ဗင်းဆင့် (၂)
Vol. 9 Ch. 121
ဗင်းဆင့်မှာ အဇီးတွင် အစွမ်းအထက်ဆုံး ဘုန်းတော်ကြီးတစ်ပါး ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်နည်း။ သူက ထူးခြား အဆင့် တစ်ယောက်မျှသာ ဖြစ်ကာ တိုက်ခိုက်ရေးနှင့် အခြားသော ကဏ္ဍများတွင် ကျွမ်းကျင်သူ မဟုတ်သောကြောင့်ပင်။
သို့သော်လည်း... သူက နာမည်အကျော်ကြားဆုံးနှင့် ဂုဏ်သတင်း အကြီးမားဆုံးသော သူတစ်ဦး ဖြစ်သည်။ အကြောင်းရင်းများစွာ ရှိသော်လည်း အဓိက အကြောင်းရင်းကတော့ ဗင်းဆင့်၏ အထူးထုတ် ‘ပရိတ်ရေ’ ကြောင့်ပင် ဖြစ်သည်။
သူ၏ လုပ်ဖော်ကိုင်ဖက် အခြား ဘုန်းတော်ကြီးများသည်လည်း ‘ခြောက်လှန့်မှု’ များ၏ အရင်းအမြစ် တစ္ဆေသရဲများကို အလျင်အမြန် ဖြေရှင်းပေးခဲ့ကြသော်လည်း မျှော်လင့်ထားသည့် ကျေးဇူးတင်စကားများကို မရရှိဘဲ သံသယဖြစ်ခြင်း၊ လူလိမ်ဟု စွပ်စွဲခြင်းများကိုသာ မကြာခဏ ကြုံတွေ့ရသဖြင့် စိတ်ပျက်နေကြရသည်။
သာမန်အခြေအနေမျိုးတွင် သူတို့က ရှင်းပြရန် ကြိုးစားတတ်ကြသော်လည်း များသောအားဖြင့် အရာမထင်ဘဲ ပို၍ပင် အဖတ်ဆယ်မရ ဖြစ်သွားတတ်ကြသည်။ အချို့မှာမူ သာမန်အရပ်သားများနှင့် ဆက်ဆံရသည်မှာ သူတို့နှင့် မတန်ဟု ယူဆကာ ခပ်တန်းတန်း ခပ်အေးအေး ပုံစံဖြင့် ထွက်ခွာသွားတတ်ကြသည်။ ထူးဆန်းသည်က ထိုကဲ့သို့ ဝင့်ကြွားသော အမူအရာမျိုးမှာ ပထမအမျိုးအစားထက် ပို၍ နာမည်ကောင်း ရလေ့ရှိခြင်းပင် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အကူအညီတောင်းသူများကို စကားအရှည်ကြီး ရှင်းပြလိုသူ နည်းပါးလာသည်။ သို့သော် ဗင်းဆင့်၏ ပရိတ်ရေကို အရင်ပေးသည့် နည်းလမ်းမှာမူ သိသိသာသာ ထိရောက်မှု ရှိလာခဲ့သည်။
အကူအညီတောင်းသူများ ကိုယ်တိုင် ရေစင်ပက်ဖြန်းစေခြင်းဖြင့် အခြေအမြစ်မရှိသော စိုးရိမ် ပူပန်မှုများကို လျော့ပါးစေသကဲ့သို့ သူတို့ကိုလည်း စိတ်အေးစေသည်။ ထို့ပြင် ပရိတ်ရေသည် ရေတိုအားဖြင့် တစ္ဆေသရဲများ အပေါ် အမှန်တကယ်ပင် တားဆီးနိုင်စွမ်း ရှိသည်။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းပင် ဖြစ်တော့သည်။
မှန်ပေသည်။ ဤရိုးရှင်းသော နည်းလမ်းကို လိုက်လံတုပခဲ့ကြသည့် အခြားလူများလည်း ရှိသည်။ သို့သော်လည်း ဗင်းဆင့်ကဲ့သို့ အောင်မြင်မှုမျိုးကိုတော့ မည်သူမျှ မရရှိခဲ့ကြချေ။ အကြောင်းရင်းကား သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ အပေါ်ယံကိုသာ တုပကြပြီး ပရိတ်ရေ၏ အနှစ်သာရကို သဘောမပေါက်ကြသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့်... ဗင်းဆင့်၏ ပရိတ်ရေ ဖော်မြူလာမှာ သာမန်ရိုးရိုး ပရိတ်ရေများနှင့် မတူပဲ အဆင့်မြှင့်ထားသော ဖော်မြူလာ ဖြစ်သည်ကို သူတို့ မသိကြပေ။
