အခန်း (၁၁၁-၁၁၅)
Vol. 4 Ch. 111-115
Chapter 111 ယောင်ကလန်မှ သားအဖ
စုန့်ဘုရင် ထွက်သွားပြီးနောက် စစ်ဘက်နှင့်အစိုးရဖက်မှ အရာရှိများကလည်း ပြန်သွားကြပြီး လေးပြည်နယ်သံရုံးမှာ နောက်ဆုံးတော့ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဤအချိန်၌ နေသည်လည်း အနောက်ဘက်သို့ ခို၀င်သွားခဲ့ပြီ။
လွန်ခဲ့သော နှစ်များအတွင်း ကလန်တစ်ခုလုံး ဝေနာရီ ရောက်သည်နှင့် စုရုံးလေ့ရှိကြပြီး ဤနှစ်၌ လည်ပတ်သူ များပြားလှရာ ဤနှစ်၌ ယူနာရီမှသာ ပြီးဆုံးသည်။ ( ဝေနာရီ ၁နာရီမှ ၃နာရီကြား ယူနာရီ ၅နာရီမှ ၇နာရီကြား)
“ ကောင်စုတ်လေး နင်တော်တော်နောက်ကျတာပဲကွ.. ငါ နင်နဲ့နောက်တစ်ခါမှပဲ စကားပြောတော့မယ် ဒါပေမဲ့ ငါခေါ်တဲ့အချိန် နင်မြန်မြန်ပြေးလာတာ ပိုကောင်းမယ်နော်. ”
မပြန်ခင် ဒုတိယအစ်မမှ မြင်းလှည်းအတွင်းမှ လက်သီးဆုပ်ပြသည်။
“ သိပါပြီဗျာ.. အစ်မနှစ်ရဲ့ စကားကို ဘယ်လိုလုပ် လွန်ဆန်ရဲပါ့မလဲ.. ”
၀မ်ချောင် ပြုံးပြလိုက်သည်။
၀မ်ကျူးယန်မှ ၀မ်ချောင် နောက်ကျသည့် အကြောင်းအား လျှော်ပေးလိုက်သည်။
များစွာသော မိသားစုများက ၎င်းတို့၏ မြင်းလှည်းများဖြင့် လာရာသို့ ပြန်သွားကြသည်။ ၀မ်ချောင်က ခန်းစီးစအားမကာ လေးပြည်နယ်သံရုံးအား နောက်တစ်ဖန် ကြည့်လိုက်၏။
ညကောင်းကင်အား နောက်ခံထား၍ မီးအိမ်များ ဟိုဟိုဒီဒီ ချိတ်ဆွဲထားသည်က လေးပြည်နယ်သံရုံးအား ညအမှောင်ထဲ၌ လင်းချင်းနေစေသည်။
၀မ်ချောင်က မုန်တိုင်းသည် ဤနေရာမှစကာ တော်၀င်ရုံးတော် တစ်ခုလုံးအား တိုက်ခတ်တော့မည်ကို သိနေသည်။ ပြည်နယ်သေနာပတိ အရေးခင်းဖြစ်စေ ကြင်ယာတော်ထိုက်ကျန်း အရေးခင်းဖြစ်စေ မဟာထန်၏ တော်၀င်ရုံးတော်အား အပြင်းအထန် ရိုက်ခတ်ပေတော့မည်။
သို့သော် ၀မ်ချောင် အနေဖြင့် လုပ်နိုင်သည့်အရာ ဘာမှ ရှိမနေချေ။
သူ တတ်စွမ်းသမျှ ကြိုးစားခဲ့ပြီး ဖြစ်သည်။ ကျန်သည့်အရာများက သူ့လို ကလေးတစ်ယောက် တတ်နိုင်မည် မဟုတ်တော့။
“ ငါ တစ်ခြားကိစ္စတွေကို ဦးစားပေးသင့်ပြီ... ”
၀မ်ချောင် တွေးလိုက်၏။ လေးပြည်နယ်သံရုံးအား ထပ်မံ ကြည့်လိုက်ပြီး စိတ်ထဲ၌ အနည်းငယ် စိုးရိမ်မိသည်။
နှစ်တိုင်း အင်ပါယာအရှင်သည် ဘိုးဘိုးကြီး၏ မွေးနေ့အတွင် ထွက်ပေါ်လာတတ်သော်လည်း ၀မ်ချောင် သူ့အား တစ်ခါမှ မတွေ့ဖူးပေ။ အင်ပါယာအရှင်သည် အစဉ်အမြဲ နေ့ခင်း လူမြင်ကွင်းတွင် ထွက်ပေါ်လာတတ်သည့်တိုင် လေးပြည်နယ်သံရုံးတွင်တော့ မည်သည့် အရာရှိ မည်သည့်မိသားစုမှ မကျန်တော့သည့်အချိန်မှ လာတတ်သည်။
ထို့ကြောင့် ဤနှစ်များအတွင်း ၀မ်ချောင် အင်ပါယာအရှင်အား မတွေ့ဖူးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုသည်က အင်ပါယာအရှင်၏ ဘိုးဘိုးကြီးအပေါ် အထူးအလေးထားခြင်းတစ်မျိုး ဖြစ်ပြန်သည်။
“ သားရေ သွားကြရအောင်.. ”
သူ့မိခင်၏ အသံက အထဲမှ ထွက်ပေါ်လာပြီး ၀မ်ချောင်၏ အတွေးတို့အား နောက်ပြန်လည်စေသည်။
ကျား...
မြင်းထိန်းမှ ကျိန်းမောင်းသံက ကျယ်လောင်စွာပေါ်ထွက်လာပြီး မြင်းလှည်းက ၀မ်မိသားစုအိမ်တော်သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။
အသိပညာစံအိမ်၌ လူအုပ်ကြီးဖြင့် တစ်နေကုန် စည်ကားနေသော်လည်း မြင့်မားလှသည့် တံတိုင်းဖြင့် ကာရံထားသည့် လေးပြည်နယ်သံရုံး၏ အနောက်ဘက်အရပ်တွင်တော့ သေဆုံးနေသည့်အလား တိတ်ဆိတ်နေပြီး အလင်းရောင်တစ်ခုပင် မရှိနေပေ။
“ ၀မ်ကလန်သားတိုင်း ပြန်သွားကြပြီ.. ”
အမှောင်ထုထဲမှ အိုမင်းသည့်အသံ ထွက်လာ၏။ ကြည့်ရသည်အရ သူသည် ယခင်ကတည်းက ဤနေရာ၌ ရှိနေပြီး အရာအားလုံးအား စောင့်ကြည့်နေပုံပေါ်သည်။
“ မှန်ပါတယ် အဖေ.. သူတို့ ထွက်သွားကြပြီ.. ”
သက်လတ်ပိုင်းအရွယ်လူမှ လေးစားသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
ချီ...
မီးခတ်ကျောက်သံထွက်ပေါ်လာပြီး အခန်းထဲ၌ အလင်းရောင် ပေါ်ထွက်လာသည်။ ဆီမီးအိမ်အား ထွန်းညှိလိုက်ခြင်း ဖြစ်သည်။
မီးရောင် မှိန်ဖျော့ဖျော့အောက်၌ သက်လတ်ပိုင်းအရွယ်လူ၏ ပုံရိပ် ပေါ်လာပြီး သူ၏ မျက်နှာအား မြင်ရစေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူက အလွန်ထူးခြားမှန်း ပြောနိုင်သည်။
သို့သော် သူ၏ မျက်လုံးတစ်စုံမှာတော့ သံသယများနှင့်ပြည့်နေပြီး တိမ်ဖုံးနေသကဲ့သို့ပင်။
အကယ်၍ ၀မ်ချောင် ဤနေရာ၌ ရှိနေလျှင် အံ့အားသင့်သွားပေလိမ့်မည်။
ထိုသူက အခြားသူမဟုတ် ၀မ်ကလန်၏ ကမ္ဘာမကြေရန်သူတော်ကြီး တစ်ဖြစ်လည်း ၀မ်ယန်အား ထောင်ခြောက်ဆင်ခဲ့သူ ယောင်ကွမ်းရီ ဖြစ်ပေသည်။
နယ်စပ်မှ တိုက်ပွဲ၌ ယောင်ကွမ်းရီသည် သူ၏ အကွက်ဖြင့် သူပြန်လည်ခံစားလိုက်ရသည့်အတွက် မြို့တော်၌ ဟားတိုက်စရာ ဖြစ်ခဲ့ရသည်။ ထိုနေ့ရက်ပြီးနောက် ယောင်ကွမ်းရီ အိမ်တွင်းအောင်းနေခဲ့ပြီး သူ၏ အမှားအား ပြန်လည် ဆင်ခြင်နေခဲ့သည်။
သို့သော် ထူးဆန်းစွာပင် ကျိုးအမတ်ကြီး၏ မွေးနေ့၌ သူက ယောင်အိမ်တော်၌ ရှိမနေပေ။ ထိုအား ၀မ်ကလန် သခင်ကြီး၏ အသိပညာစံအိမ် ညာဖက်ရှိ အိမ်တော်သို့ ရောက်ရှိနေသည်။
၀မ်ကလန်က လေးပြည်နယ်သံရုံးအတွင်း သူ၏ တည်ရှိမှုအား မသိနေပဲ ထိုသည်က ဟာကွက် တစ်ခုဟု ဆိုနိုင်သည်။ အကယ်၍ ၀မ်ကလန်သာ ယောင်ကွမ်းရီသည် တစ်နေ့လုံး ပြောနေသည်များအား နားထောင်ကြောင်း သိရှိပါက ထိတ်လန့်သွားကြပေလိမ့်မည်။
“ အဖေပြောတာ သား ဒီနေ့ တစ်နေ့လုံး သူတို့ ပြောတာ နားထောင်နေရင် ဘယ်သူက ကျွန်တော့ကို ဒီလိုလုပ်ခဲ့တာလဲ သိရမယ်ဆို.. သားရဲ့ မသိနားမလည်မှုကို ခွင့်လွတ်ပေးပါ.. အဖေက ပြောပြပေးဖို့ မျှော်လင့်ပါတယ်.. ”
ခေါင်းငုံ့ထားကာ ယောင်ကွမ်းရီက စာသင်သားတစ်ဦးအလား လေးစားစွာဖြင့် ပြောဆိုနေသည်။
နယ်စပ်မှ တိုက်ပွဲသည် သူ၏ နှလုံးအိမ်၌ အထုံးအဖွဲ့တစ်ခု ဖြစ်နေ၏။ သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု အမြဲခံယူထားပြီး သူ၏အကြံ အောင်မြင်ရေးအတွက် အလုံးစုံ ပြင်ဆင်ထားသည့်တိုင် ၀မ်ကလန်၏ ထိုဗျူဟာရှင် လက်ထဲ၌ ကျရှုံးခဲ့ရသည်။ ထိုသည်က သူ့အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လေ၏။
အကယ်၍ ထိုသို့သာ ဆိုပါက လက်ခံနိုင်သေးသည်။
သို့သော် ယောင်ကွမ်းရီက သူမည်သို့ ရှုံးနိမ့်သွားကြောင်းကိုပင် မသိနေချေ။ ထိုသည်က ယောင်ကွမ်းရီကဲ့သို့ ဂုဏ်မောက်သူအဖို့ လက်မခံနိုင်စရာပင်။
ယောင်ကွမ်းရီက ထိုသည်အား မဖြေရှင်းနိုင်မချင်း ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။
ဖူး....
မည်သူမှ သူ၏ မေးခွန်းအား ဖြေကြားခြင်း မရှိပေ။ ဆီမီးအိမ်မှ မီးရောင်ဖျော့ဖျော့က အသားဖြူဖြူနှင့် လူအိုကြီးအပေါ် ဖြာကျနေ၏။ သူ၏ဆံပင်နှင့် မုတ်ဆိတ်တို့က ဖွေးဆွတ်နေပြီး မျက်နှာ၌ အရေးကြောင်းများ အပြည့်ဖြစ်သည်။
လူအိုကြီးက ယောင်ကွမ်းရီ၏ စကားအား ကြားလျှင် ရယ်၍သာနေသည်။ အပ်တစ်ချောင်အား ကိုင်ကာ ဆီမီးအိမ်ပေါ်၌ မီးပေးနေလေသည်။
အကယ်၍ မသိသည့်သူဆိုလျှင် အပ်အား အပူပေးနေသည့် ထိုသာမန်လူအိုကြီးသည် မဟာထန်အင်ပါယာ၏ အခြားထိပ်သီးပုံရိပ်ရှိသူ ယောင်ယွမ်ကျီ တစ်ဖြစ်လည်း ယောင်ကလန်၏ လူအိုကြီးဖြစ်မှန်း သိကြလိမ့်မည် မဟုတ်ပေ။
၀မ်ကလန်၏ သခင်ကြီး ၀မ်ကျိုးလင်းနှင့် ဆန့်ကျင်စွာ ယောင်ချောင်က မည်သည့်အခါကမှ စစ်တပ်အား ဦးဆောင်ဖူခြင်းမရှိသလို ကမ္ဘာတုန်လောက်သည့် မည်သည့်စစ်ပွဲကိုမှ ဆင်နွှဲဖူးခြင်း မရှိပေ။ မည်သည့် ပြဿနာကြီးများတွင်မှ ပါ၀င်ခြင်းမရှိပဲ လက်ရှိအင်ပါယာအရှင်အား ပလ္လင်တင်ရာ၌လည်း ပါ၀င်ခြင်းမရှိပေ။
သို့တိုင် ယောင်ချောင် သို့ ယောင်ယွမ်ကျီသည် မဟာထန်အင်ပါယာ၏ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နေဆဲဖြစ်ပြီး ကျိုးအမတ်ကြီးနှင့် တန်းတူ ရပ်နိုင်သည်။ တော်၀င်ရုံးတော် သူ၏ တည်ရှိမှုက သာမာန်အရာရှိများ လိုက်မှီနိုင်သည့်အရာမဟုတ်ပဲ အင်ပါယာအရှင်၏ သဘောကျမှုကိုလည်း ရရှိထားသည်။ သူသည်လည်း ကျော်ကြားသည့် လေးပြည်နယ်သံရုံး၌ နေထိုင်နိုင်လေသည်။
ယောင်ကလန်၏ လူအိုကြီးက သူ၏ ယခုနေရာအား ရရှိရန် အင်အားသုံး ရယူခဲ့ခြင်း မဟုတ်ပေ။
“ ဒီနေ့ ဆုမွန် တောင်းပေးတဲ့ အသံတွေ မင်းကြားတယ်မလား.. ”
ယောင်သခင်ကြီးမှ အပြုံးနှင့် ယောင်ကွမ်းရီအား အရေးကြီးသည့်အရာတစ်ခုအား ပြောနေသည့်အလား မေးလိုက်သည်။
“ ကြားပါတယ်.. ”
ယောင်ကွမ်းရီ အနည်းငယ် နှေးတုံ့သွားပြီး အလျင်အမြန်ဖြေကြားလိုက်သည်။ သူ၏ ဖခင်က မလိုအပ်သည့် စကားအား အဖတ်လုပ်ပြောနေမည် မဟုတ်မှန်း သူသိပေသည်။
“ မင်း ဘယ်လိုထင်လဲ.. ”
ယောင်သခင်ကြီး ပြုံးနေ၏။ မီးစာအား ထိုးနေသည့် အပ်အား ပြန်လည် နှုတ်ယူလိုက်ပြီး မီးမှုတ်လိုက်ကာ သူက သာမန်လူအိုတစ်ဦးနှင့် မခြားနားပေ။
“ ဆူညံတယ်၊ စည်ကားတယ်၊ ခန့်ညားတယ်..---- ဒါပေမဲ့ အဖေ့ရဲ့ မွေးနေ့ပွဲကလည်း ဒီထက် မလျော့ပါဘူး.. ”
အတန်ကြာ စဉ်းစားပြီးနောက် ယောင်ကွမ်းရီ စာသားတစ်ကြောင်းထပ်မံ ဖြည့်စွက်လိုက်သည်။
ယောင်သခင်ကြီး၏ မျက်လုံး ကျဉ်းမြောင်းသွားပြီး အပြုံးနှင့်အတူ လက်ယမ်းလိုက်သည်။ သူ၏ အနေအထားအရ ဖားယားပြောသည့် စကားလုံးများအား အသားကျနေပြီ ဖြစ်သည်။
“ အခုရော ဘယ်လိုလဲ.. ”
ယောင်သခင်ကြီး နောက်တစ်ဖန် ထပ်မေးလိုက်သည်။ သူပြောလိုက်သလို အပ်ကိုလည်း စားပွဲပေါ်ရှိ သေတ္တာအတွင်း ထည့်လိုက်၏။ အနီးကပ်ကြည့်လိုက်လျှင် ထိုသေတ္တာထဲ၌ ထိပ်ဖျား မဲနေသည့် အပ်ပေါင်းများစွာအား တွေ့မြင်ရမည် ဖြစ်သည်။
“ အခုလား.. တိတ်ဆိတ်တယ် ငြိမ်သက်တယ် ပြီးတော့ အေးတယ်.. ”
ယောင်ကွမ်းရီ မဖြေခင် ချီတုံချတုံ ဖြစ်နေသေးသည်။ သူက မေးခွန်းအား မှန်းဆကြည့်သော်လည်း သူ၏ ဖခင် ဆိုလိုသည်အား နားမလည်နေသေးပေ။
“ ဟားဟား.... ကွမ်းရီ ဒါကိုမှတ်ထား... ဘ၀ဆိုတာ နေ့နဲ့ညလိုပဲ လက်ရှိမှာ မင်းက မြင့်မြတ်ပြီး အာဏာရှိနေမယ် ဒါပေမဲ့ နောက်တစ်ရက်မှာ ရှောင်ဖယ်ခံရင်ခံရမယ် လျစ်လျူရှုခံရမယ်.. ”
“ ဒါက ငါတို့လို ကျော်ကြားတဲ့ ကလန်တွေရဲ့နောက်က အမှန်တရားပဲ.. ”
ယောင်သခင်ကြီးမှ ပြောလိုက်သည်။ အဆုံး၌ ယောင်ကွမ်းရီအား ရီဝေ၀ဖြင့်ကြည့်နေရာ သူ၏ မျက်လုံးထဲ၌ ဖော်ပြမရနိုင်သည့် အရာတစ်ခု ရှိနေသလိုပင်။
၀မ်...
