လာရင်းကိစ္စ
Vol. 9 Ch. 117
လူငယ်မှာ သူ့ကိုယ်သူက ဂျိုးဇက်၏ တပည့်ဖြစ်ကြောင်း မိတ်ဆက် လာလေရာ ဂျိုးဇက် ကပင် လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း... လင်ကျဲ ၏ အမြင်တွင်မူ ကလောက်၏ အမူအရာက နှစ်သစ်ကူးကာလတွင် လူကြီးမိဘများကို အတင်းအကျပ် သွားရောက်ကန်တော့ခိုင်းခံရသည့် ကလေးငယ်တစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
ကလောက်က မွန်းကို ကျေးဇူးတင်စကားဆိုလိုက်ရင်း ဖန်ခွက်ကို လှမ်းယူကာ ခေါင်းညိတ်ပြလိုက်သည်။
"ဆရာက ကျေးဇူးတင်စကား ပြောခိုင်းလိုက်လို့ လာခဲ့တာပါ... သူ အခုတလော နေကောင်းပါတယ်... ပြီးတော့ သူ ကျင့်ကြံ အားထုတ်မှုမှာလည်း အဆင့်တစ်ခု ထပ်တက်ဖို့ အရိပ်အယောင်တွေ ပြနေပါတယ်ခင်ဗျာ"
လင်ကျဲ က မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ဒါဆိုရင်တော့ ဂုဏ်ပြုရမှာပေါ့... အဲဒီလောက် အသက်အရွယ်မှာ စိတ်ဓာတ်ခွန်အား အဆင့်တက်ဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပဲ"
‘ဟူး... အဘိုးကြီး ဂျိုးဇက် ဒီလောက်မြန်မြန် အမြင်မှန်ရသွားလိမ့်မယ်လို့ မထင်ထားဘူ... အတွေ့အကြုံ မရှိဘဲနဲ့ စိတ်အခြေအနေကို မြှင့်တင်ဖို့ဆိုတာ တကယ်ခက်တာ... ကြည့်ရတာ ဟိုဓားကို စွန့်လွှတ်လိုက်တာက သူ့ကို တကယ့်ကို အသိတရား ရစေခဲ့ပုံပဲ...’
ကလောက်က ဆက်လက်၍...
"မစ္စတာ လင် ရဲ့ အကူအညီကြောင့်လည်း နော်ဇင် မြို့ရဲ့ လုံခြုံရေးအဆင့်အတန်းက သိသိသာသာ တိုးတက်လာခဲ့တာပါ"
ဟု တရိုတသေ ပြောလိုက်၏။
စာအုပ်ဆိုင်ပိုင်ရှင်မှာ ထိုနေ့က လူကိုယ်တိုင် ထွက်ပေါ်လာခြင်း မရှိလေရာ... ဤကိစ္စကို မည်သူ့ကိုမျှ မသိစေချင်ဟု ကလောက်က ယူဆထားသည်။ သူက အကဲဆန်းသည့်အနေဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း၊ စိတ်ထဲတွင်မူ အမှန်တရားကို အပိုင်တွက်ထားပြီးသား ဖြစ်သည်။
အဘယ်ကြောင့်နည်း။ ဂျိုးဇက် ပေးအပ်ခဲ့သည့် မိစ္ဆာဓား ကန်ဒယ်လ်သည်သာ ရှေးဟောင်းအဲ့လ်ဖ်ဘုရင်နှင့် ဆက်နွှယ်နေသည့် တစ်ခုတည်းသောအရာ ဖြစ်သောကြောင့်ပင်။
လင်ကျဲ မျက်တောင်တဖျတ်ဖျတ် ခတ်သွားမိသည်။
‘နော်ဇင်မြို့ရဲ့ လုံခြုံရေးက ငါနဲ့ ဘာဆိုင်လို့လဲဟ...’
သို့သော် ဂျိုးဇက်နှင့် သက်ဆိုင် နေနိုင်သည် ဟူ၍သာ သူ လိုရာဆွဲ၍ တွေးလိုက်နိုင်သည်။ ဂျိုးဇက်မှာ မူလက အတော်လေး အစွန်းရောက် နေခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူ့ထံမှ လမ်းညွှန်မှုများ ရရှိပြီးနောက်ပိုင်း 'တိုးတက်မှုများ' ရရှိလာသလို တရားမျှတမှု စိတ်ဓာတ်များလည်း ပြန်လည်နိုးထလာခြင်း ဖြစ်ရမည်ဟု လင်ကျဲ အတတ်မှတ်လိုက်သည်။
သွယ်ဝိုက်သောအားဖြင့် သူက နော်ဇင် အတွက် ပိုမို စွမ်းစွမ်းတမံ လုပ်ဆောင်လာလေရာ နော်ဇင်၏ လုံခြုံရေးမှာလည်း တိုးတက်လာရပေမည်။ ထို့ကြောင့်ပင် ဂျိုးဇက်၏ တပည့်မှာ သူ့ကို ကျေးဇူးတင်နေခြင်း ဖြစ်ရပေမည်။
အရာရာကို သဘောပေါက် သွားလေရာ လင်ကျဲက ရယ်မောရင်း...
