရှိပေသည်။ ဘိုးဘိုးကြီးမှာ သူ၏ နှစ်ခုနစ်ဆယ်ပြည့်မွေးနေ့အား အမှီပြု၍ သူ၏ ဆက်ခံသူအား ရွေးချယ်သည်ဖြစ်ရာ အခြားသူများသည်လည်း သူတို့ ကလန်၏ လူငယ်များအား ထိုရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာကြသည်။
အစည်းအဝေးခန်းမအတွင်း၌ ဆွေးနွေးနေသည့် ခေါင်းစဉ်မှာ အင်ပါယာ၏ လက်ရှိအခြေအနေသို့ ရောက်ရှိလာသည်။
“မြောက်ဘက်မြက်ခင်းလွင်ပြင်မှာရှိတဲ့ အရှေ့နဲ့အနောက် တာဂစ်ဘုရင့်နယ်မြေ(Turkic Khaganate ယခင်က တာဂစ်ဂါကာနိတ်ဟု သုံးခဲ့သည်) တွေဟာ ပိုပြီး အားကောင်းသည်ထက် အားကောင်းလာပြီးတော့ အတူတကွ ပေါင်းစည်းမဲ့ လက္ခဏာပြနေတယ်.. မျိုးနွယ်စုနှစ်ခုလုံးရဲ့ ခန်(ခေါင်းဆောင်)တွေဟာ ဆွေးနွေးမှု စနေပြီလို့ ကျုပ်ကြားခဲ့ရတယ်.. သူတို့ကို စောင့်ကြည့်ဖို့ လူလွှတ်သင့်တယ်လို့ ကျုပ်ထင်တယ်.. ”
( မြောက်ဘက်မြက်ခင်းလွင်ပြင်ဆိုမှတော့ မွန်ဂိုလီးယားပေါ့... ကမ္ဘာရဲ့ ကုန်းမြေတစ်၀က်ကျော်ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှာ နယ်မြေ အကျယ်ပြန့်ဆုံးသော တစ်ဦးတည်းသော အင်ပါယာ ဂျင်ဂျစ်ခန်ကို သိတယ်ဟုတ်.. အခုမှပဲ စာရေးသူရေးထားတဲ့ တာဂစ်ကာဂန်နိတ်ဆိုတာကို ရှင်းရှင်းသိတော့တယ်)
စစ်ရိပ်စစ်ငွေ့သမ်းနေသည့် အသံနှင့် ဆံဖြူအဘိုးကြီးတစ်ဦးမှ ဆိုလိုက်သည်။ ၀မ်ချောင် ထိုသူအား မှတ်မိပေသည်။ ထိုသူမှာ ‘ အမတ်မင်းယဲ့ ’ဖြစ်ပြီး ဘိုဘိုးကြီး၏ နောက်လိုက်ဟောင်းတစ်ဦး ဖြစ်၏။ တစ်ချိန်က တော်၀င်ရုံးတော်၏ နိုင်ငံရေးအပြောင်းအလဲ၌ ဘိုဘိုးကြီးနှင့်အတူ လက်တွဲ တိုက်ပွဲ၀င်ခဲ့သူဖြစ်သည်။ ထိုသူမှာ ဘိုးဘိုးကြီး၏ သစ္စာအရှိဆုံး လူယုံဖြစ်ကြောင်း ၀မ်ချောင် ကောင်းစွာ နားလည်ထားပြီး စစ်ရေးစစ်ရာ၌ ထိုသူမှာ အလွန် ထူးချွန်လှသည်။
လူတိုင်းက အင်ပါယာ၏ အတွင်းရေးကိစ္စများနှင့် လုံးပန်းနေကြချိန်၌ ထိုနောက်လိုက်မှာ ဝေးကွာလှသည့် မြောက်ဘက်မြက်ခင်းလွင်ပြင်အား အာရုံထားနေလေသည်။
“ ဒီနေ့ရက်တွေမှာ လောကကြီးဟာ ငြိမ်းချမ်းနေတယ်.. အင်ပါယာမင်းတရားကြီးရဲ့ တော်၀င်အမိန့်တော်အရ ကျုပ်တို့ဟာ ကမ္ဘာတစ်ဝှမ်းနဲ့ ကုန်စည်ဖလှယ်ခဲ့တယ်.. မြောက်ဘက်က အရှေ့နဲ့အနောက်ဘုရင်နယ်မြေဟာ သံမဏိ ရှားပါးတယ်ဆိုပေမဲ့ ကုန်စည်ဖလှယ်တဲ့အခါ သူတို့က မဟာထန်ကနေ သံမဏိအရိုင်းတုံးများစွာ ၀ယ်ယူခဲ့တယ်.. အခုတော့ သူတို့ရဲ့ မြားခေါင်းတွေတောင်မှ သံမဏိနဲ့ဖြစ်ကုန်ပြီ.. ”
“ အဲ့ဒီ အရှေ့နဲ့အနောက်ဘုရင်နယ်မြေတွေဟာ ဟိုးအရင်ကတည်းက ခြေလျင်တပ်နဲ့ မြားတပ်မှာ စွမ်းအားအရမ်းကောင်းတယ်.. တကယ်လို့ သူတို့သာ ကျုပ်တို့ဆီကနေ သတ္ထုရိုင်းတွေ ဆက်ပြီး ရရှိနေမယ်ဆိုရင် အင်ပါယာအတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်.. ”
ဆံပင်နှင့် မုတ်ဆိတ်များ ဖြူနေပြီဖြစ်သော်လည်း အမတ်မင်းယဲ့၏ မျက်၀န်းမှာ အရွယ်နှင့် မလိုက်အောင် တောက်ပေနေဆဲ ဖြစ်သည်။ အရှေ့နှင့်အနောက် ဘုရင့်နယ်မြေအကြောင်း ပြောဆိုရာ၌ သူ၏ မျက်နှာ၌ စိုးရိမ်ခြင်းခြင်းများ ပြည့်နှက်နေသည်။
