← Chapters

အခန်း (၁၂၆-၁၃၀)

Vol. 5 Ch. 126-130

အခန်း (၁၂၆-၁၃၀)

Vol. 5 Ch. 126-130

Chapter 126

ထိုည ထိုက်ကျန်းကြင်ယာတော် အိပ်ရေးပျက်ချေပြီ။

တဲအတွင်း၌ လှဲလျောင်းနေရင်း ထိုက်ကျန်းကြင်ယာတော် အိပ်ယာထက် လူးလှိမ့်နေကာ သူမ၏ စိတ်ထဲ၌ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံသာ ပြည့်နှက်နေသည်။ မိန်းမပျိုတစ်ဦး၏ နှလုံးသားကို နက်ရှိုင်းစွာ ထိခတ်စေပြီး ဤမျှ တို့ထိစေသည့် ကဗျာကို သူမ မမြင်မကြားဖူးပေ။

အထိန်းတော်ကြီးများကဲ့သို့သောသူများပင် ကဗျာ၏ အလွန်အမင်း လှပမှုကို ခံစားနိုင်ကြသည်ဖြစ်၏။

စာကို တင်းကျပ်စွာ ကိုင်ထားရင်း ထိုက်ကျန်းကြင်ယာတော်မှာ အ၀တ်အစားပြာချဌာနမှ ရံရွေတော်သည် ပြစ်ဒဏ်ကျခံရမည်ကို သိသည့်တိုင် ထိုစာအား ချစ်ခင်မြတ်နိုးစွာနှင့် ဝှက်ထားသည်ကို နားလည်သွားခဲ့သည်။

ထိုသည်က သူမ သတ္တိရှိလှသောကြောင့်မဟုတ်ပဲ ဖြစ်ပျက်လာမည်များကို အမှုမထားနိုင်တော့ပဲ မီးမရှို့ပစ်ရက်သောကြောင့် ဖြစ်ပေသည်။

ထိုက်ကျန်းကြင်ယာတော်၏ စိတ်ထဲ၌ စွဲထင်နေသည်က စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံမှာ ပထမပိုင်းသာ ရှိသေးခြင်းပင်။ ဒုတိယနှင့် တတိယပိုင်းများလည်း ရှိနိုင်သေးသည်။

ပထမသီကျူးသံက လှပလွန်းပေရာ ဒုတိယနှင့် တတိယများမှာ မည်သို့ ရှိနေမည်နည်း။

ထို့ကြောင့် ထိုက်ကျန်းကြင်ယာတော် အိပ်မပျော်နိင်တော့ချေ။

....

ထိုက်ကျန်းကြင်ယာတော်၏ ရင်ထဲ၌ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံကြောင့် မုန်တိုင်းထန်နေချိန် တော်၀င်ရံုံးတော်အတွင်း၌ မုန်တိုင်းတစ်ခုက တစ်ချိန်တည်း စတင်နေချေသည်။

စုန့်ဘုရင်မှာ အင်ပါယာမင်းတရားကြီး၏ အမိန့်အရ နေအိမ်အကျယ်ချုပ်ဟူသော အမည်အောက်၌ တော်၀င်ရုံးတော်တက်ခွင့်အား နေ့စဉ်ရက်ဆက် ပိတ်ပင်ခြင်း ခံထားရသည်။ ထိုဖြစ်ရပ်က အမှုထမ်းများအား ပိုမို ဒေါသထွက်စေပြီး သူတို့၏ ရာထူးကလည်း မတည်မငြိမ်ဖြစ်လာသည်။

ထောက်ခံသူနှင့် ဆန့်ကျင်သူများအကြား တိုက်ခိုက်မှုများကလဲ ပိုမိုစိပ်လာခဲ့သည်။

ထိုအချိန်၌ အရာရှိတစ်ဦးက စုန့်ဘုရင်နှင့်အတူ လက်တွဲကာ မဟာထန်တစ်ခုလုံးရှိ အရာရှိ တစ်သောင်းခန့်၏ လက်မှတ်အားစုစည်း၍ အင်ပါယာမင်းတရားကြီးအား ရပ်တန့်ရန် တောင်းဆိုမည်ဟု အဆိုတင်သွင်းလာသည်။

သို့ဆိုစေ နောက်ဆုံးအချိန်၌ မထင်ထားသည့်အရာ ဖြစ်လာခဲ့သည်။ ထိုက်ကျန်းကြင်ယာတော် အရေးခင်း၌ ထိပ်ဆုံးမှ ဆန့်ကျင်သူဖြစ်သလို သူတို့ အုပ်စု၏ ခေါင်းဆောင် တစ်ဖြစ်လည်း စုန့်ဘုရင်က တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့လေသည်။

ထိုသို့ ရုတ်တရက် ပြောင်းလဲသွားမှုက လူတိုင်းအား အငိုက်မိသွားစေသည်။ စုန့်ဘုရင်၏ စိတ်နေစိတ်ထားအရ မည်သူမှ သူ ကြောက်ရွံ့နေသည်ဟု မထင်ကြပေ။

စုန့်ဘုရင်နှင့် ရင်းနှီးသူများအချို့က အလည်အပတ်လာကြပြီး ထိုသူတို့ထံမှ အံ့အားသင့်ဖွယ် သတင်းအား ကြားလိုက်ကြရသည်။

အစ၌ စုန့်ဘုရင်မှာ ထိုက်ကျန်းကြင်ယာတော် နန်းတွင်း၀င်ရန်အား အကြောက်အကန် တားဆီးခဲ့သည်။ သို့သော် မကြာသေးမှီက စုန့်ဘုရင် သတင်းအချက်အလက်အချို့အား ရရှိခဲ့သည်။ သူ၏ စကားများက မရေရာသော်လည်း သူ၏ ဆိုလိုရင်းက ရှင်းပေသည်။

ထိုက်ကျန်းကြင်ယာတော်အရေးခင်း၏ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် အကြောင်းရင်းတစ်ခု ရှိပေသည်။ အမှန်တရားက လူတိုင်းထင်ထားသကဲ့သို့ မဟုတ်နေ။

တစ်ချိန်တည်း လူပေါင်းများစွာ ထိတ်လန့်သွားခဲ့သည်။

လူတိုင်းက စုန့်ဘုရင်၏ စိတ်ထားကို ကောင်းစွာ နားလည်ထားကြသည်။ သူက ထိုသို့သော ကိစ္စအား လိမ်လည်မည့်သူ မဟုတ်ချေ။ ထို့ထက်ပို၍ သူ၏ ရာထူးဖြစ်သော မဟာထန်၏ ဘုရင်တစ်ပါးအနေနှင့် လိမ်ညာစရာလည်း မလိုပေ။

ထိုသည်က စုန့်ဘုရင် တိတ်ဆိတ်နေရသည့် အကြောင်းရင်းဖြစ်ပြီး တော်၀င်ရုံးတော်တစ်ခုလုံး ထိတ်လန့်သွားကြသည်။ မည်သူက ဖုံးကွယ်ထားသည့် အကြောင်းအရာကိုမသိသည့်တိုင် သေးငယ်သော လှုပ်ရှားမှု တစ်ခုကသည်ပင် အရာရှိများအကြား ဖုန်ထသွားစေနိုင်သည်။

အစဦး၌ လူတိုင်းက ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူတို့ သေမည်ဆိုလျှင်ပင် မဟာထန်၏ သမိုင်းကြောင်း အမဲစက်မထင်စေရန်အတွက် ထိုက်ကျန်းကြင်ယာတော်အား နန်းတွင်း၀င်ရင် အကြောက်အကန် တားဆီးကြမည်ဟူ၍ ဖြစ်သည်။

သို့သော် ယခုမှာတော့ အရာရှိအမှုထမ်းများ တွန့်ဆုတ်လာကြသည်။

ပြီးလျှင် ဤတွန့်ဆုတ်ခြင်းကလည်း အကြောင်းအရာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်ပေသည်။

နှလုံးသားထဲမှ အနည်းငယ်သော တွန့်ဆုတ်ခြင်းကသည်ပင် တစ်ဖက်လူအား ယခင် ဆန့်ကျန်ခဲ့သကဲ့သို့ ဆန့်ကျင်ရန် မစွမ်းတော့ချေ။ ရုတ်တရက်ဆိုသလို ထိုက်ကျန်းကြင်ယာတော်အား ဆန့်ကျင်သည့် စကားသံများက တော်၀င်ရုံးတော်အတွင်း၌ တစ်၀က်ခန့် လျော့ကျသွားခဲ့သည်။

မည်သူကမှ ထိုသို့ အလှည့်အပြောင်းဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

.....

ယုကျန်း နန်းတော်

“ ဟားဟားဟား... ဒါက အောင်မြင်မှုအတွက် အထိမ်းအမှတ်ပဲ ကြည့်ရတာ နင့်ရဲ့ လက်ထပ်ပွဲက သိပ်မလိုတော့ဘူး.. ”

အဖြူရောင်ကို ၀တ်စားထားသည့် ယန်ကျောက်က လက်တွင်း၌ သ၀ဏ်လွှာအားကိုင်ကာ အနီရောင်တဲဆီသို့ လျှောက်လာသည်။ သူ့မျက်နှာထက်၌ နီရဲနေပြီး လက်ရှိ အနေအထားကြောင်း ထိန်းနိုင်သိမ်းမရ ရယ်မောနေသည်။

“ ငါတို့ရဲ့ အကြီးမားဆုံးရန်သူ စုန့်ဘုရင် လီချမ်းချီ က ရုတ်တရက်ကြီး ညတွင်းချင်း စိတ်ပြောင်းသွားတယ်..ငါတို့ကို မဆန့်ကျင်တော့ယုံမက ငါတို့ဖက်ကနေပါ ပြောပေးနေသေးတယ်.. ”

ယန်ကျောက်က ပျော်ရွင်စွာ ရယ်မောလျက်နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူကြားခဲ့ရသည့် သတင်းများအားလုံးထဲ၌ အပျော်ရွှင်ရဆုံး ဖြစ်ချေသည်။

“ ဘယ်လို... ”

အနီရောင်တဲအတွင်း၌ ထိုက်ကျန်းကြင်ယာတော်က ချက်ချင်း မတ်တပ်ရပ်ကာ တဲ၏ အစွန်နားသို့ လှမ်းလာသည်။ သူမသည်လည်း ရုတ်ချည်းပြောင်းလဲမှုကြောင့် အံ့အားသင့်နေမိသည်။

မည်သည့်အရာမှ ထိန်ချန်မနေတော့ပဲ တော်၀င်ရုံးတော်အတွင်း၌ ဖြစ်ပျက်နေသည်များအား ယန်ကျောက် အိတ်သွန်ဖာမှောက် ပြောပြလေသည်။

“ ညီမလေး. နင် စိတ်ကူးနိုင်မှာတောင် မဟုတ်ဘူး.. စုန့်ဘုရင်သာမပါရင် ဒီဆန့်ကျင်နေတဲ့သူတွေက အစွယ်မပါတဲ့ ကျားလိုပဲ.. အခုဆိုရင် ငါတို့ အနာဂတ်က တောက်ပနေပြီ.. ”

စိတ်လှုပ်ရှားစွာနှင့် ယန်ကျောက် မြူးတူးနေသည်။

“ ဟမ့်.. ဘယ်အနာဂတ်က တောက်ပနေရတာတုန်း အင်ပါယာမင်းတရားကြီးက ရှေ့ထွက်ပြီး ကိုင်တွယ်မှ ဒီ စုန့်ဘုရင်က နောက်ဆုတ်သွားတာ မဟုတ်ဘူးလား.. ”

ထိုက်ကျန်းကြင်ယာတော်က အတန်ကြာ တွေးတောနေပြီးမှ အေးစက်စက် ပြောလိုက်သည်။

စုန့်ဘုရင်က အင်ပါယာအရှင်အား ဆန့်ကျင်ခဲ့ပြီး တော်၀င်အမိန့်တော် ငါးခုကို လက်ခံခဲ့ရသည်။ ထိုက်ကျန်းကြင်ယာတော်က ထိုကိစ္စအား ကောင်းစွာသိထားပြီး သူမ၏အမြင်တွင် စုန့်ဘုရင်က အခြေအနေမကောင်းသည်ကို သဘောပေါက်၍ သူမနှင့် ငြိမ်းချမ်းရေးလမ်းခင်း နေခြင်းသာ။

“ ဟားဟား... နင် အဲ့လိုတော့ ပြောလိုက်လို့မရဘူး.. သူက ရာထူးကျသွားတယ်ဆိုပေမဲ့ သူရဲ့ အာဏာက ရှိနေတုန်းပဲ.. တကယ်လို့ သူသာ ထရပ်တည်မယ်ဆိုပင် အရာရှိများစွာက သူ့နောက် တန်းလိုက်လာမှာပဲလေ.. အဲ့ကျရင် ငါတို့ အခြေအေနေက ပိုတောင် ဆိုးသွားဦးမယ် .. သူ တိတ်ဆိတ်နေတာက ငါတို့အတွက် အကောင်းဆုံး သတင်းပဲ.. ”

ယန်ကျောက် ပြောလိုက်သည်။

ထိုက်ကျန်း ကြင်ယာတော် နှာခေါင်းရှုံ့မိသော်လည်း သူမ၏ ၀မ်းကွဲအစ်ကိုပြောသည်က ဤကိစ္စ၌ မှန်ကန်သည်ကိုတော့ ၀န်ခံရပေလိမ့်မည်။

အင်ပါယာမင်းတရားကြီးက အရာရှိ အမှုထမ်းများအား လစ်လျူရှုကာ သူမအား ကြင်ယာတော်အဖြစ် အတင်းအကျပ် တင်မြှောက်နိုင်သော်လည်း တော်၀င်ရုံးတော်တစ်ခုလုံး၏ ဖယ်ကျဉ်ခြင်း ခံရမည်က ပျော်ရွှင်ဖွယ်ကောင်းသည့်အရာ မဟုတ်ပေ။ အကယ်၍ သူမသာ နန်းတွင်းသို့ လုံခြုံစွာနှင့် တိတ်တိဆိတ် ၀င်ရောက်နိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ပြီးလျှင် သူမသာ တော်၀င်နန်းတွင်း၌ အမြင့်သို့ တက်လှမ်းချင်ပါက အရာရှိ အမှုထမ်းများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိထားရန် လိုအပ်ပေသည်။

“ အမ်.. ညီမလေး နင့်လက်ထဲ ကိုင်ထားတာ ဘာကြီးလဲ.. ”

တဲအိမ်လေး၏ ခန်းဆီးစမှ တစ်ဆင့် ယန်ကျောက်က ထိုက်ကျန်းကြင်ယာတော်၏ လက်ထဲ၌ တစ်စုံတစ်ခုအား ဆုပ်ကိုင်ထားသည်ကို သတိထားမိလိုက်သည်။ သူ၏ စူးရှလှသည့် အမြင်အာရုံအရ ထိုသည်က စာလိပ်တစ်ခု ဖြစ်ရပေမည်။

“ အန်.... ”

ယန်ကျောက်၏ နှလုံးခုန်သံ ခေတ္တရပ်တန့်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချက်ချင်း သတိပြုမိသည်။ မြို့တော်အတွင်း သူမှလွဲ၍ သူမထံ၌ မည်သည့် ဆွေမျိုးသားချင်းမှ မရှိချေ။ မည်သူကများ သူမထံ စာရေးသနည်း။

“ ညီမလေး ငါကြည့်လို့ရမလား.. ”

ထိုက်ကျန်းကြင်ယာတော် ခေတ္တ တုန့်ဆိုင်းနေသည်။ သူမ၏ ၀မ်းကွဲမှာ သူ၏ ရည်မှန်းချက် မပြည့်မြှောက်မချင်း သူမအနားမှ ခွာမည့်သူ မဟုတ်မှန်း သိနေသည့်အတွက် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ပထမပိုင်းမအား စိတ်လိုလက်ရ လွဲပေးလိုက်သည်။

“ ဒါက ကဗျာလား.. ”

ယန်ကျောက် ကြောင်သွားသည်။ သူက ဖြစ်နိုင်ချေအားလုံးကို စဉ်းစားခဲ့သော်လည်း ကဗျာဖြစ်နေလိမ့်မည်ဟု အိပ်မက်ထဲပင် ထည့်မက်မိမည်မဟုတ်ပေ။

“ အင်း.. ”

ထိုက်ကျန်းကြင်ယာတော် ခေါင်းငြိမ့်လိုက်သည်။

“ နင်ဖတ်ပြီးရင် ပြန်ပေးဦး.. ဖြဲမပစ်နဲ့.. ”

ထိုက်ကျန်းကြင်ယာတော်၏ စကားကြောင့် အံ့အားသင့်သွားပြီး စာလိပ်အားကြည့်ကာ စာတစ်ကြောင်းချင်းစီအား ဂရုတစိုက် ဖတ်လိုက်သည်။

ယန်ကျောက်က ကဗျာစာပေ၌ မည်သည့် ပါရမီမှ မရှိပဲ လောင်းကစားဝိုင်း၌ အန်စာပစ်သည်ကသာ သူကျွမ်းကျင်ရာ ဖြစ်ပေသည်။ သူ၏ ပျင်းရိမှုနှင့် ပညာရည်မပြည့်၀မှုကို အသာထား ဤကဗျာမှာ အလွန်ပြောင်မြောက်သည့် လက်ရာတစ်ခုဖြစ်မှန်းကိုတော့ သူပြောနိုင်သည်။

“ ကောင်းလိုက်တဲ့ ကဗျာ .. ဒါက တကယ်ကို ကောင်းလွန်းတယ်.. ငါ့ကို ငတုံးတစ်ကောင်တောင် ဒီကဗျာက မိန်းကလေးတစ်ယောက်ကို ချီးမွန်းထားမှန်းပြောနိုင်တယ် ဘယ်သူက ဒါကို ရေးခဲ့တာလဲ... ”

ယန်ကျောက်က အားပါးတရ ပြောနေပြီး သာမန်သာလျှံကာ မေးလိုက်သည်။

“ စုန့်ဘုရင် လီချမ်းချီ.. ”

“ ဘာရယ်.. ”

ယုကျန်းနန်းဆောင်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ ယန်ကျောက်၏မျက်လုံးများ ပြူးကျယ်နေပြီး မေးရိုးက ကြမ်းပြင်ကို ထိလုလုဖြစ်သွားသည်။

“ စုန့်ဘုရင် လီချမ်းချီ ဒါ ဒါဘယ်လိုဖြစ်နိုင်မှာလဲ.. ”

