← Chapters

အခန်း (၁၀၆-၁၁၀)

Vol. 4 Ch. 106-110

အခန်း (၁၀၆-၁၁၀)

Vol. 4 Ch. 106-110

Chapter 106 ရန်သူအား တစ်ကွက်တည်းနှင့် အနိုင်ယူခြင်း

ရှုကလန်မှ အကြီးအကဲတစ်ဦးမှာ ငယ်ရွယ်စဉ်မှစ၍ ကလန်မှ ထွက်ခွာကာ မှော်ဆေးပညာလမ်းကြောင်းအား လိုက်စားခဲ့သည်။ ထိုသည်အား သိရှိထားသူ အထူးမရှိလှသော်လည်း မြင့်မြတ်သူများအကြား၌ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ချေ။

ထိုအကြီးအကဲမှ ပုံမှန်ထောက်ပံ့နေသည့် ဆေးလုံးများကြောင့် ရှုကလန်၏ မျိုးဆက်များသည် အခြားမျိုးဆက်များထက် ပိုမိုသာလွန်သည့် အခွင့်ထူးအား ရရှိထားသည်။

သူဖော်စပ်ထားသည့် ‘အရိုးတည်ဆောက်ခြင်း’ဆေးလုံးမှာ ထိုရှုကလန်အကြီးအကဲ၏ တစ်မူထူးခြားသော လက်ရာဖြစ်၏။ စျေးကွက်၌ ရောင်းချခြင်း မရှိသလို အကန့်အသတ်နှင့်သာ ဖော်စပ်သည့်အတွက် အပြင်လူများအနေဖြင့် ထိုဆေးလုံးအား လက်၀ယ်ရရှိရန် မလွယ်ကူလှပေ။

အရိုးတည်ဆောက်ခြင်းဆေးလုံးနှင့် စပ်လျဉ်း၍ အထူးထင်ပေါ်ကျော်ကြားသည့် အရာမှာ ‘ ဆေးသုံးလုံး ကျားသစ်အရိုး ’ဆေးလုံးဖြစ်ကာ ဆေးလုံးသုံးလုံးတည်းနှင့် သာမာန်လူတစ်ယောက်ပင်လျှင် ကျားသစ်အရိုးအား ကျင့်ကြံခြင်းမရှိပဲ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းလောက၌ လူတစ်ဦး၏ အရိုးအား သန်စွမ်းရန် ကျင့်ကြံရသည်က အလွန်ခက်ခဲကြောင်း လူတိုင်းသိထားကြသော်လည်း ရှုကလန်၏ အရိုးတည်ဆောက်ခြင်းဆေးလုံးက ကျားသစ်အရိုး အဆင့် ၁ အား ရရှိရန် ထီလက်မှတ် ဖြစ်နေလေသည်။ သို့ဆိုသော် ထိုဆေးလုံး မည်မျှ အဖိုးထိုက်တန်မည်အား ခန့်မှန်းနိုင်ပေသည်။

ဆေးလုံးမှာ ထိုသို့ အခွင့်ထူးများရှိနေသော်လည်း ရှုကလန်ကိုယ်တိုင်ပင် ပမာဏအမြောက်အမြား မထုတ်လုပ်နိုင်ပေ။

အရိုးတည်ဆောက်ခြင်းဆေးလုံး၏ ဖော်စပ်ခြင်းမှာ ရှုပ်ထွေးလှပြီး ရှုကလန်မှ အကြီးအကဲမှာ တစ်နှစ်လျှင် ငါးလုံး ခြောက်လုံးခန့်သာ ဖော်စပ်နိုင်သည်။

ထိုပမာဏက သူတို့၏ မျိုးဆက်များ အတွက်ပင် လောက်ငှမှု မရှိသည့်အတွက် ရှုကလန်သည် အရိုးတည်ဆောက်ခြင်းဆေးလုံးအား အထူးကန့်သတ်ထားသည်။

မည်သို့ဆိုစေ ၀မ်ချောင်မှာ ရှုရွှမ်ထံ၌ အရိုးတည်ဆောက်ခြင်းဆေးလုံး ရှိနေသည်ကို သိထားပြီး တစ်လုံးထက်ပင် များနိုင်ချေရှိသည်။

ကြီးမားသည့်ကလန်များအတွင်း အလွန်ထူးချွန်သည့် ကလန်သားအား အရင်းအမြစ်များ ပေါပေါသီသီ ပေးလေ့ရှိသည်က ဓမ္မတာပင်။ ရှုကလန်၌ ရှုရွှမ်၏ ကျင့်ကြံခြင်းသည် အသန်မာဆုံးမဟုတ်သည့်တိုင် သူ၏ ပါရမီမှာတော့ ထိပ်တန်းဖြစ်သည်။ ရှုကလန်မှ သူ့အား အကောင်းမွန်ဆုံး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သံသယရှိရန်ပင် မလိုချေ။

သူ့ထံ၌ အမှန်ပင် အရိုးတည်ဆောက်ခြင်းဆေးလုံး တစ်လုံးထက်ပို၍ ရှိနေပေလိမ့်မည်။

“ မင်း လာနောက်နေတာလား.. မင်းကို ဘယ်လိုလုပ် အရိုးတည်ဆောက်ခြင်းဆေးလုံး ပေးလို့ ဖြစ်မှာလဲ.. ”

ရှုရွှမ် စကားမပြောခင် သူ၏အစ်ကိုဖြစ်သူ ရှုကျင်းမှ ၀င်ရောက်ပြောဆိုသည်။ ၎င်းတို့၏ အဘိုးများမှာ နိုင်ငံရေးရာ ရန်သူများဖြစ်ကြပြီး သူတို့ ငယ်ရွယ်စဉ်ကတည်းက တစ်ဖက်နှင့်တစ်ဖက် အသေအကျေ တိုက်ခိုက်ခဲ့ကြသူများ ဖြစ်ကြ၏။ တစ်ဖက်သားအား စွပ်စွဲခဲ့သည့် အကြိမ်ရေအား ရေတွက်၍ပင် ရတော့မည် မဟုတ်ပေ။

ထို့ကြောင့် ရှုကလန်သည် ၀မ်ချောင် အဘိုးဖြစ်သူ၏ မွေးနေ့၌ လူသိရှင်ကြား ဒေါသဆွကာ ပြန်လည်ပေးဆပ်စေရန် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နေကြခြင်း ဖြစ်လေသည်။

သို့သော် အရိုးတည်ဆောက်ခြင်း ဆေးလုံးမှာတော့ အခြားပုံပြင်တစ်ပုဒ် ဖြစ်သွားချေပြီ။

ရှုကလန်အတွင်း၌ပင် အရေအတွက် ကန့်သတ်ထားသည်ဖြစ်ရာ ၀မ်ကလန်မှ ထိုသကောင့်သားက လက်၀ယ်ရရှိရန် အိပ်မက်မက်နေသေးသည်။ သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီ မဟုတ်လော။

ထိုအချိန်၌ ရှုကျင်းမှာ ယဲ့ယင်ပင်းသည် ရှုကလန်မှ အရိုးတည်ဆောက်ခြင်းဆေးလုံးအား ရရှိရန် ၀မ်ချောင်နှင့် ပူးပေါင်းနေသည်လားဟု သံသယ၀င်လိုက်မိသည်။

“ ဟမ့်.. မင်း သတ္တိမရှိဘူးဆိုရင် ထွက်သွားလိုက်တော့... ”

၀မ်လီ အေးစက်စွာ ပြောလိုက်၏။

ရှုကလန်အား ၀မ်လီနှင့် ၀မ်ချောင် နှစ်ဦးစလုံး၏ ခံယူချက်များက တစ်စိတ်တစ်၀မ်းတည်းပင်။ သူတို့က ရှုကလန်အား သဘောမကျသော်လည်း ဘိုးဘိုးကြီးပင်လျှင် ထိုအရေးကိစ္စအား အမှုမထားသည်ဖြစ်ရာ သူတို့ကိုယ်တိုင် စတင် စစ်ဆင်၍ မရချေ။

ထို့ထက်ပို၍ ယခုရောက်ရှိနေသည်မှာ လေးပြည်နယ်သံရုံးဖြစ်ပြီး အင်ပါယာမင်းတရားကြီးမှ ဘိုးဘိုးကြီးအတွက် အထူးတည်ဆောက်ထားသည့် နေရာဖြစ်ပေသည်။ ရှုကလန်သည် ထိုသည်အား ကောင်းစွာ သိနားလည်ထားပြီး ဤနေရာ၌ လွန်လွန်ကျူးကျူး လုပ်ဆောင်ရဲမည် မဟုတ်ပေ။

ထို့ကြောင့် ၀မ်လီမှာ ၀မ်ချောင်နှင့်ရှုရွှမ်အကြား တိုက်ပွဲအား စိုးရိမ်ခြင်း အလျဉ်းမရှိချေ။

“ မင်း.... ”

ရှုကျင်း ရုတ်ချည်း ဒေါကန်သွားသော်လည်း သူ စကားမဆိုနိုင်ခင် သူ၏ နံဘေးမှ အသံထွက်ပေါ်လာသည်။

“ ဟမ့်.. အရိုးတည်ဆောက်ခြင်း ဆေးလုံးပဲမဟုတ်လား.. ငါသဘောတူတယ်.. ”

“ ညီငယ်ရွှမ်.. ”

ရှုကျင်း ထိတ်လန့်သွား၏။ အရိုးတည်ဆောက်ခြင်းဆေးလုံးအား အလောင်းအစားလုပ်ခြင်းက ပြဿနာကြီးတက်နိုင်သည်။ ယခုအခြေအနေအရ တစ်ဖက်လူမှာ ဤနည်းလမ်းဖြင့် ရှုကလန်မှ အရိုးတည်ဆောက်ခြင်းဆေးလုံးအား ရရှိသွားနိုင်ပေသည်။ ထိုသို့ဖြစ်ခဲ့လျှု ရှုကလန်အနေဖြင့် မည်သို့ စီးပွားရှာရတော့မည်နည်း။

“ အစ်ကိုကြီး.. ငါဘာလုပ်ရမယ်ဆိုတာ မင်းပြောပေးစရာမလိုဘူး.. ”

ရှုရွှမ် ရိုင်းစိုင်းစွာပြောဆိုလိုက်ရာ ရှုကျင်း၏ မျက်နှာ ပျက်ယွင်းသွားသည်။ ဒီခွေးကောင် ပါရမီလေး နည်းနည်းရှိပြီး အဘိုးက မျက်နှာသာပေးတာနဲ့ပဲ ခေါင်းပေါ်တက်နင်းနေပြီ။ ယခုပင်လျှင် သူ၏ အစ်ကိုကြီးအား မထီလေးစား ဆက်ဆံနေပြီ မဟုတ်လား။

မည်သို့ဆိုစေ ရှုရွှမ် သူ၏ အစ်ကိုကြီးအား ဂရုမစိုက်ချေ။ သူက အရူးမဟုတ် သူလုပ်နေသည့်အရာအား သူနားလည်ပေသည်။

“ ၀မ်ချောင်.. ငါ အရိုးတည်ဆောက်ခြင်းဆေးလုံးကို လောင်းကြေးတင်နိုင်တယ်.. ”

လက်မောင်းအိုးအတွင်း လက်နှိုက်ကာ လှပသည့် ခရမ်းရောင် သေတ္တာငယ်လေးအား ထုတ်ယူလိုက်သည်။ အရိုးတည်ဆောက်ခြင်းဆေးလုံးမှာ သူ့ပိုင်ဆိုင်မှု၏ အဖိုးအတန်ဆုံးအရာဖြစ်ပြီး ကိုယ်နှင့်မကွာ ဆောင်ထား၏။

“... ဒါပေမဲ့ မင်းကရော ဘာကို လောင်းကြေးထပ်မှာလဲ.. တစ်ဖက်သတ် လောင်းကြေးထပ်ရမှာလို့တော့ မပြောနဲ့.. ”

လက်ဆန့်ထုတ်ကာ ရှုရွှမ်မှ အေးစက်စက် ပြောလိုက်၏။

အကယ်၍ ၀မ်ချောင် သူ၏ အရိုးတည်ဆောက်ခြင်းဆေးလုံးအား လိုချင်လျှင် တန်ဖိုးတူညီသည့်အရာအား ပြန်လည် ထုတ်ပေးရပေမည်။

“ ကောင်းပြီလေ.. မင်းတောင်မှ အရိုးတည်ဆောက်ခြင်းဆေးလုံးကို ထုတ်ပြပြီဆိုမှတော့.. ငါလဲ ဝုစ်သံမဏိဓားကို လောင်းကြေးတင်ရမှာပေါ့.. ဘယ်လိုလဲ.. ”

၀မ်ချောင် သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။

“ ဝုစ်သံမဏိဓား.... ”

ရှုကလန်မှ မျိုးဆက်သစ်များ စိတ်လှုပ်ရှားသွားကြသည်။ စုပိုင်၏ ဖြစ်ရပ်နှင့် ပက်သက်၍ ပန်းပဲဆရာဖြစ်သည့် ၀မ်ခေချာင်၏ ပါ၀င်ပက်သက်မှုက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ၀မ်ချောင်၏ ဝုစ်သံမဏိဓားကြောင့် စုပိုင်သည် တရားရေးရာရုံးတော်၌ ကောင်းစွာခံစားလိုက်ရသည် မဟုတ်လော။ ယခုထိတိုင် သူ့အား သူ့ကလန်မှ မခေါ်ထုတ်နိုင်သေးချေ။

မြို့တော်၌ ထိုကိစ္စအား မသိသူမရှိတော့ပေရာ ၀မ်ချောင်၏ ဝုစ်သံမဏိဓားအား လူတိုင်း မျက်စိကျနေကြချေပြီ။

“ ဝုစ်သံမဏိဓားက ကမ္ဘာ့နံပါတ်တစ်ဓားဆိုပြီး ကျော်ကြားသလို ဓားတစ်လက်ကို ရွှေစ ငါးသောင်းတန်တယ်.. ပြီးတော့ အရေအတွက် အကန့်အသတ်လဲရှိတော့ သေချာပေါက်ကို အရိုးတည်ဆောက်ခြင်းဆေးလုံးနဲ့ တန်ဖိုးညီတယ်.. ”

ထိုအချိန်၌ ရှုကျင်းပင်လျှင် အခြားသူများနည်းတူ သဘောတူမိသည်။

ရှုရွှမ်မှာ အလွန် စိတ်လှုပ်ရှားသွား၏။ လူတစ်ဦး၏ တိုက်ပွဲစွမ်းရည်အား တိုးမြင့်ရန် နည်းလမ်းများစွာ ရှိလေသည်။ အရိုးတည်ဆောက်ခြင်းဆေးလုံးမှာ တစ်ခုဖြစ်ပြီး သံမဏိအား ရွံ့တုံးတစ်တုံးကဲ့သို့ ပိုင်းဖြတ်နိုင်သည့် ဓားသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

အရိုးတည်ဆောင်ခြင်းဆေးလုံးနှင့် ဝုစ်သံမဏိဓားအား လောင်းကြေးတင်ခြင်းက အရှုံးမရှိချေ။

“ ဟားဟား ကောင်းပြီလေ.. ”

ရှုရွှမ် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ လက်ခါလိုက်ကာ အရိုးတည်ဆောက်ခြင်းဆေးလုံးပါ၀င်သည့် သေတ္တာအား ရှုကျင်းကို ပေးလိုက်ပြီး။

“ အစ်ကိုကြီး.. ဒါကို ခနကိုင်ထားပေးပါဦး.. တကယ်လို့ ငါရှုံးသွားရင် ၀မ်ချောင်ကိုပေးလိုက်.. ငါနိုင်သွားရင်တော့.. ၀မ်ချောင် မင်းတို့ ၀မ်ကလန်က စကားတည်မယ်လို့ ထင်တာပါပဲ... ”

ရှုရွှမ် အရိုးတည်ဆောက်ခြင်းဆေးလုံးအား လောင်းကြေးထပ်သည်အား ၀မ်ချောင် မစောင့်နိုင်တော့ပေ။ သူက နဂါးအရိုးကျင့်စဉ်အား ကျင့်ကြံနေသည်ဖြစ်ရာ ခြေတစ်လှမ်းတိုင်းက သူ့အတွက် အလွန်ခက်ခဲလွန်းလှသည်။

အရိုးတည်ဆောက်ခြင်းဆေးလုံးနှင့်ဆိုပါက သူ၏ လုပ်ငန်းစဉ်အား အရှိန်တင်နိုင်ပေလိမ့်မည်။ အနာဂတ်၌ ကျားအရိုးအဆင့်ထိပင် ရောက်ရှိနိုင်သည်။

“ စိန်လိုက်လေ... ”

သူလိုချင်သည့်အရာအား အတည်ပြုပြီးသည်နှင့် ၀မ်ချောင် ရှေ့ထွက်လိုက်သည်။

“ မောင်ငယ်လေး နင် ယုံကြည်ချက်ရှိလား... ”

အနောက်မှနေ၍ ၀မ်ကျူးယန် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ သူမ၏ ဤ၀မ်းကွဲမောင်ငယ်မှာ လက်လွတ်စပယ်နေလွန်းလှသည်။ မကြာသေးခင်မှ ထင်မထားလောက်သည်အထိ ပြောင်းလဲသွားခဲ့သော်လည်း ၀မ်ချောင်၏ သိုင်းပညာအဆင့်အတန်းအား သူမ မခန့်မှန်းနိုင်ပေ။

၀မ်ချောင် ပြုံးကာ မပူပါနဲ့ ဟူသည့် အဓိပ္ပာယ်ရသည့် အကြည့်အား ဖော်ထုတ်လိုက်သည်။ ပြီးနောက် ရှင်းလင်းနေသည့် ကွင်းပြင်ရှိရာသို့ လျှောက်သွားလိုက်၏။

“ ယင်ပင်း မပူပါနဲ့.. ငါ ဒီကောင်ကို အနိုင်ယူဖို့ အသက်ရှုချိန် သုံးခါဆိုရင်ကို လုံလောက်နေပြီ.. ”

တစ်ချိန်တည်း ရှုရွှမ်သည်လည်း ယဲ့ယင်ပင်းအား သိမ်မွေ့စွာ ပြောလိုက်သည်။

“ အသက်ရှုချိန် သုံးကြိမ် ဟုတ်လား.. ”

ယဲ့ယင်ပင်း မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ တစ်ကွက် တစ်ကွက်.. တစ်ကွက်ဆိုရင်ကို လုံလောက်ပါပြီ.. ”

ရှုရွှမ် သူ၏ စကားလုံးအား အလျင်အမြန် ပြောင်းလဲလိုက်ရသည်။

“ ဟမ့်... ပြီးတာပဲ.. ”

ယဲ့ယင်ပင်း အေးတိအေးစက် တုံပြန်လိုက်၏။ သူမသည် ၀မ်ကလန်၏ အားနည်းသည့်ထိုသူထံ ခေါင်းငုံ့ရမည့် အကြံအား ငြင်းပယ်ခဲ့သည်။ ထိုသူက သူမ၏ အဘိုးအား မည်သည့်ဆေး တိုက်ကျွေးလိုက်သဖြင့် သူမအဘိုးဖြစ်သူမှ သူမအား သခင်လေးဟု နှုတ်ဆက်ရန် အမိန့်ပေးနေသည်နည်း။

သူမ ယဲ့ယင်ပင်းသည် ကောင်းကင်မှ ကောင်းချီးပေးခံရသူဖြစ်သည်။ သူမ၏ ကံကြမ္မာအား သူမကိုယ်တိုင် ထိန်းချုပ်နိုင်ပြီး သူမသည် မည်သူ့ထံမှ အညံ့ခံမည် မဟုတ်ပေ။ သူမထက် အားနည်းသည့်သူအား အဘယ်ကြောင့် ခေါင်းငုံ့ရမည်နည်း။ ထို့ကြောင့် ဤအခွင့်အရေးအား အသုံးချ၍ ၀မ်ချာင်အား အရှက်ရစေရန် သူမ ရည်ရွယ်ထားသလို သူမအဘိုးဖြစ်သူ၏ အတွေးအား ဆန့်ကျင်ခြင်းလည်း မည်သည်။

ရှုရွှမ်လား.. အရူး သူ့ကိုယ်သူ ငါနဲ့ထိုက်တန်တယ်လို့ ထင်နေတယ်လား.. ဟမ့်..