သာမန် ပရိတ်ရေတွင် ပါဝင်ပစ္စည်း လေးမျိုးသာ လိုအပ်သည်။ ၎င်းတို့မှာ ‘ညနေခင်း မြက်နှင်းဆီ’ ၊ ‘အရိပ်ပန်း’ ၊ ဆားနှင့် ရေတို့ ဖြစ်သည်။ သို့သော် ဗင်းဆင့် ပေးပို့သော ဖော်မြူလာတွင် ပုလဲမှုန့် ၁ ဂရမ်နှင့် ရွှေပြားအမှုန့် ၀.၀၂ ဂရမ်တို့ကို ထပ်မံထည့်သွင်းထားသည်။
ပရိတ်ရေကိုယ်တိုင်မှာ အလွန်ပင် သာမန်ဆန်သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ရောစပ်ပြီးနောက် ဂါထာရွတ်ဆိုလိုက်ပါက မိစ္ဆာဆိုးများကို နှင်ထုတ်နိုင်သော အစွမ်းရရှိလာမည် ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပရိတ်ရေဆိုသည်မှာ အလွန်ပင်... ဈေးပေါလှပေသည်။
သာမန်လူထုနှင့် သင့်တော်သော ပရိတ်ရေ ဖြစ်လာစေရန် အချိန်အတော်ကြာ စမ်းသပ်ခဲ့ရပြီး အသင်းတော်များအနေဖြင့်လည်း သာမန်လူတန်းစားများ တတ်နိုင်မည့် ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြသည်။ သို့သော် သာမန်လူအများစုမှာ ထိုကဲ့သို့ အသေးစိတ်ကို သတိမထားမိကြပေ။
သူတို့က ‘ဒီလောက် ဈေးပေါတဲ့ ရေစင်က အစွမ်းရှိပါ့မလား’ ‘ဒီလူက ငါ့ကို ဝတ်ကျေတမ်းကျေပဲ လုပ်ပေးနေတာလား’ ဟု သံသယ ဝင်တတ်ကြသည်။ ထို့ကြောင့် ဗင်းဆင့်သည် ပရိတ်ရေကို အနည်းငယ် ပို၍ ဈေးကြီးအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဗင်းဆင့် လိမ်လည်လှည့်ဖြားခြင်း မဟုတ်ပေ။ ထည့်သွင်းထားသော ပုလဲနှင့် ရွှေပြားပမာဏမှာ အလွန်ပင် နည်းပါးလှပြီး ငွေကြေး မတတ်နိုင်သူများကိုမူ ထိုပစ္စည်းနှစ်မျိုးကို ချန်လှပ်ထားနိုင်ကြောင်း၊ အစွမ်းအနည်းငယ် လျော့သွားနိုင်သော်လည်း ကြီးမားသော ပြဿနာ မရှိကြောင်း ပြောပြလေ့ရှိသည်။
ထိုအထိ... မတတ်နိုင်သေးပါက ဗင်းဆင့်က ထိုရေစင်၏ ကုန်ကျစရိတ်ကို သူကိုယ်တိုင် ကျခံပေးမည်ဖြစ်ကြောင်းနှင့် နယ်မြေအတွင်းရှိ အသင်းသားများကို ကူညီရန်မှာ သူ၏ တာဝန်ဖြစ်ကြောင်း ဆိုတတ်သည်။
သူနှင့် အသင်းတော်ရှိ အခြားသူများအတွက် ထိုငွေအနည်းငယ်မှာ ပြောပလောက်သော ပမာဏ မဟုတ်ပေ။ သို့သော်လည်း... ဤသို့ ပြုမူခြင်းဖြင့် သူ မျှော်လင့်ထားသည့် ကျေးဇူးတင် ဝမ်းနည်းစကားများကို မကြာခဏ ကြားရလေ့ရှိသည်။
