← Chapters

အခန်း (၁၂၁-၁၂၅)

Vol. 5 Ch. 121-125

အခန်း (၁၂၁-၁၂၅)

Vol. 5 Ch. 121-125

Chapter 121 စုန့်ဘုရင်အား နားချခြင်း

စုန့်ဘုရင် သက်ပြင်းချလိုက်သည်။

သွန်လိုက်သော ရေအား ပြန်မဆယ်နိင်တော့။ လက်ရှိ အခြေအနေများက သူ တတ်နိုင်သည်ထက် များစွာ ပြောင်းလဲနေချေပြီ။ အင်ပါယာအရှင်၏ တော်၀င်အမိန့်တော် ငါးခုက သူ့အား နိုင်ငံရေးလောကမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ထို့ထက်ပို၍ ထိုက်ကျန်းကြင်ယာတော်အား ဆန့်ကျင်သူများထဲတွင် သူက ခေါင်းဆောင်သူဖြစ်သည်။ အရှင်မင်းကြီးနှင့် ထိုက်ကျန်းကြင်ယာတော်က သူ့အား ထိုအတွက် ဦးတည် အပြစ်တင်ပေလိမ့်မည်။

သူ မည်သို့ လုပ်ဆောင်သည်ဖြစ်စေ လက်ရှိအခြေအနေအား ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

Chapter

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး လေထုက လေးလံနေသည်။ လူတိုင်းက စုန့်ဘုရင် မည်သို့သော် အကျဉ်းအကျပ်ထဲ ကျရောက်နေမှန်း သိနေကြ၏။

‘ အင်ပါယာအရှင်က စကားကို ပြီးစလွယ်မပြောဘူး ’ စုန့်ဘုရင်ပင်လျှင် အရှင်မင်းကြီး၏ ခံယူချက်အား မပြောင်းလဲ ဖြစ်ရာ သူ့အတွက် တော်၀င်ရုံးတော်သို့ ပြန်၀င်ခွင့်ရရန် မဖြစ်နိုင်တော့ပေ။

ချီဘုရင်နှင့် ယောင်ကလန်က အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

“ အခု လက်ရှိ ငါစိုးရိမ်တာက တော်၀င်ရုံးတော်က မိတ်ဆွေတွေပဲ.. အရှင်မင်းကြီးက ဒီကိစ္စနဲ့ ပက်သက်ပြီး သူတို့ကို ရာထူးချတာ ရာထူးဖြုတ်တာ မလုပ်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ ”

စုန့်ဘုရင်၏ လေသံက စိုးရိမ်ခြင်းများနှင့် ပြည့်နှက်နေသည်။

“ အရှင့်ဆီမှာ အရှင်မင်းကြီးကို တွေ့ခွင့်ရဖို့ နည်းလမ်း တစ်ခုခုများ ရှိနေသေးလား.. သူက အရှင့်ကို အရမ်းယုံကြည်ထားတာ ကြိုးစားဖို့ အခွင့်အရေး ရှိချင် ရှိဦးမှာပါ.. ”

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အိမ်တော်ထိန်းကြီးမှ ရုတ်တရက် ၀င်ပြောလိုက်သည်။

“ မဖြစ်နိုင်ဘူး.. လက်ရှိ အရှင်မင်းကြီးက ဒေါသအထွတ်အထိပ်ကို ရောက်နေနတာ.. ငါတို့အားလုံးလည်း အရှင်မင်းကြီးရဲ့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက်ကို သိထားကြတာပဲ.. အခု လောလောဆယ်တော့ အရှင်မင်းကြီးကို တွေ့ဖို့ လုံး၀ မဖြစ်နိုင်သေးဘူး.. ပြီးတော့ ချီဘုရင်နဲ့ ယောင်ကလန်ကလည်း ဒီအခွင့်အရေးကိုအသုံးချပြီး ငါ့ကို နည်းလမ်းမျိုးစုံနဲ့ မောင်းထုတ်ဖို့ ကြိုးစားကြဦးမှာ.. ”

စုန့်ဘုရင် ပြောလိုက်သည်။

အိမ်တော်ထိန်းကြီး၏ မျက်၀န်းအတွင်း၌ အကူအညီကင်းမဲ့မှုအရိပ်အယောင် ဖြစ်ပေါ်နေသည်။ သူက တုနှိုင်းမရနိုင်သည့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့်တိုင် တော်၀င်ရုံးတော်၏ နိုင်ငံရေး၌ ကူကယ်ရာမဲ့နေသည်။

“ ပြီးတော့ တကယ်လို့ ငါ့သာ ရုတ်တရက်ကြီး ခံယူချက်ပြောင်းလိုက်မယ်ဆို၇င် တစ်ခြား အမှုထမ်းတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ.. အရှင်မင်းကြီးကရော ဘယ်လိုမြင်မလဲ.. တော်၀င်ရုံးတော်တစ်ခုလုံကရော ငါ့ကို ဘယ်လိုမြင်ကြမလဲ.. အခုချိန်မှ အရှင်မင်းကြီးကို ငါထောက်ခံတယ်ဆိုရင်တောင် အခြေအနေတွေက မင်းတို့အားလုံး ထင်သလို ကောင်းချင်မှ ကောင်းနိုင်လိမ့်မယ်.. ”

စုန့်ဘုရင် သက်ပြင်းချလိုက်ပြန်သည်။

လူထင်သည်လည်း ပြောစရာစကား ပျောက်ဆုံးနေ၏။ ပစ်လိုက်သည့် မြားအား ပြန်ရုတ်သိမ်း၍ မရတော့သလို စုန့်ဘုရင်၏ အခြေအနေသည်လည်း ထိုနည်း၎င်းပင်။ သူ မည်သို့ လုပ်ဆောင်သည်ဖြစ်စေ ဖြစ်စဉ်တစ်ခုလုံးအပေါ် ရွေးချယ်စရာမရှိ တာ၀န်ယူရပေလိမ့်မည်။

ယခုအချိန်၌ လူထင်ပင်လျှင် စိတ်ဓာတ်ကျနေသည်။

တော်၀င်ရုံးတော်အတွင်း လျှောက်လှမ်းနေရသည်က သဲသောင်ပြင်ပေါ် လမ်းလျှောက်နေရသည်နှင့်တူ၏။ ခြေတစ်လှမ်းမှားလိုက်သည်နှင့် စုံးစုံးမြုပ်သွားပေလိမ့်မည်။ စုန့်ဘုရင်ပင်လျှင် တော်၀င်ရုံးတော်၏ အမှုထမ်းတစ်၀က်မျှ ပက်သက်နေသည့်တိုင် ချီဘုရင်နှင့် ယောင်ကလန် တော်၀င်ရုံးတော်အတွင်း စွမ်းအားကြီးလာသည့်တိုင် သူလုပ်ဆောင်သည့်အရာ တစ်ခုမှ မရှိပေ။

“ ဒီကိစ္စမှာ ဖြေရှင်းစရာ ဘာနည်းလမ်းမှ မရှိကြတော့ဘူးလား.. ”

လူထင် အခဲမကျေဟန်ဖြင့် ပြောလိုက်သည်။

“ တကယ်တော့ ဒီကိစ္စမှာ... အရှင့်အနေနဲ့ ထိုက်ကျန်းကြင်ယာတော်ကို ထောက်ခံကြောင်း ပြသဖို့ မလိုပါဘူး.. ”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် လူတိုင်း စိတ်ဓာတ်ကျနေချိန်၌ ၀မ်ချောင်၏ စကားသံ ထွက်လာသည်။ သူ၏ အသံက ကြည်လင်ပြီး ယုံကြည်ချက် ပြည့်၀ကာ တိမ်ထူထပ်နေချိန်၌ နေထွက်လာသည့် အလားပင်။

သုံးယောက်စလုံးက ၀မ်ချောင်အား ရုတ်ချည်း ကြည့်လိုက်ကြသည်။

“ ၀မ်ချောင်.. မင်းစိတ်ထဲမှ အကြံတစ်ခုခု ရှိနေတာလား.. ”

စုန့်ဘုရင် မေးလိုက်သည်။

“ ချောင်သခင်လေး စုန့်ဘုရင်ရှေ့မှာ ဘာကိုမှ ထိန်းချုပ်နေစရာမလိုဘူး.. စိတ်ထဲ ရှိတဲ့အတိုင်းသာ ပြောပါ.. ”

လူထင် အားပေးလိုက်၏။

“ ဟားဟား.. အရှင် လွယ်ပါတယ်ဗျာ.. မဆန့်ကျင်တော့တာက ထောက်ခံတာနဲ့ အတူတူပဲ မဟုတ်ဘူးလား.. ”

၀မ်ချောင် ပြောလိုက်သည်။ ဘေးမှ ကြည့်နေသူက အခြေအနေအား ပိုမို ရှင်းလင်းစွာ မြင်တတ်သည်က သဘာ၀ပင်။ ဤကမ္ဘာလောကကြီးမှာ အဖြူနှင့် အမည်း အရောင်နှစ်မျိုးသာ ရှိသည် မဟုတ်ပေ။

“ အဲ့လိုဆိုပေမဲ့ မလုံလောက်သေးပြန်ဘူး.. ”

လူထင်က အနည်းငယ် တုံ့ဆိုင်းပြီးမှ ဖြေလိုက်သည်။

“ ဟားဟား.. လူအရှင်က အခုထိ သဘောမပေါက်သေးဘူးပဲဗျ.. အရှင်မင်းကြီး ဒေါသထွက်နေတာက စုန့်ဘုရင် ဆန့်ကျင်နေလို့ပဲ ဘယ်ဟုတ်မလဲ စုန့်ဘုရင်က သူကို ဆန့်ကျင်တဲ့အတွက် တော်၀င်နန်းတော်ထဲကို ထိုက်ကျန်းကြင်ယာတော်ကို ခေါ်ဆောင်ဖို့ရာ အဓိကကျတဲ့အင်အားစု ဖြစ်လာတဲ့အတွက်ပဲလေ.. ”

“ တကယ်လို့ ထိုက်ကျန်းကြင်ယာတော်သာ တော်၀င်နန်းတော်ထဲကို အသာအယာ ရောက်သွားမယ်ဆိုရင် ဆန့်ကျင်နေတဲ့သူတွေရဲ့ အသံတွေ လျော့သွားမယ်ဆိုရင် အရှင်မင်းကြီးက ဒီ ဆန့်ကျင်တဲ့သူတွေရဲ့ စကားကို နားထဲ ထည့်ဦးမယ် ထင်လား.. ”

၀မ်ချောင် ပြုံးလိုက်သည်။

လူတိုင်း၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ စုန့်ဘုရင်သည်လည်း ၀မ်ချောင်၏ စကားကြောင့် အံ့အားသင့်သွား၏။ သူ၏ အကြီးဆုံးအမှားမှာ ထိုက်ကျန်းကြင်ယာတော်နှင့် ပက်သက်၍ ၀မ်ချောင်အား စောစောစီးစီးကတည်းက ခေါ်ယူ၍ အကြံမတောင်းမိခြင်းဖြစ်ကြောင်း ကောင်းစွာ နားလည်သွားခဲ့သည်။

ဤသူငယ်၏ အမြင်က အခြားသူများနှင့် များစွာ ခြားနားလှ၏။ အခြားသူများ သတိမပြုမိသည့်အရာများအား သူ သတိထားမိတတ်သည်။

အကယ်၍ ထိုမျှသာဆိုပါက စုန့်ဘုရင် သူ့အား တန်ဖိုးထားဦးမည် မဟုတ်ပေ။ တစ်ဖက်လူ၏ စကားများအား အသေအချာ ပြန်လည် စမ်းစစ်ပြီးနောက် ထိုစကားများက သဘာ၀ကျကာ ကျိုးကြောင်းဆီလျော်ပြီး ထိုစကားများကြောင့်ပင် သူ အလင်းပွင်းသွားခဲ့ရသည်။

“ ဆက်ပြောပါဦး. ”

စုန့်ဘုရင် ရုတ်ချည်း စိတ်ဓာတ်မြင့်တက်လာပြီး ၀မ်ချောင်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။ ဤ၀မ်ကလန်မှ မျိုးဆက်သစ်လေးအပေါ် သူ၏ သိလိုစိတ်က ပို၍ ပို၍ ကြီးမားလာနေသည်။

“ ဟုတ်ကဲ့ပါ အရှင်.. ”

၀မ်ချောင် ဦးညွှတ်ကာ စကားဆက်လိုက်သည်။ သူ၏ တည်ငြိမ်မှုက အနည်းငယ် ထူးဆန်းနေသော်လည်း အခြားသူများက သူ၏ အတွေးများအား သိချင်စိတ် ပြင်းပြနေသည်။

“ အရှင့်က တော်၀င်ရုံးတော်မှာ များပြားတဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူ ဖြစ်တဲ့အတွက် စကားတစ်ခွန်းတည်းနဲ့တင် တော်၀င်ရုံးတော် တစ်၀က်လောက်ကို စုစည်းနိုင်လောက်တယ်.. ဒါကြောင့်လည်း အရှင်မင်းကြီးက အရှင့်ကို သိပ် သဘောမတွေ့တာပဲ.. ဘယ်လိုပဲဖြစ်ဖြစ်ပါ တကယ်လို့ အရှင်ကသာ ရုတ်ကရက် စိတ်ပြောင်းသွားပြီး တိတ်ဆိတ်သွားမယ်ဆိုရင် တော်၀င်ရုံးတော်က တစ်ခြား အရာရှိတွေက မေးခွန်းထုတ်လာကြလိမ့်မယ်.. အဲ့ဒီ အချိန်ကျရင် အရှင်က ထိုက်ကျန်းကြင်ယာတော်အရေးခင်းမှာ ပိုပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိသေးတယ်လို့ ပြောလိုက်ရုံနဲ့ အရှင့်ရဲ့ လွှမ်းမိုးမှုအရ တော်၀င်ရုံးတော်ကို အကြီးအကျယ် ရိုက်ခတ်သွားမှာ အမှန်ပဲ.. ”

“ အတိုက်အခံ မလုပ်တော့တဲ့အတွက် တစ်ခြားသူတွေရဲ့ ဆန့်ကျင်မှုကလည်း လျော့နည်းလာလိမ့်မယ်.. ထိုက်ကျန်းကြင်ယာတော်ကို ဆန့်ကျင်နေတဲ့ တော်၀င်ရုံးတော်ရဲ့ တစ်၀က်လောက်က ရပ်သွားတာနဲ့ ထိုက်ကျန်းကြင်ယာတော်ဟာလည်း တော်၀င်နန်းတော်ကို ၀င်နိုင်လိမ့်မယ်.. ”

“ တော်၀င်ရုံးတော်ရဲ့ အမှုထမ်းတစ်၀က်လောက်ရဲ့ အသံတိတ်သွားခဲ့ရင် အရှင်ရဲ့ ဒီကိစ္စအပေါ် ကြုံတွေ့နေရတာတွေလည်း လျော့နည်းသွားမှာပဲ.. တကယ်လို့ အရှင်မင်းကြီးက ဒီကိစ္စကို အခဲမကျေပဲ ရှေ့ဆက်မယ်ဆိုရင်တောင်မှ ထိုက်ကျန်းကြင်ယာတော်ကို ဆန့်ကျင်တဲ့သူ အရမ်းနည်းနေတော့မှာ ဖြစ်တဲ့အတွက် သူလဲ လွတ်ထားလိုက်မှာပဲ.. ဒီနည်းလမ်းနဲ့ဆိုရင် အရှင့်မိတ်ဆွေတွေရဲ့ အရှင့်အပေါ် သဘောထား ပြောင်းလဲမှာ မဟုတ်သလို တစ်ချိန်တည်းမှာ တော်၀င်ရုံးတော်ရဲ့ အမှုထမ်းတွေ ထိခိုက်မှာကိုလဲ မပူရတော့ဘူး.. ”

၀မ်ချောင် ပြောလိုက်သည်။

ခန်းမအတွင်း စုန့်ဘုရင်နှင့် အိမ်တော်ထိန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိပြီး ၀မ်ချောင်၏ စကားများအပေါ် အံ့အားသင့်နေကြသည်။

တော်၀င်ရုံးတော်၏ ကိစ္စရပ်များက ရှုပ်ထွေးလှကာ ခြေတစ်လှမ်းမှားသည်နှင့် အသူရာချောက်နက်တွင်း ကျသွားပေလိမ့်မည်။ ထို့ကြောင့် စုန့်ဘုရင်က ၀မ်ချောင်မှာ တော်၀င်ရုံးတော်၏ အကြောင်းအရာများနှင့် ပက်သက်၍ အားနည်းလိမ့်မည်ဟု ထင်ခဲ့မိလေသည်။

မည်သို့ဆိုစေ ၀မ်ချောင်၏ စကားလုံးများက ကလေးငယ်တစ်ယောက်၏ စကားနှင့်မတူပဲ တော်၀င်ရုံးတော်အတွင်း နှစ်ပေါင်းဆယ်ချီ မြှုပ်နှံထားသည့် ကျွမ်းကျင်သူတစ်ဦး ပြောသည့် စကားများနှင့် တူညီနေသည်။ ထို့ထက်ပို၍ ၀မ်ချောင်၏ အကြံက အဘက်ဘက်မှ ပြည့်စုံနေပေသည်။ စုန့်ဘုရင် ကူကယ်ရာမဲ့စွာနှင့် ထိုအကြံမှာ လက်ရှိ၌ အကောင်းမွန်ဆုံး အသင့်တော်ဆုံးဖြစ်ကြောင်း ၀န်ခံရပေလိမ့်မည်။

“ ဒီကလေးက တကယ် အံ့အားသင့်စရာပဲ.. ”

အကယ်၍ စုန့်ဘုရင်သည် ၀မ်ချောင် ထိုစကားများပြောသည်အား မျက်မြင်ကိုယ်တွေ့မဟုတ်လျှင် ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ထိုမျှ တိကျသော အချက်အလက်နှင့် အကြံအား ထုတ်ပြောခဲ့သည်ကို ယုံနိုင်လိမ့်မည် မဟုတ်ပေ။

အတိတ်တွင် စုန့်ဘုရင်သည် ၀မ်ကလန်ထံမှ ယောင်ကွမ်းရီမှာ ၀မ်ချောင်ကြောင့် ကိုယ့်အတတ်ကိုယ်စူးခဲ့သည့်ကို ကြားခဲ့ရသည့်အချိန်၌ ၀မ်ကလန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် သူတို့၏ မျိုးဆက်အား နာမည်ရစေချင်၍ ပြုလုပ်သည်ဟု ထင်ခဲ့မိသေးသည်။

သို့သာ် ယခုတွင်တော့ စုန့်ဘုရင်သည် ၀မ်ကလန်အတွင်း၌ စစ်မှန်သည့် ပါရမီရှင် ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း ကြေငြာရဲပြီဖြစ်သည်။

၀မ်ချောင် သူ့အား ပေးသည့် အထင်ကြီးစေမှုက ပို၍ ပို၍ နက်ရှိုင်းလာပြီး သူ၏ အစ်ကိုကြီးထက်ပင် နှစ်သက်စေမိသည်။