ယောင်ကွမ်းရီ မှင်သက်သွား၏။ သူက သခင်ကြီး ထိုကဲ့သို့ နေ့နှင့်ညအား ဥပမာထားကာ ဆုံးမမည်ဟု ထင်မထားပေ။ တစ်ချိန်တည်း၌ ယောင်ကွမ်းရီက သူ ငယ်စဉ်ကအချိန် သခင်ကြီး၏ အဆုံးအမအား ပြန်လည် တမ်းတမိလေသည်။
“ ကွမ်းရီ မင်း နယ်စပ်မှာ ၀မ်ကလန်ကို ဘာကြောင့် ရှုံးနိမ့် သွားရတယ်ဆိုတာ သဘောပေါက်လား.. ဒါက တိုက်ဆိုင်မှုတစ်ခုလို့ မင်းထင်နေတာလား.. ဟမ့် မင်း အရမ်းနုသေးတယ်.. ကလန်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူး မျိုးဆက်တွေ တစ်ဆက်ပီးတစ်ဆက် မမောမပန်း အားထုတ်ပြီးမှ ထိပ်ဆုံးမှာ ရပ်တည်နိုင်တာ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါတွေက မျက်တောင်တစ်ခတ်အတွင်းမှာကို ပျက်စီးသွားနိုင်တယ်.. ”
“ ဘ၀မှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ ငါ လက်ခံထားတယ့်အတွက် ရနိုင်တာနဲ့ ဆုံးရှုံးရမယ့်ဟာ တွေအတွက် ငါ အမြဲတမ်း ပြင်ဆင်ထားတယ် နည်းနည်းမှကို သတိမလွတ်ရဲဘူး.. ငါ့သား ဒါက ငါမင်းကို သင်ပေးမဲ့ နောက်ဆုံး သင်ခန်းစာပဲ ဘယ်တော့မှ သတိမလွတ်စေနဲ့.. ”
ယောင်သခင်ကြီးက အလေးနက်ထား ပြောလိုက်သည်။ သူ၏ အကြည့်က ယောင်ကွမ်းရီထံ စူးစိုက်နေပြီး သူ့သား၏ ဝိဉာဏ်အား ထိုးဖောက်ကြည့်နေသကဲ့သို့ပင်။
ဂျိန်း..
ထိတ်လန့်သွားကာ ယောင်ကွမ်းရီ ချွေးစေးများ ပြန်လာသည်။ ချက်ချင်းပင် သူ့ဖခင်၏ လောကကြီးအား မြင်လိုက်ရသကဲ့သို့။
“ အဖေ.. သား နားလည်ပါပြီ.. ”
ယောင်ကွမ်းရီ မတ်တပ်ရပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
မိသားစု စီးပွားရေးအား အမွေဆက်ခံရန် မလွယ်ကူပေ။ အကယ်၍ ထိုအရာအား သိထားသည့်သူက ပိုမို သတိထားမည် ဖြစ်သည်။ သူ့ဖခင်၏ အကာအကွယ်အောက်၌ ယောင်ကွမ်းရီသည် ထို ပါးလွှာသည့် အလွှာလေးအား မေ့လျော့နေခဲ့သည်။
သူ၏ အပြစ်မှ လွတ်မြောက်ရသည့် အကြောင်းရင်းသည်လည်း သူ့ဖခင်ကြောင့်သာ ဖြစ်ကြောင်းကိုလည်း မေ့လျော့နေခဲ့သည်။ သူ့ဖခင်၏ လောင်းရိပ်အောက်၌ ရှိနေ၍သာ သူ၏ ရာထူး ဆက်လက် တည်မြဲနေခြင်း ဖြစ်လေသည်။
နှစ်ပေါင်းများစွာတိုင်အောင် သူက ယောင်ကလန်၏ ခေါင်းဆောင် ဖြစ်နေပြီဖြစ်ကြောင်း တွေးထား၏။ သို့သော် အမှန်တရားမှာတော့ အစဉ်အမြဲ သူ၏ ဖခင်သာ ဖြစ်လေသည်။
ယောင်ကွမ်းရီ၏ အ၀တ်များ ချွေးများနှင့် စိုရွဲနေသည်ကို မြင်လျှင် ယောင်သခင်ကြီး နောက်ဆုံး၌ ခေါင်းညိမ့် အသိအမှတ်ပြုလိုက်သည်။ သူ့ကိုယ်သူ ရေခဲလွှာပါးပေါ်၌ မတ်တပ်ရပ်နေမိကြောင်း သဘောပေါက်သည်က နောက်ဆုံး၌ အရှိတရားမှ နိုးထလာပြီဖြစ်ကြောင်း ဆိုလိုသည်။
ဤကမ္ဘာကြီး၌ ထာ၀ရတည်ရှိသည့်အရာ ဟူ၍ မရှိပေ။ ယခုအချိန်ထိတိုင်အောင် သူ၏ စွမ်းအားကို ထိန်းသိမ်းထားနိုင်ခြင်းက ထို ‘ ရေခဲလွှာပါးပေါ်၌ ရပ်နေနိုင်၍ ’ ဖြစ်ပေသည်။
“ မင်း ဒါကို သဘောပေါက်သွားပြီဆိုရင် မင်းအတွက် မျှော်လင့်ချက်ရှိသေးတယ်လို့ ဆိုလိုတာပဲ.. တကယ်လို့ မင်းက ၀မ်ကလန်ရဲ့ ဘယ်တစ်ယောက်က မင်းကို နှပ်ချသွားတယ်ဆိုတာ သိချင်တယ်ဆိုရင် .. မကြာ ခင် သိရတော့မှာပါ........ ”
ယောင်သခင်ကြီး၏ စကားဆုံးသည်နှင့် အပြင်ဘက်မှ ခြေသံအား ကြားလိုက်ရသည်။ ထိုအချိန်၌ ၀တ်စုံပြည့် ၀တ်ဆင်ထားသည့် နန်းတွင်းစစ်သည် တစ်ဦး ၀င်လာသည်။
“ အမတ်မင်းယောင်ကို အရိုအသေပြုပါတယ်.. ”
နန်းတွင်းစစ်သည်တပ်မှူးမှ အခန်းတွင်း ၀င်လာကာ ခေါင်းမမော့ပဲ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။
နန်းတွင်းစစ်သည်တပ်မှူးအား ကြည့်ရင်း ယောင်ကွမ်းရီ ထိတ်လန့်သွားသည်။ နန်းတွင်းစစ်သည်တပ်မှူးမှာ လေးပြည်နယ်သံရုံး အတွက် အင်ပါယာအရှင် ကိုယ်တော်တိုင် ရွေးချယ်ထားသည့်သူ ဖြစ်ပြီး တစ်ယောက်စီတိုင်းက အလွန်သစ္စာရှိကာ ယုံကြည်ရပေသည်။
သို့တိုင် သခင်ကြီးက သူတို့ထဲ၌ သူလျှို ထည့်ထားနိုင်သည်။
သခင်ကြီးက ကြမ်းပြင်ပေါ်ရှိ နန်းတွင်းစစ်သည်တပ်မှူးအား ခေါင်းငြိမ့်ပြကာ တိတ်တဆိတ် ပြုံးလိုက်၏။
“ ကျိုးအမတ်ကြီးရဲ့ မွေးနေ့မှာ မင်းမြင်ခဲ့တာ အကုန် ပြန်ပြောပြ ”
“ ဟုတ်ကဲ့ပါ .. ”
ခေါင်းငုံ့နေရင်းဖြင့် နန်းတွင်းစစ်သည်တပ်မှူးမှ သူ ယနေ့ မြင်ခဲ့သည်များအား အကုန်အစင် ပြန်ပြောင်း ပြောပြနေ၏။
“ လုံလောက်ပြီ.... ”
ယောင်သခင်ကြီး လက်ကာပြလိုက်သည်။ ထိုသူက ရုတ်ချည်း ၀င်လာခဲ့သလို ရုတ်ချည်း ပြန်လည် ထွက်ခွာသွားသည်။ ယောင်ကွမ်းရီသည် တစ်ဖက်လူ၏ မျက်နှာကိုပင် မြင်လိုက်ခြင်း မရှိ။ တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ သူ၏ အသွင်အပြင်အား ဖုံးကွယ်ထားဟန်ရပြီး ယောင်သခင်ကြီးမှလွဲ၍ ယောင်ကွမ်းရီပင် ထိုသူအား မမှတ်မိနိုင်ပေ။
“ သူပြောသွားတာ အားလုံး မင်းကြားတယ် မဟုတ်လား.. ”
ယောင်သခင်ကြီးမှ ယောင်ကွမ်းရီအား လှမ်းကြည့်လိုက်သည်။
“ သားရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ သား တစ်ခုမှ သတိမပြုမိဘူး.. ”
ယောင်ကွမ်းရီ ခေါင်းမော့ကာ စိတ်ရှုပ်ထွေးစွာနှင့် ပြောလိုက်သည်။ ထိုအကြောင်းအရာများအား သူ အာရုံစိုက် နားထောင်နေသည့်တိုင် နန်းတွင်းစစ်သည်ပြောသွားသည်များက အကြောင်းအရာများစွာပါ၀င်နေပြီး လေးပြည်နယ်သံရုံးသို့ မည်သူတို့ လာသည်၊ သူတို့ ဘာလက်ဆောင်ပေးသည်၊ ၀မ်ကလန်မှ သခင်ကြီးက မည်သူနှင့် တွေ့ဆုံသည်၊ ဘယ်အချိန်၌ ထွက်ခွာသွားသည် မည်သူက မည်သူနှင့် စကားပြောဆိုကြသည်.......
အရာအားလုံးက ဖြစ်နေကျသာ ဖြစ်နေ၏။ ထိုထဲ၌ မည်သည့် သတင်းကိုမှ သတိမမူမိပေ။
“ မင်း သဘောမပေါက်သေးဘူးလား.. ဟမ့် မထူးဆန်းပါဘူး ခြုံပြောရင် ငါ့အထင်ထက်တောင် ကျော်လွန်နေပါသေးတယ်.. မင်းကို နှပ်ချသွားတဲ့သူက ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်ပဲ.. ”
ယောင်သခင်ကြီး ခေါင်းခါကာ ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးအား အရိပ်အကဲဖမ်းမရပဲ ဖြစ်နေသည်။
“ ဘယ်လို.. ကလေးတစ်ယောက် ဟုတ်လား.. ”
ယောင်ကွမ်းရီ သူ၏ဖခင်အား မျက်လုံးပြူးဖြင့် စိုက်ကြည့်နေမိပြီး သူကြားလိုက်သည်အား မယုံနိုင်ဖြစ်နေ၏။
“ ငါ့ကိုပြောပါဦး စုန့်ဘုရင် လီချမ်းချီတို့နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တာ ဘယ်သူလဲ.. ”
“ ၀မ်ယန်ရဲ့ တတိယသား ၀မ်ချောင်... ”
“ သူပဲလေ.. မင်းလိုက်ရှာနေတဲ့သူက အဲ့ကလေးပဲ.. ”
ယောင်သခင်ကြီးမှ လောကကြီး၏ အမှန်တရားအား ဖောက်ထွင်းမြင်နေသည့်အလား ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဘုန်း.....
သူ၏ စိတ်အတွင်း မိုးကြိုးပစ်ချလိုက်သလို ယောင်ကွမ်းရီ မျက်လုံး ပြူးကျယ်နေကာ သူ၏ ခေါင်းထဲ၌ မုန်တိုင်း ထန်နေသည်။
“ မဖြစ်နိုင်ဘူး.. ”
............
ယောင်ချောင်က လက်ရှိကမ္ဘာမှာ ယောင်ယွမ်ကျီ အဖြစ် သိကြပါတယ်..
Chapter 112 လူရိုင်းနတ်ဘုရား၏ ဒေါသ
ကောင်းကင်နှင့် မြေကြီး ပြိုလဲသွားသကဲ့သို့ ယောင်ကွမ်းရီ၏ ထိတ်လန့်မှုအား မည်သည့်စကားလုံးကမှ ဖော်ကျူးနိုင်မည် မဟုတ်ပေ။
လူရွှင်တောင်တစ်ဦးကဲ့သို့ သူက နယ်စပ်၌ တစ်ဖက်လူဒ လက်တွင်း ကပြခဲ့ရသည်။ ယောင်ကွမ်းရီက ၀မ်ကလန်အား ဗျူဟာရှင်တစ်ဦးက အကြ့ပေးနေသည့်အတွက်ကြောင့် သူ့အကြံအား ကွက်ကျော်မြင်ခဲ့သည်ဟု ထင်ခဲ့၏။
ဤ မဟာဗျူဟာရှင်ကြောင့်လည်း ယောင်ကွမ်းရီ အိမ်ထဲမှ အိမ်ပြင် မထွက်ရဲသည်အထိ ဖြစ်ခဲ့ရသည်။
ပြိုင်ဘက်ကင်းသည့် ဗျူဟာရှင်က ကြောက်စရာအကောင်းဆုံးမဟုတ်ပေ။ အမှောင်ထဲမှ ဗျူဟာရှင်သည်သာ ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ဤမဟာဗျူဟာရှင်အား ရှာမတွေ့နိုင်လျှင် ယောင်ကွမ်းရီ သူ၏ စိတ်ဒဏ်ရာမှ ရုန်းထနိုင်တော့မည် မဟုတ်ပေ။
ထိုသည်က သူ၏ နှလုံးသားထဲမှ အထုံးဖြစ်၏။
အကယ်၍ သူ ပြန်မဖြည်နိုင်ခဲ့လျှင် သူ၏ ယခင်က ဉာဏ်ပညာကြီးမားကာ အလွန်ထက်မြက်သည့် ဗျူဟာရှင်ဆိုသည့် ဘ၀အား ပြန်လည် ရရှိနိုင်တော့မည် မဟုတ်ပေ။
သို့ဆိုသော်လည်း ယောင်ကွမ်းရီ၏ အသိပညာ တွက်ချက်မှုများအရ သူ၏ ရန်သူသည် ခန့်မှန်းမရသည်သာမက အရာအားလုံကို သိရှိနေသည့်အတွက် ထိုမဟာ ဗျူဟာရှင်မှာ ၀မ်ကလန်မှ မြို့တော်ရှိ အဆိုးသွမ်းလုံး လူငယ် ဆယ့်ငါးနှစ်ကလေး ဖြစ်နေမည် ဖြစ်ကြောင်းကိုတော့ လုံး၀ မစဉ်းစားမိပေ။
တော်၀င်ရုံးတော်၏ အရေးပါသည့် အရာရှိတစ်ဦးဖြစ်ကာ သူ၏ ဉာဏ်ပညာအပေါ် အစဉ် ဂုဏ်မောက်နေခဲ့သည့် သူ ယောင်ကွမ်းရီ အနေဖြင့် ထိုသည်အား မည်သို့ လက်ခံနိုင်မည်နည်း။
“ အဖေ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူက အဲ့ကလေးပါဆိုတာ ဘယ်အပေါ်ကို မူတည်ပြီး ကောက်ချက်ချရတာလဲ.. ”
ယောင်ကွမ်းရီ မေးလိုက်သည်။
သာမန်အခြေအနေ၌ဆိုလျှင် သူ့ဖခင်၏ စကားလုံးအား သံသယ၀င်ရဲမည် မဟုတ်ပေ။ မည်သို့ဆိုစေ ယခုကိစ္စမှာ သူ့အတွက် အလွန် အရေးကြီးလှ၏။ အကယ်၍ သူ၏ အထုံးအား မဖြည်နိုင်ခဲ့လျှင် သူ့ တစ်သက်တာလုံး လိုက်ပါ နှောင့်ယှက်နေတော့မည် ဖြစ်သည်။
“ ဟမ့်.. မင်းအခုထိ သဘောမပေါက်သေးဘူးပေါ့.. ”
ယောင်သခင်ကြီးမှ သေတ္တာလေးအား စားပွဲအံဆွဲထဲ ထည့်လိုက်သည်။ တည်ငြိမ်ကာ ရင့်ကျက်နေသည့် အမူအရာဖြင့် အသေးအဖွဲ ကိစ္စလေးအတွက် အဖြေအား သိနေသည့်အလား ပြောလိုက်သည်။
“ နယ်စပ်မှာ ဖြစ်ခဲ့တာအရ ၀မ်ကလန်မှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်ပေါ်လာတာကို စုန့်ဘုရင် တစ်ချက် မကြည့်ပဲ နေမှာတဲ့လား.. ”
“ ဒါပေမဲ့ သူ့အနေနဲ့ ဒီကိစ္စကို ဂဃဏနကြို သိနေစရာအကြောင်း မရှိဘူး မဟုတ်လား.. ”
ယောင်ကွမ်းရီ မေးခွန်းထုတ်လိုက်၏။
ယောင်သခင်ကြီး ခေါင်းခါမိသည်။ အကယ်၍ အတိတ်မှ ယောင်ကွမ်းရီဆိုပါက အဖြေအား ရှေးမဆွကပင် သိနေပြီးလောက်ပြီ ဖြစ်ချေသည်။ မည်သို့ဆိုစေ နယ်စပ်မှ အဖြစ်အပျက်က သူ၏ ယုံကြည်မှုအား ဖျက်ဆီးခဲ့သည်။ တစ်ချိန်က ဖြစ်ခဲ့ဖူးသည့် ဉာဏ်ကောင်းသူတစ်ဦး မဟုတ်နေတော့ပေ။
“ ဒီကိစ္စကို သေချာလေး တွေးကြည့် တကယ်လို့ ၀မ်ကလန်မှာသာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူရှိနေပြီး စုန့်ဘုရင်ကလည်း ကြိုသိနေမယ်ဆိုရင် ချီဘုရင်နဲ့ မင်းတို့ရဲ့ အကြံ အောင်မြင်ဦးမယ်ထင်လား.. မင်းတို့ တကယ်ပဲ သူ့လူတွေ အများကြီးကို သိမ်းသွင်းနိုင်ဦးမယ် ထင်နေလား.. ”
ဟုန်း....
ယောင်သခင်ကြီး၏ အသံက မတိုးသလို မကျယ်လွန်းပဲ သာမန်သာ ရှိသည်။ သို့သော် ယောင်ကွမ်းရီအနေဖြင့် သူတော်စင်တစ်ပါး၏ အသံကဲ့သို့ ကြားလိုက်ရသည်။ တစ်ချိန်တည်း၌ သူ၏ စိတ်ထဲ၌ မရေမတွက်နိုင်သည့် အတွေးများ ၀င်လာပြီး ရုတ်တရက် အချိန်အတော်ကြာအောင် မဖြေရှင်းနိုင်သည့် အရာအားလုံး ရှင်းလင်းသွားခဲ့သည်။
“ ဒါဆို ကျိုးအမတ်ကြီးရဲ့ မွေးနေ့မှာ စုန့်ဘုရင် တွေ့ဆုံခဲ့တဲ့သူက သားတို့ ရှာနေတဲ့သူပေါ့... ”
“ အင်း... ”
၀မ်းသာစွာဖြင့် ယောင်သခင်ကြီး ခေါင်းငြိမ့်လိုက်သည်။ အနည်းဆုံးတော့ ဤသားက ယခုအခြေအနေအား နားမလည်တော့သည်အထိ မတုံးအသေးချေ။
“ လီချန်းချီက တကယ်တော်တဲ့သူ ဒါပေမဲ့ တော်တဲ့သူတွေကပဲ သူတို့ရဲ့ အသိပညာကြောင့် ကန်းသွားတတ်ကြတယ်.. သူက ကလေးကို ကာကွယ်ပေးချင်ပေမဲ့ အဲ့လူဘယ်သူလဲဆိုတာ သူကိုယ်တိုင် ဖော်ထုတ်လိုက်မိတာ အဆုံးထိ သိလိုက်ပုံမရဘူး..”
