အခန်း(၉၆-၁၀၀)
Vol. 4 Ch. 96-100
လူသားဧကရာဇ်
Chapter 96.
အခြေအနေများ(၃)
“ အဘိုးနဲ့ အကြီးအကဲများ ခင်ဗျာ.. ပြောခဲ့တဲ့အတိုင်းဆိုရင် အတိတ်မှာ အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေရဲ့ နယ်စပ်မှာတိုက်ခိုက်ကြတဲ့အခါ ခံတပ်မရှိ ခုခံမဲ့အဆောက်အဦမရှိတဲ့နေရာမှာတောင် ကျွန်တော်တို့ရဲ့ တပ်စုနှစ်စုနဲ့ သူတို့ရဲ့ တပ်စု သုံးခုကို အနိုင်ယူနိုင်ခဲ့တယ်မလား.. ဒါပေမဲ့ အခုတော့ တစ်စုတစ်စုကို တစ်စုတစ်ခုပဲ ပြန်တိုက်နိုင်တော့တယ်.. တစ်ခါတစ်လေ ကျွန်တော်တို့ဖက်ကတောင် သူတို့ထက် အသေအပြောက်များသေးတယ်.. အဘိုးနဲ့ အကြီးအကဲတို့က ဒါတွေဟာ သံမဏိလက်နက်တွေကြောင့် တကယ်ထင်နေကြတာလား.. အရှေ့နဲ့အနောက် မွန်ဂိုဘုရင်မဟာမိတ်နယ်မြေကို ကုန်စည်ပိတ်ဆို့လိုက်တာနဲ့ အလွယ်တကူ ပြိုလဲသွားမယ်လို့ ထင်နေကြတာလား.. ”
၀မ်ချောင် သူ၏ အတွေးအမြင်များအား ခန်းမအတွင်းရှိ အကြီးအကဲတိုင်း၏ အကြည့်များအား ရင်ဆိုင်၍ ဖော်ထုတ်လိုက်သည်။ သူ၏ စကားများက လူအုပ်ကြီးအား ကျွတ်စီညံစေသည်။ အားလုံးမှာ ထိုပြဿနာသည် လက်နက်များကြောင့်ဟု ယုံမှတ်ထားသည့်အတွက် ပိုမို နက်ရှိုင်းသည့် အကြောင်းအရာများအား မတွေးမိကြချေ။
၀မ်ချောင် ပြောသကဲ့သို့ပင် အရှေ့နှင့် အနောက် မွန်ဂို ဘုရင်နယ်မြေများ ကြီးထွားလာမှုသည် အမှန်တကယ်ဖြစ်ပြီး သံမဏိလက်နက် အနည်းငယ်နှင့် ပြောင်းလဲ၍ ရနိုင်မည် မဟုတ်ပေ။
“ ချောင်အာ... တူလေးက ဘာကို ပြောချင်တာလဲ... ”
ဦးကြီး ၀မ်ကျန်၏ မျက်နှာထက်၌ ရှုပ်ထွေးသည့် ဟန်အမူအရာ ဖြစ်ပေါ်နေသည်။ တော်၀င်ရုံးတော်၏ အာဏာရ မင်းမှုထမ်းတစ်ဦး အနေဖြင့် အစိုးရ၏ ဆွေးနွေးမှုများအား ၀င်ရောက် နိုင်သည့် အခွင့်ရှိပြီး ထိုသို့သော ကိစ္စရပ်မှာ သူ ရပ်ကြည့်မနေနိုင်သည့် အရာများ ဖြစ်သည်။
“ မြက်ခင်းလွင်ပြင်ရဲ့ ရေကြည်ရာမျက်နုရာ လှည့်လည်သွားလာသူတွေဟာ နှစ်တစ်ရာပြည့်တိုင်း စားကျက် ကုန်ဆုံးတဲ့ ပြဿနာ ကြုံရတယ်.. ဒါဟာ ရှောင်လွဲလို့ ရနိုင်တဲ့အရာမဟုတ်ဘူး.. ဒီလို အခြေအနေမျိုးဟာ ချင်မင်းဆက်၊ ဟန်မင်းဆက်နဲ့ စွေမင်းဆက်မှာလည်း ကြုံခဲ့ရပြီးဖြစ်သလို အခု မဟာထန်ဟာလည်း အလားတူ ပြဿနာနဲ့ရင်ဆိုင်နေရပြီ... ဒါပြဿနာဟာ အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေနဲ့ပဲ သက်ဆိုင်နေတာ မဟုတ်တော့ဘူး.. အနောက်ဘက်က တိဗက်(U-Tsang)ကုန်းပြင်မြင့်၊ အရှေ့ဘက်မှာရှိတဲ့ ဂိုဂူလျောနဲ့ တောင်ဘက်က အားဟိုင်(Erhai)တွေအတွက်လည်း အတူတူပဲ.. ”
“ ကျွန်တော်တို့ အနေနဲ့ ဒီ ရေကြည်ရာ မြက်နုရာ သွားလာနေထိုင်နေတဲ့ လူမျိုးစုတွေကို ပြောင်းလဲလို့ မရနိုင်ဘူး.. ကျွန်တော်တို့ ပြောင်းလဲနိုင်တာက ကျွန်တော်တို့ ကိုယ်တိုင်ပဲ.. ဒါကြောင့်ပဲ မြေးအနေနဲ့ တကယ့် ပြဿနာဟာ နယ်စပ်မှာ မဟုတ်ပဲ.. ကျွန်တော်တို့မြေ ဖြစ်တယ်လို့ ပြောခဲ့တာပါ... အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေဟာ ပြဿနာ မဟုတ်ပဲ.. မဟာထန်ကသာ ဖြစ်နေတာပါ.. ”
၀မ်ချောင် လေးလေးနက်နက် ပြောလိုက်၏။ ဤခေတ်ကာလသို့ ပြန်လည်ရှင်သန်လာပြီးနောက်တွင်လည်း ၀မ်ချောင်သည် မဟာထန်၏ ကြုံကြိုက်လာရမည့် အခက်အခဲများအား တွေးပူမိစဉ်တွင် ကူကယ်ရာမဲ့စွာ ခံစားရဆဲ ဖြစ်သည်။
သူသည်သာလျှင် မဟာထန်၏ နေ့ရက်များမှာ ရေတွက်၍ ရနိုင်ပြီး ကယောက်ကယက်ဖြစ်နေသည်ကို သိရှိနေကာ ညပေါင်းများစွာအား အိပ်စက် မရစေခဲ့ပေ။
အစည်းအဝေးခန်းမ အတွင်းရှိ လူအားလုံးသည် အာဏာရှိသည့် မင်းမှုထမ်းများ ဖြစ်ကြသည်။ အများစုမှာ အနားယူခဲ့ပြီ ဖြစ်သည့်တိုင် သူတို့ ဘ၀တစ်လျောက်လုံး တည်ဆောက်ခဲ့သည့် အဆက်အသွယ်များ ရှိနေဆဲဖြစ်ကာ သူတို့၏ ကလန်များသည်လည်း အင်ပါယာတစ်ခွင်၌ လွမ်းမိုးထားနိုင်ဆဲပင်။
‘ လီတစ်ထောင်ကျယ်၀န်းတဲ့ ဆည်တောင်မှ ပုရွက်ဆိတ်တစ်ကောင်ကြောင့် ဆည်ပေါက်သွားနိုင်တယ်.. ’ လက်ရှိ မဟာထန်သည် အရပ်မျက်နှာအားလုံးမှ အန္တရာယ်များနှင့် ကြုံတွေ့နေရကာ ထိုသည်များ ပေါက်ကွဲထွက်လာရန် အချိန်သာ လိုအပ်ပေသည်။ ဤအစည်းအဝေးခန်းအတွင်းရှိ လူများမှာ အရှေ့နှင့် အနောက် မွန်ဂိုဘုရင်နယ်မြေများ ကျူးကျော်နိုင်သည်အား သတိထားမိသည့်အတွက် သူတို့က အမျှော်အမြင် ရှိသည်ဟု ဆိုနိုင်သည်။
သို့သော် ထိုသည်မှာ မလုံလောက်သေးမှန်း ၀မ်ချောင် သိထားသည်။ ထိုသည်မှာ ပြဿနာ၏ အရင်းအမြစ်မဟုတ်ပေ။
၀မ်ချောင် နည်းလမ်းရှာကာ ထိုသူတို့အား သတိပေးရမည်ဖြစ်ကာ ဤအစည်းအဝေးခန်းမမှတစ်ဆင့် ပိုမိုများပြားသည့်သူများအား သူ လွှမ်းမိုးနိုင်ပေလိမ့်မည်။
“ ဒါပေမဲ့ အလယ်ပိုင်းလွင်ပြင် ငြိမ်းချမ်းနေခဲ့တာဟာ အချိန် အရမ်းကြာခဲ့ပြီ.. အင်ပါယာထိုက်ကျုံ့ လက်ထက်ကဆိုရင် အရှေ့နဲ့အနောက် ဘုရင်နယ်မြေတွေဟာ မြောက်ပိုင်း ယင်တောင်တန်းအထိ မောင်းထုတ်ခြင်း ခံခဲ့ရတယ်.. တစ်ချိန်တည်းမှာပဲ များပြားလှတဲ့ နယ်မြေရွေ့ပြောင်းသူတွေကို တော်၀င်ရုံးတော်ထဲ ၀င်ခွင့် ပြုခဲ့တဲ့အတွက် မဟာထန်ဟာ အန်းနမ်ကို သိမ်းပိုက်နိုင်ခဲ့တယ်.. ပြီးတော့ လက်ရှိ အင်ပါယာမင်းတရားကြီးလက်ထက်မှာ မြောက်ပိုင်းပြည်နယ်အိမ်တော်၊ ချန်ယုပြည်နယ်အိမ်တော်နဲ့ တောင်ပိုင်းပြည်နယ်အိမ်တော်တွေကို တည်ထောင်ခဲ့တယ်.. ဒါကြောင့် မဟာထန်ရဲ့ သြဇာအာဏာဟာ ပိုပြီး မြင့်တက်ခဲ့တယ်.. ပြီးတော့ လက်ရှိ အချိန်မှာလည်း မဟာထန်ဟာ အနောက်ဘက်ကို ဆက်လက်သိမ်းပိုက်ဖို့အတွက် အနောက်ပိုင်းပြည်နယ်အိမ်တော်ကိုလည်း ဖွဲ့စည်းခဲ့ပြန်တယ်.. ”
“ မဟာထန်ဟာ ဒီနှစ်ကာလတွေမှာ အောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အင်ပါယာတစ်ခုလုံးရဲ့ အရှိန်အဝါကို အမြင့်ဆုံး ရောက်စေခဲ့တယ်.. စွေမင်းဆက်ကို ကျော်လွန်ရုံသာမကပဲ ဟန်မင်းဆက်နဲ့ ချင်မင်းဆက်ထက်ပိုပြီး အလယ်ပိုင်းလွင်ပြင်ဟာ တုနှိုင်းမရတဲ့ အင်အားကို ပိုင်ဆိုင်နေပြီဆိုပေမဲ့ တော်၀င်ရုံးတော်တစ်ခုလုံးဟာ ဒီအခြေအနေကို စတင်ပြီး ‘ ကျေနပ်ရောင့်ရဲ ’နေပြီဆိုတာ အဘိုးနဲ့ အကြီးအကဲတွေ နားမလည်နိုင်ကြ သေးဘူးလား.. ”
မဟာထန်၏ လက်ရှိအခြေအနေအား ၀မ်ချောင် မှတ်မိနေသည့်အတွက် စိတ်နှလုံး လေးလံလာသည်။ စွမ်းအားကောင်းသည့် ရန်သူများမှာ ကြောက်စရာအကောင်းဆုံး မဟုတ်ပေ။ စွမ်းအားကြီးမားသည့် ရှုံးနူဖြစ်စေ ချမ်းသာသည့် မွန်ဂိုဘုရင်နယ်မြေများဖြစ်စေ တဖြည်းဖြည်းနှင့် အလယ်ပိုင်းလွင်ပြင်အား အရှုံးပေးခဲ့ရပြီး ဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ လူတို့၏ စိတ်၀မ်းကွဲမှုသာ ဖြစ်၏။
“ မြေး အရင်က ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်.. ရင်ကျိုးရဲ့ သားတွေဟာ အရိုင်းဆန်တာကို နှစ်သက်ကြပြီး မဟာတံတိုင်းကိုကျော်လွန်ကာ သူတို့ အမဲလိုက်လို့ ရရှိလာတဲ့ သားမွေးကို ၀တ်ဆင်ကြတယ်.. လူဆယ်ယောက်နဲ့နှိုင်းယှဉ်လို့ရတဲ့ ကြောက်မက်ဖွယ် စစ်မြင်းကို ဟူအာတို့ စီးခဲ့ကြတယ် .. ဝိုင်ခွက်ပေါင်းတစ်ထောင်တောင်မှ သူတို့ကို မူးယစ်ရီဝေအောင် မစွမ်းဆောင်နိုင်ဘူး.. ”
( ဟူအာ ဆိုတာရယ် ရင်ကျိုးရဲ့သားတွေဆိုတာရယ် ကဗျာတစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ဟာ အရှေ့မြောက်အရပ်မှာရှိတဲ့ ခီတန်လူမျိုး(မွန်ဂိုလီးယား) ကို ဆိုလိုတာပါ )
“ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အ၀တ်အစားတွေကို၀တ်၊ စိတ်ရှိလက်ရှိ သုံးဖြုန်း ပျော်ရွှင်နေယုံသာမက လက်ထဲမှာ အရက်ခွက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြချိန်မှာ အဲ့ဒီ မြောက်ပိုင်းမွန်ဂို ဘုရင်နယ်မြေတွေဟာဆိုရင် သူတို့ ကလေးတွေကို မြင်းစီး၊ မြားပစ်နဲ့ တိုက်ပွဲမှာ ရန်သူတွေကို သတ်ဖြတ်ဖို့ လေ့ကျင့်ပေးနေကြတယ်.. ”
“ မွန်ဂိုဘုရင်နယ်မြေနဲ့ ပက်သက်တဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့ မခက်ခဲပါဘူး တကယ်ခက်ခဲတာက လူတွေရဲ့ နှလုံးသားပါ... မြေးကတော့ ဒါကမှ တကယ့် ပြဿနာ အစစ်အမှန်လို့ မြင်ပါတယ်.. ”
၀မ်ချောင် သူ၏ ပြောဆိုမှုအား အဆုံးသတ်လိုက်ပြီး စိတ်ထဲ၌လည်း အလွန် လေးလံနေသည်။ ၀မ်ချောင်သည် အကြီးအကဲများအား သိမ်းသွင်းရန်အတွက် ထိုစကားများအား ပြောထွက်ခဲ့ခြင်းမဟုတ်ချေ။ ထိုအခြေအနေအား သူ၏ယခင်ဘ၀၌ ကြုံတွေ့ခဲ့ဖူး၍ ဖြစ်သည်။
သူ၏ ယခင်ဘ၀၌ နယ်စပ်တွင် လှည့်လှည်သွားလာနေရင်း အမှတ်မထင် ထိုကဗျာအား ကြားခဲ့ရခြင်း ဖြစ်သည်။ နောက်ပြန်လှည့်၍ မဖြစ်နိုင်သည့်အချိန် ရောက်မှသာ ထိုအရာအား ရှင်းလင်းစွာ နားလည်နိုင်ပေမည်။
သို့သော် ထိုအချိန်ရောက်လျှင် အလွန်နောက်ကျနေလေပြီ။
လက်ရှိ မဟာထန်သည် ရွှေနှင့်အရက်များ ဖောဖောသီသီ ပိုင်ဆိုင်ထားသည့်အတွက် လူအများ၏ နှလုံးသားသည်လည်း ပြောင်းလဲခဲ့လေပြီ။ မည်သို့ဖြစ်စေ သေတ္တာထဲ၌သာ ရှင်သန်နေပါက ထိုသည်အား ကျော်လွန်၍ သိနိုင် မြင်နိုင် သတိထားနိုင်မည် မဟုတ်။
အစည်းအဝေးခန်းမ အလုံးစုံ တိတ်ဆိတ်သွားပြီး လေထုသည်ပင် လေးလံလာသည်။ အစ၌ ကျိုးအမတ်ကြီးကြောင့်သာ ထိုအကြီးအကဲများက ၀မ်ချောင်၏ စကားများအား နားထောင်နေသည်ဖြစ်ပြီး သခင်ကြီး နှစ်သက်သည့် သူ့မြေး မည်မျှ ထူးချွန်ကြောင်းအား သိချင်၍လည်း ဖြစ်ကြသည်။ သို့ဆိုစေ သူတို့ နားထောင်လေလေ သူတို့ နှလုံးသွင်းမိလေပင်။ တဖြည်းဖြည်းနျင့် ၀မ်ချောင် ကဗျာအား ဖတ်ရွတ်ချိန်၌ သူတို့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။
သခင်ကြီးကိုယ်တိုင်လည်း ၀မ်ချောင်၏ စကားများကြောင့် အံ့အားသင့်မိနေသည်။
၀မ်ချောင်အား ဖိတ်ခေါ်ကာ ရုတ်တရက် သူ့အား မေးခွန်းထုတ်လိုက်သည်က ဤမြေးဖြစ်သူ မည်မျှ ပါရမီ ထူးချွန်သနည်း ဆိုသည်အား စမ်းသပ်ရန်အတွက်သာ ဖြစ်ပေသည်။ ယခုတွင် အနာဂတ်၌ ၀မ်ချောင်အား မည်သည့် နေရာ ပေးသင့်သည်ကို သူ ဆုံးဖြတ်ပြီးချေပြီ။
ဆက်ခံသူ အဖြစ်..........
