ဆန်ဒါလိုင်ယွန်
Vol. 9 Ch. 114
စာအုပ်ဆိုင်အတွင်းသို့ ဝင်ရောက်လာသည့် လူငယ်မှာ အဆင့်မြင့်ရဲတပ်ဖွဲ့မှ တတိယတန်းစား အရာရှိတစ်ဦးဖြစ်သူ ဆန်ဒါ လိုင်ယွန် ပင် ဖြစ်သည်။
အထက်ပိုင်းခရိုင်နှင့် ဗဟိုခရိုင် ရဲတပ်ဖွဲ့များအကြား အဆင့်အတန်း ခွဲခြားထားခြင်း မရှိဟု ဆိုသော်ငြားလည်း၊ ဗဟိုခရိုင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော အဆင့်မြင့်ရဲတပ်ဖွဲ့မှာ ဆင်ခြေဖုံးအရပ်ရှိ ရဲတပ်ဖွဲ့များထက် အဆင့်အတန်း ပိုမိုမြင့်မားသည်မှာ ဓမ္မတာပင် ဖြစ်သည်။
အဆင့်မြင့် ရဲတပ်ဖွဲ့ဟူသည် ဗဟိုခရိုင်ရှိ အာဏာရှိသူတို့၏ အလိုဆန္ဒကို ကိုယ်စားပြု၏။ ထိုနေရာတွင် တာဝန်ထမ်းဆောင်ခွင့်ရသူများမှာ အလွန်ထူးချွန်သူများ ဖြစ်ကြသလို၊ နောက်ခံ အဆက်အသွယ်ကောင်းသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့်ပင် အဆင့်မြင့်ရဲတပ်ဖွဲ့ဝင်များမှာ ပြင်ပသို့ တာဝန်ဖြင့်ထွက်သည့်အခါတိုင်း မာန်တတ်တက်ကြစမြဲပင်။
သူတို့က မောက်မာရိုင်းစိုင်းသည့် အဆင့်အထိ မရောက်သော်လည်း၊ အထက်ပိုင်းခရိုင်ရှိ လူထုကို ဝန်ဆောင်မှုပေးနေသူများဟု ဘယ်သောအခါမျှ သဘောမထားကြချေ။ သူတို့ အလုပ်အကျွေးပြုရသူများမှာ ဗဟိုခရိုင်မှ အာဏာပိုင်များနှင့် တော်ဝင်မျိုးနွယ်များသာ ဖြစ်သည်။
ထို့ကြောင့်လည်း အထက်ပိုင်းခရိုင်ရှိ သာမန်အရပ်သားများ၊ ဆင်းရဲသားများနှင့် ဆက်ဆံရသည့်အခါ ထိုရဲအရာရှိများ၌ စိတ်ရှည်သည်းခံမှု မရှိခြင်းက အထူးအဆန်းတော့ မဟုတ်ပေ။ အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် ပိုင်ဆိုင်မှု အခိုင်အမာရှိသည့်၊ ဆုတ်ယုတ်ခြင်းမရှိသေးသည့် တော်ဝင်မျိုးနွယ်စုမှ ဆင်းသက်လာသူ လိုင်ယွန် အဖို့ ပို၍ပင် ဆိုးသေးသည်။
ထို့ပြင် နောက်ခံမျိုးရိုးရှိသူတစ်ဦးအနေဖြင့် လိုင်ယွန် အတွင်းသတင်းအချို့ကိုလည်း သိရှိထားပြီး ဖြစ်သည်။ ဤဖြစ်ရပ်မှာ ရဲတပ်ဖွဲ့အနေဖြင့် လိုက်လံစုံစမ်းဖြေရှင်းနိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။ သူတို့၏ တာဝန်မှာ ဗဟိုခရိုင်၏ 'ပြတ်သားထိရောက်သော' လုပ်ဆောင်ချက်ကို ပြသရန်နှင့် အထက်ပိုင်းခရိုင်သားများ စိုးရိမ်စိတ် ပြေပျောက်စေရန် ဟန်ပြလုပ်ဆောင်ပေးရခြင်းမျှသာ ဖြစ်သည်။
