အခန်း (၁၀၁-၁၀၅)
Vol. 4 Ch. 101-105
Chapter 101 အကြီးအကဲများ၏ အသိအမှတ်ပြုခြင်း
ပြည်နယ်စစ်သေနာပတိများနှင့်အတူ အရည်အချင်းရှိသည့် ဟူများအား အသုံးပြုမည့် အရေးအား အသေးအဖွဲအဖြစ်သာ သတ်မှတ်ထားကြပြီး ထိုသို့သော အကြောင်းအရာအား တော်၀င်ရုံးတော်၌ နေ့စဉ် ပြုလုပ်နေကျအဖြစ်သာ သဘောထားလျက်ရှိသည်။
ထို့ထက်ပို၍ အရည်အချင်းရှိသည့် ဟူများအား စစ်တပ်တွင် အသုံးပြုမည့် အကြံအစည်မှာ ၀န်ကြီးချုပ်ထံမှ လာသည်ဖြစ်ပြီး အင်ပါယာမင်းတရားကြီးကိုယ်တော်တိုင် သဘောတူထားပြီးဖြစ်သည်။ ထို့ကြောင့် ငြင်းပယ်ရန် ပိုခက်ခဲစေသည်။
----- ထိုမျှသော အသေးအဖွဲကြောင့် သူတို့ကိုယ်သူတို့ သေတွင်းထဲ ဆွဲချရန် မလိုအပ်ပေ။
သို့သော် ယခုအချိန်၌ ၀မ်ချောင်၏ စကားအား ကြားပြီးနောက်တွင် မည်သူကမျှ ထိုကိစ္စအား အသေးအဖွဲ အဖြစ် မမြင်ရဲတော့ပေ။
ခန်းမအတွင်းရှိ အကြီးအကဲတိုင်း၏ မျက်နှာ၌ ရှက်ရွံ့ခြင်းအား မြင်တွေ့ရနိုင်သည်။
အတွေ့အကြုံကြွယ်၀သည့် အရာရှိများအနေဖြင့် နိုင်ငံရေးအား ဗြောင်းဆန်သွားစေမည့် အရေးအား သတိမထားမိခဲ့ကြပေ။ တစ်ချိန်တည်းတွင် အစည်းအဝေးခန်းတစ်ခုလုံး အတိ တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းမှာ ၀မ်ချောင် ပြောခဲ့သည့် စကားအဆုံးသတ် စကားစုမှ ပြန်လည် နလန်ထနိုင်ရန် အသည်းအသန် ကြိုးစားနေကြရသည်။
‘ စစ်တပ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ’ ထိုသည်က အထင်သေး အမြင်သေးသင့်သည့် အရာမဟုတ်ချေ။ ထိုသည်က အင်ပါယာ၏ မဏ္ဍိုင်အား ကိုင်လှုပ်စေနိုင်သည့် လှိုင်းလုံး ဖြစ်ပေါ်စေနိုင်သည်။ ထိုဥပဒေမှ ဖြစ်လာမည့် အန္တရာယ်အား သိမြင်ကြချိန်၌ အကြီးအကဲများအားလုံး ကြောက်ရွံ့ ထိတ်လန့်နေကြသည်။
ဟူ လူမျိုးသည် ဟူလူမျိုးကို ပြန်လည် ရာထူးတိုးပေးမည် ဆိုသည်က ဖြစ်နိုင်ချေ မဟုတ်ပေ။ ဖြစ်ကိုဖြစ်မည့် အရဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များအား ယခင်ကပင် သူတို့ ကြုံခဲ့ပြီးဖြစ်ကာ ၀မ်ချောင်မှာ ထိုသည်အား မြင်သာအောင် ထောက်ပြခဲ့ခြင်းသာ ဖြစ်ပေသည်။
ဟူတို့သည် ဆယ်နှစ်အရွယ်မှစတင်ကာ မြင်းစီး ဓားခုတ် သင်ယူကြသည်။ တစ်ဖက်တွင် ဟန်မျိုးနွယ် ကလေးတို့မှာ စာသင်ခြင်း၊ နယ်မြေများအား လေ့လာခြင်း သို့မဟုတ် လယ်ယာ ထွန်ယက်ခြင်းတို့သာ လုပ်ဆောင်နေသည်။ ထိုရှုထောင့်၌ ဟူလူမျိုးများက ပိုမို အားသာချက်ရှိလေသည်။
အကယ်၍ ၀မ်ချောင်ပြောသကဲ့သို့ ဖြစ်လာပါက ဟူလူမျိုးတို့က စစ်တပ်အာဏာအား အောက်ခြေမှ ထိပ်ဆုံးတိုင် ထိန်းချုပ်သွားပေလိမ့်မည်။ ဟန်တို့မှာမူ ရာထူးတိုးမည့် အခွင့်အလမ်း ပျောက်ဆုံးနေမည်သာမက ဟူလူမျိုးပတ်၀န်းကျင်တွင် ကျင်လည်နေရန်ပင် ခက်ခဲနေပေတော့မည်။
၀မ်ချောင် မည်သည့်စကားမှ မဆိုတော့သော်လည်း သူခံစားနေရသည့် အရာမှာ အခြားသူများထက် လုံး၀မလျော့ပေ။
လှိုင်းလုံးကြီးများသဖွယ် မှတ်ဉာဏ်များက ၀မ်ချောင်အား တဝုန်းဝုန်း ရိုက်ခတ်လျက်ရှိသည်။ ယခင်ဘ၀တွင် သူကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများအား သူပြန်လည် သတိရမိချိန်၌ သူ၏ စိတ်နှလုံး အလွန်အမင်းလေးလံလာသည်။
ပြည်နယ်စစ်သေနာပတိ ဥပဒေနှင့်တကွ ဟူများအား အသုံးပြုမည့် အရေးအား ခွင့်ပြုလိုက်ခြင်းသည် စစ်တပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စတင် ဖြစ်ပေါ်လာစေပြီး မဟာထန်၏ ကပ်ဘေး အစပြုခြင်းပင် ဖြစ်လေတော့သည်။
မဟာထန်၏ အထွန်းတောက်ဆုံး သမိုင်းကြောင်းမှ အကြီးမားဆုံး အစိတ်အပိုင်းသည် ဟူနှင့် တိုင်းတစ်ပါးမျိုးနွယ်များပါ၀င်သည့် စာမျက်နှာများ ဖြစ်လာခဲ့သည်။
ကောရှုဟန်၊ ရိုရှောကျီ၊ အန်းစစ်ဟန်၊ ခန်းရာလော့ရှမ်း၊ ဖူမုန့် လင်းချာ.... ထို မဟာသေနာပတိများထဲ၌ မည်သူက ဟန်လူမျိုး ဖြစ်သနည်း။
ဟန်လူမျိုးများထဲ၌ အမှန်ပင် မဟာသေနာပတိအဖြစ် ထိုက်တန်သူ မရှိလေသလော။
အကယ်၍ ဟန်လူမျိုးများအတွင်း မဟာသေနာပတိများ မရှိပါက ချင်မင်းဆက်သည် မဟာတံတိုင်း တစ်ဖက်ကမ်းရှိ ရှုံးနူတို့ ခွန်အားအကြီးဆုံးအချိန်၌ပင် မည်သို့ ထိန်းသိမ်းနိုင်ခဲ့ပါသနည်း။ အကယ်၍ ဟူလူမျိုးများအတွင်း မဟာသေနာပတိများ မရှိပါက ဟန်လူမျိုးများသည်း ရှုံးနူတို့အား ယင်တောင်တန်းအထိ မည်သို့ မောင်းထုတ်နိုင်ခဲ့ပါသနည်း။
အရှေ့နှင့်အနောက် မွန်ဂိုဘုရင် နယ်မြေနှစ်ခုအား သူ့အဘိုးနှင့်အတူ တိုက်ခိုက်ခဲ့သည့် နောက်လိုက်ဟောင်းများသည်လည်း အရည်အချင်းမရှိကြသူများ ဖြစ်သလော။
မဟုတ်ချေ။ ပြည်နယ်စစ်သေနာပတိများ ဥပဒေ ထုတ်ပြန်ခြင်းနှင့် အရည်အချင်းရှိသည့် ဟူများအား ရာထူးပေးခြင်းက မဟာထန်သည် မိမိနှလုံးသားကို ထိုးမည့် ဓားအား ကိုယ်တိုင် ဆောင်ယူခြင်းပင်ဖြစ်ပေသည်။ အရည်အချင်းရှိသည့် ဟန်လူမျိုးများသည် ထိုအချိန်မှစ၍ ရာထူးတိုးနိုင်မည့် အခွင့်အရေးအား အပြီးတိုင် ဆုံးရှုံးရပေလိမ့်မည်။
ကပ်ဘေးဆိုက်ရောက်လာချိန်၌ မဟာထန်၏ ထို ဉာဏ်ရည်ထက်မြက်ပါသည်ဆိုသည့် သေနာပတိများနှင့် စစ်သူကြီးများသည် သေဆုံးခဲ့ကြရပြီး ၀မ်ချောင်၌ ကျန်ရစ်သည်မှာ မှောင်မဲနေသည့် ကောင်းကင်တစ်ခုသာ ရှိတော့သည်။
မဟာထန်၏ ကောင်းကင်၌ သေနာပတိများ၏ ကြယ်များသည် မှိန်ပြနေချေပြီ။ ၀မ်ချောင်နှင့်အတူ အသက် ရှစ်ဆယ် ကိုးဆယ်ကျော် အကြီးအကဲများအချို့သာ ကျန်ရစ်ပြီး မည်သူမှ မရှိတော့ပေ။ ဇရာက ထိုအကြီးအကဲများ၏ အသက်ဆီမီးအား ကုန်ခမ်းစေချိန်၌ ယခင်က မရှိခဲ့ဖူးသော အထီးကျန်ခြင်း၊ နာကျင်ခြင်းနှင့် အကူအညီမဲ့ခြင်းသည်သာ ၀မ်ချောင် ခံစားမိသည့်အရာများ ဖြစ်တော့သည်။
ပင်လယ်ပြင်အား တားဆီးရန် ကမ်းခြေ၌ တစ်ဦးတည်း ရပ်နေချိန်၌ မည်သို့ ခံစားရလေမည်နည်း။
မုန်တိုင်းအား ကြံ့ကြံ့ခံနိုင်ရန် တစ်ဦးတည်း ရပ်နေရချိန်၌ မည်သို့ ခံစားရလေမည်နည်း။
အကန့်အသတ်မဲ့သည့် အမှောင်ထုအား ရင်ဆိုင်ရန် တောင်ထိပ်ပေါ်၌ တစ်ဦးတည်းသာ ကျန်ရစ်တော့ချိန်၌ မည်သို့ ခံစားရလေမည်နည်း။
.............
အထီးကျန်ခြင်း။ နှိုင်းယှဉ်မရသည့် အထီးကျန်ခြင်း။
ထိုသည်သာ ၀မ်ချောင် ခံစားမိသည့်အရာ ဖြစ်ပေသည်။ သူ့တွင် ရှိသမျှ အားကုန်ထုတ် ကြိုးစားခဲ့သည့်တိုင် မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင် ကြုံတွေ့ရမည့် ကံကြမ္မာအား ၀မ်ချောင် မပြောင်းလဲနိုင်ခဲ့ပေ။
နာကျင်မှုက သူ၏ အရိုးထဲထိ စိမ့်၀င်နေပြီး ထိုသည်သာ ဒဏ်ရာဟုဆိုပါက ကြက်သွေးရောင် လက်လက်ထနေမည်ဖြစ်ပြီး..
အရာအားလုံး၏ ရင်းမြစ်မှာ ဤနေရာ၌ တည်ရှိနေခြင်းဖြစ်လေသည်။
“ အရှင်မင်းကြီးက မကြာခင်မှာ ရောက်လာလိမ့်မယ် ငါ ဒီကိစ္စကို မတင်ပြခင် သေချာ ပြန် ပြင်ဆင်ဖို့လိုသေးတယ်.. ချောင်အာ ငါ့မြေး အရင် ထွက်သွားလိုက်ပါ.. ညီအစ်ကိုတို့အားလုံးလည်း ပြန်လို့ ရပါပြီ.. ”
ခန်းမ၏ ထိပ်၌ရှိနေသည့် သခင်ကြီးမှ ရုတ်တရက် ပြောလိုက်သည်။
မဟာထန်၏ အနားယူထားသည့် ၀န်ကြီးချုပ်အနေဖြင့် သခင်ကြီးသည် မုန်တိုင်းမျိုးစုံအား ကြုံတွေ့ခဲ့ဖူးပြီး သူ့အား ထိတ်လန့်စေသည့်အရာမှာ အနည်းငယ်သာရှိလေသည်။
သို့သော် ယခုအချိန်တွင် လူတိုင်းသည် သခင်ကြီး၏ တည်ငြိမ်နေသည့် စကားသံထဲ၌ အနည်းငယ် တုန်ယင်နေသည်ကို ခံစားမိကြသည်။ သူ၏ စိုးရိမ်မှတ်မှာ အတိုင်းထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သံသယ ရှိစရာမလိုပေ။
အားလုံးမှာ ဖြစ်ပေါ်လာမည့် မုန်တိုင်း၏ အငွေ့အသက်အား ဖမ်းဆုပ်မိကြသည်။
သခင်ကြီး၏ လက်ရှိ ရပ်တည်မှုဖြင့်ဆိုလျှင် သူပြောသမျှ စကားတိုင်းနှင့် လုပ်ဆောင်မှုတိုင်းမှာ တော်၀င်ရုံးတော်အား အကြီးအကျယ် ရိုက်ခတ်စေနိုင်သည်။
သခင်ကြီးသည် တော်၀င်ရုံးတော်၏ အရေးကိစ္စများအား ၀င်ရောက် စွက်ဖက်ခဲသော်လည်း သူ ပါ၀င်သည်ဆိုသည်နှင့် တော်၀င်ရုံးတော် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ပေတော့မည်။
“ အဘိုး... ဒါဆိုရင် မြေး အရင် သွားပါတော့မယ်... ”
၀မ်ချောင် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သည်။ ဤနေရာ၌ သူလုပ်ဆောင်နိုင်သည့်အရာ မရှိတော့ပေ။
မည်သည့် ရလဒ် ထွက်ပေါ်လာပါစေ ထိုကိစ္စအပေါ် သူတတ်စွမ်းသမျှ ကြိုးစားခဲ့ပြီးဖြစ်သည်။
“ ခနနေပါဦး.. ချောင်သခင်လေး... ”
၀မ်ချောင် အစည်းအဝေးခန်းမထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်ချိန်၌ ခန်းမအတွင်း တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် နောက်လိုက်ဟောင်း တစ်ဦးသည် ထိုင်နေရာမှ မတ်တပ်ရပ်လာသည်။
“ ဘာမှားနေလို့လဲ အကြီးအကဲ.... ”
၀မ်ချောင် အံ့သြမှုဖြင့် လှည့်ကြည့်လိုက်သည်။
“ ဟားဟား.. ရှန့်ကျဲ မြန်မြန်လာ ချောင်သခင်လေးကို နှုတ်ဆက်လိုက်ဦး.... ”
ဆံဖြူအကြီးအကဲမှ ပြုံးရွှင်စွာဖြင့် သူ့နောက်ရှိလူအား ပြောလိုက်သည်။
“ အကြီးအကဲစွန်း....... ”
၀မ်ချောင် အတန်ကြာ မှင်သက်သွားပြီးနောက် မည်သည်အရာ ဖြစ်သွားသည်မှန်း သိရှိသွားသည်။ သူ၏ စိတ်ထဲ၌ ပျော်ရွှင်မှု ဖြစ်တည်လာသည်။ သူ့အဘိုးဖြစ်သူ၏ နောက်လိုက်ဟောင်းများသည် လေးပြည်နယ်သံရုံးသို့ အဘိုးဖြစ်သူနှင့် ဆုံတွေ့ရန် သူတို့၏ မျိုးဆက်များအား ခေါ်ဆောင်လာတတ်ကြသည်။ ထိုသည်မှာ လေးစားမှု၏ သင်္ကေတဖြစ်သလို သူတို့အကြား ဆက်နွယ်မှုအား ထိန်းသိမ်းခြင်းလည်း ဖြစ်ပေသည်။
ကျိုးအမတ်ကြီးနှင့် တွေ့ဆုံရန် ၎င်းတို့၏ မျိုးဆက်များအား ခေါ်ဆောင်လာခြင်းသည် သူတို့၏ ချစ်ကြည်ရေးအား နောက်မျိုးဆက်များအထိ သယ်ဆောင်သွားရန် ဖြစ်ပေသည်။
ထိုသို့ဆိုသော်လည်း ဘိုးဘိုးကြီး၏ နောက်လိုက်ဟောင်းများသည် သူတို့၏ မျိုးဆက်များအား ၀မ်ကလန်သားများနှင့်မဆို ထိတွေ့ဆက်ဆံရန် ခွင့်ပြုထားခြင်းတော့ မရှိပေ။
ယခင်က ထိုအကြီးအကဲများ၏ မျိုးဆက်များသည် ယခုလို စုစည်းကြချိန်၌ မည်သည့်စကားမှ မဆိုပဲ ငြိမ်သက်စွာဖြင့် နံဘေး၌သာ ရပ်နေကြခြင်းဖြစ်သည်။ သူ၏ အစ်ကိုကြီးဖြစ်စေ၊ အစ်ကိုငယ် သို့မဟုတ် ၀မ်းကွဲ ၀မ်လီကိုဖြစ်စေ သူတို့နှင့် မည်သည့် ဆက်ဆံရေးမှ မတည်ဆောက်ကြပေ။
သို့သော် ယခုတွင်မူ အကြီးအကဲစွန်းမှ သူ၏ မြေးဖြစ်သူအား သူ့ကို နှုတ်ဆက်ရန် စကားဆိုနေချေပြီ။ ထိုသည်မှာ မည်သည့်အခါတွင်မှ မဖြစ်ပေါ်ဖူးပေ။
၀မ်ချောင် ထိုအမူအရာနောက်ကွယ်မှ ရည်ရွယ်ချက်အား ရှင်းလင်းစွာ နားလည်ပေသည်။ ဤသည်မှာ နာခံခြင်းနှင့် သစ္စာရှိခြင်း၏ အမှတ်အသားဖြစ်ပေသည်။
စွန်းအကြီးအကဲသည် သူ၏ မြေးဖြစ်သူအား ၀မ်ချောင်ထံ ပို့ဆောင်ခြင်းက သူ့အား သစ္စာရှိမည်ဖြစ်ကြောင်း သက်သေပင် ဖြစ်တော့သည်။ အနာဂတ်၌ သူတို့နှစ်ဦး ကြီးပြင်းလာ၍ သခင်ကြီးနှင့် စွန်းအကြီးအကဲ ကွယ်လွန်သွားခဲ့လျှင်ပင် စွန်းကလန်သည် ၀မ်ကလန်အား ဆက်လက် ထောက်ပံ့နေမည် ဖြစ်ပေသည်။
ဤသည်က သြဇာအာဏာ လွဲပြောင်းခြင်း ဖြစ်လေ၏။
စွန်းကြီးအကဲမှာ ၀မ်ချောင် အပေါ် သူ၏ ‘ အလွန်အမင်း ထောက်ခံမှု ’အား ရိုးရှင်းသည့် နည်းလမ်းအား အသုံးပြုကာ ပြသခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ယခင်က ဤကိစ္စမျိုး မဖြစ်ခဲ့ဖူးပေ။
တစ်ချိန်တည်း၌ ၀မ်ချောင် သူ၏ အဘိုးဖြစ်သူအား လှမ်းကြည့်မိသည်။
“ ဟားဟား.. ချောင်အာ သွားပါ.... ”
ထိပ်ဆုံးခုံ၌ ထိုင်နေရင်း သခင်ကြီးမှာ အခိုက်အတန့်မျှ မှင်သက်သွားပြီးနောက် ပြုံးရွှင်လာသည်။ ထိုသို့ ဖြစ်ပျက်လာမည်အား သူကိုယ်တိုင် ထင်မှတ်ထားခြင်း မရှိပေ။ ဤ စွန်းဘူရမ်၏ စိတ်ထားမှာ ကျောက်တုံးကဲ့သို့ တည်ငြိမ်လွန်းလှသည့်အတွက် ယခု သူ၏ တုန့်ပြန်မှုမှာ အလွန် နှစ်လိုဖွယ် ဖြစ်နေတော့သည်။
“ နင်းအာ.. ရှောင်ကျူး မင်းတို့နှစ်ယောက် ဘာရပ်ကြည့်နေတာလဲ.. မြန်မြန် ချောင်သခင်လေးကို လာနှုတ်ဆက်လိုက်... ”
တစ်ချိန်တည်းတွင် အကြီးအကဲမာသည်လည်း မတ်တပ်ရပ်ကာ သူ့နောက်ရှိ ကလေးနှစ်ဦးအား ပြုံးပြုံးဖြင့် လောဆော်လိုက်သည်။
“ မာအဘိုးကြီးနဲ့ စွန်းအဘိုးကြီး မင်းတို့ နှစ်ယောက် သူ့ကို ထိန်းချုပ်မှာကို ငါခွင့်ပြုမယ်ထင်နေလား.. ချောင်သခင်လေးကို ငါကြည့်လေလေ သဘောကျလေလေပဲ.. မင်းတို့ ကလေးတွေ ဘာလုပ်နေတာလဲကွ မြန်မြန်သွားပါတော့လား.. မဟုတ်ရင် ချောင်သခင်လေးကို ဟို အဘိုးကြီးနှစ်ယောက် ခေါ်သွားလိမ့်မယ်... ”
အမတ်မင်းဟူ၏ စကားသံဖြစ်လေသည်။ ထို့နောက် လူငယ်နှစ်ဦးအား လက်တစ်ဖက်လျှင် တစ်ယောက်ကိုင်ကာ ဘောလုံးကဲ့သို့ ဆွဲလွင့်လိုက်သည်။ ထိုလူငယ်နှစ်ဦးမှာလည်း သွက်သွက်လက်လက်ဖြင့် လဲမကျစေရန် ထိန်းချုပ်လိုက်သည်။ ထို့နောက် အလျင်အမြန် ပြေးထွက်သွားကာ ၀မ်ချောင်အား အခြားသူများနှင့်အတူ ၀န်းရံလိုက်ကြကာ ချောင်သခင်လေး ချောင်သခင်လေးဟု အဆက်မပြတ် ခေါ်သံများ ညံစီလာတော့သည်။