ဦးကြီး၀မ်ကျန်မှသည် ဖခင်၀မ်ယန်၊ ထို့နောက် အစ်ကိုကြီး၀မ်ဖူမှသည့် ၀မ်းကွဲ၀မ်လီအထိ သူ အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ရပြီး ဖြစ်လေသည်။
ဤ နောက်လိုက်ညီအစ်ကိုတို့၏ စိတ်အား အနိုင်ယူကာ ထိုသူတို့၏ အသိအမှတ်ပြုခြင်းအား သိမ်းပိုက်ရန်မှာ လွယ်ကူသည့် အရာမဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ၏ မျှော်လင့်ချက် အလုံးစုံအား လက်လျော့လျော့လုလုပင်။
မည်သို့ဖြစ်စေ သခင်ကြီး ထင်မှတ်မထားသည်မှာ ၀မ်ချောင်၏ တင်ဆက်မှုသည် သူ တွေးထင်ထားသည်ထက် များစွာ သာလွန်နေသည် ဆိုသည်အား ဖြစ်သည်။ ဤနေရာ၌ တစ်ဖက်လူ၏ ပြောဆိုမှုအား ကျေနပ်စေသည် မကျေစေသည်က အရေးမကြီးတော့ပေ။
သူ၏ မြေး တင်ဆက်သည့် အကြောင်းအရာမှာ ထိုအဆင့်အား ကျော်လွန်နေပြီ ဖြစ်သည်။
ပထမဆုံး အနေဖြင့် သခင်ကြီး မျှော်လင့်ချက် ရောင်ခြည် သန်းလာချေပြီ။
ခန်းမတစ်ခုလုံးရှိ အားလုံး၏ တုန့်ပြန်မှုအားမြင်ရလျှင် ၀မ်လီ၏ အမူအရာမှာ ပိုမို ပျက်ယွင်းသွားခဲ့သည်။
“ ချောင်လူငယ်လေး.. ကျုပ်မေးချင်တာက ဒီကဗျာဟာ သင်ကိုယ်တိုင်စပ်ထားတာလား ဒါမှမဟုတ် အဲ့ဒီကဗျာ တကယ် ရှိနေတာလားဆိုတာပါ.. ”
ယဲ့အကြီးအကဲမှ ရုတ်ကရက် တည်ကြည်စွာ မေးလိုက်သည်။
အကယ်၍ ၀မ်ချောင် ထိုကဗျာအား ကိုယ်တိုင်စပ်ခဲ့သည်ဆိုပါက ကျိုးအမတ်ကြီး၏ မြေးမှာ အလွန်ထူးချွန်သည်ဟု ဆိုနိုင်သည်။ မဟာထန်၏ လက်ရှိ အခြေအနေနှင့် မွန်ဂိုဘုရင်နယ်မြေမှ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေသည့် လူမျိုးများ၏ သွင်ပြင်လက္ခဏာအကြောင်း ခြုံငုံ၍ စပ်ဆိုနိုင်ခြင်းကြောင့် သူ၏ပါရမီသည် အလွန်မြင့်မားနေကြောင်း ၀န်ခံရပေမည်။
သူ၏ ငယ်ရွယ်သည့်အသက်အရွယ်အားဖြင့် ထိုသည်မှာ အတိုင်းထက်အလွန် အံ့မခမ်းဖြစ်နေချေပြီ။ ကျိုးအမတ်ကြီး၏ ငယ်ရွယ်စဉ်မှ ပုံရိပ်များပင် ထင်ဟပ်နေသယောင်။
သို့သော် ထိုသို့မဟုတ်ခဲ့လျှင် ဖြစ်စဉ်တစ်ခုလုံး၏ ဆိုလိုရင်းမှာ လုံး၀ ကွဲပြားသွားပေလိမ့်မည်။ အခြေအနေများက သူတို့ထင်ထားသည်ထက် ပိုမို ဆိုးရွားနေနိုင်သည်။
ထိုအချိန်မှာတော့ ကျိုးအမတ်ကြီး သူ၏ မြေးဖြစ်သူအား ဆက်ခံသူအဖြစ် ရွေးချယ်သည်က ပြဿနာ မဟုတ်တော့ပဲ အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာအား သက်ရောက်လိမ့်မည်ဖြစ်၏။
“ တကယ်ပဲ အဲ့ဒီ ကဗျာက ရှိပြီးသားပါ.. ”
၀မ်ချောင် စိုးရိမ်တကြီး ဖြေလိုက်၏။ သူ၏ ယခင်ဘ၀၌ ထိုကဗျာမှာ သူ မကြားခင်၌ပင် လူထုအကြား ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။
အကယ်၌ အကြီးအကဲများက လူလွှတ်ကာ စုံစမ်းခဲ့လျှင် ထိုသည်အား ရှာဖွေနိုင်ပေလိမ့်မည်။
၀မ်ချောင် ထိုစကားအား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အစည်းအဝေးခန်းမအတွင်းရှိ လေထုသည် ပိုမိုကာ ပျက်ယွင်းလာဟန်ရသည်။ သခင်ကြီး၏ နောက်လိုက်များက တစ်ဦးကိုတစ်ဦး ပြန်လည် ကြည့်မိကြပြီး သူတို့၏ မျက်နှာများပေါ်၌ စိုးရိမ်မှုများ ထင်ဟပ်နေသည်။
၀မ်ချောင် လိမ်ပြောမည်အား သူတို့ စိုးရိမ်ခြင်း မရှိချေ; ထိုသို့သော အရာအား အလွယ်တကူ အတည်ပြုနိုင်သည်။ သူတို့ စိတ်ပူနေသည်က အခြားအကြောင်းအရာ ဖြစ်လေသည်။
“ ကျိုးအမတ်ကြီးရေ.. ကြည့်ရတာတော့ ငါတို့အသက်အရွယ်နဲ့တောင် အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေ အပေါ် အသိအမြင်က ချောင်သခင်လေးကို လုံး၀ မမှီနိုင်သေးဘူးပဲ.. ချောင်သခင်လေး ပြောခဲ့တာ အရဆိုရင် တကယ့် ပြဿနာက မွန်ဂိုနယ်မြေတွေ မဟုတ်ပဲ တော်၀င်ရုံးတော်မှာ ဖြစ်တယ်.. သံမဏိလက်နက်တွေမဟုတ်ပဲ လူတွေရဲ့ နှလုံးသားပဲ ဖြစ်တယ်.. နယ်စပ်မှာ မဟုတ်ပဲ ငါတို့ပိုင်မြေမှာ ဖြစ်တယ်.. ဒီကိစ္စကို ကျိုးအမတ်ကြီးက အရှင်မင်းကြီး လာရောက် ဆုတောင်းပေးတဲ့အချိန်မှာ ပြောပြလိုက်သင့်တယ်.. ”
အမတ်မင်းယဲ့၏ လက်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကာ လေးလံသည့် စိတ်နှလုံးနှင့် ပြောလိုက်သည်။
၀မ်ချောင်မှာ ဆယ့်ငါးနှစ်အရွယ် ကလေးသာ ရှိသေးသည်။ တစ်ဖက်၌ ဤအခန်းထဲရှိ အကြီးအကဲ အားလုံးမှာ ရာစုနှစ် တစ်၀က်စာ ရှင်သန်ခဲ့ပြီး ဖြစ်သည်။ တစ်ဦးချင်းစီတိုင်းသည် ဝါရင့်သဘာရင့်များဖြစ်ကာ မရေမတွက်နိုင်သည့် အတားအဆီးများအား ကျော်လွားခဲ့ကြဖူးသည်။ ထိုအတွက်ကြောင့် ၀မ်ချောင်၏ စကားများက မှန်ကန်ကြောင်း သူတို့ အတပ်သိနေခြင်း ဖြစ်လေသည်။
မွန်ဂိုဘုရင်နယ်မြေနှင့် စပ်ဆိုင်သည့် ပြဿနာမှာ အလွယ်တကူ ဖြေရှင်းရနိုင်သော်လည်း လူအများ၏ နှလုံးသားမှာတော့ လွယ်ကူမည် မဟုတ်ပေ။ ထိုသည်ကသာ ပြဿနာ၏ ပင်မအရင်းအမြစ် ဖြစ်ပေသည်။
သူတို့၏ ရာထူးနှင့် လွမ်းမိုးမှုနှင့်ပင် ဤကိစ္စအပေါ်၌ ကူကယ်ရာမဲ့စွာ ခံစားနေရသည်။
ထိုအတွက်ကြောင့် အမတ်မင်းယဲ့ စိတ်မသက်မသာ ဖြစ်နေရခြင်း ဖြစ်ပေသည်။
နှစ်ပေါင်းများစွာပြီးနောက်မှ ပြဿနာ၏ ပင်မအကြောင်းရင်းအား ကျိုးအမတ်ကြီး၏ ဆယ်ကျော်သက် မြေးဖြစ်သူထံမှ ကြားသိလိုက်ရသည်။ သူ၏ စကားအား သူအပြည့်အ၀ ယုံကြည်မှုလည်း ရှိနေသည်။
“ အရှင်မင်းကြီး ရောက်လာရင် ဒီကိစ္စကို ငါတင်ပြလိုက်မယ်.. ”
သခင်ကြီး လေးနက်စွာ သဘောတူလိုက်သည်။ သူ၏ စိတ်ထဲ၌လည်း ခဲဆွဲထားသကဲ့သို့ လေးလံနေသည်။
သူ၏ ညီအစ်ကိုဟောင်းများနှင့် ရည်ရွယ်ချက်မဲ့ စကားဝိုင်းနှင့် သူ့မြေးဖြစ်သူ၏ စမ်းသပ်မှုမှာ ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု သူ လုံး၀ ထင်မထားပေ။ သို့သော် ထိုအရာနှင့်ယှဉ်လျှင် အင်ပါယာ၏ အခြေအနေအား စိတ်ပူသည့်စိတ်က ပိုမို ပေသည်။
“ ကျိုးအမတ်ကြီး .. ဂုဏ်ပြုပါတယ်.. ၀မ်ကလန်ကနေ ဒီလို အရည်အချင်းရှိတဲ့ ကလေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ.... ”
“ ဒီလို အသက်ငယ်ငယ်နဲ့တောင် အင်ပါယာနဲ့ပက်သက်ပြီး ဒီလို အမျှောအမြင်ပိုင်ဆိုင်ထာတာ အနာဂတ်မှာ အင်ပါယာရဲ့ အရေးပါတဲ့သူ တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ.. ”
“ ချောင်သခင်လေးဟာ ကျိုးအမတ်ကြီး ငယ်ရွယ်စဉ်က အချိန်ကို အမှတ်ရစေတယ်.. ”
“ ဂုဏ်ပြုပါတယ်.. ကျိုးအမတ်ကြီး.. ”
“ ဂုဏ်ပြုပါတယ်... ချောင်သခင်လေး... ”
.....
ခန်းမအတွင်းရှိ အကြီးအကဲများက အစီအရီ ဂုဏ်ပြုနေကြသည်။ ယခင် ၀မ်းကွဲအစ်ကို ၀မ်လီအား ပြောဆိုခဲ့သည့် လေသံနှင့် မတူညီစွာ အကြီးအကဲများက ဤအချိန်၌ အလွန် လေးစားနေဟန်ရသည်။ သူတို့က ခန်းမထောင့်၌ ထိုင်နေသည့် ၀မ်ချောင်အား ကျေနပ်စွာဖြင့် ကြည့်နေကြသည်။
“ လာလာ.. ချောင်သခင်လေး.. ငါ့အနားမှာ လာထိုင်.. ”
စွမ်းအားကောင်းသည့် စစ်တပ် အငွေ့အသက်များ ထွက်ပေါ်နေသည့် စစ်ရေးကျွမ်းကျင်သူ ‘ အမတ်မင်းယဲ့ ’မှ ၀မ်ချောင်အား ခေါ်လိုက်သည်။ သူက ဤသူငယ်အပေါ် ပို၍ ပို၍ပင် သဘောကျနေ၏။
ကျိုးအမတ်ကြီး၏ မျိုးဆက်မှ များစွာသော မြေးများအား သူ မြင်ခဲ့ဖူးသော်လည်း ဤသူငယ်သာလျှင် သူ၏ အမြင်အာရုံအား ဖမ်းစားနိုင်ခဲ့သည်။
အကယ်၍ ၀မ်ချောင် ဆက်လက်တိုးတက်နေခဲ့လျှင် သူ၏ အနာဂတ်မှာ အကန့်အသတ်မဲ့နေမည်မှာ သေချာလှသည်။
ထိုသည်က အခြေအမြစ်မရှိသည့် စကားများ မဟုတ်ပဲ သူ၏ အလိုလိုသိစိတ်က ပြောသည့်အရာ ဖြစ်ပေသည်။ သူ ယဲ့တုန်သည် ပါရမီရှိသူများအပေါ် စူးရှသည့်အမြင်ရှိပြီး သူ့မျက်စိအား ဖမ်းစားနိုင်သည့် သူများမှာ သူ့အား ဘယ်တော့အခါမှ စိတ်မပျက်စေခဲ့ပေ။ ဤသူငယ်မှာလည်း ထိုသို့သာဖြစ်မည် သေချာနေ၏။
၀မ်ချောင် အံ့အားသင့်နေသည်။ မသိစိတ်ထဲမှနေ၍ သူ၏ အဘိုးဖြစ်သူထံ လှမ်းကြည့်လိုက်သည်။
“ ဟားဟား.. သွားပါသွားပါ.. ယဲ့တုန်က မင်းကို သဘောကျနေမှတော့ သူနားမှာ သွားထိုင်သင့်တယ်.. ”
သခင်ကြီးမှ အပြုံးဖြင့် ညွှန်ပြ ပြောဆိုလိုက်သည်။
မှန်ကန်ကာ ဖြောင့်မတ်သည့်ဘ၀၌ ရှင်သန်နေခဲ့သည့် သခင်ကြီးမှာ တည်ကြည်သည့်သူ ဖြစ်ပြီး အပြုံးအရယ် နည်းသည်။ သို့သော် ယနေ့၌ ချွင်းချက်အနေဖြင့် အလွန် ပျော်ရွှင်နေသည်။
“ ဟုတ်ကဲ့ပါ ... အဘိုး.. ”
အဘိုးဖြစ်သူ၏ ခွင့်ပြုချက်ရမှသာ ၀မ်ချောင် ဦးညွှတ်ကာ ‘ အမတ်မင်းယဲ့ ’၏ ဘေး၌ သွားထိုင်လိုက်သည်။
အခြားနောက်လိုက်ဟောင်းများ မည်သည်ကို တွေးနေမှန်း ပြောရခက်သော်လည်း ၀မ်ချောင်မှာ အကြီးအကဲယဲ့၏ အသိအမှတ်ပြုခြင်းအား ရရှိသွားပြီဖြစ်သည်မှာ သံသယ ဖြစ်ရန်မလိုတော့ချေ။
လူသားဧကရာဇ်
Chapter 97.
သွင်းကုန်ပို့ကုန် စည်းကြပ်ခွန်
“ အဘိုးနဲ့အကြီးအကဲတို့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်.. ”
ယဲ့အကြီးအကဲထံသို့ သွားခဲ့သော်လည်း ၀မ်ချောင် ချက်ချင်း မထိုင်ခဲ့ပေ။
“ အိုး.... ”
အကြီးအကဲများက သူ့အား ကြည့်လိုက်ကြသည်။
“ ချောင်သခင်လေး... စိတ်ထဲရှိတဲ့ အတိုင်းသာ ပြောပါ.. ”
သူ၏ နံဘေးရှိ အမတ်မင်းဟူမှ ပြောလိုက်သည်။ ထိုသူမှာ ကျိုးအမတ်ကြီး၏ ဤမြေးငယ်အား နှစ်လို သဘောကျလေ၏။
“တော်၀င်ရုံးတော်က ဆားနဲ့ သံမဏိ ရောင်း၀ယ်ခွင့်ကို ပိတ်ဆို့ဖို့ ငြင်းဆိုခဲ့ရင်တောင် အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေတွေကို သံမဏိနဲ့ ဆက်စပ်တဲ့ ကုန်စည်တွေ လျော့ချပစ်ဖို့ နည်းလမ်းတစ်ခု ရှိနေပါသေးတယ်.. တော်၀င်ရုံးတော်တစ်ခုလုံးကလည်း ဒီ အဆိုပြုချက်ကို အလွယ်တကူ လက်ခံပေးပါလိမ့်မယ်.. ”
၀မ်ချောင် တည်တည်ငြိမ်ငြိမ်နှင့် စကားစလိုက်သည်။
အကြီးအကဲများက ၀မ်ချောင်အား ဝိုင်း၀န်း အာရုံစိုက်နေစဉ်ကတည်းက ၀မ်းကွဲ၀မ်လီ၏ အမူအရာမှာ အတော် ဆိုးဝါးနေပြီးဖြစ်သည်။ မကြာသေးမှီမှ သူကျရှုံးခဲ့သည့် သံမဏိကုန်စည်များနှင့် ပက်သက်သည့် အရေးအား ပြန်လည် စကားစလိုက်သည်တွင် သူ၏မျက်နှာမှာ မှင်ခွက် မှောက်ကျထားသကဲ့သို့ မဲမှောင်လို့သွားလေ၏။
သူ့အား လူပုံအလည် အရှက်ခွဲခြင်းပင် မဟုတ်ပေလော။
“ ချောင်သခင်လေး ပြောတဲ့ နည်းလမ်းက ဘယ်လိုများလဲ... ”
အားလုံးက သိလိုစိတ် ပြင်းပြင်းပြပြဖြင့် မေးခွန်းထုတ်ကြသည်။ အင်ပါယာမင်းတရားကြီး၏ ထိုကိစ္စအပေါ် ရပ်တည်ချက်မှာ ရှင်းလင်းကာ ထိုကုန်စည်များအား ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။ သံမဏိဆက်စပ်ကုန်စည်များ ကုန်သွယ်ခြင်းအပေါ် မည်သည့် ဆိုးဝါးသည့်အရာမှ ပြုလုပ်မည် မဟုတ်ချေ။
အင်ပါယာအရှင်ကိုယ်တော်တိုင် နှုတ်ဆိတ်နေသည်ဆိုခြင်းက သူ၏ ဆုံးဖြတ်ချက်အား ပြသနေပြီးဖြစ်လေ၏။
သို့တိုင် ၀မ်ချောင်မှ တော်၀င်ရုံးတော် အလွယ်တကူ လက်ခံမည့် နည်းလမ်းရှိသည်ဟု ပြောဆိုခဲ့ချေပြီ။ အကြီးအကဲများ၏ အောက်သက်သက်ဖြစ်သွားကြသည်။
“ ချောင်အာ.. အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့.. ဒီမှာ ရှိတဲ့ လူတိုင်းက ဝါရင့်တဲ့သူတွေချည်းပဲ.. တော်၀င်ရုံးတော်ရဲ့ အရေးကိစ္စတွေကို နားမလည်ဘူးဆိုရင်လည်း ပေါက်ကရ ပြောနေတာ ရပ်လိုက်တော့.. ”
၀မ်ချောင်၏ ဦးကြီးမှ တင်းမာသည့် မျက်နှာထားဖြင့် တားဆီးလိုက်သည်။
၀မ်ကျန်သည် ၀မ်ချောင် အပေါ် ဒွိဟ ခံစားချက် ဖြစ်ပေါ်နေသည်။ တစ်ဖက်၌ ၀မ်ချောင် သူ၏ ထူးချွန်မှုအား ထုတ်ဖော်လေလေ ဘိုးဘိုးကြီး၏ ရာထူးနှင့် လွမ်းမိုးမှုအား လီအာ ရရှိရန် ဝေးကွာလေလေ ဖြစ်၏။
သို့သော် တစ်ဖက်၌လည်း ၀မ်ချောင်မှာ သူ့ဖခင်၏ နောက်လိုက်ဟောင်းများရှေ့၌ သူ့ကိုယ်သူ ကိုယ်စားပြုနေခြင်းလည်း မဟုတ်ပေ။ ၀မ်ချောင်က ၀မ်ကလန်တစ်ခုလုံးအား ကိုယ်စားပြုပေသည်။ ၀မ်လီအတွက် မျှော်လင့်ချက်မဲ့နေပြီဖြစ်ပြီး ၀မ်ဖူသည်လည်း တတ်နိုင်စွမ်း မရှိသလို ၀မ်ပိုင်သည်လည်း သွေးကြောကြောင့် ပြဿနာတက်လို့နေသည်။ အကယ်၍ ၀မ်ချောင်သည်လည်း ကျရှုံးခဲ့ပါက သူ့ဖခင်၏ နောက်လိုက်ဟောင်းများ၊ တပည့်များနှင့် မိတ်ဆွေများက ၀မ်ကလန်အား တဖြည်းဖြည်းနှင့် ဖယ်ခွာလာကြပေလိမ့်မည်။
တောအုပ်အတွင်းရှိ တိရိစ္ဆာန်များက ကြောက်မက်ဖွယ် ကျားရှေ့၌သာ ဒူးထောက်မည်ဖြစ်ပြီး ခွေးတစ်ကောင်ကိုတော့ အညံ့ခံကြလိမ့်မည် မဟုတ်ပေ။
၀မ်ချောင်၏ လက်ရှိ တင်ဆက်ခဲ့သမျှမှာ အတော်ပင် ကောင်းမွန်လှပြီး အပြစ်ဆိုရက်စရာပင်မရှိပေ။ ဤအချိန်၌ သူ စိုးရိမ်နေမိသည်မှာ ၀မ်ချောင် စကားပြောမှားမည်ကို ဖြစ်ပေသည်။ ၀မ်ချောင်၏ တော်၀င်ရုံးတော်အပေါ် မသိနားမလည်မှုအား ထောက်ရှုလျှင် သူ၏ စကားက ကျရှုံးဖွယ်သာရှိသည်။ ၀မ်ချောင် ရရှိထားသည့် အသိအမှတ်ပြုမှုများ မရှိတော့ပါက ခန်းမ၏ ထောင်သို့ ပြန်သွားထိုင်ရပေလိမ့်မည်။
“ အကြီးဆုံးသခင်လေး.. ချောင်သခင်လေးဆီမှာ ကိုယ်ပိုင်အမြင်ရှိတယ်ဆိုတာ ကောင်းတဲ့အရာပဲ.. သူ့ကို စကားပြောခွင့် ပေးလိုက်ပါ... ”
မာအကြီးအကဲ မှ ပြောလိုက်သည်။
ဤနေရာရှိ လူအားလုံးမှာ အတွေ့အကြုံ ကြွယ်၀သည့်သူများဖြစ်ကြပေရာ ၀မ်ကျန်တွေးနေသည့် အကြောင်းအရာများ မည်သို့ မသိပဲနေမည်နည်း။ ၀မ်ချောင်မှာ ဆယ့်ငါးနှစ်သာ ရှိသေးပြီး တော်၀င်ရုံးတော်၏ အရေးအခင်းများအား ဖြေရှင်းရန် မပြည့်မှီသေးချေ။ ထို့အပြင် ၀မ်ယန်မှာလည်း နယ်စပ်၌ စစ်သူကြီးအဖြစ် တာ၀န်ထမ်းဆောင်နေသည်ဖြစ်ရာ ၀မ်ချောင်အား သင်ပြပေးနိုင်မည်က မဖြစ်နိုင်ပေ။
ဤသည်မှာ အကြီးအကဲများက ဆယ့်ငါးနှစ်သား လူငယ်တစ်ယောက် မည်မျှလောက်အထိ တွေးခေါ်နိုင်မည်ကို သိချင်၍သာ ဖြစ်ပေသည်။
“ ချောင်အာ.. စိတ်မပူနဲ့ အေးအေးသက်သာပြေပါ.. အဆင်မပြေခဲ့ဘူးဆိုရင်တောင် ဘယ်သူမှ မြေးကို အပြစ်မတင်ပါဘူး.. ”
သခင်ကြီးမှ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူ၏ မျိုးဆက်များအပေါ် အစဉ်သဖြင့် တူညီစွာသာ ဆက်ဆံပြီး သူတို့၏ အရည်အချင်းအလိုက် နေရာချထားပေးတတ်သည်။ သူ၏ နောက်လိုက်များက ဤကဲ့သို့ တစ်စုတစ်ဝေးတည်း ဖြစ်ရန် မလွယ်ကူသလို ၀မ်ချောင်သည်လည်း ရှိနေသည်ဖြစ်ရာ အတင်းကာရော ထိုင်ခိုင်းလိုက်ရန်လည်း မဖြစ်နိုင်ပေ။
ဤအရာမှာ ၀မ်ချောင်၏ အနာဂတ်၌ မည်မျှထိ အောင်မြင်နိုင်မည်အား စမ်းသပ်ခြင်းဖြစ်သကဲ့သို့ သူ၏ များပြားလှသည့် နောက်လိုက်များ မိတ်ဆွေများထံမှ ၀မ်ချောင် အကူအညီ မည်မျှ ရနိုင်မည်ကို ဆုံးဖြတ်နိုင်မည်လည်း ဖြစ်ပေသည်။
အားလုံးကို ခြုံကြည့်ပါက ၀မ်ချောင်သည်သာ အခရာဖြစ်ပေသည်။
“ ဟုတ်ကဲ့ပါ.. အဘိုး... ”
၀မ်ချောင် စကားဆက်မပြောခင် ဦးညွှတ်လိုက်ကာ..
