← Chapters

သုတေသန စာတမ်းများ

Vol. 9 Ch. 118

သုတေသန စာတမ်းများ

Vol. 9 Ch. 118

"တကယ် နှမြောစရာပဲ... နောက်တစ်ခါပေါ့လေ”

လင်ကျဲမှာ ပိုက်ကွန်ထဲမှ ငါးကြီး လွတ်မြောက်သွားသလို နှမြောတသဖြစ်သွားသော်လည်း အမူအရာမပျက်စေဘဲ ကြမ်းပြင်ပေါ်မှ ရဲအရာရှိသုံးဦးကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

"ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့... ဒီတစ်သုတ်ရဲတွေက ကျွန်တော်မြင်ဖူးသမျှထဲမှာ အညံ့ဆုံးပဲ... ခင်ဗျားတို့ ဗဟိုခရိုင် ရဲတပ်ဖွဲ့အနေနဲ့ လူသစ်စုဆောင်းတဲ့ စံနှုန်းတွေနဲ့ အရည်အသွေးကို မြှင့်တင်ဖို့ တကယ် လိုအပ်နေပြီ ထင်တယ်"

ဒီတစ်သုတ်...

ကလောက်သည် ထိုအရေးကြီးသော စကားလုံးကို ဖမ်းဆုပ်လိုက်မိသည်။ ထိုစကားအရ စာအုပ်ဆိုင် ပိုင်ရှင်မှာ ယခင်ကလည်း ဗဟိုခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ဆက်ဆံဖူးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူက ထိုအချက်အလက်သစ်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။

"မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်တော် အထက်လူကြီးတွေကို တင်ပြလိုက်ပါ့မယ်"

ကလောက်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။

"ဒါ့အပြင် တခြား လိုအပ်တာရှိရင်လည်း ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်... ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ"

"ဒါပေါ့... ဆက်သွယ်ရမှာပေါ့"

လင်ကျဲ က ယဉ်ကျေးပျူငှာစွာ ဆိုရင်း သူ သိပ်အသုံးမပြုဖြစ်သည့် ဆက်သွယ်ရေးကိရိယာထဲသို့ နံပါတ်အသစ်တစ်ခုကို ထည့်သွင်းလိုက်သည်။

ထိုစဉ် လင်ကျဲ၏ ဆက်သွယ်ရေးကိရိယာ နောက်ကျောဘက်တွင် မထင်မရှား ရှိနေသော ဂျူးဝှစ် တံဆိပ် အမှတ်အသားကို ကလောက် သတိပြုမိသွားသည်။

သူ သိရှိထားသလောက် သတင်းအချက်အလက်များအရ ဆိုလျှင်... ဤစာအုပ်ဆိုင်မှာ အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လက်အောက်တွင် ရှိနေခဲ့သည်မှာ အတိအကျဆိုလျှင် သုံးနှစ်ပင် ရှိတော့မည်။ လွန်ခဲ့သော သုံးနှစ်ဆိုသည်မှာ ချက်ပ်မန်း မိသားစုက ထို 'ကပြားမ' လေးကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည့် အချိန်ပင်။

အကယ်၍ ဤစာအုပ်ဆိုင်၏ တည်ရှိမှုကိုသာ မည်သူမျှ မသိရှိခဲ့လျှင် 'ချက်ပ်မန်း စုန်းမ' ၏ ကိစ္စမှာ ဖော်မရသော ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပေလိမ့်မည်။ သို့သော် အချက်အလက်များကို ဆက်စပ်ကြည့်လိုက်သည့်အခါတွင်မူ အရာအားလုံးက ရုတ်ချည်း ရှင်းလင်းသွားတော့သည်။

စာအုပ်ဆိုင်ပိုင်ရှင်၏ သြဇာလွှမ်းမိုးမှုမှာ လွန်ခဲ့သော သုံးနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသုံးနှစ်အတွင်း သူက မည်မျှသော နယ်ရုပ်များကို ချထားခဲ့သည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ကလောက် တစ်ယောက် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ ဝယ်လ် အပါအဝင် ဤစာအုပ်ဆိုင်၏ တည်ရှိမှုကို သိရှိသူ ယခုထက်တိုင် အလွန်နည်းပါးနေသေးခြင်းပင်။

အမှန်တရား အသင်းတော် မှ လူများပင်လျှင် မသိနားမလည်သေးသည့် အဆင့်တွင်သာ ရှိနေကြသေးသည်။