ရုပ်ဆိုးတဲ့ဖားက ငန်းသားစားချင်နေသေးတယ်..

ယဲ့ယင်ပင်း၏ အတွေးအား မသိနေသည့် ရှုရွှမ်မှာ သူ့နတ်သမီး၏ အမိန့်အရ ကွင်းပြင်သို့ ပျော်ရွှင်စွာ ၀င်သွားလိုက်သည်။

“ ၀မ်ချောင် မင်းရဲ့လက်နက်ကို ထုတ်လိုက်သင့်တယ်နော့.. မဟုတ်ရင် မင်းခုခံချိန်တောင် မရမှာ စိုးရိမ်ရတယ်.. ”

သူက ၀မ်ချောင်နှင့် ငါးပေအကွာ၌ ရပ်လိုက်ကာ ၀မ်ချောင်အား မောက်မာစွာ ကြည့်နေသည်။

သူက ၀မ်ချောင်၏ ယခင်ဆိုးဝါးလှသည့် ဂုဏ်သတင်းအား ကြားဖူးပြီး ယဲ့ယင်ပင်းအတွက်ကြောင့်သာ မဟုတ်လျှင် ထိုသူသည် သူနှင့် ဖက်ပြိုင်ရန် အဆင့်မှီမည် မဟုတ်ပေ။

သူ့အား စိန်ခေါ်သည့်သူ ဆယ်ယောက်တွင် ရှစ်ယောက်မှာ သူ့ထက် ကျင့်ကြံဆင့် မြင့်မားမြဲဖြစ်သည်။

“ ငါ့မှာ ဘာလက်နက်မှ မရှိဘူး.. ”

၀မ်ချောင် လက်ဝါးချင်း ရိုက်ပြလိုက်သည်။ ဤသည်က အမှန်ပင်။ သူ၏ ဓားတစ်လက်အား ကျောက်ဖုန်းချန်အားပေးလိုက်ပြီး နောက်တစ်လက်အား သခင်ကြီးကိုပေးသည်။ အခြားနှစ်လက်မှာ အိမ်၌ ရှိနေ၏။

“ ဟမ့်.. အခြေအနေကို မသိတဲ့ကောင်ပဲ.. ”

ရှုရွှမ်၏ မျက်လုံးထဲ၌ ဒေါသရိပ် ဒေါသယောင်သန်းလာ၏။

“ မင်းက သေလမ်းရှာနေမှတော့.. ဘာပဲဖြစ်လာလာ ငါ့ကို အပြစ်မတင်ပါနဲ့... ”

ချာချာ ရှုရွှမ်၏ အရိုးကျိုးသံများ ညံစီလာပြီး သူ၏ ခန္ဓာကိုယ်တုန်ယင်လာသည်။

မူလစွမ်းအင် အဆင့် ၇ သို့ ရောက်ရှိသည်နှင့် ထိုသူ၏ ခွန်အားက အလွန်အမင်း မြင့်မားလာမည်ဖြစ်ပြီး လှုပ်ရှားမှုတိုင်း၌ နှိုင်းဆမရနိုင်သည့်ခွန်အားက လိုက်ပါနေမည်ဖြစ်သည်။

ရှုရွှမ်၏ အကောင်းမွန်ဆုံးမှတ်တမ်းမှာ မုန်ယိုနေသည့်ဆင်ထီးအား လက်သီးတစ်ချက်တည်းနှင့် အဆုံးသတ်ပေးနိုင်ခြင်း ဖြစ်သည်။

ရှုကလန်သည် အစဦး၌ ထိုဆင်အား တော်၀င်မိသားစုအား ဆက်သရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး ရုတ်တရက် စိတ်ရိုင်း၀င်ကာ ဆင်ဦးစီးအား ခါချ၍ ဆင်စောင်းမှ ထွက်ကာ လမ်းပေါ်ရောက်သွားခြင်း ဖြစ်သည်။

ပြီးနောက် ရှုရွှမ်သည် လက်သီးတစ်လုံးတည်းနှင့် အမှောက်သိပ်လိုက်ကာ ပတ်ပတ်လည်မှာ သွေးဖြင့် ဆေးခြယ်ထားသကဲ့သို့ပင်။ ထိုဆင် ပုံလျက်သား လဲကျသွားရန် အချိန်များများစားစား မလိုလိုက်ပေ။

သူ ချစ်ခင်နှစ်သက်သည့် မိန်းမပျိုသည် သူ့အား အလေးမထားသည့်တိုင် ရှုရွှမ်၏ခွန်အားကို လျော့တွက်၍ မရချေ။ ၀မ်ချောင် သူ့ထံမှ အရိုးတည်ဆောက်ခြင်း ဆေးလုံးအား လွယ်လွယ်နှင့် ရယူနိုင်မည်ဟု ထင်နေပါက အမှားကြီး မှားသွားပေလိမ့်မည်။

“ ဆင်ရိုင်းနတ်ဆိုး နည်းစနစ်.. ”

စွမ်းအားများက သူ၏ ခြေရင်း၌ စုဝေးလာပြီး ရှုရွှမ်၏ ၀န်းကျင်သည် ရုတ်တရက် မှုန်ဝါးလာသည်။ သူ၏ ခန္ဒာကိုယ်အတွင်းမှ အားကောင်းသည့် အငွေ့အသက် ထွက်ပေါ်လာသည်။

ထိုသည်အား မြင်သည်တွင် ယဲ့ယင်ပင်း၏ မျက်၀န်းထဲ၌ အံ့သြရိပ်ယောင်သန်းသွားသည်။ ယဲ့ယင်ပင်းပင်လျှင် အံ့သြမိသည်ဖြစ်ရာ အခြားသူများသည်လည်း ဆိုဖွယ်ရာမလိုပေ။

“ ဆင်ရိုင်းနည်းစနစ်.. ဒါ ဒါ တကယ်ပဲ ဆင်ရိုင်းနတ်ဆိုး နည်းစနစ်ပဲ..”

ပတ်ပတ်လည်မှ ထိတ်လန့်နေသည့် အသံများ ထွက်ပေါ်လာသည်။ လေးပြည်နယ်သံရုံးသို့ ၀င်ခွင့် ရသည့်သူတိုင်းမှာ မြင့်မြတ်သူများနှင့် ထူးချွန်သူများသာ ဖြစ်ရာ သူတို့၏ အမြင်မှာလည်း ထက်သန်လှသည်။ ထိုနည်းစနစ်အား အမှတ်ရရန် အချိန်မကြာလိုက်ပေ။

ထိုအာမေဋိတ်အသံများအား ကြားသည်တွင် ရှုကလန်၏ မျိုးဆက်များက ဘ၀င်လေဟပ်သွားကြ၏။

ရှုကလန်မှ ဆင်အား တော်၀င်မျိုးနွယ်သို့ ဆက်သချင်ရသည့် အကြောင်းရင်း ရှိပေသည်။ ယခင်က သူတို့၏ ဘိုးဘေးသည် အရှင်မင်းကြီးအား ကယ်တင်ခဲ့သည့်အတွက် တော်၀င်မျိုးနွယ်ပိုင် လျို့ဝှက်ကျင့်စဉ်များအား ပေးသနားခဲ့သည်ဖြစ်ပြီး ဆင်ရိုင်းနတ်ဆိုးနည်းစနစ်မှာ ထိုအထဲမှ တစ်ခုဖြစ်သည်။

အခြားသူများက အသုံးများသည့်‘ သံကြိုးမြစ်ပြင်ဖြတ် ’နည်းစနစ်အား ကျင့်ကြံနေကြချိန်၌ ရှုကလန်သားများမှာမူ အလွန်အစွမ်းထက်သည့် ဆင်ရိုင်းနည်းစနစ်အား ကျင့်ကြံနေကြပြီ ဖြစ်သည်။

ထိုနည်းစနစ်အား ကျွမ်းကျင်လာသည်နှင့်အမျှ ကျင့်ကြံဆင့်တူများအတွင်း လက်ရည်တူယှဉ်ချနိုင်မည့်သူ ရှိမည် မဟုတ်တော့ပေ။

ထိုအကြောင်းရင်းကြောင့် ဆင်ရိုင်းနတ်ဆိုးနည်းစနစ်အား ကျင့်ကြံထားသည့် ရှုရွှမ် ယုံကြည်ချက်ရှိနေရခြင်းပင်။ အကယ်၍ ၀မ်ချောင် လက်နက်အသုံးပြုခဲ့ပါ အခွင့်အရေးရှိလိမ့်မည်ဖြစ်ပြီး လက်ချည်းသက်သက်ဖြင့် ဆိုလျှင်တော့ သေလမ်းရှာနေခြင်းသာ ဖြစ်လိမ့်မည်။

“ ဆင်ရိုင်းနတ်ဆိုးနည်းစနစ် ”

ဒေါသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှုရွှမ်၏ ခန္ဓာ၊ စိတ်နှင့် ဝိဉာဏ် သုံးခုလုံးမှာ တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ၀န်းကျင်မှ လေထုမှာ ရုတ်ချည်း ပေါက်ကွဲသွားသည်။ ဆင်အော်သံအလား အသံတစ်ခုက လေထုထဲမှ ထွက်ပေါ်လာသည်။

လေထုအား အပိုင်းပိုင်းစုတ်ဖြဲရင်း ရှုရွှမ်သည် ၀မ်ချောင်ရှိရာသို့ ဒေါသပေါက်ကွဲနေသည့် ဆင်ရိုင်းတစ်ကောင်ကဲ့သို့ ပြေး၀င်သွားသည်။ ပြေး၀င်လည်သည့် အရှိန်အား ထောက်ချင့်ရသော် တောင်တစ်လုံးရှိနေလျှင်ပင် အပိုင်းပိုင်း ပြိုလဲသွားပေလိမ့်မည်။

“ မကောင်းတော့ဘူး... ”

“ ချောင်သခင်လေး အန္တရယ်ရှိနေပြီ... ”

ကျောက်၊ စွန်း၊ မာနှင့် ဟူ မျိုးဆက်သစ်များ သတိပြန်၀င်လာသည်။ ၀မ်လီနှင့် ၀မ်ကျူးယန်၏ မျက်နှာ ဖြူဖပ်သွားပြီး ရှေ့ထွက်ကာ ကယ်ဆယ်ရန် ပြင်လိုက်ချိန်၌ ထင်မှတ်မထားသည့် အခြင်းအရာတစ်ခု ဖြစ်ပျက်သွားသည်။

ဟူးလားလား...

စကားလုံးဖြင့် ဖော်ပြသည်ထက် လျင်မြန်သည့်နှုန်းဖြင့် ရှုရွှမ်းသည် ၀မ်ချောင်အား အမြန်နှုန်းဖြင့် အလဲထိုးခါနီး၌ ၀မ်ချောင် ရုတ်တရက် လေထဲသို့ ခုန်လိုက်သည်။

တစ်ချိန်တည်း၌ ၀မ်ချောင် ပျောက်ကွယ်သွားပြီး သူရပ်နေခဲ့သည့်နေရာ၌ နဂါးတစ်ကောင် ရစ်ခွေနေသည့် ပုံရိပ် ထင်ကျန်ခဲ့သည်။

နဂါးသည် မြေပြင်၌ ရစ်ခွေနေရာမှ ကောင်းကင်သို့ ပျံတက်သွားသည်။

“ ဒေါသလက်သီး.... ---- ”

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားများကို ထုတ်ယူကာ နဂါးအရိုးကျင့်စဉ်နှင့် ဒေါသလက်သီးအား ပြိုင်တူ ထုတ်ဖော်လိုက်ပြီး အောက်သို့ ပြန်ဆင်းလာသည်။

ဟုးလား...

မြေပြင်သည် တုန်ခါနေပြီး ကျောက်တုံးအား ကွဲကြေသွားသည်။ ကွင်းပြင်တစ်ခုလုံး ဖုန်များ ဖုံးအုပ်သွားသော်လည်း လူတိုင်းက ဆင်တစ်ကောင်၏ ငိုမြည်လိုက်သံအား ကြားလိုက်ကြရသည်။ ပြီးနောက် လူတိုင်း၏ အကြည့်အောက်၌ ရှရွှမ် မြေပေါ် ပစ်လဲကျသွားသည်။

ဘုန်း........

ကျယ်လောင်သည့် မြည်သံနှင့်အတူ ကြည့်ရှုနေကြသည့် သူများ ပါးစပ်ဟောင်းလောင်းဖြစ်သွားကြသည်။ လေးပြည်နယ်သံရုံးတစ်ခုလုံးသည်လည်း အတိ တိတ်ဆိတ်သွားသည်။

.............

ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူညီတဲ့အခါ တစ်ချို့ အသုံးအနှုန်းတွေက ကျနော်တို့အတွက် အစိမ်းသက်သက် ဖြစ်သွားတယ်.. သူတို့ရိုးရာမှာ ယုန်တစ်ကောင် မြင်းတစ်ကောင်နဲ့ ဆင်တစ်ကောင်တို့ မြစ်ကို ဖြတ်ကူးတဲ့ ပုံပြင်လေးရှိတယ်ဗျ.. ယုန်က မြစ်ကို ဖြတ်ကူးတဲ့အခါ ရေပေါ်မှာပဲ ပေါလောပေါ်နေတယ်ပေါ့.. မြင်းကျတော့ မြစ်ကြမ်းပြင်ကို ခြေမမှိဘူးတဲ့ဗျ.. ဆင်ကတော့ မြစ်ကြမ်းပြင်ကို ခြေကောင်းကောင်းချနိုင်ပြီး မြစ်ကို အသာအယာ ဖြတ်သွားနိုင်တယ်ပေါ့..

ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင် လူသုံးယောက်က တူညီတဲ့စာအုပ်တစ်ခုတည်း(မြစ်ကိုဖြတ်ကူး)ကိုဖတ်တယ်.. ဒါပေမဲ့ ဘယ်လိုမျိုး သေချာဖတ်သလဲ(မြစ်ရဲ့အနက်) ဇာတ်အိမ်ကို ဘယ်လိုနားလည်သလဲ (မြစ်ကြမ်းပြင်ကို ခြေချနိုင်လား ) အဲ့လို အကြောင်းအရာတွေကြားမှာ အားသာချက်ရတာကို ပြောချင်တာပါ..

ဒီအသုံးအနှုန်းက စမှတ်သာတဲ့နေရာတွေကို ဖော်ပြရင် သုံးကြတာများပါတယ်..

Chapter 107 ပျံလွားအား ဖမ်းယူခြင်း

အားလုံး အံ့သြမှင်သက်သွားကြလေသည်။ ၎င်းတို့ မြင်နေရသည်အား မယုံနိုင် ဖြစ်နေကြသည်။

ယဲ့ယင်ပင်း၏ မျက်ခုံးသည်ပင် ထိစပ်နေပြီး သူမ၏ မျက်၀န်း၌ အံ့အားသင့်ဟန် ပေါ်နေသည်။

၀မ်ချောင်အား သူမ ကောင်းစွာ သိနားလည်ထားသည်။ အများဆုံးအနေဖြင့် မူလစွမ်းအင် အဆင့် ၆သာ ရှိဦးပေမည်။

တစ်ဖက်ရှိ ရှုရွှမ်မှာမူ မူလစွမ်းအင် အဆင့် ၇ သို့ ရောက်ရှိနေပြီး စွမ်းအားကောင်းသည့် ကျင့်စဉ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထို့ထက်ပို၍ သူက အခြားသူများနှင့် အစဉ် တိုက်ခိုက်လေ့ရှိသူဖြစ်သည်။ အတွေ့အကြုံ၌ဖြစ်စေ၊ ထိုးထွင်းသိမြင်မှု၌ဖြစ်စေ၊ တုံပြန်မှု၌ဖြစ်စေ၊ ခွန်အား၌ဖြစ်စေ၊ သက်လုံ၌ဖြစ်စေ ရှုရွှမ်က အပုံကြီးသာ၏။ ထို့ကြောင့် ဤအလုပ်အား လုပ်ဆောင်ရန် ယဲ့ယင်ပင်း သူ့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပြောစရာမလိုအောင်ပင် အမတ်မင်းရှုအိမ်တော်သည် ဆင်ရိုင်းနတ်ဆိုးနည်းစနစ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သို့တိုင် လက်သီးတစ်ချက်တည်းနှင့် ၀မ်ချောင်အား ရှုံးနိမ့်သွားခဲ့သည်။

ရှုရွှမ်၏ တုံ့ပြန်မှုနှင့် အလိုက်သင့်နိုင်စွမ်းက သာမန်လူများထက် သာလွန်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သူ့အား အထက်မှနေ၍ တိုက်ခိုက်သည်ဆိုပါက သူက အချိန်တိုအတွင်းပင် ရှောင်တိမ်းကာ ပြန်လည် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့ပါလျက် ရှုရွှမ် အလွယ်တကူ ရှုံးနိမ့်သွားရသည်။

ဆိုလိုရင်းက တစ်ခုတည်းသာရှိပေတော့မည်။ ၀မ်ချောင်၏ အမြန်နှုန်း၊ တုံ့ပြန်မှုနှင့် ချိန်သားကိုက် လှုပ်ရှားမှုတို့က ရှုရွှမ်ထက် သာလွန်နေခြင်းပင်။

“ ငါသူ့ကို အထင်သေးမိတာပဲ.. ”

ယဲ့ယင်ပင်း မျက်မှောင်ကြုတ်လိုက်၏။ သူမ ၀မ်ချောင်အပေါ် ဆုံးဖြတ်ချက် မှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။

“ ဒါပေမဲ့ ဒီလောက်နဲ့တော့ အားနည်းတယ်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ပါဘူး.. ငါ့ကို လိုက်မှီမှပဲ ဆက်ပြောကြတာပေါ့.. ”

ယဲ့ယင်ပင်း နှာခေါင်းရှုံ့ကာ မာနတစ်ခွဲသားနှင့် ဒေါင်းပျိုမယ်အလား လှည့်ထွက်သွားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းမှာ မူလစွမ်းအင်နယ်ပယ်အား ကျော်လွန်နေခဲ့လေပြီ။ သူမအတွက်တော့ ၀မ်ချောင်၏ ကျင့်ကြံခြင်းမှာ လက်ခံ၍ ရနိုင်ရုံသာ ရှိသေးသည်။

သူမ ယဲ့ယင်ပင်းသည် အားနည်းသူတစ်ဦးအား မည်သည့်အခါမှ ဦးညွှတ်မည် မဟုတ်ပေ။

........