ယန်ကျောက်က ညီမဖြစ်သူအား မယုံနိုင်ခြင်းများနှင့် ကြည့်လို့နေသည်။ ဤသတင်းက သူ့အတွက် မခန့်မှန်းမိလောက်စရာ ဖြစ်နေကာ သူ့အပေါ်သို့ တောင်တစ်လုံး လဲပြိုလာသည့်အလားခံစားမိနေသည်။

“ ငါက ဒီအကြောင်းကို လိမ်ပြောနေစရာ လိုလို့လား .. ဒီစာက ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပို့ခဲ့တာပဲ.. ”

ထိုက်ကျန်းကြင်ယာတော်က အေးစက်စက် ပြန်ပြောလေ၏။

“ အန်... ”

ယန်ကျောက်က ယခုကိစ္စအား မည်သို့မှ နားမလည်နိုင်ပဲ ရှိနေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက။ သူအဘယ်ကြောင့် မကြားမိလေသနည်း။

“ ဒါပေမဲ့ သူက ဘာလို့ စာပို့လိုက်တာလဲ... သူဘာကြံနေတာလဲ.. ”

စိတ်တည်ငြိမ်အောင်ပြု၌ ယန်ကျောက် စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။

“ ဟမ့်.. ငါလည်း ဒီကိစ္စကို ဝေခွဲမရဖြစ်နေတာပဲ.. ဒါပေမဲ့ နင်ပြောခဲ့တဲ့ စကားတွေအရဆိုရင် သူ့ရည်ရွယ်ချက်ကို အကြမ်းဖျင်း မှန်းလို့ရပြီလို့ထင်တယ်.. ငါပြောခဲ့သလိုပဲ လီချမ်းချီ ကြောက်နေတာ .. သူက ငါတို့အကောင်းမြင်လာဖို့ ကြိုးစားနေတာဆိုရင်ရော.. ”

ထိုက်ကျန်းကြင်ယာတော် ပြန်ဖြေသည်။ သူမခံစားခဲ့ရသည့် မတရားမှုများ အရှက်ခွဲခံရမှုများ ဝေဖန်တိုက်ခိုက်ခံရမှုများ အားလုံးကို ပြန်ပြောင်း တွေးတောလျက် သူက စုန့်ဘုရင်အား အရိုးစွဲအောင် မုန်းတီးနေဆဲဖြစ်၏။

“ စုန့်ဘုရင်က ဒီစာကို ဘယ်လိုအကြောင်းကြောင့် ပို့လိုက်လဲတော့ ငါမသိဘူး ဒါပေမဲ့ ဒီကဗျာကို သိမ်းထားတာက ပြဿနာတက်မယ်နော်.. ”

ယန်ကျောက်က ကဗျာကို နောက်တစ်ကြိမ်ထပ်မံ ဖတ်ရှုလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခု ပူးကပ်လာသည်။

“ ငါက ကဗျာစာပေကို သိပ်နားမလည်ပေမဲ့ ကဗျာကနေ တမ်းတလွမ်းဆွတ်မှုကို ခံစားမိတယ်.. ညီမလေး ဒီစာသာ အင်ပါယာမင်းတရားကြီး လက်ထဲ ရောက်သွားခဲ့ရင်...... ဘာလို့ စုန့်ဘုရင် နင့်ဆီကို ဒီလိုစာမျိုး ပို့ရတာလဲ.. ”

“ အစ်ကိုကြီး နင် ဒီအကြောင်း တွေးတာ အရမ်းများသွားပြီ ရေးထားတဲ့ စာလုံးတွေကို ကြည့်လေ ဒီလက်ရေးက စုန့်ဘုရင်ရဲ့ လက်ရေးလို့ ထင်လား ”

ထိုက်ကျန်း ကြင်ယာတော် အေးစက်စွာ ပြုံးလိုက်သည်။ မှန်ပေသည် အကယ်၍ ဤစာကဗျာသာ စုန့်ဘုရင်ထံမှ ဖြစ်ပါက အလွန်အရှက်ကွဲရပေလိမ့်မည်။

သို့ဆိုစေ ထိုက်ကျန်း ကြင်ယာတော်က စုန့်ဘုရင်၏ လက်ရေးလက်သားမဟုတ်မှန်း အတပ်ပြောနိုင်သည်။

“ ငါသိပြီ ဒါဆို စုန့်ဘုရင်ရဲ့ လက်ရေး မဟုတ်ဘူးပေါ့.. ”

စာလိပ်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး ယန်ကျောက် မချိပြုံးပြုံးမိသည်။ သူ့အနေနှင့် ကဗျာမှာ အလွန်ကောင်းမွန်သော်လည်း လက်ရေးက ပဲပင်ပေါက်ဖြစ်နေကြောင်းကို ရှေးမဆွကပင် သတိထားမိပြီး ဖြစ်သည်။ အလွန်ဆိုးရွားသည်ဟု ဆိုလျှင်ပင်မှားလိမ့်မည် မဟုတ်ပေ။

သို့ဆိုစေ သူက မြို့တော်သို့ ရောက်သည်မှာ မကြာသေးပဲ တော်၀င်ရုံးတော်က သူ့အတွက် အသစ်အဆန်းဖြစ်နေသေးသည်။ ထို့ကြောင့် ဤသို့သော လက်ရေးမျိုးက မဟာထန်၏ ဘုရင်များ ရေးသားသည့် ပုံစံဟု မှတ်ယူမိခြင်းဖြစ်သည်။

“ ဟမ့်.. စုန့်ဘုရင် ရေးထားတာ မဟုတ်ရင်တောင်မှ သူ့ရဲ့ တံဆိပ်နှိပ်ထားတာပဲ.. အနည်းဆုံးတော့ သူ စာတော့ ဖတ်ကြည့်မှာပဲ ဒါကြောင့် သူလဲ ကြံရာပါလို့ ပြောလို့ရတယ်.. ဒီလိုဆိုတော့ သူက သူ့ကိုယ်သူ ဖိနှိပ်ပြီး ငါတို့အပေါ် ကောင်းမွန်တဲ့ စိတ်ထားကို ပြဖို့ ဒီနည်းလမ်းကို သုံးခဲ့တာလို့ တွေးမယ်ဆိုလဲ မမှားဘူး.. ”

ထိုက်ကျန်းကြင်ယာတော် ခွဲခြမ်းစိတ်ဖြာပြသည်။

အကယ်၍ အတိတ်၌သာဖြစ်ပါက သူမအနေနှင့် နိုင်ငံရေးနှင့်အစိုးပိုင်းဆိုင်ရာအား နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာများက သူမအတွက် ဝေးကွာလွန်းလှပေသည်။ သို့ဆိုစေ အခြားသူများ၏ ဝေဖန် ရှုံ့ချမှုများ အထူးသဖြင့် တော်၀င်ရုံးတော်၏ ဆိုးရွားသည့် မှတ်ချက်များအရ သူမ အလျင်အမြန် ရင့်ကျက်လာရသည်။

သူမက နိုင်ငံရေး၌ ကျွမ်းကျင်လှသည် မဟုတ်သည့်တိုင် ယခင်ကကဲ့သို့ ဖြူစင်ကာ ရိုးအသည့် မိန်းမငယ်လေး မဟုတ်တော့ပေ။

“ ညီမလေး တကယ်လို့ စုန့်ဘုရင်သာ စိတ်လျော့လိုက်တယ်ဆိုရင် ဒါက ငါတို့အတွက် သတင်းကောင်းပဲလေ... ”

ယန်ကျောက် သတိထား၍ ဖြေးညှင်းစွာ ပြောလိုက်သည်။

သူ၏ ညီမငယ်က စုန့်ဘုရင်အား အခဲမကျေနိုင်သည်ကို သူကောင်းစွာ နားလည်သည်။ သို့ဆိုစေ သူ့ထံ၌ သူမနှင့် မတူညီသည့် အမြင်ရှိနေသည်။ လောင်းကစားဝိုင်းများ၌ ကျင်လည်ခဲ့ပြီးနောက် ယန်ကျောက်က လူမှုဆက်ဆံရေး၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေချေပြီ။

လီချမ်းချီမှာ မဟာထန်၏ ဘုရင်တစ်ပါးဖြစ်ပြီး များပြားသည့် အခွင့်အာဏာများကို ပိုင်ဆိုင်ထားသည်။ အရှင်မင်းကြီးက တစ်ခဏ ရာထူးချထားသည့်တိုင် ဘုရင်တစ်ပါးဟူသည်က ပြောင်းလဲသွားခြင်း မရှိချေ။

သူတို့ မောင်နှမနှစ်ဦးသား တော်၀င်ရုံးတော်သို့ ရောက်သည်က မကြာသေးပဲ ကျောထောက်နောက်ခံလဲ မရှိပေ။ ချီဘုရင်နှင့် ယောင်ကလန်က သူတို့အား ထောက်ပံ့ပေးနေသော်လည်း ယန်ကျောက်၏ စုံစမ်းထားမှုများအရ ထိုသူတို့၏ ဂုဏ်သတင်းက သိပ်မကောင်းချေ။

ထို့ကြောင့် မဟာထန်၏ ဘုရင်တစ်ပါးဖြစ်သည့် စုန့်ဘုရင် လီချမ်းချီအား ကျောထောက်နောက်ခံအဖြစ် ရထားပါက တော်၀င်ရုံးတော်၌ ကြုံရမည့် သူတို့၏ အခက်အခဲများက များစွာ လျော့ကျသွားပေလိမ့်မည်။

လောင်းကစားဝိုင်း၌ ငွေအများဆုံး ရရှိသူက မည်သူနည်း။ ဒိုင်ပင် မဟုတ်ပါလား။

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် ဒိုင်က မည်သူနှင့် ကစားသည်ဖြစ်စေ လူတိုင်းထံမှ ငွေများကို အနိုင်ရမည် ဖြစ်သည့်အတွက်ပင်။

ယန်ကျောက်၏ အမြင်အရ ချီဘုရင်နှင့် ယောင်ကလန်က အန္တရာယ်များလှသည်။ စုန့်ဘုရင်အား သူတို့နှင့် တစ်လှေတည်းစီဖြစ်စေရန် ဆွဲခေါ်နိုင်ပါက ၎င်းတို့အကြား မျှခြေကိုလဲ ထိန်းပြီး ဖြစ်သွားလိမ့်မည်။ ဤသည်က သူတို့ မောင်နှမနှစ်ဦးအတွက် အကောင်းဆုံး ဖြေရှင်းနည်းလဲဖြစ်သည်။

“ ဟမ့်.. ငါက သူ့ကြောင့် အများကြီးခံစားခဲ့ရတယ်.. သေတွင်းထဲလဲ ခနခနကျလုနီးနီးပဲ ငါသူ့ကို ဒီအတိုင်းလေးတော့ လက်မခံပေးနိုင်ဘူး.. ”

ထိုက်ကျန်းကြင်ယာတော်က ဤကိစ္စကို လွယ်လင့်တကူ လက်မခံနိုင်ပဲ ရှိနေသည်။

“ ညီမလေး နင် သူတို့ကို ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ.. ”

ယန်ကျောက် သတိထား၍ မေးလိုက်သည်။

“ အစ်ကိုကြီး ငါ့ကို ကူညီပြီး သူပို့လိုက်တဲ့စာကို လက်ခံရရှိတယ်ဆိုတဲ့အကြောင်း စာရေးပေးစမ်းပါ.. ပြီးတော့စာထဲမှာ ‘ အရှင် ဘာကြောင့်များ သင့်ရဲ့ မောက်မာမှုနေရာမှာ ရှက်ရွံမှုကို အစားထိုးလိုက်တာလဲ ’ မေးလိုက်..”

ထိုက်ကျန်းကြင်ယာတော်က ပြတ်သားစွာ ပြောလေသည်။ အကယ်၍ သူမသာ လီချမ်းချီအား ပြန်လည် အရှက်ခွဲ၍ လက်စားမချေရပါက ထိုကိစ္စအား လွယ်လွယ်လက်လျော့နိုင်မည် မဟုတ်ချေ။

ဟူး...

ထိုက်ကျန်းကြင်ယာတော်၏ စကားကို ကြားပြီးနောက် ယန်ကျောက် သက်ပြင်းချမိသည်။ အနည်းဆုံးတော့ သူ့ညီမက စုန့်ဘုရင်အား စာပို့ချင်သည့် ဆန္ဒရှိသည်ဖြစ်ရာ စုန့်ဘုရင်အား အလုံးစုံ ဆန့်ကျင်မည် မဟုတ်တော့ဟု အဓိပ္ပာယ်ရနေပေသေးသည်။ ညှိနှိုင်းရန် အဆင်ပြေနေသေး၏။

“ ကောင်းပြီလေ.. ”

ယန်ကျောက် ပြန်ဖြေသည်။ ထို့နောက် ထွက်သွားကာ ထိုက်ကျန်းကြင်ယာတော် ပြောလိုက်သည့်အရာကို သွားလုပ်ဆောင်တော့သည်။

Chapter 127

စုန့်ဘုရင်၏ အိမ်တော်ထဲ၌ လူထင်၊ အိမ်တော်ထိန်းကြီးနှင့် ၀မ်ချောင်တို့ အတူတကွ စုရုံးနေကြသည်။ ထူးဆန်းစွာ စုန့်ဘုရင်က မရှိနေပေ။

၀မ်ချောင်က လူထင်အား ထိုက်ကျန်းကြင်ယာတော် စာပြန်လာပါက ကြားဖြတ် ယူထား၍ သူ့အား အဆောတလျင် အသိပေးရန်မှာကြားထားသည်။ ထို့အတွက်ကြောင့် စုန့်ဘုရင် မည်သည့်နည်းနှင့်မှ သိလိမ့်မည် မဟုတ်ပေ။

“ ချောင်သခင်လေး မင်း ထိုက်ကျန်းကြင်ယာတော်ဆီကို ဘာရေးပို့လိုက်တာတုန်း.. ”

ထိုက်ကျန်းကြင်ယာတော် ပြန်ပို့လာသည့်စာကိုကြည့်ပြီးနောက် လူထင်နှင့် အိမ်တော်ထိန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“ ဘာလို့ သူက ‘ အရှင် သင့်ရဲ့ မောက်မာမှုနေရာမှာ ရှက်ရွံမှုကို အစားထိုးလိုက်ရတာလဲ ’လို့ မေးလာရတာလဲ.. ”

စာအတွင်းပါရှိသည်က တိုတောင်းလှသည့် စာတစ်ကြောင်းသာဖြစ်ကာ မကျေမချမ်းမှုများနှင့် အရှက်ခွဲလိုမှုများ ပြည့်နှက်နေသည်။ ထိုက်ကျန်းကြင်ယာတော်က စုန့်ဘုရင်အား ထိုသို့ စာပို့ကာ ပျက်ရယ်ပြုသည်က ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။

ယခင်က သူမအား စုန့်ဘုရင် မည်မှုအထိ ဆန်ကျင်ခဲ့သည်ကို ထောက်လျှင် ဝေဖန်ရှုံ့ချမှုများနှင့် ပြည့်နှက်နေသည့် စာမျက်နှာပေါင်းများစွာ မပို့သည်ကပင် တော်သေးသည်ဟု ဆိုရပေမည်။

နှစ်ဦးနှစ်ဖက်အကြား အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့ပြီးနောက် သူတို့အကြား အခြေအနေပိုဆိုးရန် မရှိတော့ချေ။ သူတို့က ကမ္ဘာ့ရန်များဖြစ်နေပြီဟုဆိုလျှင်လည်း မမှားပေ။

ထိုက်ကျန်းကြင်ယာတော် စာပြန်လာသည်ကပင် သူတို့နှစ်ဦးအတွက် ဆန်းကြယ်နေလှချေပြီ။

၀မ်ချောင်၏ နည်းလမ်းက အလုပ်ဖြစ်ကြောင်း သက်သေပြနေသည်။ သူတို့က မည်သည့်နည်းလမ်းကို အသုံးပြု၍ ထိုက်ကျန်းကြင်ယာတော်နှင့် စုန့်ဘုရင်အကြား ပြန်လည်ပေါင်းစည်းစေသည်ကို သိချင်နေကြသည်။

“ ဟားဟား ကျုပ် ဘာမှမလုပ်ပါဘူး.. ထိုက်ကျန်းကြင်ယာတော်ဆီကို ကဗျာတစ်ပုဒ် ရေးပေးလိုက်တာလေးပါ.. ”

၀မ်ချောင် ရယ်မောကာ လူငယ်တစ်ဦး၏ ပျိုရွယ်မှုအား အချိန်ကိုက် ထုတ်ဖော်ပြသလိုက်သည်။ လူထင်နှင့် အိမ်တော်ထိန်းကြီးက သူ့အား အလွန်ရင့်ကျက်နေပြီဟု မထင်စေချင်ပေ။

“ ကဗျာဟုတ်လား.. ”

လူထင်နှင့် အိမ်တော်ထိန်းကြီးတို့က စိတ်ရှုပ်ထွေးစွာနှင့် ကြည့်နေသည်။ သူတို့အနေနှင့် မည်သို့သော ကဗျာကို ၀မ်ချောင် ရေးလိုက်၍ ယခုမျှထိ ဖြစ်လာစေသည်ကို နားမလည်နိုင်ကြပေ။

မသိမသာနှင့် အိမ်တော်ထိန်းကြီးက ၀မ်ချောင်အား စတင် ယုံကြည်စပြုလာသည်။

သို့ဆိုသော်လည်း ရန်သူထံ ကဗျာရေးပို့ခြင်း။ ဤသည်က မည်သူမှ တွေးမိမည် မဟုတ်သည့် နည်းလမ်းဖြစ်ပေသည်။

“ ဒါပေမဲ့ ဘာလို့ အရှင် သိခွင့် မရှိတာလဲ.. ”

အိမ်တော်ထိန်းကြီးက သံသယနှင့် မေးသည်။

၀မ်ချောင်က ရှေးမဆွက စုန့်ဘုရင်အား အသိမပေးရန် မှာထားသည့်အတွက် ဖြစ်သည်။ အိမ်တော်ထိန်းကြီးအနေနှင့် ၀မ်ချောင်၏ အတွေးအား လိုက်မှီရန် မစွမ်းသာချေ။