ဤသည်မှာ ကောင်းသော အချက်ပင်...။

လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် အနေဖြင့် စာအုပ်ဆိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ပိတ်ဆို့ထားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အလွန်ပင် အချိန်ကိုက်လှသည်။ နောင်တစ်ချိန်တွင် အမှန်တရား အသင်းတော် အတွင်း အကွဲအပြဲများ ဖြစ်ပေါ်လာသည့်အခါ သူတို့အနေဖြင့် ကိုယ့်သေတွင်းကိုယ် တူးမည့်လမ်းကို မရွေးချယ်မိရန် မျှော်လင့်ရုံသာ ရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ဘက်မှ လုံလောက်သော သတိပေးချက်များကို ပေးထားပြီး ဖြစ်သောကြောင့်ပင်။

"ဪ... ဒါနဲ့"

စာအုပ်ဆိုင်ပိုင်ရှင်က ရုတ်တရက် မော့ကြည့်လိုက်သဖြင့် ကလောက်၏ အတွေးစများ ပြတ်တောက်သွား၏။

"တခြား ညွှန်ကြားစရာ ရှိသေးလို့လားဗျ...."

ကလောက်က ချက်ချင်းပင် ကိုယ်ကိုမတ်လိုက်ရင်း တုန့်ပြန်လိုက်သည်။ ဂျိုးဇက် တပည့်ဖြစ်သူ၏ အမူအရာကို ကြည့်ရင်း လင်ကျဲ ရယ်မောလိုက်မိသည်။ သူတို့ နှစ်ဦးမှာ အသက်အရွယ်ချင်း သိပ်မကွာလှသော်လည်း၊ တစ်ဖက်လူက သူ့ကို လူကြီးတစ်ဦးသဖွယ် ဆက်ဆံနေပုံရသည်။

‘ဟူး... ဒါပေမဲ့ ငါက သူ့ဆရာနဲ့ ခင်တာဆိုတော့ ဒီလို အထင်လွဲတာမျိုးကလည်း သဘာဝကျပါတယ်လေ...’

"အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ဗျာ... ကျွန်တော်က လူသားစားတဲ့သူ မဟုတ်ပါဘူး"

လင်ကျဲ က ပေါ့ပေါ့ပါးပါး စနောက်လိုက်၏။

"ဒါနဲ့ မေလီဆာရော ဘယ်လိုနေလဲ... စာတွေရော ပုံမှန်လုပ်ရဲ့လား"

"ခင်ဗျားဆရာရဲ့ သမီးအကြောင်း ပြောတာပါ... အရင်တစ်ခါက သူ ဒီကိုလာတုန်းက ဂျိုးဇက် နဲ့ စိတ်ကောက်လာတယ် ထင်တယ်... ကျွန်တော်နဲ့ လက်မောင်းလှဲပြီး အားစမ်းသွားသေးတယ်... ပြီးမှ လေ့ကျင့်ခန်းစာအုပ်တချို့ ဝယ်သွားတာ... အခုပြန်စဉ်းစားကြည့်တော့ အဲဒီစာအုပ်တွေက သူ့အဆင့်နဲ့ နည်းနည်း ခက်နေမလားလို့လေ... သူ စာလုပ်ရတာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

‘အခက်တွေ့နေတာမှ တကယ့်ကို အကြီးအကျယ်ပဲ... သူ အိပ်ရာထဲလဲနေတာ တစ်ပတ်တောင် ရှိပြီ... ခင်ဗျား လူသားစား၊ မစားဆိုတာကတော့ ဒီမှာ လဲနေတဲ့ သုံးယောက်ကို မေးကြည့်ရင် အသိဆုံး ဖြစ်လိမ့်မယ်...’

ကလောက်က စိတ်ထဲမှ ကျိတ်၍ ရေရွတ်လိုက်သော်လည်း အပြင်တွင်တော့ ယဉ်ကျေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ... သူ တကယ်ပဲ စာကို စွဲစွဲမြဲမြဲ လုပ်နေပါတယ်... အခုတလော သိပ်နေမကောင်းဖြစ်နေပေမဲ့ တိုးတက်မှုတွေကို သိသိသာသာ မြင်နေရပါတယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့... သူ့ကို ပြောလိုက်ပါ... အကောင်းဆုံး ရလဒ်တွေ ရဖို့အတွက် အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် လုပ်ရမယ်လို့"

လင်ကျဲက မှာကြားလိုက်၏။

"ကျွန်တော် သတင်းစကား ပါးလိုက်ပါ့မယ်"

ကလောက် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိ၏။ စာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင်ပြောလိုက်သည့် စကားဖြစ်သဖြင့် မေလီဆာလည်း နားထောင်ပေလိမ့်မည်။

"တခြား ညွှန်ကြားစရာ မရှိတော့ဘူးဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး..."

