ကလောက်
Vol. 9 Ch. 116
ကလောက်...
ဟုတ်သည်။ သူ၏အမည်မှာ ကလောက်ဖြစ်ကြောင်း လိုင်ယွန် မှတ်မိသွားသည်။ ကလောက်မှာ အခြေခံလူတန်းစားဘဝမှ စတင်ခဲ့ကာ ကိုယ်ပိုင် အရည်အချင်းသက်သက်ဖြင့်သာ တရစပ် ရာထူးတိုးလာသူဖြစ်သည်ဟု သတင်းကြီးသည်။
ထို့ပြင်... အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ဗဟိုခရိုင် အာဏာပိုင်များက သူ့ကို အထက်ပိုင်းခရိုင်၌ အရေးပါသော ရာထူးတစ်ခု ခန့်အပ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင် ထပ်တူကျနေခဲ့သည်။
လိုင်ယွန် တွေးနေစဉ်မှာပင် ကယ်တင်ရှင် လူငယ်ရဲ ကပ္ပတိန်မှာ သူ့ကို တစ်ချက်သာ ကြည့်ကာ သက်ပြင်းချလိုက်ပြီး၊ စာအုပ်ဆိုင် ပိုင်ရှင် 'မိစ္ဆာ' ဘက်သို့ လှည့်၍ စနစ်တကျ ဦးညွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရလေတော့သည်။
"မင်္ဂလာပါ မစ္စတာ လင်... ကျွန်တော့်နာမည်က ဟယ်ရီ ကလောက်ပါ... ဂျိုးဇက် ရဲ့ တပည့်ပါ... ဗဟိုခရိုင်ရဲ့ ပထမ တန်းစား ရဲကပ္ပတိန်လေး တစ်ဦးလည်း ဖြစ်ပါတယ်... ကျွန်တော့်ဆရာက မစ္စတာလင်ကို နှုတ်ခွန်းဆက်စကား ပါးလိုက်ပါတယ်ခင်ဗျာ"
ဘုန်း...
လိုင်ယွန် တစ်ယောက် ဤအရှိန်အဝါကို ထပ်မံ မတောင့်ခံနိုင်တော့ဘဲ ချက်ချင်းပင် သတိလစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
လင်ကျဲ တစ်ယောက် လဲကျနေသည့် ရဲအရာရှိ သုံးဦးကို ကြည့်ရင်း နှုတ်ခမ်း အနည်းငယ် တွန့်သွား၏။
"သူတို့ အဆင်ပြေရဲ့လား"
သူ စိုးရိမ်တကြီး မေးလိုက်သည်။ အထက်လူကြီးနဲ့ မမျှော်လင့်ဘဲ ဆုံလိုက်ရလို့ ဒီလောက်တောင် ထိတ်လန့်သွားကြတာလား...။
"သူတို့က နည်းနည်းတော့ သူရဲဘောကြောင်လွန်းတယ် ထင်တယ်..."
လင်ကျဲ မချိတင်ကဲ ရေရွတ်မိသည်။
ကလောက်မှာမူ ပြုံးမြဲပြုံးလျက်၊ တိတ်တဆိတ် လေချဉ်တက်နေပုံရသော ငြိမ်သက်နေသည့် နှင်းဆီပွင့်ကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ ကျိတ်၍ တွေးနေမိသည်။
‘ခင်ဗျားကတော့ ကျွန်တော့်ဆရာထက်တောင် ကိုယ်ကိုယ် အသိစိတ်ကင်းမဲ့နေပါလား...’
သို့သော်လည်း ဆရာဖြစ်သူနှင့် ဆက်ဆံခဲ့ရသည့် အတွေ့အကြုံများကြောင့်ပင် ကလောက်က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
"သိပ်ပြီး ပြဿနာမရှိနိုင်ပါဘူး... သူတို့ ပြန်ကောင်းလာဖို့ လပိုင်းလောက်ပဲ လိုမှာပါ... ကျွန်တော် သူတို့ကို ခွင့်ပေးလိုက်ပါ့မယ်... သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တော့ စိတ်မပူပါနဲ့ မစ္စတာ လင်"
အထက်လူကြီး ကိုယ်၌ကပင် ထိုသို့ပြောမှတော့ အမှန်တကယ်ပင် အဆင်ပြေသွားလောက်ပြီဟု လင်ကျဲ တွေးလိုက်မိသည်။ သူ သက်ပြင်းတစ်ချက် အသာလေးချလိုက်ရင်း...
