သုံးပြီးသားပစ္စည်း
Vol. 1 Ch. 358
"အမ်"
နတ်ဆိုးသားရဲဘုရင် ပေါ်ထွက်လာသည့် ခဏတွင် ဟဲလောင်မှာ အလန့်တကြား ဖြစ်သွားခဲ့သည်။ သူသည် နတ်ဆိုးသားရဲဘုရင်၏ စကားကို ကြား၍ အံ့သြနေရုံပင်ရှိသေးသည်။ ကျန်းရီ၏ စကားကိုကြားသောအခါ သူ့ကိုယ်မှာ တဆတ်ဆတ်တုန်ယင်သွားခဲ့သည်။
နတ်ဆိုးသားရဲဘုရင်သည် မည်သို့သော တည်ရှိမှုမျိုးနည်း။ ၎င်း၏အင်အားသည် ဗာဂျရာပဉ္စမအဆင့်၏အင်အားနှင့် ညီမျှသည်။ ကျန်းရီ ထိုသို့လေသံမျိုးနှင့် စကားပြော၍ အဆင်ပြေပါမည်လော။
နတ်ဆိုးသားရဲ ဘုရင်သည် ပုခုံးတွန့်၍ ကျန်းရီအား စိုက်ကြည့်ကာ စကားဆက်ပြောနေသည်ကိုမြင်သော် ဟဲလောင်မှာ ပို၍ထိတ်လန့်သွားရသည်။
"ကောင်းပြီ...မင်းတကယ်စွမ်းတာကို ငါဝန်ခံတယ်။ မင်းက ငါ့သခင်ရဲ့ ဆက်ခံသူဖြစ်သွားပြီဆိုတော့ စကြဝဠာနန်းတော်ကိုလည်း မင်းပိုင်သွားပြီ။ မင်းကို ငါ့သခင်လေးလို့ သတ်မှတ်လို့ရသွားပြီ။ ကဲ...ဒါဆိုပြောတော့ မင်းဘာလိုချင်လဲ။ ဒီဘုရင်လည်း ကျင့်ကြံရဦးမယ်"
"နတ်ဆိုးသားရဲဘုရင်ရဲ့ သခင်လေး..."
ဟဲလောင်သည် တံတွေးမြိုချမိသွားသည်။ ဤကဲ့သို့ နတ်ဆိုးသားရဲဘုရင်တစ်ကောင်အား အစေခံအဖြစ် ရရှိခြင်းသည် မည်မျှအကျိုးရှိလိမ့်မည်နည်း။ ကျန်းရီသာ ၎င်းအားခေါ်၍ နယ်မြေအနှံ့ ခရီးထွက်လျှင် မည်သူက ကျန်းရီအား ထိရဲပါမည်နည်း။ ထို့ပြင် ကျန်းရီတွင် သတ်ဖြတ်ခြင်းအင်အားနှင့် နေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည် ရှိနေရာ ရန်သူများ ဝိုင်းဝန်းတိုက်ခိုက်မည်ကို ကြောက်နေစရာမလိုပေ။ တစ်နည်းပြောရသော် နိုင်ငံတစ်နိုင်ငံကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နေနိုင်ပြီဖြစ်သည်။
သုံးနှစ်အကြာတွင် ဤနတ်ဆိုးသားရဲဘုရင်ကို ပိုင်ဆိုင်ထားသော ကျန်းရီကို အင်အားစုကြီးခြောက်ခုက ဝိုင်းဝန်းသတ်ဖြတ်ရဲပါဦးမည်လော။ ကျန်းရီသာ ရန်သူများလက်မှ ထွက်ပြေးလွတ်မြောက်သွားလျှင် အနာဂတ်တွင် နယ်မြေသို့ ပြန်လာပြီး နယ်မြေကို ပြောင်းပြန်လှန်ပစ်လောက်သည်။ ကျန်းရီသည် ရန်ငြိုးရှိပါက ပြန်လက်စားချေတတ်သည့် စိတ်နေစိတ်ထားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ပြင် သူသည် စုန်းနတ်ဘုရား၏ ဆက်ခံသူလည်း ဖြစ်သွားခဲ့ပြန်သည်။ သူ ရာစုနှစ်တစ်ခုကျော်ကြာ တံခါးပိတ်ကျင့်ကြံပြီး ဗာဂျရာအဆင့်သို့ ရောက်ရှိသွားပါက ဤနတ်ဆိုးသားရဲဘုရင်ကို ခေါ်ဆောင်ကာ တစ်နိုင်ငံချင်းစီနှင့် စာရင်းလိုက်ရှင်းလောက်သည်။