စာအုပ်ဆိုင်ပိုင်ရှင်ထံမှ ခေါင်းညိတ်ခွင့်ပြုချက် ရသည်နှင့် ကလောက် ထရပ်လိုက်၏။ ထို့နောက် အသိစိတ်များ ဝေဝါးနေဆဲဖြစ်သော ရဲအရာရှိသုံးဦးကို မကာ ဆိုင်ပြင်သို့ ခေါ်ဆောင်သွားလေတော့သည်။

…

လင်ကျဲ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် အနည်းငယ် ဆင်ယင်လျက် ကလောက်ကို လက်ယမ်းနှုတ်ဆက်လိုက်သည်။

ဆိုင်တံခါး ပြန်လည်ပိတ်သွားသည်နှင့် သူ၏ အကြည့်တို့က ကောင်တာပေါ်ရှိ ထူထဲလှသော သုတေသန စာတမ်းများပေါ်သို့ ကျရောက်သွားတော့သည်။ ဤလောကသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်ပိုင်း လင်ကျဲအနေဖြင့် ယခုကဲ့သို့ အရာမျိုးနှင့် ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှေးဟောင်း နယ်မြေများသို့ သွားရောက်ခြင်း၊ ဝေးလံခေါင်ဖျားသော ကျေးရွာများသို့ ခရီးနှင်ခြင်း၊ သုတေသန အချက်အလက်များကို စနစ်တကျ ပြုစုခြင်းနှင့် အလုပ်ရှုပ်လှသော လှုပ်ရှားရုန်းကန်မှုတို့မှာ သူ၏ အတိတ်ဟောင်းမှ အမှတ်တရများသာ ဖြစ်နေခဲ့ချေပြီ။

ဤလောကသို့ စတင်ရောက်ရှိစက အဇီး၏ သမိုင်းကြောင်းနှင့် ဓလေ့ထုံးစံများကို လေ့လာရင်း နေသားတကျရှိစေရန် ကြိုးပမ်းခဲ့သည့် ကာလမှလွဲ၍ သူ၏ ပရော်ဖက်ရှင်နယ် အလုပ်ကို လင်ကျဲ လုံးဝ မလုပ်ဖြစ်ခဲ့ပေ။ အကျိုးအမြတ်မပါဘဲ အဲ့လ်ဖ် မလေး၏ မိသားစု အဆောင်အယောင် တံဆိပ်ကို အဓိပ္ပာယ်ဖော်ထုတ်ပေးဖို့ ကိစ္စမှာလည်း အစပျိုးရုံသာ ပျိုးရသေးကာ ပြင်ဆင်မှုအဆင့်တွင်သာ ရှိနေသေးသည်။ မိသားစု မျိုးနွယ်စုထံမှ လိုအပ်သော အချက်အလက်များအား ဒိုရစ် ယူဆောင်လာမည့် အချိန်ကိုသာ သူ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

အမှန်စင်စစ် လင်ကျဲမှာ သူစိမ်းတရံစာ နယ်မြေသစ်တွင် ရောက်ရှိနေသူဖြစ်ရာ စိတ်ပါသည့်တိုင် သုတေသနပြုရန် အထောက်အထား ရှာဖွေဖို့ပင် ခဲယဉ်းလှသည်။ သို့သော် ယခုအခါတွင်မူ ကလောက်က သူ့အတွက် အဖိုးတန်သော အရာများကို ယူဆောင်လာပေးခဲ့လေပြီ။

လင်ကျဲသည် စာရွက်စာတမ်းများကို သေချာစွာ စီထပ်လိုက်ရင်း စိတ်ထဲတွင် ကြည်နူးမှုများကို အတိုင်းသား ခံစားလိုက်ရသည်။ ဂျိုးဆက်၏ တပည့်ဖြစ်သူမှာ ပထမတန်းစား ရဲအရာရှိတစ်ဦး ဖြစ်သည့်အပြင် မွန်းက မည်သူမည်ဝါဖြစ်ကြောင်း ပြဿနာကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အက်ရှ် ကုန်သည်ကြီးများအသင်းထံမှ မွန်းအတွက် မှတ်ပုံတင်အသစ် ရောက်မလာခင် အချိန်အထိ ယနေ့ကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကိစ္စရပ်မျိုး ထပ်မံကြုံတွေ့ရတော့မည် မဟုတ်ဟု လင်ကျဲ ယုံကြည်လိုက်သည်။

