← Chapters

အခန်း (၁၁၆-၁၂၀)

Vol. 4 Ch. 116-120

အခန်း (၁၁၆-၁၂၀)

Vol. 4 Ch. 116-120

Chapter 116 တော်၀င်ရုံးတော်ထဲမှ အပြောင်းအလဲ

“ ကျုပ်ကတော့ သခင်လေး ဘာလို့ ဒီကိစ္စကို အရမ်း အလေးအနက်ထားနေလဲဆိုတာ နားမလည်တော့ဘူး.. သခင်လေးရဲ့ အဆင့်အတန်းနဲ့ဆိုရင် အရမ်းကြီး သတိမဲ့ရာ မကျနေဘူးလား.. ”

လက်ခြောက်ချောင်းကျန်း အသက်ပြင်းပြင်းရှူလိုက်သည်။ ၀မ်ချောင်ကဲ့သို့သော သူတို့၏ လျှို့ဝှက်ချက်အား သိထားသူအား ငြင်းလွှတ်ခြင်းက ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်သလို နှုတ်ပိတ်ခြင်းကလည်း ရွေးချည်သင့်သည့် အရာ မဟုတ်ပြန်ချေ။ တစ်ခုတည်းသော ဖြေရှင်းစရာနည်းလမ်းမှာ အဖွဲ့အစည်းအတွင်း သွတ်သွင်းရန်ပင်။

လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းမှာ လူစိမ်းများအား မကြိုဆိုသည့်တိုင် အပြင်လူများက ဆက်သွယ်လာသည်မှာလည်း ရှားပါးသည့်အတွက် မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။

“ ၀မ်ချောင်.. ငါ့မှာ မင်းအတွက် အဖွဲ့အစည်းကို ဆက်သွယ်ပေးဖို့ ဘာနည်းလမ်းမှ မရှိနေဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဆေးလုံး နည်းနည်းပဲ လိုချင်တာဆိုရင်တော့ မင်းအတွက် အခွင့်အရေးတစ်ခုတော့ ရှိတယ်.. ဒါပေမဲ့ စျေးကတော့ ခေါင်ခိုက်နေမှာနော်... လက်ခံတာ လက်မခံတာက မင်းအပိုင်းပဲ.. ”

လက်ခြောက်ချောင်းကျန်း၏ အခေါ်အဝေါ်နှင့် အသုံးအနှုန်းများက ပြောင်းလဲသွားခဲ့သည်။

“ ဘယ်လို အခွင့်အရေးမျိုးလဲ.. ”

၀မ်ချောင်၏ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းဆိုသလို ပြောလိုက်သည်။

အနည်းဆုံးအနေဖြင့် သူ၏ ငွေများအား အလဟဿ ဖြုန်းတီးခဲ့ရခြင်း မဟုတ်တော့ပေ။ ဤကိစ္စအတွက် သူ့ထံ၌ အကျိုးအမြတ်တစ်ခု ဖြစ်လာချေပြီ။

“ မှော်ဆေးပညာရှင် အဖွဲ့အစည်းမှာ အပြင်လူတွေအတွက် လုပ်ပေးထားတဲ့ နေရာတွေ အမြဲရှိတယ်.. ဒါပမဲ့ အဲ့ဒီနေရာတွေက တကယ့်အကျိုးတူ ပူးပေါင်းတဲ့သူတွေလို့တော့ ခေါ်လို့မရဘူးပေါ့ ငါ့တို့ အဖွဲ့အစည်း၀င်မဟုတ်ဘူးလို့ ဆိုလိုတာပဲ အများဆုံးအနေနဲ့ အစွန်အဖျားအဖွဲ့၀င်လိုမျိုးပဲ သတ်မှတ်လို့ရမယ်.. ”

“ ငါတို့က အဲ့ဒီနေရာလွတ်တွေကို ‘ အရိပ် ’လို့ခေါ်တယ်.. အရိပ်တွေရဲ့ အရည်အတွက်က အမြဲတမ်း ပုံသေပဲ ဒါပေမဲ့ မကြာသေးခင်ကပဲ နေရာလွတ်တစ်ခု ဖြစ်ခဲ့တယ်.. ငါနည်းလမ်းရှာပြီးတော့ မင်းကို ထည့်ပေးမယ် ဒါပေမဲ့ အရိပ်အတွက် နေရာလွတ်က အရမ်းစျေးမြင့်တယ်နော်.. မင်းထင်ထားတာထက်တောင် ကျော်နေမယ်ဆိုတာ သေချာတယ်.. မင်း လိုချင်တာ သေချာလား.. ”

လက်ခြောက်ချောင်းကျန်းက သံသယဖြင့် မေးလိုက်၏။

“ ဘယ်လောက် ရှိမှာ မို့လို့လဲ.. ”

၀မ်ချောင် မေးလိုက်သည်။

“ နှစ်သိန်း.. ရွှေစ နှစ်သိန်း.. ”

လက်ခြောက်ချောင်းကျန်းက အလေးအနက် ဖြေကြားလိုက်သည်။

ထိုအချိန်၌ ၀မ်ချောင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ အဖွဲ့အစည်းအား ၀င်ရန် သူ ငွေအမြောက်အမြားသုံးစွဲရမည်အား သိထားသည့်တိုင် ထိုမျှ ကြေးကြီးနေမည်ကိုတော့ မထင်ထားပေ။

ရွှေစနှစ်သိမ်းဆိုသည်မှာ အိမ်တော် အများစုအတွက် အလွန်များပြားသည့် ပမာဏပင်။ အချို့ထင်ရှားသည့် ကလန်များပင် ထိုစျေးနှုန်းအား တတ်နိုင်လိမ့်မည် မဟုတ်ပေ။

မှော်ဆေးပညာရှင်များက သူတို့နှင့် ကုန်သွယ်ချင်ပါသည်ဆိုလျှင်ပင် လူအများစုက ထို၀င်ကြေး ရွှေစနှစ်သိန်းအား ပေးချေနိုင်မည် မဟုတ်ချေ။

အကယ်၌ ၀မ်ချောင်သာ ဟိုက်ဒရာဘတ်သတ္ထုရိုင်းထံမှ ငွေအမြောက်အမြား ရရှိထားခြင်း မဟုတ်ပါက သူသည်လည်း အဖွဲ့အစည်းသို့ မည်သည့်အခါမှ ၀င်နိုင်လိမ့်မည် မဟုတ်ပေ။

ဤသည်က သာမန်လူများ တတ်နိုင်သည့် အရာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤအဖွဲ့အစည်း၏ အုတ်မြစ်တွင် တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များမှ မှော်ဆေးပညာရှင်များ ပါ၀င်နေသော်လည်း ထိုမျှ ကြေးကြီးသည့်အတွက် အများစုက အဝေးမှသာ ကြည့်နေနိုင်ပေလိမ့်မည်။

“ ပြီးတော့ ဒီရွှေစ နှစ်သိန်းက မင်းကို ဆေးလုံး ၀ယ်ယူခွင့်ပဲ ရစေမှာ.. မင်းကို အဖွဲ့၀င် ဖြစ်စေမှာ မဟုတ်ဘူး မင်းသာ ဆေးလုံး၀ယ်ချင်တယ်ဆိုရင် ထိုက်သင့်တဲ့တန်ဖိုး ပေးချေရမှာပဲ.. ”

လက်ခြောက်ချောင်းကျန်း ပြောလိုက်သည်။

“ ရှိသေးတယ်.. တကယ်လို့ မင်းက အရိပ်အနေနဲ့ ဆေးလုံး ၀ယ်ချင်တယ်ဆိုရင် စျေးနှုန်းက ပေါက်စျေးထက် ပိုများလိမ့်မယ်.. ဒီလိုဆိုရင်ရော မင်း ရှေ့ဆက်ချင်စိတ် ရှိသေးလား.. ”

လျှို့ဝှက် မှော်ဆေးပညာရှင် အဖွဲ့အစည်းက အခြားသူများ တွေးထင်ထားသည်ထက် ပို၍ စည်းမျဉ်း တင်းကျပ်ပေသေးသည်။ တော်၀င်နန်းတော်ကဲ့သို့ပင် ဖော်စပ်သည့် ဆေးလုံးတိုင်း၌ နံပါတ်စဉ်ရှိပြီး လက်ခြောက်ချောင်းကျန်းကိုယ်တိုင်ပင် ထိုစနစ်အား စွက်ဖက်နိုင်ခြင်း မရှိချေ။

အကယ်၍ သူသာ စနစ်အား လှည့်စားကြောင်း ပေါ်ပေါက်သွားပါက သူ့အား စောင့်နေမည်က သေခြင်းထက် ဆိုးဝါးသည့်အရာများသာဖြစ်သည်။ မှော်ဆေးပညာရှင်များ ပိုင်ဆိုင်ထားသည့် အားကောင်းသည့် အဆက်အသွယ်များက သူ့အား အကြိမ်တစ်ထောင်ခန့် အမှုန့်ကြိတ်ပစ်ရန်ပင် လုံလောက်သည်။

ထို့ကြောင့် လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်အား လက်ခံရန် မတိုက်တွန်းခြင်း ဖြစ်သည်။

“ ကောင်းပြီ... ”

ဆုံးဖြတ်ချက် ချသည့်အသံက အခန်းထဲ၌ ထွက်ပေါ်လာသည်။

“ ဘယ်လို..... ”

လက်ခြောက်ချောင်းကျန်းက ကျယ်လောင်စွာပင် အော်ဟစ်မိပြီး ၀မ်ချောင်အား အထိတ်တလန့် ကြည့်လိုက်သည်။

“ ငါပြောတာက အဲ့တာနဲ့ ပက်သက်ပြီး အဆင်ပြေတယ်လို့ ပြောတာလေ.. ”

၀မ်ချောင် ဆက်လက် ပြုံးနေဆဲပင်။ သူ၏ အမူအရာထဲ၌ အနည်းငယ်မျှသော တုံ့ဆိုင်းနေမှုပင် မရှိနေပေ။

“ ဒါက ရွှေစနှစ်သိန်းနော်.. ပြီးတော့ တကယ်လို့ မင်းနဲ့ ပက်သက်ပြီး တစ်ခုခု မှားယွင်းခဲ့ရင် သူတို့က မင်းကို ချက်ချင်း ဖြုတ်ချပစ်လို့ ရတယ် ဒါတောင်မှ မင်းက ရှေ့ဆက်ချင်သေးတာလား.. ”

လက်ခြောက်ချောင်းကျန်း မှင်သက်နေ၏။

“ ဒါပေါ့.. ကျုပ်က ဘာလို့ အဲ့ဒီနေရာကို လက်လွှတ်ရမှာလဲ.. ”

၀မ်ချောင် ရယ်နေ၏။

အကယ်၍ ယခင်အချိန်က သူသာဆိုလျှင် ရွှေစနှစ်သိန်းပေးရန် မည်သည့်အခါမှ သဘောတူလိမ့်မည် မဟုတ်ပေ။ ဤသည်က အလိမ်ခံရသလိုပင်။ သူ့အနေဖြင့် အချိန်မရွေးကန်ထုတ်ခံရနိုင်သည့်အပြင်ခုံအား ၀ယ်ယူရခြင်းနှင့် တူနေသည် မဟုတ်လား။

မည်သို့ဆိုစေ လာမည့် မဟာကပ်ဘေးအကြောင်းအား သိရှိထားရာ ၀မ်ချောင်က သူ့ထံ၌ ငွေမည်မျှ ရှိနေပါစေ ထိုအချိန်၌ သတ္တုအပိုင်းအစများသာ ဖြစ်ပြီး အနာဂတ်၌ အသုံးမ၀င်တော့မည်ကို သိနေပေသည်။

ထို အသုံးမကျတော့မည့် သတ္တုအပိုင်းအစလေးများအား သူ မည်သို့ အကျိုးအမြတ်ရအောင် အသုံးချသင့်သည်ကိုသာ တွေးနေသင့်ပေသည်။

“ ကျုပ် ခင်ဗျားကို မနက်ဖြန်ကျရင် ရွှေစ နှစ်သိန်း လက်လွဲပေးလိုက်မယ်.. ပြီးတော့ ရှန့်ဟိုင်နဲ့ မုန့်လုံကို ခင်ဗျားရဲ့ အားထုတ်မှုအတွက် ရွှေစ သုံးသောင်း ပေးဖို့ ထည့်ပေးလိုက်ပါ့မယ်.. ”

၀မ်ချောင် ပြုံးလိုက်ပြန်သည်။

လက်ခြောက်ချောင်းကျန်းက မည်သည့် စကားကိုမှ မဆိုနိုင်တော့ပေ။ ၀မ်ချောင်၏ တုံ့ပြန်မှုက သူထင်ထားသည်နှင့် ကောင်းကောင်းကြီး ဆန့်ကျင်နေသည်။ သူက အစကတည်းကစ၍ ဤသူငယ်အား အထင်သေးခဲ့မိကြောင်း သဘောပေါက်သွားသည်။

“ သခင်လေးက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျုပ် ဘာမှ မပြောတော့ပါဘူး.. ကျုပ်ကို ရက်နည်းနည်း အချိန်ပေးပါ ဒီကိစ္စကို သခင်လေးအတွက် လုပ်ပေးပါ့မယ်.. ပြီးတော့ အရိပ်ဖြစ်လာခဲ့ရင် သခင်လေးလိုချင်တဲ့ ဆေးလုံးကို တောင်းဆိုလို့ရပါတယ်.. အရမ်းမများရင် ဒါမှမဟုတ် အရမ်းစျေးမကြီးဘူးဆိုရင် ကျုပ်တို့ဖက်က အတတ်နိုင်ဆုံး ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ. ”

“ သခင်လေး ဘယ်ဆေးလုံးလိုချင်တယ်ဆိုတာရော စဉ်းစားထားပြီးပြီလား.. ”

လက်ခြောက်ချောင်းကျန်း မေးလိုက်သည်။

“ ကောင်းကင်ကျားအရိုးဆေးလုံး... ”

“ ကျုပ်သိပြီ သဘောပေါက်ပြီ.. ”

လက်ခြောက်ချောင်းကျန်းက တစ်ခဏမျှ မှင်သက်သွားပြီး ခေါင်းငြိမ့်ကာ..

“ ဒီကိစ္စနဲ့ပက်သက်ပြီး တစ်ခုခု သတင်းရရင် သခင်လေးကို အကြောင်းကြားလိုက်ပါ့မယ်.. ”

လက်ခြောက်ချောင်းကျန်းက အလျင်အမြန် ထွက်ခွာသွားပြီး ရွှေစ နှစ်သိန်းနှင့် သုံးသောင်းအား သူနှင့်အတူ တစ်ပါတည်း ယူဆောင်သွားခဲ့သည်။

.....

လက်ခြောက်ချောင်းကျန်းက ၀မ်ချောင်ထင်ထားသည်ထက် လုံလောက်ပေသည်။ ဒုတိယနေ့ရက်၏ ည၌ လက်ခြောက်ချောင်းကျန်းက အစေခံတစ်ယောက်ဖြင့် သတင်းပို့ခဲ့ပြီး..

ရွှေစနှစ်သိန်းအား လက်ခံခဲ့သည့်အတွက် ၀မ်ချောင်မှာ တရား၀င်အရိပ်အဖြစ် အသိအမှတ် ပြုခံလိုက်ရပြီ ဖြစ်သည်။

အရိပ်အနေဖြင့် သူက မည်သည့် မှော်ဆေးပညာရှင်ကိုမှ မဆက်သွယ်နိုင်ပေ။ မှော်ဆေးပညာရှင်များကသာ သူ့အား ဆက်သွယ်မည်ဖြစ်သည်။ ပြီးလျှင် အရိပ်များက တစ်လလျှင် အများဆုံး ဆေးလုံး သုံးလုံးသာ ၀ယ်ယူခွင့်ရှိသော်လည်း တစ်နှစ်လျှင် အနည်းဆုံး ဆေးလုံး သုံးလုံး ၀ယ်ယူရမည်ဖြစ်ကာ မဟုတ်ပါက အရိပ်အဖြစ်မှ ဖယ်ရှားခံရမည်ဖြစ်သည်။

ဆေးလုံးအား ကန့်သတ်ထားခြင်းက အရိပ်များ၏ ဘဏ္ဍာရေးအခြေအနေအား စမ်းစစ်ခြင်းတစ်မျိုးပင် ဖြစ်၏။ အကယ်၌ အရိပ်တစ်ယောက်က တစ်နှစ်လျှင် ဆေးလုံး ခြောက်လုံး မ၀ယ်နိုင်ပါက ထိုသူနှင့် လက်တွဲ အလုပ်လုပ်မည် မဟုတ်ပေ။

“ ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ.. ဒီကဒ်လေးအတွက်နဲ့ ငါ ရွှေစသုံးသိန်းလောက် သုံးလိုက်ရတယ်.. ”

၀မ်ချောင်က သူ့ရှေ့၌ ရှိနေသည့် ခရမ်းရွှေရောင်ကတ်ပြားအား ကြည့်နေသည်။ လက်နှစ်ချောင်း အရွယ်အစားသာရှိပြီး အလွန်လှပစွာ တန်ဆာဆင်းထားသည်။ တစ်ဖက်တွင် ခရမ်းရောင်မီးတောက်အား အနက်ရောင်အရိပ်များ လွှမ်းခြုံထားသည့်ဟန် ပုံဖော်ထားသည်။

ထိုသည်က ‘အရိပ် ’၏ အမှတ်အသား ဖြစ်၏။

၀မ်ချောင်မှာ ဤ ဆန်းကျယ်သည့် အဖွဲ့အစည်းအား သူ၏ယခင်ဘ၀၌ ကြားဖူးခဲ့သော်လည်း ဆက်သွယ်ဖူးသည်က ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

ငွေအမြောက်အမြားပေးပြီးသည့်တိုင် သူက အပြင်စည်းအဖွဲ့၀င်သာ ရှိသေးပြီး အချိန်မရွေး ဖြုတ်ချခံရနိုင်သည်။

အဖွဲ့အစည်း၏ အုတ်မြစ်နှင့် လုံခြုံရေးက အမှန်ပင် ကြောက်စရာကောင်း၏။

“ အနည်းဆုံးတော့ အဖတ်တင်ပါသေးတယ်လေ.. ”

သူ၏ စာကြည့်ခန်းထဲ၌ ထိုင်နေရင်း ၀မ်ချောင် စားပွဲပေါ်မှ သစ်သားသေတ္တာလေးအား ကြည့်လိုက်သည်။ သေတ္တာအတွင်းမှ ဆေးလုံး၏ ရနံ့ သင်းပျံ့နေသည်။

ခန္ဓာကိုယ်တည်ဆောက်ခြင်းဆေးလုံး အရိုးတည်ဆောက်ခြင်းဆေးလုံးနှင့် ဆန့်ကျင်စွာ ဤဆေးလုံးက အလွန် ရနံ့သင်း၏။ အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်မည်ဆိုပါက ခရမ်းရောင် မြူ ပါးပါးလွှလွှအား သေတ္တာ၏ အပြင်ဘက်၌ မြင်ရမည်ဖြစ်သည်။

ပတ်၀န်းကျင်အား ပြန့်သွားရမည့်အစား မြူက ဆေးလုံးအနီး၌သာ ရစ်ဝဲနေသည်။

သူ၏ ယခင်ဘ၀၌ပင် ကောင်းကင်ကျားအရိုးဆေးလုံးမှာ အလွန် နာမည်ကျော်ကြားပေသည်။ တော်၀င်နန်းတော်နှင့် ဘုရင့်အိမ်တော်များမှလွဲလျှင် မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဘန်း..