လွန်ခဲ့သော (၁၂) နာရီခန့်ကပင် လိုင်ယွန် နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ယနေ့ညပိုင်း၌ ကလပ်သွားမည့် အစီအစဉ်များကို ပေါ့ပေါ့ပါးပါး ပြောဆိုနေခဲ့ကြသေးသည်။ သို့သော်လည်း... မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် စိုစွတ်ညစ်ပတ်လှသော ဤအထက်ပိုင်းခရိုင်သို့ တာဝန်ဖြင့် ရောက်ရှိလာခဲ့ရသည်။ ဤကဲ့သို့သော အလုပ်မျိုးမှာ ပင်ပန်းရုံသာရှိပြီး အရာမထင်သလို အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။
လိုင်ယွန် တစ်ယောက် အဓိပ္ပာယ်မရှိသည့် ဤတာဝန်ကို အမြန်ဆုံး အဆုံးသတ်ကာ၊ အိမ်သို့ပြန်၍ တစ်ကိုယ်လုံးရှိ ဖုန်နှင့် ရွှံ့နွံများကို စင်ကြယ်သွားစေရန် ရေပူဖြင့် ချိုးချလိုက်ချင်နေပြီ ဖြစ်သည်။
စေးကပ်၍ ဖုန်ထူလှသော လေထုကြောင့် သူ အသက်ရှူပင် ကျပ်လာသလို ခံစားနေရသည်။ ဤခံစားချက်မှာ မြောက်ပိုင်းကုန်းမြင့်ဒေသမှ နာမည်ကြီး အစားအစာတစ်ခုဖြစ်သော... ကောက်ညှင်းထုပ်နှင့်ပင် ဆင်တူလှတော့သည်။
"ဟူး... ဒီအလကား တာဝန်... ငါသာ ပထမတန်းစား အရာရှိ ဖြစ်သွားလို့ကတော့ ဒီလမ်းထဲကို ပြန်လာပြီး သိုးထိန်းခွေးတစ်ကောင်လို အချိန်ဖြုန်းနေမှာ မဟုတ်ဘူး"
လိုင်ယွန် စိတ်ထဲမှ ကြုံးဝါးနေမိ၏။
"ဒါနဲ့... ဒီလမ်းက ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ လမ်း မလား"
လမ်းဘေးရှိ ပျက်စီးယိုယွင်းနေမှုများကို ကြည့်ရင်း လိုင်ယွန် ၏ အာရုံက ထိုဘက်သို့ ရောက်သွားသည်။ လမ်း၏ တစ်ဖက်ခြမ်းမှာ သာမန် လမ်းများအတိုင်းသာ ဖြစ်သော်လည်း၊ အခြားတစ်ဖက်မှာမူ လုံးဝပျက်စီးနေသည့် အပျက်အစီးပုံကြီး ဖြစ်နေခဲ့သည်။ ဝန်းရံတားဆီးထားသော အဝါရောင် တားမြစ်တိပ်များမှာမူ လေထဲ၌ လွင့်ကာလွင့်ကာ ရှိနေခဲ့သည်။
"ဟုတ်ပါတယ် ဆရာ... လွန်ခဲ့တဲ့ လဝက်လောက်က နော်ဇင်နေ့စဉ်သတင်းစာ မှာ ပါလိုက်သေးတယ်လေ"
လက်အောက်ခံ ရဲအရာရှိတစ်ဦးက ဖြေကြားလိုက်၏။
"လဝက်တောင် ရှိပြီလား"
လိုင်ယွန်က မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်၏။ ထို့နောက်... အထက်စီးလေသံဖြင့် ဝေဖန်လိုက်လေ၏။
"အခုထိ ဒီအတိုင်းပဲ ရှိသေးတာလား... ဒါက အထက်ပိုင်းခရိုင်ရဲ့ အမြင့်မားဆုံး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပေါ့လေ..."