ကျန်းရီသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ တံဆိပ်ပြားကို အမှတ်အသားပြုပြီးနောက် စကြဝဠာနန်းတော်ထဲရှိ နတ်ဆိုးသားရဲများ၊ သန္ဓေပြောင်းသားရဲများအားလုံး၏ အသက်ကို သူပိုင်ပြီဖြစ်သည်။ ထိုအချက်ကို သူယခုမှ သဘောပေါက်သွားခဲ့သည်။ တံဆိပ်ပြားကို သူအသက်သွင်းလိုက်သည်နှင့် နန်းတော်ထဲမှ မည်သည့်သားရဲကိုမဆို သူသတ်ဖြတ်ပစ်နိုင်သည်။ ဤနတ်ဆိုးသားရဲဘုရင်သည်လည်း နတ်ဆိုးသားရဲတစ်ကောင်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည်လည်း သူ့ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။
စုန်းနတ်ဘုရားရဲ့ အစီအရင်တွေနဲ့ မှော်အစွမ်းတွေက တော်တော်အစွမ်းထက်တာပဲ။ ဒီတံဆိပ်ပြားလေးကို သုံးရုံနဲ့တင် နတ်ဆိုးသားရဲဘုရင် အမြင့်ဆုံးအဆင့်ရဲ့ သေခြင်းရှင်ခြင်းကို သူက ထိန်းချုပ်နိုင်တယ်။ အရမ်းမိုက်တာပဲ...
ကျန်းရီသည် တိတ်တဆိတ် ချီးကျူးနေခဲ့သည်။ သို့သော် သူသည် အပြင်ပန်းတွင် ထီမထင်စွာ ပြုံး၍ ပြောလိုက်သည်။
"ငါ့မှာ ဘာညွှန်ကြားချက်မှတော့ မရှိဘူး။ ဒါပေမယ့် ငါ အပြင်ကိုထွက်ဖို့ ပြင်နေတယ်။ မင်းငါနဲ့လိုက်လာနိုင်တယ်မလား"
"မသွားဘူး"
ယာ့ဇီသားရဲသည် ချက်ချင်းအော်ဟစ်လိုက်ပြီး မကျေနပ်သည့် လေသံနှင့် ပြောလာခဲ့သည်။
"မင်းက ဒီဘုရင်ကို မင်းအတွက် တိုက်ခိုက်ပေးစေချင်နေတယ်။ ငါက နတ်ဆိုးသားရဲဘုရင်ကွ...ဒါတောင် မင်းလိုကောင်စုတ်လေးရဲ့ နောက်လိုက်လုပ်ပေးရဦးမယ်လား။ မင်းအဲ့အတွေးကို စွန့်လွှတ်လိုက်သင့်တယ်။ ဒီဘုရင်က အဲ့လို အရှက်ကွဲစရာအလုပ်ကို လုပ်မယ့်အစား သေပဲသေလိုက်မယ်။ မင်း ဗာဂျရာအဆင့်ကို ရောက်တဲ့အချိန်ကျမှ ငါမင်းနောက်ကို လိုက်နိုင်မယ်"
"မင်းတကယ် မလိုက်ဘူးလား"
ကျန်းရီ၏မျက်လုံးများ အေးစက်သွားခဲ့သည်။
ယာ့ဇီသားရဲသည် ခေါင်းကိုခါ၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါမသွားဘူး။ ဒီဘုရင်က ဂုဏ်သိက္ခာရှိတယ်...သူ့ဂုဏ်သိက္ခာကို လွှင့်ပစ်မှာ မဟုတ်ဘူး။ မင်းငါ့ကို သတ်ချင်ရင် သတ်လိုက်တော့"
"ကောင်းပြီ"
ကျန်းရီ၏ကိုယ်မှ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့ပြီး သူ့လက်ထဲမှ တံဆိပ်ပြားမှာ လင်းလက်လာခဲ့သည်။ သူသည် အေးစက်စွာ ပြောလိုက်သည်။
"ငါ သုံးအထိ ရေမယ်။ မင်း မသွားဘူးလို့ ပြောနေဦးမယ်ဆိုရင် ငါမင်းကို သတ်ရလိမ့်မယ်။ မင်းဒီမှာနေလို့ ငါ့အတွက် ဘာမှမှ အသုံးမဝင်တာ...သုံး.."