"မဟုတ်တာဗျာ၊ တကယ် ကြိုးစားခဲ့တာက ဂျိုးဇက် ပါ... ကျွန်တော်က သူ့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် နည်းနည်းပဲ လမ်းညွှန်ပေးခဲ့တာပါ"
ဟု ဆိုလိုက်၏။
‘ဒါပဲလေ...’
အခြားတစ်ယောက်၌ ကလောက်မှာလည်း သူ လိုချင်သည့် အဖြေကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့က လှုပ်ရှားခဲ့သူမှာ စာအုပ်ဆိုင်ပိုင်ရှင်ပင်။ သူက ဂျိုးဇက် ပေးအပ်ခဲ့သည့် မိစ္ဆာဓားကို မှော်ပစ္စည်းတစ်ခုအဖြစ် အသုံးချကာ ရှေးဟောင်း အဲ့လ်ဖ် ဘုရင်ကို ဆင့်ခေါ်ပြီး 'နတ်ဘုရားသတ်ခြင်း' တည်းဟူသော စွမ်းဆောင်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း စာအုပ်ဆိုင် ပိုင်ရှင်မှာ အလုပ်အားလုံးကို ဂျိုးဇက် က လုပ်ဆောင်ခဲ့သည်ဟု နှိမ့်ချပြောဆိုနေခြင်း ဖြစ်သည်။
‘စာအုပ်ဆိုင်ပိုင်ရှင်က တကယ်ကို နှိမ့်ချပြီး လူမသိအောင် နေထိုင်တတ်သူပဲ...’
ကလောက် စိတ်ထဲမှ တွေးနေမိ၏။ ထို့နောက် သူက ထူထဲလှသော စာရွက်စာတမ်း ဖိုင်တွဲကြီးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ရင်း ယနေ့လာရင်း အဓိကရည်ရွယ်ချက်ကို ပြောပြလိုက်လေသည်။
"မစ္စတာလင် အရင်က ပြောခဲ့ဖူးတဲ့ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆရာကိုယ်တိုင် မှတ်တမ်းတိုက်တွေမှာ သွားရှာပေးထားတာပါ... ဒါပေမဲ့ ဒီဘာသာစကားတွေက အရမ်းဟောင်းနေပြီဖြစ်လို့ သုတေသနပြုချက်တွေက တော်တော်လေး အဆင်မပြေပါဘူး... ကိုးကားစရာလည်း သိပ်မရှိဘဲ ကျောက်စာတချို့ရဲ့ မူရင်းစာသားတွေပဲ ပါပါတယ်... ဒါတွေက ခင်ဗျားအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
....
လင်ကျဲ၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ အဇီး၏ ပျောက်ကွယ်နေသည့် ဘာသာစကားဆိုင်ရာ အချက်အလက်များ...
ဂျိုးဇက် အမွေအနှစ်ဓားကို လာရောက် ပေးအပ်ခဲ့စဉ်က လင်ကျဲမှာ ဓားသွားပေါ်ရှိ စာသားများကို စိတ်ဝင်စားမိလေရာ လေ့လာချင်သည်ဟု အမှတ်မထင် ပြောမိခဲ့ခြင်း ဖြစ်သည်။ ဂျိုးဇက်က အချက်အလက်များ ကူညီရှာဖွေပေးမည်ဟု ပြောခဲ့သော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ရလိမ့်မည်ဟု လင်ကျဲ မထင်ထားခဲ့ပေ။
‘အဘိုးကြီး ဂျိုးဇက် ကတော့ တကယ့်ကို အားကိုးရတဲ့သူပဲ...’