ထိုအတွေးများက စုန့်ဘုရင်၏ အတွေးထဲ၌ ပေါ်ထွက်လာခြင်းဖြစ်သည်။ သူ၏ အတွေးများအား ပြန်လည်ရုတ်သိမ်းကာ စုန့်ဘုရင် လူထင်ရှိရာသို့ လှည့်လိုက်သည်။

“ လူအရှင်ရော ဒီကိစ္စကို ဘယ်လိုမြင်လဲ.. ”

“ အရှင် ကျုပ် သတိလက်လွတ်ဖြစ်သွားတာကို တောင်းပန်ပါတယ်.. ဒါပေမဲ့ ဒီအကြံက လက်ရှိအချိန်မှာ ကျုပ်တို့ တွေးနိုင်တဲ့ အကောင်းဆုံးအကြံပါပဲ.. ”

အတန်ကြာ တွေးဆနေပြီးနောက် လူထင် ယတိပြတ်ပြောလိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့က တစ်ခြားအမှုထမ်းအားလုံးကို ကာကွယ်လိုက်နိုင်တယ် ဆိုရင်တောင်မှ အရှင့်အနေနဲ့ တော်၀င်ရုံးတော်ကို ပြန်၀င်ဖို့က ခက်ခဲနေဦးမှာပဲ.. အနည်းဆုံးတော့ နှစ်၀က်အတွင်း ဖြစ်နိုင်မှာ မဟုတ်ဘူး.. အဲ့အချိန်အတွင်း ချီဘုရင်နဲ့ ယောင်ကလန်က စစ်တပ်ရေးရာဌာနနဲ့ တရားစီရင်ရေးရာဌာနကို ချုပ်ကိုင်ထားပြီးလောက်ပြီ.. ”

စစ်တပ်ရေးရာဌာနှင့် တရားစီရင်ရေးရာဌာနမှာ တော်၀င်ရုံးတော်အတွင်း အရေးပါသည့် အဖွဲ့အစည်းကြီး နှစ်ခုဖြစ်၏။ ထိုနှစ်ခုအတွင်း စစ်တပ်ရေးရာဌာန၏ စုန့်ဘုရင်အတွက် အရေးပါသည်က အခြားမည်သည့်ရာကမှ မယှဉ်နိုင်ပေ။ သူ့စကား၏ အရာရောက်မှုနှင့် တော်၀င်ရုံးတော်အတွင်း ခြေတံလက်တံရှည်ခြင်းက စစ်တပ်အပေါ်တွင် များစွာ ချုပ်ထိန်းထားနိုင်မှု ကြောင့်ဖြစ်လေသည်။

အကယ်၍ စစ်တပ်ရေးရာဌာနသာ ချီဘုရင်လက်တွင်း သက်ဆင်းသွားခဲ့လျှင် စုန့်ဘုရင် အကာအကွယ်ပေးချင်သည့် တော်၀င်ရုံးတော်မှ အမှုထမ်းတစ်၀က်ပိုလည်း ဆုံးရှုံးရပေလိမ့်မည်။ ထို့ထက်ပို၍ ချီဘုရင်၏ စိတ်ထားအရဆိုလျှင် စစ်တပ်အပေါ် အာဏာသက်ရောက်နိုင်ခြင်းနှင့် ကျေနပ်မည့်သူ မဟုတ်ပေ။

အချိန်တိုအတွင်း စုန့်ဘုရင်၏ လူများအား သူ၏လူများနှင့် တတ်နိုင်သမျှ အစားထိုးနိုင်ရန် ကြိုးစားပေလိမ့်မည်။

‘ စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ထောက်တိုင်ဖြစ်တဲ့အတွက် အုပ်ချုပ်သူက ကောင်းမွန်နေဖို့ လိုတယ်.. ’ စစ်တပ်ရေးရာဌာနသာ ချီဘုရင်ကဲ့သို့သော သူ၏ လက်တွင်း ကျရောက်သွားပါက အင်ပါယာအတွက် ကောင်းမွန်တော့မည် မဟုတ်ပေ။

“ ငါလည်း လက်လျော့ဆန္ဒ လုံး၀ မရှိပေမဲ့ ဖြစ်လာမဲ့ အကျိူးဆက်က သိသာနေပြီလေ.. ငါတို့ ဒီနည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့.. ”

ကောင်းကင်အား မော့ကြည့်ရင်း စုန့်ဘုရင် သက်ပြင်းလေးလံစွာ ချလိုက်သည်။ အမှန်တွင် သူ့အနေဖြင့် ဤကဲ့သို့ လက်လျော့လိုက်ရန် ဆန္ဒ လုံး၀ မရှိပေ။

ထိုနှစ်ယောက်အား ကြည့်ရင်း ၀မ်ချောင် တိတ်တဆိတ်သာနေလိုက်သည်။ ထိုက်ကျန်းကြင်ယာတော် အရေးခင်းနှင့် ပက်သက်၍ သူ ၀င်ပါသင့်သည်ထက် များစွာ ပါ၀င်မိပြီးဖြစ်ပေရာ သူ့အတွက် မည်သည့်စကားမှ ထပ်မပြောသင့်တော့ပေ။ မည်သို့ဆိုစေ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ သူ စကားစလိုက်သည်။

“ အရှင် တကယ်တော့ ချီဘုရင် အောင်မြင်တယ်လို့ ပြောလို့မရဘူး.. ချီဘုရင်က စစ်တပ်ရေးရာဌာနရဲ့ အာဏာကို လက်၀ယ်ထားနိုင်မှာ မဟုတ်ပါဘူး.. ”

၀မ်ချောင်၏ စကားက စုန့်ဘုရင်၏ ကိုယ်အား အပြင်းအထန် တုန်ယင်သွားစေခဲ့သည်။

သူ အတတ်နိုင်ဆုံး တည်ငြိမ်ရန်ကြိုးစားနေသော်လည်း ၀မ်ချောင်၏ စကားက သူ၏ နောက်ဆုံး ခံစစ်အား ချိုးဖျက်သွားခဲ့သည်။

“ ဘယ်လို... ”

စုန့်ဘုရင် မတင်မကျနှင့် မေးလိုက်သည်။

“ ဒီကိစ္စမှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကို အနည်းဆုံးဖြစ်အောင် လျော့ချလို့ရမဲ့ နည်းလမ်းမရှိတာ မဟုတ်ပါဘူး.. ဒီပြဿနာတွေရဲ့ အဓိက သော့ချက်က လူတစ်ယောက်ပါပဲ.. အဲ့ဒီလူသာ သဘောတူမယ်ဆိုရင် အရာအားလုံးက ဖြေရှင်းရ အရမ်းလွယ်ကူသွားလိမ့်မယ်.. ”

၀မ်ချောင် ပြောလိုက်သည်။

“ ဘယ်သူလဲ.. ”

စုန့်ဘုရင်၊ လူထင်နှင့် အိမ်တော်ထိန်းတို့ တစ်ပြိုင်တည်း မေးလိုက်ကြသည်။ ဤကိစ္စအပေါ် အရှင်မင်းကြီး၏ သဘောထားအား တော်၀င်အမိန့်တော် ငါးခုက ဖော်ပြပြီးဖြစ်၏။ ၀မ်ချောင်ထံ၌ စုန့်ဘုရင်အား ယခင်ရှိခဲ့သည့် ကျော်ကြားမှုနှင့် အာဏာအား ပြန်လည်ရယူနိုင်သည့်အကြံ ရှိနေကြောင်းကို သုံးယောက်သား လက်ခံရန် ခဲယဉ်းနေသည်။

“ ထိုက်ကျန်းကြင်ယာတော်ပါပဲ.. ”

တောက်ပသည့် အပြုံးနှင့် ၀မ်ချောင် နာမည်တစ်ခုအား ထုတ်ပြောလိုက်သည်။

“ အားလုံးက ထိုက်ကျန်းကြင်ယာတော်အပေါ်ပဲ မူတည်နေတယ်.. အားလုံးကို စတင်ခဲ့သူကသာ အားလုံးကို ဖြေရှင်းပေးနိုင်တဲ့သူပဲလေ.. တကယ်လို့ အရှင့်အနေနဲ့ တော်၀င်ရုံးတော်ကို ပြန်သွားချင်တယ်ဆိုရင် အရှင့်အနေနဲ့ ထိုက်ကျန်းကြင်ယာတော်ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်.. ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ သုံးယောက်လုံး၏ မျက်လုံးများ ဝိုင်းစက်နေကာ အရူးများနှင့် တူနေကြသည်။

ရူးနေတာ..

ဒါ တကယ် ရူးနေတာပဲ..

အကယ်၍ ၀မ်ချောင်၏ ယခင် လုပ်ဆောင်ချက်များကြောင့်သာ မဟုတ်လျှင် သုံးယောက်လုံး ထိုစကားများအား အော်ပြောမိကြမည်ဖြစ်သည်။ ထိုက်ကျန်းကြင်ယာတော်၏ အကြီးမားဆုံး ဆန့်ကျင်သူမှာ စုန့်ဘုရင်ဖြစ်ပြီး သူတို့နှစ်ဦးက ရန်ဘက်များ ဖြစ်ကြသည်။

အကယ်၍ ဖြစ်နိုင်လျှင် သူမက စုန့်ဘုရင်အား သေစေလိုနေပေလိမ့်မည်။ သူမအနေဖြင့် အလယ်ကြောင့် ရန်သူအား ကူညီလိမ့်မည်နည်း။

၀မ်ချောင်က ထိုက်ကျန်းကြင်ယာတော်အား စုန့်ဘုရင်အတွက် ပြောဆိုစေချင်သည်က.... ဤသည်က အိပ်မက်ယောင်နေခြင်းသာ ဖြစ်သည်။ အရူးသွပ်ဆုံးသောသူပင် ထိုစကားမျာအား ပြောထွက်မည် မဟုတ်။

“ ဟားဟားဟား.... ”

လူတိုင်း၏ မယုံကြည်နိုင်သည့် အကြည့်အား မြင်လျှင် ၀မ်ချောင် အားပါးတရ ရယ်လိုက်သည်။

ယခုအချိန်တွင် အလယ်ပိုင်းလွင်ပြင် တစ်ခုလုံး၌ ထိုက်ကျန်းကြင်ယာတော်၏ စုန့်ဘုရင်အပေါ် အမြင်အား ပြောင်းလဲ ပေးနိုင်သည့် တစ်ဦးတည်းသာရှိသည်။

ထိုလူက သူ ၀မ်ချောင်ပင် ဖြစ်လေသည်။

Chapter 122 ကျွမ်းကျင်သူများအား စုဆောင်းခြင်း

“ ၀မ်ချောင် မင်းပြောသလိုသာ လုပ်နိုင်မယ်ဆိုရင် ငါ မင်းကို ရှုံးတယ်လို့ ၀န်ခံမယ်ကွာ.. ”

“ ထိုက်ကျန်းကြင်ယာတော် ငါ့တို့ကို မမုန်းနေဘူးဆိုရင်တောင်မှ သူမက ဘယ်လိုလုပ်ပြီး ငါတို့ကို ကူညီမှာလဲ.. ”

“ ဟားဟား.. ၀မ်ချောင် မင်းသာ တကယ်လုပ်နိုင်ခဲ့ရင် မင်းလိုချင်တာအားလုံး ဖြည့်ဆည်းပေးမယ်လို့ ကတိပေးတယ်ကွာ.. မင်းလိုချင်တာ ဘာပဲဖြစ်နေနေ ငါတတ်နိုင်တဲ့ထဲကဆိုရင် မင်းဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးမယ်.. ”

.......

သုံးယောက်သား ၀မ်ချောင်အား မယုံကြည့်မှုနှင့် ကြည့်နေကြသည်။ ဤကိစ္စမှာ မေးခွန်းထုတ်ရန်ပင် မလိုအပ်ကြောင်း သူတို့ သိထားကြပေသည်။ ၀မ်ချောင်အနေဖြင့် မည်ကဲ့သို့ တစ်ဖက်ရန်သူအား သူတို့အတွက် စကားဆိုစေမည်နည်း။ စုန့်ဘုရင် တော်၀င်ရုံးတော်အတွင်း လူပေါင်းများစွာအား မြင်တွေ့ခဲ့ဖူးပြီး ရန်သူအား ခွင့်လွှတ်ရန် တောင်းပန်သူများအာ မြင်ခဲ့ဖူးသည်။ သို့သော် တောင်းပန်ခြင်းက တစ်ဖက်သူ သူတို့အား ပြန်ကူညီမည်ဟု အဓိပ္ပာယ်မရပေ။ ဤသို့သော အရာအား သူ မမြင်ခဲ့ဖူးပေ။

ယောင်ကလန်ကဲ့သို့ အကွက်ချရာ၌ ကျွမ်းကျင့်သည့် ကလန်ပင်လျှင် ထိုသို့သော စကားအား မပြောဝံ့ပေ။

ထိုသို့သော မရင့်ကျက်သည့် စကားများ ပြောသည့် ၀မ်ချောင်က အမှန်ပင် ငယ်ရွယ်လွန်းလှပေသည်။

“ ဟားဟား.. ”

၀မ်ချောင် ပြုံးလိုက်သည်။ ထိုသုံးယောက်၏ အမူအရာအား သူကောင်းစွာ မြင်ရပေရာ သံသယဖြစ်ဖွယ်မရှိ ဤကိစ္စအပေါ် အကောင်းမမြင်နေကြမှန်း သိသာသည်။ လူထင်ပင်ကဲ့သို့ သူ့အား အလွန်နှစ်သက်ကာ ယုံကြည်သည့်သူပင် ဤကိစ္စ၌ ယုံကြည်ပေးရန် ခဲယဉ်းနေ၏။

၀မ်ချောင် ထိုသူတို့၏ သဘောထားအား ပြောင်းလဲရန် မကြိုးစားပေ။ အဆုံး၌ အပြုအမူကသာလျှင် ပိုကျယ်သည့် အသံဖြစ်သည် မဟုတ်လော။

“ ဟားဟား.. ဒီလောကကြီးမှာ ဘယ်ဟာကို သေချာပေါက်ကြီး ပြောလို့မရဘူးလေ ဒါကြောင့် ကျုပ် အာမမခံပေးနိုင်ဘူး.. ဒါပေမဲ့ တကယ်လို့ အရှင် စိတ်မရှိဘူးဆိုရင် ကျုပ် ကြိုးစာပေးပါ့မယ်.. အဲ့လိုဆိုရင်တော့ ကျုပ်က ဒီကိစ္စမှာ အရှင့်ရဲ့ ထောက်ပံ့မှု အလုံးစုံကို လိုအပ်လိမ့်မယ်.. ”

၀မ်ချောင် ပြောလိုက်သည်။

“ ပြဿနာမရှိဘူး.. မင်းကြိုက်သလိုသာ လုပ်ပါ.. တကယ်လို့ မင်းလိုအပ်တာ တစ်ခုခုရှိရင် ငါ့ကို ဒါမှမဟုတ် လူအရှင်ကို ပြောလိုက် ငါ့မှာ ရှိသမျှ အရင်းအမြစ်တွေကို မင်းအတွက် ထောက်ပံ့ပေးမယ်.. ”

စုန့်ဘုရင် တဖြည်းဖြည်း ပြုံးနိုင်လာသည်။ သိသိသာသာပင် သူက ၀မ်ချောင် အောင်မြင်လိမ့်မည်ဟု မယုံသော်လည်း ဤကိစ္စတွင် သူမည်သည့် စိတ်အနှောင့်အယှက်မှ မဖြစ်မိပေရာ ၀မ်ချောင်အား စိတ်ရှိတိုင်း လုပ်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

“ ကျေးဇူးတင်ပါတယ် အရှင်.. ”

၀မ်ချောင် ဦးညွှတ်လိုက်သည်။ သူ ဤအချိန်တွင် အနည်းငယ်မှ ထိမ်ချန်မနေတော့ပေ။ အကယ်၍ သူ၏ ပန်းတိုင်အား ရောက်လိုပါက စုန့်ဘုရင်၏ အကူအညီအား လိုအပ်ပေသည်။

စုန့်ဘုရင်အိမ်တော်မှ ထွက်လာပြီးနောက် ၀မ်ချောင် မြင်းလှည်းအတွင်း၌ ထိုင်၍ အတွေးနက်နေသည်။ ဤကိစ္စအပေါ် သူက စုန့်ဘုရင်အား ယုံကြည်ချက်အပြည့်နှင့် ကတိပေးနိုင်သော်လည်း ထိုသည်က လွယ်ကူမည်ဟု မဆိုလိုကြောင်း သူကောင်းစွာသိထားသည်။

ထွေးလိုက်သည့်တံတွေးအား ပြန်မြိုချချင်၍ မရပေ။ စကားသည်လည်း ထို့အတူပင်။ ယခင်က စုန့်ဘုရင်၏ ဆန့်ကျင်မှု မည်မျှ ပြင်းထန်ခဲ့သည်ကို ကြည့်၍ ထိုက်ကျန်းကြင်ယာတော်၏ အမြင်ကောင်းအား ရရှိ၍ သူမ၏ စိတ်အား ရုတ်တရက် ပြောင်းလဲရန် ခက်ခဲကြောင်းကို သိနိုင်သည်။

သို့သော် ဤလောကထဲ၌ အတပ်ပြောနိုင်သည့်အရာဟူ၍ မရှိပေ။

မြင်းလှည်းအတွင်း ထိုင်နေရင်း ၀မ်ချောင် အတွေးနယ်ချဲ့နေသည်။ ထိုက်ကျန်းကြင်ယာတော်အကြောင်း သူကြားဖူးခဲ့သည်များအား ပြန်လည် သုံးသပ်နေ၏။

ယခုခေတ်ကာလ၌ လူတိုင်းက ထိုက်ကျန်းကြင်ယာတော်အား အထင်သေးကြ၏။ သူတို့က သူမအား ထိခိုက်စော်ကားကြသော်လည်း ထိုစကားလုံးများက ပြည်ဖျက်မိန်းမဟူသည့် စကားထက် မပိုခဲ့ပေ။

မည်သူကမှ အမှန်တရားအား မသိရှိကြ။

၀မ်ချောင်သာလျှင် ထိုအမျိုးသမီးမှာ မင်းသားရှော၏ကြင်ယာတော်၊ ပြည်ဖျက်မိန်းမ ဟူသည့် ဖော်ပြချက်များထက် ပိုကြောင်း ကောင်းစွာ သိထားပေသည်။

မည်သည့် အချိန်နှင့်ဟင်းလင်းပြင် မတူညီသည့် နေရာ၌ဖြစ်စေ ထိုအမျိုးသမီးမှာ လှပမှုကြောင့် ထင်ရှား၏။ အလယ်ပိုင်းလွင်ပြင်၏ နှစ်ပေါင်းသန်းချီသမိုင်းကြောင်း၌ သူမ၏ အလှတရားဖြင့် ကမ္ဗည်းထိုးခဲ့နိုင်သူ တစ်ဦး ဖြစ်သည်။ ဤသည်က သူမ၏ အဆင်း မည်မျှလှပကြောင်း သိနိုင်သည်။