“ ဒါတင် မကသေးဘူး.. စစ်မက်ရေးရာဌာနက တရား၀င်အစီရင်ခံမှာ ကျုပ်ဖတ်ခဲ့ရတာအရ ဆိုရင် အရှေ့နဲ့အနောက်ဘုရင်နယ်မြေတွေရဲ့ ခြေမြန်တပ်သားတွေဟာ ကျုပ်တို့ရဲ့ နယ်စပ်ကို ကျူးကျော်တဲ့ အကြိမ်အရေအတွက် ပိုများလာပြီလို့ သိရတယ်.. အတိတ်မှာဆိုရင် သူတို့ရဲ့ တပ်စု သုံးခုကို ကျုပ်တို့ရဲ့ တပ်စုနှစ်ခုနဲ့ အနိုင်ယူနိုင်ပေမဲ့ အခုဆိုရင် ပျှမ်းမျှ သေဆုံးနိုင်ခြေက တစ်အချိုးတစ် ဖြစ်နေပြီ... ”
“ တစ်ခါတစ်လေ.. သူတို့ဖက်က အငိုက်ဖမ်း တိုက်ခိုက်တဲ့အတွက် ကျုပ်တို့ဖက်က ပိုတောင်အထိနာရတယ်.. ကျိုးအမတ်ကြီး အခြေအနေက အရမ်းပြောင်းလဲသွားပြီ.. သူတို့ရဲ့ စွမ်းအားမြင့်လာတာ အရမ်းမြန်လွန်းတယ်.. ”
အခြား အဘိုးကြီးတစ်ဦးမှလဲ ၀င်ထောက်လိုက်၏။ ဤနေရာရှိ အားလုံးထဲ၌ သူသည် အရပ်အမြင့်ဆုံးဖြစ်သလို အခြားသူများထက် ခေါင်းတစ်လုံးနီးပါး သာလွန်သည်။ ထိုပထက်ပို၍ သူ၏ ညိုမဲကြမ်းတမ်းသည့် ခြေလက်များက သူ့၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်ပြနေသည့်နှယ်။
၀မ်ချောင် ထိုသူအား ဘိုးဘိုးကြီး၏ အစောပိုင်းနှစ်များကတည်းက နောက်လိုက်ဖြစ်ကြောင်း သတိရလိုက်ပြီး သူ့အား ‘ မုတ်ဆိတ်ကြီး ’ဟု ခေါ်တွင်သည်။ ထိုသူ ငယ်ရွယ်စဉ်ကပင် မုတ်ဆိတ်ထူကြီးရှိပြီး တစ်ခါမှ ရိတ်သင်ခြင်းမရှိချေ။ ထိုမုတ်ဆိတ်အား သူ၏ ဂုဏ်ယူစရာအဖြစ် သတ်မှတ်ထားသည်။
အသက်အရွယ်ရလာသည့်အချိန်၌လည်း ထိုနည်း၎င်းပင်၊ ထိုမုတ်ဆိတ်များ ဖြူဆွတ်လာသည့်တိုင် မည်သူမှ သူ့အား မုတ်ဆိတ်ကြီးဟု မခေါ်ဆိုကြချေ။ ယနေ့တွင် လူအများက သူ့အား တလေးတစားနှင့် ‘ မုတ်ဆိတ်အကြီးအကဲ ’ဟုသာ ခေါ်ကြသည်။
အတိတ်တွင် သူသည် ဘိုးဘိုးကြီးလက်အောက်ရှိ အဆင့်တစ်စစ်သူကြီးတစ်ဦး ဖြစ်ခဲ့သည်။
“ ကျိုးအမတ်ကြီးက အရှင်မင်းကြီးနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့အတွက် ကျိုးအမတ်ကြီးကပဲသာ အရှင်မင်းကြီးကို လျှောက်တင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်.. ကျုပ်တို့အနေနဲ့ ဒီလိုအချင်းအရာတွေကို ကာကွယ်ရလိမ့်မယ်.. ကျုပ်တို့ရဲ့ နယ်စပ်ဟာ ပြီးခဲ့တဲ့ နှစ်တွေက စပြီး မငြိမ်းချမ်းတော့ဘူး.. ”
အခြား ဆံဖြူအဘိုးကြီးမှာ စိုးရိမ်တကြီး ပြောလိုက်၏။
၀မ်ချောင် ထိုသူကိုလည်း သိပေသည်။ သူ၏ မျိုးရိုးနာမည်သည် ချောင်း ဖြစ်ပြီး လူအများက သူ့အား ‘ ချောင်းသခင်ကြီး ’ဟု ခေါ်ဆိုကြသည်။ ထိုသူသည် အခန်းထဲရှိ ဘိုးဘိုးကြီးထက် အသက်ကြီးသူများ အနည်းငယ်ထဲမှ တစ်ဦးပါအ၀င်ဖြစ်သည်။ ထိုသုံးယောက်သည် မြောက်ဘက်မြက်ခင်းလွင်ပြင်ရှိ အရှေ့အနောက်ဘုရင်နယ်မြေများအကြောင်း တစ်ဦးပြီးတစ်ဦး ပြောဆိုနေကြရာ ယခင်ကတည်းက ထိုကိစ္စအား ဆွေးနွေးခဲ့ပြီး ကျိုးအမတ်ကြီး၏ မွေးနေ့ စားပွဲ၌ ဆုံးဖြတ်မှု ခံယူချင်သည်နှင့် တူနေသည်။
“ မြောက်ပိုင်းပြည်နယ်အိမ်တော်(Northerm Protectorate Manor)ဟာ မြောက်ပိုင်းနယ်မြေတွေကို စောင့်ရှောက်ဖို့ တာ၀န်ယူထားပြီး မဟာထန်ကို အရှေ့အနောက် ဘုရင်နယ်မြေနှစ်ခုဆီကနေ ကာကွယ်ပေးရမှာက သူတို့တာ၀န် မဟုတ်လား.. သူတို့က ဘာမှ ပြန်မလုပ်သေးဘူးလား.. ”