ယောင်ကွမ်းရီ မတ်တပ်ရပ်နေရင်း ကြက်သေသေနေပြီး လှုပ်ရှားမှု ကင်းမဲ့နေသည်။ သူ၏ ညှို့မှိုင်းနေသည့် မျက်လုံးထဲ၌ ရှုပ်ထွေးမှု၊ ကြောက်ရွံမှု၊ နည်းမလည်နိုင်မှုတို့နှင့် ချောက်နက်ထဲ ကျသွားသလို ခံစားနေရသည်။ သူ အတင်းရုန်းကန်လိုက်ပြီး တဖြည်းဖြည်းနှင့် အပေါ်ပြန်တက်လာနိုင်ခဲ့သည်။ သူ၏ မျက်လုံးထဲရှိ ညှို့မှိုင်းမှုများအားလုံး ပျောက်ကွယ်သွားပြီး နောက်တစ်ဖန် ပြန်လည် ကြည်လင်လာသည်။
တစ်ချိန်တည်း၌ သူ၏ နှလုံးသားအား ဆုပ်ကိုင်ထားသည့် အချုပ်အနှောင်လည်း ပြေလျော့သွားလေပြီ။
စိတ်ရှုပ်ထွေးနေသည့် ယောင်ကွမ်းရီက ပျောက်ကွယ်သွားပြီး ယုံကြည်ချက်မြင့်မားကာ မြင့်မြတ်သည့် ယောင်ကွမ်းရီက တစ်ဖန် ပြန်လည်နေရာယူခဲ့သည်။
“ သူ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် လုံး၀ ထင်မထားခဲ့ဘူး.. ဒါက ကျွန်တော့ရဲ့ ခန့်မှန်းချက်တွေထဲကနေ လုံး၀ကို ကျော်လွန်သွားပြီ......... ကြိုးကြာပျံဝဲစံအိမ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စက မတော်တဆလို့ပဲ ထင်နေခဲ့မိတာ .. အခုပြန်တွေးကြည့်တော့ သူ့ကြောင့်ပေါ့... ”
ယောင်ကွမ်းရီ ဤကိစ္စအား အမှန်ပင် အံ့အားသင့်နေမိသည်။
“ အဖေ.. ၀မ်ကလန်က ဘယ်တုန်းကမှ နိုင်ငံရေးမှာ ကျွမ်းကျင်ခဲ့တာမဟုတ်ဘူး ဒါပေမဲ့ အခုတော့ သားကိုတောင် နောက်ကောက်ချနိုင်တဲ့ ကောင်လေးတစ်ယောက် ပေါ်လာပြီ.. ဒါက ကောင်းတဲ့ လက္ခဏာမဟုတ်တော့ဘူး.. ”
“ ဒါဆို..... မင်းက သူ့ကို ရှင်းထုတ်ဖို့ စဉ်းစားထားတာလား.. ”
ယောင်သခင်ကြီး ခေါင်းလှည့်ကာ တည်ငြိမ်လေးနက်သည့် လေသံနှင့် မေးလိုက်သည်။
ယောင်ကွမ်းရီ မှင်သက်သွားမိ၏။ သူ၏ အမြင်၌ ထိုသို့သော အန္တရာယ်အား တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပစ်ရပေမည်။ မည်သို့ဆိုစေ သခင်ကြီး၏ လေသံအရ ထိုသို့သော အရာအား လက်သင့်ခံမည့်ပုံ မပေါ်ချေ။
“ အဖေက သူ့ကို အခုလောလောဆယ် လွှတ်ထားပေးရမယ်လို့ ဆိုလိုတာလား.. ”
ယောင်ကွမ်းရီ အံ့အားသင့်နေသည်။
“ ဒီကိစ္စက ငါတို့ သူ့ကို လွှတ်ထားမယ်.. မလွှတ်ထားဘူးဆိုတဲ့ကိစ္စမဟုတ်တော့ဘူး... ”
ယောင်သခင်ကြီးမှ ယောင်ကွမ်းရီအား အဓိပ္ပာယ်ပါရှိသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“ တကယ်လို့ မင်းအဲ့ကလေးကို ရှင်းထုတ်ချင်တယ်ဆိုရင် ၀မ်ကလန်၏ စုန့်ဘုရင်ရဲ့ ထောက်ခံမှုကို ရရှိထားပြီး အင်ပါယာအရှင်ကိုယ်တိုင် ငါတို့ကို အပြစ်တင်မယ်ဆိုရင်တောင်မှ ငါ ခေါင်းခံပေးနိုင်သေးတယ်.. ပြောရမှာက မင်း ဒီကိစ္စကို လုပ်ချင်တာ သေချာလား.. ”
ဆီမီးအိမ်မှ တောက်လောင်နေသည့် တကျီကျီနှင့် မီးတောက်သံမှလွဲ၌ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယောင်ကွမ်းရီ အတွေးနက်နေ၏။
ယောင်သခင်ကြီး ခေါင်းခါလိုက်သည်။ ယောင်ကွမ်းရီက လက်ရှိ သူ၏ အခြေအနေအား သဘောမပေါက်နေပေ။ ဤကလေးထံမှ ရရှိခဲ့သည့် အရှုံးမှ ပြန်လည် မကောင်းမွန်သေးချေ။
“ ကွမ်းရီ.. ငါတို့ ယောင်ကလန်ရရှိထားတဲ့ စွမ်းအားက ပြိုင်ဖက်ကို ရှင်းထုတ်ပြီးမှ ရလာတယ်လို့ မင်းထင်နေတာလား.. တကယ်လို့ အဲ့လိုသာ လုပ်မယ်ဆိုရင် ငါတို့က တစ်ခြား စစ်သူကြီး ကလန်တွေနဲ့ ဘာကွာတော့မှာလဲ.. ”
ယောင်သခင်ကြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
၀မ်း.......
ထိုစကားများအား ကြားပြီးနောက် ယောင်ကွမ်းရီ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး စိတ်ထဲ၌ အတွေးပေါင်း မြောက်မြားစွာ ၀င်လာသည်။
ရုတ်တရက် သူ၏ နဖူးမှ ချွေးများ စီးကျလာ၏။
“ ကြည့်ရတာ မင်း ငါ့ရဲ့ စကားကို သဘောပေါက်သွားပုံပဲ.. ဒီပြဿနာရဲ့ အရင်းအမြစ်က အဲ့ကလေးမဟုတ်ဘူး မင်းပဲ.. မင်းဘာလို့ သူ့ကို သတ်ချင်နေတာလဲဆိုတာသိလား.. မင်းသူ့ကို ကြောက်နေလို့ပဲ.. ”
ယောင်သခင်ကြီး မျက်လုံး ကျဉ်းလိုက်ကာ ယောင်ကွမ်းရီအား ကြည့်ရမည့်အစား ဆီမီးအိမ်ထက်မှ ကခုန်နေသည့် မီးတောက်အား ကြည့်နေလိုက်သည်။
“ ငါတို့ ယောင်ကလန်ရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းတစ်လျောက်မှာ များပြားလှတဲ့ မုန်တိုင်းဒဏ်ကို ခံခဲ့ဖူးပြီးပြီ.. တစ်ချို့လူတွေဆိုရင် အဲ့ကလေးထက်တောင် ပိုတော်ကြသေးတယ်.. ကျိုးလင်းက သူ့ထက် အားနည်းနေသလား... လီယူကရော သူ့ထက် အားနည်းလို့လား.. ၀မ်ကျန် ကရော သူ့ထက် အားနည်းလား.. ငါတို့ ရှင်းထုတ်မပစ်ခဲ့တဲ့ ပြိုင်ဘက်ကင်းရန်သူတွေ အများကြီးရှိတာတောင် မင်းက အဲ့ကလေးကို သတ်ပစ်ချင်စိတ် ပေါ်နေသေးတယ်.. ဒါက ဘာလို့လဲဆိုတော့ မင်း ကြောက်ရွံ့နေလို့ပဲ မင်း ထိတ်လန့်နေလို့ပဲ... ”
“ ... ပြီးတော့ မင်းရဲ့ ရန်သူက ကလေးတစ်ယောက်သာသာပဲ ရှိသေးတယ်.. ”
မိုးရွာထားသကဲ့သို့ ယောင်ကွမ်းရီ၏ နဖူးမှ ချွေးများ လိမ့်ဆင်းလာသည်။ ယောင်သခင်ကြီး ပြောလိုက်သည့် စကားလုံးတိုင်းက သူ့အား ပိုမို စိုရွှဲစေသည်။ တဖြည်းဖြည်းနှင့် ယောင်သခင်ကြီး၏ အမှာစကား ပြီးဆုံးသွားချိန်၌ ယောင်ကွမ်းရီ တစ်ကိုယ်လုံး စိုရွှဲနေပြီ ဖြစ်သည်။
“ ရန်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရတာက ကြောက်စရာမလိုဘူး.. ငါတို့ ယောင်ကလန်က ယှဉ်ပြိုင်ရတာကို မကြောက်ဘူး.. ငါတို့ ရန်သူနဲ့တွေ့ခဲ့ရင် ငါတို့ အသိပညာနဲ့ပဲ သူတို့ကို အလဲထိုးတယ်.. တကယ်လို့ မင်း သူ့ကို ကြောက်နေရင် ဆိုလိုတာက မင်းက သူ့ကို မင်းရဲ့ အသိပညာ ဗဟုသုတနဲ့ ရင်ဆိုင်ရင် အားနည်းမှာကို ကြောက်နေတာပဲ.. ကွမ်းရီ မင်းသေချာပြန်စဉ်းစားပါ.. တကယ်ပဲ အဲ့ဒီ ကလေးကို သတ်ချင်တာ သေချာလား.. ”
အခန်းတစ်ခုလုံးက သက်ပြင်းရှည်ကြီးချသည့်အသံ မပေါ်လာခင်အထိ အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။
“ အဖေ.. သားမှားပါတယ်.. ”
“ မင်း အမြင်မှန်ရတာ နောက်မကျသေးပါဘူး.. အဲ့ဒီ ၀မ်ကလန်က ကလေးက ရှင်းထုတ်ပစ်ရမှာ မှန်တယ် မင်းပြောတဲ့ နည်းလမ်းနဲ့တော့ မဟုတ်ဘူး.. ကြင်ယာတော် ထိုက်ကျန်း အရေးခင်းက ငါတို့ အတွက် ရွှေရောင် အခွင့်အရေးပဲ.. မင်းရဲ့ ဉာဏ်ပညာနဲ့ ချီဘုရင်ကို အလုပ်အကျွေးပြုပြီး သူ့ရဲ့ ယုံကြည်မှုကို ပြန်ယူပါ.. ”
ထိုစကားများအား ပြောပြီးနောက် ယောင်သခင်ကြီး မျက်စိမှိတ်လိုက်သည်။
“ ... ဟုတ်ကဲ့ပါ အဖေ.. ”
ယောင်ကွမ်းရီ ခေါင်းငုံ့ ကျောကိုင်းကာ အခန်းထဲမှ ဖြည်းညှင်းစွာ နောက်ဆုတ် ထွက်ခွာလိုက်သည်။ သူလာခဲ့စဉ်က စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သော်လည်း အပြန်၌မူ သူ၏ အနှောင်အဖွဲ့များမှ ကင်းလွတ်သွားသည်ဟု ခံစားလိုက်မိသည်။
...............
၀မ်ချောင်က ကြင်ယာတော်ထိုက်ကျန်း အရေးခင်းဖြစ်စေ ပြည်နယ်စစ်သေနာပတိ အရေးခင်းဖြစ်စေ အလျင်အမြန် ပြီးဆုံးသွားလိမ့်မည် ဖြစ်ကြောင်း သိနေသည်။
တော်၀င်ရုံးတော်ရှိ အရှုပ်ထုပ်များမှာမူ အချိန်အတော်ကြာ ဆက်ရှိနေပေဦးမည်။
သို့သော် ထိုသည်များက သူနှင့် လားလားမှ မဆိုင်ပေ။
ဘိုးဘိုးကြီး၏ မွေးနေ့ ပြီးနောက် ၀မ်ချောင်၏ ဘ၀က ပုံမှန်အတိုင်းပင် ကျင့်ကြံခြင်းမစတင်ခင် တစ္ဆေသစ်ပင် စီရင်စုသို့ သွားသည်။ တဖြည်းဖြည်းနှင့် ထိုသည်က သူ၏ နေ့စဉ် လုပ်ငန်းစဉ် ဖြစ်လာသည်။
ခုနစ်ပေရှည်သည့် ဝုစ်သံမဏိကာတာနားဓားအနဖြင့် အပြည့်အစုံ ပုံစံရေးဆွဲပြီးကာ ထောင်ပါးကိုင်းယွမ်အား စဦး လုပ်ငန်းစဉ်များအတွက် လက်လွဲပေးလိုက်သည်။
ပုံသွင်းခြင်းနှင့် ရောစပ်ခြင်းကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စများအတွက်မူ ၀မ်ချောင် နောက်မှ ပြန်ကိုင်တွယ်မည်ဖြစ်သည်။
“ .. မူလစွမ်းအင် အဆင့်၆ ငါ့အတွက် ခွန်အားကို မြင့်တင်ပေးမဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရွေးရမဲ့ အချိန်ပဲ.. ”
တောင်တု နံလေးရှိ ပန်းဥယျာဉ်လေး၌ တစ်ကိုယ်တော် လေ့ကျင့်နေရင်း အတွေးတစ်ခုက ၀မ်ချောင်၏ စိတ်ထဲသို့ ၀င်လာ၏။ ထိုသည်က ရှုရွှမ်နှင့် သူ၏ တိုက်ပွဲဖြစ်သည်။
ရှုရွှမ်က သူ့အား ရှုံးနိမ့်သွားသည့်တိုင် ဆင်ရိုင်းနတ်ဆိုးကျင့်စဉ်က သူ့အား အတွေးနက်စေသည်။ ရှုကလန်သည် မဟာထန်၏ အမတ်မင်းကလန်ဖြစ်သည့်အတွက် အင်ပါယာအရှင်မှ ပေးသနားသည့် သိုင်းကျင့်စဉ်ကလည်း အလွန်ကောင်းမွန်ပေသည်။
အခြားကလန်များ ကျင့်ကြံသည့် ကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် ဆင်ရိုင်း နတ်ဆိုး ကျင့်စဉ်က ခွန်အားကို တိုးမြင့်ပေးသည့် လျှို့ဝှက်ကျင့်စဉ်များအတွင်း ထိပ်တန်း၀င်သည်။ ဤကျင့်စဉ်ကြောင့်လည်း ရှုရွှမ်က အဆင့်တူများအတွင်း ထိပ်ဆုံး၌ ရပ်တည်နေနိုင်ခြင်း ဖြစ်ပေသည်။
အကယ်၌ ဒေါသလက်သီးအားကြောင့်သာမဟုတ်လျှင် ၀မ်ချောင်က ခွန်အားအရာ၌ ရှုရွှမ်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။
မူလစွမ်းအင် အဆင့်၆ သည် သိုင်းပညာရှင်များအတွက် ကမ္ဘာသစ်တစ်ခု ပွင့်သွားခြင်း ဖြစ်ပေသည်။ ခွန်အား၊ အမြန်နှုန်း သို့မဟုတ် ခုခံမှု စသည်တို့အား အထူးပြု လေ့ကျင့်နိုင်ပြီ ဖြစ်သည်။
အများစုမှာ ခွန်အားကို ရွေးချယ်ကြပြီး ၀မ်ချောင်သည်လည်း ထို့အတူပင်။ မည်သို့ဆိုစေ ၀မ်ချောင်က ခွန်အားအသားပေးသည့် သိုင်းပညာလမ်းစဉ်အား လျှောက်လှမ်းလို၍ မဟုတ်ပဲ သူ့တွင် အခြားရွေးချယ်စရာ မရှိသည့်အတွက် ဖြစ်ပေသည်။
မူလစွမ်းအင် အဆင့်၆ ၌ သူက ခွန်အားအမျိုးအစား လျှို့ဝှက်ကျင့်စဉ်ကိုသာ ကျင့်ကြံနိုင်သေးသည်။
၀မ်ချောင် သူ၏ မှတ်ဉာဏ်များအတွင်း ၀င်မွှေကာ ယခင်ဘ၀၌ လေ့လာခဲ့သည့် ကျင့်စဉ်များအား ပြန်လည် စမ်းစစ်လိုက်သည်။
၀မ်ချောင် ဦးစွာ လုပ်ခဲ့သည်က သာမန် ခွန်အားအမျိုးအစား လျို့ဝှက်ကျင့်စဉ်များအား ဖယ်ထုတ်ခြင်းပင်။ သူ့အနေဖြင့် အနည်းဆုံး ဆင်ရိုင်းနတ်ဆိုးကျင့်စဉ်နှင့် ယှဉ်နိုင်သည့် သို့မဟုတ် ပိုမိုကောင်းမွန်သည့် အရာကိုသာ လိုချင်ပေသည်။
“ တွေ့ပြီကွ.. ”
၀မ်ချောင်က အလယ်ပိုင်းလွင်ပြင်၏ မဟာစစ်သေနာပတိဖြစ်ခဲ့ချိန်၌ လေ့ကျင့်ခဲ့သည့် အန္တိမ လျို့ဝှက် ကျင့်စဉ်တစ်ခုအား ပြန်လည် အမှတ်ရလိုက်သည်။
ယခင်က သူကဲ့သို့ ကျွမ်းကျင်သူအနေဖြင့် ထိုကျင့်စဉ်က သာမန်သာဖြစ်သော်လည်း မူလစွမ်းအင်နယ်ပယ် သိုင်းပညာရှင်အနေဖြင့် ထိုသည်က လူတစ်ယောက်၏ ခွန်အားကို အဆုံးစွန်ထိ မြင့်တင်ပေးနိုင်မည့် အန္တိမကျင့်စဉ် ဖြစ်လေသည်။
လူရိုင်းနတ်ဘုရားဒေါသ..