“ တကယ်တော့.. သံမဏိကုန်စည် စီးဆင်းမှုကို လျော့ချဖို့က ရိုးရိုးလေးပါပဲ.. ကျွန်တော်တို့ အနေနဲ့ သူ့ကို စျေးမြင့်လိုက်ယုံပဲလေ.. ”
“ အဲ့တာက အသုံးမ၀င်ဘူး.. သံမဏိကုန်စည်က နေ့စဉ်လူမှုဘ၀မှာလည်း အသုံးအရမ်းများတယ်.. အိုး၊ ဂေါ်ပြားနဲ့ ပေါက်ပြား စတဲ့ သေးငယ်တာတွေကစပြီး လက်နက် ချပ်၀တ်တွေအထိပဲ.. သံမဏိကုန်စည်ကို စျေးနှုန်းမြင့်လိုက်တာက ပြည်သူတွေအတွက် ဒုက္ခရောက်စေလိမ့်မယ်.. ပြီးတော့ တော်၀င်ရုံးတော်အတွက်လည်း စစ်တပ်ကို ပိုထောက်ပံ့ရလိမ့်မယ်.. ဒါတင်ပဲ မဟုတ်သေးဘူး သံမဏိကို အဓိကထား အသုံးပြုတဲ့ ကလန်တွေ အရောင်းဆိုင်တွေကလည်း ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှာ သေချာတယ်.. ”
“ ဒါကြောင့်မို့လို့ ဒီအကြံက လက်တွေ့ အသုံး၀င်မှာ မဟုတ်ဘူး... ”
အစည်းအဝေးခန်းမ၌ အဆုံးမှ ပိန်ပိန်ပါးပါး ဆံဖြူခပ်တိုတိုနှင့် အကြီးအကဲမှ ထပြောသည်။ ၀မ်ချောင် ထိုသူအား သိပေသည်။ ထိုသူက ကျောက်အကြီးအကဲဖြစ်ပြီး ဘိုးဘိုးကြီး၏ နောက်လိုက်များထဲ၌ သိုင်းပညာ အညံ့ဆုံး ဖြစ်သည်။
အကြောင်းပြချက်မှာ ရိုးရိုးရှင်းရှင်းပင် သူက ရိက္ခာခွဲဝေရေး၌ တာ၀န်ရှိသူ ဖြစ်၍ ဖြစ်သည်။
အတိတ်တွင် ဘိုးဘိုးကြီး စစ်ထွက်စဉ်က ထိုအကြီးအကဲကိုယ်တိုင် ရိက္ခာထောက်ပံ့ရေး၊ တောင်၀င်ရုံးတော်နှင့် ညှိနှိုင်းရေး၊ နယ်ခံပြည်နယ်များနှင့် စပ်ဆိုင်သည့် အရာများအား ဖြေရှင်းမည် နေရာအား အထူးတောင်းဆိုခဲ့ခြင်းဖြစ်သည်။
လူတိုင်းက စစ်တပ်၏ ထောက်ပံ့ရေးရာထူးမှာ ထင်ထားသည်ထက် ခက်ခဲသည်ကို သိရှိကြသော်လည်း ကျောက်အကြီးအကဲ တာ၀န်ယူခဲ့သည်နှင့် ထိုပြဿနာများက လေနှင့်အတူ လွင့်ပါးသွားကြသည်။
၀မ်ချောင်၏ နည်းလမ်းအား ကြားလိုက်သည်နှင့် ထိုနည်းလမ်းက အခြေခံကျက အသုံးမ၀င်မှန်း ချက်ချင်း ပြောနိုင်သည်။ မွန်ဂိုဘုရင်နယ်မြေများအပေါ် အကျိုးအမြတ် ရလိုခြင်းတစ်ခုတည်းနှင့် သူတို့က ထိုသည်အား ပြုလုပ်၍ မဖြစ်နိုင်ပေ။ ထိုသည်က မဟာထန်၏ အခြေခံတည်ငြိမ်မှုကို ပျက်ပြားစေမည်ဖြစ်ရာ ထိုအကြံက မဖြစ်နိုင်ပေ။
အားလုံးက ၀မ်ချောင်မှာ မယုံနိုင်လောက်သည့် အကြံတစ်ခု ရှိနေမည်လားဟု မျှော်လင့်ပြီး သူ၏ စကားအား နားထောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ၀မ်ချောင်၏ အကြံက သူတို့အား စိတ်ပျက်စေသည်။ အဆုံးတွင် သူသည် ဆယ့်ငါးနှစ်သာရှိသေးသည့် လူငယ်တစ်ဦးသာ ဖြစ်သည်။ တိုင်းရေးပြည်ရေးနှင့် ပက်သက်လျှင် ကလေးတစ်ယောက်က မည်မျှအထိ တတ်ကျွမ်း နားလည်နိုင်လိမ့်မည်နည်း။
အကယ်၍ စျေးနှုန်းမြင့်လိုက်သည်နှင့် သံမဏိကုန်စည် စီးဆင်းမှုအား ထိန်းချုပ်နိုင်မည်ဆိုပါက ထိုပြဿနာအား ဖြေရှင်းပြီးသည်မှာ ကြာမြင့်ချေပြီဖြစ်သည်။ ထိုကိစ္စအား ဤနေရာ၌ ဆွေးနွေးနေရန်ပင် မလိုအပ်ချေ။
“ ဟားဟား... တကယ်လို့ ကျွန်တော်တို့က သံမဏိကုန်စည်တွေကို စျေးမြင့်လိုက်မယ်ဆိုရင် ဒီအကြံက အသုံးမ၀င်ပေမဲ့................... ”
၀မ်ချောင် ယုံကြည်ချက်ရှိရှိနှင့် ပြုံးနေသည်။ ခန်းမတစ်ခုလုံးအား ဝေ့ကြည့်လိုက်ကာ အကြီးအကဲအားလုံးကို စိတ်ပျက်အားလျော့စေရန် အကြံ မရှိသည်နှင့်...
“ ကျွန်တော်တို့က ပို့ကုန်သွင်းကုန် စည်းကြပ်ခွန် သတ်မှတ်လိုက်မယ် ဆိုရင်ရော.... ”
“ ပို့ကုန် သွင်းကုန် စည်းကြပ်ခွန် ဟုတ်လား... ”
ကျောက်အကြီးအကဲမှာ ၀မ်ချောင်၏ စကားကြောင့် နဖူးကြောတွန့်အောင်ပင် မျက်မှောင်ကြုံ့မိသည်။ တစ်ဖက်၌ အခြား အကြီးအကဲများမှာလည်း ၀မ်ချောင်အား စိတ်၀င်တစား စိုက်ကြည့်နေကြသည်။
ယခင်က သွင်းကုန် စည်းကြပ်ခွန်အား ကြားပင် မကြားဖူးခဲ့ကြချေ။
“ ချောင်သခင်လေးကို ပို့ကုန်သွင်းကုန် စည်းကြပ်ခွန်ဆိုတာ ဘာလဲလို့ မေးလို့ရမလား.. ကျုပ်အနေနဲ့ ဘဏ္ဍာရေး၊ အခွန် နဲ့ ထောက်ပံ့ကြေး စတာတွေကို တစ်သက်လုံး လုပ်ဆောင်လာတာ မဟာထန်တစ်ခုလုံးမှာ စည်းကြပ်ခွန်ဆိုတဲ့ စကားလုံးကို တစ်ခုမှကို မကြားခဲ့ဖူးဘူး.. ကျုပ်ရဲ့ မယဉ်ကျေးမှုကို ခွင့်လွတ်ပေးပါ.. ဒါပေမဲ့ စည်းကြပ်ခွန်ဆိုတာ ဘာပါလဲ.. ”
ကျောက်အကြီးအကဲမှ သင်ယူလိုစိတ် အရင်းခံဖြင့် မေးလိုက်သည်။ ထိုသည်မှာ သူ၏ အားသန်ရာဖြစ်သည်။ သူ မသိနားမလည်သည့်အရာနှင့် ကြုံတိုင်း ထိုအရာအား သိနားလည်သည်အထိ အောက်ခြေမှစ၍ နှိုက်ထုတ် လေ့လာတတ်သည်။ ယခုကဲ့သို့ အသက်အရွယ်ရနေပြီဖြစ်သည့်တိုင် ထိုအကျင့်က မပျောက်သေးချေ။
ထိုအကြောင်းကြောင့်လည်း သခင်ကြီးက သူ့အား အလွန်ယုံကြည်ခြင်း ဖြစ်ပေသည်။
အကြီးအကဲများက သူ့အား ထပ်မံ စိုက်ကြည့်နေကြသည်တွင် ၀မ်ချောင် ပြုံးမိသည်။ ထို မွန်ဂိုဘုရင်နယ်မြေနှင့် ပက်သက်သည့် ပြဿနာ ရှေးမဆွကပင် သူ တွေးတောထားပြီးဖြစ်ရာ စည်းကြပ်ခွန် သတ်မှတ်လိုက်သည်နှင့် ထိုအရာအား ဖြေရှင်းနိုင်မည်မှန်း ၀မ်ချောင် သိလေသည်။
အခြားကမ္ဘာ၌ စည်းကြပ်ခွန်မှာ အသုံးများသည့်တိုင် ဤနေရာ၌ မည်သူမှ မသိ နားမလည်ကြပေ။
မဟာထန်၌ ၀င်ငွေခွန်(income tax)၊ အစေခံခွန်(servant tax)၊ တိရစ္ဆာန်ခွန်(head tax)၊ မြို့၀င်ခွန်(city entrance tax)နှင့် ကုန်သွယ်ခွန်(commercial tax) စသဖြင့် ရှိသော်လည်း စည်းကြပ်ခွန်(tariffs)တော့ မရှိပေ။
အာဘတ်စစ်စော်ဘွားနယ်၊ ခဲရပ်စပါစီနူ၊ မွန်ရိုဘုရင်နယ်မြေ၊ ဂိုဂူလျောတို့မှ ကုန်သည်အများစုမှာ အလယ်ပိုင်းလွင်ပြင်မှလူများကဲ့သို့ပင် ကုန်ပစ္စည်းများအား တူညီသော တန်ဖိုးဖြင့် ၀ယ်ယူနိုင်ကြသည်။
ထို့ကြောင့် တော်၀င်ရုံးတော်မှ အရှေ့အနောက် မွန်ဂိုဘုရင်နယ်မြေတို့အား သံမဏိကုန်စည်များ အထူးပြု တားမြစ်ပိတ်ဆို့ထားသည့်တိုင် ထိုခြေသလုံးအိမ်တိုင်လူမျိုးစုက အာဘတ်စစ်စော်ဘွားနယ်နှင့် ခဲရပ်စပါစီနူမှ သံမဏိဆက်စပ်ပစ္စည်းမျာအား လွယ်လင့်တကူ ရရှိနိုင်သည်။
ကုန်သွယ်ရေးမဏ္ဍိုင်အရလည်း ထိုသည်က အလွန်သဘာ၀မကျသည့် လုပ်ရပ်လည်းဖြစ်သည်။ သို့တိုင် နှစ်ပေါင်းများစွာ ကြာအောင် ကုန်သွယ်ခဲ့သည့်တိုင် စည်းကြပ်ခွန်နှင့် ပက်သက်သည့် အကြံအား မည်သူမှ မစဉ်းစားမိခဲ့ကြပေ။
မည်သူမှ အတွေးမ၀င်ခဲ့သည့်အတွက် ၀မ်ချောင်အနေဖြင့် ထိုသို့ ပြုလုပ်၍ ရကြောင်းအား အတင်းအကျပ် တိုက်တွန်း ပြောပြရလိမ့်မည်ဟု အတွေး၀င်လာသည်။
“ အဘိုးနဲ့ အကြီးအကဲများ ဆားနဲ့သံမဏိဟာ သီးသန့်ထုတ်ကုန်တွေ ဖြစ်ပါတယ်.. အဓိကကတော့ သံမဏိကုန်စည် ထုတ်လုပ်ရေးပေါ့.. မြေးရဲ့ အမြင်အရတော့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ရောင်း၀ယ်တယ်ဆိုရင် အဲ့ဒီအတွက် အခွန်ပေးဆောင်စရာ လုံး၀ မလိုဘူး... ဒီလိုဆိုရင် လူတိုင်းကလဲ ပိုသက်သာတဲ့ စျေးနဲ့ ၀ယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အခက်အခဲ ရှိမှာ မဟုတ်တော့ဘူ.. ”
“ ဒါပေမဲ့လည်း တစ်ယောက်ယောက်က သံမဏိကုန်စည်တွေကို မဟာထန်ကနေ ခဲရပ်စပါစီနူ၊ အာဘတ်စစ်စော်ဘွားနယ် ဒါမှမဟုတ် အရှေ့နဲ့အနောက် မွန်ရိုဘုရင်နယ်မြေတွေကို သယ်သွားချင်တယ်ဆိုရင် နယ်စပ်က ကျွန်တော်တို့ သတ်မှတ်ထားမယ့် စုရပ်မှာ အခွန်ဆောင်ခဲ့ရလိမ့်မယ်.. ဒါကို စည်းကြပ်ခွန်လို့ ခေါ်ပါတယ်.. ”
“ သံမဏိကုန်စည်တွေဟာ မဟာထန်ရဲ့ပိုင်နက်ထဲမှာ မရှိတော့ဘူးဆိုတာနဲ့ ဒီတိုင်းပြည်ထဲမှာလို စျေးနှုန်းကလည်း တူတော့မှာ မဟုတ်ဘူး.. ဒီလိုဆိုရင် ကျွန်တော်တို့က အခွန်ကို နှစ်ဆ(twofold)၊ သုံးဆ၊ လေးဆ စသဖြင့် တိုးသွားပြီး ပုံမှန်စျေးထက် ခြောက်ဆ လောက်အထိကို တင်ပစ်လို့ရတယ်.. ”
“ ဒီနည်းလမ်းနဲ့ဆိုရင် ဆားနဲ့သံမဏိ စျေးနှုန်းကို မထိခိုက်စေသလို မဟာထန်ရဲ့ ဘဏ္ဍာတိုက်အတွက်လည်း ငွေအများကြီး ရနိုင်တယ်.. ”
“ ဆားနဲ့သံမဏိကုန်စည် ကုန်သွယ်ခြင်းဟာ နောက်ကွယ်မှာ နိုင်ငံရေးလည်း ပါသမို့ ပမာဏက များမှာ အမှန်ပဲ.. ဒါကြောင့် ကျွန်တော်တို့က စည်းကြပ်ခွန် သတ်မှတ်လိုက်တာနဲ့ သူတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့တယ်.. ပထမအနေနဲ့ အရှေ့နဲ့အနောက် မွန်ရိုဘုရင်နယ်မြေဟာ သူတို့ရဲ့ အင်အားကို မြင့်တင်ဖို့ အထူးလိုအပ်တဲ့အတွက် သံမဏိကို ဘယ်စျေးနဲ့ဖြစ်ဖြစ် ၀ယ်ကို၀ယ်လိမ့်မယ်.. ဒါဆိုရင် ကျွန်တော်တို့က သူတို့ကို မတားနိုင်တော့ဘူးဆိုပေမဲ့ အနည်းဆုံးတော့ အင်ပါယာအတွက် ငွေအများကြီး ရတာပေါ့.... ”
“ ဒုတိယအနေနဲ့ စျေးနှုန်းက အရမ်းမြင့်လွန်းတဲ့အတွက် အရှေ့နဲ့အနောက် မွန်ဘုရင်နယ်မြေတွေက သံမဏိကုန်စည်တွေ ၀ယ်ယူဖို့ လက်လျော့လိုက်မယ်.. ဒါဆိုရင် ပိုတောင်ကောင်းသေးတယ်.. ကျွန်တော်တို့က ၀င်ငွေ အမြောက်အမြား ဆုံးရှုံးရမယ်ဆိုပေမဲ့.. နှစ်နိုင်ငံအကြား သံမဏိကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားမှာဖြစ်တဲ့အတွက် သူတို့ရဲ့ စစ်တပ်အင်အားကို လျော့ချနိုင်လိမ့်မယ်... ဒါက ကျွန်တော်တို့ရဲ့ ဦးတည်ချက်အမှန် မဟုတ်ဘူးလား... ”
“ ပြီးတော့ စည်းကြပ်ခွန်ကို ဆားနဲ့ သံမဏိကိုပဲ သီးခြား ကောက်ခံမယ်.. ဒါကြောင့် တစ်ခြား ထုတ်ကုန်တွေကို သက်ရောက်မှုရှိမှာ မဟုတ်တဲ့အတွက် အင်ပါယာအရှင်အနေနဲ့လည်း တစ်ခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပျက်စီးသွားမှာကို စိတ်ပူစရာမရှိတော့ဘူး... ”
“ ဒါပေါ့.. စည်းကြပ်ခွန်က ဆားနဲ့ သံမဏိကုန်စည်တွေအတွက်ပဲ ဘယ်ဟုတ်လိမ့်မလဲ.. ဘယ်အရာအတွက်မဆို သတ်မှတ်လိုက်လို့ရတယ်.. အခွန်က သတ်မှတ်ထားတဲ့ အဆင့်ကို မကျော်သရွေ့ ဒီအပြောင်းအလဲက လက်တွေ့ အသုံးချလို့ ရတယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီကိစ္စက ဒီနေရာမှာ ကျွန်တော် မတ်တပ်ရပ်ပြီး ပြောလိုက်ယုံနဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး.. တော်၀င်ရုံးတော်ကို တင်ပြပြီးမှပဲ အဖြေထွက်လာလိမ့်မယ်.. ”
စကားအဆုံး၌ ၀မ်ချောင် သူ၏ ဦးကြီးအား ကြည့်လိုက်သည်။
အစည်းအဝေးခန်းမအတွင်းရှိ လူအားလုံးမှာ ၀မ်ချောင်၏ စကားများအား ၏သည်မရွေ့ ဂရုတစိုက်နားထောင် လျက်နေကြသည်။ အစ၌ ၀မ်ချောင်၏ အကြံအစည်အား မျှော်လင့်ထားခြင်းမရှိသော်လည်း သူတို့ နားထောင်လေလေ သူတို့၏ မျက်လုံးများ တောက်ပလာလေလေပင်။ အစ၌ ၀မ်ချောင်၏ အကြံအား ဆန့်ကျန်ခဲ့သည့် အကြီးအကဲဇောင်မှာ စကားဆုံးသည်တွင် ၀မ်ချောင်အား အံ့သြတုန်လှုပ်ဟန်ဖြင့် ငေးကြည့်နေလေသည်။
အကယ်၌ သူကိုယ်တိုင် မျက်မြင်ကြုံတွေ့နေရခြင်း မဟုတ်လျှင် ထိုစကားလုံးများက ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက်ထံမှ ထွက်လာခြင်းဖြစ်ကြောင်း ရိုက်ပြောလျှင်ပင် ယုံကြည်မည် မဟုတ်ပေ။
စည်းကြပ်ခွန်၊ စည်းကြပ်ခွန်... သူတို့အားလုံးသည် မြောက်ဘက်ရှိ အရှေ့အနောက် မွန်ဂိုဘုရင်နယ်မြေ၏ ပြဿနာမှာ နယ်စပ်မှ သံမဏိကုန်စည် စီးဆင်းလေလေ ထိုသူတို့ ပိုမို သန်မာလေလေ ဖြစ်ကြောင်းသာ တွေးမိကြသည်။ ထို့ကြောင့် အထွေထွေသံမဏိကုန်စည် ကုန်သွယ်ရေးအား မွန်ဂိုဘုရင်နယ်မြေ နှစ်ခုလုံးထံမှ ပိတ်ဆို့လိုက်ခြင်းဖြင့် တားဆီးရန် တိုက်ရိုက်နည်းလမ်းအား စဉ်းစားခဲ့ကြသည်။
တစ်ချို့မှာ လီသခင်လေး ပြောခဲ့သည့် တိုက်ခိုက်ရန်နှင့် စိမ့်၀င်ရန် အကြံအစည်အား တွေးထားကြသည်။ မည်သူကမှ စည်းကြပ်ခွန်အား သတ်မှတ်ခြင်းဖြင့် အရှေ့နှင့်အနောက် မွန်ဂိုဘုရင်ယ်မြေများထံ သံမဏိကုန်စည်စီးဆင်းမှုအား တိတ်တဆိတ် ကာကွယ်နိုင်ကြောင်း မတွေးမိကြပေ။
ထို့ထက်ပို၍ မဟာထန်၏ ဘဏ္ဍာရေးနှင့်ထောက်ပံ့ရေးဆိုင်ရာဌာန၏ အကြီးအကဲတစ်ဦးအနေဖြင့် အကြီးအကဲဇောင်မှာ ထိုအကြံအစည်အား အင်ပါယာအရှင် သဘောတူလိမ့်မည်ဖြစ်ကြောင်း ပြောနိုင်သည်။
တော်၀င်ရုံးတော်ရှိ လူစုကိုအား ထိုကိစ္စတင်ကာ သဘောတူညီမှု ရယူရန် အချိန်ယူရလိမ့်မည် မဟုတ်ချေ။ ထိုဘဏ္ဍာရေး၀န်ကြီးများက ထိုကိစ္စအား တတ်စွမ်းသမျှ တွန်းပို့ ကူညီပေလိမ့်မည်။
“ ဟားဟားဟား.... ရွှယ်ကျိချွယ်နဲ့ အဲ့ဒီ ဘဏ္ဍာရေး၀န်ကြီးဆိုတဲ့ကောင်တွေ အရှက်ရလွန်းလို့ ကြိုးရှာပြီး ကြိုးဆွဲချသေနေဦးမယ်.. ဒီကောင်တွေက ပြည်သူတွေကို အခွန်အမျိုးအမျိုးကောက်ပြီး ချွေးနဲစာကို ဓားပြတိုက်ဖို့ပဲသိတယ်.. ဒီလို အံ့အားသင့်ရလောက်တဲ့ စည်းကြပ်ခွန်မျိုးကိုကျ လစ်လျူရှုထားကြတယ်ဆိုပဲ.. ဘာလဲ အဲ့ဒီ ခဲရပ်စပါစီနူနဲ့ အာဘတ်စစ်စော်ဘွားနယ်က ကုန်သည်တွေက မချမ်းသာလို့လား... အဆီတ၀င်း၀င်းနဲ့ အသားတုံးတွေမှ ပေါနေတာကိုတောင် ဒီလိုနည်းလမ်းမျိုး မစဉ်းစားထွက်ကြဘူးကွာ... ”
ပေါင်ကို ရိုက်လိုက်ရင်း ကျောက်အကြီးအကဲ အူလှိုက်သဲလှိုက် ရယ်မောလိုက်သည်။
လူသားဧကရာဇ်
Chapter 98.