နတ်ဆိုးသားရဲဘုရင်သည် ခေါင်းမော့ထားပြီး ကျန်းရီအား လျစ်လျူရှုထားခဲ့သည်။ ၎င်းသည် အကြောက်အလန့် မရှိသည့် မျက်နှာထားကို လုပ်ထားခဲ့ပြီး ၎င်း၏ ကြေးညိုရောင်မျက်လုံးကြီးများမှာ လှောင်ရိပ်များ ပြည့်နေခဲ့သည်။
"နှစ်..."
ကျန်းရီ၏ အော်သံ ထပ်မံထွက်ပေါ်လာခဲ့ပြီး သူ၏ လူသတ်ငွေ့များမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ သူ့လက်ထဲမှ တံဆိပ်ပြားသည်လည်း ပိုမိုတောက်ပလာခဲ့သည်။
နတ်ဆိုးသားရဲဘုရင်သည် ခေါင်းမော့ထားဆဲ ဖြစ်နေရာ ဟဲလောင်မှာ ပိုမိုထိတ်လန့်လာခဲ့သည်။ သူသည် ကျန်းရီကို နားချရန် တစ်ခုခု ပြောချင်နေခဲ့သည်။ သို့သော် ဤအချိန်များအတွင်း ကျန်းရီနှင့်အတူ တိုက်ခိုက်ခဲ့ပြီးနောက် ကျန်းရီ၏စိတ်ကို သူကောင်းကောင်းသိနေသည်။ ကျန်းရီသည်ကား နွားသိုးဆယ်ကောင်နှင့် ဆွဲလျှင်တောင် ပါမလာမည့် လူစားမျိုးဖြစ်သည်။
"တစ်"
ကျန်းရီသည် အော်ဟစ်လိုက်ပြီးနောက် တံဆိပ်ပြားမှ အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ တံဆိပ်ပြားအတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအရှိန်အဝါ၏ဖိအားကြောင့် ဟဲလောင်မှာ ခါးပင်မမတ်နိုင်တော့ချေ။
ထိုခဏတွင် ရေခဲပင်လယ်ထဲမှ အော်သံကြီး ထွက်ပေါ်လာခဲ့သည်။
"ရပ်တော့...ငါသွားမယ်၊ ငါသွားမယ် ဟုတ်ပြီလား။ ကောင်လေး မင်းက တော်တော် အညှာအတာမဲ့တာပဲ။ ဒီဘုရင်တောင် အလှည့်စား ခံလိုက်ရတယ်"
"အမ်"
ဟဲလောင်သည် ရေခဲပင်လယ်ထဲမှ သတ္တဝါကြီးအား ဆွံံ့အစွာ ကြည့်လိုက်သည်။ ဤဒဏ္ဍာရီလာ ယာ့ဇီသားရဲသည် ပြိုင်ဘက်ကင်းအောင် ရက်စက်၍ သတ်ဖြတ်ရခြင်းကို နှစ်ခြိုက်သည့် သတ္တဝါ မဟုတ်ပေလော။ နတ်ဆိုးသားရဲဘုရင် အမြင့်ဆုံးအဆင့်သည် အရေထူ၍ သေရမည်ကို ကြောက်သည်လော။
ကျန်းရီ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့ပြီး အနိုင်ရသူ၏အပြုံး ဖြစ်တည်လာခဲ့သည်။ ဤနတ်ဆိုးသားရဲဘုရင်အား သိမ်းသွင်း၍ရမည်မှန်း သူသိသည်။ သို့မဟုတ်ပါက ၎င်းသည် စုန်းနတ်ဘုရား၏ အစေခံပင် ဖြစ်လာမည်မဟုတ်ပေ။