ဤသည်က ၀မ်ချောင် များစွာသော လက်ရွေးစင်များနှင့် အတူတကွ ဖန်တီးထားခဲ့သည့် ကျင့်စဉ် ဖြစ်ပေသည်။ သိုင်းပညာရှင်တစ်ဦး၏ ခွန်အားကို မြင့်တင်ရန်အတွက် အမြန်ဆုံး၊ အသန်မာဆုံး အကောင်းဆုံးကျင့်စဉ် ဖြစ်ပေသည်။
ထိုအချိန်က သူတို့၏ ရည်ရွယ်ချက်အရ ဤကျင့်စဉ်သည် လူသားသိုင်းပညာရှင်၏ ခွန်အားကို တိုင်းတစ်ပါးသားကျူးကျော်သူနှင့် ယှဉ်နိုင်သည် သို့မဟုတ် အနိုင်ယူနိုင်သည်အထိ မြင့်တင်ပေးနိုင်ရန်အတွက် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့၏ မူလရည်ရွယ်က အလယ်ပိုင်းလွင်ပြင်အား ကာကွယ်ရန်ဟု ဆိုနိုင်သည်။
အကယ်၍ သူတို့ အောင်မြင်ခဲ့ပါက တိုက်ပွဲရေချိန်အား ပြောင်းလဲနိုင်မည်ဖြစ်ပြီး ထို ကမ္ဘာခြားကျူးကျော်သူများအား သူတို့လာရာဆီသို့ ပြန်မောင်းထုတ်နိုင်လိမ့်မည် ဖြစ်သည်။
ဤကျင့်စဉ်အား ဖန်တီးသည်က အောင်မြင်သည့်အချိန်၌ အလယ်ပိုင်းလွင်ပြင်၏ သေနာပတိများစွာနှင့် အကြီးအကဲဟောင်းများစွာအား အချိန်အတော်ကို ကြာအောင် စိတ်လှုပ်ရှားစေခဲ့သည်။
သို့သော် များမကြာမှီ ထိုအကြံက ပျက်စီးသွား၏။
အကြောင်းရင်းက ရိုးရှင်းပေသည်။ လူရိုင်းနတ်ဘုရား၏ဒေါသက အစွမ်းထက်ပြီး သူမြင့်တင်ပေးနိုင်သည့် ခွန်အားက ကြီးမားလှသော်လည်း သူတို့က ပြစ်ချက်တစ်ခုအား တွေ့ရှိခဲ့ကြသည်။
----- လူတစ်ယောက်က လူရိုင်းနတ်ဘုရား၏ဒေါသအား ကျင့်ကြံရန်အတွက် ကျားအရိုး အဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။
သိုင်းပညာရှင်အများစုက ထိုလိုအပ်ချက်အား မပြည့်မှီကြသည့်အတွက် ဤကျင့်စဉ်အား ကျင့်ကြံနိုင်သည့်သူက လက်တစ်ဆုပ်သာ ရှိခဲ့သည်။ ထို့ထက်ပို၍ အရိုးအား ကျင့်ကြံသည်က ရှည်လျားလှပြီး အလွန်ခက်ခဲပေသည် ထို့ကြောင့် သူတို့က ဤအကြံအား ဘေးဖယ်ထားခဲ့ကြသည်။
သို့သော် ထိုပြစ်ချက်ကို ဘေးဖယ်လိုက်ပါက ဤကျင့်စဉ်အား အလယ်ပိုင်လွင်ပြင်၏ အကြီးကျယ်ဆုံးသော လက်ရွေးစင် ၀မ်ချောင်ပင်လျှင် မူလစွမ်းအင်နယ်ပယ်၊ သိုင်းသခင်နယ်ပယ် နှင့် သိမ်မွေ့နယ်ပယ်များရှိ ခွန်အားကို အသားပေးသည့် လျှို့ဝှက်ကျင့်စဉ်များအတွင်း အကောင်းဆုံး ဖြစ်သည်အား ၀န်ခံရပေလိမ့်မည်။
Chapter 113 ဆန်းကြယ်သည့် မှော်ဆေးပညာရှင် အဖွဲ့အစည်း
“ ငါက မူလစွမ်းအင် အဆင့် ၆ ကိုရောက်နှင့်နေပြီး ငါ့ အရိုးကလဲ ကျားသစ်အရိုး အဆင့် ၃ အထွတ်အထိပ်ကို ရောက်နေပြီ ဆိုပေမဲ့.. ကျားအရိုး အဆင့် ၁ ကို ချိုးဖျက်နိုင်ဖို့က လွယ်မှာ မဟုတ်ဘူး.. ”
၀မ်ချောင် တွေးတောနေသည်။
လူတစ်ယောက်၏ အရိုးအား အခြေခံ၍ လိုအပ်ချက်ရှိသည့် ကျင့်စဉ် များစွာ ရှိ၏။ ကျင့်စဉ်က ပိုအဆင့်မြင့်လေလေ အရိုး၏ သန်မာခြင်းလိုအပ်ချက်က ပိုမြင့်လေလပင်။ အကယ်၍ လူတစ်ယောက်က သတ်မှတ်ချက် မပြည့်မှီပဲ ကျင့်ကြံပါက ခန့်မှန်းမရနိုင်သည့် ဆိုးကျိုးများအား ခံစားရပေလိမ့်မည်။
၀မ်ချောင်၏ လက်ရှိ အရိုးအဆင့် ကျားအရိုးအခြေအနေသို့ မရောက်သေးပေ။ ထို့ကြောင့် သူ့အတွက် လူရိုင်းနတ်ဘုရား၏ ဒေါသအား ကျင့်ကြံရန် မသင့်တော်သေးချေ။
“ ဒါပေမဲ့ ငါ့အရိုးကို ကျားအရိုးအဆင့်ထိ မြင့်တင်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး.. ”
တောင်တုပေါ်၌ ရပ်နေရင်း ၀မ်ချောင် သူ၏ အတွေးများ ဖြန့်ကျက်နေသည်။ လူတစ်ယောက်၏ အရိုးသန်မာခြင်းအား မြင့်တင်ခြင်းက မဖြစ်နိုင်သည်မဟုတ် ရှုကလန်၏ အရိုးတည်ဆောက်ခြင်း ဆေးလုံးက ထိုသို့ ပြုလုပ်ပေးနိုင်သည်များထဲမှ တစ်ခုဖြစ်ပေသည်။
၀မ်ချောင်က အရိုးကျင့်ကြံခြင်းအား မြင့်တင်ပေးနိုင်သည့် နည်းလမ်းတစ်ချို့အား သိရှိထားပေသည်။ မည်သို့ဆိုစေ သူ့အတွက် လက်တွေ့အသုံး၀င်ကာ သင့်တော်မည့် နည်းလမ်းမှာတော့ အနည်းငယ်သာ ရှိသည်။
“ တွေ့ပြီ.. ”
ရုတ်တရက် ၀မ်ချောင်၏ စိတ်ထဲ၌ တစ်စုံတစ်ခုအား ပြန်လည် အမှတ်ရသွားခဲ့သည်။
အလယ်ပိုင်းလွင်ပြင်၌ ဆေးလုံးအများစု ရှိသည့်နေရာက တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များပင် ဖြစ်ချေသည်။
အထူးသဖြင့် တော်၀င်နန်းတော်ဖြစ်ကာ အရှင်မင်းကြီး၊ မင်းသားများ၊ မင်းသမီးများနှင့် ကြင်ယာတော်များအတွက် ဆေးလုံးဖော်စပ်ရန် မှော်ဆေးပညာရှင်များစွာအား ငှားယမ်းထားသည်။
တော်၀င်မိသားစုမှ တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည့် မှော်ဆေးပညာရှင် များစွာလည်း ရှိ၏။ ၎င်းတို့ ဖော်စပ်လိုက်သည့် ဆေးလုံးများက တော်၀င်မိသားစု၏ သိုလှောင်ရုံထဲ ရောက်သွားမည်ဖြစ်ပြီး နန်းတွင်းစစ်တပ်၊ ဘုရင်များ နှင့် အရေးပါသည့် အရာရှိများအား ပြန်လည် ပေးသနားသည်။
ဆေးလုံးတစ်လုံးချင်းစီတိုင်းအား တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ထိုအပေါ်၌ အမှတ်အသားများ ထားထားသည့်အတွက် စျေးကွက်အတွင်း၌ပင် ရှိနိုင်မည် မဟုတ်ချေ။
တော်၀င်နန်းတော်မှလွဲ၍ ဆေးလုံးဖော်စပ်သည့်နေရာမှာ များစွာသော ဘုရင့်အိမ်တော်များ ဖြစ်ပေသည်။
ဘုရင်တစ်ဦးချင်းစီတိုင်းက ကိုယ်ပိုင်မှော်ဆေးပညာရှင်များရှိပြီး သူတို့အတွက်ကသာ ဆေးလုံး ဖော်စပ်ပေးရန်ဖြစ်သည်။ အချို့က သူတို့ကိုယ်တိုင် သွားရောက် ပူးပေါင်းခြင်းဖြစ်ပြီး အချို့ကိုတော့ တော်၀င် မိသားစုမှ ချီးမြှင့်ပေးထားခြင်း ဖြစ်သည်။
ဘုရင့်အိမ်တော်များမှ မှော်ဆေးပညာရှင်များက တော်၀င်မိသားစုထက် နည်းပါးသော်လည်း အားလုံး စုပေါင်းလိုက်ပါက အယောက်နှစ်ဆယ်ခန့်တော့ ရှိပေမည်။ မည်သို့ဆိုစေ ထိုမှော်ဆေးပညာရှင်များက ဘုရင်တိုင်းအတွက် အလွန်အရေးပါသည့်သူများဖြစ်ကြောင်း သံသယဖြစ်နေရန် မလိုချေ။
ထို့ကြောင့် ဘုရင်တိုင်းက သူတို့၏ မှော်ဆေးပညာရှင်အဖွဲ့အား အလွန်တန်ဖိုးထားကာ မည်သည့် အပြင်လူနှင့်မှ ပက်သက်ဆက်ဆံ ခွင့်မပြုချေ။ ထို့ကြောင့် ဆေးလုံးများသည်လည်း အပြင်သို့ ရောက်မလာနိုင်တော့ပေ။
ဘုရင်တစ်ပါးချင်းစီတိုင်းက အသုံးပြုနေသည့် ဆေးလုံး အရည်အတွက်ပင်လျှင် များပြားလွန်းလှပြီဖြစ်သော်လည်း အစောင့်များ၊ ကိုယ်ရံတော်များ၊ သားသမီးများ၊ မိတ်ဆွေများကိုလည်း ပေးသနားရသေးသည်။ ထို့ကြောင့် ဆေးလုံး ပိုနေသည့် ဘုရင်ဟူ၍ မရှိချေ။
ထို့ကြောင့် တော်၀င်နန်ေးတ်ာနှင့် ဘုရင့်အိမ်တော်များက ဆေးလုံးထုတ်လုပ်သည့် ထိပ်တန်း၀င်များ ဖြစ်သော်လည်း ဆေးလုံး တစ်လုံးတစ်လေပင် စျေးကွက်ပေါ် ရောက်မလာခဲ့ပေ။
အပြင်လူများအနေဖြင့် ထိုနှစ်နေရာရှိ ဆေးလုံးများက သူတို့အတွက် အလှမ်းကွာလွန်းလှသည်။
မည်သို့ဆိုစေ ၀မ်ချောင်က ထိုနေရာများမှ လျှံထွက်လာသည့် ဆေးလုံးရရှိနိုင်မည့် လျို့ဝှက်လမ်းကြောင်းတစ်ခုအား သိရှိထားသည်။
ဆိုရလျှင် ၀မ်ချောင် သူ၏ ယခင်ဘ၀အား ပြန်လည် ဖော်ညွှန်းရပေမည်။
မဟာကပ်ဘေးကြီးက အလယ်ပိုင်းလွင်ပြင်အား ဖျက်ဆီးလုနီးပါးအချိန်၌ လူတိုင်းက အသက်ရှင်သန်နိုင်ရန်အတွက် စုစည်းခဲ့ကြသည်။ ဂုဏ်မောက်သည့် တော်၀င်မိသားစုနှင့် ဘုရင်များဖြစ်စေ တောပုန်းဓားပြများဖြစ်စေ ရိုးသားသည့် လယ်သမား ငါးဖမ်းသမားဖြစ်စေ ကမ္ဘာပျက်ကပ်ဘေး ကာလ၌ လူတိုင်းက သာတူညီမျှပင်။
သေခြင်းနှင့် လက်တစ်ကမ်းအကွာရောက်လာချိန်တွင် လူတိုင်းက ကြောက်ရွံ့လာပြီး ထို အကြောက်တရားက ၎င်းတို့၏ အကြီးမားဆုံးသော လျို့ဝှက်ချက်များအား ဖော်ထုတ်လာစေသည်။ ထိုသည်က သူတို့၏ စိတ်ပင်ပန်းမှုနှင့် ကြောက်ရွံ့မှုအား သက်သာစေမည့် အကောင်းနည်းလမ်း ဖြစ်သည်လားတော့ မဆိုတတ်ပေ။
ထိုနေရာ၌ ၀မ်ချောင်က စိတ်ဓာတ်ကျနေသည့် မှော်ဆေးပညာရှင်တစ်ဦးနှင့် တွေ့ခဲ့ပြီး သူ့ထံမှ တော်၀င်မိသားစုနှင့် ဘုရင့်အိမ်တော်များ၏ မှော်ဆေးပညာရှင်များအကြား ဆန်းကြယ်သည့် အဖွဲ့တစ်ခု ရှိကြောင်း ၀မ်ချောင်သိခဲ့ရသည်။
၎င်းတို့က သူတို့၏ ဆေးဖော်ထုတ်နိုင်မှုအကြောင်း မဟုတ်မမှန်တင်ပြကြပြီး ဆေးလုံးအပို ဖော်စပ်ကာ ဖုံးကွယ်ထားကြသည်။ ပြီးလျှင် ထိုဆေးလုံးများက တော်၀င်ရုံးတော်နှင့် ဘုရင့်အိမ်တော်များ၏ လက်ကြားမှ လွတ်သွားပြီး အပြင် စျေးကွက်သို့ရောက်ကာ များပြားသည့် ငွေပမာဏနှင့် ရောင်းချကြလေသည်။
ထိုသို့သော အပြုအမူက ယခင်ခေတ်၌ ဖြစ်ခဲ့ရာ ဤကာလာ၌လည်း ထိုသို့သာ ဖြစ်ပေလိမ့်မည်။
သို့ဆိုသော်လည်း အပြင်လူများက သူတို့၏ ဆေးလုံးများအား အလွယ်တကူ ၀ယ်နိုင်ခြင်း ထိုအဖွဲ့အစည်းသို့ ပူးပေါင်းနိုင်သည်တော့ မဟုတ်ပေ။
တော်၀င်နန်းတော် သို့မဟုတ် ဘုရင့်အိမ်တော်များ၌ မှော်ဆေးပညာရှင်များက မှတ်တမ်းအတုပြုလုပ်ကာ ဆေးလုံးဖော်စပ်ခြင်းက တရားမ၀င်ပေ။ ထိုသို့သော ကိစ္စရပ် မဖြစ်ပွားစေရန်အတွက် တင်းကျပ်သည့် သတိပေးမှုများရှိပြီး လက်ရ ဖမ်းဆီးမိသည့် မှော်ဆေးပညာရှင်တိုင်းက ဥပမာအနေဖြင့် ပြင်းထန်စွာ အပြစ်ပေးခံရမြဲ ဖြစ်သည်။
ဤသည်က သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပေရာ များစွာသော မှော်ဆေးပညာရှင်များက ထိုကိစ္စအား အလွန် လျို့ဝှက်ထားသည်။ ထို့ကြောင့် အဖွဲ့အစည်းက အဆက်အသွယ် မရှိသူများအတွက် လုံး၀ မသက်ဆိုင်သည့် အရာ ဖြစ်နေတော့သည်။
အကယ်၍ မဟာကပ်ဘေးသာ မကျရောက်ခဲ့ပါက ၀မ်ချောင်အနေဖြင့် ထိုအဖွဲ့အစည်းအကြောင်း သိနိုင်ရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။
“ ကျောက်စိမ်းနက် စံအိမ်.. ”
၀မ်ချောင် သူ၏ မှတ်ဉာဏ်များအား ပြန်လည် တူးဆွပြီးနောက် မကြာမှီ ထို မှော်ဆေးပညာရှင် ပြောခဲ့သည့် နေရာအား ပြန်အမှတ်ရသွားသည်။ ထိုခြံ၀င်းက အဖွဲ့အစည်းထဲရှိ မှော်ဆေးပညာရှင်တစ်ဦးက ၀ယ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်များအား ကုန်သွယ်ရန်ဖြစ်လေသည်။
အပြင်ပန်းမှ ကြည့်လျှင် သာမာန်သာ ဖြစ်သော်လည်း ထိုမှော်ဆေးပညာရှင်များ ဆုံဆည်းရာ ဖြစ်၏။ ထိုသို့သော စုဝေးသည့် နေရာများက မြို့တော် အနှံ့ရှိပေသည်။
နေရာတစ်ခုစီတိုင်းအား မှော်ဆေးပညာရှင်တစ်ဦးက ဦးစီးထားပြီး အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာပါက အဖွဲ့အစည်း ကောင်းကျိုးအတွက် ချက်ချင်း စွန့်ပစ်ခွာသွားမည် ဖြစ်သည်။
၀မ်ချောင်က အခြားနေရာများထက် ကျောက်စိမ်းနက်စံအိမ်အား အမှတ်ရသည့် အကြောင်းရင်းမှာ ထိုနေရာ၌ ထူးခြားသည့် မှော်ဆေးပညာရှင် ရှိနေသည့်အတွက် ဖြစ်ပေသည်။ အကယ်၍ ၀မ်ချောင် ထိုအဖွဲ့အစည်းထံမှ ဆေးလုံးများ ၀ယ်ယူချင်သည် ဆိုပါက ထို မှော်ဆေးပညာရှင်သာ သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေသည်။
“ ငါတစ်ခါလောက်တော့ သွားကြည့်ဦးမှပါ... ”
စိတ်အား ပြင်ဆင်ပြီး ရှန့်ဟိုင်နှင့် မုန့်လုံအား ခေါ်ကာ ထွက်ခွာလိုက်သည်။ ထို့နောက် မြင်းလှည်းပေါ်တက်ကာ ကျောက်စိမ်းနက်စံအိမ်ရှိရာသို့ ဦးတည်ခိုင်းလိုက်သည်။
ကျောက်စိမ်းနက်စံအိမ်သည် စားသောက်ဆိုင်လည်းမဟုတ် လက္ဘက်ရည်ဆိုင်လည်း မဟုတ်ပေ။ မြို့တော်ထဲရှိ ထူးမခြားနားသည့် ခြံ၀င်းတစ်ခုသာဖြစ်ပြီး များစွာသော သာမန်လူနေအိမ်များက ၀န်းရံထားသည်။
“ ဘယ်လိုတောင် ကောင်းလိုက်တဲ့ နေရာလဲ.. ”
ပြတင်းပေါက်မှ ကြည့်လိုက်ရင်း ရှန့်ဟိုင်က ကျယ်၀န်းသည့် ခြံ၀င်းတစ်ခုအား တွေ့လိုက်သည်။ အနီရောင်တံခါးက တင်းကျပ်စွာပိတ်ထားပြီး တံတိုင်းကလည်း မြင့်မားကာ အထဲမှ မည်သည့် သက်ရှိတို့၏ အသံကိုမှ မကြားနေရပေ။ ဤနေရာအား စွန့်ပစ်ထားသည်က နှစ်ကာလ အတော်ကြာနေသလိုပင်။
“ သခင်လေး.. ဒီနေရာဆိုတာ သေချာရဲ့လား ကြည့်ရတာ လူတစ်ယောက်မှ ရှိပုံ မပေါ်ဘူးနော်.. ”
ရှန့်ဟိုင်က သူ၏ သခင်လေးရှိရာသို့ လှည့်ကာ ပြောလိုက်၏။
ခြံ၀င်းတစ်ခုလုံးက အထီးကျန်ကာ ယိုယွင်းနေပြီး စိတ်မသက်မသာ ခံစားနေရသည်။
“ မပူပါနဲ့ ဒီနေရာ အတိအကျပဲ.. ”
၀မ်ချောင် သူ့အား ပြောခဲ့သည့် မှော်ဆေးပညာရှင်၏ သတင်းအား ပြန်လည် အမှတ်ရစေရန် ကြိုးစားလိုက်သည်။ သူ၏ မျက်လုံးအား ပြန်ဖွင့်လိုက်သည်တွင် ၀င်ပေါက်၏ အပေါ်၌ ချိတ်ဆွဲထားသည့် ကျောက်စိမ်းနက်စံအိမ်ဟူသည့် ဆိုင်းဘုတ်အား သတိပြုလိုက်မိသည်။ ထိုနောက် ခေါင်ငြိမ့်ကာ အထက်ပါ စကားအား လေးလေးနက်နက် ပြောလိုက်သည်။
မှော်ဆေးပညာရှင်များက တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များမှ ဆေးလုံးများအား တိတ်တဆိတ် ခိုးထုတ်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ တရားမ၀င်သည့် လုပ်ငန်းစဉ်အရ ပေါ်ပေါ်တင်တင် လုပ်ဆောင်ခွင့် မရှိကြချေ။ ခြံ၀င်းက အေးစက်ကာ ငြိမ်သက်နေသော်လည်း အမှန်မှာတော့ ဤနေရာသည် မှော်ဆေးပညာရှင်များ ကုန်သွယ်ရာနေရာ ဖြစ်ပေသည်။
“ အထဲမှာ တစ်ယောက်ယောက်များ ရှိမလား သိချင်မိ.......... ”
၀မ်ချောင် တွေးလိုက်၏။
တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များ၏ မှော်ဆေးပညာရှင်များက အလုပ်မျာကြသည့်အတွက် မှော်ဆေးပညာရှင်များအဖို့ အနားယူချိန်ဟူ၍ မရှိချေ။ ထို့ကြောင့် ဤစုဝေးသည့်နေရာများသည်လည်း အစဉ် ခြောက်ကပ်နေလေ့ရှိသည်။ အခြားသူများနှင့် ကုန်သွယ်ရန်အတွက် လိုအပ်သည့်အခါမှသာပေါ်လာတတ်ကြသည်။
ကျောက်စိမ်းနက်စံအိမ်မှာ မှော်ဆေးပညာရှင်များ စုဝေးသည့်နေရာ ဖြစ်သည့်တိုင် ၀မ်ချောင်က အထဲ၌ လူရှိမည် မရှိနေမည်ကိုတော့ ကံသေကံမ မပြောနိုင်ပေ။
ဘန်း..