နှိမ့်ချသော စိတ်ထား
“ အဲ့တာတင်ပဲလား.. ဒီကောင်တွေက သူတို့ တာ၀န်၀တ္တရားကို ပျက်ကွက်တာပဲ.. ငါတို့လို အကြီးအကဲတွေ ဘာမှ ၀င်မပြောရင်တောင် ဒီသတင်းကို သူတို့ကြားတာနဲ့ ရှက်လွန်းလို့ ပုန်းနေကြလိမ့်မယ်... ”
အမတ်မင်းဟူမှ သဘောတူညီဟန်ဖြင့် ၀င်ရောက်ပြောဆိုသည်။
၀မ်ချောင် ရွှယ်ကျိချွယ်အား ကြားဖူးပြီး ထိုသူသည် တော်၀င်ရုံးတော်၏ ဘဏ္ဍာရေးဌာန အာဏာရှိသူ ဖြစ်၏။ ဂုတ်သွေးစုပ်ကောင် ဟူသည့် နာမည်ပြောင် ရထားသည်အထိ ပြည်သူများအား နေ့တဓူ၀ အခွန် တင်းကြပ် ကောက်ခံသည့်အတွက် ပြည်သူများစွာက သူ့အား ဆုတောင်းပဋ္ဌနာ ပို့သလျက်ရှိသည်။(သေခြင်းဆိုးနဲ့သေပါစေပေါ)ပြည်သူများအား အခွန်များစွာကောက်၍ တိုင်းပြည် ဘဏ္ဍာတိုက်အား ဖြည့်တင်းနေသည့်တိုင် ထိုသူ၏ စိတ်ရင်းမှာ ဆိုးရွားခြင်းမရှိပဲ သူကိုယ်တိုင်၏ မတော်လောဘကြောင့် ပြုလုပ်နေခြင်း မဟုတ်မှန်း ၀မ်ချောင် ကောင်းစွာ သိထားသည်။
သူ ကောက်ခံရရှိသည့် အခွန်များ အားလုံးကို တိုင်းပြည်၏ ဘဏ္ဍာတိုက်ထဲသို့ တန်းထည့်သည်။ ရွှေတစ်စပင် ကိုယ်တိုင်အတွက် သိမ်းယူခြင်း မရှိချေ။
“ ဟားဟား... ကျိုးအမတ်ကြီးရေ ချောင်သခင်လေးက တကယ်ကိုပဲ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ကလေးပဲ.. လက်ရှိ ကျုပ်ရဲ့ သိုင်းပညာအားနည်းမှုကြောင့် သူ့ရဲ့ ပါရမီကို အလဟဿ ဖြစ်မှာစိုးလို့သာပဲ.. မဟုတ်လို့ကတော့ သူ့ကို ကျုပ်ဘေးမှာ ခေါ်ထားမှာ အသေအချာပဲဗျို့.. ”
ကျောက်အကြီးအကဲမှ ၀မ်ချောင်အား ကျေနပ်အားရစွာ ကြည့်လျက်နေသည်။ ကျိုးအမတ်ကြီး၏ ဤအငယ်ဆုံး မြေးဖြစ်သူမှာ အမှန်ပင် အမြင်ဖွင့်ပေးသူဖြစ်သည်။ အင်ပါယာ၏ စစ်ရေးရာများအား ထိုမျှလောက် သိနားလည်သည့်သူမှာ ရှားပါးလှသလို ဘဏ္ဍာရေး၌လည်း အံ့မခမ်း ထူးချွန်နေပြန်သည်။
“ ဟားဟားဟား.. ကျောက်အကြီးအကဲ ဒီကိစ္စကို စိတ်ကူးတောင် မယဉ်မိလေနဲ့.. ကျိုးအမတ်ကြီးက ချောင်သခင်လေးကို ကျုပ်ဘေးကို ပို့ထားဖို့ ဆုံးဖြတ်ပြီးပြီ.. ဒါကြောင့် အဲ့ဒီလို အတွေးတွေကို လက်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်နော့..... ”
အမတ်မင်းယဲ့မှ တစ်ဖက်လူ၏ အတွေးအား သိနေသည့်အလား လှောင်ပြောင်လိုက်သည်။
ကျိုးအမတ်ကြီး၏ သားသုံးဦး၊ သမီးတစ်ဦး၊ မြေးလေးဦး၊ မြေးမနှစ်ဦးနှင့် တူတော်မောင်ထဲ၌ ဤ ချောင်သခင်လေးသည်သာ သူ၏ မျက်လုံးအား တောက်ပအောင် စွမ်းဆောင်နိုင်စွမ်း ရှိသူ ဖြစ်လေသည်။
“ ဟားဟား.... သူ့အတွက်နဲ့ မတိုက်ခိုက်ကြပါနဲ့.. ကလေးက အသက်ငယ်ငယ်လေးရှိပါသေးတယ်.. အနာဂတ်မှာ မင်းတို့ရဲ့ အကူအညီကို လိုအပ်လာမှာပဲလေ.. မင်းတို့ တစ်ယောက်မှ မငြင်းကြဘူးမလား... ”
ခန်းမ၏ ထိပ်၌ ထိုင်နေရင်း သခင်ကြီး အလွန် ကျေနပ်နေလေသည်။ ဟာသလိုလို တည်တည်တန့်တန့်လိုလိုနှင့် သူ၏ နောက်လိုက်ဟောင်းများအား အမိန့်ပေးလိုက်သည်။
“ ဒါပေါ့.. ဒါပေါ့...... ”
အကြီးအကဲများက ချက်ချင်းပင် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။ ကျိုးအမတ်ကြီးမှာ ချောင်သခင်လေးအား သူ၏ ဆက်ခံသူအဖြစ် ရွေးချယ်မည်လား အတပ်မသိနိုင်သော်လည်း သေချာသည်ကတော့ သခင်ကြီးမှာ ၀မ်ချောင်အား လက်သပ်မွေးတော့မည် ဖြစ်သည်။
“ ကျန်အာ.. မင်း ဒီစကားတွေကို ကြားတယ်မလား.. မင်းက တော်၀င်ရုံးတော်မှာ အာဏာရှိတဲ့သူပဲ ဒါကြောင့် မင်း ဒီကိစ္စကို ကိုင်တွယ်ဖို့ တွေးထားလိုက်တော့.. ”
သခင်ကြီးက ဦးကြီး၀မ်ကျန်ရှိရာသို့ လှည့်ကာ ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ အဖေ.... ”
၀မ်ကျန် ဖြေကြားလိုက်သည်။
စည်းကြပ်ခွန်နှင့် ပက်သက်သည့် ကိစ္စမှာ အလွန်ကြီးမားသည်။ အနည်းဆုံးအနေဖြင့် အင်ပါယာ၏ ဘဏ္ဍာရေးနှင့် အခွန်တော် ပမာဏအား သက်ရောက်မှုရှိသည်။ အများဆုံးအနေဖြင့် အင်ပါယာ၏ စစ်မက်ရေးအား သက်ရောက်မှုရှိသည့်အတွက် တိုက်ပွဲမြေပြင်ရှိ ထောင်ပေါင်းများစွာသော စစ်သည်များ၏ အသက်ဘေးအား ကယ်တင်နိုင်ပေလိမ်မည်။
အကယ်၍ ယနေ့မှာ သခင်ကြီး၏ မွေးနေ့စားပွဲတော် မဟုတ်ပါက ချက်ချင်းပင် တော်၀င်ရုံးတော်သို့ အပြေးသွားကာ သူ၏ အပေါင်းအဖော်များအား ဆင့်ခေါ်ကာ အကျေအလည် ဆွေးနွေးနေမည် ဖြစ်ပေသည်။ ထိုသည်က သူ၏ အင်ပါယာအပေါ် မည်မျှ ချစ်ခင်ကြောင်းသာမကပဲ ဤကိစ္စနှင့် စပ်လျဉ်း၍ ရရှိမည့် ဆုလာဘ်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါ၀င်သည်။
ကိုင်တွယ်မည့်သူ၏ အမည်သာလျှင် ကောင်းကျိုးရရှိမည့်သူ ဖြစ်သည်မဟုတ်ပါလား။ ၀မ်ကျန်၏ အတွေ့အကြုံများအရ ထိုကိစ္စအား တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်သည်။
ပို၍ အရေးပါသည့်အရာမှာ ၀မ်ချောင်မှာ ဆယ့်ငါးနှစ်သာ ရှိသေးသည့်အတွက် ဤကိစ္စရပ်၌ ကောင်းကျိုးရရှိရန် မဖြစ်နိုင်ပေ။ တော်၀င်ရုံးတော်၌ ထိုကိစ္စအား တင်ပြဆွေးနွေးမည့် ၀မ်ကျန် သူသာလျှင် အကြီးမားဆုံး အကျိုးခံစားရပေလိမ့်မည်။
ဤဖြစ်ရပ်မှာ နိုင်ငံရေးသမိုင်း၌ လှပသည့်မှတ်ကျောက်တစ်ခုအဖြစ် ကျန်ရစ်ပေလိမ့်မည်။ အချိန်နှင့်အမျှ ထိုသည်က သူ၏ အောင်မြင်မှု ဖြစ်သွားပေလိမ့်မည်။ ၀မ်ချောင်က ထိုကြီးမားသည့် အကျိုးပြုမှုအား သူ့လက်ထဲသို့ ကိုယ်တိုင် လာထည့်ပေးသည်ဟု ပြော၍ ရနိုင်သည်။
“ ဟုတ်သားပဲ.... ချောင်သခင်လေးက ဘယ်လိုလုပ်ပြီး စည်းကြပ်ခွန် ထုတ်ပြန်ဖို့ စဉ်းစားမိသွားတာလဲ... ”
အမတ်မင်းယဲ့ သိလိုစိတ်ဖြင့် မေးလိုက်သည်။
၀မ်ချောင်၏ မြောက်အရပ်ရှိ အရှေ့နှင့်အနောက် မွန်ဂို ဘုရင်နယ်မြေများအကြောင်း ဤမျှ အသက်ငယ်ငယ်နှင့် သိနေသည်အား စစ်သူကြီးဖြစ်သည် ၀မ်ယန်၏ ကောင်းမှုကြောင့်ဟု သတ်မှတ်၍ ရသေးသည်။ ထိုသို့သော မိသားစု၌ ကြီးပြင်းလာသည့် ၀မ်ချောင်မှာ ထိုအကြောင်းအရာများအား မြင်ဖူး ကြားဖူး မည်ဖြစ်ရာ ၀မ်ချောင် ထိုရှူထောင့်၌ ပါရမီပါသည်အား နားလည်၍ ရနိုင်သည်။
သို့သော် စည်းကြပ်ခွန်မှာတော့ လုံး၀ မတူညီသည့်အရာ ဖြစ်သွားပေပြီ။ ထိုသည်က ပါရမီဟူသည့် စကားလုံးဖြင့် ရှင်းလင်း၍ ရနိုင်သည့်အရာ မဟုတ်တော့ပေ။
“ ဟီးဟီး..... ”
ထိုစကားအား ကြားသည်တွင် ၀မ်ချောင် ရယ်လိုက်သည်။ သူပြောခဲ့သမျှ စကားလုံး တစ်ခုစီတိုင်းသည် ယခုအခြေအနေအတွက် ပြင်ဆင်ထားခြင်းသာ ဖြစ်ပေသည်။
“ အကြီးအကဲတို့အားလုံးက ကျွန်တော့်ကို အထင်ကြီးနေတာပါ.. ကျွန်တော်က ဘယ်လိုလုပ် ဒီလိုအရည်အချင်း ပိုင်ဆိုင်နိုင်မှာလဲ.. တကယ်တော့.. ကျွန်တော် ဒီအကြောင်းအရာကို ၀မ်းကွဲအစ်ကို ၀မ်လီဆီကနေ ကြားဖူးတာပါ.. ”
“ ဘယ်လို..... ”
လူတိုင်း မှင်သက်သွားကြသည်။ ၀မ်လီအား အလျင်အမြန် ကြည့်လိုက်ကြသည်။
၀မ်ချောင်၏ တင်ဆက်နေမှုများကြောင့် မှုန်ကုပ်ကုပ် မျက်နှာပေးဖြင့် ၀မ်လီ၏မျက်နှာမှာ တစ်လျှောက်လုံး ဆိုးဝါးနေသည်။ မည်သို့ဆိုစေ ထိုစကားများအား ကြားသည်တွင် ရုတ်ချည်း ခေါင်းထောင်လာကာ ၀မ်ချောင်အား မယုံကြည်နိုင်မှုကြောင့် ကြောင်ကြည့်နေသည်။
“ ဟားဟား.... ၀မ်းကွဲအစ်ကို ကြည့်ရတာ မေ့နေတယ်ထင်တယ်.. အရင်တုန်းက မင်းဒီကိစ္စပြောပြခဲ့တုန်းက ငါပြောနေလဲ အလဟဿပဲ တော်၀င်ရုံးတော်က လူတွေက မင်းရဲ့စကားကို နားထောင်ပေးကြမှာမှ မဟုတ်တာလို့ ပြောခဲ့တာ မှတ်မိသေးတယ်.. မင်းရဲ့စိတ်က စစ်ရေးမှာပဲ ရောက်နေတော့ ဒီကိစ္စကို မေ့သွားတာ မဆန်းပါဘူးကွာ.. ဒါကြောင့် ငါက မင်းအစား ပြောပေးတာပါ.. ဟားဟား.. ၀မ်းကွဲအစ်ကို ဒါကို လုံး၀ မထင်ထားဘူး မဟုတ်လား... ”
၀မ်လီအား ၀မ်ချောင် တိတ်တဆိတ် မျက်စိ တစ်ဖက်မှိတ်ပြလိုက်သည်။
၀မ်ချောင်အနေဖြင့် အကြီးအကဲများရှေ့၌ အချိန်မတိုင်မှီ များစွာ ထုတ်ဖော်ပြသရန် ဆန္ဒ မရှိချေ။ ထို့ကြောင့် ၀မ်းကွဲ၀မ်လီအား ကူညီရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
၀မ်ချောင်မှာ ၀မ်းကွဲအစ်ကိုသည် မကောင်းသည့်သူ မဟုတ်ကြောင်း စိတ်ရင်းနှင့် ယုံကြည်ထားသည်။ ဒေါသကြောင့် ၀မ်ကလန်အား စွန့်ခွာကာ ပျောက်ကွယ်သွားခဲ့သော်လည်း ၀မ်ကလန် ယိုင်နဲ့နေချိန်၌ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း ပြန်လာခဲ့လေသည်။
ယခုပင်လျှင် ၀မ်ချောင်သည် ၀မ်ကလန် ပြိုလဲသွားချိန်၌ လမ်းပေါ်ထွက်ချိန် မည်သို့ အနိုင်ကျင့်ခံခဲ့ရသည်ကို မှတ်မိနေသေးသည်။ အဆုံး၌ ၀မ်းကွဲအစ်ကို၀မ်လီ ပေါ်လာပြီး ထိုသူများအား တိုက်ခိုက်ပေးခဲ့သည်။ ၀မ်ချောင် ထိခိုက်ဒဏ်ရာရချိန်၌ သူ့အား ကျောပေးကာ ကာကွယ်ပေးခဲ့သူဖြစ်ပြီး အေးစက်စက်ဖြင့် ‘ ငါ ဒါကို မင်းအတွက် လုပ်တာ မဟုတ်ဘူး..’နှင့် ‘ ငါ ဒီကောင်တွေကို ကြည့်မရလို့ ’ဟူ၍ ပြောဆိုနေသော်လည်း သူ့အား လာရောက်ကယ်ဆယ်မှန်း ၀မ်ချောင် သိပေသည်။
ထို့အချိန်မှ ၀မ်ချောင်မှာ ၀မ်းကွဲအစ်ကိုသည် အေးစက်စက်မျက်နှာနှင့် နွေးထွေးသည့်နှလုံးသားရှိသည်သူမှန်း သိလိုက်ရသည်။ မည်မျှပင် ခက်ခက်ခဲခဲ ရှင်သန်နေရပါစေ မည်မျှပင် ဖိနှိပ်ခံရပါစေ သူတို့နှစ်ဦးစလုံးက ၀မ်ကလန်၏ မျိုးဆက်များဖြစ်ကြောင်း မပြောင်းလဲနိုင်ပေ။
စည်းကြပ်ခွန်မှာ သူ့အတွက် မည်သည့် ကောင်းကျိုးမှ မရှိသော်လည်း ၀မ်လီအတွက်ဆိုလျှင် အလွန်အသုံး၀င်မည်မှန်း ၀မ်ချောင် သိပေသည်။
“ လီအာ... ဒါအမှန်ပဲလား.... ”
ပထမဦးစွာ စကားဆိုသူမှာ ဦးကြီး၀မ်ကျန် ဖြစ်ပေသည်။
အစည်းအဝေးခန်းမရှိ လူအားလုံးက ၀မ်လီအား စိုက်ကြည့်နေကြသည်။
“ ဒါက...... ”
၀မ်လီ တုံ့ဆိုင်းနေသည်။
“ ဟားဟား.. ၀မ်းကွဲအစ်ကို မင်းက တကယ်မေ့နေတာပဲ.. ပြီးခဲ့တဲ့နှစ်တုန်းက ငါ ၀မ်းကွဲအစ်မ ကျူးယန်ကို လာရှာတဲ့အချိန် မင်းနဲ့တွေ့ခဲ့တာလေ.. အဲ့အချိန်တုန်းက မင်းက တောင်အတုပေါ်မှာ ထိုင်နေပြီး မင်းတစ်ယောက်တည်း ပြောနေခဲ့တာ.. ပြီးတော့ ငါခိုးနားထောင်နေမှန်းလဲ မင်းသိသွားရော ဒေါသထွက်ပြီး ငါ့ကိုတောင် အိမ်လာလည်ခွင့် ပိတ်လိုက်သေးတယ်လေ... မင်း အကုန်လုံး မေ့သွားတာလားဟ.. ”
၀မ်ချောင် ယုံကြည့်ချက်ရှိစွာဖြင့် ပြောနေရာ ၀မ်လီပင် ယုံချင်ချင် ဖြစ်သွားသည်။
“ လီသခင်လေး.. တကယ်ပဲ ဒီကိစ္စ ဖြစ်ခဲ့တာလား... ”
သခင်ကြီး၏ နောက်လိုက်ဟောင်းများ များစွာက မေးလိုက်ကြသည်။
“ ကျွန်တော်.... ပြောခဲ့တယ်.... ထင်တာပဲ... ”
၀မ်လီ ထိုမေးခွန်းအား ဖြေဆိုရန် အတန်ကြာ တုံ့ဆိုင်းနေသည်။ လွန်ခဲ့သော နှစ်က ဖြစ်ရပ်အား သူမည်သို့ မှတ်မိနေမည်နည်း။ ထို့အပြင် ထိုနှစ်အတွင်း သူစကားများစွာ ပြောခဲ့ရာ သူ ပြောခဲ့သမျှ စကားများအားလုံးကို မည်သို့ မှတ်မိနေလိမ့်မည်နည်း။
“ ဟားဟား... ကျိုးအမတ်ကြီး ဂုဏ်ယူပါတယ်ဗျာ.. ကြည့်ရတာ လီသခင်လေးက စစ်ရေးထက် နိုင်ငံရေးကို ပိုအားသန်တဲ့ ပုံပဲဗျ... ”
ကျောက်အကြီးအကဲမှ သခင်ကြီးအား ရုတ်ချည်း ပြောလိုက်သည်။
ကျိုးအမတ်ကြီး၏ အကြီးဆုံးသားဖြစ်သူ ၀မ်ကျန်မှာ တော်၀င်ရုံးတော်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး နိုင်ငံရေးလောက၌ အနေအထားတစ်ခုအထိ ရပ်တည်ထားနိုင်သည်။ လီသခင်လေးမှာ ထိုအခြေအနေနှင့် ကြီးပြင်းလာရသည့်အတွက် အကြီးဆုံး သခင်လေးထံမှ တစ်ခုနှစ်ခု သင်ယူထားကာ နိုင်ငံရေး၌ ပါရမီတစ်ချို့ ပိုင်ဆိုင်နေခြင်းက သဘာ၀ကျပေသည်။
အကယ်၍ စည်းကြပ်ခွန်မှာ လီသခင်လေး၏ အတွေးအမြင်များ ဖြစ်ပါက အရာအားလုံးက အဓိပ္ပာယ် ပြည့်စုံသွားပြီဖြစ်သည်။
“ လီသခင်လေးက တကယ်ပဲ အစိုးရနိုင်ငံရေးနဲ့ သင့်တော်တာပဲ.. တကယ်လို့ ဒီအတိုင်းသာ ဆက်ပြီး တိုးတက်လာမည်ဆိုရင် အကြီးဆုံးသခင်လေးရဲ့ နေရာကိုတောင် ဆက်ခံပြီး တော်၀င်ရုံးတော်ရဲ့ ရာထူးကြီး မင်းမှုထမ်းတစ်ဦး ဖြစ်လာနိုင်တယ်.. ”
၀မ်ချောင် ဤကိစ္စအပေါ် သူ၏ ထင်မြင်ချက် ရှိပြီးသားဖြစ်သည်။
မည်သို့ဆိုစေ ၀မ်ကျန်က သူ့အား စစ်တပ်ထဲသို့ ၀င်ရန် ထောက်ခံထားသည်ဖြစ်ရာ သခင်ကြီးက ထိုသို့သော အရေးအား ၀င်ရောက် ပြောဆိုမည် မဟုတ်ပေ။ ခြုံပြောရလျှင် သူက နိုင်ငံရေးနှင့် စစ်ရေး နှစ်ခုလုံး၌ ထူးချွန်ပေရာ မည်သည့်နေရာဖြစ်စေ သူ့အတွက် ကိစ္စမရှိပေ။
မည်သို့ဆိုစေ ဤအကြံအစည်မှာ ၀မ်လီထံမှဖြစ်ကြောင်း ပြောဆိုလိုက်သည်က ၀မ်လီအား သူ့ဖခင်နောက်လိုက်ကာ တော်၀င်ရုံးတော်၌ ပို၍ ထွန်းတောက်လာနိုင်ချေများပေသည်။
“ ဒီကိစ္စကို ငါတို့ နောက်မှ ပြောကြမယ်.. လီအာ မြေးရဲ့၀မ်းကွဲညီ ၀မ်ချောင်ကို ကျေးဇူးတင်လိုက်လေ.. သူ့ကြောင့်သာမဟုတ်ရင် ဒီအကြောင်း ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ဘူး.. ”
စကားတစ်ခွန်းတည်းနှင့် သခင်ကြီးက လူတိုင်း၏ အာရုံအား ၀မ်ချောင်ထံ ပြန်ပို့လိုက်သည်။
“ အမှန်ပဲ... ချောင်သခင်လေးက တကယ် အတုယူဖို့ကောင်းတယ်.. သူ့မှာ မတော်လောဘမရှိဘူး.. ”
“ ကလန်သားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်တာက ကောင်းတဲ့အရာပဲ.. ”
“ ငယ်ငယ်လေးနဲ့ ဒီလိုမျိုး အကျင့်စရိုက်မျိုး ပိုင်ဆိုင်ထားတာ တကယ် ရှာမှရှားပဲ.. ”
.....