သေတ္တာအားဖွင့်လိုက်ရာ ခရမ်းရောင်လွမ်းခြုံနေသည့် လုံး၀န်းသည့် ဆေးလုံးတစ်လုံးအား တွေ့လိုက်သည်။ ဂလု.. မြိုချလိုက်၏။ တစ်ချိန်တည်း၌ စာကြည့်ခန်းအတွင်း လေပြင်းများတိုက်ခတ်လာပြီး ထူးထူးဆန်းဆန်း ကျားဟိန်းသံအား ကြားရနိုင်သည်။ ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။

အချိန်မည်မျှ ကြာသွားသည်မသိ ခလွပ် ခလွပ် အရိုးကျိုးသံများ ၀မ်ချောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

“ ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ.. ”

၀မ်ချောင် အလျင်အမြန် မတ်တပ်ရပ်ကာ မျက်စိဖွင့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အလင်းရောင်က သူ၏ မျက်လုံးအတွင်းမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်သည်လည်း ပိုမို သန်မာလာသည်။

ထိုအငွေ့အသက်က အရိုင်းဆန်သည်၊ ထည်ဝါသည်၊ ၀င့်ကြွားသည်၊ မုန်ယိုနေသည့် ကျားတစ်ကောင်က သူ၏ ဂုဏ်အား ထုတ်ဖော်နေသကဲ့သို့ပင်။

လူတစ်ယောက်၏ အရိုးက ကျားအရိုးအဆင့်သို့ ရောက်ရှိသွားသည်နှင့် ထိုသူ၏ ခွန်အားနှင့် သက်လုံသည်လည်း များစွာ မြင့်မားလာမည်ဖြစ်သည်။ ကျားသစ်အရိုးကဲ့သို့ အလွန်လျင်မြန်စွာ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အားကုန်သွားတော့မည် မဟုတ်ပေ။

ကျား အမဲလိုက်သည်က မီတာရာချီသည်အထိ ရပ်နားခြင်းမရှိ။ သူ၏ သားကောင်အား လက်ရဖမ်းမိသည်အထိ လိုက်မည်သာ ဖြစ်သည်။

ကျားအရိုး ကျင့်ကြံသူက အစစ်အမှန် ကျားတစ်ကောင်နှင့် မတူညီနိုင်ပေ ၎င်းတို့၏ အရိုးများ သိပ်သည်းဆခြင်း ခြားနားနေသေးသလို ကျားသစ်အရိုးထက် ပိုမို သာလွန်ခြင်းသာ ရှိသေးသည်။

၀မ်ချောင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွန်အားများနှင့် ပြည့်နေကြောင်း ခံစားနိုင်ပြီး အတော်များများ တိုးပွားလာကြောင်းအား သံသယရှိရန်မလိုပေ။

“ ငါနောက်ဆုံးတော့ လူရိုင်းနတ်ဘုရားဒေါသကျင့်စဉ်ကို ကျင့်ကြံလို့ရပြီကွ.. ”

၀မ်ချောင် သက်ပြင်းမောကြီးချလိုက်၏။

ဤသည်က ကျားအရိုး၏ အခြေခံအကျဆုံးသော အဆင့် ၁ ဖြစ်သော်လည်း ၀မ်ချောင်အတွက် လူရိုင်းနတ်ဘုရားဒေါသအား ကျင့်ကြံရန် လုံလောက်နေချေပြီ။

လူရိုင်းနတ်ဘုရား၏ဒေါသ ကျင့်စဉ်က ၀မ်ချောင်၏ စိတ်အတွင်း ပေါ်လာပြီး ကြမ်းပြင်ပေါ် တင်ပလ္လင် ထိုင်ချလိုက်သည်။

----- လူရိုင်းနတ်ဘုရားဒေါသ ကျင့်စဉ်၏ ပထမအဆင့် စွမ်းအင်ဖိနှိပ်ခြင်း။

....

၀မ်ချောင် လူရိုင်းနတ်ဘုရား၏ဒေါသကျင့်စဉ်၌ စျာဉ်၀င်နေစဉ်အချိန်အတွင်း မဟာထန်၏ တော်၀င်ရုံးတော်၌ ထိုက်ကျန်းကြင်ယာတော် အရေးခင်း က ဂယက်ရိုက်နေ၏။ မဟာထန်၏ အရာရှိတိုင်းနီးပါး ထိုကိစ္စတွင် ချည်နှောင်မိနေကြသည်။

“ မဟုတ်ရဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါ အရှင်မင်းကြီးကို တားဆီးရမယ်. ”

မနက်ခင်း၏ အစောပိုင်းအချိန်၌ စုန့်ဘုရင် စားပွဲအား လက်ဖြင့်ရိုက်ချကာ အလျင်အမြန်ထလိုက်သည်။ ထိုက်ကျန်းကြင်ယာတော် အရေးခင်းက အလွန်အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း သူ၏ အထင်နှင့် ခြားနားစွာ တော်၀င်ရုံးတော်၌ လောက်လောက်လားလား တိုးတက်မှု မရှိပေ။

အရာရှိများစွာ၏ အသနားခံစားများနှင့်အတူ များစွာသော မှူးမတ်များက အသနားခံကြသော်လည်း အရှင်မင်းကြီးက ထိုကိစ္စအား လစ်လျူရှုထားပြီး မည်သူ့၏ အကြံပေးချက်ကိုမှ နားမထောင်ပေ။

အရာရှိတစ်ဦးက တော်၀င်ရုံးတော်၌ ထိုကိစ္စ အစချီတိုင်း အရှင်မင်းကြီး၏ အမူအရာက ရုတ်ချည်း ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့သည်။ အရှင်မင်းကြီးက ထိုက်ကျန်းကြင်ယာတော် အရေးခင်း၌ ပြတ်သားသည့်ဆုံးဖြတ်ချက်အား ချပြထားသည်။

ထိုသည်က လက်မခံနိုင်စရာပင်။

အတိတ်တွင် အရှင်မင်းကြီးက အရာရှိများနှင့် သဘောထားချင်း ကွဲလွဲသည့်တိုင် သူ၏ ရပ်တည်ချက်အား အလွယ်တကူ မဖော်ပြပေ။ မည်သို့ဆိုစေ ဤကိစ္စ၌ အလွန် ထူးဆန်းနေ၏။

“ လူထင်.. ပြင်ဆင်ထားတော့ မကြာခင် မနက်ခင် ညီလာခံကျရင် ငါ့အစား တစ်ခြားအရာရှိတွေကိုဆက်သွယ်ပြီး လာမဲ့အစည်းအဝေးအတွက် ပြင်ဆင်ထားပေးပါ.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အရှင်မင်းကြီးရဲ့ စိတ်ကို ပြောင်းလဲမှ ရမယ်.. ”

“ ဟုတ်ကဲ့ပါ.. အရှင်.. ”

လူထင် တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ မျက်၀န်းထဲ၌ စိုးရိမ်စိတ်များ ထင်ဟပ်နေသည်။ လက်ရှိ အခြေအနေက စုန့်ဘုရင်အတွက် အခြေနေ ဆိုးဝါးသည်ထပ် ဆိုးဝါးလာနေသည်။

မည်သို့ဆိုစေ ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှာ ငယ်သား၏ တာ၀န်ယူမှု အခြေခံစည်းမျဉ်းနှင့် စပ်ဆိုင်နေ၏။ လူထင်ပင်လျှင် စုန့်ဘုရင် နားမချနိုင်ပေ။

“ တော်၀င်အမိန့်တော် ရောက်လာပါတယ်... ---- ”

စုန့်ဘုရင် အ၀တ်အစား လဲလှယ်ပြီး တော်၀င်နန်းတော်သို့ မနက်ခင်းညီလာခံ အခစား၀င်ရန် ပြင်ဆင်ပြီးရုံရှိသေးသည့် အချိန်၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူ၏ အိမ်တော်၀င်ပေါက်မှထွက်ရန် ပြင်လိုက်သည်နှင့် အသံစူးစူးက ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ဖြူဖျော့သည့်မျက်နှာ၊ ဆံပင်ဖြူ၊ မုတ်ဆိတ်မရှိသည့် သက်လတ်ပိုင်း မိန်းမစိုးတစ်ဦးက ကနွဲ့ကလျဟန်ဖြင့် လက်ထဲ၌ ရွှေရောင်စာလိပ်အား ကိုင်ထားကာ သူ့ထံ လျှောက်လာနေသည်။

သက်လတ်ပိုင်း မိန်းမစိုးက စုန့်ဘုရင်အား ကြည့်နေပြီး ထိုအကြည့်ထဲ၌ အဓိပ္ပာယ်တစ်ခု ပါ၀င်နေသည်။

“ မိန်းမစိုးယူ.. ”

ထို မိန်းမစိုးအားမြင်လျှင် စုန့်ဘုရင်၏ မျက်နှာ ပျက်ယွင်းသွားခဲ့သည်။ သူ အလျင်အမြန် ဦးညွှတ်လိုက်၏။

“ စုန့်ဘုရင် ဘုရင့်အမိန့်တော်ကို လက်ခံပါ.. ”

“ ကောင်းကင်၏သားတော် အင်ပါယာအရှင်မှ မိန့်တော်မူလိုက်သည်.. စုန့်ဘုရင်သည် တိုင်းရေးပြည်ရေး ကိစ္စရပ်များကြောင့် စိုးရိမ်စိတ် များနေရပြီး အလုပ်၀န်ပိနေရာ အိမ်၌ ကောင်းစွာ အနားယူနေသင့်သည်.. ထို့ကြောင့် ယနေ့ မနက်ခင်း ညီလာခံအား တက်ရောက်ရန် မလိုအပ်တော့ပေ.. ဤကား အမိန့်တော်........ ”

ဟူးလား..

သူ့ခေါင်းအား မိုးကြိုးပစ်ချလိုက်သည့်အလား စုန့်ဘုရင်၏ မျက်နှာ ဖြူဖပ်သွား၏။ သူ့အိမ်တော်၏ အရှေ့မျက်နှာစာအား ဟာလာဟင်းလင်းကြည့်နေပြီး စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

Chapter 117 စုန့်ဘုရင်၏ လွမ်းမိုးမှု ဆုံးရှုံးခြင်း

ဟူး...

လေအေးများ တိုက်ခတ်နေပြီး ကောင်းကင်မဲမှောင်နေကာ မြို့တော်၏ အထက်၌ တိမ်များအုံ့ဆိုင်းနေသလို စုန့်ဘုရင်၏ စိတ်အခြေအနေအား ထင်ဟပ်ပြနေသလိုပင်။

အိမ်မှာ ကောင်းကောင်း အနားယူပါ ဟူသည့် စကားက ရိုးရိုးရှင်းရှင်းသာ ဖြစ်သော်လည်း သူနှင့် တော်၀င်ရုံးတော်အကြား အလွန်ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်ပေါ်စေသည်။ ထိုသည်က အမိန့်မဟုတ်သလို သူ့အမှားဟုလည်း လုံး၀မဆိုပေ။ ထိုသည်က သူ့အား တော်၀င်ရုံးတော်မှ ရှောင်ဖယ်ရန် ရင်းနှီးသည့် အကြံပေးမှုသာဖြစ်သည်။

‘ အင်ပါယာအရှင်ရဲ့ အမိန့်ဟာ အလုံးစုံဖြစ်တယ် ’ သူ ရှေးမဆီက မည်မျှပင် ပြင်ဆင်ထားခဲ့သော်လည်း ယခုတွင်တော့ အားလုံးက အချည်းနှီး ဖြစ်သွားချေပြီ။

“ ဒီလိုဆိုမွေတာ့လဲ.. ”

စုန့်ဘုရင်က လက်သီးဆုပ်ကာ မျက်လုံးအား ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ သူ၏ စိတ်နှလုံးအား ရေခဲလက်ဖြင့် ကိုင်ဆုပ်ခံထားရသည့်နှယ်။

ယခုအချိန်ထိဆိုလျှင် သူတော်၀င်ရုံးတော်၌ ရှိနေခဲ့သည်က အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်သလို အင်ပါယာအရှင်နှင့်လည်း အလွန်နက်ရှိုင်းသည့် ယုံကြည်မှုတစ်ရပ် တည်ဆောက်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ဤသည်က စုန့်ဘုရင်အပေါ် ထိုသို့သော အမိန့်တော်မျိုး ချမှတ်ခံရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ပါ၀င်သည့် စကားလုံးများက ရိုးရှင်းပြီး မည်သည့် အပိုစာသားမှ မပါ၀င်ပေ။

တော်၀င်အမိန့်တော်ထံမှ အေးစက်သည့် ရည်ရွယ်ချက်တစ်ချက် ပေါ်ထွက်နေပြီး စုန့်ဘုရင် ထိုသည်အား ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုသို့သော နည်းလမ်းအား အသုံးပြုခြင်းအားဖြင့် အင်ပါယာပြည့်ရှင်က သူ၏ အမြင်အား ရှင်းလင်းစွာ ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ စုန့်ဘုရင် အမိန့်တော်ကို လက်ခံပါ.. ”

မိန်းမစိုးယူ အမိန့်တော်စာတမ်းအား မြှောက်ကာ စုန့်ဘုရင်ထံ အေးစက်စက်ကြည့်သည်။

“ ဟုတ်ကဲ့ပါ.. ကုန်းကုန်းကို အလုပ်ရှုပ်စေမိပြီ.. ”

စုန့်ဘုရင်က မိန်းမစိုးယူ၏ လက်ထဲမှ အမိန့်တော်အား ရိုသေစွာ လက်ခံသည်။

တော်၀င်အမိန့်တော်အား လက်ထဲ၌ ကိုင်ထားရင်း စုန့်ဘုရင် ကြက်သေသေနေ၏။ ပင်မခန်းမအား ဗလာဟင်းလင်း တစ်နေကုန် ကြည့်နေလေသည်။

“ စုန့်ဘုရင် အမိန့်တော်ကို လက်ခံပါ.. ”

မိန်းမစိုးယူက မထီလေးစားဖြင့် သူ၏လက်ထဲမှ အမိန့်တော်အား လက်ဆင့်ကမ်းသည်။ ဤသည်က ထိုသို့သော အမိန့်တော်အား စုန့်ဘုရင် လက်ခံရသည့် ဒုတိယမြောက်နေ့ပင် ဖြစ်ပေသည်။ ထိုအမိန့်တော်ထဲမှ စာသားများက တစ်လုံးတစ်ပါဒမျှ မပြောင်းလဲပေ။

တတိယနေ့ စတုတ္ထနေ့......

အစ၌ စုန့်ဘုရင်မှာ စိတ်ဓာတ်ကြံ့ခိုင်ခဲ့သည်။ အရာရှိများစွာနှင့် ဆက်သွယ်ကာ တော်၀င်ရုံးတော်၌ မုန်တိုင်းတစ်ခု ဖန်တီး၍ အင်ပါယာပြည့်ရှင်အား ရပ်တန့်ချင်ခဲ့သည်။

သို့သော် ရက်များ ကျော်လွန်လာခဲ့သည်တွင် စုန့်ဘုရင်၏ နှလုံးသားကလည်း အေးစက်လာ၏။

“ အရှင် ဒါက မကောင်းတော့ဘူး.. ”

လူထင်က ပင်မခန်းမအတွင်း ဘယ်မှညာ လူးလားလျှောက်နေကာ ဖြစ်နေသည့် အလှည့်အပြောင်းအပေါ် စိုးရိမ်နေသည်။

“ အခုဆို ငါးရက်မြောက်တောင် ရှိနေပြီ.. အရှင်မင်းကြီးက ခင်ဗျား မနက်ခင်းညီလာခံတက်မာကို တားဆီးမယ်လို့ ဆုံးဖြတ်ထားပုံရတယ်.. ခင်ဗျား မရှိဘူးဆိုရင် တော်၀င်ရုံးတော်မှာ တရားရေးရာဌာန၊ စစ်တပ်ရေးရာဌာနရဲ့ အခြေအနေတွေက အထိန်းအကွပ်မဲ့နေမှာပဲ.. ”

“ အရှင်၀မ်ကျန် အဲ့ဒီမှာ ရှိနေသေးတာ ကံကောင်းတယ်လို့ ပြောရမယ် ဒါကြောင့် တော်၀င်ရုံးတော်ရဲ့ အခြေအနေက အခုထိ ထိန်းချုပ်ထားနိုင်တုန်းပဲ.. ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်တည်းနဲ့တော့ တရားရေးရာဌာနနဲ့ စစ်တပ်ရေးရာဌာန နှစ်ခုလုံးရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး.. အရှင် မရှိနေဘူးဆိုရင် တစ်ယောက်ယောက်က အရှင့်ရဲ့နေရာကို အစားထိုးသွားမှာပဲ.. ချီဘုရင်က လက်ရှိမှာ ခင်ဗျားရဲ့နေရာကို အစားထိုးဖို့ လူတွေ လွတ်ထားတယ်.. တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေရင် ချီဘုရင်က တော်၀င်ရုံးတော်ကနေ ခင်ဗျားကို ထုတ်ပယ်မဲ့ အကြံအစည်က အောင်မြင်သွားလိမ့်မယ်.. ”

စုန့်ဘုရင်က မနက်ခင်းညီလာခံအား တက်ခွင့်မရှိသော်လည်း လူထင်က ရှိပေသည်။ မည်သို့ဆိုစေ သူက ပါမောက္ခတစ်ဦးသာဖြစ်ပြီး တော်၀င်ရုံးတော်၌ မည်သည့် လွှမ်းမိုးမှုမှ မရှိပေ။

ထို့ကြောင့် အထိတ်တလန့်ဖြင့်သာ စောင့်ကြည့်နေနိုင်သည်။

“ ငါနားလည်ပြီ.. ”

စုန့်ဘုရင်က ပင်မခန်းမကြီး၏ ခေါင်မိုးအား တွေတွေကြီး ငေးကြည့်နေသည်။ အမှန်တကယ်တွင် အခြေအနေများက လူထင်ပြောသည်ထက် ဆိုးဝါးနေပြီး စုန့်ဘုရင်သည်လည်း ထိုသည်အား ကောင်းစွာ နားလည်ထားသည်။ အရှင်မင်းမြတ်က ထိုသို့သော် နည်းလမ်းအား အသုံးပြု၍ သူ့အား တော်၀င်ရုံးတော်မှ တဖြည်းဖြည်းချင်း ထုတ်ပယ်နေခြင်း ဖြစ်သည်။

အခြားသော အချိန်များနှင့် မတူညီစွာ စုန့်ဘုရင်က ထိုအခြေအနေအတွင်းမှ အရှင်မင်းမြတ်၏ အေးစက်သည့် သဘောထားနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်အား ခံစားမိသည်။

နိုင်ငံရေးလောကအတွင်း နှစ်ပေါင်းနှစ်ဆယ်ကျော် ကျင်လည်ခဲ့ပြီးနောက် စုန့်ဘုရင် တော်၀င်ရုံးတော်၌ လွှမ်းမိုးမှု ပထမဆုံး ကျဆင်းခြင်း ဖြစ်သည်။

“ တော်၀င် အမိန့်တော် ရောက်လာပါတယ်.. ”

တော်၀င်အမိန့်တော်အား ကိုင်ဆောင်ရင်း မိန်းမစိုးယူ ခြေလှမ်းကျယ်ကြီးဖြင့် ယခင်နေ့ရက်များက ပြုမူသကဲ့သို့သာ လျှောက်လှမ်းလာသည်။ သူ၏ နှုတ်ခမ်းထောင့်၌ လှောင်ပြောင်လိုသည့် အပြုံးက အထင်အရှား။

“ ကောင်းကင်၏သားတော် အင်ပါယာအရှင်မှ မိန့်တော်မူလိုက်သည်.. စုန့်ဘုရင်သည် တိုင်းရေးပြည်ရေး ကိစ္စရပ်များကြောင့် စိုးရိမ်စိတ် များနေရပြီး အလုပ်၀န်ပိနေရာ အိမ်၌ ကောင်းစွာ အနားယူနေသင့်သည်.. ငါ အရှင်ကိုယ်တော် ခွင့်မပြုမချင်း မနက်ခင်း ညီလာခံအား တက်ရောက်ရန် အခွင့်မရှိတော့.. ဤကား အမိန့်တော်........ ”

ဟူးလားလား...