“ ခင်ဗျားတို့လည်း ထိုက်ကျန်းကြင်ယာတော်ရဲ့ စာကို မြင်သားပဲ.. ဖြစ်နိုင်ရင် စုန့်ဘုရင်ကို ဒုက္ခမပေးပဲ သူ့ရဲ့ ၀န်ထုပ်၀န်ပိုး လျော့စေဖို့ လုပ်ပေးနိုင်တာက အကောင်းဆုံးပဲ မဟုတ်လား.. ဒါကြောင့် ကျုပ်က ဒီကိစ္စကို သူ့အစား လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပဲလေ.. ပြီးတော့ သူ လိုအပ်ရင် ကျုပ်တို့ ကူညီပေးရမှာက ပုံမှန်ပဲ မဟုတ်လား.. ”

၀မ်ချောင် အားပါးတရ ရယ်လိုက်သည်။

၀မ်ချောင်၏ စကားများကို ကြားပြီးနောက် အိမ်တော်ထိန်းကြီးလည်း လိုက်ပါ ရယ်မောသည်။ အကြောင်းရင်းတစ်ချို့ကြောင့် ဤကလေးအပေါ် သူပို၍ အကောင်းမြင်လာသည်။

“ ဒါဆိုလည်း ငါတို့က မင်းပြောတဲ့အတိုင်း လိုက်လုပ်ရတာပေါ့.. ”

အိမ်တော်ထိန်းကြီးက သံသယများသည့်စိတ်ထားရှိပြီး သူ့ကိုယ်သူ အခြားသူများနှင့် ဝေးကွာစေသည်။ သူက စုန့်ဘုရင်နှင့် အလွန်ရင်းနှီးသည့် မဟာမိတ်ဆက်ဆံရေးရှိသည့် ၀မ်ချောင်၏ ဖခင်ကိုပင် ယုံကြည်သူမဟုတ်ချေ။

သို့သော် ၀မ်ချောင်အပေါ် မည်သည့်အာဃာတမှ မထားနိုင်ပဲ သူ့ကိုယ်သူပင် သံသယမ၀င်နေသည်ကို တွေ့ရှိရသည်။

ထိုသည်က ၀မ်ချောင် သူ့အား ပေးစွမ်းသည့် ခံစားချက်ဖြစ်သည်။

“ လူအရှင် ကျုပ်တော့ ခင်ဗျားကိုပဲ အားကိုးရတော့မှာပဲ.. ”

၀မ်ချောင် လူထင်အား ကြည့်လိုက်သည်။

“ ငါ နားမလည်နိုင်တာက စုန့်ဘုရင်ရဲ့ လက်ရေးလက်သားကို ငါအတုခိုးနိုင်တယ်ဆိုတာ မင်းဘယ်လိုသိသွားတာလဲ.. ”

လူထင်က မချိပြုံးပြုံးကာ တစ်ဖက်လူမှာ စဉ်းလဲသည့်မြေခွေးအိုကြီးအလား ၀မ်ချောင်အား စိုက်ကြည့်နေသည်။

သူက စုန့်ဘုရင်နှင့် အလွန်နီးစပ်ပြီး နှစ်ပေါင်းဆယ်ချီ ဆက်ဆံရေး ရှိခဲ့သည်။ နှစ်ပေါင်းများစွာ စုန့်ဘုရင်နောက် လိုက်ခဲ့ပြီး အထူးသဖြင့် စုန့်ဘုရင်အား ကိစ္စရပ်ပေါင်းများစွာ၌ ကူညီပေးခဲ့ပြီးနောက် သူက အမှတ်တမဲ့နှင့် စုန့်ဘုရင်၏ လက်ရေးကို တုပရန် လေ့လာမိပြီး ဖြစ်နေသည်။

လူအနည်းငယ်သာ ထိုအကြောင်းကို သိထားသည့်တိုင် ၀မ်ချောင်က တစ်နည်းနည်းနှင့် သိသွားခဲ့သည်။

“ လူအရှင် ကျေးဇူးပြုပြီး.. ”

၀မ်ချောင်က ပြုံးရုံပြုံးနေကာ လူထင်က စုန့်ဘုရင်၏ လက်ရေးကို မတုပနိုင်ဟူသည့် ပုံစံနှင့် တိုက်တွန်းလိုက်သည်။ ၀မ်ချောင်က ပါမောက္ခလူသည် အလွန်တရာ ထူးချွန်ပြီး အခြားသူများ၏ လက်ရေးကို တုပသည့်နေရာ၌ ပါရမီထက်သန်ကြောင်း သိထားသည်။

သူက တစ်ဖက်လူ၏ စာလုံး သုံးလုံးမျှကို မြင်ယုံနှင့် ထိုသူ၏ လက်ရေးကို ခုနစ်ဆယ်ရာခိုင်နှုန်းအထိ တုပနိုင်စွမ်းရှိသည်။ အကယ်၍ ထို့ထက်ပို၍ အားထုတ်လိုက်ပါက ထိုသူကိုယ်တိုင်ပင် လူထင်နှင့် သူ၏ လက်ရေးကို ခွဲခြားနိုင်တော့မည် မဟုတ်ပေ။

မဟာထန်၏ လက်ရေးလှအဓိပတိကြီးမှ ဤလူပင်ဖြစ်သော်လည်း နှမြောစရာကောင်းသည်က လူထင်မှာ နိမ့်ချ၍သာ နေတတ်လေသည်။

လူထင် ခေါင်းခါလိုက်သော်လည်း စားပွဲပေါ်သို့ စာရွက်တင်လိုက်ပြီး မှင်ခွက်ချကာ စုတ်တံကို မြှောက်လိုက်သည်။

များမကြာမှီက စစနောက်နောက် ရှိနေခဲ့သော်လည်း စုတ်တံကိုင်လိုက်ပြီးသည်နှင့် သူနှင့် အိမ်တော်ထိန်းကြီးတို့၏ မျက်နှာများက တည်ကြည်သွားခဲ့သည်။ ဤသည်က စာရွက်လေးတစ်ရွက်သာ ဖြစ်သော်လည်း ပိုအရေးပါသည်က တော်၀င်ရုံးတော်တစ်ခုလုံးကို မုန်တိုင်းထန်စေနိုင်သည့်အတွက် ဖြစ်ပေသည်။

စုန့်ဘုရင် အာဏာပြန်ရကာ တော်၀င်ရုံးတော်အား တစ်ဖန် ဦးဆောင်နိုင်မည်လား၊ ချီဘုရင်နှင့် ယောင်ကလန်၏ စစ်တပ်ရေးရာဌာနနှင့် တရားရေးရာဌာအား လက်ဝါးကြီးအုပ်မည့်အရေးမှ တားနိုင်မည်လား၊ စုန့်ဘုရင်နှင့် အင်ပါယာမင်းတရားကြီး ထိုက်ကျန်းကြင်ယာတော်တို့အကြား ပက်သက်မှုကို ပြန်လည် ဖာထေးနိုင်မည်လား ဤဖြစ်ရပ်၏ သက်ရောက်မှုက တော်၀င်ရုံးတော်တစ်ခုလုံး၏ အရာရှိများအား ......

ထိုအရာအားလုံးက ဤစာလေးတစ်စောင်အပေါ် မူတည်နေပေသည်။

ဖြေရှင်းမရနိုင်လောက်သည့် ပြဿနာက ဤမျှ အခြေအနေအထိ ပျော့ပြောင်းလာသည်ကိုပင် သူတို့ နှစ်ဦးသား အံ့အားသင့်နေရပြီ ဖြစ်သည်။

ထိုအရာအားလုံးက ၀မ်ချောင်ကြောင့်ပင်။

ဤဖြစ်ရပ်၌ သူတို့ထံ၌ မည်သည့် အကြံဉာဏ်မှ မထွက်လာသည့်အတွက် သူတို့၏ မျှော်လင့်ချက်အလုံးစုံကို ၀မ်ချောင်ထံ၌သာ ပုံချထားတော့သည်။ လက်ရှိအခြေအနေ၌ ထိုက်ကျန်းကြင်ယာတော်အား စုန့်ဘုရင်အတွက် စကားထွက်ပြောဆိုစေခြင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်နှင့် မခြားသလို သူတို့ဆိုလျှင်လည်း ထိုအတွေးကို တွေးရဲမည်ပင် မဟုတ်ချေ။

မွေးခါစနွား ကျားကိုမကြောက် ဆိုသည့်အတိုင်း ဝါနုသေးသည့် ၀မ်ချောင်ကဲ့သို့ လူငယ်မျိုးသာ ဘောင်ထဲမှ ဖောက်ထွက်ကာ ထိုသို့ အကြံဉာဏ်မျိုး ထုတ်ရဲသည်ဖြစ်သည်။

“ ချောင်သခင်လေး ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ... ”

လူထင် နောက်လှည့်ကာ ၀မ်ချောင်အား ကြည့်လိုက်သည်။

တော်၀င်ရုံးတော်၏ ကြီးမြတ်သည့်ပညာရှိတစ်ဦးက သူ့ထက် များစွာ ငယ်ရွယ်သည့် လူငယ်တစ်ဦးအား အမှန်ပင် အကြံတောင်းနေရသည်။ မယုံကြည်နိုင်လောက်သော်လည်း လက်ရှိ၌ ဖြစ်ပျက်နေပေသည်။

သူကိုယ်တိုင်ပင် သတိမထားမိလောက်သော်လည်း နှလုံးသားထဲ နက်ရှိုင်းသောနေရာ၌ ဤကလေးကို အလွန်ယုံကြည်ပြီး အားကိုးနေမိပြီ ဖြစ်သည်။

“ အရှင် သင့်ရဲ့ မောက်မာမှုနေရာမှာ ရှက်ရွံမှုကို ဘယ်လိုလုပ် အစားထိုးလိုက်ရတာလဲ ” ထိုသည်က ထိုက်ကျန်းကြင်ယာတော်၏ စကားလုံးများ ဖြစ်သည်။

သူတို့က ၀မ်ချောင် ထိုက်ကျန်းကြင်ယာတော်ထံ မည်သို့သောကဗျာမျိုး ရေးပို့လိုက်မှန်း မသိသည့်တိုင် မြှောက်ပင့်ပြောဆိုထားမည်ကတော့ သေချာလှပေသည်။ သို့ဆိုစေ ထိုက်ကျန်းကြင်ယာတော်၏ စာသည်လည်း ပြန်လည် ဖြေကြားရန် မလွယ်ကူချေ။

ပြီးခဲ့သည့် မင်းဆက်များ၌ ဤစကားစုက တစ်ဖက်လူအား ပြက်ရယ်ပြုချိန်၌ ရေးသားလေ့ရှိကြပြီး ခွဲပြဲတော့မည့် အရိပ်အယောင်ဖြစ်သည်။

သင့်တင့်လျောက်ပတ်စွာ ပြန်ဖြေရန် မလွယ်ကူသည့် စကားလုံးဖြစ်သည်။

ထိုက်ကျန်းကြင်ယာတော်၏ စုန့်ဘုရင်အပေါ် အမြင်နှင့် စိတ်ထားကို ပြောင်းလဲနိုင်ရန် မလွယ်ကူချေ။

သို့ဆိုစေ ၀မ်ချောင်မှာတော့ အများထင်ထားသည့်အတိုင်း ပြာယာခတ်နေခြင်းမရှိပေ။ ထိုက်ကျန်းကြင်ယာတော် ထိုသို့ တုန့်ပြန်လာမည်ကို ခန့်မှန်းမိပြီး ပြန်လည်ဖြေကြားရန်ပင် အသင့်ရှိနေသည့်အလားပင်။

လူထင်ထံ လျှောက်သွား၍ ၀မ်ချောင် တီးတိုးပြောလိုက်သည်။

“ အာ.... ”

၀မ်ချောင်၏ စကားကိုကြားလျှင် လူထင် သူ့အား ကြောင်အစွာ ကြည့်နေမိသည်။

“ ဒါက အကြံကောင်းတော့ မဟုတ်ဘူးထင်တယ်.. ”

“ ဘာတွေများ ဆိုးဝါးနေလို့တုန်း ဘယ်လိုပဲဖြစ်ဖြစ်လေ စာကိုရေးတာက စုန့်ဘုရင် ကိုယ်တိုင်မှ မဟုတ်တာ ဒီတော့ ကိစ္စမရှိဘူးပေါ့... ”

၀မ်ချောင် လူမိုက်ပြုံးပြုံးနေသည်။ လူထင်က သူနှင့် စုန့်ဘုရင်အကြား စုန်ချီဆန်ချီ ကူးပြောင်းနေသူဖြစ်ပြီး ဤသည်က သူ့ဖက် ဆွဲခေါ်ရန် အခွင့်အရေးသာ။

“ လူအရှင် ကျုပ် သိုင်းလေ့ကျင့်ဖို့ လိုသေးတယ် ကျန်တာကို ခင်ဗျားကို လွဲထားခဲ့မယ်နော်... ”

ထိုစကားများကို ပြောပြီးနောက် ၀မ်ချောင် ပြုံးရယ်ကာ ထွက်သွားလိုက်သည်။

လူထင်မှာတော့ မျက်နှာသေကြီးနှင့် ကျန်ရစ်သည်။

“ လူရှင် ကောင်လေး ဘာပြောသွားတာလဲ.. ”

အိမ်တော်ထိန်းကြီးက သိချင်စိတ် ပြင်းပြစွာနှင့် မေးသည်။

“ ဟူး.... ဒီကလေးက စုန့်ဘုရင်ကို မသိမပေးပဲ ကျုပ်ကို ဒီခေါ်လိုက်တာလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီ.. ”

လူထင်လည်း မချိပြုံးနှင့် ၀မ်ချောင် ပြောခဲ့သည့်စကားများကို အိမ်တော်ထိန်းအား ပြန်ပြောလိုက်လေသည်။

ထိုစကားများကို ကြားပြီးနောက် အိမ်တော်ထိန်းကြီးက ၀က်၀က်ကွဲ ရယ်တော့သည်။ သူက လူထင်ဘက် မနေသည်သာမက ၀မ်ချောင်ဖက်မှပါ ကာကွယ်ပြောဆိုနေတော့သည်။

“ ဒီကောင်လေးပြောတာ မှန်တယ်.. ဒီကိစ္စက အရှင်ကိုင်တွယ်ဖို့ အဆင်မပြေဘူး ပါမောက္ခလူ ခင်ဗျားက အရှင့်ရဲ့ တာ၀န်ကို ခွဲယူပေးဖို့ လိုတယ်.. ကျုပ်တို့ ဒီကိစ္စကို ခင်ဗျားကို အားကိုးမယ်နော်.. ”

လက်စခါကာ အိမ်တော်ထိန်းသည်လည်း ထွက်ခွာသွားပြီး လူထင်အား အေးစက်သည့် ခန်းမထဲ၌ တစ်ယောက်တည်း ချန်ထားရစ်သည်။

လူထင် မသက်မသာ ပြုံးလိုက်မိသည်။

ခန်းမကြီးကို တိတ်ဆိတ်မှုက လွှမ်းခြုံထားပြီး အတန်ကြာ စဉ်းစားပြီးနောက် လူထင်က ၀မ်ချောင်၏ အကြံအတိုင်း လိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။ စုန့်ဘုရင်၏ လက်ရေးကိုတုပလျက် သူက စာတစ်စောင် စရေးသည်။

“ ဒီစာကို ယုကျန်းနန်းတော်ကို ပို့လိုက်.. ”

.....

“ အရှင်မဆီသို့

အရှင်မရဲ့ အလှတရားဟာ နတ်သမီးလို သည်းအူခိုက်စေပြီး နတ်မျိုးနွယ်လို အံ့သားသင့်စရာကောင်းသလို လောကကြီးမှာ ပြိုင်စံရှားပြီး ပြည့်စုံလှပါတယ်.. ချမ်းချီရဲ့ ပြီးခဲ့တဲ့ လုပ်ရပ်တွေက အရှင်မရဲ့ လှပမှုကို နားမလည်နိုင်ခဲ့လို့ ဖြစ်ရတာပါ ဒါကြောင့် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်..