အကြီးအကဲများက ၀မ်ချောင်အား ကြည့်ကာ ချီးမွန်းနေကြသည်။ သူ့အပေါ် သူတို့၏ အမြင်များက အလွန်တိုးတက်နေပြီဖြစ်သည်။ ကလန်ကြီးများတွင် အကျိုးပြုခြင်းနှင့် ယှဉ်ရာတွင် အမျိုးဆိုသည်မှာ ဒုတိယနေရာ၌သာ ရှိပြီး ၀မ်ကလန်ကဲ့သို့သော ၀န်ကြီးနှင့်စစ်သူကြီးများကလန်သည်လည်း ထို့အတူပင်။ အခြားသူအား အခွင့်အရေးပေးလိုက်ခြင်းက အလွန်ရှားပါးပြီး တန်ဖိုးထားသင့်သည့် ကိုယ်ရည်ကိုယ်သွေးဖြစ်သည်။
၀မ်ချောင်က ရိုးသားသည်သာမက နှိမ့်ချတတ်သည်မှာ လူအားလုံး၏ အမြင်၌ နိမ့်ကျနေခြင်း မရှိသည့်အပြင် ပို၍ အကောင်းမြင်ကြပေသေးသည်။
“ ချောင်သခင်လေး ကျုပ်တို့ အနာဂတ်မှာ ပိုပြီး တွေ့ဆုံကြတာပေါ့.. ကျုပ်တို့ ကျောက်ကလန်က မြို့တော်မှာ စံအိမ်ခြံ၀င်း အတော်များများ ပိုင်ဆိုင်ထားပါတယ်.. အားတဲ့အချိန် အလည်လာခဲ့ပါဦး... ”
ခန်းမအတွင်းရှိ ကျောက်အကြီးအကဲနှင့် အခြားအကြီးအကဲများက ၀မ်ချောင်အား ဖိတ်ခေါ်လိုက်ကြသည်။
၀မ်ချောင်၌ ဤကိစ္စတွင် အသိအမှတ်ပြုမှုအား ခိုးယူနိုင်သည့်အခွင့် ရှိပေသည်။ အကယ်၍ သူသာ ထုတ်မပြောခဲ့လျှင် ကာယကံရှင် ကိုယ်တိုင်ပင် မေ့နေသည့်ကိစ္စ မဟုတ်ပါလား။ အခြားသူများ၏ လုပ်ရပ်အား ခိုးယူကာ အကျိုးခံစားခွင့်ယူသည်က နိုင်ငံရေးနှင့် စစ်ရေး၌ ဖြစ်နေကျသာဖြစ်ပြီး အဆင့်တစ်အရာရှိမင်းမှုထမ်းများပင် ထို ထုံးစံမှ မလွတ်ချေ။
အကယ်၍ လူတစ်ယောက်က အခြားသူတစ်ယောက်၏ အကျိုးပြုမှုအား ရယူလိုစိတ်မရှိပဲ သာတူညီမျှ ဆက်ဆံပါက ထိုသူသည် အမှန်ပင် ခေါင်းဆောင်ကောင်း၏ အကျင့်သိက္ခာရှိသူ ဖြစ်ပေသည်။
ထိုသည်က သူတို့အနေဖြင့် ကျိုးအမတ်ကြီးအား သစ္စာရှိရသည့် အကြောင်းရင်းဖြစ်ပြီး ဓားတောင်ကို ကျော်၍ မီးပင်လယ်အား ဖြတ်ကူးခိုင်းမည်ဆိုလျှင်ပင် မျက်တောင်တစ်ခတ်တွန့်ကြမည် မဟုတ်ကြပေ။
၀မ်ချောင်မှာ ဤ စည်းကြပ်ခွန်ဖြစ်ရပ်ကြောင့် အကြီးအကဲများက သူပအား သခင်ကြီးနှင့်တန်းတူ တွေးတောနေကြသည်အား လုံး၀ မသိနေပေ။
အနာဂတ်မှာ မရေရာသည့်တိုင် လူအုပ်ကြီးသည် ကျိုးအမတ်ကြီး၏ အငယ်ဆုံးမြေးဖြစ်သူသည် အခြားသူတို့၏ နှလုံးသားအား သြဇာတိက္ကမဖြင့် အနိုင်ရကာ ကျိုးအမတ်ကြီး၏ အာဏာအား ဆက်လက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ခံစားမိကြသည်။
----- အမှန်တွင် လူအုပ်အတွင်းမှ တိတ်ဆိတ်နေသည့် ဆံဖြူအဘိုးကြီး အများစုသည်လည်း ထိုအခြင်းအရာအား ခံစားမိပြီး ဖြစ်နိုင်သည်။
၀မ်ချောင် ပြုံးနေသည်။ အကြီးအကဲများ၏ သူ့အပေါ် အထင်အမြင်များက အနည်းငယ် ထူးဆန်းနေသော်လည်း ထိုအကြောင်းအား သူ များစွာ မတွေးမိပေ။
၀မ်ချောင်အနေဖြင့် ၀မ်းကွဲအစ်ကို ၀မ်လီသည် စစ်ရေးထက် နိုင်ငံရေး၌ ပိုမို ဖြစ်နိုင်ချေ ရှိကြောင်း စိတ်ရင်းဖြင့် ယုံကြည်သည်။
ထိုသို့သော အရည်အချင်းအား မြေမမြှုပ်လိုက်သင့်ပေ။ တစ်နည်းဆိုရပါက ၀မ်းကွဲ၏ ကျရှုံးမှုက ၀မ်ကလန်၏ ဆုံးရှုံးမှုလည်း ဖြစ်သည် မဟုတ်ပါလား။ ၀မ်ချောင်မှာ အနာဂတ်တွင် သူ၏ ယနေ့အမြင်စူးရှမှုကြောင့် သူ့အား ကျေးဇူးတင်မည်ကို ယုံကြည်မိသည်။
ပြီးနောက် ၀မ်ချောင် တိတ်ဆိတ်စွာဖြင့် အမတ်မင်းယဲ့ဘေး၌ ရပ်လိုက်သည်။ ယနေ့ သူ လုံလုံလောက်လောက် တင်ဆက်ခဲ့ပြီးဖြစ်ကာ အလွန်အကျွံ ပြုလုပ်ခြင်းက အလုပ်မတွင်သည့်သာမက ပို၍ပင် နှောင့်နှေးစေနိုင်သည်။
၀မ်ချောင်သည်လည်း သူ့ကြောင့် လူအုပ်ကြီးအား အလွန်အမင်း မအံ့သြစေချင်ပေ။ ဆိုရလျှင် ယနေ့သည် ဘိုးဘိုးကြီး၏ ရက်မြတ်သာ ဖြစ်ပြီး သူ၏နောက်လိုက်များနှင့် ညီရင်းပမာ ပြောဆိုခွင့် ပေးသင့်သည် မဟုတ်ပါလား။
Chapter 99. ပြည်နယ်စစ်သေနာပတိများ
မည်သည့်အရာမှ အတိုင်းထက်အလွန် ဖြစ်၍ မကောင်းပေ။ သူ၏ ယခုလုပ်ရပ်များကြောင့် သူလိုချင်သည့် နေရာသို့ ရောက်နေပြီဖြစ်ရာ သူ စကားတစ်ခွန်းမှ ထပ်မံ မပြောဆိုတော့လျှင်ပင် ဘိုးဘိုးကြီးမှာ သူ့အား သူ၏ နောက်လိုက်ဟောင်းများနည်းတူ တန်ဖိုးထားကာ ပစားပေးမည်မှာ သေချာနေပေသည်။
မည်သို့ဆိုစေ ထပ်မံ ဆွေးနွေးသည့် အကြောင်းအရာမှာ ၀မ်ချောင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
“ ကျန်အာ တော်၀င်ရုံးတော်မှာ ဒီရက်ပိုင်း ဘာတွေများ ဆွေးနွေးနေကြလဲ.. ”
သခင်ကြီးနှင့် အပေါင်းအပါများ ဆွေးနွေးပြောဆိုနေရင်း ရုတ်တရက် ဦးကြီး၀မ်ကျန်ရှိရာသို့ လှည့်ကာ မေးလိုက်သည်။
‘ မြင့်မြတ်တဲ့ရုံးတော်ဟာ ပြည်သူတွေအပေါ် စိုးရိမ်ကြောင့်ကြပြီး သူတို့ အနားယူတဲ့အခါမှာ အင်ပါယာအတွက် စိတ်ပူတယ် ’ ဤအမှုထမ်းအိုကြီးများက မျိုးဆက်သစ်များအပေါ် လက်လွဲ ထားကြပြီး ဖြစ်သည့်တိုင် တော်၀င်ရုံးတော်နှင့် ပက်သက်သည့် ကိစ္စရပ်များအပေါ် စိတ်ပူနေဆဲပင်။
၀မ်ကျန်၏ နှုတ်ခမ်းက လှုပ်သယောင်ပြုလာပြီး ပြောဆိုရန် ဆန္ဒရှိသည့်တိုင် များမကြာမှီ စိတ်ပြောင်းသွားသည်။
“ များများစားစားတော့ မရှိပါဘူး.. တော်၀င်ရုံးတော်က ပြည်နယ်ကာကွယ်သူစစ်သူကြီးတွေကို ဒေသကြီးတွေဆီ စေလွှတ်ဖို့ ဆွေးနွေးကြပြီးတော့ ပြည်နယ်စစ်သေနာပတိ ဆယ်ယောက် ရွေးချယ်ပြီး ဒေသကြီးတွေကို တာ၀န်ယူထားခိုင်းပါတယ်.. ”
၀မ်...
ထို ပြည်နယ်စစ်သေနာပတိများ ဟူသည့် စကားစုအား ကြားသည်တွင် ၀မ်ချောင် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူ၏ စိတ်ထဲ၌ မုန်တိုင်းထန်နေပြီး သူကိုယ်တိုင် ကတုန်ကယင်ဖြစ်နေသည်။
“ ပြည်နယ်စစ်သေနာပတိများ........ ”
အစည်းအဝေးခန်းမအတွင်းမှ ‘ ပြည်နယ်စစ်သေနာပတိများ ’ဟူသည့် စကားစုအား ကြားရလိမ့်မည်ဟု ၀မ်ချောင် မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ အင်ပါယာကြီး ရင်ဆိုင်ရမည့် ‘ ကပ်ဘေး၏အရင်းအမြစ် ’ဖြစ်ပေသည်။ ၀မ်ချောင် ထိုသည်အား အစဉ်သိရှိခဲ့သော်လည်း စတင်မည့် အချိန်အား သူ မသိထားပေ။ ဦးကြီး၀မ်ကျန်၏ ပြောစကားအရ ထိုအရေးမှာ စတင်ခဲ့ပြီး နေချေပြီ။
ယခင် ၀မ်ချောင် ထိုအရေးကိစ္စအား သတိထားမိချိန်၌ နောက်ကျနေခဲ့ပြီးဖြစ်ကာ ထိခိုက်မှုအား အလွန် ပြင်းထန်နေချေပြီ။ အခြားအရာများကဲ့သို့ ၀မ်ချောင်မှာ ရလဒ်ကိုသာ သိထားခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးအား မသိထားပေ။
“ ပြည်နယ်စစ်သေနာပတိ.. ပြည်နယ်စစ်သေနာပတိ........ ”
၀မ်ချောင်၏ မုန်တိုင်းထန်နေသည့် စိတ်ထဲ၌ ထိုစကားလုံးက ပဲ့တင်ထပ်နေသည်။
‘ ထိုက်ကျန်း ကြင်ယာတော် ’နှင့် ပက်သက်သည့် အရေးမှာ တော်၀င်ရုံးတော် တစ်ခုလုံး၏ အာရုံအား ဆွဲဆောင်ခဲ့ရာ သူ၏ ဦးကြီး ထုတ်မပြောချင်သည်မှာ ထိုကိစ္စသာ ဖြစ်မည် ဖြစ်ကြောင်း ၀မ်ချောင် အတပ်ပြောနိုင်သည်။
မည်သို့ဆိုစေ ထိုပွက်လောရိုက်ခြင်းက လူတိုင်း၏ မျက်လုံးများကို စစ်မှန်သည့် အန္တရာယ်အား မျက်ကွယ်ပြုစေခဲ့သည်။ အားလုံး၏ အာရုံမှာ ‘ ထိုက်ကျန်း ကြင်ယာတော် ’အရေးအား စူးစိုက်နေကြချိန်တွင် လူတိုင်း၏ ရှေ့မှောက်၌ပင် ပျက်စီးခြင်းပန်းပွင့် ပွင့်လန်းနေသည်အား မည်သူမှ သတိမထားမိကြပေ။
၀မ်ချောင်အား ဥပမာယူရလျှင် အကယ်၍ ဦးကြီးဖြစ်သူမှ အရေးမပါသည့် အရာဟု မှတ်ယူကာ ဤနေရာတွင် မပြောခဲ့ပါက အင်ပါယာအား ပြိုလဲစေမည့် ရလဒ်ဖြစ်ပေါ်လာမည့် အရေးအား သတိထားမိမည် မဟုတ်ပေ။
၀မ်ချောင်မှာ ‘ ထိုက်ကျန်း ကြင်ယာတော် ’နှင့် စပ်ဆိုင်သည့်အရေးမှာ အင်ပါယာအပေါ် အတော်လေး ထိခိုက်မှုရှိမည်ကို သိနေသည့်တိုင် ‘ ပြည်နယ်စစ်သေနာပတိများ ’ ရွေးချယ်သည့် အရေးလောက် အရေးမပါမှန်း ကောင်းစွာ နားလည်ထားသည်။
အနည်းဆုံးအနေဖြင့် ထိုက်ကျန်းကြင်ယာတော် အရေးအခင်းသည် စုန့်ဘုရင်နှင့် ၀မ်ကလန်၏ ကံကြမ္မာအပေါ်ကိုသာ သက်ရောက်မည်ဖြစ်ပြီး ‘ ပြည်နယ်စစ်သေနာပတိများနှင့် စပ်ဆိုင်သည့် အရေး ’မှာ အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာအား အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်ပေသည်။
၀မ်ချောင် ခန်းမတစ်ခုလုံးအား ဝေ့ကြည့်လိုက်ရာ ဦးကြီးသာမက ဘိုးဘိုးကြီး၊ အကြီးအကဲယဲ့၊ အမတ်မင်းဟူ၊ အကြီးအကဲမာတို့ အပါအ၀င်.... မည်သူကမှ ထိုကိစ္စအား အလေးမထားကြကြောင်း မြင်လိုက်ရသည်။
ထို အရေးကိစ္စများနှင့် ပက်သက်၍ အာဏာရအမှုထမ်းဖြစ်သူ ဦးကြီး၀မ်ကျန်ပင်လျှင် ပေါ့ပေါ့တွေးနေသည်။ ဤကိစ္စ၏ အရေးပါမှုနှင့် ဖြစ်လာနိုင်ချေတို့အား ဦးကြီးဖြစ်သူပင် သတိမထားမိနေချေ။
“ အကြီးဆုံးသခင်လေး ပြည်နယ်စစ်သေနာပတိ ဆိုတာ ဘာကိုဆိုလိုတာလဲ.. ”
အကြီးအကဲယဲ့မှ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ ဒါက တော်၀င်ရုံးတော်ရဲ့ အဆိုပြုချက်အသစ်ပါ.. အရှေ့မြောက်ဘက်မှာ ခိတန်၊ ခူမိုရှီနဲ့ ဂိုဂူလျော၊ မြောက်ဘက်မှာ အရှေ့နဲ့အနောက် မွန်ဂိုဘုရင်နယ်မြေ၊ အနောက်ဘက်မှာ တိဗက်နဲ့ တောင်ဘက်မှာ တလီနဲ့ ဆူရပ် မျိုးနွယ်ခြောက်ခု ရှိနေတယ်မလား၊ ပြီးတော့ ကိုနာရှေဟာရဲ့ အနောက်ဘက်မှာလည်း အာဘတ်စစ်စော်ဘွားနယ်နဲ့ ခဲရပ်စပါစီနူ ရှိသေးတယ်.. ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဲ့ဒီ နိုင်ငံတွေက အလျင်အမြန် အားကောင်းလာပြီး သူတို့ရဲ့ စစ်တပ်အင်အားတွေဟာလည်း ပုံမှန်နှုန်းတစ်ခုနဲ့ တိုးတက်နေကြတယ်.. ရလဒ် အနေနဲ့ သူတို့ ပို ပိုပြီး လောဘတက်လာကြတယ်.. သူတို့ နယ်မြေချဲ့ထွင်ဖို့ စတင်တော့မယ်လို့ ပြောလို့ရတယ်.. ”
အကြီးအကဲယဲ့၏ မေးခွန်းအား ၀မ်ကျန်မှ ပြည်နယ်စစ်သေနာပတိများနှင့် ပက်သက်သည့် အရာအားလုံးအား စတင် ရှင်းပြလိုက်သည်။
“ အင်ပါယာ ပတ်ပတ်လည်မှာ ရန်သူတွေချည်းပဲ ဒါကြောင့် ရင်ဆိုင်နေရတဲ့ ဖိအားဟာလည်း တစ်နေ့တစ်ခြား တိုးတိုးလာနေတယ်.. အင်ပါယာအရှင်ဟာ ကာကွယ်သူစစ်သူကြီးတွေအစား ပြည်နယ်စစ်သေနာပတိတွေနဲ့ အစားထိုးဖို့ ဆုံးဖြတ်ထားတယ်.. ပုံမှန် ကာကွယ်ရေးတာ၀န်ကို ယူရမဲ့အပြင် စစ်သေနာပတိ တစ်ဦးစီတိုင်းကလည်း အင်အားဆက်လက်တိုးမြင့်နေဖို့နဲ့ သက်ဆိုင်ရာနယ်မြေတွေက အရင်းအမြစ်တွေကို တိုင်းတစ်ပါးရန်က ကာကွယ်ဖို့ပဲ.. ”
“ လက်ရှိမှာ.. ၀န်ကြီးချုပ်က ဒီကိစ္စကို ရှေ့ဆက်နိုင်ဖို့ ခွန်အားကုန် ထုတ်သုံးထားတယ်.. အဲ့တာထက် ရှေးရိုးအစဉ်အလာကို ဆန့်ကျင်ပြီး ဟူတွေ အပါအ၀င် ပါရမီရှိတဲ့သူတိုင်းကို ရာထူးတိုးပေးပြီး တိုင်းတစ်ပါး ကျူးကျော်သူတွေကို တားဆီးဖို့ လုပ်နေတယ်... ” ( ဟူ ဆိုတာက နိုင်ငံခြားသားတွေကို ပြောတာပါ.. တရုတ်လူမျိုးမဟုတ်တဲ့ တရုတ်ပြည်မှာ နေထိုင် အခြေချနေတဲ့သူတွေပေါ့.. )
ဘုန်း........