အသိဉာဏ်ရှိသော နတ်ဆိုးသားရဲအပါအဝင် မည်သူမဆို တစ်ကြိမ် ညှိနှိုင်း၍ ရလျှင် ဒုတိယအကြိမ်လည်း ရဦးမည်သာ။ ဥပမာဆိုရလျှင် ဆောင်ကြာမြိုင်မှ မိန်းမတစ်ယောက်နှင့် ဆင်တူသည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်ကို တစ်ကြိမ်ရောင်းပြီးသွားလျှင် ဒုတိယအကြိမ်ထပ်ရောင်းရန် ဝန်မလေးတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သုံးပြီးသားပစ္စည်းများ ဖြစ်သွားခဲ့ပြီးသောကြောင့် ဖြစ်သည်။
ယာ့ဇီသားရဲသည် ကျန်းရီအား စိုက်ကြည့်ကာ စကားပြောလာခဲ့သည်။
"ကောင်လေး...ဒီဘုရင်က မင်းနဲ့အတူ လိုက်မယ်။ ဒါပေမယ့် လူမြင်အောင် ထင်ထင်ပေါ်ပေါ် နေမှာမဟုတ်ဘူး။ ငါ စွမ်းအားမြင့် လူသားတစ်ယောက်ကို ရန်စမိရင် ဝိုင်းပြီး အသတ်ခံရမှာပဲ။ ဒီဘုရင်မှာ နှစ်ငါးရာ သက်တမ်းကျန်နေသေးတယ်...ဒီအတိုင်း အသေမခံနိုင်ဘူး။ နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်သွားရင် လွတ်လပ်ခွင့် ပြန်ပေးမယ်လို့ သခင်က ဒီဘုရင်ကို ကတိပေးထားတယ်။ မင်းလည်း ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ပြလိုက်ရမယ်...မလုပ်ရင် ဒီဘုရင်က သေပဲသေလိုက်မယ်။
"ကောင်းပြီ"
ကျန်းရီသည် နှစ်ခါပြန်စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ ဤနတ်ဆိုးသားရဲဘုရင်သည် လက်ရှိအဆင့်တွင် အချိန်အကြာကြီး ရပ်တန့်နေရာ မကြာခင်အချိန်အတွင်း အဆင့်တက်သွားရန်မှာ မဖြစ်နိုင်ချေ။ ၎င်းသည် ဒီတစ်သက်တွင် အဆင့်တက်ရန် မျှော်လင့်ချက် မရှိတော့ခြင်းတောင် ဖြစ်နိုင်ချေရှိသည်။ ကျန်းရီသည်လည်း ဗာဂျရာအဆင့်သို့ မရောက်ခင်အချိန်အထိသာ ၎င်းကို အသုံးလိုသည်။
ကျန်းရီသည် ဟဲလောင်အား ဒဏ်ရာဆက်လက်ကုစားနေရန် ညွှန်ကြားလိုက်သည်။ ထို့နောက် နတ်ဆိုးသားရဲဘုရင်ဘက်လှည့်၍ မရှင်းလင်းသည်တို့ကို မေးမြန်းလိုက်သည်။
"မင်းက နောက်နှစ်ငါးရာတောင် ဆက်နေနိုင်ဦးမယ်ဟုတ်လား။ မင်း နှစ်သုံးထောင်ကျော် နေပြီးပြီး မဟုတ်ဘူးလား။ ဘာလို့ မင်းသက်တမ်းက အဲ့လောက်ရှည်နေတာလဲ။ ငါသိတာတော့ နတ်ဆိုးဧကရာဇ်တွေသာ နှစ်သုံးထောင်ကျော် နေနိုင်တာ မဟုတ်ဘူးလား"