အရှင်မင်းကြီးဟာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်ပြီး အရှင်မဟာလည်း ဒဏ္ဍာရီစာရင်း၀င်အလှနတ်သမီးဖြစ်ပါတယ်.. ဒီလို ပြီးပြည့်စုံတဲ့စုံတွဲဟာ သမိုင်းမှာတောင် ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး.. အရှင်မင်းကြီးရဲ့ ဂန္တ၀င် အဆင့်အတန်းအရ အရှင်မသည်သာလျှင် သူ့ဘေးမှာ ရပ်တည်ဖို့ ထိုက်တန်တယ်ဆိုတာ ချမ်းချီ ယုံကြည်ပါတယ်.. ”

“ ချမ်းချီရဲ့တစ်ခုတည်းသော ဆန္ဒက အရှင်မရဲ့ ပါရမီကို အသုံးပြုပြီး အရှင်မင်းကြီးကို ခစားကူညီစေဖို့ပါ.. နဂါးနဲ့ ဖီးနစ် ပေါင်းဖက်မှသာ လောကကြီး စည်ပင်ဝပြောမယ် မဟုတ်လား.. ”

“ အရင်က ချမ်းချီ အရှင်မကို ဆန့်ကျင်မှုပြုခဲ့တဲ့အတွက် အရှင်မ အပြစ်တင်မယ်ဆိုလည်း ချမ်းချီ ခံယူပါ့မယ်.. ချမ်းချီရဲ့ ဆန္ဒက အရှင်မနဲ့ အရှင်မင်းကြီးတို့ ရိုးမြေကျ ပေါင်းဖက်ပြီး တော်၀င်နန်းတော်မှာ အတူတူစံစားစေဖို့ပါ.. ”

“ လေးစားမှု များစွာဖြင့် စုန့်ဘုရင် လီချမ်းချီ”

ယုကျန်းနန်းတော်ထဲ၌ စုန့်ဘုရင် ပို့လိုက်သည့် စာကိုဖတ်ရင်း ထိုက်ကျန်းကြင်ယာတော် ဆွံအသွားသည်။ သူမ ပို့လိုက်သည့်စာက တိုသော်လည်း ပျက်ရယ်ပြုခြင်းများနှင့် ပြည့်နှက်နေသည်။

ထိုက်ကျန်းကြင်ယာတော်က စုန့်ဘုရင် ဒေါသူပုန်လိမ့်မည်ဟု တွေးထင်ထားသည်။ ဤသို့သော နည်းလမ်းနှင့် စာပြန်လာလိမ့်မည်ဟု မထင်ထားပေ။

“ ညီမလေး စုန့်ဘုရင် ဘာရေးထားတာလဲ.. ”

တဲအပြင်ဘက်၌ ယန်ကျောက်မှာ ထိုက်ကျန်းကြင်ယာတော်၏ လက်ထဲမှစာကို မျက်လုံးပြူးမျက်ဆံပြူးနှင့် ကြည့်နေပြီး သူ၏ နှလုံးကို ကြောင်က လက်သည်းနှင့် ကုတ်ခြစ်နေသည့်အလား ခံစားနေရသည်။ အရှင်မက စာကိုလက်ခံရရှိပြီးနောက် ထိုနေရာ၌ပင် အမူရာမဲ့စွာ ထိုင်လျက်နေပြီး မလှုပ်ရှားသလို စကားလည်းမဆိုချေ။

ယန်ကျောက်မှာတော့ စုန့်ဘုရင်က မည်သို့သောစာကို ရေးသားခဲ့၍ သူ့ညီမငယ်အား ယခုကဲ့သို့ အခြေအနေထိ ဖြစ်စေသည်ကို သိချင်စိတ်ပြင်းပြနေသည်။

“ ကိုယ့်ဟာကိုယ်သာ ကြည့်တော့.. ”

သူမက၏လက် သိမ့်ခနဲလှုပ်ရှားမှုနှင့်အတူ ထိုက်ကျန်းကြင်ယာတော်က စုန့်ဘုရင်၏ စာကို လက်လွဲပေးလိုက်သည်။

“ ဒါ ဒါက..... ”

စုန့်ဘုရင်၏ စာကိုဖတ်ရင်း ယန်ကျောက်လည်း ဆွံအသွားသည်။

“ ဒါ တကယ်ပဲ စုန့်ဘုရင် ရေးထားတာလား.. ”

“ ဟုတ်တယ်.. ”

ထိုက်ကျန်းကြင်ယာတော် လေးနက်စွာ ဖြေလိုက်သည်။ သူမက စုန့်ဘုရင်၏ လက်ရေးကို မှတ်မိပြီး ဤစာက စုန့်ဘုရင် လီချမ်းချီ ရေးထားခြင်း ဖြစ်ကြောင်း သေချာလှသည်။

သူမ၏ ၀မ်းကွဲအစ်ကိုဖြစ်သူ ယန်ကျောက်၏ အံ့အားသင့်မှုကို မအံ့သြတော့ပေ။ သူမကိုယ်တိုင်ပင် စာကိုဖတ်ပြီးနောက် အံ့အားသင့်သွားရသည် မဟုတ်ပါလား။ ယခင် ကဗျာက ချီးမွမ်းမှုဟုဆိုလျှင် ယခုစာက လုံးလုံးလျားလျား မြှောက်ပင့်ပြောဆိုမှုပင် ဖြစ်ချေသည်။

ဤစာကြောင့် ထိုက်ကျန်းကြင်ယာတော်မှာ တော်၀င်ရုံးတော်အတွင်း ဖြစ်ပျက်နေသည့် ရုတ်ချည်း ပြောင်းလဲမှုများက သူမ၏ သွင်ပြင်ကြောင့်များလားဟု ကူကယ်ရာမဲ့စွာ တွေးလိုက်မိသေးသည်။

ထိုသည်က စာထဲမှ အရင်းခံ ချီးကျူးထားမှုများကြောင့်ဖြစ်ပြီး ထိုက်ကျန်းကြင်ယာတော် ထိုသို့ အတွေး၀င်ရခြင်း ဖြစ်လေသည်။

ထို့အပြင် တော်၀င်ရုံးတော်၏ ရပ်တည်ချက်များကို ပြောင်းလဲစေသည်က သူမ၏ အလှတရားသာ ဖြစ်ပါမူ ထိုသည်က သူမအား အလွန်တရာ ချီးမွမ်းခြင်း ဖြစ်ပေသည်။ အဆုံး၌ယောက်ျားသားများက မိန်းမသားများနှင့် မတူညီသည် မဟုတ်ပါလား။

မိန်းကလေးတစ်ယောက်၏ လှပမှုကို ဥဒါန်းချီသည်က ယောက်ျားတို့လုပ်ပေးနိုင်သည့် အကြီးမြတ်ဆုံးသော ချီးမွမ်းမှု ဖြစ်ချေသည်။ မိမိဒ အလှအပအပေါ် ဂုဏ်မယူသည့် မိန်းမပျို မရှိသလို ထိုက်ကျန်းကြင်ယာတော်သည်လည်း ထူးမခြားနားပေ။

သူမက စုန့်ဘုရင် လီချမ်းချီအပေး မကျေမချမ်းမှုများစွာ ရှိထားခဲ့သည့်တိုင် ယခုမှာတော့ သူမ တစ်ဖက်လူအား အနည်းငယ်မှ မုန်းတီးခြင်း မရှိတော့ပေ။

ပြုံးနေတဲ့လူတစ်ယောက်ကို ပါးမရိုက်ရဘူး။ သူမအား ချီးမွမ်းနေသူကို အဘယ်ကြောင့် ဆက်လက် မုန်းတီးနေနိင်မည်နည်း။

“ ဘယ်လိုပဲဖြစ်ဖြစ်လေ အမှန်တိုင်းပြောရရင် သူ့စကားတွေကလဲ မလွန်ပါဘူး.. ”

အတန်ကြာပြီးနောက် ယန်ကျောက် တည်ငြိမ်သွားသည်။ စုန့်ဘုရင်၏ စာထဲ၌ မြှောက်ပင့်ပြောဆိုထားသည်က သိသာနေသည့်တိုင် ယန်ကျောက်က စုန့်ဘုရင်၏စာမှာ လွန်ကျူးပြောဆိုသည်ဟု မထင်မိချေ။

သူ၏ ၀မ်းကွဲညီမငယ်မှာ ငယ်စဉ်ကတည်းက အလွန်လှပသူဖြစ်ကာ ခန်းနားလှသည့် ဝိုင်ကဲ့သို့ သက်တမ်းရင့်လေ ပိုမူးလေ အရွယ်ရလေ ပိုလှလေ ဖြစ်သည်။ ယန်ကလန်၏ အခြားမိသားစု၀င်များပင်လျှင် သူမ၏ အလှတရားကြောင့် စိတ်လှုပ်ရှားခဲ့ကြသည် မဟုတ်လား။

သို့သော် ဆန်းကြယ်သည့် ရှေ့ဖြစ်ဟောဆရာတစ်ဦးက ရောက်လာပြီးနောက်ပိုင်း ယန်ကလန်သားတိုင်းက သူမမှာ ဖီးနစ်၏ ဘ၀ ဘုရင်မ၏နေရာနှင့်သာ ထိုက်တန်သူဖြစ်ကြောင်း ကောင်းစွာ နားလည်သွားကြသည်။

အားလုံးက သူမအား အကောင်းမွန်ဆုံး ကာကွယ်ပေးကြပြီး အပြင်လူနှင့် ထိတွေ့ ဆက်ဆံမှု မရှိစေရန် ထိန်းသိမ်းထားကြသည်။

ထို့ကြောင့် သူ၏ ညီမကိုယ်တိုင်ကလည်း သူမ၏ လှပမှုကို ကိုယ်တိုင် မသိနေချေ။

ယခင်က သူမအား နောက်ဆုံး တွေ့ခဲ့သည့် အချိန်၌ သူမ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်သာ ရှိဦးမည်။ သို့သော် သူမက လှသွေးကြွယ်နေပြီဖြစ်သည်။ ရှောအိမ်တော်နှင့် လက်ဆက်ပြီးနောက် ယန်ကျောက်သူမအား ထပ်မတွေ့ရတော့ပေ။ ယခုအချိန်၌ သူမ မည်သို့သော ပုံစံ ဖြစ်နေသည်ကိုပင် မသိရဟု ဆိုနိုင်သည်။

တဲကြီးမှာ ခန်းမနှင့် ဆင်တူပြီး ယန်ကျောက်သည်ပင် သူမအား မြင်တွေ့နိုင်ရန် ကံမစပ်သေးပေ။

Chapter 128

“ ဒါပေမဲ့ စုန့်ဘုရင်ရဲ့ ဆိုလိုရင်းက ဘာလဲ.. စာနှစ်ခုရဲ့ လက်ရေးက လုံး၀ မတူနေဘူး.. ”

ယန်ကျောက် ရုတ်တရက် ယခင်စာကို သတိရလိုက်သည်။ ယခင်စာ၏ လက်ရေးက ပဲပင်ပေါက်နှင့်တူပြီး ဆိုးဝါးလှကာ ယန်ကျောက်သည်ပင် ထိုသူထက် ကောင်းမွန်စွာ ရေးနိုင်မည်ဟု ယုံကြည်မိပြီး ဤတစ်စောင်မှာတော့ ခွန်အားပြည့်၀ သန်မာကာ သပ်ရပ်သည်။ စာနှစ်စောင်အား ရေးသားသည့်သူ မတူညီကြောင်း သိသာသည်။

“ ပြီးတော့ ကဗျာပါတဲ့ စာမှာ ဘာလို့ စုန့်ဘုရင်ရဲ့ တံဆိပ်နှိပ်ထားရတာလဲ ... ဒီ စုန့်ဘုရင် ဘာတွေ စဉ်းစားနေတာတုန်း ပြီးတော့ ကဗျာက တကယ် မသင့်တော်ဘူး ဒီလူ အရှင်မင်းကြီးရဲ့ အမျက်တော်ရှမှာကို မကြောက်ဘူးလားမသိ.. ”

ယန်ကျောက်က ထိုကိစ္စကို လုံး၀ နားမလည်နိုင်ပဲ ရှိနေသည်။

“ သူ့ကို မေးကြည့်မှပဲ သိတော့မယ်.. ”

ထိုက်ကျန်းကြင်ယာတော်က တည်ငြိမ်စွာ ဖြေလိုက်သော်လည်း သူမ၏ လေသံထဲ၌ စစ်မှန်သည့် ခံစားချက်များ အရိပ်အယောင်များ ပါ၀င်နေသည်။ အမှန်ဆိုလျှင် စုန့်ဘုရင်က သူမအတွက် အရေးမပါနေချေ။

သူမ စိတ်၀င်စားသည့်အရာ တစ်ခုတည်းသာရှိသည်။ မည်သူက စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံကို ရေးစပ်ခဲ့လေသနည်း။ ပြီးလျှင် ကဗျာ၏ နောက်ထပ် ဒုတိယနှင့် တတိယအပိုင်းများ ရှိသေးဦးမည်လား။

......

ထိုက်ကျန်းကြင်ယာတော်၏ ဒုတိယစာလွှာက ဤတစ်ကြိမ်၌တော့ စုန့်ဘုရင်ထံ ရောက်ရှိသွားသည်။ စုန့်ဘုရင် လူထင်နှင့် အိမ်တော်ထိန်းကြီးတို့က ရွှေသားကွပ်စားပွဲဝိုင်း၌ ဝိုင်းပတ်ထိုင်နေပြီး အလယ်၌ ထိုက်ကျန်းကြင်ယာတော်၏စာ တင်ထားသည်။

ထိုစာနှင့် အတူ ပါရှိလာသည်က ၀မ်ချောင်၏ ပဲပင်ပေါက်လက်ရေးနှင့် ရေးထားသည့် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံ ဖြစ်ပေသည်။

ထိုက်ကျန်းကြင်ယာတော်၏ တုန့်ပြန်စာလွှာနှင့်အတူ ၀မ်ချောင်၏ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံတို့က စားပွဲထက်၌ ရှိနေသည်မှာ နှစ်နာရီကျော် ကြာပြီဖြစ်ပြီး ထိုအချိန်အတွင်း သုံးယောက်သား အခေါက်ခေါက်အခါခါ ဖတ်နေကြပြီး အခေါက်တိုင်း လွန်မင်းစွာ အံ့အားသင့်ရသည်။

“ ကောင်းလိုက်တဲ့ကဗျာ... တကယ်ကို ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ ၀မ်ယန်လိုမျိုး နယ်စပ်စစ်သူကြီးဆီကနေ ကဗျာစာပေမှာ ထွန်းတောက်တဲ့ သားမျိုး ပျိုးထောင်ပေးနိုင်တာ တကယ်ကို မျက်စိပွင့်ရတယ်.. ”

တိတ်ဆိတ်မှုအား စတင်ဖြိုခွင်းသူက လူထင်ဖြစ်ပေသည်။ စားပွဲထက်ရှိ ကဗျာကို ကြည့်နေရင်း သူ၏ စိတ်ရင်းနှင့် ချီးမြှောက်ပြောဆိုလိုက်သည်။ ကဗျာက ရိုးရှင်းကာ အနှောင်အဖွဲ့မရှိ၊ လှပသော်လည်း မလွန်ကျူး။ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင်ပင် လူတိုင်း ချီးကျူးလောက်မည့် အနုပညာလက်ရာ ဖြစ်ပေသည်။

လူထင်ကိုယ်တိုင် ထိုကဗျာက တော်၀င်ရုံးတော်ရှိ ပညာရှင် အများအပြားကို ဒူးထောက် အရှုံးပေးစေရန် တတ်နိုင်စွမ်းသည်ကို လက်ခံမိသည်။ အနည်းဆုံး သူ လူထင်ကိုယ်၌က ထိုအဆင့်အတန်းကို တုယှဉ်နိုင်မည် မဟုတ်။

ထိုသို့ ပြောလိုက်သော်လည်း လူထင်၏ မျက်နှာထက်၌ စိတ်၀င်စားသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

“ ဒါက တကယ်ကို ပြောင်မြောက်တဲ့ ကဗျာပဲ.. ”

သူ့နံဘေးရှိ စုန့်ဘုရင်ကလည်း ခေါင်းငြိမ့်သည်။ သူ၏ မျက်နှာထက်၌လည်း တူညီသည့် စိတ်၀င်စားမှု ဖြစ်တည်နေသည်။

၀မ်ချောင်က သူ၏ အမည်ကို အသုံးပြုလျက် ထိုက်ကျန်းကြင်ယာတော်အား တမ်းတလွမ်းဆွတ်၊ ချီးမွမ်းအမွန်းတင်၊ မြှောက်ပင့်ပြောဆိုသည့် ကဗျာကို ရေးခဲ့ကြောင်းအား မသိထားပေ။

ရှက်ရွံစွာ လူထင်နှင့် အိမ်တော်ထိန်းကြီးအား မျက်နှာမပြရဲအောင် ဖြစ်ရသည်။

စုန့်ဘုရင်က ဖြောင့်မတ်ကာ ပွင့်လင်းစွာသာ ဆောင်ရွက်တတ်သည်။ ဤသို့သော နည်းလမ်းမျိုးကို တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။

ဤကဗျာကို သူရေးခဲ့ခြင်းမဟုတ်ပဲ ၀မ်ချောင် ရေးထားခြင်း ဖြစ်သည့်တိုင် စာအိတ်ထက်၌ သူ၏ တံဆိပ်ခပ်နှိပ်ထားသည်။ ထို့ကြောင့် ဤအကြောင်းအရာကို သူလုံး၀မ မသိရှိပါဟု ငြင်းဆိုရန် မဖြစ်နိုင်ချေ။

“ ချောင်သခင်လေးက စာကို ပဲပင်ပေါက်လက်ရေးနဲ့ ရေးထားတာ ကံကောင်းတာပဲ.. တစ်ချက်ကြည့်လိုက်တာနဲ့ အရှင့်ရဲ့ လက်ရေးနဲ့ မတူညီကြောင်းသိနိုင်တယ်.. ဒီတစ်ခုနဲ့တင် သံသယနဲ့ အထင်မှားမှု အကုန်လုံးကို ဖြေရှင်းပြီးသား ဖြစ်သွားရော.. ”

တဖြည်းဖြည်းနှင့် လူထင်က ၀မ်ချောင်၏ အတွေးကို သတိထားမိသွားသည်။

“ ဒီစာက အရှင့်လက်ထဲကနေ ထပ်ပြန့်သွားလို့ မဖြစ်ဘူး တကယ်လို့ မသမာသူတွေ လက်ထဲရောက်သွားရင် ဖြေရှင်းမရတဲ့ ကောလာဟာလတွေ ဖြစ်လာလိမ့်မယ်.. ဒါပေမဲ့ ချောင်သခင်လေးကတော့ မတူဘူး သူက ဆယ့်ငါးနှစ်ပဲ ရှိသေးပြီး ထိုက်ကျန်းကြင်ယာတော်ထက် ငယ်တယ်လေ.. ဒီလိုအသက်အရွယ်မှာ တစ်ယောက်ယောက်ကို စိတ်ကူးယဉ်တတ်တယ်ဆိုတာ သဘာ၀ပဲ မဟုတ်လား.. အနာဂတ်မှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင် ဘယ်သူမှကမှ ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး. အဆုံးစွန်ထိရောက်ခဲ့ရင် သူ့ရဲ့ ငယ်ရွယ်မှုကြောင့်လို့ ခေါင်းစဉ်တပ်လိုက်ရုံပဲ.. ”

“ ချောင်သခင်လေးက ရှူထောင့်မျိုးစုံကနေ တွက်ချက်ထားပြီး ဖြစ်နေတာပဲ.. ”

လူထင် စိတ်လိုလက်ရ ချီးကျူးပြောဆိုမိသည်။ ပုံပြင်မဆုံးမချင်း မည်သူမှ ဇာတ်ရည်မလည်သူက ဓမ္မတာပင်။

၀မ်ချောင်က စုန့်ဘုရင်ထံမှ တံဆိပ်တုံးငှားယူကာ စုန့်ဘုရင်အစား ထိုက်ကျန်းကြင်ယာတော်ထံ စာရေးခဲ့သည်။ ယခင်က သူတို့ ထိုကိစ္စအား သံသယ၀င်မိကြသေးသည်။

သို့သော် ယခု၌မူ ထိုလူငယ် ထွန်းတောက်လှပြီး ထူးချွန်လှပေသည်။ သူလုပ်သမျှအရာတိုင်းက စုန့်ဘုရင် ကောင်းကျိုးကိုသာ ရည်ရွယ်ထားသည်။

ထိုကောင်လေးက စုန့်နှင့် ၀မ်ကလန်အကြား ဆက်ဆံရေးအတွက် အကောင်းဆုံး ပြုလုပ်ပေးခဲ့ပြီးပြီဟု ဆိုနိုင်ပေသည်။

“ ဒီကောင်လေးက တကယ်ကို ကြိုးစားထားတာပဲ.. အရှင် ၀မ်ကလန်ရဲ့ မျိုးဆက်နှစ်ခုထဲမှာ ဒီကလေးက ပျိုးထောင်ဖို့ ထိုက်တန်တယ်လို့ ကျုပ်တွေးမိတယ်.. ”