“ မင်းလက်ထဲက အရိုးတည်ဆောက်ခြင်းဆေးလုံးကို ပေးဖို့ အချိန်တယ်ပြီလို့ မထင်ဘူးလား... ”

ရှုရွှမ်အား အနိုင်ယူပြီးသည်နှင့် ၀မ်ချောင် လမ်လျှောက်သွားကာ လက်ဆန့်ထုတ်လိုက်ပြီး ရှုကလန်၏ သားကြီး ရှုကျင်းအား ပြောလိုက်သည်။

“ ဟမ့်.. အပျော်မစောနဲ့ဦး ဒီတစ်ခေါက် မင်းကံကောင်းသွားယုံလေးပါ.. ”

ရှုကျင်း မျက်နှာထားတင်းတင်းနှင့် ပြောလိုက်သည်။ ၀မ်ချောင်မှ ရှုရွှမ်အား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ၌ အနိုင်ယူနိုင်လိမ့်မည်ဟု လုံး၀ မယုံကြည်ပေ။ သူ၏ အမြင်၌ ကံကောင်းခြင်းသာ ဖြစ်သည်။

“ ကံကောင်းလို့လား ဘာလား မင်းဆုံးဖြတ်ရမာ မဟုတ်ဘူး.. ငါ့ရဲ့ဆေးလုံးကို မင်းပေးသင့်နေပြီ... ”

၀မ်ချောင် ခက်ထန်စွာ ပြောလိုက်၏။

အရိုးတည်ဆောက်ခြင်းဆေးလုံးအတွက်သာ မဟုတ်လျှင် ဤကိစ္စအား သူအလေးထားလိမ့်မည် မဟုတ်ပေ။

ရှုကျင်း သေတ္တာငယ်အား လူအုပ်ကြီးရှေ့၌ ပေးရန် လက်တွန့်နေ၏။ လေးပြည်နယ်သံရုံးအတွင်း၌သာ မဟုတ်ပါက သူ ပေးလိမ့်မည် မဟုတ်။

“ မောင်ငယ်လေး.. တော်လိုက်တာ.. ”

သူ၏ အနောက်မှ ရင်းနှီးသည့်အသံ ထွက်ပေါ်လာသည်။ ၀မ်ကျူးယန် တောက်ပသည့် အပြုံးနှင့် လှမ်းလာနေသည်။

“ ၀မ်းကွဲအစ်မ.. ”

၀မ်ချောင် ခေါ်လိုက်၏။

“ နင် ရှုံးမယ်လို့ ငါထင်နေတာ.. ”

၀မ်ကျူးယန်၏ မျက်နှာပေါ်မှ အပြုံးမှာတော့ ‘ ငါနင့်ကို အရင်က အထင်သေးခဲ့မိတာပဲ ’ဟု အဓိပ္ပာယ်ထွက်နေသည်။

“ ဘယ်လိုဖြစ်နိုင်မှာလဲ.. နင်က ငါ ဒီလိုကောင်ကို ရှုံးမယ် ထင်ထားတာလား... ”

ခေါင်းမော့ကာ လက်ရှိ၌ ရှုကလန်သားများ ၀န်းရံနေသည့် ရှရွှမ်အား ကြည့်ရင်း ပြောလိုက်သည်။ ထိုလူအုပ်မှာ ရှုရွှမ်အား နှိပ်နယ်ပေးနေကြပြီး ဒဏ်ရာများအား ကုသပေးနေသည်။

“ တော်ပါတော့.. ဘ၀င်မြင့်မနေနဲ့.. နင့်ရဲ့ ဒုတိယအစ်မဖြစ်တဲ့ငါက နင့်အကြောင်း မသိစရာလား.. ”

၀မ်ကျူးယန် အပြုံးနှင့် အပြစ်တင်လေသည်။ ယခုမတိုင်ခင်အထိ ၀မ်ချောင် ဤမျှ စွမ်းအားကောင်းလာသည်အား သူမ ယုံကြည်ရန် ခက်ခဲနေဆဲပင်။ သူမ၏ အမြင်၌ ကံကောင်းမှသာ ရှုရွှမ်အား အနိုင်ယူနိုင်မည် ဖြစ်သည်။

၀မ်ချောင် အပြုံးနှင့်သာ ရိုးရိုးရှင်းရှင်းတုံ့ပြန်လိုက်သည်။ ၀မ်းကွဲနှင့် အခြားသူများက သူကံကောင်းသွားသည်ဟု ထင်မှတ်နေကြသည်က ကောင်းပေသည် မဟုတ်ပါက သူ ရုတ်တရက် သန်မာလာကြောင်းအား သိသွားကြပါက ထိတ်လန့်သွားကြပေမည်။

သူ၏ ၀မ်းကွဲနှင့် ခေတ္တမျှ စကားပြောဆိုပီး ၀မ်ချောင် ကျင့်ကြံရန်အတွက် သင့်တော်သည့် နေရာအား ရှာဖွေရန် မစောင့်နိုင်တော့ပေ။

အရိုးတည်ဆောက်ခြင်းဆေးလုံး ကဲ့သို့သော ကုန်ပစ္စည်းမှာ ရှားပါးလွန်းလှပြီး ထိုသို့သော အရင်းအမြစ်သည် စျေးကွက်၌ပင် မရှိချေ။

၀မ်ချောင် ယခင်ဘ၀၌ ထိုဆေးလုံးနှင့် ကံစပ်ခဲ့ခြင်းမရှိပေ ထို့ကြောင့် ယခုမှသာ ပထမဦးဆုံး အရိုးတည်ဆောက်ခြင်းဆေးလုံးအား ရရှိဖူခြင်း ဖြစ်သည်။

လူတစ်ဦး၏ အရိုးအရွတ်အား သန့်စင်ခြင်းက ထိုသူ၏ စွမ်းအားကိုလည်း တိုးတက်စေမည် ဖြစ်သည်။ အကယ်၍ ၀မ်ချောင်သာ ကျားအရိုးအဆင့်သို့ ရောက်ရှိသွားပါက အရာအားလုံး ခြားနားသွားပေလိမ့်မည်။

ယဲ့အကြီးအကဲ၊ ဟူအကြီးအကဲ နှင့်အခြားသူများ၏ ထောက်ခံမှုအား ရရှိထားသည်က ကောင်းမွန်သလို သန်မာသည့် ခွန်အားသည်လည်း ထိုသူတို့၏ အမြင်၌ တစ်မျိုးတစ်ဖုံ သက်ရောက်စေဦးမည် ဖြစ်သည်။ ထို့ကြောင့်လည်း ရှုရွှမ်၏ စိန်ခေါ်မှုအား ၀မ်ချောင် လက်ခံခဲ့ခြင်း ဖြစ်၏။

အကယ်၍ ယနေ့ သူရှုံးနိမ့်ခဲ့ပါက အခြားမျိုးဆက်သစ်များက သူ့အား နှိမ့်ချမြင်မည်ဖြစ်ပြီး ထိုသို့ဆိုလျှင် အဖြေက ပြောင်းပြန်ဖြစ်သွားပေမည်။

ဖပ်..

၀မ်ချောင် ခရမ်းရောင်သေတ္တာအား ဖွင့်လိုက်ရာတွင် အားကောင်းသည့် ဆေးဖက်၀င်ရနံ့များက နှာ၀အား ကလူကျီစယ်သည်။ ခရမ်းရောင်သေတ္တာအတွင်း၌ လက်မအရွယ် ဆေး တစ်လုံး ရှိနေ၏။ မျက်နှာပြင်မှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး အလင်းပြန်နေသည်။

“ ဒါဆို ဒါက အရိုးတည်ဆောက်ခြင်း ဆေးလုံးပေါ့လေ.. ”

၀မ်ချောင်၏ မျက်၀န်းထဲ၌ အံ့သြရိပ် အံ့သြယောင်များ ထွက်ပေါ်နေသည်။ ဆေးလုံးမှာ ကြည်လင်နေပြီး တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်သန့်စင်ကြောင်း သိနိုင်သည်။ လူတစ်ယောက်၏ အရိုးသန့်စင်ခြင်းအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိကြောင်း အံ့သြစရာမရှိတော့ပေ။

ရှုကလန်၏ အကြီးအကဲမာ အမှန်ပင် ထူးချွန်သည့် မှော်ဆေးပညာရှင် ဖြစ်ပေသည်။

အရိုးကျင့်ကြံခြင်းက အလွန်ခက်ခဲလှသည့် အလုပ်ဖြစ်ကာ ရှုကလန်၏ အရိုးတည်ဆောက်ခြင်း ဆေးလုံးသည် အရိုးများအား ပြောင်းလဲပေးနိုင်သည့် ၀မ်ချောင်သိထားသော ဆေးလုံးများထဲမှ တစ်ခု ဖြစ်သည်။

ကလု...

တောင်တုအား ကျောမှီထားရင်း ၀မ်ချောင် တင်ပလ္လင်ခွေထိုင်ကာ အရိုးတည်ဆောက်ခြင်းဆေးလုံးအား မြိုချလိုက်သည်။ လေးပြည်နယ်သံရုံးအား နန်းတွင်းစစ်သည်တို့မှ စောင့်ကြပ်နေကြသည်ဖြစ်ရာ ယင်တစ်ကောင် တောင်ပံခပ်သည်ကိုပင် သတိပြုမိကြပေလိမ့်မည်။

သူ ကျင့်ကြံနေစဉ် သူ့အား တစ်စုံတစ်ဦး လာရောက် နှောင့်ယှက်မည်အား စိုးရိမ်နေစရာမလိုပေ။

၀မ်း..

ဆေးလုံးအား မြိုချလိုက်သည်တွင် ဆေးစွမ်းအင်များက ၀မ်ချောင်၏ အူများအတွင်း သန်မာ အားကောင်းစွာ ဖြစ်ပေါ်လာသည်။ ဆေးစွမ်းအင်မှာ သိမ်မွေ့သော်လည်း အလွန်အားကောင်း၏။ မုန်တိုင်းတစ်ခုအလား ၀မ်ချောင်၏ အူအတွင်းမှ တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားခဲ့သည်။

ပီလီပါလာ....

အားကောင်းသည့် ဆေးစွမ်းအင်များက ၀မ်ချောင်၏ အရိုးအား ပြုပြင်နေပြီး အဆစ်ကျိုးသံ အရိုးကျိုးသံများ ညံစီလာသည်။

အဆစ်မှနေ၍ ဆေးစွမ်းအင်များက ၀မ်ချောင်၏ ခန္ဓာကိုယ်အတွင်းရှိ အရေးအကြီးဆုံးသော အရိုးဖြစ်သည့် ကျောရိုးမကြီးအား အားဖြည့်ပေးနေသည်။

ကျောရိုးမကြီးသည် လူခန္ဓာကိုယ်၏ နဂါးရိုးဟု လူသိများပြီး သိုင်းပညာရှင်များ၏ ခွန်အား အရင်းအမြစ်လည်း ဖြစ်၏။ လှုပ်ရှားမှုတိုင်း၏ ခွန်အားများက ကျောရိုးမကြီးမှတစ်ဆင့် ဖြတ်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဆိုရလျှင် ရန်နှင့်ဒူ မရီဒန်ပင်လျှင် နဂါးရိုး၏ လမ်းကြောင်း၌ အတူ တည်ရှိနေသည့်ဖြစ်သည်။

သားရဲများက လူများထက် ပိုသန်မာသည့် ခွန်အားပိုင်ဆိုင်ထားရခြင်းမာ ၎င်းတို့က ပိုမိုသန်မာအားကောင်းသည့် နဂါးရိုး(ကျောရိုး)အား ပိုင်ဆိုင်ထားသည့်အတွက် သူတို့က ခွန်အားကို အလွန်အကျွံ ထုတ်သုံးနိုင်ကြခြင်းဖြစ်သည်။

“ အား....... ”

၀မ်ချောင် ရုတ်တရက် နာနာကျင်ကျင် အော်ဟစ်မိသည်။ ချွေးစက်များက နဖူးပေါ်မှ စမ်းချောင်းအလား စီးကျလာ၏။

အရိုးပြောင်းလဲခြင်းက ကြီးကျယ်သည့်အခြင်းအရာဖြစ်ပြီး နာကျင်မှုနှင့် ပခုံးဖက် ယှဉ်တွဲလာတတ်သည်။ နောက်ဆုံး၌ ၀မ်ချောင် အရေးအကြီးဆုံးအချိန် ရောက်လာချေပြီ။

ဟူးလားလား.. နာကျင်မှုလှိုင်းလုံးများက သူ၏ ခန္ဓာကိုယ်အား တစ်ခါပြီးတစ်ခါ တိုက်စားနေ၏။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ ပြင်းထန်သည့်နာကျင်မှုက တဖြည်းဖြည်း လျော့ကျလာသည်။

ဟူး.......

အသက်၀လင်အောင်ရှူလိုက်ပြီး ၀မ်ချောင် မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်၌ သူ၏ ခေါင်းအစ ခြေအဆုံး ရွှဲနစ်နေချေပြီ။

“ ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ.. ”

သူ၏ ခန္ဓကိုယ်အတွင်း ပြည့်နှက်နေသည့် ပြောင်းလဲသွားသည့် ခွန်အားများအား အာရုံခံရင်း နောက်တစ်ဆင့်အား ဖြတ်ကျော်ကာ အဆင့်သစ်တစ်ခုအား ခြေချနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကျားသစ်အရိုး အဆင့် ၃..

ဤသည်က ကျားသစ်အရိုး၏ အမြင့်ဆုံးနယ်ပယ်ဖြစ်သည်။ နောက်တစ်ကြိမ် အဆင့်တက်နိုင်ပါက ကျားအရိုးအား ပိုင်ဆိုင်မည်ဖြစ်ပြီး စစ်တပ်သေနာပတိများ၏ အဆင့်အား မှီသွားပေလိမ့်မည်။

အသက်ဝအောင်ရှုပြီးနောက် ၀မ်ချောင် ကိုယ်လက်ဆန့်လိုက်သည်။ ပီပါပါ. သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသံမျိုးစုံထွက်လာသည်။ သူ၏ အရိုးများက ပိုမိုသန့်စင် သိပ်သည်းလာကြောင်း သိလိုက်ရသည်။

ကျားသစ်အရိုး၏ အထွတ်အထိပ်အား ရောက်ရှိခြင်းက ခွန်အားသာ တိုးတက်လာသည်မဟုတ် အမြန်နှုန်းလဲ ပါ၀င်၏။

ကျီကျီ..

ကျာကျာ..

၀မ်ချောင်၏ နားထဲ၌ ငှက်တေးသီသံအား ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သည်တွင် ငါးပေ ခြောက်ပေအကွာ၌ ပျံလွှားတစ်ကောင် နားနေကာ အဆက်မပြတ် တေးသီနေသည်အား တွေ့လိုက်ရ၏။

လေးပြည်နယ်သံရုံး၏ သာယာလှသည့်လေထုကြောင့် ပျံလွှားများ အထူးနှစ်သက်ကြသည်။

ရှူး....

၀မ်ချောင်၏ မျက်၀န်းထဲ၌ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများ ထဲမှ ခွန်အားများ ရုန်းကန်မထွက်လာခင် သေးငယ်သွားသည်။ မြားတစ်စင်းကဲသို့ ဝါးရုံတောအတွင်း တည့်တည့်မတ်မတ် ပြေး၀င်သွားလိုက်သည်။ သူထုတ်ဖော်လိုက်သည့် အမြန်နှုန်းကြောင့် ပတ်၀န်းကျင်ရှိ လေထုပင် ကွဲသွားသည်။

ကျီကျီ..

ကျာကျာ..

အန္တရယ်အား အာရုံခံမိသည်နှင့် နက်မှောင်နေသည့် ပုတီးလုံးမျက်ဆံထဲ၌ ကြောက်ရွံမှု ဖြစ်ပေါ်လာသည်။ တောင်ပံဖြန့်ကာ ကောင်းကင်ပေါ်သို့ တဟုန်ထိုး ပျံတက်သွားလိုက်၏။

ပျံလွှားက ချက်ချင်းလက်ငင်း တုံ့ပြန်လိုက်သော်လည်း ၀မ်ချောင်က ထိုထက် ပိုမြန်နေ၏။

၀ါးရုံတောအတွင်းရှိ ပျံလွှားသည် မြေပေါ်မှ ပေအနည်းငယ်သာ ပျံရသေးသည့်အချိန်၌ သန်မာသည့် လက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း သူက ပျံလွှားအား ဖမ်းယူနိုင်ခဲ့သည်။

ကျီကျီ..

ကျာကျာ..

