← Chapters

ဆန္ဒ စားသုံးခြင်း

Vol. 9 Ch. 115

ဆန္ဒ စားသုံးခြင်း

Vol. 9 Ch. 115

လိုင်ယွန် လင်ကျဲအား မေးမြန်း နေစဉ်တွင် ကောင်တာရှေ့တွင် ရပ်နေသော ရဲအရာရှိနှစ်ဦးကတော့ ကျောက်ရုပ်များ အလား တောင့်တင်း ငြိမ်သက် နေကြ၏။ သူတို့၏ မျက်လုံးများက ကောင်တာပေါ်ရှိ တောက်ပလွန်းသော နှင်းဆီနီတစ်ပွင့်ထံ၌ စွဲလန်းစွာ ကျရောက်နေကြသည်။

လိုင်ယွန်က ဆိုင်အတွင်းပိုင်းသို့ လှည့်ပတ်ကြည့်ရှုလိုက်ရင်း...

"ဒါနဲ့ ခင်ဗျားရဲ့ ဘေးအိမ်ကလူက ခင်ဗျားအပေါ် အမြင်စောင်းနေပုံပဲနော်... ခင်ဗျားကို မိစ္ဆာတစ်ကောင်လို့တောင် ထင်နေတာ"

ဟု အမှတ်မထင် ပြောလိုက်သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ အံ့အားသင့်သွားဟန်ဖြင့်...

"မိစ္ဆာ ဟုတ်လား... သူ ကျွန်တော့်ကို အဲဒီလို ထင်နေမယ်မှန်း လုံးဝမသိခဲ့ဘူး... အရင်က သူ့ကို ကူညီပေးခဲ့ဖူးပေမဲ့ ဒီလောက်အထိ အထင်လွဲနေလိမ့်မယ်လို့ မထင်ထားမိဘူး... ဆန်းကြယ်လိုက်တာဗျာ... သူ နည်းနည်းလောက် စဉ်းစားကြည့်ရင် သိနိုင်တာပဲ... ကျွန်တော်က ဘယ်လိုလုပ် မိစ္ဆာ ဖြစ်နိုင်မှာလဲ"

ထိုစဉ် လိုင်ယွန် ၏ ခြေလှမ်းများမှာ ရုတ်ချည်း ရပ်တန့်သွား၏။ နောက်မှီ ထိုင်ကုလားထိုင်ပေါ်တွင် မထင်မရှား စွန်းထင်းနေသည့် သွေးကွက်များကို သူ ရုတ်တရက် တွေ့လိုက်ရပေသည်။

ကျောရိုးထဲအထိ စိမ့်တက်သွားသော အေးစက်စက် ခံစားချက်ကြီး ဖြစ်ပေါ်လာခဲ့၏။ သူ နောက်သို့ အမြန်လှည့်ကြည့်လိုက်သည့် အခါတွင်မူ... လုပ်ဖော်ကိုင်ဖက် ရဲအရာရှိနှစ်ဦးမှာ ကျောက်ရုပ်ပမာ တောင့်တောင့်ကြီး ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

ကောင်တာပေါ်ရှိ နှင်းဆီပွင့်၏ အသားမျှင်ကဲ့သို့သော ပွင့်ချပ်များမှာ တစ်လွှာချင်း ပွင့်အာလာပြီး ငမန်းစွယ်ကဲ့သို့ သွားများနှင့် ကြောက်မက်ဖွယ် မျက်လုံးတစ်လုံး ပေါ်ထွက်လာလေ၏။

ထိုအခိုက်တွင်ပင်... ကောင်တာနောက်ဖက်မှ စာအုပ်ဆိုင်ပိုင်ရှင်က ပါးစပ်ကြီးကို ပြဲအောင် ဖြဲ၍ ပြုံးလိုက်ရင်း...

"ကျွန်တော်က... တကယ့်ကို သက်ရှိထင်ရှား လူသားတစ်ယောက်ပါဗျာ"

...

"ခင်... ခင်ဗျား..."