"ဟမ့်...သာမန် နတ်ဆိုးသားရဲဘုရင်တွေက ဒီဘုရင်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ"
ယာ့ဇီသားရဲသည် ခေါင်းမော့၍ ဆောင့်ကြွားကြွား ပြောလာခဲ့သည်။
"ယာ့ဇီသားရဲတွေက သမိုင်းမှာ နတ်ဆိုးဧကရာဇ်အဆင့်တွေ အများကြီးမွေးထုတ်ပေးခဲ့တဲ့ ရှေးဟောင်းမျိုးစိတ်သားရဲတွေပဲ။ အဲ့အချိန်တွေတုန်းက ငါ့ဘိုးဘေးတွေက ဒီနယ်မြေကို သွေးနဲ့ဆေးပြီး ဗာဂျရာအဆင့်သိုင်းသမားတွေ အများကြီးကို သတ်ပစ်ခဲ့တာ...အဲ့ဒီသာမန်သွေးမျိုးနဲ့ နတ်ဆိုးသားရဲတွေက ငါတို့ယာ့ဇီသားရဲတွေရဲ့ သက်တမ်းတစ်ဝက်ပဲ အသက်ရှည်တယ်။ ပြီးတော့ သခင်က ငါစားဖို့ ရှားပါးဆေးပင်တွေ အမျိုးမျိုးလည်း ပေးသေးတယ်။ အဲ့ဒီတော့ ငါအသက်ပိုရှည်နေတာ ပုံမှန်ပဲ"
"ရှားပါးဆေးပင်တွေ"
ကျန်းရီ၏စိတ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ စုန်းနတ်ဘုရားသည် အင်အားကြီးမားလွန်းပြီး တမလွန်တောအုပ်ကို အုပ်စိုးခဲ့သည်။ စကြဝဠာနန်းတော်ထဲတွင် ဆေးပင်အမျိုးမျိုး ရှိလောက်သည်။ ကောင်းကင်ကျောက်တုံးများပင် ရှိနေလောက်သေးသည်။
ကောင်းကင်ကျောက်တုံးအကြောင်း တွေးမိသည့်အခါ ကျန်းရီ စိတ်တက်ကြွသွားခဲ့သည်။ သူနားလည်သွားသည်မှာ အလယ်အလတ်အဆင့်တာအိုဟု ဟဲလောင်ပြောခဲ့သည်။ သူ့အတွင်းအားသာ အလုံအလောက် ရှိပါက သူ့အင်အားသည် သာမန်ဗာဂျရာအဆင့် သိုင်းပညာရှင်နှင့် တူညီသွားလိမ့်မည်။ သူ့တာအိုတိုက်ကွက်သည်လည်း ပိုမိုအစွမ်းထက်လာလိမ့်မည်။
ကျန်းရီသည် တံဆိပ်ပြားကိုသုံး၍ စကြဝဠာနန်းတော်တစ်ခုလုံးကို ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် အခန်းငယ်တစ်ခုကို တွေ့သွားခဲ့သည်။ ထိုအထဲတွင် လက်နက်များ၊ ဆေးပင်များ အများအပြား ရှိနေခဲ့သည်။
"သူတော်စင်အဆင့်လက်နက်"
ထိုလက်နက်များအကြားတွင် မီးနဂါးဓားနှင့် ဆင်တူသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေသော လက်နက်အနည်းငယ်လည်း ရှိလေသည်။ ၎င်းတို့မှာ သူတော်စင်အဆင့် လက်နက်များသာ ဖြစ်ရမည်။