မည်သို့ဆိုစေ ယခုအချိန်၌ ၀မ်ချောင် တစ်ဦးတည်းသာ သိပေ၏။

သူမ၏ အလှတရားမှလွဲလျှင် ၀မ်ချောင်သိထားသည့်အရာမှာ ထိုက်ကျန်းကြင်ယာတော်သည် အချစ်နှင့် ပျော်ရွှင်ဖွယ် ဆန်းပြားသည့် ကဗျာများအားနှစ်သက်ကြောင်း ဖြစ်ပြီး ထိုသို့သော ကဗျာများအပေါ် သူမ၏ နှစ်သက်မှုက အဆင့်လွန်နေခြင်းဖြစ်သည်။

ထိုသို့ဆိုရာ ထိုက်ကျန်းကြင်ယာတော်မှာ အလွန်ကောင်းမွန်သည့် ကဗျာများအား လွန်စွာ အလေးထားသည်ဟု ဆိုနိုင်သည်။

အနာဂတ်တွင် ထိုက်ကျန်းကြင်ယာတော်က နာမည်ကျော်ကြားသည့် ကဗျာဆရာများအား ဖိတ်ခေါ်ကာ ၎င်းတို့၏ ကဗျာများအား နားထောင်ပြီး ရာထူးပေးခြင်း ဆုလာဘ်ပေးခြင်းများ ပြုလုပ်ပေလိမ့်မည်။

နေထိုင်စားသောက်ရန် ခက်ခဲသည့် ကဗျာဆရာများကို ထိုက်ကျန်းကြင်ယာတော်က သင့်တော်သည့် ပမာဏအား ဆုချလေ့ရှိသည်။

ထို့ကြောင့် ထိုက်ကျန်းကြင်ယာတော်၏ အမည်က မဟာထန်၏ ကဗျာဆရာများအကြား အထူးကျော်ကြားသည်။

ထိုက်ကျန်းကြင်ယာတော်မှာ ကဗျာများအား ချစ်ခင်ပြီး အခြားသူများထက် ပိုမို နားလည် သဘောပေါက်သည်။

ကောင်းမွန်သည့် ကဗျာရွတ်ဆိုနိုင်သူအား တွေ့လျှင် သူမက ထိုသူအား သွားလေရာခေါ်ဆောင်သွားတတ်ပြီး လုံးမ၀ မခွဲခွာချင်တော့သလိုပင်ဖြစ်ကာ သူမ၏ အိပ်ဆောင်ထဲသို့ပင် ရှက်ရွံခြင်းမရှိ ခေါ်ထားတတ်သည်။

သူမ၏ အခန်းအား အလွန်တန်ဖိုးကြိးများသည့် အရာများ ရွှေ၊ ရတနာများနှင့် ဆင်ယင်ထားခြင်းမရှိပဲ သူမနှစ်သက်သည့် ကဗျာဆရာများသာ ရှိသည်။

အခြား အမျိုးသမီးများကဲ့သို့ပင် ထိုက်ကျန်းကြင်ယာတော်၌လည်း ပျော့ကွက် ရှိလေ၏။

သူမက ပါရမီရှိသည့် ကဗျာရှင်များအား နှစ်သက်ကာ ထိုကဗျာရှင်များက သူမအား ချီးကျူးသီကုံးလျှင် ချက်ချင်းပင် ကောင်းကင်ကိုးခုအား ခုန်တက်သွားသလို ချက်ချင်း ရက်ရောစွာ ဆုချလေ့ရှိသည်။

ဤလောကကြီးကဲ့သို သိုင်းပညာအား အသားပေးသည့်နေရာတွင် ကဗျာရှင်များက မျက်နှာငယ်ရသည်။ သူ၏ ယခင်ဘ၀၌ ၀မ်ချောင်သည် ထိုက်ကျန်းကြင်ယာတော်မှာ ကဗျာပညာရှင်များအား နှစ်သက်သည်ကို ကြားသိလျှင် သူ့ထံ၌ အကြံတစ်ချို့ ပေါ်လာခဲ့ဖူးသော်လည်း လက်တွေ့ လုပ်ဆောင်ခဲ့မိခြင်း မရှိပေ။

“ တကယ်လို့ ငါသာ အဲ့ဒီ ကဗျာကို ရေးလိုက်မယ်ဆိုရင် ဒီကိစ္စ အောင်မြင်နိုင်ဖို့ အခွင့်အရေး ပိုများလိမ့်မယ်. ”

၀မ်ချောင်၏ အတွေးထဲ၌ ကဗျာတစ်ပုဒ်အား ပြန်စဉ်းစားမိလိုက်သည်။

ဤကမ္ဘာနှင့် မတူညီသည့် မဟာထန်အား သိထားသည့် ၀မ်ချောင်အဖို့ နည်းလမ်းများစွာ ရှိ၏။ ဥပမာအနေဖြင့် လီပိုင် နှင့် တုဖူ တို့ မရှိပေ။ ( ကျော်ကြားတဲ့ ကဗျာဆရာ )

ဤကမ္ဘာ၌ ကောင်းမွန်သည်ဟု အသိအမှတ်ပြု၍ ရသည့် ကဗျာဆရာများစွာ ရှိသော်လည်း ထိုသူများက ၀မ်ချောင် သိထားသည့် အဆင့်အတန်းမှလူများနှင့် လုံး၀ မယှဉ်နိုင်ပေ။

အနည်းဆုံးအနေဖြင့် ၀မ်ချောင် သိထားသည့် ကဗျာစာသားများက ဤလောကရှိ ကဗျာဆရာတိုင်းထက် သာလွန်နေပေသည်။

“ ကောင်းပြီလေ.. ငါ အဲ့ဒီ ကဗျာကိုပဲ ရွေးလိုက်တော့မယ်.. အလုပ်ဖြစ်မဖြစ်ကတော့ ငါ ကြိုးစားကြည့်ရင် သိရမှာပဲ.. ”

ဤလောက၌ အတပ်ပြော၍ရသည့်အရာ မရှိပေ။ မည်သို့ဆိုစေ ၀မ်ချောင်၏ စိတ်ထဲ၌ ထိုကဗျာမှာ ထိုက်ကျန်းကြင်ယာတော်၏ စုန့်ဘုရင်အပေါ် ထားရှိသည့် စိတ်နေစိတ်ထားအား ပြောင်းလဲစေကာ သူတို့အကြား ရင်းနှီးမှု တစ်ခု တည်ဆောက်ပေးနိုင်ရန် အခွင့်အရေး အများဆုံးဖြစ်ကြောင်း တွေးမိသည်။

အိမ်တော်သို့ ပ်ြနရောက်လျှင် စာရွက်နှင့် စုတ်တံအားကိုင်ကာ ( စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ) အား ချရေးလိုက်သည်။

၀မ်ချောင် ထံ၌ များစွာသော ဗျူဟာများရှိသော်လည်း သူ၏ စကားက အရာရောက်ရန် လိုနေသေးသည်။ သူ၏ အားထုတ်မှုမှလွဲလျှင် သူ့ထံ၌ မည်သည့် ကျော်ကြားမှုမှ မရှိသေးပေ။ ဤအချက်ကြောင့် ၀မ်ချောင် သူ့ကိုယ်သူ စစ်သူကြီတစ်ဦး၏ သားအနေဖြင့်သာ အမည်တပ်လိုက်သည်။

မည်သို့ဆိုစေ သူ၏ စကားလုံးများက အနည်းငယ် ပိုနေသော်လည်း ကဗျာစာသား၏ အဓိကအကြောင်းအရာအား မပြောင်းလဲစေပေ။

“ ဒီလိုပဲ ဖြစ်ရမယ်လေ. ”

ရွှမ်စာရွက်ပေါ်မှ သူရေးထားသည့် ကဗျာစာသားအား ပြန်ဖတ်ရင်း ၀မ်ချောင် သက်ပြင်း ချနိုင်သွားသည်။ ထို စကားလုံး အနည်းငယ်အား ချရေးရခြင်းက သူ့အား ချွေးပြန်စေသည်။ စုတ်တံအသုံးပြုခြင်းနှင့် ဓားဝှေ့ယမ်းခြင်းက မတူညီသည့်အရာများ ဖြစ်၏။

ဘန်း..

သူ၏ ဖန်တီးမှုအား ကြည့်ကာ ၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ၏ နံဘေးရှိ လီချမ်ချီ ဟု ရေးထားသည့့် တံဆိပ်တုံးအား ယူကာ ထုချလိုက်သည်။

ဤသည်က စုန့်ဘုရင်၏ တံဆိပ်တုံး ဖြစ်ပေသည်။

၀မ်ချောင် စုန့်ဘုရင် အိမ်တော်မှ မထွက်လာခင်ကတည်းက လူထင်အားပြောခဲ့ရာ စုန့်ဘုရင်က စိတ်လိုလက်ရ သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။

လေမှုတ်နေပြီး စာရွက်ပေါ်မှ မှင်ခြောက်သည်အထိ စောင့်ပြီးမှ စာအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် စာအိတ်ထက်တွင် စာအနည်းငယ် ရေးပြီးနောက် စုန့်ဘုရင်၏ တံဆိပ်တုံးနှင့် ထပ်မံ ရိုက်နှိပ်လိုက်သည်။

“ မုန့်လုံ... ”

“ အစေခံ ရှိပါတယ်.. ”

တံခါး၀ရှိ မုန့်လုံ ပြန်ဖြေလိုက်ပြီး အခန်းထဲသို့ ရိုသေစွာ ၀င်လာသည်။

“ ဒီစာအိတ်ကို တော်၀င်နန်းတော်ဆီပို့ပြီးတော့ ထိုက်ကျန်းကြင်ယာတော်ဆီ ပို့ပေးဖို့ ပြောလိုက်.. ပြီးတော့ ဒီတံဆိပ်တုံးကိုလဲ လူအရှင်ဆီ ပို့လိုက်ဦး.. ”

၀မ်ချောင် စားပွဲပေါ်မှ စာအိတ်နှင့် တံဆိပ်တုံးအား လက်ညှိုးညွှန်၍ ပြောလိုက်သည်။

အင်ပါယာအရှင်က ယုကျန်းနန်းဆောင်အား တည်ဆောက်ကာ ထိုက်ကျန်းကြင်ယာတော်အား စံစားစေသည်။ သာမာမန်လူများအနေဖြင့် စာပို့နိုင်ရန် မဖြစ်သည်ကို ၀မ်ချောင် သိပေသည်။ ထို့ကြောင့် စုန့်ဘုရင်၏ အဆင့်အတန်းအား အမှီပြု၍ စာအိတ်ပေါ်၌ တံဆိပ်နှိပ်လိုက်သည်က ထိုက်ကျန်းကြင်ယာတော်၏ လက်တွင်းသို့ လျှောလျှောရှူရှူ ရောက်သွားရန် လုံလောက်သည်။

“ ဒီစာအိတ်ကပဲ သူမ စုန့်ဘုရင်ကို ကူညီမယ် မကူညီဘူးဆိုတာ ဆုံးဖြတ်ပေးလိမ့်မယ်.. ”

၀မ်ချောင် တွေးနေသည်။

စာအိတ်နှင့် တံဆိပ်တုံးအား လွဲပေးပြီးသည်တွင် ၀မ်ချောင် သက်မ ချနိုင်သွားသည်။ ယခု စုန့်ဘုရင်၏ အရေးအား ဖြေရှင်းပြီးသည်ဖြစ်ရာ ၀မ်ချောင် သူ၏ ကျင့်ကြံခြင်းအား စတင်လိုက်၏။

သူက လူရိုင်းနတ်ဘုရား၏ဒေါသ ပထမဆင့်အား မူလစွမ်းအင် စွမ်းအား အလွှာခြောက်ထိ ကျင့်ကြံထားပြီးဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တူညီသွားပြီ ဖြစ်သည်။ အကယ်၍ ၀မ်ချောင် ထိုကျင့်စဉ်အား ပိုမိုအဆင့်တက်ချင်သည်ဆိုပါက မူလစွမ်းအင် အဆင့် ခုနစ်သို့ ရောက်ရှိရန် လိုအပ်သည်။

ဆိုရလျှင် သူ့အနေဖြင့် လူရိုင်းနတ်ဘုရား၏ ဒေါသအား လက်ရှိတွင် ဆက်လက် အဆင့်မြင့်တင်နိုင်ခြင်း မရှိတော့ပေ။

မည်သို့ဆိုစေ လူရိုင်းနတ်ဘုရား၏ဒေါသအား အောင်မြင်စွာ ကျင့်ကြံနိုင်သည့်အတွက် သူ၏ မူလစွမ်းအင်နှင့် ပေါင်းစပ်၍ ၀မ်ချောင်၏ ကိုယ်တွင်း စီးဆင်းစေပါက သူ၏ ကျင့်ကြံခြင်းအား များစွာ မြန်ဆန်စေနိုင်သည်က အလွန်ကောင်းသည့် အရာဖြစ်ပေသည်။

“ တကယ်လို့ ငါ ဒီထက်မြင့်တဲ့ အဆင့်တွေကို ရောက်ချင်တယ်ဆိုရင် ဒီမှာပဲ နေလို့ မရတော့ဘူး.. ”

၀မ်ချောင် ပြတင်းပေါက်အပြင်ဘက်အား ကြည့်ကာ တွေးနေသည်။ မြို့တော်၏ အလွန်တွင် တောင်တန်းအချို့အား သူမြင်နေရသည်။

မူလစွမ်းအင် သိပ်သည်းမှုက တောင်တန်းများရှိ တောများမှာ မြို့တော်ထဲထက်ပို၍ များပေသည်။ အကယ်၍ ၀မ်ချောင် ပိုမိုမြင့်မားသည့် ကျင့်ကြံဆင့်အား မြင့်တင်ကာ လူရိုင်းနတ်ဘုရား၏ ဒေါသအား အစွမ်းကုန် ထုတ်ဖော်ချင်သည်ဆိုပါက မြို့တော်မှ ထွက်ခွာကာ တောင်တန်းရှိ တောထဲသို့ သွားရပေလိမ့်မည်။

“ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ငါ ဒီကိစ္စကို နောက်မှ စဉ်းစားသင့်တယ် လောလောဆယ်တော့ ပြင်စရာရှိတာ အရင် ပြင်ထားလိုက်ဦးမယ်.. ”

၀မ်ချောင် စားပွဲခုံအား ညာဖက် လက်ညှိုးဖြင့် တောက်နေရင်း အရှေ့ကျွန်းစုမှ လုပ်ကြံသူအား သတိရလိုက်သည်။

တစ္ဆေခြေလှမ်းမှာ လုပ်ကြံသတ်ဖြတ်မှုနှင့် အလွန်လိုက်ဖက်ညီလှပြီး ထိုအမျိုးသမီး လုပ်ကြံသူအား ရန်သူများအကြား ဖမ်းနိုင်ရန် ခက်ခဲစေသည်။ အကယ်၍ ၀မ်ချောင် သူမအား အကြံထုတ်၍ မတားနိုင်ပါက ယခုအချိန်၌ သူ အလောင်းကောင် ဖြစ်နေပေလိမ့်မည်။

လက်ရှိ မြို့တော်၏ လုံခြုံရေး တင်းကျပ်မှုအရ ထိုအမျိုးသမီး သူ့အား လုပ်ကြံရဲလိမ့်မည် မဟုတ်ပေ။ မည်သို့ဆိုစေ သူ မြို့တော်ထဲမှ ထွက်ခွာသည်ပြီး တောင်တန်းပေါ်သို့ ရောက်သည်နှင့် အခြေအနေများက ကွာခြားသွားပေလိမ့်မည်။

တောအုပ်က လုပ်ကြံသူများအတွက် သဘာ၀၏ အားသာချက်ပင်။

ရှန့်ဟိုင်၊ မုန့်လုံ၊ အားလော်ဂျားနှင့် အဘလိုဒန်တို့၏ စွမ်းအားက သူ့အား ကာကွယ်ရန် မလုံလောက်သလို သူတို့ ကိုယ်တိုင်ပင် သူမ လုပ်ကြံမှုအား ခံလိုက်ရနိုင်သည်။

ထို့ကြောင့် ၀မ်ချောင် ခေါင်းကိုက်နေရသည်။

“ ပုဆိန်ဆိုတာ သွေးနေမှ သစ်ပင်ခုတ်လို့ရမှာ.. ဒီကိစ္စကို ဖြေရှင်းဖို့ ငါ့အတွက် စွမ်အားကောင်းတဲ့ ကိုယ်ရံတော် လိုအပ်နေပြီ.. ”

သူ၏ နဖူးအား ဖိနှိပ်လျက် ၀မ်ချောင် ခေါင်းကိုက်လျက်နေသည်။

သူ၏မိခင်နှင့် ညီမငယ်မှာ ၀မ်မိသားစုအိမ်တော် နေထိုင်သည်ဖြစ်ရာ အိမ်တော်၏ ကိုယ်ရံတော်များအား သူနှင့်အတူ ခေါ်ဆောင်သွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နည်းလမ်းတစ်ခုရှာကာ အပြင်ဘက်မှ ကျွမ်းကျင်သူအား ငှားယမ်းရပေလိမ့်မည်။

သူ၏ မှတ်ဉာဏ်များအတွင်း မွှေနှောက်ပြီး ၀မ်ချောင် သူ အားကိုးရလောက်မည့် ကျွမ်းကျင်သူအား ရှာဖွေနေသည်။

“ တွေ့ပြီကွ.. ”

ရုတ်တရက် ၀မ်ချောင် တစ်စုံတစ်ဦးအား အမှတ်ရလိုက်သည်။ ကျွမ်းကျင်သည့် ကိုယ်ရံတော်အား အချိန်တိုအတွင်း ရှာဖွေမည့် အကောင်းဆုံး နည်းလမ်းမှာ ကြေးစာငှားခြင်းသာ ဖြစ်ပေသည်။

၀မ်ချောင်က သိုင်းပညာအထူး ကောင်းမွန်သည့် ကြေးစားတစ်ဦးအား သိရှိပေ၏။ မည်သို့ဆိုစေ ထိုသူက ထူးခြားသည့် စရိုက်ရှိပြီး သူ၏ ကြေးက ထူးဆန်းပေသည်။ ထို့အပြင် အမြဲ ဖရိုဖရဲ ၀တ်စားနေထိုင်တတ်ရာ မည်သူမှ သူ့အား အပေါင်းအဖော် မလုပ်ချင်ကြပေ။

နှစ်အနည်းငယ်ကြာပြီးနောက် မတော်တဆတစ်ခုကြောင့် လူတိုင်းမှာ ထိုသူသည် အလွန်ကျွမ်းကျင့်သည့်သူမှန်း သိရှိသွားကြသည်။

သို့သော် ထိုအချိန်၌ သူ့အား တော်၀င်မိသားစု၏ ဘုရင့်အိမ်တော်တစ်ခုမှ ကိုယ်ရံတော်အဖြစ် ငှားယမ်းသွားပြီ ဖြစ်လေ၏။

မည်သို့ဆိုစေ ယခုလက်ရှိ၌ ထိုသူ မြို့တော်အတွင်းသို့ ရောက်စသာ ရှိပေဦးမည်။ သူ၏ ဖရိုဖရဲ၀တ်စားဆင်ယင်မှုနှင့် ရယ်ရွှင်ဖွယ်စျေးနှုန်းက ၀မ်ချောင်မဆိုထားနှင့် မည်သူမဆို သတိထားမိပေလိမ့်မည်။

“ ဟားဟားဟား ဒီလိုဆိုမှတာ့.... ”

၀မ်ချောင် ဆုံးဖြတ်ချက် ချလိုက်သည်။

..............