မိန်းမစိုးယူ အမိန့်တော်အား ဖတ်ပြီးသွားသည်အချိန်တွင် စုန့်ဘုရင်နှင့် လူထင်တို့၏ မျက်နှာ ဖြူလျော့သွားသည်။ တော်၀င်အမိန့်တော်မှာ အစ၌ ယခင်အတိုင်းသာ ထူးမခြားနားသော်လည်း အဆုံးသတ်၌ စကားလုံးအသစ်များ ပါ၀င်လာခဲ့သည်။ ‘ ငါ အရှင်ကိုယ်တော် ခွင့်မပြုမချင်း မနက်ခင်း ညီလာခံအား တက်ရောက်ရန် မခွင့်မရှိတော့.. ’

ထို ရိုးရှင်းသည့် စကားလုံးများက အမိန့်တော် တစ်ခုလုံး၏ ဆိုလိုရင်းအား ပြောင်းလဲသွားစေသည်။

“ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ.. ”

အထိတ်တလန့်ဖြင့် လူထင် မိန်းမစိုးယူအား မျက်လုံးပြူးကာ ကြောင်ကြည့်နေမိသည်။

“ ငါသိတယ်.. ငါသိနေတယ်.. ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိနေတယ်.. ”

စုန့်ဘုရင်၏ နှလုံးသား အတိအေးစက်လို့နေသည်။

‘ ငါ အရှင်ကိုယ်တော် ခွင့်မပြုမချင်း မနက်ခင်း ညီလာခံအား တက်ရောက်ရန် မခွင့်မရှိတော့.. ’ ထို ရိုးရှင်းသည့် စကားလုံးများက စုန့်ဘုရင်အား အပြင်းအထန် ထိုးနှက်နေလေသည်။ သူက စုန့်ဘုရင်အား မတိုက်ခိုက်သည့်တိုင် သူ၏ မျိုးရိုးမြင့်မြတ်မှုအား ပြန်လည် မရုတ်သိမ်းသည့်တိုင် ထိုရိုးရှင်းသည့် စကားလုံးကပင် စုန့်ဘုရင်အား တော်၀င်ရုံးတော်မှ ထုတ်ပယ်လိုက်ပေသည်။

ယခုမှစ၍ အင်ပါယာပြည့်ရှင်၏ အမိန့်မရမချင် စုန့်ဘုရင်က မနက်ခင်းညီလာခံအား တက်ရောက်ခွင့် မရှိတော့ရာ ပြောစရာပင်မလို အင်ပါယာ၏ နိုင်ငံရေးလောကမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

“ အရှင် အမိန့်တော်ကို လက်ခံပေးပါ.. ”

လှောင်ပြောင်သည့်မျက်နှာထားဖြင့် မိန်းမစိုးယူက တော်၀င်အမိန့်တော်အား လက်တစ်ဖက်ဖြင့် ပေးသည်။

နန်းတွင်းမှ မိန်းမစိုးတစ်ယောက်က ဘုရင်တစ်ပါးအား ပြုမည်သည့် ဤအပြုအမူက မည်မျှ ရိုင်းပျလိုက်လေသနည်း။ အကယ်၍ တော်၀င်အမိန့်တော် မဟုတ်ပါက သူ ထိုသို့ ပြုမူရဲလိမ့်မည် မဟုတ်ချေ။

“ ကျေးဇူးတင်ပါတယ်. ယူကုန်းကုန်း.. ”

ဖြူဖပ်နေသည့် မျက်နှာဖြင့် စုန့်ဘုရင် မိန်းမစိုးယူထံမှ တော်၀င်အမိန့်တော်အား လက်ခံယူသည်။

“ အရှင် ကျုပ်ရဲ့ နှောင့်ယှက်မှုကို ခွင့်လွှတ်ပါ.. ဒါပေမဲ့ ကြင်ယာတော်ထိုက်ကျန်း အရေးအခင်းမှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်.. ”

ထိုစကားများအား ပြောပြီးနာက် မိန်းမစိုးယူ လှည့်ကာ ထွက်သွားသည်။

အကယ်၍ သခင် မပျော်ရွှင်လျှင် အစေခံကလည်း ပျော်နိုင်မည် မဟုတ်ပေ။ တော်၀င်နန်းတော်ရှိ လူတိုင်းက အင်ပါယာအရှင်နှင့် ထိုက်ကျန်းကြင်ယာတော် အတူရှိမည့် အရာအား ဆန့်ကျင်နေသူမှာ စုန့်ဘုရင် လီချမ့်ချီ ဖြစ်ကြောင်း သိထားကြပေသည်။

ထို့ကြောင့် တော်၀င်နန်းတော်မှ မိန်းမစိုးတိုင်းက သူ့အား ရန်သူအဖြစ် ရှုမြင်နေကြပြီး မိန်းမစိုးယူသည်လည်း ထိုသူများထဲ၌ ပါ၀င်သည်။

မိန်းမစိုးယူ ထွက်သွားသည်နှင့် ပင်မခန်းမကြီးတစ်ခုလုံးက အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။

စုန့်ဘုရင်၏ လက်ထဲရှိ တော်၀င်အမိန့်တော်အား ကြည့်ရင်း လူတိုင်း၏ ရင်ထဲ၌ လေးလံနေကြသည်။

မကြာမှီ အလွန်ကျော်ကြားလှသည့် ‘ တန်းမင်း နန်းတော် ’ မှာ စုန့်ဘုရင် ခြေချမရသည့်နေရာ ဖြစ်လာတော့မည်မှန်း လူတိုင်း သိနေကြသည်။ ( မနက်ခင်းညီလာခံ ကျင်းပတဲ့ နန်းတော်ကို ပြောတာပါ )

အင်ပါယာအရှင်၏ အမိန့်တော်မပါရှိပါက သူ့အနေဖြင့် တန်းမင်းနန်းတော်အား ထပ်မံ ခြေချခွင့် မရှိတော့ပေ။

လူထင်က စုန့်ဘုရင်အား စိုးရိမ်စွာ ကြည့်သည်။

ထိုက်ကျန်းကြင်ယာတော် အရေးအခင်းက ဤသို့သော အခြေအနေထိ ရောက်စေလိမ့်မည်ဟု မည်သူမှ တွေးထင်မိမည် မဟုတ်ပေ။ အစ၌ သူတို့၏ အကြီးမားဆုံးရန်သူမှာ ကြင်ယာတော် ထိုက်ကျန်းအား ထောက်ခံသည့် ချီဘုရင်နှင့် ယောင်ကလန်ဟုသာ ထင်ထားခဲ့ကြ၏။ တော်၀င်ရုံးတော်၌ ထိုသူတို့အား ကျော်လွန်နိုင်သမျှ ကာလပတ်လုံး အရှင်မင်းမြတ်၏ သဘောထားအား ပြောင်းလဲနိုင်မည်ဟု ထင်ခဲ့ကြသည်။

မည်သို့ဆိုစေ ယခုတွင်တော့ လူတိုင်းက အစမှ အဆုံးတိုင် နားလည်သွားကြပြီး သူတို့တွင် ရန်သူ တစ်ဦးသာ ရှိကာ ထိုသူက ‘ အင်ပါယာပြည့်ရှင် ’ ဖြစ်လေသည်။

ချီဘုရင်နှင့် ယောင်ကလန်က အင်ပါယာ၏အမိန့်တော်အား လိုက်နာနေခြင်းသာ။

“ ငါ ထင်မထားခဲ့ဘူး.. ငါ တကယ်ကို ထင်မထားခဲ့ဘူးကွာ... ”

စုန့်ဘုရင်က ပင်မခန်းမ၏ ထိပ်ဆုံးရှိ ခုံ၌ ထိုင်လိုက်ပြီး ယခုဖြစ်ရပ်က သူ့အား အကြီးအကျယ် ထိုးနှက်နေဟန်ရသည်။

တော်၀င်ရုံးတော်မှ ထုတ်ပယ်ခံရခြင်းနှင့် သူ၏ လွှမ်းမိုးမှုများအား ဆုံးရှုံးခြင်းက စုန်ု့ဘုရင်အား စိတ်ပျက် အားလျော့စေသည် မဟုတ်ပေ။ စုန့်ဘုရင်အား အားလျော့စေသည်က မဟာထန်၏ သမိုင်းတွင် ဉာဏ်ပညာအကြီးမားဆုံးဟု ထင်ရှားသူ ဖြောင့်မတ်ကာ ကိုယ်ကျင့်တရားကောင်းမွန်သည့် အင်ပါယာအရှင်က သူ့အား မိန်းမတစ်ယောက်ကြောင့် တော်၀င်ရုံးတော်မှ ထုတ်ပယ်လိုက်ခြင်းကိုသာ ဖြစ်သည်။

စုန့်ဘုရင် ထိုသည်အား မည်သို့မှ လက်မခံနိုင်ချေ။

တော်၀င်ရုံးတော်၌ လွှမ်းမိုးမှု ဆုံးရှုံးသွားခြင်းအား လက်သင့်မခံနိုင်သော်လည်း သူက ကြင်ယာတော် ထိုက်ကျန်းအား ထောက်ခံသည့်ဘက်သို့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထိုသည်က ငယ်သား၏ တာ၀န်သိတတ်မှုဖြစ်ပြီး အင်ပါယာ၏ ကျော်ကြားမှုက ထိုအပေါ်၌ မူတည်နေသည်။ စုန့်ဘုရင်က ကြင်ယာတော် ထိုက်ကျန်းအား မည်သည့်အခါမှ ထောက်ခံလိမ့်မည် မဟုတ်ပေ။

“ ... ကြည့်ရသလောက်တော့ ဟိုကလေး မှန်နေတာပဲ.. ”

ခန်းမအတွင်း သက်ပြင်းရှည်ကြီး ချလိုက်သံ ထွက်ပေါ်လာသည်။ စုန့်ဘုရင်က လူထင်၏ ရင်းနှီးသည့် အသံအား ကြားလိုက်ရသည်။

“ ပါမောက္ခလူ ခင်ဗျား ဘာပြောချင်တာလဲ.. ”

စုန့်ဘုရင်က အံ့အားသင့်စွာ ခေါင်းမော့လိုက်သည်။

လူထင်၏ မထင်မှတ်သည့် စကားက အစမရှိ အဆုံးမရှိ မည်သည့်နေရာကမှန်းမသိ အမှတ်မထင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စုန့်ဘုရင် တစ်ဖက်လူ၏ဆိုလိုရင်းကို မခန့်မှန်းနိုင်ပေ။

“ အရှင့်အနေနဲ့ ၀မ်ယန်ရဲ့ တတိယသား ၀မ်ချောင်ကို မှတ်မိပါရဲ့လား.. ”

လူထင် ခေါင်းအား ဖြည်းငြင်းစွာ ခါရမ်းလိုက်သည်။ သူ၏ လေသံက တစ်မျိုးတစ်ဘာသာ ထူးခြားနေသည်။

“ ဒါပေါ့.. ငါသူ့ကိုတောင် လေးပြည်နယ်သံရုံးမှာ တွေ့ခဲ့သေးတယ်မဟုတ်လား.. ပါမောက္ခလူက ဘာလို့ သူ့ကို စကားထဲ ထည့်ပြောရတာလဲ.. ”

စုန့်ဘုရင် အံ့အားသင့်နေလေ၏။ ယခုအချိန်၌ ထိုကလေးအား လူထင် အဘယ်ကြောင့် ထုတ်ဖော်ပြောသည်အား နားမလည်နိုင်ပေ။

“ ကျုပ်တို့ အဲ့ဒီနေ့ ပြန်လာကတည်းက အဲ့ဒီ ကလေးရဲ့ အမူအရာထဲမှာ ကျုပ်တို့ ကျရှုံးလိမ့်မယ်ဆိုတာကို သိနေတယ်ဆိုတဲ့ ခံစားချက် ကျုပ်ရနေတာ... ”

လူထင် ခပ်မဆိတ် ပြောလိုက်သည်။

“ ဘယ်လိုဖြစ်နိုင်မှာလဲ.. ”

စုန့်ဘုရင် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်ခြင်း များစွာနှင့်။

တော်၀င်ရုံးတော်မှာ အလွန်ရှုပ်ထွေးပြီး သာမန်ကိစ္စသည်ပင် ကြီးမားသည့် သက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည်။ နောက်ဆုံးအချိန် မရောက်ခင်အထိ သူကဲ့သို့ရော ဝါရင့်များသာမက နိုင်ငံရေးလောကအတွင်း နှစ်ပေါင်းများစွာ ကျင်လည်လာသည့်သူမျာပင် အဖြေအား မသိနိုင်ချေ။

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က မည်သို့ အတိအကျသိနေနိုင်မည်နည်း။

လူထင် တိတ်တိတ်ဆိတ်ဆိတ်သာ ပြုံးနေသည်။

လူထင်က အရည်အချင်းရှိသည့် ပါရမီရှင် လူငယ်များအား မြှောက်စားတတ်ပြီး ၀မ်ချောင် ပြသခဲ့သည့် အရာများက ပါရမီ ဟူသည့်အဆင့်ထက်ပင် ကျော်လွန်နေလေပြီ။

လူထင်၏ ၀မ်ချောင်အပေါ် ထင်မြင်ချက်က ထိုကလေး ထင်မှတ်ထားသည်ထက်ပင် များစွာ သာလွန်နေပေလိမ့်မည်။

“ အရှင်.. သူက အရှင့်ကို ကြင်ယာတော် ထိုက်ကျန်း အရေးအခင်းအကြောင်း မေးတဲ့အချိန်ကို မှတ်မိလား.. အခုပြန်တွေးကြည့်တော့ သူက တမင် နားချချင်လို့ ပြောတာဖြစ်နိုင်တယ်.. ဒါပေမဲ့ အဆုံးမှာတော့ သူ မအောင်မြင်ခဲ့ဘူး သူက တစ်ခြားနည်းလမ်းကို အသုံးပြုဖို့ ကြိုးစားခဲ့သေးတယ်.. ”

လူထင် ပြောလိုက်သည်။

စုန့်ဘုရင် အတန်ကြာ မှင်သက်နေ၏။ သူ၏ မျက်နှာပေါ်၌ အလွန်တရာ လေးနက်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။ အကယ်၍ ထိုကလေးသာ လူထင်ပြောသည့်အတိုင်းဆိုပါက သူက အလွန်ထူးခြားသည့်သူ ဖြစ်ပေလိမ့်မည်။

ယခု ပြန်တွေးကြည့်လျှင် ၀မ်ချောင်က သူ့အား နားချရန် ကြိုးစားခဲ့သည်နှင့် တူညီနေသည်။

သို့သော် ထိုအချိန်က သူ မဆိုနှင့် လူထင်ပင် ထိုကလေး၏ စကားအား အမှန် နားထောင်ခဲ့ခြင်း မရှိချေ။

“ ပါမောက္ခလူ ခင်ဗျား ဘာကို ဆိုလိုတာလဲ.. ကျုပ်က နောက်လှည့်ပြီး ထိုက်ကျန်း ကြင်ယာတော်ကို ထောက်ခံပေးရမာလား.. ”

စုန့်ဘုရင်၏ မျက်နှာ ပျက်ယွင်းနေ၏။

“ အရှင်.. ကျုပ်မှာ အရှင့်ရဲ့စိတ်ကို ပြောင်းလဲစေဖို့ ရည်ရွယ်ချက်မရှိပါဘူး.. ဒါပေမဲ့ အဲ့ဒီကလေးရဲ့ စကားထဲမှာ ပိုနက်ရှိုင်းတဲ့ တစ်စုံတစ်ခု ရှိနေတယ်လို့ မထင်ဘူးလား.. သူက ကျုပ်တို့ကို ရှောဘုရင်ဆီ အလည်အပတ်သွားဖို့ အရိပ်အမြွက် ပြခဲ့ပေးတာပဲ.. ”

“ ကျုပ်အနေနဲ့ ရှောဘုရင်က တစ်ခုခု သိထားလိမ့်မယ်လို့ ထင်မိတယ်.. အရှင်မင်းမြတ်ရဲ့ ထိုက်ကျန်းကြင်ယာတော် အရေးအခင်းအပေါ် ထားတဲ့စိတ်ထားက ထူးဆန်းတယ်.. အရင်က သူ မဟုတ်တော့သလိုပဲ.. ကျုပ်ကတော့ ရှောဘုရင်ကို သွားတွေ့သင့်တယ်လို့ ထင်တယ်.. ကျုပ်တို့ မထင်ထားတဲ့ တစ်ခုခု သိလာရနိုင်လောက်တယ်.. ”

လူထင် ပြောလိုက်သည်။

စုန့်ဘုရင် ငြိမ်ကျသွား၏။ သူ၏ မျက်နှာထက်၌ အတွေး နက်နေဟန် ပေါ်နေသည်။

အကယ်၍ ယခင်ကသာဆိုလျှင် လူထင်၏ စကားများ သူ စိတ်ထဲ ထားမည်ပင် မဟုတ်ပေ။ မည်သို့ဆိုစေ အဖြစ်အပျက်များစွာအား ကြုံတွေ့ပြီးနောက် အထူးသဖြင့် တော်၀င်အမိန့်တော်အား လက်ခံရပြီးနောက် စုန့်ဘုရင်၏ ဤကိစ္စအပေါ် ခံယူချက်က အကြီးအကျယ် ပြောင်းလဲသွားပေပြီ။

စုန့်ဘုရင်က ဤကိစ္စနောက်ကွယ်မှ အင်ပါယာအရှင်၏ ထူးခြားသည့် စိတ်အခြေအနေအား ထည့်သွင်း မစဉ်းစားမိပေ။ သူက အင်ပါယာအရှင်မှာ အဘယ်ကြောင့် မိန်းမတစ်ယောက်ကြောင့် ယခုလောက်ထိ ပြောင်းလဲသွားကြောင်း စဉ်းစားမရပေ။ သူ့အနေဖြင့် ထိုက်ကျန်း ကြင်ယာတော်ကိုလည်း သိရှိခြင်း မရှိပေ။

သူ သိထားသည့်အရာက သူမသည် ရှောဘုရင်၏ ဇနီး ဟူသည်ကိုပင်။

အတိတ်တွင် သူ့အနေဖြင့် ထိုသို့သော အမျိုးသမီးအား လှည့်ကြည်မည် မဟုတ်။ သို့သော် ရုတ်ချည်း စုန့်ဘုရင်က သူမအပေါ် အလွန်သိချင်စိတ် ပြင်းပျလာခဲ့သည်။

မည်သို့သော အမျိုးသမီးက အင်ပါယာအရှင်အပေါ် ထိုသို့သော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ကြောင်း သိချင်လာသည်။

အချိန်များက ခန်းမအတွင်း ဖြည်းဖြည်းနှင့်မှန်မှန် ဆက်လက်စီးဆင်းနေသည်။

စကားစရမည့်အစား လူထင်က စုန့်ဘုရင်အား စိတ်ရှည်စွာနှင့် စောင့်ဆိုင်းနေသည်။

ဟူး.......