ရုတ်တရက် အခြေအနေကြာင့် ထိတ်လန့်နေသည့်အတွက် ပျံလွှားငယ်သည် အတတ်နိုင်ဆုံး တောင်ပံဖြန့်ကာ ရုန်းထွက်နေသော်လည်း တတ်နိုင်စွမ်း ကင်းမဲ့နေရသည်။

“ ကျားသစ်အရိုး အဆင့် ၃ ကိုရောက်တာနဲ့ ပျံနေတဲ့ ငှက်ကိုတောင် ဖမ်းနိုင်နေပြီပဲ.. ”

လက်ထဲမှ ပျံလွှားအား ကြည့်ရင်း ၀မ်ချောင် ပြုံးလိုက်သည်။ ဤပျံလွှားငှက်မျိုးသည် အလွန်လျင်လှပြီး သတိကြီးသည့်အတွက် အနားသို့ လူကပ်လာသည်နှင့် ချက်ချင်း ပြေးကြသည်။ လျင်မြန်လှသည့် အမြန်နှုန်းအား မပိုင်ဆိုင်ထားလျှင် ဖမ်းနိုင်ရန် မဖြစ်နိုင်ပေ။

အရိုးတည်ဆောက်ခြင်းဆေးလုံးအား စားသုံးပြီးသည်နှင့် ကျားသစ်အရိုး အဆင့် ၃ အား ပိုင်ဆိုင်လိုက်ရခြင်းက သူ့အား ဤအခြေအနေသို့ ရောက်ရှိစေခြင်း ဖြစ်သည်။ သူ့အရိုး ပိုမိုသိပ်သည်းလာခြင်းက ပေါက်ကွဲအားပြင်းထန်သည့် ခွန်အားနှင့် အမြန်နှုန်းအား ပေးစွမ်းသည်။

“... ကျားသစ်အရိုးအဆင့်က အားနည်းချက်ရှိနေသေးတာ နှမြောစရာပဲ.. ခံနိုင်ရည်အား နည်းသေးတယ်.. ငှက်တစ်ကောင်ဖမ်းဖို့ ငါသုံးလိုက်ရတဲ့ ခွန်အားက တိုက်ပွဲ တစ်ခုစာရှိတယ်.. ”

၀မ်ချောင် မချိပြုံး ပြုံးမိသည်။ ကြွက်သားများအား ဖြေလျော့လိုက်ပြီး အကြောက်လွန်နေသည့် ပျံလွှားငယ်လေး ပျံသန်းသွားသည်အား ကြည့်နေလိုက်၏။ တစ်ချိန်တည်း၌ ၀မ်ချောင်၏ မွှေးညှင်းပေါက်များထဲမှ ပူနွေးသည့် ချွေးစေးများ ထွက်လာသည်။

၀မ်ချောင်၏ မျက်နှာပေါ်၌ ပင်ပန်းသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။

ကျားသစ်အရိုး အဆင့် ၃ အား ရောက်ရှိသည်က ခွန်အားနှင့် အမြန်နှုန်းအား များစွာ မြင့်တင်ပေးသည်။ ကျားသစ်တစ်ကောင်ကဲ့သို့ မဖြစ်လျှင်တောင်မှ အမြန်နှုန်းမှာတော့ အံ့မခမ်းဖြစ်နေဆဲပင်။

မည်သို့ဆိုစေ ဤသည်မှာ စစ်မှန်သည့် ကိုယ်ဖော့နည်းစနစ် မဟုတ်သေးပေ။

ခွန်အားကို အလုံးစုံ အသုံးပြုပြီးပါက မည်သူမဆို ၀မ်ချောင်၏ ယခုအခြေအနေအတိုင်း ဖြစ်သွားပေလိမ့်မည်။ ခေါင်းအစ ခြေအဆုံး နွမ်းနယ်နေပြီး ခြေလှမ်းဆက်ရန်ပင် အားအင်ကင်းမဲ့နေသည်။

ထို့ကြောင့် သစ်ကြုတ်များက အမြန်ဆုံး သားရဲအဖြစ်ကျော်ကြားသည့်တိုင် သူတို့၏ အကန့်အသတ်သည်လည်း မီတာရာဂဏန်းသာဖြစ်သည်။

မီတာရာချီသွားသည်နှင့် သစ်ကြုတ်သည်လည်း အနားယူမည်ဖြစ်ပြီး မဟုတ်ပါက အမဲလိုက်နိုင်တော့မည် မဟုတ်ပေ။

ထိုသည်က ကျားသစ်အရိုး၏ နောက်ကွယ်မှ အကြောင်းရင်းဖြစ်သည်။

ဤကဲ့သို့သော ရေတိုပေါက်ကွဲမှုက တိုက်ပွဲအတွင်း သက်ရောက်မှုကြီးမားပီး သေလမ်းတစ်လမ်းသာရှိသည်။ ထို့ကြောင့် အမြန်နှုန်းအား မြင့်တင်ချင်ပါက ကိုယ်ဖော့ကျင့်စဉ်များအား လေ့ကျင့်သင့်ပြီး ဥပမာဆိုလျှင် တစ္ဆေခြေလှမ်းကဲ့သို့သော အရှေ့ကျွန်းစုမှ အမျိုးသမီးလုပ်ကြံသူများကဲ့သို့ ဖြစ်သည်။

၀မ်ချောင် အတန်ကြာအောင် အနားယူ အားဖြည့်ပြီးမှ အသိပညာစံအိမ်သို့ လမ်းလျှောက်သွားရန် အားအင်ရလာခဲ့သည်။

ရှုကလန်မှ လူအုပ်မှာ ပြန်သွားကြပြီဖြစ်၏။ ရှုရွှမ် မိမိကိုယ်ကို အရှက်ခွဲမိပြီးနောက် ရှုရှောက်သည်လည်း မည်သည့်မျက်နှာနှင့် ဆက်နေရမည်နည်း။ ထို့ကြောင့် ဘိုးဘိုးကြီးနှင့် တွေ့ဆုံပြီးနောက် သူ၏ မြေးများအား ခေါ်ဆောင်၍ ချက်ချင်း ပြန်သွားခြင်းဖြစ်သည်။

ရှုရှောက်က နှစ်စဉ် ဘိုးဘိုးကြီး၏ မွေးနေ့ရောက်ချိန်တိုင်း ပြဿနာရှာသော်လည်း ဤနှစ်တော့ သူသာလျှင် အရှက်ရသွားခဲ့သည်။

လူအုပ်လှိုင်းကြီးက တစ်သုတ်ပြီးတစ်သုတ် ဆုမွန်တောင်းပေးရန် အသိပညာစံအိမ်သို့ ၀င်ထွက်နေဆဲပင်။ တစ်ချို့မှာ ကောင်းမွန်သည့်ရည်ရွယ်ချင်နှင့် ဖြစ်ပြီး ထိုသူများထဲမှ တစ်ဦးစ နှစ်ဦးစ ၀မ်ချောင် သိသော်လည်း အချို့လူများအား ၀မ်ချောင် မသိရှိပေ။

သို့သော် တဖြည်းဖြည်းနှင့် ၀မ်ချောင် တစ်စုံတစ်ခု လွဲမှားနေသည်အား သတိမူမိလိုက်သည်။ လာရောက် ဆုမွန်တောင်းပေးသူများ၏ စိတ်ထဲ၌ တစ်စုံတစ်ခုရှိနေသကဲ့သို့ ရည်ရွယ်ချက်တစ်ချို့ ရှိနေသကဲ့သို့ပင်။

တော်၀င်ရုံးတော်မှ အရေးပါသည့် အရာရှိတစ်ချို့အားလည်း ၀မ်ချောင် တွေ့မြင်နေရသည်။

အသိပညာစံအိမ်၌ ဘိုးဘိုကြီးနှင့် တွေ့ဆုံပြီးနောက် ဦးကြီးအား ဆွဲခေါ်ကာ တစ်နေရာ၌ ဆွေးနွေးပြီးမှ ပြန်သွားကြသည်။ သူတို့၏ မျက်နှာမှာတော့ စိုးရိမ်မှု အပြည့်နှင့်။

ထို့နောက် ဦးကြီးက စကားစဖြတ်ကာ သူတို့အား အသိပညာစံအိမ်ထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

“ ဒါက ဖြစ်နိုင်တာက ထိုက်ကျန်းကြင်ယာတော်နဲ့ ပက်သက်တာပဲ ဖြစ်ရမယ်.. ”

ထိုအတွေး ၀မ်ချောင်၏ စိတ်ထဲ ၀င်ရောက်လာသည်နှင့် မည်သည့်ကိစ္စဖြစ်ပွားနေသည်မှန်း သဘောပေါက်သွားသည်။

သူ အံ့သြနေ၏။ လေးပြည်နယ်စံအိမ်ရှိ အနေအထားအရ ကြင်ယာတော်ထိုက်ကျန်း အရေးအခင်းမှာ သူထင်ထားသည်ထက် ပြင်းထန်နေဟန်ရသည်။

ဤအချိန်၌ ၀မ်ချောင် တစ်စုံတစ်ခုအား ပြန်လည် တွေးတောမိသည်။

သူ၏ ယခင်ဘ၀၌ ဦးကြီးနှင့် စုန့်ဘုရင်တို့က အရှင်မင်းကြီး၏ သဘောတော်အား လျော့တွက်မိကာ မှားယွင်းသည့်ဖက်၌ ရပ်တည်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ နိုင်ငံရေးလုပ်ငန်း ထိခိုက်ခဲ့၏။ သူတို့နှင့်အတူ အခြား အရာရှိ အတော်များများလည်း ပါ၀င်ခဲ့သည်။ ထိုသူတို့မှာ အလုပ်ပြုတ်သူပြုတ်၊ ရာထူးကျသူကျ နှင့် ရာပေါင်းများစွာသော အရာရှိများ........

Chapter 108 စုန့်ဘုရင်ထံမှ ဆုလာဘ်

အင်ပါယာအတွက် ပြည်နယ်စစ်သေနာပတိနှင့် ဟူများအား အသုံးပြုမည့် မူကြမ်းက ထိုက်ကျန်းကြင်ယာတော် အရေးထက် ပိုမို ရှေ့ရောက်နေပေသည်။

သို့သော် လက်ရှိ တော်၀င်ရုံးတော်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ကိစ္စမှာ ထိုက်ကျန်းကြင်ယာတော် အရေးခင်းဖြစ်ပြီး များစွာသော အရာရှိများ၏ အတွေးတို့အား ထိန်းချုပ်ထားသည်။

ပြည်နယ်စစ်သေနာပတိနှင့် ဟူများအား အသုံးပြုမည့် မူကြမ်းသည် အနာဂတ်အား အကျိုးသက်ရောက်မည်ဖြစ်သော်လည်း ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှာမူ လက်ရှိ သူတို့ မျက်စိအောက်၌ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယခု အရေးခင်းနှင့် ပက်သက်၍ သက်ရောက်မှုရှိမည့် အရာရှိအရေအတွက်သည် ယခင်မင်းဆက်များမှ မည်သည့်အရေးခင်းထက်မဆို ပိုမိုများပြားပေသည်။

“ ဦးကြီးက စိုးရိမ်နေတုန်းပဲ.. ”

စိစစ်ရေးဦးစီးနှင့် စကားပြောဆိုနေကာ ၀င်ပေါက်သို့ ဦးတည်သွားနေသည့် ဦးကြီးအား ကြည့်နေရင်း ၀မ်ချောင် စိုးရိမ်စိတ် ၀င်မိသည်။

ဦးကြီးသည် တော်၀င်ရုံးတော်၌ အရေးပါသည့် အရာရှိဖြစ်သည် သို့သော် ထိုသည်ကပင် သူ့အား ချည်နှောင်ထားသည့် အချုပ်အနှောင်လဲဖြစ်၏။ ထို့ထက်ပို၍ ဘိုးဘိုးကြီး၏ များပြားလှသည့် အဆက်အသွယ်များက သူ့အား ထိုက်ကျန်းကြင်ယာတော်အား ဆန့်ကျင်မည့်သူများ၏ ခေါင်းဆောင် အလိုအလျောက် ဖြစ်နေစေသည်။

အနာဂတ်၌ အရာအားလုံး ပြီးဆုံးသွားလျှင် ဦးကြီးသည် အပြင်းထန်ဆုံးသော် ပြစ်ဒဏ်ချခံရမည် ဖြစ်သည်။

“ ဒါ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး.. ”

ခေါင်းငုံ့ကာ ၀မ်ချောင် မျက်မှောင်ကြုတ်လို့နေသည်။

ကြင်ယာတော် ထိုက်ကျန်း အရေးခင်းမှာ အရှင်မင်းကြီးနှင့် ငယ်သားများအကြား သွေးကွဲမှုဖြစ်သည်။ ၀မ်ချောင်မှ ပြည်နယ်သေနာပတိ အရေးနှင့် ပက်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဦးကြီး၏ အကြံအစည်အား နှောင့်ယှက်မှု မရှိခဲ့လျှင် ထိုက်ကျန်းကြင်ယာတော် အရေးအား အစည်းအဝေးခန်းမ၌ တင်သွင်းကာ ဦးကြီးက သခင်ကြီး၏ ထောက်ခံမှုအား တောင်းခံမည်ဖြစ်ကြောင်း ၀မ်ချောင် အတပ်သိလေသည်။

၀မ်ချောင်မှ ဦးကြီးအား နားမချချင်၍ မဟုတ်ပေ ပြည်နယ်သေနာပတိအရေးအား ဦးကြီး သဘောတူကောင်း တူလိမ့်မည် ဖြစ်သော်လည်း သူ့အနေဖြင့် ကြင်ယာတော်ထိုက်ကျန်း အရေးခင်းအား သဘောတူရန် လုံး၀ မဖြစ်နိုင်ပေ။

၀မ်ချောင်၏ အမြင်အား လက်မခံမည်သာမက သူ့အား ပြင်းပြင်းထန်ထန်ပင် အပြစ်ပေးလိမ့်မည် ဖြစ်၏။ သခင်ကြီးသည်ပင် ၀မ်ချောင်ဘက်၌ ရပ်တည်မည် မဟုတ်ပေ။

ငယ်သားများ၏ တာ၀န်မှာ အင်ပါယာအား လမ်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးရမည်ဖြစ်သည်။ ထိုသည်က အခြေခံအသိတရား ဖြစ်နေသည်ဖြစ်ရာ ဦးကြီးသည် အခြား မည်သူ့အကြံကိုမှ နားထောင်လိမ့်မည် မဟုတ်။

ထိုသည်က ၀မ်ချောင် အစည်းအဝေးခန်းမအတွင်း ထိုကိစ္စအား မပြောခဲ့ရသည့် အကြောင်းရင်းပင်။

“ စုန့်ဘုရင် ရောက်လာပါပြီ... ”

၀မ်ချောင်၏ စိတ်ထဲ စိုးရိမ်မှုများ ဘောင်ဘင်ခတ်နေစဉ်၌ ၀င်ပေါက်မှ စူးရှသည့်အသံ ထွက်ပေါ်လာသည်။ ဟူးလားလား တစ်ချိန်တည်း၌ မြေပြင်သည် တုန်ခါလာ၏။ တစ်နည်းနည်းဖြင့် အသံက ပင်လယ်လှိုင်းအလား ၀မ်ချောင် ခံစားလိုက်မိသည်။

လေးပြည်နယ်သံရုံး၏ အပြင်၌ လမ်းမ၏ အဆုံးတွင် မြင်းလှည်းတစ်စီး ရှိနေသည်။ မြင်းလှည်းထံမှ နေမင်း၏ လောင်ကျွမ်းမှုနှင့် တူညီသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး မည်သည့်နေရာမှဖြစ်စေ ထိုတည်ရှိမှုအား ခံစားမိစေသည်။

မည်သို့ဆိုစေ ထိုလွှမ်းမိုးနိုင်သည့် အငွေ့အသက်က သိမ်မွေ့မှု မကင်းမဲ့နေသလို သိမ်မွေ့မှုသည်လည်း ခံညားမှုအား ပုံဖော်ပေးသည်။ အမှန်တရား၏ ဧကရာဇ် ဆင်းသက်လာသကဲ့သို့ပင်။

“ သူ နောက်ဆုံးတော့ ရောက်လာပြီ... ”

ထိုအငွေ့အသက်အား ခံစားမိသည်တွင် ၀မ်ချောင် သက်ပြင်းချမိသည်။ တော်၀င်ရုံးတော်၌ ဦးကြီး၀မ်ကျန်နှင့်အတူ ထိုက်ကျန်းကြင်ယာတော် အရေးအခင်းအား ဆန့်ကျင်သည့်သူများက စုန့်ဘုရင်ကိုလည်း ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။

‘ ကြိုးထုံးဖြည်ဖို့ဆိုရင် တစ်ယောက်ယောက်က အရင် ကြိုးထုံးဖို့လိုမယ် ’ အရေးခင်းအား ဖြေရှင်းရန်နှင့် ထိုက်ကျန်းကြင်ယာတော် အရေးခင်းကြောင့် တော်၀င်ရုံးတော်၏ အရာရှိ တစ်၀င်ခန့်အား အခက်တွေ့စေခြင်း၌ စုန့်ဘုရင်က အရေးပါသည့်နေရာမှ ပါ၀င်သည်။

.......

“ အရှင် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ.. ”

လေးပြည်နယ်သံရုံး၏ ၀င်ပေါက်၌ စုန့်ဘုရင် ရောက်၇ှိလာကြောင်း သတိထားမိလျှင် ၀မ်ကျန် စိတ်ခွန်အား တက်ကြွလာကာ ယခင်ကထက် အားအင်ပြည့်လာသယောင်ပင်။

ဤတစ်နေ့လုံး အရေးကြီးသည့် အရာများစွာ ဖြစ်ပွားခဲ့သည်။ မည်သို့ဆိုစေ ၀မ်ကျန်၏ အတွေးထဲ၌ ရစ်ဝဲနေသည်က အခြားမဟုတ် ကြင်ယာတော်ထိုက်ကျန်း အရေးခင်းသာလျှင်။ ဤကိစ္စ၌ တော်၀င်ရုံးတော်၏ အရာရှိ ထက်၀က်ခန့်မျှ ပါ၀င်ပက်သက်နေပြီး မဟာထန်အင်ပါယာ၌ ကြီးမားသည့် နိုင်ငံရေးမုန်တိုင်းတစ်ခု အစပျိုးနေပြီ ဖြစ်သည်။

“ မင်း သခင်ကြီးနဲ့ စကားပြောပြီးပြီလား.. ”

မြင်းလှည်းတံခါး ပွင့်သွားသည်တွင် တော်၀င်၀တ်စုံနှင့် စုန့်ဘုရင် ထွက်လာခဲ့သည်။ သူ၏ မျက်နှာ ပျက်ယွင်းနေပြီး စိတ်ထဲ၌ ဂယောက်ဂယက်ဖြစ်နေဟန်ရသည်။

“ မပြောရသေးပါဘူး.. ”

၀မ်ကျန် ခေါင်းခါလိုက်သည်။ ယခုအချိန်၌ သခင်ကြီး စိုးရိမ်နေမည်က အရှင်မင်းကြီးအား ပြည်နယ်သေနာပတိနှင့် ဟူများအား အသုံးပြုမည့် မူကြမ်းအား တားဆီးရန် မည်သို့ ပြောဆိုရမည်သာ ဖြစ်နေပေလိမ့်မည်။

ဤအခြေအနေမျိုး၌ ၀မ်ကျန် မည်သို့ စကားစရမည်မှန်း မသိ ဖြစ်နေရသည်။

ပြန်လည်စဉ်းစားပြီးနောက် စုန့်ဘုရင်အား စောင့်ဆိုင်းရန်သာ ၀မ်ကျန် ရွေးချယ်လိုက်သည်။

“ အရှင် ထိုက်ကျန်းကြင်ယာတော် အရေးခင်းက ကိစ္စ သေးသေးလေး မဟုတ်ဘူး.. ဒါက အရှင်မင်းကြီးရဲ့ ဂုဏ်သတင်းကိုသာမက ကျုပ်တို့ကိုလဲ ထိခိုက်စေလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စ ရှေ့မဆက်အောင် တားဆီးမှကို ဖြစ်မယ်.. အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး သားဖြစ်သူရဲ့ကြင်ယာတော်ကို တော်ကောက်နိုင်ရတာလဲ.. တကယ်လို့ ဒီစကားတွေသာ အပြင်မာ ပြန့်သွားခဲ့ရင် အရှင်မင်းကြီးရဲ့ ပုံရိပ်က မပျက်စီးသွားပေဘူးလား.. သူ့့ကို လူတိုင်းက လှောင်ရယ်နေကြလိမ့်မယ်.. ”

“ အရှင်မင်းကြီးက လက်ရှိမှာ သူမရဲ့ ညှို့ချက်မိနေတဲ့အတွက် လက်ရှိ အခြေအနေကို မမြင်နိုင်ပဲ ဖြစ်နေတယ်.. သူ့ပုံရိပ်ဟာ အချိန်နဲ့အမျှ ကျဆင်းလာမှာပဲ ဒါကို သူသတိထားမိမဲ့ အချိန်ကျရင် နောက်ကျသွားလိမ့်မယ်.. သူ့ရဲ့ ငယ်သားတစ်ယောက်အနေနဲ့ အရှင်မင်းကြီးကို ဒီလို အမှားမျိုး ကျူးလွန်ခွင့် ပြုလို့ မဖြစ်ချေဘူး.. ငါတို့ နည်းလမ်း တစ်ခုခု ရှာပြီးတော့ အရှင်မင်းကြီးကို လှုပ်နိုးမှ ရမယ်.. ”