အိမ်တော်ထိန်းသည်လည် ၀င်ပြောသည်။

အိမ်တော်ထိန်းအိုကြီးက တစ်ပါးသူအတွက် ပြောဆိုပေးသည်က ရှားပါးပြီး သူ၏ စကားက အလေးသာလှသည်။ အိမ်တော်ထိန်းကြီး၏ စကားကိုကြားပြီးနောက် စုန့်ဘုရင်ကိုယ်တိုင် မှင်သက်သွားရသည်။

အချိန်တိုင်းလိုလို အိမ်တော်ထိန်းကြီးက သတိထားပါ ဒီလူကို အလွယ်တကူမယုံနဲ့ ဟူ၍သာ သတိပေးတတ်သည်။

ဤသည်က အိမ်တော်ထိန်းကြီး တစ်ယောက်ယောက်အား သူ့ထံ ထောက်ခံပေးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ပြောစရာမလို သူထောက်ခံပေးနေသည်ကလည်း ဆယ့်ငါးနှစ်အရွယ် လူငယ်လေး ဖြစ်နေသေးသည်။

သိသာစွာပင် အိမ်တော်ထိန်းကြီးက ၀မ်ကလန်၏ တတိယသားအပေါ် အလွန်ချစ်ခင် နှစ်သက်နေဟန်ရသည်။

“ ဒီကိစ္စမှာ လောဖို့ မလိုပါဘူး.. တော်၀င်ရုံးတော်ကလည်း မဟာလေ့ကျင့်ရေးစခန်းကြီး သုံးခုအကြောင်း ဆွေးနွေးနေတုန်းပဲ မဟုတ်လား.. ပထမအသုတ် ၀င်ခွင့်အတွက် အပြိုင်အဆိုင် ပြင်းထန်နေတယ်ကြားတယ်.. အချိန်ကျရင် ငါ့တံဆိပ်ယူပြီး အဲ့ကလေးအတွက် နာမည်စာရင်း သွင်းပေးလိုက်... ”

စုန့်ဘုရင် ပြုံးနေသည်။

“ ကောင်းပါပြီ... ”

အိမ်တော်ထိန်းကြီးက ထောက်ခံဟန်နှင့်ခေါင်းငြိမ့်သည်။

မဟာလေ့ကျင့်ရေးစခန်းကြီးသုံးခုမှာ အရှင်မင်းကြီး၏ အမိန့်အရ စတင်ခဲ့ခြင်းဖြစ်ပြီး အင်ပါယာ၏ တန်ဖိုးဖြတ်မရသည့် စီမံချက်တစ်ခု ဖြစ်ပေသည်။ အင်ပါယာ တစ်ခုလုံးရှိ များစွာသော လူငယ်များနှင့် သခင်လေးတို့အား ဆွဲဆောင်ထားသည်။

သို့ဆိုစေ ကန့်သတ်ထားသည့် အရေအတွက်ကြောင့် ပြိုင်ဆိုင်မှုများက စုန့်ဘုရင် ပြောနေသည်ထက် ပိုမို ပြင်းထန်နေသည်။ သို့သော် စုန့်ဘုရင်၏ တံဆိပ်နှင့်ဆိုလျှင် ထိုကိစ္စအား လုပ်ဆောင်ရန်က မခက်ခဲချေ။

“ ပါမောက္ခလူ ထိုက်ကျန်းကြင်ယာတော်နဲ့ ပက်သက်ပြီး ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ.. ”

စုန့်ဘုရင် ခေါင်းငှဲ့ကာ လူထင်အား ကြည့်လိုက်သည်။

“ ဟားဟား အရှင် ဒီကိစ္စနဲ့ ပက်သက်ပြီး ခေါင်းရှုပ်ခံစရာမလိုပါဘူး. ၀မ်ချောင်က ဒီစာကို အရှင့်ဆီကနေ ဖုံးကွယ်ဖို့ မလုပ်ဘူးဆိုမှတော့ သူကြံထားတာ တစ်ခုခုရှိမှာ အသေအချာပါပဲ.. အရှင်က ထိုက်ကျန်းကြင်ယာတော်ကို အမှန်တရားကို ပြောပြသင့်ပါတယ်.. ဒီနည်းလမ်းနဲ့ဆိုရင် အရှင်ကိုယ်တိုင် သံသယတွေအားလုံးကို ရှင်းလင်းနိုင်ပြီး ပြဿနာတွေလည်း နည်းသွားလိမ့်မယ်.. ”

လူထင်ပြောလိုက်သည်။

၀မ်ချောင်အနေနှင့် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံအား ရေးခဲ့ခြင်းက ပြဿနာ မရှိသော်လည်း ထိုကဗျာကို ရေးသူက စုန့်ဘုရင်ဖြစ်ကြောင်း အထင်ခံရပါက အတော် ပြဿနာ တက်ပေလိမ့်မည်။

၀မ်ချောင်မှာ ငယ်ရွယ်ဆဲဖြစ်သည့်အတွက် လှပသည့်မိန်းမပျိုအား စွဲလမ်းသည်ကို မည်သူမှ အပြစ်တင်ကြမည်မဟုတ်။ သို့သော် စုန့်ဘုရင်သာဖြစ်ပါမူ တော်၀င်ရုံးတော်၏ စိစစ်ရေးမှူးများက ဒုန်းစိုင်းရောက်လာကာ စွဲချက်တင်ပေလိမ့်မည်။ ထို့ကြောင့် မီးမလောင်ခင် ကြိုတားထားရပေမည်။

ထိုသည်က ၀မ်ချောင်၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

“ ဒါဆို မင်းပြောတဲ့အတိုင်း လုပ်လိုက်ကြတာပေါ့.. ”

စုန့်ဘုရင် ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း ဤဖြစ်ရပ်အပေါ် အံ့အားသင့်နေရသည်။

ထိုက်ကျန်းကြင်ယာတော်က စာနှစ်စောင်ပို့ခဲ့ပြီး ပထမစာထဲ၌ ပျက်ရယ်ပြုခြင်းများ ပြည့်နှက်နေလျက် ဒုတိယစာ၌မူ မေးခွန်းတစ်ခုသာပါသည်။ သူမ၏ လေသံထဲမှ ပျက်ရယ်ပြုသံက နည်းပါးသွားသည် ထင်ရ၏။ ၀မ်ချောင်၏ နည်းလမ်းက အလုပ်ဖြစ်ပုံရပေသည်။

ထိုက်ကျန်းကြင်ယာတော်၏ ဒေါသက သူနှင့် တော်၀င်ရုံးတော်ရှိ အရာထမ်းများအား တိုက်ရိုက်မဟုတ်ပါက ချီဘုရင်နှင့် ယောင်ကလန်၏ ထိုက်ကျန်းကြင်ယာတော်အား အသုံးချ၍ တော်၀င်ရုံးတော်ကို လွမ်းမိုးရန် အကြံအစည်က အလုပ်ဖြစ်မည် မဟုတ်တော့ချေ။

လက်ရှိဖြစ်ရပ်၏ သက်ရောက်မှုကို အနည်းဆုံးအနေအထားအထိ လျော့ချနိုင်ပေလိမ့်မည်။

.....

စုန့်ဘုရင်၏ ပြန်စာက မကြာမှီ ယုကျန်းနန်းတော်အတွင်း ရောက်သွားခဲ့ပြီး စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံအား စပ်ဆိုခဲ့သူကို နောက်ဆုံး၌ သိရှိသွားခဲ့သည်။

“ ၀မ်ချောင်.. ”

တဲအတွင်း၌ ထိုက်ကျန်းကြင်ယာတော်မှာ စာထက်မှ နာမည်ကို အလေးအနက် စိုက်ကြည့်နေသည်။ သူမ ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။

သူမ ထိုနာမည်ကို မသိလိုက်ဘာသာ ရွတ်ဆိုလိုက်မိပြီး ထိုသည်က ထင်မထားသည့် နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။

အမှန်တွင် ယန်ကျောက်မှာ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံအား စပ်ဆိုခဲ့သူအား သိလိုခြင်း အလျဉ်းမရှိချေ။ သူစိတ်၀င်စားသည့်အရာက လောင်းကစား၌ အန်စာခေါက်ခြင်းသာဖြစ်ပြီး သူ့ညီမဖြစ်သူအား ဂရုစိုက်ခြင်းသာ ရှိသည်။

သို့ဆိုစေ ၀မ်ချောင်ဟူသည့် နာမည်ကို ကြားသည်နှင့် သူ၏ နှလုံးက ပြင်းထန်စွာ ခုန်လာခဲ့သည်။

“ ညီမလေး နင်ဘာပြောလိုက်တာလဲ.. ”

ယန်ကျောက်၏ ကိုယ်က ထိုနာမည်ကို ကြားပြီးနောက် အဆက်မပြတ် တုန်ယင်နေပြီး သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်သည်။

“ ၀မ်ချောင်.. ”

“ ဘယ် ၀မ်ချောင်လဲ... ”

“ စာအရဆိုရင် ၀မ်ကလန်ရဲ့ မျိုးဆက် နယ်စပ်စစ်သူကြီး ၀မ်ယန်ရဲ့သားတဲ့ .. ”

၀မ်း......

ယန်ကျောက်၏ စိတ်နှလုံး ကျဉ်တက်သွားပြီး အံ့အားသင့်မှုကြောင့် မျက်လုံးပြူးကျယ်နေသည်။ သူက ထိုနာမည်အား ရုတ်တရက်ကြားရလိမ့်မည်ဟု မထင်ထားပဲ အငိုက်မိသွားခဲ့သည်။

“ ဘာလို့လဲ နင်သူ့ကို သိသလို့လား.. ”

တစ်စုံတစ်ခုကိုအာရုံခံမိပြီး ထိုက်ကျန်းကြင်ယာတော် ချက်ချင်းမေးလိုက်သည်။

“ တကယ်လို့ နင်ပြောနေတဲ့သူက နာမည်ကြီးစစ်သူကြီး ၀မ်ယန်ရဲ့ အငယ်ဆုံးသားဆိုရင်တော့ ငါသူ့ကို တကယ်သိတယ်.. ”

ယန်ကျောက် လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ ဤဖြစ်ရပ်က သူ့အတွက် ထူးဆန်းလွန်းနေသည်။ တစ်နည်းနည်းနှင့် သူက သလင်းပြာစံအိမ်၌ ဓားရောင်းခဲ့သည့်လူငယ်အား အမှတ်ရသွားခဲ့ပြီး လမ်းမအလယ် သူတားလိုက်သည့်အချိန်၌လည်း ထိုလူငယ်က သူ့အား ရွှေစတစ်ထောင်ကို တုန့်ဆိုင်းခြင်းမရှိ ပေးခဲ့သည် မဟုတ်ပါလား။

ယန်ကျောက်က ထိုနာမည်အား ယခုနေရာ၌ ကြားရလိမ့်မည်ဟု ထင်မထားပေ။

“ ဘယ်လို ဖြစ်နိုင်မှာလဲ... ”

ယန်ကျောက် မျက်ကလူးဆန်ပြာဖြစ်နေသည်။ ထိုလူငယ်က ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးပြီး လောကနံပတ်တစ် ဓားကို သွန်းလုပ်နိုင်ခဲ့ယုံမက မယုံနိုင်စရာကောင်းလှသည့် ကဗျာကိုလည်း စပ်ဆိုနိုင်သည်လား။

ပို၍ အရေးကြီးသည်က သူက အဘယ်ကြောင့် စုန့်ဘုရင်အတွက် စာရေးပေးလေသနည်း။

စုန့်ဘုရင်ကိုယ်တိုင် ထိုသူအား မြင့်မားစွာ မျှော်မှန်းထားသည်လား။

တစ်ချိန်တည်းတွင် ယန်ကျောက် မေးခွန်းများစွအောက် နစ်မြှုပ်သွားခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးက သူ့အတွက် ဆန်းကြယ်လွန်းနေသည်။

“ ဒီလောကကြီးဘာတွေ ဖြစ်နေတာလဲ.... ”

ထိုက်ကျန်းကြင်ယာတော်က ယန်ကျောက်ထက်ပင် ပို၍ အံ့အားသင့်နေလေသည်။

သူမ၏အစ်ကိုက မငြင်းပယ်သည့်အတွက် သူက ၀မ်ချောင်ကို သိသည်ဟု ဆိုလိုသည်မဟုတ်လား။ သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ သူက မြို့တော်သို့ ရောက်လာခဲ့သည်က မကြာသေးရာ သူမအတွက် ကဗျာစပ်ဆိုခဲ့သည့်သူနှင့် သိကျွမ်းနေသည်က တိုက်ဆိုင်လွန်းလှပေသည်။

“ ညီမလေး အရင်က ငါပြောခဲ့တဲ့ ငါ့ကို ရွှေစတစ်ထောင် ချေးပေးခဲ့တဲ့ အရူးဆိုတဲ့ တစ်ယောက်လေ.. ”

ယန်ကျောက် ဒဲ့သာပြောချလိုက်သည်။

“ ငါမှတ်မိတယ်လေ ဘာဖြစ်လို့လဲ.. ”

“ အဲ့အရူးရဲ့ နာမည်က ၀မ်ချောင်ပဲ... ”

ယန်ကျောက် ပြောလိုက်သည်။

“ အန်......... ”

ထိုက်ကျန်းကြင်ယာတော် ဆွံအသွားခဲ့သည်။

“ နင်ပြောချင်တာက ငါ့အတွက် အဲ့ဒီကဗျာကို ရေးခဲ့တဲ့သူက ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယေက်လို့ ဆိုလိုတာလား.. ”

“ အင်း.. တကယ်လို့ သူသာ ၀မ်ကလန်ရဲ့ မျိုးဆက်ဆိုရင် သူပဲ.. ”

ခေါင်းငုံ့နေရင်း ယန်ကျောက် လေးနက်စွာ ဖြေလိုက်၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ”

ထိုက်ကျန်းကြင်ယာတော် အကြွင်းမဲ့ တုန်လှုပ်သွားခဲ့သည်။

ထူးခြားစွာ လှပလွန်းသည့် စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံကို စပ်ဆိုခဲ့သူ၊ သူမအား နတ်သမီးအလား စိတ်ကူးယဉ် ပုံဖော်ခဲ့သူမှာ ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက် ဖြစ်နေသည်လား။

သို့သော် ပဲပင်ပေါက်လက်ရေးနှင့် စာအတွင်းရှိ ဖုံးကွယ်ထားသည့် တမ်းတလွမ်းဆွတ်မှုကြောင့် ထိုက်ကျန်းကြင်ယာတော်၏ နှလုံးသားထဲ၌ ထိုအရာက အမှန်ဖြစ်ကြောင်း ယုံကြည်လာမိသည်။

အကယ်၍ စင်ကြယ်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ သီကျူးသံကို ရေးစပ်ခဲ့သူက ဆယ့်ငါးနှစ်သာ ရှိသေးပါက ထိုသူ၏ ပဲပင်ပေါက်လက်ရေးကို နားလည်ပေးနိုင်သည်မှာ အမှန်ပင်။

ပို၍ အရေးကြီးသည်က အကယ်၍ ထိုကဗျာသာ စုန့်ဘုရင် ရေးထားသည်ဆိုပါက သူမနှင့် စုန့်ဘုရင်အကြား သိက္ခာကျဖွယ်ရာများ ဖြစ်လာပေလိမ့်မည်။ သို့ဆိုစေ သူမအား ဖျတ်ခနဲ တွေ့ခဲ့ဖူးသည့် ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်မှ စပ်ဆိုထားသည်ဆိုပါက အရေးမကြီးတော့ချေ။

သို့သော် ထိုက်ကျန်းကြင်ယာတော် နားမလည်သည့်အရာ ရှိပေသည်။ သူမသည် ယုကျန်းနန်းတော်အတွင်း၌သာ အစဉ်သဖြင့် နေထိုင်ခဲ့ရာ ထိုကလေးက အဘယ်သို့ သူမ၏ သွင်ပြင်ကို တွေ့ခဲ့ဖူးလေသနည်း။

သူမ၏ စိတ်ထဲ အတွေးများစွာ ခုန်ပေါက်နေပြီး ပထမဆုံးအနေနှင့် ထိုက်ကျန်းကြင်ယာတော်မှာ ဆန်းကြယ်လှသည့် ‘ ၀မ်ချောင် ’ အပေါ် စိတ်၀င်စားလာခဲ့သည်။

မည်သို့သော လူငယ်မျိုးက ရွှေစတစ်ထောင်အား လက်လွှတ်စပယ် စိတ်လိုလက်ရ ပေးကမ်းနိုင်ရသနည်း ။

မည်သို့သော လူငယ်မျိုးက သူ၏ စိတ်ကူးအား တည့်တိုးဆန်စွာ ထုတ်ဖော်နိုင်သည့် ကဗျာကို စပ်ဆိုနိုင်ရလေသနည်း။

ပို၍ အရေးကြီးသည်က ထိုလူငယ်မှာ ဆယ့်ငါးနှစ်သာ ရှိသေးခြင်းပင်။

..........