၀မ်ချောင် တုံ့ဆိုင်းနေစဉ် တံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။ ပုံရိပ်ငါးခုက ခေါင်းငုံ့ကာ အလျင်အမြန်ထွက်လာကြပြီး ၎င်းတို့၏ ပုံစံအား ဖုံးကွယ် ထားကြသည်။
အဝေးမှပင် သူတို့ သုံးယောက်သည် ထိုလူငါးယောက်ထံမှ ဆေးလုံး၏ အနံ့များအား ရလိုက်ကြသည်။
သူတို့အထဲ၌ မှော်ဆေးပညာရှင်တစ်ဦး ပါရှိနေပေသည်။
“ သခင်လေး ဘယ်တစ်ယောက်ဖြစ်မလဲ.. ”
ရှန့်ဟိုင်နှင့် မုန့်လုံတို့ ၀မ်ချောင်အား ကြည့်လိုက်ကြသည်။ ၀မ်ချောင်က မှော်ဆေးပညာရှင်တစ်ဦးအား ရှာကြမည်ဟု ပြောထားသော်လည်း ယခု၌ ငါးယောက်ဖြစ်နေ၏။ တစ်ဦးချင်းစီနောက်သို့ တစ်ယောက် လိုက်မည်ဆိုလျှင်လည်း သူတို့၏ လူအင်အား မလုံလောက်ပေ။
ထိုသို့သော ဒွိဟနှင့် ကြုံရသည့်အခါ ၀မ်ချောင် စိတ်ရှုပ်ထွေးစွာ မျက်မှောင် ကြုတ်လိုက်သည်။
ဤလူများက ၎င်းတို့၏ ပတ်၀န်းကျင်အား အလွန် သတိထားနေ၏။ လမ်းလျှောက်နေရင်းပင် ပတ်၀န်းကျင်အား စဉ်ဆက်မပြတ် သတိထားနေသေး၏။ ထို့ထက်ပို၍ သူတို့၏ ခြေလှမ်းများက အလွန်လျင်မြန်ပြီး သူတို့နောက် တစ်စုံတစ်ဦး လိုက်နေသကဲ့သို့ပင်။
အကယ်၍ ၀မ်ချောင် သူ၏ မှတ်ဉာဏ်ထဲမှလူအား ရှာမတွေ့လျှင် ထိုလူငါးယောက်အား မျက်ခြေပြတ်သွားပေတော့မည်။
“ ဘယ်တစ်ယောက်လဲ.. အဲ့ဒီလူက ဘယ်တစ်ယောက်ဖြစ်မလဲ.. ”
၀မ်ချောင် စိတ်ထဲ၌ တွေဝေနေသည်။ လျို့ဝှက်အဖွဲ့အစည်းထဲမှ မှော်ဆေးပညာရှင်တိုင်းက အလွန် သတိကြီးလှသည်။ ပုံမှန် အခြေအနေ၌ သင် မည်သည့်နည်းလမ်းကို အသုံးချသည်ဖြစ်စေ သင့့်အား လက်ခံရန် ဆန္ဒရှိမည် မဟုတ်ပေ။
ဆိုရလျှင် သင့်အာ အနားသို့ပင် အကပ်ခံမည် မဟုတ်ပေ။
သူတို့ စိတ်ထဲ၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသည်နှင့် အခြားသူများနှင့် ပူးပေါင်းသည်ဖြစ်စေ တော်၀င်မိသားစုနှင့် ဘုရင့်အိမ်တော်များ၏ အာဏာအား အသုံပြု၍ ဖြစ်စေ သင်နှင့် ရန်ဆိုင်မည် ဖြစ်သည်။
ယခင်က မှော်ဆေးပညာရှင်သည်လည်း ၀မ်ချောင်အား ထိုအကြောင်း ပြောပြခဲ့ဖူးသည်။
မှော်ဆေးပညာရှင် ပြဿနာတစ်ခု ကြုံရသည့်အချိန်၌ မဆိုင်းမတွပင် လျို့ဝှက်အဖွဲ့အစည်းအား အကြောင်းကြားမည် ဖြစ်သည်။ ထို့နောက် လျို့ဝှက်အဖွဲ့အစည်းတစ်ခုလုံးက သင်နှင့် ရင်ဆိုင်မည်ဖြစ်သည်။ ထိုသည်က တော်၀င်ရုံးတော်တစ်ခုလုံးနှင့် ဘုရင့်အိမ်တော်အားလုံးအား ဆန့်ကျင်မိသည်နှင့် အလားသဏ္ဍာန်တူသည်။
အကယ်၌ တော်၀င်ရုံးတော်နှင့် ဘုရင့်အိမ်တော်များက ၎င်းတို့၏ မှော်ဆေးပညာရှင်များအပေါ် တစ်စုံတစ်ဦးက အကြံစည်ရှိနေသည်ဟု သံသယ၀င်ခဲ့သော် တွေးကြည့်ရန်ပင် မလိုတော့ချေ။
အကယ်၍ အစောင့်များနှင့်သာ ဖြေရှင်းရလျှင် ကိစ္စမရှိသေးချေ။ မည်သို့ဆိုစေ မင်းသားနှင့် မင်းသမီးများ ပါ၀င်လာပါက ပိုဆိုးသွားပေမည်။
မှော်ဆေးပညာရှင်များနှင့် ပက်သက်မိသည်က သေးငယ်သည့် ကိစ္စမဟုတ်ပေ။
ထို့ကြောင့် ၀မ်ချောင် ဤကိစ္စ၌ ကောင်းမွန်သည့်အခွင့်အရေး မရှိနေပေ။
လူငါးဦးက အလျင်အမြန် သွားနေကြသည်။ ၀မ်ချောင် ချီတုံချတုံဖြစ်နေစဉ်အတွင်း လူငါးယောက်က ခြံ၀င်းထောင့်သို့ပင် ရောက်နေချေပြီ။
ဂျိန်း..
၀မ်ချောင် စိတ်ဒွိဟ ဖြစ်နေစဉ် လေထဲ၌ အသံတစ်ခု ပြန့်လွင့်လာသည်။ ကျောက်စိမ်းနက်စံအိမ်၏ တံခါးက ထပ်မံ ပွင့်လာပြီး အစိမ်းရောင်၀တ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်က သာမန်သာ လျှံကာ လမ်းလျှောက်ထွက်လာသည်။
ပတ်၀န်းကျင်အား တစ်ချက်ဝှေ့ကြည့်ပြီး အရှေ့ဖက်သို့ ဦးတည် ထွက်ခွာသွား၏။
အခြားသူများနှင့် ဆန့်ကျင်စွာ သူ၏ ခြေလှမ်းတို့က တည်ငြိမ်ပြီး အေးဆေးလှသည်။
“ သူပဲ.. ”
သက်လတ်ပိုင်းလူက သူ၏ ညာလက်အား ၀တ်ရုံအတွင်း ဖုံးကွယ်ထားသည်အား မြင်လျှင် ၀မ်ချောင်၏ စိတ်ထဲ၌ အတွေးတစ်ခု ၀င်လာသည်။ သူ ရုတ်ချည်း မှတ်မိသွားပြီး ထိုသက်လတ်ပိုင်းလူက သူရှာနေသည့်သူ ဖြစ်မှန်း အတပ်သိလိုက်၏။
လက်ခြောက်ချောင်းကျန်း.. ဤသူက ၀မ်ချောင်ရှာနေသည့် မှော်ဆေးပညာရှင်သာ ဖြစ်ချေတော့သည်။
ပြောကြသလိုပင် ‘ နဂါးသားတော် ကိုးပါးက တူညီကြပေမဲ့ ကွဲပြားသေးတယ် ’ ဆန်းကြယ်သည့် အဖွဲ့အစည်းမှ မှော်ဆေးပညာရှင်တိုင်းက အလွန်သတိထားကြပြီး အနားကပ်ရန် မလွယ်ကြပေ။ မည်သို့ဆိုစေ အစဉ်အမြဲ ချွင်းချက် ရှိတတ်ပေသည်။
သင်းကွဲနေသည့်သူ တစ်ယောက် အစဉ်သဖြင့် ရှိတတ်ပြီး ထိုသူများထဲမှ ၀မ်ချောင် ရှာဖွေနေသည့် လက်ခြောက်ချောင်းကျန်းမှာ ထိုသို့သော မတူညီ ကွဲပြားသည့်သူမျိုး ဖြစ်သည်။
ထိုမှော်ဆေးပညာရှင်၏ အမည်မှာ ကျန်းကျုံးရှုဖြစ်ပြီး လက်ခြောက်ချောင်းကျန်း ဟူသည်မှာ သူ၏ နာမည်ပြောင်ဖြစ်သည်။ အပြင်ပန်းမှ ကြည့်လျှင် သာမန်သာ ဖြစ်သော်လည်း မှော်ဆေးပညာရှင်များအကြား၌ သူ၏ ညာဖက်လက်တွင် လက်ခြောက်ချောင်းရှိခဲ့မှန်း သိထားကြသည်။
သူ ငယ်စဉ်က လောင်းကစား ဝါသနာထုံခဲ့ပြီး အမြတ်ကြီးစားသည့်သူထံမှ ငွေချေးယူခဲ့မိသည်။ အဆုံး၌ သူ၏ လက်ချောင်း ဖြတ်ခံလိုက်ရပြီး လက်ချောင်းခြောက်ချောင်းရှိသည့် ညာဘက်လက်က ငါးချောင်းသာ ကျန်တော့သည်။ ထို့ကြောင့် အပြင်ပန်းမှဆိုလျှင် သာမန်လူများနှင့် ထပ်တူသာ ဖြစ်သည်။
အပြင်လူများက ထိုလျို့ဝှက်ချက်အား မသိကြသည့်တိုင် လက်ခြောက်ချောင်းကျန်းက ထိုကိစ္စအား ဆတ်ဆတ်ထိမခံပေ။ ထို့ကြောင့် သူ၏ ညာဘက်လက်အား အစဉ်သဖြင့် ဖုံးကွယ်ထားပြီး မည်သူ့ကိုမှ အမြင်မခံပေ။
နောက်တော့ သူ၏ အကျင့်တစ်ခုပင် ဖြစ်လာသည်။
Chapter 114 လက်ခြောက်ချောင်းကျန်း
ယခင်က ထိုမှော်ဆေးပညာရှင်က သူ၏ ကုန်သွယ်မှု၌ စိတ်၀င်စားဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခဲ့သည်။ ထို့ကြောင့်လည်း ၀မ်ချောင်က လက်ခြောက်ချောင်းကျန်းအား နှစ်များစွာ ကြာသည်အထိ မှတ်မိနေခြင်းဖြစ်သည်။
တော်၀င်နန်းတော်၌ ဆေးဖော်ရသည့်အလုပ်က ပျင်းရိဖွယ်ကောင်းပြီး ဆေးလုံးဖော်စပ်နေခြင်းက ပို၍ပို၍ ပျင်းရိဖွယ်ဖြစ်လာသလို မှော်ဆေးပညာရှင်ဖြစ်လာသည့်အခါ၌ လက်ခြောက်ချောင်းကျန်း၏ လောင်းကစား ဗီဇသည်လည်း ပိုဆို ဆိုးရွာလာသည်။ နှစ်အနည်းငယ်အတွင်း အမြတ်ကြီးစားသူထံ ငွေသား မြောက်မြားစွာ အကြွေးတင်ခဲ့ပြန်သည်။
အကြွေးပြန်ဆပ်နိုင်ရန်အတွက် လက်ခြောက်ချောင်းကျန်းက သူ၏ အဆင့်အတန်းအား နှိမ့်ချကာ ချမ်းသာသည့်ကုန်သည်အား လျို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းနှင့် မိတ်ဆက်ပေးခဲ့သည်။
တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များမှ ဆေးလုံးများ ခိုးထုတ်ခြင်းက ကြီးမားသည့် လျို့ဝှက်ချက် ဖြစ်ပြီး မည်သည့် အပြင်လူကိုမှ အသိမခံပေ။ ကံဆိုးစွာနှင့် လက်ခြောက်ချောင်းကျန်း မိတ်ဆက်ပေးခဲ့သော ချမ်းသာသည့် ကုန်သည်က နှုတ်လုံသည့်သူ မဟုတ်ခဲ့ချေ။
တဖြည်းဖြည်းနှင့် ချမ်းသာသည့်ကုန်သည်ကြောင့် လျို့ဝှက်အဖွဲ့အစည်း၏ ဆေးလုံးများခိုးထုတ်နေသည်က ပေါက်ကြားသွားကာ လက်ခြောက်ချောင်းကျန်းသည်လည်း ထိုကိစ္စဖြင့် သေသွားခဲ့သည်။
၀မ်ချောင်က လက်ခြောက်ချောင်းကျန်း၏ ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်ကြောင်း သိသည်တွင် သနားသွားမိသည်။ ထိုသည်က ၀မ်ချောင် ၀င်မစွက်ဖက်ခဲ့လျှင် ဖြစ်ကို ဖြစ်လာမည့်အရာဖြစ်ပေသည်။
“ ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီကိစ္စ ဖြစ်လာဖို့က နှစ်နည်းနည်း လိုပါသေးတယ်.. မဟုတ်ရင် လျို့ဝှက်အဖွဲ့အစည်းကို ၀င်ရောက်နိုင်ဖို့ ဒီလောက် ခက်ခဲနေမှာကို မဟုတ်တော့ဘူး.. ”
တွေးနေရင်း မြင်းလှည်း၏ ပြတင်းပေါက်မှတစ်ဆင့် ၀မ်ချောင်က သက်တောင့်သက်သာ လမ်းလျှောက်နေသည့် လက်ခြောက်ချောင်းကျန်းအား ကြည့်နေသည်။
လျို့ဝှက် မှော်ဆေးပညာရှင်အဖွဲ့အစည်းက အပြင်လူများအား အလွန်သတိထားပြီး ထိုအဖွဲ့အစည်းနှင့် ဆက်သွယ်နိုင်ရန် ခက်ခဲသည့်အချက်က အပြင်လူများအကြား လူသိများသည်။ အကယ်၍ လာမည့်နှစ် အနည်းငယ်၌ဆိုလျှင် ၀မ်ချောင်က အလွယ်တကူပင် ထို ချမ်းသာသည့်ကုန်သည်နေရာအား အစား၀င်ကာ အဖွဲ့အစည်းမှ ဆေးလုံးများအား ပုံမှန် ၀ယ်ယူနိုင်မည် ဖြစ်သည်။
သို့သော် ယခုအချိန်၌မူ မည်သည့်အရာမှ ဖြစ်ပျက်နေခြင်းမရှိရာ လက်ခြောက်ချောင်းကျန်းအား ကိုင်တွယ်ရမည်က သူ၏ ယခင်ဘ၀ကလို လွယ်သူမည် မဟုတ်ချေ။ သူက ၀မ်ချောင်အား အခွင့်အရေးပင် မပေးသည်လည်း ဖြစ်နိုင်ချေရှိသည်။
မှော်ဆေးပညာရှင်အားလုံးအကြား၌ လက်ခြောက်ချောင်းကျန်းက အလွယ်ကူဆုံးပစ်မှတ်ဖြစ်သလို အောင်မြင်နိုင်ချေ အများဆုံးလည်းဖြစ်၏။ အကယ်၍ ၀မ်ချောင် ကျားအရိုးအဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိချသည်ဆိုပါက ဤတစ်နည်းတည်းသာ ရှိသည်။
လျို့ဝှက် အဖွဲ့အစည်းသို့ စောစောပူးပေါင်းနိုင်လေ ပုံမှန်ဆေးလုံး အထောက်အပံ့များအား စောစော ရရှိလေလေပင်။ လူရိုင်းနတ်ဘုရားဒေါသ ကျင့်စဉ်ကြောင့် မဟုတ်လျှင်ပင် သူ့အနေဖြင့် လျို့ဝှက် မှော်ဆေးပညာရှင်အဖွဲ့အစည်းသို့ ရအောင် ၀င်မည်ဖြစ်လေသည်။
နှစ်အနည်းငယ် စော၀င်နိုင်ခြင်းက နှစ်အနည်းငယ် အချိန်ပိုရခြင်းဟု ဆိုနိုင်သည်။
“ ဒီဟာက ငါ့အနေနဲ့ လျို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းကို ၀င်နိုင်မလား မ၀င်နိုင်ဘူးဆိုတာရဲ့ အဆုံးအဖြတ်ပဲ.. ”
၀မ်ချောင်တွေးလိုက်ပြီး မြင်းလှည်းတံခါးအား ဖွင့်ကာ ထွက်သွားလိုက်သည်။ တစ်ခဏအတွင်း လက်ခြောက်ချောင်းကျန်းအား လိုက်မှီခဲ့သည်။
“ ဆေးဆရာ.. တွေ့ရတာ ၀မ်းသာပါတယ်.. ”
လက်ခြောက်ချောင်းကျန်းထံသို့ ချဉ်းကပ်လိုက်ပြီး ၀မ်ချောင် အပြုံးနှင့် ရည်ရည်မွန်မွန် နှုတ်ဆက်လိုက်သည်။
၀မ်..