"အဲဒီလိုဆိုရင်တော့ စိတ်အေးရတာပေါ့"
ဟု ဆိုလိုက်သည်။
ကလောက်မှာလည်း စိတ်ထဲမှ သက်ပြင်းချနေမိသည်။ ဤသုံးဦးမှာ ဒုက္ခအကြီးအကျယ် တွေ့သွားပြီဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်။ လအနည်းငယ် မဆိုထားနှင့်... တစ်သက်လုံး ပြန်လည်ကုသသော်ငြားလည်း ပုံမှန်စိတ်အခြေအနေသို့ ပြန်ရောက်ရန် လမ်းစမရှိတော့ပေ။
သူ သတိမေ့အောင် လုပ်လိုက်သည့် ရဲအရာရှိနှစ်ဦးမှာ ပြင်ပရုပ်ပိုင်းဆိုင်ရာအရ အကောင်းအတိုင်း ရှိနေသော်ငြားလည်း၊ သူတို့၏ အတွင်းစိတ်ထဲတွင်မူ နက်ရှိုင်းလှသည့် ကြောက်ရွံ့စိတ်ကြီး ကိန်းအောင်းသွားပြီ ဖြစ်သလို ဆန္ဒအာရုံ အတော်များများမှာလည်း ရိုက်ထုတ်ခံလိုက်ရပြီဖြစ်သည်။
လိုင်ယွန်မိသားစုမှ ဆန်ဒါ လိုင်ယွန် မှာမူ အခြေအနေ အနည်းငယ် သာပုံရသော်လည်း၊ သူ၏ မည်သည့်အပိုင်း အခိုးခံလိုက်ရသည်ဆိုသည်ကိုမူ ကလောက်အနေဖြင့် အတိအကျ မခန့်မှန်းနိုင်ချေ။
ကလောက်သာ အချိန်မီ ဝင်မတားခဲ့လျှင် ယခုအချိန်တွင် သူတို့ သုံးယောက်မှာ ကြမ်းပြင်ပေါ်၌ အသိစိတ်မဲ့နေသော 'ဖုတ်ကောင်' သုံးကောင် လဲလျောင်းနေမည်သာ ဖြစ်သည်။
ကောင်တာပေါ်ရှိ အလွန်တရာ လှပလှသော နှင်းဆီပွင့်မှာ ရှေးဟောင်း အဲ့လ်ဖ် (Elf) ဘုရင်နိုင်ငံတွင် စိုက်ပျိုးခဲ့ကြသည့် 'ဆန္ဒမျိုးစေ့' ဟု လူသိများသော ထူးခြားဆန်းပြားသည့် အပင်မျိုးစိတ်ဖြစ်သည်။ ၎င်းတွင် ပုံသေကားကျ ပုံသဏ္ဌာန်မရှိဘဲ စိုက်ပျိုးသူ၏ အလိုဆန္ဒအလိုက် မည်သည့်အပင် ပုံစံမဆို ကူးပြောင်းနိုင်သည်။
သို့သော်လည်း... ၎င်းမှာ သဘာဝအရ ဆန္ဒအာရုံများကို စားသုံးတတ်သည့် အလွန်အမင်း ရန်လိုသော သက်ရှိမျိုးစိတ် တစ်ခု ဖြစ်သည်။ ခွေးကလေး တစ်ကောင်နီးပါး ရှိသည့် ဉာဏ်ရည်ကြောင့် တစ်ခါတစ်ရံတွင် အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူတတ်ကြသည်။
ဤအပင်များမှာ စုပ်ယူလိုက်ရသည့် ဆန္ဒအာရုံများအပေါ် မူတည်၍ ပိုမိုသန်မာလာတတ်ကြပြီး၊ ၎င်းတို့၏ အဆင့်အတန်းမှာလည်း မျိုးရိုးနှင့် ပြုစုပျိုးထောင်မှုအပေါ်တွင် မူတည်နေသည်။ ယခု မြင်တွေ့နေရသော အပင်မှာမူ အလွန်မြင့်မားသော အဆင့်တွင် ရှိနေသည်။
အမှန်စင်စစ် ကလောက်ကိုယ်တိုင်ပင် ဤရှေးဟောင်းအပင်မျိုးစိတ်ကို မသိရှိချေ။ ထိုနယ်ပယ်ကို သုတေသနပြုထားကြသည့် ပညာရှင် အချို့ ရှိသော်လည်း၊ ဤမျိုးစိတ်အကြောင်းကို သိသူမှာ အလွန်နည်းပါးလှသည်။
စာအုပ်ဆိုင်ပိုင်ရှင်ကို မတော်တဆ စော်ကားမိခြင်းနှင့် ဆိုင်အတွင်းရှိ အရာများကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိစေရန်အတွက် အတွက် မဟာ ရောင်စဉ် သူရဲကောင်းဟောင်း ဂျိုးဇက် က အထူးတလည် မှာကြားညွှန်ကြားခဲ့သောကြောင့်သာ ဤအချက်အလက်ကို ကလောက် သိထားခြင်းဖြစ်သည်။