အချိန်မည်မျှကြာသွားသည်မသိ ခန်းမအတွင်း သက်ပြင်းချသံ ထွက်ပေါ်လာသည်။

“ ပြင်ဆင်လိုက်.. ငါ ရှောဘုရင်အိမ်တော်က မောင်အာဆီကို အလည်သွားမယ်. ”

“ ဟုတ်ကဲ့ပါ အရှင်.. ”

ပျော်ရွှင်စွာနှင့် လူထင် အလျင်အမြန် ထွက်သွားလိုက်သည်။

တစ်ခဏကြာသော် စုန့်ဘုရင် သူ၏အိမ်တော်ထဲမှ ထွက်ကာ မြင်းလှည်းထဲသို့ ၀င်လိုက်ပြီး ရှောဘုရင်အိမ်တော်သို့ ဦးတည်သွားခဲ့သည်။

Chapter 118 ယင်ရှမ်းဦးလေး

စုန့်ဘုရင်က မနက်ဝေလီဝေလင်းကတည်းက ထွက်သွားခဲ့သော်လည်း သူပြန်လာသည့်အချိန်တွင်တော့ ညနက်နေလေပြီ။

“ အရှင် အခြေအနေဘယ်လိုလဲ.. ”

မြင်းလှည်းဆီသို့ ပြေးသွားရင်း လူထင် အလျင်အမြန် ကြိုဆိုကာ မေးလိုက်သည်။ အမှန်တွင် စုန့်ဘုရင် ထွက်သွားကတည်းက သူ ထိုနေရာ၌သာ ပြန်အလာအား စောင့်နေခြင် ဖြစ်ပေ၏။

သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် စုန့်ဘုရင် စိတ်ရှုပ်ထွေးနေကြောင်းအား ခံစားနေမိသည်။ ထို့အပြင် သူ့ကြည့်ရသည်မှာ အလွန်အမင်း မောပန်းနေဟန်ရပြီး တိုက်ပွဲပေါင်းများစွာ တိုက်ခဲ့သလိုပင်။

ခေါင်းငုံ့ထားရင်း စုန့်ဘုရင် စကားတစ်ခွန်းမှ မဆိုပေ။ သူ၏ နဖူးထက်၌ တွန့်ရာများပင် ပေါ်နေ၏။ စုန့်ဘုရင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည်ဖြစ်ရာ လူထင်အနေဖြင့် စုန့်ဘုရင်အား ဤကဲ့သို့သော အခြေအနေနှင့် ပထမဆုံး တွေ့ဖူးခြင်းပင် ဖြစ်သည်။

အစောင့်များ၊ အစေခံများနှင့် အိမ်ဖော်များအားလုံးမှာ ရှေးမဆွကပင် ဤနေရာမှ ဖယ်နေရန် ညွှန်ကြားထားပြီး ဖြစ်သည်။

ရှောဘုရင်နှင့် ပက်သက်သည့် အရေးမှာ အတော်ပင် ကြီးလေလှသည်။ ထို့ကြောင့် လူထင်က အိမ်တော်ထိန်းအိုကြီးအား သူတို့၏ စကားဝိုင်းထဲမှ စကားများ တစ်ခွန်း တစ်ပါဒကိုမျှ အပြင်သို့ မရောက်စေရန် မှာကြားထားခြင်း ဖြစ်သည်။

“ ငါ ဒီကိစ္စကို လွယ်လွယ်နဲ့ ရှင်းပြလို့ ရမှာ မဟုတ်ဘူး.. --- အထဲကို အရင်၀င်ရအောင်... ”

စုန့်ဘုရင်၏ အသံထဲမှ အလွန်အမင်း သတိထားနေဟန် ပေါ်လွင်နေသည်။ လူထင်မှ စုန့်ဘုရင် ဤကဲ့သို့ သတိထားနေခြင်းမျိုးအား မတွေ့ခဲ့ဖူးပေ။

လူထင်က အစောင့်များနှင့်အိမ်ဖော်များအား ဤနေရာမှ ရှင်းလင်းထားခြင်းက လုံလောက်ပြီဟု ထင်နေသည်။ သို့သော် ကြည့်ရသည်မှာ ရှောဘုရင်နှင့် စပ်ဆိုင်သည့်ကိစ္စက သူထင်ထားသည်ထက်ပင် ဆိုးဝါးနေဟန်ရသည်။

ပင်မခန်းမအား ပိတ်ချလိုက်ပြီး လက်ရွေးစင်များက ခန်းမအား စောင့်ကြပ်နေကာ အိမ်တော်ထိန်းကြီးကိုယ်တိုင် တံခါးဝရှေ့၌ စောင့်နေ၏။ ထိုသို့သော လုံခြုံရေးများ ခပြီးကာမှ ယင်တစ်ကောင်ပင် ခန်းမအတွင်း ၀င်လာနိုင်တော့မည် မဟုတ်ပေ။

“ မောင်အာက ပြောခဲ့တယ်.. ”

အပြင်လူများ မရှိတော့သည် သေချာမှ စုန့်ဘုရင်၏ ထိန်းသိမ်းထားသည့် ၀န်ထုပ် ပေါ့သွားသလို...

“ အစတော့.. ငါက သူ့ကို အဲ့ဒီအကြောင်း မေးမလို့ သွားတာပဲ သူက အမြဲ စကားလမ်းကြောင်းလွဲလွဲပစ်တယ်.. အကယ်လို့ သူသာ ငါ့လက်ထဲမှာ ကြီးခဲ့တာမဟုတ်ပဲ အရှင်မင်းကြီးရဲ့ အမိန့်တော်ကြောင့်သာမဟုတ်ရင် သူက သေတဲ့အထိ အဲ့အကြောင်းကို အုတ်ဂူထဲထိ သယ်သွားလိမ့်မယ်.. ”

“ ရှောဘုရင်က ဘာပြောခဲ့တာလဲ.. ”

ထိတ်လန့်စွာဖြင့် လူထင် အလျင်စလို မေးလိုက်မိသည်။

စုန့်ဘုရင်၏ နဖူးပေါ်မှ အရေးအကြောင်းက ပိုများလာ၏။

“ သူက ငါ့မေးခွန်းကို တိုက်ရိုက်မဖြေဘူး.. ထိုက်ကျန်းကြင်ယာတော်ကို အတိုက်အခံ မလုပ်ဖို့ပဲ ငါ့ကို အရိပ်အယောင်ပြတာ... ”

“အာ.. ”

လူထင် ထိတ်လန့်စွာ ရေရွတ်မိသည်။ မည်သို့ဆိုစေ သူက အလျင်အမြန် သတိ၀င်လာပြီး မေးခွန်းဆက်လိုက်၏။

“ ရှောဘုရင်က အရှင်မင်းကြီးရဲ့ ဆန္ဒကို မဆန့်ကျင်လိုတာများလား... ”

ရှောဘုရင်မှာ ထိုက်ကျန်းကြင်ယာတော်အရေးခင်း၌ နစ်နာသူ ဖြစ်လေ၏။ ဖခင်ဖြစ်သူက မိမိ၏ ဇနီးအား ခိုးယူခြင်းက ပုံမှန်လူများ နားလည်နိုင်မည့် အရာ မဟုတ်နေပေ။

သို့သော် ရှောဘုရင်က သား၀တ္တရားကျေပွန်သူ ဖြစ်သည်။ စုန့်ဘုရင်အား ထိုက်ကျန်းကြင်ယာတော်အား မဆန့်ကျင်ရန်ပင် နားချလိုက်သေးသည်။

“ အဲ့လို မဟုတ္ဘူး.. ”

စုန့်ဘုရင်က ခေါင်းခါကာ လူထင်၏ ထင်မြင်ချက်အား ငြင်းဆန်လိုက်ပြီး...

“ ငါလဲ အဲ့လိုပဲ တွေးမိတာပဲ.. ဒါပေမဲ့ အမှန်တရားက အဲ့လိုမဟုတ်ဘူး.. မောင်အာ တိုက်ရိုက်မပြောပေမဲ့ ဒီကိစ္စက အပြင်လူ ၀င်ပြောလဲ ပြောင်းလဲမဲ့အရာမဟုတ်ဘူးဆိုတာ အရိပ်အမြွက်ပြောပြတယ်.. ပြီးတော့ အရှင်မင်းကြီးက တစ်ခြားသူတွေ ထင်နေသလို မှားနေတဲ့သူ မဟုတ်ဘူးဆိုတာကိုရောပဲ... ”

“အာ.. ”

လူထင် တံတွေးမြိုချလိုက်၏။ ဤတစ်ကြိမ်၌ သူအမှန်ပင် ထိတ်လန့်နေခြင်းဖြစ်သည်။ ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှာ အရှင်မင်းကြီးမှ သားဖြစ်သူ၏ ဇနီးအား ခိုးယူခြင်းဖြစ်ကြောင်း အရာထမ်းမျာအားလုံး သိထားကြသည်။

ရှောဘုရင်နှင့် ထိုက်ကျန်းကြင်ယာတော်တို့မှာလည်း နှစ်အတန်ကြာ ပေါင်းဖက်ခဲ့ပြီးဖြစ်သည်ကို လူတိုင်းသိထားပြီး သူတို့က နက်နက်ရှိုင်ရှိုင်း မေတ္တာသက်၀င်နေကြပေသည်။ ဤသည်က အရာထမ်းများက အရှင်မင်းကြီး ထိုက်ကျန်းကြင်ယာတော်အား တော်ကောက်ခြင်းအပေါ် ဆန့်ကျင်ရသည့် အကြောင်းရင်းဖြစ်လေသည်။

ဤအချင်းအရာ၌ လူတိုင်းက ရှောဘုရင်ဘက်မှ ရပ်တည်ကြသည်။

“ ရှောဘုရင်ရဲ့ ဆိုလိုရင်းက ဘာလဲ.. ဒီကိစ္စမှာ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေသေးတာလား.. ”

လူထင် အမှတ်မထင် မေးလိုက်သည်။

ဤမုန်တိုင်းက မဟာထန် တော်၀င်ရုံးတော်အတွင်းရှိ အရာထမ်းများအားလုံးကို ပါ၀င်စေပြီး အနိမ့်ဆုံး အရာရှိမှ အမြင့်ဆုံး အုပ်ချုပ်သူများအထိ ပါ၀င်နေသည်။

လူများစုမှာ ထိုက်ကျန်းကြင်ယာတော်အား အပြစ်တင် ရှုံ့ချကြသလို ချီဘုရင်နှင့် ယောင်ကလန်က ထိုက်ကျန်းကြင်ယာတော်အား ထောက်ခံပြီး ဤ အရေးခင်း၌ အင်ပါယာပြည့်ရှင်၏ ဆုံးဖြတ်ချက်အား ပြောင်းလဲရန် နှစ်ဖက်လုံးမှ အသနားခံစားများ အလုအယက်တင်နေကြသည်။

မည်သို့ဆိုစေ မည်သူကမှ ရှောဘုရင်၏ ခံစားချက်အား ထည့်မတွက်ခဲ့ကြပေ။

မည်သူကမှ ရှောဘုရင်အား ထိုကိစ္စနှင့် ပက်သက်၍ မေးမြန်းရန် မစဉ်းစားမိကြပေ။

ရှောဘုရင်မှာ ထို အရေးခင်း၌ အကြီးမားဆုံး နစ်နာသူဟု အများက တွေးထားကြ၏။ မည်မျှပင် နှလုံးသားမဲ့စေကာမူ ရှောဘုရင်၏ အနာပေါ်၌ ဆားဖြူးရမည့်လုပ်ရပ်အား မည်သူမှ မပြုချင်ကြပေ။

အကယ်၍ စုန့်ဘုရင်အား တော်၀င်အမိန့်တော် ငါးခုကြောင့် တော်၀င်ရုံးတော်မှ ဆွဲထုတ်ခဲ့ခြင်း မဟုတ်ပါက သူသည်လည်း ရှောဘုရင်ထံ အလည်သွားလိမ့်မည် မဟုတ်ပေ။

“ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ ငါ မစဉ်းစားတတ်တော့ဘူး.. ”

စိတ်ရှုပ်ထွေးစွာဖြင့် စုန့်ဘုရင် ခေါင်းခါလိုက်သည်။

“ ထိုက်ကျန်းကြင်ယာတော် အရေးခင်းက အရမ်းကို တည့်တိုးဆန်နေတယ်.. ငါက မောင်အာရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက်ပြီး ကျောက်စိမ်းခြင်္သေ့တစ်စုံကို လက်ဆောင်ပေးခဲ့တာ.. ဒီကိစ္စမှာ ဘယ်လို လျှိှု့ုဝှက်ချက်တွေ ရှိနေလဲဆိုတာ တကယ် မစဉ်းစားတတ်တော့ဘူး.. ”

ရှောဘုရင်၏ စိတ်နေစိတ်ထားက သူ၏ စကားထဲ၌ ပေါ်လွင်နေသည် ဤကိစ္စ၌ မမြင်ရသည့် မြူမှုန်တစ်ထပ် ဖုံးလွှမ်းနေသည့်နှယ်။

“ အရှင်.. ရှောဘုရင်နဲ့ တွေ့ခဲ့တဲ့အကြောင်း အပြည့်အစုံကို ပြောပြပေးနိုင်မလား.. ”

လူထင်ရုတ်တရက်မေးလိုက်၏။

စုန့်ဘုရင်ခေါင်းညိမ့်လိုက်သည်။ လူထင်က သူ၏ အကူဖြစ်ပြီး သူသာ လူထင်အား မယုံကြည်ဘူးဆိုပါက လောက၌ သူယုံကြည့်ရမည့်သူ တစ်ဦးမှ ရှိတော့မည် မဟုတ်ပေ။ ဤဖြစ်ရပ်၌ ထူးဆန်းသည့် အကြောင်းအရာများစွာ ရှိနေပြီး စုန့်ရင်က အခြားသူတစ်ယောက်၏ အမြင်ကိုလည်း လိုအပ်နေသည်။

ထို့ကြောင့် စုန့်ဘုရင်က ဖြစ်ပျက်ခဲ့သမျှ ပြောခဲ့သမျှအား ပြန်လည် ပြောပြနေ၏။ အလယ်တွင် လူထင်က သူ၏ သံသယများ ပိုမိုခိုင်မာခဲ့ပြီး အများစုမှာ ရှောဘုရင်၏ အမူအရာနှင့် သူပြောနေသည့် အကြောင်းအရာအပေါ် ခံစားချက်ပင် ဖြစ်သည်။

စုန့်ဘုရင် ထိုကိစ္စအား ပြန်ပြောင်း ပြောပြပြီးသည့်အခါတွင် လူထင် အတန်ကြာ တိတ်ဆိတ်နေသည်။

“ အရှင်... ကျုပ်တို့က ထိုက်ကျန်းကြင်ယာတော် အရေးခင်းအပေါ်ကို အတော်လေး မျက်ကွယ်ပြုမိခဲ့တာပဲ.. ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေမလဲ မသိနေပေမဲ့ ရှောဘုရင်က ထင်သလောက်လဲ ၀မ်းနည်းနေပုံ မရဘူး.. ”

“ အဲ့တာ မှန်တယ်.. ”

စုန့်ဘုရင် ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း ဤကိစ္စ၌ ထိုသို့သာ ရှုမြင်ထား၏။

“ ဒါပေမဲ့ အရှင် ဒီလိုရော တွေးမိလား.. ရှောဘုရင်ပြောတာက သူက ၀မ်းမနည်းနေသလို အပြင်လူတစ်ယောက်အနေနဲ့ သူက ဘေးထွက်ပေးရတာပဲလို့ ပြောတယ် ဒါကြောင့် သူက ဒီကိစ္စကို လက်ရှောင်နေတာများလား.. ခြုံကြည့်ရင် ရှောဘုရင်က အရှင်မင်းကြီးအပေါ် ၀တ္တရား ကျေပွန်နေတာပဲ မဟုတ်ဘူးလား.. ”

“ တကယ်လို့ သူက ဒီကိစ္စကနေ ရှင်းရှင်းလင်းလင်း လက်ရှောင်နေတယ်ဆိုရင် အရှင်မင်းကြီး အနေနဲ့ ပြဿနာ များများစားစား ရှိမှာ မဟုတ်ဘူးလေ.. ”

“ ဒါက. ”

စုန့်ဘုရင် မှင်သက်နေ၏။

“ မင်းဆိုလိုတာက မောင်အာက လိမ်နေတယ်လို့ ဆိုလိုတာလား.. ဒါ မဖြစ်နိုင်ဘူး. သူက ငါ့လက်ထဲမှာ ကြီးလာတာ သူက ငါ့ကိုလိမ်မဲ့သူ မဟုတ်ဘူး.. ”

စုန့်ဘုရင်က လူထင်၏ ထောက်ပြချက်အား ချက်ချင်း ငြင်းဆန်းလိုက်သည်။

“ အရှင်.. ဒီကိစ္စမှာ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်.. ရှောဘုရင် က လိမ်နေပြီး သူပြောတာ မှန်သမျှက အမှန် မဖြစ်နိုင်ဘူး ဒါမှမဟုတ် ရှောဘုရင် ပြောတာမှန်သမျှက အမှန်ဖြစ်နေပြီး သူ ရှေ့မထွက်တာကလည်း တစ်ယောက်ယောက်က သူ့ကို တားဆီးထားလို့ပဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် ----- ”

လူထင် အသက်ဝအောင် ရှူလိုက်၏။ အချို့စကားများအား သူ မပြောဆိုရဲပေ။

“ အရှင် ရှောဘုရင်က အင်ပါယာဘုရင်မျိုးနွယ် တော်၀င်မိသားစု၀င်ပဲလေ.. သူ့ရဲ့ မျိုးရိုးမြင့်တာကိုကြည့်ရင် ဘယ်သူက သူ့ကို ပါးစပ်ပိတ်ထားနိုင်မှာလဲ.. ”

“ မင်းဆိုလိုတာက အရှင်မင်းကြီးလား. ”

စုန့်ဘုရင်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ခေါင်းနပန်းကြီးသွားသည်။ မသိစိတ်ထဲမှ အတွေးတစ်ခု အလိုလို၀င်လာ၏။ လီမောင်သည် အရှင်မင်းကြီးမှ ဘုရင်ဘွဲ့ပေးထားသူ ဖြစ်သည်။ စုန့်ဘုရင်က သူ၏ တော်၀င်ဦးရီးတော် ဖြစ်သော်လည်း သူ၏ စီနီယာကျမှုအား ဖယ်ထားလျှင် သူတို့ နှစ်ဦး၏ ရာထူးက အတူတူပင်။

ချီဘုရင်နှင့် သူပင်လျှင် ရှောဘုရင်အား ပါးစပ်ပိတ်နေစေရန် မတတ်နိုင်သည်ဖြစ်ရာ အခြားသူများဆိုလျှင် ပြောရန်ပင်မလို။ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး၌ ထိုသို့ ပြုလုပ်နိုင်သူ တစ်ဦးသာ ရှိပေသည်။

ထိုသူကတော်၀င်နန်းတော်၌ စံစားနေသည့် ကောင်းကင်၏သားတော် အလယ်ပိုင်းလွင်ပြင်၏ အချုပ်အချာအာဏာပိုင်စိုးသူ အင်ပါယာပြည့်ရှင်သာ ဖြစ်လေ၏။

သို့သော် စုန့်ဘုရင်က ထိုအတွေးများအား ထုတ်ဖော် မပြောဝံ့ပေ။ အကယ်၍ ရှောဘုရင်က အမှန်အား ပြောသည်ဆိုပါက သူက အရှင်မင်းကြီးနှင့် အတိုက်အခံ မပြုချင်၍သာ ဖြစ်ပေမည်။ သို့တိုင် အရှင်မင်းကြီးက အဘယ်ကြောင့် နှုတ်ပိတ်ထားလေသနည်း။

ထိုအချိန်၌ ခန်းမတစ်ခုလုံး အတိ ငြိမ်သက်နေ၏။ မည်သူမှ စကားတစ်ခွန်း မထုတ်ဖော်ရဲပေ။

“ ပျက်စီးခြင်းပဲ.. ဒါ တကယ့်ကို ပျက်စီးခြင်းပဲ.. ”

စုန့်ဘုရင်၏ မျက်၀န်းထဲ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်နေပြီး အပြင်သို့ ကြည့်လိုက်သည်။ ပထမဆုံးအနေဖြင့် စုန့်ဘုရင် သူ၏ မျက်၀န်းအား ပိတ်ဆို့ထားသည့် အရာ ရှိနေဟန်တူပြီး သူ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပုံရ၏။

“ ပြင်ဆင်လိုက် ငါတော်၀င်နန်းတော်ကို အခစား၀င်မယ်.. ”

စုန့်ဘုရင်၏ စိတ်ထဲ၌ အတွေးများ ယောက်ယတ်ခတ်နေပြီး တစ်ချိန်တည်း၌ စုန့်ဘုရင် သူ၏စိတ်အား ချိန်ညှိလိုက်သည်။

“ အရှင်က အရှင်မင်းကြီးကို အခစား၀င်မလို့လား.. ”

လူထင် ကြောင်အနေ၏။ လက်ရှိအခြေအနေအရ အင်ပါယာပြည့်ရှင်က သူ့အား လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း လူထင် သိနေသည်။

“ မဟုတ်ဘူး.. ”

စုန့်ဘုရင်၏ ဖြေကြားမှုက လူထင်၏ တွေးထင်မှုထက် ကျော်လွန်နေ၏။

“ ငါ ထိုက်ကျန်း ကြင်ယာတော်ကို တွေ့မလို့.. ”

.....