တစ်ချိန်တည်းတွင် အခြားအကြီးအကဲများသည်လည်း ဆိုင်ရာမျိုးဆက်များအား အသီးသီး ပို့လွှတ်ကြသည်။
“ နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ.... ”
သူနှင့် သက်တူရွယ်သူများ သူ့ထက် အသက်ကြီးသူများအား ကြည့်ရင်း ၀မ်ချောင် ရွှင်ပျလျက်ရှိသည်။ ဤ ဘိုးဘိုးကြီး၏ နောက်လိုက်ဟောင်းများ အုပ်စု၏ အသိအမှတ်ပြုမှုသည် ရယူရန် ခက်ခဲလှကြောင်း ကျော်ကြားပြီး ထိုသူတို့၏ အသိအမှတ်ပြုခံရခြင်းက ကောင်းကင်သို့ တက်ရောက်ခြင်းထက် ပိုခက်ခဲပေသည်။
အစ်ကိုကြီး၊ အစ်ကိုငယ်၊ ၀မ်းကွဲ၊ ဦးငယ်၊ ဦးလေး၊ ဖခင်နှင့် ဦးကြီးတို့ပင် အသီးသီး ကျရှုံးခဲ့ကြသည်။ ထို့ကြောင့် ထိုသူတို့၏ ထောက်ခံမှုအား စည်းဝေးမှု တစ်ကြိမ်တည်းနှင့် ရရှိလိုက်သည်က ၀မ်ချောင်၏ ခန့်မှန်းချက်ကိုပင် ကျော်လွန်သွားလေပြီ။
ယဲ့အကြီးအကဲနှင့် အမတ်မင်းဟူမှာ သူ့အား ရှေးမဆွကပင် အသိအမှတ်ပြုကြပြီးဖြစ်ကာ မာအကြီးအကဲနှင့် ဇောင်အကြီးအကဲတို့က နောက်မှ လိုက်ပါလာသည်။ စွန်းအကြီးအကဲနှင့် အခြားသူတစ်ချို့လည်း ပါ၀င်လာကာ သခင်ကြီး၏ နောက်လိုက်များထဲမှ အရေးပါသည့် လူအများစုသည် သူ့အား ထောက်ခံနေကြပြီဖြစ်သည်။
၀မ်ချောင် ဖော်ပြမရနိုင်လောက်အောင် ပျော်ရွှင်မိသည်။ ထိုသူတို့၏ အကူအညီနှင့်ဆိုလျှင် အနာဂတ်တွင် ၀မ်ချောင်အတွက် အကန့်အသတ်မဲ့ ခွန်အား ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
“ ချောင်သခင်လေး... ”
၀မ်ချောင်၏ အတွေးများ ပျံ့လွင့်နေချိန်တွင် အသံသြသြနှင့် စွမ်းအားပြည့်၀ကာ တည်ငြိမ်သည့်အသံအား သူ့နားထဲ၌ ကြားလိုက်ရသည်။
သူ၏ အတွေးပုံရိပ်များအား ပြန်လည် ရုတ်သိမ်းပြီးချိန်၌ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ် လူယ်တစ်ဦးအား သူ့ရှေ့၌ မြင်ရသည်။ ကျယ်ပြန့်သည့် ပုခုံးနှင့် သူ့ထက် ခေါင်းတစ်လုံးပိုမြင့်သည် လူငယ်သည် ခိုင်မြဲစွာဖြင့် ဦးညွှတ်လိုက်ပြီး သူ၏ လေးစားမှုအား ပြသသည်။
ထိုလူငယ်အား ကြည့်မိချိန်တွင် ၀မ်ချောင်၏ နှလုံးခုန်သံ မြန်ဆန်လာခဲ့သည်။
ဇောင်ကျင့်တျန်..
အနည်းငယ် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ရိုးသားဟန်ရသည့် လူငယ်အား ကြည့်ရင်း သူ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ကျန်ရှိတော့သည်။
ညီအစ်ကို... ငါတို့ ဒီဘ၀မှာ ထပ်တွေ့ကြရပြီ....
ထိုအချိန်၌ အချိန်မှာ အလွန်နှေးကွေးသွားသည်ဟု ထင်ရသည်။ ထိုရင်းနှီးသလိုနှင့် အနည်းငယ်စိမ်းသက်နေသည့် မျက်နှာအား မြင်ရချိန်တွင် ၀မ်ချောင်၏ မျက်လုံးနီလာကာ လည်ချောင်းထဲ၌ တစ်ခုခု ခံနေသလို ခံစားနေရသည်။
“ သေနာပတိ.. ကျုပ်တို့ နောက်ဘ၀မှာ ထပ်တွေ့ကြတာပေါ့...... ------- ”
သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခု ဖြစ်သွားသည့်နှယ် သူ၏ စိတ်အစဉ်မှာ အချိန်နှင့်အာကာသအား ဖြတ်သန်းသွားခဲ့သည်။ စစ်ပွဲ၏မီးတောက်သည် ကောင်းကင်တစ်ခုလုံးအား လွမ်းခြုံနေပြီး မြင်းဟီသံများက ကောင်းကင်အား လှုပ်ခါနေသယောင် စစ်မြင်းတစ်ကောင်ပေါ်၌ ရက်စက်ကြမ်းကြုတ်ဟန်ရသည့် ပုံရိပ်တစ်ခုအား သူတွေ့နေရသည်။ ထိုသူသည် တုန့်ဆိုင်းခြင်း မရှိ ရန်သူအုပ်ကြီးထဲသို့ ဖောက်၀င်သွားကာ သူ့ထံတွင် နောက်ဆုတ်ရန်နှင့် မည်သည့် နောင်တတရားမှ မကျန်တော့သယောင်ပင်။
ညီအစ်ကိုရေ.. ငါတို့ နောက်ဘ၀မှာ ထပ်တွေ့စရာမလိုတော့ဘူး.. ဒီဘ၀မှာပဲ ငါတို့တွေ ညီအစ်ကို ထပ်လုပ်ကြတာပေါ့ကွာ....
သူ၏ စိတ်ထဲမှ ဆုံးဖြတ်ချက် ပြတ်သားသည့်ပုံရိပ်နှင့် လက်ရှိ သူ့ရှေ့၌ ရပ်နေသည့် တောင့်တောင့်ဖြောင့်ဖြောင့် ပုံရိပ်မှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားသည်။
၀မ်ချောင် စိတ်ထဲ၌ ၀မ်းနည်းမှုနှင့် ၀မ်းသာမှုအား တစ်ပြိုက်နက်တည်း ခံစားနေရသည်။
“ ငါက ၀မ်ချောင်ပါ.. ”
ပြုံးရယ်စွာဖြင့် ၀မ်ချောင် လက်ဆန့်ထုတ်ကာ ကျောက်ကျင့်တျန်၏ လက်အား ဖမ်းဆုတ်လိုက်သည်။ အဆုံးတွင် ထိုလူငယ် ခေါင်းမော့လာပြီး သူ၏ မျက်လုံးထဲ၌ အနည်းငယ် အံ့အားသင့်မှု ဖြစ်ပေါ်လာသည်။
...............
ထူးချွန်ပြောင်မြောက်တဲ့ သေနာပတိတိုင်းမှာ သူတို့ကို ကိုယ်စားပြုတဲ့ ကြယ်ရှိတယ်လို့ ဆိုလိုတာပါ..
Ch 102 တိုင်းပြည်အား ချစ်ခင်မှု
အမှန်စင်စစ် ၀မ်ချောင် ခန်းမထဲ ၀င်လာစဉ်ကပင် ကျောက်ကျင့်တျန်အား သတိပြုမိခဲ့ပြီး ဖြစ်သည်။ မည်သို့ဆိုစေ ခန်းမတစ်ခုလုံးတွင် အကြီးအကဲများနှင့် ပြည့်နှက်နေသည်ဖြစ်ရာ ၀မ်ချောင် မည်သို့ မဆင်မခြင်နှင့် သွားနှုတ်ဆက်လေမည်နည်း။
ပို၍ အရေးကြီးသည်မှာ သူက ဇောင်ကျင့်တျန်အား မှတ်မိသည်ဆိုလျှင်ပင် ထိုသူက သူ့အား သိရှိပါမည်လား။
ယခင်ဘ၀တွင် ခန်းမအတွင်းသို့ ၀င်ရောက်ခွင့်မရခဲ့သည်ဖြစ်ရာ ကျောက်ကျင့်တျန်အား မြင်တွေ့ဖူးခြင်း မရှိပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဘေးအန္တရာယ်များအကြား ဆုံတွေ့ကြချိန်မှ နာမည်ချင်း ဖလှယ်မိသည့်အခါမှ သူ၏ အဘိုးတို့မှာ သခင်နှင့် နောက်လိုက် ဆက်ဆံရေးရှိကြောင်း သိရှိခဲ့ကြရသည်။ ထို့နောက်တွင် ကျောက်ကျင့်တျန်မှာ သူ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ခဲ့ပြီး သူနှင့်အတူ အတိဒုက္ခများစွာအား အတူတူဖြတ်သန်းခဲ့ကာ နောက်ဆုံး တိုက်ပွဲ မရောက်မှီ အထိပင်။
ထိုသည်မှာလည်း ၀မ်ချောင်၏ နောင်တများတွင် ပါ၀င်ပြီး ယခုဘ၀တွင်တော့ ထိုသည်အား ပြောင်းလဲရန်အတွက် အခွင့်အရေး ရရှိခဲ့လေပြီ။
ညီအစ်ကိုကောင်း...
ဇောင်ကျင့်တျန်မှာ ၀မ်ချောင်၏ အမူအရာကြောင့် အံအားသင့်နေသည်တွင် ၀မ်ချောင်၏ စိတ်တွင်တော့ ကျေနပ်နေမိသည်။ ဤတစ်နေ့လုံး၌ ယခုအချိန်သည် သူအပျော်ရွှင်ဆုံး ဖြစ်ပေသည်။
“ ဟမ့်.. မလုပ်ချင်ဘူး.. သူ့ကို သခင်လေးအဖြစ် အသိအမှတ်ပြုဖို့ ငြင်းပယ်တယ်.. ”
၀မ်ချောင်နှင့် ဇောင်ကျင့်တျန် ပြန်လည် ဆုံဆည်းနေကြချိန်၌ မိန်းမပျိုတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အသံထွက်လာရာသို့ အကြည့်တို့ စုပြုံကျသွားသည်။
မနီးမဝေး၌ ၁၆-၁၇နှစ်အရွယ် မိန်းမပျိုမှာ သူ့အဘိုးဖြစ်သူ၏ လက်ထဲမှ ရုန်းထွက်နေ၏။ သူမတွင် သိမ်မွေ့ကာ လှပသည့် မျက်နှာအား ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ အမူအရာမှာတော့ ဆန့်ကျင်စွာဖြင့် မောက်မာမှုနှင့် ခေါင်းမာမှုသာ ဖော်ပြနေသည်။
“ ပင်းအာ စကားနားထောင်စမ်း.. ဒီမှာ ပြဿနာမရှာနဲ့.. ----- ”
သူ၏ ညီအစ်ကိုဟောင်းများအပါအ၀င် ခန်းမတစ်ခုလုံး၏ အကြည့်အား ကြုံတွေ့ရချိန်တွင် ယဲ့အကြီးအကဲ၏ မျက်နှာမှာ ရှက်ရွံမှုကြောင့် နီရဲလာသည်။
“ သမီး မခေါ်ချင်ပါဘူးဆို.. သူ့ရဲ့ ကျင့်ကြံမှုကိုလည်းကြည့်ဦး.. အခုမှ မူလစွမ်းအင် အဆင့် ၅ မဟုတ်ရင် အဆင့် ၆ ပဲရှိသေးတာ.. သမီးထက်တောင် အများကြီး အားနည်းသေးတယ်.. ကျွန်မ ယဲ့ယင်ပင်းက အားနည်းတဲ့သူတစ်ယောက်ကို သခင်လေးအဖြစ် အသိအမှတ်ပြုရမှာလား.. ”
၀မ်ချောင်အား လက်ညှိုးညွှန်ရင်း သူမ၏ မောက်မာသည့်မျက်နှာပေါ်၌ အထင်သေးသည့် အမူအရာ ပေါ်လွင်နေသည်။
( ခွကျပြီလေ.. )
၀မ်ချောင် ခေတ္တ ပြောစရာစကား ကင်းမဲ့သွားလေသည်။ တစ်ခါကြည့်ရုံနှင့် သူ၏ ကျင့်ကြံမှုအား ခန့်မှန်းနိုင်သည်ဖြစ်ရာ ထိုမိန်းမပျို၏ အမြင်အာရုံမှာ အားကောင်းလွန်းလှပေသည်။ မူလစွမ်းအင် အဆင့် ၆သို့ ရောက်ရှိနေသည့်တိုင် ထိုမိန်းမပျို၏ အကြည့်ထံမှ မလွတ်နိုင်သေးပေ။
လူမြင်ကွင်းတွင် အခြားသူများ၏ အထင်မြင်သေးမှုအား ခံယူရသော်လည်း ၀မ်ချောင် သူမ၏ စကားအား တုန့်ပြန်နိုင်ခြင်း မရှိပေ။ အကြောင်းမှာ သူမသည် ၀မ်ချောင် မော်ကြည့်ရမည့် ပုံရိပ်ရှိခြင်းကြောင့် ဖြစ်ပေသည်။
တစ်ဖက်လူမှာ သူ့အား ထိုစကားများပြောရန်အတွက် အရည်အချင်း ပြည့်မှီ၏။
သူ၏ ယခင်ဘ၀၌ စစ်တပ်ထဲတွင် ငယ်ရွယ်ကာ ပါရမီရှိသည့် မိန်းမပျို အနည်းငယ်သာရှိပြီး ယဲ့ယင်ပင်းမှာ ထိုသူများထဲမှ တစ်ဦးအပါအ၀င် ဖြစ်သည်။ အဘိုးဖြစ်သူ၏ နောက်လိုက်ဟောင်းများ အပါအ၀င် ၀မ်ကလန်ထဲ၌ပင် သူ၏ကဲ့သို့ မိမိကိုယ်မိမိ ဂုဏ်ဝံ့နိုင်သည့် ပါရမီရှိသူမှာ လက်ငါးချောင်း မပြည့်ပေ။
ညီမငယ်၀မ်ရှောင်းယောင်သည် သူမထက် အနည်းငယ် သာလွန်နိုင်သည့်တိုင် သူမက အလွန်ပျင်းရိပေသည်။ သူမ၏ ရည်မှန်းချက် မရှိသည်က ယဲ့ယင်ပင်းအား အမှီမလိုက်နိုင်ခြင်း အကြောင်းရင်းဖြစ်သည်။
၀မ်းကွဲအစ်မ ၀မ်ကျူးယန်၏ ကျင့်ကြံခြင်းက ယဲ့ယင်ပင်းထက် သာလွန်နေခြင်းမှာ သူမတို့အကြား အသက်အရွယ် ကွာခြားမှုကြောင့် ဖြစ်ပေသည်။
ယဲ့အကြီးအကဲ၏ မြေးမလေးအား ဖော်ပြနိုင်သည့် စကားလုံးမှာ ပါရမီရှင်မလေး ဟူ၍ပင်။ သူမသည် ပါရမီရှိသည်သာမက သူမ၏ လေ့ကျင့်ခန်းများအား သေခြင်းနှင့် ခြေတစ်လှမ်းသာ ကွာတော့သည့်အလား အလွန် လုံ့လထားသည်။ ဝေဟောင်သည်လည်း လုံ့လဝီရိယရှိသည်ဟု ဆိုနိုင်သည့်တိုင် ယဲ့ယင်ပင်းကိုတော့ မမှီနိုင်ပေ။
သူမသည် တစ်ရက်လျှင် လေးနာရီသာ အနားယူကာ ညအချိန်တွင်ပင် လေ့ကျင့်သည်။ ထို့ကြောင့် သူမ၏ အသက်ငယ်ပင် ငယ်သော်ငြား သိုင်းသခင်နယ်ပယ်သို့ ခြေလှမ်းချပြီး ဖြစ်ချေသည်။ ယောင်ဖုန်းသည်ပင် သူမအား မယှဉ်နိုင်ပေ။
အကယ်၍ မြို့တော်၏ ပါရမီရှင်စာရင်းမှာ ယောက်ျားလေးများကိုသာ အလေးအနက်ထားခြင်း မဟုတ်ပါက ယဲ့ယင်ပင်းမှာ သူမနာမည်အား ကိုယ်တိုင် ရေးထွင်းနိုင်ပေလိမ့်မည်။
“ ပင်းအာ.. စကားကို ဘယ်လိုပြောနေတာလဲ.. ချောင်သခင်လေးက ကျိုးအမတ်ကြီးရဲ့မြေးပဲ.. မြန်မြန် တောင်းပန်လိုက်.. ”
ယဲ့အကြီးအကဲ မျက်နှာထား တင်းမာစွာဖြင့် ဆူပူလိုက်သည်။
ကျိုးအမတ်ကြီးနှင့် ယခုတွေ့ဆုံပွဲတွင် ဤကလေးမအား ခေါ်ဆောင်လာသည့်အကြောင်းရင်းမှာ ယဲ့နှင့်၀မ်ကလန်အကြား ရင်းနှီးမှုအား နောက်မျိုးဆက်အထိ လက်ဆင့်ကမ်းရန် ဖြစ်ပေသည်။ ထို့ထက်ပို၍ ၀မ်ချောင်၏ အရည်အချင်းမှာ မဆိုးဝါးသလို ကျိုးအမတ်ကြီး၏ မျိုးဆက်များထဲ၌ သူနှင့် သူ၏ ညီအစ်ကိုများ စိတ်ကျေနပ်သည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။
သူသည် ၀မ်ချောင်အား သူ့မြေးမလေး၏ သတို့သားအဖြစ်ပင် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူ မည်သည့်အရာမှ မပြောရသေး၌ သူ၏ မြေးမလေးသည် ချောင်သခင်လေး၏ မျက်နှာအား အိုးမဲသုတ်နေလေပြီ။ လက်ရှိ အခြေအနေအရ သူ့အနေဖြင့် ၀မ်ချောင်အား မည်ကဲ့သို့ စကားကြောင်းလမ်း ရတော့မည်နည်း။
ညီအစ်ကိုဟောင်းများ၏ ရှေ့တွင် အရှက်တကွဲ ဖြစ်ရသည့်အတွက် အနာဂတ်၌ ထိုသူတို့အား သူမည်ကဲ့သို့ မျက်နှာပြရမည်နည်း။
“ ဟမ့်.. နင် ဘယ်လိုစကားလုံးတွေ ပြောလိုက်လို့ အကြီးအကဲတွေအကုန် အခုလို ဖြစ်ကုန်ကြမှန်းမသိသလို နင် ပြောတဲ့ စကားတွေကိုလည်း ငါတစ်လုံးမှ နားမလည်ဘူး.. တကယ်လို့ ငါက နင့်ကို သခင်လေးအဖြစ် အသိအမှတ်ပြုစေချင်တယ်ဆိုရင်တော့ ငါနင့်ကို ပြောလိုက်မယ်------- အိပ်မက်မက်နေလိုက်.... ”
မောက်မာသည့်မိန်းမပျိုသည် သူမ၏ စကားဆုံးသည်နှင့် သူမ၏ အဘိုးကိုပင် နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့သည်။
ထိုသည်အားကြည့်ရင်း ယဲ့အကြီးအကဲမှာ အလွန် အရှက်ရနေသည်။ ဒေါသထွက်လွန်းသဖြင့် သူ၏ မျက်နှာပင် ခရမ်းရောင် ပြောင်းနေချေပြီ။ သူ၏ လက်အား အကြိမ်ကြိမ် မြောက်မိသော်လည်း အကြိမ်တိုင်း ပြန်ချမိသည်။ သူမအား သူ မရိုက်ရက်ပေ။
ဤသူငယ်မလေးမှာ မောက်မာကာ ထိန်းချုပ်၍မရပဲ သူ၏ စကားကိုပင် စိတ်ထဲမထားပေ။ မည်သို့ဆိုစေ သူမ၏ ပါရမီမှာ မိန်းမပျိုများအကြား အလွန် ထူးခြားပြီး ကျင့်ကြံခြင်းအပေါ်၌လည်း အလွန် ဝီရိယထားသည်။ သူမအား မည်သူမှ မထိန်းကွပ်နေသည့်တိုင် စားချိန်နှင့် အိပ်ချိန်မှလွဲ၍ ကျင့်ကြံ၍သာနေသည်။ သူမ၏ အဘိုးဖြစ်သူပင် မည်သည့် အပြစ်ဆိုစရာမှ ရှာမတွေ့ပေ။
တစ်ခါတစ်ရံတွင် အလွန်ကြိုးစားလွန်းသည့် သူ၏ မြေးမလေး၏ လက်မှ အနာတရများအား မြင်လျှင် သူခေါင်းကိုက်ရသည်။
“ ဟူး.... ငါ သူ့ကို ဘာမှ မပြောနိုင်ပါလား.. ”
ယဲ့အကြီးအကဲမှာ ဒေါသလည်းထွက် ခေါင်းလဲကိုက်နေသည်။ နောက်လှည့်ကာ သူ၏ ညီအစ်ကိုဟောင်းများအား မျက်နှာချင်းဆိုင်လိုက်သော်လည်း မည်သည့်စကားမှ မပြောနိုင်ပေ။ အစည်းအဝေးခန်းမ တစ်ခုလုံး အတန်ကြာတိတ်ဆိတ်သွားခဲ့ပြီးနောက် ရယ်သံထွက်ပေါ်လာသည်။
“ ဟားဟားဟား.. ယဲ့အဘိုးကြီး မင်းမှာလည်း ဒီလိုနေ့မျိုးရှိသေးတာပဲလားကွ.. မင်းက စစ်သည်သန်းပေါင်းများစွာကိုတောင် စကားတစ်ခွန်းထဲနဲ့ ညိမ်သက်စေနိုင်တာ အခုကျတော့ ဆယ့်ခြောက်နှစ်ပဲရှိသေးတဲ့ မြေးမလေးကိုတော့ မထိန်းနိုင်တော့ပါလား..”