ယခုတွင်တော့ ကလောက် ထိုအရာကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ဗဟိုခရိုင်၏ အဆင့်မြင့်ရဲတပ်ဖွဲ့က တစ်အိမ်တက်ဆင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ကြားကြားချင်းပင် သူ အပြေးအလွှား လာခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် စာအုပ်ဆိုင်ပိုင်ရှင်ကို အနှောင့်အယှက်မဖြစ်စေရန်နှင့် စိတ်အနှောင့်အယှက် မဖြစ်စေရန် အတွက် ဤခရိုင်အတွင်း မည်သည့် ကန့်သတ်ချက်မှ ချမှတ်ထားစေခြင်း မရှိခဲ့ပေ။ ပညာရှင် ကယ်ရိုလိုင်း ၏ ခွဲခြမ်းစိတ်ဖြာချက်အရ စာအုပ်ဆိုင်ပိုင်ရှင်မှာ အေးဆေးတည်ငြိမ်သည့် စရိုက်ရှိသူဖြစ်ပြီး မေးမြန်းစုံစမ်းမှု အတော်များများက သူ့အပေါ် ဆိုးကျိုးသက်ရောက်နိုင်ခြေ မရှိဟု ဆိုထားသည်။
သို့သော်လည်း... ရဲတပ်ဖွဲ့၏ အစိတ်အပိုင်း တစ်ခု အနေဖြင့် ကလောက်မှာ အဆင့်မြင့်ရဲတပ်ဖွဲ့၏ အပြုအမူများက မည်မျှအထိ ရိုင်းစိုင်းနိုင်သည်ကို ကောင်းကောင်းကြီး သိထားပေသည်။
ထူးခြားသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသော လောကတွင် ကလောက်မှာ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ၏ ငရဲဘုံအဆင့် သူရဲကောင်းတစ်ဦးဖြစ်သလို၊ ဂျိုးဇက် ၏ တပည့်လည်းဖြစ်၊ လက်ထောက်လည်း ဖြစ်ကာ၊ ထောက်လှမ်းရေးဌာန၏ ဒုတိယဌာနမှူးလည်း ဖြစ်သည်။
သို့သော်လည်း... သာမန်လူသားများ၏ လောကတွင်မူ သူက ဗဟိုခရိုင် အဆင့်မြင့်ရဲတပ်ဖွဲ့တွင် ကိုယ်ပိုင် အရည်အချင်းဖြင့် ရာထူးတက်လာသည့် လူငယ်ထူးချွန် ကပ္ပတိန် တစ်ဦး ဖြစ်နေပြန်သည်။ ထိုအမှတ်အသားကို အသုံးချ၍ သူ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အတွက် အရေးကြီး သတင်းအချက်အလက်များကို အလွယ်တကူ စုဆောင်းနိုင်ခဲ့ပေသည်။
ဤရဲအရာရှိများမှာ စာအုပ်ဆိုင်ပိုင်ရှင်ကို မည်ကဲ့သို့ စော်ကားခဲ့ကြောင်း သူ မသိသော်လည်း၊ ဆိုင်ရှင်က သူတို့ကို အချိန်ဖြုန်းစရာ၊ ကစားစရာများအဖြစ်သာ သဘောထားလိုက်ခြင်းက ကံကောင်းလှသည်ဟု ဆိုရပေမည်။ ဆန္ဒမျိုးစေ့မှာ သူတို့၏ ဆန္ဒများကို ဝါးမြိုရုံသာ ဝါးမြိုလိုက်ခြင်းဖြစ်ကာ အခြားသော ဘေးဥပဒ်ပြုရန် ရည်ရွယ်ချက် ရှိပုံ မရပေ။
ကလောက် မိမိကိုယ်ကိုယ် ထပ်မံသတိပေးလိုက်၏။ သူ၏ စိတ်ထဲ၌ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းနေတော့သည်။ စာအုပ်ဆိုင်ပိုင်ရှင်မှာ ဖော်ရွေသူဟု သတ်မှတ်ခံထားရသော်လည်း၊ အခရာအဆင့် သက်ရှိများကို လူသားတို့၏ စံနှုန်း၊ ကိုယ်ကျင့်တရားများဖြင့် တိုင်းတာ၍ မရနိုင်ချေ။
ယခုလို 'နည်းနည်းလောက် ခြောက်လိုက်ခြင်း' ဟူသည့် ဖော်ရွေသည့် ပြက်လုံးတစ်ခုသည်ပင် သာမန်လူသားများအတွက် ပြန်လည် ပြင်ဆင်လို့ မရနိုင်သည့် ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ဆက်ဆံရသည့်အခါ သူတို့ဘက်မှ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်ပင် အကန့်အသတ် ရှိလှသည်။ သို့သော်လည်း လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ၏ သူရဲကောင်းတစ်ဦးအနေဖြင့် မည်သို့ပင် အခက်အခဲရှိပါစေ ကူညီရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။
ကလောက်က စာအုပ်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်ရင်း...
