← Chapters

ဗင်းဆင့်

Vol. 9 Ch. 120

ဗင်းဆင့်

Vol. 9 Ch. 120

“ဒါမှမဟုတ်... ငါကပဲ အဲဒီတစ္ဆေကို မသိလိုက်ဘဲနဲ့ ‘ကျွတ်လွတ်’ အောင် လုပ်ပေးလိုက်မိတာလား...”

လင်ကျဲ တစ်ယောက် စာရွက်စာတမ်းများကို ကိုင်ကာ ထိုင်နေရင်း ဆက်လက် အတွေးနွံကျွံ နေမိ၏။

“ကန်ဒယ်လာရဲ့ အနေအထားအရဆိုရင် သူက ငါထင်သလို ရိုးရိုးအိပ်မက်တစ်ခု မဟုတ်လောက်ဘူး... သူရဲ့ စွဲလမ်းမှုတွေကြောင့် ဓားမှာ ပူးကပ်နေတဲ့ တစ္ဆေတစ်ကောင်လည်း ဖြစ်နိုင်တာပဲ... အင်း... ဖြစ်နိုင်တာကတော့ အချိန်အကြာကြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီအဲလ်ဖို့ဒ် နိုင်ငံတော်ရဲ့ မြင့်မြတ်တဲ့ ဓားဟာ ဂျိုးဇက်တို့ မိသားစုရဲ့ အမွေအနှစ် ဖြစ်လာခဲ့တာပဲ... ဒါမှမဟုတ် သူတို့မိသားစုမှာ ဒီတစ္ဆေ လူ့လောကကို အနှောင့်အယှက် မပေးနိုင်အောင် စောင့်ရှောက်ရမယ့် တာဝန် ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်... ဂျိုးဇက်ကသာ အဲဒါကို မသိတာ နေမှာ... ဒီဓား ငါ့လက်ထဲ ရောက်လာပြီးတဲ့နောက်မှာတော့ ကန်ဒယ်လာက ငါ့ရဲ့ အိပ်မက်ထဲ ဝင်လာတာ နေမယ်”

“ဒါပေမဲ့ သူက တော်တော်လေး ဖော်ရွေပုံရပါတယ်... သူ့ရဲ့ နက်ရှိုင်းလှတဲ့ အာဃာတတွေကလည်း အချိန်တွေကြာလာတာနဲ့အမျှ ပါးလျသွားခဲ့ပုံပဲ... ဟဲ ဟဲ... သူ့ရဲ့ ကျန်ရှိနေတဲ့ နောင်တ အစအနလေးတွေကိုတော့ ငါ့ရဲ့ စိတ်ဓာတ်ခွန်အားဖြည့် စကားလုံးတွေနဲ့ ကုစားပေးလိုက်နိုင်တာပေါ့”

လင်ကျဲ လက်ထဲမှ ဓားကို ကြည့်ရင်း ဆက်လက် တွေးတောနေမိသည်။

“တကယ်တော့ ကန်ဒယ်လာ ငါ့ကို ပေးခဲ့တဲ့ အဖိုးတန်ဆုံးအရာက မြင့်မြတ်တဲ့ ဓားလည်း မဟုတ်သလို ကံ့ကော်ပန်းဥသျှောင် သရဖူလည်း မဟုတ်ဘူး... အိပ်မက်ထဲမှာ ငါ တွေ့ကြုံခဲ့ရတဲ့ သူ့ရဲ့ တစ်ဘဝလုံးစာ အတွေ့အကြုံတွေပဲ ဖြစ်လိမ့်မယ်...”

ရှေးဟောင်းခေတ်မှ ထိုတစ္ဆေမှာ သူ၏ နိုင်ငံတော်နှင့် ပတ်သက်သမျှ အလုံးစုံကို ယခုကဲ့သို့သော နည်းလမ်းဖြင့် လက်ဆင့်ကမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မေးစရာ ရှိတာက... အဲဒီအိပ်မက်က ဘယ်လောက်အထိက အစစ်အမှန် ဖြစ်မလဲဆိုတာပဲ”