“ နဂါးမှန်ရင် နဂါးကိုပဲ မွေးတယ်.. ဖီးနစ်ဟာလည်း ဖီးနစ်ငှက်ကိုပဲ မွေးတယ်.. အဲ့ဒီအဘိုးကြီးရဲ့ စိတ်ထားအရ ဒီလို မြေးမလေး မွေးထားတာ ငါတော့ မအံ့သြဘူးဟေ့.. ”
“ အဘိုးကြီးတောင်မှ ဒီကလေးမလေးကို လက် မရွယ်ရက်တာ အနာဂတ်မှာ ယဲ့ကလန်ရဲ့ ဒီမိန်းကလေးကို ဘယ်သူကများ ထိန်းကွပ်နိုင်မလဲ ငါသိချင်မိတယ်.. ”
“ ဒီကလေးမလေးက တကယ်ပဲ သန်မာတဲ့စရိုက်ရှိတယ်.. ငါတို့ရဲ့ ချောင်သခင်လေးဆိုရင်ရော သူမနဲ့ ထိုက်တန်မလားပဲ... ”
........
အစတွင် လူတိုင်းမှာ ယဲ့တုန်အား ဟာသလုပ်နေကြသော်လည်း များမကြာမှီ ၀မ်ချောင်ထံသို့ ခြေဦးလှည့်သွားသည်။
၀မ်ချောင်၏ မျက်နှာ နီရဲသွားခဲ့သည်။
“ ချောင်သခင်လေး.. ကျုပ် တကယ်ကို တောင်းပန်ပါတယ်.. ကျုပ်က ပင်းအာကို ငယ်ကတည်းက အလိုလိုက်ခဲ့တော့ မထိန်းနိုင်လိုက်ဘူး.. ကျုပ်ပြန်ရောက်တာနဲ့ သူ့ကို ကောင်းကောင်းလေး သင်ခန်းစာ ပေးလိုက်ပါ့မယ်.. ”
၀မ်ချောင်၏ မာန ထိခိုက်သွားသည်အား သတိထားမိလျှင် ယဲ့အကြီးအကဲ လျင်မြန်စွာ တောင်းပန်စကားဆိုလိုက်သည်။
“ ဘာမှမဖြစ်ပါဘူး.. ယဲ့အကြီးအကဲ ဒီကိစ္စကို စိတ်ထဲမထားပါနဲ့.. ”
၀မ်ချောင် ပြုံးကာ လက်ခါရမ်းလိုက်ပြီး ထိုကိစ္စအား စိတ်ထဲ မထားသယောင် ပြလိုက်သည်။ ယခင်ဘ၀၌ သူသည် ယဲ့ယင်ပင်းနှင့် ဆုံတွေ့ဖူးပြီး သူမက မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူကောင်းစွာ သိပေသည်။
သူမသည် ကျင့်ကြံခြင်း၌ အလွန် ပါရမီရှိသော်လည်း အခြား မိန်းမပျိုများနှင့် ထပ်တူပင် နိုင်ငံရေးအား စိတ်မ၀င်စားချေ။ အရှေ့နှင့်အနောက် မွန်ဂိုဘုရင့်နယ်မြေများ ဖြစ်စေ စည်းကြပ်ခွန်ဖြစ်စေ ပြောခဲ့သည်များအား သူမ အနည်းငယ်သာ နားလည်သည်။ ဆိုရလျှင် အကယ်၍ လူတစ်ယောက်သည် အာဘတ်စစ်စော်ဘွားနယ်နှင့် ခရပ်စပါစီနူတို့သည် အရှေ့အရပ်၌ ရှိသည်လား အနောက်အရပ်၌ ရှိသည်လားဟု မေးလျှင်ပင် သူမ ထိုမေးခွန်းအား ဖြေဆိုနိုင်ရန် ရှုပ်ထွေးနေပေလိမ့်မည်။
၀မ်ချောင်၏ လုပ်ဆောင်မှုသည် သူမ၏ လေးစားမှုအား ရရှိသည်ဟုဆိုလျှင်သာ အံ့သြရပေမည်။
ယဲ့ယင်ပင်းကဲ့သို့ ခေါင်းမာသည့် မိန်းမပျိုသည် သူမထက် ခွန်အားကြီးသည့် သူထံ၌သာ ခေါင်းငုံ့ပေလိမ့်မည်။ သူမ ပြောသကဲ့သို့ပင် ၀မ်ချောင်သည် မူလစွမ်းအင် အဆင့် ၆သာရှိပြီး အားနည်းပေရာ သူမအား သူ့ကို သခင်လေးဟု ခေါ်ဆိုစေရန် အခွင့် မရှိပေ။
( မင်းက ငါ့ကို အညံ့မခံချင်ဘူးပေါ့ ရတယ်လေ ငါကမင်းကို အညံ့ခံတဲ့အထိ ရိုက်ပေးရတာပေါ့.. တစ်နေ့မှာ မင်းကိုယ်တိုင် ငါ့ကို လိုလိုချင်ချင်နဲ့ သခင်လေးလို့ ခေါ်စေရမယ်.. )
၀မ်ချောင် စိတ်ထဲမှ ပြုံးလိုက်သည်။
ယခင်ဘ၀၌ သူသည် ယဲ့ယင်ပင်းထံ၌ များစွာသော ဒုက္ခများ ခံစားခဲ့ရသည်။ ဤယဲ့ကလန်မှ ပါရမီရှင်မလေးသည် သူမ၏ အဘိုးမှာ သူ၏အဘိုး၏ လက်အောက်တွင် ခစားသည်ဆိုသည့် အဖြစ်အား ဘ၀င်မကျသည့်အတွက် မည်သည့်၀မ်ကလန်သားများကိုမှ သူမ ခေါင်းငုံ့မခံပေ။
သူမ၏ ယခင်ဘ၀တွင် သူ့အား ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံကြိုက်စေခဲ့သည်။
မည်သို့ဆိုစေ အကယ်၍ ယဲ့ယင်ပင်းသည် ယခင် ဘ၀ကဲ့သို့ပင် ပြုမူနေဦးမည်ဆိုပါက အလွန်ကြိုးစားရပေလိမ့်မည်။
ထိုသို့တွေးရင်း ၀မ်ချောင် နောက်လှည့်ကာ ထွက်ခွာလိုက်သည်။
သူ၏ ညီအစ်ကိုဖြစ်သူ ဇောင်ကျင့်တျန်နှင့် ပြန်လည် ဆုံစည်းရသည်က လုံး၀ မထင်မှတ်ထားသည့်အရာဖြစ်၏။ မည်သို့ဆိုစေ ၀မ်ချောင် အနေဖြင့် အလွန်နွေးထွေးမှုသို့မဟုတ် ရင်းနှီးမှုအား ထုတ်ဖော်ခြင်း မရှိချေ။ အဆုံး၌ လက်ရှီ ဇောင်ကျင့်တျန်မှာ ၀မ်ချောင်အား အဘယ်ကြောင့် အလွန်ရင်းနှီးသည်ဟု ခံစားနေရကြောင်း နားမလည်နေပေ။
“ ခနစောင့်ဦး..... ”
အသိပညာစံအိမ်၏အပြင်ဘက်၌ ၀မ်ချောင် တောင်တုတစ်ခုအား ကျော်လွန်လာချိန်တွင် ဝါးတောထဲမှ အသံ ထွက်ပေါ်လာသည်။
“ မင်းငါ့ကို ဘာလို့ ကူညီတာလဲ.... ”
သူ့နောက်မှ အသံထွက်ပေါ်လာသည်။
“ ဘယ်လို....... ”
၀မ်ချောင် နောက်လှည့်ကြည့်သည်တွင် အံ့အားသင့်စွာ ၀မ်းကွဲအစ်ကို ၀မ်လီမှာ သူ့အား မျက်တောင်ပင် မခတ်ပဲ စိုက်ကြည့်နေလေသည်။
“ ဟမ့်.. ငါက ပြောခဲ့တဲ့စကားကိုတောင် မမှတ်မိနိုင်လောက်အောင် ရူးနေပြီလို့ မင်းထင်နေတာလား.. ပြီးတော့ ငါဘယ်တုန်းကမှ တောင်တုပေါ်မှာ မထိုင်ခဲ့ဖူးဘူး... မင်း တစ်ခြားသူတွေကိုပဲ အရူးလုပ်လို့ရမယ်.. ငါ့ကိုတော့ မရဘူး.. ”
၀မ်လီ ပြောလိုက်သည်။
သူငယ်စဉ်က တောင်တုပေါ်မှ လိမ့်ကျခဲ့ဖူးသည့်အတွက် သူ့အတွက် အိပ်မက်ဆိုးသဖွယ် ဖြစ်ခဲ့သည်။ အသက်အရွယ်ကြီးလာသည်တွင် ထိုသည်အား မကြောက်ရွံ့တော့သော်လည်း တောင်တုများမှာ သူ ရှောင်ဖယ်သည့်အရာ ဖြစ်နေဆဲပင်။
၀မ်လီ ထိုအခြင်းအရာအား မည်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။
အစ၌ ၀မ်ချောင် ထိုကိစ္စအား ပြောထွက်ခဲ့ချိန်၌ သူပင်လျှင် ယုံချင်ချင် ဖြစ်ခဲ့သေးသည်။ သို့ဆိုစေ တောင်တုပေါ်တွင် နားနေရင်း ပြောခဲ့သည်ဟု ၀မ်ချောင် ဆိုလိုက်ချိန်၌ ၀မ်ချောင် သူ့အား ဆွဲထည့်လိုက်ခြင်းသာ ဖြစ်ကြောင်း ရုတ်ချည်း နားလည်လိုက်သည်။
“ ဟားဟား.. အဲ့ဒီတော့.. ကြည့်ရတာ ငါအမှတ်မှားတာပဲနေမယ်.. မဟုတ်လဲ ငါ တစ်ခြားနေရာကနေ ကြားဖူးတာ ဖြစ်မှာပေါ့ကွ.... ”
ပြုံးလျက်သာ ၀မ်ချောင် သူ၏ ထင်မြင်ချက်အား မလျော့ပေ။
ထိုအချိန်၌ ဝါးရုံတောမှာ ပို၍ တိတ်ဆိတ်သွားသည်ဟု ထင်ရသည်။
၀မ်ချောင်အား လေးလေးနက်နက် စိုက်ကြည့်နေရင်း မသေချာ မရေရာမှုများက သူ၏ မျက်လုံးထဲတွင် ထင်ဟပ်လာပြီး သူ၏ ဤ၀မ်းကွဲအပေါ် ပြန်လည် စမ်းစစ်နေသယောင်ပင်။ သို့သော် များမကြာမှီ သူ၏ အကြည့်က အေးစက်သွားပြီး သူ၏ မူရင်း အမူအယာသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။
“ ဟမ့်.. မင်းငါ့ကို ကူညီခဲ့လို့ မင်းကို ကျေးဇူးတင်နေမယ်လို့တော့ မထင်လိုက်နဲ့.. မင်း အပိုအလုပ် လုပ်မိတာပဲ အဖတ်တင်မယ်.. ”
၀မ်လီ ထိုစကားများအား ပြောလိုက်သော်လည်း သူ၏ အမူအရာမှာတော့ အနည်းငယ် ပျော့ပျောင်းသွားသည်။ သူတို့အကြား ယခင်ကလောက် ဝေးကွာမှု မရှိတော့သလိုပင်။
ထိုစကားဆိုပြီးနောက် ဝါးရုံတော၏ အခြားတစ်ဖက်သို့ တိုး၀င် ပျောက်ကွယ်သွားသည်။
( ဒီကောင်က အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲသေးဘူး.. )
ထွက်ခွာသွားသည့် ၀မ်လီ၏ နောက်ကျောအား ကြည့်နေရင်း ၀မ်ချောင် ရယ်မိကာ သူ၏ စိတ်ထဲ၌ နွေးထွေးမှု ဖြစ်တည်လာသည်။ သူ၏ ၀မ်းကွဲအစ်ကိုမှာ သူမှတ်မိထားသည့်အတိုင်းပင်။ တစ်ဖက်လူမှာ သူ့အပေါ် အမြင်ပြောင်းလဲသွားခဲ့သော်လည်း ထိုသည်အား မည်သည့်အခါမှ ၀န်ခံလိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိပြီး ၀မ်ချောင်သည်လည်း သူ၏ မိခင်ထံသို့ လျှောက်သွားလိုက်သည်။
......