ထိုက်ကျန်းကြင်ယာတော် ထိုလူငယ်အား တွေ့ဆုံချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာသည်။

Chapter 129

ထိုက်ကျန်းကြင်ယာတော်ကိစ္စကို ဘေးဖယ်၍ ပထမစာကို ပြန်ပို့ရန် လုပ်ပြီးသည်နှင့် ၀မ်ချောင်က ရှန့်ဟိုင်နှင့် မုန့်လုံကို ဦးဆောင်၍ မြို့တော်မှ ထွက်ခွာသွားသည်။

“ သခင်လေး ကျွန်တော်တို့ ဘယ်သွားကြမှာလဲ.. ”

စိမ်းလန်းသော တော်အုပ်က ခြုံနွယ်များနှင့် ပြည့်နှက်နေပြီး မြက်ပင်များက ရင်ဘတ်နီးနီး ရှည်လျားနေကာ လမ်းလျှောက်ရန်ပင် အဆင်မသင့် ဖြစ်နေရသည်။ ၀မ်ချောင်၏နောက် ကပ်၍ လိုက်နေသော်လည်း ရှန့်ဟိုင်နှင့် မုန့်လုံတို့မှာ ပြတ်ရာရှရာ ဗရပွ ဖြစ်နေသေးသည်။

သူတို့က မြို့တော်နှင့် ဝေးကွာနေပြီဖြစ်ပြီး တောရိုင်းတို့၏အလယ် များစွာသော ခြုံနွယ်များနှင့် မြက်ပင်ရှည်ကြီးများ၊ မြင့်မားလှသည့် သစ်ပင်ကြီးများအကြား ခြေချနိုင်ရန်ပင် ခက်ခဲနေလေသည်။

အစ၌ သူတို့၏ သခင်လေးမှာ ဤနေရာ၌ ကျင့်ကြံ၌ မူလစွမ်းအင်ကို စုပ်ယူမည်ဟု ကြားထားခဲ့ရာ စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရာရာက ထင်သလို မလွယ်ကူကြောင်း သိလိုက်ရသည်။

တောင်တန်းသို့ ပထမဆုံး ရောက်သည့်နေ့ကတည်းက သူတို့၏ သခင်လေးက ပတ်ပတ်လည်ကို လိုက်လံ လေ့လာနေသည်။

“ စိတ်မပူပါနဲ့ ငါတို့ ပန်းတိုင်ကို ရောက်ရင် သိရမှာပေါ့.. ”

၀မ်ချောင်က သူ့ရှေ့ရှိ ခြုံပုတ်ကို ခုတ်ထွင်ရှင်းလင်းရင်း ပြောလေ၏။ သူက ထိုနှစ်ဦးနှင့်အတူ တောင်ပတ်ပတ်လည်ကို ရှာဖွေနေသည့်တိုင် ကျင့်ကြံခြင်းကိုလည်း မေ့လျော့ထားခြင်း မရှိပေ။

လူရိုင်းနတ်ဘုရား၏ဒေါသက အခြားကျင့်ကြံခြင်း နည်းစနစ်များနှင့် ကွာခြားလှသည်။ မူလစွမ်းအင်၏ စွမ်းအား ၁ဒန်သို့ ရောက်သည်နှင့် ပတ်၀န်းကျင်မှ မူလစွမ်းအင်များကို မကျင့်ကြံပဲနှင့် စုပ်ယူနိုင်သည်။

တစ်ခုတည်းသော ချွတ်ယွင်းချက်မှာ ထိုသည်က ကျင့်ကြံခြင်းလောက် သက်ရောက်ခြင်းမရှိခြင်း ဖြစ်သော်လည်း အားသာချက် ဖြစ်နေဆဲပင်။

သူက တောအုပ်အတွင်း လျှောက်သွားနေရင်း အရည်ပြားထက်မှ လန်းဆန်းသည့် ခံစားချက်ကို ရရှိနေသည်။

“ တောင်ရဲ့ တောအုပ်က စိမ်းလန်းစိုပြေနေတာပဲ ဒါက သေချာပေါက် မြို့တော်ထဲမှာ ကျင့်ကြံတာထက် ပိုသက်ရောက်မှု ရှိတယ်.. ”

၀မ်ချောင် တွေးလိုက်မိ၏။

လူရိုင်းနတ်ဘုရား၏ဒေါသကို လမ်းလျှောက်နေသည်ဖြစ်စေ ထိုင်နေသည်ဖြစ်စေ ကျင့်ကြံနိုင်သည်။ သူ၏ ယခင်ဘ၀ စစ်မှုရေးရာ၌ အထွတ်အထိပ်ကျင့်ကြံခြင်းကျင့်စဉ် ဖြစ်နေရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

၀မ်ချောင်၏ ကျွမ်းကျင်မှုက နည်းပါးသေးသည်။ ထို့ကြောင့် အထိုင်ချ၍ ကျင့်ကြံခြင်း၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ လမ်းလျှောက်ရင်း ကျင့်ကြံနိုင်သည်။ သူ ကျွမ်းကျင်လာသည်နှင့်အမျှ ရာခိုင်နှုန်းလဲ တိုးလာလိမ့်မည် ဖြစ်သည်။

အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့လျှင်မူ အိပ်နေရင်းနှင့်ပင် ကျင့်ကြံနိုင်သည်။

ထိုသည်က အခြားကျင့်ကြံခြင်းနည်းစနစ်များ မျှော်မှန်း၍ပင် မရသည့် အဆင့်ဖြစ်လေသည်။

“ တကယ်လို့ ငါသာ စိတ်ဝိဉာဉ်သွေးကြောကို ရှာတွေ့ခဲ့မယ်ဆိုရင်ဖြင့်....... ”

ဆူးခြုံများ ပြည့်နှက်နေသည့်လမ်းကို ရှင်းလင်းနေရင်း အတွေးတစ်ခုက ၀မ်ချောင်၏ စိတ်ထဲ ပေါ်လာခဲ့သည်။

၀မ်ချောင်က စိတ်ဝိဉာဉ်သွေးကြော ရှာဖွေနေပြီး ထို့ကြောင့်သာ ရှန့်ဟိုင်နှင့် မုန့်လုံတို့နှင့်အတူ တောင်တန်းတစ်လျောက် လျှောက်သွားနေခြင်း ဖြစ်ပေသည်။ မြို့တော်တံတိုင်း၏ အပြင်ဘက်၌ ပုန်းကွယ်နေသည့် စိတ်ဝိဉာဉ်သွေးကြောတစ်ခုရှိပြီး သိထားသည့်သူ အများအပြား မရှိသည့်တိုင် ၀မ်ချောင် ထိုသိထားသူများထဲမှ တစ်ယောက် ဖြစ်ပေသည်။

စိတ်ဝိဉာဉ်သွေးကြောများက မူလစွမ်းအင် ကြွယ်ဝြပီး ထိုနေရာ၌ ကျင့်ကြံရပါက အခြားနေရာ၌ ကျင့်ကြံရသည်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်ပေလိမ့်မည်။ စိတ်ဝိဉာဉ်သွေးကြောများ မည်သို့ ဖြစ်ပေါ်လာသည်ကို မည်သူမှ မသိကြပဲ ထိုသည်များက ရှေးပဝေသဏီကတည်းက မြေကြောဆိုင်ရာ ဖွဲ့စည်းမှုကြောင့်ဟုသာ သိထားကြသည်။

မြို့တော်အနီးတွင် စိတ်ဝိဉာဉ်သွေးကြော အနည်းငယ်ရှိပြီး အားလုံးမှာ သိမ်းပိုက်ခြင်းခံထားရပြီး ဖြစ်သည်။ သို့ဆိုစေ ၀မ်ချောင် ရှာဖွေနေသည့်တစ်ခုက အခြားသွေးကြောများနှင့် ကွာခြားပေသည်။

ထိုသည်က အခြားစိတ်ဝိဉာဉ်သွေးကြောများထက် ပိုမို သန်မာအားကောင်းသည်။

အကြောင်းအရင်းများစွာကြောင့် ထိုစိတ်ဝိဉာဉ်သွေးကြောကို မြေပြင်ထက်မှ အာရုံမခံနိုင်ပေ။ ထို့ကြောင့် အများက သတိမထားမိပဲ ဖြစ်စေသည်။ နှစ်ပေါင်းများစွာ ကြာပြီးမှ တိုင်းတစ်ပါး သံမဏိစစ်သည်များ မြို့တော်သို့ ခြေချပြီးနောက်မှ ထိုစိတ်ဝိဉာဉ်သွေးကြောက ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုစိတ်ဝိဉာဉ်သွေးကြော မြေအောက်မှ ပေါ်ထွက်လာချိန်၌ မီးတောင်ပေါက်ကွဲသည့်အလားဖြစ်ကာ လူအများက ထိတ်လန့်ရသေးသည်။ သို့သော်လည်း ထိုအရာပြီးနောက် စိတ်ဝိဉာဉ်သွေးကြောက ပျက်စီးနေခဲ့ချေပြီ။

တောင်တန်းတောအုပ်သို့ ၀င်၍ လူရိုင်းနတ်ဘုရား၏ဒေါသကို ကျင့်ကြံမည်ဟု စတင်စဉ်းစားမိကတည်းက သူ၏ ယခင်ဘ၀မှ အကျိုးမဲ့သွားရသည့် ဤ စိတ်ဝိဉာဉ်သွေးကြောကိုလည်း ဆက်စပ် စဉ်းစားထာပြီး ဖြစ်သည်။

မြို့တော်အနီးရှိ ထူးဆန်းသည့် မြေမျက်နှာသွင်ပြင်က စိတ်ဝိဉာဉ်သွေးကြောကို ဖုံးကွယ်ထားသို ဖြစ်နေပြီး ၀မ်ချောင်မှလွဲ၍ မည်သူကမှ ထိုစိတ်ဝိဉာဉ်သွေးကြော တည်ရှိနေသည်ကို သတိမထားမိပေ။

“ မရပ်နဲ့ ဆက်သွားရအောင် ငါ လမ်းရှင်းပေးမယ် မင်းတို့ နှစ်ယောက်က အဆိပ်ရှိတဲ့ မြွေတွေကို ဂရုစိုက်... ”

တောင်တန်းတော်အုပ်၌ ကြုံတွေ့ရမည့် အကြီးမားဆုံး အန္တရာယ်မှာ အဆိပ်ရှိသည့် မြွှေများသာဖြစ်ကြောင်း ၀မ်ချောင် ကောင်းစွာ နားလည်ထားသည်။ သိုင်းပညာရှင်တစ်ဦးကိုပင် ထိုအဆိပ်မြွေများ ပိုင်ဆိုင်ထားသည့် ပြင်းထန်သည့် အဆိပ်က တမလွန်သို့ နေ့မကူးပဲ ပို့ဆောင်ပေးနိုင်သည်။

စိတ်ဝိဉာဉ်သွေးကြောအား သတိမထားမိကြခြင်းမှာ ဤနေရာရှိ အဆိပ်မြွေများကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါ၀င်သည်။

၀မ်ချောင် မှတ်မိထားသည်အရ ဤနေရာရှိ မြွေများအရေအတွက်မှာ အခြားနေရာများထက် များစွာ များပြားပြီး အဆိပ်လဲ ပိုပြင်းလေသည်။

အဆိပ်မြွေများကို ရှင်းလင်းရန် ရှန့်ဟိုင်နှင့်မုန့်လုံအား တာ၀န်ပေးပြီးနောက် ၀မ်ချောင်က စိတ်ဝိဉာဉ်သွေးကြောကို ရှာခြင်း၌သာ အာရုံစိတ်ထားတော့သည်။

လူရိုင်းနတ်ဘုရား၏ဒေါသ ကျင့်စဉ်မှာ လေထဲရှိ မူလစွမ်းအင်၏ အတားအဆီးများကို အာရုံခံရာ၌ အထူးမြင့်မားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်တန်းတစ်လျောက် ၀မ်ချောင် လျှောက်သွားနေခြင်းက လေထဲရှိ မူလစွမ်းအင် သိပ်သည်းမှုကို တိုင်းတာရန်ဖြစ်ပြီး ထိုမှတစ်ဆင့် စိတ်ဝိဉာဉ်သွေးကြော တည်နေရာကို ခန့်မှန်းရန် ဖြစ်ပေသည်။

၀မ်ချောင်က တောင်၊မြောက်နှင့်အနောက်အရပ်များကို မြေလှန်ပြီးပြီဖြစ်သည်။ ထို့ကြောင့် ဦးတည်ရာ တစ်ခုသာကျန်တော့သည်။

“ ငါတို့ ရောက်တော့မယ်... ”

အချိန်တစ်ခု ကြာပြီးနောက် ၀မ်ချောင်၏ မျက်၀န်း ပြောင်းလဲသွားခဲ့၏။ ပတ်၀န်းကျင် တစ်ခုလုံးကို အောင်မြင်စွာ စူးစမ်းပြီးနောက် ၀မ်ချောင်က တောင်တန်းနှင့် လျှိုမြောင်များ၏ တည်နေရာ အကြမ်းဖျဉ်းကို တွက်ချက်နိုင်ပြီဖြစ်ရာ ထို့ကြောင့် သူ့အား စိတ်ဝိဉာဉ်သွေးကြော တည်နေရာကို ကျက်မိစေပြီ ဖြစ်သည်။

“ သွားကြစို့ ဒီလမ်းကြောင်းပဲ.. ”

၀မ်ချောင် ရုတ်ချည်း နောက်လှည့်ကာ တစ်နေရာသို့ ညွှန်ပြလျက် လမ်းကြောင်းချဲ့ထွင်တော့သည်။

၀မ်ချောင် အတည်ပြုလိုက်သည့်နေရာက တောင်များစွာ၏ အလည်၌ ဖြစ်ပြီး ထိုနေရာ၌သစ်ပင်များက တစ်ပင်နှင့်တစ်ပင် ယှက်နေပြီး စုံလျက် ပေါက်ရောက်နေကာ စိတ်ဝိဉာဉ်သွေးကြော တည်ရှိရာနှင့် မတူပေ။

သို့သော် ၀မ်ချောင်က ပါးလျသော်လည်း ရင်းနှီးသည့် အတားအဆီးတစ်ခုကို လေထုထဲ၌ ခံစားမိနေသည်။ ထိုသည်က သူမှတ်မိနေသည့် စိတ်ဝိဉာဉ်သွေးကြောမှ ထုတ်လွှတ်ထားသည့် အတားအဆီးပင်။

ဤစိတ်ဝိဉာဉ်သွေးကြောက အများနှင့် မတူကြောင်း ကောင်းစွာ သိနားလည်ထားသည်။ ရှာတွေ့လျှင်ပင် စိတ်ဝိဉာဉ်သွေးကြောအပေါ်၌ ရှိနေလျှင်ပင် အတိအကျ ပြောဆိုနိုင်ဦးမည် မဟုတ်ချေ။

အနီးကပ်ဆုံး တောင်ထွတ်တစ်ခုသို့ ရောက်ရှိမှသာလျှင် မူလစွမ်းအင်သိပ်သည်းမှုကို ခံစားမိနိုင်မည် ဖြစ်သည်။

၀မ်ချောင်က ရှန့်ဟိုင်နှင့် မုန့်လုံကို ဦးဆောင်၍ ပတ်ပတ်လည်ရှိ တောင်ထွတ်များကို လေ့လာနေပြီး တစ်နာရီခန့် အကြာတွင်...

၀မ်း....

၀မ်ချောင်က ရှန့်ဟိုင်နှင့် မုန့်လုံကို အခြားတောင်ထွတ်တစ်ခုသို့ ဦးဆောင်ခေါ်သွားမည်ပြုစဉ်၌ ရုတ်တရက် ပတ်၀န်းကျင်မှ ရင်းနှီးသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

အတားအဆီးက တောင်ခြေ၌ သူ ခံစားမိသည်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည်။

“ ဟားဟား... ငါရှာတွေ့ပြီကွ...... ”

၀မ်ချောင် အလွန်အမင်း ပျော်ရွှင်သွားသည်။

“ ရှန့်ဟိုင် မုန့်လုံ ဒီနေရာကို ရှင်းလင်းလိုက်တော့.. ငါဒီနေရာမှာ လေ့ကျင့်ရေးကွင်းပြင်တစ်ခု တည်ဆောက်ချင်တယ် အခုကစပြီးတော့ ငါဒီနေရာမှာ ကျင့်ကြံမယ်... ”

ရှန့်ဟိုင်နှင့် မုန့်လုံတို့ အူကြောင်ကြားနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ သူတို့၏ သခင်လေးက အဘယ်ကြောင့် ဤမျှ ပျော်ရွှင်နေရလေသနည်း။

ဤနေရာရှိ မူလစွမ်းအင်က အခြားနေရာများထက် ပိုမိုသိပ်သည်းခြင်းမှလွဲ၌ မည်သည့်အရာကိုမှ သူတို့ မခံစားမိချေ။ ဤသည်က သူတို့ သခင်လေး ရှာဖွေနေသည့် အရာများလား။

နှစ်ဦးသား ဇဝေဇဝါဖြစ်နေ၏။

သို့တိုင် သူတို့က ၀မ်ချောင်၏ ညွှန်ကြားချက်ကို မလိုက်နာပဲ မနေရဲချေ။

“ ဟုတ်ကဲ့ပါ သခင်လေး.. ”

ဓားများကို ဆွဲထုတ်ကာ ပတ်၀န်းကျင်ရှိ ခြုံနွယ်များနှင့် သစ်ပင်များကို စတင် ရှင်းလင်းလိုက်ပြီး ၀မ်ချောင်အတွက် တောင်ထိပ်၌ ပြန့်ပြူးရှင်းလင်းသည့် လေ့ကျင့်ရေးကွင်းပြင်တစ်ခု စတင်ဖန်တီးပေးတော့သည်။

“ ဒီလေ့ကျင်ရေးကွင်းပြင်က ရှင်းလင်းသွားတဲ့အခါ ငါ ဒီနေရာကို ဘာကြောင့် ရွေးလိုက်ရတယ်ဆိုတာ မင်းတို့ နှစ်ယောက် သိလာလိမ့်မယ်.. ”

ထိုနှစ်ယောက်အား ကြည့်ရင်း ၀မ်ချောင် ပြုံးနေသည်။

စိမ်းစိမ်းစိုစို အခြေအနေကြောင့်လား မြေဆီလွှာ၏ အထူးဖြစ်တည်မှုကြောင့်လားမသိရ စိတ်ဝိဉာဉ်သွေးကြော၏ ဝိဉာဉ်စွမ်းအားများက တိမ်မြုပ်နေသည်။ ထို့ကြောင့် တစ်ရာခိုင်နှုန်းခန့်ကိုသာ ခံစားမိနိုင်ခြင်း ဖြစ်လေသည်။

ရှန့်ဟိုင်နှင့် မုန့်လုံတို့က ၀မ်ချောင်၏ ဆုံးဖြတ်ချက်ကို ယခုချိန်၌ သံသယဖြစ်နေကြသော်လည်း တောင်ထိပ်၏ မြေလွှာတစ်ကန့်အား စတင် ရှင်းလင်းပြီးနောက် မတွေးမိကြတော့ပေ။

နာရီပေါင်းများစွာ ကြာပြီးနောက် ရိုးရှင်းသည့် တောင်ထိပ်၌ လေ့ကျင့်ရေးကွင်းပြင်တစ်ခု ဖြစ်ပေါ်လာပြီး ၀မ်ချောင်က လေ့ကျင့်ရေးကွင်း၏ အလယ်၌ ရပ်နေကာ လူရိုင်းနတ်ဘုရား၏ဒေါသကို ကျင့်ကြံနေသည်။ များပြားလှသည့် မူလစွမ်းအင်များက တောင်တန်းတောအုပ်၏ အခြားနေရာများထက် ပိုမိုများပြားသည့် နှုန်းနှင့် သူ ရပ်နေရာ နေရာသို့ စုစည်းလာကြသည်။