“...”
အထက်ပိုင်းခရိုင်မှ ရဲအရာရှိ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ ပြန်မပြောမိကြပေ။ အမှန်စင်စစ် ဤပျက်စီးမှုမှာ ဗဟိုခရိုင်သားတို့အတွက် ပြီးခဲ့သည့်လအတွင်း စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်ခဲ့သည်။ မီဒီယာများကလည်း တကူးတက လာရောက်ရိုက်ကူးနေကြသောကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီကမှ ရိုးလ် ကော်ပိုရေးရှင်း (မြေအောက် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း) က တည်ဆောက်ရေးစာချုပ် ရရှိခဲ့ပြီးနောက် လုပ်ငန်းများ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းအားဖြင့် ပြန်လည်တည်ဆောက်ရေး နှောင့်နှေးရခြင်းမှာ ဗဟိုခရိုင်ရှိ လူများကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း အထက်လူကြီးကို မလေးမစား မဖြစ်စေရန် အရာရှိနှစ်ဦးမှာ နှုတ်ဆိတ်နေလိုက်ကြသည်။ မဟုတ်လျှင် နောင်တစ်ချိန်တွင် ဒုက္ခရောက်နိုင်သလို ရဲတံဆိပ်ပင် အသိမ်းခံရနိုင်သည်။
"ဘာပဲ ဖြစ်ဖြစ် လမ်းတစ်ဖက်က ဆိုင်တွေကိုပဲ မေးစရာ လိုတော့တာပေါ့..."
လိုင်ယွန် က ကျေနပ်အားရစွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့အလုပ်က အများကြီး သက်သာသွားပြီ..."
အမှန်အတိုင်းဆိုရသော် ဤကဲ့သို့သော အလုပ်မျိုးမှာ အလွန်ပင် ပေါ့ပါးလှသည်။ အထက်ပိုင်းခရိုင်သို့ ရောက်လာလျှင် လိုင်ယွန် ကို လူတိုင်းက ရိုရိုသေသေ ဆက်ဆံကြသည်။
အရပ်သားများမှာ အစစ်အဆေးခံရမည်ကို စိုးရိမ်သဖြင့် သူ့ကို အလိုလိုက် အကြိုက်ဆောင်နေကြစမြဲ။
မေးခွန်းအနည်းငယ် မေးလိုက်ရုံနှင့်ပင် အိမ်တွင်းရေး ကိစ္စများအဆုံး အကုန်အစင် ပြောပြတတ်ကြသလို၊ မြှောက်ပင့်လွန်းလှသဖြင့် သူပင် စိတ်ပျက်ရသည်။
သို့သော်လည်း... အဆိုးဆုံးမှာ ရုပ်မြင်သံကြား ဆိုင်ရှင်ပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်က သူ့ ဘေးကပ်လျက်ရှိ စာအုပ်ဆိုင်ပိုင်ရှင်မှာ မိစ္ဆာတစ်ကောင်၏ အစားထိုးခံထားရသည်ဟု အခိုင်အမာ ပြောဆိုနေသည်။
"အဲဒီဆိုင်က လူက မိစ္ဆာပဲဗျ... သူက နံရံတွေကိုလည်း ဖောက်ထွက်နိုင်သလို၊ စိတ်အာရုံနဲ့တင် ကြောက်စရာကောင်းတဲ့ အရာတွေကို လုပ်နိုင်တယ်"
ကိုလင် အမည်ရှိ ထိုအလယ်အလတ်တန်းစား အမျိုးသားက တုန်ရီနေသော လေသံဖြင့် အတည်အပေါက် ပြောနေသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက မိုးမလင်းခင် အချိန်ကြီးမှာ သူ လျှပ်စစ်လွှကို သုံးနေတာ ကျွန်တော် ကြားလိုက်တယ်ဗျ... လူရိုးတွေ၊ အသားတွေကို လွှနဲ့ တိုက်ဖြတ်နေတာနေမှာ... နောက်ပြီး သူက ရူးသွပ်နေသလိုမျိုး တဟားဟားနဲ့ ရယ်နေတာဗျာ... ကြောက်စရာကြီး... သူ ကျွန်တော့်ကို အချိန်မရွေး လာသတ်မလားလို့ စိုးရိမ်နေရတယ်"
ရဲအရာရှိတစ်ဦးက...