ထိုအချိန်၌ အခြားမျိုးဆက်သစ်များနှင့် ၀မ်ချောင် ထွက်ခွာသွားသည်တွင် အသိပညာစံအိမ်ထဲ၌ သခင်ကြီး၏ နောက်လိုက်ဟောင်းများသည် အခြားအခန်းတစ်ခုထဲတွင် ဆုံတွေ့နေကြသည်။
“ ကျိုးအမတ်ကြီးရဲ့ အငယ်ဆုံး မြေးကို မင်းတို့ ဘယ်လိုမြင်လဲ... ”
ယဲ့အကြီးအကဲမှ စတင် ပြောဆိုလေ၏။
နှစ်ဆယ်ချီ ညီအစ်ကိုရင်းသဖွယ် ပေါင်းသင်းလာကြသည်ဖြစ်ရာ အခြားသူများ မည်သည်ကို စဉ်းစားနေသည်မှန်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ လူတိုင်း ဤနေရာ၌ လာရောက်စုဝေး ကြသည်မှာ ထိုအကြောင်းရင်းကြောင့် ဖြစ်မှန်း သေချာပေသည်။
“ ဉာဏ်ကောင်းတယ်၊ လူရည်လည်တယ်၊ အတွေ့အကြုံရှိတယ်၊ သတ္တိလဲရှိတယ်.. အရေးအကြီးဆုံးက သူ့မှာ တိုင်းပြည်ကို ချစ်တဲ့ နှလုံးသားရှိတယ်.. ”
မာအကြီးအကဲမှ ပြောလိုက်၏။
၀မ်ချောင် မည်မျှလောက် အသည်းအသန် စကားဆိုခဲ့သည်အား သူ ပြန်လည် သတိရမိသည်။ သူ့အနေဖြင့် ၀မ်ချောင် ပြောခဲ့သည့် စကားထဲက အကြောင်းရင်းမှာ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူ၏ စကားသံထဲမှ တိုင်းပြည်အား မည်မျှပင် ချစ်ခင်ကြောင်း ခံစားမိ၍ ဖြစ်သည်။
ပြည်နယ်စစ်သေနာပတိနှင့် အရည်အချင်းရှိသည့်ဟူများအား ထောက်ပံ့ပေးမည့်အကြောင်းအား ၀မ်ချောင် ပြောဆိုနေချိန်၌ သူ့စကား၏ နောက်ကွယ်မှ စိတ်ရင်းအား ၀မ်ချောင်ကိုယ်တိုင်ပင် သတိထားမိမည် မဟုတ်ပေ။ သူသည် ပြည်သူများအပေါ် ကရုဏာထားပြီး အင်ပါယာအတွက် ပူပန်လျက်ရှိသည်။
အစည်းအဝေးခန်းထဲ၌ ရှိနေသည့် အချိန် ခဏလေးအတွင်း၌ ကျိုးအမတ်ကြီး၏ မြေးဖြစ်သူသည် ဉာဏ်ပညာ၊ သွက်လက်မှု၊ သတ္တိ၊ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ အသိပညာနှင့် ဦးဆောင်နိုင်စွမ်းတို့အား ထုတ်ဖော်ပြသသွားခဲ့သည်။
သို့သော် ထို ပါရမီတို့သည် နှစ်ဖက်သွားဓားကဲ့သို့ပင်။ ရန်သူများအား ခုတ်ပိုင်းရန် အသုံးပြုနိုင်သကဲ့သို့ မိမိကိုယ်ကိုလည်း ထိခိုက်စေနိုင်သည်။
သူ၏ အခြားပါရမီများထက် အကြီးအကဲများ အလွန်တန်ဖိုးထားသည်မှာ ၀မ်ချောင်၏ တိုင်းပြည်အပေါ် အဆုံးစွန် ချစ်ခင်မှုသာ ဖြစ်၏။
အားလုံးသည် ၀မ်ချောင်အား အသိအမှတ်ပြုကြခြင်းမှာ ပြည်နယ်စစ်သေနာပတိ ကိစ္စနှစ်ရပ်ကြောင့် မဟုတ်ပဲ သူ၏ တိုင်းပြည်အပေါ် ချစ်ခင်စိတ်ကြောင့်သာ ဖြစ်မှန်း ၀မ်ချောင် သိလိမ့်မည် မဟုတ်ချေ။
ဒုက္ခ သုခ များစွာအား ကျော်ဖြတ်ခဲ့ကြရသည့် အကြီးအကဲများအတွက် ထိုထက် တန်ဖိုးရှိသည့် အရာ မရှိနိုင်တော့ပေ။
“ အရှေ့ပိုင်းဟန်မင်းဆက်ရဲ့ အဆုံးသတ်ကာလမှာ ရှေ့ဖြစ်ဟောဆရာ ရှုရှောက် ဟာ ချောင်ချောင်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ ငြိမ်းချမ်းတဲ့ကာလမှာ ၀န်ကြီးဖြစ်မဲ့သူဖြစ်ပေမဲ့ ကစဉ့်ကလျားကာလမှာဆိုရင်တော့ စဉ်းလဲတဲ့သူရဲကောင်း ဖြစ်လိမ့်မယ်လို့ ဟောခဲ့တယ်.. အနည်းဆုံးတော့ ချောင်သခင်လေးရဲ့ ပါရမီတွေဟာ မင်းဆိုမင်းညစ်လိုမျိုး အနိုင်အထက် ပြုကျင့်တဲ့သူ ဖြစ်လာမှာကို ပူစရာတော့ မလိုတော့ဘူးလေ.. ”
စွန်းအကြီးအကဲမှ ပြောလေ၏။ အခန်းထဲရှိ လူအားလုံးထဲ၌ သူသည် ၀မ်ချောင်အား နောက်ဆုံးမှ ထောက်ခံသည့်သူ ဖြစ်သည်။
အခန်းထဲရှိ အကြီးအကဲတိုင်းက ခေါင်းငြိမ့် ထောက်ခံကြသည်။
သွက်လက်မှု၊ ဉာဏ်ရည်၊ သတ္တိ၊ ဆုံးဖြတ်ချက်၊ အသိပညာ၊ သြဇာ နှင့် တိုင်းပြည်အား ချစ်ခင်မှုတို့ကြောင့် အနည်းဆုံး အင်ပါယာအား ကပ်ဆိုက်စေမည် မဟုတ်က အမှန်ပင်။
အကြီးအကဲများ၏ အမြင်၌မူ ဤသို့သော သူသည်သာ ၀မ်ကလန်၏ဝိဉာဏ်အား စုစည်းကာ အကြီးအကဲများအားလုံး၏ အသိအမှတ်ပြုမှုအား ထိုက်တန်သူ ဖြစ်ပေသည်။ ဆယ်စုနှစ်များစွာ စိတ်ပျက်လာခဲ့ရသည့်နောက်အဆုံးတွင် ခစားရန် ထိုက်တန်သည့်သူအား ရှာတွေ့ခဲ့လေပြီ။
“ သူက ကျိုးအမတ်ကြီးရဲ့ ဆက်ခံသူပဲ.. ”
“ သူက ငါတို့ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဒါပေမဲ့ စစ်ဆေးမှုကတော့ အခုမှစမှာ.. ကျန်သေးတဲ့ ကျိုးအမတ်ကြီးရဲ့ နောက်လိုက်ဟောင်းတွေနဲ့ တပည့်သားတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ကတော့ အခုကစပြီး သူ့အားသူကိုယ် ရမှာပဲ.. ဒါကမှ တကယ့် စစ်ဆေးမှုပဲ ငါတို့ထဲက ဘယ်သူကမှ သူ့ကို ကူညီနိုင်မှာ မဟုတ်ဘူး.. ”
“ အပြောထက် အလုပ်နဲ့ သက်သေပြရမယ်.. သူသာ သက်သေပြနိုင်ရင်တော့ ပါရမီ အရှိဆုံးသူဖြစ်မှာပဲ.. ကျိုးအမတ်ကြီးက အသက်ကြီးနေပြီ.. ဒီကောင်လေး အဲ့လူတွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ဖို့ မျှော်လင့်ပါတယ်.. ဒါမှပဲ အလယ်ပိုင်းလွင်ပြင်ကို စုစည်းပြီး မဟာထန်အင်ပါယာကို နောက်ထပ် ရာစုနှစ်တွေအထိ ထိမ်းသိမ်းပေးမဲ့ ပုံရိပ်တစ်ခု ငါတို့အတွက် ဖြစ်လာလိမ့်မယ်.. ”
သက်ပြင်းချသံနှင့်အတူ ခန်းမတစ်ခုလုံး အချိန်ကြာမြင့်စွာ ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
.....
ချောင်ချောင်ဆိုတာက စစ်ဘုရင်တစ်ဖြစ်လဲ အရှေ့ဟန်မင်းဆက်( 206-220 )ရဲ့ နောက်ဆုံးသော ၀န်ကြီးချုပ်လဲ ဖြစ်သူပါ။ သူက သုံးပြည်ထောင်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်သလို သမိုင်းစာပေများစွာထဲမှာလည်း မကြာခဏပါ၀င်တတ်သူဖြစ်ပြီး သုံးပြည်ထောင်မှာ ရန်ဘက်အများဆုံးသူလို့ဆိုလည်း မမှားပါဘူး။ သူ့ကို စဉ်းလဲတဲ့သူရဲကောင်းလို့ဆိုရတဲ့အကြောင်းက သူဟာ လိုချင်တဲ့ ဖြစ်ချင်တဲ့အရာဆိုရင် ကောင်း၏ မကောင်း၏ သင့်၏ မသင့်၏ မတွေးလို့ပါ။ သုံးပြည်ထောင်အကြောင်း စာအုပ်စာပေ ဇာတ်ကား အများကြီးရှိတဲ့အတွက် စိမ်းသက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
Chapter 103. ယုကျန်း နန်းတော်
ရွှေခြင်္သေ့ဂူ လောင်းကစားဝိုင်း၏ ပြင်ပအပြင်အဆင်မှာ ထည်ဝါခန့်ညားလှသော်လည်း အတွင်း၌မူ မတူကွဲပြားလို့နေသည်။ ဧည့်သည် အနားငယ်မှာ ဆေးတံရှူနေကြပြီး အချို့မှာ အရက်သောက်နေ၍လည်းကောင်း အချို့သည် မူးမူးရူးရူးနှင့် ဗလုံးဗထွေး ပြောဆိုနေ၍လည်းကောင်း အချို့ကံမကောင်းသည့်သူများမှာတော့ ဆုံးရှုံးသွားသည့် မိသားစုပိုင် ငွေများကြောင့် နှမြောတသ ငိုကြွေးနေကြသည်။
နေ့ရက်တိုင်း လက်တစ်ဆုပ်စာခန့်လူတို့မှာ ငွေကြေးဆုံးရှုံးမှုကြောင့် မေ့လဲသွားကြပြီး လောင်းကစားဝိုင်း၏ ကိုယ်ပိုင်အစောင့်များမှ ထိုသူများအား အပြင်သို့ သယ်ထုတ်ကြရသည်။ သို့တိုင် များစွာသော လူများသည် လောင်းကစားဝိုင်းသို့ အလာ မပျက်ပေ။
ရွှေခြင်္သေ့ဂူ၏ ၀င်ပေါက်၌ မုတ်ဆိတ်ကျိုးတိကျိုးတဲ သက်လတ်ပိုင်းလူမှာ ကြမ်းပြင်၌ လဲနေလေ၏။ ထိုသူသည် သူ၏ အ၀တ်အစားများကိုပင် ဆုံးရှုံးထားသည်သာမက သူ၌ ကျန်ရှိနေသည့်အရာမှာ အတွင်းခံ တစ်ခုသာ ရှိတော့သည်။
ထိုသူအား သတိထားမိသည့်သူများမှာ ထိုသူအား ကြည့်၍ ‘ ကြည့်စမ်း.. ဒါ တော်၀င်အစ်ကိုတော် မဟုတ်လား.. ’ဟု သရော်သွာကြသလို အချို့ဆိုလျှင် စကားပင်မဆိုပဲ တံတွေးထွေးသွားကြသည်။
သို့သော် ထို မုတ်ဆိတ်ငုတ်တိုနှင့် လူလတ်ပိုင်းမှာ သူ့အားလှောင်ပြောင်နေသူများအား မသိမမြင်သည့်နှယ် နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုအား ချိတ်ဆွဲထားလျက်ပင်။ သူ့အား လှောင်ပြောင်နေကြသူများအား ပြန်လည် လှောင်ပြောင်နေသည့်နှယ်။
အကယ်၌ လူတစ်ယောက်သည် ထိုသူအနား နီးနီးကပ်ကပ်သွားပါက ထိုသူ ပြောနေသည့် စကားအား ကြားနိုင်ပေလိမ့်မည်။ ‘ ငါက တော်၀င်အစ်ကိုတော်ပဲ ’ ‘ မှန်တယ်.. ငါက တော်၀င်အစ်ကိုတော်ပဲကွ.. ’ ‘ ဘယ်သူက ဆရာကြီးလဲဆိုတာ မင်းတို့ကို ပြရသေးတာပေါ့.. ’
ရာဇ၀တ်သားများ၊ လောင်းကစားသမားများ၊ ပြည့်တန်ဆာများ၊ အရက်သမားများ..... ရွှေခြင်္သေ့ဂူအတွက်တော့ ယနေ့သည်လည်း အခြားနေ့များနှင့် ထူးမခြားနားပင်။
ထိုသည်က နားအူစေလောက်သည့် အသံများ ထွက်မလာခင်အထိသာ။
ဟူးလားလား...
မည်သူမှ ထိုရုတ်တရက် ပြောင်းလဲသွားမှုအား မထင်မှတ်ထားကြပေ။ ရွှေခြင်္သေ့ဂူ လောင်းစကားဝိုင်းမှာ ကြီးမားသည့် လက်တစ်စုံဖြင့် ကိုင်လှုပ်ခံလိုက်ရသည့်နှယ် လှုပ်ခါနေသည်။
ထို မြန်ဆန်လှသည့် ပြောင်းလဲမှုကြောင့် ပြည့်တန်ဆာများနှင့် ကချေသည်များမှာ ကြောက်ရွံမှုကြောင့် အော်ဟစ်နေကြသည်။ လောင်းကစားသမားများသည်လည်း မျက်နှာ ဖြူလျော့စွာဖြင့် မည်သည့်အရာဖြစ်နေမှန်း လှည့်ပတ်ကြည့်နေကြသည်။
မသိလိုက်မှီပင် တောင်ကြီးနှစ်လုံးနှင့်အလားတူ ခက်ထန်သည့် ပုံရိပ်နှစ်ခုမှာ ရွှေခြင်္သေ့ဂူ၏ ၀င်ပေါက်၌ ထွက်ပေါ်လာသည်။ ထိုသူနှစ်ဦးမှာ တစ်ဖက်တစ်ချက်စီ၌ မတ်တပ်ရပ်နေပြီး နေရောင်အား ပိတ်ဆို့ထားသည်။ ရွှေခြင်္သေ့ဂူတစ်ခုလုံးမှာ နေ့မှ ညသို့ ယုတ်ချည်း ပြောင်းလဲသွားသလို အမှောင်ကျသွားသည်။
လူတိုင်းသည် ရုတ်တရက် အပြောင်းအလဲကြောင့် ကြောက်လန့်နေကြသည်။ ယုန်သငယ်မှာ သွေးဆာသည့် ကျားအား တွေ့လိုက်ရသကဲ့သို့ ကြောက်သေးပါနေကြသည်။
“ နန်းတွင်းစစ်တပ် .. ဒါ နန်းတွင်းစစ်တပ် မဟုတ်လား... ”
“ မဟုတ်ဘူး.. မှားနေတယ် ဒါ.. ဒါက တော်၀င်အိပ်ဆောင် အစောင့်အရှောက်မဟုတ်လား... ဟုတ်တယ် တော်၀င် အိပ်ဆောင် ကိုယ်ရံတော်တွေပဲ.. ”
..........
တောင်နှစ်လုံးတူသည့် ကောင်းကင်မှ ဆင်းသက်လာသည့် ရွှေရောင်ချပ်၀တ်နှင့် နတ်သားများအလား လူနှစ်ဦးအား အားလုံးက သိရှိသွားသည်။ ထိုသူများသည် သာမန်နန်းတွင်းစစ်တပ် တပ်ဖွဲ့၀င်များ မဟုတ်ပဲ တော်၀င်ရုံးတော်၏ အိမ်တော်၀န် အစောင့်အရှောက်များ ဖြစ်ပေသည်။ အင်ပါယာမင်းတရားကြီး၏ အနီးကပ်ကိုယ်ရံတော်များ ဖြစ်သည်သာမက အင်ပါယာမင်းတရားကြီး စက်တော်ခေါ်ရာ အိပ်ဆောင်များအား စောင့်ရှောက်ရခြင်းတို့ကြောင့် အင်ပါယာအရှင်နှင့် အနီးကပ်ဆုံးသူများဟု မှတ်ယူနိုင်သည်။
ထိုသူများမှာ မကောင်းဆိုးဝါးများ မဟုတ်သည့်တိုင် ထိုနှစ်ဦး၏ အကြည့်အား မည်သူမှ မဆုံတွေ့ရဲကြချေ။
“ ယန်ကျောက်ရှိလား.. ယန်ကျောက်က ဘယ်သူလဲ.... ”
ထိုသူနှစ်ဦးထံမှ စကားသံ ထွက်ပေါ်လာသည်။ ခြင်္သေ့ ဟိန်းသံအလား ထိုသူပြောလိုက်သည့် အသံမှာ ကျယ်လောင်လှသည့်အတွက် ရွှေခြင်္သေ့ဂူ တစ်ခုလုံး လှုပ်ခါသွားသည်။ အသည်းငယ်သူအချို့မှာ အကြောက်လွန်၍ ဘောင်းဘီထဲ၌ သေးစီးကြောင်းများ ဖြစ်ပေါ်သွားသည်။
အမျိုးသမီးများသည်လည်း အထိန်းအကွပ်မဲ့စွာ အော်ဟစ်မိကြသည်။
“ ဘယ်သူက ယန်ကျောက်လဲ.. ”
ကျောက်တောင်နှင့်တူသည့် လူက ထပ်မံ မေးပြန်သည်။ ဤတစ်ကြိမ်၌ သူ၏ မျက်လုံးထဲတွင် ဒေါသရိပ်ယောင် ထွက်ပေါ်နေ၏။
“ သူပါ.. အဲ့ဒီလူပါ... ”
လောင်းကစားသမားတစ်ဦးသည် တော်၀င်အိမ်ဆောင်ကိုယ်ရံတော်နှစ်ဦးဘေးရှိ ၀င်ပေါက်၌ လဲလျောင်းနေသည့် သက်လတ်ပိုင်းလူအား လက်ညိုးထိုးပြလိုက်သည်။ သူ၏ လက် တုန်ယင်နေမှုကိုတော့ မထိန်းချုပ်နိုင်ချေ။
ထိုအချိန်တွင် အားလုံးသည် ၀င်ပေါက်၌ လဲနေသည့် သက်လတ်ပိုင်းလူအား ဝုိင်းကြည့်မိကြသည်။ လူများစွာ၏ အကြည့်အား ခံနေရသည်နှင့်အတူ ယန်ကျောက်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး သူ၏ မပွင့်တပွင့် မျက်လုံးအား အားယူ ဖွင့်ကြည့်လိုက်၏။
“ ဘယ်သူလဲကွ.. ”
သူ၏ ရှေ့မှ ကြီးမားသည့် မျက်နှာအား မြင်လိုက်သည်တွင် ယန်ကျောက် အလိုလို မေးလိုက်သည်။
“ ခင်ဗျားက ယန်ကျောက်ဟုတ်ပါသလား.. ”
တော်၀င်အိပ်ဆောင်အစောင့်အရှောက် နှစ်ဦးထဲမှ တစ်ဦးက ယန်ကျောက်၏ မျက်နှာအား အသေအချာ စမ်းစစ်နေကာ မေးလိုက်သည့်တိုင် ယခုအချိန်တွင် ထိုသူ၏ အသံမှာ အနည်းငယ် နူးညံ့နေသည်။
မြေပြင်၌လဲလျောင်းနေရင်း ယန်ကျောက် ကြောင်အနေသည်။ သူ၏ မျက်လုံးထဲ၌ သံသယတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူ၏ အကြည့်မှာ မဖျက်ဆီးနိင်သည့်ချပ်၀တ်အင်္ကျီ၀တ်ဆင်ထာသည့် လူနှစ်ဦးအား မြင်တွေ့လိုက်ရသည်တွင် တစ်စုံတစ်ခုအား သူနားလည်သွားသည်။
“ တော်၀င်အိမ်တော်၀န် အစောင့်အရှောက်တွေ.. မင်းတို့က တောင်၀င်အိမ်တော်၀န် အစောင့်အရှောက်တွေပဲ.. ”
၀မ်ချောင် မှင်သက်နေပြီးနောက် ရုတ်ချည်း နားလည်သွားကာ ထအော်လိုက်သည်။ ဘန်း ယန်ကျောက် တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံအတွင်း မတ်တပ်ရပ်ပြီး ဖြစ်နေ၏။
ပျော်ရွှင်မှုသည် သူ၏ စိတ်နှလုံး၌ ဖြစ်တည်နေပြီး ဤနေ့ရက် ရောက်ရှိလာမည်သူ သူအတပ်သိနေသည်။
“ ဟားဟားဟား.. တော်၀င် အိမ်တော၀န်ရဲ့ ကိုယ်ရံတော်တွေ ရောက်လာပြီကွ.. မင်းတို့ စောက်ရူးနားကန်းတွေ မြင်လား မြင်လား.. ငါက တော်၀င်အစ်ကိုတော်.. ငါက တော်၀င်အစ်ကိုတော်ပဲကွ.. ငါ ယန်ကျောက် ဒီတစ်ခါတော့ ထီပေါက်ပြီ ဟဟ.... ”
ယန်ကျောက် မြေပြင်မှ ထလျင်ထခြင်း ကခုန်လျက်နေသည်။ ရွှေခြင်္သေ့ဂူရှိ လူတိုင်းမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
သို့သော် ထိုသူတို့အား ယန်ကျောက် အမှုမထားနိုင်ပေ။ အရူးတစ်ယောက်အလား ပျော်ရွှင်မှုကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လွတ်သွား၏။
( မင်းတို့ အရူးတွေ ငါ့ကို လူလိမ်လို့ ပြောကြတယ်.. အခုမြင်ပြီမလား ငါ့ညီမက တော်၀င်အိမ်တော်၀န်ကိုယ်ရံတော် စေလွတ်လိုက်ပြီကွ .. ငါကတော်၀င်အစ်ကိုတော်ပဲ .. တော်၀င်အစ်ကိုတော်က ငါပဲ.. )
ထို ထိတ်လန့်အံ့နေသည့် အကြည့်များအား ခံယူရင်း ယန်ကျောက် အတိုင်းမသိ ၀မ်းသာနေသည်မှလွဲ၍ မည်သည်ကိုမှ မခံစားမိတော့ချေ။ ပျက်လုံးထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် လှောင်ပြင်ခြင်းများကြောင်း သူခံစားခဲ့ရသည့် မပျော်ရွှင်မှုများ နေလာနှင်းပျောက်သကဲ့သို့ လွင့်ပြယ်သွားသည်။
၀မ်..