ဦးကြီး၀မ်ကျန်၏ စကားအား ကြားလိုက်ရသည်တွင် ၀မ်ချောင်၏ စိတ်ထဲ၌ အင်အား အဆင့် ၁၂ရှိ ငလျင် လှုပ်ခတ်သွားသည်ဟု ထင်မိသည်။ တကယ့်အန္တရယ်ဆိုသည်မှာ တည်ငြိမ်သည့် မျက်နှာပြင်အောက်၌ အစဉ် ပုန်းအောင်လေ့ရှိလေသည်။
ဦးကြီးသည် နိုင်ငံရေးကိစ္စများအပေါ် ထိလွယ်ရှလွယ် ရှိသလောက် သူပင်လျှင် ၀န်ကြီးချုပ်၏ ထောက်ခံမှုနောက်မှ တကယ့် အကြောင်းရင်းမှန်အား ခန့်မှန်းမိရန် ကျရှုံးနေသည်။
‘ ရှေးရိုးအစဉ်အလာကို ဆန့်ကျင်ပြီး ဟူတွေ အပါအ၀င် ပါရမီရှိတဲ့သူတိုင်းကို ရာထူးတိုးပေးပြီး တိုင်းတစ်ပါး ကျူးကျော်သူတွေကို တားဆီးဖို့ လုပ်နေတယ်... ’
သမိုင်း၌ ထိုစကားနှင့်ပက်သက်သည့် နောက်ဆက်တွဲ စကားစု ရှိသေးသည်။ ‘ စစ်သူကြီးနဲ့ ၀န်ကြီးတွေ ဖြစ်လာမဲ့ လမ်းကြောင်းမှာ ပါရမီကို တားမြစ်ခံရတယ်.. ’
ကံကောင်းမှုမှာ အစုံလိုက် လာသကဲ့သို့ ကံဆိုးမှုသည်လည်း တစ်ကိုယ်တည်း မဟုတ်ပေ။ ‘ ပြည်နယ်စစ်သေနာပတိများ စနစ် ’သည် ဟူများအား ၀န်ကြီးချုပ်၏ တရား၀င် အဆုံးစွန် ထောက်ခံပေါ်မှု ဖြစ်သလို ‘ စစ်သူကြီးနဲ့ ၀န်ကြီးတွေ ဖြစ်လာမဲ့ လမ်းကြောင်းမှာ ပါရမီကို တားမြစ်ခံရတယ်.. ’ ဟူသည့် အကြောင်းအရာတို့က အင်ပါယာ၏ အခြေခံအုတ်မြစ်အား ထိုးမည့် ပူးတွဲ ဓားနှစ်လက် ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထိုသည်တို့က အင်ပါယာ ပြိုလဲစေမည့် အဓိက အကြောင်းအရာများ အနှေးနှင့် အမြန် ဖြစ်လာမည် ဖြစ်၏။
“ ဒီ ဥပဒေက သိပ်မသင့်တော်သလိုပဲ.. အရင်မင်းဆက်တွေမှာတောင်မှ ဟူတွေကို နယ်စပ်စစ်သူကြီးတွေအဖြစ် အသုံးပြုတဲ့ ဓလေ့ ဒါမှမုတ် နယ်စပ်စစ်သူကြီးတွေကို အစိုးရဖက် ပြောင်းတာတို့ လုပ်တဲ့ ဓလေ့မှ မရှိခဲ့ပဲ.. ”
ဘေးဘက်မှ အကြီးအကဲဇောင် ပြောလိုက်သည်။ သူက စစ်တပ်နှင့် စပ်ဆိုင်သည့် ရိက္ခာထောက်ပံ့ရေးအား တာ၀န်ယူထားသည့်သူဖြစ်ရာ ထိုဥပဒေအသစ်မှာ အနည်းငယ် လွဲချော်နေသည်အား သတိထားမိလိုက်သည်။ မည်သို့ဆိုစေ ဟူများအား အရေးပါသည့် ရာထူးအား မပေးသင့်ဟူသည့် အရာမှလွဲ၌ သူမည်သည့် မှားယွင်းနေသည့် အရာကိုမှ ဆက်လက် မတွေးမိပေ။
“ ဒါက အင်ပါယာမင်းတရားကြီးရဲ့ ဆန္ဒပဲ.. ”
ဦးကြီး၀မ်ကျန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ ၀န်ကြီးချုပ်က အရှင်မင်းကြီးကို ကျောင်းတော်သားတွေဟာ စစ်သူကြီးတွေ အဖြစ် တာ၀န်ထမ်းဆောင်ဖို့ သတ္တိမရှိကြဘူး စစ်ပွဲမှာ စစ်သည်တွေလိုမျိုး ရဲရင့်ပြီး ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တယ်လို့ ကျုပ် ကြားလိုက်ရတယ်.. ဒါကြောင့် အရည်အချင်းရှိပြီး ငယ်စဉ်ကတည်းက ဒုက္ခတွေ ခံစားဖူးတဲ့ ဟူတွေက ပိုသင့်တော်တယ်ပေါ့.. ဟူတွေက သတ္တိရှိယုံတင်မကဘူး အတိုက်အခိုက်လဲကောင်းကြတယ် သူတို့က မျိုးနွယ်တူလို့ဆိုပြီး မတိုက်ပဲနေမဲ့သူတွေလဲ မဟုတ်ဘူး.. အရှင်မင်းကြီးကသာ သူတို့အပေါ် သမာသမတ်ရှိမယ်ဆိုရင် ဒီလူတွေက အရိုးကြေကြေ အရည်ခမ်းခမ်း သစ္စာခံမဲ့သူတွေပဲ.. ဒီစကားတွေ ကြားပြီးနောက် အရှင်မင်းကြီးက အကျိုးသင့် အကြောင်းသင့်ရှိတယ်ဆိုပြီး ဒီကိစ္စကို ဂရုတစိုက် ထုတ်ပြန်လိုက်တာပဲ.. ”
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကယ်၍ ဤဖြစ်ရပ်၌ အင်ပါယာအရှင်၏ ဆန္ဒ ပါ၀င်နေသည်ဆိုပါက ပြဿနာတက်ချေပြီ။ ဆိုရလျှင် ထိုဥပဒေအား ဆန့်ကျင်သူတိုင်းက အင်ပါယာအရှင်၏ ဆန္ဒအား ဆန့်ကျင်နေတော့မည် မဟုတ်ပါလား။
ထို့ထက်ပို၍ ထိုဥပဒေသည်လည်း ဆိုရလောက်သည်အထိ ဆိုးရွားခြင်း မရှိနေပေ။
“ ကာကွယ်သူတွေကို ပြည်နယ်စစ်သေနာပတိတွေနဲ့ အစားထိုးတာက လက်ခံလို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.. ပြီးတော့ ဟူတွေက တိုက်ပွဲကို နှစ်သက်တယ်.. မဟာထန်မင်းဆက်ကို တည်ထောင်ခဲ့တာ ရာစုနှစ်နဲ့ချီနေပြီဆိုတော့ ကျုပ်တို့ တိုင်းပြည်ထဲက ဟူတွေကလည်း ကျုပ်တို့ရဲ့ အသိုင်းအဝိုင်းအဖြစ် နေနေကြပြီပဲ.. အင်ပါယာထိုက်ကျုံး လက်ထက်ကတည်းက ချီဘီ ဟယ်လီနဲ့ အာရှီးနား ရှီယာတို့လိုမျိုး အခုဆိုရင်လည်း ကျိရှီး စိလီနဲ့ ဖူမုန့် လင်းချာ အဲလို ဟူတွေ ရှိနေတာပဲ.. ဒီလူတွေအကုန်လုံးက တော်၀င်ရုံးတော်ကို အကြွင်းမဲ့ သစ္စာရှိတဲ့ အမှုထမ်းတွေပဲလေ.. ၀န်ကြီးချုပ်ပြောခဲ့သလိုပဲ ဟူတွေကိုသာ တရားနည်းလမ်းကျကျ ဆက်ဆံမယ်ဆိုရင် သူတို့ကလည်း သေချာပေါက် သူတို့အသက်ကို တော်၀င်ရုံးတော်အတွက် ပေးဆပ်ကြမှာပဲ.. ”
အမတ်မင်းဟူမှ ထောက်ခံသည်။
အရာရှိဟောင်းများ ဖြစ်သည့်နည်းတူ သူတို့သည် အင်ပါယာအရှင်နှင့် စပ်ဆိုင်သည့်အရာများအား မဆန့်ကျင်သည်က အကောင်းဆုံးပင် ဖြစ်၏။ ထိုသည်က နောက်လိုက်တို့ ပြုလုပ်ရမည့်အရာဖြစ်သလို နိုင်ငံရေးကွင်းပြင်ထဲ၌ ရှင်သန်ရန် လိုအပ်ချက်လည်း ဖြစ်သည်။
ဟူတို့၏ အင်အားကို ငှားယမ်းအသုံးပြုသည်က ပြဿနာ တက်နိုင်သော်လည်း အမတ်မင်းဟူက ထိုသည်အား ပြဿနာတစ်ရပ်ဟု မရှုမြင်မိပေ။
“ အင်း... ဒီဥပဒေက ထုတ်ပြန်ပြီးနေပြီ ဆိုမှတော့ လက်ခံရတော့မှာပဲလေ.. ”
“ မှန်တယ်.. အစောင့်အရှောက်(ကာကွယ်သူစစ်သူကြီး)ခြောက်ဦးကလဲ တာ၀န်ထမ်းဆောင်လာတာ နှစ်တစ်ရာတောင် ပြည့်တော့မယ်ဆိုတော့ အခုချိန်က အပြောင်းအလဲ လုပ်သင့်ပါပြီလေ.. ”
“ ပြည်နယ်စစ်သေနာပတိတွေက တိုင်းပြည်ကို တိုင်းတစ်ပါးရန်ကနေ ကာကွယ်ပေးနိုင်မှာပါ.. ဒီနည်းလမ်းနဲ့ဆိုရင် အာဏာလွဲပြောင်းရတဲ့ ပြဿနာကို ဖြေရှင်းပြီးသွားမှာဖြစ်သလို အချိန်ကိုက်လဲ လုပ်ဆောင်နိုင်မှာပဲ.. ဒီတော့ ဒီဥပဒေက အကျိုးရှိပါတယ်.. ”
......
အခြားသော အကြီးအကဲများကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်နေကြသည်။
မဟာထန် တည်ရှိခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး တိုင်းပြည်အတွင်းရှိ ဟူတို့၏ လူဦးရေမှာလည်း များပြားနေချေပြီ။
အင်ပါယာထိုက်ကျုံးလက်ထက်၌ ချီဘီဟယ်လီသတ်ခဲ့သည့် ဟူများမှာ သူ၏ မျိုးနွယ်ရှိ လူများထက်ပင် ပိုမို များပြားပေသည်။
ထို့အပြင် အလယ်ပိုင်းလွင်ပြင်၏ ယဉ်ကျေးမှုများ လွမ်းမိုးလာသည့်နောက် ဟူများသည် ဟန်များနှင့် ဆက်နွယ်လာပြီး အချို့ဆိုလျှင် ဟန် နာမည်များပင် အသုံးပြုနေကြပြီ ဖြစ်သည်။ ဥပမာအားဖြင့် လီရှောင်းဒီဟူသည့် နာမည်အား ကြားသည်နှင့် ဟန်လူမျိုး(တရုတ်)ဟု မှတ်ယူလိုက်ပါက အမှားကြီး မှားချေလိမ့်မည်။ ထိုသူမှာ ခူချာ၏ အိမ်ရှေ့စံဖြစ်ပြီး တော်၀င်ရုံးတော်သို့ အင်ပါယာအရှင်ကိုယ်တိုင် မကြာခဏဖိတ်ခေါ်တတ်ပြီး အရေးကိစ္စများစွာအား ဖြေရှင်းဖူးသူ ဖြစ်သည်။
မူလမျိုးနွယ်စုများနှင့် ယှဉ်လျှင် မဟာထန်မင်းဆက်၏ နယ်မြေအတွင်း၌ နေထိုသည့် ဟူများက များစွာ ပြောင်းလဲနေပြီ ဖြစ်လေသည်။
ဆိုရလျှင် ဟူလူမျိုးများစွာသည် နယ်စပ်စစ်တပ်များ၌ လုပ်အားပေးအဖြစ် စာရင်းပေးသွင်းထားကြပြီး အရှေ့နှင့်အနောက် မွန်ဂိုဘုရင်နယ်မြေတို့အား နောက်ဆုတ်ခြင်းအလျဉ်းမရှိ တိုက်ခိုက်ကြပေသည်။
ထို့ကြောင့် ထိုသည်အား နှလုံးသွင်းမိရာ အကြီးအကဲများက ထိုအကြံဉာဏ်အား ဆန့်ကျင်ရန် မတွေးတော့ပေ။
ထို့ထက်ပို၍ တော်၀င်ရုံးတော်အတွင်း၌ အုပ်စုကွဲတိုက်ပွဲများအား တားမြစ်ထားသည်။ ယခင်မျိုးဆက်၌ ကျိုးချန်သည် လူမျိုးရေးခွဲခြားမှုကြောင့် အသတ်ခံခဲ့ရပြီး ပါ၀င်ပက်သက်ခဲ့သည့် စုန့်ဘုရင်ဟောင်းသည်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးလ ကျခံခဲ့ရသည်။
လူတိုင်း ထိုသည်အား သိထားကြသည်။
အရှင်မင်းကြီး၏ ကိုယ်ပိုင်အင်အားစုများအား ဖျက်ဆီးကာ အရည်အချင်းရှိသည့် ဟူများအား အသုံးပြုမည့် အကြံမှာ လက်ခံနိုင်စရာမရှိချေ။
၀မ်ချောင် နားထောင်လေလေ မျက်နှာပျက်လေလေပင်။ တဖြည်းဖြည်းနှင့် သူ၏မျက်နှာ တစ်ခုလုံး ရှုံ့မဲ့နေသည်အထိ ဖြစ်လာသည်။
ခန်းမအတွင်းရှိ လူများအား တော်၀င်ရုံးတော်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် အမှုထမ်းဟောင်းများဖြစ်သည့်အတွက် အရှေ့နှင့်အနောက် မွန်ရိုဘုရင်နယ်မြေ၏ ခြိမ်းခြောက်လာနိုင်မှုအား ခံစားမိကြသော်လည်း မည်သူကမှ ပြည်နယ်စစ်သေနာပတိများ ဥပဒေနှင့် ဟူများအား ပစားပေးမည့် ဥပဒေအား အင်ပါယာ၌ ကျင့်သုံးကြမည့်အပေါ် ဖြစ်လာနိုင်သည့် အန္တရာယ်အား သတိမမူမိကြပေ။
ဘိုးဘိုးကြီး၏နောက်လိုက်ဟောင်းများပင် ထိုကိစ္စအား သာမန်ကာ လျှံကာ သဘောထားနေကြရာ တော်၀င်ရုံးတော်မှ လူများက မည်သို့ သတိထားမိတော့မည်နည်း။
အဆုံး၌ ထိုဥပဒေမှာ တော်၀င်ရုံးတော်မှ မည်သို့ အတည်ပြု ထွက်ပေါ်လာကြောင်း သဘောပေါက်ခဲ့ပြီ ဖြစ်သည်။
“ မဖြစ်ဘူး.... ဒီဥပဒေ ထုတ်ပြန်လို့ လုံး၀ မဖြစ်ဘူး........................... ”
၀မ်ချောင် သူ့ကိုသူ ဆက်လက် မထိန်းချုပ်ထားနိုင်တော့ချေ။ အကယ်၍ ဤအစည်းအဝေးခန်းမအတွင်းရှိ မည်သူကမှ ထိုဥပဒေ၏ အကျိုးဆက်အား မသိရှိကြပါက တော်၀င်ရုံးတော်နှင့် အပြင်လောကရှိ မည်သူကမှ သိကြမည် မဟုတ်တော့ပေ။
‘ စကားပြောတာများရင် အမှားပါလာမယ်.. ’ ၀မ်ချောင် ကျန်ရှိသည့် အချိန်၌ အစည်းအဝေးတွင် တိတ်ဆိတ်နေရန်သာ စဉ်းစားထားသော်လည်း ဤအရေးအား သူ၀င်မပြောပါက ကျန်ရှိသည့် ဘ၀တစ်လျောက်လုံး သူ့ကိုယ်သူ ခွင့်လွတ်နိုင်တော့မည် မဟုတ်ပေ။
၀မ်....
၀မ်ချောင်၏ ငြင်းပယ်မှုက အစည်းအဝေးခန်းမ တစ်ခုလုံးအား ငြိမ်သက်သွားစေသည်။ အကြည့်အားလုံးက အကြီးအကဲယဲ့၏ ဘေးသို့ စုပြုံလာကြသည်။
“ ချောင်သခင်လေး...? ”
အကြီးအကဲများအားလုံး ကြောင်သွားသည်။
၀မ်ချောင်၏ ရုတ်တရက် ထဖောက်မှုက လူတိုင်းအား ထိတ်လန့်သွားစေသည်။ အနီးဆုံး၌ ရှိနေသည့် အကြီးအကဲယဲ့ပင် ၀မ်ချောင်အား အံ့အားသင့်မှုဖြင့် လှည့်ကြည့်လာသည်။
၀မ်ချောင်အပေါ် သူ၏ အမြင် သိပ်မဆိုလှပေ။ သူက အကြီးအကဲများအား လေးစားသလို သူ၏ ကိုယ်ပိုင် ယူဆချက်များ ရှိ၍လည်း ဖြစ်သည်။ လက်ရှိ ၀မ်ချောင်၏ လုပ်ဆောင်ချက်က ယခင်ထားရှိထားသည့် အရာအားလုံးအား ချိုးဖျက်သွားလေသည်။
အကြီးအကဲများ အချင်းချင်း ဆွေးနွေးနေကြခြင်းဖြစ်ပြီး သူ့အား စကားပြောရန် မည်သူကမှ မမေးမြန်းပေ။ ထို့အပြင် ပြည်နယ်စစ်သေနာပတိများနှင့် ပက်သက်၍ သူတို့အားလုံး သဘောတူနေကြပြီး ဖြစ်သည်။ ၀မ်ချောင်၏ ရုတ်တရက် အော်ဟစ်မှုက ခန်းမတစ်ခုလုံးအား ပြည့်လျှံသွားပြီး ထိုသည်အား အလွန်အကျွံ မလေးစားမှုအဖြစ် မှတ်ယူနိုင်သည်။
“ ၀မ်ချောင် မင်းဘာလုပ်လိုက်တာလဲ.. အကြီးအကဲတွေ ဆွေးနွေးနေတဲ့နေရာက မင်း စကား၀င်ပြောနိုင်တဲ့နေရာ မဟုတ်ဘူး.. ပြန်ထိုင်စမ်း... ”
၀မ်ကျန်၏ မျက်နှာ မှုန်ကုတ်နေသည်။
၀မ်ချောင်အတွက် အကြီးအကဲများ၏ အကောင်းမြင်မှုအား ကိုယ်တိုင် ရယူနိုင်သည်က ခက်ခဲပေသည်။ သူ၏ စွမ်းဆောင်မှု အားလုံးကို ထိုသို့ အချည်းနှီး ဖြစ်စေတော့မည်လား။
သခင်ကြီးမှာလည်း စကားတစ်ခွန်း ၀င်မပြောသည့်တိုင် သူ၏ မျက်ခုံးများပင် ထိကပ်နေလေသည်။
သူ၏ အထင်အမြင်ကောင်းများရရှိထားသည့်တတိယသားဖြစ်သူ ၀မ်ယန်ပင်လျှင် အကြီးအကဲများရှေ့မှောက်၌ ထိုသို့ အော်မပြောဝံ့ပေရာ ၀မ်ချောင်အနေဖြင့် သင့်တော်သည့် အကြောင်းပြချက် ပေးမှ ရပေတော့မည်။
“ ဟားဟားဟား.. အရမ်းလဲ တုန်လှုပ်မနေကြပါနဲ့.. ချောင်သခင်လေး မင်း စိတ်ထဲရှိတာ ပြောပါ.. ”
ထိုအချိန်၌ စစ်တပ်မှ အကြီးအကဲယဲ့ ရယ်မောကာ တင်းမာနေသည့် အခြေအနေအား ၀င်ရောက် ထိန်းကျောင်းလိုက်သည်။
အကြီးအကဲယဲ့မှာ ၀မ်ချောင်အား များစွာ သဘောကျနေပြီး ၀မ်ချောင်၏ ရုတ်တရက် အော်ဟစ်မှုအား သူ့အား အံ့အားသင့်စေသည့်တိုင် ဤသူငယ်တွင် ထိုအတွက် သင့်တော်သည့် အကြောင်းပြချက် ရှိလိမ့်မည်ဟု အလေးအနက် ယုံကြည်ထားသည်။
ကျိုးအမတ်ကြီး၏ မျိုးဆက်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် မရိုမသေ ပြုမည့်သူ မဖြစ်နိုင်ပေ။
......
ပြည်နယ်စစ်သေနာပတိဆိုတာက (Regional Commander)ပါ Jiedushi လို့လည်း သုံးပါတယ်.. AD 711မှာ ပြည်ပအန္တရယ်တွေကို ရင်ဆိုငဖို့ ထုတ်ပြန်လိုက်တဲ့ စစ်တပ်ဥပဒေအသစ်ပါ..
ရှင်းပြရမယ်ဆိုရင် ပြည်နယ်စစ်သေနာပတိတွေက သက်ဆိုင်ရာ ဒေသနဲ့ အနီးမှာရှိတဲ့ ပြည်နယ် နှစ်ခုကို အကာအကွယ်ပေးယုံတင်မကပဲ အုပ်ချုပ်ရေးပိုင်းဆိုရာအရပါ တာ၀န်ယူရတဲ့ သဘောပါ.. သူတို့က ကိုယ်ပိုင်စစ်တပ် တည်ထောင်ခွင့်ရှိပြီး အခွန်ကောက်တာမျိုးတွေလည်း လုပ်ပိုင်ခွင့်ရှိပါတယ်.. ပြောရရင်တော့ စစ်အာဏာရှင်စနစ်တစ်ခုပါပဲ.. Three Kingdom သုံးပြည်ထောင်သမိုင်းထဲက ချောင်ချောင် လျိုဘန်း တုံးကျွယ်တို့လို လူမျိုးတွေပေါ့..
၀န်ကြီးချုပ်ရဲ့ ထောက်ခံမှုက ဟူတွေကိုပါ ပြည်နယ်စစ်သေနာပတိ ဖြစ်ခွင့်ပေးတာကို ဆိုလိုတာပါ.. ပြည်နယ်စစ်သေနာပတိတွေက ပြည်နယ်တွေကို ကာကွယ်ပေးနေတဲ့အတွက် နယ်စပ်ကနေ ကျူးကျော်လာတဲ့ရန်ကိုပါ ကာကွယ်သလို ဖြစ်နေတာကြောင့် သူတို့ကို နယ်စပ်စစ်သူကြီးလို့လဲ ပြောလို့ရပါတယ်..
အရင် အခန်းတွေမှာ ထိုက်ကျန်းကြင်ယာတော်နဲ့ သူရဲ့အစ်ကို ဖြစ်သူအကြောင်း ပြောခဲ့ဖူးပါတယ်..
သူမရဲ့အစ်ကို ယန်ကောင်းကျုံး သို့ ယန်ကျောက်ဟာ ဟူလူမျိုး ပြည်နယ်စစ်သူကြီးတစ်ဖြစ်လဲ စစ်အာဏာရှင်(Warlord) အန်းလော့ရှမ်းနဲ့ မကျေမလည်မှု ရှိပါတယ်.. အန်းလော့ရှမ်းဟာ သူ့ရဲ့ အောင်မြင်လာမှုကို အမှီပြုပြီး တဖြည်းဖြည်းနဲ့ မဟာထန်ကို ဆန့်ကျင်ခဲ့ပါတယ်.. ဒါကြောင့်လဲ မဟာထန်ဟာ အင်အားယုတ်လျော့ခဲ့ရတယ်.. ဒီကြားထဲ ဖြစ်တဲ့ နိုင်ငံရေးတိုက်ပွဲတွေဟာလည်း အန်းလော့ရှမ်း ဦးထောင်လာမှုကို အဆုံးစွန်ထိ မြင့်တင်ပေးသလို ဖြစ်ခဲ့တယ်..
၀န်ကြီးချုပ်ရဲ့ နာမည်က လီလင်းဖူပါ..