"ဒါဆို ခင်ဗျားရဲ့ ပြဿနာကို အသင်းတော်ဆီသွားပြီး ဖြေရှင်းခိုင်းလိုက်ပါလား"
ဟူ၍ လှောင်ပြောင်သည့်သဘောဖြင့် ပြောလိုက်သည်။
"ကျွန်တော် လုပ်ပြီးပြီလေ"
ကိုလင်က ပြန်ဖြေသည်။ သို့သော်လည်း... သူ့ကို လူအနုံ့အအ တစ်ယောက်လို ကြည့်နေသော ရဲအရာရှိ သုံးဦးကို ကြည့်ကာ စိတ်ပျက်သွားသည်။
"ဘုန်းတော်ကြီး လာနေပါပြီ... သူ ကျွန်တော့်ကို ကူညီလိမ့်မယ်"
"အေးပါ... အေးပါ... ဒါဆိုရင်လည်း ဘုန်းတော်ကြီးကိုပဲ စောင့်နေလိုက်တော့... မေးမြန်းတာကတော့ တော်ပြီ... ဒီမှာပဲ အဆုံးသတ်ရအောင်"
ရဲအရာရှိများမှာမူ ကိုလင်၏ တိုင်ကြားမှုကို ပြက်လုံးတစ်ခုကဲ့သို့သာ မှတ်ယူကြသည်။ အစပိုင်းတွင် လိုင်ယွန်မှာ စိတ်ဝင်တစား နားထောင်နေသော်လည်း သေသေချာချာ မေးလိုက်သည့်အခါတွင်မူ ကိုလင်က ထိုဆိုင်ရှင်ကို လုံးဝ ရှောင်ရှားရမည် ဖြစ်ကြောင်း၊ မဟုတ်လျှင် ဘေးဒုက္ခကြီးစွာ ရောက်လိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့် အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောဆိုနေတော့သည်။
ထို့ကြောင့် ဤလူမှာ ဦးနှောက် သိပ်မမှန်သူဟု လိုင်ယွန် သံသယဝင်သွားသည်။
"အထက်ပိုင်းခရိုင်က လူတွေကတော့ ဒီလိုပါပဲ..."