"သူတို့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေအတွက် ကျွန်တော်ပဲ တောင်းပန်ပါတယ်"
ဟု ဆိုလိုက်၏။ လင်ကျဲ က လက်ခါပြရင်း...
"ကိစ္စမရှိပါဘူး... သူတို့က ပုံမှန်အတိုင်း မေးမြန်းစုံစမ်းတာပါပဲ... ကျွန်တော့် ဆိုင်အကူလေးရဲ့ အထောက်အထားက အခုမှ လုပ်နေတုန်းဆိုတော့ သူတို့က နည်းနည်း ပိုမေးသွားတာပါ"
ဟု ခပ်ပေါ့ပေါ့ပင် ပြန်ဖြေသည်။ ကလောက်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် မိန်းမငယ်လေးကို နှုတ်ဆက်သည့်အနေဖြင့် ကြည့်လိုက်ပြီး၊ ဤဆိုင်တွင် ဆိုင်အကူတစ်ဦး ရှိနေပြီဖြစ်ကြောင်း မှတ်သားထားလိုက်သည်။
အသေးစိတ် မေးမြန်းလိုသော်လည်း... စာအုပ်ဆိုင် ပိုင်ရှင်က 'သူ့ရဲ့ အထောက်အထားကို လုပ်ဆောင်နေတုန်း' ဟု အတိအလင်း ပြောထားလေရာ ၎င်းက ထပ်မမေးရန် တားမြစ်လိုက်ခြင်းပင် ဖြစ်သည်။ သူသည်လည်း ဟိုသုံးယောက် နောက်သို့ လမ်းဟောင်းအတိုင်း မလိုက်ချင်ပေ။
သို့သော်လည်း... လင်ကျဲမှာ ဂျိုးဇက် ၏ တပည့်အပေါ် မည်သည့်ဆိုးကျိုးမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ထိုသူမှာ အလားအလာရှိသည့် ဖောက်သည်သစ်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း... ဂျိုးဇက် ၏ တပည့်ဖြစ်သူမှာ ဗဟိုခရိုင် အဆင့်မြင့်ရဲတပ်ဖွဲ့မှ ပထမတန်းစား ကပ္ပတိန်လေး တစ်ဦး ဖြစ်နေခြင်းကမူ လင်ကျဲ ကို တကယ်ပင် အံ့အားသင့်စေခဲ့လေသည်။
သို့သော်လည်း ဂျိုးဇက် ပေးအပ်ခဲ့သော ဓားအကြောင်းကို ပြန်လည်စဉ်းစားမိသည့်အခါတွင်မူ ထိုအဘိုးကြီးမှာ သာမန်ရဲအရာရှိဟောင်းတစ်ဦး မဟုတ်နိုင်ကြောင်းနှင့် ယခုလို အဆင့်မြင့် ရာထူးရ တပည့်တစ်ဦး ရှိနေခြင်းမှာလည်း ဖြစ်နိုင်ချေရှိသည်ဟု လင်ကျဲ တွေးလိုက်မိသည်။
ထိုစဉ်မှာပင် မွန်းက ဖျတ်လတ်စွာနှင့် ဖန်ခွက်နှစ်ခွက်အတွင်းသို့ ရေနွေးများ ငှဲ့ထည့်လိုက်ကာ ကောင်တာ၏ တစ်ဖက်တစ်ချက်တွင် နေရာယူထားသည့် လင်ကျဲနှင့် ကလောက်ရှေ့သို့ တိုးပေးလိုက်သည်။
လင်ကျဲက ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်မိ၏။ ဤဆိုင်အကူလေးကို ခေါ်ထားရသည်မှာ တကယ်ပင် တန်လှသည်ဟု သူ စိတ်ထဲမှ မှတ်ချက်ပြုနေမိသည်။ အရာရာကို ကိုယ်တိုင်လုပ်စရာ မလိုတော့သည့်အခါမှပင် မိမိကိုယ်ကိုယ် ဆိုင်ရှင်သူဌေးတစ်ဦးပမာ အမှန်တကယ် ခံစားလိုက်ရတော့သည်။
လင်ကျဲက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ လည်ချောင်းရှင်းလိုက်ရင်း မေးလိုက်သည်။
"ဒါနဲ့... ခင်ဗျား ဒီကိုလာတာ တခြားကိစ္စလည်း ရှိဦးမှာပေါ့ ဟုတ်လား... ဂျိုးဇက်ရော အခုတလော ဘယ်လိုနေသေးလဲ... ကျွန်တော့်ကို ဓားပေးပြီးကတည်းက သူ့ကို ကြည့်ရတာ ပိုပြီး စိတ်ပေါ့ပါးသွားပုံရတယ်နော်"
***