အင်ပါယာထိုက်ကျုံးဆိုတာက လီရှီမင်းဖြစ်ပါတယ်... မဟာထန်ရဲ့ ဒုတိယမြောက်အင်ပါယာအရှင်ဖြစ်ပြီး သူ့ဖခင်ဖြစ်သူ ပထမအင်ပါယာအရှင်ကို ပလ္လင်သိမ်းယူရာမှာ ကူညီခဲ့သူဖြစ်ပါတယ်.. ( AD 598-649 )
ချီဘီ ဟယ်လီက ချီဘီမျိုးနွယ်ရဲ့ ဘုရင်ပါ.. ( AD 677 )
အာရှီးနား ရှီယာက မွန်ဂိုလူမျိုးဖြစ်ပြီး ချူးလျှိုဘုရင်ရဲ့ သားတော်ပါ ( AD 604-655 )
ဒီနှစ်ယောက်ဟာ အင်ပါယာထိုက်ကျုံးလက်ထက်က စစ်သူကြီးနှစ်ဦး ဖြစ်ပါတယ်..
ကျီရှီ စီလီ ဟာလည်း မွန်ဂိုလူမျိုးဖြစ်ပြီး မဟာထန်မင်းသမီးရဲ့ကြင်ယာတော် ဖြစ်ပါတယ်.. ( AD 663 )
သူဟာတော့ အင်ပါယာ ကျွမ်းကျုံးလက်ထက်က စစ်သူကြီးပါ..
ဖူမုန့် လင်းချာ ဟာ ချမ်းမျိုးနွယ်ဖြစ်ပြီး ချမ်းပြည်ထောင်ကပါ.. ( AD 756 )
သူကတော့ အင်ပါယာ ရွှမ်ကျုံးလက်ထက် စစ်သူကြီးဖြစ်ပါတယ်.. လက်ရှိစာစဉ် အခြေတည်ထားတဲ့ မင်းဆက်ပေါ့..
တစ်ပိုင်းပြီးတိုင်းမှာ အခုလို စကားပြောနဲ့ ဆက်ရေးထားတာတွေက စာစဉ်ရဲ့ ဇာတ်အိမ်အတိအကျ မဟုတ်ပါဘူး.. လက်ရှိ တရုတ်ပြည်ရဲ့ သမိုင်းအစစ်အမှန်တွေပါ.. အပိုတွေလို့ ထင်ရင် စိတ်မ၀င်စားရင် နောက်တစ်ပိုင်းကို ကျော်ဖတ်သွားလို့ ရပါတယ်ဗျ.. ကျနော့်လို စိတ်၀င်စားတဲ့သူများရှိရင် ကိုးကားရင်း စာစဉ်ကို ပုံဖော်နိုင်အောင် အတတ်နိုင်ဆုံး စုစည်းပေးထားတာပါဗျ..
သမိုင်းနဲ့ စာစဉ် မှားယွင်းနိုင်လို့ ကြိုရှင်းပြချင်တာက(Spoiler alert) သမိုင်းထဲမှာ ယန်ကျောက်ရဲ့ ရန်သူဟာ အန်းလော့ရှမ်းပါ.. စာစဉ်ထဲမှာတော့ ခန်းရာလော့ရှမ်း တစ်ဖြစ်လည်း အန်းလော့ရှမ်းဟာ ဇာတ်လိုက်ကျော် ၀မ်ချောင်ရဲ့ ကမ္ဘာမကျေ ရန်သူပါ...
Chapter 100. စစ်တပ်ကိုယ်စားပြု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
လူအုပ်ကြီးအား တစ်စုံတစ်ရာ တားဆီးနေသည့်အလား မည်သည့် စကားသံမှ ထွက်မလာပေ။ ၀မ်ချောင်၏ အတွေးတို့က တစ်ဖြည်းဖြည်းနှင့် အဝေးတစ်နေရာသို့ လွင့်ပျံ့သွားကာ....
နယ်စပ်ရှိ စစ်တပ်များ နေရာချထားမှု အဆင်ပြေစေရန်အတွက် မဟာထန်မင်းဆက် အစပြုစဉ်၌ ရင်ခွင်ပိုင်အစိုးရ ပြည်နယ်ခြောက်ခု ဖွဲ့စည်းခဲ့သည်။ ထိုသည်တို့အား အရှေ့ပိုင်းပြည်နယ်အိမ်တော်၊ တောင်ပိုင်းပြည်နယ်အိမ်တော်၊ အနောက်ပိုင်းပြည်နယ်အိမ်တော်၊ မြောက်ပိုင်းပြည်နယ်အိမ်တော်၊ ချန်ယူပြည်နယ်အိမ်တော်နှင့် ပေထင်ပြည်နယ်အိမ်တော်ဟု အမည်ပေးထား၏။
ထို ရင်ခွင်ပိုက်အစိုးရ ခြောက်ခုမှာ ‘ ငြိမ်၀ပ်မိပြားရေး ’၊‘ ကာကွယ်ရေး ’၊ ‘ ဆုပေးခြင်း ’၊ ‘ ဒဏ်ပေးခြင်း ’စသည်တို့အား တာ၀န်ယူရသည်။ မည်သို့ဆိုစေ ၎င်းတို့အား စစ်တပ်ဆိုင်ရာ အဖွဲ့အစည်းများအဖြစ် သတ်မှတ်၍ရနိုင်ပြီး ထိုပြည်နယ်များ၏ အစိုးရ အုပ်ချုပ်ရေးအား ၀င်ရောက်စွက်ဖက်ခွင့် အခွင့်အာဏာ မရှိပေ။
ထို ရင်ခွင်ပိုက်အစိုးရခြောက်ခုမှတစ်ဆင့် တော်၀င်ရုံးတော်သည် ပတ်၀န်းကျင် နိုင်ငံများဖြစ်သည့် အရှေ့အနောက် မွန်ဂိုဘုရင့်နယ်မြေများ၊ တိဗက်၊ အနောက်တိုင်း၏ နိုင်ငံများ၊ ဂိုဂူလျောနှင့် အခြား လူရိုင်းမျိုးနွယ်များစွာတို့၏ တိုက်ခိုက်ကျူးကျော်မှုများအား ဖိနှိပ်ထားနိုင်ခဲ့သည်။
မည်သို့ဆိုစေ အင်ပါယာမင်းတရားကြီးသည် နယ်စပ်ရှိ ရင်ခွင်ပိုက်အစိုးရ ခြောက်ခုအား ပြည်နယ်စစ်သေနာပတိ ဆယ်ဦးနှင့် အစားထိုးရန် စီစဉ်နေသည်။ ပြည်နယ်စစ်သေနာပတိများသည် ယခင် ရင်ခွင်ပိုက်အစိုးရ၏ တာ၀န်များအား ဆက်လက်ထမ်းဆောင်မည်သာမက အနီးအနားရှိ စီရင်စုနှစ်ခု၏ အုပ်ချုပ်မှုအား လွဲယူမည်ဖြစ်လေရာ အရာအားလုံးသည် ပြောင်းလဲသွားမည် ဖြစ်သည်။
အနာဂတ်၌ ထိုဥပဒေ အသက်၀င်လာပါက မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို ၀မ်ချောင်သာ အသိဆုံး ဖြစ်၏။
အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးရှိ ပြည်နယ်စစ်သေနာပတိဆယ်နေရာတွင် မြောက်ပိုင်း၏ အင်အားအကြီးဆုံး ပြည်နယ်စစ်သေနာပတိနေရာ ခြောက်ခုမှာ ဟူတို့ လက်တွင်း ကျရောက်သွားပေလိမ့်မည်။ အန်ရှီး စစ်တပ်စီရင်စုအား ပြည်နယ်စစ်သေနာပတိ ဂိုစွန်းကျီ၊ လုံယူး စစ်တပ်စီရင်စုအား ပြည်နယ်စစ်သေနာပတိ ကောရှုဟန်၊ ရှန်ဖန်း စစ်တပ်စီရင်စုအား ပြည်နယ်စစ်သေနာပတိ အန်းစစ်ဟန်တို့သာမက ဖင်းလူ၊ လူလုံနှင့် တုံးဟယ် စစ်တပ်စီရင်စုတို့အား ဟူတို့က အသီးသီး ပိုင်ဆိုင်သွားမည် ဖြစ်သည်။
အစဦး၌ ထိုနေရာများအား ဟန်များ ရရှိထားသည့်တိုင် အချိန်နှင့်အမျှ ဟူတို့၏ လက်ထဲသို့ တစ်ခုပြီးတစ်ခု သက်ဆင်းသွားပေလိမ့်မည်။ စစ်တပ်စီရင်စု ဆယ်ခု၌ အရေးပါသည့် ခြောက်ခုမှာ ဟူတို့၏ ထိန်းချုပ်မှုအတွင်း ကျရောက်သွားပေလိမ့်မည်။
သန်းပေါင်းများစွာသော စစ်သည်များမှာ အပြင်လူများ၏ လက်တွင်း၌ ရှိနေပေမည်။ မဟာထန်၏ ခုခံရေးမှာ အပေါ်ယံအမြင်၌ အားကောင်းသန်မာနေနိုင်သော်လည်း အတွင်း၌မူ အလွန် အားနည်းသွားပေလိမ့်မည်။ ထိုအရာသည် တော်၀န်ရုံးတော်နှင့် မဟာထန် ရင်ဆိုင်ရမည့် ပြဿနာ၏ ရင်းမြစ် ဖြစ်ပေသည်။
သို့တိုင် ထိုဥပဒေ၏ နောက်ကွယ်မှ ဖြစ်ပေါ်လာမည့် အန္တရယ်အား မည်သူမှ သတိမမူမိကြပေ။ အကြီးအကဲယဲ့သာမက အမတ်မင်းဟူ၊ အကြီးအကဲကျောက်နှင့် အခြားသူများမှာ အန္တရယ်အား လျစ်လျူရှုထားကြသည်။ ထိုသည်က ၀မ်ချောင်အား ခေါင်းကိုက်စေလေသည်။
အတိတ်တွင် မဟာထန်၌ ဟူများအား စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့သည့်တိုင် အင်ပါယာထိုက်ကျုံးလက်ထက်မှ ချီဘီ ဟယ်လီဖြစ်စေ၊ လက်ရှိမင်းဆက်အစမှ ကျီရှီစီလီ ဖြစ်စေ အခြားသာမန်စစ်သူကြီးများဖြစ်စေ ၎င်းတို့ ပိုင်ဆိုင်ထားသည့် အာဏာအား အချိန်မရွေး ဖယ်ရှားပစ်နိုင်သည်။
မည်ဆို့ဆိုစေ ပြည်နယ်စစ်သေနာပတိများဥပဒေနှင့် ဟူလူမျိုးထဲမှ စွမ်းရည်ရှိသူများအား အထောက်အပံ့ပေးရန် ဆုံးဖြတ်ချက်မှာတော့ များစွာ ခြားနားသွားလေပြီ။ ဟူများသည် စစ်သူကြီးများဟူသည့် အမည်နာမ အောက်မှ ဖောက်ထွက်ကာ နယ်စပ်တွင် တော်၀င်ရုံးတော်ငယ်အား ၎င်းတို့ ဆန္ဒဖြင့် ဖွဲ့စည်းပေလိမ့်မည်။
၎င်းတို့ ရရှိမည့် ‘ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအား ငြင်းပယ်ခွင့်(Cut down on unneeded administrative work)’ အခွင့်အရေးအရ တော်၀င်ရုံးတော်မှ ၎င်းတို့အား မြို့တော်သို့ ဆင့်ခေါ်၍ မရတော့သည့်အတွက် ၎င်းတို့၏ စစ်တပ်ဆိုင်ရာအာဏာအား စိတ်ရှိတိုင်း ဖြုတ်ချ၍ မဖြစ်နိုင်တော့ပေ။
တော်၀င်ရုံးတော်သည် သားရိုင်းအားချည်ထားသည့် ကြိုးအား ဖြေလျော့မိသည့်အတွက် ကိုယ့်ဒုက္ခ ကိုယ်ရှာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
“ အဘိုး၊ အကြီးအကဲယဲ့၊ အကြီးအကဲ ကျောက်၊ အကြီးအကဲမာ.. ဦးကြီးတို့ ဒီ ဥပဒေကို ဘယ်လိုပဲဖြစ်ဖြစ် လုံး၀ ခွင့်ပြုလို့ မရပါဘူး.. ပြည်နယ်စစ်စေနာပတိဖွဲ့စည်းဖို့ ဟူတွေကို အသုံးပြုမှာက ထုံးတမ်းစဉ်လာမရှိသလို ဒါကို ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး တားဆီးရပါလိမ့်မယ်.. ”
၀မ်ချောင် အသနားခံလေသည်။
အစည်းအဝေးခန်းတွင်းရှိ လူတိုင်း ဘ၀င်မကျသည့်တိုင် မည်သူမှ စကားမဆိုပေ။ တိတ်တဆိတ်သာ ၀မ်ချောင် ဆက်လက် ပြောဆိုမည်အား စောင့်ဆိုင်းနေကြသည်။
၀မ်ချောင်၏ အမူအရာ ပျက်ယွင်းသွားလေ၏။ အကြီးအကဲများ၏ စကားအား မဆန့်ကျင်သည့်သည်အား သူသိသည့်အပြင် ထိုသူအားလုံးမှာ သူ့ထက် အတွေ့အကြုံရင့်သူများ ဖြစ်ကြသည်။
သို့တိုင် ပြည်နယ်စစ်သေနာပတိများနှင့် စပ်ဆိုင်သည့် အရာမှာ ကြီးမားလွန်းလှသည်။ ခြေတစ်လှမ်းမှားသည်နှင့် ပြည်သူများအား ထိခိုက်မည်သာမက မဟာထန်ပင် ပြိုလဲသွားပေလိမ့်မည်။ သူ့စကားအား မည်သူမှ မယုံကြည်သည့်တိုင် ၀မ်ချောင်အနေဖြင့် ကြိုးစားကြည့်နိုင်သေးသည်။
“ အဘိုးနဲ့ အကြီးအကဲများ တော်၀င်ရုံးတော်ဟာ ဟူလူမျိုးတွေအတွက် တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပါပြီ.. ချီဘီ ဟယ်လီဟာ ဟူလူမျိုးဖြစ်ပေမဲ့ အင်ပါယာထိုက်ကျုံးဟာ သူ့အပေါ် ယုံကြည်မှု မြင့်မားပြီး ဘယ်လက်ရုံးစစ်သူကြီးအဖြစ် တင်မြောက်ခြင်းခံရတယ်.. သူသေခဲ့ပြီးတာတောင် မဟာစစ်သေနာပတိအဖြစ် ပစားပေးခံရပြီး အရန်စစ်သူကြီးဆိုတဲ့ အမည်နာမ အပ်နှင်းပေးခဲ့သလို တော်၀င်င်္သချိုင်းမှာ မြုပ်နှံပေးခဲ့တယ်.. ”
“ အာရှီးနား ရှီယာ သူလည်းပဲ ဟူလူမျိုးဖြစ်ပေမဲ့ သူ့သက်တမ်းတစ်လျှောက်မှာ ဘယ်လက်ရုံး မြင်းစစ်တပ် စစ်သူကြီးအဆင့်ကို ရောက်ခဲ့တယ်.. သူ သေသွားတဲ့အချိန်မှာ မဟာစစ်သေနာပတိအဖြစ် ရာထူးတိုးပေးခဲ့ပြီး အရန်စစ်သူကြီးအမည်နာမ အပ်နှင်းခံခဲ့ရသလို တော်၀င်င်္သချိုင်းမှာ မြုပ်နှံပေးခဲ့တယ်.. ”
“ သူတို့ နှစ်ယောက်ဟာ ဟူဖြစ်ပေမဲ့ သူတို့ ဘ၀တစ်လျှောက် ထွန်းတောက်ခဲ့တဲ့ တာ၀န်ထမ်းဆောင်ခဲ့မှုကြောင့် ဟန်လူမျိုး စစ်သူကြီးအများစုတောင် မရနိုင်တဲ့ အဆင့်အတန်းမျိုး ရရှိခဲ့ကြပါတယ်.. ပြောရရင် သူတို့ကို ထိုက်ကျုံးရဲ့င်္သချိုင်းတော်မှာတောင် မြှုပ်နှံပေးခဲ့တာ.. မဟာထန်ကလွဲရင် ဘယ်ပြည်ထောင် ဘယ်နိုင်ငံကများ ဒီလို လုပ်ပေးကြလို့လဲ.. ”
“ ပြီးတော့ ကျီရှီစီလီ ဆိုရင် အရင်အင်ပါယာမင်းတရားကြီးရဲ့ သမီးတော်ကို လက်ဆက်ခွင့် ရခဲ့ပြီး ဟန်လူမျိုး လက်တစ်ဆုပ်စာတောင် သူ့လို အခွင့်အရေး မရခဲ့ဘူး.. ”
“ မဟာထန်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ မြောက်ပိုင်းပြည်နယ်အိမ်တော်နဲ့ ချန်ယု ပြည်နယ်အိမ်တော်မှာဆိုရင် ဟူ နဲ့ ဟန် လူမျိုးနှစ်ခုလုံးကို တားမြစ်ချက် တစ်ခုတောင်မထားပဲ နယ်စပ်မှာ တာ၀န်ထမ်းဆောင်ခွင့် ပေးထားတယ်လေ.. မဟာမိတ်စစ်တပ် နှစ်ခုအဖြစ်တောင် ခေါ်ဝေါ်နေကြပြီ.. တော်၀င်ရုံးတော်ဟာ ဟူဖြစ်စေ ဟန်ဖြစ်စေ အတတ်နိုင်ဆုံး သာတူညီမျှ ဆက်ဆံ ပေးခဲ့ပြီးပါပြီ.. ”
“ ဒါပေမဲ့လည်း.. လက်ရှိ အခြေခံအခြေအနေကနေ ခြေနောက်တစ်လှမ်း ထပ်တိုးပြီး ဟူတွေကို ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အသုံးပြုမယ်ဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်ကို အားလုံး ဆုံးဖြတ်ပြီးကြပါပြီလား.. ”
၀မ်ချောင် အားလုံး၏ အကြည့်အား ရင်ဆိုင်လိုက်သည်။ သူသည် ဆယ့်ငါးနှစ်သာ ရှိသေးသည့်တိုင် သူ့ အသက်အရွယ်နှင့် မလိုက်သည့် အငွေ့အသက်အား ထုတ်လွတ်လျက်နေသည်။
အခန်းအတွင်းရှိ အကြီးအကဲတိုင်းသည် ၀မ်ချောင်အား ကလေးတစ်ဦး အဖြစ် မည်သူမှ မရှုမြင်တော့ပေ။ သူတို့ကိုယ်တိုင်ပင် မသိလိုက်ပဲ ၀မ်ချောင်၏ စကားထဲ၌ မျောပါနေကြသည်။
“ ဟူလူမျိုးတွေဟာ သတ္တိကောင်းပြီး သန်မာကြတယ် ဒါဟာလည်း သူတို့ ရှင်သန်ခဲ့ရတဲ့ ပတ်၀န်းကျင်ကြောင့်ပါ.. ကဗျာထဲကအတိုင်းပဲ ကျွန်တော်တို့ ဟန်လူမျိုးတွေရဲ့ ကလေးတွေဟာ ပျော်ရွှင်မှုကို ရှာပြီး သက်တောင့်သက်သာ နေနေကြတဲ့အချိန်မှာ သူတို့ရဲ့ ကလေးတွေက မြင်းစီးပြီး အမဲလိုက်နေကြပြီ.. ဟူနဲ့ဟန်ကို တစ်နေရာထဲမှာ ထားလိုက်မယ်ဆိုရင် ဘယ်သူ ကျန်ခဲ့မယ်ဆိုတာ စဉ်းစားနေစရတောင် မလိုဘူး.. ”
“ ဦးကြီးပြောတာအရ ၀န်ကြီးချုပ်ဟာ ဟူတွေက သူရသတ္တိပြည့်ဝြပီး အတိုက်အခိုက်မှာ ထူးချွန်ပြီး ကျောထောက်နောက်ခံ ကြီးကြီးမားမား မရှိတဲ့အတွက် တော်တန်ယုံ အုပ်စုဖွဲ့မှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်လို့ သိရတယ်.. အဲ့ဒီ စကားက မှန်ပါတယ် ဒါပေမဲ့ ၀န်ကြီးချုပ်အနေနဲ့ ဟူလူမျိုးဆိုတာ ကျွန်တော်တို့ ဟန်လူမျိုးလို သီးသန့်အုပ်စုတစ်ခုကနေ လာတာမဟုတ်ဘူးဆိုတာ သတိမူမိရဲ့လားဆိုတာပဲ.. ဟူလူမျိုး ကိုယ်တိုင်ကိုက အုပ်စုကြီးတစ်ခု ဖြစ်နေပြီးနေပြီလေ.. သူတို့ ဘယ်မျိုးနွယ်စုကနေပဲ လာလာ ဟန်လူမျိုးနဲ့ အတူတူထားလိုက်တာနဲ့ သူတို့က အုပ်စုတစ်ခုအဖြစ် ဖွဲ့စည်းပြီး ဖြစ်နေပြီ.. ”
၀မ်ချောင် တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုနေသည်။ ဟူနှင့်ဟန် ရောနှောနေသည့် စစ်တပ်မှာ မြောက်ပိုင်းပြည်နယ်အိမ်တော်နှင့် ချန်ယုပြည်နယ်အိမ်တော် နှစ်ခု၌သာ ကန့်သတ်ထားသော်လည်း ပြည်နယ်စစ်သေနာပတိဥပဒေ ထုတ်ပြန်လိုက်သည်နှင့် ထိုရောနှောမှုမှာ အခြားပြည်နယ်များကိုလည်း ပြန့်သွားမည်ဖြစ်ကြောင်း ၀မ်ချောင် သိထားသည်။
ထို့ထက်ပို၍ အရည်အချင်းရှိသည့် ဟူများအား တန်ဖိုးထားမည့် ဥပဒေမှာ မဟာထန်တစ်ခုလုံးရှိ စစ်တပ်များအတွင်း၌ များစွာသော ဟူစစ်သူကြီးများ ထွက်ပေါ်လာစေမည်ဖြစ်သည်။