၀မ်ကျန် စိုးရိမ်နေဟန်ဖြင့် ပြောလိုက်သည်။

“ အင်း.. ငါလဲ မင်းနဲ့ အတွေးတူတယ်.. အဖေက သားရဲ့ ကြင်ယာတော်ကို သိမ်းပိုက်တယ်.. ဒါက တော်၀င်မိသားစုကို မထီမဲ့မြင်ပြုတာပဲ.. မဟာထန်အင်ပါယာကို မထီမဲ့မြင်ပြုတာပဲ. ”

စုန့်ဘုရင် ပူပန်စွာနှင့် ခေါင်းငြိမ့်သည်။

“ ဒါပေမဲ့ ချီဘုရင်နဲ့ ယောင်ကလန်က ဒီကိစ္စကြားမှာ ခလောက်ဆန်နေတဲ့အတွက် အရာရှိတစ်၀က်လောက်က အရှင်မင်းကြီး ယန်ထိုက်ကျန်းကို ကြင်ယာတော် တင်မြှောက်ဖို့ သဘောတူနေကြတယ်.. အရှင်မင်းကြီးက အချစ်ကြောင့် အမြင်တွေ ေ၀၀ါးနေပြီ ဒါကြောင့် ငါတို့အနေနဲ့ ကျိုးအမတ်ကြီးရဲ့ အထောက်အပံ့ကို တောင်းခံဖို့က လွဲပြီး တစ်ခြားနည်းလမ်း မရှိတော့ဘူး.. ဒါကြောင့်လည်း ငါက ဆုမွန်တောင်းပေးဖို့ အပြေးလာခဲ့ရတာပဲ.. ”

“ ကျိုးအမတ်ကြီးက တော်၀င်ရုံးတော်ရဲ့ သက်တော်ရှည်အကြီးအကဲတစ်ယောက် ဖြစ်သလို အဲ့ဒီမှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက အရမ်း ကြီးမားတယ်.. တစ်ချိန်တည်းမှာပဲ သူက အရှင်မင်းကြီး ပလ္လင်ကို သိမ်းယူတုန်းက သစ္စာရှိ လူယုံတော်တစ်ယောက်လည်း ဖြစ်ပြီးတော့ အရှင်မင်းကြီးက သူ့ကို အရမ်းယုံကြည်ထားတယ်.. တကယ်လို့ သူသာ ရှေ့ထွက်ခဲ့မယ်ဆိုရင် ဒီ အသုံးမကျတဲ့အရာရှိတွေကို ရပ်တန့်ပေးနိုင်ပြီး သမိုင်းတစ်ပတ်လည်မှာကို တားဆီးနိုင်လိမ့်မယ်.. ”

“ ဒါတွေက ငါ့အတွေးနဲ့တူတယ်.. အရှင်မင်းကြီးက သူ့ ဂုဏ်သတင်း မကျဆင်းအောင် ထိန်းသိမ်းဖို့ လွယ်ကူတာ မဟုတ်ဘူး.. မိန်းမတစ်ယောက်ကြောင့်တော့ မပျက်ဆီးသွားသင့်ဘူး.. ”

၀မ်ကျန် သက်ပြင်းချလိုက်သည်။

“ အရှင် ကျုပ်နောက်လိုက်ခဲ့ပါ.. ဒီကြားထဲ ဖြစ်ပျက်ခဲ့တာလေး ပြောပြစရာရှိသေးတယ်.. ပြီးသွားရင် ပြောပြပါ့မယ်.. ”

၀မ်ကျန်က ရှေ့မှနေ၍ စုန့်ဘုရင်အား ကိုယ်တိုင် ဦးဆောင်၍ သခင်ကြီး နားနေရာသို့ ခေါ်သွားခဲ့သည်။

ထိုသည်အား မြင်လျှင် ၀မ်ချောင် သူ၏ အကြည့်အား ပြန်ရုတ်သိမ်းလိုက်၏။ သူ၏ မျက်၀န်းအတွင်း စိုးရိမ်နေဆဲပင်။ ဦးကြီးနှင့် စုန့်ဘုရင်၏ ဆုံးဖြတ်ချက်အား ၎င်းတို့၏ စကားဝိုင်းမှ တစ်ဆင့် ရှင်းရှင်းလင်းလင်း သိလိုက်ရချေပြီ။

ကြည့်ရသည်မှာ သူတို့က ကြင်ယာတော်ထိုက်ကျန်း အရေးခင်းအား အတိအလင်း ဆန့်ကျင်မည့်ပုံရပြီး ၀မ်ချောင်အတွက် ထိုသည်က သတင်းကောင်း မဟုတ်ပေ။

“ ကောင်လေး မင်းက ဒီရောက်နေတာပေါ့လေ.. ”

သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

အံ့အားသင့်စွာဖြင့် ၀မ်ချောင် လှည့်ကြည့်လိုက်သည်တွင် ပါမောက္ခ၀တ်စုံနှင့် သူ့အား ပြုံးကြည့်နေသူအား တွေ့လိုက်ရသည်။

“ လူအရှင်.. ”

၀မ်ချောင် ရုတ်ချည်း ပြင်ဆင်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

ထိုသူမှာ ပါမောက္ခ လူထင်ဖြစ်ပြီး ကြိုးကြာပျံဝဲစံအိမ်၌ တွေ့ဆုံဖူးသူ ဖြစ်သည်။

“ ဟားဟား.. ချောင်သခင်လေးက ဘယ်တော့ အိမ်ပြန်မှာလဲ.. ”

လူထင် ပြုံးနေသည်။

“ ညစာစားပွဲ ပြီးရင်ပေါ့.. ”

၀မ်ချောင် ကြောင်အသွား၏။ ၀မ်ကလန်မှာ စုဝေးခဲလှပြီး ဘိုးဘိုးကြီး၏ မွေးနေ့ပွဲ၌သာ ကလန်တစ်ခုလုံး လူစုံတက်စုံ ရှိခြင်းဖြစ်သည်။ ထို့ကြောင့် မပြန်ခင် ညစာ စုံညီ စားကြခြင်းက ဓလေ့တစ်ခုလို ဖြစ်နေ၏။

ယခင်ဘ၀အား တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရသည့် ၀မ်ချောင် အဖို့ ဤအခိုက်အတန့်လေးက တန်ဖိုးမဖြတ်နိုင်ပေ။

“ ဟားဟား.. ကောင်းတာပေါ့.. စုန့်ဘုရင်က သခင်လေးကို တွေ့ဆုံဖို့ ကျုပ်ကို ဖိတ်ကြားခိုင်းလိုက်ပါတယ်.. ”

လူထင်က သွယ်ဝိုက်မနေပဲ လာရင်းကိစ္စအား ပြောချလိုက်သည်။

လူထင်က ဤ၀မ်ကလန်မှ လူငယ်လေးအပေါ် အကောင်းမြင်စိတ်များရှိနေပြီး သူသာလျှင် စုန့်ဘုရင်အား ၀မ်ချောင်နှင့် တွေ့ဆုံရန် တိုက်တွန်းခဲ့သူဖြစ်သည်။

“ အိုး....... ”

၀မ်ချောင် ခေါင်းမငြိမ့်နိုင်မှီ ကြောင်အနေခဲ့သည်။

“ ကောင်းပါပြီ.. ကျွန်တော်လဲ စုန့်ဘုရင်ကို မေးစရာလေး ရှိပါသေးတယ်.. ”

“ ဟုတ်လား.. ”

လူထင် ခေါင်းမော့ကာ ၀မ်ချောင်အား ကြည့်လိုက်သည်။ ဤတစ်ကြိမ်၌ အံ့အားသင့်ရသူမှာ သူဖြစ်နေသည်။

နေက အချိန်တန်သည်နှင့် အနောက်ဘက်သို့တိုး၀င် အိပ်စက်သွားပြီး ဆုမွန်တောင်းပေးရန် လာသူများကလည်း ပြန်သွားကြလေပြီ။ ယဲ့အကြီးအကဲ၊ အမတ်မင်းဟူ၊ ကျောက်အကြီးအကဲ၊ မာအကြီးအကဲနှင့် အခြားသူများသူလည်း ၎င်းတို့၏ မျိုးဆက်များနှင့်အတူ လေးပြည်နယ်သံရုံးမှ ပြန်သွားကြပြီ ဖြစ်သည်။

မကြာမှီ လေးပြည်နယ်သံရုံးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အသိပညာစံအိမ်ထဲမှ စုန့်ဘုရင် ထွက်လာမည်အား ၀မ်ချောင် စောင့်ဆိုင်းနေသည်။ တစ်ဖက်လူ၏ အမူအရာ မကောင်းသည်အား ၀မ်ချောင် သတိထားမိသည်။

“ ကြည့်ရတာ စုန့်ဘုရင် သူလိုချင်တာ ရခဲ့ပုံမပေါ်ဘူး.. ”

၀မ်ချောင် သူ၏ယခင်ဘ၀၌ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းအား အာရုံမစိုက်ခဲ့မိသည့်အတွက် အသေးစိတ် မသိရှိထားပေ။

ကြင်ယာတော်ထိုက်ကျန်း အရေးခင်းနှင့် စပ်လျဉ်း၌ ဘိုးဘိုးကြီး၏ ရပ်တည်မှုက မသေချာပေ။

စုန့်နှင့် ၀မ်ကလန်မှာ မျိုးဆက်ပေါင်းများစွာအထိ ရင်းနှီးခဲ့ကြပြီး ကိစ္စရပ်ပေါင်းများစွာ၌လည်း ဘိုးဘိုးကြီးက စုန့်ဘုရင်အား အထောက်အပံ့ပေးခဲ့ကာ တစ်ဖက်လူသည်လည်း စစ်မှန်ပေသည်။ နှစ်ဦးနှစ်ဖက်လုံးက တော်၀င်ရုံးတော်၏ အရေးကြီးသည့် ကိစ္စရပ်များ၌ ရပ်တည်ချက်ခြင်း တူညီကြသည်။

ထိုသည်က ဦးကြီးနှင့် စုန်ု့ဘုရင်တို့အကြား ရင်းနှီးမှုမှ တည်ဆောက်ထားသည့် ‘ တိုက်ခိုက်ရေးနှင့် ခုခံရေး မဟာမိတ် ’ကြောင့် ဖြစ်ပေသည်။

အကြိမ်ပေါင်းများစွာ ရုံးတော်မှ ဆုံးဖြတ်ချက်မချမှီ သူတို့က အတွေးအမြင်များနှင့် သုံးသပ်မှုအား ဖလှယ်တတ်ကြသည်။

ထိုက်ကျန်းကြင်ယာတော် အရေးခင်း၌ ၀မ်ချောင်၏ အမြင်တွင် ဘိုးဘိုးကြီးသည် စုန့်ဘုရင်အား ထောက်ပံ့ပေးပေလိမ့်မည်ဟု ၀မ်ချောင် ထင်မိသည်။ သို့ဆိုစေ ထိုသည်က မှားယွင်းခဲ့သည်။

ဘိုးဘိုးကြီးက စုန့်ဘုရင်အား မထောက်ခံခဲ့သလို ငြင်းပယ်သည့် အမူအရာလည်း မရှိပေ။

ဤအရေးခင်း၌ ဘိုးဘိုးကြီးက ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

ဘ၀၏ အစောပိုင်းနေ့ရက်များ၌ များစွာသော အတိဒုက္ခများအား ခါးစည်းခဲ့သည့်အတွက် ဘိုးဘိုးကြီးသည် အရှင်မင်းကြီးအား လက်လွတ်စပယ် မပြောဆိုသည့်အတွက် အရှင်မင်းကြီးအား စကားအား ဆန့်ကျင်သည်က ရှားပေသည်။

သို့တိုင် ဘိုးဘိုးကြီးက ထိုက်ကျန်းကြင်ယာတော်၏ အရေးခင်း၌ ဆိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။ ထိုသည်က သူ၏ တွေးခေါ်နိုင်စွမ်းထက် ကျော်လွန်သွားချေပြီ။ နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်တိုင် ၀မ်ချောင် ထိုဆုံးဖြတ်ချက်၏ နောက်ကွယ်မှ အကြောင်းရင်းအား ရှာမတွေ့ခဲ့ပေ။

တဖြည်းဖြည်းနှင့် ၀မ်ချောင်က ဦးကြီးက ရှေ့ထွက်ရန် ရွေးချယ်သည့်အတွက် ဘိုးဘိုးကြီးက နောက်ဆုတ်လိုက်သည်ဟုသာ သတ်မှတ်လိုက်သည်။ သို့ဆိုစေ ၀မ်ချောင် ထိုကိစ္စ၌ ထူးခြားသည့် အကြောင်းရင်းတစ်ခု ရှိနေမှန်း ခံစားမိနေသည်။

လူထင်က စုန့်ဘုရင်ထံ သွားလိုက်ပြီး နားနားကပ်ကာ တီးတိုးပြောဆိုလိုက်သည်။ စုန့်ဘုရင်လည်း နားထောင်ပြီးနောက် အမူအရာ ပြောင်းလဲသွားသည်။

၀မ်ချောင် စုန့်ဘုရင်နှင့် တောင်တုနောက်ရှိ ဝါးရုံတောအတွင်း တွေ့ဆုံသည်။ ပတ်ပတ်လည်အား စောင့်ကြပ်နေသည့် နန်းတွင်းစစ်သည်မှလွဲ၍ ပတ်ပတ်လည်၌ တိတ်ဆိတ်မှုက ကြီးစိုးနေ၏။

၀မ်ချောင်အား မြင်သည်တွင် စုန့်ဘုရင် စိတ်အားတက်လာဟန်ရပြီး မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ ငါ မင်းအကြောင်း မင်းရဲ့ဦးကြီးဆီကနေ ကြားပြီးပြီ.. တကယ့် လူငယ်သူရဲကောင်းလေးပဲ.. ”

စုန့်ဘုရင် စကားအလှဖြင့် ချီးမွမ်းလိုက်သည်။

ယောင်ကွမ်းရီ၏ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ၀မ်ကျန်ထံမှ ကြားသိရပြီး ဖြစ်သည်။ ၀မ်ကျန်ကိုယ်တိုင် အတည်ပြုပေးခြင်းသာ မဟုတ်ပါက ယောင်ကွမ်းရီအား ရှုံးနိမ့်စေသည့် နောက်ကွယ်မှ ဗျူဟာပညာရှင်မှာ ဆယ့်ငါးနှစ်သားလေး ဖြစ်မှန်း သူ ယုံနိုင်မည် မဟုတ်ပေ။

“ ငါက အဲ့ဒီအကြောင်းကို နှုတ်ဆိတ်နေကြဖို့ ညွှန်ကြားထားပြီးပြီ.. သိတဲ့သူတိုင်းက ထုတ်ပြောတော့မှာ မဟုတ်ဘူး.. ဒါကြောင့် မင်းက ယောင်ကွမ်းရီရဲ့ အကြံကို ဖျက်ဆီးလိုက်တဲ့သူဆိုတာ ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး.. ”

စုန့်ဘုရင် ပြောလိုက်သည်။

စုန့်ဘုရင်က ၀မ်ချောင်အား များစွာ မျှော်မှန်းထားသည်။ ယောင်ကွမ်းရီကဲ့သို့သော ပြိုင်ဘက်ကင်း ဗျူဟာပညာရှင်အား ပြန်လည် အကွက်ဆင်ရန်က လုံး၀ မလွယ်ကူပေ။

ထို့ကြောင့်လည်း မွေးနေ့စားပွဲ ပြီးနောက် ၀မ်ချောင်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

“ ကျေးဇူးတင်ပါတယ် အရှင်.. ”

၀မ်ချောင် ဦးညွှတ်လိုက်သည်။

စုန့်ကလန်နှင့် ၀မ်ကလန် ရင်းနှီးခဲ့သည့် နှစ်များစွာအရ စုန့်ဘုရင်က ၀မ်ကလန်သားများအား မေးခွန်းထုတ်ခြင်းမရှိ ကာကွယ်ပေးမည်က အမှန်ပင်။ ထို့ကြောင့်လည်း ၀မ်ကလန်သားများက စုန့်ဘုရင်အား သစ္စာခံထားခြင်း ဖြစ်ပေသည်။

“ ဟားဟား.. ပြောပါဦး မင်း ဘယ်လိုဆုလာဘ်လိုချင်လဲ.. ငါတတ်နိုင်တဲ့ အထဲမှာဆိုရင် မပေးနိုင်တာ မရှိဘူးနော်.. ”

စုန့်ဘုရင် သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

“ အရှင်က ကျွန်တော့ကို ဆုပေးပြီးပါပြီ.. ”

၀မ်ချောင် ရိုသေစွာဖြင့် ငြင်းပယ်လိုက်သည်။

“ ဟားဟား.. ဒီနှစ်ခုက မတူဘူးလေကွာ.. အရင်က ပေးတာက ငါကမင်းကို သဘောကျလို့ပေးတာ.. ဒီတစ်ခါက အကြီးတစ်ယောက်အနေနဲ့ ပေးတာ.. မင်း ငါ့ကို မငြင်းပါနဲ့.. ”

စုန့်ဘုရင် အသာအယာ ပြုံးလိုက်သည်။

..........

သမိုင်းတစ်ပတ်မလည်စေချင်ဘူးဆိုတာက

စုန့်ဘုရင်က ထိုက်ကျန်းကြင်ယာတော်၊ လီမြောင်နဲ့ အင်ပါယာရွမ်ကျုံးတို့ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်..

သမိုင်းအရ ဝူကျီရှင်း( 690-705 မဟာထန်မင်းဆက် အလယ်လောက်မှာ ဒုတိယကျိုးမင်းဆက်ကို တည်ထောင်ခဲ့တဲ့သူ)ကို ဆိုလိုတာပါ..

၀ူကျီရှင်းက အင်ပါယာရွှမ်ကျုံးရဲ့ ကြင်ယာတော် ဖြစ်ပြီးတော့ အင်ပါယာအရှင်ရဲ့ ကိုးယောက်မြောက်မင်းသားဖြစ်သူ အိမ်ရှေ့စံကောင်းကျယ်နဲ့ လက်ထပ်ပြီး ဧကရီဖြစ်လာခဲ့တာပါ..

ပြောရရင် အဖေကော သားကိုကော နှစ်သီးစားလိုက်တယ်ပေါ့ဗျာ..

အနောက်နန်းဆောင်မှာ ရာထူးအဆင့်ဆင့်ရှိပါတယ်.. ကြင်ယာတော် ကိုယ်လုပ်တော် ရံရွေတော် အပျိုတော် စသဖြင့် အားလုံးထဲမှာမှ ဧကရီကတော့ ရာထူးအမြင့်ဆုံးပေါ့.. တရား၀င်ဇနီးလို့လည်း ဆိုလိုပါတယ်..