လိုင်ယွန်မှာ တစ်ကိုယ်လုံး ထုံကျင်လာသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့နေသည့် ဤမြင်ကွင်းကြောင့် သူ၏ စိတ်အာရုံမှာ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသကဲ့သို့ ရှိနေခဲ့သည်။

သူ၏ ဦးခေါင်းခွံကို တစ်စုံတစ်ယောက်က ခွာထုတ်လိုက်ကာ ဦးနှောက်များကို အတင်းအဓမ္မ မွှေနှောက်နေသကဲ့သို့ ခံစားချက်မျိုးပင်။

ပျို့အန်ချင်စိတ်နှင့်အတူ သူ၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားခဲ့၏။ မြင်ကွင်းများက စတင် ချာချာလည်လာသည်။ သူ၏ အမြင်အာရုံထဲတွင် ထိုပြုံးနေသော မျက်နှာနှင့် 'ပါးစပ်ကြီးဖြဲထားသော' နှင်းဆီပွင့်သာ ကျန်ရစ်တော့သည်။

အချိန်ကာလ မည်မျှကြာသွားသည်မသိ... စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ တဖြည်းဖြည်း ဝေဝါးကာ ဝေးကွာသထက် ဝေးကွာသွားသည်။

ငါးမန်း သွားစိပ်ကလေးများ ပြည့်နှက်နေသည့် ဟပြဲနေသော ပါးစပ်ကြီးမှာ ပို၍ ပို၍ ကျယ်လာခဲ့သည်။ လက်လှမ်းမီလုနီးပါး ရှိနေသည့် အသားမျှင် ပွင့်ချပ်များနှင့် စိုက်ကြည့်နေသည့် မျက်လုံးကြီးကိုသာ လိုင်ယွန် မြင်နေရတော့သည်။

"မင်း... မင်းက လူမဟုတ်ဘူး... မင်း လိမ်နေတာ... မင်းက ဘယ်လိုလုပ် သက်ရှိလူသား ဖြစ်နိုင်မှာလဲ..."

လိုင်ယွန်၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်ကလေးက အတင်းအဓမ္မ အော်ဟစ်နေမိ၏။ အခြားရဲအရာရှိနှစ်ဦး၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို သူ ဝေဝါးစွာ မြင်နေရသည်။ သူတို့ သုံးဦးစလုံးကို ထူးခြားသည့် ရေစက်ကြိုး တစ်ခုဖြင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေပြီး တစ်ယောက်ချင်းစီ၏ အတွေးစများကို စုပ်ယူကာ ရောမွှေလိုက်သည့်နှယ်ပင်။

ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ အံ့အားသင့်မှု၊ လမ်းပျောက်မှုနှင့် ရူးသွပ်မှု...

ထိုအရာအားလုံးမှာ ရောယှက်ကာ ပျော်ဝင်သွားကြသည်။ သို့သော်လည်း... ဤကဲ့သို့ ထူးဆန်းသည့် အာရုံခံစားမှုမျိုးမှာ ခဏတာမျှသာ ကြာလိုက်ပြီးနောက် စတင် 'စုပ်ယူ' ခခြင်း ခံလိုက်ရတော့သည်။

ဂျွတ်... ဂျွတ်... ဂျွတ်...

ကိုက်ဝါးသံများနှင့် တဂွတ်ဂွတ် မျိုချသံများကို ဝေဝါးစွာ ကြားလိုက်ရပြီးနောက် သူ၏ အသိစိတ်များမှာ ပြိုကွဲပျက်စီးလာခဲ့သည်။ ဟာလာဟင်းလင်းဖြစ်မှုက အမြစ်တွယ်လာလေသည်။

ကလပ်များ၊ ပါတီပွဲများနှင့် သူ ပိုင်ဆိုင်လိုခဲ့သည့် အခြားသော အလိုဆန္ဒများမှာမှာ စတင် ပျောက်ကွယ်သွားသည်...။

အလုပ်အကိုင်၊ မိသားစု... သူ၏ ရည်မှန်းချက်များမှာလည်း နောက်ကွယ်မှ ထပ်ချပ်မကွာ ပျောက်ဆုံးသွားရသည်။

ကလောင်...

ထိုအခိုက်တွင်ပင် စာအုပ်ဆိုင် တံခါးဝရှိ ကြေးခေါင်းလောင်းလေးမှာ နောက်တစ်ကြိမ် ထပ်မံ မြည်ဟည်းသွားသည်။

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"

စိမ်းလှသော်လည်း သြဇာညောင်းကာ ပြတ်သားလှသည့် အသံတစ်သံ ပေါ်ထွက်လာသည်။ ထိုအသံမှာ ပုံသဏ္ဌာန်မဲ့ အတားအဆီးကြီးကို ရိုက်ခွဲလိုက်သည့် တူတစ်လက် အလား ရှိပေသည်။

သွေးများ၊ အသားမျှင်များဖြင့် ပြည့်နှက်နေသော ပွင့်ချပ်များမှာ လိုင်ယွန်တို့ သုံးယောက်၏ အမြင်အာရုံထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ နှင်းဆီမှာ ပုံမှန် နှင်းဆီပွင့်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ခရက်...