လက်ခြောက်ချောင်းကျန်း၏ အငွေ့အသက်များက အရှင် ဟူသည့် စကားလုံးအား ကြာလိုက်ချိန်၌ ပွင့်ထွက်လာသည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
“ မင်းဘယ်သူလဲ ငါ့ဆီက ဘာလိုချင်တာလဲ.. ”
ရုတ်တရက် လက်ခြောက်ချောင်းကျန်းက အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ မျက်လုံးအား ကျဉ်းမြောင်းထားကာ သူ၏ ခန္ဓာကိုယ်အား လေးကိုင်းကဲ့သို့ ကွေး၍ အသင့်ပြင်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။ သူ၏ မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ ၀မ်ချောင် စကားပြောသည်နှင့် တိုက်ခိုက်ရန် ပြင်ထားသည်နှင့် တူနေသည်။
ဆေးဆရာ ဟူသည်မှာ အလယ်ပိုင်းလွင်ပြင်၌ မှော်ဆေးပညာရှင်များအား ခေါ်ဆိုသည့် စကားလုံဖြစ်သည်။ ၀မ်ချောင်သူ့အား နှုတ်ဆက်လိုက်သည့် စကားလုံးလေးက သူ့အကြောင်း မည်မျှ သိထားသည်အား ထုတ်ဖော်နေသည်။
လက်ခြောက်ချောင်းကျန်း၏ မသိစိတ်ဖြင့် တုန့်ပြန်မှုက သူ ဆေးလုံးခိုးထုတ်သည်အား လူမိသွားသည့်နှယ် ဖြစ်နေသည်။
“ မှော်ဆေးပညာရှင် လျှိူ့ဝှက် အဖွဲ့အစည်းကို ချဉ်းကပ်နိုင်ဖို့က တကယ်ခက်ခဲတာပဲ.. ”
၀မ်ချောင်၏ စိတ်လေးလံနေသည်။
မှောဆေးပညာရှင်များအားလုံးထဲ၌ လက်ခြောက်ချောင်းကျန်းက အလွယ်ကူဆုံး ပစ်မှတ်ဟု သတ်မှတ်နိုင်သည်။ မည်သို့ဆိုစေ ဆေးဆရာ ဟူသည့် စကားလုံးအား ကြားလိုက်သည်နှင့် သူ၏ မျက်နှာ ချက်ချင်းပြောင်းလဲသွား၏။ အခြား မှော်ဆေးပညာရှင်များကဲ့သို့ပင် ချက်ချင်း သူ့ကိုယ်သူ ကာကွယ်လိုက်ကာ သူ့အား ချဉ်းကပ်လာသည့်သူအပေါ် ခက်ခဲစေသည်။
“ ဆေးဆရာ.. အထင်မလွဲပါနဲ့.. ကျုပ်က ၀မ်ချောင်ပါ ခင်ဗျားကို ထိခိုက်စေဖို့ ရည်ရွယ်ချက် မရှိပါဘူး.. သင့်ဆီကနေ ဆေးလုံးတစ်ချို့ ရဖို့ပဲ မျှော်လင့်တာပါ.. ”
၀မ်ချောင် ပြုံးနေသည်။
“ ငါက မှော်ဆေးပညာရှင်ဆိုတာ မင်းဘယ်လိုသိတာလဲ.. ”
၀မ်ချောင်၏ စကားအား မျက်ကွယ်ပြုထားပြီး လက်ခြောက်ချောင်းကျန်းသည် ဆေးဆရာ ဟူသည့် စကားလုံးအပေါ်သာ စိတ်ရောက်နေသေးသည်။ ၀မ်ချောင်မှ သူ၏ သရုပ်မှန်အား မည်သို့ သိရှိသွားသည့်အပေါ် သိချင်စိတ် ပြင်းပြလွန်း၍ သေပင်သေနိုင်သည်။
“ ဟားဟား.. ကျုပ် နှာခေါင်းက ကောင်းကောင်း အလုပ်လုပ်နေပါသေးတယ်.. ဆေးဆရာရဲ့ သရုပ်ကို ဘယ်လိုလုပ် မခန့်မှန်းနိုင်ပဲ နေမှာလဲ.. ”
၀မ်ချောင် သိမ်မွေ့စွာ ပြုံးလိုက်ကာ အသက်ရှူဟန်ပြရင်း ပြောလိုက်သည်။
လက်ခြောက်ချောင်းကျန်းက သူ၏ လက်မောင်းအိုးအား မြှောက်ကာ အနံ့ခံလိုက်၏။ သဘာ၀ကျကျပင် သူ့ထံ၌ ဆေးဖက်၀င် ပါ၀င်ပစ္စည်းများ၏ ရနံ့တို့က စွဲကပ်နေသည်။ မှော်ဆေးပညာရှင်များက ဆေးအိုးများ ဆေးပင်များနှင့် အစဉ်သဖြင့် ထိတွေ့နေရသည်ဖြစ်ရာ ထိုအနံ့များအား ရှောင်ရှားနိုင်ရန်က မဖြစ်နိုင်ပေ။
“ ငါ သဘောပေါက်ပြီ.. ”
စိတ်သက်သာရာရသွားပြီး လက်ခြောက်ချောင်းကျန်း၏ မျက်နှာ ပြေလျော့သွားသည်။
“ မင်းဘာမှ ဆက်ပြောစရာမလိုတော့ဘူး.. ငါမင်းအတွက် ဆေးလုံး ဖော်စပ်ပေးမှာ မဟုတ်ဘူး.. ”
အေးစက်စက် မျက်နှာပေးဖြင့် လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်၏ တောင်းဆိုမှုအား တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ငြင်းပယ်လိုက်သည်။ ၀မ်ချောင် သူ၏ ဆေးလုံးခိုးထုတ်ခြင်းအကြောင်း မသိသည်ကို သိရလျှင် စိတ်သက်သာရာရသွားသည်။
ထိုစကားများအား ပြောပြီးနောက် လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်အား လျစ်လျူရှူကာ ထွက်သွားလေ၏။
“ ဆေးဆရာ ခဏစောင့်ပါဦး.. ခင်ဗျား လိုချင်မလား မလိုချင်မလား မသိပေမဲ့ ကျုပ်ဆီမှာ ဆေးဆရာအတွက် လက်ဆောင် ပါလာပါတယ်.. ”
“ လက်ဆောင်ဟုတ်လား.. မင်းက ငါ့ကို ဘာလက်ဆောင်များ ပေးနိုင်မှာတဲ့လဲ.. ”
လက်ခြောက်ချောင်းကျန်းက အူလှိုက်သဲလှိုက် ရယ်လိုက်လေ၏။
“ ဆေးဆရာ ကြည့်လိုက်ရင် သိပါလိမ့်မယ်.. ”
ပြုံးနေရင်း ၀မ်ချောင်က ရှန့်ဟိုင်အား မလာခင်ကတည်းက ပြင်ဆင်ထားသည့် သေတ္တာအား ယူလာရန် လက်ဟန် ပြလိုက်သည်။
“ ဟမ့် ဘယ်လိုတောင် အထင်ကြီးနေတဲ့ အပြုအမူ........... ”
စိတ်ထဲမှ မကျေမနပ်နှင့် လက်ခြောက်ချောင်းကျန်းက သေတ္တာအား ဖွင့်လိုက်သည်။ အဝါရောင်အလင်းများက သူ၏ မျက်လုံးကိုပင် အမြင်ေ၀၀ါးသွားစေပြီး တစ်ခဏကြာလျှင် အသက်ရှုရန် မေ့လျော့သွား၏။ ထိုနေရာ၌ ကြောင်အနေကာ စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။
ရွှေ။ အနည်းဆုံး ရွှေစ သုံးထောင်ခန့်မျှ ရှိသည့် ရွှေများ။
လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဤပမာဏက ကလေးတစ်ယောက် ထုတ်ပေးနိုင်သည့် အရာမဟုတ်ပေ။
“ ဆေးဆရာ ဒါက ကျုပ်ရဲ့ စိတ်ရင်းထဲကပေးတာပါ လက်ခံပေးပါဦး.. ”
၀မ်ချောင် ဆက်ပြုံးနေသည်။ လက်ခြောက်ချောင်းကျန်မှ မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်နိုင်ခင် ရှန့်ဟိုင်နှင့် မုန့်လုံအား ခေါ်ကာ မြင်းလှည်းပေါ်တက်သွားပြီး များမကြာမှီ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
လက်ခြောက်ချောင်းကျန်းက လမ်းမပေါ်၌ အူတိအူကြောင် ကျန်ရစ်ခဲ့ပြီး ရွှေစ နှစ်ထောင် သုံးထောင်ခန့်ရှိသည့် သေတ္တာအား ကိုင်ထားသည်။
“ ဒီလောကကြီး ဘာဖြစ်ကုန်တာလဲဟ.. ” ၏
လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်စီးနင်းထားသည့် မြင်းလှည်းအား ကြည့်ကာ ပြောလိုက်သည်။ တစ်ချိန်ထဲ၌ သူ၏ စိတ်ထဲ၌ ၀ရုန်းသုန်းကား ဖြစ်နေတော့သည်။ သူက ယခုအခြေအနေမျိုးအား မကြုံဖူးပေ။ ဘာမှ မပြောလိုက်ရပဲ ဘာမှ မလုပ်လိုက်ရပဲနှင့် တစ်ဖက်လူက သူ့အား ရွှေစ နှစ်ထောင် သုံးခန့်မျှ ပါသည့် သေတ္တာအား တုန့်ဆိုင်းခြင်းမရှိ ပေးသွားခဲ့သည်။
“ ဟမ့်.. နှစ်တိုင်း ထူးထူးဆန်းဆန်းတွေ ဖြစ်နေကျဆိုပေမဲ့ ဒီနှစ်တော့ ပိုများနေသလိုပဲ.. တစ်ယောက်ယောက်က ငါ့ကို ပိုက်ဆံပေးချင်နေတယ်ဆိုမှတော့ ငါ ငြင်းလိုက်လို့ ဘယ်ကောင်းမလဲ.. ”
လက်ခြောက်ချောင်းကျန်း၏ မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာကာ ၀မ်ချောင်ပေးခဲ့သည့် သေတ္တအား အလျင်အမြန် သိမ်းဆည်းလိုက်သည်။ အဆုံး၌ အသက်အားရင်းကာ ဆေးလုံးခိုးထုတ်ရသည့် အကြောင်းအရင်းမှာလည်း အကျိုးအမြတ်အတွက်ပင် မဟုတ်ပါလား။
တစ်စုံတစ်ဦးက သူ့အား ပိုက်ဆံ အခမဲ့ ပေးလိုသည်တွင် သူက အဘယ်ကြောင့် ငြင်းရမည်နည်း။
“ ငါ လောင်းကစားဝုိင်းကို မရောက်တာ အတော်ကြာပြီ.. ဒီပိုက်ဆံတွေနဲ့ဆိုရင်တော့ ကောင်းကောင်းလေး ကစားပစ်လို့ရပြီလေ.. ”
လက်ခြောက်ချောင်းကျန်းက မြင်းလှည်းတစ်စီးအား တားလိုက်ကာ လောင်းကစားဝိုင်းရှိရာသို့ ဦးတည်ခိုင်းလိုက်၏။
......
“ သခင်လေး သူ့ကို ပိုက်ဆံပေးချင်တယ်ဆိုမှတော့ ဘာလို့ ပိုပိုသာသာ မပေးလိုက်တာလဲ.. ”
ထိုအချိန်၌ မြင်းလှည်းအတွင်း ရှန့်ဟိုင်က သူ၏ သခင်လေးအား သံသယမျက်လုံးဖြင့် ကြည့်နေသည်။ သခင်လေးက သူ၏ ပန်းတိုင်အတွက် မည်သည့်အခါကမှ ပိုက်ဆံအား နှမြောတွန့်တိုခြင်း မရှိခဲ့ဖူးပေ။
ရွှေစတစ်သောင်း ပေးလိုက်လျှင်ပင် သူ့အတွက် ဘာမှ ထူးခြားသွားမည် မဟုတ်ပေ။
ယခင်က သခင်လေးသည် အဘလိုဒန်နှင့် အားလော်ဂျားအား ရွှေစသောင်းချီပိုပေးကာ ဟိုက်ဒရာဘတ်သတ္တုရိုင်းများအား လက်တွင်း အပိုင်သိမ်းခဲ့သည်။ နှမြောနေသည်က သူတို့ သခင်လေး၏ပုံစံ မဟုတ်သလိုပင်။
ရွှေစ နှစ်ထောင် သုံးထောင်က သူ လုပ်နေကျ ပုံစံ မဟုတ်နေပေ။
“ ဟားဟား..ငါသူ့ကို ရွှေစတစ်သောင်းလုံး ပေးချင်တယ်ဆိုရင်တောင်မှ သူက လက်ခံရဲဦးမှလေ.. တကယ်လို့ ငါသာ အဲ့လိုလုပ်လိုက်ရင် ငါ့ဆီမှာ အကြံတစ်ခုခု ရှိနေမှန်း သူသိသွားမှာပေါ့.. ”
၀မ်ချောင် ရယ်လိုက်၏။
“ ဒါက... ”
နှစ်ဦးသား ကြောင်အသွားသည်။
၀မ်ချောင် ပြုံးနေပြီး ဘာမှ ထပ်မပြောတော့ပေ။ လျို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်း၏ အဖွဲ့၀င်တိုင်းက အလွန်သတိကြီးလှပြီး လက်ခြောက်ချောင်းကျန်းသည်လည်း ချွင်းချက်မဟုတ်ပေ။ ၀မ်ချောင်၏ အသိဉာဏ်များအရ သူ့အပေါ် အသာစီးရနေသော်လည်း အဖွဲ့အစည်းအား ချဉ်းကပ်ရန်က လွယ်ကူနေမည် မဟုတ်ပေ။
ပထမဦးဆုံး တွေ့ဆုံသည့်အကြိမ်၌ အထင်အမြင်ကောင်းများ ချန်ထားခဲ့နိုင်သည်က ၀မ်ချောင် အတွက် လုံလောက်ချေပြီ။ သို့မဟုတ်လျှင် သူက တစ်ဖက်လူအား သတိပေးမိသလို ဖြစ်သွားလိမ့်မည်။
“ မုန့်လုံ.. ငါမင်း မေးထားတဲ့ သတင်းအချက်အလက် ရခဲ့ပြီလား.. ”
၀မ်ချောင် ရုတ်တရက် မေးလိုက်သည်။
“ ဟုတ်ကဲ့.. ”
မုန့်လုံ ခေါင်းညိမ့်လိုက်သည်။ သူ၏ လက်မောင်းအိုးအတွင်းမှ စာလိပ်တစ်ခုအားထုတ်ယူကာ ဖြန့်ပြီး ပေးလိုက်သည်။
“ ကျောက်စိမ်းနက်စံအိမ် ပတ်၀န်းကျင်မှာ လောင်းကစားရုံ စုစုပေါင်း ခြောက်ခုရှိတယ်.. သုံးခုက ဝိုင်းသေးနဲ့ နှစ်ခုက ပုံမှန်ထဲမှာပဲ နောက်ဆုံးတစ်ခုကတော့ အကြီးဆုံးဝိုင်းပဲ.. ”
“ အကြီးဆုံး လောင်းကစားဝုိင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ.. ”
၀မ်ချောင် စာလိပ်အား မယူလိုက်ပေ။
“ ရွှေကောင်းကင် လောင်းကစားရုံ.. ”
မုန့်လုံ ပြောလိုက်သည်။
“ ရွှေကောင်းကင် လောင်းကစားရုံ ဆိုတော့........... ”
၀မ်ချောင် တွေဝေသွားသည်။ ထိုနေရာအပေါ် သူထံ၌ ခံစားချက်တစ်ချို့ရှိပြီး ကြည့်ရသည်အရ ဂိုဂူလျောများ ဖွင့်ထားဟန်ရသည်။
သူ၏ ယခင်ဘ၀၌ မည်သို့သောသူမျိုးက မြင့်မြတ်ကာ မာနကြီးသည့် မှော်ဆေးပညာရှင်အား စည်းမျဉ်းများနှင့် ဆန့်ကျင်ပြီး ချမ်းသာသည့် ကုန်သည်တစ်ဦးအား အဖွဲ့အစည်းနှင့် မိတ်ဆက်စေနိုင်ကြောင်း ၀မ်ချောင် အလွန်သိလိုခဲ့သည်။
အလွန်ခက်ခဲသည့် အခြေအနေမှ မဟုတ်လျှင် လက်ခြောက်ချောင်းကျန်းသည်လည်း အန္တရာယ်များသည့်အရာအား လုပ်လိမ့်မည် မဟုတ်ချေ။
မည်သို့ဆိုစေ တဖက်လူက ဂိုဂူလျောများ ဖြစ်နေလျှင်တော့ အဓိပ္ပာယ်ရှိသွားလေပြီ။
ဂိုဂူလျောများက အလွန်ကြီးမားသည့် အုပ်စုဖြစ်သည်။ သူတို့က အလွန်ရန်လိုပြီး ဒေါသကြီးကာ အကြောက်တရားလည်းမရှိ။ လက်ခြောက်ချောင်းကျန်း၏ သရုပ်မှန်ဖြစ်သည့် မှော်ဆေးပညာရှင်ဟူသည့် အဆင့်အတန်းက အခြားသူများနှင့်ရင်ဆိုင်ရာတွင် အလုပ်ဖြစ်နိုင်သော်လည်း ထိုသူများအပေါ်၌ အလုပ်ဖြစ်မည် မဟုတ်ပေ။
၀မ်ချောင်၏ ယခင်ဘ၀မှ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျယ်ပြောလှပြီး လူတိုင်းနှင့် သိရှိကာ နေရာတိုင်းသို့ သွားလာနိုင်သည်။ မည်သို့ဆိုစေ သူ၏ တစ်ခုတည်းသော စည်းမျဉ်းမှာ ဂိုဂူလျောတို့ ဖွင့်လှစ်ထားသည့် တည်းခိုခန်း၊ လောင်းကစားဝိုင်း၊ အခါးကြမ်းဆိုင် ၊ အရက်ဆိုင်တို့အား ရှောင်ကျဉ်ခြင်းဖြစ်သည်။