လိုင်ယွန် ရေရွတ်ရင်း ခေါင်းကိုခါယမ်းကာ လက်အောက်ငယ်သားများကို ဦးဆောင်၍ ထွက်လာခဲ့သည်။
ထို့နောက် သူက ဘေးရှိ စာအုပ်ဆိုင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကိုလင်၏ အဓိပ္ပာယ်မရှိသော စကားများကြောင့်လားတော့ မသိ၊ ထိုဟောင်းနွမ်းလှသော ဆိုင်မျက်နှာစာမှာ မဖော်ပြနိုင်သည့် ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်ဟု သူ ခံစားနေရလေတော့သည်။
တံခါးဝတွင် ချိတ်ဆွဲထားသည့် ကြေးခေါင်းလောင်းလေး ဖြစ်စေ၊ ဖုန်အလွှာလိုက် တက်နေသော မှန်ပြတင်းမှန်များ ဖြစ်စေ... အားလုံးက သူ့ကို ဆွဲဆောင်နေသကဲ့သို့ ရှိသည်။ ဤသည်မှာ လုပ်ထုံးလုပ်နည်းအရ လာရောက်ခြင်းသာ ဖြစ်သည်ဟု လိုင်ယွန် မိမိကိုယ်ကိုယ် ပြန်လည်သတိပေးရင်း ဆိုင်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
ကောင်တာနောက်ဖက်တွင် ထိုင်နေသော စာအုပ်ဆိုင်ပိုင်ရှင်မှာ သူထင်ထားသည်ထက်ပင် ငယ်ရွယ်နေသေးသည်။ သို့သော်လည်း... မထင်မှတ်ထားသည်က ထိုသူ၏ဘေးတွင် ဆိုင်အကူတစ်ဦး ရှိနေခြင်းပင်။
ဆိုင်အကူမှာ မိန်းမငယ်လေး တစ်ဦး ဖြစ်ပုံရသည်။ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ပတ်တီးများ ပတ်ထားသည်ကို တွေ့ရသဖြင့် ဒဏ်ရာများမှာ မကြာသေးမီကမှ ရရှိထားခြင်း ဖြစ်ဟန်တူသည်။
"ကျုပ် မှတ်မိသလောက်တော့ ဒီဆိုင်ရဲ့ အချက်အလက်မှာ ဆိုင်ရှင်တစ်ယောက်ပဲ ရှိတယ်လို့ ရေးထားတယ်..."
လိုင်ယွန်က ၂၃ လမ်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်များ၏ အခြေခံအချက်အလက်များ ပါရှိသော ဖိုင်တွဲကို လှန်လှောကြည့်ရင်း ပြောလိုက်သည်။
စာအုပ်ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ကာ ပုံမှန်အတိုင်းပင် ပြန်လည်ဖြေကြားလိုက်၏။
"သူက ကျွန်တော် အခု ရက်ပိုင်းလေးကမှ ငှားထားတဲ့ ဆိုင်အကူပါ... အခုတလော အလုပ်တွေ နည်းနည်းများလာလို့ တစ်ယောက်တည်း မနိုင်တော့တာနဲ့လေ"
"ဒါဆိုရင် သူရဲ့ မှတ်ပုံတင် ဒါမှမဟုတ် နေထိုင်ခွင့် အထောက်အထားတွေကို ပြလို့ရမလား... ကျုပ်တို့ မှတ်တမ်းတင်ရမှာမို့လို့ပါ"
"အဲဒါကတော့ နည်းနည်း အခက်အခဲရှိမယ်ဗျ"
ဆိုင်ရှင်က ဆိုသည်။
"သူက ကျွန်တော့် မိတ်ဆွေနဲ့ ဆွေမျိုးသားချင်း တော်စပ်တဲ့သူ တစ်ယောက်ရဲ့ သမီးပါ...ဗဟိုခရိုင်ကနေ ဒီကို အခုမှ ပြောင်းလာတာ... တော်ဝင်မျိုးနွယ်ကနေ သာမန်အရပ်သားအဖြစ် ပြောင်းလဲဖို့ လုပ်ထုံးလုပ်နည်းတွေက ဘယ်လောက် ရှုပ်ထွေးတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ... အခု အဲဒီကိစ္စတွေ လုပ်နေတုန်းဆိုတော့ အထောက်အထား အားလုံးက သက်ဆိုင်ရာဌာနမှာ ရောက်နေတယ်လေ"
"ဪ... ဒီလို အခြေအနေမျိုးတွေကို ကြားဖူးပါတယ်... ဒါနဲ့ ကောင်မလေးရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကကော ဘယ်လိုဖြစ်တာလဲ"
"အဲဒါကတော့ သူတို့မိသားစု မျိုးရိုး ဘယ်လောက်အထိ ဆုတ်ယုတ်သွားရသလဲဆိုတဲ့ အကြောင်းကနေ စပြောရလိမ့်မယ်..."
စာအုပ်ဆိုင်ပိုင်ရှင်က ခေါင်းခါရင်း ပြောလိုက်လေ၏။
***