ထိုနောက်လိုက်သုံးဦး၏ မြောက်ဘက်မှ ဘုရင်နယ်မြေနှစ်ခုအကြောင်း အခြေအတင် ပြောဆိုမှုများအား ကြားနာပြီးနောက် သခင်ကြီး ထိတ်လန့်တုန်လှုပ်သွားသည်။
ချင်မင်းဆက်မှသည် ဟန်မင်းဆက်အထိ ထို့နောက် စွေမင်းဆက်ပြီး ထန်မင်းဆက် ရောက်သည်အထိ မြောက်ပိုင်းကုန်းမြေမှ nomads(ရေကြည်ရာမျက်နုရာ လှည့်လည်နေထိုင်သည့်သူများ)သည် အလယ်ပိုင်းလွင်ပြင်(တရုတ်)၏ အန္တရာယ်တစ်ခု ဖြစ်နေခဲ့သည်။ ချင်မင်းဆက်၌ မဟာတံတိုင်းအား ဆောက်လုပ်ကာ ကျွမ်းကျင်စစ်သည်တစ်သိန်းအား ဖြန့်ကျက် စောင့်ကျပ်စေသည်။ ဟန်မင်းဆက်၌ ပိုင်တန်းတိုက်ပွဲကြီး ဖြစ်ခဲ့ပြီး စွေမင်းဆက်သည် ပို၍ပင် တိုက်ခိုက်မှုနှင့် ကျူးကျော်မှုများအား ခံစားခဲ့ကြရသည်။
ထို့ကြောင့် မဟာထန်သည် အရှေ့အနောက် မွန်ဂိုဘုရင်နယ်မြေများအား အစဉ် စိုးရိမ်ထိတ်လန့်နေရသည်။ ယခင်က သခင်ကြီးမှာ စစ်တပ်အား မြောက်ဘက်သို့ ကိုယ်တိုင် ဦးစီး၍ အရှေ့နှင့်အနောက် ဘုရင်နယ်မြေမဟာမိတ် စစ်တပ်အား သွားရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် မဟာထန်သာ တိုက်ပွဲ၌ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။
သခင်ကြီးမှာ အရှေ့အနောက်ဘုရင်နယ်မြေတို့၏ ခွန်အားကို ကောင်းစွာ သိမြင်ပေသည်။ ထို့ကြောင့် အလွန်အမင်း ထိတ်လန့်သွားခြင်းဖြစ်သည်။
လူသားဧကရာဇ်
Chapter 95.
အခြေအနေများ(၂)
ဤနေရာ၌ ရောက်ရှိနေသည့်သူ အများစုမှာ အနားယူပြီးသူများ ဖြစ်သည့်တိုင် သတင်းအချက်အလက်ကွန်များအရ ဤနေရာ၌ စုရုံးနေသူများအား အင်ပါယာ၌ နှိုင်းယှဉ်နိုင်သည့်သူ များများစားစား ရှိမည်မဟုတ်ပေ။ သခင်ကြီး၏ စကားဆုံးသည်နှင့် တစ်စုံတစ်ဦးမှ ချက်ချင်း မတ်တပ်ရပ်ကာ ပြောဆိုလိုက်သည်။
“ မြောက်ပိုင်းပြည်နယ်အိမ်တော်ဟာလည်း များပြားတဲ့ဖိအား အောက်မှာ ကျရောက်နေပါတယ်.. တော်၀င်ရုံးတော်ကို ပတ်၀န်းကျင်နိုင်ငံတွေ စွမ်းအားကြီးလာမှာကို ကာကွယ်ဖို့ သံမဏိနဲ့ ဆားကို ကုန်သွယ်မှု ရပ်ဆိုင်းပေးဖို့ အစီရင်ခံစာ အများအပြား တင်သွင်းခဲ့ပြီးပါပြီ.. ဒါပေမဲ့ အရှင်မင်းကြီးဟာ မဟာထန်ကို တံခါးဖွင့်ဝါဒ ကျင့်သုံးဖို့ပဲ အမြဲတမ်း အမျှော်အမြင်ထားထားပြီး ကုန်စည်ဖလှယ်ရာမှာ ပိတ်ပင်မထားဖို့ ဆုံးဖြတ်ထားတယ်.. ဒါကြောင့် ဒီကိစ္စကို အရှင်မင်းကြီးက သဘောမတူခဲ့ဘူး.. ”
“ အဲ့ဒါထက် မြောက်ပိုင်းပြည်နယ်အိမ်တော်ဟာ အရှေ့အနောက် တာဂစ်ဘုရင်နယ်မြေတွေနဲ့ ညှိနှိုင်းခဲ့ပြီး သူတို့က အဲ့ဒီစစ်တပ်တွေဟာ တပ်ပြေးအုပ်စုတွေဖြစ်ပါတယ်ဆိုပြီး အခိုင်အမာ ပြောဆိုပြီး သူတို့စစ်တပ်တွေဟာလည်း တိုက်ခိုက် ခံနေရတယ်လို့ဆိုတယ်.. ဒီလိုတွေကြောင့် မြောက်ပိုင်းပြည်နယ်အိမ်တော်ဟာလည်း ဒီကိစ္စကို ကိုင်တွယ်လို့ မဖြစ်နိုင်တော့ဘူး.. ”
အစည်းအဝေးခန်းမအတွင်း၌ ဆံဖြူအဘိုးကြီးတစ်ဦးမှ ပြောလိုက်သည်။
ထို ငွေရောင်ဆံပင်နှင့်လူမှာ ‘ မာအကြီးအကဲ ’ဖြစ်ပြီး ယခင်က သူ သခင်ကြီးနောက် လိုက်ခဲ့စဉ်၌ မြင်းစီးတပ်ရင်း၏ တပ်မမှူးဖြစ်ပေသည်။ သာမန်စစ်သည်များနှင့် မတူသည်မှာ သူသည် လက်ရေးလှ၌လည်း ထူးချွန်သည်။ သူ၏ စုတ်ချက်များက တည်ငြိမ်အား စွမ်းအားပြည့်ဝသော်လည်း ရသတွင်တော့ အနည်းငယ်လိုအပ်နေသေးသည်။ ထို့ကြောင့် သူ၏ နာမည်ပြောင်မှာ ‘ မြင်းကုန်းနှီးပေါ်က လက်ရေးလှသမား ’ ဖြစ်ပေသည်။
