ဗင်းဆင့် (၃)
Vol. 9 Ch. 122
ဗင်းဆင့် တစ်ယောက် ကိုလင်၏ အိမ်ပေါ်ရှိ သီးသန့် ပြင်ဆင်ထားသော အခန်းတစ်ခု အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ကဲ... အခြေအနေကို ငါလည်း အကြမ်းဖျင်း နားလည်ပါပြီ... အခု မင်းပြောတာက ဒီနေ့ပဲ သူက ဗဟိုခရိုင် ရဲဌာနက အရာရှိ သုံးယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်... နောက်ပြီး အခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒကိုတောင် ထိန်းချုပ်လိုက်တယ် ဟုတ်လား...”
“ပြီးတော့ ပရိတ်ရေကလည်း အလုပ်မဖြစ်တဲ့အပြင် သူ့ရဲ့ လုပ်ရပ်တွေကိုပါ ပိုပြီး ဆိုးဝါးစေခဲ့တယ်ပေါ့”
“မင်းပြောတာတွေသာ အမှန်ဆိုရင် ငါ ဒီထက်ပိုတဲ့ ပြင်ဆင်မှုတွေ လုပ်ရလိမ့်မယ်... တစ္ဆေနှင်တဲ့ အခမ်းအနားကိုတော့ မနက်ဖြန်ညမှ စရမယ်... ဒီနေ့တော့ ငါ ဒီမှာ ခဏနေမယ်”
ကိုလင်က ချက်ချင်းပင် ခေါင်းငြိမ့်လိုက်၏။
“ပြဿနာ မရှိပါဘူး... ဖာသာ လိုအပ်တာ ရှိရင် ပြောပါ... ကျွန်တော် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါ့မယ်...”
‘ဘာမှ မလုပ်ဘဲ နေပေးတာကပဲ မင်း လုပ်ပေးနိုင်တဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်...’
ဗင်းဆင့် သက်ပြင်းချလိုက်ပြီး ကိုလင်၏ မဆုံးနိုင်သော စကားသံများကို ဖြတ်တောက်ပစ်ရန် တံခါးကို ပိတ်လိုက်သည်။
‘ဒီလို လူပြိန်းတွေနဲ့ နေရတာ တကယ်ကို စိတ်ပျက်စရာပဲ...’
သူ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးနောက် ရင်ဘတ်အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သည်။
မီးညှိပြီးနောက် တစ်ချက် ရှိုက်ဖတ်လိုက်ရာ မြူခိုးကဲ့သို့သော မီးခိုးငွေ့များ ထွက်ပေါ်လာလေတော့သည်။
...
နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့လေပြီ။
တစ်ညတာလုံး နက်နဲစွာ ဆုတောင်းခြင်း အခြေအနေတွင် ရှိနေခဲ့သော ဗင်းဆင့် တစ်ယောက် မျက်လုံးများကို ဖွင့်လိုက်သည်။ အုပ်မိုးထားသော လက်ဖဝါးနှစ်ဖက်ကို ခွာလိုက်ချိန်တွင် ခပ်မှိန်မှိန် လရောင်တို့ တဖျတ်ဖျတ် လက်လျှက် ကျန်ရှိနေသေးသည့် လပြည့်ဝန်း အထိမ်းအမှတ် တံဆိပ်ကို တွေ့လိုက်ရသည်။
သူ မတ်တတ်ရပ်လိုက်ပြီး မိမိပတ်ဝန်းကျင်၌ ကာရံထားသော အီသာ နယ်နိမိတ်ကို ရုပ်သိမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ် အနှံ့ ဖုံးအုပ်ထားသည့် ပါးလွှာသော အီသာအလွှာမှာ လေပြေညင်းတစ်ချက် ဝေ့လိုက်သကဲ့သို့ပင် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
အမိုးခုံး ဘုရားကျောင်း တစ်ဖြစ်လည်း လပြည့်ဝန်း အသင်းတော် ဘုန်းတော်ကြီးများ ကျင့်သုံးလေ့ ရှိသည့် ဆုတောင်းခြင်း နယ်နိမိတ်ကို အချက်သုံးချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ပထမအချက်မှာ သူ၏ ခြေထောက်အောက်တွင် ပရိတ်ရေဖြင့် ရေးဆွဲထားသော စက်ဝိုင်းပုံစံ အစီအမံ ဖြစ်သည်။ တရားမှတ်ခြင်း အစီအစဉ် ပြီးဆုံးသွားပြီဖြစ်ရာ ကြမ်းပြင်ပေါ်ရှိ ထိုစက်ဝိုင်းမှာ စတင်အငွေ့ပျံနေပြီ ဖြစ်သည်။ စိုစွတ်နေသည့် အစက်အပြောက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ‘အရိပ်ပန်း’ တို့၏ သင်းပျံ့သော ရနံ့လေးမှာ လေထုအတွင်း ရစ်ခြုံ၍ ကျန်ရစ်ခဲ့သည်။