ဤအပြောင်းအလဲ အနည်းငယ်မှာ မမျှော်လင့်ဘဲ ထိရောက်မှု ရှိခဲ့သည်ဟု ဆိုရပေမည်။ ၎င်းက သူ့အတွက် အကျိုးကျေးဇူးများစွာကို သယ်ဆောင်လာပေးသည်။ ဥပမာအားဖြင့် သာမန်လူများသည် ထူးခြားသော ကိစ္စရပ်များကို ကြုံတွေ့ရလျှင် ဖာသာ ဗင်းဆင့်ကိုသာ အရင်ဆုံး ဆက်သွယ်ရန် တွေးတောမိကြသဖြင့် သူ၏ အလုပ်အကိုင်များလည်း ပိုမိုများပြားလာခဲ့သည်။
သို့သော်လည်း... ဤသည်ကပင် ဒုက္ခအချို့ကိုလည်း သယ်ဆောင်လာခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များ၏ ဝေဖန်မှုနှင့် သူ ကိုယ်ပိုင် လုပ်နိုင်စွမ်းထက် ကျော်လွန်သော တောင်းဆိုမှုများကို တစ်ခါတစ်ရံ ကြုံတွေ့လာရသည်။
ဗင်းဆင့်မှာ နယ်မြေအတွင်း ဂုဏ်သတင်း အကြီးမားဆုံး ဘုန်းတော်ကြီး ဖြစ်သော်လည်း သူကိုယ်တိုင်မှာမူ ထူးခြားအဆင့် မျှသာ ရှိသေးသည်။
သာမန်လူများအတွက် ‘ထူးခြားအဆင့်’ ဆိုသည်မှာပင် ကျိုးကြောင်းဆင်ခြင်မှုကို ကျော်လွန်နေသည့် တည်ရှိမှုမျိုး ဖြစ်သော်လည်း APDS (ထူးခြား၊ ငရဲဘုံ၊ ဖျက်ဆီးခြင်း၊ အခရာ) စွမ်းအားအဆင့် ခွဲခြားမှု ပိရမစ်တွင်မူ သူနှင့် အခြားသော တန်ခိုးရှင်များကြားတွင် ကြီးမားသည့် ကွာဟချက် ရှိနေဆဲ ဖြစ်သည်။
ထူးခြား အဆင့် တစ်ယောက် အနေဖြင့် တစ္ဆေသရဲများနှင့် အဆင့်နိမ့် အိပ်မက်သားရဲများကို ကိုင်တွယ်ရန် ပြဿနာမရှိသော်လည်း အဆင့်မြင့်မားလှသည့် အရာတစ်ခုခုနှင့် တွေ့ဆုံရပါက သူကိုယ်တိုင်လည်း အကူအညီတောင်းခံရန်သာ ရှိတော့သည်။ အကြောင်းရင်ကား... အမှားသေးသေးလေး တစ်ခုမှာ အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်သောကြောင့်ပင်။
ဗင်းဆင့် အမြဲတစေ ညည်းတွားလေ့ရှိသည့် စကားတစ်ခု ရှိသည်။
“အရာရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတဲ့ နှစ်ဖက်ရှိစမြဲပဲ... လမင်းရဲ့ အလင်းနဲ့ အမှောင်ဟာ အပြန်အလှန် အစားထိုးနေသလိုပေါ့လေ... ဒါဟာ အထက်မှာရှိတဲ့ လမင်းဆီက ရရှိတဲ့ အသိအမြင်ပဲ”
ဟူ၍ပင်။
နော်ဇင်၏ အကြီးအကဲများမှာ ထူးခြားလှသည့် သတ္တဝါ အားလုံးထဲတွင် ဘုရားကျောင်း အသင်းတော်များ၏ အောက်ခြေအဆင့်လူများကိုသာ သူတို့၏ စွမ်းရည်များကို သာမန်လူထုထံ ထုတ်ဖော်ပြသခွင့် ပြုထားသည်။