သခင်ကြီး၏ နောက်လိုက်များထဲမှ သူသာလျှင် လက်ရေးလှအရေးအသား၌ ထူးချွန်သူ ဖြစ်၏။
“ အကြီးဆုံးသခင်လေး(Eldest Gongzi ကျိုးအမတ်ကြီးရဲ့ သားအကြီးဆုံးဖြစ်တဲ့ ၀မ်ကျန်ကို ပြောတာပါ) မင်းကလည်း တော်၀င်ရုံးတော်ရဲ့ အာဏာရ မင်းမှုထမ်းတစ်ယောက်ပဲ မင်းဆီမှာ အရှင်မင်းကြီးဆီကို ဒီကိစ္စ လျှောက်တင်ဖို့ အခွင့်အရေးရှိတယ်.. မင်းအနေနဲ့ ဒီကိစ္စကို ရုံးတော်မှာ လျှောက်တင်ပေးလို့ ဖြစ်နိုင်မလား.. ”
မာအကြီးအကဲသည် ပြောနေရင်း ဦးကြီး ၀မ်ကျန်အား လှမ်းကြည့်လိုက်၏။
“ အသုံး၀င်မှာ မဟုတ်ဘူး.. ဒီအချိန်မှာ ကျုပ်တို့က အရှေ့အနောက် ဘုရင်နယ်မြေဆီကနေ စစ်မြင်းတွေ လိုအပ်နေတုန်းပဲ.. တကယ်လို့ ဆားနဲ့သံမဏိ ကုန်သွယ်မှုကို ပယ်ဖျက်လိုက်မယ်ဆိုရင် သူတို့ဆီကနေ စစ်မြင်းတွေရဖို့ မဖြစ်နိုင်တော့ဘူး.. ဒီကိစ္စကို အရှင်မင်းကြီး သဘောတူဖို့ဆိုတာ မဖြစ်နိုင်ဘူး... ”
ဦးကြီး၀မ်ကျန် ပြန်လည် ထောက်ပြလိုက်သည်။ အရှေ့နှင့် အနောက် ဘုရင်နယ်မြေသည် စစ်မြင်းများ ထိန်းကျောင်းလေ့ကျင့်ရာ၌ အလွန်ထူးချွန်သူများနှင့် မြက်ခင်းလွင်ပြင်အား ပိုင်ဆိုင်ထားပြီး သူတို့၏ စစ်မြင်းများက မယုံနိုင်လောက်အောင် သန်မာကာ သက်လုံ မြင့်မားသည်။ ထိုသည်မှာ အခြားနိုင်ငံများ တုယှဉ် မရသည့်အရာ ဖြစ်ပေသည်။ ထိုအတွက်ကြောင့် မဟာထန်သည် ပြင်းထန်သည့်ထိုးချက်အား တင်းခံကာ ကုန်စည် ဖလှယ်နေရခြင်း ဖြစ်ပေသည်။
၀မ်ကျန်၏ စကားများအား ကြားရသည်တွင် မာအကြီးအကဲ ငြိမ်ကျသွားသည်။
“ ဘယ်လိုပဲဖြစ်ဖြစ် အရှေ့အနောက် မွန်ဂိုမဟာမိတ်နဲ့ ပက်သက်ပြီး တော်၀င်ရုံးတော်က နှစ်ဖက်လုံး ကြားမှာ ကတောက်ကဆဖြစ်အောင် လူလွှတ်ပြီး လုပ်ခိုင်းထားတယ်.. ပြီးတော့ ဒီ နိုင်ငံနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အပြည့်အ၀ ယုံကြည်ထားကြတာလဲ မဟုတ်ဘူးလေ.. သိပ်မကြာခင်မှာ သူတို့ မဟာမိတ် ပြိုကွဲလာပါလိမ့်မယ်.. ”
၀မ်ကျန်မှ အလျင်အမြန် ထပ်ပေါင်း ပြောဆိုလိုက်၏။
“ ဘိုးဘိုး.. မြေးဆီမှာ အကြံတစ်ခုရှိပါတယ်... ”
၀မ်းကွဲ၀မ်လီမှာ ဆွေးနွေးမှုအား စိတ်၀င်တစားနားထောင်နေခဲ့ပြီး ယခုတွင် ရုတ်တရက် ပြောထွက်လာသည်။ အလွန်အမင်း အစွမ်းပြချင်နေသည်အား သူ၏ မျက်နှာ၌ မြင်နေရသည်။ တစ်ချိန်တည်း၌ အားလုံး၏ အကြည့်များက ၀မ်လီထံ ကျရောက်လာပြီး ၀မ်ချောင်သည်လည်း ထိုအထဲ၌ ပါ၀င်ပေသည်။
“ ကျွန်တော်တို့အနေနဲ့ မြောက်ပိုင်းပြည်နယ်အိမ်တော်ကို ချမ်ယုပြည်နယ်အိမ်တော်နဲ့ အတူလက်တွဲစေပြီး ဒီအိမ်တော်နှစ်ခုရဲ့ အင်အားနဲ့ဆိုရင် သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးနိုင်မှာပဲ.. အရင်မင်းဆက်တွေလိုမျိုး ကျွန်တော်တို့ရဲ့အင်အားကို ပြသနိုင်ခဲ့ရင် သူတို့ကိုယ်သူတို့ ထိန်းချုပ်ပြီး နေရလိမ့်မယ်.. ဒါဆိုရင် တစ်ခြားနိုင်ငံတွေရဲ့ မောက်မာမှုလည်း ဖိနှိပ်ပြီးသား ဖြစ်လိမ့်မယ်.. ”