အစ၌ အားလုံးသည် ၀မ်ချောင်မှာ အလွန် စိတ်မြန်ပြီး လောဆယ်လွန်းသည်ဟု ထင်မြင်ခဲ့ကြသည်။ မည်သို့ဆိုစေ ဤအချက်ကြောင့် သူတို့၏ မျက်နှာများ ပြောင်းလဲသွားပြီး ပတ်၀န်းကျင်ပင် အနည်းငယ် နေရခက်လာသည်ဟု ထင်ရသည်။
၀မ်ချောင်၏ အတွေးမှာ အခြားသူများနှင့် လုံး၀ ကွဲပြားခြားနားနေပေသည်။ အုပ်စုဖွဲ့ကာ ဂိုဏ်းဂဏတိုက်ပွဲ ဆင်နွဲခြင်းအား တော်၀င်ရုံးတော်မှ အပြင်းအထန် တားမြစ်ထားပြီး မည်သည့် မင်းဆက်တွင်မှ လက်မခံခဲ့ပေ။
ထို့ကြောင့် အားလုံးသည် တစ်ချက်တည်းကိုသာ စဉ်းစားမိကြပြီး အသေးအဖွဲသမျှ သမိုင်းစဉ်လာ ပြင်ပလူများဖြစ်သည့် ဟူများသည် တစ်ဦးနှင့်တစ်ဦး အလွယ်တကူ ပေါင်းစည်းနိုင်ပြီး အလိုလိုပင် ကြီးမားသည့်အဖွဲ့အစည်းတစ်ခု ဖြစ်နေကြောင်းကို သတိလက်လွှတ် မေ့ထားမိကြသည်။
ဤရှုထောင့်မှဆိုလျှင် ၀မ်ချောင် လုံး၀ မမှားယွင်းပေ။
“ ငါတို့က ဒီရှုထောင့်ကို မေ့ထားကြတယ်.. ဒီကလေးရဲ့စကားက အဓိပ္ပာယ်ရှိတာပဲ.. ”
အစ၌ ပြည်နယ်စစ်သေနာပတိများ စနစ်အား အလေးအနက်မထားသည့် အကြီးအကဲမာ၊ အမတ်မင်းဟူနှင့် အခြားသူများသည် တဖြည်းဖြည်းနှင့် ဤအရေးအပေါ် စိတ်ထား ပြောင်းလဲသွားခဲ့လေပြီ။
“ ဟူနဲ့ ဟန်တွေဟာ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ဓလေ့တွေအကြား ကြီးပြင်းခဲ့ကြပြီး မျိုးနွယ်နှစ်ခုရဲ့ ကိုယ်ကာယဆိုင်ရာ ကွာခြားချက်ကြောင့် တစ်ဖက်နဲ့တစ်ဖက် အလွယ်တကူ ခွဲခြားလို့ရနိုင်ပြီး သူတို့ဟာသူတို့ အရမ်းစည်းလုံးတဲ့ အဖွဲ့အစည်းလိုမျိုး ဖြစ်နေစေတယ်.. သူတို့အနေနဲ့ လျို့ဝှက်အဖွဲ့အစည်း မထူထောင်ဘူးဆိုတာ သေချာတယ်ဆိုရင်တောင်မှ တစ်ချိန်မှာ ဖြစ်လာခဲ့ရင် ကြီးမားတဲ့ အဖွဲ့အစည်းနဲ့ သူတို့လက်ထဲရှိနေမဲ့ အာဏာတွေအရ တော်၀င်ရုံးတော် စိုးရိမ်နေတဲ့ ဂိုဏ်းဂဏတိုက်ပွဲထက် ပိုကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်လာလိမ့်မယ်.. ”
“ တော်၀င်ရုံးတော်ရဲ့ လက်ရှိ ဥပဒေအရဆိုရင် ဟန်တွေဟာ ဟူတွေအပေါ် လွမ်းမိုးနိုင်ဆဲပဲ.. ဒါပေမဲ့လည်း လက်ရှိ အခြေအနေအပေါ်မှာကိုမှ ဟူတွေကို ပိုပြီး အရေးပေးလိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူက အတပ်ပြောနိုင်တော့မှာလဲ.. ”
၀မ်ချောင် ခေတ္တရပ်နားလိုက်သည်။ ယခင်ဘ၀မှ အဖြစ်အပျက်များအား ပြန်လည် တွေးတောမိချိန်၌ ၀မ်းနည်းမှုက သူ၏ စိတ်တွင်း ဖြစ်ပေါ်လာသည်။ လက်ရှိ ခွန်အားနှင့်သက်ရောက်မှုအရ မည်သည့် ကိစ္စကြီးကိုမှ မပြုနိုင်သည်က သူ့အား အကူအညီ ကင်းမဲ့သကဲ့သို့ ခံစားရစေသည်။
ဆယ့်ငါးနှစ်အရွယ်တွင် အခြားသူများက သူ့အား ကလေးသဖွယ်သာ ဆက်ဆံမည်ဖြစ်သည်။ မည်သူကမှ သူ၏ စကားအား အလေးအနက်ထားမည် မဟုတ်သည့်အတွက် လက်ရှိ စုစည်းနေသည့် အကြီးအကဲများ၏ လွမ်းမိုးမှုကို အမှီပြု၍သာ တော်၀င်ရုံးတော်အား ဖြစ်လာမည့် အန္တရယ်အား သတိပေးနိုင်ပေမည်။
“ အကြီးအကဲတို့ ကျွန်တော်တို့ ဟန်လူမျိုးတွေဟာ ကိုယ်ကျင့်တရားနဲ့ ယဉ်ကျေးမှုကို အဓိကထားရမယ်လို့ သင်ကြားပေးကြတယ်.. တကယ်လို့ ဟန်လူမျိုးတစ်ယောက်ဟာ စစ်သူကြီး ဖြစ်လာမယ်ဆိုရင် အရည်အချင်းအလျောက် ဆုပေးတာနဲ့ ဒဏ်ပေးတတ်ကြတယ်.. သူဟာ အရည်အချင်းရှိတဲ့ ဟူစစ်သည်ကိုလည်း တုံ့ဆိုင်းခြင်းမရှိ ရာထူးတိုးပေးမှာပဲ.. ဒါပေမဲ့ ကျွန်တော်တစ်ခုမေးချင်တာက ဟူလူမျိုးတစ်ယောက် စစ်သူကြီးဖြစ်လာခဲ့ရင် အရည်အချင်းရှိတဲ့ ဟန်လူမျိုးကို တုံ့ဆိုင်းခြင်းအလျဉ်းမရှိ ရာထူးတိုးပေးပါ့မလား.. ”
၀မ်ချောင် မေးခွန်းထုတ်လိုက်၏။
တစ်ခဏမျှ အခန်းအတွင်းရှိ အကြီးအကဲများအားလုံး မှင်သက်သွားကြသည်။ ဦးကြီး၀မ်ကျန်ပင်လျှင် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ စစ်တပ်ဆိုင်ရာများ၌ သူ ပါ၀င်ပက်သက်လေ့ မရှိသော်လည်း လက်ရှိ ဟန်လူမျိုး စစ်သူကြီးအများစုမှာ အရည်အချင်းအလိုက် ထိုက်တန်သည့် စစ်သည်များအား ချီးမြင့်ပြီး လုပ်ဆောင်မှုအလိုက် ဆုပေး ဒဏ်ပေး စနစ်အား ကျင့်သုံးကြောင်း ကောင်းစွာ သိပေသည်။
အကယ်၍ အရည်အချင်းရှိသည့်သူမှာ ဟူလူမျိုး ဖြစ်နေလျှင်ပင် ထိုသူအား ယတိပြတ် ချီးမြင့် ရာထူးတိုးပေးပေလိမ့်မည်။ ထို့ကြောင့်လည်း စစ်တပ်အတွင်း ဟူလူမျိုး အများအပြား ရှိနေခြင်း ဖြစ်ပေသည်။
အကယ်၍ ဟန်စစ်သူကြီးများသာ ထိုသူတို့၏ အရည်အချင်းအား အသိအမှတ်မပြုလျှင် ထိုမျှများပြားသည့် ဟူစစ်သည်များ စစ်တပ်အတွင်း ရှိနေမည် မဟုတ်ပေ။
သို့သော် အခြေအနေအား ပြောင်းပြန်လှန်ကြည့်လျှင် အကယ်၍ ဟူလူမျိုးမှ စစ်သူကြီဖြစ်လာခဲ့လျှင် ထိုသူသည် ထိုက်တန်သည့် ဟန်စစ်သည်များအား ရာထူးတိုးပေးရန် ဆန္ဒ ရှိမရှိ အတိအကျ ပြောရန် ခက်ပေလိမ့်မည်။ အကြီးအကဲများပင် ၀မ်ချောင်၏ မေးခွန်းအား အတိအကျ မဖြေနိုင်ကြပေ။
၀မ်ချောင်မှ အခန်းတစ်ခုလုံးအား ဝေ့ကြည့်ကာ အလိုမကျသည့်ဟန်ဖြင့် ခေါင်းခါလို့နေသည်။ အနာဂတ်၌ ဖြစ်လာမည့်အရာများအား သူ့ထက်ပို၍ မည်သူမှ ပိုသိနိုင်မည် မဟုတ်ပေ။
မဟာထန်စစ်သူကြီး ၀မ်ကျုံးစီသည် စစ်သူကြီး ကောရှုဟန်အား ရာထူးတိုးပေးခဲ့သော်လည်း ကောရှုဟန်က မည်သူအား ရာထူးတိုးပေးခဲ့သနည်း။ သူ့အား အစဉ် သစ္စာရှိခဲ့သည့် ဟွာဘားကွေးရန် မဟုတ်ပေလော။( နှစ်ယောက်စလုံးက ဟန်လူမျိုးတွေပါ.. )
အန်ရှီးပြည်နယ်စစ်သေနာပတိ ဖူမုန့် လင်းချာအား လက်ရှိမင်းတရားကြီးမှ ရာထူးခန့်အပ်ခဲ့ပြီး ဖူမုန့် လင်းချာမှ မည်သူအား ရာထူးလွဲပေးခဲ့သနည်း။ သျှီလာမှ ဂိုစုန့်ကျီ မဟုတ်ပေလော။
ဂိုစုန့်ကျီမှ ဖူမုန့် လင်းချာ၏ နေရာအား ဆက်ခံခဲ့ပြီးနောက် မည်သူအား ရာထူးတိုးပေးခဲ့သနည်း။ ဖုန့်ချန်ချင်း ဖြစ်သည်။ သို့သော် သနားစရာကောင်းသည်က ဗျူဟာဆိုရာအရာရှိအဖြစ်သာ ဖြစ်ပေသည်။
( ဖုန့်ချန်ချင်းက ဟန်လူမျိုးဖြစ်ပါတယ်.. )
သို့သော် အနည်းဆုံးအနေဖြင့် သူက အခြားသူများထက်တော့ သာပေသေးသည်။
အနာဂတ်၌ ယိုကျိုးပြည်နယ်စစ်သေနာပတိဖြစ်သူ လက်ရှိ ကွာကျိုးပြည်နယ်စစ်ဆေးရေးမှူး ကျန်းရှာကွေသည် ပို၍ပင် ဆိုးဝါးသည်အား ပြုလုပ်ပေလိမ့်မည်။
သူ ရာထူးတိုးပေးသည့် ဟူလူမျိုးသည် အင်ပါယာ၏ အခြေခံအား ကိုင်လှုပ်လာမည်ဖြစ်ပြီး ဤအင်အားကြီးမားသည့် အင်ပါယာအား ချောက်နက်ထဲသို့ တွန်းချပေလိမ့်မည်။ မရေမတွက်နိုင်သည့် ပြည်သူများ စစ်ပွဲအတွင်း အသတ်ခံရမည်ဖြစ်ပြီး အလောင်းများက အင်ပါယာတစ်ခုလုံး အပြည့် ဖြစ်ပေလိမ့်မည်။
ဤသည်များမှာ အရည်အချင်းရှိသည့် ဟူများအား တင်မြောက်အသုံးပြုမည့် ဥပေဒေ၏ အကျိုးဆက် ဖြစ်ပေသည်။
ဟူများအား အသုံးပြုသည့်မှာ စစ်တပ်အတွင်း ဟူတစ်ဦးက အခြားဟူအား တင်မြောက်ခြင်း၏ ကွင်းဆက် ဖြစ်လာမည်ဖြစ်ကာ ဟူစစ်သည်တို့၏ အရေအတွက် အလွန့်အလွန် များပြားလာပေမည်။ ထို့ထက်ပို၍ ပြည်နယ်စစ်သေနာပတိ စနစ်သည် သူတို့၏ အင်အားကို အဆုံးစွန်ထိ တွန်းပို့ပေးပြီး အလယ်ပိုင်းလွင်ပြင်အား ကပ်ဆိုက်စေမည့် စွမ်းရည်အား ပိုင်ဆိုင်စေမည် ဖြစ်သည်။
“ အဘိုး၊ အကြီးအကဲတို့နဲ့တကွ ဦးကြီးတို့ကို ပြောပြချင်တာက စစ်တပ်ဆိုင်ရာ အရာရှိတွေဟာ သတ္တိရှိယုံတစ်ခုတည်းနဲ့ မရဘူးဆိုတာပါပဲ.. အရာရှိတွေဟာ ၀င်္ကပါ၊ ဗျူဟာ၊ အုပ်ချုပ်မှု အစရှိသဖြင့် ကျွမ်းကျင်နေရပါမယ်.. တကယ်လို့ သတ္တိရှိလှပါတယ်ဆိုတဲ့ ဟူတွေကိုပဲ ရာထူးပေးဖို့ အာရုံထားနေမယ်ဆိုရင် စစ်တပ်ထဲမှာ ဟူလူမျိုး စစ်သည်တွေ ပိုများလာပြီး ဟန်စစ်သည် အရာရှိတွေ လျော့နည်းလာမှာ အမှန်ပဲ.. ”
“ မြင့်မြတ်တဲ့စစ်သူကြီးဆိုတာ အရိုးတောင်ပေါ်မှာပဲ မတ်တပ်ရပ်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်လား.. ကျွန်တော်တို့ ဟန်လူမျိုး စစ်သူကြီးတွေဟာ ဟူလူမျိုး စစ်သူကြီးတွေနဲ့ ကွာခြားချင် ကွာခြားလိမ့်မယ်.. မရေမတွက်နိုင်တဲ့ အတိဒုက္ခတွေ စစ်ပွဲတွေကို ရင်ဆိုင်ပြီးမှသာ တဖြည်းဖြည်းနဲ့ ကြီးမြတ်တဲ့ စစ်သူကြီးတွေလို့ သတ်မှတ်ဖို့ အရည်အချင်းပြည့်မှီလာလိမ့်မယ်.. ဒီလို စစ်သူကြီးတွေဟာဆိုရင် အဲ့ဒီ သတ္တိရှိပါတယ်ဆိုတဲ့ ဟူလူမျိုး စစ်သူကြီးတွေထက် အပြတ်အသတ်ကို သာတာပေါ့... ”
“ တကယ်လို့ ကျွန်တော်တို့က အရည်အချင်းရှိပြီး သတ္တိရှိတဲ့ ဟူတွေကို အသုံးပြုမယ် ရာထူးတိုးပေးမယ်ဆိုရင် ဖြစ်လာမဲ့ ကွင်းဆက်က အသိသာကြီးပဲလေ.. ဟူတွေဟာ ဟူတွေကိုပဲ ရာထူးတိုးပေးမှာ ဖြစ်ပြီး ဟန်တွေဟာ စစ်သည်တွေကို ဦးဆောင်ပြီး စစ်ပွဲတွေ တိုက်ပွဲတွေကို ဦးဆောင်နိုင်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာမှာ အသေချာပဲ.. ဟန်လူမျိး သေနာပတိ အရည်အတွက် လျော့နည်းလာပြီး ဟူလူမျိုး သေနာပတိတွေဟာ စစ်တပ်ကို ထိန်းချုပ်လာလိမ့်မယ်.. တကယ်လို့ ဟူလူမျိုးတစ်ယောက်ကသာ မဟာစစ်သေနာပတိချုပ် ရာထူးကို ရခဲ့ပြီဆိုရင် ကျွန်တော် စိုးရိမ်မိတာက ဟန်လူမျိုး သေနာပတိတွေရဲ့ တိုးတက်ရာလမ်းကြောင်းက လုံး၀ ပိတ်ဆို့ ခံလိုက်ရမှာကိုပဲ..တစ်နေ့မှာ ဟူလူမျိုးတွေပဲ ပါ၀င်ပြီး ဟန်လူမျိုး တစ်ယောက်မှ မရှိတဲ့ စစ်တပ်ကို မြင်ယောင်ကြည့်ပါ.. အဲ့လိုသာဖြစ်ခဲ့ရင် ဟန်လူမျိုးတွေဟာ သူတို့ရဲ့ အသက်ကို ဟူတွေလက်ထဲ ထည့်ထားရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို ဟူလို့ မခေါ်ရရင်တောင် ကံကောင်း.... ”
“ ဒါတင်ပဲ ဘယ်ဟုတ်မလဲ.. ပြည်နယ်စစ်သေနာပတိ စနစ် အသက်၀င်လာတာနဲ့ ဟူတွေက ပြည်နယ်စစ်သေနာပတိဖြစ်လာပြီဆိုရင် စစ်တပ်ထဲမှာ ဟူသေနာပတိတွေ မှိုလိုပေါက်လာလိမ့်မယ်.. သူတို့က တော်၀င်ရုံးတော်ရဲ့ နေရာချထားမှုကို ငြင်းဆိုပိုင်ခွင့်ရှိလာလိမ့်မယ်.. ဆိုရရင် သူတို့က တော်၀င်ရုံးတော်ကိုတောင် ဆန့်ကျင်နိုင်မယ်လို့ ပြောလို့ရတယ်.. ဒီလိုဆိုရင် ကျွန်တော်တိုပ မဟာထန်ဟာ ဟန်သာရှိပြီး အဆံမရှိသလို ဖြစ်သွားလိမ့်မယ်.. ဒီနှုန်းအတိုင်းဆိုရင် သိပ်တောင် မကြာလိုက်ပဲ လှုပ်မရ ပြုမရ ဖြစ်သွားမှာကိုပဲ ကြောက်မိတယ်.. ”
“ တကယ်လို့ ဟူတွေသာ စုစည်းပြီး အုံကြွလာမယ်ဆိုရင် ဘယ်သူက သူတို့ကို တားမှာလဲ.. ဒီလိုသာဖြစ်လာမယ်ဆိုရင် တော်၀င်ရုံးတော်ရဲ့ ထိန်းချုပ်မှု ဆုံးရှုံးရမှာဖြစ်ပြီးတော့ စစ်တပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်.. ”
၀မ်ချောင် စိုးရိမ် ၀မ်းနည်းစွာဖြင့် ပြောလိုက်သည်။
“ ဘာ................. ”
ဟူးလားလား... ထိုသည်က အစည်းအဝေးခန်းမအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ထို ‘ စစ်တပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ’ဟူသည့် စကားလုံးက အခန်းတွင်းရှိ လူတိုင်းအား F 12 အဆင့် လေဆင်နှာမောင်း ၀င်ရောက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
ငိုက်မြည်းနေသည့် ၀မ်းကွဲအစ်ကို ၀မ်လီ ပင်လျှင် ထခုန်မိသည်။ သူ၏ မျက်လုံးအား ပွတ်သက်ကာ မယုံကြည်နိုင်သည့် ဟန်ဖြင့် ၀မ်ချောင်အား ကြောင်ကြည့်နေမိသည်။
‘ စစ်တပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ’ဟူသည့် စကားလုံးက သေးငယ်သည့် အချင်းအရာမဟုတ်ပေ။ အကယ်၍ ၀မ်ချောင်သာ မှန်ခဲ့လျှင် မဟာထန်၏ တော်၀င်ရုံတော်မှာ ငယ်ထိပ် မြွေပေါက်လေပြီ။
ဘန်း....
ထိုင်နေသည့် ထိုင်ခုံ၏ လက်ရန်းအား ရိုက်ချလိုက်ရင်း ၀မ်ချောင်၏ အဘိုးဖြစ်သူ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
သူ၏ မုတ်ဆိတ်မှာ လှုပ်ယမ်းနေပြီး သူ၏ ၀တ်ရုံပင် တုန်ယင်နေသည်။ သူ အလွန် ထိတ်လန့်တုန်လှုပ်နေသည်မှာ သံသယရှိရန်ပင် မလိုပေ။
..............
မဟာထန်မင်းဆက်ဟာ ပြည်နယ်များစွာ ရှိတဲ့အတွက် ဟူ လူမျိုး(တိုင်းတစ်ပါး)များစွာ နေထိုင်ကြပါတယ်.. သူတို့က ဟူတွေကို စစ်တပ်မှာ အသုံးပြုတယ်ဆိုရင်တောင် ဟန်လူမျိုးတွေက ပိုများမှာတော့ သေချာပါတယ်.. ဟူတွေက အစိုးရပိုင်ဆိုင်ရာမှာ မရှိတာတော့ သေချာသဘောက်ပါပဲ..
ကျန်းရှောကွေဟာ အန်းလူရှမ်း သို့ အန်းလော့ရှမ်း သို့ ခန်းရာလော့ရှမ်းကို သူ့ရဲ့ အမွေစားအမွေခံ သားအဖြစ် မွေးစားလိုက်တာ ဖြစ်ပါတယ်..
အပိုင်းတစ်ရာတော့ပြီးသွားပါပြီ... ဟီး... ပြီးခဲ့တဲ့ သုံးပိုင်းကတော့ အကြောင်းအရာများတာရော ရှင်းပြရတာတွေရော အရမ်းများတာကြောင့် ခေါင်းတောင် ထုံနေပြီရယ်.. မူရင်းမှာ အရမ်းရှင်းပြထားတာကိုမှ တစ်ဖန်ပြန်လည်ပြီး ကျနော်က အရမ်းကြီး ပြန်ရှင်းပြထားတဲ့အတွက် ရှုပ်သွားရင် ဖတ်ရ ခက်သွားရင် နားလည်ပေးပါ..