ကန်ဒယ်လာ ငယ်စဉ်က နန်းတွင်း ဆရာများထံမှ ပညာရပ်မျိုးစုံနှင့် ဓားသိုင်းပညာများကို သင်ယူခဲ့ပုံများကို လင်ကျဲ ပြန်လည် အမှတ်ရနေမိသည်။ သို့သော်လည်း... အချို့သော ‘မှော်ပညာရပ်’ များနှင့် ကန်ဒယ်လာ ‘ဘုရားသခင်’ ကို စိန်ခေါ်ခဲ့သည့် ကာလများမှာမူ ဝေဝါးနေဆဲ ဖြစ်သည်။

ဤအချက်ကို ထောက်ရှုရပါက... အဇီးတွင် တစ်ချိန်က ဒဏ္ဍာရီလာ နတ်ဘုရားများ၏ ခေတ်တစ်ခု ရှိခဲ့ဖူးသော်လည်း ထိုရှေးဟောင်း နိုင်ငံတော် ပျက်သုဉ်းသွားပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်လျှင်လည်း ထိုအရာအားလုံးကို တိမ်မြုပ်ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။

‘အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း စာအုပ်ကို ငါ ရအောင် ယူရမယ်...’

လင်ကျဲက မေးစေ့ကို ပွတ်ရင်း တွေးလိုက်မိ၏။

‘ဒါပေမဲ့... အမှန်တရား အသင်းတော် ဆိုတာက ဘာလဲ.... ငါလည်း တစ်ခါမှ မကြားဖူးဘူး... အဲဒီ ပညာရှင်အဖွဲ့အစည်းက ဘယ်နေရာမှာ ရှိနေတာလဲ...’

...

ကိုလင် တစ်ယောက် ဖော်မြူလာ အတိုင်း ဖော်စပ်ထားသည့် ‘ပရိတ်ရေ’ ပုလင်းကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး တံခါးဝနှင့် သူ၏ အခန်းထောင့် လေးထောင့်တွင် ဖြန်းလိုက်သည်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်ရာ ရေစင်၏ သင်းပျံ့သော ရနံ့မှာ နှာခေါင်းထဲ၌ ပျံ့လွင့်သွား၏။ သူ ဂါထာကို တိုးတိုးလေး ရွတ်ဆိုရင်း ညာဘက်လက်ကို နဖူးပေါ်တင်ကာ ရင်ဘတ်ပေါ်သို့ အစက်သုံးစက်ပုံစံ ဝိုက်၍ ဆွဲလိုက်သည်။

ဤသည်မှာ အမိုးခုံး ဘုရားကျောင်း၏ ဝတ်ပြုဆုတောင်းဟန်ဖြစ်ပြီး လမင်း၏ စောင့်ရှောက်မှုကို ကိုယ်စားပြုသည်။

“အို... မြင့်မြတ်သော လမင်း... ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်...”

အစီအရင် အားလုံး ပြီးစီးသွားသောအခါ ကိုလင် တစ်ယောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ရင်း စိတ်ရောလူပါ များစွာ ကြည်လင်လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖာသာ ဗင်းဆင့် ပေးသော ပရိတ်ရေ ဖော်မြူလာကြောင့်သာ ကိုလင်အနေဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စိုးရိမ်စိတ်များ လျော့ပါးကာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကိုလင်၏ မျက်နှာမှာ အနည်းငယ် တွန့်ရှုံ့သွားသည်။ တစ်ခုတည်းသော အားနည်းချက်က ဈေးနှုန်း အနည်းငယ် ကြီးမြင့်နေခြင်းပင်။ သို့သော် ရလဒ်နှင့် နှိုင်းယှဉ်ပါက အရာအားလုံးက တန်ဖိုးရှိလှပေသည်။

“ဟို ငတုံးတွေ ဘာဖြစ်နေကြပြီလဲ မသိဘူး... ငါ့စကားကို နားမထောင်တဲ့အပြင် ငါ့ကိုတောင် အရူးလို့ ပြောကြသေးတယ်... ခဏနေရင်တော့ ငါ မရူးဘူး ဆိုတာ မင်းတို့ မြင်ကြရမှာပေါ့...”