ဖန်သားပြင်တစ်ခု ကွဲအက်သွားသကဲ့သို့ အသံမျိုး ကြားလိုက်ရသည်။ လိုင်ယွန် တစ်ယောက် တောင့်တင်းနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ထုံကျင်နေသည့် အာရုံများမှာ ပြန်လည် ထိန်းချုပ်နိုင်လိုက်ပြီးနောက် ကမ္ဘာကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော်လည်း... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာမူ ချွေးစေးများဖြင့် ရွှဲနစ်နေသည်။ သူက နောက်သို့ ဟန်ချက်ပျက်စွာ ဆုတ်ခွာသွားခဲ့ပြီး၊ ကြောက်လန့်လွန်းသဖြင့် လဲကျတော့မည့်အလား အသက်ကို ပြင်းပြင်းရှူနေရသည်။

ဘုန်း... ဘုန်း...

လိုင်ယွန်၏ လက်အောက်ငယ်သား နှစ်ဦးမှာမူ ဖင်ထိုင်လျက် လဲကျသွားပြီး မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာများဖြင့် နောက်သို့ ဖင်တရွတ်တိုက် ဆုတ်ခွာနေကြသည်။ သူတို့၏ အမူအရာများမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသည့်အလားပင်။

နောက်သို့ ဆုတ်နေရင်းမှပင် သူတို့က အတင်းရုန်းထကာ အပြင်သို့ ပြေးထွက်ရန် ကြိုးစားနေကြရင်း...

"ဟင့်အင်း... ဟင့်အင်း...”

“အနားမလာနဲ့..."

စသည်ဖြင့် အဓိပ္ပာယ်မရှိသည်များကို တတွတ်တွတ် ပြောဆိုနေကြသည်။

လိုင်ယွန် တစ်ယောက် ထိုမြင်ကွင်းကို ကြည့်ကာ လည်ချောင်းများ ခြောက်ကပ်နေ၍ နဖူးတွင်လည်း ချွေးများဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ အာရုံချောက်ခြားခြင်း မဟုတ်ပေ။ သူတို့ သုံးဦးစလုံးမှာ လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်း ထိုထူးဆန်းသော ပန်းပွင့်ကြီး၏ 'ဝါးမျိုခြင်း' ကို ခံရလုနီးပါး အထိ အမှန်တကယ် ဖြစ်ခဲ့ခြင်းပင်။

သို့သော်လည်း... လက်အောက်ငယ်သား နှစ်ဦးမှာ ဘာကြောင့် ပိုမို ဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့နေရသနည်း။

ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် လိုင်ယွန် တစ်ယောက် ရင်ဘတ်အတွင်းမှ ပူလောင်မှုကို ခံစားလိုက်ရ၏။ သူသည် အင်္ကျီအတွင်းသို့ လက်နှိုက်ကာ ငယ်စဉ်ကတည်းက ဝတ်ဆင်လာခဲ့သော ဆွဲကြိုးလေးကို ဆွဲထုတ်ကြည့်လိုက်သည်။ ဤဆွဲကြိုးမှာ သူတို့မိသားစုတွင် မျိုးဆက်ပေါင်း များစွာ လက်ဆင့် ကမ်းလာသည့် ပစ္စည်းဖြစ်ပြီး ဆွဲသီးပေါ်တွင်မူ အမည်မသိ ဘာသာစကားဖြင့် စာလုံးအချို့ ရေးထွင်းထားသည်။

ယခုအခါ ထိုစာလုံးများမှာ မီးလောင်ထားသကဲ့သို့ မည်းနက်နေပြီး ထိလိုက်လျှင်လည်း အလွန်ပူလောင်လှသည်။ ထို့နောက်တွင်မူ... ဆွဲသီးပေါ်ရှိ စာလုံးများမှာ လျင်မြန်စွာ ကွယ်ပျောက်သွားခဲ့ပြီး ချောမွေ့သည့် သတ္တုပြားလေးအဖြစ်သာ ကျန်ရစ်တော့လေသည်။

"..."