သူ၏ လူရိုင်းနတ်ဘုရား၏ဒေါသနှင့် နဂါးအရိုးကျင့်စဉ် တို့က ဤနေရာ၌ ကျင့်ကြံလျှင် အလွန်လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

“ တကယ်လို့ ငါ့ အမှတ်မမှားဘူးဆိုရင် ဒီနေရာကို ဘယ်သူမှ မ၀ယ်ထားသေးဘူးပဲ.. ”

၀မ်ချောင် လေ့ကျင့်နေစဉ် ထိုကိစ္စကို တိတ်တဆိတ်တွေးနေသည်။

သူ့အနေနှင့် နေ့ရောညပါ ရှစ်ရက်ကိုးညခန့် ရှာဖွေ အတည်ပြုထားရသည့် စိတ်ဝိဉာဉ်သွေးကြောကို အခြားသူများက အလွယ်တကူ ရှာတွေ့လိမ့်မည် မဟုတ်ချေ။

သို့သော် ၀မ်ချောင်က သူသာ ဤနေရာသို့ မကြာခဏ လာရောက်နေပါက အခြားသူများ သတိထားမိရန် ကြာမြင့်မည် မဟုတ်သည်ကို သိရှိပေသည်။

---- ဤသည်က လောကကြီး လှည်ပတ်နေပုံသာ။ အကယ်၍ ဤနေရာကို သင်သတိမထားမိလျှင်ကိစ္စမရှိ။ သို့သော် သင်စတင်သည်နှင့် အခြားသူများကလည်း လာရောက်ကာ ဖဲ့ယူကြလိမ့်မည် ဖြစ်သည်။

စိတ်ဝိဉာဉ်သွေးကြောကို အောင်မြင်စွာ ရှာတွေ့နိုင်သည်က ပထမခြေလှမ်းသာရှိသေးပြီး နောက်ခြေလှမ်းက ဤနေရာကို လုံခြုံအောင် လုပ်ရပေမည်။ ဒုတိယခြေလှမ်း၏ အရေးပါပုံအရ ၀မ်ချောင် ပို၍ အချိန်ပေး တွေးတောနေသည်။

“ ရှန့်ဟိုင် ငါ့အထင်မမှားရင် ဒီနေရာက မဖြစ်ထွန်းတဲ့ တောင်တန်းအစိတ်အပိုင်းထဲမှာ ပါတယ်မဟုတ်လား.. ငါတို့ ဘယ်ရောက်နေလဲ မင်းမှတ်မိလား.. နောက်ကျရင် တရားရေးရာရုံးတော်ကိုသွားပြီး ဒီနေရာနဲ့ ပတ်ပတ်လည် တောင်တွေ အကုန်လုံးကို ၀ယ်လိုက်... ”

၀မ်ချောင် ရုတ်တရက် ပြောလိုက်သည်။

“ အန်...... ”

၀မ်ချောင်၏ စကားကို ကြားလျှင် ရှန့်ဟိုင်နှင့် မုန့်လုံတို့ မှင်သက်သွားခဲ့သည်။

မဟာထန်အင်ပါယာ၌ သီးနှံဖြစ်ထွန်းခြင်းမရှိသည့် တောင်တန်းများကို ၀ယ်ယူနိုင်သည်။ ဆိုရလျှင် လူတစ်ယောက်က အင်ပါယာအတွင်းရှိ စွန့်ပစ်တောင်တန်းများအားလုံးကို ဆန္ဒရှိလျှင် ၀ယ်ယူနိုင်ပေသည်။

တစ်ခုတော့ရှိသည့် ထိုအတွက် ငွေရှိရန်တော့လိုသည်။

တောင်တစ်လုံးကို ၀ယ်ရန်ပင် စျေးကြီးမြင့်လှသည်ဖြစ်ရာ တောင်တန်းတစ်လျောက်ကို ဝယ်ပစ်ရန်က ပြောနေစရာမလိုချေ။ သတ္တုအမြောက်အမြားထွက်သည့် မိုင်းတွင်းကို ၀ယ်ယူခြင်းက ကိစ္စမရှိသော်လည်း စွန့်ပစ်တောင်တန်းကို ၀ယ်ယူခြင်းက အရှုံးပေါ်ပေလိမ့်မည်။

တောင်တန်းတစ်လျောက်ကို ဝယ်ယူရမည့် အခကြေးငွေကများပြားလှပြီး သာမန်ကလန်တစ်ခုအနေနှင့် လက်လွတ်စပယ် မသုံးနိုင်ပေ။

“ သခင်လေး ဒီတောင်တန်းဒေသက မသေးဘူးနော်.. ဒီနေရာတစ်ခုလုံးကို ၀ယ်မယ်ဆိုရင် ကျွန်တော်တို့ အများကြီး ကုန်လိမ့်မယ်.. ”

“ အမှန်ပဲ သခင်လေး ရွှေစ ရှစ်သောင်းလောက်တောင် ကုန်မယ်ထင်တယ် ပြီးတော့ အဲ့တာတောင် နှစ်သုံးဆယ်သက်တမ်းအတွက်ပဲ.. ”

ရှန့်ဟိုင်နှင့် မုန့်လုံတို့က တတ်နိုင်သမျှ နားချရန် ကြိုးပမ်းနေကြသည်။

သူတို့ အမြင်၌ ဤတောင်တန်းတစ်လျောက်က ထိုမျှ ငွေကြေးနှင့် ဝယ်ယူရန် ထိုက်တန်ခြင်း မရှိပေ။ ထို့အပြင် အင်ပါယာက သက်တမ်းကန့်သတ်ချက်ကို ၀ယ်ယူပြီးနောက်တွင်လည်း ကန့်သတ်ထားသေးသည်။

အကယ်၍ မိုင်းတွင်းသာ ဖြစ်ပါက မဆိုင်းမတွ တူး၍ ရသေးသည်။ မည်မျှ တူးယူနိုင်မည်က ဝယ်သူ၏ ကိစ္စသာဖြစ်ပြီး အရှုံးပေါ်ပါက မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။ နှစ်သုံးဆယ်ကြာပြီးနောက် ထိုနေရာကို ထပ်မံ ၀ယ်ယူရလိမ့်မည် ဖြစ်ပြီး ပိုဆိုးသည်က ထိုအချိန်၌ စျေးနှုန်းက ပိုမိုဖောင်းပွလာဦးမည် ဖြစ်သည်။

“ သခင်လေး ဒီအောက်မှာ သတ္တုမိုင်းတွင်း တစ်ခုခုများ ရှိနေလို့လား... ”

ရှန့်ဟိုင် ဂရုတစိုက် မေးလိုက်သည်။ ဝေဖန်ပိုင်းခြားပြီးနောက် ဖြစ်နိုင်ချေက ထိုတစ်ခုသာ ရှိပေသည်။

“ ဟားဟား မရှိဘူးဟ.... ”

၀မ်ချောင် ခေါင်းခါလိုက်သည်။ သူက မြေပြင်ကို လက်ညှိုးထိုးလျက် ပြုံးကာ ပြောလိုက်သည်။

“ သတ္တုမိုင်းတွင်းထက် ပိုအဖိုးတန်တဲ့ အရာတော့ ဒီအောက်မှာ ရှိတယ်.. ”

အကယ်၍ ၀မ်ချောင်အနေနှင့် သူ၏ ကံကြမ္မာကို ဆုပ်ကိုင်ကာ မဟာထန်နှင့် လောက၏ ကြမ္မာကို ပြောင်းလဲချင်သည်ဆိုပါက သူ့ကိုယ်ပိုင် အာဏာတစ်ခု တည်ဆောက်ရပေမည်။

ထိုအကြောင်းရင်းကြောင့် ၀မ်ချောင်က သူ၏ ဦးငယ်၀မ်မိန်အား မှာကြားကာ များစွာသော နန်းတွင်းစစ်ရေးနည်းပြများကို ရှာဖွေထားခိုင်းခြင်း ဖြစ်ပေသည်။

ထိုသည်က သူ မတည်ဆောက်ရသေးသည့် အကြမ်းဖျဉ်း အကြံအစည်သာ ဖြစ်သော်လည်း မကြာသေးမှီက ဤနေရာ၌ သူ၏ အခြေခံစခန်းကို တည်ဆောက်သင့်သည်ဟု စတင်တွေးမိခဲ့သည်။

သူ၏ ဦးငယ် နန်းတွင်းစစ်ရေးနည်းပြများကို ခေါ်ဆောင်လာသည့်အချိန်၌ ဤနေရာသည်အခြေခံစခန်းတစ်ခု ဖြစ်လာပေလိမ့်မည်။ စိတ်ဝိဉာဉ်သွေးကြောနှင့်ဆိုလျှင် သူလုပ်ရန်လိုသည်က သစ္စာရှိကာ ယုံကြည်ရမည့် လူများကို စုစည်းရန်သာဖြစ်ပြီး တတ်နိုင်သမျှ အမြန်ဆုံးနည်းနှင့် ပထမဆုံးအသုတ် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ရန် လုပ်ဆောင်ရပေမည်။

တစ်သုတ်ပြီးတစ်သုတ် သူအသုံးပြုလာနိုင်သည်အထိ နောက်လိုက်များ စုဆောင်းရမည်။

--- သူ၏ ယခင်ဘ၀၌ အမိန့်ပေးခဲ့သည့် စစ်တပ်များနည်းတူ။

ဤအရပ်က သူ၏ အနာဂတ် လေ့ကျင့်ရေးကွင်းဖြစ်လာလိမ့်မည်။

Chapter 130

ရှန့်ဟိုင် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

အဝေး၌ မြင့်မားလှသည့် တောင်များကို တိမ်တိုက်များ ၀န်းရံထားသည်ကို တွေ့နိုင်ပြီး အရာရာက လတ်ဆတ်ကာ အေးမြနေသည်။

၀မ်ချောင် နောက်ဆုံးအကြိမ် ဝေ့ကြည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ဤနေရာရှိ အမြင့်ဆုံးတောင်ထိပ်ပေါ်၌ ထိုင်ကာ { လူရိုင်းနတ်ဘုရား၏စွမ်းအား } ဝါ လူရိုင်းနတ်ဘုရား၏ ဒေါသကို စတင် ကျင့်ကြံလိုက်သည်။

ယခုနေရာရှိ မူလစွမ်းအင်သိပ်သည်းမှုက တောအုပ်အတွင်းရှိ အခြားနေရာများထက် ပိုမိုသိပ်သည်းနေရာ များမကြာမှီအချိန်အတွင်း မူလစွမ်းအင် အဆင့် ၇ သို့ ချိုးဖျက်နိုင်တော့မည်ဟု ၀မ်ချောင် ခံစားနေမိသည်။

အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ၀မ်ချောင်၏ စိတ်ထဲ၌ တော်၀င်ရုံးတော်၏ ကိစ္စရပ်များကို ခေတ္တဘေးဖယ်ထားပြီး ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားခဲ့သည်။ တောနက်အတွင်း ဆိတ်ငြိမ်စွာနှင့် ကျင့်ကြံနေပြီး နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းက ပိုမိုမြင့်မားလာကာ သူ၏ခွန်အားလည်း တိုးတက်လာခဲ့သည်။

လူရိုင်းနတ်ဘုရား၏စွမ်းအား တိုးတက်မှုက အခြားကျင့်စဉ် နည်းစနစ်များထက် ပိုမိုသာလွန်သည်။ ထို့အရာထက် ပတ်၀န်းကျင်ရှိ မူလစွမ်းအင်များကို စုပ်ယူနိုင်စွမ်းက ဒေါသဆင်ရိုင်းကဲ့သို့သော ထိပ်သီးကျင့်စဉ်ပင် တုယှဉ်နိုင်လိမ့်မည်မဟုတ်။

မဟာကပ်ဘေးကာလ၌ လူရိုင်းနတ်ဘုရား၏စွမ်းအားက တစ်လောကလုံး၌ ပြိုင်ဖက်ကင်း ကျင့်စဉ်အဖြစ် နာမည်ကျော်ကြားခဲ့ခြင်းက အကြောင်းမဲ့ မဟုတ်ပေ။ လူရိုင်းနတ်ဘုရား၏စွမ်းအား ကျင့်စဉ်က ပိုမိုကျွမ်းကျင်လေ အဆင့်တက်ရန် အာမခံချက်များလေဖြစ်သည်။

မုန့်လုံက ၀မ်ချောင်ထံ မည်သည့် အနှောင့်အယှက်မှ ကျရောက်လာစေခြင်း မရှိစေရန် စောင့်ကြပ်ပေးနေသည်။ ပျင်းရိလာချိန်၌ သူက ၀မ်ချောင်အား လှမ်းကြည့်လိုက်ရာ ထိုကောင်လေး၏ တိုးတက်မှုက သူ့အား ထိတ်လန့် သွားစေသည်။ သိုင်းပညာကို ကျင့်ကြံခြင်းက ဖြေးဖြေးနှင့် မှန်မှန်သာ သွားသင့်သော်လည်း ၀မ်ချောင်၏ တိုးတက်မှုက မျက်စိနှင့်ပင် မြင်နေရနိုင်သည်။ ထိုသည်က လုံး၀ မဖြစ်နိုင်သည့်အရာပင်။

စစ်တပ်အတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့်တိုင် ဤသို့သော မြင်ကွင်းကို တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးပေ။

“ သခင်လေး ကျင့်ကြံနေတာ ဘယ်လိုကျင့်စဉ်များဖြစ်မလဲ.. တကယ်ကိုပဲ မယုံနိုင်စရာကောင်းအောင် အစွမ်းထက်လွန်းတယ်.. ”

မုန့်လုံ အထိတ်တလန့်နှင့် ရေရွတ်မိသည်။

၀မ်ချောင်မှာ နေ့စဉ်နှင့်အမျှ လျင်မြန်စွာ အားကောင်းလာသည်ကို မြင်နေရသည်။ သိုင်းပညာအား လိုက်စားခဲ့သည့် သက်တမ်းတစ်လျှောက် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်စဉ်မျိုး မမြင်ဖူးခဲ့ချေ။

ထိတ်လန့်အံ့သြနေသော်လည်း မုန့်လုံ သံသယမ၀င်ပေး။ ၀မ်ချောင်နောက်သို့ စလိုက်ကတည်းကစ၍ ထင်မထားသည့် အရာများနှင့်သာ ကြုံတွေ့နေရသည် မဟုတ်လား။

သူက အရာအားလုံးအတွက် ရှင်းလင်းချက်တစ်ခု ရှိမည်ဟု ယုံကြည်ထားပြီး ထိုကျင့်စဉ်အား ကျိုးအမတ်ကြီးက ချီးမြှင့်ထားသည်ဟုသာ မှတ်ယူလိုက်သည်။

ကျိုးအမတ်ကြီးကဲ့သို့သော ပုံရိပ်ရှိသူသာလျှင် ဤမျှ ကြောက်မက်ဖွယ် ကျင့်စဉ် အမျိုးအစားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

မုန့်လုံ၏ အတွေးတို့ကို သိရှိခြင်းမရှိပဲ ၀မ်ချောင်မှာတော့ ကျင့်ကြံခြင်း၌သာ နစ်မြှုပ်နေသည်။ စိတ်ဝိဉာဉ်သွေးကြော၏ သက်ရောက်မှုက သူထင်ထားသည်ထက် သာ၍ အားကောင်းနေသေးသည်။

စိတ်ဝိဉာဉ်သွေးကြောထက်၌ ကျင့်ကြံခြင်းက ပုံမှန်ကျင့်ကြံခြင်းထက် သုံးဆ ပိုမို မြန်ဆန်စေသည်။ တစ်လိမ့်ချင်း မူလစွမ်းအင်များက သူ၏ကိုယ်တွင်း စီးဆင်းနေသည်။ သူ၏ မဆုတ်မနစ်ကြိုးစားမှုကြောင့် လက်တစ်ချောင်းအရွယ် စုစည်းနိုင်ခဲ့လေပြီ။

ထိုသည်က မူလစွမ်းအင် အဆင့် ၇ သို့ ချဉ်းကပ်နေပြီဖြစ်ကြောင်း ၀မ်ချောင် ခံစားမိသည်။

သူ ထိုအဆင့်သို့ ရောက်သည့်အချိန်၌ မူလစွမ်းအင်များက အူတိုင်မှတစ်ဆင့် အရိုး၊ မရီဒျာန်၊ အရည်ပြား၊ အသွေး အသားများထဲသို့ စီးဆင်းသွားမည်ဖြစ်သည်။ သူ၏ ကြွက်သားများက ပိုမိုသန်မာ ထူထဲလာမည်ဖြစ်ပြီး ပေါက်ကွဲနိုင်သည့် ခွန်အားကိုလည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်သည်လည်း ပိုမို ပိန်ပါးလာ၍ အချိုးအစားကျနလာသည်။

ကိုယ်တွင်းရှိ မူလစွမ်းအင်သည်လည်း ပိုမိုသိပ်သည်းလာ၏။

မသိလိုက်ဘာသာနှင့် နေ့ရက်များက ကုန်ဆုံးသွားပြန်သည်။

ဘုန်း.....