ကောင်းကင်က မှောင်စပြုနေလေပြီဖြစ်သော်လည်း စုန့်ဘုရင်၏ လှုပ်ရှားမှုက လူထင် စိတ်ကူးနိုင်သည်ထက် မြန်ဆန်နေသည်။ ထိုည၌ စုန့်ဘုရင်၏ မြင်းလှည်းက ထွက်ခွာရန် အသင့်ဖြစ်နေလေပြီ။

တော်၀င်နန်းတော်၏ ၀င်ပေါက်က ညနေစောင်းသည်နှင့် ပိတ်လေ့ရှိပြီး ဤညသည်လည်း ထို့အတူပင်။ မည်သို့ဆိုစေ တော်၀င်မိသားစု၀င် ဖြစ်သည့် စုန့်ဘုရင်အတွက်တော့ ထူးခြားသည့် အခွင့်ထူးခံ ပိုင်ဆိုင်ထားသည်။ ၀င်ပေါက်ပိတ်သွားသည့်တိုင် သူ့အနေဖြင့်အင်ပါယာပြည့်ရှင်ထံ အခစား၀င်ခွင့်ရှိသည်။

မြင်းလှည်းက သွားရန် အသင့်ဖြစ်နေရာ စုန့်ဘုရင် အနည်းငယ်ပင် တုန့်ဆိုင်းမနေတော့ပေ။ သူက တော်၀င်နန်းတော်အား တစ်ဦးတည်း အခစား၀င်မည် မဟုတ်။

“ ယင်ရှမ်း စုန့်ဘုရင်ကို အရိုသေပြုပါတယ်.. ”

အနက်ရောင်၀တ်ရုံနှင့် ဦးထုပ်ရှည်အား ၀တ်ဆင်ထားသည့် သက်ကြီးပုံရိပ်တစ်ခုက စုန့်ဘုရင်၏ မြင်းလှည်းအတွင်း ပေါ်လာ၏။ သူ၏ ဦးထုပ်ရှည်မှ အနက်ရောင်ပိတ်စ ချထားရာ သူ၏ မျက်နှာသွင်ပြင်အား ဖုံးကွယ်ထားသည်။

ထို အကြီးအကဲ၏ ခန္ဓာကိုယ်က ကိုင်းညွှတ်နေပြီး သူ၏ မျက်နှာက မြေပြင်ကိုသာ မျက်နှာမူထားရာ သူ၏ သွင်ပြင်အား စုန့်ဘုရင်မှလွဲ၍ မည်သူ့ကိုမှ မတွေ့စေချင်သလိုပင်။

ထိုအချိန်၌ စုန့်ဘုရင်၏ လူယုံတော် လူထင်ပင်လျှင် ဘေးသို့ ရောက်သွားသည်။

“ ယင်ရှမ်းဦးလေး.. ကျုပ်ခင်ဗျားကို ပြဿနာ ပေးမိတဲ့အတွက်တောင်းပန်ပါတယ်. အရင်က ခင်ဗျားကို ဘယ်လိုကိစ္စနဲ့မှ မခေါ်တော့ဘူးလို့ ကတိပေးထားပေမဲ့ ဒီနေ့တော့ တော်၀င်နန်းတော်ကို ကျုပ်နဲ့ အတူလိုက်ခဲ့ပေးဖို့ တောင်းဆိုပါရစေ.. ”

မြင်းလှည်း၏ တံခါး ပွင့်သွားကာ စုန့်ဘုရင် ရိုသေစွာ မတ်တပ်ရပ်လိုက်သည်။

“ ဟားဟား.. အရှင် ကျုပ်အတွက် လောက၀တ်တွေ မလိုအပ်ပါဘူး.. စုန့်ဘုရင်ဟောင်ပဲဖြစ်ဖြစ် အရှင်ပဲ ဖြစ်ဖြစ် ခင်ဗျားတို့ နှစ်ယောက်စလုံးက ယုံကြည်ထိုက်တဲ့သူတွေပါ.. အရင်စုန့်ဘုရင်က ကျုပ်ရဲ့ အကူအညီကို မကြာခဏ တောင်းခံတတ်တယ်.. အရှင် ကျုပ်ကို နောက်ဆုံး အကူညီတောင်းခဲ့တာ လွန်ခဲ့တဲ့ ခြောက်နှစ်က မဟုတ်လား.. ”

“ အရှင်က ကျုပ်ကို လိုအပ်နေတယ်ဆိုမှတော့ ကျုပ် ဘယ်လိုလုပ် မလာပဲ နေရဲပါ့မလဲ.. ”

ယင်ရှမ်းဦးလေးမှ ရယ်နေသည်။ သူ၏ အသံက သြဇာပြည့်ဝြပီး တစ်ဖက်လူအား နာခံချင်စိတ် ဖြစ်ပေါ်စေသည်။

စုန့်ဘုရင်က ခေါင်းငြိမ့်ကာ အထဲသို့ ၀င်လိုက်၏။ ခေါင်းငုံ့ထားပြီး ယင်ရှမ်းဦးလေးသည်လည်း မြင်းလှည်းအတွင်း အရိပ်ကျသည့်နေရာ၌ ၀င်ထိုင်ကာ တိတ်ဆိတ်စွာ နေနေသည်။

စုန့်ဘုရင်က ယင်ရှမ်းဦးလေးအကြောင်း ကောင်းစွာ မသိသော်လည်း တစ်ဖက်လူမှာ သူ့ဖခင်၏ အရည်အချင်းအရှိဆုံး လူယုံဖြစ်ကြောင်း သိပေ၏။

သူ၏ဖခင်မှာ ယင်ရှမ်းဦးလေးအား အထူးလေးစာသည်။ စုန့်ဘုရင်ဟောင်းက တစ်ခါတွင် မလိုအပ်ပဲနှင့် ယင်ရှမ်းဦးလေးအား နှောင့်ယှက်ခြင်းမပြုရန် အကြံပေးခဲ့ဖူးသည်။

အကယ်၍ တော်၀င်အမိန့်တော် ငါးခုကြောင့်သာမဟုတ်လျှင် ထိုက်ကျန်းကြင်ယာတော် အရေးခင်းက တော်၀င်ရုံးတော် တစ်ခုလုံးအား လှုပ်ခတ်စေသည်မဟုတ်လျှင် ရှောဘုရင်၏ စကားများက မည်မျှ ထူးဆန်းနေသည် မဟုတ်လျှင်..

စုန့်ဘုရင်က ယင်ရှမ်းဦးလေးအား အနှောင့်အယှက်ပေးလိမ့်မည် မဟုတ်ချေ။

“ သွားရအောင်.. ”

စုန့်ဘုရင် စကားဆိုလိုက်သည်တွင် မြင်းလှည်း စတင်ထွက်ခွာသွားသည်။ အပြင်ဘက်၌ မြင်းလှည်းမောင်းနှင်နေသည့်အတွက် လေတဖြူးဖြူးဖြစ်နေသော်လည်း မြင်းလှည်းအတွင်း၌မူ အတိ တိတ်ဆိတ်နေသည်။ စုန့်ဘုရင်ဖြစ်စေ ယင်ရှမ်းဦးလေးဖြစ်စေ စကားတစ်လုံးမှ မဆိုပေ။

ယင်ရှမ်းဦးလေးမှာ မြင်းလှည်းအတွင်း ၀င်လာသည့်အချိန်မှစ၍ ထောင့်၌ ထိုင်နေရာ အရိပ်နှင့်အတူ ပေါင်းစပ်နေပြီး နေရောင်အား ကြောက်ရွံသည်ဟုပင် ထင်ရနိုင်သည်။

အိုင်းယား..

မကြာမှီ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာပြီး စုန့်ဘုရင် တော်၀င်နန်းတော်ထဲသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့သည်။ ..

Chapter 119 မူလစွမ်းအင် စွမ်းအား

မြင်းလှည်းက တော်၀င်နန်းတော်ထဲသို့ ရောက်သည်နှင့် သူတို့ အပေါ် မမြင်နိုင်သည့်ဖိအားက တောင်တစ်လုံးကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုဖိအားက တော်၀င်နန်းတော်၏ အလယ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အရပ်မျက်နှာအားလုံးသို့ ထုတ်လွှတ်နေသည်။

သိုင်းပညာရှင်များအားလုံးတွင် စုန့်ဘုရင်ကဲ့သို့သောသူပင် ထိုသန်မာသည့် စွမ်းအားကို ခံစားမိသည်။ မြင်းလှည်းအတွင်း၌ ယင်ရှမ်းဦးလေးမှာ ထောင့်၌ ခပ်မဆိတ်သာ ဆက်နေနေသည်။

သူတို့အကြား သိပ်မကွာသေးသော်လည်း စုန့်ဘုရင်သာ သတိမထားနေပါက ယင်ရှမ်းဦးလေး၏ တည်ရှိမှုကိုပင် သိနေမည် မဟုတ်ပေ။

တော်၀င်န်နးတော်မှာ အလယ်ပိုင်းလွင်ပြင်၏ အသန်မာဆုံးလက်ရွေးစင်များ စုစည်းရာဖြစ်ပြီး နဂါးသိုက် ကျားဂူ ဟူသည့် စကားပင် အဓိပ္ပာယ် အပြည့်အ၀ ဖော်ညွှန်းရန် မလုံလောက်သေးပေ။ သိသာစွာပင် ယင်ရှမ်းဦးလေးက မည်သည့် လက်ရွေးစင်များ၏ စိတ်၀င်စားမှုကိုမှ မခံလိုပုံရသည်။

မြင်းလှည်းအတွင်း တိတ်ဆိတ်မှုက ပို၍သာ ကြီးစိုးနေသည်။

ဟူးလာလား..

အချိန်အတော်ကြာ ရှေ့ဆက်သွားပြီး အခြား မြင်းလှည်းတစ်ခုမှ မြင်းဟီသံ ကြားလိုက်ရသည်။

“ အရှေ့က စုန့်ဘုရင် ဟုတ်ပါသလား.. ”

မြင်းလှည်း၏နောက်မှ ထက်ရှသည့်အသံ ထွက်ပေါ်လာသည်။

“ မှန်ပါတယ်. ”

“ အရှင်မင်းကြီးက စကားပါးလိုက်တယ်.. ဒီနေ့ ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံမှာ မဟုတ်တော့ဘူး.. စုန့်ဘုရင် လာရာလမ်းအတိုင်း ပြန်သွားဖို့ အကြံပေးပါရစေ.. ”

မိန်းမစိုး၏ အသံ ထွက်ပေါ်လာပြန်၏။

“ ဟုတ်ပါပြီ.. ကျုပ်နားလည်ပါပြီ ကုန်းကုန်း.. အရင်သွားလိုက်ပါ.. ကျုပ် တော်၀င်နန်းတော်ကနေ မကြာခင် ထွက်သွားမှာပါ.. ”

အတန်ကြာ တိတ်ဆိတ်နေပြီးမှ စုန့်ဘုရင် ဖြေလိုက်သည်။

စုန့်ဘုရင်၏ စကားအား ကြားသည်တွင် မိန်းမစိုးက များများစားစား တွေးမနေတော့ပဲ ထွက်ခွာသွားသည်။ ဟူးလားလား မြင်းလှည်းက အဝေးသို့ တိုး၀င် ပျောက်ကွယ်သွား၏။

“ မြန်မြန်သွား... ”

မြင်းလှည်းအတွင်း၌ တိတ်ဆိတ်စွာ နေပြီးနောက် စုန့်ဘုရင်က ယုကျန်းနန်းတော်သို့ အလျင်အမြန်သွားရန် လောလိုက်၏။

ဘုရင်များသည်ပင်လျှင် တော်၀င်နန်းတော်သို့ ၀င်ရောက်ရန် အကြောင်းပြချက်လိုပြီး အင်ပါယာအား အခစား၀င်ရန်တောင်းဆိုခြင်းက အကောင်းမွန်ဆုံး ရွေးချယ်ရာပင်။

စုန့်ဘုရင်က သူ ငြင်းပယ်ခံရမည်အား ကြိုတင်တွက်ဆမိပြီး ဖြစ်သော်လည်း အစကတည်းက သူ၏ ရည်ရွယ်ချက်မှာ တစ်ခြားတစ်ခု ဖြစ်လေ၏။

“ ယင်ရှမ်းဦးလေး.. ကျုပ်တို့ တံခါး၀မှာ အကြာကြီးနေလို့ မရဘူး မဟုတ်ရင် တော်၀င်မိသားစုက သတိထားမိသွားလိမ့်မယ်.. ဦးလေးကို ဒီကိစ္စ သတိထားဖို့ မှာချင်ပါတယ်.. ”

စုန့်ဘုရင် ပြောလိုက်သည်။

စုန့်ဘုရင်အနေဖြင့် ယင်ရှမ်းဦးလေးက ပဟေဋ္ဌိတစ်ပုဒ်ပင်။ သူ သိထားသည့် တစ်ခုတည်းသော အရာမှာ ထိုသူက မွေးလာကတည်းကပင် စွမ်းရည်မျိုးစုံနှင့် ပြည့်စုံသူဖြစ်သည်။ အင်္ဂဝိဇ္ဇာပညာရပ်၊ အနာဂတ်ဟောကိန်းထုတ်ခြင်းနှင့် ကမ္ဘာလောကကြီးမှ ပျောက်ကွယ်သွားခြင်းကဲ့သို့သော စွမ်းရည်များ ဖြစ်၏။

အငွေ့အသက် ရှူမြင်ခြင်း ။

ဒဏ္ဍာရီများ၌ လူသားများသည် မတူညီသည့် အငွေ့အသက်များအား သူတို့၏ ဦးခေါင်းထက်မှ ထုတ်လွှတ်တတ်ကြသည်ဟု ဆိုသည်။ အင်ပါယာအရှင်က အင်ပါယာတစ်ပါး၏ အငွေ့အသက်အားထုတ်လွှတ်ပြီး ၀န်ကြီးတစ်ဦးက ၀န်ကြီး အငွေ့အသက်အား ထုတ်လွှတ်သလို လူငယ်တစ်ဦးက ငယ်ရွယ်သည့်အငွေ့အသက်အား ထုတ်လွတ်ကာ အကြီးအကဲများက ဇရာအငွေ့အသက်အား ထုတ်လွှတ်သည်။

ထိုအငွေ့အသက်များက သာမာန်လူများ၏ အမြင်တွင်မမြင်နိုင်ပဲ ထိုအငွေ့အသက်များအား မြင်နိုင်သည့် အမြင်စွမ်းရည် ရှိသူများသာ မြင်နိုင်သည်။

ယင်ရှမ်းဦးလေးမှာ တစ်ဖက်လူ၏ အင်္ဂါရပ်များအား ကြည့်ရှုယုံနှင့်ပင် ထိုသူ၏ အငွေ့အသက်အား ဆုံးဖြတ်နိုင်၏။

မြင်းလှည်းက ဆက်လက်သွားနေပြီး မြင်းလှည်းပြတင်းပေါက်မှ သလင်းကဲ့သို့သော နန်းတော်အား ပုံရိပ်ယောင်များကဲ့သို့ မီးအိမ်များ အလှဆင်ထားသည့် နန်းတော်အား အဝေး၌ မြင်နေရသည်။

“ ယင်ရှမ်းဦးလေ.. အရှေ့မှာရှိနေတာက ယုကျန်းနန်း........”

စုန့်ဘုရင် ယင်ရှမ်းဦးလေးအား ယုကျန်းနန်းတော်မှ ရှေ့၌ ရှိနေကြောင်း ပြောနေစဉ်တွင် ကြားဖြတ်ခံလိုက်ရသည်။

“ ကျုပ်ပြီးပြီ... အရှင် ပြန်ကြရအောင်.. ”

မြင်းလှည်း၏ ထောင့်မှနေ၍ ယင်ရှမ်းဦးလေး၏ အသံ ထွက်ပေါ်လာသည်။

ထိုစကားအားကြားသည်တွင် စုန့်ဘုရင် မှင်သက်သွားသည်။

သူတို့တွင် အချိန်များများစားစား မရှိရာ ယင်ရှမ်းဦးလေးအား လောဆော်ရမည်ဟု ထင်ထားသော်လည်း ယင်ရှမ်းဦးလေး၏ အငွေ့အသက် ရှူစားခြင်းက သူထင်ထားသည်ထက် ပိုမြန်နေလိမ့်မည်ဟု မထင်ထားမိပေ။

“ ကောင်းပါပြီ... ”

သူ၏ အံ့အားသင့်မှုမှ ပြန်လည်သတိ၀င်လာကာ စုန့်ဘုရင် အလျင်အမြန် ဖြေလိုက်သည်။

ဟူးလားလား..