၀မ်လီ လက်သီးဆုပ်ကာ အခိုင်အမာ ပြောဆိုလိုက်၏။
ထိုစကားအားကြားလျှင် ၀မ်ချောင် သဘောမတူသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
၀မ်ကလန်ရှိလူတိုင်းမှာ ဘိုးဘိုးကြီးနှင့် သူ၏ နောက်လိုက်များကဲ့သို့ နယ်စပ်၌ အကျိုးပြုချင်ကြသည်။
၀မ်းကွဲအစ်ကို ၀မ်လီသည်လည်း ထိုထဲ၌ ပါ၀င်လေသည်။
မည်သို့ဆိုစေ ၀မ်းပွဲအစ်ကို၏ စစ်မက်ရေးရာ၌ ပါရမီအထုံမှာ သူ၏ အခြားစွမ်းရည်များမှာ သာမညောင်ညသာ ရှိလေသည်။
“ ၀မ်းကွဲအစ်ကိုရဲ့ အတွေးက အရမ်းရိုးရှင်းလွန်းတယ်.. ဒီလောက်များတဲ့ လူအုပ်ကြီးကို ဘယ်လို အလွယ်တကူ တပ်ဖြန့်လို့ရမှာလဲ.. ပြီးတော့ ပြည်နယ်အိမ်တော်နှစ်ခုရဲ့ ပေါင်းစည်းခြင်းက တော်၀င်ရုံးတော်ကို သတိထားမိစေပြီး စစ်ရေးအမြင်အရ မရေမတွက်နိုင်တဲ့ ခန့်မှန်းမှု တွေကို ဖြစ်စေမှာ ဖြစ်ပြီး ဖြေရှင်းရမဲ့ ကိစ္စက ပိုများလာလိမ့်မယ်.. ဒီလို ဟိုလေးတကျော်ကျော်ဖြစ်လာရင် အရှေ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေကလည်း ဒီကိစ္စကို သိသွားလိမ့်မယ်.. ပြည်နယ်နှစ်ခုရဲ့ ကာကွယ်ရေးတပ်မတော်တွေကို အတူတူပေါင်းစည်းနိုင်ရင် အင်အားအရမ်းကောင်းမှာ မှန်ပေမဲ့.. ဒီလို ပေါင်းစည်းနိုင်ဖို့က အချိန်အရမ်းလိုအပ်တယ်.. ”
“ ပြီးတော့... စစ်တပ်ကို မရွေ့ပြောင်းခင်မှာ ရိက္ခာကိုအရင် ဖူလုံအောင်လုပ်ရမယ်.. ကြီးမားလွန်းတဲ့ စစ်တပ်ကြီးအတွက်ဆိုရင် ရိက္ခာပြဿနာက အတော်ကြီးမှာ သေချာတယ်.. ”
“ ဒါကြောင့်.. နားထောင်ရသလောက် ဒီသီအိုရီက အလုပ်ဖြစ်မယ်ဆိုပေမဲ့.. တကယ်တမ်းတော့ လုပ်ဆောင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်.. ”
၀မ်ချောင် တွေးတောနေ၏။
၀မ်းကွဲအစ်ကို၀မ်လီသည် စစ်တပ်အား ၀င်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သည့်တိုင် တိုက်ပွဲ၏ များစွာသော ရှုထောင့်များနှင့် စစ်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုများအား ရှင်းလင်းစွာ နားမလည်သေးချေ။
၀မ်းကွဲအစ်ကို၀မ်လီသည် အစိုးရပိုင်းဆိုင်ရာ၌ ပိုမို ပါရမီရှိသည်ကို ၀မ်ချောင် သိထားပြီး စစ်မက်ရေးရာ၌ သူ၏ ပါရမီမှာ စုတ်ချာလှသည်။ မည်သို့ဆိုစေ ဦးကြီးမှာ သူ့သားအာ ၀မ်ချောင်၏အစ်ကိုကြီးထက် သာလွန်စေချင်သည့် ဆန္ဒကြောင့် လက်ရှိ အနေအထား ဖြစ်နေခြင်း ဖြစ်ပေသည်။
၀မ်ချောင် မျှော်လင့်ထားသည့်အတိုင်းပင် ၀မ်းကွဲအစ်ကို ၀မ်လီ စကားဆုံးသည်နှင့် ခန်းမအတွင်းရှိ နောက်လိုက်အဘိုးကြီးများအားလုံး ရုတ်ချည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ခန်းမ၏ ထိပ်ဆုံး၌ ထိုင်နေသည့် သခင်ကြီးကိုယ်တိုင်ပင် နဖူးပေါ်၌ ထင်သာသည့် အရေးအကြောင်းများ ဖြစ်ပေါ်လာသည်။
“ဟားဟား... လီသခင်လေးမှာ သူ့ကိုယ်ပိုင်အမြင်ရှိသားပဲ.. ”
“ ဒီကိစ္စက ဖြစ်နိုင်ချေရှိတယ်.. ”
“ အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေဟာ အရမ်း မာနထောင်လွှားလွန်းတယ်.. လီသခင်လေး မှန်တယ်.. ကျုပ်တို့ အနေနဲ့ သူတို့ရဲ့ မာနကို ရိုက်ချိုးပြီး သင်ခန်းစာ ပေးရမယ်.. ”
.......