ကိုလင် ဆိုင်ပြတင်းပေါက်၏ အက်ကြောင်းလေးမှတစ်ဆင့် ချောင်းကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရဖြစ်နေမိသည်။ ရဲအရာရှိ သုံးယောက် စာအုပ်ဆိုင် အတွင်း ဝင်သွားခဲ့သည်မှာ မိနစ် အနည်းငယ် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ ယခုထိ ပြန်ထွက်မလာသေးချေ။

စိတ်၏ တစ်ဖက်ခြမ်းက ထိုဝင့်ကြွားလှသော လူသုံးယောက်ကို ပညာပေးစေချင်သော်လည်း အခြားတစ်ဖက်တွင်မူ သူတို့ ဤအခြေအနေကို ဖြေရှင်းပေးနိုင်ပါစေဟု မျှော်လင့်နေမိသည်။

အကယ်၍ ဗဟိုခရိုင် ရဲဌာနမှ ထိုရဲအရာရှိများသာ သူတို့၏ မာန်မာနများကို အသုံးချကာ ဘေးအိမ်မှ မိစ္ဆာဆိုးကို နှိမ်နင်းပေးနိုင်မည်ဆိုလျှင်... ကိုလင်အနေဖြင့် တစ်ကြိမ်တစ်ခါလောက် အရူးအဖြစ် သတ်မှတ်ခံရသည်ကိုပင် ဂရုမစိုက်တော့ပေ။

‘သူတို့ သေနတ်တွေ ယူလာမှာ သေချာတယ်... အဲဒီ ကြောက်စရာကောင်းတဲ့ မိစ္ဆာဆိုးကို သတ်ပစ်လိုက်ကြစမ်းပါ... ငါ့ကို ထပ်ပြီး ခြောက်လှန့်ခွင့် မပေးကြပါနဲ့တော့... တောင်းပန်ပါတယ်...’

ကိုလင်သည် ပြတင်းပေါက် လိုက်ကာကို အသာအယာ မလိုက်ပြီး ဘေးအိမ်ရှိ ဆိုင်တံခါးဝကို စောင့်ကြည့်နေမိသည်။

သို့သော်လည်း... သူ မြင်လိုက်ရသည်က ရွှေရောင်ဆံနွယ်နှင့် လူငယ်တစ်ဦးက ထိုရဲအရာရှိ သုံးဦးကို ပုခုံးပေါ်တွင် ထမ်းလျက် ထွက်လာခြင်း ဖြစ်သည်။

သူတို့၏ ခေါင်းများမှာ ငိုက်စိုက်ကျနေကာ သတိလစ်နေခြင်းလား သို့မဟုတ် ဆေးခတ်ခံထားရခြင်းလား ဆိုသည်မှာ မသဲကွဲပေ။

ရွှေရောင်ဆံနွယ်နှင့် လူငယ်မှာ လှုပ်ရှားမှုတိုင်းတွင် တရားမျှတမှု အရှိန်အဝါများ လွှမ်းခြုံနေသကဲ့သို့ ရှိသည်။ ကိုလင် ထိုကဲ့သို့ လူမျိုးများကို ရုပ်မြင်သံကြားထဲတွင် မြင်တွေ့ဖူးရာ ဤလူငယ်သည်လည်း ဗဟိုခရိုင် အရပ်မှ လာသူဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်သည်။

သို့သော်လည်း... ထူးခြားတာ တစ်ခုက မိစ္ဆာကောင်၏ နှိပ်စက်မှုကို ခံထားရသည့် ရဲများကို ထမ်းလာရင်းကပင် ထိုလူငယ်၏ မျက်နှာထက်၌ ကြည်ညိုလေးစားမှု အပြည့် ရှိနေခဲ့ခြင်းပင်။

“ဘုရားသခင် ကယ်တော်မူပါ... ဗဟိုခရိုင် အထူးရဲတပ်ဖွဲ့က လူတစ်ယောက်က ဘာလို့ ဒီလို ဖြစ်နေရတာလဲ... ဒါက ဘယ်လို အမူအရာကြီးလဲ... သူ့လူတွေ ဒဏ်ရာရထားတာတောင် ဘာမှ မမေးမြန်းဘူးလား... သူလည်း အဲဒီမိစ္ဆာရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရပြီ ထင်တယ်...”

ကိုလင် တစ်ယောက် အသည်းအသန် တုန်လှုပ်ချောက်ချားသွားကာ လိုက်ကာကို အမြန် ပြန်ပိတ်လိုက်သည်။ ထို့နောက် ပရိတ်ရေကို ကောက်ယူကာ ပြတင်းပေါက်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ပက်ဖြန်းလေတော့၏။

“အို... မြင့်မြတ်သော လမင်း... ကျွန်တော့်ကို စောင့်ရှောက်တော်မူပါ... ကျွန်တော့်ရဲ့ ဆုတောင်းသံကို ကြားတော်မူပါ... ကျွန်တော့်ကို... ဖာသာ ဗင်းဆင့်... သူ ဘယ်မှာလဲ... မြန်မြန်လာပြီး ကျွန်တော့်ကို ကယ်ပါဦး”

...