လင်ကျဲ မှတ်တမ်းဖိုင်တွဲကို လှမ်းယူရင်း အမြန်လှန်ကြည့်လိုက်သည်။ 'သုတေသနပြုချက်တွေက အတော်လေး အဆင်မပြေ’ ဟု ကလောက်ပြောရသည့် အကြောင်းရင်းကို သူ ချက်ချင်းပင် နားလည်သွားသည်။
ဤထူထဲလှသော ဖိုင်တွဲကြီးထဲ၌ အများစုမှာ ကျောက်စာမူရင်းများ၏ မှတ်တမ်းများနှင့် ကျောက်စာ ကူးယူချက် များသာ ဖြစ်သည်။ နောက်ဆုံးပိုင်းရှိ စာရွက်အနည်းငယ်မှာသာ နောက်မျိုးဆက်များ၏ သုတေသနရလဒ်များ ပါရှိသည်။ ထို့အပြင် ထိုသုတေသနများမှာလည်း စနစ်တကျ မရှိလှပေ။
မတူညီသော လူများက အပိုင်းအစများကို အသီးသီး သုတေသနလုပ်ပြီး ပြန်လည်ပေါင်းစပ်ထားသကဲ့သို့ ရှိသည်။ လင်ကျဲ မည်သို့ပင် ကြည့်စေကာမူ ထိုသုတေသနများမှာ 'ခန့်မှန်းချက်' များနှင့် 'ထင်မြင်ချက်' များသာ ဖြစ်ပြီး၊ အမှန်တကယ် ဘာသာပြန်ဆိုနိုင်သော အပိုင်းမှာ အလွန်ပင် နည်းပါးလှသည်။
အမြန်လှန်ကြည့်ရုံမျှဖြင့် လင်ကျဲ တစ်ခုကို အတတ်သိလိုက်၏။ ဤမှတ်တမ်းတင်သူများနှင့် ဘာသာပြန်သူများ (ဤသမိုင်းဝင်အကြွင်းအကျန်များကို တူးဖော်ခဲ့သူများ ဖြစ်နိုင်ချေရှိ) မှာ ပညာရှင်အစစ်အမှန်များ မဟုတ်ကြခြင်းပင်။
တူးဖော်သူများထဲတွင် ပညာရှင်များ မပါဝင်ဟု မဆိုလိုသော်လည်း... မှတ်တမ်းများမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေသည်။ ဤလူများမှာ ကျောက်စာကူးယူချက်များကို ရရှိပြီးနောက် သူတို့၏ စိတ်ထဲပေါ်လာသော အတွေးများကို ပေါ့ပေါ့တန်တန် ရေးမှတ်ထားခဲ့ကာ၊ နောက်ဆက်တွဲ သုတေသနများကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ကြပုံရသည်။
အကယ်၍ နောက်ပိုင်းခေတ် ပညာရှင်များကသာ ရေးသားခဲ့ခြင်းဖြစ်လျှင် ထူးခြားသော အခြေအနေတစ်ရပ်ရပ်နှင့် မကြုံတွေ့ရပါက ဤကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားလိမ့်မည် မဟုတ်ကြောင်း လင်ကျဲ အပိုင်တွက်ထားသည်။ သို့မဟုတ်လျှင်လည်း ၎င်းတို့မှာ အလုပ်အပေါ် စေတနာမရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ဤအသုံးမဝင်သော သုတေသနမှတ်စုများကို ဖယ်ထုတ်လိုက်လျှင်ပင် ကျောက်စာကူးယူချက် စာမျက်နှာ (၁၂) မျက်နှာခန့် ကျန်ရှိနေသေးသည်။ ဤသည်မှာ မထင်မှတ်ထားလောက်အောင် များပြားလှသော ပမာဏဖြစ်သဖြင့် လင်ကျဲ အလွန်ကျေနပ်သွားမိသည်။
လင်ကျဲ သည် စာရွက်စာတမ်းများကို သေသေချာချာ စုစည်းကာ စားပွဲပေါ်တင်လိုက်ပြီးနောက် ကလောက်ကို ပြုံးပြလိုက်၏။
"ဒါတွေကို အရောက်ပို့ပေးရတာ တော်တော် ပင်ပန်းသွားမှာပဲ... ခဏလောက် အနားယူရင်း စာအုပ်ဖတ်ချင်သလား... ကျွန်တော် အကြံပြုပေးနိုင်ပါတယ်"
စာအုပ်ဆိုင်ပိုင်ရှင်က ဤသို့ ပြောလာလိမ့်မည်ဟု ကလောက်ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း... စာအုပ်စင်များနှင့် လင်ကျဲ ၏ နောက်ကွယ်ရှိ အရိပ်များကို ကြည့်ကာ သူ ခဏမျှ တွန့်ဆုတ်နေမိသည်။
"ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... ဒါပေမဲ့ ကျွန်တော် ဒီမလေးမစားလုပ်တဲ့ လူသုံးယောက်ကို အရင် ကိုင်တွယ်ရဦးမှာမို့လို့ အခုလောလောဆယ်တော့ အချိန်မပေးနိုင်သေးပါဘူး"
ကလောက်က ကြမ်းပြင်ပေါ်တွင် လဲကျနေသော ရဲအရာရှိသုံးဦးကို ညွှန်ပြလိုက်ရင်း စာအုပ်ဖတ်ချင်သော်လည်း အချိန်မရသေးကြောင်း ပြောလိုက်သည်။ သူ ငြင်းဆိုလိုက်ခြင်းမှာ ကိုယ့်အခြေအနေကို သိသောကြောင့်သာမက၊ ဆရာဖြစ်သူ၏ မှာကြားချက်များကို လိုက်နာနေခြင်းလည်း ဖြစ်သည်။
စာအုပ်ဆိုင်အတွင်းရှိ စာအုပ်များမှာ သာမန်မဟုတ်ကြောင်း သူ သိထားသလို၊ ဆိုင်ရှင်၏ စွမ်းပကားကိုလည်း သူ နားလည်သည်။ ထို့အပြင်... စာအုပ်ဆိုင်ပိုင်ရှင် ပေးအပ်မည့် လက်ဆောင်ကို သူကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်း ရှိ၊ မရှိကိလည်း သူ ထည့်သွင်းစဉ်းစားရပေမည်။
ဆရာဖြစ်သူ၏ သမီး မေလီဆာမှာ မကြာသေးမီကပင် ဤဆိုင်မှ စာအုပ်တစ်အုပ်ကို ငှားခဲ့ပြီး အဆက်မပြတ် စာဖတ်နေသည့် ဝေဒနာ ခံစားခဲ့ရသည်။ မိမိကိုယ်ကိုယ် ရပ်တန့်နိုင်စွမ်း မရှိခဲ့ချေ။ အကယ်၍ ဂျိုးဇက် သာ အတင်းအကျပ် ဝင်မတားခဲ့လျှင် မည်မျှ ဆိုးရွားလှသည့် နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မသိနိုင်ချေ။
ကံကောင်းထောက်မစွာဖြင့်... ထိုစဉ်က မေလီဆာမှာ အစားမစား၊ အိပ်ရေးမဝခြင်းကြောင့် သတိလစ်သွားခဲ့သည်။ သို့တိုင်အောင် သူမ တစ်ပတ်လုံးလုံး အိပ်ရာထဲတွင် လဲနေခဲ့ရပြီး ယခုထက်တိုင် ပြန်လည်ကျန်းမာလာစေရန် ပြုစုနေရဆဲ ဖြစ်သည်။ ထို့ပြင် သူမ၏ စရိုက်မှာလည်း အနည်းငယ် ပြောင်းလဲသွားပုံရလေသည်။
ဆရာဖြစ်သူက မေလီဆာ ရရှိခဲ့သည့် အကျိုးကျေးဇူးမှာ ပေးဆပ်လိုက်ရသည့် ရင်းနှီးမှုထက် များစွာသာလွန်သည်ဟု ပြောခဲ့သော်လည်း၊ ကလောက်အနေဖြင့်မူ မသိစိတ်ထဲမှ စိုးရိမ်ထိတ်လန့်မှုကို မဖျောက်ဖျက်နိုင်သေးချေ။
ထို့ကြောင့်ပင်... ဤနေရာသို့ မလာမီ ဂျိုးဇက်က ကလောက်အား စာအုပ်ဆိုင်ပိုင်ရှင် စာအုပ်များ အကြံပြုလာပါက ပါးနပ်စွာ ငြင်းဆိုရန် သင်ကြားပေးခဲ့သည်။
အကယ်၍ ငြင်းဆို၍မရဘဲ လက်ခံလိုက်ရပါကလည်း အလွန်အမင်း သတိထားရန်၊ စာအုပ်၏ အသုံးဝင်ပုံကို မေးမြန်းရန်နှင့် ဆိုင်ရှင်ရှေ့တွင်ပင် စာအုပ်ကို ဖွင့်ကြည့်ရန် မှာကြားခဲ့သည်။ သို့မဟုတ်လျှင်လည်း ဆရာဖြစ်သူထံသို့ ပြန်ယူလာပြီးမှ အတူတကွ ဖတ်ရှုရမည်ဖြစ်ပြီး၊ မည်သည့်အခြေအနေမျိုးတွင်မဆို တစ်ဦးတည်း သီးသန့်ဖတ်ရှုခြင်း မပြုရန် ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့သည်။
ထို့ကြောင့်ပင် သူ သင့်လျော်သည့် အကြောင်းပြချက်ဖြင့် ငြင်းလိုက်ခြင်းပင် ဖြစ်သည်။
***