မကြာမှိ မြင်းလှည်းက တော်၀င်နန်းတော်အား တိတ်တဆိတ် စွန့်ခွာလာပြီး မည်သူ့ကိုမှ သတိမပြုမိစေပေ။

ချန်အန်း၏ လမ်းမတစ်လျောက် မောင်းနှင်နေရင်း မြင်းလှည်းက တော်၀င်နန်းတော်နှင့် အလွန်ဝေးကွာသည့်နေရာ၌ ရပ်တန့်သွားသည်။ ( ချန်အန်းက မဟာထန်ရဲ့ မြို့တော်ပါ )

“ ယင်ရှမ်းဦးလေ.. တစ်ခုခု မြင်ခဲ့လား. ”

စုန့်ဘုရင်က ထောင့်၌ ငြိမ်သက်နေသည့် ယင်ရှမ်းဦးလေးအား မျှော်လင့်တကြိး ကြည့်လိုက်သည်။

“ မမြင်ဘူး.. ”

အိပ်မှုံစုံမွှားနိုးလာသည့် ငှက်တစ်ကောင်အလား ယင်ရှမ်းဦးလေးက ရုတ်တရက် အညောင်းဆန့်ကာ မတ်မတ်နေလိုက်သည်။ မည်သို့ဆိုစေ သူ၏ လှုပ်ရှားမှုနှင့် ဆန့်ကျင်စွာ သူ၏ တည်ရှိမှုက အရိပ်နှင့် ခွဲခြားမရသေးပေ။

“ .. ကျုပ် သူမရဲ့ အငွေ့အသက်ကနေ ဘာကိုမှ အာရုံမခံမိဘူး.. တော်၀င်နန်းတော်ကို ၀င်ပြီးတဲ့နောက် သူမက ကောင်းကင်သားတော်ရဲ့ ကာကွယ်မှုကို ရရှိထားတယ်.. ကောင်းကင်သားတော်ရဲ့ ခရမ်းရောင် အငွေ့အသက်က သူမကို ကျုပ်ဆီကနေ ဖုံးကွယ်ထားတယ်.. သို့ပေမဲ့ ငါ မြင်မိတဲ့ တစ်ခုတော့ ရှိတယ်.. ”

“ ဘာများ ဖြစ်မလဲ.. ”

စုန့်ဘုရင်၏ မျက်နှာ တင်းမာနေ၏။

“ အရှင် ကျုပ်ကို တစ်ချက်ကြည့်စေချင်တဲ့သူက ထိုက်ကျန်း ကြင်ယာတော် မဟုတ်လား.. ပြီးတော့ ရှောဘုရင်နဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ထိမ်းမြားထားတာ မဟုတ်လား.. ”

ယင်ရှမ်းဦးလေးက ခေါင်းမော့ကာ စုန့်ဘုရင်အား အလေးအနက်ကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။

“ မှန်ပါတယ်... ”

စုန့်ဘုရင်က ယင်ရှမ်းဦးလေး၏ ရည်ရွယ်ချက်အား နားမလည်ပေ။

“ ဒါဆိုရင် ဘာလို့ သူ့ဆီကနေ အပျိုစင် အငွေ့အသက်ကို ကျုပ်မြင်နေရတာလဲ... ”

“ ဘာ.. ဘယ်လိုဖြစ်နိုင်မှာလဲ.. ”

စုန့်ဘုရင် မှင်သက်သွား၏။ ယင်ရှမ်းဦးလေး မှားနေသည်လားဟု သူ ပထမဆုံး တွေးလိုက်မိသည်။ ဆိုရလျှင် ထိုက်ကျန်းကြင်ယာတော်မှာ ရှောဘုရင်နှင့် လွန်ခဲ့သောနှစ်များကတည်းက လက်ဆက်ခဲ့သည်ဖြစ်ရာ သူမ မည်ကဲ့သို့ အပျိုစင် ဖြစ်နေသေးသနည်း။

“ ခင်ဗျား အကြည့်မှားတာရော မဖြစ်နိုင်ဘူးလား.. ”

စုန့်ဘုရင် လွတ်ခနဲ ပြောမိသွားသည်။ မည်သို့ဆိုစေ ထိုစကားများက သူ၏နှုတ်မှ ထွက်သွားသည်တွင် သူ စကားမှားသွားပြီ ဖြစ်ကြောင်း သတိပြုလိုက်မိ၏။ ယင်ရှမ်းဦးလေးမှာ အငွေ့အသက်များအား ရှူစားရာ၌ ကျွမ်းကျင်လှပြီး သူ့အနေဖြင့် မှားယွင်းရန် မဖြစ်နိုင်ပေ။

ပြီးနောက် ထိုက်ကျန်းကြင်ယာတော်သည် ကောင်းကင်သားတော်၏ ခရမ်းရောင် အငွေ့အသက်များဖြင့် ကာကွယ်ထားသည်ဟု ပြောခဲ့သေး၏။ ယင်ရှမ်းဦးလေးသည် ထိုက်ကျန်းကြင်ယ်ာတော်အား မသိရှိလျှင် ကောင်းကင်သားတော်၏ အငွေ့အသက်ဖြစ်သည့် ခရမ်းရောင် ကိုလည်း သိနေလိမ့်မည် မဟုတ်နိုင်ပေ။

“ ဟားဟား.. အရှင် အခုတော့ နားလည်သွားပြီလား.. ”

ယင်ရှမ်းဦးလေးမှ ရယ်ကာ လက်သီးဆုပ်လိုက်သည်။

“ အရှင်က ထိုက်ကျန်းကြင်ယာတော်ရဲ့ အငွေ့အသက်ကို ကျုပ်ကို ကြည့်ရှစေတယ် ပြီးတော့ ကျုပ်ကို ပြောထားတဲ့အတိုင်း ကြည့်ပေးခဲ့ပြီးပြီ.. ကံကြမ္မာဟာ မရှောင်လွဲနိုင်ဘူး.. ဒါကြောင့် အရှင့်အတွက် အကောင်းဆုံး ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်.. ”

ယင်ရှမ်းဦးလေး၏ စကားထဲ၌ သိုဝှက်ထားသည့် အဓိပ္ပာယ်များ ပါ၀င်နေသယောင်ပင်။ ပြီးနောက် အရိပ်တစ်ခုကဲ့သို့ မြင်းလှည်းအတွင်းမှ သဲလွန်စမကျန်ပဲ သူ ပေါ်လာခဲ့တုန်းကလို ပြန်လည် ပျောက်ကွယ်သွားသည်။

စုန့်ဘုရင် လက်ဆန့်ထုတ်သော်လည်း လေကိုသာ ဖမ်းမိသည်။ ယင်ရှမ်းဦးလေးက သူ တောင်းဆိုထားသည်အား ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

စုန့်ဘုရင်က ထိုက်ကျန်းကြင်ယာတော်မှာ အပျိုစင် ဖြစ်နေဦးမည်ဟု လုံး၀ ထင်မထားခဲ့ပေ။ မည်မျှ ထူးဆန်းနေပါစေ ယင်ရှမ်းဦးလေးသည်လည်း သူ့အား လိမ်ညာမည် မဟုတ်ပေ။

“ ဒီလောကကြီးက ဘာတွေ ဖြစ်နေတာလဲ.. ”

စုန့်ဘုရင်၏ စိတ်ထဲ၌ ပဋိပက္ခဖြစ်နေသည်။

“ အိမ်တော်ကို ပြန်မယ်.. ပါမောက္ခလူကို ဆင့်ခေါ်လိုက်ပါ. ”

...

စုန့်ဘုရင်အိမ်တော်၏ ပင်မခန်းမအတွင်း၌ စုန့်ဘုရင်၊ လူထင်နှင့် အိမ်တော်ထိန်းကြီးတို့က အတူတကွ ရှိနေသော်လည်း စကား တစ်ခွန်းမှ မဆိုနိုင်ကြပေ။

“ အရှင်..ဖြစ်နိုင်တာက ရှောဘုရင်..”

“ မဖြစ်နိုင်ဘူး.. ”

လူထင် ပြောမည့်အရာအား စုန့်ဘုရင်သိနေပြီး ပန်းသေနေသည်ဟု ပြောလိုခြင်း ဖြစ်ကြောင်းသိကာ စကားမဆုံးခင်ပင် စုန့်ဘုရင် ကြားဖြတ်လိုက်သည်။

“ မောင်အာက အသက်ဆယ့်လေးနှစ်ကတည်းက လူပျိုမဟုတ်တော့ဘူး.. ရှောဘုရင်အိမ်တော်က လူအနည်းငယ်ပဲ ဒီအကြောင်းကို သိတယ်.. ”

“ ဒါဆို အရှင်မင်းကြီးက လူအုပ်ကြားထဲကနေ ဖုံးကွယ်ဖို့ သူမကို ရှောဘုရင်နဲ့ လက်ဆက်ပေးခဲ့တာလား ”

လူထင် ထပ်မေးလိုက်၏။

အင်ပါယာပြည့်ရှင်က လီမောင်၏ ဇနီးအား တော်ကောက်ခဲ့သော်လည်း လီမောင်က ထိုသည်က စိတ်ထဲပင် မရှိပေ။ အဆုံး၌ လက်ထပ်ခဲ့သည်က နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း သူမက အပျိုစင် ဖြစ်နေဆဲပင်။ လူထင် ထို ထူးဆန်းသည့် အခြေအနေအား မည်သို့မှ နားမလည်နိုင်တော့ချေ။

“ အရှင်မင်းကြီးက မဟာထန်တစ်ခုလုံးမှာ အသန်မာဆုံး ပုဂ္ဂိုလ်ပဲ .. တကယ်လို့ သူသာ မိန်းမတစ်ယောက်ကို ကြိုက်ရင် ဘယ်သူက သူ့ကို ဆန့်ကျင်ရဲမှာလဲ.. ရှောဘုရင်ကို အသုံးပြုပြီး သူမကို တစ်ခြားသူတွေဆီက ဖုံးကွယ်ထားဖို့ လိုလို့လား... ”

စုန့်ဘုရင် ထို ကောက်ချက်အား ပြန်လည် ဖြေရှင်းလိုက်သည်။

“ ဒါက....... ”

လူထင် သည်လည်း ထိုသည်အား လက်ခံ၏။

အကယ်၍ အင်ပါယာအရှင်က အမျိုးသမီးတစ်ဦးအား နှစ်သက်သည်ဆိုပါက တော်၀င်ရုံးတော်သို့ ပွင့်ပွင့်လင်းလင်း ဆောင်ယူ၍ရသည်။ ရှောဘုရင်အား အသုံးပြု၍ ထိုကိစ္စအား ဖုံးကွယ်ရန် မလိုအပ်ချေ။ တော်၀င်နန်းတော်၌ အင်ပါယာပြည့်ရှင် နှစ်သက်သည့် အမျိုးသမီးအား မည်သူ ထိပါးဝံ့သနည်း။

“ ပြီးတော့ တစ်ခြား သံသယဖြစ်စရာတွေလဲ ရှိသေးတယ်.. ထိုက်ကျန်းကြင်ယာတော် ယုကျန်းနန်းဆောင်ကို ရောက်နေတာ ရက်အတန်ကြာနေပြီး အရှင်မင်းကြီးကလဲ သူမဆီ မကြာခဏ သွားတယ်လို့ သိရတယ်.. ညပေါင်းများစွာ အတူတူကုန်ဆုံးခဲ့ပြီးပြီလို့ ပြောရင်လဲ မမှားဘူး.. အရှင်မင်းကြီးက ရှောဘုရင်ဆီကနေ သူမကို ခိုးယူတဲ့အထိ သူမကို ဒီလောက်ထိ နှစ်သက်တယ်ဆိုရင် ထိုက်ကျန်းကြင်ယာတော်က ဘာလို့ အခုထိ အပျိုစင် ဖြစ်နေသေးတာလဲ.. ”

အိမ်တော်ထိန်းကြီးမှ စကားဆိုသည်။

အကယ်၍ ရှောဘုရင်က ပန်းသေနေသည်ဆိုသော် ထိုက်ကျန်းကြင်ယာတော် အပျိုစင်ဖြစ်နေခြင်းက လက်ခံ၍ ရသေးသည်။ အင်ပါယာပြည့်ရှင်၏ နန်းတော်၏ သူ၏လက်ရာများအား ကြည့်ရှုခြင်းအားဖြင့် အရှင်မင်းမြတ်မှာတော့ ထိုသို့သော သူ မဟုတ်ကြောင်း သက်သေခံနေသည်။

ထိုက်ကျန်း ကြင်ယာတော်က နန်းတော်သို့ ရောက်သည်မှာ လအတန်ကြာပြီဖြစ်ရာ အပျိုစင်ဖြစ်နေခြင်းက သဘာ၀မကျနေတော့ပေ။

ခန်းမအတွင်း လူသုံးယောက်၏ မျက်ခုံးများက ထိစပ်လုနီးပါး ကပ်နေကြသည်။

“ အရှင်.. ဒီကိစ္စမှာ လူတစ်ယောက်ဆီကနေ အကြံတောင်းရတော့မယ်လို့ ကျုပ်ထင်တယ်.. ”

လူထင် ရုတ်တရက် ရယ်လိုက်သည်။

“ ဘယ်သူတုန်း... ”

စုန့်ဘုရင် မေးလိုက်၏။

“ ၀မ်ချောင်.. ”

လူထင် ပြုံးနေသည်။

ထိုစကားအားကြားလျှင် စုန့်ဘုရင်နှင့် အိမ်တော်ထိန်းကြီး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ ပြန်စဉ်းစားကြည့်လျှင် ဤသည်များအားလုံးက ၀မ်ချောင်၏ စကားထံမှ မြစ်ဖျားခံလာသည် မဟုတ်လား။

အကယ်၍ သူ့ကြောင့်သူ မဟုတ်လျှင် စုန့်ဘုရင်က ရှောဘုရင်အား သွားရောက်တွေ့ဆုံမည် မဟုတ်သလို ထိုက်ကျန်းကြင်ယာတော် အပျိုစင်ဖြစ်ကြောင်းလည်း သိရမည် မဟုတ်ချေ။ အကယ်၍ သူတို့၏ သံသယများအား ဖြေရှင်းပေးနိုင်မည့်သူ ရှိခဲ့လျှင် ထိုသူက ၀မ်ချောင်သာ ဖြစ်ပေလိမ့်မည်။

“ ကြည့်ရတာ လေးပြည်တယ်သံရုံးမှာ ငါ သူ့ကို လျော့တွက်မိခဲ့ပုံပဲ.. ”

ထိုအချိန်အား ပြန်စဉ်းစားမိလျှင် စုန့်ဘုရင် သက်ပြင်းချလိုက်သည်။

“ လူထင်.. ၀မ်အိမ်တော်ကိုသွားပြီး ၀မ်ချောင်ကို ဖိတ်ခေါ်ဖို့ မင်းကိုပဲ ဒုက္ခပေးရပြန်ဦးမယ်.. သူနဲ့ ဆွေးနွေးဖို့ကလွဲပြီး ငါတို့ တစ်ခြား ရွေးချယ်စရာ မရှိတော့ဘူး.. ”

လူထင် ဆက်ပြုံးနေပြီး လက်သီးဆုပ်ကာ ထွက်သွားသွားသည်။ ( လက်သီးဆုပ်တယ်ဆိုလို့ ဒေါသထွက်ကြတယ် မထင်ကြပါနဲ့ ရိုသေတမှုနဲ့ လက်သီးနဲ့ လက်ဝါး ဖိကပ်ပြီး အရိုသေပေးတာကို ပြောတာပါ.. )

.......

၀မ်မိသားစုအိမ်တော်၏ ခြံ၀င်းထဲ၌ လူတစ်ယောက်ထိုင်နေ၏။ ထို ပုဂ္ဂိုလ်၏ ပတ်ပတ်လည်တွင် အဖြူရောင် ထူထပ်သည့်မြူမှုန်များ ဖြစ်တည်နေပြီး ထိုလူအား ၀န်းရံနေသည်။

တော်၀င်ရုံးတော်မှ အရှုပ်အထွေးများအား သိရှိမနေပဲ ၀မ်ချောင်သည် လက်ရှိ၌ လူရိုင်းနတ်ဘုရား၏ဒေါသအား ကျင့်ကြံနေလျက်ရှိသည်။

ပတ်၀န်းကျင်တွင် မဆုံးနိုင်သော မူလစွမ်းအင်များ စုစည်းနေပြီး ၀မ်ချောင်၏ကိုယ်တွင်း စီး၀င်နေ၏။ သူ၏ ကိုယ်ထဲ၌ နေရာမလပ်အောင် ပြန့်နှံ့နေပြီး သူ၏ မရီဒျာန်များနှင့် ဒန်တျန်အား ဖြတ်ကျော်ကာ လေးကြိုးအရွယ် မူလစွမ်းအင်များ ဖြစ်တည်လာသည်။

ထိုသည်က စွမ်းအားပင်။

လူရိုင်းနတ်ဘုရား၏ ကျင့်ကြံမှုက မူလစွမ်းအင် မဟုတ်ပေ စွမ်းအားအလွှာပင်ဖြစ်သည်။ စွမ်းအား ကြီးလာသည်နှင့်အမျှ ထိုသူ၏ ခွန်အားလည်း တိုးမြင့်လာပေမည်။ ထိုသည်က အခြား ကျင့်စဉ်များနှင့် ကွာခြားချက်ပင် ဖြစ်သည်။

“ အလွှာခြောက်.. ”

အချိန်အနည်းငယ်ကြာသော် ၀မ်ချောင် နောက်ဆုံး၌ သူ၏ ကိုယ်အတွင်းရှိ စက်ဝိုင်းသဏ္ဍာန် ဒန်တျန်အတွင်း စွမ်းအား စုစည်းခြင်း အောင်မြင်ခဲ့လေပြီ။ ပျော်ရွင်စွာဖြင့် စိတ်သက်သာရာရနေသည်။

လူရိုင်းနတ်ဘုရား၏ဒေါသ အဆင့်၁ သည် လူတစ်ယောက်၏ စွမ်းအားကို အဓိက ကျင့်ကြံခြင်းဖြစ်၏။ မည်သို့ဆိုစေ အလွှာကိုးသို့ မရောက်မချင်း ကျင့်ကြံနေသည်က လူရိုင်းနတ်ဘုရား၏ဒေါသ အပြည့်အစုံမဟုတ်ပဲ အခြေခံသာ ဖြစ်နေပေမည်။

၀မ်ချောင် ရက်ပေါင်းများစွာ အသုံးပြု၍ နေ့ရောညပါ ကျင့်ကြံခဲ့ပြီးနောက် မူလစွမ်းအင် စွမ်းအားကို အလွှာခြောက်အထိ ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ လက်ရှိ ကျင့်ကြံမှုနှင့် အဆင့်တူနေပြီ ဖြစ်သည်။

“ ငါ့အနေနဲ့ မူလစွမ်းအင် စွမ်းအားရဲ့ခွန်အားကို စမ်းသပ်ကြည့်သင့်တယ်.. ”

၀မ်ချောင် သူရှေ့၌ ရှိနေသော တောင်တုအား ကြည့်လိုက်သည်။

ဘန်း...

ရုတ်တရက် ၀မ်ချောင် လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ လက်သီးက ၀မ်ချောင်၏ ပုံမှန်လက်သီးများထက် နှစ်ဆ မြန်နေသည်။ ထိမိသည်တွင် တောင်တုက ရုတ်တရက် ပေါက်ကွဲသွားသည်။ ဖုန်မှုန့်များ မွှန်ထူသွားပြီး တောင်တု တစ်ခုလုံး စိစိညက်ညက်ကြေနေ၏။

“ ဟက်ဟက် ဘယ်ဆိုးလို့လဲ.. ”

သူ့ရှေ့ရှိ တောင်တုတစ်ခုလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည့်အခါ ၀မ်ချောင် ပြုံးလိုက်သည်။

သာမန်ကျင့်ကြံသူများက တောင်တုတစ်ခုလုံးအား အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ခွဲနိုင်သည်။ သို့သော် လူရိုင်းနတ်ဘုရား၏ ဒေါသက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

ဤသည်က အခြားနည်းစနစ်များနှင့် လူရိုင်းနတ်ဘုရား၏ ဒေါသအကြား ကွာခြားချက်ပင် ဖြစ်၏။

“ ဒါပဲဘယ်ကမလဲ ငါ့ခွန်အားကလဲ အတော်ကြီးကို တိုးတက်လာတာပဲ.. ”

နောက်ထပ် တောင်တုအနီး လျှောက်သွားကာ ဂျင်လေးရာခန့်ရှိသည့် ထိုတောင်တုအောက် လက်ဝါးထိုးထည့်ကာ မလိုက်သည်။ ဟူးလားလား မူလစွမ်းအင် အဆင့်ခြောက်ထက် သာလွန်သည့် အလေးချိန်ရှိသော တောင်တုက လေပေါ် မြောက်တက်လာ၏။

လက်တစ်ဖက်တည်းဖြင့် မထားရင်း ၀မ်ချောင် ကျွမ်းတစ်ချက် ပစ်လိုက်သေးသည်။ ( ငှဲ့ များသွားပြီ ကိုယ့်ကောင်)

“ သခင်လေး.. ပါမောက္ခလူ ရောက်လာတယ်... ----- ”

၀မ်ချောင် သူ၏ ခွန်အားကို စမ်းသပ်နေစဉ် ရှန့်ဟိုင်နှင့် မုန့်လုံ ရုတ်ချည်း ပြေး၀င်လာသည်။

Chapter 120 စုန့်ဘုရင်နှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်း

“ သူရောက်လာပြီလား.. ငါထင်ထားတာထက်တော့ စောသားပဲ.. ”

ရှန့်ဟိုင်နှင့် မုန့်လုံ၏ တင်ပြချက်အားကြားလျှင် သူ ကောက်ချက်ချလိုက်သည်။ သူ၏ မျက်၀န်းထဲ၌ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားကာ သူ၏ ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်ပြီး ခြံ၀င်းအပြင်သို့ ထွက်သွားလိုက်၏။