ဆံဖြူအဘိုးကြီးများက ခေါင်းငြိမ့်ပြီး ထောက်ခံဟန်ပြုလိုက်သော်လည်း အမှန်တကယ်မှာတော့ ရေလိုက်ငါးလိုက် ပြောဆိုနေခြင်းသာ ဖြစ်ပေသည်။
အစ၌ ၀မ်လီ မျှော်လင့်တကြီးနှင့် လူအုပ်ကြီးမှာ သူ့အား ထောက်ခံလိမ့်မည်ဟု ထင်မြင်နေသည်။ အဆုံးတွင် ထိုသူများက သူနှင့်အတူ သဘောတူညီသည်ဟု ပြောဆိုနေသည့်တိုင် သူတို့၏ လေသံများမှာတော့ လုံး၀ ကွဲပြားခြားနားနေသည်။
သူက အရူးမဟုတ်သည့်အတွက် ထိုစကားများထဲမှ ပြဿနာ သူခံစားမိသည်။ ထိုကြောင့် ချက်ချင်းပင် မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
“ ထိုင်တော့... ”
နံဘေးမှ ဦးကြီး၀မ်ကျန်မှာ ခက်ထန်စွာ ပြောလိုက်သည်။
“ ချန်ယုပြည်နယ်အိမ်တော်ရဲ့ ကာကွယ်သူစစ်သူကြီး လီတန်းနဲ့ မြောက်ပိုင်းပြည်နယ်အိမ်တော်ရဲ့ ကာကွယ်သူ စစ်သူကြီး ကျန်းကျစ်ယွင်တို့က တစ်ဖက်နဲ့တစ်ဖက် အမြဲ သတ်နေကြတဲ့ ပြိုင်ဘက်စစ်သူကြီးတွေပဲ... မကြာသေးခင်ကပဲ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့တဲ့ အစီရင်ခံစာတွေ တင်ခဲ့ကြသေးတယ်.. မင်းက ဘယ်လိုလုပ် သူတို့ကို အလုပ်အတူတူလုပ်ခိုင်းပြီး အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေမဟာမိတ်ကို သွားတိုက်မှာလဲ.. ”
၀မ်လီ၏ မျက်နှာ ဖြူလျော့သွား၏။
သူ၏ စစ်တပ်အတွင်းရာထူးမှာ မြင့်မားခြင်းမရှိသည့်တိုင် ‘ ပြိုင်ဘက်စစ်သူကြီးများ ’ဟူသည်မှာ စစ်တပ်အတွင်း မထိသင့်သည့်အရာများ ဖြစ်ကြောင်း သူကောင်းစွာ သိထားသည်။ သခင်ကြီး၏ နောက်လိုက်ဟောင်းများက ထိုအရာအား ထုတ်ပြော၍ သူ့အား အရှက်မခွဲခြင်းမှာ သခင်ကြီး၏ မျက်နှာကြောင့် ဖြစ်ပေသည်။
သူသည် သခင်ကြီး၏ ရှေ့မှောက်၌ သခင်ကြီး၏နောက်လိုက်များထံမှ အသိအမှတ်ပြုမှုအား ရရှိရန် ကြိုးစားခဲ့သော်လည်း သူတွေးထင်ထားသည်နှင့် ပြောင်းပြန်ရလာဒ်ကိုသာ ရရှိခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ မျက်နှာနီတက်လာပြီး ချက်ချင်း ထိုင်ချလိုက်သည်။ နှုတ်ခမ်းအား တင်းတင်းစေ့ကာ တိတ်တိတ်နေရန် ရွေးချယ်လိုက်၏။
“ ဟူး.......... ”
ထိုမြင်ကွင်းအား မြင်သည်တွင် ၀မ်ချောင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ၀မ်းကွဲအစ်ကို၀မ်လီသည် အစဉ်သဖြင့် ရည်မှန်းချက် ကြီးမားသူ ဖြစ်ပေသည်။ သူ့အား ပေါင်းသင်းရန်မလွယ်သည့်တိုင် ဆိုးသွမ်းသူတစ်ဦးတော့ မဟုတ်ပေ။
သူ၏ ယခင်ဘ၀၌ ၀မ်လီမှာ ထိုတန်ပြန်သက်ရောက်မှုကြောင့် တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။ ဦးကြီးနှင့် ကြီးတော်တို့၏ ဆက်ဆံရေးမှာလည်း ဆိုးဝါးလာရာ မိသားစုမှ ထွက်သွားခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
“ ချောင်အာ.. မြေးကရော ဒီကိစ္စကို ဘယ်လိုမြင်လဲ.. ”
၀မ်ချောင် ခေါင်းငုံ့ကာ သူ၏ ၀မ်းကွဲအစ်ကိုအား မည်သို့ ကူညီနိုင်မည်နည်းဆိုသည်အား စဉ်းစားနေချိန်၌ သခင်ကြီးက ရုတ်တရက် မေးလိုက်သည်။ သို့သော် ဤတစ်ကြိမ်၌ သူ၏ နောက်လိုက်များနှင့် ဦးကြီး၀မ်ကျန် သို့မဟုတ် ၀မ်းကွဲအစ်ကို၀မ်လီတို့အား မေးမြန်းလိုက်ခြင်းမဟုတ်ပဲ အငယ်ဆုံးသော ၀မ်ချောင် ဖြစ်နေသည်။
နောက်လိုက်အဘိုးကြီးများသည်လည်း သခင်ကြီး၏ အပြုအမူကြောင့် မှင်သက်နေကြသည်။ သူတို့က ယခုမှပင် ၀မ်ချောင်၏ တည်ရှိမှုအား သတိထားမိသည့်အလား အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...