ဂိုဂူလျောများက ရန်လိုကာ ဥပဒေမဲ့ နေထိုင်သည့် အတွက် တစ်ခုတည်းကြောင့် မဟုတ်ပေ။ ပို၍ အရေးပါသည်က မဟာထန်၏ ကြောက်မက်ဖွယ်ကောင်းသည့် အစည်းအရုံးဖြစ်သော ‘ ဂိုဂူလျော သိုင်းပညာအစည်းအရုံး ’သို့မဟုတ် ‘ ဂိုဂူလျော လုပ်ကြံသတ်ဖြတ်ရေး အစည်းအရုံး ’နှင့် ဆက်စပ်နေ၍ ဖြစ်ပေသည်။
ဂိုဂူလျောများနှင့် ဆက်ဆံမှု မရှိသင့်သည်အား လူတိုင်းသိထားပြီး လက်ခြောက်ချောင်းကျန်းက လောင်းကစားဝိုင်း၏ နောက်ကွယ်မှ အဖွဲ့အစည်းအား သိနေသည့်ပုံမပေါ်ပေ။
တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များ၏ မှော်ဆေးပညာရှင်ဖြစ်သည့်အလျောက် ဂုဏ်မောက်ပြီး အခန်းနားဆုံး နေရာကိုသာ ရွေးပေလိမ့်မည်။ ထပ်တွေးစရာ မလိုတော့ပဲ လက်ခြောက်ချောင်းကျန်း သွားမည့်နေရာက ရွှေကောင်းကင် လောင်းကစားရုံ ဖြစ်ကြောင်း ၀မ်ချောင် အတပ်သိလိုက်ကာ ကံမကောင်းစွာဖြင့် ထိုလောင်းကစားရုံအား ဂိုဂူလျောများက ပိုင်ဆိုင်သည်။
“ ရှန့်ဟိုင် မုန့်လုံ လာမဲ့ နှစ်ရက်အတွင်း သူ့နောက်လိုက်နေပါ.. အားလော်ဂျားနဲ့ အဘလိုဒန်ကို မင်းတို့ကို ကူညီဖို့ လွှတ်ပေးလိုက်မယ် တကယ်လို့ သူ အန္တရာယ် ကြုံတွေ့ခဲ့ရင် ကယ်လိုက် ဘယ်လိုပဲဖြစ်ဖြစ်သူ အနာတရ ဖြစ်လို့ မရဘူး.. ”
၀မ်ချောင် သူ၏ ညာလက်ဖြင့် ပြတင်းပေါက်အား ဖွင့်လိုက်သည်။
“ ပြီးတော့ ဒီမှာ နောက်ထပ် ရွှေစ နှစ်သောင်း မြင်းလှည်းထဲမှာ ရှိတယ်.. အရေးတကြီးဖြစ်နေပြီး မင်းတို့ အသုံးလိုရင် သုံးဖို့.. မလောက်သေးဘူးဆိုရင် အားလော်ဂျားနဲ့ အိမ်တော်မှာ လာယူခိုင်းလိုက်.. ဒီကိစ္စမှာ ဘာအကန့်အသတ်မှ မရှိဘူး.. ”
“ အာ..... ”
အကန့်အသတ်မထားဘူးဟူသည့် စကားအား ကြားလိုက်ချိန်၌ ရှန့်ဟိုင်နှင့် မုန့်လုံ တို့ ထိတ်လန့်သွားသည်။ သူတို့ သခင်လေး၏ အာရုံစိုက်မှုအား ရနိုင်သည့်သူ ရှားကြောင်း သူတို့သိထားပြီး အာရုံစိုက်ခံရသူတိုင်းသည်လည်း အလွန် ထူးခြားကြသည်။
သို့တိုင်အောင် သူတို့နှစ်ဦးက ထိုမှော်ဆေးပညာရှင်အပေါ် ၀မ်ချောင် အဘယ်ကြောင့် မြင့်မြင့်မားမား မျှော်မှန်းထားမှန်း မသိကြပေ။
“ ဟုတ်ကဲ့ပါ သခင်လေး.. ကျုပ်တို့ တာ၀န်ကို ကျေပွန်အောင် ဆောင်ရွက်ပါ့မယ်.. ”
ခေါင်းငုံ့ကာ နှစ်ဦးသား ပြောလိုက်သည်။
“ အင်း.. မင်းတို့ရဲ့ တံဆိပ်ပြားတွေယူသွား လိုအပ်လာရင် စိတ်တိုင်းကျ သုံးခွင့်ရှိတယ်.. ကောင်းပြီ သွားကြတော့.. ”
၀မ်ချောင် လက်ဟန်ပြလိုက်သည်။
ပြဿနာကောင်များက အစဉ်သဖြင့် ပြဿနာများအား သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သည်။ လောင်းကစားဝါသနာထံသည့်သူနှင့် ဂိုဂူလျောတို့ ပိုင်ဆိုင်သည့် လောင်းကစားဝိုင်း.. ၀မ်ချောင် ဖြစ်လာမည့် ပြဿနာအား ကြိုမြင်နေရချေပြီ။
လက်ရှိ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဤသို့သော ပဋိပက္ခမှ ရှောင်ဖယ်နေခြင်းက အကောင်းဆုံးဖြစ်၏။ မည်သို့ဖြစ်စေ ရှန့်ဟိုင်၊ မုန့်လုံ၊ အားလော်ဂျားနှင့် အဘလိုဒန်တို့နှင့် ဆိုလျှင် လုံလောက်သည်ထက် ပိုနေချေပြီ။
သူထိုသို့တွေးလိုက်ပြီး ကျောက်စိမ်းနက်စံအိမ်မှ ၀မ်ချောင် ထွက်ခွာသွားလိုက်သည်။
...........
အရင်က ကိုးရီးယားရဲ့ သမိုင်းကြောင်းအရ ကိုးရီးယားနိုင်ငံဟာ လေးခြမ်းကွဲနေတယ်လို့ဆိုတယ်.. ဂိုဂူလျော၊ သျှီလာ၊ ဂါရာနဲ့ ဘက်ကျဲ ( နောက်ပိုင်းမှာတော့ ဂါရာက သျှီလာလက်အောက် ကျရောက်သွားတယ်လုိ့ဆိုတယ်) ပေါ့.. လက်ရှိအချိန် အရှေ့ပင်လယ်မှာ ဂိုဂူလျောက အင်အားအကောင်းဆုံး အင်ပါယာ ဖြစ်နေပြီး သူ့ရဲ့ စစ်မက်အင်အင်အားက တစ်ခြား နိုင်ငံတွေ အားလုံးထက် သာလွန်နေတယ်..
AD 668 မှာ သျှီလာဟာ မဟာထန်နဲ့ ပူးပေါင်းခဲ့ပြီး ဘက်ကျဲနဲ့ ဂါရာတို့ပိုင်နက် တစ်ချို့ကို သိမ်းယူခဲ့ပြီး သျှီလာနဲ့ ဘက်ကျဲကို စုစည်းခဲ့တယ်.. မဟာထန်ကလည်း ပိုင်နက်တစ်ချို့ကို သိမ်းယူခဲ့တယ်..
AD 668 နှစ်ကုန်ပိုင်းမှာ သျှီလာ မဟာမိတ်နဲ့ ဘယ်ဟဲ မဟာထန် ဒါတွေပဲ ကျန်ခဲ့တယ်..
Chapter 115 စစ်မှန်သည့် တိုးတက်မှုဖြစ်စဉ်
၀မ်ချောင်က လက်ခြောက်ချောင်းကျန်းနှင့် ပက်သက်သည့် အခြင်းအရာက တိုးတက်မှု ဖြစ်ပေါ်ရန် ရက်အနည်းငယ်ကြာဦးမည်ဟု တွေးထားသည်။ မည်သို့ဆိုစေ ၀မ်ချောင်က တစ်ဖက်လူ၏ လောင်းကစားဗီဇအား အထင်သေးခဲ့မိသလို မှော်ဆေးပညာရှင်ဟူ၍ သူ့ကိုယ်သူ ယုံကြည်မှုကိုလည်း အထင်သေးခဲ့မိပေသည်။
ထိုည သန်းခေါင်တွင် လက်ခြောက်ချောင်းကျန်း တိုက်ခိုက်ခံရ၏။
ဆေးလုံးဖော်စပ်ခြင်း၌ သူ၏ ပါရမီက အလွန်ထူးကဲလှသော်လည်း ဆေးလုံးဖော်စပ်ခြင်း၌ ကျွမ်းကျင်လေလေ ထိုသူ၏ ဘ၀က ပိုမိုပျင်းစရာကောင်းလေလေပင်။ လက်ခြောက်ချောင်းကျန်းက သူ၏ ပျင်းရိမှုအားလုံးအား လောင်းကစားဝိုင်းထံ ပစ်ထည့်ထားပြီး ယခင်ထပ် ပိုမိုခင်တွယ်စေသလို သူ့ကိုယ်သူပင် ဆုံးရှုံးသည်အထိဖြစ်နေတော့သည်။
ထိုညသန်းခေါင်၌ လက်ခြောက်ချောင်းကျန်းမှာ ဂိုဂူလျောများ၏ တိုက်ခိုက်ခြင်းအား ခံရ၏။ သူတို့က အလွန်ပြင်းထန်သည့် နည်းလမ်းမျိုးစုံဖြင့် အင်အားသုံးခြင်း၊ အိပ်ဆေးငွေ့သုံးခြင်း၊ အိပ်ဆေးလုံးသုံးခြင်း အထူးသဖြင့် အရိုးပျော့ဆေးများပင် သုံးသေးသည်။
အကယ်၌ ရှန့်ဟိုင်နှင့် မုန့်လုံသာ အားလော်ဂျား၊ အဘလိုဒန်တို့နှင့်တကွ မထွက်ပေါ်လာခဲ့လျှင် လက်ခြောက်ချောင်းကျန်းက ပိုမို ထိခိုက်ခံစားရမည်ဖြစ်ပြီး သူ၏ လက်တစ်ဖက်ပင် ပြတ်သွားလောက်ပေသည်။
ဂိုဂူလျောများက ၎င်းတို့၏ အရိုင်းဆန်ကာ အင်အားသုံးတတ်သည့် အလေ့အကျင့်ကြောင့် မြို့တော်၌ ကျော်ကြားသည်။
သို့သော် သူသတိပြုမိသည့်အချိန်၌မူ လက်ခြောက်ချောင်းကျန်းက သူစိုက်ထားသည့် အရာအား သူပြန်ရိတ်သိမ်းရချေပြီ။
သူ့ထံ၌ ရွှေစ သုံးထောင်ခန့်မျှသာရှိသည့်တိုင် ရွှေကောင်းကင်လောင်းကစားရုံမှ ငွေတိုးချေးသူထံ ရွှေစ ငါးသောင်း ထပ်မံ ချေးယူရဲသေးသည်။
---- သူအတွက် အလွန် မထူးဆန်းနေပေဘူးလား။
သူချေးယူထားသည့်ထဲမှ ရွှေစ နှစ်သောင်းအား ရှန့်နာရီ၏ တတိယကဲ( 15:45 )အချိန်၌ ပြန်လည် ဆပ်ရမည်ဖြစ်သည်။ မည်သို့ဆိုစေ လက်ခြောက်ချောင်းကျန်းက လောင်းကစားဝိုင်း၌ အမူးလွန်နေသည်ဖြစ်ရာ ထိုကိစ္စအား မေ့လျော့သွား ထို့ကြောင့် ဂိုဂူလျောများက စတင် လိုက်တောင်းကြခြင်းဖြစ်သည်။
“ လောင်းကစားဝိုင်းက သူ့အကြွေးကို မင်းပေးလိုက် ပြီးပြီလား.. ”
စာကြည့်စားပွဲနောက်မှ ၀မ်ချောင် မေးလိုက်သည်။
“ သခင်လေးကို သတင်းပို့ပါတယ်.. သခင်လေးမှာထားတဲ့အတိုင်း သူ့အကြွေးကို ပေးပြီးတာနဲ့ ကျွန်တော်တို့ ချက်ချင်းထွက်လာတာပါ.. ကျုပ်တို့က သူနဲ့ မျက်နှာချင်းဆိုင်မိဖို့အရေးကို တတ်နိုင်သမျှ ရှောင်ခဲ့ပါတယ်.. ”
ရှန့်ဟိုင်နှင့် မုန့်လုံတို့က ဖြေလိုက်သည်။
တစ်ဖက်လူအား ထိုမျှလောက် ကြီးမားသည် ကိစ္စအား ကူညီကာ ရွှေစ ငါးသောင်းအား အလဟဿပေးလိုက်ပြီး သူတို့အား တစ်ခွန်းမှ မပြောရန် မှာထားသေးသည်။ ဤသည်က သူတို့ နားမလည်နိုင်သည့် အရာဖြစ်လေသည်။
သို့တိုင် ထိုသည်က သူတို့ သခင်လေး၏ အမိန့်ဖြစ်သည့်အတွက် သူတို့အနေဖြင့် ပြန်လည်ခွန်းတုန့်ပြန်၍ရသည့် အခြေအနေမဟုတ်ပေ။
“ အရမ်းကောင်းတယ်.. မနက်ဖြန်ကစပြီးတော့ သူ့ဆီကို ရွှေစ နှစ်ထောင်နေ့တိုင်း ပို့ပေးလိုက် ပြီးတော့ သူ့ကို ဘာမှ ပြောစရာမလိုဘူး.. ”
၀မ်ချောင် ပြောလိုက်သည်။
“ ကောင်းပါပြီ သခင်လေး.. ”
ရှန့်ဟိုင်နှင့် မုန့်လုံမှ နာခံစွာ ပြောလိုက်၏။
အကယ်၍ အခြားသူသာဆိုလျှင် ရွှေစငါးသောင်းအား ပေးပြီးပါက အလွန်ခံစားနေရပလိမ့်မည်။ သို့သော် ၀မ်ချောင်မှာတာ့ မှုဟန် မတူချေ။
လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းသည် ကြီးမားသည့် အကျိုးအမြတ်ကို ပိုင်ဆိုင်ထားသော်လည်း ကုန်သွယ်ရန် လမ်းစက အလွန်စျေးကြီးပေသည်။ ၎င်းတို့၏ ဖောက်သည်များက သူတို့ထံမှ အနည်းဆုံး နှစ်ဆယ်ချီ အားပေးခဲ့သည့် သူများသာ ဖြစ်ပေသည်။
ထို ဖောက်သည်များက အချိန်၏စမ်းသပ်မှုအား ကျော်ဖြတ်ပြီးခဲ့ကြပြီး သူတို့က ယုံကြည်ရသည်။ မည်သို့ဆိုစေ ဖောက်သည်အသစ်ကိတော့ သူတို့က အလွန်ပင် သတိထားကာ သံယယ၀င်လေ့ရှိသည်။
ဤနှစ်ပေါင်းငါးဆယ်အတွင်း သူတို့က ဖောက်သည်အသစ်ပင် လက်ခံခဲ့သည့် မဟုတ်ပေ။
ထိုသည်က လျှို့ဝှက်မှော်ဆေးပညာရှင် အဖွဲ့အစည်းသည် ၎င်းတို့၏ တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များမှ ရှောင်ပုန်းနေရသည့် တင်းကျပ်သည့် အခြေအနေအား ကောင်းစွာ နားလည်ထားသောကြောင့် ဖြစ်ပေသည်။
၀မ်ချောင်၏ လက်ရှိ ရည်ရွယ်ချက်မှာ ထိုအုပ်စုထဲသို့ ၀င်ရောက်ကာ သူ့အတွက် ပုံမှန်ဆေးလုံး အထောက်အပံ့လိုချင်၍ ဖြစ်ပေသည်။ ရွှေစငါးသောင်းပေးလိုက်သည့်ကိစ္စသာမက မည်သည့်အရာ ဖြစ်ပါစေ သူ့အတွက်အရေးမပါပေ။
လက်ခြောက်ချောင်းကျန်းက သူ့အား အလွန်သတိထားနေဆဲဖြစ်သည့်အတွက် လျှို့ဝှက်မှော်ဆေးပညာရှင် အဖွဲ့အစည်းသို့ ၀င်ရောက်မည့်အကြံအား ဖော်ဆောင်ရန် စောလွန်းနေသေးသည်။ ၀မ်ချောင် လုပ်စရာလိုသည်က ထိုသူထံသို့ ငွေပုံမှန် ပို့နေရန်ပင်။
ဤနည်းလမ်းအားဖြင့် တစ်ဖက်လူ၏ သူ့အပေါ် အထင်အမြင်အား ပြောင်းလဲနိုင်ပေလိမ့်မည်။
တစ်ရက်တွင် လက်ခြောက်ချောင်းကျန်းက သူ့အား သံသယ မ၀င်တော့သည့်အချိန်၌ ထိုတံခါးအား ကိုယ်တိုင်ဖွင့်၍ သူ့အား ခေါ်လိမ့်မည်ဖြစ်ကြောင်း ၀မ်ချောင် ယုံကြည်သည်။
ထိုကိစ္စအား နေရာချပြီးနောက် ၀မ်ချောင် နဂါးအရိုးကျင့်စဉ်အား ဆက်လက် ကျင့်ကြံနေလိုက်သည်။
နေ့ရက်များ ကုန်လွန်သွားပြီး ၀မ်ချောင်၏ သိုင်းပညာက တိုးတက်လာသည်။ သူ၏ အရိုးက အဆင့်မချိုးဖျက်သေးသည့်တိုင် ပို၍ ပို၍ သိပ်သည်းလာသည်အား သူခံစားမိသည်။
များမကြာမှီ သုံးရက်က ကုန်လွန်သွားခဲ့သည်။
၀မ်ချောင်၏ နဂါးအရိုးကျင့်စဉ်က များစွာ တိုးတက်လာခြင်းမရှိသော်လည်း ရှန့်ဟိုင်နှင့် မုန့်လုံတို့ဖက်မှ အခြေအနေ တိုးတက်လာကြောင်း သိလိုက်ရသည်။
“ သခင်လေး.. လက်ခြောက်ချောင်းကျန်းက တွေ့ဆုံဖို့ ခွင့်တောင်းပါတယ်.. ဒီတစ်ခါတော့ သူက တန်းတန်းမတ်မတ်လာပြီး သခင်လေးနဲ့ တွေ့ဖို့ ခွင့်တောင်းတာပါ.. ”
ခြံ၀င်းထဲ၌ ၀မ်ချောင် ကျင့်ကြံနေစဉ်တွင် ရှန့်ဟိုင်နှင့် မုန့်လုံက အလျင်အမြန် ၀င်လာကာ ပြောသည်။
“ အိုး..... ”
၀မ်ချောင်၏ မျက်ခုံးပင့်တက်သွားသည်။ ထိုသည်က သူ့အတွက် အလွန်အံ့အားသင့်စေသည်။ လက်ခြောက်ချောင်းကျန်းက သူထင်ထားသည်ထက် ပို၍ သောကရောက်နေဟန်ရသည်။
“ သူ့ကို ဖိတ်ခေါ်လိုက်..... ”
......