ဒုတိယအချက်မှာ နယ်နိမိတ်ကို ထိန်းညှိပေးထားသည့် စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ပိုမို မွန်မြတ်သည့် အခမ်းအနားများတွင်မူ လမင်း၏ ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည့် လမင်းကျောက် ကဲ့သို့သော မှော်ပစ္စည်းများကို အသုံးပြုလေ့ရှိသည်။
သို့သော်လည်း... ယခုမူ ဗင်းဆင့်မှာ အလောတကြီး လာခဲ့ရသဖြင့် သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့် အီသာစွမ်းအင်ကိုသာ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
တတိယအချက်မှာ သူ၏လက်ထဲတွင် ရှိနေသော လပြည့်ဝန်း အထိမ်းအမှတ် တံဆိပ်ပင် ဖြစ်သည်။ ၎င်းကို စိတ်ဝိညာဉ်နှင့် လမင်းအကြား ပေါင်းကူးတံတားအဖြစ် အသုံးပြုသည်။
ငွေသားဖြင့် ပြုလုပ်ထားသော ထိုတံဆိပ်ပေါ်တွင် လခြမ်းကွေးပုံနှင့် ၎င်းကို ဝန်းရံထားသည့် လှိုင်းတွန့်ပုံစံများကို ရိုးရှင်းစွာ ထွင်းထုထားသည်။ ထိုလှိုင်းတွန့်ပုံစံများမှာ သာမန်ကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း သေချာစွာ အနီးကပ် စစ်ဆေးကြည့်ပါက အလွန်နက်နဲသော ဂါထာတော်များ ဖြစ်ကြောင်း သိနိုင်ပေသည်။
အမိုးခုံး ဘုရားကျောင်းရှိ ဘုန်းတော်ကြီးတိုင်းတွင် ကိုယ်ပိုင် လပြည့်ဝန်း အထိမ်းအမှတ် တံဆိပ်တစ်ခုစီ ရှိကြသည်။ ၎င်းမှာ သူတို့၏ အဆင့်အတန်းကို ဖော်ပြသည့် အမှတ်အသား ဖြစ်သကဲ့သို့ မှော်ပညာရပ်နှင့် တရားမှတ်ခြင်းများအတွက် အကောင်းဆုံးသော ကြားခံပစ္စည်းလည်း ဖြစ်သည်။
ဘုန်းတော်ကြီးများမှာ အသင်းတော်သို့ စတင်ဝင်ရောက်စဉ် ပထမဆုံးအကြိမ် ဗတ္တိဇံမင်္ဂလာ ခံယူချိန်၌ သူတို့၏ စိတ်အာရုံနှင့် လမင်းအကြား ဆက်နွှယ်မှုအတွင်းသို့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားများကို သွန်းလောင်း၍ အထိမ်းအမှတ် တံဆိပ်ကို ဖန်တီးကြရသည်။ ထို့ကြောင့်ပင် တံဆိပ်မှာ ပိုင်ရှင်ဖြစ်သူနှင့် အစွမ်းကုန် လိုက်လျောညီထွေမှုရှိသော မှော်လက်နက်တစ်ခုပင် ဖြစ်တော့သည်။
“ငါ့ရဲ့ တရားမှတ်နိုင်စွမ်းက တကယ့်ကို ကျဆင်းသွားပြီပဲ... တရားမှတ်တဲ့ အခြေအနေထဲ ရောက်ဖို့ အရင်ကထက် သုံးဆလောက် ပိုပြီး အချိန်ပေးနေရတယ်... စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးနေတဲ့အပြင် ထူးဆန်းတဲ့ တိုးတိုး ရေရွတ်သံတွေနဲ့ ပုံရိပ်တွေကပါ ခဏခဏ ဖြတ်ပြေးနေသလိုပဲ”
ဗင်းဆင့် မျက်မှောင်ကြုတ်လိုက်မိ၏။ မိမိ၏ ရင်ထဲမှ အပြင်သို့ ပေါက်ကွဲထွက်ချင်နေသော ဒေါသအာရုံကို တစ်ဖန် ပြန်လည် ခံစားလိုက်ရပြန်သည်။
“ငါ ဘာဖြစ်နေတာလဲ...”
သူ အထိမ်းအမှတ် တံဆိပ်ကို မတင်မကျစိတ်ဖြင့် ပြန်သိမ်းလိုက်ပြီး ရင်ဘတ်အိတ်ကပ်ထဲမှ စီးကရက်ဗူးကို ထုတ်ကာ တစ်လိပ်ကို မီးညှိလိုက်သည်။
“ဟူး...”