Chapter 109 ၀မ်ချောင်မှ စုန့်ဘုရင်အား အရိုအသေပေးခြင်း

စုန့်ကလန်နှင့် ၀မ်ကလန်သည် သာမန်နိုင်ငံရေးမဟာမိတ် မဟုတ်သလို ၎င်းတို့၏ ရင်းနှီးပက်သက်မှု၌ အခြား စိတ်ခံစားချက်များလဲ ပါ၀င်၏။

ဥပမာအနေဖြင့် စုန့်ဘုရင်ဟောင်းနှင့် ကျိုးအမတ်ကြီးတို့သည် သူတို့ တန်ခိုးထွားစဉ်ကတည်းက ညီရင်းပမာ ပေါင်းသင်းခဲ့ကြသူများ ဖြစ်သည်။

နန်းတွင်း အရှုပ်အထွေးကာလ၌ နှစ်ဦးသား လက်တွဲညီညီ လက်ရှိ အရှင်မင်းကြီးအား ပလ္လင်ပေါ် တင်ပေးခဲ့ကြသည်။

လက်ရှိ စုန့်ဘုရင်က ကျိုးအမတ်ကြီး၏ မျက်စိအောက်၌ ကြီးပြင်းလာသည်ဟု ဆို၍ ရနိုင်သည်။

စုန့်ဘုရင်ဟောင်း ရှိစဉ်ကဆိုလျှင် ကျိုးအမတ်ကြီးသည် စုန့်ဘုရင်ခြံ၀င်းသို့ မကြာခဏ အလည်ပတ်သွားကာ စစ်တုရင် ထိုးလေ့ ရှိကြသည်။ နိုင်ငံရေးမဟာမိတ်အား အသာထား စုန့်ဘုရင်မှာ ကျိုးအမတ်ကြီးအား ဖခင်ရင်းပမာ အကြီးအကဲတစ်ဦးပမာ စိတ်ရင်းထဲမှ သတ်မှတ်ထားသည်။

ထို့ကြောင့် ကျိုးအမတ်ကြီး၏ ထောက်ပံ့မှုအား စုန့်ဘုရင် မရရှိခဲ့သည့်တိုင် စိုးစဉ်းမျှ ဒေါသထွက်ခြင်း မရှိပေ။

စုန့်ဘုရင်သည် ၀မ်ချောင်အပေါ် အလွန်အကျွံ မျှော်မှန်းထားခြင်း မရှိသည့်တိုင် ယခု ပြန်စဉ်းစားကြည့်သည့်အခါ၌ ပြီးခဲ့သည့် အဖြစ်အပျက်များအား ရုတ်ချည်း တွေးမိလိုက်သည်။

စုန့်ဘုရင် ငယ်စဉ်ကဆိုလျှင် ၀မ်ချောင်အား သိမ်းသွင်းကာ ချော့မော့ သိမ်းသွင်းမည်ဖြစ်သော်လည်း ယခု စုန့်ဘုရင်ဟူသည့် နေရာအား တာ၀န်ယူထားရသည့်အတွက် သူ့ထံ၌ မတူညီသည့် အစီအစဉ်များစွာ ရှိနေပြီး အလုပ်များသည်ထက် များနေသည်။ ထို့ကြောင့် ဤ လူငယ်မျိုးဆက်သစ်များအား အာရုံစိုက်နိုင်ခြင်း မရှိပေ။

ယခု တော်၀င်ရုံးတော်နှင့် စပ်ဆိုင်သည့် အရေးအား လုပ်ဆောင်ပြီးသည်ဖြစ်ရာ ၀မ်ချောင်အား ကြည့်မိချိန်၌ အချို့သော ကောင်းမွန်သည့် အရာများ ပြန်မှတ်မိလာကာ သူ့အား အကြီးအကဲတစ်ဦး ဟူသည့် ခံစားချက်အား ပြန်လည် အသက်၀င်လာစေသည်။

၀မ်ချောင်မှာတော့ စုန့်ဘုရင်တွေးနေသည့် အရာများအား သိမနေပဲ စုန့်ဘုရင်က အလွန်နှစ်လိုဖွယ်ကောင်းကာ တည်ငြမ်ပြီး အေးချမ်းသည်ဟူသည့် ခံစားချက်သာ ခံစားမိနေသည်။

ကြင်နာတတ်သည့် အကြီးအကဲတစ်ဦးနှင့် ဆုံတွေ့နေရသလို ဖြစ်နေသည်။

“ အရှင်.. ကျွန်တော်မျိုးက အရှင့်ရဲ့ လက်ဆောင်ကို မငြင်းပယ်ရဲပါဘူး.. တကယ်လို့ ဖြစ်နိုင်ရင်တော့ လူတစ်ယောက်အတွက် အကူအညီတောင်းလို့ ရမလား.. ”

၀မ်ချောင် ဦးခေါင်းနှိမ့်ချကာ အရိုအသေပေး၍ ပြောသည်။

“ လူတစ်ယောက် ဟုတ်လား.. ”

စုန့်ဘုရင်နှင့် လူထင်တို့ နှစ်ယောက်သား အချင်းချင်း တွေဝေစွာ ကြည့်လိုက်မိကြသည်။ အထူးသဖြင့် စုန့်ဘုရင်ဖြစ်၏။ ယခုအချိန်၌ ထိုက်ကျန်းကြင်ယာတော် အရေးအခင်း၌သာ စိတ်ရောက်နေဆဲဖြစ်ပြီး ၀မ်ချောင်၏ စကားအား ကြားလိုက်ချိန်၌ သူ၏ သိချင်စိတ်က မြင့်တက်လာပြီး တော်၀င်ရုံးတော်အား စိုးရိမ်စိတ်က ခေတ္တပျောက်ကွယ်သွားသည်။

“ ဟားဟား.. လူတစ်ယောက် ဟုတ်သလား.. မိန်းကလေးလား ဘယ်မိန်းကလေးကိုများ မင်းသဘောကျနေတာလဲ.. ငယ်ရွယ်ချိန်မှာ ချစ်ရေးချစ်ရာဆိုတာ ဓမ္မတာပါပဲ.. လွတ်လွတ်လပ်လပ်သာ ပြောပါ.. ဘယ်သူပဲ ဖြစ်ဖြစ် မင်းအတွက် ငါရအောင် တောင်းယူပေးမယ်.. ”

စုန့်ဘုရင် ရယ်သွမ်းသွေးကာ စိတ်လက်ပေါ့ပါးစွာ ပြောလိုက်၏။

မည်သူက မငယ်ရွယ်ဖူးသနည်း။ ၀မ်ချောင်၏ စကားအား ကြားပြီးနောက် စုန့်ဘုရင်က ၀မ်ချောင်မှာ ကလန်တစ်ခုမှ မိန်းမပျိုတစ်ဦးအပေါ် ချစ်ခင်နေသည်ဟု ထင်မှတ်သွားပြီး သူ၏ ငယ်ဘ၀အချိန်များကိုပင် ပြန်လည် အမှတ်ရမိသည်။

“ မှန်တယ်.. ချောင်သခင်လေး ပြောသာပြောပါ.. အဲ့ဒီသူက မင်းသမီးဖြစ်နေရင်တောင် စုန့်ဘုရင်ရဲ့ အကူအညီနဲ့ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး.. ”

လူထင် သူ၏ မုတ်ဆိတ်အား ပွတ်သပ်ကာ ဘေးမှနေ၍ အားပေးသည်။

“ မဟုတ်ပါဘူး အရှင်.. ကျွန်တော် ပြောတာကို အထင်လွဲနေကြပြီထင်တယ်.. ”

၀မ်ချောင် ဖြစ်ပေါ်လာသည့် အခြေအနေကြောင့် ကိုးရိုးကားရား ဖြစ်သွား၏။ အဲ့တာ မဟုတ်ဘူးလေ.. ဒီနှစ်ယောက်က ဘာတွေ လျှောက်တွေးနေတာလဲ။

“ ကျွန်တော် လူတစ်ယောက်ကို ကယ်ချင်လို့ပါ.. ဒါပေမဲ့ အရှင်ပဲ လုပ်နိုင်ပါလိမ့်မယ်.. ဒါကြောင့် အရှင့်ကို ဒီကိစ္စအတွက် အသနားခံချင်ပါတယ်.. ”

“ အိုး........ ”

စုန့်ဘုရင် ၀မ်ချောင်အား ကြည့်လိုက်ရာ ၀မ်ချောင်၏ မျက်နှာပေါ်မှ အလေးအနက်ထားသည့် အမူအရာအား မြင်သည်တွင် အနည်းငယ် အံ့သြသွားပြီး ပြန်လည် ပြုံးလိုက်သည်။ လေးနက်သည့်အသံဖြင့် ...

“ မင်း ဘယ်သူ့ကို ကယ်ချင်တာလဲ.. တော်၀င်ရုံးတော်မှာလည်း သူ့ဥပဒေနဲ့သူ ရှိတယ်ဆိုတာ ငါကြိုပြောထားမယ်.. ငါ့အနေနဲ့ တော်၀င်မိသားစုရဲ့ ဘုရင်တစ်ယောက်ဆိုရင်တောင် ဒီဥပဒေတွေကို မျက်ကွယ်ပြုလို့ မရဘူး.. ”

“ ကျွန်တော် နားလည်ပါတယ်.. အဲ့ဒီလူနာမည်က ကျန်းမူနန်ပါ.. သူ့ရဲ့ ပြစ်မှုက အရမ်းမကြီးမားပါဘူး.. ဒါက သူ့ရဲ့ ပြစ်မှု မှတ်တမ်းပါ.. အရှင် တစ်ချက် ကြည့်ကြည့်ပါဦး.. ”

ခေါင်းငုံ့ကာ ၀မ်ချောင် စာလိပ်မိတ္တူအား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

ကြင်ယာတော်ထိုက်ကျန်း အရေးခင်းကြောင့် မဟုတ်လျှင်ပင် ၀မ်ချောင်ထံ၌ စုန့်ဘုရင်အား သွားရောက်တွေ့ဆုံးရန် အကြံစည် ရှိထားသည်။ ၀မ်ချောင်အတွက်မူ ထိုသူက ထိုက်ကျန်း ကြင်ယာတော်ထက် အရေးပါလေ၏။

ထိုသူက ကျန်းမူနန်ပင်။

သူပြန်လည် မွေးဖွားလာပြီးနောက် ၀မ်ချောင် နေ့ပေါင်း ညပေါင်းများစွာ ပြန်လည် တွေးတောခဲ့ပြီး အဆုံး၌ အဖြေထွက်လာခဲ့သည်။ အင်ပါယာ၏ ကံကြမ္မာအား ပြောင်းလဲပစ်ရန် ထိုသူသည် သူ အလိုအပ်ဆုံးသူ ဖြစ်ပေသည်။

ကျန်းမူနန်...

“ ကျန်းမူနန် ဟုတ်သလား.. ”

စုန့်ဘုရင် မှင်သက်သွား၏။ သူ၏ မှတ်ဉာဏ်များအတွင်း ပြန်လည် တူးဆွလိုက်သော်လည်း ထိုသူ၏ အမည်အား သူ မကြားဖူးပေ။

“ ပါမောက္ခလူ ခင်ဗျားရော အဲ့ဒီလူကိုသိလား.. ” စုန့်ဘုရင် လှမ်းမေးလိုက်သည်။

လူထင် ခေါင်းခါပြ၏။

သူသည်လည်း ထိုအမည်အား မကြားဖူးပေ။

“ ထူးဆန်းတယ်.... ”

စုန့်ဘုရင် အံ့အားသင့်နေ၏။ ၀မ်ချောင်၏ လက်ထဲမှ စာလိပ်အား လှမ်းယူလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ဖတ်လိုက်သည်။

“ ဒါဆို သူက စိုက်ပျိုးရေးအရှိပေါ့.. ဘာလို့ သူက ငွေအများကြီးကို အလွဲသုံးစား လုပ်ရတာတုန်း.. ရွှေစ နှစ်သောင်းတောင်မှ.. ”

စာလိပ်ပေါ်မှ အချက်အလက်များအား ကြည့်ပြီးနောက် စုန့်ဘုရင် မျက်မှောင်ကြုတ်မိသည်။ စိတ်တွင်းမှာတော့ သက်ပြင်းချနေ၏။ ၀မ်ချောင် ကယ်တင်ချင်သည့်ချင်သူမှာ လူသတ်သမား၊ ဓားပြ၊ မုဒိန်းကောင်နှင့် ပြစ်မှုကြီးမားမည်အား သူ စိုးရိမ်နေမိခြင်း ဖြစ်လေသည်။

ငွေအလွဲသုံးစားလုပ်ခြင်းက အင်ပါယာ၏ အခြေခံ ဥပဒေအရ သေးငယ်သည့်အမှုမဟုတ်သည့်တိုင် တိုင်းပြည်၏ဘဏ္ဍာရေးနှင့် စပ်ဆိုင်သည်။ စုန့်ဘုရင်၏ အမြင်၌ ထိုသည်က ကြီးကြီးမားမား မဟုတ်ပေ။

အနည်းဆုံးအနေဖြင့် ခွင့်လွှတ်မရနိုင်သည့်အမှု မဟုတ်ပေ။

“ အရှင် သူက ရွှေစနှစ်သောင်းကို အလွဲသုံးစားလုပ်ခဲ့တယ် ဆိုရင်တောင်မှ ကျွန်တော် အာမခံနိုင်တာက တစ်ခုရှိပါတယ်.. သူက အဲ့ငွေတွေကို သူ့ကိုယ်ကျိုးအတွက် သုံးခဲ့တာ မဟုတ်ပါဘူး.. ”

၀မ်ချောင် အလေးအနက်ပြောလိုက်သည်။

“ အိုး..... ”

စုန့်ဘုရင် မျက်မှောင်ကြုတ်သွားသော်လည်း မည်သည်ကိုမှ မေးမြန်းလိုက်ခြင်း မရှိပေ။ မည်သို့ဖြစ်စေ ထိုကဲ့သော အရာရှိငယ်လေးက သူ့အတွက် အာရုံစိုက်ရန် မထိုက်တန်ပေ။

“ ကိစ္စက ဒီလိုဆိုရင် ရွှေစနှစ်သောင်းကို မင်း ပြန်ပေးလိုက်ပေါ့.. တရားစီရင်ရေးဌာနကို လွှတ်ပေးလိုက်ဖို့ ငါပြောလိုက်မယ်.. ”

“ ရွှေစ နှစ်သောင်းကို ကျွန်တော် ပေးနိုင်ပါတယ်.. ”

၀မ်ချောင် ကျေနပ်သွား၏။ စုန့်ဘုရင်၏ စကားမဆုံးခင် အလျင်အမြန် အဖြေပေးလိုက်သည်။ အင်ပါယာ၏ ဥပဒေအရ ရွှေစနှစ်သောင်းမှာ များပြား၏။ သို့သော် ၀မ်ချောင်အတွက် မဆိုစလောက်လေးသာ။

“ ဟားဟား.. ငါ့စကားကို အရင်ဆုံးအောင် နားထောင်ပါဦး.. ငါ့အနေနဲ့ တရားရေးရာရုံးတော်ကို ဒီကိစ္စကို ကြည့်ခိုင်းလိုက်ယုံပဲ.. မင်းဖက်က ရွှေစနှစ်သောင်း ပြန်ပေးရင် ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးသွားပြီ.. ဒါပေမဲ့ မင်းင ငါ့ကို ကူညီစေချင်ရင်တော့ ငါ့မေးခွန်းတစ်ခုကို ဖြေရလိမ့်မယ်.. ”

“ ဗျာ... ”

၀မ်ချောင် ခေါင်းမော့ကာ စုန့်ဘုရင်၏ တောင်းဆိုမှုကြောင့် ကြောင်အနေသည်။

“ မပူပါနဲ့.. ငါမင်းကို ခက်ခဲအောင် မလုပ်ပါဘူး.. မင်းသူ့ကို ဘာလို့ ကယ်ချင်တာလဲ.. မင်းရဲ့ သူငယ်ချင်းလား.. ”

စုန့်ဘုရင် ပြုံးနေ၏။ ၀မ်ချောင် ကယ်ဆယ်ချင်သည့်သူက အလွန်ဆိုးဝါးသည့် ရာဇတ်၀တ်သား မဟုတ်သည့်အတွက် သူစိတ်အေးသွားသည်။

“ ဒါက... တကယ်တော့ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက်တောင် မတွေ့ဖူးကြပါဘူး.. ”

အတန်ကြာ တုံ့ဆိုင်းပြီးနောက် ၀မ်ချောင်မှ စုန့်ဘုရင်၏ မေးခွန်းအား အရှိတိုင်း ဖြေရန် ဆုံးဖြတ်လိုက်သည်။

“ ဘယ်လိုပဲဖြစ်ပါစေ အရှင့်ကို ပြောပြချင်တာက ဒီလူဟာ အနာဂတ်မှာ မဟာထန်ရဲ့ အရမ်းအရေးပါတဲ့ ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာပါပဲ.. ”

“ အိုး..... ”

စုန့်ဘုရင်နှင့် လူထင်တို့ ထိုစကားအား ကြားချိန်၌ အချင်းချင်းကြည့်လိုက်မိပြန်သည်။ ၀မ်ချောင်ပြောသည့် စကား၏ ဆိုလိုရင်းအား နားမလည်သည့်အတွက် သူတို့၏ မျက်လုံးထဲ၌ သံသယအရိပ်အယောင်များ ထင်ကျန်နေဆဲပင်။

၀မ်ချောင်မှ ထိုကျန်းမူနန်ဆိုသည့်သူအား အဘယ်ကြောင့် ဤမျှလောက်ထိ မြင့်မြင့်မားမား မှန်းဆထားမှန်း သူတို့ နားမလည်နိုင်ကြပေ။ မည်သို့ဆိုစေ ယောင်ကွမ်းရီ၏ ဖြစ်ရပ်ပြီးနောက် သူ့အား ဆယ့်ငါးနှစ်သား လူငယ်တစ်ဦးဟု မည်သူမှ မရှုမြင်ကြတော့ပေ။

“ မင်းပြောချင်တာကို ငါနားမလည်ပေမဲ့.. ဒါက ဥပဒေကို ချိုးဖောက်ဖို့မဟုတ်ဘူးဆိုရင် အင်ပါယာရဲ့ ဥပဒေကို လက်တစ်လုံးခြား မလုပ်ဘူးဆိုရင် အင်ပါယာရဲ့ အကျိုးအမြတ်ကို မထိခိုက်စေဘူးဆိုရင် မင်းကို ကူညီဖို့ ငါဆန္ဒရှိပါတယ်.. ငါ့သတင်းကိုစောင့်နေ ငါကြည့်စီစဉ်ပေးလိုက်မယ်.. ”

စုန့်ဘုရင်ပြောလိုက်၏။

ထိုစကားလုံးများက ကျန်းမူနန်ကိစ္စအား ဆိုလိုခြင်းမဟုတ်ပေ။ ဉာဏ်ကောင်းသည့် ၀မ်ချောင်အား တစ်ဖက်လှည့်နှင့် သတိပေးလိုက်ခြင်းဖြစ်သည်။

ဉာဏ်ပညာအား ကောင်းမွန်သည့်ဖက်၌ အသုံးပြုသင့်ပြီး မကောင်းသည့်ဖက်၌ မဟုတ်ပေ။

ပြီးလျှင် ၀မ်ကလန်သည် စွမ်းအားကောင်းသည့် ၀န်ကြီးနှင့် စစ်သူကြီးကလန်ဖြစ်လေ၏။

“ ၀မ်ချောင်က အရှင့်ရဲ့ အဆုံးအမကို မှတ်သားထားပါ့မယ်.. ”

စုန့်ဘုရင်ပြောလိုက်သည့် စကား၏ နောက်ကွယ်မှ ဆိုလိုရင်းအား ၀မ်ချောင် နားလည်သည့်အတွက် အရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။