တစ်လျှောက်လုံး သူတို့တွေးထင်ထားသည်က သခင်ကြီးမှာ လီလူငယ်လေးအား ပွဲထုတ်ချင်သည်ဟုသာ ထင်ထားပြီး ယခုကြည့်ရသလောက် သူတို့ မှားယွင်းနေချေပြီ။
ကျိုးအမတ်ကြီး ပွဲထုတ်ချင်သည့်သူမှာ ခန်းမ၏ထောင့်စွန်း၌ ထိုင်နေသည့် ဆယ်ကျော်သက်လေး ဖြစ်နေ၏။
---- သူတို့က ကျိုးအမတ်ကြီးမှာ သူ့အား အစည်းအဝေးခန်းထဲ ဖိတ်ခေါ်၌ ပညာယူစေရန်သာဖြစ်သည်ဟု တွေးထင်ထားကြသည်။
“ အဘိုး........ ”
၀မ်ချောင် ဆွံအသွား၏။ ထိုအခြေအနေအား သူ ထင်မှတ်ထားခြင်း လုံး၀ မရှိပေ။
မှန်ပေသည်။ သူက လူအားလုံး၏ စိတ်၀င်စားမှုအား ရရှိရန်လုပ်ဆောင်လိုသော်လည်း အကြောင်းအရာနှင့် တင်ဆက်ခြင်းတို့က အရေးကြီးပေသည်။ အကယ်၍ သူသာ ရိုးရိုးရှင်းရှင်း ထပြောလိုက်ပါက သခင်ကြီး၏ နောက်လိုက် အဘိုးကြီးများက သူ့အား ‘ မောက်မာသည် ’ဟု ထင်မြင်သွားနိုင်သည်။
ထို့ကြောင့် ၀မ်ချောင် ထောင့်စွန်း၌ တိတ်တဆိတ်သာ ထိုင်နေပြီး စကားတစ်ခွန်းမှမဆိုပဲ ဆွေးနွေးနေသည်များအား စိတ်၀င်တစား နားထောင်နေခြင်း ဖြစ်သည်။
၀မ်ချောင် အလှည့်အပြောင်းအား ဤမျှ မြန်မြန်ဆန်ဆန် ကြုံကြိုရမည်ဟု လုံး၀ မထင်ထားချေ။ ဘိုးဘိုးကြီးမှာ အင်ပါယာ၏ အလွန်အရေးကြီးလှသည့် ကိစ္စရပ်အား အထူးအခြေအနေမျိုး၌ ကလေးတစ်ယောက်အား အမှန်ပင် မေးမြန်နေသည်။
ထိုသို့ ဖြစ်နိုင်ချေအား ၀မ်ချောင် တွေးမထားမိသည့်အတွက် အငိုက်မိသွားခဲ့သည်။
“ စိတ်ထဲရှိသလို ပြောပါ.. ကြောက်နေစရာမလိုဘူး.... ”
ပြုံးနေကာ သခင်ကြီး လက်အား အသာမြှောက်ပြီး ၀မ်ချောင်အား ရှေ့ဆက်ရန် အမူအရာပြလိုက်သည်။
အစည်းအဝေးခန်းမ တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေ၏။ ၀မ်ချောင်၏ ဦးကြီး ၀မ်ကျန်မှာ ၀မ်ချောင်အား လေးလေးနက်ကနက် စိုက်ကြည့်နေသည့်တိုင် စကားတစ်ခွန်းမှ မပြောပေ။ သားဖြစ်သူအား ဖခင်ဖြစ်သူထက် မည်သူက ပိုမိုနားလည်မည်နည်း ထို့အတူပင် ဖခင်ဖြစ်သူအား သားဖြစ်သူမှလွဲ၍ မည်သူက ပိုနားလည်လိမ့်မည်နည်း။
၀မ်ကျန်သည်လည်း သခင်ကြီးသည် ၀မ်ချောင်အား ဤမျှ လျင်မြန်စွာ စမ်းသပ်လိမ့်မည်ဟု ထင်မထားချေ။
ဤသည်မှာ အတော်ပင် စောလျင်လှသည့်တိုင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ သခင်ကြီးသည် ၀မ်ချောင်အား ပြင်ဆင်ချိန်မပေးပဲ သူ၏ စစ်မှန်သည့်စွမ်းရည်အား စမ်းသပ်လိုဟန်ရသည်။
“ ကြည့်ရသလောက်တော့ သခင်ကြီးက သူ့အပေါ် တော်တော် မျှော်မှန်းထားတာပဲ... ”
၀မ်ကျန် တွေးနေ၏။ ထို့နောက် ခန်းမထဲ၌ ၀မ်ချောင် လက်ဆောင်ပေးခဲ့သည့် ဓားအား ပြန်လည် အမှတ်ရသွားခဲ့သည်။
၀မ်ချောင်၏ ဓားမှာ သခင်ကြီး၏ နှလုံးသားထိခတ်ကာ စိတ်တူကိုယ်တူနှင့် ဆုံတွေ့ရသည်ဟု ထင်မှတ်စေသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။
ထိုသည်အား စဉ်းစားမိသည့်နောက် ဤဖြစ်ရပ်နှစ်ခုမှာ ဆက်နွယ်နေသယောင် ခံစားလိုက်ရသည်။
“ သေစမ်း.......... ”
၀မ်လီမှာမူ သူ၏ဖခင် မည်သို့ တွေးနေသည်ကို သိရှိနေခြင်းမရှိပဲ သခင်ကြီးမှ ၀မ်ချောင်အား ဤသို့သော အရေးကြီးလှသည့် အရေးအခင်း၌ အထူးတလည် မေးမြန်းလိုက်သည်ကိုမြင်လျှင် ဒေါသထွက်လာမိသည်။ သူ၏ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သွားအားကိုက်ထားကာ စိတ်ထဲ အလွန် တင်းကျပ်နေသည်။
သူ၏ အကြည့်အား ခန်းမထောင့်သို့ ပို့လိုက်ပြီး ၀မ်ချောင်အား ရန်သူသဖွယ် ကြည့်လိုက်သည်။
“ မှန်တယ်.. ချောင်သခင်လေး.. မင်းစိတ်ထဲကရှိတဲ့အတိုင် ပြောလို့ရတယ်... ဘယ်သူမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး ဒါကြောင့် ကြောက်နေစရာအကြောင်းမရှိဘူး.. ”
သခင်ကြီး၏ နောက်လိုက်အတော်များများက ၀မ်ချောင်အား စိတ်ဓာတ်ခွန်အား ပေးလိုက်သည်။
သူတို့၏ မျက်စိထဲ၌ ၀မ်ချောင် တိတ်ဆိတ်နေသည်မှာ ကြောက်နေသည့်အတွက် ဖြစ်မည်ဟု ထင်နေကြသည်။ မည်သိုိ့ဆိုစေ သခင်ကြီးကိုယ်တိုင် မေးမြန်းထားသည်ဖြစ်ရာ မည်သူမှ သူ့အား အခက်ကြုံအောင် ပြုလုပ်မည် မဟုတ်ပေ။
ထိုနည်း၎င်း မည်သူမှလည်း သူ့အား အထူးတလည် စိတ်၀င်စားခြင်း မရှိပေ။
ရှူး...........