လီပိုင်နဲ့တုဖူဆိုတာ မဟာထန်ရဲ့ အကျော်ကြားဆုံး ကဗျာပညာရှင်နှစ်ယောက်ပါ..

သူတို့ကို ကဗျာသူတော်စင်ဆိုပြီး သူတို့ ရေးစပ်သီကုံးထားတဲ့ အရမ်းလှပပြီး တင့်တယ်လှတဲ့ ကဗျာတွေကြောင့် ကျော်ကြားတာ ဖြစ်ပါတယ်.. မန်ဒရင်းဘာသာစကားကို ပြောတတ်တဲ့သူတိုင်း ဒီနာမည်နှစ်ခုကို စိမ်းမှာ မဟုတ်ပါဘူး.

စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ( Song of Purity and Peace )

ဒီကဗျာကို လီပိုင် ရေးစပ်ထားတာဖြစ်ပြီး ထိုက်ကျန်းကြင်ယာတော်ရဲ့ အလှတရားကို ဖွဲ့ဆိုထားတာပါ..

Chapter 123 စွန့်စားသူတို့ မွေးရပ်မြေ

မဟာထန်သည် သိုင်းပညာထွန်းကားသည့် တိုင်းပြည်ဖြစ်၏။ အနည်းဆုံးအနေဖြင့် ၀မ်ချောင် သူ၏ ယခင်ပထမကမ္ဘာ သာမန်လူသားမျိုးနွယ်များထံမှ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်းကြောင့် ဆိုလိုခြင်း မဟုတ်ပေ။

တိုင်းပြည်က သိုင်းပညာရှင်များအား အလေးထားပြီး များစွာသော သိုင်းပညာရှင်များအား အလုပ်ပေးတတ်ခြင်းကြောင့် ဖြစ်သည်။ ထို သိုင်းပညာရှင်များက မတူညီသည့် စျေးနှုန်းအလိုက် ခွန်အားနှင့် အသုံး၀င်သည့်နေရာများ မတူညီကြပေ။ အချို့သူများက တာ၀န်တစ်ခုအတွက် ပုတ်ပြတ်ယူကြပြီး အချို့သူများက နည်းနည်းချင်းစီ ယူတတ်ကြသည်။ ထိုသူများထဲတွင် အနည်းငယ်သော သူများမှာတော့ ထူးခြားသည့် တောင်းဆိုချက်များနှင့် အလုပ်လုပ်တတ်ကြသည်။

ထိုကြေးစားများသည် မတူညီသည့် နောက်ခံမှ လာကြခြင်းဖြစ်ပြီး ကြေးစားဖြစ်လာရခြင်းအတွက် များစွာသော အကြောင်းပြချက်များ ရှိပေသည်။ အချို့က သာမန် ငွေလိုချင်၍သာဖြစ်ပြီး အချို့သူများထံ၌ မသန့်စင်သည့် ရည်ရွယ်ချက်များ ရှိကြသည်။

၎င်းတို့၏ အလုပ်ရှင်အား ပြန်လည်သတ်ဖြတ်ကာ ကံတရားခိုးယူသည်ဟူသည့် အကြောင်းအရာက မကြားဖူးသည့်အရာ မဟုတ်ပေ။

ငှားသင့် မငှားသင့် ထိုကြေးစား၏ နောက်ကြောင်းအား စုံစမ်းရမည်မှာ အလုပ်အပ်မည့်သူ၏ တာ၀န်သာ ဖြစ်ပေသည်။

“ အဲ့ဒါပဲ.. ”

မြို့တော်၏ အနောက်တောင်ဘက်ရှိ မြို့တံတိုင်းအနီး၌ ၀မ်ချောင် ခေါင်းမော့ကာ ကြည့်လိုက်သည်တွင် သာမန်ဆန်သည့် အခန်းကျဉ်းကျဉ်းနှင့် လက်ဖက်ရည်ဆိုင်လေးအား တွေ့လိုက်ရသည်။

ထို လက်ဖက်ရည်ဆိုင်ထက်တွင် သစ်သားဆိုင်းဘုတ်လေး တင်ထား၏။

“ စွန့်စားသူတို့ မွေးရပ်မြေ ”

ဆိုင်းဘုတ်ထက်ရှိ စာလုံးများက အရောင်လွင့်နေပြီဖြစ်ပြီး အချိန်၏ တိုက်စားမှုအား ခံထားရဟန်တူသည်။

“ သခင်လေး ဒီနေရာ ဟုတ်ပါသလား.. ”

“ ဒီနေရာက အတော်အခြေနေဆိုးနေတာပဲ... ”

ရှန့်ဟိုင်နှင့် မုန့်လုံက စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာက လက်ဖက်ရည်ဆိုင်ဟု ဆိုသော်ငြား လူအနည်းငယ်သာ ၀င်ထွက်သွားလာလျက်ရှိ၏။ ထို့အပြင် ဤနေရာက အလွန် အစွန်အဖျားကျနေသည်။

“ မပူပါနဲ့ ငါတို့ နေရာမှန်ကို ရောက်နေတာပါ.. ”

၀မ်ချောင်ယုံကြည့်ချက်အပြည့်နှင့် ပြုံးကာ ပြောလိုက်သည်။

အကယ်၍ သာမန် လက်ဖက်ရည်ဆိုင်လေးသာဆိုပါက အရှုံးပေါ်နေမည်က သေချာလှသည်။ သို့သော် မဟုတ်ပေ။ မဟာထန်အတွင်း ကြေးစားများ၏ စုရပ်က လူစည်ကားသည့်နေရာ တစ်နေရာမှ မရှိပေ။ အစွန်အဖျားကျလေ ပိုကောင်းလေ ဖြစ်သည်။

ပြီးလျှင် ဤ စွန့်စားသူတို့ မွေးရပ်မြေက မြို့တော်အတွင်း သူတို့၏ စုရပ်တစ်ခု ဖြစ်ပေသည်။

ရှန့်ဟိုင်နှင့် မုန့်လုံအား အချက်ပေးကာ ၀မ်ချောင် လက်ဖက်ရည်ဆိုင်တွင်းသို့ ၀င်သွားလိုက်သည်။ အပြင်ဘက်မှ ကြည့်လျှင် ညစ်ပတ်ကာ ဟောင်းနွမ်းသည့်ဟန် ပေါ်နေသော်လည်း အတွင်းထဲ၌မူ သန့်ရှင်းနေ၏။

၀မ်ချောင်က သူ၀င်လာရာ လမ်းတစ်လျှောင် မည်သည့် ဖုန်မှုန့်မှ မထသည်ကို သတိထားမိသည်။ လက်ဖက်ဆိုင်တွင်း ရောက်မှသာ အတွင်းမှ ကြမ်းပြင်သည်လည်း သန့်ရှင်းနေကြာင်း သတိထားလိုက်မိသည်။ ဤနေရာ၏ အပြင်အဆင်က မခမ်းနားသော်လည်း အပြင်ဘက်မှ မြင်ရသကဲ့သို့ စုတ်ပြတ်မနေပေ။ အနည်းဆုံး သာမန် လက်ဖက်ရည်များထက်တော့ သာနေသေးသည်။

လက်ဖက်ရည်ဆိုင်အတွင်း စားပွဲဝုိင်းအနည်းငယ်ရှိပြီး မတူညီသည့် ၀တ်စုံများ ၀တ်ဆင်ထားသည့် များစွာသော သိုင်းပညာရှင်များက ဖြန့်ကျက်နေရာယူထားကာ ထိုင်သူကထိုင်၊ လှဲသူကလှဲ သောက်သူကသောက်နှင့် စားပွဲများ၌ ရှိနေကြသည်။

၀င်လာသည်တွင် ဤနေရာသို့ ကြေးစားလာငှားရန် စောင့်နေသူများက လက်တစ်ဆုပ်စာသာ ရှိကြောင်း ၀မ်ချောင် သိလိုက်သည်။ ၀မ်ချောင်၏ ၀တ်စားဆင်ယင်မှုက လူချမ်းသာနှင့် တူနေရာ ပြဿနာကြီးကြီးမားမား မရှိပေ။

“ စာရေးကြီး.. ဒီနေရာရဲ့ အမြင့်ဆုံး စျေးနှုန်းက ဘယ်လောက်လဲ.. ”

အချိန်ဆွဲမနေတော့ပဲ ၀မ်ချောင် ကောင်တာရှိရာသို့သွားကာ ၀၀ဖိုင့်ဖိုင့်နှင့် စာရေးကြီးအား မေးလိုက်သည်။

“ ဟိုမှာ အပြာရောင်ပိုးသား၀တ်စုံနဲ့ လူကို မြင်လား အဲ့လူရဲ့ တန်ကြေးက တာ၀န်တစ်ခုကို တစ်ဖြတ်ယူတယ် တာ၀န်တစ်ခုကို အနည်းဆုံး ရွှေစ သုံးရာကျမယ်.. ကျုပ်တို့ လောကမှာတော့ သူ့ရဲ့ ကြမ်းတမ်းတဲ့ ဓားရေးကြောင့် သွေးစွန်းဓားလို့ ခေါ်ကြတယ်.. သူက အစစ်အမှန်သိုင်းသခင် ပထမအဆင့် ကျင့်ကြံသူပဲ သူ့ရဲ့အနေအထားအရဆိုရင် သူက ဘုရင့်အိမ်တော်တွေမှာ ကိုယ်ရံတော်လုပ်ဖို့အထိ လုံလောက်တယ်.. ”

ကောင်တာ၏နောက်မှ စာရေးကြီးက ၀မ်ချောင်အား ကြည့်ကာ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသည့် မျက်နှာသေနှင့် သက်လတ်ပိုင်းလူအား ညွှန်ပြလိုက်သည်။

ရှန့်ဟိုင်နှင့် မုန့်လုံတို့ ချက်ချင်း ၀မ်းသာသွားသည်။ အကယ်၍ သူတို့သာ အစစ်အမှန်သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ၏ အကူအညီအား ရထားပါက ၀မ်မိသားစုအိမ်တော်၏ လုံခြုံရေးက အလွန် စိတ်ချသွားရ ပေလိမ့်မည်။

မည်သို့ဆိုစေ ၀မ်ချောင်ကတော့ မကျေနပ်သေးပေ။

“ ရွှေစ သုံးရာပဲလား ဒီမှာ ကြေးကြီးတဲ့ ကြေးစား တစ်ယောက်မှ မရှိဘူးလား.. ”

၀မ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။

ရွှေစသုံးရာက ထိုသက်လတ်ပိုင်းလူ၏ ခွန်အားကို အကောင်းဆုံး ဖော်ပြနေသော်လည်း ၀မ်ချောင် ရှာဖွေနေသည်က သူနှင့် အဆင့်အတူ ရပ်တည်နိုင်မည့်သူ ဖြစ်ပေသည်။

သူ၏ အမြင်အရ ထိုသို့သောသူအား ရွှေစသုံးရာနှင့် အလုပ်ခေါ်၍ ရနိုင်မည် မဟုတ်ပေ။

“ ကြေးကြီးတဲ့သူ ဟုတ်လား.. ”

၀တုတ်စာရေးကြီးက ၀မ်ချောင်အား အထင်သေးဟန်ဖြင့် ကြည့်နေသည်။

“ ကျုပ်သိပြီ မင်းက ဒီမှာ လာပြီး ဟိတ်ဟန်လာထုတ်ပြီး ပြဿနာရှာနေတာပဲ.. ကောင်းပြီလေ မင်းရှာနေတဲ့လူက ဒုတိယထပ်ထောင့်မှာ ရှိတယ်.. စိတ်မပူနဲ့ မင်းတို့ လူမှားစရာ အကြောင်းမရှိဘူး.. ”

ပြီးနောက်စာရေးကြီးက နောက်လှည့်ကာ ၀မ်ချောင်အား လျစ်လျူရှုထားလိုက်လေတော့၏။

ပြုံးလိုက်ကာ ၀မ်ချောင် ထိုသူအား ကျေးဇူးတင်စကားဆိုလိုက်ပြီး သစ်သားလှေကားမှတစ်ဆင့် အပေါ်သို့ တက်သွားလိုက်သည်။

ဒုတိယထပ်သို့ ရောက်သည်တွင် ၀မ်ချောင် စာရေးကြီးပြောလိုက်သည့် လူမှားစရာမရှိ ဟူသည့် စကားအား သဘောပေါက်သွားခဲ့၏။ ဒုတိယထပ်၏ ကျယ်၀န်းလှသော အခန်းထဲတွင် အကန့်နှစ်ခု ရှိနေသည်။ တစ်ဖက်တွင် များစွာသော ကြေးစားမား ထိုင်နေကြသော်လည်း တစ်ခြားတစ်ဖက်တွင်တော့ မီးခိုးရောင်၀တ်စုံနှင့် သိုင်းပညာရှင် တစ်ဦးတည်းသာ ရှိသည်။

ထို မီးခိုးရောင်၀တ်သိုင်းပညာရှင်မှာ အသက် သုံးဆယ် လေးဆယ်အရွယ်ခန့် ရှိပြီး မုတ်ဆိတ်မွှေး အထူကြီးရှိသည်။ ထိုသူ ၀တ်ဆင်ထားသည့် မီးခိုးရောင် ၀တ်စုံက အနည်းငယ်ကွဲပြဲနေပြီး အခန်းတွင်းရှိ အခြား ကောင်းမွန်စွာ ၀တ်စားထားသည့် ကြေးစာများနှင့် ခြားနားနေစေသည်။

သို့တိုင် ထိုသူ၏ ကြေးက မနိမ့်ပေ။

သူ့ရှေ့တွင် တစ်ပေခန့်ရှိသည့် ဆိုင်းဘုတ်သေးတစ်ခု ရှိပြီး မျက်စိအား ဖမ်းစားနိုင်သည့် ဂဏန်းတစ်ခု ရေးထားသည်။

၅၀၀၀ ..

ထိုစျေးအားမြင်သည်နှင့် ၀မ်ချောင်မှာ ထိုသူအနီး၌ မည်သူမှ မထိုင်နေသည်ကို သဘောပေါက်သွားခဲ့သည်။ ထိုသူ တောင်းဆိုသည့် စျေးနှုန်းက မြင့်မားလှသည့် အတွက် မည်သူမှ ထိုသူနှင့် မပူးပေါင်းချင်၍ ဖြစ်သည်။

ထိုသူ၏ စျေးနှုန်းက အခြားသူများထက် ဆယ်ဆမက များပြားနေသည်ဖြစ်ရာ ချမ်းသာသည့် ကုန်သည်များပင် ထိုသူအား ငှားယမ်းရန် ဒုတိယအကြိမ် စဉ်းစားရပေလိမ့်မည်။

“ အဲ့ဒီလူပဲ.. ”

သစ်သားဆိုင်းဘုတ်လေးအား မြင်လျှင် ၀မ်ချောင် ပြုံးလိုက်သည်။ ထိုသူ လက်ဖက်ရည်ဆိုင်သို့ ရောက်လာသည်က မကြာသေးပေရာ သူ၏ စျေးနှုန်းကလည်း ရွှေစ ငါးထောင်မှ မကျသေးပေ။

၀မ်ချောင်က အချိန် အနည်းငယ်ကြာလျှင် စျေးက ငါးထောင်ရှိတော့မည် မဟုတ်ကြောင်း ကောင်းစွာ သိထားသည်။

“ ရှန့်ဟိုင် မုန့်လုံ ဒီကို အကောင်းဆုံးဝုိင် ယူလာခဲ့ပေး.. ”

၀မ်ချောင်ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ သခင်လေး.. ”

ရှန့်ဟိုင် ပြန်ဖြေကာ အလျင်အမြန် ထွက်သွားခဲ့သည်။ တစ်ဖက်၌ ၀မ်ချောင်က မီးခိုးရောင်၀တ် သိုင်းပညာရှင်ထံ လမ်းလျှောက်သွားနေသည်။

“ စားပွဲပေါ်က ဆိုင်းဘုတ်ကို မင်းမမြင်ဘူးလား.. တကယ်လို့ မင်း မတတ်နိုင်ဘူးဆိုရင် ငါ့ကို လာမနှောင့်ယှက်နဲ့. သောက်ချင် စားချင်လို့ပဲဆိုရင် တစ်ခြားစားပွဲမှာ သွားထိုင် ဒီစားပွဲဝိုင်းက မင်းကို မကြိုဆိုဘူး.. ”

မီးခိုးရောင်၀တ် သိုင်းပညာရှင်က အလွန်လေးနက်သည့်အသံဖြင့် ပြောသည်။ သူ၏ အသံထဲ၌ အထီးကျန်သည့် အငွေ့အသက်များ ပါ၀င်နေပြီး သူက လူအုပ်ကြီးနှင့် အရော၀င်၍ အဆင်မပြေသည့် သင်းကွဲဝံပုလွေတစ်ကောင်နှင့် တူနေသည်။ ထိုသို့သော စကားများ ပြောလိုက်သော်လည်း သူက ၀မ်ချောင်အား တစ်ချက်ပင်လှမ်းမကြည့်ပေ။

ထို့အပြင် ကြေးပြား အတော်များများတန်သည့် ဝိုင်အား ကိုယ်တိုင်ငှဲ့ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။

“ ကျုပ် ဒီကိုလာတာက ခင်ဗျားကို လာရှာတာ.. ”

၀မ်ချောင် ပြုံးထားသည်။ ခေါင်းမော့ကာ အရိပ်အခြည်ပြလိုက်သည်တွင် ၀မ်ချောင်၏ အမူအရာအား နားလည်သည့် ရှန့်ဟိုင်က ရှေ့ထွက်လာကာ ရွှေစအတော်များများ ထိုက်တန်သည့် နွယ်စိမ်းဝိုင်အား စားပွဲပေါ် တင်လိုက်သည်။

ရှန့်ဟိုင်မှ ရွံ့ပိတ်အား ဖယ်ရှားလိုက်သည်တွင် နွယ်စိမ်းပင်၏ လတ်ဆတ်လှသည့် မွေးရနံ့က ဝိုင်မှ ထွက်ပေါ်လာသည်။ ထို ရနံ့က လန်းဆန်းလှပေရာ လူတစ်ယောက်၏ ဝိဉာဏ်အား အားဖြည့်ပေးလိုက်သလိုပင် လူထူထပ်လှသည့် မြို့တော်မှနေ၍ ငြိမ်သက်တိတ်ဆိတ်လှသည့် တောတွင်းတစ်နေရာသို့ နေရာပြောင်းရွေ့သွားသလိုပင်။

“ ဒါက ခင်ဗျားအတွက် ကျုပ်ရဲ့ လက်ဆောင်ပဲ.. ဒီလိုနေရာမှာတော့ ဒါက အခုချိန်မှာ ကျုပ် ခင်ဗျားအတွက် ယူပေးနိုင်တဲ့ အကောင်းဆုံး အရက်ပဲ.. ”