သူသည် ထိုအခန်းထံသို့ အရင်မသွားဘဲ နတ်ဆိုးသားရဲဘုရင်ကို အရင်မေးလိုက်သည်။
"ဒီနန်းတော်ထဲမှာ လက်နက်တွေရှိတဲ့ အခန်းတစ်ခုရှိတယ်။ ငါအခု နန်းတော်ကို စိတ်ဝိဉာဉ်နဲ့ အမှတ်အသားပြုပြီးပြီဆိုတော့ အဲ့အထဲက ပစ္စည်းတွေအကုန်လုံးကို ငါသုံးလို့ရတယ်ပေါ့"
"ဒါပေါ့"
နတ်ဆိုးသားရဲဘုရင်က ရှင်းပြလာခဲ့သည်။
"မင်းက သခင့်ရဲ့ ဆက်ခံသူဖြစ်သွားပြီဆိုတော့ ဒီနန်းတော်ကို မင်းပိုင်သွားပြီ။ နန်းတော်ထဲက အရာအားလုံးကိုလည်း မင်းပိုင်တယ်။ ဒါကြောင့် မင်းယူသုံးလို့ရတယ်"
"ကောင်းပြီ"
ကျန်းရီ၏ လက်ထဲမှ တံဆိပ်ပြားသည် လင်းလက်သွားခဲ့ပြီး ကောင်းကင်မှ အစီအရင်တို့သည်လည်း လင်းလက်လာကာ မူလနေရာမှ ကျန်းရီပျောက်ကွယ်သွားခဲ့သည်။ နတ်ဆိုးသားရဲဘုရင်သည် ဟဲလောင်အား တစ်ချက်ကြည့်လိုက်ပြီး ရေခဲပင်လယ်ထဲသို့ ပြန်ဆင်းသွားခဲ့သည်။ သန္ဓေပြောင်းသားရဲများသည် ကျန်းရီ၏ အမိန့်ကြောင့် ဟဲလောင်အား မတိုက်ခိုက်ကြတော့ပေ။ ထို့ကြောင့် စတုတ္ထထပ်သည် ဘေးကင်းသည်ဟု ဆိုနိုင်လေသည်။
"အိုး..."
ကျန်းရီသည် အခန်းငယ်လေးထဲ ရောက်သွားပြီးနောက် နေရာအနှံ့ ပြန့်ကျဲနေသည့် ကောင်းကင်အဆင့် လက်နက်များကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ၎င်းတို့အထဲတွင် ငါးခုမှာ သူတော်စင်အဆင့်လက်နက်များ ဖြစ်ကြသည်။ ရတနာများကို ချစ်သည်မှာ လူ့သဘာဝသာ ဖြစ်သည်။ ကျန်းရီတွင် မီးနဂါးဓား ရှိပြီးသားဖြစ်၍ အခြားသူတော်စင်အဆင့် လက်နက်များကို အသုံးမလိုသော်လည်း ရတနာအများအပြား တစ်ပြိုင်နက်ရရှိသွားသောကြောင့် ပျော်ရွှင်နေခဲ့သည်။
"အမ်...ဘာလို့ကောင်းကင်ကျောက်တုံး တစ်တုံးမှ မရှိတာလဲ"
ကျန်းရီသည် ဘေးပတ်လည်ကို ကြည့်လိုက်သော် လက်နက်များ၊ ချပ်ဝတ်များ၊ ရှားပါးဆေးပင်များနှင့် လက်နက်ဆန်းအချို့မှတစ်ပါး ကောင်းကင်ကျောက်တုံး တစ်ခုမှ မတွေ့ရပေ။ သူသည် သေချာစစ်ဆေးကြည့်လိုက်သော်လည်း ကောင်းကင်ကျောက်တုံး တစ်ခုမှ မရှိကြောင်းသာ တွေ့ရလေသည်။
*****