ယန်ကျောက် ထိုအခိုက်အတန့်အား ပြီးဆုံးသည်အထိပင် အောင်ပွဲမခံလိုက်ရပေ။ ကြီးမားသည့် လက်တစ်စုံက သူ၏ ခါးမှ ဆွဲကိုင်ကာ ကြက်တစ်ကောင်အား ဆွဲယူသွားသည့်အလား ကားယားကားယား ပါသွားသည်။
ယန်ကျောက်၏ စကားလုံးများ ရုတ်ချည်း ပြတ်တောက်သွား၏။ ကိုယ်ရံတော်နှစ်ဦးသည် သူ့အား မြင်းလှည်းအတွင်း ပစ်ထည့်ကာ အဝေးသို့ တိုး၀င် ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကြောင့် ရွှေခြင်္သေ့ဂူရှိ လူတိုင်း မအံ့သြသည့်သူ မကျန်ရှိပေ။ အချိန်အတန်ကြာအောင် မည်သည့် စကားသံမှ ထွက်မလာပေ။ ဆေးတံရှိုက်နေသည့်သူ၏ ဆေးတံပင် မြေပေါ်ပြုတ်ကျသွားကာ သူ၏ ခြေထောက်အား မီးစဟပ်နေသည့်တိုင် ထိုသူမှာတော့ မည်သည်ကိုမှ မခံစားမိနေချေ။
......
ဖူး...
ရေများက ပတ်၀န်းကျင်အား လွင့်စင်သွားသည်။ ယန်ကျောက် အေးစက်နေသည့် ရေဖြင့် ထပ်ကာ ထပ်ကာ အပက်ခံနေသည်။ ဤသည်က သူ စိတ်ကူးယဉ်ထားသည့် ဥစ္စာဓနကြွယ်၀ကာ ထင်ပေါ်ကျော်ကြားသည့် ဘ၀ မဟုတ်ချေ။
သူ နန်းတွင်းသို့ ရောက်လျှင်ရောက်ခြင်း ဤနေရာသို့ ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။
ရေခဲရေမှာ သူ၏ ကိုယ်အား ပုဆိန်ဖြင့် ခွဲခြမ်းသည့်နှယ် တိုး၀င်လာကာ အေးစက်ခြင်းနှင့် နာကျင်ခြင်းကို ချန်ထားခဲ့သည်။ သူ၏ အရည်ပြားပင်လျှင် တင်းမာအက်ကွဲသွားပြီလားဟု ထင်မှတ်ရသည်။
“ မလှုပ်နဲ့... ”
ယန်ကျောက် စကားပြောမည့်ဟန်ပြုစဉ်၌ အခြားရေအေးတစ်ပုံး လောင်းခံလိုက်ရပြီး ပါးစပ်ထဲသို့ ရေများ ၀င်ရောက်လာသည်။ သူ့ရှေ့၌ အိုမင်းနေသည့် အထိန်းတော်နှစ်ဦးသည် သူ့အား အရှင်လတ်လတ် အရေခွံဆုတ်တော့မည့်ဟန်ဖြင့် ကြည့်နေကာ ရေနှစ်ပုံး ထပ်မံ လောင်းလိုက်သည်။
“ အရှင်မရဲ့ ဖြစ်တည်မှုက မြင့်မြတ်တယ်.. မင်းကိုယ်မင်း ဘယ်လောက် ညစ်ပတ်ပြီး အနံ့ဆိုးထွက်နေလဲ ပြန်ကြည့်ဦး.. ဒီလိုပုံစံနဲ့ သူမကို သွားတွေ့မလို့လား.. ဒီမှာပဲရပ်နေ.. ဘယ်လိုပဲ နာကျင်ပါစေ နာခံပြီး ရပ်နေ.. ”
အထိန်းတော်အိုနှစ်ဦးမှာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သည့်တိုင် သူတို့၏ ကိုယ်တွင်း၌ မကုန်ဆုံးနိုင်သည့် ခွန်အားများ ရှိနေဟန်ရသည်။ ယန်ကျောက်သည် ထိုအဘွားကြီးနှစ်ယောက်မှာ သူ့လိုလူ ဆယ်ယောက်ပိုပင် အလွယ်အတူ အနိုင်ယူနိုင်သည်ဟု ခံစားနေရသည်။
အထိန်းတော်နှစ်ဦး၏ အပြုအစုများအောက်၌ ယန်ကျောက် နောက်ဆုံးတွင် အရှုံးပေးကာ နာခံစွာ မတ်တပ်ရပ်လိုက်သည်။
ဟူးလားလား..
အေးစက်နေသည့် ရေတွင်းထဲမှ ရေများ တစ်ပုံးပြီးတစ်ပုံး သွန်းလောင်းခံရပြီးနောက် ယန်ကျောက်၏ အသားအရည် နီမြန်းလာသည့်အချိန်မှ အထိန်းတော်နှစ်ဦး သူ့အား လွတ်ပေးလိုက်သည်။
ပြီးနောက် နန်းတွင်းအစေခံအနည်းငယ် ၀င်ရောက်လာကာ ယန်ကျောက်၏ မုတ်ဆိတ်ငုတ်တိုအား ဓားပါးဖြင့် ရိတ်ကာ ဆံပင်ဖြီးသင်ပြီးနောက် သေးငယ်သည့် ခေါင်းဆောင်အား သူ့ ခေါင်း၌ နေရာတကျ စွပ်ကာ အဖြူရောင် ပိုးသား၀တ်ရုံအား ၀တ်ဆင်ပေးသည်။
အားလုံးပြီးစီးသည်တွင် လေးနာရီခန့် ကုန်ဆုံးသွားပြီဖြစ်၏။
“ ကိုယ်ရံတော်တို့ သူ အဆင်သင့်ဖြစ်ပါပြီ.. သူ့ကို အရှင်မဆီ ခေါ်သွားလို့ ရပါပြီ... ”
သေသေသပ်သပ် ၀တ်ဆင်ပြီးသည့် ယန်ကျောက်အား ကြည့်ကာ အထိန်းတော်နှစ်ဦးသည် တစ်ချိန်လုံး မျက်တောင်မခပ် ရပ်ကြည့်နေသည့် ကိုယ်ရံတော်နှစ်ဦးအား ပြောလိုက်သည်။
ကိုယ်ရံတော်နှစ်ဦးသည် ယန်ကျောက်အား ခေါင်းအစ ခြေအဆုံး စမ်းစစ်နေပြီး သူတို့က အလှအပအား ခံစားတတ်သူများ မဟုတ်သည့်တိုင် သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။
လက်ရှိ ယန်ကျောက်မှာ ရွှေခြင်္သေ့ဂူမှ ယန်ကျောက်နှင့် အလုံးစုံ ခြားနားနေချေပြီ။ သူတို့ ပထမဦးစွာ ဆုံတွေ့စဉ်က ယန်ကျောက်၏ မုတ်ဆိတ်ငုတ်တိုနှင့် စုတ်ပြတ်ပြတ်ပုံစံက သူတောင်းစားနှင့် ထူးမခြားနားပင်။
မည်သို့ဆိုစေ ယခုမှာတော့ လုံး၀ ခြားနားသွားချေပြီ။
ငွေရောင်သရဖူ၊ အဖြူရောင်၀တ်ရုံ၊ သန့်ရှင်းနေသည့် အောက်မေးစေ့၊ အထက်သို့ တက်နေသည့် မျက်ခုံး၊ ကြည်လင်ရှင်းသန့်သည့် မျက်လုံး.... အကယ်၍ ထိုသူအား တော်၀င်ရုံးတော်မှ ယခုပင် ရာထူးပေးလိုက်သည့် အရာရှိဟု ဆိုပါက မည်သူမှ သံသယ၀င်မည် မဟုတ်ပေ။
“ အရှင်မရဲ့ အစ်ကိုတော်လို့ မပြောရဘူး.. သူတို့ နှစ်ယောက်စလုံးက တူညီတဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ.. ”
ကိုယ်ရံတော်နှစ်ဦးမှ ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
အရှင်မသည် ထက်မြက်သည့် အင်ပါယာမင်းတရားကြီး၏ နှစ်သက်မှုအား ရယူနိုင်ထားသူဖြစ်ရာ သူမ၏ အစ်ကိုတော်မှာလည်း သာမန်လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ပေ။
“ ကျုပ်နောက် လိုက်ခဲ့ပါ. ”
တော်၀င်နန်းတော်၏ အတွင်းထဲ၌ အခြား ကြင်ယာတော်များ၏နန်းဆောင်များနှင့် အလွန်ဝေးကွာလှသည့်နေရာတွင် ‘ ယုကျန်း နန်းတော် ’တည်ရှိသည်။ ထိုသည်မှာ အသစ်တည်ဆောက်ထားသည့် နန်းတော် ဖြစ်၏။
ထို နန်းတော်ထဲ၌ ယန်ကျောက် သူ၏ ညီမဖြစ်သူအား အဆုံး၌ ဆုံတွေ့ရခဲ့ချေပြီ။
ယုကျန်းနန်းတော်၏ အတွင်းဆုံးအပိုင်း၌ အနီရောင်အဆင်းရှိသည့် ပေဆယ်ချီရှိသည့် တဲ တည်ရှိနေသည်။ ထိုတဲ၏ ထောင့်လေးခုလုံး၌ သန်မာသည့် တော်၀င်အိပ်ဆောင်ကိုယ်ရံတော် လေးဦးက လှံတံများ ကိုင်ဆောင်ထားကာ သတိမပြတ် စောင့်ကြပ်နေသည်။
ချပ်၀တ် ၀တ်စုံပြည့် ၀တ်ဆင်ထားပြီး သူတို့၏ မျက်နှာများကိုလည်း ဖုံးကွယ်ထားသည်။ အစောင့်အရှောက် နတ်သညးမျာအလား နေရာ၌ပင် မတုန်မလှုပ် ရပ်နေကြသည်။
တဲထဲ၌ သွယ်လျသည့်ပုံရိပ်အား ဝိုးတဝါး မြင်တွေ့နိုင်သည်။ သူမသည် ရိုးရိုးရှင်းရှင်း ထိုင်နေသည့်တိုင် နှိုင်းယှဉ်မရသည့် အလှအပနှင့် ကြော့ရှင်းမှု အငွေ့အသက်အား ထုတ်ဖော်လျက်ရှိသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ယန်ကျောက်သည် သူ၏ ၀မ်းကွဲ ညီမဖြစ်ကြောင်း သိလိုက်လေ၏။
“ အဲ့ဒီမှာပဲ ရပ်နေ.. ”
ယန်ကျောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းမိချိန်၌ သတ္တုလှံတံမှာ သူသွားရာလမ်းအား တားဆီးထားလေ၏။ ပတ်၀န်းကျင် အနည်းငယ်ပြောင်းလဲသွားသလိုပင် ခံစားလိုက်ရသည်။ အိပ်ဆောင်ကိုယ်ရံတော်မှာ ရှေ့တိုးလာပြီး သူ၏ ခေါင်းဆောင်းအောက်မှာ သတ်ဖြတ်လိုစိတ် အနည်းငယ် ထွက်ပေါ်နေသည်။
“ ထိုက်ကျန်းကြင်ယာတော်နားကို ဘယ်သူ့မှ အနားကပ်ခွင့် မရှိဘူးလို့ အရှင်မင်းကြီး မိန့်ကြားထားတယ်.. မနာခံတဲ့သူတိုင်း ခေါင်းဖြတ်ခံရမယ်.. ”
ထိုသူတို့ထဲမှ တစ်ဦးက အားမာန်အပြည့်ဖြင့် ပြောလေ၏။
“ အစ်ကိုတော်.. ဒီထဲကို မလာနဲ့ဦး.. ”
ကြောက်ရွံ စိုးရိမ်သည့်အသံက တဲတွင်းမှ ထွက်ပေါ်လာသည်။ အသံမှာ သာယာပြတ်သားသည့်တိုင် နူးညံ့ပျော့ပြောင်းသည်။ ထိုအသံကြားသည့်သူတို့မှာ အလိုလိုပင် နှစ်သက်သွားနိုင်ပေသည်။
ယန်ကျောက် အလျင်အမြန်ပင် ခေါင်းငုံ့ကာ သူ၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသည့် လှိုင်းကြပ်ခွပ်အား ဖိနှိပ်လိုက်ရသည်။ သူ၏ ဤ၀မ်းကွဲညီမငယ်မှာ အစဉ်အမြဲ လှပကာ နူးညံ့သိမ်မွေ့လွန်းပေသည်။ သူမ အသက် ခုနစ်နှစ် အရွယ်တွင် ရှေ့ဖြစ်ဟောဆရာတစ်ဦးမှ သူမသည် ‘ ဖီးနစ်ငှက်ကဲ့သို့သော ရှင်သန်မှု၊ ကြင်ယာတော်တစ်ဦး၏ အသွင်အပြင် ’အား ပိုင်ဆိုင်ထားကြောင်း ဟောကိန်းထုတ်ခဲ့သည်။
ယန်ကျောက်သည် လူရည်မွန်တစ်ဦး မဟုတ်သော်လည်း သူ၏ ၀မ်းကွဲညီမ ဖြစ်သူအပေါ် မည်သည့် မကောင်းသည့်အတွေးကိုမှ မထုတ်ဖော်ပြဖူးပေ။ ထို့ထက်ပို၍ ယခု သူမကသည် အင်ပါယာအရှင်၏ နှစ်သက်မှုအား ရရှိထားသူ ဖြစ်ပေသည်။
အကယ်၍ သူ ရည်မှန်းကြီးကြီးထားရှိသည် ဆိုလျှင် သူ၏ ဤ၀မ်းကွဲညီမဖြစ်သူထံမှ အကူအညီ ယူရမည်ဖြစ်လေသည်။
အကယ်၍ တစ်စုံတစ်ဦးသည် သူမအပေါ် မကောင်းသည့် ရည်ရွယ်ချက် တစ်စုံတစ်ရာအား ထုတ်ဖော်ပြသခဲ့ပါက ယန်ကျောက်သည် ရှေ့ဆုံးမှနေ၍ ကာကွယ် ငြင်းဆိုမည့်သူ ဖြစ်ပေသည်။
“ ညီမလေး.. နင် ဘာဖြစ်နေလို့လဲ.. ”
ယန်ကျောက် သူ၏စိတ်ခံစားချက်အား ဖိနှိပ်ကာ တည်ငြိမ်စေ၍ မေးလိုက်၏။ သူသည် ထိုက်ကျန့်ကြင်ယာတော်၏ ၀မ်းကွဲအစ်ကို ဖြစ်သည့်အတွက် ယေဘုယျကျကျ ဆိုရလျှင် သူမနှင့် တွေ့ဆုံ ပြောဆိုခြင်းအား အင်ပါယာအရှင်မှ တားဆီးရန် အကြောင်းမရှိချေ။
“ ဒါက အရှင်မင်းကြီးရဲ့ စေတနာပါ.. ပြီးခဲ့တဲ့လက ရှေ့ဖြစ်ဟောဆရာ တစ်ယောက်က င့ါရဲ့ ကံကြမ္မာကို ကြည့်ပေးခဲ့ပြီး ငါ့ကြောင့် တော်၀င်နန်းတော် သွေးချောင်းစီးလိမ့်မယ်လို့ ပြောခဲ့တယ်လေ.. တကယ်လို့ ငါက အရှင်မင်းကြီးနဲ့ အတူရှိချင်ရင် နန်းတော်ထဲမှာ လေးဆယ့်ကိုးရက် တရားထိုင်ရလိမ့်မယ်တဲ့.. ဒီအချိန်အတွင်း အနားကို ဘယ်သူမှ ကပ်ခွင့်ပေးလို့မရဘူး.. ဒါကြောင့်ပဲ နန်းတွင်းအစေခံ ဆယ်ယောက်ကျော် ကွပ်မျက်ခံခဲ့ရပြီးပြီ... ”
အနီရောင်တဲအတွင်းမှ ထိုက်ကျန်းကြင်ယာတော် စကားဆိုလိုက်သည်တွင်..
ယန်ကျောက် သက်ပြင်းမောကြီးချမိပြီး ထိုအချိန်တွင်မှ လေထဲရှိ သွေးညှီနံ့အား ရှုရှိုက်ထိသည်။ အလွန်ထိတ်လန့်သွားကာ ကြောက်ရွံမှုကြောင့် ခြေလှမ်း အနည်းငယ် အလိုလို ဆုတ်မိလျက်သား ဖြစ်နေ၏။
“ ညီမလေး.. ငါ့လုပ်ပေးနိုင်တာ တစ်ခုခုရှိလား.. နင် ဆင့်ခေါ်တာကို ငါစောင့်တာ အတော်ကြာနေပြီ... ”
နောက်ဆုတ်အပြီး သူ၏ စိတ်အခြေအနေအား တည်ငြိမ်စေကာ ဘ၀င်မကျဟန်ဖြင့် ဆိုလိုက်လေ၏။
“ အစ်ကို.. ငါ နင့်ကို မေးစရာတစ်ခု ရှိတယ်.. အခုလက်ရှိ ငါ့အခြေအနေက အရမ်းသတိထားနေရတဲ့အခြေအနေ ဖြစ်နေပြီး သေခြင်းရှင်ခြင်းက လက်တစ်ကမ်းအလို ဖြစ်နေတော့.. အခုအခြေအနေမှာ အစ်ကိုကပဲ ငါ့ကို ကူညီနိုင်လိမ့်မယ်... ”
ထိုက်ကျန်းကြင်ယာတော်၏ စိုးရိမ်နေသည့်အသံက တဲအတွင်းမှ ထွက်ပေါ်လာ၏။
သူမ၏ စကားအား ကြားသည်တွင် ယန်ကျောက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
.........
တော်၀င်ကြင်ယာတော် ထိုက်ကျန်းရဲ့ နာမည်အရင်းက ယန်ယုဟွမ် ဖြစ်ပြီး ယန်ကျောက်ရဲ့ နာမည်အရင်းက ယန်ကောကျုံးပါ.. အခန်း ၈၅ မှာတုန်းက တစ်ခါ ရှင်းပြဖူးပါတယ်..