၀မ်ချောင် ထပ်မံ ပြုံးလိုက်သည်။

သူက ထိုစကားများအား အလွန် သိမ်မွေ့စွာ ပြောလိုက်ခြင်း ဖြစ်သည်။

၀မ်ချောင်က ထိုသို့ ကိုယ်စွမ်းကိုယ်စ ရှိသူများအား တစ်ခါမှ အထင်မသေးခဲ့ဖူးပေ။ ဟိုက်ဒရာဘတ်စာချုပ်က ရွှေစ ကိုးသောင်းသာ တန်ကြေးရှိသော်လည်း ၀မ်ချောင်က အဘလိုဒန်နှင့် အားလော်ဂျားတို့အား ပေးခဲ့သည့် စုစုပေါင်းက တစ်သိန်းကျော်ရှိသည်။ လျှို့ဝှက် မှော်ဆေးပညာရှင် အစည်းအရုံး၏ အရိပ်နေရာအတွက် များပြားသည့် ရွှေစနှစ်သိန်းအား သူအသုံးပြုခဲ့ရသော်လည်း မျက်တောင်တစ်ချက် မတွန့်ခဲ့ပေ။

သူ့အတွက် အသုံး၀င်မည်ဆိုပါက ၀မ်ချောင် မည်မျှ ကုန်ကျပါစေ ဂရုမစိုက်ပေ။

ရွှေစ ခြောက်စ ခုနစ်စ ခန့်က အရက်၀ယ်သောက်ရန် များပြားသည်ဟု ဆိုနိုင်သော်လည်း ၀မ်ချောင်မှာ သူ၏ ရှေ့ရှိလူသည် ထိုထက်များစွာ တန်ကြေးရှိသည်ဟု ယုံကြည်ထားသည်။

ထိုသို့သော ဝိုင်အား ပေးခြင်းကပင် ထိုလူအတွက် မမျှတဟု ခံစားနေရသေးသည်။

စားပွဲပေါ်မှ နွယ်စိမ်းဝိုင်အား မြင်လျှင် မီးခိုးရောင်၀တ် သက်လတ်ပိုင်းလူ၏ မျက်လုံး ရုတ်ချည်း ကြည်လင်သွားသည်။ သူ၏ မျက်နှာက အေးစက်လျက် ရှိနေသေးသော်လည်း ယခင်ကလို သူစိမ်းမဆန်နေတော့ပေ။

“ ငါဒါကို အရင် လက်ခံလိုက်မယ် ငါ့ တန်ကြေးကတော့ လုံး၀ မလျော့ပေးနိုင်ဘူး.. ”

“ ရွှေစ ငါးထောင်ပဲလား. ”

“ လတိုင်း လတိုင်း .. ”

မီးခိုးရောင်၀တ် သက်လတ်ပိုင်းလူက ယတိပြတ် ဖြေလိုက်သည်။

“ ကျုပ်နားလည်ပြီ.. ”

၀မ်ချောင် ပြုံးလိုက်သည်။

ရွှေစငါးထောင် လတိုင်း ပေးရမည်ဆိုပါက နှစ်စဉ် လစာ ရွှေစ ခြောက်သောင်းဟု ဆိုလိုသည်။ ချမ်းသာသည့် ကုန်သည်များပင် ထိုပမာဏအား လက်ခံနိုင်မည် မဟုတ်ပေ။

ထို့အပြင် ကျော်ကြားသည့် ကလန်များသည်လည်း ၎င်းတို့ကိုယ်ပိုင် သိုင်းပညာရှင်များ ရှိ၏။ အပြင်လူအား ငှားယမ်းခြင်းထက် သူတို့၏ လူထံ၌သာ ရင်းနှီးမြှုပ်နှံကြလိမ့်မည် ဖြစ်သည်။

ရွှေစ ငါးထောင်က အခြားသူများအတွက် များပြားနေမည် ဖြစ်သော်လည်း ၀မ်ချောင်အတွက် စာမဖွဲ့လောက်ပေ။ လက်ရှိ ၀မ်ချောင် လိုအပ်နေသည်က ငွေမဟုတ်ပဲ စစ်မှန်သည့် ပညာရှင်၏ အကာကွယ်သာ ဖြစ်လေသည်။

စားပွဲနောက်ရှိ မီးခိုးရောင်၀တ် သက်လတ်ပိုင်းလူက ၀မ်ချောင်အား အသေအချာ စူးစိုက်ကြည့်နေသည်။ လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိသည့်နေ့မှစ၍ လူများက သူ့အား လှောင်ပြောင်ကာ ရှောင်ကွင်းသွားကြသည် ချည်း ဖြစ်၏။

၀မ်ချောင် တစ်ဦးတည်းသာလျှင် သူ့အား သဘောရိုးနှင့် ဆက်ဆံပြောဆိုပေသည်။

“ ငါ အရင်ပြောမယ် ငါ့အလုပ်အတွက် ငါလိုချင်တဲ့အချက်တွေ ရှိတယ်.. ”

“ ပြောပါ.. ”

“ ပထမဆုံး ငါ့လုပ်အားခကို လက်ငင်းလိုချင်တယ်.. ဘယ်လို နှောင့်နှေးမှုကိုမှ လက်မခံဘူး.. ”

“ ကျုပ်ဖက်က အဆင်ပြေတယ်.. ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်သည်။

“ ဒုတိယအနေနဲ့ ငါက မင်းရဲ့အမိန့်ကို နာခံမှာ မဟုတ်ဘူး.. ငါ့ကို ငှားပြီးပြီဆိုတာနဲ့ ငါက မင်းရဲ့ လုံခြုံရေးတစ်ခုကိုပဲ တာ၀န်ယူမယ်.. တစ်ခြား ဘယ်ကိစ္စမှ ငါနဲ့ မဆိုင်ဘူး..

”

“ ဒါကိုလည်း ကျုပ် သဘောတူတယ်.. ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်ပြန်သည်။

“ တတိယအနေနဲ့ င့ါကို မချုပ်ချယ်ထားရဘူး.. ငါ့ကို အလုပ်အပ်ပြီးတာနဲ့ ငါသွားချင်တဲ့နေရာ ငါသွားမယ် မင်းမှာ ငါ့ကို တားပိုင်ခွင့် မရှိဘူး.. မင်းရဲ့ လုံခြုံရေးကို ငါပေးနိုင်သမျှ ကာလပတ်လုံး ငါမင်းရှေ့ကို ပေါ်လာတာ မပေါ်လာတာက ငါ့ပြဿနာ မဟုတ်တော့ဘူး.. ”

“ ကောင်းပြီလေ.. ”

၀မ်ချောင် ခေါင်းငြိမ့်လိုက်ပြန်သည်။ မည်သို့ဆိုစေ ရှန့်ဟိုင်နှင့် မုန့်လုံ၏ မျက်နှာက တစ်ဖက်လူ၏ စကားများအားကြားလျှင် ပိုမို ပျက်ယွင်းလာကြသည်။

“ နောက်ဆုံးအနေနဲ့ တကယ်လို့ ငါ ထွက်သွားချင်တယ်ဆိုရင် ငါသွားချင်တဲ့အချိန် ထွက်သွားခွင့် ပြုပေးရမယ်.. ”

မီးခိုးရောင်၀တ် လူကြီးက သူ၏ နောက်ဆုံး တောင်းဆိုချက်အား ပြောလိုက်သည်။

“ ဟေ့လူ နောက်နေတာလား.. ဒါက ဘယ်လို အလုပ် သဘောတူညီချက်ကြီးလဲ.. ”

“ တစ်လကို ရွှေစ ငါးထောင်လဲ ပေးရဦးမယ်.. ဒါတောင်မှ ခင်ဗျားက စိတ်ပါမှ ထွက်လာမယ် ဟုတ်လား ဒီလောကမှာ အလုပ်ကို ဒီလိုလုပ်တာ ခင်ဗျားကြားတောင် ကြားဖူးရဲ့လား.. ”

၀မ်ချောင် မတုန့်ပြန်နိုင်ခင်၌ ရှန့်ဟိုင်နှင့် မုန့်လုံတို့ စိတ်မထိန်းနိုင်တော့ပဲ ၀င်ပြောလိုက်သည်။ ဤသည်က ကြေးစားငှားခြင်း မဟုတ်တော့ပေ။ ဘိုးဘေးများ လာကယ်ရန် စောင့်ဆိုင်းသည်က ပို၍ ဖြစ်နိုင်ချေ ရှိဦးမည်။

ထိုမျှ ကြေးကြီးသည့်အပြင် များပြားသော တောင်းဆိုချက်များလည်း ရှိသေးသည်။ သူတို့အား အရူးများဟု ထင်နေသည်လား။

မီးခိုးရောင်၀တ် သက်လတ်ပိုင်းလူက ရှန့်ဟိုင်နှင့် မုန့်လုံ၏ တုန့်ပြန်မှုအား အလေးထားပေ။ သူ၏ခေါင်းအား အသာမော့ကာ ၀မ်ချောင်ကိုသာ ကြည့်နေသည်။

“ သခင်လေး.. ဒါကို ဘယ်လို အလုပ်သဘောတူညီချက်လို့ ခေါ်လို့ရဦးမှာလဲ.. တစ်ခုခုဖြစ်ခဲ့ရင် သခင်လေးရဲ့ ငွေတွေ အလကားဖြစ်သွားလိမ့်မယ်.. ”

ရှန့်ဟိုင်က ဤကိစ္စအား ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။ သူ ထိုစကားများအား ပြောပြီးသည်တွင် သူ၏ နောက်မှ ရယ်သံများစွာ ထွက်ပေါ်လာ၏။

“ မင်းအခု သိပြီလား.. ”

“ ငါတို့ ဘာလို့ သူနဲ့ အတူတူမထိုင်လဲဆိုတာ နားလည်ပြီလား.. ”

“ ဒီခွေးကောင်က သူ့ကိုယ်သူ စောက်ရမ်းအရေးပါတဲ့သူလို့များ ထင်နေတာလားမသိဘူး မာနတစ်ခွဲသားနဲ့ အရူးလုပ်နေတယ်.. ”

“ နောက်ဆုံးတော့ မင်းတို့လဲ အခြေအနေကို သဘောပေါက်သွားပြီပေါ့.. ကြည့်ရတာ မင်းတို့ အချိန်တွေ အလဟဿ ဖြစ်သွားပုံပဲ.. ”

.....

၀မ်ချောင် ၀င်လာသည်နှင့် အခြားသူများက သူတို့အား သတိထားနှင့်မိပြီးဖြစ်ပြီး ဤအခြေအနေကိုလည်း မျှော်လင့်ထားကြပြီးဖြစ်သည်။

“ ငါတို့ဆီမှာ တကယ်ကျွမ်းကျင်တဲ့သူ တစ်ချို့ရှိပါတယ်.. ဒီကိုလာပြီး ငါတို့နဲ့ စကားလာပြောပါလား.. ”

၀မ်ချောင်ရှေ့၌ သူတို့ကိုယ်သူတို့ အမွှန်းတင်နေကြသူများလည်း ရှိ၏။

“ သဘောတူတယ်.. ”

လူတိုင်းက ရယ်နေကြချိန်၌ ၀မ်ချောင် အဆုံးတွင် စကားပြောလိုက်သည်။ သူ၏ ထိုစကားလုံးက ပဉ္စလက်အတတ်များ ပါ၀င်နေသလိုပင်။

တစ်ချိန်တည်း အခန်းတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ၀မ်ချောင်အား မယုံနိုင်ဟန်ဖြင့် ငေးကြည့်နေကြသည်။

အစဉ်တည်ငြိမ်နေသည့် မီးခိုးရောင်၀တ် လူကြီးသည်ပင် ၀မ်ချောင်၏ စကားကြောင့် အံ့သြသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

Chapter 124 ယုကျန်းနန်းတော်မှ အပြောင်းအလဲ

သူ၏ အပြောအဆိုက မည်မျှ အလျင်လိုသွားမှန်း မီးခိုးရောင်၀တ်လူကြီးက သိထားပြီး သူ့ရှေ့မှ လူငယ်အပေါ် မျှော်လင့်ချက်လဲ သိပ်မထားပေ။

ထိုလူငယ်က သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်လိမ့်မည်ဟု သူလုံး၀ ထင်မထားချေ။

“ ဒီကောင်လေး ဦးနှောက်က ဘာလဲဟ ဘယ်လိုလုပ်ပြီး သဘောတူရတာလဲ.. ”

“ သူ့မှာ ငွေအရမ်းပေါနေလို့လား.. ”

“ အဲ့တာဆိုရင်တောင် ငွေတွေကို အဲ့လူလို အမှိုက်ဆီမှာ မသုံးသင့်ဘူးမဟုတ်လား.. ”

“ ပြီးတော့ အဲ့လူရဲ့ နောက်ကြောင်းကိုရော သိလို့လား.. ”

....

၀မ်ချောင်၏နောက်ရှိ ကြေးစားနှင့် အခြားသူများအားလုံးက ဤမြင်ကွင်းအပေါ် လက်ခံနိုင်ခြင်းမရှိကြပေ။ ရွှေစတစ်ရာက ကျွမ်းကျင်သူတစ်ဦးကို ငှားယမ်းရန် လုံလောက်သည့်တိုင် ဤလူငယ်က ထိုယုံကြည်မရနိုင်သည့်သူအပေါ် ရွှေစငါးထောင်သုံးရန် ရွေးချယ်ခဲ့သည်။

ပို၍ အရေးကြီးသည်က တစ်ဖက်လူ၏ နောက်ကြောင်းကို မသိပဲ ရွေးချယ်ခဲ့ခြင်းသာ။

ထိုသို့သော လုပ်ရပ်က အလွန်ရူးမိုက်လွန်းပေသည်။

“ ဒီတော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာတဲ့လဲ.... ”

၀မ်ချောင် ပြုံးနေ၏။ စကားဝိုင်း အစမှအဆုံးတိုင် သူ၏မျက်နှာက ပြောင်းလဲခြင်းမရှိ တစ်ဖက်လူအား ပြောဆိုနေသည့်အကြောင်းက အရေးမပါသည့်ပမာ။

မီးခိုးရောင်၀တ်လူကြီးက ၀မ်ချာင်အား အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ပထမဦးဆုံးအနေနှင့် သူ့ရှေ့ရှိ လူငယ်အား ဖောက်မမြင်နိုင်ဟု ခံစားလိုက်မိသည်။

၀မ်ချောင်က တစ်ဖက်လူ၏ အဖြေကို စောင့်ဆိုင်းနေစဉ်၌ အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

“ တကယ်လို့ မင်းက ဒီငွေအများကြီးကို လိုချင်တယ်ဆိုရင်တော့ မင်းမှာ တတ်နိုင်စွမ်းရှိဖို့လိုတယ်.. သခင်လေး အတွက် ကျုပ် သူ့ကို စမ်းသပ်ပါရစေ ”

လေထုပေါက်ကွဲသံပေါ်လာပြီး စွမ်းအာပြင်းသည့် လက်သီးက ၀မ်ချောင်၏ နံဘေးမှ ထွက်ပေါ်လာသည်။ လေထုအား ဖြိုခွင်းလျက် လက်သီးက မီးခိုးရောင်၀တ်လူထံသို့ တည့်မတ်စွာ တိုး၀င်သွားခဲ့သည်။

လက်သီး၀န်းကျင်၌ အဖြူရောင်လှိုင်းများပင် ထွက်ပေါ်နေ၏။ ထိုသည်က မူလစွမ်းအင် အဆင့်ကိုး စွမ်းအားရှင်၏ သင်္ကေတဖြစ်ပြီး လှိုင်းကွင်းများဟု ခေါ်သည်။

“ ရှန့်ဟိုင် မလုပ်နဲ့... ”

၀မ်ချောင်၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး ရှန့်ဟိုင်အား ချက်ချင်း တားဆီးလိုက်သော်လည်း နောက်ကျနေခဲ့ချေပြီ။ အေးစက်သည့် နှာမှုတ်သံတစ်ခုကို ကြားလိုက်ရပြီး တစ်ချိန်တည်း၌ ရှန့်ဟိုင်၏ ပြင်းထန်လှသည့် လက်သီးက မီးခိုးရောင်၀တ်လူကြီး၏ ရှေ့၌ နံရံတစ်ခု ရှိနေသကဲ့သို့ ရပ်တန့်သွားခဲ့သည်။

“ ဟမ့် ဖင်ခေါင်းကျယ်နေတဲ့ အရူးပဲ... ”

မျက်တောင်တစ်ခတ်အတွင်း ယုံကြည့်ချက်ပြည့်၀ကာ အနည်းငယ် မကျေမချမ်းဖြစ်နေသည့် အသံတစ်ခုကို လူတိုင်းကြားလိုက်ရသည်။ ပြီးနောက် အထင်ကြီးစရာမရှိသည့် မီးခိုးရောင်၀တ်လူထံမှ စွမ်းအားကောင်းသည့် အငွေ့အသက်များက မုန်တိုင်းအလား ထွက်ပေါ်လာသည်။

ဟူးလားလား...

မြေပြင်အက်ကွဲသွားသည့်အသံအလား လက်ဖက်ရည်ဆိုင်အတွင်း လေပြင်းထန်သွားကာ အားလုံး၏ အ၀တ်များက တဖျတ်ဖျတ် လွင့်နေသည်။ ပြင်းထန်လှသည့် လေ၏ အလည်၌ ရှန့်ဟိုင်မှာ ရာဘာဘောလုံးကဲ့သို့ လွင့်စင်သွား၏။ ဘုန်း အခန်းအဆုံးရှိ နံရံ၌ ကပ်နေသည်။

“ သဘောတူတယ်.... ”

လေက တဖြည်းဖြည်း ငြိမ်သွားပြီး မီးခိုးရောင်၀တ်လူက ဓားတစ်လက် ဓားအိမ်မှ ဆွဲထုတ်လိုက်သည့်အလား ထိုင်ရာမှ ထလာသည်။ ဆန့်ကျင်ဘက် ဆယ်ကျန့်ခန့်အကွာမှ ရှန့်ဟိုင်သည်လည်း ပြန်လည် ထလာပြီ ဖြစ်သည်။ အံ့အားသင့်ရသည်က ရှန့်ဟိုင် အနည်းငယ်မှ ထိခိုက်မှု မရှိခြင်း ဖြစ်သည်။

တစ်ချိန်တည်း၌ လူတိုင်း ကြောင်အသွားခဲ့သည်။ ၀မ်ချောင်၏ နံဘေးရှိ မုန့်လုံသည်လည်း ထိုမြင်ကွင်းအား ကြောင်အစွာ ငေးကြည့်နေသည်။

စွန့်စားသူများ မွေးရပ်မြေမှာ ကြေးစားများအား ငှားရမ်းသည့် လက်ဖက်ရည်ဆိုင် ဖြစ်သည့်တိုင် အဆင့်နိမ့်နေရာတစ်ခုသာ ဖြစ်သည်။

ထိုမျှ စွမ်းအားကောင်းသည့် ပညာရှင်တစ်ဦး ဤနေရာ၌ ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမှ မထင်ထားချေ။ ထိုသူနှင့် လပေါင်းများစွာ ရှိနေသည့် အခြားကြေးစားများက ပို၍ပင် အံ့အားသင့်နေကြသည်။

“ ဒီလူက အတွင်းအားကိုပါ ထုတ်သုံးနိုင်စွမ်းကို ထောက်ရင် အနည်းဆုံး သိုင်းသခင်နယ်ပယ် ဖြစ်လိမ့်မယ်.. ပြီးတော့ သူ့ရဲ့ သာမန်လှုပ်ရှားမှုတစ်ခုက ဒီလို လုပ်နိုင်စွမ်းကိုကြည့်ရင် ဒီလူက မြင်နေရတာထက် ပိုအစွမ်းထက်တဲ့သူ ဖြစ်ဖို့များတယ်.. ”

“ ပြီးတော့ ရှန့်ဟိုင်ကို လွင့်စင်သွားစေပေမဲ့ ဘာဒဏ်ရာမှ မရအောင် ထိန်းချုပ်နိုင်စွမ်းအရ ဒီလူရဲ့ ခွန်အားကို ထိန်းချုပ်နိုင်စွမ်းက ဆရာသခင်အဆင့်ဖြစ်နေပြီဆိုတာပဲ ဒီလူက အနည်းဆုံး သိုင်းသခင် အဆင့် ၆ ဖြစ်ရမယ်.. ”

.......