သတ္တုဆွဲသီးလေးမှာ အက်ကွဲသံသဲ့သဲ့နှင့်အတူ နှစ်ခြမ်းကွဲသွားလေသည်။

လိုင်ယွန် သူ၏ အဖိုးတန် အမွေအနှစ်ဆွဲသီးလေးကို ကိုင်ထားရင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။ ထို့နောက် စာအုပ်ဆိုင်ပိုင်ရှင်ကို သရဲတစ်ကေောင်၊ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်လန့်တကြား လှမ်းကြည့်မိတော့သည်။

‘ဘုရားသခင် ကယ်တော်မူပါ... ဟို ရုပ်မြင်သံကြား ဆိုင်ပိုင်ရှင် ပြောခဲ့တာတွေက အမှန်တွေချည်းပဲ...’

‘မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဒီလူက မိစ္ဆာတစ်ကောင်ထက် အဆရာပေါင်း၊ ထောင်ပေါင်း ပိုပြီး ကြောက်စရာကောင်းတယ်... သူ့ဆီက ပန်းတစ်ပွင့်တောင်မှ 'လူသားစား' နိုင်နေတာပဲ’

လိုင်ယွန်မှာ သူ၏ အသိစိတ် တစ်စိတ်တစ်ပိုင်းက 'အဝါးခံလိုက်ရပြီ' ဟု ခံစားနေရသော်လည်း၊ အတိအကျ မည်သည့်အရာမှန်းကိုမူ မပြောနိုင်ချေ။ သူ၏ အနာဂတ်မှာ ပြင်းထန်သော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီဖြစ်ကြောင်းသာ သူ ခံစားနေရသည်။

ထိုကဲ့သို့ ထိတ်လန့်နေစဉ်အတွင်းမှာပင်... ပန်းပွင့်၏ ဝါးမျိုမှုဖြစ်စဉ်အား ကံကောင်းထောက်မစွာ ရပ်တန့်ပေးလိုက်သည့် အသံပိုင်ရှင် လူငယ်ကို လိုင်ယွန် သတိထားမိသွားသည်။

ထိုသူမှာ ရွှေရောင်ဆံပင်၊ ပြာလွင်သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦး ဖြစ်သည်။ အနက်ရောင် လေကာအင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ၊ စကျင်ကျောက်ရုပ်တု တစ်ခု ကဲ့သို့ ထင်ရှားပြတ်သားသော ရုပ်ရည်အင်္ဂါရပ်များက ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။ သူ၏ မျက်ဝန်းများမှာလည်း ထူးခြားသော တောက်ပမှုတို့ဖြင့် ပြည့်နှက်နေ၏။

လူငယ်က အသိစိတ် ကင်းလွတ်ကာ အတင်းအဓမ္မ ထွက်ပြေးရန် ကြိုးစားနေသည့် အရာရှိနှစ်ဦးကို တားဆီးလိုက်ပြီးနောက်၊ တစ်ချက်တည်းဖြင့် သတိမေ့သွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူတို့ကို ဘေးနံရံတွင် သေသေချာချာ မှီထားပေးပြီးမှ ပြန်လည် မတ်တတ်ရပ်လိုက်သည်။

သူ၏ ပုံရိပ်မှာ အလွန်ပင် တင့်တယ်လွန်းလှသည်။ ရုပ်ရှင်များ၏ အဆုံးသတ် အရေးကြီးဆုံးအချိန်တွင် ပေါ်ထွက်လာတတ်သော ကယ်တင်ရှင်တစ်ဦးနှင့်ပင် ဆင်တူလှသည်။

လိုင်ယွန် 'ကယ်တင်ခြင်းခံလိုက်ရပြီ' ဟု ခံစားလိုက်ရသည်။ သို့သော်လည်း... စက္ကန့်အနည်းငယ်မျှ ကြောင်ကြည့်နေပြီးနောက်တွင်မူ၊ ဤလူငယ်ကို တစ်နေရာရာတွင် တွေ့မြင်ဖူးသကဲ့သို့ ရင်းနှီးနေကြောင်း သူ သတိပြုမိသွားသည်။

ပို၍ ကြည့်လေ၊ ပို၍ ရင်းနှီးလေ ဖြစ်လာသည်။ ဝေဝါးနေသည့် အသိစိတ်ထဲတွင် အသည်းအသန် စဉ်းစားရင်း လိုင်ယွန် တစ်ယောက် ရုတ်တရက် လျှပ်စီးလက်သွားသကဲ့သို့ မှတ်မိသွားတော့သည်။

ဤသူမှာ မကြာသေးမီနှစ်များအတွင်းကမှ ရာထူးတိုးမြှင့်ခံထားရသော လူငယ် ရဲ ကပ္ပတိန်ပင် မဟုတ်ပါလား။

***

All Chapters