စီးကရက် မီးခိုးငွေ့များ အဆုတ်ထဲသို့ ရောက်ရှိသွားချိန်မှသာ စိတ်မှာ ပြန်လည်တည်ငြိမ်လာခဲ့ပြီး ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်နိုင်ခဲ့သည်။ လှုပ်ရှားနေသော အီသာစွမ်းအင်များပင် ငြိမ်သက်သွားကာ သူ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များနှင့်အတူ စီးဆင်းသွားတော့သည်။
ဤကဲ့သို့ စိတ်အေးချမ်းမှုကို ခံစားလိုက်ရချိန်တွင် ဗင်းဆင့် တစ်ယောက် သူ ပထမဆုံး ဗတ္တိဇံမင်္ဂလာ ခံယူခဲ့စဉ်က အချိန်ကို ပြန်လည် အမှတ်ရသွားသည်။
ထိုစဉ်က အခမ်းအနားကို ဦးဆောင်သည့် ဘုန်းတော်ကြီးအိုကြီးမှာ ကြမ်းတမ်းသော်လည်း နွေးထွေးလှသည့် သူ၏ လက်ဖဝါးများကို ဗင်းဆင့်၏ ဦးခေါင်းပေါ်သို့ တင်လိုက်ပြီး ရေထဲသို့ အသာအယာ တွန်းပို့ခဲ့သည်။
“ငါတို့ဟာ လမင်းရဲ့ အစေခံတွေ ဖြစ်တယ်... ငါတို့ဟာ လမင်းကို ကိုးကွယ်တယ်၊ အလုပ်အကျွေးပြုတယ်၊ ချစ်မြတ်နိုးတယ်၊ ပြီးတော့ ကြောက်ရွံ့ရိုသေကြရတယ်...”
“ငါတို့ဟာ လမင်းနဲ့ တစ်သားတည်း ဖြစ်တယ်... အလင်းအောက်မှာ မွေးဖွားပြီး အမှောင်အောက်မှာ သေဆုံးရမယ်... လမင်းရဲ့ အလင်းနဲ့ အမှောင် သံသရာတစ်ပတ် လည်တိုင်းမှာပဲ ဘဝနဲ့ သေခြင်းတရားဟာ အဖန်ဖန် ပြန်လည် ဖြစ်ပေါ်နေဦးမှာ ဖြစ်သလို သေဆုံးပြီးသူတွေဟာလည်း ဘဝသစ်ကို ပြန်လည် ရရှိကြလိမ့်မယ်...”
“ငါတို့ဟာ လမင်းရဲ့ ကောင်းချီးမင်္ဂလာနဲ့ စောင့်ရှောက်မှုကို ခံယူရမယ်... တစ်ချိန်တည်းမှာပဲ... ငါတို့ဟာ အမိုးအကာရဲ့ အပြင်ဘက်ကို ဘယ်တော့မှ မကြည့်ရဘူး... သေဆုံးပြီး ကောင်းကင်ယံကို တက်လှမ်းရမယ့် အချိန်အထိပေါ့...”
ဘုန်းတော်ကြီးအိုကြီး၏ တည်ငြိမ်လှသော အသံက ဟိန်းထွက်နေကာ ငယ်ရွယ်သော ဗင်းဆင့်မှာ မျက်စိရှေ့ ရေလှိုင်းလေးများကြားမှ လင်းလက်မှုအချို့ကို မြင်တွေ့လိုက်ရသည်။ ရေထဲသို့ နစ်မြုပ်သွားချိန်တွင် သူ ရေပြင်ပေါ်တွင် ထင်ဟပ်နေသော လမင်းကို မြင်လိုက်ရခြင်းပင် ဖြစ်သည်။
ထိုငယ်ဘဝ အမှတ်တရများမှာ ဗတ္တိဇံ ရေကန်အတွင်း လက်ချောင်းလေးများကို နှစ်လိုက်ရသကဲ့သို့ပင် နူးညံ့ပြီး နွေးထွေးလှပေသည်။
ထိုနေ့မှစ၍ ဗင်းဆင့်မှာ စစ်မှန်သော လရောင်ကို တစ်ခါမျှ ထပ်မံ မမြင်တွေ့ခဲ့ရတော့ပေ။
ဗင်းဆင့် တစ်ယောက် ပြန်လည် သတိစိတ် ဝင်လာချိန်တွင် စီးကရက် တစ်လိပ်လုံး ကုန်သွားပြီ ဖြစ်သည်။ လက်ချောင်းများကြားတွင် မီးခိုးငွေ့ အနည်းငယ် ထွက်နေသော စီးကရက်တိုလေးသာ ကျန်ရစ်တော့သည်။
သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အေးစိမ့်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားတော့သည်။
‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
‘ငါ... ငါ အခုပဲ ငါ့ရဲ့ မှတ်ဉာဏ်ထဲက လမင်းကို မြင်လိုက်တာလား... ဒါ ဘယ်လိုမှ မဖြစ်နိုင်တာ...’