အရှေ့ရှိ မီးခိုးရောင်၀တ်လူအား ကြည်နေရင်း ၀မ်ချောင်၏ အတွေးထဲ၌ ထိုအကြောင်းအရာများ တန်းစီပေါ်လာသည်။ ယခင်ဘ၀၌ အလယ်ပိုင်းလွင်ပြင်၏ မဟာစစ်သေနာပတိချုပ် ဖြစ်ခဲ့သည့် အားလျော်စွာ သူ၏ အမြင်အာရုံက ထက်မြက်လွန်းပေသည်။ မည်သို့ဆိုစေ သူ၏ နိမ့်ပါးလှသည့် ကျင့်ကြံခြင်းအဆင့်ကြောင့် တစ်ဖက်လူ၏ ခွန်အားအစစ်အမှန်ကိုတော့ မမြင်နိုင်ခဲ့ပေ။

“ သဘောတူတယ်.. ”

ထိုအတွေးများ ခေါင်းထဲ ဖြစ်ပေါ်လာချိန်၌ ၀မ်ချောင် အလျင်အမြန် လက်ဆန့်ထုတ်ကာ မီးခိုးရောင်၀တ်လူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ရွှေစငါးထောင် ပေးလိုက်ပြီးနောက် ထိုလူ၏ အမည်မှာ လီကျူးရှင် ဖြစ်ကြောင်း ၀မ်ချောင် သိလိုက်ရသည်။ သူ၏ နောက်ကြောင်းနှင့်ပက်သက်၍မူ တစ်ခွန်းတစ်ပါဒမျှ မဆိုချေ။

ရွှေစငါးထောင် ရပြီးနောက် လီကျူးရှင်က သူပြောခဲ့သည့်အတိုင်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ရှန့်ဟိုင်နှင့် မုန့်လုံက ထိုအပြုအမူနှင့် ပက်သက်၍ မကျေမချမ်းဖြစ်နေသော်လည်း ၀မ်ချောင်ကတော့ အမှုမထားချေ။

၀မ်ချောင်က လီကျူးရှင်အကြောင်း များစွာ မသိသည့်တိုင် ထိုသူက ယုံကြည်ထိုက်သည့်သူမှန်းတော့ သိပေသည်။ ထိုသူက ပြောသည့် စကားကို တည်သည့်သူဖြစ်ပေသည်။

အကယ်၍ ထိုမျှ မဟုတ်ပါက မဟာထန်၏ ဘုရင်တစ်ပါးက ထိုသူအား ကိုယ်ပိုင်အစောင့်အရှောက်အနေဖြင့် အနားခေါ်ထားမည် မဟုတ်ပေ။

“ နောက်ဆုံးတော့ လူရိုင်းနတ်ဘုရားရဲ့ဒေါသကို ငါ စိတ်အေးလက်အေး ကျင့်ကြံလို့ ရပြီလေ... ”

စွန့်စားသူများ မွေးရပ်မြေဆိုင်၏ ရှေ့ရှိ မြင်းလှည်းနံဘေး၌ ရပ်နေရင်း ၀မ်ချောင် သက်ပြင်းချလိုက်သည်။ လီကျူးရှင်ကဲ့သို့သော စွမ်းအားရှင်တစ်ယောက် သူ့ဘေး၌ ရှိနေခြင်းက သူ့ကိုယ်သူ အကာအရံတစ်ထပ် ထပ်တိုးလာသည့်အလား ၀မ်ချောင် ခံစားမိသည်။

သူက တောထဲတောင်ထဲသွားကာ ကျင့်ကြံခြင်းကို မြင့်တင်ရန် စိတ်အေးချမ်းသာ ကျင့်ကြံနိုင်တော့မည် မဟုတ်ပါလား။

ကျား....

ကြိမ်းသံနှင့်အတူ မြင်းလှည်းက လမ်းမတစ်လျှောက် စတင်ခုန်ပေါက် ပြေးလွှားသည်။ သို့ဆိုစေ သူက ၀မ်ကလန်သို့ ပြန်မည့်အစား မြို့၀င်ပေါက်အား ကျော်၍ တောင်များဆီသို့ ဦးတည်လိုက်သည်။

......

၀မ်ချောင်က တောင်များဆီသို့ နေ့စဉ်သွားကာ ကျင့်ကြံနေချိန်၌ တော်၀င်နန်းတော်အတွင်း မုန်တိုင်းတစ်ခု စတင်နေလေသည်။

“ အရှင်မ စုန့်ဘုရင်က စာတစ်စောင်ပို့လိုက်ပါတယ်... ”

အသံနှင့်အတူ အလွန်လှပကာ မဟာဆန်လွန်းလှသော ယုကျန်းနန်းတော်အတွင်းသို့ အထိန်းတော်အိုကြီးတစ်ဦးက ၀င်လာသည်။

“ ဘယ်လို ”

အနီရောင်တဲအတွင်းမှ အံကြိတ်သံ ထွက်ပေါ်လာ၏။ ထိုက်ကျန်းကြင်ယာတော်၏ ထိုအသံထဲ၌ ဒေါသများကို ခံစားရနိင်သည်။

“ လီချမ်းချီ နင် အရမ်းလွန်သွားပြီ.. နင် ငါ့ကို အရှက်ခွဲတာ မလုံလောက်သေးဘူးများ ထင်နေတာလား.. တော်၀င်ရုံးတော်မှာ အမှုထမ်းတွေရဲ့ရှေ့ အရှက်ခွဲတာမှ မလုံလောက်သေးပဲ ငါ့ကို စာပို့ပြီးပါ ဝေဖန်ရဲတယ်ပေါ့လေ... ငါ အရင်ဘ၀က နင့်ကို ဘယ်လိုများ ဆန့်ကျင်ခဲ့လို့ ငါ့ကို အခုလို အရှက်လိုက်ခွဲနေရတာလဲ... ”

အကယ်၍ တော်၀င်ရုံးတော်အတွင်း၌ သူမ အမုန်းဆုံးသူကို ညွှန်ပြပါ ဆိုပါက ထိုသူမှာ စုန့်ဘုရင် လီချမ်းချီပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ သူ့ကြောင့်သာမဟုတ်လျှင် သူမက အင်ပါယာမင်းတရားကြီးအနား ရောက်နေပြီး ဖြစ်ပေလိမ့်မည်။

လီချမ်းချီကြောင့်သာ သူမက ထိုလှိုင်းလုံး၏ အလည် ရောက်ခဲ့ရပြီး တော်၀င်ရုံးတော်တစ်ခုလုံးက သူမအား ဆန့်ကျင်နေကြခြင်း ဖြစ်လေသည်။ သူမ ထိုလူအပေါ် မမုန်းပဲ မည်သို့ နေမည်နည်း။

လီချမ်ချီ၏ သူမအပေါ် ထားသည့် သဘောထားအရ ထိုစာအိတ်အတွင်း၌ သူမအား စော်ကား ပြောဆိုမည့်စကားလုံးများ ပြည့်နှက်နေမည်က သိသာလှသည်။

“ အရှင်မ ဒီစာအိတ်ကို ဘယ်လိုလုပ်ရပါမလဲ.. ”

“ ဘယ်လိုလုပ်ရယ်ဆိုတာကအစ လိုက်ပြောနေရမှာလား... မီးရှို့လိုက်... ”

ထိုက်ကျန်းကြင်ယာတော် အေးစက်စွာ မာန်မဲလိုက်၏။

“ ဟုတ်ကဲ့ပါ.. ဒီနိမ့်ကျတဲ့အစေခံက ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်.. ”

အထိန်းတော်အိုကြီး၏ ကိုယ်တွင်း လေအေးများ ၀င်လာသကဲ့သို့ အေးစက်သွားပြီး ဦးခေါင်းအလျင်အမြန်ငုံ့ကာ ထွက်သွားလိုက်သည်။

အလွန်ဝေးကွာလှသည့် ယုကျန်းနန်းတော်တစ်နေရာ၌ ဆယ်ကျော်သက်အရွယ် ရံရွေတော်မလေးတစ်ဦးက ဒူးတုပ်ကာ မီးမွှေးနေ၏။ သူမ၏ နံဘေး၌ အလွန်လှပသည့် အ၀တ်အစားများ ပုံထားလေသည်။

များမကြာမှီ အခန်းတွင်း၌ မီးတောက်လာလေ၏။

တော်၀င်နန်းတော်အတွင်း၌ ကြင်ယာတော်များ၏ အ၀တ်အစား အသုံးအဆောင်များအား လွင့်မပစ်ပေ။ အခြားသူများက ပြန်လည်အသုံးပြု၍ ညစ်ညမ်းစေခြင်းမရှိစေရန် မီးရှို့ပစ်ရသည်။

ထိုသို့ ပြုလုပ်သည့်နေရာအား အ၀တ်အစားပြာချဌာနဟု ခေါ်လေသည်။

“ ဒီစာအိတ်ကို ယူသွား အရှင်မက ဒီဟာကို မီးရှို့လိုက်ဖို့ မိန့်မှာလိုက်တယ်.. ”

အထိန်းတော်အိုကြီးက စုန့်ဘုရင်၏ စာအိတ်အား စားပွဲထောင့်သို့ ပစ်တင်လိုက်ကာ ရံရွေတော် ပြန်လည် မတုန့်ပြန်မှီ၌ပင် ထွက်ခွာသွားခဲ့လေ၏။ တော်၀င်နန်းတော်အတွင်း လုပ်ငန်းဆောင်တာများ များပြားလှသည့်ဖြစ်ရာ ဤ မိန်းမငယ်လေးအား အသေးအမွှားလေး လုပ်ဆောင်ရန် တာ၀န်ပေးလိုက်သည်က လိုအပ်သည်ထက် ပိုနေပြီးဖြစ်သည်။

သူမကဲ့သို့ ဝါရင့်အထိန်းတော်ကြီးတစ်ဦးအနေနှင့် ပိုမို အလုပ်ရှုပ်ပေသည်။

ရံရွေတော်ငယ်လေးက ထွက်ခွာသွားသည့် အထိန်းတော်အိုကြီးက ကျောပြင်အား ငေးကြည့်နေသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စားပွဲပေါ်မှ စာအိတ်အား ကောက်ယူကာ ဖွင့်လိုက်သည်။ မီးမရှို့ခင် တော်၀င်နန်းတော်မှ အသုံးအဆောင်များအပေါ် စပ်စုတတ်သည့်အကျင့် သူမထံ၌ ရှိလေသည်။

မည်သို့ဆိုစေ စာအိတ်အတွင်းမှ စာကို မြင်လိုက်သည်တွင် ရံရွေတော်ငယ်လေးက မှင်သက်သွားခဲ့သည်။

....

ထိုက်ကျန်းကြင်ယာတော်မှာ ယုကျန်းနန်းတော်အတွင်း များမကြာသေးမှီမှစ၍ တစ်ခုခု ပြောင်းလဲနေသည်ဟု ခံစားနေမိသည်။

သူမအား အ၀တ်အစားလာရောက်ပို့ဆောင်သည့် ရံရွေတော်ငယ်လေးများက အစဉ်သဖြင့် တဲအပြင်ဘက်မှနေ၍ သူမအား ချောင်းကြည့်လေ့ရှိကြသည်။ အစားအသောက် လာရောက်ပို့ဆောင်သူများလည်း ထိုနည်း၎င်းဖြစ်ကာ သူမ စားသောက်ပြီးစီးသွားသည်၌ပင် လက်ထဲ၌ ပန်းကန်လွတ်အားကိုင်၍ ငေးကြည့်နေဆဲဖြစ်လေသည်။ ထိုအပြုအမူများက ရဲတင်းသည်ဟု ဆိုနိုင်သော်လည်း များမကြာမှီ အထိန်းတော်အိုကြီးများကိုယ်တိုင် ထိုသို့ ပြုမူလာကြသည်။

ထိုက်ကျန်းကြင်ယာတော်၏ နန်းတော်အတွင်း တစ်ခါတစ်ရံ တိမ်များနှင့် ပန်းများအကြောင်း ဆွေးနွေးနေကြသည်ကို ကြားရလေ့ရှိသည်။

အစ၌ သူမ ခေါင်းထဲ မထည့်ထားပေ။ မည်သို့ဆိုစေ ရက်အနည်းငယ်ကြာချိန်၌ ထို ဆန်းကြယ်သည့် အခြေအနေက ပျောက်ကွယ်မသွားပဲ ပိုမို ဆိုးရွားလာလေ၏။

နောက်တော့ အိပ်ဆောင်အစောင့်အရှောက်များက တဲရှေ့၌ စခန်းချကာ ခိုးကြည့်သူများအား ကာကွယ်ရသည်အထိ ဖြစ်လာခဲ့ချေသည်။

“ ဘာတွေ ဖြစ်နေတာလဲ... ”

ထို့နောက် ရံရွေတော်တစ်ဦးက သူမအား တိတ်တဆိတ် ခိုးကြည့်နေရင်း ပန်းကန်လွှတ်ကျသွားချိန်၌ သူမ သည်းမခံနိုင်တော့ပေ။

“ အရှင်မ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. အရှင်မ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ”

နန်းတော်ရံရွေတော်က ကြမ်းပြင်၌ ဒူးထောက်ချကာ တုန်လှုပ်စွာနှင့် အကြောက်အကန် တောင်းပန်လေတော့သည်။ သူမ မည်မျှ ရဲတင်းသည်ဖြစ်စေ အင်ပါယာမင်းတရားကြီးက သူမ၏ အရှင်မအတွက် ပို့ဆောင်လိုက်သည့် မုန့်ပဲသရေစာပန်းကန် လွှတ်ကျသွားသည်က မည်သို့သော ပြစ်မှုကြီး ဖြစ်မှန်း ကောင်းစွာ နားလည်ထားသည်။

“ ရှောင်ရွှယ်.. နင် အခုတလော ဘာတွေ ဖြစ်နေတာလဲ.. နင် စိတ်နဲ့ လူနဲ့ မကပ်နေသလိုပဲ.. ဘာတွေ ဖြစ်နေတာလဲ... ”

ထိုက်ကျန်းကြင်ယာတော်၏ အသံက တဲအတွင်းမှ ထွက်ပေါ်လာသည်။

“ အရှင်မ ကျွန်မတောင်းပန်ပါတယ်... ဒီ နိမ့်ကျတဲ့အစေခံက အရှင်မရဲ့ အလှတရားကို ဖော်ကျူးထားတဲ့ ကဗျာတစ်ပုဒ်ကို ကြားခဲ့ရတဲ့အတွက် မနေနိုင်ပဲ အရှင်မကို ခိုးကြည့်မိတာပါ.... ”

ကြမ်းပြင်၌ ဒူးထောက်နေရင်း ရံရွေတော်က စိုးရွံ့စွာ ပြန်ဖြေသည်။

“ ငါ့ကို ဖော်ကျူးထားတဲ့ ကဗျာဟုတ်လား.. ”

ထိုက်ကျန်းကြင်ယာတော် မှင်သက်သွားခဲ့သည်။ သူမ၏ ဒေါသက ရုတ်ချည်း ငြိမ်းသက်သွားခဲ့၏။

“ မှန်ပါတယ်.. ကျွန်တော်မျိုးမတစ်ယောက်တည်းမဟုတ်ပါဘူး.. ရှောင်ယင်း၊ ရှောင်မိန်နဲ့ တစ်ခြားသူတွေလဲ ဒီအကြောင်း အတူတူပြောနေကြတာပါ.. လူတိုင်းက အရှင်မ ဘယ်လိုတောင် ကြီးမြတ်နေလို့များ ဒီလိုကဗျာမျိုး စပ်ဆိုခံရတာလဲဆိုပြီး သိချင်နေကြတာပါ.. ဒါကြောင့် ကျွန်တော်မျိုးမ စိတ်မထိန်းနိုင်ပဲ ခိုးကြည့်မိတာပါ.. ”

သူမက အလွန်ကြီးမားသည့် ပြစ်မှုကို ကျူးလွန်မိသည်ကို သိထားသည့်အတိုင်း သူမ သိထားသမျှ မခြွင်းမချန် ပြောပြလေတော့သည်။

“ ရှောင်ယင်း၊ ရှောင်မိန်နဲ့ တစ်ခြားသူတွေအကုန် ခေါ်လာခဲ့... ”

ဤတစ်ကြိမ်၌ ထိုက်ကျန်းကြင်ကြင်ယာတော် စိတ်၀င်စားလာလေ၏။

တစ်ခဏအတွင်း ယုကျန်းနန်းတော်တစ်ခုလုံးရှိ လူတိုင်း ဆင့်ခေါ်ခံရလေတော့သည်။ ရံရွေတော်များ၊ အထိန်းတော်ကြီးများ နှင့် မိန်းမစိုးများပါမချန် ဆင့်ခေါ်ခြင်း ခံရသည်။ လူအုပ်ကြီးက တဲအရှေ့၌ ဒူးထောက်နေကြသည်။ သူမက အလွန်လှပသည့်အတွက် ခိုးမကြည့်ပဲ မနေနိုင်အောင် ဖြစ်ရပါသည်ဟု အားလုံးက တစ်ညီတစ်ညွှတ်တည်း ထွက်ဆိုကြသည်။ ထို့ကြောင့် ထိုက်ကျန်းကြင်ယာတော် ပို၍ သိချင်စိတ် ပြင်းပျလာသည်။

သို့ဆိုစေ ထိုက်ကျန်းကြင်ယာတော်က ကဗျာအကြောင်းကို မေးမြန်းသည့်အခါ၌ ပို၍ ဆန်းကြယ်သည့်အရာ ဖြစ်လာပြန်သည်။ လူတိုင်းက ကဗျာမှာ အလွန်လှပကြောင်း ပြောဆိုနေကြသော်လည်း မည်သူမှ ကဗျာတစ်ပုဒ်လုံးကို မမှတ်မိကြခြင်းပင်။ လူတိုင်းက တစ်ကြောင်းစ တစ်ပိုဒ်စသာ သိထားကြသည်။

အချို့က ‘ မိုးရေစက်ထက်မှ တိမ် ’ဟုဆိုပြီး အချို့မူ ‘ ပန်းမာန်များ တမ်းတသည့် တိမ်တိုက် ’ဟုဆိုကာ အခြားသူက ‘ နွေဦး လေရူး တသုန်သုန် ’ဟု ဆိုချိန်၌ ကျန်သူများက ‘ နှင်းစက်များက အလွန်လှပသည် ’ ဟု ပြောပြန်ရာ စုဆိုလိုက်လျှင် မည်သူမှ ကဗျာတစ်ပုဒ်လုံးကို မသိနေကြချေ။

တစ်ပိုဒ်ချင်းစီတိုင်း၌ မတူညီသည့် အကြောင်းအရာများ ပါ၀င်နေဟန်ရသည်။

ထိုသည်က ထိုက်ကျန်းကြင်ယာတော်အတွက် စိတ်ရှုပ်ထွေးလာစေသည်။ သို့သော် သေချာသည်တစ်ခုက ထိုကဗျာမှာ အမှန်ပင် တည်ရှိနေပြီး မဟုတ်လျှင် ယုကျန်းနန်းတော်အတွင်း ဤမျှ အုတ်အော်သောင်းနင်း ဖြစ်စေလိမ့်မည် မဟုတ်ပေ။

“ ဒီကဗျာကို ဘယ်ကကြားလာခဲ့တာလဲ ပြောကြစမ်း.. ”

ထို့နောက် ထိုက်ကျန်းကြင်ယာတော်က ကဗျာ၏ မူလဇာစ်မြစ်အား ခြေရာခံရန် နည်းလမ်းတစ်ခု တွေးမိသွားသည်။

“ ရှောင်ယင်း.. ”

“ ရှောင်မိန်.. ”

“ ရှောင်ရွှယ်.. ”

.....