၀မ်ချောင်က လက်ခြောက်ချောင်းကျန်းအား စာကြည့်ခန်းထဲ၌ တွေ့ဆုံသည်။ လွန်ခဲ့သည့်ရက်များက သူတွေ့ခဲ့သည်နှင့် ယှဉ်လျှင် လက်ခြောက်ချောင်းကျန်းက မစိမ်းကားသလို မမောက်မာပဲ ရိုကျိုးနေသည်။
မည်သို့ဆိုစေ ၀မ်ချောင်က သူ့ထံမှ စိုးရိမ်စိတ်နှင့် မသက်မသာဖြစ်မှုအား အာရုံခံမိသည်။
“ ကျန်းကျုံးရှုက သခင်လေးကို ဂါ၀ရပြုပါတယ်.. ”
လက်ခြောက်ချောင်းကျန်းက ရိုသေစွာ ဦးညွှတ်သည်။
မှော်ဆေးပညာရှင်များက ရောက်သည့်နေရာတိုင်း လေးစားခံရသည့်အတွက် မှော်ဆေးပညာရှင်အများစု မောက်မာသည်က မထူးဆန်းပေ။
မည်သို့ဆိုစေ ကျန်းကျုံးရှု မမျှော်လင့်ထားသည်က သူ့အား ကျောက်စိမ်းစံအိမ်၌ နောက်ယောင်ခံလိုက်သည့်သူက ယခုကဲ့သို့သော နောက်ခံမျိုးရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မှော်ဆေးပညာရှင်များက လူမှုပတ်၀န်းကျင့်၌ အဆင့်အတန်းမြင့်သည် ဆိုသော်လည်း သူတို့က ၀မ်ကလန်ကိုတော့ မယှဉ်နိုင်ပေ။
“ ဟားဟား.. ဆေးပညာရှင် ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော်.. ”
၀မ်ချောင် ပြုံးလိုက်သည်။ သူ့အကြည့်က လက်ခြောက်ချောင်းကျန်း၏ ဘယ်ဘက်လက်ထံ အကြည့်ရောက်သွားသည်တွင် အတော်နက်သည့် ဓားဒဏ်ရာအား လက်မောင်းအိုးအောက်၌ တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ထိုသည်က မကြာသေးမှီကမှ ဂိုဂူလျောတို့၏ လက်ချက် ဖြစ်ဟန်ရလေသည်။
“ သခင်လေး.. ကျုပ်ကို ဆေးပညာရှင် ဆိုပြီး မစနောက်ပါနဲ့တော့.. တကယ်လို့ သင်ကသာ ကျိုးအမတ်ကြီးရဲ့ မြေးဖြစ်မှန်းသိခဲ့ရင် အရင်က ကျုပ်ပြုမူခဲ့သလို မမောက်မာရဲပါဘူး.. ”
လက်ခြောက်ချောင်းကျန်းက မသက်မသာ ပြောသည်။
“ ဟားဟား.. ဆေးဆရာက အရမ်းယဉ်ကျေးနေပါပြီ.. ဘယ်လိုကိစ္စကြောင့်များ ဆေးဆရာ ကျုပ်ကို တွေ့ခွင့်တောင်းတယ်ဆိုတာ သိလို့ရမလား.. ”
ပြုံးနေကာ ၀မ်ချောင် လက်ခြောက်ချောင်းကျန်း စကားဆိုမည်အား စောင့်ဆိုင်းနေလိုက်သည်။
“ သခင်လေးက အရမ်းနှိမ့်ချတတ်တာပဲ.. ကျုပ် ဒီကိုရောက်လာရတာက ကျုပ်ရဲ့အကြွေး ရွှေစငါးသောင်းကို ဆပ်ပေးပြီး ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောဖို့ လာခဲ့တာပါ.. သခင်လေးကို ကျုပ် ရင်ထဲက တကယ် ကျေးဇူးတင်ပါတယ်.. ”
“ ဒါပေမဲ့ သခင်လေးက ကျုပ်ဆီက ဆေးလုံးတွေ လိုချင်တယ်ဆိုရင်တော့ ကျုပ်တောင်းပန်ပါတယ်.. ဒါက ကျုပ်တတ်နိုင်တဲ့အရာ မဟုတ်ဘူး အခုချိန်မှာ သခင်လေးကို ပြန်လည်ပေးဆပ်ဖို့ အဆင့်သင့် မဖြစ်သေးပေမဲ့ သခင်လေးသာ အမိန့်ပေးလိုက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ပြန်ဆပ်ပါ့မယ်.. ”
ခေါင်းငုံ့ကာ လက်ခြောက်ချောင်းကျန်း အလေးအနက်ပြောသည်။
“ ဟားဟား.. ခင်ဗျားဆီက ကျုပ် ဆေးလုံးတစ်ချို့လိုချင်တယ်လို့ ဘယ်သူ ပြောတုန်း.. ”
၀မ်ချောင် ဆက်ပြုံးနေသည်။
“ အဲ့ဒီလို မဟုတ်ဘူးလား... ”
လက်ခြောက်ချောင်းကျန်းက အံ့သြစွာဖြင့် အလျင်အမြန် ခေါင်းမော့လိုက်သည်။
၀မ်ချောင် သူ့အား ကူညီသည့် အကြောင်းရင်းက သူ့အား ဆေးလုံး ဖော်စပ်ခိုင်းချင်၍ ဖြစ်မည်ဟုသာ သူအစဉ် မှတ်ထင်ခဲ့သည်။ ထို့ကြောင့်လည်း သူ မသက်မသာ ခံစားနေရခြင်းဖြစ်သည်။ သူက တော်၀င်နန်းတော်၏ မှော်ဆေးပညာရှင် ဖြစ်ရာ သူသာ အပြင်လူအတွက် ဆေးလုံး ဖော်စပ်ပေးနေမှန်း ပေါက်ကြားသွားခဲ့လျှင် ကွပ်မျက်ခံရပေလိမ့်မည်။
ထို့ကြောင့် သူ့အနေဖြင့် ၀မ်ချောင်၏ အကူအညီအား လက်ခံရခြင်းအပေါ် အဆင်မပြေ ဖြစ်နေရခြင်း ဖြစ်သည်။
မည်သို့ဆိုစေ သူ့အတွက် ၀မ်ချောင်ကဲ့သို့သော အပေးအကမ်းရက်ရောသည့်သူနှင့် ဆုံတွေ့ရန်လည်း မလွယ်ကူချေ။ သူ့အား စကားတစ်ခွန်းပင် မပြောပဲ ရွှေစငါးသောင်းပေးခဲ့သည် မဟုတ်လား။
ဤကဲ့သို့ရော ရင်းနှီးမြုပ်နှံသူနှင့် မကွဲကွာလိုသည့်အတွက် ၀မ်ကလန်သို့ သူလာတွေ့ခြင်း ဖြစ်ပေသည်။
သို့သော် ကြည့်ရသည်မှာ အမှန်တရားက သူထင်ထားသလို မဟုတ်နေပေ။
“ ဆေးပညာရှင် ‘ မျိုးဆက်ပေါင်းတစ်ထောင်က ဆေးလုံးအမွေဆက်ခံချိန်မှာ ဆောင်းဦးနေဆေးမီးဖိုတစ်သောင်းက ထွက်ပေါ်လာရတယ်.. ’ ကျုပ်သိချင်တယ် ဆေးဆရာက ဒီကိစ္စမှာ ကျုပ်ကို ကူညီပေးနိုင်မလား.. ”
၀မ်ချောင် ပြုံးမြဲပင်။
ဟွား...
တည်ငြိမ်နေသည့် လက်ခြောက်ချောင်းကျန်း၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။
“ ဘယ်.. ဘယ်လို.. မင်း ဘယ်လိုသိနေတာလဲ.. ”
လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်အား အထူးအဆန်းသဖွယ် ကြည့်လိုက်သည်။ ဤကောင်လေးက သူ၏ အနက်ရှိုင်းဆုံး၌ သိမ်းထားသည့် လျှို့ဝှက်ချက်များကိုပင် ဖောက်မြင်နိုင်သည်ဟု ထင်မိလိုက်သည်။
‘ မျိုးဆက်ပေါင်းတစ်ထောင်က ဆေးလုံးအမွေဆက်ခံချိန်မှာ ဆောင်းဦးနေဆေးမီးဖိုတစ်သောင်း ထွက်ပေါ်လာရတယ် ’ဟူသည်မှာ တော်၀င်နန်းတော်အတွင်း အဖွဲ့အစည်းတည်ထောင်ထားသည့် ဆောင်ပုဒ်ဖြစ်သလို မှော်ဆေးပညာရှင်များအကြား တစ်ဦးနှင့်တစ်ဦး သရုပ်ခွဲသည့် စကားစုလည်းဖြစ်သည်။
လျှို့ဝှက်မှော်ဆေးပညာရှင် အဖွဲ့အစည်းမှာ လက်ခြောက်ချောင်းကျန်း၏ အလျှို့ဝှက်ဆုံးသော လျှို့ဝှက်ချက် ဖြစ်၏။
၀မ်ချောင် သိနေလိမ့်မည်ဟု သူလုံး၀ မထင်ထားခဲ့ပေ။
တစ်လျှောက်လုံး ၀မ်ချောင်အား သာမန် ဆေးပညာရှင်လိုသာ ဆက်ဆံခဲ့ပြီး ၀မ်ချောင်ကလည်း သူ့အား ထိုသို့သာ မှတ်ယူထားလိမ့်မည်ဟု ထင်ခဲ့သည်။ တစ်ဖက်လူက သူ၏ အခြားဖြစ်တည်မှုအား သိရှိနေလိမ့်မည်သူ သူ စဉ်းပင် မစဉ်းစားခဲ့ဖူးချေ။
ဤသည်က လက်ခြောက်ချောင်းကျန်းအား ထိတ်လန့်စေသည်။
“ ဆေးဆရာ အရမ်းလဲ ကြောက်မသွားပါနဲ့.. တကယ်လို့ ကျုပ်သာ ဒီကိစ္စကို ဖော်ချင်ရင် အရင်ကတည်းက လုပ်ခဲ့ပြီးပြီပေါ့.. ဘာလို့ အခုထိ စောင့်နေမှာလဲ.. ”
၀မ်ချောင် ဆက်ပြုံးနေလိုက်သည်။ စာကြည့်စားပွဲပေါ်မှ အခါးအိုးအား မလိုက်ကာ လက်ဖက်နံ့သင်းနေသည့် အခါးကြမ်းအား ငှဲ့လိုက်ပြီး တစ်ဖက်လူအား ပေးလိုက်သည်။
၀မ်ချောင် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းအကြောင်း ထည့်ပြောသည့်အတွက် ထိတ်လန့်မှုအား ရှောင်ရှားရန် မဖြစ်နိုင်ချေ။ အရိုးသားဆုံး ဆိုရလျှင် လက်ခြောက်ချောင်းကျန်းက သူ၏ ထိုစကားအား ကြားလျှင် ချက်ချင်း ထပြေးလိမ့်မည်ဟုပင် ၀မ်ချောင် တွေးထားသည်။
“ သခင်လေးက ‘ မျိုးဆက်ပေါင်းတစ်ထောင်က ဆေးလုံးအမွေဆက်ခံချိန်မှာ ဆောင်းဦးနေဆေးမီးဖိုတစ်သောင်း ထွက်ပေါ်လာရတယ် ’ဆိုတဲ့ စကားကို သိနေမှတော့ ဒီကိစ္စက ဘယ်လောက်ထိ အန္တရာယ်ကြီးတယ်ဆိုတာလဲ သိနေမယ် ထင်ပါတယ်.. ဒါက သင့်ကလန်ကို ပြဿနာတွေ ဖြစ်လာစေမှာ မတွေးပူဘူးလား.. ”
အသက်ပြင်းပြင်းရှူလိုက်ကာ လက်ခြောက်ချောင်းကျန်း ခေါင်းမော့လိုက်သည်။
သူ ၀င်၀င်လာချင်းက အလွန်အမင်း မသက်မသာဖြစ်နေဟန်ပေါ်ခဲ့သည်။ မည်သို့ဆိုစေ ၀မ်ချောင်က ‘ မျိုးဆက်ပေါင်းတစ်ထောင်က ဆေးလုံးအမွေဆက်ခံချိန်မှာ ဆောင်းဦးနေဆေးမီးဖိုတစ်သောင်း ထွက်ပေါ်လာရတယ် ’ဟူသည့်စကားအား ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင်တော့ သူ့ကြည့်ရသည်က အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားဟန်ရသည်။ မသက်မသာဖြစ်နေမှု၊ အကြောက်တရားတို့က လွင့်ပါးသွားခဲ့ပြီး ယခု သူသည်မှသာ သူ၏ အစစ်အမှန်ဖြစ်ဟန်ရလေသည်။
လက်ခြောက်ချောင်းကျန်း၏ စကားက ၀မ်ချောင်အား ဆွံအသွားစေသည်။
တော်၀င်နန်းတော်နှင့် ဘုရင်အိမ်တော်များမှ ဆေးလုံးများ ဖော်စပ်ခြင်းအပေါ် လက်တင်ခြင်းက အထူး တားမြစ်ထားသည့်အရာ ဖြစ်သည်။ ထိုသို့သော မှော်ဆေးပညာရှင်များနှင့်အဆက်အသွယ်ပြုခြင်းက ကောင်းသည့်အရာ မဟုတ်ပေ။
တော်၀င်နန်းတော်နှင့် များစွာသော ဘုရင့်အိမ်တော်များ၏ အမျက်ရှခြင်းကိုပင် ခံရနိုင်ချေရှိပြီး ၀မ်ကလန်ကိုပင် ချက်ချင်း ပြိုလဲသွားစေနိုင်သည်။ ဆေးလုံးအနည်းငယ်အတွက် ပေးဆပ်ရမည့် တန်ဖိုးက မသေးပေ။
သာမန် အခြေအနေဆိုလျှင် လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းအကြောင်း သူ သိခဲ့လျှင်တောင် ယခုကဲ့သို့ ပြုမူရဲမည် မဟုတ်ချေ။ မည်သို့ဆိုစေ ၀မ်ချောင်က မဟာကပ်ဘေးက အလွန်နီးကပ်နေပြီမှန်း သိနေခဲ့သည်။
ဤမဟာကပ်ဘေး၌ အရာအားလုံး ဖျက်ဆီးခံရပေလိမ့်မည်။ တော်၀င်နန်းတော်၊ ဘုရင့်အိမ်တော်များနှင့် သူ၏ ကလန်........အပါ၀င် သူမြတ်နိုးသည့် အရာအားလုံးက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဤမဟာကပ်ဘေးကြီး မတိုင်ခင်၌ ၀မ်ချောင်ပြုလုပ်ရမည်က သူ၏ လွှမ်းမိုးမှုအား မြင့်တင်ကာ သူချစ်သောအရာများအား ကာကွယ်ရမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ၀မ်ချောင်မှာ ထိုမဟာကပ်ဘေးက လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းနှင့် ပက်သက်မိပြီး ပေါ်သွားသည်ထက် ပိုမိုဆိုးဝါးကြောင်း အသေအချာ နားလည်ထားသည်။
“ ဒီကိစ္စမှာ ကျုပ်ရဲ့ကိုယ်ပိုင် အကြံအစည်ရှိပါတယ်.. ဒါကြောင့် ဆေးဆရာအနေနဲ့ စိတ်ပူနေစရာမလိုပါဘူး.. ဆေးဆရာ လုပ်ရမှာက ကျုပ်ကို အထဲခေါ်သွားဖို့ပဲ.. ”
ခေါင်းမော့ကာ ၀မ်ချောင် ပြုံး၍ ပြောလိုက်သည်။
ဤတစ်ကြိမ်မှာတော့ လက်ခြောက်ချောင်းကျန်း ဆွံအသွားရသည့် အလှည့်ပင်။
သူက ၀မ်ချောင်အား ခြောက်လွှတ်ချင်သော်လည်း တစ်ဖက်လူက သူထင်ထားသည်ထက်ပင် လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းအား ဆက်သွယ်ရန် ပိုမို စိတ်ဓာတ်ပြင်းထန်နေသည်။
အကယ်၍ အခြားသူဆိုလျှင် လက်ခြောက်ချောင်းကျန်း မည်သည့်အခါမှ သဘောတူလိမ့်မည် မဟုတ်ချေ။ ဆိုရလျှင် ထိုကိစ္စအား စဉ်းစားပေးမည်ပင် မဟုတ်ချေ။ မည်သို့ဆိုစေ ၀မ်ချောင်က သူ့အား ယခင်က ကူညီခဲ့ဖူးပြီး ထို့ထက်ပို၍ သူက ၎င်းတို့၏ တည်ရှိမှုကိုလည်း သိထားသေးသည်။
လက်ခြောက်ချောင်းကျန်း လျစ်လျူရှုမနေနိုင်တော့ပေ။
မည်သို့ဆိုစေ လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်း၏ စည်းကမ်းက အလွန်တင်းကျပ်ပြီး အပြင်လူအား လွယ်လင့်တကူ လက်မခံတတ်ပေ။ လက်ခြောက်ချောင်းကျန်းကိုယ်တိုင် သူ့အား ခေါ်သွားလျှင်ပင် ၀င်ခွင့်ရလိမ့်မည်ဟု ယတိပြတ် မပြောရဲချေ။