Chapter 104 ရှုရှောက်
“ ညီမလေး ဘာဖြစ်နေလို့လဲ.. ”
ယန်ကျောက် မေးမြန်းလိုက်၏။ သူ၏ အသံက ထိုက်ကျန်းကြင်ယာတော်ထက်ပင် ပိုမို စိုးရိမ်နေဟန်ရသည်။ သူသည် ဝေးကွာလှသည့် ကျင်းနန်မှ မြို့တော်အထိ လာခဲ့ရပြီး သူ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံမှာ သူ၏ ၀မ်းကွဲညီမ ထိုက်ကျန်းကြင်ယာတော်သာ ဖြစ်သည်။
အကယ်၍ သူမထံ၌ တစ်စုံတစ်ခု ဖြစ်နေသည်ဆိုပါက သူ၏ ချမ်းသာကြွယ်၀ချင်သည့် အိပ်မက်မှာ ရေစုန်မျောပေတော့မည်။
“ အရှင်မင်းကြီးက ညီမကို ကြင်ယာတော်ဘွဲ့ အပ်နှင်ချင်ပေမဲ့ မင်းမှုထမ်း အတော်များများရဲ့ ကန့်ကွက်မှုကြောင့် ဂယက်ရိုက်နေတယ်လေ ပြီးတော့ မင်းမှုထမ်းတစ်၀က်လောက်ကလည်း ညီမကို အသရေဖျက်နေကြတယ်.. လက်ရှိ ညီမရဲ့ အခြေအနေက မီးခဲပေါ် ထိုင်နေရသလိုပဲ ညီမအသက်က အချိန်မရွေး လွင့်ပါးသွားနိုင်တယ်.. တကယ်လို့ ဒီကိစ္စသာ အဆင်ပြေသွားခဲ့မယ်ဆိုရင် ညီမရဲ့ အရှင်မင်းကြီးဘေးမှာ နေ့နေ့ညည အတူရှိနေနိုင်မဲ့ ဆန္ဒ ပြည့်ဝတော့မှာပါ.. ဘယ်လိုပဲဖြစ်ဖြစ် ကျရှုံးခဲ့မယ်ဆိုရင်တော့ ရှေးခေတ်ကစလို့ ညီမလို လူတွေက အဆုံးသတ် မကောင်းကြဘူး.. ”
ကြင်ယာတော်ထိုက်ကျန်း သူမ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေသည့်တိုင် သူမ၏ အသံထဲ၌ စိုးရိမ်မှုနှင့် ကြောက်ရွံမှု ပါ၀င်နေသေးသည်။
ရှေးခေတ်မှစ၍ တော်၀င်ရုံးတော်၏ အမှုထမ်းတစ်၀က်ကျော် ဆန့်ကျန်ခံရသည့် မိန်းမပျိုဟူ၍ မရှိခဲ့ဖူပေ။ ဤဖိအားသည် သူမ တစ်ကိုယ်တည်း တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ ရုံးတော်၏ ဓားနှင့်တူသည့် လျှောက်တင်လွှာများက သူမအား ညသန်းခေါင်၌ လန့်နိုးစေရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
“ ဘယ်လို.. ”
ယန်ကျောက်၏ မျက်နှာ မဲမှောင်သွား၏။ ထိုကိစ္စနှင့် ပက်သက်၍ တော်၀င်ရုံးတော်၏ လှုပ်ရှားမှုအား သူကြားဖူးခဲ့ဖူးပေရာ သူ၏ညီမ ဒုက္ခရောက်နေကြာင်းအား သူ သဘောပေါက်ပေသည်။ သို့တိုင် သူမ၏ အခြေအနေမှာ ထိုမျှအထိ ထိလွယ်ရှလွယ် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“ ငါတို့ ဘာလုပ်ကြမလဲ... ”
“ အမှုထမ်းတွေ အားလုံးထဲမှာမှ ညီမကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့သူတွေက စုန့်ဘုရင်နဲ့ အာဏာရှိတဲ့အမှုထမ်း ၀မ်ကျန် ဆိုတဲ့သူပဲ.. တစ်ခြား အမှုထမ်းတွေကို အသာထား စုန့်ဘုရင်ဆိုရင် တော်၀င်မျိုးနွယ်တစ်ယောက်ဖြစ်ပြီး မဟာထန်ရဲ့ ဦးရီးတော်ဖြစ်တယ်.. သူက တော်၀င်ရုံးတော်မှာ မြင့်မားတဲ့ အာဏာကို ပိုင်ဆိုင်ထားတယ်.. ၀မ်ကျန်ဆိုရင်လည်း သူက ၀မ်ကလန်ရဲ့ မျိုးဆက်ပဲ.. သူ့ရဲ့ ရာထူးက စုန့်ဘုရင်ကို မယှဉ်နိုင်ဘူးဆိုပေမဲ့ သူ့အဖေက အရိုသေခံ ကျိုးအမတ်ကြီးပဲ.. ”
ထိုက်ကျန်းကြင်ယာတော်မှ ပြန်ပြော၏။
“ ၀မ်ကျန် ဟုတ်လား.. ”
ယန်ကျောက် မှင်သက်နေ၏။ သူက တော်၀င်ရုံးတော်၏ အရေးကိစ္စများနှင့် ပက်သက်ဖူးခြင်းမရှိသော်လည်း ထို ‘ ၀မ်ကျန် ’ဟူသည့် နာမည်က အနည်းငယ် ရင်းနှီးသလိုရှိပြီး သူ၏ဖခင်ဖြစ်သူ ကျိုးအမတ်ကြီးကြောင့်လည်း ဟုတ်ဟန် မတူပေ။
“... အခုအချိန်မှာ ကျိုးအမတ်ကြီးက ဒီကိစ္စအပေါ် ဘာမှ မှတ်ချက်မပေးသေးဘူး.. သူ့ရဲ့ အမြင်က တော်၀င်ရုံးတော်နဲ့ အရှင်မင်းကြီးအပေါ် အများကြီး သက်ရောက်မှု ဖြစ်စေလိမ့်မယ်.. စုန့်ဘုရင်နဲ့ ၀မ်ကလန်က မျိုးဆက်သုံးခုတိုင်အောင် ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီးတော့.. ဒီနေ့က ကျိုးအမတ်ကြီးရဲ့ နှစ်ခုနစ်ဆယ်ပြည့် မွေးနေ့ပဲ.. စုန့်ဘုရင်က သေချာပေါက် တက်ရောက် ဆုတောင်းပေးမှာ သေချာတယ်.. တကယ်လို့ ကျိုးအမတ်ကြီးကသာ သူ့ကို ပွင့်ပွင့်လင်းလင်း ထောက်ခံလိုက်ပြီဆိုတာနဲ့ ညီမတို့ အခြေအနေက အရမ်းဆိုးဝါးသွားမှာ အမှန်ပဲ.. ”
ထိုက်ကျန်းကြင်ယာတော်၏ စိုးရိမ်မှုနှင့် တုန်ယင်နေသည့်အသံက အနီရောင်တဲအတွင်းမှ ထွက်ပေါ်လာ၏။ သူမသည်လည်း အခြေအနေများက ယခုအနေအထားအထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။
သူမ မည်သည့် သိက္ခာမဲ့သည့်အရာမှ မပြုလုပ်ခဲ့ဖူးသလို နိုင်ငံရေးရာတွင်လည်း တစ်ခါမှ ပါ၀င်ခဲ့ခြင်း မရှိပေ။ သူမဖြစ်ချင်သည့်အရာမှာ သူမ ချစ်ခင်သည့်သူနှင့် အတူရှိနေချင်သည်သာဖြစ်ပြီး အဘယ်ကြောင့် ဤသူများစွာက သူမတို့အကြား ဆန့်ကျန်နေရပါသနည်း။
“ ညီမလေး.. နင် ငါ့ကို ဘာလုပ်စေချင်တာလဲ.. ”
တုန့်ဆိုင်းမနေပဲ ယန်ကျောက် မေးလိုက်၏။ သူ သိထားသည့်အရာ များစွာ မရှိသော်လည်း သူ၏ လက်ရှိခွန်အားနှင့် သူ၏ညီမဖြစ်သူအတွက် မီးပင်လယ်ထဲကိုပင် တုံ့ဆိုင်းခြင်းမရှိ ခုန်ဆင်းရဲပေသည်။
လူသတ်ရမည်ဆိုလျှင်ပင် သူ လက်တွန့်နေမည်မဟုတ်ပဲ သတ်ပြစ်မည်ဖြစ်သည်။
“ အရှင်မင်းကြီးက ဘယ်လိုပဲဖြစ်လာပါစေ ညီမကို နန်းတော်ထဲမှာ ရာထူးအပ်နှင်းပေးမယ်လို့ ပြောထားပြီး တော်၀င်ရုံးတော်က လူတွေက အရှင်မင်းကြီးနဲ့ညီမကို လက်ခံကြောင်း ပြသကြတယ်.. ချီဘုရင်နဲ့ ယောင်ကလန်လိုပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ဒါက မလုံလောက်သေးဘူး.. ကျိုးအမတ်ကြီးက အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ မတူထူးခြားတဲ့အနေအထားတစ်ခု အဖြစ် ရှိနေပြီးတော့ ကျိုးအမတ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ညီမမှာ နည်းလမ်း မရှိနေဘူး.. ညီမလုပ်နိုင်တာက တစ်ခြား အမှုထမ်းတွေကို လွမ်းမိုးနိုင်ဖို့ ကြိုးစားတာ တစ်ခုပဲရှိတယ်.. ”
ထိုက်ကျန်းကြင်ယာတော် လက်ခုပ်တီးလိုက်သည်တွင် ယုကျန်းနန်းတော်ထဲမှ အထိန်းတော် အနည်းငယ်ထွက်လာခဲ့သည်။ သူတို့က ရွှေပြား၊ ရွှေစ၊ ရွှေချောင်းများ ထည့်ထားသည့် သေတ္တာများစွာအား ယန်ကျောက်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ကြသည်။
ရွှေတောင်ကြီးသည် ယန်ကျောက်၏ မျက်လုံးကိုပင် မှုန်ဝါးစေလေသည်။
“ မြို့တော်က လူတွေကို ညီမလေး သိပ်မသိဘူး ပြီးတော့ အရှင်မင်းကြီးနဲ့ ညီမရဲ့ ပက်သက်မှုကြောင့် လူမြင်ကွင်းထဲသွားဖို့က အဆင်မပြေပြန်ဘူး.. ဒါကြောင့် အစ်ကိုတော်ကိုပဲ ဒီကိစ္စ လက်လွဲပေးရတော့မှာပဲ.. အခုချိန်မှာ ညီမကို ကူညီနိုင်မဲ့ တစ်ဦးတည်းသောသူက အစ်ကိုတော်ပဲ ရှိတယ်.. ”
“ ဒါတွေက အရှင်မင်းကြီး ညီမကို ပေးအပ်ထားတာတွေပါ.. ယူထားလိုက်.. အချိန်အနည်းငယ်အတွင်း ရုံးတော် အမှုထမ်း များနိုင်သလောက် များများ ဆွဲခေါ်ဖို့ နည်းလမ်းရှာတဲ့အချိန် လိုလာလိမ့်မယ်.. ”
ထိုက်ကျန်းကြင်ယာတော်မှ ပြောလေ၏။
“ ညီမလေး.. စိတ်အေးအေးထား.. ဒီကိစ္စကို အစ်ကို တာ၀န်ယူလိုက်မယ်.. ”
ယန်ကျောက် တုံ့ဆိုင်းနေပြီးနောက် သူ၏ ရင်ဘတ်အား ပုတ်ကာ ပြောလိုက်သည်။
“ ဒါပေမဲ့.. ဒီရွှေတွေက အမှုထမ်းတွေကို ဆွဲဆောင်ဖို့ မလောက်မှာကိုပဲ စိုးရိမ်မိတယ်.. ”
“ ဟမ့်.. ထားလိုက်ပါ.. သူတို့ကို ညီမက ရာထူးတိုးပေးဖို့ နည်းလမ်းရှာပေးမယ်လို့သာ ပြောလိုက်.. ပြီးတော့ ညီမသာ ဒီအခက်အခဲကို ကျော်လွှားနိုင်ခဲ့ရင် သူတို့လည်း အဆင့်အတန်း မြင့်မြင့် နေရလိမ့်မယ်လို့ပါ ပြောပြလိုက်ပါ.. စုန့်ဘုရင်အတွက်တော့ သူနဲ့ ညီမတို့ကြားမှာ ဘာကတောက်ကဆမှ မရှိတာတောင် အချိန်နဲ့အမျှ အမှုထမ်းတွေကို စုစည်းပြီး အရှင်မင်းကြီးဆီ ညီမကို ကွပ်မျက်ဖို့ လျှောက်လွှာတင်နေတုန်းပဲ.. တကယ်လို့ ညီမသာ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တယ်ဆိုရင်တော့ သူနဲ့ ၀မ်ကလန် ကံဆိုးပြီသာမှတ်... ”
ထိုက်ကျန်းကြင်ယာတော် အေးစက်စွာ ပြောလေ၏။ သူမ၏ စကားသံထဲမှ နက်ရှိုင်းသည့် အမုန်းတရားအား ခံစားရနိုင်သည်။
စုန့်ဘုရင်အနေဖြင့် ဤသည်မှာ တော်၀င်မိသားစုအား သစ္စာရှိခြင်း ဖြစ်သည်။ မည့်သို့ဖြစ်စေ သူမအတွက်တော့ သေခြင်းနှင့်ရှင်ခြင်း အကြောင်းတရားပင်။ လူတစ်ယောက်အား ဤမျှ အခြေအနေအထိ တွန်းပို့ခံရပါက မည်မျှ အားနည်းနေသည်ဖြစ်စေ အားယူကာ တုန့်ပြန်မည် ဖြစ်သည်။
“ ဟားဟား.. ငါ့ညီမ မစိုးရိမ်နဲ့.. နင့်စကားနဲ့သာဆိုရင် အဲ့ဒီလူတွေကို ဆွဲဆောင်နိုင်မယ်လို့ ငါယုံကြည်တယ်.. ”
သူမအား ကတိပေးပြီးနောက် ယန်ကျောက် မည်သည့်စကားမှ ထပ်မံ မဆိုတော့ပေ။
ယန်ကျောက်သည် လောင်းကစားဝိုင်း၏ သူ၏ ငွေများအားလုံးကို ဆုံးရှုံးခဲ့ရသည့်တိုင် ထိုနေရာ၌ အလွှာပေါင်းစုံမှ လူများနှင့် ဆက်ဆံခဲ့ရပြီး အရာများစွာအား သင်ယူခဲ့ရလေသည်။
‘ မိုးကောင်းကင်အောက်မှာ အရာအားလုံးဟာ အကျိုးအမြတ်ကြောင့် လာရောက်ကြပြီး အကျိုးအမြတ်ကြောင့်ပဲ ထွက်ခွာသွားကြတယ်.. ’ လုံလောက်သည့် အကျိုးအမြတ်အား ပေးနိုင်ပါက ထိုသူများအား ဆွဲထားနိုင်ရန် သူယုံကြည်ချက် ရှိပေသည်။
အထိန်းတော်နှစ်ဦးအား ရွှေသေတ္တာများ သယ်ယူခိုင်း၍ ယုကျန်းနန်းတော်ထဲမှ ယန်ကျောက် ထွက်လာခဲ့သည်။
.......
ယန်ကျောက် ယုကျန်းနန်းတော်မှ ထွက်လာချိန် အခြား မတူညီသည့် နေရာတစ်ခု၌...
“ အရှင်.. စုန့်ဘုရင်က စုန့်အိမ်တော်ကနေ ထွက်ခွာသွားပါပြီ.. ”
ချီဘုရင်၏ အိမ်တော်ထဲတွင် စွမ်းအားကောင်းသည့်သူတစ်ဦးသည် အိမ်တော်ထဲ ၀င်လာပြီးနောက် ကြမ်းပြင်တွင် ဒူးထောက်ကာ ရိုသေစွာ လျှောက်တင်သည်။
“ ဟားဟား.. ကောင်းတယ်.. ”
နာယာ(သစ်သားတစ်မျိုး)စားပွဲ၏နောက်၌ ဉာဏ်ပညာကြွယ်၀ဟန်ရသည့် လူရိပ်တစ်ခု ရှိနေ၏။ အခြားသူများ ကြောက်ရွံနေစေနိုင်သည့် ဟန်ပန်တစ်မျိုးအား ပိုင်ဆိုင်ထားပြီး နဂါးတစ်ကောင် ထိုနေရာ၌ ခွေနေသည့်အလားပင်။
“ ယောင်လူအိုကြီးရဲ့စကားက မှန်သားပဲ.. နောက်ဆုံးတော့ ငါ့အတွက် အခွင့်အရေး ရောက်လာတော့မယ်.. ”
ချီဘုင်၏ မျက်စိဖွင့်ကာ အားပါးတရ ရယ်မောလိုက်သည်။ ယောင်ကွမ်းယီမှာ သူ့အား မည်သည့် အမှားအယွင်းမှ မဖြစ်စေရကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။
သူ၏ ဒေါသများအား ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ ယောင်လူအိုကြီးမှ အခြား အခွင့်အရေးတစ်ခု ရှိကြောင်း သူ့အား ပြောပြခဲ့၍ ဖြစ်လေ၏။
ထိုအခွင့်အရေးအား အသုံးချနိုင်ပါက စုန့်ဘုရင်နှင့် ၀မ်ကလန်အား လက်ချောင်း တစ်ချောင်းပင် မ ရန် မလိုအပ်ပဲ မြေလှန်ပစ်နိုင်ပေလိမ့်မည်။ ထို့ထက်ပို၍ ဤအခွင့်အရေးကြောင့် သူတို့ နလန်ထူနိုင်မည်ပင် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့အား မြေလှန်ပစ်မည်သူမှာ လက်ရှိ အင်ပါယာမင်းတရားကြီး ဖြစ်သောကြောင့်ပင်။
“ ဟမ့်.. လီချန်ချီ လီချန်ချီ မင်းကတော့ သစ္စာရှိတယ်လို့ တွေးနေမှာပေါ့.. တကယ်တော့ မင်းက အရှင်မင်းကြီးရဲ့ ဆန္ဒကို ဆန့်ကျင်မိသလို ဖြစ်တော့မှာကွ.. ”
ချီဘုရင် ပျော်ရွှင်စွာ ရယ်မောနေ၏။ ယောင်လူအိုကြီး၏ ထိုထောက်ပြမှုကြောင့် မဟုတ်လျှင် ထိုက်ကျန်းကြင်ယာတော်နှင့် ပက်သက်၍ အရှင်မင်းကြီး စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း သူ သိနိုင်လိမ့်မည် မဟုတ်ပေ။ မည်သည့်အရာကို ပေးဆပ်ရသည်ဖြစ်စေ၊ နောက်လိုက်များ မည်မျှပင် ဆန့်ကျင်နေသည်ဖြစ်စေ ထိုက်ကျန်းကြင်ယာတော်အား နန်းတော်သို့ ခေါ်ဆောင်မည် ဖြစ်ပေသည်။
တော်၀င်နန်းတော်၌ သူမအား ထိုက်ကျန်ကြင်ယာတော်ဟုပင် တိတ်တဆိတ် ခေါ်ဆိုနေသည့်သူမျာပင် ရှိနေပြီး ဖြစ်သည်။ အကယ်၍ အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် မဟုတ်လျှင် မည်သူက သတ္တိရှိစွာ ခေါ်ဆိုရဲမည်နည်း။
အဖြစ်နိုင်ဆုံးမှာ ထိုက်ကျန်းကြင်ယာတော်ပင်လျှင် သူမအား တော်၀င်ရုံးတော် တစ်၀က်ကျော်ခန့်က ဆန့်ကျင်နေသည့်အတွက် သူမ အခြေအနေ မကောင်းဟုသာ သိထားမည်ဖြစ်ပြီး သူမ၏ အနေအထားမှာ တော်၀င်ကြင်ယာတော်အဖြစ် ခိုင်မြဲနေပြီးဖြစ်ကြောင်း သိလိမ့်မည် မဟုတ်ပေ။
ယောင်လူအိုကြီး၏ မျက်လုံးမှာ ထိုသို့သော ကိစ္စများ၌ အလွန် အမြင်ကောင်းလှသည်။ လက်ရှိအင်ပါယာနောက်သို့ နှစ်ဆယ်ချီကြအောင် လိုက်ခဲ့သည့်ဖြစ်ရာ ထိုကိစ္စအပေါ် သူ၏ အမြင် လုံး၀ မမှားယွင်းနိုင်ပေ။
“ နောက်လိုက်တစ်ဦးအနေနဲ့ အင်ပါယာရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အရှင်မင်းကြီးနဲ့ အချေအတင်ဖြစ်တာက တစ်ခုပဲ.. ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်တာကတော့... စုန့်ဘုရင် မင်း စည်းကျော်သွားပြီ.. ဟီးဟီး မင်းက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မှတော့ ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူးကွ---- ဆက်လုပ်လေ ဟိုအဘိုးကြီးကိုပါ မင်းနဲ့အတူ ဆွဲချသွားနိုင်ရင် ပိုတောင်ကောင်းသေး.... ”
ချီဘုရင် ထပ်မံ ရယ်နေလေ၏။ မြို့တော်၌ ထိုက်ကျန်းကြင်ယာတော်၏ အရေးအရာမှာ မုန်တိုင်းထန်နေပြီး အမှုထမ်းအားလုံးသည်ပင် ကွန်ဖြူးရှပ်၏ သင်ခန်းစာများအား အသုံးပြုကာ အရှင်မင်းကြီးအား နားချနေကြသော်လည်း ချီဘုရင်မှာတော့ ထိုပြဿနာ ရှင်းလင်းစွာ နားလည်ထားပြီး ဖြစ်ပေသည်။
သူက ထိုသူများ ပိုမို ကြီးကျယ်စွာ ပေါက်ကွဲစေလိုသည့် ဆန္ဒပင် ရှိနေသည်။ စုန့်ဘုရင်နှင့် အခြားအရာရှိများက အရှင်မင်းကြီးအား အဆုံးစွန် တွန်းအားပေးလေ သူ့အတွက် ကောင်းလေပင် ဖြစ်သည်မဟုတ်လော။
......