၀မ်ချောင် အသက်ပြင်းပြင်းရှူလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ တဖြည်ဖြည်းနှင့် စိတ်လှုပ်ရှားမှုများ တည်ငြိမ်လာခဲ့၏။
သူ့အတွက်က အခွင့်အရေးက စောင့်ကြိုနေလေပြီ။ ၀မ်ချောင်၏ ယုံကြည်မှုများက ပို၍ ပို၍ တိုးလာသည်။
“ အဘိုးနဲ့ အကြီးအကဲများ.. မြေးရဲ့အမြင်အရတော့ မြောက်ပိုင်းမြက်ခင်းလွင်ပြင်မှာရှိတဲ့ ပြဿနာဟာ အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေနဲ့ မသက်ဆိုင်ပဲ တော်၀င်ရုံးတော်နဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ပါတယ်.. သံမဏိလက်နက်တွေအပေါ် မူတည်နေတာမဟုတ်ပဲ လူတွေရဲ့ နှလုံးသားအပေါ် မူတည်နေတာပါ.. နယ်စပ်အပေါ် မူတည်နေတာမဟုတ်ပဲ.. ကျွန်တော်တို့ရဲ့ ပိုင်နက်အပေါ် မူတည်နေတာပါ.. ”
လူအားလုံး၏ အကြည့်များအား ရင်ဆိုင်လျက် ၀မ်ချောင် အားမာန်ပြည့်၀စွာနှင့် တင်ပြလိုက်ရာ အစည်းအဝေးခန်းမအတွင်းရှိ လူများအားလုံး အံ့သြသွားခဲ့ရသည်။ ၀မ်ချောင်၏ အတွေးအမြင်အား မေးမြန်ခဲ့သည့် သခင်ကြီးကိုယ်တိုင်လည်း မှင်သက်သွားခဲ့သည်။
“ ချောင်သခင်လေး.. ပြောလိုက်တဲ့ တကယ့်ပြဿနာဟာ အရှေ့နဲ့အနောက် ဘုရင်နယ်မြေတွေနဲ့ မသက်ဆိုင်ပဲ တော်၀င်ရုံးတော်နဲ့ သက်ဆိုင်နေတယ်; သံမဏိလက်နက်အပေါ်မှာမဟုတ်ပဲ လူတွေရဲ့ နှလုံးသားထဲမှာ ဖြစ်တယ်; နယ်စပ်မှာ မဟုတ်ပဲ ငါတို့ရဲ့မြေမှာ ဖြစ်တယ်ဆိုတဲ့ စကားက ဘာကိုဆိုလိုတာပါလဲ.. ချောင်သခင်လေးအနေနဲ့ အကျယ်တ၀င့် ရှင်းပြပေးနိုင်မလား.. ”
စစ်ရိပ်အငွေ့အသက်များ ထွက်ပေးနေသည့် ‘ ယဲ့အကြီးအကဲ ’မှ ရုတ်တရက် ပြောဆိုလိုက်လေ၏။ သူ၏ မျက်ခုံးနှစ်ခုမှာ ထိစပ်နေပြီ ဖြစ်သည်။
သခင်ကြီး၏ နောက်လိုက်များအထဲ၌ သူသည် စစ်ရေးဗျူဟာများ၌ အကျွမ်းကျင်ဆုံးသူ ဖြစ်သည့်အတွက် သူ၏ ရှုထောင့်မှ အမြင်သည်လည်း အခြားအကြီးအကဲများအား ကိုယ်စားပြုနိုင်သည်။
သို့သော် အကြီးအကဲယဲ့ပင်လျှင် ၀မ်ချောင်၏ စကားလုံးများ နောက်ကွယ်မှ အကြောင်းအရာအား အဓိပ္ပာယ်ဖော်နိုင်ခြင်း မရှိချေ။ ဤသည်မှာ ‘ အာရုံစိုက်ခံစေရန် လုပ်ဆောင်သည်လား ‘ ပြဿနာ၏ ပစ်မှတ် ’လား သူပင်လျှင် မပြောနိုင်ချေ။
............
ခန်၊ ခါကန်၊ ချန်ယု အားလုံးရဲ့ ဆိုလိုရင်းက တစ်ခုတည်းပါ တာ့ခ် သို့မဟုတ် မွန်ဂိုပါ ... နောက်အပိုင်းတွေက စပြီး Turks or Turkic Khaganate ဆိုတာကို မွန်ဂိုဘုရင်နယ်မြေလို့ပဲ သုံးစွဲ သွားပါတော့မယ်..
ချန်ယုဆိုတဲ့ စကားလုံးကတော့ ခန်ဆိုတာထက် ပိုပြီး ရှေးကျတဲ့ စကားလုံးပါ..