လူထင် ဤနေရာသို့ လာရောက်သည့် အကြောင်းရင်းအား မပြောလိုက်သည့်တိုင် ၀မ်ချောင်က ထိုကိစ္စသည် ထိုက်ကျန်းကြင်ယာတော်နှင့် ပက်သက်နေမည်ဖြစ်ကြောင်း အတပ်သိနေသည်။ သူက တော်၀င်ရုံးတော်၏ အရေးကိစ္စများအား စိတ်မ၀င်စားသော်လည်း အင်ပါယာအရှင်မှ စုန့်ဘုရင်အား ရက်ပေါင်းအတော်ကြာ ညီလာခံတက်ရောက်ခွင့် ပိတ်ပင်လိုက်သည့် ကောလာဟလအား ကြားလိုက်သည်။

စုန့်ဘုရင် အသိ၀င်လာရန် ရက်ပေါင်းအတော်ကြာ လိုအပ်လိမ့်မည်ဟု ထင်ထားသော်လည်း တစ်ဖက်လူ၏ စောလျင်စွာ ရောက်ရှိလာခြင်းက သူ့အား အံ့အားသင့်စေသည်။

၀မ်ချောင်က လူထင်အား ၀မ်မိသားစုအိမ်တော်၏ ဧည့်ခန်း၌ လက်ခံတွေ့ဆုံသည်။

လူထင်က လက္ဘက်ရည်ခုံ၌ ထိုင်နေ၏။ သူ၏ လက်ထဲတွင် အေးနေပြီဖြစ်သည့် အခါးကြမ်းခွက်အား ကိုင်ထားကာ သူ စောင့်နေသည်က အတော်ကြာပြီ ဖြစ်မှန်း ပြောနိုင်သည်။ ၀မ်ချောင်အားမြင်လျှင် သူ၏ မျက်၀န်းအစုံမှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။

ဆယ့်ငါးနှစ်သား ၀မ်ချောင်မှာ နိုင်လွန်သားဖြင့် ရက်လုပ်ထားသည့် မီးခိုးရောင် သိုင်းလေ့ကျင့်ရေး ၀တ်စုံအား ၀တ်ဆင်ထားသည်။ သူ၏ အနက်ရောင်ဆံပင်၊ ထူထဲသည့် မျက်ခုံးနှင့် တောက်ပသည့်မျက်လုံး အလုံးစုံက တင့်တယ်နေသည်။

လူထင်က အတိတ်တွင် တစ်ခါမှ သတိမထားမိခဲ့သော်လည်း ၀မ်ချောင်က တည်ငြိမ်ကာ ယုံကြည့်ချက်ရှိသည့်ဟန်အား ပိုင်ဆိုင်ထားပြီး သူနှင့် သက်တူရွယ်တူများအကြား အလွန် ပေါ်လွင်လှသည်။

သူ့လှုပ်ရှားမှုတိုင်း၏ နောက်ကွယ်၌ အကြောင်းတစ်ခု အစဉ်ရှိနေသကဲ့သို့ပင်။ ကြိုးကြာပျံဝဲစံအိမ်မှ မတော်တဆမှု ဖြစ်စေ လေးပြည်နယ်သံရုံး၌ သူ သတိပေးလိုက်သည့် စကားဖြစ်စေ သူ၏ အတွေးတို့က သူ့အား သာမန်ကလေးတစ်ယောက်အဖြစ် ရှူမြင်စေရန် မဖြစ်နိုင်တော့ပေ။

ဆိုရလျှင် လူထင်ပင်လျှင် တစ်ခါတစ်ရံ အနည်းငယ် နိမ့်ကျသည်ဟုပင် ခံစားနေရလေသည်။

ထိုလုပ်ရပ်များက လူထင်၏ ငယ်ဘဝအောင်မြင်မှုများ တုယှဉ်နိုင်မည့် အရာများ မဟုတ်ပေ။

“ လူထင်က သခင်လေးကို နှုတ်ခွန်ဆက်သပါတယ်.. ”

လူထင် အလျင်အမြန်ထကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ အရှင်လူ လောက၀တ်တွေ လုပ်မနေပါနဲ့.. ကျုပ်က ခင်ဗျား အရိုသေပေးဖို့ မထိုက်တန်ပါဘူး.. ”

၀မ်ချောင် ပြုံးလိုက်သည်။

၀မ်ချောင်က လူထင်မှာ အတော်ပင် စိတ်၀င်စားဖွယ်ကောင်းသည့်သူ ဖြစ်မှန်း သိနေသည်။ ကြိုးကြာပျံဝဲစံအိမ်၌ သူက သူ၏ အကြံအစည်အား ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်ဟု ထင်နေသော်လည်း တစ်ဖက်လူမှာ သူ၏ အကြံအား ရှေးမဆွကတည်းက သိထားပြီး ဖြစ်ချေသည်။

ထိုက်ကျန်းကြင်ယာတော်အရေးခင်း၌ စုန့်ဘုရင် စိတ်အား ပြောင်းလဲရန် လူထင်က အဓိကနေရာမှ ပါ၀င်ကြောင်း ၀မ်ချောင် လောင်းကြေးထပ်ရဲသည်။

“ ဟားဟား.. သခင်လေးက တကယ့်ကို ရှာမှရှားပဲ.. ထိုက်ကျန်းကြင်ယာတော် အရေးခင်းလို ကိစ္စမျိုးကိုတောင် မှန်မှန်ကန်ကန် မှန်းဆနိုင်တယ်.. သခင်လေးက ဒီအရိုသေပေးမှုနဲ့ ထိုက်တန်ပါတယ်.. ”

လူထင် ရယ်မောကာ ပြောလိုက်သည်။

မကြာသေးမှီကပင် သူက ၀မ်ချောင်အား အရွယ်ရောက်ပြီးသူတစ်ယောက်ကဲ့သို့ သဘောထားလိုက်သော်လည်း ၀မ်ချောင်မှာတော့ ထင်ရှားစွာပင် ကလေးတစ်ဦးကဲ့သို့မေးမြန်းလိုက်သည်။

“ ဘာကို ပြောတာလဲ.. ကျုပ် ဘာမှလဲ မမှတ်မိပါလား.. ”

၀မ်ချောင် မသိဟန်ဆောင်လိုက်၏။

“ ဟားဟား.. လေးပြည်နယ်သံရုံးမှလေ သခင်လေးက စုန့်ဘုရင်ကို ထိုက်ကျန်းကြင်ယာတော် အပေါ် ဆန့်ကျင်ဘက်မပြုဖို့ အကြံပေးဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား.. ”

ကျောဆန့်ကာ ၀မ်ချောင်နှင့် မျက်နှာချင်းဆိုင်ပြီး လူထင် မေးလိုက်သည်။

“ အရှင်လူ အမှတ်မှားနေတယ်ထင်တယ်.. စုန့်ဘုရင်ကို အကြံပေးဖို့ ကြိုးစားဖူးတဲ့ အကြောင်း မှတ်ကို မမှတ်မိနေဘူး.. ကျုပ်က စုန့်ဘုရင်ကို ရှောဘုရင်ဆီ အလည်သွားပြီး ချစ်ခင်ရင်းနှီးမှု ပြသင့်တဲ့ အကြောင်းပဲ ပြောခဲ့တာပါ.. ”

၀မ်ချောင်၏ မျက်နှာပေါ်မှ အပြုံးက ပိုမိုပေါ်လွင်လာ၏။

“ သခင်လေး ကျုပ်ကို မစပါနဲ့တော့.. အဲ့ဒီတုန်းက ကျုပ်မှားခဲ့တယ်ဆိုတာ ၀န်ခံပါတယ် ဟုတ်ပြီလား.. တကယ်လို့ တစ်ခြား ပြောချင်တာရှိရင် စိတ်ရှိတိုင်းသာ ပြောပါ.. ကျုပ်အတတ်နိုင်ဆုံး ကြိုးစားပြီး စုန့်ဘုရင် နားချပေးပါ့မယ်.. ”

အပြုံးဖြင့် လူထင်က အရှုံးအား လက်ခံလိုက်သည်။

“ ဟားဟားဟား.... ”

၀မ်ချောင် ရုတ်တရက် ထရယ်လိုက်လေ၏။

လူထင်သည်လည်း ကူကယ်ရာမဲ့စွာ လိုက်ရယ်လိုက်မိသည်။

အချို့အရာများက ထုတ်ဖော်၍ မကောင်းပေ။ ဘေးပြည်နယ်သံရုံး၌ လူထင်က နှုတ်မှ မပြောခဲ့သည့်တိုင် စုန့်ဘုရင်နှင့် အတွေးချင်းတူပေသည်။ သူတို့ နှစ်ယောက်လုံးက ၀မ်ချောင်မှာ ငယ်သားတစ်ဦး ထားရှိသင့်သည့် ရိုသေစိတ် မရှိသေး၍ ဖြစ်မည်ဟု တွေးကြသည့်အတွက် ၎င်းတို့၏ ယုံကြည်ရာကိုသာ ဆက်လှမ်းကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး စိတ်တူကိုယ်တူ မဟုတ်ပါက မည်သို့ ဆက်လက် အလုပ်လုပ်ကြမည်နည်း။ ထို့ကြောင့် ၀မ်ချောင်က လူထင်၏ အရှုံးအား ၀န်ခံခြင်းအား မသိကျိုးကျွံ့ပြုခြင်း ဖြစ်ပေသည်။

ပြဿနာအား ဖြေရှင်းပြီးနောက် အဖုအထစ်မျာအား ရှင်းလင်းလိုက်ခြင်းက ဆက်လက် အလုပ်လုပ်ရာ၌ ချောမွေ့စေပေလိမ့်မည်။

“ အရှင်လူ.. ဒါဆိုရင်လဲ ကျုပ်က ခင်ဗျားစကားကို လက်ခံလိုက်ပါ့မယ်.. ”

လူထင်အား လက်သီးဆုပ်အရိုသေပေးကာ ၀မ်ချောင် ပြောလိုက်သည်။

“ ဒါပေါ့ ကျုပ်က စကားတည်ပါတယ်.. ချောင်သခင်လေးက ကိုယ့်ကိုယ်ကို သက်သေပြပြီးပြီလေ ကျုပ်က ဘယ်လိုလုပ် မဟုတ်တမ်းတရား ပြောဝံ့ဦးမှာလဲ.. ”

လူထင် ပြောလိုက်သည်။

ထိုသည်က သာမန်ကာလျှံကာ ချီးကျူးခြင်းသာ မဟုတ် လူထင်၏ စိတ်ရင်းဖြစ်ပေသည်။ ကြိုးကြာပျံဝဲစံအိမ်မှ ဖြစ်ရပ်ဖြစ်စေ ထိုက်ကျန်းကြင်ယာတော် အရေးခင်းဖြစ်စေ နှစ်ခုလုံးက သာမန် အရေးခင်းများ မဟုတ်ကြချေ။

လူထင်က ၀မ်ချောင်သည် ငယ်ပင်ငယ်သော်ငြား သူ၏ ထိုကိစ္စများအပေါ် ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာက သူ့ထက် သာလွန်ကြောင်း ၀န်ခံ၇ပေမည်။

ယောင်ကွမ်းရီ မိမိကျော့ကွင်းအတွင်း သူကိုယ်တိုင် သက်ဆင်းလိုက်ရသည်က အကောင်းဆုံး ဥပမာပင်ဖြစ်သည်။

“ ချောင်သခင်လေး.. ထိုက်ကျန်းကြင်ယာတော် အရေးခင်းနဲ့ ပက်သက်ပြီးတော့ အရှင်မင်းကြီးက စုန့်ဘုရင်ကို မနက်ခင်းညီလာခံ မတက်ဖို့ အမိန့်ထုတ်ပြီး အိမ်တော်မှာပဲ နေနေခိုင်းထားတယ်.. ဒါက ကိစ္စကြီးပဲ.. သခင်လေး ကျေးဇူးပြုပြီး ကျုပ်နောက်ကနေ စုန့်ဘုရင်အိမ်တော်ကို လိုက်ခဲ့ပေးပါ.. အရှင်က သခင်လေးကို စောင့်နေပါတယ်.. ”

လူထင် တရိုတသေပြောလိုက်သည်။

“ ဒါဆိုရင် အရှင်လူကိုပဲ ဒုက္ခပေးရဦးမယ်.. ”

လူထင်၏ လေးနက်သည့်အမူအရာအား မြင်လျှင် ၀မ်ချောင် ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

ထို့ကြောင့် နှစ်ဦးသား မြင်းလှည်းပေါ်တက်ကာ စုန့်ဘုရင်အိမ်တော်သို့ သွားလိုက်ကြသည်။

အချိန်တစ်ချို့ကြာပြီးနောက် ၀မ်ချောင်က စုန့်ဘုရင်အိမ်တော်၏ ပင်မခန်းမအတွင်း၌ စုန့်ဘုရင်နှင့် တွေ့ဆုံသည်။ စုန့်ဘုရင်၊ လူထင်၊ အိမ်တော်ထိန်းကြီးနှင့် ၀မ်ချောင်တို့ လေးဦးသာ ခန်းမထဲ၌ ရှိနေကြသည်။

သူတို့မှလွဲ၍ မည်သူမှ မရှိပေ။

ပင်မခန်းမ၏ ၀င်ပေါက်တံခါးသည်လည်း တင်းကျပ်စွာ ပိတ်ထားကာ လက်ရွေးစင်ကိုယ်ရံတော်များက ခြံ၀င်းတစ်ခုလုံအား စောင့်ကြပ်နေသည်။ ၀မ်ချောင်က စုန့်ဘုရင်အိမ်တော်အား ယခုမှ စတွေ့ဖူးခြင်း ဖြစ်သော်လည်း ဤနေရာရှိ လေထုမှာ အလွန် မွန်းကျပ်သည်ဟု ခံစားနေရသည်။

“ ချောင်သခင်လေး အခု ကျုပ်တို့ကို ပြောပြလို့ရပြီလား.. ”

ခန်းမအတွင်း၌ လူတိုင်း၏ မျက်လုံးက ၀မ်ချောင်ထံ၌ စုရုံးနေ၏။ ရှောဘုရင်နှင့် ထိုက်ကျန်းကြင်ယာတော်အကြား ပက်သက်မှုက စုန့်ဘုရင်၏ စိတ်ထဲ၌ အတော်ကြာသည်ထိ ရှုပ်ထွေးနေပြီး သူ ဆက်မစောင့်နိုင်တော့ပေ။

စုန့်ဘုရင်၏ အမြင်တွင် အကယ်၍ ထိုကိစ္စ၏ လျို့ဝှက်ချက်အား သူသည့်သူ ရှိပါက ထိုသူမှာ ၀မ်ချောင်သာ ဖြစ်မည်ဟု ထင်ထားသည်။

အကယ်၍ ၀မ်ချောင်၏ သတိပေးခြင်း မရှိပါက စုန့်ဘုရင်က ရှောဘုရင်ထံ အလည်သွားမည် မဟုတ်သလို ထိုက်ကျန်းကြင်ယာတော်နှင့် ပက်သက်၍ သူမ အပျိုစင် ဖြစ်နေသေးမှန်းကိုလည်း သိမည် မဟုတ်ပေ။

လေးပြည်နယ်သံရုံး၌ ထိုကောင်လေးနှင့် တွေ့ခဲ့စဉ်က ၀မ်ချောင်အား သူ အထင်သေးမိသေးသည်။ ယခုတော့ ထိုသို့သော အတွေးမျိုး ထပ်မတွေးမိတော့ပေ။

“ အရှင်က ကျွန်တော် အမှန်တရားကို သိနေမယ်လို့ ထင်နေတာလား.. ”

လူတိုင်းက ၀မ်ချောင်၏ ဖြေဆိုသံအား စောင့်ဆိုင်းနေသည်ပြီး ၀မ်ချောင်၏ အဖြေက သူတို့အား ဆွံအသွားစေသည်။

“ မင်းမသိဘူးလား.. ”

စုန့်ဘုရင် အံ့အားသင့်သွား၏။ ၀မ်ချောင်အား ဤနေရာသို့ ဖိတ်ခေါ်လိုက်ရသည့် အကြောင်းရင်းမှာ ၀မ်ချောင်က သူ့ သံသယများ၏ အဓိက သော့ချက်အား ဆုပ်ကိုင်ထားသည်ဟု ထင်မိ၍ ဖြစ်သည်။ ၀မ်ချောင်က သူ မသိရှိပါဟု ဖြေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“ အရှင်က ကျွန်တော့ကို အထင်ကြီးနေတာပဲ.. ကျွန်တော်လဲ အမှန်တရားကို သိတဲ့သူ ဖြစ်ချင်ပါတယ် ဒါပေမဲ့ ကျွန်တော် အဲ့ဒီအကြောင်း ဘာကိုမှ မသိနေဘူး.. ”

ခေါင်းခါကာ ၀မ်ချောင် ယောင်ပြုံးပြုံး၍ ပြောလိုက်သည်။

သူ၏ယခင်ဘ၀၌ဖြစ်စေ ယခုဘ၀၌ဖြစ်စေ ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှာ ၀မ်ချောင်အတွက် ပဟေဋ္ဌိတစ်ခု ဖြစ်ပေ၏။ ဆိုရလျှင် ဤနေရာသို့ လာသည့်လမ်း၌ လူထင်ထံမှ ထိုက်ကျန်းကြင်ယာတော်မှာ အပျိုစင်ဖြစ်သည်ဆိုသည်အား ကြားသိရလျှင် ထိုသူတို့ထင်ပင် အံ့အားသင့်မိသေးသည်။

ထိုက်ကျန်းကြင်ယာတော်နှင့် ရှောဘုရင်ထံ၌ သားသမီး မထွန်းကားခဲ့ကြောင်း သိထားသော်လည်း ထိုက်ကျန်းကြင်ယာတော်က အပျိုစင် ဖြစ်နေဦးမည်ဟု သူလည်း မထင်ထားပေ။

ဤကိစ္စ၏ အတော်ပင် သိသာလှသည့် အကြောင်းအရာကြောင့် ၀မ်ချောင် မည်သို့ မအံ့သြပဲ နေနိုင်မည်နည်း။

စုန့်ဘုရင်က ၀မ်ချောင်ထံမှ အဖြေတစ်ခု မျှော်လင့်ခဲ့သော်လည်း ၀မ်ချောင်သည်လည်း သူတို့ကဲ့သို့ အဖြေ မရှိနေပေ။

“ ချောင်သခင်လေး ဒါ အရင်က ပြောခဲ့တဲ့ ပုံစံမဟုတ်သလိုပဲ.. တကယ်လို့ သခင်လေးသာ ဒီကိစ္စကို မသိဘူးဆိုရင် ဘာလို့ အရှင့်ကို ရှောဘုရင်ကို သွားတွေ့ဖို့ ပြောခဲ့ရတာလဲ.. ”

လူထင်သည်လည်း မျက်မှောင်ကြုံ့နေ၏။

၀မ်ချောင်အား စုန့်ဘုရင် ခေါ်လာသည့် လမ်းတစ်လျှောက် လူထင် ထိုကိစ္စနှင့် ပက်သက်၍ မေးခွန်းတစ်ခုမှ မပေးခဲ့ပေ။ ထိုသို့သာမဟုတ် သူ့အား ရှောဘုရင်နှင့် ထိုက်ကျန်းကြင်ယာတော်အကြောင်းအား အဆက်မပြတ် မေးမြန်းခဲ့သည်က ၀မ်ချောင်သာ ဖြစ်ပေသည်။

“ အရှင်နဲ့ အရှင်လူတို့က အထင်မှားနေကြတာပဲ.. ”

မည်သည်ကိုမှ ထိန်ချန်မထားတော့ပဲ ၀မ်ချောင် ရှောဘုရင်၏ ထူးဆန်းသည့် အမူအရာအား ထုတ်ပြောပြလိုက်သည်။ တစ်ခုသာ သူက ယခင်ဘ၀၌ ကြုံခဲ့ရသည်ဟူသည့် အချက်တော့ မပါ၀င်ပေ။

“ ဒါဆိုရင် ပြောချင်တာက ရှောဘုရင်ကို မြင်လိုက်လို့ ဒီလို သံသယ၀င်တယ်ပေါ့လေ.. ”