ဤသည်မှာ အဆက်အသွယ် ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်တော့သည်။

နေ့စဉ်နှင့်အမျှ ‘စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စကားများ’ ကို ဆက်လက်ဝေမျှကာ ရေရှည်အတွက် ရည်မှန်း၍ ငါးကြီးကြီးရအောင် ငါးမျှားချိတ်ချထားရမည်ဟု လင်ကျဲ တွေးလိုက်မိသည်။ သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး ဖောက်သည်တိုင်း၏ အရင်းအမြစ်များကို အသုံးချကာ... မဟုတ်သေး၊ အပြန်အလှန် အကျိုးရှိအောင် ဖော်ဆောင်နိုင်မည် မဟုတ်ပါလော။

“ဒါတွေက ဘာတွေလဲဟင်... ဘော့စ်”

မွန်းက အနားသို့ တိုးကပ်လာရင်း သုတေသန စာတမ်းများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ထိုဉာဏ်ရည်တု လူသား မိန်းမငယ်လေးတွင် မွေးရာပါ စူးစမ်းလိုစိတ် ရှိနေသည်။ လွန်ခဲ့သည့် သုံးရက်တာ ကာလ အတွင်း ဗဟုသုတများစွာ ဆည်းပူးခွင့်ရခဲ့ခြင်းကပင် သူမ၏ အသိဉာဏ် ဗလာနတ္ထိဖြစ်မှုကို သတိပြုမိစေခဲ့ပြီး ပညာရပ်များကို ပိုမိုငတ်မွတ်လာစေခဲ့ခြင်း ဖြစ်သည်။

“ဒါက ရှေးဟောင်း အဇီးရဲ့ ပျောက်ကွယ်သွားတဲ့ ဘာသာစကားဆိုင်ရာ အချက်အလက်တွေလေ... ငါ့အိပ်ခန်းထဲက ဓားပေါ်မှာ ထွင်းထားတဲ့ စာသားတွေနဲ့ ဘာသာစကား တူတူပဲ”

လင်ကျဲက မွန်း၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်ရင်း တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ကလေးမ... ဒါတွေက မင်းကြည့်ရမယ့် အရာတွေ မဟုတ်သေးဘူး... မင်းရဲ့ အဆင့်က ဒါတွေကို နားလည်ဖို့ လိုသေးတယ်... ခုနက လူသုံးယောက်လို ခေါင်းတွေမူးပြီး ဒီနေရာမှာတင် မေ့လဲသွားချင်လို့လား”

မွန်းက သူမ၏ နဖူးကို အသာအယာ ကိုင်လိုက်ရင်း ညည်းတွားလိုက်သည်။ သို့သော် လင်ကျဲက ဓားပေါ်ရှိ စာသားများအကြောင်း ပြောလိုက်သောကြောင့် သူမ မြင်တွေ့ခဲ့ဖူးသော ထိုစာသားများကို မသိစိတ်ဖြင့် ပြန်လည်အမှတ်ရသွားပြန်သည်။

မျက်လုံးအစွန်မှ ဝိုးတဝါး မြင်လိုက်ရသော သုတေသန မှတ်တမ်းများပေါ်ရှိ အက္ခရာတို့သည် ထိုဓားပေါ်မှ စာသားများနှင့် ဆက်နွှယ်နေပုံရ၏။ ထိုအက္ခရာများကြားတွင် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သော ယဉ်ကျေးမှုကြီးတစ်ခု၏ ဝိညာဉ်ကို သူမ မှေးမှိန်စွာ ခံစားလိုက်ရသည်။

ဟူး... ဟူး...

တစ်ခေတ်တစ်ခါက အကြွင်းအကျန်များနှင့် ရေတွက်၍မရနိုင်သော သတင်းအချက်အလက် အပိုင်းအစများသည် သူမ၏ မျက်စိရှေ့တွင် အလွန် လျှင်မြန်စွာ ဖြတ်သန်းသွားကြ၏။ ထိုပုံရိပ်ယောင်များက ခဏတာမျှသာ ဖြစ်သော်လည်း သူမကို အကြီးအကျယ် တုန်လှုပ်စေရန် လုံလောက်လှပေသည်။

မွန်းသည် ခဏမျှ ကြောင်အသွားပြီးနောက် ဤသည်မှာ မကြည့်သင့်သော အရာဖြစ်ကြောင်း သဘောပေါက်သွားသည်။ တစ်ခဏလေး ထိတွေ့လိုက်ရုံနှင့်ပင် စိတ်ကူးယဉ် အာရုံများက လက်တွေ့ အလား သက်ဝင်လာသယောင် ခံစားရသည်ဆိုလျှင်... အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိပါက မည်သို့ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

သူမ လက်ဖက်ရည်အိုးနှင့် ခွက်များကို အမြန်ကောက်ယူကာ အပေါ်ထပ်သို့ ခပ်သွက်သွက် တက်သွားတော့၏။

***

All Chapters