ဗတ္တိဇံမင်္ဂလာ ပြီးဆုံးသွားသည်နှင့် စစ်မှန်သော လမင်းနှင့် ပတ်သက်သမျှ အမှတ်အသားအားလုံးကို သူ၏ မှတ်ဉာဏ်ထဲမှ ပယ်ဖျက်လိုက်ရမည် မဟုတ်ပါလော။
“မဟုတ်ဘူး... မဟုတ်ဘူး... အဲဒါက ရေထဲမှာ ထင်နေတဲ့ ပုံရိပ်ပဲ... စစ်မှန်တဲ့ လမင်း မဟုတ်ပါဘူး...”
ဗင်းဆင့် မောဟိုက်စွာဖြင့် တစ်ယောက်တည်း ရေရွတ်နေမိသည်။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ စေးကပ်လာကာ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်စိတ်များက သူ၏ စိတ်ကို လွှမ်းမိုးထားတော့သည်။
ဤသည်မှာ မိမိကိုယ်ကို လိမ်ညာနေခြင်းဖြစ်ကြောင်း ဗင်းဆင့် ကိုယ်တိုင် သိရှိသည်။ စစ်မှန်သော လမင်းနှင့် ပတ်သက်သမျှ အရာအားလုံးမှာ သူ၏ ဝိညာဉ်အတွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်ရမည်။
လမင်းကို မည်မျှပင် ချစ်မြတ်နိုးပြီး တောင့်တနေကြစေကာမူ လမင်းကို တိုက်ရိုက် စိုက်မကြည့်ရခြင်းမှာ အမိုးခုံး ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများ၏ စည်းကမ်းပင် ဖြစ်သည်။
“ဒါပေမဲ့... ဒါပေမဲ့ အခု ဘာတွေ ဖြစ်နေတာလဲ... ငါက ဘာလို့ ရေထဲက လမင်းကို မြင်နေရတာလဲ... ငါ့ရဲ့ ယုံကြည်မှုက မပြတ်သားလို့လား... ဒါမှမဟုတ် ဒါက လမင်းရဲ့ အပြစ်ပေးမှုလား”
ဗင်းဆင့်၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။ သူ လက်ထဲမှ အထိမ်းအမှတ် တံဆိပ်ကို စိုက်ကြည့်ရင်း မူးယစ်နေသူတစ်ဦးကဲ့သို့ ခပ်တိုးတိုးလေး ရေရွတ် နေမိ၏။
“ဒါက စစ်မှန်တဲ့ လမင်းပဲပေါ့...”
သူ၏ တစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် ချွေးများဖြင့် ရွဲနစ်နေခဲ့ပြီ ဖြစ်သည်။ သူ နောက်ထပ် စီးကရက် တစ်လိပ်ကို တုန်တုန်ရီရီဖြင့် လှမ်းယူလိုက်ပြန်၏။
မီးခိုးငွေ့များ စတင်ထွက်ပေါ်လာချိန်တွင် ဗင်းဆင့် စီးကရက်လိပ်နှင့် စီးကရက်ဗူးကို မြေပြင်ပေါ်သို့ ရုတ်ချည်း ပစ်ချလိုက်ပြီး အံကြိတ်ကာ ဆဲရေးလိုက်တော့သည်။
“ချီးပဲ...”
ဒုန်း... ဒုန်း... ဒုန်း..
“ဖာသာ... ဖာသာ ဗင်းဆင့်... အဆင်ပြေရဲ့လားခင်ဗျာ...”
တံခါးကိ ထုရိုက်သံများနှင့် အတူ ရုပ်မြင်သံကြားဆိုင်ပိုင်ရှင်၏ အော်ဟစ်သံကြောင့် ဗင်းဆင့် တစ်ယောက် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရသည်။
“ဘုန်းတော်ကြီး ခိုင်းထားတာတွေ အကုန်ပြင်ဆင်ပြီးပါပြီ... နောက်ထပ် ဘာဆက်လုပ်ရမလဲ”
ကိုလင်မှာ အပြင်ဘက်မှ နေ၍ ဆက်လက် အော်ဟစ်နေ၏။ ဗင်းဆင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားကာ မြေပြင်ပေါ်မှ စီးကရက်ကို ငုံ့ကောက်လိုက်သည်။
“ငါ အဆင်ပြေပါတယ်... ခဏနေရင် ထွက်လာခဲ့မယ်”
***