စုန့်ဘုရင် သူ၏ မျက်၀န်းထဲမှ စိတ်ပျက်မှုအား မဖုံးကွယ်ထားနိုင်ပေ။ ပို၍ မျှော်မှန်းထားလေ ပို၍ စိတ်ပျက်လေပင်ဖြစ်သည်။ ၀မ်ချောင်က အဖြေအား သိနေမည်ဟု သူထင်ထားပြီး သူ ထင်သလို ဖြစ်မလာသည့်အခါ စိတ်ဓာတ်ကျသွားသည်။

“ ဟီး ကျွန်တော့်အထင်တော့ အရှင် စိတ်ပူနေသင့်တာ ဒီကိစ္စ မဟုတ်ဘူး. ”

၀မ်ချောင် စုန့်ဘုရင်အား ကြည့်ကာ ပြုံးလိုက်သည်။

“ အမှန်တရားက အရေးကြီးလို့လား.. အမှန်တရားက ဘယ်လိုပဲဖြစ်ဖြစ် အရှင်က အရှင့်ရဲ့ ရှေ့ဆက်မယ့် ဆုံးဖြတ်ချက်ကို ပြင်မှာ မို့လို့လား.. ”

ထိုစကားအားကြားလျှင် စုန့်ဘုရင်နှင့်လူထင်၏ မျက်နှာ ပျက်ယွင်းသွားသည်။ အိမ်တော်ထိန်းကြီး၏ မျက်နှာ ထက်တွင်းလည်း အရေးကြောင်းအား ဖြစ်ပေါ်လာသည်။

“ အရှင် အမှန်တရားက ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်.. ပထမဖြစ်နိုင်ချေက အရှင်မင်းကြီးက သူ့သားဖြစ်သူရဲ့ ဇနီးကို တော်ကောက်တယ် ဒါက အရင်မင်းဆက်တွေရဲ့ အဆုံးအမကို ဆန့်ကျင်နေတယ်.. ဒီလိုဆိုရင်တော့ ဘာမှ ပြောစရာမလိုတော့ပါဘူး.. ”

“ ဒုတိယဖြစ်နိုင်ချေက ဒီကိစ္စမှ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတစ်ခုခု ရှိနေလိမ့်မယ် ပြီးတော့ အမှန်တရားကလည်း တစ်ခြားသူတွေ ထင်ထားသလို ဖြစ်မှာ မဟုတ်ဘူး.. တကယ်လို့ ဒီလိုဖြစ်နေရင်ကော အရှင့်ရဲ့ ဆက်လုပ်မဲ့ လုပ်ရပ်က ဘာဖြစ်မလဲ. ”

၀မ်ချောင်က စုန့်ဘုရင်အား မျက်နှာချင်းဆိုင်ကာ ကြည့်သည်။

ထိုစကားများက ထူးဆန်းသော်လည်း အတိတ်တုန်းကဆိုလျှင် ၀မ်ချောင် ထိုစကားများအား ပြောရဲမည် မဟုတ်ပေ။

သို့သော် အတိတ်က အတိတ်သာ။

ယခုတွင်တော့ စုန့်ဘုရင်မှာ သူ့အား ဆင့်ခေါ်သူ ဖြစ်နေချေပြီ။

ထိုက်ကျန်းကြင်ယာတော် အရေးခင်၏ သက်ရောက်မှုက ကြီးမားသည်။ စုန့်ဘုရင်၊ ဦးကြီးနှင့် ၀မ်ကလန်က ထိုအရေးခင်း၏ အဖြေကြောင့် များစွာ သက်ရောက်မှု ရှိမည်ဖြစ်ပြီး ၀မ်ချောင် အလွယ်တကူ မျက်နှာလွဲ ခဲပစ် မလုပ်နိုင်ပေ။

၀မ်ချောင်မှာ စုန့်ဘုရင်ထံ၌ အချိန် သိပ်မကျန်တော့မှန်း သိနေသည်။

“ ၀မ်ချောင် မင်းဘယ်လိုလုပ် စုန့်ဘုရင်ကို ဒီလိုစကားမျိုး ပြောရဲတာလဲ.. ”

လူထင် ငေါက်ငမ်းလိုက်သည်။

“ ရပါတယ် ထားလိုက်ပါ.. ”

စုန့်ဘုရင် ခေါင်းခါကာ တိတ်ဆိတ်သွားသည်။ အကယ်၍ ၀မ်ချောင် သူ့အား အတိတ်တွင် ဤကဲ့သို့ ပြောဆိုခဲ့ပါက သူ ဒေါကန်သွားမည် ဖြစ်သည်။

သို့သော် ယခုအခြေအနေက ယခင်နှင့် ကွာခြားနေချေပြီ။ တော်၀င်အမိန့်တော်ငါးခုက သူ့အား လှုပ်နိုးခဲ့ပြီး သူ့ တစ်သက်လုံး ယခုအချိန်က အတည်ငြိမ်ဆုံး ဖြစ်ချေသည်။

“ ၀မ်ချောင် မင်းရဲ့ ဆိုလိုရင်းက ဘာဖြစ်မလဲ. ”

စုန့်ဘုရင် သက်ပြင်းချလိုက်သည်။ သူ၏ပုံရိပ်က ရုတ်ချည်း အိုစာသွားသည်။

“ အရှင် ထိုက်ကျန်းကြင်ယာတော် အရေးခင်းကြီး ပြီးဆုံးဖို့ အချိန် သိပ်မကျန်တော့ဘူး အရှင့်အတွက်လည်း အချိန် သိပ်မရှိတော့ဘူး.. ”

၀မ်ချောင် သက်ပြင်းချကာ အလွန်ငြင်သာစွာ ပြောလိုက်သည်။

ဆယ့်ငါးနှစ်သားကလေးတစ်ဦး၏ နှုတ်မှ ထိုသို့သော စကားမျိုးထွက်လာသည်က ထူးဆန်းလှသည်။

မည်သို့ဆိုစေ စုန့်ဘုရင် ဖြစ်စေ လူထင်ဖြစ်စေ အိမ်တော်ထိန်းကြီးဖြစ်စေ ထိုအခြေနေမှ မည်သည့် ထူးဆန်းမှုကိုမှ မခံစားနေမိချေ။ ၀မ်ချောင်၏ ယူဆချက်အား မသိစိတ်ထဲမှ လက်ခံနေကြပြီး ဖြစ်သည်။

“ အရှင်.. အရှင်မင်းကြီးက ဒီကိစ္စအပေါ် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးပြီ.. အရှင်နဲ့ ဦးကြီးက အရာရှိတွေကို ဦးဆောင်ပြီး အရှင်မင်းကြီးကို ပုန်ကန်တယ်.. ထိုက်ကျန်းကြင်ယာတော်ကို ကာကွယ်ဖို့ အရှင်မင်းကြီးက အရှင့်ကို မနက်ခင်းညီလာခံ မတက်ရောက်နိုင်စေဖို့ တော်၀င်အမိန့်တော်ငါးခါ ပို့ခဲ့တယ်.. အရှင့်ဆီမှာတောင်မှ ဒီလိုဖြစ်နေရင် တစ်ခြား အရာရှိတွေဆိုရင် ဘယ်လိုဖြစ်နေမယ်ထင်လဲ.. ဒီကိစ္စအဆုံးသတ်သွားရင် ထိုက်ကျန်းကြင်ယာတော် ဘာလုပ်မယ်ထင်လဲ.. ”

“ တကယ်လို့ ထိုက်ကျန်းကြင်ယာတော်က ဘုရင်မ ဖြစ်လာခဲ့ရင် အရှင်က သူမကို ဆန့်ကျင်ခဲ့တဲ့အတွက် သူမဘာလုပ်မယ်ထင်လဲ.. ”

၀မ်ချောင်၏ လေသံက ပုံမှန်သာဖြစ်သော်လည်း ကြားရသည့်သူအဖို့ ခန်းမအတွင်း ဗုံးကွဲသွားသည့်နှယ်။

“ မင်းဆိုလိုတာက တစ်ခြား အရာရှိတွေလဲ ဒီကိစ္စကြောင့် ထိန်းသိမ်းခံထားရမယ်လို့ ဆိုလိုတာလား.. ”

စုန့်ဘုရင်၏ မျက်နှာက အဆုံး၌ ပြေလျော့သွားသည်။ တစ်ချိန်၌ သူ လုပ်ဆောင်မည့် လုပ်ရပ်အပေါ် တုံ့ဆိုင်းနေမိပြီး ထိုက်ကျန်းကြင်ယာတော်နှင့် အရှင်မင်းကြီးအား ဆန့်ကျင်သင့်သည်လည်း မဆန့်ကျင်သင့်ဘူးလား လွန်ဆွဲနေခဲ့သည်။

၀မ်ချောင်၏ စကားများက သူ၏ စိတ်နှလုံးအား ငြိမ်သက်သွားစေသည်။

သူက ထိုက်ကျန်းကြင်ယာတော် အရေးခင်းအပေါ် အာရုံစိုက်ထားလွန်းပြီး တော်၀င်ရုံးတော်ရှိ အခြားအရာရှိများအား မေ့ထားမိသည်။

“ မဖြစ်နိုင်ဘူး.. အရှင်မင်ကြီးက ဘယ်တော့မှ ဒီလိုလုပ်မဲ့သူ မဟုတ်ဘူး. အဲ့လူတွေက တော်၀င်ရုံးတော်ရဲ့ လူတစ်၀က်လောက်ရှိတာလေ.. ”

စုန့်ဘုရင်၏ မျက်နှာ ဖြူလျော်သွားသည်။

“ အရှင် တကယ်ပဲ အဲ့ဒီလို တွေးထင်တာလား.. ”

၀မ်ချောင် သက်ပြင်းချလိုက်သည်။ အကယ်၍ စုန့်ဘုရင်သာ သူ၏ စိတ်အား မပြောင်းလဲပါက ထိုကိစ္စက သူ့အား ကျရှုံးရာလမ်းသို့ ဆွဲချသွားတော့မည် ဖြစ်သည်။

မည်သူမှ အရှင်မင်းကြီး ထိုအမျိုးသမီးအပေါ် အကာကွယ်ပေးနေသည့် အကြောင်းရင်းအား မသိကြသော်လည်း အရှင်မင်းကြီး၏ နှလုံးသားအတွင်း ထိုက်ကျန်းကြင်ယာတော် နေရာယူထားသည်က အခြားသူများ စိတ်ကူးယဉ်နိုင်သည်ထက် ပိုပေသည်။

ထိုကံကြမ္မာက ဆန်းကြယ်လှသည့်အတွက် အပြင်လူများ မည်သည့်အခါမှ သိနိုင်မည် မဟုတ်ပေ။

ပင်မခန်းမကြီးက တစ်ဖန် တိတ်ဆိတ်သွား၏။ စုန့်ဘုရင်၏ မျက်လုံး ပိတ်နေပြီး ချွေးစေးများက နဖူးထက်မှ ကျဆင်းနေသည်။

လူထင်သည်လည်း အခြေအနေ မကောင်းပေ။

လူထင်က ၀မ်ချောင်အား စိုက်ကြည့်နေသည်က သူ သရဲတစ်ကောင်အား မြင်နေသည့်အလားပင်။ ဤလူငယ်လေး၏ အရေးကြီးကိစ္စရပ်များအပေါ် ထိုးထွင်းသိမြင်မှုက သူထင်ထားသည်ထက် များစွာ သာလွန်နေပေသည်။

သူနှင့် စုန့်ဘုရင်က ထိုက်ကျန်းကြင်ယာတော် အရေးခင်းမှ ဖုံးကွယ်ထားသည့် လျို့ဝှက်ချက်ကိုသာ မဲနေစဉ် ၀မ်ချောင်မှာတော့ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲ အရာများကိုပင် တွေးတောမိနေသည်။

ဤတစ်ကြိမ်၌ လူထင် ၀မ်ချောင်အား ကြိုးကြာပျံဝဲစံအိမ်၌ သတိထားမိပြီး ၀မ်ချောင်အား ဖိတ်ခေါ်ခဲ့မိခြင်းအပေါ် ၀မ်းသာနေမိသည်။

မဟုတ်လျှင် သူတို့ ယခုအခြေအနေမှ မည်သည့်အချိန်မှ နိုးထလာမည်ကို မည်သူ သိနိုင်မည်နည်း။

တော်၀င်ရုံးတော်၏ အရာရှိတစ်၀က်လောက်က ဤအရေးကိစ္စ၌ ပါ၀င်နေသည့် အချင်းအရာအား တွေးမိလျှင် လူထင် ကြောက်ရွံသွားမိသည်။

တစ်ချိန်တည်း၌ ခန်းမကြီး တိတ်ဆိတ်နေမှုက ကြိုးစား၍ အသက်ရှူနေရသည့် အသံများအား အတိုင်းသား ကြားနေရသည်။

ထိုမြင်ကွင်းအား မြင်လျှင် ၀မ်ချောင် အသာအယာ ခေါင်းငြိမ့်လိုက်သည်။ စုန့်ဘုရင်နှင့် အခြားသူများက ဤကိစ္စ၏ အရေးကြီးပုံအား မြင်လျှု ၀မ်ချောင် လေးပြည်နယ်သံရုံး၌ ကြိုးစားခဲ့သည်က အချည်းနှီးတော့ မဖြစ်ခဲ့ပေ။

“ .. အရှင့်အနေနဲ့ တော်၀င်ရုံးတော်ရဲ့ အရာရှိ တစ်၀က်လောက် အလုပ်ဖြုတ်ခံရသူဖြုတ် ပြုတ်သူပြုတ်ပြီး ချီဘုရင်နဲ့ ယောင်ကလန်က တော်၀င်ရုံးတော်ကို လက်ဝါးကြီး အုပ်သွားမဲ့ အခြေအနေကို စဉ်းစားမိဖူးလား.. ”

“ လူအိုကြီးယောင်က သူ့ဂုဏ်သတင်းကို အရမ်းဂရုစိုက်တယ်.. ဒါကြောင့် ယောက်ကလန်ကတော့ ဘာမှ လွန်လွန်ကျူးကျူးလုပ်မှာ မဟုတ်ဘူဆိုပေမဲ့ ချီဘုရင်ကရော.. ချီဘုရင်ရဲ့ အကျင့်တွေအရ သူက ချီဘုရင်က ဒီ အခွင့်အရေးကို မသုံးမချဘူး ထင်လား.. တကယ်လို့ တော်၀င်ရုံးတော်နဲ့ စစ်ရေးရာတွေရဲ့ ဆုံးဖြတ်ချက်တွေသာ တစ်ဘို့ပဲကြည့်တတ်တဲ့ ယောင်ကလန်နဲ့ ချီဘုရင်လက်ထဲ ရောက်သွားခဲ့ရင် မဟာထန်ကို ဘာတွေ ဖြစ်လာမယ်လို့ အရှင်ထင်ပါသလဲ”

၀မ်ချောင် ရိုသေစွာ ထောက်ပြလိုက်သည်။

ထိုအချိန်၌ ၀မ်ချောင် သူ ပြင်ဆင်ထားသည့် စကားများအား ထုတ်ပြောလိုက်သည်။

ယခင်က လေးပြည်နယ်သံရုံးအတွင်း ၀မ်ချောင် မပြောခဲ့သည့် ပြော၍မရသည့် စကားများစွာ ရှိခဲ့သည်။ မည်သို့ဆိုစေ ထိုစကားများ၏ သက်ရောက်မှုက စုန့်ဘုရင် တော်၀င်အမိန့်တော် ငါးခု လက်ခံရပြီးသည့် နောက် ပြောင်းလဲသွားခဲ့လေပြီ။

စုန့်ဘုရင်၏ စိတ်က ပို၍ ပို၍ ရှုပ်ထွေးလာသည်။ အိမ်တော်ထိန်းကြီးနှင့် လူထင်တို့သည်လည်း အတွေးနက်နေကြသည်။ ၀မ်ချောင်၏ ရှုထောင့်မှနေ၍ သူတို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

“ ဒါဆိုရင် ငါတို့ ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်သလဲ.. ”

စုန့်ဘုရင် အဆုံး၌ ခေါင်းမော့ကာ ၀မ်ချောင်အား ကြည့်သည်။ စုန့်ဘုင်က ဤလူငယ်၏ အပြင်ပိုင်းသွင်ပြင် နုပျိုနေခြင်းအား အထင်မသေးဝံ့တော့ပေ။

ထိုအချိန်၌ စုန့်ဘုရင်က ၀မ်ချောင်အား အသက်အငယ်ဆုံး ဗျူဟာရှင်အဖြစ် သတ်မှတ်ပြီးဖြစ်သလို အထူးချွန်ဆုံးသူဟုလည်း မှတ်ယူလိုက်ပြီး ဖြစ်သည်။

“ ဟီး.. ဒါကတော့ အရှင်ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါပဲ.. ကိုယ်ပိုင်ပြဿနာလား တိုင်းပြည်ပြသနာလား.. အရှင် ဘယ်တစ်ခုကို ပိုကြိုက်သလဲ.. ”

၀မ်ချောင် ပြုံးနေရင်း စုန့်ဘုရင်၏ ဆုံးဖြတ်ချက် ယိုင်နဲ့လာသည်အား သိနေသည်။

“ မင်း ပြောချင်တာက အရင်ဆရာသခင်တွေရဲ့ ငယ်သား၀တ္တရား သင်ကြားချက်တွေကိုမေ့ပြီး လက်ခံပေးလိုက်ရမယ်လို့ ဆိုလိုတာလား.. ”

စုန့်ဘုရင် ခွန်းတုံ့ပြန်လိုက်သည်။

“ ဒါဆိုရင် ငယ်သားရဲ့ ၀တ္တရားနဲ့ မဟာထန်ရဲ့ တိုင်းပြည်အရေး အရှင် ဘယ်တစ်ခုက ပိုအရေးကြီးမယ်လို့ ထင်လဲ.. ”

၀မ်ချောင် အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။

“ အာ.......”

စုန့်ဘုရင် သက်ပြင်းချလိုက်ပြီး ရှုံးနိမ့်ခြင်း၏ ခံစားချက်က သူ့အား ဆွဲချနေသည်။ သူ လုပ်သင့်သည့်အရာအား သူသွားသည်။

“ တကယ်တော့.. အရှင်က ဒီကိစ္စမှာ ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ဘူး.. ဒီဖြစ်ရပ်မှာ ရှောဘုရင်က မထိခိုက်သလို ထိုက်ကျန်းကြင်ယာတော်လည်း မထိခိုက်ဘူး ပြီးတော့ အရှင်မင်းကြီးကလည်း မထိခိုက်ဘူးလေ.. ဒါ မလုံလောက်သေးဘူးလား တကယ်လို့ ဒီကိစ္စက စီးပွားရေးသာဆိုရင် ဘယ်သူမှ အရှုံးမရှိနေဘူးလေ မဟုတ်ဘူးလား... ဒီလိုပဲ မဟာထန်သာ အကျိုှးရှိမယ်ဆိုရင် အရှင့်ရဲ့ ဂုဏ်သိက္ခာက အရေးပါဦးမှာလား.. ”

၀မ်ချောင် နိဂုံးချုပ်လိုက်သည်။

အမှန်တွင် ၀မ်ချောင် စုန့်ဘုရင်အား နက်ရှိုင်းစွာ လေးစားပေသည်။ အကယ်၍ စုန့်ဘုရင်နေရာ၌ အခြားသူသာဆိုပါက လက်လျော့သွားသည်က ကြာလှချေမည်။ စုန့်ဘုရင်ကဲ့သို့ ဖြောင့်မတ်သည့်သူသာ ဤကိစ္စအား ခေါင်းစားခံသည်။

စုန့်ဘုရင် သက်ပြင်း ကြီးလေးစွာ ချလိုက်သည်။

“ ဒါပေမဲ့ တကယ်လို့ ငါတစ်ခုခု လုပ်ချင်တယ်ဆိုရင်တောင် အခုက အရမ်းနောက်ကျသွားပြီ.. ”

All Chapters