၀မ်ချောင် အပြင်ဘက်၌ ဖြစ်နေသည့် မုန်တိုင်းအား လုံး၀ မသိရှိသလို ယုကျန်းနန်းတော်နှင့် ချီဘုရင်အိမ်တော်၏ ထိုက်ကျန်းကြင်ယာတော် အရေးအပေါ် လှုပ်ရှားနေခြင်းကိုလည်း မသိနေပေ။
ဤအချိန်၌ ၀မ်ချောင်မှာ လေးပြည်နယ်သံရုံး၏ ၀င်ပေါက်အား ငေးကြည့်နေ၏။ များစွာသော လူအုပ်ကြီးမှာ ၀င်ထွက်နေဆဲပင် ရှိသေးသည်။ မိတ်ဆွေများရှိသလို ရန်သူများလည်း ပါ၏။
“ မင်းဘာကြည့်တာလဲ.. ငါက ကျိုးအမတ်ကြီးကို ဆုတောင်းပေးဖို့လာတာ မရဘူးလား.. ”
သူ၏ အသက်အရွယ်ကြီးမှုအား အခွင့်ကောင်းယူကာ လူကြီးတစ်ဦးမှ ရိုင်းစိုင်းစွာ ပြောနေသည်။
“ ရောင်းရင်း.. စည်းကျော်မလာနဲ့နော်.. မင်းက ကျိုးအမတ်ကြီးနဲ့ ဘာပက်သက်မှု ရှိလို့တုန်း.. ”
ထိုအချိန်၌ မာအကြီးအကဲ၏ အသံက လေးပြည်နယ်သံရုံး၏ ၀င်ပေါက်မှ ထွက်ပေါ်လာပြီး ထိုသူ၏ ၀င်ရောက်မှုအား တားဆီးလိုက်သည်။
“ ဟမ့်.. ငါက သူနဲ့ ပက်သက်မှု ရှိရှိ မရှိရှိ မင်းငါ့ကို လာသင်ပြပေးဖို့ မလိုဘူး.. ကျိုးအမတ်ကြီးတောင် ဘာမှ မပြောတာ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. သွား ထွက်သွားစမ်း.. ”
ဟုန်း.... လေးပြည်နယ်သံရုံးတစ်ခုလုံး တုန်ခါသွားသည်။ စွမ်းအားကောင်းသည့် လှိုင်းလုံးတစ်ခု ပတ်၀န်းကျင်အား ရိုက်ခတ်သွားပြီး ကြည့်ရသည်မှာ မာအကြီးအကဲနှင့် စွမ်းအားယှဉ်ပြိုင်နေသည့်ပုံရသည်။
၀မ်ချောင် အလျင်အမြန် ပြေးသွားကာ လိုက်သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်၌ လူရိပ်တစ်ခုမှာ လျင်မြတ်စွာ ဖြတ်သန်းသွားခဲ့သည်။ တောင်တစ်လုံးကိုပင် ချေမွပစ်နိုင်ဟန်ရသည့် ဆံဖြူအကြီးအကဲတစ်ဦးသည် လူအုပ်ကြီးအား ကျော်လွှားသွားသည်။
သူ၏ လက်ထဲ၌ ရွှေရောင်တံဆိပ်ပြားအား ကိုင်ထားရာ နန်းတွင်းစစ်သည် အစောင့်များပင် မတားဆီးရဲချေ။
“ ပြဿနာကောင်.. ဒါ လိပ်အိုကြီးပဲ... ”
တော်တုတစ်လုံး၏ ဘေး၌ ရပ်နေရင်း ၀မ်ချောင်၏ မြင်ကွင်းထဲတွင် ထိုသူ၏ ပုံရိပ် ထွက်ပေါ်လာသည်။ လက်ရှိမျိုးဆက်၏ မည်သည့် မင်းမှုထမ်းကမှ လေးပြည်နယ်သံရုံးရှိ ဘိုးဘိုးကြီး၏ မွေးနေ့ပွဲ၌ မောက်မာစွာ မပြုမူရဲပေ။
ထိုသို့ ပြုလုပ်ရဲသည်သာမက နန်းတွင်းစစ်သည် အစောင့်များပင် ထိုသူအား မတားဆီးရဲပေရာ ထိုသူမှာ ဘိုးဘိုးကြီးနှင့် မျိုးဆက်တစ်ခုတည်းမှ ဖြစ်ရပေမည်။ မည်သို့ဆိုစေ မာအကြီးအကဲ၊ ဇောင်အကြီးအကဲ အခြားသူများနှင့် မတူညီစွာ ထို ‘ ရှုရှောက် ’သည် တော်၀င်ရုံးတော်အတွင်း ဘိုးဘိုးကြီး၏ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ နိုင်ငံရေး ရန်သူများထဲမှ တစ်ဦး ဖြစ်ပေသည်။
ထိုသူ ငယ်ရွယ်စဉ်၌ အင်ပါယာ၏ စစ်တပ်ဆိုင်ရာ ကိစ္စရပ်များ၌ ဘိုးဘိုးကြီးအား အစဉ်သဖြင့် ကန့်လန့်တိုက်ခဲ့သူ ဖြစ်၏။ ဘိုးဘိုးကြီးမှာ သွေးဆူလွယ်သည့်သူဖြစ်ရာ ထိုသူကိုလည်း သူ သဘောမကျပေ။
ယခင်ကဆိုလျှင် နှစ်ဦးသား မရေမတွက်နိုင်သည့် တိုင်ကြားစာများ လျှောက်တင်ခဲ့ကြသည်။
ယခင်က တော်၀င်ရုံးတော်၏ နိုင်ငံရေး အပြောင်းအလဲအတွင်း၌ ရှုရှောက်မှာ နိုင်ငံရေး စွဲချက် တင်ခံရမည် ဖြစ်သော်လည်း ကံကောင်းမှုကြောင့် စစ်တပ်အား ဦးဆောင်ကာ လက်ရှိ အင်ပါယာအား ကယ်တင်နိုင်ခဲ့သည်။
ထို့ကြောင့် ထိုနိုင်ငံရေး အပြောင်းအလဲအတွင်း၌ အခက်အခဲအား ကျော်လွှားနိုင်ခဲ့ပြီး ရှင်သန်နိုင်ခဲ့သည်။ ထို့နောက် ထပ်မံ ကံကောင်းခဲ့ပြီး အမတ်မင်းရှု ဟူသည့် ဘွဲ့အား လက်ခံရသည်တွင် သူ့အား မဟာထန်အတွင်း၌ အကြောက်အလန့်မရှိ သွားလာနိုင်စေခဲ့သည်။
ယခင်က ဘိုးဘိုးကြီး ငယ်ရွယ်စဉ်တွင် သွေးဆူလွယ်သော်လည်း နှစ်များစွာကြာသည့်နောက် တဖြည်းဖြည်း တည်ငြိမ်လာကာ ကျင့်၀တ် စောင့်ထိန်းတတ်လာသည်။ တစ်ဖက်တွင် အမတ်မင်းရှု မှာတော့ လုံး၀ မပြောင်းလဲပေ ယခင်ကအတိုင်း ပြုမူနေဆဲပင်။
ထိုအဘိုးကြီးမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော်လည်း ဘိုးဘိုးကြီးထက် နှစ်ပေါင်းများစွာ ငယ်ရွယ်ပြီး သူသည်လည်း တော်၀င်ရုံးတော်မှ အနားယူခဲ့ပြီးဖြစ်သည်။ မည်သို့ဆိုစေ သူ၏ ဘိုးဘိုးကြီးအပေါ် မကြည်လင်မှုက အနည်းငယ်ပင် ယုတ်လျော့သွားခြင်း မရှိပေ။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဘိုးဘိုးကြီး၏ မွေးနေ့စားသောက်ပွဲ ကျင်းပသည့်အခါတိုင်း သူ၏ မြေးများနှင့်အတူ ထိုးဖောက် ၀င်ရောက်ကာ ဆူပူစေမြဲဖြစ်သည်။ သူ၏ ယခင်ဘ၀၌ ၀မ်ချောင် ထိုသူအား တိတ်တဆိတ် လိပ်အိုကြီးဟု အမည်ပေးထားပြီး သူက မတော်မဆ ကြားလိုက်သည်တွင် ၀မ်ချောင်၏ နားရွက်အား ဆွံ၍ သံရုံး တစ်ပတ် ပတ်လေတော့သည်။
ဘိုးဘိုကြီး၏ ကျင့်၀တ် စောင့်ထိန်းမှုကြောင့် လိပ်အိုကြီးမှ မလွန်ကဲလာမချင်း အပြုံးနှင့်သာ တွေ့ဆုံကာ စိတ်ရှိတိုင်း ပြုမူစေသည်။
Chapter 105 အရိုးတည်ဆောက်ခြင်း ဆေးလုံး
“ ကလေးတို့ အပြင်မှာစောင့်နေ.. စိတ်ရှိသလိုသာ ပျော်ခဲ့ကြ ဆော့နေကြ လေးပြည်နယ်သံရုံးမှာ ဘယ်သူကများ မင်းတို့ကို တားရဲတဲ့ သတ္တိရှိမလဲ ငါသိချင်တယ်.. ဒီနေ့ ငါ့ကိုတားရဲတဲ့ သူရဲ့ခေါင်းကို အပေါက်ဖောက်ပစ်မယ်.. ”
ထိုလူအိုကြီးမှ မောက်မစွာ ပြောဆိုလေသည်။
“ ငါ ဟို သက်ကြားအိုကြီးနဲ့ တွေ့ပီးရင် ပြန်လာခေါ်မယ် ”
“ ဟုတ်ကဲ့ အဘိုး.. မြေးတို့ ဒီမှာနေပြီး အဘိုးစွမ်းအားပြတာကို စောင့်ကြည့်နေပါ့မယ်.. ”
ရှုကလန်မှ မျိုးဆက်သစ်များသည်လည်း အရှက်ကင်းမဲ့စွာ ၎င်းတို့ အဘိုးဖြစ်သူအား ကြည့်ကာ ပြုံးနေကြသည်။
“မျိုးမစစ်ကောင်တွေ.. ”
အဝေးတွင် ၀မ်းကွဲ၀မ်လီ၊ ၀မ်ကျူးယန်နှင့် ၀မ်လျန်းတို့က ပြေးထွက်လာပြီး ရှုကလန်သားများအား ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ထိုသူများသည် ဘိုးဘိုးကြီး၏ မွေးနေ့စားသောက်ပွဲအား နှစ်စဉ် လာရောက်လေ့ရှိပြီး ဆုမွန်ကောင်းတောင်းပေးရန် ဟူသည့် ခေါင်းစဉ်အား လက်ကိုင်ထားကာ ပြဿနာ လာရှာကြခြင်းပင်။
ဘိုးဘိုးကြီးသည် ဤမကြိုဆိုသင့်သည့်သူများအား နှစ်စဉ် လာရောက်ခွင့် ပေးနေခြင်းအား မည်သူမှ နားမလည်နိင်ပေ။
“ ဟမ့်... ၀မ်ကလန်က ဧည့်သည်တွေကို ဒီလိုပဲ ကြိုဆိုတာလား.. ကြည့်ရတာ ၀မ်ကလန်က မျိုးဆက်သစ်လေးတွေ ဧည့်သည်ကို ဘယ်လို ကြိုဆိုရမယ်ဆိုတာ ကောင်းကောင်း သင်မပေးထားဘူး ထင်တယ်.. ”
လိပ်အိုကြီး၏ မျိုးဆက်ထဲမှ တစ်ဦး ခေါင်းမော့ကာ မောက်မာစွာ ဆိုသည်။
“ ဟားဟား.. ကောင်ကလေး တကယ်လို့ မျိုးမစစ်လို့ ခေါ်တာက မင်းတို့ အဘိုးဆိုရင်တော့ ဒီကိစ္စကို ငါပြန်စဉ်းစားရမာပေါ့.. မင်းတို့ ကလေးတွေကလား ဟမ့်... မင်းတို့ နာနာခံခံနဲ့ ဘေးဖယ်နေလို့ပဲ ငါပြောချင်တယ်.. ”
အသက်ကြီးသည်အား အခွင့်ကောင်းယူကာ ထိုလူအိုကြီးမှ စကားနာထိုးသည်။
“ လိပ်အိုကြီး ခင်ဗျားလုပ်နိုင်တာ ဒါအကုန်ပဲလား.. ကိုယ့်အသက်အရွယ်ကိုမှ အားမနာ လူငယ်လက်သစ်တွေကို ဒီလို အနိုင်ကျင့်တယ်ပေါ့.. ”
၀မ်ချောင် သူ့ကိုယ်သူ ထပ်မံ မထိန်းချုပ်ထားတော့ပေ။
ဟွား...
ထိုအချိန်၌ လူတိုင်း၏ အကြည့်သည် ၀မ်ချောင်အပေါ် စုပြုံကျလာသည်။ လိပ်အိုကြီး ဟူသည့် နာမည်ပြောင်အား ကြားလိုက်သည်တွင် ထိုလူကြီး၏ မျက်နှာမှာ ကြက်သွေးဖြင့် ပက်ခံလိုက်ရသည့်အလား နီမြန်သွားသည်။
ရှုကလန် မျိုးဆက်များ၏ မျက်နှာများ ပျက်ယွင်းကုန်ပြီး ၀မ်ချောင်အား စားမတတ် ဝါးမတတ် စိုက်ကြည့်နေကြသည်။
၀မ်ချောင် ထိုသူတို့အား ရှောင်ဖယ်ရန် မကြိုးစားပေ။ တောင်တုဆီမှ ထွက်လာပြီး သက်ကြားအိုရှု ထံသို့ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်သွားလိုက်သည်။
မိသားစုတိုင်း၌ ၎င်းတို့ မကြိုဆိုသည့် ဧည့်သည်ရှိပေသည်။
သက်ကြားအို ရှုမှာ ထိုသူတို့ ထဲမှ တစ်ဦးဖြစ်သည်။
၀မ်ချောင် ထိုသူ၏ မောက်မာမှုအား လက်သင့်မခံနိုင်ပေ။
“ ဟင်းဟင်း.. အရင်တုန်းက တော်၀င်ရုံးတော်မှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်တဲ့အချိန် ခင်ဗျားက လိပ်ခွံထဲမှာပဲ ပုန်းနေပြီး လှုပ်တောင် မလှုပ်ရဲဘူး.. အရာအားလုံးက နေသားတကျ ဖြစ်ခါနီးပြီဆိုခါမှ တပ်စုတစ်ခု စေလွှတ်လိုက်တယ် ဒါကြောင့်ပဲ အမတ်မင်းရှုဆိုတဲ့ ဘွဲ့ကို ရခဲ့တယ်.. ပြောပါဦး ခင်ဗျားမှ လိပ်မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မလဲ.. ”
တစ်လှမ်းချင်းလှမ်းရင်း ၀မ်ချောင် စကားအလှဆင် မနေတော့ပေ။ ယခင်ဘ၀၌ သူပေးခဲ့သည့် လိပ်အိုကြီး ဟူသည့် အမည်မှာ အကြောင်းမဲ့သက်သက် မဟုတ်ပေ။ ၀မ်ချောင်၏ အမြင်၌ ထိုသည်က ကံကောင်းခြင်းသက်သက်ကြောင့်သာ မဟုတ်။ တစ်ဖက်လူမှာ လူကြောက်တစ်ယောက်ဖြစ်ပြီး ထိုသူ အမတ်မင်း ဖြစ်လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ အခြေအနေများ တည်ငြိမ်စ ပြုလာသည်ကိုမြင်ပြီး ထိုအခွင့်အရေးအား အသုံးပြု၍ ရှေ့ထွက်ပြီး သူ့အတွက်သူသာ အကျိုးဆောင်ခဲ့ခြင်း ဖြစ်သည်။
“ မင်း.. သေနာကောင်လေး.. ”
၀မ်ချောင်အား လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည့်တိုင် သက်ကြားအိုကြီး ရှုမှာ ဒေါသကြောင့် တုန်ယင်နေသည်။ ယခင်က နိုင်ငံရေးအပြောင်းအလဲ၌ ရှုရှောက် နောက်ကျသည့်အတွက် လူပေါင်းများစွာက ထိုအချက်အား အသုံးပြုကာ သူ့အား တိုက်ခိုက်လေ့ရှိကြသည်။ ထိုသည်က သူ၏ အထိမခံနိုင်သည့် အရာလည်း ဖြစ်ပေသည်။
ယနေ့၌ ၀မ်ချောင် ထိုစကားအား ထုတ်ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“ မင်း.. လာခဲ့စမ်း မင်းအရိုးတွေကို ချိုးမပစ်ဘူးလို့ ငါကတိပေးတယ်ကွာ.. ”
၀မ်ချောင်က အရူးမဟုတ်ပေ။ သက်ကြားအိုကြီး၏ မျက်လုံးနီရဲနေသည်ကို တွေ့လျှင် ချက်ချင်း နောက်ဆုတ်လိုက်သည်။
“ အမတ်မင်းရှု မင်းရောက်နေပြီဆိုမှတော့ ၀င်ခဲ့လေ.. ”
ထိုအချိန်၌ တည်ငြိမ်သည့်အသံအား လူတိုင်း၏ နားထဲ၌ ကြားလိုက်ရသည်။
“ ဟမ့်.. မျိုးမစစ်လေး မင်းအဘိုးရဲ့ မျက်နှာကိုထောက်ပြီး ဒီနေ့တော့ လွှတ်ပေးလိုက်မယ်.. ”
ထိုစကားသံအား ကြားသည်နှင့် သက်ကြားအိုကြီး၏ ဒေါသတို့ စုပ်စမြုပ်စ ပျောက်သွားပြီး ရယ်သံကတစ်ဖန် ပြန်လည် အစားထိုးသွားသည်။ သူ၏ အင်္ကျီလက်စအား ခါရမ်းကာ ခေါင်းမော့၍ ရှေ့ဆက်သွားခဲ့သည်။ မောက်မောက်မာမာ မျက်နှာထားက ‘ မင်းလို ကောင်လေးအတွက် ငါ့အချိန်တွေ ကုန်ဖို့ မထိုက်တန်ဘူး ’ဟု ပြောနေသည့်အလားပင်။
သူ၏ နောက်၌ သက်ကြားအိုရှု၏ မျိုးဆက်များသည်လည်း သူတို့အဘိုးဖြစ်သူ၏ မျက်နှာထားအား အတုယူကာ မောက်မာစွာဖြင့် ကြည့်နေကြသည်။
( ကျွတ်.. လိပ်အိုကြီးရဲ့မျိုးဆက်လို့ မပြောရဘူး.. ဒီ လိပ်ကလေးတွေကလဲ တစ်ပုံစံတည်းပဲ.. )