အကြောင်းရင်းကတော့ အသင်းတော်များအတွက် ယုံကြည်ကိုးကွယ်မှု လိုအပ်ခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ချက်မှာ နော်ဇင်မြို့ကို အိပ်မက်ဘုံများ ကျူးကျော်တိုက်ခိုက်နေခြင်းမှာ မလွဲမသွေ ကြုံတွေ့နေရသော ကိစ္စ ဖြစ်နေခြင်းကြောင့်ပင်။ အလွန် အရေးကြီးလှသည့် ကိစ္စရပ်များကို လူထု ထိတ်လန့်မှု မဖြစ်စေရန် ဖုံးကွယ်ထားရသော်လည်း သေးငယ်သော ဖြစ်ရပ်များကိုမူ ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ထို့ကြောင့် ဗင်းဆင့်ကဲ့သို့သော အောက်ခြေအဆင့်ရှိသူ ဘုန်းတော်ကြီးများ၏ ဂုဏ်သတင်းမှာ သူတို့၏ အစစ်အမှန် စွမ်းရည်ထက် ပို၍ ကြီးမားနေတတ်ခြင်း ဖြစ်သည်။
နော်ဇင်မြို့ကို အချိန်မရွေး ကယ်တင်နိုင်စွမ်းရှိသော အစစ်အမှန် အထက်တန်းလွှာများမှာမူ အမြဲတစေ လူမသိသူမသိ တိမ်မြုပ်နေတတ်ကြသည်။
...
ဗင်းဆင့် ၂၃ လမ်းသို့ ရောက်ရှိချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။
တိမ်တိုက်များ ဖုံးအုပ်နေသည့် ဝင်လုဆဲဆဲ ဆည်းဆာနေရောင်သည် ကောင်းကင်ယံကို ပုဇွန်ဆီရောင် သန်းစေပြီး လမ်းဘေးရှိ အပျက်အစီးများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသော အရိပ်မည်းကြီးများကို ဖန်တီးထားသည်။
အလျင်အမြန် တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့၏ အဝါရောင် တားမြစ်တိပ်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေကြရာ ပုံမကျပန်းမကျ ဖြစ်နေ၏။
ဗင်းဆင့် လမ်းဆုံတွင် သတိကြီးစွာဖြင့် ရပ်လိုက်သည်။ လမ်းမကြီးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသဖြင့် ဗင်းဆင့်၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာရသည်။
မကြာသေးမီက ဤဒေသတွင် ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သည်။ ဗတ္တိဇံမင်္ဂလာ ခံယူရန် သွားရောက်ခဲ့သဖြင့် ထိုဖြစ်ရပ်များကို လွဲချော်ခဲ့သော်လည်း အကျော်ကြားဆုံး ဖြစ်ရပ်နှစ်ခုအကြောင်းကိုမူ ကြားသိခဲ့ရပြီး ဖြစ်သည်။
သို့သော်လည်း... ထိုအရာများမှာ ကြီးမြတ်သော တည်ရှိမှုများနှင့်သာ သက်ဆိုင်ပြီး သူနှင့် ဘာမှ မပတ်သက်ပေ။
“ငါ့အလုပ်ကို ငါ သေသေချာချာ လုပ်ရုံပါပဲ... ဒီရက်ပိုင်း အပြေး ပြန်လာခဲ့ရတာနဲ့ တန်အောင် မိစ္ဆာ ဒါမှမဟုတ် ဝိညာဉ် တစ်ခုခု ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပဲ... မဟုတ်ရင်တော့ အကူအညီတောင်းတဲ့ လူရဲ့ ရေစင်ဖော်မြူလာထဲကို တစ်ခုခု ထပ်ထည့်ပေးလိုက်မယ်... ဟူး ငါ ဒီလို မတွေးသင့်ပါဘူး”