“ ဟားဟား.. ကောင်းပြီလေ အချိန်ကျပြီဆိုတော့ ပါမောက္ခလူ ပြန်ကြစို့ရဲ့.. ”

စုန့်ဘုရင်မှ လူထင်အား ပြောပြီးသည်နှင့် နှစ်ယောက်သား သူတို့၏ အိမ်တော်သို့ ပြန်ရန် ပြင်လိုက်သည်။ တစ်ချို့အရာများကြောင့် လေးပြည်နယ်သံရုံးသို့ ထွက်လာသည့် ခရီးစဉ်သည် မောပန်းနွမ်းနယ်စေသည်။

“ အရှင်.. သွားကြတာပေါ့. ”

လူထင် ပြုံးကာ ရှေ့မှ ဦးဆောင်ရန် လက်ဟန်ပြုလိုက်သည်။

“ ခဏနပေါဦး.. ”

သူတို့နှစ်ယောက် ထွက်ခွာတော့မည်အား မြင်လျှင် ၀မ်ချောင် တားဆီးလိုက်သည်။

“ အမ်... ”

နှစ်ဦးသား လှည့်လာကာ ၀မ်ချောင်အား ဝေခွဲမရဟန်ဖြင့် ကြည့်သည်။

“ ၀မ်ချောင် မင်း တစ်ခုခုလိုအပ်တာ ကျန်သေးတာလား. ”

စုန့်ဘုရင်က ပြုံးကာ အကြီးအကဲတစ်ဦး အနေဖြင့် မေးလိုက်သည်။ အကြောင်းရင်းတစ်ချို့ကြောင့် ၀မ်ချောင်အပေါ် စုန့်ဘုရင် သဘောထားကြီးပေသည်။

“ ဒါက... ”

၀မ်ချောင် ချီတုံချတုံဖြစ်နေသည်။ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းနှင့် ပက်သက်၍ စုန့်ဘုရင်အား အကြံပေးရန် ၀မ်ချောင် ဆုံးဖြတ်ထားပြီးသော်လည်း အချိန်မကျသေးသလို သူ စကားမစနိုင်ပဲ မည်သည့်နေရာကစ၍ ပြောဆိုရမည်မသိ ဖြစ်နေသည်။

ကြင်ယာတော်ထိုက်ကျန်း အရေးခင်းသည် ကြီးမားသည့်ပြဿနာမဟုတ်သလို ထိုသည်က အရှင်မင်းကြီးနှင့် ငယ်သားများ သဘောထားချင်း မတိုက်ဆိုင်ခြင်းသာ ဖြစ်သည်။

စုန့်ဘုရင်သည်လည်း ယခုလေးတင် သူ့အား ဉာဏ်ပညာကို ကောင်းမွန်စွာ အသုံးချသင့်ကြောင်း ပြောသွားခဲ့သည်။ အကယ်၍ သူသာ ယခုအချိန်၌ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းအား ဖော်ထုတ်ကာ စုန့်ဘုရင်၏ စိတ်အား ပြောင်းလဲစေခဲ့လျှင် စုန့်ဘုရင်နှင့်ဦးကြီးတို့ သူ့အား မည်သို့ တွေးထင်မည်မှန်း ရှင်းလင်းနေသည်။

သူ အလွန်အမင်း အားထုတ်ကာ ရရှိထားသည့် အမြင်ကောင်းများက တစ်ခဏအတွင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုမျှသာမက စုန့်ဘုရင်နှင့် ဦးကြီးတို့က သူ့အား အထက်ဘုံမှ လူသားအသွင်ဆောင်ထားသည့် မသေမျိုးဟုပင် ထင်သွားနိုင်ချေ ရှိသည်။

ထိုသည်က လွယ်လွယ်နှင့် ပြော၍ မရနိုင်ပေ။

၀မ်ချောင်က ဤကိစ္စမှာ ပြည်နယ်သေနာပတိ အရေးခင်းထက်ပို၍ ဖြေရှင်းရန် ခက်ခဲသည်ဟု ခံစားလိုက်မိသည်။

“ ဘာဖြစ်လို့လဲ.. ”

၀မ်ချောင် တွန့်ဆုတ်နေကာ မည်ကဲ့သို့ စကားစရမည်မသိ ဖြစ်နေရာ စုန့်ဘုရင်နှင့် လူထင်တို့က ၀မ်ချောင်၏ တိတ်ဆိတ်နေမှုအား ပို၍ပင် သိချင်စိတ် ပြင်းပျလာခဲ့သည်။

“ အမှန်ပဲ ချောင်သခင်လေးအနေနဲ့ စုန့်ဘုရင်ရှေ့မှာ ပြောလို့ အဆင်မပြေတဲ့အရာ မရှိပါဘူး.. ပြောသာပြောပါ.. ”

လူထင် ပြုံးကာပြောသည်။

သူ့အနေဖြင့် ဤကောင်လေးသည် အတော်ရဲတင်းလှသည် အထူးသဖြင့် ယောင်ကွမ်းရီ ဖြစ်ရပ်၌ ဖြစ်သည်။ ထို့ကြောင့် ၀မ်ချောင် တွန့်ဆုတ်နေသည်ကိုမြင်လျှင် အလွန်အံ့အားသင့်သွားသည်။

ထိုသည်က သူသိရှိထားသည့် ၀မ်ကလန်၏ ကြယ်ပွင့်မှ ဟုတ်ပါလေစ။

“ ကျွန်တော် ရဲတင်းစွာနဲ့ပဲ မေးပါရစေ.. အရှင် ကြင်ယာတော်ထိုက်ကျန်း အရေးခင်းနဲ့ ပက်သက်ပြီး စိုးရိမ်နေပါသလား.. ”

၀မ်ချောင် အတွင်းစိတ်ထဲ၌ အတန်ကြာ တိုက်ခိုက်ပြီးနောက် ပြောရန် ဆုံးဖြတ်လိုက်သည်။

၀မ်း..

၀မ်ချောင်၏ စကားလုံး နှုတ်မှ ထွက်လာသည့်အခါ တောင်တုနှင့် ဝါးရုံတောရှိ လေထုက ချက်ချင်း ပြောင်းလဲသွားသည်။ မုန်တိုင်း ၀င်လာသည့်နှယ် ကောင်းကင်ပင် မှောင်လာခဲ့သည်။

၀မ်ချောင်၏ နားထဲ၌ လေတိုးသံများသာ ကြားနေရသည်။ ခေါင်းငုံ့လိုက်သည်တွင် စုန့်ဘုရင်၏ ၀တ်ရုံ တုန်ယင်နေသည်အား တွေ့လိုက်ရသည်။

“ မင်း ဘာကို ပြောချင်တာလဲ... ”

စုန့်ဘုရင်၏ အသံက တင်းမာနေသယောင်။ တစ်လျောက်လုံး သူ့အနေဖြင့် အကြီးအကဲတစ်ဦးကဲ့သို့ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံခဲ့သော်လည်း ဤအချိန်မှာတော့ သူ၏ အမူအရာ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။

လူထင်၏ မျက်နှာပင် မဲမှောင်နေ၏။ ၀မ်ချောင်အပေါ် ကောင်းမွန်သည့်အမြင် တစ်လျှောက်လုံး ဖြစ်တည်ခဲ့သော်လည်း ဤအခါတွင် ဆိတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။

ပတ်၀န်းကျင်တွင် ပြင်းထန်သည့် ဖိအားတစ်ခု ဖြစ်ပေါ်နေပြီး ၀မ်ချောင်အား ဦးတည်နေဟန်ရသည်။

“ အရှင်.. သင် အထင်မှားနေပြီ..... ”

၀မ်ချောင် အလျင်အမြန် ရှင်းပြလိုက်သည်။ စုန့်ဘုရင်က သူ၏ ရည်ရွယ်ချက်အား ထပ်မံ အထင်မှားနေကြောင်း ၀မ်ချောင် သိလိုက်သည်။

“ ၀မ်ချောင်.. အကြီးအကဲတစ်ယောက်အနေနဲ့ ငါမင်းကို သတိပေးလိုက်မယ်.. အင်ပါယာအရှင်ကို ဂုဏ်သိက္ခာနဲ့ ပြည့်စုံအောင် ထိန်းသိမ်းပေးရမှာ ငယ်သားတွေရဲ့ တာ၀န်ပဲ.. ဒါက ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့အတွက် ဘယ်အရာထက်မဆို အရေးကြီးတယ်.. တကယ်လို့ အင်ပါယာအရှင်က အမှားကျူးလွန်ရင် တကယ်လို့ အပြစ်တင်ခံရမယ် ရာထူးချခံရမယ် ထုတ်ပယ်ခံရမယ်ဆိုရင်တောင် ငယ်သားဖြစ်သူက အကြံပေးကိုပေးသင့်တယ် ဘာလို့လဲဆိုတော့ ဒီကိစ္စက ကိုယ့်အသက်ထက်ပို အရေးကြီးနေလို့ပဲ.. ”

“ အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပြီး ပါးနပ်တယ် သူက မဟာထန် သမိုင်းတစ်လျောက် အကြီးကျယ်ဆုံး အင်ပါယာအရှင်ပဲ.. သူ့လက်ထဲမှာ မဟာထန်ရဲ့ ပိုင်နက်က ပိုကျယ်လာသလို ပိုပြန့်လာခဲ့တယ်.. တောင်ဘက်မှာ ကျောင်းကျီ၊ မြောက်ဘက်မှာ ယင်တောင်တန်း၊ အရှေ့ဘက်မှာ အရှေ့ပင်လယ်ထိ၊ အနောက်ဘက်မှာ ပါမာတောင်တန်း အားလုံးက ငါတို့မဟာထန်ရဲ့ ပိုင်နက်တွေပဲ.. လက်ရှိပိုင်နက်က ဘယ်မင်းဆက်ထက်မဆို သာလွန်တယ်.. အခုက ငါတို့ အလယ်ပိုင်းလွင်ပြင် ကြီးပွားတဲ့ကာလပဲ.. ဘယ်အင်ပါယာအရှင်ကမှ သူ့ကို မမှီနိုင်ဘူး.. ချင်းရှီဟောင် လဲမမှီဘူး.. ဟန်ရဲ့ အင်ပါယာဝူ လဲမမှီဘူး.. ”

( ကျောက်ကျီက လက်ရှိဗီယက်နမ်မြောက်ပိုင်းပါ)

“ ကောင်းမွန်တဲ့အုပ်ချုပ်မှု တောင့်တင်းတဲ့စစ်တပ်နဲ့ဆိုရင် ငါတို့နေထိုင်နေတာက မြေကြီးက ရွှေသီးတဲ့ခေတ်ပဲ.. သံသယရှိစရာမလိုဘူး ငါတို့ အရှင်မင်းကြီးက သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး အင်ပါယာဖြစ်တယ်.. လက်ရှိမှာ သူက မိန်းမတစ်ယောက်ကြောင့် ဆုံးဖြတ်ချက် မှားယွင်းနေပေမဲ့ ငယ်သားတစ်ယောက်အနေနဲ့ ငါတို့က သူ့ကို လမ်းပြပေးရမယ်.. ဘယ်လိုပဲ ဖြစ်လာပါစေ သမိုင်းရဲ့ အကြီးကျယ်ဆုံးအင်ပါယာတစ်ပါးကို လှောင်ရယ်ကြမဲ့ အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး.. ”

စုန့်ဘုရင် နာကျင်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

Chapter 110 အခြားရှုထောင့်

ဤစကားများက စုန့်ဘုရင်မှ ၀မ်ချောင်အား သတိပေးခြင်း ဖြစ်သကဲ့သို့ သူ၏ အမြင်လည်း ဖြစ်သည်။

မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်သည် ယခုကဲ့သို့ စည်ပင်သာယာရန် မလွယ်ကူခဲ့ပေ။ အလယ်ပိုင်းလွင်ပြင်၌ နှစ်ထောင်ပေါင်းများစွာအတွင်း အင်ပါယာမည်မျှ ပေါ်ထွန်း ခဲ့ပြီးပြီနည်း။

စုန့်ဘုရင်သည် အရှင်မင်းကြီးအား အလွန်အမင်းရိုသေလေးစားကာ ထိုသည်ကြောင့်လည်း ပလ္လင်အား အမည်းစက် စွန်းထင်းစေမည့် ကိစ္စရပ်အား အဖြစ်မခံနိုင်ခြင်း ဖြစ်ပေသည်။

ဘုရင်မှ ငယ်သား၏ဇနီးအား သိမ်းပိုက်ခြင်း ဤသည်က မော်ကွန်းတင်ခံရပေမည်။

ဖခင်ဖြစ်သူက သားဖြစ်သူ၏ဇနီးအား သိမ်းပိုက်ခြင်း ဤသည်က စက်ဆုပ်ဖွယ်ကောင်းပေသည်။

..........

ထိုကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူအား လုပ်ဆောင်ခဲ့သည့် အင်ပါယာတစ်ပါးအနေဖြင့် သမိုင်းတွင် အကြီးအကျယ် အပြစ်တင်ခံရပေလိမ့်မည်။

အင်ပါယာအရှင်သည် ဉာဏ်ပညာကြီးမားသလို၊ ဖြောင့်မတ်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည်။ မဟာထန်၏ အောင်မြင်မှုက အလွယ်တကူရရှိခဲ့ခြင်းမဟုတ်ပဲ သူက အဓိကနေရာမှ ပါ၀င်ခဲ့သည်။

ဤသည်က အင်ပါယာအရှင်အား တားဆီးချင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

မည်သူဖြစ်စေ အင်ပါယာအရှင်၏ ကြင်ယာတော်ထိုက်ကျန်းအရေးခင်းအပေါ် ထောက်ခံသည့် သူတိုင်းက သူ၏ ရန်သူ ဖြစ်လာပေလိမ့်မည်။

သူက ၀မ်ချောင်သည် သူ့အား အကြံပေးခြင်း သို့မဟုတ် သူ့အား ဆန့်ကျင်သည်ဆိုပါက သူ့အနေဖြင့် ၀မ်ချောင်အား မှားယွင်းဆုံးဖြတ်မိပြီ ဖြစ်သည်။ လူတစ်ယောက်၌ အရည်အချင်းရှိလေလေ တော်၀င်ရုံးတော်အား ပိုမို ထိခိုက်စေနိုင်လေ ဖြစ်ပေသည်။

အကယ်၍ ၀မ်ချောင် သူ့အား အမှန်တကယ် ရပ်တန့်စေချင်သည် ဆိုပါက သူ တော်၀င်ရုံးတော်၌ ရှိနေစဉ် ကာလတစ်လျောက်လုံး ၀မ်ချောင်၏ တိုးတက်မှုအား အဖြစ်ခံတော့မည် မဟုတ်ပေ။

အကယ်၍ ၀မ်ချောင်သည် ကျိုးအမတ်ကြီး၏ မြေး ၀မ်ယန်၏ သား ဖြစ်နေလျှင်တောင်မှ ဖြစ်သည်။

ဟူး..

တောင်တု၀န်းကျင်ရှိ ဝါးပင်များက လေအဝှေ့တွင် ဟိုဒီ ယမ်းခါလို့နေသည်။

လေထုက အလွန်ဖိအားများနေပြီး လူထင် ပင်လျှင် မသက်မသာသည့်အမူအရာ မျက်နှာ၌ ထင်ဟပ်နေသည်။

၀မ်ချောင် သက်ပြင်းချလိုက်၏။ သူ ယခု မည်သည့်စကားကို ပြောပါစေ မှားယွင်းနေမည်က သေချာနေသည်။

သို့သော် သူကလည်း ကြင်ယာတော်ထိုက်ကျန်း အရေးအခင်းအား မျက်နှာလွဲ ခဲပစ် မလုပ်နိုင်ပေ။

ဤကိစ္စက အမှန်ပင် အရေးပါလှသည်။ စုန့်ဘုရင်က ၀မ်ကလန်အား မထောက်ခံခဲ့လျှင်ပင် ဦးကြီး၀မ်ကျန်က ဤ အရေး၌ ၀င်ပါနေဦးမည် ဖြစ်၏။

ထို့ထက်ပို၍ ၀မ်ချောင်က သူသည် မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်၏ ကံကြမ္မာအား ပြောင်းလဲချင်သည့် သူ၏ ဆန္ဒအား အကောင်အထည်ဖော်ချင်သည်ဆိုပါက စုန့်ဘုရင်၏ မပါပဲ မဖြစ်နိုင်ကြောင်း သိနေသည်။

‘ သန့်စင်တဲ့ရွှေဆိုတာ မရှိသလို ပြည့်စုံတဲ့လူဆိုတာ ဒီကကမ္ဘာမှာ မရှိဘူး.. ’ စုန့်ဘုရင်၌ ထိုသို့ အားနည်းချက် ရှိသည့်တိုင် တော်၀င်ရုံးတော်၏ စစ်ဖက်ဆိုင်ရာ အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်နေဆဲပင်။

ချီဘုရင် သို့မဟုတ် ယောင်ကလန်ဖြစ်စေ သူကဲ့သို့သော အမျှော်အမြင် မရှိကြချေ။ ထိုသူတို့က အမြင်ကျဉ်းလွန်းကြပြီး သူတို့၏ အမြင်က တိုင်းပြည်အပေါ် အကန့်အသတ်ရှိသည်။

ယောင်ကလန်သည် ဗျူဟာအကွက်ချ ကျွမ်းကျင်ပြီး ချီဘုရင်က အာဏာတပ်မက်၏။ အကယ်၍ စုန့်ဘုရင်သာ ပြိုလဲသွားပါက သူတို့သည် တော်၀င်ရုံး၌ အမြင့်ဆုံးဖြစ်သွားမည်ဖြစ်ပြီး ထိုသည်က မဟာထန်အတွက် ကပ်ဆိုးသာဖြစ်သည်။

အနာဂတ်မှ မဟာကပ်ဘေးအား ရင်ဆိုင်ရင် တော်၀င်ရုံးတော်၌ စုန့်ဘုရင်ကဲ့သို့သောသူ ရှိနေရန် လိုအပ်လှသည်။ မဟာထန်က စုန့်ဘုရင်ကဲ့သို့သော သူအား အထူးလိုအပ်သည်။ အလယ်ပိုင်းလွင်ပြင်က စုန့်ဘုရင်ကဲ့သို့သောသူအား အမှန်လိုအပ်သည်။ ပြီးလျှင် ၀မ်ချောင်သည်လည်း သူ့အား လိုအပ်သည်။

စုန့်ဘုရင်ကဲ့သို့သော စစ်တပ်၌ သြဇာညောင်းသည့်သူ၏ အထောက်အပံ့အား ရရှိမှသာလျှင် သူ၏ အကြံအစည်များအား လွယ်လင့်တကူ ဖော်ဆောင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် မည်သည့်အရာဖြစ်လာပါစေ စုန့်ဘုရင် ပြိုလဲမည်အား ခွင့်ပြု၍ မရပေ။

သူ၏ ကိုယ်ပိုင်ပန်းတိုင်အတွက်ဖြစ်စေ သူ၏ ရည်မှန်းချက်အတွက်ဖြစ်စေ ၀မ်ကလန် သို့မဟုတ် မဟာထန်အတွက် ၀မ်ချောင် သူ့အား အလဲပြိုမခံနိုင်ပေ။

“ အရှင်... ”

ခေါင်းအား ငုံ့ထားကာ ၀မ်ချောင် အားတင်း၍ ပြောလိုက်သည်။

“ ကျွန်တော်က အရှင့်ရဲ့ စိတ်ကူးကို ဆန့်ကျင်လိုစိတ် မရှိပါဘူး.. သို့ပေမဲ့လို့ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းနဲ့ ပက်သက်ပြီး အရှင်က ရှောဘုရင်နဲ့ ဆွေးနွေးဖို့ ဘာလို့ မကြိုးစားကြည့်တာလဲ.. ”

၀မ်...