ထိုသက်ကြားအိုကြီးမှာ ဘိုးဘိုးကြီးနှင့် မျိုးဆက်တစ်ခုတည်းဖြစ်ပြီး ထိုသူ၏ အဆင့်အတန်းက ၀မ်ချောင်အနေဖြင့် ဘာမှ မလုပ်နိုင်သည့်အနေအထား ဖြစ်ပေသည်။ သူ လုပ်နိုင်သည်က ထိုသူ၏ အနာဟောင်းအား ဆွကာ ဒေါသမွှန်ထူစေရန်သာ ဖြစ်သည်။
“ ကောင်လေး.. နင် ပေးလိုက်တဲ့ နာမည်က တော်တော် ကောင်းတာပဲ.. ဟို သက်ကြားအိုကြီး စွေ့စွေ့ခုန်သွားတာကို ကြည့်ရသလောက် အဲ့ဒီအကြောင်းက သူ့ရဲ့ အထိမခံနိုင်တဲ့ဟာပဲ ဖြစ်ရမယ်.. ”
၀မ်ကျူးယန် အဝေးမှ ၀မ်ချောင်ထံသို့ လှမ်းလာရင်း သူမ၏ မျက်နှာ၌ အပြုံးတစ်ခု ဖြစ်တည်လာသည်။
သက်ကြားအိုကြီးရှုမှာ တွေ့ဆုံပွဲ၌ တွေ့မြင်ရလေ့ရှိသည့် မဖိတ်ခေါ်ထားသည့် ဧည့်သည်ဖြစ်ပြီး ယနေ့သည် ထိုသူ ပြဿနာလာရှာသည့် ပထမဆုံးနေ့ မဟုတ်ပေ။ ၀မ်ကျူးယန် ထိုသူအား ကလေးအရွယ်မှ စ၍ ယနေ့ထိတိုင် နှစ်တိုင်း ထိုသူ လာမြဲ ဖြစ်သည်။
မည်သို့ဆိုစေ ထိုသက်ကြားအိုကြီး မျက်တောင့်နီသည်အထိ ဒေါသဆူဝေသွားသည်ကို မြင်ရသည်မှာတော့ ပထမဆုံး ဖြစ်ပေသည်။
“ နောက်တစ်ခါ မောက်မောက်မာမာ လာလုပ်ရဲရင် ငါတို့အားလုံး သူ့ကို လိပ်အိုကြီးလို့ ဝိုင်းခေါ်လိုက်ကြမယ်လေ.. သူ ဘယ်လို တုန့်ပြန်မလဲ ကြည့်ကြတာပေါ့.. ”
ထိုစကားများအားပြောရင်း ၀မ်ကျူးယန် မရယ်ပဲ မနေနိုင်တော့ချေ။
၀မ်ချောင် သည်လည်း လိုက်ရယ်မိလေသည်။
အမှန်တိုင်းဆိုရလျှင် လိပ်အိုကြီး၏ အမူအကျင့်မှာ အကြီးအကဲတစ်ယောက်နှင့် မထိုက်တန်စွာ သူ၏ အသက်အရွယ်နှင့်ရာထူး မြင့်မားမှုအား အားကိုးကာ ဘိုးဘိုးကြီး၏ မွေးနေ့ပွဲအား နှစ်စဉ် နှောက်ယှက်လေ့ရှိသော်လည်း ထို့ထက်ပို၍ မည်သည့် ဆိုးဆိုးဝါးဝါးမှ မလုပ်ဆောင်ပေ။
၀မ်ချောင်၏ ထိုသူအပေါ် အမြင်မှာလည်း မဆိုးပေ။ လိပ်အိုကြီးဟု ပြန်လည် ခေါ်လိုက်ရသည်ကိုက ၀မ်ချောင် စိတ်ကျေနပ်လေသည်။
“ ဟမျ့.. ”
၀မ်ကျူးယန်နှင့် ၀မ်ချောင် စကားပြောနေသည့်အချိန်၌ ယဲ့ကလန်မှ ယဲ့ယင်ပင်းသည် သူတို့နှစ်ယောက်အား ကြည့်နေသည်အား မည်သူမှ သတိမထားမိပေ။ သဘောကျစွာ ရယ်နေပြီး သူမ မည်သည်အား စဉ်းစားနေသည်မှန်း မည်သူမှ မှန်းဆနိုင်မည်မဟုတ်သော်လည်း သူမ ရုတ်ချည်း ရှုအမတ်မင်း၏ မျိုးဆက်များရှိရသို့ သွားလိုက်သည်။
“ ၀မ်ချောင်..... ”
ထိုစဉ် ကျယ်လောင်စွာ အော်လိုက်သံ ထွက်လာသည်။ ချက်ချင်းလက်ငင်း လူတိုင်း၏ အာရုံစိုက်မှုအား ထိုအသံက ဖမ်းယူသွားသည်။ လှည့်ကြည့်လိုက်သည်တွင် လူအုပ်ထဲမှ လူငယ်တစ်ယောက် ထွက်လာသည်အား ၀မ်ချောင်တွေ့လိုက်ရသည်။
“.. မင်း ငါနဲ့ တိုက်ခိုက်ရဲလား.. ”
အဝေးမှ ထိုသူသည် ၀မ်ချောင်အား လက်ညှိုးညွှန်ကာ အထက်စီးဆန်ဆန်ဖြင့် ပြောလိုက်သည်။
တစ်ခဏတာ အသိပညာစံအိမ်တစ်ခုလုံး ငြိမ်သက်သွား၏။ အော်သံက ထိုနေရာတစ်ခုလုံးရှိ အာရုံအား သိမ်းကြုံးယူသွားသည်။
နန်းတွင်းစစ်သည်များဖြစ်စေ၊ ၀မ်လီဖြစ်စေ ၀မ်လျန့်ဖြစ်စေ၊ ဒေါ်ကြီး၊ ဦးလေး၊ အမတ်မင်းဟူ၊ မာကြီးအကဲ၊ ကျောက်အကြီးအကဲ၊ စွန်းအကြီးအကဲနှင့် အခြား လူငယ်များစွာ....... လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်တော့မည်အား သိရှိလိုက်သည်။
သို့ဆိုသော်လည်း ၎င်းတို့၏ အဘိုးဖြစ်သူများ၏ ပြောသည့်အတွက် ၀မ်ချောင်အား နှုတ်ဆက်ရသည့် မျိုးဆက်သစ်တို့၏ အကြည့်ထဲ၌ ၀မ်ချောင်၏ စွမ်းဆောင်ရည်အား မြင်ရတော့မည်ဟု စိတ်အားသန်လာကြသည်။
၀မ်ချောင်သည် သူတို့အဘိုးများ၏ အသိအမှတ်ပြုမှုအား ရရှိထားသည့် တစ်ဦးတည်းသောသူ ဖြစ်သည့်တိုင် သူတို့၏ စိတ်ထဲ၌ ထိုအရာအား သိပ်အလေးအနက်မထားကြပေ။
“ ရှုရွှမ်.. ”
မျက်ခုံးနှစ်ခု ထိစပ်လုနီးပါး တွေးတောလိုက်သည်တွင် ထိုသူ၏ နာမည်က ၀မ်ချောင်၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ရှုကလန်၏ မျိုးဆက်သစ်များထဲ၌ ပါရမီအရင့်သန်ဆုံးသူ ရှုရွှမ်။
မည်သို့ဆိုစေ ၀မ်ချောင် ထိုသူအား ခင်မင်သည့်အတွက် သိနေခြင်းမဟုတ်ပေ။ ထိုသူက သူနှင့် သက်တူရွယ်တူ ဖြစ်သည့်တိုင် မြို့တော်၌ သူ့ထက် ဂုဏ်သတင်းကျော်စောသည့် အတွက် ဖြစ်ပေသည်။
အခြားသူများက သူ့အား လူသန်ကြီးရှုဟု အသိအမှတ်ပြုထားကြပြီး သက်တူရွယ်တူအကြားတွင် ကြက်တစ်အုပ်ထဲ၌ ငန်းတစ်ကောင်ရှိနေသကဲ့သို့ ထင်သာမြင်သာရှိလှသည်။
၀မ်ချောင်သည် ထိုသူမှာ ဆယ့်ခြောက်နှစ်သာ ဖြစ်ကြောင်းသိထားပြီး မူလစွမ်းအင် အဆင့် ၇ သို့ပင် ရောက်ရှိနေချေပြီ။ ဝေဟောင်၊ ကောင်းဖေးနှင့် အခြားသူများထက် သာလွန်ပေသည်။
၀မ်ချောင် ထောင်ထဲပို့လိုက်သည့် စုပိုင်ပင်လျှင် ထိုသူအား ယှဉ်နိုင်မည် မဟုတ်ပေ။
၀မ်ချောင်၏ အစ်ကိုကြီး၊ ၀မ်းကွဲအစ်ကို၊ ယောင်ဖုန်းနှင့် အခြား မျိုးဆက်သစ် အနည်းငယ်လောက်သာ မြို့တော်ထဲ၌ သူ့အား ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
သူ၏ စွမ်းဆောင်ရည်ကြောင့် မြို့တော်ထဲရှိ သခင်လေးများ၏ ခေါင်းဆောင် အလိုအလျောက်ဖြစ်နေပြီဖြစ်သည်။
မည်သို့ဆိုစေ ၀မ်ချောင်အား ဇဝေဇ၀ါဖြစ်စေသည်က မျိုးဆက်တူများအား အထင်သေးတတ်သည့် ရှုရွှမ်ဆိုသူက အဘယ်ကြောင့် သူ့အား စိန်ခေါ်ရသည့်ဆိုသည့် အကြောင်းပင်။
“ ဟမ့်.. ၀မ်ချောင် နင်ကြောက်နေတာတော့ မဟုတ်ပါဘူးနော်.. နင် ယောက်ျားကော စစ်ရဲ့လား.. နင့်အဆင့်နဲ့ ငါ့တို့က နင့်ကို ဦးညွှတ်ပြီး ချောင်သခင်လေးလို့ ခေါ်ရမယ်ပေါ့လေ.. ”
အေးစက်ကာ မထီမဲ့မြင် မိန်းမပျိုတစ်ဦး၏ အသံထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ လူတိုင်းသည်လည်း ၀မ်ချောင်အား ကြည့်လိုက်ကြသည်။
၀မ်ချောင် ထိုအသံပိုင်ရှင်အား လိုက်ရှာလိုက်သည်တွင် အသားဖြူဖြူနှင့် ဂုဏ်မောက်နေဟန်ရသည့် ယဲ့ယင်ပင်းအား တွေ့လိုက်ရသည်။
“ ဒါဆို သူ ပေါ့လေ.. ”
၀မ်ချောင် ရယ်လိုက်၏။ ရှုရွမ် အဘယ်ကြောင့် သူ့အား သတိထားမိကာ စိန်ခေါ်ကြောင်း သူသိလိုက်ချေပြီ။ ကြည့်ရသည်မှာ ယဲ့ယင်ပင်းက ဤကိစ္စ၏နောက်၌ ရှိနေလိမ့်မည်။ ရှုကလန်၏ သိုင်းပညာပါရမီရှင် ရှုရွှမ်သည် ယဲ့ယင်ပင်းအား ပိုးပန်းနေပြီး အကြိမ်တိုင်း နှလုံးသားကင်းမဲ့စွာ ငြင်းဆိုခံရသည်ဟု ကောလာဟလ ရှိ၏။
ယဲ့ယင်ပင်းသည် ရှုရွှမ်းအား ကတိအချို့ပေးကာ သူ့အား စိန်ခေါ်၍ အရှက်ခွဲခိုင်းခြင်း ဖြစ်ရပေမည်။
“ ယင်ပင်း စိတ်မပူပါနဲ့.. ဒီကောင့်ကို ငါကောင်းကောင်း ဆုံးမပေးမယ်.. ရှက်လွန်းလို့ သေချင်စိတ်တောင် ပေါက်သွားစေရမယ်.. ”
ယဲ့ယင်ပင်းအား ကြည့်ကာ ရှုရွှမ်မှ ဟန်ထုတ်ပြောဆိုလိုက်၏။ တစ်ချိန်တည်း သူ၏ လက်က ယဲ့ယင်ပင်းအား လက်သွယ်သွယ်လေးအား ကိုင်မည်ဟန်ပြုသည်တွင်..
“ သွားစမ်းပါ... ”
မကျေအနပ်နှင့် ယဲ့ယင်ပင်းသည် ရှုရွှမ်၏ လက်အား တုံ့ဆိုင်းခြင်းမရှိ ပုတ်ချလိုက်သည်။
လူမြင်ကွင်း၌ ငြင်းဆန်ခံလိုက်ရသည်တွင် ရှုရွှမ် အရှက်ရသွားသည်။ လေထဲ၌ တန့်နေသည့် သူ၏ လက်ကြောင့် ဖြစ်ပေါ်လာသည့် ဒေါသများအား ၀မ်ချောင် ထံ ပုံချလိုက်သည်။
“ ၀မ်ချောင်.. မင်း ငါစိန်ခေါ်တာကို လက်ခံရဲလား.. စစ်သူကြီးမျိုးရိုးဆိုပြီးတော့ မင်းတို့ ၀မ်ကလန်က ယောက်ကျားတစ်ယောက်မှ မရှိ.... ”
“ ကောင်းပြီလေ.. ငါမင်းနဲ့ ယှဉ်ပြိုင်မယ်.. ”
ရှရွှမ်၏ စကား မဆုံးခင်မှာပင် ၀မ်ချောင် ဖြတ်ပြောလိုက်သည်။
ရှုရွှမ်သည် သန်မာကာ အားကောင်းသည့် တိုက်ခိုက်ရေးသမား ဖြစ်ပေသည်။ မြို့တော်၌ သက်တူရွယ်တူအတွင်း သူနှင့် တုယှဉ်နိုင်သူ များများစားစား မရှိချေ။
၀မ်ချောင် အပြင်းအထန်လေ့ကျင့်သည်က မကြာသေးသည့်အတွက် တစ်စုံတစ်ဦးနှင့် လက်ရည်စမ်းချင်သည့်စိတ်လည်း ၀မ်ချောင်ထံ၌ ဖြစ်ပေါ်နေသည်။
ရှုရွှမ်၏ ကျင့်ကြံခြင်းက သူ့ထက် မြင့်ပေသော်ငြား ၀မ်ချောင် စိုးစဉ်းမျှ ပူပန်ခြင်းမရှိချေ။ ထို့ထက်ပို၍
ပတ်ပတ်လည်အား ဝှေ့ကြည့်လိုက်သည်တွင် အမတ်မင်းဟူ၊ မာအကြီးအကဲ၊ ကျောက်အကြီးအကဲ၊ စွန်းအကြီးအကဲ.. စသည့် ဘိုးဘိုးကြီး၏ နောက်လိုက်ဟောင်းများနှင့် သူတို့၏ မျိုးဆက်များသည်လည်း လူအုပ်အတွင်း၌ ရှိနေပြီး သူ့အား စောင့်ကြည့်နေကြသည်။
သူ့အား ချောင်သခင်လေးဟု ဖိအားပေးခေါ်ဆိုထားရသည်ဖြစ်ရာ ထိုသူများသည် သူ့အကြောင်း သိထားကြမည်မဟုတ်ပေ။ အကယ်၍ ယခု သူနောက်ဆုတ်ခဲ့လျှင် သူ့အား မည်သို့ ရှုမြင်ကြနည်း။
---- ယဲ့ယင်ပင်းသည် ရှုရွှမ်အား အသုံးချ၍ သူနှင့် ရင်ဆိုင်ချင်သည်မှာ သေချာလှသည်။
သူမည်သို့ နောက်ဆုတ်နိုင်မည်နည်း။
“ ဟားဟား.. ကောင်းပြီလေ.. ”
ရှုရွှမ်မှ ၀မ်ချောင် သူ၏စိန်ခေါ်မှုအား လက်ခံလိမ့်မည်ဟု ထင်မှတ်မထားသည့်အတွက် သူ အတန်ကြာ ကြောင်သွားသေးသည်။ သတ်ဖြတ်ချင်သည့်အကြည့်ဖြင့် ပြောလိုက်သည်။
“ ၀မ်ချောင် မင်းကိုယ်တိုင် သဘောတူတာနော်.. တိုက်ပွဲမှာ အလျော့ပေးစရာအကြောင်းမရှိဘူး.. ထိခိုက်ဒဏ်ရာရခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့.. ”
ယဲ့ယင်ပင်းကြောင့်မဟုတ်လျှင်ပင် ၀မ်ချောင်မှ သူ၏အဘိုးအား လိပ်အိုကြီးဟု ခေါ်ဆိုသည် တစ်ခုတည်းနှင့်ပင် ရှုရွှမ်းအတွက် ၀မ်ချောင်အား သင်ခန်းစာပေးရန် အကြောင်းရင်း လုံလောက်နေပေပြီ။ လေးပြည်နယ်သံရုံှးရှိ တစ်ဖက်လူအိုကြီး၏ မြေးအား မွေးနေ့ပွဲ၌ အနိုင်ယူနိုင်ခြင်းက မည်မျှလောက် ကျေနပ်ဖွယ်ကောင်းလိမ့်မည်နည်း။
ဘန်း..
ခြေတစ်လှမ်းနှင့် လေထုထဲ၌ ဖုန်လုံးများ လိမ့်တက်လာသည်။ ရှုရွှမ်၏ ကိုယ်ထဲမှ အားကောင်းသည့် အငွေ့အသက်များ ရုတ်ချည်း ဖြစ်တည်လာ၏။ သုန်မှုန်နေသည့်မျက်နှာထားနှင့် ၀မ်ချောင်အား အမဲဖြတ်ရန် ထွက်လာသည်။
“ ခဏနပေါဦး.. ”
၀မ်ချောင် ရုတ်ချည်း တားဆီးလိုက်သည်။
“ ဘာလဲ.. မင်းနောက်ဆုတ်ချင်တာလား... ”
ရှုရွှမ် ခနဲ့လိုက်သည်။
“ ဟမ့်.. မင်းငါနဲ့တိုက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တစ်ခုခု လောင်းကြေးထပ်ဦးမှပေါ့.. ”
၀မ်ချောင် ပြောလိုက်၏။ မကြာသေးမှီက အလွန်ကောင်းမွန်သည့် အကြံတစ်ခု ၀မ်ချောင်၏ စိတ်ထဲ ဖြစ်ပေါ်လာခဲ့၍ ဖြစ်သည်။ ဤယဲ့ယင်ပင်းသည် သူ့အတွက် အလွန်ကောင်းမွန်သည့် အရာအား လက်ထဲ လာထည့်ပေးသူဖြစ်သည်။
“ မင်းဘာလိုချင်တာလဲ.. ”
ခြေလှမ်းသပ်လိုက်ပြီး ရှုရွှမ်မေးလိုက်သည်။ မြို့တော်အတွင်း လူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း အလောင်းအစားလုပ်၍ မတိုက်ခိုက်ဖူးပေ။
“ ဟမ့်.. မင်းတို့ ရှုကလန်မှာ အရိုးတည်ဆောက်ခြင်းဆေးလုံး ရှိတယ်မဟုတ်လား. မင်းက ငါ့ကို စိန်ခေါ်ချင်တယ်.. ရတယ်လေ လက်ခံတယ် ဒါပေမဲ့ မင်း အရိုးတည်ဆောက်ခြင်းဆေးလုံးကို ထုတ်ရမယ်. တစ်ခြားပစ္စည်းတွေကိုတော့ ငါလက်ခံမှာ မဟုတ်ဘူး.. ”
လေထဲ လက်ညွှန်လိုက်ကာ ၀မ်ချောင် ပြောလိုက်သည်။
၀မ်း...
အရိုးတည်ဆောက်ခြင်းဆေးလုံး ဟူသည့်စကားလုံးက ၀မ်ကျူးယန်၊ ယဲ့ယင်ပင်း၊ ၀မ်းကွဲ၀မ်လီ၊ ရှုရွှမ်နှင့် အခြားသူ အားလုံး၏ အမူအရာအား ပြောင်းလဲသွားစေသည်။