ခြေရာခံသည့်အဆုံး၌ ကဗျာအား စတင်ပြောဆိုသူက မည်သူမှ မထင်ထားသည့်သူ ဖြစ်နေလေ၏။

“ ကျွန်တော်မျိုးမက အဲ့ဒီကဗျာကို အ၀တ်အစားပြာချဌာနက ရှောင်ကျူးဆီက ကြားခဲ့ရတာပါ.. ”

အ၀တ်အသားပြာချဌာနမှ ရှောင်ကျူး ဆင့်ခေါ်ခံရကာ သူမ ရောက်ရောက်ချင်း ဒူးထောက်ချလိုက်၏။ ထိုက်ကျန်းကြင်ယာတော်က သူမ လုံး၀ ထင်မှတ်ထားခြင်းမရှိသည့် အဖြေတစ်ခုအား ရရှိလိုက်လေသည်။

“ အရှင်မ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. ကျွန်တော်မျိုးမ အဲ့ဒီကဗျာကို စုန့်ဘုရင် ပို့လိုက်တဲ့ စာအိတ်ထဲက ဖတ်မိတာပါ.. ”

“ စုန့်ဘုရင် ဟုတ်လား... ”

ထိုက်ကျန်းကြင်ယာတော် ကြောင်အသွားခဲ့သည်။

Chapter 125 စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ

ထိုက်ကျန်းကြင်ယာတော်က ဤအရေးကိစ္စ၌ စုန့်ဘုရင် ပါ၀င်ပက်သက်နေလိမ့်မည်ဟု မယုံကြည်နိုင်ချေ။

“ ငါ မီးရှို့လိုက်ဖို့ အမိန့်ပေးလိုက်တဲ့ စာအိတ်လို့ ဆိုလိုတာလား.. ”

ထိုက်ကျန်းကြင်ယာတော်က လေးနက်သည့်လေသံနှင့် မေးလိုက်သော်လည်း သူမ၏ အသံထဲ၌ ဒေါသ စိုးစိမျှ မပါ၀င်ပေ။

“ အရှင်မ သနားညှာတာပါ.. ဒီနိမ့်ကျတဲ့ အစေခံက ဘယ်လိုမှ မီးမရှို့ရက်လို့ပါ... ”

“ ယူလာခဲ့.. ”

သိချင်စိတ်က သူမ၏ စိတ်အတွင်း ဝုန်းဒိုင်းကျဲနေသည်ဖြစ်ရာ စုန့်ဘုရင်၏ စာအိတ်ကို ဖွင့်ဖတ်လိုက်သည့် ရံရွေတော်အား အပြစ်တင်ရန်ပင် မတွေးမိတော့ချေ။

တစ်ချိန်တည်း၌ ထိုက်ကျန်းကြင်ယာတော် လွန်ဆွဲနေသည်။ စုန့်ဘုရင် ပို့လိုက်သည့် စာမှာ ဝေဖန်အရှက်ခွဲမှုများနှင့် ပြည့်နှက်နေမည်က သေချာလှသည်။ အဘယ်ကြောင့် စာအိတ်အတွင်း ကဗျာတစ်ပုဒ် ရှိနေရလေသနည်း။ မည်သူကများ ကဗျာစပ်ဆို၍ အရှက်ခွဲမည်နည်း။

ထို့ထက်ပို၍ အကယ်၍ ကဗျာက သူမအား ကျိန်ဆဲထားသည်ဖြစ်စေ ရံရွေတော်ငယ်များ မသိလျှင်ပင် အနည်းဆုံးတော့ အထိန်းတော်ကြီးများကတော့ နားလည်ပေလိမ့်မည်။

ထိုသို့သော အတွေးများက ထိုက်ကျန်းကြင်ယာတော်၏ သိချင်စိတ်အား ပိုမို ပြင်းပြစေသည်။

မကြာမှီ ရံရွေတော်ငယ်လေးက စည်းတံဆိပ်မှလွဲ၍ အရာမယွင်းသေးသည့် စာအိတ်အား ယူဆောင်လာ၏။

“ စာအိတ်ကို ဖွင့်ပြီး အထဲက စာကို ဖတ်ပြ... ”

တဲအတွင်းမှနေ၍ ထိုက်ကျန်းကြင်ယာတော်က ထူးမခြားနားသည့်လေသံနှင့် ညွှန်ကြားသည်။

အင်ပါယာမင်းတရားကြီးနှင့် ရှေ့ဖြစ်ဟောဆရာကြီးတို့၏ ညွှန်ကြားမှုအောက်၌ ထိုက်ကျန်းကြင်ယာတော်သည် ယုကျန်းနန်းတော်အတွင်းရှိ အနီရောင်တဲအတွင်း၌သာ နေထိုင်ရမည် ဖြစ်သည်။ မည်သူမှ တဲအနီးသို့ ချဉ်းကပ်ခွင့် မရှိသလို နန်းတော် ရံရွေတော်များပင် အ၀တ်အစားများ၊ အစားအသောက်များ လာပို့ချိန်၌ပင် ခေါင်းငုံ့ကာ စောင့်ဆိုင်းနေရမည်ဖြစ်သည်။

ရှေ့ဖြစ်ဟောဆရာ၏ ပြောဆိုမှုအရ ထိုသည်ကသာ ထိုက်ကျန်းကြင်ယာတော် ဤအရေးခင်းမ လွတ်မြောက်နိင်မည် ဖြစ်ပေသည်။

“ ဟုတ်ကဲ့ပါ အရှင်မ... ”

အ၀တ်အစားပြာချဌာနမှ ရှောင်ကျူးမှာ ကြောက်ရွံမှုကြောင့် တုန်လှုပ်နေလေသည်။ သူမ၏ အကြောက်တရားကို ဖိနှိပ်လျက် စာအိတ်အတွင်းမှ စာကို ထုတ်ယူလိုက်သည်။ တစ်ချိန်တည်း၌ ရံရွေတော်များ၊ အစောင့်များ သာမက ဝါရင့် အထိန်းတော်ကြီးများပင်လျှင် မသိစိတ်မှ စာအိတ်ရှိရာသို့ လှည့်ကြည့်မိကြသည်။

သူတို့က ကဗျာ၏ တစ်ပိုင်းတစ်ကိုသာ ကြားဖူးကြသူများဖြစ်ပြီး ကဗျာတစ်ပုဒ်လုံးကို ကြားဖူးရန် အခွင့်အရေး တစ်ခါမှ မရှိခဲ့ကြပေ။ ကဗျာအကြောင်း သူတို့ အားလုံး သိထားသည့် တစ်ခုတည်းသော အကြောင်းအရာက ထိုကဗျာသည် အလွန်တရာခမ်းနားလှပကြောင်းပင်။

“ ဖတ်တော့.. ”

ထိုက်ကျန်းကြင်ယာတော်က ဒေါသရိပ်ယောင်သန်းနေသည့် အသံနှင့် ပြောလိုက်သည်။ စုန့်ဘုရင်မှာ တစ်ခါက သူများအား စာပို့ကာ အရှက်ခွဲဖူးသည်ဖြစ်ရာ ဤတစ်ကြိမ်၌လည်း ထို့နည်းတူသာ ဖြစ်လိမ့်မည်ဟု မှတ်ယူထားသည်။ သူမက စုန့်ဘုရင် မည်သည့် နည်းလမ်းဖြင့် ယုကျန်းနန်းတော်အား အုတ်အော်သောင်းနင်း ဖြစ်စသည်ကို သိချင်စိတ်သာ ရှိနေသည်။

“ ဟုတ်ကဲ့.. ”

သူမ ပြန်ဖြေကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အများမျက်စိရှေ့မှောက်၌ပင် ရှောင်ကျူး၏ အငွေ့သက်များက ပြောင်းလဲသွားခဲ့သည်။

များမကြာမှီက ရှောင်ကျူးမှာ ကြောက်ရွံမှုကြောင့် တုန်လှုပ်နေဆဲဖြစ်သော်လည်း ယခုမှာတော့ လက်ထဲ၌ ကဗျာအား ကိုင်ထားရင်း ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။ နေမင်းရောင်ခြည်က သူမ၏ လှပသည့် မျက်နှာအပေါ် ဖြန်းပက်နေပြီး တစ်ဖက်လူ၏ နှလုံးသားကို ကိုင်လှုပ်နိင်သည့် နွေးထွေးမှုများက သူမ၏ မျက်၀န်းအတွင်း ဖြစ်တည်လာကာ သူမ ချစ်ခင်နှစ်သက်သူအား တစ်စိမ့်စိမ့်ကြည့်နေသည့်အလားပင်။

“ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ”

ရှောင်ကျူးက ကဗျာ၏ ခေါင်းစဉ်အား စတင် ရွတ်ဆိုသည်။ သူမ၏ အသံက သိမ်မွေ့ကာ စူးရှရှနှင့် တစ်ဖက်လူ၏ နှလုံးသားကို သိမ်းပိုက်နိုင်စွမ်းရှိကာ နှလုံးသားကို နွေးထွေးသွားစေသည်။

“ ဒါက ယွဲ့ဖူ ( ကာရန်) ကဗျာပါ.. ”

ထိုက်ကျန်းကြင်ယာတော် မှင်သက်သွားခဲ့သည်။ သူမက ထိုသည်မှ ကဗျာအမှန်တကယ်ဖြစ်နေလိမ့်မည်ဟု လုံး၀ ထင်ထားခဲ့ခြင်း မရှိပေ။

“ ဒီတော့ ဒါကို စင်ကြယ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့ သီကျူးသံလို့ ခေါ်တယ်ပေါ့... ”

နန်းတော် ရံရွေတော်များအကြား တီးတိုးသံများ ထွက်ပေါ်လာသည်။ ဤသည်က သူတို့အတွက် ကဗျာ ခေါင်းစဉ်အား ပထမဆုံး ကြားဖူးခြင်းသာ ဖြစ်လေသည်။ သူတို့က ကဗျာအကြောင်း တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးခဲ့ကြသည်က မကြာသေးသော်လည်း ထိုက်ကျန်းကြင်ယာတော် မသိရှိစေရန် တိတ်တဆိတ် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် မည်သူမျှ ကဗျာ၏ ခေါင်းစဉ်အား မသိထားကြချေ။

နန်းတော် ရံရွေတော်များထဲ၌ စာပေရေးရာ ကျွမ်းကျင်သည့်သူ များများစားစားမရှိပဲ သူမတို့၏ ကဗျာဆိုင်ရာ နားလည်မှုသည်လည်း နက်ရှိုင်းခြင်း မရှိပေ။ ထို့ကြောင့် သူတို့က စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံဟူသည့် စကားစုကို အဓိပ္ပာယ်ဖော်နိုင်ခြင်း မရှိကြပေ။ သူတို့ ပြောနိုင်သည်က ထိုခေါင်းစဉ်မှာ လတ်ဆတ်အေးမြကာ လှပလွန်းသည်ဆိုခြင်းသာ ဖြစ်သည်။

“ ဆက်ဖတ်ပါ.. ”

ထိုက်ကျန်းကြင်ယာတော် လွန်ဆွဲနေပြန်သည်။ သူမ မည်သို့ စဉ်းစားသည်ဖြစ်စေ ခေါင်းစဉ်အရ မည်သို့မှ အရှက်ခွဲခြင်း မဖြစ်နိုင်ပေ။

“ တိမ်တွေဟာ သူမရဲ့ ၀တ်စုံလို.. ပန်းတွေဟာ သူမရဲ့ ယုံကြည်မှုလို..”

ရှောင်ကျူး၏ အသံက ပိုမို သိမ်မွေ့လာကာ ညင်သာသည့်အသံက ယုကျန်းနန်းတော်တစ်ခုလုံးသို့ ပြန့်လွင့်သွားခဲ့သည်။ မယုံနိုင်စရာကောင်းလှသည့် မှော်အတတ်ကို ပိုင်ဆိုင်ထားသည့်အလား ရံရွေတော်အားလုံး တိတ်ဆိတ်သွားခဲ့သည်။

သူတို့အားလုံးမှာ အ၀တ်အစားပြာချဌာနမှ ရှောင်ကျူးနှင့် သူမ၏ လက်ထဲမှ စာကို ကြည့်နေရင်း ဝိဉာဉ်ပျောက်ဆုံးနေသည့်အလား။

“ တိမ်တွေဟာ သူမရဲ့ ၀တ်စုံလို.. ပန်းတွေဟာ သူမရဲ့ ယုံကြည်မှုလို .. တကယ့်ကဗျာစာသားက ဒီလိုပေါ့.. ”

ဤသည်က သူတို့အတွက် ကဗျာ၏ ပထမစာကြောင်းအား ကြားဖူးသည့် ဦးဆုံးအကြိမ်ဖြစ်ပေသည်။

အနီရောင်တဲအတွင်း၌ ထိုက်ကျန်းကြင်ယာတော်သည်လည်း မှင်သက်လျက်နေသည်။ ထိုသည်က ‘ မိုးရေစက်ထက်မှတိမ် ’ မဟုတ်သလို ‘ ပန်းမာန်များတမ်းတသည့် တိမ်တိုက် ’လည်းမဟုတ် ‘ နွေဦး လေတရူး တသုန်သုန် ’လည်း မဟုတ်ပဲ ‘ နှင်းစက်များက လှပသည် ’လည်း မဟုတ်ချေ။

တစ်ချိန်တည်း၌ ထိုက်ကျန်းကြင်ယာတော်သည် သူမ၏ နက်ရှိုင်းသည့် နှလုံးသား တစ်နေရာမှ အရည်ပျော်ကျသွားသည်ဟု ခံစားလိုက်မိသည်။

သူမ၏ ကဗျာအပေါ် သက်၀င် နားလည်နိုင်စွမ်းက ရံရွေတော်များထက် ကျော်လွန်နေပြီး သူမအား ကဗျာထဲမှ သိမ်မွေ့မှုနှင့် လှပမှုအား ကောင်းမွန်စွာ အာရုံခံမိစေပြီး တစ်စုံတစ်ခုအား ခံစားမိစေကာ ထိုသည်က အထီးကျန်ခြင်း...

တစ်နည်းနည်းနှင့် သူမသည် မုတ်ဆိတ်ကျင်စွယ်အား ပွတ်သပ်နေသည့် လူတစ်ယောက် ညကောင်းကင် လရောင်အောက်၌ ပန်းခင်းအလယ် လှဲလျောင်းနေသည်ကို မြင်ယောင်စေ၏။ လှပသည့် တိမ်တိုက်အား ကြည့်နေကာ ညှို့နိုင်လွန်းသည့် ပန်းများ၏ အဖော်ပြုခြင်းကို ခံယူလျက် ထိုသူ၏ စိတ်အစဉ်က သူ့နှလုံးသားထဲမှ လှရက်လွန်းသည့် မိန်းမပျိုတစ်ဦးအား ပြန်လည် တမ်းတနေသယောင်။

ထိုသူ၏ နှလုံးသားထဲမှ မိန်းမပျိုမှာ မည်မျှ လှပကြောင်း မည်သူမှ မသိနိုင်သည့်တိုင် သူမက လှပသည့် တိမ်တိုက်များနှင့် ညှို့အားပြင်းသည့် ပန်းများနှင့် တန်းတူ အံမခမ်း လှပသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုက်ကျန်းကြင်ယာတော် အံ့အားသင့်သွားခဲ့သည်။

နန်းတော်ရံရွေတော်များက ကဗျာစပ်ဆိုရာ၌ ပါရမီမရှိကြသည့်တိုင် သူတို့ မှန်ကန်သည့်အရာတစ်ခုရှိသည်။ ကဗျာ၏ စာပိုဒ်က အလွန်လှပခြင်းဖြစ်ပြီး သူမကြားဖူးခဲ့သည့် မည်သည့် ကဗျာစာသားထက်မဆို သာလွန်ပေသည်။

“ .... မုတ်သုံလေဟာ သူမပါးပြင်ထက်က နှင်းစက်လေးကို လွင့်စင်စေတာ သိပ်သိပ်သည်းသည်းနဲ့ ရှုမောဖွယ် ”

ရှောင်ကျူးက နောက်တစ်ပိုဒ်အား ရွတ်ဆိုပြန်သည်။ တစ်ချိန်တည်း၌ ယုကျန်းနန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ တဲထောင့်၌ အစောင့်တာ၀န်ယူနေသည့် အိပ်ဆောင်အစောင့်အရှောက်များပင် ထိုစကားလုံးများကို နားဆင်ရန် အလွန်စိတ်အား ထက်သန်လာလေသည်။

“တိမ်ဆိုတာ သူမရဲ့ ၀တ်စုံလိုပဲ ပန်းတွေဟာ သူမရဲ့ အလှအပလိုပဲ ..မုတ်သုံလေဟာ သူမရဲ့ ခြံစည်းရိုးထက်က သိပ်သိပ်သည်းသည်းနဲ့ နှင်းစက်ကို လွင့်စင်စေတာက ရှုမောဖွယ် .. ဘယ်လိုတောင် လှပလိုက်သလဲ.. ”

မှင်သက် နန်းတော်ရံရွေတော်များအားလုံး စကားတစ်ခွန်းပင် မဆိုနိုင်ကြတော့ချေ။ ကဗျာအား ပထမဦးဆုံး အပြည့်အစုံ ကြားရချိန် ဖြစ်ပြီး သူမတို့ တွေးထင်ထားသည်ထက် ပို၍ သာ၍ လှပနေလေ၏။

“ တကယ်လို့ ကျောက်စိမ်းတောင်ထိပ်ကိုသာ မတွေ့ဘူးဆိုရင် .. ”

တတိယအပိုဒ်၏ စာသားများဖြစ်ပြီး တဲအတွင်း၌ အသက်ရှူသံများ မြန်ဆန်လာကာ. .