ငြိမ်သက်.. အလုံးစုံ ငြိမ်သက်သွား၏။

‘ ရှောဘုရင် ’ဟူသည့် စကားအား ကြားလိုက်သည်တွင် စုန့်ဘုရင်နှင့် လူထင်နှစ်ဦးလုံး မှင်သက်သွားသည်။ ရှောဘုရင် ဘုရင်ခံရှော..

သူတို့ နှစ်ယောက် ဖြစ်နိုင်ချေ အားလုံအား တွေးတောခဲ့ကြသည့်တိုင် ၀မ်ချောင်မှ ရှောဘုရင်အား ဤကိစ္စထဲသို့ အဘယ်ကြောင့်ဆွဲထည့်မှန်း မစဉ်းစားနိုင်ကြပေ။

ရှောဘုရင်မှာ ထိုက်ကျန်းကြင်ယာတော် အရေးခင်းမုန်တိုင်း၌ မုန်တိုင်းမျက်လုံးဖြစ်သည်က သံသယဖြစ်စရာမလိုပေ။ သို့တိုင် စုန့်ဘုရင်ဖြစ်စေ ချီဘုရင်ဖြစ်စေ ယောင်ကလန်ဖြစ်စေ တော်၀င်ရုံးတော်တစ်ခုလုံဖြစ်စေ မည်သူမှ ရှောဘုရင်အား ရှာဖွေရန် မစဉ်းစားမိကြချေ။

‘ အဖေက သားရဲ့မယားကို ယူတယ်.. ဘုရင်က ငယ်သားရဲ့မယားကို တော်ကောက်တယ်.. ’ ဤအခြေအနေ၌ မောင်ကျန်ရစ်သာလျှင် အထိအနာဆုံး ဖြစ်မည် မဟုတ်လော။ ထိုသူက အတိအကျပင် ရှောဘုရင် လီမောင် ဖြစ်ပေသည်။

ပြောကြသည့်အတိုင်း ‘ တကယ်လို့ အင်ပါယာအရှင်က ငယ်သားကို သေစေချင်ရင် ငယ်သားက ရွေးချယ်စရာမရှိ သေပေးရတယ်.. ’ အကယ်၍ အင်ပါယာအရှင်မှ ရှောဘုရင်၏ ဇနီးအား လိုချင်သည်ဆိုပါက သူဘာများ တတ်နိုင်ဦးမည်နည်း။

ရှောဘုရင်က တစ်ခါနာကျင်ခဲ့ပြီးဖြစ်ရာ မည်သူမှ သူ့အား ထင်မံ မနာကျင်စေလိုတော့ပေ။ ထို့ကြောင့် တော်၀င်ရုံးတော်ရှိ အရာရှိတိုင်းက ရှောဘုရင်အား သွားရောက်တွေ့ဆုံးကာ ဤကိစ္စအားအ အစပြန် မဖော်ကြခြင်း ဖြစ်ပေသည်။

“ တော်၀င်ရုံးတော် တစ်ခုလုံက ကြင်ယာတော်ထိုက်ကျန်း အရေးအခင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် ကျွန်တော့်အနေနဲ့ ၀င်ပြောရမဲ့နေရာ မဟုတ်ပါဘူး.. ဘယ်လိုပဲဖြစ်စေ အရှင့်အနေနဲ့ ဆုံးဖြတ်ချက်မချခင် ရှောဘုရင်နဲ့တွေ့ပြီး ဆွေးနွေးကြည့်ဖို့ ပြောချင်ပါတယ်.. ”

၀မ်ချောင် ခေါင်းငုံ့လိုက်ပြန်သည်။

ယခင် သူ၏ ရှေ့ဘ၀၌ ၀မ်ချောင် ဤ အရေးခင်းအပေါ် သံသယများစွာ ရှိပေ၏။

အဘယ်ကြောင့် မှန်ကန်ဖြောင့်မတ်သည့် အင်ပါယာက တဏှာ၌ ရုတ်ချည်း နှစ်မွန်းသွားကာ တော်၀င်ရုံးတော် တစ်၀က်လောက်အား ဆန့်ကျန်ခဲ့သနည်း။ တော်၀င်မျိုးနွယ်၏ ဘုရင်များစွာအား ရာထူးချကာ အရာရှိများစွာလည်း ပါ၀င်ပေသည်။

အကယ်၍ အင်ပါယာအရှင်က အရည်အချင်းမရှိ ညံ့ဖျင်းသည်ဆိုလျှင် ၀မ်ချောင် နားလည်နိုင်သေးသည်။ သို့တိုင် ယခုမှာတော့ ပြည်သူလူထုကပင် ဉာဏ်ပညာကြီးမားသည့် အင်ပါယာအရှင်ဟု သတ်မှတ်ခံရသူ ဖြစ်၏။

သို့သော် ကြင်ယာတော်ထိုက်ကျန်း အရေးခင်း၌ သူ၏ ဆုံးဖြတ်ချက်က မည်သို့မှ ဉာဏ်ပညာကြီးမားသည့် အင်ပါယာအရှင် မဟုတ်တော့ပေ။

စုန့်ဘုရင် ပြောသကဲ့သို့ပင် သမိုင်း၌ အမဲစက်ထင်သွားပေလိမ့်မည်။

အင်ပါယာအရှင်၏ လုပ်ဆောင်မှုတိုင်းက သာမန်သူများနှင့် လုံး၀ မတူညီပေ။

ထိုသို့သာ မဟုတ် ကြင်ယာတော် ထိုက်ကျန်းက တိုင်းပြည်၏ တုနှိုင်းမရှိ အလှတရားအဖြစ် အသိအမှတ်ပြုခံထားရသည်။ သူမ၏ အလှတရား ထုတ်ဖော်လိုက်သည်နှင့် ငါးများ ရေနစ်၊ ငန်းများ သတ်သေ၊ လရောင် ဖျော့တော့၊ ပန်းများ ကြွေကျ .. မည်သည့် အချိန်နှင့်အာကာသ ဖြစ်တည်မှု၌ဖြစ်စေ သူမသည် သမိုင်း၏ အလှဆုံးသောသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပေသည်။ ( ငှဲ့ နည်းနည်းတော့များတယ်.. သေသွားတဲ့ သမိုင်းပညာရှင်တွေရဲ့ အုတ်ဂူ ဖော်ပြီး ကျုပ်ကောင်မလေးကို ပြဦးမယ်.. TL Note)

၀မ်ချောင်က ကြင်ယာတော် ထိုက်ကျန်းအား မတွေ့ဖူးပေ သူမ မည်သို့သော ပုံစံရှိသည်အား မသိသည့်တိုင် ရှောဘုရင်ကိုတော့ ယခင်က မြင်ခဲ့ဖူးသည်။

သူ၏ ယခင်ဘ၀၌ ၀မ်ချောင်သည် မြို့တော်၏ ပျက်ဆီးနေသည့် သခင်လေးအဖြစ် ရှိနေစဉ်၌ လမ်းကြိုလမ်းကြားများအာ လျှောက်သွားတတ်သည်။ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းအပြီး၌ သူက ရှောဘုရင်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့သည်။

ထိုအချိန်၌ ရှောဘုရင်၏ မျက်နှာသည် ၀င်းပနေပြီး အပြုံးအား မျက်နှာ၌ ချိတ်ဆွဲထားသည်။ သူ၏ အသက်တမျှ ချစ်ခင်ရသည့်သူအား ဖခင်ထံ၌ ဆုံးရှုံးခဲ့သည့် သူနှင့် လားလားမှမဆိုင်ပေ။

ထိုသည်က တစ်ခဏသာဖြစ်ပြီး သူ့ကိုယ်သူ သတိပြုမိချိန်၌ အိမ်တော်ထဲသို့ ပြန်၀င်သွားခဲ့သည်။ ထို မြင်ကွင်းတစ်ခုက ၀မ်ချောင်အား အထူးအဆန်း ဖြစ်စေခဲ့သည်။

၀မ်ချောင်မှ ရှောဘုရင်အား ပထမဦးစွာ တွေ့ဖူးခြင်းဖြစ်သလို တစ်ခါတည်းလည်း ဖြစ်၏။

၀မ်ချောင်က ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှာ ထင်ထားသလောက် မရိုးရှင်းမှန်း ခံစားမိသည်။

“ ဒါက မင်းပြောချင်တယ် ဆိုတဲ့ဟာလား.. ”

စုန့်ဘုရင် ၀မ်ချောင်အား စိုက်ကြည့်နေရင်း သူ၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ စိတ်ထဲ၌ မည်သည်အား တွေးနေသည်မှန်း မှန်းဆရန် ခက်ခဲလှသည်။

“ ဟုတ်ပါတယ်.. ”

အံကြိတ်ကာ ၀မ်ချောင် တုံ့ပြန်လိုက်သည်။

စုန့်ဘုရင်၏ စိတ်အား ပြောင်းလဲရန် ၀မ်ချောင် ထို့ထက်ပို၍ ပြောပြချင်၏။ မည်သို့ဆိုစေ အလျင်လိုပါက အမှားဖြစ်မည်အား သူသိနေပြီး လက်ရှိ သူနှင့် စုန့်ဘုရင်၏ ရင်းနှီးမှုက ဤနေရာ၌သာ ရပ်၍ ဆက်မပြောသင့်သည့် အခြေအနေ၌သာ ရှိသေးသည်။

“ ငါ နားလည်ပြီ.. ”

ပြောရင်း စုန့်ဘုရင်၏ တင်းမာသည့် အမူအရာ ပြေလျော့သွားသည်။

“ တော်၀င်ရုံးတော်ရဲ့ အရေးအခင်းတွေက ရှင်းပြရ အရမ်းခက်ခဲတယ်.. ဒါတောင်မှ မင်းက ဒီကိစ္စတွေကို ကောင်းကောင်း နားလည်နေသားပဲ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ တစ်ချို့အရာတွေကိုတော့ မင်း ကြီးလာမှ နားလည်လိမ့်မယ်.. ”

ပြောပြီးသည်နှင့် စုန့်ဘုရင်သည် လူထင်အား ခေါ်ကာ ထွက်ခွာသွားသည်။ အချိန်တစ်ခဏအတွင်း မြင်းလှည်း ထွက်ခွာသွားပြီး ဟူးလောင်းလောင်း လေးပြည်နယ်သံရုံးမှ အရှေ့ဖက်အရပ်သို့ ဦးတည်သွားသည်။

“ ဟူး............. ”

ထွက်ခွာသွားသည့် မြင်းလှည်းအား ကြည့်နေရင်း ၀မ်ချောင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ စကားမျာက အချည်းနှီးဖြစ်သွားသည်အား သူပြောနိုင်သည်။

စုန့်ဘုရင်က သူ၏ စကားအား လက်ခံခဲ့သည် မဟုတ်ပေ။

သို့ဆိုသော်လည်း ၀မ်ချောင် ထိုအဖြေအား မအံ့သြပေ။ အကယ်၍ ဤသို့သော အခြေအနေမျိုး၌ စုန့်ဘုရင်က ဆယ်ကျော်သက်လူငယ် တစ်ဦး၏ စကားအား နားထောင်သည်ဆိုမှသာ သူသိထားသည့် စုန်ဘုရင် ဟုတ်မည် မဟုတ်တော့ပေ။

ဆိုရလျှင် ၀မ်ချောင်၏ အကြံအား နားထောင်ပြီး ပြန်လည်တုန့်ပြန်သည့် အမူအရာသည်ပင် ၀မ်ချောင်တွေးထင် ထားသည်ထက် ပိုနေချေပြီ။

သို့ဆိုသော်လည်း ၀မ်ချောင် မကျေမနပ် မဖြစ်မိပေ။

စုန့်ဘုရင်က ၀မ်ချောင်၏ စကာအား အပြီးတိုင် နားမထောင်ခဲသော်လည်း ထိုသို့ ဖြစ်လာရန် သိပ်မကြာတော့မှန်း ၀မ်ချောင် သိနေပြီး စုန့်ဘုရင်က သူ၏ လက်ရှိအခြေအနေအား ကောင်းစွာ သိမြင်သွားပေလိမ့်မည်။

“ ဘာပဲဖြစ်ဖြစ်လေ ငါတတ်နိုင်သမျှ ကြိုးစားခဲ့ပြီပဲ.. ကျန်တာကတော့ ကောင်းကင်ရဲ့ အလိုတော်အတိုင်ပေါ့.. ”

၀မ်ချောင် ထိုသို့သာ တွေးလိုက်သည်။

၀မ်ချောင်က သူ၏ဦးကြီး၀မ်ကျန်အား စိတ်ပူခြင်းမရှိသလို သူ့အား အကြံပေးရန် ရည်ရွယ်ချက် မရှိပေ။ ဦးကြီးနှင့် စုန့်ဘုရင်တို့ မဟာမိတ်ဖြစ်ာကပြီး သူသာ စုန့်ဘုရင်အား နားချနိုင်ခဲ့လျှင် ဦးကြီးအား နားချပြီး ဖြစ်သွားပေလိမ့်မည်။

မည်သို့ဆိုစေ အကယ်၍ သူက စုန့်ဘုရင်အား နားမချနိုင်ခဲ့လျှင် ဦးကြီး၏ စိတ်အား ပြောင်းလဲရန်လည်း မဖြစ်နိုင်တော့ပေ။

၀မ်ချောင်က ဦးကြီး၏ စိတ်အား ပြောင်းလဲစေခြင်းက ကောင်းသည့်အရာမဟုတ်မှန်း သိနေပြီး..

နောက်လှည့်ကာ ၀မ်ချောင် အသိပညာစံအိမ်ရှိရာသို့ သွားလိုက်သည်။

.....

“ အရှင်.. ကျုပ်တို့ ရှောဘုရင်ဆီ သွားလည်သင့်လား.. ”

တစ်ချိန်တည်း၌ ၀မ်ချောင် သတိမမူမိသည့်အချိန်တွင် စုန့်ဘုရင်၏ မြင်းလှည်းထဲ၌ စကားဝိုင်းတစ်ခု စတင်နေသည်။

“ မင်းပြောချင်တာက...... ”

အံ့အားသင့်သွားပြီး စုန့်ဘုရင်က လူထင်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ၀မ်ချောင်က သူ၏ လုပ်ဆောင်မှုဖြင့် အသက်အရွယ်နှင့်မလိုက် ၎င်းတို့အား အံ့အားသင့်ရအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း အဆုံး၌ ဆယ့်ငါးနှစ်သာ ရှိသေးသည်။

စုန့်ဘုရင်က လူထင်သည် ၀မ်ချောင်၏ စကားအား မှတ်ယူလိမ့်မည်ဟု ထင်မထားပေ။

“ အဲ့ဒီကလေး ပြောတာကလဲ လုံး၀မမှားဘူး.. ပြီးတော့ ရှောဘုရင် သွားတွေ့ကြည့်တာကလဲ အကျိုးယုတ်စရာမှ မရှိတာ မဟုတ်လား.. ”

လူထင်ပြောလိုက်သည်။

လူထင်က ကြင်ယာတော်ထိုက်ကျန်း အရေးခင်း၌ စုန့်ဘုရင် လက်လျော့မည်မဟုတ်မှန်း သိနေသည့်တိုင် ၀မ်ချောင် အကြောင်းမဲ့ပြောသည်ဟုလည်း မထင်ပေ။

လူထင်၏ စကားအား ပြန်လည်သုံးသပ်နေပြီး စုန့်ဘုရင် ငြိမ်သက်နေသည်။

“ ထားလိုက်တော့.. ”

သို့သော် များမကြာမှီ သူ ခေါင်းခါလိုက်၏။

“ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းက ရှောဘုရင်အတွက် ပြောဖို့ ခက်ခဲနေမှာပဲ.. သူက တစ်ခါ ခံစားခဲ့ရပြီးပြီ ငါတို့လုပ်ရပ်က သူ့အနာကို ဆားထည့်ပေးမိသလို ဖြစ်သွားလိမ့်မယ်.. ”

“ ပြီးတော့လည်း ရှောဘုရင်က သူ့အိမ်တော်မှာပဲ တံခါးပိတ်နေနေတာ ဒီကိစ္စ စတည်းကပဲဆိုတော့ သူ့ကို တွေ့ဖို့လဲ မလွယ်ပြန်ဘူး.. ငါကတော့ ဒီအချိန်မှာ သူ့ကို သွားမနှောက်ယှက်တာပဲ ပိုကောင်းမယ်လို့ ထင်တယ်.. ”

စုန့်ဘုရင်က လူထင်၏ အကြံပေးမှုအား ပယ်ချလိုက်သည်။

လူထင် သက်ပြင်းချမိ၏။ သူက အလျင်မလိုပေ။

ရှောဘုရင် အိမ်တွင်း တံခါးပိတ်နေသည်ကလည်း အမှန်ဖြစ်ကာ ဧည့်သည်လက်မခံသည့်တိုင် စုန့်ဘုရင်က သူ၏ တော်၀င်ဦးရီးတော် ဖြစ်ပြီး အကယ်၍ သူသာပါ၀င်ခဲ့လျှင် ရှောဘုရင် ငြင်းဆန်ရဲမည်လား။

စုန့်ဘုရင် ထိုသို့ မပြုလုပ်ချင်ပေ။

“ ကျုပ်က အရှင့်ရဲ့ ဆန္ဒအတိုင်းပါပဲ.. ”

လူထင် ပြန်ဖြေလိုက်သည်။

..........

သူမ၏ အလှတရား ထုတ်ဖော်လိုက်သည်နှင့် ငါးများ ရေနစ်၊ ငန်းများ သတ်သေ၊ လရောင် ဖျော့တော့၊ ပန်းများ ကြွေကျ .. မည်သည့် အချိန်နှင့်အာကာသ ဖြစ်တည်မှု၌ဖြစ်စေ သူမသည် သမိုင်း၏ အလှဆုံးသောသူအဖြစ် သတ်မှတ်ခံရသူ ..

ဒီမှာ ၀မ်ချောင်ပြောချင်တာက လက်ရှိ မျက်မှောက်ကမ္ဘာပေါ့.. ဒီကမ္ဘာမှာ ထိုက်ကျန်းကြင်ယာတော် ( ယန်ထိုက်ကျန်း သို့မဟုတ် ယန်ယုဟွမ် ) ဟာ မဟာအလှတရားလေးပါးထဲမှာ ပါ၀င်ပါတယ်. ငါးများ ရေနစ်၊ ငန်းများ သတ်သေ၊ လရောင် ဖျော့တော့၊ ပန်းများ ကြွေကျ .. ဒီစကားစုက သူတို့ရဲ့ အလှတရားကို ဖော်ကျူးထားတဲ့ စကားလုံးတွေပါ..

All Chapters