ရုတ်တရက် ၀မ်ချောင်၏ ကိုယ်က တုန်ယင်လာပြီး ခရတ် ခရတ် ဟူသည့်အသံများနှင့်အတူ နောက်ဆုံးတွင် ၀မ်ချောင် မူလစွမ်းအင် အဆင့် ၇ သို့ ရောက်ရှိသွားခဲ့၏။

တစ်ချိန်တည်း၌ မဖြစ်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။ ၀မ်ချောင် သူ၏ ကျင့်ကြံခြင်း၌ အဆင့် ချိုးဖျက်နိုင်ခဲ့ခြင်းနှင့်အတူ သူ၏ ခန္ဓာကိုယ်သည်လည်း မိုးရွာချိန် အရွက်ရောက်လာသည့် ဝါးပင်များအလား စင်တီမီတာ အနည်းငယ်ခန့် မြင့်လာခဲ့သည်။

အစတွင် ၀မ်ချောင်၏ အချိုးအစားက အရပ်မြင့်ကာ ပိန်သည့်အထဲပါပြီး အရပ်ထွက်လာခြင်းကြောင့် သွယ်လျကာ အချိုးအစာ ကျစ်လစ်သွားခဲ့သည်။

“ မူလစွမ်းအင် အဆင့် ၇ သခင်လေး မူလစွမ်းအင် အဆင့် ၇ ကို ရောက်သွားပြီ... ”

ပျော်ရွှင်နေသည့်အသံက နံဘေးမှ ထွက်ပေါ်လာသည်။ ၀မ်ချောင်၏ ရုတ်တရက် အဆင့်ချိုးဖျက်မှုကြောင့် မုန့်လုံ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။

မျက်လုံးဖွင့်လိုက်သည်တွင် ပထမဆုံး မြင်လိုက်ရသည်က မုန့်လုံ၏ ပီတိဖြာနေသည့် မျက်နှာဖြစ်နေသည်။

မူလစွမ်းအင် အဆင့် ၇ သို့ရောက်ခဲ့ပြီးနောက် သူက စွမ်းအားကောင်းလာသည်သာမက အရပ်လည်းထွက်လာသည်။ ဤသည်က အဆင့် ၇ သို့ တက်လှမ်းနိုင်သည့် ထင်ရှားသည့် အမှတ်အသားဖြစ်ကာ ထိုအဆင့်ကို ကျော်ဖြတ်ခဲ့ဖူးသည့် မုန့်လုံထက် ပိုရင်းနှီးသူ ရှိမည်မဟုတ်။

“ အင်း... ”

ပြုံးနေကာ ၀မ်ချောင် ခေါင်းငြိမ့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံ ပြောင်းလဲသွားခြင်းက ပိုမိုသိသာသွားသည်။

အစ၌ ၀မ်ချောင်မှာ သူ၏ကိုယ်က သက်တူရွယ်သူများနှင့် မခြားပေ။ သို့သော် ယခု၌မူ သူက ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်နှင့် တူနေပြီး သခင်းပြာစံအိမ်၌ သူ ဟန်ထုတ်ခဲ့သည့် ပုံစံ အမှန် ဖြစ်လာသည်။

“ မဆိုးဘူး မဆိုးဘူးပဲ.. ”

မုန့်လုံက ၀မ်ချောင်အား စိတ်၀င်တစားနှင့် ခေါင်းအစ ခြေအဆုံး တိုင်းတာနေသည်။ လက်ရှီ ၀မ်ချောင်က ယခင်ကထက်ပိုမို သန်မာလာဟန်ရသည်။

“ သခင်လေး တကယ်လို့ သခင်ကြီးသာ သခင်လေးရဲ့ တိုးတက်မှုကို တွေ့မယ်ဆိုရင် အရမ်းပျော်သွားမှာ သေချာတယ်.. ”

မုန့်လုံ ပြောရင်းဆိုရင်း ရုတ်တရက် ၀မ်ချောင်ထံသို့ လက်သီတစ်လုံး ပစ်သွင်းလိုက်သည်။

ဘန်း....

လျှပ်တစ်ပြက် ၀မ်ချောင် ညာဘက်လက်သီးနှင့် မုန့်လုံ၏ တိုက်ခိုက်မှုကို ခံယူလိုက်သည်။ အင်အားနှစ်ခု ဆုံသွားပြီး မုန့်လုံ၏ လက်မောင်းထံမှ ပြင်းထန်သည့် စွမ်းအား စိမ့်ထွက်လာသည်။

များပြားလှသည့် စွမ်းအားက ၀မ်ချောင်အား လွင့်သွားစေသော်လည်း ၀မ်ချောင်က လေထဲ နောက်ပစ်ကာ မြေပြင်ထက် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။

“ ဂျင်တစ်ထောင် ဆင်းသက်ခြင်း သခင်လေး တကယ်ပဲ မူလစွမ်းအင် အဆင့် ၇ကို ရောက်နေပြီပဲ.. ”

မုန့်လုံ၏ မျက်လုံးက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေသည်။

ဂျင်တစ်ထောင် ဆင်းသက်ခြင်းက မူလစွမ်းအင် အဆင့် ၇ သို့ ရောက်မှသာ အသုံးပြုနိုင်သည့် နည်းစနစ်ဖြစ်သည်။ ဤအဆင့်၌ ကျင့်ကြံသူမှာ သူ၏ ကိုယ်တွင်းမှ များစွာသော မရီဒျာန်များကို ဖွင့်လှစ်နိုင်ပြီး မူလစွမ်းအင်ကို ခြေလက်များသို့ လွယ်ကူစွာ စီးဆင်းစေနိုင်ပြီး မြေဆွဲအားကို ချိန်ညှိကာ ကောင်းကင်ထက်မှ မြေပြင်သို့ လျှင်မြန်စွာ ဒေါင်လိုက် ဆင်းသက်စေနိင်သည်။

ဤ ဂျင်တစ်ထောင် ဆင်းသက်ခြင်းက ဘာမှမဟုတ်ဟု ထင်ရသော်လည်း တကယ့်တိုက်ပွဲများ၌ လှုပ်ရှားမှုများကို အလျင်အမြန် ပြောင်းလဲနိုင်စွမ်းရှိပြီး သေစေနိုင်သည့် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်သည်။

ဂျင်တစ်ထောင် ဆင်းသက်ခြင်းကို ထုတ်ဖော်နိုင်သည်က အရေးကြီးသည့်အရာမဟုတ်ပေ။ သို့သော် ၀မ်ချောင်က မူလစွမ်းအင် အဆင့် ၇ သို့ ရောက်ရောက်ချင်းမှာပင် ဂျင်တစ်ထောင် ဆင်းသက်ခြင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

၀ါရင့်သိုင်းပညာရှင်များပင် သူကဲ့သို့ ကျွမ်းကျင်စွာ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

“ သခင်လေး ကျွန်တော့်ရဲ့ နောက်ထပ် တိုက်ခိုက်မှုကို ခုခံကြည့်.. ”

မုန့်လုံက ၀မ်ချောင်၏ တိုးတက်လာမှုကို အံ့အားသင့်သည်ထက် ပို၍ အံ့သြမိရသည်။ တုန့်ဆိုင်းခြင်းမရှိ သူက မြေပြင်အား အားယူကာ အမြှောက်ဆံအလား ၀မ်ချောင်ထံ ခုန်၀င်သွားခဲ့သည်။ တစ်ချိန်တည်း သူ၏ ညာဘက်လက်သီး၌ ခွန်အားများကို စုစည်းကာ စစ်တပ်၏ အခြေခံလက်သီးနည်းစနစ်ဖြစ်သည့် ဖျက်ဆီးသူ မြေခွေးကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။

“ မုန့်လုံ မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါမညှာတော့ဘူးနော်... ”

၀မ်ချောင် ရယ်လိုက်သည်။

၀မ်ချောင်က မုန့်လုံ သူ့အား အနိုင်ယူချင်သည်ကို သိသည့်အတွက် သူလည်း မလျော့တော့ပေ။ သူ၏ ဒန်တျန် တုန်ခါလာကာ အားလှိုင်းတစ်ခုက သူ၏ လက်မောင်းအတွင်း စီးဆင်းလာသည်။

ဘုန်း...

လက်သီးနှစ်ခု ဆုံတွေ့မှုက လေပြင်းများ ဖြစ်ပေါ်စေပြီး ပတ်၀န်းကျင်တစ်ခုလုံး လေပြင်းထန်သွားသည်။ ၀မ်ချောင်က မုန့်လုံ၏ များပြားလှသည့် ခွန်အားကြောင့် နောက်လှန်သွားချိန်၌ မုန့်လုံသည်လည်း နောက်သို့ အတင်းအကြပ် ဆုတ်လိုက်ရသည်။ သူ၏ လက်မောင်းထံမှ ညင်သာသည့် နာကျင်မှုတစ်ချို့ကို ခံစားမိချိန်၌ မုန့်လုံ သတိ၀င်လာသည်။

၀မ်ချောင်၏ လက်သီးထဲ၌ မူလစွမ်းအင် အဆင့် ၇ ထက် သာလွန်နေသည့် ခွန်အားများ ပါ၀င်နေပေသည်။

“ အရမ်း အစွမ်းထက်လွန်းတယ်.. တကယ်လို့ သူသာ ဒီလိုမျိုးဆက်ပြီး တိုးတက်နေမယ်ဆိုရင် သခင်လေးရဲ့ အနာဂတ်ကတော့ အတိုင်းအဆမဲ့ပဲ.. ”

မုန့်လုံ၏ လက်မောင်းမှာ ၀မ်ချောင်နှင့် တိုက်ခိုက်မှုကြောင့် နာကျင်နေသော်လည်း ရလဒ်ကြောင့် ပျော်ရွှင်နေပေသည်။ သခင်လေး၏ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ၀မ်ကလန်၏ အနာဂတ်လည်း တောက်ပလာမည် မဟုတ်ပါလား။

အကယ်၍ သခင်ကြီးသာ သိခဲ့ပါမူ အပျော်ဆုံးလူ ဖြစ်နေပေလိမ့်မည်။

( သခင်ကြီးက ၀မ်ယန်ကို ဆိုလိုတာပါ)

သခင်လေးက မောက်မာထောင်လွှားကာ အပျော်အပါးမက်သည့် သခင်လေး မဟုတ်ချေတော့။

“ ဒီလောက်နဲ့ နားရအောင် သခင်လေးက အရမ်းအားကောင်းလွန်းတယ် မူလစွမ်းအင် အဆင့် ၇ လို့ကို မထင်ရဘူး.. ”

မုန့်လုံ ခေါင်းခါကာ အရှုံးပေးလေသည်။

သူက ၀မ်ချောင်၏ စွမ်းရည်ကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဆက်လက်တိုက်ခိုက်ပါက သူတို့နှစ်ဦး အားကုန်အင်ကုန် တိုက်ခိုက်ရပေလိမ့်မည်။ သူက မူလစွမ်းအင် အဆင် ၉ သို့ ရောက်ရှိနေသူဖြစ်ကာ ၀မ်ချောင်အား အနိုင်ရလျှင်ပင် အကျိုးမရှိချေ။

“ ဟားဟား ဒါလဲကောင်းတာပဲ... ပြောရရင် ငါ့မှာ ဘာအားမှ မကျန်တော့ဘူးကွ.. ”

သစ်ပင်တစ်ခုကို မှီထားရင်း ၀မ်ချောင်ရယ်နေသည်။ သူ ကျင့်ကြံနေသည့် လူရိုင်းနတ်ဘုရား၏ စွမ်းအား ကျင့်စဉ်က သူ့အား မူလစွမ်းအင် အဆင့် ၇ ထက်သာလွန်နေသည့် စွမ်းကို ပေးစွမ်းခဲ့သည်။

“ ဒါပေမဲ့ နှမြောစရာပဲ ဒေါသလက်သီးက ငါ့ရဲ့ သက်လုံကို အရမ်းကျဆင်းစေတယ်.. ”

၀မ်ချောင် မြည်တမ်းလိုက်သည်။

ဒေါသလက်သီးက အစွမ်းထက်သည်။ ထိုအရာနှင့်သာဆိုလျှင် ၀မ်ချောင်က မုန့်လုံကဲ့သို့သော မူလစွမ်းအင် အဆင့် ၉များ၏ တိုက်ခိုက်မှုများကို အကြိမ်ရေ အတော်များများ ခံနိုင်လောက်သည်။ သို့ဆိုစေ ထိုအတွက်လည်း ထိုက်သင့်သည့်အဖိုးခဖြစ်သည့် သူ၏ စွမ်းအင်များကို ပြန်လည် ပေးဆပ်ရပေမည်။

သစ်ပင်ကို ကျောမှီရင်း ၀မ်ချောင် ခေတ္တအနားယူပြီးနောက် ခွန်အားအနည်းငယ်ပြန်လည် စုစည်းလာနိုင်သည်။

မူလစွမ်းအင် အဆင့် ၇ သို့ ရောက်ပြီးနောက် ၀မ်ချောင် ပထမဆုံး တွေးမိသည်က သူ၏ ခွန်အားကို မည်သို့ မြှင့်တင်နိုင်မည်နည်း ဆိုသည်ကိုပင်။

“ မူလစွမ်းအင် အဆင့် ၇ ကိုရောက်ပြီဆိုတော့ ငါ ဓားသိုင်းကို စပြီး လေ့ကျင့်နိုင်ပြီပဲ.. ”

၀မ်ချောင် ရုတ်တရက်ဓားသိုင်းကို သတိရလိုက်သည်။

ကျင့်ကြံခြင်းအဆင့်က သိုင်းပညာရှင်များအတွက် ပင်မဖြစ်လေသည်။ ကျင့်ကြံဆင့် မြင့်မှသာ ပိုမို အစွမ်းထက်သည့် နည်းစနစ်များကို လေ့ကျင့်နိုင်သည်။

၀မ်ချောင်ခေါင်းထဲ ပထမဆုံး ပေါ်လာသည်က ဓားသိုင်း။

ဓားတစ်လက်ကို ကိုင်စွဲခြင်းတစ်ခုတည်းပင်လျှင် အားသာချက်ကြီး ဖြစ်နေလေပြီ။ ထို့အပြင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းမျာကို ဝုစ်သံမဏိဓားအဖြစ် သွန်းလုပ်နိုင်ခြင်းက ၀မ်ချောင်အတွက် ဓားကို ရွေးချယ်ရသည့် အကြောင်းပြချက် တစ်ခုလည်း ဖြစ်စေသည်။

ပို၍ အရေးပါသည်က ဒေါသလက်သီးနှင့် မတူခြားနားစွာ စွမ်းအား၊ ဖျက်ဆီးမှု၊ ထက်မြက်မှု ၌ ဓားသိုင်းက ဒေါသလက်သီးလောက် သက်လုံများစွာ မကျဆင်းစေပေ။

ဓားသိုင်းတစ်ခုက ၀မ်ချောင်၏ စိတ်ထဲ ထွက်ပေါ်လာသည်။

“ ဆင့်ချက်တစ်ရာဓားကွက်.. ”

သူ၏ ပြန်လည်၀င်စားပြီးနောက် ၀မ်ချောင် သူ၏ လမ်းစဉ်ကို ပုံဖော်ထားပြီးဖြစ်ကာ သူ၏ တွက်ချက်မှုများအရ ဒေါသလက်သီးကို သင်ယူပြီးနောက် အသင့်တော်ဆုံးမှာ ဆင့်ချက်တစ်ရာဓားကွက်သာ ဖြစ်ပေသည်။

ထိုနည်းစနစ်က ရိုးရှင်းကာ၊ သက်ရောက်မှုကြီးမားပြီး ဖျက်ဆီးနိုင်စွမ်းမြင့်၍ တိုက်ခိုက်နိုင်စွမ်း မြင့်မားသည်။ ၀မ်ချောင်၏ လက်ရှိခွန်အားအရ အကောင်းမွန်ဆုံး ထုတ်ဖော်နိုင်သည့် နည်းစနစ်လဲ ဖြစ်ပေသည်။

ဤစွမ်းအားမြင့် ဓားသိုင်းက ညှာတာမှုကင်းမဲ့မှု၊ လျင်မြန်မှုနှင့် တိကျသည့်တိုက်ခိုက်မှုများအပေါ် အခြေပြုကာ တစ်ဖက်၇န်သူအား ထောင့်စွန်းထိ တွန်းအားပေးနိုင်ပေသည်။

စတင်တိုက်ခိုက်ရန် အခွင့်အရေးရသည်နှင့် တစ်ပြိုင်တက် တစ်ဖက်ရန်သူအား ခုခံရန် မလွယ်ကူသည့် ဓားချက်များနှင့် စဉ်ဆက်မပြတ် တိုက်ခိုက်ကာ အညံ့ခံရန်သို့မဟုတ် အသတ်ခံရသည်အထိ ဖိအားပေးနိုင်ပေမည်။

သို့ဆိုစေ စွမ်းအားကောင်းသလောက် လေ့ကျင့်ရန်လည်း ခက်ခဲလွန်းလှပေသည်။ [ ဆင့်ချက်တစ်ရာဓားချက်] မှာ လူတစ်ယောက်၏ ခွန်အားအပေါ် အဓိက မူတည်သည်။

အနည်းဆုံးအနေနှင့် မူလစွမ်းအင်အဆင့် ၇ သို့ ရောက်ရှိနေရန် လိုအပ်သည်။

“ ဒီဓားသိုင်းကို ကျင့်မယ်.. ”

၀မ်ချောင် လျင်မြန်စွာ စိတ်ကို ပြင်ဆင်လိုက်သည်။

ဒေါသလက်သီးနှင့် မတူသည်က ဆင့်ချက်တစ်ရာ ဓားချက်မှာ သူ၏ယခင်ဘ၀၌ မရေမတွက်နိုင်သည့် သွေးသံရဲရဲ စစ်ပွဲများအကြား ဆင်ခြင်၍ ၀မ်ချောင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

ဆင့်ချက်တစ်ရာဓားသိုင်းမှာ ဓားသိုင်းပေါင်းများစွာကို ပေါင်းစပ်ထားခြင်းဖြစ်ကာ ၀မ်ချောင်က အားသွန်ခွန်စိုက်နှင့် ပြီးပြည့်စုံစေရန် ဖြည့်စွက်ပြင်ဆင်ထားခြင်း ဖြစ်သည်။

၀မ်ချောင် သိုင်းကျမ်းများစွာ တီထွင်ခဲ့ခြင်းမရှိသော်လည်း ဆင့်ချက်တစ်ရာဓားသိုင်းကတော့ သူ၏ တီထွင်မှု ဖြစ်သည်။ ၀မ်ချောင် ယခင်ဘ၀၌ ကြုံတွေ့ခဲ့ရသည့် လောကခြေရာများကို ဆင့်ချက်တစ်ရာဓားသိုင်းထဲ၌ မြင်နိုင်သည်။

ထိုအချိန်က ၀မ်ချောင် စစ်တပ်ထဲရှိနေစဉ် သူက သေနာပတိမှစ၍ ခြေလျင်စစ်သားအထိ ထိုဓားသိုင်းကို လေ့ကျင့်စေခဲ့သည်။

ဆင့်ချက်တစ်ရာဓားချက် စတင်လိုက်သည်နှင့် မျဉ်းဖြောင့်တစ်ခုလုံးရှိ ရန်သူများအားလုံး ပြုတ်ပြုတ်ပြုန်းသွားမည်ဖြစ်သည်။ တိုက်ခိုက်မှုက ရန်သူအားလုံး မလဲကျခင်အချိန်ထိ ဓားမိုးရွာလိမ့်မည်ဖြစ်သည်။

မဟာကပ်ဘေးအတွင်း သန်းချီသော ရန်သူများက ထို ဆင့်ကဲတစ်ရာဓားသိုင်းအောက် အသက်ပျောက်ခဲ့ရပြီး စစ်မြေပြင်အတွင်း အဆုံးစွန် ထိတ်လန့်ရသော ဓားသိုင်း ဖြစ်လာခဲ့သည်။

All Chapters