“ .. ဒါဆိုရင် သူမကို ကျောက်မျက်ရတနာတောင်တန်းထက်က လရောင်အောက်မှာ တွေ့လိမ့်မယ်.... ”

နောက်ဆုံးစာသား ဖတ်ပြီးချိန်၌ ယုကျန်းနန်းတော်တစ်ခုလုံး အပ်ကျသံပင် မကြားရတော့ပေ။

မုတ်သုံလေက ခြံစည်းရိုးကို တိုက်ခတ်သွားချိန်မှာ မိန်းမပျိုရဲ့ အလှတရားကို လျှပ်တပြက် မြင်ခွင့်ရလိုက်တယ်။ ဒီလို လှရက်နိုင်လွန်းသူက ဘယ်လိုလုပ်ပြီး သေမျိုးလူ့လောကမှာ ရှိနေနိုင်ရတာလဲ။

ငါ မတော်တဆများ ကောင်းကင်ဘုံကို ရောက်လာတာလား။ မဟုတ်မှလွဲရော သူမက ကျောက်မျက်ရတနာတောင်တန်းကနေ ဆင်းသက်လာတဲ့ နတ်သမီးလေးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။

.......

ကဗျာရွတ်ဖတ်သံက ယုကျန်းနန်းတော်တစ်ခုလုံးအား ထူးခြားသည့် အခြေအနေတစ်ရပ် လွမ်းခြုံသွားစေသည်။ လူတိုင်းက ကဗျာ၏ အလှအပအောက် ဖမ်းစားခံနေရသည်။ အချိန်အတော်ကြာသည်အထိ အတွေးထဲ နစ်မြောနေကြကာ စကားတစ်ခွန်းမှ မဆိုနိုင်ကြချေ။

၀ါရင့် အထိန်းတော်ကြီးများမှာ မျက်နှာထက် တည်ငြိမ်ဟန် ရှိနေသော်လည်း ဤကဗျာက သူမတို့၏ ငယ်ဘ၀အား ပြန်လည် အမှတ်ရစေသည်။

သူမတို့က ပါးရည်နားရည်တွန့်ကာ ဆံပင်ဖြူများ အပြည့်ဖြစ်နေသည့်တိုင် မည်သူက မငယ်ရွယ်ဖူးလေသနည်း။ ပြီးလျှင် မည်သူကများ မချစ်ဖူးလေသနည်း။

အခြားသူများ၏ မျက်လုံးထဲ၌ သူမတို့မှာ အေးစက်ကာ ခံစားချက်မဲ့သည့် အထိန်းတော်ကြီးများ ဖြစ်သည်။ သို့တိုင် သူမတို့သည်လည်း ကဗျာ၏ လှပလှသည့် ဆိုလိုရင်းကို ခံစားတတ်လေသည်။

တိတ်ဆိတ်မှု

အလုံးစုံ တိတ်ဆိတ်မှု

အနီရောင်တဲအတွင်း၌ ထိုင်နေရင်း ထိုက်ကျန်းကြင်ယာတော်မှာ သူမ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသည်ဟု ခံစားနေရသည်။

.....

လူတိုင်း လူတိုင်း စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံမှ နိုးထနိုင်ရန် အချိန်အတော်ကြာနေသည်။ အားလုံးက အနီရောင်တဲအတွင်းရှိ ထိုက်ကျန်းကြင်ယာတော်အား တိတ်တဆိတ် ကြည့်လိုက်ကြသည်။

သူမတို့က ပညာမတတ်ပဲ ကဗျာစာသားများအား ကောင်းမွန်စွာ နားလည်နိုင်ခြင်းမရှိသည့်တိုင် ဤ သိမ်မွေ့ကာ ညှို့နိုင်လွန်းသည့် ကဗျာမှာ မိန်းမပျိုတစ်ဦးအား အမွန်းတင်ထားခြင်း ဖြစ်ကြောင်းတော့ သိကြသည်။

စုန့်ဘုရင်က ထိုစာအိတ်အား ထိုက်ကျန်းကြင်ယာတော်ထံ ပို့လိုက်ခြင်းဖြစ်ရာ သံသယဖြစ်ရာမလို ကဗျာအတွင်းရှိ နတ်သမီးနှင့် လှပျိုဖြူမှာ ထိုက်ကျန်းကြင်ယာတော်ကို ဆိုညွှန်းခြင်း ဖြစ်ရမည်။

ထိုအကြောင်းကြောင့်လည်း ဤရက်ပိုင်းအတွင်း အားလုံးက ထိုက်ကျန်း ကြင်ယာတော်အား ခိုးကြည့်နေကြခြင်း ဖြစ်ပေသည်။

ထိုက်ကျန်းကြင်ယာတော်မှာ နန်းတော်သို့ ၀င်ခဲ့သည်က အချိန်ကြာပြီ ဖြစ်သည့်တိုင် အင်ပါယာမင်းတရားကြီး၏ အမိန့်အရ လူအနည်းငယ်သာ သူမ၏ သွင်ပြင် အမှန်အား မြင်ဖူးကြ၏။

နန်းတော်တစ်ခုလုံး၌ ကိုယ်လုပ်တော်များစွာနှင့် မင်းသမီးများစွာရှိပြီး ထိုက်ကျန်းကြင်ယာတော် မည်မျှ လှပသည်ဖြစ်စေ အခြားသူများနှင့် တန်းတူသာ ရှိမည်ဟု တွေးထင်ထားကြသည်။

သို့သော် ကဗျာအား ကြားလိုက်ပြီးနောက် လူတိုင်း၏ ရင်ထဲ၌ လှိုင်းကြပ်ခွပ်များ စတင်ဖြစ်တည်လာသည်။

ဤကဲ့သို့ ချီးမွမ်းခံရသည့် မိန်းမပျိုမှာ မည်သည့်နည်းနှင့်မှ သာမန် မဖြစ်နိုင်ချေ။ သူမက အလွန်အမင်း ခမ်းနားလှပသည့်သူ ဖြစ်မည် သေချာကာ ကဗျာတွင်း၌ ဖွဲ့ဆိုထားသကဲ့သို့ ကျောက်မျက်တောင်တန်းမှ ဆင်းသက်လာသည့် နတ်သမီးကဲ့သို့ ဖြစ်ပေလိမ့်မည်။

“ မရှိတော့ဘူးလား.. ”

တဲအတွင်းမှ ရုတ်ချည်း မေးမြန်းသံ ထွက်ပေါ်လာသည်။ သူမ၏ အသံထဲ၌ အနည်းငယ် အားမလိုအားမရဖြစ်သည့် အသံ ပါ၀င်နေပေသည်။

“ မရှိတော့ပါဘူးရှင့်.. ”

ရှောင်ကျူးက တရိုတသေဖြင့် ပြန်ဖြေလေ၏။

တဲအတွင်း၌ အလုံးစုံ တိတ်ဆိတ်နေသည်။ ထိုင်ခုံပေါ် စိတ်ပျက်လက်ပျက် ထိုင်နေရင်း ထိုက်ကျန်းကြင်ယာတော်၏ စိတ်ထဲ၌ မတင်မကျမှုများ ဖြစ်ပေါ်လို့နေသည်။

သူမ၏ အလှအပအား ဤမျှ ဖွဲ့ဆိုဖူးသူ မရှိခဲ့ဖူးပေ။

မိမိ၏ မျက်စိက မိမိကိုယ်ကို ပြန်မမြင်နိုင်ဟု ဆိုသကဲ့သို့ ထိုက်ကျန်းကြင်ယာတော်မှာ ငယ်စဉ်ကတည်းက သူမ လှပမှန်သိသည့်တိုင် သူမ မည်မျှလောက် လှသည်ကိုတော့ မသိပေ။

မည်သူကမှ သူမအား ဤကဲ့သို့လှပသည့် စကားလုံးများနှင့် မဖွဲ့ဆိုပြဖူးချေ။

မိမိ၏ သွင်ပြင်အား ချီးကျူးသည်ကို မည်သူမှ မမုန်းတီးသလို ထိုက်ကျန်းကြင်ယာတော်သည်လည်း အပါအ၀င်ဖြစ်သည်။

“ ငါက တကယ်ရော အဲ့လောက်ထိ လှရဲ့လား.. ”

ထိုက်ကျန်းကြင်ယာတော် ရုတ်ချည်း ယုံကြည်မှု ပျောက်ဆုံးလာသည်။ ကဗျာအတွင်း ဖော်ပြထားသည့် မိန်းမပျိုက ရိုးရှင်းစွာ လှပလွန်းပြီး ထို့အတွက်ကြောင့် ထိုက်ကျန်းကြင်ယာတော် သူမ၏ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့သည်။ စာထဲက မိန်းမပျိုက သူမ ဖြစ်နိုင်ပါ့မလား။

သူမ အမှန်တကယ် ထိုမျှ လှပပါ၏လား။

“ ငါ့ဆီ စာယူလာခဲ့.. ”

ထိုက်ကျန်းကြင်ယာတော် အမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ပါ အရှင်မ.. ”

ခါးကိုင်းကာ ရှောင်ကျူးက စုန့်ဘုရင်၏ စာအား တဲ၏ ၀င်ပေါက်သို့ ပေးလိုက်သည်။ ထိုက်ကျန်းကြင်ယာတော် လှမ်းလာ၍ ယူသည်။

‘ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ၁ ’

တစ်ချက်ကြည့်လိုက်သည်နှင့် ထိုက်ကျန်းကြင်ယာတော်၏ မျက်နှာ ပျက်ယွင်းသွားလေ၏။

“ ရှောင်ကျူး ဒါက ကဗျာရဲ့ ပထမပိုင်းပဲ ရှိသေးတယ်ဆိုတာ ဘာလို့ မပြောတာလဲ.. ”

“ အာ...”

ထိုစကားအား ကြားသည်တွင် ရှောင်ကျူး အလျင်အမြန် ဒူးထောက်ချလိုက်သည်။ တိုးညှင်းသည့်အသံဖြင့် ကြောက်လန့်နေကာ...

“ အရှင်မ သနားညှာတာပေးပါ...ဒီနိမ့်ကျတဲ့ အစေခံက အဲ့ဒီ ၁ ကိုပါ ဖတ်ရမယ်ဆိုတာ မသိခဲ့လို့ပါ.. ”

စာလိပ်၏ ထိပ်၌ ခေါင်းစဉ်၏ နံဘေးတွင် ၁ ဟူသော ဂဏန်းကို ထိုက်ကျန်းကြင်ယာတော် တွေ့လိုက်သည်။

ထိုသည်က ဤကဗျာမှာ ပထမပိုင်းသာ ရှိသေးသည်ဟူသည့် အဓိပ္ပာယ် ဖြစ်ပေသည်။ ဆိုရလျှင် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူသံ ၂ နှင့် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ၃ တို့လည်း ရှိနိုင်သည်ဟု ဆိုနိုင်သည်။

“ စာအိတ်ထဲမှာ တစ်ခြား ကဗျာတွေ ပါသေးလား.. ”

ထိုက်ကျန်းကြင်ယာတော် မေးလိုက်သည်။

“ မရှိတော့ပါဘူး.. အရှင်မကို လျှောက်တင်ပါတယ်.. ဒီနိမ့်ကျတဲ့ အစေခံက စာအိတ်ထဲမှာ ကဗျာတစ်ပုဒ်ထဲပဲ တွေ့ခဲ့တာပါ. ”

ရှောင်ကျူး၏ ကိုယ်က အပြင်းအထန် တုန်လှုပ်နေလေသည်။ ကြင်ယာတော်၏ စာအား ဖွက်ထားခြင်းက သေးငယ်သည့် ပြစ်မှုမဟုတ်ပေ။

“ ထားလိုက်တော့.. နင် မလုပ်ရဲဘူးဆိုတာလဲ ငါသိပါတယ်.. မင်းတို့ အားလုံး ထွက်သွားနိုင်ပြီ.. ”

ထိုက်ကျန်းကြင်ယာတော် သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်သည်။

“ ဟုတ်ပါပြီ အရှင်မ... ”

ခေါင်းငုံ့ကာ လူတိုင်း ထွက်ခွာသွားကြသည်။ သို့ဆိုစေ သူတို့ ထွက်မသွားခင်၌ နောက်ဆုံးအနေနှင့် အနီရောင်တဲအတွင်းသို့ ချောင်းကြည့်လိုက်ကြသေးသည်။

ကြင်ယာတော်က... တကယ်ပဲ အဲ့လောက်ထိ လှပလွန်းသလား။

ယုကျန်းနန်းတော် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

“တိမ်ဆိုတာ သူမရဲ့ ၀တ်စုံလိုပဲ ပန်းတွေဟာ သူမရဲ့ အလှအပလိုပဲ ”

“ မုတ်သုံလေဟာ သူမရဲ့ ခြံစည်းရိုးထက်က သိပ်သိပ်သည်းသည်းနဲ့ နှင်းစက်ကို လွင့်စင်စေတာက ရှုမောဖွယ် ”

“ တကယ်လို့ ကျောက်စိမ်းတောင်ထိပ်ကိုသာ မတွေ့ဘူးဆိုရင် .. ”

“ ဒါဆိုရင် သူမကို ကျောက်မျက်ရတနာတောင်တန်းထက်က လရောင်အောက်မှာ တွေ့လိမ့်မယ်.... ”

“ လှလိုက်တာ အရမ်းလှပလွန်းတယ်.. ”

အနီရောင်တဲအတွင်း၌ ထိုက်ကျန်းကြင်ယာတော်၏ မျက်၀န်းက ငေးကြောင်နေပြီး သူမတစ်ယောက်တည်း ရေရွတ်နေသည်။ သူမက စုန့်ဘုရင်၏ စာအား ရင်ခွင်တွင်း တင်းကျပ်စွာ ပွေ့ဖက်ထားသည်။

ဤကဗျာက သူမ၏ နှလုံးသားကို အရည်ပျော်စေသည်။

သံသယဖြစ်စရမရှိ သူမက စုန့်ဘုရင်အား အရိုးထဲစွဲသည်အထိ မုန်းတီးနေပေသည်။ ဤ တော်၀င်မိသားစု၏ ဘုရင်တစ်ပါးဆိုသူက သူမအား အစဉ်သဖြင့်ဆန့်ကျင်ကာ အမှုထမ်းများစွာကို ဦးဆောင်၍ အင်ပါယာမင်းတရားကြီးနှင့် သူမ အတူရှိခွင့်ရမည့်အရေးအား ဆန့်ကျင်ဘက်ပြုသည်။

ထိုသူ၏ အပြုအမူများအရ အနာဂတ်၌ ထိုက်ကျန်းကြင်ယာတော် မည်သည့်အရာပြုလုပ်သည်ဖြစ်စေ လွန်ကျူးသည်ဟု ဆိုနိုင်ရာ မရှိပေ။ သို့သော် အကြောင်းရင်း တစ်ချို့ကြောင့် စာလိပ်အတွင်းရှိ ကဗျာအား ဖတ်လိုက်မိသည်တွင် ထိုက်ကျန်းကြင်ယာတော်၏ စိတ်ထဲရှိ ဆူးငြောင့်က တဖြည်းဖြည်း ပျောက်ကွယ်လာဟန်ရသည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ စုန့်ဘုရင်အပေါ် မုန်းတီးနိုင်စွမ်း မရှိတော့ပေ။

သူမအား ဤကဲ့သို့ ချီးမွမ်းသူ သူမအား ဤကဲ့သို့ ရှုမြင်သူအား မည်ကဲ့သို့ မုန်းနိုင်ပါမည်နည်း။

သို့တိုင် ထိုက်ကျန်းကြင်ယာတော်၏ ရင်တွင်း၌ သံသယမျှင်တန်းလေးတစ်ခုတော့ ကျန်ရှိနေသေးသည်။

အတိတ်ကာလ၌ စုန့်ဘုရင် သူမအား မည်မျှ ဆန့်ကျင်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ထိုသူက အဘယ်ကြောင့် သူမအား ယခုလောက် ချီးကျူးရလေသနည်း။

ဘာများ ကြံစည်းနေသနည်း။

ထိုအကြောင်းအား တွေးမိလျှင် ထိုက်ကျန်း ကြင်ယာတော် အတွေးနက်ရပြန်သည်။

.....

ယွဲ့ဖူကဗျာဆိုတာ ကာရန်နဲ့ ရိုးရာကဗျာသီချင်းပုံစံပါ .. မူလန်ရဲ့ ကဗျာကိုလည်း ယွဲ့ဖူကဗျာလို့ ဆိုနိုင်ပါတယ်.. ဟန်လူမျိုးရဲ့ အင်ပါယာဝူ က စတင်ပြီး အကယ်ဒမီတစ်ခုထူထောင်ပြီး ယွဲ့ဖူလို့ ခေါ်တွင်စေရာက ဆင်းသက်လာတာပါ.. ကျနော်သိထားတာအရ ယွဲ့ဖူကဗျာ အများစုက တစ်ပုဒ်ချင်းစီအတွက် ကိုယ်ပိုင်သံစဉ်တွေရှိပါတယ် အခုခေတ်မှာတော့ တော်တော်များများ ပျောက်ဆုံးကုန်ပြီပေါ့..

လက်ရှိ မြန်မာလို ပြန်ထားတာက ကျနော့ရဲ့ လက်ဆော့မှုပါ ဟဲဟဲ..

တရုတ်ယဉ်ကျေးမှုလို့ ဆိုရာမှာ မဟာယာနရဲ့ လွမ်းမိုးမှု အများဆုံး ပါ၀င်တယ်ဆိုတာ သတိချပ်ထားသင့့်ပါတယ်.. ကျနော်တို့နဲ့လဲ မစိမ်းပါဘူး စွန်းဝူခုန်းလေ..

ကျောက်စိမ်းတောင်ထိပ် ဆိုတာက ကောင်းကင်မိခင် ဘုရင်မ ကျောက်စိမ်းအင်ပါယာရဲ့ ဇနီး နေထိုင်တဲ့နေရာ ဖြစ်ပါတယ်.. ကျောက်စိမ်းအင်ပါယာကိုတော့ သိတယ်မလား ကောင်းကင်ဘုံကို အုပ်ချုပ်သူလေ..

ကျောက်စိမ်းအင်ပါယာဆိုတာက တာအိုဝါဒမှာ အကြီးမြတ်ဆုံးသော နတ်ဘုရားတစ်ပါးဖြစ်ပါတယ်..

ပြီးတော့ ကျောက်မျက်ရတနာတောင်ထိပ်ဆိုတာက နတ်သမီးများ ပျော်စံရာပေါ့...

ကဗျာထဲက စာသားတွေဟာ တင်စားဖော်ညွှန်းထားတာ ဖြစ်လို့ ဘာသာပြန်ရ အခက်ခဲရှိပါတယ် ဒါကြောင့် ရှင်းပြပေးတာပါ..

Clouds, one thinks of her clothes; flowers, one thinks of her

countenance;

..the spring wind sweeps dew from her balustrade,

splendid and dense

If not seen at the peak of the Jade Mountain…

…then she will be encountered under the moon on the gemstone

terrace!

All Chapters