ဗင်းဆင့် ယခုအခါ အပြင်းအထန် အပြေးအလွှား လာနေရချေပြီ။ သူက ဆက်သွယ်ရေး ကိရိယာပေါ်တွင် ပြသနေသည့် လိပ်စာကို တစ်ချက်ကြည့်လိုက်ရာ ရောက်ရှိရန် ခြောက်ကီလိုမီတာခန့်သာ လိုတော့သည်ကို တွေ့ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် လတ်တလောတွင် ဂိုဏ်းချုပ်နယ်မြေ၌ တမန်တော်သစ်တစ်ဦး ခန့်အပ်ခြင်း ခံရသဖြင့် နယ်မြေအသီးသီးမှ ဘုန်းတော်ကြီးများမှာ ထိုတမန်တော်သစ်၏ သွန်သင်ဆုံးမမှုနှင့် ဗတ္တိဇံမင်္ဂလာကို ခံယူရန် သွားရောက်ခဲ့ကြရသည်။ ထို့ကြောင့်... ဗင်းဆင့်အနေဖြင့် အကူအညီတောင်းခံမှု အကြိမ် မြောက်မြားစွာကို ရွှေ့ဆိုင်းခဲ့ရပြီး စာတိုများမှတစ်ဆင့်သာ လမ်းညွှန်မှုပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်ပင်... သူ အပြေးအလွှား ရောက်လာခဲ့ပြီ ဖြစ်ရာ တစ္ဆေနှင်ထုတ်သည့် အခမ်းအနားကို အချိန်မီ ပြုလုပ်ပေးနိုင်တော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ့ စိတ်ထဲ၌ စိုးရိမ်စိတ် အနည်းငယ်လည်း ဖြစ်ပေါ်နေမိသည်။

“ဒီတစ်ခါတော့ တကယ်ကြီး ခြောက်လှန့်နေတဲ့ မိစ္ဆာဆိုး ဖြစ်ပါစေလို့ပဲ ဆုတောင်းရမယ်... အိပ်မပျော်လို့ စိတ်ကယောင်ချောက်ခြား ဖြစ်နေတာမျိုးတော့ မဟုတ်ပါစေနဲ့... သူက အရူးကု ဆရာဝန် မဟုတ်ဘူး”

လတိုင်းလတိုင်း သူ၏ နယ်မြေအတွင်း အကူအညီတောင်းခံမှု လေးငါးကြိမ်ခန့် ရရှိလေ့ရှိသော်လည်း ထိုအထဲ၌ အစစ်အမှန် မိစ္ဆာခြောက်လှန့်သည့် ဖြစ်ရပ်က ဆယ်ပုံတစ်ပုံပင် မပြည့်တတ်ပေ။ ထို့ကြောင့်ပင် အကူအညီတောင်းခံလာသူများကို ပရိတ်ရေ ဖော်မြူလာ အရင်ပေးပို့သည့် အလေ့အထကို ဗင်းဆင့် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ပရိတ်ရေမှာ မိစ္ဆာဆိုးများကို နှင်ထုတ်နိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်း၏ အဓိက အသုံးဝင်ပုံက စိတ်ကို ငြိမ်သက်စေပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ရန် ကူညီပေးသည့် စိတ်ပိုင်းဆိုင်ရာ ကုထုံး တစ်ခုကဲ့သို့သာ ဖြစ်သည်။

ထို့အပြင်... အဆိုပါ ပရိတ်ရေမှာ အလွန်ပင် ထိရောက်လှ၏။ အနည်းငယ် အသုံးပြုပြီးနောက်တွင် အကူအညီတောင်းခံသူ အများစုမှာ မိစ္ဆာဆိုးများ ကင်းစင်သွားပြီဟု ထင်မှတ်ကာ ဖာသာ ဗင်းဆင့်၏ တစ္ဆေနှင်ထုတ်နိုင်စွမ်းကို ကောင်းကင်အထိ ရောက်အောင် ချီးမွမ်းခန်း ဖွင့်ကြတော့သည်။

***

All Chapters