ဗင်းဆင့် စိတ်ထဲမှ ဖော်ပြ မရနိုင်သော စိုးရိမ်စိတ်များကို ဖြေဖျောက်ရန် နှာခေါင်းကို ညှစ်လိုက်ရင်း သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်း ချလိုက်သည်။
အကြောင်းရင်းကို ဗင်းဆင့်ကိုယ်တိုင်လည်း သေသေချာချာ မသိသော်လည်း သူ ပုံမှန်ထက် ပို၍ စိတ်တိုလွယ်နေကာ သူ၏ အတွေးအမြင်များမှာလည်း ဘုန်းတော်ကြီးတစ်ပါးတွင် ရှိသင့် ရှိထိုက်သည့် ကရုဏာနှင့် သည်းခံစိတ်များ လျော့နည်းနေသကဲ့သို့ ခံစားနေရသည်။
တမန်တော်သစ်၏ ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ခြင်းကပင် သူ့ကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။
“ဒီကိစ္စ ပြီးသွားရင်တော့ ရက်ပိုင်းလောက် နားပြီး လမင်းဆီကို စိတ်ရောကိုယ်ပါ နှစ်ပြီးတော့ ဆုတောင်းသင့်ပြီ ထင်တယ်”
သူ ဝတ်စုံကို သေသေချာချာ ပြင်ဆင်လိုက်ရင်း အကူအညီတောင်းလာသည့် ရုပ်မြင်သံကြား အရောင်းဆိုင် ပိုင်ရှင် မစ္စတာ ကိုလင်ထံသို့ စာတိုတစ်စောင် ပို့လိုက်သည်။ ထို့နောက် နောက်ဖေးတံခါးကို ခေါက်လိုက်၏။
တံခါးမှာ အနည်းငယ် ပွင့်ဟလာပြီး ချင်းချင်းနီနေသည့် မျက်လုံးတစ်စုံ ပေါ်လာသည်။ ထို့နောက်တွင် တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဗင်းဆင့်အပေါ်သို့ ပစ်လှဲချလိုက်တော့၏။
“အို... မြင့်မြတ်သော လမင်း... ဖာသာ ဗင်းဆင့် နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျွန်တော့်ကို ကယ်ပါဦးဗျာ... ကယ်ပါဦးဗျာ...”
အကယ်၍ ထိုအတ္တဘောကြီးသာ စကားပြောမလာခဲ့ပါက ဗင်းဆင့် သူ့ကို သရဲတစ္ဆေ တစ်ကောင်ဟု ထင်မှတ်မှားကာ မှော်ပညာများကို ထိုသူအပေါ် သုံးမိတော့မည် ဖြစ်သည်။
ကိုလင်မှာ တရှုံ့ရှုံ့ ငိုနေ၏။ သူမျက်ရည်နှင့် နှပ်ချေးများမှာ ဗင်းဆင့်၏ အနက်ရောင် ဘုန်းတော်ကြီး ဝတ်စုံပေါ်တွင် ပေကျံနေခဲ့ပြီ ဖြစ်သည်။ ဗင့်ဆင့်တစ်ယောက် စိုစိစိ ဖြစ်လာလေရာ နေရထိုင်ရ ခက်လာခဲ့၏။
သူက ကိုလင်၏ ခန္ဓာကိုယ်ကြီးကို ဘေးသို့ တွန်းဖယ်လိုက်ရင်း နွေးထွေးလှသည့် အသံကို ထိန်းသိမ်းကာ ဆိုလိုက်၏။
“တိတ်တိတ်နေပါ ကလေး... ဘေးအိမ်က မိစ္ဆာကို သတိပေးလိုက်သလို ဖြစ်ချင်လို့လား”
ကိုလင်သည် ချက်ချင်းပင် ခေါင်းငြိမ့်ပြကာ ငြိမ်ကျသွားသည်။ ဗင်းဆင့်မှာ အနည်းငယ် ပင်ပန်းနေပုံ ပေါ်သော်လည်း သူ၏ မျက်ဝန်းများမှာမူ သူတစ်ပါးကို ယုံကြည်မှု ပေးနိုင်စွမ်းရှိသည့် ဘုန်းတော်ကြီးတစ်ပါး၏ တည်ကြည်မှုမျိုး ရှိနေဆဲ ဖြစ်သည်။
***